ကြမ်းတမ်းသောလမ်း ခေါင်းဆောင်အတုအယောင်တစ်ယောက်ကို တိုင်ကြားခြင်း

23.01.2022

လီမင် အမေရိကန်နိုင်ငံ

၂၀၁၉ ဇူလှိုင်လမှာ ကျွန်မကို ညီအစ်ကိုမောင်နှမတွေက အသင်းတော်ခေါင်းဆောင်အဖြစ် ရွေးချယ်ကြတယ်။ ကျွန်မနဲ့အတူ တွဲလုပ်မယ့်သူက အစ်မလင်းတဲ့။ အစ်မလင်းက ဘုရားသခင်ကို ယုံကြည်ခဲ့တာ ကျွန်မထက် ကြာပါပြီ။ ခေါင်းဆောင်တစ်ယောက် ဖြစ်နေတာလည်း လေးငါးနှစ်လောက်ရှိပြီ။ “ဒါက သူ့ဆီမှာ သမ္မာတရားရဲ့စစ်မှန်မှုတွေရှိတဲ့ သဘောပဲ ဖြစ်ရမယ်။ နောက်ပိုင်းမှာ ငါက သူနဲ့အတူ ပိုပြီးရှာဖွေရမယ်။ အသင်းတော်အလုပ်ကို အတူလုပ်ဖို့ သူနဲ့ လက်တွဲရလိမ့်မယ်” ဆိုပြီး စဉ်းစားမိတယ်။ သူနဲ့ဆုံပြီး ကာလတစ်ခုကြာတော့မှ ကျွန်မ အံ့သြသွားတယ်။ ကျွန်မ တွေ့ရတာက ဝတ်ပြုအစည်းအဝေးတွေမှာ သူ့မိတ်သဟာယက များသောအားဖြင့် သြဝါဒစကားတွေချည်းပဲ။ သူကိုယ်တိုင် ဖောက်ပြန်ပျက်စီးနေတာကို လုံးဝ မသုံးသပ်ဘူး။ သူ့ကိုယ်သူလည်း ခဏခဏ ချီးကျူးတယ်။ သူ ဘယ်လိုတာဝန်တွေ လုပ်ခဲ့တယ်၊ ခရီးတွေ ဘယ်လောက်ထိ သွားခဲ့တယ်၊ ဘယ်လောက် ဒုက္ခခံခဲ့တယ်ဆိုတာတွေ ပြောပြီး ကြွားတတ်တယ်။ ကိုင်တွယ်ဖြေရှင်းခံရတဲ့အချိန်မှာလည်း သူ့တာဝန်တွေကို ဘယ်လိုမလျှော့တမ်းလုပ်ခဲ့တယ်၊ ဘုရားအလိုတော်ကို ဖြည့်ခဲ့တယ်ပေါ့။ ညီအစ်ကိုမောင်နှမတွေက သူ့မိတ်သဟာယကို ကြားရတဲ့အခါ တချို့ဆို မျက်ရည်တွေဝဲကြတယ်။ တချို့ကျတော့လည်း စိတ်မကောင်းဖြစ်ပြီး ပြောကြတယ်၊ “ကိုယ့်တာဝန်တွေကို မှန်မှန်ကန်ကန် လုပ်ခဲ့မယ်ဆိုရင်၊ ကိုင်တွယ်ဖြေရှင်းခံခဲ့ရမှာ မဟုတ်ဘူးနော်” တဲ့။ ဒါတွေကို မြင်ရတော့ ကျွန်မလည်း နည်းနည်း တုန်လှုပ်သွားတယ်။ စိတ်ထဲမှာလည်း၊ “ဒီလိုမိတ်သဟာယမျိုးက သူ့ကို သူများတွေ ကြည်ညိုလေးစားအောင် ကြွားနေတာမဟုတ်ဘူးလား” ပေါ့။ တစ်ခေါက်ကျတော့ ကျွန်မလည်း သူ့အပြုအမူနဲ့ပတ်သက်လို့ သတိပေးလိုက်တယ်။ “အစ်မက ကိုယ့်ကိုယ်ကိုယ် ချီးကျူးနေတယ်။ အဲဒီလို မိတ်သဟာယမျိုးနဲ့ ကြွားသလိုဖြစ်နေတယ်” ပေါ့။ အဲဒီလိုလည်း ပြောလိုက်ရော၊ သူက မခံမရပ်နိုင်ဖြစ်ပြီး ပြန်ပြောလာတော့ ကျွန်မလည်း အံ့သြသွားတယ်။ “ငါက ကိုယ့်ကိုယ်ကိုယ် ချီးကျူးနေတာ၊ ကြွားနေတာမှမဟုတ်တာ။ ငါ ပြောသမျှအားလုံးက အဖြစ်မှန်တွေပဲ။ အဲဒါကို မှားတယ်ဆိုရင်၊ ငါက ဘယ်လို မိတ်သဟာယပေးရမှာလဲ” တဲ့။ ကျွန်မလည်း သူ့သဘောထားကို မြင်သွားတော့၊ “အစ်မအနေနဲ့ ဘုရားနှုတ်ကပတ်တော်ကို ဖတ်ပြီး၊ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်ကြည့်သင့်တယ်” လို့ပဲ ပြောနိုင်တော့တယ်။

နောက်တော့ သိပ်မကြာဘူး၊ အစ်မလင်းက ကျွန်မကို ဘာမှ မပြောမဆိုဘဲနဲ့၊ မကျွမ်းကျင်တဲ့ အစ်မတစ်ယောက်ကို ဧဝံဂေလိ ဟောပြောဖို့ အလုပ်နေရာပြောင်းတယ်။ ဟောပြောတတ်တဲ့ အစ်မကိုကျတော့ တခြားတာဝန်ကို ပြောင်းလိုက်တယ်။ အဲဒီတော့ ဧဝံဂေလိအလုပ်ရဲ့ တိုးတက်မှုက တိုက်ရိုက် ထိခိုက်သွားတာပေါ့။ နောက်တစ်ရက် နှစ်ရက်လောက်အကြာမှာတင်၊ စစ်မှန်တဲ့လမ်းမှာ အမြစ်မတွယ်တဲ့ လူသစ်တစ်ယောက်ကို အစ်မလင်းက တကယ့် နောက်ကြောင်းရာဇဝင်ကို ထည့်မစဉ်းစားဘဲနဲ့၊ ဧဝံဂေလိဟောပြောဖို့ နေရာပြောင်းပေးပြန်ရော။ လူသစ်က ဖိအားတွေနဲ့ တော်တော် စိတ်မချမ်းမသာဖြစ်ပြီး သူ့ယုံကြည်ခြင်းပါ ရပ်လုနီးပါးဖြစ်သွားရော။ ရေလောင်းပေးတဲ့ သင်းထောက်က အချိန်မီ ကူညီထောက်ပံ့ပေးလို့ ကံကောင်းသွားတာ။ လူသစ်ရဲ့အခြေအနေလည်း တိုးတက်သွားတယ်။ ကျွန်မလည်း ဒီအကြောင်းတွေ ကြားတော့၊ သူ့ကို ထပ်ပြီး သတိပေးတယ်။ ကျွန်မတို့မှာ စည်းမျဉ်းစည်းကမ်းတွေ ရှိရမယ်၊ ထင်ရာမြင်ရာ လုပ်လို့မရဘူး။ ကိစ္စတွေကို မဆုံးဖြတ်ခင်မှာ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ပြောဆိုဖို့လိုတယ်ပေါ့။ ဒါပေမဲ့ သူက လက်မခံဘူး။ တာဝန်ယူရမှာကို ငြင်းတယ်။ သူ့ကိုယ်သူ ကာကွယ်တယ်။ သူ့ကိုယ်သူလည်း လုံးဝ မသိဘူး၊ မဆင်ခြင်ဘူးဆိုတာကို ကျွန်မ မြင်သွားတယ်။ သူ့မိတ်သဟာယဆိုတာ အမြဲတမ်း သြဝါဒစကားတွေချည်းပဲ။ ပြီးတော့ ထင်ရာမြင်ရာတွေ လုပ်တယ်၊ သမ္မာတရား စည်းမျဉ်းတွေကိုလည်း မရှာဖွေဘူးဆိုတာတွေပါ ပြန်အမှတ်ရသွားတယ်။ သူက အယောင်ဆောင် ခေါင်းဆောင်ပဲဆိုတာ ကျွန်မ သေချာသွားတယ်။ ကိုယ့်ခေါင်းဆောင်ဆီလည်း အဲဒီအကြောင်းကို တိုင်ချင်တယ်။ ဒါပေမဲ့ နည်းနည်းလည်း ချီတုံချတုံဖြစ်တယ်။ ကျွန်မ စဉ်းစားတာက၊ “အစ်မလင်းက ခေါင်းဆောင်တစ်ယောက်ဖြစ်တာ အခုဆို နှစ်တွေကြာခဲ့ပြီ။ သိပ်မကြာခင်ကတင် ငါတို့ခေါင်းဆောင်တွေက သူ့ကို ရာထူးတိုးဖို့ ဆွေးနွေးသေးတာ။ ငါက အခု သူ့ကို အယောင်ဆောင် ခေါင်းဆောင်ဆိုပြီး တိုင်လိုက်ရင်၊ ခေါင်းဆောင်တွေက ငါ့ကို မာနထောင်လွှားလွန်းတယ်၊ ခုလေးတင် ခေါင်းဆောင်ဖြစ်လာပြီး ကျန်တဲ့သူတွေကို ရမ်းသန်း စွပ်စွဲနေတယ်လို့ ပြောကြမှာမဟုတ်ဘူးလား။ ပြီးတော့ ငါက သူ့ကို တိုင်တဲ့အကြောင်း အစ်မလင်း သိသွားရင်၊ သူက ငါ့အကြောင်း မကောင်းတာတစ်ခုခုကို ခေါင်းဆောင်တွေဆီ ပြောချင်ပြောမှာ။ အဲဒီလိုဖြစ်သွားရင် ခေါင်းဆောင်တွေက ငါ့ကို ရာထူးကထုတ်ကြမှာလား” ပေါ့။ ကျွန်မလည်း အဲဒီလိုစဉ်းစားမိတာနဲ့၊ သူ့ကို မတိုင်ချင်တော့ဘူး။ ဒါပေမဲ့ ကျွန်မက မတိုင်ဘူးဆိုရင်၊ သူက ခေါင်းဆောင်တစ်ယောက် ဆက်ဖြစ်နေမှာဆိုတော့၊ ကိုယ့်ညီအစ်ကိုမောင်နှမတွေကို ထိခိုက်လိမ့်မယ်။ အသင်းတော်အလုပ်လည်း ပျက်စီးလိမ့်မယ်။ အဲဒီရက်ပိုင်းတွေမှာ ကျွန်မလည်း တော်တော် စိတ်ရှုပ်ပြီး၊ ဘာလုပ်ရမှန်း မရေရာတော့ဘူး။ ဒါနဲ့ ဘုရားရှေ့ သွားပြီး ဆုတောင်းတယ်။ သူ့အလိုတော်ကို နားလည်အောင်၊ လက်တွေ့လုပ်ဆောင်ဖို့ လမ်းတစ်ခုကို ရှာတွေ့အောင် ကျွန်မကို ကူညီပေးဖို့ တောင်းလျှောက်တယ်။

ဆုတောင်းပြီးသွားတော့ ဘုရားနှုတ်ကပတ်တော် ကျမ်းပိုဒ်တစ်ခုကို ဖတ်မိတယ်။ “ခေါင်းဆောင်များနှင့် အမှုတော်ဆောင်များ ဖြစ်သည့်လူများ၏ ကဏ္ဍ အရေးပါလာခြင်းကို ဖြစ်စေသည့် အကြောင်းရင်းမှာ အဘယ်နည်း၊ ပြီးလျှင် ယင်းတို့သည် မည်သို့ ပေါ်ပေါက်လာသနည်း။ ကြီးမားသော အတိုင်းအတာတစ်ခုတွင် ၎င်းတို့သည် ဘုရားသခင်၏ အမှုတော်အတွက် လိုအပ်သည်။ သေးငယ်သော အတိုင်းအတာတစ်ခုတွင် ၎င်းတို့ကို အသင်းတော်၏အလုပ်အတွက် လိုအပ်သည်၊ ဘုရားသခင် ရွေးချယ်ထားသောသူများက ၎င်းတို့ကို လိုအပ်သည်။...၎င်းတို့၏ တာဝန်နှင့် အခြားလူများ၏ တာဝန်တို့ အကြား ကွာခြားချက်မှာ ၎င်းတို့၏တာဝန်များနှင့် သက်ဆိုင်သည့် သီးသန့် ထူးခြားသောလက္ခဏာ တစ်ခု၏ အရေးကိစ္စ ဖြစ်သည်။ ယင်းမှာ မည်သည့် သီးသန့် ထူးခြားသောလက္ခဏာ ဖြစ်သနည်း။ အခြေခံအားဖြင့် အသားပေးထားသည့်အရာသည် ခေါင်းဆောင်မှု၏ အလုပ်တာဝန်ဖြစ်သည်။ ဥပမာအနေဖြင့် ဦးဆောင်နေသည့် လူတစ်ယောက်ဖြင့် လူတစ်ဖွဲ့ ရှိသည်ဟု ဆိုကြပါစို့။ ဤလူကို ‘ခေါင်းဆောင်’ တစ်ယောက် သို့မဟုတ် ‘အမှုတော်ဆောင်’ တစ်ယောက် အဖြစ် ရည်ညွှန်းပါက၊ အဖွဲ့ထဲတွင် ၎င်းတို့၏ တာဝန်မှာ အဘယ်နည်း။ (ခေါင်းဆောင်မှု တာဝန် ဖြစ်ပါသည်။) ဤလူတစ်ယောက်၏ ခေါင်းဆောင်မှုသည် ၎င်းတို့ ဦးဆောင်သည့် လူများနှင့် အဖွဲ့တစ်ခုလုံးအပေါ်တွင် မည်သည့် အကျိုးတရား ရှိသနည်း။ ယင်းက အဖွဲ့၏ ဦးတည်ချက်နှင့် ၎င်း၏ လမ်းကြောင်းကို အကျိုးသက်ရောက်မှုရှိသည်။ ဤအရာက သွယ်ဝိုက်ရည်ညွှန်းသည်မှာ ခေါင်းဆောင်မှု ရာထူးတစ်ခု၌ ဤလူပုဂ္ဂိုလ်သည် မှားယွင်းသော လမ်းကြောင်းကို လျှောက်မိပါက၊ အနည်းဆုံးအနေဖြင့် သူ၏ လက်အောက်မှ လူများနှင့် အဖွဲ့တစ်ဖွဲ့လုံးကို မှန်ကန်သော လမ်းကြောင်းမှ လမ်းလွဲသွားစေလိမ့်မည် ဟုဖြစ်သည်။ ထို့ထက်ပိုပြီးလျှင် ၎င်းတို့ ရှေ့ဆက်သည်နှင့်အညီ အဖွဲ့တစ်ဖွဲ့လုံး၏ ဦးတည်ချက်အပြင်၊ ၎င်းတို့၏ အရှိန်နှင့် ခြေလှမ်းတို့ကိုလည်း နှောင့်ယှက်နိုင်သည် သို့မဟုတ် ဖျက်ဆီးနိုင်သည်။ ထို့ကြောင့် ဤလူတစ်အုပ်နှင့် ပတ်သက်ပါက၊ ၎င်းတို့ လိုက်လျှောက်သည့် လမ်းကြောင်းနှင့် ၎င်းတို့ ရွေးချယ်သည့် လမ်းကြောင်း၏ ဦးတည်ချက်၊ သမ္မာတရားကို ၎င်းတို့ နားလည်သဘောပေါက်သည့် အတိုင်းအတာအပြင်၊ ဘုရားသခင်ကို ၎င်းတို့၏ ယုံကြည်ခြင်းတို့သည် မိမိတို့ကိုယ်ကိုယ်သာမက၊ ၎င်းတို့၏ ခေါင်းဆောင်မှု နယ်ပယ်အတွင်းရှိ ညီအစ်ကိုမောင်နှမများ အားလုံးကိုလည်း သက်ရောက်မှုရှိနိုင်သည်။ ခေါင်းဆောင် တစ်ယောက်သည် သင့်တော်သည့် လူတစ်ယောက် ဖြစ်ကာ၊ မှန်ကန်သော လမ်းကြောင်းကို လျှောက်နေပြီး၊ သမ္မာတရားကို လိုက်စား၍၊ လက်တွေ့လုပ်ဆောင်နေသောသူဖြစ်ပါက၊ ၎င်းတို့ ဦးဆောင်သည့်လူများကလည်း သင့်တင့် လျောက်ပတ်စွာ စားသောက်လိမ့်မည် ဖြစ်ပြီး၊ သင့်တင့်လျောက်ပတ်စွာ ရှာဖွေလိမ့်မည်ဖြစ်သည်၊ ပြီးလျှင် တစ်ချိန်တည်းမှာပင်၊ ခေါင်းဆောင် ကိုယ်တိုင်၏ တိုးတက်မှုသည် အခြားသူများအတွက် အစဉ် ထင်ရှားသိသာလိမ့်မည်။ ထို့ကြောင့် ခေါင်းဆောင် တစ်ယောက် လျှောက်သင့်သည့် မှန်ကန်သည့် လမ်းကြောင်းမှာ အဘယ်နည်း။ ယင်းသည် အခြားသူများကို သမ္မာတရားနှင့် သက်ဆိုင်သည့် နားလည်မှု တစ်ခုဆီသို့၊ သမ္မာတရားထဲသို့ ဝင်ရောက်မှု တစ်ခုဆီသို့ ဦးဆောင်နိုင်ခြင်းနှင့် အခြားသူများကို ဘုရားသခင်ထံသို့ ဦးဆောင်နိုင်ခြင်းတို့ ဖြစ်ပေသည်။ မှားယွင်းသည့် လမ်းကြောင်းတစ်ခုမှာ အဘယ်နည်း။ ယင်းက မိမိကိုယ်ကိုယ် မကြာခဏ ချီးမြှောက်ခြင်း၊ မိမိကိုယ်ကိုယ် သက်သေခံခြင်း၊ ဂုဏ်ဒြပ်၊ ကျော်ကြားမှုနှင့် အကျိုးအမြတ်တို့ကို လိုက်စားခြင်း အပြင်၊ ဘုရားသခင်ကို မည်သည့်အခါမျှ သက်သေမခံခြင်းတို့ ဖြစ်သည်။ ဤအရာက ၎င်းတို့၏ လက်အောက်မှ လူများအပေါ် မည်သည့် အကျိုးသက်ရောက်မှု ရှိစေသနည်း။ (ယင်းက ထိုလူများကို ၎င်းတို့ ရှေ့သို့ ခေါ်ဆောင်သည်။) လူများသည် ဘုရားသခင်ထံမှ ဝေးရာသို့ လမ်းလွဲကြပြီး၊ ဤခေါင်းဆောင်၏ ထိန်းချုပ်မှု အောက်သို့ လာကြလိမ့်မည် ဖြစ်သည်။ သင်သည် လူများကို သင်၏ရှေ့သို့ လာဖို့ ဦးဆောင်ပါက၊ သင်သည် ၎င်းတို့ကို ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ် ရှေ့သို့ လာဖို့ ဦးဆောင်လမ်းပြနေခြင်းဖြစ်သည်၊ ပြီးလျှင် သင်သည် ၎င်းတို့ကို ဘုရားသခင်၏ ရှေ့မှောက်သို့ မဟုတ်ဘဲ၊ စာတန်၏ရှေ့သို့ လာဖို့ ဦးဆောင်လမ်းပြနေခြင်း ဖြစ်သည်။ လူများကို သမ္မာတရား၏ ရှေ့မှောက်သို့ လာဖို့ ဦးဆောင်လမ်းပြခြင်းသည်သာလျှင် ၎င်းတို့ကို ဘုရားသခင်၏ ရှေ့မှောက်သို့ လာဖို့ ဦးဆောင်လမ်းပြနေခြင်း ဖြစ်သည်။ ခေါင်းဆောင်များနှင့် အမှုတော်ဆောင်များသည် မှန်ကန်သော လမ်းကြောင်းကို လျှောက်သည်ဖြစ်စေ၊ မှားယွင်းသော လမ်းကြောင်းကို လျှောက်သည်ဖြစ်စေ ဘုရားသခင် ရွေးချယ်ထားသော လူများအပေါ် တိုက်ရိုက် ဩဇာလွှမ်းမိုးမှုရှိသည်။ သစ္စာစောင့်သိသူများ အဘယ်လမ်းကြောင်းကို ရွေးချယ်သည်၊ ၎င်းတို့ အဘယ်လမ်းကို လျှောက်သည်ဟူသည်မှာ ခေါင်းဆောင်တို့ လျှောက်သည့် လမ်းကြောင်းနှင့် တိုက်ရိုက်ဆက်နွှယ်နေသည်၊ ပြီးလျှင် ထိုခေါင်းဆောင်များနှင့် အမှုတော်ဆောင်များ၏ ဩဇာလွှမ်းမိုးမှုကို အတိုင်းအတာအမျိုးမျိုးဖြင့် ခံကြရသည်။(အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “လူတို့ကို စည်းရုံးရန် ၎င်းတို့ကြိုးစားကြသည်”) ဘုရားနှုတ်ကပတ်တော်ထဲမှာ ကျွန်မ မြင်မိတာက၊ ခေါင်းဆောင်တစ်ယောက်ဟာ ဘယ်လိုလမ်းမျိုးကို လိုက်လဲ၊ သမ္မာတရားကို အားထုတ်လား မထုတ်ဘူးလားဆိုတာတွေက အဲဒီခေါင်းဆောင်ကိုပဲ ထိခိုက်စေတာမဟုတ်ဘူး၊ အသင်းတော်တစ်ခုလုံးရဲ့အလုပ်ကိုရော၊ ညီအစ်ကိုမောင်နှမတွေရဲ့ အသက်ဝင်ရောက်မှုကိုပါ တိုက်ရိုက် ထိခိုက်စေတာပါ။ အသင်းတော်ခေါင်းဆောင်က သမ္မာတရားကို အားထုတ်ပြီး လမ်းမှန်ကို လျှောက်တဲ့ လူမှန်ဖြစ်တယ်ဆိုရင်၊ သူ့ညီအစ်ကိုမောင်နှမတွေက သူ့ဆီကနေ အကျိုးခံစားရနိုင်တယ်။ ကယ်တင်ခြင်းလမ်းကြောင်းကို လျှောက်ဖို့လည်း လွယ်ကူကြတယ်။ ဒါပေမဲ့ အသင်းတော်ခေါင်းဆောင်တွေက သမ္မာတရားကို အားမထုတ်ဘူး၊ လမ်းမှန်ကိုလည်း မလိုက်ဘူးဆိုရင်၊ ကျန်တဲ့သူတွေကို သမ္မာတရားနားလည်အောင်၊ ဘုရားနှုတ်ကပတ်တော်ရဲ့ စစ်မှန်မှုတွေထဲကို ဝင်ရောက်အောင် လမ်းမပြနိုင်ကြဘူး။ ဘုရားအိမ်တော်ရဲ့အလုပ်ကိုလည်း နှောင့်ယှက်မိကြတယ်။ ပြဿနာတွေ ဖြစ်တဲ့အချိန်မှာ အစ်မလင်းက သမ္မာတရားကို မရှာဖွေတာတွေ၊ သူ့ကိုယ်သူ မဆင်ခြင်ခဲ့တာတွေကို ကျွန်မ စဉ်းစားကြည့်တယ်။ သူက သူ့ညီအစ်ကိုမောင်နှမတွေရဲ့ ပြဿနာတွေကို မဖြေရှင်းနိုင်ခဲ့ဘူးလေ။ ဝတ်ပြုအစည်းအဝေးတွေနဲ့ သူ့တာဝန်ချိန်တွေမှာ သြဝါဒစကားတွေပဲ ပြောတယ်။ သူ့ကိုယ်သူ ချီးကျူးပြီး ကြွားပြနေတော့၊ သူ့ညီအစ်ကိုမောင်နှမတွေက သူ့ကို ကြည်ညိုလေးစားလာကြရော။ သူ့တာဝန်တွေမှာ သူက မာနထောင်လွှားတယ်၊ သူ့ကိုယ်သူ အမှန်ထင်တယ်၊ ထင်ရာမြင်ရာတွေလုပ်တယ်။ သင့်တော်တဲ့အကြံဉာဏ်မျိုးကို လုံးဝ လက်မခံခဲ့ဘူး။ သူ့ကို အလုပ်ကနေ မြန်မြန်ဆန်ဆန် မထုတ်ပယ်ဘူးဆိုရင်၊ သူက ဘုရားအိမ်တော်ရဲ့အလုပ်ကို အနှောင့်အယှက်ပဲ ဖြစ်စေမှာ၊ သူ့ညီအစ်ကိုမောင်နှမတွေလည်း ထိခိုက်ကုန်မှာပဲ။ ကျွန်မတို့အသင်းတော်မှာ ဒီလိုခေါင်းဆောင်အတုအယောင်တစ်ယောက် ပေါ်နေတယ်ဆိုတာ ကိုယ့်ညီအစ်ကိုမောင်နှမတွေအတွက် ပျက်စီးကိန်းပဲ။ ကျွန်မက ဘုရားရှေ့မှာ ဆုတောင်းထားတယ်။ ပြီးတော့ ဘုရားအိမ်တော်ရဲ့အကျိုးကို ကာကွယ်ပါ့မယ်၊ ကိုယ့်တာဝန်တွေကို ကောင်းအောင်လုပ်ဖို့ အစွမ်းကုန် ကြိုးစားပါ့မယ်ဆိုပြီး တိုင်တည်ထားတာတွေကိုလည်း ကျွန်မ သတိရတယ်။ ဒါပေမဲ့ သမ္မာတရားကို ချိုးဖောက်ပြီးတော့၊ အသင်းတော်ရဲ့အကျိုးကို ထိခိုက်စေတဲ့ဟာတစ်ခု ဖြစ်လာတဲ့အချိန်မှာ၊ ကျွန်မက ကြောက်တတ်တဲ့လိပ်လို ကိုယ့်အခွံထဲ ပြန်ဝင်ပြီး၊ ကိုယ်ကျိုးအတွက်ပဲ ကာကွယ်မိတယ်။ အစ်မလင်းက သူ့တာဝန်တွေမှာ မာနထောင်လွှားပြီး ထင်ရာမြင်ရာလုပ်တယ်၊ အမှန်ကို လုံးဝ လက်မခံဘူး၊ ဘုရားအိမ်တော်ရဲ့အလုပ်လည်း ထိခိုက်ခဲ့ရပြီးပြီဆိုတာတွေကို ကျွန်မ သိတယ်။ ကျွန်မက သူ့ကို ကိုယ့်ခေါင်းဆောင်ဆီ တိုင်ခဲ့သင့်တာ၊ ဒါပေမဲ့ ကျွန်မကိုယ်ကျွန်မ ကာကွယ်ဖို့ပဲ ကြိုးစားခဲ့မိတယ်။ အစ်မလင်း သိသွားတဲ့အခါ ကျွန်မအကြောင်း မကောင်းတာတွေ ပြောလိမ့်မယ်။ ခေါင်းဆောင်တွေကလည်း ကျွန်မနေရာကို လူစားထိုးလိမ့်မယ်ဆိုပြီး စိုးရိမ်ခဲ့တာကြောင့်ပါ။ အယောင်ဆောင် ခေါင်းဆောင်တစ်ယောက်က ဘုရားအိမ်တော်ရဲ့အလုပ်ကို နှောင့်ယှက်ဖျက်ဆီးနေချိန်မှာ ကျွန်မက ကာကွယ်ဖို့ မားမားရပ်တည်မယ့်အစား၊ ဘေးက ရပ်ကြည့်နေမိတာပဲ။ တစ်ကိုယ်ကောင်းဆန်ပြီး ရွံစရာကောင်းခဲ့တာပါ။ ကျွန်မမှာ အသိတရား လုံးဝ မရှိခဲ့ဘူး။ ငါတော့ တစ်ကိုယ်ကောင်းဆန်လို့ မဖြစ်တော့ဘူးဆိုပြီး သိသွားတယ်။ ကျွန်မအနေနဲ့ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရမယ်၊ တရားမျှတမှုအသိ ရှိတဲ့လူတစ်ယောက် ဖြစ်ရမယ်၊ ဘုရားဘက်က ရပ်တည်ရမယ်၊ ဘုရားအိမ်တော်ရဲ့အကျိုးကို ကာကွယ်ရမယ်။ ကျွန်မလည်း အဲဒါကို သဘောပေါက်သွားတော့၊ ခေါင်းဆောင်တွေဆီ တိုင်ဖို့ ဆုံးဖြတ်လိုက်တယ်။

နောက်တော့ ခေါင်းဆောင်တွေနဲ့ စည်းဝေးပွဲတစ်ခုမှာ၊ ကျွန်မလည်း အစ်မလင်းရဲ့အပြုအမူတွေအားလုံးကို ပြောပြလိုက်တယ်။ ပြောပြီးတဲ့အချိန်ကျမှ ကျွန်မလည်း လန့်သွားရော။ ခေါင်းဆောင်တစ်ယောက်က အန္တိခရစ်တွေကို ဖော်ထုတ်ပြတဲ့ ဘုရားနှုတ်ကပတ်တော်ကျမ်းပိုဒ်တွေကို ဖတ်ပြတယ်လေ၊ ကျွန်မကိုလည်း ပြင်းပြင်းထန်ထန် ပြုပြင်တယ်၊ ကိုင်တွယ်ဖြေရှင်းတယ်။ ကျွန်မက ရည်မှန်းချက်ကြီးလွန်းတယ်၊ ရာထူးဂုဏ်ကို လိုချင်လွန်းတယ်၊ ခေါင်းဆောင်တစ်ယောက် ဖြစ်လာတော့ အာဏာမက်သွားတယ်ဆိုပြီး ပြောတာ။ ကျွန်မကိုယ်ကျွန်မ ပိုပြီးဆင်ခြင်ကြည့်ဖို့၊ အသင်းတော်အလုပ်ကို ကိုင်တွယ်ရာမှာ အစ်မလင်းနဲ့အတူ ကောင်းကောင်းမွန်မွန် ကြိုးစားဖို့ကို အာရုံစိုက်ဖို့ ကျွန်မကို ပြောတယ်။ ကျန်တဲ့ခေါင်းဆောင်တစ်ယောက်ကလည်း အစ်မလင်းက အစွမ်းအစကောင်းရှိတယ်၊ လက်တွေ့အလုပ်ကို လုပ်နိုင်တယ်ဆိုပြီး ပြောသေးတာ။ ဒါတွေအားလုံး ကြားလိုက်ရတော့ ကျွန်မလည်း တုန်လှုပ်သွားတာပေါ့။ စိတ်ထဲမှာလည်း၊ “အကျိုးရလဒ်က ဒါတဲ့လား။ ငါ သူတို့ကို ပြောပြတာအားလုံးက အမှန်တွေပဲ၊ ဒါပေမဲ့ သူတို့က မစုံစမ်းဘဲနဲ့ ငါ့ကို အရမ်းကာရော ကိုင်တွယ်ဖြေရှင်းကြတယ်။ ဒါက ပြဿနာကို ဖြေရှင်းနေတာ လုံးဝမဟုတ်ဘူး” ပေါ့။ ပထမတော့ ကျွန်မလည်း အစ်မလင်းအကြောင်းကို ပိုပြီး ရှင်းပြလိုက်ချင်သေးတယ်၊ ဒါပေမဲ့ စဉ်းစားမိတာက၊ ကျွန်မက ထပ်ပြောတယ်ဆိုရင်၊ ခေါင်းဆောင်တွေက ကျွန်မကို ကိုယ့်ကိုယ်ကိုယ် မဆင်ခြင်ဘူး၊ အမှန်ကို လက်မခံဘူးလို့ ပြောပြီး၊ ကျွန်မကို ထုတ်ပယ်တယ်ဆိုရင်၊ ကျွန်မ ဘယ်လိုလုပ်မလဲ။ အဲဒါကို တွေးမိမိချင်း ကျွန်မလည်း မပြောတော့ဖို့ ဆုံးဖြတ်လိုက်ရော။

တစ်ရက်ကျတော့ ညီမတစ်ယောက်က ကျွန်မကို တိုင်တယ်။ ဧဝံဂေလိအလုပ်မှာ ကြီးကြပ်သူဖြစ်တဲ့ အစ်မလင်းက ဧဝံဂေလိ ဖြန့်ဝေဖို့ ဘာမှမလုပ်ဘဲ၊ သူ့အောက်ကလူတွေကိုပဲ အတင်းလုပ်ခိုင်းတယ်တဲ့။ လူတွေမှာ အခြေအနေတွေ၊ အခက်အခဲတွေ ရှိပြီဆိုရင်၊ သူက ဖြေရှင်းပေးဖို့ မိတ်သဟာယမပေးတော့၊ ဧဝံဂေလိအလုပ်က ပိုပိုပြီး မထိရောက်တော့ဘူးပေါ့လေ။ အဲဒီညီမက ကျွန်မကို အစ်မလင်းနဲ့ တတ်နိုင်သမျှအမြန်ဆုံး မိတ်သဟာယပြုစေချင်တာ။ ကျွန်မလည်း စဉ်းစားတယ်၊ “ခေါင်းဆောင်တစ်ယောက်ရဲ့ အရေးကြီးဆုံးအလုပ်က ဘုရားနှုတ်ကပတ်တော်ကို မိတ်သဟာယပေးဖို့၊ ညီအစ်ကိုမောင်နှမတွေရဲ့ တာဝန်တွေမှာ ရှိနေတဲ့ အခက်အခဲတွေကို ဖြေရှင်းပေးဖို့ပဲ။ အစ်မလင်းက တရားတွေကို မဆုံးနိုင်အောင် ပေးတယ်။ ဒါပေမဲ့ တကယ့်ပြဿနာတွေကို မဖြေရှင်းပေးဘူး။ သူ့မိတ်သဟာယက အနှစ်သာရမပါတဲ့သြဝါဒ ဖြစ်မနေဘူးလား” ပေါ့။ ဒါနဲ့ ကျွန်မလည်း ဒီပြဿနာကို ဆွေးနွေးဖို့ အစ်မလင်းဆီ တန်းသွားတယ်။ ပြောဆိုပြီးတဲ့အချိန်မှာ သူက စိတ်ဆိုးပြီး ပြန်ပြောလာတော့ ကျွန်မလည်း အံ့သြတာပေါ့။ “ငါက လက်တွေ့ပြဿနာတွေကို မဖြေရှင်းဘူးလို့ ဘယ်သူက ပြောလဲ။ ဘယ်သူ ပြောတာလဲ။ အဲဒါကို ဘယ်သူက ပြောတာလဲ” တဲ့။ သူက အဖြစ်မှန်ကို လုံးဝ လက်မခံဘူး၊ သူ့ကိုယ်သူ မဆင်ခြင်ဘူး နားမလည်ဘူးဆိုတာ ကျွန်မ မြင်သွားတယ်။ သူ ပထမဆုံး တုံ့ပြန်တာက ပြဿနာကို ဘယ်သူ တိုင်တာလဲဆိုတာကို မေးတာလေ။ သူက အယောင်ဆောင် ခေါင်းဆောင်ဖြစ်မှန်း ကျွန်မ ပိုပြီးတော့ သေချာသွားတယ်။ သူက သူ့အလုပ်ကို ဆက်လုပ်မယ်ဆိုရင်၊ ဘုရားအိမ်တော်ရဲ့အလုပ်ပဲ ထိခိုက်လိမ့်မယ်၊ နှောင့်နှေးလိမ့်မယ်။ ကျွန်မလည်း ဒါကို ခေါင်းဆောင်တွေဆီ တိုင်ချင်လာပြန်ရော။ ဒါပေမဲ့ ပြဿနာတစ်ခု တိုင်ခဲ့တဲ့ ပြီးခဲ့တဲ့အခေါက်ကို သွားသတိရတယ်။ အစ်မလင်းက လူစားထိုးမခံခဲ့ရသလို၊ ကျွန်မကိုပဲ ခေါင်းဆောင်တွေက ကိုင်တွယ်ဖြေရှင်းခဲ့တာ။ သူတို့ဆီ ထပ်ပြီး တိုင်ကြားတယ်ဆိုရင်၊ ကျွန်မက အစ်မလင်းကို တမင်သက်သက် ပြဿနာတွေ ရှာနေတယ်လို့ ထင်ကြမှာမဟုတ်ဘူးလား။ ကျွန်မကို မှန်ကန်တဲ့လူ မဟုတ်ဘူး၊ လုပ်ဖော်ကိုင်ဖက်ကောင်း မဖြစ်နိုင်ဘူးဆိုပြီး ထင်ကြမှာမဟုတ်ဘူးလား။ ကျွန်မက ဘုရားအိမ်တော်ရဲ့အလုပ်ကို နှောင့်ယှက်တယ်ဆိုပြီး အပြစ်တင်ကြလိမ့်မယ်။ တာဝန်တွေကနေ ထုတ်ပယ်လိမ့်မယ်၊ ဝိညာဉ်ရေးဆင်ခြင်ဖို့ ပြန်လွှတ်ကြလိမ့်မယ်လေ။ ဒါတွေကို တွေးမိတဲ့အချိန်မှာ ကျွန်မလည်း ထပ်ပြီး စိတ်ပူလာရော။ ဒါပေမဲ့ အဲဒါကို မတိုင်ကြားမိတော့ ကိုယ့်အသိစိတ်က ဘဝင်မကျဘူးပေါ့။ ဒါနဲ့ ဘုရားရှေ့ သွားပြီး ဆုတောင်းတယ်။ “ဘုရားသခင်၊ အစ်မလင်းဟာ ဖော်ထုတ်တိုင်ကြားသင့်တဲ့ အယောင်ဆောင် ခေါင်းဆောင်မှန်း ကျွန်မ သေချာသိပါတယ်။ ဒါပေမဲ့ မကောင်းတဲ့အင်အားတွေက ကျွန်မကို အမြဲချုပ်ကိုင်ထားတယ်လို့ ခံစားရတယ်။ ကိုင်တွယ်ဖြေရှင်းခံရတာ၊ ကိုယ့်တာဝန်တွေကနေ ထုတ်ပယ်ခံရတာကို ကျွန်မ ကြောက်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် သိနားလည်အောင် ကျွန်မကို လမ်းပြကူညီပေးပါ ဘုရားသခင်” ပေါ့။

နောက်တော့ ကျွန်မ ဘုရားဝတ်ပြုတဲ့အချိန်တစ်ချိန်မှာ၊ ဘုရားနှုတ်ကပတ်တော်ဗီဒီယိုတစ်ခုကို ကြည့်မိတယ်။ တော်တော်ကို အထောက်အကူဖြစ်သွားတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “လူအများစုသည် သမ္မာတရားကို လိုက်စားပြီး လက်တွေ့လုပ်ဆောင်ရန် ဆန္ဒရှိကြသော်လည်း၊ များသောအားဖြင့် ၎င်းတို့သည် ထိုသို့ လုပ်ဆောင်ရန် ဆုံးဖြတ်ချက်နှင့် စိတ်ဆန္ဒ ရှိရုံမျှရှိကြလေသည်။ သမ္မာတရားသည် ၎င်းတို့၏အသက် မဖြစ်လာသေးပေ။ အကျိုးဆက်အနေဖြင့်၊ ဆိုးယုတ်သော အင်အားစုများကို ၎င်းတို့ အမှတ်မထင်တွေ့ရသည့်အခါ သို့မဟုတ် ကောက်ကျစ်စဉ်းလဲပြီး ဆိုးသွမ်းသော လူတို့က ဒုစရိုက်မှုများ ကျူးလွန်နေသည် သို့မဟုတ် ခေါင်းဆောင် အတုအယောင်များနှင့် အန္တိခရစ်တို့က အခြေခံသဘောတရားများကို ချိုးဖောက်သည့် နည်းလမ်းဖြင့် အမှုအရာများ လုပ်ဆောင်နေကြ၍ ထိုသို့ဖြင့် ဘုရားသခင်၏အိမ်တော်၏ အမှုကို ဆုံးရှုံးမှုများဖြစ်စေပြီး ဘုရားသခင်ရွေးကောက်ထားသူတို့ကို အန္တရာယ်ဖြစ်စေသည်ကို ကြုံရသည့်အခါ၊ ၎င်းတို့သည် ထရပ်ပြီး ထုတ်ပြောဖို့သတ္တိ မရှိတော့ပေ။ သင်တို့ သတ္တိမရှိသည့်အချိန်ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ သင်တို့ ကြောက်တတ်သည် သို့မဟုတ် စိတ်ထဲရှိသမျှ မဖော်ပြတတ်ဟု ဆိုလိုသလော။ သို့မဟုတ် သင်က နားမလည်သကဲ့သို့၊ ထုတ်ပြောရဲခြင်း မရှိသောကြောင့် ဖြစ်သလော။ ဤအရာများထဲမှ မည်သည့်အရာမျှ မဟုတ်ပေ။ ယင်းမှာ သင်သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား အမျိုးအစား အချို့၏ ထိန်းချုပ်ခြင်းကို ခံရနေခြင်း ဖြစ်သည်။ ဤစိတ်သဘောထားများထဲမှ တစ်ခုမှာ ကလိမ်ကကျစ်အပြုအမူ ဖြစ်သည်။ သင်က၊ ‘ကျွန်ုပ် ထုတ်ပြောလိုက်လျှင်၊ ကျွန်ုပ်ကို မည်သို့ အကျိုးပြုမည်နည်း။ ကျွန်ုပ် ထုတ်ပြောလိုက်ပြီး တစ်စုံတစ်ဦးကို သဘောမကျဖြစ်စေပါက၊ အနာဂတ်တွင် ကျွန်ုပ်တို့ မည်သို့ အဆင်ပြေမည်နည်း’ ဟု တွေးရင်း၊ သင့်ကိုယ်သင် ဦးစွာပထမ စဉ်းစားလေသည်။ ဤသည်မှာ ကလိမ်ကကျစ် စိတ်နေစိတ်ထားဖြစ်၏၊ မှန်သည်လော။ ဤသည်မှာ ကလိမ်ကကျစ် စိတ်သဘောထား၏ အကျိုးဆက်မဟုတ်လော။ နောက်ထပ်တစ်ခုမှာ တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ဖွယ် စိတ်သဘောထားတစ်ခု ဖြစ်သည်။ သင်က၊ ‘ဘုရားအိမ်တော်၏ အကျိုးစီးပွားများ ဆုံးရှုံးခြင်းတစ်ခုသည် ငါနှင့် အဘယ်ပတ်သက်စရာ ရှိသနည်း။ အဘယ်ကြောင့် ငါ ဂရုစိုက်သင့်သနည်း။ ထိုအရာသည် ငါနှင့် မည်သို့မျှ မပတ်သက်ပါ။ ယင်းကို ငါမြင်ကာ ဖြစ်ပျက်နေသည်ကို ကြားလျှင်ပင်၊ မည်သည့်အရာကိုမျှ လုပ်ဆောင်ဖို့ မလိုအပ်ပါ။ ယင်းသည် ငါ၏ တာဝန် မဟုတ်- ငါသည် ခေါင်းဆောင်တစ်ဦး မဟုတ်’ဟု တွေးသည်။ ထိုသို့သော အရာများသည် သင်၏ မသိစိတ်မှ ပေါက်ဖွားသည့်အလား၊ ပြီးလျှင် သင်၏ စိတ်နှလုံးတွင် ယင်းတို့က အမြဲတမ်းနေရာများ ယူထားကြသည့်အလား- သင်၏ အတွင်းတွင် ရှိကြလေသည်၊ ယင်းတို့သည် လူသား၏ ဖောက်ပြန်ပျက်စီးသည့် စာတန်ဆန်သော စိတ်သဘောထားများ ဖြစ်သည်။...သင်သည် အမှန်တကယ်ထင်သည့်အရာကို မည်သည့်အခါမျှ မပြောပေ။ အားလုံးကို သင်၏ ဦးနှောက်က၊ သင်၏ စိတ်ထဲတွင် ကြိုတင် တည်းဖြတ်ပြင်ဆင်ထားသည်။ သင်ပြောသမျှအရာတိုင်းသည် မုသားဖြစ်သည်။ အမှန်တရားများနှင့် ဆန့်ကျင်သည်။ အားလုံးက သင်၏ ကိုယ်ပိုင် အတုအယောင်ကာကွယ်မှုတွင်ရှိပြီး သင်၏ ကိုယ်ပိုင် အကျိုးကျေးဇူးအတွက်ဖြစ်သည်။ လူအချို့သည် အယုံသွင်းခံရပြီး ဤသည်မှာ သင့်အတွက် လုံလောက်သည်။ သင်၏ စကားများနှင့် လုပ်ရပ်များသည် သင်၏ ရည်ရွယ်ချက်များကို ရရှိခဲ့ပြီဖြစ်သည်။ ဤသည်မှာ သင်၏ စိတ်နှလုံးတွင် ရှိသည့်အရာဖြစ်သည်။ ဤသည်တို့မှာ သင်၏ စိတ်သဘောထားများဖြစ်သည်။ သင်သည် သင်ကိုယ်တိုင်၏ ဆိုးယုတ်သော စိတ်သဘောထားများ၏ ထိန်းချုပ်ခြင်းကို အလုံးစုံ ခံထားရသည်။ သင်ပြောသည့်၊ လုပ်ဆောင်သည့်အရာအပေါ်တွင် သင်သည် ဩဇာမရှိပေ။ သင်အလိုရှိလျှင်ပင် သမ္မာတရားကို သင်မပြောဆိုနိုင်ပေ၊ သို့မဟုတ် သင်အမှန်တကယ်ထင်သည့်အရာကို မပြောနိုင်ပေ။ သင်အလိုရှိလျှင်ပင် သမ္မာတရားကို သင်လက်တွေ့မလုပ်ဆောင်နိုင်ပေ။ သင်အလိုရှိလျှင်ပင် သင်၏ တာဝန်များကို မဖြည့်ဆည်းနိုင်ပေ။ သင်ပြောသမျှ၊ လုပ်သမျှ၊ လက်တွေ့လုပ်ဆောင်သမျှ အရာတိုင်းသည် မုသားဖြစ်သည်။ သင်သည် ပေါ့ပေါ့တန်တန်နိုင်ပြီး ဝတ်ကျေတမ်းကျေလုပ်သည်။ သိသာထင်ရှားစွာပင်၊ သင်သည် သင်၏ ဆိုးယုတ်သော စိတ်သဘောထား၏ ချည်နှောင်ခြင်း၊ ထိန်းချုပ်ခြင်းကို အလုံးစုံ ခံထားရသည်။ သင်သည် သမ္မာတရားကို လက်ခံပြီး သမ္မာတရားအတွက် ကြိုးပမ်းလိုစိတ်ရှိနိုင်သည်။ သို့သော် ဤသည်မှာ သင့်အပေါ်တွင် မမူတည်ပေ။ သင်သည် ဖောက်ပြန်ပျက်စီးသော ဇာတိပကတိ၏ ရုပ်သေးရုပ်တစ်ရုပ်ကလွဲ၍ အခြားမည်သည့်အရာမျှ မဟုတ်ပေ။ သင်သည် စာတန်၏ တန်ဆာပလာတစ်ခုဖြစ်လာသည်။ သင်၏ ဆိုးယုတ်သော စိတ်သဘောထားက သင့်ကိုပြောဆိုသည့်အရာမှန်သမျှကို သင်လုပ်ဆောင်ပြောဆိုသည်။ သင်၏စိတ်နှလုံးထဲတွင် သင်က ‘ဤတစ်ကြိမ်တွင် ငါကြိုးစားလုပ်ပြီး ဘုရားသခင်ထံ ဆုတောင်းမည်။ ဘုရားအိမ်တော်၏အလုပ်ကို နှောင့်ယှက်သည့်၊ မိမိတို့၏တာဝန်၌ တာဝန်မဲ့သည့်သူများအား ငါ၏ထင်မြင်ချက်ကို ထုတ်ဖော်ပြောပြီး အပြစ်ဖော်ဆုံးမဖို့ လိုသည်။ ဤတာဝန်ကို ငါယူရမည်’ ဟု တွေးသည်။ ထို့ကြောင့် ကြီးစွာသော အခက်အခဲဖြင့် သင်သည် သတ္တိမွေးပြီး ရဲရဲတင်းတင်း ထုတ်ပြောခဲ့သည်။ အကျိုးဆက်အနေဖြင့် အခြားသူကစားပွဲကိုရိုက်လိုက်ပြီး ဒေါသထွက်သည်နှင့်တစ်ပြိုင်နက် သင်သည် နောက်ပြန်တွန့်သွားလေသည်။ သင်သည် အမှန်တကယ် ကြီးကြပ်သူရော ဟုတ်၏လော။ သင့်သန္နိဋ္ဌာန်နှင့် စိတ်ကြံ့ခိုင်မှုတို့က အဘယ်အသုံးတည့်နေခဲ့သနည်း။ ယင်းတို့သည် အသုံးတည့်မနေခဲ့ချေ။ သင်တို့အားလုံးသည် ဤအခြေအနေများကို အကြိမ်ပေါင်းများစွာ သေချာပေါက် ကြုံတွေ့ပြီးဖြစ်ကာ သင်သည် သင်လုပ်နိုင်သည့်အရာ မည်သည့်အရာမျှမရှိဟု ခံစားရလျက် ပထမဆုံးအခက်အခဲတွင် သင့်ကိုယ်သင် ဆင်ခြေပေးသည်။ သင်သည် သမ္မာတရားကို ချစ်သူမဟုတ်၊ သင်သည် လုံးဝ ဖယ်ရှားခံရပြီးဖြစ်သည်ဟု မိမိကိုယ်ကို ယုံကြည်လျက် သင့်ကိုယ်သင် အရှုံးပေးလိုက်သည်။ သင်သည် သမ္မာတရားကို မချစ်သည်မှာ မှန်သော်လည်း သင်သည် သမ္မာတရားကို လိုက်စားနေခဲ့သလော။ သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေခဲ့သလော။ ဤနှစ်ကာလများတစ်လျှောက်လုံး တရားဒေသနာများကို ကြားရပြီးသည့်နောက်တွင် မည်သည့်အရာကိုမျှ သင် မရရှိလေပြီလော။ သမ္မာတရား အနည်းငယ်မျှကိုပင် သင် လက်တွေ့လုပ်နိုင်စွမ်း အဘယ်ကြောင့် မရှိသနည်း။ သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့ မဆိုထားနှင့်၊ သမ္မာတရားကို မည်သည့်အခါမျှ မရှာဖွေပေ။ သင်၏ စိတ်ပိုင်းဖြတ်ချက်များကို တိုးမြှင့်ရင်း၊ စိတ်ဆုံးဖြတ်ချက်များကို ပြုလုပ်ရင်းနှင့် ကျမ်းသစ္စာများ ကျိန်ဆိုရင်း၊ ဆုတောင်းမြဲ ဆုတောင်းနေသည်။ ထို့ကြောင့် ဤအရာများအားလုံးမှ မည်သည့်အရာ ဖြစ်လာပြီနည်း။ သင်သည် မှန်ပါ့သမားဖြစ်နေဆဲ ဖြစ်သည်- သင်သည် မည်သူ့ကိုမျှ ရန်မစပေ၊ မည်သူ့ကိုမျှ မစော်ကားပေ။ ကိစ္စတစ်ခုက သင်နှင့် မသက်ဆိုင်လျှင်၊ သင်သည် ဝေးဝေးနေပြီး စဉ်းစားလိမ့်မည်။ ‘ငါနှင့် မည်သို့မျှ မသက်ဆိုင်သည့် အရာများနှင့် ပတ်သက်၍ မည်သည့်အရာကိုမျှ ငါ ပြောမည်မဟုတ်သည့်အပြင်၊ ဤအရာသည် ခြွင်းချက်မရှိ ဖြစ်သည်။ တစ်ခုတစ်လေက ငါ၏ အကျိုးစီးပွားများ၊ ငါ၏မာန၊ သို့မဟုတ် ငါ၏ မိမိကိုယ်ကို လေးစားမှုကို ထိခိုက်စေပါက၊ ယင်းတို့ထဲမှ တစ်ခုမျှကို ငါသည် အရေးထားမည် မဟုတ်ပေ၊ ထိုအရာအားလုံးကို သတိရှိရှိ ချဉ်းကပ်မည်ဖြစ်သည်။ ငါ မဆင်မခြင် ပြုရမည်မဟုတ်။ ထောင်ထွက်သည့် သံချောင်းက ဦးစွာပထမ ထိုးနှက်ခံရတတ်၏၊ ငါသည် ဤမျှမိုက်မဲခြင်း မရှိ။’ သင်သည် ဆိုးသွမ်းမှု၊ ကလိမ်ကကျစ်ကျခြင်း၊ တင်းမာခြင်းနှင့် သမ္မာတရားကို စက်ဆုပ်ခြင်းနှင့်ဆိုင်သော သင်၏ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထား၏ ထိန်းချုပ်မှုအောက်တွင် လုံးဝ ရှိနေ၏။ ၎င်းတို့သည် သင့်ကို ဖျက်ဆီးနေပြီး မျောက်ဘုရင် ဝတ်ဆင်ခဲ့သည့် ရွှေကွင်းထက်ပင် သင့်အတွက် ခံရပ်ရန် သာ၍ ခက်ခဲစေပြီဖြစ်သည်။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ ထိန်းချုပ်မှုအောက်တွင် အသက်ရှင်ခြင်းသည် အလွန် ခြေကုန်လက်ပန်းကျစရာဖြစ်ပြီး ဒုက္ခကြီးလှပေသည်။(နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားကို လက်တွေ့လုပ်ဆောင်သောသူတို့သာ ဘုရားသခင်ကို ကြောက်ရွံ့ကြသော သူများ ဖြစ်သည်”) ဘုရားနှုတ်ကပတ်တော်ကနေ ကျွန်မ နားလည်သွားတာက၊ အစ်မလင်းကို မတိုင်ရဲခဲ့ဘူးဆိုတာ ကျွန်မက တစ်ကိုယ်ကောင်းဆန်လွန်းပြီး မရိုးသားတာကြောင့်ပဲ။ ပြဿနာတွေ ဖြစ်ပြီဆိုရင်၊ ကျွန်မက အသင်းတော်အလုပ်အစား ကိုယ်ကျိုးကိုပဲ အမြဲတမ်း ထည့်တွက်ခဲ့တာ။ အစ်မလင်းက အယောင်ဆောင် ခေါင်းဆောင်မှန်း ကျွန်မ ရှင်းရှင်းလင်းလင်း သိတယ်လေ။ သူ့ကို အရေးပေါ် လူစားမထိုးရင်၊ အသင်းတော်အလုပ်ကို ပိုပြီး ထိခိုက်စေလိမ့်မယ်ဆိုတာ ကျွန်မ သိခဲ့တယ်။ သူ့ကို ဆက်ပြီး ဖော်ထုတ်သင့်တယ်၊ တိုင်ကြားသင့်တယ်ဆိုတာလည်း ကျွန်မ သိတယ်။ ဒါပေမဲ့ တိုင်ကြားတာ မအောင်မြင်ရင်၊ ကျွန်မက ကိုင်တွယ်ဖြေရှင်းခံရမယ်၊ အလုပ်ကတောင် ထုတ်ပယ်ခံရလိမ့်မယ်ဆိုပြီး ကြောက်ခဲ့မိတာ။ အဲဒါကြောင့် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ ကြိုးစားပြီး၊ ဘာသိဘာသာနေခဲ့တာ။ အရာရာမှာ ကျွန်မက ကိုယ်ကျိုးကိုပဲ ကာကွယ်တယ်။ ဘုရားအိမ်တော်ရဲ့အကျိုးကို လျစ်လျူရှုခဲ့တယ်။ တကယ်ကို တစ်ကိုယ်ကောင်းဆန်လွန်းပြီး ရွံစရာကောင်းခဲ့တာပဲ။ ကျွန်မက ကိုယ့်ညီအစ်ကိုမောင်နှမတွေကို ထိခိုက်စေရုံမကဘူး၊ ဘုရားရဲ့တာဝန်ပေးစေခိုင်းချက်ကိုပါ သစ္စာဖောက်နေခဲ့တာ။ ကျွန်မက ကိုယ့်တာဝန်တွေကို သစ္စာရှိရှိ ကျေပွန်ခဲ့တယ်လို့ ပြောနိုင်ပါ့မလား။ ကျွန်မက စာတန်ဘက်မှာ ရပ်တည်ပြီး၊ ခေါင်းဆောင်အတုအယောင်ရဲ့ ကြံရာပါအဖြစ် အစေခံခဲ့တာပဲ။ အပြင်ပန်းအရ ကျွန်မက မကောင်းမှုကြီးကြီးမားမား မလုပ်ခဲ့ဘူးဆိုပေမဲ့၊ ဘုရားအိမ်တော်ရဲ့အလုပ်ကို နှောင့်ယှက်နေတဲ့ ခေါင်းဆောင်အတုအယောင် ရှိနေတယ်လေ၊ ဒါပေမဲ့ ကျွန်မက သမ္မာတရားကို လက်တွေ့မလုပ်ဆောင်မိဘူး၊ ဘုရားအိမ်တော်ရဲ့ အလုပ်ကိုလည်း မကာကွယ်ခဲ့မိဘူး။ အဲဒီအစား ခေါင်းဆောင်အတုအယောင်က ဒုက္ခပေးနေတာကို သည်းခံနေခဲ့တာ။ ကျွန်မ လုပ်ခဲ့တာတွေက အသင်းတော်အလုပ်ကို အစ်မလင်း နှောင့်ယှက်ခဲ့တာတွေနဲ့ ဘာများ ကွာခြားခဲ့လို့လဲ။ ဒီကိစ္စကြောင့် ကျွန်မလည်း အယောင်ဆောင် ခေါင်းဆောင် ဖြစ်မသွားဘူးလား။ ဒါကို စဉ်းစားမိတော့မှ ကျွန်မလည်း ဘုရားဆီမှာ နောင်တရဖို့ မြန်မြန် ဆုတောင်းချက်ပြုမိတယ်။ ကျွန်မအနေနဲ့ တစ်ကိုယ်ကောင်းမဆန်ချင်ပါဘူး၊ စပ်ဆုပ်စရာဖြစ်ပြီး၊ ကိုယ်ကျိုးအတွက်ပဲ မကာကွယ်ချင်တော့ပါဘူး။ မားမားရပ်တည်ပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်ချင်ပါတယ်။ အစ်မလင်းကိုလည်း ထပ်ပြီး တိုင်ကြားချင်ပါတယ်ပေါ့။

အဲဒီနောက်မှာ ကျွန်မလည်း အသင်းတော်သင်းထောက်တွေနဲ့၊ အသင်းတော်အလုပ်ကို ဦးစီးတဲ့ အစ်မရှောင်နဲ့အတူ စည်းဝေးပွဲတစ်ခု စီစဉ်လိုက်တယ်။ အစ်မလင်းရဲ့အပြုအမူတွေအားလုံးကို သူတို့ကို ပြောပြတယ်။ စည်းမျဉ်းတွေနဲ့အညီ စိစစ်ပေးဖို့၊ ဘယ်လိုကိုင်တွယ်သင့်တယ်ဆိုတာ ကြည့်ရှုပေးဖို့ တောင်းဆိုလိုက်တယ်။ ကျွန်မ ပြောပြီးသွားတော့၊ ရေလောင်းပေးရတဲ့ သင်းထောက်ကလည်း အစ်မလင်းရဲ့ တချို့ပြဿနာတွေကို ထုတ်ပြောလာရော။ အဲဒီအချိန်မှာ အစ်မရှောင်က အဲဒီပြဿနာကို သူ စစ်ဆေးပါ့မယ်ဆိုတာကလွဲပြီး ဘာမှမပြောဘူး။ နောက်တော့ စည်းဝေးပွဲလည်း မြန်မြန်ပဲ ပြီးသွားတယ်။ ပထမတော့ ကျွန်မလည်း ငါက အဲဒီပြဿနာကို သေချာ ဆင်ခြင်ကြည့်ပြီးပြီလို့ပဲ ထင်မိတာ။ အစ်မလင်းလည်း မကြာခင် လူစားထိုးခံရမှာပဲပေါ့။ ကျွန်မကို ထပ်ပြီးတော့ ပြင်းပြင်းထန်ထန် ပြုပြင်လိမ့်မယ်၊ ကိုင်တွယ်ဖြေရှင်းလိမ့်မယ်ဆိုတာမျိုး လုံးဝ မထင်ခဲ့မိဘူး။ တစ်ရက်ကျတော့ အစ်မရှောင်က ကျွန်မကို သီးသန့်စကားပြောဖို့ ရောက်လာတယ်။ ကျွန်မအနေနဲ့ ပြဿနာတွေ တွေ့တယ်ဆိုရင် သူ့ဆီကိုပဲ လာသင့်တယ်၊ ကျန်တဲ့အသင်းတော်သင်းထောက်တွေရှေ့မှာ အစ်မလင်းအကြောင်း မပြောသင့်ဘူးတဲ့။ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ လုပ်ဆောင်ချက် ရှိတဲ့ လူတစ်ယောက်ကို ကျွန်မက ဖိနှိပ်နေတာ၊ ဂိုဏ်းဂဏ ဖွဲ့နေတာ၊ အသင်းတော်အသက်တာကို နှောင့်ယှက်နေတာဆိုပြီး သူက ပြောတယ်။ ကျွန်မက လူတွေကို ရင့်သန်တိုးတက်တဲ့ အမြင်နဲ့ ကြည့်သင့်တယ်၊ ထင်ရာမြင်ရာ တံဆိပ်မကပ်သင့်ဘူးလို့လည်း ပြောသေးတာ။ နောက်ဆုံးမှာ သူက ကျွန်မကို မေးတယ်၊ “ညီမက သူ့ကို အယောင်ဆောင် ခေါင်းဆောင်ဆိုပြီး တိုင်တယ်။ ဒါဆို ပိုကောင်းတဲ့လူစားထိုးတစ်ယောက်ကို လျာထားတာရှိလို့လား။ မရှိဘူးဆိုရင်တော့ ခေါင်းဆောင်တစ်ယောက်ရဲ့ တာဝန်တွေကို သူပဲ ဆက်လုပ်လိမ့်မယ်။ အစ်မတို့လည်း စစ်ဆေးကြည့်ပြီးပါပြီ။ အစ်မလင်းက ခေါင်းဆောင်တစ်ယောက်ရဲ့ တာဝန်တွေကို လုပ်ဆောင်ဖို့ လုံလောက်တဲ့ အစွမ်းအစရှိတယ်” တဲ့။ သူ အဲဒီလိုပြောတာကို ကြားရတဲ့အချိန်မှာ ကျွန်မလည်း ချက်ချင်း စိတ်ပျက်သွားတယ်။ စကားဝိုင်းကို ဘယ်လို လက်စသတ်ရမှန်းတောင် မသိတော့ဘူး။ အဲဒီည အိမ်ပြန်ရောက်ပြီးတော့ ကျွန်မ ငိုမိတယ်။ ဒီလိုပတ်ဝန်းကျင်မှာ ဘယ်လိုရှင်သန်ရမှန်း မသိတော့ဘူးလေ။ ကျွန်မ စဉ်းစားကြည့်တယ်၊ “အကြောင်းအရာတွေက ဘာဖြစ်လို့ ပိုပိုပြီး ရှုပ်ထွေးလာတာလဲ။ ငါ ပြောခဲ့တာအားလုံးက အမှန်တွေပဲ။ ဒါတွေက မြင်လွယ်တဲ့ ပြဿနာတွေပဲ။ အဲဒီကိစ္စကို ဘာဖြစ်လို့ လေးလေးနက်နက်နဲ့ မစုံစမ်းမစစ်ဆေးကြတာလဲ။ အစ်မလင်းရဲ့ပြဿနာတွေကို တိုင်တဲ့အခါတိုင်း၊ လူတိုင်းက ငါ့ကို ကိုင်တွယ်ဖြေရှင်းပြီး ဖော်ထုတ်ကြတယ်ဆိုတာ ဘာကြောင့်လဲ” ပေါ့။ အဲဒါကို စဉ်းစားလေလေ၊ ကျွန်မ မတရားသဖြင့် ခံရတယ်လို့ ခံစားမိလေပဲ။ အခုချိန်မှာ ငါက သူတို့အမြင်မှာ အနှောင့်အယှက်ပေးတဲ့သူတစ်ယောက် ဖြစ်နေပြီဆိုပြီး သဘောပေါက်သွားတယ်။ အဲဒါဆို ခေါင်းဆောင်တွေက ကျွန်မကို တာဝန်တွေကနေ ဖယ်ရှားတော့မယ်ဆိုတဲ့ သဘောလား။ ဒါက ကျွန်မအတွက် ကောင်းလာဖို့ အခွင့်အရေး မရှိဘူးဆိုတဲ့ သဘောလား။ အဲဒီလိုဆိုရင် ကျွန်မအနေနဲ့ ဒီပတ်ဝန်းကျင်ကနေ ထွက်သွားတာ ပိုကောင်းလိမ့်မယ်။ “ငါက ခေါင်းဆောင်တစ်ယောက် မလုပ်တာပဲကောင်းတယ်။ စိတ်ဆင်းရဲလွန်းတယ်” ဆိုပြီး တွေးမိသွားရော။ ကျွန်မလည်း အဲဒီအတွေးတွေနဲ့ပဲ၊ နုတ်ထွက်စာတစ်စောင် ရေးဖို့ ဆုံးဖြတ်လိုက်တယ်။ ဒါပေမဲ့ ရေးဖို့ အသင့်ဖြစ်ပြီလည်းဆိုရော၊ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်တဲ့စိတ်က ဆိုးဆိုးဝါးဝါး ဖြစ်လာပြန်ရော။ ကျွန်မလည်း စိတ်ဆင်းရဲလွန်းတာနဲ့၊ ဘုရားရှေ့ ထပ်သွားပြီး မျက်ရည်တဝဲဝဲနဲ့ပဲ ဆုတောင်းတယ်။ “ကျွန်မ ဘာလုပ်ရမှန်း မသိပါဘူး၊ ဘုရားသခင်။ ကိုယ်တော့်အလိုတော်ကို နားလည်အောင် လမ်းပြတော်မူပါ။ လက်တွေ့လုပ်ဆောင်မှုလမ်းတစ်ခုကို ပြပေးပါ” ပေါ့။

ဆုတောင်းပြီးတဲ့အချိန်မှာ ဘုရားနှုတ်ကပတ်တော် ကျမ်းပိုဒ်တစ်ခုကို ဖတ်မိသွားတယ်။ ခေါင်းဆောင်တွေနဲ့ အမှုတော်ဆောင်တွေကို ဘယ်လို ဆက်ဆံသင့်လဲဆိုတဲ့ စည်းမျဉ်းတွေကို အဲဒီကနေ နားလည်သွားတာပါ။ ဘုရားသခင်၏ နှုတ်ကပတ်တော်၌ ပြောထားသည်- “ခေါင်းဆောင် သို့မဟုတ် အလုပ်သမားတစ်ဦးကို ဆက်ဆံပုံနှင့်ပတ်သက်၍ လူတို့၌ ရှိသင့်သည့် သဘောထားမှာ အဘယ်နည်း။ ခေါင်းဆောင်တစ်ဦး၊ သို့မဟုတ် အမှုတော်ဆောင်တစ်ဦး လုပ်ဆောင်သည့်အရာ မှန်ကန်ပါက၊ ၎င်းတို့ကို သင် နာခံနိုင်သည်။ ၎င်းတို့ လုပ်ဆောင်သည့်အရာ မှားယွင်းပါက၊ ၎င်းတို့ကို သင် ဖော်ထုတ်နိုင်ပြီး၊ ဆန့်ကျင်ခြင်းပင်ပြုကာ ကွဲပြားသော အယူအဆကို တင်ပြနိုင်သည်။ ၎င်းတို့သည် လက်တွေ့ကျသော အလုပ်ကို မလုပ်ဆောင်နိုင်သည့်အပြင်၊ အယောင်ဆောင် ခေါင်းဆောင်တစ်ဦး၊ အယောင်ဆောင် အမှုတော်ဆောင်တစ်ဦး၊ သို့မဟုတ် အန္တိခရစ်တစ်ဦးအဖြစ် ထုတ်ဖော်ပြခံရပါက၊ ၎င်းတို့၏ ခေါင်းဆောင်မှုကို သင် ငြင်းနိုင်ပြီး၊ သင်သည်လည်း သူ့အကြောင်း တိုင်ကြားကာ သူ့ကို ဖော်ထုတ်နိုင်သည်။ သို့သော်၊ ဘုရားသခင် ရွေးကောက်ထားသော လူအချို့သည် သမ္မာတရားကို နားမလည်ကြသကဲ့သို့၊ အထူးသဖြင့် သူရဲဘောကြောင်ကြ၏၊ ထို့ကြောင့် မည်သည့်အရာကိုမျှ ၎င်းတို့ မလုပ်ဆောင်ဝံ့ကြချေ။ ၎င်းတို့က၊ ‘ခေါင်းဆောင်က ကျွန်ုပ်ကို ထုတ်လိုက်ပါက၊ ကျွန်ုပ် အဆုံးသတ်ပြီ။ သူက အယောက်တိုင်းအား ကျွန်ုပ်ကို ဖော်ထုတ်စေပါက သို့မဟုတ် ကျွန်ုပ်ကို ပစ်ပယ်စေပါက၊ ဘုရားသခင်ကို ကျွန်ုပ် ယုံကြည်နိုင်တော့မည် မဟုတ်။ အသင်းတော်ကို ကျွန်ုပ် စွန့်ခွာပါက၊ ဘုရားသခင်က ကျွန်ုပ်ကို လိုချင်မည်မဟုတ်သလို ကျွန်ုပ်ကို ကယ်တင်မည်မဟုတ်ပါ။ အသင်းတော်သည် ဘုရားသခင်ကို ကိုယ်စားပြုပါသည်’ ဟု ပြောကြသည်။ ဤသို့တွေးတောပုံများသည် ထိုသို့သောလူ၏ အမှုအရာများကိုသဘောထားပုံအပေါ် သက်ရောက်မှုရှိသည် မဟုတ်လော။ ခေါင်းဆောင်က သင့်ကို နှင်ထုတ်ပါက၊ သင် ကယ်တင်ခြင်း မခံရနိုင်တော့သည်မှာ အမှန်တကယ် မှန်နိုင်ပါမည်လော။ သင်၏ ကယ်တင်ခြင်းနှင့်ဆိုင်သော စဉ်းစားရမည့် အကြောင်းအရာသည် သင်၏ ခေါင်းဆောင်၏ သင့်အပေါ်သဘောထားအပေါ် တည်မှီသလော။ များလှစွာသော လူတို့သည် ထိုသို့သော အကြောက်တရား အတိုင်းအတာတစ်ခု အဘယ်ကြောင့် ရှိကြသနည်း။ ခေါင်းဆောင် အတုအယောင် သို့မဟုတ် အန္တိခရစ်တစ်ဦး ဖြစ်သူက သင့်ကို ခြိမ်းခြောက်သည်နှင့်တစ်ပြိုင်နက် ယင်းကို သင်က အထက်သို့ အကြောင်းမကြားဝံ့သည့်အပြင်၊ ထိုအချိန်မှစ၍ သင်သည် ခေါင်းဆောင်နှင့် တစ်စိတ်တည်းဖြစ်လိမ့်မည်ဟု အာမခံပါက၊ သင်သည် ကျဉ်းထဲကျပ်ထဲကျပြီ မဟုတ်လော။ ဤသည်မှာ သမ္မာတရား ရှာဖွေသော လူစားမျိုးလော။ သင်သည် စာတန်ဆန်သော အန္တိခရစ်များက ကျူးလွန်နိုင်သည့်အရာဖြစ်သည့် ထိုသို့သော ယုတ်မာသည့် အပြုအမူကို မဖော်ထုတ်ဝံ့သည်သာမက၊ ဆန့်ကျင်ဘက်အနေဖြင့်၊ ထိုအန္တိခရစ်များကို နာခံပြီး ၎င်းတို့၏ စကားများကို သမ္မာတရားအဖြစ်ပင်ခံယူပြီး ယင်းတို့ကို သင် နာခံလေသည်။ ဤသည်မှာ မိုက်မဲမှု၏ စံနမူနာ ဖြစ်သည် မဟုတ်လော။ သို့ဆိုလျှင် သင်သည် ထိခိုက်နစ်နာသည့်အခါ၊ ယင်းက သင်နှင့် ထိုက်တန်သည့်အရာ မဟုတ်သလော။ ဘုရားသခင်က သင့်အား ထိခိုက်နစ်နာစေပြီး ဖြစ်သလော။ ယင်းကို သင့်ဘာသာသင် ဆန္ဒပြုခဲ့ခြင်းဖြစ်သည်။ သင်သည် အန္တိခရစ်တစ်ဦးကို သင်၏ခေါင်းဆောင်အဖြစ် ခံယူပြီး၊ သူ့အား ညီအစ်ကိုတစ်ဦး သို့မဟုတ် ညီအစ်မ တစ်ဦးအလား ဆက်ဆံခဲ့သည်- ပြီးလျှင် ယင်းက သင်၏အမှားဖြစ်သည်။ အန္တိခရစ်တစ်ဦးကို ဆက်ဆံသင့်သည့် သဘောထားမှာ အဘယ်နည်း။ သူ့ကို ဖော်ထုတ်ပြီး အင်တိုက်အားတိုက် ဆန့်ကျင်တွန်းလှန်သင့်သည်။ သင်သည် ဤသည်ကို တစ်ဦးတည်း မလုပ်ဆောင်နိုင်ပါက၊ လူပေါင်းစုံတို့က အတူတကွ စုပေါင်းလျက်၊ ၎င်းကို တိုင်ကြားရမည်။ အထက်မှ ခေါင်းဆောင်အချို့နှင့် အမှုတော်ဆောင်အချို့တို့သည် အန္တိခရစ်၏ လမ်းကြောင်းကို လျှောက်နေကာ၊ တကယ့်အလုပ်ကို မလုပ်နေဘဲ၊ ညီအစ်ကိုမောင်နှမများကို ဒုက္ခရောက် စေပြီး၊ ဂုဏ်ဒြပ်နှင့်သက်ဆိုင်သည့် အကျိုးခံစားခွင့်များကို အငမ်းမရ ဖြစ်နေသည်ကို သိရှိရခြင်း၌ လူအချို့သည် ထိုအန္တိခရစ်များကို ဖယ်ရှားဖို့ ပန်ကြားခြင်းတစ်ခုကို လက်မှတ်ထိုးခဲ့ကြသည်။ ဤလူများသည် အဘယ် ဆန်းကြယ်သည့်အလုပ်ကို လုပ်ခဲ့ကြသနည်း။ ယင်းက လူအချို့သည် သမ္မာတရားကို နားလည်ကြောင်း၊ ၎င်းတို့သည် ဝိညာဉ်ရင့်ကျက်မှုပမာဏ အချို့ကို ပိုင်ဆိုင်ကြောင်းနှင့် ၎င်းတို့သည် စာတန်အားဖြင့် ထိန်းချုပ်ခံရခြင်း မရှိသကဲ့သို့၊ လှည့်စားခံရခြင်းလည်း မရှိကြောင်း ပြနေသည်။ ဤသည်က အန္တိခရစ်များနှင့် ခေါင်းဆောင်အတုအယောင်များသည် အသင်းတော်၌ အဓိကဖြစ်သော ရာထူးတစ်ခုကို မကိုင်စွဲထားဘဲ၊ ၎င်းတို့သည် ၎င်းတို့ပြောသမျှနှင့် လုပ်သမျှတွင် ၎င်းတို့၏စရိုက်မှန်ကို ထင်ထင်ရှားရှား မပြရဲကြောင်းကိုလည်း သက်သေပြသည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် တကယ် ထုတ်ဖော်ပြပါကလည်း၊ ၎င်းတို့ကို စောင့်ကြည့်စစ်ဆေးဖို့၊ ဖော်ထုတ်ဖို့နှင့် ပစ်ပယ်ဖို့ လူများရှိသည်။ ဆိုလိုသည်မှာ သမ္မာတရားကို အမှန်တကယ် နားလည်သူများ၏ စိတ်နှလုံးများတွင် လူပုဂ္ဂိုလ်တစ်ဦး၏ ဂုဏ်ဒြပ်၊ ဩဇာတိက္ကမနှင့် ဩဇာအာဏာတို့သည် ဩဇာလွှမ်းမိုးနိုင်သည့် အရာများ မဟုတ်ပေ။ သမ္မာတရားကို နားလည်သည့် သူများအားလုံးသည် ထိုးထွင်းသိမြင်မှု ရှိကြပြီး ဘုရားသခင်၌ ၎င်းတို့၏ယုံကြည်မှုတွင် လူများသည် မည်သည့်လမ်းကြောင်းကို လိုက်လျှောက် သင့်သကဲ့သို့၊ ခေါင်းဆောင်များနှင့် အမှုတော်ဆောင်များကို ၎င်းတို့ မည်သို့ ဆက်ဆံသင့်သည်ကို ပြန်တွေးပြီး ပြန်လည် သုံးသပ်ကြသည်။ ၎င်းတို့သည် မည်သူ့နောက်ကို လူများလိုက်သင့်သည်၊ လူများနောက်လိုက်ခြင်းတွင် မည်သည့်အပြုအမူ ပါဝင်ပြီး ဘုရားသခင် နောက်လိုက်ခြင်းတွင် မည်သည့်အပြုအမူ ပါဝင်သည်တို့နှင့်ပတ်သက်၍လည်း စတင် တွေးတောကြသည်။ ဤသမ္မာတရားများကို နှစ်ပေါင်းများစွာ တွေးဆပြီး ဒေသနာများကို မကြာခဏ နားထောင်ပြီးသည့်နောက်၊ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ခြင်းနှင့်သက်ဆိုင်သည့် သမ္မာတရားများကို မရည်ရွယ်ဘဲ နားလည်လာပြီးဖြစ်သောကြောင့်၊ ၎င်းတို့၌ ဝိညာဉ်ရင့်ကျက်မှု အချို့ ရရှိပြီးဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ခြင်းနှင့်သက်ဆိုင်သည့် လမ်းကြောင်းမှန်ပေါ်သို့ စတင်ပြီးဖြစ်သည်။(အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “သမ္မာတရားကို လိုက်စားသောသူတို့အား ၎င်းတို့ပထုတ်ပြီး တိုက်ခိုက်ကြသည်”) ဘုရားနှုတ်ကပတ်တော်ကို ဆင်ခြင်ကြည့်တော့မှ ကျွန်မလည်း သဘောပေါက်သွားတယ်။ ကျွန်မတို့က ခေါင်းဆောင်တွေ၊ အကျိုးဆောင်တွေနဲ့ ဆက်ဆံရေးမှာ သမ္မာတရားရဲ့စည်းမျဉ်းတွေကို ထိန်းသိမ်းသင့်တယ်၊ သူတို့ကို မျက်စိစုံမှိတ် မနာခံသင့်ဘူး။ သူတို့က သမ္မာတရားရဲ့စည်းမျဉ်းတွေနဲ့ ကိုက်ညီတဲ့ မှန်တဲ့အရာတွေကို လုပ်ဆောင်တယ်ဆိုရင်၊ ကျွန်မတို့က သူတို့ကို ထောက်ခံပြီး ပူးပေါင်းဆောင်ရွက်သင့်တယ်။ ဒါပေမဲ့ လက်တွေ့ကျတဲ့အလုပ်ကို မလုပ်တဲ့ အယောင်ဆောင် ခေါင်းဆောင်တွေကိုတော့၊ ဖော်ထုတ်ပြီး တိုင်ကြားသင့်တယ်၊ ထုတ်ပယ်သင့်တယ်။ ဟိုအရင်တုန်းက ကိုယ့်ညီအစ်ကိုမောင်နှမတွေနဲ့ မိတ်သဟာယပြုပြီဆိုရင်၊ ကျွန်မက အမြဲပြောခဲ့တယ်။ ဘုရားရဲ့အိမ်တော်မှာ သမ္မာတရားနဲ့ ဖြောင့်မတ်ခြင်း စိုးမိုးတယ်။ အယောင်ဆောင် ခေါင်းဆောင်တွေနဲ့ အန္တိခရစ်တွေက အခြေခံအားဖြင့် ဒီနေရာမှာ ခြေချလို့မရဘူး။ နောက်ဆုံးမှာ သူတို့တွေ ထုတ်ဖော်ခံရပြီး၊ ဖယ်ရှင်းခံရလိမ့်မယ်ပေါ့။ ဒါပေမဲ့ အယောင်ဆောင် ခေါင်းဆောင်တစ်ယောက် တကယ် ပေါ်လာတဲ့အချိန်မှာ၊ ကျွန်မက မဖော်ထုတ်ရဲဘူး၊ မတိုင်ကြားရဲခဲ့ဘူးလေ။ ကိုယ့်ခေါင်းဆောင်တွေ စိတ်အနှောင့်အယှက်ဖြစ်သွားရင်၊ ကျွန်မကို ဖိနှိပ်လိမ့်မယ်၊ အပြစ်ဒဏ်ပေးလိမ့်မယ်၊ တာဝန်တွေကနေ ထုတ်ပယ်လိမ့်မယ်၊ ကယ်တင်ခြင်းမျှော်လင့်ချက်မှန်သမျှ ဆုံးရှုံးလိမ့်မယ်ဆိုပြီး တလွဲ ထင်ခဲ့မိတာ။ ကျွန်မက ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့အတွက်၊ အလျှော့ပေး နောက်ဆုတ်ချင်ခဲ့မိတယ်။ နုတ်ထွက်ချင်စိတ်တောင် ဖြစ်ခဲ့တယ်။ စစ်မြေပြင်ကို စွန့်ခွာတဲ့ စစ်သားတစ်ယောက်လိုပေါ့။ ဒီကနေ ဘာသက်သေခံချက်မှ ထွက်လာနိုင်မှာမဟုတ်ဘူး။ ကျွန်မက သတ္တိနည်းခဲ့တာကိုး။ ကျွန်မရဲ့ကံကြမ္မာက ဘုရားရဲ့လက်ထဲမှာ ရှိခဲ့တယ်။ ကျွန်မရဲ့ကယ်တင်ခြင်းကလည်း သူ့လက်ထဲမှာပဲ။ ကျွန်မက သမ္မာတရားကို လက်တွေ့လုပ်ဆောင်လား၊ ကိုယ့်အသက်စိတ်သဘောထား ပြောင်းလဲရဲ့လားဆိုတာတွေကပဲ အဆုံးအဖြတ်ပေးတာပါ။ ဘယ်ခေါင်းဆောင်ကမှ ဆုံးဖြတ်ပေးတာမဟုတ်ဘူး။ ခရစ်တော်နဲ့ သမ္မာတရားက ဘုရားရဲ့အိမ်တော်မှာ အုပ်စိုးပါတယ်။ အယောင်ဆောင် ခေါင်းဆောင်ကို တိုင်ကြားတယ်ဆိုတာ ဘုရားအိမ်တော်ရဲ့အကျိုးကို ကာကွယ်တာပဲ။ ကောင်းတဲ့လုပ်ရပ်ပဲ၊ ဘုရားရဲ့အလိုတော်နဲ့ ကိုက်ညီတဲ့အရာပဲ။ ခေါင်းဆောင်တွေက ကျွန်မကို ကိုင်တွယ်ဖြေရှင်းတယ်၊ ဒါမှမဟုတ် ထုတ်ပယ်ခဲ့တယ်ဆိုရင်တောင်၊ ဘုရားက အရာခပ်သိမ်းကို စစ်ဆေးတယ်လို့ ကျွန်မ ယုံကြည်တယ်။ အမှန်တရားတွေက အနှေးနဲ့အမြန် ပေါ်လာလိမ့်မယ်။ ဘုရားက အယောင်ဆောင် ခေါင်းဆောင်တွေကို အသင်းတော်ထဲမှာ ပေါ်ထွက်ခွင့်ပေးမှန်းလည်း ကျွန်မ သဘောပေါက်သွားတယ်။ ကျွန်မတို့မှာ စစ်မှန်တဲ့ချင့်ချိန်နိုင်စွမ်း ဖြစ်ပေါ်နိုင်အောင်၊ သူတို့တွေရဲ့ ကန့်သတ်လှည့်စားတာတွေကို မခံကြရအောင်ပေါ့။ အဲဒီသဘောအတိုင်းပဲ၊ ကျွန်မတို့အနေနဲ့ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်အောင်၊ မားမားရပ်တည်နိုင်အောင်၊ အယောင်ဆောင် ခေါင်းဆောင်တွေကို ဖော်ထုတ်နိုင်အောင်၊ စာတန်ကို အမှန်တကယ် ဆန့်ကျင်နိုင်ကြအောင်လို့ပါ။ ဘာလို့လဲဆိုတော့ ဘုရား အလိုရှိတာက နိုင်ငံတော်ရဲ့စစ်သည်ကောင်းတွေပါ။ စာတန်ရဲ့မကောင်းတဲ့အင်အားတွေရှေ့မှာ ဘုရားကို သက်သေခံနိုင်တဲ့လူတွေပေါ့။ အသင်းတော်ခေါင်းဆောင်တစ်ယောက်အဖြစ် ကျွန်မရဲ့တာဝန်က အသင်းတော်အလုပ်ကို ကာကွယ်ဖို့၊ ညီအစ်ကိုမောင်နှမတွေကို အယောင်ဆောင် ခေါင်းဆောင်တွေနဲ့ အန္တိခရစ်တွေရဲ့ အန္တရာယ်တွေကနေ ကာကွယ်ဖို့၊ သမ္မာတရားကို နားလည်ပြီး ချင့်ချိန်မှု ရကြအောင် သူတို့ကို လမ်းပြဖို့ပဲ။ ဒါမှ သူတို့က ခေါင်းဆောင်အတုအယောင်တွေကို ရင်ထဲရှိတဲ့အတိုင်း ငြင်းပယ်တတ်မယ်။ ကျွန်မလည်း ဒါတွေကို သဘောပေါက်သွားတဲ့အချိန်မှာ ငါတော့ ခေါင်းဆောင်တွေကြောင့် ချုပ်ချယ်မခံသင့်ဘူး။ ဒီအယောင်ဆောင် ခေါင်းဆောင်ကို ဆက်ပြီး တိုင်သင့်တယ်ဆိုပြီး နားလည်သွားတယ်။ ဒါနဲ့ ကျွန်မလည်း ဘုရားရှေ့ သွားပြီး ဆုတောင်းတယ်။ “ကျွန်မ မှားခဲ့ပါတယ်၊ ဘုရားသခင်။ နောင်တရချင်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ပြီး ရှောင်လွှဲဖို့ ရွေးချယ်မိနေတာကို ရပ်ပစ်ချင်ပါတယ်။ ဒီကိစ္စကိုလည်း ကိုယ်တော့်လက်ထဲ အပ်ပါတယ်။ နောက်ထပ်အခွင့်အရေး ရောက်လာမယ်ဆိုရင်၊ ဒီအယောင်ဆောင် ခေါင်းဆောင်ကို ကျွန်မ တိုင်ကြားပါ့မယ်။ ကျွန်မအတွက် လမ်းဖွင့်ပေးတော်မူပါ” ဆိုပြီး ဆုတောင်းလိုက်တယ်။

အဲဒီနောက်ပိုင်း သိပ်မကြာဘူး၊ သူတို့တွေက မာနထောင်လွှားတယ်၊ တစ်ဖက်သတ်ဆန်တယ်၊ လက်တွေ့ကျတဲ့အလုပ်ကိုလည်း မလုပ်ဘူးဆိုတော့၊ ကျွန်မအထက်က ခေါင်းဆောင်တွေ တစ်ယောက်ပြီးတစ်ယောက် အစားထိုးခံရတယ်။ ဒါနဲ့ ကျွန်မလည်း အသစ်ရွေးချယ်လိုက်တဲ့ ခေါင်းဆောင်တွေကို အစ်မလင်းရဲ့အပြုအမူအကြောင်း အမြန် တိုင်လိုက်တာပေါ့။ အဲဒီအချိန်မှာပဲ ညီအစ်ကိုမောင်နှမတွေကလည်း ကျွန်မဆီ လာကြပြီးတော့၊ အစ်မလင်းရဲ့အပြုအမူကို အကဲဖြတ်ပေးဖို့ ကျွန်မနဲ့ ဆွေးနွေးကြရော။ သူ့ကို ခေါင်းဆောင်အတုအယောင်တစ်ယောက် ဖြစ်တယ်၊ တိုင်ကြားရမယ်ဆိုပြီး၊ ကျွန်မတို့တွေ တညီတညွတ်တည်း ဆုံးဖြတ်လိုက်ကြတယ်။ ကိုယ့်ညီအစ်ကိုမောင်နှမတွေက အစ်မလင်းကို သတိပြုမိကြတယ်၊ ဘုရားအိမ်တော်ရဲ့အကျိုးကို ကာကွယ်ဖို့၊ မားမားရပ်တည်ဖို့ အသင့်ရှိကြတယ်ဆိုတာ မြင်ရတော့၊ ကျွန်မ ရှက်မိတယ်။ ကိုယ်က ပေါ့ဆခဲ့တယ်လို့ ခံစားမိတာကိုး။ ကျွန်မကသာ အစ်မလင်းကို ဆက်ပြီး ဖော်ထုတ်တိုင်ကြားနိုင်ခဲ့မယ်ဆိုရင်၊ ညီအစ်ကိုမောင်နှမတွေက အစောကြီးကတည်းက သူ့အပေါ် ချင့်ချိန်နိုင်စွမ်း ရခဲ့နိုင်တယ်။ ခေါင်းဆောင်တွေက သူ့ကို မကြာခင် အစားထိုးမယ်လို့ ပြောတာကို ကြားရတော့၊ ကျွန်မလည်း စိတ်လှုပ်ရှားလွန်းပြီး ငိုမိမတတ်ပဲ။

ရက်နည်းနည်းကြာတော့ အစ်မလင်းကို သူ့တာဝန်တွေကနေ ထုတ်ပယ်လိုက်တယ်။ အသင်းတော်ကနေ ခေါင်းဆောင်သစ်တစ်ယောက် ရွေးလိုက်တယ်၊ အသင်းတော်အလုပ်ကလည်း အဘက်ဘက်မှာ ပုံမှန်ပြန်ဖြစ်သွားတာပေါ့။ အစ်မလင်းကို ထုတ်ပယ်ပြီး သိပ်မကြာဘူး၊ အသင်းတော်အလုပ်ကို ကြီးကြပ်တဲ့ အစ်မရှောင်လည်း ထုတ်ပယ်ခံရတယ်။ မာနထောင်လွှားတဲ့ စိတ်သဘောထား ရှိတာ၊ သူ့တာဝန်တွေကို လျစ်လျူရှုတာ၊ အယောင်ဆောင် ခေါင်းဆောင်တစ်ယောက်ကို ကာကွယ်ပေးဖို့ လုပ်ဆောင်တာတွေအတွက် ပြန်ဆင်ခြင်အောင် အိမ်ပြန်ခိုင်းလိုက်တာ။ ကျွန်မလည်း ဒီအကျိုးဆက်တွေကို မြင်တော့မှ၊ ဘုရားရဲ့ဖြောင့်မတ်ခြင်းကို ရင်ထဲမှာ ချီးမွမ်းမိတယ်။ ဒါပေမဲ့ ပိုပြီးတော့ ရှက်ခဲ့မိတာပါ။ ကျွန်မက ကိုယ့်ကိုယ်ပိုင်အကျိုးကို ကာကွယ်ဖို့၊ ဘုရားအိမ်တော်ရဲ့အကျိုးကို လုံးဝ ထည့်မစဉ်းစားခဲ့ဘူး။ အယောင်ဆောင် ခေါင်းဆောင်ကို တိုင်ကြားတဲ့အတွက် ဖိနှိပ်ခံရတဲ့အချိန်မှာ၊ ကျွန်မက သစ္စာဖောက်ပြီး ထွက်ပြေးချင်ခဲ့မိတာ။ စည်းမျဉ်းတွေကို မထိန်းသိမ်းရဲခဲ့ဘူး။ ကျွန်မက ဘုရားရဲ့ဖြောင့်မတ်တဲ့ စိတ်သဘောထားကို နားလည်ခြင်း လုံးဝမရှိခဲ့ဘူး။ တကယ်ကို မျက်ကန်းဖြစ်ခဲ့တာ။

ဒီအတွေ့အကြုံကို ရပြီးတော့မှ၊ ဘုရားရဲ့အိမ်တော်နဲ့ ကမ္ဘာလောကကြီးဆိုတာ ကွဲပြားမှန်း အမှန်တကယ် မြင်သွားတယ်။ လောကကြီးမှာ လူတိုင်းက မကောင်းတဲ့ လောကီအတွေးအခေါ်တွေနဲ့ ရှင်သန်ကြတယ်လေ။ မသိမသာစိမ့်ဝင်တတ်တဲ့ ဖော်လံဖားတွေကပဲ အောင်မြင်နိုင်ကြတယ်။ ဒါပေမဲ့ ဘုရားရဲ့အိမ်တော်မှာတော့ ခရစ်တော်၊ သမ္မာတရားနဲ့ ဖြောင့်မတ်ခြင်းတွေက အုပ်စိုးပါတယ်။ ခေါင်းဆောင်အတုအယောင်တွေနဲ့ အန္တိခရစ်တွေက အချိန်တစ်ခုလောက် အာဏာရတယ်ဆိုရင်တောင်၊ နောက်ဆုံးမှာ ခြေကုပ်ရှာမရကြပါဘူး။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်တာ၊ ဘုရားအိမ်တော်ရဲ့အကျိုးကို ကာကွယ်တာ၊ စည်းမျဉ်းနဲ့အညီ လုပ်ဆောင်တာတွေကသာ ဘုရားအလိုတော်နဲ့ ကိုက်ညီဖို့ တစ်ခုတည်းသောလမ်းပါပဲ။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

အသွင်အပြင်အားဖြင့် အကဲဖြတ်ခြင်းသည် တကယ့်ကို အဓိပ္ပါယ်မဲ့သည်

ယိဖန်၊ ဟေနန်စီရင်စု ယခင်က၊ ကျွန်မသည် နှစ်လိုဖွယ်ကောင်းကာ၊ သုတကြွယ်ပြီး စကားပြောကောင်းသော လူတို့ကို အထူးသဖြင့် အထင်ကြီးလေးစားမှု ထားရင်း၊...

သင့်မြတ်သော ပူးပေါင်းဆောင်ရွက်ခြင်းသို့ ကျွန်မ၏ ခက်ခဲသည့် လမ်းကြောင်း

ရှင်းချန် တရုတ်နိုင်ငံ ၂၀၂၀ခုနှစ်၊ ဇူလိုင်လမှာ ကျွန်မက အသင်းတော်ခေါင်းဆောင်တစ်ယောက်အဖြစ် အရွေးခံရတယ်။ ပြီးတော့ အစ်မချန်းနဲ့အတူ...

မာနထောင်လွှားခြင်းကို ဖြေရှင်းခြင်းဖြင့် လူသားပုံသဏ္ဌာန်တစ်ခုကို ရယူနိုင်သည်

ကျန်းရှင်း အမေရိကန်နိုင်ငံ၂၀၁၇ခုနှစ် မတ်လတွင်၊ ဗီဒီယိုပိုစတာများနှင့် ပုံများအတွက် အဓိကထား၍ အသင်းတော်အတွက် ဂရပ်ဖစ် ဒီဇိုင်းအလုပ်ကို ကျွန်မ...

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။