ကျွန်မထောက်ခံချက်၏ နောက်ဆက်တွဲ

23.01.2022

ရှန့်ဆန့် အမေရိကန်နိုင်ငံ

ပြီးခဲ့တဲ့နှစ်အစောပိုင်းက အသင်းတော်ခေါင်းဆောင်အဖြစ် ကျွန်မရွေးချယ်ခံခဲ့ရတယ်။ အစကတော့ ကျွန်မမှာ လိုအပ်ချက်တွေအများကြီးရှိတယ်လို့ ခံစားခဲ့ရလို့ ဘုရားသခင်ကို မကြာခဏဆုတောင်းခဲ့ပြီးကျွန်မရဲ့တာဝန်ကို ဘယ်လိုထမ်းဆောင်ရမလဲ သေချာတွေးဆခဲ့ပါတယ်။ ကျွန်မနားမလည်တဲ့ ကိစ္စတို့၊ မဖြေရှင်းနိုင်တဲ့ပြဿနာတို့နဲ့ ကြုံတွေ့လာတဲ့အခါ အဲဒါတွေကို ချရေးပြီးတော့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ မိတ်သဟာယဖွဲ့ပြီး အဖြေရှာပါတယ်။ ညီအစ်ကိုမောင် နှမတွေမှာ ပြဿနာရှိနေတယ်လို့သိရရင် သူတို့ဆီကိုသွားပြီးတော့ အချိန်မီ မိတ်သဟာဖွဲ့ပေးပါတယ်။ ခဏနေတော့ အသင်းတော် အလုပ်ကို ဆောင်ရွက်ခြင်းအတွက် အခြေခံသဘောတရားတချို့ကို သဘောပေါက်လာပါတယ်။ ပြီးတော့ အလုပ်အကြောင်းဆွေးနွေးတဲ့အခါ အားလုံးက ကျွန်မရဲ့အမြင်အများစုကို သဘောတူကြတယ်။ ညီအစ်ကိုမောင်နှမတွေ ပြဿနာတစ်ခုခု ဒါမှမဟုတ် အခက်အခဲတစ်ခုခုနဲ့ ကြုံတွေ့ရတဲ့အခါ သူတို့က ကျွန်မဆီကို လာပြီး မိတ်သဟာယဖွဲ့ဖို့ ဆန္ဒရှိကြတယ်။ အဲဒါကိုမြင်တော့ ကျွန်မကိုယ်ကျွန်မ အရမ်းကျေနပ်မိတယ်။ ကျွန်မမှာ ကောင်းမွန်တဲ့ အစွမ်းအစရှိတယ်၊ စွမ်းဆောင်နိုင်ပြီး ခေါင်းဆောင်တာဝန်နဲ့ ကိုက်တယ်လို့ ခံစားမိခဲ့တယ်။

ကျွန်မတို့ရဲ့ ဧဝံဂေလိအလုပ်က ကျယ်ပြန့်လာတာနဲ့အမျှ အသင်သားလည်း တိုးလာပြီးတော့ တွေ့ဆုံပွဲနေရာအသစ်တွေလည်း တော်တော်လေး ထပ်တိုးလာတယ်။ အဖွဲ့အစည်းအဝေးတွေကို နေ့တိုင်း ကတိုက်ကရိုက်သွားခဲ့ရပြီးတော့ လူသစ်တွေကိုလည်း ရေလောင်းပေးခဲ့ရတယ်။ ခေါင်းဆောင်တွေက အလုပ်တွေအရမ်းများပြီးတော့ နှောင့်နှေးမှာကို စိတ်ပူခဲ့တယ်။ အဲဒါကြောင့် သူတို့က ကျွန်မကို တခြားခေါင်းဆောင်တစ်ယောက်နဲ့ အမြန်ဆုံးတွဲပေးချင်ကြတယ်။ အလုပ်တွေတိုးလာတာ အားလုံးလည်းအသိပဲ။ ဒီတော့ အဲဒီအလုပ်တွေအားလုံးကိုသာ ကျွန်မတာဝန်ယူလိုက်ရင် လူတိုင်းက ကျွန်မကို အရည်အချင်းရှိပြီး အလုပ်လုပ်နိုင်တယ်လို့ သေချာပေါက်ထင်ကြမှာပဲ၊ ပြီးတော့ အလင်းရောင်သစ်ထဲမှာ ကျွန်မကိုမြင်တွေ့ကြလိမ့်မယ်လို့ တွေးမိတယ်။ အခုအချိန်မှာတော့ ကျွန်မကို ဘယ်သူနဲ့မှ တွဲပေးစရာမလိုသေးပါဘူးလို့ ပြောခဲ့တယ်။ အဲဒီအချိန်အတောအတွင်း ကျွန်မအရမ်းအလုပ်များခဲ့တယ်။ တစ်ခါတလေဆို မနက်ပိုင်းဝတ်ပြဆုတောင်းဖို့တောင် အချိန်မရှိခဲ့ဘဲ ညဆိုလည်း အိပ်ရာဝင်တာ အရမ်းနောက်ကျပါတယ်။ ကျွန်မအနားက ညီအစ်မတွေအကုန်လုံးက လုပ်ဖော်ကိုင်ဘက် ရှာသင့်တယ်လို့ ပြောကြတယ်။ နောက်ကျတော့၊ ကျွန်မ မနိုင်ဝန်ထမ်းမိပြီဆိုပြီး တကယ်ခံစားလာရတယ်။ ပြီးတော့ တကယ် ဖြစ်ပျက်နေတာတွေကို ခေါင်းဆောင်တွေကိုပြောပြခဲ့တယ်။ ကျွန်မက အစ်မဝမ်နဲ့ တွဲလုပ်မယ်လို့အကြုံပြုတော့ ညီအစ်ကိုမောင်နှမတွေအားလုံးကလည်း လက်ခံကြပါတယ်။ အစကတော့ တစ်ယောက်ယောက်ကို အလုပ်တွေခွဲပေးလိုက်တာက အများကြီးပို လွယ်သွားမယ် ထင်ခဲ့တယ်။ ဒါပေမဲ့ သိပ်မကြာခင်မှာပဲ အစ်မဝမ်က အစွမ်းအစကောင်းရှိမှန်း၊ သမ္မာတရားကို အတော်လေး မြန်မြန်နားလည်ပြီး သူ့ရဲ့တာဝန်မှာလည်း တကယ်တက်ကြွတာ တွေ့ရတယ်။ အသင်းတော်မှာ ပြဿနာတစ်ခုခု မမျှော်လင့်ဘဲ ပေါ်ပေါက်လာတာဖြစ်စေ၊ ညီအစ်ကိုမောင်နှမတွေမှာ အခက်အခဲတစ်ခုခုရှိနေတာပဲဖြစ်စေ သူက ကျွန်မထက် အရင်သတိထားမိပြီးတော့ အဲဒါကို ကိုင်တွယ်ဖြေရှင်းတယ်။ အထူးသဖြင့် သမ္မာတရားအပေါ် သူ့ရဲ့မိတ်သဟာယက ရှင်းလင်းပြီး အလင်းပေးနိုင်ပါတယ်။ ညီအစ်ကိုမောင်နှမတွေက သူတို့အတွက် အကျိုးရှိတယ်လို့ ပြောကြတယ်။ တဖြည်းဖြည်းနဲ့၊ လူတိုင်းက သူတို့မှာ ပြဿနာတွေ၊ အခက်အခဲတွေရှိလာတဲ့အခါ မိတ်သဟာယပြုဖို့ အစ်မဝမ်ဆီကိုပဲ သွားကြတော့တယ်။ ကျွန်မစိတ်ထဲမှာ ပြောမပြတတ်တဲ့ ခံစားချက်တစ်ခုကို ခံစားခဲ့ရတယ်။ အရင်ကဆို ညီအစ်ကိုမောင်နှမတွေက သူတို့မှာပြဿနာရှိရင် ကျွန်မဆီလာကြတယ်။ အခုဆို အချိန်ခဏလေးအတွင်းမှာပဲ အားလုံးက သူ့ကိုပဲအထင်ကြီးကြတော့တယ်။ ဒီလိုသာဆက်သွားရင် ကျွန်မရဲ့ထင်ပေါ်ကျော်ကြားတဲ့နေရာက ဆက်တည်မြဲပါတော့မလား။ အစ်မဝမ်မှာ အရည်အချင်းကောင်းတွေရှိပြီးတော့ ပျိုးထောင်ပေါင်းသင်ပေးရကျိုးနပ်တယ်လို့ ခေါင်းဆောင်တစ်ယောက်က ပြောတာကိုလည်းကြားခဲ့တယ်။ အဲဒါကြောင့် ကျွန်မပိုပြီးတောင် စိတ်ဆင်းရဲခဲ့ရတယ်။ အစတုန်းကတော့ ခေါင်းဆောင်အသစ်တစ်ယောက်အနေနဲ့ သူကကျွန်မအလုပ်ရဲ့ ဝန်ကိုမျှထမ်းပေးနိုင်မယ်လို့ထင်ခဲ့တယ်။ သူကကျွန်မရဲ့နေရာကို ခိုးသွားလိမ့်မယ်ဆိုတာကို မသိခဲ့ဘူး။ ဒီလိုသာဆက်သွားရင် ကျွန်မအတွက် နေရာရှိပါဦးမလား။

နောက်တော့ အသင်းတော်ရဲ့အလုပ်မှာ အစ်မဝမ်နားမလည်တာတစ်ခုနဲ့ ကြုံတွေ့ခဲ့ပြီးတော့ ကျွန်မကိုလာမေးတယ်။ အသေးစိတ်ကို မပြောပြချင်တာနဲ့ ကျွန်မသူ့ကို နှပ်ချလိုက်ပြီး အကြမ်းဖျင်းပဲရှင်းပြခဲ့တယ်။ သူကသာ အလုပ်နဲ့ပိုရင်းနှီးလာရင် ကျွန်မပိုပြီးတော့ ဘေးရောက်သွားမှာကို စိတ်ပူခဲ့မိတယ်။ တစ်ခါက အလုပ်တစ်ခုက တော်တော်နဲ့မပြီးတာကို သူသိပြီးတော့ ကျွန်မတို့အလုပ်ကို တာဝန်ယူတဲ့ ခေါင်းဆောင်ဆီ အခြေအနေကို တိုက်ရိုက်သွားတင်ပြပြီးတော့ ဘယ်လိုဖြေရှင်းရမလဲ တိုင်ပင်တယ်။ ကျွန်မက ရေလောင်းတာဝန်ပေးထားခဲ့တဲ့ ညီအစ်မတစ်ယောက်က အရည်အချင်းမပြည့်မီဘူးလို့လည်း ပြောခဲ့သေးတယ်။ အဲဒါကိုကြားတော့ ကျွန်မအရမ်းစိတ်တိုသွားပြီးတော့ “ငါ့ထင်ပေါ်ကျော်ကြားမှုကို ညီအစ်ကိုမောင်နှမတွေရှေ့မှာ အမြဲတမ်းခိုးရုံတင်မကဘူး၊ ခေါင်းဆောင်တွေကိုပါ ငါမပါဘဲ သွားတွေ့တယ်ပေါ့။ အဲဒီတော့ နင်ကငါ့ထက်ပိုပြီးတာဝန်ယူထားတယ်ဆိုတဲ့ပုံ ပေါက်မသွားဘူးလား။ ပြီးတော့ ငါခန့်ထားတဲ့သူက မသင့်တော်ဘူးလို့လည်း ပြောသေးတယ်။ အဲဒါက ခေါင်းဆောင်တွေက ငါ့ကိုအထင်သေးအောင် ပေါ်တင်လုပ်တာ မဟုတ်ဘူးလား။” လို့တွေးမိခဲ့တယ်။ ကျွန်မ အစ်မဝမ်ပေါ်မှာ မနှစ်မြို့တဲ့စိတ်ဖြစ်လာတယ်။ ကျွန်မတို့ရဲ့အလုပ်ဆွေးနွေးတဲ့နေရာမှာ သူက လျော်ကန်တဲ့ အကြံဉာဏ်တစ်ခုခုကို တင်ပြလာတဲ့အခါ ကျွန်မ အသိအမှတ်မပြုချင်ခဲ့ဘူး။ လက်ခံရင်တောင်မှ စိတ်ပါလက်ပါမရှိခဲ့ဘူး။ တစ်ခါက လုပ်ဖော်ကိုင်ဘက် အစည်းအဝေးမှာ လုပ်ဖော်ကိုင်ဘက်တစ်ယောက်က ကျွန်မတို့ မိတ်သဟာပြု ဖြေရှင်းဖို့လိုတဲ့ အသင်းတော်တွင်းက ပြဿနာတချို့ကို တင်ပြတယ်။ ဒါက အစ်မဝမ် ဦးစီးရတဲ့ ပထမဆုံးအစည်းအဝေးဆိုတော့ သူက နည်းနည်းစိုးရိမ်ပြီး ကျွန်မကို အရင်ဆုံး မိတ်သဟာယဖွဲ့စေချင်တယ်။ ဒါပေမဲ့ ကျွန်မက သူနဲ့တကယ် မပူးပေါင်းချင်ဘဲ၊ “နင်အရမ်း စွမ်းဆောင်နိုင်တယ် မဟုတ်လား။ ကိုယ့်ဘာသာ မိတ်သဟာယ သွားဖွဲ့လိုက်လေ” လို့တွေးခဲ့တယ်။ ကျွန်မ စူးစူးစိုက်စိုက်ကြည့်ပြီး တစ်ခွန်းမှမပြောခဲ့ပါဘူး။ အကြာကြီးနှုတ်ဆိတ်နေပြီးတော့ နေရတာ တော်တော်လေး စိတ်မသက်သာစရာဖြစ်လာတာကို တွေ့တော့ အစ်မဝမ်လည်း ရွေးစရာမရှိတော့ဘဲနဲ့ အရင်ဆုံးမိတ်သဟာယဖွဲ့ရတော့တယ်။ ပြီးတော့ သူပြောခဲ့တဲ့အပေါ်မှာ ဘာတွေထပ်ထည့်သင့်လဲတဲ့။ အဲဒါနဲ့ ကျွန်မလည်း စိတ်မပါလက်မပါနဲ့ နည်းနည်းပြောပြခဲ့တယ်။ အစည်းအဝေးကနေ အကျိုးရှိတာဘာမှ သိပ်ထွက်မလာခဲ့ပါဘူး။ အဲဒါပြီးတော့ ကျွန်မ နည်းနည်းစိတ်မသက်မသာခံစားခဲ့ရတယ်။ ကျွန်မရဲ့တာဝန်ကို မလုပ်ခဲ့ဘူး၊ ကိုယ့်ဝတ္တရားကို မဖြည့်ဆည်းခဲ့ဘူးလို့ ခံစားခဲ့ရတယ်။ အပြစ်ရှိသလို တကယ်ခံစားခဲ့ရပါတယ်။ ကျွန်မ ဘုရားရှေ့မှောက်ကိုသွားပြီး ကိုယ့်ကိုယ့်ကိုယ် ပြန်ဆင်ခြင်သုံးသပ်ခဲ့တယ်။ အစ်မဝမ်က ကျွန်မနဲ့တွဲခဲ့ပြီး၊ ညီအစ်ကိုမောင်နှမတွေရဲ့ပြဿနာတွေကို ဖြေရှင်းပေးနိုင်ခဲ့တာက အသင်းတော်ရဲ့အလုပ်အတွက် ကောင်းတာပဲလေ။ အဲဒါက ကောင်းတဲ့အရာ မဟုတ်ဘူးလား။ အဲဒါဆိုရင် ဘာလို့ကျွန်မက မပျော်နိုင်ဘဲနဲ့ သူ့ကို လိုက်ပြိုင်နေရတာလဲပေါ့။

ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် စာပိုဒ်တစ်ပိုဒ်ကို ကျွန်မ ဖတ်ခဲ့ရတယ်။ “အသင်းတော်ခေါင်းဆောင်တစ်ဦးဖြစ်ဖို့ရာ၊ အကြင်သူသည် ပြဿနာများကို ဖြေရှင်းဖို့ သမ္မာတရားကို အသုံးပြုရန် သင်ယူရုံသာမက၊ ပင်ကိုစွမ်းရည်ရှိသည့်လူများကိုလည်း ရှာဖွေပြီး ပျိုးထောင်ရမည်ဖြစ်သည်၊ ၎င်းတို့အား အကြင်သူသည် ဖိနှိပ်ခြင်း သို့မဟုတ် မနာလိုခြင်း လုံးလုံး မရှိရပေ။ တာဝန်ကို ထိုသို့ထမ်းဆောင်ခြင်းသည် စံနှုန်းနှင့်အညီဖြစ်သကဲ့သို့၊ ထိုသို့လုပ်ဆောင်သည့် ခေါင်းဆောင်များနှင့် အမှုတော်ဆောင်များသည်လည်း စံနှုန်းနှင့်ညီပေသည်။ သင်သည် အရာအားလုံးကို အခြေခံသဘောတရားများအတိုင်း တိုး၍ ပြုမူဆောင်ရွက်နိုင်ပါက၊ သင်သည် သင်၏သစ္စာစောင့်သိခြင်းနှင့် လျော်ညီအောင်နေလိမ့်မည်။ အခြားသူများသည် မိမိတို့ထက် ပို၍ သာလွန်ပြီး ပို၍ မြင့်မားမည်ကိုလည်းကောင်း၊ မိမိတို့ကိုယ်၌က ပစ်ပယ်ခြင်းခံရစဉ်တွင် အခြားသူများက ရိုသေကြည်ညိုခြင်း ခံရမည်ကိုလည်းကောင်း အစဉ် စိုးရွံနေသည့်သူအချို့ ရှိကြသည်။ ဤအရာက သူတို့ကို အခြားသူများအား တိုက်ခိုက်ပြီး ဖယ်ကြဉ်စေသည်။ ဤသည်မှာ မိမိတို့ကိုယ်တိုင်ထက် တတ်စွမ်းနိုင်သူတို့ကို မနာလိုဝန်တိုခြင်း ကိစ္စရပ်တစ်ခု မဟုတ်လော။ ထိုသို့သော အပြုအမူက တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ဖွယ် ဖြစ်သည် မဟုတ်လော။ ဤသည်မှာ မည်သည့် စိတ်သဘောထားမျိုး ဖြစ်ပါသနည်း။ ယင်းမှာ မလိုတမာစိတ် ဖြစ်၏။ မိမိအတွက်ကိုသာ စဉ်းစားခြင်း၊ မိမိ၏ကိုယ်ပိုင် စိတ်ဆန္ဒများကိုသာ ဖြည့်ဆည်းခြင်း၊ အခြားသူများ၏ တာဝန်ဝတ္တရားများအတွက် စာနာထောက်ထားမှု လုံးဝမပြခြင်း၊ သို့မဟုတ် ဘုရားအိမ်တော်၏ အကျိုးများကို မစဉ်းစားခြင်း- ဤသို့သော လူတို့သည် ဆိုးသော စိတ်သဘောထားတစ်ခု ပိုင်ဆိုင်ပြီး သူတို့အတွက် ဘုရားသခင်တွင် ချစ်ခြင်းမေတ္တာမရှိပါ။(နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သင်၏စစ်မှန်သော စိတ်နှလုံးကို ဘုရားသခင်ထံ ပေးပြီး သမ္မာတရားကို သင် ရရှိနိုင်သည်”) ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေကနေ၊ အဓိကအားဖြင့် ကျွန်မက ဂုဏ်သတင်းနဲ့ ရာထူးကို အရမ်းဂရုစိုက်လွန်းလို့ အစ်မဝမ်အပေါ် မလိုမုန်းထားမှု ခံစားပြီး သူ့ရဲ့ အစွမ်းအစကို မနာလိုခဲ့တာဖြစ်မှန်း ကျွန်မ သဘောပေါက်လိုက်ရတယ်။ အစ်မဝမ်ရဲ့အစွမ်းအစကောင်း၊ တာဝန်ကို သူ တက်တက်ကြွကြွ လုပ်ဆောင်တာ၊ ညီအစ်ကိုမောင်နှမတွေရဲ့ပြဿနာတွေကို သူ့ရဲ့ ဖြေရှင်းပေးနိုင်စွမ်း၊ အားလုံးရဲ့ လေးစားမှုနဲ့ ချီးမွမ်းမှုကိုရတာတွေကိုမြင်တော့ သူက ကျွန်မရဲ့ကိုယ်ပိုင်ရာထူးကို ခြိမ်းခြောက်နေသလို ခံစားခဲ့ရတယ်။ အဲဒါကြောင့် သူ့ကို ကျွန်မ မကျေမချမ်းဖြစ်ပြီး သူ့အပေါ် မုန်းတီးမှုထားခဲ့မိတယ်။ ကျွန်မရဲ့တာဝန်မှာ ပြဿနာတွေကို သူထပ်တွေ့တော့ ခေါင်းဆောင်တွေကို ဘယ်လိုဖြေရှင်းရမလဲသွားမေးခဲ့လို့ ကျွန်မရဲ့မနှစ်မြို့မှုနဲ့ မကျေမချမ်းဖြစ်ခြင်းက ပိုကြီးထွားလာခဲ့တယ်။ ကျွန်မရဲ့ထင်ပေါ်မှုကို ခိုးသွားရုံတင်မကဘဲ ချို့ယွင်းချက်တွေကိုပါ ခေါင်းဆောင်တွေကို သွားပြောတယ်လို့ ခံစားခဲ့ရတယ်။ ကျွန်မရဲ့စိတ်ထဲမှာ သူနဲ့လိုက်ပြိုင်နေခဲ့တာပါ။ သူက လျော်ကန်တဲ့ အကြံပြုချက်တချို့ ပေးလာတဲ့အခါ ကျွန်မနားမထာင်ချင်ခဲ့ဘူး။ ညီအစ်ကို မောင်နှမတစ်ယောက်ယောက်ရဲ့ ပြဿနာကို သူမဖြေရှင်းနိုင်တဲ့အခါ၊ ကျွန်မသူ့ကိုကြည့်ရယ်နေခဲ့ပြီး ကြိတ်အထင်သေးခဲ့တယ်။ အဲဒါကြောင့်ပဲ ကျွန်မတို့ရဲ့အစည်းအဝေးက အကျိုးမရှိဘဲပြီးဆုံးခဲ့တယ်။ ကျွန်မက ဂုဏ်သတင်းနဲ့ ရာထူးကို စွဲလမ်းနေခဲ့တာပါ။ ကျွန်မရဲ့ကိုယ်ကျိုးကိုပဲစဉ်းစားခဲ့တယ်၊ ဘုရားအိမ်တော်ရဲ့ အလုပ်ကို ကာကွယ်ဖို့ နည်းနည်းလေးမှ ဂရုမစိုက်ခဲ့ဘူး။ ကျွန်မဟာ အရမ်းကိုအတ္တကြီးပြီး ယုတ်ညံ့ပါတယ်၊ မလိုမုန်းထား ဆိုးယုတ်တဲ့ စိတ်သဘောထားကို ဖော်ပြနေတာပါ။ ဘုရားသခင်က အဲဒါကို ရွံရှာစက်ဆုပ်တယ်။

နောက်တော့ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေထဲက ဒါကိုဖတ်ခဲ့ရပါတယ်။ “ညီအစ်ကိုမောင်နှမများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းသည် တစ်ယောက်သောသူ၏အားနည်းချက်အား အခြားသောသူ၏ ခွန်အားဖြင့် အားဖြည့်ခြင်းကိုဆိုလိုသည်။ အခြားသူ၏အားနည်းချက်အတွက် သင်၏အားသာချက်များကိုအသုံးပြု၍ ဖာထေးပေးခြင်း၊ အခြားသူများသည်လည်း သင့်ကိုဖာထေးပေးဖို့ရန် သူတို့၏ခွန်အားများအသုံးပြုခြင်းဖြစ်သည်။ ဤသည်မှာ အခြားသူ၏အားသာချက်ဖြင့် တစ်ယောက်သောသူ၏အားနည်းချက်များကို အားဖြည့်ခြင်းနှင့် စိတ်သဘောထားညီညွတစွာ ပူးပေါင်းဆောင်ရွက်ခြင်းကို ဆိုလိုခြင်းဖြစ်သည်။ စိတ်သဘောထားညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ခြင်းရှိမှသာလျှင် လူတို့သည် ဘုရားသခင်ရှေ့၌ ကောင်းချီးခံစားရရှိပြီး၊ ဤအရာကို ပို၍ တွေ့ကြုံခံစားလေ၊ ၎င်းတို့သည် ပို၍ လက်တွေ့ကျမှုကို ပိုင်ဆိုင်လေဖြစ်သည်၊ လမ်းကြောင်းသည် သာ၍ တောက်ပပြီး၊ ၎င်းတို့သည်လည်း ယခင်ထက် ပို၍စိတ်ချမ်းသာသောသူ ဖြစ်လာမည်။(နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သဟဇာတဖြစ်သော ညှိနှိုင်းဆောင်ရွက်ခြင်း”)လူများသည် အခြားသူများနှင့်တွဲဖက်၍ အလုပ် လုပ်သည့်အခါ အသုံးဝင်ဖို့ မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ အချင်းချင်း၏ ချို့ယွင်းချက်များကို ဖာထေးပေးခြင်းနှင့် ထောက်ပြခြင်း၊ တစ်ဦးကိုတစ်ဦး စောင့်ကြပ်ခြင်း၊ တစ်ဦးနှင့်တစ်ဦး ရှာဖွေခြင်းနှင့် ဆွေးနွေးတိုင်ပင်ခြင်းတို့ ဖြစ်ကြသည်။(အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “၎င်းတို့သည် အခြားသူများအား သမ္မာတရား သို့မဟုတ် ဘုရာသခင်ကို မနာခံစေဘဲ၊ ၎င်းတို့ကိုသာ နာခံစေသည် (အပိုင်း ၁)”) ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေကနေ ကျွန်မသဘောပေါက်လာတာက တွဲဘက်တစ်ယောက်ရှိတာက ကျွန်မထင်ခဲ့သလို အလုပ်တွေခွဲပေးဖို့ တစ်ယောက်ယောက်ရှိတာ သက်သက်မဟုတ်သလို တစ်ယောက်ယောက်ကို လိုက်ပြိုင်ပြီး နှိုင်းယှဉ်ဖို့လည်း မဟုတ်ပါဘူး။ အရေးကြီးဆုံးကတော့ ကျွန်မတို့ တာဝန် လုပ်ဆောင်ရင်းနဲ့ တစ်ယောက်ကိုတစ်ယောက် ဖြည့်စွက်ပြီး ကြီးကြပ်ပေးဖို့၊ ပြီးတော့ တစ်ယောက်ကိစ္စကို တစ်ယောက်က အာရုံစိုက်ပေးဖို့ လိုအပ်ပါတယ်။ အစ်မဝမ်က ကျွန်မနဲ့တွဲဘက်ဖြစ်လာပြီးနောက်ပိုင်းမှာ ကျွန်မအရင်က သတိမထားမိခဲ့တဲ့ ကျွန်မတို့အလုပ်က ပိုသေးငယ်တဲ့ ပြဿနာတွေကို သူရှာတွေ့ခဲ့တယ်။ ပြီးတော့ သူ့ရဲ့သမ္မာတရားအပေါ် မိတ်သဟာယဖွဲ့တာကလည်း အလင်းပေးနိုင်ပြီး လက်တွေ့ကျတဲ့ ပြဿနာတွေနဲ့ အခက်အခဲတချို့ကို ဖြေရှင်းနိုင်ခဲ့တယ်။ အဲဒါက အသင်းတော်ရဲ့အလုပ်ကို အထောက်အကူဖြစ်စေပါတယ်။ သူက ပြဿနာတွေကို ရှာတွေ့ပြီး အဲဒါတွေကို ကူဖြေရှင်းပေးဖို့ ခေါင်းဆောင်တွေကို ကြိုသွားမေးခဲ့တယ်။ အဲဒါက ဝန်ကိုထမ်းပေးနေကြောင်း ဖော်ပြချက်ဖြစ်ပြီး ဘုရားသခင်အိမ်တော်ရဲ့ အလုပ်ကို ထိန်းသိမ်းတာပဲ။ ဒါပေမဲ့ ကျွန်မက သူ့အပေါ် မကျေမချမ်းဖြစ်ပြီး စိတ်အနှောင့်ယှက်ဖြစ်ခဲ့တယ်။ အဲဒါက သမ္မာတရားနဲ့ အပြုသဘောဆောင်တဲ့အရာတွေကို အရှင်းကြီး ဆန့်ကျင်နေတာပဲမဟုတ်ဘူးလား။ ဒါ့အပြင်၊ ကျွန်မစီစဉ်ထားခဲ့တဲ့သူက မသင့်တော်မှန်း အစ်မဝမ် သတိမထားမိဘဲ အချိန်မီဝင်မပါခဲ့ဘူးဆိုရင် အသင်းတော်ရဲ့အလုပ်က ထိခိုက်သွားမှာဖြစ်ပြီး၊ အဲဒါက ကျွန်မပိုင်း အပြစ်တစ်ခုလည်း ဖြစ်သွားမှာပါ။ အစ်မဝမ်က ပြောပြတဲ့ပြဿနာတွေကြောင့် ကျွန်မကိုယ်ကျွန်မလည်း တွေးဆသုံးသပ်ခွင့်ရခဲ့တယ်၊ အနာဂတ် ကျွန်မရဲ့တာဝန်မှာ ကျွန်မအနေနဲ့ ဝီရိယရှိပြီး အခြေခံသဘောတရားတွေကို ပိုရှာဖွေဖို့လိုမှန်း မြင်ခွင့်ပေးခဲ့တယ်။ ဒါက ကျွန်မရဲ့ အားနည်းချက်တွေအတွက် အထောက်အကူဖြစ်ပြီး ဖာထေးပေးခဲ့တယ်။

အဲဒီအချိန်ကစပြီးတော့ အစ်မဝမ်နဲ့ အလုပ်တွဲလုပ်ရာမှာ၊ သူ့ကိုမနာလိုဖြစ်လာမိတဲ့အခါ၊ ဘုရားသခင်ဆီ သတိရှိရှိ ကျွန်မ ဆုတောင်းပြီး၊ ကိုယ့်ကိုယ်ကိုယ် စွန့်လွတ်ခဲ့ပါတယ်။ ကျွန်မရဲ့မနာလိုစိတ်ကို ဘေးချိတ်ထားနိုင်ခဲ့ပြီး၊ စိတ်အရမ်းမဆင်းရဲရတော့ဘူး။ သူက လျော်ကန်တဲ့ အကြံတွေ ပေးတဲ့အခါ၊ ကျွန်မသူနဲ့တွဲပြီးတေအဲဒါတွေကို လုပ်ဆောင်ပါတယ်။ အဲဒီလိုလုပ်တွေ့လုပ်ဆောင်တာက ကျွန်မကို အများကြီးပိုလွတ်လပ်စေခဲ့တယ်။

ခဏကြာပြီးတဲ့နောက်၊ အခက်အခဲတွေရှိနေတဲ့ ညီအစ်ကိုမောင်နှမတချို့က မိတ်သဟာယဖွဲ့ဖို့ အစ်မဝမ်ဆီသွားတာကိုတွေ့တော့ ကျွန်မ စိတ်အနှောင့်အယှက်ဖြစ်မိပြန်တယ်။ ကျွန်မတို့နှစ်ယောက်က ရှင်းရှင်းလင်းလင်း တာဝန်ကိုမျှယူထားတာလေ၊ ဒီတော့ ဘာလို့သူတို့က သူ့ဆီကိုသွားပြီး ကျွန်မဆီမလာတာလဲ။ ကျွန်မကပဲ တကယ် အရမ်းလိုအပ်နေခဲ့တာလား။ အဲဒီလိုတွေးတာက မှားမှန်းသိပေမယ့် အဲဒီခံစားချက်ကို မတားဆီးနိုင်ခဲ့ဘူး။ နောက်ကျတော့ ကျွန်မ ရေလောင်းတာဝန်ယူရမယ့် လူသစ်တွေက ပိုများသထက် များလာတယ်။ ပြီးတော့ တွေ့ဆုံပွဲတွေမှာ အဖွဲ့သစ်တွေလည်းဖွဲ့ခဲ့ကြတယ်။ အစ်မဝမ်ကို ကျွန်မ အတူခေါ်သွားသင့်ပေမယ့်၊ ကျွန်မသူ့ကိုခေါ်သွားရင် အဲဒီအဖွဲ့တွေက ညီအစ်ကိုမောင်နှမတွေက သူတို့ရဲ့ပြဿနာတွေကို သူ့ကိုပဲသွားပြောနေရင် ဘယ်လိုလုပ်မလဲ။ အဲဒါကြောင့် သူ့ကို မခေါ်ခဲ့ဘူး။ နောက်လေး၊ငါးရက်လောက် ကျွန်မ တကယ်ကို စိတ်မသက်မသာနဲ့ နေသားမကျဖြစ်ခဲ့တယ်။ ဒါပေမဲ့ ကျွန်မရဲ့စိတ်နှလုံးကို ငြိမ်သက်အောင်မလုပ်ခဲ့သလို၊ စိတ်မသက်မသာဖြစ်ခြင်းရဲ့ ဇစ်မြစ်ကိုလည်း မသုံးသပ်ခဲ့ဘူး။ တစ်ရက်ကျတာ့ ခေါင်းဆောင်တစ်ယောက်က အစ်မဝမ်ဟာ တော်တော်လေးငယ်သေးတယ်။ သူ့တာဝန်မှာ စိတ်မရှည်ဖြစ်လေ့ရှိပြီးတော့ မတည်တံ့ဘူးလို့ ပြောတယ်။ ဒါကိုကြားတော့ ကျွန်မ တော်တော်လေးကျေနပ်သွားတယ်။ ဘာလို့လဲဆိုတော့ သူ့အပေါ် ခေါင်းဆောင်ရဲ့ ထင်မြင်ချက်က ကျွန်မတွေးသလောက် ကောင်းတဲ့ပုံမပေါ်လို့ပါ။ ကျွန်မကလည်း မလိုအပ်ဘဲ ထင်မြင်ချက်ဝင်ပေးလိုက်တယ်၊ “ဟုတ်တယ်။ သူက သူ့တာဝန်ကို ထမ်းဆောင်တဲ့အချိန်ကျရင်လည်း ထင်ပေါ်ချင်ပြီးတော့ ကြွားဝါချင်တယ်” လို့ပေါ့။ နောက်ပိုင်းမှာ တခြားအသင်းတော်တစ်ခုကခေါင်းဆောင်နေရာ လစ်လပ်နေပြီးတော့ ကျွန်မတို့အသင်းတော်ဆီကနေ တစ်ယောက်ယောက်ကို လွှဲပြောင်းပေးဖို့ ခေါင်းဆောင်တွေက စဉ်းစားနေကြတယ်လို့ ကြားခဲ့တယ်။ “တကယ်လို့ အစ်မဝမ်သာ အဲဒီအသင်းတော်မှာ တာဝန်ထမ်းဆောင်ရင် ငါတို့မှာ ကိုယ့်ပိုက်နက်နဲ့ကိုယ်ဖြစ်သွားမယ်။ အဲဒါဆို ဒီကငါ့ရာထူးက ပိုစိတ်ချရမှာပဲ မဟုတ်လား” လို့ ကိုယ့်ဘာသာတွေးခဲ့တယ်။ နောက်နေ့ကျတော့ ကျွန်မ ခေါင်းဆောင်တစ်ယောက်နဲ့ သွားတွေ့ပြီးတော့ အစ်မဝမ်ကို အဲဒီအသင်းတော်မှာ တာဝန်လွှဲပြောင်းယူခိုင်းဖို့နဲ့ ဒီကအလုပ်တွေက ကျွန်မနည်းနည်းပိုလုပ်နိုင်ကြောင်း အကြံပြုခဲ့တယ်။ ဒါပေမဲ့ ခေါင်းဆောင်က အသင်းတော်က သင့်တော်တဲ့တစ်ယောက်ကို ရွေးပြီးပြီလို့ပြောတော့ ကျွန်မ အရမ်း စိတ်ပျက်ဝမ်းနည်းခဲ့ရတယ်။ အစ်မဝမ်က အဲဒီအသင်းတော်ကို သွားမှာ မဟုတ်တဲ့အတွက်၊ ကျွန်မသူ့ကို တွေ့ဆုံပွဲနေရာအသစ်တွေကို ခေါ်သွားရဦးမှာပေါ့။ အဲဒီလိုတွေးမိတော့ ကျွန်မရဲ့ရာထူးကို သူ့ကိုပေးလိုက်ရသလိုပဲ ခံစားခဲ့ရတယ်။ ကျွန်မအဲဒီမှာ လုံးဝမလှုပ်ဘဲ ထိုင်နေခဲ့ပြီးတော့ စိတ်ထဲမှာတော့ ဝုန်းဒိုင်းကျဲနေပါတယ်။ နောက်တော့ ဘုရားသခင်နှုတ်ကပတ်တော်ထဲက ဒါက ရုတ်တရက်စိတ်ထဲပေါ်လာပါတယ်။ “ဘုရားသခင်ကို အစေခံသောသူများအဖြစ် သင်တို့တစ်ဦးစီသည် မိမိအကျိုးကိုသာလျှင် ထည့်တွက်မည့်အစား၊ သင်ပြုသော အရာတိုင်းတွင် အသင်းတော်၏အကျိုးကို ကာကွယ်နိုင်ရမည်။ အချင်းချင်း အားလျော့စေလျက် တစ်ဦးတည်း လုပ်ဆောင်နေသည်မှာ လက်ခံနိုင်စရာမရှိပေ။ ထိုသို့ပြုမူသော လူများမှာ ဘုရားသခင်ကို အစေခံရန် မသင့်တော်ချေ။ ထိုကဲ့သို့သော လူများတွင် ဆိုးရွားသော စိတ်သဘောထားရှိကာ သူတို့အထဲ၌ လူ့သဘောသဘာဝ တစ်စက်မျှမရှိပေ။ သူတို့သည် ရာနှုန်းပြည့် စာတန်ဖြစ်ကြတကား။ သူတို့သည် သားရဲများတည်း။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဣသရေလအမျိုးသားများ အစေခံခဲ့သကဲ့သို့ အစေခံလော့) ဘုရားသခင်ရဲ့စိတ်သဘောထားက ပုန်ကန်ပြစ်မှားတာကို သည်းခံမှာမဟုတ်ဘူးဆိုတာကို ကျွန်မခံစားမိပါတယ်။ ကျွန်မက အစ်မဝမ်နဲ့ တွဲမလုပ်ချင်ခဲ့သလို သူ့ကို တမင်သက်သက် တွေ့ဆုံပွဲတွေကို မခေါ်ခဲ့ဘဲ အဝေးကိုပို့ဖို့ ဆင်ခြေရှာခဲ့တယ်။ ဘုရားသခင်က ဒါကို ရွံရှာစက်ဆုပ်တယ်။ ပြီးတော့ အဲဒီလိုလုပ်ခြင်းက ကျွန်မမှာ လူ့သဘာဝ ချို့တဲ့နေပြီး လုံးဝဆိုးယုတ်တဲ့စိတ်သဘောထားကို ပြလိုက်တာပါပဲ။ ကျွန်မ နောင်တမရခဲ့ရင်၊ ဘုရားသခင်ရဲ့စိတ်သဘောထားကို ပုန်ကန်ပြစ်မှားမိလို့ နောက်ဆုံးမှာ ကျွန်မရဲ့တာဝန်ကနေ ဖယ်ရှားခြင်းကိုခံရမှာပါ။ အဲဒီလိုတွေးမိတော့ ကျွန်မ နည်းနည်းကြောက်သွားတယ်။ အဲဒီညမှာ ကျွန်မလူးလိမ့်ပြီးတော့ အိပ်မပျော်ခဲ့ဘူး။ “ငါ့ကို အစ်မဝမ်နဲ့ တွဲလုပ်တာက ဘုရားလိုချင်တဲ့အရာဖြစ်တယ်၊ အဲဒါက အသင်းတော်ရဲ့အလုပ်အတွက် ကောင်းပြီး ညီအစ်ကိုမောင်နှမတွေရဲ့ အသက်ဝင်ရောက်မှုအတွက်လည်း ကောင်းတာကို ငါသိတယ်။ ဒါပေမဲ့ သူ့ကို အဝေးပို့ဖို့ အစွမ်းကုန်လုပ်ခဲ့တယ်။ အဲဒါက ဘယ်လိုပြဿနာမျိုးလဲ။ ငါ့ကို ဘယ်လိုစိတ်သဘောထားမျိုးက ထိန်းချုပ်ထားတာလဲ” လို့တွေးနေခဲ့တယ်။ ဘုရားသခင်ဆီ ကျွန်မ ဆုတောင်းပြီးတော့ ကျွန်မကိုယ်ကျွန်မ သိအောင် အသိဉာဏ်ပွင့်လင်းစေဖို့ တောင်းလျှောက်ခဲ့ပါတယ်။

တစ်ရက်ကျတော့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မတွေ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “အန္တိခရစ်တို့သည် အသင်းတော်၏ အကျိုးစီးပွားအပါအဝင်၊ ဘုရားအိမ်တော်၏အမှုကို လုံးလုံး ၎င်းတို့၏ကိုယ်ပိုင်အဖြစ်၊ အခြားမည်သူမျှ ဝင်ရောက်စွက်ဖက်ခြင်းမရှိဘဲ ၎င်းတို့သာ လုံးလုံး စီမံခန့်ခွဲသင့်သည့် ၎င်းတို့၏ ကိုယ်ရေးကိုယ်တာ ပိုင်ဆိုင်မှုအဖြစ် ယူဆကြသည်။ ထို့ကြောင့် ဘုရားသခင်အိမ်တော်၏ အမှုကို လုပ်ဆောင်သည့်အခါ၊ ၎င်းတို့ တွေးသည့်တစ်ခုတည်းသော အရာများမှာ ၎င်းတို့၏ အကျိုးစီးပွားများ၊ ၎င်းတို့ကိုယ်တိုင်၏ ဂုဏ်ဒြပ်နှင့် ဩဇာတိက္ကမတို့သာ ဖြစ်သည်။ ၎င်းတို့အမြင်တွင် ၎င်းတို့၏ဂုဏ်ဒြပ်နှင့် ဂုဏ်သတင်းကို ဒုက္ခပေးမည့်ဟန်ရှိသည့်သူ မည်သူကိုမဆို ၎င်းတို့ ငြင်းပယ်သည်။ ၎င်းတို့သည် ထိုသူတို့ကို ဖိနှိပ်ပြီး ဝိုင်းပယ်ထားကြသည်။ အထူးတာဝန်အချို့ကို ထမ်းဆောင်ခြင်းအတွက် အသုံးတည့်ပြီး သင့်တော်သည့်သူများကိုပင် ၎င်းတို့က ကြဉ်ထားပြီး ဖိနှိပ်ထားသည်။ ၎င်းတို့သည် ဘုရားသခင်အိမ်တော်၏ အမှုတော်အတွက် သို့မဟုတ် ဘုရားသခင်အိမ်တော်၏ အကျိုးစီးပွားများအတွက် အရေးထားခြင်း စိုးစဉ်းမျှ မရှိပေ။ မည်သူမဆိုက ၎င်းတို့၏ ဂုဏ်အဆင့်အတန်းအတွက် ခြိမ်းခြောက်မှုတစ်ခုဖြစ်နိုင်လျှင်၊ ၎င်းတို့ကို မနာခံလျှင်၊ ၎င်းတို့ကို မည်သို့မျှ အရေးမစိုက်လျှင်၊ ၎င်းတို့သည် ထိုသူတို့အား ကြဉ်ထားပြီး၊ ဖိနှိပ်သည်။ ထိုသူတို့အား ခပ်ခွာခွာနေသည်။ ၎င်းတို့၏ အလုပ်ဖော်ဖြစ်ခွင့်မပြုပေ။ ၎င်းတို့၏ အာဏာနယ်ပယ်အတွင်းတွင် မည်သည့်အရေးပါသည့် ရာထူးကိုမဆို၊ မည်သည့်အရေးကြီးသည့် ကဏ္ဍကိုမဆို ထိုသူတို့အား မည်သည့်အခါမျှ ခွင့်ပြုမည် မဟုတ်ပေ။ ဤလူတို့သည် မည်သည့်ကောင်းမှုများကို လုပ်ဆောင်သည်ဖြစ်စေ— ဘုရားအိမ်တော်အပေါ် အကျိုးဖြစ်စေသည့် အမှုများဖြစ်စေ— အန္တိခရစ်တို့သည် ဤလုပ်ဆောင်မှုများကို ဖုံးကွယ်ရန် အတတ်နိုင်ဆုံး ကြိုးစားကြလိမ့်မည်။ ၎င်းတို့သည် ကောင်းသောအရာများအတွက် နာမည်ရယူပြီး မကောင်းသောအပြုအမူကို သူတစ်ပါးတို့အပေါ် ပုံချရန်အတွက် အချက်အလက်များကိုပင် မလိမ့်တစ်ပတ်လုပ်ကြလိမ့်မည်။ အခြားလူများသည် ညီအစ်ကိုမောင်နှမများ၏ ချီးကျူးထောက်ခံခြင်းကို ရရှိပြီး ၎င်းတို့၏ရာထူးကို ခြိမ်းခြောက်လာခြင်းမှ ဟန့်တားဖို့အလို့ငှာ ထိုသူတို့၏ အားသာချက်များနှင့် စင်ကြယ်သောအကျင့်များကို ညီအစ်ကိုမောင်နှမများ မမြင်စေရန် ၎င်းတို့ တားဆီးကြသည်။...အမှန်တကယ်တွင် ဤလူတို့အားလုံးတွင် ကောင်းမွန်သော အရည်အချင်းများ ရှိကြသည်။ အားလုံးက သမ္မာတရားကိုချစ်သောသူများဖြစ်ကြပြီး ပြုစုပျိုးထောင်ပေးဖို့ရန် ထိုက်တန်သည်။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ ရံဖန်ရံခါ ထင်ရှားပြသခြင်းများဖြစ်သော အသေးစားအမှားများကိုသာ ထိုသူတို့အထဲတွင် တွေ့ရှိရသည်။ သူတို့အားလုံးတွင် အများနှင့်ယှဉ်ကြည့်လျှင် ကောင်းသော လူ့သဘာဝရှိကြသည်။ ယေဘုယျအားဖြင့်၊ ထိုသူတို့သည် တာဝန်တစ်ခုကို ထမ်းဆောင်ဖို့ သင့်တော်သည်၊ တာဝန်တစ်ခုကို ထမ်းဆောင်သူများအတွက် အခြေခံသဘောတရားများနှင့် ထိုသူတို့ ကိုက်ညီကြသည်၊ သို့သော် အန္တိခရစ်များ၏အမြင်တွင် ၎င်းတို့က ‘ကျွန်ုပ်သည် ဤအရာကို သည်းညည်းခံမည် မဟုတ်။ သင်သည် ကျွန်ုပ်နှင့်ယှဉ်ပြိုင်ဖို့ ကျွန်ုပ်၏ အဖွဲ့ထဲတွင် အခန်းကဏ္ဍတစ်ခု လိုချင်သည်။ ယင်းမှာ မဖြစ်နိုင်ပေ၊ စဉ်းတောင်မစဉ်းစားလေနှင့်။ သင်သည် ကျွန်ုပ်ထက် သာ၍ တတ်နိုင်စွမ်းသည်၊ ကျွန်ုပ်ထက် သာ၍ ရှင်းလင်းစွာ ပြောဆိုနိုင်သည်၊ ကျွန်ုပ်ထက် သာ၍ ပညာတတ်ပြီး ကျွန်ုပ်ထက် လူကြိုက်များသည်။ ကျွန်ုပ်၏ ထင်ရှားကျော်ကြားမှုနှင့်ဩဇာအာဏာကို သင် လုယူသွားပါက ကျွန်ုပ် မည်သို့လုပ်ရမည်နည်း။ သင်သည် ကျွန်ုပ်အား သင်နှင့်တွဲဖက်၍ အလုပ်လုပ်စေလိုသလော။ စဉ်းတောင် မစဉ်းစားလေနှင့်။’ ဟု တွေးကြသည်။ ၎င်းတို့သည် ဘုရားသခင် အိမ်တော်၏ အကျိုးစီးပွားများကို ဆင်ခြင်ထောက်ထားနေခြင်းလော။ မဟုတ်ပေ။ ၎င်းတို့ တွေးတောသမျှ အရာအားလုံးသည် ၎င်းတို့ကိုယ်တိုင်၏ ဂုဏ်ဒြပ်ကို ထိန်းသိမ်းဖို့ နည်းလမ်းသာ ဖြစ်သောကြောင့် ၎င်းတို့သည် ဤလူများကို အသုံးပြုခြင်းထက် ဘုရားသခင်အိမ်တော်၏ အကျိုးစီးပွားများကိုသာ ထိခိုက်စေလိမ့်မည်။ ဤသည်မှာ ကြဉ်ထားခြင်း ဖြစ်သည်။(အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “၎င်းတို့သည် အခြားသူများအား သမ္မာတရား သို့မဟုတ် ဘုရာသခင်ကို မနာခံစေဘဲ၊ ၎င်းတို့ကိုသာ နာခံစေသည် (အပိုင်း ၁)”) အန္တီခရစ်တွေမှာ ဆိုးယုတ်ပြီး မလိုမုန်းထားတဲ့ သဘာဝရှိမှန်း ဘုရားထုတ်ဖော်ပြတဲ့အရာကနေ သိသာထင်ရှားပါတယ်။ “ဂူတစ်ဂူထဲ၌ ခြင်္သေ့နှစ်ကောင်မအောင်း” တို့၊ “ကောင်းကင်နှင့်မြေကြီးတစ်လျှောက်လုံးတွင် ငါသည်သာ ငါ၏အရှင်သခင်ဖြစ်၏” ဆိုတာတွေကို သူတို့က ယုံကြည်ကြတယ်။ သူတို့က လူတွေကြားက ရာထူးနဲ့ ဂုဏ်သတင်းကို ဘယ်အရာမဆိုထက် အရေးကြီးတယ်လို့ မြင်ကြတယ်။ သူတို့ကပဲ အရာရာကို ကြိုးကိုင်ချင်ပြီးတော့ ဘယ်သူမှ သူတို့ထက်သာသွားတာကို လက်မခံဘူး။ သူတို့ရဲ့ရာထူးကို ခြိမ်းခြောက်နိုင်တဲ့ ဘယ်သူ့ကိုမဆို ခွဲခြားပြီး ဖယ်ကြဉ်ဖို့ အတတ်နိုင်ဆုံးလုပ်ကြတယ်။ ပြီးတော့ သူများတွေရဲ့အားသာချက်နဲ့ အရည်အချင်းတွေကို ဖုံးကွယ်ဖို့လည်း အစွမ်းကုန်ကြိုးစားကြတယ်။ သူတို့အနားက လူတွေက ဘုရားအိမ်တော်ရဲ့အကျိုးစီးပွားတွေကို ကာကွယ်ဖို့ ဘယ်လောက်ပဲ လုပ်ဆောင်ပါစေ၊ သူတို့က အဲဒါကို ဖုံးကွယ်၊သေးသိမ်အောင်လုပ်ပြီးတော့ သူများတွေလုပ်ထားတာကိုတောင် အမှတ်ဝင်ယူတတ်ကြတယ်။ ဒီအရာအရ ကျွန်မ ကိုယ့်ကိုယ်ကိုယ် သုံးသပ်ခဲ့တယ်။ ကျွန်မရဲ့လုပ်ရပ်တွေက ဘုရားသခင် ဖော်ထုတ်လိုက်တဲ့ အန္တီခရစ်တွေလောက်မဆိုးပေမယ့်လည်း အန္တိခရစ်လိုပဲ အလားတူ စိတ်သဘောထားမျိုးကို ကျွန်မက ပြနေတာပါ။ အစ်မဝမ်ရဲ့ ကောင်းမွန်တဲ့ အစွမ်းအစ၊ ပြဿနာဖြေရှင်းနိုင်စွမ်းတွေနဲ့ သူ့ကို ညီအစ်ကိုမောင်နှမတွေက အထင်ကြီးလေးစားကြပုံကို တွေ့တော့ သူက ကျွန်မရဲ့ထင်ပေါ်ကျော်ကြားမှုကို ခိုးသွားတယ်လို့ ထင်ခဲ့တယ်၊ ဒါကြောင့် သူ့အပေါ် ကျွန်မ မကျေမချမ်းဖြစ်ခဲ့တယ်။ သူက ကျွန်မရဲ့လမ်းကိုပိတ်နေပြီးတော့ ကျွန်မရာထူးကို ခြိမ်းခြောက်နေတယ်လို့ အမြဲ ခံစားခဲ့ရတယ်။ ကျွန်မတို့အတူတူတွဲလုပ်ကြတော့ ကျွန်မရဲ့ အဆင့်အတန်းကို ဆုံးရှုံးရမှာကို စိုးရိမ်ပြီးတော့ သူ့ကို တွေ့ဆုံပွဲနေရာတချို့တွေမှာ ခေါ်မသွားခဲ့ဘူး။ ကျွန်မ သူ့ချို့ယွင်းချက်တွေကိုလည်း ခေါင်းဆောင်ရှေ့မှာပြောခဲ့ပြီးတော့ သူ့ရဲ့အားသာချက်နဲ့ အရည်အချင်းတွေကိုတော့ ဘာမှ မပြောခဲ့ဘူး။ ခေါင်းဆောင်တွေက သူ့ကိုတခြားနေရာမှာ တာဝန်ထမ်းဆောင်ဖို့ ရွှေ့ပြောင်းဖို့ကိုတောင် လိုလားခဲ့တယ်။ အဲဒါမှ ကျွန်မရဲ့ဒီမှာ တစ်ယောက်တည်းဆရာလုပ်ပြီး အရာရာကို ကိုယ့်ဘာသာ ဆုံးဖြတ်ချင်တဲ့ ရည်မှန်းချက်ဆိုးကို ဖြည့်ဆည်းနိုင်မှာလေ။ အဲဒီလို ဆိုးယုတ်ပြီးတော့ ယုတ်ညံ့တဲ့ နည်းလမ်းတွေကို အစ်မဝမ်ကို ဖယ်ရှားဖို့ သုံးခဲ့မိတယ်။ ဒါက အန္တီခရစ်တွေရဲ့ အာဏာရှင်စနစ်၊ အာဏာရူးတာတွေနဲ့ ဘာများကွာလို့လဲ။ ထုတ်ပယ်ခံခဲ့ရတဲ့၊ အမြဲတမ်း အဆင့်အတန်းနောက်ကိုလိုက်နေခဲ့တဲ့ အန္တီခရစ်တွေအကြောင်းကို စဉ်းစားမိတယ်။ လူတိုင်းအပေါ် အုပ်စိုးပြီးတော့ အာဏာတည်မြဲဖို့ဆိုတဲ့ သူတို့ရဲ့ရည်မှန်းချက်ကို စွမ်းဆောင်ရရှိဖို့၊ သူတို့ရာထူးကို ခြိမ်းခြောက်နိုင်တဲ့ ဘယ်သူ့ကိုမဆို သူတို့နံဘေးက ဆူးညှောင့်ခလုပ်လို့ မြင်ကြတယ်။ ဘုရားသခင်အိမ်တော်ရဲ့ အလုပ်အတွက် မစဉ်းစားဘဲ သူများတွေကို တိုက်ခိုက်ပြီး ဖယ်ကြဉ်ဖို့ ဘာအတွက်ကြောင့်မှ မရပ်ကြဘူး။ နောက်ဆုံးမှာတော့ သူတို့ဟာ မကောင်းမှုမျိုးစုံ ကျူးလွန်မိပြီးတော့ ထုတ်ပယ်ခံကြရတယ်။ ကိစ္စရပ်တွေကို ကျွန်မက အန္တီခရစ်တစ်ယောက်ရဲ့ စိတ်သဘောထားနဲ့ လုပ်ဆောင်နေခဲ့လို့ အန္တီခရစ်တစ်ယောက်ရဲ့ လမ်းကြောင်းပေါ်ရောက်နေတာပဲ မဟုတ်ဘူးလား။ ဒါကို သဘောပေါက်သွားတော့ ကျွန်မ ကြောက်မိတယ်။ ဘုရားသခင်ရဲ့ ထုတ်ဖော်မှုနဲ့ တရားစီရင်မှုသာ မရှိခဲ့ရင်၊ ကျွန်မကိုယ်ကျွန်မ ဘယ်တော့မှ သိမှာမဟုတ်ပါဘူး။ ဘုရားသခင်ကို ဆန့်ကျင်ဖို့ ကျွန်မ ဘယ်လောက်တောင် ထပ်လုပ်မိမလဲမသိဘူး။ “ဂူတစ်ဂူထဲ၌ ခြင်္သေ့နှစ်ကောင်မအောင်း” ဆိုတဲ့ ဆိုးယုတ်တဲ့ အဆိပ်တွေနဲ့ နေထိုင်ခဲ့မှန်း ကျွန်မတွေ့ခဲ့ရတယ်။ အဲဒါက စာတန်ရဲ့ ပုံရိပ်ဖြစ်ပြီးတော့ လူ့သဘာဝ လုံးဝမရှိပါဘူး။ ကျွန်မ မအီမသာဖြစ်ပြီးတော့ ကိုယ့်ကိုယ့်ကိုယ် ရွံသွားတယ်။ ဘုရားသခင်ရဲ့ ရှေ့မှောက်ကို သွားပြီးတော့ “ဘုရားသခင်၊ အခုတလောမှာ ဂုဏ်နဲ့ အဆင့်အတန်းကြောင့် ကျွန်မ ကြောင်းကျိုးမမြင်ဖြစ်ခဲ့ရပါတယ်။ အာဏာကို ဆက်ဆုပ်ကိုင်ထားဖို့ ကျွန်မရဲ့တွဲဘက် ညီအစ်မကို ဖယ်ရှားခဲ့တယ်။ ကျွန်မက အရမ်းပုန်ကန်တတ်တဲ့သူတစ်ယောက်ပါပဲ။ ဘုရားသခင်၊ ကျွန်မ နောင်တရပြီး အစ်မဝမ်နဲ့ အတူတူ တာဝန်ကို ညီညီညွတ်ညွတ် ထမ်းဆောင်ချင်ပါတယ်” လို့ဆုတောင်းခဲ့တယ်။

နောက်ကျတော့ ဒီဘုရားသခင်ရဲ့နှုတ်ကပတ်တော် စာပိုဒ်ကို တွေ့ခဲ့တယ်။ “သဟဇာတဖြစ်သော ပူးပေါင်းဆောင်ရွက်ခြင်းတွင် အခြားသူများကို ဆုံးဖြတ်ခွင့်ပေးခြင်းနှင့် အခြား အကြံပြုချက်ပေးခွင့်ပြုခြင်းတို့ လိုအပ်သည်၊ ပြီးလျှင် ယင်းမှာ အခြားသူများ၏ အကူအညီနှင့် အကြံဉာဏ်များကို လက်ခံဖို့ နည်းလမ်းကို သင်ယူခြင်းကို ဆိုလိုသည်။ တစ်ခါတစ်ရံတွင် လူတို့သည် မည်သည့်အရာမျှ မပြောကြပေ၊ သင့်အနေဖြင့် ၎င်းတို့၏ထင်မြင်ယူဆချက်ကို စေ့ဆော်သင့်သည်။ သင်သည် မည်သည့်ပြဿနာကို ကြုံရပါစေ၊ သမ္မာတရား၏ အခြေခံသဘောတရားများကို ရှာဖွေသင့်ပြီး အများသဘောတူညီချက်ရဖို့ ကြိုးစားသင့်သည်။ ဤနည်းလမ်းဖြင့် အမှုကိစ္စများကို လုပ်ဆောင်ခြင်းက သဟဇာတဖြစ်သော ပူးပေါင်းဆောင်ရွက်ခြင်းကို ရရှိလိမ့်မည်။ ခေါင်းဆောင်တစ်ဦး၊ သို့မဟုတ် အမှုတော်ဆောင်တစ်ဦး အနေဖြင့် သင့်ရာထူး၏ အကျိုးအမြတ်များကို အစဉ် ငမ်းငမ်းတက်ဖြစ်ရင်း၊ အမြဲ သင့်ကိုယ်ပိုင် အစီအစဉ်များ ပြုလုပ်လျက်၊ ကိုယ်ပိုင်လုပ်ငန်းကို စီမံကာ အောင်မြင်မှုနှင့် ရာထူးတိုးခြင်းတို့အတွက် အစဉ်ကြိုးစားရင်း၊ သင့်ကိုယ်သင် အခြားသူများ၏ အထက်တွင် ရှိသည်ဟု အစဉ်တွေးထင်ကာ အစိုးရအရာရှိကဲ့သို့ တာဝန်တွင် ပျော်ပါးမြူးထူးနေလျှင်၊ ဤသည်မှာ ပြဿနာဖြစ်ပေသည်။ ဤနည်းအားဖြင့် အစိုးရအရာရှိတစ်ဦးကဲ့သို့ ပြုမူခြင်းသည် အလွန်အမင်း အန္တရာယ်ရှိပေသည်။ ဤသည်မှာ သင်အစဉ် ပြုမူသည့်ပုံစံဖြစ်ပြီး အခြား မည်သူတစ်စုံတစ်ဦးနှင့်မျှ ပူးပေါင်းလိုခြင်းမရှိပါက၊ အခြားသူများကို သင်၏ ဩဇာအာဏာ ခွဲဝေပေးလိုခြင်းမရှိပါက၊ အခြားသူများကို သင့်ထက်ပို၍ အစွမ်းမပြစေလိုပါက၊ သင့်အား အခြားသူများက ကြည်ညိုလေးစားနေသည်ကို မစွန့်လွှတ်လိုပါက— အရာများကို သင်တစ်ဦးတည်းသာ ရလိုပါက သင်သည် အန္တိခရစ်တစ်ဦးဖြစ်သည်။ သို့ရာတွင် သင်သည် သမ္မာတရားကို မကြာခဏ ရှာဖွေလျှင်၊ ဇာတိပကတိ၊ သင်၏ကိုယ်ပိုင် ကြံရွယ်ချက်များနှင့် ဒီဇိုင်းများကို ကျောခိုင်းလျှင်၊ ပြီးလျှင် သင်သည် အခြားသူများနှင့် တိုင်ပင်ဖို့နှင့် ၎င်းတို့၏အကြံပြုချက်ကို ရယူဖို့ သင့်စိတ်နှလုံးကို မကြာခဏ ဖွင့်ပေးလျက် အခြားသူများနှင့် ပူးပေါင်းခြင်းကို အစပြုလုပ်ဆောင်နိုင်ပါက၊ ပြီးလျှင် သင်သည် အခြားသူများ၏ အကြံပေးချက်များကို သဘောတူလက်ခံနိုင်ပြီး ၎င်းတို့၏ အတွေးအခေါ်များနှင့် စကားများကို အသေအချာ နားထောင်နိုင်ပါက သင်သည် မှန်ကန်သော လမ်းကြောင်း၊ မှန်ကန်သော ဦးတည်ချက်၌ သွားနေသည်။(အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “၎င်းတို့သည် အခြားသူများအား သမ္မာတရား သို့မဟုတ် ဘုရာသခင်ကို မနာခံစေဘဲ၊ ၎င်းတို့ကိုသာ နာခံစေသည် (အပိုင်း ၁)”) ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေက လက်တွေ့လုပ်ဆောင်ရမယ့်လမ်းကြောင်းကို အရှင်းကြီးကို ဖော်ပြလိုက်တာပဲ။ သူများတွေနဲ့ ညီညီညွတ်ညွတ် ပူးပေါင်းလုပ်ဆောင်ခြင်းရဲ့ အရေးကြီးဆုံး အချက်ကတော့ ကိုယ်ကိုယ့်ကိုယ် ဘေးချိတ်ပြီးတော့ သူများတွေရဲ့အားသာချက်တွေကနေ သင်ယူဖို့၊ သူများရဲ့ အမြင်ကို ဂရုတစိုက် နားထောင်ပြီးတော့ နားမလည်တာ တစ်ခုခုရှိတဲ့အခါ အကူအညီတောင်းဖို့ပါပဲ။ ကျွန်မမှာ တကယ်တော့ ထူးခြားတဲ့ စွမ်းဆောင်ရည် မရှိခဲ့သလို၊ အထူးသဖြင့် ကျွန်မမှာ သမ္မာတရားစစ်မှန်မှု ဘာမှမရှိခဲ့မှန်း သဘောပေါက်ခဲ့တယ်။ ကျွန်မကိုကျွန်မ လေ့ကျင့်ဖို့ အခွင့်အရေးအနေနဲ့ ဘုရားသခင်က ဒီတာဝန်ကို လုပ်ဖို့ ကျွန်မကို မြှင့်တင်ပေးခဲ့တယ်၊ သမ္မာတရားကိုရရှိပြီးတော့ ဘဝမှာ ကြီးထွားခွင့်ပေးခဲ့တယ်။ ဒါပေမဲ့ ကျွန်မက နည်းနည်းလေး ပြီးမြောက်အောင်မြင်တာနဲ့ အမြင့်မှာနေချင်တယ်၊ ခေါင်းဆောင်ရာထူးကို ယူချင်ခဲ့တယ်။ အဲဒီရာထူးကို လက်ဝါးကြီးအုပ်ထားချင်တယ်၊ အာဏာအကုန်လုံးကို ဆုပ်ကိုင်ထားပြီး၊ တစ်ယောက်တည်း ထိန်းချုပ်ချင်တယ်။ ကျွန်မဟာ အရမ်းကို မလျော်မကန် ဖြစ်ခဲ့တာပါ။ ဒါကိုသဘောပေါက်သွားတော့၊ ကျွန်မမှာ နောင်တနဲ့ ကိုယ့်ကိုယ့်ကိုယ်မုန်းတီးမှုတွေနဲ့ ပြည့်သွားတယ်။ ကျွန်မက အမြန်ပဲ အစ်မဝမ်ကို တွေ့ဆုံပွဲအသစ်နေရာတွေကို စခေါ်သွားခဲ့ပြီးတော့ သူအမြန်ဆုံးအဆင်ပြေအောင်လို့ အသေးစိတ်ကိုလည်း ရှင်းပြခဲ့တယ်။ အစ်မဝမ်က တာဝန်သိစိတ်ရှိပြီး သူ့တာဝန်မှာ အာရုံစိုက်တယ်။ ပြီးတော့ သမ္မာတရား အခြေခံသဘောတရားတွေ ရှာဖွေတာကို အာရုံစိုက်တယ်။ အဲဒါက ကျွန်မရာထူးကို ခြိမ်းခြောက်နေတာလို့ မမြင်တော့ဘူး။ အဲဒီအစား ကျွန်မကို ကူညီဖို့ အဲဒီလိုလုပ်ဖော်ကိုင်ဘက်ကို စီစဉ်ပေးတဲ့အတွက် ဘုရားသခင်ကို ကျေးဇူးတင်ခဲ့တယ်။ အဲဒီအချိန်ကစပြီးတော့၊ ကျွန်မ မဖြေနိုင်တဲ့ မေးခွန်းမျိုးနဲ့ ကြုံတဲ့အခါတိုင်း၊ မိတ်သဟာယအတွက် အစ်မဝမ်ကို ကျွန်မ ရှာတယ်၊ ညီအစ်ကိုမောင်နှမတွေမှာ ကျွန်မ မဖြေရှင်းပေးနိုင်တဲ့ ပြဿနာမျိုးရှိနေတဲ့အခါ၊ သူတို့ကို အစ်မဝမ်ကို မေးခိုင်းခဲ့တယ်။ ဒါကို လက်တွေ့လုပ်ဆောင်က လွတ်မြောက်မှုရဲ့ အရသာကို ကျွန်မခံစားခဲ့ရပြီး၊ အသင်းတော်ရဲ့အလုပ်လည်း ချောချောမွေ့မွေ့နဲ့ တိုးတက်နိုင်ခဲ့တယ်။ ဒါတွေအားလုံးကို တွေ့လိုက်ရတော့၊ တကယ်လို့ အစ်မဝမ်သာ ကျွန်မဖြစ်စေချင်ခဲ့သလို အဝေးပို့ခံလိုက်ရရင် ဒီအလုပ်ကို ကျွန်မတစ်ယောက်တည်း ကိုင်တွယ်နိုင်မှာမဟုတ်ဘူးလို့ တွေးမိခဲ့တယ်။ အသင်းတော်ရဲ့အလုပ်လည်း သေချာပေါက် ထိခိုက်ပြီး နှောင့်နှေးသွားမှာပါ။ အဲဒါက တကယ့်မကောင်းမှုကျူးလွန်မိသလိုပဲနေမှာ။ အဲဒါကိုတွေးမိလေလေ၊ ဘုရားသခင် ကျွန်မကို စီစဉ်ပေးခဲ့တဲ့ လုပ်ဖော်ကိုင်ဘက်က ဘယ်လောက်ကောင်းလဲဆိုတာကို ခံစားမိလေလေပဲ။ ဘုရားသခင်ကို ကျွန်မ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်မိပါတယ်။

လနည်းနည်းကြာတော့ ကျွန်မတို့အသင်းတော်က အစ်မလင်းက အစွမ်းအစကောင်းရှိပြီး သမ္မာတရားကို နားလည်တာကို တွေ့ရတယ်။ ပြီးတော့ သူက ကျွန်မထက်လည်း ရင့်ကျက်တယ်။ အခြေခံသဘောတရားအရ၊ သူက ကျွန်မထက် ပိုပြီးတော့ အသင်းတော်ခေါင်းဆောင်ဖြစ်ဖို့ သင့်တော်တယ်။ ကျွန်မ သူ့ကို ထောက်ခံပေးချင်ခဲ့တယ်။ နောက်တော့၊ သူသာ အသင်းတော်ခေါင်းဆောင်ဖြစ်လာရင် ကျွန်မရဲ့ ရာထူး အန္တရာယ်ရှိမယ်လို့ ကျွန်မတွေးမိတယ်။ အဲဒီအချိန်မှာပဲ ဒီဘုရားသခင်ရဲ့နှုတ်ကပတ်တော် စာပိုဒ်ကို တွေးမိခဲ့ပါတယ်။ “သင်သည် အခြားသူတို့ကို ထောက်ခံဖို့ နှင့် သူတို့ကို ထင်ပေါ်ခွင့်ပေးဖို့ရန် ဤအရာများကို လက်လွှတ်ဖို့နှင့် ဘေးဖယ်ထားဖို့ သင်ယူရမည်။ ထင်ပေါ်ဖို့ သို့မဟုတ် ဂုဏ်အသရေကို ရရှိရန် အခွင့်အရေးတစ်ခုကို သင် ကြုံရသည့်အခိုက်တွင် အခွင့်အရေးယူဖို့ မကြိုပမ်းနှင့်၊ သို့မဟုတ် လောမကြီးနှင့်။ စွန့်လွှတ်ဖို့ရန် သင် သင်ယူရမည်၊ သို့သော် သင်၏ တာဝန်ကို ဆောင်ရွက်ခြင်းအား နှောင့်နှေးရမည်မဟုတ်။ တိတ်တဆိတ် မထင်ပေါ်ခြင်းဖြင့် အလုပ်လုပ်ပြီး သင်၏ တာဝန်ကို သစ္စာစောင့်သိစွာ ဆောင်ရွက်စဉ် အခြားသူများကို မကြွားဝါသော လူတစ်ဦး ဖြစ်လော့။ သင်၏ သိက္ခာနှင့် အဆင့်အတန်းတို့ကို သင် လက်လွှတ်လေလေ၊ ပြီးလျှင် သင်၏ ကိုယ်ပိုင် အကျိုးစီးပွားများကို သင် လက်လွှတ်လေလေ၊ ပိုငြိမ်းချမ်းမှုရှိလေလေ ဖြစ်လာလိမ့်မည်ဖြစ်ပြီး သင်၏ စိတ်နှလုံးအတွင်း၌ နေရာပိုပွင့်လာလေလေဖြစ်ကာ သင်၏အခြေအနေ ပိုတိုးတက်လာလေလေ ဖြစ်လိမ့်မည်။ သင် ပိုမိုကြိုးပမ်းပြီး ယှဉ်ပြိုင်လေလေ၊ သင်၏ အခြေအနေက ပိုမိုမှောင်မိုက်လေလေ ဖြစ်လိမ့်မည်။ သင်မယုံလျှင် စမ်းကြည့်လော့။(နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သင်၏စစ်မှန်သော စိတ်နှလုံးကို ဘုရားသခင်ထံ ပေးပြီး သမ္မာတရားကို သင် ရရှိနိုင်သည်”) ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေက ကျွန်မကို လက်တွေ့လုပ်ဆောင်ရမယ့်လမ်းကြောင်းကို ပေးခဲ့တယ်။ အသင်းတော်ရဲ့ အလုပ်ကို အရင်ဆုံးစဉ်းစားပြီး ကျွန်မရဲ့ တစ်ကိုယ်ကောင်းဆန်တဲ့ ဆန္ဒတွေကို တွေးနေလို့မရတော့ဘူး။ အစ်မလင်းက ကျွန်မထက် အသင်းတော်ခေါင်းဆောင်ဖြစ်ဖို့ ပိုသင့်တော်တယ်။ ဒီတော့ ကျွန်မသူ့ကိုထောက်ခံပေးသင့်တယ်။ ဒါက ဘုရားသခင်ရဲ့အလိုတော်ဖြစ်ပြီးတော့ တစ်ခုတည်းသော မှန်ကန်တဲ့ လုပ်ရမယ့်ဟာပဲ။ ဒါကြောင့် ကျွန်မသူ့ကိုထောက်ခံပေးခဲ့ပါတယ်။ သူအသင်းတော်ခေါင်းဆောင်ဖြစ်လာပြီးတော့ ကျွန်မသိသမျှကို ဘာမှမချန်မထားဘဲ သူ့ကို ပြောပြခဲ့ပါတယ်။ ပြီးတော့ ကျွန်မတတ်နိုင်သလောက် သူ့အလုပ်မှာ အကြံတွေ ပေးရင်းနဲ့ ပံ့ပိုးပြီး ပူးပေါင်းလုပ်ဆောင်ခဲ့တယ်။ အစ်မလင်းနဲ့ အစ်မဝမ်တို့ သူတို့တာဝန်တွေကို ဝန်တာထားလုပ်ဆောင်ပြီး ရလဒ်တွေရတာ၊ အားလုံးရဲ့လက်ခံမှုရနေတာတွေကိုမြင်ရတော့ ကျွန်မမျက်ရည်ဝဲမိပါတယ်။ ဒါပေမဲ့ ဒီတစ်ခေါက်ကတော့ ကျွန်မအဆင့်အတန်းကို ဆုံးရှုံးရမလို ခံစားရလို့မဟုတ်ပါဘူး။ ဘုရားအိမ်တော်ရဲ့ အလုပကို ထိန်းသိမ်းဖို့ လူတိုင်းက အတူတူ ပူးပေါင်းလုပ်ဆောင်နေတာကို မြင်ရလို့ပါ။ ကျွန်မမပြောပြတတ်အောင်ကို တို့ထိခံခဲ့ရတယ်။ ဒါတွေ အားလုံးကနေတစ်ဆင့်၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်တာနဲ့ ကိုယ့်တာဝန်ကို ကောင်းကောင်း ထမ်းဆောင်ဖို့ သူများတွေနဲ့ ညီညီညွတ်ညွတ် ပူးပေါင်းလုပ်ဆောင်တာက ဘယ်လောက် အရေးပါလဲဆိုတာကို ကျွန်မတကယ် ကြုံတွေ့ခဲ့ရတယ်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ပြဿနာတစ်ခုကို တိုင်ကြားခြင်းအပေါ် စိုးရိမ်ပူပန်ခြင်း

၂၀၂၁ စက်တင်ဘာမှာ ကျွန်တော်က အသင်းတော်မှာ ဧဝံဂေလိမျှဝေတယ်။ အချိန်နည်းနည်းကြာတော့ ဧဝံဂေလိအလုပ် ကြီးကြပ်ရေးမှူးက သူ့တာဝန်မှာ ဘာမှ...

သူ့ထက်ငါ အနိုင်လုသောလောကကို နှုတ်ဆက်ခြင်း

ရှီးဖန် တောင်ကိုရီးယားနိုင်ငံ လွန်ခဲ့တဲ့ နှစ်နှစ်က လူသစ်တွေကို ရေလောင်းပေးတဲ့ တာဝန် ကျွန်မ ယူခဲ့တယ်။ အဲဒါ ဘုရားဆီက ဂုဏ်ပြုခြင်းတစ်ခုလို့...

အခြားသူများကို သက်ညှာခြင်း နောက်ကွယ်တွင် တည်ရှိသည့်အရာ

ဖိန်းကန်း ကိုးရီးယားနိုင်ငံ ပြီးခဲ့တဲ့ လအနည်းငယ်တုန်းက၊ ခေါင်းဆောင်က အစ်ကိုကော်နာနဲ့ ကျွန်တော့်ကို ရေလောင်းတဲ့အလုပ် ကြီးကြပ်ဖို့...

ကောင်းချီးများကို လိုက်စားခြင်းသည် ဘုရားအလိုတော်နှင့် ညီပါသလား

ခဲ့လော့ဒ် အင်္ဂလန်နိုင်ငံ ၂၀၁၈ ခုနှစ်မှာ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသော ကာလအမှုတော်ကို လက်ခံဖို့ ကျွန်တော် အခွင့်ကောင်းရခဲ့တယ်။...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။