အတိတ်မေ့ခဲ့တဲ့ နေ့ရက်များ

06.06.2026

ချန်ကျင်း၊ တရုတ်နိုင်ငံ

၂၀၀၃ ခုနှစ်၊ မေလ ၁ ရက်နေ့ ညနေ ၅ နာရီကျော်အချိန်ပေါ့။ စုဝေးပွဲအပြီး အိမ်ပြန်လျှောက်လာတုန်း အများသုံးဖုန်းဘေးမှာ ရပ်နေတဲ့ ညီအစ်မ လီနန်ကို ကျွန်မ မြင်လိုက်တယ်။ သူက ကျွန်မကို လက်ပြပြီး လက်ယပ်ခေါ်တယ်။ ကျွန်မကို တစ်ခုခုပြောချင်နေတဲ့ပုံနဲ့ သူက စိုးရိမ်တကြီးဖြစ်နေတော့ ကျွန်မလဲ ခပ်သုတ်သုတ် သွားလိုက်တယ်။ တခြားညီအစ်မတစ်ယောက်ကို ပေဂျာ (pager) လှမ်းခေါ်ထားပေမဲ့ အဲဒီညီအစ်မက ပြန်မဆက်သွယ်ဘူးဆိုပြီး သူက တိုးတိုးလေး ကပ်ပြောတယ်။ ကျွန်မတို့ စကားပြောနေတုန်း အများသုံးဖုန်းက မြည်လာတယ်။ အဲဒီညီအစ်မ ပြန်ခေါ်တာပဲဖြစ်မယ်ထင်ပြီး ဖုန်းကို ကျွန်မ ကိုင်လိုက်တယ်။ အံ့သြစရာကောင်းတာက ယောက်ျားတစ်ယောက်ရဲ့ အသံဖြစ်နေတယ်။ တစ်ခုခုတော့ မှားနေပြီလို့ သိလိုက်တာနဲ့ ဖုန်းကို မြန်မြန်ချလိုက်တယ်။ လီနန်နဲ့ ကျွန်မ စကားတောင် သိပ်မပြောရသေးဘူး၊ ကျွန်မတို့ရပ်နေတဲ့ နေရာနဲ့ မဝေးတဲ့နေရာမှာ အစိမ်းရောင် ဂျစ်ကားတစ်စီး ဘရိတ်အသံ ကျယ်ကျယ်နဲ့ ထိုးရပ်သွားတာကို မြင်လိုက်ရတယ်။ အရပ်ဝတ် ရဲလေးငါးယောက်လောက် ခုန်ဆင်းလာပြီး ကျွန်မတို့ဆီ တန်းတန်းမတ်မတ် ပြေးလာကြတယ်။ ပြေးလာရင်းနဲ့ “ဒီမှာဟေ့။ မြန်မြန်။ သူတို့ပဲ။ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်သူတွေ” လို့ အော်ပြောကြတယ်။ ရုတ်တရက် အဖမ်းခံရတာကို ရင်ဆိုင်လိုက်ရတော့ ရင်ထဲမှာ ထိတ်ခနဲဖြစ်သွားပြီး “အို ဘုရားသခင်၊ သမီးရဲ့ စိတ်နှလုံးကို စောင့်ရှောက်ပေးတော်မူပါ။ သမီးကို ယုဒ တစ်ယောက် မဖြစ်စေပါနဲ့” လို့ ဘုရားသခင်ဆီ တိတ်တဆိတ် ဆက်တိုက် ဆုတောင်းနေမိတယ်။ ဆုတောင်းပြီးတော့ ကျွန်မဆီမှာ ပေဂျာ (pager) နဲ့ အိုင်စီကတ် (IC card) ရှိနေသေးတာကို သတိရသွားလို့ သူတို့ မမြင်တဲ့အချိန်မှာ ဘေးက ရေမြောင်းထဲကို ချလိုက်တယ်။ ပြီးတော့ စုဝေးပွဲက မှတ်တမ်းတွေ ပါလာတာကို သတိထားမိလို့ အမြန်ဆွဲထုတ်၊ ဆုတ်ဖြဲပြီး မြေကြီးပေါ် ပစ်ချလိုက်တယ်။ ရဲတစ်ယောက်က မြင်သွားပြီး “ဟိုမိန်းမ ဘာတွေ ဆုတ်ဖြဲနေတာလဲ” လို့ အော်ပါလေရော။ နောက်ရဲတစ်ယောက်က ဆုတ်ဖြဲထားတဲ့ စာရွက်စတွေကို ဒေါသတကြီး ဆွဲယူလိုက်ပြီး ကျွန်မနဲ့ လီနန်ကို သူတို့ ဂျစ်ကားဆီ တွန်းပို့တယ်။ တစ်ချိန်လုံးလဲ ဆဲရေးတိုင်းထွာနေတာပဲ။

ရဲစခန်းရောက်တော့ ကျွန်မတို့ကို သီးခြားစီ စစ်ကြောရေးလုပ်တယ်။ အခန်းထဲ ဝင်သွားတော့ စားပွဲနောက်မှာ ရပ်နေတဲ့ ရဲသုံးယောက်ကို တွေ့လိုက်ရတယ်။ သူတို့က ကျွန်မကို ရန်သူတစ်ယောက်လို ကြည့်ပြီး အသံထွက်တဲ့အထိ သွားကြိတ်နေကြတယ်။ ကျွန်မ နည်းနည်း စိုးရိမ်သွားပြီး “အို ဘုရားသခင်၊ သမီးကို ယုဒ တစ်ယောက် မဖြစ်စေဖို့ စောင့်ရှောက်ပေးတော်မူပါ။ သူတို့ ဘယ်လိုပဲ စစ်မေးပါစေ၊ ညီအစ်ကို မောင်နှမတွေကို သမီး လုံးဝ သစ္စာဖောက်လို့ မဖြစ်ဘူး” လို့ ဘုရားသခင်ဆီ ဆက်တိုက် ဆုတောင်းနေခဲ့တယ်။ ဆုတောင်းပြီးနောက်မှာတော့ ကျွန်မရဲ့ စိတ်နှလုံး ဖြည်းဖြည်းချင်း တည်ငြိမ်လာတယ်။ ရဲတစ်ယောက်က “မင်းနာမည် ဘယ်သူလဲ။ ဘယ်မှာနေလဲ။ အသက်ဘယ်လောက်ရှိပြီလဲ။ ဘုရားကို ယုံကြည်တာ ဘယ်လောက်ကြာပြီလဲ။ မင်းတို့ရဲ့ ခေါင်းဆောင်တွေက ဘယ်သူတွေလဲ။ အသင်းတော်မှာ လူဘယ်နှယောက်ရှိလဲ...” လို့ ဟောက်ပြီး စမေးတော့တယ်။ ကျွန်မရဲ့ နာမည်ရင်းနဲ့ အိမ်လိပ်စာကိုပဲ ပြောလိုက်ပြီး အသင်းတော်အကြောင်း ဘာမှ မပြောခဲ့ဘူး။ ရဲတစ်ယောက်က စားပွဲကို ဒေါသတကြီး ထုပြီး “ပြောစမ်း။ မဟုတ်ရင် နင့်ကို ပညာပေးရလိမ့်မယ်” လို့ ပြောတယ်။ ကျွန်မ ဘာမှမပြောတော့ သူတို့သုံးယောက်က အလှည့်ကျနဲ့ နာရီပေါင်းများစွာ ဆက်တိုက် စစ်မေးကြတယ်။ ကျွန်မ ကိုယ့်ဘာသာ တွေးမိတယ်။ “ငါ တစ်ခုခု မပြောမချင်း သူတို့ လွှတ်ပေးမဲ့ပုံ မပေါ်ဘူး။ နှင်ထုတ်ခံရတဲ့ လူတစ်ယောက်ရဲ့ နာမည်ကို ပေးလိုက်ရင် ကောင်းမလား။ အဲဒီလူက အသင်းတော်ကမှ မဟုတ်တော့တာ” ပေါ့။ ဒါပေမဲ့ အဲဒီအချိန်မှာ ဘုရားနှုတ်ကပတ်တော်တွေ ကျွန်မ စိတ်ထဲ ပေါ်လာတယ်။ “ငါ၏ သနားကရုဏာသည် အကန့်အသတ်ရှိသည့်အတွက် ဆင်းရဲဒုက္ခကြီးစွာ ခံစားရချိန်များတွင် ငါ့အပေါ် စိုးစဉ်းမျှ သစ္စာစောင့်သိမှု မပြသခဲ့သူများအား ငါသည် နောက်ထပ် သနားကြင်နာတော့မည် မဟုတ်ချေ။ ထို့ပြင် တစ်ချိန်က ငါ့ကို သစ္စာဖောက်ခဲ့သူ မည်သူ့ကိုမျှ ငါနှစ်သက်ခြင်းမရှိ၊ ၎င်းတို့၏မိတ်ဆွေများ၏ အကျိုးအပေါ် သစ္စာဖောက်သူများနှင့် ငါသည် သာ၍ပင် ပတ်သက်ဆက်နွှယ်လိုခြင်း မရှိ။ ထိုသူသည် မည်သူပင်ဖြစ်စေ ဤသည်မှာ ငါ၏စိတ်သဘောထား ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်၏ ပန်းတိုင်အတွက် လုံလောက်သော ကောင်းမှုများကို ပြင်ဆင်လော့) ဘုရားသခင်ရဲ့ စိတ်သဘောထားက ပုန်ကန်ပြစ်မှားလို့ မရနိုင်ဘူး။ ဘုရားသခင်က သူ့ကို သစ္စာဖောက်တဲ့သူတွေကို အမုန်းဆုံးပဲ။ အသင်းတော်ကို သစ္စာဖောက်အောင် ရဲတွေက ကျွန်မကို ဆက်တိုက် စစ်မေးနေတာ။ ကျွန်မ တစ်ခုခု ပြောလိုက်ရင် သေချာပေါက် နောက်ထပ် အချက်အလက်တွေ ရဖို့ ဆက်ပြီး ဖိအားပေးကြမှာပဲ။ ဘုရားသခင်ကို သစ္စာဖောက်မဲ့ အလုပ်မျိုး ကျွန်မ လုံးဝ လုပ်လို့မဖြစ်ဘူး။ ဒါကို တွေးမိပြီး သူတို့ကို ဘာမှ မပြောတော့ဘူး။ ကျွန်မ မပြောသေးတာကို မြင်တော့ ကာမရာဂစိတ်နဲ့ ပြုံးဖြဲဖြဲလုပ်နေတဲ့ လူလတ်ပိုင်း ရဲတစ်ယောက်က ကျွန်မဆီ လာပြီး မေးစေ့ကို လက်နဲ့ ကိုင်တယ်။ သူက “မင်းကို ငါ အနမ်းတစ်ခု ပေးလိုက်ရင် ပြောလာမလား။ ဒါမှမဟုတ် ငါတို့ အတူတူ ညအိပ်ကြရင်ကော ဘယ်လိုလဲ” လို့ ပြောတယ်။ သူတို့ ဘယ်လောက်တောင် ကောက်ကျစ်ဆိုးယုတ်သလဲဆိုတာကို ကျွန်မ အရမ်းကို ရွံရှာသွားပြီး “ရှင်က ရဲအရာရှိတစ်ယောက်လေ။ ဘယ်လိုလုပ် အဲဒီလို ပြောထွက်ရတာလဲ။ အဲဒါ လူမိုက်တွေ ပြောတဲ့ စကားပဲ” လို့ တကယ်ကို ဒေါသတကြီးနဲ့ ပြောလိုက်တယ်။ အဲဒီအခါ နောက်တစ်ယောက်က လျှောက်လာပြီး လည်ပင်းကို ဆန့်ထုတ်၊ မောဟိုက်နေတဲ့အသံနဲ့ “မင်း ပြောမှာလား၊ မပြောဘူးလား။ မပြောရင်တော့ မင်းကို သေတဲ့အထိ ရိုက်ပစ်မယ်။ ငါတို့ရဲ့ နံပါတ်တုတ်တွေရဲ့ အရသာကို ပေးမြည်းရလိမ့်မယ်” လို့ အော်တယ်။ ပြီးတော့ သူ့နံပါတ်တုတ်ကို သွားယူတယ်။ အဲဒီတော့ ကျွန်မ ကြောက်လာပြီး ကျွန်မကို သတ္တိနဲ့ ယုံကြည်ခြင်းတွေပေးဖို့၊ ယုဒ တစ်ယောက် မဖြစ်သွားစေဖို့ စိတ်ထဲကနေ ဘုရားသခင်ကို အမြန် ဆုတောင်းလိုက်တယ်။ ရဲတစ်ယောက်က ကျွန်မကို စူးစူးရဲရဲ ကြည့်ပြီး တန်းတန်းမတ်မတ် ပြေးလာတယ်။ ကျွန်မ အလိုအလျောက် ရင်ဘတ်ကို လက်နှစ်ဖက်နဲ့ ကာလိုက်ပေမဲ့ သူက ကျွန်မကို ယိုင်သွားတဲ့အထိ ရက်ရက်စက်စက်ကို ထိုးကြိတ်လိုက်တယ်။ သူက “အဲဒါ မပြောလို့ ခံရတာပဲ။ မာတဲ့ပုံစံလုပ်နေတုန်းပဲလား။ ငါ ဘာလုပ်နိုင်လဲဆိုတာ အခု ကြည့်ထား” လို့ ဒေါသတကြီး ပြောတယ်။ နံပါတ်တုတ်ကို ကိုင်ထားတဲ့ နောက်ရဲတစ်ယောက်က “ထုတ်မပြောတဲ့အတွက် မင်းကို ပညာပေးရမယ်။ ဒီအရသာကို ကြိုက်လား ကြည့်စမ်း” လို့ အော်တယ်။ အဲဒီလို ပြောပြောဆိုဆိုနဲ့ သူ့နံပါတ်တုတ်ကို မြှောက်ပြီး ကျွန်မဆီကို အကြမ်းပတမ်း ရိုက်ချလိုက်တယ်။ ကျွန်မ ညာဘက်ကို အလိုအလျောက် လှည့်ရှောင်လိုက်တော့ သူ့နံပါတ်တုတ်က ကျွန်မ ခေါင်းဘယ်ဘက်ခြမ်းကို ပြင်းပြင်းထန်ထန် ရိုက်မိသွားတယ်။ သူရိုက်လိုက်ပြီးတဲ့နောက် ကျွန်မခေါင်းထဲမှာ အူဝေသွားပြီး ကြမ်းပြင်ပေါ် လဲကျပြီး သတိလစ်သွားတယ်။ သတိလစ်သွားတာ ဘယ်လောက်ကြာသွားလဲ မသိဘဲနဲ့ သတိပြန်ရလာတယ်။ ကျွန်မ ခေါင်းထဲမှာ လုံးဝကို ဗလာဖြစ်နေပြီး ဘာကိုမှ မမှတ်မိဘူး။ “ငါ ဒီကို ဘယ်လိုရောက်နေတာလဲ” လို့ တွေးမိတယ်။ ခေါင်းက ထုံကျင်နေပြီး အုံခဲပြီးတော့လဲ နာနေတယ်။ ကြမ်းပြင်ပေါ်မှာ လှဲနေရပြီး လှုပ်လို့မရဘူး။ ကျွန်မ ခံစားလို့ရတာဆိုလို့ ညာဘက်လက်က ပျော့ခွေနေတာပဲ။ ခန္ဓာကိုယ် ညာဘက်ခြမ်းကို ဘာမှမခံစားရဘဲ ထိန်းချုပ်လို့လဲ မရဘူး။ ခန္ဓာကိုယ် တစ်ခြမ်း သေသွားသလိုပဲ။ အတော်ကြာမှ ဘုရားသခင်ကို ယုံကြည်လို့ ဖမ်းခံရတာကို ပြန်မှတ်မိသွားတယ်။ ကျွန်မ အခြေအနေကို မြင်တော့ ရဲတွေက ကျွန်မကို စစ်မေးတာ ရပ်လိုက်တယ်။ သူတို့က ကျွန်မကို မပြီး အချုပ်ထောင်ကို ခေါ်သွားပြီး ကြမ်းပြင်ပေါ် ပစ်ချလိုက်ကြတယ်။

အချုပ်ထောင်ကို ရောက်ရောက်ချင်း ညီအစ်မ တချို့က ကျွန်မနား ဝိုင်းလာကြတယ်။ ကျွန်မ ဒီလို အရိုက်ခံထားရတာကို မြင်တော့ သူတို့က ဒေါသတကြီးနဲ့ “သူတို့ ဘယ်လိုလုပ် ဒီလောက် ရက်စက်ကြမ်းကြုတ်နိုင်ရတာလဲ။ အကောင်းပကတိဖြစ်နေတဲ့ လူတစ်ယောက်ကို ဒီလိုဖြစ်သွားအောင် ဘယ်လိုလုပ် ရိုက်ရက်ရတာလဲ။ သူတို့မှာ လူ့သဘာဝ လုံးဝကို မရှိဘူး။ တကယ့် နတ်ဆိုးတစ်သိုက်ပဲ” လို့ ပြောကြတယ်။ ညီအစ်မတွေက ကျွန်မရဲ့ လက်တွေ၊ ခြေထောက်တွေကို ပွတ်နယ်ပေးပြီး နှစ်သိမ့်ပေးကြတယ်။ ကျွန်မ အရမ်းခံစားရပြီး ငိုမိတယ်။ ဒါဟာ ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာမှန်း ကျွန်မ သိလိုက်ရလို့ ကျွန်မ စိတ်နှလုံးက နွေးထွေးသွားတယ်။ ကျွန်မနဲ့အတူ အချုပ်ကျနေတဲ့ ညီအစ်မ ရှစ်ယောက်ရှိတယ်။ ရှင်းမင်လဲ အဲဒီအထဲက တစ်ယောက်ပဲ။ ကျွန်မတို့ နှစ်ယောက်က အခန်းတစ်ခုတည်းမှာ။ အချုပ်ထောင်ကို စရောက်တုန်းက ကျွန်မ ခေါင်းနည်းနည်း ကြည်သေးတယ်။ စကားပြောတာနဲ့ တုံ့ပြန်တာတွေက ပုံမှန်ပဲ။ ဒါပေမဲ့ ခန္ဓာကိုယ် ညာဘက်ခြမ်းကိုပဲ အလွယ်တကူ လှုပ်မရတာ။ ညာဘက်လက်ကို ဆန့်တန်းလို့မရဘဲ ခြင်းတောင်း ဆွဲထားသလိုမျိုး လက်ကိုထားထားရတယ်။ မျက်နှာကို သေချာ မသစ်နိုင်သလို သွားတိုက်ဆေးကိုတောင် ညှစ်လို့မရဘူး။ ထမင်းစားချိန်ဆိုလဲ ဘယ်ဘက်လက်နဲ့ပဲ ဇွန်းကို သုံးလို့ရတယ်။ လမ်းလျှောက်တဲ့အခါ ညာဘက်ခြေထောက်ကို ဒရွတ်တိုက်ဆွဲပြီး သွားရတယ်။ ခန္ဓာကိုယ် တစ်ခြမ်း သေနေသလိုပဲ။ ကျွန်မ လေဖြတ်သွားမှာကို ညီအစ်မတွေက စိုးရိမ်လို့ နေ့လယ် နားချိန်ရောက်တိုင်း လေ့ကျင့်ခန်းလုပ်ဖို့ နေ့တိုင်း ကူညီပေးကြတယ်။ ညီအစ်မ တစ်ယောက်က ကျွန်မ လက်ကို မြှောက်ထားပေးတယ်၊ နောက်တစ်ယောက်က သွေးလည်ပတ်အောင် လက်ကို ပွတ်နယ်ပေးတယ်။ နောက်ညီအစ်မ တစ်ယောက်ကတော့ ကျွန်မရဲ့ ခြေထောက်ကို ရွှေ့ပေးတယ်။ ရှေ့ကို နည်းနည်းချင်း ရောက်အောင် သူ့ခြေထောက်နဲ့ တွန်းပေးတာ၊ ဒါမှမဟုတ် ဆောင့်ကြောင့်ထိုင်ပြီး သူ့လက်နဲ့ ကျွန်မ ခြေထောက်ကို ရှေ့ကို ရွှေ့ပေးတာတွေ လုပ်ပေးကြတယ်။ ကျွန်မ ခန္ဓာကိုယ်က ဒီလို အခြေအနေ ရောက်သွားတာကို မြင်တော့ ကျွန်မ တကယ်ကို အားငယ်သွားပြီး တွေးမိတယ်၊ “ငါ ကိုယ်တစ်ခြမ်း သေသွားပြီ။ ကိုယ့်ကိုယ်ကိုယ်တောင် ဂရုမစိုက်နိုင်တော့ဘူး။ ငါ့ကို ပြုစုပေးနေရလို့ ညီအစ်မတွေကို ဝန်ထုတ်ဝန်ပိုး ဖြစ်စေတယ်။ ငါ အသုံးမကျတဲ့လူ တစ်ယောက် ဖြစ်မသွားဘူးလား” ပေါ့။ ဒါကို တွေးမိပြီး ကျွန်မ အရမ်းကို ဝမ်းနည်းသွားတယ်။ အပျက်သဘောဆောင်ပြီး အားငယ်နေတုန်း ဘုရားနှုတ်ကပတ်တော် တစ်ပိုဒ်ကို သွားသတိရတယ်။ “ဤအမှုအဆင့်တွင် ငါတို့ထံမှ အဆုံးစွန်သော ယုံကြည်ခြင်းနှင့် ချစ်ခြင်းတို့ လိုအပ်သည်၊ ပြီးလျှင် အမှု၏ ဤအဆင့်သည် ယခင်အဆင့်များအားလုံးမှ ကွဲပြားခြားနားသည့်အတွက် ငါတို့သည် စိုးစဉ်းမျှသော ပေါ့ဆမှုကြောင့် မှောက်မှားနိုင်သည်။ ဘုရားသခင် စုံလင်စေသည့် အရာမှာ မြင်၍မရနိုင်သကဲ့သို့၊ လက်ဆုပ်လက်ကိုင်ပြ၍လည်း မရသည့် လူတို့၏ ယုံကြည်ခြင်း ဖြစ်သည်။ ဘုရားသခင် လုပ်ဆောင်သည့်အရာမှာ နှုတ်ကပတ်တော်များကို ယုံကြည်ခြင်းအဖြစ်သို့လည်းကောင်း၊ ချစ်ခြင်းအဖြစ်သို့လည်းကောင်း၊ အသက်တို့အဖြစ်သို့လည်းကောင်း ပြောင်းလဲခြင်းဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လမ်းကြောင်း... (၈)) ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက ကျွန်မကို ယုံကြည်ခြင်း ပေးခဲ့တယ်။ ဘုရားသခင်က ကျွန်မရဲ့ ယုံကြည်ခြင်းကို စုံလင်စေဖို့အတွက် ဒီကိစ္စကို ကျွန်မအပေါ် ကျရောက်ခွင့်ပြုခဲ့တာပဲ။ ရဲတွေက ကျွန်မကို ဒုက္ခိတဖြစ်အောင် လုပ်ခဲ့ပေမဲ့၊ ဘုရားသခင်က ညီအစ်မတွေကို အသုံးပြုပြီး ကျွန်မကို ဂရုစိုက် စောင့်ရှောက်တာကြောင့်၊ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မနဲ့ မိတ်သဟာယပြုပေးစေခဲ့တာတွေကြောင့် ကိုယ်တော့်ရဲ့ ချစ်ခြင်းမေတ္တာကို ကျွန်မ တွေ့ကြုံခံစားခဲ့ရတယ်။ ဘယ်တော့ ပြန်ကောင်းလာမလဲဆိုတာ လုံးဝ မသိပေမဲ့၊ ဘုရားသခင်က ကျွန်မကို အမြဲ လမ်းပြနေတာကို မြင်ရတော့ ရှေ့ဆက်သွားဖို့ ယုံကြည်ခြင်းတွေ ရခဲ့တယ်။

အချုပ်ထောင်မှာ ညီအစ်မတွေက ကျွန်မကို နေ့တိုင်း လေ့ကျင့်ခန်းလုပ်ဖို့ ကူညီပေးကြတယ်။ မနက်ပိုင်းမှာဆို အဝတ်အစား ဝတ်ပေးတယ်၊ ထမင်းစားချိန်မှာ ပြောင်းဖူးပေါင်းမုန့်ကို လှမ်းပေးတယ်၊ ညဘက်ရောက်ရင်လဲ အိပ်ရာခင်းဖို့ ကူညီပေးကြတယ်။ ကျွန်မနဲ့အတူ ဘုရားနှုတ်ကပတ်တော်တွေကို ခဏခဏ မိတ်သဟာယပြုပေးပြီး ဓမ္မတေးတွေလဲ ဆိုပြကြသေးတယ်။ သူတို့ ကျွန်မကို ဒီလို ပြုစုစောင့်ရှောက်ပေးတာကို မြင်ရတော့ စိတ်ထဲမှာ အရမ်းခံစားရတယ်။ သာမန်ကိစ္စလေးတွေ လုပ်ဖို့တောင် ခက်ခဲတဲ့အထိ ကျွန်မကို ဒုက္ခိတဖြစ်အောင် လုပ်ခဲ့တဲ့ ရဲတွေကိုတော့ အရမ်းကို မုန်းတီးမိတယ်။ ဒါတောင်မှ၊ သူတို့က ကျွန်မကို တခြားလူတွေလိုပဲ မနက်စောစောကနေ ည ၇ နာရီအထိ နေ့တိုင်း ထိုင်ခိုင်းထားတော့ ကျွန်မ တစ်ကိုယ်လုံး အေးစက်ခဲကပ်နေတာပဲ။ ညဘက်မှာဆိုရင် ကျွန်မကို တစ်နာရီတောင် ကင်းစောင့်ခိုင်းသေးတယ်။ ဒါပေမဲ့ ကျွန်မကို ကူညီတဲ့အနေနဲ့ ညီအစ်မတွေက အလှည့်ကျ ကင်းဝင်စောင့်ပေးကြတယ်။ တစ်လကြာတော့ “လူမှုပတ်ဝန်းကျင် တည်ငြိမ်အေးချမ်းမှုကို နှောင့်ယှက်မှု” ဆိုတဲ့ စွပ်စွဲချက်နဲ့ စီစီပီက ကျွန်မကို အလုပ်ကြမ်းနဲ့ ပြုပြင်မွမ်းမံရေး နှစ်နှစ် ပြစ်ဒဏ်ချမှတ်လိုက်တယ်။ ကျွန်မ အရမ်းကို စိတ်မချမ်းမသာဖြစ်သွားတယ်။ ကိုယ်တစ်ခြမ်း သေနေပြီး ကိုယ့်ကိုယ်ကိုယ်တောင် ဂရုမစိုက်နိုင်တော့ဘဲ အသုံးမကျတဲ့လူ တစ်ယောက်လို ဖြစ်နေတာ၊ ဒီလောက်ရှည်လျားတဲ့ နှစ်နှစ်တာ ကာလကို ငါ ဘယ်လိုလုပ် ဖြတ်သန်းနိုင်ပါ့မလဲပေါ့။ ညီအစ်မတွေက “ငါတို့ ကိုးစားစရာ ဘုရားသခင်ရှိတယ်။ ကိုယ်တော် ငါတို့ကို ကူညီလိမ့်မယ်။ ဘုရားသခင်အပေါ် ယုံကြည်ခြင်းထားရမယ်” ဆိုပြီး နှစ်သိမ့်ပေးကြတယ်။ ထောင်ကို ပို့ဖို့ ခေါ်သွားတဲ့အချိန်မှာ ညီအစ်မတွေက ဓမ္မတေးတွေ အများကြီး သီဆိုခဲ့ကြတယ်။ အဲဒီအထဲက တစ်ပုဒ်ဖြစ်တဲ့ “ဘုရားသခင်၏ ဘုန်းကြီးသော နေ့ကို ကျွန်ုပ် မြင်တွေ့လိုသည်” ဆိုတဲ့ သီချင်းက ကျွန်မကို အရမ်းကို ရင်ထဲထိမိစေတယ်။ “ဘုရားသခင်၏ တိုက်တွန်းနှိုးဆော်ချက်ကို စိတ်နှလုံးထဲတွင် ထားရှိလျက် စာတန်ရှေ့၌ ဒူးထောက်မည် မဟုတ်ပါ။ ကျွန်ုပ်ဦးခေါင်း ပြတ်ကျ၍ သွေးများ ယိုဖိတ်ကျစေကာမူ ဘုရားသခင်၏ လူများ၏ မဏ္ဍိုင်ကို ချိုးဖျက်၍ မရနိုင်ပါ။ ဘုရားသခင်အတွက် အားကောင်းသော သက်သေခံချက်ကို ကျွန်ုပ် ပေးမည်ဖြစ်ပြီး နတ်ဆိုးများနှင့် စာတန်ကို အရှက်ခွဲပါမည်။ နာကျင်မှုနှင့် အခက်အခဲများသည် ဘုရားသခင် ကြိုတင်ပြဋ္ဌာန်းထားခြင်း ဖြစ်သည်၊ ကိုယ်တော့်အပေါ် သေသည်အထိ သစ္စာစောင့်သိပြီး ကျိုးနွံနာခံပါမည်။ ဘုရားသခင်ကို ထပ်၍ ငိုကြွေးစေခြင်း သို့မဟုတ် ပူပန်စေခြင်း မည်သည့်အခါမျှ ပြုမည်မဟုတ်ပါ။ ဘုရားသခင်ထံ ကျွန်ုပ်၏ မေတ္တာနှင့် သစ္စာစောင့်သိမှုကို ပူဇော်ဆက်ကပ်ပြီး ကိုယ်တော့်ကို ဘုန်းထင်ရှားစေရန် ကျွန်ုပ်၏ အထူးတာဝန်ကို ပြီးမြောက်ပါမည်။(သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ) နားထောင်နေရင်းနဲ့ ကျွန်မ အရမ်းကို ခွန်အားရလာပြီး လိုက်ဆိုမိတယ်။ ဆိုလေလေ၊ ယုံကြည်ခြင်းတွေ ပိုတိုးလာလေလေပဲ။ ကျွန်မ ဒုက္ခိတဖြစ်ပြီး ထောင်ချခံရပေမဲ့၊ ဒီဆင်းရဲဒုက္ခက အဓိပ္ပာယ်ရှိတယ်။ ဒီဆင်းရဲဒုက္ခကနေတစ်ဆင့် ဘုရားသခင်အတွက် သက်သေခံနိုင်ပြီး နတ်ဆိုး စာတန်ကို အရှက်ခွဲနိုင်တယ်။ ဒါဟာ ဘုန်းအသရေရှိတဲ့ ကိစ္စပဲ။ ဒီလိုတွေးမိတော့ ကျွန်မ အပျက်သဘော မဆောင်တော့ဘဲ ဘုရားသခင်ရဲ့ စီစဉ်ညွှန်ကြားမှုတွေနဲ့ အစီအစဉ်တွေကို ကျိုးနွံနာခံချင်စိတ် ရှိလာတယ်။ သီချင်းဆိုလေလေ၊ ပိုပြီး ရင်ထဲထိမိလေလေဖြစ်ပြီး တချို့ဆို ဆိုရင်းနဲ့ ငိုတောင်ငိုကြတယ်။ အိမ်လွမ်းလို့၊ ဒါမှမဟုတ် ပြစ်ဒဏ်ချခံရလို့ စိတ်ဆင်းရဲပြီး ငိုတာ မဟုတ်ဘူး။ သူတို့ရဲ့ စိတ်နှလုံးထဲမှာ ပျော်ရွှင်ကြည်နူးမှုတွေကို ခံစားရပြီး ဘုရားသခင်အတွက် သက်သေခံနိုင်တာကို အရမ်း ဘုန်းအသရေရှိတယ်လို့ ခံစားရလို့ပဲ။

ကျွန်မက ကာယအလုပ်တွေ မလုပ်နိုင်တာကို အဲဒီက ထောင်စောင့်တွေက မြင်တော့ ကျွန်မကို လက်မခံချင်ကြဘူး။ သူတို့ အတော်ကြာ ဆွေးနွေးပြီးမှ စိတ်မပါတပါနဲ့ လက်ခံလိုက်ကြတယ်။ ကျွန်မကို အလုပ်ရုံမှာ အလုပ်လုပ်ခိုင်းတယ်။ ကျွန်မ ဘာမှ မလုပ်နိုင်တာကို ကြီးကြပ်ရေးမှူးက မြင်တော့ အိမ်သာဆေးဖို့ လွှတ်လိုက်တယ်။ ညာဘက်တစ်ခြမ်းလုံး ဘာမှ မခံစားရတဲ့အတွက်၊ ဘယ်ဘက်ခြေထောက်ကိုပဲ အားပြုပြီး ညာဘက်ခြေထောက်ကို ဒရွတ်တိုက်ဆွဲပြီး ခက်ခက်ခဲခဲ လမ်းလျှောက်ခဲ့ရတယ်။ ကြမ်းတိုက်တဲ့အခါ ဘယ်ဘက်ခြေထောက်နဲ့ ဆောင့်ကြောင့်ထိုင်ပြီး ညာဘက်ခြေထောက်ကို ဆွဲထားရတယ်။ ပြီးတော့ ဘယ်ဘက်လက် တစ်ဖက်တည်းကိုပဲ သုံးပြီး ခက်ခက်ခဲခဲ ကြမ်းတိုက်ရတာ။ နေရာတစ်နေရာကို တိုက်ပြီးတိုင်း ပြန်ထဖို့အတွက် အတော်လေးကို အားစိုက်ထုတ်ရတယ်။ မနက်စောစောကနေ ည ၁၀ နာရီအထိ နေ့တိုင်း သန့်ရှင်းရေး လုပ်ရတယ်။ “ငါ့ခန္ဓာကိုယ် ဒီလိုအခြေအနေ ဖြစ်နေတာတောင် အလုပ်လုပ်ခိုင်းသေးတယ်။ သူတို့က တကယ်ကို လူကို လူလို မသတ်မှတ်ဘူးပဲ” လို့ တွေးမိပြီး ရင်ထဲမှာ မတရားခံရတယ်လို့ ခံစားရတယ်။ ပိုပြီး ဒေါသထွက်စရာကောင်းတာက၊ ထောင်စောင့်တွေက ကျွန်မကို လေ့ကျင့်ရေးအဖွဲ့က အကျဉ်းသားတွေနဲ့အတူ နေ့တိုင်း မနက်ပိုင်း လေ့ကျင့်ခန်းတွေလည်း လုပ်ခိုင်းတာပဲ။ ကျွန်မတို့ ပြေးရတယ်။ အဖွဲ့ရဲ့ အလယ်မှာ ကျွန်မ ရပ်နေတဲ့အခါ လူတိုင်း စပြေးတာနဲ့ ကျွန်မကို ဝင်တိုက်ပြီး ကျွန်မလဲကျတော့တာပဲ။ ဒါတောင်မှ၊ သူတို့က ကျွန်မကို ရပ်ခွင့်မပေးဘူး။ လေ့ကျင့်ခန်းလုပ်တဲ့နေရာမှာ ကျွန်မ ဘယ်လိုမှ အမီမလိုက်နိုင်လို့ ဌာနမှူးက ကျွန်မကို အပြစ်ပေးတဲ့အနေနဲ့ ကွင်းထဲကို ပတ်ပြီး လမ်းလျှောက်ခိုင်းတယ်။ ကျွန်မရဲ့ ညာဘက်ခြေထောက်ကို မြှောက်လို့ မရတော့ လမ်းလျှောက်ရင်း ဒရွတ်တိုက် ဆွဲသွားရတယ်။ ကွင်းကို တစ်ပတ်အပြည့်ပတ်ပြီးတဲ့အခါ ကျွန်မ အရမ်းကို ပင်ပန်းလွန်းလို့ ဆက်မသွားနိုင်တော့ဘူး။ ဖိနပ်ရဲ့ ဘေးဘက်တွေဆိုလဲ ပွန်းပဲ့ပြီး ပေါက်ပြဲကုန်တယ်။ အချိန်ကြာလာတာနဲ့အမျှ ကျွန်မ ဆက်သည်းမခံနိုင်တော့ဘဲ ရင်ထဲမှာ အရမ်းကို အားငယ်လာတယ်။ ရှင်းမင်က ကျွန်မကို မိတ်သဟာယပြုပေးပြီး ခွန်အားပေး နှစ်သိမ့်ပေးခဲ့တယ်။ ပြီးတော့ ဘုရားနှုတ်ကပတ်တော် တစ်ပိုဒ်ကို ကျွန်မအတွက် ရွတ်ပြခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “သမ္မာတရားအတွက် ဒုက္ခကို သင် မဖြစ်မနေခံစားရမည်၊ သင်သည် သမ္မာတရားအတွက် သင့်ကိုယ်သင် မဖြစ်မနေ စွန့်လွှတ်ရမည်။ သမ္မာတရားအတွက် အရှက်တကွဲ ဖြစ်ခြင်းကို သင် မဖြစ်မနေခံရမည်၊ ပြီးလျှင် သမ္မာတရားကို သင်ပိုမိုရရှိရန်အတွက် ပို၍ပင် မဖြစ်မနေ ဒုက္ခဆင်းရဲခံရပေမည်။ ဤသည်မှာ သင်လုပ်သင့်သည့်အရာဖြစ်သည်။...လှပပြီး ကောင်းမွန်သောအရာအားလုံးကို သင် လိုက်စားသင့်ပြီး၊ အသက်တာတွင် ပိုမိုအဓိပ္ပာယ် ရှိသော လမ်းကြောင်းကို သင် လိုက်စားသင့်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ပေတရု၏ အတွေ့အကြုံများ- ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့နှင့်သက်ဆိုင်သည့် သူ၏အသိ) ဘုရားနှုတ်ကပတ်တော်တွေကို နားထောင်ပြီးတဲ့နောက်မှာ၊ ဒီဆင်းရဲဒုက္ခကနေတစ်ဆင့် ဘုရားသခင်က ကျွန်မအထဲကို သမ္မာတရား သွတ်သွင်းပေးချင်တာဆိုတာ ကျွန်မ နားလည်သွားတယ်။ ဒီဆင်းရဲဒုက္ခကို ခံစားရတာဟာ အဓိပ္ပာယ်ရှိပြီး ယုံကြည်ခြင်းနဲ့ တွေ့ကြုံသင့်တာပေါ့။ ကျွန်မက ဒုက္ခိတဖြစ်နေပြီး အလုပ်လုပ်နေရတုန်းဆိုပေမဲ့ ဘုရားသခင်က ကျွန်မနဲ့အတူ ရှိနေတယ်။ ပြီးတော့ ညီအစ်မတွေက ကျွန်မဘေးမှာရှိနေပြီး ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မနဲ့ ခဏခဏ မိတ်သဟာယပြုပေးကြတယ်။ ဘုရားသခင်က ကျွန်မကို တစ်ခါမှ မစွန့်ခွာခဲ့ဘူးလို့ ကျွန်မ ခံစားရတယ်။ ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာကို ကျွန်မ ခံစားရတယ်။

ဘာဆေးကုသမှုမှ မရခဲ့တဲ့အတွက် ကျွန်မရဲ့ အခြေအနေက တစ်နေ့တခြား ပိုဆိုးလာတယ်။ ခန္ဓာကိုယ် ညာဘက်ခြမ်းကို ကျွန်မ မလှုပ်ရဲဘူး၊ လှုပ်လိုက်တာနဲ့ မခံမရပ်နိုင်အောင် နာကျင်ရလို့လေ။ လှဲနေရာကနေ ကိုယ့်ဘာသာ ထလို့မရဘူး၊ ညီအစ်မတွေကိုပဲ ထူပေးခိုင်းရတယ်။ ညာဘက်လက်က တအားကို တောင့်တင်းလာပြီး သွားတိုက်တဲ့အခါ ပလုတ်ကျင်းဖို့တောင် မရဘူး။ ရှင်းမင်က ဌာနမှူးကို တောင်းပန်ပေးလို့ နောက်ဆုံးတော့ ကျွန်မကို အိမ်သာဆေးတဲ့အလုပ်ကနေ ရပ်ခိုင်းလိုက်တယ်။ ဒါပေမဲ့ သူတို့က ကျွန်မကို အိပ်ရာထဲ လှဲနေခွင့် မပေးဘူး။ အိပ်ခွင့်မပေးခင် နေ့တိုင်း ၁၀ နာရီကျော် ထိုင်နေရတယ်။ ကျွန်မက နာကျင်မှုကို ကြိတ်မှိတ်သည်းခံပြီး နံရံကို အားနည်းစွာ မှီထားရတယ်၊ မလှုပ်ရဲဘူးလေ။ နောက်ပိုင်းတော့ ကျွန်မ အခြေအနေက ပိုဆိုးလာတယ်။ ဇွန်းကိုင်တဲ့အခါ ဘယ်ဘက်လက်က တုန်လာပြီး ထမင်းစားရင် နေရာအနှံ့ စားစရာတွေ ပြုတ်ကျကုန်တယ်။ ကျွန်မ ခေါင်းထဲမှာ လုံးဝကို ဗလာဖြစ်နေပြီး အတွေးတွေ ဘာမှမရှိသလိုပဲ။ ဘုရားသခင်ကို ယုံကြည်တယ်ဆိုတာရယ်၊ ညီအစ်မတွေ ဘုရားနှုတ်ကပတ်တော် မိတ်သဟာယပြုတာကို နားထောင်ချင်တယ်ဆိုတာရယ်ကလွဲလို့ ကျန်တာ ဘာမှကို မသိတော့ဘူး။ ကျွန်မရဲ့ မှတ်ဉာဏ်တွေက အမြဲတမ်း တစစီဖြစ်နေတယ်။ ခုလေးတင် ဖြစ်သွားတဲ့ ကိစ္စတွေကိုတောင် မေ့သွားတတ်ပြီး ခဏလောက်ပဲ မှတ်မိနိုင်တော့တယ်။ ဦးနှောက်က တုံ့ပြန်တာ နှေးကွေးသွားပြီး အရာရာကို ငေးကြောင်ပြီး ကြည့်နေမိတယ်။ တစ်ခါတလေကျရင် ကိုယ့်ဘာသာ မသိဘဲ ငတုံးတစ်ယောက်လို ရယ်နေမိတယ်။ ညီအစ်မ တစ်ယောက်ယောက်က ရပ်ဖို့ ပြောမှသာ သတိလေး နည်းနည်းဝင်လာပြီး ရယ်တာကို ရပ်လိုက်တယ်။ အဲဒီအချိန်က ကျွန်မရဲ့ ဉာဏ်ရည်ဟာ ကလေးငယ်တစ်ယောက်လို ဖြစ်နေပြီး စကားပြောရင်လဲ အထစ်ထစ်အငေါ့ငေါ့နဲ့ အရမ်းကို နှေးကွေးနေတယ်။ ကုတင်ပေါ်မှာ ပျော့ခွေပြီး ထိုင်နေတတ်တယ်၊ ကိုယ့်လက်တွေ ခြေထောက်တွေကို စိုက်ကြည့်နေပြီး ကိုယ့်ဘာသာ မသိဘဲ ခဏခဏ ရယ်နေမိတယ်။ တစ်ခါတော့ ရှင်းမင် အလုပ်ဆင်းပြီး အခန်းထဲ ပြန်ရောက်လာတဲ့အခါ၊ ကျွန်မက ဆွေမျိုးတစ်ယောက်ကို တွေ့လိုက်ရသလို ပြုံးဖြဲဖြဲလုပ်ပြီး သူ့ကို ကြည့်နေတယ်။ သူက ကျွန်မ ပခုံးကို ပုတ်ပြီး “ဘာတွေ ပြုံးနေတာလဲ။ ငါ့နာမည် ဘယ်သူလဲ နင်သိလား” လို့ မေးတယ်။ ကျွန်မက ပြုံးဖြဲဖြဲပဲ ဆက်လုပ်နေပြီး ခေါင်းရမ်းပြီး “ငါ...မ...သိ...ဘူး” လို့ ပြောလိုက်တယ်။ ခဏနေတော့မှ မှတ်မိသွားပြီး “နင့်...နာမည်...က...မင်...လေ” လို့ ပြောလိုက်တယ်။ ဒါပေမဲ့ ဘယ်လောက်ပဲ စဉ်းစားစဉ်းစား၊ သူ့ရဲ့ မျိုးရိုးနာမည်ကိုတော့ ကျွန်မ လုံးဝ မှတ်မိမလာတော့ဘူး။ အလုပ်ကြမ်းစခန်းရဲ့ စခန်းမှူးက ကျွန်မ အခြေအနေကို မြင်တော့ စခန်းထဲမှာ သေသွားရင် သူ တာဝန်ယူရမှာကို ကြောက်လို့ စခန်းက ဆရာဝန်ကို ဆေးလာသွင်းပေးဖို့ ခွင့်ပြုလိုက်တယ်။ ဒါပေမဲ့ ဆရာဝန်က ကျွန်မကို အရင် မစစ်ဆေးဘဲ ဆေးတွေကို ဖြစ်သလို ပေးလိုက်တယ်။ ရလဒ်အနေနဲ့၊ ကျွန်မရဲ့ အခြေအနေက ပိုကောင်းမလာတဲ့အပြင် တကယ်ကို ပိုဆိုးသွားတယ်။ ခြေတွေလက်တွေ စပြီး ရောင်လာတယ်၊ လက်ချောင်းတွေကို လှုပ်လို့ မရတော့ဘူး၊ ခြေချောင်းတွေက နှင်းကိုက်နာဖြစ်သလို နီပြီး ရောင်နေတယ်။ နောက်ဆုံး မတတ်နိုင်တဲ့အဆုံး ပြည်နယ်ဆေးရုံကို ခေါ်သွားရတယ်။ စစ်ဆေးကြည့်လိုက်တော့ ခေါင်းကို ထိခိုက်မိတာကြောင့် ဦးနှောက်အမြှေးပါးအောက်မှာ အရည်တွေ စုပုံနေပြီး၊ အဲဒါက အာရုံကြောတွေကို ဖိမိလို့ ကိုယ်တစ်ခြမ်း သေသွားတာလို့ တွေ့ရတယ်။ ဆရာဝန်က အဲဒီအရည်တွေကို အချိန်မီ ခွဲစိတ်မထုတ်ဘူးဆိုရင် ကျွန်မ သေသွားနိုင်တယ်လို့ ပြောတယ်။ ဒါပေမဲ့ ကျွန်မ မိသားစုက ခွဲစိတ်စရိတ် မတတ်နိုင်လို့ သူတို့က ကျွန်မကို အလုပ်ကြမ်းစခန်းဆီ ပြန်ခေါ်လာခဲ့တယ်။ အပြန်လမ်းမှာ သူတို့ ပြောနေတာကို ကျွန်မ သဲ့သဲ့လေး ကြားလိုက်ရတယ်၊ “သူက ဆေးကုသစရိတ် မတတ်နိုင်ဘူး၊ ဒါပေမဲ့ သူ့ကို ဒီမှာ သေခွင့်ပေးလို့တော့ မဖြစ်ဘူး။ သူ့ကို ဆေးကုသခွင့်နဲ့ လွှတ်ပေးလိုက်တာ ကောင်းမယ်” တဲ့။ ကျွန်မရဲ့ မှတ်ဉာဏ်က လာလိုက်ပျောက်လိုက်ဖြစ်နေတော့ ဘာကိုမှ သိပ်ပြီး စိုးရိမ်ပူပန်မနေခဲ့ဘူး။ ဘုရားသခင်ကို ယုံကြည်တယ်ဆိုတာလောက်ပဲ သိပြီး အသက်ရှင်ခြင်းနဲ့ သေဆုံးခြင်းကို ဘုရားသခင်ဆီ အပ်နှံထားလိုက်တယ်။

စခန်းကို ပြန်ရောက်တော့ ကျွန်မကို တခြားအခန်း တစ်ခန်းထဲ ထည့်ထားလိုက်လို့ အရင်က အတူရှိခဲ့တဲ့ ညီအစ်မတွေနဲ့ အဆက်အသွယ် ပြတ်သွားတယ်။ အဲဒီအချိန်တုန်းက ကျွန်မ အရမ်းကို နာကျင်ခံစားရတယ်။ ညီအစ်မ တစ်ယောက်ယောက်ကိုများ တွေ့ရမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ ကုတင်ပေါ် ထိုင်ပြီး တံခါးပေါက်ကိုပဲ ကြည့်နေမိတယ်။ ညီအစ်မတွေနဲ့ အတူရှိတုန်းကဆိုရင် သူတို့က ကျွန်မနဲ့ ဘုရားနှုတ်ကပတ်တော်တွေကို ခဏခဏ မိတ်သဟာယပြုပေးပြီး ခွန်အားပေးတတ်ကြတယ်။ ဒါပေမဲ့ အခုတော့ ကျွန်မ အရမ်းကို အထီးကျန်ပြီး လမ်းပျောက်နေသလို ခံစားရတယ်။ ဦးနှောက်က သိပ်အလုပ်မလုပ်တော့လို့ ဘုရားနှုတ်ကပတ်တော်တွေကိုလဲ မမှတ်မိတော့ဘူး၊ ညီအစ်မတွေက ဘုရားနှုတ်ကပတ်တော် မိတ်သဟာယပြုပေးတာကိုလဲ မကြားရတော့ဘူး ဘုရားသခင်က ကျွန်မကို မလိုချင်တော့တာလားပေါ့။ အရမ်းကို နာကျင်ရပြီး ဘုရားသခင် မပါဘဲ ငါ့ဘဝမှာ ဘာအဓိပ္ပာယ်ရှိတော့မှာလဲလို့ တွေးမိတယ်။ အဲဒီနောက်တော့ သေဖို့ တွေးမိတာပေါ့။ အစာလဲ မစားတော့ဘူး။ အခန်းထဲက လူတစ်ယောက်က ရှင်းမင်ကို သွားရှာပေးလို့၊ ကြီးကြပ်ရေးမှူး မရှိတဲ့အချိန်မှာ သူ ကျွန်မဆီ ရောက်လာတယ်။ သူ့ကို တွေ့ရတော့ ကျွန်မ အရမ်းဝမ်းသာသွားတယ်။ သူက ကုတင်နား လာပြီး ကျွန်မကို ပုတ်ပေးတယ်။ ကျွန်မရဲ့ လက်တွေ၊ လက်မောင်းတွေကို ပွတ်နယ်ပေးရင်းနဲ့ “ဘာလို့ ထမင်းမစားတာလဲ။ အဲဒါက နင့်ကျန်းမာရေးအတွက် ကောင်းလို့လား” လို့ မေးတယ်။ မျက်ရည်တွေကြားကနေ ကျွန်မက “ငါ...နင့်ကို...လွမ်း...နေတာ။ သူတို့က...ငါ့ကို...ဒီမှာ...လာထား...တာ...ဘုရားနှုတ်ကပတ်တော်...မိတ်သဟာယပြုပေးမဲ့သူ...တစ်ယောက်မှ...မရှိဘူး။ ငါ...အရမ်း...အထီးကျန်...တယ်။ ဘုရားသခင်က...ငါ့ကို...မလိုချင်တော့ဘူး...လား။ ငါ့ဘဝက...ဘာအဓိပ္ပာယ်မှ...မရှိ...တော့ဘူး” လို့ ပြောလိုက်တယ်။ ရှင်းမင်က ကျွန်မကို နှစ်သိမ့်ပေးတယ်၊ “ဘုရားသခင်က ငါတို့ကို လိုချင်သေးတယ်။ သူ့အတွက် သက်သေခံဖို့ ငါတို့ကို စောင့်နေတာပဲရှိတာ။ ငါတို့ ကောင်းကောင်း အသက်ရှင်ရမယ်လေ” တဲ့။ ပြီးတော့ ဘုရားနှုတ်ကပတ်တော် ဓမ္မတေးတစ်ပုဒ်ဖြစ်တဲ့ “ကိုယ်တော်ကို ချစ်ရန် ကျွန်ုပ် စိတ်ပိုင်းဖြတ်ပြီ” ဆိုတဲ့ သီချင်းကို ကျွန်မအတွက် ရွတ်ပြတယ်။ “ကိစ္စရပ်တိုင်း၊ အရာရာတိုင်း၊ အားလုံး ကိုယ်တော်၏ လက်တော်ထဲတွင် ရှိပါ၏။ ကျွန်ုပ်၏ ကံကြမ္မာသည် ကိုယ်တော်၏ လက်တော်ထဲတွင် ရှိပြီး ကျွန်ုပ်၏ တကယ့် အသက်တာကို ကိုယ်တော့်လက်ထဲတွင် ကိုယ်တော် ထိန်းချုပ်ထားပါ၏။ ယခုတွင်၊ ကိုယ်တော်ကို ချစ်ဖို့ ကျွန်ုပ် ကြိုးစားပြီး၊ ကိုယ်တော်က ကျွန်ုပ်ကို ချစ်ခွင့်ပေးသည် ဖြစ်စေ၊ မပေးသည်ဖြစ်စေ၊ စာတန်က မည်သို့ နှောက်ယှက်ပါစေ၊ ကိုယ်တော့်ကို ချစ်ဖို့ ကျွန်ုပ် စိတ်ပိုင်းဖြတ်ထားပါ၏။ ကျွန်ုပ်ကိုယ်တိုင် ဘုရားသခင်ကို ရှာဖွေပြီး သူ့နောက်လိုက်ဖို့ ဆန္ဒရှိသည်။ ယခု ဘုရားသခင်က ကျွန်ုပ်ကို စွန့်ပစ်ချင်လျှင်ပင်၊ သူ့နောက် ကျွန်ုပ် လိုက်နေဦးမည်ဖြစ်သည်။ သူ ကျွန်ုပ်ကို လိုချင်သည်ဖြစ်စေ၊ မလိုချင်သည်ဖြစ်စေ၊ သူ့ကို ကျွန်ုပ် ချစ်နေဦးမည်ဖြစ်ပြီး၊ အဆုံးတွင် သူ့ကို ကျွန်ုပ် ရရှိရမည်။ ကျွန်ုပ်သည် ကျွန်ုပ်နှလုံးသားကို ဘုရားသခင်အား ပူဇော်ပြီး၊ သူ မည်သည့်အရာကို လုပ်ဆောင်ပါစေ၊ ကျွန်ုပ်၏ တစ်သက်တာလုံး သူ့နောက်လိုက်ပါမည်။ မည်သို့ပင်ဖြစ်စေ၊ ဘုရားသခင်ကို ကျွန်ုပ် ချစ်ရမည်ဖြစ်ပြီး သူ့ကို ရရှိရမည်။ သူ့ကို မရမချင်း ကျွန်ုပ် နားမည်မဟုတ်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်အတွက် စစ်မှန်သောချစ်ခြင်းသည် သဘာဝအလျောက် ဖြစ်သည်) ရှင်းမင်က ကျွန်မကို ပြောတယ်၊ “ငါတို့ဆီမှာ ဘုရားသခင်အပေါ် စစ်မှန်တဲ့ ယုံကြည်ခြင်း ရှိရမယ်လေ။ ငါတို့အပေါ် ဘာပဲဖြစ်လာပါစေ၊ ကိုယ်တော့်နောက်ကို အဆုံးထိ လိုက်ရမယ်။ အရင်က ငါတို့ထားခဲ့တဲ့ စိတ်ပိုင်းဖြတ်မှုက ယိမ်းယိုင်လို့ မဖြစ်ဘူး။ ဒါမှသာ ဘုရားသခင်ကို တကယ်ချစ်တာ၊ စစ်မှန်တဲ့ ယုံကြည်ခြင်းရှိတာပါ။ အခု အခြေအနေတွေ ပြောင်းသွားပြီး ညီအစ်မတွေက ဒီမှာ မရှိတော့လို့ ဘုရားသခင်က နင့်ကို မလိုချင်တော့ဘူးလို့ နင်တွေးနေတာ။ ဘုရားသခင်ကို နင် အထင်လွဲနေတာ မဟုတ်ဘူးလား။ နင့်ရဲ့ ယုံကြည်ခြင်း ဘယ်ရောက်သွားပြီလဲ။ ဘုရားသခင်အတွက် ငါတို့ရဲ့ သက်သေခံချက်မှာ ခိုင်ခိုင်မာမာ ရပ်တည်နိုင်ဖို့ မျှော်လင့်ပြီး ဘုရားသခင်က ဒီအခြေအနေကို ငါတို့အတွက် စီစဉ်ပေးထားတာလေ။ ဘုရားသခင်အပေါ် ငါတို့ရဲ့ ယုံကြည်ခြင်းကို ဆက်လက်ထိန်းသိမ်းထားရမယ်” တဲ့။ ရှင်းမင် မိတ်သဟာယပြုပေးပြီးတဲ့နောက်၊ ဘုရားသခင်က ကျွန်မကို မလိုချင်တော့တာ မဟုတ်ဘူးဆိုတာရယ်၊ ကျွန်မ ကောင်းကောင်း အသက်ရှင်ရမယ်၊ သတ္တိကြောင်တဲ့သူ မဖြစ်ရဘူးဆိုတာကိုပါ ကျွန်မ သိသွားတယ်။ ဘာပဲဖြစ်ဖြစ် ဘုရားသခင်နောက်ကို အဆုံးထိ လိုက်ရမယ်။ ကျွန်မမှာ မျှော်လင့်ချက်ပြန်ရှိလာတယ်။ ကျွန်မ စိတ်နှလုံးက လင်းလက်ပြီး ပြန်ပြီးတော့ ပျော်လာတယ်။ ရှင်းမင် ပြန်တော့မဲ့အချိန်မှာ ကျွန်မက သူ့လက်ကို ဆုပ်ကိုင်ထားပြီး မလွှတ်ပေးချင်ဘဲနဲ့ “ငါ...ဘုရားနှုတ်ကပတ်တော်တွေကို...နားထောင်...ချင်...တယ်” လို့ ပြောလိုက်တယ်။ သူက ကျွန်မဆီ ပြန်လာခဲ့မယ်လို့ ပြောပြီး အခက်အခဲကြုံရတဲ့အခါ ဘုရားသခင်ဆီ ပိုပြီး ဆုတောင်းပါ၊ ကိုယ်တော် ကြားလိမ့်မယ်လို့ သေချာမှာသွားတယ်။ သူသွားပြီးတဲ့နောက် ဘုရားသခင်ဆီ ကျွန်မ ဆုတောင်းလိုက်တယ်၊ “အို...ဘုရားသခင်၊ သမီး...အရမ်းကို...အထီးကျန်...သလို...ခံစားရ...ပါတယ်၊ ဒီမှာ...ဘယ်သူမှ...မရှိဘဲ...သမီးရဲ့...ဦးနှောက်ကလဲ...ကောင်းကောင်း...အလုပ်မလုပ်...တော့ဘူး၊ ကိုယ်တော့်...နှုတ်ကပတ်တော်တွေကို...သမီး...နားထောင်...ချင်...ပါတယ်၊ ကျေးဇူးပြုပြီး...သမီးဆီကို...လူတစ်ယောက်...ပေးသနား...တော်မူပါ၊ ကိုယ်တော့်...နှုတ်ကပတ်တော်တွေကို...သမီး...နားထောင်...ချင်...ပါတယ်” ပေါ့။

အဲဒီလို ဆုတောင်းပြီး နောက်တစ်နေ့မှာပဲ ဌာနမှူးက “ချန်၊ ဒီမှာ မင်းအတွက် အခန်းဖော်တစ်ယောက်။ သူ မင်းကို အဖော်လုပ်ပေးနိုင်တယ်” လို့ ပြောလာတယ်။ ညီအစ်မ ဟယ်လီ ဖြစ်နေတာကို တွေ့လိုက်ရတော့ ကျွန်မ အရမ်းဝမ်းသာသွားတယ်။ ဘုရားသခင်က ကျွန်မရဲ့ ဆုတောင်းသံကို ကြားတယ်ဆိုတာ ကျွန်မ သိလိုက်တယ်။ ဟယ်လီကလဲ ကျွန်မကို တွေ့တော့ ဝမ်းသာနေတယ်။ သူက ကျွန်မကို ဖက်ပြီး “အရိုက်ခံရလို့ နင် အရမ်းဒဏ်ရာရသွားတယ်ဆိုတာ ကြားတယ်၊ နင့်ကို ငါ တွေ့ချင်နေတာ၊ အခုတော့ နောက်ဆုံးမှာ နင့်ကို တွေ့ရပြီ” လို့ ပြောတယ်။ ဟယ်လီက ကျွန်မကို နေ့တိုင်း ဂရုတစိုက် ပြုစုပေးတယ်၊ လေ့ကျင့်ခန်းလုပ်ဖို့ ကူညီပေးတယ်၊ စကားတွေပြောပေးတယ်၊ ပြီးတော့ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မနဲ့ ခဏခဏ မိတ်သဟာယပြုပေးပြီး ခွန်အားပေး နှစ်သိမ့်ပေးတယ်။ အချိန်ကြာလာတော့ ကျွန်မရဲ့ စိတ်က စပြီး တုံ့ပြန်လာနိုင်ပြီး သူနဲ့ အပြန်အလှန် စကားပြောလာနိုင်တယ်။ တစ်နေ့ကျတော့ ကျွန်မက ကိုယ့်လက်တွေကို ကိုယ်ကြည့်ပြီး ဟယ်လီကို ပြောလိုက်တယ်၊ “ငါ့အခြေအနေ...ဘယ်တော့...ပိုကောင်းလာ...မလဲ။ ပိုပြီး...ကောင်း...လာပါ့...မလား” ပေါ့။ အဲဒီအခါ သူက မိတ်သဟာယပြုပေးတယ်၊ “ဘုရားသခင်က ဒီနှုတ်ကပတ်တော်တွေကို ပြောထားတယ် မဟုတ်လား။ ‘အနန္တတန်ခိုးရှင် ဘုရားသခင်သည် အရာခပ်သိမ်းကို စွမ်းဆောင်နိုင်သော သမားတော်တစ်ပါး ဖြစ်တော်မူ၏။ ဖျားနာခြင်းထဲတွင် နေထိုင်ခြင်းသည် ဖျားနာခြင်းဖြစ်သော်လည်း ဝိညာဉ်ထဲတွင် နေထိုင်ခြင်းသည် ကျန်းမာခြင်း ဖြစ်သည်။ သင်၌ ထွက်သက်ဝင်သက် တစ်ချက် ရှိနေသေးသရွေ့ ဘုရားသခင်သည် သင့်ကို သေခွင့်ပြုတော်မူမည် မဟုတ်ပေ။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၆))စမ်းသပ်မှုများကို ကြုံရစဉ်တွင် လူတို့အနေဖြင့် အားနည်းခြင်း၊ စိတ်ထဲ၌ အပျက်သဘောဆောင်ခြင်း၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားမလည်ခြင်း သို့မဟုတ် လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းနှင့်ပတ်သက်၍ ရှင်းလင်းမှုကင်းမဲ့ခြင်းမှာ ပုံမှန်ဖြစ်ပါသည်။ သို့သော် မည်သည့်အခြေအနေတွင်မဆို သင်သည် ဘုရားသခင်၏ အမှုတော်၌ ယုံကြည်ခြင်းရှိရမည်ဖြစ်ပြီး ယောဘကဲ့သို့ပင် ဘုရားသခင်ကို မငြင်းဆန်ရပေ။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စုံလင်ခြင်းသို့ ရောက်မည့်သူများသည် စစ်ဆေးခြင်းကို ခံကြရမည်) ငါတို့က ဘုရားနှုတ်ကပတ်တော်တွေအတိုင်း အသက်ရှင်နေထိုင်ရမယ်၊ ပြီးတော့ စိတ်ပျက်အားငယ်တာမျိုး အဖြစ်မခံရဘူး။ ဘုရားသခင်က အနန္တတန်ခိုးရှင်ဖြစ်ပြီး၊ ငါတို့ ရောဂါပျောက်ကင်းတာ၊ မပျောက်ကင်းတာက ကိုယ်တော့်လက်ထဲမှာပဲ ရှိတယ်။ ငါတို့ လုံးဝ ညည်းညူလို့ မဖြစ်ဘူး။ ယောဘဟာ ဒီလောက်ကြီးမားတဲ့ စမ်းသပ်မှုတွေကြားမှာ ဘုရားသခင်အပေါ် ယုံကြည်ခြင်း တစ်ခါမှ မပျောက်ဆုံးခဲ့ဘူး၊ ဒါကြောင့် ငါတို့က ဘုရားနှုတ်ကပတ်တော်တွေကို ယုံကြည်ရမယ်၊ ပြီးတော့ ကိုယ်တော့်အပေါ် စစ်မှန်တဲ့ ယုံကြည်ခြင်း ရှိရမယ်” တဲ့။ ဒါကို နားထောင်ရင်းနဲ့ ကျွန်မ အရမ်းကို ပျော်သွားတယ်။ ဘုရားနှုတ်ကပတ်တော်တွေက တကယ့်ကို ကြီးမြတ်တယ်လို့ တွေးမိတယ်။

ဒီဇင်ဘာလလောက်ရောက်တော့ ကျွန်မ နည်းနည်း ပိုကောင်းလာတယ်။ ခြေထောက်ဆေးနေတုန်း ကျွန်မရဲ့ ညာဘက်ခြေထောက်က ဖြူဖျော့နေတာကို ရုတ်တရက် သတိထားမိလိုက်တယ်။ အဲဒီခြေထောက်က ခြေသည်းတွေ မရှည်တာ ခြောက်လတောင် ရှိနေပြီ။ အရင်က ဒါကို သတိမထားမိခဲ့ဘူး။ “ငါ့လက်တွေ ခြေထောက်တွေက ပြန်ကောင်းလာမဲ့ အရိပ်အယောင်တောင် မပြဘူး။ ဒီပုံအတိုင်းဆို ငါသေချာပေါက် သေရတော့မှာပဲ။ ငါက ၄၁ နှစ်ပဲ ရှိသေးတာ။ ငါ တကယ်ပဲ ဒီလို သေသွားရတော့မှာလား” လို့ တွေးမိတယ်။ ကျွန်မ စိတ်လေးသွားပြီး ဘုရားသခင်ဆီ ဆုတောင်းလိုက်တယ်၊ “အို ဘုရားသခင်၊ ကိုယ်တော့်ကို ယုံကြည်လို့ သမီး အဖမ်းခံရတာပါ။ သမီး သေသွားရရင်တောင် နောင်တရမှာ မဟုတ်ပါဘူး။ သမီး ဆက်အသက်ရှင်ခွင့်ရရင်တော့ ကိုယ်တော့်ကို ဆက်ယုံကြည်ပါ့မယ်” ပေါ့။ အဲဒီစကားတွေကို စိတ်ထဲကနေ ရံဖန်ရံခါဆုတောင်းနေမိတယ်။ ဆုတောင်းပြီးတော့ ခန္ဓာကိုယ်ထဲမှာ သွေးတွေ တက်လာသလို ခံစားရပြီး နည်းနည်း ပူလာတယ်။ အရင်က ဒီလို မခံစားရဖူးဘူး။ နောက်နေ့ ဟယ်လီက ကျွန်မကို အိမ်သာသွားဖို့ ကူညီပေးတဲ့အခါ၊ ကျွန်မ ညာဘက်ခြေထောက်ကို နည်းနည်း မြှောက်နိုင်နေတာကို တွေ့ရတယ်။ အရင်ကဆို အိမ်သာသွားတိုင်း တံခါးပေါက်က တံခါးခုံကို ကျော်ဖို့ ဟယ်လီက အမြဲတမ်း ကျွန်မခြေထောက်ကို ဆွဲမပေးရတာလေ။ ဒီတစ်ခါတော့ သူက ဆောင့်ကြောင့်ထိုင်ပြီး ကျွန်မခြေထောက်ကို ဆွဲမပေးရသေးခင်မှာပဲ ကျွန်မဘာသာ လုပ်နိုင်သွားတယ်။ ဒါကို မြင်တော့ ကျွန်မတို့ နှစ်ယောက်လုံး အရမ်းကို ဝမ်းသာသွားပြီး ဘုရားသခင်ကို အရမ်း ကျေးဇူးတင်မိတယ်။ ဒီဇင်ဘာလ ၂၆ ရက်နေ့မှာတော့ ကျွန်မကို ဆေးကုသခွင့်နဲ့ လွှတ်ပေးဖို့ ခွင့်ပြုချက်ရခဲ့တယ်။ ဒီလိုဖြစ်လာမယ်လို့ ကျွန်မ မျှော်လင့်မထားခဲ့ဘူး။ အဲဒီအချိန်က ဆေးကုသခွင့်နဲ့ လွှတ်ပေးဖို့ လူနှစ်ယောက်ပဲ ရနိုင်တာ၊ ဒါပေမဲ့ ထောင်ထဲမှာ အသည်းအသန် ဖျားနာနေသူက သုံးယောက်တောင် ရှိနေတော့ ကျွန်မ ရလိုက်တာကို အံ့သြသွားတာပေါ့။ ကြီးကြပ်ရေးမှူးက “ချန်၊ မင်းယောက်ျား မင်းကို လာကြိုနေတယ်။ မင်း အိမ်ပြန်လို့ရပြီ။ အိမ်မှာပဲ ပြစ်ဒဏ် တစ်နှစ် ကျခံရမယ်။ ဧဝံဂေလိတရား ဟောခွင့်မရှိဘူး၊ ပြီးတော့ မင်းကို စောင့်ကြည့်ဖို့ ဒေသခံ အစိုးရကို ငါတို့ အကြောင်းကြားထားမယ်” လို့ ပြောတယ်။ ကျွန်မ အရမ်းကို ပျော်သွားတယ်။ ရှင်းမင်ကလဲ ကျွန်မအတွက် ဝမ်းသာပေးတယ်။ သူက ကျွန်မ ပစ္စည်းတွေ ယူဖို့ မြန်မြန် ကူညီပေးပြီး ဂိတ်ပေါက်အထိ တွဲပို့ပေးတယ်။ ကျွန်မယောကျ်ားက အလုပ်ကြမ်းစခန်းကို အာမခံကြေး ယွမ် ၂,၀၀၀ ပေးခဲ့ရတယ်။ အဲဒီနောက်တော့ ဒီငရဲဘုံလို နေရာကနေ ကျွန်မ ထွက်လာနိုင်ခဲ့တယ်။

အိမ်ရောက်တော့လဲ ကျွန်မက ကုတင်ပေါ်မှာ လှဲနေရုံကလွဲပြီး ဘာမှ မလုပ်နိုင်ဘူး။ လက်တွေ ခြေထောက်တွေကို လှုပ်လို့ မရဘူး။ ကိုယ့်ကိုယ်ကိုယ် ဂျယ်လီတုံးကြီးလို ခံစားရတယ်။ အဲဒီနှစ်က အိမ်မှာ တကယ်ကို ခက်ခဲခဲ့တာ။ အကြွေးက ယွမ် ၁၀,၀၀၀ ကျော် တင်နေတယ်။ ဆေးကုသခွင့်နဲ့ ထွက်လာဖို့တောင် ပိုက်ဆံချေးခဲ့ရတာလေ။ ပိုက်ဆံမရှိလို့ ဘာဆေးကုသမှုမှ မခံယူနိုင်ခဲ့ဘူး။ ဖျားနာမှုထဲမှာပဲ နစ်မွန်းနေလို့ တစ်ခါတလေ ကျွန်မ ဆင်းရဲဒုက္ခ ခံစားရပေမဲ့ ဒါတွေဟာ ဘုရားသခင်ရဲ့ လက်ထဲမှာပဲ ရှိပြီး ပြန်ကောင်းလာဖို့၊ မကောင်းလာဖို့ဆိုတာက ဘုရားသခင်အပေါ်မှာပဲ မူတည်တယ်ဆိုတာ ကျွန်မ သိတယ်။ ဘုရားသခင်ဟာ ကျွန်မရဲ့ အကြီးမားဆုံး ပံ့ပိုးသူပဲ။ ဘုရားသခင်ဆီ ကျွန်မ ခဏခဏ ဆုတောင်းတော့ ဝိညာဉ်ရေးရာမှာ ဖြည်းဖြည်းချင်း ခွန်အားရလာတယ်။ အဲဒီအချိန်က ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ချင်လွန်းလို့ သေမတတ်ပဲ၊ ဒါပေမဲ့ စီစီပီ က ကျွန်မကို စောင့်ကြည့်နေတုန်းမို့ ညီအစ်ကို မောင်နှမတွေက ကျွန်မကို လာမဆက်သွယ်နိုင်ကြဘူး။ ကျွန်မအမေက ယုံကြည်သူတစ်ယောက်ဖြစ်ပြီး၊ သူက ဘုရားနှုတ်ကပတ်တော်ကို လက်ရေးနဲ့ ကူးထားတဲ့ စာအုပ်တစ်အုပ် ယူလာပေးတယ်။ ကျွန်မ အရမ်းဝမ်းသာသွားပြီး သူ့ဆီကနေ အမြန် ယူလိုက်တယ်။ အဲဒါကို ထပ်ခါတလဲလဲ ဖတ်တာပေါ့။ တစ်လုံးမှ မမှတ်မိပေမဲ့ ကျွန်မ နားလည်နိုင်တယ်။ ကျွန်မ အရမ်းကို ဝမ်းသာကြည်နူးသွားပြီး စိတ်အေးချမ်းသွားတယ်၊ ရှင်မလား သေမလားဆိုတာကိုတောင် မတွေးတော့ဘူး။ ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ခွင့်ရနေသရွေ့ ကျွန်မ ကျေနပ်ပါပြီ။ နှစ်လ၊ သုံးလ ကြာတော့ ဆေးသောက်စရာ၊ ဆေးထိုးစရာမလိုဘဲ အကူအညီနဲ့ ယိုင်တိယိုင်တိုင်နဲ့ လမ်းလျှောက်နိုင်လာပြီး ထမင်းကိုလဲ ကိုယ့်ဘာသာ စားနိုင်လာတယ်။

၂၀၀၄ ခုနှစ်ရဲ့ တစ်နေ့မှာ ကျွန်မ အံဆွဲထဲက စက္ကူထုပ်လေး တစ်ထုပ်ကို မြင်လိုက်တယ်။ ဖွင့်ကြည့်လိုက်တော့ ရှုပ်ထွေးနေတဲ့ ကက်ဆက်တိပ်ခွေ တစ်ခွေကို တွေ့လိုက်ရပြီး “ဒါ ဓမ္မတေးခွေများလား” လို့ တွေးမိတယ်။ ကျွန်မသားကို ခွေကို ရှင်းခိုင်းပြီး ကက်ဆက်ထဲ ထည့်ခိုင်းလိုက်တော့၊ အံ့သြစရာကောင်းတာက သီချင်းသံ ထွက်လာတယ်။ ဘုရားနှုတ်ကပတ်တော် ဓမ္မတေးတွေကို ကြားရလို့ ကျွန်မ အရမ်းကို စိတ်လှုပ်ရှားသွားတာပဲ။ အဲဒီနောက်ပိုင်း၊ ဒီဓမ္မတေးတွေကို နေ့တိုင်း ထပ်ခါထပ်ခါ နားထောင်တော့တာပဲ၊ နားထောင်လေလေ ကျွန်မစိတ်က ပိုလင်းလက်လာလေလေပဲ။ အထူးသဖြင့် “အောင်နိုင်သူတို့၏သီချင်း” ကို နားထောင်ရတဲ့အခါ ကျွန်မ အရမ်းကို ခွန်အားရတယ်။ “သင်တို့အား ပြင်ဆင်ထားပြီးသော ကောင်းချီးမင်္ဂလာများကို သင်တို့ လက်ခံဖူးသလော။ သင်တို့အတွက် ပြုထားခဲ့သော ကတိများကို သင်တို့ လိုက်စားဖူးသလော။ ငါ့အလင်း၏ လမ်းပြမှုအောက်တွင် သင်တို့သည် အမှောင် အင်အားများ၏ လက်ခုပ်တွင်းမှ ထိုးဖောက်ကျော်လွှားလိမ့်မည်။ အမှောင်ထု၏ အလယ်တွင် အလင်း၏ လမ်းပြမှုကို သင်တို့ သေချာပေါက် ဆုံးရှုံးလိမ့်မည် မဟုတ်။ သင်တို့သည် အရာခပ်သိမ်း၏ အရှင်သခင်များ သေချာပေါက် ဖြစ်လိမ့်မည်။ သင်တို့သည် စာတန်၏ ရှေ့မှောက်တွင် အောင်မြင်သောသူများ ဧကန်မုချ ဖြစ်လိမ့်မည်။ အဆင်းနီသော နဂါးကြီး၏ နိုင်ငံ ကျရှုံးချိန်တွင် သင်တို့သည် ငါ၏ အောင်မြင်မှု၏ သက်သေအဖြစ် မြောက်မြားလှစွာသော လူအုပ်ကြီး၏ အလယ်တွင် သေချာပေါက် ရပ်ရလိမ့်မည်။ သင်တို့သည် သိနိမ်ပြည်တွင် သေချာပေါက် ခိုင်မာစွာ ရပ်တည်ပြီး မယိမ်းယိုင်ဘဲ ရှိကြလိမ့်မည်။ သင်တို့ ခါးစည်းခံရသည့် ဆင်းရဲဒုက္ခများကြောင့် သင်တို့သည် ငါ၏ ကောင်းချီးမင်္ဂလာများကို အမွေခံကြရလိမ့်မည် ဖြစ်ပြီး စကြဝဠာ တစ်ခွင်လုံးတွင် ငါ၏ ဘုန်းအသရေ အလင်းကို သေချာပေါက် တောက်ပစေကြလိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးထံ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၁၉)) နောက်ဆုံးသောကာလက ဘုရားသခင်ရဲ့ အမှုတော်ဟာ အဆင်းနီသော နဂါးကြီးရဲ့ ညှဉ်းပန်းနှိပ်စက်မှုကို အသုံးပြုပြီး အောင်နိုင်သူတစ်စုကို စုံလင်အောင် ပြုလုပ်ပေးဖို့ပဲဆိုတာကို ကျွန်မ နားလည်သွားတယ်။ ကျွန်မက ခက်ခဲကြမ်းတမ်းမှုတချို့ကို ဖြတ်သန်းခဲ့ရပြီး ဒုက္ခိတဖြစ်ခဲ့ရပေမဲ့၊ ဒီပတ်ဝန်းကျင်ကနေတစ်ဆင့် ကျွန်မရဲ့ ယုံကြည်ခြင်းဟာ စုံလင်ခြင်းကို ခံခဲ့ရတယ်၊ ပြီးတော့ ဘုရားနှုတ်ကပတ်တော်တွေရဲ့ လမ်းပြမှုကြောင့် ကျွန်မ ခိုင်ခိုင်မာမာ ရပ်တည်နိုင်ခဲ့တယ်။ ဒုက္ခိတဖြစ်သွားပြီးနောက် မှတ်ဉာဏ်တွေ ပျောက်ဆုံးသွားရုံမက၊ ကိုယ့်ကိုယ်ကိုယ်တောင် ဂရုမစိုက်နိုင်တော့ဘူး။ ခဏခဏ အပျက်သဘောဆောင်ပြီး အားငယ်ခဲ့ရတယ်၊ ဒါပေမဲ့ ဘုရားသခင်က ညီအစ်မတွေကတစ်ဆင့် ကိုယ်တော့်နှုတ်ကပတ်တော်တွေကို ထပ်ခါထပ်ခါ မိတ်သဟာယပြုပေးစေပြီး ကျွန်မကို ကူညီခဲ့လို့သာ ဒီခက်ခဲတဲ့အခြေအနေကို ဖြတ်သန်းဖို့ ယုံကြည်ခြင်း ရခဲ့တာ။ ဒါက ဘုရားနှုတ်ကပတ်တော်တွေဟာ အလင်းဖြစ်ပြီး၊ လူတွေအတွက် ရှေ့ဆက်ရမဲ့ လမ်းကို အချိန်မရွေး လင်းထိန်စေနိုင်တယ်၊ လိုက်လျှောက်ရမဲ့ လမ်းကြောင်းတစ်ခုကို ပေးနိုင်တယ်ဆိုတာ ကျွန်မကို ပြသနေတာပဲ။ ဒီအခြေအနေကို ဖြတ်သန်းရတဲ့အခါ ဇာတိပကတိက နည်းနည်း ဆင်းရဲဒုက္ခ ခံရပေမဲ့၊ သမ္မာတရားကို ကျွန်မ နားလည်နိုင်ခဲ့တယ်၊ ဘုရားသခင်အပေါ် ယုံကြည်ခြင်းတွေ တိုးလာတယ်၊ ပြီးတော့ ဘုရားသခင်ရဲ့ အနန္တတန်ခိုးနဲ့ အချုပ်အခြာအာဏာကို နားလည်သဘောပေါက်မှုတချို့ ရရှိခဲ့တယ်။ ကျွန်မရဲ့ ဆင်းရဲဒုက္ခက အရမ်းကို အဓိပ္ပာယ်ရှိခဲ့တာပဲ။ ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မကို တွန်းအားပေးခဲ့ပြီး ကျွန်မရဲ့ အခြေအနေက တစ်နေ့တခြား ပိုကောင်းလာတယ်။ မှတ်ဉာဏ်တွေ တော်တော်များများ ပြန်ရလာပြီး စကားကိုလဲ ပီပီသသ ပြောနိုင်လာတယ်။ ၂၀၀၅ ခုနှစ်ရောက်တော့ ဖြည်းဖြည်းချင်း လမ်းလျှောက်နိုင်လာတယ်။ အဲဒီနှစ်ကုန်ပိုင်းမှာတော့ တခြားမြို့မှာရှိတဲ့ ညီမလေးဆီ သွားလည်ဖို့ ရထားကို ကိုယ့်ဘာသာ စီးသွားနိုင်ခဲ့ပြီး အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ ဧဝံဂေလိတရားကို သူ့ကို ဟောပြောခဲ့တယ်။ ကျွန်မ ဒီလောက် ကောင်းကောင်း ပြန်ကျန်းမာလာတာကို ဆွေမျိုးတွေ မြင်တော့ တချို့က “ဘုရားသခင် တကယ်ရှိတာပဲ” လို့ ပြောကြတယ်။ တချို့ကလဲ “နင့်ဘုရားက တကယ်ကို အနန္တတန်ခိုးရှင်ပဲ” လို့ ပြောကြတယ်။ ကျွန်မ အစ်မရဲ့ ယောက္ခမဆိုရင်လဲ ကျွန်မရဲ့ အတွေ့အကြုံကို နားထောင်ပြီးနောက် ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ ဧဝံဂေလိတရားကို လက်ခံခဲ့တယ်။ နောက်ပိုင်းမှာတော့ ကျွန်မရဲ့ ရောဂါက လုံးဝ ပျောက်ကင်းသွားတယ်။ ခြေမဆွဲတော့ဘဲ ပုံမှန်လူတစ်ယောက် ဖြစ်လာတယ်။ ကျွန်မ ဒီလောက်မြန်မြန် ပြန်ကောင်းလာတာကို မြင်တော့ ပတ်ဝန်းကျင်က လူတွေက အံ့သြနေကြတာပေါ့။ တစ်ခါတော့ လမ်းပေါ်မှာ ရှင်းမင်နဲ့ ဆုံတော့ ကျွန်မ ဘယ်လောက်တောင် ဝမ်းသာသွားလဲဆိုတာကို စကားနဲ့တောင် မပြောပြတတ်ဘူး။ ချက်ချင်းပဲ သူ့ကို ဖက်လိုက်ပြီး ကျွန်မတို့ အရမ်း ခံစားရပြီး ငိုချလိုက်ကြတယ်။ ၂၀၁၈ ခုနှစ်မှာ ဆေးပြန်စစ်တဲ့အခါ၊ ဆရာဝန်က ကျွန်မရဲ့ ဓာတ်မှန်ကို အံ့အားသင့်စွာနဲ့ အကြာကြီး ကြည့်နေပြီး၊ ကျွန်မ ခေါင်းထဲက သွေးစုနေတဲ့အရာတွေဟာ ကျောက်ဖြစ်သွားပြီလို့ ပြောတယ်။ ခေါင်းကို ပြင်းပြင်းထန်ထန် ထိခိုက်မိပြီး ဘာဆေးကုသမှုမှ မခံယူဘဲနဲ့ သွေးစုနေတဲ့အရာတွေက ကျောက်ဖြစ်သွားတယ်ဆိုတာ တကယ့် အံ့ဖွယ်နိမိတ်လက္ခဏာပဲ။ ဆရာဝန် ဒီလိုပြောတာကို ကြားတော့ ဘုရားသခင်ကို စိတ်နှလုံးအကြွင်းမဲ့ ကျေးဇူးတင်လိုက်တယ်။ သေလုမျောပါး လေဖြတ်နေတဲ့သူတစ်ယောက်ကနေ ပုံမှန်လူတစ်ယောက်အဖြစ် ဖြည်းဖြည်းချင်း ပြန်ကောင်းလာတာဟာ ဘယ်သူမှတောင် မတွေးရဲတဲ့ ကိစ္စလေ။

ဒီအတွေ့အကြုံကို ရရှိပြီးတဲ့နောက်မှာတော့၊ ဘုရားသခင်ဟာ အရာအားလုံးကို စီမံခန့်ခွဲနေပြီး လူတွေရဲ့ အသက်ရှင်ခြင်းနဲ့ သေဆုံးခြင်းတွေဟာ ကိုယ်တော့်လက်ထဲမှာပဲ ရှိတယ်ဆိုတာ ကျွန်မ မြင်တွေ့ခဲ့ရတယ်။ ဘုရားသခင် ပြောထားသလိုပါပဲ။ “လူသား၏ စိတ်နှလုံးနှင့် ဝိညာဉ်ကို ဘုရားသခင်သည် လက်၌ ကိုင်ဆောင်ထားပြီး သူ၏ ဘဝတစ်ခုလုံးကို ဘုရားသခင်သည် သူ၏မျက်လုံးများဖြင့် ကြည့်ရှုလျက်ရှိသည်။ သင်သည် ဤအရာအားလုံးကို ယုံသည်ဖြစ်စေ၊ မယုံသည်ဖြစ်စေ၊ သက်ရှိဖြစ်ဖြစ်၊ သက်မဲ့ဖြစ်ဖြစ် အရာအားလုံးသည် ဘုရားသခင်၏ အကြံအစည်များနှင့်အညီ ရွေ့လျား၊ ပြောင်းလဲကာ အသစ်ပြန်ဖြစ်ပြီး ကွယ်ပျောက်သွားမည်ဖြစ်သည်။ ဤသည်မှာ အရာအားလုံးအပေါ် ဘုရားသခင် အချုပ်အခြာအာဏာ ကိုင်စွဲသည့်ပုံစံဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်သည် လူ့အသက်၏ အရင်းအမြစ်ဖြစ်သည်) ဒီထူးခြားတဲ့ အတွေ့အကြုံကနေတစ်ဆင့် ဘုရားသခင်အပေါ် ကျွန်မရဲ့ ယုံကြည်ခြင်း အများကြီး တိုးလာတယ်။ ဘုရားသခင်က ကျွန်မကို ဒုတိယအကြိမ် အသက်ရှင်ခွင့် ပေးခဲ့တယ်။ နောင်မှာ ဘယ်လို ညှဉ်းပန်းနှိပ်စက်မှုတွေ၊ ဆင်းရဲဒုက္ခတွေနဲ့ပဲ ရင်ဆိုင်ရပါစေ၊ ဘုရားသခင်နောက်ကို လိုက်ဖို့ ကျွန်မရဲ့ ယုံကြည်ခြင်းမှာ အမြဲတမ်း ခိုင်မြဲနေမှာပါ၊ ပြီးတော့ ကိုယ်တော့်ရဲ့ ချစ်ခြင်းမေတ္တာကို ကျေးဇူးဆပ်ဖို့ ကျွန်မရဲ့ တာဝန်ကို ကောင်းကောင်း ထမ်းဆောင်သွားပါမယ်။

နောက်တစ်ခုသို့- ကျွန်မ အဖမ်းခံရပြီးနောက်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ အလင်းက ခက်ခဲသည့် အခြေအနေတစ်လျှောက် ကျွန်မကို လမ်းပြသည်

ကျောက်ရှင်း၊ စီချွမ်စီရင်စုကျွန်မ ကလေးဘဝတုန်းက၊ တောင်တန်းများထဲတွင် ကျွန်မ နေထိုင်ခဲ့ပါသည်။ ကမ္ဘာလောကအကြောင်းကို ကျွန်မ လုံးဝ...

မိစ္ဆာကောင်များ၏ မှောင်မိုက်သော သားရဲတွင်းထဲက အသက်၏ ခပ်ရေးရေး အလင်းရောင်

လင်းယင်၊ ရှန်ဒုံစီရင်စုကျွန်မနာမည် လင်းယင်ဖြစ်ပြီး အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ထဲက ခရစ်ယာန်တစ်ဦး ဖြစ်ပါသည်။ အနန္တတန်ခိုးရှင်...

ကျွန်တော်နှိပ်စက်ညှဉ်းပန်းခံရစဉ် သင်ယူခဲ့ရသည့်အရာ

လီရှင်ယွီ၊ တရုတ်ပြည်၂၀၀၇ ခုနှစ်၊ ဇူလိုင်လ ၂၈ ရက်နေ့မနက်မှာ ကျွန်တော် ညီအစ်ကိုမောင်နှမတချို့နဲ့အတူ စုဝေးပွဲလုပ်နေတုန်း ရဲတွေက...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။