သင် အလုပ်ခန့်သည့် လူများကို လုံးဝ သံသယမရှိခြင်း၏ အကျိုးဆက်

12.03.2023

ရွှင်းချို အမေရိကန်နိုင်ငံ

ပြီးခဲ့တဲ့နှစ်က အသင်းတော်ရဲ့ ရေလောင်းခြင်းနဲ့ ဧဝံဂေလိအလုပ်အတွက် ကျွန်မ ကြီးကြပ်ရေးမှူးဖြစ်ခဲ့တယ်။ စခါစဆိုတော့ အလုပ်ရဲ့ အသေးစိတ်အချက်အလက် တော်တော်များများကို မရင်းနှီးသေးလို့ အဖွဲ့ခေါင်းဆောင်တွေအပေါ် အရမ်းမှီခိုခဲ့ရတယ်။ သူတို့က အဲဒီနယ်ပယ်တွေမှာ ကျွမ်းကျင်ပြီး အရာရာမှာ ကျွန်မထက်ပိုတော်လို့ သူတို့ဆီကနေ ကျွန်မ သင်ယူသင့်တယ်လို့ တွေးမိတယ်။ အထူးသဖြင့် အစ်မလီလီက အတော်လေး အစွမ်းအစကောင်းပြီး ပါရမီရှိတဲ့ အမှုဆောင်တစ်ယောက်ပေါ့။ စုဝေးပွဲတွေမှာ အလုပ်ဆွေးနွေးတာတွေကို သူ အမြဲ ဦးဆောင်သလို သူ့အဖွဲ့ရဲ့ ဧဝံဂေလိ အလုပ်က တခြားလူတွေထက် နည်းနည်း ပိုဖြစ်ထွန်းတယ်။ အကျိုးဆက်အနေနဲ့ သူ့ကို ကျွန်မ အထင်ကြီးပြီး ယုံကြည်အားကိုးခဲ့တယ်။ ပုံမှန်အားဖြင့် ကျွန်မက သူ့အလုပ်ကို ရိုးရိုးလေးပဲ နားလည်ပြီး အသေးစိတ်ကို လုံးဝ နှိုက်နှိုက်ချွတ်ချွတ် မလေ့လာခဲ့ဘူး။ သူ့ကို ကျွန်မ အဆုံးစွန် ယုံကြည်စိတ်ချခဲ့တယ်။ အဲဒီတုန်းက ညီအစ်ကို မောင်နှမတွေက ကျွန်မကို သတိပေးကြတယ်။ လီလီရဲ့ အလုပ်ကို စစ်ဆေးဖို့ အပတ်တိုင်း ကျွန်မ အချိန်နည်းနည်း ယူသင့်တယ်တဲ့။ ကျွန်မ သဘောတူခဲ့ပေမဲ့ တွေးမိတယ်။ “လီလီက တစ်ခါတလေ တစ်ဇွတ်ထိုးနိုင်ပေမဲ့ အလုပ်ကဏ္ဍတိုင်းမှာ သူ လုပ်တာ တော်တော် ကောင်းပြီး ဒီနယ်ပယ်မှာ ပါရမီအရှိဆုံးပဲ။ ဒီတော့ သူ့မှာ ဘာကြီးကြီးမားမား ပြဿနာမှ ရှိမှာ မဟုတ်ဘူး။ သူ့အလုပ်အကြောင်းကို ငါ အမြဲ မေးနေရင် သူ့ကို မယုံကြည်သလို ဖြစ်မှာပဲ” လို့ပေါ့။ ဒါကြောင့် သူတို့ရဲ့ အကြံတွေကို ကျွန်မ အလေးအနက် မထားခဲ့ဘူး။ တစ်နေ့တော့ လီလီက လက်တွေ့အလုပ် မလုပ်ဘူးလို့ ညီအစ်မနှစ်ယောက်က ပြောတယ်။ သူက အဖွဲ့ရဲ့ အလုပ်ကို မကြာခဏ နောက်ဆက်တွဲ မလုပ်ဘူး၊ ညီအစ်ကို မောင်နှမတွေရဲ့ ပြဿနာနဲ့ အခက်အခဲတွေကို ဖြေရှင်းဖို့ မိတ်သဟာယ မဖွဲ့သလို သူ တစ်ခါတလေ ဝင်စစ်တဲ့အခါမှာလည်း သိပ်အထောက်အကူမဖြစ်ဘူး။ ဒါကြောင့် အဖွဲ့ရဲ့ ဧဝံဂေလိအလုပ်က ထိရောက်မှု နည်းလာတယ်တဲ့။ ဒါကို ကြားတော့ ကျွန်မ လန့်သွားတယ်။ လီလီက ဘယ်လိုလုပ်ပြီး လက်တွေ့အလုပ် မလုပ်နိုင်ရမှာလဲပေါ့။ သူက အဖွဲ့ရဲ့ အလုပ်ကို နောက်ဆက်တွဲ လုပ်ပေးနေတယ်လို့ ကျွန်မကို ပြောခဲ့ပြီး ကျွန်မမေးတိုင်းမှာ ပြဿနာမရှိဘူးလို့ ပြောခဲ့တာလေ။ ဒီတော့ ဘာလို့ တခြားလူတွေက သူတို့အလုပ်ကို သူ နောက်ဆက်တွဲ မလုပ်ပေးဘူးလို့ ပြောနေကြတာလဲပေါ့။ ဒါပေမဲ့ နောက်တော့ တွေးမိတယ်။ “လီလီရဲ့ အဖွဲ့ အလုပ်လုပ်တာ အဘက်ဘက်မှာ ကောင်းနေခဲ့တာပဲ။ ဒီညီအစ်မတွေက အားလုံး မသိတာ ဖြစ်နိုင်တယ်။ သူတို့စကားတွေကိုပဲ ငါ ယုံနေလို့ မဖြစ်ဘူး။ ပြီးတော့ ဒီညီအစ်မတွေမှာလည်း သူတို့ပြဿနာနဲ့သူတို့ ရှိတာပဲလေ။ လီလီက သူ့တာဝန်မှာ ပြဿနာတွေရှိရင်တောင် အဲဒါ ပုံမှန်ပါပဲ။ ဘယ်သူမှ ခြောက်ပစ်ကင်းသဲလဲစင် မဟုတ်ပါဘူး”လို့ပေါ့။ ဒါကြောင့် သူတို့ရဲ့ တိုင်တန်းမှုတွေကို ကျွန်မ သိပ်မတွေးတော့သလို လီလီကို နှစ်ကိုယ်ကြား သတိပေးလိုက်တယ်။ နောင်မှာ အဖွဲ့ရဲ့အလုပ်ကို နောက်ဆက်တွဲ လုပ်တာကို အာရုံစိုက်ပေးဖို့ ပြောလိုက်တယ်။ အဲဒီလိုနဲ့ ပြီးသွားတယ်။ မကြာခင် လီလီရဲ့အလုပ်မှာ ပြဿနာ အကြီးစားတွေ ပေါ်လာတော့ အံ့အားသင့်ခဲ့ရတယ်။

တစ်နေ့မှာ လီလီဟာ လက်တွေ့အလုပ် မလုပ်တဲ့အတွက် ထပ်အတိုင်ခံရတယ်လို့ ခေါင်းဆောင်က ပြောတယ်။ ဧဝံဂေလိအလုပ် အဆင်မပြေချိန်မှာတောင် သူက နောက်ဆက်တွဲ မလုပ်ပေးခဲ့ဘူး၊ ပြီးတော့ ဧဝံဂေလိ မျှဝေရာမှာ ပြဿနာတွေ ရှိတော့ သူ့အဖွဲ့ကို ချက်ချင်း မတုံ့ပြန်ခဲ့ဘူးတဲ့။ အလုပ်ကို အကောင်အထည်ဖော်တဲ့အချိန်မှာ ကိစ္စတွေကိုလည်း လုံးဝ အပြီးသတ်အောင် မလုပ်ဘူး။ စုဝေးပွဲတွေမှာ အစီအစဉ်တွေသာ ချသွားပေမဲ့ နောက်ပိုင်းမှာ အဲဒီအစီအစဉ်အတိုင်း လိုက်မလုပ်ခဲ့လို့ အဲဒါတွေကို မဆောင်ရွက်နိုင်တော့ ဧဝံဂေလိ မျှဝေတဲ့ ရလဒ်တွေကို တိုက်ရိုက် ထိခိုက်ကုန်တယ်တဲ့။ ဒါကိုကြားတော့ ကျွန်မ ထပ်ပြီး လန့်သွားတယ်။ လီလီက သူ့တာဝန်မှာ ပြဿနာ နည်းနည်းရှိတာ ကျွန်မ သိခဲ့ပေမဲ့ ဒီလောက် ဆိုးရွားမှန်း မသိခဲ့ဘူး။ သူက အစွမ်းအစကောင်းပြီး တာဝန်မှာ အရမ်းတက်ကြွတာလေ။ ဘယ်လိုလုပ်ပြီး လက်တွေ့အလုပ်ကို မလုပ်နိုင်မှာလဲ။ အဲဒါ အမှန်လို့ကို ကျွန်မ မယုံနိုင်ခဲ့ဘူး။ နောက်ပိုင်းမှာ ခေါင်းဆောင်က သူနဲ့ မိတ်သဟာယပြုပြီး သူ့ပြဿနာတွေကို ထောက်ပြခဲ့တယ်။ သူ့ကိုယ်သူသုံးသပ်ပြီး ဒီအရာကတစ်ဆင့် သင်ခန်းစာယူမယ်လို့ ကျွန်မ ထင်ခဲ့တယ်။ ဒါပေမဲ့ အံ့ဩစရာကောင်းတာက သူ မဆင်ခြင်ခဲ့သလို လက်ခံပြီး ကျိုးနွံနာခံတဲ့ သဘောထား သူ့မှာ လုံးဝ မရှိခဲ့ဘူး။ သူ အဖွဲ့ခေါင်းဆောင်ဖြစ်ဖို့ မသင့်တော်ဘူးလို့ပဲ ပြောပြီး ရာထူးကနေ ဆင်းပေးမယ်တဲ့။ လက်တွေ့အလုပ်ကို သူမလုပ်ခဲ့ရုံမက ကိုင်တွယ်ဖြေရှင်းတာကိုလည်း လက်မခံခဲ့ဘူး။ နောက်ဆုံးမှာ စည်းမျဉ်းတွေအရ သူ့ကို အဖွဲ့ခေါင်းဆောင်မဖြစ်သင့်ဘူးလို့ ယူဆပြီး တာဝန်ပြောင်းလိုက်တယ်။ အဲဒီနောက်‌ ကျွန်မ စိတ်မကောင်းဖြစ်မိတယ်။ အဖွဲ့ခေါင်းဆောင်က လက်တွေ့အလုပ် လုပ်မနေခဲ့တာကို ဘယ်လိုလုပ် ကျွန်မက သတိပြုဖို့ ပျက်ကွက်ခဲ့တာလဲ။ ဘုရားရှေ့ကို ကျွန်မ လာဆုတောင်းလိုက်တယ်။ “ဘုရားသခင်၊ ကျွန်မ အရမ်း ကြောင်းကျိုးမမြင်ခဲ့ပါဘူး။ ကျွန်မရဲ့ ကျရှုံးမှုအတွက် အကြောင်းရင်း ရှာတွေ့ဖို့ ကျွန်မကို ဉာဏ်အလင်းပေးပြီး လမ်းပြတော်မူပါ”လို့ပေါ့။

တစ်နေ့ ဝတ်ပြုနေတုန်းမှာ ဒီဘုရားနှုတ်ကပတ်တော်အပိုဒ်ကို တွေ့ခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “အယောင်ဆောင်ခေါင်းဆောင်များသည် တကယ့်အလုပ်ကို မလုပ်သော၊ သို့မဟုတ် မိမိတို့၏ တာဝန်များကို လျစ်လျူရှုနေသော ကြီးကြပ်သူများကို စုံစမ်းစစ်ဆေးမည်မဟုတ်ပေ။ ၎င်းတို့သည် ကြီးကြပ်သူတစ်ယောက် ရွေးချယ်ရန်သာလိုအပ်ပြီး အရာရာက အဆင်ပြေလိမ့်မည်ဟု ထင်မြင်ကြသည်။ ပြီးနောက်တွင် ကြီးကြပ်သူက အလုပ်ကိစ္စအားလုံးကို ကိုင်တွယ်လိမ့်မည်ဖြစ်ပြီး၊ ၎င်းတို့လုပ်ရန် လိုအပ်သမျှမှာ စည်းဝေးမှုများ ရံဖန်ရံခါကျင်းပရန်သာဖြစ်သည်၊ အလုပ်ကို စောင့်ကြည့်ရန်၊ မည်သည့်အခြေအနေရှိသည်ကို မေးမြန်းရန် မလိုပေ၊ လက်လွှတ်ထားနိုင်သည်ဟု ထင်မြင်ကြသည်။ ကြီးကြပ်သူတစ်ယောက်နှင့်ပတ်သက်သည့် ပြဿနာတစ်ခုကို တစ်ယောက်ယောက်က တိုင်ကြားလျှင် အယောင်ဆောင်ခေါင်းဆောင်က ‘အသေးအဖွဲပြဿနာတစ်ခုသာဖြစ်သည်။ သင့်ဘာသာ ကိုင်တွယ်နိုင်သည်။ ငါ့ကို မမေးနှင့်’ ဟူ၍ ပြောလိမ့်မည်။ ပြဿနာကို တိုင်ကြားသောသူက ပြောသည်။ ‘ထို ကြီးကြပ်သူသည် ပျင်းရိသော အစားကြီးသူဖြစ်သည်။ စားသောက်ခြင်းနှင့် မိမိတို့ကိုယ်ကိုယ် ပျော်တော်ဆက်သည်မှ လွဲပြီး မည်သည့်အရာမျှ မလုပ်ပါ။ ၎င်းတို့သည် အလွန်အမင်း ပျင်းရိကြသည်။ ၎င်းတို့၏ တာဝန်တွင် အနည်းငယ်မျှပင် ဒုက္ခမခံလိုပေ။ ၎င်းတို့၏ အလုပ်နှင့် တာဝန်ကို ရှောင်ကြဉ်ရန်အတွက် လိမ်ညာပြီး ဆင်ခြေများပေးရန် နည်းလမ်းများကို အစဉ် ရှာကြသည်။ ၎င်းတို့သည် ကြီးကြပ်သူတစ်ယောက်ဖြစ်ရန် အရည်အချင်းမပြည့်မီပေ။’ အယောင်ဆောင်ခေါင်းဆောင်က ဖြေလိမ့်မည်။ ‘၎င်းတို့ကို ကြီးကြပ်သူအဖြစ် ရွေးချယ်စဉ်က အဆင်ပြေခဲ့သည်။ သင်ပြောသည့်အရာက မမှန်ကန်ပေ၊ သို့မဟုတ် မှန်ကန်လျှင်ပင် ယာယီသရုပ်သကန်တစ်ခုသာဖြစ်သည်။’ အယောင်ဆောင်ခေါင်းဆောင်သည် ကြိုးစားပြီး ကြီးကြပ်သူ၏ အခြေအနေကို ပိုမိုသိရှိရန် မပြုလုပ်ဘဲ ထိုသူအပေါ် ၎င်းတို့၏ ယခင်က အမြင်များအပေါ်တွင် အခြေခံပြီး အမှုကိစ္စကို အကဲဖြတ်ပြီး ဆုံးဖြတ်သည်။ ကြီးကြပ်သူနှင့်ပတ်သက်သော ပြဿနာများကို မည်သူက တိုင်ကြားသည်ဖြစ်စေ အယောင်ဆောင်ခေါင်းဆောင်က လျစ်လျူရှုသည်။ ကြီးကြပ်ရေးမှူးသည် မနိုင်ဝန်ထမ်းနေသည်။ ၎င်း၏ အလုပ်များကို ပြီးမြောက်ရန် လုံလောက်သော အရည်အချင်း မရှိသကဲ့သို့၊ အမှားများ ပြုလုပ်ပြီးလုနီးနီး ဖြစ်နေသည်။ သို့သော် အယောင်ဆောင်ခေါင်းဆောင်က ဂရုမစိုက်ချေ။ တစ်စုံတစ်ယောက်က ကြီးကြပ်ရေးမှူး၏ ပြဿနာများကို သတင်းပို့သည့်အခါ ၎င်းတို့က လျစ်လျူရှုသည်မှာ ဆိုးပြီးသားဖြစ်သည်။ သို့သော် စက်ဆုပ်ဖွယ်အကောင်းဆုံးမှာ အဘယ်နည်း။ ကြီးကြပ်သူကြုံနေသည့် တကယ့် ဆိုးရွားသော ပြဿနာများအကြောင်းကို လူများက ၎င်းတို့ကို ပြောပြသည့်အခါ၊ ၎င်းတို့သည် ဤအရာများကို ကြိုးစားပြီး ဖြေရှင်းခြင်းမရှိဘဲ၊ ဆင်ခြေမျိုးစုံပင် ပြောကြလေသည်။ ‘ဤကြီးကြပ်ရေးမှုးကို ကျွန်ုပ်သိသည်။ ၎င်းသည် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်သည်။ ၎င်းတွင် မည်သည့်ပြဿနာမျှ လုံးဝ ရှိမည်မဟုတ်။ ရှိခဲ့လျှင်ပင်၊ ဘုရားသခင်က ၎င်းကို ကာကွယ်ပြီး ဆုံးမပဲ့ပြင်မည်ဖြစ်သည်။ ၎င်းက အမှားတစ်ခုတလေ ပြုသည့်အခါ၊ ယင်းမှာ သူနှင့် ဘုရားသခင်ကြားတွင် ဖြစ်သည်။ ကျွန်ုပ်တို့ စိုးရိမ်စရာ မလိုပါ’ ဟူ၍ ဖြစ်သည်။ ဤသည်မှာ အယောင်ဆောင်ခေါင်းဆောင်များက ၎င်းတို့၏ ကိုယ်ပိုင် အယူအဆများနှင့် စိတ်ကူးများအတိုင်း အလုပ်လုပ်ပုံဖြစ်သည်။ ၎င်းတို့က သမ္မာတရားကို နားလည်ချင်ယောင်၊ ယုံကြည်ခြင်းရှိယောင် ဟန်ဆောင်ကြသည်။ အကျိုးဆက်မှာ ၎င်းတို့သည် အသင်းတော် အလုပ်ကို ရှုပ်ထွေးသွားစေသည်၊ သို့မဟုတ် ရပ်ပင် ရပ်တန့်သွားစေသည်။ ထိုတစ်ချိန်လုံးတွင် ၎င်းတို့သည် မသိနားမလည်ချင်ယောင် ဟန်ဆောင်ကြသည်။ ၎င်းတို့သည် ဗျူရိုကရက်များသာ ဖြစ်သည်မဟုတ်လော။ အယောင်ဆောင်ခေါင်းဆောင်များသည် တကယ့်အလုပ်ကို လုပ်နိုင်စွမ်းမရှိသကဲ့သို့၊ အုပ်စုခေါင်းဆောင်များနှင့် ကြီးကြပ်သူများ၏ အလုပ်ကို မည်သည့် အလေးအနက်ထားခြင်းမျှဖြင့် မချဉ်းကပ်ပေ။ လူများအပေါ် ၎င်းတို့၏အမြင်သည် ၎င်းတို့၏ ကိုယ်ပိုင် ထင်မြင်ချက်များနှင့် စိတ်ကူးများအပေါ်တွင်သာ အခြေခံလေသည်။ တစ်စုံတစ်ယောက်သည် အချိန်တစ်ခုကြာ ကောင်းစွာ စွမ်းဆောင်နိုင်ခဲ့သည်ကို မြင်လျက်၊ ဤသူသည် အစဉ်ထာဝရ ကောင်းမွန်လိမ့်မည်ဟုလည်းကောင်း၊ ထိုသူတို့သည် ပြောင်းလဲမည်မဟုတ်ဟုလည်းကောင်း ၎င်းတို့ ယုံကြည်ကြသည်။ ဤလူနှင့်ပတ်သက်၍ ပြဿနာရှိကြောင်း ပြောသည့်သူမည်သူ့ကိုမဆို ၎င်းတို့ မယုံကြည်ပေ။ ထိုလူအကြောင်း တစ်စုံတစ်ဦးက တစ်ခုခုကို ထောက်ပြသည့်အခါတွင် ၎င်းတို့ လျစ်လျူရှုကြသည်။...အယောင်ဆောင် ခေါင်းဆောင်များ၌လည်း အကြီးစား အားနည်းချက် ရှိပေသည်။ ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင်စိတ်ကူးများအပေါ်တွင် အခြေခံ၍ လူတို့ကို အလျင်အမြန် ယုံကြည်ကြသည်။ ဤသည်မှာ သမ္မာတရားကို နားမလည်ခြင်းကြောင့်ဖြစ်သည်မဟုတ်လော။ ဘုရားနှုတ်ကပတ်တော်သည် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ အနှစ်သာရများကို မည်သို့ ထုတ်ဖော်သနည်း။ ဘုရားသခင်က မယုံကြည်ချိန်တွင် ၎င်းတို့သည် အဘယ်ကြောင့် လူတို့ကို ယုံကြည်သင့်သနည်း။ လူတို့ကို အသွင်အပြင်များအားဖြင့် ဝေဖန်မည့်အစား၊ ဘုရားသခင်သည် ၎င်းတို့၏ စိတ်နှလုံးကို အဆက်မပြတ် စောင့်ကြည့်နေသည်။ ဤသို့ဆိုလျှင် အယောင်ဆောင်ခေါင်းဆောင်များသည် အခြားလူများကို ဝေဖန်ပြီး ထိုသူတို့ကို ယုံကြည်ကြသောအခါ အဘယ်ကြောင့် အလွန်ပင် ပေါ့တန်သင့်မည်နည်း။ အယောင်ဆောင် ခေါင်းဆောင်များသည် စိတ်ကြီးဝင်လွန်းသည် မဟုတ်လော။ ၎င်းတို့ စဉ်းစားသည်မှာ၊ ‘ဤလူကို ငါ ရိပ်စားမိချိန်တွင် ငါမမှားပေ။ မည်သည့်အရာကမျှ မလွဲချော်နိုင်ပေ။ ၎င်းတို့သည် လျှောက်လုပ်သောသူ၊ အပျော်အပါးမက်ပြီး ပင်ပန်းသောအလုပ်ကို မုန်းသောသူ သေချာပေါက်မဟုတ်ပေ။ ၎င်းတို့သည် လုံးဝ အားကိုးရပြီး ယုံကြည်ထိုက်သည်။ ၎င်းတို့ ပြောင်းလဲလိမ့်မည်မဟုတ်။ ပြောင်းလဲလျှင် ၎င်းတို့နှင့်ပတ်သက်ပြီး ငါမှားယွင်းသည်ဆိုသည့် သဘောဖြစ်မည် မဟုတ်လော’ ဟူ၍ ဖြစ်သည်။ ဤသည်မှာ အဘယ်သို့သော တွေးခေါ်ပုံမျိုးနည်း။ သင်သည် ကျွမ်းကျင်သူတစ်ယောက်ယောက် ဖြစ်သလော။ သင့်တွင် အရာဝတ္ထုများကို ထိုးဖောက်မြင်နိုင်သည့် အမြင်အာရုံရှိသလော။ ဤသည်မှာ သင်၏ အထူး ကျွမ်းကျင်မှုလော။ သင်သည် ဤလူနှင့် တစ်နှစ်၊ သို့မဟုတ် နှစ်နှစ် နေထိုင်နိုင်သည်။ သို့သော် ၎င်းတို့၏ သဘာဝကို လုံးလုံး ဖွင့်ချပြရန် သင့်တော်သည့် ပတ်ဝန်းကျင်တစ်ခုမရှိဘဲ ၎င်းတို့အမှန်တကယ် မည်သူမည်ဝါဖြစ်သည်ကို သင်မြင်နိုင်မည်လော။ ၎င်းတို့သည် ဘုရားသခင်၏ ဖော်ထုတ်ခြင်းကို မခံရလျှင်၊ သင်သည် ၎င်းတို့နှင့် သုံးနှစ်၊ သို့မဟုတ် ငါးနှစ်ပင် အတူယှဉ်တွဲနေထိုင်နိုင်ပြီး ၎င်းတို့က မည်သည့်သဘာဝနှင့် အနှစ်သာရအမျိုးအစားရှိသည်ကို မြင်ရန် ခက်ခဲနေဦးမည်ဖြစ်သည်။ ပြီးလျှင် သင်သည် ၎င်းတို့ကို သိပ်မတွေ့ရသောအခါ၊ ၎င်းတို့နှင့်အတူ သိပ်မရှိသောအခါ ဤသည်မှာ မည်မျှပင်ပို၍ မှန်ကန်သနည်း။ သင်သည် တစ်ခဏတာအမြင်၊ သို့မဟုတ် ၎င်းတို့အပေါ် အခြားလူတစ်ယောက်၏ အပြုသဘောဆောင်သော သုံးသပ်ချက်အပေါ် အခြေခံ၍ ၎င်းတို့ကို မစဉ်းမစားယုံကြည်ပြီး ထိုသို့သောလူတို့ကို အသင်းတော်အလုပ်အား အပ်နှံရဲသည်။ ဤတွင် သင်သည် အလွန်အမင်း မျက်ကန်းဖြစ်နေသည်မဟုတ်လော။ စိတ်မြန်လက်မြန် ပြုလုပ်နေခြင်းမဟုတ်သလော။ ၎င်းတို့အနေဖြင့် ဤသို့ အလုပ်လုပ်သောအခါ အယောင်ဆောင်ခေါင်းဆောင်များသည် အလွန်အမင်း တာဝန်မသိတတ်ခြင်း မဟုတ်လော။(နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ) ဘုရားနှုတ်ကပတ်တော်တွေကို တွေးဆရင်းနဲ့ လူတွေမှာ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေရှိသလို သမ္မာတရား ရပြီး စိတ်သဘောထားတွေ မပြောင်းလဲခင်မှာ အားလုံးက စိတ်မချရသလို တစ်ယောက်မှ ယုံလို့မရမှန်း ကျွန်မ သဘောပေါက်လိုက်တယ်။ ဒါပေမဲ့ အယောင်ဆောင် ခေါင်းဆောင်တွေက သမ္မာတရားကို နားမလည်ကြဘူး၊ လူတွေရဲ့ အနှစ်သာရကို မသိမြင်နိုင်ကြသလို တခြားလူတွေကို သာမန်ကာလျှံကာ ယုံကြည်ကြတယ်။ ရေရှည်မှာ သူတို့အလုပ်ကို ကြီးကြပ်ဖို့ဖြစ်ဖြစ်၊ နောက်ဆက်တွဲလိုက်လုပ်ပေးဖို့ဖြစ်ဖြစ် ပျက်ကွက်ကြတယ်။ အရမ်းမာနထောင်လွှားပြီး တာဝန်မဲ့ကြတယ်။ ကျွန်မလည်း အဲဒီလို ပြုမူနေမိခဲ့တာပဲ။ လီလီရဲ့ အလုပ်ကို ကျွန်မ မကြီးကြပ်၊ မစစ်ဆေးရတဲ့ အဓိက အကြောင်းရင်းက သူ့ကို အရမ်းယုံနေခဲ့လို့ပဲ။ သူက အစွမ်းအစကောင်းပြီး ဧဝံဂေလိ မျှဝေရာမှာ အတွေ့အကြုံရှိသလို ထိရောက်တာကို မြင်ခဲ့လို့ သူ့ကို လုံးဝ ယုံကြည်ခဲ့ပြီး အထင်ကြီးခဲ့တယ်။ သူ့အလုပ်ကို ဒုက္ခရှာပြီး ကြီးကြပ်မနေဘူး။ သူ့ပြဿနာတွေကို တခြားလူတွေက တိုင်ကြတဲ့အခါ သူတို့ကို အလေးမထားခဲ့သလို ပြဿနာရှိတဲ့သူတွေက သူတို့ပဲလို့တောင် တွေးခဲ့တယ်။ ရလဒ်အနေနဲ့ ကျွန်မ မသိလိုက်ဘဲနဲ့ အလုပ်မှာ အကြီးစား ပြဿနာတွေ ဖြစ်ကုန်တယ်။ လူတွေနဲ့ ကိစ္စတွေကို ဘုရားနှုတ်ကပတ်တော်အရ မကြည့်ဘဲ အရမ်းကို ထိုးထွင်းအမြင်ရှိတဲ့ ကျွမ်းကျင်သူလိုမျိုး ကိုယ့်အမြင်ကိုပဲ ယုံကြည်စိတ်ချခဲ့တယ်။ အရမ်း စိတ်ကြီးဝင်ခဲ့တာပါ။ တကယ်တော့ ဘယ်ဖောက်ပြန်ပျက်စီးတဲ့ လူကိုမှ လုံးဝ ယုံကြည်လို့ မရဘူး။ သူတို့ကိုယ်တိုင်က အချိန်မရွေး ဘာလုပ်မယ်ဆိုတာ ဘယ်သူမှမသိဘူး။ လူတစ်ယောက်မှာ ခဏတာ အောင်မြင်ပြီး လက်တွေ့အလုပ်တချို့ လုပ်ရုံနဲ့ သူတို့ကို လုံးဝ ယုံကြည်စိတ်ချလို့ရတယ်လို့ မဆိုလိုဘူး။ လူတွေမှာ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေ ရှိလို့ တာဝန်မှာ တစ်ဇွတ်ထိုး ပြုမူပြီး စည်းမျဉ်းတွေကို ချိူးဖောက်နိုင်တယ်၊ အချောင်ခိုပြီး ဝတ်ကျေတမ်းကျေ လုပ်နိုင်သလို အလုပ်ကို ထိခိုက်နစ်နာစေနိုင်တယ်။ ဒါ့အပြင် လီလီကို ကျွန်မ သိတာ မကြာသေးသလို သူ့ကို တကယ် နားမလည်ခဲ့တာတောင် သူ့ကို အရမ်း ယုံကြည်မိခဲ့တယ်။ အရာရာမှာ သူ တော်ပြီး ကောင်းကောင်း လုပ်ဖို့ ကြီးကြပ်ပေးစရာ မလိုဘူးလို့ တွေးရင်းနဲ့ပေါ့။ ကျွန်မ မာနထောင်လွှားပြီး ကြောင်းကျိုးမမြင်လိုက်တာ။ လီလီက အရမ်း အတ္တကြီးမယ်လို့ ကျွန်မ လုံးဝ မတွေးမိခဲ့ဘူး။ သူက အဖွဲ့ခေါင်းဆောင်ဆိုပေမဲ့ ပိုများတဲ့ လူတွေကို သူကိုယ်တိုင် ပြောင်းလဲဖို့ပဲ ဂရုစိုက်ခဲ့ပြီး သူ့အဖွဲ့ရဲ့အလုပ်ကို အရေးမထားခဲ့ဘူး။ တခြားလူတွေက သူတို့အလုပ်မှာ ပြဿနာတွေ ရှိတော့ ဖြေရှင်းပေးဖို့ မိတ်သဟာယမပြုခဲ့ဘူး။ အဖွဲ့ခေါင်းဆောင်လုပ်ဖို့ လိုအပ်တဲ့ အလုပ်တစ်ခုမှ မလုပ်ခဲ့ဘူး။ သူက အစွမ်းအစကောင်းပြီး ပါရမီရှိသလို လက်တွေ့အလုပ် လုပ်နိုင်တဲ့ အမှုဆောင်လို့ ကျွန်မ အမြဲထင်ခဲ့လို့ သူ့ကို အရမ်း အထင်ကြီးခဲ့တယ်။ အဲဒီကျမှပဲ အဲဒါ မမှန်ကန်မှန်း ကျွန်မ သဘောပေါက်ခဲ့တာ။ လီလီက ပင်ကိုအရ တစ်ကိုယ်ကောင်းဆန်တယ်၊ သူ့အလုပ်ကိုပဲ ဂရုစိုက်ပြီး အသင်းတော်ရဲ့ အလုံးစုံ အကျိုးကို မကာကွယ်ခဲ့ဘူး။ သူက အဖွဲ့ခေါင်းဆောင်ဖြစ်ဖို့မဟုတ်ဘဲ သူ့ဘာသာ ဧဝံဂေလိဖြန့်တာနဲ့ပဲ ကိုက်တယ်။ လီလီကို ကျွန်မ ကြောင်းကျိုးမမြင် ယုံကြည်ခဲ့လို့ သူ့အလုပ်ကို မစစ်ဆေးခဲ့သလို လမ်းလွဲတာတွေနဲ့ သတိမမူတာတွေကို ချက်ချင်း မမြင်ခဲ့ဘူး။ ရလဒ်အနေနဲ့ ဧဝံဂေလိအလုပ်က ကြန့်ကြာသွားခဲ့တယ်။ ကြီးကြပ်ရေးမှူးအနေနဲ့ ဒါက လက်သင့်မခံနိုင်စရာပါ။ ကျွန်မ သုံးသပ်လေ၊ အပြစ်ရှိတဲ့စိတ် ခံစားရလေဖြစ်လို့ ဘုရားဆီ ဆုတောင်းတယ်။ ကျွန်မရဲ့ မမှန်တဲ့ အခြေအနေနဲ့ အမြင်တွေကို တကယ် သုံးသပ် ပြောင်းလဲချင်ခဲ့တယ်။

နောက်ပိုင်းမှာ ဒီဘုရားနှုတ်ကပတ်တော် အပိုဒ်ကို တွေ့ခဲ့တယ်။ “လူအများစုက ‘သင်အလုပ်ခန့်သည့် လူများကို သံသယမရှိနှင့်။ သင်သံသယရှိသည့်လူများကို အလုပ်မခန့်နှင့်’ ဆိုသည့် စကားကို အမှန်တရားအဖြစ် မှတ်ယူကြသည်ဟု ဆိုလျှင် မမှားပေ။ ၎င်းတို့သည် ဤအရာအားဖြင့် လှည့်စားခံရပြီး ချည်နှောင်ခံရသည်။ လူတို့ကို ရွေးချယ်သောအခါ၊ သို့မဟုတ် ခန့်အပ်သောအခါ ၎င်းတို့သည် ဤအရာအားဖြင့် နှောင့်ယှက်ခြင်း၊ လွှမ်းမိုးခြင်းကိုခံရပြီး၊ ၎င်းတို့၏ လုပ်ရပ်များကိုပင် ထိန်းချုပ်ခွင့်ပြုကြလေသည်။ ရလဒ်အနေဖြင့် ခေါင်းဆောင်များနှင့် အမှုဆောင်များစွာတို့သည် အသင်းတော်အလုပ်ကို စစ်ဆေးပြီး လူတို့ကို ရာထူးတိုးခန့်အပ်သည့်အခါတိုင်းတွင် အစဉ်သဖြင့် အခက်အခဲများ၊ စိုးရိမ်ကြောင့်ကြမှုများရှိကြသည်။ အဆုံးတွင် သူတို့လုပ်နိုင်သမျှမှာ ‘သင်အလုပ်ခန့်သည့် လူများကို သံသယမရှိနှင့်။ သင်သံသယရှိသည့်လူများကို အလုပ်မခန့်နှင့်’ ဆိုသည့် စကားလုံးများနှင့် မိမိတို့ကိုယ်ကိုယ် နှစ်သိမ့်ခြင်းဖြစ်သည်။ အလုပ်အကြောင်းကို ၎င်းတို့ စစ်ဆေးသည်၊ စုံစမ်းမေးမြန်းသည့်အခါတိုင်းတွင် ‘“သင်အလုပ်ခန့်သည့် လူများကို သံသယမရှိနှင့်။ သင်သံသယရှိသည့်လူများကို အလုပ်မခန့်နှင့်။” ညီအစ်ကိုမောင်နှမများကို ငါယုံကြည်သင့်သည်။ တကယ်တမ်းတွင် သန့်ရှင်းသောဝိညာဉ်တော်က လူတို့ကို စောင့်ကြည့်လေ့လာသည်။ ထို့ကြောင့် အခြားလူများကို အစဉ်သံသယဝင်ပြီး စောင့်မကြည့်သင့်ပေ’ဟု ထင်မြင်ကြသည်။ ၎င်းတို့သည် ဤစကားရပ်၏ လွှမ်းမိုးခြင်းကို ခံထားရသည်မဟုတ်လော။ ဤစကားရပ်၏ လွှမ်းမိုးခြင်းကြောင့် ဖြစ်ပေါ်လာသော အကျိုးဆက်များမှာ အဘယ်နည်း။ ရှေးဦးစွာ သင်သစ္စာရှိသောအရာမှာ ဘုရားနှုတ်ကပတ်တော်မဟုတ်ပေ။ သင့်အတွက် ဘုရားသခင်၏ စေခိုင်းချက်တာဝန်မဟုတ်သကဲ့သို့၊ ဘုရားသခင်မဟုတ်ပေ။ ယင်းသည် ရှင်သန်နေထိုင်ခြင်းအတွက် ဆိုးယုတ်သည့် အတွေးအခေါ်ဖြစ်ပြီး ဆိုးယုတ်သော ဆင်ခြင်တွေးခေါ်မှုစနစ်ဖြစ်သည်။ သင်သည် ဘုရားသခင်နှင့် ဘုရားနှုတ်ကပတ်တော်ကို ပြောင်ပြောင်တင်းတင်း သစ္စာဖောက်လျက် ဘုရားသခင်ကို ယုံကြည်သည်။ ဤသည်မှာ ကြီးလေးသော ပြဿနာတစ်ခုဖြစ်သည်မဟုတ်လော။ ဒုတိယအနေဖြင့် ဤသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် သင်၏ တာဝန်များကို ထိန်းသိမ်းရန် ပျက်ကွက်ခြင်းသက်သက် မဟုတ်ပေ။ ဤသည်မှာ ရှင်သန်နေထိုင်ခြင်းအတွက် စာတန်၏ အကြံအစည်များနှင့် အတွေးအခေါ်ကို အမှန်တရားအဖြစ် မှတ်ယူခြင်း၊ လိုက်နာပြီး လက်တွေ့လုပ်ဆောင်ခြင်းဖြစ်သည်။ သင်သည် စာတန်ကို လိုက်နာနေပြီး ဆိုးယုတ်သော အတွေးအခေါ်တစ်ခုဖြင့် အသက်ရှင်နေခြင်းဖြစ်သည်မဟုတ်လော။ ဤသို့ လုပ်ဆောင်ခြင်းသည် ဘုရားနှုတ်ကပတ်တော်များကို လိုက်နာသူဖြစ်ဖို့ မဆိုထားနှင့်။ ဘုရားသခင်ကို နာခံသည့်သူပင်မဟုတ်ဆိုသည့် အဓိပ္ပာယ်ဖြစ်သည်။ သင်သည် လူလိမ်လူညစ်တစ်ယောက်ဖြစ်သည်။ ဘုရားနှုတ်ကပတ်တော်များကို ဘေးဖယ်ပြီး ထိုအစား ဆိုးယုတ်သော စကားရပ်တစ်ခုကို ယူပြီး အမှန်တရားအဖြစ် လက်တွေ့လုပ်ဆောင်ခြင်းသည် သမ္မာတရားနှင့် ဘုရားသခင်ကို သစ္စာဖောက်ခြင်းဖြစ်သည်။ သင်သည် ဘုရားသခင်၏ အိမ်တော်တွင် အလုပ်လုပ်သည်။ သို့တိုင်အောင် ရှင်သန်ုခြင်းအတွက် ဆိုးယုတ်သော ဆင်ခြင်တွေးခေါ်မှုစနစ်နှင့် အတွေးအခေါ်အားဖြင့် ပြုမူဆောင်ရွက်သည်။ သင်သည် မည်သို့သောလူစားမျိုးဖြစ်သနည်း။ ဤသည်မှာ ဘုရားသခင်ကို ဆန့်ကျင်ပုန်ကန်သောသူ၊ ဘုရားသခင်ကို ကြီးစွာ အရှက်ရစေသောသူဖြစ်သည်။ ဤလုပ်ဆောင်မှု၏ အနှစ်သာရသည် အဘယ်နည်း။ ဘုရားသခင်ကို ပြောင်ပြောင်တင်းတင်း ရှုတ်ချပြီး သမ္မာတရားကို ပြောင်ပြောင်တင်းတင်း ငြင်းဆန်နေခြင်းဖြစ်သည်။ ဤသည်မှာ ယင်း၏ အနှစ်သာရမဟုတ်လော။ ဘုရားသခင်၏အလိုတော်ကို မလိုက်လျှောက်ံခြင်းအပြင် သင်သည် ရှင်သန်ရေးအတွက် စာတန်၏ အတွေးမှားများနှင့် ဆိုးယုတ်သော အတွေးအခေါ်များကို အသင်းတော်တွင် လျင်မြန်စွာ ပျံ့နှံ့ခွင့်ပြုနေခြင်းဖြစ်သည်။ ဤသို့ပြုလုပ်ခြင်းအားဖြင့် သင်သည် စာတန်၏ ကြံရာပါဖြစ်လာပြီး အသင်းတော်တွင် စာတန်၏ လုပ်ဆောင်မှုများကို ကူညီနေသည်။ ဤပြဿနာ၏ အနှစ်သာရသည် ဆိုးရွားသည်မဟုတ်လော။(နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ နောက်ဆက်တွဲ ၁) ဘုရားနှုတ်ကပတ်တော်တွေကတစ်ဆင့် ကျွန်မ သဘောပေါက်သွားတယ်။ “သင်အလုပ်ခန့်သည့် လူများကို သံသယမရှိနှင့်” ဆိုတဲ့ စကားက အပြုသဘော၊ သမ္မာတရား မဟုတ်ဘူး။ စာတန်ရဲ့ အတွေးအခေါ်ပဲ။ လီလီကို ကျွန်မ ယုံကြည်ပြီး သူ့အလုပ်ကို မကြီးကြပ်ခဲ့တဲ့ အကြောင်းရင်းက အဓိကအားဖြင့် ဒီအတွေးအခေါ်နဲ့ ကျွန်မ အသက်ရှင်ပြီး သူ့ကို အရမ်းယုံကြည်ခဲ့လို့ပဲ။ သူ့ကို စစ်ဆေးချင်ခဲ့တဲ့အချိန်မှာတောင် အရမ်း စေ့စပ်သေချာလွန်းရင် သူ့ကို ကျွန်မ မယုံကြည်ဘူးလို့ သူထင်သွားမှာ စိုးရိမ်ခဲ့တယ်။ တကယ်တော့ ဒီတာဝန်ကို သူ လုပ်ခဲ့တာ ကြာပြီဖြစ်သလို အတွေ့အကြုံလည်း အများကြီးရှိတယ်၊ သူက အတော်များများမှာ ကျွန်မထက် ပိုတော်ပြီး သူ့ရလဒ်တွေက ကျေနပ်စရာ ဖြစ်ခဲ့တယ်။ သူ့လိုလူက ဘာပြဿနာ ကြီးကြီးမားမား ရှိနိုင်မှာလဲ။ အသေးအဖွဲ ကိစ္စလေးတွေကို ကျွန်မ စစ်ဆေးဖို့ မလိုဘူး၊ သူ့ကို အလုပ်တာဝန် ပေးရင် သူ့ကို ယုံကြည်သင့်တယ်၊ ဘာပြဿနာမှ ရှိမှာ မဟုတ်ပါဘူးလို့ တွေးခဲ့တာ။ ရှင်သန်မှုအတွက် ဒီဆိုးယုတ်တဲ့ အတွေးအခေါ်နဲ့ စိုးမိုးခြယ်လှယ်ခံခဲ့ရလို့ သူ့အလုပ်ကို ကျွန်မ လုံးဝ မကြီးကြပ်၊ မစစ်ဆေးခဲ့ဘူး။ သူနဲ့ ပတ်သက်တဲ့ ပြဿနာတွေကို လူတွေက တိုင်တဲ့အခါမှာတောင် သူတို့ကို မယုံခဲ့ဘူး၊ ဒီထက်ပို မစုံစမ်းခဲ့ဘူး။ ရလဒ်အနေနဲ့ ဧဝံဂေလိအလုပ် ထိခိုက်ခဲ့တယ်။ ကျွန်မလုပ်ခဲ့တဲ့ ထိခိုက်နစ်နာမှုက ပြုပြင်လို့ မရခဲ့ဘူး။ အမှန်တော့ ကျွန်မတို့က ပြဿနာတွေနဲ့ လမ်းလွဲမှုတွေကို အမြန် တွေ့ပြီး ဖြေရှင်းနိုင်အောင်လို့ ခေါင်းဆောင်တွေနဲ့ အမှုဆောင်တွေက အလုပ်ကို ကြီးကြပ်ပြီး နောက်ဆက်တွဲလုပ်ပေးဖို့ ဘုရားက တောင်းဆိုတာပါ။ ဒါက လူတွေရဲ့ တာဝန်နဲ့ အသင်းတော် အလုပ်နှစ်ခုလုံးအတွက် အကျိုးရှိတယ်။ ဒါပေမဲ့ အဲဒီအစား “သင်အလုပ်ခန့်သည့် လူများကို သံသယမရှိနှင့်”ဆိုတဲ့ ဆိုးယုတ်တဲ့ အတွေးအခေါ်နဲ့ ကျွန်မ အသက်ရှင်ခဲ့ပြီး လူတွေကို အလုပ်တာဝန်ပေးပြီးတဲ့နောက်မှာ သူတို့ကို လမ်းပြ၊ ကူညီပေးဖို့ မပြောနဲ့ မကြီးကြပ်၊ မစစ်ဆေးခဲ့ဘူး။ ကျွန်မတာဝန်မှာ ဝတ်ကျေတမ်းကျေဖြစ်ခဲ့ပြီး လက်တွေ့အလုပ် လုပ်မနေခဲ့ဘူး။ ဒါက အယောင်ဆောင် ခေါင်းဆောင်ရဲ့ အပြုအမူပဲ။ လက်တွေ့အလုပ်မလုပ်တဲ့ အဖွဲ့ခေါင်းဆောင်ကို ဝန်ထမ်းအဖြစ် ဆက်ထားခဲ့တယ်။ ဒါက အသင်းတော် အလုပ်ကို အထောက်အကူမဖြစ်ရုံမက တကယ်ကို ပြင်းပြင်းထန်ထန် နှောင့်ယှက်ခဲ့တယ်။ ကျွန်မ မကောင်းမှုလုပ်နေခဲ့တာပဲ။ အဲဒီအခါမှပဲ မြင်သွားတယ်။ “သင်အလုပ်ခန့်သည့် လူများကို သံသယမရှိနှင့်”ဆိုတဲ့ ဆိုးယုတ်တဲ့ အမြင်က အရမ်းအရမ်းကို အန္တရာယ်ရှိတယ်။ အဲဒီစိတ်ကူးနဲ့ ကျွန်မ အမြဲ အသက်ရှင်ရင် အသင်းတော် အလုပ်ကို နှောင့်နှေးစေနိုင်တာကိုပေါ့။ ပိုသုံးသပ်လေ၊ နောင်တရလေဖြစ်လို့ ဘုရားဆီ ကျွန်မ ဆုတောင်းခဲ့တယ်။ “လူတွေနဲ့ ကျွန်မတာဝန်ကို စာတန်ရဲ့ အတွေးအခေါ်အတိုင်း ကျွန်မ သဘောမထားချင်တော့ပါဘူး။ ဘုရားရဲ့ တောင်းဆိုချက်တွေအတိုင်း ကျွန်မတာဝန်ကို ကြိုးစားဖြည့်ဆည်းဖို့ အသင့်ပါ။ တခြားနောင်တရစရာ တစ်ခုမှ မလုပ်ချင်ပါဘူး”လို့ပေါ့။

နောက်ပိုင်းမှာ ဒီဘုရားနှုတ်ကပတ်တော် အပိုဒ်ကို ဖတ်ပြီး လက်တွေ့လုပ်ဆောင်ဖို့ လမ်းကြောင်း ရှာတွေ့ခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “‘သင်အလုပ်ခန့်သည့် လူများကို သံသယမရှိနှင့်။ သင်သံသယရှိသည့်လူများကို အလုပ်မခန့်နှင့်’ ဆိုသည့်စကားက မှန်ကန်သည်ဟု သင် ယုံကြည်သလော။ ဤစကားရပ်သည် အမှန်တရားဖြစ်သလော။ ဘုရားအိမ်တော်၏ အလုပ်တွင်၊ မိမိတို့၏ တာဝန်ကို ဖြည့်ဆည်းရာတွင် ဤစကားကို တစ်စုံတစ်ဦးက အဘယ်ကြောင့် အသုံးပြုမည်နည်း။ ဤတွင် ပြဿနာက အဘယ်နည်း။ ဤအရာတို့သည် ရှင်းလင်းစွာပင် မယုံကြည်သူများ၏ စကားများ၊ စာတန်ဆီမှလာသော စကားများဖြစ်သည်။ ဤသို့ဆိုလျှင် ၎င်းတို့သည် ဤအရာတို့ကို အမှန်တရားအဖြစ် အဘယ်ကြောင့် သဘောထားသနည်း။ ၎င်းတို့သည် မှန်သည်၊ မှားသည်ကို အဘယ်ကြောင့် မပြောနိုင်သနည်း။ ဤအရာများသည် သိသိသာသာပင် လူသား၏ စကားများ၊ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ စကားများဖြစ်သည်။ တကယ်ကို သမ္မာတရားမဟုတ်ပေ။ ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်များနှင့် လုံးလုံး ကွဲလွဲနေသည်။ လူတို့၏ လုပ်ရပ်များ၊ အပြုအမူများနှင့် ဘုရားသခင်အား ကိုးကွယ်မှုအတွက် စံအဖြစ် အသုံးမပြုသင့်ပေ။ ဤသို့ဆိုလျှင် ဤစကားကို မည်သို့ ချဉ်းကပ်သင့်သနည်း။ သင်သည် အမှန်တကယ် ခွဲခြားနိုင်စွမ်းရှိပါက၊ သင်၏ လက်တွေ့လုပ်ဆောင်မှု စည်းမျဉ်းအဖြစ် အသုံးပြုဖို့ ဤစကား၏နေရာတွင် မည်သည့်စံအမျိုးအစားကို အသုံးပြုသင့်သနည်း။ စံသည် ‘သင်၏ တာဝန်ကို သင်၏ စိတ်နှလုံးအကြွင်းမဲ့၊ ဉာဏ်ရှိသမျှဖြင့် ထမ်းဆောင်ရန်’ ဖြစ်သင့်သည်။ သင်၏ စိတ်နှလုံး အကြွင်းမဲ့၊ ဉာဏ်စွမ်းရှိသမျှ၊ စိတ်အစွမ်းရှိသမျှနှင့် ဆောင်ရွက်ခြင်းသည် မည်သူ၏ ကန့်သတ်ခြင်းကိုမျှ မခံခြင်းဖြစ်သည်။ စိတ်နှလုံးတစ်ခုတည်းဖြစ်ပြီး နောက်ထပ်မည်သည့်အရာမျှ မရှိခြင်းဖြစ်သည်။ ကောင်းကင်ဘုံက ပြဌာန်းပြီး မြေကြီးက အသိအမှတ်ပြုထားသည်နှင့်အမျှ ဤသည်မှာ သင်၏ တာဝန်နှင့် ဝတ္တရား ဖြစ်ပြီး ကောင်းစွာ ထမ်းဆောင်သင့်သည်။ မည်သည့်ပြဿနာများကို သင် ကြုံတွေ့ရပါစေ စည်းမျဉ်းများနှင့်အညီ ဆောင်ရွက်သင့်သည်။ သင်လုပ်ဆောင်သင့်သည့် မည်သည့်နည်းဖြင့်မဆို ကိုင်တွယ်လော့။ ပြုပြင်ခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်းကို လိုအပ်လျှင် ထိုအတိုင်းသာ ဖြစ်စေလော့။ ထုတ်ပယ်ခြင်း လိုအပ်လျှင် ထိုအတိုင်းသာ ဖြစ်စေလော့။ ဘုရားနှုတ်ကပတ်တော်နှင့် သမ္မာတရားအပေါ် အခြေခံပြီး ဆောင်ရွက်လော့။ ဤသည်မှာ စည်းမျဉ်းမဟုတ်လော။ ဤသည်မှာ ‘သင်အလုပ်ခန့်သည့်လူများကို သံသယမရှိနှင့်။ သင်သံသယရှိသည့်လူများကို အလုပ်မခန့်နှင့်’ ဆိုသည့် စကားနှင့် လုံးဝ ဆန့်ကျင်ဘက် ဖြစ်သည်မဟုတ်လော။ သင်အလုပ်ခန့်သည့်လူများကို သံသယမရှိနှင့်။ သင်သံသယရှိသည့်လူများကို အလုပ်မခန့်နှင့်ဆိုသည်မှာ မည်သည့် အဓိပ္ပာယ်နည်း။ ယင်းမှာ လူတစ်ယောက်ကို အလုပ်ခန့်ပြီးလျှင် ထိုသူကို သံသယမရှိသင့်။ လူတစ်ယောက်ကို အလုပ်ခန့်ပြီးလျှင် ထိန်းချုပ်မှုကို လွတ်ပေးသင့်သည်၊ မကြီးကြပ်သင့်၊ ထိုသူကျေနပ်သလို လုပ်ဆောင်ခွင့်ပေးသင့်သည်၊ သံသယရှိလျှင် ထိုသူကို အလုပ်မခန့်သင့်ဟု ဆိုလိုသည်။ ဤသို့ အဓိပ္ပာယ်ရသည်မဟုတ်လော။ ဤသည်မှာ လွန်စွာပင် မှားယွင်းသည်။ လူသားမျိုးနွယ်သည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းကို အလွန်အမင်း ခံထားရသည်။ လူတိုင်းတွင် ဆိုးယုတ်သော စိတ်သဘောထားရှိပြီး၊ ဘုရားကို ပုန်ကန်နိုင်စွမ်းရှိကာ အာခံနိုင်စွမ်းရှိသည်။ မည်သူကမျှ စိတ်မချရဟု ဆိုနိုင်သည်။ လူတို့သည် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ ချုပ်ချယ်ခြင်းကို ခံရပြီး ၎င်းတို့၏ လုပ်ရပ်များကို မထိန်းချုပ်နိုင်သောကြောင့် လူတစ်ယောက်က ကမ္ဘာအဆုံးထိ ကျိန်ဆိုလျှင်ပင် ဤသည်မှာ အသုံးမဝင်ပေ။ ၎င်းတို့သည် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို မဖြေရှင်းနိုင်မီ၊ ဘုရားကို ၎င်းတို့ အာခံပြီး သစ္စာဖောက်သော ပြဿနာကို လုံးလုံးလျားလျား မဖြေရှင်းနိုင်မီ၊ လူတို့၏ အပြစ်များ၏ အရင်းအမြစ်ကို မဖြေရှင်းနိုင်မီတွင် ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို လက်ခံရမည်။ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် သန့်စင်ခြင်းကို မဖြတ်သန်းရသေးသကဲ့သို့ကယ်တင်ခြင်းကို မရရှိသေးသောသူများသည် စိတ်မချရပေ။ ၎င်းတို့သည် ယုံကြည်ဖို့ မထိုက်တန်ပေ။ ထို့ကြောင့် သင်သည် တစ်စုံတစ်ဦးကို အလုပ်ခန့်သောအခါ ထိုသူကို ကြီးကြပ်ရမည်။ ညွှန်ကြားရမည်။ ပြုပြင်ပြီး ကိုင်တွယ်ဖြေရှင်းကာ။ သမ္မာတရားကို မကြာခဏ မိတ်သဟာယဖွဲ့ရမည်။ ဤနည်းအားဖြင့်သာ ထိုသူကို ဆက်၍ အလုပ်ခန့်ထားနိုင်ခြင်းရှိမရှိကို ရှင်းလင်းစွာ သင် မြင်နိုင်လိမ့်မည်။ သမ္မာတရားကို လက်ခံနိုင်သောသူ၊ ပြုပြင်ခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်းကို လက်ခံနိုင်သောသူ၊ တာဝန်ကို သစ္စာရှိစွာ ထမ်းဆောင်နိုင်ကာ မိမိတို့ဘဝတွင် အဆက်မပြတ် တိုးတက်မှုရှိသောသူ အချို့ရှိလျှင်၊ ထိုလူများကိုသာ အမှန်တကယ် အလုပ်ခန့်အပ်နိုင်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ နောက်ဆက်တွဲ ၁) ဘုရားနှုတ်ကပတ်တော်ကို ဖတ်တော့ လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်း တွေ့ခဲ့တယ်။ ကျွန်မတို့တာဝန်တွေမှာ စိတ်နှလုံး အကြွင်းမဲ့ ထားဖို့ ဘုရားက တောင်းဆိုတယ်။ ကျွန်မရဲ့ ကြီးကြပ်မှုအောက်မှာရှိတဲ့ အလုပ်အားလုံးအတွက် အဲဒီလူနဲ့ ကျွန်မ ရင်းနှီးသည်ဖြစ်စေ၊ မရင်းနှီးသည်ဖြစ်စေ သူ့ကို ကျွန်မ ဘာပဲထင်ထင် ခေါင်းဆောင်နဲ့ အမှုဆောင်တွေအတွက် ဘုရားပြင်ဆင်ထားတဲ့ စည်းမျဉ်းတွေအတိုင်း ကိုယ့်တာဝန်ကို ဆောင်ရွက်ပြီး ကျွန်မအပေါ် မျှော်မှန်းထားတာတွေ အားလုံးကို ဆက်လုပ်သင့်တယ်။ လူတိုင်းရဲ့ အလုပ်ကို ကြီးကြပ်၊ နှံ့စပ်အောင် နားလည်ရင်းနဲ့ ပြဿနာတွေကို ရှာတွေ့လို့ ချက်ချင်း ဖြေရှင်းပေးပြီးတော့ ဆိုးဆိုးရွားရွား ပြဿနာတွေရှိတဲ့ သူတွေကို ကိုင်တွယ်ဖြေရှင်း၊ ပြုပြင်ပေးရင်းနဲ့ပေါ့။ အဲဒါတွေက ကျွန်မတာဝန်ရဲ့ စည်းမျဉ်းတွေဖြစ်သလို ကျွန်မတာဝန်ကို ကောင်းကောင်း လုပ်ဖို့ တစ်ခုတည်းသော နည်းလမ်းပဲ။ ဒါကို သဘောပေါက်တော့ ကျွန်မ အများကြီး ပိုရှင်းသွားပြီး ကိုယ့်တာဝန်မှာ ရှေ့ဆက်ရမဲ့လမ်းကြောင်း ရှိသွားတယ်။

အဲဒီနောက်မှာ လူသစ်တွေကို ရေလောင်းပေးဖို့ လီလီကို အသင်းတော်က တာဝန်ပေးတော့ သူက လိုလိုလားလားပဲ။ ကိုယ့်ဘာသာ တွေးမိတယ်။ “သူ အထုတ်ခံရတာကနေ သင်ခန်းစာရပြီး ဒီတစ်ခါ သူ့တာဝန်ကို ကောင်းကောင်း လုပ်လို့ရတယ်”လို့ပေါ့။ ဒါပေမဲ့ သိပ်မကြာခင်မှာ သူရေလောင်းတဲ့ လူသစ်အတော်များများက ပုံမှန် မစုဝေးကြတော့ဘူး။ ဒါ ကျွန်မအတွက် ထူးဆန်းနေလို့ ဒီလိုဖြစ်ရတဲ့ အကြောင်းရင်းနဲ့ ပတ်သက်လို့ အသေးစိတ်ကျကျ သူ့ကို ကျွန်မ မေးလိုက်တယ်။ သူတို့အတွက် နောက်ဆက်တွဲလုပ်ဖို့ အချိန်မရှိတာကိုပဲ သူက ဆင်ခြေပေးတော့ ကျွန်မ အံ့ဩသွားတယ်။ ဒါကို ကြားတော့ ကျွန်မ တကယ် စိတ်ပျက်မိတယ်။ အထုတ်ခံရပြီးတဲ့နောက်မှာ သူ့ကိုယ်သူ ဆင်ခြင်ပြီး လက်တွေ့အလုပ်တချို့ လုပ်မှာပဲလို့ ကျွန်မ ထင်ခဲ့ပေမဲ့ လက်စသတ်တော့ ကျွန်မ မှားသွားတယ်။ လူတွေကို ကိုယ့်ကိုယ်ပိုင် အယူအဆတွေအရ ဆက်မြင်နေလို့ မဖြစ်မှန်း ကျွန်မ သိလိုက်တယ်။ ကြီးကြပ်ရေးမှူးအနေနဲ့ အလုပ်ကို ကျွန်မ ကြီးကြပ်၊ စစ်ဆေး၊ ညွှန်ကြားပြီး ကိုယ့်တာဝန်တွေကို ဖြည့်ဆည်းရမယ်။ အဲဒီအချိန်မှာ ဘုရားနှုတ်ကပတ်တော်တွေကို တွေးမိခဲ့တယ်။ “သင်၏ စိတ်နှလုံး အကြွင်းမဲ့၊ ဉာဏ်စွမ်းရှိသမျှ၊ စိတ်အစွမ်းရှိသမျှနှင့် ဆောင်ရွက်ခြင်းသည် မည်သူ၏ ကန့်သတ်ခြင်းကိုမျှ မခံခြင်းဖြစ်သည်။ စိတ်နှလုံးတစ်ခုတည်းဖြစ်ပြီး နောက်ထပ်မည်သည့်အရာမျှ မရှိခြင်းဖြစ်သည်။ ကောင်းကင်ဘုံက ပြဌာန်းပြီး မြေကြီးက အသိအမှတ်ပြုထားသည်နှင့်အမျှ ဤသည်မှာ သင်၏ တာဝန်နှင့် ဝတ္တရား ဖြစ်ပြီး ကောင်းစွာ ထမ်းဆောင်သင့်သည်။ မည်သည့်ပြဿနာများကို သင် ကြုံတွေ့ရပါစေ စည်းမျဉ်းများနှင့်အညီ ဆောင်ရွက်သင့်သည်။ သင်လုပ်ဆောင်သင့်သည့် မည်သည့်နည်းဖြင့်မဆို ကိုင်တွယ်လော့။ ပြုပြင်ခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်းကို လိုအပ်လျှင် ထိုအတိုင်းသာ ဖြစ်စေလော့။ ထုတ်ပယ်ခြင်း လိုအပ်လျှင် ထိုအတိုင်းသာ ဖြစ်စေလော့။ ဘုရားနှုတ်ကပတ်တော်နှင့် သမ္မာတရားအပေါ် အခြေခံပြီး ဆောင်ရွက်လော့။(နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ နောက်ဆက်တွဲ ၁) မှန်တယ်။ ဘုရားနှုတ်ကပတ်တော်၊ တောင်းဆိုချက်တွေနဲ့အညီ ကျွန်မ ကိုယ့်တာဝန်ကို လုပ်ရမယ်။ နောက်တော့ လီလီရဲ့ ပြဿနာတွေကို သူ့ဆီ ကျွန်မ အကုန် ထောက်ပြ၊ ဖော်ထုတ်ပြီး တာဝန်မှာ သူ့ရဲ့ ပေါ့ဆတဲ့ သဘောထားနဲ့ အဲဒါရဲ့ အန္တရာယ်များတဲ့ အကျိုးဆက်တွေကို လေ့လာဆွေးနွေးပြီး သူ့ကို မိတ်သဟာယပြုပေးလိုက်တယ်။ အဲဒီအခါမှပဲ နောက်ဆုံးမှာ လီလီက သူ့ပြဿနာတွေကို သဘောပေါက်သွားတယ်။ နောက်ပိုင်းမှာ လီလီရဲ့ အလုပ်ကို ကျွန်မ ပုံမှန် မေးမြန်းပြီး စစ်ဆေးခဲ့သလို ပြဿနာတွေ သတိထားမိရင် ပြုပြင်ဖို့ သူနဲ့ မိတ်သဟာယပြုခဲ့တယ်။ အဲဒီနောက်မှာ လီလီက လူသစ်တွေကို ရေလောင်းရာမှာ ရလဒ်အများကြီး ပိုကောင်းသွားတယ်။ ဒါကိုမြင်‌တော့ ကျွန်မ အရမ်းစိတ်လှုပ်ရှားပြီး ကိစ္စတွေကို ဘုရားနှုတ်ကပတ်တော်အတိုင်း ရှုမြင်ပြီး ဆောင်ရွက်တာက တာဝန်မှာ အကောင်းဆုံး ရလဒ်တွေ ဖြစ်ထွန်းစေပုံကို ကျွန်မ တကယ် နားလည်သွားတယ်။ အများကြီးလည်း ပိုစိတ်အေးလက်အေးဖြစ်ပြီး အေးချမ်းသွားတယ်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်မ၏ ဝိညာဉ်ကို လှုပ်နှိုးခဲ့ပြီ

နမ်နမ် အမေရိကန်နိုင်ငံ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ဘုရားသခင်၏ လက်ရှိ နောက်ဆုံးသောကာလ အမှုတော်ထဲတွင်၊ ဘုရားသခင်သည် ယခင်က...

ကျွန်တော်၏ ဘုရားသခင်ကို ချီးမြှောက်ခြင်း၊ သက်သေခံခြင်းနှင့်ဆိုင်သော လက်တွေ့လုပ်ဆောင်မှုက အလွန်အဓိပ္ပါယ်မဲ့လှသည်

ကျန်းချင်၊ ရှန်ဒုံစီရင်စု အသင်းတော်ထဲက ခေါင်းဆောင်များနှင့် လုပ်ဖော်ကိုင်ဖက်အချို့တို့သည် အစဉ်အမြဲ မိမိတို့ကိုယ်ကိုယ် သက်သေခံကြပြီး...

အသက်တာ ဝင်ရောက်ခြင်းက မည်သည့်အရာဖြစ်သည်ကို ယခုမှသာ ကျွန်မ နားလည်သည်

ယုလု၊ ပေါ်တူဂီ ၂၀၁၇ ခုနှစ် နှစ်ဦးပိုင်းတွင်၊ ကျွန်မသည် အသင်းတော်ထဲက ခေါင်းဆောင်မှု တာဝန်တစ်ခုကို ဖြည့်ဆည်းနေခဲ့သည်။ အချိန်ကာလတစ်ခုကြာ...

တစ်ဇွတ်ထိုးပြုလုပ်ခြင်းသည် သူတစ်ပါးနှင့် မိမိကိုယ်ကို ထိခိုက်စေသည်

ဟော်ရှီး သြစတြေးလျတိုက် ကျွန်မက ရေလောင်းတဲ့အလုပ်ကို ကြီးကြပ်ဖို့အတွက် ၂၀၂၀ခုနှစ်၊ ဧပြီလမှာ အသင်းတော်ခေါင်းဆောင်တစ်ယောက်အဖြစ်...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။