၉၆။ ယုံကြည်သူအသစ်များကို ရေလောင်းခြင်းမှ- ရသည့် သင်ခန်းစာတစ်ခု

16.12.2022

ရေချန်း တရုတ်နိုင်ငံ

ဤနှစ်ဇန်နဝါရီတွင် အသင်းတော်၌ ကျွန်မ လူသစ်နှစ်ဦးကို ရေလောင်းနေခဲ့သည်။ အစ်မရန်ဂျီးနှင့် သူ့အမျိုးသားတို့ဖြစ်ပါသည်။ ရန်ဂျီး၏အမျိုးသားက ဘုရား၏ နောက်ဆုံးသောကာလ အမှုကို စတင်၍ စုံစမ်းလေ့လာပြီးခါစသာ ရှိသေးကာ စုဝေးပွဲအနည်းငယ်သာ တက်ဖူးပြီး ပို၍ရေလောင်း ပံ့ပိုးပေးဖို့ လိုသည်ဟု ကြီးကြပ်ရေးမှုးက ကျွန်မကို ပြောသည်။

ရန်ဂျီး၏ အိမ်ကိုသွားသည့် နှစ်ကြိမ်လုံး သူနှင့် သူ့အမျိုးသားတို့ ရန်ဖြစ်ကြသည်။ ထိုကိစ္စကို ကျွန်မ စုံစမ်းကြည့်သည့်အခါ သူ့အမျိုးသားက လောကီရေပန်းစားမှုများ နောက်လိုက်ပြီး ကိုင်းရှိုင်းသည့် ယုံကြည်သူတစ်ဦး မဟုတ်သောကြောင့် ရန်ဂျီးက သူ့အမျိုးသားကို အထင်သေးသည်ကို ကျွန်မ သိလိုက်ရသည်။ သူက လက်တွေ့မကျသည့် တောင်းဆိုမှုများ လုပ်နေသလို သူ့အမျိုးသား လမ်းမှန်ကို စတင်၍ စုံစမ်းခါစသာ ရှိသောအချိန်တွင် ဒေါသထွက်ပြီး ရန်လိုနေခြင်းက သူ့အမျိုးသားကို ယိမ်းယိုင်စေနိုင်သည်ဟု ကျွန်မ စတင် စိုးရိမ်လာခဲ့သည်။ ထို့ကြောင့် လူများကို သည်းခံစိတ်ရှည်မှုဖြင့် ချဉ်းကပ်ရမည့်နည်းလမ်းနှင့်ပတ်သက်ပြီး ကျွန်မ သူ့ကို မိတ်သဟာယပြုပေးခဲ့သည်။ သူက စိတ်ထိခိုက်သွားပြီး စိတ်ရှည်ပြီးသားပါဟုပြောသည့်အခါ ကျွန်မ အံ့ဩခဲ့ရသည်။ သူက “သူမယုံကြည်ချင်လည်း ရှိပါစေ။ အဲဒီလိုဆို အနည်းဆုံးအနေနဲ့ ငါ့အခြေအနေကို သူထိခိုက်မှာ မဟုတ်ဘူး” ဟုပင် ဒေါသတကြီး ပြောခဲ့လေသည်။ သူ့အမျိုးသားက သူထိုကဲ့သို့ပြောသည်ကို ကြားသွားပြီးနောက် အသင်းတော်မှ တကယ်ကို ထွက်သွားနိုင်သည်ကို ကျွန်မ စိုးရိမ်လာခဲ့သည်။ ကျွန်မ စိတ်ထဲတွင် ညည်းညူခဲ့မိသည်။ “ဒီအစ်မဟာ အရမ်းကို လွန်လွန်ကဲကဲ မာနထောင်လွှားတာပဲ။ သူ့စိတ်ထဲရှိတာဖွင့်ချဖို့ပဲ စိတ်ဝင်စားပြီး သူများ ဘယ်လိုခံစားရမယ်ဆိုတာ ဂရုမစိုက်ဘူး။ သူ့ကို လေးလေးနက်နက် မိတ်သဟာယပြုပေးပြီး ဒီအခြေအနေ ဘယ်လောက်အန္တရာယ်ရှိတယ်ဆိုတာ အသိပေးရမယ်” ဟူ၍ ဖြစ်သည်။ သို့သော် ကျွန်မ၏ထင်မြင်ချက်ကို ပြောပြီးသည့်အခါ သူက ပြန်ငြင်းခုံခဲ့သည်။ “အစ်မလည်း စိတ်မတိုချင်ပါဘူး။ ဒါပေမဲ့ သူက တစ်နေ့လုံး လူမှုရေးအချိန်းအချက်တွေနဲ့ အချိန်ကုန်ပြီး ဘုရားနှုတ်ကပတ်တော်ကို မဖတ်ဘူး။ အစ်မ ဘယ်နှခေါက်ပြောပြော နားကိုမထောင်ဘူး”ဟူ၍ ဖြစ်သည်။ ဤအရာကိုကြားသည့်အခါ ကျွန်မ တော်တော် စိတ်တိုမိခဲ့သည်။ ကျွန်မက “နင်က ဖောက်ပြန်ပျက်စီးမှုကိုပြနေတာ အသိသာကြီးပေမဲ့ ကိုယ့်ယောက်ျားပဲ ဝေဖန်တယ်။ ကိုယ့်ကိုယ်ကိုယ် လုံးဝ မသိဘူးပဲ” ဟု တွေးမိသည်။ သို့ဖြစ်၍ လူများ၏ မာနထောင်လွှားသည့် စိတ်သဘောထားနှင့် ပတ်သက်သည့် ဘုရား၏ ထုတ်ဖော်ချက် အပိုင်းတစ်ခုကို သူ့ကို ကျွန်မ ဖတ်ပြလိုက်ပြီး သူ့ဒေါသကို အဆင့်အတန်းကို အရမ်းမက်ခြင်း၏ ရလဒ်အနေနှင့် ခွဲခြမ်းစိတ်ဖြာခဲ့သည်။ သူပြောသလိုမလုပ်သည့်အခါ သူ့အမျိုးသား အလျှော့ပေးအောင် လုပ်ဖို့ စိတ်ဆိုးပြီး ဒေါသထွက်ပြခြင်းက ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားဖြစ်ပြီး ပြင်ဆင်ပေးရမည်ဖြစ်သည်။ ထိုအချိန်က သူက သိပ်မာနထောင်လွှားပါသည်ဟု အစ်မက အင်တင်တင်နှင့် ဝန်ခံသော်လည်း နောက်တော့ သူက ယခင်အတိုင်းသာဖြစ်ပြီး တစ်စက်လေးမှ မပြောင်းခဲ့ပါ။ နောက်ပိုင်းတွင် သူ့ကို နှစ်ခါသုံးခါ ထပ်မိတ်သဟာယပြုပေးပြီး သူ့အမျိုးသားကို မျှမျှတတ ဆက်ဆံဖို့၊ ကိုယ်ယောက်ျားအပြစ်ချည်းသာ မကြည့်ဖို့၊ ကိုယ့်ကိုယ်ကိုယ် သိလာဖို့ ကျွန်မ တိုက်တွန်းခဲ့သည်။ သို့သော် သူက ဆင်ခြေများသာ ဆက်ပေးခဲ့သည်။ ကျွန်မ မည်သည့်အရာကို လုပ်ရမှန်း မသိခဲ့ပါ။ အစကမူ သူ့အမျိုးသားကို စစ်မှန်သော လမ်းခရီးတွင် ကူညီအခြေချပေးဖို့ စုဝေးပွဲများကို ထပ်တက်ခိုင်းစေချင်သည်။ သို့သော် သူတို့နှစ်ဦးကြားမှ ပဋိပက္ခများကြောင့် ထိုစုဝေးပွဲများအားလုံး မမျှော်လင့်ဘဲ ဖျက်လိုက်ရလေသည်။

ထိုအချိန်က ကျွန်မက မပြတ်ညည်းညူနေပြီး ရန်ဂျီးကိုသာ ဝေဖန်နေခဲ့သည်။ “သူက အရမ်းမာနထောင်လွှားပြီး သူ့အမျိုးသားကို မပြတ်အပြစ်တင်နေတာ။ သူ့မှာ ညံ့ဖျင်းတဲ့ လူ့သဘာဝရှိလား။ သူနဲ့ ခဏခဏ မိတ်သဟာယပြုပေးခဲ့ပေမဲ့ သူက သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ဘူး၊ စုဝေးပွဲတွေ ကူပြီး မပံ့ပိုးဘူး။ သူ့ကို တကယ်ကို ရေမလောင်းချင်တော့ဘူး” ဟူ၍ဖြစ်သည်။ တစ်ချိန်တွင် ဤပြဿနာကို ကိုယ်နှင့် လက်တွဲသည့် အစ်မနှင့် ဆွေးနွေးပြီး ကိုယ့်မကျေနပ်ချက်များကို ဖွင့်ထုတ်ခဲ့သည်။ သူက ကျွန်မအတွက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ဗီဒီယိုကို အကြံပြုခဲ့သည်။ ဗီဒီယိုထဲမှ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်က တကယ်ကို ထိခဲ့ပါသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်၌ ပြောထားသည်- “လမ်းမှန်ကို စူးစမ်းနေသောလူတို့ကို ဆက်ဆံရာတွင် ဂရုစိုက်မှု၊ မြော်မြင်တွေးခေါ်မှုကို ကျင့်သုံးပြီး မေတ္တာကို အမှီပြုရမည်ဖြစ်သည်။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် လမ်းမှန်ကို စူးစမ်းနေသောသူတိုင်းသည် မယုံကြည်သူများဖြစ်သောကြောင့်ဖြစ်သည်။ ၎င်းတို့အထဲမှာ ဘာသာတရားလိုက်စားသူများပင်လျှင် အနည်းနှင့်အများ မယုံကြည်သူများဖြစ်ကြသည်။ ၎င်းတို့အားလုံးသည် ထိလွယ်ရှလွယ်သည်။ တစ်စုံတစ်ခုက ၎င်းတို့၏ အယူအဆများနှင့် မကိုက်ညီလျှင် ၎င်းတို့သည် ဤအရာကို ဆန့်ကျင်တတ်သည်။ စကားတစ်ခုခုက ၎င်းတို့၏ စိတ်နှင့်မကိုက်လျှင် ယင်းကို ငြင်းခုံတတ်သည်။ ထို့ကြောင့် ၎င်းတို့ကို ဧဝံဂေလိဖြန့်ဝေခြင်းသည် ကျွန်ုပ်တို့ထံမှ သည်းခံခြင်းလိုအပ်သည်။ ကျွန်ုပ်တို့ဘက်မှ အလွန်အမင်း ချစ်ခြင်း လိုအပ်သည်။ နည်းလမ်းနှင့် ချဉ်းကပ်မှုအချို့လိုအပ်သည်။ သို့သော်ငြားလည်း အရေးပါသည်မှာ ၎င်းတို့ကို ဘုရားနှုတ်ကပတ်တော်ဖတ်ပြခြင်း၊ လူသားကို ကယ်တင်ရန် ဘုရားသခင်ဖော်ပြသော သမ္မာတရားအားလုံးကို သူတို့အား သိရှိစေခြင်း၊ ဘုရားသခင်၏ အသံတော်နှင့် ဖန်ဆင်းရှင်၏ နှုတ်ကပတ်တော်များကို ၎င်းတို့အား ကြားခွင့်ပေးခြင်းတို့ဖြစ်သည်။ ဤနည်းအားဖြင့် ၎င်းတို့သည် အကျိုးအမြတ်များ ရရှိလိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ ဧဝံဂေလိတရား ဖြန့်ဝေခြင်းသည် ကျင့်ဝတ်သိက္ခာအရ ယုံကြည်သူများအားလုံး မဖြစ်မနေလုပ်ရမည့် တာဝန်တစ်ခုဖြစ်သည်) ဧဝံဂေလိလက်ခံဖို့ အလားအလာရှိသူ အသီးသီးကို ချစ်ခင်သည့် စောင့်ရှောက်မှုနှင့် ဆက်ဆံဖို့ ဘုရားသခင်က တောင်းဆိုထားသည်။ ပြီးလျှင် သူတို့ကို သမ္မာတရားအပေါ် မိတ်သဟာယပြုပေးပြီး ဘုရားရှေ့ခေါ်ကာ နက်နဲသိမ်မွေ့သည့် စိတ်ရှည်မှု၊ မေတ္တာတို့နှင့် သူတို့ကို ကူညီထောက်ပံ့သင့်သည်။ ဤအရာများက ဧဝံဂေလိဝေမျှသူတစ်ဦးချင်းစီ၏ ဝတ္တရားနှင့် တာဝန်များဖြစ်သည်။ ဘုရား၏ နှုတ်ကပတ်တော်နှင့် စကားစုတိုင်းတွင် လူ့ဘဝအတွက် ဘုရား၏ ချစ်ခင်ဖွယ်စောင့်ရှောက်မှုကို ကျွန်မ ခံစား၍ရသည်။ ထို့ကြောင့် ဤအရာများကို ကျွန်မတို့ကို သူတောင်းဆိုခြင်းဖြစ်၏။ လူသားမျိုးနွယ်အပေါ် ဘုရား၏မေတ္တာနှင့် နားလည်မှုကို တွေးတောရင်း ကျွန်မ ရှက်မိသည်။ ရန်ဂျီးကို ကျွန်မ ဆက်ဆံခဲ့သည့်ပုံကို ပြန်တွေးမိသည်။ သူ့အမျိုးသားကို ဒေါသထွက်သည့်အတွက် သူ့ကို နှစ်ခါသုံးခါ မိတ်သဟာယဖွဲ့ပြီး သူ မတိုးတက်လာသည့်အခါ ကျွန်မ စိတ်ဆိုးလာသည်။ ကိုယ့်ဆန္ဒအရ သူ့ကို ဝေဖန်ခဲ့သည်။ သူနှင့်ပတ်သက်သည့် ကိုယ့်မကျေနပ်ချက်ကို ထွက်ပေါက်ရှာပြီး သူ့ကိုယ်ပိုင်ခံစားချက်၊ သို့မဟုတ် သူ့ဝိညာဉ်ရင့်ကျက်မှုကို တစ်စက်မျှ မတွေးခဲ့ပါ။ ကိုယ့်အလုပ်ဖော်ရှေ့တွင် သူက ညံ့ဖျင်းသည့်လူ့သဘာဝ ရှိသည်ဟုပင် ပြောခဲ့၏။ ကျွန်မ၏ ချစ်ခင်ကြင်နာမှုက အဘယ်မှာနည်း။ ရန်ဂျီးက ဘုရား၏ နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံပြီးသည်မှာ ခြောက်လသာ ရှိသေးသလို သမ္မာတရားများစွာလည်း နားမလည်သေးသဖြင့် ပြဿနာ ကြုံသည့်အခါ ဖောက်ပြန်ပျက်စီးခြင်းကို ထုတ်ဖော်ပြသည်မှာ သူ့အတွက် ပုံမှန်ဖြစ်၏။ သူ သမ္မာတရားကို လက်တွေ့လုပ်ဆောင်သည်ကို ကူပေးဖို့ မေတ္တာနှင့် လမ်းမပြရုံမက သူ့ကို တကယ်ကို အထင်သေးခဲ့သည်။ ကျွန်မရဲ့ လူ့သဘာဝက တကယ့်ကို မူမမှန်ခဲ့ခြင်း ဖြစ်သည်။ ဤအရာများအားလုံးကို တွေးတောရင်း ရန်ဂျီးကို နှစ်ခါသုံးခါ မိတ်သဟာယပြုပေးပြီးနောက်တွင် ရလဒ်များ မရသေးသည့် အကြောင်းရင်းက သူ့ကို မေတ္တာနှင့် မိတ်သဟာယ မပြုပေးခဲ့သလို သူ့ပြဿနာများကို ဖြေရှင်းဖို့ သမ္မာတရားကို မသုံးခဲ့သောကြောင့်ဖြစ်သည်ကို ကျွန်မ သဘောပေါက်လိုက်သည်။ ထိုအစား သူ့ကို မာနတခွဲသားနှင့် အထင်သေးပြီး ဘောင်ခတ်ခဲ့မိသည်။ ဒေါသနှင့် သူ့ကို အပြစ်တင်ဆူပူခဲ့သည်။ ကိုယ်က ဤကဲ့သို့ပြုမူနေချိန်တွင် သူ သမ္မာတရားကို နားလည်ပြီး သူ့အခြေအနေတိုးတက်အောင် ကူညီဖို့ ကျွန်မ မည်သို့များ မျှော်လင့်ခဲ့ရသနည်း။ ကိုယ့်အစ်မကို ကိုယ့်ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအရ မဆက်ဆံတော့ဘဲ ကောင်းစွာ ဆက်ဆံဖို့ အဆင်သင့်ဖြစ်ကာ ကျွန်မ ဘုရားရှေ့ကို လာရောက်ဆုတောင်းခဲ့သည်။

တစ်နေ့တွင် ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ ဖတ်ခဲ့ရသည်။ “လူတို့အပေါ်၌ သန့်ရှင်းသော ဝိညာဉ်တော် အမှုပြုသည့်အခါ ၎င်းတို့ မည်သည့်အခြေအနေ၌ ရှိကြမည်ကို သင် သိနားလည်ခြင်းရှိဖို့ လိုသည်။ အထူးသဖြင့် ဘုရားသခင်အား အစေခံခြင်းကို ညှိနှိုင်းဆောင်ရွက်သူတို့သည် ဤအခြေအနေများအပေါ် သာ၍အားကောင်းစွာ သဘောပေါက် ရပေမည်။ သင်သည် အတွေ့အကြုံများစွာ သို့မဟုတ် ဝင်ရောက်ခြင်းရရှိသည့် နည်းလမ်းများစွာအကြောင်းကိုသာ ပြောဆိုပါက၊ သင်၏အတွေ့အကြုံသည် အလွန်တစ်ဖက်သတ်ဖြစ်သည်ကို ထိုအရာက ပြသပေသည်။ သင်၏ စစ်မှန်သော အခြေအနေကို သိရှိခြင်းနှင့် သမ္မာတရား၏ အခြေခံသဘောတရားများကို သဘောပေါက်ခြင်းမရှိဘဲ၊ စိတ်သဘောထား ပြောင်းလဲရန် မဖြစ်နိုင်ချေ။ သန့်ရှင်းသောဝိညာဉ်တော်၏ အမှုနှင့်ဆိုင်သော အခြေခံသဘာတရားများကို သိရှိခြင်း၊ သို့မဟုတ် ယင်း၏အသီးအပွင့်ကို သိနားလည်ခြင်းမရှိဘဲ၊ နတ်ဆိုးများ၏အလုပ်ကို သိမြင်ရန် သင့်အတွက် ခက်ခဲပေလိမ့်မည်။ သင်သည် နတ်ဆိုးများ၏ အလုပ်အပြင် လူသား၏ အယူအဆများကို ဖော်ထုတ် ရမည်ဖြစ်ပြီး၊ ပြဿနာ၏ အရင်းအမြစ်ကိုတိုက်ရိုက် ထိုးထွင်းသိမြင်ရမည်။ လူများ၏ လက်တွေ့လုပ်ဆောင်မှု၌ရှိသော သွေဖည်မှုများစွာနှင့် ဘုရားသခင်ကို ယုံကြည်ခြင်းတွင် ၎င်းတို့ ရှိနိုင်သည့် ပြဿနာများကိုလည်း ၎င်းတို့ သတိပြုမိနိုင်ဖို့အလို့ငှာ ထောက်ပြရမည်။ အနည်းဆုံးအနေဖြင့်၊ သင်သည် ၎င်းတို့ကို အပျက်သဘောဆောင်ခြင်း သို့မဟုတ် တုံဏှိဘာဝေနေခြင်း မခံစားစေရ။ သို့ရာတွင်၊ လူအများစုအတွက် ဓမ္မဓိဋ္ဌာန်ကျကျ တည်ရှိသာ အခက်အခဲများကိုလည်း သင်နားလည်ရမည်၊ သင်သည် ယုတ္တိမတန်သောသူ သို့မဟုတ် ‘ကျွဲပါးစောင်းတီးသူ’ မဖြစ်စေရ။ ယင်းသည် မိုက်မဲသောအပြုအမူ ဖြစ်သည်။ လူတို့ တွေ့ကြုံရသော အခက်အခဲများစွာကို ဖြေရှင်းရန် သင်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုနှင့်ဆိုင်သည့် အင်အားများကို ပထမဦးစွာ နားလည်ရမည်၊ သင်သည် မတူညီသောလူများအပေါ် သန့်ရှင်းသော ဝိညာဉ်တော်က အလုပ်ကို မည်သို့ဆောင်ရွက်သည်ကို နားလည်ရမည်၊ လူတို့ ရင်ဆိုင်ရသည့် အခက်အခဲများနှင့် ၎င်းတို့၏ အားနည်းချက်များကို နားလည်မှု ရှိရမည်ဖြစ်ပြီး ပြဿနာ၏ အဓိကအကြောင်းရင်းများကို သွေဖည်ခြင်း သို့မဟုတ် အမှားများတစ်ခုတစ်လေ ပြုလုပ်ခြင်းမရှိဘဲ ရိပ်မိနိုင်ရမည်ဖြစ်သည်။ ဤကဲ့သို့သော လူမျိုးသည်သာ ဘုရားသခင်ကို အစေခံရာတွင် ညှိနှိုင်း ဆောင်ရွက်ရန် အရည်အချင်းရှိပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ပြည့်စုံသော သိုးထိန်းတစ်ဦး ရှိသင့်သည့်အရာ) ဘုရားနှုတ်ကပတ်တော်များကို သေချာတွေးတောရင်း ကျွန်မ သဘောပေါက်ခဲ့သည်။ ဧဝံဂေလိ ဝေမျှခြင်းပင်ဖြစ်ပါစေ၊ လူသစ်များကို ရေလောင်းခြင်းပင်ဖြစ်ပါစေ လူများ၏ တကယ့်ပြဿနာများနှင့် အခြေအနေများကို ကျွန်မတို့ အမြဲ သတိပြုမိရမည်ဖြစ်ပြီး သူတို့ပြဿနာများကို တကယ် ဖြေရှင်းဖို့ ဆီလျော်သည့် သမ္မာတရားကို မိတ်သဟာယပြုရမည်။ သူတို့၏ တကယ့်အခက်အခဲများကို နားမလည်ဘဲ ကိုယ့်ကိုယ်ပိုင် ယုံကြည်မှုများကို အခြေခံပြီး မိတ်သဟာယပြုလျှင် သူတို့ပြဿနာများကို မဖြေရှင်းနိုင်ရုံတင်မကဘဲ သူတို့ကိုပါ ထိခိုက်၊ စော်ကားမိနိုင်သည်။ တစ်ခါတလေ လူသစ်များက ဖောက်ပြန်ပျက်စီးခြင်းနှင့်အပျက်သဘောဆောင်ခြင်းများ ပြပြီး သူတို့ကို နှစ်ခါသုံးခါ မိတ်သဟာယပြုပေးသည့်တိုင် သူတို့တိုးတက်ဖို့ အထောက်အကူ မဖြစ်သည့်အခါ သူတို့ပြဿနာနှင့်ဆိုင်သည့် သမ္မာတရားကို ရှင်းရှင်းလင်းလင်း မိတ်သဟာယပြုပြီးခြင်း ရှိမရှိကို ကျွန်မတို့ ဦးဆုံး ဆင်ခြင်သင့်သည်။ ကျွန်မတို့က သမ္မာတရားကို ရှင်းရှင်းလင်းလင်း မိတ်သဟာယမပြုသောကြောင့် သူတို့ ပြဿနာများ မပြေလည်သေးလျှင် ကျွန်မတို့ တာဝန်ကို မလုပ်ရသေးသလို ကိုယ့်ဝတ္တရားများ မဖြည့်ဆည်းရ‌သေးပါ။ ရန်ဂျီးကို ကျွန်မ ဆက်ဆံခဲ့သည့်ပုံကို မတွေးဘဲ မနေနိုင်ခဲ့ပါ။ ရန်ဂျီးက သူ့အမျိုးသားကို ဒေါသထွက်သည်ကို ကျွန်မ မြင်ခဲ့သည့် အချိန်များအတွင်းတွင် သူက မာနထောင်လွှားပြီး သူ့အမျိုးသားကို ဆရာလုပ်နေသည်ဟုသာ ကျွန်မက ခန့်မှန်းခဲ့မိသည်။ ထို့ကြောင့် သူ့ကို ကိုယ့်ဆန္ဒအရ ဆက်တိုက်ဝေဖန်ပြီး သူ့ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားကို သတိထားမိအောင် အတင်းလုပ်ခိုင်းသည်။ သို့သော် အဆုံးတွင် သူ့ပြဿနာများက မပြေလည်သေးပါ။ ကိုယ့်အတွေးများကို ငြိမ်သက်စေပြီး ဤပြဿနာကို စဉ်းစားဆင်ခြင်ပြီးတော့မှ သဘောပေါက်ခဲ့သည်။ ရန်ဂျီးက သူ့အမျိုးသားကို စစ်မှန်သော လမ်းခရီးတွင် မြန်မြန် အခြေချပြီး စုဝေးပွဲများ ပုံမှန် စတင်တက်ရောက်ဖို့ အဓိကအားဖြင့် မျှော်လင့်ခဲ့သောကြောင့် သူ၏အမျိုးသားသည် ဘုရားနှုတ်ကပတ်တော်များ ဖတ်ရှုရမည့်အစား လူမှုရေးအချိန်းအချက်များဖြင့် အလုပ်ရှုပ်နေသည်ကို မြင်သည့်အခါ သူ ဒေါသထွက်ခဲ့ရခြင်း ဖြစ်သည်။ ဤပြဿနာနှင့်ပတ်သက်ပြီး ကျွန်မက သူ့ကို မိတ်သဟာယ မပြုပေးရသေးသဖြင့် မိတ်သဟာယမှ မည်သည့်ရလဒ်မျှ မရခဲ့ပါ။ လက်တွေ့တွင် အဓိကပြဿနာက ကျွန်မနှင့်သက်ဆိုင်၏။ မိတ်သဟာယပြုပေးဖို့ သူ့ပြဿနာကို ကျွန်မ ရှာဖွေဖော်ထုတ်ခြင်း မရှိခဲ့ဘဲ လူ့သဘာဝညံ့ဖျင်းပြီး သမ္မာတရားကို လက်မခံပါဟုပင် သူ့ကို ကျွန်မ ဝေဖန်ခဲ့သည်။ သူ့ကို ရေပင်မလောင်းချင်ခဲ့ပါ။ ကျွန်မက ကိုယ့်ကိုယ်ကိုယ် တကယ်ကို မသိခဲ့ပါ။ ဤအရာကို သဘောပေါက်သည့်အခါ ကျွန်မ တော်တော် ရှက်ပြီး အပြစ်ရှိသည်ဟု ခံစားခဲ့ရသည်။ ရန်ဂျီးအပေါ် ကိုယ့်သဘောထားကို ပြန်ပြင်ဖို့လိုခဲ့သည်။ သူ၏ တကယ့်အခြေအနေနှင့်အညီ မိတ်သဟာယပြုပေးပြီး သူ့ပြဿနာများကို ဖြေရှင်းပေးဖို့ သမ္မာတရားကို သုံးရမည်ဖြစ်သည်။

နောက်တစ်ရက်အကြာတွင် ကျွန်မတို့ ထပ်စုဝေးဖို့ အချိန်ကျလာပြန်သည်။ ကျွန်မကို မြင်သည့်အခါ ရန်ဂျီးက သူ့အမျိုးသားက စုဝေးပွဲလာမည်ဟု သေချာပြောခဲ့သော်လည်း အိမ်ပြန်မရောက်သေးကြောင်းပြောလျက် စတင် ညည်းညူတော့သည်။ သူ့အမျိုးသားကို မရှာဖွေသည့်သူအနေနှင့်လည်း ဘောင်ခတ်ပြီး သူက လက်လျှော့လိုက်ချင်သည်။ သို့ဖြစ်၍ ကျွန်မ သူ့ကို မိတ်သဟာယပြုပေးခဲ့သည်။ “အစ်မအမျိုးသားကို စုဝေးဖို့နဲ့ ဘုရားနှုတ်ကပတ်တော်တွေ ဖတ်ဖို့ တောင်းဆိုတာက စေတနာကောင်းဖြစ်ပေမဲ့ သူ့အပေါ် မျှော်လင့်ချက်တွေ သိပ်အမြင့်ကြီး ထားလို့မရဘူးလေ။ ယုံကြည်ခါစ လူတစ်ယောက်ဖြစ်တဲ့ သူ့ကို လောကရဲ့ အမှောင်တွေနဲ့ ဆိုးယုတ်မှုအားလုံးကို ရိပ်စားမိပြီး လောကီရေပန်းစားမှုတွေ နောက်ကို မလိုက်ဘဲ ငြင်းဖို့ မျှော်လင့်တာက လက်တွေ့မကျဘူး။ အဲဒီအပြင် သူက အစ်မကို နားမထောင်တော့ အစ်မ ဒေါသထွက်ပြီး စိတ်တိုနေရင် သူက လိုက်လျောဖို့ ဖြစ်နိုင်မှာ မဟုတ်ဘူး။ လူတွေက စာတန်ရဲ့ ဖောက်ပြန်ပျက်စီးစေတာကို ပြင်းပြင်းထန်ထန် ခံထားရသလို သမ္မာတရားကို မချစ်ကြတော့ သူတို့ရဲ့ သမ္မာတရား လက်ခံမှုနဲ့ အသက်ဝင်ရောက်ခြင်း ရှာဖွေမှုတို့က အရမ်းနှေးတယ်။ ကိစ္စတွေတော်တော်များများမှာ အသိတရား နည်းနည်းလေး၊ ဒါမှမဟုတ် နားလည်သဘောပေါက်မှုလေး နည်းနည်း ရဖို့တောင်မှ ဘုရားနှုတ်ကပတ်တော်တွေ အများကြီး ဖတ်ဖို့လိုသလို မိတ်သဟာယ၊ အတွေ့အကြုံနဲ့ ဆုတ်ဆိုင်းမှုတွေ အများကြီး လိုတယ်။ ဒီတော့ လူတွေကို မေတ္တာနဲ့ ထောက်ပံ့ပေးပြီး ပြောင်းလဲအောင် အချိန်ပေးဖို့ လိုတယ်။ ဘုရားက လူတွေကို သူတို့စိတ်သဘောထားတွေ ပြောင်းဖို့ တောင်းဆိုပေမဲ့ လူတွေကို လုံးဝ အတင်းအကျပ်မခိုင်းဘူး၊ လက်တွေ့မကျတဲ့ မျှော်လင့်ချက်တွေ မထားဘူးဆိုတာ တွေ့ရတယ်။ ကိုယ့်ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေနဲ့ ကျွန်မတို့ အသက်ရှင်ပုံကို မြင်ပြီး သူက ကိုယ်တွေကို စွန့်ပစ်တာ မရှိဘဲ ကျွန်မတို့ကို ရေလောင်းပြီး ပံ့ပိုးပေးဖို့ သူ့နှုတ်ကပတ်တော်တွေကို ဖော်ပြခဲ့တယ်။ ကိစ္စတွေကို နည်းနည်းချင်း တွေ့ကြုံခွင့်ပေးပြီး သမ္မာတရားကို ဖြည်းဖြည်းချင်း နားလည်လာပြီး ပြောင်းလဲမှုကို ရစေတယ်။ သူ့နည်းလမ်းက အရမ်းညင်သာတာကို ကျွန်မတို့ ခံစားရတယ်။ ဒီတော့ ကျွန်မတို့ မိသားစု အမြန်ဆုံး အခြေခံအုတ်မြစ်ချနိုင်အောင် စုဝေးပွဲတက်ပြီး ဘုရားနှုတ်ကပတ်တော် ပိုဖတ်စေချင်ရင် ဒါက ရည်ရွယ်ချက် မှန်ပေမဲ့ သူတို့အခက်အခဲတွေကိုလည်း စာနာရမယ်။ သူတို့ကို စိတ်ရှည်ရှည်နဲ့ လမ်းပြပံ့ပိုးရမယ်။ အဲဒါမှ သူတို့က ပိုလိုက်လျောနိုင်မှာလေ” ဟူ၍ ဖြစ်သည်။ ကျွန်မ ပြောသည့်အရာကို ကြားသည့်အခါ ရန်ဂျီးက သက်ပြင်းရှည်ကြီး ချပြီး ပြန်ပြောသည်။ “အစ်မအမျိုးသား စုဝေးပွဲတက်ပြီး ဘုရားနှုတ်ကပတ်တော်ဖတ်အောင် အစ်မ အမြဲကြိုးစားနေတာ။ ဒါဟာ သူ့အတွက် အကောင်းဆုံးပဲလို့တွေးရင်း အစ်မကို လိုက်လျောလာအောင် ကြိုးစားရင်းနဲ့ပေါ့။ သူက ကိုယ်ပြောသလို မလုပ်တဲ့အခါ သူ့ကိုသာ ဒေါသထွက်လိုက်တယ်။ သူ့ကို ဒါမျိုးဆက်ဆံတာက သူ့ကို တကယ်ကို ထိခိုက်နိုင်တယ်။ အစ်မမှားသွားတယ်။ နောင်ဆို သူ့ကို ကိုယ့်ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားအတိုင်း ဆက်ဆံမယ့်အစား ဘုရားနှုတ်ကပတ်တော်အတိုင်း ဆက်ဆံပါ့မယ်” ဟူ၍ဖြစ်သည်။ ရန်ဂျီးက နားလည်မှုအချို့ရပြီး ပြုံးနေသည်ကို မြင်သည့်အခါ ကျွန်မလည်း အရမ်း စိတ်ချမ်းသာခဲ့သည်။ ထို့နောက်တွင် ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို အတူဖတ်ခဲ့ကြသည်။ “အခြားသူများကို မည်သို့ ဆက်ဆံရမည်ဆိုသည်ကို ဘုရားသခင်၏ နှုတ်ကပတ်တော်ထဲတွင် ရှင်းရှင်းလင်းလင်း ပြသထား၏၊ သို့မဟုတ် အရိပ်အမြွက်ပြထား၏။ လူသားမျိုးနွယ်ကို ဘုရားသခင် ဆက်ဆံသည့် သဘောထားမှာ ၎င်းတို့ အချင်းချင်းဆက်ဆံရာတွင် လူတို့ ခံယူသင့်သည့် သဘောထား ဖြစ်သည်။ လူအယောက်စီတိုင်းကို ဘုရားသခင်က မည်သို့ ဆက်ဆံပါသနည်း။ လူအချို့တို့သည် ဝိညာဉ်ရင့်ကျက်မှု မရင့်သန်သေးပေ။ သို့မဟုတ် ငယ်ရွယ်ကြသည်၊ သို့မဟုတ် တိုတောင်းသည့် အချိန်တစ်ခုသာ ဘုရားသခင်ကို ယုံကြည်ဖူးကြ၏။ သို့မဟုတ် သဘာဝနှင့် အနှစ်သာရအားဖြင့် ဆိုးရွားခြင်း မရှိ၊ မလိုမုန်းထားခြင်း မရှိသော်လည်း အနည်းငယ် မသိနားမလည်ပေ၊ သို့မဟုတ် အစွမ်းအစနည်းကြသည်။ သို့မဟုတ် ၎င်းတို့သည် အကန့်အသတ်များစွာကို ခံရပြီး သမ္မာတရားကို နားမလည်ကြသေးပေ၊ အသက်ထဲသို့ ၎င်းတို့ မဝင်ရောက်ကြသေး၊ ထို့ကြောင့် မိုက်မဲသော အရာကို လုပ်ဆောင်ခြင်း သို့မဟုတ် မသိနားမလည်သည့် လုပ်ရပ်ကို ကျူးလွန်ခြင်းမှ ထိန်းသိမ်းဖို့ရန် သူတို့အတွက် ခက်ခဲပေသည်။ သို့သော် ဘုရားသခင်သည် လူများ၏အတိတ်မှ မိုက်မဲမှုများကို မစွဲလမ်းပေ။ ၎င်းတို့၏ စိတ်နှလုံးများကို သူကြည့်ရှုသည်။ ၎င်းတို့က သမ္မာတရားကို လိုက်စားဖို့ သန္နိဋ္ဌာန်ထားရှိလျှင်၊ ၎င်းတို့ မှန်ကန်ပြီး ဤသည်မှာ သူတို့၏ ရည်မှန်းချက်ဖြစ်သည့်အခါ၊ ထို့နောက် ဘုရားသခင်က သူတို့ကို စောင့်ကြည့်နေသည်၊ သူတို့အတွက် စောင့်ဆိုင်းနေပြီး သူတို့ကို ဝင်ရောက်ခွင့်ပေးသည့် အချိန်နှင့် အခွင့်အရေးကို သူတို့အား ပေးနေပါ၏။ ပြစ်မှားခြင်းတစ်ခုတည်းအတွက် ဘုရားသခင်က သူတို့ကို သေအောင် ရိုက်နှက်မည်မဟုတ်ပေ။ ယင်းက လူများလုပ်ဆောင်လေ့ရှိသည့်အရာတစ်ခု ဖြစ်သည်။ ဘုရားသခင်သည် လူများကို မည်သည့်အခါမျှ ထိုကဲ့သို့ မဆက်ဆံပေ။ ဘုရားသခင်သည် လူများကို ထိုနည်းလမ်းဖြင့် မဆက်ဆံလျှင် လူများသည် အခြားသူများကို အဘယ်ကြောင့် ထိုနည်းလမ်းဖြင့် ဆက်ဆံရသနည်း။ ဤအရာက ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို မပြသလော။ ဤသည်မှာ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား အတိအကျ ဖြစ်ပေသည်။ မသိနားမလည်ဘဲ မိုက်မဲသော လူတို့ကို ဘုရားသခင်က မည်သို့ ဆက်ဆံသည်၊ မရင့်ကျက်သည့် ဝိညာဉ်အသက်တာရှိသူတို့ကို သူ မည်သို့ ဆက်ဆံသည်၊ လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ ပုံမှန်သရုပ်သကန်များကို သူ မည်သို့ ဆက်ဆံပုံနှင့် မလိုမုန်းထားသော သူတို့ကို သူ ဆက်ဆံပုံတို့ကို သင် ကြည့်ရှုလေ့လာရမည်။ ဘုရားသခင်သည် လူအမျိုးမျိုးကို နည်းလမ်းအမျိုးမျိုးဖြင့် ဆက်ဆံပြီး၊ မတူညီသော လူတို့၏ အခြေအနေ အမြောက်အများကို စီမံခန့်ခွဲနည်းအမျိုးမျိုးလည်း သူ့ထံတွင် ရှိ၏။ ဤသမ္မာတရားများကို သင်နားလည်ပြီးသည်နှင့်၊ ထိုအခါတွင် အမှုအရာများကို သင် မည်သို့ တွေ့ကြုံခံစားဖို့ကိုလည်းကောင်း၊ လူတို့ကို စည်းမျဉ်းများနှင့်အညီ မည်သို့ ဆက်ဆံဖို့ကိုလည်းကောင်း သင် သိလိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ သမ္မာတရားကို ရရှိရန်၊ အနီးအနားတွင်ရှိသော လူများ၊ ကိစ္စရပ်များနှင့် အမှုအရာများမှ သင်ယူရမည်) ကျွန်မတို့ ဖတ်ပြီးသည့်အခါ ရန်ဂျီးက ယင်းက စာပိုဒ်ကောင်းတစ်ပိုဒ်ဖြစ်သည်ဟုပြောပြီး သူ့ကို ထပ်ပြီး မိတ်သဟာယပြုပေးခိုင်းသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များအရ ကျွန်မ မိတ်သဟာယပြုပေးခဲ့သည်။ “တစ်ယောက်ယောက်နဲ့ ကိုယ့်ဆက်ဆံရေးတွေမှာ သူတို့မှာ ချို့ယွင်းချက်တွေ၊ ပြဿနာတွေရှိတာကို သတိပြုမိတဲ့အခါ သူတို့ဆီက သိပ်မမျှော်လင့်ဘဲ အဲဒါတွေကို ချစ်ချစ်ခင်ခင်နဲ့ မာန်ပါပါနဲ့တောင် ထုတ်ပြောလို့ရတယ်။ သမ္မာတရားကို လက်ခံဖို့ သူတို့ကို အချိန်ပေးသင့်ပြီး သူတို့ တိုးတက်ဖို့ စောင်သင့်တယ်။ ကျွန်မတို့က စာတန်ရဲ့ ဖောက်ပြန်ပျက်စီးစေတာကို ပြင်းပြင်းထန်ထန်ခံထားရမှန်း သမ္မာတရားကို လက်ခံပြီး လက်တွေ့လုပ်ဆောင်ရာမှာ အနှောင့်အယှက်တွေ၊ အခက်အခဲတွေ အများကြီးရှိမှန်း ဘုရားသိတယ်။ တစ်ခါတလေ ကျွန်မတို့ သမ္မာတရား နားလည်ရင်တောင် ချက်ချင်း လက်တွေ့မလုပ်ဆောင်နိုင်ကြဘူး။ ဘုရားက ကျွန်မတို့ကို အကြိမ်ကြိမ် မိတ်သဟာယပြုပေးရတယ်။ တစ်ခါတလေ ကျွန်မတို့ နားမလည်မှာကို သူစိုးရိမ်တော့ ကျွန်မတို့အတွက် နမူနာတွေနဲ့ နှိုင်းယှဉ်ချက်တွေကို စိတ်ရှည်ရှည်ပေးပြီး ကျွန်မတို့ အသိပညာနဲ့ နားလည်မှုရအောင် လမ်းပြဖို့ နည်းမျိုးစုံကို သုံးတယ်။ တစ်ခါတလေ သူ့နှုတ်ကပတ်တော်တွေကတစ်ဆင့် ကျွန်မတို့ကို ဦးဆောင်လမ်းပြပေးတယ်။ တချို့အချိန်တွေမှာ ကျွန်မတို့က သိပ်ထုံထိုင်းပြီး ပုန်ကန်လွန်းတာဟာ ဘယ်မိတ်သဟာယပမာဏမှ ရလဒ် မဖြစ်ထွန်းဘူး။ အဲဒီအခြေအနေမှာ ဘုရားက ကျွန်မတို့ကို ရိုက်နှက်ဖို့၊ ဆုံးမပဲ့ပြင်ဖို့၊ ပြုပြင်ပြီး ကိုင်တွယ်ဖြေရှင်းဖို့၊ ကျွန်မတို့ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်ပြီး သိဖို့ လက်တွေ့ကျတဲ့ အခြေအနေတွေ စီစဉ်ပေးတယ်။ ကျွန်မတို့ အတွေ့အကြုံကတစ်ဆင့် ဘုရားက လူတွေကို အရမ်းကို စည်းမျဉ်းနဲ့ညီတဲ့နည်းလမ်းနဲ့ ဆက်ဆံပြီး ကျွန်မတို့ သမ္မာတရားကို ကြားပြီးနောက်မှာ တိုးတက်အောင် မလုပ်နိုင်လို့ လုံးဝ မဆင်မခြင် စွန့်ပစ်တာမျိုး မရှိဘူး။ ဘုရားမှာ လူသားမျိုးနွယ်အတွက် ကြီးမားတဲ့ ချစ်ခြင်းမေတ္တာနဲ့ စိတ်ရှည်မှုရှိပြီး လူသားမျိုးနွယ်ကို ကယ်တင်ဖို့ နက်နဲသိမ်မွေ့လှတဲ့ စစ်မှန်တဲ့ ဆန္ဒလည်း ရှိတယ်” ဟူ၍ ဖြစ်သည်။

ရန်ဂျီးနှင့် မိတ်သဟာယပြုပြီးနောက်တွင် ကျွန်မ ရုတ်တရက် တွေးမိသည်။ “ရန်ဂျီးကို သူ့အမျိုးသားကို ကောင်းကောင်းမွန်မွန် ဆက်ဆံပုံနဲ့ပတ်သက်ပြီးတော့ပဲ ငါ မိတ်သဟာယပြုပေးပေမဲ့ သူ့ကို ကောင်းကောင်း မဆက်ဆံခဲ့ဘူး။ ရန်ဂျီးက သူ့အမျိုးသားကို စိတ်ဆိုးပြီး သူ့ကို သုံးလေးခါ မိတ်သဟာယပြုပေးပြီးနောက်မှာ မတိုးတက်တော့ သူ့ကို ငါ မာနထောင်လွှားတယ်၊ အပြောနဲ့အလုပ်မညီဘူးလို့ တိတ်တိတ်လေး ဝေဖန်ခဲ့တယ်” ဟူ၍ ဖြစ်သည်။ ကျွန်မ ထုတ်ဖော်ခဲ့သည့်အရာကို ပြန်ကြည့်ပြီး တော်တော် အရှက်ရခဲ့သည်။ ရန်ဂျီးက လူသစ်ဖြစ်ပြီး အတွေ့အကြုံ သိပ်မရှိသော်လည်း သူ၏ မာနထောင်လွှားသည့် သဘာဝကို အတင်းသတိပြုခိုင်းပြီး သူပြောင်းလဲဖို့ကို ကျွန်မ တောင်းဆိုခဲ့သည်။ သူက မပြောင်းလဲသည့်အခါ သမ္မာတရားကို မလိုက်စားသည့်၊ သို့မဟုတ် လက်မခံသည့်သူတစ်ယောက်အဖြစ် သူ့ကို ဘောင်ခတ်ပြီး ညံ့ဖျင်းသည့် လူ့သဘာဝရှိသည်ဟုပင် သူ့ကို ဝေဖန်ခဲ့သည်။ ရန်ဂျီး၏ အခြေအနေကို ကျွန်မ နားမလည်ခဲ့ဘဲ ယင်းနှင့်ပတ်သက်၍ ကျွန်မ မိတ်သဟာယမပြုပေးခဲ့သည်မှာ သိသာလှသည့်တိုင် လက်ခံ၊ နာခံပြီး ပြောင်းလဲမှု လုပ်ဖို့ သူ့ကို အတင်းတွန်းခဲ့သေးသည်။ ကျွန်မက တကယ်ကို မာနထောင်လွှားပြီး ယုတ္တိမတန်ခြင်း ဖြစ်ပါသည်။ ကျွန်မ၏ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားကို ကျွန်မ ထုတ်ဖော်ပြခဲ့ခြင်းဖြစ်ကြောင်းကို ထိုကျမှ သဘောပေါက်လိုက်သည်။ သူက ဘုရားကို ယုံကြည်သည်မှာ နှစ်ဝက်သာရှိသေးသဖြင့် သူ့ကိုယ်သူ မဆင်ခြင်နိုင်ခြင်းနှင့် မသိနိုင်ခြင်းက ပုံမှန်ဖြစ်ပါသည်။ ကျွန်မက ယုံကြည်သည်မှာနှစ်ချီနေပြီး ပြဿနာများကို ဖြေရှင်းဖို့ အခြားသူများအား သမ္မာတရားအပေါ် မကြာခဏ မိတ်သဟာယပြုပေးခဲ့သော်လည်း ကျွန်မ သမ္မာတရား မည်မျှကို အမှန်တကယ် လက်တွေ့လုပ်ဆောင်ခဲ့သနည်း။ လက်တွေ့မလုပ်ဆောင်ဘဲ စကားကြီးစကားကျယ်များ ပြောနေခြင်းအားဖြင့် ကျွန်မက အယူဝါဒများသာ လေပန်းနေခဲ့ခြင်း မဟုတ်ပါလား။ ထိုအချိန်တွင် ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ် စိတ်ထဲရောက်လာသည်။ “အလုပ်လုပ်ပြီး တရားဟောရန်၊ အခြားလူများကို ထောက်ပံ့ရန်သက်သက်ဖြင့် မိမိတို့ကိုယ်ကို သမ္မာတရားဖြင့် ပြင်ဆင်သော သူအချို့ရှိသည်။ သမ္မာတရားများကို လက်တွေ့လုပ်ဆောင်ရန်မဆိုထားနှင့်။ ၎င်းတို့၏ ကိုယ်ပိုင်ပြဿနာများကို ဖြေရှင်းဖို့ရန်ပင် မဟုတ်ပေ။ ၎င်းတို့၏ မိတ်သဟာယသည် သိနားလည်မှု စစ်စစ်ဖြစ်ပြီး သမ္မာတရားနှင့် ကိုက်ညီနိုင်သော်လည်း ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် သမ္မာတရားနှင့် မတိုင်းတာသကဲ့သို့ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၊ တွေ့ကြုံခြင်းလည်းမရှိပေ။ ဤတွင် ပြဿနာသည် အဘယ်နည်း။ ၎င်းတို့သည် သမ္မာတရားကို ၎င်းတို့၏ အသက်အဖြစ် အမှန်တကယ် လက်ခံပြီးဖြစ်သလော။ လက်မခံရသေးပေ။ လူတစ်ယောက်က ဟောကြားသော အယူဝါဒသည် မည်မျှ သန့်စင်နိုင်ပါစေ။ ထိုသူသည် သမ္မာတရား၏ စစ်မှန်မှုကို ပိုင်ဆိုင်သည်ဟု မဆိုလိုပေ။ သမ္မာတရားနှင့် ပြင်ဆင်ရန် သမ္မာတရားအတွင်းသို့ မိမိကိုယ်တိုင် ရှေးဦးစွာ ဝင်ရောက်ရမည်။ သမ္မာတရားကို နားလည်သောအခါ လက်တွေ့လုပ်ဆောင်ရမည်။ မိမိ၏ ကိုယ်ပိုင်ဝင်ရောက်မှုကို အာရုံမစိုက်ဘဲ အခြားလူတို့အား သမ္မာတရားကို ဟောကြားခြင်းအားဖြင့် ကြွားဝါဖို့ ရည်ရွယ်လျှင် ထိုသူ၏ ရည်ရွယ်ချက်က မှားယွင်းသည်။ ဤသို့လုပ်ဆောင်သော အယောင်ဆောင်ခေါင်းဆောင်များစွာရှိသည်။ ၎င်းတို့ နားလည်သော သမ္မာတရားများကို အခြားလူများအား မရပ်မနားမိတ်သဟာယဖွဲ့ကြသည်။ ယုံကြည်သူအသစ်များကို ပံ့ပိုးပေးကြပြီး လူတို့ကို သမ္မာတရားအား လက်တွေ့လုပ်ဆောင်ရန်၊ ၎င်းတို့၏တာဝန်များကို ကောင်းစွာထမ်းဆောင်ရန်၊ အပျက်သဘောမဆောင်ရန် သွန်သင်ကြသည်။ ဤစကားလုံးများသည် အလုံးစုံကောင်းမွန်သည်။ ချစ်ခင်ဖွယ်ပင်ဖြစ်သည်။ သို့သော် ထိုစကားများကို ပြောဆိုသူများသည် အဘယ်ကြောင့် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ကြသနည်း။ အဘယ်ကြောင့် အသက်ဝင်ရောက်မှုမရှိကြသနည်း။ ဤတွင် အမှန်တကယ် မည်သည့်အရာဖြစ်နေသနည်း။ ဤသို့သောသူတစ်ယောက်သည် သမ္မာတရားကို အမှန်တကယ် ချစ်သလော။ ပြောရန် ခက်ပေသည်။ ဤသည်မှာ ဣသရေလရှိ ဖာရိရှဲတို့က အခြားလူများထံသို့ ကျမ်းစာကို အသေးစိတ်ရှင်းလင်းပြသည့်တိုင် ၎င်းတို့ကိုယ်တိုင်က ဘုရားသခင်၏ ပညတ်တော်များကို မစောင့်ထိန်းနိုင်သည့်ပုံစံဖြစ်သည်။ သခင်ယေရှုပေါ်ထွန်းပြီး အမှုပြုသောအခါ ၎င်းတို့က ဘုရားသခင်၏အသံကိုကြားသော်လည်း သခင့်ကို အာခံခဲ့ကြသည်။ သခင်ယေရှုကို ကားစင်တင်ခဲ့ပြီး ဘုရားသခင်၏ ကျိန်ဆဲခြင်းကို ခံခဲ့ရသည်။ ထို့ကြောင့် သမ္မာတရားကို လက်မခံသော၊ လက်တွေ့မလုပ်ဆောင်သောသူအားလုံးသည် ဘုရားသခင်၏ ရှုတ်ချခြင်းကို ခံရလိမ့်မည်ဖြစ်သည်။ ၎င်းတို့ ဒုက္ခရောက်လိုက်လေခြင်းပါတကား။ ၎င်းတို့ဟောကြားသည့် အယူဝါဒစကားများ၊ စာများသည် အခြားလူများကို ကူညီပေးနိုင်လျှင် အဘယ်ကြောင့် ၎င်းတို့ကို မကူညီနိုင်သနည်း။ ဤသို့သောသူကို စစ်မှန်မှုမရှိသော ကြောင်သူတော်တစ်ယောက်အဖြစ် ကျွန်ုပ်တို့ ကောင်းစွာခေါ်ဆိုနိုင်သည်။ ၎င်းတို့သည် အခြားလူများအား သမ္မာတရား၏ စကားလုံးများ၊ စာများကို ပံ့ပိုးပေးသည်။ အခြားလူများကို လက်တွေ့လုပ်ဆောင်စေသည်။ သို့သော် ၎င်းတို့ကိုယ်တိုင်က အနည်းငယ်မျှပင် လက်တွေ့မလုပ်ဆောင်ပေ။ ဤသို့သောသူသည် အရှက်ကင်းမဲ့သည် မဟုတ်လော။ ၎င်းတို့သည် သမ္မာတရား၏ စစ်မှန်မှုမရှိပေ။ သို့တိုင်အောင် အခြားလူများအား အယူဝါဒစကားများ၊ စာများကို ဟောကြားရာ၌ သမ္မာတရား၏ စစ်မှန်မှုရှိဟန်ဆောင်ကြသည်။ ဤသည်မှာ တမင်သက်သက် လှည့်စားပြီး ထိခိုက်နစ်နာစေခြင်း မဟုတ်သလော။ ဤသို့သောသူသည် ဖော်ထုတ်ခံရပြီး ထုတ်ပယ်ခံရလျှင် သူ့ကိုယ်သူသာ အပြစ်တင်စရာရှိမည်ဖြစ်သည်။ ထိုသူသည် သနားဖို့ရန် ထိုက်တန်မည်မဟုတ်ပေ။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ အပိုင်း သုံး) ဘုရားနှုတ်ကပတ်တော်များက ကျွန်မကိုယ်ပိုင်အခြေအနေ၏ တကယ့် သရုပ်ဖော်ချက်ဖြစ်သည်။ ရန်ဂျီးကို ရေလောင်းပေးသည့် ကိုယ့်အချိန်များ ပြန်တွေးရင်း ကျွန်မက ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားနှင့် ရှင်သန်ပြီး သူ့ကို မျှမျှတတ မဆက်ဆံခဲ့ပါ။ ရန်ဂျီးက သူ၏ မာနထောင်လွှားသည့် စိတ်သဘောထားကို ထုတ်ဖော်ပြပြီး သမ္မာတရားကို လက်မခံပုံကိုသာ ကျွန်မ တွေ့ခဲ့သော်လည်း ကျွန်မကိုယ်တိုင်က မည်သည့်ဖောက်ပြန်ပျက်စီးခြင်းကို ထုတ်ဖော်ပြသည်ကိုမူ ထိုးထွင်းအမြင်၊ သို့မဟုတ် သိမြင်ခြင်း လုံးဝ မရှိခဲ့ပါ။ ကျွန်မက ကိုယ့်ကိုယ်ကိုယ် မသိမြင်ခဲ့ဘဲ သူ့ကို တိုးတက်မှုများရအောင်လုပ်ဖို့ တောင်းဆိုလျက် ဘုရားနှုတ်ကပတ်တော်များဖြင့် အရှက်မရှိ ဝေဖန်သည်။ သူတိုးတက်ဖို့ တောင်းဆိုသည်။ အခြားလူများက သူတို့ဖောက်ပြန်ပျက်စီးခြင်းအပေါ် ဆင်ခြင်ဖို့လိုသော်လည်း ကျွန်မကမူ ဖောက်ပြန်ပျက်စီးခြင်း မရှိသောကြောင့် ဆင်ခြင်စရာ မလိုခဲ့သည့်အလား ဖြစ်သည်။ ကျွန်မက ကိုယ့်ကိုယ်ကိုယ် တကယ်ကို မသိဘဲ အရမ်း အရှက်မဲ့ခဲ့သည်။ လူသစ်များကို မိတ်သဟာယပြုပေးပြီး သူတို့၏ ပြဿနာများကို ဖြေရှင်းပေးဖို့ ဘုရားနှုတ်ကပတ်တော်များကို ကျွန်မ သုံးခဲ့သော်လည်း ကျွန်မ မဆင်ခြင်ခဲ့ပါ၊ သို့မဟုတ် ဝင်ရောက်မှု တစ်စက်မျှ မရခဲ့ပါ။ ယင်းက အယောင်ဆောင် ကိုင်းရှိုင်းသည့် ဖာရိရှဲများနှင့် မည်သို့များ ကွာခြားသနည်း။ ကိုယ့်တာဝန်ကို ဤနည်းနှင့် လုပ်ဆောင်သည့်အချိန်တွင် လူများကို အကူအညီဖြစ်ဖို့ ကျွန်မ မည်သို့များ မျှော်လင့်ခဲ့သနည်း။

နောက်တော့ ရန်ဂျီး၏အမျိုးသား ပြန်ရောက်လာသည့်အခါ၊ သူက သူ့အမျိုးသားကိုပြောခဲ့သည်။ “ညီမရေချန်းက ကျွန်မကို ဘုရားနှုတ်ကပတ်တော်စာပိုဒ်တချို့ ခုလေးတင်ဖတ်ပြတာ ကျွန်မမှားခဲ့မှန်း သဘောပေါက်သွားတယ်။ ရှင့်ကို ကျွန်မရဲ့ မာနထောင်လွှားတဲ့ စိတ်သဘောထားနဲ့ ဖိနှိပ်နေခဲ့တာ။ နောင်ဆို ဘုရားနှုတ်ကပတ်တော်တွေအတိုင်း လက်တွေ့လုပ်ဆောင်ပြီး ရှင့်ကို ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားနဲ့ ဆက်ဆံတာရပ်ပါတော့မယ်” ဟူ၍ ဖြစ်သည်။ ရန်ဂျီးက ထိုကဲ့သို့ လက်တွေ့လုပ်ဆောင်နိုင်ပုံကို မြင်သည့်အခါ ကျွန်မက ပို၍ပင် အရှက်ရခဲ့သည်။ ယခင်က သူ့ကို သမ္မာတရားလက်မခံသည့်သူလို ကျွန်မ ဘောင်ခတ်ခဲ့သော်လည်း ယခုအခါတွင်မူ တကယ့်လက်တွေ့အခြေအနေက ကျွန်မကို ပါးကိုဖြတ်ရိုက်လိုက်သလိုဖြစ်သည်။ အိမ်အပြန်လမ်းတွင် ရန်ဂျီးကို ကျွန်မ ဘောင်ခတ်ပြီး ဝေဖန်ခဲ့ပုံအကြောင်း တွေးမိပြီး အတော်အတန် အပြစ်ရှိသလို ခံစားရပါသည်။ ဘုရားနှုတ်ကပတ်တော်များကို ကျွန်မ တွေးမိခဲ့သည်။ “သင်၏စိတ်နှလုံးထဲတွင် သင်သည် သမ္မာတရားကို အမှန်တကယ် နားလည်ပါက၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ကာ ဘုရားသခင်ကို နာခံဖို့နည်းလမ်းအား သင်သိလိမ့်မည် ဖြစ်ပြီး သမ္မာတရား လိုက်စားခြင်း လမ်းကြောင်းပေါ်ကို သင် အလိုအလျောက် စတင်လိမ့်မည် ဖြစ်သည်။ သင်လျှောက်သည့် လမ်းကြောင်းသည် မှန်ကန်သည့် လမ်းကြောင်းဖြစ်ပြီး ဘုရားသခင်၏ အလိုတော်နှင့် ကိုက်ညီပါက၊ သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်သည် သင့်ကို စွန့်ခွာလိမ့်မည် မဟုတ်ချေ— ထိုအခြေအနေတွင် ဘုရားသခင်အား သင် သစ္စာဖောက်ဖို့အလားအလာ နည်းသည်ထက် နည်းလာပေလိမ့်မည်။ သမ္မာတရားမရှိပါက မကောင်းမှုပြုရန် လွယ်ကူပြီး မရည်ရွယ်ဘဲ ယင်းကို သင်လုပ်မိလိမ့်မည် ဖြစ်သည်။ ဥပမာ၊ သင့်တွင် မာနထောင်လွှားပြီး စိတ်ကြီးဝင်သော စိတ်သဘောထားတစ်ခုရှိလျှင် ဘုရားသခင်ကို မဆန့်ကျင်ရန် ပြောဆိုခံရခြင်းသည် ထူးခြားမှုမရှိပေ။ သင်သည် ကိုယ့်ကိုယ်ကိုယ် မထိန်းနိုင်ပေ။ သင်ထိန်းချုပ်နိုင်သည်ထက် ကျော်လွန်သည်။ သင်သည် ရည်ရွယ်ချက်ရှိရှိဖြင့် လုပ်ဆောင်မည်မဟုတ်ပေ။ သင်၏ မောက်မာပြီး ထောင်လွှားသော သဘာဝဗီဇ၏ အုပ်စိုးမှုအောက်၌ သင် ထိုသို့ပြုလိမ့်မည်။ သင်၏ မာနထောင်လွှား ခြင်းနှင့် စိတ်ကြီးဝင်ခြင်းတို့သည် သင့်ကို ဘုရားသခင်အား အထင်အမြင်သေးစေမည်ဖြစ်ပြီး သူ့အား အရေးမပါသောသူအဖြစ် မြင်စေမည်ဖြစ်သည်။ ထိုအရာတို့သည် သင့်ကိုယ်သင် ချီးမြှောက်စေလိမ့်မည်ဖြစ်ပြီး အစဉ်တစိုက် မိမိကိုယ်ကို ပြစားဝင့်ဝါလိမ့်မည် ဖြစ်သည်။ ယင်းတို့က သင့်အား အခြားသူများကို အထင်အမြင်သေးစေမည်၊ သင့်စိတ်နှလုံးထဲတွင် သင်ကိုယ်တိုင်မှလွဲ၍ အခြားမည်သူကိုမျှ ထားမည် မဟုတ်ချေ။ ယင်းတို့က သင်၏ စိတ်နှလုံးထဲမှ ဘုရားသခင်၏နေရာကို လုယူလိမ့်မည်။ ပြီးလျှင် နောက်ဆုံးတွင် သင့်အား ဘုရားသခင်၏နေရာတွင် ထိုင်ဖို့ဖြစ်စေပြီး လူများအား သင့်ကိုယ်ပိုင်အတွေးများ၊ အကြံဉာဏ်များနှင့် အယူအဆများကို သမ္မာတရားအဖြစ် ကြည်ညိုလေးစားစေလျက်၊ သင့်ကို ကျိုးနွံနာခံဖို့ တောင်းဆိုစေမည် ဖြစ်သည်။ မိမိတို့၏ မောက်မာ၍ ထောင်လွှားသော သဘာဝ၏ အုပ်စိုးမှုအောက်၌ လူတို့သည် များပြားလှသော ဒုစရိုက်မှုကို ပြုကြသည်။ မကောင်းမှု ပြုခြင်း၏ ပြဿနာကို ဖြေရှင်းရန်အလို့ငှာ သူတို့သည် မိမိတို့သဘာဝကို ဦးစွာဖြေရှင်းရမည်။ စိတ်သဘောထား ပြောင်းလဲခြင်းမရှိဘဲ ဤပြဿနာအတွက် အခြေခံဖြေရှင်းချက် ဖြစ်ပေါ်ရန် ဖြစ်နိုင်မည်မဟုတ်ချေ။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ သမ္မာတရားအား လိုက်စားခြင်းအားဖြင့်သာ စိတ်သဘောထား ပြောင်းလဲမှုတစ်ခုကို ရရှိနိုင်သည်) ဘုရားနှုတ်ကပတ်တော်များကို တွေးတောရင်း ကိုယ့်ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားကို ပို၍ပင် ရှင်းရှင်းလင်းလင်း မြင်လာခဲ့သည်။ ရန်ဂျီးကို ကျွန်မ ရေလောင်းသည့်အချိန်ကို ပြန်တွေးရင်း နှစ်ခါသုံးခါ မိတ်သဟာယပြုပေးပြီးနောက်တွင် သူက မတိုးတက်သည့်အခါ ကိုယ့်ကိုယ်ကိုယ် မဆင်ခြင်ခဲ့မိဘဲ သူက သမ္မာတရားကို လက်မခံနိုင်သောကြောင့်သာ ဖြစ်သည်ဟု တကယ်ကို တွေးနေခဲ့မိသည်။ ရန်ဂျီးနှင့် ကျွန်မ သုံးလေးခါလောက်သာ ဆုံဖူးခဲ့ပြီး သူ့ကို လုံးဝကို သိပ်မသိခဲ့ပါ။ သို့သော် သူ့ကို ပေါ့ပေါ့တန်တန် ဝေဖန်ပြီး ဘောင်ခတ်ခဲ့သည်မှာ ကိုယ်ကသာ သမ္မာတရားကို အရမ်းနားလည်ပြီး လူတစ်ယောက်ကို သုံးလေးကြိမ်တွေ့ရုံနှင့် သူ့အနှစ်သာရကို ရိပ်စားမိနိုင်သည့်အလားပင် ဖြစ်လေသည်။ ကျွန်မသည် လူများ၏ ပြဿနာ ဇာစ်မြစ်နှင့် အနှစ်သာရကို နားမလည်ဘဲ လူများကို သူတို့၏ အလုံးစုံ အပြုအမူ၊ သဘာဝနှင့် အနှစ်သာရတို့အရ အကဲမဖြတ်ခဲ့ကြောင်း၊ သို့မဟုတ် မဆက်ဆံခဲ့ကြောင်းကို ဖြစ်ရပ်မှန်များ ပြခဲ့သည်။ ကျွန်မက သမ္မာတရားကို နားမလည်သော်လည်း ကိုယ့်ကိုယ်ကိုယ် နက်နက်နဲနဲ ယုံကြည်ပြီး ကိုယ့်ယုံကြည်မှုများကိုသာ စွဲကိုင်ခဲ့သည်။ ကိုယ့်ကိုယ်ကိုယ် တစ်စက်လေးမျှ မသိခဲ့ပါ။ လူသစ်များကို ကိုယ့်မာနထောင်လွှားသည့် စိတ်သဘောထားအတိုင်း ဆက်ပြီး ဆက်ဆံလျှင် အနည်းဆုံးအနေဖြင့် သူတို့အပေါ် အမြင်စောင်းမည်ဖြစ်ပြီး သူတို့ကို ဘောင်ခတ်ကာ ထိခိုက်နိုင်ခြေ ရှိသည့်အပြင် သူတို့ အသက်ဝင်ရောက်မှုကို နှောင့်နှေးစေနိုင်မည် ဖြစ်သည်။ အဆိုးဆုံးမှာမူ သူတို့ကို ဝေဖန်ပြီး ဘောင်ခတ်ကာ ပေါ့ပေါ့တန်တန်ပင် စွန့်ပစ်လိုက်နိုင်သည်။ ယင်းက သူတို့ကို ထိခိုက်စေမည် ဖြစ်သည်။ ဤအရာကို သဘောပေါက်သည့်အခါ ကျွန်မ နည်းနည်းကြောက်သော်လည်း စိတ်သက်သာရာလည်း ရခဲ့သည်။ မာနထောင်လွှားသည့် စိတ်သဘောထားကို ပြပြီး ရန်ဂျီးကို ဘောင်ခတ်ခဲ့သည့်အချိန်က ကျွန်မ၏အလုပ်ဖော်က ထောက်ပြကာ ကိုယ့်ပြဿနာကို သတိပြုမိပြီး အချိန်မီ ပြောင်းလဲစေခဲ့သည်။ ဤအရာက ဘုရား၏ ကွယ်ကာမှုဖြစ်၏။ နောက်တော့ အလုပ်နှင့်ဆိုင်သည့် လိုအပ်ချက်များကြောင့် အသင်းတော်က ခဏထွက်လာရသည်။ တစ်လအကြာ ရန်ဂျီးကို ပြန်တွေ့သည့်အခါ သူက ဧဝံဂေလိဖြန့်ဝေရင်း ဘုရားနှုတ်ကပတ်တော်များကို သူတွေ့ကြုံရပုံနှင့် သက်သေခံပုံများအကြောင်းကို ကျွန်မကို ပြောပြခဲ့သည်။ ခံစားချက်များနှင့် သက်ပြင်းချရင်း သူဆက်ပြောသည်။ “ဒါပေမဲ့ အခုတလော ဧဝံဂေလိ ဝေမျှတာက တစ်ဆင့် ရှာဖွေပြီး စုံစမ်းလေ့လာပေမဲ့လည်း ဘာသာရေး အယူအဆအမျိုးမျိုး စိတ်ထဲစွဲနေသေးတဲ့သူတချို့ ရှိသေးတာ အစ်မ သတိပြုမိတယ်။ သူတို့ရဲ့ အယူအဆတွေ မပြေလည်သေးသလို သူတို့ ဘုရားရှေ့ကို မလာရောက်နိုင်ခင်မှာ ညီအစ်ကိုမောင်နှမတွေဟာ သူတို့ကို အရမ်းကို စိတ်ရှည်ရှည်နဲ့ မိတ်သဟာယပြုပေးပြီး ဘုရားနှုတ်ကပတ်တော်တွေအများကြီး ဖတ်ပြရမယ်။ လူသားမျိုးနွယ်အတွက် ဘုရားရဲ့ ကယ်တင်ခြင်းက လုံးဝကို မလွယ်ပါဘူး။ ဒီမတိုင်ခင်က အစ်မက စိတ်မရှည်ဘူး။ အစ်မအမျိုးသား သမ္မာတရားမလိုက်စားတာကို မုန်းတီးပြီး သူ့ကို ကိစ္စတွေတော်တော်များများကနေ ချုပ်တည်းဖို့ တောင်းဆိုခဲ့တယ်။ သူ့ဆီက အများကြီး တောင်းဆိုခဲ့မိတယ်။ အဲဒါ အစ်မအမှားပဲ။ ဘုရားနှုတ်ကပတ်တော်တွေက တကယ်ကို ကြီးမြတ်ပြီး သူ့ကို ထပ်ထပ်ပြီး တွေ့ကြုံခံစားဖို့ လိုသေးတယ်” ဟူ၍ ဖြစ်သည်။ ဤအရာကို ကြားသည့်အခါ သူ့အတွက် ကျွန်မ အရမ်းပျော်သော်လည်း တော်တော်ရှက်ပြီး စိတ်ခံစားချက်များနှင့် တို့ထိခံရသည်။ လူအယောက်စီတိုင်းသည် သမ္မာတရားကို လက်ခံဖို့ အချိန်နှင့် အတွေ့အကြုံ တကယ်ကို လိုအပ်၏။

ထို့နောက်တွင် ရေလောင်းခြင်းတစ်လျှောက်တွင် လူသစ်များက ဖောက်ပြန်ပျက်စီးသည့် လက္ခဏာများ ပြသည့်အခါ သူတို့ပြဿနာများ၏ ဇာစ်မြစ်ကို ရှာဖွေဖော်ထုတ်ဖို့ အာရုံစိုက်ပြီး ယင်းတို့ကို ကိုင်တွယ်ဖို့ ဆီလျော်သည့် စည်းမျဉ်းများ ရှာဖွေသည်။ ထိုအချိန်အတွင်းတွင် ကျွန်မတို့ အယောက်စီတိုင်းသည် ဘုရားအမှုတော်ကို စုံစမ်းလေ့လာခြင်းနှင့် အခြေခံအုတ်မြစ်ချခြင်းကြားတွင် လုပ်ငန်းစဉ်တစ်ခုကို ကျော်ဖြတ်ရမည်ဖြစ်ကြောင်းကိုလည်း ကျွန်မ နားလည်သဘောပေါက်ခဲ့သည်။ သူတို့ကို ရေလောင်းပြီးပံ့ပိုးသည့် ဖြစ်စဉ်တွင် ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်ပြီး ကိုယ့်မမှန်ကန်သည့် အခြေအနေများကိုလည်း ပြုပြင်ခဲ့သည်။ သူတို့ကို အခြေခံအုတ်မြစ်ချစေပြီး ဘုရားရှေ့ကို အမြန်ဆုံး ပြန်ရောက်စေရင်း ကျွန်မ မေတ္တာဖြင့် ပံ့ပိုးခဲ့သည်။ ကိုယ့်တာဝန်ကို ဤကဲ့သို့လုပ်ဆောင်ရခြင်းက အမှန်တကယ် ငြိမ်းချမ်းပြီး စိတ်ချမ်းသာပါသည်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

မနာလိုစိတ်ကို သဘောထားကြီးမှုဖြင့် အစားထိုးခြင်း

ဖုဒမ်း တရုတ်နိုင်ငံလွန်ခဲ့သည့် သုံးလေးနှစ်ခန့်က၊ ကျွန်မကို ခေါင်းဆောင်မှုတာဝန်များ၌ ကူညီဖို့ ညီမရှောက်ကျီက ကျွန်မတို့အသင်းတော်က...

ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် ကျွန်မကို နာမကျန်းဖြစ်ခြင်း စမ်းသပ်မှုတစ်လျှောက် လမ်းပြတော်မူခဲ့သည်

ရီမင်း၊ ဟူးဘေးပြည်နယ် သခင်နှင့် ပြန်လည်ဆုံစည်းရသည်ကို ကျွန်မ ဝမ်းမြောက်သည် ယခုနှစ်တွင် ကျွန်မ ၇၈ နှစ်ရှိပြီ ဖြစ်သည်၊ ပြီးလျှင် ကျွန်မသည်...

တစ်ဇွတ်ထိုးပြုလုပ်ခြင်းသည် သူတစ်ပါးနှင့် မိမိကိုယ်ကို ထိခိုက်စေသည်

ဟော်ရှီး သြစတြေးလျတိုက် ကျွန်မက ရေလောင်းတဲ့အလုပ်ကို ကြီးကြပ်ဖို့အတွက် ၂၀၂၀ခုနှစ်၊ ဧပြီလမှာ အသင်းတော်ခေါင်းဆောင်တစ်ယောက်အဖြစ်...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။