ကျွန်မဆွေမျိုးများ၏ တိုက်ခိုက်မှုများနောက်ကွယ်တွင် ရှိသည့်အရာ
ကျွန်မအဖေက ကျောင်းအုပ်တစ်ယောက်ပါ။ ကျောင်းနဲ့ အိမ်မှာ ရုပ်ဝါဒအကြောင်း သူ ခဏခဏ ပြောတယ်။ ပျော်ရွှင်မှုဆိုတာ ကျွန်မတို့ကိုယ်ပိုင် အလုပ်ကြိုးစားမှုပေါ် မူတည်တယ်၊ ထင်ပေါ်ပြီး ဘိုးဘေးတွေ ဂုဏ်ယူရအောင် အားထုတ်ရမယ်လို့ သူက ကျွန်မတို့ကို သင်ပေးခဲ့တယ်။ မိဘတွေရဲ့ စကားတွေနဲ့ သူတို့ထားတဲ့ ပုံသက်သေတွေကြောင့်၊ မွေးချင်းမောင်နှမတွေနဲ့ ကျွန်မက အမြဲ အလုပ်ကြိုးစားခဲ့တယ်။ ကျွန်မတို့ စီးပွားရေးလုပ်ငန်း လုပ်ကြတယ်၊ အရာရှိတွေဖြစ်လာပြီး အတော်အသင့် အောင်မြင်မှုတချို့ ရှိခဲ့ကြတယ်။ ၂၀၀၇ ခုနှစ် နွေဦးမှာ၊ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသော ကာလ အမှုတော်ကို ကျွန်မ လက်ခံခဲ့တယ်။ နေ့တိုင်း ဘုရားနှုတ်ကပတ်တော် ဖတ်တယ်၊ ညီအစ်ကို မောင်နှမတွေနဲ့ ပုံမှန် မိတ်သဟာယပြုပြီး၊ ဘုရားရဲ့ အချုပ်အခြာအာဏာအကြောင်း နည်းနည်း သိနားလည်ခဲ့တယ်။ အထူးသဖြင့် ဒီစကားတွေက စွဲမှတ်စရာ ဖြစ်ခဲ့တယ်။ “ဘုရားသခင်သည် ဤကမ္ဘာလောကကို ဖန်ဆင်းခဲ့ပြီး၊ ဤလူသားမျိုးနွယ်ကို သူဖန်ဆင်းခဲ့၏၊ ထို့အပြင် သူသည် ရှေးခေတ် ဂရိယဉ်ကျေးမှုနှင့် လူသားတို့၏ လူမှုအဖွဲ့အစည်းတိုးတက်မှု၏ ဗိသုကာ ဖြစ်ခဲ့သည်။ ဘုရားသခင်သည်သာ ဤလူသားမျိုးနွယ်ကို နှစ်သိမ့်မှု ပေးပြီး ဘုရားသခင်သည်သာ ဤလူသားမျိုးနွယ်ကို နေ့ရောညပါ စောင့်ရှောက်သည်။ လူသားများ၏ ဖွံ့ဖြိုးမှုနှင့် တိုးတက်မှုတို့ကို ဘုရားသခင်၏ အချုပ်အခြာအာဏာမှ ခွဲထုတ်၍မရနိုင်သကဲ့သို့၊ လူသားမျိုးနွယ်၏ သမိုင်းနှင့် အနာဂတ်သည်လည်း ဘုရားသခင်၏ အကြံအစည်များမှ ခွဲခြား၍မရနိုင်ပေ။ အကယ်၍ သင်သည် စစ်မှန်သော ခရစ်ယာန်တစ်ဦးဖြစ်ပါက၊ မည်သည့်တိုင်းနိုင်ငံ သို့မဟုတ် မည်သည့် လူမျိုးမဆို၏ ပေါ်ထွန်းခြင်းနှင့် ကျဆုံးခြင်းတို့သည် ဘုရားသခင်၏ အကြံအစည်များအတိုင်း ဖြစ်ပေါ်သည်ကို သင် ဧကန်မုချ ယုံကြည်ပေလိမ့်မည်။ ဘုရားသခင် တစ်ပါးတည်းသာ နိုင်ငံတစ်နိုင်ငံ သို့မဟုတ် လူမျိုးတစ်မျိုး၏ ကံကြမ္မာကို သိပြီး ဘုရားသခင် တစ်ပါးတည်းသာ ဤလူသားမျိုးနွယ်၏ လမ်းကြောင်းကို ထိန်းချုပ်သည်။ အကယ်၍ လူသားမျိုးနွယ်သည် ကောင်းမွန်သော ကံကြမ္မာတစ်ခု ရှိလိုပါက၊ နိုင်ငံတစ်ခုသည် ကံကြမ္မာကောင်းတစ်ခု ရှိလိုပါက၊ လူသားသည် ဘုရားသခင်ထံ ပျပ်ဝပ်ကိုးကွယ်ရမည်၊ နောင်တရပြီး ဘုရားသခင်၏ ရှေ့မှောက်တွင် ဝန်ချရမည်ဖြစ်သည်၊ သို့မဟုတ်ပါက လူသား၏ ကံကြမ္မာနှင့် ခရီးပန်းတိုင်သည် ရှောင်လွှဲမရသော ကပ်ဘေးတစ်ခု ဖြစ်ပေလိမ့်မည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆက်တွဲ (၂)- လူသားမျိုးနွယ်တစ်ရပ်လုံး၏ ကံကြမ္မာအပေါ် ဘုရားသခင် တာဝန်ယူဦးဆောင်သည်) ဘုရားနှုတ်ကပတ်တော်တွေက နှလုံးသားကို လင်းလက်သွားစေခဲ့တယ်။ ဘုရားက ဖန်ဆင်းရှင်ဖြစ်ပြီး ဒီနေ့ထိ လူကို လမ်းပြ၊ အားဖြည့်ပေးခဲ့တာက သူပဲ။ ဒါ့အပြင်၊ ကျွန်မတို့ ကံကြမ္မာတွေကိုလည်း သူ အုပ်စိုးတယ်။ ဘုရားကို ကိုးကွယ်ခြင်း၊ သူ့ဆီ နောင်တရပြီး သူ့ရဲ့ ကယ်တင်ခြင်းကို လက်ခံခြင်းအားဖြင့်ပဲ ကောင်းမွန်တဲ့ ကံကြမ္မာ ရှိနိုင်တယ်။ ကျွန်မတို့ ကောင်းမွန်တဲ့ ကံကြမ္မာနဲ့ အဆုံးသတ်ရှိနိုင်အောင်လို့ ကယ်တင်ရှင်၊ အနန္တတန်ခိုးရှင် ဘုရားသခင်က သမ္မာတရား ဖော်ပြပြီး တရားစီရင်ခြင်းအမှု ပြုဖို့၊ လူသားမျိုးနွယ်ကို အပြည့်အဝ သန့်စင်ကယ်တင်ဖို့၊ စာတန်ရဲ့ စွမ်းအားကနေ ကျွန်မတို့အတွက် ဘုရားပြင်ဆင်ခဲ့တဲ့ လှပတဲ့ ခရီးပန်းတိုင်ထဲကို ဦးဆောင်ဖို့ ကြွလာပြီဖြစ်မှန်းကိုလည်း ကျွန်မ သိခဲ့ရတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ကို လက်ခံနိုင်တာ အရမ်းမင်္ဂလာရှိတယ်လို့ ခံစားရပြီး ကိုယ့်ယုံကြည်ချက်ကို ကောင်းကောင်း လက်တွေ့လုပ်ဖို့၊ သမ္မာတရား လိုက်စားပြီး ဘုရားမေတ္တာကို ပြန်ပေးဆပ်ရအောင် အဖန်ဆင်းခံရဲ့ တာဝန်ကို လုပ်ဖို့ ကိုယ့်ကိုယ်ကိုယ် ကျိန်ဆိုခဲ့တယ်။
ဒါပေမဲ့ အဲဒီနောက်မှာ ကိုယ့်တာဝန်ကို ခေါင်းမဖော်တမ်း လုပ်နေချိန်မှာ၊ ကွန်မြူနစ်ပါတီရဲ့ ဖမ်းတာကို ခံလိုက်ရတယ်။ ၂၀၀၉ ခုနှစ်ရဲ့ မတ်လ ရက်တစ်ရက်၊ နေ့လယ်အချိန်မှာ ရဲတွေ ကျွန်မတို့ စုဝေးပွဲကို ရောက်လာကြတယ်၊ ညီအစ်မ သုံးယောက်နဲ့ ကျွန်မကို ခေါ်သွားကြပြီး ရဲစခန်းမှာ တရားမဝင် ချုပ်ထားခဲ့ကြတယ်။ ပြည်သူ့ လုံခြုံရေး ခေါင်းဆောင်က ကျွန်မကို ကြမ်းကြုတ်ရက်စက်စွာနဲ့ အော်တယ်။ “မင်းသိတာ ငါတို့ကို ပြောစမ်း။ ဘယ်သူက မင်းကို ဘာသာပြောင်းစေခဲ့တာလဲ။ မင်းတို့ အသင်းတော် ခေါင်းဆောင် ဘယ်သူလဲ။ ပြောရင်၊ ချက်ချင်း အိမ်ပြန်လွတ်ပေးမယ်။ ဒါပေမဲ့ မပူးပေါင်းရင်တော့၊ မင်းနေရာမှာ ငါတို့တွေ့ခဲ့တဲ့ ဘာသာရေး စာအုပ်အားလုံးနဲ့ဆိုရင် ငါးနှစ်၊ ခြောက်နှစ်လောက် မင်းကို ထောင်ချလိုက်လို့ရတယ်”တဲ့။ သူ့မျက်နှာပေါ်က တင်းမာတဲ့ အကြည့်ကိုမြင်တော့ ကျွန်မ နှလုံးခုန်လာတယ်။ သူတို့ ကျွန်မကို ဘယ်လို ဆက်ဆံမယ်ဆိုတာ မသိဘူးလေ။ ကျွန်မကို စောင့်ရှောက်ဖို့၊ ယုံကြည်ခြင်းနဲ့ ခွန်အားပေးပြီး ခိုင်ခိုင်မာမာ ရပ်တည်စေဖို့ ဘုရားကို တောင်းလျှောက်ရင်းနဲ့ ကျွန်မ အမြန် ဆုတောင်းလိုက်တယ်။ ဆုတောင်းပြီးတဲ့နောက်မှာ ဒီဘုရားစကားတွေကို တွေးမိတယ်။ “အာဏာရှိသော သူတို့သည် အပြင်ပန်းအားဖြင့် ကြောက်စရာကောင်းသည်ဟု ထင်ရသော်လည်း ကြောက်ရွံ့ခြင်း မရှိနှင့်၊ အဘယ့်ကြောင့်ဆိုသော် ဤသည်မှာ သင်တို့တွင် ယုံကြည်မှု အနည်းငယ်သာ ရှိခြင်းကြောင့်ဖြစ်သည်။ သင်တို့၏ယုံကြည်ခြင်း ကြီးထွားသည့် ကာလပတ်လုံး မည်သည့်အရာမျှ အလွန်တရာ ခက်ခဲလိမ့်မည်မဟုတ်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၇၅)) ဘုရားနှုတ်ကပတ်တော်တွေက ယုံကြည်ခြင်းနဲ့ ခွန်အားပေးခဲ့တယ်။ အရာအားလုံးက ဘုရားလက်ထဲမှာ လုံးဝ ရှိတယ်။ အဲဒီပြည်သူ့ လုံခြုံရေး ခေါင်းဆောင်က လန့်စရာလို့ ထင်ရပေမဲ့၊ သူလည်း ဘုရားလက်ထဲမှာ ရှိတယ်။ သူလည်း ဘုရားကို အစေခံနေတဲ့ တန်ဆာပလာတစ်ခုပဲ။ ကျွန်မ ထောင်ချခံရခြင်း ရှိမရှိဆိုတာကို သူ ဆုံးဖြတ်ပိုင်ခွင့်မရှိဘူး၊ ဘုရားပဲ ဆုံးဖြတ်ပိုင်ခွင့်ရှိတယ်။ သူအနိုင်ကျင့်တာကို မခံနိုင်လို့ ကျွန်မ နောက်တွန့်လို့ မဖြစ်ဘူး။ ကျွန်မ စကားမပြောတာကို မြင်တော့၊ လူမှုဖွဲ့စည်းပုံစနစ်ကို နှောင့်ယှက်တဲ့ စွဲချက်နဲ့ ကျွန်မနဲ့ တခြားသုံးယောက်ကို ထိန်းသိမ်းရေး စခန်းမှာ သုံးရက်ကြာ ပိတ်ထားလိုက်ကြတယ်။
တစ်မနက်မှာ မမျှော်လင့်ဘဲ တစ်ယောက်ယောက်က ကျွန်မနာမည် အော်ခေါ်နေတာ ကြားရတယ်။ ကျွန်မ နှလုံးတုန်သွားတယ်။ ကျွန်မကို ထပ်ပြီး စစ်ဆေးမေးမြန်းကြမှာလားပေါ့။ သူတို့ ကျွန်မကို အရင်က မေးခွန်းမေးပြီး ကျွန်မ ဘာတစ်ခုမှ မပြောခဲ့ဘူးလေ။ ကျွန်မကို ပိုလို့တောင် ရက်စက်တဲ့ နည်းတွေ သူတို့ သုံးကြမလားလို့ တွေးမိတယ်။ ကြောက်ရင်းနဲ့ ဘုရားဆီ တိတ်တဆိတ် ဆုတောင်းပြီး၊ တဖြည်းဖြည်း စိတ်တည်ငြိမ်အောင် ထားနိုင်ခဲ့တယ်။ ရဲတွေက ကျွန်မကို အခန်းကြီးတစ်ခုထဲ ခေါ်သွားတယ်။ ကျွန်မ ဝင်လိုက်တာနဲ့ ကျွန်မအဖေကို တွေ့ရပြီး စိတ်ပျက်သွားမိတယ်။ ကျွန်မအဖေကို ဘာလို့ သူတို့ ခေါ်လာကြတာလဲ။ သူက ကျွန်မရဲ့ ယုံကြည်ခြင်းကို အမြဲ ဆန့်ကျင်ခဲ့တာလေ။ ဒါကြောင့် ကျွန်မ အဖမ်းခံရတော့ အခု သူ ကျွန်မကို ဘယ်လို ဆက်ဆံမလဲ။ ကျွန်မ ဘာကိုမှ မပြောနိုင်ခင်မှာ၊ ကျွန်မအဖေက လက်ရွယ်ပြီး ကျွန်မ ခေါင်းကို သုံးကြိမ်ရိုက်လိုက်တယ်။ ကျွန်မ ခေါင်းမူးပြီး ကြယ်တွေလတွေ မြင်သွားတယ်။ သူက မျက်နှာထားတင်းတင်းနဲ့ ပြောတယ်။ “အဖေ သမီးကို ယုံကြည်ခြင်း မရှိဖို့ တားမြစ်ခဲ့ပေမဲ့၊ သမီးက မရမကလုပ်ခဲ့ပြီး အခု အဖမ်းခံလိုက်ရပြီ၊ အဖေ့နာမည် အိုးမဲသုတ်ခံလိုက်ရပြီပဲ။ သမီးရဲ့ ယုံကြည်ခြင်းနဲ့ ပတ်သက်သမျှကို သူတို့ကို ပြောပြလိုက်။ သမီး ဝန်ခံတာနဲ့ ချက်ချင်း သွားခွင့်ပေးမှာ ဖြစ်ပေမဲ့ ဝန်မခံရင် ကြီးလေးတဲ့ စီရင်ချက် ချခံရမယ်လို့ ရဲတွေက ပြောတယ်”တဲ့။ အဖေရဲ့ အိုမင်းတဲ့ မျက်နှာကို မြင်တော့ ကျွန်မ ခေါင်းကိုက်ဝေဒနာ ခံစားရတယ်။ သူက အသက် ၈၀ နီးပါးဖြစ်ပြီး သူ့ရဲ့ နာမည်ဂုဏ်သတင်းက သူ့အတွက် အမြဲ အရေးအကြီးဆုံး ဖြစ်ခဲ့တာလေ။ ကျွန်မ ထောင်ချခံရရင် သူ ဘယ်လိုလုပ်ပြီး ခံနိုင်မှာလဲ။ အဲဒီအချိန်မှာ သူ ရုတ်တရက် ဒူးထောက်လိုက်တယ်။ မျက်လုံးမှာ မျက်ရည်တွေနဲ့ ပြောတယ်။ “သမီးအမေက ဒီအကြောင်း သိတော့၊ နေမကောင်းဖြစ်တယ်။ အိမ်မှာ အိပ်ရာထဲလှဲပြီး အကြောဆေးသွင်းနေရတယ်။ သမီးသိတာ သူတို့ကို ပြောပြပြီး အဖေနဲ့ အိမ်ပြန်လိုက်ခဲ့ပါ”တဲ့။ အဲဒါတွေအားလုံးကို ရင်ဆိုင်ရတော့ ကျွန်မ မျက်ရည်မဆယ်နိုင်ခဲ့ဘူး။ ရှေးခေတ်ကတည်းက သားသမီးတွေကပဲ မိဘတွေရှေ့မှာ ဒူးထောက်တာလေ၊ တခြားပုံစံဖြစ်ခဲ့တာ မဟုတ်ဘူး။ ကျွန်မကို ပျိုးထောင်ရင်းနဲ့ ကျွန်မမိဘတွေ ကြံ့ကြံ့ခံခဲ့ရတဲ့ အခက်အခဲတွေ၊ ကျွန်မကလေးတွေနဲ့ ပတ်သက်လို့ သူတို့ ကူညီခဲ့ပုံတွေကို တွေးမိတယ်။ အင်မတန် အိုမင်းတဲ့အရွယ်မှာ ကျွန်မနဲ့ ပတ်သက်လို့ သူတို့ စိုးရိမ်နေရတုန်းပဲ။ ကျွန်မ ယုံကြည်သူမဟုတ်ခဲ့ရင် အဲဒီလို နာကျင်မှုနဲ့ ညဉ်းဆဲမှုကို သူတို့ ရင်ဆိုင်ရမှာ မဟုတ်ဘူး။ သူတို့ကို အကြွေးတင်တယ်လို့ ခံစားရတယ်။ စိတ်မကောင်းဖြစ်မိတယ်။ အဲဒီအချိန်မှာ ကျွန်မ အခြေအနေမှန်မှာ မရှိမှန်း သဘောပေါက်လိုက်တယ်။ အမြန် ဆုတောင်းတယ်။ “ဘုရားသခင်။ ဒီအခြေအနေက ကျွန်မအတွက် နာကျင်စရာပါ။ ကျွန်မ အားနည်းပါတယ်။ မိဘတွေကို အကြွေးတင်သလို ခံစားရတယ်။ ဘာလုပ်ရမှန်း မသိပါဘူး။ ကိုယ်တော်ရဲ့ အလိုတော်ကို နားလည်ပြီး ခိုင်ခိုင်မာမာ ရပ်တည်နိုင်အောင် ဉာဏ်အလင်းပေး၊ လမ်းပြမူပါ”လို့ပေါ့။ ဆုတောင်းပြီးတော့၊ လုပ်ဖို့ ဘုရားရှေ့မှာ ဆုံးဖြတ်ခဲ့တာကို ချက်ချင်း တွေးမိတယ်။ ကိုယ့်ယုံကြည်ချက်မှာ ခိုင်မာဖို့၊ ဘုရားနောက်လိုက်ပြီး သူ့ကို အမြဲ ကြိုးစားချစ်ဖို့ပေါ့။ အဲဒီအချိန်မှာ ကျွန်မ အသိစိတ်ဝင်လာတယ်။ ဘုရားစကားတွေကိုလည်း တွေးမိခဲ့တယ်။ “လူတို့သည် ဤတိုတောင်းသော အချိန်အတွက်၊ ၎င်းတို့၏ဇာတိပကတိကို မေ့ထားနိုင်စွမ်း မရှိသလော။ မည်သည့်အရာများက လူသားနှင့် ဘုရားသခင်ကြားက ချစ်ခြင်းမေတ္တာကို ခွဲခြမ်းနိုင်သနည်း။ လူသားနှင့် ဘုရားသခင်ကြားက ချစ်ခြင်းမေတ္တာကို မည်သူသည် တခြားစီ ဆွဲဖြဲနိုင်သနည်း။ မိဘများ၊ ခင်ပွန်းများ၊ ညီအစ်မများ၊ ဇနီးများ သို့မဟုတ် နာကျင်ဖွယ်ရာ စစ်ဆေးမှုလော။ လူသားတွင်းရှိ ဘုရားသခင်၏ပုံရိပ်ကို အသိစိတ် ခံစားချက်များက ဖယ်ရှားပစ်နိုင်သလော။ လူတို့ အချင်းချင်းအပေါ် ကျေးဇူးတင်ရှိမှုနှင့် လုပ်ရပ်များသည် ၎င်းတို့ကိုယ်တိုင်၏ လုပ်ဆောင်ချက်လော။ ၎င်းတို့ကို လူသားက ပြုပြင်နိုင်သလော။ မည်သူသည် မိမိကိုယ်ကိုယ် ကာကွယ်နိုင်သနည်း။ လူတို့သည် မိမိတို့ကိုယ်ကိုယ် ထောက်ပံ့ပေးနိုင်သလော။ ဘဝတွင် သန်မာသူများမှာ အဘယ်သူများဖြစ်သနည်း။ မည်သူသည် ငါ့ကို စွန့်ခွာပြီး၊ မိမိတို့ဘာသာ အသက်ရှင်နိုင်သနည်း။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ “စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ” နှင့်သက်ဆိုင်သော နက်နဲမှုများကို အနက်ဖွင့်ဆိုချက်၊ အခန်း (၂၄) နှင့် (၂၅)) ဘုရားစကားတွေကြောင့် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်စိတ်ပြည့်သွားခဲ့တယ်။ ဒီထွက်သက်ကို ဘုရားပေးထားတာဖြစ်ပြီး၊ ရှင်သန်ဖို့ လိုအပ်သမျှကို ဘုရားက ထောက်ပံ့ပေးတာပါ။ ဘုရား တိတ်တဆိတ် စောင့်ရှောက်၊ ကာကွယ်ခြင်းက အဲဒီနေ့အထိ ကျွန်မ အသက်ရှင်ရတဲ့ တစ်ခုတည်းသော အကြောင်းရင်းပဲ။ သူ့ရှေ့လာပြီး သူ့ရဲ့ ကယ်တင်ခြင်း လက်ခံအောင် ကျွန်မကို လမ်းပြဖို့ သူက အရာရာကို နေရာတကျ ထားခဲ့တာပါ။ ဘုရားရဲ့ မေတ္တာ အရမ်းကြီးမားတယ်။ မိဘတွေကို ထိခိုက်မိမှာကြောက်တာနဲ့ ဘုရားကို ကျွန်မ သစ္စာဖောက်လို့ မဖြစ်ဘူး။ သူတို့ ကျန်းမာရေးကလည်း ဘုရားလက်ထဲမှာ ရှိပြီး ကိုယ့်ဘက်ကနေ စိုးရိမ်တာက အချည်းနှီးပဲလေ။ ကွန်မြူနစ်ပါတီရဲ့ ဖိနှိပ်မှုကြောင့် သူတို့ ဝမ်းနည်းပြီး နာကျင်ကြရတာပါ။ ပါတီရဲ့ ဆိုးယုတ်မှုကို သူတို့ မြင်နိုင်ခဲ့ရင်၊ သိက္ခာဆုံးရှုံးသလိုမျိုး သူတို့ ခံစားမှာ မဟုတ်သလို၊ စာတန်က သူတို့ကို လှည့်စားလို့ရမှာ မဟုတ်ဘူး။ အဲဒီလို တွေးကြည့်လိုက်တော့ ကျွန်မ အရမ်း စိတ်မကောင်းမဖြစ်တော့ဘူး။ ထောင်ချခံရရင်တောင် ကိုယ့်သက်သေခံချက်မှာ ခိုင်ခိုင်မာမာ ရပ်တည်ဖို့ ကျွန်မ ကျိန်ဆိုလိုက်တယ်။ မျက်ရည်တွေကို ကျွန်မ သုတ်လိုက်ပြီး ကျွန်မအဖေကို ထူပေးလိုက်တယ်။ အဲဒီအချိန်မှာ အရာရှိ ငါးယောက်၊ ခြောက်ယောက်က လာပြီး ကျွန်မကို ဝိုင်းထားကြတယ်။ ကျွန်မ သူတို့ကို ပြောလိုက်တယ်။ “ကျွန်မ ဘာတစ်ခုမှ မသိဘူး”လို့ပေါ့။ တစ်ယောက်က စိုက်ကြည့်ပြီး ပြောတယ်။ “မင်းမှာ ငါးမိနစ်ပဲ ကျန်တယ်”တဲ့။ ကျွန်မအဖေက အရမ်းစိတ်ဆိုးသွားတယ်။ သူ ကျွန်မကို နှစ်ကြိမ်၊ သုံးကြိမ် ထပ်ရိုက်တယ်၊ ဒူးထောက်ပြီး ပြောတယ်။ “သမီး မပြောရင်၊ အဖေသေတဲ့အထိ သမီးရှေ့ ဒီနေရာမှာ ဒူးထောက်မယ်။ ပါတီက ဘာသာရေး ယုံကြည်မှုတွေကို ခွင့်မပြုဘူး။ သမီး ဘာလို့ ဆန့်ကျင်ရဲတာလဲ။ အမြန်လုပ်ပြီး ဝန်ခံလိုက်။ အဲဒါပြီးရင် အိမ်ပြန်လို့ရပြီ”တဲ့။ အဲဒီအချိန်မှာ ဒါဟာ ရဲဘက်က လှည့်ကွက်တစ်ခုဖြစ်မှန်း ကျွန်မ သဘောပေါက်လိုက်တယ်။ ယုဒဖြစ်ပြီး တခြားလူတွေကို ရောင်းစားအောင်လို့ ကျွန်မအပေါ် ကျွန်မအဖေကို ဖိအားပေးစေချင်ခဲ့ကြတာပဲ။ အဲဒီရဲတွေက အရမ်းဒုက္ခပေးတာပဲ။ ကျွန်မ ဒေါသထွက်ပြီး မကျေမချမ်းဖြစ်မိတယ်။ ကျွန်မအဖေကို ကျွန်မ ပြန်ထူလိုက်ပြီး ရဲ ငါးယောက်၊ ခြောက်ယောက်က ကျွန်မကို စကားပြောခိုင်းဖို့ ဝိုင်းလာကြပြန်တယ်။ သူတို့ကို ကြည့်ပြီး တည်တည်ငြိမ်ငြိမ်နဲ့ ကျွန်မ ပြောလိုက်တယ်။ “ကျွန်မ ဘာတစ်ခုမှ မသိဘူး”လို့။ အဲဒီအချိန်မှာပဲ ကျွန်မအဖေရဲ့ ဖုန်း မြည်လာပြီး ဖုန်းကိုင်ဖို့ ကျွန်မကို အဖေက ပြောတယ်။ ဖုန်းထဲမှာ ကျွန်မအမေက “နင့်ကြောင့် ငါသေမှာ။ အစိုးရက ယုံကြည်ခြင်းကို ခွင့်မပြုပေမဲ့ နင်က မရမကယုံကြည်တယ်။ သူတို့ကို နင်ခုခံချင်လို့ မရဘူး။ နင်သိတာကိုသာ ပြောပြီး ပြန်လာခဲ့လိုက်။ နင် စွဲချက်တင်ခံရရင် ငါတို့ ဘာလုပ်ရမလဲ။ နင့်သားက မိန်းမ ဘယ်လို ရှာတွေ့နိုင်တော့မှာလဲ။ ငါတို့အားလုံးလည်း အရှက်ကွဲရမှာ။ ငါတို့ကို တွေးကြည့်ပေး”လို့ ဆဲပြီး ပြောနေတာကို ကျွန်မ ကြားရတယ်။ မျက်ရည်တွေနဲ့ ကျွန်မ ဖုန်းချလိုက်ပြီး သူ့ခြေထောက်တွေကို တရွတ်တိုက်ဆွဲပြီး ကျွန်မအဖေ ထွက်သွားတာကို ကြည့်နေမိတယ်။ ကိုယ့်ရဲ့ အကျဉ်းခန်းကို ပြန်ရောက်တော့၊ အိပ်ရာထဲလှဲပြီး နေမကောင်းဖြစ်နေတဲ့ ကျွန်မအမေကို ပြန်တွေးမိတယ်။ သူ့ကို ဆိုးရွားတဲ့ အရာတစ်ခုခု ဖြစ်ရင် သူ့ကို ကျွန်မ တာဝန်မကျေဖြစ်မှာပဲ။ အဲဒီအကြောင်းတွေးလေ၊ ပိုဆိုးဆိုးရွားရွား ခံစားရလေပဲ။ မျက်ရည်တွေ မဆည်နိုင်အောင် ဖြစ်ခဲ့တယ်။ အဲဒီအချိန်မှာ ကျွန်မရဲ့ ချစ်ခင်မှုတွေက ကျွန်မရဲ့ အားနည်းချက်ဖြစ်မှန်း သဘောပေါက်လိုက်တယ်။ ဘုရားသခင်ဆီ ကျွန်မ အသည်းအသန် ဆုတောင်းလိုက်တယ်။ ရပ်တည်ချက် ခံယူဖို့၊ ခံစားချက်တွေကို အခြေခံပြီး အသက်မရှင်အောင် လမ်းပြဖို့ တောင်းလျှောက်ခဲ့တယ်။ ဘုရားပြောခဲ့တဲ့ အရာတစ်ခုကို ကျွန်မ သတိရမိတယ်။ “လူတို့အတွက် ၎င်းတို့ကိုယ်ကိုယ် စိတ်ခံစားချက်မှ သီးခြားခွဲရန် အဘယ်ကြောင့် အလွန်ခက်ခဲရသနည်း။ ထိုသို့ လုပ်ဆောင်ခြင်းသည် အသိတရား၏ စံနှုန်းများကို ကျော်လွန်သလော။ အသိတရားသည် ဘုရားသခင်၏ အလိုကို ပြီးမြောက်စေနိုင်သလော။ စိတ်ခံစားချက်သည် ဘေးအန္တရာယ်တစ်လျှောက် လူတို့ကို ကူညီနိုင်သလော။ ဘုရားသခင်၏ အမြင်တွင် စိတ်ခံစားချက်သည် သူ၏ ရန်သူ ဖြစ်သည်- ဤအရာကို ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲ၌ ရှင်းလင်းစွာ ဖော်ပြပြီးပြီ မဟုတ်လော။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ “စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ” နှင့်သက်ဆိုင်သော နက်နဲမှုများကို အနက်ဖွင့်ဆိုချက်၊ အခန်း (၂၈)) ဘုရားစကားတွေက ကျွန်မအမြင်ကို ပွင့်သွားစေခဲ့တယ်။ ခံစားချက်တွေက ဘုရားရဲ့ ရန်သူဖြစ်ပြီး သမ္မာတရားကို လက်တွေ့လုပ်ခြင်းအတွက် အကြီးမားဆုံး အတားအဆီးဖြစ်တယ်။ စိတ်ခံစားချက်တွေနဲ့ အသက်ရှင်တဲ့အခါ၊ ဘုရားနဲ့ ပိုကင်းကွာပြီး၊ သူ့ကို သစ္စာဖောက်မိကြတယ်။ မိဘတွေအတွက် ကျွန်မခံစားချက်တွေမှာ ကျွန်မ ပိတ်မိခဲ့တယ်။ သူတို့ကို သားသမီးဝတ်မကျေတာက ဆိုးရွားတဲ့ ပုန်ကန်ပြစ်မှားမှုဖြစ်ပြီး ကျွန်မကို သမီးဆိုးဖြစ်စေတယ်လို့ တွေးခဲ့တယ်။ ကျွန်မ အဖမ်းခံရလို့ သူတို့ ဘယ်လောက် ဝမ်းနည်းပြီး စိတ်မကောင်း ဖြစ်ကြတာကို မြင်တော့ သူတို့ကို အကြွေးတင်သလို ခံစားခဲ့တယ်။ ကျွန်မကို ပျိုးထောင်ဖို့ သူတို့ အရမ်း အလုပ်ကြိုးစားခဲ့ပေမဲ့၊ သူတို့ကို ကျွန်မ ကျေးဇူးပြန်မဆပ်သလို၊ ကျွန်မအတွက်တောင် ဒုက္ခခံစားစေခဲ့တယ်။ ကျွန်မ မိဘတွေရဲ့ ကြင်နာမှုကို အရမ်းအထင်ကြီးခဲ့ပေမဲ့ ကျွန်မတို့ကို အသက်ပေးတာ ဘုရားဖြစ်မှန်း မေ့နေခဲ့တယ်။ ဘုရားက လူ့ဘဝရဲ့ အရင်းအမြစ်ဖြစ်ပြီး၊ ကျွန်မကို ဒီနေ့ထိ အားဖြည့်ပေးခဲ့တာက သူ့ရဲ့ဇီဝအသက်ပါ။ ကျွန်မမှာ ရှိတာတွေ ရှိတာက ဘုရားရဲ့ လမ်းပြမှုနဲ့ ထောက်ပံ့ပေးခြင်းကြောင့်ပါ။ ဘာတစ်ခုမှ လုံးဝ ပြန်မတောင်းဘဲ ဘုရားက ကျွန်မကို အများကြီး ပေးခဲ့တယ်။ နောက်ဆုံးသော ကာလမှာ၊ ဘုရားက ကြီးမားတဲ့ အရှက်ရခြင်းတွေအပြင် ကွန်မြူနစ်ပါတီရဲ့ လိုက်လံဖမ်းဆီးခြင်းနဲ့ ဖိနှိပ်မှုတွေကို ကြံ့ကြံ့ခံရင်းနဲ့ လူသားမျိုးနွယ်ကို ကယ်တင်ဖို့ လူ့ဇာတိခံပြီ ဖြစ်တယ်။ လူသားမျိုးနွယ်အတွက် အရာရာကို ဘုရား ပေးထားပြီးပြီ။ သူ့ရဲ့ မေတ္တာ အရမ်းကြီးမားပါတယ်။ ကျွန်မတို့ ကိုးကွယ်နာခံသင့်တဲ့သူက ဘုရားသခင်ပါ။ ကျွန်မမိဘတွေရဲ့ ဂရုစိုက်မှုက ကျွန်မရဲ့ ရုပ်ဝတ္ထုဘဝကို တိုးတက်စေနိုင်မှာဖြစ်ပေမဲ့၊ သမ္မာတရားကို သူတို့ မပေးနိုင်ဘူး။ စာတန်ရဲ့ ဖောက်ပြန်ပျက်စီးမှုကနေ ကျွန်မကို မကယ်တင်နိုင်ဘူး။ ကောင်းမွန်တဲ့ ခရီးပန်းတိုင်နဲ့ အဆုံးသတ် မပေးနိုင်ဘူး။ ကျွန်မ မိဘတွေရဲ့ဆန္ဒအတိုင်း လုပ်ဖို့သက်သက်နဲ့ တခြားလူတွေကို ကျွန်မ ရန်သူလက်အပ်ပြီး ဘုရားကို သစ္စာဖောက်ရင် သူတို့ကို ကျွန်မ အကြွေးတင်တော့မှာ မဟုတ်ပေမဲ့၊ ဘုရားရဲ့ ပစ်ပယ်တာကို ခံရပြီး သူ့ရဲ့ ကယ်တင်ခြင်းကို ထာဝရ ဆုံးရှုံးသွားမှာ။ အဲဒီအချိန်မှာ ကျွန်မတွေ့လိုက်တယ်။ စုံစမ်းခြင်းထဲကို ကျွန်မကို သွေးဆောင်ပြီး နောက်ဆုံးမှာ ဘုရားနဲ့ ကင်းကွာ၊ သူ့ကို သစ္စာဖောက်အောင်၊ ကယ်တင်ခံရမဲ့ ကျွန်မရဲ့ အခွင့်အရေးကို ဆုံးရှုံးအောင်၊ ငရဲထဲ ကျဆင်းပြီး သူနဲ့အတူ ဖျက်ဆီးခံရအောင်လို့ စာတန်က မိဘတွေအတွက် ကျွန်မရဲ့ ချစ်ခြင်းမေတ္တာကို အသုံးချနေခဲ့တာပဲ။ စာတန်ရဲ့ လှည့်ကွက်တွေကို ကျွန်မ အမိခံလို့မဖြစ်ဘူး။ စည်းမျဉ်းတွေရှိပြီး သူ့မိဘတွေကို ဆန့်ကျင်ခဲ့တဲ့ ပေတရုကို ကျွန်မ သတိရမိတယ်။ သူ့ရဲ့ ယုံကြည်ခြင်းမှာ ခိုင်မာခဲ့ပြီး သူ့ကို ဘယ်လိုပဲ တားဖို့ ကြိုးစားပါစေ သခင်ယေရှုနောက်လိုက်ခဲ့တယ်။ အဆုံးမှာ၊ ဘုရားအတွက် သူ့ရဲ့ မေတ္တာက အရာရာကို အောင်နိုင်ခဲ့ပြီး ဘုရားရဲ့ လက်ခံမှုကို သူ ရခဲ့တယ်။ ကျွန်မအတွက် တကယ် လှုံ့ဆော်မှုပေးတယ်။
ငါးရက်မြောက်နေ့မှာ ရဲတွေက ကျွန်မဖတ်ဖို့ စာသုံးစောင် ယူလာခဲ့တယ်။ ကျွန်မအမေ၊ ကျွန်မသမီးနဲ့ သားက ရေးထားတာ။ ကျွန်မသား ရေးထားတာက၊ “အမေ၊ စစ်တပ်ထဲမှာ ပြီးခဲ့တဲ့ နှစ်အနည်းငယ်မှာ တစ်မိသားစုလုံး ပြန်ပေါင်းစည်းဖို့ သား မျှော်လင့်ခဲ့တာ။ ရွှေ့ပြောင်းရဖို့နဲ့ ပြန်လာရဖို့ဆိုတာ မလွယ်ရတဲ့ကြားထဲ အခုတော့ အမေက အဖမ်းခံရတယ်။ အိမ်မှာ အမေမရှိရင် မိုးပြိုတော့မလို သားခံစားရတယ်။ အမေ၊ အမေ့ရဲ့ ဘာသာရေး ကိစ္စတွေကို ရဲတွေကို ပြောသာပြောပြလိုက်ပါ။ အမေ ထောင်ကျရင်၊ အလုပ်နဲ့ အိမ်ထောင်ရေးအတွက် သားရဲ့ အခွင့်အလမ်းတွေ ထိခိုက်မှာ။ ကိုယ့်ကိုယ်ကိုယ် မစဉ်းစားရင်တောင်၊ သားကို အမေ စဉ်းစားပေးသင့်တယ်...”တဲ့။ စာထဲမှာ ဒီနေရာရောက်တော့ ကျွန်မ စပြီး မငိုဘဲ မနေနိုင်ခဲ့ဘူး။ ကျွန်မ ထောင်ကျလို့ သူ့ရဲ့ အနာဂတ် တကယ် ပျက်စီးသွားရင်၊ သူ့ကို ဘယ်လိုရင်ဆိုင်ရမလဲ ကျွန်မ မသိတော့ဘူး။ ကျွန်မကို မုန်းမှာ သေချာတယ်။ ကျွန်မအတွက်တော့ ယုံကြည်ခြင်းလမ်းက ခလုတ်တံသင်းတွေ အပြည့်ဖြစ်ပြီး၊ ခြေလှမ်းတစ်ခုစီတိုင်းက ရွေးချယ်မှုလုပ်ဖို့ လိုအပ်သလို ခံစားရတယ်။ စိတ်နှလုံးထဲမှာ ဘုရားဆီ ဆုတောင်းမိတယ်။ “အို ဘုရားသခင်၊ ကျွန်မ တကယ် နာကျင်ပြီး အားနည်းပါတယ်။ ကျွန်မ စိတ်နှလုံးကို စောင့်ရှောက်ပြီး ယုံကြည်ခြင်းကို ခွန်အားပေးပါ”လို့ပေါ့။ အကျဉ်းခန်းထဲ ပြန်ရောက်တော့၊ ညီအစ်မတစ်ယောက်က ကျွန်မ ဖြတ်သန်းခဲ့ရတာကို သိသွားပြီး စာတန်ရဲ့ လှည့်ကွက်ထဲ မကျဖို့ သတိပေးတယ်။ အဲဒါ ကျွန်မအတွက် သတိပေးချက်ဖြစ်ခဲ့တယ်။ ဘုရားကို သစ္စာဖောက်အောင် ကျွန်မတို့ကို သွေးဆောင်၊ လှည့်စားဖို့ စာတန်က အချိန်တိုင်းမှာ နည်းလမ်းမျိုးစုံ အသုံးပြုနေပုံကို ကျွန်မ တွေးမိတယ်။ ကျွန်မတို့ သတိလျော့တာနဲ့ စာတန်ရဲ့ ထောင်ချောက်ထဲ ကျွန်မတို့ ကျသွားနိုင်တယ်။ စာတန်ရဲ့ လှည့်ကွက်တွေကို ရိပ်စားမိဖို့၊ ဘုရားရဲ့ ကွယ်ကာမှုကို ရရှိပြီး ခိုင်ခိုင်မာမာ ရပ်တည်ဖို့ ကျွန်မတို့ စိတ်နှလုံးကို ဘုရားရှေ့မှာ ဆက်တည်ငြိမ်အောင်ထားပြီး သူ့ကို ဆုတောင်း မှီခိုရမယ်။ အဲဒီည အိပ်ရာထဲလှဲပြီး မအိပ်နိုင်သလို ဘုရားဆီ တိတ်တဆိတ် ဆုတောင်းခဲ့တယ်။ သူ့စကားတွေကနေ ဒါကို ကျွန်မ သတိရခဲ့တယ်။ “ကမ္ဘာကြီးထဲသို့ သင်ငိုယိုကာ ရောက်ရှိလာသည့်အချိန်မှစ၍ သင်သည် သင်၏တာဝန်ကို စတင်ဖြည့်ဆည်းရပေတော့သည်။ ဘုရားသခင်၏ အစီအစဉ်နှင့် သူ၏ကြိုတင်ပြဋ္ဌာန်းမှုအတွက် သင်၏ကဏ္ဍကို သင်ဆောင်ရွက်ပြီး သင့်ဘဝ၏ ခရီးစဉ်ကို စတင်ရတော့သည်။ သင့်နောက်ကြောင်းနှင့် သင့်ရှေ့ဆက်ခရီးတို့ မည်သို့ပင် ဖြစ်နေစေကာမူ မည်သူတစ်ဦးတစ်ယောက်ကမျှ ကောင်းကင်ဘုံ၏ စီစဉ်ညွှန်ကြားမှုများနှင့် စီစဉ်ခြင်းများကို မရှောင်နိုင်သကဲ့သို့၊ မိမိကံတရားကို ထိန်းချုပ်နိုင်သူလည်း မရှိပေ၊ အကြောင်းမှာ အရာခပ်သိမ်းကို အုပ်စိုးတော်မူသော ဘုရားသခင်တစ်ပါး တည်းသာလျှင် ထိုသို့သောအရာများကို လုပ်နိုင်သောကြောင့်ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်သည် လူ့အသက်၏ အရင်းအမြစ်ဖြစ်သည်) မှန်တယ်။ ဘဝတစ်ခုလုံးအတွက် ကျွန်မတို့ရဲ့ ကံကြမ္မာတွေကို ဘုရားက စီစဉ်တာဖြစ်ပြီး ဘယ်သူကမှ မပြောင်းလဲနိုင်ဘူး။ အနာဂတ်မှာ ကျွန်မသားက ဘယ်လို အလုပ်၊ ဘယ်လိုအိမ်ထောင်မျိုး ရှိမယ်ဆိုတာ ကျွန်မ ထိန်းချုပ်လို့မရဘူး။ ကျွန်မသားသမီးတွေကို ဘယ်လောက်ဘဲ ထည့်စဉ်းစားပေးပါစေ၊ ကျွန်မ သူတို့ရဲ့ ကံကြမ္မာတွေကို ပြောင်းလဲလို့ မရသလို၊ ကျွန်မ ထောင်ကျမလား၊ မကျဘူးလားဆိုတာကိုလည်း ဘုရားက ဆုံးဖြတ်တာပါ။ ဆန္ဒရှိလို့ပဲ အဲဒီကနေ ကျွန်မ ထွက်သွားလို့ မရဘူး။ ကျွန်မ လုပ်ဖို့လိုတာက အရာရာကို ဘုရားဆီ အပ်နှံပြီး သူ့ရဲ့ အချုပ်အခြာ အာဏာကို ကျိုးနွံနာခံဖို့ပဲ။ အဲဒီနောက်မှာ၊ ဘုရားနှုတ်ကပတ်တော် နောက်တစ်ပိုဒ်ကို တွေးမိတယ်။ “သမ္မာတရားအတွက် ခက်ခဲမှုကို သင်ခံစားရမည်၊ သမ္မာတရားထံ သင့်ကိုယ်သင် ပေးအပ်ရမည်၊ သမ္မာတရားအတွက် အရှက်တကွဲ ဖြစ်ခြင်းကို သင်ခံရမည်၊ ထို့နောက် သမ္မာတရားကို သင်ပိုမိုရရှိရန်အတွက် ပို၍ပင် ဒုက္ခဆင်းရဲခံရပေမည်။ ဤသည်မှာ သင်လုပ်သင့်သည့်အရာဖြစ်သည်။ ငြိမ်းချမ်းသော မိသားစုဘဝ တစ်ခုအတွက် သမ္မာတရားကို သင်လက်မလွှတ်ရ၊ တဒင်္ဂပျော်ရွှင်မှု အတွက် သင့်ဘဝ၏ ဂုဏ်သိက္ခာနှင့် သမာဓိကို အဆုံးရှုံးမခံရ။ နှစ်သက်ဖွယ်ဖြစ်ကာ ကောင်းမွန်သောအရာအားလုံးကို သင် လေ့လာလိုက်စားသင့်ပြီး၊ အသက်တာတွင် ပိုမိုအဓိပ္ပာယ် ရှိသော လမ်းကြောင်းကို သင် လိုက်စားသင့်သည်။ ထိုသို့သော အောက်တန်းကျသည့်ဘဝကို သင်နေထိုင်ပြီး မည်သည့် ရည်မှန်းချက်ကိုမျှ သင် မလိုက်စားပါက၊ သင့်ဘဝကို သင် ဖြုန်းတီးသည် မဟုတ်လော။ ထိုသို့သောဘဝမှ မည်သည့်အရာကို သင် ရရှိနိုင်သနည်း။ သမ္မာတရားတစ်ခုအတွက် ဇာတိပကတိ၏ ပျော်မွေ့မှုများ အားလုံးကို သင်စွန့်လွှတ်သင့်ပြီး၊ ပျော်ရွှင်မှု အနည်းငယ်အတွက် သမ္မာတရားအားလုံးကို မလွှင့်ပစ်သင့်ပေ။ ဤကဲ့သို့သော လူများသည် သမာဓိ သို့မဟုတ် ဂုဏ်သိက္ခာ မရှိပေ။ ၎င်းတို့၏ တည်ရှိခြင်းတွင် အဓိပ္ပာယ် မရှိပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ပေတရု၏ အတွေ့အကြုံများ- ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့နှင့်သက်ဆိုင်သည့် သူ၏အသိပညာ) ဘုရားနှုတ်ကပတ်တော်တွေက ယုံကြည်ခြင်းနဲ့ ခွန်အားပေးတယ်။ ယုံကြည်သူတွေအနေနဲ့ ဘုရားရဲ့ လက်ခံမှု ရဖို့ တစ်ခုတည်းသော နည်းလမ်းက သမ္မာတရားကို လိုက်စားပြီး အဖန်ဆင်းခံရဲ့ တာဝန်ကို လုပ်တာပဲ။ အဲဒါကိုပဲ တန်ဖိုးရှိတဲ့ ဘဝလို့ မှတ်ယူလို့ရပြီး၊ သမ္မာတရားရဖို့ဆိုရင် ဆင်းရဲဒုက္ခ ပမာဏတိုင်းက တန်တယ်။ မိသားစု စိတ်ကျေနပ်အောင်ဆိုပြီး ကိုယ့်ညီအစ်ကိုမောင်နှမတွေနဲ့ အသင်းတော်ကို သစ္စာဖောက်ခဲ့ရင်၊ ဘုရားကို သစ္စာဖောက်တဲ့ ယုဒ ဖြစ်မှာပဲ။ အဲဒါ အကြီးမားဆုံး အရှက်ရမှု ဖြစ်မှာဖြစ်ပြီး အဲဒီအတွက် ဘုရားရဲ့ ကျိန်ခြင်းကို ကျွန်မ ခံရမှာ။ ပျော်ရွှင်တဲ့ မိသားစုနဲ့ သက်သောင့်သက်သာ ဖြစ်တဲ့ ဘဝနဲ့တောင်၊ အနှစ်မဲ့၊ အဓိပ္ပာယ်မဲ့ပြီး ကျွန်မက လမ်းလျှောက်နေတဲ့ အလောင်းကောင်ထက် ပိုမှာ မဟုတ်ဘူး။ ဒါကို တွေးမိတော့၊ ဘုရားနောက်လိုက်ဖို့ ပိုပြီးတောင် စိတ်ပိုင်းဖြတ်မိတယ်။ ရဲတွေက ဘာနည်းစနစ်တွေပဲ သုံးကြပါစေ၊ ကျွန်မ သက်သေခံပြီး စာတန်ကို အရှက်ရစေမယ်။
ခြောက်ရက်မြောက်နေ့မှာ ရဲတွေက ကျွန်မကို ပင်မခန်းမဆောင်ထဲ ခေါ်သွားတယ်။ အဲဒီမှာ ကျွန်မဦးလေး၊ ယောက်ျား၊ သားနဲ့ သမီးတို့ကို ကျွန်မ တွေ့ရတယ်။ ကျွန်မကလေးတွေက ဖက်ငိုကြပြီး၊ “အမေ၊ အိမ်ပြန်လာပါ”လို့ ပြောကြတယ်။ ကျွန်မယောက်ျားက ဘေးမှာရပ်ပြီး ငိုနေတယ်။ အဲဒီအချိန်မှာ ကျွန်မဦးလေးက မျက်ရည်တွေနဲ့ ပြောတယ်။ “လင်းမင်း၊ ရဲတွေက သူတို့ကို သမီး တစ်ခုခု ပြောတာနဲ့ အိမ်ပြန်လာလို့ရပြီ။ ထောင်ကျစရာမလိုဘူးလို့ ပြောကြတယ်။ သမီး ထောင်ကျရင် သမီးရဲ့ သားလေး အနာဂတ် ပျက်စီးသွားမှာ။ အဲဒါက မိသားစုကို ဖျက်ဆီးမှာ။ ဦးပြောတာနားထောင်ပြီး သူတို့ကို ပြောပြလိုက်ပါ”တဲ့။ အဲဒီအချိန်မှာ ကျွန်မ စိတ်နှလုံးက ရှင်းသွားတယ်။ ကျွန်မမိသားစု တိုက်တွန်းမှုတွေရဲ့ နောက်ကွယ်မှာ စာတန်ရဲ့ ပရိယာယ်ရှိသလို၊ နည်းနည်းပဲ ပြောပြရင်တောင်မှ ရဲတွေက ကျွန်မဆီကနေ အများကြီး ဖိအားပေးပြီး မေးဦးမှာဖြစ်သလို တခြားလူတွေ အများကြီး အဖမ်းခံရမယ်ဆိုတာ သိခဲ့တယ်။ ဒါကို စိတ်ထဲတွေးပြီး ကျွန်မ ပြောလိုက်တယ်။ “ယုံကြည်သူအနေနဲ့ ဘဝမှာ မှန်ကန်တဲ့ လမ်းကြောင်းကို သမီးလျှောက်နေတာပါ။ တရားမဝင်တာ ဘာတစ်ခုမှ မလုပ်ခဲ့လို့၊ ဝန်ခံစရာ ဘာမှ မရှိဘူး။ အိမ်ပြန်ကြပါ” လို့ပေါ့။ အကျဉ်းခန်းဆီ ကျွန်မ ပြန်လာတဲ့အချိန်မှာ၊ ညီအစ်ကို မောင်နှမတွေကို ကျွန်မ ရန်သူလက်အပ်ပြီး ဘုရားကို သစ္စာဖောက်အောင် သွေးဆောင်၊ ဖိအားပေးဖို့ ရဲတွေက ကျွန်မ ချစ်ရသူတွေကို အကြိမ်ကြိမ် အသုံးချနေခဲ့တာကို တွေးမိတယ်။ ကွန်မြူနစ်ပါတီက အရမ်းယုတ်မာတယ်။ ဘုရားကို ဆန့်ကျင်တဲ့ မကောင်းဆိုးဝါးတွေပဲ။ အဲဒီနောက်၊ အရာရှိတစ်ယောက်က ကျွန်မကို ရုံးခန်းထဲခေါ်ပြီး ကျေနပ်အားရနေလေဟန်နဲ့ မေးတယ်၊ “မင်း မိသားစု အလည်အပတ်လာတာ ဘယ်လိုလဲ”တဲ့။ ဒီလို ဆိုးရွားတဲ့ အခြေအနေမှာ သူ အူမြူးနေတာကို မြင်တော့ ကျွန်မ အရမ်းဒေါသထွက်သွားပြီး အိတ်ထဲကနေ စာသုံးစောင်ထုတ်၊ ဖြဲလိုက်တယ်၊ အဲဒါတွေကို စားပွဲပေါ် ပစ်ပြီး ပြောလိုက်တယ်။ “ကျွန်မက ယုံကြည်သူဖြစ်ပြီး ဖြောင့်မှန်တဲ့ လူတစ်ယောက်ပဲ။ မကောင်းတာ ဘာတစ်ခုမှ မလုပ်ခဲ့ဘူး။ ဘာလို့ သူတို့ကို တိုက်တွန်းခိုင်းရတာလဲ။ ကျွန်မ ဘာဥပဒေ ချိုးဖောက်ခဲ့လို့လဲ”ပေါ့။ ပြီးတော့ ချက်ချင်း ထွက်သွားလိုက်တယ်။ ရဲတွေ မေးခွန်းမေးတာကို တည်တည်ငြိမ်ငြိမ်နဲ့ ဖြေနိုင်တာက ဘုရားပေးတဲ့ ခွန်အားကြောင့်ပါ။
၁၄ ရက်မြောက်နေ့ မနက်မှာ၊ ပြည်သူ့လုံခြုံရေး ငှာနခေါင်းဆောင်က ကျွန်မကို ရုံခန်းထဲ ခေါ်တယ်။ သူက အရင်လို မခက်ထန်တော့ဘဲ ပူပန်သလို ဟန်ဆောင်ပြီး ကျွန်မ မိသားစုအကြောင်း မေးတယ်။ ကျွန်မရဲ့ ညီအစ်ကို မောင်နှမတွေကို ဖော်ကောင်လုပ်အောင် ဆွဲဆောင်ဖို့ စကားအလှသုံးဖို့ သူ ကြိုးစားတယ်။ စာတန်ရဲ့ လှည့်ကွက်ထဲ မကျအောင် ကာကွယ်ပေးဖို့ တောင်းလျှောက်ရင်းနဲ့ စိတ်နှလုံးထဲမှာ ဘုရားဆီ ကျွန်မ မရပ်မနား ဆုတောင်းခဲ့တယ်။ ဌာနခေါင်းဆောင်က အများကြီး ပြောတယ်။ နောက်ဆုံးမှာ ကျွန်မ ဘာမှမပြောတာ မြင်တော့၊ သူ ဒေါသထွက်လာပြီး ကြမ်းကြမ်းတမ်းတမ်း အော်တယ်။ “ငါ မင်းကို တည့်တည့်ပဲ ပြောမယ်။ မင်းအိမ်မှာ ဘာသာရေး စာအုပ်တွေ အများကြီး ငါတို့ တွေ့ထားတယ်။ မြို့ထဲမှာ အကြီးဆုံး အမှုအခင်းပဲ။ စကားမပြောရင် မင်း ထောင်ကျဖို့ သေချာတယ်”တဲ့။ ဒါပေမဲ့ သူ ဘာပဲပြောပြာ၊ ဘုရားဆီ ကျွန်မ တိတ်တဆိတ် ဆုတောင်းပြီး၊ ထောင်ချခံရရင်တောင် တခြားလူတွေနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်ကို ကျွန်မ လုံးဝ ပြောမှာမဟုတ်သလို ဘုရားသခင် လုံးဝ သစ္စာမဖောက်ဘူးလို့ ကျိန်ဆိုခဲ့တယ်။ ဆယ့်ငါးရက် ကြာပြီးတဲ့နောက်မှာ၊ ကျွန်မဆီက ဘာမှ ရမှာမဟုတ်တာကို သူတို့ မြင်သွားပြီး ကျွန်မကို အိမ်ပြန်ပို့လိုက်ကြတယ်။ အိမ်ပြန်ရောက်ပြီးတဲ့နောက်မှာ၊ မိသားစုက ကျွန်မရဲ့ ယုံကြည်ခြင်းကို ဆန့်ကျင်နေတုန်းပဲ။ အဲဒါတွေအားလုံးက ကွန်မြူနစ်ပါတီရဲ့ အလိမ်အညာတွေနဲ့ ဖိနှိပ်မှုတွေကြောင့်မှန်း ကျွန်မ သိခဲ့တယ်။ ဘယ်လိုပဲ ခက်ခဲပါစေ၊ ဘုရားနောက်ကို အဆုံးထိလိုက်မယ်လို့ ကျွန်မ ဆုတောင်းပြီး ကျိန်ဆိုခဲ့တယ်။ အဲဒီနောက်၊ အတွေ့အကြုံနဲ့ဆိုင်တဲ့ ဓမ္မတေးသီချင်းတစ်ပုဒ်ကို တွေးမိတယ်။ ဘုရားသခင်ကို ချစ်ခြင်း လမ်းကြောင်းပေါ် ချီတက်နေခြင်းပါ။
၁ ဘုရားသခင်ကို ယုံကြည်ခြင်း လမ်းကြောင်း မည်မျှခက်ခဲပါစေ ကျွန်ုပ် ဂရုမစိုက်၊ ကိုယ်တော်၏ အလိုတော်ကိုသာ ကျွန်ုပ်၏ အသက်မွေးမှုအဖြစ် ကျွန်ုပ် ဆောင်ရွက်ပေ၊ အနာဂတ်တွင် ကျွန်ုပ် ကောင်းချီးရသည်ဖြစ်စေ၊ ကံဆိုးခြင်း ခံစားရသည်ဖြစ်စေ ကျွန်ုပ် သာ၍ပင် မမှုပေ။ ဘုရားသခင်ကို ချစ်ဖို့ ယခု ကျွန်ုပ် ဆုံးဖြတ်ထားသည့်အတွက် အဆုံးထိတိုင် ကျွန်ုပ် သစ္စာရှိပါမည်။ မည်သည့် အန္တရာယ် သို့မဟုတ် ဆင်းရဲဒုက္ခ ကျွန်ုပ်နောက်တွင် စောင့်နေပါစေ၊ ကျွန်ုပ်၏ မည်သို့ပင် အဆုံးသတ်ပါစေ၊ ဘုရားသခင်၏ ဘုန်းကြီးသော နေ့ကို ကြိုဆိုဖို့အလို့ငှာ ဘုရားသခင်၏ ခြေလှမ်းများကို ကျွန်ုပ် နီးကပ်စွာ လိုက်လျှောက်ပြီး ရှေ့ဆက်ကြိုးပမ်းသည်။
............
—သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ
အဲဒီဓမ္မသီချင်းကို ကျွန်မ အကြိမ်ကြိမ် ဆိုပြီး အရမ်းလှုံ့ဆော်ခံခဲ့ရတယ်။ ယုံကြည်ခြင်းလမ်းကြောင်းက ပါတီရဲ့ နှိပ်စက်မှု အမြဲ ပါရှိမယ်၊ ပြီးတော့ ကျွန်မ ထပ် အဖမ်းခံရနိုင်တယ်၊ ဒါမှမဟုတ် အနာဂတ်မှာ ထောင်တောင် အချခံရနိုင်တယ်ဆိုတာ ကျွန်မ သိခဲ့တယ်။ ဒါပေမဲ့ ဒါဟာ စစ်မှန်တဲ့ လမ်းခရီးဆိုတာ ကျွန်မ သေချာသလို ဘုရားနောက်ကို အဆုံးထိလိုက်ဖို့ အသင့်ဖြစ်ခဲ့တယ်။ အတန်ကြာ၊ တခြားအသင်းသား တစ်ယောက်ကိုမှ ကျွန်မ မဆက်သွယ်နိုင်ခဲ့ဘူး၊ အသင်းတော် အသက်တာ အသက်မရှင်နိုင်ခဲ့ဘူး။ ဒါကြောင့် ဘုရားနှုတ်ကပတ်တော်ကို စားသောက်တယ်၊ အိမ်မှာ သမ္မာတရားနဲ့ ကိုယ့်ကိုယ်ကိုယ် ပြင်ဆင်ပြီး မိသားစုကို ဧဝံဂေလိ ဝေမျှခဲ့တယ်။ ကျွန်မယောက်ျားနဲ့ သမီးလေးက ယုံကြည်သူတွေ ဖြစ်လာကြတယ်။ ကျွန်မတို့ မိသားစုအနေနဲ့ စုဝေးပြီး ဘုရားနှုတ်ကပတ်တော်တွေ စားသောက်ကြတယ်။ တစ်နှစ်ကြာပြီးတဲ့နောက်မှာ၊ ညီအစ်ကို မောင်နှမတွေနဲ့ ပြန်အဆက်အသွယ်ရပြီး တာဝန်ကို စလုပ်ခဲ့တယ်။ ဘုရားကို တကယ် ကျေးဇူးတင်မိခဲ့တယ်။
ဒီတစ်ချိန်လုံးမှာ၊ ကွန်မြူနစ်ပါတီရဲ့ ဖိနှိပ်မှုနဲ့ ဖမ်းဆီးမှု၊ ပြီးတော့ ကျွန်မ မိသားစုရဲ့ တိုက်ခိုက်မှုတွေတစ်လျှောက် ကျွန်မကို တစ်ဆင့်ပြီးတစ်ဆင့် ကျော်ဖြတ်စေခဲ့တာက ဘုရားနှုတ်ကပတ်တော်ရဲ့ ဉာဏ်အလင်းပေး၊ လမ်းပြမှုဖြစ်ပါတယ်။ ကျွန်မရှေ့မှာရှိတဲ့ လမ်းက ဘယ်လိုပဲ ခက်ခဲပါစေ၊ အဆုံးထိ ဘုရားနဲ့ သွားမှာပါ။
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။