ကိုယ်ပိုင်ဟန်ဖြစ်ရန် ကြိုးစားခြင်းနောက်ကွယ်တွင်ရှိသောအရာ

03.08.2022

လီကျိ တရုတ်နိုင်ငံ

၂၀၁၉မှာ ကျွန်တော်က အသင်းတော်မှာ ဗီဒီယိုတွေ ထုတ်လုပ်တယ်။ ကျွန်တော်က ဒီတာဝန်ထမ်းဆောင်တာကြာပြီး အတွေ့အကြုံနဲ့ ကျွမ်းကျင်မှုတချို့ရှိတော့ ဒီတာဝန်မှာ ထိရောက်မှုရှိတယ်။ ညီအစ်ကိုမောင်နှမတွေက ကျွန်တော့်ကို အရမ်းအထင်ကြီးတာပေါ့။ တခြားအဖွဲ့က ညီအစ်ကိုမောင်နှမတွေက ပြဿနာတွေ ကြုံရတဲ့အခါမှာ ကျွန်တော့်ဆီကို ခဏခဏလာကြတယ်။ ကြီးကြပ်သူကတောင် ကျွန်တော့်ကို တစ်ခါတလေမှာ နည်းပညာပိုင်းမေးခွန်းတွေမေးတယ်။ ဒါတွေအားလုံးကြောင့် ကျွန်တော် တော်တော်ပျော်တယ်။ ကျွန်တော်က ဒီအလုပ်မှာ သေချာပေါက် ကျွမ်းကျင်သူတစ်ယောက်တော့မဟုတ်ပေမဲ့ ကျွန်တော့်အဖွဲ့ထဲက ညီအစ်ကိုမောင်နှမတွေကြားမှာ ကျွန်တော်က အတတ်ပညာပိုင်းကျွမ်းကျင်မှုနဲ့ပတ်သက်ရင် အတော်ဆုံးထဲကတစ်ယောက်ပဲ။ ကျွန်တော်က တန်ဖိုးရှိတဲ့ ပါရမီရှင်တစ်ယောက်လို ခံစားရတယ်။

တစ်နေ့မှာ အသစ်တင်မြှောက်ခံရတဲ့ ကြီးကြပ်သူနှစ်ယောက်က ကျွန်တော်တို့အလုပ်အကြောင်းသင်ဖို့ ရောက်လာတယ်။ အဲဒီအစ်မနှစ်ယောက်ရဲ့ အတတ်ပညာပိုင်းကျွမ်းကျင်မှုက ကျွန်တော့်လောက်မကောင်းတာကိုသိရတော့ ကျွန်တော်က မသိစိတ်ကနေ ပိုသာသလို ခံစားရတယ်။ မျှော်လင့်မထားဘဲနဲ့ ကျွန်တော့်အလုပ်တချို့ကို သူတို့မြင်ပြီးတဲ့နောက်မှာ ပြဿနာတချို့ကို သူတို့ ထောက်ပြတယ်။ ဒါကြောင့် ကျွန်တော် တော်တော်အနေအထိုင်ရခက်သွားတယ်။ ရှက်စရာကောင်းတယ်။ အဲဒါနဲ့ သူတို့အကြံကို ကျွန်တော် မယူချင်ဘူး။ ကျွန်တော် စဉ်းစားတယ်။ “ခင်ဗျားတို့ကျွမ်းကျင်မှုက ကျွန်တော့်ထက်သာလို့လား။ ခင်ဗျားတို့က ကျွန်တော့်ပြဿနာတွေကိုထောက်ပြရင် ညီအစ်ကိုမောင်နှမတွေက ကျွန်တော့်ကို ဘယ်လိုထင်မလဲ။ အကြီးတန်းအဖွဲ့ဝင်က ဘာမှမလုပ်နိုင်ဘူးလို့ ပြောကြမှာလား။ ဒါဆို မဖြစ်ဘူး။ ဒီအကြံကို ငါလက်မခံနိုင်ဘူး။ ပြန်ချေပရမယ်” ပေါ့။ အဲဒါနဲ့ အတတ်ပညာပိုင်းအချက်အလက်တချို့ကို ရှာလိုက်ပြီး လူတိုင်းရှေ့မှာ ကြီးကြပ်သူတွေရဲ့ ထင်မြင်ချင်ကို လုံးဝ ချေပလိုက်တယ်။ ကြီးကြပ်သူနှစ်ယောက်ကပြောတယ်။ “ကျွန်မတို့အမြင်တွေက မသင့်တော်ရင် အခုလောလောဆယ် အစ်ကိုအကြံပေးတဲ့အတိုင်းလုပ်မယ်” တဲ့။ သူတို့ဒီလိုပြောတာကို ကြားပြီး ကျွန်တော် အရမ်းဂုဏ်ယူမိတယ်။ ကျွန်တော့်ရဲ့ ပုံရိပ်ကို ပြန်ရယူခဲ့ပြီလို့ ခံစားမိတယ်။ နောက်ပိုင်းမှာ စုဝေးပွဲတစ်ခုမှာ ကြီးကြပ်သူတွေက သူတို့အခြေအနေကို ဖွင့်ဟပြောတယ်။ ကျွန်တော်တို့အဖွဲ့မှာ သူတို့က စိတ်ကျဉ်းကျပ်သလိုခံစားရတယ် တဲ့။ ပြဿနာတွေကို မြင်ရင်တောင် သူတို့က ငြင်းပယ်ခံရမှာစိုးပြီး ထောက်မပြရဲဘူး။ အဲဒီအချိန်တုန်းက ကျွန်တော်က နည်းနည်းမာနကြီးတယ်ဆိုတာ အပေါ်ယံမှာ သတိထားမိပါတယ်။ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ် အမှန်တကယ် ပြန်ဆင်ခြင်မကြည့်ခဲ့ဘူး။ နောက်ပိုင်းမှာ ကြီးကြပ်သူအသစ်ဖြစ်တဲ့ အစ်မရှန်က ကျွန်တော်တို့အလုပ်ကို နောက်ဆက်တွဲလိုက်လုပ်ဖို့ ခန့်အပ်ခံရတယ်။ သူ့အစွမ်းအစနဲ့ အတတ်ပညာပိုင်းကျွမ်းကျင်မှုတွေက တော်တော်ကောင်းပြီး သင်ယူတာ မြန်တယ်။ ကျွန်တော် သတိရသေးတယ်။ တစ်ခါတော့ အဖွဲ့ဝင်သစ်ဖြစ်တဲ့ အစ်ကိုဝမ်က သူလုပ်နေတဲ့ ဗီဒီယိုတစ်ခုမှာ ပြဿနာတချို့ရှိတယ်။ ကျွန်တော်တို့တွေ ဒါကို ဆွေးနွေးပေမဲ့ ဖြေရှင်းချက် မတွေ့ဘူး။ အဲဒါနဲ့ လူတစ်ယောက်က အစ်မရှန်ကို ကျွန်တော်တို့စောင့်ပြီး သူ့အမြင်ကိုမေးဖို့ အကြံပေးတယ်။ အစ်မရှန်က အဓိကပြဿနာကို တိုက်ရိုက်ထောက်ပြနိုင်တော့ ကျွန်တော် အရမ်းအံ့သြသွားတယ်။ ကျွန်တော် အံ့အားသင့်သွားပြီး တွေးမိတယ်။ “ကျွန်တော် မရှာနိုင်တဲ့ ပြဿနာကို ခင်ဗျားက ရှာတွေ့သွားတယ်ဆိုတော့ အစ်ကိုဝမ်က အခု ကျွန်တော့်ကို ဘယ်လိုထင်မလဲ” ပေါ့။ ဖြစ်သွားတာနဲ့ပတ်သက်ပြီး ကျွန်တော်က နည်းနည်းမပျော်ဘူး။ ဒါပေမဲ့ နောက်တော့ အစ်မရှန်က ဒီပြဿနာကို ကျွန်တော် ဘယ်လိုထင်လဲဆိုတာ မေးတယ်။ ကျွန်တော့်ပုံရိပ်ကို ထိန်းသိမ်းဖို့အတွက် လိမ်ပြောလိုက်တယ်။ “အစ်မမှန်ပါတယ်။ ကျွန်တော်လည်း အဲဒီလိုပဲ တွေးမိတယ်” ပေါ့။ အဲဒီမှာ အစ်မရှန်က ဖြေရှင်းချက်တစ်ခုကို ချက်ချင်း အဆိုပြုတယ်။ ဒါ အကြံကောင်းတစ်ခုပဲလို့ ကျွန်တော် ထင်ပေမဲ့ မကျေနပ်နေသေးဘူး။ ကျွန်တော် စဉ်းစားတယ်။ “ခင်ဗျားက ပြဿနာကို သတိထားမိတယ်။ အခု ခင်ဗျားက ပြန်စစ်ကြည့်ဖို့ အဆိုပြုပြီးနေပြီ။ ဒါက ကျွန်တော့်ကို ခင်ဗျားထက်ပိုပြီး အမြင်မဆိုးစေဘူးလား။ ညီအစ်ကိုမောင်နှမတွေကို ကျွန်တော့်ကို အခုဘယ်လိုမြင်မလဲ။ ကျွန်တော့်ပုံရိပ်က ဒါကို ဘယ်လိုကျော်လွှားနိုင်မှာလဲ။ မဖြစ်ဘူး။ ပိုပြီးတော့တောင်ကောင်းတဲ့ ဖြေရှင်းချက်ကို ငါ စဉ်းစားရမယ်။ ညီအစ်ကိုမောင်နှမတွေ ငါ့ကို အထင်သေးလို့မဖြစ်ဘူး” ပေါ့။ အဲဒါနဲ့ အစ်မရှန်ရဲ့ အစီအစဉ်ကို ကျွန်တော် သေချာစိစစ်တယ်။ သူ့အစီအစဉ်က အလုပ်ဖြစ်ပေမဲ့ သတိမထားမိတာတွေ ရှိနေသေးတာကို တွေ့ရတယ်။ အဲဒါနဲ့ ကျွန်တော်က “အစ်မ၊ အရင်က အစ်မရဲ့ ဖြေရှင်းချက်ကို ကျွန်တော်စဉ်းစားကြည့်တယ်။ အဲဒီမှာ အသစ်ဖြစ်တာ ဘာမှမရှိဘူး။ အပြောင်းအလဲတွေ အများကြီးလုပ်ဖို့ လိုမှာ” လို့ ပြောလိုက်တယ်။ မကြာခင်မှာ အစ်မရှန်ရဲ့ အဆိုပြုချက်ကို ကျွန်တော် လုံးဝ သိက္ခာချပစ်လိုက်တယ်။ အဲဒီအချိန်မှာ တစ်ခုခုမှားနေတယ်ဆိုတာ အစ်မရှန်က ခံစားမိတယ်။ အဲဒါနဲ့ သူက မရှင်းတဲ့လေသံနဲ့ ကျွန်တော့်ကိုမေးတယ်။ “အစ်ကိုက ပြဿနာကို ဖြေရှင်းရမယ့်အစား ကျွန်မအကြံပြုချက်တွေကို အမြဲတမ်း ငြင်းနေသလိုမျိုးပဲနော်”တဲ့။ ကျွန်တော် ချက်ချင်းပဲ ကိုယ်မှန်ကြောင်းပြဖို့ ကြိုးစားတယ်။ ကျွန်တော်က “မဟုတ်ပါဘူး။ အစ်မအစီအစဉ်က တစ်ခုခုလွဲနေတယ်လို့ပဲ ထင်တာပါ။ အစ်မရဲ့ အကြံကို ငြင်းနေတာမဟုတ်ပါဘူး” ဆိုပြီးပြောလိုက်တယ်။ အဲဒီနောက်တော့ ဖြေရှင်းချက်အသစ်တစ်ခုကို ကျွန်တော် အကြံပေးလိုက်တယ်။ ကျွန်တော့်အစီအစဉ်က ကောင်းတယ်လို့ အစ်ကိုဝမ်က ခံစားရပြီး နောက်ဆုံးမှာ ကျွန်တော့်အစီအစဉ်ကို သူ အသုံးပြုတယ်။ ဒါကို ကျွန်တော်မြင်တော့ စစ်ပွဲမှာ တိုက်ပွဲတစ်ခုနိုင်လိုက်ရသလိုမျိုး ပျော်သွားတယ်။ ညီအစ်ကိုမောင်နှမတွေက အခုဆို ကြီးကြပ်သူထက် ကျွန်တော်သာတယ်လို့ သိကြမှာပဲလို့ ကျွန်တော် ခံစားမိတယ်။ နောက်နေ့မှာ အစ်မရှန်က သူ့အခြေအနေကို ဖွင့်ပြောတယ်။ အလုပ်က ခက်ခဲပြီး ဘာလုပ်ရမှန်း သူမသိဘူးလို့ ပြောတယ်။ သူကကျွန်တော့်ကိုလည်း ပြောတယ်။ “တာဝန်မှာ အစ်ကိုနဲ့ တွဲလုပ်ရတဲ့အချိန်မှာ ကျွန်မက ဘာအလုပ်မှ မလုပ်နိုင်သလိုခံစားရတယ်။ အစ်ကို့အဖွဲ့ကို အတတ်ပညာပိုင်းမှာ ကျွန်မ မကူညီနိုင်ဘူးလို့ ခံစားမိတယ်။ အစ်ကို့အနားမှာဆိုရင် ကျွန်မက ဘာမှ အဖိုးမတန်သလို ခံစားမိတယ်။ တခြားညီအစ်ကိုမောင်နှမတွေနားမှာရှိရင် ကျွန်မ ဒီခံစားချက်မရှိဘူး” တဲ့။ သူက ကျွန်တော့်ပြဿနာကိုလည်းထောက်ပြပြီး ပြောတယ်။ “ကျွန်မ အစ်ကိုနဲ့ ဆက်ဆံတဲ့အခါမှာ အစ်ကိုက လုပ်သမျှတိုင်းမှာ ကြွားဝါတာကို တွေ့ရတယ်။ အစ်ကိုက သူများတွေရဲ့ စိတ်ကူးတွေကို ပံ့ပိုးပေးတာ၊ တိုးတက်အောင်လုပ်ပေးတာမရှိဘူး။ စည်းမျဉ်းတွေကို ဝင်ရောက်ရာမှာ လူတွေကို တကယ်ကူညီပံ့ပိုးမပေးဘူး။ အဲဒီအစား သူများတွေကို ငြင်းဆန်ပြီး ကိုယ့်ကိုယ်ကိုယ် ကြွားဝါတယ်။ သူများတွေက တန်ဖိုးမရှိဘဲ အစ်ကို့ထက် အမြဲတမ်းပိုဆိုးနေသလိုမျိုးပေါ့။ ဒါကြောင့် သူများတွေက စိတ်ကျဉ်းကျပ်ရတယ်။ သူတို့လုပ်သမျှက မှားနေသလိုမျိုးပေါ့။ ဒီလိုဆက်ဖြစ်နေရင် အစ်ကိုက နောက်ဆုံးမှာ အဖွဲ့ထဲမှာ အာဏာရလာလိမ့်မယ်။ အစ်ကိုက အန္တိခရစ်လမ်းကြောင်းကို လျှောက်နေတာပဲ” တဲ့။ အဲဒီအချိန်မှာတုန်းက ကျွန်တော့်မှာ ဒီလိုဖော်ပြတာတွေရှိတယ်လို့ တခြားအစ်မတစ်ယောက်ကလည်းပြောတယ်။ ဒါပေမဲ့ လောလောဆယ်မှာ ဘာကိုမှ ကျွန်တော် နားမလည်နေဘူး။ အပြင်ပန်းမှာ ကျွန်တော်က ကိုယ်မှန်ကြောင်းပြဖို့ မကြိုးစားပေမဲ့ အတွင်းမှာ စိတ်ထိခိုက်နေတယ်။ ကျွန်တော် စဉ်းစားတယ်။ “ကျွန်တော်က အန္တိခရစ်လမ်းကြောင်းကို လျှောက်နေတယ်၊ ကျွန်တော်က ညီအစ်ကိုမောင်နှမတွေကို ချုပ်ချယ်နေတယ်၊ ဟုတ်လား။ ခင်ဗျားကကျွန်တော့်ကို ပစ်မှတ်ထားနေတာပဲမဟုတ်ဘူးလား။ ညီအစ်ကိုမောင်နှမတွေက ကျွန်တော့်ကို ဘယ်လိုထင်မလဲ” ပေါ့။ အဲဒီနောက်မှာ ကျွန်တော်အကြံပေးတဲ့အစီအစဉ်ကို အခြေခံထားတဲ့ အစ်ကိုဝမ်ရဲ့အလုပ်ပြီးသွားတော့ အသုံးပြုဖို့အတွက် အရွေးခံရတော့ ကျွန်တော်က ပိုပြီးတော့တောင် အာခံပြီး တွေးမိတယ်။ “အန္တိခရစ်လမ်းကြောင်းကို ကျွန်တော်လျှောက်ပြီး လူတွေကို ချုပ်ချယ်တယ်လို့ ထင်နေတုန်းပဲလား။ ဒါမှန်ရင် ပြီးသွားတဲ့အလုပ်တွေကို ကျွန်တော် ထုတ်လုပ်နိုင်ပါ့မလား” ပေါ့။ ကျွန်တော်က သူ့အကြံကို အမြဲတမ်းငြင်းဆန်နေတော့ အစ်မရှန်က နောက်ပိုင်းမှာ အကြံသိပ်မပေးတော့ဘူး။

သိပ်မကြာခင်မှာပဲ အစ်ကိုဝမ်က အဆိုပြုချက်တစ်ခု တင်သွင်းတယ်။ ကျွန်တော့်အနေနဲ့တော့ ကျိုးကြောင်းသင့်တဲ့ပုံစံပဲ။ ဒါပေမဲ့ ပြဿနာနည်းနည်းလည်းရှိနေတယ်။ ကျွန်တော် တွေးတယ်။ “သူ့အစီအစဉ်အတိုင်း ငါတို့လုပ်ရင် ငါက ပြုပြင်တာတွေ၊ ဖြည့်စွက်တာတွေ လုပ်ရမယ်။ ဒါဆိုရင် ငါက အရည်အချင်းမရှိတဲ့ပုံစံဖြစ်နေမှာပဲ။ မဖြစ်ဘူး။ ပိုကောင်းတဲ့၊ ပိုဆန်းသစ်တဲ့ အဆိုပြုချက်ကို ငါစဉ်းစားရမယ်။ ဒါမှ ငါ့အရည်အချင်းကို သူမြင်နိုင်မှာ။ နောက်ပိုင်းမှာ ဒါကို ကြီးကြပ်သူကို ပေးတဲ့အခါ ငါ့အတွက် ပိုပြီးတော့တောင် အမြင်ကောင်းလိမ့်မယ်” ပေါ့။ အဲဒါနဲ့ အစ်ကိုဝမ်ရဲ့ စိတ်ကူးကို ဘေးဖယ်ထားပြီး အစီအစဉ်အသစ်ထုတ်လိုက်တယ်။ ဒီသတင်းကို အစ်ကိုဝမ်ကကြားတော့ နားမလည်နိုင်ဘူး။ ကျွန်တော်က သူ့ကို “အစ်ကိုအဆိုပြုချက်အတိုင်း လုပ်ရင် ပြဿနာတွေအများကြီးရှိနေမှာ” ဆိုပြီး ပြောလိုက်တယ်။ အစ်ကိုဝမ်က သူ့အဆိုပြုချက်မှာ ပြဿနာတွေအများကြီးရှိနေတာကို မြင်တဲ့အခါ သူ လမ်းပျောက်သွားတယ်။ သူကလည်း သူ့အလုပ်မှာ မကျွမ်းကျင်ဘူးလို့ ခံစားရပြီး အပျက်သဘောဆောင်လာတယ်။ “အဲဒီအချိန်မှာ ကျွန်တော်က စဉ်းစားတယ်။ ကျွန်တော့်အကြံကို အစ်ကိုက မယူဘူးဆိုတော့ ပြဿနာတွေကို ဖြေရှင်းဖို့ အစ်ကိုက ကိုယ့်ဘာသာ နည်းလမ်းရှာနိုင်ပါတယ်” ပေါ့။ အဲဒါနဲ့ အဲဒီနောက်တော့ ကျွန်တော့် ကိုယ်ပိုင်တာဝန်တွေကိုပဲ သွားလုပ်လိုက်တယ်။ ဒါပေမဲ့ အဲဒီအချိန်အတွင်းမှာ ကျွန်တော့် စဉ်းစားပုံတွေကသိပ်မရှင်းဘဲ ကျွန်တော်က တာဝန်မှာ သိပ်မထိရောက်သလို ခံစားရတယ်။ အချိန်ကြာတဲ့အထိ ကျွန်တော်တို့အဖွဲ့က ဘယ်ပြီးတဲ့အလုပ်တွေကိုမှ မထုတ်လုပ်ခဲ့ဘူး။ နောက်ပိုင်းမှာ ကျွန်တော်တို့ပြဿနာတွေနဲ့ လမ်းလွဲတာတွေကို စုံစမ်းဖို့ အစ်မရှန်ရောက်လာတယ်။ အစ်ကိုဝမ်ကပြောတယ်။ “ကျွန်တော် အဆိုပြုချက်တစ်ခုလုပ်တယ်။ ဒါပေမဲ့ ဒါကိုအသုံးပြုဖို့ ပြဿနာတွေအများကြီးရှိတယ်လို့ အစ်ကိုလီကပြောတယ်။ အဲဒါနဲ့ ကျွန်တော် လက်လျှော့လိုက်တယ်။ နောက်ပိုင်းမှာ အစ်ကိုလီက ကျွန်တော့်ကို အဆိုပြုချက်တစ်ခုပေးတယ်။ ဒါပေမဲ့ ဒီအတွက် ကျွန်တော်ရှာလို့မရတဲ့ ပစ္စည်းတချို့ရှိတယ်။ ပြီးတော့ ကျွန်တော် ကျွမ်းကျင်မှုသိပ်မရှိတော့ တာဝန်နဲ့ မကိုက်ဘူး” တဲ့။ နောက်တော့ အစ်ကိုဝမ်ကို ကျွန်တော့်ကြောင့် စိတ်ကျဉ်းကျပ်သလားဆိုပြီး အစ်မရှန်ကမေးတယ်။ အစ်မရှန်က ဒီမေးခွန်းမေးတာကို ကျွန်တော်ကြားတော့ ကျွန်တော် တွေးမိတယ်။ “သူက ပြီးသွားတဲ့ထုတ်ကုန်တွေမလုပ်နိုင်ရင် အဲဒါက ကျွန်တော်နဲ့ဘာဆိုင်လို့လဲ။ ကျွန်တော်သူ့ကိုပြောလိုက်တယ်။ သူက မလုပ်နိုင်ဘူး။ ဒါက ကျွန်တော့်ပြဿနာလား။ ဘာလို့ ကျွန်တော့်ကို ပစ်မှတ်ထားနေတာလဲ။ အရင်တစ်ခါတုန်းက ကျွန်တော်က အန္တိခရစ်အပြုအမူရှိတယ်လို့ပြောပြီး ကျွန်တော့်ကို ဖော်ထုတ်တယ်။ အခု အစ်ကိုဝမ်က သူ့အလုပ်ကို မလုပ်နိုင်တော့ ဒါ ကျွန်တော့်ပြဿနာလို့ ထပ်ပြောနေတယ်။ ခင်ဗျားက ကျွန်တော့်ကို မကြည်လို့သက်သက်ပဲလား။ အလုပ်က မထိရောက်တာက ကျွန်တော့်တာဝန်လား။ ဒါကို လွတ်ပေးလို့မဖြစ်ဘူး။ ခင်ဗျားရဲ့ ပြဿနာတွေကိုလည်း ကျွန်တော်ပြောရမယ်။ ဒါဆို ကျွန်တော့်ကို စွပ်စွဲပြီး အရှက်ရအောင်လုပ်နေတာတွေ ရပ်သွားနိုင်တယ်” ဆိုပြီးတော့။ အစ်မရှန် ထွက်သွားပြီးတဲ့နောက်မှာ အစ်ကိုဝမ်ကို ကျွန်တော်ပြောလိုက်တယ်။ “အခုနောက်ပိုင်းမှာ အစ်မရှန်က လက်တွေ့အလုပ်မလုပ်တာကို ကျွန်တော် သတိထားမိတယ်။ အသုံးဝင်တဲ့ အတတ်ပညာပိုင်းအကြံတွေကိုလည်း သူမပေးဘူး။ သူ ဆင်ခြင်လို့ရအောင် သူ့ကို သတိပေးဖို့လိုတယ်။ မဟုတ်ရင် အလုပ်အတွက် နစ်နာနိုင်တယ်” ပေါ့။ ကျွန်တော် ဒီလိုပြောတာကို ကြားတော့ အစ်ကိုဝမ်ကလည်း အစ်မရှန်ကို အမြင်စောင်းသွားတယ်။ နောက်ပိုင်းမှာ နောက်ကြီးကြပ်သူတစ်ယောက်ဖြစ်တဲ့ အစ်မကျန်းက ကျွန်တော်တို့ အဖွဲ့ကို ရောက်လာတယ်။ ကျွန်တော်က အစ်မရှန်အပေါ် ကျွန်တော့်အမြင်တွေအားလုံးကို သူ့ကို ပြောပြတယ်။ အစ်မရှန်က အလုပ်ကို အလေးအနက်မထားဘူး၊ အဖွဲ့က ဗီဒီယိုတစ်ခုကိုမပြီးတာ အတော်ကြာနေပေမဲ့ သူက လက်တွေ့ပြဿနာတွေကို မဖြေရှင်းဘူးလို့ သူ့ကို ပြောလိုက်တယ်။ အစ်မကျန်းက ဒါကိုကြားပြီးတဲ့နောက်မှာ အစ်မရှန်အပေါ် ကျွန်တော် ဘာထင်မြင်ချက်ရှိလဲဆိုပြီး မေးတယ်။ ကျွန်တော် ပညာသားပါတဲ့ အဖြေတစ်ခု အမြန်စဉ်းစားလိုက်တယ်။ “မရှိပါဘူး။ သီးသန့်ထင်မြင်ချက်တစ်ခုမှ မရှိပါဘူး” ပေါ့။ ဒါပေမဲ့ ဒီလိုပြောပြီးတဲ့နောက်မှာ ကျွန်တော် ရုတ်တရက် အထိတ်တလန့်ဖြစ်သွားတယ်။ ဝိညာဉ်ရေးအရ အရမ်းကို မှောင်မိုက်သွားပြီး စိတ်ဓာတ်ကျသွားတယ်။ အဲဒီညမှာ ကျွန်တော် ကောင်းကောင်းမအိပ်ရဘူး။ ကျွန်တော် မကောင်းမှုလုပ်ခဲ့တယ်၊ ဘုရားက ကျွန်တော့်ကို စွန့်ပစ်ခဲ့တယ်လို့ ခံစားမိတယ်။ အပြစ်ရှိတဲ့စိတ်ရဲ့ ဆုပ်ကိုင်ခြင်းကို ခံနေရတယ်။ ကျွန်တော်က အစ်မရှန်အပေါ် အမြင်စောင်းတာ ရှင်းပါတယ်။ ဒါပေမဲ့ ဆန့်ကျင်ဘက်ကိုပြောလိုက်တယ်။ ဒါက မုသားတစ်ခုလား။ ကျွန်တော်က အလုပ်အခြေအနေအတွက်လည်း တာဝန်ရှိတယ်။ ဒါပေမဲ့ ကျွန်တော်က အစ်မရှန်ကို စွပ်စွဲဖို့၊ အခြေအမြစ်မရှိဘဲ ဝေဖန်အပြစ်တင်ဖို့ အစ်ကိုဝမ်ကို တမင်တကာ ဆွဲဆောင်ခဲ့တယ်။ ကျွန်တော်က လက်စားချေဖို့အတွက် သူ့ကို တိုက်ခိုက်နေတာလား။ ကျွန်တော်က တကယ်ကို မကောင်းမှုလုပ်နေတယ်ဆိုတာမြင်ခဲ့ပါတယ်။

အဲဒီနောက်မှာ ကျွန်တော်က အစ်ကိုဝမ်နဲ့ ကြီးကြပ်သူတွေကို သူတို့တွေ အပျက်သဘောဆောင်သွားတဲ့အထိ တိုက်ခိုက်ခဲ့တယ်၊ ဒါကြောင့် ဗီဒီယိုအလုပ်က အရမ်းထိခိုက်သွားတယ်၊ ကျွန်တော်က သတိပေးတာ၊ ကူညီတာတွေကို လုံးဝ လက်မခံဘူး၊ အစ်မရှန်ကိုတောင် တိုက်ခိုက်ခဲ့တယ်ဆိုတာကို ခေါင်းဆောင်က မြင်သွားတယ်။ ကျွန်တော့်အပြုအမူကို အခြေခံပြီး ကျွန်တော့်ကို ထုတ်လိုက်တယ်။ အထုတ်ခံရပြီးတဲ့နောက်မှာ ဘုရားရဲ့ တည်ရှိမှုကို ကျွန်တော် မခံစားရဘဲ မှောင်မိုက်ထဲမှာ ရှင်သန်ခဲ့ရတယ်။ ဘုရားသခင်ကို ကျွန်တော် ခဏခဏဆုတောင်းတယ်။ “ဘုရားသခင် အန္တိခရစ်လမ်းကြောင်းကို လျှောက်တဲ့အတွက် ညီအစ်ကိုမောင်နှမတွေက ကျွန်တော့်ကို ဖော်ထုတ်ပါတယ်။ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ် ကျွန်တော် အမှန်တကယ် မသိသေးပါဘူး။ ဘယ်နေရာမှာ မှားနေသလဲဆိုတာ ကျွန်တော်မသိပါဘူး။ ဘုရားသခင် ကိုယ့်ကိုယ်ကိုယ် သိနိုင်ဖို့အတွက် ဉာဏ်အလင်းဖွင့်ပြီး လမ်းပြတော်မူပါ” လို့ ပြောလိုက်တယ်။ ဆုတောင်းပြီးတဲ့နောက်မှာ အန္တိခရစ်တွေကို ဘုရားသခင် ဖွင့်ပြထားတဲ့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်တော် တွေ့တယ်။ ဘုရားသခင်က ပြောတယ်။ “အန္တိခရစ်များ၏ နည်းလမ်းများသည် အမှုအရာများကို ၎င်းတို့လုပ်ဆောင်သောအခါ အစဉ်သဖြင့် သမားရိုးကျမဟုတ်ဘဲ ကြီးကျယ်သည့်ပုံစံရှိသည်။ အခြားလူ၏ အကြံပြုချက်သည် မည်မျှ မှန်ကန်ပါစေ ၎င်းတို့က အစဉ် ငြင်းပယ်လိမ့်မည်။ အခြားလူ၏ အကြံပြုချက်သည် ၎င်းတို့စိတ်ကူးနှင့် ကိုက်ညီလျှင်ပင်၊ အန္တိခရစ်က ယင်းကို အရင်ဦးဆုံး အဆိုပြုခြင်းမဟုတ်လျှင် ၎င်းတို့က သေချာပေါက် လက်ခံရန်၊ သို့မဟုတ် လက်တွေ့အကောင်အထည်ဖော်ရန် ငြင်းဆန်လိမ့်မည်။ ထိုအစား အန္တိခရစ်သည် အကြံပြုချက်ပေးသောသူက သူ၏ စိတ်ကူးသည် မှားယွင်းသည်ဟု ခံစားရပြီး ဝန်ခံသည်အထိ ထိုအကြံပြုချက်ကို သေးသိမ်စေရန်၊ ငြင်းဆန်ပြီး ရှုတ်ချရန် အစွမ်းကုန် လုပ်ဆောင်လိမ့်မည်။ ထို့နောက်မှသာ အန္တိခရစ်က ရပ်နားလိမ့်မည်။ အန္တိခရစ်များသည် ၎င်းတို့ကို အခြားလူများက ကိုးကွယ်ပြီး ဗဟိုပြုဖို့ရန်အတွက် မိမိတို့ကိုယ်ကို ချီးမြှင့်မြှောက်စားပြီး အခြားလူတို့ကို သေးသိမ်အောင် ပြုလုပ်လိုသည်။ အန္တိခရစ်များသည် မိမိတို့ကိုယ်ကိုသာ ဖွံ့ဖြိုးတိုးတက်ခွင့်ပြုပြီး အခြားလူများအတွက် ၎င်းတို့ကို ထင်ပေါ်စေသည့် နောက်ခံအဖြစ်သာ အစဉ် အသုံးခံခွင့်ပြုသည်။ ၎င်းတို့ ပြောသမျှ၊ လုပ်သမျှသည် မှန်ကန်ပြီး သူတစ်ပါးတို့ပြောသမျှ၊ လုပ်သမျှတိုင်းကမူ မှားယွင်းသည်ဟု အန္တိခရစ်များက ယုံကြည်သည်။ လူတိုင်းက ၎င်းတို့ကို နားထောင်ပြီး ၎င်းတို့နည်းလမ်းအတိုင်း ဆောင်ရွက်စေရန်အတွက်၊ အခြားလူတို့၏ အမြင်များနှင့် လက်တွေ့လုပ်ဆောင်မှုများကို ငြင်းဆန်ရန် ၎င်းတို့သည် ဆန်းသစ်သော အမြင်များကို မကြာခဏ တင်ပြကြသည်၊ အခြားလူတို့၏ ထင်မြင်ချက်များအပေါ် အမှားရှာပြီး ပြဿနာရှာကြသည်၊ ပြီးလျှင် အခြားလူတို့၏ အစီအအစဉ်များကို နှောင့်ယှက်သည်၊ သို့မဟုတ် ငြင်းပယ်ကြသည်။ ၎င်းတို့သည် သင့်ကို အဆက်မပြတ် ငြင်းဆန်ရန်၊ တိုက်ခိုက်ရန်၊ သင်သည် လက်သင့်ခံနိုင်ဖွယ်မရှိဟု ခံစားရစေရန် ဤနည်းလမ်းများကို အသုံးပြုသည်။ ဤသို့ဖြင့် သင်သည် ၎င်းတို့အပေါ် သာ၍ နာခံလာစေရန်၊ အထင်ကြီးပြီး လေးစားရန်၊ နောက်ဆုံးတွင် ၎င်းတို့၏ ထိန်းချုပ်မှုအောက်သို့ လုံးဝ ကျရောက်စေရန်ဖြစ်သည်။ ဤသည်မှာ လူတို့ကို အန္တိခရစ်များက ချိုးနှိမ်ပြီး ထိန်းချုပ်သည့်နည်းစဉ်ဖြစ်သည်။(အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “၎င်းတို့သည် လူတို့ကို ဝေခွဲမရဖြစ်စေပြီး သိမ်းသွင်းစည်းရုံး၍ ခြိမ်းခြောက်ကာ ထိန်းချုပ်လေ၏”) အန္တိခရစ်တွေဟာ အမြဲတမ်း သမားရိုးကျမဟုတ်ဘူး၊ အမြဲတမ်း သူတို့ကိုယ်သူတို့ ကြွားဝါတယ်၊ လူတွေထဲကနေ ထင်ပေါ်ဖို့ဖြစ်တဲ့ သူတို့ပန်းတိုင်ကို ရပြီး လူတွေ သူတို့ကို အထင်ကြီးအောင်လုပ်ဖို့ သူများတွေကို အမြဲတမ်းငြင်းဆန်ပြီး နှိမ်တယ်ဆိုတာ ဘုရားနှုတ်ကပတ်တော်ကနေ ကျွန်တော် မြင်ခဲ့ပါတယ်။ အချိန်ကြာလာတာနဲ့ သူတို့နဲ့အတူ ပူးပေါင်းလုပ်တဲ့သူတွေက အပျက်သဘောအခြေအနေထဲမှာ နှစ်မြုပ်သွားတယ်။ အန္တိခရစ်တွေထက် နိမ့်ကျတယ်လို့ သူတို့ခံစားရတယ်။ အမြဲတမ်း သူတို့ကို နာခံပြီး နောက်ဆုံးမှာ သူတို့ရဲ့ ထိန်းချုပ်မှုကို ခံစားရတယ်။ ကျွန်တော့်အပြုအမူက အန္တိခရစ်နဲ့ အတူတူပဲ မဟုတ်ဘူးလား။ ကျွန်တော့်စိတ်နှလုံးအတွင်းထဲကနေပြီး အရင်ကြီးကြပ်သူနှစ်ယောက်ကို ကျွန်တော် မုန်းတီးပြီး အထင်သေးခဲ့တယ်။ ကျွန်တော်လုပ်တဲ့ ဗီဒီယိုမှာ ပြဿနာတချို့ကို သူတို့မြင်တဲ့အခါမှာ သူများတွေက ကျွန်တော့်ကို အထင်မကြီးမှာကိုကြောက်ပြီး သူတို့အကြံပြုချက်တွေကို ငြင်းပယ်ဖို့ အကြောင်းပြချက် အမျိုးမျိုးရှာခဲ့တယ်။ ရလဒ်အနေနဲ့ ကြီးကြပ်သူတွေက ကျွန်တော့်ကြောင့် စိတ်ကျဉ်းကျပ်ကြတယ်။ အတတ်ပညာပိုင်းကျွမ်းကျင်မှုတွေကို နားလည်တဲ့ အစ်မရှန်က ကျွန်တော်တို့အလုပ်မှာ အဓိကပြဿနာတွေကို ခွဲခြားဖော်ထုတ်ပြီး ပြန်စစ်ဖို့နဲ့ပတ်သက်ပြီး ကျိုးကြောင်းသင့်တဲ့ အကြံပေးတဲ့အခါမှာတောင် ကျွန်တော့်အတွက် လက်မခံနိုင်စရာဖြစ်ခဲ့တယ်။ ကျွန်တော်က သူပြောတာနားထောင်ရင် ဘယ်သူကမှ ကျွန်တော့်ကို သတိပြုမိမှာမဟုတ်ဘူး၊ သူများတွေက ကျွန်တော့်ကို အထင်ကြီးမှာမဟုတ်ဘူးဆိုပြီး ကြောက်ခဲ့တယ်။ အဲဒါနဲ့ သူ့အစီအစဉ်ကို နှိမ်ပြီး သိက္ခာကျအောင်ကြိုးစားတဲ့အနေနဲ့ အားနည်းချက်တွေကို တမင်သက်သက်ရှာခဲ့တယ်။ ပြီးတော့ ကျွန်တော့်ရဲ့ “ထူးခြားပြောင်မြောက်တဲ့ စိတ်ကူး”ကို တင်ပြပြီး ကျွန်တော့်နည်းအတိုင်းလုပ်ခဲ့တယ်။ အပြင်ပန်းမှာ ကျွန်တော်က အလုပ်တိုးတက်ဖို့ဆိုတဲ့ ခေါင်းစဉ်အောက်မှာ အလုပ်လုပ်တယ်။ ဒါပေမဲ့ တကယ့်ရည်ရွယ်ချက်က သူများတွေ ကျွန်တော့်ကို အထင်ကြီးလေးစားအောင် ကျွန်တော်က ကြီးကြပ်သူထက် သာတယ်ဆိုတာကို သက်သေပြဖို့အတွက်ပဲ။ အစ်ကိုဝမ်နဲ့ သူ့အဆိုပြုချက်ကို ဆွေးနွေးတဲ့အခါ ကြွားဝါဖို့အတွက် သူ့အစီအစဉ်ကို လုံးဝ တန်ဖိုးမရှိတဲ့အနေနဲ့ ပယ်ချလိုက်တယ်။ ဒါကြောင့် သူက မတက်မကြွဖြစ်ပြီး အလုပ်တွေပြီးအောင်မလုပ်နိုင်တော့ဘူး။ အချင်းချင်းရဲ့ အားသာချက်တွေကနေ သင်ယူနိုင်ဖို့အတွက် အသင်းတော်က ကျွန်တော့်တာဝန်မှာ ညီအစ်ကိုမောင်နှမတွေနဲ့အတူ ပူးပေါင်းဆောင်ရွက်ဖို့ ကျွန်တော့်ကို စီစဉ်ပေးတယ်။ လူတစ်ယောက်ရဲ့ အဆိုပြုချက်က ကောင်းပြီး ကျိုးကြောင်းသင့်ရင် အဆိုပြုချက်အပေါ် စစ်ဆေးတာတွေလုပ်ဖို့ ရည်ရွယ်ပါတယ်။ ဒီလိုနဲ့ လူတိုင်းက သူတို့ရဲ့ အကောင်းဆုံးကို ပေးနိုင်ပြီး လူတိုင်းက သူတို့ကိုယ်ပိုင်နည်းလမ်းနဲ့ အောင်မြင်နိုင်ဖို့အတွက်ပေါ့။ ဒါဆိုရင် ဗီဒီယိုအလုပ်တွက် အကျိုးအဖြစ်ဆုံးပဲလေ။ ဒါပေမဲ့ လူတွေ ကျွန်တော့်ကို အထင်ကြီးပြီး ပံ့ပိုးအောင်လုပ်ဖို့ ကျွန်တော်က သမားရိုးကျမဟုတ်တဲ့ စိတ်ကူးတွေ အမြဲတမ်းပေးတယ်။ ကြွားဝါတယ်။ သူများတွေကို ငြင်းဆန်ပြီး နှိမ်တယ်။ သူများတွေကို သူတို့တာဝန်မှာ နေရာတစ်နေရာမှာလုပ်ခွင့် လုံးဝ မပေးဘူး။ ဒါကြောင့် ကျွန်တော့်တွဲဖက်နဲ့ ကြီးကြပ်သူတွေက အသုံးမဝင်ဘူးလို့ ခံစားကြရတယ်။ အပျက်သဘောထဲ နှစ်မြုပ်သွားပြီး တာဝန်ကို မလုပ်နိုင်ကြတော့ဘူး။ ကျွန်တော်လုပ်ခဲ့တာရဲ့ အနှစ်သာရက လူတွေကို တမင်ဖိနှိပ်တာမဟုတ်ဘူးလား။ ကျွန်တော်က အမြဲတမ်း ကိုယ့်ကိုယ်ကိုယ် ကြွားဝါပြီး သူများတွေကို ဖိနှိပ်တယ်။ ကျွန်တော်မပါဘဲ မလုပ်နိုင်ဘူး၊ အရာရာမှာ ကျွန်တော်ပြောတာကို နားထောင်ရမယ်လို့ လူတွေခံစားရအောင် လုပ်တယ်။ ဒီလိုနဲ့ ကျွန်တော့်တွဲဖက်နဲ့ ကြီးကြပ်သူတွေက အဖွဲ့အလုပ်မှာ မပါဝင်အောင်ပေါ့။ ကျွန်တော်က အမှီအခိုကင်းတဲ့ နယ်မြေတစ်ခုကို တည်ထောင်နေတာမဟုတ်ဘူးလား။ အထုတ်မခံရဘဲနဲ့ ကျွန်တော့်ပြဿနာကို လုံးဝ သဘောပေါက်မှာမဟုတ်ဘူး။ ကျွန်တော်က တကယ်ကိုနုံအလွန်းပါတယ်။

နောက်ပိုင်းမှာ နောက်ထပ် ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်တော် ဖတ်တယ်။ “မိမိတို့၏အဆင့်အတန်းနှင့် ဂုဏ်ဒြပ်တို့ကို အန္တိခရစ်များ၏ ချစ်မြတ်နိုးခြင်းက သာမန်လူများထက် လွန်ကဲပြီး ယင်းမှာ ၎င်းတို့၏ စိတ်သဘောထားနှင့် အနှစ်သာရအတွင်း ရှိသည့်အရာတစ်ခု ဖြစ်သည်။ ယင်းက ခဏတာ စိတ်ဝင်စားမှုတစ်ခု မဟုတ်သကဲ့သို့ ၎င်းတို့ပတ်ဝန်းကျင်၏ ယာယီ အကျိုးသက်ရောက်မှုလည်း မဟုတ်ပေ— ယင်းက ၎င်းတို့၏အသက်၊ ၎င်းတို့၏အရိုးအတွင်းရှိ အရာတစ်ခုဖြစ်သောကြောင့် ၎င်းတို့၏ အနှစ်သာရဖြစ်သည်။ ဤအရာမှာ အန္တိခရစ်တစ်ဦးလုပ်သမျှ အရာအားလုံး၌ ၎င်းတို့၏ ပထမဆုံး ထည့်တွက်စဉ်းစားသည့် အချက်သည် ၎င်းတို့၏ ကိုယ်ပိုင်အဆင့်အတန်းနှင့် ဂုဏ်ဒြပ်တို့သာ ဖြစ်သည်ဟု ဆိုလိုပေသည်။ အန္တိခရစ်တစ်ဦးအတွက် အဆင့်အတန်းနှင့် ဂုဏ်ဒြပ်တို့က ၎င်းတို့၏ အသက်ဖြစ်သကဲ့သို့ ၎င်းတို့၏ တစ်သက်တာ ပန်းတိုင်လည်း ဖြစ်သည်။ ၎င်းတို့လုပ်သမျှ အရာအားလုံး၌ ၎င်းတို့၏ ပထမဆုံး ထည့်တွက် စဉ်းစားသည့်အချက်က ‘ငါ၏အဆင့်အတန်းက ဘာဖြစ်သွားမည်နည်း။ ငါ၏ဂုဏ်ဒြပ်ကရော ဘာဖြစ်သွားမည်နည်း။ ဤအရာကို လုပ်ဆောင်ခြင်းက ငါ့ကို ဂုဏ်ဒြပ်ရစေမည်လော။ ယင်းက လူများ၏စိတ်များထဲရှိ ငါ၏အဆင့်အတန်းကို မြှင့်တင်ပေးမည်လော’ ဖြစ်၏။ ယင်းမှာ ၎င်းတို့ ပထမဆုံးတွေးသည့် အရာဖြစ်သည်၊ ယင်းက ၎င်းတို့၌ အန္တိခရစ်များ၏ စိတ်သဘောထားနှင့် အနှစ်သာရတို့ ရှိခြင်း၏ လုံလောက်သော သက်သေဖြစ်သည်။ သို့မဟုတ်ပါက ၎င်းတို့သည် ဤပြဿနာများကို စဉ်းစားမည် မဟုတ်ချေ။...၎င်းတို့သည် ဤအရာများကို ၎င်းတို့စိတ်နှလုံးထဲတွင် စဉ်းစားနှိုင်းချိန်ပြီးလုပ်ဆောင်ကြသည်။ ဘုရားအိမ်တော်တွင် ၎င်းတို့ကိုယ်တိုင်အတွက် နေရာတစ်နေရာကို မည်သို့ ရရှိအောင် ကြိုးစားနိုင်မည်၊ အသင်းတော်တွင် မြင့်မြတ်သည့် ဂုဏ်သတင်းကို မည်သို့ရရှိနိုင်သည်ကို စဉ်းစားနှိုင်းချိန်ပြီးလုပ်ဆောင်ကြသည်။ ဤသို့ဖြင့် ၎င်းတို့ စကားပြောသည့်အခါ လူတို့က နားထောင်ရန်၊ ၎င်းတို့လုပ်ဆောင်သည့်အခါ ပံ့ပိုးကြရန်၊ ၎င်းတို့သွားသည့်နေရာတိုင်းသို့ လိုက်ရန်ဖြစ်ပြီး ဤသို့ဖြင့် အသင်းတော်တွင် ပြောဆိုခွင့်ရှိရန်၊ ဂုဏ်သတင်းတစ်ခုရှိရန်၊ ဤသို့ဖြင့် အကျိုးအမြတ်များကို ခံစားရရန်၊ ဂုဏ်အဆင့်အတန်းရှိရန်ဖြစ်သည်။ ဤအရာများကို ၎င်းတို့ မကြာခဏ တွေးဆကြသည်။ ဤအရာများသည် ထိုသို့သောသူများ လိုက်စားသည့်အရာများဖြစ်သည်။ ၎င်းတို့က ထိုကဲ့သို့သော အရာများအကြောင်း အဘယ့်ကြောင့် အစဉ်တွေးတောနေကြသနည်း။ ဘုရားသခင်၏နှုတ်ကပတ်တော်များကို ဖတ်ရှုပြီးသည့်နောက် တရားဒေသနာများကို ကြားပြီးသည့်နောက်တွင်၊ ဤအရာအားလုံးကို ၎င်းတို့ အမှန်တကယ် နားမလည်ကြသလော။ ဤအရာအားလုံးကို ၎င်းတို့ အမှန်တကယ် မသိမြင်နိုင်ကြသလော။ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရားတို့သည် ၎င်းတို့၏ အယူအဆများ၊ စိတ်ကူးများနှင့် ထင်မြင်ယူဆချက်တို့ကို အမှန်တကယ် မပြောင်းလဲနိုင်သလော။ ထိုသို့လုံးဝ မဟုတ်ပေ။ ပြဿနာသည် ၎င်းတို့နှင့် စတင်သည်။ သမ္မာတရားကို ၎င်းတို့ မချစ်သောကြောင့် လုံးလုံးလျားလျား ဖြစ်ပေသည်။ ၎င်းတို့စိတ်နှလုံးတွင် သမ္မာတရားကို စိတ်ကုန်နေသောကြောင့်ဖြစ်သည်။ ရလဒ်အနေဖြင့် ၎င်းတို့သည် သမ္မာတရားကို လုံးလုံး လက်ခံလိုခြင်းမရှိပေ။ ဤအရာကို ၎င်းတို့၏ သဘာဝနှင့် အနှစ်သာရတို့ဖြင့် ဆုံးဖြတ်ခြင်းဖြစ်သည်။(အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “၎င်းတို့သည် မိမိတို့ကိုယ်တိုင် ထင်ရှားကျော်ကြားမှု ရစေဖို့နှင့် ၎င်းတို့ကိုယ်တိုင်၏ အကျိုးစီးပွားများနှင့် ရည်မှန်းချက်များကို ပြည့်ဝစေဖို့သာ ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင့်အိမ်တော်၏အကျိုးစီးပွားများကို မည်သည့်အခါမျှ အရေးမထားသကဲ့သို့၊ ပုဂ္ဂိုလ်ရေးရာ ထင်ပေါ်ကျော်ကြားမှုအတွက် အပြန်အလှန်အားဖြင့် ထိုအကျိုးစီးပွားများကိုပင် ပစ်ပယ်သည် (အပိုင်း ၃)”) အန္တိခရစ်တွေဟာ သူတို့ရဲ့ ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို အထူးတန်ဖိုးထားတယ်ဆိုတာ ဘုရားနှုတ်ကပတ်တော်ကနေ ကျွန်တော် မြင်ခဲ့တယ်။ သူတို့က အထင်ကြီးခံရတာ၊ ပံ့ပိုးပေးခံရတာ၊ သူများတွေရဲ့ စိတ်နှလုံးထဲမှာ နေရာတစ်နေရာရှိနေရတာကို နှစ်သက်ကြတယ်။ တစ်ခုခုဖြစ်တဲ့အခါမှာ သူတို့အရင်ဆုံး ထည့်တွက်တာက သူတို့ရဲ့ ကိုယ်ပိုင်ဂုဏ်သတင်းနဲ့ အဆင့်အတန်းပဲ။ ဘုရားအိမ်တော်ရဲ့ အလုပ်၊ ညီအစ်ကိုမောင်နှမတွေရဲ့ ခံစားချက်တွေကို ထည့်မစဉ်းစားဘူး။ သူတို့ဒီလိုဆက်လုပ်နေရင် ဘုရားက သူတို့ကိုဘယ်လိုမြင်တယ်၊ ဘာအကျိုးဆက်တွေဖြစ်ပေါ်မယ်ဆိုတာကိုလည်း မစဉ်းစားဘူး။ အန္တိခရစ်တွေရဲ့ အပြုအမူကို ကြည့်ပြီး ကျွန်တော်က တကယ်ကို အန္တရာယ်ရှိနေတာကို သဘောပေါက်သွားတယ်။ ကျွန်တော်က ဗီဒီယိုတွေလုပ်နေတာ ကြာပြီ။ အတွေ့အကြုံတချို့နဲ့ အောင်မြင်မှုတချို့ရှိခဲ့တယ်။ ညီအစ်ကိုမောင်နှမတွေနဲ့ ကြီးကြပ်သူတွေရဲ့ လေးစားမှုကို ကျွန်တော် ရခဲ့တယ်။ ဒါကြောင့် ကျွန်တော်က သူများတွေထက် သာတယ်လို့ ခံစားမိတယ်။ အထင်ကြီးပြီး ပံ့ပိုးပေးခံရတဲ့ ခံစားချက်ကို နှစ်သက်ခဲ့တယ်။ ကြီးကြပ်သူတွေက ကျွန်တော်တို့အလုပ်မှာ ပြဿနာတွေကို ထောက်ပြတဲ့အခါ၊ သင့်တော်တဲ့ အဆိုပြုချက်ကို လုပ်တဲ့အခါ ကျွန်တော်က ဘေးကျပ်နံကျပ် ဖြစ်မိတယ်။ သူများတွေရဲ့ လေးစားမှုကို ကျွန်တော် ဆုံးရှုံးပြီး အဖွဲ့ထဲမှာ ကျွန်တော်ရှိနေတယ်ဆိုတဲ့ ခံစားချက်ဆုံးရှုံးရမှာကြောက်လို့ ကျွန်တော့်ရဲ့ ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို ကာကွယ်ဖို့အတွက် ညီအစ်ကိုမောင်နှမတွေကို နှိမ်တယ်။ သူတို့ရဲ့ အကြံပြုချက်တွေနဲ့ အဆိုပြုချက်တွေကို ငြင်းပယ်တယ်။ ပြီးတော့ ကြွားဝါဖို့အတွက် ကျွန်တော့်ရဲ့ ကိုယ်ပိုင် “ထူးခြားပြောင်မြောက်တဲ့ စိတ်ကူး”တွေကို တင်ပြတယ်။ ညီအစ်ကိုမောင်နှမတွေရဲ့ ခံစားချက်တွေ လူတွေကို ဘယ်လိုပျိုးထောင်ရမယ်၊ အသင်းတော်အလုပ်ကို ဘယ်လိုအကျိုးဖြစ်စေရမယ်ဆိုတာတွေကို ထည့်မစဉ်းစားခဲ့ဘူး။ အရေးကြီးတာက ကျွန်တော့်ပင်ကိုစွမ်းရည်ကို ကြွားဝါနိုင်ဖို့ပဲ။ ကျွန်တော်က လမ်းမှားလျှောက်နေတယ်ဆိုတာ အစ်မရှန်က မြင်တယ်။ ဒါကြောင့် ကျွန်တော့်ကိုသတိပေးကူညီဖို့ ကျွန်တော့်ပြဿနာကို ထောက်ပြတယ်။ ဒါပေမဲ့ ကျွန်တော်က ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်ကြည့်ဖို့ ငြင်းဆန်ရုံမကဘဲ ကျွန်တော့်ဂုဏ်သတင်းနဲ့ အဆင့်အတန်းက အရမ်းထိခိုက်သွားတယ်လို့ ခံစားမိပြီး အဲဒီအစ်မအပေါ်ကို ရန်လိုတာ၊ မုန်းတီးတာတွေတောင် ဖြစ်လာတယ်။ ကျွန်တော့်ရဲ့ ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို ထိန်းသိမ်းဖို့အတွက် အစ်မရှန်ရဲ့ ပြဿနာတွေကို အသုံးချပြီး သူ့နောက်ကွယ်မှာ သူ့ကို ဝေဖန်အပြစ်တင်တယ်။ အစ်ကိုဝမ်ကိုလည်း ကျွန်တော် လှည့်စားပြီး ဆွဲဆောင်တယ်။ အစ်မရှန်ကို သူ အမြင်စောင်းလာအောင်ပေါ့။ အစ်မရှန်ကို ကူညီတယ်ဆိုတဲ့ခေါင်းစဉ်နဲ့ သူ့ကိုတောင် ဝေဖန်ပြီး တိုက်ခိုက်ခဲ့တယ်။ ကျွန်တော့်ရဲ့ ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို ထိန်းသိမ်းဖို့ ဘာကိုမဆို ကျွန်တော် လုပ်နိုင်တယ်ဆိုတာ မြင်ခဲ့တယ်။ ကျွန်တော်က အရမ်းစက်ဆုပ်စရာဖြစ်ပြီး ကြမ်းတမ်းခဲ့ပါတယ်။ ဒါက အန္တိခရစ်လမ်းကြောင်းပဲ။ ဒီလိုဆက်ဖြစ်နေရင် ကျွန်တော်က ညီအစ်ကိုမောင်နှမတွေရဲ့ လေးစားမှုကို ယာယီပဲ ရနေရင်တောင် ကျွန်တော့်အတွက် ဘာကောင်းကျိုးရှိမှာလဲ။ အဆုံးကျရင် ဘုရားရှေ့မှာ ကျွန်တော် မကောင်းမှုတွေအများကြီးလုပ်မိမှာပဲ။ သမ္မာတရားကိုရပြီး ကယ်တင်ခံရဖို့ အခွင့်အရေးကို လုံးဝ ဆုံးရှုံးမှာပဲ။ အဆုံးကျရင် ဘုရားက ရှုတ်ချပြီး အပြစ်ဒဏ်ပေးခြင်းကိုပဲ ခံရနိုင်တယ်။ ကျွန်တော်က ပေါလုလိုပဲ။ သူက အမြဲတမ်း အထင်ကြီးလေးစားခံရဖို့ အားထုတ်တယ်။ သူက အမြဲတမ်းပဲ ကြွားဝါဖို့အတွက် ဘဝင်မြင့်ပြီး အနှစ်မရှိတဲ့စကားတွေ၊ အယူဝါဒတွေပြောတယ်။ သူ့စာတွေထဲမှာ ပေတရုကို နှိမ်ချပြီးသူ့ကိုယ်သူ ချီးမြှောက်တယ်။ လူတိုင်းကို သူ့ရှေ့ကို ခေါ်ဆောင်တယ်။ သူက ခရစ်တော်ကဲ့သို့အသက်ရှင်တယ်လို့ ပြောတဲ့အထိကို အရှက်ကင်းမဲ့တယ်။ ဒါကြောင့် လူတွေက သူ့ကို ဘုရားအဖြစ် ဆက်ဆံတယ်။ အဆုံးမှာ သူက ဘုရားရဲ့ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားခဲ့ပြီး ဘုရားရဲ့ ကျိန်ဆဲခြင်း၊ အပြစ်ဒဏ်ပေးခြင်းကို ခံရတယ်။ ကျွန်တော်က ပေါလုရဲ့ လမ်းမှားကို လျှောက်နေတာပဲမဟုတ်ဘူးလား။ ဒါကို ကျွန်တော် သဘောပေါက်တော့ မကြောက်ဘဲ မနေနိုင်ဘူး။ ကျွန်တော့်ရဲ့ ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို ကာကွယ်ဖို့အတွက် ဘယ်လိုမကောင်းမှုလုပ်ခဲ့တယ်ဆိုတာ ပြန်စဉ်းစားကြည့်တယ်။ အစ်မရှန်ကို ဝေဖန်ပြီး တိုက်ခိုက်ဖို့ အုပ်စုတစ်ခု ကျွန်တော် ဖွဲ့ပြီးတဲ့နောက်မှာ ကျွန်တော် ချက်ချင်းပဲ မှောင်မိုက်ပြီး စိတ်မအေးနိုင်သလို ခံစားရတယ်။ ဘေးဒုက္ခဖြစ်တော့မလို ခံစားချက်က အမြဲတမ်းဖြစ်နေတယ်။ ကျွန်တော်လုပ်ခဲ့တာက ဘုရားရဲ့ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားခြင်းတစ်ခုမဟုတ်ဘူးလား။ ကျွန်တော်က နောင်တရဖို့ ငြင်းနေသေးရင် ဘုရားက ကျွန်တော့်ကို သေချာပေါက် ငြင်းပယ်ပြီး စွန့်ပစ်မှာပဲ။ ဒီအချိန်မှာ ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို ကျွန်တော် လိုက်စားတာက ဘယ်လောက်ထိခိုက်နစ်နာစေတယ်ဆိုတာ သဘောပေါက်သွားတယ်။

အဲဒီနောက်တော့ ဘုရားနှုတ်ကပတ်တော်ထဲမှာ ကျွန်တော် ဖတ်ရတယ်။ “တစ်စုံတစ်ဦးက ၎င်းသည် သမ္မာတရားကို ချစ်ကြောင်းနှင့် ၎င်းသည် သမ္မာတရားကို လိုက်စားကြောင်း ပြောသော်လည်း၊ အနှစ်သာရအားဖြင့် ၎င်းတို့လိုက်စားသည့် ပန်းတိုင်သည် ဂုဏ်အဆင့်အတန်း ရဖို့၊ မိမိကိုယ်ကို ထင်ပေါ်ဂုဏ်တက်စေဖို့၊ ကြွားဝါဖို့၊ လူများက ၎င်းကို အထင်ကြီးစေဖို့၊ မိမိ၏တစ်ကိုယ်ရေ အကျိုးစီးပွားကို ရရှိဖို့ဖြစ်ပြီး ၎င်း၏တာဝန်ကို ထမ်းဆောင်ခြင်းသည် ဘုရားသခင်ကို နာခံဖို့ဖြစ်စေ၊ စိတ်ကျေနပ်စေဖို့ဖြစ်စေ မဟုတ်ဘဲ၊ ထိုအစား ဂုဏ်သိက္ခာနှင့် ဂုဏ်အဆင့်အတန်းကို ရရှိဖို့ ဖြစ်ပါက ၎င်း၏လိုက်စားမှုသည် လျော်ကန်ခြင်းမရှိပေ။ ထိုသို့ဖြစ်၍ အသင်းတော်၏အလုပ်နှင့်ပတ်သက်ပါက ၎င်းတို့ ၏ လုပ်ရပ်များသည် အဟန့်အတားတစ်ခုဖြစ်သလော၊ သို့မဟုတ် ၎င်းတို့သည် ရှေ့ဆက်တိုးတက်ဖို့ ကူညီပေးသလော။ ၎င်းတို့သည် အဟန့်အတားဖြစ်သည်မှာ သိသာထင်ရှားပေသည်။ ၎င်းတို့သည် ရှေ့ဆက်တိုးတက်အောင် မလုပ်ပေ။ အသင်းတော်၏ အလုပ်ကို လုပ်ဆောင်သည့် အောင်လံတံခွန် လွှင့်သော်လည်း မိမိတို့၏ကိုယ်ပိုင် သိက္ခာနှင့် ဂုဏ်အဆင့်အတန်းကို လိုက်စားကာ၊ မိမိတို့၏ကိုယ်ပိုင် လုပ်ငန်းကို လုပ်ဆောင်ပြီး၊ မိမိတို့၏ကိုယ်ပိုင် အုပ်စုလေး၊ မိမိတို့၏ကိုယ်ပိုင် နိုင်ငံလေးကို ဖန်တီးသူအားလုံး— ဤလူအမျိုးအစားသည် မိမိ၏တာဝန်ကို ထမ်းဆောင်နေခြင်းလော။ ၎င်းတို့ လုပ်သမျှ အလုပ်အားလုံးသည် အသင်းတော်၏အလုပ်ကို အထူးသဖြင့် အဆက်ပြတ်စေကာ၊ နှောင့်ယှက်ပြီး၊ ထိခိုက်စေသည်။ အဆင့်အတန်းနှင့် သိက္ခာတို့ကို ၎င်းတို့ လိုက်စားခြင်း၏ အကျိုးဆက်မှာ အဘယ်နည်း။ ပထမဦးစွာ ဤသည်မှာ ဘုရားသခင် ရွေးချယ်ထားသောသူများက ဘုရားသခင်၏ နှုတ်ကပတ်တော်ကို စားသောက်ပုံနှင့် သမ္မာတရားကို နားလည်ပုံကို ထိခိုက်သည်။ ၎င်းတို့၏ အသက်ဝင်ရောက်မှုကို တားဆီးသည်။ ယင်းက ၎င်းတို့အား ဘုရားသခင်ကို ယုံကြည်ခြင်း၌ မှန်ကန်သော လမ်းကြောင်းသို့ ဝင်ရောက်ခြင်းမှ တားဆီးပြီး လမ်းမှားသို့ ဆိုက်ရောက်စေသည်— ယင်းသည် ရွေးချယ်ခံရသူများကို ဘေးဖြစ်စေပြီး ၎င်းတို့အား ပျက်စီးစေသည်။ ပြီးလျှင် ယင်းက အဆုံးတွင် အသင်းတော်၏ အလုပ်ကို အဘယ်အရာ ဖြစ်စေသနည်း။ ဖြိုဖျက်ခြင်း၊ နှောင့်ယှက်ခြင်းနှင့် အဟန့်အတားတို့ ဖြစ်စေသည်။ ဤသည်မှာ လူတို့၏ ကျော်ကြားမှုနှင့် ဂုဏ်အဆင့်အတန်းနောက်သို့ လိုက်ခြင်းမှ ဖြစ်ပေါ်လာသော အကျိုးဆက်ဖြစ်သည်။ ၎င်းတို့သည် တာဝန်ကို ဤနည်းလမ်းဖြင့် ထမ်းဆောင်သည့်အခါ၊ ဤအရာကို အန္တိခရစ်တစ်ဦး၏ လမ်းကြောင်းကို လျှောက်ခြင်းအဖြစ် မသတ်မှတ်နိုင်သလော။ လူများ မိမိတို့၏ဂုဏ်အဆင့်အတန်းနှင့် ဩဇာတိက္ကမတို့ကို ဘေးဖယ်ထားဖို့ ဘုရားသခင်က တောင်းဆိုသည့်အခါ၊ သူသည် လူများ၏လွတ်လပ်စွာ ရွေးချယ်ခွင့်ကို ပိတ်ပင်နေခြင်း မဟုတ်ချေ။ ယင်းထက် ဂုဏ်အဆင့်အတန်းနှင့် ဩဇာတိက္ကမတို့ကို လိုက်စားစဉ်တွင် အသင်းတော်၏ အလုပ်ကို ထိခိုက်နစ်နာစေကြသောကြောင့် ဖြစ်သည်၊ ညီအစ်ကိုမောင်နှမများ၏ အသက်ဝင်ရောက်မှုကို အနှောင့်အယှက် ပေးကြပြီးလျှင် အခြားလူများက ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပုံမှန် စားသောက်ခြင်းနှင့် သမ္မာတရားကို နားလည်ခြင်းအပေါ် ဩဇာလွှမ်းမိုးမှုတစ်ခုပင် ရှိကာ၊ ထိုသို့ဖြင့် ဘုရားသခင်၏ကယ်တင်ခြင်းကို ရရှိခြင်းအပေါ် ဩဇာလွှမ်းမိုးမှု ရှိလေသည်။ ပို၍ပင် စိုးရိမ်ရသောအရာမှာ လူတို့က မိမိတို့၏ကိုယ်ပိုင် ဩဇာတိက္ကမနှင့် ဂုဏ်အဆင့်အတန်းတို့နောက် လိုက်သောအခါ ထိုသို့သော အပြုအမူနှင့် လုပ်ရပ်များကို ဘုရားသခင့်အမှုတော်၏ ပုံမှန်တိုးတက်မှုအား အဆုံးစွန် အတိုင်းအတာအထိ ထိခိုက်နစ်နာစေပြီး တားဆီးပိတ်ပင်ရာနှင့် သူရွေးချယ်ထားသော လူတို့အလယ်တွင် ဘုရားသခင်၏ အလိုတော်အား ပုံမှန်လုပ်ဆောင်ခြင်းမှ ဟန့်တားရာ၌ စာတန်နှင့်အတူ ပူးပေါင်းနေခြင်းအဖြစ် လက္ခဏာဖော်ပြနိုင်ပေသည်။ ၎င်းတို့သည် ဘုရားသခင်ကို တမင်တကာ ဆန့်ကျင်ပြီး သဘောထားကွဲလွဲကြောင်း ထုတ်ဖော်ပြောဆိုနေခြင်း ဖြစ်သည်။ ဤသည်မှာ ဂုဏ်အဆင့်အတန်းနှင့် ဩဇာတိက္ကမတို့နောက် လိုက်သည့် လူများ၏ သဘာဝ ဖြစ်လေသည်။ တစ်နည်းအားဖြင့်ဆိုသော်၊ လူများက မိမိတို့၏ကိုယ်ပိုင် အကျိုးစီးပွားများကို လိုက်စားခြင်းနှင့် ပတ်သက်သည့် ပြဿနာမှာ ၎င်းတို့ လိုက်စားသည့် ပန်းတိုင်များသည် စာတန်၏ပန်းတိုင်များ ဖြစ်နေခြင်းပင် ဖြစ်သည်— ယင်းတို့သည် ယုတ်မာပြီး မတရားသည့်ပန်းတိုင်များ ဖြစ်သည်။ လူများသည် ဂုဏ်သိက္ခာနှင့် ဂုဏ်အဆင့်အတန်းကဲ့သို့သော တစ်ကိုယ်ရေ အကျိုးစီးပွားများကို လိုက်စားသည့်အခါ၊ ၎င်းတို့သည် စာတန်၏တန်ဆာပလာတစ်ခု အမှတ်တမဲ့ ဖြစ်လာသည်၊ ၎င်းတို့သည် စာတန်အတွက် လမ်းကြောင်းတစ်ခု ဖြစ်လာသည်၊ ထို့အပြင် ၎င်းတို့သည် စာတန်၏ပြယုဂ်ဖြစ်လာသည်။ ၎င်းတို့သည် အသင်းတော်တွင် အပျက်သဘောဆောင်သော ကဏ္ဍကို ပါဝင်လုပ်ဆောင်ကြသည်။ အသင်းတော်၏ အလုပ်၊ အသင်းတော် ပုံမှန်အသက်တာနှင့် ဘုရားသခင် ရွေးချယ်ထားသောလူများ၏ ပုံမှန်လိုက်စားမှုတို့အပေါ် ၎င်းတို့ဖြစ်စေသည့် အကျိုးသက်ရောက်မှုသည် နှောင့်ယှက်ဖို့နှင့် ထိခိုက်စေဖို့ ဖြစ်သည်။ ၎င်းတို့၌ အပျက်သဘောဆောင်သည့် အကျိုးသက်ရောက်မှု ရှိပေသည်။(အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “၎င်းတို့သည် မိမိတို့ကိုယ်တိုင် ထင်ရှားကျော်ကြားမှု ရစေဖို့နှင့် ၎င်းတို့ကိုယ်တိုင်၏ အကျိုးစီးပွားများနှင့် ရည်မှန်းချက်များကို ပြည့်ဝစေဖို့သာ ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင့်အိမ်တော်၏အကျိုးစီးပွားများကို မည်သည့်အခါမျှ အရေးမထားသကဲ့သို့၊ ပုဂ္ဂိုလ်ရေးရာ ထင်ပေါ်ကျော်ကြားမှုအတွက် အပြန်အလှန်အားဖြင့် ထိုအကျိုးစီးပွားများကိုပင် ပစ်ပယ်သည် (အပိုင်း ၁)”) ဂုဏ်သတင်း၊ အဆင့်အတန်းနဲ့ လေးစားခံရခြင်းနောက်ကိုလိုက်တာက ကောက်ကျစ်ဆိုးယုတ်မှုလမ်းကြောင်းကို လျှောက်နေတာပဲဆိုတာ ဘုရားနှုတ်ကပတ်တော်ကနေ ကျွန်တော် ရှင်းရှင်းလင်းလင်း မြင်ခဲ့ပါတယ်။ ကြီးကြပ်သူတွေက စလုပ်တဲ့အချိန်မှာ အဖွဲ့တချို့ရဲ့ အလုပ်ကို နောက်ဆက်တွဲလိုက်လုပ်ရတယ်။ တာဝန်အမျိုးမျိုးရဲ့ စည်းမျဉ်းတွေနဲ့ ကျွမ်းကျင်မှုတွေကို သင်ယူကျွမ်းကျင်ဖို့ လိုအပ်ခဲ့တယ်။ ဒီအခက်အခဲတွေကို ရင်ဆိုင်ရပြီး သူတို့ဟာ တက်တက်ကြွကြွနဲ့ လေ့လာနိုင်တယ်။ ပြဿနာတွေကို ရှာတွေ့နိုင်ပြီး အကြံတွေပေးနိုင်တယ်။ ဒါက ကောင်းတဲ့အရာဖြစ်ပြီး အသင်းတော်အလုပ်အတွက် အကျိုးဖြစ်တယ်။ ကိုယ့်ရဲ့ ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို ကာကွယ်ဖို့ သမ္မာတရားကို အတူရှာနိုင်ပြီး ကိုယ့်တာဝန်တွေကို ကောင်းကောင်းလုပ်နိုင်ဖို့အတွက် သူတို့ကို ပံ့ပိုးပေးပြီး သူတို့အလုပ်နဲ့ ပူးပေါင်းဆောင်ရွက်တာ မလုပ်ရုံမကဘဲ သူတို့ အကြံပြုချက်တွေကို တမင်ငြင်းပြီး သေးသိမ်စေခဲ့တယ်။ သူတို့တွေ အပျက်သဘောဆောင်ပြီး နောက်ဆုတ်သွားပြီးတော့ ကျွန်တော့်ကို အကြံမပေးရဲတော့တဲ့အထိ၊ သူတို့တွေက ကြီးကြပ်သူတွေအဖြစ် အစေမခံနိုင်ဘူးလို့တောင် ခံစားရတဲ့အထိ သူတို့ကို တိုက်ခိုက်ခဲ့တယ်။ ပြီးတော့လည်း အစ်ကိုဝမ်က တာဝန်စလုပ်ခါစပဲရှိသေးတယ်။ ဒီတော့ သူက ကူညီပံ့ပိုးမှု ပိုလိုအပ်တယ်။ ဒါပေမဲ့ ကြွားဝါဖို့ နည်းလမ်းအနေနဲ့ ကျွန်တော်က သူ့အဆိုပြုချက်အတွက် တိုးတက်မှုတွေလုပ်ပေးပြီး မကူညီခဲ့ဘူး။ အဲဒီအစား သူ့အစီအစဉ်ကို အဖိုးမတန်တဲ့ပုံစံနဲ့ ငြင်းပယ်ခဲ့တယ်။ ဒါကြောင့် သူဟာ စိတ်ကျဉ်းကျပ်၊ အပျက်သဘောဆောင်ပြီး ဘာလုပ်ရမှန်းမသိခဲ့ဘူး။ ကျွန်တော်လုပ်သမျှက ဖျက်လိုဖျက်ဆီးဖြစ်ပြီး ပျက်စီးစေတတ်တာကို ကျွန်တော် မြင်ခဲ့တယ်။ သူများတွေကို အပျက်သဘောဆောင်ပြီး ဘုရားအိမ်တော်ရဲ့အလုပ်နဲ့ ပူးပေါင်းဆောင်ရွက်လိုစိတ်မရှိတော့တဲ့အထိ တိုက်ခိုက်ခဲ့တယ်။ ဒါကြောင့် အသင်းတော်က ရှေ့ဆက်ဖို့ မဖြစ်နိုင်တော့ဘူး။ ဒါက အတိအကျကို စာတန်အလိုရှိတဲ့အရာမဟုတ်ဘူးလား။ အဲဒီအခါကျမှ ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို ကျွန်တော် လိုက်စားတာက ဘုရားအိမ်တော်ရဲ့ အကျိုးစီးပွားတွေကို ထိခိုက်ခြင်းကို အခြေခံတာပဲဆိုတာ မြင်ခဲ့ပါတယ်။

အဲဒီအချိန်အတွင်းမှာ ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို ကျွန်တော်လိုက်စားခြင်းက အသင်းတော်အလုပ်ကို ထိခိုက်ပြီး ညီအစ်ကိုမောင်နှမတွေကို နစ်နာစေတာကလွဲပြီး တခြားဘာမှမဖြစ်တာကို ဝိညာဉ်ရေးရာ ဆင်ခြင်ခြင်းကနေတစ်ဆင့် ကျွန်တော် မြင်ခဲ့ပါတယ်။ ဒီအပေါ်မှာ ကျွန်တော် အရမ်းအပျက်သဘောဆောင်ခဲ့တယ်။ “ငါက အန္တိခရစ်စိတ်သဘောထားကို ဖော်ပြတယ်။ ဒီတော့ ဒါကြောင့် ငါက အန္တိခရစ် အစစ်အမှန်ဖြစ်မသွားဘူးလား။ ငါက အရမ်းဖောက်ပြန်ပျက်စီးတော့ သေချာပေါက် ကယ်တင်ခြင်းမခံရနိုင်ဘူး။ ဘုရားသခင်အပေါ် ငါ့ရဲ့ ယုံကြည်ခြင်းလမ်းကြောင်းက အဆုံးကိုရောက်သွားပြီလား” ပေါ့။ နာကျင်နေရင်းနဲ့ ဘုရားကို ကျွန်တော် ဆုတောင်းတယ်။ “ဘုရားသခင် လူတွေ ကျွန်တော့်ကို အထင်ကြီးလေးစားအောင်လုပ်ဖို့ မကောင်းတာတွေကို ကျွန်တော် လုပ်ခဲ့ပြီး ဘုရားအိမ်တော်ရဲ့အလုပ်ကို နှောင့်ယှက်ခဲ့ပါတယ်။ ကျွန်တော်က လမ်းမှားလျှောက်နေတယ်ဆိုတာ မြင်ပါတယ်။ အရမ်းအပျက်သဘောဆောင်နေပါတယ်။ ကယ်တင်ခြင်းမခံရနိုင်ဘူးလို့ ခံစားရပါတယ်။ ဘုရားသခင် ကျွန်တော့်ရဲ့ အပျက်သဘောဆောင်တဲ့ အခြေအနေကနေ လွတ်မြောက်နိုင်အောင် ကျွန်တော့်ကို ဦးဆောင်လမ်းပြတော်မူပါ” ဆိုပြီးတော့။ ဆုတောင်းပြီးတဲ့နောက်မှာ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်တော် ဖတ်တယ်။ ဘုရားသခင်က ပြောသည်- “သင်သည် အန္တိခရစ်များကို ရှင်းလင်းစွာ သတိထားမိပြီး ခွဲခြားဖော်ထုတ်နိုင်ရမည်။ ၎င်းတို့၏ အမျိုးမျိုးသော သရုပ်သကန်များကို ခွဲခြားသိမြင်နိုင်ရမည်။ ဤအရာများကို ခွဲခြားသိမြင်သည့်တစ်ချိန်တည်းတွင် သင်၏ သဘာဝနှင့် အနှစ်သာရ၏ နယ်ပယ်မည်မျှသည် အန္တိခရစ်တို့၏ သဘာဝ၊ အနှစ်သာရ နယ်ပယ်များနှင့်တူညီသည်ကိုလည်း ရှင်းလင်းစွာသိရမည်။ အဘယ်ကြောင့်ဆိုသော် သင်တို့နှစ်ဦးလုံးသည် စာတန်က ဖျက်ဆီးခြင်းခံရပြီးသည့် လူအမျိုးအစားများဖြစ်သည်။ သို့သော် အန္တိခရစ်များကမူ စာတန်၏ အဝတ်အစားအဖြစ် ဝတ်ဆင်ခြင်းခံရပြီး စာတန်အတွက် ထွက်ပေါက်တစ်ခုဖြစ်လာပြီးဖြစ်သည်။ သင်သည် စာတန်က ဖျက်ဆီးခြင်းခံရပြီးဖြစ်သည့် ထိုလူအမျိုးအစားဖြစ်ပြီး ကယ်တင်ခြင်းအတွက် မျှော်လင့်ချက်ရှိသေးသည်။...ထို့ကြောင့် ဤအချက်အလက်များနှင့် ဖော်ပြမှုများကို မည်သည့်စိတ်ထားဖြင့် သင် လက်ခံသင့်သနည်း။ ယင်းတို့ကို သင်ကိုယ်တိုင်အတွက် အသုံးချသင့်သည်။ သင့်တွင် အန္တိခရစ်တစ်ယောက်၏ သဘာဝနှင့် အနှစ်သာရရှိသည်ကို အသိအမှတ်ပြုသင့်သည်။ ထို့နောက်တွင် သင့်တွင် ပေါ်လွင်ပြီး ထုတ်ဖော်ပြသောအရာထဲမှ မည်သည့်အရာက အန္တိခရစ်များတွင် ပေါ်လွင်ပြီး ထုတ်ဖော်ပြသောအရာနှင့် ကွာခြားခြင်းမရှိသည်ကို ဆင်ခြင်သုံးသပ်သင့်သည်။ ပထမဦးစွာ ဤအချက်အလက်များကို အသိအမှတ်ပြုပါ။ ဟန်မဆောင်နှင့်၊ သို့မဟုတ် သင့်ကိုယ်သင် ဖုံးကွယ်ရန် မကြိုးစားနှင့်။ သင်လျှောက်သည့်လမ်းကြောင်းသည် အန္တိခရစ်တို့၏လမ်းကြောင်းဖြစ်သည်။ သင်သည် အန္တိခရစ်တစ်ယောက်ဖြစ်သည်ဟု ပြောလျှင် မှားမည်မဟုတ်ပေ။ ဘုရားအိမ်တော်က သင့်ကို ဤသို့အမည်မပေးရသေးခြင်းသာဖြစ်ပြီး သင့်ကို နောင်တရရန် အခွင့်အလမ်း ပေးနေသေးသည်။ သင် နားလည်သလော။ ရှေးဦးစွာ လက်ခံပြီး အသိအမှတ်ပြုပါ။ ထို့နောက်တွင် ဘုရားရှေ့သို့လာပြီး ပဲ့ပြင်ဆုံးမခြင်း၊ ချည်နှောင်ခြင်းခံယူပါ။ ဘုရားသခင်၏ မျက်မှောက်တော်နှင့် သူ၏ ကွယ်ကာမှုအလင်းကို မစွန့်ခွာနှင့်။ ဤနည်းအားဖြင့် သင်သည် ပြုမူဆောင်ရွက်သောအခါ တစ်ဖက်တွင် အသိစိတ်၊ ဆင်ခြင်တုံတရားဖြင့် ချည်နှောင်ခံရမည်ဖြစ်သည့်အပြင် ဘုရားနှုတ်ကပတ်တော်၏ အလင်းပေးခြင်းနှင့်၊ ဦးဆောင်ခြင်းကို ခံရမည်ဖြစ်သည်။ ဤအရာကလည်း သင့်ကို ချည်နှောင်လိမ့်မည်။ အခြားတစ်ဖက်တွင် သန့်ရှင်းသောဝိညာဉ်တော်သည်လည်း သင့်ကို လမ်းပြလိမ့်မည်။ သင့်အား လှုံ့ဆော်ရန်၊ ပဲ့ပြင်ဆုံးမရန် သင့်အနီးရှိ လူများ၊ အကြောင်းအရာများ၊ အရာဝတ္ထုများကို စီစဉ်ပေးလိမ့်မည်။ ဘုရားသခင်က သင့်အား မည်သို့ လှုံ့ဆော်မည်နည်း။ ဘုရားသခင်က နည်းလမ်းများစွာဖြင့် အလုပ်လုပ်သည်။ တစ်ခါတစ်ရံတွင် သင်၏ စိတ်နှလုံးတွင် ရှင်းလင်းသော ခံစားချက်ကို ဘုရားသခင်က သင့်အားပေး၍၊ သင်သည် ကန့်သတ်ချုပ်ချယ်ခြင်းကို လက်ခံရမည်ဖြစ်ပြီး၊ ထိန်းကျောင်းရခက်ခြင်းဖြစ်၍မရကြောင်း၊ အမှားလုပ်သောအခါတွင် ဘုရားသခင်ကို သင်အရှက်ရစေပြီး၊ သူတစ်ပါးတို့ရှေ့တွင် သင့်ကိုယ်သင် အရှက်ရစေကြောင်းတို့ကို သင် ရှင်းလင်းစွာ သိသည်။ ထို့ကြောင့် သင်သည် သင့်ကိုယ်သင် ထိန်းသိမ်းသည်။ ဤသည်မှာ သင့်အား မကာကွယ်သလော။ ယင်းသည် ဘုရားသခင်အလုပ်လုပ်သည့် နည်းလမ်းများထဲမှ တစ်ခုဖြစ်သည်။ တစ်ခါတစ်ရံတွင် ဘုရားသခင်သည် အတွင်းထဲမှ သင့်ကို အပြစ်ဖော်ဆုံးမလိမ့်မည်။ သူသည် သင့်ကို ရှင်းလင်းသောစကားလုံးများဖြင့် ပံ့ပိုးလိမ့်မည်။ ဤသို့လုပ်ဆောင်ခြင်းသည် ဘုရားသခင်အတွက် ရှက်ဖွယ်၊ စက်ဆုပ်ဖွယ်ဖြစ်ကြောင်းနှင့်၊ ကျိန်ဆဲခြင်းနှင့် ပျက်စီးခြင်းတို့ကျရောက်လိမ့်မည်ဖြစ်ကြောင်း သင့်ကိုပြောလိမ့်မည်။ သင့်ကို အပြစ်ဖော်ဆုံးမသည့် ရှင်းလင်းသော စကားလုံးများရှိလိမ့်မည်။ ယင်းက သင်နှင့်သက်ဆိုင်သည်ကို သင်သိလိမ့်မည်။ ဤနည်းဖြင့် သင့်အား အပြစ်ဖော်ဆုံးမခြင်း၏ ရည်ရွယ်ချက်သည် အဘယ်နည်း။ သင်၏ အသိတရားတွင် ခံစားချက်တစ်ခုပေးရန်ဖြစ်သည်။ သင့်တွင် ဤခံစားချက်ရှိသောအခါ သင်သည် သက်ရောက်မှု၊ အကျိုးဆက်များနှင့် သင်၏ ကိုယ်ပိုင်ရှက်ရွံ့မှုကို သတိထားမိလိမ့်မည်။ သင်၏ လုပ်ရပ်များ၊ အပြုအမူများကို ချုပ်တည်းလိမ့်မည်။ ဤနည်းအားဖြင့် များစွာ တွေ့ကြုံပြီးနောက်တွင် ဤဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် လူတို့အတွင်းထဲတွင် အမြစ်တွယ်နေနိုင်သော်လည်း လူတို့က သမ္မာတရားကို လက်ခံနိုင်ပြီး ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို အရှိအတိုင်း ရှင်းရှင်းလင်းလင်း မြင်နိုင်သောအခါ ၎င်းတို့သည် ထိုအချိန်တွင် ဇာတိပကတိကို အသရှိစွာဖြင့် စွန့်ပစ်နိုင်သည်ကို သင်တွေ့ရှိလိမ့်မည်။ လူတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်သောအခါ ၎င်းတို့၏ ဆိုးယုတ်သော စိတ်သဘောထားများက သန့်စင်နိုင်ပြီး ပြောင်းလဲနိုင်သည်။ လူသား၏ ဆိုးယုတ်သော စိတ်သဘောထားသည် ဖျက်ဆီး၍ မရနိုင်ခြင်း၊ သို့မဟုတ် ပြောင်းလဲ၍ မရနိုင်ခြင်းမဟုတ်ပေ။ သင်သည် သမ္မာတရားကို လက်ခံပြီး လက်တွေ့လုပ်ဆောင်နိုင်လျှင် သင်၏ ဆိုးယုတ်သော စိတ်သဘောထားသည် အလိုအလျောက် ကျိုးပျက်ပြီး အသစ်လဲသွားလိမ့်မည်။(အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “၎င်းတို့သည် ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံကြသည်”) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်တော့်ကို အရမ်းနှစ်သိမ့်ပေးပြီး တော်တော်တို့ထိခြင်းခံရတယ်။ ကျွန်တော်က အရမ်း ဖောက်ပြန်ပျက်စီးတယ်ဆိုတော့ ဘုရားက ကျွန်တော့်ကို သေချာပေါက် မုန်းပြီး ကယ်တင်မှာမဟုတ်ဘူးလို့ ထင်ခဲ့တာ။ ဒါပေမဲ့ ဘုရားနှုတ်ကပတ်တော်ကနေ ဘုရားရဲ့ နားလည်မှုနဲ့ သက်ညှာမှုကို ခံစားရတယ်။ အန္တိခရစ်ရဲ့ အနှစ်သာရ တကယ်ရှိတဲ့သူတွေက ဘယ်တော့မှ စစ်မှန်တဲ့ နောင်တမဖြစ်ဘူးဆိုတာကိုလည်း ကျွန်တော် နားလည်ခဲ့တယ်။ ကိုယ်က အန္တိခရစ်ရဲ့လမ်းကြောင်းကို လျှောက်နေတယ်လို့ သဘောပေါက်ပြီး တကယ် နောင်တရနိုင်ရင် ကယ်တင်ခြင်းခံရနိုင်ပါတယ်။ လူတစ်ယောက်က ကယ်တင်ခံရနိုင်သလားဆိုတာ သူလျှောက်တဲ့လမ်းကြောင်းပေါ်မူတည်တယ်ဆိုတာကိုလည်း ကျွန်တော် သိခဲ့ရတယ်။ ဘုရားနှုတ်ကပတ်တော်က လက်တွေ့လုပ်ဆောင်မှုလမ်းကြောင်းကို ကျွန်တော့်ကို ထောက်ပြခဲ့တယ်။ ကျွန်တော်တို့ရဲ့ ဖောက်ပြန်ပျက်စီးမှုကို ဝန်ခံသရွေ့ ကိုယ့်ကိုယ်ကိုယ် ဟန်ဆောင်ပြီး အယောင်မဆောင်သရွေ့ ကိုယ့်ကိုယ်ကိုယ် ဖော်ထုတ်ဖို့ ညီအစ်ကိုမောင်နှမတွေကို အသိရှိရှိနဲ့ ဖွင့်ဟသရွေ့ ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို လိုက်စားချင်တဲ့အခါမှာ ဘုရားကို အမှီပြုပြီး ကိုယ့်ကိုယ်ကိုယ် စွန့်ပစ်သရွေ့ ဘုရားက ကျွန်တော်တို့ကို လမ်းပြပြီး ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို စွန့်ပစ်ဖို့ ကူညီပေးမှာပါ။ ဘုရားနှုတ်ကပတ်တော်မှာ ကျွန်တော့်ရဲ့ စိတ်သဘောထား ပြောင်းလဲဖို့ မျှော်လင့်ချက်ကို မြင်ခဲ့ပါတယ်။ ကျွန်တော် ပြောင်းလဲနိုင်သေးတယ်။ ဘုရားသခင်အပေါ် ကျွန်တော် ယုံကြည်ခြင်းထပ်ရှိလာတယ်လို့ ခံစားရတယ်။ ဘုရားရဲ့ ချစ်ခြင်းကိုလည်း ကျွန်တော် လက်တွေ့ခံစားရတယ်။ ကျွန်တော့်ရဲ့ ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို ထိန်းသိမ်းဖို့ မကောင်းမှုလုပ်တဲ့အခါမှာ ဘုရားသခင်က ကျွန်တော့်ကို ပြုပြင်ပြီး ကိုင်တွယ်ဖြေရှင်းဖို့ ညီအစ်ကိုမောင်နှမတွေကို စီစဉ်ပေးတယ်။ ကိုယ့်ကိုယ်ကိုယ် သိတဲ့နေရာမှာ ကျွန်တော့်ကို ဦးဆောင်လမ်းပြဖို့ သူ့ရဲ့နှုတ်ကပတ်တော်တွေကို အသုံးပြုခဲ့တယ်။ ကျွန်တော် နောင်တရနိုင်ဖို့အတွက် ကျွန်တော့်ရဲ့ မကောင်းမှုတွေနဲ့ ကျွန်တော် လျှောက်တဲ့လမ်းမှားကို ရှင်းရှင်းလင်းလင်း ပြခဲ့တယ်။ ဒါတွေအားလုံးက ဘုရားရဲ့ ချစ်ခြင်းနဲ့ ကယ်တင်ခြင်းပါပဲ။ ဘုရားသခင်က တင်းကျပ်တဲ့ ဖခင်လို၊ ချစ်ခင်တဲ့မိခင်လို ကျွန်တော့်ကို မျက်နှာချင်းဆိုင် သင်ပေးနေသလို ခံစားမိတယ်။ ဘုရားရဲ့ ကယ်တင်ခြင်းက တကယ်ကို စစ်မှန်တယ်။ ဘုရားအလိုတော်ကို ကျွန်တော် နားလည်တာနဲ့ ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို ကျွန်တော် မလိုက်စားချင်တော့ဘူး။ ကျွန်တော့်ရဲ့ စိတ်သဘောထားပြောင်းလဲခြင်းကိုပဲ လိုက်စားချင်ပြီး ကျွန်တော့်အပေါ် ဘုရားရဲ့ မျှော်လင့်ချက်တွေကို စိတ်မပျက်စေချင်ခဲ့ဘူး။ အဲဒီနောက်မှာ အစ်မရှန်ကို ကျွန်တော် စာတစ်စောင်ရေးခဲ့တယ်။ စာထဲမှာ အဲဒီအချိန်တုန်းက ကျွန်တော့်ရည်ရွယ်ချက်တွေအကြောင်းကို သူ့ကို ဖွင့်ပြောပြီး သူ့ကို တောင်းပန်ခဲ့တယ်။ နောက်တော့ ကျွန်တော်က ဆင်ခြင်ပြီး နည်းနည်းပြောင်းလဲလာတာကို ကြီးကြပ်သူက သတိထားမိတော့ ကျွန်တော့်ကို ဗီဒီယိုတွေ ဆက်လုပ်ခိုင်းတယ်။

ဒီကျရှုံးမှု အတွေ့အကြုံပြီးတဲ့နောက်မှာ ကျွန်တော် လုပ်နေကျလိုမျိုး မလုပ်တော့ဖို့ ကိုယ့်ကိုယ်ကိုယ် သတိပေးတယ်။ ကျွန်တော်က ဂုဏ်သတင်းနဲ့ အဆင့်အတန်းနောက်လိုက်မိမှာ၊ ကြွားဝါပြီးတော့ အနှောင့်အယှက်ဖြစ်စေမယ့် မကောင်းမှုကို လုပ်ဖို့ ကြိုးစားမိမှာကို တော်တော်ကြောက်ခဲ့တယ်။ ဒါပေမဲ့ ကိစ္စတွေ တကယ်ဖြစ်လာတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ဘေးဖယ်ထားဖို့ ခက်ခဲနေတုန်းပဲ။ ကိုယ့်ဘာသာ ရုန်းကန်ပြီးတဲ့နောက်ကျမှ လက်တွေ့လုပ်နိုင်တယ်။ ကျွန်တော် မှတ်မိတယ်။ တစ်ခါတုန်းက အစ်ကိုဝမ်က ဗီဒီယိုတစ်ခုလုပ်တယ်။ သူ့အဆိုပြုချက်က ကျိုးကြောင်းသင့်တယ်လို့ ကျွန်တော်ထင်တယ်။ ဒါပေမဲ့ ပြဿနာတွေ အများကြီးရှိသေးတယ်။ အဲဒီအချိန်မှာ ကျွန်တော် တွေးတယ်။ “ပိုကောင်းတဲ့ အဆိုပြုချက်တစ်ခုကိုသာ ငါထုတ်နိုင်ရင် ပြီးသွားတာနဲ့ ငါက နာမည်ပိုရမှာပဲ။ ငါက ပိုကောင်းတဲ့စိတ်ကူးတွေရှိတယ်ဆိုတာ ကြီးကြပ်သူက သိမှာပဲ” ပေါ့။ အဲဒါနဲ့ အစ်ကိုဝမ်ရဲ့ အဆိုပြုချက်ကို တိုက်ရိုက် ပယ်ချပြီး ဆန်းသစ်တဲ့ စိတ်ကူးအသစ်တစ်ခုကို တင်ပြလိုက်တယ်။ အစ်ကိုဝမ်က ဒါကိုကြားတော့ ဘာလုပ်ရမှန်းမသိဘဲ လမ်းပျောက်သွားတယ်။ သူကိုယ်တိုင်ရဲ့ အဆိုပြုချက်ကို ဆက်မလုပ်ရဲတော့ဘူး။ ဒါပေမဲ့ ကျွန်တော့်အဆိုပြုချက်က အလုပ်ဖြစ်မလားဆိုတာကိုလည်း သူမသေချာဘူး။ ဒီတော့ သူရှိနေတဲ့နေရာမှာပဲ တန့်နေတာပေါ့။ ဒါတွေအားလုံးက ကျွန်တော့်အတွက် အရမ်းအားမလိုအားမရဖြစ်တယ်။ ကျွန်တော် စဉ်းစားတယ်။ “ငါက အဖွဲ့ခေါင်းဆောင်ပဲ။ ဘာလို့ ငါပြောတာ နားမထောင်တာလဲ” ပေါ့။ သူ့အဆိုပြုချက်ကို ပယ်ချတဲ့အတွက် အကြောင်းပြချက်တွေကို ကျွန်တော် သူ့ကို ပိုပြီးတော့တောင် ပေးချင်ခဲ့တယ်။ ဒါပေမဲ့ အဲဒီအချိန်ခဏမှာ ကျွန်တော် တော်တော် စိတ်မအေးနိုင်ဖြစ်လာတယ်။ ကျွန်တော်က အရင်အမှားဟောင်းကိုပဲ လုပ်နေတာမဟုတ်ဘူးလား။ ဒါ အရင်က ကျွန်တော်လုပ်ခဲ့တဲ့အတိုင်း အတိအကျပဲ။ ကိုယ့်ကိုယ်ကိုယ် ကြွားဝါဖို့အတွက် သူများတွေကို အမြဲတမ်း ငြင်းပယ်တယ်။ ဒါက အသင်းတော်အလုပ်ကို အနှောင့်အယှက်ဖြစ်စေတယ်။ ဘုရားက ကျွန်တော့်ကို စောင့်ကြည့်နေသလို ခံစားမိတယ်။ ဘုရားရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားတာ မလုပ်ရဘူးဆိုတာ ကျွန်တော် သိတယ်လေ။ ကျွန်တော် နည်းနည်းကြောက်လာတယ်။ အဲဒါနဲ့ ဘုရားကို အမြန်ဆုတောင်းပြီး ကျွန်တော့်ကို ကျိန်ဆဲဖို့ သူ့ကိုပြောလိုက်တယ်။ ကျွန်တော်က “ဘုရားသခင် ကျွန်တော့် ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားက အရမ်းဆိုးပါတယ်။ သူများတွေကို အမြဲတမ်း အတင်းအဓမ္မငြင်းဆန်ပြီး ကျွန်တော့်ကို သူများတွေ လေးစားအောင်လုပ်ဖို့ ကြွားဝါပါတယ်။ ဘုရားသခင် ကျွန်တော့်ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို ကျိန်ဆဲပြီး သမ္မာတရားကို လိုက်စားခြင်းလမ်းကြောင်းပေါ်ကို လမ်းပြတော်မူပါ” ဆိုပြီး ပြောလိုက်တယ်။ ဆုတောင်းပြီးတဲ့နောက်မှာ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်တော် ဖတ်တယ်။ ဘုရားသခင်က ပြောသည်- “သင်သည် အန္တိခရစ်များ၏ လမ်းကြောင်းကို အဆုံးထိတိုင် အစဉ်တစိုက် လျှောက်လှမ်းပြီး၊ ဤသည်မှာ ပြဿနာတစ်ခုဖြစ်သည်ဟု မထင်သေးလျှင်၊ နောင်တရရန် မလိုလားဘဲ၊ ယခင်နည်းလမ်းအတိုင်း ခေါင်းမာစွာ ဆက်လက် ပြုမူလုပ်ဆောင်ကာ ထင်ပေါ်ကျော်ကြားခြင်းနှင့် အကျိုးအမြတ်အတွက် ခေါင်းဆောင်များ၊ အမှုဆောင်များနှင့် ယှဉ်ပြိုင်လျှင်၊ အခြားလူတိုင်းထက်ပို၍ ထူးခြားရန်၊ အခြားလူတိုင်းနှင့် မတူရန်၊ သင်သည် မည်သူနှင့်ရှိသည်ဖြစ်စေ အခြားလူတိုင်းထက် တော်ရန် ကြိုးစားလျှင် ဤသည်မှာ ပြဿနာဖြစ်သည်။ သင်သည် ဂုဏ်သိက္ခာနှင့် အဆင့်အတန်းကို ခေါင်းမာစွာလိုက်စားပြီး နောင်တရရန် ငြင်းဆန်လျှင် သင်သည် အန္တိခရစ်တစ်ဦးဖြစ်ပြီး အပြစ်ဒဏ်ပေးခံရဖို့ သေချာပေသည်။ ဘုရားနှုတ်ကပတ်တော်များ၊ သမ္မာတရား၊ အသိစိတ်နှင့် ဆင်ခြင်တုံတရား၊ ဤအရာအားလုံးသည် သင့်တွင် မည်သည့်အရာမျှ မလုပ်ဆောင်လျှင် သင်သည် အန္တိခရစ်တစ်ဦးကဲ့သို့ အဆုံးသတ်ရန် သေချာသည်။ သင်သည် ကယ်တင်၍မရနိုင်တော့ပေ။ မလွတ်မြောက်နိုင်တော့ပေ။ လူတို့သည် ကယ်တင်ခံရနိုင်ခြင်းရှိမရှိ၊ ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်သည့် လမ်းကြောင်းပေါ်တွင် လျှောက်နိုင်ခြင်းရှိမရှိသည် ၎င်းတို့က မိမိတို့ကိုယ်ကို သိလာသည်နှင့် စစ်မှန်သည့်နောင်တကို ဖော်ပြခြင်း ရှိမရှိအပေါ်တွင်လည်းကောင်း၊ သမ္မာတရားအပေါ် ၎င်းတို့၏ သဘောထားပေါ်တွင်လည်းကောင်း၊ မည်သည့်လမ်းကြောင်းကို ၎င်းတို့ရွေးချယ်သည်ဆိုသည့် အပေါ်တွင်လည်းကောင်း မူတည်သည်။ သင်သည် အန္တိခရစ်တို့၏လမ်းကြောင်းကို မစွန့်ပစ်ဘဲ သင်၏ ကိုယ်ပိုင်ရည်မှန်းချက်များနှင့် ဆန္ဒများကို ကျေနပ်စေဖို့၊ သမ္မာတရားကို ပွင့်ပွင့်လင်းလင်း အာခံပြီး ဘုရားသခင်ကို ခုခံဖို့ ရွေးချယ်လျှင် သင်သည် ကုစား၍ မရနိုင်တော့ပေ။(အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “၎င်းတို့သည် ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံကြသည်”) ဘုရားနှုတ်ကပတ်တော်တွေက အရမ်းရှင်းပါတယ်။ ဘုရားသခင်က ကိုယ့်ကိုကယ်တင်မလားဆိုတာက ကိုယ့်ကိုယ်ကိုယ်သိပြီးတဲ့နောက်မှာ အမှန်တကယ် နောင်တရနိုင်သလားဆိုတဲ့အပေါ် မူတည်တယ်။ ကျွန်တော့် ဖောက်ပြန်ပျက်စီးခြင်းက ကြီးတယ်။ ဆိုးယုတ်တဲ့ စိတ်သဘောထားကို အမြဲတမ်း ဖော်ထုတ်တယ်။ ဒါကြောင့် ကျွန်တော့်ရဲ့ မမှန်ကန်တဲ့ ရည်ရွယ်ချက်တွေကို သစ္စာဖောက်ပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်သလားဆိုတဲ့ အပေါ် မူတည်ပါတယ်။ ကျွန်တော် စဉ်းစားတယ်။ “ငါ့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားနဲ့ ပြောဆိုပြုမူလို့ မရတော့ဘူး။ ဆန့်ကျင်ဘက်ကို လုပ်ရမယ်။ ငါ့ရဲ့ပုံရိပ်နဲ့ အဆင့်အတန်းကို လက်လွတ်ရမယ်။ ငါ့တာဝန်ကို လက်တွေ့ကျကျ ထမ်းဆောင်ရမယ်။ အစ်ကိုဝမ်ရဲ့ အဆိုပြုချက်က ကျိုးကြောင်းသင့်တဲ့အတွက် ငါ ချက်ချင်း မပယ်ချသင့်ခဲ့ဘူး။ တိုးတက်အောင်လုပ်ပေးပြီး စစ်ဆေးပေးသင့်တယ်။ ပြီးဆုံးသွားတဲ့ ထုတ်ကုန်အဖြစ် ပြောင်းပေးဖို့ အကောင်းဆုံးလုပ်သင့်တယ်။ ဒါက ငါရှိသင့်တဲ့ အသိစိတ်ဖြစ်ပြီး ငါထမ်းဆောင်သင့်တဲ့ တာဝန်ပဲ။ ဒါက ဘုရားမြင်ချင်တဲ့အရာလည်းဖြစ်တယ်” ပေါ့။ ဒါကို ကျွန်တော် သိမြင်လာတော့ အစ်ကိုဝမ်ရဲ့ အဆိုပြုချက်ကို မပယ်ချတော့ဘူး။ အဲဒီအစား သူ့အဆိုပြုချက်ထဲက ပြဿနာတွေကို ကျွန်တော် ထောက်ပြတယ်။ အကူအညီဖြစ်မယ်လို့ ကျွန်တော်ထင်တဲ့ အကြံပြုချက်တွေကို ပြောပြခဲ့တယ်။ ကျွန်တော်ပြောပြီးတဲ့နောက်မှာ သူလမ်းကြောင်းရသွားတယ်။ ကျွန်တော့် အကြံပြုချက်တွေကို သူက ပျော်ပျော်ရွှင်ရွှင်လက်ခံပြီး အသုံးပြုတယ်။ ဒီလို လက်တွေ့လုပ်ဆောင်ပြီးတဲ့နောက်မှာ ကျွန်တော် အရမ်းကို ငြိမ်းအေးပြီး စိတ်ချမှုကို ခံစားရတယ်။ နောက်ပိုင်းမှာ ဒီလိုကိစ္စမျိုးတွေ ဖြစ်တဲ့အခါ ကျွန်တော်က ဒီလိုမျိုးတွေကို ဖော်ပြဆဲဖြစ်ပေမဲ့ ဘုရားကို ကျွန်တော် သတိရှိရှိနဲ့ ဆုတောင်းနိုင်တယ်။ ကိုယ့်ကိုယ်ကိုယ် စွန့်ပစ်နိုင်တယ်။ ညီအစ်ကိုမောင်နှမတွေဆီကနေ ကျိုးကြောင်းသင့်တဲ့ အကြံတွေ နားထောင်နိုင်တယ်။ တဖြည်းဖြည်းနဲ့ ညီအစ်ကိုမောင်နှမတိုင်းက အားသာချက်တချို့ရှိတာကို ကျွန်တော် ရှာတွေ့ခဲ့တယ်။ တခြားလူတွေရဲ့ အဆိုပြုချက်တွေမှာလည်း တန်ဖိုးတချို့ကို ကျွန်တော် မြင်နိုင်သွားတယ်။ ဒီအဆိုပြုချက်တွေကို အခြေခံပြီး တိုးတက်ဖို့အတွက် အကြံတွေပေးတယ်။ ကိစ္စတွေကို သူတို့ကိုယ်ပိုင်နည်းလမ်းနဲ့လုပ်ဖို့ကိုလည်း ညီအစ်ကိုမောင်နှမတွေကို ကျွန်တော် အားပေးတိုက်တွန်းတယ်။ ဒီလို ပူးပေါင်းလုပ်ကိုင်ခြင်းအားဖြင့် ညီအစ်ကိုမောင်နှမတွေက ပိုပြီး သက်သောင့်သက်သာရှိပြီး စိတ်အေးကြရတယ်။ ကျွန်တော်လည်း ပိုပြီးစိတ်ချလက်ချရှိတယ်။ ကျေးဇူးတော်ပဲ။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ပိုကောင်းသည့် သက်သေခံတစ်ဦးဖြစ်ဖို့ သင်ယူခြင်း

မော့ယန် တရုတ်နိုင်ငံ ပြီးခဲ့တဲ့နှစ် ဇွန်လကပေါ့၊ ရေလောင်းတဲ့ သင်းထောက်တစ်ယောက်အဖြစ်၊ ဘုရားရဲ့ နောက်ဆုံးသောကာလ အမှုကို လက်ခံပြီးခါစ လူတွေကို...

တာဝန်ထမ်းဆောင်ရာတွင် သမ္မာတရားလိုက်စားဖို့ လို၏

ဆွန်ယု နယ်သာလန်နိုင်ငံ လွန်ခဲ့သည့် နှစ်အနည်းငယ်တွင် ဧဝံဂေလိ ဖြန့်ဝေခြင်း အလုပ်ကို ကျွန်မစတင်လက်တွေ့လုပ်ဆောင်ခဲ့သည်။ ဤတာဝန်ကို...

အသင်းတော်အလုပ်ကို ကာကွယ်ခြင်းက ကျွန်မ၏ တာဝန်ဖြစ်သည်

ယီးရွှင် ဂျပန်နိုင်ငံ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလမှာ အသင်းတော်က ခေါင်းဆောင်သစ်ရွေးကောက်ဖို့ လိုအပ်ခဲ့တယ်။ တစ်နေ့မှာ၊ ခေါင်းဆောင်တွေက၊...

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။