ကျွန်မ အရမ်းမာနထောင်လွှားရတဲ့ အကြောင်းရင်း

30.09.2022

ချန်ရှင်း တောင်ကိုရီးယားနိုင်ငံ

တစ်နေ့မှာ အသင်းတော်ခေါင်းဆောင်နှစ်ယောက်က ကျွန်မကို ပြဿနာတစ်ခုပြောပြတယ်။ ဧဝံဂေလိအလုပ်ကို ဦးဆောင်တဲ့ အစ်မကျန်းက သူလုပ်တာတွေမှာ စည်းမျဉ်းနဲ့မညီဘူး၊ ကိစ္စတွေကို အသင်းတော်ခေါင်းဆောင်တွေနဲ့ မဆွေးနွေးဘူး၊ ဧဝံဂေလိမျှဝေဖို့အတွက် လူတွေကို ကြုံသလို တာဝန်ခွဲပေးတယ် ဒါကြောင့် ညီအစ်ကိုမောင်နှမတွေဆီမှာ လက်ရှိ ရှိနေတဲ့ အလုပ်ကို ထိခိုက်တယ်၊ အသင်းတော်အလုပ်အတွက် အနှောင့်အယှက်ဖြစ်တယ်ဆိုပြီး သူတို့ကပြောတယ်။ ကျွန်မက သေချာမစဉ်းစားဘဲ ပြောလိုက်တယ်။ “အစ်မကျန်းက အလုပ်ကလိုအပ်ချက်တွေနဲ့ကိုက်အောင် လူတွေရဲ့ တာဝန်တွေကို ဒီလိုပြောင်းလိုက်တာဖြစ်မယ်” ပေါ့။ ခေါင်းဆောင်တစ်ယောက်ကပြောတယ်။ “အစ်မကျန်းက အစွမ်းအစနည်းပြီး သူ့အလုပ်မှာ အရည်အချင်းမရှိဘူး။ အမှုထမ်းတွေကို စီစဉ်တာတွေကို ကောင်းကောင်းမလုပ်ထားဘူး။ တခြားလူတွေက ဒါကို မကျေနပ်ကြဘူး။ ဒီဟာကြောင့် တချို့လူတွေက အပျက်သဘောဆောင်ပြီး ကျွန်မတို့ ဧဝံဂေလိအလုပ်ကို ထိခိုက်တယ်။ သူက ဒီအလုပ်ကို စီမံဖို့ မသင့်တော်ဘူးမို့လား” တဲ့။ သူက အထုတ်ခံရတော့မှာကို ကျွန်မကြားတော့ တော်တော်စိတ်အနှောင့်အယှက်ဖြစ်ပြီး ပြန်ပြောလိုက်တယ်။ “ဘာလဲ။ အစ်မကျန်းက ဧဝံဂေလိအလုပ်ကို ဦးမဆောင်ရင် ပိုတော်တဲ့တစ်ယောက်ယောက်ကို ရှာနိုင်မှာလား။ သင့်တော်တဲ့သူ တစ်ယောက်ယောက်ရှိလား။ အစ်မပြောတဲ့ ဒီပြဿနာတွေက ရှိနေတာ သေချာပါတယ်။ ဒါပေမဲ့ အရမ်းအရေးပါတာမျိုးမဟုတ်ပါဘူး။ သူက ဧဝံဂေလိအလုပ်မှာ ရလဒ်တွေရှိတယ်။ ဒီအသေးအဖွဲကိစ္စတွေအတွက်နဲ့ သူ့ကို ထုတ်လို့မရဘူး။ အသင်းတော်အလုပ်ကို ကျွန်မတို့ ကာကွယ်ရမယ်” ပေါ့။ အသင်းတော်ခေါင်းဆောင်တွေကို ငြင်းနေရင်းနဲ့ ကျွန်မစဉ်းစားနေတာက သူတို့က ကြေးများတယ်။ ဘယ်သူကမှ မပြည့်စုံပါဘူး ပေါ့။ ကျွန်မတို့အားလုံးက ဖောက်ပြန်ပျက်စီးပြီး အားနည်းချက်ရှိတယ်။ ဒါကြောင့် လူတွေကို အကုန်မှန်အောင်လုပ်ဖို့ တောင်းဆိုတာ သင့်တော်သလား။ ဘာလို့ အလုပ်ရလဒ်တွေကို ဦးစားမပေးတာလဲ။ ကျွန်မတို့က သူ့ကိုထုတ်လိုက်ပြီး အလုပ်အောင်မြင်မှုတွေက လျော့ကျသွားရင် ဘယ်လိုလုပ်မလဲ။ ဒါဆိုရင် ကျွန်မက အယောင်ဆောင်ခေါင်းဆောင်တစ်ယောက်လို လက်တွေ့အလုပ်မလုပ်နိုင်သလိုဖြစ်သွားနိုင်တယ်။ ဒါဆိုရင် သူများတွေက ကျွန်မကို ဘယ်လိုထင်မလဲ။ အထက်ခေါင်းဆောင်က သိသွားရင် ကျွန်မကို ထုတ်မှာလား။ အသင်းတော်ခေါင်းဆောင်နှစ်ယောက်က ကျွန်မ ချေပတာကြောင့် ဆွံ့အသွားပြီး ဘာမှမတတ်နိုင်တော့ဘဲ ပြောတယ်။ “လောလောဆယ်တော့ သူ့ကို ဒီနေရာမှာ ဆက်ထားလိုက်ရအောင်” တဲ့။ သုံးလေးရက်ကြာတော့ အထက်ခေါင်းဆောင်က ကျွန်မကို အွန်လိုင်းကနေ ဆက်သွယ်တယ်။ အစ်မကျန်းက သူ့တာဝန်မှာ ဘယ်လိုအခြေအနေရှိလဲလို့ ကျွန်မကို မေးတယ်။ ကျွန်မက ပြောတယ်။ “သူလုပ်တာ အဆင်ပြေပါတယ်။ သူ့အလုပ်မှာ တစ်ချို့ကိစ္စတွေကို အောင်မြင်တယ်။ တကယ်ပြီးအောင်လုပ်ပါတယ်” ပေါ့။ အဲဒီမှာ ခေါင်းဆောင်က ကျွန်မကို ပြန်မေးတယ်။ “ဒါဆို အစ်မပြောပြတဲ့ ဒီအောင်မြင်မှုတွေက ဘာတွေလဲ။ သူက ဧဝံဂေလိအလုပ်ကတစ်ဆင့် တကယ်တမ်း လူဘယ်လောက်ရပြီးပြီလဲဆိုတာ တကယ်ကြည့်ပြီးပြီလား။ သူက သူ့အရေအတွက်တွေကို မှားပြောနေတာ အစ်မသိလား။ သူက အစွမ်းအစနည်းပြီး သိပ်အရည်အချင်းမရှိဘူး။ ပြဿနာတွေကို မဖြေရှင်းနိုင်ဘူး။ အဲဒါတွေကို သတိထားမိလား။ သူက လူတွေကို စည်းမျဉ်းမပါဘဲ တာဝန်ခွဲပေးနေပြီး ဧဝံဂေအလုပ်ကို အနှောင့်အယှက်ဖြစ်နေတာ အစ်မသိလား” တဲ့။ မေးခွန်းတွေ တစ်ခုပြီးတစ်ခုရင်ဆိုင်ရပြီး ကျွန်မနှလုံးက တဒုံးဒုံးခုန်နေပြီးတော့ ကျွန်မစိတ်က ဗလာဖြစ်သွားတယ်။ ကျွန်မက မေးခွန်းတစ်ခုမှ မဖြေနိုင်တာကို တွေ့ပြီး ခေါင်းဆောင်က ဆက်ပြောတယ်။ “အစ်မက ဆိုးဆိုးရွားရွားကို ကိုယ့်ကိုယ်ကိုယ် ယုံကြည်နေတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်လွန်းတဲ့သူတွေအားလုံးက ကိုယ့်ကိုယ်ကိုယ် မသိကြဘူး။ အစ်မက ကိုယ့်ကိုယ်ကိုယ် တကယ်သိရင် ဘာလို့ ကိုယ့်ကိုယ်ကိုယ် မစွန့်ပစ်တာလဲ။ ဘာလို့ ကိုယ့်ကိုယ်ကိုယ် မငြင်းဆန်တာလဲ။ တခြားလူတွေက ဒီပြဿနာတွေကို ရှင်းရှင်းလင်းလင်း ထုတ်ပြောတယ်။ ဒါပေမဲ့ အစ်မက လက်မခံဘူး။ အစ်မက ဘယ်လောက်ထိ မာနကြီးနေတာလဲ။ သမ္မာတရားရဲ့ စစ်မှန်မှုရှိရဲ့လား။ သမ္မာတရားရဲ့ စစ်မှန်မှုတကယ်ရှိတဲ့သူက ကိုယ့်ကိုယ်ကိုယ် မယုံကြည်ဘူး။ တခြားလူတွေပြောတာမှန်ရင် နားထောင်နိုင်တယ်။ သမ္မာတရားကို လက်ခံပြီး နာခံနိုင်တယ်။ ဒါက သာမန်လူ့သဘာဝရှိတဲ့သူပဲ။ ဘယ်လိုလူမျိုးက အရမ်းမာနကြီးပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်တာလဲ။ သူတို့က သမ္မာတရားကို လက်ခံနိုင်သလား။ မာနကြီးတဲ့သူတွေက သမ္မာတရားကို လက်မခံဘူး။ သမ္မာတရားကို လုံးဝ နာခံမှာမဟုတ်ဘူး။ မာနကြီးတဲ့၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်တဲ့သူတွေက သူတို့ကိုယ်သူတို့ မသိကြဘူး။ သူတို့တွေက ကိုယ့်ကိုယ်ကိုယ် မစွန့်ပစ်နိုင်ကြဘူး။ သမ္မာတရားကို တကယ်ကို လက်တွေ့မလုပ်နိုင်ဘူး၊ သမ္မာတရားစည်းမျဉ်းတွေကို မထိန်းသိမ်းနိုင်ဘူး။ သူများတွေနဲ့ ကောင်းကောင်း အဆင်မပြေနိုင်ဘူး။ မာနကြီးတဲ့သူတွေက စိတ်သဘောထားမပြောင်းလဲတဲ့သူတွေပဲ။ မာနကြီးတဲ့သူတွေအားလုံးက လုံးဝမပြောင်းလဲဘဲကျန်ရှိနေတဲ့ အသက်ကြီးတဲ့ စာတန်တွေပဲဆိုတာ ဒါတွေကနေ မြင်နိုင်ပါတယ်။ အစ်မက ဒီလိုလူမျိုးဟုတ်မဟုတ်ဆိုတာ ကိုယ့်ကိုယ်ကိုယ် နည်းနည်းပြန်ဆန်းစစ်ကြည့်သင့်တယ်” တဲ့။ အဲဒီအချိန်တုန်းက ကျွန်မက ကြက်သေသေနေတယ်။ မိုးကြိုးပစ်ခံလိုက်ရသလို ခံစားမိတယ်။ အွန်လိုင်းကနေဆင်းပြီးနောက်မှာ အဲဒီမှာပဲထိုင်နေမိတယ်။ သူပြောခဲ့တာကို ကျွန်မစိတ်ထဲမှာ အပြန်အလှန် စဉ်းစားတယ်။ “သမ္မာတရားကို လက်မခံဘူး”၊ “သမ္မာတရားကို နာခံမှာမဟုတ်ဘူး”၊ “သူများတွေနဲ့ ကောင်းကောင်း အဆင်မပြေနိုင်ဘူး”၊ “စိတ်သဘောထားမပြောင်းလဲတဲ့သူတွေပဲ”၊ “လုံးဝမပြောင်းလဲဘဲကျန်ရှိနေတဲ့ အသက်ကြီးတဲ့စာတန်တွေပဲ” ဒါကို ကျွန်မ စဉ်းစားလေလေ၊ ခံစားရတာ ဆိုးလေလေပဲ။ ကျွန်မ မျက်ရည်တွေကို မထိန်းနိုင်ခဲ့ဘူး။ ကျွန်မ နာကျင်ရင်းနဲ့ မျက်ရည်တွေနဲ့ ဆုတောင်းလိုက်တယ်။ “ဘုရားသခင် သမီးက သမ္မာတရားကို လက်မခံတဲ့ မာနကြီးတဲ့၊ ကိုယ့်ကိုယ်ကိုယ်ယုံကြည်တဲ့သူတစ်ယောက်ဆိုတာ လုံးဝ မစဉ်းစားမိပါဘူး။ ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်ပြီး သိမြင်ဖို့ သမီးကို လမ်းပြတော်မူပါ” ဆိုပြီးတော့။

နောက်တော့ တစ်နေ့မှာ ကျွန်မ ဘုရားဝတ်ပြုနေရင်းနဲ့ ဘုရားနှုတ်ကပတ်တော်ထဲက ဒါကို ကျွန်မဖတ်တယ်။ “မာနထောင်လွှားခြင်းသည် လူသား၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ အရင်းအမြစ်ဖြစ်သည်။ လူတို့သည် ပို၍ မာနထောင်လွှားလေ သူတို့သည် ပို၍ ဆင်ခြင်တုံတရားမဲ့လေဖြစ်ကာ၊ သူတို့ ပို၍ ဆင်ခြင်တုံတရားမဲ့လေ ဘုရားသခင်ကို ပို၍ဆန့်ကျင်လေ ဖြစ်တတ်သည်။ ဤပြဿနာက အဘယ်မျှ ဆိုးရွားလိုက်သနည်း။ မာနထောင်လွှားသော စိတ်သဘောထားနှင့် လူတို့သည် အခြားလူတိုင်းကို သူတို့၏အောက်၌ ရှိသည်ဟု ယူဆကြသည့်အပြင်၊ အဆိုးဆုံးမှာ သူတို့သည် ဘုရားကိုပင် တင်စီးနေကြပြီး သူတို့၏ စိတ်နှလုံးအတွင်းတွင် ဘုရားသခင်ကို ကြောက်ရွံ့ခြင်း မရှိချေ။ လူတို့သည် ဘုရားသခင်၌ ယုံကြည်သက်ဝင်ပြီး သူ့ကို လိုက်လျှောက်ကြသည့်ပုံ ပေါ်သော်လည်း၊ သူတို့သည် သူ့ကို ဘုရားသခင်အဖြစ် လုံးဝမဆက်ဆံကြချေ။ သူတို့သည် သမ္မာတရားကို ပိုင်ဆိုင်ထားသည်ဟု အမြဲထင်မြင်ကြပြီး မိမိကိုယ်ကိုယ် အလွန်အထင်ကြီးတတ်ကြသည်။ ဤသည်မှာ မာနထောင်လွှားသော စိတ်သဘောထား၏ အနှစ်သာရနှင့် အရင်းအမြစ်ဖြစ်ပြီး၊ ယင်းက စာတန်ထံမှ လာလေသည်။ ထို့ကြောင့် မာနထောင်လွှားခြင်း ပြဿနာကို ဖြေရှင်းရမည်။ လူတစ်ဦးသည် အခြားလူများထက် ပိုသာသည်ဟူသော ထင်မြင်ချက်မှာ အသေးအဖွဲကိစ္စ ဖြစ်သည်။ အရေးပါသောအချက်မှာ လူတစ်ဦး၏ မာနထောင်လွှားသော စိတ်သဘောထားက ဘုရားသခင်၊ သူ၏အုပ်ချုပ်မှုနှင့် သူ၏စီမံချက်များအပေါ် နာခံခြင်းမှ သူ့ကို ဟန့်တားနေခြင်းပင် ဖြစ်သည်၊ ထိုကဲ့သို့သောသူသည် အခြားသူများအပေါ် အာဏာရှိရေးအတွက် ဘုရားသခင်နှင့်ယှဉ်ပြိုင်လိုစိတ် အမြဲရှိနေသည်။ ထိုကဲ့သို့သောလူက ဘုရားသခင်အားချစ်ခြင်း သို့မဟုတ် သူ့အားနာခံခြင်းကို မဆိုထားနှင့်၊ ဘုရားသခင်အားကြောက်ရွံ့ခြင်း စိုးစဉ်းမျှ မရှိပေ။ ထောင်လွှားကာ စိတ်ကြီးဝင်သူများ၊ အထူးသဖြင့် အင်မတန် ထောင်လွှားလွန်းသဖြင့် အသိဉာဏ်ပျောက်သွားသူများသည် ဘုရားသခင်၌ ယုံကြည်ခြင်းတွင် ကိုယ်တော်ကို မနာခံနိုင်ရုံမက မိမိတို့ကိုယ်ကိုယ် ဂုဏ်တင်ကာ သက်သေပင် ခံလိုက်သေးသည်။ ထိုသို့သောလူများသည် ဘုရားသခင်ကို အဆန့်ကျင်ဆုံးဖြစ်ပြီး ဘုရားသခင်ကို လုံးဝ မကြောက်ပေ။ အကယ်၍ လူတို့သည် ဘုရားသခင်ကို ကြောက်ရွံ့သောအဆင့်ဆီ ရောက်လိုလျှင် သူတို့သည် သူတို့၏ ထောင်လွှားသော စိတ်သဘောထားများကို ပထမဦးစွာ ဖြေရှင်းရမည်။ သင်၏ ထောင်လွှားသောစိတ်သဘောထားကို စေ့စပ်သေချာစွာ ဖြေရှင်းလေလေ၊ ဘုရားသခင်ကို ကြောက်ရွံ့လေလေ ဖြစ်သည်။ ထိုအခါမှသာ သင်သည် ကိုယ်တော်ကိုနာခံနိုင်ကာ သမ္မာတရားကို ရနိုင်ပြီး ကိုယ်တော်ကို သိလေသည်။ သမ္မာတရားကို ရရှိသည့်သူများသာလျှင် စစ်မှန်သော လူသားဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ အပိုင်း သုံး) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မအတွက် တော်တော်ကို ဉာဏ်အလင်းပွင့်လင်းစေတယ်။ ဟုတ်တယ်။ မာနထောင်လွှားတာက ဖောက်ပြန်ပျက်စီးခြင်းရဲ့ အရင်းအမြစ်ပဲ။ မာနထောင်လွှားပြီးတော့ ကျွန်မက သူများတွေကို အထင်သေးရုံမကဘူး။ ပိုဆိုးတာက ဘုရားကိုတောင် အထင်သေးခဲ့တယ်။ အမှုကိစ္စတွေပေါ်လာတဲ့အခါမှာ ဘုရားရှေ့ကို လာပြီး ဘုရားလိုတော်ကို ရှာတာ၊ သမ္မာတရားစည်းမျဉ်းတွေကိုရှာတာ မလုပ်ခဲ့ဘူး။ ကိုယ့်နည်းလမ်းအတိုင်းလုပ်ပြီး လူတိုင်းကို ကျွန်မကို နားထောင်စေချင်ခဲ့တယ်။ အစ်မကျန်းရဲ့ ပြဿနာတွေနဲ့ပတ်သက်ပြီး ကျွန်မအပေါ် အသင်းတော်ခေါင်းဆောင်ရဲ့ မှတ်ချက်ကို ပြန်တွေးကြည့်တယ်။ ကျွန်မက လုံးဝ စဉ်းစားမကြည့်ဘဲ သူတို့ပြောသမျှကို ပြန်ချေပတယ်။ အစ်မကျန်းက စည်းမျဉ်းအတိုင်းမလုပ်ဘူး၊ အသင်းတော်ခေါင်းဆောင်တွေကို မပြောဘဲ လူတွေကို ကြုံသလို တာဝန်ခွဲပေးတယ် ဒါကြောင့်မို့ လူတွေက ဘယ်တာဝန်ကို လုပ်သင့်တယ်ဆိုတာ မသိတဲ့အထိ အနှောင့်အယှက်တွေဖြစ်သွားတယ်လို့ သူတို့ကပြောတယ်။ ကျွန်မက ဒီပြဿနာကို လုံးဝ ငြင်းဆန်နေပြီး လုံးဝ နားမထောင်ဘူး။ အစ်မကျန်းကို ကျွန်မ လုံးဝ ကာကွယ်ပေးတယ်။ ဧဝံဂေလိအလုပ်က လူတွေကို အရေးတကြီးလိုအပ်လို့ သူကဒီလိုလုပ်ခဲ့တာ၊ လိုအပ်လို့လုပ်ခဲ့တာလို့ ပြောတယ်။ သူက အစွမ်းအစနည်းပြီး သူ့အလုပ်မှာ အရည်အချင်းမရှိဘူး ဧဝံဂေလိအလုပ်ကို စီမံဖို့ ကောင်းကောင်းမသင့်တော်ဘူးလို့ အသင်းတော်ခေါင်းဆောင်တွေကပြောတယ်။ ကျွန်မက စည်းမျဉ်းကို အခြေခံပြီး တကယ့်အခြေအနေကို မရှာကြည့်ခဲ့ဘူး။ သူ့ကို ပြောင်းသင့်မပြောင်းသင့် မစဉ်းစားခဲ့ဘူး။ အဲဒီအစား အတိုက်အခံဖြစ်ပြီး စိတ်အနှောင့်အယှက်ဖြစ်ခဲ့တယ်။ ဘာလို့ သူက ဦးမဆောင်သင့်တာလဲ၊ သူ့ထက်သာတဲ့ ကြီးကြပ်ရေးမှူးကို ရှာနိုင်သလားဆိုပြီး အသင်းတော်ခေါင်းဆောင်တွေကို ကျွန်မ မေးခဲ့တယ်။ ကျွန်မက သူတို့ကို ပြန်ခုခံပြီး ဖိနှိပ်ခဲ့တယ်။ ဒီပြဿနာကို ထုတ်ပြောတာဟာ အသင်းတော်ခေါင်းဆောင်တွေက တာဝန်သိတတ်ပြီး အသင်းတော်အလုပ်ကို ထိန်းသိမ်းနေတာပါ။ ဒါပေမဲ့ ကျွန်မက သမ္မာတရားကို သူတို့ထက်ပိုနားလည်တယ်၊ ပိုပြီး အသိအမြင်ရှိတယ်၊ သူတို့က သမ္မာတရားအပေါ် နားလည်မှုနည်းတယ်၊ ကိစ္စတွေကို မှန်မှန်ကန်ကန်မမြင်နိုင်ဘူး၊ ဒါကြောင့် သူတို့ပြောတာ နားထောင်စရာမလိုဘူးလို့ ကျွန်မ အမြဲတမ်း ခံစားမိခဲ့တယ်။ ကျွန်မက အရမ်းမာနကြီးပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်နေခဲ့တာပဲ။ ကျွန်မက ခေါင်းမာမာနဲ့ ကိုယ့်နည်းအတိုင်းလုပ်တယ်။ သမ္မာတရားကို လက်ခံဖို့ ငြင်းဆန်တယ်။ မှန်ကန်တဲ့ ဖော်ပြချက်တစ်ခုကိုတောင် လက်မခံဘူး။ သူတို့ပြောသမျှတစ်ခုစီတိုင်းကို ပြန်ချေပတယ်။ သူတို့အမြင်တွေကို ထုတ်ပြောတာ ရပ်သွားတဲ့အထိ ငြင်းတယ်။ ကျွန်မက အသိစိတ်လုံးဝမရှိတော့အထိ မာနထောင်လွှားပြီး ဘုရားသခင်ကို ကြောက်ရွံ့ခြင်းလုံးဝ မရှိခဲ့ဘူး။ ကျွန်မက လူတွေကို စည်းမျဉ်းနဲ့အညီ အသုံးမပြုဘဲ အသင်းတော်အလုပ်ကို ထိခိုက်နေပြီ။ ပြီးတော့ ကျွန်မအမှားတွေကို အသိအမှတ်မပြုနိုင်ရုံမကဘဲ ဒါကို အသင်းတော်ခေါင်းဆောင်တွေကပြောတော့ သူတို့အပေါ်ကို အပြစ်ပုံချတယ်။ ကြေးများပြီး အစ်မကျန်းကို မမျှမတဆက်ဆံလို့ဆိုပြီး သူတို့ကို အပြစ်တင်တယ်။ ကျွန်မက စိတ်သဘောထားဆိုင်ရာပြောင်းလဲမှုလုံးဝမရှိတဲ့၊ လုံးဝ မပြောင်းလဲဘဲရှိတဲ့ အသက်ကြီးတဲ့ စာတန်ပဲမဟုတ်ဘူးလား။ ဒီလိုပုံစံနဲ့ ဘယ်လိုလုပ် သူများတွေနဲ့ ကောင်းကောင်း အဆင်ပြေပြီး လိုက်ဖက်ညီညီနဲ့ ပူးပေါင်းလုပ်ကိုင်နိုင်မှာလဲ။ ဒီလိုစဉ်းစားကြည့်တော့ ကျွန်မ တော်တော်အပြစ်ရှိသလို ခံစားရတယ်။ နောင်တရပြီး အစ်မကျန်းရဲ့ အခြေအနေကို ချက်ချင်းကိုင်တွယ်ချင်စိတ်ရှိပြီးတော့ ကျွန်မ ဘုရားကိုဆုတောင်းခဲ့တယ်။ ကိစ္စတွေကို တကယ်တမ်းစူးစမ်းကြည့်ပြီးတဲ့နောက်မှာ အစ်မကျန်းက သူ့အလုပ်နဲ့ပတ်သက်တဲ့ အစီရင်ခံစာတွေမှာ လှည့်စားတတ်ပြီး ကိစ္စတွေကို ရှုပ်ထွေးအောင်လုပ်တာကို တွေ့ရတယ်။ ပြီးတော့ သူက ရေလောင်းသူတွေကို တာဝန်ချမပေးတော့ ယုံကြည်သူအသစ်တွေ တော်တော်များများက စုဝေးပွဲတွေကို မတက်နေကြဘူး။ အစ်မကျန်းက အစွမ်းအစနည်းပေမဲ့ မာနကြီးပြီး အာဏာရှင်ဆန်တယ်။ သူ့အလုပ်ကို ဘယ်သူနဲ့မှ မဆွေးနွေးဘူး။ ပြဿနာတွေ ပေါ်လာတဲ့အခါမှာ သူက မဖြေရှင်းနိုင်ဘူး။ သူများတွေရဲ့ အကြံကို မယူဘူး။ ဒါကြောင့် ပြဿနာတွေအများကြီးက တော်တော်ကြာတဲ့အထိ မကိုင်တွယ်ဖြစ်ဘူး။ ဒါကြောင့် ဧဝံဂေလိအလုပ်တိုးတက်မှုက နှောင့်နှေးသွားတယ်။ ဒီအမှန်တရားတွေကို ရင်ဆိုင်ရပြီး နောက်ဆုံးမှာ ကျွန်မက လူမှားပြီး ရွေးချယ်ခဲ့တယ်ဆိုတာ အသိအမှတ်ပြုသွားတယ်။ အသင်းတော်ခေါင်းဆောင်တွေက သူ့ကို လူစားလဲဖို့ အကြံပေးတော့ ကျွန်မက သဘောမတူခဲ့ဘူး။ သူတို့ကိုတောင် အရမ်းအပြစ်တင်ပြီး ဖိနှိပ်ခဲ့တယ်။ ကျွန်မ တွေးကြည့်လေလေ စိတ်ညစ်လေလေပဲ။ အရမ်းမာနထောင်လွှားပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်လို့ ကျွန်မ ကိုယ့်ကိုယ်ကိုယ် မုန်းတီးမိတယ်။ ဘုရားသခင်ရှေ့လာပြီး ဆုတောင်းလိုက်တယ်။ ကျွန်မပြဿနာရဲ့ အနှစ်သာရကို နားလည်အောင် လမ်းပြဖို့ ဘုရားကို ဆုတောင်းတယ်။

အဲဒီနောက်တော့ ကျွန်မရဲ့ မာနကြီးတဲ့ပြဿနာကို ကိုင်တွယ်တဲ့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ ဖတ်တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “မာနထောင်လွှားခြင်းနှင့် မိမိကိုယ်ကိုယ်အမှန်ဟု မှတ်ယူခြင်းသည် လူများ၏ အသိသာဆုံးသော ဆိုးယုတ်သော စိတ်သဘောထားဖြစ်သည်၊ ပြီးလျှင် ၎င်းတို့သည် သမ္မာတရားကို လက်ခံနိုင်ခြင်း မရှိပါက၊ ၎င်းတို့ သန့်စင်ခြင်းခံရဖို့ မဖြစ်နိုင်ပေ။ လူတို့သည် မာနထောင်လွှားပြီး မိမိကိုယ်ကိုယ် အမှန်ထင်သည့် စိတ်သဘောထားများရှိကြသည်။ ၎င်းတို့ မှန်ကန်သည်ဟု အစဉ်ယုံကြည်ကြသည်။ ၎င်းတို့ထင်မြင်သည့်အရာ၊ ပြောဆိုသည့်အရာနှင့် ထင်မြင်ချက်ရှိသည့်အရာအားလုံးတွင် ၎င်းတို့၏ ကိုယ်ပိုင်အမြင်နှင့် စိတ်ထားက မှန်ကန်သည်၊ အခြားမည်သူမဆိုက ပြောသည့်အရာတိုင်းက ၎င်းတို့ပြောသကဲ့သို့ ကောင်းမွန်ခြင်း၊ မှန်ကန်ခြင်းမရှိဟု အစဉ် ယုံကြည်ကြသည်။ ၎င်းတို့၏ ကိုယ်ပိုင်ထင်မြင်ချက်များကိုသာ အစဉ် စွဲကိုင်ထားကြပြီး အခြားမည်သူမဆိုက ပြောသည့်အရာတိုင်းကို နားမထောင်ကြပေ။ အခြားလူတို့ပြောသည့်အရာက မှန်ကန်ပြီး သမ္မာတရားနှင့် ကိုက်ညီသည့်အခါတွင်ပင် ၎င်းတို့က လက်မခံကြပေ။ နားထောင်နေသည့်ပုံစံမျှသာရှိပြီး မည်သည့်အရာကိုမျှ လက်မခံပေ။ လုပ်ဆောင်ရန် အချိန်ကျရောက်လာသောအခါ၎င်းတို့က ကိုယ်ပိုင်နည်းလမ်းဖြင့် သွားဆဲဖြစ်သည်။ ၎င်းတို့သည် မှန်ကန်ပြီး ခိုင်လုံမှုရှိသည်ဟု အစဉ်သဖြင့် ထင်ကြသည်။ သင်သည် မှန်ကန်ပြီး ခိုင်လုံကောင်း ခိုင်လုံနိုင်သည်၊ သို့မဟုတ် ပြဿနာများမရှိဘဲ မှန်ကန်သည့်အရာကို သင်လုပ်ကောင်းလုပ်နိုင်သည်။ သို့သော် သင် ထုတ်ဖော်ပြသော စိတ်သဘောထားမှာ အဘယ်နည်း။ ယင်းသည် မာနထောင်လွှားခြင်းဖြစ်ပြီး မိမိကိုယ်ကို အမှန်ဟုထင်မြင်ခြင်း မဟုတ်သလော။ သင်က ဤမာနထောင်လွှားပြီး မိမိကိုယ်ကို အမှန်ထင်သော စိတ်သဘောထားကို မပစ်ပယ်နိုင်လျှင် ယင်းက သင်၏ တာဝန်ထမ်းဆောင်မှုကို ထိခိုက်မည်လော။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် သင်၏ အရည်အချင်းကို ထိခိုက်မည်လော။ ဤမာနထောင်လွှားပြီး မိမိကိုယ်ကို အမှန်ထင်သော စိတ်သဘောထားကို သင် မဖြေရှင်းနိုင်လျှင် နောင်တွင် ကြီးမားသော အနှောင့်အယှက်များကို ကြုံရနိုင်ခြေရှိသည်။ ကြုံရမည်မှာ သံသယရှိစရာမလိုပေ။ ဤသည်မှာ ရှောင်လွှဲ၍ မရနိုင်ပေ။ လူ၌ ထင်ရှားပြသသောဤအရာများကို ဘုရားသခင်က မြင်နိုင်ပါသလား။ အလွန့်အလွန်ပင် ကောင်းစွာ မြင်နိုင်သည်။ ဘုရားသခင်သည် လူသား၏ အတွင်းကျဆုံး ဖြစ်တည်မှုကို ဆန်းစစ်လေ့လာရုံမကဘဲ ၎င်းတို့၏ နှုတ်ထွက်စကားတိုင်း၊ လုပ်ရပ်တိုင်းကို အစဉ် စောင့်ကြည့်နေသည်။ ဘုရားသခင်က သင့်၌ ထင်ရှားပြသသော ဤအရာများကို မြင်သောအခါ မည်သို့ပြောမည်နည်း။ ဘုရားသခင်က ‘သင်သည် ခေါင်းမာသည်။ သင်က မှားယွင်းနေသည်ကို မသိသောအခါ သင်၏ ထင်မြင်ချက်အတိုင်းလုပ်ဆောင်ခြင်းက နားလည်ပေးနိုင်သည်။ သို့သော် သင်က မှားယွင်းနေသည်ကို အပြည့်အဝ ကောင်းစွာ သိသောအခါတွင် သင်၏ ထင်မြင်ချက်အတိုင်း လုပ်ဆောင်ဆဲဖြစ်ပြီး နောင်တရရန် ငြင်းဆန်လျှင် သင်သည် ခေါင်းမာ၍ အသက်ကြီးသော အရူးတစ်ယောက်ဖြစ်ပြီး ဒုက္ခရောက်လိမ့်မည်။ မည်သူ၏ အကြံပြုချက်ဖြစ်ပါစေ သင်က အပျက်သဘောဆောင်ပြီး ရန်မူလိုသော သဘောထားနှင့် တုံ့ပြန်လျှင်၊ သမ္မာတရားကို လုံးဝ လက်မခံလျှင်၊ သင်၏ စိတ်နှလုံး၌ ရန်ငြိုး၊ ပိတ်ထားခြင်း၊ ငြင်းဆန်ခြင်းမှလွဲ၍ အခြားမရှိလျှင် သင်သည် ရယ်ဖွယ်ရာ၊ အဓိပ္ပာယ်မရှိသော အရူးတစ်ယောက်ဖြစ်သည်။ သင့်ကို ကိုင်တွယ်ဖြေရှင်းရန် ခက်ခဲလွန်းသည်။’ သင်သည် ကိုင်တွယ်ဖြေရှင်းရန် အလွန်ခက်ခဲသည်မှာ မည်သို့ဖြစ်သနည်း။ သင်နှင့်ပတ်သက်၍ ခက်ခဲသည့်အရာမှာ သင်၏အပြုအမူသည် အမှုကိစ္စများကို မှားယွင်းသော လုပ်ဆောင်ပုံလုပ်ဆောင်နည်း သို့မဟုတ် မှားယွင်းသော အပြုအမူ မဟုတ်ပေ၊ ထိုထက် ယင်းက စိတ်သဘောထားတစ်မျိုးမျိုးကို ထုတ်ဖော်ပြခြင်း ဖြစ်သည်။ ယင်းက အဘယ်စိတ်သဘောထားမျိုးကို ထုတ်ဖော်ပြသနည်း။ သင်သည် သမ္မာတရားကို စိတ်ကုန်ပြီး မုန်းတီးသည်။ သမ္မာတရားကို မုန်းတီးမှုဖြင့် သင့်အား သတ်မှတ်ပြီးသည်နှင့် တစ်ပြိုင်နက် ဘုရားသခင်က မြင်သည့်အတိုင်းဆိုလျှင် သင်သည် ဒုက္ခတွေ့လေပြီ။ ဘုရားသခင်က သင့်ကို ပစ်ပစ်ခါခါ ငြင်းပယ်သည်။ ဘုရားသခင်က သင့်ကို အလေးမထားပေ။ လူများအဖို့ ဖြစ်နိုင်သည့်အဆိုးရွားဆုံးအရာမှာ ၎င်းတို့က ‘ဤလူ၏ စိတ်သဘောထားသည် မကောင်းချေ— ၎င်းသည် တစ်ယူသန်ပြီး ခေါင်းမာသည်။ မထီတရီပြုသည်။ ၎င်းနှင့် သင့်မြတ်ဖို့ ခက်ခဲသည်၊ သမ္မာတရားကို မချစ်သကဲ့သို့၊ ယင်းကို မည်သည့်အခါမျှ လက်ခံလိမ့်မည်၊ လက်တွေ့လုပ်ဆောင်လိမ့်မည် မဟုတ်ချေ’ ဟု ပြောကောင်းပြောနိုင်သည်။ ဖြစ်နိုင်သည့်အဆိုးဆုံးအရာမှာ လူတိုင်းက သင့်အား ဤအကဲဖြတ်မှုမျိုး ပေးလိမ့်မည် ဖြစ်သော်လည်း၊ ထိုသို့သော အကဲဖြတ်ခြင်းတစ်ခုသည် သင်၏ကံကြမ္မာကို ဆုံးဖြတ်ပေးနိုင်မည်လော။ လူတို့သည် သင့်ကို အကဲဖြတ်ခြင်းတစ်ခု ပေးခြင်းအားဖြင့် သင်၏ကံကြမ္မာကို ဆုံးဖြတ်၍ရနိုင်မည် မဟုတ်ပေ၊ သို့ရာတွင် သင်မမေ့သင့်သော အရာတစ်ခုရှိပြီး၊ ယင်းမှာ ဘုရားသခင်သည် လူသား၏စိတ်နှလုံးထဲသို့ မြင်ပြီး၊ တစ်ချိန်တည်းမှာပင် လူသားတစ်ဦး ပြောသမျှနှင့် လုပ်သမျှကိုလည်း သူစောင့်ကြည့်ပေသည်။ ဘုရားသခင်က သင်နှင့်ပတ်သက်၍ ဤစိစစ်သတ်မှတ်ချက်ကို ပြုလုပ်ပြီး သင်၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား တစ်စုံတစ်ခုရှိကာ၊ အတော်အတန် မနာခံကြောင်း ပြောရုံမျှပြောခြင်းထက်၊ သင်သည် သမ္မာတရားကို မုန်းတီးသည်ဟု ပြောလျှင်— ဤသည်မှာ ကြီးလေးသော ပြဿနာတစ်ခုဖြစ်သလော။ (ဖြစ်သည်။) ထိုအခြေအနေတွင် သင့်အတွက် ပြဿနာရှိလေသည်။ ဤပြဿနာသည် သင့်ကို လူများက မြင်သည့်ပုံစံ၊ သို့မဟုတ် ၎င်းတို့က သင့်ကို အကဲဖြတ်သည့်ပုံစံနှင့် မသက်ဆိုင်ဘဲ၊ သမ္မာတရားကို မုန်းတီးသည့် သင်၏ ဤဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဘုရားသခင် မြင်သည့်ပုံစံနှင့် သက်ဆိုင်ပေသည်။ သို့ဆိုလျှင်၊ သင့်ကို ဘုရားသခင်က မည်သို့ မြင်မည်နည်း။ ဘုရားသခင်ကသင့်ကို သမ္မာတရားကို မုန်းတီးပြီး မချစ်သောသူသာဖြစ်ပြီး အခြားမည်သည့်အရာမျှမဟုတ်ဟူ၍သာ အမျိုးအစားခွဲသတ်မှတ်မည်လော။ ဤမျှ ရိုးရှင်းသလော။ သမ္မာတရားသည် အဘယ်က လာသနည်း။ သမ္မာတရားသည် အဘယ်သူကို ကိုယ်စားပြုသနည်း။ (ယင်းက ဘုရားသခင်ကို ကိုယ်စားပြုပါသည်။) သို့ဆိုလျှင် သင်သည် ဤအရာကို နှိုက်နှိုက်ချွတ်ချွတ် စဉ်းစားဖို့ ကြိုးစားခွင့်ရှိသည်၊ တစ်စုံတစ်ဦးက သမ္မာတရားကို မုန်းတီးလျှင်၊ ဤအရာက ဘုရားသခင်အတွက် အဘယ်သို့ ထင်ရမည်နည်း။ (၎င်းတို့သည် ဘုရားသခင်၏ရန်သူဖြစ်ပါသည်။) ဤသည်မှာ အရေးကြီးကိစ္စဖြစ်မည် မဟုတ်လော။ သမ္မာတရားအပေါ် မုန်းတီးသည့်သူတစ်ဦးသည် ၎င်း၏စိတ်နှလုံးထဲ၌ ဘုရားသခင်ကို မုန်းတီးမည် ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ ဘုရားသခင်၏ ရှေ့မှောက်၌ မကြာခဏ အသက်ရှင်ခြင်းသည်သာလျှင် အကြင်သူသည် သူနှင့် ပုံမှန်ဆက်ဆံရေးကို ရရှိနိုင်သည်) ဘုရားနှုတ်ကပတ်တော် ဖွင့်ပြချက်က ကျွန်မအပေါ် တော်တော်သက်ရောက်မှုရှိသွားတယ်။ ကျွန်မရဲ့ မာနထောင်လွှားမှုနဲ့ ကိုယ့်ကိုယ်ကိုယ် အမှန်ထင်မှုရဲ့ အကျည်းတန်တဲ့ ဖောက်ပြန်ပျက်စီးခြင်းကို ကျွန်မ မြင်သွားတယ်။ ကျွန်မ နည်းနည်းလေးမှ လက်မခံတဲ့ ကျွန်မ ရွေးခဲ့တဲ့သူတစ်ယောက်နဲ့ပတ်သက်ပြီး အစ်မနှစ်ယောက်က အကြံနည်းနည်းပေးခဲ့တယ်။ ကျွန်မက မှန်တယ်လို့ ခံစားမိခဲ့တယ်။ ကျွန်မက သူတို့ကို စကားပြောဖို့ အခွင့်အရေးတောင်မပေးခဲ့ဘဲ သူတို့ကို ဆက်တိုက်ဆူနေပြီး ပိတ်ပင်တားဆီးတယ်။ မာနထောင်လွှားတဲ့အရာတွေအများကြီးပြောပြီး သူတို့ကို ငြင်းခုံပြီးအနိုင်ယူတယ်။ သူတို့က နောက်ဆုတ်သွားတယ်။ ဒါက ကျွန်မရဲ့ ချဉ်းကပ်မှုနဲ့ အပြုအမူမှာရှိတဲ့ အမှားတစ်ခုသက်သက်မဟုတ်ပါဘူး။ ဒါက သမ္မာတရားကို စိတ်ကုန်ပြီး မုန်းတီးတဲ့ ဆိုးယုတ်တဲ့ စိတ်သဘောထားတစ်ခုပါ။ အဲဒီခေါင်းဆောင်တွေကို ကျွန်မပြန်ပြောတုန်းက ကျွန်မပြောဆိုပြုမူပုံကို စဉ်းစားကြည့်တော့ တီကောင်ကိုစားသလို ကျွန်မအတွက် ရွံရှာမိတယ်။ အရမ်းကိုရှက်မိပြီး ငကြောင်တစ်ယောက်လို အရှက်ခွဲခံရသလို ခံစားမိတယ်။ ဘုရားသခင်ရဲ့ အမြင်မှာ သမ္မာတရားကို စိတ်ကုန်ပြီး မုန်းတီးတာက ဘုရားကို မုန်းတီးပြီး ဘုရားရဲ့ ရန်သူဖြစ်တာပဲ။ ဘုရားရဲ့ ရန်သူအားလုံးက နတ်ဆိုးတွေပဲ။ အထက်ခေါင်းဆောင်က ကျွန်မကို လုံးဝ မပြောင်းလဲတဲ့ အသက်ကြီးတဲ့စာတန်အဖြစ် ဖော်ထုတ်တာက လုံးဝ တိကျပါတယ်။ ဒါက ကျွန်မရဲ့ သဘာဝနဲ့ အနှစ်သာရပဲ။ ပြဿနာတွေကို ရင်ဆိုင်ရပြီး ကျွန်မက အတိုက်အခံပဲဖြစ်နေတယ်။ အာခံတယ်။ သမ္မာတရားကို လက်မခံဘူး။ ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးတဲ့၊ ဆိုးယုတ်တဲ့ စိတ်သဘောထားအတိုင်း တာဝန်ထမ်းဆောင်တယ်။ ကျွန်မက ဘုရားကို အာခံပြီး သူ့စိတ်သဘောထားကို ပုန်ကန်ပြစ်မှားမိတာ မဖြစ်ဘဲ ဘယ်နေမလဲ။ ပြီးတော့ ဝေဖန်တာကို ကျွန်မ ဘယ်လိုရှောင်နိုင်မလဲ။ ဒီအချိန်မှာ ဒီလိုပုံစံနဲ့ ပြုပြင်ခံရပြီး ကိုင်တွယ်ဖြေရှင်းခံရတာက ဘုရားသခင်ရဲ့ ဖြောင့်မတ်ခြင်းပဲဆိုတာ ကျွန်မ သဘောပေါက်သွားတယ်။ ဖော်ထုတ်ခံရပြီး ဝေဖန်ခံရတာက ကျွန်မရဲ့ မာနကို ဒဏ်ရာရစေပြီး ကျွန်မအတွက် ခက်ခဲပေမဲ့ ကျွန်မရဲ့ မာနထောင်လွှားတဲ့ သဘာဝကို မြင်သွားစေတယ်။ ဘုရားသခင်အပေါ် ကြောက်ရွံ့မှု နည်းနည်းရှိသွားတယ်။

နောက်ပိုင်းမှာ ကျွန်မရဲ့ ကိုယ်ပိုင်အခြေအနေအပေါ် နားလည်မှုနဲ့ ပိုင်းခြားသိမြင်မှုနည်းနည်းပေးတဲ့ ဘုရားနှုတ်ကပတ်တော်တချို့ကို ကျွန်မဖတ်တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “အန္တိခရစ်များသည် မည်သည့်အရာကို လုပ်ဆောင်နေသည်ဖြစ်စေ ၎င်းတို့၏ ကိုယ်ပိုင်ရည်မှန်းချက်များ၊ ရည်ရွယ်ချက်များရှိသည်။ ၎င်းတို့၏ ကိုယ်ပိုင်အစီအစဉ်နှင့်အညီ အစဉ် ပြုမူဆောင်ရွက်နေကြသည်။ ဘုရားအိမ်တော်၏ အစီအစဉ်များနှင့် အလုပ်အပေါ် ၎င်းတို့၏ သဘောထားမှာ “သင်က အစီအစဉ်များ ထောင်ချီ၍ ရှိနိုင်သည်။ သို့သော် ကျွန်ုပ်တွင် စည်းမျဉ်းတစ်ခုရှိသည်” ဟူ၍ ဖြစ်သည်။ ဤအရာအားလုံးကို အန္တိခရစ်၏ သဘာဝဖြင့် သတ်မှတ်ဆုံးဖြတ်သည်။ အန္တိခရစ်တစ်ယောက်သည် ၎င်းတို့၏ စိတ်နေစိတ်ထားကို ပြောင်းလဲပြီး သမ္မာတရားစည်းမျဉ်းများနှင့်အညီ ပြုမူဆောင်ရွက်နိုင်သလော။ ဤသည်မှာ လုံးဝ ဖြစ်နိုင်မည်မဟုတ်ပေ။ အထက်မှ ၎င်းတို့ကို အတင်းခိုင်းစေမှသာ ၎င်းတို့သည် စိတ်မပါစွာဖြင့်၊ အားစိုက်မှုဖြင့် အနည်းငယ် လုပ်ဆောင်နိုင်သည်။ မည်သည့်အရာကိုမျှ ၎င်းတို့မလုပ်လျှင် ဖော်ထုတ်ခံရပြီး လူစားထိုးခံရမည်ဖြစ်သည့်အချိန်မှသာ လက်တွေ့အလုပ်အနည်းငယ်ကို လုပ်ဆောင်နိုင်ကြသည်။ ဤသည်မှာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းအပေါ် အန္တိခရစ်များတွင်ရှိသော သဘောထားဖြစ်သည်။ ၎င်းတို့အတွက် အကျိုးရှိသောအခါတွင်၊ လူတိုင်းက ၎င်းတို့ကို ယင်းအတွက် ချီးကျူးလေးစားမည်ဖြစ်သောအခါတွင် ၎င်းတို့သည် သေချာပေါက် မဖြစ်မနေလုပ်ကြပြီး၊ အမြင်ကောင်းစေရန်အတွက် အပေါ်ယံ အားစိုက်မှုအချို့လုပ်ဆောင်ကြလိမ့်မည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းသည် ၎င်းတို့အတွက် အကျိုးမရှိလျှင်၊ မည်သူကမျှ မမြင်သကဲ့သို့ အထက်ခေါင်းဆောင်များ မရှိလျှင် ထိုသို့သောအချိန်များတွင် ၎င်းတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်မည်မဟုတ်သည်မှာ မေးစရာမလိုပေ။ သမ္မာတရားကို ၎င်းတို့ လက်တွေ့လုပ်ဆောင်ခြင်းသည် ဆက်စပ်သည့် အခြေအနေအပေါ်တွင်၊ အချိန်ပေါ်တွင်၊ လူအများရှေ့တွင် လုပ်ဆောင်ရခြင်း၊ သို့မဟုတ် ကွယ်ရာတွင် လုပ်ဆောင်ရခြင်း ရှိမရှိ၊ အကျိုးအမြတ်က မည်မျှ ကြီးမားသည် ဆိုသည်တို့အပေါ်တွင် မူတည်သည်။ ၎င်းတို့သည် ထိုသို့သောအရာများနှင့်ပတ်သက်လာသည့်အခါ ထူးကဲစွာ ကျွမ်းကျင်လိမ္မာပြီး ဖြတ်ထိုးဉာဏ်ကောင်းသည်။ မည်သည့်အကျိုးအမြတ်မှမရရှိခြင်း၊ သို့မဟုတ် မိမိတို့ကိုယ်ကို ပြသမှုမပြုခြင်းသည် လက်မခံနိုင်ဖွယ်ဖြစ်သည်။ ၎င်းတို့၏ အားထုတ်မှုများ အသိအမှတ်မပြုခံရလျှင်၊ ၎င်းတို့ မည်မျှ လုပ်ဆောင်ပါစေ မည်သူကမျှ မမြင်လျှင် ၎င်းတို့သည် မည်သည့်အလုပ်ကိုမျှ မလုပ်ဆောင်ပေ။ အလုပ်ကို ဘုရားအိမ်တော်မှ တိုက်ရိုက်စီစဉ်ထားပြီး ၎င်းတို့က ယင်းကို လုပ်ဆောင်ဖို့မှလွဲ၍ အခြားရွေးချယ်စရာမရှိလျှင် ဤသည်မှာ ၎င်းတို့၏ အဆင့်အတန်းနှင့် ဂုဏ်သတင်းအတွက် အကျိုးရှိမရှိကို ထည့်သွင်းစဉ်းစားကြဆဲဖြစ်သည်။ ၎င်းတို့၏ အဆင့်အတန်းအတွက် ကောင်းပြီး ၎င်းတို့၏ ဂုဏ်သတင်းကို တိုးတက်စေနိုင်လျှင် ၎င်းတို့သည် ဤအလုပ်ကို အစွမ်းရှိသမျှ လုပ်ဆောင်ကြပြီး ကောင်းစွာ လုပ်ဆောင်ကြသည်။ တစ်ချက်ခုတ် နှစ်ချက်ပြတ်ဖြစ်သည်ဟု ၎င်းတို့က ခံစားကြရသည်။ ယင်းက ၎င်းတို့၏ အဆင့်အတန်း၊ သို့မဟုတ် ဂုဏ်သတင်းအတွက် အကျိုးမရှိလျှင်၊ ဆိုးဝါးစွာလုပ်ဆောင်ခြင်းက ၎င်းတို့ကို နာမည်ပျက်စေနိုင်မည်ဆိုလျှင် ထိုအရာမှ လွတ်မြောက်ရန်အတွက် နည်းလမ်း၊ ဆင်ခြေတစ်ခုခုကို စဉ်းစားကြသည်။ ၎င်းတို့သည် မည်သည့်တာဝန်ကို ထမ်းဆောင်ပါစေ စည်းမျဉ်းတစ်ခုတည်းကိုသာ အစဉ် ကိုင်စွဲထားသည်။ အကျိုးအမြတ်အချို့ကို ၎င်းတို့ စုဆောင်းရမည် ဟူ၍ဖြစ်သည်။ အန္တိခရစ်များ အနှစ်သက်ဆုံးသော အလုပ်အမျိုးအစားမှာ ၎င်းတို့အဖို့ မည်သည့်ဆုံးရှုံးမှုမျှ မရှိသည့်အခါ၊ ဆင်းရဲဒုက္ခမခံရသည့်၊ အဖိုးအခမပေးဆပ်ရသည့်အခါနှင့် ၎င်းတို့၏ ဂုဏ်သတင်းနှင့် အဆင့်အတန်းအတွက် အကျိုးအမြတ်ရှိသည့်အခါတွင် ဖြစ်သည်။ အနှစ်ချုပ်လျှင် အန္တိခရစ်များသည် မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ ၎င်းတို့၏ ကိုယ်ပိုင်အကျိုးစီးပွားများကို အရင်ဦးဆုံး ထည့်စဉ်းစားပြီး အရာအားလုံးကို သေချာစဉ်းစားတွေးတောပြီးမှသာ ဆောင်ရွက်ကြသည်။ ၎င်းတို့သည် ညှိုနှိုင်းခြင်းမရှိဘဲ သမ္မာတရားကို မှန်ကန်စွာ၊ ရိုးသားစစ်မှန်စွာ၊ အပြည့်အဝ လိုက်နာခြင်းမရှိဘဲ စိစိစစ်စစ်ရှိစွာနှင့် အခြေအနေပေါ်မူတည်၍ ဆောင်ရွက်ကြသည်။ ဤသည်မှာ မည်သည့်အခြေအနေဖြစ်သနည်း။ ဤသည်မှာ ၎င်းတို့၏ ဂုဏ်အဆင့်အတန်းနှင့် ဂုဏ်သတင်းကို အကာအကွယ်ပေးရမည်ဖြစ်ပြီး၊ မည်သည့်ဆုံးရှုံးမှုကိုမျှ မခံရစေခြင်းဖြစ်သည်။ ဤအခြေအနေနှင့် ကိုက်ညီပြီးမှသာ ၎င်းတို့သည် မည်သည့်အရာလုပ်ဆောင်ရမည်ကို ဆုံးဖြတ်ပြီး ရွေးချယ်သည်။ ဆိုလိုသည်မှာ အန္တိခရစ်တို့သည် သမ္မာတရားစည်းမျဉ်းများ၊ ဘုရားသခင်၏ စေခိုင်းချက်များနှင့် ဘုရားအိမ်တော်၏ အလုပ်၊ သို့မဟုတ် ၎င်းတို့ရင်ဆိုင်ရသည့်အရာများကို မည်သို့ကိုင်တွယ်ရမည်ဆိုသည်ကို အလေးအနက် စဉ်းစားကြသည်။ ၎င်းတို့သည် ဘုရားသခင်၏ အလိုတော်ကို မည်သို့ဖြည့်ဆည်းရမည်၊ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ထိခိုက်ခြင်းမှ မည်သို့ထိန်းသိမ်းကာကွယ်ရမည်၊ ဘုရားသခင်ကို မည်သို့ ကျေနပ်စေရမည်၊ သို့မဟုတ် ညီအစ်ကိုမောင်နှမတို့အား မည်သို့ အကျိုးဖြစ်စေရမည်တို့ကို မစဉ်းစားပေ။ ဤအရာတို့သည် ၎င်းတို့ ထည့်စဉ်းစားသည့် အရာများမဟုတ်ပေ။ အန္တိခရစ်များသည် မည်သည့်အရာကို ထည့်စဉ်းစားသနည်း။ ၎င်းတို့၏ ကိုယ်ပိုင် အဆင့်အတန်းနှင့် ဂုဏ်သတင်းတို့ ထိခိုက်ခြင်းရှိမရှိနှင့် ၎င်းတို့၏ ဂုဏ်သိက္ခာ နိမ့်ကျခြင်းရှိမရှိတို့ဖြစ်သည်။ သမ္မာတရားစည်းမျဉ်းများအတိုင်း တစ်စုံတစ်ခုကို လုပ်ဆောင်ခြင်းသည် အသင်းတော်အလုပနှင့် ညီအစ်ကိုမောင်နှမများအတွက် အကျိုးရှိစေသော်လည်း ၎င်းတို့၏ ဂုဏ်သတင်းကို ထိခိုက်စေပြီး လူများစွာတို့အား ၎င်းတို့၏ တကယ့် ဝိညာဉ်ရင့်ကျက်မှုကို နားလည်သဘောပေါက်မိစေပြီး ၎င်းတို့တွင် မည်သည့်သဘာဝနှင့် အနှစ်သာရမျိုး ရှိသည်ကိုသိစေလျှင် ၎င်းတို့သည် သမ္မာတရားစည်းမျဉ်းများအရ သေချာပေါက် လုပ်ဆောင်မည်မဟုတ်ပေ။ လက်တွေ့အလုပ်ကို လုပ်ဆောင်ခြင်းသည် ၎င်းတို့ကို လူများက ပို၍ အထင်ကြီးစေလျှင် လေးစားစေလျှင်၊ အားကျစေလျှင်၊ သို့မဟုတ် ၎င်းတို့၏ စကားများအား သြဇာအာဏာကို သယ်ဆောင်စေပြီး ပိုများသော လူတို့အား ၎င်းတို့ကို နာခံကြစေလျှင် ထိုနည်းအတိုင်းလုပ်ဆောင်ရန် ရွေးချယ်ကြလိမ့်မည်။ ဤသို့မဟုတ်လျှင် ၎င်းတို့သည် ဘုရားအိမ်တော်၊ သို့မဟုတ် ညီအစ်ကိုမောင်နှမများ၏ အကျိုးစီးပွားများကို ထည့်သွင်းစဉ်းစားခြင်းကြောင့် ၎င်းတို့၏ ကိုယ်ပိုင်အကျိုးစီးပွားများကို လျစ်လျူရှုရန် ရွေးချယ်ခြင်းကို မည်သည့်အခါမျှ ပြုလုပ်လိမ့်မည်မဟုတ်ပေ။ ဤသည်မှာ အန္တိခရစ်များ၏ သဘာဝနှင့် အနှစ်သာရဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉- ၎င်းတို့သည် မိမိတို့ကိုယ်တိုင် ထင်ရှားကျော်ကြားမှု ရစေဖို့နှင့် ၎င်းတို့ကိုယ်တိုင်၏ အကျိုးစီးပွားများနှင့် ရည်မှန်းချက်များကို ပြည့်ဝစေဖို့သာ ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင့်အိမ်တော်၏အကျိုးစီးပွားများကို မည်သည့်အခါမျှ အရေးမထားသကဲ့သို့၊ ပုဂ္ဂိုလ်ရေးရာ ထင်ပေါ်ကျော်ကြားမှုအတွက် အပြန်အလှန်အားဖြင့် ထိုအကျိုးစီးပွားများကိုပင် ပစ်ပယ်သည် (အပိုင်း ၃)) သူများတွေက အစ်မကျန်းရဲ့ ပြဿနာတွေကိုပြောတဲ့အခါမှာ အတိုက်အခံလုပ်ပြီး ကသိကအောက်ဖြစ်တာ၊ သူ့ကို လူစားလဲဖို့ သဘောမတူတာက မာနထောင်လွှားတဲ့ စိတ်သဘောထားတစ်ခုသက်သက်ကြောင့်မဟုတ်ဘူးဆိုတာ ဘုရားနှုတ်ကပတ်တော်က ကျွန်မကို ပြခဲ့တယ်။ အဲဒီနောက်မှာ ပုန်းကွယ်နေတာက ကျွန်မရဲ့ တစ်ကိုယ်ကောင်းဆန်တဲ့၊ ယုတ်မာတဲ့ ရည်ရွယ်ချက်တွေပဲ။ ကျွန်မက ကိုယ့်ရဲ့ ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို ကာကွယ်နိုင်ဖို့ ခေါင်းဆောင်တွေရဲ့ အကြံတွေကို လက်ခံဖို့ ငြင်းဆန်ခဲ့တယ်။ အဲဒီခေါင်းဆောင်နှစ်ယောက်က အစ်မကျန်းရဲ့ ပြဿနာတွေနဲ့ပတ်သက်ပြီး မှန်တယ်။ သူက ကြီးကြပ်ရေးမှူးဖြစ်ဖို့ မသင့်တော်တာ ရှင်းတယ်။ ဧဝံဂေလိအလုပ်က သူ့ကြောင့် နှောင့်နှေးနေပြီ။ ကျွန်မက သူ့ကို ချက်ချင်း ထုတ်လိုက်သင့်တယ်။ ဒါပေမဲ့ ကျွန်မက ကိုယ့်နာမည်နဲ့ အဆင့်အတန်းကို ထိန်းသိမ်းဖို့အတွက် ဒါကို တားဆီးဖို့ အကြောင်းပြချက်မျိုးစုံရှာခဲ့တယ်။ ရလဒ်အနေနဲ့ အသင်းတော်ခေါင်းဆောင်နှစ်ယောက်က ကိစ္စတွေကို ဘယ်လို မှန်မှန်ကန်ကန် စီစဉ်ရမယ်ဆိုတာ မသိဘူး။ ဒါကြောင့် ကျွန်မတို့ဧဝံဂေလိအလုပ်က နည်းနည်းပိုပြီး ထိခိုက်သွားတယ်။ ကျွန်မရဲ့ မာနထောင်လွှားတာ၊ အသင်းတော်အလုပ်ကို ထိန်းသိမ်းဖို့ပျက်ကွက်တာ ကိုယ့်နာမည်နဲ့ အဆင့်အတန်းကိုပဲ ထည့်စဉ်းစားတာတွေက ကျွန်မတို့ ဧဝံဂေလိအလုပ်နဲ့ ညီအစ်ကိုမောင်နှမတွေရဲ့ အသက်ဝင်ရောက်မှုကို ထိခိုက်သွားတယ်။ ကျွန်မက အသင်းတော်အလုပ်ကို နှောင့်ယှက်နေတာပါ။ ကျွန်မက အသင်းတော်အလုပ်ကို ထိန်းသိမ်းဖို့ နှုတ်နဲ့ပဲပြောတယ်။ ဒါပေမဲ့ တကယ်တမ်းတော့ ကျွန်မက ကိုယ့်ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို ထိန်းသိမ်းနေတာပဲ။ ကျွန်မရဲ့ ရပ်တည်မှုကို ကာကွယ်နိုင်သရွေ့ ကျွန်မရွေးခဲ့တဲ့သူတစ်ယောက်က ပြဿနာတွေရှိပြီး အသင်းတော်အလုပ် နှောင့်နှေးနေရင်တောင် ကျွန်မက မျက်ကွယ်ပြုလိုက်တယ်။ ကျွန်မက ကိုယ်ပိုင်အဆင့်အတန်းကို ကာကွယ်နိုင်မယ်ဆိုရင် အသင်းတော်ရဲ့ အကျိုးစီးပွားထိခိုက်တာကို ကြည့်နေဖို့ အဆင်သင့်ဖြစ်နေခဲ့တယ်။ ဒါက အန္တိခရစ်ရဲ့ အပြုအမူမဟုတ်ဘူးလား။ ဘုရားနှုတ်ကပတ်တော်ရဲ့ တရားစီရင်ခြင်းနဲ့ ဖွင့်ပြခြင်းကတစ်ဆင့် ကျွန်မရဲ့ ဘုရားကိုဆန့်ကျင်တဲ့ သဘာဝနဲ့ အနှစ်သာရကို မြင်ခဲ့တယ်။ ကျွန်မရဲ့ စက်ဆုပ်စရာ၊ ဆိုးယုတ်တဲ့ ရည်ရွယ်ချက်တွေကို ရှင်းရှင်းလင်းလင်း မြင်ခဲ့ပါတယ်။ ဒီအချိန်မှာ ကျွန်မ ကြောက်သလိုဖြစ်လာတယ်။ ဘုရားသခင်ဆီမှာ နောင်တရချင်တဲ့စိတ်၊ မာနထောင်လွှားမှုကြောင့် မကောင်းမှုလုပ်ပြီး ဘုရားကို အာခံတာကို ရပ်ချင်တဲ့စိတ်ဖြစ်လာတယ်။

တစ်ခါတော့ ကျွန်မ ဘုရားဝတ်ပြုနေတုန်းမှာ ကျွန်မကို လက်တွေ့လုပ်ဖို့ လမ်းကြောင်းတစ်ခုပေးတဲ့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ဖတ်တယ်။ “ကွဲလွဲသောခံယူချက်ကို အခြားလူတို့က ဖွင့်ဟလာသောအခါ ဖြစ်ပေါ်လေသည်၊ ထင်ရာမြင်ရာနှင့် ကမူးရှုးထိုးလုပ်ခြင်းမှ ရှောင်ကြဉ်ရန် မည်သည့် လက်တွေ့လုပ်ဆောင်မှုကို သင်ထားရှိနိုင်သနည်း။ သင်သည် ဦးစွာ နှိမ့်ချခြင်းသဘောထား ရှိရမည်၊ သင်က မှန်ကန်သည်ဟု ယုံကြည်သောအရာကို ဘေးဖယ်ထားရမည်ဖြစ်ပြီး လူတိုင်းကို မိတ်သဟာယပြုရန် အခွင့်ပေးရမည် ဖြစ်သည်။ သင်၏နည်းလမ်းက မှန်ကန်သည်ဟု သင်ယုံကြည်လျှင်ပင်၊ ယင်းကို ထပ်တလဲလဲ မလျှော့တမ်း မပြောသင့်ပေ။ ယင်းသည် ရှေ့တစ်လှမ်းတက်ခြင်းမျိုး ဖြစ်သည်။ ယင်းက သမ္မာတရားကို ရှာဖွေခြင်း၊ သင့်ကိုယ်သင် ငြင်းပယ်ခြင်းနှင့် ဘုရားသခင်၏အလိုတော်ကို ဖြည့်ဆည်းခြင်းဟူသော သဘောထားကို ပြသသည်။ သင့်တွင် ဤသဘောထား ရှိသောအခါ၊ သင်သည် သင့်ကိုယ်ပိုင်ခံယူချက်ကို မစောင့်ထိန်းတော့သည်နှင့် တစ်ပြိုင်နက်၊ သင် ဆုတောင်းသင့်သည်။ ဘုရားသခင်ထံမှ သမ္မာတရားကို ရှာဖွေသင့်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များ၌ အခြေခံကို ရှာသင့်သည်— ဘုရားသခင်၏နှုတ်ကပတ်တော်များအရ မည်သို့ပြုမူရမည်ကို ဆုံးဖြတ်သင့်သည်။ ဤသည်မှာ အသင့်တော်ဆုံးနှင့် တိကျအမှန်ကန်ဆုံး လက်တွေ့လုပ်ဆောင်မှု ဖြစ်သည်။ လူများသည် လူတိုင်း အတူတကွ မိတ်သဟာယပြုဖို့နှင့် အဖြေတစ်ခုရှာဖို့ သမ္မာတရားကို ရှာဖွေပြီး ပြဿနာကို တင်ပြသည့်အချိန်သည် သန့်ရှင်းသောဝိညာဉ်တော်က ဉာဏ်အလင်းပေးခြင်းကို ထောက်ပံ့ပေးသည့်အချိန်ဖြစ်သည်။ ဘုရားသခင်က လူများကို စည်းမျဉ်းများအတိုင်း ဉာဏ်အလင်းပေးသည်၊ သင်၏သဘောထားကို သူက ဆင်ခြင်သုံးသပ်သည်။ သင်၏အမြင်သည် မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ သင်ယုံကြည်သည့်အတိုင်း ခေါင်းမာစွာနှင့် ရပ်တည်လျှင်၊ ဘုရားသခင်သည် သင့်ထံမှ သူ၏မျက်နှာကို ကွယ်ဝှက်လိမ့်မည်ဖြစ်ပြီး သင့်ကို လျစ်လျူရှုလိမ့်မည်။ သင့်ကို ရှေ့မဆက်နိုင်အောင် ဖြစ်စေလိမ့်မည်၊ သင့်ကို ဖော်ထုတ်ပြီး သင်၏အကျည်းတန်သော အခြေအနေကို ဖော်ထုတ်လိမ့်မည်။ အခြားတစ်ဘက်တွင်၊ သင်၏ သဘောထားသည် မှန်ကန်ပါက၊ သင်ကိုယ်တိုင်၏ နည်းလမ်းအတွက် မရမကပြောဆိုခြင်း မရှိသည်သာမက၊ မိမိကိုယ်ကိုယ် ဖြောင့်မတ်သည်ဟု မယူမှတ်သကဲ့သို့ ထင်ရာမြင်ရာနှင့် မဆင်မခြင်မလုပ်ဘဲ သမ္မာတရားကို ရှာဖွေခြင်းနှင့် လက်ခံခြင်း သဘောထားတစ်ခု ရှိပါက၊ ဤအရာကို လူတိုင်းနှင့် သင် မိတ်သဟာယပြုပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်က သင်တို့အလယ် အမှုပြုဖို့ အဆင်သင့်ရှိသည့်အခါတွင်၊ သူသည် တစ်စုံတစ်ဦး၏ စကားများအားဖြင့် သင့်ကို သိနားလည်မှုဆီသို့ ဦးဆောင်လမ်းပြကောင်း လမ်းပြလိမ့်မည်ဖြစ်သည်။ တစ်ခါတစ်ရံ သင့်ကို သန့်ရှင်းသော ဝိညာဉ်တော်က ဉာဏ်အလင်းပေးသည့်အခါတွင်၊ သူသည် ကိစ္စရပ်တစ်ခု၏ အဓိကအချက်ကို စကားအနည်းငယ် သို့မဟုတ် စကားစုအနည်းငယ်ဖြင့်၊ သို့မဟုတ် သင့်ကို အသိစိတ်တစ်ခုပေးခြင်းအားဖြင့် နားလည်အောင် သင့်ကို ဦးဆောင်လေသည်။ ထိုခဏချင်းတွင် သင် ဖက်တွယ်နေခဲ့ပြီးဖြစ်သည့် မည်သည့်အရာမဆို မှားယွင်းသည်ကို သင် နားလည်ပြီး ထိုခဏချင်းတွင်ပင် လုပ်ဆောင်ရန် အသင့်တော်ဆုံး နည်းလမ်းကို သင် နားလည်လေသည်။ ထိုသို့သော အဆင့်ကို ရောက်ရှိပြီးနောက်၊ သင်သည် မကောင်းမှု လုပ်ဆောင်ခြင်းနှင့် အမှားတစ်ခု၏ အကျိုးဆက်များကို ခံရခြင်းတို့အား အောင်အောင်မြင်မြင် ရှောင်ရှားပြီးဖြစ်ပါသလော။ ထိုသို့သောအရာတစ်ခုကို မည်သို့ စွမ်းဆောင်ရရှိသနည်း။ ဤအရာကို သင်၌ ဘုရားသခင်ကို ကြောက်ရွံ့သည့် စိတ်နှလုံးရှိသည့်အခါနှင့် သင်သည် သမ္မာတရားကို နာခံသော စိတ်နှလုံးဖြင့် ရှာဖွေသည့်အခါတို့တွင်သာ ရရှိလေသည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်းကို သင်လက်ခံရရှိပြီး လက်တွေ့လုပ်ဆောင်ဖို့ စည်းမျဉ်းများကို သတ်မှတ်ပြီးသည်နှင့် တစ်ပြိုင်နက်၊ သင်၏ လက်တွေ့လုပ်ဆောင်မှုသည် သမ္မာတရားနှင့် ကိုက်ညီလိမ့်မည် ဖြစ်ကာ၊ သင်သည် ဘုရားသခင်၏အလိုတော်ကို ဖြည့်ဆည်းနိုင်လိမ့်မည် ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ အပိုင်း သုံး) ဘုရားနှုတ်ကပတ်တော်က ကျွန်မကို လက်တွေ့လုပ်ဖို့ လမ်းကြောင်းတစ်ခုပေးတယ်။ ကျွန်မတာဝန်မှာ မကောင်းမှု မကျူးလွန်ဖို့၊ အသင်းတော်အလုပ်ကို မနှောင့်ယှက်ဖို့အတွက် အဓိကကျတာက ပြဿနာတွေ ပေါ်လာတဲ့အခါ သမ္မာတရားကိုရှာဖွေတဲ့ သဘောထား၊ ဘုရားကို ကြောက်ရွံ့တဲ့ စိတ်နှလုံးရှိဖို့ သူများတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ မတူတဲ့အမြင်တွေကို ကြုံရတဲ့အခါမှာ အရင်ဆုံး ကိုယ့်ကိုယ်ကိုယ်ဘေးဖယ်ပြီး ဆုတောင်းဖို့၊ ရှာဖွေဖို့ပဲ။ ဒါက သန့်ရှင်းသောဝိညာဉ်တော်ရဲ့ လုပ်ဆောင်မှုကိုရဖို့၊ ကိစ္စတွေကို မှန်မှန်ကန်ကန်လုပ်ပြီး အမှားတွေကို အနည်းဆုံးဖြစ်စေဖို့ တစ်ခုတည်းသောနည်းလမ်းပဲ။ ဒါကို နားလည်သွားတော့ ကျွန်မအတွက် ဉာဏ်အလင်း ပွင့်စေတယ်။ ဘယ်လိုရှေ့ဆက်ရမယ်ဆိုတာ ကျွန်မ သိသွားတယ်။ အဲဒီနောက်မှာ အစ်မကျန်းကို ကျွန်မ ထုတ်လိုက်ပြီး ကြီးကြပ်ရေးမှူးအသစ်တစ်ယောက် ရွေးလိုက်တယ်။ အချိန်နည်းနည်းကြာတော့ ဧဝံဂေလိအလုပ်က သိသိသာသာ တိုးတက်လာတယ်။ ဒါပေမဲ့ ဒီရလဒ်တွေကို မြင်တော့ ပိုပြီးတော့တောင် နောင်တရပြီး အပြစ်ရှိသလို ခံစားမိတယ်။ အရင်က ကျွန်မရဲ့ မာနထောင်လွှားမှုကို မုန်းမိတယ်။ ပြီးတော့ အစ်မကျန်းကို ကျွန်မက သူ့နေရာမှာပဲ စိတ်လိုလက်ရထားတာကြောင့် အသင်းတော်အလုပ်ကို အနှောင့်အယှက်ဖြစ်သွားပြီး ပြစ်မှားမှုတစ်ခုကို ကျူးလွန်ခဲ့တာကို မုန်းတီးမိတယ်။ အရာရာမှာ သမ္မာတရားကို ရှာဖွေပြီး ကိုယ်ပိုင်နည်းလမ်းနဲ့ မသွားတော့ဖို့ မာနထောင်လွှားမှုနဲ့ အသက်မရှင်တော့ဖို့ မျှော်လင့်ရင်းနဲ့ ကျွန်မ ဆုတောင်းလိုက်တယ်။

သိပ်မကြာခင်မှာပဲ နောက်ထပ် အခြေအနေတစ်ခုကို ကျွန်မ ကြုံရတယ်။ ဧဝံဂေလိသင်းထောက်တချို့နဲ့ အလုပ်ဆွေးနွေးတာမှာ ကျွန်မက အကြံနည်းနည်းပေးတယ်။ ကျွန်မပါးစပ်က စကားထွက်တာနဲ့ တစ်ပြိုင်နက် လူတိုင်းက ဝင်ပြီး အတိုက်အခံပြောကြတယ်။ ကျွန်မက နည်းနည်း ရှက်သွားပြီး တွေးမိတယ်။ ငါပြောသမျှက လုံးဝ မှားနေတာလား။ နင်တို့အားလုံးက အကုန်လုံးမှန်နေတာလား။ ငါ့အမြင်တွေအားလုံးက အပယ်ခံရရင် သူများတွေက ခေါင်းဆောင်တစ်ယောက်အနေနဲ့ ငါ့ကို ဘယ်လိုမြင်ကြမလဲ။ ငါက သမ္မာတရားကို နားမလည်ဘူး၊ လက်တွေ့ကျတာ မရှိဘူးလို့ သေချာပေါက် ထင်ကြမှာပဲ။ အဲဒီနောက်မှာ သူတို့က ကျွန်မပြောတာ နားထောင်ပါ့မလား။ လူတိုင်းအမြင်မှာ ငါက ခေါင်းဆောင်တစ်ယောက်ရဲ့ ဂုဏ်သိက္ခာရှိပါဦးမလား။ ဒီလိုစဉ်းစားမိပြီး ကျွန်မက ကိုယ့်သိက္ခာအတွက် ပြောဆိုပြီး သူများတွေရဲ့ အမြင်ကို ငြင်းချင်လာပြန်တယ်။ နောက်တော့ ကျွန်မက မှန်ကန်တဲ့ အခြေအနေမှာ ရှိမနေတာကို သတိထားမိပြီး တော်တော်အပြစ်ရှိသလို ခံစားမိတယ်။ ကျွန်မစိတ်နှလုံးထဲမှာ ဘုရားသခင်ကို တိတ်တဆိတ် ဆုတောင်းတယ်။ “ဘုရားသခင် သူတို့မှန်တယ်ဆိုတာ သမီးသိပါတယ်။ ဒါပေမဲ့ သမီးမာနက ထိခိုက်သွားပြီး ကိုယ့်ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို ကာကွယ်ချင်လာပြန်ပါတယ်။ သမီးကို စောင့်ရှောက်ပြီး သူတို့ရဲ့ မှန်ကန်တဲ့ အကြံတွေကို လက်ခံဖို့ သမ္မာတရားစည်းမျဉ်းတွေနောက်လိုက်ပြီး ဖောက်ပြန်ပျက်စီးခြင်းနဲ့ အသက်မရှင်ဖို့ ကူညီတော်မူပါ” ဆိုပြီးတော့။ ကျွန်မ ဆုတောင်းပြီးတော့ ဘုရားသခင်ဆီက ဒီနှုတ်ကပတ်တော်တွေကို ဖတ်တယ်။ “အကြင်သူသည် မိမိလုပ်ဆောင်သမျှကို အခြားသူများနှင့် ဆွေးနွေးရမည်။ အခြားလူတိုင်း ပြောစရာရှိသည့်အရာကို ဦးစွာ နားထောင်လော့။ အများစု၏ အမြင်က မှန်ကန်ပြီး သမ္မာတရားနှင့် ကိုက်ညီလျှင်၊ သင် လက်ခံပြီး ယင်းကို ကျိုးနွံနာခံသင့်သည်။ သင် မည်သည့်အရာကို လုပ်ဆောင်ပါစေ၊ စကားကြီး စကားကျယ်များကို မပြောနှင့်။ စကားကြီးစကားကျယ်များ ပြောခြင်းသည် မည်သည့်လူအုပ်စုတွင်မဆို မည်သည့်အခါမျှ ကောင်းမွန်သည့််အရာ မဟုတ်ပေ။...ပါဝင်ဖို့နှင့် ပူးပေါင်းဆောင်ရွက်ဖို့၊ အကြံပြုချက်များပေးဖို့နှင့် သင်၏အမြင်များကို ဖော်ပြဖို့သည် သင်၏ တာဝန်နှင့် လုပ်ပိုင်ခွင့်ဖြစ်သည်။ သို့ရာတွင် အဆုံးသတ် ဆုံးဖြတ်ချက် ချပြီးသည့်အခါ၊ လူတိုင်းကို သင်ပြောသည့်အတိုင်း လုပ်စေပြီး သင်၏အလိုအတိုင်း ပြုမူစေလျက်၊ အဆုံးသတ် ဆုံးဖြတ်ချက်ကို သင်တစ်ဦးတည်းသာ ချမှတ်ပါက၊ သင်သည် စည်းမျဉ်းများကို ချိုးဖောက်နေခြင်း ဖြစ်သည်။...မည်သည့်အရာမျှ သင့်အတွက် မရှင်းလင်းသကဲ့သို့၊ သင်၌ မည်သည့်အမြင်မျှ မရှိလျှင်၊ နားထောင်ပြီး နာခံဖို့၊ သမ္မာတရားကို ရှာဖွေဖို့ သင်ယူလော့။ ဤသည်မှာ သင်ထမ်းဆောင်သင့်သည့် တာဝန်ဖြစ်သည်။ ဤသည်မှာ အပြောအဆိုအမူအရာ ပွင့်လင်းခြင်း သဘောထားဖြစ်သည်။ တစ်စုံတစ်ဦးတွင် မိမိ၏ကိုယ်ပိုင် အမြင်များမရှိသော်လည်း မိုက်မဲသည့်ပုံပေါက်မည်၊ မိမိကိုယ်ကိုယ် အသိအမှတ်ပြုခံရအောင် မလုပ်နိုင်မည်၊ အရှက်ရမည်ကို အစဉ် စိုးရွံ့နေလျှင်၊ အခြားသူများ၏ ပယ်ချခြင်းခံရပြီး ထိုသူတို့၏ စိတ်နှလုံးထဲတွင် ဂုဏ်အဆင့်အတန်း မရှိသောကြောင့် ထင်ပေါ်စေရန် အစဉ်ကြိုးစားပြီး အခြားသူများအား လက်ခံစေမည့် လက်တွေ့အရှိတရားနှင့် မကိုက်ညီသည့် အဓိပ္ပာယ်မဲ့သော တင်ပြချက်များပြုလုပ်ရင်း၊ စကားကြီးစကားကျယ်များ အစဉ်ပြောလျှင်၊ ထိုလူသည် မိမိ၏တာဝန်ကို ထမ်းဆောင်နေခြင်း ဟုတ်သလော။ (မဟုတ်ပါ။) ၎င်းသည် မည်သည့်အရာကို လုပ်ဆောင်နေသနည်း။ ၎င်းတို့သည် ဖျက်လိုဖျက်ဆီးလုပ်နေခြင်း ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ အပိုင်း သုံး) ဘုရားနှုတ်ကပတ်တော်တွေက ဉာဏ်အလင်းပွင့်လင်းစေတယ်။ အလုပ်မှာ ပါဝင်လုပ်ကိုင်တာ၊ အမြင်တွေ၊ အကြံတွေပြောပြတာက ကျွန်မတာဝန်နဲ့ ဝတ္တရားရဲ့ အစိတ်အပိုင်းတစ်ခုပဲ။ ဒါပေမဲ့ လူတိုင်းကို ကျွန်မဖြစ်စေချင်တာကို လုပ်ခိုင်းပြီး ကျွန်မကို နားထောင်ခိုင်းတာက မာနထောင်လွှားတာ သက်သက်ပဲ။ အလုပ်အကြောင်းဆွေးနွေးတာတွေမှာ လူတိုင်းက သူတို့အမြင်ကို ဖော်ပြခွင့်ရှိတယ်။ သမ္မာတရားစည်းမျဉ်းတွေနဲ့ညီပြီး အသင်းတော်အလုပ်ကို အကျိုးဖြစ်စေတဲ့ဟာအတိုင်း လုပ်သင့်တယ်။ ဒါက သမ္မာတရားကို လက်ခံတတ်တဲ့ သဘောထားပဲ။ အဲဒီနောက်မှာ ကျွန်မ သမ္မာတရားကို စပြီး အာရုံစိုက်တယ်။ အလုပ်ဆွေးနွေးတာတွေမှာ မတူတဲ့ အမြင်တွေထွက်လာရင် သဘောတူညီချက်တစ်ခုရပြီး လက်တွေ့အကောင်အထည်ဖော်နိုင်ဖို့ လူတွေရဲ့ စိတ်ကူးတွေကို ဆက်ပြီး မေးတယ်။ ကျွန်မ မှတ်မိသေးတယ်။ တစ်ခါတုန်းက အလုပ်တစ်ခုကို ကျွန်မဘာသာ လုပ်ပြီးသွားပြီးတော့ နည်းနည်း စိတ်မအေးနိုင်ဖြစ်နေတယ်။ ကျွန်မက သဘောတူညီချက်ရဖို့ ကျွန်မတွဲဖက်တွေနဲ့ စကားမပြောရသေးဘူး၊ ဒါ မှန်ကန်တဲ့နည်းလမ်းမဟုတ်ဘူးဆိုတာ ဆုတောင်းခြင်း၊ ဆင်ခြင်ခြင်းကတစ်ဆင့် သဘောပေါက်သွားတယ်။ ကျွန်မက မာနထောင်လွှားတယ်၊ ဆုံးဖြတ်ချက်မချခင်မှာ ကိစ္စတွေကို မဆွေးနွေးဘူး၊ ကျွန်မက ဒီလိုပုံစံနဲ့ ကျိုးကြောင်းမသင့်ဖြစ်နေတယ် အဲဒီနောက်မှာ ကျွန်မ ပြောင်းလဲပြီး ကိစ္စတွေကို ဒီပုံစံနဲ့ မလုပ်တော့ဘူးဆိုပြီး မိတ်သဟာယမှာ လူတိုင်းကို ဖွင့်ပြောခဲ့တယ်။ ကျွန်မကို စောင့်ကြည့်ဖို့ကိုလည်း လူတိုင်းကို ကျွန်မ ပြောတယ်။ ဒီပုံစံနဲ့ ကိုယ့်ကိုယ်ကိုယ် ဘေးဖယ်ပြီး သမ္မာတရားကို လက်တွေ့လုပ်တာက ကျွန်မကို ငြိမ်ချမ်းစေသလို ခံစားရတယ်။

နောက်ထပ် အလုပ်ဆွေးနွေးတာတွေမှာ ကျွန်မ ဒီလို လက်တွေ့လုပ်ပြီး တကယ် မတော်တဆထိခိုက်တာတွေလုံးဝမရှိဘဲ နောက်ဆုံးမှာ ကိစ္စတွေက ပိုပြီးအဆင်ပြေလာတယ်။ ဘုရားသခင်ကို အရမ်း ကျေးဇူးတင်မိတယ်။ ဒီအရာကနေတစ်ဆင့် တာဝန်တစ်ခုမှာ မာနမကြီးဘဲ သူများတွေနဲ့ ကောင်းကောင်းပူးပေါင်းလုပ်ကိုင်ခြင်းအားဖြင့် သန့်ရှင်းသောဝိညာဉ်တော်ရဲ့အလုပ်ကို ရနိုင်တယ်၊ ကိစ္စတွေကို ပြီးမြောက်ဖို့ ပိုပြီးဖြစ်နိုင်ခြေရှိတယ်ဆိုတာ ကျွန်မ ကြုံတွေ့ခဲ့ရတယ်။ အခု ကျွန်မရဲ့ မာနထောင်လွှားတဲ့၊ ကိုယ့်ကိုယ်ကိုယ် အမှန်ထင်တဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို နည်းနည်း နားလည်လာတယ်။ သမ္မာတရားကို လက်တွေ့လုပ်နိုင်ပြီး နည်းနည်းပြောင်းလဲသွားတယ်။ ဒါက ဘုရားရဲ့ ချစ်ခြင်းနဲ့ ကယ်တင်ခြင်းပဲ။ ဘုရားရဲ့ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်း၊ ပြုပြင်ခြင်းနဲ့ ကိုင်တွယ်ဖြေရှင်းခြင်းကသာ လူတွေကို ပြောင်းလဲသန့်စင်နိုင်တယ်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၉၆။ ယုံကြည်သူအသစ်များကို ရေလောင်းခြင်းမှ- ရသည့် သင်ခန်းစာတစ်ခု

ရေချန်း တရုတ်နိုင်ငံ ဤနှစ်ဇန်နဝါရီတွင် အသင်းတော်၌ ကျွန်မ လူသစ်နှစ်ဦးကို ရေလောင်းနေခဲ့သည်။ အစ်မရန်ဂျီးနှင့် သူ့အမျိုးသားတို့ဖြစ်ပါသည်။...

လူ့သဘာဝကောင်းက တကယ်တမ်းဘာလဲဆိုတာ အခု ကျွန်မသိပြီ

မူးယံ တရုတ်နိုင်ငံ ကျွန်မရဲ့မိဘ၊ ဆရာတွေက ကျွန်မ ငယ်ငယ်ကတည်းက ကျွန်မကို သင်ပေးခဲ့တယ်။ သူများတွေနဲ့ သဟဇာတဖြစ်ခြင်းက တန်ဖိုးရှိတယ်။...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။