၇။ ခရစ်တော်သည် သမ္မာတရား၊ လမ်းခရီးနှင့် အသက်ဖြစ်သည်ကို မည်သို့နားလည်ရမည်နည်း။
ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-
“အစအဦး၌ နှုတ်ကပတ်တော်ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူ ရှိ၏။ နှုတ်ကပတ်တော်သည်လည်း ဘုရားသခင် ဖြစ်တော်မူ၏။ ထိုနှုတ်ကပတ်တော်သည် အစဦး၌ ဘုရားသခင်နှင့်အတူရှိ၏။” (ရှင်ယောဟန်ခရစ်ဝင် ၁:၁-၂)
“နှုတ်ကပတ်တော်သည်လည်း လူဇာတိအဖြစ်ကို ခံယူ၍၊ ကျေးဇူးတော်နှင့်၎င်း၊ သစ္စာတော်နှင့်၎င်း ပြည့်စုံလျက် ငါတို့တွင်တည်နေတော်မူသည်...။” (ရှင်ယောဟန်ခရစ်ဝင် ၁:၁၄)
“ငါသည်လမ်းခရီးဖြစ်၏။ သမ္မာတရားကိုလည်းဖြစ်၏။ အသက်သည်လည်းဖြစ်၏။ ငါ့ကို အမှီ မပြုလျှင် အဘယ်သူမျှ ခမည်းတော်ထံသို့မရောက်ရ။” (ရှင်ယောဟန်ခရစ်ဝင် ၁၄:၆)
“ငါပြောသောစကားသည် ဝိညာဉ်ဖြစ်၏။ အသက်လည်းဖြစ်၏။” (ရှင်ယောဟန်ခရစ်ဝင် ၆:၆၃)
ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-
အသက်၏ လမ်းခရီးသည် မည်သည့်လူမဆို ပိုင်ဆိုင်နိုင်သည့် အရာတစ်ခု မဟုတ်သကဲ့သို့၊ လူတိုင်း အလွယ်တကူ ရယူနိုင်သောအရာ တစ်ခုလည်း မဟုတ်ပေ။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် အသက်သည် ဘုရားသခင်ထံမှသာ လာနိုင်သောကြောင့်ဖြစ်၏၊ ဆိုလိုသည်မှာ ဘုရားသခင် ကိုယ်တိုင်သည်သာ အသက်၏အနှစ်သာရကို ပိုင်ဆိုင်ပြီး၊ ဘုရားသခင်ကိုယ်တိုင်သာ အသက်၏ လမ်းခရီး ရှိလေသည်။ ထို့ကြောင့် ဘုရားသခင်သာလျှင် အသက်၏အရင်းအမြစ်ဖြစ်ပြီး၊ အစဉ်စီးဆင်းနေသော ရှင်သန်သည့် အသက်စမ်းရေဖြစ်၏။ ကမ္ဘာလောကကို သူဖန်ဆင်းခဲ့ချိန်ကတည်းမှစ၍ ဘုရားသခင်သည် အသက်၏ စွမ်းအားပါဝင်သည့် အမှုများစွာကို လုပ်ဆောင်ပြီး ဖြစ်သည်၊ လူသားထံ အသက် ဆောင်ကြဉ်းပေးသည့် အမှုများစွာကို သူ လုပ်ဆောင်ပြီးဖြစ်ကာ လူသား အသက်ရရှိစေနိုင်သည့် မြောက်မြားစွာသော အဖိုးအခများကို ပေးဆပ်ပြီးဖြစ်သည်။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် ဘုရားသခင် ကိုယ်တော်တိုင်သည် ထာဝရအသက်ဖြစ်ပြီး၊ ဘုရားသခင် ကိုယ်တော်တိုင်သည် လူသားအနေဖြင့် ရှင်ပြန်ထမြောက်နိုင်သည့် လမ်းခရီး ဖြစ်သောကြောင့် ဖြစ်၏။ ဘုရားသခင်သည် လူသား၏နှလုံးသားမှ မည်သည့်အခါမျှ ကင်းမဲ့ခြင်းမရှိဘဲ လူတို့အလယ်တွင် တစ်ချိန်လုံး အသက်ရှင်နေပေသည်။ သူသည် လူသား အသက်ရှင်မှု၏ လွှမ်းမိုးစေ့ဆော်မှု၊ လူသားရှင်သန်ရပ်တည်မှု၏ အခြေခံနှင့် မွေးဖွားပြီးနောက် လူ၏ ရှင်သန်ရပ်တည်မှုအတွက် ကြွယ်ဝသော အရင်းအမြစ်ဖြစ်သည်။ သူသည် လူသားကို ပြန်လည်မွေးဖွားစေနိုင်ပြီး ၎င်းကို ၎င်း၏အခန်းကဏ္ဍတိုင်း၌ ဇွဲနပဲကြီးစွာ ရှင်သန်နိုင်စေ၏။ သူ၏တန်ခိုးနှင့် သူ၏ငြှိမ်းသတ်၍မရသော အသက် အင်အားပေါ် အမှီပြု၍ လူသားသည် မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် အသက်ရှင်ပြီး ဖြစ်သည်၊ ထိုစဉ်တွင် ဘုရားအသက်၏ တန်ခိုးကို လူသားတို့ကြားထဲတွင် တစ်သမတ်တည်း ထောက်ပံ့ပေးနေခဲ့ကာ ဘုရားသခင်သည် မည်သည့်သာမန်လူတစ်ဦးမျှ မပေးဆပ်ခဲ့ဖူးသည့် အဖိုးအခကို ပေးခဲ့လေပြီ။ ဘုရားသခင်၏ အသက်အင်အားသည် မည်သည့်တန်ခိုးကိုမဆို အောင်နိုင်၏။ မည်သည့်တန်ခိုးထက်မဆို ပို၍ပင် သာလွန်၏။ သူ၏အသက်သည် ထာဝရဖြစ်၏၊ သူ၏တန်ခိုးသည် ထူးကဲသာလွန်ကာ၊ သူ၏ အသက်အင်အားကို မည်သည့် အဖန်ဆင်းခံ သတ္တဝါ၊ သို့မဟုတ် မည်သည့် ရန်သူအင်အားကမျှ မလွှမ်းမိုးနိုင်ပေ။ အချိန်၊ သို့မဟုတ် နေရာကို ပဓာနမထားဘဲ၊ ဘုရားသခင်၏ အသက်အင်အားသည် တည်ရှိ၍ တောက်ပသောရောင်ခြည်ဖြင့် ထွန်းလင်း၏။ ကောင်းကင်နှင့် မြေကြီးသည် ကြီးမားသော ပြောင်းလဲမှုများကို ကြုံကောင်းကြုံရနိုင်သော်လည်း၊ ဘုရားသခင်၏ အသက်မှာမူ ထာဝရ မပြောင်းလဲပေ။ ဘုရားသခင်သည် အရာခပ်သိမ်း၏ ရှင်သန်မှု အရင်းအမြစ်ဖြစ်ပြီး၊ ၎င်းတို့ ရှင်သန်မှု၏ ရေသောက်မြစ် ဖြစ်သည့်အတွက်၊ အရာခပ်သိမ်း မတည်သော်လည်း၊ ဘုရားသခင်၏ အသက်သည် တည်ရှိဆဲဖြစ်လိမ့်မည်။ လူသား၏အသက်သည် ဘုရားသခင်ထံမှ အစပြု၏။ ကောင်းကင်သည် ဘုရားသခင်ကြောင့်တည်ရှိခြင်း ဖြစ်ပြီး ကမ္ဘာမြေကြီး ရှင်သန်ခြင်းသည်လည်း ဘုရားသခင်၏ အသက်တန်ခိုးမှ အရင်းခံခြင်းဖြစ်သည်။ အသက်ရှင်ခြင်းကို ပိုင်ဆိုင်သည့် မည်သည့်အရာမဆိုသည် ဘုရားသခင်၏ အချုပ်အခြာအာဏာကို ကျော်လွန်နိုင်ခြင်းမရှိသကဲ့သို့ အားမာန်ရှိသည့် မည်သည့်အရာမျှ ဘုရားသခင်၏ သြဇာအာဏာနယ်ပယ်မှ မလွတ်မြောက်နိုင်ပေ။ ဤနည်းဖြင့် မည်သူပင်ဖြစ်စေ လူအားလုံး ဘုရားသခင်၏ အုပ်စိုးမှုအောက် အရှုံးပေးအပ်နှံရမည်၊ လူအားလုံး ဘုရားသခင်၏ ထိန်းချုပ်မှုအောက်တွင် အသက်ရှင်ရမည်ဖြစ်ပြီး၊ ၎င်းတို့ထဲမှ မည်သူမျှ သူ၏လက်မှ မလွတ်မြောက်နိုင်ပေ။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆုံးသော ကာလ၏ ခရစ်တော်သည်သာ လူသားအား ထာဝရအသက်၏ လမ်းခရီးကို ပေးနိုင်သည်
ဘုရားသခင် ကိုယ်တော်တိုင်သည် အသက်ဖြစ်သည်၊ သမ္မာတရားလည်း ဖြစ်ပြီး သူ၏အသက်နှင့် သမ္မာတရားသည် အတူယှဉ်တွဲ တည်ရှိကြ၏။ သမ္မာတရားကို ရရှိနိုင်စွမ်း မရှိသူများသည် မည်သည့်အခါတွင်မျှ အသက်ကို ရရှိလိမ့်မည် မဟုတ်။ သမ္မာတရား၏ လမ်းပြမှု၊ ပံ့ပိုးမှုနှင့် ထောက်ပံ့မှုမရှိဘဲနှင့် သင်သည် စကားလုံးများ၊ အယူဝါဒများအပြင် သေခြင်းကိုသာ ရရှိလိမ့်မည် ဖြစ်သည်။ ဘုရားသခင်၏ အသက်သည် အစဉ်တည်ရှိနေပြီး သူ၏သမ္မာတရားနှင့် အသက်တို့သည် အတူယှဉ်တွဲတည်ရှိ၏။ သင်သည် သမ္မာတရား၏ အရင်းအမြစ်ကို ရှာမတွေ့နိုင်ပါက အသက်၏အာဟာရကို ရရှိလိမ့်မည် မဟုတ်ပေ။ သင်သည် အသက်၏ ထောက်ပံ့မှုကို မရရှိနိုင်ပါက ဧကန်မုချ သမ္မာတရား ရှိလိမ့်မည် မဟုတ်၊ ပြီးလျှင် စိတ်ကူးများနှင့် အယူအဆများမှအပ သင်၏ခန္ဓာကိုယ် တစ်ခုလုံးသည် သင်၏ ဇာတိပကတိ၊ သင်၏ နံစော်သော ဇာတိပကတိမှလွဲ၍ မည်သည့်အရာမျှ ဖြစ်လိမ့်မည် မဟုတ်။ စာအုပ်တို့၏ စကားလုံးများကို အသက်အဖြစ် ထည့်တွက်၍မရနိုင်သည်ကို သိလော့၊ သမိုင်းမှတ်တမ်းများကို သမ္မာတရားအဖြစ် တရိုတသေ ကိုးကွယ်ထား၍ မရနိုင်သကဲ့သို့ အတိတ်၏ စည်းမျဉ်းစည်းကမ်းများသည် ဘုရားသခင်၏ လက်ရှိ နှုတ်ကပတ်တော်များ၏ မှတ်တမ်းတစ်ခုအဖြစ် အသုံးမခံနိုင်ပေ။ ဘုရားသခင် ကမ္ဘာမြေသို့ ကြွလာပြီး လူသားအလယ် နေထိုင်ချိန်တွင် ဖော်ပြသော နှုတ်ကပတ်တော်များသည်သာ သမ္မာတရား၊ အသက်၊ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် သူ၏လက်ရှိ အမှုပြုသည့် နည်းလမ်း ဖြစ်၏။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆုံးသော ကာလ၏ ခရစ်တော်သည်သာ လူသားအား ထာဝရအသက်၏ လမ်းခရီးကို ပေးနိုင်သည်
နောက်ဆုံးသောကာလ၏ ခရစ်တော်သည် အသက် ယူဆောင်လာပြီး၊ အဓွန့်ရှည်စွာ တည်တံ့ကာ ထာဝရတည်ရှိသော သမ္မာတရား၏ လမ်းခရီးကို ယူဆောင်လာ၏။ ဤသမ္မာတရားသည် လူသားက အသက်ရရှိသည့် လမ်းကြောင်းဖြစ်ပြီး၊ လူသားက ဘုရားသခင်ကို သိပြီး ဘုရားသခင်၏ အသိအမှတ်ပြုခြင်းကို ခံရမည့် တစ်ခုတည်းသော လမ်းကြောင်းဖြစ်၏။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆုံးသော ကာလ၏ ခရစ်တော်သည်သာ လူသားအား ထာဝရအသက်၏ လမ်းခရီးကို ပေးနိုင်သည်
ဤတစ်ကြိမ်တွင် ဘုရားသခင်သည် ဝိညာဉ်ခန္ဓာအားဖြင့် မဟုတ်ဘဲ အလွန်သာမန်ဖြစ်သော ခန္ဓာကိုယ်အားဖြင့် အမှုပြုရန် ကြွလာသည်။ ထို့ပြင် ယင်းမှာ ဘုရားသခင်၏ ဒုတိယအကြိမ် လူ့ဇာတိခံယူသည့် ခန္ဓာကိုယ်ဖြစ်ပြီး ဇာတိပကတိသို့ ဘုရားသခင်ပြန်ကြွလာသည့် ခန္ဓာကိုယ်လည်း ဖြစ်သည်။ ယင်းမှာ အလွန်သာမန်ဖြစ်သော ဇာတိပကတိဖြစ်သည်။ သူ့ကို ကြည့်လိုက်လျှင် သူ့အား အခြားသူတို့အနက် ပေါ်လွင်ထင်ရှားစေသည့် အရာတစ်ခုကိုမျှ သင်မမြင်နိုင်သော်လည်း ယခင်က မကြားသိခဲ့ရသည့် သမ္မာတရားများကို သူ့ထံမှ သင်ရရှိနိုင်သည်။ ဤအရေးမပါသော ဇာတိခန္ဓာသည် သမ္မာတရားဖြစ်သည့် ဘုရားနှုတ်ကပတ်တော် အားလုံး၏ ပြယုဂ်ဖြစ်၏။ နောက်ဆုံးသော ကာလတွင် ဘုရားသခင်၏ အမှုကို တာဝန်ယူထမ်းဆောင်သူဖြစ်ပြီး လူသားက ဘုရားသခင်၏ စိတ်သဘောထားတစ်ရပ်လုံးကို နားလည်သဘောပေါက်ရမည့် ဖော်ပြချက်လည်း ဖြစ်သည်။ သင်သည် ကောင်းကင်ဘုံရှိ ဘုရားသခင်ကိုမြင်ရဖို့ လိုအင်ဆန္ဒ ကြီးစွာ မရှိသလော။ သင်သည် ကောင်းကင်ဘုံရှိ ဘုရားသခင်ကို သိနားလည်ဖို့ လိုအင်ဆန္ဒ ကြီးစွာ မရှိသလော။ သင်သည် လူသားမျိုးနွယ်၏ ပန်းတိုင်ကို မြင်ရဖို့ လိုအင်ဆန္ဒ ကြီးစွာ မရှိသလော။ သူသည် မည်သည့်လူသားကမျှ သင့်ကို ပြောပြနိုင်စွမ်းမရှိခဲ့သည့် လျှို့ဝှက်ချက်များဖြစ်သော ဤလျှို့ဝှက်ချက်များ အားလုံးကို သင့်အားပြောပြမည်ဖြစ်ပြီး သင်နားမလည်သည့် သမ္မာတရားများကိုလည်း သင့်အား သူပြောမည်ဖြစ်သည်။ သူသည် နိုင်ငံတော်ဆီသို့ သင်၏ တံခါးဝဖြစ်ပြီး ခေတ်သစ်ဆီသို့ သင်၏လမ်းပြဖြစ်သည်။ ဤသာမန်ဇာတိပကတိသည် လူသားအဖို့ ဉာဏ်မမီနိုင်သည့် များစွာသော နက်နဲမှုများကို ဆုပ်ကိုင်ထားသည်။ သူ၏လုပ်ဆောင်ချက်များမှာ သင့်အတွက် နားမလည်နိုင်စရာ ဖြစ်နိုင်သော်လည်း သူလုပ်ဆောင်သည့် အမှု၏ ပန်းတိုင်တစ်ခုလုံးမှာ သူသည် လူတို့ယုံကြည်သကဲ့သို့ ရိုးရိုးဇာတိပကတိ မဟုတ်သည်ကို သင် မြင်တွေ့စေဖို့ ထောက်ကူပေးရန်အတွက် လုံလောက်သည်။ အကြောင်းမှာ သူသည် နောက်ဆုံးသောကာလတွင် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် နောက်ဆုံးသောကာလ၌ လူသားမျိုးနွယ်ထံ ဘုရားသခင်ပြသသည့် စောင့်ရှောက်မှုကို ကိုယ်စားပြုလေသည်။ သင်သည် ကောင်းကင်နှင့် မြေကြီးကို တုန်လှုပ်စေပုံရသည့် သူ၏ နှုတ်ကပတ်တော်များကို မကြားနိုင်သကဲ့သို့ မီးလျှံတစ်ခုအလား သူ၏မျက်လုံးများကို မမြင်နိုင်သော်လည်း၊ ထို့ပြင် သင်သည် သူ၏သံလှံတံ၏ ဆုံးမပဲ့ပြင်မှုကို မခံရနိုင်သော်ငြားလည်း သင်သည် သူ၏နှုတ်ကပတ်တော်များမှနေ၍ ဘုရားသခင်သည် အမျက်ဒေါသ ထွက်သည်ကို ကြားနိုင်ပြီး ဘုရားသခင်သည် လူသားတို့အပေါ် သနားကရုဏာကို ပြနေကြောင်း သိနိုင်သည်။ ပြီးလျှင် သင်သည် ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားနှင့် သူ၏ဉာဏ်ပညာကို မြင်တွေ့နိုင်သည့်အပြင် လူသားမျိုးနွယ် တစ်ရပ်လုံးအတွက် ဘုရားသခင်၏ အရေးတယူရှိမှုကို ပို၍ပင် နားလည်သဘောပေါက်နိုင်သည်။ နောက်ဆုံးသောကာလတွင် ဘုရားသခင်၏အမှုသည် လူသားများကြားတွင် နေထိုင်လျက်ရှိသော ကောင်းကင်ဘုံရှိ ဘုရားသခင်ကို မြေကြီးပေါ်တွင် လူသားအား မြင်တွေ့ခွင့်ပေးရန်၊ ထို့ပြင် လူသားအနေဖြင့် ဘုရားသခင်အား သိရှိရန်၊ ကျိုးနွံနာခံရန်၊ ကြောက်ရွံ့ရန်နှင့် ချစ်ရန်အတွက် ထောက်ကူပေးဖို့ဖြစ်သည်။ ဤအကြောင်းကြောင့် သူသည် ဒုတိယအကြိမ် လူ့ဇာတိကို ခံယူ၍ ပြန်ကြွဆင်းလာခဲ့ခြင်းပင် ဖြစ်သည်။...
...ယနေ့ သင်တို့ရောက်ရှိလာခဲ့သည် အဖြစ်မှာ ဤဇာတိခန္ဓာကြောင့်ပင် ဖြစ်သည်။ သင်တို့၌ အသက်ရှင်နေထိုင်ဖို့ အခွင့်အရေးရှိခြင်းမှာ ဘုရားသခင်က ဇာတိပကတိ၌ ရှိနေသောကြောင့် ဖြစ်သည်။ ဤကောင်းချီးမင်္ဂလာအလုံးစုံကို ဤသာမညလူသားအတွက်ကြောင့် ရရှိခဲ့ခြင်းဖြစ်သည်။ ဤအရာသာမက အဆုံးတွင် လူမျိုးတိုင်းသည် ဤသာမညလူသားကို ဝတ်ပြုကိုးကွယ်ကြမည် ဖြစ်သကဲ့သို့၊ ဤမထင်ရှားသော လူသားကို ကျေးဇူးတင်ပြီး ကျိုးနွံနာခံကြမည်ဖြစ်သည်၊ အဘယ်ကြောင့်ဆိုသော် ယင်းသည် လူသားမျိုးနွယ်တစ်ရပ်လုံးကို ကယ်တင်ပြီးပြီဖြစ်သည့် သူယူဆောင်ခဲ့သော သမ္မာတရား၊ အသက်နှင့် လမ်းခရီးတို့ပင် ဖြစ်ပြီး၊ လူသားနှင့် ဘုရားသခင်ကြားက ပဋိပက္ခကို ပြေလည်စေခဲ့ကာ သူတို့ကြားက အကွာအဝေးကို တိုစေပြီးလျှင် ဘုရားသခင်နှင့် လူသား၏ သဘောထားများကြား၌ ဆက်သွယ်ချက်တစ်ခုကို လမ်းဖွင့်ပေးခဲ့သည်။ ဘုရားသခင်အတွက် သာ၍ပင်ကြီးမားသော ဘုန်းအသရေကို ရယူပြီးခဲ့သူမှာလည်း သူပင်ဖြစ်သည်။ ထိုသို့သော သာမညလူသားသည် သင်၏ယုံကြည်စိတ်ချမှုနှင့် ကြည်ညိုမှုတို့နှင့် မထိုက်တန်သလော။ ထိုကဲ့သို့သော သာမညဇာတိခန္ဓာသည် ခရစ်တော်ဟု ခေါ်ဆိုခြင်းခံရရန် မသင့်တော်သလော။ ထိုကဲ့သို့သော သာမညလူသားသည် လူများကြား၌ ဘုရားသခင်၏ထုတ်ဖော်ချက် ဖြစ်မလာနိုင်သလော။ လူသားမျိုးနွယ်ကို ဘေးဒုက္ခမှ ချမ်းသာပေးခဲ့သည့် ထိုလူသားသည် သင်၏ချစ်ခြင်းမေတ္တာနှင့် သူ့အားဖက်တွယ်ထားရန် သင်၏ဆန္ဒတို့နှင့် မထိုက်တန်သလော။ သင်တို့သည် သူ၏နှုတ်မှ ဖော်ပြခဲ့သည့် သမ္မာတရားများကို ငြင်းပယ်ကာ၊ သင်တို့အလယ်၌ သူ၏တည်ရှိမှုကို စက်ဆုပ်ပါက၊ အဆုံး၌ သင်တို့ ဘာဖြစ်သွားမည်နည်း။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်သိခဲ့သလော ဘုရားသခင်သည် လူသားများကြား၌ ကြီးမားသောအမှုကို ပြုခဲ့ပြီးပြီ
သို့တိုင် လူများအကြား၌ ပုန်းကွယ်လျက် ငါတို့ကို ကယ်တင်ခြင်း အလုပ်သစ်အား လုပ်ဆောင်နေသူမှာ ဤသာမန်လူ ဖြစ်သည်။ သူသည် ငါတို့ကို မည်သည့် ရှင်းပြချက်မျှ မပေးသကဲ့သို့၊ အဘယ်ကြောင့် ကြွလာပြီးဖြစ်သည်ကိုလည်း ငါတို့ကို မပြောပြပေ၊ သို့သော် သူ၏အစီအစဉ်နှင့် သူ၏လုပ်ရိုးလုပ်စဉ်တို့အတိုင်း သူလုပ်ရန်ရည်ရွယ်သည့် အမှုကိုသာ လုပ်ဆောင်လေသည်။ သူ၏ နှုတ်ကပတ်တော်များနှင့် မိန့်မြွက်ချက်များသည် ယခင်ထက် အကြိမ်ရေ ပို၍ပို၍များလာပြီး ဖြစ်သည်။ နှစ်သိမ့်ခြင်း၊ တိုက်တွန်းခြင်း၊ အသိပေးခြင်းနှင့် သတိပေးခြင်းမှသည် အပြစ်တင်ခြင်းနှင့် ဆုံးမပဲ့ပြင်ခြင်းတို့အထိ၊ သိမ်မွေ့ကာ သာယာညင်းပျောင်းသော လေသံမှသည် ခက်ထန်၍ ဘုန်းအာနုဘော်ရှိသော နှုတ်ကပတ်တော်များအထိ ယင်းတို့အားလုံးသည် လူကို ကြီးမားသော သနားကရုဏာနှင့် အလွန်အမင်း ထိတ်လန့်ကြောက်ရွံ့ခြင်းတို့ကို ခံစားရစေသည်။ သူပြောသမျှအရာတိုင်းသည် ငါတို့အတွင်းရှိ နက်နက်ရှိုင်းရှိုင်း ကွယ်ဝှက်ထားသည့် လျှို့ဝှက်ချက်များကို အရှိုက်ထိလေသည်။ သူ၏နှုတ်ကပတ်တော်များသည် ငါတို့၏ နှလုံးသားများကို စူးသည်၊ ငါတို့၏ စိတ်ဝိညာဉ်တို့ကို စူးပြီး ငါတို့အနေဖြင့် မည်သည့်နေရာတွင် ပုန်းရမည်ကို နည်းနည်းမျှ မသိစေဘဲလျက် မခံမရပ်နိုင်သော အရှက်ရခြင်းဖြင့် ငါတို့ကို ပြည့်သွားစေသည်။...
ငါတို့ သတိမထားမိလိုက်ဘဲနှင့်၊ မထင်ရှားသော ဤသူသည် ငါတို့ကို ဘုရားသခင်၏ အမှု အဆင့်တစ်ခုပြီးတစ်ခုထဲသို့ ဦးဆောင်ကာ ခေါ်သွားပြီးဖြစ်သည်။ ငါတို့သည် မရေတွက်နိုင်သော စမ်းသပ်မှုများနှင့် မရေတွက်နိုင်သော ရိုက်နှက်ခြင်းများကို ကြုံရပြီး သေခြင်းတရားဖြင့် စမ်းသပ်ခြင်း ခံရကြလေသည်။ ဘုရားသခင်၏ ဖြောင့်မတ်ပြီး ဘုန်းအာနုဘော် ရှိသော စိတ်သဘောထားကို ငါတို့ သိရှိကြသည်၊ သူ၏ မေတ္တာကျေးဇူးတော်နှင့် သနားကရုဏာတို့ကိုလည်း မွေ့လျော်ကြသည်၊ ဘုရားသခင်၏ ကြီးမားသော တန်ခိုးနှင့် ဉာဏ်ပညာကို နက်ရှိုင်းစွာ သိနားလည်လာကြသည်၊ ဘုရားသခင်၏ ချစ်ခင်နှစ်လိုဖွယ်ကောင်းခြင်းကို မျက်မြင်တွေ့ကြရပြီး၊ လူသားကို ကယ်တင်ရန် ဘုရားသခင်၏ ထက်သန်သည့် ရည်ရွယ်ချက်များကိုလည်း ရှုမြင်ကြရသည်။ ဤသာမန်လူ၏ နှုတ်ကပတ်တော်များတွင်၊ ငါတို့သည် ဘုရားသခင်၏ စိတ်သဘောထားနှင့် အနှစ်သာရကို သိလာကြသည်၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားလည်လာကြသည်၊ လူ၏ သဘာဝ အနှစ်သာရကို သိလာကြသည်၊ ပြီးလျှင် ကယ်တင်ခြင်းနှင့် စုံလင်ခြင်းဆီသို့ သွားရာလမ်းခရီးကို မြင်လာကြလေသည်။ သူ၏ နှုတ်ကပတ်တော်များက ငါတို့ကို “သေ” စေပြီး၊ ငါတို့ကို “တစ်ဖန်ပြန်မွေးဖွား” စေသည်၊ သူ၏နှုတ်ကပတ်တော်များက ငါတို့ကို နှစ်သိမ့်မှု ယူဆောင်ပေးသည်၊ သို့သော် အပြစ်ရှိခြင်းနှင့် အကြွေးတင်ရှိခြင်း ခံစားချက်တို့ဖြင့်လည်း ငါတို့ကို ဖိစီးနှိပ်စက်ခံရစ်စေ၏။ သူ၏နှုတ်ကပတ်တော်များက ငါတို့အား ဝမ်းမြောက်ခြင်းနှင့် ငြိမ်သက်ခြင်းကို ဆောင်ကြဉ်းပေးသော်လည်း၊ အဆုံးမရှိသော နာကျင်မှုကိုလည်း ပေးသည်။ တစ်ခါတစ်ရံတွင် ငါတို့သည် ကိုယ်တော်သဘောကျ သတ်ဖို့ရာထားသော ကိုယ်တော်၏လက်ထဲရှိ သိုးများကဲ့သို့ ဖြစ်၏၊ တစ်ခါတစ်ရံတွင် ငါတို့သည် သူ၏မျက်ဆန်တော်များကဲ့သို့ဖြစ်ပြီး သူ၏ နူးညံ့သော ချစ်ခြင်းမေတ္တာကို မွေ့လျော်ကြလေသည်။ တစ်ခါတစ်ရံတွင် ငါတို့သည် သူ၏ရန်သူကဲ့သို့ ဖြစ်ပြီး သူ၏စူးစိုက်ကြည့်ခြင်း အောက်တွင် သူ၏အမျက်ဒေါသဖြင့် ပြာမှုန့်ဖြစ်သွားကြသည်။ ငါတို့သည် သူ့အားဖြင့် ကယ်တင်ခံရသည့် လူသားမျိုးနွယ်ဖြစ်သည်၊ သူ၏အမြင်တွင် ငါတို့သည် လောက်ကောင်များ ဖြစ်ကြပြီး၊ နေ့ရောညပါ စိတ်ထက်သန်စွာ သူရှာဖွေဖို့ စိတ်ပိုင်းဖြတ်ထားသည့် ပျောက်သောသိုး ဖြစ်ကြသည်။ သူသည် ငါတို့အပေါ် ကရုဏာပြည့်ဝသည်၊ ငါတို့ကို အော်ဂလီဆန်သည်၊ ငါတို့ကို ချီးမြှောက်ပေးသည်၊ ငါတို့ကို နှစ်သိမ့်ပေးကာ တိုက်တွန်းနှိုးဆော်သည်၊ သူသည် ငါတို့ကို လမ်းပြသည်၊ ငါတို့ကို အသိဉာဏ်ပွင့်လင်းစေသည်၊ ငါတို့ကို ရိုက်နှက်ပြီး ဆုံးမပဲ့ပြင်သည်၊ ပြီးလျှင် သူသည် ငါတို့ကို ကျိန်ဆဲပင် ကျိန်ဆဲလေသည်။ နေ့ရောညပါ ကိုယ်တော်သည် ငါတို့အတွက် အစဉ်မပြတ် စိုးရိမ်ကာ ငါတို့အနားမှ မည်သည့်အခါမျှ မခွဲခွာဘဲ ကာကွယ်စောင့်ရှောက်၍ ဂရုစိုက်သည်။ ကိုယ်တော်သည် ငါတို့အတွက် မိမိ၏ အလွန်တရာ ကြိုးပမ်းအားထုတ်ခြင်း အားလုံးကို သွန်ချ၍ အဖိုးအခအားလုံးကို ပေးဆပ်သည်။ ဤမထင်ရှား၍ သာမန်ဖြစ်သော ဇာတိပကတိ၏ မိန့်မြွက်ချက်များအတွင်း၌ ငါတို့သည် ဘုရားသခင်၏ အလုံးစုံကို မွေ့လျော်ကြရပြီး ဘုရားသခင်က ငါတို့အပေါ် အပ်နှင်းထားသည့် ပန်းတိုင်ကို ရှုမြင်ကြရပြီးဖြစ်သည်။...
ဘုရားသခင်သည် ငါတို့ လုပ်သင့်သည့်အရာနှင့်ပတ်သက်၍ ငါတို့အား သတိပေးဆုံးမရန် နည်းလမ်းမျိုးစုံနှင့် ရှုထောင့်မျိုးစုံကို အသုံးပြုလျက်၊ တစ်ချိန်တည်းမှာပင် သူ၏ စိတ်နှလုံးအသံတော်ကို ဖော်ပြလျက် သူ၏ မိန့်မြွက်ချက်များကို ဆက်လက် မိန့်ကြားလေသည်။ သူ၏ နှုတ်ကပတ်တော်များသည် အသက် အစွမ်းတန်ခိုးကို သယ်ဆောင်သည်၊ ငါတို့ လိုက်လျှောက်သင့်သည့် လမ်းခရီးကို ပေးပြီး သမ္မာတရားက မည်သည့်အရာ အတိအကျ ဖြစ်သည်ကို ငါတို့အား သဘောပေါက်နားလည်စေသည်။ ငါတို့သည် သူ၏နှုတ်ကပတ်တော်များ၏ ဆွဲဆောင်ခြင်းကို စတင်၍ ခံရကာ သူ၏ စကားပြောသည့် လေသံနှင့် ပြောဟန်တို့ကို ငါတို့ စတင်အာရုံစိုက်ကြပြီး မသိစိတ်၏ စေ့ဆော်မှုအရ မထင်ရှားသော ဤပုဂ္ဂိုလ်၏ စိတ်နှလုံး အသံကို စတင်၍ မှတ်သားထားကြသည်။ သူသည် ငါတို့ကိုယ်စား အရိုးကြေကြေ၊ အရည်ခမ်းခမ်း အလုပ်လုပ်သည်၊ ငါတို့အတွက်ကြောင့် အအိပ်ပျက်ခံပြီး အစားပျက်ခံသည်၊ ငါတို့အတွက် ငိုကြွေးသည်၊ သက်ပြင်းချသည်၊ ငါတို့အတွက် နာမကျန်းဖြစ်လျက် ညည်းညူသည်။ ငါတို့၏ ခရီးပန်းတိုင်နှင့် ငါတို့၏ ကယ်တင်ခြင်းအတွက် အရှက်ကွဲခြင်းကိုခံသည်၊ ပြီးလျှင် ငါတို့၏ ထုံထိုင်းခြင်းနှင့် ပုန်ကန်ခြင်းက သူ၏စိတ်နှလုံးမှ မျက်ရည်များနှင့် သွေးများကို ကျစေသည်။ မည်သည့်သာမန်လူတစ်ဦးမျှ ဤသို့သော ဖြစ်ခြင်းနှင့် အရာအားလုံးကို မပိုင်ဆိုင်သကဲ့သို့ ဖောက်ပြန်ပျက်စီးသော မည်သည့်လူသားတစ်ဦးကမျှ ယင်းတို့ကို မပိုင်ဆိုင်နိုင်ပေ သို့မဟုတ် မရရှိနိုင်ပေ။ သူ့တွင် မည်သည့် သာမန်လူကမျှ မပိုင်ဆိုင်သည့် သည်းခံခြင်းနှင့် စိတ်ရှည်ခြင်းတို့ ရှိပြီး သူ့ချစ်ခြင်းမေတ္တာသည် မည်သည့်ဖန်ဆင်းခံတစ်ဦးမျှ မရှိသည့်အရာတစ်ခုဖြစ်သည်။ သူမှအပ မည်သူကမျှ ငါတို့၏ အတွေးအခေါ်အားလုံးကို မသိနိုင်၊ သို့မဟုတ် ငါတို့၏ သဘာဝနှင့် အနှစ်သာရတို့ကို နောကျေအောင် သိရှိခြင်း၊ သို့မဟုတ် လူသားမျိုးနွယ်၏ ပုန်ကန်မှုနှင့် ဖောက်ပြန်ပျက်စီးမှုကို တရားစီရင်ခြင်း၊ သို့မဟုတ် ကောင်းကင်ဘုံရှိ ဘုရားသခင်၏ကိုယ်စား ဤကဲ့သို့ ငါတို့ကို စကားပြောပြီး ငါတို့အပေါ်၌ အမှုပြုခြင်းတို့ကို မပြုလုပ်နိုင်ချေ။ သူမှအပ မည်သူကမျှ ဘုရားသခင်၏ ဩဇာအာဏာ၊ ဉာဏ်ပညာနှင့် ဂုဏ်သိက္ခာတို့ကို ပိုင်ဆိုင်ခြင်း မရှိပေ။ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင်၏ အရာအားလုံးနှင့် ဖြစ်ခြင်းတို့သည် သူ့အထဲ၌ အလုံးစုံ ပေါ်ထွက်လာသည်။ သူမှအပ မည်သူကမျှ ငါတို့အား လမ်းခရီးကို မပြနိုင်သကဲ့သို့ အလင်းကို မဆောင်ကြဉ်းပေးနိုင်ပေ။ သူမှအပ မည်သူကမျှ ဖန်ဆင်းခြင်းမှ ယနေ့အထိ ဘုရားသခင်က ဖွင့်ပြခြင်း မရှိသော နက်နဲမှုများကို ထုတ်ဖော်မပြသနိုင်ပေ။ သူမှအပ မည်သူကမျှ ငါတို့ကို စာတန်၏ ချုပ်နှောင်ခြင်းနှင့် ငါတို့၏ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားမှ မကယ်တင်နိုင်ပေ။ သူသည် ဘုရားသခင်ကို ကိုယ်စားပြုသည်။ သူသည် ဘုရားသခင်၏ စိတ်နှလုံးသား အသံတော်၊ ဘုရားသခင်၏ တိုက်တွန်းမှုများနှင့် လူသားမျိုးနွယ်တစ်ရပ်လုံးအပေါ် ဘုရားသခင်၏ တရားစီရင်ခြင်း နှုတ်ကပတ်တော်များကို ဖော်ပြလေသည်။ သူသည် ခေတ်သစ်တစ်ခု၊ ကာလသစ်တစ်ခုကို အစပြုခဲ့ပြီး ကောင်းကင်သစ်၊ မြေကြီးသစ်နှင့် အမှုတော်သစ်တို့ကို ဆောင်ကြဉ်းပေးတော်မူခဲ့သည်၊ သူသည် ငါတို့အား မျှော်လင့်ချက်ကို ယူဆောင်လာပေးခဲ့ပြီး ကျွန်ုပ်တို့ ဖြတ်သန်းခဲ့ရသော မရေရာသည့် ဘဝကို အဆုံးသတ်စေကာ ငါတို့၏ ဖြစ်ခြင်းတစ်ခုလုံးအား ကယ်တင်ခြင်းသို့ သွားရာလမ်းကို အပြည့်အဝ ရှုမြင်ဖို့ ထောက်ကူခဲ့လေသည်။ သူသည် ငါတို့၏ ဖြစ်တည်မှုတစ်ခုလုံးကို သိမ်းပိုက်ပြီး ဖြစ်ကာ ငါတို့၏ စိတ်နှလုံးများကို ရရှိပြီးဖြစ်သည်။ ထိုအခိုက်အတန့်မှစ၍ ငါတို့၏ စိတ်နှလုံးသည် အသိတရားဝင်လာခဲ့ပြီး ငါတို့၏ ဝိညာဉ်သည်လည်း ပြန်လည်နိုးထလာသကဲ့သို့ ဖြစ်ခဲ့၏။ ဤသာမန်၊ အရေးမပါသောသူ၊ ငါတို့၏အလယ်၌ နေထိုင်ပြီး ငါတို့ ကာလကြာရှည်စွာ စွန့်ပယ်ခဲ့သော ဤသူသည်၊ ငါတို့ အိပ်သည်ဖြစ်စေ နိုးသည်ဖြစ်စေ အစဉ်သတိရလျက် နေ့ရောညပါ တောင့်တနေခဲ့သော သခင်ယေရှုပင် မဟုတ်လော။ သူပင်ဖြစ်ပေသည်။ အကယ်စင်စစ် သူဖြစ်၏။ သူသည် ငါတို့၏ ဘုရားသခင်ဖြစ်သည်။ သူသည် သမ္မာတရား၊ လမ်းခရီးနှင့် အသက်ဖြစ်သည်။ သူသည် ငါတို့ကို တစ်ဖန် အသက်ရှင်နိုင်စေပြီး အလင်းကို တွေ့မြင်နိုင်စေကာ ငါတို့၏ စိတ်နှလုံးများကို ပျံ့လွင့်ခြင်းမှ ရပ်တန့်စေပြီး ဖြစ်သည်။ ငါတို့သည် ဘုရားသခင်၏ အိမ်တော်သို့ ပြန်လာကြပြီးဖြစ်သည်၊ ငါတို့သည် သူ၏ပလ္လင်ရှေ့သို့ ပြန်လာကြပြီးဖြစ်သည်၊ ငါတို့သည် သူနှင့် မျက်နှာချင်းဆိုင် တွေ့ကြရပေပြီ၊ သူ၏မျက်နှာတော်ကို ငါတို့ မျက်မြင်တွေ့ပြီး ဖြစ်သကဲ့သို့ ရှေ့၌ရှိသောလမ်းကိုလည်း မြင်တွေ့ပြီးဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆက်တွဲ (၄)- ဘုရားသခင်၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှု၌ ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို ရှုမြင်ခြင်း
နိုင်ငံတော်ခေတ်တွင် ဘုရားသခင်သည် ခေတ်သစ်တစ်ခုကို အစပျိုးရန်၊ သူအမှုပြုသည့် နည်းလမ်းကို ပြောင်းလဲရန်နှင့် ခေတ်တစ်ခေတ်လုံး၏ အမှုကို လုပ်ဆောင်ရန် နှုတ်ကပတ်တော်များကို အသုံးပြုသည်။ ဤသည်မှာ နှုတ်ကပတ်တော်ခေတ်၌ ဘုရားသခင် အမှုပြုရာတွင် အသုံးပြုသည့် စည်းမျဉ်းဖြစ်သည်။ သူသည် လူ့ဇာတိကိုခံယူခဲ့ပြီး မတူညီသော အမြင်ရှုထောင့်များမှ စကားပြောကာ လူ့ဇာတိ၌ ပေါ်ထွန်းသော နှုတ်ကပတ်တော်ဖြစ်သည့် ဘုရားသခင်ကို လူတို့ အမှန်တကယ် မြင်ရန်နှင့် ဘုရားသခင်၏ ဉာဏ်ပညာနှင့် အံ့သြဖွယ်ကောင်းမှုတို့ကို ရှုမြင်နိုင်ရန် ထောက်ကူပေးသည်။ ဘုရားသခင်သည် လူတို့ကို သိမ်းပိုက်ခြင်း၊ စုံလင်အောင်ပြုခြင်းနှင့် ဖယ်ရှားရှင်းလင်းခြင်းဟူသည့် ပန်းတိုင်များကို ပိုမိုကောင်းမွန်စွာ ဖြစ်မြောက်အောင်မြင်နိုင်ရန်အလို့ငှာ ဤနည်းဟန်ဖြင့် အမှုပြုခြင်းဖြစ်ကာ ယင်းမှာ နှုတ်ကပတ်တော်ခေတ်၌ အမှုပြုရန် နှုတ်ကပတ်တော်များကို အသုံးပြုခြင်း၏ စစ်မှန်သော အဓိပ္ပာယ်ဖြစ်သည်။ နှုတ်ကပတ်တော်များမှတစ်ဆင့် လူတို့သည် ဘုရားသခင်၏အမှု၊ ဘုရားသခင်၏ စိတ်သဘောထား၊ လူသား၏ အခြေအမြစ်နှင့် လူသားက မည်သည့်အရာထဲသို့ ဝင်ရောက်သင့်သည် ဆိုသည်တို့ကို သိလာသည်။ နှုတ်ကပတ်တော်များမှတစ်ဆင့် နှုတ်ကပတ်တော်ခေတ်၌ ဘုရားသခင် လုပ်ဆောင်ရန် ဆန္ဒရှိသော အမှုသည် အလုံးစုံ ဖြစ်မြောက်အောင်မြင်လေသည်။ နှုတ်ကပတ်တော်များမှတစ်ဆင့် လူတို့ ထုတ်ဖော်ခြင်းခံရကြသည်၊ ဖယ်ရှားရှင်းလင်းခံရပြီး စစ်ကြောခံရကြလေသည်။ လူတို့သည် ဤနှုတ်ကပတ်တော်များကို မြင်ဖူးကြပြီး ဖြစ်သည်၊ ဤနှုတ်ကပတ်တော်များကို ကြားဖူးကြပြီးဖြစ်သည်။ ပြီးလျှင် ဤနှုတ်ကပတ်တော်များ၏ တည်ရှိခြင်းကို သတိပြုမိကြပြီး ဖြစ်သည်။ ရလဒ်အနေဖြင့် ၎င်းတို့သည် ဘုရားသခင်၏ တည်ရှိခြင်း၊ ဘုရားသခင်၏ အနန္တတန်ခိုးနှင့် ဉာဏ်ပညာတို့အပြင် လူသားကို ချစ်ခြင်းနှင့် ကယ်တင်ခြင်းဖြစ်သော ဘုရားသခင်၏ စိတ်နှလုံးကို ယုံကြည်လာကြပြီး ဖြစ်သည်။ “နှုတ်ကပတ်တော်” ဟူသည့်စကားလုံးသည် သာမန်ဖြစ်ပြီး ရိုးရှင်းကောင်း ရိုးရှင်းနိုင်သော်လည်း လူ့ဇာတိခံ ဘုရားသခင်၏ နှုတ်မှ ပြောဆိုသော နှုတ်ကပတ်တော်များသည် စကြဝဠာတစ်ခုလုံးကို လှုပ်ခါသည်၊ ယင်းတို့သည် လူတို့၏စိတ်နှလုံးများကို ပြောင်းလဲစေသည်၊ ၎င်းတို့၏ အယူအဆများနှင့် စိတ်သဘောထားအဟောင်းတို့ကို ပြောင်းလဲစေပြီး လောကတစ်ခုလုံး ဖြစ်ပေါ်လေ့ရှိသည့် နည်းလမ်းကို ပြောင်းလဲစေသည်။ ခေတ်ကာလများ တစ်လျှောက်တွင် ယနေ့၏ ဘုရားသခင်သာလျှင် ဤနည်းဖြင့် အမှုပြုပြီး သူသာလျှင် ထိုသို့ စကားပြောပြီး လူသားကို ထိုသို့ကယ်တင်ရန် ကြွလာပေသည်။ ဤအချိန်မှစ၍ လူသားသည် ဘုရားနှုတ်ကပတ်တော်များ၏ လမ်းပြမှုအောက်တွင် ဘုရားနှုတ်ကပတ်တော်များ၏ ထိန်းကျောင်းခြင်းနှင့် ထောက်ပံ့ပေးခြင်းခံရလျက် အသက်ရှင်ကြလေသည်။ လူတို့သည် ဘုရားနှုတ်ကပတ်တော်များ၏ လောက၌လည်းကောင်း၊ ဘုရားနှုတ်ကပတ်တော်များ၏ ကျိန်ခြင်းများနှင့် ကောင်းချီးမင်္ဂလာများ အလယ်တွင်လည်းကောင်း အသက်ရှင်ကြပြီး လူအများစုက သူ၏ နှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ အောက်တွင် အသက်ရှင်ကြ၏။ ဤနှုတ်ကပတ်တော်များနှင့် ဤအမှုသည် လူသား၏ ကယ်တင်ခြင်း အတွက်၊ ဘုရားသခင်၏အလိုကို ဖြည့်ဆည်းခြင်းအတွက်နှင့် အိုဟောင်းသော ဖန်ဆင်းခြင်း လောက၏ မူလသွင်ပြင်ကို ပြောင်းလဲခြင်းတို့အတွက်သာ ဖြစ်သည်။ ဘုရားသခင်သည် နှုတ်ကပတ်တော်ကို အသုံးပြုလျက် လောကကို ဖန်ဆင်းခဲ့သည်၊ သူသည် နှုတ်ကပတ်တော်များကို အသုံးပြုလျက် စကြဝဠာအနှံ့ လူတို့ကို ဦးဆောင်ပြီး နှုတ်ကပတ်တော်များကို အသုံးပြုလျက် ၎င်းတို့ကို သိမ်းပိုက်ပြီး ကယ်တင်သည်။ ပြီးလျှင် နောက်ဆုံးတွင် သူသည် အိုဟောင်းသော ကမ္ဘာလောက တစ်ခုလုံးကို အဆုံးသတ်ကာ ထိုသို့ဖြင့် သူ၏ စီမံခန့်ခွဲမှု အစီအစဉ်တစ်ခုလုံးကို ပြီးစီးစေဖို့ နှုတ်ကပတ်တော်များကို အသုံးပြုမည်ဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နိုင်ငံတော်ခေတ်သည် နှုတ်ကပတ်တော်ခေတ်ဖြစ်သည်
နှုတ်ကပတ်တော်မှာ လူ့ဇာတိခံယူပြီး သမ္မာတရား၏ဝိညာဉ်တော်သည် လူ့ဇာတိထဲ၌ အကောင်အထည် ပေါ်လာပြီးဖြစ်သည်- သမ္မာတရား၊ လမ်းခရီးနှင့် အသက် အားလုံးတို့သည် လူ့ဇာတိ၌ ကြွလာပြီးလျှင် ဘုရားသခင်၏ဝိညာဉ်တော်သည် မြေကြီးပေါ်သို့ ဧကန်အမှန်ပင် ရောက်ရှိပြီးဖြစ်ကာ ဝိညာဉ်တော်သည် လူ့ဇာတိ၌ ကြွလာပြီးဖြစ်သည်။ အပေါ်ယံ သဘောအားဖြင့် ယင်းသည် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ပဋိသန္ဓေစွဲခြင်းနှင့် ကွဲပြားခြားနားပုံ ပေါက်သော်လည်း၊ ဝိညာဉ်တော်သည် လူ့ဇာတိတွင် အကောင်အထည်ပေါ်ပြီး ဖြစ်ကြောင်းအပြင် နှုတ်ကပတ်တော်သည် လူ့ဇာတိခံယူပြီး ဖြစ်ကြောင်းနှင့် နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ပေါ်ပြီး ဖြစ်ကြောင်းကို ဤအမှုတွင် သင်သည် သာ၍ ရှင်းလင်းစွာ တွေ့မြင်နိုင်ကာ “အစအဦး၌ နှုတ်ကပတ်တော်ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူ ရှိ၏။ နှုတ်ကပတ်တော်သည်လည်း ဘုရားသခင် ဖြစ်တော်မူ၏။” ဟူသော နှုတ်ကပတ်တော်များ၏ စစ်မှန်သည့် အနက်အဓိပ္ပာယ်ကို သင် နားလည်နိုင်မည် ဖြစ်သည်။ ထို့အပြင် သင်သည် ယနေ့ နှုတ်ကပတ်တော်မှာ ဘုရားသခင်ဖြစ်သည်ကို နားလည်ရမည်ဖြစ်ပြီး နှုတ်ကပတ်တော်သည် လူ့ဇာတိခံယူသည်ကို သင် ရှုမြင်ရမည် ဖြစ်သည်။ ဤသည်မှာ သင်ပေးနိုင်သည့် အကောင်းဆုံးသော သက်သေခံချက်ပင် ဖြစ်သည်။ သင်သည် ဘုရားသခင် လူ့ဇာတိခံယူခြင်းနှင့် ပတ်သက်သည့် စစ်မှန်သော အသိပညာအား ပိုင်ဆိုင်သည် ဆိုခြင်းကို ဤအရာက သက်သေပြသည်- သင်သည် သူ့ကို သိနိုင်သည်သာမကဘဲ၊ ယနေ့ သင် လျှောက်သော လမ်းခရီးမှာ အသက်၏ လမ်းခရီးနှင့် သမ္မာတရား၏ လမ်းခရီး ဖြစ်သည်ကိုလည်း သင် သတိမူမိသည်။ ယေရှု လုပ်ဆောင်ခဲ့သည့် အမှုအဆင့်သည် “နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့် အတူရှိ၏” ၏ အနှစ်သာရကိုသာ ဖြည့်ဆည်းခဲ့သည်- ဘုရားသခင်၏ သမ္မာတရားသည် ဘုရားသခင်နှင့် ရှိခဲ့ပြီး ဘုရားသခင်၏ ဝိညာဉ်တော်မှာ လူ့ဇာတိနှင့် ရှိခဲ့ကာ ထိုလူ့ဇာတိထံမှ ခွဲထုတ်၍ မရနိုင်ခဲ့ပေ၊ ဆိုလိုသည်မှာ လူ့ဇာတိခံယူသော ဘုရားသခင်၏ ဇာတိပကတိသည် ဘုရားသခင်၏ ဝိညာဉ်တော်နှင့် အတူရှိခဲ့ကာ ယင်းသည် လူ့ဇာတိခံယူသော ယေရှုမှာ ဘုရားသခင်၏ ပထမဆုံးသော လူ့ဇာတိခံယူခြင်းဖြစ်သည် ဆိုခြင်း၏ သာ၍ ကြီးမားသော သက်သေပင်ဖြစ်သည်။ အမှု၏ ဤအဆင့်သည် “နှုတ်ကပတ်တော်သည် လူ့ဇာတိခံယူ၏” ၏ သိုဝှက်ထားသော အနက်အဓိပ္ပာယ်ကို တိကျစွာ ဖြည့်ဆည်းခဲ့ပြီး၊ “နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့် အတူရှိ၏။ နှုတ်ကပတ်တော်သည်လည်း ဘုရားသခင် ဖြစ်တော်မူ၏” အတွက် သာ၍နက်ရှိုင်းသည့် အနက်အဓိပ္ပာယ်ကို ပေးခဲ့ကာ “အစအဦး၌ နှုတ်ကပတ်တော်ရှိ၏” ဟူသည့် နှုတ်ကပတ်တော်များကို သင့်အနေဖြင့် ခိုင်မာစွာယုံကြည်ရန် ခွင့်ပြုပေးလေသည်။ ဆိုလိုသည်မှာ ဖန်ဆင်းခြင်းကာလတွင် ဘုရားသခင်၌ နှုတ်ကပတ်တော်များ ရှိသည်၊ သူ၏ နှုတ်ကပတ်တော်များမှာ သူနှင့်အတူရှိခဲ့ကာ သူ့ထံမှ ခွဲထုတ်၍ မရခဲ့ဘဲ၊ နောက်ဆုံးသောခေတ်တွင် သူက သူ၏ နှုတ်ကပတ်တော်များ၏ တန်ခိုးနှင့် သြဇာအာဏာကို သာ၍ပင် ရှင်းလင်းစေပြီး လူသားအား သူ့နှုတ်ကပတ်တော် အားလုံးကို မြင်တွေ့ရန်၊ သူ၏ နှုတ်ကပတ်တော်များ အားလုံးကို ကြားခွင့်ပေးသည်။ ယင်းသည် နောက်ဆုံးသောခေတ်၏ အလုပ် ဖြစ်သည်။ သင်သည် ဤအရာများကို အူမချေးခါးမကျန် နားလည်လာရမည် ဖြစ်သည်။ ဇာတိပကတိကို သိရှိခြင်းမှာ အရေးကြီးဆုံး မဟုတ်ဘဲ၊ နှုတ်ကပတ်တော်နှင့် ဇာတိပကတိကို မည်သို့နားလည်သည် ဆိုခြင်းက အရေးကြီးဆုံး ဖြစ်၏။ ဤသည်မှာ သင်ပေးရမည့် သက်သေခံချက် ဖြစ်ပြီး၊ လူတိုင်း သိရမည့်အရာ ဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လက်တွေ့လုပ်ဆောင်ခြင်း (၄)
ငါ၏ နှုတ်ကပတ်တော်များသည် ထာဝရမပြောင်းလဲသော သမ္မာတရား ဖြစ်၏။ ငါသည် လူသားအတွက် အသက်နှင့်ဆိုင်သည့် အထောက်အပံ့ဖြစ်ပြီး လူသားမျိုးနွယ်အတွက် တစ်ဦးတည်းသော လမ်းပြ ဖြစ်သည်။ ငါ၏ နှုတ်ကပတ်တော်များ၏ တန်ဖိုးနှင့် အဓိပ္ပာယ်သည် ယင်းတို့ကို လူသားမျိုးနွယ်က အသိအမှတ်ပြု၊ မပြု သို့မဟုတ် လက်ခံခြင်း ရှိ၊ မရှိ ဆိုသည့်အရာဖြင့် သတ်မှတ်ထားခြင်း မဟုတ်ဘဲ နှုတ်ကပတ်တော်များ ကိုယ်၌၏ အနှစ်သာရဖြင့် သတ်မှတ်ထားခြင်း ဖြစ်သည်။ ဤကမ္ဘာပေါ်မှ လူတစ်ဦးကမျှ ငါ၏နှုတ်ကပတ်တော်များကို လက်မခံနိုင်လျှင်ပင် ငါ၏နှုတ်ကပတ်တော်များ၏ တန်ဖိုးနှင့် လူသားမျိုးနွယ်အား ယင်းတို့၏မစမှုကို မည်သည့်လူတစ်ဦးမျှ ခန့်မှန်း၍မရနိုင်ပေ။ သို့ဖြစ်၍ ငါ၏ နှုတ်ကပတ်တော်များကို ပုန်ကန်သော၊ ချေပ ပြောဆိုသော သို့မဟုတ် လုံးဝ အထင်သေးသော လူများစွာနှင့် ရင်ဆိုင်ရသည့်အခါ ငါ၏ သဘောထားမှာ ဤသို့သာဖြစ်၏၊ အချိန်နှင့် အမှန်တရားများကို ငါ၏ သက်သေဖြစ်စေပြီး ငါ၏ နှုတ်ကပတ်တော်များသည် သမ္မာတရား၊ လမ်းခရီးနှင့် အသက် ဖြစ်သည်ကို သက်သေပြသပါစေဟူ၍သာ ဖြစ်သည်။ ယင်းတို့သည် ငါပြောခဲ့သမျှအားလုံး မှန်ကန်သည်၊ ယင်းမှာ လူသားအနေဖြင့် ပိုင်ဆိုင်သင့်သည့်အရာဖြစ်ပြီး လူသားအနေဖြင့် လက်ခံသင့်သည့်အရာ ပို၍ပင် ဖြစ်သည်ကို ပြသပါစေ။ ငါ၏ နှုတ်ကပတ်တော်များကို အပြည့်အဝ လက်မခံနိုင်သော သူများ၊ ငါ၏ နှုတ်ကပတ်တော်များကို လက်တွေ့မကျင့်သုံးနိုင်သူများ၊ ငါ၏ နှုတ်ကပတ်တော်များထဲတွင် ရည်ရွယ်ချက်တစ်ခုကို ရှာမတွေ့နိုင် သူများနှင့် ငါ၏နှုတ်ကပတ်တော်များကြောင့် ကယ်တင်ခြင်း ကျေးဇူးတော်ကို လက်ခံရရှိနိုင်ခြင်း မရှိသူများသည် ငါ့နှုတ်ကပတ်တော်များအားဖြင့် ပြစ်တင်ရှုတ်ချခြင်းခံရပြီးဖြစ်သည့်အပြင် ငါ၏ ကယ်တင်ခြင်း ကျေးဇူးတော်ကို ဆုံးရှုံးပြီးသောသူများ ပို၍ပင် ဖြစ်ကာ ငါ၏ တုတ်သည် ၎င်းတို့ထံမှ မည်သည့်အခါတွင်မျှ သွေဖည်မည် မဟုတ်ဟူသည့် ဤအမှန်တရားကို ငါ့နောက်လိုက်သော သူအားလုံးအား ငါ သိရှိစေမည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်တို့၏ လုပ်ဆောင်ချက်များကို သင်တို့ သုံးသပ်ဆင်ခြင်သင့်သည်