သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

၂၉။ မာနထောင်လွှားခြင်းသည် ကျရှုံးခြင်းမတိုင်မီ လာ၏

အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “မာနထောင်လွှားခြင်းသည် လူသား၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ အရင်းအမြစ်ဖြစ်သည်။ လူတို့သည် ပို၍ မာနထောင်လွှားလေ သူတို့သည် ဘုရားသခင်ကို ပို၍ဆန့်ကျင်လေ ဖြစ်တတ်သည်။ ဤပြဿနာက အဘယ်မျှ ဆိုးရွားလိုက်သနည်း။ မာနထောင်လွှားသော စိတ်သဘောထားနှင့် လူတို့သည် အခြားလူတိုင်းကို သူတို့၏အောက်၌ ရှိသည်ဟု ယူဆကြသည့်အပြင်၊ အဆိုးဆုံးမှာ သူတို့သည် ဘုရားကိုပင် တင်စီးနေကြလေသည်။ အချို့လူတို့သည် အပြင်ပန်းတွင် ဘုရားသခင်၌ ယုံကြည်သက်ဝင်ပြီး သူ့ကို လိုက်လျှောက်ကြသည့်ပုံ ပေါ်သော်လည်း၊ သူတို့သည် သူ့ကို ဘုရားသခင်အဖြစ် လုံးဝမဆက်ဆံကြချေ။ သူတို့သည် သမ္မာတရားကို ပိုင်ဆိုင်ထားသည်ဟု အမြဲထင်မြင်ကြပြီး မိမိကိုယ်ကိုယ် အလွန်အထင်ကြီးတတ်ကြသည်။ ဤသည်မှာ မာနထောင်လွှားသော စိတ်သဘောထား၏ အနှစ်သာရနှင့် အရင်းအမြစ်ဖြစ်ပြီး၊ ယင်းက စာတန်ထံမှ လာလေသည်။ ထို့ကြောင့် မာနထောင်လွှားခြင်း ပြဿနာကို ဖြေရှင်းရမည်။ လူတစ်ဦးသည် အခြားလူများထက် ပိုသာသည်ဟူသော ထင်မြင်ချက်မှာ အသေးအဖွဲကိစ္စ ဖြစ်သည်။ အရေးပါသောအချက်မှာ လူတစ်ဦး၏ မာနထောင်လွှားသော စိတ်သဘောထားက ဘုရားသခင်၊ သူ၏အုပ်ချုပ်မှုနှင့် သူ၏စီမံချက်များအပေါ် နာခံခြင်းမှ သူ့ကို ဟန့်တားနေခြင်းပင် ဖြစ်သည်၊ ထိုကဲ့သို့သောသူသည် အခြားသူများအပေါ် အာဏာရှိရေးအတွက် ဘုရားသခင်နှင့်ယှဉ်ပြိုင်လိုစိတ် အမြဲရှိနေသည်။ ထိုကဲ့သို့သောလူက ဘုရားသခင်အားချစ်ခြင်း သို့မဟုတ် သူ့အားနာခံခြင်းကို မဆိုထားနှင့်၊ ဘုရားသခင်အားကြောက်ရွံ့ခြင်း စိုးစဥ်းမျှ မရှိပေ။” (ဘုရားသခင်၏ မိတ်သဟာယဖွဲ့ခြင်း) ဘုရားရဲ့ ဒီ နှုတ်ကပတ်တော်တွေကို ဖတ်မိတော့၊ ဟိုးအရင်က ကျွန်မ ကြုံခဲ့ရတာတစ်ခုကို ပြန်သတိရတယ်။ အဲဒီအချိန်တုန်းက ကျွန်မက တကယ်ကို မာနထောင်လွှားပြီး၊ ကိုယ့်ကိုယ်ကိုယ် အမှန်ထင်ခဲ့တယ်။ ကျွန်မက နှစ်တွေတော်တော်ကြာတဲ့အထိ အသင်းတော်ခေါင်းဆောင်တစ်ယောက် ဖြစ်ခဲ့တယ်။ တချို့အလုပ်လေးတွေ ပြီးမြောက်ခဲ့တာ ရှိတယ်။ နည်းနည်းလည်း ဆင်းရဲဒုက္ခခံခဲ့တယ်။ ကိုယ့်အလုပ်တာဝန်ထဲက လက်တွေ့ကျတဲ့ တချို့ကိစ္စတွေကိုလည်း ဖြေရှင်းနိုင်ခဲ့တယ်။ ဒီတော့ ကျွန်မက ဒါတွေအားလုံးကို ကိုယ့်အားသာချက်အနေနဲ့ အသုံးချခဲ့တယ်။ ဘယ်သူ့ကိုမှ ခေါင်းထဲ မထည့်ခဲ့ဘူး။ နောက်တော့မှ ကျွန်မလည်း ကိုင်တွယ်ဖြေရှင်းခံရတယ်။ ဆုံးမပဲ့ပြင်ခံခဲ့ရတယ်။ ပြီးတော့ ဘုရားနှုတ်ကပတ်တော်တွေရဲ့ တရားစီရင်မှုနဲ့ ထုတ်ဖော်မှုတွေကတစ်ဆင့်၊ ကျွန်မရဲ့ မာနထောင်လွှားတဲ့ သဘာဝကို နောက်ဆုံးမှာ နားလည်မှုတချို့ ရခဲ့တယ်။ နောင်တတွေ ရပြီး၊ ကိုယ့်ကိုယ်ကိုယ် မုန်းတီးမိခဲ့တယ်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်တာကိုလည်း စပြီး အာရုံစိုက်ခဲ့တယ်။ အပြောင်းအလဲတချို့ကိုလည်း ကြုံခဲ့ရပါတယ်။

၂ဝ၁၅ မှာ ကျွန်မက အသင်းတော်တစ်ခုရဲ့ ခေါင်းဆောင်ပိုင်းရာထူးတစ်ခုကို ယူခဲ့ပါတယ်။ အစ်မလီက ကျွန်မနဲ့အတူ တွဲလုပ်တယ်။ သူကတော့ ခေါင်းဆောင်တစ်ယောက်အဖြစ် စပြီး တာဝန်ယူခါစပါ။ သင်းထောက်တွေနဲ့ အဖွဲ့ခေါင်းဆောင်တွေက ယုံကြည်ခြင်းမှာ သက်ဝင်ခါစတွေဆိုတော့၊ သမ္မာတရားကို သူတို့မိတ်သဟာယပြုတာက နည်းနည်း မလေးနက်ဘူးပေါ့။ ကျွန်မက စဉ်းစားတယ်၊ “ငါက ယုံကြည်သူတစ်ယောက် ဖြစ်ခဲ့တာ သူတို့အားလုံးထက် ကြာနေပြီ။ ခေါင်းဆောင်တစ်ယောက် ဖြစ်တာလည်း နည်းနည်းတော့ ကြာပြီ။ ဒီအသင်းတော်မှာ အရေးပါတဲ့နေရာကို ငါ ယူမှဖြစ်တော့မယ်။ အတွေ့အကြုံက စကားပြောတယ်ဆိုတာကို အားလုံး မြင်စေရမယ်” ပေါ့။ အဲဒီလိုနဲ့ ကျွန်မက ဘယ်ကိစ္စမှာမဆို ရှေ့ကနေ ဦးဆောင်တယ်။ ညီအစ်ကိုမောင်နှမတစ်ယောက်ယောက် အားနည်းနေရင်ဖြစ်ဖြစ်၊ သူတို့အလုပ်မှာ အခက်အခဲတွေ ရှိနေရင်ဖြစ်ဖြစ်၊ အသင်းတော်အလုပ်မှာ နှောင့်နှေးနေတာဖြစ်ဖြစ်၊ ကျွန်မရဲ့လုပ်ဖော်ကိုင်ဖက်နဲ့ အကျိုးဆောင်တွေ မဖြေရှင်းနိုင်ဘူးဆိုတဲ့ ခက်ခက်ခဲခဲ ပြဿနာတွေ၊ အကြောင်းကိစ္စတွေ ရှိလာရင်ဖြစ်ဖြစ်၊ ကျွန်မက အဲဒါတွေအားလုံးကို ဖြေရှင်းပေးဖို့ ရှေ့ထွက်လိုက်တယ်။ အချိန်ခဏလောက်ကြာတော့ အသင်းတော်ရဲ့အလုပ်က စပြီး တိုးတက်လာတယ်။ ညီအစ်ကိုမောင်နှမတွေရဲ့ အခြေအနေတွေကလည်း ပြောင်းလဲကုန်ကြပြီ။ အားလုံးက တာဝန်တွေကို ကောင်းကောင်းမွန်မွန် လုပ်နိုင်ကြတယ်။ သူတို့ပြဿနာတွေကို မိတ်သဟာယပြုပေးဖို့၊ ကျွန်မကို လာရှာပြီး၊ ထင်မြင်ချက် တောင်းတာမျိုးတွေလည်း လုပ်ကြတယ်။ ကျွန်မကိုယ်ကျွန်မ တကယ် ကျေနပ်ခဲ့မိတယ်။ ကိုယ်လုပ်ထားတဲ့ လုပ်ဆောင်ချက်တွေအားလုံးကိုလည်း တွက်ချက်ကြည့်တယ်။ စိတ်ထဲမှာလည်း၊ “ငါသာ ဦးမဆောင်ဘူးဆိုရင်၊ အသင်းတော်ရဲ့အလုပ်က ဒီလောက် တိုးတက်လာဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ငါသာ မိတ်သဟာယမပြုရင်၊ တခြားသူတွေရဲ့အခြေအနေတွေလည်း အများကြီး တိုးတက်လာမှာ မဟုတ်ဘူး။ ငါ့မှာ တကယ်ကို သမ္မာတရားရဲ့စစ်မှန်မှု ရှိတယ်နဲ့တူတယ်။ ငါက အလုပ်ကို လက်တွေ့ကျကျလုပ်နိုင်တယ်” ပေါ့။ နောက်တော့ အစ်မလီက ကိစ္စတချို့ ပေါ်လို့ဆိုပြီး၊ အိမ်ပြန်သွားရတယ်။ ဒါနဲ့ ကျွန်မကပဲ အသင်းတော်ရဲ့အလုပ်ကို တာဝန်ယူရတယ်။ ပထမတော့ ကျွန်မလည်း ဖိစီးမှုနည်းနည်း ဖြစ်တယ်။ ရင်ထဲမှာ ဘုရားသခင်ကိုပဲ တစ်ချိန်လုံး နှလုံးသွင်းတယ်။ စည်းဝေးပွဲတွေ ပြီးသွားတိုင်း၊ ဘာတွေ ဖြစ်ခဲ့လဲဆိုတာကို သေချာ လေ့လာတယ်။ ပြီးရင် အားနည်းနေတဲ့ အပျက်သဘောဆောင်နေတဲ့ လူတွေဆီ အပြေးအလွှားသွားပြီး ပံ့ပိုးပေးတယ်။ အချိန်နည်းနည်း ကြာတော့၊ အယောက်တိုင်းက သူတို့ဝတ္တရားနဲ့အညီ ဝတ်ပြုစည်းဝေးကြတယ်၊ အလုပ်လုပ်ကြတယ်ဆိုတာကို တွေ့ရတယ်။ အသင်းတော်အလုပ်တွေ အားလုံးကလည်း ချောချောမွေ့မွေ့ပဲ သွားနေတယ်ပေါ့။ ကျွန်မလည်း အဲဒီတော့မှ သက်ပြင်းချနိုင်တယ်။ ကိုယ့်ကိုယ်ကိုယ်လည်း သိပ်ပြီး ကျေနပ်မိတာပေါ့။ ခေါင်းဆောင်တစ်ယောက်အဖြစ် အလုပ်လုပ်ခဲ့တဲ့ ဟောဒီ နှစ်တွေတစ်လျှောက်လုံးမှာ ကျွန်မကိုယ်ကျွန်မ သက်သေပြခဲ့ပြီးပြီ၊ ကျွန်မက အများကြီး မြင်ခဲ့ပြီးပြီ၊ ပြဿနာတွေအများကြီးလည်း ကိုင်တွယ်ခဲ့ပြီးပြီ ဆိုပြီး ထင်မိတယ်။ ကျွန်မမှာ အလုပ်အတွေ့အကြုံတွေ မျိုးစုံ ရှိတယ်။ အကြောင်းကိစ္စတွေကို ကျွန်မဘာသာ တာဝန်ယူနိုင်တယ်။ ကျွန်မက တကယ်ကို အသင်းတော်ရဲ့ဒေါက်တိုင်တစ်ခုပဲပေါ့။ အထူးသဖြင့် အဲဒီကာလအတွင်းမှာ၊ ကျွန်မက ခက်ခဲပင်ပန်းတာတွေကို မညည်းမညူနဲ့၊ မနက်စောစောကနေ ညဘက်အထိ အလုပ်လုပ်နေတာဆိုတော့၊ ကျွန်မအနေနဲ့ နည်းနည်း ချီးကျူးခံရထိုက်တယ်လို့ တကယ်ကို ထင်ခဲ့မိတယ်။ ကျွန်မက ကိုယ့်ကိုယ်ကိုယ် တော်တော် ကျေနပ်နေတဲ့ အခြေအနေတစ်ခုထဲမှာ အမှတ်တမဲ့နဲ့ ရှင်သန်နေမိတယ်။ လူသားမျိုးနွယ်ကို တရားစီရင်ပြီး ဖော်ထုတ်ပြတဲ့ ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်မိတဲ့အခါမျိုးလည်း၊ အဲဒါတွေကို ကိုယ့်အတွက် အသုံးမချခဲ့ဘူး။ ညီအစ်ကိုမောင်နှမတွေက အခြေအနေဆိုးတစ်ခုထဲ ရောက်နေရင်၊ ကျွန်မက သူတို့ကို သမ္မာတရားနဲ့ မိတ်သဟာယမပြုခဲ့ဘူး။ အဲဒီအစား သူတို့ကို ပစ်ပယ်ပြီးတော့၊ မကြာမကြာ ကြိမ်းမောင်းမိတယ်၊ “ရှင်တို့ ယုံကြည်သူဖြစ်တာ ဒီလောက်ကြာနေပြီ။ ဒါတောင် သမ္မာတရားကို အားမထုတ်သေးဘူး။ နည်းနည်းလေးမှ မပြောင်းလဲနိုင်ကြသေးဘူးလား” ပေါ့။ တစ်ခါတလေ တစ်ခုခုကို မိတ်သဟာယပြုပြီးသွားရင်၊ ညီအစ်ကိုမောင်နှမတွေက သူတို့ ဘာလုပ်ရမှန်း မသိသေးဘူးလို့ ပြောကြတယ်။ ကျွန်မကလည်း အကြောင်းရင်းကို မမေးဘဲ၊ သူတို့ကို အပြစ်ပဲတင်တယ်၊ “ရှင်တို့ မသိတာမဟုတ်ဘူး။ အဲဒါကို လက်တွေ့မလုပ်ဆောင်ချင်ကြတာပါ” ပေါ့။ သူတို့အားလုံးလည်း ချုပ်ချယ်ခံရသလို ဖြစ်ပြီး၊ သူတို့ပြဿနာတွေကို ကျွန်မဆီ ထပ်ပြီး မပြောရဲကြတော့ဘူး။

နောက်တော့ အစ်မလျူက ကျွန်မနဲ့အတူတွဲလုပ်ဖို့ ခေါင်းဆောင်တစ်ယောက်အဖြစ် ရွေးချယ်ခံရတယ်။ ကျွန်မ သူ့ကို ထင်မိတာက၊ သူက ယုံကြည်သူဖြစ်လာတာ သိပ်မကြာသေးဘူး။ ဆွေးနွေးပေးရင်တောင် တချို့ကိစ္စတွေကို နားလည်နိုင်လောက်မှာ မဟုတ်ဘူးပေါ့။ ဒါကြောင့် အသင်းတော်ကိစ္စတွေအများစုကို ကြီးကြီးငယ်ငယ်၊ ကျွန်မကပဲ အဆုံးအဖြတ်ပေးရလိမ့်မယ်။ တစ်ခါတလေ ကျွန်မက ဆုံးဖြတ်ချက်ချပေးလိုက်ပြီး အစ်မလျူကို ဆောင်ရွက်ခိုင်းလိုက်တယ်။ တစ်ခါတော့ ခေါင်းဆောင်တစ်ယောက်က အလုပ်တစ်ခုအတွက် လူတစ်ယောက် ရှာပေးပါဆိုပြီး ကျွန်မတို့ဆီ စာလှမ်းပို့တယ်။ ဒါက ဘုရားအိမ်တော်ရဲ့အလုပ်နဲ့ သက်ဆိုင်မှန်း ကျွန်မ သိပါတယ်။ ဒီတော့ ကျွန်မရဲ့လုပ်ဖော်ကိုင်ဖက်နဲ့ အကျိုးဆောင်တွေကို ဆွေးနွေးဖို့လိုတယ်။ ဒါပေမဲ့ နောက်တော့ ကျွန်မ စဉ်းစားတယ်၊ “ငါက အသင်းတော်မှာ ငါ့တာဝန်ကို လုပ်နေတာ တော်တော်ကြာခဲ့ပြီ။ ညီအစ်ကိုမောင်နှမတွေအကြောင်းကို ငါ အားလုံးသိတယ်။ ဒီတော့ ငါပဲ ဆုံးဖြတ်လိုက်ရင် အဆင်ပြေမှာပါ” ပေါ့။ ဒါနဲ့ အဲဒီကိစ္စကို အစ်မလျူနဲ့ မဆွေးနွေးဘဲ၊ ကျွန်မပဲ ဆုံးဖြတ်လိုက်တယ်။ ပြီးတော့မှ သူ့ကို သွားစီစဉ်ခိုင်းလိုက်တယ်။ ကျွန်မတို့က ခေါင်းဆောင်တွေအဖြစ် အတူတူ အလုပ်လုပ်ကြတယ်ဆိုပေမဲ့၊ ကျွန်မက သူ့ကို လက်အောက်ငယ်သားလို ဆက်ဆံနေခဲ့တာပါ။ တစ်ခါတလေ သူက ကိစ္စတစ်ခုခုကို သေချာဂရုမစိုက်ဘူးဆိုရင်၊ ကျွန်မက သူ့ကို စိတ်ပျက်မိတယ်။ သူက အပျက်သဘောမျိုး နေထိုင်တယ်။ သူ့အနေနဲ့ ဘာကိုမှ နားမလည်နိုင်ဘူး၊ သူ့တာဝန်ကို ကောင်းအောင် မလုပ်နိုင်ဘူးဆိုပြီး ထင်တယ်။ သူ အဲဒီအခြေအနေ ရောက်သွားတယ်ဆိုတာ၊ ကျွန်မက သူ့ကို နှိမ်ထားလို့ပါ။ ဒါပေမဲ့ ကျွန်မကိုယ်ကျွန်မ မဆင်ခြင်မိသေးဘူး။ အဲဒီအစား ကျွန်မကိုယ်ကျွန်မ ပိုပြီးထင်မိတာက၊ ကျွန်မမှာ သမ္မာတရားရဲ့စစ်မှန်မှု ရှိတယ်၊ ကိုယ့်တာဝန်ကို လုပ်နိုင်စွမ်းရှိတယ်၊ ဒါကြောင့် ကျွန်မကပဲ အသင်းတော်ရဲ့အလုပ်ကို စီမံရမယ်ပေါ့။ ကျွန်မက ပိုပြီးတော့ကို လွှမ်းမိုးချင်လာတယ်၊ မာနထောင်လွှားလာတယ်။ အလုပ်နဲ့ပတ်သက်ပြီး ဆွေးနွေးတာတွေမှာ လုပ်ဖော်ကိုင်ဖက်တွေက အကြံပြုချက်တွေအမျိုးမျိုး ပေးလာရင်၊ ကျွန်မက အများအားဖြင့် လုံးဝကို လက်မခံဘူး။ ခပ်မြန်မြန်ပဲ ပယ်ချလိုက်တယ်။ စိတ်ထဲကလည်း၊ “ရှင်တို့က ဘာသိလို့လဲ။ ဒီလောက် နှစ်တွေအများကြီး ခေါင်းဆောင် လုပ်လာတဲ့ ကျွန်မက ပိုမသိဘူးလား” ဆိုတာမျိုး တွေးတယ်။ နောက်ဆုံး အသင်းတော်ရဲ့အလုပ်မှာ အရာရာတိုင်းကို ကျွန်မကပဲ အဆုံးအဖြတ်ပေးရတဲ့အဖြစ်ကို ရောက်သွားတယ်။ နောက်တော့ ဘုရားက ကျွန်မကို ကိုင်တွယ်ဖြေရှင်းဖို့၊ တချို့အခြေအနေတွေကို ကြုံစေပါတယ်။ ကျွန်မက ကိုယ့်အလုပ်မှာ ဘာမှ မအောင်မြင်တော့သလို ဖြစ်လာတယ်။ လူတွေနဲ့ ချိန်းဆိုတာတွေ ပျက်လာတယ်။ စည်းမျဉ်းတွေနဲ့ မကိုက်ညီတဲ့ လူတွေကို အလုပ်ခန့်ထားမိလာတယ်။ ခေါင်းဆောင်က ကျွန်မရဲ့အလုပ်ထဲက အမှားတွေကို ထောက်ပြတယ်။ ကျွန်မကို ကိုင်တွယ်ဖြေရှင်းပြီး၊ ပြုပြင်ပေးတယ်။ ဒါတွေကို ကြုံရတာတောင် ကျွန်မက ကိုယ့်ကိုယ်ကိုယ် မဆင်ခြင်မိသေးဘူး။ ပိုပြီး ဂရုစိုက်ဖို့လိုတယ်လို့ပဲ ထင်မိတယ်။ လုပ်ဖော်ကိုင်ဖက်တစ်ယောက်ကဆို ကျွန်မကို သတိပေးတယ်၊ “ဒီပြဿနာတွေ ဘာလို့ ပေါ်လာတယ်ဆိုတာကို မဆင်ခြင်ကြည့်သင့်ဘူးလား” တဲ့။ ကျွန်မက မထီမဲ့မြင်နဲ့ပဲ ပြန်ပြောတယ်၊ “ပြည့်စုံတဲ့လူဆိုတာ မရှိဘူးလေ။ လူတိုင်း အမှားလုပ်တတ်တယ်။ ဘာကိုမှ ဆင်ခြင်ကြည့်စရာ မလိုပါဘူး” ပေါ့။ တချို့ညီအစ်ကိုမောင်နှမတွေကတော့ ကျွန်မကို အဆင်ပြေရဲ့လားလို့ မေးကြတယ်။ ကျွန်မကလည်း အဆင်ပြေပါတယ်ပေါ့။ ဒါပေမဲ့ စိတ်ထဲမှာတော့၊ “တစ်ခုခု မှားနေတာ ဟုတ်ပါ့မလား။ အခြေအနေဆိုးတစ်ခုထဲ ရောက်နေရင်တောင်၊ ကျွန်မဘာသာ ဖြေရှင်းနိုင်တယ်။ ရှင်တို့တွေ ပူစရာမလိုပါဘူး။ ကျွန်မက ဒီလောက်အချိန်ထိ ခေါင်းဆောင် လုပ်လာတာ။ သမ္မာတရားကို ရှင်တို့ထက် ပိုမသိတော့ဘူးတဲ့လား” ပေါ့။ သူတို့တွေ ကျွန်မကို ဘယ်လိုပဲ သတိပေးပေး၊ ကျွန်မက နားမထောင်ခဲ့ဘူး။ ကိုယ့်ရဲ့ ပျက်စီးတဲ့ စိတ်သဘောထားထဲမှာပဲ လုံးဝ နေနေခဲ့တယ်။ ကျွန်မရဲ့ဝိညာဉ်ကလည်း ပိုပြီး အလင်းရောင်မဲ့လာတယ်။ ဘုရားရဲ့နှုတ်ကပတ်တော်တွေ ဖတ်ပြီဆိုရင်၊ ကျွန်မက အိပ်ငိုက်မိလာတယ်။ ဆုတောင်းချက်မှာလည်း ပြောစရာ ဘာမှမရှိခဲ့ဘူး။ အသင်းတော်မှာ ပေါ်လာတဲ့ ပြဿနာတွေကလည်း ပိုပိုပြီး များလာတယ်။ ကျွန်မက ဘာကိုမှ မမြင်တော့ဘူး။ ပြဿနာတော်တော်များများကို ထိုးဖောက်ပြီး မမြင်နိုင်တော့ဘူး။ အဲဒါတွေကို ဘယ်လိုဖြေရှင်းရမှန်းလဲ မသိတော့ဘူး။ သိပ်မကြာခင်ပဲ အသင်းတော်မှာ အထွေထွေထင်မြင်ချက် စစ်တမ်းတစ်ခု ကောက်တယ်။ ကျွန်မက တကယ်ကို မာနထောင်လွှားတယ်၊ အမှန်ကို လက်ခံမှာမဟုတ်ဘူးဆိုပြီး၊ ညီအစ်ကိုမောင်နှမတွေ အားလုံးက ဆိုကြတယ်။ ကျွန်မက အာဏာရှင်ဆန်တယ်၊ လူတွေကို ဆူပူကြိမ်းမောင်းတယ်၊ ကန့်သတ်တယ်ပေါ့။ ကျွန်မလည်း ရာထူးကနေ ဖယ်ရှားခံရတဲ့အဖြစ် ရောက်တယ်။ အဲဒီနေ့မှာပဲ ခေါင်းဆောင်က အယောက်တိုင်းရဲ့ အကဲဖြတ်ချက်တွေကို ကျွန်မဆီ ပြပါတယ်။ ဘုရားက ညီအစ်ကိုမောင်နှမတွေကတစ်ဆင့်၊ ကျွန်မကို ဖော်ထုတ်ပြရင်း ကိုင်တွယ်ဖြေရှင်းရင်းနဲ့၊ သူ့အမျက်ဒေါသကို ဖွင့်ချနေတယ်လို့ ကျွန်မ ခံစားမိတယ်။ လူတိုင်းက ရွံရှာသလို၊ ဘုရားကတောင် ပစ်ပယ်တဲ့ ကြွက်စုတ်တစ်ကောင်လို ကိုယ့်ကိုယ်ကိုယ် ထင်မိတယ်။ ဘယ်လိုဖြစ်ပြီး ကျွန်မ အဲဒီလောက် ဆုတ်ယုတ်သွားသလဲဆိုတာကို နားမလည်နိုင်ခဲ့ဘူး။ စိတ်ညစ်ညစ်နဲ့ ကျွန်မလည်း ဘုရားရှေ့မှောက်မှာ တောင်းခံမိတယ်၊ “ဘုရားသခင်၊ ကျွန်မက ကိုယ့်ကိုယ်ကိုယ် အသင်းတော်အလုပ်မှာ တာဝန်ရှိတယ်၊ ကျွန်မမှာ သမ္မာတရားရဲ့စစ်မှန်မှုနည်းနည်း ရှိတယ်လို့ အမြဲတမ်း ထင်ခဲ့တာပါ။ အခုလို ပြဿနာတွေအများကြီး ရှိလာမယ်လို့ လုံးဝ မထင်ခဲ့ပါဘူး။ တခြားသူတွေအမြင်မှာတော့၊ ကျွန်မက အမှန်ကို လက်ခံမှာမဟုတ်တဲ့ မာနထောင်လွှားသူတစ်ယောက်ပါပဲ။ ဘယ်လိုကြောင့် ဒီလို ဖြစ်လာခဲ့မှန်း ကျွန်မ မသိပါဘူး၊ ဘုရားသခင်။ ကျွန်မကိုယ်ကျွန်မ သိအောင်၊ ကိုယ်တော့်အလိုကို သိအောင်၊ ကျွန်မကို အသိဉာဏ်ဖွင့်ပေးပြီး လမ်းပြတော်မူပါ။”

နောက်တော့ ဘုရားဆီက ဒီနှုတ်ကပတ်တော်တွေကို ကျွန်မ ဖတ်မိပါတယ်၊ “မိမိကိုယ်ကိုသိခြင်း၏ သမ္မာတရားကို အမှန်တကယ်သိရန် ပို၍ကြိုးစားအားထုတ်လျှင် သင်တို့အတွက် အကောင်းဆုံးဖြစ်မည်။ သင်တို့သည် အဘယ်ကြောင့် ဘုရားသခင်ထံမှ မျက်နှာသာ မရသေးသနည်း။ သင်တို့၏ စိတ်သဘောထားသည် အဘယ်ကြောင့် သူ့အတွက် စက်ဆုပ်ဖွယ်ကောင်းနေသနည်း။ သင်တို့၏ စကားပြောခြင်းသည် အဘယ်ကြောင့် သူ၏ရွံရှာမှုကို နှိုးဆွပေးနေသနည်း။ သင်တို့သည် သစ္စာစောင့်သိမှုအနည်းငယ်ကို ပြသပြီးသည်နှင့် ကိုယ့်ကိုယ်ကိုယ် ချီးမွမ်းပြောဆိုကြပြီး၊ အနည်းငယ် ထည့်ဝင်လှူဒါန်းရခြင်းအတွက် ဆုလာဘ်တောင်းဆိုကြသည်၊ သင်တို့သည် နာခံမှု အသင့်အတင့်ပြနိုင်လျှင် သူတစ်ပါးကို အထင်အမြင်သေးပြီး၊ သေးငယ်သောအမှုတစ်ခုခုကို ပြီးမြောက်လျှင် ဘုရားသခင်ကို ပမာမခန့်ပြုလာကြ၏။... မိမိတို့၏တာဝန်ကို ဆောင်ရွက်သူများနှင့် မဆောင်ရွက်သူများ၊ ဦးဆောင်သူများနှင့် နောက်လိုက်သူများ၊ ဘုရားသခင်ကို ကြိုဆိုဧည့်ခံသူများနှင့် ဧည့်မခံသူများ၊ ပေးကမ်းသူများနှင့် မပေးကမ်းသူများ၊ တရားဟောသူများနှင့် နှုတ်ကပတ်တော်ကို လက်ခံသူများ စသည်ဖြင့် ထိုကဲ့သို့သော လူအားလုံးတို့သည် မိမိကိုယ်ကို ချီးမွမ်းကြ၏။ ဤအရာသည် ရယ်ဖွယ်ကောင်းသည်ဟု သင်တို့မထင်ပေသလော။ သင်တို့သည် ဘုရားသခင်ကိုယုံကြည်ကြောင်း အသေအချာ သိသော်ငြားလည်း သင်တို့သည် ဘုရားသခင်နှင့် သဟဇာတ မဖြစ်နိုင်ကြ။ သင်တို့တွင် ကောင်းကျိုး လုံးဝမရှိကြောင်းကို အသေအချာ သိသော်ငြားလည်း သင်တို့သည် မလျှော့တမ်း ဝါကြွားကြ၏။ သင်တို့တွင် မိမိကိုယ်ကိုချုပ်တည်းနိုင်ခြင်း မရှိတော့သည်အထိ သင်တို့၏အသိစိတ်သည် ယိုယွင်းလာခဲ့ပြီကို သင်တို့ မခံစားရပေသလော။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ခရစ်တော်နှင့် သဟဇာတမဖြစ်သောသူများသည် အကယ်စင်စစ် ဘုရားသခင်၏ ရန်ဘက်များဖြစ်ကြသည်”) “သင်သည် အရာအားလုံးကို နားလည်နေသည်ဟု သင့်ကိုယ်သင် ထင်မှတ်မထားနှင့်။ သင်မြင်တွေ့ခဲ့ရသည့် အရာအားလုံးနှင့် သင်တွေ့ကြုံခဲ့ရသည့် အရာများအားလုံးတို့သည် သင့်အနေဖြင့် ငါ့စီမံခန့်ခွဲမှု အစီအစဉ်၏ တစ်ထောင်ပုံ တစ်ပုံကိုမျှ နားလည်နိုင်ရန်အလို့ငှာ လုံလောက်မှုမရှိဟု ငါပြောသည်။ ထို့ကြောင့် သင်သည် အဘယ်ကြောင့် မာန်တက်စွာ လုပ်ဆောင်နေသနည်း။ သင်၏ အနည်းငယ်မျှသော အရည်အချင်းနှင့် သေးနုပ်သော အသိပညာတို့သည် ယေရှုက သူ၏အမှုတွင် အသုံးပြုရန်အတွက်မူ တစ်စက္ကန့်စာခန့်မျှပင် လုံလောက်မှုရှိမည် မဟုတ်ပေ။ သင်၌ အမှန်တကယ်တွင် အတွေ့အကြုံ မည်မျှရှိသနည်း။ သင့်ဘဝတစ်လျှောက်လုံးတွင် သင်မြင်တွေ့ခဲ့ရသည့် အရာများ၊ သင်ကြားခဲ့ရသည့် အရာများအားလုံးနှင့် သင်စဉ်းစားတွေးခေါ်ခဲ့သည့် အရာများသည် တစ်ခဏအတွင်း ငါလုပ်ဆောင်သည့် အရာများထက် နည်းနေသေးသည်။ သင့်အနေဖြင့် ဝေဖန်ခြင်းနှင့် အပြစ်ရှာခြင်းမပြုလျှင် အကောင်းဆုံးဖြစ်မည်။ သင့်အနေဖြင့် သင့်စိတ်ကြိုက် မာနထောင်လွှားနိုင်သည်၊ သို့သော် သင်သည် ပုရွက်ဆိတ်ထက် သေးငယ်သည့် ဖန်ဆင်းခံသတ္တဝါပင် ဖြစ်သည်။ သင်၏ဝမ်းဗိုက်ထဲတွင် ရှိသမျှသော အရာများအားလုံးသည် ပုရွက်ဆိတ်တစ်ကောင်၏ ဗိုက်ထဲတွင်ရှိသည့် အရာထက်ပင် နည်းနေသေးသည်။ သင်၌ အတွေ့အကြုံနှင့် ဝါရင့်ခြင်းတို့ ရှိသည်ဆိုရုံနှင့် သင်သည် လက်ဟန်ခြေဟန်ပါပါနှင့် ကြီးကျယ်သည့် စကားများကို ပြောဆိုခွင့်ရှိသည်ဟု ထင်မှတ်မနေနှင့်။ သင်၏ အတွေ့အကြုံနှင့် ဝါရင့်ခြင်းတို့သည် ငါမြွက်ဆိုထားသည့် နှုတ်ကပတ်တော်များ၏ ထုတ်ကုန်ပင်ဖြစ်သည် မဟုတ်လော။ သင်၏လုပ်ဆောင်မှုနှင့် ကြိုးစားအားထုတ်မှုတို့ကြောင့် ထိုအရာတို့ကို သင်ရရှိသည်ဟု ထင်မှတ်နေသလော။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူ့ဇာတိခံယူခြင်းနှစ်ကြိမ်သည် လူ့ဇာတိခံယူခြင်း၏ ရည်ရွယ်ချက်ကို ပြည့်စုံစေသည်”) ဘုရားနှုတ်ကပတ်တော်တွေကနေ ထုတ်ဖော်ပြတာက ကျွန်မရဲ့အခြေအနေနဲ့ အံကိုက်ပါပဲ။ ကျွန်မလည်း ဝမ်းနည်းသွားတယ်။ အဲဒီတော့မှပဲ ကိုယ့်ကိုယ်ကိုယ် စပြီး ဆင်ခြင်ကြည့်တယ်။ ခေါင်းဆောင်တစ်ယောက်အဖြစ် လေးငါးနှစ်လောက် လုပ်ပြီးသွားတဲ့အချိန်မှာ၊ ကျွန်မ ထင်ခဲ့မိတာက၊ ကျွန်မက အဲဒီရာထူးမှာ နေလာတာ ကြာပြီဆိုတော့၊ သမ္မာတရားကို ပိုနားလည်တယ်၊ သူများတွေထက် ပိုပြီး လုပ်နိုင်စွမ်းရှိတယ်၊ ကျွန်မက အသင်းတော်ရဲ့ဒေါက်တိုင်တစ်ခုပဲ၊ အသင်းတော်မှာ ကျွန်မ မရှိရင်မဖြစ်ဘူး ဆိုတာမျိုးတွေပေါ့။ ကိုယ့်အလုပ်မှာ အောင်မြင်မှုနည်းနည်း ရတော့လည်း၊ ငါက အရာရာတိုင်းကို နားလည်ပြီ၊ ငါ့မှာ သမ္မာတရားရဲ့စစ်မှန်မှု ရှိတယ်၊ ငါက လူတိုင်းထက်သာတယ်ဆိုပြီး ထင်ခဲ့တယ်။ အချိန်တစ်ခုစာ ယုံကြည်ခြင်းရှိတယ်၊ အတွေ့အကြုံနည်းနည်း ရှိတယ်ဆိုတာ ငါ့အတွက် မာနထောင်လွှားဖို့ လက်မှတ်ပဲ၊ ငါက တခြားသူတွေထက် ဂုဏ်အဆင့်အတန်း ပိုမြင့်တယ်ဆိုပြီး ထင်ခဲ့မိတယ်။ ညီအစ်ကိုမောင်နှမတွေက အကြံပြုတာတွေကို ယူလိုက်ဖို့၊ လက်ခံဖို့ဆိုတာ ဝေးလို့၊ အဲဒါတွေကို နည်းနည်းလေးမှ ခေါင်းထဲမထည့်ခဲ့ဘူး။ သူတို့တွေက ကျွန်မကို ဂရုတစိုက်နဲ့၊ ကျွန်မရဲ့အခြေအနေကို မေးမြန်းကြတဲ့အချိန်မျိုးမှာတောင်၊ ကျွန်မ ထင်ခဲ့မိတာက၊ ကျွန်မက သူတို့ထက် ဝိညာဉ်အသက်တာ ပိုကြီးတယ်၊ ဒါကြောင့် ကျွန်မဘာသာ ဖြေရှင်းနိုင်တယ်၊ သူတို့အကူအညီ မလိုဘူးပေါ့။ ကျွန်မက သူတို့ရဲ့အမှားတွေ၊ အခက်အခဲတွေကို တွေ့တဲ့အခါလည်း၊ သူတို့ကို ကူညီဖို့ သမ္မာတရားနဲ့ မိတ်သဟာယမပြုခဲ့ဘူး။ အရေးမစိုက်ဘဲ နေခဲ့တယ်။ ကျွန်မအမြင်မှာ သူတို့တွေက မှန်မှန်ကန်ကန် ကို မလုပ်ဆောင်နိုင်တော့ ကျွန်မက မောက်မောက်မာမာနဲ့ ဆူပစ်ခဲ့တယ်။ အကျိုးဆက်အနေနဲ့ ညီအစ်ကိုမောင်နှမတွေက ကျွန်မကြောင့် ကန့်သတ်ချုပ်ချယ်ခံရသလိုဖြစ်ပြီး၊ အပျက်သဘော နေထိုင်ကုန်ကြတယ်။ အဲဒါက ကျွန်မရဲ့တာဝန်ကို လုပ်နေတာဟုတ်ရဲ့လား။ တကယ်တော့ မကောင်းမှုလုပ်နေတာပါ။ မာနထောင်လွှားပြီး စိတ်ကြီးဝင်တတ်တဲ့ ဆိုးယုတ်တဲ့ စိတ်သဘောထားတစ်ခုပဲ ကျွန်မဆီမှာ ပေါ်လာတာပါ။ ဘုရားက လူသားကို ကယ်တင်ဖို့အတွက်၊ နောက်ဆုံးသောကာလမှာ လူ့ဇာတိခံယူပြီး၊ သမ္မာတရားကို ဖော်ပြတယ် အမှုတော်ပြုတယ်ဆိုတာ၊ တကယ်ကို ကြီးမားတဲ့ လုပ်ဆောင်ချက်ကြီးပါ။ ဒါပေမဲ့ ကိုယ်တော်က လုံးဝ မမော်ကြွားခဲ့ဘူး။ သူ့ကိုယ်သူ ဘုရားသခင်အဖြစ် ထုတ်ပြတာမျိုး မရှိခဲ့ဘူး။ အဲဒီအစား ကယ်တင်ခြင်းအမှုကို သိုသိုသိပ်သိပ် လုပ်ဆောင်ရင်းနဲ့၊ ကိုယ်တော်က နှိမ့်ချမှုရှိခဲ့တယ်၊ ဖုံးကွယ်ခဲ့တယ်။ ဘုရားသခင်ဟာ နှိမ့်ချတတ်လွန်းတယ်၊ ချစ်ခင်ဖွယ်ကောင်းတယ်ဆိုတာ ကျွန်မ မြင်ခဲ့ပါတယ်။ ဒါပေမဲ့ စာတန်ကြောင့် ဆိုးဆိုးဝါးဝါး ပျက်စီးလွန်းပြီး၊ ဆိုးယုတ်တဲ့ စိတ်သဘောထားတွေ ပြည့်နေတဲ့ ကျွန်မကျတော့၊ ကိုယ့်မှာ အချိန်တစ်ခုစာ ယုံကြည်ခြင်းရှိတာရယ်၊ ဩဝါဒတွေကို ပိုပြီး နားလည်တာရယ်၊ အလုပ်အတွေ့အကြုံနည်းနည်း ရှိတာလေးရယ်နဲ့တင် ကိုယ့်ကိုယ်ကိုယ်ရော ကိုယ့်အရည်အချင်းတွေကိုရော အများကြီး အထင်ကြီးခဲ့မိတာပါ။ စင်ပေါ်တက်ပြီး ပြန်မဆင်းတော့တာမျိုးပေါ့။ ကိုယ့်ကိုယ်ကိုယ် သိနားလည်ခြင်းဆိုတာ လုံးဝ မရှိခဲ့ဘူး။ ကိုယ့်အကြောင်းကို ဘာမှ မသိခဲ့ဘူး။ ဘာအသိစိတ်မှ မရှိတော့လောက်အောင် မာနထောင်လွှားခဲ့တယ်။ ကြောက်စရာကောင်းခဲ့တာပါ။ ဘုရားရဲ့ဖော်ထုတ်ပြမှုကို ခံရတော့မှ၊ ကျွန်မရဲ့ ဝိညာဉ်အသက်တာအစစ်အမှန်ကို နောက်ဆုံး မြင်ခဲ့တာပါ။ ကိုယ့်အလုပ်ထဲက တချို့ကိစ္စတွေကိုတော့ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ လုပ်ဆောင်ချက်နဲ့ ဖြေရှင်းနိုင်ခဲ့ဖူးပါတယ်။ ကိုယ်တော့်လုပ်ဆောင်ချက်နဲ့ လမ်းညွှန်မှု မရှိတော့၊ ကျွန်မက မျက်ကန်းလိုဖြစ်ပြီး၊ ဘာမှ နားမလည်ခဲ့ဘူး။ တခြားလူတွေရဲ့ပြဿနာတွေကို ဖြေရှင်းပေးဖို့ မပြောနဲ့၊ ကိုယ့်ပြဿနာတွေကိုတောင် မရှင်းနိုင်ခဲ့ပါဘူး။ အဲဒီလိုအခြေအနေမှာတောင် ကျွန်မက လုံးလုံး ခြယ်လှယ်တတ်လာတယ်။ မာနထောင်လွှားလွန်းခဲ့တယ်လေ။ အဲဒီအချိန်မှာ ကျွန်မရဲ့အပြုအမူတွေအတွက် ရှက်ခဲ့မိတယ်။

နောက်တော့ ဘုရားရဲ့ ဒီနှုတ်ကပတ်တော်တွေကို ဖတ်မိပါတယ်၊ “သင်သည် သင့်အတွင်း၌ သမ္မာတရားကို အမှန်တကယ် ပိုင်ဆိုင်ပါက သင်လျှောက်လှမ်းသည့် လမ်းကြောင်းမှာ အလိုအလျောက်မှန်ကန်သော လမ်းကြောင်းဖြစ်လိမ့်မည်။ သမ္မာတရားမရှိပါက မကောင်းမှုပြုရန် လွယ်ကူပြီး မရည်ရွယ်ဘဲ ယင်းကို သင်လုပ်မိလိမ့်မည် ဖြစ်သည်။ ဥပမာ၊ အကယ်၍ သင်၌ မောက်မာခြင်းနှင့် စိတ်ကြီးဝင်ခြင်းတို့ရှိခဲ့ပါက ဘုရားသခင်ကို ဖီဆန်ခြင်းမှ ထိန်းထားဖို့ မဖြစ်နိုင်ပေ။ သင်သည် သူ့ကိုဖီဆန်ရန် လှုံ့ဆော်ခြင်းခံရမည်။ သင်သည် ရည်ရွယ်ချက်ရှိရှိနှင့် ထိုအရာကို ပြုမည်မဟုတ်၊ သင်၏ မောက်မာပြီး ထောင်လွှားသော သဘာဝဗီဇ၏ အုပ်စိုးမှုအောက်၌ သင် ထိုသို့ပြုလိမ့်မည်။ သင်၏ မောက်မာခြင်းနှင့် စိတ်ကြီးဝင်ခြင်းတို့သည် သင့်ကို ဘုရားသခင်အား အထင်အမြင်သေးစေမည်ဖြစ်ပြီး သူ့အား အရေးမပါသောသူအဖြစ် မြင်စေမည်ဖြစ်သည်။ ထိုအရာတို့သည် သင့်ကိုယ်သင် ချီးမြှောက်စေလိမ့်မည်ဖြစ်ပြီး အစဉ်တစိုက် မိမိကိုယ်ကို ထုတ်ဖော်ကြွားဝါစေလိမ့်မည် ဖြစ်ကာ နောက်ဆုံးတွင် သင့်ကို ဘုရားသခင်၏ နေရာတွင် ထိုင်စေ၍ သင့်ကိုယ်သင်အတွက် သက်သေခံစေလိမ့်မည် ဖြစ်သည်။ အဆုံးတွင် သင်သည် အကိုးကွယ်ခံရဖို့ရန် မိမိကိုယ်ပိုင် စိတ်ကူးများ၊ မိမိကိုယ်ပိုင် အတွေးအခေါ်နှင့် မိမိကိုယ်ပိုင် အယူအဆများကို သမ္မာတရားများအဖြစ် ပြောင်းလဲလိမ့်မည်။ မိမိတို့၏ မောက်မာ၍ ထောင်လွှားသော သဘာဝ၏ အုပ်စိုးမှုအောက်၌ လူတို့သည် မည်မျှများပြားလှသော ဒုစရိုက်မှုကို ပြုကြသည်ကို ကြည့်လော့။ မိမိတို့၏ ဆိုးယုတ်သော ပြုမူချက်များကို ဖြေရှင်းရန်အလို့ငှာ သူတို့သည် မိမိတို့သဘာဝဗီဇ၏ ပြဿနာကို ဦးစွာဖြေရှင်းရမည်။ စိတ်သဘောထား ပြောင်းလဲခြင်းမရှိဘဲ ဤပြဿနာအတွက် အခြေခံဖြေရှင်းချက် ဖြစ်ပေါ်ရန် ဖြစ်နိုင်မည်မဟုတ်ချေ။” (ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သင်သည် သမ္မာတရားအား ကြိုးစားလိုက်လျှောက်ခြင်းအားဖြင့်သာ သင်၏စိတ်နေသဘောထား၌ ပြောင်းလဲမှုများကို ရရှိနိုင်သည်”) ကျွန်မအနေနဲ့ မကောင်းမှုလုပ်ပြီး ဘုရားကို ခုခံမိတာတွေရဲ့ ဇာစ်မြစ်က ကျွန်မရဲ့ မာနထောင်လွှားတဲ့ သဘာဝပဲဆိုတာကို၊ ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်မိတော့မှ နားလည်ခဲ့တယ်။ မာနထောင်လွှားတဲ့ သဘာဝရဲ့ လှုံ့ဆော်တာတွေကို ခံနေရတော့၊ ကိုယ့်အလုပ်မှာ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ လုပ်ဆောင်ချက်ကြောင့် အောင်မြင်မှုနည်းနည်း ရပြီဆိုရင်၊ ကိုယ်ကပဲ ချီးကျူးခံလိုက်တယ်။ ကိုယ့်ကိုယ်ကိုယ် အသင်းတော်ရဲ့ဂုဏ်ဆောင်သူလေးဆိုပြီး ဟန်ရေးပြသေးတယ်။ ဘုရားရဲ့ကယ်တင်ခြင်းကို ရရှိသူတစ်ယောက်ဆိုပြီး၊ ကိုယ့်ကိုယ်ကိုယ် အရှက်မရှိ ယုံကြည်ခဲ့ပေမဲ့၊ ကိုယ့်ကိုယ်ကိုယ် သိနားလည်ခြင်းဆိုတာတော့ လုံးဝ မရှိခဲ့ဘူး။ ကျွန်မက ကိုယ့်အလုပ်မှာ လူကြီးပိုင်းတွေကို အမြဲတမ်း ကိုယ်ရည်သွေးပြခဲ့တယ်။ ကိုယ့်ကိုယ်ကိုယ် လူတိုင်းထက် သာတယ်၊ ပိုပြီး အဆင့်အတန်းရှိတယ် ထင်ပြီးတော့၊ သူများတွေအပေါ် အမြဲ ဆရာလုပ်ခဲ့တယ်။ ညီအစ်ကိုမောင်နှမတွေကို ဆုံးမဖို့၊ ဘုရားနှုတ်ကပတ်တော်တွေကိုတောင် အသုံးချခဲ့တာပါ။ အလုပ်ကိစ္စ စီစဉ်ရင်လည်း၊ ကျွန်မနဲ့အတူလုပ်တဲ့ အစ်မနဲ့ မဆွေးနွေးခဲ့ဘူး။ အဲဒီအစား အာဏာအပြည့်အဝရှိတဲ့ပုံစံမျိုးနဲ့ ကိုယ်ကပဲ ဆုံးဖြတ်ချက်ချတယ်။ ဘုရားအိမ်တော်ရဲ့အလုပ်အတွက် အရေးကြီးတဲ့ကိစ္စတွေမှာတောင် ကျွန်မကပဲ တစ်ဖက်သတ် ဆုံးဖြတ်ချက်တွေ ချခဲ့တယ်။ အဲဒီအစ်မကို နာမည်ခံသက်သက်ပဲ ထားခဲ့ပြီး ကျွန်မက အသင်းတော်ထဲမှာ ကိုယ်ပိုင်အင်ပါယာ ဖန်တီးခဲ့တာပါ။ ကျွန်မရဲ့ မာနထောင်လွှားတဲ့ သဘာဝကြောင့်၊ ဘယ်သူ့ကိုမှ အလေးမထားခဲ့တဲ့အပြင်၊ ဘုရားကိုလည်း စိတ်နှလုံးထဲမှာ မထားခဲ့ဘူး။ ကိစ္စတစ်ခု ကြုံပြီဆိုရင်၊ သမ္မာတရားရဲ့ အခြေခံသဘောတွေကို မရှာဖွေခဲ့ဘူး။ ကိုယ့်ကိုယ်ပိုင် ထင်မြင်ချက်တွေကိုတောင် သမ္မာတရားလို့ မှတ်ယူပြီးတော့၊ လူတိုင်းကို နာခံစေခဲ့တာပါ။ ဘုရားက ကောင်းကင်တမန်မင်းကို၊ ကောင်းကင်နိုင်ငံမှာရှိတဲ့ တခြားကောင်းကင်တမန်တွေကို အုပ်ထိန်းဖို့ စွမ်းအားတချို့ ပေးတဲ့အကြောင်းကို ကျွန်မ သွားသတိရသေးတယ်။ သူက မာနတွေထောင်လွှားပြီး အသိစိတ်အားလုံး ပျောက်သွားတယ်၊ သူ့ကိုယ်သူ ထူးခြားတယ်ထင်ပြီး၊ ဘုရားနဲ့ တစ်တန်းတည်း ဖြစ်ချင်လာတယ်လေ။ အကျိုးဆက်အနေနဲ့ ဘုရားရဲ့စိတ်သဘောထားကို ပုန်ကန်ပြစ်မှားမိတယ်။ ဘုရားက သူ့ကို ကျိန်ဆိုခြင်းပြုပြီး၊ ကောင်းကင်ကနေ ပစ်ချလိုက်တယ်။ အခုလည်း ဘုရားက ကျွန်မကို ခေါင်းဆောင်တစ်ယောက်အဖြစ် အလုပ်လုပ်ဖို့ မြှင့်တင်ပေးခဲ့တယ်။ ကျွန်မအနေနဲ့ သူ့ကို အရာရာတိုင်းမှာ ချီးမြှောက်ပြီး သက်သေခံလာအောင်၊ လက်တွေ့ကိစ္စတွေကို ဖြေရှင်းဖို့အတွက် ကျွန်မက သမ္မာတရားနဲ့ မိတ်သဟာယပြုပေးနိုင်အောင်၊ တခြားသူတွေလည်း သမ္မာတရားကို နားလည်ပြီး ဘုရားကို နာခံအောင် ကူညီပေးနိုင်ဖို့အတွက်ပေါ့။ ဒါပေမဲ့ ကျွန်မက သမ္မာတရားကို မရှာဖွေခဲ့သလို၊ ကိုယ့်တာဝန်ကိုလည်း ဘုရားရဲ့သတ်မှတ်ချက်တွေနဲ့အညီ မလုပ်ဆောင်ခဲ့ဘူး။ အဲဒီအစား အာဏာကို သိမ်းပိုက်တယ်၊ အများရဲ့ အာရုံစိုက်ခံရအောင် လုပ်တယ်။ ပြီးတော့ ကျွန်မ ပြောသမျှကို နားထောင်စေတယ်၊ နာခံစေတယ်။ ကျွန်မက ကောင်းကင်တမန်မင်းနဲ့ ဘာများ ကွာခြားခဲ့လို့လဲ။ ဘုရားက ကျွန်မရဲ့လမ်းကြောင်းကို ပိတ်ဆို့ဖို့၊ အခြေအနေတွေကို စီစဉ်ခဲ့တယ်။ ညီအစ်ကိုမောင်နှမတွေကတစ်ဆင့် ကျွန်မကို သတိပေးခဲ့တယ်။ ဒါပေမဲ့ ကျွန်မက အဲဒါကို လက်မခံခဲ့သလို၊ ကိုယ့်ကိုယ်ကိုယ်လည်း လုံးဝ မဆင်ခြင်ကြည့်ခဲ့ဘူး။ ကျွန်မက မာရေကျောရေနဲ့ တော်တော်ကို ပုန်ကန်ခဲ့တာပါ။ ကိုယ့်အလုပ်တာဝန်ကို မာနထောင်လွှားတဲ့ စိတ်သဘောထားနဲ့ လုပ်နေခဲ့တယ်။ ညီအစ်ကိုမောင်နှမတွေကို နှိမ်ခဲ့တယ်၊ အဲဒီအတွက် သူတို့လည်း အပျက်သဘောဆောင်ပြီး၊ သူတို့အခက်အခဲတွေကို မဖြေရှင်းနိုင်ကြတော့ဘူး။ အသင်းတော်ရဲ့အလုပ်မှာလည်း ဘာတိုးတက်မှုမှ မရှိခဲ့ပါဘူး။ အဲဒါတွေအားလုံးက ကျွန်မရဲ့မာနထောင်လွှားမှုကြောင့် လုပ်ခဲ့မိတဲ့ မကောင်းမှုတွေပါပဲ။ ကျွန်မမှာ အဲဒီလို ခေါင်းမာတတ်တဲ့ မာနထောင်လွှားတဲ့ သဘာဝ ရှိနေတာပါ။ ဘုရားက ညီအစ်ကိုမောင်နှမတွေကတစ်ဆင့် ကျွန်မကို ခပ်ကြမ်းကြမ်း ဖော်ထုတ်ပြပြီး ကိုင်တွယ်ဖြေရှင်းတာတွေ၊ ကျွန်မကို တာဝန်ကနေ ဖယ်ရှားပစ်တာတွေ မရှိခဲ့ဘူးဆိုရင်၊ ကျွန်မကိုယ်ကျွန်မ လုံးဝ ဆင်ခြင်မိခဲ့မှာ မဟုတ်ဘူး။ အဲဒီအတိုင်း ဆက်သွားခဲ့ရင်၊ ကျွန်မက မကောင်းမှုတွေပဲ ပိုလုပ်ခဲ့မိလိမ့်မယ်။ ဘုရားရဲ့စိတ်သဘောထားကိုလည်း ပုန်ကန်ပြစ်မှားမိလိမ့်မယ်။ အဲဒါဆို ကောင်းကင်တမန်မင်းလိုပဲ ဘုရားရဲ့ကျိန်ဆဲခြင်းနဲ့ အပြစ်ဒဏ်ပေးခြင်းကို ခံရမှာပဲ။ အဲဒီအချိန်ကျမှ ကျွန်မလည်း ဘုရားရဲ့ညှာတာတဲ့ ရည်ရွယ်ချက်တွေအပေါ် နားလည်မှု ရခဲ့ပါတယ်။ ကျွန်မကို မကောင်းတဲ့လမ်းကြောင်းတွေကနေ တားဖို့၊ နောင်တရခွင့်ကို ပေးဖို့အတွက်၊ ကိုယ်တော်က ဒါကို လုပ်နေခဲ့တာပါ။ ဒါဟာ ဘုရားက ကျွန်မကို ကာကွယ်ပေးခဲ့တာပါ၊ ကယ်တင်ခဲ့တာပါ။ ဘုရားကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ခဲ့မိတယ်။

ကျွန်မ ရာထူးကနေ ထုတ်ပယ်ခံရပြီးတော့၊ အစ်မလျူက သူ့တာဝန်ကို ပုံမှန်အတိုင်း လုပ်နိုင်ခဲ့တယ်။ ပြီးတော့ တခြားသူတွေ ပြောပုံအရ၊ အသစ်ရွေးချယ်လိုက်တဲ့ ခေါင်းဆောင်နဲ့ သင်းထောက်တွေက ယုံကြည်သူဖြစ်လာကြတာ မကြာသေးဘူးဆိုပေမဲ့၊ အလုပ်အကြောင်း ဆွေးနွေးတဲ့အခါ၊ သူတို့ကိုယ်ပိုင် ထင်မြင်ချက်တွေကို ဘယ်သူမှ မဖက်တွယ်ကြဘူးပေါ့။ အဲဒီအစား ဘုရားကိုပဲ အားကိုးပြီး ဆုတောင်းကြတယ်၊ သမ္မာတရားရဲ့ အခြေခံသဘောတွေကို အတူတူရှာဖွေကြတယ်။ အယောက်တိုင်းက စည်းစည်းလုံးလုံး အလုပ်လုပ်ကြတယ်။ အသင်းတော်ရဲ့အလုပ်လည်း တဖြည်းဖြည်း ပြန်ပြီး တိုးတက်သွားတယ်ပေါ့လေ။ ဒါကို ကြားရတော့ ကျွန်မ တော်တော် ရှက်မိတယ်။ ကျွန်မ မရှိရင်၊ အသင်းတော်အလုပ်က ရှေ့ဆက်နိုင်မှာမဟုတ်ဘူးလို့ပဲ ကျွန်မက အမြဲတမ်း ထင်ခဲ့တာ။ ဒါပေမဲ့ အဖြစ်မှန်ကို ကြုံရတော့မှ ကျွန်မ သိသွားတယ်၊ ဘုရားအိမ်တော်ရဲ့အလုပ်ဆိုတာ သန့်ရှင်းသောဝိညာဉ်တော်ကပဲ လုပ်ဆောင်ပြီး ထောက်ပံ့ပေးတာပါ။ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်က လုပ်နိုင်တဲ့အရာမျိုး မဟုတ်ပါဘူး။ လူတွေအနေနဲ့က ပူးပေါင်းဆောင်ရွက်ပြီး၊ ကိုယ့်တာဝန်ကို လုပ်ကြရုံသက်သက်ပါပဲ။ ကျွန်မတို့အနေနဲ့ ဘုရားကို ယုံကြည်လာတဲ့အချိန်က ဘယ်လောက်ပဲ ကြာပြီဖြစ်ဖြစ်၊ ကိုယ့်အလုပ်တာဝန်မှာ သမ္မာတရားကို ရှာဖွေပြီး လက်တွေ့လုပ်ဆောင်ဖို့၊ ဘုရားကို အမှီပြုနေသရွေ့၊ ဘုရားရဲ့လမ်းညွှန်မှုနဲ့ ကောင်းချီးတွေကို ကျွန်မတို့ ရကြမှာပါ။ သမ္မာတရားကို မရှာဖွေဘဲ ကျွန်မရဲ့တာဝန်ကို လုပ်ဆောင်တာတွေ၊ ကျွန်မ အလိုရှိသမျှကို အထက်စီးကနေ လုပ်ကိုင်တာတွေ၊ အာဏာရှင်ဆန်တာတွေကိုတော့ ဘုရားသခင်က စက်ဆုပ်ရွံရှာတာပါ။ ဘုရားရဲ့လမ်းညွှန်မှု မရှိတဲ့အတွက်၊ ကျွန်မက သန့်ရှင်းသောဝိညာဉ်တော်ရဲ့ လုပ်ဆောင်ချက် ပျောက်ပြီး၊ တန်ဖိုးမဲ့သွားတယ်။ ဘာမှ မလုပ်နိုင်ခဲ့ဘူး။ ဘာကိုမှမမြင်နိုင်လောက်အောင် မာနထောင်လွှားသွားတယ်၊ ထိန်းမနိုင်သိမ်းမရဖြစ်ပြီးတော့၊ လူတွေကို အထက်စီးကနေ ဩဇာပေးတယ်။ ညီအစ်ကိုမောင်နှမတွေကို ကန့်သတ်ချုပ်ချယ်ပြီး ဒုက္ခပေးခဲ့တယ်။ အသင်းတော်ရဲ့အလုပ်ကိုလည်း အနှောင့်အယှက်ပေးခဲ့မိတယ်။ အရမ်း အပြစ်ရှိသလို ခံစားခဲ့ရတယ်။ ကိုယ့်ကိုယ်ကိုယ်လည်း အများကြီး အပြစ်တင်ခဲ့မိတယ်။ ကျွန်မလည်း ဘုရားသခင်ဆီ ဆုတောင်းတယ်၊ “ဘုရားသခင်၊ ကျွန်မက ဘာမှ မမြင်နိုင်လွန်းခဲ့တာပါ။ ကိုယ့်ကိုယ်ကိုယ် မသိခဲ့ပါဘူး။ ခေါင်းဆောင် ဖြစ်ခဲ့တာကြာပြီဆိုတော့ ကျွန်မက ပိုနားလည်တယ်၊ လူတိုင်းထက် သာတယ်လို့ပဲ အမြဲတမ်း ထင်ခဲ့မိတယ်။ ကျွန်မရဲ့မာနထောင်လွှားမှုက ကျွန်မရဲ့အလုပ်မှာ ဦးဆောင်သွားတာပါ။ ကိုယ်တော့်အိမ်တော်ရဲ့အလုပ်ကိုလည်း ဒါကြောင့် နှောင့်ယှက်မိခဲ့တာပါ။ ဘုရားသခင်၊ ကိုယ်တော့်ကို ကျွန်မ ထပ်ပြီး မဆန့်ကျင်ချင်တော့ပါဘူး။ ကျွန်မ အမှန်တကယ် နောင်တရချင်ပါတယ်။”

နောက်တော့ ဘုရားရဲ့နှုတ်ကပတ်တော်တွေထဲက ဒီကျမ်းပိုဒ်ကို ဖတ်မိပါတယ်၊ “မည်ကဲ့သို့သော လူမျိုးကို ငါနှစ်သက်သည်ကို သင်သိရမည်။ မသန့်စင်သော ထိုသူများအား နိုင်ငံတော်အထဲသို့ ဝင်ရောက်ရန် အခွင့်မပြု၊ မသန့်စင်သော ထိုသူများအား သန့်ရှင်းသောမြေကို ညစ်ညူးစေရန် အခွင့်မပြု။ သင်သည် များစွာသော အလုပ်တို့ကို လုပ်ဆောင်ခဲ့ပြီး၊ နှစ်ပေါင်းများစွာ လုပ်ဆောင်ခဲ့ သော်ငြားလည်း၊ အဆုံး၌ သင်သည် ဆိုးရွားစွာပင် ညစ်ညမ်းနေဆဲ ဖြစ်မည်ဆိုပါက၊ သင် ငါ့နိုင်ငံတော်ထဲသို့ ဝင်ရောက်လိုသည်မှာ ကောင်းကင်ဘုံ၏ ဥပဒေသအတွက် သည်းမခံနိုင်စရာပင် ဖြစ်သည်။ လောကကြီးအား အုတ်မြစ်ချသည့် အချိန်မှစ၍ ယနေ့အထိ၊ မည်သည့်အခါမျှပင် ငါသည် ငါ့အား မျက်နှာလို မျက်နှာရ ပြုကြသော ထိုသူများအား ငါ့နိုင်ငံတော်ထဲသို့ လွယ်ကူစွာ ဝင်နိုင်ခွင့်ကို မပေးခဲ့။ ဤအရာသည် ကောင်းကင်ဆိုင်ရာ စည်းမျဉ်းပင် ဖြစ်ပြီး၊ ယင်းအား မည်သူမျှ မချိုးဖောက်နိုင်။ သင်သည် အသက်အား ရှာဖွေရမည်။ ယနေ့၊ ပြီးပြည့် စုံလင်စေခြင်း ခံရမည့် ထိုသူများသည် ပေတရုကဲ့သို့သော သူများပင် ဖြစ်ကြသည်။ ၎င်းတို့သည် မိမိတို့၏ စိတ်သဘောထားအတွင်း ပြောင်းလဲမှုများကို ရှာဖွေသောသူများ ဖြစ်ကြပြီး၊ ဘုရားသခင်အား သက်သေခံရန်နှင့် ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦး အနေနှင့် ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်ရန် ဆန္ဒရှိကြသူများ ဖြစ်ကြသည်။ ယင်းကဲ့သို့သော လူများသာလျှင် ပြီးပြည့်စုံလင်စေခြင်း ခံရပေလိမ့်မည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အောင်မြင်မှုနှင့် ရှုံးနိမ့်မှုသည် လူလျှောက်သော လမ်းကြောင်းအပေါ်တွင် မူတည်သည်”) “ငါသည် လူတစ်ဦးစီ၏ ခရီး လမ်းဆုံးကို အသက်၊ အဆင့်မြင့်မှု၊ ဒုက္ခခံရသည့်ပမာဏနှင့် အနည်းဆုံးအဖြစ် သူတစ်ပါးမှ ၎င်းအပေါ် သနားစိတ်ပေါ်စေသည့် အတိုင်းအတာ တို့ကို အခြေပြု၍ ဆုံးဖြတ်ခြင်း မဟုတ်။ ၎င်းတို့တွင် သမ္မာတရား ရှိမရှိအပေါ်တွင် မူတည်၍ ဆုံးဖြတ်ခြင်းဖြစ်၏။ ဤအရာမှတပါး တခြားရွေးချယ်စရာ မရှိ။ ဘုရားသခင်၏အလိုကို မလိုက်သောသူ တို့အားလုံး အပြစ်ပေးခြင်း ခံရမည်ကို သင်သိရမည်။ ဤသည်မှာ မပြောင်းလဲနိုင်သော အချက်ဖြစ်၏။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သင်တို့၏ လမ်းဆုံးပန်းတိုင်အတွက် လုံလောက်သော ကောင်းမှုများကို ပြင်ဆင်လော့”) ဘုရားရဲ့နှုတ်ကပတ်တော်တွေက လုံးဝ ရှင်းပါတယ်။ ဘုရားက လူတွေဟာ ယုံကြည်လာတာ ဘယ်လောက်ကြာပြီ၊ သူတို့ ဘယ်လောက် ဟောပြောနိုင်တယ်၊ ဘယ်လောက် အလုပ်လုပ်ထားတယ်ဆိုတာတွေကို အခြေခံပြီး၊ လူတွေရဲ့အဆုံးသတ်တွေကို ချမှတ်တာ မဟုတ်ပါဘူး။ လူတွေဟာ သမ္မာတရားကို အားထုတ်ရဲ့လား၊ သူတို့ရဲ့ ပျက်စီးတဲ့ စိတ်သဘောထားတွေ ပြောင်းလဲသွားရဲ့လား၊ ဖန်ဆင်းခံတစ်ယောက်ရဲ့ တာဝန်ကို လုပ်နိုင်ကြရဲ့လားဆိုတာတွေအပေါ်မှာ ဆုံးဖြတ်တာပါ။ ဒါတွေက အရေးကြီးဆုံးအရာတွေပါပဲ။ ဟိုအရင်ကတော့ ဘုရားရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားကို ကျွန်မ လုံးဝ မသိခဲ့ဘူး။ ကျွန်မက အချိန်တစ်ခုစာလောက် ယုံကြည်လာတယ်၊ ခေါင်းဆောင်တစ်ယောက်ရဲ့ အတွေ့အကြုံ နှစ်နှစ် သုံးနှစ်လောက် ရှိခဲ့တယ်။ ကျွန်မရဲ့အလုပ်မှာ အောင်မြင်မှုနည်းနည်း ရခဲ့တယ်။ ဒါတွေအားလုံးကို ကိုယ့်အားသာချက်အဖြစ် အသုံးချခဲ့တယ်။ အဲဒီအတိုင်း ဆက်သွားမယ်ဆိုရင်၊ ဘုရားရဲ့ကယ်တင်ခြင်းကို ခံရမှာပဲဆိုပြီး ထင်ခဲ့တယ်။ ဒါကြောင့် ဘုရားရဲ့ တရားစီရင်တာ၊ ပြစ်တင်ဆုံးမတာ၊ ကိုင်တွယ်ဖြေရှင်းတာ၊ ပြုပြင်တာတွေနဲ့ တွေ့ကြုံရဖို့ကို အာရုံမစိုက်ခဲ့ဘူး။ အထူးသဖြင့် ကျွန်မရဲ့ ပျက်စီးတဲ့ စိတ်သဘောထားတွေ ပြေလည်သွားအောင်၊ ကိုယ့်အလုပ်တာဝန်ထဲမှာ သမ္မာတရားကို ရှာဖွေဖို့ အလေးမထားခဲ့ဘူး။ အကျိုးဆက်အနေနဲ့၊ ဘုရားကို နှစ်ပေါင်းများစွာ ယုံကြည်လာတာတောင်၊ ကျွန်မရဲ့ အသက်တာစိတ်သဘောထားက ပြောင်းလဲတယ်လို့ မရှိခဲ့ဘူး။ ဆိုးယုတ်တဲ့ မာနထောင်လွှားတဲ့ ကိုယ့်သဘာဝထဲမှာပဲ ရှင်သန်နေခဲ့တယ်။ မကောင်းမှုလုပ်ရင်း၊ ဘုရားကို ခုခံနေခဲ့တယ်။ ကျွန်မတို့ရဲ့ယုံကြည်ခြင်းမှာ သမ္မာတရားကို အားမထုတ်ဘူးဆိုရင်၊ ကိုယ့်ကိုယ်ကိုယ် သိနိုင်ကြမှာမဟုတ်သလို၊ ဘုရားသခင်ဆီ အမှန်တကယ် နောင်တရနိုင်မှာလည်း မဟုတ်ဘူးဆိုတာကို ကျွန်မ မြင်ခဲ့တယ်။ အလုပ်တွေ ဘယ်လောက်ပဲ လုပ်ထားပါစေ၊ ဘယ်လောက်ပဲ ဟောပြောထားပါစေ၊ ကျွန်မတို့ရဲ့ အသက်တာစိတ်သဘောထားမှာ အပြောင်းအလဲ မရှိဘူးဆိုရင်၊ ဘုရားရဲ့ အပြစ်ပေး ဖယ်ရှားမှုကို ခံကြရဦးမှာပဲ။ ဒါကို ဘုရားရဲ့ဖြောင့်မတ်တဲ့ စိတ်သဘောထားနဲ့ သန့်ရှင်းတဲ့ အနှစ်သာရအားဖြင့် ချမှတ်ထားတာပါ။ ဘုရားအလိုတော်ကို နားလည်သွားတဲ့နောက်မှာ၊ ကျွန်မက ယုံကြည်လာတဲ့အချိန် ဘယ်လောက်ကြာပြီ၊ အလုပ်တွေ ဘယ်လောက်လုပ်ထားတယ်ဆိုပြီး အခွင့်အရေး မယူမိတော့ဘူး။ ဘုရားနှုတ်ကပတ်တော်တွေနဲ့အညီ အားထုတ်ဖို့၊ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်ပြီး သိလာဖို့၊ ကိုယ့်ရဲ့ ဆိုးယုတ်တဲ့ စိတ်သဘောထားတွေကို အပြောင်းအလဲဖြစ်အောင် ကြိုးစားဖို့ ဆိုတာတွေကိုပဲ စပြီး အာရုံစိုက်ခဲ့တယ်။

နောက်တော့ ကျွန်မကို အသင်းတော်မှာ တခြားတာဝန်တစ်ခု ပေးပါတယ်။ ညီအစ်ကိုမောင်နှမတွေနဲ့ အလုပ်လုပ်နေချိန်မှာ ကျွန်မက ပိုပြီး နှိမ့်ချလာတယ်။ သူတို့က မတူတဲ့အမြင်တွေ ပြောလာရင်လည်း၊ တစ်ခါတလေ ကိုယ်ကပဲ မှန်တယ်ထင်ပြီး၊ ကိုယ် ပြောတာကို နားထောင်စေချင်တာပေါ့။ ဒါပေမဲ့ ကျွန်မရဲ့ မာနထောင်လွှားတဲ့ စိတ်သဘောထား ပြန်ပေါ်လာပြီဆိုတာကို ချက်ချင်း သဘောပေါက်မိတယ်။ ဒါကြောင့် ညီအစ်ကိုမောင်နှမတွေနဲ့အတူ သမ္မာတရားကို ရှာဖွေပြီးတော့၊ ဆွေးနွေးမှုကတစ်ဆင့် ဖြေရှင်းမယ်ဆိုပြီး၊ ဘုရားဆီ ဆုတောင်းတယ်။ ကိုယ့်ကိုယ်ကိုယ် ဖယ်ထုတ်လိုက်တယ်။ ညီအစ်ကိုမောင်နှမတွေအားလုံးကတော့ ကျွန်မကို ဟိုအရင်ကလောက် အထက်စီးမဆန်တော့ဘူး၊ ပိုပြီး ရင့်ကျက်လာပြီဆိုပြီး ပြောကြတယ်။ သူတို့ဆီက ဒီလို အကဲဖြတ်တာကို ကြားရတော့၊ ကျွန်မ တကယ် စိတ်လှုပ်ရှားမိပါတယ်။ ဒါက ဘုရားနှုတ်ကပတ်တော်တွေရဲ့ တရားစီရင်မှုနဲ့ ပြစ်တင်ဆုံးမမှုကြောင့် ရလိုက်တာလို့လည်း သိလိုက်တယ်။ ကျွန်မအနေနဲ့ မာနထောင်လွှားတဲ့ စိတ်သဘောထားကို လုံးဝ ဖယ်ရှားလို့မရသေးသလို၊ ဘုရားက သတ်မှတ်တဲ့ စံနှုန်းတွေနဲ့လည်း အတော်ဝေးနေသေးတယ်ဆိုပေမဲ့ ဘုရားရဲ့ချစ်ခြင်းနဲ့ ကယ်တင်ခြင်းကို ကျွန်မ မြင်ခဲ့ပါပြီ။ ဘုရားရဲ့အမှုတော်နဲ့ နှုတ်ကပတ်တော်တွေဟာ လူတွေကို အမှန်တကယ် ပြောင်းလဲ သန့်စင်နိုင်တယ်ဆိုတာ ကျွန်မ မြင်ပါပြီ။

ယခင်က:၂၆။ ရှုံးနိမ့်မှုနှင့် တွေ့ကြုံရာတွင် ရုန်းထခြင်း

နောက်တစ်ခုသို့:၃၃။ မုသားတို့ သုံးမိပြီးသည့်နောက်...

သင်နှစ်သက်နိုင်သည့် အရာများ

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မိန့်မြွက်ချက်များ (လက်ရွေးစင်များ) နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေများ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ