၉၂။ မိသားစု၏ နှိပ်ကွပ်မှုနောက်ကွယ်မှ ဇာတ်လမ်း
ကျွန်မမှာ တစ်ချိန်က ပျော်ရွှင်တဲ့မိသားစုတစ်ခုရှိခဲ့ပြီး ကျွန်မယောက်ျားကလည်း ကျွန်မအပေါ် အရမ်းကြင်နာခဲ့တယ်။ ကျွန်မရဲ့တစ်ခုတည်းသော နောင်တကတော့ အိမ်ထောင်ကျပြီး နှစ်ပေါင်းများစွာကြာတဲ့အထိ ကလေးမရခဲ့တာပါပဲ။ နာမည်ကြီးဆရာဝန်တွေအများကြီးနဲ့ ပြခဲ့ပြီး ပိုက်ဆံတွေအများကြီးကုန်ခဲ့ပေမဲ့ အရာအားလုံး အချည်းနှီးပါပဲ။ ဒီအကြောင်းကြောင့် ကျွန်မအချိန်အများစုကို စိတ်ဆင်းရဲပြီး စိတ်ပျက်တဲ့အခြေအနေထဲမှာပဲ ကုန်ဆုံးခဲ့ရတယ်။ ၂၀၁၅ ခုနှစ်က တစ်နေ့မှာတော့ ညီအစ်မတစ်ယောက်က ကျွန်မယောက္ခမနဲ့အတူ စုဝေးဖို့ ကျွန်မအိမ်ကို ရောက်လာခဲ့တယ်။ သူက အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလဧဝံဂေလိတရားကို ကျွန်မနဲ့ ဝေမျှခဲ့ပြီး အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေအများကြီးကိုလည်း ကျွန်မကို ဖတ်ပြခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်တွေကနေတစ်ဆင့် ကျွန်မနားလည်ခဲ့တာကတော့ လူကို ဘုရားသခင်က ဖန်ဆင်းခဲ့တယ်၊ လူတွေရဲ့ကံကြမ္မာက ဘုရားသခင်ရဲ့လက်ထဲမှာရှိတယ်၊ လူတစ်ယောက်ပိုင်ဆိုင်တဲ့အရာအားလုံးက ဘုရားသခင်က ပေးသနားတာဖြစ်ပြီး၊ ဘယ်အချိန်မှာ ကလေးရမယ်ဆိုတာလည်း ဘုရားသခင်က ကြိုတင်သတ်မှတ်ထားပြီးသားပဲ ဆိုတာကိုပေါ့။ တဖြည်းဖြည်းနဲ့ ကျွန်မရဲ့နာကျင်မှုတွေကနေ ရုန်းထွက်နိုင်ခဲ့ပြီး၊ ကလေးမရှိတဲ့အတွက် ဝမ်းနည်းမနေတော့ဘဲ ကျွန်မရဲ့စိတ်နေစိတ်ထားကလည်း အရင်ကထက် ပိုပြီးတောက်ပလာခဲ့တယ်။ နောက်ပိုင်းမှာ ကျွန်မ ကလေးတစ်ယောက်ရခဲ့တယ်။ အဲဒီအချိန်တုန်းက ကျွန်မယောက်ျားက ဘုရားသခင်ကို မယုံကြည်ခဲ့ပေမဲ့ သူက ကျွန်မတို့ရဲ့ယုံကြည်ခြင်းကို ထောက်ပံ့ခဲ့တယ်။ ကျွန်မတို့မိသားစုက ပျော်ရွှင်ပြီး သဟဇာတရှိခဲ့ကြတယ်၊ အိမ်နီးနားချင်းတွေကလည်း အရမ်းကို အားကျခဲ့ကြတယ်။
ဒါပေမဲ့ ကောင်းတဲ့အချိန်တွေက ကြာရှည်မခံခဲ့ပါဘူး။ ၂၀၁၇ ခုနှစ်မှာ ကျွန်မယောက်ျားရဲ့မိဘတွေက တီဗီမှာ အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်အပေါ် စီစီပီရဲ့ အသရေဖျက်မှုတွေ၊ စွပ်စွဲမှုတွေကို တွေ့ခဲ့ရပြီး၊ အနန္တတန်ခိုးရှင်ဘုရားသခင်ကို ယုံကြည်တဲ့သူတွေကို စီစီပီက နှိပ်ကွပ်ဖမ်းဆီးနေတာကိုလည်း တွေ့ခဲ့ရတယ်။ သူတို့က အဖမ်းခံရမှာကြောက်ပြီး ညီအစ်ကိုမောင်နှမတွေကို ဧည့်မခံရဲတော့ဘူး။ ပြီးတော့ ကျွန်မကိုလည်း မယုံကြည်တော့ဖို့ သူတို့ ဖျောင်းဖျခဲ့ကြတယ်။ တစ်နေ့မှာ ကျွန်မယောက္ခထီးက လေးနက်တဲ့လေသံနဲ့ ပြောတယ်၊ “တီဗီမှာတွေ့တာက စီစီပီက အနန္တတန်ခိုးရှင်ဘုရားသခင်ကို ယုံကြည်တဲ့လူတွေကို နေရာတကာမှာ ဖမ်းဆီးနေတယ်တဲ့။ လူအများကြီး အဖမ်းခံခဲ့ရပြီးပြီ၊ သူတို့အဖမ်းခံရပြီဆိုတာနဲ့ ညှဉ်းပန်းနှိပ်စက်ခံရတယ်၊ မိသားစုတစ်ခုလုံး၊ လူကြီးကနေ ကလေးအထိ အားလုံး ဒုက္ခရောက်ကြရတယ်၊ နောက်ပြီး ဒီလူတွေရဲ့ကလေးတွေက ကောလိပ်တက်ခွင့်၊ စစ်ထဲဝင်ခွင့်၊ ဒါမှမဟုတ် အစိုးရဝန်ထမ်းဖြစ်ခွင့်တွေ မရတော့ဘူးလို့ ငါကြားတယ်။ ဒီမိသားစုအတွက်၊ နင့်ညီအစ်ကိုမောင်နှမတွေကို ငါတို့အိမ်မှာ လာပြီးစုဝေးပွဲလုပ်ခွင့်မပြုနဲ့တော့။ နင်လည်း ယုံကြည်တာရပ်သင့်တယ်” တဲ့။ ကျွန်မယောက္ခမကလည်း သံယောင်လိုက်ပြီးပြောတယ်၊ “ညီအစ်မတစ်ယောက် စီစီပီက ဝရမ်းထုတ်ထားလို့ ထွက်ပြေးနေရတာ၊ အခုထိ အိမ်ပြန်မလာနိုင်သေးဘူး။ သူ့သားက စစ်ထဲဝင်ဖို့ စာရင်းပေးသွင်းခဲ့ပေမဲ့ သူ့အမေက အနန္တတန်ခိုးရှင်ဘုရားသခင်ကို ယုံကြည်လို့ နိုင်ငံရေးစိစစ်ချက်မှာ ရှုံးသွားပြီး ဝင်လို့မရခဲ့ဘူး။ အခု စီစီပီက ပြင်းပြင်းထန်ထန် ဖြိုခွင်းနေတာ။ နင် မယုံကြည်သင့်တော့ဘူး” တဲ့။ သူတို့စကားတွေကြားပြီးတော့ ကျွန်မ စဉ်းစားမိတယ်၊ “လူကို ဘုရားသခင်က ဖန်ဆင်းခဲ့တာ၊ ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်တာက မှန်ကန်တယ်။ နှိပ်စက်ညှဉ်းပန်းခံရမှာကြောက်လို့ ဘုရားသခင်ကို မယုံကြည်တော့ဘူးဆိုရင် ဒါ ဘုရားသခင်ကို သစ္စာဖောက်တာမဟုတ်ဘူးလား” လို့ပေါ့။ ဒါကြောင့် ကျွန်မ ပြောလိုက်တယ်၊ “ကျွန်မတို့က ဘုရားနှုတ်ကပတ်တွေကို ဖတ်ဖို့ စုဝေးရင်း၊ ဘဝမှာ မှန်ကန်တဲ့လမ်းကြောင်း လျှောက်ရင်းနဲ့ ဘုရားသခင်ကို ယုံကြည်ကြတာ။ ကျွန်မတို့ တရားမဝင်တာ တစ်ခုမှ မလုပ်ဘူး။ စီစီပီက ယုံကြည်သူတွေကို ဖမ်းဆီးနှိပ်စက်တာက သူက ဘုရားမဲ့ဝါဒပါတီဖြစ်ပြီး ဘုရားသခင်ကို အတိုက်အခံလုပ်လို့ပဲ။ နောက်ပိုင်းမှာ ကျွန်မတို့ ပိုပြီးသတိထားဖို့ပဲ လိုတယ်” လို့ပေါ့။ ကျွန်မယောက္ခမက ပြောတယ်၊ “ဘုရားသခင်ကို ယုံကြည်တာက ကောင်းတဲ့အရာပဲ၊ ဒါပေမဲ့ စီစီပီကို တိုက်ခိုက်ဖို့ကြိုးစားတာက အသုံးမဝင်ဘူး။ စီစီပီက လူတွေကို ယုံကြည်ခွင့်မပေးဘူး၊ နင်ကသာ မလျှော့တမ်း ဆက်ယုံကြည်နေလို့ တစ်နေ့ အဖမ်းခံရရင် ဒီမိသားစု ပျက်စီးသွားမှာပဲ” တဲ့။ သူတို့ကို ကျိုးကြောင်းပြပြောလို့ မရမှန်း ကျွန်မတွေ့တော့ ဘာမှထပ်ပြီး မပြောခဲ့တော့ဘူး။ နောက်ပိုင်းမှာ ကျွန်မယောက်ျားလည်း စီစီပီရဲ့ကောလာဟလတွေကြောင့် အထင်အမြင်မှားသွားပြီး၊ ကျွန်မယုံကြည်ခြင်းကြောင့် အဖမ်းခံရပြီး မိသားစုကိုပါ အမှုပတ်မှာစိုးလို့ ကျွန်မကို စုဝေးပွဲတက်တာတွေ၊ တာဝန်ထမ်းဆောင်တာတွေကို ခဏခဏ တားဆီးခဲ့တယ်။ ကျွန်မယောက္ခမရဲ့ ကျွန်မအပေါ်ထားတဲ့သဘောထားကလည်း လုံးဝကို ပြောင်းပြန်ဖြစ်သွားခဲ့တယ်။ သူက ကျွန်မကလေးကို ကူမထိန်းပေးတော့တဲ့အပြင် ကျွန်မကိုလည်း စောင့်ကြည့်နေခဲ့တယ်။ ကျွန်မ စုဝေးပွဲသွားတိုင်း သူက ကျွန်မယောက်ျားကို ပြောပြပြီး၊ ကျွန်မယောက်ျားက ကျွန်မအပေါ် ခဏခဏ ဒေါသထွက်တယ်၊ ကျွန်မသာ စုဝေးပွဲတွေ ဆက်သွားနေဦးမယ်ဆိုရင် ညီအစ်ကိုမောင်နှမတွေကို သူ ပြန်ပြီးလက်စားချေမယ်လို့ ခြိမ်းခြောက်ခဲ့တယ်။ ကျွန်မမိသားစုတစ်ခုလုံးက ကျွန်မ ဘုရားသခင်ကို ယုံကြည်တာကို တားဆီးခဲ့ကြပြီး ဘယ်သူကမှ ကျွန်မကလေးကို ကူမထိန်းပေးခဲ့ဘူး။ ကျွန်မ စုဝေးပွဲတွေသွားဖို့၊ တာဝန်ထမ်းဆောင်ဖို့ အပြင်မထွက်နိုင်ခဲ့ဘဲ၊ တကယ်ကို အားနည်းပြီး စိတ်ဆင်းရဲခဲ့ရတယ်။ ကျွန်မ ခဏခဏ ဝမ်းနည်းပြီး မျက်ရည်ကျခဲ့ရတယ်၊ ဒီလိုနေ့ရက်တွေ ဘယ်တော့များမှ အဆုံးသတ်မလဲဆိုတာ မသိခဲ့ဘူး။ တစ်ခါတလေ ကျွန်မ တွေးမိတယ်၊ “ငါသာ သူတို့စကားနားထောင်ပြီး စုဝေးပွဲတွေ မသွားတော့ဘူးဆိုရင် ရန်ဖြစ်တာတွေ ရပ်သွားမှာမဟုတ်ဘူးလား။ ငါတို့မိသားစု အရင်ကလို ပျော်ရွှင်တဲ့ဘဝကို ပြန်ရောက်နိုင်မှာလား” လို့ပေါ့။ ဒါပေမဲ့ ဒီလိုတွေးတာ မှားမှန်း ကျွန်မသိခဲ့တယ်။ သူတို့ကို ကျေနပ်အောင်လုပ်ဖို့ ဘုရားသခင်ကို ကျွန်မ သစ္စာဖောက်လို့မဖြစ်ဘူး။ အဲဒီလိုလုပ်ရင် ကျွန်မ တကယ်ကို အသိစိတ်ကင်းမဲ့ရာရောက်မှာပဲ။
နောက်ပိုင်းမှာ ကျွန်မ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ဖတ်ခဲ့ပြီး ကျွန်မရဲ့အခြေအနေ နည်းနည်း ပြောင်းလဲသွားခဲ့တယ်။ ဘုရားသခင်က ပြောသည် “ယနေ့တွင် လူအများစု၌ ထိုအသိပညာ မရှိကြပေ။ ဒုက္ခဝေဒနာခံစားရခြင်းမှာ တန်ဖိုးမရှိဟု ၎င်းတို့ယုံကြည်ကြသည်၊ ၎င်းတို့သည် လောကကြီး၏ စွန့်ပစ်ခြင်းကိုခံကြရသည်၊ ၎င်းတို့၏ နေအိမ်အသက်တာ၌ သောကရောက်ကြရသည်၊ ဘုရားသခင်က ၎င်းတို့အား ကျေနပ်ဖွယ်ရာအဖြစ် မမြင်သကဲ့သို့ ၎င်းတို့၏ ရှေ့ရေးများမှာ စိတ်ဓာတ်ကျဖွယ်ရာဖြစ်၏။ လူအချို့သည် အတိုင်းအတာတစ်ခုအထိ ဒုက္ခခံစားရပြီး သေလိုခြင်းပင် ဖြစ်ကြသည်။ ဤသည်မှာ ဘုရားသခင်အတွက် စစ်မှန်သော ချစ်ခြင်းမဟုတ်ပေ။ ထိုသို့သော လူများသည် သူရဲဘောကြောင်သူများ ဖြစ်ကြပြီး ၎င်းတို့၌ ဇွဲလုံ့လဝီရိယ မရှိကြပေ၊ ၎င်းတို့သည် အားနည်းပြီး အရည်အချင်းမရှိသူများပင် ဖြစ်ကြတော့သည်။ ဘုရားသခင်သည် သူ့ကို လူသားတို့ ချစ်ကြရန် စိတ်ထက်သန်သော်လည်း၊ လူသားက သူ့ကိုချစ်လေ၊ လူသား၏ ဒုက္ခဝေဒနာက ပိုကြီးလေဖြစ်ပြီး၊ လူသားက သူ့ကိုချစ်လေ၊ လူသား၏ စမ်းသပ်မှုများက ပိုကြီးလေဖြစ်သည်။ သူ့ကို သင်ချစ်လျှင် သင့်အပေါ်သို့ ဒုက္ခဝေဒနာမျိုးစုံ ကျရောက်လိမ့်မည်ဖြစ်ပြီး သူ့ကို သင်မချစ်လျှင် သင့်အတွက် အရာရာ အဆင်ပြေချောမွေ့နေ၍ သင့်ပတ်ပတ်လည်၌ အရာခပ်သိမ်း ငြိမ်းချမ်းကောင်း ငြိမ်းချမ်း နေလိမ့်မည်။ ဘုရားသခင်ကို သင်ချစ်သည့်အခါ၊ သင့်ပတ်ပတ်လည်၌ ရှိနေသည့်အရာများစွာကို ကျော်လွှားနိုင်မည် မဟုတ်ဟု သင် အစဉ်ခံစားရလိမ့်မည်၊ သင်၏ဝိညာဉ်ရင့်ကျက်မှုသည် အလွန် နုနယ်သည့်အတွက် သင်သည် စစ်ဆေးခြင်းကို ခံရလိမ့်မည်။ ထိုမျှမက သင်သည် ဘုရားသခင်ကို ကျေနပ်အားရစေနိုင်ခြင်း မရှိဘဲ ဘုရားသခင်၏ ရည်ရွယ်ချက်များမှာ အလွန်မြင့်မားပြီး ယင်းတို့ကို လူသားအနေဖြင့် လက်လှမ်းမမီနိုင်ဟု သင်အမြဲ ထင်မြင်ယူဆလိမ့်မည်။ ဤအရာအားလုံးကြောင့် သင်သည် စစ်ဆေးခြင်းခံရမည်၊ သင့်အတွင်း၌ အားနည်းချက် များစွာရှိပြီး ဘုရားသခင်၏ ရည်ရွယ်ချက်များကို ဖြည့်ဆည်းပေးနိုင်ခြင်း မရှိသောအရာများစွာ ရှိသည့်အတွက်၊ သင်သည် အတွင်း၌ စစ်ဆေးခြင်းကို ခံရလိမ့်မည်။ သို့သော် စစ်ဆေးခြင်းဖြင့်သာ သန့်စင်ခြင်းသို့ ရောက်နိုင်ကြောင်းကို သင်တို့ ရှင်းလင်းစွာ တွေ့မြင်ကြရမည်။ ထို့ကြောင့် ဤနောက်ဆုံးသောကာလအတောအတွင်း သင်တို့သည် ဘုရားသခင်ကို သက်သေခံကြရမည်။ သင်တို့၏ ဒုက္ခဝေဒနာက မည်မျှပင်ကြီးမားပါစေ သင်တို့သည် ဆုံးခန်းတိုင်အောင် လျှောက်သွားသင့်သည်၊ ထို့အပြင် သင်တို့၏နောက်ဆုံး ထွက်သက်၌ပင်လျှင် သင်တို့သည် ဘုရားသခင်ကို သစ္စာစောင့်သိပြီး ဘုရားသခင်၏စီစဉ်ညွှန်ကြားမအောက်တွင် အပြည့်အဝရှိနေရမည်။ ဤအရာသည်သာလျှင် ဘုရားသခင်ကို အမှန်တကယ် ချစ်ခြင်းဖြစ်ပြီး၊ ဤအရာသည်သာလျှင် ခိုင်မာ၍ ထူးကဲသည့် သက်သေခံချက်ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နာကျင်သည့်စမ်းသပ်မှုများကို တွေ့ကြုံခြင်းဖြင့်သာ ဘုရားသခင်၏နှစ်လိုဖွယ်ကောင်းခြင်းကို သိနိုင်မည်) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ရတာက ကျွန်မကို အကြီးအကျယ် တို့ထိခဲ့တယ်။ ကျွန်မမိသားစုက စီစီပီရဲ့ကောလာဟလတွေကို ယုံကြည်ပြီး ဘုရားသခင်ကို ယုံကြည်ခြင်းကနေ ကျွန်မကို ဖိနှိပ်နှောင့်ယှက်ခဲ့ကြတော့ ကျွန်မ အလျှော့ပေးချင်စိတ် ဖြစ်ခဲ့ရတယ်။ ကျွန်မ အရမ်းအားနည်းပြီး ဝိညာဉ်ရင့်ကျက်မှုလည်း မရှိခဲ့ဘူး။ ကွန်မြူနစ်ပါတီက ဘုရားသခင်ကို အတိုက်အခံလုပ်တယ်၊ သူအုပ်ချုပ်တဲ့နိုင်ငံမှာ ဘုရားသခင်ကို ယုံကြည်ပြီး လိုက်လျှောက်တဲ့အပြင် ဘဝရဲ့မှန်ကန်တဲ့လမ်းကြောင်းကို လျှောက်လှမ်းတယ်ဆိုတာ အတားအဆီးတွေနဲ့ ပြည့်နှက်နေမှာ သေချာတယ်။ ကျွန်မမိသားစုရဲ့ ညှဉ်းပန်းနှိပ်စက်မှုကလည်း ကျွန်မအတွက် စမ်းသပ်မှုတစ်ခုပဲ၊ ကျွန်မက ဘုရားသခင်ဘက်မှာ ရပ်တည်မလား၊ စာတန်ဘက်မှာ ရပ်တည်မလားဆိုတာကို ကြည့်ဖို့ပေါ့။ ဒီလိုတွေးမိတော့ ကျွန်မ စိတ်ပိုင်းဖြတ်လိုက်တယ်၊ ကျွန်မမိသားစုက ဘယ်လောက်ပဲ ဖိနှိပ်ပါစေ ကျွန်မ ဘယ်တော့မှ အလျှော့ပေးမှာမဟုတ်ဘူး၊ ဘယ်လောက်ပဲ ဒုက္ခခံရပါစေ ဘုရားသခင်နောက်ကို အဆုံးထိ လိုက်လျှောက်မယ်လို့ပေါ့။ နောက်ပိုင်းမှာ ကျွန်မကလေးနဲ့အတူ တခြားအိမ်တစ်လုံးကို ပြောင်းရွှေ့ခဲ့ပြီး၊ ကျွန်မက ယောက္ခမတွေရဲ့ စောင့်ကြည့်မှုအောက်မှာ မနေရတော့ဘူး။ ကျွန်မယောက်ျားက အလုပ်သွားနေလို့ နေ့ဘက်မှာ အိမ်မှာမရှိဘူး၊ ကျွန်မလည်း စုဝေးပွဲတွေပြန်တက်ပြီး တာဝန်တွေပြန်ထမ်းဆောင်နိုင်ခဲ့တယ်။ ကျွန်မ တကယ်ကို ပျော်ခဲ့တယ်။
နောက်ပိုင်းမှာ ညီအစ်မ ချန်ဖိန်က ကျွန်မနဲ့အတူ စုဝေးဖို့ရောက်လာပေမဲ့ ကျွန်မယောက်ျားက သိသွားပြီး သူ့ကို မောင်းထုတ်ခဲ့တယ်။ ပြီးတော့ ကျွန်မကို ဒေါသတကြီးနဲ့ ပြောတယ်၊ “အဲဒီလူတွေ နောက်ထပ် ငါတို့အိမ်ကို စုဝေးပွဲလုပ်ဖို့ လာခွင့်မရှိဘူး။ ရဲတွေသာ သိသွားရင် ငါတို့မိသားစုတစ်စုလုံး ဒုက္ခရောက်ကုန်မှာ။ သူတို့ကို ဒီမှာ နောက်တစ်ခါတွေ့ရင် ငါ ရဲခေါ်လိုက်မှာ” တဲ့။ ကျွန်မ ဒေါသထွက်ပြီး သူ့ကို ပြန်ငြင်းခုံခဲ့ပေမဲ့၊ ကျွန်မ ဘယ်လိုပဲပြောပြော ကျွန်မယောက်ျားက ကျွန်မကို ဘုရားသခင်ကို ဆက်ပြီးယုံကြည်ခွင့် မပေးတော့ဘူး။ ညီအစ်မ ချန်ဖိန် ကျွန်မနဲ့အတူ စုဝေးဖို့ မလာနိုင်တော့တဲ့အကြောင်း၊ ကျွန်မကလေးကလည်း ငယ်သေးတော့ သူ့ကို စုဝေးပွဲခေါ်သွားပြီး ကိုယ့်တာဝန်ထမ်းဆောင်ဖို့ကို မလုပ်နိုင်တဲ့အကြောင်း ကျွန်မ တွေးမိတယ်။ ကျွန်မစိတ်ထဲမှာ အားနည်းသလို ခံစားခဲ့ရပြီး၊ ယုံကြည်ခြင်းလမ်းကြောင်းက အရမ်းခက်ခဲတယ်၊ ခဏလောက် ကိုယ့်တာဝန်ထမ်းဆောင်တာရပ်ပြီး ပြန်စဖို့ ကလေးကြီးလာတဲ့အထိ စောင့်ရင်စောင့်သင့်တယ်လို့ ခံစားခဲ့ရတယ်။ နောက်ပိုင်းမှာ ကျွန်မ ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ခဲ့ပြီး ကိုယ့်အခြေအနေအပေါ် ပိုင်းခြားသိမြင်မှုတချို့ ရခဲ့တယ်။ ဘုရားသခင်က ပြောသည် “ဘုရားသခင် အမှုပြုသည့်အခါ၊ လူတစ်ဦးကို စောင့်ရှောက်ပြီး ဤလူအပေါ် စိစစ်သည့်အခါ၊ ပြီးလျှင် ဤလူကို သူ မျက်နှာသာပေးပြီး အသိအမှတ်ပြုသည့်အခါ စာတန်ကလည်း ထိုလူကို အထင်အမြင်မှားစေပြီး ဆိုးဆိုးရွားရွား ဒုက္ခပေးဖို့ ကြိုးစားရင်း အနီးကပ် နောက်ယောင်ခံလိုက်နေသည်။ ဘုရားသခင်က ဤလူကို ရရှိဖို့ ဆန္ဒရှိလျှင်၊ စာတန်သည် ၎င်း၏ ကွယ်ဝှက်ထားသည့် ရည်မှန်းချက်များ ရရှိဖို့အလို့ငှာ ဘုရားသခင် လုပ်ဆောင်သည့် အမှုကို စုံစမ်းသွေးဆောင်ရန်၊ နှောင့်ယှက်ပြီး ထိခိုက်စေရန် ကောက်ကျစ်ဆိုးယုတ်သော နည်းလမ်းအမျိုးမျိုးကို အသုံးပြုရင်း၊ ဘုရားသခင်ကို တားဆီးဖို့ မိမိတတ်စွမ်းသမျှ အရာရာကို လုပ်ဆောင်မည် ဖြစ်သည်။ ဤရည်မှန်းချက်မှာ အဘယ်နည်း။ ၎င်းသည် ဘုရားသခင်အား ဘယ်သူ့ကိုမျှ မရစေချင်ပေ။ ဘုရားသခင် ရယူဖို့ ဆန္ဒရှိသည့်သူများကို လုယူပိုင်ဆိုင်လိုသည်၊ ထိုသူများက ၎င်းအား ကိုးကွယ်ရန်၊ မကောင်းမှုလုပ်ရပ်များ ကျူးလွန်ရာတွင် ၎င်းတို့သည် ၎င်းအား ပူးပေါင်းပြီး ဘုရားသခင်ကို ခုခံရန်အလို့ငှာ ၎င်းက ထိုသူများကို ထိန်းချုပ်ချင်သည်၊ ထိုသူများကို စီမံကွပ်ကဲချင်လေသည်။ ဤသည်မှာ စာတန်၏ ဘေးပြုတတ်သော ကြံရွယ်ချက် မဟုတ်လော။ သင်တို့က စာတန်သည် အင်မတန် ကောက်ကျစ်ဆိုးယုတ်သည်၊ အင်မတန် ဆိုးရွားသည်ဟု မကြာခဏ ဆိုသော်လည်း၊ ယင်းကို သင်တို့ မြင်ဖူးကြပါသလော။ လူသားမျိုးနွယ် မည်မျှဆိုးရွားသည်ကို သင်မြင်နိုင်သည်။ တကယ့်စာတန်သည် မည်မျှဆိုးရွားသည်ကို သင်မမြင်ရသေးပေ။ သို့တိုင် ယောဘ၏ ကိစ္စတွင် စာတန်မည်မျှ ကောက်ကျစ်ဆိုးယုတ်သည်ကို သင် ရှင်းလင်းစွာ သတိပြုမိပြီး ဖြစ်သည်။ ဤကိစ္စသည် စာတန်၏ အကျည်းတန်သော မျက်နှာထားနှင့် သူ၏အနှစ်သာရတို့ကို အလွန်ရှင်းလင်းစေပြီးဖြစ်သည်။ ဘုရားသခင်နှင့် စစ်ဖြစ်ရင်းနှင့် ဘုရားသခင်နောက်တစ်လျှောက် နောက်ယောင်ခံလိုက်ရင်း၊ စာတန်၏ရည်မှန်းချက်မှာ ဘုရားသခင် ပြုလိုသည့် အမှုမှန်သမျှကို ဖြိုချရန်၊ ဘုရားသခင် ရရှိလိုသော သူများကို သိမ်းပိုက်ရန်နှင့် ထိန်းချုပ်ရန်၊ ဘုရားသခင် ရရှိလိုသောသူများကို လုံးဝ ကွယ်ပျောက်စေရန် ဖြစ်သည်။ အကယ်၍ ၎င်းတို့ မကွယ်ပျောက်ပါက၊ စာတန်၏အသုံးပြုခြင်းကို ခံရရန် စာတန်၏ ပိုင်ဆိုင်မှုများ ဖြစ်လာသည်။ ဤသည်မှာ ၎င်း၏ ရည်မှန်းချက် ဖြစ်ပေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၄)) ဘုရားနှုတ်ကပတ်တော်တွေကနေတစ်ဆင့် စာတန်ရဲ့ဆိုးယုတ်မှုနဲ့ ယုတ်မာမှုကို ကျွန်မ ရှင်းရှင်းလင်းလင်း တွေ့မြင်ခဲ့ရတယ်။ ဘုရားသခင်က လူတွေကို ကယ်တင်ဖို့ အလုပ်လုပ်ပေမဲ့၊ စာတန်ကတော့ လူတွေ ဘုရားသခင်နောက်ကို မလိုက်နိုင်အောင် အစွမ်းကုန် တားဆီးဖို့ ကြိုးစားတယ်။ သူက အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်ကို အသရေဖျက်ဖို့ ကောလာဟလအမျိုးမျိုးကို လုပ်ကြံဖန်တီးတယ်၊ ယုံကြည်သူတွေကို နိုင်ငံတော်ရဲ့အဓိကရာဇဝတ်သားတွေလို ဆက်ဆံပြီး ဖမ်းဆီးနှိပ်စက်တယ်၊ ခရစ်ယာန်တွေရဲ့မိသားစုတွေကိုတောင် အမှုပတ်အောင် လုပ်တယ်၊ ကျွန်မတို့ရဲ့မယုံကြည်သူဆွေမျိုးတွေကို ခြိမ်းခြောက်ပြီး ကျွန်မတို့ယုံကြည်ခြင်းကို နှောင့်ယှက်ဟန့်တားဖို့ သူတို့ကို အသုံးပြုတယ်။ အဆင်းနီတဲ့နဂါးကြီးက ဒီအရာအားလုံးကို လုပ်ဆောင်ရတဲ့ ယုတ်မာတဲ့ရည်ရွယ်ချက်ကတော့ ကျွန်မတို့အားလုံး ဘုရားသခင်ကို သစ္စာဖောက်ပြီး သူနဲ့အတူ ငရဲကို လိုက်သွားစေဖို့ပဲ။ ကျွန်မမိသားစုက စီစီပီရဲ့အဖမ်းခံရမှာကြောက်ပြီး ဘုရားသခင်ကို မယုံကြည်ရဲခဲ့ကြဘူး၊ သူတို့က ကျွန်မယုံကြည်ခြင်းကို ဟန့်တားဖို့ အတူတကွ ပူးပေါင်းခဲ့ကြတယ်။ ကျွန်မ ညှဉ်းပန်းနှိပ်စက်မှုနဲ့ရင်ဆိုင်ရတဲ့အခါ အားနည်းခဲ့ပြီး၊ ကျွန်မတို့ရဲ့ပျော်ရွှင်တဲ့မိသားစုလေးကို ကာကွယ်ဖို့ ကိုယ့်တာဝန်ကို စွန့်လွှတ်ချင်ခဲ့တယ်။ ဒါက စာတန်ရဲ့ထောင်ချောက်ထဲ ကျသွားတဲ့သဘောမျိုး ဖြစ်ခဲ့မှာပဲ။ ဒါကိုနားလည်တော့ ကျွန်မ စိတ်ပိုင်းဖြတ်လိုက်တယ်၊ ရှေ့ကလမ်း ဘယ်လောက်ပဲခက်ခဲပါစေ ကျွန်မ အလျှော့ပေးမှာမဟုတ်ဘူး၊ ကျွန်မသက်သေခံချက်မှာ ခိုင်ခိုင်မာမာရပ်တည်ဖို့ ဘုရားသခင်ကို အားကိုးရမယ်လို့ပေါ့။ နောက်ပိုင်းမှာ ကျွန်မကလေးကို တိတ်တဆိတ် စုဝေးပွဲတွေခေါ်သွားခဲ့တယ်။ အံ့ဩစရာကောင်းတာက ညီအစ်မအိမ်ကိုရောက်တာနဲ့ သူ အိပ်ပျော်သွားပြီး၊ ကျွန်မတို့စုဝေးပွဲပြီးမှပဲ သူ နိုးလာခဲ့တယ်၊ ဒါကြောင့် ကျွန်မ စိတ်အေးလက်အေးနဲ့ စုဝေးပွဲတွေ တက်နိုင်ခဲ့တယ်။ နောက်ပိုင်းမှာ ကျွန်မကို အသင်းတော်ခေါင်းဆောင်အနေနဲ့ ရွေးချယ်တာခံခဲ့ရပြီး အသင်းတော်အလုပ်က အရမ်းများတော့ ကျွန်မသားကို သူငယ်တန်းပို့ပြီး ကိုယ့်တာဝန်ကို ဆက်ပြီးထမ်းဆောင်ခဲ့တယ်။
၂၀၁၈ ခုနှစ်မှာ စီစီပီက အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်ကို ပစ်မှတ်ထားပြီး နောက်ထပ် အထူးစစ်ဆင်ရေးတစ်ခုကို စတင်ခဲ့တယ်။ လမ်းတွေအားလုံးမှာ “အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်ကို ပြင်းထန်စွာနှိမ်နင်းရေး” နဲ့ “ရှင်းလင်းမှုမပြီးမချင်း တပ်များရုပ်သိမ်းမည်မဟုတ်” ဆိုတဲ့ ဆိုင်းဘုတ်တွေ ချိတ်ဆွဲထားခဲ့တယ်။ လူနေရပ်ကွက်တွေက အသံချဲ့စက်တွေကနေ ကြေညာချက်တွေကို မနက်ကနေညအထိ အဆက်မပြတ် ထုတ်လွှင့်နေခဲ့ပြီး၊ လူထုကို လှုံ့ဆော်ခဲ့တယ် အနန္တတန်ခိုးရှင်ဘုရားသခင်ကို ယုံကြည်တဲ့သူတွေကို သတင်းပို့ဖို့၊ ဖမ်းဆီးမှုတစ်ခုအတွက် ယွမ် ၂၀၀၀ ဆုချမယ်ဆိုပြီးပေါ့။ အဲဒီအချိန်အတောအတွင်းမှာ ညီအစ်ကိုမောင်နှမတွေအများကြီး အဖမ်းခံခဲ့ရပြီး၊ မြို့ပေါ်မှာ အမှောင်ထုနဲ့ ထိတ်လန့်မှုတွေ လွှမ်းခြုံနေခဲ့တယ်။ ကျွန်မယောက်ျားက ကျွန်မအဖမ်းခံရမှာကြောက်ပြီး ကျွန်မကို ပိုပြီးတော့တောင် ပြင်းပြင်းထန်ထန် ညှဉ်းပန်းနှိပ်စက်စပြုလာခဲ့တယ်။ တစ်နေ့ ကျွန်မ အပြင်ထွက်ခါနီးမှာ ကျွန်မယောက်ျားက ပြောတယ်၊ “နင် တိတ်တဆိတ် စုဝေးပွဲတွေသွားနေတာ ငါမသိဘူးလို့ မထင်နဲ့။ နင် ဘယ်လောက်အလုပ်များနေလဲ ငါတွေ့တယ်၊ နင် အခုလောက်ဆို ခေါင်းဆောင်ဖြစ်နေလောက်ပြီ။ ရဲတွေက အနန္တတန်ခိုးရှင်ဘုရားသခင်ကို ယုံကြည်တဲ့လူတွေကို သီးသန့်ဖမ်းနေတာ။ ကြည့်စမ်း၊ လမ်းတွေပေါ်မှာ စောင့်ကြည့်ကင်မရာတွေ၊ ထောက်လှမ်းရေးကိရိယာတွေ အပြည့်ပဲ၊ ရဲတွေက နင့်ကို အချိန်မရွေး ဖမ်းသွားနိုင်တယ်။ နင် နောက်ထပ်ယုံကြည်ခွင့်မရှိတော့ဘူး၊ မဟုတ်ရင် နင်က ငါတို့ကိုပါ ဒုက္ခပေးလိမ့်မယ်။ နင်ဟာ အနန္တတန်ခိုးရှင် ဘုရားသခင်ကို နောက်ထပ် မယုံကြည်တော့ပါဘူးလို့ ကတိပေးတဲ့ အာမခံချက်တစ်ခု ငါ့အတွက် အခုချက်ချင်း ရေးပေးရမယ်။ နင်သာ မရေးရင် နင့်ကို ဒီအိမ်ကနေ ငါမောင်းထုတ်မယ်၊ ငါတို့ကလေးကိုလည်း ဘယ်တော့မှ တွေ့ခွင့်ရမှာမဟုတ်ဘူး” တဲ့။ သူ ဒီလိုပြောတာကြားတော့ ကျွန်မ တုန်လှုပ်သွားတယ်။ စီစီပီနတ်ဆိုးတွေပဲ လူတစ်ယောက်ကို ဘုရားသခင်ကိုမယုံကြည်ကြောင်း အာမခံချက်ရေးခိုင်းမှာ။ သူက နတ်ဆိုးမဟုတ်ဘူးလား။ ကျွန်မ ပြတ်ပြတ်သားသား ပြောလိုက်တယ်၊ “အနန္တတန်ခိုးရှင်ဘုရားသခင်က လူသားမျိုးနွယ်ကို ကယ်တင်ဖို့ ကြွလာတဲ့ ကယ်တင်ရှင်ပဲ၊ ကျွန်မ အာမခံချက်ရေးဖို့ မပြောနဲ့၊ ဘုရားသခင်ကို ဘယ်တော့မှ သစ္စာဖောက်မှာမဟုတ်ဘူး” လို့ပေါ့။ ဒီစကားကြားတော့ ကျွန်မယောက်ျားက ဒေါသပေါက်ကွဲပြီး၊ သူ့ဘယ်လက်နဲ့ ကျွန်မလည်ပင်းကိုညှစ်ပြီး ညာလက်နဲ့ ကျွန်မပါးကို ပြင်းပြင်းထန်ထန် နှစ်ချက်ရိုက်ခဲ့တယ်။ ချက်ချင်းပဲ ကျွန်မမျက်နှာက ပူထူပြီး နာကျင်သွားတယ်၊ မျက်ရည်တွေလည်း ထိန်းမနိုင်သိမ်းမရ ကျလာခဲ့တယ်။ ဒီနှစ်တွေတစ်လျှောက်လုံး ကျွန်မယောက်ျားက ကျွန်မကို ဘယ်တော့မှ မရိုက်ခဲ့ဖူးဘူး၊ ဒါပေမဲ့ အဲဒီနေ့မှာတော့ စီစီပီရဲ့ကောလာဟလတွေကို ယုံကြည်လို့ သူ ကျွန်မကို ရိုက်ခဲ့တာ။ ကျွန်မ အရမ်းကို နာကျင်ပြီး အားနည်းခဲ့ရတယ်။ မျက်ရည်တွေကြားထဲကနေ ဘုရားသခင်ကို ဆုတောင်းပြီး ကိုယ်တော်ဆီကနေ ယုံကြည်ခြင်းနဲ့ ခွန်အားကို တောင်းခံခဲ့တယ်။ စုဝေးပွဲသွားရမဲ့အချိန်ရောက်ပြီဆိုတာတွေ့တော့ အပြင်ထွက်ဖို့ ကျွန်မ ဆင်ခြေတစ်ခုပေးခဲ့တယ်။ ဒါပေမဲ့ ကျွန်မယောက်ျားက ကျွန်မကို တားပြီး ပြောတယ်၊ “ဒီနေ့ ငါလုပ်မှာက နင့်နောက်ကိုလိုက်ဖို့ပဲ။ နင်သာ စုဝေးပွဲသွားရဲသွားကြည့်၊ ငါ ရဲခေါ်ပြီး နင်တို့အားလုံးကို အဖမ်းခိုင်းလိုက်မှာ” တဲ့။
အဲဒီနောက်မှာတော့ ကျွန်မ စုဝေးပွဲတက်ဖို့ နည်းလမ်းတစ်ခု ရှာတွေ့ခဲ့သေးတယ်။ ကျွန်မယောက်ျားက ကျွန်မ သူ့စကားနားမထောင်တာကို တွေ့တော့၊ ကျွန်မမိဘတွေနဲ့ ဆွေမျိုးတွေရှေ့မှာ ကျွန်မအကြောင်း မကောင်းတာတွေပြောပြီး၊ ကျွန်မမိသားစုကို ကျွန်မ မယုံကြည်တော့အောင် တိုက်တွန်းခိုင်းခဲ့တယ်။ ကျွန်မအမေက ပြောတယ်၊ “သူ ဘယ်လိုလူစားလဲဆိုတာ ငါသိတယ်။ သူ နင်တို့အိမ်ရောက်ကတည်းက နင်တို့နဲ့ တစ်ခါမှ ရန်မဖြစ်ခဲ့ဘူး၊ သူလုပ်သင့်တာမှန်သမျှလည်း လုပ်ခဲ့ပြီးပြီ။ သူက ဘုရားသခင်ကိုပဲ ယုံကြည်တာ၊ အဲဒါ ဘာမှားလို့လဲ” တဲ့။ ကျွန်မအစ်ကိုကလည်း သူ့ကို ဖျောင်းဖျဖို့ ကြိုးစားခဲ့တယ်။ ကျွန်မမိသားစုက သူ့ဘက်မှာမရှိတာကိုတွေ့တော့ ကျွန်မယောက်ျားက ဒေါသပေါက်ကွဲသွားတယ်။ သူက ကျွန်မ ဘုရားနှုတ်ကပတ်တော်တွေဖတ်တဲ့ အမ်ပီဖိုက်စက် ကို ရှာပြီး ရိုက်ခွဲခဲ့တယ်။ ကျမ်းစာအုပ်ကိုလည်း ဆုတ်ဖြဲခဲ့ပြီး၊ အဲဒီနောက် ရေချိုးခန်းမှန်တံခါး၊ မီးဖိုချောင်သုံးပစ္စည်းတော်တော်များများနဲ့ တခြားပစ္စည်းတွေကိုပါ ရိုက်ခွဲခဲ့တယ်။ ကျွန်မယောက္ခမတွေက သိသွားတော့ ကျွန်မအိမ်ကို အပြေးအလွှားရောက်လာပြီး ကျွန်မကို ဒေါသတကြီးနဲ့ ဝေဖန်ပြောဆိုကြတယ်၊ “ကွန်မြူနစ်ပါတီက လူတွေကို ဘုရားသခင်ကို ယုံကြည်ခွင့်မပေးဘူး၊ ဒီတော့ နင် မယုံကြည်ဘဲ မနေနိုင်ဘူးလား။ နင်သာ ဘုရားသခင်ကို ဆက်ပြီးယုံကြည်နေဦးမယ်၊ အဖမ်းခံရရင် ငါတို့မိသားစုကို ဘေးအန္တရာယ်ရောက်စေလိမ့်မယ်။ နင့်ယောက်ျားလည်း ဆောက်လုပ်ရေးလုပ်ငန်းတွေ နောက်ထပ် ကန်ထရိုက်ရတော့မှာမဟုတ်ဘူး၊ ငါတို့ပိုင်ဆိုင်မှုတွေလည်း အသိမ်းခံရလိမ့်မယ်၊ အဲဒီအခါကျရင် မိသားစုတစ်စုလုံး စားဝတ်နေရေးအတွက် လုပ်စရာတစ်ခုမှမရှိ ဖြစ်ကုန်မှာ။ ဒီကိစ္စ ဒီနေ့အဆုံးသတ်ရမယ်။ စာအုပ်တွေ ဖယ်ရှားပြီး မယုံကြည်နဲ့တော့” တဲ့။ ကျွန်မယောက္ခမက ကျွန်မယောက္ခထီးကို ချန်ဖိန်အိမ်သွားပြီး သူနဲ့ရှင်းခိုင်းခဲ့သေးတယ်။ ချန်ဖိန်က အသင်းတော်အလုပ်ကို တာဝန်ယူထားတာ၊ သူ့မှာ တစ်ခုခုဖြစ်သွားရင် အသင်းတော်တစ်ခုလုံး ထိခိုက်မှာကို ကျွန်မ တွေးမိပြီး ဒေါသတကြီးနဲ့ ပြောလိုက်တယ်၊ “ဘုရားသခင်ကို ယုံကြည်တာက ကျွန်မရဲ့ကိုယ်ပိုင်ရွေးချယ်မှုပဲ။ တခြားသူတွေကို သွားပြီး ဒုက္ခမပေးကြနဲ့။ ဒီနေ့ကစပြီး သူ ဒီကိုလာမှာမဟုတ်သလို၊ ကျွန်မလည်း သူ့ဆီသွားမှာမဟုတ်ဘူး” လို့ပေါ့။ ကျွန်မ ဒီလိုပြောတာကြားတော့ သူတို့က ကျွန်မ အလျှော့ပေးလိုက်ပြီထင်ပြီး ထွက်သွားကြတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ ကျွန်မယောက်ျားက ချန်ဖိန်အိမ်ကို သွားပြီး သူ့ကို စိတ်အနှောင့်အယှက်ပေးခဲ့သေးလို့ အဲဒီညီအစ်က သူ့တာဝန်ထမ်းဆောင်ဖို့ သူ့အိမ်ကထွက်သွားရုံကလွဲပြီး ရွေးချယ်စရာ မရှိတော့ဘူး။ ချန်ဖိန် ကျွန်မကြောင့် အိမ်ပြန်မလာနိုင်တော့တဲ့အကြောင်း တွေးမိတော့၊ ကျွန်မ တကယ်ကို အပြစ်ရှိသလိုခံစားရပြီး အနေရခက်ခဲ့တယ်၊ ပြီးတော့ ကျွန်မမိသားစုရဲ့ ညှဉ်းပန်းနှိပ်စက်မှုကြောင့် ညီအစ်ကိုမောင်နှမတွေနဲ့ ဆက်သွယ်လို့မရတဲ့အကြောင်းကိုလည်း ကျွန်မ တွေးမိခဲ့တယ်။ ကျွန်မ နေ့ရက်တွေကို အကြီးအကျယ် ဖိနှိပ်ချုပ်ချယ်မှုအခြေအနေထဲမှာ ကုန်ဆုံးခဲ့ရတယ်။ ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်တဲ့အခါ ကျွန်မယောက်ျားသိသွားမှာကြောက်လို့ သတိထားခဲ့ရတယ်၊ ကျွန်မတို့ရဲ့ အခန်းကျယ်ကြီးကို ကြည့်လိုက်တိုင်း လှောင်အိမ်ထဲကငှက်တစ်ကောင်လို ခံစားခဲ့ရတယ်။ ဘဝက သက်သောင့်သက်သာရှိပေမဲ့ ပျော်ရွှင်မှုတစ်စက်မှ မခံစားခဲ့ရဘူး။ ဘုရားသခင်ကို လွတ်လွတ်လပ်လပ် ယုံကြည်ပြီး ကိုယ်တော်ရဲ့နှုတ်ကပတ်တော်တွေကို ဖတ်ခွင့်ရချင်လိုက်တာ။
သိပ်မကြာခင်မှာပဲ ကျွန်မယောက်ျားက ပြောတယ်၊ “ရဲစခန်းက သူငယ်ချင်းတစ်ယောက်ပြောတာက အစိုးရက အနန္တတန်ခိုးရှင်ဘုရားသခင်ကို ယုံကြည်တဲ့မင်းတို့လိုလူတွေကို ပစ်မှတ်ထားပြီး အထူးစစ်ဆင်ရေးတစ်ခု လုပ်နေတယ်တဲ့၊ သူတို့သာ မင်းတို့ကို ဖမ်းမိသွားရင် ဘယ်လောက်ပိုက်ဆံပေးပေး အာမခံနဲ့ လွတ်မှာမဟုတ်ဘူးတဲ့။ မင်း ဟိုထဲမှာ ဒုက္ခရောက်ရုံတင်မကဘူး၊ ငါတို့မိသားစုတစ်စုလုံးလည်း မင်းနဲ့အတူ ဒုက္ခရောက်ကုန်မှာ။ အစိုးရက ဘာသာရေးယုံကြည်မှုအားလုံးကို တားမြစ်ချင်နေတာ။ သုံးပါးတစ်ဆူအသင်းတော်တောင် ဖြိုချခံရတော့မှာ။ စီစီပီစကားနားမထောင်ရင် မင်း ကောင်းကောင်းနေနိုင်မယ်ထင်လို့လား။ တရုတ်ပြည်မှာ ဘုရားသခင်ကို ယုံကြည်တာက သေကြောင်းကြံတာပဲ။ မင်းရဲ့ ယုံကြည်ခြင်းကြောင့် ငါ့မှာ ဆက်တိုက် ကြောက်လန့်တဲ့အပြင် စိုးရိမ်သောကရောက်ပြီး အသက်ရှင်ရတာ မလိုချင်တော့ဘူး။ မင်းမှာ ရွေးချယ်စရာနှစ်ခုရှိတယ်။ တစ်၊ မင်းရဲ့ယုံကြည်ခြင်းကို စွန့်လွှတ်ပြီး အိမ်မှာ ငါတို့သားကို စောင့်ရှောက်နေ။ ဒီလိုလုပ်ရင် ဒီမိသားစုကို မင်းအုပ်ချုပ်ရမယ်၊ အရာရာတိုင်းမှာ ငါ မင်းစကားနားထောင်မယ်။ နှစ်၊ မင်းရဲ့ယုံကြည်ခြင်းကို ဆက်ထိန်းထား၊ ဒါပေမဲ့ ငါတို့သားကို ထားခဲ့ပြီး ဒီအိမ်ကနေ ဘာမှမပါဘဲ ထွက်သွား” တဲ့။ ကျွန်မတို့အိမ်ထောင်ရေး ပြီးဆုံးသွားပြီဆိုတာ ကျွန်မအတွက် ရှင်းနေခဲ့ပြီ။ ကျွန်မ အရမ်းဝမ်းနည်းခဲ့ရပြီး၊ ကျွန်မကလေး ဒီလောက်ငယ်ငယ်ရွယ်ရွယ်နဲ့ သူ့အမေနဲ့ ခွဲခွာရတော့မှာကို တွေးမိတော့၊ ကျွန်မ တကယ်ကို အားနည်းပြီး တိတ်တဆိတ် မျက်ရည်ကျခဲ့ရတယ်။ ကျွန်မမိသားစု ပြိုကွဲတော့မဲ့အရေးနဲ့ ရင်ဆိုင်နေရချိန်မှာ၊ အတိတ်ကအဖြစ်အပျက်တွေက ရုပ်ရှင်ထဲကမြင်ကွင်းတွေလို ကျွန်မစိတ်ထဲမှာ တဖျပ်ဖျပ်ပေါ်လာခဲ့တယ်။ ဒီနှစ်တွေတစ်လျှောက်လုံး ကျွန်မ အရမ်းကြိုးစားပြီး တည်ဆောက်ခဲ့တဲ့မိသားစုကို ကျွန်မ တကယ်ပဲ စွန့်လွှတ်နိုင်ပါ့မလား။ အထူးသဖြင့် ကျွန်မကလေးနဲ့ ခွဲခွာရပြီး သူကြီးပြင်းလာတာကို မကြည့်ရှုနိုင်တော့မှာကို တွေးမိတဲ့အခါ၊ ထွက်သွားဖို့က အဆတစ်သောင်းလောက် ပိုခက်ခဲသလို ခံစားခဲ့ရတယ်။ ကျွန်မနှလုံးသားက ဓားနဲ့မွှန်းခံရသလို နာကျင်ခဲ့ပြီး ခေါင်းထဲမှာလည်း မူးနောက်နေခဲ့တယ်။ ကျွန်မရဲ့နာကျင်တဲ့ရုန်းကန်မှုတွေကြားထဲမှာ အတွေးတစ်ခု ရုတ်တရက်ပေါ်လာခဲ့တယ်၊ “ငါသာ ဘုရားသခင်ကို မယုံကြည်တော့ဘူးဆိုရင်၊ ငါ့ယောက်ျားက ငါ့ကို ကွာရှင်းမှာမဟုတ်ဘူး၊ ငါ့နေ့ရက်တွေကို ငါ့ကလေးနားမှာ အချိန်ကုန်နိုင်မယ်၊ မိသားစုတစ်ခုလုံးလည်း အရင်လိုပြန်ဖြစ်ပြီး ပျော်ရွှင်ချမ်းမြေ့တဲ့မိသားစုဘဝနဲ့ နေထိုင်နိုင်မှာပဲ” လို့ပေါ့။ ဒီလိုတွေးမိတဲ့အခါ၊ ဒါက ဘုရားသခင်ကို သစ္စာဖောက်တာပဲဆိုတာ ကျွန်မ သဘောပေါက်ခဲ့တယ်။ ကျွန်မ ဘုရားသခင်ကို မယုံကြည်ခဲ့တုန်းက အမှောင်နဲ့ အနှစ်မဲ့ခြင်းထဲမှာ နေ့ရက်တိုင်း အသက်ရှင်ခဲ့ရပုံ၊ ဒီဒုက္ခပင်လယ်ကနေ ဘုရားသခင်က ကျွန်မကို ကယ်တင်ခဲ့ပုံ၊ သမ္မာတရားနဲ့ ကျွန်မကို ထောက်ပံ့ပြီး ကယ်တင်ခံရဖို့ အခွင့်အရေးပေးခဲ့ပုံတွေကို ကျွန်မ တွေးမိတယ်။ ကျွန်မသာ မိသားစုအတွက် ဘုရားသခင်ကို သစ္စာဖောက်ဖို့ ရွေးချယ်ခဲ့ရင်၊ ဘုရားသခင်ရဲ့ကယ်တင်ခြင်းနဲ့ ကျွန်မ ထိုက်တန်တော့မှာ မဟုတ်ဘူး။ ဒါကြောင့် ကျွန်မ စိတ်နှလုံးထဲမှာ ဘုရားသခင်ကို ဆုတောင်းခဲ့တယ်၊ “ဘုရားသခင်၊ ကိုယ်တော့်ကို ကျွန်မ သစ္စာမဖောက်ချင်ပါဘူး၊ ကိုယ်တော့်ကို ယုံကြည်ချင်တယ်၊ ကိုယ့်တာဝန်ကို ထမ်းဆောင်ပြီး ကိုယ်တော့်မေတ္တာကို ပြန်ဆပ်ချင်တယ်၊ ဒါပေမဲ့ ကျွန်မကလေးကို မထားခဲ့ရက်ပါဘူး။ ကျွန်မ အရမ်းအားနည်းပါတယ်။ ကျေးဇူးပြုပြီး ကျွန်မကို ယုံကြည်ခြင်းနဲ့ ခွန်အားပေးပါ” လို့ပေါ့။ ဆုတောင်းပြီးတဲ့နောက်မှာ “သင်သည် သမ္မာတရားအတွက် အရာခပ်သိမ်းကို စွန့်လွှတ်သင့်၏” ဆိုတဲ့ ဘုရားနှုတ်ကပတ်တော်ဓမ္မသီချင်းတစ်ပုဒ်ကို ကျွန်မ သတိရလိုက်တယ်။
၁ သမ္မာတရားအတွက် ဒုက္ခကို သင် မဖြစ်မနေခံစားရမည်၊ သင်သည် သမ္မာတရားအတွက် သင့်ကိုယ်သင် မဖြစ်မနေ စွန့်လွှတ်ရမည်။ သမ္မာတရားအတွက် အရှက်တကွဲ ဖြစ်ခြင်းကို သင် မဖြစ်မနေခံရမည်၊ ပြီးလျှင် သမ္မာတရားကို သင်ပိုမိုရရှိရန်အတွက် ပို၍ပင် မဖြစ်မနေ ဒုက္ခဆင်းရဲခံရပေမည်။ ဤသည်မှာ သင်လုပ်သင့်သည့်အရာဖြစ်သည်။ မိသားစု သဟဇာတဖြစ်ခြင်းကို ပျော်မွေ့ခြင်းအတွက် သမ္မာတရားကို သင်လွှင့်မပစ်ရ၊ ခဏတာ ပျော်ရွှင်မှု အတွက် တစ်သက်တာ ဂုဏ်သိက္ခာနှင့် တည်ကြည်မှုကို သင် အဆုံးရှုံးမခံရ။
၂ လှပပြီး ကောင်းမွန်သောအရာအားလုံးကို သင် လိုက်စားသင့်ပြီး၊ အသက်တာတွင် ပိုမိုအဓိပ္ပာယ် ရှိသော လမ်းကြောင်းကို သင် လိုက်စားသင့်သည်။ ထိုသို့သော သာမန်မျှသာဖြစ်ပြီး လောကီဆန်သော အသက်တာကို သင်နေထိုင်ကာ လိုက်စားရန် မည်သည့်ပန်းတိုင်မျှ မရှိပါက သင်၏ အသက်တာကို ဖြုန်းတီးနေခြင်း မဟုတ်လော။ ထိုသို့သောဘဝမှ မည်သည့်အရာကို သင် ရရှိနိုင်သနည်း။ သမ္မာတရားတစ်ခုအတွက် ဇာတိပကတိ၏ ပျော်မွေ့မှုများ အားလုံးကို သင်စွန့်လွှတ်သင့်ပြီး၊ ပျော်ရွှင်မှု အနည်းငယ်အတွက် သမ္မာတရားအားလုံးကို မလွှင့်ပစ်သင့်ပေ။ ဤကဲ့သို့သော လူများသည် တည်ကြည်မှု သို့မဟုတ် ဂုဏ်သိက္ခာ မရှိပေ။ ၎င်းတို့၏ တည်ရှိခြင်းတွင် အဓိပ္ပာယ် မရှိပေ။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ပေတရု၏ အတွေ့အကြုံများ- ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့နှင့်သက်ဆိုင်သည့် သူ၏အသိပညာ
ဘုရားနှုတ်ကပတ်တော်တွေရဲ့ ဉာဏ်အလင်းပေးမှုနဲ့ လမ်းညွှန်မှုအောက်မှာ ကျွန်မမိသားစုကို ထိန်းသိမ်းဖို့ ဘုရားသခင်ကို သစ္စာဖောက်လို့မရဘူးဆိုတာကို ကျွန်မ နားလည်ခဲ့တယ်။ လူတွေကို စာတန်ရဲ့တန်ခိုးကနေ ကယ်တင်ဖို့ ဘုရားသခင်က လူ့ဇာတိခံယူပြီး အကြီးအကျယ် အရှက်ရတာကို ခါးစည်းခံတဲ့အပြင် လူတွေကြားထဲမှာ စကားပြောဖို့၊ အလုပ်လုပ်ဖို့ ဆင်းရဲဒုက္ခအမျိုးမျိုးကို ခံစားခဲ့ရပုံကို ကျွန်မ တွေးမိတယ်။ ဘုရားသခင်က ကိုယ်တော်ရဲ့အပင်ပန်းခံရတဲ့အဖိုးအခအားလုံးကို ပေးဆပ်ခဲ့ပြီးပြီ။ ကျွန်မသာ ကျွန်မမိသားစုရဲ့ပျော်ရွှင်မှုအတွက် ဘုရားသခင်ကို သစ္စာဖောက်ခဲ့ရင်၊ ကျွန်မမှာ ဘယ်လိုနည်းနဲ့များ အသိစိတ် ဒါမှမဟုတ် လူ့ဂုဏ်သိက္ခာရှိနိုင်မှာလဲ။ ဘုရားသခင်အပေါ် ကျွန်မရဲ့ယုံကြည်ခြင်းမှာ သမ္မာတရားနဲ့ ဘုရားသခင်ရဲ့ကယ်တင်ခြင်းကို ကျွန်မလိုက်စားတာက ဘဝရဲ့မှန်ကန်တဲ့လမ်းကြောင်းပဲ၊ သမ္မာတရားကို ရရှိဖို့ ခံစားခဲ့ရတဲ့ဆင်းရဲဒုက္ခအားလုံးက တန်တယ်။ ဘဝရဲ့ရုပ်ပိုင်းဆိုင်ရာသာယာမှု ဒါမှမဟုတ် သက်သောင့်သက်သာရှိမှု ဘယ်လောက်ပဲရှိရှိ၊ အဲဒါအားလုံးက အချည်းနှီးပဲ၊ သမ္မာတရားကို ရရှိမှသာ ကယ်တင်ခြင်းခံရပြီး ဆက်အသက်ရှင်နိုင်မှာပဲ။ ကျွန်မကလေးနဲ့ မိသားစုအတွက် သမ္မာတရားကို စွန့်ပစ်ပြီး ဘုရားသခင်ကို သစ္စာဖောက်လို့မဖြစ်ဘူး။ ကျွန်မ အားတင်းထားရမယ်၊ သမ္မာတရားကို လိုက်စားရမယ်၊ ဘုရားသခင်ရဲ့မေတ္တာကို ပြန်ဆပ်ရမယ်၊ အဓိပ္ပာယ်ရှိတဲ့ဘဝတစ်ခုကို အသက်ရှင်နေထိုင်ရမယ်။ အဲဒီအချိန်မှာ ကျွန်မအတွက် အရာအားလုံး ရှင်းလင်းသွားခဲ့တယ်။ ကျွန်မယောက်ျားက ဘယ်လောက်ပဲ ဖိအားပေးပါစေ၊ ဘုရားသခင်ကို သစ္စာဖောက်မဲ့အရာ ဘာတစ်ခုမှ ကျွန်မ ဘယ်တော့မှ လုပ်မှာမဟုတ်ဘူး။ ကျွန်မယောက်ျားက ကျွန်မကို ကွာရှင်းဖို့ ဖိအားပေးနေခဲ့တာ၊ ကျွန်မသာ အဖမ်းခံရရင် သူ့ကိုပါ ဒုက္ခပေးမှာစိုးလို့ပဲ။ သူက သူ့ကိုယ်ပိုင်အကျိုးစီးပွားကို ကာကွယ်ဖို့ လုပ်ဆောင်နေခဲ့တာ။ ဘုရားသခင်တစ်ပါးတည်းသာ လူတွေကို တကယ်ချစ်တယ်ဆိုတာ ကျွန်မ တွေ့မြင်ခဲ့ရတယ်။ လူတွေကြားထဲမှာ မေတ္တာဆိုတာ ဘယ်မှာရှိလို့လဲ။ လူတွေကြားကဆက်ဆံရေးတွေက ကိုယ်ကျိုးစီးပွားတွေကြောင့်ပဲ ဖြစ်ပေါ်လာတာ၊ အကျိုးစီးပွားမရှိတော့တာနဲ့ လူတွေက ရန်လိုလာကြတယ်။ ကျွန်မယောက်ျားက ဘုရားသခင်ကို ယုံကြည်တာက မှန်ကန်တဲ့လမ်းကြောင်းမှန်း ရှင်းရှင်းလင်းလင်းသိပေမဲ့ စီစီပီဘက်ကနေရပ်တည်ပြီး ကျွန်မကို ဖိအားပေးခဲ့တယ်။ သူ့ရဲ့အနှစ်သာရက ဘုရားသခင်ကို ဆန့်ကျင်တဲ့သဘာဝပဲ၊ စီစီပီနောက်လိုက်ခြင်းအားဖြင့် သူက ပျက်စီးခြင်းနဲ့ ဖျက်ဆီးခြင်းလမ်းကြောင်းကို လိုက်လျှောက်နေခဲ့တာ။ ဒီကြားထဲမှာ ဘုရားသခင်ကို ယုံကြည်ပြီး သမ္မာတရားကို လိုက်စားရင်း ကျွန်မက ကယ်တင်ခြင်းလမ်းကြောင်းကို လိုက်လျှောက်နေခဲ့တာ။ ကျွန်မတို့လမ်းကြောင်းတွေက အခြေခံအားဖြင့်ကို ကွဲပြားနေခဲ့တယ်။ အတူတူနေထိုင်တာက သူ့ရဲ့ဖိအားပေးမှုကို ဆက်ပြီးခံနေရဖို့ပဲ၊ ဘုရားသခင်ကို လွတ်လွတ်လပ်လပ် ယုံကြည်ဖို့ ဒါမှမဟုတ် သမ္မာတရားကို လိုက်စားဖို့ နည်းလမ်းမရှိတော့တာကိုပဲ ဆိုလိုတယ်။ ဒါကြောင့် ကျွန်မ တည်တည်ငြိမ်ငြိမ်နဲ့ ပြောလိုက်တယ်၊ “ရှင် ကွာရှင်းဖို့ အဆိုပြုတဲ့အတွက် ကျွန်မ သဘောတူတယ်” လို့ပေါ့။ ကျွန်မယောက်ျားက သရော် ပြုံးပြုံးပြီး ပြောတယ်၊ “ငါတို့ကွာရှင်းပြီးတာနဲ့ နင် ငါတို့ကလေးကို ဘယ်တော့မှ တွေ့ခွင့်ရမှာမဟုတ်ဘူး၊ နင် သူ့အတွက် လာတယ်လို့ ငါသိရင် ရဲခေါ်ပြီး နင်တို့အားလုံးကို အဖမ်းခိုင်းလိုက်မှာ” တဲ့။ အဲဒီနောက်မှာ ကျွန်မယောက္ခမက ကျွန်မကို ကြိုးစားဖျောင်းဖျဖို့ ရောက်လာတယ်၊ “နင်သာ ဘုရားသခင်ကို မယုံကြည်တော့ဘူးဆိုရင်၊ နင့်ကလေးကို ဘယ်နေရာမဆို ခေါ်သွားလို့ရတယ်၊ ဘဝကောင်းကောင်းမှာ နေထိုင်လို့ရတယ်။ ပြီးတော့ သူက ဒီလောက်ငယ်သေးတာ၊ နင် ထားခဲ့ရက်လို့လား” တဲ့။ ကျွန်မယောက္ခမရဲ့စကားတွေကြားတော့ ကျွန်မနှလုံးသားက ဓားနဲ့ထိုးခံရသလို နာကျင်ခဲ့တယ်။ ကျွန်မ တွေးမိတယ်၊ “သူမွေးကတည်းက ငါနဲ့တစ်ခါမှ မခွဲဖူးဘူး။ နောက်ပိုင်းမှာ သူ့ကို ဘယ်သူက ဂရုစိုက်မှာလဲ။ သူ ဒုက္ခရောက်မှာလား။ တခြားသူတွေက သူ့ကို အနိုင်ကျင့်မှာလား။ သူသာ နေမကောင်းဖြစ်ပြီး သူ့ကို ဂရုစိုက်မဲ့သူမရှိရင် ဘယ်လိုလုပ်မလဲ” လို့ပေါ့။ ကျွန်မ အဲဒီအကြောင်းကို စဉ်းစားလေလေ၊ ပိုပြီး နာကျင်လေလေပဲ။ အဲဒီနောက်မှာတော့ ကျွန်မ ဘုရားနှုတ်ကပတ်တော်တွေကို သတိရလိုက်တယ် “ငါ၏ ရည်ရွယ်ချက်များအား သဘောပေါက်သူ အားလုံးကို ငါအမြဲနှစ်သိမ့်မည်ဖြစ်ပြီး ငါသည် သူတို့ကို ဒုက္ခဆင်းရဲခံရရန် သို့မဟုတ် ထိခိုက်နစ်နာရန် အခွင့်ပေးမည် မဟုတ်။ ယခု အရေးပါသော အရာမှာ သင်တို့သည် ငါ၏ ရည်ရွယ်ချက်များနှင့်အညီ လုပ်ဆောင်နိုင်ရန်ဖြစ်ပြီး ဤသို့ပြုသောသူများသည် ငါ၏ကောင်းချီးမင်္ဂလာများကို ဧကန်ရရှိကာ ငါ၏ကာကွယ်မှုအောက်တွင် ရှိလာကြလိမ့်မည် ဖြစ်သည်။ မည်သူသည် ငါ့အတွက် သူတို့ကိုယ်သူတို့ အမှန်တကယ် ပြည့်ဝစွာ အသုံးခံကာ သူတို့၏ အရာအားလုံးကို ငါ့အတွက် ဆက်ကပ်နိုင်သနည်း။ သင်တို့ အားလုံးသည် စိတ်မပါ့တပါဖြစ်နေကြပြီး သင်တို့၏ အတွေးများသည် တဝဲလည်လည် ဖြစ်ကာ အိမ်၊ အပြင်လောက၊ အစားအစာနှင့် အဝတ်အစားများအကြောင်း တွေးနေကြသည်။ သင်သည် ငါ့အရှေ့ ဤနေရာတွင် ရှိနေပြီး ငါ့အတွက် အမှုအရာများကို လုပ်ဆောင်နေသော်လည်း သင်၏ စိတ်နှလုံးအတွင်းထဲတွင်မူ သင်သည် အိမ်ရှိ သင်၏ ဇနီးသည်၊ သားသမီးများနှင့် မိဘများအကြောင်းကို တွေး၍နေသေးသည်။ ဤအရာအားလုံးသည် သင်၏ ဥစ္စာဖြစ်သလော။ ၎င်းတို့ကို ငါ၏ လက်ထဲသို့ သင်အဘယ်ကြောင့် မအပ်နှံသနည်း။ ငါ့ကို သင် ယုံကြည်ကိုးစားခြင်း မရှိသလော။ ထိုသို့မဟုတ်လျှင် ငါသည် သင့်အတွက် မဆီလျော်သော စီစဉ်ပြင်ဆင်မှုများကို ပြုလိမ့်မည်ဟူ၍ သင်စိုးရိမ်သောကြောင့် ဖြစ်သလော။ သင်သည် သင်၏ဇာတိပကတိ မိသားစုကို အဘယ်ကြောင့် အမြဲတစေ ပူပန်ပြီး သင်ချစ်ရသူများအတွက် အဘယ်ကြောင့် အမြဲစိုးရိမ်ကြောင့်ကြနေသနည်း။ ငါသည် သင်၏ နှလုံးသားထဲတွင် ကျိန်းသေနေရာတစ်ခု ရှိသလော။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၅၉)) “ဖန်ဆင်းရှင်၏ ကြိုတင်သတ်မှတ်ခြင်းကလွဲပြီး ဘယ်အရာကမှ လူတစ်ယောက်၏ ကံကြမ္မာပေါ် ဆက်နွှယ်မှု မရှိသည့်အတွက်၊ မွေးဖွားခြင်းနှင့် ပြုစုပျိုးထောင်ခြင်းအပြင် မိမိတို့ကလေးတစ်ယောက်၏ ဘဝတွင် မိဘ၏ တာဝန်ဝတ္တရားမှာ သူကြီးပြင်းဖို့ ပတ်ဝန်းကျင်တစ်ခုကို ပံ့ပိုးဖို့သာဖြစ်ပြီး ထိုမျှသာဖြစ်၏။ လူတစ်ယောက်က မည်သို့အနာဂတ်မျိုး ရှိမည်ကို ဘယ်သူကမှ မထိန်းချုပ်နိုင်ပါ။ ယင်းကို အချိန်ကြာမြင့်စွာက ကြိုတင်သတ်မှတ်ပြီး ဖြစ်သကဲ့သို့ သူ့မိဘများကပင် သူ့ကံကြမ္မာကို မပြောင်းလဲနိုင်ပေ။ ကံကြမ္မာနှင့် ပတ်သက်သရွေ့၊ လူတိုင်းက အမှီအခိုကင်းကာ လူတိုင်း မိမိ၏ ကိုယ်ပိုင်ကံကြမ္မာ ရှိလေသည်။ ထို့ကြောင့် မည်သူ၏မိဘများကမျှ ဘဝတွင် ၎င်းတို့၏ ကံကြမ္မာကို လုံးဝ မတားဆီးနိုင်ပေ သို့မဟုတ် ဘဝတွင် ၎င်းတို့ ပါဝင်ဆောင်ရွက်သည့် အခန်းကဏ္ဍနှင့်ပတ်သက်လာသည့်အခါတွင် ၎င်းတို့ကို စိုးစဉ်းမျှပင် ထောက်ပံ့မြှင့်တင်ပေး၍ မရနိုင်ပေ။ လူတစ်ယောက်က သူမွေးဖွားခံရဖို့ သတ်မှတ်ထားသည့် မိသားစု၊ သူကြီးပြင်းသည့် ပတ်ဝန်းကျင်တို့သည် ဘဝတွင် မိမိတာဝန်ကို ဖြည့်ဆည်းခြင်း အတွက် ကြိုတင်သတ်မှတ်ချက်များထက် ဘာမျှမပိုပေ။ ထိုအရာများသည် လူတစ်ယောက်၏ ဘဝကံကြမ္မာကို သို့မဟုတ် လူတစ်ယောက်က မိမိ၏ တာဝန်ကို ပြီးမြောက်စေသည့် ကံတရားမျိုးအား မည်သည့်နည်းနှင့်မျှ မသတ်မှတ်ပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၃)) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မကို ယုံကြည်ခြင်းနဲ့ ခွန်အားတွေ ပေးခဲ့တယ်။ ကျွန်မ နာမကျန်းမှုကြောင့် နှစ်ပေါင်းများစွာ ကလေးမရနိုင်ခဲ့တာ၊ နာမည်ကြီးဆရာဝန်တွေတောင် ကုပေးနိုင်စွမ်းမရှိခဲ့တာ၊ ပြီးတော့ ကျွန်မ အမှောင်နဲ့နာကျင်မှုတွေထဲမှာ အသက်ရှင်နေခဲ့တုန်းက၊ ဘုရားနှုတ်ကပတ်တော်တွေကပဲ ကျွန်မဆီကို အလင်းဆောင်ကြဉ်းပေးခဲ့ပြီး၊ ဘုရားသခင်ရဲ့အချုပ်အခြာအာဏာနဲ့ ကြိုတင်သတ်မှတ်မှုကို နားလည်ခွင့်ပေးခဲ့တဲ့အပြင် နာကျင်မှုကနေ လွတ်မြောက်အောင် ကူညီပေးခဲ့ပုံတွေကို ကျွန်မ တွေးမိတယ်။ နောက်ပိုင်းမှာ ကျွန်မ မယုံနိုင်လောက်အောင် ကလေးတစ်ယောက် ရခဲ့တယ်။ ကျွန်မမိသားစုနဲ့ ကလေးက ဘုရားသခင်ဆီက လက်ဆောင်တွေပဲ။ ကျွန်မကလေးကို ကောင်းကောင်းဂရုစိုက်နိုင်တယ်လို့ ကျွန်မ အမြဲထင်ခဲ့ပြီး၊ သူ့ကို ဘုရားသခင်ရဲ့လက်ထဲကို ဘယ်တော့မှ မအပ်နှံခဲ့ဘူး။ ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မ နားလည်စေခဲ့တယ်၊ တကယ်တော့ လူတစ်ယောက်ချင်းစီကို စောင့်ရှောက်၊ ထိန်းသိမ်းပြီး ထောက်ပံ့နေတာက ဘုရားသခင်ပဲဆိုတာကိုပေါ့။ ကျွန်မကလေးရဲ့ကံကြမ္မာက ဘုရားသခင်ရဲ့လက်ထဲမှာရှိပြီး၊ ကိုယ်တော်က သူ့အတွက် အရာအားလုံးကို စီစဉ်ပေးလိမ့်မယ်။ သူ့ရဲ့ကံကြမ္မာနဲ့ သူဒုက္ခခံရမလားဆိုတာတွေအားလုံးက ဘုရားသခင်က သတ်မှတ်ထားပြီးသားပဲ။ ကျွန်မ အိမ်မှာရှိနေရုံနဲ့ သူ့ကို ကောင်းကောင်း ဂရုစိုက်နိုင်တာမျိုး မဟုတ်တဲ့အပြင် သူနဲ့ နေ့တိုင်းနေပေးရုံနဲ့ သူ့ကျန်းမာရေးနဲ့ လုံခြုံရေးအတွက် ကျွန်မ အာမခံနိုင်တာလည်း မဟုတ်ဘူး။ ကျွန်မကလေးနဲ့ပတ်သက်တဲ့အရာအားလုံးကို ဘုရားသခင်ဆီ အပ်နှံပြီး ကိုယ့်တာဝန်ကို အာရုံစိုက်ထမ်းဆောင်သင့်တယ်။ ဒီလိုတွေးလိုက်တော့ ကျွန်မကလေးအတွက် စိုးရိမ်မှုတချို့ကို ကျွန်မ လက်လွှတ်နိုင်ခဲ့ပြီး၊ ကျွန်မနှလုံးသားလည်း အရင်လောက် မနာကျင်တော့ဘူး။ ကျွန်မယောက္ခမက ကျွန်မအကြောင်းကို ညည်းညူနေတုန်းပဲ၊ ဒါပေမဲ့ ကျွန်မ သူနဲ့ ငြင်းခုံမနေချင်တော့ဘူး၊ စိတ်ထဲမှာတော့ “ရှင်းနေတာပဲ၊ ရှင့်သားက ကိုယ့်ကိုယ်ကိုယ်ကာကွယ်ဖို့ ကျွန်မကို ကွာရှင်းချင်နေတာ၊ ဒါတောင်မှ ရှင့်အနေနဲ့ ကျွန်မက ဘုရားသခင်ကို ယုံကြည်လို့ မိသားစုနဲ့ကလေးကို စွန့်ပစ်တယ်လို့ ပြောနေတာက ရှင်ဟာ အမှန်တရားကို ပြောင်းပြန်လှန်နေတယ်ဆိုတာကို ရှင်မမြင်ဘူးလား” လို့တွေးမိတယ်။
ကိုယ့်ယုံကြည်ခြင်းကြောင့် စီစီပီရဲ့လိုက်လံဖမ်းဆီးခြင်းခံခဲ့ရတဲ့ ကျွန်မတို့နယ်မြေက ညီအစ်ကိုတစ်ယောက်အကြောင်းကိုလည်း ကျွန်မ တွေးမိတယ်။ သူက သူ့ရဲ့အသက်ကြီးပြီး လေဖြတ်နေတဲ့ဖခင်ကို ဂရုစိုက်ဖို့ အသက်စွန့်ပြီး တိတ်တဆိတ် အိမ်ပြန်လာခဲ့ပေမဲ့၊ စီစီပီရဲ့ဖမ်းဆီးတာခံရပြီး ရိုက်နှက်သတ်ဖြတ်တာခံခဲ့ရတယ်။ ဘယ်လိုနည်းနဲ့များ ယုံကြည်သူတွေက သူတို့မိသားစုတွေကို စွန့်ပစ်နေတာလဲ။ စီစီပီရဲ့ ခရစ်ယာန်တွေအပေါ် ရက်စက်တဲ့ညှဉ်းပန်းနှိပ်စက်မှုကြောင့် ဒီလိုအကျိုးဆက်တွေ ဖြစ်လာခဲ့တာမဟုတ်ဘူးလား။ ကျွန်မ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို သတိရလိုက်တယ် “နှစ်ပေါင်းထောင်ချီကြာ ဤသည်မှာ ညစ်ညူးခြင်း၏ နယ်မြေ ဖြစ်လေပြီ။ ယင်းသည် မခံမရပ်နိုင်လောက်အောင် ညစ်ပတ်ပေရေသည်၊ စိတ်ဆင်းရဲမှုက ပိတ်ဆီးထားသည်၊ တစ္ဆေများသည် လှည့်စားရင်းနှင့် လှည့်ဖြားရင်း၊ အခြေအမြစ် မရှိသော စွပ်စွဲချက်များ ပြုရင်း အကြင်နာမဲ့ကာ ရက်စက်ကြမ်းကြုတ်လျက်၊ ဤတစ္ဆေမြို့အား နင်းခြေရင်းနှင့် ယင်းကို အသေကောင်များဖြင့် ပြန့်ကျဲနေစေရစ်လျက်၊ နေရာတကာတွင် ထကြွသောင်းကျန်းကြလေသည်။ ယိုယွင်းပျက်စီးခြင်း၏ အပုပ်နံ့သည် နယ်မြေကို ဖုံးလွှမ်းပြီး လေထုတွင် စိမ့်ဝင်ပျံ့နှံ့ကာ၊ ယင်းသည် အလွန်အကျွံ စောင့်ကြပ်ခြင်းခံရ၏။ မိုးကောင်းကင်များ အလွန်ရှိ လောကကြီးအား မည်သူ မြင်နိုင်သနည်း။ နတ်ဆိုးသည် လူသား၏ ခန္ဓာကိုယ် တစ်ခုလုံးကို တင်းကျပ်စွာ တုပ်နှောင်ထားသည်၊ သူ၏ မျက်လုံးနှစ်ခုလုံးကို ဖုံးအုပ်ပြီး၊ သူ၏နှုတ်ခမ်းများကို ခိုင်မြဲစွာ စေ့စေ့ပိတ်ထားလေသည်။ နတ်ဆိုးများ၏ မင်းသည် ထိုးဖောက်၍ မရနိုင်သော မကောင်းဆိုးဝါးတို့၏ နန်းတော် တစ်ခုအလား တစ္ဆေမြို့အပေါ် အနီးကပ် စောင့်ကြည့်မြဲစောင့်ကြည့်နေချိန်တွင်၊ နှစ်ထောင်ပေါင်း အချို့ကြာ ယနေ့ထက်ထိ သောင်းကျန်းပြီး ဖြစ်သည်။ ထိုအတောအတွင်းတွင်၊ ဤအစောင့်ခွေးအုပ်စုကို ဘုရားသခင်က ငြိမ်သက်ခြင်းနှင့် ပျော်ရွှင်ခြင်း နေရာ မရှိဘဲ ဖြစ်စေရစ်လျက်၊ ၎င်းတို့ကို အလစ် ဖမ်းဆီးသွားပြီး ၎င်းတို့အားလုံးအား သုတ်သင်ပယ်ရှင်းမည်ကို အလွန်အမင်း ကြောက်ရွံ့နေကြလျက် စိန်းစိန်းဝါးဝါး ကြည့်သော မျက်လုံးများဖြင့် စိုက်ကြည့်နေကြလေသည်။ ဤသို့သော တစ္ဆေမြို့သားများသည် ဘုရားသခင်အား အဘယ်သို့ မြင်တွေ့ဖူးနိုင်မည်နည်း။ ၎င်းတို့သည် ဘုရားသခင်၏ ကြင်နာခြင်းနှင့် ချစ်မြတ်နိုးဖွယ်ကောင်းခြင်းတို့ကို မွေ့လျော်ဖူးကြသလော။ လူ့လောက၏ အရေးကိစ္စများနှင့် ပတ်သက်၍ ၎င်းတို့သည် မည်သို့နားလညနိုင်သနည်း။ ၎င်းတို့အထဲမှ မည်သူသည် ဘုရားသခင်၏ ထက်သန်သော ရည်ရွယ်ချက်များကို နားလည်နိုင်သနည်း။ ထိုအခါ လူ့ဇာတိခံယူ ဘုရားသခင်သည် လုံးလုံး ကွယ်ဝှက်လျက် ရှိမြဲရှိနေသည်မှာ သိပ်အံ့သြစရာ မဟုတ်ချေ။ မကောင်းဆိုးဝါးများက အကြင်နာမဲ့ပြီး လူမဆန်သည့် ဤကဲ့သို့သော အမှောင်လူ့အဖွဲ့အစည်းတွင် မျက်တောင် တစ်ချက်မျှ မခတ်ဘဲ လူများကို သတ်သော နတ်ဆိုးတို့၏မင်းသည် ချစ်ခင်ဖွယ်ဖြစ်ပြီး ကြင်နာကာ သန့်လည်းသန့်ရှင်းသော ဘုရားသခင်၏ တည်ရှိမှုကို မည်သို့ သည်းခံနိုင်မည်နည်း။ ဘုရားသခင်၏ ကြွရောက်လာခြင်းကို ၎င်းသည် အဘယ်သို့ ဂုဏ်ပြုကာ သြဘာ ပေးနိုင်မည်နည်း။ ဤလက်ပါးစေတို့။ ၎င်းတို့သည် ကြင်နာခြင်းကို မုန်းတီးခြင်းဖြင့် ပြန်ဆပ်ကြသည်၊ ၎င်းတို့သည် ကြာမြင့်စွာကတည်းက ဘုရားသခင်အား ရန်သူအဖြစ် စတင် ဆက်ဆံလာကြပြီးဖြစ်သည်၊ ၎င်းတို့သည် ဘုရားသခင်အား ညှဉ်းပန်းနှိပ်စက်ကြသည်၊ ၎င်းတို့သည် အဆုံးစွန် ရိုင်းစိုင်းကြသည်၊ ၎င်းတို့သည် ဘုရားသခင်ကို အနည်းငယ်မျှ အရေးထားမှု မရှိကြပေ၊ ၎င်းတို့သည် ပြင်းပြင်းထန်ထန် အကြိမ်ကြိမ်ရန်ပြုပြီး အဓမ္မလုယူကြသည်၊ ၎င်းတို့သည် အသိတရား လုံးလုံး ပျောက်ဆုံးကြပြီးဖြစ်သည်၊ အသိတရား အလုံးစုံကို ၎င်းတို့ ဆန့်ကျင်ကြကာ အပြစ်မဲ့သောသူကို မေ့မျောခြင်းသို့ သွေးဆောင်ကြလေသည်။ ရှေးကာလ၏ ဘိုးဘေး များလော။ ချစ်မြတ်နိုးရသော ခေါင်းဆောင်များလော။ ၎င်းတို့ အားလုံးသည် ဘုရားသခင်အား ဆန့်ကျင်ကြ၏။ ၎င်းတို့၏ ဝင်ရောက်စွက်ဖက်မှုသည် ကောင်းကင်အောက်ရှိ အရာခပ်သိမ်းကို မှောင်မိုက်ခြင်း နှင့် ပရမ်းပတာဖြစ်ခြင်း အခြေအနေတစ်ခုတွင် ချန်ထားပြီးဖြစ်၏။ ဘာသာရေး လွတ်လပ်မှုလော။ နိုင်ငံသားများ၏ တရားဝင် ရပိုင်ခွင့်များနှင့် အကျိုးစီးပွားများလော။ ယင်းတို့သည် မကောင်းမှုကို ဖုံးကွယ်ခြင်းအတွက် လှည့်စားမှုများသာ ဖြစ်ကြသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အမှုတော်နှင့် ဝင်ရောက်ခြင်း (၈)) ဘုရားနှုတ်ကပတ်တော်တွေကို ဆင်ခြင်သုံးသပ်ရင်း၊ စီစီပီက ဘုရားသခင်ကို အတိုက်အခံလုပ်ပြီး လူတွေကို ဒုက္ခပေးတဲ့ တကယ့်ကို ဆိုးယုတ်တဲ့ မကောင်းဆိုးဝါးဖြစ်မှန်း ကျွန်မ တွေ့ခဲ့ရတယ်။ သူက အပေါ်ယံမှာ ဘာသာရေးလွတ်လပ်ခွင့်ကို ထောက်ခံဟန်ဆောင်ပေမဲ့၊ သူက တိတ်တိတ်လေး ဘုရားသခင်ကို အရူးအမူး အတိုက်အခံလုပ်တဲ့အပြင် ဘုရားသခင်ရွေးချယ်ထားတဲ့သူတွေကို ဖမ်းဆီးပြီး နှိပ်စက်ညှဉ်းပန်းတာ။ စီစီပီက တကယ်ကို ကျိန်ဆဲခြင်းခံရပြီး ပျက်စီးသင့်တယ်။ ဘုရားသခင်က ကမ္ဘာမြေပေါ်မှာ သမ္မာတရားကို ဖော်ပြဖို့၊ လူတွေကို သန့်စင်ကယ်တင်ဖို့ လူ့ဇာတိခံယူပေမဲ့၊ စီစီပီကတော့ အနှောင့်အယှက်တွေ၊ ဖျက်ဆီးမှုတွေကို အရူးအမူး ဖန်တီးနေတယ်။ ဘုရားသခင်ရဲ့ရွေးကောက်ခံလူတွေကို ဖမ်းဆီးနှိပ်စက်ဖို့နဲ့ ကိုယ်တော်ရဲ့အလုပ်ကို ချေမှုန်းဖို့အတွက်၊ ဒီနှစ်တွေတစ်လျှောက်လုံး စီစီပီက အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်ကို နှိမ်နင်းဖို့ အထူးစစ်ဆင်ရေးအမျိုးမျိုးကို လုပ်ဆောင်ခဲ့ရုံတင်မကဘူး၊ လက်ကိုင်ဖုန်းတည်နေရာရှာဖွေတာကို သုံးပြီး လမ်းတွေပေါ်မှာ အီလက်ထရောနစ်စောင့်ကြည့်ကိရိယာတွေ တပ်ဆင်ခဲ့တယ်၊ ညီအစ်ကိုမောင်နှမတွေကို စောင့်ကြည့်ဖမ်းဆီးဖို့အတွက်ပေါ့။ ညီအစ်ကိုမောင်နှမတွေအများကြီးကို အိမ်ပြန်မလာနိုင်အောင်၊ မိသားစုတွေနဲ့ ကွဲကွာအောင် အတင်းအကျပ်လုပ်ခဲ့တာဟာ ညီအစ်ကိုမောင်နှမတွေအများကြီး အဖမ်းခံရ၊ ထောင်ထဲမှာ ညှဉ်းပန်းနှိပ်စက်ခံရပြီး ရိုက်နှက်သတ်ဖြတ်တာတောင် ခံခဲ့ကြရတယ်။ စီစီပီက ခရစ်ယာန်တွေရဲ့မိသားစုတွေကို အလုပ်လုပ်ခွင့်၊ ကျောင်းတက်ခွင့်တွေကိုလည်း ဆုံးရှုံးစေတယ်၊ မိသားစုပဋိပက္ခတွေကို သွေးထိုး၊ လှုံ့ဆော်ပြီး မရေမတွက်နိုင်တဲ့မိသားစုတွေကို ပြိုကွဲစေခဲ့တယ်။ စီစီပီက တကယ်ကို စက်ဆုပ်စရာကောင်းပြီး ဆိုးယုတ်တယ်။ ကျွန်မရဲ့တစ်ချိန်ကပျော်ရွှင်ခဲ့တဲ့မိသားစုက အစိတ်စိတ်အမွှာမွှာကွဲကြေပြီး ကွဲကွာခဲ့ရတယ် စီစီပီရဲ့ကောလာဟလတွေနဲ့ ဖိနှိပ်မှုတွေကြောင့်ပေါ့။ စီစီပီက ဘုရားသခင်ကို အတိုက်အခံလုပ်တဲ့၊ လူတွေကို ဒုက္ခပေးပြီး ဝါးမျိုတဲ့ မကောင်းဆိုးဝါးတစ်သိုက်ပဲ။ ဒီညှဉ်းပန်းနှိပ်စက်မှုတွေကို ကြုံတွေ့ရခြင်းတော့ ဘုရားသခင်ရဲ့ဉာဏ်ပညာက စာတန်ရဲ့အကြံအစည်တွေကိုအခြေခံပြီး ကျင့်သုံးတယ်ဆိုတာကိုလည်း ကျွန်မ တွေ့ခဲ့ရတယ်။ စီစီပီရဲ့ရူးသွပ်တဲ့ညှဉ်းပန်းနှိပ်စက်မှုကြားမှာတောင်၊ ဘုရားသခင်နောက်လိုက်ဖို့ ဘုရားသခင် ရွေးချယ်တဲ့လူတွေရဲ့စိတ်ပိုင်းဖြတ်မှုကို မတုန်လှုပ်စေခဲ့ဘူး။ အဲဒီအစား နောက်ထပ် ပိုများတဲ့လူတွေက ဘုရားသခင်ရဲ့နောက်ဆုံးသောကာလ ကယ်တင်ခြင်းကို လက်ခံခဲ့ကြပြီး ဘုရားသခင်ရဲ့နောက်ဆုံးသောကာလဧဝံဂေလိတရားက ပင်လယ်ရပ်ခြားနိုင်ငံ တော်တော်များများကို ပျံ့နှံ့သွားခဲ့ပြီ။ ဘုရားသခင်ဆီကလာတဲ့အရာက သေချာပေါက် ကြီးပွားတိုးတက်မှာပဲ။ စီစီပီရဲ့ကောလာဟလတွေကြောင့် လူဘယ်နှယောက်လောက် မျက်စိကန်းနေသေးတယ်ဆိုတာကို ကျွန်မ တွေးမိတယ်၊ စာတန်ရဲ့တန်ခိုးအောက်မှာ အသက်ရှင်နေပြီး ဘုရားသခင်ရဲ့နောက်ဆုံးသောကာလ ကယ်တင်ခြင်းကို မသိကြသေးဘူး။ ဘုရားသခင်ရဲ့ပေါ်ထွန်းခြင်းကို တောင့်တနေတဲ့သူတွေဆီကို ဘုရားသခင်ရဲ့နောက်ဆုံးသောကာလဧဝံဂေလိတရားကို ဝေမျှဖို့ ကျွန်မမှာ တာဝန်နဲ့ဝတ္တရားရှိတယ်။ ကျွန်မ ဘုရားသခင်ရှေ့မှာ စိတ်ပိုင်းဖြတ်ခဲ့တယ်၊ ကိုယ်တော်နောက်ကို အဆုံးထိလိုက်လျှောက်ပြီး ကိုယ်တော်ရဲ့မေတ္တာကို ပြန်ဆပ်ဖို့ ဧဝံဂေလိတရားကို ဖြန့်ဝေမယ်လို့ပေါ့။ နောက်ပိုင်းမှာ ကျွန်မယောက်ျားနဲ့ ကွာရှင်းပြတ်စဲတဲ့လုပ်ငန်းစဉ်ကို ကျော်ဖြတ်ခဲ့တယ်။
အခု ကျွန်မရဲ့အတွေ့အကြုံတွေကို ပြန်ကြည့်တဲ့အခါ၊ ကျွန်မမိသားစုကို ဆုံးရှုံးခဲ့ရပြီး ကျွန်မဘဝက အရင်လို သက်သောင့်သက်သာမရှိတော့ပေမဲ့၊ ကျွန်မကလေးဘေးမှာ နေ့ရောညပါ မရှိနိုင်တော့ပေမဲ့၊ ကျွန်မ သမ္မာတရားတချို့ကို နားလည်လာခဲ့ပြီး ပိုင်းခြားသိမြင်မှုလည်း ရရှိခဲ့တယ်။ ဒီနေ့ ဘုရားသခင်ရှေ့ကို ရောက်လာနိုင်ပြီး၊ ဖန်ဆင်းခံတစ်ယောက်အနေနဲ့ ကိုယ့်တာဝန်ကို ထမ်းဆောင်နိုင်တာ၊ ဘုရားသခင်ရဲ့နောက်ဆုံးသောကာလ ကယ်တင်ခြင်းကို ဖြန့်ဝေပြီး သက်သေခံနိုင်တာက တကယ်ကို တန်ဖိုးရှိပြီး အဓိပ္ပာယ်ရှိပါတယ်။ ကျွန်မရဲ့ရွေးချယ်မှုအတွက် ဘယ်တော့မှ နောင်တရမှာမဟုတ်ဘူး။