၂၈။ ကျော်ကြားမှုနှင့် အကျိုးအမြတ်ကို လိုက်စားခြင်းက ပျော်ရွှင်သော ဘဝတစ်ခုဆီ ပို့ဆောင်ပေးနိုင်သလား
၁၉၉၈ ခုနှစ်တုန်းက ကျွန်တော်နဲ့ ကျွန်တော့်မိန်းမ အလုပ်လုပ်တဲ့ကုမ္ပဏီ ဒေဝါလီခံရပြီး နှစ်ယောက်လုံး အလုပ်ပြုတ်သွားတယ်။ အဲဒီတုန်းက အိမ်စီးပွားရေး အခြေအနေက တော်တော်ဆိုးတာ။ အမေက နေမကောင်းတော့ ဆေးဖိုးဝါးခ ကုန်ကျစရိတ်တွေရှိတယ်၊ ကလေးကျောင်းလခလည်း ပေးရဦးမယ်။ ဆွေမျိုးမိတ်ဆွေတွေဆီ ပိုက်ဆံလိုက်ချေးကြည့်ပေမဲ့ ဘယ်သူမှ အကြောင်းပြန်ချင်စိတ်မရှိဘူး။ လူတွေအချင်းချင်း ဘယ်လောက်တောင် အေးစက်စက်နိုင်လဲဆိုတာ ကျွန်တော် မြင်ခဲ့ရတယ်။ ကျွန်တော့်ဘာသာ တွေးမိတယ်၊ “ငါ ပိုက်ဆံပိုရှာပြီး လူရာဝင်အောင် လုပ်မှဖြစ်မယ်၊ ဒါမှ ငါ့ကို ဘယ်သူမှ အထင်မသေးရဲမှာ” အဲဒါနဲ့ ဝက်မွေးမြူရေးခြံ စလုပ်ပြီး ကုမ္ပဏီဖွင့်ဖို့ သူများတွေနဲ့ပေါင်းခဲ့တယ်။ ဒါပေမဲ့ အကုန် အရှုံးပေါ်သွားပြီး အကြွေးတွေ အများကြီး တင်ကျန်ခဲ့ရော။ နောက်တော့၊ ထောက်ပံ့ပို့ဆောင်ရေး ကုမ္ပဏီတစ်ခုမှာ စာရင်းကိုင်လုပ်ဖို့ တစ်ယောက်က အကြံပေးတယ်။ ဒီအလုပ်ဟာ ဒီနိုင်ငံမှာ ဩဇာအရှိဆုံး ကုမ္ပဏီတွေထဲက တစ်ခုဖြစ်လို့ ဒီအလုပ်ကို ကျွန်တော် တကယ် တန်ဖိုးထားတယ်။ ပြီးတော့ ကြိုးကြိုးစားစား လုပ်သရွေ့ တိုးတက်ဖို့ လမ်းကြောင်းရှိမယ်လို့ ထင်ခဲ့တယ်။ မိသားစု စီးပွားရေး အဆင်ပြေအောင် အချိန်ပိုတွေ ခဏခဏဆင်းတယ်။ သူဌေးက ကျွန်တော့်ကို အထင်ကြီးပြီး ကုမ္ပဏီရဲ့ အရေးအကြီးဆုံး ဘဏ္ဍာရေး အလုပ်တချို့ကို လွှဲပေးလာတယ်။ အလုပ်တိုင်းကို သေသေချာချာ ကိုင်တွယ်ခဲ့သလို ပေးအပ်တဲ့အလုပ်တိုင်းကို ဝီရိယရှိရှိ တာဝန်ယူခဲ့တော့ သူဌေးက စိတ်ချသွားတာပေါ့။ သူဌေးက ကျွန်တော့်ကို တော်တော် သဘောကျတော့ တဖြည်းဖြည်းနဲ့ ရာထူးတိုးပေးတယ်၊ စာရင်းကိုင်နေရာကနေ ဌာနမန်နေဂျာ ဖြစ်လာပြီး ဒါနဲ့ပဲတာဝန်ယူရတဲ့ အတိုင်းအတာကလည်း ကြီးသထက် ကြီးလာတာပေါ့။ တစ်ချိန်က ကိုယ့်ကို အထင်သေးခဲ့တဲ့ ဆွေမျိုးတွေ၊ မိတ်ဆွေတွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေက ကျွန်တော့်ကို ဖားလာကြတယ်။ ကျွန်တော် တကယ် ပျော်မိပြီး ဘဝမှာ နောက်ဆုံးတော့ ကြိုးစားစရာတစ်ခု ရှိပြီလို့ ထင်ခဲ့တယ်။ ပြန်စဉ်းစားကြည့်ရင် အဲဒီအချိန်က ဌာနမန်နေဂျာပဲ ရှိသေးပေမဲ့၊ ရာထူးထပ်တက်နိုင်ရင် ဝင်ငွေတိုးမယ့်အပြင် ကိုယ့်ဂုဏ်သတင်းလည်း ကြီးသည်ထက် ကြီးလာမယ်၊ အဲဒီအဆင့်ရောက်ရင် ငါ တကယ် အောင်မြင်ပြီး ကျော်ကြားမှုနှင့် အကျိုးအမြတ် နှစ်ခုလုံး ရမှာလို့ ခံစားမိတယ်။
နောက်ပိုင်းမှာ ဆွေမျိုးတစ်ယောက်က လာပြီး ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ ဧဝံဂေလိတရားဟောတယ်။ စုဝေးပွဲတွေ ခဏလောက် တက်ပြီးတဲ့နောက်မှာ ကျွန်တော် နားလည်လာတာက နောက်ဆုံးသော ကာလမှာ ဘုရားသခင် ဖော်ပြတဲ့ သမ္မာတရားတွေက လူသားမျိုးနွယ်ကို ကယ်တင်ဖို့ဖြစ်ပြီး လူတစ်ယောက်က သမ္မာတရားကို လိုက်စားပြီး ကိုယ့်စိတ်သဘောထား ပြောင်းလဲသရွေ့ ကြီးမားတဲ့ ကပ်ဘေးများအတွင်းမှာ ဘုရားသခင်ရဲ့ ကာကွယ်မှု ခံရနိုင်ပြီး ကောင်းမွန်တဲ့ ပန်းတိုင်ကို ဝင်ရောက်နိုင်မယ်ဆိုတာပါပဲ။ အဲဒီကစလို့ ပုံမှန်အလုပ်အပြင် ညီအစ်ကို မောင်နှမတွေနဲ့ စုဝေးပွဲတွေတက်၊ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို စားသောက်ပြီး ဘုရားသခင်ကို ချီးမွမ်းတဲ့ ဓမ္မတေးတွေ ဆိုခဲ့တယ်။ မကြာခင်မှာပဲ ကျွန်တော် တာဝန် စထမ်းဆောင်ခဲ့တယ်။ အစပိုင်းမှာတော့ တာဝန်က အလုပ်နဲ့ သိပ်မတိုက်ဘူး။ ဒါပေမဲ့ ကြာလာတော့ တာဝန်က ပိုများလာပြီး တစ်ခါတလေ ရက်ဆက်ခွင့်ယူရတာတွေ ရှိလာတယ်။ ကျွန်တော် စပူလာတယ်၊ ကိုယ့်တာဝန်က အလုပ်ကို ထိခိုက်မှာ စိုးရိမ်လာတယ်။ ကျွန်တော်တာဝန်ယူရတဲ့ ဘဏ္ဍာရေးအလုပ်က ပိုက်ဆံနဲ့ဆိုင်တော့ နည်းနည်းလေးလွဲတာနဲ့ အလုပ်ပြုတ်နိုင်တယ်၊ သူဌေးသာ နောက်ဆုံးမှာ အလုပ်ထုတ်လိုက်ရင် မျှော်လင့်ချက်တွေအကုန် သဲထဲရေသွန်ဖြစ်ပြီလေ။ “အဲလိုသာဖြစ်သွားရင် ဆွေမျိုးတွေ၊ မိတ်ဆွေတွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေက ငါ့ကို အခုလို အထင်ကြီးပါ့မလား” လို့ တွေးမိတယ်။ ဒါ့အပြင် အိမ်ရဲ့ နေထိုင်မှုအဆင့်အတန်းက အခုမှ နည်းနည်းတိုးတက်လာခါစရှိသေးတာ၊ ငါသာ အမှားလုပ်မိပြီး ဒီအလုပ် ပြုတ်သွားရင် နောက်ဆုံးမှာ ဆင်းရဲတဲ့ဘဝ ပြန်ရောက်သွားမှာ။ သေသေချာချာ စဉ်းစားပြီးတဲ့နောက်မှာ၊ ခွင့်ရက်လျှော့ယူပြီး အလုပ်ပိုလုပ်ဖို့ ဆုံးဖြတ်လိုက်တယ်။ အဲဒီနောက်ပိုင်းမှာ ကျွန်တော် ကိုယ့်တာဝန်ထမ်းဆောင်ဖို့ ခွင့်ယူထားတဲ့အချိန်မှာတောင် လက်ထောက်ဆီ ဖုန်းဆက်ပြီး သူ့အလုပ်အခြေအနေကို လှမ်းမေးတယ်၊ ဘာမှ အမှားအယွင်း မရှိရအောင် သူ့ကို သေသေချာချာ သတိပေးပြီး တိုက်တွန်းခဲ့တယ်။ ပုံမှန် ရုံးချိန်အတွင်းမှာဆို ပိုတောင် အလုပ်ကြိုးစားသေးတယ်၊ ဝိညာဉ်ရေးရာ ဆက်ကပ်နေတဲ့ အချိန်မှာတောင် အလုပ်ကိစ္စကို စိတ်ပူနေမိတယ်။ ရုံးဆင်းခါနီးအချိန်မှာ အလုပ်တစ်ခု ဝင်လာရင်တောင် ချက်ချင်း ကောက်လုပ်လိုက်တာပဲ။ တခြားလူတွေ ကဒ်ထိုးပြီး အိမ်ပြန်နားကြပေမဲ့ ကျွန်တော်ကတော့ ရုံးမှာကျန်ခဲ့ပြီး အချိန်ပို ဆက်ဆင်းနေတတ်တယ်။ တစ်ခါတလေ ညဉ့်နက်တဲ့အထိ အချိန်ပိုဆင်းတော့ ခါးတွေနာ၊ တစ်ကိုယ်လုံးလည်း အားမရှိတော့တဲ့အထိ ပင်ပန်းလာတယ်။ အိမ်ရောက်တဲ့အခါ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဖတ်မယ်လို့ စီစဉ်ထားပေမဲ့ စာကြောင်းရေ နည်းနည်းလောက် ဖတ်ပြီးတာနဲ့ အာရုံမစိုက်နိုင်တော့ဘဲ ဆက်ဖတ်ဖို့ အရမ်း အိပ်ငိုက်လာရော။ ကျွန်တော်က ကိုယ့်ကိုယ်ကိုယ်တောင် ဖြေသိမ့်ပြီး “နောက်မှ အချိန်ရရင် ဖတ်တော့မယ်” လို့ ပြောပြီးတော့ အိပ်လိုက်တာပါပဲ။ တစ်ခါတလေ စိတ်ငြိမ်ငြိမ်ထားပြီး ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို သေသေချာချာ စဉ်းစားသုံးသပ်ချင်ပေမဲ့ အင်အားက မရှိတော့ဘူး။ ကုမ္ပဏီကိစ္စနဲ့ ဖုန်းမြည်လာတာနဲ့ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် စာအုပ်ကို ပိတ်ပြီး အလုပ်သွားလုပ်တော့တာပဲ။ တာဝန်ကို မပျက်မကွက် ထမ်းဆောင်နေတယ် ဆိုပေမဲ့၊ ယုံကြည်သူတစ်ယောက် အနေနဲ့ ပုံမှန် ဝိညာဉ်ရေးရာ ဆက်ကပ်တာမျိုးတောင် မထိန်းသိမ်းနိုင်ဘူး၊ ဘုရားသခင်နဲ့ ပုံမှန်ဆက်ဆံရေးလည်း ရအောင်မလုပ်နိုင်ဘူး။ စိတ်မသန့်သလို ခံစားရပြီး ဒါမျိုးက ကျွန်တော် လိုချင်တဲ့ ဘဝမဟုတ်ဘူးလို့ တွေးမိတယ်။ ဒါပေမဲ့ ဒီအလုပ်က ပေးတဲ့ ဂုဏ်သိက္ခာကို တွေးမိပြန်တော့လည်း လက်မလွှတ်ရက်ပြန်ဘူး။ တကယ့်ကို ဘေးကျပ်နံကျပ်ပါပဲ။
ကျွန်တော် ဘယ်လောက် အလုပ်ကြိုးစားပြီး တာဝန်ကျေလဲဆိုတာ မြင်တော့၊ သူဌေးက ရုံးချုပ်ရဲ့ ဘဏ္ဍာရေး ရှင်းလင်းမှု မန်နေဂျာ ရာထူးကို တိုးပေးတယ်၊ ကွန်ရက်တစ်ခုလုံးရဲ့ ကုန်စည်ပို့ဆောင်ရေး စာရင်းရှင်းလင်းမှုတွေကို တာဝန်ယူရတာပေါ့။ ဒါက ကုမ္ပဏီရဲ့ အဓိက အကျဆုံး ဌာနပဲ၊ ဒီရာထူး ရလာတာက ကျွန်တော်ရဲ့ ရည်မှန်းချက်ဖြစ်တဲ့ ကားပိုင် အိမ်ပိုင် ဖြစ်ဖို့ ပိုပိုနီးစပ်လာသလိုပဲ၊ ဒီရာထူး တိုးလို့ ရလာမယ့် တခြား အကျိုးခံစားခွင့်တွေကတော့ ပြောမနေပါနဲ့တော့။ ကုမ္ပဏီတွေကော တစ်သီးပုဂ္ဂလတွေပါ၊ ငွေကြိုထုတ်ချင်တဲ့၊ သယ်ယူပို့ဆောင်ခ စောစောလိုချင်တဲ့သူတိုင်း ကျွန်တော့်ကို တမင်ကို မျက်နှာလိုမျက်နှာရ လုပ်ကြတယ်။ ဒါ့အပြင် ဌာနဝန်ထမ်းတွေအတွက် လစာတိုးတာ၊ အလုပ်တာဝန်ချထားတာနဲ့ ရာထူးနေရာချတာတွေမှာ ကျွန်တော်က အကြံပြုပိုင်ခွင့်ရှိတော့ ကျွန်တော့်ကို ဖားတဲ့လူ ပိုများလာတယ်။ တစ်ခါတလေ အလုပ် ဂရုထဲမှာ စာတစ်စောင် ပို့လိုက်ရင်၊ လူအများကြီးက ပြန်စာပို့ကြတယ်၊ ဒီလို တစ်ခွန်းဆို တစ်ခွန်း ဗြောင်းဆန်နေအောင် တုံ့ပြန်ကြတာမျိုး ကျွန်တော် တစ်ခါမှ မကြုံဖူးဘူး။ ဒီရာထူးနဲ့ဆိုတော့ ရာထူးတိုးတာနဲ့အမျှ လစာလည်း တိုးလာတဲ့အပြင် ပြင်ပဝင်ငွေတွေလည်း အများကြီး ရလာတယ်။ ကျွန်တော့်အကူအညီ လိုချင်တဲ့ သူဌေးတွေဆိုရင် ဒေသထွက်အစားအစာတွေ၊ တန်ဖိုးကြီး စီးကရက်နဲ့ အရက်တွေ၊ ဈေးဝယ်ကဒ်တွေနဲ့ တခြားပစ္စည်းတွေကို ရံဖန်ရံခါ လာပေးတတ်ကြတယ်၊ အားလပ်ရက်တိုင်းကတော့ ကျွန်တော့်အတွက် ရိတ်သိမ်းချိန်ပါပဲ။ တစ်ခါတလေ ယုံကြည်သူတစ်ယောက် အနေနဲ့၊ ကျွန်တော် ရိုးသားသင့်တယ်၊ ဘာသာတရား မရှိသူတွေလို ကိုယ်ကျိုးရှာဖို့ အာဏာမသုံးသင့်ဘူးလို့ တွေးမိပေမဲ့၊ အကျိုးအမြတ်ရဲ့ စုံစမ်းသွေးဆောင်မှုကို မလွန်ဆန်နိုင်ခဲ့ဘူး။ ဘုရားသခင်ရဲ့ သတ်မှတ်ချက်တွေကို ကျွန်တော် ကောင်းကောင်း သိပေမဲ့ လက်တွေ့မလုပ်ဆောင်နိုင်ခဲ့ပါဘူး။ ဒါ့အပြင် မျက်လုံး အကြာကြီး သုံးရလို့ အမြင်အာရုံ တဖြည်းဖြည်း ကျလာတယ်၊ ညဉ့်နက်တဲ့အထိ နေတာများလို့ သွေးပေါင်ချိန် တက်လာပြီး ခြေသလုံးတွေလည်း ရောင်လာတယ်၊ တစ်နေ့တာ အလုပ်ပြီးရင် လူရောစိတ်ပါ ပင်ပန်းနွမ်းနယ်နေရော။ ဒီအတိုင်း ဆက်သွားရင် ကျန်းမာရေး ထိခိုက်မယ်ဆိုတာ သိပေမဲ့၊ မရပ်တန့်နိုင်ခဲ့ဘူး။ ဒီအလုပ်သာ မရှိရင်၊ ဒီလို ရုပ်ဝတ္ထုဆိုင်ရာ အကျိုးခံစားခွင့်တွေနဲ့ လူတိုင်းရဲ့ လေးစားအားကျမှုတွေ အကုန် ဆုံးရှုံးသွားမှာလေ။ တစ်ခါတလေ စုဝေးပွဲတွေမှာ၊ ညီအစ်ကို မောင်နှမတွေက ကိစ္စတွေကို သူတို့ ဘယ်လိုတွေ့ကြုံခဲ့ရလဲ၊ သူတို့ရဲ့ ဖောက်ပြန်ပျက်စီးမှု ရှုထောင့်တွေကို ဘယ်လို သတိပြုမိလဲ၊ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဖတ်ပြီး ဘယ်လို ပြောင်းလဲသွားလဲ ဆိုတာတွေကို ပြောပြကြတယ်။ ကျွန်တော် တော်တော်လေး အားကျမိပြီး “ဒီညီအစ်ကို မောင်နှမတွေ အကုန်လုံးက စိတ်သဘောထား ပြောင်းလဲဖို့ လိုက်စားနေကြတာ၊ ငါကတော့ ငွေ၊ ကျော်ကြားမှုနဲ့ အကျိုးအမြတ်ဆိုတဲ့ ရွှံ့နွံထဲမှာ ရုန်းကန်နေရတုန်းပဲ၊ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို ဖယ်ရှားဖို့ နေနေသာသာ ခရစ်ယာန်တစ်ယောက်ရဲ့ ပုံသဏ္ဌာန်နဲ့ အသက်ရှင်နေထိုင်တာမျိုးတောင် မရှိသေးဘူး။ ငါက ငွေရဲ့ကျေးကျွန်စစ်စစ် ဖြစ်နေပြီပဲ” လို့ တွေးမိတယ်။ ဒီအလုပ်က သမ္မာတရား လိုက်စားမှုနဲ့ ဘုရားသခင်ကို ယုံကြည်မှုမှာ ကျွန်တော့်ကို တကယ် နှောင့်နှေးစေမှန်း သိပေမဲ့၊ အဲဒီကဆောင်ကြဉ်းပေးတဲ့ ကျော်ကြားမှုနဲ့ အကျိုးအမြတ်ကို လက်မလွှတ်ရက်နိုင် ဖြစ်နေတုန်းပဲ။ လက်လွှတ်လိုက်တာနဲ့၊ နှစ်ပေါင်းများစွာ ကြိုးစားပမ်းစား လုပ်ပြီး ရထားတဲ့ ဂုဏ်သရေနဲ့ ရုပ်ဝတ္ထုဆိုင်ရာ ပျော်မွေ့စရာတွေ အကုန် ဆုံးရှုံးသွားမယ်ဆိုတာ သိနေတာကိုး။ ကျွန်တော် တော်တော်လေး ဗျာများပြီး ဘာလုပ်ရမှန်း မသိခဲ့ဘူး။
တစ်နေ့ စုဝေးပွဲမှာ၊ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် တစ်ပိုဒ်ကို ဖတ်လိုက်ရတယ်။ “လူသည် အဓိပ္ပာယ်ရှိသော အသက်တာကို နေထိုင်ရန် ရှာဖွေလိုက်လျှောက်ရမည်ဖြစ်ပြီး သူ၏ လက်ရှိအခြေအနေများဖြင့် ရောင့်ရဲမနေသင့်ပါ။ ပေတရု၏ ပုံရိပ်အတိုင်း ရှင်သန်ရန် လူသည် ပေတရုအကြောင်း အသိပညာနှင့် သူ၏ အတွေ့အကြုံများကို ပိုင်ဆိုင်ရမည်။ လူသည် ပိုမိုမြင့်မားပြီး ပိုမိုနက်နဲသိမ်မွေ့သော အရာများကို လေ့လာလိုက်စားရမည်။ သူသည် ဘုရားသခင်အား ပိုမိုလေးနက်၍ ပိုမိုဖြူစင်သော ချစ်ခြင်းအပြင် တန်ဖိုးနှင့် အဓိပ္ပာယ်ပြည့်ဝသော အသက်တာကို ရှာဖွေလိုက်လျှောက်ရမည် ဖြစ်သည်။ ဤသည်သာ အသက်ရှင်ခြင်းအကြောင်း ဖြစ်၏၊ သို့မှသာ လူသည် ပေတရုနှင့် တူမည်ဖြစ်သည်။ အကောင်းဘက်တွင် တက်ကြွထက်သန်စွာ ဝင်ရောက်ခြင်းကို သင်အာရုံစိုက်ရမည်၊ ပိုမိုလေးနက်ပြီး ပိုမိုတိကျကာ ပိုမိုလက်တွေ့ကျသည့် သမ္မာတရားများကို လျစ်လျူရှုရင်း တဒင်္ဂသာယာမှုအလို့ငှာ မတက်မကြွဖြစ်ပြီး ဒုံရင်းသို့ပြန်ဆိုက်ရန် သင့်ကိုယ်သင် ခွင့်မပြုရ။ သင့်ချစ်ခြင်းသည် လက်တွေ့ကျရမည်ဖြစ်ပြီး တိရစ္ဆာန်၏ဘဝနှင့် မခြားသည့် အကျင့်စာရိတ္တပျက်ပြားကာ ပေါ့ပေါ့တန်တန်ဘဝမှ မိမိကိုယ်ကို လွတ်မြောက်စေရန် ဖြစ်နိုင်သမျှ နည်းလမ်းတိုင်းကို သင်ရှာရမည်။ သင်သည် အဓိပ္ပာယ်ရှိသောဘဝ၊ တန်ဖိုးရှိသောဘဝကို ရှင်သန်နေထိုင်ရမည်ဖြစ်ပြီး သင့်ကိုယ်သင် အရူးလုပ်ခြင်း သို့မဟုတ် သင့်ဘဝကို ဆော့ကစားစရာ အရုပ်ကဲ့သို့ သဘောထားခြင်းတို့ကို မပြုလုပ်ရ။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ပေတရု၏ အတွေ့အကြုံများ- ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့နှင့်သက်ဆိုင်သည့် သူ၏အသိ) ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက ကျွန်တော့်ကို တကယ် ဉာဏ်အလင်း ပေးခဲ့တယ်။ ဘုရားသခင်က ကျွန်တော်တို့ကို ပေတရုကို အတုယူဖို့ တောင်းဆိုထားတာပါ၊ လောကီကိစ္စတွေရဲ့ ချည်နှောင်တာ မခံရတဲ့၊ အဓိပ္ပာယ်ရှိတဲ့ ဘဝကို လိုက်စားဖို့အတွက် ကျော်ကြားမှု၊ အကျိုးအမြတ်၊ အဆင့်အတန်းနဲ့ ဇာတိပကတိရဲ့ သာယာမှုတွေကို စွန့်လွှတ်နိုင်ခဲ့တဲ့သူပေါ့။ ပေတရုက ပညာရေးမှာ ထူးကဲတဲ့ အောင်မြင်ဖြစ်ထွန်းမှု ရှိခဲ့တယ်၊ သူ့ရဲ့ ဉာဏ်ပညာနဲ့ဆိုရင် အဲဒီခေတ်တုန်းက အရာရှိတစ်ယောက် လုံးဝ ဖြစ်နိုင်ပေမဲ့၊ အရာရှိလုပ်ပြီး လောကီ ကျော်ကြားမှုနဲ့ အကျိုးအမြတ်ကို လိုက်စားတာက အဓိပ္ပာယ်မရှိဘူးလို့ ခံစားခဲ့ရတယ်၊ အဲဒီအစား အဓိပ္ပာယ်ရှိတဲ့ ဘဝကိုပဲ ရှာဖွေချင်ခဲ့တာ။ နောက်ပိုင်းမှာ၊ သခင်က သူ့နောက်လိုက်ဖို့ ပေတရုကို ခေါ်ဆောင်ခဲ့တယ်၊ ပေတရုဟာ သမ္မာတရား အများကြီး ရရှိခဲ့တယ်၊ ဘုရားသခင်နဲ့ပတ်သက်ပြီး စစ်မှန်တဲ့ နားလည်သဘောပေါက်မှု ရှိလာပြီး နောက်ဆုံးမှာ ဘုရားသခင်ကို အကြီးမားဆုံး ချစ်တဲ့အချစ်နဲ့ သေတဲ့အထိ ကျိုးနွံနာခံမှုကို ရရှိခဲ့တယ်၊ ပြီးတော့ ဘုရားသခင်ရဲ့ အသိအမှတ်ပြုခြင်းကို ခံခဲ့ရတယ်။ ပြီးတော့ ဒါနဲ့ နှိုင်းယှဉ်ပြီး ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်မိတယ်။ အထင်ကြီးခံရပြီး အောင်မြင်ဖို့အတွက် ကျွန်တော့် အင်အားတွေအကုန်လုံးကို အလုပ်ထဲ ပုံအောထားခဲ့တယ်၊ ဒါပေမဲ့ ဒီလို ငွေ၊ အဆင့်အတန်းနဲ့ ဇာတိပကတိ သာယာမှုတွေကို လိုက်စားလို့ တကယ်တမ်း ဘာရမှာလဲ။ ပြန်စဉ်းစားကြည့်ရင်၊ ကျွန်တော့်ရဲ့ ဇာတိပကတိ လိုအင်ဆန္ဒတွေ ပြည့်ဝသွားပြီး ကားပိုင်၊ အိမ်ပိုင်၊ ရာထူးပိုင် ဖြစ်ချင်တဲ့ ပန်းတိုင်တွေ ရောက်သွားရင်တောင်မှ၊ ဘုရားသခင်ကို ယုံကြည်ရက်နဲ့ သမ္မာတရားကို မရခဲ့ဘူးဆိုရင် ဒီလိုအသက်ရှင်တာက ဘာအဓိပ္ပာယ် ရှိမှာလဲ။ ဒါက ဘဝကို အလဟဿ ဖြုန်းတီးတာ မဟုတ်ဘူးလား။ ဇာတိပကတိ သာယာမှုတွေကို ဖြည့်ဆည်းဖို့ သက်သက်ပဲ ရှင်သန်တာက တိရစ္ဆာန်လို ရှင်သန်တာနဲ့ ဘာမှ မခြားပါဘူး၊ ဇာတိပကတိ သာယာမှုတွေက ဘယ်လောက်ပဲ ကောင်းနေပါစေ၊ နောက်ဆုံးကျတော့ ဘာမှ မဟုတ်သလို ဖြစ်သွားမှာပဲ။ ပေတရုရဲ့ စိတ်ပိုင်းဖြတ်မှုကို ကျွန်တော် မမီသေးပေမဲ့၊ အဲဒီလိုဖြစ်ဖို့ ကြိုးစားရမယ်၊ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို စားသောက်ဖို့နဲ့ သမ္မာတရားကို လိုက်စားဖို့ ပိုအာရုံစိုက်ရမယ်။ ဒါနဲ့ ကျွန်တော် ဘုရားသခင်ဆီ ဆုတောင်းပြီး ကျွန်တော့်အတွက် လမ်းကြောင်းဖွင့်ပေးဖို့ တောင်းလျှောက်ခဲ့တယ်။ “ဘုရားသခင်၊ ကျွန်တော် ဒီလို ဆက်မနေချင်တော့ပါဘူး။ သမ္မာတရားကို ဝီရိယရှိရှိ လိုက်စားချင်ပါတယ်။ အခုအချိန်မှာ ကျွန်တော့်ရဲ့ နားလည်နိုင်စွမ်းက အကန့်အသတ် ရှိနေသေးပေမဲ့၊ ငွေ၊ ကျော်ကြားမှုနဲ့ အကျိုးအမြတ်တွေကို တဖြည်းဖြည်းချင်း လက်လွှတ်ချင်ပါတယ်။ ငွေ၊ ကျော်ကြားမှုနဲ့ အကျိုးအမြတ်ဆိုတဲ့ နွံထဲကနေ ရုန်းထွက်နိုင်အောင် ကျွန်တော့်ကို လမ်းပြပေးပါလို့ တောင်းလျှောက်ပါတယ်” ပေါ့။ ဆုတောင်းပြီးနောက်မှာ စိတ်တော်တော် ငြိမ်သွားတယ်။
တစ်ရက်ကျတော့၊ သူဌေးက ကျွန်တော့်ကို ရုတ်တရက် ခေါ်ပြောတယ်။ ကုန်စည်ပို့ဆောင်ရေး စာရင်းရှင်းလင်းမှုက အတော်လေး တည်ငြိမ်နေပြီ၊ လေကြောင်းလိုင်း စာရင်းရှင်းလင်းမှုကတော့ စမ်းသပ်တဲ့ အဆင့်ပဲ ရှိသေးတယ်၊ အဲဒီအလုပ်ကို ကျွန်တော့်ကို တာဝန်ယူစေချင်တယ်တဲ့။ လေကြောင်းလိုင်း စာရင်းရှင်းလင်းမှုက ကုန်စည်ပို့ဆောင်ရေးလောက် ဂုဏ်မရှိပေမဲ့၊ အလုပ်ကတော့ အများကြီး နည်းတယ်။ ဘုရားသခင်က ကျွန်တော့်ဆုတောင်းသံကို နားညောင်းပြီး ကျွန်တော့်ရဲ့ ဝိညာဉ်ရင့်ကျက်မှုနဲ့အညီ ငွေ၊ ကျော်ကြားမှုနဲ့ အကျိုးအမြတ် အနှောင်အဖွဲ့တွေကနေ ရုန်းထွက်ဖို့ တစ်ဆင့်ချင်း လမ်းပြနေတယ်ဆိုတာ ကျွန်တော့်အတွက် ရှင်းပါတယ်။ ကုန်စည်ပို့ဆောင်ရေးက သူဌေးတွေက တကယ့်ကို အထက်ဖားအောက်ဖိတွေ၊ ကျွန်တော် ဌာနပြောင်းသွားတာ ကြားတော့ သူတို့အားလုံး ကျွန်တော်နဲ့ ခပ်ကင်းကင်းနေပြီး ဘာမှ မပတ်သက်ချင်ကြတော့ဘူး။ တစ်ခါတလေ ကျွန်တော့်ကို တွေ့ရင် ဖုန်းထုတ်ပြီး ဖုန်းပြောချင်ယောင်ဆောင်ပြတယ်။ အရင်က လူတွေ ကျွန်တော့်နား ဝိုင်းဝိုင်းလည်နေတာနဲ့ ယှဉ်လိုက်ရင်၊ တကယ့်ကို ဘဝနိမ့်သွားသလို ခံစားရပြီး လူတွေရဲ့ အားကျမှုနဲ့ ဖားတာ ခံရတဲ့ နေ့ရက်တွေကို လွမ်းနေတာကို ကိုယ့်ကိုယ်ကိုယ် မြင်လိုက်ရတယ်။ တစ်ရက် စုဝေးပွဲမှာ၊ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် တစ်ပိုဒ်ကို ဖတ်မိတယ်။ “အပြုသဘောဆောင်ခြင်းနှင့် အပျက်သဘောဆောင်ခြင်း၊ အဖြူနှင့်အမည်း၊ မိသားစုနှင့် ဘုရားသခင်၊ သားသမီးနှင့် ဘုရားသခင်၊ သဟဇာတကျခြင်းနှင့် ပြိုကွဲခြင်း၊ ကြွယ်ဝခြင်းနှင့် ဆင်းရဲခြင်း၊ အဆင့်အတန်းနှင့် သာမန်ဖြစ်ခြင်း၊ ပံ့ပိုးအားပေးမှုခံရခြင်းနှင့် ငြင်းပယ်ခံရခြင်း စသည်တို့ကြားမှ ရုန်းကန်မှုများအားလုံးတွင် သင်တို့ပြုလုပ်ခဲ့သည့် ရွေးချယ်မှုများနှင့်ပတ်သက်၍ သင်တို့သည် သေချာပေါက် မသိနားမလည်ခြင်း မဟုတ်။ သဟဇာတကျသောမိသားစုနှင့် အိမ်ထောင်ကွဲ မိသားစုအကြားဆိုလျှင် သင်တို့သည် တုံ့ဆိုင်းမနေဘဲ ပထမတစ်ခုကို ရွေးကြသည်၊ စည်းစိမ်ဥစ္စာနှင့် တာဝန်ဝတ္တရား ဆိုလျှင်လည်း ကမ်းခြေသို့ ပြန်ဆိုက် လိုစိတ်ပင် မရှိဘဲ ပထမတစ်ခုကိုသာ ထပ်ရွေးကြသည်၊ ဇိမ်ခံခြင်းနှင့် ဆင်းရဲမှုအကြားဆိုလျှင်လည်း ပထမတစ်ခုကိုသာ ရွေးကြသည်၊ သားသမီးများ၊ ဇနီး၊ ခင်ပွန်းနှင့် ငါနှင့်အကြားဆိုလျှင်လည်း ပထမတစ်ခုကိုသာ ရွေးကြသည်၊ အယူအဆများနှင့် သမ္မာတရား ဆိုလျှင်လည်း ပထမတစ်ခုကိုသာ ရွေးကြဆဲဖြစ်သည်။ သင်တို့၏ အမျိုးမျိုးသော ဒုစရိုက်အမှုများကို ရင်ဆိုင်ရသည့်အတွက်၊ ငါသည် သင်တို့အပေါ်၌ ယုံကြည်ခြင်း ကင်းမဲ့သွားခဲ့ကာ အလွန်အမင်းပင် အံ့အားသင့်မိလေသည်။ သင်တို့၏ စိတ်နှလုံးများသည် မထင်မှတ်လောက်အောင်ပင် ပျော့ပျောင်းလာနိုင်စွမ်း မရှိချေ။ နှစ်ပေါင်းများစွာ ငါ အသုံးခံခဲ့သည့် ကြီးမားသော အဖိုးအခသည် အံ့အားသင့်စရာ ကောင်းလောက်အောင် သင်တို့၏ စွန့်ပစ်ခြင်းနှင့် လက်မှိုင်ချခြင်းမှလွဲ၍ ငါ့အား မည်သည့်အရာမျှ မဆောင်ကြဉ်းပေးခဲ့သော်လည်း သို့သော်တစ်ယောက်ချင်းစီ၏ရှေ့၌ ငါ၏နေ့ရက်ကို အလုံးစုံချခင်းထားပြီး ဖြစ်သည့်အတွက် သင်တို့အပေါ်ထားသော ငါ၏မျှော်လင့်ချက်များမှာ တစ်နေ့ပြီးတစ်နေ့ ပိုကြီးထွားလာ၏။ သို့တိုင်အောင် သင်တို့သည် အမှောင်ထုနှင့် ဆိုးယုတ်သော အရာများကို လိုက်စားနေကြဆဲဖြစ်ကာ ယင်းတို့ကို စွန့်လွှတ်ဖို့ ငြင်းဆန်ကြသည်။ ထိုသို့ဆိုလျှင် သင်တို့၏ အဆုံးသတ်ကား အဘယ်အရာဖြစ်မည်နည်း။ ဤအကြောင်းကို သင်တို့ သေသေချာချာ တွေးကြည့်ဖူးသလော။ အကယ်၍ သင်တို့ကို ထပ်ရွေးခိုင်းပါက သင်တို့၏ရပ်တည်ချက်သည် မည်သို့ဖြစ်လိမ့်မည်နည်း။ ယခင်အတိုင်းပင် ဖြစ်ကြဦးမည်လော။ သင်တို့က ငါ့ကို စိတ်ပျက်မှုနှင့် နာကျင်ဖွယ် ဝမ်းနည်းမှုတို့ကို ထပ်ပေးဦးမည်လော။ သင်တို့၏ နှလုံးသားများသည် ငွေ့ငွေ့လေးသာ နွေးနေဦးမည်လော။ ငါ၏ နှလုံးသားကို နှစ်သိမ့်စေဖို့ရန်အတွက် အဘယ်အရာလုပ်ရမည်ကို သင်တို့ မသိဘဲနေဦးမည်လော။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်မည်သူ့ကို အတိအကျ သစ္စာစောင့်သိနေသနည်း) ဘုရားသခင် မေးခွန်းထုတ်လိုက်တဲ့ အချက်တိုင်းက ကျွန်တော့်ရင်ထဲကို လာထိမှန်တယ်။ ဘုရားသခင်ကို ယုံကြည်ခဲ့ပေမဲ့ ငွေ၊ ကျော်ကြားမှုနဲ့ အကျိုးအမြတ်ကို ထိုးထွင်းမမြင်နိုင်သေးဘူး၊ ကျွန်တော့်ရဲ့ အင်အား အများစုကို အလုပ်နဲ့ ငွေရှာဖို့ပဲ အာရုံစိုက်ထားခဲ့လို့ ပုံမှန် ဝိညာဉ်ရေးရာ ဆက်ကပ်တာ၊ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေ ဖတ်တာကို အလျဉ်မီအောင်တောင် မလုပ်နိုင်ခဲ့ဘူး။ အခုလို တာဝန်ပြောင်းလဲမှုနဲ့ ပတ်သက်ပြီး အဲဒါကို ဘုရားသခင်ဆီက ခံယူနိုင်ပေမဲ့ လေကြောင်းလိုင်း စာရင်းရှင်းလင်းမှု အလုပ်ကို လက်ခံပြီးတဲ့နောက်မှာ၊ အရင်က ကျွန်တော့်ကို ဖားခဲ့တဲ့ သူဌေးတွေက ရုတ်တရက်ကြီး လေသံပြောင်းသွားတာကို မြင်တော့ ကျွန်တော် တုန်လှုပ်သွားခဲ့တယ်။ အာဏာရှိတာက ပိုကောင်းတယ်၊ အာဏာမရှိရင် ဘယ်သူမှ မလေးစားကြဘူးလို့ ခံစားရလို့ ကုန်စည်ပို့ဆောင်ရေး ကိုင်တွယ်ခဲ့တဲ့ နေ့ရက်တွေကို လွမ်းနေတုန်းပဲ။ ကျွန်တော်ဟာ ဘုရားသခင် ဖော်ထုတ်လိုက်တဲ့ ငွေ၊ ကျော်ကြားမှုနဲ့ အကျိုးအမြတ်ကိုပဲ သစ္စာရှိတဲ့ လူစားမျိုးပါပဲလား။ ဒီရာထူးအပြောင်းအလဲက ဘုရားသခင် ကျွန်တော့်အတွက် လမ်းကြောင်း ဖွင့်ပေးလိုက်တာပါ၊ လေကြောင်းလိုင်း စာရင်းရှင်းလင်းမှုရဲ့ အလုပ်ပမာဏက ကုန်စည်ပို့ဆောင်ရေးထက် အများကြီး နည်းတော့၊ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေနဲ့ ကိုယ့်ကိုယ်ကိုယ် ပိုပြင်ဆင်ဖို့ အချိန်ပိုဖယ်လာနိုင်တယ်၊ အားတဲ့အချိန်မှာ လုပ်ဖော်ကိုင်ဖက်တွေကို ဧဝံဂေလိတရား ဟောနိုင်တယ်၊ ဒါက သမ္မာတရား လိုက်စားဖို့နဲ့ ကိုယ့်တာဝန်တွေကို ထမ်းဆောင်ဖို့အတွက် အကျိုးရှိတယ်။ ဒါကို တွေးမိတော့ အရင်အလုပ်ကို မလွမ်းတော့ဘူး။
၂၀၁၃ မေလမှာ၊ သူဌေးက ကုန်စည်ပို့ဆောင်ရေးနဲ့ လေကြောင်းလိုင်း စာရင်းရှင်းလင်းမှု ဌာနနှစ်ခုကို ပေါင်းပြီး ဌာနအသစ် တစ်ခု ဖွဲ့လိုက်တယ်၊ ပြီးတော့ ကျွန်တော့်ကို အပြည့်အဝ တာဝန်ယူခိုင်းတယ်။ အခု အလုပ်ပမာဏက တစ်မျိုးတည်း ကိုင်တွယ်ရတာနဲ့ ယှဉ်ရင် နှစ်ဆဖြစ်သွားပြီ၊ လက်ထောက်တွေ အများကြီး ထပ်ထည့်ပေးပေမဲ့၊ ဂရုစိုက်ရမယ့် ကိစ္စတွေက အများကြီး ကျန်နေတုန်းပဲ၊ တဖြည်းဖြည်းနဲ့ ကျွန်တော့်အချိန်တွေ အလုပ်ထဲမှာပဲ ကုန်လာပြန်တယ်။ လေကြောင်းလိုင်း စာရင်းရှင်းလင်းမှု ကြီးကြပ်တုန်းက အလုပ်သိပ်မများခဲ့တဲ့ အချိန်တွေကို မတွေးဘဲ မနေနိုင်ဘူး၊ အဲဒီတုန်းက ပုံမှန် ဝိညာဉ်ရေးရာ ဆက်ကပ်တာတွေကို အလျဉ်မီအောင် လုပ်နိုင်ရုံတင်မကဘဲ လုပ်ဖော်ကိုင်ဖက်တွေကို ဧဝံဂေလိတရား ဟောဖို့ အချိန်ရခဲ့တယ်၊ အဲဒီလိုဟောရင်းနဲ့ သမ္မာတရား အများကြီးကို နားလည်လာရတယ်၊ ကိုယ့်ရဲ့ လိုအပ်ချက်တွေကို တွေ့လာရတယ်၊ လူတွေကို ကယ်တင်ချင်တဲ့ ဘုရားသခင်ရဲ့ အရေးတကြီး အလိုတော်ကို တွေ့ကြုံခံစားခဲ့ရတယ်။ ဒါပေမဲ့ အခု ကျွန်တော့်အင်အားတွေ အကုန်လုံး အလုပ်ထဲ ရောက်နေပြန်ပြီ၊ ပေါင်းလိုက်တဲ့ ဌာနသစ်ကို တာဝန်ယူဖို့ သူဌေးရဲ့ ဆုံးဖြတ်ချက်က စာတန်ဆီက စုံစမ်းသွေးဆောင်ခြင်းဆိုတာ ကျွန်တော် သဘောပေါက်လိုက်တယ်။ ဒါကြောင့် အလုပ်ထွက်ချင်ခဲ့တယ်။ ဒါပေမဲ့ ဒီအလုပ်က ကျွန်တော် ကြိုးစားခဲ့သမျှ နှစ်တွေအားလုံးက ရလာတဲ့ ရလဒ်ဆိုတာ တွေးမိတော့၊ အရမ်းလွယ်လွယ်ကူကူနဲ့ လက်လွှတ်ဖို့ကို အင်တင်တင် ဖြစ်နေခဲ့တယ်၊ ဒါနဲ့ ဘုရားသခင်ဆီ ဆုတောင်းလိုက်တယ်။ “ဘုရားသခင်၊ ကျွန်တော် ဗျာများနေပါတယ်။ ဒီအလုပ်က ထွက်လိုက်ရင်၊ ရိုးရိုးကုပ်ကုပ် နေရတော့မယ်၊ အရင်က ကိုယ့်အိပ်မက်တွေအကုန် လေထဲတိုက်အိမ်ဆောက်သလို ဖြစ်သွားလိမ့်မယ်၊ ဒါပေမဲ့ သမ္မာတရား လိုက်စားဖို့က ပိုအရေးကြီးတယ်ဆိုတာ ကျွန်တော် သိပါတယ်၊ ဒါကြောင့် ကျွန်တော့်ကို လမ်းပြပေးပါ” လို့ပေါ့။ အဲဒီအချိန်အတောအတွင်းမှာ ဘုရားသခင်ရဲ့ လမ်းပြမှုနဲ့ ဦးဆောင်မှုကို ရှာဖွေရင်း ဘုရားသခင်ဆီ ခဏခဏ ဆုတောင်းခဲ့တယ်၊ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကိုလည်း သတိရှိရှိ ရှာဖတ်ခဲ့တယ်။ တစ်နေ့မှာ “ကမ္ဘာကြီးသည် သင်နားခိုရာနေရာလောကျူး” ဆိုတဲ့ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် ဓမ္မတေးကို ကြားလိုက်ရတယ်။
၁ ...ကမ္ဘာလောကသည် အမှန်တကယ် သင်၏နားခိုရာနေရာ ဟုတ်သလော။ ငါ၏ ပြစ်တင်ဆုံးမခြင်းကို ရှောင်ရှားခြင်းဖြင့် ကမ္ဘာလောကကြီးထံမှ အားရကျေနပ်ခြင်းနှင့်ဆိုင်သည့် အမှေးမှိန်ဆုံး အပြုံးတစ်ခု သင် အမှန်တကယ် ရရှိနိုင်သလော။ ဖုံးကွယ်၍ မရသည့် အနှစ်မဲ့ခြင်း၊ သင့်နှလုံးသားထဲက အနှစ်မဲ့ခြင်းကို ဖုံးကွယ်ထားဖို့ သင်၏တဒင်္ဂပျော်ရွှင်မှုကို အမှန်တကယ် အသုံးပြု၍ ရနိုင်သလော။
၂ သင်သည် သင်၏ မိသားစုထဲမှ အယောက်တိုင်းကို လှည့်စား၍ရနိုင်သော်လည်း၊ ငါ့ကိုကား မည်သည့်အခါမျှ လှည့်စား၍ မရနိုင်။ သင်၏ယုံကြည်ခြင်းသည် အလွန် အားနည်းလှသောကြောင့်၊ သင်သည် ယနေ့အထိ အသက်ရှင်ခြင်းက ပေးရန်ရှိသော ဝမ်းမြောက်မှုများကို ရှာဖွေဖို့ရန် အစွမ်းမဲ့ဖြစ်နေဆဲ ဖြစ်သည်။ သင့်ကို ငါ တိုက်တွန်းသည်။ လူတစ်ယောက် မခံနိုင်သော ဆင်းရဲဒုက္ခကို သင် ကြံ့ကြံ့ခံရင်း ဇာတိပကတိအတွက် အလုပ်ရှုပ်ကာ သာမညောင်ည အဆင့်တွင် သင့်တစ်ဘဝလုံးကို ကုန်ဆုံးစေမည့်အစား သင့်ဘဝ ထက်ဝက်ကို ငါ့အတွက် စစ်မှန်ရိုးသားစွာ ကုန်လွန်စေသင့်သည်။ သင့်ကိုယ်သင် အလွန်တန်ဖိုးထားပြီး ငါ၏ ပြစ်တင်ဆုံးမခြင်းမှ ထွက်ပြေးခြင်းသည် အဘယ်အကျိုးရှိသနည်း။...
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စစ်မှန်သောလူတစ်ယောက် ဖြစ်ခြင်းဆိုသည်မှာ
ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက ကျွန်တော့်ကို တော်တော် တို့ထိခဲ့တယ်။ ငွေ၊ အဆင့်အတန်းနဲ့ ရုပ်ဝတ္ထု ကြွယ်ဝတဲ့ ဘဝကို လိုက်စားရာမှာ နေ့တိုင်း စက်ယန္တရားတစ်ခုလို မနားတမ်း အလုပ်လုပ်နေခဲ့ပုံနဲ့ နောက်ဆုံးကျတော့ ကိုယ်ရောစိတ်ပါ ပင်ပန်းပြီး ရောဂါဝေဒနာတွေ အများကြီး ခံစားခဲ့ရပုံကို ကျွန်တော် တွေးမိတယ်။ လေကြောင်းလိုင်း စာရင်းရှင်းလင်းမှု ကြီးကြပ်တုန်းက၊ ပြင်ပဝင်ငွေ နည်းပေမဲ့၊ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို စားသောက်ဖို့ အချိန်ပိုရခဲ့တယ်၊ စိတ်နှလုံးက ဘုရားသခင်နဲ့ ပိုနီးစပ်ခဲ့တယ်၊ ဒါက ကျွန်တော့်ရဲ့ ဝိညာဉ်ရေးရာ အမြင်သဘောထားကို ပြောင်းလဲပေးခဲ့တယ်။ ကပ်ဘေးတွေက တဖြည်းဖြည်း ကြီးမားလာနေချိန်မှာ၊ ငွေနဲ့ အဆင့်အတန်းကို ဆက်ဖက်တွယ်ထားမယ်ဆိုရင်၊ ဘုရားသခင်ရဲ့ အမှုတော် ပြီးဆုံးတဲ့အချိန်မှာ သမ္မာတရားကို မရရှိဘဲ ဘေးအန္တရာယ်တွေထဲမှာ ပျက်စီးသွားခဲ့ရင်၊ နောင်တရဖို့ အရမ်းကို နောက်ကျသွားမှာပဲ။ ဘုရားသခင်က ကျွန်တော့်အတွက် ဒီလောက်ကောင်းတဲ့ အခွင့်အရေး ပြင်ဆင်ပေးထားတယ်၊ သူ့ရဲ့ နှုတ်ကပတ်တော် အာဟာရပေးမှုနဲ့ ရေလောင်းပေးမှုကို ခံယူခွင့်ပေးတယ်၊ ညီအစ်ကို မောင်နှမတွေနဲ့ စုဝေးပြီး သူ့ရဲ့ နှုတ်ကပတ်တော်တွေကို မိတ်သဟာယဖွဲ့ခွင့်ပေးတယ်၊ ဝိညာဉ်အစာတွေ ထောက်ပံ့ပေးတယ်။ ဒါတောင်မှ ကျွန်တော်က ကျေးဇူးတင်စိတ် လုံးဝမရှိဘူး။ လူတွေကို ကယ်တင်ချင်တဲ့ ဘုရားသခင်ရဲ့ အရေးတကြီး ရည်ရွယ်ချက်ကို နားမလည်ခဲ့ဘူး၊ ဖန်ဆင်းခံတစ်ယောက်ရဲ့ တာဝန်ကို မထမ်းဆောင်နိုင်ခဲ့ဘူး၊ ကိုယ့်အနာဂတ်နဲ့ စားဝတ်နေရေးအတွက်ပဲ ကြံစည်နေတုန်းပဲ။ ဇာတိပကတိအတွက် ဒီလောက် အပင်ပန်းခံ ကြိုးစားနေတာတွေက အလဟဿ ဖြစ်မသွားဘူးလား။ မျက်စိရှေ့က အကျိုးအမြတ် အသေးအမွှားလေးတွေကိုပဲ ဂရုစိုက်ပြီး၊ သမ္မာတရားနဲ့ အသက် ရနိုင်မယ့် အခွင့်အရေးကို လက်လွှတ်ဆုံးရှုံးခဲ့တယ်။ ကျွန်တော် တကယ်ကို မျက်တောင်တစ်ဆုံးပဲ ကြည့်ခဲ့တယ်။ ကျွန်တော် လိုက်စားနေတဲ့ ရုပ်ဝတ္ထုပစ္စည်းတွေက ဘေးအန္တရာယ်တွေကြုံရင် ဘာမှ သုံးစားလို့ ရမှာမဟုတ်ဘူး၊ ကျွန်တော့်ကို လုံးဝ ကယ်တင်နိုင်မှာ မမဟုတ်ဘူး။ ဒါကို သဘောပေါက်လိုက်တော့၊ ဘုရားသခင် ရှေ့မှောက်မှာ ဒူးထောက်ပြီး ဆုတောင်းလိုက်တယ်။ “ဘုရားသခင်၊ ကိုယ်တော့်အပေါ် ကျွန်တော် တကယ် အကြွေးတင်နေပါတယ်။ ကိုယ်တော်က ကျွန်တော့်ကို ကယ်တင်ခဲ့ပေမဲ့၊ ကျွန်တော်က ကျေးဇူးဆပ်ဖို့ မတွေးခဲ့ဘဲ၊ ငွေနဲ့ အဆင့်အတန်းကို ဖက်တွယ်ထားတုန်းပါပဲ။ ဒီအရာတွေက ကျွန်တော့်ကို တော်တော် စုံစမ်းသွေးဆောင်ပါတယ်။ ဘုရားသခင်၊ ကျွန်တော့်ရဲ့ ဝိညာဉ်ရင့်ကျက်မှုက သေးငယ်လွန်းပါတယ်၊ ဒီညစ်ညမ်းတဲ့လောကမှာ စာတန်ရဲ့ ဖောက်ပြန်ပျက်စီးစေတာ၊ အရူးလုပ်တာကို ဆက်မခံချင်တော့ပါဘူး။ ကိုယ်တော့်မေတ္တာကို ပြန်ပေးဆပ်ဖို့အတွက် အချိန်ပြည့် တာဝန်ထမ်းဆောင်နိုင်အောင် ဇာတိပကတိကို ပုန်ကန်မယ့် စိတ်ပိုင်းဖြတ်မှုကို ကျွန်တော့်အား ပေးသနားတော်မူပါ” လို့ပေါ့။
နောက်ပိုင်းမှာ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် တစ်ပိုဒ်ကို ဖတ်ပြီး ကျော်ကြားမှုနဲ့ အကျိုးအမြတ် လိုက်စားခြင်းရဲ့ အကျိုးဆက်တွေကို ပိုရှင်းရှင်းလင်းလင်း မြင်လာရတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “စာတန်သည် လူတို့၏ အတွေးများကို ထိန်းချုပ်ရန်အတွက် ကျော်ကြားမှုနှင့် အကျိုးအမြတ်ကို အသုံးပြုပြီး လူတို့အား ဤအရာနှစ်ခုမှလွဲ၍ အခြားမည်သည့်အရာကိုမျှ မတွေးစေရန် လုပ်ဆောင်သည်။ ပြီးလျှင် ကျော်ကြားမှုနှင့် အကျိုးအမြတ်အတွက် ရုန်းကန်စေသည်။ ကျော်ကြားမှုနှင့် အကျိုးအမြတ်အတွက် ဒုက္ခခံစေသည်။ ကျော်ကြားမှုနှင့် အကျိုးအမြတ်အတွက် အရှက်ရခြင်းကို သည်းခံပြီး လေးလံသော ဝန်ထုပ်ဝန်ပိုးများကို ခံယူစေသည်။ ကျော်ကြားမှုနှင့် အကျိုးအမြတ်အတွက် အရာရာတိုင်းကို စတေးစေသည်။ အကဲဖြတ်ချက်၊ သို့မဟုတ် ဆုံးဖြတ်ချက်တိုင်းကို ကျော်ကြားမှုနှင့် အကျိုးအမြတ်အတွက် ပြုလုပ်စေသည်။ ဤသို့ဖြင့် စာတန်သည် လူတို့အပေါ် မမြင်ရသော အချုပ်အနှောင်များထားရှိသည်။ လူတို့အပေါ်တွင် ဤအချုပ်အနှောင်များရှိသဖြင့် ၎င်းတို့သည် ချိုးဖျက်လွတ်မြောက်ရန် စွမ်းရည် သို့မဟုတ် သတ္တိလည်းမရှိပေ။ ၎င်းတို့သည် သတိမထားမိဘဲ ကြီးမားသော အခက်အခဲဖြင့် တစ်ဆင့်ချင်း လေးလံစွာ လျှောက်လှမ်းလျက် ဤအချုပ်အနှောင်များကို ထမ်းပိုးထားရသည်။ ဤကျော်ကြားမှုနှင့် အကျိုးအမြတ်အတွက် အလို့ငှာ လူသားမျိုးနွယ်သည် ဘုရားသခင်ထံမှ သွေဖည်၍ ကိုယ်တော်အား သစ္စာဖောက်ပြီး တိုး၍ ကောက်ကျစ်ဆိုးယုတ် လာကြသည်။ ဤနည်းဖြင့် မျိုးဆက်တစ်ခုပြီး တစ်ခုသည် စာတန်၏ ကျော်ကြားမှုနှင့် အကျိုးအမြတ် အကြားတွင် ဖျက်ဆီးခံကြရ၏။ စာတန်၏ လုပ်ဆောင်မှုတို့ကို ယခု ကြည့်သည့်အခါ ၎င်း၏ မသိမသာဖြင့် ဒုက္ခပေးသော ရည်ရွယ်ချက်တို့သည် လုံးဝ မုန်းတီးဖွယ်ကောင်းသည် မဟုတ်လော။ သင်တို့သည် ကျော်ကြားမှုနှင့် အမြတ်အစွန်း မပါလျှင် ဘဝသည် အဓိပ္ပာယ်ရှိမည် မဟုတ်ဟုလည်းကောင်း၊ လူတို့သည် ရှေ့ဆက်လမ်းခရီးကို မြင်နိုင်တော့မည် မဟုတ်ဟုလည်းကောင်း၊ မိမိတို့၏ ပန်းတိုင်ကို မြင်နိုင်တော့မည် မဟုတ်ဟုလည်းကောင်း၊ ၎င်းတို့၏ အနာဂတ်သည် မှောင်မိုက်ကာ မှေးမှိန်ပြီး သုန်မှုန်နေမည်ဟုလည်းကောင်း ထင်သည့်အတွက်ကြောင့် စာတန်၏ မသိမသာဖြင့် ဒုက္ခပေးသော ရည်ရွယ်ချက်များကို ယနေ့တွင် ထိုးထွင်းသိမြင်နိုင်ခြင်း မရှိသေးသည်မှာ ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့သော် ကျော်ကြားမှုနှင့် အကျိုးအမြတ်တို့သည် စာတန်က လူတို့အပေါ် ထားရှိသည့် ကြီးမားသော အချုပ်အနှောင်များဖြစ်သည်ကို တစ်နေ့တွင် သင်တို့သည် ဖြည်းဖြည်းချင်း သတိပြုမိလာကြလိမ့်မည်။ ထိုနေ့ရက်ရောက်သောအခါတွင် စာတန်၏ ထိန်းချုပ်မှုကို သင် လုံးလုံးလျားလျား အတိုက်အခံလုပ်မည် ဖြစ်ပြီး သင့်ထံသို့ စာတန် ဆောင်ကြဉ်းလာသည့် အချုပ်အနှောင်များကို လုံးလုံးလျားလျား အတိုက်အခံလုပ်လိမ့်မည်။ စာတန်က သင်၌ သွတ်သွင်းထားသော ဤအရာအားလုံးမှ သင့်ကိုယ်သင် ရုန်းထွက်လွတ်မြောက်ရန် ဆန္ဒရှိသည့်အခါတွင် သင်သည် စာတန်နှင့် ပြတ်ပြတ်သားသား လမ်းခွဲလိမ့်မည်ဖြစ်ကာ စာတန်က သင့်ထံသို့ ယူဆောင်လာသော အရာအားလုံးကိုလည်း အမှန်ပင် မုန်းတီးလိမ့်မည် ဖြစ်သည်။ ထိုအချိန်တွင်မှ သင်သည် ဘုရားသခင်အပေါ် စစ်မှန်သည့် ချစ်ခြင်းနှင့် တမ်းတခြင်း ရှိလိမ့်မည်။” (နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၆)) ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက အရမ်းထိမိတယ်၊ စာတန်ဟာ လူတွေကို ချည်နှောင်ပြီး ထိန်းချုပ်ဖို့ ကျော်ကြားမှုနဲ့ အကျိုးအမြတ်ကို ဘယ်လိုသုံးလဲဆိုတာ ဖော်ပြထားတယ်။ “ငွေသည် အဓိကမဟုတ်သော်လည်း၊ ငွေမရှိလျှင် ဘာမျှလုပ်နိုင်မည်မဟုတ်။” “ငွေကြေးသည် ကမ္ဘာကို လည်ပတ်စေသည်။” ပြီးတော့ “လူသားသည် အထက်သို့ ရုန်းကန်ဆန်တက်သည်၊ ရေသည်နိမ့်ရာသို့ စီးဆင်း၏” တို့လိုမျိုး စာတန်ရဲ့ အတွေးအခေါ်တွေ လွှမ်းမိုးတာကို ကျွန်တော် ခံခဲ့ရတာ တော်တော်ကြာခဲ့ပါပြီ၊ ပြီးတော့ ဒီအတွေးအခေါ်တွေက ကျွန်တော့်ကို လာထိန်းချုပ်တယ်။ နှစ်ပေါင်းများစွာ၊ ငွေ၊ ကျော်ကြားမှုနဲ့ အကျိုးအမြတ်ကို လိုက်စားဖို့အတွက် အချိန်ပိုတွေဆင်းပြီး ကျွန်တော့် ကျန်းမာရေးကို အကြီးအကျယ် ထိခိုက်စေခဲ့တယ်၊ ဘုရားသခင်ဆီ ဆုတောင်းတာ နည်းလာတယ်၊ နှုတ်ကပတ်တော် ဖတ်တာ နည်းလာပြီး ဘုရားသခင်နဲ့ တဖြည်းဖြည်း ဝေးကွာလာတယ်။ ညီအစ်ကို မောင်နှမတချို့က သူတို့အချိန်တွေကို သမ္မာတရား လိုက်စားဖို့ အသုံးပြုပြီး အသက်တာမှာ အရှိန်အဟုန်နဲ့ တိုးတက်နေတာကို ကျွန်တော် မြင်တယ်၊ ကျွန်တော်ကတော့ ငွေ၊ ကျော်ကြားမှုနဲ့ အကျိုးအမြတ် လိုက်စားနေလို့ အသက်တာမှာ ဘာမှ တိုးတက်မလာခဲ့ဘူး။ ဒါဟာ တော်တော်ကြီးမားတဲ့ ဆုံးရှုံးမှုပါပဲ။ ဒီနှစ်တွေတစ်လျှောက်လုံး၊ အလုပ်ထဲမှာပဲ ခေါင်းမဖော်တမ်း လုပ်ပြီး အရှက်တကွဲ ဖြစ်တာတွေကို သည်းခံခဲ့ရတယ်၊ နောက်ဆုံးမှာ အိပ်မက်တွေ တကယ်ဖြစ်လာပေမဲ့၊ ကျွန်တော်က ပိုပြီး ကလိမ်ကကျစ်ကျလာတယ်၊ လှည့်ဖြားတတ်လာတယ်၊ နေ့တိုင်း လူတွေနဲ့ ဆက်ဆံတဲ့အခါ ရိုးသားမှုမရှိဘဲ အပြန်အလှန် အမြတ်ထုတ်တဲ့ သဘောထားနဲ့ပဲ ဆက်ဆံတတ်လာတယ်၊ ကျော်ကြားမှုနဲ့ အကျိုးအမြတ်အတွက် လူ့ဂုဏ်သိက္ခာနဲ့ တည်ကြည်မှု ပျောက်ဆုံးပြီး အရမ်းကို ဆင်းရဲဒုက္ခရောက်တဲ့အပြင် ပင်ပန်းဆင်းရဲတဲ့ ဘဝနဲ့ ရှင်သန်ခဲ့ရတယ်။ တစ်ချိန်က နာမည်ကြီးခဲ့တဲ့ စီးပွားရေးလုပ်ငန်းရှင် တစ်ယောက်ကို သွားသတိရတယ်၊ ငယ်ငယ်ရွယ်ရွယ်နဲ့ ဘီလျံနာ ဖြစ်လာပြီး ကျော်ကြားမှုနဲ့ စည်းစိမ်ဥစ္စာ အထွတ်အထိပ် ရောက်နေချိန်မှာ နေ့တိုင်း ညစာစားပွဲတွေ တစ်ခုပြီးတစ်ခု ကူးချည်သန်းချည် လုပ်ခဲ့ရတာလေ။ အကြီးအကျယ် ပင်ပန်းနွမ်းနယ်နေတာတောင် အနားမယူခဲ့ဘူး၊ ရလဒ်အနေနဲ့ အသက်လေးဆယ် မပြည့်ခင်မှာပဲ မမာမကျန်းဖြစ်ပြီး သေဆုံးသွားခဲ့တယ်။ ဒါက လူတွေကို ဒုက္ခပေးဖို့ စာတန်က ကျော်ကြားမှုနဲ့ အကျိုးအမြတ်ကို အသုံးပြုခြင်းရဲ့ နောက်ဆုံးရလဒ်ပါပဲ။ တစ်ခါက သခင်ယေရှု ပြောခဲ့ဖူးသလိုပေါ့။ “လူသည် ဤစကြဝဠာကို အကြွင်းမဲ့အစိုးရ၍ မိမိအသက်ဝိညာဉ်ရှုံးလျှင် အဘယ်ကျေးဇူးရှိသနည်း။ မိမိအသက်ဝိညာဉ်ကို အဘယ်ဥစ္စာနှင့်ရွေးနိုင်သနည်း။” (ရှင်မဿဲခရစ်ဝင် ၁၆:၂၆) နောက်ဆုံးသော ကာလမှာ၊ အနန္တတန်ခိုးရှင် ဘုရားသခင်က လူသားမျိုးနွယ်ကို ကယ်တင်ဖို့ သမ္မာတရား အားလုံးကို ကျွန်တော်တို့ကို အခမဲ့ ပေးသနားထားပါတယ်။ ကျွန်တော်သာ ကျော်ကြားမှုနဲ့ အကျိုးအမြတ်ကို ဆက်ဖက်တွယ်ထားမယ်ဆိုရင်၊ ရာထူးတော့ ဆက်တက်ချင် တက်လာနိုင်မယ်၊ ဒါပေမဲ့ သမ္မာတရား ရရှိဖို့နဲ့ ကယ်တင်ခံရဖို့ အခွင့်အရေးကို ဆုံးရှုံးသွားမှာ။ ကိုယ့်ရဲ့ စံနှုန်းဆိုတာတွေအတွက် မကြိုးစားချင်တော့ဘူး၊ အဲဒါနဲ့ အလုပ်ထွက်ဖို့ အခွင့်အရေး ရှာပြီး ဘုရားသခင်အတွက် အချိန်ပြည့် အသုံးခံဖို့ ဆုံးဖြတ်လိုက်တယ်။ လွှဲပြောင်းပေးဖို့ ပြင်ဆင်စရာရှိတာတွေ စလုပ်တယ်၊ အလုပ်ထွက်ဖို့ကိစ္စ ဆွေးနွေးဖို့ အထွေထွေမန်နေဂျာ မစ္စတာရှူ ဆီ သွားခဲ့တယ်။ မစ္စတာရှူ က “ခင်ဗျား နုတ်ထွက်စာကို အရေးတယူ ဆောင်ရွက်ဖို့ဆိုရင် လူစားထိုးမယ့်လူ လိုတယ်၊ အဲဒါက အချိန်တော်တော် ကြာလိမ့်မယ်၊ ခွင့်ရှည်ယူမယ် ဆိုရင်တော့ ခင်ဗျားအလုပ်ကို လွှဲယူဖို့ မန်နေဂျာ တစ်ယောက် စီစဉ်ပေးလို့ရတယ်၊ ခင်ဗျား တာဝန်လွှဲပေးပြီးရင် သွားလို့ရပြီ” လို့ ပြောတယ်။ စဉ်းစားပြီးတဲ့နောက်မှာ သူ့အကြံဉာဏ်ကို လက်ခံလိုက်တယ်၊ သတင်းစောင့်နေတုန်းမှာပဲ လွှဲပြောင်းပေးဖို့ ပြင်ဆင်စရာရှိတာတွေ စလုပ်တော့တာပေါ့။
၁၀ လပိုင်း အစောပိုင်းရက် တစ်ရက်မှာ၊ သူဌေးက ကျွန်တော့်ကို ပြောလာတယ်။ “ခင်ဗျား မိသားစုကိစ္စကြောင့် ခြောက်လ ခွင့်ယူဖို့ လိုတယ်လို့ ကြားတယ်။ ဒါက ကျွန်တော်တို့ ကုမ္ပဏီ ဘဏ္ဍာရေး ဝန်ထမ်းတွေကြားမှာ မကြုံစဖူး ထူးခြားမှုပဲ၊ အထူးသဖြင့် ခင်ဗျားလို အရေးကြီးတဲ့ ရာထူးအတွက်ပေါ့၊ ဒီတစ်ကြိမ်တော့၊ ခင်ဗျားအတွက် ကျွန်တော် ချွင်းချက်အနေနဲ့ ခွင့်ပြုပေးလိုက်မယ်၊ ခြောက်လ ခွင့်ယူထားတဲ့ကာလမှာ ခင်ဗျားလစာ ဒီအတိုင်းပဲ ရှိနေမယ်။ ခင်ဗျား ပြန်လာတဲ့အခါ၊ တစ်လုံးတည်း ပေါင်းပေးမယ်၊ ပြီးတော့ မန်နေဂျာရာထူးကိုလည်း ခင်ဗျားအတွက် ဖယ်ထားပေးမယ်” တဲ့။ သူဌေးကို ကျေးဇူးတင်စကား ပြောပြီး ရုံးခန်းထဲက ထွက်လာခဲ့တယ်။ သူဌေးပြောတဲ့ စကားတွေက ကျွန်တော့်ကို တော်တော် စိတ်လှုပ်ရှားစေခဲ့တယ်။ အလုပ်မလုပ်ဘဲ ခြောက်လ လစာရမယ်၊ ပြီးတော့ မန်နေဂျာရာထူးလည်း ဆက်ရှိနေဦးမယ် ဟုတ်လား။ ကုမ္ပဏီက ငါ့ကို တော်တော် တန်ဖိုးထားပုံရတယ်။ ရုံးချုပ်ရဲ့ ဘဏ္ဍာရေးကို လွှဲပြောင်းယူဖို့ ကျွန်တော့်အတွက် သူဌေး ဘယ်လိုစီစဉ်ပေးထားတယ်ဆိုတာကို တွေးမိတယ်။ အဲလိုသာဖြစ်လာရင်၊ ကုမ္ပဏီရဲ့ အရာရှိ အကြီးပိုင်း ဖြစ်လာပြီး လူတွေ ပိုလေးစားတာ ခံရတော့မှာ။ အဲဒီအချိန်မှာ၊ ကျွန်တော့်ရဲ့ တွေးခေါ်ပုံနဲ့ ရည်ရွယ်ချက်တွေ မှားနေပြီဆိုတာ ခံစားမိပြီး အရင် စုဝေးပွဲတွေတုန်းက ဖတ်ခဲ့တဲ့ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် နှစ်ပိုဒ်ကို ပြန်သတိရလိုက်တယ်။ “လူတို့အပေါ် ဘုရားသခင်လုပ်ဆောင်သည့် အလုပ်အဆင့်တိုင်းသည် အပြင်ပန်းအားဖြင့် လူ့စီစဉ်မှုများမှ သို့မဟုတ် လူတို့၏ နှောင့်ယှက်ခြင်းမှ ဖြစ်ပေါ်လာသည့်အလား လူအချင်းချင်းကြားရှိ အပြန်အလှန် ဆက်ဆံမှုများ ဖြစ်သည့်ပုံ ပေါ်၏။ သို့သော်လည်း လုပ်ဆောင်မှု အဆင့်တိုင်း၊ ဖြစ်ပျက်မှုတိုင်း၏ နောက်ကွယ်တွင် ဘုရားသခင်ရှေ့တွင် စာတန်ပြုလုပ်သည့် အလောင်းအစားတစ်ခုဖြစ်ပြီး ယင်းတို့သည် လူတို့အနေဖြင့် ဘုရားသခင်အတွက် မိမိ၏ သက်သေခံချက်တွင် ခိုင်မာစွာ ရပ်တည်ဖို့ လိုအပ်သည်။ ယောဘ စစ်ကြောခံရသည့်အချိန်ကို ဥပမာ ကြည့်လော့။ နောက်ကွယ်တွင် စာတန်က ဘုရားသခင်နှင့် လောင်းကြေးတင်နေခဲ့ခြင်း ဖြစ်၏။ ပြီးလျှင် ယောဘအပေါ်တွင် ဖြစ်ပျက်ခဲ့သည့်အရာက လူသားတို့၏ လုပ်ဆောင်မှုများဖြစ်ပြီး လူသားတို့၏ နှောင့်ယှက်မှု ဖြစ်သည်။ သင်တို့အပေါ် ဘုရားသခင် ပြုလုပ်သည့် အလုပ်အဆင့်တိုင်း၏ နောက်ကွယ်တွင် ဘုရားသခင်နှင့် ပြုလုပ်သည့် စာတန်၏ အလောင်းအစားရှိသည်။ ဤအရာ၏နောက်ကွယ်တွင် တိုက်ပွဲပင်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကို ချစ်ခြင်းသည်သာလျှင် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ခြင်းဖြစ်သည်) “လူတို့သည် မိမိတို့၏ ဘဝအပေါ် ရှုမြင်ပုံနှင့် မိမိတို့၏ တည်ရှိခြင်း၏ အဓိပ္ပာယ်နှင့် အခြေခံတို့ လုံးဝ ပြောင်းလဲသွားသည့်နေ့တိုင်အောင် တွေ့ကြုံခံစားသောအခါ ဆိုလိုသည်မှာ ၎င်းတို့သည် မိမိတို့၏ အရိုးတွင်းခြင်ဆီအထိ ပြောင်းလဲသွားပြီး အခြားသူတစ်ဦး ဖြစ်လာသောအခါ ဤသည်မှာ မယုံနိုင်စရာ မဟုတ်လော။ ဤသည်မှာ ကြီးမားသော ပြောင်းလဲမှုတစ်ခု၊ ကမ္ဘာတုန်လှုပ်စေသော ပြောင်းလဲမှုတစ်ခု ဖြစ်သည်။ သင်သည် ကျော်ကြားမှု၊ အဆင့်အတန်း၊ ဥစ္စာဓန၊ သာယာမှုများ သို့မဟုတ် လောက၏ တန်ခိုးနှင့် ဘုန်းအသရေတို့ သင့်ထံ၌ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ သင့်အတွက် အရေးမကြီးတော့သည့် အမှတ်တစ်ခုသို့ သင် ရောက်ရှိသည်။ သင်သည် ယင်းတို့အားလုံးကို လွယ်ကူစွာ စွန့်လွှတ်နိုင်သည်။ ထိုအခါမှသာ သင်သည် လူသားတစ်ဦး၏ ပုံသဏ္ဌာန် ရှိသည်ဟု မှတ်ယူခြင်းခံရနိုင်သည်။ အဆုံးတွင် ဘုရားသခင်၏ စုံလင်စေခြင်းခံရမည့် သူများမှာ ဤကဲ့သို့သော လူစုတစ်စု ဖြစ်သည်၊ ၎င်းတို့သည် သမ္မာတရားအတွက် အသက်ရှင်ကြသည်၊ ဘုရားသခင်အတွက် အသက်ရှင်ကြပြီး၊ တရားမျှတသောအရာအတွက် အသက်ရှင်ကြ၏။ ဤသည်မှာ စစ်မှန်သော လူသားတစ်ဦး၏ ပုံသဏ္ဌာန် ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး) ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကနေ ကျွန်တော် နားလည်လိုက်တာက ကျွန်တော့်သူဌေးရဲ့ စကားတွေက ဇာတိပကတိ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးသလို ထင်ရပေမဲ့ နောက်ကွယ်မှာ စာတန်ဆန်တဲ့ လှည့်ကွက် ရှိနေတယ် ဆိုတာပါပဲ။ စာတန်က ငွေ၊ ကျော်ကြားမှုနဲ့ အကျိုးအမြတ်ကို သုံးပြီး ကျွန်တော့်ကို စုံစမ်းသွေးဆောင်ဖို့၊ သူ့အတွက် ဆက်ပြီး အစေခံအောင် ရည်ရွယ်နေတာ၊ အဲဒီလိုနဲ့ နောက်ဆုံးကျရင် ကယ်တင်ခံရမယ့် ကျွန်တော့်အခွင့်အရေး ဆုံးရှုံးသွားအောင်လို့လေ။ ဘုရားသခင်က ကျွန်တော့်ကို သမ္မာတရား ရရှိဖို့၊ ဖန်ဆင်းခံတစ်ယောက်ရဲ့ တာဝန်ကို ကောင်းကောင်း ထမ်းဆောင်ဖို့အတွက် အသက်ရှင်စေချင်တာပါ၊ ဒါက ကျွန်တော် လိုက်စားသင့်တဲ့ ပန်းတိုင်ပဲ။ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက ကျွန်တော့် ယုံကြည်ခြင်းကို အားကောင်းစေခဲ့တယ်၊ ဒါနဲ့ လွှဲပြောင်းပေးဖို့ လုပ်ငန်းစဉ်တွေကို မြန်မြန်ဆန်ဆန်ပဲ လုပ်ဆောင်ခဲ့တယ်။ လွှဲပြောင်းပေးတဲ့ လုပ်ငန်းစဉ်က အရမ်း ချောမွေ့ခဲ့တယ်၊ အရာအားလုံးက ဘုရားသခင်ရဲ့ လက်တော်ထဲမှာ ရှိပြီး ဘုရားသခင် စီစဉ်ညွှန်ကြားထားမှန်း ကျွန်တော် သိလိုက်ရတယ်။ အလုပ်ထွက်ပြီး တစ်လမပြည့်ခင်မှာပဲ၊ အသင်းတော်မှာ ကိုယ်တာဝန်တွေ စပြီးထမ်းဆောင်ခဲ့တယ်၊ ဝိညာဉ်ရေးရာ ဆက်ကပ်ဖို့နဲ့ အသင်းတော် အသက်တာကို ပုံမှန် အသက်ရှင်နေထိုင်ဖို့ အချိန်ရလာတယ်၊ ဘုရားနှုတ်ကပတ်တော်တွေရဲ့ နေ့တိုင်း ရေလောင်းပေးမှုနဲ့ အာဟာရပေးမှုကို ပျော်မွေ့ခံစားရတယ်၊ ကျွန်တော့်စိတ်နှလုံးကလည်း ငြိမ်းချမ်းမှု၊ ပျော်ရွှင်မှုတွေနဲ့ ပြည့်နေခဲ့တယ်။ ကိုယ့်တာဝန်တွေမှာ အခက်အခဲတွေ ကြုံရတဲ့အခါ ဘုရားသခင်ဆီ ဆုတောင်းတယ်၊ အတူ တွဲဖက်လုပ်တဲ့ ညီအစ်ကိုတွေနဲ့ တိုင်ပင်ဆွေးနွေးတယ်၊ ကိုယ်မဖြေရှင်းနိုင်တဲ့ ပြဿနာတွေဆိုရင် ခေါင်းဆောင်ဆီကနေ အဖြေရှာတယ်။ တစ်ခါတလေ ညီအစ်ကို မောင်နှမတွေက ကျွန်တော့်တာဝန်တွေမှာ ကျွန်တော့် ချို့ယွင်းချက်တွေကို ထောက်ပြကြတယ်၊ နည်းနည်းတော့ အနေရခက်ပေမဲ့ ဆုတောင်းပြီး ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို စားသောက်တော့ ကျွန်တော် ကျိုးနွံနာခံနိုင်ခဲ့တယ်၊ နှုတ်ကပတ်တော်တွေထဲကနေ လက်တွေ့လုပ်ဆောင်ဖို့ လမ်းကြောင်းကို ရှာတွေ့ခဲ့တယ်၊ ဒါက ကျွန်တော့်ရဲ့ တာဝန်ထမ်းဆောင်မှု ရလဒ်တွေကို တိုးတက်စေခဲ့တယ်။ ဒါတွေအားလုံးက ဘုရားသခင်ရဲ့ လမ်းပြမှု ကျေးဇူးကြောင့်ပါပဲ။
ဒီအတွေ့အကြုံကနေ ကျွန်တော် ရှင်းရှင်းလင်းလင်း မြင်လိုက်ရတာက၊ ငွေနဲ့ အဆင့်အတန်းက ခဏတာ ပျော်ရွှင်မှုကိုပဲ ပေးနိုင်တယ်၊ စိတ်ကူးမယဉ်ရဲလောက်အောင် ချမ်းသာပြီး ကျော်ကြားမှုနဲ့ အကျိုးအမြတ်တွေ ရရင်တောင်မှ၊ ဒါက ခဏတာ ဂုဏ်ပဲ ရှိမှာ၊ ပြီးရင် ဗလာသက်သက် ဖြစ်သွားပြီး နောက်ဆုံးမှာ စာတန်ရဲ့ ယဇ်ကောင်အဖြစ်နဲ့ပဲ ဇာတ်သိမ်းရမှာ။ ဒီနေ့မှာတော့၊ ငွေနဲ့ အဆင့်အတန်းရဲ့ စုံစမ်းသွေးဆောင်မှုတွေကို ဖယ်ရှားနိုင်ခဲ့ပြီ၊ စာတန်ရဲ့ နှိပ်စက်မှုကနေ လွတ်မြောက်ပြီး ဘဝရဲ့ မှန်ကန်တဲ့ လမ်းကြောင်းပေါ် လျှောက်လှမ်းနိုင်ခဲ့ပြီ။ ဒါတွေအားလုံးက ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် လမ်းပြမှုကြောင့်ပါပဲ။ လူသားမျိုးနွယ်ကို ကယ်တင်တဲ့ ဘုရားသခင်ရဲ့ အမှုတော်က တကယ့်ကို လက်တွေ့ကျပါတယ်၊ ဘုရားသခင်ကို စိတ်နှလုံးအကြွင်းမဲ့ ကျေးဇူးတင်ပါတယ်။