၁၅။ မိမိ၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်ခြင်းမှသာလျှင် စစ်မှန်သော သက်သေခံချက်ကို ရရှိလိမ့်မည်ဖြစ်သည်
နောက်ဆုံးသောကာလ အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များ
ဘုရားသခင်ကို ယုံကြည်သူတိုင်း သူ၏ ရည်ရွယ်ချက်များကို နားလည်သင့်သည်။ မိမိတို့၏တာဝန်များကို ကောင်းစွာ ထမ်းဆောင်သောသူတို့သာ ဘုရားသခင်ကို စိတ်ကျေနပ်စေနိုင်ပြီး ဘုရားသခင်၏ စေခိုင်းချက်တာဝန်ကို ပြီးစီးခြင်းအားဖြင့်သာ မိမိ၏ တာဝန်ထမ်းဆောင်မှုက လက်သင့်ခံနိုင်ဖွယ် ဖြစ်နိုင်ပေသည်။ ဘုရားသခင်၏ စေခိုင်းချက်တာဝန်ကို ပြီးမြောက်ခြင်းအတွက် စံနှုန်းတစ်ခု ရှိသည်။ သခင်ယေရှုက “သင်၏ ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့၊ ဉာဏ်ရှိသမျှ၊ အစွမ်းသတ္တိရှိသမျှနှင့် ချစ်လော့။”ဟု ပြောခဲ့သည်။ “ဘုရားသခင်ကို ချစ်ခြင်း”သည် လူတို့အပေါ် ဘုရားသခင် တောင်းဆိုသည့်အရာ၏ သွင်ပြင်လက္ခဏာတစ်ခု ဖြစ်သည်။ ဤသတ်မှတ်ချက်သည် မည်သည့်နေရာတွင် သူ့ဘာသာ ထင်ရှားသင့်သနည်း။ ဘုရားသခင်၏ စေခိုင်းချက်တာဝန်ကို သင် ပြီးစီးခြင်းအားဖြင့် ထင်ရှားသင့်သည်။ လက်တွေ့ကျကျဆိုရလျှင် ထိုအရာသည် လူသားအနေဖြင့် သင်၏ တာဝန်ကို ကောင်းစွာ ထမ်းဆောင်ခြင်း ဖြစ်သည်။ ထို့ကြောင့် သင်၏ တာဝန်ကို ကောင်းစွာ ထမ်းဆောင်ခြင်းအတွက် စံနှုန်းမှာ အဘယ်နည်း။ ထိုအရာမှာ သင့်အနေဖြင့် သင်၏ တာဝန်ကို အဖန်ဆင်းခံတစ်ဦးအဖြစ် စိတ်နှလုံးအကြွင်းမဲ့ ဉာဏ်ရှိသမျှ၊ အစွမ်းသတ္တိရှိသမျှဖြင့် ထမ်းဆောင်ရန်ဖြစ်သည့် ဘုရားသခင်၏သတ်မှတ်ချက် ဖြစ်သည်။ ဤအရာကို လွယ်ကူစွာ နားလည်သင့်ပေသည်။ ဘုရားသခင်၏ သတ်မှတ်ချက်ကို ပြည့်မီရန် သင်၏တာဝန်ကို စိတ်နှစ်ထားရန် အဓိက လိုအပ်သည်။ သင့်စိတ်နှလုံးကို နစ်ထားနိုင်လျှင် သင်၏ စိတ်အကြွင်းမဲ့၊ ဉာဏ်ရှိသမျှ၊ အစွမ်းသတ္တိရှိသမျှဖြင့် ပြုမူဆောင်ရွက်ရန် သင့်အတွက် လွယ်ကူလိမ့်မည်။ သင့်စိတ်၏ စိတ်ကူးများကိုသာ အားကိုးခြင်းအားဖြင့်လည်းကောင်း၊ သင်၏ ဆုကျေးဇူးများပေါ်တွင် အားကိုးခြင်းအားဖြင့်လည်းကောင်း သင်၏ တာဝန်ကို သင် ထမ်းဆောင်လျှင် ဘုရားသခင်၏ သတ်မှတ်ချက်များကို သင် ပြည့်မီနိုင်သလော။ လုံးဝ မပြည့်မီနိုင်ပေ။ ထို့ကြောင့် ဘုရားသခင်၏ စေခိုင်းချက်တာဝန်ကို ဖြည့်ဆည်းရန်နှင့် သင်၏ တာဝန်ကို သစ္စာစောင့်သိစွာနှင့် ကောင်းမွန်စွာ ထမ်းဆောင်ရန်အလို့ငှာ ပြည့်မီရမည့် စံနှုန်းမှာ အဘယ်နည်း။ ထိုအရာမှာ သင်၏တာဝန်ကို စိတ်နှလုံးအကြွင်းမဲ့၊ ဉာဏ်ရှိသမျှ၊ အစွမ်းသတ္တိရှိသမျှဖြင့် ထမ်းဆောင်ရန် ဖြစ်သည်။ ဘုရားသခင်ကို ချစ်သော စိတ်နှလုံးမရှိဘဲ သင်၏ တာဝန်ကို ကောင်းစွာ ထမ်းဆောင်ရန် သင် ကြိုးပမ်းလျှင် အလုပ်ဖြစ်လိမ့်မည် မဟုတ်။ သင်၏ ဘုရားသခင်ကို ချစ်သော စိတ်နှလုံးက ယခင်ထက် တိုး၍ အားကောင်းပြီး သာ၍ စစ်မှန်လျှင် သင်၏ တာဝန်ကို သင်၏ စိတ်နှလုံးအကြွင်းမဲ့၊ ဉာဏ်ရှိသမျှ၊ အစွမ်းသတ္တိရှိသမျှဖြင့် သင် အလိုအလျောက် ကောင်းမွန်စွာ ထမ်းဆောင်နိုင်လိမ့်မည်ဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ လူများ အသက်ရှင်ဖို့ အမှီပြုသည့်အရာ အတိအကျမှာ အဘယ်နည်း
သင်တို့သည် အသိစိတ် အမှန်တကယ် ပိုင်ဆိုင်ပါက၊ သင်သည် ဝန်ထုပ်တစ်ခုနှင့် တာဝန်သိစိတ်တစ်ခု ရှိရမည်ဖြစ်သည်။ သင့်အနေဖြင့်၊ “အကျွန်ုပ် အသိမ်းပိုက်ခံရမည် ဖြစ်စေ၊ စုံလင်စေခြင်း ခံရမည် ဖြစ်စေ၊ သက်သေခံချက်၏ ဤအဆင့်ကို မှန်ကန်စွာ ကျွန်ုပ် သက်သေခံရမည်” ဟု သင်ပြောရမည်။ ဘုရားသခင်၏ ဖန်ဆင်းခံတစ်ဦး အနေနှင့်၊ လူတစ်ဦးသည် ဘုရားသခင်၏ လုံးဝ သိမ်းပိုက်ခြင်းခံရနိုင်ပြီး၊ ဘုရားသခင်ကို ချစ်သော စိတ်နှလုံးတစ်ခုဖြင့်၊ ပြီးလျှင် မိမိကိုယ်ကိုယ် ဘုရားသခင်ထံ လုံးဝ ဆက်ကပ်ခြင်းဖြင့် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ပြန်ပေးဆပ်ရင်း နောက်ဆုံးတွင် ဘုရားသခင်ကို စိတ်ကျေနပ်စေနိုင်လာပေသည်။ ဤသည်မှာ လူသား၏ တာဝန်ဝတ္တရား ဖြစ်သည်၊ လူသားက ထမ်းဆောင်သင့်သည့် ဝတ္တရား ဖြစ်ပြီး၊ လူသားက သယ်ဆောင်သင့်သည့် ဝန်ထုပ်ဖြစ်ကာ ဤစေခိုင်းချက်ကို လူသားက ပြည့်စုံစေရမည်ဖြစ်သည်။ ထိုအခါမျှသာ သူသည် ဘုရားသခင်ကို ဧကန်အမှန် ယုံကြည်ပေသည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လက်တွေ့လုပ်ဆောင်ခြင်း (၃)
ငါ ဆန္ဒရှိသည်မှာ ယခု သင်၏သစ္စာစောင့်သိမှုနှင့် ကျိုးနွံနာခံမှု၊ ယခု သင်၏ ချစ်ခြင်းမေတ္တာနှင့် သက်သေခံချက်တို့ ဖြစ်သည်။ လက်ရှိတွင် သက်သေခံချက်က အဘယ်အရာဖြစ်သည်၊ ချစ်ခြင်းမေတ္တာက အဘယ်အရာဖြစ်သည်ကို သင်မသိလျှင်ပင်၊ ငါ့ထံ သင်၏ အရာအားလုံးကို ယူဆောင်လာသင့်ပြီး၊ သင်၌ တစ်ခုတည်းသော ရတနာများဖြစ်သည့် သင်၏ သစ္စာစောင့်သိမှုနှင့် ကျိုးနွံနာခံခြင်းကို ငါ့ထံ လွှဲအပ်သင့်ပေသည်။ လူသားကို ငါ၏ လုံးဝ သိမ်းပိုက်ခြင်း သက်သေခံချက်ကဲ့သို့၊ စာတန်ကို ငါ၏ အောင်နိုင်ခြင်းနှင့်ဆိုင်သော သက်သေခံချက်သည် လူသား၏ သစ္စာစောင့်သိမှုနှင့် ကျိုးနွံနာခံမှုအတွင်းတွင် တည်ရှိသည်ကို သင် သိသင့်သည်။ ငါ၌ သင့်ယုံကြည်ခြင်းနှင့်ဆိုင်သော တာဝန်မှာ ငါ့အဖို့ သက်သေခံရန်၊ ငါ့ကို သစ္စာစောင့်သိရန်နှင့် အခြားမည်သူ့ကိုမျှ သစ္စာမစောင့်သိရန်၊ ပြီးလျှင် အဆုံးတိုင်အောင် ကျိုးနွံနာခံရန် ဖြစ်သည်။ ငါ့အမှု၏ နောက်တစ်ဆင့်ကို ငါ မစတင်မီ၊ သင်သည် ငါ့အဖို့ မည်သို့ သက်သေခံလိမ့်မည်နည်း။ ငါ့ကို သင် မည်သို့သစ္စာရှိကာ ကျိုးနွံနာခံမည်နည်း။ သင်၏သစ္စာစောင့်သိမှုအားလုံးကို သင်၏ အလုပ်တာဝန်အဖို့ သင် ဆက်ကပ်ပါသလော သို့မဟုတ် တကယ်ကို လက်လျှော့လိမ့်မည်လော။ ယင်းထက် သင်သည် (သေသည်ဖြစ်စေ၊ ပျက်စီးခြင်း ဖြစ်စေ) ငါ၏စီမံခန့်ခွဲမှုတိုင်းကို ကျိုးနွံနာခံမည်လော သို့မဟုတ် ငါ၏ ပြစ်တင်ဆုံးမမှုကို ရှောင်ရှားရန် လမ်းတစ်ဝက်တွင် ထွက်ပြေးလိမ့်မည်လော။ သင်သည် ငါ့အဖို့ သက်သေခံရန်နှင့် ငါ့ကို သစ္စာစောင့်သိကာ ကျိုးနွံနာခံရန်အလို့ငှာ သင့်ကိုငါ ပြစ်တင်ဆုံးမပေသည်။ ထို့အပြင် လက်ရှိ ပြစ်တင်ဆုံးမခြင်းသည် ငါ၏အမှု၏ နောက်အဆင့်ကို ဖွင့်ပြရန်နှင့် အမှုကို ပိတ်ဆီးထားခြင်း မရှိဘဲ တိုးတက်စေရန် ဖြစ်သည်။ ထို့ကြောင့် သင်သည် အမြော်အမြင် ရှိရန်နှင့် သင်၏ ဘဝဖြစ်စေ၊ သင်၏ တည်ရှိခြင်းနှင့်ဆိုင်သည့် အရေးပါမှုကို ဖြစ်စေ တန်ဖိုးမဲ့သည့် သဲကဲ့သို့ သဘောမထားရန် ငါတိုက်တွန်း၏။ ငါ၏လာမည့်အမှုသည် မည်သည့်အရာ ဖြစ်လိမ့်မည်ကို သင် အတိအကျသိနိုင်ပါသလော။ လာမည့် နေ့ရက်များတွင် ငါ မည်သည့်အရာပြုမည်ဆိုသည်နှင့် ငါ၏အမှု မည်သို့ ဖွင့်ဟမည်ကို သင်သိပါသလော။ သင်သည် ငါ၏အမှုနှင့်ဆိုင်သည့် သင့်အတွေ့အကြုံ၏ အရေးပါမှုအပြင်၊ ငါ၌ သင်၏ ယုံကြည်ခြင်း အရေးပါမှုကို သိသင့်သည်။ ငါသည် များစွာ လုပ်ဆောင်ပြီး ဖြစ်သည်။ သင်စိတ်ကူးသည့်အတိုင်း ငါသည် လမ်းတစ်ဝက်တွင် အဘယ်သို့ လက်လျှော့နိုင်မည်နည်း။ ငါသည် ထိုသို့သော ကြီးကျယ်သည့် အမှုကို ပြုပြီးဖြစ်သည်။ ယင်းကို မည်သို့ ငါ ဖျက်ဆီးပစ်နိုင်မည်နည်း။ အကယ်စင်စစ် ငါသည် ဤခေတ်ကို အဆုံးသတ်ရန် ကြွလာပြီးဖြစ်သည်။ ဤသည်မှာ အမှန်ဖြစ်သော်လည်း၊ ငါသည် ခေတ်သစ်ကို စတင်ရန်၊ အမှုအသစ်ကို စတင်ရန်နှင့်၊ အဓိကကျဆုံးအနေဖြင့် နိုင်ငံတော်၏ ဧဝံဂေလိတရား ဖြန့်ဝေရန် ရှိသည်ကို သင်သိရမည်။ သို့ဖြစ်၍ လက်ရှိအမှုသည် ခေတ်တစ်ခေတ် စတင်ရန် ဖြစ်ပြီး၊ လာမည့်အချိန်ကာလ၌ ဧဝံဂေလိတရား ဖြန့်ဝေခြင်းနှင့် အနာဂတ်တွင် ခေတ်ကို အဆုံးသတ်သို့ ဆောင်ကြဉ်းခြင်းအတွက် အခြေခံအုတ်မြစ်ချရန်သာ ဖြစ်သည်ကို သင်သိသင့်သည်။ ငါ၏ အမှုသည် သင်တွေးထင်သလောက် မလွယ်ကူသကဲ့သို့၊ သင်ယုံကြည်သလောက် အသုံးမကျ သို့မဟုတ် အဓိပ္ပာယ်မဲ့သည်လည်း မဟုတ်ပေ။ ထို့ကြောင့် သင့်ကို ငါပြောရဦးမည်။ ငါ၏အမှုအဖို့ သင်၏အသက်ကို ပေးသင့်သည်၊ ထို့အပြင် ငါ၏ ဘုန်းအသရေအဖို့ သင့်ကိုယ်သင် ဆက်ကပ်သင့်သည်။ ငါ့အဖို့ သက်သေခံရန် သင့်ကို ငါ တမ်းတခဲ့သည်မှာ ကြာပြီဖြစ်ပြီး ငါ၏ဧဝံဂေလိတရားကို ဖြန့်ရန် သင့်ကို ငါ တမ်းတခဲ့သည်မှာ သာ၍ ကြာမြင့်ပြီ ဖြစ်သည်။ ငါ၏ စိတ်နှလုံး၌ ရှိသည့်အရာကို သင် နားလည်သင့်ပေသည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ယုံကြည်ခြင်းအကြောင်း သင် မည်သည့်အရာ သိရှိသနည်း
သင်၏အကျိုးအတွက်သာ အစဉ်မလုပ်ဆောင်နှင့်၊ ပြီးလျှင် သင်၏ ကိုယ်ပိုင် အကျိုးစီးပွားကို စဉ်ဆက်မပြတ် ထည့်သွင်းမစဉ်းစားနှင့်။ လူ၏ အကျိုးစီးပွားများကို ထည့်သွင်းမစဉ်းစားနှင့်။ သင်၏ ကိုယ်ပိုင်သိက္ခာ၊ ဂုဏ်သတင်းနှင့် အဆင့်အတန်းကို မစဉ်းစားနှင့်။ သင်သည် ပထမဦးစွာ ဘုရားအိမ်တော်၏ အကျိုးများကို ထည့်တွက်စဉ်းစားရမည်ဖြစ်ပြီး ယင်းတို့ကို သင်၏ဦးစားပေးချက် ဖြစ်စေရမည်၊ သင်သည် ဘုရားသခင်၏ရည်ရွယ်ချက်များကို အရေးထားသင့်ပြီး သင်၏ တာဝန်ကို ထမ်းဆောင်ရာတွင် သင်သည် မစင်ကြယ်မှု ရှိခဲ့သည် မရှိခဲ့သည်၊ သစ္စာစောင့်သိခြင်းရှိမရှိ၊ သင်၏ တာဝန်များကို ကောင်းမွန်စွာ ထမ်းဆောင်ခြင်းရှိမရှိ၊ အစွမ်းကုန် လုပ်ဆောင်ခြင်းရှိမရှိ၊ သင်၏ တာဝန်နှင့် အသင်းတော်၏ အလုပ်ကို စိတ်နှလုံးအကြွင်းမဲ့ဖြင့် စဉ်းစားခဲ့ခြင်း ရှိမရှိ ဆိုသည်တို့ကို ချင့်ချိန်စဉ်းစားခြင်းဖြင့် အစပြုသင့်သည်။ ဤအရာများကို သင် စဉ်းစားရမည်။ ယင်းတို့ကို မကြာခဏ တွေးပြီး နားလည်အောင် ကြံဆလျှင် သင်၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်ရန် သင့်အတွက် သာ၍ လွယ်ကူလိမ့်မည်။ သင်၏အစွမ်းအစ ညံ့ဖျင်းပါက၊ သင်၏အတွေ့အကြုံ ပေါ့တန်ပါက၊ သို့မဟုတ် သင်၏ အလုပ်တွင် မကျွမ်းကျင်ပါက၊ သင်၏အလုပ်၌ အမှားအယွင်းများ သို့မဟုတ် အပြစ်အနာအဆာများ အချို့ ရှိကောင်းရှိနိုင်ပြီး ရလဒ်ကောင်းများ သင်ရချင်မှ ရပေလိမ့်မည်။ သို့ရာတွင် သင်သည် အကောင်းဆုံးကို လုပ်ဆောင်ပြီး ဖြစ်လိမ့်မည်။ သင်သည် သင်ကိုယ်တိုင်၏ တစ်ကိုယ်ကောင်းဆန်သော လိုအင်ဆန္ဒများ၊ သို့မဟုတ် နှစ်သက်မှုများကို မဖြည့်ဆည်းပေ။ ထိုအစား သင်သည် အသင်းတော်၏အလုပ်နှင့် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို စဉ်ဆက်မပြတ် ထည့်သွင်းစဉ်းစားသည်။ သင်၏တာဝန်တွင် သင်သည် ရလဒ်ကောင်းများ စွမ်းဆောင်ရရှိခြင်း မရှိကောင်း မရှိနိုင်သော်လည်း သင်၏ စိတ်နှလုံးသည် အသိတရားရပြီး ဖြစ်လိမ့်မည်။ ထို့ထက်ပိုပြီးလျှင် သင်၏တာဝန်ရှိ ပြဿနာများကို ဖြေရှင်းဖို့ သမ္မာတရားကို ရှာဖွေနိုင်ပါက သင်၏တာဝန် ထမ်းဆောင်ရာတွင် စံနှုန်းပြည့်မီပြီး တစ်ချိန်တည်းမှာပင် သင်သည် သမ္မာတရား စစ်မှန်မှုထဲသို့ ဝင်ရောက်နိုင်လိမ့်မည်။ ဤသည်မှာ သက်သေခံချက်ကို ပိုင်ဆိုင်သည်ဟု ဆိုလိုသည့်အရာ ဖြစ်သည်။
လူအချို့သည် ဘုရားသခင်ကို ယုံကြည်သော်လည်း သမ္မာတရားမလိုက်စားပေ။ ၎င်းတို့သည် ဇာတိခန္ဓာ၏ သာယာမှုများနောက် အငမ်းမရလိုက်ရင်း၊ မိမိတို့၏ တစ်ကိုယ်ကောင်းဆန်သော ဆန္ဒများကိုသာ အမြဲ ဖြည့်ဆည်းရင်း ဇာတိပကတိအားဖြင့်အမြဲ အသက်ရှင်ကြသည်။ ၎င်းတို့သည် ဘုရားသခင်ကို နှစ်ပေါင်းမည်မျှ ယုံကြည်ပါစေ သမ္မာတရားစစ်မှန်မှုသို့ ၎င်းတို့ မည်သည့်အခါမျှ ဝင်ရောက်မည် မဟုတ်ပေ။ ဤသည်မှာ ဘုရားသခင်ကို ဂုဏ်သရေညှိုးစေခြင်း အမှတ်အသားဖြစ်၏။ သင်က “ကျွန်ုပ်သည် ဘုရားသခင်ကို ခုခံသည့် မည်သည့်အရာကိုမျှ မလုပ်ရသေးပါ၊ ကျွန်ုပ်သည် သူ့ကို အဘယ်သို့ အရှက်ရစေခဲ့သနည်း”ဟု ဆိုသည်။ သင်၏ အကြံဉာဏ်များနှင့် အတွေးများအားလုံးတို့သည် ကောက်ကျစ်ဆိုးယုတ်သည်။ သင် လုပ်ဆောင်သည့် အရာများ နောက်ကွယ်မှ ရည်မှန်းချက်များ၊ ပန်းတိုင်များနှင့် ကြံရွယ်ချက်များနှင့် သင့်လုပ်ရပ်များ၏ အကျိုးဆက်များသည် စာတန်ကို အစဉ် ကျေနပ်အားရနေစေ၏၊ သင့်အား ၎င်း၏အဟားခံရသူဖြစ်စေပြီး ၎င်းအား သင့်ထံမှ တစ်စုံတစ်ရာ ရယူခွင့်ပြုလျက်နေ၏။ သင်သည် ခရစ်ယာန်တစ်ဦးအနေဖြင့် ထွက်ဆိုသင့်သော သက်သေခံချက် တစ်ခုမျှ မထွက်ဆိုရသေးပေ။ သင်သည် စာတန်နှင့် သက်ဆိုင်သည်။ သင်သည် အရာခပ်သိမ်း၌ ဘုရားသခင်၏ နာမတော်အတွက် အရှက်ရစေပြီး သင်၌ စစ်မှန်သော သက်သေခံချက် မရှိပေ။ ဘုရားသခင်သည် သင်ပြုခဲ့ပြီးသည့်အရာများကို အမှတ်ရမည်လော။ အဆုံးတွင် ဘုရားသခင်သည် သင်၏လုပ်ဆောင်ချက်များ၊ အပြုအမူများနှင့် သင် ထမ်းဆောင်ခဲ့သော တာဝန်များအားလုံးနှင့်ပတ်သက်၍ မည်သည့်ကောက်ချက်ကို ချမှတ်မည်နည်း။ ထိုအရာမှ ရလဒ်တစ်စုံတစ်ရာ ရှိသည်မဟုတ်လော၊ သမ္မာကျမ်းစာထဲတွင် သခင်ယေရှုက “ထိုနေ့၌ကား၊ သခင်၊ သခင်၊ အကျွန်ုပ်တို့သည် ကိုယ်တော်အခွင့်နှင့် ဆုံးမဩဝါဒပေးပါပြီ မဟုတ် လော။ ကိုယ်တော်အခွင့်နှင့် နတ်ဆိုးတို့ကို နှင်ထုတ်ပါပြီ မဟုတ်လော။ ကိုယ်တော်အခွင့်နှင့် များစွာသော တန်ခိုးတို့ကို ပြပါပြီမဟုတ်လောဟု အများသော သူတို့သည် လျှောက်ကြလိမ့်မည်။ ထိုသို့လျှောက်ကြသောအခါ သင်တို့ကို ငါအလျှင်းမသိ၊ အဓမ္မအမှုကို ပြုသောသူတို့၊ ငါ့ထံမှ ဖယ်ကြဟု ထိုသူတို့အား အတိအလင်း ငါပြောမည်။” (ရှင်မဿဲခရစ်ဝင် ၇:၂၂-၂၃) ဟု ဆို၏။ သခင်ယေရှုသည် အဘယ်ကြောင့် ဤသို့ပြောခဲ့သနည်း။ သခင်၏နာမတော်အားဖြင့် တရားဟောကြားသည့်၊ နတ်ဆိုးမောင်းထုတ်ပြီး နိမိတ်လက္ခဏာများကို ပြုလုပ်သည့်သူများစွာတို့သည် အဘယ်ကြောင့် မကောင်းမှုပြုသူများ ဖြစ်လာခဲ့ကြသနည်း။ ယင်းမှာ ၎င်းတို့သည် သခင်ယေရှု ဖော်ပြသည့် သမ္မာတရားကို လက်မခံခဲ့သောကြောင့်၊ သူ၏ ပညတ်တော်များကို မစောင့်ထိန်းသောကြောင့်၊ ပြီးလျှင် ၎င်းတို့သည် ၎င်းတို့၏ စိတ်နှလုံးထဲ၌ သမ္မာတရားအတွက် ချစ်ခြင်းမရှိသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် သခင့်အတွက် ၎င်းတို့လုပ်ခဲ့ပြီးသော အလုပ်၊ ၎င်းတို့ ခံယူခဲ့သော ဆင်းရဲဒုက္ခများနှင့် ပေးဆပ်မှုများကို ကောင်းကင်နိုင်ငံတော်၏ ကောင်းချီးများအတွက်သာ အလဲအထပ် ပြုလိုကြသည်။ ဤနေရာတွင် ၎င်းတို့သည် ဘုရားသခင်နှင့် အပေးအယူလုပ်ရန် ကြိုးစားအားထုတ်နေခြင်း ဖြစ်ပြီး ဘုရားသခင်ကို အသုံးချဖို့နှင့် လှည့်စားဖို့ ကြိုးစားနေခြင်း ဖြစ်သောကြောင့် သခင်ယေရှုသည် ၎င်းတို့ကို စက်ဆုပ်သည်၊ ၎င်းတို့ကို မုန်းတီးပြီး ၎င်းတို့ကို မကောင်းမှုပြုသူများအဖြစ် ပြစ်တင်ရှုတ်ချသည်။ ယနေ့ခေတ်တွင် လူများသည် ဘုရားနှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို လက်ခံနေကြသော်လည်း အချို့က ဂုဏ်သတင်းနှင့် ဂုဏ်အဆင့်အတန်းတို့ကို လိုက်စားဆဲဖြစ်ကာ အစဉ်သဖြင့် အသိအမှတ်ပြုခြင်း ခံရလိုကြသည်။ အစဉ်သဖြင့် ခေါင်းဆောင်များနှင့် အမှုဆောင်များ ဖြစ်လိုကာ ဂုဏ်သတင်းနှင့် ဂုဏ်အဆင့်အတန်းတို့ကို ရလိုကြသည်။ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ပြီး ဘုရားသခင်နောက်ကို လိုက်ကြောင်း၊ ဘုရားသခင်အတွက် ၎င်းတို့ စွန့်လွှတ်ပြီး အသုံးခံကြောင်း ၎င်းတို့အားလုံးက ပြောကြသော်ငြားလည်း ၎င်းတို့သည် ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် ဂုဏ်အဆင့်အတန်းတို့ကို ရရှိဖို့ မိမိတို့၏တာဝန်များကို ထမ်းဆောင်ကြပြီး ၎င်းတို့၌ ကိုယ်ပိုင် အကြံအစည်များ အစဉ်ရှိကြသည်။ ၎င်းတို့သည် ဘုရားသခင်ကို ကျိုးနွံနာခံခြင်း၊ သို့မဟုတ် သစ္စာစောင့်သိခြင်း မရှိကြချေ။ ၎င်းတို့သည် မိမိတို့ကိုယ်ကို လုံးဝ ဆင်ခြင်ခြင်းမရှိဘဲ မကောင်းမှုပြုရင်း အထိန်းအကွပ်မဲ့နိုင်သောကြောင့် မကောင်းမှုပြုသူများ ဖြစ်လာသည်။ ဘုရားသခင်သည် ဤဆိုးယုတ်သောလူများကို ရွံရှာမုန်းတီးသည်၊ ၎င်းတို့ကို ဘုရားသခင် မကယ်တင်ချေ။ လူတစ်ဦး၏ လုပ်ရပ်များနှင့် အပြုအမူများကို ကောင်းသည် ဆိုးသည်ဟူ၍ အကဲဖြတ်သော စံနှုန်းမှာအဘယ်နည်း။ ယင်းမှာ ၎င်းတို့သည် ၎င်းတို့၏အတွေးများ၊ ထုတ်ဖော်ချက်များနှင့် အပြုအမူများ၌ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် သမ္မာတရား စစ်မှန်မှုအတိုင်း အသက်ရှင်နေထိုင်ခြင်းအကြောင်း သက်သေခံချက် ရှိမရှိတို့ဖြစ်၏။ အကယ်၍ သင်၌ ဤစစ်မှန်မှု မရှိပါက၊ သို့မဟုတ် ဤအရာအတိုင်း အသက်ရှင်နေထိုင်ခြင်း မရှိပါက သင်သည် မကောင်းမှုပြုသူတစ်ဦး ဖြစ်သည်မှာ သံသယဖြစ်ဖွယ်မရှိ။ ဘုရားသခင်က ဒုစရိုက်ပြုသူများကို အဘယ်သို့ မှတ်ယူသနည်း။ ဘုရားသခင်အတွက်မူ သင့်အတွေးများနှင့် အပြင်ပန်းအပြုအမူများက သူ့အတွက် သက်သေမခံသကဲ့သို့ ယင်းတို့က စာတန်အား အရှက်ကွဲစေခြင်း၊ သို့မဟုတ် စာတန်အား အနိုင်ယူခြင်းလည်း မပြုချေ၊ ထိုအစား ဘုရားသခင်ကို အရှက်ရစေပြီး ဘုရားသခင်အပေါ် သင် ဖြစ်စေသည့် ဂုဏ်သရေညှိုးစေသည့် လက္ခဏာများနှင့် ပွထနေသည်။ သင်သည် ဘုရားသခင်အတွက် သက်သေခံနေခြင်း မရှိ၊ သင်သည် ဘုရားသခင်အဖို့ မိမိကိုယ်ကို အသုံးခံနေခြင်း မရှိသကဲ့သို့ ဘုရားသခင်အတွက် သင်၏ တာဝန်နှင့် ဝတ္တရားတို့ကို ဖြည့်ဆည်းနေခြင်းလည်း မရှိပေ၊ ထိုအစား သင့်ကိုယ်ပိုင်အကျိုးအတွက် သင်ပြုမူနေသည်။ “သင့်ကိုယ်ပိုင်အကျိုးအတွက်” ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ အတိအကျဆိုရလျှင် စာတန်အတွက်ကို ဆိုလိုသည်။ ထို့ကြောင့် နောက်ဆုံးတွင် ဘုရားသခင်က “အဓမ္မအမှုကို ပြုသောသူတို့၊ ငါ့ထံမှ ဖယ်ကြ” ဟု ဆိုလိမ့်မည်။ ဘုရားသခင်၏ အမြင်တွင် သင်၏လုပ်ရပ်များကို ကောင်းမှုများအဖြစ် မြင်လိမ့်မည် မဟုတ်ဘဲ ယင်းတို့ကို မကောင်းမှုအဖြစ် မှတ်ယူလိမ့်မည် ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်၏ လက်ခံမှုကို မရရှိနိုင်မည့်အပြင် စီရင်ခြင်းခံရလိမ့်မည်။ ဘုရားသခင်၌ ထိုသို့သော ယုံကြည်မှု ရှိသည့်သူတစ်ဦးသည် အဘယ်အရာကို ရရှိဖို့ မျှော်လင့်သနည်း။ ထိုသို့သော ယုံကြည်မှုသည် အဆုံး၌ အချည်းနှီးဖြစ်မည် မဟုတ်လော။
—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအား စွန့်ပစ်ခြင်းအားဖြင့်သာ လွတ်လပ်ခြင်းနှင့် လွတ်မြောက်ခြင်းကို ရရှိနိုင်သည်
မည်သည့်စမ်းသပ်မှုကို သင်ထိပ်တိုက်ရင်ဆိုင်ရပါစေ ဘုရားသခင်ရှေ့မှောက်သို့ သင်လာရမည်ဖြစ်သည်။ ဤသည်မှာ မှန်ကန်ပေ၏။ သင်၏တာဝန် ထမ်းဆောင်ခြင်းကို မနှောင့်နှေးအောင် လုပ်ဆောင်ရင်း သင့်ကိုယ်သင်လည်း ဆင်ခြင်သုံးသပ်ရမည်။ အရေးမပါသည့်အရာကို အာရုံစိုက်ရန် အရေးကြီးသည့် အရာကို လျစ်လျူရှုထားရင်း မိမိကိုယ်ကို စဉ်းစားဆင်ခြင်ရုံပြုပြီး သင့်တာဝန်ကို မဆောင်ရွက်ဘဲ မနေနှင့်။ ယင်းမှာ မိုက်မဲသည့် နည်းလမ်းဖြစ်၏။ သင့်အပေါ်သို့ မည်သည့် စမ်းသပ်မှု ကျရောက်ပါစေ သင်က ယင်းကို ဘုရားသခင်က သင့်အား ပေးသည့် ဝန်တစ်ခုအဖြစ် သဘောထားရမည်။ လူအချို့က ကြီးစွာသော နာမကျန်းဖြစ်ခြင်းနှင့် မခံနိုင်သော ဒုက္ခတို့ဖြင့် ဝိုင်းရံဖိစီးခြင်းခံရကာ အချို့က သေခြင်းတရားကိုပင် ရင်ဆိုင်ရသည်ဟု ဆိုကြပါစို့။ ဤအခြေအနေမျိုးကို သင်သည် မည်သို့ ချဉ်းကပ်သင့်သနည်း။ လူတို့အား ဘုရားသခင်ပေးသည့် စမ်းသပ်မှုများမှာ ဝန်ထုပ်ဝန်ပိုးတစ်ခု ဖြစ်တတ်သည့် အချိန်များစွာ ရှိသည်။ ဘုရားသခင် သင့်ကိုပေးသော ဝန်ထုပ်မှာ မည်မျှပင် လေးလံပါစေ ယင်းကို သင် ထမ်းပိုးသင့်သည်၊ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် သင့်ကိုနားလည်ပြီး ယင်းကို သင်သယ်ဆောင်နိုင်ကြောင်း သိသောကြောင့် ဖြစ်သည်။ ဘုရားသခင် သင့်ကိုပေးသော ဝန်တာသည် သင့်ဝိညာဉ်ရင့်ကျက်မှု၊ သို့မဟုတ် သင့်ခံနိုင်ရည်၏ အကန့်အသတ်များကို ကျော်လွန်လိမ့်မည်မဟုတ်၊ သင် ဧကန်ပင် သယ်ဆောင်နိုင်လိမ့်မည်။ ဘုရားသခင် သင့်ကို မည်သို့သောဝန်ထုပ်မျိုး ပေးပါစေ သို့မဟုတ် သူသင့်ကို မည်သည့်စမ်းသပ်မှုမျိုး ပေးပါစေ၊ ဤအရာကို သတိရလော့။ ဘုရားသခင်၏ ရည်ရွယ်ချက်များကို သင် နားလည်သည်ဖြစ်စေ၊ နားမလည်သည်ဖြစ်စေ ဆုတောင်းပြီးနောက် သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်ဖွင့်ပေးခြင်းနှင့် အလင်းပေးခြင်းကို သင် ရရှိသည်ဖြစ်စေ၊ မရရှိသည်ဖြစ်စေ၊ ထို့ပြင် စမ်းသပ်မှုမှာ ဘုရားသခင် သင့်ကို ဆုံးမပဲ့ပြင်နေသည့်၊ သို့မဟုတ် ပေးနေသည့် သတိပေးချက်တစ်ခု ဖြစ်နေပါစေ ယင်းကို သင်နားမလည်လျှင်လည်း ကိစ္စမရှိပေ။ သင်၏ တာဝန်ကို ထမ်းဆောင်ရာတွင် နှောင့်နှေးခြင်း မရှိဘဲ သင်၏တာဝန်ကို သစ္စာစောင့်သိစွာ စွဲစွဲမြဲမြဲ ထိန်းနိုင်သရွေ့ ဤနည်းအားဖြင့် ဘုရားသခင်သည် ကျေနပ်မည်ဖြစ်ပြီး သင်သည်လည်း သက်သေရပ်တည်ပြီး ဖြစ်လိမ့်မည်။ ၎င်းတို့သည် ပြင်းထန်သော ရောဂါတစ်ခုကို ခံစားနေရပြီး သေဆုံးတော့မည်ကို မြင်လျက် လူအချို့က မိမိတို့ဘာသာ တွေးကြသည်။ “သေခြင်းတရားကို ရှောင်ရှားလိုသည့်အတွက် ဘုရားသခင်ကို ကျွန်ုပ် စတင် ယုံကြည်ခဲ့သည်။ သို့ရာတွင် အမှန်တော့ ကျွန်ုပ်၏ တာဝန်ကို ဤနှစ်များအားလုံးတွင် ထမ်းဆောင်ပြီးသည့်နောက်တွင်ပင် သူက ကျွန်ုပ်ကို သေခွင့်ပေးတော့မည်။ ကျွန်ုပ်သည် ကိုယ့်ကိစ္စကိုသာ လုပ်ဆောင်ပြီး ကျွန်ုပ် အစဉ်သဖြင့် လုပ်ဆောင်လိုသည့်အရာများကို လုပ်ဆောင်သင့်သည်။ ဤဘဝတွင် ကျွန်ုပ် မခံစားရသေးသည့်အရာများကို ပျော်မွေ့ခံစားသင့်သည်။ ကျွန်ုပ်၏ တာဝန်ကို ထမ်းဆောင်ခြင်းအား ရွှေ့ဆိုင်းထားသင့်သည်” ဤစိတ်သဘောထားက အဘယ်နည်း။ သင်သည် ဤနှစ်များတစ်လျှောက် သင်၏တာဝန်ကို ထမ်းဆောင်နေပြီးဖြစ်သည်၊ သင်သည် ဤဒေသနာများ အားလုံးကို နားထောင်ပြီးဖြစ်ကာ သမ္မာတရားကို သင်နားမလည်သေးပေ။ စမ်းသပ်မှု တစ်ခုက သင့်အား ပြိုလဲစေသည်၊ သင့်ကို ကျရှုံးစေသည်၊ ပြီးလျှင် သင့်ကို ဖော်ထုတ်ပြသည်။ ထိုသို့သော လူတစ်ယောက်သည် ဘုရားသခင်၏ စောင့်ရှောက်ခံရခြင်းနှင့် ထိုက်တန်သလော။ (၎င်းတို့သည် မထိုက်တန်ပါ။) ၎င်းတို့သည် သစ္စာစောင့်သိခြင်း လုံးလုံး မရှိသူများ ဖြစ်ကြသည်။ ထို့ကြောင့် ကျွန်ုပ်တို့ ဤနှစ်များ အားလုံးကို အကုန်ခံပြီး ထမ်းဆောင်ခဲ့သည့် တာဝန်ကို မည်သို့ သိထားကြသနည်း။ ယင်းကို “အလုပ်လုပ်ပေးခြင်း” ဟု သိထားကြပြီး ၎င်းတို့သည် အားထုတ်ကြိုးပမ်း နေခဲ့ကြခြင်းသာ ဖြစ်သည်။ ဘုရားသခင်၌ သင်၏ယုံကြည်ခြင်းနှင့် သမ္မာတရားကို လိုက်စားခြင်း၌ သင်က “ဘုရားသခင်က ကျွန်ုပ်အပေါ် မည်သည့်ရောဂါ သို့မဟုတ် သဘောမတူဖွယ် ဖြစ်ရပ်များကို ကျရောက်ခွင့်ပြုပါစေ၊ ဘုရားသခင် မည်သည့်အရာကို လုပ်ဆောင်ပါစေ ကျွန်ုပ်သည် ကျိုးနွံနာခံပြီး ဖန်ဆင်းခံတစ်ယောက်အဖြစ် ကျွန်ုပ်၏ နေရာတွင် နေရမည်။ အခြားအရာအားလုံးထက်ပိုပြီး သမ္မာတရား၏ ဤရှုထောင့်ဖြစ်သည့် ကျိုးနွံနာခံခြင်းကို ကျွန်ုပ် လက်တွေ့လုပ်ဆောင်ရမည်၊ ယင်းကို ကျွန်ုပ် အကောင်အထည်ဖော်ရမည်။ ပြီးလျှင် ဘုရားသခင်ကို ကျိုးနွံနာခံခြင်း စစ်မှန်မှုတွင် အသက်ရှင်နေထိုင်သည်။ ထို့အပြင် ဘုရားသခင်က ကျွန်ုပ်ကို တာဝန်ပေးစေခိုင်းသည့် အရာနှင့် ကျွန်ုပ်ထမ်းဆောင်သင့်သည့် တာဝန်ကို ကျွန်ုပ် ဘေးမဖယ်၍မဖြစ်ပေ။ ကျွန်ုပ်၏ နောက်ဆုံးထွက်သက်တွင်ပင် ကျွန်ုပ်သည် မိမိ၏တာဝန်ကို စွဲစွဲမြဲမြဲ ထိန်းသိမ်းရမည်” ဟု ဆိုနိုင်လျှင် ဤသည်မှာ သက်သေခံချက်ပေးခြင်း မဟုတ်လော။ သင်၌ ဤသန္နိဋ္ဌာန်မျိုးနှင့် ဤအခြေအနေမျိုး ရှိသည့်အခါ သင်သည် ဘုရားသခင်နှင့်ပတ်သက်၍ ညည်းညူနိုင်သေးသလော။ မဟုတ်ပေ၊ သင် မညည်းညူနိုင်ပေ။ ထိုသို့သော အချိန်တစ်ခုတွင် သင်သည် သင့်ကိုယ်သင် “ဘုရားသခင်က ကျွန်ုပ်ကို ဤဇီဝအသက်ကို ပေးသည်၊ သူသည် ဤနှစ်များ တစ်လျှောက် ကျွန်ုပ်အတွက် ထောက်ပံ့ပေးကာ ကွယ်ကာပေးပြီးဖြစ်သည်၊ သူသည် ကျွန်ုပ်ထံမှ နာကျင်မှုများစွာ ယူပြီးဖြစ်သည်၊ ကျွန်ုပ်ကို ကျေးဇူးတော်များစွာနှင့် သမ္မာတရားများစွာတို့ကို ပေးပြီးဖြစ်သည်။ ကျွန်ုပ်သည် မျိုးဆက်များကြာအောင် လူများ နားမလည်သေးသည့် သမ္မာတရားများနှင့် နက်နဲမှုများကို နားလည်ပြီးဖြစ်သည်။ ကျွန်ုပ်သည် ဘုရားသခင်ထံမှ များစွာ ရရှိပြီးဖြစ်သောကြောင့် ဘုရားသခင်ကို ကျွန်ုပ် ပြန်လည်ပေးဆပ်ရမည်။ ယခင်က ကျွန်ုပ်၏ ဝိညာဉ်ရင့်ကျက်မှုသည် အလွန် နုနယ်သည်၊ ကျွန်ုပ်သည် မည်သည့်အရာကိုမျှ နားမလည်ဘဲ ကျွန်ုပ် ပြုသမျှအရာအားလုံးသည် ဘုရားသခင်ကို နာကျင်စေသည်။ ကျွန်ုပ်သည် အနာဂတ်တွင် ဘုရားသခင်ကို ပြန်လည်ပေးဆပ်ဖို့ နောက်ထပ် အခွင့်အရေး ရှိနိုင်မည် မဟုတ်ပေ။ ဤနှစ်များတစ်လျှောက် ကျွန်ုပ်အတွက် ထောက်ပံ့ပေးခြင်းသည် အချည်းနှီးမဖြစ်ဘဲ အကျိုးဖြစ်ထွန်းပြီးဖြစ်သည်ကို ဘုရားသခင် တွေ့မြင်နိုင်ဖို့အလို့ငှာ ကျွန်ုပ် အသက်ရှင်ဖို့ အချိန်မည်မျှ ကျန်ပါစေ ကျွန်ုပ်၌ရှိသည့် အနည်းငယ်သော ခွန်အားကို ပူဇော်ဆက်ကပ်ပြီး ဘုရားသခင်အတွက် ကျွန်ုပ် လုပ်ဆောင်နိုင်သည့်အရာကို လုပ်ဆောင်ရမည်။ ဘုရားသခင်ကို နှစ်သိမ့်မှု ဆောင်ကြဉ်းပေးပါရစေ၊ ပြီးလျှင် သူ့ကို မနာကျင်စေတော့သကဲ့သို့ စိတ်မပျက်စေတော့ပေ” ဟု တွေးလိမ့်မည်။ ဤနည်းလမ်းဖြင့် တွေးတောခြင်းကရော အဘယ်သို့ ရှိသနည်း။ “ဤရောဂါက မည်သည့်အချိန်တွင် ပျောက်မည်နည်း။ ပျောက်သည့်အချိန်တွင် ကျွန်ုပ်၏ တာဝန်ကို အစွမ်းကုန် ထမ်းဆောင်ပြီး သစ္စာစောင့်သိမည်။ ကျွန်ုပ်သည် မကျန်းမာသည့်အခါတွင် မည်သို့ သစ္စာစောင့်သိနိုင်သနည်း။ ဖန်ဆင်းခံတစ်ဦး၏ တာဝန်ကို ကျွန်ုပ် မည်သို့ ထမ်းဆောင်နိုင်သနည်း။” ဟု တွေးလျက် သင့်ကိုယ်သင် မည်သို့ကယ်တင်ဖို့၊ သို့မဟုတ် လွတ်မြောက်ဖို့ မတွေးလေနှင့်။ သင်၌ ထွက်သက် တစ်ခုရှိသမျှ ကာလပတ်လုံး သင်သည် သင်၏တာဝန်ကို ထမ်းဆောင်နိုင်စွမ်း မရှိသလော။ သင်သည် ထွက်သက်တစ်ခု ရှိသမျှကာလပတ်လုံး ဘုရားသခင်ကို အရှက်ရစေနိုင်စွမ်း မရှိသလော။ သင်၌ ထွက်သက်တစ်ခု ရှိသမျှကာလပတ်လုံး သင်၏စိတ်သည် ကြည်လင်သမျှကာလပတ်လုံး သင်သည် ဘုရားသခင်နှင့်ပတ်သက်၍ မညည်းညူနိုင်စွမ်း ရှိသလော။ (ရှိပါသည်။) ယခုအခါတွင် “ဟုတ်ပါသည်” ဟု ပြောရသည်မှာ လွယ်ကူသော်လည်း ဤသည်က သင့်ကို အမှန်တကယ် ဖြစ်ပျက်သည့်အခါတွင် ယင်းက အလွန်လွယ်ကူ လိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် သင်တို့သည် သမ္မာတရားကို လိုက်စားရမည်၊ သမ္မာတရားနှင့် ပတ်သက်၍ မကြာခဏ အလုပ်ကြိုးစားရမည် ဖြစ်ပြီး၊ “ဘုရားသခင်၏ ရည်ရွယ်ချက်များကို ကျွန်ုပ် မည်သို့ ကျေနပ်စေနိုင်သနည်း။ ဘုရားသခင်၏ချစ်ခြင်းမေတ္တာကို ကျွန်ုပ် မည်သို့ ပေးနိုင်သနည်း။ ဖန်ဆင်းခံတစ်ဦး၏ တာဝန်ကို ကျွန်ုပ် မည်သို့ ထမ်းဆောင်နိုင်သနည်း။” ဟု တွေးခြင်း၌ သာ၍ အချိန် ကုန်ဆုံးရမည်။
—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ဘုရားသခင်၏နှုတ်ကပတ်တော်ကို မကြာခဏ ဖတ်ရှုပြီး သမ္မာတရားကို အာရုံပြုဆင်ခြင်ခြင်း၌သာလျှင် ရှေ့ဆက်ရာ လမ်းကြောင်းရှိသည်
သင်၏တာဝန်ကို ထမ်းဆောင်နေစဉ်တွင် အပျက်သဘောဆောင်ခြင်းနှင့် အားနည်းချက်ဖြစ်စေ၊ ပြုပြင်ခြင်းခံရပြီးနောက် မကောင်းသော စိတ်ခံစားမှု တစ်ခုတွင် ရှိနေခြင်းဖြစ်စေ၊ သင် မည်သည့်အရာကို ကြုံတွေ့ရပါစေ ယင်းကို သင် သင့်တော်စွာ သဘောထားသင့်ပြီး သင်သည် သမ္မာတရားကိုလည်း ရှာဖွေကာ ဘုရားသခင်၏ ရည်ရွယ်ချက်များကိုလည်း နားလည်ရမည်။ ဤအမှုအရာများကို လုပ်ဆောင်ခြင်းအားဖြင့်၊ လက်တွေ့လုပ်ဆောင်ဖို့ လမ်းကြောင်းတစ်ခု သင်၌ရှိလိမ့်မည်။ သင်၏တာဝန်ကို ထမ်းဆောင်ရာတွင် ကောင်းမွန်စွာ ဆောင်ရွက်လိုပါက သင်၏ စိတ်ခံစားမှု၏ သက်ရောက်မှုကို ခံ၍ မဖြစ်ပေ။ သင်သည် အပျက်သဘောဆောင်ခြင်း သို့မဟုတ် အားနည်းခြင်းတို့ကို မည်မျှခံစားနေရပါစေ သင်လုပ်သမျှတွင် စည်းမျဉ်းများကို မြဲမြံစွာ လိုက်နာလျက် လုံးဝ တိကျခြင်းဖြင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်သင့်သည်။ ဤအရာကို သင်ပြုလုပ်ပါက အခြားသူများက သင့်ကို လက်ခံရုံသာမက ဘုရားသခင်ကလည်း သင့်ကို နှစ်သက်တော်မူလိမ့်မည်။ ဤသို့ဖြစ်သဖြင့် သင်သည် တာဝန်ရှိပြီး ဝန်ထုပ် ထမ်းရွက်သောသူ ဖြစ်လိမ့်မည်။ သင်သည် သင်၏တာဝန်ကို စံချိန်မီ အမှန်တကယ် ထမ်းဆောင်ပြီး စစ်မှန်သော လူတစ်ယောက်၏ ပုံသဏ္ဌာန်အတိုင်း အပြည့်အဝ အသက်ရှင်နေထိုင်သည့်သူနှင့် တကယ့် လူကောင်းတစ်ယောက် ဖြစ်ပေလိမ့်မည်။ ထိုကဲ့သို့ လူများသည် ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်နေသည့်အခါ သန့်စင်ခြင်းခံရပြီး စစ်မှန်သည့် ပြောင်းလဲခြင်းကို ရရှိကြကာ ၎င်းတို့သည် ဘုရားသခင်၏ အမြင်တွင် ရိုးသားသည်ဟု ခေါ်ဆို၍ ရနိုင်ပေသည်။ ရိုးသားသောလူများသာလျှင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းအား အပတ်တကုတ် လုံ့လထုတ်ပြီး စည်းမျဉ်းဖြင့် ပြုမူကျင့်ကြံရာတွင် အောင်မြင်နိုင်သည်၊ ပြီးလျှင် ၎င်းတို့၏ တာဝန်များကို စံချိန်မီ ထမ်းဆောင်နိုင်ပေသည်။ စည်းမျဉ်းဖြင့် ပြုမူသည့်လူများသည် ၎င်းတို့ ကောင်းသော စိတ်ခံစားမှု ရှိနေချိန်တွင် ၎င်းတို့၏ တာဝန်များကို စေ့စေ့စပ်စပ် ထမ်းဆောင်ကြသည်။ ၎င်းတို့သည် ဝတ်ကျေတမ်းကျေပုံစံဖြင့် အလုပ်မလုပ်ဘဲ အခြားသူများက ၎င်းတို့အား အထင်ကြီးစေဖို့ မိမိတို့ကိုယ်ကို မာနမထောင်လွှားကြသကဲ့သို့ ကိုယ်ရည်လည်း သွေးမပြကြပေ။ ၎င်းတို့သည် မကောင်းသော စိတ်ခံစားမှုတစ်ခု ရှိနေသည့် အချိန်၌ ၎င်းတို့၏ နေ့စဉ် လုပ်ဆောင်ချက် တာဝန်များကို ဤသို့ပင် စိတ်ပါလက်ပါနှင့် တာဝန်ရှိစွာ ပြီးမြောက်စေနိုင်ပြီး ၎င်းတို့၏တာဝန်များ ထမ်းဆောင်ခြင်းကို ထိခိုက်နစ်နာစေသည့်အရာ တစ်ခုခုကိုဖြစ်စေ ၎င်းတို့ကို ဖိအားအနည်းငယ် ပေးသည့်အရာတစ်ခုခု သို့မဟုတ် ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်နေစဉ်တွင် အဖျက်အမှောင့် လုပ်ခြင်းကို ဖြစ်ပေါ်စေသည့်အရာ တစ်ခုခုကိုဖြစ်စေ ၎င်းတို့ ကြုံတွေ့ရလျှင်ပင် ၎င်းတို့သည် “မည်မျှကြီးမားသည့် ပြဿနာကို ကျွန်ုပ်ရင်ဆိုင်ရပါစေ မိုးကောင်းကင်ကြီးတစ်ခုလုံး ပြိုကျလာလျှင်ပင် ကျွန်ုပ်အသက်ရှင်နေသရွေ့ မိမိ၏ တာဝန်ကို ဖြည့်ဆည်းဖို့ အစွမ်းကုန်ကြိုးစားရန် သန္နိဋ္ဌာန်ချပါသည်။ ဘုရားသခင် ပေးအပ်သည့် ဤတာဝန်နှင့် ကျွန်ုပ်ထိုက်တန်ဖို့၊ ထို့အပြင် ကျွန်ုပ်၏ ခန္ဓာကိုယ်ထဲ ကိုယ်တော် ထည့်ထားပြီးဖြစ်သည့် ဤထွက်သက်ဝင်သက်နှင့် ကျွန်ုပ်ထိုက်တန်ဖို့အလို့ငှာ ကျွန်ုပ် အသက်ရှင်သည့် နေ့တိုင်းသည် ကျွန်ုပ်တို့၏ တာဝန်ကို ကောင်းစွာ ထမ်းဆောင်ရမည့် နေ့ရက်တစ်ရက် ဖြစ်ပါသည်။ ကျွန်ုပ်သည် မည်မျှ အခက်အခဲကြုံကောင်း ကြုံနေရသည်ဖြစ်ပါစေ ကျွန်ုပ်၏ တာဝန်ကို ထမ်းဆောင်ခြင်းသည် အရေးအကြီးဆုံးအရာ ဖြစ်သည့်အတွက် ယင်းကို ဘေးဖယ်ထားပါမည်” ဟု ပြောလျက် ဘုရားသခင်၏ ရှေ့မှောက်တွင် ၎င်းတို့၏ စိတ်နှလုံးကို ငြိမ်သက်စေနိုင်ပြီး ဆုတောင်းနိုင်ဆဲ ဖြစ်ပေသည်။ မည်သည့် လူ၊ အဖြစ်အပျက်၊ အမှုအရာ သို့မဟုတ် ပတ်ဝန်းကျင်တစ်စုံတစ်ရာအားဖြင့် ထိခိုက်ခြင်းကို မခံရသည့်သူများ၊ မည်သည့်စိတ်ခံစားမှု သို့မဟုတ် အပြင်ပန်းအခြေအနေ တစ်စုံတစ်ရာအားဖြင့် ဘောင်ခတ်ခြင်းကို မခံသူများနှင့် ၎င်းတို့ကို ဘုရားသခင် ယုံကြည်စွာ ပေးအပ်ထားသည့် ၎င်းတို့၏တာဝန်များနှင့် တာဝန်ပေးစေခိုင်းချက်များကို ရှေ့တန်းတင်ထားသူများဖြစ်သည့် ၎င်းတို့သည် ဘုရားသခင်ကို သစ္စာရှိသူများနှင့် သူ့ကို စစ်မှန်စွာ နာခံသူများဖြစ်သည်။ ဤကဲ့သို့သော လူများသည် အသက်ဝင်ရောက်ခြင်းကို ရရှိပြီးဖြစ်ကာ သမ္မာတရား စစ်မှန်မှုထဲသို့ ဝင်ရောက်ပြီးဖြစ်ပေသည်။ ဤသည်မှာ သမ္မာတရားကို အသက်ရှင်နေထိုင်ခြင်းနှင့် သက်ဆိုင်သည့် အစစ်မှန်ဆုံးနှင့် လက်တွေ့အကျဆုံးသော ဖော်ပြချက်များ ပင်တည်း။
—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အသက်အတွင်း ဝင်ရောက်ခြင်းသည် တာဝန် ထမ်းဆောင်ခြင်းဖြင့် စတင်သည်
ဘုရားသခင်၏ရှေ့မှောက်တွင် မိမိ၏တာဝန်ကို မလုပ်ဆောင်သော လူတို့သည် ပြစ်မှုများထဲမှ စက်ဆုပ်ရွံရှာဖွယ် အကောင်းဆုံးသော အပြစ်ရှိနှင့်ပြီးသားဖြစ်သည်၊ ယင်းအတွက် သေခြင်းတရားသည်ပင် မလုံလောက်သော ပြစ်ဒဏ်တစ်ခု ဖြစ်သည်၊ သို့သော် ၎င်းတို့သည် ဘုရားသခင်နှင့် ငြင်းခုံရဲကြသည်သာမက၊ မိမိတို့ကိုယ်ကိုယ် ဘုရားသခင်နှင့် တုပြိုင်ရဲကြလေသည်။ ထိုသို့သော လူများကို စုံလင်စေခြင်း၏ ထိုက်တန်မှုမှာ အဘယ်နည်း။ အကယ်၍ လူတို့သည် ၎င်းတို့၏တာဝန်ကို မဖြည့်ဆည်းနိုင်ပါက၊ ၎င်းတို့သည် အပြစ်ရှိခြင်းနှင့် အကြွေးတင်ရှိခြင်းတို့ကို ခံစားသင့်သည်။ ၎င်းတို့သည် ၎င်းတို့၏ အားနည်းချက်နှင့် အသုံးမကျမှု၊ ၎င်းတို့၏ ဆန့်ကျင်ပုန်ကန်မှုနှင့် ဖောက်ပြန်ပျက်စီးမှုတို့ကို မုန်းတီးသင့်သည်၊ ထို့အပြင် ၎င်းတို့၏ အသက်တာကို ဘုရားသခင်အား ပေးသင့်ကြသည်။ ထိုအခါမှသာ ၎င်းတို့သည် ဘုရားသခင်ကို အမှန်တကယ် ချစ်မြတ်နိုးသော ဖန်ဆင်းခံများ ဖြစ်ကြပြီး၊ ထိုသို့သော လူများသည်သာ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများနှင့် ကတိတော်ကို မွေ့လျော်ခံစားထိုက်ပြီး သူ၏ စုံလင်စေခြင်း ခံရထိုက်ပေသည်။ ပြီးလျှင် သင်တို့ အများစုသည် အဘယ်သို့နည်း။ သင်တို့အလယ် အသက်ရှင်သော ဘုရားသခင်ကို သင်တို့ မည်သို့ ဆက်ဆံကြသနည်း။ သင်တို့သည် သူ၏ ရှေ့မှောက်တွင် သင်တို့၏တာဝန်ကို မည်သို့ ဆောင်ရွက်ကြသနည်း။ သင်တို့ လုပ်ဆောင်ရန် ပန်ကြားသည့် အရာအားလုံးကို သင်တို့၏ ကိုယ်ပိုင် အသက်ကိုပင် အဆုံးရှုံးအနစ်နာခံလျက်၊ လုပ်ဆောင်ကြပြီးပြီလော။ သင်တို့သည် မည်သည့်အရာကို စွန့်လွှတ်အနစ်နာခံပြီးပြီနည်း။ ငါ့ထံမှ သင်တို့ များစွာ မရရှိသေးသလော။ သင်တို့ သိမြင်နိုင်သလော။ သင်တို့သည် ငါ့အား မည်မျှ သစ္စာစောင့်သိကြသနည်း။ ငါ့အား မည်သို့ အစေခံကြပြီး ပြီနည်း။ ပြီးလျှင် သင်တို့အပေါ် ငါအပ်နှင်းပြီးဖြစ်ကာ သင်တို့အတွက် ငါပြုပြီးသော အရာအားလုံးသည် သင်တို့နှင့် မသက်ဆိုင်တော့ပြီလော။ ထိုအရာအားလုံးကို သင်တို့နှိုင်းဆချင့်ချိန်ပြီးပြီလော။ သင်တို့အားလုံးသည် ဤအရာကို သင်တို့အတွင်းရှိသည့် အသိစိတ် အနည်းငယ်ဖြင့် အကဲဖြတ်ကာ နှိုင်းယှဉ် ပြီးပြီလော။ မည်သူသည် သင်တို့၏စကားများ၊ လုပ်ရပ်များနှင့် ထိုက်တန်နိုင်မည်နည်း။ သင်တို့၏ ထိုသို့သော မပြောပလောက်သည့် စွန့်လွှတ်အနစ်နာခံခြင်းသည် သင်တို့အပေါ် ငါ ပေးအပ်ခဲ့သမျှနှင့် ထိုက်တန်နိုင်သလော။ ငါသည် အခြားရွေးချယ်စရာ မရှိဘဲ၊ သင်တို့ကို စိတ်ပါလက်ပါ အစဉ်ချစ်ခင်ကာ သစ္စာရှိခဲ့သော်လည်း၊ သင်တို့သည် ဆိုးယုတ်သည့် ရည်ရွယ်ချက်များကို သိုထားကြပြီး ငါ့အပေါ် စိတ်မပါတပါ ဖြစ်ကြသည်။ ယင်းမှာ သင်တို့ တာဝန်၏ အတိုင်းအတာ၊ သင်တို့၏ တစ်ခုတည်းသော လုပ်ငန်းတာဝန် ဖြစ်သည်။ ဤသို့ မဟုတ်သလော။ သင်တို့သည် ဖန်ဆင်းခံတစ်ဦး၏ တာဝန်ကို လုံးဝ မဖြည့်ဆည်းနိုင်သေးသည်ကို မသိကြသလော။ သင်တို့ကို ဖန်ဆင်းခံသတ္တဝါဟူ၍ မည်သို့ ယူဆနိုင်မည်နည်း။ သင်တို့ ဖော်ပြနေပြီး အသက်ရှင်နေထိုင်နေသောအရာသည် မည်သည့်အရာ ဖြစ်သည်မှာ သင်တို့အဖို့ မရှင်းလင်းသလော။ သင်တို့သည် သင်တို့၏တာဝန်ကို မဖြည့်ဆည်းနိုင်သေးသော်လည်း၊ ဘုရားသခင်၏ သည်းခံခြင်းနှင့် အလျှံအပယ်ဖြစ်သော ကျေးဇူးတော်ကို ရရှိရန် သင်တို့ ကြိုးစားကြသည်။ ထိုသို့သော ကျေးဇူးတော်သည် သင်တို့ကဲ့သို့ အသုံးမကျသကဲ့သို့၊ ယုတ်ညံ့သောသူများအတွက် ပြင်ဆင်ထားသည် မဟုတ်ဘဲ၊ မည်သည့်အရာကိုမျှ မတောင်းဆိုဘဲ ဝမ်းမြောက်ဝမ်းသာ စွန့်လွှတ်အနစ်နာခံသော သူများအတွက် ဖြစ်သည်။ သင်တို့ကဲ့သို့သော သာမညောင်ညလူများ၊ ကောင်းကင်ဘုံ၏ ကျေးဇူးတော်ကို မွေ့လျော်ခံစားခြင်းငှာ လုံးဝ မထိုက်တန်ပေ။ အခက်အခဲနှင့် မဆုံးနိုင်သော အပြစ်ပေးခြင်းသာ သင်တို့၏ နေ့ရက်များကို အဖော်ပြုလိမ့်မည်။ အကယ်၍ သင်တို့သည် ငါ့ကို သစ္စာမရှိနိုင်ပါက၊ သင်တို့၏ကံကြမ္မာသည် ဆင်းရဲဒုက္ခခံရသော ကံကြမ္မာတစ်ခု ဖြစ်လေမည်။ အကယ်၍ သင်တို့သည် ငါ၏ နှုတ်ကပတ်တော်များနှင့် ငါအမှုများကို တာဝန်ခံနိုင်ခြင်း မရှိပါက၊ သင်တို့၏ ရလဒ်သည် ပြစ်ဒဏ်ပေးခြင်း ခံရသော ရလဒ်တစ်ခု ဖြစ်လိမ့်မည်။ ကျေးဇူးတော်၊ ကောင်းချီးမင်္ဂလာများနှင့် နှစ်သက်ဖွယ် နိုင်ငံတော် အသက်တာအားလုံးသည် သင်တို့နှင့် မည်သို့မျှ ပတ်သက်မည် မဟုတ်။ ဤသည်မှာ သင်တို့ ကြုံထိုက်သော အဆုံးသတ်ဖြစ်ပြီး သင်တို့ ကိုယ်တိုင်ပြုသည့် အကျိုးဆက်တစ်ခု ဖြစ်သည်။ မသိနားမလည်သကဲ့သို့ မာနထောင်လွှားသူများသည် အစွမ်းကုန် မကြိုးစားကြသကဲ့သို့ ၎င်းတို့၏တာဝန်ကို မဆောင်ရွက်ကြသည်သာမက၊ ၎င်းတို့ တောင်းသောအရာသည် ၎င်းတို့နှင့် ထိုက်တန်သည့်အလား၊ ၎င်းတို့၏ လက်များကို ဆန့်တန်းကာ ကျေးဇူးတော်ကိုလည်း တောင်းခံကြလေသည်။ ပြီးလျှင် ၎င်းတို့ တောင်းသောအရာကို မရရှိပါက၊ ၎င်းတို့သည် ယခင်ထက် သာ၍ပင် သစ္စာလျော့လာကြလေသည်။ ထိုသို့သောလူများကို ယုတ္တိတန်သောသူများဟု အဘယ်သို့ ယူဆနိုင်မည်နည်း။ သင်တို့သည် စီမံခန့်ခွဲခြင်း အမှုအတွင်းတွင် သင်တို့ ဖြည့်ဆည်းသင့်သည့် တာဝန်ကို လုံးဝ ဖြည့်ဆည်းနိုင်စွမ်းမရှိဘဲ၊ ညံ့ဖျင်းသော အရည်အချင်းရှိကြပြီး၊ ဆင်ခြင်တုံတရား ကင်းမဲ့ကြလေသည်။ သင်တို့၏တန်ဖိုးသည် ထိုးစိုက်ကျနှင့်ပြီး ဖြစ်သည်။ သင်တို့ကို ထိုသို့သော ကျေးဇူးတော် ပြသခြင်းအတွက် ငါ့ကို သင်တို့၏ ပြန်မပေးဆပ်နိုင်ခြင်းသည် လွန်ကဲသော ပုန်ကန်ခြင်း လုပ်ရပ်တစ်ခု ဖြစ်နှင့်ကာ၊ သင်တို့ကို ရှုတ်ချရန်နှင့် သင်တို့၏သူရဲဘောနည်းခြင်း၊ ညံ့ဖျင်းခြင်း၊ ယုတ်ညံ့ခြင်းနှင့် အသုံးမကျခြင်းတို့ကို ဖော်ပြရန် လုံလောက်ပေသည်။ သင်တို့၏လက်များကို ဆန့်တန်းရန် မည်သည့်အရာက သင်တို့ကို အခွင့်ရှိစေသနည်း။ သင်တို့သည် ငါ၏အမှုကို စိုးစဉ်းမျှ အထောက်အကူမဖြစ်နိုင်သည်မှာ၊ သစ္စာမစောင့်သိနိုင်သကဲ့သို့ ငါ့အတွက် သက်သေမရပ်တည်နိုင်သည်မှာ သင်တို့၏ မကောင်းမှုများနှင့် ချွတ်ယွင်းချက်များ ဖြစ်သော်လည်း၊ ယင်းအစား သင်တို့သည် ငါ့ကို တိုက်ခိုက်ကြသည်၊ ငါနှင့်သက်ဆိုင်၍ မုသားများပြောကြပြီး ငါသည် မဖြောင့်မတ်ဟု ညည်းညူကြလေသည်။ ဤသည်မှာ သင်တို့၏ သစ္စာစောင့်သိခြင်းနှင့် ညီမျှသောအရာ ဖြစ်သလော။ ဤသည်မှာ သင်တို့၏ချစ်ခြင်းနှင့် ညီမျှသောအရာ ဖြစ်သလော။ ဤအရာကိုကျော်လွန်၍ အခြားမည်သည့်အမှုကို သင်တို့ ပြုနိုင်သနည်း။ လုပ်ဆောင်ပြီးဖြစ်သည့် အမှုအားလုံးကို သင်တို့သည် မည်သို့ ပံ့ပိုးကြပြီနည်း။ သင်တို့ မည်မျှ အသုံခံကြပြီးဖြစ်သနည်း။ ငါသည် သင်တို့ကို အပြစ်မတင်ခြင်းအားဖြင့် ကြီးမားသော သည်းခံမှုကို ပြသနှင့်ပြီးဖြစ်သည်၊ သို့သော် သင်တို့သည် အရှက်ကင်းမဲ့စွာဖြင့် ငါ့ကို ဆင်ခြေများပေးကာ ငါနှင့်ပတ်သက်၍ သီးသန့် မကျေမနပ်ပြောဆိုကြဆဲ ဖြစ်သည်။ သင်တို့သည် လူ့သဘာဝ အရိပ်အယောင် အနည်းငယ်မျှပင် ရှိကြသလော။ လူ၏တာဝန်သည် လူ၏စိတ်နှင့် သူ၏အယူအဆများဖြင့် စွန်းထင်းသော်လည်း၊ သင်၏တာဝန်ကို သင် လုပ်ဆောင်ရမည် ဖြစ်ပြီး သင်၏သစ္စာစောင့်သိမှုကို ပြသရမည်ဖြစ်သည်။ လူ၏ လုပ်ဆောင်ချက်ထဲရှိ မစင်ကြယ်မှုများမှာ သူ၏ အရည်အချင်းနှင့်ဆိုင်သည့် ပြဿနာတစ်ခု ဖြစ်သည်၊ စင်စစ်အားဖြင့် လူသည် သူ၏တာဝန်ကို မထမ်းဆောင်ပါက၊ ယင်းသည် သူ၏ပုန်ကန်ခြင်းကို ပြသပေသည်။ လူ၏တာဝန်နှင့် လူသည် ကောင်းချီးမင်္ဂလာများ လက်ခံရရှိခြင်း သို့မဟုတ် ကံမကောင်းအကြောင်းမလှခြင်းကို ခံစားရခြင်း ဟူသည်တို့ကြားတွင် အချင်းချင်း ဆက်နွှယ်နေမှု မရှိပေ။ တာဝန်သည် လူက ဖြည့်ဆည်းသင့်သည့်အရာ ဖြစ်သည်။ ယင်းသည် ကောင်းကင်ဘုံက လာသည့် သူ၏ဘဝပေးတာဝန်ဖြစ်ပြီး ဆုလာဘ်၊ အခြေအနေများ သို့မဟုတ် အကြောင်းရင်းများပေါ်တွင် မမူတည်သင့်ပေ။ ထိုအခါမှသာ သူ၏တာဝန်ကို သူ လုပ်ဆောင်နေခြင်း ဖြစ်သည်။ ကောင်းချီးမင်္ဂလာ လက်ခံရရှိခြင်းဟူသည်မှာ တစ်စုံတစ်ဦးသည် တရားစီရင်ခြင်းကို ကြုံရပြီးနောက် စုံလင်စေခြင်းခံရကာ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများကို မွေ့လျော်ရခြင်း ဖြစ်သည်။ ကံမကောင်းအကြောင်းမလှခြင်းကို ခံစားရခြင်းဟူသည်မှာ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ကို ကြုံရပြီးနောက် လူတစ်ဦး၏ စိတ်သဘောထား မပြောင်းလဲခြင်း ဖြစ်သည်၊ ၎င်းတို့သည် စုံလင်စေခြင်းကို မတွေ့ကြုံရဘဲ အပြစ်ပေးခံရသည်။ ၎င်းတို့ ကောင်းချီးမင်္ဂလာများ လက်ခံရရှိသည်ဖြစ်စေ၊ ကံမကောင်းအကြောင်းမလှခြင်းကို ခံစားရသည်ဖြစ်စေ ဖန်ဆင်းခံသတ္တဝါများသည် ၎င်းတို့ လုပ်ဆောင်သင့်သည့်အရာကို လုပ်ဆောင်ရင်းနှင့် လုပ်ဆောင်နိုင်သည့်အရာကို လုပ်ဆောင်ရင်း၊ ၎င်းတို့၏တာဝန်ကို ဖြည့်ဆည်းသင့်ကြပေသည်။ ဤသည်မှာ လူတစ်ဦးအနေဖြင့်၊ ဘုရားသခင် နောက်ကိုလိုက်သည့် လူတစ်ဦးက အနည်းဆုံး လုပ်ဆောင်သင့်သည့်အရာ ဖြစ်သည်။ သင်သည် ကောင်းချီးမင်္ဂလာ လက်ခံရရှိရန်သာ သင်၏တာဝန်ကို မလုပ်ဆောင်သင့်သကဲ့သို့၊ ကံမကောင်းအကြောင်းမလှခြင်းကို ခံစားရမည်ကို ကြောက်ရွံ့ခြင်းအတွက် ဆောင်ရွက်ရန် မငြင်းဆန်သင့်ပေ။ ဤအရာတစ်ခုကို သင်တို့အား ငါပြောပါရစေ။ သူ၏တာဝန်နှင့်သက်ဆိုင်သည့် လူ၏ စွမ်းဆောင်မှုသည် သူလုပ်ဆောင်သင့်သည့်အရာ ဖြစ်ပြီး သူသည် သူ၏တာဝန်ကို ဆောင်ရွက်နိုင်စွမ်း မရှိပါက ဤသည်မှာ သူ၏ ပုန်ကန်မှုဖြစ်သည်။ လူသည် တဖြည်းဖြည်း ပြောင်းလဲသည်မှာ သူ၏တာဝန်ကို လုပ်ဆောင်ခြင်း ဖြစ်စဉ်မှတစ်ဆင့်ဖြစ်ပြီး သူ၏ သစ္စာစောင့်သိမှုကို ပြသသည်မှာ ဤဖြစ်စဉ်မှတစ်ဆင့် ဖြစ်ပေသည်။ ထိုသို့ဖြင့် သင်သည် သင်၏တာဝန်ကို ပို၍ လုပ်ဆောင်နိုင်လေ၊ သာ၍ များသည့် သမ္မာတရားကို သင် ရရှိလေဖြစ်လိမ့်မည် ဖြစ်ပြီး သင်၏ဖော်ပြချက်သည် သာ၍ စစ်မှန်လာလေ ဖြစ်လိမ့်မည် ဖြစ်သည်။ ၎င်းတို့၏တာဝန်ကို လုပ်ဆောင်ရာတွင် ဟန်ဆောင်လုပ်ပြရုံမျှလုပ်ပြပြီး သမ္မာတရားကို မရှာဖွေသောသူတို့သည် အဆုံးတွင် ဖယ်ရှားရှင်းလင်းခြင်းကို ခံရလိမ့်မည်၊ အဘယ့်ကြောင့်ဆိုသော် ထိုသို့သော လူတို့သည် ၎င်းတို့၏ တာဝန်ထမ်းဆောင်ခြင်း၌ သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်း မရှိကြသကဲ့သို့၊ ၎င်းတို့၏ တာဝန်ကို ဖြည့်ဆည်းခြင်းတွင် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ကြသည့် အတွက် ဖြစ်သည်။ ၎င်းတို့သည် မပြောင်းမလဲ ရှိနေသူများဖြစ်ပြီး ကံမကောင်းအကြောင်းမလှခြင်းကို ခံစားရလိမ့်မည်။ ၎င်းတို့၏ ဖော်ပြချက်များသည် မစင်ကြယ်သည်သာမက၊ ၎င်းတို့ ဖော်ပြသည့် အရာတိုင်းသည် ဆိုးယုတ်လေသည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ့ဇာတိခံ ဘုရားသခင်၏အမှုတော်နှင့် လူ၏တာဝန်ကြား ကွဲပြားခြားနားမှု
ဆက်စပ်မှုရှိသော ဓမ္မသီချင်းများ
သင့်တာဝန်ကို ဖြည့်ဆည်းလျှင် သင် သက်သေရပ်တည်လိမ့်မည်