၆။ လူတို့ ပိုင်ဆိုင်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ
နောက်ဆုံးသောကာလ အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များ
လူသား၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ပေါ်ပေါက်ခြင်းကို ဖြစ်စေသည့် အရင်းအမြစ်မှာ စာတန်၏ အထင်အမြင်မှားစေခြင်း၊ ဖောက်ပြန်ပျက်စီးစေခြင်းနှင့် အဆိပ်တို့ဖြစ်ကြသည်။ လူသားသည် စာတန်၏ ကန့်သတ်ခြင်းနှင့် ထိန်းချုပ်ခြင်းကို ခံနေခဲ့ရပြီးဖြစ်ကာ၊ သူ၏ စဉ်းစားတွေးခေါ်မှု၊ အကျင့်စာရိတ္တ၊ ထိုးထွင်းသိမြင်မှုနှင့် အသိစိတ်တို့အပေါ် စာတန် ဒုက္ခပေးသည့် လွန်ကဲစွာ ဘေးသင့်စေမှုတို့ကို ခံရသည်။ ယင်းမှာ လူသား၏ ဤအခြေခံကျသော အရာများသည် စာတန်၏ ဖျက်ဆီးခြင်းကိုခံရပြီးဖြစ်ကာ၊ ၎င်းတို့သည် ဘုရားသခင်က နဂိုမူလတွင် ဖန်ဆင်းထားခဲ့ပုံနှင့် လုံးဝမတူကြသဖြင့်သာ လူသားသည် ဘုရားသခင်ကို ဆန့်ကျင်ကာ သမ္မာတရားကို လက်မခံနိုင်ခြင်း အတိအကျပင် ဖြစ်သည်။ ထို့ကြောင့် လူ့စိတ်သဘောထားအတွင်း၌ ပြောင်းလဲမှုသည် ဘုရားသခင်နှင့် သမ္မာတရားတို့နှင့် ပတ်သက်သည့် သူ၏ အသိပညာကို ပြောင်းလဲစေမည့် သူ၏အတွေးအခေါ်၊ ထိုးထွင်းသိမြင်မှုနှင့် အသိစိတ်တို့ ပြောင်းလဲခြင်းများဖြင့် အစပြုရမည်။ နယ်မြေအားလုံးအနက် အလွန်အမင်း ဖောက်ပြန်ပျက်စီးဆုံး မြေပေါ်၌ မွေးဖွားလာခဲ့သူများသည် ဘုရားသခင်၏ ဖြစ်ခြင်း သို့မဟုတ် ဘုရားသခင်ကို ယုံကြည်ခြင်းဟူသည်မှာ အဘယ်အရာအား ဆိုလိုသည်တို့နှင့်ပတ်သက်၍ သာ၍ပင် မသိနားမလည်ဘဲ ရှိကြသည်။ လူတို့သည် ဖောက်ပြန်ပျက်စီးလေလေ၊ ဘုရားသခင် တည်ရှိခြင်းကို ၎င်းတို့ မသိလေလေဖြစ်ပြီး၊ ၎င်းတို့၏ အသိစိတ်နှင့် ထိုးထွင်းအမြင် ညံ့ဖျင်းလေလေဖြစ်သည်။ လူသား စာတန်၏ဖျက်ဆီးခြင်းကို ခံရခြင်းသည် လူသား ဘုရားသခင်ကို အတိုက်အခံပြုခြင်းနှင့် ပုန်ကန်ခြင်း၏ အရင်းအမြစ်ဖြစ်သည်။ စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းကြောင့်၊ လူ့အသိစိတ် တိုး၍ ထုံသွားကာ၊ သူသည် အကျင့်ပျက်ပြီး သူ၏အတွေးအခေါ်များ ဆုတ်ယုတ်၍ သူ့၌ နောက်ပြန်ဆွဲသော စိတ်ပိုင်းဆိုင်ရာ သဘောထားအမြင်လည်း ရှိသည်။ စာတန်၏ ဖျက်ဆီးခြင်းမခံရမီ လူသားသည် သဘာဝအလျောက် ဘုရားသခင်ကို ကျိုးနွံနာခံကာ သူ၏နှုတ်ကပတ်တော်များကို ကြားပြီးနောက် ၎င်းတို့ကို ကျိုးနွံနာခံခဲ့သည်။ သူ့၌ ပင်ကိုအားဖြင့် အကောင်းပကတိ အသိစိတ်နှင့် အသိတရားရှိခဲ့ပြီး ပုံမှန်လူ့သဘာဝ ရှိခဲ့သည်။ စာတန်၏ ဖျက်ဆီးမှုကိုခံရပြီးနောက် လူသား၏နဂိုအသိစိတ်၊ နဂိုအသိတရားနှင့် လူ့သဘာဝတို့သည် ထုံထိုင်းသွားကာ စာတန်၏ ထိခိုက်စေခြင်းကို ခံခဲ့ရသည်။ ထိုကြောင့် သူသည် ဘုရားသခင်ကို ကျိုးနွံနာခံခြင်းနှင့် ဘုရားသခင်အပေါ်ချစ်ခြင်း ဆုံးရှုံးသွားခဲ့သည်။ လူ့အသိစိတ် မူမမှန်ဖြစ်သွားကာ၊ သူ၏စိတ်သဘောထားသည် တိရစ္ဆာန်၏ စိတ်သဘောထား နည်းတူဖြစ်သွားသည်၊ ပြီးလျှင် ဘုရားသခင်ကို သူ၏ပုန်ကန်ခြင်းသည် သာ၍ပင် အကြိမ်ရေစိပ်လာကာ သာ၍ပြင်းထန်လာသည်။ သို့ပါလျက် လူသားသည် ဤအရာကို သိခြင်း သို့မဟုတ် အသိအမှတ်ပြုခြင်းမရှိဘဲ၊ ဆက်တိုက် ဆန့်ကျင်ပုန်ကန်ခြင်းသာ ပြုလေသည်။ လူသား၏ စိတ်သဘောထားကို သူ၏အသိစိတ်၊ ထိုးထွင်းအမြင်နှင့် အသိတရားတို့ကို ဖော်ပြခြင်း၌ ထုတ်ဖော်ပြလေသည်၊ ထို့ပြင် သူ၏အသိစိတ်နှင့် ထိုးထွင်းအမြင်တို့သည် စိတ်မချရသည့်အပြင်၊ သူ၏အသိတရားသည် အလွန်အမင်း ထိုင်းမှိုင်းသွားခြင်းကြောင့်၊ သူ့စိတ်သဘောထားသည် ဘုရားသခင်ကို ဆန့်ကျင်ပုန်ကန်ခြင်းဖြစ်သည်။ အကယ်၍ လူသား၏ အသိစိတ်နှင့် ထိုးထွင်းသိမြင်စွမ်း မပြောင်းလဲနိုင်ပါက၊ သူ့စိတ်သဘောထား ပြောင်းလဲမှုများမှာ မဖြစ်နိုင်သကဲ့သို့ပင် ဘုရားသခင်၏ရည်ရွယ်ချက်များနှင့် လျော်ညီဖို့လည်း မဖြစ်နိုင်ချေ။ လူ့အသိစိတ်သည် စိတ်မချရပါက၊ သူသည် ဘုရားသခင်ကို အစေခံနိုင်မည် မဟုတ်ဘဲ၊ ဘုရားသခင်က အသုံးပြုရန်လည်း မသင့်တော်ပေ။ “ပုံမှန်အသိစိတ်” ဟူသည်မှာ ဘုရားသခင်ကို ကျိုးနွံနာခံခြင်းနှင့် သူ့ကို သစ္စာရှိခြင်း၊ ဘုရားသခင်ကို တမ်းတခြင်း၊ ဘုရားသခင်အပေါ် အကြွင်းမဲ့ ဖြစ်ခြင်း၊ ဘုရားသခင်နှင့်ပတ်သက်၍ အသိစိတ်ရှိခြင်း တို့ကို ရည်ညွှန်းသည်။ ဘုရားသခင်နှင့် တစ်စိတ်တစ်ဝမ်းတည်းဖြစ်ပြီး ဘုရားသခင်ကို တမင်တကာ မဆန့်ကျင်ခြင်းကို ရည်ညွှန်းသည်။ မူမမှန်သော အသိစိတ် ရှိခြင်းသည် ဤသို့မဟုတ်။ လူသားသည် စာတန်၏ ဖျက်ဆီးခြင်းကို ခံခဲ့ရသော သူဖြစ်သည့်အတွက်၊ ဘုရားသခင်နှင့်သက်ဆိုင်သည့် အယူအဆများ ဖြစ်ပေါ်ကာ၊ ဘုရားသခင်နှင့်ပတ်သက်၍ အသိစိတ်ရှိခြင်း မဆိုထားနဲ့၊ ဘုရားသခင်ကို သစ္စာမရှိသကဲ့သို့ တမ်းတခြင်းလည်း မရှိပေ။ လူသားသည် ဘုရားသခင်ကို တမင်တကာဆန့်ကျင်ပြီး သူ့ကို ဝေဖန်အကဲဖြတ်သည်၊ ထို့အပြင် သူ၏ နောက်ကွယ်တွင် ဘုရားသခင်ကို ဆဲရေးခြင်းများ ပြုလုပ်သည်။ သူသည် ဘုရားသခင် ဖြစ်ကြောင်းကို ရှင်းရှင်းလင်းလင်း သိလျက်၊ လူသားသည် သူ၏ နောက်ကွယ်တွင် ဘုရားသခင်ကို ဝေဖန်အကဲဖြတ်ကာ ဘုရားသခင်ကို ကျိုးနွံနာခံဖို့ ရည်ရွယ်ချက် မရှိပေ၊ ပြီးလျှင် သူ့ကို တောင်းဆိုခြင်းနှင့် တောင်းခံခြင်းတို့ကိုသာ ပြုလုပ်နေသည်။ မူမမှန်သော အသိစိတ် ရှိသည့် ဤကဲ့သို့လူများသည် မိမိကိုယ်တိုင်၏ စက်ဆုပ်ရွံရှာဖွယ် အပြုအမူကို သိနိုင်စွမ်း သို့မဟုတ် မိမိ၏ ပုန်ကန်မှုအတွက် နောင်တရနိုင်စွမ်း မရှိပေ။ အကယ်၍ လူတို့သည် မိမိတို့ကိုယ်ကိုယ် သိနိုင်စွမ်းရှိသော်၊ ၎င်းတို့၏ အသိစိတ် အနည်းငယ်မျှ ပြန်လည် ရရှိလာပြီးဖြစ်သည်။ မိမိတို့ကိုယ်ကို မသိနိုင်သေးသည့်လူများသည် ဘုရားသခင်ကို ပုန်ကန်လေလေ၊ မိမိတို့ကိုယ်ကိုယ် မသိလေလေ၊ ၎င်းတို့တွင် ခြေခြေမြစ်မြစ်ရှိသော အသိစိတ် နည်းပါးလေလေ ဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ မပြောင်းလဲသော စိတ်သဘောထား ရှိခြင်းသည် ဘုရားသခင်ကို ရန်ဘက်ပြုခြင်းဖြစ်သည်
လူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ထုတ်ဖော်ပြခြင်းသည် သူ၏ထုံထိုင်းသော အသိတရားမှ လာခြင်းသာ ဖြစ်သည်၊ သူ၏ မလိုမုန်းထားသော သဘာဝနှင့် သူ၏ စိတ်မချရသော အသိစိတ်တို့ကလွဲ၍ အခြားမဟုတ်ပေ။ အကယ်၍ လူသား၏ အသိတရားနှင့် အသိစိတ်သည် ပုံမှန်သို့ ပြန်ဖြစ်လာနိုင်ပါက၊ ဘုရားသခင်ရှေ့တွင် အသုံးခံထိုက်သူ တစ်ဦး ဖြစ်လာပေမည်။ လူသားသည် ဘုရားသခင်ကို တိုး၍ပုန်ကန်လာသည်မှာ ယေရှုကိုပင် ကားတိုင်တွင် သံမှိုရိုက်ပြီး သူ့အိမ်သို့ နောက်ဆုံးသောကာလ၌ ဘုရားသခင်၏ လူ့ဇာတိခံ ဝင်ရောက်ခြင်းအား ငြင်းခဲ့သည်သာမက၊ ဘုရားသခင်၏ ဇာတိခန္ဓာကို ရှုတ်ချကာ၊ ဘုရားသခင်၏ ဇာတိခန္ဓာကို အရေးမပါဟု မြင်လာခြင်းသည် လူ့အသိတရား ထုံမြဲထုံခြင်း၊ လူ့အသိစိတ်သည် တစ်ခါမျှ အကောင်းပကတိ မဟုတ်သည့်အပြင် တိုး၍ ထိုင်းမှိုင်းခြင်းကြောင့်သက်သက် ဖြစ်သည်။ အကယ်၍ လူသား၌ လူ့သဘာဝ အနည်းငယ်မျှ ရှိခဲ့သော်၊ လူ့ဇာတိခံယူသော ဘုရားသခင်၏ ဇာတိခန္ဓာကို သူ၏ ဆက်ဆံမှုတွင် အလွန် ကြမ်းကြုတ်ရက်စက်မည် မဟုတ်ပေ၊ အကယ်၍ သူ၌ အသိစိတ် အနည်းငယ်ရှိခဲ့သော်၊ လူ့ဇာတိခံယူသော ဘုရားသခင်၏ ဇာတိခန္ဓာအပေါ် သူ၏ ဆက်ဆံမှုတွင် အလွန်ရက်စက်ခဲ့လိမ့်မည် မဟုတ်ပေ၊ အကယ်၍ သူ့၌ အသိတရား အနည်းငယ်မျှ ရှိခဲ့လျှင်၊ လူ့ဇာတိခံ ဘုရားသခင်ကို ဤနည်းဖြင့် အလွန် “ကျေးဇူးတင်” ခဲ့လိမ့်မည် မဟုတ်ပေ။ လူသားသည် ဘုရားသခင် လူ့ဇာတိခံယူသော ခေတ်တွင် အသက်ရှင်နေထိုင်သော်လည်း၊ ဤမျှကောင်းမွန်သော အခွင့်အရေးကို ပေးခဲ့သူ ဘုရားသခင်အား ကျေးဇူးတင်နိုင်စွမ်းမရှိဘဲ၊ ယင်းအစား ဘုရားသခင် ကြွလာခြင်းကို ကျိန်ဆဲ၏၊ သို့မဟုတ် ဘုရားသခင် လူ့ဇာတိခံယူခြင်းနှင့် သက်ဆိုင်သည့် အမှန်တရားကို လုံးဝ လျစ်လျူရှုသည့်အပြင်၊ အမြင်အားဖြင့် ယင်းကို ဆန့်ကျင်ပြီး အလွန်အမင်း မနှစ်မြို့ပေ။ ဘုရားသခင် ကြွလာခြင်းကို လူသားသည် မည်သို့သဘောထားသည် ဖြစ်စေ၊ လူသားသည် ဘုရားသခင်ကို စိုးစဉ်းမျှ ကြိုဆိုခြင်း မရှိဘဲ၊ သူ့ထံမှ မဆင်မခြင် တောင်းဆိုခြင်းမျိုးကို ပြုလုပ်သော်ငြားလည်း၊ တိုတိုပြောရလျှင် ဘုရားသခင်သည် အစဉ်အမြဲ မိမိအမှုတော်ကို အစဉ် စိတ်ရှည်လက်ရှည် ဆောင်ရွက်ခဲ့သည်။ လူ့စိတ်သဘောထားသည် အလွန့်အလွန် ရက်စက်သွားပြီးဖြစ်ကာ၊ သူ့အသိစိတ်သည် အလွန့်အလွန် ထိုင်းမှိုင်းသွားပြီး၊ သူ၏အသိတရားသည်လည်း နတ်ဆိုး၏ လုံးဝနင်းခြေမှုကို ခံရပြီးဖြစ်ကာ ကြာမြင့်စွာကတည်းကပင် လူသား၏နဂိုအသိတရား မဟုတ်တော့ပေ။ လူသားသည် လူ့ဇာတိခံယူသော ဘုရားသခင်က လူသားမျိုးနွယ်အပေါ် အသက်နှင့် ကျေးဇူးတော်များစွာ ပေးအပ်နှင်းသည်ကို ကျေးဇူးမတင်သည်သာမက၊ သူ့ကို သမ္မာတရား ပေးခြင်းအတွက် ဘုရားသခင်အား မကျေမချမ်းပင် ဖြစ်သွားခဲ့ပေပြီ။ အကြောင်းမှာ လူသားသည် သမ္မာတရားကို စိုးစဉ်းမျှ စိတ်မဝင်စားသောကြောင့်၊ ဘုရားသခင်ကို တိုး၍ မကျေမချမ်း ဖြစ်ရခြင်း ဖြစ်သည်။ လူသားသည် လူ့ဇာတိခံယူသော ဘုရားသခင်အတွက် မိမိအသက်ကို စတေးနိုင်စွမ်း မရှိသည်သာမက၊ သူ့ထံမှ မျက်နှာသာပေးမှုများကို နှိုက်ယူဖို့ကိုလည်း ကြိုးစားအားထုတ်ကာ ဘုရားသခင်ကို လူသားကပေးသည့်အရာထက် ဆယ်ဆမကသော အကျိုးအမြတ်ကို တောင်းဆိုသည်။ ထိုကဲ့သို့သော အသိတရားနှင့် အသိစိတ်ရှိသည့် လူတို့သည် ဤအရာကို ကြီးကြီးမားမားကိစ္စ မဟုတ်ဟု ထင်မှတ်ပြီး၊ ၎င်းတို့သည် ဘုရားသခင်အတွက် မိမိတို့ကိုယ်ကို များစွာ အသုံးခံပြီး ဖြစ်ကြောင်းနှင့် ဘုရားသခင်မှ သူတို့ကို ပေးခဲ့သည်မှာ နည်းလွန်းကြောင်း ယုံကြည်ဆဲ ဖြစ်ကြသည်။ ငါ့ကို ရေတစ်ခွက်ပေးပြီးနောက် ၎င်းတို့၏ လက်များဖြန့်ပြီး နွားနို့နှစ်ခွက်အတွက် ၎င်းတို့အား ငါ အခပေးရန် တောင်းဆိုသောသူများ ရှိသည်၊ သို့မဟုတ် ငါ့အတွက် တစ်ညတာ တည်းခိုရန် အခန်းတစ်ခန်း ပြင်ဆင်ပေးကာ ညအချို့အတွက် တည်းခိုခ ပေးရန် တောင်းဆိုသော သူများရှိသည်။ သင်တို့သည် ထိုသို့သော လူ့သဘာဝနှင့် အသိစိတ်တစ်ခု ရှိလျက် အသက်ကို ရလိမ့်မည်ဟု မည်သို့ မျှော်လင့်နိုင်ကြသေးသနည်း။ သင်တို့သည် အလွန်စက်ဆုပ်ဖွယ်ကောင်းသော အကောင်ယုတ်များ ဖြစ်ကြသည်တကား။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ မပြောင်းလဲသော စိတ်သဘောထား ရှိခြင်းသည် ဘုရားသခင်ကို ရန်ဘက်ပြုခြင်းဖြစ်သည်
သင်တို့၏ မာနထောင်လွှားပြီး စိတ်ကြီးဝင်သည့် သဘာဝသည် သင်တို့၏ ကိုယ်ပိုင်အသိစိတ်များကို သစ္စာဖောက်ရန်၊ ခရစ်တော်ကို ပုန်ကန်ပြီး ခုခံမိစေရန်နှင့်၊ သင်တို့၏အကျည်းတန်မှုကို ထုတ်ဖော်ပြသရန်၊ ထိုသို့ဖြင့် သင်တို့၏ရည်ရွယ်ချက်များ၊ အယူအဆများ၊ လွန်ကျူးသော အလိုဆန္ဒများနှင့် လောဘနှင့်ပြည့်သော မျက်လုံးများကို ဖော်ထုတ်ဖို့ တိုက်တွန်းလေသည်။ သို့သော် သင်တို့သည် ခရစ်တော်၏ အမှုအတွက် သင်တို့၏ ရာသက်ပန် စိတ်ထက်သန်မှု အကြောင်းနှင့်ပတ်သက်၍ ဆက်လက် တတွတ်တွတ်ပြောကြပြီး၊ အချိန်ကြာမြင့်စွာက ခရစ်တော်ပြောခဲ့သော သမ္မာတရားများကို ထပ်ခါတလဲလဲ ပြန်လည်ပြောဆိုကြသည်။ ဤသည်မှာ သင်တို့၏ “ယုံကြည်ခြင်း” “အညစ်အကြေး မရှိသော သင်တို့၏ ယုံကြည်ခြင်း” ဖြစ်သည်။ ငါသည် တစ်လျှောက်လုံး လူသားကို တင်းကျပ်သော စံနှုန်းတစ်ခု သတ်မှတ်ထားပြီးဖြစ်သည်။ အကယ်၍ သင်၏ သစ္စာစောင့်သိမှုသည် ရည်ရွယ်ချက်များနှင့် သတ်မှတ်ချက်များဖြင့် လာပါက၊ ၎င်းတို့၏ ရည်ရွယ်ချက်များမှတစ်ဆင့် ငါ့ကို လှည့်ဖြားပြီး၊ သတ်မှတ်ချက်များဖြင့် ငါ့ကို ခြိမ်းခြောက်ညှစ်ယူသောသူတို့ကို ငါ စက်ဆုပ်သည့်အတွက်၊ သင်၏ သစ္စာစောင့်သိမှုဟု ခေါ်သောအရာမရှိဘဲသာ နေလိုက်ချင်သည်။ လူ့အနေဖြင့် ငါ့အား လုံးဝ သစ္စာစောင့်သိကြရန်နှင့် ယုံကြည်ခြင်း ဟူသော စကားလုံး တစ်လုံးအတွက် သက်သေပြရန်အလို့ငှာ အရာခပ်သိမ်းကို လုပ်ဆောင်ဖို့ကိုသာ ငါ အလိုရှိသည်။ ငါသည် သင်တို့ကို စစ်မှန်ရိုးသားမှုဖြင့် အမြဲ ဆက်ဆံခဲ့ပြီး၊ ထို့ကြောင့် သင်တို့သည်လည်း ငါ့အပေါ် စစ်မှန်သော ယုံကြည်ခြင်းဖြင့် ပြုမူရန် ငါ ဆန္ဒရှိသည့်အတွက်၊ ငါကို ဝမ်းမြောက်စေရန် ကြိုးစားဖို့ သင်တို့၏ ချော့လုံးမြှောက်လုံးများ အသုံးပြုခြင်းကို ငါ စက်ဆုပ်ရွံရှာသည်။ ယုံကြည်ခြင်းနှင့်ပတ်သက် လာသည့်အခါ၊ လူများစွာက ၎င်းတို့သည် ယုံကြည်ခြင်းရှိသောကြောင့် ဘုရားသခင်နောက်သို့ ၎င်းတို့ လိုက်ကြသည်ဟု တွေးထင်ကြပြီး တစ်နည်းအားဖြင့် ထိုသို့သော ဆင်းရဲဒုက္ခကို ၎င်းတို့ သည်းခံကြမည် မဟုတ်ပေ။ ထို့ကြောင့် ငါသည် သင့်ကို ဤသို့မေးသည်။ ဘုရားသခင်၏ တည်ရှိခြင်းကို သင်ယုံကြည်လျှင်၊ သူ့ကို အဘယ်ကြောင့် မကြောက်ရွံ့သနည်း။ ဘုရားသခင်၏ တည်ရှိခြင်းကို သင် ယုံကြည်လျှင်၊ သင့်စိတ်နှလုံးထဲ၌ အဘယ်ကြောင့် သူ့ကိုထိတ်လန့်ခြင်း စိုးစဉ်းမျှ မရှိသနည်း။ ခရစ်တော်သည် ဘုရား၏ လူ့ဇာတိခံယူခြင်း ဖြစ်သည်ကို သင်လက်ခံသည်၊ သို့ဆိုလျှင် အဘယ်ကြောင့် သင်သည် သူ့ကို မထီမဲ့မြင်ပြုသနည်း။ အဘယ်ကြောင့် သင်သည် သူ့အပေါ် မလေးမခန့် ပြုမူသနည်း။ သူ့ကို အဘယ်ကြောင့် ပေါ်ပေါ်တင်တင် ဝေဖန်အကဲဖြတ်သနည်း။ သူ၏လှုပ်ရှားမှုများ အပေါ် အဘယ်ကြောင့် သင် အမြဲ စောင့်ကြည့်ရသနည်း။ သူ၏အစီအစဉ်များကို အဘယ်ကြောင့် မကျိုးနွံမနာခံသနည်း။ အဘယ်ကြောင့် သင်သည် သူ၏ နှုတ်ကပတ်တော်နှင့်အညီ မပြုမူသနည်း။ သူ၏ လှူဖွယ်ပစ္စည်းများကို အဘယ်ကြောင့် သူ့ထံမှ ခြိမ်းခြောက်ညှစ်ယူပြီး လုယက်သနည်း။ အဘယ်ကြောင့် သင်သည် ခရစ်တော်၏နေရာမှ စကားပြောသနည်း။ သူ၏အမှုနှင့် နှုတ်ကပတ်တော်တို့က မှန်သည်၊ မမှန်သည်ကို အဘယ်ကြောင့် သင်ဝေဖန်အကဲဖြတ်သနည်း။ သူ၏ နောက်ကွယ်တွင် အဘယ်ကြောင့် သူ့ကို ပြစ်မှားစော်ကားဝံ့သနည်း။ ဤအရာများနှင့် အခြားအရာများသည် သင်တို့၏ ယုံကြည်ခြင်းတွင် ပါဝင်သည့်အရာများ ဖြစ်သည် မဟုတ်လော။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်သည် ဘုရားသခင်ကို ယုံကြည်သူစစ်စစ်တစ်ယောက် ဖြစ်သလော
ဘုရားသခင်ကို သင်တို့၏ဆန့်ကျင်ခြင်းနှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို သင်တို့၏ ဟန့်တားပိတ်ဆို့ခြင်းသည် သင်တို့၏ အယူအဆများနှင့် ပင်ကို မာနထောင်လွှားမှုအားဖြင့် ဖြစ်သည်။ ယင်းမှာ ဘုရားသခင်၏ အမှုသည် မှားယွင်းသောကြောင့် မဟုတ်ဘဲ၊ သင်တို့သည် သဘာဝအားဖြင့် ပုန်ကန်လွန်းသောကြောင့် ဖြစ်သည်။ ဘုရားသခင်၌ ၎င်းတို့၏ယုံကြည်မှုကို ရှာတွေ့ပြီးနောက်တွင်၊ လူအချို့သည် လူသားက မည်သည့်နေရာမှ လာသည်ကိုပင် သေချာမှုဖြင့် ပြောဆိုနိုင်ခြင်း မရှိသော်လည်း သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုနှင့်ဆိုင်သည့် အမှန်များနှင့် အမှားများကို သုံးသပ်သည့် လူသိရှင်ကြား ဟောပြောမှုများကို လုပ်ဝံ့ကြလေသည်။ ၎င်းတို့သည် မှတ်ချက်များ ပေးရင်းနှင့် အလှည့်မရောက်မီ ပြောဆိုရင်း၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုသစ်ရှိသော တမန်တော်များကို ဆုံးမခြင်းပင်ပြုကြလေသည်။ ၎င်းတို့၏ လူ့သဘာဝသည် အလွန် နိမ့်ကျပြီး၊ ၎င်းတို့ထဲတွင် အသိစိတ် အနည်းငယ်မျှ မရှိပေ။ ထိုသို့သော လူများကို သန့်ရှင်းသော ဝိညာဉ်တော်၏အလုပ်က ပစ်ပယ်ပြီး ငရဲ၏မီးများဖြင့် လောင်ကျွမ်းစေခြင်း ခံရမည့်နေ့ ရောက်လာလိမ့်မည် မဟုတ်လော။ ၎င်းတို့သည် ဘုရားသခင်၏အမှုကို မသိကြဘဲ၊ ယင်းအစား သူ၏အမှုကို ဝေဖန်ကာ ဘုရားသခင်အား မည်သို့အမှုပြုရမည်ကို ညွှန်ကြားရန်လည်း ကြိုးစားကြ၏။ ထိုသို့သော မလျော်ကန်သည့် လူတို့သည် ဘုရားသခင်ကို မည်သို့ သိနိုင်မည်နည်း။ လူသားသည် ဘုရားသခင်ကို ရှာဖွေခြင်းနှင့် တွေ့ကြုံခြင်း ဖြစ်စဉ်အတွင်း သိလာကြပေသည်။ လူသားသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အသိဉာဏ်ပွင့်လင်းစေခြင်းမှတစ်ဆင့် ဘုရားသခင်ကို သိလာခြင်းမှာ စိတ်ကူးပေါက်သည်အတိုင်း ဝေဖန်ခြင်းမှတစ်ဆင့် မဟုတ်ပေ။ ဘုရားသခင်နှင့်ဆိုင်သည့် လူတို့၏ အသိပညာ သာ၍ တိကျမှန်ကန်လေလေ၊ သူ့ကို ၎င်းတို့ ဆန့်ကျင်မှု လျော့နည်းလေလေ ဖြစ်၏။ ဆန့်ကျင်ဘက်အနေဖြင့် ဘုရားသခင်ကို လူတို့ အသိနည်းလေလေ၊ သူ့ကိုဆန့်ကျင်ရန် အလားအလာများလေလေ ဖြစ်၏။ သင်၏ အယူအဆများ၊ သင်၏ သဘာဝဟောင်းနှင့် သင်၏လူ့သဘာဝ၊ စရိုက်လက္ခဏာနှင့် ကိုယ်ကျင့်တရား အမြင်သဘောထားတို့သည် သင့်အနေနှင့် ဘုရားသခင်ကို ခုခံရာတွင် အသုံးပြုသည့် “အရင်းအနှီး” ဖြစ်ပြီး၊ သင်၏ကိုယ်ကျင့်တရားသည် သာ၍ ဖောက်ပြန်ပျက်စီးကာ၊ သင်၏အရည်အသွေးများက စက်ဆုပ်ဖွယ်ဖြစ်ပြီး သင်၏လူ့သဘာဝက နိမ့်ကျလာလေလေ၊ ဘုရားသခင်၏ရန်သူ ဖြစ်လေလေ ဖြစ်၏။ အားကောင်းသော အယူအဆများ ပိုင်ဆိုင်ပြီး၊ မိမိကိုယ်ကိုယ် မှန်ကန်သည်ဟု ယူမှတ်သော စိတ်သဘောထား ရှိသူများသည် လူ့ဇာတိခံ ဘုရားသခင်နှင့်ဆိုင်သည့် ရန်လိုမှုတွင် သာ၍ ရှိကြလေသည်။ ထိုသို့သောလူများသည် အန္တိခရစ်များ ဖြစ်ကြ၏။ သင်၏အယူအဆများကို ပြုပြင်ခြင်း မရှိပါက၊ ယင်းတို့သည် ဘုရားသခင်ကို အစဉ် ဆန့်ကျင်နေလိမ့်မည်။ သင်သည် ဘုရားသခင်နှင့် မည်သည့်အခါမျှ သဟဇာတရှိလိမ့်မည် မဟုတ်သကဲ့သို့၊ သူ့ထံမှ အမြဲ ဝေးကွာလိမ့်မည် ဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ အမှုအဆင့် သုံးဆင့်ကို သိခြင်းသည် ဘုရားသခင်ကို သိခြင်း၏ လမ်းကြောင်းဖြစ်သည်
လူအချို့သည် တရားစီရင်မှုကို မဆိုထားနှင့်၊ သမ္မာတရား၌ပင် ဝမ်းမမြောက်ကြပေ။ ထို့အစား ၎င်းတို့သည် တန်ခိုးအာဏာနှင့် ကြွယ်ဝမှုများတွင် ဝမ်းမြောက်ကြသည်။ ထိုသို့သော လူများကို တန်ခိုးအာဏာ ရှာဖွေသူများဟု ခေါ်သည်။ ၎င်းတို့သည် ကမ္ဘာလောကထဲက လွှမ်းမိုးမှုရှိသော ဂိုဏ်းဂဏများကိုသာ ရှာဖွေကြပြီး၊ ကျမ်းစာကျောင်းများမှလာသော သင်းအုပ်များနှင့် ဆရာများကိုသာ ရှာဖွေကြသည်။ ၎င်းတို့ သမ္မာတရား၏ လမ်းခရီးကို လက်ခံကြပြီး ဖြစ်သော်လည်း၊ တစ်ဝက်တစ်ပျက်သာ ယုံကြည်နေကြပေသည်။ ၎င်းတို့သည် ၎င်းတို့၏ နှလုံးသားများနှင့် စိတ်များအားလုံးကို ပေးနိုင်စွမ်း မရှိကြချေ၊ ၎င်းတို့၏ နှုတ်များက ဘုရားသခင်အတွက် အသုံးခံခြင်းနှင့်ပတ်သက်သည့် စကားများကို ပြောဆိုကြသော်လည်း၊ ၎င်းတို့မျက်လုံးများသည် ကြီးမြတ်သည့် သင်းအုပ်များနှင့် ဆရာများအပေါ်တွင်သာ အာရုံစိုက်ကာ၊ ခရစ်တော်ကို အာရုံမစိုက်ကြပေ။ သူတို့၏ နှလုံးသားများသည် ကျော်ကြားမှု၊ အခွင့်အလမ်းနှင့် ဂုဏ်အသရေတို့အပေါ်သာ အစွဲအလမ်းကြီးနေသည်။ ထိုသို့သော သေးသိမ်သည့် လူတစ်ဦးသည် အလွန်များစွာသော သူတို့ကို သိမ်းပိုက်နိုင်စွမ်းရှိမည်၊ သိပ်မထူးခြားသော သူတစ်ဦးက လူသားကို စုံလင်စေနိုင်မည်ဆိုသည်တို့မှာ မဖြစ်နိုင်ဟု ၎င်းတို့ တွေးထင်ကြသည်။ ဖုန်မှုန့်နှင့် နွားချေးပုံများထဲက ဤအညတရများသည် ဘုရားသခင်၏ ရွေးချယ်ခြင်းကို ခံထားရသောသူများ မဖြစ်နိုင်ဟု ၎င်းတို့ တွေးထင်ကြလေသည်။ အကယ်၍ ထိုသို့သော လူများသည် ဘုရားသခင်၏ ကယ်တင်ခြင်းကို ခံရမည့်သူများ ဖြစ်ပါက၊ ကောင်းကင်နှင့်မြေကြီး ပြောင်းပြန်လှန်မည် ဖြစ်ပြီး၊ လူအားလုံး ထိန်းမနိုင်သိမ်းမရ ရယ်မောကြမည်ဟု ၎င်းတို့ ယုံကြည်ကြသည်။ ဘုရားသခင်သည် ထိုသို့သော အညတရလူများကို စုံလင်စေဖို့ ရွေးချယ်ခဲ့ပါက၊ ထိုကြီးမြတ်သော လူများသည် ဘုရားသခင်ကိုယ်တိုင် ဖြစ်လာကြလိမ့်မည်ဟု ၎င်းတို့ ယုံကြည်ကြသည်။ ၎င်းတို့၏ ရှုထောင့်များသည် မယုံကြည်မှုဖြင့် စွန်းထင်းသည်။ မယုံကြည်ခြင်းထက်၊ ၎င်းတို့သည် ယုတ္တိမရှိသော သားရဲတိရစ္ဆာန်များ သက်သက် ဖြစ်ကြပေသည်။ အကြောင်းမှာ ၎င်းတို့သည် အဆင့်အတန်း၊ ဂုဏ်သိက္ခာနှင့် တန်ခိုးအာဏာတို့ကိုသာ တန်ဖိုးထားကြပြီး၊ လူအုပ်ကြီးများနှင့် ဂိုဏ်းဂဏကြီးများကိုသာ အထင်ကြီးကြသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် ခရစ်တော်၏ ဦးဆောင်ခြင်းခံရသောသူများကို စိုးစဉ်းမျှ အလေးမထားကြပေ။ ၎င်းတို့သည် ခရစ်တော်ကို၊ သမ္မာတရားနှင့် အသက်ကို ကျောခိုင်းသော သစ္စာဖောက်များ သက်သက် ဖြစ်ကြပေသည်။
သင် လေးစားအားကျသည်မှာ ခရစ်တော်၏နှိမ့်ချမှု မဟုတ်ဘဲ ထင်ရှားသည့် အဆင့်အတန်း ရှိသော သိုးထိန်းယောင်ဆောင်သူများကို ဖြစ်သည်။ သင်သည် ခရစ်တော်၏ ချစ်ခင်နှစ်လိုဖွယ်ကောင်းမှု၊ သို့မဟုတ် ဉာဏ်ပညာကို မကြည်ညိုဘဲ၊ ကမ္ဘာလောက၏ ဆိုးညစ်မှုတွင် မွေ့လျော်နေသည့်အကျင့်သီလမဲ့သူများကို ကြည်ညိုပေသည်။ ခေါင်းချရန် နေရာ မရှိသော ခရစ်တော်၏ နာကျင်မှုဝေဒနာကို သင် လှောင်သွေးသွမ်းသည်၊ သို့သော် လှူဖွယ်ပစ္စည်းများကို ရှာဖွေပြီး၊ သောက်စားပျော်ပါးမှုတွင် အသက်ရှင်သည့် အလောင်းကောင်များကို သင် လေးစားအားကျ၏။ သင်သည် ခရစ်တော်နှင့်အတူ ဆင်းရဲဒုက္ခခံစားရန် လိုလားမနေဘဲ၊ သင့်ကို ဇာတိပကတိ၊ စကားလုံးများနှင့် ထိန်းချုပ်မှုတို့ကိုသာ ပေးသည့် အဆင်အခြင်မဲ့သော အန္တိခရစ်များ၏ ရင်ခွင်ထဲသို့ ဝမ်းပန်းတသာ ခြေစုံပစ်ဝင်သည်။ ယခုတွင်ပင် သင်၏ နှလုံးသားသည် ၎င်းတို့ထံ၊ ၎င်းတို့၏ဂုဏ်သတင်းထံ၊ ၎င်းတို့၏ အဆင့်အတန်းထံ၊ ၎င်းတို့၏ လွှမ်းမိုးမှုထံသို့ လှည့်ထားဆဲ ဖြစ်သည်။ သို့တိုင်အောင် သင်သည် ခရစ်တော်၏အမှုကို လက်ခံရန် ခက်ခဲပြီး၊ ယင်းကို လက်ခံလိုခြင်း မရှိသည့် သဘောထား တစ်ခုကို ဆက်လက် စွဲကိုင်လေသည်။ ဤသည်မှာ သင်သည် ခရစ်တော်ကို အသိအမှတ်ပြုရန် ယုံကြည်ခြင်း ကင်းမဲ့သည်ဟု ငါ ပြောရသည့် အကြောင်းရင်း ဖြစ်သည်။ သင့်အနေဖြင့် ယနေ့ထိ ခရစ်တော်နောက်သို့ လိုက်ရသည့်အကြောင်းရင်းမှာ သင်သည် အခြားရွေးစရာ မရှိခဲ့သောကြောင့်သာ ဖြစ်သည်။ ဟိတ်ဟန်ကြီးသော ပုံရိပ်တသီတတန်းသည် သင့်နှလုံးသားတွင် အစဉ်အမြဲ လွှမ်းမိုးနေသည်။ ၎င်းတို့၏ စကားလုံးတိုင်းနှင့် လုပ်ရပ်တိုင်းကို သင်တို့ မမေ့လျော့နိုင်ကြသကဲ့သို့၊ ၎င်းတို့၏ ဩဇာညောင်းသော စကားလုံးများနှင့် လက်ရာများကို သင်မမေ့နိုင်ပေ။ သင်တို့၏နှလုံးသားတွင် ၎င်းတို့သည် အစဉ်အမြဲ အမြင့်ဆုံးနှင့် ထာဝရ သူရဲကောင်းများ ဖြစ်ကြသည်။ သို့ရာတွင် ယနေ့၏ ခရစ်တော်အတွက်မူ ထိုသို့မဟုတ်ပေ။ သူသည် သင်၏နှလုံးသားတွင် အစဉ်ထာဝရ အရေးမပါသကဲ့သို့၊ အစဉ်ထာဝရ ကြောက်ရွံ့ခြင်း မခံထိုက်ပေ။ အကြောင်းမှာ သူသည် အလွန်သာမန် ဖြစ်လွန်းပြီး၊ နည်းပါးလွန်းသည့် ဩဇာအရှိန်အဝါရှိကာ မြင့်မြတ်မှုမှ အလွန် အလှမ်းဝေးသောကြောင့် ဖြစ်ပေသည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်သည် ဘုရားသခင်ကို ယုံကြည်သူစစ်စစ်တစ်ယောက် ဖြစ်သလော
ဘုရားသခင်နောက်လိုက်သူများစွာက ကောင်းချီးမင်္ဂလာများ မည်သို့ရရှိမည် သို့မဟုတ် ကပ်ဘေးကို မည်သို့ တွန်းလှန်ပယ်ရှားရမည်ဆိုသည်ကိုသာ စိတ်ဝင်စားကြသည်။ ဘုရားသခင်၏ အမှုနှင့် စီမံခန့်ခွဲမှုတို့ကို ဖော်ပြလိုက်သည်နှင့်၊ ၎င်းတို့သည် နှုတ်ဆိတ် သွားကြပြီး စိတ်ဝင်စားမှုအားလုံး ပျောက်ဆုံးသွားကြသည်။ ထိုသို့သော ငြီးငွေ့ဖွယ်မေးခွန်းများကို နားလည်ခြင်းသည် ၎င်းတို့၏အသက်တာများကို ကြီးထွားဖို့ သို့မဟုတ် အကျိုးကျေးဇူး တစ်ခုတစ်လေ ပေးဖို့ ကူညီလိမ့်မည် မဟုတ်ဟု ထင်ကြလေသည်။ အကျိုးဆက်အနေဖြင့်၊ ၎င်းတို့သည် ဘုရားသခင်၏စီမံခန့်ခွဲမှုအကြောင်း သတင်းအချက်အလက်ကို ကြားပြီးကြသော်လည်း၊ အလေးအနက်မထားသော ဟန်ပန်ဖြင့် ယင်းကို ချဉ်းကပ်ကြလေသည်။ ၎င်းတို့က ယင်းကို ၎င်းတို့ အသက်တာ၏ အစိတ်အပိုင်းတစ်ခုအဖြစ် ခံယူခြင်းအားဖြင့် သဘောပေါက်နားလည်ဖို့ မဆိုထားနှင့်၊ လက်ခံရမည့် တန်ဖိုးရှိသော အရာတစ်ခုအဖြစ်ပင် မမြင်ကြချေ။ ထိုသို့သော လူတို့သည် ဘုရားသခင် နောက်လိုက်ရာတွင် ရိုးရှင်းသည့် ရည်မှန်းချက်တစ်ခုသာရှိပြီး၊ ယင်းရည်မှန်းချက်မှာ ကောင်းချီးမင်္ဂလာများ ရရှိရန်ဖြစ်သည်။ ထိုသို့သော လူတို့သည် ဤရည်မှန်းချက် တိုက်ရိုက် မပါဝင်သည့် အခြား မည်သည့်အရာကိုမျှ အလေးဂရုပြုဖို့ အပင်ပန်းမခံနိုင်ကြပေ။ ၎င်းတို့အဖို့ ကောင်းချီးမင်္ဂလာများရရှိရန် ဘုရားသခင်ကို ယုံကြည်ခြင်းထက် သာ၍ သဘာဝကျသည့် ရည်မှန်းချက် မရှိချေ။ ယင်းမှာ ၎င်းတို့ယုံကြည်ခြင်း၏ တကယ့်တန်ဖိုး ဖြစ်သည်။ တစ်စုံတစ်ရာသည် ဤရည်မှန်းချက်ကို မပံ့ပိုးပေးပါက၊ ၎င်းတို့သည် ထိုအရာအားဖြင့် လုံးဝ တို့ထိမခံရဘဲရှိမြဲ ရှိကြလေသည်။ ဤသည်မှာ ယနေ့ ဘုရားသခင်၌ ယုံကြည်သူအများစုနှင့် ပတ်သက်သည့် ကိစ္စရပ် ဖြစ်သည်။ ၎င်းတို့အနေဖြင့် ဘုရားသခင်၌ ယုံကြည်သည်နှင့်အမျှ၊ ဘုရားသခင်အတွက်လည်း ၎င်းတို့ အသုံးခံကြသောကြောင့်၊ ဘုရားသခင်ထံ မိမိတို့ကိုယ်ကိုယ် ဆက်ကပ် အပ်နှံကြပြီး ၎င်းတို့တာဝန်ကို ထမ်းဆောင်ကြသောကြောင့်၊ ၎င်းတို့၏ ရည်မှန်းချက်နှင့် ရည်ရွယ်ချက်တို့သည် သဘာဝကျပုံပေါ်လေသည်။ ၎င်းတို့သည် ၎င်းတို့၏ငယ်ရွယ်မှုကို စွန့်လွှတ်ကြသည်၊ မိသားစုနှင့် အသက်မွေးအလုပ်တို့ကို စွန့်ပစ်ပြီး၊ မိမိတို့ကိုယ်ကိုယ် အလုပ်များစေလျက် အိမ်နှင့်ဝေးရာတွင် နှစ်ပေါင်းများစွာပင် ကုန်ဆုံးကြလေသည်။ ၎င်းတို့၏ နောက်ဆုံးရည်မှန်းချက်ပန်းတိုင်အတွက်၊ ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင်စိတ်ဝင်စားမှုများကို ပြောင်းလဲကြသည်၊ ဘဝအပေါ် ၎င်းတို့၏ အမြင်နှင့် ၎င်းတို့ ရှာဖွေသည့် ဦးတည်ချက်ကိုပင် ပြောင်းလဲကြသည်။ သို့ရာတွင် ဘုရားသခင်၌ ၎င်းတို့ယုံကြည်မှု၏ ရည်မှန်းချက်ကို မပြောင်းလဲနိုင်ကြပေ။ ၎င်းတို့၏ ကိုယ်ပိုင် စံများနှင့်ဆိုင်သည့် စီမံခန့်ခွဲမှုအတွက် ၎င်းတို့ အလုပ်ရှုပ်နေကြသည်။ လမ်းမည်မျှ ဝေးသည်ဖြစ်စေ၊ လမ်းတစ်လျှောက် အခက်အခဲများနှင့် အတားအဆီးများ မည်မျှရှိသည်ဖြစ်စေ၊ ၎င်းတို့သည် မဆုတ်မနစ်ကြိုးပမ်းကြပြီး သေခြင်းကိုမကြောက်ကြချေ။ မည်သည့်တန်ခိုးက ၎င်းတို့ကို ဤနည်းဖြင့် မဖြစ်မနေ ဆက်လက်ဆက်ကပ်စေသနည်း။ ယင်းမှာ ၎င်းတို့၏ အသိစိတ်လော။ ၎င်းတို့၏ ကြီးမြတ်ပြီး မွန်မြတ်သည့် အကျင့်စရိုက်လော။ မကောင်းမှု အင်အားများကို တကယ့်အဆုံးထိ တိုက်ခိုက်ရန်ဖြစ်သည့် ၎င်းတို့၏ စိတ်ပိုင်းဖြတ်ချက်လော။ ယင်းမှာ ဆုလာဘ်ကို မရှာဖွေဘဲ၊ ဘုရားသခင်ကို သက်သေခံရန်ဖြစ်သည့် ၎င်းတို့၏ ယုံကြည်ခြင်းလော။ ယင်းမှာ ဘုရားသခင်၏အလိုကို ဖြည့်ဆည်းရန် အရာရာတိုင်းကို စွန့်လွတ်ဖို့ လိုလားရာတွင် ၎င်းတို့၏ သစ္စာစောင့်သိမှုလော။ သို့မဟုတ် ယင်းသည် လွန်ကဲသည့် ကိုယ်ရေးကိုယ်တာ တောင်းဆိုချက်များကို အမြဲ လက်လွှတ်ဖို့ဖြစ်သည့် ၎င်းတို့၏ ဆက်ကပ်မှု စိတ်ဓာတ်လော။ အတော်အတန် ရိုးရှင်စွာပြောရပါက၊ ဘုရားသခင်၏ စီမံခန့်ခွဲခြင်းအမှုကို မည်သည့်အခါတွင်မျှ နားမလည်ဖူးသူအတွက် ဤမျှပေးဆပ်ဆဲဖြစ်ဖို့မှာ အံ့ဩဖွယ်ရာတစ်ခု ဖြစ်ပေသည်။ အချိန်တစ်ခဏကြာ၊ ဤလူတို့ မည်မျှပေးဆပ်ပြီးဖြစ်သည်ကို မဆွေးနွေးကြပါစို့နှင့်။ သို့ရာတွင် ၎င်းတို့၏အပြုအမူကို ငါတို့ အလွန် စိစစ်ထိုက်ပေသည်။ ၎င်းတို့နှင့် အလွန်အနီးကပ် ဆက်စပ်သည့် အကျိုးကျေးဇူးများမှလွဲ၍၊ ဘုရားသခင်ကို မည်သည့်အခါကမျှ နားမလည်ဖူးသော သူတို့က ဘုရားအတွက် အလွန်များလှစွာ ပေးဆပ်ရမည့် အခြားအကြောင်းရင်းတစ်ခုတစ်လေ ရှိနိုင်မည်လော။ ဤတွင် ယခင်က အမည်မဖော်နိုင်ခဲ့သည့် ပြဿနာတစ်ရပ်ကို ငါတို့ ရှာဖွေ တွေ့ရှိပေသည်။ လူသား၏ ဘုရားသခင်နှင့် ဆက်ဆံရေးမှာ ပကတိ မိမိ၏ကိုယ်ကျိုးစီးပွားတစ်ခုမျှသာ ဖြစ်ပေသည်။ ယင်းသည် ကောင်းချီးမင်္ဂလာများ လက်ခံရရှိသူနှင့် ပေးသူတို့အကြား ဆက်ဆံရေးတစ်ခု ဖြစ်သည်။ ရှင်းရှင်းပြောပါက၊ အလုပ်သမားတစ်ဦးနှင့် အလုပ်ရှင်တစ်ဦးတို့အကြား ဆက်ဆံရေးဖြစ်၏။ အလုပ်သမားသည် အလုပ်ရှင် ချပေးသော ဆုလာဘ်များကို လက်ခံရရှိရန်သာ အလုပ်ကြိုးစားလုပ်သည်။ ထိုသို့သော ဆက်ဆံရေးတစ်ရပ်တွင် ချစ်ခင်ခြင်းမရှိပေ၊ အကျိုးစီးပွားကို အရင်းခံသော ဆက်ဆံရေးတစ်ခု၊ အပေးအယူသာ ရှိသည်။ ချစ်ခြင်း သို့မဟုတ် အချစ်ခံရခြင်းမရှိ၊ ပေးကမ်းစွန့်ကြဲခြင်းနှင့် သနားကရုဏာသာ ရှိသည်။ နားလည်မှုမရှိ၊ ခိုးကိုးရာမဲ့သော၊ မျိုသိပ်ထားသော နာကြည်းမှုနှင့် လှည့်ဖြားခြင်းသာ ရှိသည်။ ရင်းနှီးမှုမရှိ၊ ဖြတ်သန်းမရနိုင်သည့် ကွာဟချက်သာ ရှိသည်။ အမှုအရာများက ဤအဆင့်သို့ ရောက်ပြီးဖြစ်သဖြင့်၊ မည်သူသည် ထိုသို့သော လမ်းကြောင်းတစ်ခုကို ပြောင်းပြန် လှည့်နိုင်မည်နည်း။ ဤဆက်ဆံရေးက မည်မျှ ကြောက်မက်ဖွယ်ဖြစ်လာပြီး ဖြစ်သည်ကို လူမည်မျှက အမှန်တကယ် နားလည်နိုင်စွမ်းရှိသနည်း။ လူများသည် ကောင်းချီးမင်္ဂလာခံစားရခြင်း၏ ဝမ်းမြောက်မှုတွင် မိမိတို့ကိုယ်ကိုယ် နှစ်မြုပ်ထားသည့်အခါ၊ ဘုရားသခင်နှင့် ထိုသို့သော ဆက်ဆံရေးက မည်မျှရှက်ဖွယ်ကောင်းပြီး မြင်မကောင်း ရှုမကောင်း ဖြစ်သည်ကို မည်သူမျှ စိတ်မကူးနိုင်ဟု ငါယုံကြည်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆက်တွဲ (၃)- ဘုရားသခင်၏ စီမံခန့်ခွဲမှုအလယ်၌သာ လူသားသည် ကယ်တင်ခြင်း ခံရနိုင်သည်
ငါ၏ လုပ်ဆောင်ချက်များသည် ကမ်းခြေများရှိ သဲလုံးများထက် အရေအတွက်သာ၍ များပြားပြီး ငါ၏ဉာဏ်ပညာသည် ရှောလမုန်၏ သားအားလုံးကို သာလွန်သော်လည်း၊ လူသားများသည် ငါ့ကို အရေးမပါသည့် သမားတော်တစ်ပါး အဖြစ်နှင့် လူသား၏ လူမသိသူမသိ ဆရာတစ်ယောက်အဖြစ်မျှသာ ထင်မှတ်ကြသည်။ ၎င်းတို့ကို ငါ အနာငြိမ်းစေနိုင်၍သာ ငါ့ကို များစွာသောသူတို့က ယုံကြည်ကြသည်။ ၎င်းတို့၏ခန္ဓာကိုယ်များမှ မသန့်ရှင်းသော ဝိညာဉ်များကို နှင်ထုတ်ရန် ငါ၏တန်ခိုးကို အသုံးပြုနိုင်၍သာ ငါ့ကို များစွာသောသူတို့က ယုံကြည်ကြပြီး၊ ငါ့ထံမှ ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်းတို့ကို ၎င်းတို့ ရကောင်းရလိမ့်မည် ဖြစ်သောကြောင့်သာ ငါ့ကို များစွာသော သူတို့က ယုံကြည်ကြပေသည်။ သာ၍ကြီးမားသော ရုပ်ဝတ္ထုဆိုင်ရာ ကြွယ်ဝမှုကို ငါ့ထံမှ တောင်းခံရန်သာ များစွာသောသူတို့က ငါ့ကို ယုံကြည်ကြသည်။ ဤဘဝကို အေးအေးချမ်းချမ်း ကုန်ဆုံးပြီး၊ နောင်ဘဝတွင် ဘေးကင်းလုံခြုံမှုရှိဖို့ရန်သာ များစွာသောသူတို့က ငါ့ကို ယုံကြည်ကြသည်။ ငရဲ၏ဒုက္ခဆင်းရဲကို ရှောင်ရှားပြီး၊ ကောင်းကင်၏ကောင်းချီးမင်္ဂလာများ ရရှိရန် များစွာသောသူတို့က ငါ့ကို ယုံကြည်ကြသည်။ များစွာသောသူတို့က ယာယီ ကိုယ်စိတ်ချမ်းသာခြင်းအတွက်သာ ငါ့ကို ယုံကြည်သော်လည်း၊ နောင်ဘဝ၌ မည်သည့်အရာမျှ ရရှိရန် မကြိုးစားကြပေ။ လူများအပေါ် ငါ၏ အမျက်ဒေါသကို ပေးအပ်ပြီး တစ်ချိန်က ၎င်းတို့ ပိုင်ဆိုင်ခဲ့သည့် ဝမ်းမြောက်ခြင်းနှင့် ငြိမ်သက်ခြင်းတို့ကို ငါ သိမ်းပိုက်ချိန်တွင် ၎င်းတို့သည် သံသယရှိလာ၏။ ငါသည် လူတို့အား ငရဲ၏ ဆင်းရဲဒုက္ခကို ပေးအပ်ပြီး ကောင်းကင်၏ ကောင်းချီးမင်္ဂလာတို့ကို ပြန်လည် သိမ်းယူသည့်အခါ ၎င်းတို့သည် ဒေါသထွက်လေ၏။ လူများက ၎င်းတို့ကို ရောဂါငြိမ်းစေရန် ငါ့အား တောင်းဆိုပြီး ငါသည် ၎င်းတို့ကို အလေးဂရုမပြုသကဲ့သို့ ၎င်းတို့အပေါ် စက်ဆုပ်ရွံရှာမှု ခံစားရသည့်အခါ ၎င်းတို့သည် အောက်လမ်းဆေးဝါးနှင့် မှော်အတတ်တို့၏ နည်းလမ်းကိုသာ ရှာရန် ငါ့ထံမှ ထွက်သွားလေသည်။ ငါ့ထံမှ ၎င်းတို့ တောင်းဆိုခဲ့ပြီးသမျှအားလုံးကို ငါသိမ်းယူလိုက်ချိန်တွင်၊ ၎င်းတို့အားလုံးက အစအနရှာ၍မရအောင် ပျောက်သွားကြ၏။ သို့ဖြစ်၍ ငါ၏ ကျေးဇူးတော်သည် အလွန်ပေါလျှံပြီး ရရန် အကျိုးကျေးဇူးများမှာ အလွန် များလွန်းသောကြောင့် လူများသည် ငါ၌ ယုံကြည်ခြင်း ရှိသည်ဟု ငါဆို၏။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ယုံကြည်ခြင်းအကြောင်း သင် မည်သည့်အရာ သိရှိသနည်း
ခရီးပန်းတိုင်ကို ဖော်ပြသည့်အခါတိုင်းတွင်၊ သင်တို့သည် ယင်းကို အထူးလေးနက်စွာ သဘောထားကြသည်။ ထို့အပြင်၊ ယင်းသည် အထူးသဖြင့် သင်တို့အားလုံး ဆတ်ဆတ်ထိမခံသော အရာတစ်ခု ဖြစ်သည်။ အချို့သော လူများသည် ကောင်းမွန်သော ခရီးပန်းတိုင်တစ်ခု ရရှိဖို့အလို့ငှာ ဘုရားသခင်ရှေ့တွင် ဒူးထောက်ဦးချရင်း၊ မရမက လုပ်ဆောင်ဖို့ မစောင့်နိုင်အောင် ဖြစ်ကြလေသည်။ စကားလုံးများဖြင့် ဖော်ပြဖို့ မလိုအပ်သည့် သင်တို့၏ စိတ်အားထက်သန်မှုကို ငါ တန်းတူ ခံစားနိုင်သည်။ ယင်းသည် သင်တို့အနေဖြင့် အနာဂတ်တွင် ထာဝရ အပြစ်ဒဏ်ပေးခြင်းထဲသို့ သက်ဆင်းရန် ဆန္ဒရှိဖို့မဆိုထားနှင့်၊ သင်တို့၏ ခန္ဓာကို ကပ်ဘေးထဲသို့ မကျရောက်စေလိုသည်ထက် မပိုပေ။ သင်တို့သည် မိမိတို့ကိုယ်ကိုယ် အနည်းငယ် သာ၍ လွတ်လပ်စွာ၊ အနည်းငယ် သာ၍ လွယ်ကူစွာ အသက်ရှင်ခွင့်ပေးရန်သာ မျှော်လင့်ကြသည်။ ထို့ကြောင့် သင်တို့သည် လုံလုံလောက်လောက် အာရုံမစိုက်မိပါက၊ ဘုရားသခင်ကို သင်တို့ ပုန်ကန်ပြစ်မှားမိနိုင်ပြီး၊ ထိုသို့ဖြင့် သင်တို့နှင့်ထိုက်တန်သည့် ဒဏ်ခတ်ခြင်း ခံရမည်ကို အလွန်စိုးရွံ့လျက်၊ ခရီးပန်းတိုင်ကို ဖော်ပြသည့်အခါတိုင်း သင်တို့သည် အထူးသဖြင့် စိတ်လှုပ်ရှားကြလေသည်။ သင်တို့သည် သင်တို့၏ ခရီးပန်းတိုင်အတွက် အပေးအယူများ ပြုလုပ်ရန် မတွန့်ဆုတ်ကြ သကဲ့သို့၊ သင်တို့ထဲမှ တစ်ချိန်က မရိုးသားသကဲ့သို့ ပေါ့ပေါ့တန်တန် ရှိခဲ့ကြသူများစွာသည်ပင် ရုတ်တရက် ထူးထူးခြားခြား နူးညံ့သိမ်မွေ့ပြီး ရိုးသားစစ်မှန် လာကြလေသည်။ သင်တို့၏ စစ်မှန်ရိုးသားမှု သွင်ပြင်က လူတို့ကို ရိုးတွင်းခြင်ဆီထိ အေးစိမ့်သွားစေသည်။ သို့သော်၊ သင်တို့အားလုံးသည် “ရိုးသားသော” စိတ်နှလုံးများ ပိုင်ဆိုင်ကြပြီး၊ နာကြည်းချက်ဖြစ်စေ၊ လှည့်ဖြားမှု သို့မဟုတ် ဆက်ကပ်မှုဖြစ်စေ၊ မည်သည့်အရာကိုမျှ ထိန်ချန်မထားဘဲ၊ သင်တို့ စိတ်နှလုံးများထဲက လျှို့ဝှက်ချက်များကို ငါ့ထံ တစ်သမတ်တည်း ဖွင့်ဟခဲ့ကြပြီး ဖြစ်သည်။ ခြုံကြည့်သော်၊ သင်တို့သည် သင်တို့၏ ဖြစ်တည်မှု အနက်ရှိုင်းဆုံးသော နေရာများအတွင်း တည်ရှိသည့် ခြေခြေမြစ်မြစ်ရှိသော အရာများကို ငါ့ထံ အလွန် ပွင့်ပွင့်လင်းလင်း “ဝန်ခံ” ခဲ့ကြပြီး ဖြစ်သည်။ ဟုတ်ပေ၏၊ ငါ့အတွက် ထိုအရာများအားလုံးသည် လွန်စွာ အကျွမ်းဝင်လာပြီးဖြစ်သည့်အတွက်၊ ငါသည် ထိုသို့သော အရာများကို မည်သည့်အခါတွင်မျှ မရှောင်လွှဲ ခဲ့ဖူးပေ။ သင်တို့သည် ဘုရားသခင်၏ လက်ခံမှုကို ရရှိဖို့ ဆံချည်တစ်မျှင် ဆုံးရှုံးရသည်ထက် သင်တို့၏ ခရီးပန်းတိုင်အတွက် မီးပင်လယ်ထဲသို့ ဝင်ရောက်လိုကြသည်။ ယင်းမှာ ငါသည် သင်တို့နှင့်ပတ်သက်၍ တစ်ယူသန်ဖြစ်လွန်းခြင်း မဟုတ်။ သင်တို့သည် ငါပြုသည့် အရာအားလုံးနှင့် မျက်နှာချင်းဆိုင်လာဖို့ရန် ဆက်ကပ်မှုရှိသော စိတ်နှလုံးတစ်ခု ကင်းမဲ့လွန်းခြင်း ဖြစ်ပေသည်။ ငါ ခုတင် ပြောသည့်အရာကို သင်တို့ နားလည်ကောင်း နားလည်နိုင်မည်မဟုတ်၊ ထို့ကြောင့် ရိုးရိုးဖြောင့်ဖြောင့် ရှင်းပြချက်တစ်ခု ငါပေးမည်- သင်တို့ လိုအပ်သည့်အရာသည် ငါ၏ အပတ်တကုတ် ကြိုးစား အားထုတ်သည့် အလုပ် ဖြစ်ဖို့မဆိုထားနှင့်၊ သမ္မာတရားနှင့် အသက် မဟုတ်သကဲ့သို့၊ မည်သို့ပြုမူနေထိုင်ရမည်ဟူသော ကိုယ်ကျင့်တရားများလည်း မဟုတ်ပေ။ ယင်းထက်၊ သင်တို့ လိုအပ်သောအရာမှာ ဇာတိပကတိ၌ သင်တို့ ပိုင်ဆိုင်သမျှ အရာရာ ဖြစ်သည့်။ ချမ်းသာကြွယ်ဝမှု၊ အဆင့်အတန်း၊ မိသားစု၊ အိမ်ထောင်ရေး၊ စသည်တို့ ဖြစ်သည်။ သင်တို့သည် ငါ၏ နှုတ်ကပတ်တော်များနှင့် ငါ၏အမှုကို လုံးဝ အထင်အမြင် သေးကြသည်။ ထို့ကြောင့် သင်တို့၏ ယုံကြည်ခြင်းကို ဝတ်ကျတမ်းကျေ ဟူသော စကားတစ်လုံးဖြင့် အကျဉ်းချုံးနိုင်သည်။ သင်တို့သည် သင်တို့ လုံးလုံးလျားလျား ဆက်ကပ်ထားသော အရာများကို ရရှိဖို့ရန် မည်သည့်အတိုင်းအတာထိမဆို လုပ်ဆောင်ကြလိမ့်မည် ဖြစ်သော်လည်း၊ သင်တို့၏ ဘုရားသခင်၌ ယုံကြည်ခြင်းနှင့် ဆက်နွှယ်သည့် ကိစ္စများအတွက် အလားတူ လုပ်ဆောင်ကြမည် မဟုတ်သည်ကို ငါ သိရှိပြီး ဖြစ်သည်။ အတိအကျဆိုရပါက၊ သင်တို့သည် အတော်အသင့်သာ သစ္စာရှိပြီး အတော်အသင့်သာ လေးလေးနက်နက်ရှိကြသည်။ ယင်းမှာ အဆုံးစွန် ရိုးသားစစ်မှန်မှုရှိသည့် စိတ်နှလုံးတစ်ခု ကင်းမဲ့သောသူတို့သည် ဘုရားသခင်၌ ၎င်းတို့၏ ယုံကြည်ခြင်းတွင် ရှုံးနိမ့်သောသူများ ဖြစ်ကြသည်ဟု ငါ ပြောရသည့် အကြောင်းရင်း ဖြစ်ပေသည်။ သေချာစွာစဉ်းစားလော့။ သင်တို့အထဲတွင် ရှုံးနိမ့်သူများစွာ ရှိသလော။
ဘုရားသခင်၌ ယုံကြည်မှုတွင် အောင်မြင်မှုကို လူတို့ကိုယ်တိုင်၏ လုပ်ရပ်များ၏ ရလဒ်တစ်ခုအဖြစ် ရရှိသည်ကို သင်တို့ သိသင့်သည်။ လူတို့သည် မအောင်မြင်ဘဲ၊ ယင်းအစား ကျရှုံးသည့်အခါ၊ ယင်းသည်လည်း ၎င်းတို့ကိုယ်တိုင်၏ လုပ်ရပ်များကြောင့် ဖြစ်ပြီး၊ အခြားမည်သည့်အကြောင်းရင်း၏ စိုးမိုးမှုတစ်ခုကြောင့်မျှ မဟုတ်ပေ။ သင်တို့သည် ဘုရားသခင်ကို ယုံကြည်ခြင်းထက် သာ၍ ခက်ခဲပြီး သာ၍ ဆင်းရဲဒုက္ခ ဖြစ်ပေါ်စေသည့် အရာတစ်ခုကို ရရှိဖို့ လိုအပ်သည့်အရာဟူသမျှ လုပ်ဆောင်ကြမည်ဖြစ်ပြီး ယင်းကို အလွန်လေးနက်စွာ သင်တို့ သဘောထားမည်မှာ သင်တို့အနေဖြင့် မည်သည့်အမှားကိုမျှ သည်းမခံလိုသည်အထိ ဖြစ်မည်ဆိုသည်ကို ငါ ယုံကြည်သည်။ ဤသည်တို့မှာ သင်တို့၏ အသက်တာများတွင် သင်တို့အားလုံး ထားရှိသည့် မနားမနေ အားထုတ်မှုမျိုးများ ဖြစ်သည်။ သင်တို့သည် သင်တို့ကိုယ်တိုင်၏ မိသားစုဝင်တစ်ဦးတစ်ယောက်ကိုမျှ လှည့်ဖြားမည် မဟုတ်သည့် အခြေအနေမျိုးတွင်ပင် ငါ၏ လူ့ဇာတိကို လှည့်ဖြားခြင်းငှာ တတ်စွမ်းနိုင်ကြလေသည်။ ဤသည်မှာ သင်တို့၏ တစ်သမတ်တည်းဖြစ်သော အပြုအမူနှင့် သင်တို့ အသက်ရှင်သည့် အခြေခံသဘောတရား ဖြစ်သည်။ သင်တို့၏ ခရီးပန်းတိုင်သည် လုံးဝ လှပပြီး သင်တို့ ဆန္ဒရှိသမျှအားလုံး ဖြစ်နိုင်ဖို့အလို့ငှာ၊ သင်တို့သည် သင်တို့၏ ခရီးပန်းတိုင်အတွက် ငါ့ကို လှည့်ဖြားဖို့ အယောင်ဆောင်သော အပြင်ပန်းသွင်ပြင်တစ်ခုကို ပြသနေကြဆဲ ဖြစ်သည် မဟုတ်လော။ သင်တို့၏ ဆက်ကပ်မှုသည် သင်တို့၏ စစ်မှန်ရိုးသားမှုကဲ့သို့၊ ခဏတာမျှသာ ဖြစ်သည်ကို ငါ သိ၏။ သင်တို့၏ စိတ်ဆုံးဖြတ်ချက်နှင့် သင်တို့ ပေးသော အဖိုးအခသည် အနာဂတ်အတွက် မဟုတ်၊ လက်ရှိအခိုက်အတန့်အတွက်သာ ဖြစ်သည် မဟုတ်လော။ သင်တို့သည် အလဲအလှယ်တစ်ခု ပြုလုပ်ခြင်းဟူသော တစ်ခုတည်းသော ရည်မှန်းချက်ဖြင့်၊ လှပသည့် ပန်းတိုင်တစ်ခုကို ရယူဖို့ ကြိုးပမ်းရန် နောက်ဆုံးတစ်ကြိမ်သာ အားထုတ်လိုကြလေသည်။ သင်တို့သည် ငါပေးပြီးသည့် အဖိုးအခအတွက် ငါ့ကို ပြန်ပေးဆပ်ဖို့ မဆိုထားနှင့်၊ သမ္မာတရားကို ကျေးဇူးကြွေးတင်ရှိလာခြင်းအား ရှောင်ရှားရန် ဤအားထုတ်မှုကို လုပ်ဆောင်ခြင်း မဟုတ်ပေ။ တိုတိုပြောရလျှင်၊ သင်တို့သည် သင်တို့ လိုချင်သည့်အရာကို ရရှိဖို့ ပါးနပ်သော ပရိယာယ်ကို အသုံးပြုရန်သာ လိုလားနေကြသော်လည်း၊ ယင်းအတွက် ပွင့်လင်းသော တိုက်ပွဲကို မတိုက်လိုကြပေ။ ဤသည်မှာ သင်တို့၏ အတွင်းကျကျအဖြစ်ဆုံးသော အတွေးအခေါ်များ မဟုတ်လော။ သင်တို့သည် မိမိတို့ကိုယ်ကိုယ် ရုပ်ဖျက်ရမည် မဟုတ်သကဲ့သို့၊ သင်တို့ မစားနိုင်၊ မအိပ်နိုင်ဖြစ်ကြသည့်အခြေအနေထိ သင်တို့၏ ခရီးပန်းတိုင်အပေါ် ဦးနှောက်ခြောက်အောင် မစဉ်းစားရ။ နောက်ဆုံးတွင် သင်တို့၏ နိဂုံးက ဆုံးဖြတ်ထားနှင့်ပြီး ဖြစ်လိမ့်မည်မှာ မှန်သည် မဟုတ်လော။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ခရီးပန်းတိုင်နှင့်ပတ်သက်၍
နေ့ရက်စဉ်တိုင်းတွင်၊ လူတစ်ဦးစီတိုင်း၏ လုပ်ဆောင်ချက်များနှင့် အတွေးများသည် တစ်ပါးတည်းသောသူ၏ မျက်လုံးများဖြင့် ကြည့်ရှု ခံရလျက်ရှိကာ၊ တစ်ချိန်တည်းတွင် ၎င်းတို့ကိုယ်တိုင်၏ မနက်ဖြန် အတွက် ပြင်ဆင်လျက်ရှိပေသည်။ ဤသည်မှာ အသက်ရှင်လျက် ရှိသောသူအားလုံး လျှောက်လှမ်းရမည့် လမ်းကြောင်းဖြစ်၏။ ယင်းမှာ အားလုံးအတွက် ငါကြိုတင် ခွဲခန့်မှတ်သားထားသော လမ်းကြောင်း ဖြစ်ပြီး၊ ယင်းကို မည်သူမျှ မလွတ်မြောက်နိုင်သကဲ့သို့၊ ယင်းမှ မည်သူမျှ လွတ်ငြိမ်းခွင့်မရပေ။ ငါပြောပြီးသော နှုတ်ကပတ်တော်များသည် အရေအတွက်မဲ့သည့်အပြင်၊ ငါပြုသော အမှုသည် အတိုင်းအဆမဲ့သည်။ နေ့စဉ်နေ့တိုင်း၊ လူအသီးသီးသည် မိမိတို့၏ ပင်ကို သဘာဝနှင့် ၎င်းတို့၏ သဘာဝနှင့်သက်ဆိုင်သည့် ဖွံ့ဖြိုးတိုးတက်မှုများတို့နှင့်အညီ ၎င်းတို့ လုပ်ဆောင်ဖို့ရှိသည့် အရာအားလုံးကို အလိုအလျောက် ဆောင်ရွက်သည်နှင့်အမျှ၊ ငါသည် စောင့်ကြည့်၏။ ကွဲပြားသော လူအမျိုးအစားများကို ပေါ်လွင်စေဖို့ ငါချမှတ်ထားသော “မှန်ကန်သည့် လမ်းကြောင်း” အပေါ်တွင် များစွာသောသူတို့သည် အမှုမဲ့အမှတ်မဲ့ဖြင့် စတင်နှင့်ကြပြီးဖြစ်သည်။ ဤ ကွဲပြားသော လူအမျိုးအစားများကို ငါသည် ကွဲပြားသော ပတ်ဝန်းကျင်များတွင် ကာလကြာမြင့်စွာ ကတည်းက ထားရှိနှင့်ပြီးဖြစ်ကာ၊ ၎င်းတို့၏ သက်ဆိုင်ရာ နေရာများတွင် အသီးသီးသည် မိမိတို့၏ ပင်ကိုအရည်အချင်းများကို ဖော်ကြပြီး ဖြစ်သည်။ ၎င်းတို့ကို ချည်နှောင်ဖို့ မည်သူမျှ မရှိသကဲ့သို့၊ သွေးဆောင်မည့်သူ မည်သူမျှ မရှိပေ။ ၎င်းတို့သည် အလုံးစုံ လွတ်လပ်မှုရှိပြီး၊ ၎င်းတို့ဖော်ပြသည့် အရာကို အလွယ်တကူ ဖော်ပြနိုင်ပေသည်။ ၎င်းတို့ကို ထိန်းချုပ်ထားသည့် တစ်ခုတည်းသော အရာမှာ ငါ၏ နှုတ်ကပတ်တော်များ ဖြစ်သည်။ ထို့ကြောင့် လူအချို့တို့သည် ငါ၏ နှုတ်ကပတ်တော်များကို မည်သည့်အခါတွင်မျှ လက်တွေ့ကျင့်သုံးခြင်းမရှိဘဲ၊ သေခြင်းကို ရှောင်လွှဲရန်သာ ဆောင့်ကြီးအောင့်ကြီးနှင့် ဖတ်ရှုကြသည်။ ထိုစဉ်အတောအတွင်းတွင်၊ အခြားသူတို့မှာ ၎င်းတို့ကို လမ်းပြကာ ထောက်ပံ့ဖို့ ငါ၏ နှုတ်ကပတ်တော်များမရှိဘဲ၊ နေ့ရက်များကို ကြံ့ကြံ့ခံဖို့ ခက်ခဲသည်ကို တွေ့ရှိကြသောကြောင့် ၎င်းတို့သည် ငါ၏နှုတ်ကပတ်တော်များကို အချိန်တိုင်း အလိုအလျောက် ကိုင်စွဲထားကြသည်။ အချိန်ကုန်လွန် သွားသည်နှင့်အမျှ ၎င်းတို့သည် လူ့ဘဝ၏ လျှို့ဝှက်ချက်၊ လူသားမျိုးနွယ်တို့၏ ပန်းတိုင်နှင့် လူသားဖြစ်ခြင်း၏ တန်ဖိုးတို့ကို သိကြရလေသည်။ ဤသည်မှာ ငါ၏နှုတ်ကပတ်တော်များ၏ မျက်မှောက်တွင် လူသားမျိုးနွယ် ရှိကြသည့်ပုံ သက်သက်ဖြစ်ပြီး၊ ငါသည် ကိစ္စရပ်များကို သူ့ဘာသာသူ ဖြစ်ခွင့် ပေးရုံပေး၏။ ငါ၏ နှုတ်ကပတ်တော်များကို ၎င်းတို့ တည်ရှိခြင်း၏ အခြေခံအုတ်မြစ် ဖြစ်စေဖို့ရာ လူတို့ကို အတင်းအကျပ် ပြုသည့် မည်သည့်အမှုကိုမျှ ငါ မလုပ်ဆောင်ပေ။ ထို့ကြောင့် အသိတရား လုံးဝ မရှိဖူးသူတို့နှင့် မိမိတို့၏ တည်ရှိမှုက မည်သည့်အခါတွင်မျှ တန်ဖိုးမရှိဖူးသူတို့သည် အမှုအရာများ မည်သို့ဖြစ်သည်ကို တိတ်ဆိတ်စွာ စောင့်ကြည့်လေ့လာ ပြီးနောက် ငါ၏ နှုတ်ကပတ်တော်များကို ရဲတင်းစွာ ဘေးဖယ်ထားလိုက်ကြပြီး၊ ၎င်းတို့ ဆန္ဒရှိသည့်အတိုင်း လုပ်ဆောင်ကြသည်။ ၎င်းတို့သည် သမ္မာတရားနှင့် ငါ့ထံမှလာသော အရာအားလုံးကို အလွန်အမင်း မနှစ်မြို့စပြုလာကြသည်။ ထို့အပြင်၊ ငါ၏အိမ်တွင် နေရခြင်းကိုလည်း အလွန်အမင်း မနှစ်မြို့ကြပေ။ ၎င်းတို့သည် အလုပ်လုပ်ပေးနေကြလျှင်ပင်၊ ၎င်းတို့၏ ပန်းတိုင်အတွက်နှင့် အပြစ်ပေးခြင်းမှ လွတ်မြောက်ဖို့အတွက် ဤလူများသည် ငါ၏ အိမ်တွင် အချိန်တစ်ခုကြာ နေထိုင်ကြလေသည်။ သို့ရာတွင်၊ ၎င်းတို့၏ ရည်ရွယ်ချက်များနှင့် လုပ်ရပ်များ မည်သည့်အခါတွင်မျှ မပြောင်းလဲပေ။ ဤအရာက ကောင်းချီး မင်္ဂလာအတွက် ၎င်းတို့၏ လိုအင်ဆန္ဒကို တိုးပွားစေပြီး ကောင်းကင်နိုင်ငံတော်ထဲသို့ တစ်ကြိမ်တည်း ဝင်ရောက်ပြီးနောက်တွင် ထာဝရ နေရစ်ဖို့ ထာဝရကောင်းကင်ဘုံသို့ ဝင်ရောက်ဖို့ပင် ၎င်းတို့၏ လိုအင်ဆန္ဒကို တိုးပွားစေလေသည်။ ငါ၏နေ့ရက် မကြာမီ ရောက်လာဖို့ ၎င်းတို့ တမ်းတလေလေ၊ သမ္မာတရားသည် ၎င်းတို့၏ လမ်းတွင် အတားအဆီးတစ်ခု၊ ခလုတ်တံသင်းတစ်ခု ဖြစ်လာပြီဟု ခံစားရလေလေ ဖြစ်သည်။ ၎င်းတို့အားလုံးသည် သမ္မာတရားကို အားထုတ်ရန် သို့မဟုတ် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို လက်ခံရန် မလိုအပ်သကဲ့သို့၊ အထူးသဖြင့်၊ ငါ၏အိမ်အတွင်းတွင် ခယဝပ်တွားဖို့နှင့် ငါမိန့်ဆိုသည့် အတိုင်း လုပ်ဆောင်ဖို့ မလိုအပ်ဘဲ ကောင်းကင်နိုင်ငံတော်၏ ကောင်းချီးမင်္ဂလာများကို ထာဝရ မွေ့လျော်ဖို့ ကောင်းကင် နိုင်ငံတော်ထဲသို့ ခြေချဖို့ရန် မစောင့်နိုင်အောင် ဖြစ်ကြလေသည်။ ဤလူများသည် ငါ၏ အိမ်ထဲသို့ ဝင်ရောက်ကြသည်မှာ သမ္မာတရားကို ရှာဖွေဖို့ဖြစ်သော ၎င်းတို့၏ လိုအင်ဆန္ဒကို ဖြည့်ဆည်းဖို့ မဟုတ်သကဲ့သို့၊ ငါ၏ စီမံခန့်ခွဲမှုနှင့်အတူ ပူးပေါင်းလုပ်ဆောင်ဖို့လည်း မဟုတ်ပေ။ ၎င်းတို့၏ ရည်မှန်းချက်မှာ လာမည့် ခေတ်တွင် ဖျက်ဆီးခြင်းမခံရမည့် သူများအလယ်တွင် ရှိဖို့မျှ ဖြစ်သည်။ ထို့ကြောင့်၊ ၎င်းတို့၏ နှလုံးသားများသည် သမ္မာတရား အဘယ်အရာဖြစ်သည် သို့မဟုတ် သမ္မာတရားကို မည်ကဲ့သို့ လက်ခံရမည်ကို ဘယ်သောအခါမျှ မသိဖူးကြပေ။ ဤသည်မှာ ထိုသို့သော လူများသည် သမ္မာတရားကို မည်သည့်အခါတွင်မျှ လက်တွေ့ကျင့်သုံးခြင်းမရှိသကဲ့သို့၊ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးခြင်း၏ အတိမ်အနက်ကို သဘောမပေါက် ကြသော်လည်း၊ ငါ၏အိမ်တွင် တစ်ချိန်လုံး “အစေခံများ” အဖြစ် နေထိုင်ကြပြီးဖြစ်သည့် အကြောင်းရင်းဖြစ်သည်။ ၎င်းတို့သည် ငါ၏နေ့ရက် ရောက်ရှိလာခြင်းကို “စိတ်ရှည်စွာ” ဖြင့် စောင့်ဆိုင်းကြပြီး၊ ငါ၏အမှု၏ နည်းဟန်အားဖြင့် ၎င်းတို့ လူးလှိမ့်ကြရသလောက် မောလည်း မမောပန်းနိုင်ကြပေ။ သို့သော် ၎င်းတို့၏ ကြိုးပမ်း အားထုတ်မှုများ မည်မျှကြီးမားပါစေ၊ သို့မဟုတ် မည်သည့် အဖိုးအခကို ၎င်းတို့ ပေးသည်ဖြစ်စေ၊ သမ္မာတရားအတွက် ၎င်းတို့ ဆင်းရဲဒုက္ခ ခံစားရသည်ကို သို့မဟုတ် ငါ့အတွက် တစ်ခုတစ်လေ ပေးသည်ကို မည်သူမျှ မတွေ့မြင်ဖူးကြပေ။ ၎င်းတို့၏ စိတ်နှလုံးသားများတွင် ခေတ်ဟောင်းကို ငါအဆုံးသတ်သည့် နေ့ရက်အား မြင်ရဖို့ တရွရွဖြစ်နေကြပြီး၊ ထို့အပြင် ငါ၏တန်ခိုးနှင့် ဩဇာအာဏာတို့ မည်မျှကြီးမားသည်ကို သိဖို့ရန် မစောင့်နိုင်အောင်ဖြစ် ကြလေသည်။ လုပ်ဆောင်ဖို့ ၎င်းတို့ ဘယ်သောအခါမျှ အလျင်မလိုကြသည့်အရာမှာ မိမိတို့ကိုယ်ကိုယ် ပြောင်းလဲရန်နှင့် သမ္မာတရားကို အားထုတ်ဖို့ ဖြစ်သည်။ ငါအလွန်အမင်းမနှစ်မြို့သောအရာကို ၎င်းတို့ချစ်ကြပြီး၊ ငါချစ်သောအရာကို အလွန်အမင်း မနှစ်မြို့ကြပေ။ ငါမုန်းတီးသောအရာကို ၎င်းတို့ တောင့်တကြသော်လည်း၊ ငါ စက်ဆုပ်ရွံမုန်းသော အရာကို ဆုံးရှုံးရမည်ကို ကြောက်ရွံ့ကြသည်။ ၎င်းတို့သည် ဤဆိုးယုတ်သော ကမ္ဘာတွင် ယင်းကို ဘယ်သောအခါမျှ စက်ဆုပ်ခြင်းမရှိဘဲ အသက်ရှင်ကြပြီး၊ သို့တိုင် ယင်းကို ငါဖျက်ဆီးပစ်မည်ကို အလွန်အမင်း ကြောက်ရွံ့ကြလေသည်။ ၎င်းတို့၏ ကွဲလွဲနေသော ရည်ရွယ်ချက်များ အလယ်တွင်၊ ငါစက်ဆုပ်ရွံရှာသော ဤကမ္ဘာကို ၎င်းတို့ ချစ်ကြသော်လည်း၊ ၎င်းတို့အနေဖြင့် ဖျက်ဆီးခြင်း၏ ဆင်းရဲဒုက္ခမှ လွတ်နိုင်ကြဖို့ရန်နှင့် နောက်တစ်ခေတ်၏ အရှင်သခင်များ အဖြစ်သို့ ပြောင်းလဲနိုင်ကြဖို့အလို့ငှာ၊ မှန်သော လမ်းခရီးမှ ၎င်းတို့ သွေဖည်မသွားမီ၊ ယင်းကို ငါအလျင်အမြန် ဖျက်ဆီးဖို့လည်း တမ်းတကြလေသည်။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့သည် သမ္မာတရားကို မချစ်သကဲ့သို့၊ ငါ့ထံမှလာသော အရာအားလုံးကို ့အလွန်အမင်း မနှစ်မြို့ကြသောကြောင့်ပင် ဖြစ်သည်။ ၎င်းတို့သည် ကောင်းချီးမင်္ဂလာများကို မဆုံးရှုံးစေရန်အတွက် တိုတောင်းသော အချိန်တစ်ခုအကြာတွင် “နာခံသောလူများ” ဖြစ်ကောင်း ဖြစ်လာ နိုင်သော်လည်း၊ ကောင်းချီးခံစားရဖို့ ၎င်းတို့၏ စိုးရိမ်ပူပန်မှုနှင့် ပျက်စီးဆုံးရှုံးခြင်းနှင့် လောင်ကျွမ်းနေသော မီးအိုင်ထဲသို့ ဝင်ရောက် ရမည်ကို ကြောက်ရွံ့မှုသည် ဘယ်သောအခါမျှ ဖုံးဖိမရနိုင်ပေ။ ငါ၏နေ့ရက် နီးကပ်လာသည်နှင့်အမျှ၊ ၎င်းတို့၏ စိတ်ဆန္ဒသည် မှန်မှန် တိုး၍အားကောင်းလာသည်။ ဘေးဒုက္ခ ကြီးမားလာလေ၊ ငါ့ကို ဝမ်းမြောက်စေဖို့နှင့် ရှည်ကြာစွာ ၎င်းတို့ တမ်းတခဲ့ကြသည့် ကောင်းချီးမင်္ဂလာများကို ဆုံးရှုံးခြင်းအား ရှောင်လွှဲဖို့ ဘယ်က အစပြုရမည်ကို မသိဘဲ၊ ၎င်းတို့ကို ခိုကိုးရာမဲ့ ဖြစ်စေလေလေ ဖြစ်သည်။ ငါ၏လက်၏အမှုကို အစပြုသည်နှင့်တစ်ပြိုင်နက်၊ ထိုသို့သော လူများသည် ရှေ့ပြေးတပ်အဖြစ် အစေခံဖို့ ဆောင်ရွက်ရန် စိတ်ထက်သန်ကြလေသည်။ ၎င်းတို့ကို ငါ မမြင်တွေ့မည်ကို အလွန်အမင်း စိုးရွံ့ရင်း၊ ၎င်းတို့သည် တပ်ဖွဲ့များ၏ တကယ့်ရှေ့တန်းသို့ တစ်ရှိန်ထိုးတက်ဖို့သာ စဉ်းစားကြလေသည်။ ၎င်းတို့ လုပ်ရပ်များနှင့် လုပ်ဆောင်ချက်များက သမ္မာတရားနှင့် မည်သည့်အခါတွင်မျှ မဆီလျော်ဖူးသည့်အပြင် ၎င်းတို့၏ လုပ်ဆောင်ချက်များက ငါ၏ အစီအစဉ်များကို ဖြိုဖျက်ကာ ဝင်ရောက်စွက်ဖက်ရုံမျှ ပြုသည်ကို လုံးဝ မသိဘဲ၊ ၎င်းတို့ တွေးသည့်အရာကို မှန်ကန်သည့်အရာအဖြစ် လုပ်ဆောင် ပြောဆိုကြလေသည်။ ၎င်းတို့အနေဖြင့် ကြီးမားသော အားထုတ်မှု ပြုခဲ့ကောင်းပြုခဲ့နိုင်ပြီး အခက်အခဲများကို ခံရပ်ဖို့ ၎င်းတို့၏ အလိုဆန္ဒနှင့် ရည်ရွယ်ချက်တို့သည် မှန်ကောင်းမှန်နိုင်သော်လည်း၊ ငါ၏ ယဇ်ပလ္လင်ပေါ်တွင် ၎င်းတို့ တစ်ခုတလေ ထားရှိသည်ကို ငါ မြင်ဖူးဖို့ မဆိုထားနှင့်၊ ၎င်းတို့၏ လုပ်ဆောင်ချက်များက ကောင်းမွန်သော ရည်ရွယ်ချက်များမှ လာသည်ကို ငါ မည်သည့်အခါတွင်မျှ မမြင်ဖူးသည့် အတွက်၊ ၎င်းတို့ လုပ်ဆောင်သည့် မည်သည့်အရာမျှ ငါနှင့် မပတ်သက်ပေ။ ယင်းမှာ ဤနှစ်များစွာတစ်လျှောက် ငါ၏ရှေ့တွင် ၎င်းတို့ ပြုထားသည့် လုပ်ဆောင်ချက်များ ဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်တို့၏ လုပ်ဆောင်ချက်များကို သင်တို့ သုံးသပ်ဆင်ခြင်သင့်သည်
ငါ့အမှု၏ နှစ်ကာလများစွာအတွင်းတွင် လူတို့သည် များစွာ ရရှိကြပြီးဖြစ်ကာ များစွာ စွန့်လွှတ်ကြပြီးဖြစ်သည်၊ သို့သော် ၎င်းတို့သည် ငါ့ကို အမှန်တကယ် မယုံကြည်ကြဟု ငါ ပြောဆဲ ဖြစ်သည်။ အကြောင်းမှာ၊ လူတို့သည် ငါဘုရားသခင်ဖြစ်သည်ကို ၎င်းတို့၏ နှုတ်များဖြင့် အသိအမှတ်ပြုရုံမျှပြုကြသော်လည်း၊ ငါပြောဆိုသော သမ္မာတရားများကို ၎င်းတို့ သဘောမတူကြသည့်အပြင်၊ ၎င်းတို့ကို ငါ စေခိုင်းသည့် သမ္မာတရားများကို လက်တွေ့လုပ်ဆောင်ခြင်း မရှိကြချေ။ ယင်းမှာ လူတို့သည် ဘုရားသခင်၏ တည်ရှိခြင်းကိုသာ အသိအမှတ်ပြုကြသော်လည်း၊ သမ္မာတရား၏ တည်ရှိခြင်းကို အသိအမှတ်မပြုကြ။ လူတို့သည် ဘုရားသခင်၏ တည်ရှိခြင်းကို အသိအမှတ်ပြုကြသော်လည်း၊ အသက်၏ တည်ရှိခြင်းကို အသိအမှတ်မပြုကြ။ လူတို့သည် ဘုရားသခင်၏နာမကို အသိအမှတ်ပြုကြသော်လည်း သူ၏ အနှစ်သာရကို အသိအမှတ်မပြုကြဟု ဆိုလိုသည်။ ၎င်းတို့သည် ငါ့ကိုလှည့်ဖြားဖို့ သာယာသော စကားများကိုသာ အသုံးပြုကြသည့်အတွက်၊ ငါသည် ၎င်းတို့ကို ၎င်းတို့၏စိတ်အားထက်သန်မှုအတွက် စက်ဆုပ်ရွံရှာ၏။ ၎င်းတို့ထဲမှ မည်သူမျှ ငါ့ကို အမှန်တကယ် မကိုးကွယ်ကြချေ။ သင်တို့၏ စကားများသည် မြွေ၏သွေးဆောင်ဖြားယောင်းခြင်း ပါရှိ၏။ ထို့အပြင်၊ ယင်းတို့သည် ကောင်းကင်တမန်မင်း၏ ကြေငြာချက်သဖွယ် လွန်လွန်ကဲကဲ စိတ်ကြီးဝင်ကြလေသည်။ ထို့အပြင်၊ သင်တို့၏ လုပ်ဆောင်ချက်များသည် အလွန်ဆိုးဝါးသော အတိုင်းအတာတစ်ခုထိ စုတ်ပြတ်ကာ ပေါက်ပြဲနေသည်။ သင်တို့၏ လွန်ကြူးသော စိတ်ဆန္ဒများနှင့် တပ်မက်သော ရည်ရွယ်ချက်များသည် နားကြားပြင်းကပ်စရာ ဖြစ်ကြသည်။ သင်တို့အားလုံးသည် ငါ၏အိမ်တွင် ပိုးဖလံများ၊ ငါ၏ ပစ်ပစ်ခါခါ ငြင်းခြင်းကို ခံရမည့်အရာဝတ္ထုများ ဖြစ်သွားကြပြီးဖြစ်သည်။ အကြောင်းမှာ သင်တို့ထဲမှ မည်သူမျှ သမ္မာတရားကို မချစ်ပေ။ ထိုအစား၊ သင်တို့သည် ကောင်းချီးမင်္ဂလာ ခံစားရန်၊ ကောင်းကင်ဘုံသို့ တက်ရန်၊ ကမ္ဘာမြေပေါ်၌ ခရစ်တော်က သူ၏ တန်ခိုးအာဏာ ကိုင်စွဲခြင်းနှင့်ဆိုင်သည့် ခမ်းနားသော ရူပါရုံကို ရှုမြင်ရန် ဆန္ဒရှိကြပေသည်။ သို့သော်၊ သင်တို့ကဲ့သို့ ဘုရားသခင် အဘယ်အရာဖြစ်သည်ကို မသိလေသူ၊ အလွန်အမင်း ဖောက်ပြန်ပျက်စီးနေသောသူ တစ်ဦးတစ်ယောက်သည် ဘုရားသခင်၏နောက်လိုက်ခြင်းငှာ အဘယ်သို့ ထိုက်တန်နိုင်မည်ကို သင်တို့ တွေးကြဖူးပါသလော။ ကောင်းကင်ဘုံသို့ သင်တို့ အဘယ်သို့ တက်ရောက်နိုင်ကြမည်နည်း။ ထိုသို့သော ခမ်းနားသည့် မြင်ကွင်းများ၊ ၎င်းတို့၏ ထည်ဝါမှုတွင် အစဉ်အလာမရှိသည့် မြင်ကွင်းများကို ရှုမြင်ခြင်းငှာ သင်တို့ အဘယ်သို့ ထိုက်တန်နိုင်ကြမည်နည်း။ သင်တို့၏ နှုတ်များသည် ငါ့ကို လှည့်ဖြားသော စကားများ၊ ညစ်ညူးသော၊ ငါ့ကို သစ္စာဖောက်သော စကားများ၊ မာနထောင်လွှားသော စကားများဖြင့် ပြည့်နေသည်။ သင်တို့သည် ငါ့ကို ရိုးသားစစ်မှန်မှု စကားများ၊ သန့်ရှင်းသောစကားများ၊ ငါ၏ နှုတ်ကပတ်တော်ကို တွေ့ကြုံခြင်းနှင့် ငါ့ကို ကျိုးနွံနာခံခြင်း စကားများအား မည်သည့်အခါမျှ သင်တို့ မပြောဖူးကြပေ။ သင်တို့၏ယုံကြည်ခြင်းသည် အတိအကျ မည်သည့်အရာနှင့် တူသနည်း။ သင်တို့၏ စိတ်နှလုံးများထဲတွင် လိုချင်တပ်မက်မှုနှင့် ငွေကြေးကလွဲ၍ မည်သည့်အရာမျှမရှိသကဲ့သို့၊ သင်တို့၏ စိတ်များထဲတွင် ရုပ်ဝတ္ထုပစ္စည်းများမှလွဲ၍ မည်သည့်အရာမျှမရှိပေ။ နေ့တိုင်း၊ သင်တို့သည် ငါ့ထံမှ တစ်စုံတစ်ရာ မည်သို့ရရှိမည်ကို တွက်ချက်ကြသည်။ နေ့တိုင်း၊ သင်တို့သည် ငါ့ထံမှ ချမ်းသာကြွယ်ဝမှု မည်မျှနှင့် ရုပ်ဝတ္ထုပစ္စည်း မည်မျှ ရရှိပြီးဖြစ်သည်ကို ရေတွက်နေကြသည်။ နေ့တိုင်း၊ သင်တို့သည် သင်တို့ မွေ့လျော်ခံစားနိုင်သည့် သာ၍များသော သာ၍မြင့်မားသောအရာများကို မွေ့လျော်ခံစားနိုင်ဖို့အလို့ငှာ၊ သင်တို့အပေါ် ကောင်းချီးမင်္ဂလာများ သာ၍ သာ၍ သက်ဆင်းလာဖို့ရန် သင်တို့ စောင့်စားကြ၏။ သင်တို့၏ အတွေးများ၌ အချိန်တိုင်းရှိသည်မှာ ငါမဟုတ်သကဲ့သို့၊ ငါ့ထံမှလာသော သမ္မာတရားလည်း မဟုတ်ဘဲ၊ ယင်းထက်၊ သင်တို့၏ခင်ပွန်း သို့မဟုတ် ဇနီး၊ သင်တို့၏ သားများနှင့် သမီးများ၊ ပြီးလျှင် သင်တို့ စားသောက်ပြီး ဝတ်ဆင်သောအရာများ ဖြစ်ကြ၏။ သင်တို့သည် သာ၍ သာ၍ ကောင်းသည့်၊ သာ၍ သာ၍ မြင့်မားသည့် ပျော်ရွှင်မှု မည်သို့ရရှိနိုင်သည်ကို စဉ်းစားကြသည်။ သို့သော်၊ သင်တို့သည် ကွဲထွက်မတတ် သင်တို့၏ ဗိုက်များကို ဖြည့်ပြီးသည့်အချိန်တွင်ပင်၊ အလောင်းကောင်တစ်ကောင် ဖြစ်နေဆဲ ဖြစ်သည် မဟုတ်လော။ အပြင်ပန်းအားဖြင့်၊ သင်တို့သည် အင်မတန် လှပသည့် အဝတ်အစားဖြင့် မိမိတို့ကိုယ်ကိုယ် ဆင်မြန်းကြသည့်အချိန်တွင်ပင်၊ သင်တို့သည် အသက်ကင်းမဲ့သည့် လမ်းလျှောက်နေသော အလောင်းကောင်တစ်ကောင် ဖြစ်နေဆဲ မဟုတ်လော။ သင်တို့၏ ဆံပင်များ အဖြူရောင်ဖြင့် အစင်းအကျားဖြစ်သည်အထိ၊ သင်တို့၏ ဝမ်းဗိုက်အတွက် သင်တို့ ပင်ပန်းကြီးစွာအလုပ်လုပ်ကြ၏၊ သို့သော်၊ သင်တို့ထဲမှ မည်သူမျှ ငါ၏အမှုအတွက် ဆံချည်တစ်ပင်မျှ မစွန့်လွှတ်ကြချေ။ သင်တို့သည် သင်တို့ကိုယ်တိုင်၏ ဇာတိခန္ဓာအတွက်နှင့် သင်တို့၏သားများနှင့် သမီးများအတွက် သင်တို့၏ခန္ဓာကို ခက်ခဲပင်ပန်းစေကာ ဦးနှောက်ခြောက်အောင် စဉ်းစားရင်း၊ စဉ်ဆက်မပြတ် အလုပ်များနေသည်။ သို့သော်၊ သင်တို့ထဲမှ တစ်ဦးတစ်ယောက်ကမျှ ငါ၏ ရည်ရွယ်ချက်များအတွက် စိုးရိမ်ခြင်း သို့မဟုတ် ပူပန်ခြင်း တစ်ခုတစ်လေမျှ မပြပေ။ ငါ့ထံမှ ရရှိဖို့ သင်တို့ မျှော်လင့်ကြသေးသည်မှာ မည်သည့်အရာနည်း။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ခေါ်တော်မူသောသူအများရှိသော်လည်း ရွေးကောက်တော်မူသောသူနည်း၏
သင်တို့သည် ဤနှစ်ပေါင်းများစွာ တစ်လျှောက်လုံးတွင် ငါ့နောက်သို့ လိုက်လျှောက်နေခဲ့ ကြသော်လည်း ငါ့အပေါ်၌ မြူမှုန်မျှပင် သစ္စာမစောင့်သိခဲ့ကြ။ ယင်းအစား သင်တို့သည် သင်တို့ချစ်သောသူများနှင့် သင်တို့နှစ်သက်သော အရာများကိုသာ အမြဲတမ်း ဗဟိုပြုကြ လွန်းသည့်အတွက် သင်တို့သွားလေရာရာ၌ ထိုအရာများကို သင်တို့မြတ်နိုးတန်ဖိုးထားကြပြီး လုံးဝမစွန့်လွှတ်ကြပေ။ သင်တို့သည် ငါ့နောက်သို့ လိုက်လျှောက်သည့် အချိန်အတော အတွင်း ဖြစ်တတ်သည့် မိမိတို့ချစ်မြတ်နိုးသော အရာတစ်ခုနှင့် ပတ်သက်၍ စိတ်ထက်သန်လာချိန်၊ သို့တည်းမဟုတ် သဲကြီးမဲကြီး ဖြစ်လာသောအချိန်၊ သို့မဟုတ် သင်တို့သည် ငါ့နှုတ်ကပတ်တော်များကို နားထောင်နေချိန်၌ပင်လျှင် ထိုသို့ဖြစ်တတ်ကြသည်။ ထို့ကြောင့် သင်တို့ကို ငါတောင်းဆို သည့်အတိုင်း ငါ့ကို သစ္စာစောင့်သိရမည့်အစား သင်တို့သည် မိမိတို့၏ “အချစ်တော်များ” ကိုသာ သစ္စာစောင့်သိပြီး ချစ်ခင်မြတ်နိုးကြသည်ဟု ငါပြောမည်။ ငါ့အတွက် တစ်ခု၊ နှစ်ခုမျှ သင်တို့ စွန့်လွှတ်နိုင်ကောင်း စွန့်လွှတ်နိုင်သော်ငြားလည်း ထိုအရာသည် သင်တို့၏ အရာအားလုံးကို ကိုယ်စားမပြု၊ သင်တို့ အမှန်တကယ် သစ္စာစောင့်သိသူမှာ ငါဖြစ်သည်ဆိုခြင်းကိုလည်း မပြသပေ။ သင်တို့သည် သင်တို့အရူးအမူးဖြစ်သောအရာကို လုပ်ဆောင်ခြင်းများနှင့်သာ ဆက်စပ်ပတ်သက်ချင်ကြ၏- အချို့က သားနှင့်သမီးများအပေါ် သစ္စာစောင့်သိကြသည်၊ အချို့မှာမူ လင်ယောက်ျား၊ ဇနီးမယား၊ စည်းစိမ်ဥစ္စာ၊ အလုပ်အကိုင်၊ အထက်လူကြီး၊ ဂုဏ်အရှိန်အဝါ၊ သို့မဟုတ် မိန်းမများအပေါ် သစ္စာစောင့်သိကြသည်။ သင်တို့ သစ္စာစောင့်သိသော အရာများအတွက် သင်တို့သည် စိတ်ပင်ပန်းခြင်း၊ သို့မဟုတ် စိတ်အနှောင့်အယှက်ဖြစ်ခြင်းမျိုး မည်သည့်အခါမျှ မရှိကြပေ၊ ထိုအစား သင်တို့သည် သင်တို့သစ္စာစောင့်သိသည့်အရာများကို သာ၍မြင့်မားသော အရည်အသွေးနှင့် သာ၍များသော အရေအတွက်ပါ ပိုင်ဆိုင်ဖို့ရန် တိုး၍ တောင့်တကြပြီး မည်သည့်အခါမျှ စိတ်ပျက် အားလျော့ခြင်း မရှိချေ။ ငါကိုယ်တိုင်နှင့် ငါ၏ နှုတ်ကပတ်တော်များသည် သင်တို့ အရူးအမူးဖြစ်နေသော အရာများ၏နောက်ဆုံးကို အမြဲတွန်းပို့ခံနေရသည်။ ထိုအရာများကို နောက်ဆုံး၌ နေရာချရန်မှလွဲ၍ သင်တို့မှာ အခြားရွေးစရာမရှိ။ မိမိတို့ ယခုတိုင် ရှာမတွေ့သေးသော သစ္စာစောင့်သိရမည့်အရာအတွက် ထိုနောက်ဆုံးနေရာကိုပင် ကွက်လပ်ချန်ထားကြသောသူများပင် ရှိကြသေး၏။ ထိုသူတို့၏ နှလုံးသားများထဲ၌ ငါဟူသည်မှာ အရိပ်အယောင်မျှပင် တစ်ခါမျှ မရှိခဲ့စဖူး။ သင်တို့ကို ငါတောင်းဆိုသောအရာများ များလွန်း နေ၏၊ သို့မဟုတ် ငါသည် သင်တို့ကို အမှားမှားအယွင်းယွင်း စွပ်စွဲနေသည်ဟု သင်တို့ ထင်ကောင်းထင်လိမ့်မည်၊ သို့သော် သင်တို့မိသားစုများနှင့် ပျော်ရွှင်စွာ အချိန်ဖြုန်းနေသည့်အချိန်၌ သင်တို့သည် ငါ့ကို တစ်ကြိမ်တစ်ခါမျှ သစ္စာမစောင့်သိခဲ့ ဆိုသည့်အချက်ကို သင်တို့စဉ်းစားမိကြ၏လော။ ဤကဲ့သို့သော အချိန်များ၌ သင်တို့ မနာကျင်ကြသလော။ သင်တို့၏ နှလုံးသားများသည် ဝမ်းမြောက်ခြင်းနှင့် ပြည့်နှက်နေသောအခါ၊ သင်တို့၏ အားထုတ်မှုများအတွက် ဆုချခံရသောအခါ သင်တို့သည် မိမိတို့ကိုယ်မိမိ လုံလောက်သော သမ္မာတရားနှင့် ဖြည့်ဆည်းမထားသည်ကို အားမငယ်သလော။ ငါ၏ ထောက်ခံချက် မရသဖြင့် သင်တို့သည် မည်သည့်အချိန်က ငိုကြွေးခဲ့ကြဖူးသနည်း။ သင်တို့၏ သားများ၊ သမီးများအတွက် သင်တို့သည် ဦးနှောက်အခြောက်ခံ၊ ဒုက္ခအကြီးအကျယ်ခံ နေသော်လည်း သင်တို့သည် အားမရနိုင်သေး၊ သူတို့အတွက် သင်တို့၏ကြိုးစားမှုက မလုံလောက်သေး၊ သူတို့အတွက် သင်တို့၏လုံ့လအားလုံးကို မပေးအပ် မမြှုပ်နှံရသေးဟု သင်တို့ ယုံကြည်နေကြ၏။ သို့သော် ငါ့ကိုမူ သင်တို့သည် အမြဲတမ်း မေ့လျော့ပေါ့ဆ၍ ဂရုမစိုက်ဘဲ နေကြသည်၊ ငါ့ကို သင်တို့၏ မှတ်ဉာဏ်များထဲ၌သာထားပြီး သင်တို့၏ နှလုံးသားထဲ၌ကား ငါ့ကို ကြာရှည် တည်နေစေခြင်းမရှိ။ သင်တို့အပေါ်ထားသော ငါ၏ပေးအပ်မြှုပ်နှံမှုနှင့် လုံ့လများကို သင်တို့သည် အမြဲတမ်း မခံစားကြဘဲ နားလည်အသိအမှတ်ပြုမှုလည်း သင်တို့၌ တစ်စက်မျှ မရှိခဲ့ကြ။ သင်တို့သည် အတိုချုံးသာ နှိုင်းဆဆင်ခြင်ကြပြီး ထိုအရာမှာ လုံလောက်ပြီဟု ယုံကြည်ကြသည်။ ဤသို့သော “သစ္စာစောင့်သိမှု” မျိုးမှာ ကြာမြင့်စွာ ငါတောင့်တခဲ့သောအရာ မဟုတ်ဘဲ ကြာမြင့်စွာ ကတည်းက ငါစက်ဆုပ်သောအရာဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်မည်သူ့ကို သစ္စာစောင့်သိသနည်း
ငါသည် နှုတ်ကပတ်တော်များစွာကို ဖော်ပြခဲ့ပြီးဖြစ်ပြီး ငါ၏ရည်ရွယ်ချက်များနှင့် စိတ်သဘောထားတို့ကိုလည်း ဖော်ပြခဲ့ပြီး ဖြစ်၏။ သို့သော်ငြားလည်း လူတို့သည် ငါ့ကို သိနိုင်စွမ်းနှင့် ငါ့ကို ယုံကြည်နိုင်စွမ်း မရှိကြသေးပေ။ သို့မဟုတ် လူတို့သည် ငါ့ကို ကျိုးနွံနာခံနိုင်စွမ်း မရှိကြသေးဟု ဆိုနိုင်ပေသည်။ သမ္မာကျမ်းစာအတွင်းတွင် နေထိုင်သူများ၊ ပညတ်တော်အတွင်းတွင် နေထိုင်သူများ၊ လက်ဝါးကပ်တိုင်ပေါ်တွင် နေသူများ၊ စည်းမျဉ်းစည်းကမ်းများအတိုင်း နေထိုင်သူများ၊ ယနေ့ ငါပြုသည့်အမှုအကြား နေသူများဖြစ်သည့် ၎င်းတို့အနက် မည်သူသည် ငါနှင့် သဟဇာတဖြစ်သနည်း။ သင်တို့သည် ကောင်းချီးမင်္ဂလာများနှင့် ဆုလာဘ်များကို ရရှိရန်သာ စဉ်းစား၍ ငါနှင့် မည်သို့ သဟဇာတဖြစ်ရန် သို့မဟုတ် ငါကိုဆန့်ကျင်ခြင်းမပြုရန် သင်တို့ကိုယ်သင်တို့ မည်သို့ တားဆီးရမည်ကို စိုးစဉ်းမျှပင် မည်သည့်အခါကမျှ မစဉ်းစားခဲ့ကြဖူးပေ။ ငါသည် သင်တို့အပေါ် လွန်စွာစိတ်ပျက်၏။ အဘယ်ကြောင့်ဆိုသော် ငါသည် သင်တို့ကို များစွာပေးခဲ့ပြီးဖြစ်သော်လည်း ငါသည် သင်တို့ထံမှ အနည်းငယ်သာ ရရှိခဲ့၏။ သင်တို့၏ လှည့်ဖြားမှု၊ သင်တို့၏မောက်မာမှု၊ သင်တို့၏လောဘ၊ သင်တို့၏ လွန်ကဲသောအလိုဆန္ဒများ၊ သင်တို့၏ သစ္စာဖောက်မှု၊ သင်တို့၏ မနာခံမှု ယင်းတို့အနက် မည်သည့် အရာသည် ငါ၏သတိပြုမိခြင်းမှ လွတ်မြောက်နိုင်မည်နည်း။ သင်တို့သည် ငါ့အပေါ် ဝတ်ကျေတမ်းကျေဆန်၏၊ ငါ့အား လှည့်စား၏၊ ငါ့အား စော်ကား၏၊ ငါ့အား နားပူနားဆာလုပ်၏၊ ယဇ်ကောင်များအတွက် ငါ့အား အတင်းအကျပ်တောင်းဆို၏၊ ငါ့ထံမှ အဓမ္မယူ၏။ ထိုကဲ့သို့သော ဒုစရိုက်သည် ငါ၏အပြစ်ဒဏ်မှ မည်သို့ ရှောင်တိမ်းနိုင်မည်နည်း။ ဤဆိုးယုတ်မှုတစ်ခုလုံးသည် ငါ့အပေါ် သင်တို့၏ရန်လိုသောသဘော၏ အထောက်အထားဖြစ်ပြီး၊ သင်တို့သည် ငါနှင့်သဟဇာတမဖြစ်ကြောင်း အထောက်အထားဖြစ်၏။ သင်တို့ တစ်ဦးချင်းစီသည် သင်တို့ကိုယ်သင်တို့ ငါနှင့်အလွန်သဟဇာတဖြစ်သည်ဟု ယူဆကြ၏။ သို့သော် ထိုသို့ဖြစ်ပါက မှားယွင်းကြောင်းမငြင်းဆိုနိုင်သော ဤအထောက်အထားသည် မည်သူနှင့် သက်ဆိုင်သနည်း။ သင်တို့ကိုယ်သင်တို့ ငါ့အပေါ် အဆုံးစွန်သော စစ်မှန်မှုရှိပြီး သစ္စာရှိသည်ဟု ယူဆကြ၏။ သင်တို့သည် ကြင်နာလွန်း၍ ကရုဏာတရားကြီးမားလွန်းကာ ငါ့ကို လွန်စွာဆက်ကပ်ခဲ့ပြီးပြီဟု ထင်ကြ၏။ သင်တို့သည် ငါ့အတွက် လုံလောက်သည်ထက်ပို၍ ဆောင်ရွက်ပေးခဲ့ပြီးပြီဟု ထင်ကြ၏။ သို့သော် ဤထင်မြင်ချက်ကို သင်တို့၏ အပြုအမူများနှင့် နှိုင်းယှဉ်ခဲ့ဖူးသလော။ သင်တို့သည် လွန်စွာမောက်မာသည်၊ လွန်စွာ လောဘကြီးသည်၊ ဝတ်ကျေတမ်းကျေသာ လွန်စွာပြုသည်ဟု ငါဆို၏။ သင်တို့ငါ့အားလှည့်စားသည့် လှည့်ကွက်များသည် လွန်စွာပါးနပ်ပြီး၊ သင်တို့တွင် လွန်စွာစက်ဆုပ်ဖွယ်ကောင်းသော ရည်ရွယ်ချက်များနှင့် စက်ဆုပ်ဖွယ်ကောင်းသော နည်းလမ်းများရှိကြ၏။ သင်တို့၏ သစ္စာရှိမှုသည် လွန်စွာနည်းပါး၏။ သင်တို့၏ စိတ်အားထက်သန်မှုသည် လွန်စွာသေးနုပ်၍ သင်တို့၏ အသိတရားသည် ပို၍ပင်မရှိ ဖြစ်နေ၏။ သင်တို့၏နှလုံးသားများတွင် မလိုမုန်းထားမှုများ များလွန်း၍ သင်၏မလိုမုန်းထားမှုမှ မည်သူမျှ မကင်းလွတ်၊ ငါသည်ပင် မကင်းလွတ်ပေ။ သင်တို့၏သားသမီးများအတွက်၊ သို့မဟုတ် သင်တို့၏ ခင်ပွန်းအတွက် သို့မဟုတ် သင်တို့ကိုယ်တိုင် ရှင်သန်မှုအတွက် ကြိုးပမ်းရန် သင်တို့သည် ငါ့ကို ပယ်ထားကြ၏။ ငါ့အပေါ်ဂရုစိုက်မည့်အစား သင်တို့သည် သင်တို့၏မိသားစု၊ သင်တို့၏သားသမီးများ၊ သင်တို့၏ဂုဏ်သိမ်၊ သင်တို့၏အနာဂတ်နှင့် သင်တို့ကိုယ်တိုင် အားရကျေနပ်ရန်အတွက် သင်တို့ အာရုံစိုက်ကြ၏။ သင်တို့ပြောဆိုလုပ်ကိုင်ခဲ့စဉ် မည်သည့်အခါက သင်တို့သည် ငါ့ကို စဉ်းစားမိခဲ့ဖူးသနည်း။ ရာသီဥတုအလွန်အေးစိမ့်သည့် နေ့များတွင် သင်တို့၏အတွေးများသည် သင်တို့၏သားသမီးများ၊ သင်တို့၏ ခင်ပွန်း၊ သင်တို့၏ဇနီး၊ သို့မဟုတ် သင်တို့၏ မိဘများထံသို့ ရောက်သွားကြ၏။ ရာသီဥတုအလွန်ပူပြင်းသည့် နေ့များတွင်လည်း ငါသည် သင်တို့၏ အတွေးများတွင် နေရာမရရှိပေ။ သင်သည် သင်၏တာဝန်ကို ထမ်းဆောင်သည့်အခါ သင်ကိုယ်တိုင်၏ အကျိုးစီးပွားများ၊ သင်ကိုယ်တိုင်၏ ဘေးကင်းလုံခြုံရေး၊ သင်၏မိသားစုဝင်များကို စဉ်းစားနေ၏။ သင်သည် ငါ့အတွက် မည်သည့်အရာ ဆောင်ရွက်ခဲ့ဖူးသနည်း။ သင်သည် ငါ့ကို မည်သည့်အခါက စဉ်းစားခဲ့ဖူးသနည်း။ မည်သို့ပင်အနစ်နာခံရသည်ဖြစ်စေ ငါနှင့် ငါ၏အမှု အတွက် သင့်ကိုယ်သင် မည်သည့်အခါက ဆက်ကပ်ခဲ့ဖူးသနည်း။ ငါနှင့်သင် သဟဇာတဖြစ်မှုအထောက်အထားက အဘယ်မှာနည်း။ ငါ့အပေါ် သင်၏သစ္စာရှိမှု၏ စစ်မှန်မှုက အဘယ်မှာနည်း။ ငါ့အပေါ် သင်၏ကျိုးနွံနာခံမှု၏ စစ်မှန်မှုက အဘယ်မှာနည်း။ သင်၏ရည်ရွယ်ချက်များသည် ငါ၏ကောင်းချီးမင်္ဂလာများကို ခံစားရရေးအတွက် မဟုတ်သည့်အချိန်သည် မည်သည့်အခါက ဖြစ်ခဲ့ဖူးသနည်း။ သင်တို့သည် ငါ့ကိုလှည့်စား၍ လှည့်ဖြား၏။ သင်တို့သည် သမ္မာတရားနှင့်ကစားကာ၊ သမ္မာတရားရှိကြောင်း ဖုံးကွယ်ထားကြလျက် သမ္မာတရား၏ အနှစ်သာရကို သစ္စာဖောက်ကြ၏။ ဤနည်းဖြင့် ငါ့ကို ဆန့်ကျင်ခြင်းအားဖြင့် အနာဂတ်တွင် သင်တို့ကို မည်သည့်အရာက စောင့်နေသနည်း။ သင်တို့သည် ဝေဝါးသော ဘုရားသခင်တစ်ပါးနှင့် သဟဇာတဖြစ်ရေးကိုသာ ကြိုးစားကြ၍ ဝေဝါးသော ယုံကြည်ခြင်းကိုသာ ရှာဖွေကြ၏။ သို့ရာတွင် သင်တို့သည် ခရစ်တော်နှင့် သဟဇာတမဖြစ်ပေ။ သင်တို့၏ဒုစရိုက်သည် ဆိုးယုတ်သူတို့ရရှိထိုက်သည့် ဒဏ်ခတ်ခြင်းကို မရရှိထိုက်ပေဘူးလော။ ထိုအချိန်တွင် ခရစ်တော်နှင့်သဟဇာတမဖြစ်သူ မည်သူမျှ အမျက်တော်ထွက်ရာနေ့မှ မလွတ်မြောက်နိုင်ကြောင်းကို သင်တို့ သိကြလိမ့်မည်ဖြစ်၍၊ ခရစ်တော်ကို ဆန့်ကျင်သူများအပေါ် မည်ကဲ့သို့သော ပြစ်ဒဏ်မျိုးကျရောက်မည်ကိုလည်း သင်တို့ တွေ့ရှိကြလိမ့်မည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်သည် ခရစ်တော်နှင့် သဟဇာတဖြစ်ရာလမ်းကို ရှာဖွေသင့်သည်
သင်တို့၏ လိုက်စားခြင်းတွင် တစ်ဦးချင်းစီ၌ များစွာသော အယူအဆများ၊ မျှော်လင့်ချက်များနှင့် အနာဂတ်များ ရှိကြသည်။ လက်ရှိအမှုမှာ ရာထူးအဆင့်အတန်းအပေါ် သင်တို့၏ တပ်မက်မှုနှင့် သင်တို့၏ လွန်ကဲသော အလိုဆန္ဒများကို ပြုပြင်ရန်အတွက် ဖြစ်သည်။ မျှော်လင့်ချက်များ၊ အဆင့်အတန်းနှင့် အယူအဆများ အားလုံးသည် စာတန်ဆန်သော စိတ်သဘောထား၏ ဂန္တဝင် ကိုယ်စားပြုချက်များ ဖြစ်သည်။ လူတို့၏ စိတ်နှလုံးများထဲတွင် ဤအရာများ တည်ရှိနေရသည့် အကြောင်းရင်းမှာ စာတန်၏ အဆိပ်အတောက်သည် လူတို့၏ အတွေးအခေါ်များအား အမြဲတစေ ပျက်စီးယိုယွင်းစေနေခြင်းကြောင့်ဖြစ်ပြီး လူတို့သည် စာတန်၏ ဤစုံစမ်းနှောင့်ယှက်မှုများကို အမြဲတစေ မဖယ်ရှား နိုင်ခြင်းကြောင့် ဖြစ်သည်။ ၎င်းတို့သည် အပြစ်တရားကြားတွင် အသက်ရှင်နေကြသော်လည်း၊ ၎င်းအား အပြစ်ဟု မယုံကြည်ကြ သကဲ့သို့၊ ၎င်းတို့သည်၊ “ငါတို့သည် ဘုရားသခင်ကို ယုံကြည်သောကြောင့် သူသည် ငါတို့အပေါ် ကောင်းချီး မင်္ဂလာများကိုပေးပြီး ငါတို့အတွက် အရာခပ်သိမ်းကို သင့်တော်သလို စီစဉ်ပေးရမည်။ ငါတို့သည် ဘုရားသခင်ကို ယုံကြည်သောကြောင့် ငါတို့သည် အခြားသူများထက် သာလွန်ကာ ငါတို့၌ အခြားသူများထက် သာလွန်သော အဆင့်အတန်းနှင့် အနာဂတ်တစ်ခု ရှိရမည်။ ငါတို့သည် ဘုရားသခင်ကို ယုံကြည်သည့်အတွက် သူသည် ငါတို့အား အကန့်အသတ်မရှိသော ကောင်းချီးမင်္ဂလာများကို ပေးကို ပေးရမည်။ သို့မဟုတ်ပါက ၎င်းကို ဘုရားသခင်အား ယုံကြည်ခြင်းဟု ခေါ်လိမ့်မည် မဟုတ်” ဟူ၍ ယုံကြည် ကြသေးသည်။ လူတို့သည် ၎င်းတို့ အသက်ရှင်ရန်အတွက် အမှီပြုခဲ့သော အတွေးအခေါ်များသည် ၎င်းတို့ သစ္စာဖောက်သော သူများ၊ သူရဲဘောကြောင်သောသူများ နှင့် စက်ဆုပ်ဖွယ် ကောင်းသောသူများ ဖြစ်လာသည်အထိ ၎င်းတို့၏ စိတ်နှလုံးများကို နှစ်ပေါင်းများစွာ ပျက်စီးယိုယွင်းစေခဲ့သည်။ ၎င်းတို့၌ စိတ်ဓာတ်ခွန်အားနှင့် စိတ်ဆုံးဖြတ်ချက် ကင်းမဲ့ကြသည်သာမက ၎င်းတို့သည် လောဘကြီးလာကြပြီး၊ မောက်မာလာကြကာ၊ တစ်ဇွတ်ထိုး လုပ်လာကြလေသည်။ ၎င်းတို့၌ အတ္တကို ကျော်လွန်သော စိတ်ဆုံးဖြတ်ချက် တစ်ခုတလေ လုံးဝကင်းမဲ့နေပြီး ထိုမျှမက ၎င်းတို့၌ ဤမှောင်မိုက် လွှမ်းမိုးမှုများ၏ ချုပ်ချယ်မှုများကို ဖယ်ရှားရန် သတ္တိ အနည်းငယ်ပင် မရှိကြချေ။ လူတို့၏ အတွေးအခေါ်များ နှင့် အသက်တာများသည် ပုပ်သိုးလွန်းသည်မှာ ဘုရားသခင် အပေါ် ယုံကြည်ခြင်းနှင့် သက်ဆိုင်သော ၎င်းတို့၏ ရှုထောင့်အမြင်များမှာ သည်းမခံနိုင်အောင် အကျည်းတန် နေသေးသည်သာမက ဘုရားသခင်အပေါ် ယုံကြည်ခြင်း အကြောင်း ၎င်းတို့၏ ရှုထောင့်အမြင်များကို လူတို့ ပြောကြသည့်အခါ ၎င်းမှာ တကယ်ပင် နားမခံနိုင်စရာ ဖြစ်သည်။ လူအားလုံးသည် သူရဲဘောကြောင်ကြသည်၊ အစွမ်းအစမရှိ၊ စက်ဆုပ်ရွံရှာဖွယ် ဖြစ်ကြသည်သာမက ခိုင်ခံ့ခြင်းလည်း မရှိကြပေ။ ၎င်းတို့သည် အမှောင်စွမ်းအားများကို ရွံရှာခြင်း မရှိကြသကဲ့သို့ အလင်းနှင့် သမ္မာတရားကို ချစ်ခြင်း မရှိကြ၊ ထိုသို့ဖြစ်ရမည့်အစား ၎င်းတို့ကို ထုတ်ပစ်ရန်အတွက် အစွမ်းကုန် လုပ်ဆောင်ကြသည်။ သင်တို့၏ လက်ရှိအတွေးအခေါ်များနှင့် ရှုထောင့်အမြင်များမှာ “ငါသည် ဘုရားသခင်ကို ယုံကြည်သည့် အတွက် ငါ့အား ကောင်းချီးမင်္ဂလာများကိုသာ သွန်းလောင်း ပေးသင့်ပြီး ငါ၏ အဆင့်အတန်းသည် မည်သည့်အခါမျှ ကျဆင်းခြင်း မရှိမည့်အကြောင်းနှင့် ၎င်းသည် မယုံကြည်သူများ၏ အဆင့်အတန်းထက် ပို၍ မြင့်မားသည်မှာ သေချာစေသင့်သည်။” ဟူ၍ ဤကဲ့သို့ပင် ဖြစ်သည် မဟုတ်လော။ သင်တို့သည် ထိုကဲ့သို့ ရှုထောင့်အမြင်မျိုးကို တစ်နှစ် သို့မဟုတ် နှစ်နှစ်သာမဟုတ်ဘဲ နှစ်ပေါင်းများစွာ သင်တို့အထဲ၌ သိုထားကြလေပြီ။ သင်တို့၏ အလဲအလှယ် သဘောတွေးခေါ်ပုံသည် အလွန်အကျွံ တိုးတက်လျက်ရှိသည်။ သင်တို့သည် ယနေ့ ဤအဆင့်သို့ ရောက်ခဲ့ကြသော်လည်း၊ တစ်နေ့ သင်၏ အဆင့်အတန်း ဆုံးရှုံးသွားကာ သင်၏နာမည် ပျက်စီးသွားမည်ကို ကြီးမားစွာပူပင်၍၊ သင်တို့သည် အဆင့်အတန်းကို လက်မလွှတ်သေးဘဲ၊ ၎င်းကို နေ့စဉ် စုံစမ်းမေးမြန်းရန်နှင့် လေ့လာရန် အမြဲတစေ ရုန်းကန်သည်။ လူတို့သည် ၎င်းတို့၏ သက်သောင့်သက်သာ ရှိလိုသောဆန္ဒကို မည်သည့်အခါမျှ ဘေးဖယ်ထားခဲ့ခြင်း မရှိကြပေ။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အဖြည့်ခံဖြစ်ရန် သင်အဘယ်ကြောင့် လိုလားခြင်းမရှိသနည်း
ငါ့နောက်ကွယ်တွင် လူအများအပြားသည် ရာထူးဂုဏ် အဆင့်အတန်းနှင့် သက်ဆိုင်သည့် အကျိုးကျေးဇူးများကို အငမ်းမရဖြစ်ကြသည်။ သူတို့သည် အစားအသောက်ကို တဝတပြဲ စားသောက်ကြပြီး အိပ်စက်ခြင်းကို နှစ်ခြိုက်ပြီ၊ ဇာတိပကတိကိုလုံးဝ ဂရုစိုက်ကာ ဇာတိပကတိကို ရှောင်လွှဲ၍မရဟု အစဉ် စိုးရိမ်နေ၏။ ထိုသူတို့သည် အသင်းတော်တွင် သူတို့၏ သင့်လျော်ရာတာဝန်ကို မဆောင်ရွက်ဘဲ၊ အသင်းတော်ကို ကပ်စားကြသည်။ သို့မဟုတ်ပါက ၎င်းတို့သည် အထက်စီးမှနေ၍ အခြားသူများအပေါ် ဘောင်ခတ်ကာ ၎င်းတို့၏ ညီအစ်ကို မောင်နှမများကို ငါ့နှုတ်ကပတ်တော်များဖြင့် ဆိုဆုံးမပေသည်။ ၎င်းတို့သည် ဘုရားသခင်၏အလိုတော်ကို လိုက်လျှောက်နေကြသည်ဟု ဆိုမြဲဆိုနေကြပြီး ၎င်းတို့သည် ဘုရားသခင်၏ ရင်းနှီးကျွမ်းဝင်သူများဟု အစဉ်အမြဲ ဆိုကြသည်။ ဤသည်မှာ ရယ်ဖွယ်ပင် မဟုတ်လော။ အကယ်၍ သင့်ထံတွင် မှန်ကန်သော ကြံရွယ်ချက်များရှိငြား ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့်အညီ အစေမခံနိုင်ပါက၊ သင်သည် မိုက်မဲနေခြင်းသာ ဖြစ်သည်။ သို့သော် အကယ်၍ သင်၏ ကြံရွယ်ချက်များသည် မမှန်ကန်ဘဲ၊ သင်သည် ဘုရားသခင်ကို အစေခံသည်ဟု ဆိုနေသေးပါက၊ သင်သည် ဘုရားသခင်ကို ဆန့်ကျင်သောသူတစ်ဦး ဖြစ်ပြီး ဘုရားသခင်၏ အပြစ်ပေးခြင်းကို ခံထိုက်ပေသည်တကား။ ငါ၌ ထိုကဲ့သို့သောလူများအပေါ် သနားကြင်နာမှု မရှိလိုက်လေခြင်း။ ထိုသူတို့သည် ဘုရားသခင်၏အိမ်တော်တွင် ကပ်စားကြကာ ဇာတိပကတိနှင့်ဆိုင်သော ဇိမ်ခံစရာတို့ကို အစဉ်တပ်မက်ကြပြီး ဘုရားသခင်၏အကျိုးများအတွက် ထည့်သွင်းစဉ်းစားခြင်း မရှိကြပေ။ ထိုသူတို့သည် အစဉ် မိမိကောင်းကျိုးရှာပြီး ဘုရားသခင်၏ရည်ရွယ်ချက်များကို အလေးမပေးကြပေ။ ၎င်းတို့ ပြုသမျှတို့ကို ဘုရားသခင်၏ ဝိညာဉ်တော်က စိစစ်ခြင်းကို ၎င်းတို့လက်မခံနိုင်ကြပေ။ ၎င်းတို့သည် ၎င်းတို့၏ ညီအစ်ကိုမောင်နှမများကို အစဉ်ပင် ကလိမ်ကကျစ်ကျပြီး လှည့်ဖြားကြကာ လိမ်လည်ကြသည့်အပြင် စပျစ်ခြံတစ်ခြံထဲရှိ မြေခွေးကဲ့သို့ မျက်နှာနှစ်ဘက်ရှိသောကြောင့် စပျစ်သီးများကို အစဉ်ခိုးကာ စပျစ်ခြံကို ဖြတ်နင်းသွားကြသည်။ ထိုသို့သောသူများသည် ဘုရားသခင်၏ ရင်းနှီးသူများ ဖြစ်နိုင်သလော။ သင်သည် ဘုရားသခင်၏ ကောင်းချီးများကို ရရှိရန် သင့်လျော်သလော။ သင်သည် သင်၏အသက်နှင့် အသင်းတော်အတွက် မည်သည့်ဝန်ထုပ်ဝန်ပိုးကိုမျှ မယူပေ။ သင်သည် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို ရရှိရန် သင့်လျော်သလော။ သင်ကဲ့သို့သောသူကို မည်သူက ယုံကြည်စိတ်ချဝံ့မည်နည်း။ သင်သည် ထိုကဲ့သို့ အစေခံသောအခါ၊ ဘုရားသခင်သည် သင့်အား ပို၍ကြီးမားသော တာဝန်ကို အပ်နှံမည်လော။ ဤသည်မှာ အမှုတော်ကို နှောင့်နှေးကြန့်ကြာမှုများ ဖြစ်စေမည် မဟုတ်လော။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် သဟဇာတရှိစွာ အစေခံနည်း
အခြားသူများအပေါ် သံသယမထားသည့်သူများကို ငါသဘောကျသည်၊ ထို့အပြင် သမ္မာတရားကို မဆိုင်းမတွ လက်ခံသောသူများကိုလည်း ငါနှစ်သက်၏၊ ထိုသို့သောလူနှစ်မျိုးကို ငါအလွန်ဂရုစိုက်သည်၊ အဘယ်ကြောင့်ဆိုသော် ငါ၏အမြင်၌ သူတို့သည် ရိုးသားသောသူများ ဖြစ်ကြသောကြောင့်ဖြစ်သည်။ အကယ်၍ သင်တို့သည် လိမ်လည်လှည့်ဖျားတတ်လျှင် လူတိုင်းနှင့် ကိစ္စတိုင်းကို သတိထားပြီး သံသယဝင်နေမည်ဖြစ်၍ ငါ့အပေါ်၌ထားသော သင်တို့၏ ယုံကြည်ခြင်းသည် သံသယအုတ်မြစ်အပေါ်၌ တည်ထားသည့် ယုံကြည်ခြင်း ဖြစ်နေလိမ့်မည်။ ထိုသို့သော ယုံကြည်ခြင်းကို မည်သည့်အခါမျှ ငါအသိအမှတ်ပြုနိုင်မည် မဟုတ်ပေ။ စစ်မှန်သော ယုံကြည်ခြင်း မရှိသော သင့်တွင် စစ်မှန်သော ချစ်ခြင်းမေတ္တာ သာ၍ပင် ကင်းမဲ့နေသည်။ အကယ်၍ သင်သည် ဘုရားသခင်ကို သံသယဝင်တတ်သည့်အပြင် သင်ဆန္ဒရှိသည့်အတိုင်း သူ့အကြောင်းကို ထင်ကြေးပေးတတ်လျှင် သင်သည် လူတို့ထဲတွင် အလိမ်လည် အလှည့်ဖျားတတ်ဆုံးသူဖြစ်သည်မှာ သံသယဖြစ်စရာ မလိုပေ။ ခွင့်မလွှတ်နိုင်သော အပြစ်များဖြင့် ပြည့်နေသော၊ သေးသိမ်သည့် စရိုက်လက္ခဏာရှိသော၊ တရားမျှတမှုနှင့် ဆင်ခြင်တုံတရား ကင်းမဲ့သော၊ တရားမျှတသောသဘော ကင်းမဲ့သော၊ ရက်စက်သည့် နည်းပရိယာယ်များ ပြုတတ်သော၊ ဖောက်ပြန်ပြီး ကောက်ကျစ်သော၊ ဆိုးယုတ်မှုနှင့် အမှောင်ထုကို နှစ်သက်သော စသည့်စရိုက်လက္ခဏာများရှိသူ လူသားနှင့် ဘုရားသခင်တူနိုင်မတူနိုင်ကို သင်မှန်းဆသည်။ လူတို့၌ ဘုရားသခင်နှင့်ပတ်သက်သည့် အသိပညာ စိုးစဉ်းမျှပင် မရှိသောကြောင့် ၎င်းတို့တွင် ထိုသို့သောအတွေးများရှိခြင်းဖြစ်သည် မဟုတ်လော။ ထိုသို့သော ယုံကြည်ခြင်းသည် အပြစ်နှင့်ဘာမျှမထူး။ ထို့အပြင် ငါနှစ်သက်သောသူများသည် ခယဝယလုပ်ကာ ဖားတတ်သောသူများ အတိအကျပင်ဖြစ်ကြောင်း၊ ထိုသို့မလုပ်တတ်သူများသည် ဘုရားသခင်၏ အိမ်တော်တွင် ကြိုဆိုခြင်းခံရမည်မဟုတ်ဘဲ သူတို့သည် ထိုအိမ်တော်ရှိ မိမိတို့၏နေရာကို ဆုံးရှုံးလိမ့်မည်ဖြစ်ကြောင်း ယုံကြည်ကြသူအချို့ပင် ရှိသည်။ ဤနှစ်များတစ်လျှောက် သင်တို့ဆည်းပူးထားသည်မှာ ဤအသိပညာတစ်ခုသာလော။ ဤသည်မှာ သင်တို့ရရှိခဲ့သောအရာလော။ ထို့ပြင် ငါနှင့်ပတ်သက်သော သင်တို့၏အသိအမြင်သည် ထိုသို့သော အထင်အမြင်မှားများသာမကပေ၊ သာ၍ဆိုးသည်မှာ ဘုရားသခင်၏ ဝိညာဉ်တော်ကို သင်တို့၏ စော်ကားခြင်းနှင့် ကောင်းကင်ဘုံကို ရှုတ်ချပြောဆိုခြင်းတို့ဖြစ်သည်။ ထို့ကြောင့် သင်တို့၏ ထိုသို့သော ယုံကြည်ခြင်းသည် ငါနှင့်ဝေးရာသို့ သင်တို့ကို လမ်းလွဲသွားစေ မည်သာဖြစ်ပြီး သင်တို့အား ငါ့ကို ပိုပြီးဆန့်ကျင်သူများ ဖြစ်စေမည်သာ ဖြစ်သည်ဟု ငါပြောခြင်းဖြစ်၏။ နှစ်ပေါင်းများစွာ အလုပ်လုပ်ခဲ့သည့် ကာလအတွင်းတွင် သင်တို့သည် သမ္မာတရားများစွာကို မြင်ခဲ့ပြီးဖြစ်သည်၊ သို့သော် ငါ၏နားက မည်သည့်အရာများ ကြားခဲ့သည်ကို သင်တို့သိသလော။ သင်တို့အထဲမှ လူမည်မျှသည် သမ္မာတရားကို လက်ခံရန် လိုလားကြသနည်း။ သမ္မာတရားအတွက် အဖိုးအခကိုပေးရန် သင်တို့လိုလိုလားလား ရှိသည်ဟု သင်တို့အားလုံးယုံကြည်ကြသည်၊ သို့သော် သင်တို့ထဲမှ လူမည်မျှသည် သမ္မာတရားအတွက် အမှန်တကယ် ဒုက္ခခံခဲ့ဖူးသနည်း။ သင်တို့၏ နှလုံးသားများထဲ၌ မဖြောင့်မတ်မှုများသာ ရှိသောကြောင့် မည်သူပင်ဖြစ်ပါစေ လူတိုင်းသည် ညီတူညီမျှပင် လိမ်လည်လှည့်ဖျားတတ်ပြီး ကောက်ကျစ်ကြသည်ဟု သင်တို့ယုံကြည်ကြ သည်မှာ လူ့ဇာတိခံယူသော ဘုရားသခင်သည် သာမန်လူတစ်ယောက် ကဲ့သို့ပင် ကြင်နာတတ်သော နှလုံးသား၊ သို့မဟုတ် စေတနာ မေတ္တာမရှိသူဟုပင် ယုံကြည်ကြသည်အထိ ဖြစ်တော့၏။ ထိုမျှမကသေး မြင့်မြတ်သော စရိုက်နှင့် သနားကြင်နာတတ်ကာ ကောင်းမြတ်သော သဘာဝသည် ကောင်းကင်ဘုံရှိ ဘုရားသခင်၌သာလျှင် ရှိသည်ဟု သင်တို့ယုံကြည်ကြသည်။ ထိုသို့သော သန့်ရှင်းသူမျိုးမရှိကြောင်း၊ မြေကြီးပေါ်တွင် အမှောင်ထုနှင့် ဆိုးယုတ်မှုကသာ အုပ်စိုးကြောင်း သင်တို့ယုံကြည်ကြပြီး ဘုရားသခင်ဆိုသည်မှာမူ ကောင်းသောအရာများ နှင့် လှပသောအရာများကို တောင့်တသော လူ၏ဆန္ဒကို ဖြည့်ဆည်းပေးမည့်သူ၊ လူတို့က လုပ်ကြံဖန်တီးထားသော ဒဏ္ဍာရီလာ ပုဂ္ဂိုလ်ဖြစ်သည်ဟု သင်တို့ယုံကြည်ကြသည်။ သင်တို့၏စိတ်ထဲတွင် ကောင်းကင်ဘုံ၌ရှိသော ဘုရားသခင်သည် အလွန်တော်မှန်၍ ဖြောင့်မတ်ကာ ကြီးမြတ်ပြီး ကိုးကွယ်ခြင်းနှင့် နှစ်သက်လေးစားခြင်းကို ခံထိုက်သည်ဟု မြင်ကြပြီး မြေကြီးပေါ်၌ရှိသော ဤဘုရားသခင်မှာမူ ကောင်းကင်ဘုံ၌ရှိသော ဘုရားသခင်ကို အစားထိုးထားသူဖြစ်ပြီး တန်ဆာပလာတစ်ခုမျှသာ ဖြစ်သည်ဟု မြင်ကြသည်။ ဤဘုရားသခင်သည် ကောင်းကင်ဘုံ၌ရှိသော ဘုရားသခင်နှင့် မတူညီနိုင်၊ တစ်တန်းတည်းထား၍ ဖော်ပြဖို့ဆိုသည်မှာ သာ၍မဖြစ်နိုင်ဟု သင်တို့ယုံကြည်ကြသည်။ ဘုရားသခင်၏ ကြီးမြတ်မှု၊ ဂုဏ်အသရေ နှင့်ပတ်သက်လာပါက ၎င်းတို့သည် ကောင်းကင်ဘုံ၌ရှိသော ဘုရားသခင်နှင့်သက်ဆိုင်သော်လည်း လူတို့၏သဘာဝ၊ ဖောက်ပြန်မှု နှင့်ပတ်သက်၍မူ ၎င်းတို့သည် မြေကြီးပေါ်၌ရှိသော ဘုရားသခင်နှင့် ဆိုင်သည့် ဂုဏ်သတ္တိများ ဖြစ်သည်ဟု သင်တို့ယုံကြည်ကြသည်။ ကောင်းကင်ဘုံ၌ရှိသော ဘုရားသခင်သည် ထာဝစဉ်မြင့်မြတ်သော်လည်း မြေကြီးပေါ်၌ရှိသော ဘုရားသခင်မှာမူ အစဉ်သဖြင့် အရေးမပါဘဲ အားနည်းကာ အရည်အချင်း မပြည့်မီဟု သင်တို့ယုံကြည်ကြသည်။ ကောင်းကင်ဘုံရှိ ဘုရားသခင်သည် လူ့ဇာတိဆိုင်ရာ ခံစားချက်များအတိုင်းမလုပ်တတ်၊ ဖြောင့်မတ်ခြင်းသာ ဖြစ်သော်လည်း မြေကြီးပေါ်တွင်ရှိသော ဘုရားသခင်၌မူ တစ်ကိုယ်ကောင်းဆန်သော ရည်ရွယ်ချက်များသာရှိပြီး မည်သည့်တရားမျှတမှု၊ သို့မဟုတ် မည်သည့်ဆင်ခြင်တုံတရားမျှ မရှိဟု သင်တို့ယုံကြည်ကြသည်။ ကောင်းကင်ဘုံ၌ရှိသော ဘုရားသခင်၌ ကောက်ကျစ်မှု အနည်းငယ်မျှ မရှိ၊ သူသည် အစဉ်အမြဲ သစ္စာရှိသော်လည်း မြေကြီးပေါ်ရှိ ဘုရားသခင်၌မူ မရိုးသားသောသဘောထား အစဉ်အမြဲရှိသည်ဟု သင်တို့ယုံကြည်ကြသည်။ ကောင်းကင်ဘုံ၌ရှိသော ဘုရားသခင်သည် လူသားကို မြတ်မြတ်နိုးနိုး ချစ်သော်လည်း မြေကြီးပေါ်၌ရှိသော ဘုရားသခင်မှာမူ လူသားကို ကောင်းကောင်း ဂရုမစိုက်၊ လုံးဝလျစ်လျူရှုထားခြင်းပင် ပြုသည်ဟု သင်တို့ယုံကြည် ကြသည်။ ဤမှားယွင်းပြီး အဓိပ္ပာယ်မဲ့သည့်အသိကို သင်တို့၏နှလုံးသားများထဲ၌ သိုထားသည်မှာ အချိန်ကြာပြီဖြစ်ပြီး အနာဂတ်တွင်လည်း အလားတူ ဆက်ဖြစ်နေနိုင်သည်။ ခရစ်တော်၏ လုပ်ဆောင်ချက်အားလုံးကို သင်တို့သည် မဖြောင့်မတ်သောသူတို့၏ ရှုထောင့်ဖြင့် ကြည့်ကြကာ ခရစ်တော်၏အလုပ်အပြင် ခရစ်တော်၏ ကိုယ်ပိုင်လက္ခဏာနှင့် အနှစ်သာရတို့ကိုလည်း သင်တို့သည် ဆိုးယုတ်သောသူတို့၏ ရှုထောင့်မှ သုံးသပ်ကြသည်။ သင်တို့ရှေ့မှလူများ မည်သည့်အခါကမျှ မလုပ်ဖူးသည့် ကြီးမားသော အမှားတစ်ခုကို သင်တို့ ကျူးလွန်ခဲ့ကြပြီ။ တစ်နည်းဆိုသော် ဦးခေါင်း၌ သရဖူဆောင်းထားသည့် ကောင်းကင်ဘုံရှိ မြင့်မြတ်သော ဘုရားသခင်ကိုသာ သင်တို့အစေခံကြပြီး အလွန်အရေးမပါလွန်းသဖြင့် သင်တို့အတွက် မြင်နိုင်စွမ်းမရှိဟု မှတ်ယူသည့် ဘုရားသခင်ကိုမူ မည်သည့်အခါကမျှ သင်တို့အစေမခံပေ။ ဤသည်မှာ သင်တို့၏အပြစ် မဟုတ်လော။ ဤသည်မှာ ဘုရားသခင်၏ စိတ်သဘောထားကို သင်တို့စော်ကားမှု၏ ဖြစ်ရိုးဖြစ်စဉ်နမူနာတစ်ခု မဟုတ်လော။ သင်တို့သည် ကောင်းကင်ဘုံ၌ရှိသော ဘုရားသခင်ကို ကိုးကွယ်ကြသည်။ မြင့်မားသော ရုပ်တုများကို မြတ်နိုးကြပြီး နှုတ်ရေးကြွယ်ခြင်းကြောင့် ကျော်ကြားသူများကို အထင်ကြီးကြသည်။ သင်၏လက်ထဲသို့ ကြွယ်ဝချမ်းသာမှုများ ဖြည့်ပေးသော ဘုရားသခင်၏ အမိန့်ပေးခြင်းကို သင်ဝမ်းမြောက်စွာခံယူ၍ သင်၏အလိုဆန္ဒမှန်သမျှကို ဖြည့်ဆည်းပေး နိုင်သည့် ဘုရားသခင်ကို အလွန်တမ်းတသည်။ သင်မကိုးကွယ်သည့် တစ်ဦးတည်းသောသူမှာ မမြင့်မြတ်သော ဤဘုရားသခင်သာ ဖြစ်သည်၊ သင်မုန်းသည့် တစ်ခုတည်းသောအရာမှာ မည်သည့်လူကမျှ အထင်မကြီးနိုင်သည့် ဤဘုရားသခင်နှင့် ပေါင်းသင်းဆက်ဆံခြင်းပင် ဖြစ်သည်။ သင်မလုပ်လိုသည့် တစ်ခုတည်းသောအရာမှာ သင့်ကို အသပြာတစ်ပြားမျှ မပေးဖူးသည့် ဤဘုရားသခင်ကို အစေခံခြင်းပင် ဖြစ်သည်၊ သူ့ကို သင်တောင့်တလာအောင် မလုပ်နိုင်သည့် တစ်ဦးတည်းသော သူမှာ ချစ်ဖွယ်မကောင်းသော ဤဘုရားသခင် ဖြစ်သည်။ ဤကဲ့သို့သော ဘုရားသခင်သည် သင်၏ဆန္ဒကို ဖြည့်ဆည်းပေးဖို့ရန် မဆိုထားနှင့် သင်၏အမြင်ကျယ်လာအောင်၊ ရတနာတစ်ခုကိုတွေ့သကဲ့သို့ သင်ခံစားရအောင် မလုပ်ပေးနိုင်သော ဘုရားသခင်ဖြစ်သည်။ သို့ဖြစ်လျှင် သင်သည် အဘယ်ကြောင့် သူ့နောက်ကို လိုက်သနည်း။ ဤသို့သောမေးခွန်းမျိုးကို သင်တွေးတောခဲ့ ဖူးသလော။ သင်ပြုသောအရာသည် ခရစ်တော်ကို စော်ကားသည်သာ မဟုတ်ပေ၊ သာ၍အရေးကြီးသည်မှာ ထိုအရာသည် ကောင်းကင်ဘုံ၌ ရှိသော ဘုရားသခင်ကိုလည်း စော်ကားခြင်းဖြစ်၏။ ဘုရားသခင်ကို သင်တို့ယုံကြည်ခြင်း၏ ရည်ရွယ်ချက်မှာ ထိုသို့စော်ကားဖို့ မဟုတ်ဟု ငါထင်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ မြေကြီးပေါ်ရှိ ဘုရားသခင်ကို သိရှိနိုင်ပုံ
အများစုမှာ ရိုးသားစွာ ပြောဆိုပြုမူခြင်းထက် ငရဲသို့ စီရင်ခြင်းကိုသာ ခံလိုကြသည်။ မရိုးဖြောင့်သောသူများ အတွက် ငါ၌ ကုစားမှု အခြားတစ်ခု ရှိသေးသည်မှာ အံ့သြဖွယ်မကောင်းပေ။ သင်တို့သည် ရိုးသားဖို့ မည်မျှ ခက်ခဲသည်ကို ငါကောင်းစွာ သိသည်မှာ မှန်ပေ၏။ သင်တို့အားလုံးသည် အလွန် လိမ္မာပါးနပ်ကာ၊ သင်တို့၏သေးနုပ်သော စံပေတံလေးနှင့် လူများကို တိုင်းတာရာတွင် အလွန် ကျွမ်းကျင်လှသောကြောင့် ငါ့အမှုသည် သာ၍ ရိုးရှင်းသွားသည်။ ထို့အပြင် သင်တို့တစ်ဦးစီသည် သင်တို့၏ လျှို့ဝှက်ချက်များကို သင်တို့၏ရင်ခွင်၌ ပိုက်ထွေးထားသည့်အတွက်၊ သို့ဆိုလျှင် သင်တို့ တစ်ဦးပြီးတစ်ဦးကို မီးဖြင့် “သင်ယူဖို့ရန်” ဒုက္ခဆင်းရဲထဲသို့ စေလွှတ်မည်၊ သို့မှသာ ယင်းနောက်တွင် သင်တို့သည် ငါ၏ နှုတ်ကပတ်တော်များကို အကြွင်းမဲ့ ယုံကြည် လာနိုင်မည်ဖြစ်သည်။ နောက်ဆုံး၌ “ဘုရားသခင်သည် သစ္စာစောင့်သိသော ဘုရားသခင်တစ်ပါး” ဆိုသည့် စကားများကို သင်တို့၏ နှုတ်မှ ငါ ဆွဲနုတ်ယူမည် ဖြစ်ပြီး၊ သို့ဖြစ်၍ သင်တို့သည် ရင်ဘတ်စည်တီး၍ “လှည့်ဖျားတတ်သည်မှာ လူသား၏ နှလုံးသားဖြစ်သည်။” ဟု ငိုချင်းချလိမ့်မည်။ ဤအချိန်တွင် သင်တို့ စိတ်အခြေအနေမှာ အဘယ်သို့ ရှိမည်နည်း။ သင်သည် ယခုကဲ့သို့ အောင်မြင်၍ တက်ကြွပျော်မြူးအားရနေလိမ့်မည် မဟုတ်ဟု ငါထင်သည်။ ထို့အပြင် သင်သည် ယခုကဲ့သို့ “သိမ်မွေ့ပြီးနက်နဲ” ရန်မှာ သာ၍ နည်းပေမည်။ တချို့သူများသည် ဘုရားသခင် ရှေ့မှောက်တွင် အလွန် မှန်ကန်စွာပြုမူ၍ “အပြုအမူကောင်းများ” ရှိရန် အလွန် ကြိုးစားသော်လည်း၊ ဝိညာဉ်တော် ရှေ့မှောက်တွင်မူ ခြိမ်းခြောက်သည့် ဟန်ပန်များ လှပ်ပြလေသည်။ ရိုးသားခြင်း အဆင့်များထဲတွင် ထိုကဲ့သို့သော လူသားကို သင်တို့ ထည့်တွက်မည်လား။ အကယ်၍ သင်သည် ကြောင်သူတော် တစ်ဦးဖြစ်ပြီး “အပြန်အလှန် ဆက်ဆံရေးများ” အထူးကျွမ်းကျင်ပါက၊ သင်သည် ဘုရားသခင်အား မထီမဲ့မြင်ပြုသူ ဖြစ်သည်မှာ သေချာသည်ဟု ငါဆိုသည်။ အကယ်၍ သင့်စကားများက ဆင်ခြေများ၊ အဖိုးမတန်သော ကျိုးကြောင်းပြချက်များနှင့် ပြည့်နှက်နေမည် ဆိုပါက၊ သင်သည် သမ္မာတရား လက်တွေ့ကျင့်သုံး ရမည်ကို အလွန်တရာကို စက်ဆုပ်သောသူတစ်ဦး သာဖြစ်သည်ဟု ငါဆို၏။ အကယ်၍ သင့်ထံတွင် လျှို့ဝှက်ကိစ္စများစွာ ရှိသဖြင့် သင်သည် ဝေမျှရန် ဝန်လေးနေပါက၊ သင်သည် အလင်း၏ လမ်းကို ရှာဖွေဖို့ အခြားသူများရှေ့တွင် သင်၏ လျှို့ဝှက်ချက်များကို၊ သင်၏ အခက်အခဲများကို ချခင်းပြရန် အပြင်းအထန် ငြင်းဆန်နေပါက သင်သည် ကယ်တင်ခြင်းကို အလွယ်တကူ မရရှိနိုင်သောသူ၊ အမှောင်ထုထဲမှ လွယ်ကူစွာ မထွက်နိုင်သူ ဖြစ်သည်ဟုငါဆို၏။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သတိပေးချက် သုံးချက်
လူသားသည် နာကျင်မှုအလယ်၌ ငါ့ကိုရှာပြီး၊ စမ်းသပ်မှုများအလယ်တွင် ငါ့ထံမှ အကူအညီရဖို့ကို မျှော်လင့်လေသည်။ ငြိမ်းချမ်းသော အချိန်များ အတောအတွင်းတွင်၊ သူသည် ငါ့ကို မွေ့လျော်ခံစားသည်၊ ဘေးအန္တရာယ် ကျရောက်ချိန်တွင် ငါ့ကို ငြင်းပယ်သည်၊ သူ အလုပ်များချိန်တွင် ငါ့ကို မေ့လျော့ပြီး၊ သူ အလုပ်မရှိသောအခါ၌ ငါ့အတွက် ဟန်ဆောင်လုပ်ပြလေသည်။ သို့သော်ငြားလည်း မည်သူမျှ ၎င်းတို့၏ တစ်သက်တာလုံးတစ်လျှောက် ငါ့ကို လုံးဝ မချစ်ဖူးပေ။ လူသားသည် ငါ့ရှေ့တွင် စိတ်အားထက်သန်ရန် ငါအလိုရှိသည်။ ငါကို တစ်စုံတစ်ခု ပေးရန် သူ့ကို ငါမတောင်းဆိုဘဲ၊ ငါ့ကို မြှောက်ထိုးပင့်ကော် လုပ်မည့်အစား၊ လူအားလုံးသည် ငါ့ကို အလေးအနက် မှတ်ယူကြရန်နှင့်၊ လူသား၏ စစ်မှန်ရိုးသားမှုကို ရယူဖို့ ငါ့ကို ခွင့်ပြုရန်သာ ငါ တောင်းဆိုသည်။ ငါ၏ အသိဉာဏ်ပွင့်လင်းစေခြင်း၊ အလင်းပေးခြင်းနှင့် ငါ၏ အပင်ပန်းခံရသော အားထုတ်မှုများ၏ တန်ဖိုးသည် လူအားလုံးကို စိမ့်ဝင်ပျံ့နှံ့ဝင်သည်၊ သို့သော် လူသား၏ လုပ်ရပ်တိုင်း၏ စစ်မှန်သော အချက်သည်လည်း ငါနှင့်ဆိုင်သည့် ၎င်းတို့၏ လှည့်ဖြားမှုနည်းတူ၊ လူအားလုံးတို့ကို စိမ့်ဝင်ပျံ့နှံ့လေသည်။ ယင်းမှာ လူသား၏ လှည့်ဖြားမှု၏ ပါဝင်သောအရာများသည် အမိဝမ်းကတည်းက သူနှင့်အတူ ရှိပြီးဖြစ်သည့်အလား၊ သူသည် ဤလိမ့်လည်လှည့်စားမှု နှင့်ဆိုင်သည့် အထူး ကျွမ်းကျင်မှုများကို မွေးကတည်းက ပိုင်ဆိုင်ပြီး သည့်အလား ဖြစ်သည်။ ထို့အပြင် သူသည် မည်သည့်အခါမျှ သူ၏လျှို့ဝှက်ချက်ကို မလှစ်ဟပြဖူးပေ။ မည်သူမျှ ဤလှည့်ဖြားသော အတတ်များ၏ ရင်းမြစ်ကို မရိပ်စားမိဖူးပေ။ အကျိုးဆက်အနေဖြင့်၊ လူသားသည် နားမလည်လိုက်ဘဲနှင့် လှည့်ဖြားမှုအလယ်တွင် နေထိုင်ပြီး၊ ယင်းမှာ သူသည် မိမိကိုယ်ကိုယ် ခွင့်လွှတ်သည့်အလား၊ ယင်းမှာ ငါ့အပေါ် သူ၏ တမင်တကာ လှည့်ဖြားမှုအစား ဘုရားသခင်၏ စီစဉ်မှုများ ဖြစ်သည့်အလား ဖြစ်သည်။ ဤသည်မှာ ငါ့အပေါ် လူသား၏လှည့်ဖြားမှု၏ တကယ့်ရင်းမြစ် ဖြစ်သည် မဟုတ်လော။ ဤသည်မှာ သူ၏ ကောက်ကျစ်စဉ်းလဲသော အကြံအစည် ဖြစ်သည် မဟုတ်ပေလော။ ငါသည် လူသား၏ အခြေအမြစ်ကို အချိန်ကြာမြင့်စွာက သဘောပေါက်ခဲ့သည့်အတွက်၊ မည်သည့်အခါမျှ ငါသည် လူသား၏ အတုအယောင် ချိုမြိန်သော စကားများကြောင့် စိတ်မရှုပ်ထွေးဖူးပေ။ သူ၏အသွေးထဲတွင် မသန့်စင်မှု မည်မျှရှိသည်ကို မည်သူသိနိုင်မည်နည်း၊ ပြီးလျှင် သူ၏ခြင်ဆီထဲတွင် စာတန်၏ အဆိပ် မည်မျှရှိသည်ကို မည်သူသိနိုင်မည်နည်း။ လူသားသည် ကုန်လွန်သွားသည့် နေ့ရက်အသီးသီးနှင့်အတူ ထိုအရာကို သာ၍ ကျင့်သားရလာခဲ့သည်မှာ၊ သူသည် စာတန် လုပ်ဆောင်သည့် ဘေးအန္တရာယ်ကို မခံစားရသကဲ့သို့၊ ထိုသို့ဖြင့် “ကောင်းမွန်စွာ တည်ရှိခြင်း အတတ်ပညာတစ်ခု” ကို ရှာဖွေခြင်းတွင် စိတ်ဝင်စားမှု မရှိသည်အထိ ဖြစ်ပေသည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၂၁)
သင်တို့၏ ယုံကြည်ခြင်းသည် အလွန်နှစ်လိုဖွယ်ကောင်း၏။ သင်တို့သည် ငါ၏အမှုကိုယ်စား သင်တို့၏အသက်တာ တစ်ခုလုံးကို အသုံးပြုရန် လိုလားလျက်ရှိပြီး၊ ယင်းအတွက် သင်တို့၏ အသက်တာများကို စွန့်လွှတ်ရန် လိုလားလျက်ရှိသည်ဟု သင်တို့ဆိုကြသည်၊ သို့သော် သင်တို့၏ စိတ်သဘောထားများမှာ များစွာ ပြောင်းလဲခြင်း မရှိသေးပေ။ သင်တို့၏ တကယ့်အပြုအမူသည် အလွန် စိတ်ပျက်စရာ ဖြစ်သော်လည်း၊ သင်တို့သည် မာနထောင်လွှားစွာသာ စကားပြောဆို ကြသည်။ လူတို့၏ လျှာနှင့် နှုတ်ခမ်းတို့သည် ကောင်းကင်တွင် ရှိသော်လည်း ၎င်း၏ ခြေထောက်များမှာ အလွန် အောက်ဝေးဝေးက ကမ္ဘာမြေကြီးပေါ်တွင်ရှိကြသည့်အလား ဖြစ်ပြီး၊ အကျိုးဆက်အနေဖြင့်၊ ၎င်းတို့၏ စကားများ၊ လုပ်ရပ်များနှင့် ၎င်းတို့၏ နာမည်ဂုဏ်သတင်းများသည် စုတ်ပြတ်ကာ ပြိုပျက်လျက် ရှိကြဆဲ ဖြစ်သည်။ သင်တို့၏ နာမည်ဂုဏ်သတင်းများသည် ဖျက်ဆီးခံရပြီးဖြစ်သည်၊ သင်တို့၏ အမူအရာသည် ယုတ်ညံ့၏၊ သင်တို့၏ စကားပြောဆိုပုံသည် အောက်တန်းကျပြီး၊ သင်တို့၏ အသက်တာများမှာ စက်ဆုပ်ဖွယ်ကောင်းလေသည်။ သင်တို့၏ လူသားသဘာဝတစ်ခုလုံးပင် ယုတ်ညံ့သော အောက်တန်းကျမှုတွင် နစ်မြုပ်နေလေပြီ။ သင်တို့သည် အခြားသူများအပေါ် သဘောထားကျဉ်းမြောင်းပြီး၊ သေးငယ်သော အရာတိုင်းအပေါ် သင်တို့ ကတ်သီးကတ်သတ် ပြောဆိုကြသည်။ သင်တို့သည် ငရဲနှင့် မီးအိုင်ထဲသို့ ဆင်းသက်ရန် လိုလားကြသည်အထိပင်၊ သင်တို့ကိုယ်တိုင်၏ နာမည်ဂုဏ်သတင်းများနှင့် အဆင့်အတန်း အပေါ် ငြင်းခုံတတ်ကြသည်။ သင်တို့၏ လက်ရှိ စကားများနှင့် လုပ်ရပ်များသည် သင်တို့ အပြစ်ရှိကြောင်း ငါဆုံးဖြတ်ဖို့အတွက် လုံလောက်ပေသည်။ ငါ၏အမှုအပေါ် သင်တို့၏ သဘောထားသည် သင်တို့အား မတရားသော သူများ ဖြစ်သည်ဟု ငါဆုံးဖြတ်ရန်အတွက် လုံလောက်ပြီး သင်တို့၏ စိတ်သဘောထားများ အားလုံးမှာ သင်တို့သည် စက်ဆုပ်ရွံရှာမှုများဖြင့် ပြည့်နှက်နေသော ညစ်ညမ်းသည့် ဝိညာဉ်များဖြစ်သည်ဟု ထောက်ပြဖို့ရန် လုံလောက်ပေသည်။ သင်တို့၏ သရုပ်သကန်များနှင့် သင်တို့ ထုတ်ဖော်ပြသော အရာများမှာ သင်တို့သည် ညစ်ညူးသော ဝိညာဉ်များ၏သွေးကို အဝသောက်ပြီးသော လူများ ဖြစ်သည်ဟု ဆိုရန် လုံလောက်ပေသည်။ နိုင်ငံတော်ထဲ ဝင်ရောက်ခြင်းကို ဖော်ပြသည့်အခါ၊ သင်တို့သည် သင်တို့၏ ခံစားချက်များကို ထုတ်ဖော်ပြခြင်း မရှိပေ။ သင်တို့ ယခု ဖြစ်နေသည့်ပုံစံသည် ငါ၏ ကောင်းကင်နိုင်ငံတော်သို့ သွားရာ တံခါးကို ဖြတ်လျှောက်ဖို့ သင်တို့အတွက် လုံလောက်သည်ဟု သင်တို့ ယုံကြည်ကြသလော။ သင်တို့ကိုယ်တိုင်၏ စကားများနှင့် လုပ်ရပ်များက ငါ၏ စမ်းသပ်ခြင်းကို ဦးစွာ မခံရဘဲ၊ ငါ၏ အမှုတော်နှင့် နှုတ်ကပတ်တော်များ၏ သန့်ရှင်းသောပြည်ထဲသို့ ဝင်ရောက်ခြင်းကို ရရှိနိုင်သည်ဟု ယုံကြည်ကြသလော။ အဘယ်သူသည် ငါ့ကို မမှန်မကန်ပြောခြင်းဖြင့် လှည့်စားနိုင်သနည်း။ သင်တို့၏ စက်ဆုပ်ဖွယ်ကောင်းသော၊ အောက်တန်းကျသော အပြုအမူများနှင့် စကားပြောဆိုမှုများသည် ငါ၏အမြင်မှ ရှောင်လွှဲနိုင်မည်နည်း။ သင်တို့သည် ငါ့ ရှေ့မှောက်၌ ညစ်ညူးသော ဝိညာဉ်များကို နေ့စဉ် အတုခိုးကြသောကြောင့် ငါသည် သင်တို့၏ ဘဝများကို ညစ်ညူးသော ဝိညာဉ်များ၏ အသွေးကိုသောက်ပြီး အသားကို စားသော ဘဝများအဖြစ် သတ်မှတ်ထားပြီးဖြစ်သည်။ ငါ၏ ရှေ့တွင် သင်တို့၏အပြုအမူသည် အထူးသဖြင့် ဆိုးရွား၏၊ ထို့ကြောင့် ငါ သင့်ကို မရွံရှာဘဲ အဘယ်သို့ နေနိုင်မည်နည်း။ သင်တို့၏ စကားများသည် ညစ်ညူးသော ဝိညာဉ်များ၏ မစင်ကြယ်မှုများ ပါရှိသည်- သင်တို့သည် မှော်အတတ်၌ ပါဝင်ပတ်သက်သော သူတို့ကဲ့သို့နှင့် လှည့်ဖြားမှုကို လက်တွေ့လုပ်ပြီး မတရားသော သူတို့၏အသွေးကို သောက်သောသူတို့ကဲ့သို့ နားပူနားဆာ လုပ်တတ်ကြသည်၊ ဖုံးကွယ်တတ်ကြပြီး မြှောက်ပင့်ပြောဆို တတ်ကြလေသည်။ လူသားအားလုံး၏ ထုတ်ဖော်ပြမှုအားလုံးမှာ အလွန့်အလွန် မတရားသောကြောင့် ဖြောင့်မတ်သောသူများရှိသည့် သန့်ရှင်းသော ပြည်ထဲတွင် လူအားလုံးကို မည်ကဲ့သို့ ထားရှိနိုင်မည်နည်း။ သင်၏ စက်ဆုပ်ဖွယ်ကောင်းသော အပြုအမူက သင့်အား မတရားသော သူများနှင့် နှိုင်းယှဉ်ရာတွင် သန့်ရှင်းသူအဖြစ် ခြားနားစေနိုင်သည်ဟု သင်ထင်သလော။ ပျက်စီးစေတတ်ပြီး စက်ဆုပ်ရွံရှာဖွယ်ရာများကို လုပ်ဆောင်သော သင်၏ ဇာတိပကတိကို သင်၏ မြွေဆိုးကဲ့သို့သော လျှာသည် နောက်ဆုံးတွင် ပျက်စီးစေလိမ့်မည်ဖြစ်ပြီး၊ ညစ်ညူးသော ဝိညာဉ်များ၏အသွေးဖြင့် ဖုံးလွှမ်းနေသော သင်၏ လက်များသည်လည်း သင်၏ဝိညာဉ်ကို နောက်ဆုံးတွင် ငရဲထဲသို့ ဆွဲချလိမ့်မည်။ ထိုသို့ဖြစ်လျှင် ညစ်ညမ်းမှုဖြင့် ဖုံးလွှမ်းနေသော သင်၏လက်များကို သန့်စင်ရန် ဤအခွင့်အရေးကို သင် အဘယ်ကြောင့် မဆိုင်းမတွ မရယူသနည်း။ ပြီးလျှင် မတရားသော စကားများကို ပြောဆိုသော သင်၏ လျှာကို ဖြတ်ပစ်ရန်အတွက်ဤ အခွင့်အရေးကို သင်အဘယ်ကြောင့် အသုံးမချသနည်း။ သင်၏လက်များ၊ လျှာနှင့် နှုတ်ခမ်းများအတွက် ငရဲ မီးလျှံထဲတွင် ဝေဒနာခံစားရန် သင်လိုလားနေခြင်း ဖြစ်နိုင်သလော။ လူသားမျိုးနွယ်ကို ငါ မဖန်ဆင်းမီ အချိန်များစွာ ကြာကတည်းက ၎င်းတို့၏ စိတ်နှလုံးများကို ငါ၏ လက်အတွင်းတွင် ဆုပ်ကိုင်ထားခဲ့ပြီး ဖြစ်သောကြောင့် လူတိုင်း၏ စိတ်နှလုံးကို ငါ၏ မျက်စိနှစ်ဘက်ဖြင့် ငါ ဆက်လက်စောင့်ကြည့်၏။ ငါသည် အချိန်များစွာ ကြာကတည်းက လူတို့၏ စိတ်နှလုံးကို ရိပ်စားမိခဲ့ပြီးဖြစ်သည်၊ ထို့ကြောင့် ၎င်းတို့၏ အကြံအစည်များသည် ငါ၏ အမြင်မှ အဘယ်သို့ လွတ်မြောက်နိုင်မည်နည်း။ ငါ၏ဝိညာဉ်ဖြင့် လောင်ကျွမ်းခံရခြင်းကို ရှောင်လွှဲဖို့ အဘယ်သို့ မနောက်ကျလွန်းဘဲ နေနိုင်မည်နည်း။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်တို့အားလုံးသည် အကျင့်စရိုက် အလွန် ယုတ်ညံ့ကြသည်တကား
သင်၏နှုတ်ခမ်းတို့သည် ခိုများထက် သာ၍ နှစ်လိုဖွယ် ဖြစ်သော်လည်း၊ သင်၏စိတ်နှလုံးသည် ရှေးမြွေဟောင်းထက် ပို၍ ဆိုးယုတ်ပေသည်။ သင်၏ နှုတ်ခမ်းတို့သည် လေဗနုန်အမျိုးသမီးများ ကဲ့သို့ပင် အဆင်းလှသော်လည်း သင်၏ စိတ်နှလုံးသည် လေဗနုန် အမျိုးသမီးများ၏ စိတ်နှလုံးများထက် သာ၍မကြင်နာသည့်အပြင်၊ ယင်းသည် ခါနန်သူများ၏ အလှနှင့် ဧကန်မုချ နှိုင်းယှဉ်၍ မရနိုင်ပေ။ သင်၏ စိတ်နှလုံးသည် လွန်စွာ လှည့်ဖြားတတ်၏။ ငါ စက်ဆုပ်သောအရာများသည် မတရားသော သူတို့၏ နှုတ်ခမ်းများနှင့် ၎င်းတို့၏ စိတ်နှလုံးများသာ ဖြစ်ပြီး၊ လူတို့အပေါ် ငါ၏သတ်မှတ်ချက်များမှာ သန့်ရှင်းသူများအပေါ် ငါ မျှော်လင့်သည့်အရာထက် လုံးဝ သာ၍မမြင့်မားပေ။ ငါသည် မတရားသောသူတို့၏ ဆိုးယုတ်သော လုပ်ရပ်တို့အတွက် ရွံရှာမှုကို ခံစားရခြင်းသာ ဖြစ်ပြီး၊ ၎င်းတို့သည် မတရားသော သူတို့မှ ပိုမိုပေါ်လွင်နိုင်ပြီး ဖြောင့်မတ်သော သူတို့နှင့်အတူ အသက်ရှင်ပြီး သန့်ရှင်းနိုင်ကြဖို့အလို့ငှာ၊ မတရားသော သူတို့သည် ၎င်းတို့၏ ညစ်ညမ်းမှုကို စွန့်ပစ်နိုင်ပြီး ၎င်းတို့၏ လတ်တလော အကျပ်အတည်းမှ လွတ်မြောက်နိုင်မည်ဟု ငါ မျှော်လင့်သည်။ သင်တို့သည် ငါကဲ့သို့ အလားတူ အခြေအနေများတွင် ရှိကြသည့်၊ သို့သော် သင်တို့သည် ညစ်ညမ်းမှုနှင့် ဖုံးလွှမ်းလျက်ရှိကြ၏။ သင်တို့သည် အစအဦး၌ ဖန်ဆင်းခံခဲ့ရသည့် လူသားများ၏ မူလသဏ္ဌာန် အနည်းငယ်မျှပင် မရှိ။ ထို့အပြင် သင်တို့သည် ၎င်းတို့ လုပ်ဆောင်သည့်အရာကို လုပ်ဆောင်ရင်းနှင့် ၎င်းတို့ ပြောသည့်အရာကို ပြောဆိုရင်း၊ ညစ်ညူးသော ဝိညာဉ်များ၏ သဏ္ဌာန်ကို နေ့စဉ် အတုခိုးကြသောကြောင့် သင်တို့၏ အစိတ်အပိုင်းအားလုံး၊ သင်တို့၏ လျှာနှင့် နှုတ်ခမ်းများသည်ပင် ၎င်းတို့၏ မိလ္လာရေထဲတွင် စိမ်ခြင်းခံရကြသည်မှာ သင်တို့သည် ထိုအစွန်းအထင်းများဖြင့် လုံးလုံးလျားလျား ဖုံးလွှမ်းခံရပြီး သင်တို့၏ အစိတ်အပိုင်းတစ်ခုမျှ ငါ၏ အမှုအတွက် အသုံးပြု၍ မရသည်အထိ ဖြစ်သည်။ ယင်းသည် အလွန် စိတ်နှလုံးကြေကွဲစရာ ဖြစ်ပေတကား။ သင်တို့သည် မြင်းများ နှင့် ကျွဲနွား တိရစ္ဆာန်များ၏ ထိုသို့သောလောကထဲတွင် အသက်ရှင်ကြသည်၊ သို့သော် စင်စစ်တွင် သင်တို့သည် သောကမရောက်ကြပေ။ သင်တို့သည် ဝမ်းမြောက်မှုနှင့် ပြည့်ကြပြီး လွတ်လပ်စွာနှင့် လွယ်ကူစွာ အသက်ရှင်ကြသည်။ သင်သည် ထိုမိလ္လာရေထဲတွင် ဟိုဟိုသည်သည် ကူးခတ်နေ သော်လည်း ထိုသို့သော အကျပ်အတည်းထဲသို့ သင် ကျရောက်ကြသည်ကို အမှန်တကယ် နားမလည်ချေ။ နေ့စဉ်၊ သင်သည် ညစ်ညူးသော ဝိညာဉ်များနှင့် ပေါင်းကာ “မစင်” နှင့် ဆက်ဆံလျက်ရှိသည်။ သင်တို့၏ ဘဝများသည် အတော်အတန် အောက်တန်းကျသော်လည်း သင်တို့သည် လူ့လောကကြီးထဲ၌ လုံးဝ မတည်ရှိကြသကဲ့သို့၊ သင်တို့ကိုယ်သင်တို့ ထိန်းချုပ်ခြင်းမရှိသည်ကို အကယ်စင်စစ် မသိကြချေ။ သင်၏ အသက်တာသည် လွန်ခဲ့သည့် ကာလများစွာကတည်းက ညစ်ညူးသော ဝိညာဉ်များ၏ နင်းခြေခြင်းကို ခံခဲ့ရသည် သို့မဟုတ် သင်၏ အကျင့်စရိုက်သည် လွန်ခဲ့သည့် အချိန်ကာလများစွာကတည်းက မိလ္လာရေဖြင့် ညစ်ပေခဲ့ကြောင်းကို သင်မသိသလော။ သင်သည် လောကီ ပရဒိသုဘုံထဲတွင် အသက်ရှင်နေထိုင်ကြပြီး၊ ပျော်ရွှင်မှု အလယ်တွင် ရှိသည်ဟု ထင်သလော။ သင်သည် ညစ်ညူးသော ဝိညာဉ်များ နှင့်အတူ ဘဝတစ်ခုကို အသက်ရှင်ပြီးဖြစ်ကာ၊ သင့်အတွက် ပြင်ဆင်ထားသည့် အရာတိုင်းနှင့် သင်အတူတကွ ယှဉ်တွဲနေထိုင်ပြီး ဖြစ်သည်ကို သင်မသိသလော။ သင် အသက်ရှင်သည့် နည်းလမ်းသည် အဓိပ္ပါယ် တစ်စုံတစ်ရာ မည်သို့ ရှိနိုင်မည်နည်း။ သင်၏ အသက်တာသည် တန်ဖိုး တစ်စုံတစ်ရာ မည်သို့ ရှိနိုင်မည်နည်း။ သင်သည် ညစ်ညူးသော ဝိညာဉ်များ၏ မိဘများဖြစ်သည့်၊ သင်၏ မိဘများအတွက် ဟိုသည် ပြေးလွှား နေခဲ့သော်လည်း သင့်အား ပိတ်လှောင်နေသော သူများမှာ သင့်ကို မွေးဖွားခဲ့ကာ ပြုစုပျိုးထောင်ခဲ့သော၊ ညစ်ညူးသော ဝိညာဉ်များ၏ မိဘများဖြစ်သည်ကို သင် အမှန်တကယ် မသိပေ။ ထို့အပြင် သင်၏ ညစ်ညမ်းမှုအားလုံးသည် အကယ်စင်စစ် ၎င်းတို့က သင့်အား ပေးခဲ့ခြင်းဖြစ်သည်ကို သင်မသိ။ သင် သိသမျှမှာ ၎င်းတို့က သင့်အား “သာယာကြည်နူးမှု” ပေးနိုင်သည်၊ ၎င်းတို့က သင့်အား ပြစ်တင်ဆုံးမခြင်းမရှိသကဲ့သို့ တရားစီရင်ခြင်းလည်း မရှိ၊ ပြီးလျှင် သင့်အား အထူးသဖြင့် ကျိန်ဆဲခြင်း မရှိဟူ၍ ဖြစ်သည်။ ၎င်းတို့သည် မည်သည့်အခါတွင်မျှ သင့်အပေါ် အမျက်ဒေါသ ပေါက်ကွဲခြင်း မရှိခဲ့ဘဲ ချစ်ခင်မှုနှင့် ကြင်နာမှုတို့ဖြင့် သင့်ကို ဆက်ဆံလေသည်။ သင် မျက်စိလည်လမ်းပျောက်သွားစေဖို့အလို့ငှာ ၎င်းတို့၏ စကားများက သင်၏ စိတ်နှလုံးကို အားဖြစ်စေပြီး သင့်ကို ဆွဲဆောင်ပြီး၊ နားမလည်လိုက်ဘဲနှင့် သင်သည် ပါဝင်ပတ်သက်မိပြီး ၎င်းတို့၏ ထွက်ပေါက်နှင့် အစေခံဖြစ်လာရင်း၊ ၎င်းတို့အား အစေခံရန် လိုလားလျက် ရှိလေသည်။ သင်သည် စောဒကတက်ခြင်းလုံးဝ မရှိဘဲ၊ ၎င်းတို့အတွက် ခွေးများ၊ မြင်းများသဖွယ် အလုပ်လုပ်ရန် လိုလားလျက် ရှိလေသည်။ သင်သည် ၎င်းတို့၏ အထင်အမြင်မှားအောင်ပြုလုပ်ခြင်းကို ခံနေရသည်။ ဤအကြောင်းကြောင့်၊ သင်သည် ငါပြုသောအမှုကို လုံးဝ တုံ့ပြန်မှု မရှိပေ။ သင်သည် အမြဲတစေ ငါ၏ လက်ထဲမှ တိတ်တဆိတ် လစ်ထွက်သွားလိုသည်မှာ မထူးဆန်းသကဲ့သို့၊ ငါ့ထံမှ မျက်နှာသာရခြင်းကို လှည့်ဖြား၍ ညှစ်ယူဖို့ ချိုသာသော စကားများကို အမြဲတစေ အသုံးပြုလိုသည်မှာ မထူးဆန်းပေ။ ဖြစ်ချင်တော့၊ သင်သည် အခြားအစီအစဉ်၊ အခြားအစီအမံတစ်ခု ရှိနှင့်ပြီးဖြစ်သည်။ အနန္တတန်ခိုးရှင်အဖြစ် ငါ၏ လုပ်ဆောင်ချက်အနည်းငယ်ကို သင် မြင်နိုင်သော်လည်း ငါ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ နှင့်ဆိုင်သော အသိပညာ အနည်းငယ်မျှ သင်၌ မရှိပေ။ ငါ၏ ပြစ်တင်ဆုံးမခြင်း မည်သည့် အချိန်တွင် စတင်ခဲ့သည်ကို သင် မသိ။ ငါ့အား မည်သို့ လိမ်ညာရမည်ကိုသာ သင်သိ၏၊ သို့သော် ငါသည် လူသားထံမှ မည်သည့် စော်ကားခြင်းကိုမျှ သည်းမခံသည်ကို သင် မသိ။ သင်သည် ငါ့ကို အစေခံရန် စိတ်ပိုင်းဖြတ်နှင့်ပြီး ဖြစ်သည့်အတွက်၊ ငါသည် သင့်ကို အလွတ်ပေးမည် မဟုတ်။ ငါသည် မကောင်းမှုကို ရွံ့မုန်းသော ဘုရားသခင်ဖြစ်ပြီး လူသားမျိုးနွယ်ကို အပြစ်ရှိသည်ဟု ယုံလွယ်သော ဘုရားသခင် ဖြစ်၏။ သင်သည် သင်၏ စကားများကို ယဇ်ပလ္လင်ထက် ထားရှိနှင့်ပြီးဖြစ်သည့်အတွက်၊ ငါ၏ ပကတိ မျက်စိရှေ့မှ သင် ထွက်ပြေးသည်ကို ငါ သည်းခံမည် မဟုတ်သကဲ့သို့၊ သခင်နှစ်ဦးအား သင်အစေခံနေသည်ကို ငါ သည်းခံမည် မဟုတ်။ ငါ၏ ယဇ်ပလ္လင်ထက်နှင့် ငါ၏ မျက်စိရှေ့တွင် သင်၏ စကားများကို ထားရှိပြီးနောက်၊ သင် ဒုတိယအချစ် ရှိနိုင်မည်ဟု သင် ထင်ခဲ့လေသလော။ ငါသည် လူတို့ကို ထိုပုံစံဖြင့် ငါ့ကို အရူးလုပ်ရန် အဘယ်သို့ အခွင့်ပေးနိုင်မည်နည်း။ သင်သည် ငါ့အား အဓိဌာန်များနှင့် သစ္စာများကို သာမန်ကာလျှံကာ ပြုနိုင်မည်ဟု ထင်ခဲ့သလော။ အမြင့်ဆုံးသော ဘုရားသခင်၊ ငါ၏ပလ္လင်ဖြင့် သင်သည် သစ္စာများကို အဘယ်သို့ ကျိန်ဆိုနိုင် မည်နည်း။ သင်၏ သစ္စာများသည် ဆိတ်သုဉ်းနှင့်ပြီဟု သင် ထင်ခဲ့သလော။ သင်တို့ကို ငါ ပြောမည်- သင်တို့၏ ဇာတိခန္ဓာ ဆိတ်သုဉ်းသွားသော်လည်း၊ သင်တို့၏ သစ္စာများ မဆိတ်သုဉ်းနိုင်။ နောက်ဆုံးတွင် ငါသည် သင်တို့၏ သစ္စာများအပေါ် အခြေခံကာ သင်တို့ကို စီရင်မည်ဖြစ်သည်။ သို့ရာတွင် သင်တို့၏စကားများကို ငါ့ရှေ့တွင် ထားရှိလျက် ငါ့ကို ဝတ်ကျေတမ်းကျေ ကိုင်တွယ်ဖြေရှင်းနိုင်ပြီး၊ သင်တို့၏ စိတ်နှလုံးများက ညစ်ညူးသော ဝိညာဉ်များနှင့် နတ်ဆိုးများကို အစေခံနိုင်သည်ဟု သင်တို့ ယုံကြည်ကြသည်။ ငါ၏ အမျက်ဒေါသသည် ငါ့ကို လိမ်လည်လှည့်ဖြားသော ခွေးတူ၊ ဝက်တူ လူများကို အဘယ်သို့ သည်းခံနိုင်မည်နည်း။ ငါ၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို ငါဆောင်ရွက်ရမည်ဖြစ်ပြီး၊ ငါ့အား စည်းစနစ်ကျသော ပုံစံဖြင့် “လိုလေသေးမရှိ ပြုစု” နိုင်ကြဖို့၊ ငါ၏နွားထီးများ၊ ငါ၏မြင်းများဖြစ်ကာ ငါ၏ သတ်ဖြတ်ခြင်းမှ ချမ်းသာရာရရှိကြဖို့အလို့ငှာ၊ ငါ၌ ယုံကြည်ခြင်းရှိသော ကိန်းကြီးခန်းကြီးနိုင်သော၊ “ဘာသာတရားကိုင်းရှိုင်းသော” သူများအားလုံးကို ညစ်ညူးသော ဝိညာဉ်များ၏ လက်ထဲမှ ငါ ပြန်ဆွဲလုရမည်။ ငါသည် သင့်အား သင်၏ ယခင်က စိတ်ပိုင်းဖြတ်ချက်ကို ကောက်ယူပြီး ငါ့အား နောက်တစ်ဖန် ပြန်အစေခံစေမည်။ ငါ့ကို လိမ်လည်လှည့်ဖြားသော မည်သည့် ဖန်ဆင်းခံကိုမျှ ငါ သည်းခံမည် မဟုတ်။ သင်သည် ငါ၏ ရှေ့တွင် လက်လွတ်စပယ် တောင်းဆိုမှုများသာ ပြုပြီး လိမ်ညာနိုင်မည်ဟု သင် ထင်ခဲ့သလော။ ငါသည် သင်၏စကားများနှင့် လုပ်ဆောင်ချက်များကို မကြား သို့မဟုတ် မမြင်ခဲ့ဟု သင် ထင်ခဲ့သလော။ သင်၏ စကားများနှင့် လုပ်ဆောင်ချက်များသည် ငါ၏ မြင်ကွင်းတွင် အဘယ်သို့ မရှိနိုင်မည်နည်း။ ငါသည် လူတို့ကို ထိုသို့ ငါ့ကို လှည့်ဖြားရန် အဘယ်သို့ အခွင့်ပေးနိုင်မည်နည်း။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်တို့အားလုံးသည် အကျင့်စရိုက် အလွန် ယုတ်ညံ့ကြသည်တကား
အတိတ်ကို ပြန်တွေးကြည့်လော့။ မည်သည့်အချိန်တွင် သင်တို့အပေါ် ငါ၏အကြည့်သည် ဒေါသခိုးလျှံထန်ဖူးကာ ငါ၏အသံ တင်းမာဖူးသနည်း။ ဘယ်အချိန်က သင်တို့နှင့်ပတ်သက်၍ ငါ ရေးကြီးခွင်ကျယ် လုပ်ဖူးသနည်း။ ဘယ်အချိန်က သင်တို့ကို လွန်လွန်ကဲကဲ ငါအပြစ်ဖော်ဆုံးမဖူးသနည်း။ မည်သည့်အချိန်တွင် ငါသည် သင်တို့ကို ဗြောင်ကျကျ အပြစ်ဖော် ဆုံးမဖူးသနည်း။ သင်တို့ကို သွေးဆောင်ဖြားယောင်းခြင်းတိုင်းမှ ထိန်းသိမ်းရန် ငါ့ခမည်းတော်ကို ငါတောင်းခံသည်မှာ ငါ၏ အမှုအတွက် ဖြစ်သည် မဟုတ်လော။ သင်တို့သည် အဘယ်ကြောင့် ဤကဲ့သို့ ငါ့ကို ဆက်ဆံကြသနည်း။ သင်တို့ ကိုယ်ခန္ဓာကို ဒဏ်ခတ်ဖို့ ငါ၏ ဩဇာအာဏာကို ငါ အသုံးပြုဖူးပါသလော။ အဘယ်ကြောင့် ငါ့ကို ဤသို့ ပြန်ဆပ်ကြသနည်း။ ငါ့အပေါ် သင်တို့၏ သဘောထားကို ခုတစ်မျိုး တော်ကြာတစ်မျိုး ပြောင်းပြီးနောက်၊ သင်တို့သည် အေးလည်းမအေး၊ ပူလည်းမပူသကဲ့သို့၊ ထို့နောက်တွင် သင်တို့သည် ငါ့ကို နားပူနားဆာလုပ်ရန်နှင့် ငါ့ထံမှ အမှုအရာများကို ကွယ်ဝှက်ရန် ကြိုးစားကြပြီး၊ သင်တို့၏ နှုတ်များသည် မဖြောင့်မတ်သောသူများ၏ တံတွေးဖြင့် ပြည့်နှက်လေသည်။ သင်တို့၏ လျှာများသည် ငါ၏ ဝိညာဉ်တော်ကို လိမ်လည်နိုင်မည်ဟု သင်တို့ ထင်ကြသလော။ သင်တို့၏ လျှာများသည် ငါ၏အမျက်ဒေါသမှ ရုန်းထွက်လွတ်မြောက်နိုင်မည်ဟု သင်တို့ ထင်ကြသလော။ သင်တို့၏ လျှာများသည် ၎င်းတို့ ဆန္ဒရှိသည်အတိုင်း ငါ ယေဟောဝါ၏ လုပ်ဆောင်ချက်များအပေါ် အကဲဖြတ်ဝေဖန်နိုင်သည်ဟု သင်တို့ ထင်ကြသလော။ ငါသည် လူသားက အကဲဖြတ်ဝေဖန်ခံရသည့် ဘုရားသခင် ဖြစ်သလော။ သေးငယ်သော လောက်ကောင်တစ်ကောင်ကို ငါ့ကို ထိုသို့ ပြစ်မှားစော်ကားဖို့ ငါခွင့်ပြုနိုင်မည်လော။ ထိုသို့သော ပုန်ကန်သောသူတို့ကို ငါ၏ ထာဝရ ကောင်းကြီးမင်္ဂလာများအလယ် အဘယ်သို့ ငါ ထားရှိနိုင်မည်နည်း။ သင်တို့၏စကားများနှင့် လုပ်ရပ်များသည် အချိန်ကြာမြင့်စွာကတည်းက သင်တို့ကို ဖော်ထုတ်ကာ ပြစ်တင်ရှုတ်ချကြပြီး ဖြစ်သည်။ ငါသည် မိုးကောင်းကင်ကို ဖြန့်ကြက်ပြီး အရာခပ်သိမ်းကို ဖန်ဆင်းခဲ့ချိန်တွင်၊ ငါသည် အမှုအရာတစ်ခုတစ်လေက ငါ၏ အမှုနှင့် စီမံခန့်ခွဲခြင်းကို ဆန္ဒရှိသည်အတိုင်း နှောင့်ယှက်ခွင့်ပေးဖို့ မဆိုထားနှင့်၊ မည်သည့် ဖန်ဆင်းခံကိုမျှ ၎င်းတို့ နှစ်သက်သည်အတိုင်း ပါဝင်ရန် ငါ အခွင့်မပေးခဲ့ပေ။ ငါသည် မည်သည့် လူသား သို့မဟုတ် မည်သည့်အရာဝတ္ထုကိုမျှ သည်းမခံပေ။ ငါ့အပေါ် ရက်စက်ပြီး လူမဆန်သောသူများကို ငါသည် အဘယ်သို့ ချမ်းသာပေးနိုင်မည်နည်း။ ငါ၏ စကားများကို သစ္စာဖောက်သောသူတို့အား အဘယ်သို့ ငါခွင့်လွှတ်နိုင်မည်နည်း။ ငါ့ကို ပုန်ကန်သောသူတို့ကို ငါအဘယ်သို့ ချမ်းသာပေးနိုင်မည်နည်း။ လူသား၏ ကံကြမ္မာသည် ငါ၊ အနန္တတန်ခိုးရှင်၏ လက်တွင် ရှိသည်မဟုတ်လော။ သင်၏ မဖြောင့်မတ်ခြင်းနှင့် ပုန်ကန်ခြင်းတို့ကို သန့်ရှင်းသည်ဟု အဘယ်သို့ ငါမှတ်ယူနိုင်မည်နည်း။ သင်၏အပြစ်သည် ငါ၏သန့်ရှင်းခြင်းကို အဘယ်သို့ ညစ်ညမ်းစေနိုင်မည်နည်း။ ငါသည် မဖြောင့်မတ်သော သူများ၏ မစင်ကြယ်ခြင်းဖြင့် အညစ်ညမ်းမခံသကဲ့သို့၊ မဖြောင့်မတ်သူများ၏ လှူဖွယ်ပစ္စည်းများကိုလည်း ငါမမွေ့လျော်ပေ။ ယေဟောဝါဖြစ်သည့် ငါ့အပေါ် သင်သည် သစ္စာစောင့်သိခဲ့မည်ဆိုပါက၊ ငါ၏ယဇ်ပလ္လင်ပေါ်ရှိ ပူဇော်သက္ကာကို သင့်အတွက် သင် ယူဆောင်နိုင်မည်လော။ ငါ၏သန့်ရှင်းသောနာမကို ပြစ်မှားစော်ကားရန် အဆိပ်ရှိသော သင်၏လျှာကို သင် အသုံးပြုနိုင်မည်လော။ ဤနည်းဖြင့် ငါ၏စကားများကို သင် သစ္စာဖောက်နိုင်မည်လော။ ငါ၏ဘုန်းအသရေနှင့် သန့်ရှင်းသော အမည်နာမကို ဆိုးယုတ်သောသူ ဖြစ်သည့် စာတန်ကို အစေခံရန် တန်ဆာပလာ တစ်ခုအဖြစ် သင် အသုံးပြုနိုင်မည်လော။ ငါ၏ အသက်ကို သန့်ရှင်းသောသူများ၏ ပျော်မွေ့ခြင်းအတွက် ပေးထားခြင်း ဖြစ်သည်။ သင် ဆန္ဒရှိသည့်အတိုင်း ငါ၏အသက်ကို ကစားရန် နှင့် သင်တို့အလယ် ပဋိပက္ခအတွက် တန်ဆာပလာတစ်ခုအဖြစ် အသုံးပြုရန် အဘယ်သို့ ငါခွင့်ပြုပေးနိုင်မည်နည်း။ အဘယ်ကြောင့် သင်တို့သည် ငါ့အပေါ် ဆက်ဆံရာတွင်၊ အလွန်အကြင်နာကင်းမဲ့ပြီး သစ္စာမဲ့ကာ ကောင်းမြတ်သောသူ၏ ပြုမူပုံ အလွန် ချို့တဲ့လွန်းရသနည်း။ အသက်နှင့်ဆိုင်သော ဤနှုတ်ကပတ်တော်များတွင် သင်တို့၏ ဒုစရိုက်အမှုများကို ရေးသားထားနှင့်ပြီး ဖြစ်သည်ကို သင်တို့ မသိကြသလော။ ငါသည် အဲဂုတ္တုပြည်ကို ဆုံးမသောအချိန်၌ အမျက်ဒေါသ ကျရောက်မည့်နေ့ကို သင်တို့ အဘယ်သို့ လွတ်မြောက်နိုင်မည်နည်း။ ဤနည်းဖြင့် ငါ့ကို ထပ်ခါတလဲလဲ ဆန့်ကျင်ကာ ပုန်ကန်ရန်၊ ငါသည် သင်တို့ကို အဘယ်သို့ ခွင့်ပြုနိုင်မည်နည်း။ သင်တို့ကို ငါ ရှင်းရှင်းလင်းလင်း ပြောမည်- အချိန်ကျရောက်သောအခါ၊ သင်တို့ကို ပြစ်တင်ဆုံးမခြင်းသည် အဲဂုတ္တုပြည်၏ ပြစ်တင်ဆုံးမခြင်းထက် သာ၍ မခံမရပ်နိုင်အောင် ဖြစ်လိမ့်မည်။ ငါ၏ အမျက်ဒေါသ ကျရောက်မည့်နေ့ကို အဘယ်သို့ သင်တို့ လွတ်မြောက်နိုင် မည်နည်း။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အမျက်ဒေါသ ကျရောက်မည့်နေ့ကို အသွေးအသားရှိသောသူ မည်သူမျှ မလွတ်မြောက်နိုင်
၎င်းတို့၏ ဇာတိပကတိကိုသာ စဉ်းစားသူနှင့် ဇိမ်ခံစရာကို မွေ့လျော်သောသူများ၊ ယုံကြည်သည်ဟု ထင်ရသော်လည်း အမှန်တကယ် မယုံကြည်သူများ၊ မကောင်းသောဆေးနှင့် နတ်ဝိဇ္ဇာအတတ်၌ ပါဝင်ပတ်သက်သူများ၊ လူတကာနှင့် သောင်းပြောင်းလိင်ဆက်ဆံကာ စိတ်ဓာတ်ပျက်ပြားနေသူများယေဟောဝါထံ ယဇ်ပူဇော်မှုများနှင့် သူ၏ ပိုင်ဆိုင်မှုများကို ခိုးယူသောသူများ၊ တံစိုးလက်ဆောင်များကို နှစ်သက်သောသူများ၊ ကောင်းကင်သို့ တက်ကြွရန် အလဟဿ အိပ်မက်မက်နေသူများ၊ မာန်မာနထောင်လွှားပြီး စိတ်ကြီးဝင်သူများ၊ ပုဂ္ဂိုလ်ရေးကျော်ကြားမှုနှင့် အကျိုးအမြတ်အတွက်သာ ကြိုးပမ်းကြသူများ၊ ရိုင်းပျသော စကားများကို ဖြန့်ဖြူးသူများ၊ ဘုရားသခင်ကိုယ်တိုင်အား ပြစ်မှားစော်ကားသူများ၊ ဘုရားသခင်ကိုယ်တိုင်အား ဝေဖန်မှုများပြုပြီး အသရေပျက်အောင် လုပ်ကြံပြောဆိုသည်မှလွဲ၍ ဘာမျှမလုပ်ဆောင်သောသူများ၊ အုပ်စုများဖွဲ့ပြီး လွတ်လပ်မှုကို ရှာဖွေသောသူများ၊ ဘုရားသခင်ထက် မိမိတို့ကိုယ်ကို ချီးမြှောက်သောသူများ၊ လိင်ကိစ္စများတွင် ကိုယ်ကျင့်သိက္ခာကင်းမဲ့မှု၌ မိနေသည့် ပေါ့ပျက်ပျက် လူငယ်၊ သက်လတ်ပိုင်းနှင့် သက်ကြီး အမျိုးသားများနှင့် အမျိုးသမီးများ၊ ပုဂ္ဂိုလ်ရေးကျော်ကြားမှုနှင့် အကျိုးအမြတ်၌ မွေ့လျော်ပြီး အခြားအရာများအပြင် ပုဂ္ဂိုလ်ရေး အဆင့်အတန်းနောက် လိုက်သူများ၊ အပြစ်၌ ပိတ်မိနေသည့် နောင်တမရသော လူများ၊ ၎င်းတို့ အားလုံးသည် ကယ်တင်မရသောသူများ ဖြစ်ကြသည်မဟုတ်လော။ လိင်ကိစ္စများတွင် ကိုယ်ကျင့်သိက္ခာကင်းမဲ့ခြင်း၊ အပြစ်နှင့်ပြည့်ခြင်း၊ မကောင်းသောဆေး၊ နတ်ဝိဇ္ဇာအတတ်၊ ရိုသေလေးမြတ်မှုမရှိသော အပြုအမူနှင့် ရိုင်းပျသော စကားများအားလုံးသည် သင်တို့ကြားတွင် သောင်းကျန်းနေ၏။ ပြီးလျှင် သမ္မာတရားနှင့် အသက်နှင့်ဆိုင်သော နှုတ်ကပတ်တော်များသည် သင်တို့အလယ်တွင် နင်းချေခံရကြပြီး သန့်ရှင်းသော ဘာသာစကားသည် သင်တို့ကြားတွင် ညစ်ညမ်းလေသည်။ အညစ်အကြေးနှင့် ပုန်ကန်မှုတို့ဖြင့် ပွထနေသည့် အသင် တပါးအမျိုးသားတို့။ သင်တို့၏ နောက်ဆုံး ရလဒ်သည် မည်သည့်အရာ ဖြစ်လိမ့်မည်နည်း။ ဇာတိပကတိကို နှစ်သက်သူ၊ ဇာတိပကတိနှင့်ဆိုင်သည့် နတ်ဝိဇ္ဇာအတတ်ကို ကျူးလွန်သောသူနှင့် လိင်ကိစ္စ၌ ကိုယ်ကျင့်သိက္ခာမဲ့သည့် အပြစ်တွင် မိနေသောသူတို့သည် အဘယ်သို့ ဆက်လက်ရှင်သန်ဖို့ ရဲတင်းနိုင်သနည်း။ သင်တို့ကဲ့သို့သော လူတို့သည် ကယ်တင်မရသည့် လောက်ကောင်များ ဖြစ်ကြသည်ကို သင် မသိသလော။ ဟိုဟို သည်သည် တောင်းဆိုဖို့ မည်သည့်အရာက သင့်ကို အခွင့်ရှိစေသနည်း။ ယနေ့ထိ၊ သမ္မာတရားကို မနှစ်သက်သောသူနှင့် ဇာတိပကတိကိုသာ ချစ်သောသူတို့၌ ပြောင်းလဲမှု စိုးစဉ်းမျှ မရှိလေပြီ- ထိုသို့သော လူတို့သည် အဘယ်သို့ ကယ်တင်ခံရနိုင်အံ့နည်း။ အသက်လမ်းခရီးကို မနှစ်သက်သောသူ၊ ဘုရားသခင်ကို ချီးမြှောက်ခြင်း မရှိသကဲ့သို့ သူ့ကို သက်သေမခံသောသူ၊ မိမိတို့၏ ကိုယ်ပိုင်အဆင့်အတန်းအဖို့ လျှို့ဝှက်ကြံစည်သောသူ၊ မိမိတို့ကိုယ်ကိုယ် ထောမနာပြုသောသူများ ၎င်းတို့သည် ယနေ့တွင်ပင် ဤအတိုင်း ရှိနေသေးသည် မဟုတ်လော။ ၎င်းတို့ကို ကယ်တင်ရာတွင် အဘယ်တန်ဖိုး ရှိသနည်း။ သင် ကယ်တင်ခံရနိုင်ခြင်း ရှိမရှိဆိုသည်မှာ သင် မည်မျှဝါရင့်သည် သို့မဟုတ် နှစ်ပေါင်းမည်မျှ သင် အလုပ်လုပ်နေခဲ့ပြီး ဖြစ်သည်ဆိုသည့်အပေါ် မူတည်ခြင်းမရှိပေ၊ သင့်တော်သော အရည်အချင်းများကို တစ်ဆင့်ပြီးတစ်ဆင့် သင် မည်မျှတည်ဆောက်ပြီးပြီဆိုသည့်အပေါ် သာ၍ပင် မူတည်ခြင်းမရှိပေ။ ယင်းထက်၊ ထိုအရာသည် သင်၏လိုက်စားခြင်းက အသီးသီးခြင်း ရှိမရှိ ဆိုသည့်အပေါ် မူတည်လေသည်။ ကယ်တင်ခံရသူတို့သည် အသီးသီးသည့် “သစ်ပင်များ” ဖြစ်ပြီး၊ စိမ်းလန်းစိုပြေသော သစ်ရွက်များ၊ အလျှံပယ်သော ပန်းပွင့်များနှင့် ဖြစ်သော်လည်း မသီးပွင့်သည့် သစ်ပင်များ မဟုတ်သည်ကို သင် သိသင့်သည်။ လမ်းများတွင် နှစ်များစွာ လှည့်လည်သွားလာရင်း သင် အချိန်ကုန်ဆုံးပြီးဖြစ်လျှင်ပင်၊ ယင်းက မည်သည့်အရေးနည်း။ သင်၏ သက်သေခံချက်မှာ အဘယ်မှာနည်း။ သင်သည် သင့်ကိုယ်သင်နှင့် သင်၏ ရမ္မက်ကြီးသော လိုအင်ဆန္ဒများကို ချစ်သော စိတ်နှလုံး ရှိခြင်းနှင့်စာလျှင် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး ရှိခြင်းက များစွာ သာ၍နည်းပါလေသည်။ ဘုရားသခင်အပေါ် သင်၏ ကြည်ညိုခြင်းသည် သင့်ကိုယ်သင် ချစ်ခြင်းနှင့် သင်၏ ရမ္မက်ကြီးသော ဆန္ဒများထက် များစွာ လျော့လေသည်- ဤကဲ့သို့သော လူမျိုးသည် အကျင့်ပျက်သော သူတစ်ဦး ဖြစ်သည်မဟုတ်လော။ ၎င်းတို့သည် ကယ်တင်ခြင်းအတွက် အဘယ်သို့ နမူနာနှင့် စံပုံစံ ဖြစ်နိုင်မည်နည်း။ သင်၏ သဘာဝဗီဇသည် ပြုပြင်မရ၊ သင်သည် အလွန်ပုန်ကန်လွန်းလှပြီး၊ သင့်ကို ကယ်တင်၍ ရနိုင်မည် မဟုတ်ပေ။ ထိုသို့သော လူတို့သည် ဖယ်ရှားရှင်းလင်းခံရမည့်သူများ ဖြစ်ကြသည် မဟုတ်လော။ ငါ၏ အမှုပြီးစီးသည့် အချိန်သည် သင်၏ နောက်ဆုံးနေ့ရက် ရောက်ရှိသည့်အချိန် ဖြစ်သည် မဟုတ်လော။ ငါသည် သင်တို့ကြားတွင် အလွန်များလှစွာသော အမှုများကို ပြုပြီးဖြစ်ကာ အလွန်များလှစွာသော နှုတ်ကပတ်တော်များကို ပြောဆိုပြီးလေပြီ- ထိုအရာထဲမှ သင်တို့ အမှန်တကယ် မည်မျှနားဝင်ခဲ့သနည်း။ သင်တို့ မည်မျှ ကျိုးနွံနာခံဖူးပါသနည်း။ ငါ၏ အမှုအဆုံးသတ်သည့်အခါ၊ ယင်းသည် သင်ငါ့ကို ဆန့်ကျင်ခြင်း ရပ်သည့်အချိန်၊ ငါ့ကို ဆန့်ကျင်ရပ်တည်ခြင်းအား သင် ရပ်တန့်သည့်အချိန် ဖြစ်လိမ့်မည်။ ငါ အမှုပြုစဉ်၊ သင်တို့သည် စဉ်ဆက်မပြတ် ငါ့ကို ဆန့်ကျင်ပြုမူ၏။ ငါ၏ နှုတ်ကပတ်တော်များကို သင်တို့ ဘယ်သောအခါမျှ မလိုက်နာကြ။ ငါ၏ အမှုကို ငါလုပ်ဆောင်ပြီး သင်သည် သင်၏ ကိုယ်ပိုင်နိုင်ငံငယ်ကို ဖန်တီးရင်း သင်၏ ကိုယ်ပိုင် “အလုပ်” ကို လုပ်သည်။ သင်တို့သည် ငါ့ကို အရာရာတွင် ငါ့ကို ဆန့်ကျင်နေသည့် မြေခွေးများနှင့် ခွေးများ တစ်အုပ်သာဖြစ်သည်။ ၎င်းတို့၏ မဆုတ်မနစ်သော ချစ်ခြင်းမေတ္တာကို သင့်အား ပေးသောသူတို့ကို ထွေးပိုက်ရန် သင်တို့ စဉ်ဆက်မပြတ် ကြိုးစားနေကြ၏။ သင်တို့၏ ကြောက်ရွံ့မှုမှာ အဘယ်မှာနည်း။ သင်တို့ လုပ်သမျှတိုင်းသည် လှည့်ဖြားသော အရာဖြစ်သည်။ သင်တို့တွင် ကျိုးနွံနာခံခြင်း သို့မဟုတ် ကြောက်ရွံ့ခြင်း မရှိသကဲ့သို့ သင်တို့ လုပ်သမျှတိုင်းသည် လှည့်ဖြားသောအရာနှင့် ပြစ်မှား စော်ကားသောအရာ ဖြစ်၏။ ထိုသို့သော လူတို့သည် ကယ်တင်ခံရ နိုင်သလော။ ကာမဂုဏ်အာရုံဆိုင်ရာ အကျင့်ပျက်ပြီး ကာမရာဂ စိတ်ပြင်းပြသော သူတို့သည် ၎င်းတို့၏ ကိုယ်ပိုင် ပျော်မွေ့ခြင်းအတွက် မြူဆွယ်တတ်သော မိန်းမပျက်တို့ကို မိမိတို့ထံ အစဉ်အမြဲ ဆွဲခေါ်လိုကြလေသည်။ ထိုသို့သော ကာမဂုဏ်အာရုံဆိုင်ရာ အကျင့်ပျက်သော မကောင်းဆိုးဝါးများကို ငါသည် လုံးဝ ကယ်တင် လိမ့်မည်မဟုတ်။ ညစ်ညူးသော မကောင်းဆိုးဝါးတို့၊ အသင်တို့ကို ငါ မုန်း၏၊ ပြီးလျှင် သင်၏ ကာမရာဂစိတ်ပြင်းပြမှုနှင့် မြူဆွယ်ခြင်းတို့သည် သင်တို့ကို ငရဲသို့ ထိုးဆင်းစေလတ္တံ့။ သင်တို့ကိုယ်သင်တို့ မည်သို့ ရှင်းပြမည်နည်း။ အသင် ညစ်ညူးသော မကောင်းဆိုးဝါးများနှင့် ဝိညာဉ်ဆိုးများတို့သည် ရွံ့ရှာဖွယ်ဖြစ်၏။ သင်တို့သည် စက်ဆုပ်ဖွယ် ဖြစ်၏။ ထိုသို့သော အမှိုက်သည် အဘယ်သို့ ကယ်တင်ခံရနိုင်မည်နည်း။ အပြစ်ထဲ၌ မိနေသည့် ၎င်းတို့သည် ကယ်တင်ခံရနိုင်သေးသလော။ ယနေ့၊ ဤသမ္မာတရား၊ ဤလမ်းခရီးနှင့် ဤအသက်တို့ကို သင်တို့ စိတ်မဝင်စားစေပေ။ ယင်းထက်၊ သင်တို့သည် အပြစ်နှင့်ပြည့်ဝခြင်း၊ ငွေ၊ ရပ်တည်ချက်၊ ကျော်ကြားမှုနှင့် အကျိုးအမြတ်၊ ဇာတိပကတိ၏ ပျော်မွေ့ခြင်း၊ အမျိုးသားများ၏ ချောမောခန့်ညားခြင်းနှင့် အမျိုးသမီးတို့၏ ဆွဲဆောင်မှုတို့ကို စိတ်ဝင်စားကြ၏။ ငါ၏ နိုင်ငံတော်ထဲသို့ ဝင်ရောက်ဖို့ရန် သင်တို့ကို မည်သည့်အရာက အရည်အချင်းနှင့် ပြည့်မီစေသနည်း။ လူတို့ကြား သင်တို့၏ သိက္ခာကို မဆိုနှင့်ဦးတော့၊ သင်တို့၏ ပုံရိပ်သည် ဘုရားသခင်၏ ပုံရိပ်ထက်ပင် ကြီးမား၏၊ သင်တို့၏ အဆင့်အတန်းသည် ဘုရားသခင်၏ အဆင့်အတန်းထက်ပင် မြင့်မား၏- သင်တို့သည် လူတို့ကိုးကွယ်သည့် ရုပ်တုဆင်းတုများ ဖြစ်လာကြပေပြီ။ သင်သည် ကောင်းကင်တမန်မင်း ဖြစ်လာပြီ မဟုတ်လော။ ကယ်တင်ခြင်း အမှု အဆုံးသတ်ဖို့ နီးမည့်အချိန်လည်းဖြစ်သော လူတို့၏နိဂုံး ထုတ်ဖော်ပြခံရသည့် အချိန်တွင်၊ သင်တို့သည် ကယ်တင်မရသည့် အလောင်းကောင်များ ဖြစ်ကြလိမ့်မည်ဖြစ်ပြီး ဖယ်ရှားရှင်းလင်းခံရကြပေမည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လက်တွေ့လုပ်ဆောင်ခြင်း (၇)
လူတို့သည် ဘုရားသခင်၏ အမှုကို တွေ့ကြုံရပြီး သမ္မာတရားကို နားလည်ပြီးသည်အထိ အတွင်း၌ သူတို့ကို ထိန်းချုပ်၍ အုပ်စိုးသည်မှာ စာတန်၏ သဘာဝဗီဇဖြစ်၏။ အတိအကျဆိုရလျှင် ထိုသဘာဝဗီဇကို မည်သည့်အရာက ဖြစ်ပေါ်စေသနည်း။ ဥပမာ၊ သင်သည် အဘယ်ကြောင့် တစ်ကိုယ်ကောင်းဆန်ရသနည်း။ သင်၏ကိုယ်ပိုင် ရာထူးဂုဏ်ဒြပ်ကို အဘယ်ကြောင့် ကာကွယ် သနည်း။ သင်သည် အဘယ်ကြောင့် ထိုသို့သော အားကောင်းသည့် ခံစားချက်များ ရှိသနည်း။ ထိုမဖြောင့်မတ်သော အရာများကို သင်သည် အဘယ်ကြောင့် မွေ့လျော်ခံစားသနည်း။ သင်သည် အဘယ်ကြောင့် ထိုမကောင်းမှုများကို နှစ်သက်သနည်း။ ထိုသို့သော အရာများကို သင်၏ ကြိုက်နှစ်သက်ခြင်း၏ အခြေခံအကြောင်းရင်းက အဘယ်နည်း။ ဤအရာတို့သည် အဘယ်အရပ်က လာကြသနည်း။ ၎င်းတို့အား လက်ခံသည်ကို သင် အဘယ်ကြောင့် အလွန်ပျော်ရွှင်နေသနည်း။ ဤအရာများအားလုံး၏ နောက်ကွယ်ရှိ အဓိက အကြောင်းရင်းမှာ လူသားအတွင်းတွင် စာတန်၏အဆိပ်ရှိခြင်းကြောင့် ဖြစ်ကြောင်း ယခုတွင် သင်တို့အားလုံး နားလည်လာကြပြီ။ ဤသို့ဆိုလျှင် စာတန်၏ အဆိပ်ဆိုသည်မှာ အဘယ်နည်း။ ယင်းကို မည်သို့ ဖော်ပြနိုင်သနည်း။ ဥပမာအားဖြင့်၊ သင်က “လူများ အဘယ်သို့ အသက်ရှင်နေထိုင်သင့်သနည်း။ လူများသည် အဘယ်အရာအတွက် အသက်ရှင်သင့်သနည်း” ဟု မေးပါက၊ သူတို့က “ကိုယ့်အတွက်ပဲ ကိုယ်ကြည့်။ ဘယ်သူသေသေ ငတေမာပြီးရော” ဟု ဖြေကြလိမ့်မည်။ ဤတစ်ခုတည်းသော စကားစုက ပြဿနာ၏ တကယ့်အရင်းအမြစ်ကို ဖော်ပြလေသည်။ စာတန်၏ အတွေးအခေါ်နှင့် တွေးခေါ်မှုစနစ်တို့သည် လူသားတို့၏ အသက်တာများ ဖြစ်လာပြီဖြစ်သည်။ လူများသည် အဘယ်အရာကို လိုက်စားသည်ဖြစ်စေ ထိုသို့လုပ်ဆောင်ခြင်းသည် မိမိတို့ကိုယ်တိုင်အတွက်သာ ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် မိမိတို့ကိုယ်ကိုအတွက်သာ အသက်ရှင်ကြသည်။ “ကိုယ့်အတွက်ပဲ ကိုယ်ကြည့်။ ဘယ်သူသေသေ ငတေမာပြီးရော” ဟူသော ဤအရာမှာ လူသား၏အသက် ဒဿနအမြင်ဖြစ်ပြီး ယင်းက လူသား၏ သဘာဝကိုလည်း ကိုယ်စားပြုလေသည်။ ဤစကားများသည် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ သဘာဝ၊ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ ဆိုးယုတ်သော သဘာဝ၏ အမှန်တကယ် ပြယုဂ်ဖြစ်လာနှင့်ပြီးဖြစ်သည်။ ဤဆိုးယုတ်သော သဘာဝသည် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ ဖြစ်တည်မှုအတွက် အခြေခံအချက် ဖြစ်လာနှင့်ပြီးဖြစ်သည်။ နှစ်ထောင်ချီကြာသည်အထိ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်သည် လက်ရှိအချိန်ကာလအထိ စာတန်၏ အဆိပ်ဖြင့် အသက်ရှင်ခဲ့ပြီးဖြစ်သည်။ စာတန်လုပ်သမျှအရာတိုင်းသည် သူကိုယ်တိုင်၏ လိုအင်ဆန္ဒ၊ ရည်မှန်းချက်နှင့် ဦးတည်ချက်များအတွက်ဖြစ်သည်။ သူသည် ဘုရားသခင်ကို ကျော်လွန်ချင်သည်။ ဘုရားသခင်ထံမှ လွတ်မြောက်ချင်သည်။ ဘုရားသခင်ဖန်ဆင်းသောအရာအားလုံးကို ချုပ်ကိုင်ချင်သည်။ ယခုအခါတွင် လူတို့သည် စာတန်၏ ဖျက်ဆီးခြင်းကို ခံရသည်အထိဖြစ်လာခဲ့သည်။ ၎င်းတို့အားလုံးတွင် ဆိုးယုတ်သော သဘာဝများရှိသည်။ ၎င်းတို့အားလုံးသည် ဘုရားကို ငြင်းပယ်ပြီး ဆန့်ကျင်ဖို့ ကြိုးစားသည်။ ပြီးလျှင် ၎င်းတို့သည် ၎င်းတို့ကိုယ်တိုင်၏ ကံကြမ္မာကို ထိန်းချုပ်လိုပြီး ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုနှင့် အစီအစဉ်များကို ဆန့်ကျင်ဖို့ ကြိုးစားသည်။ ၎င်းတို့၏ ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒတို့သည် စာတန်နှင့် အတိအကျပင် တူညီသည်။ ထို့ကြောင့် လူသား၏ သဘာဝသည် စာတန်၏ သဘာဝဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ပေတရု၏လမ်းကြောင်းအတိုင်း လျှောက်လှမ်းနည်း
လူသားမျိုးနွယ်သည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်း ခံရသည့်အတွက်၊ လူများ၏သဘာဝသည် တဖြည်းဖြည်း ပိုဆိုးရွားလာပြီး ပုံမှန်လူတို့ ပိုင်ဆိုင်သည့် အသိစိတ်ကို ၎င်းတို့ တဖြည်းဖြည်း ဆုံးရှုံးခဲ့ကြသည်။ ယခုတွင် ၎င်းတို့သည် လူသား၏နေရာတွင် လူသားများကဲ့သို့ ကျင့်ကြံပြုမူခြင်း မရှိကြတော့ဘဲ၊ ပြင်းပြသောဆန္ဒများဖြင့် ပြည့်လျက်ရှိသည်။ ၎င်းတို့သည် လူ၏ အဆင့်အတန်းကို ကျော်လွန်ပြီးကြသော်လည်း သာ၍မြင့်မားဖို့ တမ်းတနေကြဆဲ ဖြစ်သည်။ ဤ “ပို၍မြင့်မားသော” အရာက အဘယ်အရာကို ရည်ညွှန်းသနည်း။ သူတို့သည် ဘုရားသခင်ကို ကျော်လွန်ရန်၊ ကောင်းကင်ကို ကျော်လွန်ရန်နှင့် အခြားအရာခပ်သိမ်းကို ကျော်လွန်ရန် ဆန္ဒရှိကြသည်။ လူတို့သည် ဤသို့သော စိတ်သဘောထားများကို အဘယ်ကြောင့် ထုတ်ဖော်ရသည်ဆိုသည့် အရင်းခံအကြောင်းရင်းတွင် မည်သည့်အရာရှိသနည်း။ အရာရာကို ခြုံငုံသုံးသပ်ရလျှင်၊ လူသား၏ သဘာဝမှာ လွန်ကဲစွာ မာနထောင်လွှားသည်။ “မာနထောင်လွှားခြင်း” ဟူသော စကား၏ အဓိပ္ပာယ်ကို လူအများစုက နားလည်ကြသည်။ ယင်းသည် ရှုတ်ချချိုးနှိမ်သော ဝေါဟာရတစ်ခုဖြစ်သည်။ လူတစ်ယောက်က မာနထောင်လွှားခြင်းကို ထုတ်ဖော်ပြလျှင် အခြားလူများက ထိုသူသည် လူကောင်းတစ်ယောက်မဟုတ်ဟု ထင်ကြသည်။ လူတစ်ယောက်က အလွန်အမင်း မာနထောင်လွှားသည့် အချိန်တိုင်းတွင် အခြားလူများက ထိုသူသည် ဆိုးယုတ်သောသူတစ်ဦးဖြစ်သည်ဟု အစဉ် ယူဆကြသည်။ မည်သူကမျှ ဤဝေါဟာရကို ၎င်းတို့နှင့် တွဲဖက်မထားလိုကြပေ။ သို့သော် အမှန်တွင် လူတိုင်းက မာနထောင်လွှားကြပြီး ဖောက်ပြန်ပျက်စီးသော လူသားများအားလုံး၌ ဤအနှစ်သာရ ရှိကြသည်။ လူအချို့က “ကျွန်ုပ်သည် စိုးစဉ်းမျှ မာနထောင်လွှားခြင်း မရှိပေ။ ကျွန်ုပ်သည် ကောင်းကင်တမန်မင်း မည်သည့်အခါကမျှ မဖြစ်လိုသကဲ့သို့ ဘုရားသခင်ကိုလည်း သာလွန်လိုခြင်း မရှိဖူးပေ သို့မဟုတ် အခြားအရာအားလုံးကိုလည်း သာလွန်လိုခြင်း မရှိဖူးပေ။ ကျွန်ုပ်သည် အထူးသဖြင့် လိမ္မာပြီး တာဝန်သိတတ်သည့် သူတစ်ယောက် အမြဲဖြစ်နေခဲ့ပါသည်။” ဟု ပြောကြသည်။ သေချာပေါက် မဟုတ်ပေ။ ဤစကားများက မမှန်ကန်ပေ။ လူတို့သည် သဘာဝနှင့် အနှစ်သာရတွင် တိုး၍ မာနထောင်လွှားလာသည်နှင့်တစ်ပြိုင်နက်၊ သူတို့သည် ဘုရားသခင်အား မကြာခဏ ပုန်ကန်ပြီး အာခံနိုင်ကြသည်၊ သူ၏ နှုတ်ကပတ်တော်များကို အရေးမစိုက်ဘဲ၊ သူ့အကြောင်း အယူအဆများကို ထားရှိကြသည်၊ သူ့ကို သစ္စာဖောက်သည့်အရာများ လုပ်ဆောင်ကြပြီး မိမိတို့ကိုယ်ကို ချီးမြှောက်ပြီး သက်သေခံသည့် အရာများကို ပြုလုပ်နိုင်ကြသည်။ သင်သည် မာနထောင်လွှားခြင်းမရှိဟု ပြောသော်လည်း အသင်းတော်တစ်ပါးကို သင့်အား ပေးပြီး ဦးဆောင်ခွင့်ပြုသည် ဆိုကြပါစို့၊ ငါသည် သင့်ကို ပြုပြင်ခြင်း မရှိခဲ့သကဲ့သို့၊ ဘုရားသခင်၏ မိသားစုထဲမှ မည်သူမျှ သင့်ကို ဝေဖန်ခြင်း၊ ကူညီခြင်းမရှိခဲ့ဟု ဆိုကြပါစို့။ ထိုအသင်းတော်ကို ခဏကြာ ဦးဆောင်ပြီးသည့်နောက်တွင် သင်သည် သင့်အား လူတို့လေးစားပြီး ကြောက်ရွံ့သည့် အဆင့်အထိပင် ၎င်းတို့ကို သင့်ခြေသို့ ဆောင်ကြဉ်းမည်ဖြစ်ပြီး၊ သင်၏ ရှေ့တွင် နာခံစေမည် ဖြစ်သည်။ အဘယ်ကြောင့် သင်ထိုသို့ပြုမိမည်နည်း။ ဤသည်ကို သင်၏သဘာဝက သတ်မှတ်ပေမည်။ ယင်းမှာ သဘာဝအလျောက် ထုတ်ဖော်ခြင်းမှတစ်ပါး အခြားအရာဖြစ်မည် မဟုတ်ပေ။ သင်သည် ဤအရာကို အခြားသူများထံမှ မလိုအပ်ပေ၊ သို့မဟုတ် ၎င်းတို့က သင့်အား သင်ပေးဖို့ လိုအပ်မှုတစ်စုံတစ်ရာ မရှိပေ။ သင်သည် ဤအရာတစ်ခုကို လုပ်ဆောင်ဖို့ အခြားသူများက သင့်အား ညွှန်ကြားဖို့၊ သို့မဟုတ် အတင်းအကျပ်ခိုင်းဖို့ မလိုအပ်ပေ။ ဤသို့သော အခြေအနေမျိုးသည် အလိုအလျောက် ဖြစ်လာပေသည်။ သင်လုပ်သမျှသည် လူတို့ကို သင့်အား ချီးမြှောက်စေခြင်း၊ သင့်အား ချီးမွမ်းစေခြင်း၊ သင့်အား ကိုးကွယ်စေခြင်း၊ သင့်အား နာခံစေခြင်းနှင့် အရာခပ်သိမ်းတွင် သင်ပြောသည့်အရာကို နားထောင်စေခြင်းတို့ဖြစ်သည်။ သင့်အား ခေါင်းဆောင်ဖြစ်ခွင့်ပေးခြင်းသည် ဤအခြေအနေကို အလိုအလျောက် ဖြစ်စေသည်။ ယင်းကို ပြောင်းလဲ၍ မရနိုင်ချေ။ ဤအခြေအနေများမှာ အဘယ်သို့ဖြစ်လာသနည်း။ ယင်းတို့ကို လူသား၏ မာနထောင်လွှားသော သဘာဝက ချမှတ်ထားခြင်း ဖြစ်သည်။ မာနထောင်လွှားမှု၏သရုပ်သကန်မှာ ဘုရားသခင်ကို ပုန်ကန်ခြင်းနှင့် ဆန့်ကျင်ခြင်းဖြစ်၏။ လူတို့မာနထောင်လွှား၍ စိတ်ကြီးဝင်ကာ မိမိဘာသာ ဖြောင့်မတ်သည်ဟု ထင်နေသောအခါ ၎င်းတို့သည် ၎င်းတို့ကိုယ်တိုင်၏ သီးခြား နိုင်ငံတော်များကို တည်ထောင်ကာ ၎င်းတို့လိုချင်သည့်အတိုင်း လုပ်ဆောင်လေ့ရှိကြ၏။ အခြားသူများကိုလည်း ၎င်းတို့၏ လက်ထဲသို့ဆွဲသွင်းကာ ၎င်းတို့၏ ပိုက်ထွေးမှုအတွင်း ဆွဲသွင်းကြ၏။ လူတို့သည် ဤကဲ့သို့ မာနထောင်လွှားသောအရာများကို လုပ်ကိုင်နိုင်သောကြောင့်၊ ယင်းမှာ ၎င်းတို့၏ မာနထောင်လွှားသော သဘာဝ၏ အနှစ်သာရမှာ စာတန်၏ အနှစ်သာရဖြစ်သည်ကိုသာ သက်သေပြသည်။ ယင်းမှာ ကောင်းကင်တမန်မင်း၏အနှစ်သာရဖြစ်သည်။ ၎င်းတို့၏ မာနထောင်လွှားမှုနှင့် စိတ်ကြီးဝင်မှုသည် အဆင့်တစ်ရပ်သို့ ရောက်သည့်အခါ၊ ၎င်းတို့၏ စိတ်နှလုံးတွင် ဘုရားသခင်အတွက် နေရာတစ်နေရာမရှိတော့ဘဲ ဘုရားသခင်ကို ဘေးဖယ်ထားသည်။ ထို့နောက်တွင် ၎င်းတို့သည် ဘုရားဖြစ်လိုသည်။ လူတို့ကို ၎င်းတို့အား နာခံစေချင်သည်။ ၎င်းတို့သည် ကောင်းကင်တမန်မင်းဖြစ်လာသည်။ သင်၌ ဤသို့ ဆိုးယုတ်သည့် မာနထောင်လွှားသော သဘာဝရှိပါက သင်၏စိတ်နှလုံးထဲတွင် ဘုရားသခင်အတွက် နေရာရှိမည် မဟုတ်ပေ။ သင်သည် ဘုရားသခင်ကို ယုံကြည်လျှင်ပင် ဘုရားသခင်သည် သင့်အား အသိအမှတ်ပြုတော့မည်မဟုတ်ဘဲ သင့်အား ဆိုးယုတ်သောသူတစ်ဦးအဖြစ် ရှုမြင်ပြီး ဖယ်ရှားရှင်းလင်းလိမ့်မည်။
—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ မာနထောင်လွှားသော သဘာဝတစ်ခုသည် ဘုရားသခင်အပေါ် လူသား၏ခုခံခြင်း၏ အရင်းအမြစ်၌ ရှိသည်
လူတို့သည် ခေါင်းမာသော စိတ်သဘောထားတစ်ခုရှိသောအခါ ၎င်းတို့အတွင်းတွင် မည်သည့်အခြေအနေမျိုးရှိသနည်း။ အဓိကအားဖြင့် ၎င်းတို့သည် ခေါင်းမာပြီး မိမိကိုယ်ကို အမှန်ထင်ကြသည်။ ၎င်းတို့သည် အစဉ်သဖြင့် ၎င်းတို့၏ ကိုယ်ပိုင်အယူအဆများကို ဖက်တွယ်ထားပြီး၊ ၎င်းတို့ပြောသည့်အရာက မှန်သည်ဟု အစဉ် ထင်မြင်ကြသည်။ ၎င်းတို့သည် လုံးလုံးပင် အလျှော့ပေးခြင်းမရှိသကဲ့သို့ မိမိအမြင်ကိုသာ စွဲကိုင်ထားသည်။ ဤသည်မှာ ခေါင်းမာသော သဘောထားဖြစ်သည်။ ၎င်းတို့သည် ပျက်နေသော ဓါတ်ပြားကဲ့သို့ မည်သူ့ကိုမျှ နားမထောင်ဘဲ လမ်းကြောင်းတစ်ခုအပေါ်တွင်သာ မပြောင်းမလဲဘဲ ကပ်တွယ်နေပြီး မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ ၎င်းတို့နှင့်အတူ လုပ်ဆောင်ရန် မရမကပြောဆိုသည်။ ဤတွင် နောင်တမရခြင်းအချို့ရှိသည်။ “ဝက်သေကောင်များသည် ပွက်ပွက်ဆူနေသောရေကို မကြောက်” ဟူသည့် ဆိုရိုးစကားအတိုင်းပင် ဖြစ်သည်။ လူတို့သည် မည်သည့်အရာကို လုပ်ဆောင်ခြင်းက မှန်ကန်သည်ကို ကောင်းစွာသိသော်လည်း မလုပ်ဆောင်ကြပေ။ သမ္မာတရားကို လက်ခံရန် ခိုင်မာစွာ ငြင်းဆန်ကြသည်။ ဤသည်မှာ ခေါင်းမာခြင်းဖြစ်သော စိတ်သဘောထားတစ်မျိုးဖြစ်သည်။ ခေါင်းမာသော စိတ်သဘောထားကို မည်သည့်အခြေအနေမျိုးတွင် သင်တို့ ဖွင့်ပြသနည်း။ သင်တို့ မကြာခဏ ခေါင်းမာကြသလော။ (ခေါင်းမာပါသည်။) မကြာခဏ ခေါင်းမာသည်။ ခေါင်းမာခြင်းက သင်၏ စိတ်သဘောထားဖြစ်သောကြောင့် သင်ဖြစ်တည်နေသည့် နေ့ရက်တိုင်း၏ စက္ကန့်တိုင်းတွင် ဤအရာက သင်နှင့်အတူပါရှိသည်။ ခေါင်းမာခြင်းသည် လူတို့အား ဘုရားသခင်ရှေ့သို့ မလာရောက်နိုင်အောင် တားဆီးသည်။ သမ္မာတရားအား လက်မခံနိုင်အောင် တားဆီးသည်။ သမ္မာတရား စစ်မှန်မှုအတွင်းသို့ မဝင်ရောက်နိုင်အောင် တားဆီးသည်။ သင်သည် သမ္မာတရား စစ်မှန်မှုသို့ မဝင်ရောက်နိုင်လျှင် သင့် စိတ်သဘောထား၏ ဤကဏ္ဍတွင် ပြောင်းလဲခြင်း ဖြစ်ပေါ်နိုင်သလော။ အလွန် ခက်ခဲလိမ့်မည်။ ခေါင်းမာသော သင်တို့ စိတ်သဘောထား၏ ဤကဏ္ဍတွင် ယခု ပြောင်းလဲမှုတစ်ခုခုရှိသလော။ ပြီးလျှင် ပြောင်းလဲမှု မည်မျှရှိသနည်း။ ဥပမာ သင်သည် အလွန်အမင်း ခေါင်းမာလေ့ရှိခဲ့သည် ဆိုပါစို့။ သို့သော် ယခုအခါ သင့်တွင် အပြောင်းအလဲ အနည်းငယ်ရှိသည်။ ပြဿနာအချို့ကို သင်ကြုံရသောအခါ သင်၏ စိတ်နှလုံးတွင် အသိတရားအချို့ရှိပြီး “ငါသည် ဤကိစ္စတွင် သမ္မာတရားအချို့ကို လက်တွေ့လုပ်ဆောင်ရမည်။ ဘုရားသခင်က ဤခေါင်းမာသော စိတ်သဘောထားကို ဖော်ထုတ်ပြီးဖြစ်သောကြောင့်၊ ငါသည် ဤအရာကို ကြားခဲ့ပြီး ယခုတွင် သိမြင်သောကြောင့် ပြောင်းလဲရမည်။ ယခင်က ဤသို့သောအရာမျိုးကို အကြိမ်အနည်းငယ်ကြုံတွေ့သောအခါ ငါ၏ ဇာတိပကတိအတိုင်း လိုက်လုပ်ခဲ့ပြီး ကျရှုံးခဲ့သည်။ ဤအရာနှင့်ပတ်သက်၍ ငါ ဝမ်းမသာပါ။ ယခုအခါတွင် သမ္မာတရားကို ငါ လက်တွေ့လုပ်ဆောင်ရမည်” ဟူ၍ သင့်ကိုယ်သင် ပြောသည်။ ဤသို့ ပြင်းပြသော ဆန္ဒတစ်ခုဖြင့်ဆိုလျှင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် ဖြစ်နိုင်ခြေရှိသည်။ ဤသည်မှာ ပြောင်းလဲခြင်းဖြစ်သည်။ သင်သည် အချိန်တစ်ခုကြာ ဤသို့ တွေ့ကြုံသောအခါ၊ သမ္မာတရားများကို ပို၍ လက်တွေ့လုပ်ဆောင်နိုင်သောအခါ၊ ဤသို့ဖြင့် ပို၍ ကြီးမားသော ပြောင်းလဲမှုများဖြစ်စေသောအခါ၊ သင်၏ ပုန်ကန်သော၊ ခေါင်းမာသော စိတ်သဘောထားများသည် မိမိတို့ဘာသာ ထုတ်ဖော်ပြမှု နည်းသည်ထက် နည်းလာသည့်အခါ၊ သင်၏ အသက်စိတ်သဘောထားတွင် ပြောင်းလဲခြင်းတစ်ခုရှိသလော။ သင်၏ ပုန်ကန်သော စိတ်သဘောထားသည် ယခင်ထက်ပို၍ သိသိသာသာ လျော့နည်းလာလျှင်၊ ဘုရားသခင်အပေါ် သင်၏ ကျိုးနွံနာခံခြင်းက အစဉ်ပို၍ ကြီးမားလာလျှင် စစ်မှန်သော ပြောင်းလဲခြင်းရှိသည်။
—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ခြောက်မျိုးကို သိခြင်းကသာ စစ်မှန်သော မိမိကိုယ်ကိုယ် သိခြင်းဖြစ်သည်
သမ္မာတရားအား စိတ်ကုန်ခြင်းဆိုသည်မှာ သမ္မာတရားနှင့် အပြုသဘောဆောင်သောအရာများအပေါ် စိတ်ဝင်စားမှုကင်းမဲ့ခြင်း၊ ရွံမုန်းခြင်းကို အဓိကအားဖြင့် ရည်ညွှန်းသည်။ သမ္မာတရားအား မနှစ်သက်ခြင်းဆိုသည်မှာ လူတို့သည် သမ္မာတရားကို နားလည်နိုင်ပြီး အပြုသဘောဆောင်သောအရာများက မည်သည့်အရာဖြစ်သည်ကို သိနိုင်သော်လည်း သမ္မာတရားနှင့် အပြုသဘောဆောင်သောအရာများကို အတိုက်အခံဖြစ်သော၊ ဝတ်ကျေတမ်းကျေဆန်သော၊ ရွံမုန်းသော၊ ဝေ့ဝိုက်၍ ပြုလုပ်သော၊ စိတ်မဝင်စားသော သဘောထား၊ အခြေအနေဖြင့် ဆက်ဆံသောအခါတွင်ဖြစ်သည်။ ဤသည်မှာ သမ္မာတရားအား မနှစ်သက်ခြင်း စိတ်သဘောထားဖြစ်သည်။ ဤစိတ်သဘောထားမျိုးသည် လူတိုင်းတွင် တည်ရှိသလော။ လူအချို့က “ဘုရားနှုတ်ကပတ်တော်သည် သမ္မာတရားဖြစ်သည်ကို ကျွန်ုပ်သိသော်လည်း မနှစ်သက်သေးပါ၊ သို့မဟုတ် လက်မခံသေးပါ၊ သို့မဟုတ် အနည်းဆုံးအနေဖြင့် ယခုအချိန်တွင် လက်မခံနိုင်ပါ” ဟု ဆိုကြသည်။ ဤသည်မှာ မည်သို့ဖြစ်သနည်း။ ဤသည်မှာ သမ္မာတရားအား မနှစ်သက်ခြင်းဖြစ်သည်။ ၎င်းတို့အတွင်းတွင်ရှိသော စိတ်သဘောထားသည် ၎င်းတို့အား သမ္မာတရားကို လက်ခံခွင့်မပြုပေ။ သမ္မာတရားအား လက်မခံခြင်းကို အသေးစိတ်ကျသော သရုပ်သကန်များမှာ အဘယ်နည်း။ လူအချို့က “သမ္မာတရားအားလုံးကို ကျွန်ုပ်နားလည်သည်။ သို့သော် ထိုအရာများကို လက်တွေ့မလုပ်ဆောင်နိုင်ခြင်းသာ ဖြစ်သည်” ဟု ဆိုသည်။ ဤအရာက ထိုသူသည် သမ္မာတရားအား မနှစ်သက်သည်ကိုလည်းကောင်း၊ သမ္မာတရားအား မချစ်သည်ကိုလည်းကောင်း၊ ဤအတွက်ကြောင့် မည်သည့်သမ္မာတရားကိုမျှ လက်တွေ့မလုပ်ဆောင်နိုင်သည်ကိုလည်းကောင်း ထုတ်ဖော်သည်။ လူအချို့က “ငွေများစွာကို ကျွန်ုပ်ရှာနိုင်ခြင်းသည် ဘုရားသခင် အချုပ်အခြာအာဏာ စွဲကိုင်ထားသော အရာတစ်ခု ဖြစ်သည်။ ဘုရားသခင်က ကျွန်ုပ်ကိုအမှန်တကယ် ကောင်းချီးပေးခဲ့သည်။ ဘုရားသခင်သည် ကျွန်ုပ်အပေါ် အလွန်ကောင်းသည်။ ကြီးစွာသော ကြွယ်ဝချမ်းသာမှုများကို ပေးသည်။ ကျွန်ုပ်၏ တစ်မိသားစုလုံးသည် ကောင်းစွာ ဝတ်စားဆင်ယင်ပြီး ကောင်းစွာ စားသောက်ရသည်။ သူတို့သည် အဝတ်အစားများ၊ အစားအစာများကို အလိုမရှိကြပါ” ဟု ဆိုကြသည်။ ၎င်းတို့သည် ဘုရားသခင်က ကောင်းချီးပေးခြင်းခံရသည်ကို မြင်ပြီး ၎င်းတို့၏ စိတ်နှလုံးတွင် ဘုရားသခင်ကို ကျေးဇူးတင်ကြသည်။ ဤအရာအားလုံးကို ဘုရားသခင်က အုပ်စိုးသည်ကို သိကြသည်။ ၎င်းတို့သည် ဘုရားသခင်က ကောင်းချီးပေးခြင်းကို မခံခဲ့ရလျှင်၊ ၎င်းတို့၏ ကိုယ်ပိုင် ပင်ကိုစွမ်းရည်များကို အမှီပြုခဲ့ရမည်ဆိုလျှင် ဤငွေအားလုံးကို လုံးဝ ရရှိမည်မဟုတ်သည်ကို သိကြသည်။ ဤသည်မှာ ၎င်းတို့၏ စိတ်နှလုံးတွင် အမှန်တကယ် စဉ်းစားသည့်အရာ၊ အမှန်တကယ် သိမြင်သည့်အရာဖြစ်ပြီး ဘုရားသခင်အား အမှန်တကယ် ကျေးဇူးတင်ကြသည်။ သို့သော် ၎င်းတို့၏ စီးပွားရေး ကျရှုံးသောနေ့ရက်၊ ၎င်းတို့အတွက် အခက်အခဲဖြစ်ပြီး ဆင်းရဲခြင်းကို ခံစားရသောနေ့ရက် ရောက်လာသည်။ ဤသည်မှာ အဘယ်ကြောင့်နည်း။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် သက်သာခြင်းကို တပ်မက်သည်။ ၎င်းတို့တာဝန်အား မည်သို့ မှန်မှန်ကန်ကန် ထမ်းဆောင်ရမည်ကို မတွေးကြ။ ချမ်းသာကြွယ်ဝမှုနောက်သို့ လိုက်လျက်၊ ငွေ၏ ကြေးကျွန်ဖြစ်လျက်ဖြင့် ၎င်းတို့၏ အချိန်အားလုံးကို ကုန်ဆုံးကြသည်။ ဤအရာသည် ၎င်းတို့၏ တာဝန်ထမ်းဆောင်မှုကို ထိခိုက်သည်။ ထို့ကြောင့် ဘုရားသခင်က ၎င်းတို့ထံမှ ဤအရာကို ဖယ်ရှားသည်။ ၎င်းတို့၏ စိတ်နှလုံးတွင် ဘုရားသခင်က ၎င်းတို့အား များစွာ ကောင်းချီးပေးခဲ့သည်၊ များစွာ ပေးအပ်ခဲ့သည်ကို ၎င်းတို့သိသည်။ သို့တိုင်အောင် ၎င်းတို့သည် ဘုရားသခင်၏ ချစ်ခြင်းကို ပြန်ပေးဆပ်ရန် ဆန္ဒမရှိကြပေ။ အပြင်ထွက်ပြီး ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်ဖို့ ဆန္ဒမရှိကြသကဲ့သို့ တွန့်ဆုတ်နေပြီး အဖမ်းခံရမည်ကို အစဉ်မပြတ် ကြောက်ရွံ့ကြသည်။ ပြီးလျှင် ၎င်းတို့သည် ဤချမ်းသာကြွယ်ဝမှုများနှင့် သာယာမှုများအားလုံးအား ဆုံးရှုံးရမည်ကို ကြောက်ကြသည်။ ရလဒ်အနေဖြင့် ဘုရားသခင်က ထိုအရာများကို ၎င်းတို့ထံမှ ဖယ်ရှားလေသည်။ ၎င်းတို့၏ စိတ်နှလုံးသည် မှန်ကဲ့သို့ ကြည်လင်ပြတ်သားနေသည်။ ဘုရားသခင်က ထိုအရာများကို ၎င်းတို့ထံမှ ယူဆောင်သွားသည်ကိုလည်းကောင်း၊ ၎င်းတို့သည် ဘုရားသခင်၏ ပဲ့ပြင်ဆုံးမခြင်းကို ခံရသည်ကိုလည်းကောင်း ၎င်းတို့ သိသည်။ ထို့ကြောင့် ၎င်းတို့သည် ဘုရားသခင်အား ဆုတောင်းပြီး “အို ဘုရားသခင် ကိုယ်တော်သည် ကျွန်ုပ်အား တစ်ကြိမ်ကောင်းချီးပေးခဲ့သည်။ ထို့ကြောင့် ကိုယ်တော်သည် ကျွန်ုပ်အား ဒုတိယအကြိမ် ကောင်းချီးပေးနိုင်ပါသည်။ ကိုယ်တော်၏ ဖြစ်တည်မှုက ထာဝရဖြစ်သည်။ ထို့ကြောင့် ကိုယ်တော်၏ ကောင်းချီးများသည်လည်း လူသားမျိုးနွယ်နှင့်အတူရှိသည်။ ကိုယ်တော်အား ကျွန်ုပ်ကျေးဇူးတင်ပါသည်။ ကိုယ်တော်၏ ကောင်းချီးများနှင့် ကတိတော်သည် ပြောင်းလဲမည်မဟုတ်ပါ။ ကိုယ်တော်သည် ကျွန်ုပ်ထံမှ ယူဆောင်လျှင် ကျွန်ုပ်သည် ကျိုးနွံနာခံဆဲ ဖြစ်ပါလိမ့်မည်” ဟူ၍ ပြောသည်။ သို့သော် “ကျိုးနွံနာခံခြင်း” ဆိုသည့်စကားသည် ၎င်းတို့၏ နှုတ်တွင် အနှစ်မဲ့နေသည်။ ကျိုးနွံနာခံနိုင်သည်ဟု ၎င်းတို့၏ နှုတ်ကဆိုသည်။ သို့သော် ထို့နောက်တွင် ၎င်းတို့သည် ထိုအရာကို စဉ်းစားပြီး တစ်စုံတစ်ခုကို သဘောမကျကြပေ။ “ယခင်က အခြေအနေ အလွန်ကောင်းခဲ့သည်။ အဘယ်ကြောင့် ဘုရားသခင်က အားလုံးကို ယူဆောင်သွားသနည်း။ အိမ်တွင်နေပြီး တာဝန်ထမ်းဆောင်ခြင်းသည် အပြင်ထွက်၍ တာဝန်ထမ်းဆောင်ခြင်းနှင့် မတူညီသလော။ ငါသည် မည်သည့်အရာကို နှောင့်နှေးနေစေသနည်း” ဟူ၍ ဖြစ်သည်။ ၎င်းတို့သည် အစဉ်သဖြင့် အတိတ်ကို ထပ်တလဲလဲ ပြန်လည်တွေးတောသည်။ ၎င်းတို့သည် ဘုရားသခင်အပေါ် သဘောမကျ၊ မကျေမနပ်ဖြစ်သည့် ပုံစံမျိုးရှိသည်။ ပြီးလျှင် စဉ်ဆက်မပြတ် စိတ်ဓာတ်ကျသည်။ ဘုရားသခင်က ၎င်းတို့၏ စိတ်နှလုံးတွင်ရှိသေးသလော။ ၎င်းတို့၏ စိတ်နှလုံး၌ ရှိသောအရာသည် ငွေ၊ ရုပ်ဝတ္ထုဆိုင်ရာ သက်သာမှုများနှင့် ထိုကောင်းစားသောအချိန်များဖြစ်သည်။ ၎င်းတို့၏ စိတ်နှလုံးတွင် ဘုရားသခင်က နေရာလုံးဝ မရှိပေ။ ဘုရားသခင်သည် ၎င်းတို့၏ ဘုရားမဟုတ်တော့ပေ။ “ဘုရားသခင်က ပေးအပ်ပြီး ဘုရားသခင်က ယူဆောင်သွားသည်” ဆိုသည်မှာ အမှန်တရားဖြစ်သည်ကို ၎င်းတို့ သိသော်လည်း “ဘုရားသခင်က ပေးအပ်သည်” ဆိုသည့် စကားကို ၎င်းတို့ နှစ်သက်ပြီး “ဘုရားသခင်က ယူဆောင်သွားသည်” ဆိုသည့် စကားကို မနှစ်သက်ကြပေ။ သမ္မာတရားအား ၎င်းတို့ လက်ခံခြင်းသည် ရွေးချယ်လက်ခံခြင်းဖြစ်သည်မှာ ထင်ရှားသည်။ ဘုရားသခင်က ၎င်းတို့ကို ကောင်းချီးပေးသောအခါ ၎င်းတို့က သမ္မာတရားအဖြစ် လက်ခံပြီး ဘုရားသခင်က ၎င်းတို့ထံမှ ယူဆောင်သည်နှင့်တစ်ပြိုင်နက် ၎င်းတို့က လက်မခံနိုင်ပေ။ ၎င်းတို့သည် ဘုရားသခင်ထံမှ ထိုသို့သော အချုပ်အခြာအာဏာကို လက်မခံနိုင်ကြပေ။ ထိုအစား ၎င်းတို့သည် အတိုက်အခံဖြစ်ပြီး စိတ်မကျေမနပ်ဖြစ်လာကြသည်။ ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်ရန် စေခိုင်းခြင်းခံရသောအခါ၊ ၎င်းတို့က “ဘုရားသခင်က ကျွန်ုပ်ကိုကောင်းချီးများပေးပြီး ကျေးဇူးတော်ချပေးလျှင် ကျွန်ုပ်ထမ်းဆောင်မည်။ ဘုရားသခင်၏ ကောင်းချီးများမရှိဘဲ ကျွန်ုပ်၏ မိသားစုက ထိုသို့သော ဆင်းရဲသည့်အခြေအနေ၌ ရှိနေစဉ်တွင် ကျွန်ုပ်သည် ကျွန်ုပ်တာဝန်ကို အဘယ်သို့ထမ်းဆောင်ရမည်နည်း။ မထမ်းဆောင်ချင်ပါ”ဟု ဆိုသည်။ ဤသည်မှာ မည်သည့် စိတ်သဘောထားဖြစ်သနည်း။ ၎င်းတို့၏ စိတ်နှလုံးတွင် ဘုရားသခင်၏ ကောင်းချီးများနှင့် ဘုရားသခင်က ၎င်းတို့အား များစွာ ပေးအပ်ခဲ့ပုံကို ကိုယ်တိုင်ကိုယ်ကျ တွေ့ကြုံရသော်လည်း ဘုရားသခင်က ၎င်းတို့ထံမှ ယူဆောင်သွားသောအခါ လက်ခံလိုစိတ်မရှိကြပေ။ ဤသည်မှာ အဘယ်ကြောင့်နည်း။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် ငွေကြေးနှင့် ၎င်းတို့၏ သက်သာသော ဘဝကို လက်မလွှတ်နိုင်သောကြောင့်ဖြစ်သည်။ ၎င်းတို့သည် ဤအရာကို စိတ်ဆိုးလျက် စောဒကတက်ခြင်းမရှိနိုင်သော်လည်း၊ ဘုရားသခင်ထံ လက်ဖြန့်မတောင်းနိုင်သော်လည်း၊ ၎င်းတို့၏ ကိုယ်ပိုင်အားစိုက်ထုတ်မှုကို အမှီပြုပြီး ၎င်းတို့၏ ယခင်က ပိုင်ဆိုင်သောပစ္စည်းများကို ပြန်လည်ကြိုးပမ်းရယူဖို့ မကြိုးစားကောင်း မကြိုးစားနိုင်သော်လည်း ဘုရားသခင်၏ လုပ်ရပ်များအပေါ် စိတ်ပျက်အားလျော့သွားကြပြီဖြစ်သည်။ ၎င်းတို့သည် လုံးဝ လက်ခံနိုင်စွမ်းမရှိဘဲ “ဘုရားသခင်က ဤသို့ လုပ်ဆောင်ရသည်မှာ အလွန်ပင် ငဲ့ကွက်မှုမရှိခြင်းဖြစ်သည်။ သဘောပေါက်နားလည်၍မရပေ။ ကျွန်ုပ်သည် အဘယ်သို့ ဘုရားသခင်အား ဆက်၍ ယုံကြည်နိုင်မည်နည်း။ သူသည် ဘုရားသခင်ဖြစ်သည်ဟု ကျွန်ုပ်အသိအမှတ်မပြုလိုတော့ပါ။ သူသည် ဘုရားသခင်ဖြစ်သည်ဟု ကျွန်ုပ်အသိအမှတ်မပြုလျှင် သူသည် ဘုရားသခင်မဟုတ်ပါ” ဟူ၍ ပြောသည်။ ဤသည်မှာ စိတ်သဘောထား တစ်မျိုးဖြစ်သလော။ (ဟုတ်ပါသည်။) စာတန်တွင် ဤစိတ်သဘောထားမျိုးရှိသည်။ စာတန်က ဘုရားသခင်အား ဤသို့ ငြင်းဆန်သည်။ ဤစိတ်သဘောထားမျိုးသည် သမ္မာတရားအား မနှစ်သက်ခြင်း၊ သမ္မာတရားအား မုန်းတီးခြင်း စိတ်သဘောထားဖြစ်သည်။ လူတို့သည် သမ္မာတရားအား ဤအတိုင်းအတာအထိ မနှစ်သက်သောအခါ ထိုအရာက ၎င်းတို့အား မည်သည့်အရာကို ဖြစ်စေသနည်း။ ဘုရားသခင်ကို ဆန့်ကျင်စေပြီး အဆုံးတိုင်အောင် ဘုရားသခင်အား ခေါင်းမာစွာဖြင့် ဆန့်ကျင်စေသည်။ ယင်းမှာ ၎င်းတို့အတွက် အရာအားလုံး ပြီးဆုံးသွားပြီဆိုသည့် သဘောဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ခြောက်မျိုးကို သိခြင်းကသာ စစ်မှန်သော မိမိကိုယ်ကိုယ် သိခြင်းဖြစ်သည်
ရက်စက်သော စိတ်သဘောထားရှိသည့်လူများသည် အခြားလူများကို အမြဲ ထိန်းချုပ်ချင်ကြသည်။ လူတို့ကို ထိန်းချုပ်ခြင်းသည် မည်သည့်အရာကို ဆိုလိုသနည်း။ ထိုအရာမှာ သင့်ကို အချို့သော စကားများ မပြောအောင် တားမြစ်ခြင်းသာ ဖြစ်သလော။ နည်းလမ်းတစ်ခုခုဖြင့် မစဉ်းစားအောင် သင့်ကို တားမြစ်ခြင်းသာ ဖြစ်သလော။ သေချာပေါက် မဟုတ်ချေ။ စကားတစ်ခွန်း သို့မဟုတ် အတွေးတစ်ခုနှင့်ဆိုင်သည့် ပြဿနာ မဟုတ်သည်မှာ သေချာသည်။ ၎င်းတို့၏ စိတ်သဘောထား ရက်စက်ခြင်းသာ ဖြစ်သည်။ “ရက်စက်သော”ဟူသည့် စကားလုံးအရ ၎င်းက ဤစိတ်သဘောထားကို ထုတ်ဖော်သည့်အခါ လူတစ်ဦး လုပ်ဆောင်မည့်အရာများမှာ အဘယ်နည်း။ ဦးစွာပထမ ၎င်းတို့သည် လူတို့ကို ကြိုးကိုင်ညွှန်ကြားချင်ကြလိမ့်မည်။ ကြိုးကိုင်ညွှန်ကြားခြင်းဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ အသင်းတော်တွင် မည်သည့်အရာ ဖြစ်ပျက်သည်ဖြစ်စေ ၎င်းတို့က စွက်ဖက်ချင်ကြလိမ့်မည်၊ ကြားဝင်နှောင့်ယှက်ကာ အစီအစဉ်များ ပြုလုပ်ချင်ကြလိမ့်မည်ဟု ဆိုလိုသည်။ ၎င်းတို့က သင့်အတွက် စည်းမျဉ်းတစ်ခု ချမှတ်လိမ့်မည်ဖြစ်ပြီး ထို့နောက် သင်က ထိုစည်းမျဉ်းကို စောင့်ထိန်းရလိမ့်မည်။ သင် မစောင့်ထိန်းလျှင် ၎င်းတို့ ဒေါသထွက်ကြလိမ့်မည်။ ၎င်းတို့က သင့်ကို ကြိုးကိုင်ညွှန်ကြားချင်ကြသည်။ သင့်ကို အရှေ့အရပ်သို့ သွားရန် ၎င်းတို့ ပြောလျှင် သင် အရှေ့အရပ်သို့ သွားရမည်ဖြစ်ပြီး အနောက်အရပ်သို့ သွားရန် ပြောလျှင် အနောက်အရပ်သို့ သင် သွားရမည်ဖြစ်သည်။ ၎င်းတို့တွင် ဤစိတ်ဆန္ဒရှိကြပြီး ဤသို့ ပြုမူဆောင်ရွက်ကြသည်။ ဤသည်ကို ကြိုးကိုင်ညွှန်ကြားခြင်းဟု ခေါ်သည်။ ဤလူတစ်ဦး၏ စိတ်၊ စိတ်ကူးများ၊ နှစ်သက်မှုများနှင့် ဆန္ဒများက ဘုရားသခင် ပြောဆိုသည့်အရာနှင့် ကိုက်ညီသည်ထက် ၎င်းတို့ ပြောဆိုသည့်အရာ၊ အလိုရှိသည့်အရာတို့နှင့် ကိုက်ညီရန်အလို့ငှာ ဤလူများသည် ထိုလူ၏ကံကြမ္မာကို ကြီးကြပ်ချင်ကြသည်၊ ထိုလူ၏ ဘဝ၊ စိတ်၊ အပြုအမူနှင့် နှစ်သက်မှုများကို ကြီးကြပ်ကာ ထိန်းချုပ်ချင်ကြသည်။ ဤအရာကို ကြိုးကိုင်ညွှန်ကြားခြင်းဟု ခေါ်သည်။ ၎င်းတို့သည် မိမိတို့ အလိုဆန္ဒအတိုင်း ဤအရာ၊ သို့မဟုတ် ထိုအရာလုပ်ဆောင်ရန် လူတို့အတွက် အမြဲ စီစဉ်လိုကြသည်။ စည်းမျဉ်းများကို အခြေခံ၍ ပြုမူဆောင်ရွက်ခြင်း မရှိကြဘဲ ၎င်းတို့၏ ကိုယ်ပိုင် ရည်ရွယ်ချက်များနှင့် နှစ်သက်မှုများကို အခြေခံ၍ ပြုမူဆောင်ရွက်ကြသည်။ သင် မည်သို့ခံစားရမည်ကို ၎င်းတို့ ဂရုမစိုက်ကြ၊ သင့်ကို အဓမ္မ အမိန့်ပေးကြပြီး ၎င်းတို့က သင့်ကို လုပ်ရန် စေခိုင်းသည့် မည်သည့်အရာကိုမဆို သင် လုပ်ဆောင်ရမည်ဖြစ်သည်။ ၎င်းတို့၏ အလိုဆန္ဒအတိုင်း သင် ပြုမူဆောင်ရွက်ခြင်း မရှိလျှင် သင့်ကို ၎င်းတို့ ကိုင်တွယ်လိမ့်မည်ဖြစ်ကာ သင့်ထံတွင် အမှန်တကယ် ရွေးချယ်စရာမရှိသကဲ့သို့ မည်သည့်အရာမျှ လုပ်ဆောင်၍မရဟု ခံစားစေလိမ့်မည်။ သင့်အနေဖြင့် ညာခိုင်းခံရကာ ထိန်းချုပ်ခံရကြောင်း သင်၏ စိတ်နှလုံးတွင် သင် သိသော်လည်း ထိုအရာအား အတိုက်အခံလုပ်ရန် မဆိုထားနှင့်၊ မည်သို့ ပိုင်းခြားသိမြင်ရမည်ကို သင် မသိသေးချေ။ ၎င်းတို့၏ လုပ်ရပ်များသည် စာတန်၏ အပြုအမူ ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤသည်မှာ စာတန်၏ အပြုအမူဖြစ်သည်။ စာတန်က လူတို့ကို ဤကဲ့သို့ အရူးလုပ်ပြီး ဤကဲ့သို့ လူများကို ထိန်းချုပ်သည်။ ထို့ကြောင့် စာတန်ဆန်သော စိတ်သဘောထားတစ်ခုသည် အခြားသူများကို ထိန်းချုပ်ကာ ကြိုးကိုင်ညွှန်ကြားရန် အစဉ်သဖြင့် ကြိုးစားစဉ် လူတို့တွင် ယင်းဘာသာ ထင်ရှားလေသည်။ အခြားသူများကို ထိန်းချုပ်ကာ ကြိုးကိုင်ညွှန်ကြားခြင်းနှင့်ဆိုင်သည့် ဤရည်မှန်းချက်ကို ၎င်းတို့ စွမ်းဆောင်ရရှိသည်ဖြစ်စေ၊ မရရှိသည်ဖြစ်စေ လူအားလုံးတွင် ဤစိတ်သဘောထားမျိုး ရှိကြ၏။ ဤစိတ်သဘောထားမှာ အဘယ်နည်း။ (ရက်စက်မှု ဖြစ်သည်။) ဤသည်မှာ ရက်စက်မှုဖြစ်၏။ အဘယ်ကြောင့် ရက်စက်မှုဟု ခေါ်သနည်း။ ဤစိတ်သဘောထား၏ သိသာထင်ရှားသည့် ထုတ်ဖော်ခြင်းများမှာ အဘယ်နည်း။ အကျပ်ကိုင်မှုနှင့်ဆိုင်သည့် ခံစားချက်တစ်ခုကို ဖော်ပြသလော။ (ဖော်ပြပါသည်။) ယင်းမှာ သင် နားထောင်သည်ဖြစ်စေ၊ နားမထောင်သည်ဖြစ်စေ၊ သင် မည်သို့ ခံစားရသည်ဖြစ်စေ၊ ထိုအရာကို သင် နှစ်သက်ခံစားသည်ဖြစ်စေ၊ နားလည်သည်ဖြစ်စေ ၎င်းတို့က မည်သည့် ဆွေးနွေးမှုမျှမရှိဘဲ၊ သင့်ကို စကားပြောခွင့် မပေးသကဲ့သို့ မည်သည့် လွတ်လပ်မှုမျှ မပေးဘဲ ၎င်းတို့ကို နားထောင်ပြီး ၎င်းတို့ ပြောသည့်အရာကို လုပ်ဆောင်ရန် သင့်အား အတင်းအကျပ် တောင်းဆိုလေသည်။ ထိုအရာတွင် ဤအဓိပ္ပာယ် အတိမ်အနက် ရှိသလော။ (ရှိပါသည်။) ဤအရာကို “ကြမ်းကြုတ်ရက်စက်ခြင်း”ဟု ခေါ်သည်၊ ယင်းမှာ ရက်စက်မှုက၏ သွင်ပြင်လက္ခဏာတစ်ခု ဖြစ်သည်။ ရက်စက်မှု၏ သွင်ပြင်လက္ခဏာ နောက်တစ်ခုမှာ “ဆိုးယုတ်ခြင်း”ခ ဖြစ်သည်။ “ဆိုးယုတ်ခြင်း”က မည်သည့်အရာကို ရည်ညွှန်းသနည်း။ သင့်ကို ထိန်းချုပ်ခြင်းနှင့် ၎င်းတို့၏ ကြိုးကိုင်ညွှန်ကြားမှုကို အလေးဂရုပြုစေကာ ထိုသို့ဖြင့် မိမိတို့ကိုယ်ကို စိတ်ကျေနပ်စေခြင်း ရလဒ်ကို စွမ်းဆောင်ရရှိရန် နိုင်ထက်စီးနင်း အယူသွတ်သွင်းခြင်းနှင့် ဖိနှိပ်ခြင်း နည်းစနစ်များကို လူတို့ အသုံးပြုခြင်းအား ရည်ညွှန်းပေသည်။ ဤအရာကို “ဆိုးယုတ်မှု”ဟု ခေါ်သည်။ ထိုအရာ၏ လုပ်ဆောင်ချက်များတွင် သင်၏ အသက်တာ ရင့်ကျက်နိုင်ဖို့အတွက် လွတ်လပ်စွာ ဆုံးဖြတ်မှုရှိခြင်း၊ တွေးဆတတ်ရန်နှင့် ပိုင်းခြားသိမြင်တတ်ရန် သင်ယူခြင်းနှင့် သမ္မာတရားကို နားလည်ခြင်းတို့မှ စာတန်က သင့်ကို တားဆီးလိုသည်။ စာတန်က သင့်ကို ထိုအရာများ လုပ်ဆောင်ခွင့် မပေးသကဲ့သို့ သင့်ကို ထိန်းချုပ်ချင်သည်။ စာတန်က သင့်ကို သမ္မာတရား ရှာဖွေကာ ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားလည်ခွင့်မပေးသကဲ့သို့ သင့်ကို ဘုရားသခင်ရှေ့မှောက်သို့ ခေါ်ဆောင်ခြင်းမရှိဘဲ ထိုအစား မိမိ၏ရှေ့သို့ ခေါ်ဆောင်ကာ ၎င်းက သမ္မာတရားဖြစ်ကာ ၎င်း ပြောသည့်အရာ မည်သည့်အရာမဆို မှန်ကန်သည့်အလား၊ အရာခပ်သိမ်း၏ ဗဟိုဖြစ်သည့်အလား ၎င်းကို နာခံစေသည်၊ ထိုသိုဖြင့် ၎င်းကို သင် နာခံရမည်ဖြစ်ပြီး ၎င်း၏ စကားများက မှန်ခြင်း၊ သို့မဟုတ် မှားခြင်း ရှိမရှိဟူသည်ကို စိစစ်ရန် မကြိုးစားရပေ။ လူတို့၏ အပြုအမူနှင့် စိတ်များကို နိုင်ထက်စီးနင်းနှင့် ပြင်းပြင်းထန်ထန် ကြိုးကိုင်ညွှန်ကြားကာ ထိန်းချုပ်သည့် စိတ်သဘောထားကို ရက်စက်မှုဟု ခေါ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ လူတစ်ယောက်၏စိတ်သဘောထားကိုသိခြင်းသည် ၎င်းပြောင်းလဲခြင်း၏ အခြေခံအုတ်မြစ်ဖြစ်၏
အောက်ခြေမှတ်စု(များ)-
က။ မူရင်းစာသားတွင် “ယင်းမှာ ရက်စက်မှု၏ သွင်ပြင်လက္ခဏာတစ်ခုဖြစ်သည်” ဆိုသည့် စကားစု မပါဝင်ပါ။
ခ။ မူရင်းစာသားတွင် “ရက်စက်မှု၏ အခြား သွင်ပြင်လက္ခဏာတစ်ခုမှာ ‘ဆိုးယုတ်မှု’ဖြစ်သည်” ဆိုသည့် စကားစု မပါဝင်ပါ။
သတိပြုမိရန် အခက်ခဲဆုံးမှာ ကောက်ကျစ်ဆိုးယုတ်မှု ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ယင်းမှာ လူသား၏သဘာဝ ဖြစ်လာခဲ့သည့်အပြင်၊ လူများက ယင်းကို စတင် အမွှမ်းတင်လာကြသောကြောင့် ဖြစ်သည်။ ထို့အပြင် ကောက်ကျစ်ဆိုးယုတ်မှုကို ၎င်းတို့က ကောက်ကျစ်ဆိုးယုတ်သည်ဟု မြင်ကြလိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထား တစ်ခုသည် စိတ်နှလုံးခိုင်မာသော စိတ်သဘောထား တစ်ခုထက် သတိပြုမိရန် ပို၍ပင် ခက်ခဲလေသည်။ “အဘယ်ကြောင့် သတိပြုမိရန် မလွယ်ကူနိုင်ရသနည်း။ လူများတွင် ဆိုးယုတ်သော အလိုဆန္ဒများ ရှိကြသည်သာ ဖြစ်သည်။ ယင်းသည် ကောက်ကျစ်ဆိုးယုတ်မှု မဟုတ်လော” ဟု လူအချို့က ဆိုကြသည်။ ယင်းမှာ အပေါ်ယံသာ ဖြစ်၏။ အမှန်တကယ် ဆိုးယုတ်ခြင်းသည် အဘယ်နည်း။ မည်သည့်အခြေအနေများသည် ထင်ရှားသည့်အခါ ဆိုးယုတ်ခြင်းဖြစ်သနည်း။ လူတို့သည် ၎င်းတို့၏ စိတ်နှလုံး နက်ရှိုင်းရာတွင်ရှိသော ဆိုးယုတ်မှုနှင့် ရှက်ဖွယ် ရည်ရွယ်ချက်များကို ဖုံးကွယ်ရန် ကြီးကျယ်သော စကားများကို အသုံးပြုပြီး ထို့နောက်တွင် ဤစကားများသည် အလွန်ကောင်းသည်၊ ရိုးသားသည်၊ သဘာဝကျသည်ဟု အခြားလူများအား ယုံကြည်အောင်ပြုလုပ်ပြီး အဆုံးတွင် ၎င်းတို့၏ ဖုံးကွယ်ထားသော ရည်ရွယ်ချက်များကို ရရှိခြင်းသည် ဆိုးယုတ်သော စိတ်သဘောထားတစ်ခုဖြစ်သလော။ ဤအရာကို အဘယ်ကြောင့် ဆိုးယုတ်ခြင်းဟု ခေါ်ဆိုပြီး လှည့်စားခြင်းဟု မခေါ်ဆိုသနည်း။ စိတ်သဘောထား၊ အနှစ်သာရနှင့် ပတ်သက်လျှင် လှည့်စားမှုသည် သိပ်မဆိုးပေ။ ဆိုးယုတ်ခြင်းသည် လှည့်စားခြင်းထက်ပို၍ ဆိုးရွားသည်။ ယင်းသည် လှည့်စားမှုထက် ပို၍ မသိမသာ ထိခိုက်စေတတ်ပြီး ဆိုးရွားသည်။ သာမန်လူအတွက် ယင်းကို ရိပ်စားမိရန် ခက်ခဲသည်။ ဥပမာ ဧဝကို သွေးဆောင်ရန်အတွက် မြွေက မည်သို့သောစကားမျိုးကို အသုံးပြုသနည်း။ မှန်ကန်ပြီး သင့်ကောင်းကျိုးအတွက် ပြောသည့်ပုံစံရှိသော၊ ဟုတ်မှန်သယောင်ရှိသော်လည်း မှားယွင်းနေသော စကားများဖြစ်သည်။ ဤစကားများတွင် တစ်ခုခုမှားနေသည်ကို၊ သို့မဟုတ် ဤစကားများနောက်ကွယ်ရှိ ထိခိုက်စေလိုသော ရည်ရွယ်ချက်တစ်ခုခုကို သင် သတိမထားမိပေ။ တစ်ချိန်တည်းတွင် သင်သည် စာတန်က ပေးသည့် ဤအကြံများကို လက်မလွှတ်နိုင်ပေ။ ဤသည်မှာ စုံစမ်းသွေးဆောင်ခြင်းဖြစ်သည်။ သင်သည် စုံစမ်းသွေးဆောင်ခံရပြီး ဤစကားမျိုးတို့ကို နားထောင်သောအခါ သင်သည် မထိန်းနိုင်ဘဲ ဖြားယောင်းခံရပြီး ထောင်ချောက်ထဲသို့ ကျကာ ဤသို့အားဖြင့် စာတန်၏ ပန်းတိုင် အောင်မြင်ဖို့ ဖြစ်နိုင်ခြေများသည်။ ဤသည်မှာ ဆိုးယုတ်ခြင်းဟု ခေါ်သည်။ မြွေသည် ဧဝကို ဖြားယောင်းရန်အတွက် ဤနည်းကို အသုံးပြုသည်။ ဤသည်မှာ စိတ်သဘောထား အမျိုးအစားတစ်ခုဖြစ်သလော။ (ဖြစ်သည်။) ဤ စိတ်သဘောထားအမျိုးအစားက မည်သည့်နေရာမှ လာသနည်း။ မြွေထံမှ၊ စာတန်ထံမှ လာသည်။ ဤဆိုးယုတ်သော စိတ်သဘောထားအမျိုးအစားသည် လူသား၏ သဘာဝအတွင်းတွင် တည်ရှိသည်။ ဤကောက်ကျစ်ဆိုးယုတ်မှုသည် လူများ၏ ဆိုးယုတ်သော တပ်မက်မှုများနှင့် ကွဲပြားသည် မဟုတ်လော။ ဆိုးယုတ်သော တပ်မက်မှုများသည် မည်သို့ ဖြစ်ပေါ်သနည်း။ ယင်းမှာ ဇာတိပကတိနှင့် သက်ဆိုင်လေသည်။ အမှန်တကယ် ကောက်ကျစ်ဆိုးယုတ်မှုသည် နက်ရှိုင်းစွာ ပုန်းကွယ်နေသော စိတ်သဘောထား ပုံစံတစ်ခု ဖြစ်၏၊ သမ္မာတရားကို တွေ့ကြုံခြင်း သို့မဟုတ် နားလည်ခြင်း မရှိသည့် လူများအနေဖြင့် ယင်းကို လုံးလုံး ခွဲခြား မသိမြင်နိုင်ကြပေ။ ထို့ကြောင့် လူသား၏ စိတ်သဘောထားများထဲတွင် ယင်းသည် သတိပြုမိရန် အခက်ခဲဆုံး ဖြစ်သည်။ ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထားတစ်ခုသည် မည်သည့် လူစားမျိုးတွင် အပြင်းထန်ဆုံး ဖြစ်သနည်း။ အခြားသူများအပေါ် အမြတ်ထုတ်ရသည်ကို နှစ်သက်သော သူများတွင် ဖြစ်သည်။ ၎င်းတို့သည် ကြိုးကိုင် ညွှန်ကြားခြင်းတွင် အလွန် တော်သည်ဖြစ်ရာ၊ ၎င်းတို့ ကြိုးကိုင် ညွှန်ကြားသော လူများသည် နောက်ပိုင်း၌ မည်သို့ ဖြစ်ပျက်ခဲ့သည်ကို သိပင်မသိကြချေ။ ဤလူစားမျိုးသည် ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထားတစ်ခု ရှိလေသည်။ လှည့်ဖြားတတ်ခြင်းကို အခြေပြုထားသည့် ကောက်ကျစ်ဆိုးယုတ်သူများသည် ၎င်းတို့၏ လှည့်ဖြားခြင်းကို ဖုံးဖိရန်၊ ၎င်းတို့၏အပြစ်များကို ဖုံးကွယ်ရန်၊ ၎င်းတို့၏ လျှို့ဝှက်သော ရည်ရွယ်ချက်များ၊ ပန်းတိုင်များနှင့် တစ်ကိုယ်ကောင်းဆန်သော လိုအင်ဆန္ဒများကိုလည်း ကွယ်ဝှက်ရန် အခြားနည်းလမ်းများကို အသုံးပြုကြ၏။ ဤသည်မှာ ကောက်ကျစ်ဆိုးယုတ်မှု ဖြစ်ပေသည်။ ထို့အပြင် ၎င်းတို့သည် စုံစမ်းသွေးဆောင်ရန်၊ ဆွဲဆောင် ဖြားယောင်းရန်အတွက် အမျိုးမျိုးသော နည်းလမ်းများကို အသုံးပြုကြလိမ့်မည်။ ၎င်းတို့၏ ရည်မှန်းချက်များ စွမ်းဆောင်ရရှိရန် သင့်အား ၎င်းတို့၏ ဆန္ဒများနောက် လိုက်စေကာ ၎င်းတို့၏ တစ်ကိုယ်ကောင်းဆန်သော လိုအင်ဆန္ဒများကို ဖြည့်ဆည်းစေသည်။ ဤသည်မှာ ကောက်ကျစ်ဆိုးယုတ်ခြင်းများသာ ဖြစ်၏။ ဤသည်မှာ အမှန်တကယ် စာတန်ဆန်သော စိတ်သဘောထားတစ်ခု ဖြစ်၏။ သင်တို့ထံတွင် ဤအပြုအမူများ တစ်ခုတလေ ဖြစ်ပေါ်ခဲ့ကြသလော။ ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထားတစ်ခု၏ မည်သည့် လက္ခဏာ သွင်ပြင်များမှာ သင်တို့တွင် ပို၍ ဖြစ်ပေါ်ခဲ့သနည်း။ စုံစမ်းသွေးဆောင်ခြင်း၊ ဆွဲဆောင်သိမ်းသွင်းခြင်းလော၊ သို့မဟုတ် အခြားမုသားများကို ဖုံးဖိရန် မုသားများ သုံးခြင်းလော။ (ကျွန်ုပ်သည် ယင်းတို့အားလုံးကို အနည်းငယ် လုပ်ချင်မိပါသည်။) သင်သည် ယင်းတို့ အားလုံးကို အနည်းငယ် လုပ်ချင်မိ၏။ တစ်နည်းဆိုရသော် စိတ်ခံစားမှုဆိုင်ရာ အဆင့်တစ်ခုတွင် သင်သည် ဤ အပြုအမူများကို ပြသမိခြင်း ရှိခဲ့သလို၊ မပြသခြင်းလည်း ရှိခဲ့သည်ဟု စိတ်အထင်ရောက်၏။ သင်သည် မည်သည့် သက်သေ အထောက်အထားကိုမျှ စဉ်းစားမရနိုင်ချေ။ သို့ဖြစ်လျှင် သင်၏ နေ့စဉ်ဘဝ၌ သင်သည် တစ်စုံတစ်ခုကို ရင်ဆိုင်ရသည့်အခါ ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထားတစ်ခုအား ထုတ်ဖော်ခြင်း ရှိမရှိကို သတိပြုမိသလော။ အမှန်တွင် ဤအရာများသည် လူတိုင်း၏ စိတ်သဘောထားအတွင်းတွင် တည်ရှိကြသည်။ ဥပမာအားဖြင့် သင် နားမလည်သော အရာတစ်ခု ရှိသော်လည်း၊ သင်က မိမိ နားမလည်သည်ကို အခြားသူများအား မသိစေချင်ပေ။ ထို့ကြောင့် သင် နားလည်သည်ဟု ၎င်းတို့ အထင်အမြင်မှားစေရန် သင်သည် အမျိုးမျိုးသော နည်းလမ်းများကို အသုံးပြု၏။ ဤသည်မှာ လိမ်လည်မှု ဖြစ်သည်။ ဤလိမ်လည်မှုမျိုးသည် ကောက်ကျစ်ဆိုးယုတ်မှု၏ သရုပ်သကန်တစ်ခု ဖြစ်သည်။ စုံစမ်းသွေးဆောင်ခြင်းနှင့် ဆွဲဆောင်ဖြားယောင်းခြင်းတို့လည်း ရှိသေးသည်၊ ဤသည်တို့မှာ ကောက်ကျစ်ဆိုးယုတ်မှု၏ သရုပ်သကန်များချည်းသာ ဖြစ်ကြ၏။ သင်တို့သည် အခြားသူများကို မကြာခဏ စုံစမ်းသွေးဆောင်ကြသလော။ သင်သည် မိတ်သဟာယဖွဲ့ချင်လျက် တစ်စုံတစ်ယောက်အား နားလည်ရန် တရားဝင် ကြိုးစားနေပြီး ယင်းမှာ သင်၏အလုပ်အတွက် လိုအပ်ပြီး မှန်ကန်သော အပြန်အလှန် ပြောဆိုမှုတစ်ခုလည်း ဖြစ်သည်ဆိုလျှင်၊ ဤသည်ကို စုံစမ်းသွေးဆောင်ခြင်းအဖြစ် ယူဆ၍မရပေ။ သို့သော် သင့်ထံတွင် ပုဂ္ဂိုလ်ရေး ကြံရွယ်ချက်ရှိပြီး သင်သည် ဤလူပုဂ္ဂိုလ်၏ စိတ်သဘောထား၊ လိုက်စားမှုများနှင့် အသိပညာကို အမှန်တကယ် နားလည်ချင်သည် မဟုတ်ဘဲ၊ ထိုသူ၏ အတွင်းကျကျ အတွေးများနှင့် အစစ်အမှန် ခံစားချက်များကိုသာ နှိုက်ယူချင်သည်ဆိုလျှင်၊ ဤသည်ကို ကောက်ကျစ် ဆိုးယုတ်မှု၊ စုံစမ်းသွေးဆောင်မှုနှင့်ဆွဲဆောင် ဖြားယောင်းမှုဟု ခေါ်ပေသည်။ သင်သည် ဤအတိုင်း လုပ်ဆောင်သည်ဆိုလျှင်၊ သင့်ထံ၌ ကောက်ကျစ် ဆိုးယုတ်သော စိတ်သဘောထားတစ်ခု ရှိ၏။ ဤသည်မှာ ပုန်းကွယ်နေသော အရာတစ်ခု မဟုတ်လော။ ဤစိတ်သဘောထားမျိုးသည် ပြောင်းလဲရန် လွယ်ကူသလော။ သင့်စိတ်သဘောထား၏ သွင်ပြင်လက္ခဏာတစ်ခုစီတွင် မည်သည့် သရုပ်သကန်များ ရှိသည်၊ သွင်ပြင်လက္ခဏာ တစ်ခုချင်းစီက မည်သည့် အခြေအနေများအား မကြာခဏ ဖြစ်ပေါ်စေသည်ဆိုသည်တို့ကို သင်က ခွဲခြားသိမြင်နိုင်ပြီး၊ သင့်ကိုယ်သင် ဤအရာများနှင့် စပ်ဟပ်ကြည့်နိုင်သည်ဆိုလျှင်၊ ဤစိတ်သဘောထားမျိုးမှာ မည်မျှ ဆိုးဝါး၍ ကြောက်စရာကောင်းလှကြောင်း ခံစားမိနေသည်ဆိုလျှင်၊ သင်သည် ဤကိစ္စနှင့်ပတ်သက်၍ ပြောင်းလဲရန် တာဝန်ရှိသည်ဟု ခံစားမိလာလိမ့်မည်။ ထို့ပြင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ငတ်မွတ်ခြင်းဖြစ်လာနိုင်ပြီး၊ သမ္မာတရားကိုလည်း လက်ခံနိုင်လာလိမ့်မည်။ ယင်းမှာ သင့်အနေဖြင့် ပြောင်းလဲနိုင်ပြီး ကယ်တင်ခြင်းကို ရရှိနိုင်သည့်အချိန်ပင် ဖြစ်သည်။ သို့သော် ထိုအရာများကို စပ်ဟပ်ကြည့်ပြီးသည့်နောက် သင်သည် နောင်တရဖို့ရန် ဝေးစွ၊ သမ္မာတရားကိုပင် ငတ်မွတ်ခြင်း မရှိသေးဘဲ၊ အကြွေးတင်ရှိခြင်း သို့မဟုတ် စွပ်စွဲခံရခြင်း မရှိ၊ သမ္မာတရားကို ချစ်ခင်ခြင်းလည်း မရှိလျှင်၊ သင့်အနေဖြင့် ပြောင်းလဲရန် ခက်ခဲပေလိမ့်မည်။ ထို့ပြင် နားလည် သဘောပေါက်ခြင်းမှာ အထောက်အကူ ဖြစ်လိမ့်မည် မဟုတ်၊ အဘယ်ကြောင့်ဆိုသော် သင်တို့ နားလည်ထားခဲ့သမျှ အားလုံးသည် အယူဝါဒမျှသာ ဖြစ်၏။ သမ္မာတရား၏ မည်သည့် သွင်ပြင်လက္ခဏာပင် ဖြစ်စေ၊ သင်၏ နားလည်သဘောပေါက်မှုမှာ အယူဝါဒအဆင့်တွင် ရပ်တန့်၍ သင်၏ လက်တွေ့လုပ်ဆောင်ခြင်း၊ ဝင်ရောက်ခြင်းတို့နှင့် ချိတ်ဆက်ခြင်းမရှိလျှင်၊ သင် နားလည်သော အယူဝါဒသည် မည်သို့မျှ အသုံးဝင်လိမ့်မည် မဟုတ်ပေ။
—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ မိမိကိုယ်ကို သိခြင်းသာလျှင် သမ္မာတရားကို လိုက်စားခြင်း၌ အထောက်အကူဖြစ်သည်
ယေဘုယျအားဖြင့် ပြောရလျှင်၊ ဤလောကထဲသို့ မွေးဖွားခဲ့သည့် လူသားတစ်ဦးအနေဖြင့်၊ အခြားလူသား တစ်ဦးအပေါ် သစ္စာဖောက်သည့် တစ်ခုခု လုပ်ဖူးသည်ကို သတိရသည်ဖြစ်စေ သို့မဟုတ် ယခင်က အခြားသူများကို ကြိမ်ဖန်များစွာ သစ္စာဖောက်ဖူးသည်ဖြစ်စေ၊ သင်တို့သည် သမ္မာတရားကို ချိုးဖောက်ခြင်းနှင့်ညီမျှသည့် အရာတစ်ခုကို ကျူးလွန်ပြီး ဖြစ်ပေလိမ့်မည်။ သင်၏မိဘများ သို့မဟုတ် မိတ်ဆွေများကို သင် သစ္စာဖောက်နိုင်စွမ်း ရှိသဖြင့်၊ သင်သည် တစ်ပါးသူများကို သစ္စာဖောက်နိုင်စွမ်းရှိပြီး၊ ထို့အပြင် ငါ့ကို သစ္စာဖောက်နိုင်စွမ်း ရှိကာ ငါစက်ဆုပ်သောအရာများကို လုပ်နိုင်စွမ်းရှိပေသည်။ တစ်နည်းအားဖြင့်ပြောရလျှင်၊ သစ္စာဖောက်ခြင်းသည် အပေါ်ယံ အကျင့်ပျက်သော အပြုအမူတစ်ခုမျှသာ မဟုတ်ဘဲ၊ သမ္မာတရားနှင့် ဆန့်ကျင်သည့် အရာတစ်ခု ဖြစ်သည်။ ဤသည်မှာ ငါ့အပေါ် လူသားမျိုးနွယ်၏ ခုခံခြင်းနှင့် ပုန်ကန်ခြင်း၏ အရင်းအမြစ် အတိအကျ ဖြစ်သည်။ ထို့ကြောင့် အောက်ပါ ထွက်ဆိုချက်ဖြင့် ငါ အကျဉ်းချုပ်ရခြင်း ဖြစ်သည်- သစ္စာဖောက်ခြင်းသည် လူ့သဘာဝ ဖြစ်ပြီး၊ ဤသဘာဝသည် ငါနှင့် ကိုက်ညီသည့် လူအသီးသီး၏ ကြီးမားသော ရန်သူ ဖြစ်သည်။
ငါ့ကို အကြွင်းမဲ့ မကျိုးနွံမနာခံနိုင်သော အပြုအမူသည် သစ္စာဖောက်ခြင်း ဖြစ်၏။ ငါ့အပေါ် သစ္စာမစောင့်သိနိုင်သည့် အပြုအမူသည် သစ္စာဖောက်ခြင်း ဖြစ်သည်။ ငါ့ကို လှည့်ဖြားခြင်းနှင့် ငါ့ကို လှည့်စားရန် မုသားများကို သုံးခြင်းသည် သစ္စာဖောက်ခြင်း ဖြစ်သည်။ အယူအဆများစွာကို သိုထားခြင်းနှင့် ထိုအယူအဆများကို နေရာအနှံ့တွင် ဖြန့်ခြင်းသည် သစ္စာဖောက်ခြင်း ဖြစ်၏။ ငါ၏ သက်သေခံချက်များနှင့် အကျိုးစီးပွားများကို မထိန်းသိမ်းနိုင်ခြင်းသည် သစ္စာဖောက်ခြင်း ဖြစ်သည်။ စိတ်နှလုံးထဲ၌ ငါနှင့် ဝေးကွာချိန်တွင် ဟန်ဆောင်အပြုံးများ ပြုံးပြခြင်းသည် သစ္စာဖောက်ခြင်း ဖြစ်၏။ ဤအရာများအားလုံးသည် သင်တို့ အမြဲလုပ်နိုင်စွမ်းရှိခဲ့သည့် သစ္စာဖောက်ခြင်း လုပ်ရပ်များဖြစ်ပြီး၊ ၎င်းတို့သည် သင်တို့ကြားတွင် မဆန်းတော့ပေ။ သင်တို့ထဲမှ မည်သူမျှက ဤအရာကို ပြဿနာတစ်ခုအဖြစ် ထင်ကြမည် မဟုတ်နိုင်သော်လည်း၊ ငါ တွေးထင်သည်မှာ ဤသို့မဟုတ်ပေ။ ငါသည် ငါ့အပေါ် လူတစ်ဦး၏ သစ္စာဖောက်ခြင်းအား အရေးမကြီးသော ကိစ္စတစ်ခုအဖြစ် သဘောမထားနိုင်သကဲ့သို့၊ ထိုအရာကို ဧကန်မုချ ငါ လျစ်လျူမရှုနိုင်။ ယခုတွင် ငါသည် သင်တို့အလယ် အလုပ်လုပ်သည့်အချိန်တွင်၊ သင်တို့သည် ဤနည်းဖြင့် ပြုမူကြ၏- သင်တို့ကို စောင့်ရှောက်မည့်သူ တစ်ဦးမျှမရှိသည့် နေ့ရောက်လာပါက၊ သင်တို့သည် မိမိတို့၏ တောင်သေးလေးများ၏ ရှင်ဘုရင်များအဖြစ် မိမိတို့ကိုယ်ကိုယ် ကြွေးကြော်ခဲ့ကြသည့် ဓားပြများကဲ့သို့ ဖြစ်ကြလိမ့်မည် မဟုတ်လော။ ထိုသို့ ဖြစ်ပျက်ပြီး ကပ်ဘေးတစ်ခုကို သင်တို့ ဖြစ်စေသည့်အခါ၊ သင့်နောက်တွင် ရှင်းလင်းဖို့ မည်သူ ရှိလိမ့်မည်နည်း။ အချို့သော သစ္စာဖောက်သည့် လုပ်ရပ်များသည် သင်တို့၏ ထပ်တလဲလဲ ဖြစ်သော အပြုအမူမဟုတ်ဘဲ၊ ရံဖန်ရံခါဖြစ်တတ်သော ဖြစ်ရပ်များမျှသာ ဖြစ်ပြီး၊ သင်တို့၏ မာနကို ထိခိုက်သည့်နည်းလမ်းဖြင့် ထိုသို့ ပြင်းပြင်းထန်ထန် ဆွေးနွေးဖို့ မထိုက်တန်ဟု သင်တို့ ထင်ကြသည်။ သင်တို့သည် ထိုသို့အမှန်တကယ် တွေးထင်ပါက၊ သင်တို့သည် အသိစိတ်မဲ့ကြပေသည်။ ထိုသို့တွေးခြင်းသည် ပုန်ကန်မှု၏ နမူနာနှင့် ပုံစံတစ်ခု ဖြစ်သည်။ လူသား၏ သဘာဝသည် သူ၏အသက် ဖြစ်သည်။ ယင်းသည် သူ ရှင်သန်ဖို့ အားထားသည့် စည်းမျဉ်းတစ်ခု ဖြစ်ပြီး၊ ယင်းကို သူ မပြောင်းလဲနိုင်ပေ။ သစ္စာဖောက်ခြင်း၏ သဘောသဘာဝကို နမူနာအဖြစ် ကြည့်လော့။ သင်သည် ဆွေမျိုး သို့မဟုတ် မိတ်ဆွေတစ်ဦးကို သစ္စာဖောက်ဖို့ တစ်စုံတစ်ခုကို လုပ်ဆောင်နိုင်ပါက၊ ယင်းသည် သင့်ဘဝ၏ အစိတ်အပိုင်းဖြစ်ပြီး မွေးရာပါ သဘာဝ ဖြစ်သည်ကို သက်သေပြပေသည်။ ဤသည်မှာ မည်သူမျှ မငြင်းနိုင်သည့် အရာတစ်ခု ဖြစ်သည်။...
မည်သူမဆို မိမိတို့၏ စစ်မှန်သော သွင်ပြင်ကို ကိုယ်စားပြုဖို့ မိမိတို့၏ ကိုယ်ပိုင် စကားများနှင့် လုပ်ရပ်များကို အသုံးပြုနိုင်၏။ ဟုတ်ပေ၏၊ ဤစစ်မှန်သော သွင်ပြင်သည် ၎င်းတို့၏ သဘာဝ ဖြစ်သည်။ သင်သည် ဝေ့လည်ကြောင်ပတ် နည်းလမ်းဖြင့် စကားပြောသူ ဖြစ်ပါက၊ သင်သည် ကွေ့ကောက်သော သဘာဝ ရှိ၏။ သင်၏သဘာဝသည် လှည့်ဖြားတတ်ပါက၊ သင်သည် လှည့်ဖြားတတ်သော နည်းလမ်းဖြင့် ပြုမူပြီး အခြားသူများအနေဖြင့် သင်၏ လှည့်ဖြားမှုကို ခံရဖို့ အလွန် လွယ်ကူစေသည်။ သင်၏ သဘာဝသည် အလွန်ယုတ်မာပါက၊ သင်၏စကားများသည် နားဝင်ချိုလိမ့်မည် ဖြစ်သော်လည်း၊ သင့်အပြုအမူများသည် သင်၏ ယုတ်မာသော လှည့်ကွက်များကို မဖုံးကွယ်နိုင်ပေ။ သင်၏သဘာဝသည် ပျင်းရိပါက၊ သင် ပြောသမျှအားလုံးသည် သင်၏ ဝတ်ကျေတမ်းကျေ ဖြစ်ခြင်းနှင့် ပျင်းရိမှုအတွက် တာဝန်ယူမှုကို ခေါင်းရှောင်ရန်သာ ရည်ရွယ်သည်။ ပြီးလျှင် သင်၏ လုပ်ရပ်များသည် နှေးကွေးကာ ဝတ်ကျေတမ်းကျေ ဖြစ်လိမ့်မည်ဖြစ်ပြီး၊ သမ္မာတရားကို ဖုံးကွယ်ရာတွင် အတော်အတန် ကျွမ်းကျင်လိမ့်မည်။ သင်၏သဘာဝသည် စာနာတတ်ပါက၊ သင်ပြောသော စကားသည် အကျိုးသင့် အကြောင်းသင့် ရှိလိမ့်မည်ဖြစ်ပြီး၊ သင်၏ လုပ်ဆောင်ချက်များသည်လည်း သမ္မာတရားနှင့် ကောင်းစွာ ကိုက်ညီလိမ့်မည်။ သင်၏သဘာဝသည် သစ္စာရှိပါက၊ သင်၏စကားများသည် ဧကန်မုချ ရိုးသားစစ်မှန်ပြီး သင် လုပ်ဆောင်ပုံသည် သင်၏ သခင်ကို မသက်မသာ ဖြစ်စေနိုင်မည့် မည်သည့်အရာမဆိုနှင့် ကင်းရှင်းလျက် အခြေခိုင်ပေသည်။ သင်၏သဘာဝသည် ရာဂစိတ်ပြင်းထန်ပါက သို့မဟုတ် ငွေကို တပ်မက်ခြင်းရှိပါက၊ သင်၏စိတ်နှလုံးသည် ဤအရာများဖြင့် မကြာခဏ ပြည့်နှက်နေလိမ့်မည်ဖြစ်ကာ၊ သင်သည် လူတို့ ပေါ့ပေါ့တန်တန် မေ့ပျောက်မည် မဟုတ်သကဲ့သို့၊ လူတို့ကို စက်ဆုပ်ရွံရှာစေမည့် စံသွေပြီး အကျင့်ပျက်သော လုပ်ဆောင်ချက်များကို အမှတ်တမဲ့ ကျူးလွန်မိလိမ့်မည်။ ငါပြောခဲ့သည့်အတိုင်းပင်၊ သင်သည် သစ္စာဖောက်တတ်သော သဘာဝရှိပါက၊ ထိုသဘာဝမှ သင့်ကိုယ်သင် မည်သည့်အခါမျှ မလွတ်မြောက်စေနိုင်ပေ။ သင်သည် အခြားသူများအပေါ် အမှားမကျူးလွန်ဖူးပါက၊ သင်၌ သစ္စာဖောက်တတ်သော သဘာဝ မရှိဟူ၍ ကံကို မကိုးစားနှင့်။ သင်ဤသို့တွေးထင်ပါက၊ သင်သည် အကယ်ပင် ရွံစရာကောင်းပေသည်။ ငါပြောသည့် အကြိမ်တိုင်း၊ ငါ၏စကားများ အားလုံးသည် လူတစ်ဦး သို့မဟုတ် လူတစ်မျိုးကိုသာ မရည်ရွယ်ဘဲ၊ လူအားလုံးကို ရည်ရွယ်ပေသည်။ ကိစ္စတစ်ခု၌ ငါ့ကို သင် သစ္စာမဖောက်ခြင်းကြောင့်သာ အခြားမည်သည့်ကိစ္စတွင်မျှ ငါ့ကို သင် သစ္စာမဖောက်နိုင်ဟု သက်သေမပြပေ။ လူအချို့သည် ၎င်းတို့၏ အိမ်ထောင်ရေးထဲက ဆုတ်ဆိုင်းမှုများ အတောအတွင်းတွင် သမ္မာတရားကို ရှာဖွေရာ၌ ၎င်းတို့၏ ယုံကြည်မှုစိတ်ချမှု ပျောက်ဆုံးကြသည်။ လူအချို့သည် မိသားစု ပြိုကွဲသည့် အတောအတွင်းတွင် ငါ့ကို သစ္စာရှိဖို့ ၎င်းတို့၏ တာဝန်ကို စွန့်လွှတ်ကြသည်။ လူအချို့သည် တဒင်္ဂ ပျော်ရွှင်မှုနှင့် စိတ်လှုပ်ရှားမှုကို ရှာရန် ငါ့ကို စွန့်ပစ်ကြသည်။ လူအချို့မှာ အလင်းတွင် အသက်ရှင်ပြီး သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်၌ မွေ့လျော်ခြင်းကို ရရှိသည်ထက် မှောင်မိုက်သော လျှိုထဲ ကျဆင်းလိုကြသည်။ လူအချို့သည် မိမိတို့၏ ကြွယ်ဝချမ်းသာမှုကို တပ်မက်မောခြင်းကို ဖြည့်ဆည်းဖို့အတွက် မိတ်ဆွေများ၏ အကြံပြုချက်ကို လျစ်လျူရှုကြပြီး၊ ယခုပင်လျှင် ၎င်းတို့၏ အမှားများကို ဝန်မခံနိုင်ကြသကဲ့သို့၊ ၎င်းတို့၏ လမ်းကြောင်းကို မပြောင်းလဲနိုင်ကြပေ။ လူအချို့သည် ငါ၏ကွယ်ကာမှုကို ရရှိရန်အလို့ငှာ ငါ့နာမအောက်တွင် ခဏတစ်ဖြုတ် အသက်ရှင်ကြစဉ်တွင်၊ အခြားသူတို့မှာ အသက်ကို ဖက်တွယ်ပြီး သေခြင်းကို ကြောက်ရွံ့ကြသောကြောင့် မတတ်သာ၍ ငါ့ထံ အနည်းငယ်မျှသာ ဆက်ကပ် အပ်နှံကြလေသည်။ ဤအရာများနှင့် အခြားသော အကျင့်ပျက်သည့်အပြင် သိက္ခာမဲ့သော လုပ်ရပ်များသည် လူတို့ ၎င်းတို့ စိတ်နှလုံး အတွင်းနက်ရှိုင်းသော နေရာထဲတွင် အချိန်ကြာမြင့်စွာကတည်းက ငါ့ကို သစ္စာဖောက်ကြပြီးဖြစ်သည့် အပြုအမူများ ဖြစ်သည် မဟုတ်လော။ ဟုတ်ပေ၏၊ လူတို့သည် ငါ့ကို သစ္စာဖောက်ဖို့ ကြိုတင်မစီစဉ်ကြသည်ကို ငါ သိ၏။ ၎င်းတို့၏ သစ္စာဖောက်ခြင်းသည် ၎င်းတို့၏ သဘာဝဗီဇ၏ သဘာဝအလျောက် ဖော်ပြချက်ဖြစ်သည်။ မည်သူမျှ ငါ့ကို သစ္စာမဖောက်လိုကြသကဲ့သို့၊ ငါ့ကို သစ္စာဖောက်ဖို့ တစ်စုံတစ်ရာ လုပ်ဆောင်ခဲ့သောကြောင့် မည်သူမျှ မပျော်ရွှင်ပေ။ ဆန့်ကျင်ဘက်အနေဖြင့်၊ ၎င်းတို့သည် ကြောက်ရွံ့မှုဖြင့် တုန်လှုပ်နေကြသည် မဟုတ်လော။ ထို့ကြောင့် ဤသစ္စာဖောက်မှုများကို မည်သို့ အဖတ်ဆယ်ကြမည်ဆိုသည်နှင့် လက်ရှိအခြေအနေကို မည်သို့ ပြောင်းလဲမည်ဆိုသည်ကို သင်တို့ တွေးနေကြသလော။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အလွန်ကြီးလေးသော ပြဿနာတစ်ခု- သစ္စာဖောက်ခြင်း (၁)
လူများက ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားကို မကြာခဏ ထုတ်ဖော်ကြသည်မှာ ၎င်းတို့၏အသက်တာသည် စာတန်၏ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားအားဖြင့် ထိန်းချုပ်ခြင်း ခံထားရကြောင်းနှင့် ၎င်းတို့၏အဖြစ်အနေသည် စာတန်၏ အဖြစ်အနေဖြစ်ကြောင်းကို သက်သေပြလေသည်။ လူများသည် ဤအမှန်တရားကို အသိအမှတ်ပြုပြီး လက်ခံသင့်၏။ လူ၏သဘာဝ အဖြစ်အနေနှင့် ဘုရားသခင်၏ အဖြစ်အနေတို့အကြားတွင် ကွဲပြားခြားနားချက်တစ်ခု ရှိသည်။ ၎င်းတို့သည် ဤအမှန်တရားကို အသိအမှတ်ပြုပြီးသည့်နောက် မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ လူများက ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားကို ထုတ်ဖော်သည့်အခါ၊ ဇာတိသွေးသား၏ သာယာမှုတွင် မွေ့လျော်ပြီး ဘုရားသခင်ထံမှ တိုး၍ ဝေးကွာသွားသည့်အခါ၊ သို့မဟုတ် ဘုရားသခင်က ၎င်းတို့၏ကိုယ်ပိုင် အကြံဉာဏ်များနှင့် မကိုက်ညီသည့် နည်းလမ်းတစ်ခုဖြင့် အလုပ်လုပ်ပြီး ၎င်းတို့အတွင်း၌ မကျေနပ်ချက်များ ပေါ်ပေါက်သည့်အခါ ဤသည်မှာ ပြဿနာတစ်ခုနှင့် ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားတစ်ခုဖြစ်သည်ကို ၎င်းတို့သည် ချက်ချင်း သတိပြုမိအောင် ပြုလုပ်သင့်သည်။ ယင်းမှာ ဘုရားသခင်ကို ပုန်ကန်ခြင်း၊ ဘုရားသခင်ကို ဆန့်ကျင်ခြင်း ဖြစ်သည်။ ယင်းက သမ္မာတရားနှင့် မကိုက်ညီဘဲ ဘုရားသခင်၏ ရွံမုန်းခြင်းခံရ၏။ လူတို့က ဤအရာများကို သဘောပေါက်သည့်အခါ ၎င်းတို့သည် မညည်းညူသင့်ပေ၊ သို့မဟုတ် အပျက်သဘောဆောင်လာပြီး အချောင်မခိုသင့်ပေ၊ ပြီးလျှင် ၎င်းတို့သည် စိတ်ညစ်ခြင်း သာ၍ နည်းပါးသင့်သည်။ ထိုအစား ၎င်းတို့သည် မိမိတို့ကိုယ်ကို သာ၍ နက်နဲစွာ သိမြင်နိုင်သင့်သည်။ ထို့အပြင် ၎င်းတို့သည် ဘုရားသခင် ရှေ့မှောက်သို့ တက်ကြွစွာ လာရောက်နိုင်သင့်ပြီး ဘုရားသခင်၏ အပြစ်တင်ခြင်းနှင့် ဆုံးမပဲ့ပြင်ခြင်းတို့ကို လက်ခံကာ ၎င်းတို့သည် သမ္မာတရားနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များအတိုင်း လက်တွေ့လုပ်ဆောင်နိုင်ပြီး စည်းမျဉ်းများအတိုင်း ပြုမူနိုင်ကြသည်အထိပင် ၎င်းတို့၏အခြေအနေကို ချက်ချင်း ပြောင်းလဲသင့်သည်။ ဤနည်းဖြင့် ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေးသည် တိုး၍ ပုံမှန်ဖြစ်လာသကဲ့သို့ သင့်အတွင်းရှိ အခြေအနေသည်လည်း တိုး၍ ပုံမှန်ဖြစ်လာလိမ့်မည်။ သင်သည် ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများ၊ ဖောက်ပြန်ပျက်စီးခြင်း၏ အဖြစ်အနေနှင့် စာတန်၏ အကျည်းတန်သော အခြေအနေအမျိုးမျိုးတို့ကို တိုး၍ ကြည်လင်ရှင်းလင်းမှုဖြင့် ဖော်ထုတ်နိုင်လိမ့်မည်။ “ကျွန်ုပ်ကို နှောင့်ယှက်နေသည်မှာ စာတန်ဖြစ်သည်”၊ သို့မဟုတ် “ယင်းမှာ စာတန်က ကျွန်ုပ်ကို ပေးသည့် အကြံဉာဏ်တစ်ခုဖြစ်သည်” ဟူသကဲ့သို့ မိုက်မဲပြီး ကလေးဆန်သည့် ထိုသို့သော စကားများကို ပြောတော့မည် မဟုတ်ပေ။ ထိုအစား သင်၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့်သက်ဆိုင်သည့်၊ ဘုရားသခင်ကို ဆန့်ကျင်သည့် လူသား၏ အနှစ်သာရနှင့်ဆိုင်သည့်၊ စာတန်၏ အနှစ်သာရနှင့် သက်ဆိုင်သည့် မှန်ကန်တိကျသော အသိပညာ ရှိလိမ့်မည်။ သင်၌ ဤအမှုအရာများကို သာ၍ မှန်ကန်တိကျသည့် ကိုင်တွယ်ဆက်ဆံနည်းတစ်ခု ရှိလာမည် ဖြစ်ပြီး ဤအမှုအရာများသည် သင့်ကို ဘောင်ခတ်လိမ့်မည် မဟုတ်ပေ။ သင်၏ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထား အနည်းငယ်ကို ထုတ်ဖော်ပြထားမိသောကြောင့်၊ သို့မဟုတ် သင်ပြစ်မှားထားမိသောကြောင့်၊ သို့မဟုတ် သင်၏တာဝန်ကို ဝတ်ကျေတမ်းကျေ ထမ်းဆောင်ထားမိသောကြောင့်၊ သို့မဟုတ် ပြုသမျှနုနေပြီး အပျက်သဘောဆောင်နေသည့် အခြေအနေ တစ်ခုတွင် သင်ရောက်နေသည်ကို မကြာခဏ တွေ့ရသောကြောင့် သင်သည် အားနည်းသွားမည် မဟုတ်ပေ၊ သို့မဟုတ် ဘုရားသခင်နှင့် သူ၏ကယ်တင်ခြင်းအပေါ် ယုံကြည်မှုကို ပျောက်ဆုံးသွားမည် မဟုတ်ပေ။ သင်သည် ထိုသို့သော အခြေအနေများကြားတွင် အသက်ရှင်လိမ့်မည် မဟုတ်ဘဲ သင်၏ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို မှန်ကန်စွာ ရင်ဆိုင်လိမ့်မည် ဖြစ်ပြီး သာမန် ဝိညာဉ်ရေးရာ အသက်တာကို အသက်ရှင်နိုင်စွမ်း ရှိလိမ့်မည်ဖြစ်သည်။ လူတစ်ဦးက ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ထုတ်ဖော်သည့်အခါ ၎င်းသည် မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ ထိန်းချုပ်ခြင်းနှင့် ဘောင်ခတ်ခြင်းတို့ကို မခံရတော့ဘဲ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်သည်အထိ မိမိကိုယ်ကို သုံးသပ်နိုင်လျှင်၊ ဆုတောင်းခြင်းအားဖြင့် ဘုရားသခင် ရှေ့တော်မှောက်သို့ လာနိုင်လျှင်၊ သမ္မာတရားကို ရှာဖွေနိုင်လျှင်၊ မိမိ၏ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ အနှစ်သာရကို ပိုင်းခြားသိမြင်၍ စိစစ်နိုင်လျှင် ၎င်းသည် ကယ်တင်ခံရခြင်းလမ်းကြောင်းကို စတင်ပြီးဖြစ်နေလိမ့်မည်။ ဤသို့သော လက်တွေ့လုပ်ဆောင်မှုမျိုးဖြင့်လည်းကောင်း၊ အတွေ့အကြုံမျိုးဖြင့်လည်းကောင်း လူတစ်ဦးသည် မိမိ၏ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို စွန့်ပစ်နိုင်ပြီး စာတန်၏စွမ်းအားမှ လွတ်မြောက်နိုင်သည်။ ထိုအခါ ၎င်းသည် ဘုရားသခင်ရှေ့တော်မှောက်သို့ လာနေပြီး လွတ်လပ်ခြင်းနှင့် လွတ်မြောက်ခြင်းကို ရပြီးဖြစ်သည်မဟုတ်လော။ ဤသည်မှာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် ရယူခြင်းလမ်းကြောင်း ဖြစ်သည့်အပြင် ကယ်တင်ခြင်းသို့ လမ်းကြောင်းလည်း ဖြစ်သည်။ လူသားများတွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် နက်ရှိုင်းစွာ အမြစ်တွယ်နေသည်။ စာတန်၏အနှစ်သာရနှင့် ၎င်း၏သဘာဝတို့က လူများ၏ အတွေးများ၊ အပြုအမူနှင့် စိတ်တို့ကို ထိန်းချုပ်သည်။ သို့သော်လည်း ဤအရာအားလုံးသည် သမ္မာတရား၏ ရှေ့တွင်လည်းကောင်း၊ ဘုရားအမှုတော်၏ ရှေ့တွင်လည်းကောင်း ဘုရားသခင်၏ကယ်တင်ခြင်း ရှေ့တွင်လည်းကောင်း အရေးမပါတော့ပေ။ ယင်းက မည်သည့်အဟန့်အတားကိုမျှ မဖြစ်ပေါ်စေပေ။ မည်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ လူတစ်ဦးတွင် ရှိနိုင်သည်ဖြစ်စေ၊ ၎င်းသည် မည်သည့်အခက်အခဲများကို ရင်ဆိုင်ရသည်ဖြစ်စေ၊ ၎င်း၏အကန့်အသတ်များက မည်သည်တို့ဖြစ်သည်ဖြစ်စေ လျှောက်၍ ရနိုင်သော လမ်းကြောင်းတစ်ခု၊ ၎င်းကို ဖြေရှင်းသည့် နည်းလမ်းတစ်ခုနှင့် ယင်းတို့ကို ဖြေရှင်းရန် သက်ဆိုင်ရာ သမ္မာတရားများရှိသည်။ ဤနည်းဖြင့် လူများကယ်တင်ခံရရန်အတွက် မျှော်လင့်ချက် မရှိသလော။ ရှိသည်၊ လူများကယ်တင်ခံရရန်အတွက် မျှော်လင့်ချက် ရှိသည်။
—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး