၂၀။ မာနထောင်လွှားခြင်း၊ မိမိကိုယ်ကို မှန်ကန်သည်ဟု ယူမှတ်ခြင်း၊ မိမိကိုယ်ပိုင်အမြင်များကို စွဲကိုင်ထားခြင်း ပြဿနာကို ဖြေရှင်းနည်း
နောက်ဆုံးသောကာလ အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များ
မာနထောင်လွှားခြင်းနှင့် မိမိကိုယ်ကို အမှန်ထင်ခြင်းသည် လူသား၏ အပေါ်လွင်ဆုံး စာတန်ဆန်သော စိတ်သဘောထားဖြစ်သည်။ လူတို့သည် သမ္မာတရားကို လက်မခံလျှင် ထိုစိတ်သဘောထားကို သန့်စင်စေရန် မဖြစ်နိုင်ပေ။ လူအားလုံးသည် မာနထောင်လွှားပြီး မိမိကိုယ်ကို အမှန်ထင်သော စိတ်သဘောထားများရှိသည်။ ပြီးလျှင် ၎င်းတို့သည် အစဉ်သဖြင့် စိတ်ကြီးဝင်ကြသည်။ မည်သည့်အရာကို စဉ်းစားပါစေ၊ မည်သည့်အရာကို ပြောဆိုပါစေ၊ အမှုအရာများကို မည်သို့မြင်ပါစေ ၎င်းတို့၏ ကိုယ်ပိုင်အမြင်နှင့် ကိုယ်ပိုင်သဘောထားများက မှန်ကန်သည်၊ အခြားလူများပြောဆိုသည့်အရာက ၎င်းတို့ပြောဆိုသည့်အရာကဲ့သို့ ကောင်းမွန်ခြင်းမရှိ သို့မဟုတ် မှန်ကန်ခြင်းမရှိဟု အစဉ် ထင်မြင်ကြသည်။ ၎င်းတို့၏ ကိုယ်ပိုင်ထင်မြင်ချက်များကို အစဉ် ဖက်တွယ်ထားကြပြီး မည်သူက စကားပြောသည်ဖြစ်စေ နားထောင်မည်မဟုတ်ပေ။ အခြားတစ်စုံတစ်ဦး ပြောသည့်အရာမှာ မှန်ကန်လျှင်ပင်၊ သို့မဟုတ် သမ္မာတရားနှင့် ညီလျှင်ပင် ၎င်းတို့က လက်ခံလိမ့်မည်မဟုတ်ပေ။ ၎င်းတို့က နားထောင်နေသည့်ပုံစံရှိမည်ဖြစ်သော်လည်း ထိုအယူအဆကို အမှန်တကယ် ခံယူမည်မဟုတ်ပေ။ လုပ်ဆောင်ရမည့်အချိန်ရောက်လျှင် ၎င်းတို့ပြောသည့်အရာက မှန်ကန်ပြီး ကျိုးကြောင်းသင့်သည်ဟု အစဉ်ထင်မြင်လျက်ဖြင့် ၎င်းတို့၏ ကိုယ်ပိုင်နည်းလမ်းများအတိုင်း လုပ်ဆောင်ကြလိမ့်ဦးမည် ဖြစ်သည်။ သင်ပြောသည့်အရာက အမှန်ပင် မှန်ကန်ပြီး ကျိုးကြောင်းသင့်သည်မှာ ဖြစ်နိုင်သည် သို့မဟုတ် သင်လုပ်ဆောင်ခဲ့သည့်အရာသည် မှန်ကန်ပြီး အမှားကင်းသည်မှာ ဖြစ်နိုင်သည်။ သို့သော်လည်း မည်သည့် စိတ်သဘောထားမျိုးကို ထုတ်ဖော်ပြသခဲ့သနည်း။ မာနထောင်လွှားခြင်း၊ မိမိကိုယ်ကို အမှန်ထင်ခြင်းမဟုတ်လော။ သင်သည် ဤမာနထောင်လွှားသော၊ မိမိကိုယ်ကို အမှန်ထင်သော စိတ်သဘောထားကို မစွန့်ပစ်လျှင် ထိုအရာက သင်၏ တာဝန်ထမ်းဆောင်မှုအပေါ် သက်ရောက်မည်မဟုတ်လော။ သမ္မာတရားကို သင်လက်တွေ့လုပ်ဆောင်ခြင်းအား ထိခိုက်မည်မဟုတ်လော။ သင်၏ မာနထောင်လွှားပြီး မိမိကိုယ်ကို အမှန်ထင်သော စိတ်သဘောထားကို မဖြေရှင်းလျှင် အနာဂတ်ကာလတွင် သင့်အား အလွန်ပင် အနှောင့်အယှက်ဖြစ်စေမည်မဟုတ်လော။ သင်သည် အသေအချာပင် အနှောင့်အယှက်များကို တွေ့ကြုံရမည် ဖြစ်သည်။ ရှောင်လွှဲ၍မရပေ။ ဘုရားသခင်သည် လူသား၏ ဤသို့သော အပြုအမူကို မြင်နိုင်သလော။ ဘုရားသခင်က မြင်နိုင်သည်ထက်ပိုသည်။ ဘုရားသခင်သည် လူတို့၏ စိတ်နှလုံးအတွင်းနက်နက်နေရာများကို စိစစ်ရုံမကဘဲ အချိန်တိုင်း၊ နေရာတိုင်းတွင် ၎င်းတို့၏ စကားတိုင်း၊ အလုပ်တိုင်းကိုလည်း လေ့လာစောင့်ကြည့်သည်။ ဘုရားသခင်က သင်၏ ဤအပြုအမူကို မြင်သောအခါ မည်သည့်အရာကို ပြောမည်နည်း။ ဘုရားသခင်က “သင်သည် စိတ်နှလုံးခိုင်မာသည်။ သင်က မှားယွင်းသည်ကို မသိသောအခါတွင် သင်၏ ကိုယ်ပိုင်အယူအဆများကို ဖက်တွယ်ထားနိုင်သည်မှာ နားလည်နိုင်ဖွယ်ရှိသော်လည်း သင်သည် မှားယွင်းသည်ကို ရှင်းလင်းစွာသိပြီး သင်၏ အယူအဆများကို ဖက်တွယ်နေဆဲဖြစ်လျှင်၊ နောင်တမရမီ သေလိုက်မည်ဆိုလျှင် သင်သည် ခေါင်းမာသောသူရူးတစ်ယောက်သာဖြစ်ပြီး သင်သည် ဒုက္ခရောက်ပြီဖြစ်သည်။ မည်သူက အကြံပေးသည်ဖြစ်စေ သင်က ထိုအကြံအပေါ် အပျက်သဘောဆောင်သော၊ အတိုက်အခံပြုသော သဘောထားကို အစဉ်ခံယူလျှင်၊ သမ္မာတရားအနည်းငယ်မျှကိုပင် လက်မခံလျှင်၊ သင်၏ စိတ်နှလုံးက လုံးဝပင် အတိုက်အခံဖြစ်ပြီး ပိတ်ထားကာ အရေးမထားဘဲနေလျှင် သင်သည် အလွန်ပင် အဓိပ္ပာယ်မရှိဖြစ်ပြီး ရယ်ဖွယ်ကောင်းသောသူတစ်ယောက်ဖြစ်သည်။ သင့်ကို ကိုင်တွယ်ဖြေရှင်းရန် ခက်ခဲလွန်းသည်” ဟု ဆိုလိမ့်မည်။ သင်သည် အဘယ်သို့ဖြစ်ပြီး ကိုင်တွယ်ဖြေရှင်းရန် ခက်ခဲသနည်း။ သင့်ကို ကိုင်တွယ်ဖြေရှင်းရန် ခက်ခဲသည်မှာ အဘယ်ကြောင့်ဆိုသော် သင် ပြသသည့်အရာသည် မှားယွင်းသောနည်းလမ်း၊ သို့မဟုတ် မှားယွင်းသော အပြုအမူမဟုတ်ဘဲ သင်၏ စိတ်သဘောထားကို ထုတ်ဖော်ပြခြင်းဖြစ်သောကြောင့်ဖြစ်သည်။ မည်သည့် စိတ်သဘောထားကို ထုတ်ဖော်ပြခြင်းဖြစ်သနည်း။ သမ္မာတရားကို သင် အလွန်အမင်းမနှစ်မြို့သည့် စိတ်သဘောထား၊ သမ္မာတရားကို မုန်းတီးသည့် စိတ်သဘောထားဖြစ်သည်။ သင်သည် သမ္မာတရားကို မုန်းတီးသူအဖြစ် ခွဲခြားသတ်မှတ်ခြင်း ခံရပြီးသည်နှင့်တစ်ပြိုင်နက် ဘုရားသခင်၏ အမြင်တွင် သင်သည် ဒုက္ခရောက်ပြီဖြစ်သည်။ သူသည် သင့်ကို ပစ်ပယ်ကာ လျစ်လျူရှုလိမ့်မည်။ လူတို့၏ အမြင်တွင် ၎င်းတို့ အလွန်ဆုံး ပြောမည့်အရာမှာ “ဤလူ၏ စိတ်သဘောထားသည် ဆိုးသည်။ အလွန်အမင်း ခေါင်းမာသည်။ စိတ်နှလုံးခိုင်မာသည်။ မာနထောင်လွှားသည်။ ဤလူသည် ပေါင်းသင်းရန် ခက်ခဲပြီး သမ္မာတရားကို မချစ်ပါ။ သမ္မာတရားကို လုံးဝ လက်မခံသကဲ့သို့ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ပါ” ဟူ၍ ဖြစ်သည်။ အလွန်ဆုံးအနေဖြင့် လူတိုင်းက သင့်အား ဤအကဲဖြတ်ချက်ကို ပေးလိမ့်မည်။ သို့သော် ဤအကဲဖြတ်ချက်သည် သင်၏ ကံကြမ္မာကို ဆုံးဖြတ်နိုင်သလော။ လူတို့က သင့်အားပေးသည့် အကဲဖြတ်ချက်သည် သင်၏ ကံကြမ္မာကို မဆုံးဖြတ်နိုင်ပေ။ သို့သော် သင်မမေ့ရမည့် အရာတစ်ခုရှိသည်။ ဘုရားသခင်က လူတို့၏ စိတ်နှလုံးကို စိစစ်ပြီး၊ တစ်ချိန်တည်းတွင် ဘုရားသခင်က လူတို့၏ စကားတိုင်း၊ လုပ်ရပ်တိုင်းကို လေ့လာကြည့်ရှုသည်။ ဘုရားသခင်က သင့်အား ဤသို့ သတ်မှတ်ပြီး သမ္မာတရားကို သင် မုန်းသည်ဟု ပြောလျှင်၊ သင်သည် ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထား အနည်းငယ်ရှိသည်၊ သို့မဟုတ် အနည်းငယ် နာခံခြင်းမရှိဟုသာ မပြောလျှင် ဤသည်မှာ အလွန်ဆိုးသော ပြဿနာမဟုတ်လော။ (ဆိုးသည်။) ဤသည်မှာ ပြဿနာရှိသည်ဆိုသည့် သဘောဖြစ်သည်။ ဤပြဿနာသည် လူတို့က သင့်အပေါ် မြင်သည့်ပုံစံ၊ သို့မဟုတ် သင့်အား မည်သို့ အကဲဖြတ်သည်ဆိုသည့်အပေါ်တွင် မူတည်ခြင်းမရှိဘဲ ဘုရားသခင်က သမ္မာတရားကို မုန်းတီးသည့် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို မည်သို့ရှုမြင်သည်ဆိုသည့်အပေါ်တွင် မူတည်သည်။ ဤသို့ဆိုလျှင် ဘုရားသခင်က အဘယ်သို့ မြင်သနည်း။ သင်သည် သမ္မာတရားအား မုန်းတီးပြီး မချစ်ဟု ဘုရားသခင်က သတ်မှတ်ရုံမျှသတ်မှတ်ပြီး ဤမျှသာ ဖြစ်သလော။ ထိုမျှ ရိုးရှင်းသလော။ သမ္မာတရားက မည်သည့်နေရာမှ လာသနည်း။ သမ္မာတရားက မည်သူကို ကိုယ်စားပြုသနည်း။ (ဘုရားသခင်ကို ကိုယ်စားပြုသည်။) ဤအရာကို ချင့်ချိန်စဉ်းစားလော့။ လူတစ်ယောက်သည် သမ္မာတရားကို မုန်းတီးလျှင် ဘုရားသခင်၏ ရှုထောင့်အမြင်မှ၊ သူသည် ထိုသူအား မည်သို့ရှုမြင်မည်နည်း။ (သူ၏ ရန်သူအဖြစ် ရှုမြင်မည်။) ဤသည်မှာ ဆိုးရွားသော ပြဿနာတစ်ခုမဟုတ်လော။ လူတစ်ယောက်သည် သမ္မာတရားကို မုန်းတီးလျှင် ဘုရားသခင်ကို မုန်းတီးခြင်း ဖြစ်သည်။ ဘုရားသခင်ကို မုန်းသည်ဟု အဘယ်ကြောင့် ငါဆိုသနည်း။ ထိုသူသည် ဘုရားသခင်ကို ကျိန်ဆဲသလော။ ဘုရားသခင်ကို တိုက်ရိုက်ဆန့်ကျင်သလော။ ဘုရားသခင်၏ နောက်ကွယ်တွင် ဘုရားသခင်အား ဝေဖန်အပြစ်တင်သလော၊ ရှုတ်ချသလော။ ထိုသို့ သေချာပေါက် မဟုတ်ပေ။ ဤသို့ဆိုလျှင် သမ္မာတရားအား မုန်းတီးသော စိတ်သဘောထားကို ထုတ်ဖော်ပြခြင်းသည် ဘုရားသခင်ကို မုန်းတီးခြင်းဖြစ်သည်ဟု ငါ အဘယ်ကြောင့်ဆိုသနည်း။ ဤသည်မှာ တစ်စိတ်ကို တစ်အိတ် လုပ်နေခြင်း မဟုတ်ပေ။ ယင်းသည် အခြေအနေ၏ လက်တွေ့အရှိတရားဖြစ်သည်။ သမ္မာတရားကို မုန်းတီးသောကြောင့် သခင်ယေရှုကို ကားတိုင်တွင် သံနှင့်ရိုက်ခဲ့သော သူတော်ကောင်း အယောင်ဆောင်သည့် ဖာရိရှဲများကဲ့သို့ဖြစ်သည်။ နောက်တွင် ဆက်၍ဖြစ်သော အကျိုးဆက်များက ဆိုးရွားသည်။ ဤသည်မှာ လူတစ်ယောက်သည် သမ္မာတရားကို စိတ်ကုန်ပြီး သမ္မာတရားကို မုန်းတီးသည့် စိတ်သဘောထားရှိလျှင် ထိုစိတ်သဘောထားသည် အချိန်မရွေး၊ နေရာမရွေး ထုတ်ဖော်ပြသနိုင်သည်ဟု ဆိုလိုသည်။ ထိုသူသည် ထိုစိတ်သဘောထားဖြင့် အသက်ရှင်လျှင် ဘုရားသခင်ကို ဆန့်ကျင်မည်မဟုတ်လော။ သူသည် သမ္မာတရား၊ သို့မဟုတ် ရွေးချယ်မှုပြုရခြင်းပါဝင်သော အရာတစ်ခုဖြင့် ရင်ဆိုင်ရသောအခါ သမ္မာတရားကို လက်မခံနိုင်လျှင်၊ သူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားဖြင့် အသက်ရှင်လျှင် သူသည် အလိုအလျောက်ပင် ဘုရားသခင်အား ဆန့်ကျင်လိမ့်မည်။ သစ္စာဖောက်လိမ့်မည်။ အဘယ်ကြောင့်ဆိုသော် သူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသည် ဘုရားသခင်ကို မုန်းပြီး သမ္မာတရားကို မုန်းသည့် စိတ်သဘောထားဖြစ်သောကြောင့်ဖြစ်သည်။ သင့်ထံတွင် ဤသို့သော စိတ်သဘောထားရှိလျှင် ဘုရားသခင်ပြောဆိုသော စကားများနှင့်ပတ်သက်လာသည့်အခါတွင်ပင် သင် မေးခွန်းထုတ်မိလိမ့်မည်ဖြစ်ပြီး ထိုစကားများကို ပိုင်းခြားစိစစ်ချင်လိမ့်မည်။ ထို့နောက်တွင် သင်သည် ဘုရားနှုတ်ကပတ်တော်များကို သံသယဖြစ်လိမ့်မည်ဖြစ်ပြီး “ဤအရာတို့သည် အမှန်ပင် ဘုရားနှုတ်ကပတ်တော်များဖြစ်သလော။ ငါ့အတွက် သမ္မာတရားနှင့် မတူပါ။ ထိုစကားများအားလုံးသည် ငါ့အတွက် မလွဲမသွေ မှန်ကန်သည့် ပုံစံမရှိပါ” ဟု ဆိုလိမ့်မည်။ ဤသို့ဖြင့် သမ္မာတရားအား မုန်းတီးသည့် သင်၏ စိတ်သဘောထားသည် ထုတ်ဖော်ပြသခြင်းမရှိသလော။ သင်သည် ဤသို့ စဉ်းစားသောအခါ ဘုရားသခင်အား နာခံနိုင်သလော။ သေချာပေါက် မနာခံနိုင်ပေ။ သင်သည် ဘုရားသခင်ကို မနာခံနိုင်လျှင် သူသည် သင်၏ ဘုရားဖြစ်သေးသလော။ မဖြစ်တော့ပေ။ ဤသို့ဆိုလျှင် ဘုရားသခင်က သင့်အတွက် အဘယ်အရာဖြစ်လိမ့်မည်နည်း။ သင်သည် သူ့ကို သုတေသနပြုရမည့် အကြောင်းအရာတစ်ခုအဖြစ်၊ သံသယဖြစ်ရမည့် သူတစ်ယောက်အဖြစ်၊ ရှုတ်ချရမည့်သူတစ်ယောက်အဖြစ် မှတ်ယူလိမ့်မည်။ သင်သည် သူ့အား သာမန်၊ ပုံမှန်လူတစ်ယောက်အဖြစ် မှတ်ယူပြီး ထိုသို့သောသူတစ်ယောက်အဖြစ် ရှုတ်ချလိမ့်မည်။ ဤသို့ လုပ်ဆောင်ရာတွင် သင်သည် ဘုရားသခင်ကို အာခံပြီး စော်ကားသောသူတစ်ယောက်ဖြစ်လာလိမ့်မည်။ မည်သို့သော စိတ်သဘောထားမျိုးက ဤအရာကို ဖြစ်စေသနည်း။ အတိုင်းအတာတစ်ခုအထိ ကြီးထွားလာသော မာနထောင်လွှားသည့် စိတ်သဘောထားကြောင့် ဖြစ်သည်။ သင်၏ စာတန်ဆန်သော စိတ်သဘောထားက သင့်ထံမှ ထုတ်ဖော်ပြလာမည်ဖြစ်ရုံမကဘဲ သင်၏ စာတန်ဆန်သော စရိုက်လက္ခဏာသည်လည်း အပြည့်အဝ ဖွင့်ချပြလိမ့်မည်။ ဘုရားသခင်အား အာခံသည့်အဆင့်သို့ ရောက်ရှိသော၊ ဘုရားသခင်ကို ပုန်ကန်မှုက အတိုင်းအတာတစ်ခုအထိ ရောက်ရှိနေသောသူနှင့် ဘုရားသခင်ကြားတွင်ရှိသော ဆက်ဆံရေးသည် မည်သို့ဖြစ်မည်နည်း။ လူတစ်ယောက်က ဘုရားသခင်ကို မိမိကိုယ်တိုင် ဆန့်ကျင်သည့်နေရာတွင်ထားသည့် မလိုမုန်းထားသော ဆက်ဆံရေး ဖြစ်လာပေသည်။ ဘုရားသခင်အပေါ် သင်၏ ယုံကြည်ခြင်းတွင် သမ္မာတရားကို လက်မခံနိုင်၊ မနာခံနိုင်လျှင် ဘုရားသခင်သည် သင်၏ ဘုရားမဟုတ်ပေ။ သင်သည် သမ္မာတရားကို ငြင်းဆန်ပြီး ငြင်းပယ်လျှင် သင်သည် ဘုရားသခင်ကို အာခံသောသူတစ်ယောက် ဖြစ်လာနှင့်ပြီး ဖြစ်လိမ့်မည်။ ဤသို့ဆိုလျှင် ဘုရားသခင်က သင့်ကို ကယ်တင်နိုင်သေးသလော။ သေချာပေါက် မကယ်တင်နိုင်ပေ။
—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ဘုရားသခင်၏ ရှေ့မှောက်၌ မကြာခဏ အသက်ရှင်ခြင်းသည်သာလျှင် အကြင်သူသည် သူနှင့် ပုံမှန်ဆက်ဆံရေးကို ရရှိနိုင်သည်
မာနထောင်လွှားခြင်းသည် လူသား၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ အရင်းအမြစ်ဖြစ်သည်။ လူတို့သည် ပို၍ မာနထောင်လွှားလေ သူတို့သည် ပို၍ ဆင်ခြင်တုံတရားကင်းမဲ့လေဖြစ်ကာ သူတို့ ပို၍ အကျိုးအကြောင်းမဆီလျော်လေ ဘုရားသခင်ကို ပို၍ဆန့်ကျင်လေ ဖြစ်တတ်သည်။ ဤပြဿနာက အဘယ်မျှ ဆိုးရွားလိုက်သနည်း။ မာနထောင်လွှားသော စိတ်သဘောထားဖြင့် လူတို့သည် အခြားလူတိုင်းကို သူတို့၏အောက်၌ ရှိသည်ဟု ယူဆကြသည့်အပြင် အဆိုးဆုံးမှာ သူတို့သည် ဘုရားကိုပင် တင်စီးနေကြပြီး သူတို့တွင် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးများ မရှိကြချေ။ လူတို့သည် ဘုရားသခင်၌ ယုံကြည်သက်ဝင်ပြီး သူ့ကို လိုက်လျှောက်ကြသည့်ပုံ ပေါ်သော်လည်း သူတို့သည် သူ့ကို ဘုရားသခင်အဖြစ် လုံးဝ မဆက်ဆံကြချေ။ သူတို့သည် သမ္မာတရားကို ပိုင်ဆိုင်ထားသည်ဟု အမြဲထင်မြင်ကြပြီး မိမိတို့ကိုယ်ကို အလွန်အထင်ကြီးတတ်ကြသည်။ ဤသည်မှာ မာနထောင်လွှားသော စိတ်သဘောထား၏ အနှစ်သာရနှင့် အရင်းအမြစ်ဖြစ်ပြီး ယင်းက စာတန်ထံမှ လာလေသည်။ ထို့ကြောင့် မာနထောင်လွှားခြင်း ပြဿနာကို ဖြေရှင်းရမည်။ လူတစ်ဦးသည် အခြားလူများထက် ပိုသာသည်ဟူသော ထင်မြင်ချက်မှာ အသေးအဖွဲကိစ္စ ဖြစ်သည်။ အရေးပါသောအချက်မှာ လူတစ်ဦး၏ မာနထောင်လွှားသော စိတ်သဘောထားက ဘုရားသခင်၊ သူ၏ အချုပ်အခြာအာဏာနှင့် သူ၏အစီအစဉ်များအပေါ် နာခံခြင်းမှ သူ့ကို ဟန့်တားနေခြင်းပင် ဖြစ်သည်။ ထိုကဲ့သို့သောသူသည် အခြားသူများအပေါ် အာဏာနှင့် ထိန်းချုပ်မှုရှိရေးအတွက် ဘုရားသခင်နှင့် ယှဉ်ပြိုင်လိုစိတ် အမြဲရှိနေသည်။ ထိုကဲ့သို့သောလူက ဘုရားသခင်အားချစ်ခြင်း သို့မဟုတ် သူ့အားနာခံခြင်းကို မဆိုထားနှင့် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး စိုးစဉ်းမျှ မရှိပေ။ ထောင်လွှားကာ စိတ်ကြီးဝင်သူများ၊ အထူးသဖြင့် အင်မတန် ထောင်လွှားလွန်းသဖြင့် ဆင်ခြင်တုံတရား ပျောက်သွားသူများသည် ဘုရားသခင်၌ ယုံကြည်ခြင်းတွင် ကိုယ်တော်ကို မနာခံနိုင်ရုံမက မိမိတို့ကိုယ်ကို ဂုဏ်တင်ကာ သက်သေပင် ခံလိုက်သေးသည်။ ထိုသို့သောလူများသည် ဘုရားသခင်ကို အဆန့်ကျင်ဆုံးဖြစ်ပြီး ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး လုံးဝ မရှိပေ။ အကယ်၍ လူတို့သည် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး ရှိသည့်အဆင့်ဆီ ရောက်လိုလျှင် သူတို့သည် မိမိတို့၏ မာနထောင်လွှားသော စိတ်သဘောထားကို ပထမဦးစွာ ဖြေရှင်းရမည်။ သင်၏ မာနထောင်လွှားသော စိတ်သဘောထားကို စေ့စပ်သေချာစွာ ဖြေရှင်းလေလေ၊ ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး ပို၍ ရှိလေဖြစ်လိမ့်မည်။ ထိုအခါမှသာ သင်သည် ကိုယ်တော်ကိုနာခံနိုင်ကာ သမ္မာတရားကို ရနိုင်ပြီး ကိုယ်တော်ကို သိလေသည်။ သမ္မာတရားကို ရရှိသည့်သူများသာလျှင် စစ်မှန်သော လူသားဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး
သင်တို့သည် မိမိ၏ တာဝန်များကို ထမ်းဆောင်ရန် အခြားလူများနှင့် ပူးပေါင်းဆောင်ရွက်သည့်အခါ၊ မတူညီသည့် ထင်မြင်ချက်များကို သင် လိုလိုလားလား လက်ခံနိုင်သလား။ သင်သည် အခြားလူများကို စကားပြောခွင့်ပေးနိုင်သလော။ (အနည်းငယ် ပေးနိုင်ပါသည်။ ယခင်က အချိန်အများစုတွင် ညီအစ်ကိုမောင်နှမများ၏ အကြံပြုချက်များကို ကျွန်ုပ် နားမထောင်ခဲ့သကဲ့သို့၊ အမှုကိစ္စများကို မိမိ၏သဘောကျ လုပ်ဆောင်ဖို့ မရမကပြောခဲ့ပါသည်။ နောက်ပိုင်းတွင် ကျွန်ုပ်မှားကြောင်း အချက်အလက်များက သက်သေပြသည့်အခါမှသာ ၎င်းတို့၏ အကြံပြုချက်အများစုသည် မှန်ကန်နေခဲ့ကြောင်း၊ လူတိုင်းဆွေးနွေးထားသည့် ဆုံးဖြတ်ချက်သည်သာ အမှန်တကယ် သင့်တော်ကြောင်း၊ ထို့ပြင် မိမိ၏ အမြင်များကို အားထားခဲ့၍ ကျွန်ုပ်သည် အမှုကိစ္စများကို ရှင်းလင်းစွာ မမြင်နိုင်ခဲ့ဘဲ ချို့တဲ့နေခဲ့ကြောင်း ကျွန်ုပ်မြင်ခဲ့ရပါသည်။ ဤအရာကို တွေ့ကြုံပြီးသည့်နောက်တွင် သဟဇာတဖြစ်သည့် ပူးပေါင်းလုပ်ဆောင်ခြင်းက မည်မျှအရေးကြီးသည်ကို ကျွန်ုပ် သဘောပေါက်ခဲ့ပါသည်။) ပြီးလျှင် ဤအရာမှ အဘယ်အရာကို တွေ့မြင်နိုင်သနည်း။ ဤအရာကို တွေ့ကြုံပြီးသည့်နောက်၊ အကျိုးကျေးဇူးအချို့ကို လက်ခံရရှိပြီး သမ္မာတရားကို နားလည်ခဲ့သလော။ မည်သူမဆို အမှားကင်းသည်ဟု သင်တို့ ထင်သလော။ လူတို့သည် မည်မျှ သန်စွမ်းသည်ဖြစ်စေ၊ သို့မဟုတ် မည်မျှ စွမ်းဆောင်နိုင်ပြီး ပါရမီရှိသည်ဖြစ်စေ၊ ၎င်းတို့သည် ခြောက်ပြစ်ကင်း မဟုတ်သေးပေ။ ဤအရာကို လူများ သတိပြုမိရမည်။ ယင်းမှာ အမှန်တရားဖြစ်ပြီး မိမိတို့၏ကိုယ်ပိုင် အရည်အချင်းများနှင့် အားသာချက်များ သို့မဟုတ် ချို့ယွင်းချက်များကို မှန်ကန်စွာ ကိုင်တွယ်ချဉ်းကပ်ဖို့ လူတို့တွင် ရှိသင့်သည့် သဘောထားလည်း ဖြစ်ပေသည်။ ဤသည်မှာ လူတို့ ပိုင်ဆိုင်သင့်သည့် စဉ်းစားချင့်ချိန်နိုင်စွမ်း ဖြစ်သည်။ ဤသို့သော ဆင်ခြင်တုံတရားဖြင့် သင်သည် သင်ကိုယ်တိုင်၏ အားသာချက်များနှင့် အားနည်းချက်များအပြင် အခြားသူတို့၏ ယင်းအချက်များကိုပါ သင့်လျော်စွာ ကိုင်တွယ်နိုင်မည်ဖြစ်ပြီး၊ ဤအချက်သည် သင့်အား ၎င်းတို့နှင့်အတူ သဟဇာတဖြစ်စွာ အလုပ်လုပ်နိုင်စေလိမ့်မည်။ သင်သည် သမ္မာတရား၏ ဤရှုထောင့်ကို နားလည်ပြီးဖြစ်ကာ သမ္မာတရား စစ်မှန်မှု၏ ဤသွင်ပြင်လက္ခဏာကို ဝင်ရောက်နိုင်လျှင် သင့်တွင်ရှိသော မည်သည့်အားနည်းချက်ကိုမဆို ဖာထေးရန် မိမိညီအစ်ကိုမောင်နှမများ၏ အားသာချက်များကို အသုံးပြုရင်း သူတို့နှင့် သဟဇာတရှိရှိ အဆင်ပြေနိုင်သည်။ ဤနည်းအားဖြင့် မည်သည့်တာဝန်ကို ထမ်းဆောင်နေသည်ဖြစ်စေ သို့မဟုတ် မည်သည့်အရာကို လုပ်ဆောင်နေသည်ဖြစ်စေ သင်သည် ယင်းအမှုအရာတွင် အစဉ်သဖြင့် ပိုမိုကောင်းမွန်လာပြီး ဘုရားသခင်၏ကောင်းချီးကို ရရှိလိမ့်မည်။ သင်သည် အတော်အတန်တော်ပြီး အခြားသူတို့သည် သင်နှင့်ယှဉ်လျှင် ညံ့သည်ဟု အစဉ် ထင်မြင်ပြီးလျှင်၊ သင်သည် အစဉ်သဖြင့် အဆုံးအဖြတ်ပေးသောသူဖြစ်လိုလျှင် ဤသည်မှာ ဒုက္ခပေးလိမ့်မည်။ ဤသည်မှာ စိတ်သဘောထားနှင့်ဆိုင်သည့် ပြဿနာဖြစ်သည်။ ထိုသို့သော လူများသည် မာနထောင်လွှားပြီး မိမိကိုယ်ကို မှန်ကန်သည်ဟု ယူမှတ်ကြသည် မဟုတ်လော။ တစ်စုံတစ်ယောက်က သင့်ကို အကြံကောင်းပေးသည်ဟု စိတ်ကူးကြည့်လော့။ သို့သော် ယင်းကို သင်လက်ခံလိုက်လျှင် ထိုသူက သင့်ကို အထင်သေးကောင်းသေးနိုင်ပြီး သူ့လောက် မတော်ဟု ထင်သွားနိုင်ကြောင်း သင်တွေးသည်။ ထို့ကြောင့် သူ့ကို နားမထောင်ဖို့ သင်ဆုံးဖြတ်လိုက်သည်။ ထိုအစား သင့်ကို သူအထင်ကြီးလေးစားလာစေရန် ဟိတ်ဟန်ကြီး၍ ကိန်းကြီးခန်းကြီးနိုင်သော စကားလုံးများဖြင့် သူ့ကို လွှမ်းမိုးဖို့ သင်ကြိုးစားသည်။ သင်သည် လူများကို ဤနည်းဖြင့် အမြဲတမ်း ဆက်ဆံလျှင် သူတို့နှင့် သဟဇာတကျကျ သင်ပူးပေါင်း ဆောင်ရွက်နိုင်မည်လော။ သဟဇာတဖြစ်အောင် စွမ်းဆောင်ဖို့ ပျက်ကွက်ရုံသာမက အပျက်သဘောဆောင်သော အကျိုးဆက်များလည်း ရှိလာလိမ့်မည်။ အချိန်ကြာလာသည်နှင့်အမျှ လူတိုင်းက သင့်ကို လှည့်ဖြားပြီး ကလိမ်ကျလွန်းသည့်၊ သူတို့နားလည်ရခက်သည့် တစ်စုံတစ်ယောက်အဖြစ် မြင်လာကြလိမ့်မည်။ သင်သည် သမ္မာတရားကို လက်တွေ့မလုပ်သည့်အပြင် ရိုးသားသော လူတစ်ဦးလည်း မဟုတ်သည်ဖြစ်ရာ အခြားလူများက သင့်ကို အော့ကြောလန်သည်။ အကယ်၍ လူတိုင်းက သင့်ကို အော့ကြောလန်လျှင် ဤသည်မှာ သင်သည် အငြင်းပယ်ခံရသည်ဟု ဆိုလိုခြင်း မဟုတ်လော။ ငါ့ကို ပြောလော့။ လူတိုင်းက ငြင်းပယ်ထားသော တစ်စုံတစ်ယောက်ကို ဘုရားသခင်က မည်သို့ဆက်ဆံမည်နည်း။ ထိုကဲ့သို့သော လူတစ်ယောက်ကို ဘုရားသခင်ကလည်း ရွံရှာမုန်းတီးပေလိမ့်မည်။ ဤကဲ့သို့သော လူများကို ဘုရားသခင်က အဘယ်ကြောင့် ရွံရှာမုန်းတီးသနည်း။ သူတို့၏တာဝန်ကို ထမ်းဆောင်ရာတွင် သူတို့၏ ရည်ရွယ်ချက်များမှာ စစ်မှန်သော်လည်း သူတို့၏ နည်းလမ်းများကမူ ဘုရားသခင် ရွံရှာမုန်းတီးသောအရာ ဖြစ်သည်။ သူတို့ထုတ်ဖော်ပြသော စိတ်သဘောထားနှင့် သူတို့၏ အတွေးတိုင်း၊ စိတ်ကူးအကြံအစည်နှင့် ရည်ရွယ်ချက်တိုင်းသည် ဘုရားသခင်၏ မျက်လုံးများထဲတွင် ကောက်ကျစ်ဆိုးယုတ်နေပြီး ဘုရားသခင် ရွံရှာမုန်းတီးသော အရာများနှင့် စက်ဆုပ်ရွံရှာသည့် အရာများ ဖြစ်ကြသည်။ မိမိတို့ကို အခြားလူများ အထင်ကြီးလေးစားစေရန် ရည်ရွယ်၍ မိမိတို့၏ စကားလုံးများနှင့် လုပ်ရပ်များတွင် စက်ဆုပ်ဖွယ်ကောင်းသော နည်းပရိယာယ်များကို လူများက အမြဲတမ်း အသုံးပြုသောအခါ ဤအပြုအမူကို ဘုရားသခင်က ရွံရှာမုန်းတီးသည်။
—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး
မာနထောင်လွှားပြီး မိမိမှန်သည်ဟု မှတ်ယူသောလူများသည် ၎င်းတို့၏ ကိုယ်ပိုင်စိတ်ကူးများနောက်သို့ လိုက်လေ့ရှိသည်။ ဤသို့ဆိုလျှင် ၎င်းတို့သည် ဘုရားသခင်ကို ကြောက်ရွံ့သည့် စိတ်နှလုံးရှိသလော။ ပြင်းထန်သည့် တစ်ကိုယ်ရေ စိတ်ကူးများရှိသောလူများသည် ဘုရားသခင်ကို မေ့လျော့ကြကာ အချိန်ကျသောအခါတွင် ၎င်းတို့သည် ဘုရားသခင်အား ကျိုးနွံနာခံခြင်းကို မေ့လျော့ကြသည်။ ၎င်းတို့သည် လမ်းဆုံးရောက်သောအခါ၊ မည်သည့်အရာကိုမျှ ပြီးမြောက်ရန် မတတ်နိုင်သောအခါတွင်မှသာ ၎င်းတို့သည် ဘုရားသခင်အား ကျိုးနွံနာခံခြင်း မရှိခဲ့ကြသကဲ့သို့ ဘုရားသခင်ထံ ဆုမတောင်းခဲ့ကြသည်ကို တွေးမိကြသည်။ ဤသည်မှာမည်သည့်ပြဿနာဖြစ်သနည်း။ ဤသည်မှာ ၎င်းတို့၏ စိတ်နှလုံးတွင် ဘုရားသခင်မရှိခြင်း ဖြစ်သည်။ ဘုရားသခင်သည် ၎င်းတို့၏ စိတ်နှလုံးထဲတွင် မရှိကြောင်း၊ ပြီးလျှင် မိမိတို့ကိုယ်တိုင်အပေါ်တွင်သာ ၎င်းတို့ မှီခိုကြကြောင်းကို ညွှန်ပြနေသည်။ ထို့ကြောင့် သင်သည် အသင်းတော်အလုပ်ကို လုပ်ဆောင်နေသည်ဖြစ်စေ၊ တာဝန်ထမ်းဆောင်နေသည်ဖြစ်စေ၊ ပြင်ပအရေးကိစ္စအချို့ကို ကိုင်တွယ်နေသည်ဖြစ်စေ၊ သို့မဟုတ် သင်ကိုယ်တိုင်၏ဘဝတွင် ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းသည်ဖြစ်စေ သင်၏ စိတ်နှလုံးတွင် စည်းမျဉ်းများရှိရမည်။ အခြေအနေတစ်ခုရှိရမည်။ မည်သည့် အခြေအနေနည်း။ “မည်သည့်အရာဖြစ်စေ၊ ကျွန်ုပ်အပေါ်တွင် တစ်စုံတစ်ရာ မဖြစ်ပျက်မီ ကျွန်ုပ် ဆုတောင်းရမည်။ ဘုရားသခင်ကို ကျွန်ုပ် ကျိုးနွံနာခံသင့်ပြီး၊ ဘုရားသခင်၏ အချုပ်အခြာအာဏာကို ကျိုးနွံနာခံသင့်သည်။ အရာရာတိုင်းကို ဘုရားသခင်က စီစဉ်ထားခြင်းဖြစ်ပြီး၊ ထိုအရာဖြစ်ပျက်သောအခါတွင် ဘုရားသခင်၏ ရည်ရွယ်ချက်များကို ကျွန်ုပ်ရှာဖွေရမည်။ ကျွန်ုပ်တွင် ဤစိတ်နေစိတ်ထားရှိရမည်။ ကျွန်ုပ်၏ ကိုယ်ပိုင်အစီအစဉ်များကို မပြုလုပ်ရပေ။” ဤသို့ အချိန်အနည်းငယ် တွေ့ကြုံပြီးနောက်တွင် လူတို့သည် အမှုမဲ့အမှတ်မဲ့ဆိုသလို အမှုအရာများစွာတွင် ဘုရားသခင်၏ အချုပ်အခြာအာဏာအား စတင်၍ တွေ့ရလိမ့်မည်။ သင်သည် အစဉ်သဖြင့် ကိုယ်ပိုင်အစီအစဉ်များ၊ စဉ်းစားသုံးသပ်ခြင်းများ၊ ဆန္ဒများ၊ တစ်ကိုယ်ကောင်းဆန်သော ရည်ရွယ်ချက်များ၊ တောင့်တမှုများရှိလျှင် သင်၏ စိတ်နှလုံးသည် ဘုရားသခင်ထံမှ အမှတ်တမဲ့ သွေဖည်သွားလိမ့်မည်။ ဘုရားသခင်က မည်သို့လုပ်ဆောင်သည်ကို သင် မြင်ရလိမ့်မည်မဟုတ်ပေ။ အချိန်အများစုတွင် ဘုရားသခင်သည် သင့်ထံမှ ကွယ်ဝှက်နေလိမ့်မည်။ သင်သည် အမှုအရာများကို ကိုယ်ပိုင်စိတ်ကူးများအရ လုပ်ဆောင်ရသည်ကို မနှစ်သက်သလော။ သင်သည် ကိုယ်ပိုင်အစီအစဉ်များကို မပြုလုပ်သလော။ သင်သည် အသိဉာဏ်ရှိသည်၊ ပညာတတ်ဖြစ်သည်၊ အသိပညာရှိသည်၊ သင့်တွင် အမှုအရာများကို လုပ်ဆောင်ရန် နည်းလမ်းများနှင့် နည်းပညာရှိသည်၊ ယင်းတို့ကို သင့်ဘာသာလုပ်ဆောင်နိုင်သည်၊ သင်သည် တော်သည်၊ ဘုရားသခင်ကို မလိုအပ်ပေဟု သင် ထင်သည်။ ထို့ကြောင့် ဘုရားသခင်က ပြောသည်။ “ဤသို့ဆိုလျှင် သွား၍ သင့်ဘာသာ လုပ်ဆောင်လော့။ ကောင်းမွန်သည်ဖြစ်စေ၊ မကောင်းမွန်သည်ဖြစ်စေ တာဝန်ယူလော့။ ငါ ဂရုမစိုက်ပေ။” ဘုရားသခင်က သင့်ကို အရေးမစိုက်ပေ။ လူတို့သည် ဘုရားသခင်အပေါ် ၎င်းတို့၏ ယုံကြည်မှုတွင် ဤနည်းဖြင့် မိမိတို့၏ ကိုယ်ပိုင်အလိုဆန္ဒနောက်လိုက်ပြီး ၎င်းတို့ ယုံကြည်ချင်သလို ယုံကြည်ကြလျှင် အကျိုးဆက်မှာ အဘယ်နည်း။ ၎င်းတို့သည် ဘုရားသခင်၏ အချုပ်အခြာအာဏာကို မည်သည့်အခါမျှ မတွေ့ကြုံနိုင်ပေ။ ဘုရားသခင်၏ လက်တော်ကို မည်သည့်အခါမျှ မမြင်နိုင်ပေ။ သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်အလင်းဖွင့်ပြမှုနှင့် အလင်းပေးမှုကို မည်သည့်အခါမျှ မခံစားရနိုင်ပေ။ ဘုရားသခင်၏ လမ်းပြမှုကို မခံစားရနိုင်ပေ။ အချိန်ကြာလာသည်နှင့်အမျှ မည်သည့်အရာ ဖြစ်ပျက်မည်နည်း။ ၎င်းတို့၏ စိတ်နှလုံးသည် ဘုရားသခင်ထံမှ ပို၍ပင် ဝေးကွာသွားလိမ့်မည်ဖြစ်ပြီး ဆင့်ပွားသက်ရောက်မှုများရှိလိမ့်မည်။ မည်သည့်သက်ရောက်မှုများဖြစ်သနည်း။ (ဘုရားသခင်ကို သံသယဝင်ပြီး ငြင်းဆန်ခြင်းဖြစ်သည်။) ဤသည်မှာ ဘုရားသခင်ကို သံသယဝင်ပြီး ငြင်းဆန်ခြင်းကိစ္စတစ်ခု သက်သက်မဟုတ်ပေ။ ဘုရားသခင်သည် လူတို့၏ စိတ်နှလုံးတွင် နေရာမရှိသကဲ့သို့ ရေရှည်တွင် ၎င်းတို့သည် ၎င်းတို့ဆန္ဒရှိသည့်အတိုင်းလုပ်ဆောင်ကြသည့်အခါ၊ အလေ့အကျင့်တစ်ခု ဝင်လာလိမ့်မည်။ ၎င်းတို့အပေါ်တွင် တစ်စုံတစ်ခုဖြစ်ပျက်သည့်အခါ ၎င်းတို့လုပ်ဆောင်မည့် ပထမဆုံးသောအရာမှာ ၎င်းတို့၏ ကိုယ်ပိုင်ဖြေရှင်းချက်ကို စဉ်းစားရန်၊ ၎င်းတို့၏ ကိုယ်ပိုင် အရင်းခံအကြောင်းရင်းများ၊ ရည်ရွယ်ချက်များနှင့်အညီ လုပ်ဆောင်ရန်၊ အစီအစဉ်များကို စဉ်းစားခြင်းဖြစ်သည်။ ဤသည်မှာ ၎င်းတို့အတွက် အကျိုးအမြတ်ရှိမရှိကို အရင်ဆုံး စဉ်းစားကြလိမ့်မည်။ အကျိုးအမြတ်ရှိလျှင် ၎င်းတို့က လုပ်ဆောင်လိမ့်မည်။ အကျိုးအမြတ်မရှိလျှင် လုပ်ဆောင်မည်မဟုတ်ပေ။ ဤလမ်းကြောင်းကို တိုက်ရိုက်လျှောက်လှမ်းခြင်းသည် ၎င်းတို့၏ အလေ့အကျင့်ဖြစ်လာလိမ့်မည်။ ၎င်းတို့သည် နောင်တရခြင်းမရှိဘဲ ဤသို့ဆက်လက်လုပ်ဆောင်နေလျှင် ထိုသို့သောလူတို့ကို ဘုရားသခင်က မည်သို့ ဆက်ဆံလိမ့်မည်နည်း။ ဘုရားသခင်သည် ၎င်းတို့ကို အရေးစိုက်မည်မဟုတ်ဘဲ တစ်ဖက်တွင် ထားထားလိမ့်မည်။ တစ်ဖက်တွင် ထားရှိခြင်းဟူသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ဘုရားသခင်က ၎င်းတို့ကို ပဲ့ပြင်ဆုံးမလိမ့်မည်မဟုတ်သကဲ့သို့ ပြစ်တင်ဝေဖန်လိမ့်မည်လည်း မဟုတ်ပေ။ ၎င်းတို့သည် ဉာဏ်အလင်းပေးခံရခြင်း၊ အလင်းပြခြင်း သို့မဟုတ် လမ်းပြခြင်းတို့ကို မဆိုထားနှင့်၊ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်း၊ ပဲ့ပြင်ဆုံးမခြင်း သို့မဟုတ် အပြစ်ဖော်ဆုံးမခြင်းတို့ပင် မရှိဘဲ ပို၍ စိတ်အလိုလိုက်ကြလိမ့်မည် ဖြစ်သည်။ ဤသည်မှာ တစ်ဖက်တွင် ထားရှိခြင်းကို ဆိုလိုသည့်အရာ ဖြစ်သည်။ ဘုရားသခင်က တစ်စုံတစ်ဦးကို တစ်ဖက်တွင် ထားရှိသည့်အခါ သူသည် မည်သို့ ခံစားရသနည်း။ ၎င်း၏ စိတ်ဝိညာဉ်က မှောင်မည်းလာသည်။ ဘုရားသခင်က ၎င်းနှင့်အတူ မရှိ။ ၎င်းသည် ရူပါရုံများနှင့်ပတ်သက်၍ မရှင်းမလင်း ခံစားရသည်။ ပြုမူဆောင်ရွက်ရမည့် လမ်းကြောင်း မရှိသကဲ့သို့ မိုက်မဲသော ကိစ္စရပ်များကိုသာ ကိုင်တွယ်ဖြေရှင်းရသည်။ ဤသို့ အချိန်ကုန်ဆုံးသည်နှင့်အမျှ၊ ဘဝက အဓိပ္ပာယ်မရှိဟု ၎င်းက တွေးထင်ပြီး၊ ၎င်း၏ စိတ်ဝိညာဉ်များက အနှစ်မဲ့ကြသည်။ ထို့ကြောင့် ၎င်းသည် ဘာသာတရားမရှိသူများနှင့် အတူတူပင် ဖြစ်ပြီး၊ ပို၍ အကျင့်ပျက်လာကြသည်။ ဤသည်မှာ ဘုရားသခင်၏ ပစ်ပယ်ခြင်းခံရသော လူတစ်ဦး ဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ဘုရားသခင်အားနာခံခြင်းနှင့်ဆိုင်သော လက်တွေ့လုပ်ဆောင်မှု အခြေခံသဘောတရားများ
အစွမ်းအစညံ့ခြင်းတစ်ခုတည်းကပင် ဆိုးရွားနေပေပြီ။ အကယ်၍ လူတစ်ဦးတွင် မကောင်းသော စိတ်သဘောထားတစ်ခုလည်း ရှိပြီး ကိုယ်ကျင့်တရားကင်းမဲ့၍ အကြံဉာဏ်ကိုလည်း နားမထောင်၊ အပြုသဘောဆောင်သော အရာများကိုလည်း လက်မခံနိုင်သည့်အပြင် အသစ်သော အရာများကို သင်ယူလေ့လာရန်နှင့် လက်ခံယုံကြည်ရန် လိုလားစိတ်လည်း မရှိလျှင် ထိုကဲ့သို့သော လူတစ်ဦးသည် အသုံးမကျပေ။ မိမိတို့၏ တာဝန်များကို ထမ်းဆောင်နေသော သူများသည် ဆင်ခြင်တုံတရားနှင့် အသိစိတ်ကို ပိုင်ဆိုင်ရမည်။ မိမိတို့၏ ကိုယ်ပိုင်အတိုင်းအတာနှင့် မိမိတို့၏ ကိုယ်ပိုင်ချို့ယွင်းချက်များကို သိရမည်။ မိမိတို့ချို့တဲ့သည့်အရာနှင့် တိုးတက်အောင်လုပ်ရန် လိုသည့်အရာတို့ကို နားလည်ရပေမည်။ သူတို့သည် မိမိတို့တွင် ချို့တဲ့နေသည့်အရာ များလွန်းလှကြောင်း၊ မိမိတို့သည် အသစ်သော အရာများကို မလေ့လာ၊ လက်မခံပါက ဖယ်ရှားရှင်းလင်းခြင်းကို ခံကောင်းခံရနိုင်ကြောင်း အမြဲတမ်း ခံစားမိရမည်။ ဖြစ်လာမည့် အကျပ်အတည်းကို သူတို့၏ စိတ်နှလုံးထဲတွင် သိနားလည်မှုရှိထားလျှင် ယင်းက သူတို့အား အကြောင်းအရာများ သင်ယူလေ့လာရန် စိတ်ဓာတ်လှုံ့ဆော်မှုနှင့် လိုလားစိတ်တစ်ခုတို့ကို ပေးသည်။ တစ်ဖက်တွင် လူတစ်ဦးသည် ကိုယ့်ကိုယ်ကိုယ် သမ္မာတရားများဖြင့် ပြင်ဆင်ထားသင့်ပြီး အခြားတစ်ဖက်တွင် မိမိ၏ တာဝန်များကို ထမ်းဆောင်ရေးနှင့် ဆက်စပ်နေသော အတတ်ပညာဆိုင်ရာ အသိပညာဗဟုသုတကို ဆည်းပူးသင့်သည်။ ဤနည်းအတိုင်း လက်တွေ့လုပ်ဆောင်ခြင်းဖြင့် ထိုသူသည် တိုးတက်လာနိုင်ပြီး သူ၏တာဝန်များကို ထမ်းဆောင်ရာတွင်လည်း ရလဒ်ကောင်းများ ဖြစ်ထွန်းလိမ့်မည်။ မိမိ၏တာဝန်များကို ကောင်းစွာ လုပ်ဆောင်ပြီး လူသားမျိုးနွယ်၏ အသွင်သဏ္ဌာန်အတိုင်း အသက်ရှင်နေထိုင်မှသာ လူတစ်ဦး၏ ဘဝတွင် တန်ဖိုးရှိနိုင်သည်။ ထို့ကြောင့် မိမိ၏ တာဝန်များကို ထမ်းဆောင်ခြင်းသည် အဓိပ္ပာယ်အရှိဆုံးအရာ ဖြစ်သည်။ လူတချို့သည် မကောင်းသော စိတ်သဘောထားတစ်ခု ရှိကြပြီး အသိဉာဏ်ပညာမဲ့ရုံသာမက မာနလည်း ထောင်လွှားကြသည်။ အရာခပ်သိမ်းနှင့်ပတ်သက်၍ ရှာဖွေခြင်း၊ အခြားလူများကို အမြဲတမ်း နားထောင်ခြင်းတို့သည် အခြားလူများကို သူတို့အပေါ် အထင်သေးစေလိမ့်မည်ဖြစ်ပြီး သူတို့ကို မျက်နှာပျက်စေမည်ဖြစ်သည်၊ ထို့ပြင် ဤနည်းအတိုင်း ပြုမူကျင့်ကြံခြင်းသည် ဂုဏ်သိက္ခာကင်းမဲ့သည်ဟု သူတို့ အမြဲ ထင်ကြသည်။ အမှန်မှာ ဆန့်ကျင်ဘက်ဖြစ်သည်။ မာနထောင်လွှားခြင်းနှင့် မိမိကိုယ်ကို မှန်ကန်သည်ဟု ယူမှတ်ခြင်း၊ အဘယ်အရာကိုမျှ မသင်ယူခြင်း၊ အရာရာတွင် နောက်ကျကျန်ရစ်နေခြင်းနှင့် ခေတ်နောက်ကျနေခြင်းအပြင် အသိပညာဗဟုသုတ၊ ထိုးထွင်းအမြင်၊ စိတ်ကူးအကြံအစည်များ ကင်းမဲ့ခြင်းတို့သည်သာ အမှန်တကယ် ရှက်စရာကောင်းသည့်အရာ ဖြစ်ပြီး ဤသည်မှာ သမာဓိနှင့် ဂုဏ်သိက္ခာတို့ကို လူတစ်ဦး ဆုံးရှုံးရသည့် အချိန်အခါပင် ဖြစ်သည်။ လူတချို့သည် အဘယ်အရာကိုမျှ ကောင်းစွာ မလုပ်နိုင်ကြဘဲ သူတို့သင်ယူလေ့လာသမျှ အရာတိုင်းနှင့် ပတ်သက်၍လည်း အခြေခံမျှဖြစ်သော နားလည်မှုသာ ရှိကြကာ အယူဝါဒအနည်းငယ်မျှကို နားလည်ခြင်းဖြင့် ကျေနပ်နေကြပြီး သူတို့ကိုယ်သူတို့ ကျွမ်းကျင်သွားပြီဟု ထင်ကြသည်။ သို့သော် သူတို့သည် မည်သည့်အရာကိုမျှ ဖြစ်မြောက်အောင် မလုပ်နိုင်ကြဆဲပင် ဖြစ်ပြီး သူတို့တွင် လက်ဆုပ်လက်ကိုင်ပြနိုင်သော ရလဒ်များလည်း မရှိ။ အဘယ်အရာကိုမျှ သူတို့နားမလည်ကြောင်း၊ အဘယ်အရာကိုမျှ ဖြစ်မြောက်အောင် သူတို့လုပ်ထားခြင်း မရှိကြောင်း သူတို့ကို သင်ပြောပါက သူတို့သည် လက်ခံယုံကြည်ခြင်း မရှိဘဲ သူတို့၏ လိုရင်းကို တစာစာ ငြင်းခုံပြောသည်။ သို့သော် အမှုအရာများကို သူတို့လုပ်သောအခါ၌မူ ညံ့ဖျင်းစွာ လုပ်ပြီး တစ်ဝက်တစ်ပျက် လုပ်ကြလေသည်။ လူတစ်ဦးသည် မည်သည့်လုပ်ငန်းတာဝန်ကိုမဆို ကောင်းစွာ မကိုင်တွယ်နိုင်ပါက အသုံးမကျဘဲ ဖြစ်နေသည် မဟုတ်လော။ ဆန်ကုန်မြေလေး ဖြစ်နေသည် မဟုတ်လော။ အစွမ်းအစ အလွန်အကျွံနည်းသော လူများသည် အရိုးရှင်းဆုံး လုပ်ငန်းတာဝန်များကိုပင် မကိုင်တွယ်နိုင်ချေ။ သူတို့သည် ဆန်ကုန်မြေလေးများ ဖြစ်ကြပြီး သူတို့၏ ဘဝသည်လည်း တန်ဖိုးမရှိ။ “ကျွန်ုပ်သည် ပညာရေးသော်လည်းကောင်း၊ ဗဟုသုတသော်လည်းကောင်း မရှိဘဲ ကျေးလက်ဒေသတွင် ကြီးပြင်းလာခြင်း ဖြစ်၍ ကျွန်ုပ်၏ အစွမ်းအစက ညံ့ပါသည်။ မြို့ပေါ်တွင်နေကာ ပညာတတ်ပြီး ဗဟုသုတ အကြားအမြင်များသည့် သင်တို့ကဲ့သို့သော လူများနှင့် မတူပါ။ ထို့ကြောင့် သင်တို့သည် အရာရာ ထူးချွန်နိုင်ကြခြင်း ဖြစ်ပါသည်” ဟု လူတချို့က ပြောကြသည်။ ဤပြောဆိုချက်သည် မှန်ကန်သလော။ (မမှန်ကန်ပါ။) ယင်းနှင့်ပတ်သက်၍ မည်သည်က မမှန်ကန်သနည်း။ (လူတစ်ဦးသည် အမှုကိစ္စများကို စွမ်းဆောင်နိုင်ခြင်း ရှိမရှိဆိုသည်က သူ၏ပတ်ဝန်းကျင်နှင့် လုံးဝ မဆိုင်ပါ။ လူတစ်ဦးက သင်ယူလေ့လာရန်နှင့် မိမိကိုယ်ကို တိုးတက်အောင်လုပ်ရန် အားထုတ်ခြင်း ပြုမပြုဆိုသည့်အပေါ်တွင် အဓိကအားဖြင့် မူတည်ပါသည်။) လူများကို ဘုရားသခင် ဆက်ဆံပုံမှာ သူတို့ မည်မျှပညာတတ်သည် သို့မဟုတ် သူတို့ မည်သည့်ပတ်ဝန်းကျင်မျိုးတွင် မွေးဖွားလာသည် သို့မဟုတ် သူတို့တွင် ပင်ကိုစွမ်းရည် မည်မျှရှိသည် ဆိုသည်တို့အပေါ်တွင် မတည်ချေ။ ထိုအစား သူသည် လူများကို သမ္မာတရားအပေါ် ထားရှိသည့် သူတို့၏ သဘောထားအပေါ်တွင် အခြေခံ၍ ဆက်ဆံ၏။ ဤသဘောထားသည် မည်သည့်အရာနှင့် သက်ဆိုင်သနည်း။ သူတို့၏ လူ့သဘာဝနှင့် သက်ဆိုင်ပြီး သူတို့၏ စိတ်သဘောထားများနှင့်လည်း သက်ဆိုင်သည်။ ဘုရားသခင်ကို သင်ယုံကြည်ပါက သမ္မာတရားကို မှန်ကန်စွာ ကိုင်တွယ်နိုင်ရမည်။ အကယ်၍ သင့်တွင် နှိမ့်ချသော စိတ်ထားနှင့် သမ္မာတရားကို လက်ခံသော စိတ်ထားတစ်ခု ရှိပါက သင့်အနေဖြင့် အနည်းငယ် အစွမ်းအစညံ့နေလျှင်ပင် ဘုရားသခင်သည် သင့်ကို ဉာဏ်အလင်းဖွင့်ပေးပြီး တစ်ခုခုရဖို့ ခွင့်ပြုနေဦးမည် ဖြစ်သည်။ သင်သည် အရည်အချင်းကောင်း ပိုင်ဆိုင်သော်လည်း အမြဲ မာနထောင်လွှားပြီး မိမိကိုယ်ကို မှန်ကန်သည်ဟု ယူမှတ်နေလျှင်၊ သင်ပြောသမျှသည် မှန်ပြီး အခြားသူများ ပြောသမျှသည် မှားသည်ဟု ထင်မြင်နေလျှင်၊ အခြားလူများက မည်သည့်အကြံများကို အဆိုပြုသည်ဖြစ်စေ ငြင်းဆန်ပြီး သမ္မာတရားကိုပင် မည်သို့မိတ်သဟာယဖွဲ့ပါစေ လက်မခံဘဲ အစဉ်အတိုက်အခံပြုနေလျှင် သင်ကဲ့သို့သောသူသည် ဘုရားသခင်၏ နှစ်သက်သဘောကျခြင်းကို ရရှိနိုင်သလော။ သင်ကဲ့သို့သော ထိုသူတွင် သန့်ရှင်းသောဝိညာဉ်တော်က အလုပ်လုပ်မည်လော။ အလုပ်လုပ်မည်မဟုတ်ပေ။ ဘုရားသခင်က သင်သည် မကောင်းသော စိတ်သဘောထားတစ်ခုရှိပြီး၊ သူ၏ ဉာဏ်အလင်းဖွင့်ပြခြင်းကို ရရှိဖို့ ထိုက်တန်ခြင်းမရှိဟု ပြောလိမ့်မည်ဖြစ်သကဲ့သို့ သင်နောင်တမရလျှင် တစ်ချိန်က သင်ရှိခဲ့သည့်အရာကိုပင် ဘုရားသခင် ယူငင်သွားလိမ့်မည်။ ဤသည်မှာ ထုတ်ဖော်ခံရခြင်းဖြစ်သည်။ ဤသို့သော လူများသည် သနားစဖွယ် ဘဝကို ရှင်သန်နေထိုင်ကြသည်။ သူတို့သည် အဖြစ်မရှိကြသည့်အပြင် အရာရာတိုင်းတွင် အသုံးမကျသည်မှာ သိသာထင်ရှားပေသည်။ သို့တိုင်အောင် သူတို့ကိုယ်သူတို့ အတော်အတန် တော်သည်၊ အဘက်ဘက်တွင် အခြားလူတိုင်းထက် သာလွန်သည်ဟု ထင်နေကြဆဲဖြစ်သည်။ အခြားလူတို့ရှေ့တွင် သူတို့၏ ချို့ယွင်းချက်များ သို့မဟုတ် အားနည်းချက်များကိုဖြစ်စေ၊ သူတို့၏ အားနည်းချက်များနှင့် အပျက်သဘောဆောင်မှုတို့ကိုဖြစ်စေ မည်သည့်အခါမျှ မဆွေးနွေးကြပေ။ သူတို့သည် အစဉ်သဖြင့် ကျွမ်းကျင်မှုရှိဟန်ဆောင်ပြီး အခြားလူများအား မှားယွင်းစွာ ထင်မြင်စေသည်။ သူတို့သည် အရာရာတိုင်းတွင် ကျွမ်းကျင်ကြောင်း၊ အားနည်းချက် မရှိကြောင်း၊ မည်သည့်အကူအညီမျှ မလိုကြောင်း၊ အခြားလူများ၏ ထင်မြင်ချက်တို့ကို နားထောင်ဖို့ မလိုကြောင်း၊ သူတို့၏ အားနည်းချက်များကို ဖာထေးရန် အခြားလူတို့၏ အားသာချက်များမှ သင်ယူဖို့ မလိုကြောင်း၊ ထို့အပြင် သူတို့သည် ကျန်လူတိုင်းထက် အမြဲတမ်း သာနေလိမ့်မည်ဖြစ်ကြောင်း အခြားသူတို့ ထင်မြင်အောင် လုပ်သည်။ ဤသည်မှာ မည်သည့် စိတ်သဘောထားမျိုးနည်း။ (မာနထောင်လွှားမှု ဖြစ်ပါသည်။) အင်မတန် မာနထောင်လွှားမှုပင် ဖြစ်၏။ ဤသို့သော လူများသည် သနားစဖွယ် ဘဝများကို ရှင်သန်နေထိုင်ကြပေတော့သည်။ သူတို့သည် အမှန်တကယ် တတ်စွမ်းနိုင်သလော။ အမှုကိစ္စများကို အမှန်တကယ် ဖြစ်မြောက်အောင် လုပ်နိုင်သလော။ သူတို့သည် အတိတ်တွင် ကိစ္စများစွာကို ရှုပ်ထွေးစေခဲ့ကြသည်။ သို့တိုင် ဤသို့သော လူများသည် အဘယ်အရာကိုမဆို သူတို့လုပ်နိုင်သည်ဟု ထင်နေကြဆဲ ဖြစ်သည်။ ၎င်းသည် အလွန် ယုတ္တိမတန်သည် မဟုတ်လော။ ထိုမျှအတိုင်းအတာအထိ လူများ ဆင်ခြင်တုံတရား ကင်းမဲ့သောအခါ သူတို့သည် နားဝေတိမ်တောင်ဖြစ်သော လူများဖြစ်ကြသည်။ ထိုကဲ့သို့သော လူများသည် အသစ်သော အရာများကို မသင်ယူကြပေ သို့မဟုတ် လက်မခံကြပေ။ အတွင်းပိုင်းတွင် သူတို့သည် ခန်းခြောက်၍ အမြင်ကျဉ်းမြောင်းပြီး မွဲပြာကျနေသည်။ မည်သည့်အခြေအနေပင်ဖြစ်ဖြစ် သူတို့သည် စည်းမျဉ်းများကို နားလည်သဘောပေါက်ရန် သို့မဟုတ် ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားလည်ရန် ပျက်ကွက်ကြ၍ စည်းမျဉ်းစည်းကမ်းများကို ဆုပ်ကိုင်ထားရန်သာ သိကြပြီး စကားလုံးများနှင့် အယူဝါဒများကိုသာ ပြောကြကာ အခြားလူများရှေ့တွင် ကြွားကြသည်။ ရလဒ်အနေဖြင့် သူတို့သည် မည်သည့်သမ္မာတရားကိုမျှ နားမလည်ကြဘဲ သမ္မာတရားစစ်မှန်မှု အနည်းငယ်မျှပင် မရှိကြ။ သို့တိုင်အောင် သူတို့သည် အလွန် မာနထောင်လွှားနေဆဲဖြစ်သည်။ သူတို့သည် တကယ့်ကို နားဝေတိမ်တောင်ဖြစ်သော လူများဖြစ်ကြပြီး ကျိုးကြောင်းဆင်ခြင်ပြ၍ လုံးဝ မရသဖြင့် သူတို့ကို ဖယ်ရှားရှင်းလင်းရုံသာ တတ်နိုင်တော့သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး
ကိစ္စတစ်ခုကို ရင်ဆိုင်သောအခါ လူများသည် သမ္မာတရားကို မရှာဖွေဘဲ တစ်ဇွတ်ထိုးနိုင်လွန်းပြီး ၎င်းတို့၏ ကိုယ်ပိုင်အကြံအစည်များကိုသာ အခိုင်အမာ ပြောဆိုနေပါက ဤသည်မှာ အလွန်အန္တရာယ်များသည်။ ဘုရားသခင်သည် ဤလူများကို ပစ်ပယ်ကာ ဘေးဖယ်ထားလိမ့်မည်။ ဤသို့လုပ်ခြင်း၏ အကျိုးဆက်က မည်သည့်အရာဖြစ်လိမ့်မည်နည်း။ ၎င်းတို့ ဖယ်ရှားရှင်းလင်းခံရခြင်း၏ အန္တရာယ်ရှိသည်ဟု အသေအချာဆိုနိုင်သည်။ သို့ရာတွင် သမ္မာတရားကို ရှာဖွေသူများသည် သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်းနှင့် လမ်းညွှန်ခြင်းတို့ကို ရနိုင်ပြီး ရလဒ်အနေဖြင့် ဘုရားသခင်၏ကောင်းချီးကို ရနိုင်သည်။ သမ္မာတရားကို ရှာဖွေခြင်းနှင့် မရှာဖွေခြင်းဟူသည့် မတူညီသော သဘောထားနှစ်ခုသည် သင့်ထံတွင် မတူညီသော အခြေအနေနှစ်ရပ်နှင့် မတူညီသောရလဒ်နှစ်မျိုးတို့ကို ဖြစ်ပေါ်စေနိုင်သည်။ မည်သည့်ရလဒ်အမျိုးအစားကို သင်တို့ ပိုနှစ်သက်သနည်း။ (ဘုရားသခင်၏ ဉာဏ်အလင်းပေးခြင်းကို ရရန် ကျွန်ုပ် ပိုနှစ်သက်မည်ဖြစ်သည်။) လူတို့သည် ဘုရားသခင်၏ ဉာဏ်အလင်းပေးခြင်းနှင့် လမ်းပြမှု ခံရန်နှင့် ဘုရားသခင်၏ ကျေးဇူးတော်များကို လက်ခံရရှိရန် ဆန္ဒရှိပါက မည်သည့် သဘောထားမျိုး ၎င်းတို့ ရှိရမည်နည်း။ ၎င်းတို့သည် ယေဘုယျအားဖြင့် ဘုရားသခင်ရှေ့တွင် ရှာဖွေပြီး ကျိုးနွံနာခံသည့် သဘောထား ရှိရမည်ဖြစ်သည်။ သင်သည် သင်၏တာဝန်ကို ထမ်းဆောင်သည်ဖြစ်စေ၊ အခြားသူများနှင့် ဆက်ဆံသည်ဖြစ်စေ၊ သို့မဟုတ် သင်ရင်ဆိုင်နေရသည့် အထူးပြဿနာတစ်ခုခုကို ကိုင်တွယ်ဖြေရှင်းသည်ဖြစ်စေ သင်၌ ရှာဖွေခြင်းနှင့် ကျိုးနွံနာခံခြင်း သဘောထား ရှိရမည်။ ဤသဘောထားမျိုးရှိသဖြင့် သင်၌ ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး အတော်အတန် ရှိသည်ဟု ဆိုနိုင်သည်။ သမ္မာတရားကို သင်ရှာဖွေကာ ကျိုးနွံနာခံနိုင်ခြင်းသည် ဘုရားသခင်ကို ကြောက်ရွံ့ရိုသေပြီး မကောင်းသောအကျင့်ကို ရှောင်သည့် လမ်းကြောင်း ဖြစ်သည်။ အကယ်၍ သင်၌ ရှာဖွေခြင်းနှင့် ကျိုးနွံနာခံခြင်း သဘောထား ရှိရမည့်အစား မိမိကိုယ်ကို ဖက်တွယ်ကာ ခေါင်းမာစွာ ဆန့်ကျင်လိုပြီး သမ္မာတရားကို လက်ခံဖို့ ငြင်းပယ်သည့်အပြင် သမ္မာတရားကို အလွန်အမင်းမနှစ်မြို့ပါက သင်သည် ဆိုးယုတ်မှုအမြောက်အမြားကို အလိုအလျောက် ကျူးလွန်မိလိမ့်မည် ဖြစ်သည်။ ယင်းကို သင်ထိန်းချုပ်နိုင်မည် မဟုတ်ပေ။ လူများသည် ဤအရာကို ဖြေရှင်းရန် သမ္မာတရားကို မည်သည့်အခါမျှ မရှာဖွေပါက ၎င်းတို့အနေဖြင့် မည်မျှတွေ့ကြုံခံစားပါစေ၊ အခြေအနေ မည်မျှနှင့် ကြုံတွေ့ရပါစေ၊ ဘုရားသခင်က ၎င်းတို့အတွက် သင်ခန်းစာမည်မျှကို သတ်မှတ်ပေးပါစေ အဆုံးသတ် အကျိုးဆက်မှာ ၎င်းတို့သည် သမ္မာတရားကို နားလည်လိမ့်ဦးမည် မဟုတ်ဘဲ အဆုံး၌ သမ္မာတရား စစ်မှန်မှုထဲသို့ ဝင်ရောက်နိုင်စွမ်း မရှိဆဲသာ ဖြစ်လိမ့်မည်။ လူများသည် သမ္မာတရား စစ်မှန်မှုကို မပိုင်ဆိုင်ပါက ဘုရားသခင်၏ လမ်းခရီးကို ၎င်းတို့လိုက်လျှောက်နိုင်စွမ်း ရှိလိမ့်မည်မဟုတ်ပေ၊ ပြီးလျှင် ၎င်းတို့သည် ဘုရားသခင်၏ လမ်းခရီးကို မည်သည့်အခါမျှ လိုက်မလျှောက်နိုင်ပါက ၎င်းတို့သည် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းသောအကျင့်ကို ရှောင်နိုင်သည့်သူများ မဟုတ်ပေ။ လူများသည် မိမိတို့၏တာဝန်များကို ထမ်းဆောင်လိုပြီး ဘုရားနောက်ကို လိုက်လျှောက်လိုခြင်း အကြောင်းတို့ကို မပြီးနိုင်မစီးနိုင် ပြောကြသည်။ အမှုကိစ္စများသည် ထိုမျှ ရိုးရှင်းသလော။ လုံးဝ မရိုးရှင်းပေ။ ဤအရာများသည် လူတို့၏အသက်တာ၌ အလွန့်အလွန် အရေးကြီးပေသည်။ မိမိ၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်ဖို့ ဘုရားသခင်ကို ကျေနပ်စေဖို့နှင့် ဘုရားသခင်ကို ကြောက်ရွံ့ရိုသေပြီး မကောင်းသောအကျင့်ကို ရှောင်ခြင်းကို စွမ်းဆောင်ရရှိဖို့ မလွယ်ကူပေ။ သို့ရာတွင် လက်တွေ့လုပ်ဆောင်ခြင်း စည်းမျဉ်းတစ်ခုကို သင်တို့အား ငါပြောမည်။ သင့်ထံ၌ တစ်စုံတစ်ခု ဖြစ်ပျက်သည့်အခါ သင်၌ ရှာဖွေခြင်းနှင့် ကျိုးနွံနာခံခြင်း သဘောတရားရှိပါက ဤအရာက သင့်ကို ကာကွယ်လိမ့်မည်။ အဆုံးသတ် ရည်ရွယ်ချက်သည် သင့်အနေဖြင့် ကာကွယ်ခြင်း ခံရဖို့ မဟုတ်ပေ။ သမ္မာတရားကို သင်နားလည်စေဖို့နှင့် သမ္မာတရား စစ်မှန်မှုထဲသို့ သင်ဝင်ရောက်နိုင်စေဖို့ ဘုရားသခင်၏ ကယ်တင်ခြင်းကို ရရှိစေဖို့ ဖြစ်သည်။ ဤသည်မှာ အဆုံးသတ် ပန်းတိုင်ဖြစ်သည်။ သင်တွေ့ကြုံခံစားသမျှတွင် သင်၌ ဤသဘောထား ရှိပါက သင်၏တာဝန်ကို ထမ်းဆောင်ခြင်းနှင့် ဘုရားသခင်၏ ရည်ရွယ်ချက်များကို အထမြောက်စေခြင်းတို့သည် အနှစ်သာရမရှိသော စကားများနှင့် ဆောင်ပုဒ်များ ဖြစ်သည်ဟု သင်ခံစားရတော့မည် မဟုတ်ချေ။ ယင်းက အလွန် ခက်ခဲပင်ပန်းသည်ဟု ခံစားရတော့မည် မဟုတ်ချေ။ ထိုအစား သင်သတိမထားလိုက်မီတွင် အတော်အသင့် များပြားသော သမ္မာတရားတို့ကို သင်နားလည်လာလိမ့်မည်။ ထိုနည်းအားဖြင့် သင် တွေ့ကြုံခံစားဖို့ ကြိုးစားပါက သင်သည် ဆုလာဘ်များ သေချာပေါက် ရိတ်သိမ်းရလိမ့်မည်။ သင်သည် မည်သူဖြစ်သည်၊ အသက်အရွယ် မည်မျှရှိသည်၊ သင်မည်မျှ ပညာတတ်သည်၊ ဘုရားသခင်ကို နှစ်ပေါင်းမည်မျှ ယုံကြည်ထားသည်၊ သို့မဟုတ် မည်သည့်တာဝန်ကို ထမ်းဆောင်သည်တို့က အရေးမပါပေ။ သင်၌ ရှာဖွေပြီး ကျိုးနွံနာခံသည့် သဘောထားရှိသမျှ ကာလပတ်လုံး၊ ဤနည်းဖြင့် သင်တွေ့ကြုံခံစားသမျှ ကာလပတ်လုံး အဆုံး၌ သင်သည် သမ္မာတရားကို နားလည်ဖို့နှင့် သမ္မာတရား စစ်မှန်မှုထဲသို့ ဝင်ရောက်ဖို့ သေချာပေလိမ့်မည်။ သို့ရာတွင် သင်၌ ဖြစ်ပျက်လာသမျှ အရာအားလုံးတွင် ရှာဖွေခြင်းနှင့် ကျိုးနွံနာခံခြင်း သဘောထားမရှိပါက သင်သည် သမ္မာတရားကို နားလည်နိုင်လိမ့်မည် မဟုတ်သကဲ့သို့ သမ္မာတရား စစ်မှန်မှုထဲသို့လည်း ဝင်ရောက်နိုင်လိမ့်မည် မဟုတ်ချေ။
—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး
လူသားမျိုးနွယ်သည် စာတန်၏ အလွန်နက်ရှိုင်းစွာ ဖောက်ပြန်ပျက်စီးစေခြင်းခံရသည့်အတွက်ကြောင့် ၎င်းတို့အားလုံးတွင် စာတန်ဆန်သော သဘာဝနှင့် မာနထောင်လွှားသော စိတ်သဘောထားတစ်ခု ရှိကြလေသည်။ မိုက်မဲသူများနှင့် နုံအသူများပင်လျှင် မာနထောင်လွှားကြပြီး ၎င်းတို့သည် အခြားလူများထက် ပိုတော်သည်ဟု တွေးထင်ကာ ထိုသူတို့ကို နာခံရန် ငြင်းပယ်ကြသည်။ လူသားမျိုးနွယ်က အလွန်နက်ရှိုင်းစွာ ဖောက်ပြန်ပျက်စီးကြောင်းနှင့် ဘုရားသခင်ကို ကျိုးနွံနာခံရန် ၎င်းတို့အတွက် အလွန်ခက်ခဲကြောင်း သိမြင်ဖို့ သိသာထင်ရှားပေသည်။ ၎င်းတို့၏ မာနထောင်လွှားမှုနှင့် မိမိတို့ကိုယ်ကို မှန်ကန်သည်ဟု ယူမှတ်မှုတို့ကြောင့် လူတို့သည် ဆင်ခြင်တုံတရား လုံးဝ ကင်းမဲ့လာနေကြပြီဖြစ်သည်။ ၎င်းတို့က မည်သူ့ကိုမျှ နာခံမည်မဟုတ်၊ အခြားလူများ ပြောသည့်အရာသည် မှန်ကန်ပြီး သမ္မာတရားနှင့် ကိုက်ညီလျှင်ပင် ၎င်းတို့က နာခံကြမည်မဟုတ်ပေ။ လူတို့က ဘုရားသခင်ကို ဝေဖန်၊ ပြစ်တင်ရှုတ်ချပြီး အတိုက်အခံလုပ်ဝံ့ကြသည်မှာ မာနထောင်လွှားမှုကြောင့် ဖြစ်သည်။ ထို့ကြောင့် မာနထောင်လွှားသော စိတ်သဘောထားကို မည်သို့ ဖြေရှင်းနိုင်သနည်း။ လူသား၏ ချုပ်တည်းမှုကို အမှီပြုခြင်းအားဖြင့် ဖြေရှင်းနိုင်သလော။ ထိုအရာကို သတိပြုကာ အသိအမှတ်ပြုခြင်းမျှဖြင့် ဖြေရှင်းနိုင်သလော။ လုံးဝ မဖြေရှင်းနိုင်ပေ။ မာနထောင်လွှားသော စိတ်သဘောထားကို ဖြေရှင်းရန် နည်းလမ်းတစ်ခုတည်းသာ ရှိပြီး ယင်းမှာ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို လက်ခံရန် ဖြစ်သည်။ သမ္မာတရားကို လက်ခံနိုင်သူတို့သာ မိမိတို့၏ မာနထောင်လွှားသော စိတ်သဘောထားများကို တဖြည်းဖြည်း ဖယ်ရှားနိုင်ကြသည်။ သမ္မာတရားကို လက်မခံသောသူတို့သည် မိမိတို့၏ မာနထောင်လွှားသော စိတ်သဘောထားများကို မည်သည့်အခါတွင်မျှ ဖြေရှင်းနိုင်ကြလိမ့်မည်မဟုတ်။ များစွာသောလူတို့သည် မိမိတို့တာဝန်တွင် ပါရမီအချို့ပြသည့်အခါ အလွန် မော်ကြွားကြသည်ကို ငါ မြင်သည်။ စွမ်းရည်အချို့ရှိသည်ကို ပြသည့်အခါ ၎င်းတို့ အလွန်အထင်ကြီးလောက်စရာ ဖြစ်သည်ဟု တွေးထင်ကြပြီးနောက် ဤစွမ်းရည်များအပေါ် မှီခိုနေထိုင်ပြီး နောက်ထပ် မိမိတို့ကိုယ်ကို တွန်းအားမပေးကြတော့ချေ။ ၎င်းတို့ပိုင်ဆိုင်သော ဤအသေးအမွှားအရာများက သမ္မာတရားဖြစ်ကြောင်းနှင့် ၎င်းတို့ အထွတ်အထိပ်ဖြစ်သည်ဟု တွေးထင်လျက် အခြားသူများက မည်သည့်အရာ ပြောဆိုသည်ဖြစ်စေ နားမထောင်ကြပေ။ ဤသည်မှာ မည်သည့် စိတ်သဘောထားဖြစ်သနည်း။ ဤသည်မှာ မာနထောင်လွှားသော စိတ်သဘောထား ဖြစ်၏။ ၎င်းတို့သည် ဆင်ခြင်တုံတရား အလွန်ကင်းမဲ့လွန်းကြ၏။ မာနထောင်လွှားသော စိတ်သဘောထားရှိသည့်အခါ လူတစ်ဦးသည် မိမိတာဝန်ကို ကောင်းစွာ ထမ်းဆောင်နိုင်သလော။ ၎င်းသည် ဘုရားသခင်ကို ကျိုးနွံနာခံပြီး တကယ့်အဆုံးထိတိုင် ဘုရားသခင်နောက် လိုက်နိုင်သလော။ ဤသည်မှာ သာ၍ပင် ခက်ခဲ၏။ မာနထောင်လွှားသော စိတ်သဘောထားကို ပြုပြင်ရန် ၎င်းတို့သည် မိမိတို့၏တာဝန်ကို ထမ်းဆောင်နေစဉ် ဘုရားသခင်၏ အမှုတော်၊ သူ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို မည်သို့တွေ့ကြုံရမည်ဟူသည်ကို သင်ယူရမည်။ ဤနည်းဖြင့်သာ ၎င်းတို့အနေဖြင့် မိမိတို့ကိုယ်ကို အမှန်တကယ် သိရှိနိုင်သည်။ သင်၏ ဖောက်ပြန်ပျက်စီးသော အနှစ်သာရကို ရှင်းလင်းစွာ သိမြင်ခြင်း၊ သင်၏ မာနထောင်လွှားမှု ရင်းမြစ်ကို ရှင်းလင်းစွာ သိမြင်ခြင်းနှင့် ထို့နောက်တွင် ထိုအရာကို ပိုင်းခြားသိမြင်ကာ စိတ်ဖြာလေ့လာဆွေးနွေးခြင်းအားဖြင့်သာ သင်၏ သဘာဝအနှစ်သာရကို သင် အမှန်တကယ် သိရှိနိုင်သည်။ သင့်အတွင်းရှိ ဖောက်ပြန်ပျက်စီးသော အရာများအားလုံးကို သင် ဖော်ထုတ်ရမည်ဖြစ်ပြီး ယင်းတို့ကို သမ္မာတရားကို အခြေခံ၍ နှိုင်းယှဉ်ချိန်ဆကာ သိရှိလာရမည်ဖြစ်၍ ထို့နောက်တွင် သင်သည် မည်သည့်အရာဖြစ်သည်ကို သင် သိရှိလိမ့်မည်။ သင်သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားဖြင့် ပြည့်ရုံမက၊ ဆင်ခြင်တုံတရားနှင့် ကျိုးနွံနာခံမှုကင်းမဲ့ရုံမက သင်သည် အမှုအရာများစွာ၌ ချို့တဲ့နေကြောင်း၊ သင့်ထံတွင် သမ္မာတရားလက်တွေ့ကျမှု မရှိကြောင်းနှင့် မည်မျှသနားဖွယ်ဖြစ်ကြောင်းကိုလည်း တွေ့ရှိရလိမ့်မည်။ ထို့နောက် သင်သည် မာနထောင်လွှားနိုင်စွမ်း ရှိလိမ့်မည်မဟုတ်။ သင့်အနေဖြင့် ဤသို့ မိမိကိုယ်ကို စိတ်ဖြာလေ့လာဆွေးနွေးကာ သိရှိခြင်းမရှိလျှင် သင်၏တာဝန်ကို ထမ်းဆောင်သည့်အခါ နေရာတကာတွင် သင်၏နေရာကို သင် သိရှိလိမ့်မည်မဟုတ်။ သင်သည် အဘက်ဘက်က ထူးချွန်ကြောင်း၊ အခြားသူများနှင့် ပတ်သက်သမျှ အရာရာက မကောင်းကြောင်းနှင့် သင်သာ အကောင်းဆုံးဖြစ်ကြောင်း သင် တွေးထင်လိမ့်မည်။ ထို့နောက် အခြားသူများက သင့်အား အထင်ကြီးကာ ကိုးကွယ်ကြစေရန်အလို့ငှာ သင်သည် လူတိုင်းကို တစ်ချိန်လုံး ကြွားလိမ့်မည်။ ဤသည်မှာ မိမိကိုယ်ကို သိသည့်အသိ လုံးဝ ကင်းမဲ့ခြင်းဖြစ်၏။ လူအချို့က အမြဲ ကြွားနေကြသည်။ အခြားသူများက ထိုအရာကို မနှစ်မြို့စရာအဖြစ် မြင်သည့်အခါ ၎င်းတို့က ထိုလူတို့ကို မာနထောင်လွှာနေခြင်းအဖြစ် ဝေဖန်ကြသည်။ သို့ရာတွင် ထိုအရာကို ထိုသူတို့က လက်မခံကြ။ ၎င်းတို့သည် ပါရမီရှိကာ ကျွမ်းကျင်သည်ဟု တွေးထင်ကြဆဲဖြစ်သည်။ ဤသည်မှာ မည်သည့် စိတ်သဘောထားနည်း။ ၎င်းတို့သည် အလွန် မာနထောင်လွှားပြီး မိမိကိုယ်ကို မှန်သည်ဟု ယူမှတ်ကြ၏။ ဤသို့ မာနထောင်လွှားပြီး မိမိကိုယ်ကို မှန်သည်ဟု ယူမှတ်သောလူတို့သည် သမ္မာတရားကို ဆာငတ်နိုင်စွမ်း ရှိကြသလော။ သမ္မာတရားကို ၎င်းတို့ လိုက်စားနိုင်ကြသလော။ ၎င်းတို့သည် မိမိကိုယ်ကို မည်သည့်အခါတွင်မျှ မသိနိုင်ကြသကဲ့သို့ မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို မဖယ်ရှားကြလျှင် ၎င်းတို့၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်နိုင်ကြသလော။ မုချ မထမ်းဆောင်နိုင်ကြပေ။
—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ လူတစ်ယောက်၏စိတ်သဘောထားကိုသိခြင်းသည် ၎င်းပြောင်းလဲခြင်း၏ အခြေခံအုတ်မြစ်ဖြစ်၏
ဘုရားသခင်အပေါ် သင်၏ ယုံကြည်ခြင်းတွင် သမ္မာတရားကို လက်မခံနိုင်၊ မနာခံနိုင်လျှင် ဘုရားသခင်သည် သင်၏ ဘုရားမဟုတ်ပေ။ သင်သည် သမ္မာတရားကို ငြင်းဆန်ပြီး ငြင်းပယ်လျှင် သင်သည် ဘုရားသခင်ကို အာခံသောသူတစ်ယောက် ဖြစ်လာနှင့်ပြီး ဖြစ်လိမ့်မည်။ ဤသို့ဆိုလျှင် ဘုရားသခင်က သင့်ကို ကယ်တင်နိုင်သေးသလော။ သေချာပေါက် မကယ်တင်နိုင်ပေ။ ဘုရားသခင်က သင့်အား သူ၏ ကယ်တင်ခြင်းကို လက်ခံရရှိရန် အခွင့်အရေးပေးပြီး သင့်အား ရန်သူအဖြစ် မမြင်သော်လည်း သင်သည် သမ္မာတရားကို လက်မခံနိုင်ဘဲ ဘုရားသခင်အား သင်၏ ဆန့်ကျင်ဘက်တွင်ထားသည်။ ဘုရားသခင်အား သင်၏ သမ္မာတရားအဖြစ်၊ သင်၏ လမ်းကြောင်းအဖြစ် လက်ခံနိုင်စွမ်းမရှိခြင်းက သင့်ကို ဘုရားသခင်အား အာခံသောသူဖြစ်သွားစေသည်။ ဤပြဿနာကို အဘယ်သို့ ဖြေရှင်းသင့်သနည်း။ သင်သည် အမြန် နောင်တရပြီး လမ်းကြောင်းပြောင်းရမည်။ ဥပမာ သင်သည် တာဝန်ထမ်းဆောင်စဉ်တွင် ပြဿနာတစ်ခု၊ သို့မဟုတ် အခက်အခဲတစ်ခုကို ကြုံရပြီး မည်သို့ဖြေရှင်းရမည်ကို မသိသောအခါ ထိုအရာနှင့်ပတ်သက်၍ ကြောင်းကျိုးမမြင်ဘဲ တွေးဆခြင်း မပြုရ။ ရှေးဦးစွာ ဘုရားသခင်ရှေ့တွင် သင့်ကိုယ်သင် ငြိမ်သက်စေရမည်။ ဘုရားသခင်ထံမှ ဆုတောင်းပြီး ရှာဖွေရမည်။ ထိုအရာနှင့်ပတ်သက်၍ ဘုရားနှုတ်ကပတ်တော်က ပြောသည့်အရာကို ကြည့်ရမည်။ သင်သည် ဘုရားနှုတ်ကပတ်တော်အား ဖတ်ပြီးနောက်တွင် နားမလည်သေးလျှင်၊ ဤပြဿနာက မည်သည့်သမ္မာတရားနှင့် သက်ဆိုင်သည်ကို မသိလျှင် သင်သည် စည်းမျဉ်းတစ်ခုကို မြဲမြံစွာ ဆုပ်ကိုင်ထားရမည်။ ဆိုလိုသည်မှာ ရှေးဦးစွာ ကျိုးနွံနာခံလော့။ ကိုယ်ပိုင်အယူအဆများ၊ အတွေးများမရှိနှင့်။ ငြိမ်သက်သော စိတ်နှလုံးဖြင့် စောင့်ဆိုင်းပြီး ဘုရားသခင်က မည်သို့ ရည်ရွယ်ပြီး လုပ်ဆောင်လိုသည်ကို ကြည့်လော့။ သမ္မာတရားကို သင်နားမလည်သောအခါ ထိုသမ္မာတရားကို ရှာဖွေသင့်သည်။ ကြောင်းကျိုးမမြင်ဘဲ ပေါ့ဆစွာ လုပ်ဆောင်မည့်အစား ဘုရားသခင်ကို စောင့်ဆိုင်းသင့်သည်။ သမ္မာတရားကို သင်နားမလည်သောအခါ တစ်စုံတစ်ဦးက သင့်အား အကြံပြုချက်ပေးပြီး သမ္မာတရားနှင့်အညီ မည်သို့ ပြုမူဆောင်ရွက်ရမည်ကို သင့်အား ပြောလျှင် သင်သည် ရှေးဦးစွာ လက်ခံသင့်ပြီး လူတိုင်းအား ထိုအရာအပေါ်တွင် မိတ်သဟာယပြုစေသင့်သည်။ ပြီးလျှင် ဤလမ်းကြောင်းက မှန်ကန်ခြင်းရှိမရှိ၊ သမ္မာတရားစည်းမျဉ်းများနှင့် ညီခြင်းရှိမရှိကို ကြည့်သင့်သည်။ သမ္မာတရားနှင့် ကိုက်ညီသည်ဟု အတည်ပြုလျှင် ထိုနည်းအတိုင်း လက်တွေ့လုပ်ဆောင်လော့။ သမ္မာတရားနှင့် မကိုက်ညီဟု သင် ဆုံးဖြတ်လျှင် ထိုနည်းအတိုင်း လက်တွေ့မလုပ်ဆောင်နှင့်။ ထိုမျှ ရိုးရှင်းပေသည်။ သမ္မာတရားကို သင်ရှာဖွေသောအခါ လူများစွာထံမှ ရှာဖွေသင့်သည်။ တစ်ဦးတလေက ပြောစရာတစ်စုံတစ်ခုရှိလျှင် သင် နားထောင်သင့်ပြီး ထိုသူ၏ စကားများအားလုံးကို အလေးအနက်ထားသင့်သည်။ ထိုသူအား လျစ်လျူရှုခြင်း၊ မသိကျိုးကျွန်ပြုခြင်းမပြုနှင့်။ အဘယ်ကြောင့်ဆိုသော် သင်၏တာဝန် နယ်ပယ်အတွင်းတွင်ရှိသော အရာများနှင့် သက်ဆိုင်ပြီး ဤအရာကို အလေးအနက် သဘောထားရမည်ဖြစ်သောကြောင့်ဖြစ်သည်။ ဤသည်မှာ မှန်ကန်သော သဘောထား၊ မှန်ကန်သော စိတ်အခြေအနေဖြစ်သည်။ သင်သည် မှန်ကန်သော အခြေအနေတွင် ရှိသောအခါ သမ္မာတရားအား အလွန်အမင်းမနှစ်မြို့သကဲ့သို့ မုန်းတီးသည့် စိတ်သဘောထားကို ထုတ်ဖော်ပြသခြင်းမရှိပေ။ ထို့နောက် ဤသို့ လက်တွေ့လုပ်ဆောင်ခြင်းသည် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို အစားထိုးပေးလိမ့်မည်။ ဤသည်မှာ သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းဖြစ်သည်။ သင်သည် ဤနည်းဖြင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်သောအခါ မည်သည့် အသီးအပွင့်ကို ရရှိမည်နည်း။ (သန့်ရှင်းသော ဝိညာဉ်တော်၏ လမ်းပြခြင်းကို ခံရမည်။) သန့်ရှင်းသောဝိညာဉ်တော်၏ လမ်းပြမှုကို ရရှိခြင်းသည် ကဏ္ဍတစ်ခုဖြစ်သည်။ တစ်ခါတစ်ရံတွင် အကြောင်းအရာသည် အလွန်ရိုးရှင်းပြီး သင်ကိုယ်တိုင်၏ စိတ်ကို အသုံးပြုခြင်းအားဖြင့် ရရှိနိုင်သည်။ အခြားလူများက ၎င်းတို့၏ အကြံများကို သင့်အား ပေးပြီး သင်က နားလည်ပြီးနောက်တွင် သင်သည် အမှုအရာများကို ပြုပြင်ပြီး စည်းမျဉ်းများနှင့်အညီ လုပ်ဆောင်နိုင်လိမ့်မည်။ ဤသည်မှာ ရိုးရှင်းသော ကိစ္စတစ်ခုဖြစ်သည်ဟု လူတို့က ထင်ကောင်းထင်နိုင်သော်လည်း၊ ဘုရားသခင်အတွက် ကြီးမားသော ကိစ္စဖြစ်သည်။ အဘယ်ကြောင့် ငါ ဤသို့ ဆိုသနည်း။ အဘယ်ကြောင့်ဆိုသော် သင်သည် ဤသို့ လက်တွေ့လုပ်ဆောင်သောအခါ ဘုရားသခင်အတွက် သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်သောသူ၊ သမ္မာတရားကို ချစ်သောသူ၊ သမ္မာတရားကို မနှစ်မြို့ခြင်း မရှိသောသူဖြစ်သည်။ သင်၏ စိတ်နှလုံးအတွင်းသို့ ဘုရားသခင် ကြည့်သောအခါ သူသည် သင်၏ စိတ်သဘောထားကိုလည်း မြင်သည်။ ဤသည်မှာ ကြီးမြတ်သော ကိစ္စဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုလျှင် သင်သည် ဘုရားသခင်၏ မျက်မှောက်တော်တွင် သင်၏တာဝန်ကို ထမ်းဆောင်ပြီး ပြုမူဆောင်ရွက်သောအခါ သင်အသက်ရှင်နေထိုင်ပြီး ထုတ်ဖော်ပြသသည့်အရာသည် လူတို့ပိုင်ဆိုင်သင့်သည့် သမ္မာတရား၏ စစ်မှန်မှုအားလုံးဖြစ်သည်။ သင်လုပ်ဆောင်သမျှတွင် သင်ပိုင်ဆိုင်သော သဘောထားများ၊ အတွေးများ၊ အခြေအနေများသည် ဘုရားသခင်အတွက် အရေးကြီးဆုံးဖြစ်ပြီး ဘုရားသခင် စိစစ်သောအရာများဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ဘုရားသခင်၏ ရှေ့မှောက်၌ မကြာခဏ အသက်ရှင်ခြင်းသည်သာလျှင် အကြင်သူသည် သူနှင့် ပုံမှန်ဆက်ဆံရေးကို ရရှိနိုင်သည်
အရေးကိစ္စတစ်ခုကို ရင်ဆိုင်ရသောအခါ ငြင်းခုံနေမည့်အစား သင်၏ အယူအဆများ၊ စိတ်ကူးများနှင့် ထင်မြင်ချက်များကို ဦးစွာ ဘေးဖယ်ထားသင့်သည်။ ဤသည်မှာ လူတစ်ယောက်၌ ရှိသင့်သည့် ဆင်ခြင်တုံတရားပင်။ ငါ၌ နားမလည်သည့်အရာ တစ်ခုခုရှိပြီး ငါကျွမ်းကျင်သည့် နယ်ပယ်မဟုတ်လျှင် ထိုဘာသာရပ်နှင့် ရင်းနှီးသူကို ငါမေးမြန်းမည်။ သူတို့အား မေးမြန်းပြီးလျှင် ထိုကိစ္စနှင့် ပတ်သက်၍ အခြေခံသဘောတရား ရရှိမည်။ သို့သော်လည်း ထိုကိစ္စကို ငါကိုယ်တိုင် မည်သို့ကိုင်တွယ်ရမည်ကို ရှာဖွေရမည်၊ အခြားသူများပြောသည်ကို လုံးလုံးလျားလျား နားထောင်၍ မဖြစ်သကဲ့သို့ ငါ၏ကိုယ်ပိုင် စိတ်ကူးများကို အခြေခံ၍လည်း ထိုကိစ္စကို အပြည့်အဝ မချဉ်းကပ်သင့်ပေ။ အသင်းတော်၏အလုပ်ကို အကျိုးပြုပြီး သမ္မာတရားစည်းမျဉ်းများနှင့် ကိုက်ညီသည့်နည်းဖြင့် မည်သို့ပြုမူရမည်ကို ငါရှာဖွေရမည်ဖြစ်သည်။ ဤသည်မှာ အမှုအရာများကို ဆင်ခြင်တုံတရားဖြင့် ကိုင်တွယ်ဖြေရှင်းနည်း မဟုတ်သလော။ ယင်းက သာမာန်လူတစ်ယောက် ပိုင်ဆိုင်သင့်သည့် အသိစိတ် မဟုတ်သလော။ ဤနည်းဖြင့် အကြံဉာဏ်ရှာဖွေခြင်းနှင့် တောင်းခံခြင်းသည် မှန်ကန်ပေ၏။ သင်သည် နယ်ပယ်တစ်ခုခု၌ နှံ့စပ်ပြီး ယင်းနှင့်ပတ်သက်၍ သင့်ကို ငါ တိုင်ပင်ဆွေးနွေးသော်လည်း နောက်ပိုင်းတွင် သင်သည် ငါ့အား သင်ပြောထားသည့်အတိုင်း လိုက်နာပြီး သင်၏လုပ်ဆောင်ချက် အစီအစဉ်ကို အကောင်အထည်ဖော်ရန် တောင်းဆိုသည်။ ယင်းက မည်သည့်စိတ်ထားမျိုး ဖြစ်သနည်း။ ယင်းသည် မာနထောင်လွှားသော စိတ်သဘောထားပင်။ ယခုတွင် သင်ပြုမူရန် ကျိုးကြောင်းဆီလျော်သော နည်းလမ်းမှာ ဘာဖြစ်မည်နည်း။ သင်ပြောသင့်သည်မှာ “ကျွန်ုပ် ဤနယ်ပယ်တွင် အသိပညာ အနည်းငယ်ရှိသော်လည်း သမ္မာတရားနှင့် မဆိုင်ပါ။ သင်သည် ဤအရာကို ထည့်သွင်းစဉ်းစားဖို့ အကြံပြုချက်တစ်ခုအဖြစ်သာ ခံယူနိုင်သော်လည်း မည်သို့လုပ်ဆောင်ရမည်ကို အတိအကျသိရန် ဘုရားသခင်၏ရည်ရွယ်ချက်များကို ပို၍ရှာဖွေရမည်ဖြစ်သည်” ဟူ၍ပင်။ ငါသည် သင့်ထံမှ အကြံဉာဏ်ရှာဖွေပြီး ဤကိစ္စကို သင်နားလည်သည်ဟု သင်အမှန်တကယ်ထင်ကာ သင့်ကိုယ်သင် သာမန်ထက်ထူးခြားသည်ဟု သတ်မှတ်သည်ဆိုလျှင် ဤသည်မှာ မာနထောင်လွှားသော စိတ်သဘောထား တစ်ခုဖြစ်သည်။ မာနထောင်လွှားသော သဘောသဘာဝသည် သင့်အထဲ၌ ဤသို့သော တုံ့ပြန်မှုနှင့် သရုပ်သကန်မျိုးကို ဖြစ်ပေါ်စေနိုင်သည်။ တစ်စုံတစ်ဦးသည် သင့်ထံမှ အကြံဉာဏ်ရှာဖွေသောအခါ သင်သည် သင်၏ ဆင်ခြင်တုံတရားကို ချက်ချင်းဆုံးရှုံးသွားရသည်။ သင်သည် သာမန်လူတစ်ယောက်၏ အသိစိတ်ကို ဆုံးရှုံးပြီး မှန်ကန်သော ဆုံးဖြတ်ချက်ချနိုင်စွမ်း မရှိပေ။ တစ်စုံတစ်ဦးသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ထုတ်ဖော်သောအခါ သူ၏ အသိဉာဏ်သည် ပုံမှန်မဟုတ်ပေ။ ထို့ကြောင့် သင့်အပေါ် မည်သည့်အရာ ကျရောက်သည်ဖြစ်စေ သင့်အကြံဉာဏ်ကို အခြားသူများက တောင်းခံလျှင်ပင် သင်သည် လူပါးဝ၍မဖြစ်ဘဲ၊ သင်၌ ပုံမှန်အသိစိတ်ကို ပိုင်ဆိုင်ထားရမည်။ ပြုမူရမည့် ပုံမှန်နည်းလမ်းမှာ အဘယ်နည်း။ ဤအချက်တွင် သင်စဉ်းစားသင့်သည်မှာ “ဤကိစ္စကို ကျွန်ုပ် နားလည်သော်လည်း လူပါးဝ၍မဖြစ်။ သာမာန်လူ့သဘာဝ၏ အသိစိတ်ဖြင့် ကျွန်ုပ်ချဉ်းကပ်ရမည်” ဟူ၍ဖြစ်သည်။ ဘုရားသခင်ရှေ့မှောက်သို့ ပြန်လာခြင်းဖြင့် ပုံမှန်လူ့သဘာဝ၏ အသိစိတ်ကို သင်ပိုင်ဆိုင်လိမ့်မည်။ တစ်ခါတစ်ရံတွင် သင်သည် မိမိကိုယ်ကိုကျေနပ်မှုရှိသော ခံစားချက်တစ်ခုခုကို ထုတ်ဖော်ပြသမည် ဖြစ်သော်လည်း သင်၏နှလုံးသားထဲတွင် ချုပ်တည်းမှုရှိလိမ့်မည်။ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ ပေါ်လွင်မှုများသည် တစ်ဝက်တစ်ပျက် ဖြတ်တောက်ခံရမည်ဖြစ်ပြီး အခြားသူများအပေါ်တွင် အပျက်သဘောဖြင့် လွှမ်းမိုးမှု များစွာလျော့နည်းသွားမည်။ သို့သော်လည်း သင်သည် သင်၏ မာနထောင်လွှားသော စိတ်သဘောထားအတိုင်း ပြုမူလျက် သင်မှန်ကန်သည်ဟု အမြဲယုံကြည်ပြီး အကျိုးဆက်အနေဖြင့် အခြားသူများကို သင့်အား အတင်းအကြပ် နားထောင်စေပါက ယင်းသည် ကြီးမားသော အသိစိတ်ကင်းမဲ့မှုကို ပြသနေသည်။ လူတို့အား သင်ညွှန်ပြသည့် လမ်းကြောင်းမှာ မှန်ကန်နေလျှင် အရာရာ အဆင်ပြေနိုင်ပေမည်၊ သို့သော် ယင်းကမှားနေလျှင် သူတို့ကို နစ်နာစေလိမ့်မည်။ အကယ်၍ တစ်စုံတစ်ယောက်သည် ကိုယ်ရေးကိုယ်တာ ကိစ္စတစ်ခုအတွက် သင့်ထံမှ အကြံဉာဏ်တောင်းခံပြီး သင်သည် ထိုသူအား လမ်းမှားပေါ်သို့ ပို့ဆောင်ပါက သင်သည် လူတစ်ဦးတည်းကို ထိခိုက်နစ်နာစေမည် ဖြစ်သည်။ သို့သော် အသင်းတော်၏အလုပ်နှင့်ပတ်သက်သည့် အရေးပါသော ကိစ္စရပ်တစ်ခုအကြောင်းကို သင့်အား ၎င်းတို့က မေးမြန်းပြီး ၎င်းတို့အား မှားယွင်းစွာ ဦးတည်ပေးပါက သင်သည် အသင်းတော်၏အလုပ်ကို ထိခိုက်စေပြီးဖြစ်မည်သာမက ဘုရားအိမ်တော်၏ အကျိုးမှာ ဆုံးရှုံးမှုများ ခံစားရမည်ဖြစ်သည်။ အကယ်၍ ပြဿနာသည် ပြင်းထန်သောသဘောရှိပြီး ဘုရားသခင်၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားရာရောက်ပါက အကျိုးဆက်များကို မှန်းဆ၍ရနိုင်မည် မဟုတ်ပေ။
—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကိုဖြေရှင်းခြင်း လမ်းကြောင်း
သင် မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ၊ သမ္မာတရားကို မည်သို့ရှာဖွေပြီး ကျိုးနွံနာခံရမည်ဆိုသည်ကို သင်ယူရမည်။ သင့်ကို မည်သူက အကြံဉာဏ်ပေးနေသည် ဖြစ်စေ ယင်းမှာ သမ္မာတရားစည်းမျဉ်းများနှင့် ကိုက်ညီနေလျှင် ယင်းက ကလေးတစ်ဦးထံမှ ဖြစ်လင့်ကစား သင်သည် ယင်းကိုလက်ခံပြီး ယင်းကို ကျိုးနွံနာခံရပေမည်။ လူတစ်ဦးသည် မည်သည့်ပြဿနာ ရှိနေပါစေ သူတို့၏စကားများနှင့် အကြံဉာဏ်က သမ္မာတရားစည်းမျဉ်းများနှင့် လုံးဝကိုက်ညီနေလျှင် ယင်းတို့ကို သင်လက်ခံသင့်ပြီး ယင်းတို့ကို ကျိုးနွံနာခံသင့်သည်။ ဤကဲ့သို့ ဆောင်ရွက်ခြင်း၏ ရလဒ်များမှာ ကောင်းမွန်လိမ့်မည်ဖြစ်ပြီး ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့်အညီ ဖြစ်လိမ့်မည်။ အဓိကအချက်မှာ သင်၏ ရည်ရွယ်ချက်များနှင့် အမှုအရာများကို သင်ကိုင်တွယ်သည့် စည်းမျဉ်းနှင့် နည်းစနစ်များကို ကြည့်ဖို့ဖြစ်သည်။ အမှုအရာများကို ကိုင်တွယ်ခြင်းအတွက် သင်၏ စည်းမျဉ်းနှင့် နည်းစနစ်များက လူသား၏အလိုဆန္ဒ၊ လူ့အကြံအစည်များနှင့် အယူအဆများ၊ သို့မဟုတ် စာတန်ဆန်သော အတွေးအခေါ်များအပေါ် အခြေခံပါက ထိုစည်းမျဉ်းများနှင့် နည်းစနစ်များသည် လက်တွေ့မကျသည့်အပြင် ယင်းတို့က မထိရောက်ဖို့ သေချာပေသည်။ ဤသည်မှာ သင်၏ စည်းမျဉ်းများနှင့် နည်းစနစ်များ၏ အရင်းအမြစ်က မမှန်ကန်ဘဲ၊ သမ္မာတရားစည်းမျဉ်းများနှင့် မကိုက်ညီသောကြောင့် ဖြစ်သည်။ သင်၏ အမြင်များသည် သမ္မာတရားစည်းမျဉ်းများအပေါ် အခြေခံပြီး အမှုအရာများကို သမ္မာတရားစည်းမျဉ်းများအတိုင်း သင်ကိုင်တွယ်ပါက သင်သည် ထိုအရာတို့ကို မှန်ကန်သောနည်းလမ်းဖြင့် ကိုင်တွယ်မည်မှာ သံသယဖြစ်စရာမလိုပေ။ လတ်တလောတွင် အမှုအရာများအား သင်ကိုင်တွယ်သည့်နည်းလမ်းကို လူအချို့က လက်မခံလျှင်ပင်၊ သို့မဟုတ် ယင်းနှင့်ပတ်သက်၍ သူတို့၌ အယူအဆများရှိနေလျှင်ပင်၊ သို့မဟုတ် ယင်းကို သူတို့အတိုက်အခံလုပ်လျှင်ပင် အချိန်အတန်ကြာပြီးနောက် ယင်းသည် အသိအမှတ်ပြုခြင်း ခံရလိမ့်မည်။ သမ္မာတရားစည်းမျဉ်းများနှင့်အညီဖြစ်သော အရာများမှာ အပေါင်းလက္ခဏာဆောင်သော ရလဒ်များကို ပို၍သာ ဖြစ်ထွန်းစေသော်လည်း သမ္မာတရားစည်းမျဉ်းများနှင့် အညီမဟုတ်သော အရာများသည် ထိုအချိန်တွင် လူတို့၏ အယူအဆများနှင့် ကိုက်ညီစေကာမူ အနှုတ်လက္ခဏာဆောင်သော အကျိုးဆက်များဆီသို့ တိုး၍သာ ဦးတည်စေသည်။ လူတို့အားလုံးက ဤအရာ၏ အတည်ပြုချက်ကို ရရှိကြလိမ့်မည်။ သင်လုပ်ဆောင်သည့် အရာရာတိုင်းတွင် လူ၏ ကန့်သတ်ချုပ်ချယ်မှုများ၏ လက်အောက်ခံမဖြစ်ရသည့်အပြင် သင်၏ ကိုယ်ပိုင်ဆုံးဖြတ်ချက်များကို မပြုရပေ။ သင်သည် ဘုရားသခင်ထံ ဦးစွာဆုတောင်းပြီး သမ္မာတရားကို ရှာဖွေပြီးလျှင် ထိုကိစ္စနှင့်ပတ်သက်၍ လူတိုင်းနှင့် စူးစမ်းစစ်ဆေးပြီး မိတ်သဟာယပြုသင့်သည်။ မိတ်သဟာယပြုခြင်း၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ ယင်းမှာ သင့်အနေဖြင့် အမှုအရာများကို ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့်အညီ အတိအကျ လုပ်ဆောင်နိုင်ပြီး ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့်တပြေးညီ ပြုမူနိုင်ရန် ဖြစ်သည်။ ဤသည်မှာ ယင်းကိုဖော်ပြရန် အတန်ငယ် ကြီးကျယ်ခမ်းနားသော နည်းလမ်းဖြစ်ပြီး လူတွေက ဤအရာကို ပြည့်မီကြမည်မဟုတ်ပေ။ ယင်းကို ပိုမိုခိုင်မာသော ဝေါဟာရများဖြင့် ပြောရလျှင် သင်သည် သမ္မာတရား စည်းမျဉ်းများနှင့် အတိအကျ ကိုက်ညီအောင် အရာရာကို လုပ်ဆောင်နိုင်ရန်အတွက် ဖြစ်သည်။ ဤသည်မှာ ပို၍ပင် မြင်သာထင်သာရှိသည်။ လူတစ်ဦးသည် ဤစံနှုန်းနှင့် ကိုက်ညီသောအခါ သူတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေပြီး ဘုရားသခင်၏ အလိုတော်ကို လိုက်နာနေကြခြင်းဖြစ်သည်။ သူတို့၌ သမ္မာတရား စစ်မှန်မှုရှိပြီး မည်သူ့ထံကမျှ ကန့်ကွက်ချက် ရှိမည်မဟုတ်ချေ။
—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကိုဖြေရှင်းခြင်း လမ်းကြောင်း
တစ်စုံတစ်ရာ သင့်အပေါ်သို့ ကျရောက်သောအခါ မိမိကိုယ်ကိုအမှန်ဟု မထင်မြင်ရပေ။ သင်သည် ဘုရားရှေ့တွင် မိမိကိုယ်ကို ငြိမ်သက်စေပြီး သင်ခန်းစာယူရမည်။ ပို၍ သင်ယူရန်အတွက် သင့်ကိုယ်သင် စွန့်လွှတ်နိုင်ရမည်။ သင်က “ငါသည် ဤနေရာတွင် သင်တို့ထက်ပို၍ ကျွမ်းကျင်သူဖြစ်သည်။ ထို့ကြောင့် ငါသည် ဦးဆောင်သင့်သည်။ သင်တို့အားလုံးက ငါ့အား နားထောင်သင့်သည်” ဟု ထင်မြင်လျှင် ဤသည်မှာ မည်သည့် စိတ်သဘောထားမျိုးဖြစ်သနည်း။ မာနထောင်လွှားခြင်း၊ မိမိကိုယ်ကို အမှန်ထင်ခြင်းဖြစ်သည်။ စာတန်ဆန်သော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားဖြစ်ပြီး သာမန်လူ့သဘာဝ၏ နယ်ပယ်အတွင်းတွင်ရှိသော အရာတစ်ခုမဟုတ်ပေ။ ဤသို့ဆိုလျှင် မိမိကိုယ်ကို အမှန်ဟု ထင်မြင်မှုမရှိခြင်းသည် မည်သည့်အရာကို ဆိုလိုသနည်း။ (လူတိုင်း၏ အကြံပြုချက်ကို နားထောင်ခြင်း၊ လူတိုင်းနှင့် ဆွေးနွေးခြင်းကို ဆိုလိုသည်။) သင်ကိုယ်တိုင်၏ အတွေးများ၊ ထင်မြင်ချက်များက မည်သည့်အရာဖြစ်ပါစေ ၎င်းတို့သည် မှန်ကန်သည်၊ လုပ်ဆောင်သင့်သည့် နည်းလမ်းများဖြစ်သည်ဟု သင်က ကြောင်းကျိုးမမြင်ဘဲ ဆုံးဖြတ်လျှင် ဤသည်မှာ မာနထောင်လွှားခြင်း၊ မိမိကိုယ်ကို အမှန်ထင်ခြင်းဖြစ်သည်။ သင့်တွင် သင်မှန်ကန်သည်ဟု ခံစားရသော အယူအဆများ၊ ထင်မြင်ချက်များရှိသော်လည်း သင့်ကိုယ်သင် အပြည့်အဝ ယုံကြည်ခြင်းမရှိဘဲ ရှာဖွေခြင်းနှင့် မိတ်သဟာယတို့မှတစ်ဆင့် အတည်ပြုနိုင်လျှင် ဤသည်မှာ မိမိကိုယ်ကို မှန်သည်ဟု ယူမှတ်မှု မရှိခြင်း၏ အဓိပ္ပာယ်ဖြစ်သည်။ မလုပ်ဆောင်မီတွင် လူတိုင်း၏ ပံ့ပိုးခြင်းနှင့် အသိအမှတ်ပြုခြင်းကို စောင့်ခြင်းသည် အမှုအရာများကို လုပ်ဆောင်ရာတွင် ကျိုးကြောင်းသင့်သောနည်းလမ်းဖြစ်သည်။ လူတစ်ယောက်က သင်နှင့် သဘောထားမတူလျှင် သင်သည် တာဝန်သိစွာဖြင့် တုံ့ပြန်သင့်ပြီး သင့်အလုပ်၏ အတတ်ပညာပိုင်းကဏ္ဍများနှင့် ပတ်သက်လျှင် တိကျစေ့စပ်သင့်သည်။ သင်က “သင်က ဤအရာကို ငါ့ထက်ပို၍ နားလည်သလော။ ငါသည် ဤအလုပ်နယ်ပယ်တွင် အချိန်အလွန်ကြာမြင့်စွာ လုပ်ကိုင်နေခဲ့ပြီးဖြစ်သည်။ ငါသည် သင့်ထက်ပို၍ နားလည်ခြင်း မရှိသင့်သလော။ သင်သည် ထိုအကြောင်းကို မည်သည့်အရာ သိသနည်း။ သင် နားမလည်ပါ” ဟု ပြောပြီး မျက်ကွယ်မပြုသင့်ပေ။ ဤသည်မှာ ကောင်းသောစိတ်သဘောထားမဟုတ်ပေ။ မာနထောင်လွှားလွန်းပြီး မိမိကိုယ်ကို အမှန်ထင်လွန်းသည်။ သင်နှင့် သဘောထားမတူညီသူက အတွေ့အကြုံနည်းခြင်း၊ ဤအလုပ်နယ်ပယ်တွင် ကောင်းစွာ သိနားလည်မှုမရှိခြင်း ဖြစ်နိုင်သည်။ သင်က မှန်ကန်နိုင်ပြီး သင်သည် အမှုအရာများကို မှန်ကန်စွာ လုပ်ဆောင်ကောင်းလုပ်ဆောင်နိုင်သည်။ သို့သော် ပြဿနာက သင်၏ စိတ်သဘောထားဖြစ်သည်။ ဤသို့ဆိုလျှင် ပြုမူဆောင်ရွက်ရန် မှန်ကန်သောနည်းလမ်းမှာ အဘယ်နည်း။ သမ္မာတရား စည်းမျဉ်းများနှင့်အညီ မည်သို့ ပြုမူဆောင်ရွက်နိုင်သနည်း။ သင်၏ အယူအဆများကို ဖွင့်ချပြပြီး ၎င်းတို့တွင် ပြဿနာတစ်ခုခုရှိမရှိကို လူတိုင်းအား မြင်စေခြင်းဖြစ်သည်။ လူတစ်ယောက်က အကြံတစ်ခုပေးလျှင် သင်သည် ရှေးဦးစွာ ထိုအကြံကိုလက်ခံရမည်။ ပြီးနောက်တွင် မှန်ကန်သော လက်တွေ့လုပ်ဆောင်ရန်လမ်းကြောင်းကို လူတိုင်းအား အတည်ပြုစေရမည်။ ထိုအရာနှင့်ပတ်သက်၍ မည်သူကမျှ မည်သည့်ပြဿနာမျှမရှိလျှင် အသင့်လျော်ဆုံးနည်းလမ်းကို သင် ဆုံးဖြတ်ပြီး ထိုနည်းလမ်းဖြင့် လုပ်ဆောင်နိုင်သည်။ ပြဿနာတစ်ခုကို ရှာတွေ့လျှင် လူတိုင်း၏ ထင်မြင်ချက်များကို တောင်းခံရမည်။ သင်တို့အားလုံးသည် သမ္မာတရားကို ရှာဖွေသင့်ပြီး အတူတကွ မိတ်သဟာယပြုသင့်သည်။ ဤနည်းအားဖြင့် သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်အလင်းဖွင့်ပြမှုကို ရရှိလိမ့်မည်။ သင်၏ စိတ်နှလုံးက အလင်းပေးခြင်းခံရပြီး၊ ပို၍ ကောင်းမွန်သော လမ်းကြောင်းရှိသောအခါ သင်ရရှိသည့် ရလဒ်များသည် ယခင်ကထက် ပို၍ ကောင်းလိမ့်မည်။ ဤသည်မှာ ဘုရားသခင်၏ လမ်းပြမှုမဟုတ်လော။ ယင်းသည် အလွန်ကောင်းသော အရာပင်ဖြစ်သည်။ သင်သည် မိမိကိုယ်ကို အမှန်ထင်မြင်ခြင်းအား ရှောင်ကြဉ်နိုင်လျှင်၊ သင်၏ စိတ်ကူးထင်မြင်မှုများ၊ အယူအဆများကို လက်လွှတ်နိုင်လျှင်၊ အခြားလူများ၏ မှန်ကန်သော ထင်မြင်ချက်များကို နားထောင်နိုင်လျှင် သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်အလင်းဖွင့်ပြမှုကို သင် လက်ခံရရှိနိုင်လိမ့်မည်။ သင်၏ စိတ်နှလုံးသည် အလင်းပေးခြင်းခံရမည်ဖြစ်ပြီး မှန်ကန်သော လမ်းကြောင်းကို ရှာတွေ့နိုင်လိမ့်မည်။ ရှေ့ဆက်ရမည့် လမ်းကြောင်းရှိလိမ့်မည်ဖြစ်ပြီး၊ ထိုအရာကို သင် လက်တွေ့လုပ်ဆောင်သောအခါ သေချာပေါက် သမ္မာတရားနှင့် ကိုက်ညီလိမ့်မည်။ ဤသို့သော လက်တွေ့လုပ်ဆောင်မှုနှင့် အတွေ့အကြုံမှတစ်ဆင့် သမ္မာတရားအား မည်သို့ လက်တွေ့လုပ်ဆောင်ရမည်ကို သိလာလိမ့်မည်ဖြစ်ပြီး တစ်ချိန်တည်းတွင် ထိုအလုပ်နယ်ပယ်နှင့်ပတ်သက်ပြီး အသစ်ဖြစ်သောအရာတစ်ခုကို သိလာလိမ့်မည်။ ဤသည်မှာ ကောင်းသောအရာတစ်ခုမဟုတ်လော။ သင့်ထံ အမှုအရာများ ဖြစ်ပျက်သောအခါ မိမိကိုယ်ကို အမှန်ထင်မြင်မှုမရှိရသကဲ့သို့၊ သမ္မာတရားကို ရှာဖွေရမည်ကိုလည်းကောင်း၊ သင်က မိမိကိုယ်ကို အမှန်ထင်မြင်ပြီး သမ္မာတရားကို လက်မခံလျှင် လူတိုင်းက သင့်အား နှစ်သက်လိမ့်မည်မဟုတ်ဘဲ ဘုရားသခင်ကလည်း သင့်ကို သေချာပေါက် ရွံရှာလိမ့်မည်ကိုလည်းကောင်း ဤအရာမှတစ်ဆင့် သင် သဘောပေါက်လိမ့်မည်။ ဤသည်မှာ ရရှိသော သင်ခန်းစာတစ်ခုမဟုတ်လော။ သင်သည် အစဉ်သဖြင့် ဤသို့ လိုက်စားပြီး သမ္မာတရားအား လက်တွေ့လုပ်ဆောင်လျှင် သင်၏တာဝန်တွင် သင်အသုံးပြုသော အတတ်ပညာပိုင်း ကျွမ်းကျင်မှုများကို ပို၍ တိုးတက်စေလျက်ရှိမည်ဖြစ်ပြီး သင်၏တာဝန်တွင် ရလဒ်များ ပိုပို၍ ကောင်းလာလိမ့်မည်။ ဘုရားသခင်က သင့်အား ဉာဏ်အလင်းဖွင့်ပြပြီး ကောင်းချီးပေးလိမ့်မည်။ သင့်အား ပို၍ပင် အကျိုးရရှိစေလိမ့်မည်။ ဤအရာတို့အပြင် သင်သည် သမ္မာတရားအား လိုက်စားခြင်းအတွက် လမ်းကြောင်းရှိလိမ့်မည်။ သမ္မာတရားအား မည်သို့လိုက်စားရမည်ကို သင်သိသောအခါ စည်းမျဉ်းများကို တဖြည်းဖြည်းချင်း နားလည်သဘောပေါက်လိမ့်မည်။ မည်သည့်လုပ်ရပ်များက ဘုရားသခင်၏ ဉာဏ်အလင်းဖွင့်ပြမှုနှင့် လမ်းပြမှုကို ရရှိစေမည်ကိုလည်းကောင်း၊ မည်သည့်အရာက ဘုရားသခင်၏ စက်ဆုပ်မှုနှင့် အရေးမထားခြင်းကို ရရှိစေမည်ကိုလည်းကောင်း၊ မည်သည့်အရာက ဘုရားသခင်၏ လက်ခံမှုနှင့် ကောင်းချီးများကို ရရှိစေမည်ကိုလည်းကောင်း သင်သိသောအခါတွင် ရှေ့ဆက်ရန် လမ်းကြောင်းတစ်ခုရှိလိမ့်မည်။ ဘုရားသခင်၏ ကောင်းချီးများနှင့် ဉာဏ်အလင်းဖွင့်ပြမှုကို လူတို့ ရရှိသောအခါ ၎င်းတို့၏ အသက်တာတိုးတက်မှုက ပို၍ မြန်ဆန်လိမ့်မည်။ ဘုရားသခင်၏ ဉာဏ်အလင်းဖွင့်ပြမှုနှင့် လမ်းပြမှုကို နေ့စဉ် ရရှိလိမ့်မည်။ ၎င်းတို့၏ စိတ်နှလုံးတွင် ငြိမ်သက်ခြင်းနှင့် ပျော်ရွှင်ခြင်းရှိလိမ့်မည်။ ဤအရာက ၎င်းတို့ကို ဝမ်းမြောက်ခြင်း မဖြစ်စေသလော။ သင်၏ လုပ်ရပ်များကို ဘုရားသခင်ရှေ့တွင် တင်ပြ၍ရသောအခါ၊ ဘုရားသခင်က လက်ခံသောအခါတွင် သင်၏ စိတ်နှလုံး၌ ဝမ်းမြောက်ခြင်းကို ခံစားရမည်။ ငြိမ်သက်ခြင်းနှင့် ပျော်ရွှင်ခြင်းရှိလိမ့်မည်။ ဤငြိမ်သက်ခြင်းနှင့် ပျော်ရွှင်ခြင်းသည် ဘုရားသခင်က သင့်အားပေးအပ်သည့် ခံစားချက်များဖြစ်သည်။ ထိုအရာများသည် သင့်အား သန့်ရှင်းသောဝိညာဉ်တော်က ပေးသနားသည့် ခံစားချက်ဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ဘုရားသခင်၏ ရှေ့မှောက်၌ မကြာခဏ အသက်ရှင်ခြင်းသည်သာလျှင် အကြင်သူသည် သူနှင့် ပုံမှန်ဆက်ဆံရေးကို ရရှိနိုင်သည်
ဆက်စပ်မှုရှိသော အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ
ကျွန်ုပ် တိုင်ကြားခံရပြီးသည့်နောက်
ကျွန်မ အရမ်းမာနထောင်လွှားရတဲ့ အကြောင်းရင်း