ကျွန်မလုပ်ခဲ့သမျှထဲမှာ ပညာအရှိဆုံး ရွေးချယ်မှု
ကျင်းရီ၊ တရုတ်ပြည်ကျွန်မက သာမန် လယ်သမား မိသားစုကနေ မွေးဖွားလာတာပါ။ ကျွန်မ ကြီးလာရင် လူရာဝင်အောင်၊ ကောင်းကောင်းမွန်မွန် နေနိုင်အောင်...
ဘုရား၏ ပေါ်ထွန်းခြင်းကို တောင့်တသည့် ရှာဖွေသူများအားလုံးကို ကျွန်ုပ်တို့ကြိုဆိုပါသည်။
ကျွန်မက သာမန်မိသားစုလေးမှာ မွေးဖွားခဲ့ပြီး မိဘနှစ်ပါးစလုံးက လယ်သမားတွေပါ။ အိမ်က ဆင်းရဲတော့ သူများတွေရဲ့ ခွဲခြားဆက်ဆံတာ၊ အထင်သေးတာကို ခံခဲ့ရလို့ ငယ်ငယ်ကတည်းက ကျွန်မမှာ အားငယ်စိတ်တွေ ရှိခဲ့တယ်။ နောင်တစ်ချိန်ကျရင် သူတို့လိုမျိုး မြေကွက်လေးတစ်ကွက်ကိုပဲ စိုက်ပျိုးရင်း အချိန်ကုန်မနေရအောင်၊ အောင်မြင်မှု ရရှိနိုင်အောင် စာကြိုးစားဖို့ မိဘတွေက ကျွန်မကို ခဏခဏ ဆုံးမတတ်တယ်။ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးရှိအောင် ကြိုးစားဖို့၊ ထင်ပေါ်ကျော်ကြားဖို့နဲ့ ပိုပြီး သာလွန်တဲ့ ဘဝနဲ့ ရှင်သန်ဖို့ စိတ်ပိုင်းဖြတ်ခဲ့ပါတယ်။
၂၀၁၂ ဇွန်လမှာ ကျောင်းပြီးတော့ ကျွန်မ ကျောင်းဆရာမ ဖြစ်လာခဲ့ပေမဲ့ ပြင်းပြတဲ့ ပြိုင်ဆိုင်လိုစိတ်ကြောင့် လက်ရှိဘဝပုံစံကို မကျေနပ်နိုင်ခဲ့ဘူး။ အစည်းအဝေးတစ်ခုမှာ ကျောင်းအုပ်ကြီးလျူက စင်မြင့်ပေါ်မှာ နှုတ်စလျှာစကောင်းကောင်းနဲ့ စကားပြောနေတာကို တွေ့လိုက်ရတယ်။ ကျွန်မ ဘေးဘီကို လှည့်လိုက်တော့ ဆရာ၊ ဆရာမတော်တော်များများက ကျောင်းအုပ်ကြီးလျူကို အားကျပြီး လေးစားတဲ့ မျက်လုံးတွေနဲ့ ကြည့်နေကြတာ သတိထားမိလိုက်တယ်။ “စင်မြင့်ပေါ်မှာ စကားပြောနေတဲ့လူက ငါသာဆိုရင် ဘယ်လောက်ပိုကောင်းလိုက်မလဲ။ ဒါပေမဲ့ အခုတော့ ငါက သာမန်ဆရာမတစ်ယောက်၊ လူအများကြီးထဲက တစ်ယောက်ပဲမို့လို့ ငါ ပိုကြိုးစားပြီး စာသင်တဲ့ဘက်မှာ ပိုအားစိုက်ရမယ်။ ဒီလိုဆိုရင် အနှေးနဲ့အမြန် ငါလည်း ကျောင်းအုပ်နေရာကို ရမှာပဲ” လို့ တွေးမိတယ်။ နောက်ပိုင်းရက်တွေမှာ ကျွန်မ မနားမနေ အလုပ်လုပ်ခဲ့တယ်၊ နားချိန်ကိုတောင်သုံးပြီး သင်ခန်းစာအစီအစဉ်တွေ ဆွဲပြီး သင်ရိုးတွေကို လေ့လာခဲ့တယ်။ ကျွန်မအတန်းထဲက ကျောင်းသားတွေ စာမလိုက်နိုင်ရင် သူတို့နားလည်နိုင်တဲ့အထိ နေ့လယ်စာစားချိန်မယူဘဲ၊ ညဉ့်နက်တဲ့အထိတောင် နေပြီး စာပြပေးခဲ့တယ်။ နေ့ရောညပါ အချိန်ပြည့် အလုပ်လုပ်ခဲ့ပြီး နေ့တိုင်း ခါးတွေ၊ ကျောတွေ နာတဲ့အထိ အရမ်း ပင်ပန်းခဲ့တယ်။ အိမ်ရောက်ရင် လုံးဝ ခြေကုန်လက်ပန်းကျပြီး အိပ်ရာပေါ် ပုံကျသွားတာပါပဲ။ အလုပ်တွေရပ်ပြီး တကယ် အနားယူချင်ပေမဲ့ စင်မြင့်ပေါ်မှာ အာဝဇ္ဇန်းရွှင်ရွှင်နဲ့ စကားပြောနေတဲ့ ကျောင်းအုပ်ကြီးလျူနဲ့ ဆရာ၊ ဆရာမတွေရဲ့ အားကျလေးစားတဲ့ အကြည့်တွေကို တွေးလိုက်တဲ့အခါ “နောင်တစ်ချိန် ကောင်းစားဖို့နဲ့ သူများတွေရဲ့ လေးစားအားကျတာကို ခံရဖို့ အခု ဒုက္ခခံနေတာပဲ။ ဒီဒုက္ခတွေက အရာထင်မှာပါ” လို့ တွေးပြီး ကိုယ့်ဘာသာကိုယ် မာန်တင်းခဲ့တယ်။ ဒါနဲ့ပဲ “ပညာရေး စိတ်ပညာ” စာအုပ်ကို ဆွဲယူပြီး လေ့လာခဲ့ပြန်ရော။ ကျွန်မရဲ့ ကြိုးစားမှုတွေကြောင့် စာသင်တဲ့ရလဒ်တွေက ထိပ်ဆုံးမှာ ရှိခဲ့တယ်။ သုံးနှစ်တာကာလ အတွင်းမှာတင် သာမန်ဆရာမဘဝကနေ သင်ကြားရေးသုတေသန အဖွဲ့မှူး၊ နည်းပညာဆိုင်ရာ ဒါရိုက်တာ၊ ဒုကျောင်းအုပ်၊ ပြီးတော့ နောက်ဆုံးမှာ ကျောင်းအုပ် ဖြစ်လာခဲ့တယ်။ ကျွန်မ သိပ်ပျော်တာပေါ့။ အသက် ၃၀ တောင် မပြည့်သေးဘူး၊ ခေါင်းဆောင်နေရာကို ရနေပြီလေ။ တစ်ခဏတာတော့ ဆရာ၊ ဆရာမတွေနဲ့ ကျောင်းသားမိဘတွေက ကျွန်မကို တလေးတစား ဆက်ဆံကြတယ်၊ ဆွေမျိုးတွေ၊ အိမ်နီးချင်းတွေနဲ့ အတန်းဖော်တွေအားလုံးက ကျွန်မကို လေးစားအားကျတဲ့မျက်လုံးတွေနဲ့ ကြည့်ကြပြီး ကျွန်မရဲ့မိဘတွေဆို ကျွန်မကြောင့် မျက်နှာပွင့်ခဲ့ရတယ်။ ကျွန်မ တကယ်ဂုဏ်ယူမိပြီး ကျွန်မရဲ့ မာနက အကြီးအကျယ် ကျေနပ်သွားခဲ့တာပေါ့။ ရာထူးတိုးပြီးနောက်မှာ လစာလည်းတိုးလာတယ်၊ ဥစ္စာပစ္စည်းလည်း ပိုပေါများလာတော့ ငယ်ငယ်တုန်းက လက်လှမ်းမမီခဲ့တဲ့ ဇိမ်ခံပစ္စည်းအတော်များများကို ဝယ်နိုင်ခဲ့တယ်။ နောက်ဆုံးတော့ ငယ်ဘဝဆန္ဒ ပြည့်ဝခဲ့ပြီး သူများလေးစားရတဲ့ ဘဝမျိုးနဲ့ နေခဲ့ရပါတယ်။ ကျွန်မရဲ့ ကြိုးစားအားထုတ်မှုနဲ့ အပင်ပန်းခံမှုတွေ အရာထင်ခဲ့ပြီလို့ ခံစားခဲ့ရတယ်။
ဒါပေမဲ့ နောက်ပိုင်းကျတော့ ဘဝက ကျွန်မ စိတ်ကူးထားသလောက် မသာယာခဲ့ပါဘူး။ ကျောင်းအုပ်ဖြစ်လာပြီးတဲ့နောက်မှာ ဂုဏ်ရှိပြီး သူများလေးစားအားကျတာ ခံရတဲ့ပုံရပေမဲ့ ဒီရာထူးက ကျွန်မကို အမြဲတမ်း စိတ်ဆင်းရဲစေပြီး ပင်ပန်းနွမ်းနယ်စေခဲ့တယ်။ ကျောင်းအုပ်တစ်ယောက်အနေနဲ့ အလုပ်ကိစ္စ ခရီးထွက်ရတာတွေ၊ ဧည့်ခံပွဲတက်ရတာတွေက ပုံမှန်ကိစ္စလို ဖြစ်လာတယ်။ အထက်လူကြီးတွေရဲ့ လေးစားမှုရဖို့နဲ့ ကိုယ့်ရာထူး တည်မြဲဖို့အတွက် ကျွန်မ တဖြည်းဖြည်းနဲ့ အရက်သောက်တတ်လာပြီး သူများကို မျက်နှာလိုမျက်နှာရ လုပ်တတ်လာတယ်။ တစ်ခါတုန်းက ပညာရေးမှူးရုံးက ခေါင်းဆောင်တစ်ယောက်က ကျွန်မကို ပြောဖူးတယ်။ “ကျောင်းအုပ်ရှောက်ကို ကြည့်စမ်း၊ သူက ကိုယ့်အတွက် ပိုအကျိုးရှိဖို့ သူ့အားသာချက်ကို ဘယ်လိုအသုံးချရမလဲဆိုတာ သိတယ်။ ငယ်ရွယ်နုပျိုတာက အရင်းအနှီးတစ်ခုပဲ၊ ဒါပေမဲ့ ခင်ဗျားက အဲဒါကို အကောင်းဆုံး ဘယ်လိုအသုံးချရမလဲဆိုတာကိုတောင် သိရဲ့လား။ အမျိုးသမီးတွေက ပိုပြီး ရှေ့ရောက်ဖို့နဲ့ ပိုပြီး တည်မြဲဖို့ သူတို့ရဲ့ အားသာချက်တွေကို အသုံးချရတယ်” တဲ့။ ကျောင်းအုပ်ရှောက်က အစိုးရအရာရှိတွေရဲ့ မယားငယ်လုပ်ပြီး ပညာရေးမှူးရုံးမှာ ပညာရေးအဖွဲ့မှူး ရာထူးအထိ တက်သွားနိုင်ခဲ့တာကို ကျွန်မ သိနေတာပေါ့။ သူတို့ရဲ့ လုပ်နည်းလုပ်ဟန်တွေကို ကျွန်မ ရွံရှာတယ်။ အထက်လူကြီးတွေရဲ့ ညစ်ညမ်းတဲ့ စကားတွေကို နားထောင်ပြီး အရက်သောက်ရတဲ့ ညစာစားပွဲတွေအကြောင်း တွေးမိတိုင်း ကျွန်မ တော်တော် စက်ဆုပ်မိတယ်။ အကြိမ်ကြိမ် ထွက်ပြေးချင်ပေမဲ့ ကျောင်းအုပ်ရာထူးအတွက် မလွန်ဆန်နိုင်ဘဲ လိုက်လျောခဲ့ရတယ်။ ကျောင်းဥက္ကဋ္ဌကလည်း ခဏခဏဆိုသလို ကျွန်မကို ဧည့်ခံပွဲတွေ ခေါ်သွားတတ်တယ်။ ပညာရေးလောကက ပုဂ္ဂိုလ်ကျော်တွေနဲ့ မိတ်ဆက်ပေးပြီး အပေါ်ယံမှာတော့ အလုပ်သဘောအရ ဖလှယ်ဖို့လို့ ပြောပေမဲ့ တကယ်တမ်းကျတော့ သူတို့ရဲ့ မယားငယ်ဖြစ်လာဖို့၊ ကိုယ့်ခန္ဓာကိုယ်ကို ရောင်းစားဖို့ပါပဲ။ ကျွန်မ လုံးဝ ရွံရှာမိတယ်။ သူတို့ ဆက်သွယ်လာတိုင်း ကျွန်မ နှပ်လွှတ်လိုက်တာပဲ။ ဒါပေမဲ့ သူတို့ဖြစ်စေချင်တာကို ကျွန်မက မလိုက်လျောတော့ ဥက္ကဋ္ဌက ကျွန်မကို သိပ်မကျေနပ်ဘဲ တစ်ခါတလေ အလုပ်ခွင်မှာ ကျွန်မကို ပစ်မှတ်ထားတတ်တယ်။ ကျွန်မရဲ့ အလုပ်တင်ပြချက်တွေက တော်တော်ကောင်းပြီး၊ လုပ်ငန်းစီမံချက်တွေက အစီအစဉ်တကျရှိနေပေမဲ့လည်း သူတို့က အမြဲ အပြစ်ရှာဖို့ ကြိုးစားနေတော့ ကျွန်မမှာ ဘာမှပြန်မပြောနိုင်အောင် ဆွံ့အခဲ့ရတယ်။ တစ်ခါတုန်းက ကျွန်မရဲ့ အထက်လူကြီး ဖုန်းထဲမှာ ကျွန်မဓာတ်ပုံတွေနဲ့ ပြည့်နေတာကို တိုက်တိုက်ဆိုင်ဆိုင် တွေ့လိုက်ရတယ်။ ဖော်ပြလို့မရနိုင်တဲ့ ကြောက်စိတ်တစ်ခု ချက်ချင်း ဝင်လာပြီး “ငါ သူတို့ရဲ့ နောက်ထပ်သားကောင် ဖြစ်တော့မှာလား” လို့ တွေးမိလိုက်တယ်။ ကျွန်မ သိပ်ကြောက်သွားတာပေါ့။ နေ့တိုင်း ဧည့်ခံပွဲတွေ၊ ခရီးထွက်ရတာတွေကြောင့် ကျွန်မ သိပ်ပင်ပန်းနွမ်းနယ်ခဲ့ရတယ်။ အထက်လူကြီးက ကျွန်မကို အခွင့်ကောင်းယူမှာ စိုးရိမ်ပြီး အမြဲတမ်း စိတ်ပူနေခဲ့ရတယ်။ နေ့တိုင်းလိုလို ရေခဲပြင်ပါးပါးလေးပေါ်မှာ လမ်းလျှောက်နေရသလို ခံစားရပြီး၊ ဓားသွားပေါ် လမ်းလျှောက်နေရသလိုမျိုး နာကျင်ခံစားခဲ့ရတယ်။ အထက်လူကြီးရဲ့ တောင်းဆိုချက်တွေကို လုံလုံလောက်လောက် မဖြည့်ဆည်းပေးနိုင်ရင် ကျွန်မရဲ့ ကျောင်းအုပ်ရာထူး ထိခိုက်မှာကိုလည်း ကြောက်ခဲ့တယ်။ ဒါကြောင့် အထက်လူကြီးက ဘာအပြစ်ရှာမရအောင် ကျွန်မရဲ့ အလုပ်ကို ပြည့်စုံအောင် ပိုပြီး ကြိုးစားခဲ့ပါတယ်။ ဒီလိုဖြစ်ဖို့အတွက် နေ့ရောညပါ အလုပ်လုပ်ခဲ့ရပြီး တစ်ခါတလေဆို တစ်နေကုန်လို့ ရေတစ်ခွက်သောက်ဖို့တောင် အချိန်မရခဲ့ဘူး။ ခဏခဏ ခေါင်းမူးပြီး ပင်ပန်းနွမ်းနယ်လာတယ်၊ ကြာလာတော့ လည်ချောင်းတွေ စခြောက်ပြီး ယားလာတယ်။ တစ်ခါတလေဆို သွေးပါတဲ့အထိ ဆိုးဆိုးရွားရွား ချောင်းဆိုးခဲ့တယ်။ ဒါတောင်မှ ကျွန်မရဲ့ စိတ်က ကျောင်းအုပ်ရာထူးကို ဘယ်လိုထိန်းထားရမလဲ ဆိုတာပေါ်မှာပဲ အာရုံရောက်နေတုန်းပဲ။ တစ်ရက်ပြီးတစ်ရက်၊ တစ်နှစ်ပြီးတစ်နှစ် ကျွန်မရဲ့ စိတ်ဖိစီးမှုတွေက နေ့တိုင်း ပိုတိုးလာပြီး အချိန်တစ်ခုအထိ အိပ်မပျော်တဲ့ရောဂါ ခံစားခဲ့ရတယ်။ စိတ်ဓာတ်ကျရောဂါ ဖြစ်လုနီးပါး ဖြစ်နေပြီလို့ ခံစားခဲ့ရတယ်။ ကျွန်မ ယောက္ခမက ကျွန်မအဖြစ်ကို မြင်ပြီး ကျောင်းအုပ်အလုပ်ကထွက်၊ တခြားအလုပ်ရှာဖို့ အကြံပေးတယ်။ ပြီးတော့ ဧဝံဂေလိတရားကိုလည်း သူ ဟောပေးပြီး ကျွန်မ ဖတ်ဖို့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ် ရှာပေးတယ်။ ဘုရားသခင်က ပြောသည် “လူ၏ကံကြမ္မာကို ဘုရားသခင်၏လက်များက ထိန်းချုပ်ထား၏။ သင်သည် မိမိကိုယ်ကို ထိန်းချုပ်နိုင်စွမ်း မရှိပေ။ လူသည် မိမိအရေးအတွက် အစဉ်အမြဲ အလုပ်ရှုပ်ကာ လှုပ်ရှားသွားလာနေလျှင်ပင် သူသည် မိမိကိုယ်မိမိ ထိန်းချုပ်နိုင်စွမ်း မရှိဆဲသာဖြစ်ပေသည်။ သင်သည် မိမိ၏ ကိုယ်ပိုင်အလားအလာများကို သိနိုင်လျှင်၊ မိမိ၏ ကံကြမ္မာကို ထိန်းချုပ်နိုင်လျှင် သင့်ကို ဖန်ဆင်းခံတစ်ဦးဟု ခေါ်ဆိုခြင်း ခံရဦးမည်လော။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ၏ပုံမှန်ဘဝကို နဂိုအတိုင်း ပြန်ဖြစ်လာစေခြင်းနှင့် သူ့ကို အံ့သြဖွယ်ကောင်းသော ခရီးပန်းတိုင်သို့ ခေါ်ဆောင်သွားခြင်း) “ကံကြမ္မာ” ဆိုတဲ့ စကားလုံးကို ဖတ်မိတဲ့အခါ ကျွန်မ ကိုယ့်အကြောင်း ပြန်တွေးမိတယ်။ ကျွန်မ လိုချင်ခဲ့တဲ့ အိမ်ထောင်ဖက်က စိတ်ကူးယဉ်ဆန်ပြီး ခံစားချက်ကို နားလည်တဲ့သူမျိုးဆိုပေမဲ့ ကျွန်မနဲ့ လက်ထပ်ခဲ့တဲ့လူကတော့ အလိုက်ကမ်းဆိုးမသိ၊ စိတ်ကူးယာဉ်အယူအဆတွေကို နားမလည်တဲ့အပြင် စိတ်ကူးစိတ်သန်းနဲ့ တီထွင်ဖန်တီးနိုင်စွမ်း ကင်းမဲ့တဲ့သူ တစ်ယောက် ဖြစ်နေခဲ့ပါတယ်။ ငယ်ငယ်ကတည်းက ကျွန်မ ကြိုးစားအားထုတ်မှုကနေတဆင့် သူများ အားကျတာကို အမြဲ ခံချင်ခဲ့ပြီး ဒါက ပျော်ရွှင်မှုကို ယူဆောင်ပေးမယ်လို့ ယုံကြည်ခဲ့တယ်။ ဒါပေမဲ့ ကျောင်းအုပ်ဖြစ်လာပြီးတဲ့နောက်မှာ မပျော်ရွှင်ရတဲ့အပြင် အရင်ကထက်တောင် ပိုပြီး စိတ်ဆင်းရဲရတာကို တွေ့လိုက်ရတယ်။ တစ်ချိန်တုန်းကဆို စိတ်ဓာတ်ကျရောဂါတောင် ဖြစ်ခဲ့ဖူးတယ်။ အဲဒီအချိန်ကျမှ လူတစ်ယောက်ရဲ့ ကံကြမ္မာဆိုတာ ကိုယ်ထိန်းချုပ်ထားနိုင်တဲ့အရာ မဟုတ်မှန်း ကျွန်မ သဘောပေါက်ခဲ့တယ်။
နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော် နောက်တစ်ပိုဒ်ကို ကျွန်မ ဖတ်ခဲ့ရတယ်။ “အနန္တတန်ခိုးရှင်သည် အလွန်အမင်း ဒုက္ခဆင်းရဲကိုခံဖူးသော ဤလူများအပေါ် သနားကရုဏာရှိ၏၊ တစ်ချိန်တည်းတွင် သူသည် လူတို့ထံမှ အဖြေတစ်ခုကို လက်ခံရရှိခြင်း မရှိမီ စောင့်ဆိုင်းနေခဲ့သည်မှာ အလွန်ကြာလှပြီဖြစ်သောကြောင့် အသိစိတ်လုံးဝမရှိသော ဤလူများကိုလည်း အလွန်အမင်း မနှစ်မြို့ခြင်းဖြစ်၏။ သင်နိုးထပြီး ရေငတ်ခြင်းနှင့် ဆာလောင်ခြင်းမရှိတော့ရန်အတွက် သူသည် ရှာဖွေရန်၊ သင့်စိတ်နှလုံးနှင့် သင့်ဝိညာဉ်ကို ရှာဖွေရန်၊ သင့်ထံသို့ ရေနှင့်အစားအစာကို ယူဆောင်ပေးရန် လိုလားလေသည်။ သင် ပင်ပန်းနွမ်းနယ်သောအခါနှင့် ဤလောကကြီး၏ ခြောက်ကပ်ခြင်း တစ်စုံတစ်ရာကို ခံစားရသောအခါ၊ လမ်းပျောက်သည်ဟု မခံစားနှင့်၊ မငိုကြွေးလေနှင့်။ စောင့်ကြည့်တော်မူသောသူ အနန္တတန်ခိုးရှင် ဘုရားသခင်သည် သင်၏ရောက်လာခြင်းကို အချိန်မရွေး လက်ခံ ရင်ဝယ်ပိုက်လိမ့်မည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အနန္တတန်ခိုးရှင်၏ သက်ပြင်းချတော်မူခြင်း) ဘုရားနှုတ်ကပတ်တော်ကို ဖတ်ပြီးနောက်မှာ ကျွန်မ တော်တော် တို့ထိမိသွားတယ်။ ဘုရားသခင်က လူတွေကို အရမ်းနားလည်ပေးပြီး လူသားတွေအပေါ်ထားတဲ့ သူ့ရဲ့မေတ္တာကို ကျွန်မ မြင်နိုင်သွားတယ်။ ကျောင်းအုပ်ဖြစ်ဖို့ နေ့ရောညပါ အလုပ်လုပ်ခဲ့ရပုံတွေ၊ ကျောင်းအုပ်ဖြစ်ပြီးတဲ့နောက်မှာ အလုပ်ကိစ္စနဲ့ ခဏခဏ ခရီးထွက်ရတာတွေ၊ ဧည့်ခံပွဲတက်ရတာတွေနဲ့ အထက်လူကြီးတွေကို ဖားဖို့နဲ့ မျက်နှာသာရဖို့အတွက် ကြိုးစားခဲ့ရတာတွေကို တွေးမိတယ်။ နေ့တိုင်းလိုလို ကြီးမားတဲ့ စိတ်ဖိစီးမှုအောက်မှာ ကျွန်မ နေခဲ့ရတယ်။ ရင်ဖွင့်တိုင်ပင်ဖို့ တစ်ယောက်မှ ရှာမတွေ့နိုင်သလို၊ ကျွန်မရဲ့ ပူလောင်နေတဲ့ စိတ်ဝိညာဉ်အတွက် စိတ်ချရတဲ့နားခိုစရာနေရာလည်း မရှိခဲ့ဘူး။ အမေ့ကို ပြောပြတော့လည်း အမေက “သမီး ကြိုးစားဖို့၊ အထက်လူကြီးရှေ့မှာ အမှုအရာတွေကို ကိုင်တွယ်နည်းကို သိဖို့လိုတယ်။ သမီး အလုပ်ပြုတ်သွားရင် အိမ်နီးချင်းတွေက အမေတို့ကို အထင်သေးကြမှာ” လို့ပဲ အကြံပေးတယ်။ ကျွန်မ အမျိုးသားကို ပြောပြတော့ သူက “ကြာရင် အဆင်ပြေသွားမှာပါ” ဆိုပြီးပဲ အကြံပေးတယ်။ ဒါပေမဲ့ အချိန်ကြာလာတာနဲ့အမျှ ကျွန်မ ပြိုလဲလုနီးပါး ဖြစ်လာတာကို တွေ့လိုက်ရတယ်။ ကျွန်မရဲ့ ခံစားချက်ကို ဘယ်သူ နားလည်ပေးနိုင်မှာလဲ။ ဘုရားသခင်ကသာ လူတွေကို တကယ်နားလည်ပေးပြီး ကျွန်မရဲ့ မခံမရပ်နိုင်လောက်အောင် ခါးသီးမှုတွေကို သူ ခံစားနားလည်ပေးနိုင်မှန်း ဘုရားနှုတ်ကပတ်တော်ကနေတစ်ဆင့် ကျွန်မ သဘောပေါက်ခဲ့တယ်။ မငိုဖို့၊ လမ်းမပျောက်ဖို့နဲ့ ကျွန်မ ရောက်လာတာကို ကြိုဆိုမယ်လို့ သူ မိန့်ခဲ့တယ်။ ဘုရားသခင်ကသာ ကျွန်မစိတ်နှလုံးကို တကယ်သိပြီး သူ့ကို အရာအားလုံး ပြောပြလို့ရနိုင်တယ်လို့ ခံစားရတဲ့အတွက် ကျွန်မရဲ့ စိတ်ဝိညာဉ်ဟာ ကြီးမားတဲ့ သက်သာရာရမှုတစ်ခုကို တွေ့ရှိခဲ့တယ်။ ကျွန်မ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို လေ့လာစုံစမ်းချင်ပေမဲ့ အလုပ်တွေ ဘယ်လောက်များကြောင်း တွေးမိတော့ ဘယ်တော့အချိန်ဘယ်ရပါ့မလဲလို့ စဉ်းစားမိတယ်။ ဒါကြောင့် ကျွန်မ ဘုရားသခင်ဆီ ဆုတောင်းပြီး ကျွန်မရဲ့ အတွေးတွေကို ရင်ဖွင့်ဖို့ ကြိုးစားခဲ့ပါတယ်။ “အို ဘုရားသခင်၊ သမီး ဒီလိုဘဝမျိုးနဲ့ မနေချင်တော့ပါဘူး၊ ဒါက လုံးဝကို ပင်ပန်းလွန်းပါတယ်။ ကျေးဇူးပြုပြီး သမီးအတွက် လမ်းကြောင်းဖွင့်ပေးပါ” လို့ပေါ့။ အဲဒီအချိန်မှာပဲ ကျွန်မရဲ့ အစ်မက ဖုန်းဆက်ပြီး မူကြိုကျောင်းတစ်ခုမှာ အလုပ်လုပ်ဖို့ ပြောလာတယ်။ အဲဒီကျောင်းက ခရိုင်တစ်ခုလုံးမှာ တစ်ခုတည်းသော အစိုးရ မူကြိုကျောင်းဖြစ်ပြီး ပညာရေး အထောက်အကူပြုပစ္စည်းတွေနဲ့ သင်ကြားရေးအခြေအနေ အကောင်းဆုံးကျောင်းလည်း ဖြစ်တယ်။ ကျွန်မ သွားချင်ပေမဲ့ ကျောင်းအုပ်ရာထူးရဖို့ အများကြီး ပေးဆပ်ခဲ့ရတော့ အခုမှ အဲဒါတွေအားလုံးကို စွန့်လွှတ်ရမှာ နှမြောမိတယ်။ ဒါပေမဲ့ ကျွန်မအပေါ် ကျွန်မရဲ့ အထက်လူကြီးရဲ့ ပုံမှန်မဟုတ်တဲ့ လုပ်ရပ်တွေကို တွေးမိတဲ့အခါ ကျွန်မ ရွံရှာမိတယ်။ ဒါကြောင့် ဒီမူကြိုကျောင်းကို သွားဖို့ စဉ်းစားခဲ့တယ်။ ကျွန်မ ကြိုးစားရင် နောက်ထပ် အထက်လူကြီးအသစ်တွေက အနှေးနဲ့အမြန်ဆိုသလို ကျွန်မကို မူကြိုကျောင်းအုပ်အဖြစ် ရာထူးတိုးပေးမှာပဲ၊ အဲဒီကျရင် ကျွန်မရဲ့ အဆင့်အတန်းကို ပြန်ရမှာပဲလို့ တွေးမိတာပေါ့။ ဒီနည်းနဲ့ဆို ကျွန်မက ဘုရားသခင်ရဲ့ အမှုတော်ကိုလည်း လေ့လာနိုင်မယ်၊ လူတွေရဲ့ လေးစားမှုကိုလည်း ရနိုင်မယ်။ ဒါက တစ်ချက်ခုတ် နှစ်ချက်ပြတ်ပဲလေ။
၂၀၁၉ ဇူလိုင်လမှာ ကျွန်မ ကျောင်းအုပ်ရာထူးကနေထွက်ပြီး မူကြိုကျောင်းကို ရောက်သွားတယ်။ ဒါပေမဲ့ မူကြိုပညာရေးက ကျွန်မ ထင်သလောက် ရိုးရှင်းလွယ်ကူမနေဘဲ အခြေခံ သင်ကြားရေးစွမ်းရည်အတွက် သင်တန်းတွေ၊ ပြိုင်ပွဲတွေ ခဏခဏ လုပ်ရတော့ နေ့တိုင်း အလုပ်ရှုပ်နေခဲ့တယ်။ အထူးသဖြင့် အထက်လူကြီးတွေက ထူးချွန်တဲ့ ဆရာမတွေကို သဘောကျတဲ့အကြည့်နဲ့ ကြည့်တာ မြင်ရတဲ့အခါ ကျွန်မ မနာလိုဖြစ်ပြီး သူများ အထင်ကြီးလေးစားတာကို ခံရဖို့ မသိလိုက်ဘာသာနဲ့ လိုက်စားမိပြန်ရော။ ပီယာနိုတီးတာ၊ အကလေ့ကျင့်တာနဲ့ အစီအစဉ်အမျိုးမျိုးကို စွဲစွဲလမ်းလမ်း စီစဉ်တာကို စလုပ်ရင်း ကိုယ့်အတွက် အားလပ်ချိန် လုံးဝမကျန်တော့သလို အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို ရှာဖွေချင်တဲ့ ဆန္ဒကလည်း အလုပ်ရှုပ်လွန်းလို့ ဘေးရောက်သွားခဲ့တယ်။ နောက်ပိုင်းမှာ ကျွန်မရဲ့ ကြိုးစားမှုကြောင့် မူကြိုကျောင်းမှာ ခပ်မြန်မြန်ပဲ နေရာရလာခဲ့ပြီး အထက်လူကြီးတွေကလည်း ကျွန်မကို တန်ဖိုးထားလာကြတယ်။ ဒါပေမဲ့ အဲဒီလို တန်ဖိုးထားခံရတာက ကျွန်မကို စိတ်ဒုက္ခ ရောက်စေပြန်တယ်။ တစ်ခါတလေ အထက်လူကြီးတွေက သူတို့အတွက် စကားစစ်ထိုးပွဲ မိန့်ခွန်းတွေ၊ တင်ပြချက် စာမူတွေ ရေးခိုင်းတတ်တယ်။ ဒါပေမဲ့ ကျွန်မက နေ့ဘက်မှာ ကျောင်းသားတွေကို စာသင်ရတော့ ညဘက် အချိန်ပိုဆင်းပြီး စာမူတွေကို အပြီးသတ်ရတာပေါ့။ နေ့တိုင်း ကျွန်မမှာ အချိန်မလောက်မင ဖြစ်နေခဲ့တယ်။ ကျွန်မရဲ့ ဘေးနားက လုပ်ဖော်ကိုင်ဖက်တွေကလည်း အဆင့်အတန်းအတွက် ပြင်းပြင်းထန်ထန် ပြိုင်ဆိုင်နေကြရင်း မျက်နှာကပြုံးပြီး နောက်မှာ ဓားနဲ့ဖြစ်နေတာလည်း မြင်ခဲ့ရတယ်။ ဒီအခြေအနေထဲမှာ ပိတ်မိနေတော့ ကျွန်မ အရင်ဘဝကို ပြန်ရောက်သွားသလို ခံစားရတယ်။ ခန္ဓာကိုယ်ကလည်း အမြဲတမ်း ပင်ပန်းနွမ်းနယ်ပြီး ဖိစီးမှုတွေများနေတော့ နေ့တိုင်း ခေါင်းပေါက်ကွဲမတတ် ခံစားရတယ်။ ရင်သားတွေကလည်း ဆူးနဲ့ထိုးသလို စူးစူးရှရှ နာကျင်လာတယ်။ လုံးဝ ဘာမှ မတတ်နိုင်သလို ခံစားခဲ့ရပြီး ကျွန်မရဲ့ စိတ်နှလုံးက ဗလာဖြစ်နေခဲ့ပါတယ်။ အောက်တိုဘာလရဲ့ တစ်ရက်မှာ ကျောင်းက ကျန်းမာရေးစစ်ဆေးမှု လုပ်ပေးတယ်။ ဆရာဝန်က ကျွန်မကို စစ်ဆေးပြီးတဲ့အခါ လေးနက်တဲ့ မျက်နှာထားနဲ့ “ခင်ဗျား ရင်သားမှာ ပြဿနာတော်တော်များများ ရှိနေတယ်” လို့ ပြောတယ်။ ကျွန်မက “ကင်ဆာလား” လို့ မေးလိုက်တယ်။ ဆရာဝန်က “မသေချာသေးဘူး၊ ဒါပေမဲ့ မြန်မြန် အသားစယူ စစ်ဆေးသင့်တယ်၊ စောစောသိရရင် စောစောကုလို့ရတာပေါ့” လို့ ပြောတယ်။ “တကယ်ပဲ ကင်ဆာဖြစ်နိုင်သလား” လို့ ကိုယ့်ကိုယ်ကိုယ် မေးလိုက်တဲ့အချိန်မှာ ကမ္ဘာကြီး မှောင်မိုက်သွားသလို ခံစားလိုက်ရတယ်။ ဖော်ပြလို့မရတဲ့ ဝမ်းနည်းအားငယ်စိတ်တွေ ဝင်လာပြီး ကြမ်းပြင်ပေါ် အရုပ်ကြိုးပြတ် လဲကျသွားတယ်။ အဲဒီနောက် ရောဂါအတည်ပြုဖို့ ပြည်နယ်ဆေးရုံကြီးကို ကျွန်မ သွားခဲ့တယ်။ ဆရာဝန်က ရင်သားတစ်ရှူး ပွားများတာ၊ အရည်အိတ်တည်တာနဲ့ အကျိတ်တွေ အများကြီး ဖြစ်နေတာလို့ ပြောတယ်။ ပုံမှန် စောင့်ကြည့်ဖို့နဲ့ သုံးလကနေ ခြောက်လတစ်ကြိမ် ပြန်လာစစ်ဖို့ အကြံပေးတယ်။ ဒါပေမဲ့ အကျိတ်တွေ ကြီးလာရင် ခွဲစိတ်ဖို့ လိုနိုင်တယ်လို့ ပြောတယ်။ ဆေးစစ်ချက် အဖြေအရ အခုအချိန်မှာ အကျိတ်တွေက အဆင့် ၃ ရောက်နေပြီ။ အဆင့် ၄ သာ ရောက်သွားရင် ကင်ဆာ ဖြစ်နိုင်တယ်လို့ ဆရာဝန်က ပြောတယ်။ တွေးလေလေ ကျွန်မ ပိုကြောက်မိလာလေလေပါပဲ။ အသက် ၃၀ တောင် မပြည့်သေးတဲ့ ကျွန်မလိုလူက ဘယ်လိုဖြစ်ပြီး ဒီလောက်ပြင်းထန်တဲ့ ရောဂါ ဖြစ်ရတာလဲဆိုတာ နားမလည်နိုင်ခဲ့ဘူး။ မိုးပြိုတော့မလို ခံစားခဲ့ရတယ်။ ကျွန်မ တစ်ကိုယ်လုံး လေးလံနေပြီး အိမ်ကို မနည်းပြန်လာရင်း တံခါးပိတ်ပြီး ကုတင်ပေါ် လှဲချလိုက်တယ်။ မျက်ရည်တွေ စီးကျလာပြီး ကိုယ့်ကိုယ်ကိုယ် မေးခွန်းထုတ်နေမိတယ်။ “ပြီးခဲ့တဲ့ နှစ်တွေမှာ ငါ ဘာအတွက်များ ဒီလောက် ကြိုးစားလုပ်ကိုင်ခဲ့ရတာလဲ။ သူများတွေရဲ့ အားကျတာကို ခံချင်ရုံနဲ့ ငါ့ကျန်းမာရေးကို တကယ်ပဲ စတေးလိုက်ရပြီလား။ သူများ အားကျတာက ငါ့အတွက် တကယ်တမ်း ဘာတွေများ ယူဆောင်ပေးခဲ့လို့လဲ။ လူတွေရဲ့ အားကျမှုကို ရရှိထားရင်တောင်မှ ငါ ဘာလို့ ဒီလောက် နာကျင်မှုတွေကြားမှာ ရှင်သန်နေရသေးတာလဲ။ အဓိပ္ပာယ်ရှိပြီး တန်ဖိုးရှိတဲ့ ဘဝမျိုးနဲ့ ငါ ဘယ်လို နေထိုင်ရမလဲ” လို့ပေါ့။
တစ်နေ့မှာ ကျွန်မရဲ့ နာကျင်မှုနဲ့ ဝေခွဲမရဖြစ်မှုတွေကြားထဲမှာ ညီအစ်ကို မောင်နှမတွေက စုဝေးပွဲတက်ဖို့ လာဖိတ်ကြတယ်၊ ဒါနဲ့ ကျွန်မ အသင်းတော် အသက်တာမှာ စပြီး ပါဝင်ဖြစ်ခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် ရေလောင်း ထောက်ပံ့မှုအောက်မှာ ညီအစ်ကို မောင်နှမတွေက သမ္မာတရားကို လိုက်စားပြီး စိတ်သဘောထား ပြောင်းလဲဖို့ ကြိုးစားနေကြတာကို ကျွန်မ တွေ့ရတယ်။ ပြီးတော့ သူတို့က ဂုဏ်နာမနဲ့ အကျိုးအမြတ်အတွက် မပြိုင်ဆိုင်ဘဲ၊ တစ်ယောက်နဲ့တစ်ယောက် အကောက်ကြံတာတွေ မရှိဘဲ အချင်းချင်း ချစ်ခင်ပြီး ကူညီဖေးမပေးကြတာကိုလည်း တွေ့ရတယ်။ ဒါက ကျွန်မရဲ့ အလုပ်ခွင်နဲ့ ဧည့်ခံပွဲတွေမှာ တွေ့ခဲ့ရတာတွေနဲ့ လုံးဝကို ကွာခြားနေတယ်။ ကျွန်မ ဘုရားနှုတ်ကပတ်တော်တွေကို စိတ်ဝင်စားလာပြီး စုဝေးပွဲတွေမှာ တက်တက်ကြွကြွနဲ့ ကျွန်မ ပါဝင်လာသလို အသင်းတော် အသက်တာကိုလည်း စပြီး နေထိုင်ဖြစ်လာတယ်။ ဝတ်ပြုခြင်းတစ်ခုမှာ ဒီဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ဖတ်ခဲ့ရတယ်။ “အမှန်တွင် လူသား၏ ရည်သန်မျှော်မှန်းချက်များသည် မည်မျှကြီးကျယ်ခမ်းနားပါစေ၊ လူသား၏ ဆန္ဒများသည် မည်မျှ လက်တွေ့ကျပါစေ သို့မဟုတ် ၎င်းတို့သည် မည်မျှသင့်လျော်ပါစေ၊ လူသားက ဖြစ်မြောက်စေလိုသည့် အရာအားလုံး၊ လူသားက လိုက်စားသည့်အရာ အားလုံးသည် စကားလုံးနှစ်လုံးနှင့် ခွဲခြား၍မရအောင် ချိတ်ဆက် နေ၏။ ဤစကားလုံးနှစ်လုံးသည် လူတိုင်းအတွက် ၎င်းတို့၏ အသက်တာတစ်လျှောက်လုံးတွင် မရှိမဖြစ် အရေးပါလှပြီး ၎င်းတို့သည် စာတန်က လူသား၏အထဲသို့ သွတ်သွင်းရန် ရည်ရွယ်သော အရာများ ဖြစ်သည်။ ဤစကားလုံး နှစ်လုံးသည် မည်သည့်အရာများ ဖြစ်သနည်း။ ၎င်းတို့သည် ‘ကျော်ကြားမှု’ နှင့် ‘အကျိုးအမြတ်’ တို့ ဖြစ်၏။ စာတန်သည် လူတို့အနေဖြင့် ၎င်း၏ ရှင်သန်မှု နည်းလမ်းများနှင့် ဥပဒေသများကို အမှုမဲ့အမှတ်မဲ့ လက်ခံစေဖို့၊ ဘဝရည်မှန်းချက်များနှင့် ဘဝဦးတည်ချက်များ ဖြစ်စေဖို့နှင့် ဘဝရည်သန်မျှော်မှန်းချက်များ ပိုင်ဆိုင်လာစေဖို့ ထိုမျှမကြမ်းတမ်းသော၊ လူတို့၏ အယူအဆများနှင့် အလွန်ပင် ကိုက်ညီသော နည်းစနစ်တစ်ခုဖြစ်သည့် အလွန် သိမ်မွေ့သော နည်းစနစ်ကို အသုံးပြုလေသည်။ မိမိတို့၏ အသက်တာ ရည်သန်မျှော်မှန်းချက်များနှင့်ပတ်သက်၍ လူတို့၏ သရုပ်ဖော်ချက်များက မည်မျှကြီးကျယ်ခမ်းနားပါစေ ဤရည်သန်မျှော်မှန်းချက်များသည် ကျော်ကြားမှုနှင့် အကျိုးအမြတ်တို့ကိုသာ အစဉ်သဖြင့် ဗဟိုပြုထားသည်။ မည်သည့်ကြီးမြတ်သောသူဖြစ်စေ၊ ထင်ရှားသောလူတစ်ဦးဖြစ်စေ၊ မည်သည့်သူတစ်ဦးတလေဖြစ်စေ ၎င်းတို့၏ ဘဝတစ်လျှောက်တွင် လိုက်ရှာဖွေသည့်အရာမှန်သမျှမှာ ‘ကျော်ကြားမှု’ နှင့် ‘အကျိုးအမြတ်’ ဟူသည့် ဤစကားနှစ်လုံးနှင့်သာ ဆက်စပ်နေ၏။ လူတို့သည် ကျော်ကြားမှုနှင့် အကျိုးအမြတ်ကို ၎င်းတို့ ရကြသည်နှင့် တစ်ပြိုင်နက် မြင့်မားသော အဆင့်အတန်းနှင့် များစွာသော ဥစ္စာပစ္စည်းတို့ကို ပျော်မွေ့ခံစားရန်နှင့် ဘဝကို ပျော်မွေ့ခံစားရန် အရင်းအနှီး ၎င်းတို့၌ ရှိသည်ဟု ထင်မြင်ကြသည်။ ၎င်းတို့တွင် ကျော်ကြားမှုနှင့် အကျိုးအမြတ်ရှိသည်နှင့်တစ်ပြိုင်နက် ပျော်ရွှင်ကြည်နူးမှုကို လိုက်စားရန်နှင့် ဇာတိပကတိ၏ ပျော်ရွှင်မှုကို ထင်ရာမြင်ရာ ခံစားရန် အရင်းအနှီးရှိသည်ဟု တွေးထင်ကြသည်။ ၎င်းတို့ လိုအင်ဆန္ဒရှိသည့် ဤကျော်ကြားမှုနှင့် အကျိုးအမြတ်တို့အတွက် လူတို့သည် ပျော်ရွှင်စွာနှင့် အမှုမဲ့အမှတ်မဲ့ဖြင့် ၎င်းတို့၏ ခန္ဓာကိုယ်၊ စိတ်နှလုံးနှင့် ၎င်းတို့တွင် ရှိသမျှအရာအားလုံးအပြင် ၎င်းတို့၏ ရှေ့ရေးနှင့် ကံကြမ္မာတို့ကို စာတန်ထံသို့ လွှဲပြောင်းပေးအပ်ကြသည်။ ၎င်းတို့သည် လုံးဝအကြွင်းမဲ့ သံသယမရှိဘဲ၊ သင်္ကာမကင်းဖြစ်ခြင်း စိုးစဉ်းမျှပင် မရှိဘဲ၊ ပြီးလျှင် ၎င်းတို့၏ တစ်ချိန်က ပိုင်ဆိုင်ခဲ့ကြသည့် အရာအားလုံးကို ပြန်လည်ရယူရန် အစဉ်သဖြင့် သိမြင်ခြင်း မရှိဘဲ ထိုသို့ လုပ်ဆောင်ကြခြင်းဖြစ်သည်။ လူများသည် စာတန်ထံတွင် မိမိတို့ကိုယ်ကို ပေးအပ်ကြပြီးဖြစ်ကာ ၎င်းကို ဤနည်းဖြင့် သစ္စာစောင့်သိလာသည်နှင့်တစ်ပြိုင်နက် မိမိတို့ကိုယ်ကို ထိန်းချုပ်မှုတစ်ခုတလေ ပြန်လည်ရရှိနိုင်သလော။ သေချာပေါက် မဖြစ်နိုင်ပေ။ စာတန်က ၎င်းတို့ကို လုံးဝအကြွင်းမဲ့ ထိန်းချုပ်ထားသည်။ ၎င်းတို့သည် ဤနွံအိုင်ထဲသို့ လုံးဝအကြွင်းမဲ့ နစ်မြုပ်သွားကြပြီး ဖြစ်ကာ၊ မိမိကိုယ်ကို ပြန်ရုန်းထွက်ရန် မတတ်နိုင်ကြပေ။ လူတစ်ယောက်သည် ကျော်ကြားမှုနှင့် အကျိုးအမြတ်တွင် နစ်မြုပ်သွားသည်နှင့်၊ တောက်ပသောအရာ၊ တရားမျှတသောအရာ သို့မဟုတ် လှပ၍ ကောင်းမွန်သော အရာများကို ရှာဖွေခြင်း မရှိတော့ပေ။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် လူများအတွက်မူ ကျော်ကြားမှုနှင့် အကျိုးအမြတ်တို့၏ သွေးဆောင်မှုသည် အလွန်ပင် ကြီးမားလွန်းသောကြောင့် ဖြစ်သည်။ ဤအရာများသည် လူတို့အနေဖြင့် ၎င်းတို့၏ ဘဝတစ်လျှောက်လုံးတွင်လည်းကောင်း၊ ထာဝရကာလအတွက်ပင် အဆုံးမရှိ လိုက်စားနိုင်သောအရာများဖြစ်သည်။ ဤသည်မှာ အမှန်တကယ်ဖြစ်သော အခြေအနေ မဟုတ်လော။” (နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၆)) “စာတန်သည် လူတို့၏ အတွေးများကို ထိန်းချုပ်ရန်အတွက် ကျော်ကြားမှုနှင့် အကျိုးအမြတ်ကို အသုံးပြုပြီး လူတို့အား ဤအရာနှစ်ခုမှလွဲ၍ အခြားမည်သည့်အရာကိုမျှ မတွေးစေရန် လုပ်ဆောင်သည်။ ပြီးလျှင် ကျော်ကြားမှုနှင့် အကျိုးအမြတ်အတွက် ရုန်းကန်စေသည်။ ကျော်ကြားမှုနှင့် အကျိုးအမြတ်အတွက် ဒုက္ခခံစေသည်။ ကျော်ကြားမှုနှင့် အကျိုးအမြတ်အတွက် အရှက်ရခြင်းကို သည်းခံပြီး လေးလံသော ဝန်ထုပ်ဝန်ပိုးများကို ခံယူစေသည်။ ကျော်ကြားမှုနှင့် အကျိုးအမြတ်အတွက် အရာရာတိုင်းကို စတေးစေသည်။ အကဲဖြတ်ချက်၊ သို့မဟုတ် ဆုံးဖြတ်ချက်တိုင်းကို ကျော်ကြားမှုနှင့် အကျိုးအမြတ်အတွက် ပြုလုပ်စေသည်။ ဤသို့ဖြင့် စာတန်သည် လူတို့အပေါ် မမြင်ရသော အချုပ်အနှောင်များထားရှိသည်။ လူတို့အပေါ်တွင် ဤအချုပ်အနှောင်များရှိသဖြင့် ၎င်းတို့သည် ချိုးဖျက်လွတ်မြောက်ရန် အရည်အချင်း သို့မဟုတ် သတ္တိလည်းမရှိပေ။ ၎င်းတို့သည် သတိမထားမိဘဲ ကြီးမားသော အခက်အခဲဖြင့် တစ်ဆင့်ချင်း လေးလံစွာ လျှောက်လှမ်းလျက် ဤအချုပ်အနှောင်များကို ထမ်းပိုးထားရသည်။ ဤကျော်ကြားမှုနှင့် အကျိုးအမြတ်အတွက် အလို့ငှာ လူသားမျိုးနွယ်သည် ဘုရားသခင်ထံမှ သွေဖည်၍ ကိုယ်တော်အား သစ္စာဖောက်ပြီး တိုး၍ ကောက်ကျစ်ဆိုးယုတ် လာကြသည်။ ဤနည်းဖြင့် မျိုးဆက်တစ်ခုပြီး တစ်ခုသည် စာတန်၏ ကျော်ကြားမှုနှင့် အကျိုးအမြတ် အကြားတွင် ဖျက်ဆီးခံကြရ၏။ စာတန်၏ လုပ်ဆောင်မှုတို့ကို ယခု ကြည့်သည့်အခါ ၎င်း၏ မသိမသာဖြင့် ဒုက္ခပေးသော ရည်ရွယ်ချက်တို့သည် လုံးဝ မုန်းတီးဖွယ်ကောင်းသည် မဟုတ်လော။ သင်တို့သည် ကျော်ကြားမှုနှင့် အမြတ်အစွန်း မပါလျှင် ဘဝသည် အဓိပ္ပာယ်ရှိမည် မဟုတ်ဟုလည်းကောင်း၊ လူတို့သည် ရှေ့ဆက်လမ်းခရီးကို မြင်နိုင်တော့မည် မဟုတ်ဟုလည်းကောင်း၊ မိမိတို့၏ ပန်းတိုင်ကို မြင်နိုင်တော့မည် မဟုတ်ဟုလည်းကောင်း၊ ၎င်းတို့၏ အနာဂတ်သည် မှောင်မိုက်ကာ မှေးမှိန်ပြီး သုန်မှုန်နေမည်ဟုလည်းကောင်း ထင်သည့်အတွက်ကြောင့် စာတန်၏ မသိမသာဖြင့် ဒုက္ခပေးသော ရည်ရွယ်ချက်များကို ယနေ့တွင် ထိုးထွင်းသိမြင်နိုင်ခြင်း မရှိသေးသည်မှာ ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့သော် ကျော်ကြားမှုနှင့် အကျိုးအမြတ်တို့သည် စာတန်က လူတို့အပေါ် ထားရှိသည့် ကြီးမားသော အချုပ်အနှောင်များဖြစ်သည်ကို တစ်နေ့တွင် သင်တို့သည် ဖြည်းဖြည်းချင်း သတိပြုမိလာကြလိမ့်မည်။ ထိုနေ့ရက်ရောက်သောအခါတွင် စာတန်၏ ထိန်းချုပ်မှုကို သင် လုံးလုံးလျားလျား အတိုက်အခံလုပ်မည် ဖြစ်ပြီး သင့်ထံသို့ စာတန် ဆောင်ကြဉ်းလာသည့် အချုပ်အနှောင်များကို လုံးလုံးလျားလျား အတိုက်အခံလုပ်လိမ့်မည်။ စာတန်က သင်၌ သွတ်သွင်းထားသော ဤအရာအားလုံးမှ သင့်ကိုယ်သင် ရုန်းထွက်လွတ်မြောက်ရန် ဆန္ဒရှိသည့်အခါတွင် သင်သည် စာတန်နှင့် ပြတ်ပြတ်သားသား လမ်းခွဲလိမ့်မည်ဖြစ်ကာ စာတန်က သင့်ထံသို့ ယူဆောင်လာသော အရာအားလုံးကိုလည်း အမှန်ပင် မုန်းတီးလိမ့်မည် ဖြစ်သည်။ ထိုအချိန်တွင်မှ သင်သည် ဘုရားသခင်အပေါ် စစ်မှန်သည့် ချစ်ခြင်းနှင့် တမ်းတခြင်း ရှိလိမ့်မည်။” (နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၆)) ဘုရားနှုတ်ကပတ်တော်ရဲ့ ဖော်ထုတ်ချက်ကနေတစ်ဆင့် စာတန်ရဲ့ မလိုမုန်းထားတဲ့ ရည်ရွယ်ချက်တွေကို ကျွန်မ သဘောပေါက်ခဲ့တယ်။ စာတန်က ဂုဏ်နာမနဲ့ အကျိုးအမြတ်ကို ငါးစာအဖြစ်သုံးပြီး လူတွေကို ဂုဏ်နာမနဲ့ အကျိုးအမြတ် လိုက်စားခြင်းဆိုတဲ့ ဝဲဂယက်ထဲကို တစ်ဆင့်ပြီးတစ်ဆင့် မျှားခေါ်သွားတယ်။ လူတွေက ဒီအရာတွေအတွက် ဒုက္ခခံပြီး ရုန်းကန်ကြတဲ့အခါ ဆိုးယုတ်လာတယ်၊ လှည့်ဖြားတတ်လာတယ်၊ ကလိမ်ကကျစ်ကျလာပြီး ပုံမှန် လူသားပုံသဏ္ဌာန် ပျောက်ဆုံးသွားတယ်၊ နောက်ဆုံးမှာ ဖောက်ပြန်ပျက်စီးခြင်းဆိုတဲ့ တွင်းနက်ထဲကို ကျရောက်သွားကြတယ်။ ကျွန်မ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ကြည့်လိုက်တော့ ငယ်ငယ်ကတည်းက “လူတကာထက် ထူးကဲသာလွန်အောင် ကြိုးစားခြင်း”၊ “သင်၏ဘိုးဘေးများအတွက် ဂုဏ်အသရေ ယူဆောင်လာသည်” ဆိုတဲ့ အတွေးအခေါ်တွေနဲ့ “လူသားသည် အထက်သို့ ရုန်းကန်ဆန်တက်သည်၊ ရေသည်နိမ့်ရာသို့ စီးဆင်း၏” ဆိုတဲ့ စာတန်ဆန်တဲ့ အဆိပ်အတောက်တွေ ကျွန်မခေါင်းထဲ ရိုက်သွင်းခံခဲ့ရတာကို သဘောပေါက်လိုက်မိတယ်။ လူတစ်ယောက် အသက်ရှင်နေတုန်းမှာ ဂုဏ်နာမနဲ့ အကျိုးအမြတ်ကို လိုက်စားသင့်တယ်၊ အဆင့်အတန်းရပြီး ထင်ရှားကျော်ကြားမှသာ တန်ဖိုးရှိပြီး ဂုဏ်ရှိတဲ့ ဘဝမျိုးနဲ့ နေထိုင်နိုင်မယ်လို့ ကျွန်မ ယုံကြည်ခဲ့တယ်။ ဒီစာတန်ဆန်တဲ့အဆိပ်အတောက်တွေကို အမြော်အမြင်ရှိတဲ့ စကားတွေလို့ သတ်မှတ်ပြီး ဘဝရဲ့ ပန်းတိုင်တွေအဖြစ် သတ်မှတ်ခဲ့တယ်။ ကျောင်းအုပ်ကြီးလျူက စင်မြင့်ပေါ်မှာ အာဝဇ္ဇန်းရွှင်ရွှင်နဲ့ စကားပြောပြီး သူများတွေရဲ့ လေးစားအားကျတာ ခံရတာကို မြင်တုန်းက အထင်ကြီးစရာကောင်းတယ်လို့ ခံစားခဲ့ရပြီး ကျွန်မလည်း ကျောင်းအုပ်ကြီးလျူလို လူမျိုး ဖြစ်ချင်ခဲ့တယ်။ ဒီပန်းတိုင်အတွက် ကျွန်မ မိုးလင်းမိုးချုပ် အလုပ်လုပ်ခဲ့တယ်၊ နေ့ရောညပါ သင်ရိုးတွေကို လေ့လာပြီး ကျောင်းသားတွေကို စာပြဖို့ နားချိန်တွေကို စတေးခဲ့တယ်။ ခန္ဓာကိုယ်က ပင်ပန်းပြီး နားချင်နေရင်တောင် ကျောင်းအုပ်ရာထူးရဖို့၊ ဂုဏ်နာမနဲ့ အကျိုးအမြတ် ရဖို့ဆိုတဲ့ အတွေးနဲ့ ကိုယ့်ကိုယ်ကိုယ် တွန်းအားပေးပြီး အံကြိတ်သည်းခံခဲ့တယ်။ နောက်ဆုံးတော့ ကျွန်မရဲ့ ကြိုးစားမှုကြောင့် ကျောင်းအုပ်ရာထူး ရခဲ့ပြီး သူများတွေရဲ့ အားကျတာကို ခံရတဲ့ ကျေနပ်မှုကို မြည်းစမ်းခဲ့ရတယ်။ ဒါပေမဲ့ တဖြည်းဖြည်းနဲ့ ကျွန်မဟာ လူသားပုံသဏ္ဌာန် လုံးဝကင်းမဲ့တဲ့ ပုံစံမျိုးနဲ့ အသက်ရှင်လာခဲ့တယ်။ ကျောင်းအုပ်ရာထူး တည်မြဲဖို့အတွက် အထက်လူကြီးတွေရဲ့ အမြင်ကို လိုက်လျောတယ်၊ သူတို့ကို မြှောက်ပင့်ပြီး မျက်နှာလိုမျက်နှာရ လုပ်ရင်း ပိုပိုပြီး ကလိမ်ကကျစ်ကျလာတယ်၊ လှည့်ဖြားတတ်လာတယ်။ နောက်ပိုင်း မူကြိုကျောင်းကို ရောက်တော့ ကျွန်မထက် ပိုတော်တဲ့ လုပ်ဖော်ကိုင်ဖက်တွေက အထက်လူကြီးတွေရဲ့ အထင်ကြီးတာ ခံရတာ မြင်တော့ ကျွန်မ မနာလို ဖြစ်ပြန်ရော။ ပီယာနို၊ အကနဲ့ တရုတ်စောင်းတီးတာတွေကို အသေအလဲ စလေ့ကျင့်တော့တာပဲ။ လူတွေကြားထဲမှာ ထင်ပေါ်ချင်ပြီး ဘေးလူတွေရဲ့ အားကျတာကို ခံချင်လို့ လူထုရှေ့ သင်ခန်းစာပို့ချပွဲတွေနဲ့ စံပြသင်ခန်းစာတွေတိုင်းမှာ အကြီးအကျယ် ကြိုးစားအားထုတ်ခဲ့တယ်။ ဂုဏ်နာမနဲ့ အကျိုးအမြတ်အတွက် နေ့ရောညပါ ပင်ပန်းခံလုပ်ကိုင်ရင်း လူတစ်ယောက်ရဲ့ အခြေခံကျင့်ဝတ် သတ်မှတ်ချက်တွေကို မျက်ကွယ်ပြုလာတယ်။ စာတန်ရဲ့ ရှင်သန်ရပ်တည်ရေး နိယာမတွေကို လိုက်နာရင်း ကလိမ်ကကျစ်ကျပြီး လှည့်ဖြားတတ်လာတယ်။ ဂုဏ်နာမ၊ အကျိုးအမြတ်နဲ့ အဆင့်အတန်းတွေက ကျွန်မမျက်လုံးကို လုံးဝ ဖုံးကွယ်ထားပြီး ဒီအရာတွေက ကျွန်မရဲ့ အတွေးတွေကို ထိန်းချုပ်ထားလို့ အဲဒါတွေအတွက် အဖိုးအခပေးရတာကို ပျော်ရွှင်နေခဲ့တယ်။ ဂုဏ်နာမ၊ အကျိုးအမြတ်နဲ့ အဆင့်အတန်းကို တခြားအရာအားလုံးထက် ပိုအရေးကြီးတယ်လို့ ကျွန်မ မြင်ခဲ့တယ်။ ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်အကြောင်း သိတာတောင်မှ ကျွန်မ လေ့လာစုံစမ်းမှု မလုပ်ခဲ့ဘူး။ ကျွန်မ တကယ်ကို မိုက်မဲပြီး အသိဉာဏ်မဲ့ခဲ့တာပဲ။ အထက်တန်းကျောင်းအုပ် ရွေးကောက်ပွဲ ဝင်ပြိုင်တဲ့ မောင်လေးအကြောင်းနဲ့ ရွေးကောက်ပွဲအတွက် မိန့်ခွန်းပြင်ဆင်ရင်း သူ ဘယ်လောက်တောင် အိပ်မပျော်တဲ့ ညတွေကို ဖြတ်သန်းခဲ့ရသလဲဆိုတာ ကျွန်မ တွေးမိတယ်။ အထက်လူကြီးတွေကို ဘယ်လို လက်ဆောင်တွေ ပေးရမလဲဆိုတာကို စီစဉ်ဖို့ နေ့တိုင်း ဦးနှောက်ခြောက်ခဲ့ရပြီး ညစာစားပွဲတွေနဲ့ ဧည့်ခံပွဲတွေမှာလည်း သူတို့ကို ဘယ်လို ဖားရမလဲဆိုတဲ့ နည်းလမ်းသစ်တွေကို အမြဲတမ်း စဉ်းစားဖို့ ကြိုးစားနေခဲ့ပါတယ်။ တခြားပြိုင်ဘက်တချို့က အထက်လူကြီးတွေကို သိန်းချီတန်တဲ့ လက်ဆောင်တွေ ပေးနေတာ မြင်တော့ သူ တော်တော် အားငယ်သွားတယ်။ သူ့လက်ဆောင်က အထက်လူကြီးတွေကို သဘောကျစေမှာ မဟုတ်ဘူး၊ ကျောင်းအုပ်နေရာရဖို့ အခွင့်အရေး ဆုံးရှုံးသွားမှာကို ကြောက်ပြီး နာကျင်မှုနဲ့ အားငယ်မှုတွေကြားမှာ သူ နေထိုင်ခဲ့ရတယ်။ ကျွန်မရဲ့ အထက်လူကြီးအကြောင်းကိုလည်း စဉ်းစားမိတယ်။ ညစာစားပွဲတွေနဲ့ အရက်သောက်တာတွေ များလွန်းလို့ နောက်ပိုင်းမှာ သူ ဆီးချိုရောဂါ ဆိုးဆိုးရွားရွား ဖြစ်လာတယ်။ နေ့တိုင်း အင်ဆူလင် ထိုးဆေးနဲ့ သူ့ရဲ့ သွေးတွင်းသကြားဓာတ်ကို ထိန်းချုပ်နေရသလို ရင်ပူတာနဲ့ မခံမရပ်နိုင်အောင် ဗိုက်နာတာတွေ ခဏခဏ ခံစားခဲ့ရတယ်။ ဒီလို သက်ရှိထင်ရှား သာဓကတွေက ဂုဏ်နာမ၊ အကျိုးအမြတ်နဲ့ အဆင့်အတန်းဆိုတာ စာတန်က လူတွေကို ဖောက်ပြန်ပျက်စီးစေပြီး ထိခိုက်နစ်နာစေတဲ့ နည်းလမ်းတွေဖြစ်တယ်၊ ဒါတွေဟာ လူတွေ သူတို့ဘဝတစ်ခုလုံး ဂုဏ်နာမ၊ အကျိုးအမြတ်နဲ့ အဆင့်အတန်းကို အသေအလဲ လိုက်စားအောင် ဆွဲဆောင်တဲ့ စာတန်ရဲ့ထောင်ချောက်တွေဖြစ်မှန်း ကျွန်မကို ရှင်းရှင်းလင်းလင်း မြင်စေခဲ့တယ်။ ဒီလမ်းကြောင်း အမှားကြီးပေါ် ကျွန်မ ဆက်လျှောက်ရင် နောက်ဆုံးမှာ ကယ်တင်ခြင်းရဖို့ အခွင့်အရေး ဆုံးရှုံးပြီး ပျက်စီးသွားမှာပဲ။ ဒီအရာကို နားလည်သဘောပေါက်လိုက်တော့ ဘုရားသခင်ကို ကောင်းကောင်း ယုံကြည်ဖို့၊ သူ့ရဲ့ နှုတ်ကပတ်တော်တွေကို စားသောက်ပြီး ဘဝရဲ့ မှန်ကန်တဲ့ လမ်းကြောင်းပေါ် လျှောက်ဖို့ ကျွန်မ ဆုံးဖြတ်လိုက်တယ်။
၂၀၂၂ ခုနှစ်မှာ ကပ်ရောဂါ ဆိုးရွားလာလို့ အပြင်မထွက်နိုင်တော့ဘဲ အိမ်မှာနေရင်း ဘုရားနှုတ်ကပတ်တော်တွေကို စားသောက်ပြီး သမ္မာတရားနဲ့ ကိုယ့်ကိုယ်ကိုယ် ပြင်ဆင်ခဲ့တယ်။ စိတ်နှလုံးထဲမှာ သိပ်အေးချမ်းပြီး ပြည့်စုံတယ်လို့ ခံစားရတယ်။ မသိလိုက်ဘာသာနဲ့ပဲ ကျွန်မရဲ့အိပ်ချိန်က ပုံမှန်ပြန်ဖြစ်လာပြီး ရင်သားနာကျင်တာလည်း သက်သာလာတယ်။ ဘုရားသခင်ကို ကျွန်မ သိပ်ကျေးဇူးတင်မိတယ်။ ကပ်ရောဂါ ကန့်သတ်ချက်တွေ ဖြေလျှော့ပြီးတဲ့နောက် ကျောင်းမှာ အလုပ်ပြန်ဝင်တော့ ရာထူးမြင့်မြင့် မရချင်တော့ဘဲ သာမန်ဆရာမလေးပဲ ဖြစ်ချင်တော့တယ်။ မကြာခင် တစ်နေ့မှာ ခရိုင်ပညာရေးမှူးရုံးက မူကြိုကျောင်း လုပ်ငန်းပိုင်းဆိုင်ရာ ညွှန်ကြားရေးမှူးနေရာအတွက် ပြိုင်ပွဲတစ်ခု စီစဉ်တယ်။ ကျွန်မရဲ့ အထက်လူကြီးက “ခဏနေရင် ခင်ဗျား သွားပြိုင်နော်။ ခင်ဗျားရဲ့ လုပ်ရည်ကိုင်ရည်နဲ့ဆို ဒီနေရာက ခင်ဗျားအတွက်ပဲ” လို့ တိုးတိုးလေး လာပြောတယ်။ ဒါကို ကြားတော့ ကျွန်မ ပါဝင်ချင်စိတ် ဖြစ်လာပြီး တကယ်လို့များ ပြိုင်ပွဲမှာ အောင်မြင်ခဲ့ရင် သူများတွေရဲ့ အားကျတာကို ခံရမယ်၊ အရင်တုန်းကလိုပဲ ဂုဏ်နာမနဲ့ အကျိုးအမြတ် နှစ်ခုစလုံး ခံစားရမယ်လို့ တွေးမိလိုက်တယ်။ “ဘာလို့ ငါ မလုပ်သင့်ရမှာလဲ” လို့ ကိုယ့်ဘာသာကိုယ် တွေးမိတယ်။ ဒါပေမဲ့ အသင်းတော်က ကျွန်မကို အဖွဲ့တချို့ရဲ့ စုဝေးပွဲတွေအတွက် ကြီးကြပ်ဖို့ တာဝန်ပေးထားတာ သတိရလိုက်တယ်။ တကယ်လို့ ကျွန်မ ညွှန်ကြားရေးမှူး ဖြစ်သွားရင် စုဝေးပွဲတွေအတွက်နဲ့ တာဝန်ထမ်းဆောင်ဖို့ ဘယ်အချိန်ရတော့မလဲ။ အဲဒီအချိန်မှာ သခင်ယေရှု ပြောခဲ့တာကို ကျွန်မ ပြန်သတိရတယ်။ “လူသည် ဤစကြဝဠာကို အကြွင်းမဲ့အစိုးရ၍ မိမိအသက်ဝိညာဉ်ရှုံးလျှင် အဘယ်ကျေးဇူးရှိသနည်း။ မိမိအသက်ဝိညာဉ်ကို အဘယ်ဥစ္စာနှင့်ရွေးနိုင်သနည်း။” (ရှင်မဿဲခရစ်ဝင် ၁၆:၂၆) ဒီကျမ်းချက်ကို ဆင်ခြင်သုံးသပ်ကြည့်တော့ ကျွန်မ ထိုးထွင်းအမြင်တချို့ ရရှိခဲ့တယ်။ လူတွေက ဒီလောကကြီးထဲကို ရောက်လာပြီး ဂုဏ်နာမနဲ့ အကျိုးအမြတ်အတွက် ပြိုင်ဆိုင်ရင်း တစ်ချိန်လုံး အလုပ်ရှုပ်နေကြတယ်။ အဆင့်အတန်း မြင့်မားပြီး ချမ်းသာကြွယ်ဝရင်တောင်၊ လောကကြီးတစ်ခုလုံးကို ပိုင်ဆိုင်ထားရင်တောင် အဆုံးသတ်ကျတော့ ပင်ပန်းလွန်းလို့ ခန္ဓာကိုယ်အနှံ့ ရောဂါတွေရပြီး အသက်ဆုံးရှုံးကြရတယ်။ အဲဒါတွေအားလုံးက အလကားပဲ ဖြစ်မသွားဘူးလား။ သာမန်ဆရာမဘဝကနေ ကျောင်းအုပ်ဖြစ်လာတဲ့ ခရီးလမ်းကို ပြန်တွေးကြည့်ရင် နာမည်ခံအားဖြင့်တော့ ဆရာ၊ ဆရာမတွေရဲ့ ခေါင်းဆောင်ပေါ့၊ ဒါပေမဲ့ တကယ်တမ်း အဲဒီခေါင်းဆောင်နေရာ ရောက်သွားတော့ အမှုအရာတွေက ကျွန်မ ထင်ထားသလို ပြည့်စုံမနေခဲ့ပါဘူး။ လစာတိုးပြီး လူတွေက ကျွန်မကို အထင်ကြီးလေးစားကြပေမဲ့ ကျွန်မကတော့ ကျန်းမာရေးပြဿနာတွေ ခံစားနေရပြီး စိတ်ဓာတ်ကျရောဂါ ဖြစ်လုနီးပါး အခြေအနေနဲ့ နေ့တိုင်း ခြေကုန်လက်ပန်းကျနေခဲ့တယ်။ ဒီငွေကြေးနဲ့ အဆင့်အတန်းတွေက ကျွန်မရဲ့ ဝေဒနာတွေကို နည်းနည်းလေးတောင် မသက်သာစေနိုင်ခဲ့ဘူး။ အဲဒီအစား ကျွန်မကို ပိုပြီး ဟာတာတာဖြစ်စေရုံ၊ အားငယ်ရုံပဲ ဖြစ်စေခဲ့တယ်။ ကျွန်မရဲ့ လုပ်ဖော်ကိုင်ဖက် ဆရာမလျန်ကို သတိရမိတယ်။ သူက ဘက်စုံတော်တဲ့သူဖြစ်ပြီး နောက်ဆုံးမှာ သင်ကြားရေးသုတေသန အဖွဲ့မှူး ဖြစ်လာခဲ့တယ်။ ဒါပေမဲ့ ကျန်းမာရေးစစ်ဆေးတဲ့အခါ သူ့မှာ အဆင့် ၄ ရှိတဲ့ လည်ပင်းကြီး အကျိတ် တွေ့ရပြီး ကင်ဆာဖြစ်နိုင်တယ်လို့ သံသယရှိခဲ့တယ်။ သူဟာ တစ်သက်လုံး ဆေးသောက်ပြီး ကုသမှုခံယူနေရသလို ရံဖန်ရံခါ အသားစယူ စစ်ဆေးဖို့ ဆေးရုံသွားနေရတယ်။ ပြီးတော့ ငယ်ရွယ်ပြီး ချောမောလှပတဲ့ ကျွန်မသူငယ်ချင်း ဆရာမတူးကိုလည်း သတိရမိတယ်။ သူက ကျောင်းကပွဲတွေ၊ လှုပ်ရှားမှုတွေတိုင်းမှာ မပါမဖြစ် လူတစ်ယောက်ဖြစ်ပြီး အထက်လူကြီးတွေရဲ့ အသည်းကျော်လည်း ဖြစ်တယ်။ သူဟာ အကန့်အသတ်မရှိတဲ့ ဂုဏ်သရေကို ခံစားခဲ့ရတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ သူ သွေးကင်ဆာ ဖြစ်သွားပြီး အသက်အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေ ရောက်ခဲ့တယ်။ တွေးလေလေ၊ ဂုဏ်နာမနဲ့ အကျိုးအမြတ်ဆိုတာ တန်ဖိုးမရှိမှန်း ကျွန်မ ပိုခံစားရလေလေပါပဲ။ လူတစ်ယောက်က ဂုဏ်နာမ၊ အကျိုးအမြတ်နဲ့ အဆင့်အတန်း ရရင်တောင်မှ နောက်ဆုံးမှာ ကျန်းမာရေး ဆုံးရှုံးသွားရင် အဲဒီဂုဏ်နာမ၊ စည်းစိမ်နဲ့ အကျိုးအမြတ်တွေ အားလုံးက အလကားပါပဲ။ ကျွန်မ ကိုယ့်ဘာသာကိုယ် တွေးမိတယ်၊ “ငါသာ ညွှန်ကြားရေးမှူးရာထူးအတွက် ပြိုင်ဆိုင်ပြီး ပိုမြင့်တဲ့နေရာကို ထပ်တက်လှမ်းမယ်ဆိုရင် ဂုဏ်နာမ၊ အကျိုးအမြတ်နဲ့ အဆင့်အတန်း လိုက်စားတဲ့လမ်းပေါ်ကို ပိုပြီးတော့ပဲ ရောက်သွားမှာ မဟုတ်လား။ ရာထူး ဘယ်လောက်မြင့်မြင့်၊ လူတွေ ဘယ်လောက်ပဲ လိုလားတာ ခံရခံရ၊ ငါက ပျက်စီးခြင်းကို ဦးတည်နေတဲ့၊ ပြန်လမ်းမရှိတဲ့ လမ်းကို လျှောက်နေမိမှာပဲ” လို့ပေါ့။ ဒီအတွေးနဲ့ပဲ ပြိုင်ဆိုင်မှုကနေ နုတ်ထွက်ဖို့ ကျွန်မ ဆုံးဖြတ်လိုက်တယ်။ အဲဒီအချိန်မှာ ကျွန်မရဲ့ စိတ်နှလုံးထဲမှာ အရမ်း စိတ်အေးချမ်းပြီး ကြည်လင်သွားခဲ့တယ်၊ အကြာကြီး ဝတ်ထားခဲ့တဲ့ သံခြေကျဉ်းတွေကနေ လွတ်မြောက်သွားသလိုမျိုး တကယ်ပဲ စိတ်သက်သာရာရပြီး လွတ်မြောက်မှုကို ခံစားလိုက်ရပါတယ်။
နောက်ပိုင်းမှာ ဒီဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ဖတ်ခဲ့ရတယ်။ “သင့်အသက်တာကို မည်သို့နေထိုင်သင့်သနည်း။ ဘုရားသခင်ကို သင်မည်သို့ ချစ်သင့်ပြီး သူ့ရည်ရွယ်ချက်များကို ဖြည့်ဆည်းရန် ထိုချစ်ခြင်းကို မည်သို့အသုံးပြုသင့်သနည်း။ သင့်အသက်တာတွင် ထို့ထက်ပို၍ ကြီးမြတ်သောအရာ မရှိပါ။ အထူးသဖြင့် သင့်တွင် ထိုကဲ့သို့သော စိတ်ခိုင်မာမှုနှင့် ဇွဲလုံ့လမျိုး ရှိရမည်ဖြစ်ပြီး ထိုကြောက်တတ်သော လူပျော့လူညံ့များကဲ့သို့ မဖြစ်သင့်ပါ။ အဓိပ္ပာယ်ပြည့်ဝသော အသက်တာကို တွေ့ကြုံရန်နှင့် အဓိပ္ပာယ်ပြည့်ဝသော သမ္မာတရားများကို တွေ့ကြုံရန် သင်လေ့လာရမည်ဖြစ်ပြီး ထိုကဲ့သို့ သင့်ကိုယ်သင် ဝတ်ကျေတမ်းကျေ သဘောမထားသင့်ပေ။ သင်သတိမထားမိဘဲ သင့်အသက်တာသည် သင့်ကို ဝကွက်ချန်ထားခဲ့လိမ့်မည်၊ ယင်းနောက်တွင် ဘုရားသခင်ကိုချစ်ရန် သင်၌ ဤအခွင့်အရေးမျိုး ရှိပါဦးမည်လော။ လူသည် သေလွန်ပြီးနောက် ဘုရားသခင်အား ချစ်နိုင်ပါမည်လော။ သင့်တွင် ပေတရုကဲ့သို့ တူညီသည့် စိတ်ခိုင်မာမှုနှင့် အသိစိတ်ဓာတ်ရှိရမည်၊ သင့်အသက်တာသည် အဓိပ္ပာယ်ပြည့်ဝရမည်ဖြစ်ပြီး သင့်ကိုယ်သင် မကစားသင့်ပါ။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ပေတရု၏ အတွေ့အကြုံများ- ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့နှင့်သက်ဆိုင်သည့် သူ၏အသိ) ဘုရားနှုတ်ကပတ်တော်ကနေတစ်ဆင့် လူသားတွေအပေါ်ထားတဲ့ သူ့ရဲ့ မျှော်လင့်ချက်တွေကို ကျွန်မ ခံစားခဲ့ရတယ်။ အရင်က ဂုဏ်နာမ၊ အကျိုးအမြတ်နဲ့ အဆင့်အတန်းအတွက် ကျွန်မ အသက်ရှင်ခဲ့ပုံတွေကို ပြန်တွေးမိတယ်။ အဲဒီလိုဘဝမျိုးနဲ့ ကျွန်မ ဆက်မနေချင်တော့ဘူး။ နောက်ဆုံးသောကာလမှာ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေ အများကြီးက လူသားတွေရဲ့ လိုအပ်ချက်အတွက် ဖြစ်တယ်။ ဘုရားနှုတ်ကပတ်တော်အတိုင်း လက်တွေ့လုပ်ဆောင်မှသာ လူတွေက စစ်မှန်တဲ့ လူသားပုံသဏ္ဌာန်နဲ့ အသက်ရှင်နိုင်မှာ။ အသင်းတော်မှာ ကျွန်မ တာဝန်ထမ်းဆောင်ခွင့်ရတာဟာ ဘုရားသခင်ရဲ့ ချီးမြှောက်မှုဖြစ်ပြီး တာဝန်ထမ်းဆောင်တာက ကျွန်မရဲ့ အထူးတာဝန်နဲ့ တာဝန်ဝတ္တရား ဖြစ်တယ်။ ဘုရားသခင်ရဲ့ သတ်မှတ်ချက်တွေနဲ့အညီ ကျွန်မ တာဝန်ကို ကောင်းကောင်း ထမ်းဆောင်သင့်တယ်၊ သမ္မာတရားကို လေးလေးနက်နက် လိုက်စားပြီး လူသားပုံသဏ္ဌာန်နဲ့ အသက်ရှင်သင့်သလို ဘုရားသခင်စကား နားထောင်ပြီး သူ့ကို ကျိုးနွံနာခံတဲ့သူ ဖြစ်သင့်တယ်။
၂၀၂၃ မတ်လမှာ အသင်းတော် ခေါင်းဆောင်အနေနဲ့ ကျွန်မ ရွေးကောက်တင်မြှောက်ခံခဲ့ရတယ်။ ခေါင်းဆောင်ဖြစ်ရတာ တော်တော်အလုပ်ရှုပ်ပြီး ကျွန်မက ကျောင်းဆရာမလည်း ဆက်လုပ်နေရသေးတော့ တစ်နေ့တာ အချိန်မလောက်သလို အမြဲ ခံစားနေခဲ့ရတယ်။ ဒါနဲ့ ကျောင်းဆရာမအလုပ်ကနေ နုတ်ထွက်ဖို့ တွေးမိပေမဲ့ ကျွန်မ အလုပ်ထွက်လိုက်ရင် ဆွေမျိုးတွေနဲ့ အိမ်နီးချင်းတွေက ကျွန်မကို ဘယ်လိုထင်ကြမလဲဆိုတာ ပြန်တွေးမိပြန်ရော။ ဒီလောက်ကောင်းတဲ့အလုပ်ကို စွန့်လွှတ်လိုက်လို့ ကျွန်မကို မိုက်မဲတယ်လို့ ပြောကြမလား။ ကွယ်ရာမှာတောင် ကျွန်မကို အတင်းပြောပြီးတော့တောင် လှောင်ပြောင်ကြမလား။ လူတွေရဲ့ အတင်းပြောစရာ၊ ရယ်စရာပဲ ဖြစ်သွားမှာ မဟုတ်လား။ တွေးလေလေ ကျွန်မ ပိုစိတ်ဆင်းရဲလာလေလေဖြစ်ပြီး အချိန်တစ်ခုအထိ ဘာလုပ်ရမှန်း မသိခဲ့ဘူး။ နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ ဖတ်မိပြီး ရှင်းလင်းသွားတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “တစ်စုံတစ်ဦး၏ လူမှုအဆင့်အတန်းသည် အလွန် နိမ့်ကျပြီး သူတို့၏ မိသားစုသည် အလွန် ဆင်းရဲကာ သူတို့၌ ပညာအရည်အချင်း အဆင့်အတန်း နိမ့်ပါးသည့်တိုင် သူတို့သည် လက်တွေ့ကျသော နည်းလမ်းဖြင့် ဘုရားသခင်ကို ယုံကြည်ကြပြီး သမ္မာတရားနှင့် အပြုသဘောဆောင်သော အမှုအရာများကို ချစ်မြတ်နိုးကြပါက ဘုရားသခင်၏ အမြင်၌ သူတို့၏ တန်ဖိုးသည် မြင့်သလော သို့မဟုတ် နိမ့်သလော၊ ယင်းသည် မြင့်မြတ်သလော သို့မဟုတ် နိမ့်ကျသလော။ သူတို့သည် တန်ဖိုးရှိကြသည်။ ဤရှုထောင့်မှ ကြည့်လျှင် တစ်စုံတစ်ဦး၏ တန်ဖိုးသည် မြင့်သည်ဖြစ်စေ၊ နိမ့်သည်ဖြစ်စေ၊ မြင့်မြတ်သည်ဖြစ်စေ၊ ယုတ်ညံ့သည်ဖြစ်စေ အဘယ်အရာအပေါ် မူတည်သနည်း။ ယင်းမှာ ဘုရားသခင်သည် သင့်ကို ရှုမြင်သည့်ပုံစံအပေါ်၌ မူတည်သည်။ ဘုရားသခင်သည် သင့်ကို သမ္မာတရားကို လိုက်စားသောသူတစ်ဦးအဖြစ် ရှုမြင်ပါက သင်သည် တန်ဖိုး ရှိပြီး အဖိုးတန်သည်။ သင်သည် တန်ဖိုးရှိသော တန်ဆာတစ်ခု ဖြစ်သည်။ ဘုရားသခင်သည် သင် သမ္မာတရားကို မလိုက်စားသည်ကိုလည်းကောင်း၊ သင်သည် သူ့အတွက် စိတ်ရင်းမှန်ဖြင့် အသုံးမခံသည်ကိုလည်းကောင်း ရှုမြင်ပါက သင်သည် တန်ဖိုးမရှိသူဖြစ်ပြီး အဖိုးမတန်ပေ။ သင်သည် နိမ့်ကျသော တန်ဆာတစ်ရပ် ဖြစ်သည်။ သင်သည် မည်မျှပင်အဆင့်မြင့်ပညာတတ်ဖြစ်စေကာမူ သို့မဟုတ် သင်၏ လူ့အဖွဲ့အစည်းအတွင်းမှ အဆင့်အတန်းသည် မည်မျှပင် မြင့်မားစေကာမူ သင်သည် သမ္မာတရားကို မလိုက်စားပါက သို့မဟုတ် နားမလည်ပါက သင်၏ တန်ဖိုးသည် မည်သည့်အခါမျှ မြင့်မားနိုင်မည် မဟုတ်ပေ။ လူများစွာတို့သည် သင့်ကို ထောက်ခံကြလျှင်ပင်၊ သင့်ကို ချီးမြှောက်ကြလျှင်ပင်၊ သင့်ကို ကြည်ညိုကြလျှင်ပင် သင်သည် ယုတ်ညံ့သော သတ္တဝါတစ်ဦးသာ ဖြစ်နေဆဲ ဖြစ်သည်။ သို့ဆိုလျှင် ဘုရားသခင်သည် အဘယ်ကြောင့် လူတို့ကို ဤနည်းလမ်းအတိုင်း ရှုမြင်သနည်း။ ထိုသို့သော ‘မြင့်မြတ်သည့်’ ပုဂ္ဂိုလ်၊ လူ့အဖွဲ့အစည်း၌ ထိုမျှ မြင့်မားသော အဆင့်အတန်း ရှိသောသူ၊ များပြားသော လူတို့ ချီးမြှောက်ခြင်းနှင့် အထင်ကြီးခြင်းတို့ကို ခံရသောသူ၊ အလွန်မြင့်မားသော ဂုဏ်သိက္ခာပင် ရှိသောသူသည် ဘုရားသခင်၏ အမြင်၌ နိမ့်ကျသည်ဟု အဘယ်ကြောင့် ရှုမြင်ခြင်း ခံရသနည်း။ အဘယ်ကြောင့် ဘုရားသခင် လူတို့ကို ရှုမြင်ပုံသည် လူတို့ အခြားသူများကို ထားရှိသော အမြင်များနှင့် လုံးဝ ဆန့်ကျင်ဘက် ဖြစ်ရသနည်း။ ဘုရားသခင်သည် လူတို့အား ရည်ရွယ်ချက်ရှိရှိ ဆန့်ကျင်ဘက်ပြုနေခြင်းလော။ လုံးဝ မဟုတ်ပေ။ အကြောင်းမှာ ဘုရားသခင်သည် သမ္မာတရား ဖြစ်သည်၊ ဘုရားသခင်သည် ဖြောင့်မတ်ခြင်း ဖြစ်သည်၊ လူသားမှာမူ ဖောက်ပြန်ပျက်စီးပြီး မည်သည့်သမ္မာတရား သို့မဟုတ် မည်သည့်ဖြောင့်မတ်ခြင်းမျှ မရှိပေ။ ပြီးလျှင် ဘုရားသခင်သည် လူသားကို သူ၏ ကိုယ်ပိုင် စံနှုန်းဖြင့် တိုင်းတာပြီး သူ၏ တိုင်းတာခြင်း စံနှုန်းမှာ သမ္မာတရား ဖြစ်သည်။ ထိုသို့ ပြောဆိုလျှင် အနည်းငယ် သဘောတရားသက်သက် ဖြစ်သည်ဟု ထင်ရနိုင်သည်။ ထို့ကြောင့် အခြားနည်းလမ်းတစ်ခုဖြင့် ဆိုရလျှင် ဘုရားသခင်၏ တိုင်းတာခြင်း စံနှုန်းသည် ဘုရားသခင်အပေါ် လူတစ်ဦး၏ သဘောထား၊ သမ္မာတရားအပေါ် သူတို့၏ သဘောထားနှင့် အပြုသဘောဆောင်သော အမှုအရာများအပေါ် သူတို့၏ သဘောထားတို့ကို အခြေခံသည်။ ဤသည်မှာ သဘောတရားသက်သက် မဟုတ်တော့ပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၇- ၎င်းတို့သည် ကောက်ကျစ်ဆိုးယုတ်ကာ မသိမသာ ဒုက္ခပေးတတ်ပြီး လှည့်စားတတ်သည် (အပိုင်း ၁)) ဘုရားနှုတ်ကပတ်တော်ကို ဖတ်ပြီးတဲ့နောက်မှာ ဒီနေ့ ဘုရားသခင်ရှေ့မှောက်ကို လာရောက်နိုင်တာနဲ့ ဖန်ဆင်းခံတစ်ဦးရဲ့ တာဝန်ကို ထမ်းဆောင်နိုင်တာဟာ အကြီးမားဆုံး ကောင်းချီးဖြစ်မှန်း ကျွန်မ သဘောပေါက်ခဲ့တယ်။ ဘုရားသခင်က လူတွေကို ဒီလောကမှာ သူတို့ရဲ့ အဆင့်အတန်း၊ ဒါမှမဟုတ် ရာထူးက ဘယ်လောက် မြင့်သလဲ၊ ဒါမှမဟုတ် လူဘယ်လောက်များများက သူတို့ကို အထင်ကြီးလေးစားသလဲ၊ ဒါမှမဟုတ် ကိုးကွယ်သလဲ ဆိုတာတွေပေါ်မှာ အခြေခံပြီး မတိုင်းတာပါဘူး။ လူတစ်ယောက်က သူ့ရှေ့မှောက်ကို လာနိုင်မလာနိုင်၊ သူ့အသံတော်ကို ကြားနိုင်မကြားနိုင်နဲ့ သူ့ရဲ့ ကယ်တင်ခြင်းကို လက်ခံမခံဆိုတာရယ်၊ ပြီးတော့ လူတစ်ယောက်က သူ့ယုံကြည်ခြင်းမှာ သမ္မာတရားကို လိုက်စားနိုင်ခြင်း ရှိမရှိနဲ့ အပြုသဘောဆောင်တဲ့ အရာတွေကို ချစ်ခင်မြတ်နိုးမှု ရှိမရှိဆိုတာကိုပဲ ကြည့်တယ်။ လူတစ်ယောက်က ဘုရားသခင်ရှေ့မှောက်ကို လာနိုင်ပြီး သူ့ရဲ့သတ်မှတ်ချက်တွေနဲ့အညီ လုပ်ဆောင်နိုင်ရင် အဲဒီလူဟာ ဘုရားမျက်မှောက်မှာ တန်ဖိုးရှိတဲ့လူ ဖြစ်တယ်။ အဲဒီလိုလူမျိုးကို ဘုရားသခင်က တန်ဖိုးထားတယ်။ ပြောင်းပြန်အားဖြင့် လူတစ်ယောက်က လူမှုအဆင့်အတန်း မြင့်မားပြီး အာဏာရှိပေမဲ့ ဘုရားသခင်ရှေ့မှောက်ကို မလာဘဲ သူ့ရဲ့ ကယ်တင်ခြင်းကို လက်မခံရင် အဲဒီလိုလူမျိုးဟာ ဘုရားသခင်အတွက် စက်ဆုပ်ရွံရှာစရာကောင်းတယ်။ ဘာလို့လဲဆိုတော့ သူတို့ အသက်ရှင်နေထိုင်တဲ့အရာတွေက ဆိုးယုတ်ပြီး အပျက်သဘောဆောင်တဲ့ အရာတွေပဲ ဖြစ်နေလို့ပါပဲ။ ဒီအရာကို သဘောပေါက်လိုက်တော့ ကျွန်မ အကြီးအကျယ် လွတ်မြောက်သွားသလို ခံစားလိုက်ရတယ်။ ဘုရားသခင်အတွက် ကိုယ့်ကိုယ်ကိုယ် စိတ်နှလုံးအကြွင်းမဲ့ အသုံးခံနိုင်တာဟာ ကြီးမားတဲ့ ကောင်းချီးတစ်ခုပါ။ လူတွေနဲ့ အမှုအရာတွေကို ရှုမြင်နိုင်ဖို့၊ ကျင့်ကြံပြုမူဖို့နဲ့ ဘုရားနှုတ်ကပတ်တော်တွေအပေါ် အခြေခံပြီး လုပ်ဆောင်နိုင်ဖို့အတွက် ဘုရားအိမ်တော်မှာ သမ္မာတရား လိုက်စားခြင်း လမ်းကြောင်းပေါ် လျှောက်လှမ်းမှသာ ဒီလို လိုက်စားမှုက အဓိပ္ပာယ်ရှိပြီး တန်ဖိုးရှိမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်မ ဘာမှဆက်ပြီး တွေဝေမနေတော့ဘဲ အထက်လူကြီးဆီ နုတ်ထွက်စာ တင်လိုက်တယ်။ အချိန်ခဏကြာတော့ ကျွန်မရဲ့ နုတ်ထွက်စာ အတည်ပြုခံရပြီး အသင်းတော်မှာ ကိုယ့်တာဝန်တွေကို အချိန်ပြည့် တစိုက်မတ်မတ် ထမ်းဆောင်ခဲ့ပါတယ်။ ဂုဏ်နာမ၊ အကျိုးအမြတ်နဲ့ အဆင့်အတန်းရဲ့ ချည်နှောင်မှုတွေကနေ ကယ်တင်ပေးပြီး ဘဝရဲ့ မှန်ကန်တဲ့ ဦးတည်ချက်ကို ရှာတွေ့အောင် ကူညီပေးတဲ့ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။
ကျင်းရီ၊ တရုတ်ပြည်ကျွန်မက သာမန် လယ်သမား မိသားစုကနေ မွေးဖွားလာတာပါ။ ကျွန်မ ကြီးလာရင် လူရာဝင်အောင်၊ ကောင်းကောင်းမွန်မွန် နေနိုင်အောင်...
နီနာ အိုင်ဗရီကို့စ်နိုင်ငံ ကျွန်မက ပျက်စီးနေတဲ့ မိသားစုမှာ မွေးခဲ့တာပါ။ ကျွန်မအမေက ကျွန်မကို ကိုယ်ဝန်ရှိနေတုန်း ကျွန်မအဖေက...
ချန်ယန်၊ တရုတ်ပြည်ကျွန်မ ငယ်ငယ်တုန်းက ကျွန်မ မိသားစုက တော်တော်ဆင်းရဲပါတယ်။ မိဘတွေက လယ်လုပ်ပြီး အသက်မွေးကြတယ်၊ အဖေဆိုရင် ဝင်ငွေရဖို့...
ကျွန်တော်က ဆင်းရဲတဲ့ မိသားစုမှာ မွေးခဲ့တယ်။ ကျွန်တော့်ရဲ့ ရိုးသားဖြောင့်မတ်ပြီး အလုပ်ကြိုးစားတဲ့ မိဘတွေက မိသားစုကို လယ်အလုပ်နဲ့...