တည်ကြည်ခိုင်မာခြင်းက ငြိမ်သက်ခြင်းကို ဆောင်ကြဉ်းပေးသည်

18.12.2024

၂၀၁၇ ခုနှစ်မှာ အသင်းတော်မှာရှိတဲ့ လူသစ်တွေကို ရေလောင်းတဲ့နေရာမှာ ကျွန်မ စအလုပ်လုပ်တော့၊ ကျွန်မအလုပ်မှာ ကျွန်မ ဖြစ်နိုင်သမျှ မြန်မြန် အရည်အချင်းရှိနိုင်အောင်လို့ ဆီလျော်တဲ့ သမ္မာတရား စည်းမျဉ်းအားလုံးနဲ့ဆိုင်တဲ့ အသိကို လေ့လာပြီး ရဖို့ အမြန်လုပ်တယ်။ ကျွန်မတာဝန်မှာ ကျွန်မ အလုပ်အများကြီးလုပ်ပြီး တော်တော်ပေးဆပ်ခဲ့တယ်။ ဒါကြောင့် ပိုကောင်းသထက်ကောင်းတဲ့ ရလဒ်တွေ ကျွန်မ ရခဲ့တယ်။ တစ်နှစ်လောက်ကြာပြီးတဲ့နောက်မှာ၊ အဖွဲ့ခေါင်းဆောင်အနေနဲ့ အစေခံဖို့ ကျွန်မ အရွေးခံရတယ်။ ကျွန်မ အဖွဲ့ခေါင်းဆောင်ဖြစ်ပြီးတဲ့နောက်မှာ မြန်ဆန်တဲ့ တိုးတက်မှု ဖြစ်ခဲ့တယ်လို့ ညီအစ်ကို မောင်နှမတွေအားလုံးက ပြောကြပြီး၊ သူတို့မှာ ပြဿနာတွေရှိတဲ့အခါ မိတ်သဟာယပြုဖို့ ကျွန်မဆီ အားလုံးလာကြတယ်။ ကျွန်မ ကိုယ့်ဘာသာတွေးမိတယ်။ “လူတိုင်းက ငါ့ကို တကယ် အသိအမှတ်ပြုကြတဲ့ပုံပဲ။ ငါ သမ္မာတရားကို ဆက်လိုက်စားနေသရွေ့၊ နောက်ကျရင် ပိုတောင်မြင့်တဲ့ ရာထူးတစ်ခုတောင် တိုးမဲ့အခွင့်အရေး သေချာပေါက် ရှိမှာပဲ။ အဲဒီအခါကျရင် လူတိုင်းက ငါ့ကို တကယ် အထင်ကြီးကြမှာ”လို့ပေါ့။

အဲဒီနောက် သိပ်မကြာခင်မှာပဲ၊ ကျွန်မတို့အဖွဲ့အတွက် ကြီးကြပ်ရေးမှူးက တကယ့် အလုပ်မလုပ်တဲ့အတွက် အထုတ်ခံလိုက်ရတယ်။ ကျွန်မဘာသာ တွေးမိတယ်။ “ငါက ငါ့တာဝန်မှာ အမြဲတမ်းကို အရမ်းတက်ကြွခဲ့တာ။ ညီအစ်ကို မောင်နှမတွေရဲ့ တချို့ ပြဿနာနဲ့ အခက်အခဲတွေကို ဖြေရှင်းနိုင်ခဲ့တယ်။ ပြီးတော့ ငါ့အလုပ်မှာ ငါ ထိရောက်ခဲ့တယ်။ အခု ငါက အဖွဲ့ခေါင်းဆောင်ဖြစ်ပြီး၊ မကြာခင် ကြီးကြပ်ရေးမှူးအသစ် ရွေးတော့မှာ။ ငါက သေချာပေါက် ထိပ်ဆုံးက အရွေးခံရမဲ့သူပဲ။ ငါ အသိအမှတ်ပြုခံရအောင်လုပ်ဖို့ ဒါက သိပ်ကောင်းတဲ့ အခွင့်အရေးပဲ”လို့ပေါ့။ ဒါပေမဲ့ နှစ်ရက်သုံးရက်အကြာမှာပဲ၊ ကျွန်မတို့ခေါင်းဆောင်က ကျွန်မတို့ရဲ့ ကြီးကြပ်ရေးမှူးလုပ်ဖို့ တခြားအသင်းတော်ကနေ ညီအစ်မတစ်ယောက်ကို ပြောင်းရွှေ့ခဲ့တယ်။ အဲဒီညီအစ်မမှာ အစွမ်းအစကောင်းရှိတယ်၊ သမ္မာတရား လိုက်စားပြီး ပျိုးထောင်ပေးဖို့ ထိုက်တန်တယ်လို့ ပြောတယ်။ ဒီသတင်းကို ကြားတော့ ကျွန်မ တကယ် စိတ်ပျက်သွားတယ်။ “ဒီတော့ ဒီညီအစ်မက ပျိုးထောင်ဖို့အတွက် ကောင်းမွန် သင့်တော်တဲ့သူဖြစ်ပြီး ငါကတော့ မဟုတ်ဘူးပေါ့”လို့ တွေးမိတယ်။ ဒါပေမဲ့ နောက်တော့ ကျွန်မ တွေးမိတာက အဲဒီညီအစ်မက တကယ့်အလုပ်ကို လုပ်နိုင်ခဲ့ရင်၊ ဒါက အပြုသဘောဆောင်တဲ့ အဆုံးသတ်တစ်ခု ဖြစ်ခဲ့မှာပဲလို့ပေါ့။ အဲဒါကို သဘောပေါက်လိုက်တဲ့အခါ၊ ကျွန်မ ပိုပြီး ကျိုးနွံနာခံနိုင်ခဲ့တယ်။ နောက်ပိုင်းမှာ အသင်းတော် အလုပ်ရဲ့ တချို့ လိုအပ်ချက်တွေကြောင့် အဲဒီညီအစ်မက တခြားတာဝန် ပြန်ပေးခံရတဲ့အချိန်မှာ၊ ကျွန်မ အရမ်း စိတ်လှုပ်ရှားပြီး တွေးမိတယ်။ “သူတို့က ငါ့ကို ဒီတစ်ခါတော့ ကြီးကြပ်ရေးမှူးရာထူးအတွက် ကျိန်းသေ စဉ်းစားကြမှာပဲ”လို့ပေါ။ ဒါပေမဲ့ နှစ်ရက်သုံးရက်အကြာမှာပဲ၊ ကျွန်မတို့ခေါင်းဆောင်က ညီမ အဒဲလ်ကို ကြီးကြပ်ရေးမှူးနေရာထိ ရာထူးတိုးပေးခဲ့တယ်။ ဒီတစ်ခါ အဲဒီသတင်းကို ကျွန်မ သိပ်ပြီး စိတ်တည်တည်ငြိမ်ငြိမ်နဲ့ မခံယူခဲ့ဘူး။ “ငါ့တာဝန်မှာ ငါ တကယ်ကို အလုပ်ကြိုးစားခဲ့ပြီး တကယ့် ပြဿနာတချို့ကို ဖြေရှင်းနိုင်တယ်။ ဘာလို့ ခေါင်းဆောင်က ငါ့ကို ရာထူးမတိုးပေးခဲ့တာလဲ။ ပျိုးထောင်ဖို့ ငါက မသင့်တော်ဘူးလို့ သူ ထင်တာလား။ ငါ့ကို သူ အထင်သေးတာလား။ ရာထူးတိုးဖို့အတွက် နှစ်ခါ အကျော်ခံရတော့ ညီအစ်ကို မောင်နှမတွေက ငါ့ကို အခု ဘာများထင်ကြမလဲ။ အဒဲလ်က ခုလေးတင် ဒီကို ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး အလုပ်ဘယ်လိုလုပ်ရမယ် မသိသေးလို့ အကြံဉာဏ်တောင်းဖို့ ငါ့ဆီ ခဏခဏ လာတာ။ ဒါပေမဲ့ ခေါင်းဆောင်က သူ့ကို အရမ်းအလေးထားပြီး ပျိုးထောင်နေတာလား”လို့ ကျွန်မ တွေးမိတယ်။ ကျွန်မ အရမ်းစိတ်ပျက်ပြီး ဒါတွေအားလုံး ကျွန်မဆီ ဖြစ်တော့ မတရားခံရသလို ခံစားမိခဲ့တယ်။ နောက်တော့၊ အဒဲလ်က အလုပ်အကြောင်း ကောင်းကောင်းသိအောင် ကျွန်မကို ရှာပြီး မေးခွန်းအများကြီး မေးတဲ့အခါ၊ ကျွန်မ စိတ်မရှည်ဖြစ်လာတယ်။ “နင်က ကြီးကြပ်ရေးမှူးမဟုတ်လား။ ငါ ဖြေပြီးသား မေးခွန်းတွေကို နင် ဆက်မေးနေရင် နင့်ရဲ့ အစွမ်းအစက အဲလောက် မကောင်းနိုင်ဘူးပဲ”လို့ ကျွန်မ တွေးမိတယ်။ တစ်ခါတလေ လူသစ်တွေကို ရေလောင်းပေးတာနဲ့ ပတ်သက်လို့ အရင်က သူ မကိုင်တွယ်မဖြေရှင်းခဲ့ရတဲ့ မေးခွန်းတွေ၊ အခက်အခဲတွေနဲ့ ညီအစ်ကို မောင်နှမတွေက အဒဲလ်ဆီ လာကြတဲ့အခါ ဘယ်လို မိတ်သဟာယပြုပြီး ဖြေရှင်းရမယ်ဆိုတာ သူ မသိတော့၊ ကျွန်မကို အကူအညီ တောင်းတယ်။ ကျွန်မ တမင်ကို ပြန်ဖြေလိုက်တယ်။ “ဒါက ရိုးရှင်းတဲ့ ကိစ္စတစ်ခုပါ။ ပြဿနာရဲ့ အဓိကအချက်ကို ခွဲခြားသိမြင်ပြီး အဲဒါနဲ့ ပတ်သက်လို့ သမ္မာတရားကို ရှင်းရှင်းလင်းလင်း မိတ်သဟာယပြုဖို့ပဲလိုတယ်”လို့ပေါ့။ အဲဒါပြီးတော့ ကျွန်မက အဲဒီလို ကိစ္စတွေကို ဘယ်လိုဖြေရှင်းခဲ့တယ်ဆိုတဲ့ ဥပမာတွေ ပေးတယ်။ ကျွန်မ တွေးမိတယ်။ “ငါ့မှာ ပါရမီရှိတာကို လူတိုင်းကို ပြရမယ်။ ငါ ကျွမ်းကျင်မှု မရှိလို့မဟုတ်ဘဲ ကြီးကြပ်ရေးမှူးဖြစ်ဖို့ အခွင့်အရေး အပေးမခံရတာပဲ”လို့ပေါ့။ နောက်ပိုင်းမှာ ကျွန်မတို့ အတူတစ်အိမ်ထဲနေဖို့ ကျွန်မကို အဒဲလ်က အကြံပေးတယ်။ ပြဿနာတစ်ခုခု ပေါ်လာတဲ့အခါတိုင်း သူ ကျွန်မကို တိုင်ပင်လို့ရအောင်ပေါ့။ ကျွန်မ တွေးမိတယ်။ “ပြဿနာပေါ်လာတဲ့အခါတိုင်း ငါ့ကို တိုင်ပင်မယ်ပေါ့။ ဒါပေမဲ့ အဲဒါဆိုရင် ပြဿနာ ပြေလည်သွားတဲ့အခါ ငါမဟုတ်ဘဲ၊ နင်က အမှတ်အားလုံး ရသွားမှာလေ။ ငါက ဘာကြောင့် နင့်ရဲ့ နောက်ကွယ်က ကူညီတဲ့သူ ဖြစ်ပေးရမှာလဲ”လို့ပေါ့။ ဒီလို တွေးမိပြီးတော့၊ “လူသစ်တွေကို ရေလောင်းရတဲ့ ကျွန်မရဲ့ အလုပ်များတဲ့ အချိန်ဇယားကြောင့် အချိန်ပိုမရှိဘူး”ဆိုတဲ့ အကြောင်းပြချက်နဲ့ ကျွန်မ သူ့ကို ငြင်းလိုက်တယ်။ အဒဲလ်က ကျွန်မကို ထပ်ပြီး အခါခါ တောင်းဆိုခဲ့ပေမဲ့ ကျွန်မ လုံးဝ သဘောမတူခဲ့ဘူး။ တဖြည်းဖြည်းနဲ့ အဒဲလ်က ကျွန်မကြောင့် နည်းနည်း စိတ်ကျဉ်းကျပ်ပုံရပြီး၊ အလုပ်ကိစ္စ ဆွေးနွေးတာနဲ့ပတ်သက်လို့ နည်းနည်း မတက်မကြွ ဖြစ်လာတယ်။ ဒါပေမဲ့ ကျွန်မ ကိုယ့်ကိုယ်ကိုယ် မသုံးသပ်ခဲ့ဘူး။ သိမြင်မလာခဲ့ဘူး။ အဲဒီအစား အဒဲလ်က ကြီးကြပ်ရေးမှူးအနေနဲ့ အစေခံရင်း အခက်အခဲဖြစ်နေတယ်လို့ပဲ တွေးမိတယ်။ ပြီးတော့ ကျွန်မ တွေးမိတာက၊ သူနဲ့ ကျွန်မ တက်တက်ကြွကြွ တွဲလုပ်ခဲ့ပြီး သူ့ အခြေအနေ တိုးတက်မယ်၊ သူ့အလုပ်မှာ လမ်းမှန်ပေါ် ပြန်ရောက်သွားမယ်ဆိုရင် ကျွန်မ ရာထူးတိုးမဲ့ အခွင့်အရေး တစ်ခုမှ ရှိမှာမဟုတ်ဘူးလို့ပေါ့။ ဆန့်ကျင်ဘက်အနေနဲ့ သူ အပျက်သဘောထဲ နစ်သွားတဲ့အခါ၊ ကျွန်မရဲ့ ကိုယ်ပိုင် စိတ်ထက်သန်မှုနဲ့ တက်ကြွမှုကို ကျွန်မ ပိုမီးမောင်းထိုးပြလို့ရမယ်ပေါ့။ ဒါကြောင့် အလုပ်ကိစ္စ ကျွန်မတို့ ဆွေးနွေးတဲ့အခါ၊ ကျွန်မ အရမ်းတက်ကြွပြီး စိတ်ထက်သန်ခဲ့တယ်၊ ပြီးတော့ အသိအမှတ်ပြုခံရအောင် ဦးဆောင်တဲ့ အခန်းကဏ္ဍကို ယူခဲ့တယ်။

နောက်ပိုင်းမှာ၊ ပိုပိုများတဲ့ လူတွေက ဘုရားရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံနေကြပြီး၊ နောက်ထပ် ရေလောင်းပေးတဲ့သူ နှစ်ယောက်၊ သုံးယောက်ကို ကျွန်မတို့ အဖွဲ့ဆီ တာဝန်ပေးခံရတော့ အသစ်ရောက်လာတဲ့ ညီအစ်ကို မောင်နှမတွေကို ကူညီဖို့ အဒဲလ်က ကျွန်မကို အချိန်ပိုသုံးခိုင်းတယ်။ ကျွန်မက သူတို့အတွက် ကျွန်မရဲ့ ကိုယ်ရေးကိုယ်တာ အတွေ့အကြုံနဲ့ လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းတွေကို စနစ်တကျ အကြမ်းဖျင်းဖော်ပြပြီးတော့ လူသစ်တွေရဲ့ အယူအဆတွေနဲ့ မရှင်းလင်းတာတွေကို ဖြေရှင်းဖို့ သမ္မာတရားကို ကျွန်မ ဘယ်လို ရှာခဲ့တယ်ဆိုတာနဲ့ ပတ်သက်လို့ လူတွေကို ပြောပြဖို့ ဒီအခွင့်အရေးတွေကို သုံးခဲ့တယ်။ အဲဒီနောက်တော့၊ ညီအစ်ကို မောင်နှမတွေမှာ ပြဿနာတွေ ရှိတဲ့အခါတိုင်း၊ ဆေးနွေးဖို့အတွက် သူတို့က ကျွန်မကို ရှာကြတယ်။ တချို့ ကိစ္စတွေမှာ၊ အဒဲလ်ကိုယ်တိုင် မဖြေရှင်းနိုင်ခဲ့တဲ့ ပြဿနာတွေနဲ့ လူတွေက ကျွန်မဆီကိုတောင် လာကြတယ်။ ကျွန်မကိုယ်တိုင်နဲ့ပတ်သက်လို့ ကျွန်မ အရမ်း ပျော်ပြီး၊ “ဒီရက်တွေမှာ ငါ့အလုပ်အားလုံးက အောင်မြင်ပြီး လူတိုင်းက ငါ့ကို အသိအမှတ်ပြုကြတဲ့ပုံပဲ။ ငါက ကြီးကြပ်ရေးမှူး မဟုတ်နိုင်ပေမဲ့ ကြီးကြပ်ရေးမှူးတစ်ယောက်ရဲ့ အလုပ်အများကြီးကို ကိုင်တွယ်နိုင်တာပဲ။ နောက်တစ်ခါ အမှုဆောင်နဲ့ ခေါင်းဆောင်တွေအတွက် ရွေးကောက်ပွဲရှိတဲ့အခါ၊ ညီအစ်ကို မောင်နှမတွေက ငါ့အတွက် ကျိန်းသေ မဲပေးကြမှာပဲ”လို့ တွေးမိတယ်။

အဲဒါပြီးတော့ မကြာဘူး၊ နှစ်ပတ်လည် ရွေးကောက်ပွဲအတွက် အချိန်ရောက်လာပြီး၊ ကျွန်မ တကယ်ကို စိတ်လှုပ်ရှားမိတယ်။ “ငါ ခေါင်းဆောင်တစ်ယောက်အနေနဲ့ အရွေးခံရရင်၊ အသင်းတော် စီမံကိန်းတွေနဲ့ ပတ်သက်လို့ ဆုံးဖြတ်ချက်တွေချဖို့ အာဏာ ရှိမှာပဲ။ ငါ့ရဲ့ ကြီးကြပ်မှုအောက်မှာ အလုပ်တိုးတက်ရင်၊ ငါက ငါ့ရာထူးနဲ့ ထိုက်တန်တယ်လို့ ညီအစ်ကို မောင်နှမတွေက ထင်ကြမှာဖြစ်ပြီး၊ ငါ့ကိုပိုလို့တောင် လေးစားကြမှာပဲ”လို့ တွေးမိတယ်။ ဒါပေမဲ့ အရမ်းအံ့ဩစရာကောင်းတာက၊ ရလဒ်တွေကို ကြေညာလိုက်တဲ့အခါ၊ ကျွန်မ နာမည် အခေါ်မခံရဘူး။ ကျွန်မမျက်နှာ နီရဲသွားပြီး အရမ်းအရမ်းကို ရှက်မိတယ်။ အနာပေါ် တုတ်ကျသွားတာက ကျွန်မမှာ မာနထောင်လွှားတဲ့ စိတ်သဘောထားရှိတယ်၊ လူတွေကို ခဏခဏ ချုပ်ချယ်တယ်၊ အသက်ဝင်ရောက်မှုကို ဦးစားမပေးဘူး၊ ကျွန်မကိုယ်ကျွန်မ သုံးသပ်တာ၊ ကိစ္စတွေကနေ အသိ ဒါမှမဟုတ် သင်ခန်းစာတွေ ရတာ ရှားတယ်လို့ ညီအစ်ကို မောင်နှမတွေက ပြောကြတာပဲ။ တိုတို ပြောရရင်၊ သမ္မာတရားကို ကျွန်မ မလိုက်စားခဲ့ဘူးပေါ့။ အဲဒါတွေအားလုံးကို ကျွန်မ ကြားတော့၊ တကယ်ကို ဆိုးဆိုးရွားရွား ခံစားလိုက်ရတယ်။ အခု ညီအစ်ကို မောင်နှမတွေအားလုံးက ကျွန်မ သမ္မာတရား မလိုက်စားတာ သိကုန်ကြပြီ။ အသိအမှတ်ပြုခံရအောင် ကျွန်မ မလုပ်နိုင်ခဲ့ရုံမက၊ ကိုယ့်ကိုယ်ကို လုံးဝ အရှက်ရအောင် လုပ်မိခဲ့ပြီ။ အဲဒီရက်တွေမှာ ကျွန်မက အဲဒီလို အခြေအနေကနေ ဘာကို ရခဲ့တယ်ဆိုတာကို ညီအစ်ကို မောင်နှမတွေ မေးကြမှာကို ကျွန်မ ကြောက်ခဲ့တယ်။ ဒါပေမဲ့ ဘယ်သူကမှ ကျွန်မကို စကားမပြောမှာ၊ သူတို့က ကျွန်မအကြောင်းသိပြီး ကျွန်မကို ရှောင်ကြမှာလည်း စိုးရိမ်ခဲ့တယ်။ ကျွန်မရဲ့ စိတ်ခံစားမှုက ရှုပ်ထွေးနေခဲ့ပြီး၊ ဘာဖြစ်ခဲ့တယ်ဆိုတာကိုပဲ တွေးနိုင်ခဲ့တယ်။ ကျွန်မရဲ့ တာဝန်ကိုလုပ်ဖို့ အားမထုတ်နိုင်ခဲ့ဘူး။ ပြီးတော့ အရမ်းကို စိတ်ဒုက္ခရောက်ပြီး စိတ်ဆင်းရဲခဲ့တယ်။ ဒီလိုဒုက္ခသုက္ခမျိုးကို ကျွန်မ ဘာလို့ ရင်ဆိုင်ရလဲလို့ တွေးမြဲတွေးနေမိတယ်။ နောက်ပိုင်းမှာ၊ ညီအစ်ကို မောင်နှမတချို့က ကျွန်မနဲ့ မိတ်သဟာယဖွဲ့ပြီး၊ ကျွန်မတာဝန်မှာ ကျွန်မရဲ့ ထမ်းဆောင်မှုနဲ့ပတ်သက်လို့ ပိုအချိန်ပေး သုံးသပ်ဖို့ ကျွန်မကို တိုက်တွန်းခဲ့တယ်။ ကျွန်မအလုပ်မှာ အစွမ်းအစတချို့ ရှိနေပေမဲ့၊ သမ္မာတရား လိုက်စားတာကို ဦးစားမပေးခဲ့ဘူး၊ နာမည်ဂုဏ်သတင်းနဲ့ အဆင့်အတန်းကိုပဲ ရှာပြီး မှားတဲ့ လမ်းကြောင်းကိုပဲ လျှောက်နေခဲ့တယ်လို့လည်း သူတို့က ထောက်ပြကြတယ်။ ညီအစ်ကို မောင်နှမတွေရဲ့ အကြံနဲ့ အကူအညီတွေက ဘုရားဆီကလာတာဖြစ်မှန်း ကျွန်မ သိတော့ ဘုရားရှေ့ကို ကျွန်မသွားပြီး ဆုတောင်းတယ်။ “အို ဘုရားသခင်၊ ဒီလို ထုတ်ဖော်ခံရတာ ကျွန်မအတွက် အရမ်းခက်ပါတယ်။ ဘုရားသခင်၊ ကျေးဇူးပြုပြီး ကျွန်မကို ဉာဏ်အလင်းပေးပါ၊ ကိုယ့်ကိုယ်ကို သိပြီး ကိုယ်တော်ရဲ့ ရည်ရွယ်ချက်ကို နားလည်ခွင့်ပေးပါ”လို့ပေါ့။

တစ်နေ့တော့၊ ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်နေတုန်း၊ အန္တိခရစ်တွေက နာမည်ဂုဏ်သတင်းနဲ့ အဆင့်အတန်း ရှာဖွေပုံကို ဘုရားဖော်ထုတ်တဲ့ စာနှစ်ပိုဒ်ကို အမှတ်မထင် တွေ့ခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်တွေက ပြောတယ်။ “အန္တိခရစ်က မည်သည့်တာဝန်ကို ထမ်းဆောင်သည်ဖြစ်စေ ၎င်းတို့သည် မိမိတို့ကိုယ်ကို အဓိကကျသော နေရာတစ်ခုတွင်၊ မြင့်မားသောရာထူးနေရာတွင် ထားရှိကြသည်။ ၎င်းတို့သည် သာမန်နောက်လိုက်တစ်ယောက် ဖြစ်ရခြင်းနှင့်ပတ်သက်၍ မည်သည့်အခါမျှ ရောင့်ရဲနိုင်မည်မဟုတ်။ ၎င်းတို့သည် မည်သည့်အရာကို စိတ်အပြင်းပြဆုံး ဖြစ်သနည်း။ လူတို့၏ ရှေ့တွင် ရပ်ပြီး အမိန့်များပေးခြင်း၊ လူတို့ကို ဆူငေါက်ခြင်း၊ လူတို့ကို သူတို့ပြောသည့်အတိုင်း လုပ်စေခြင်းတို့ဖြစ်သည်။ တာဝန်ထမ်းဆောင်စဉ်တွင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး ဘုရားသခင်ကို ကျေနပ်စေရန် သမ္မာတရား စည်းမျဉ်းများကို ရှာဖွေဖို့ကို မဆိုထားနှင့်၊ ၎င်းတို့၏ တာဝန်ကို မည်သို့ မှန်မှန်ကန်ကန် ထမ်းဆောင်ရမည်ကို လုံးဝ မစဉ်းစားကြပေ။ ထိုအစား ၎င်းတို့သည် ၎င်းတို့ကိုယ်တိုင်ခေါင်းဆောင်၊ သို့မဟုတ် အမှုဆောင်ဖြစ်လာပြီး အခြားလူတို့ကို ဦးဆောင်နိုင်ရန်အတွက် မိမိတို့ကိုယ်ကို အသိအမှတ်ပြုခြင်းခံရအောင် ပြုလုပ်ရန်၊ ခေါင်းဆောင်များက ၎င်းတို့ကို အထင်ကြီးပြီး ရာထူးတိုးပေးစေရန် ဦးနှောက်ခြောက်ခံ စဉ်းစားကြသည်။ ဤသည်မှာ တစ်နေကုန် ၎င်းတို့စဉ်းစားပြီး မျှော်လင့်လျက် အချိန်ကုန်စေသည့်အရာဖြစ်သည်။ အန္တိခရစ်များသည် တာဝန်ကို တိတ်ဆိတ်စွာဖြင့် မထင်မရှား ထမ်းဆောင်ရန်ကို မဆိုထားနှင့်၊ အခြားလူတို့၏ ဦးဆောင်မှုကို မခံယူလိုသကဲ့သို့ သာမန်နောက်လိုက်တစ်ယောက်လည်း မဖြစ်လိုကြပေ။ ၎င်းတို့၏တာဝန်သည် မည်သည့်အရာဖြစ်ပါစေ၊ ၎င်းတို့က အရေးပါသည့်သူမဖြစ်ပါက၊ ၎င်းတို့က သူတစ်ပါးတို့အထက်တွင် မနေရပါက၊ အခြားသူများကို ဦးဆောင်၍ မရပါက မိမိတို့၏တာဝန်များ ထမ်းဆောင်ခြင်းကို ပျင်းရိဖွယ်ဖြစ်သည်ဟု မြင်လာကာ အပျက်သဘောဆောင်လာပြီး အားလျော့လာကြသည်။ သူတစ်ပါးတို့၏ ချီးမွမ်းမှု၊ သို့မဟုတ် ကြည်ညိုမှုမပါဘဲနှင့် ယင်းသည် ၎င်းတို့အတွက် သာ၍ပင် စိတ်ဝင်စားမှုနည်းပါးဖွယ် ဖြစ်လာပြီး၊ မိမိတို့၏တာဝန်ကို ထမ်းဆောင်ဖို့ ၎င်းတို့ စိတ်ဆန္ဒများ သာ၍ပင် နည်းပါးလာလေသည်။ သို့ရာတွင် ၎င်းတို့က မိမိတို့၏တာဝန်များကို ထမ်းဆောင်စဉ်တွင် အရေးပါသည့်သူဖြစ်ပြီး အဆုံးသတ် ဆုံးဖြတ်ချက်ချခွင့်ရနိုင်ပါက ၎င်းတို့သည် အင်အားခိုင်မာပြီး မည်သည့်ဒုက္ခဆင်းရဲကိုမဆို ခံလိမ့်မည်။ ၎င်းတို့၌ ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်ခြင်းတွင် ကိုယ်ပိုင် ရည်ရွယ်ချက်များ အစဉ်ရှိကြပြီး အခြားသူများကို သာလွန်ဖို့ ၎င်းတို့၏လိုအပ်ချက်ကို ဖြည့်ဆည်းပြီး ၎င်းတို့၏လိုအင်ဆန္ဒများနှင့် ရည်မှန်းချက်များကို ဖြည့်ဆည်းရန် နည်းလမ်းတစ်ခုအနေဖြင့် ၎င်းတို့သည် အသိအမှတ်ပြုခြင်း ခံလိုကြသည်။(နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉ (အပိုင်း ၇))အန္တိခရစ်များအတွက် ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့က ၎င်းတို့အတွက် မရှိလည်း နေနိုင်သည့် အပယိကတစ်ခုဖြစ်ဖို့ မဆိုထားနှင့်၊ အပိုဆောင်း လိုအပ်ချက်တစ်ခု မဟုတ်ချေ။ ယင်းတို့သည် အန္တိခရစ်တို့ သဘာဝ၏ တစ်စိတ်တစ်ဒေသ ဖြစ်သည်၊ ယင်းတို့က ၎င်းတို့၏အရိုးများ၊ ၎င်းတို့၏ သွေးများထဲတွင် ရှိနေသည်၊ ယင်းတို့က ၎င်းတို့အတွက် မွေးရာပါ ဖြစ်သည်။ အန္တိခရစ်များက ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့ကို ၎င်းတို့ပိုင်ဆိုင်ခြင်းရှိမရှိနှင့်ပတ်သက်၍ ဂရုမစိုက်ခြင်း မဟုတ်ပေ။ ဤသည်မှာ ၎င်းတို့၏ သဘောထား မဟုတ်ပေ။ သို့ဆိုလျှင် ၎င်းတို့၏ သဘောထားမှာ အဘယ်နည်း။ ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့သည် ၎င်းတို့၏ နေ့စဉ် အသက်တာများ၊ ၎င်းတို့၏ နေ့စဉ် အခြေအနေ၊ ၎င်းတို့စွမ်းဆောင်ရရှိဖို့ နေ့စဉ် လိုက်စားသည့် အရာတို့နှင့် အတွင်းကျကျ ဆက်နွှယ်နေသည်။ ထို့ကြောင့် အန္တိခရစ်များအတွက် ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့သည် ၎င်းတို့၏ အသက် ဖြစ်သည်။ ၎င်းတို့ မည်သို့အသက်ရှင်နေထိုင်ပါစေ၊ ၎င်းတို့သည် မည်သည့်ပတ်ဝန်းကျင်တွင် အသက်ရှင်နေထိုင်ပါစေ၊ မည်သည့်အလုပ်ကို ၎င်းတို့လုပ်ပါစေ၊ မည်သည့်အရာကို ၎င်းတို့ လိုက်စားပါစေ၊ ၎င်းတို့၏ ပန်းတိုင်များက မည်သည့်အရာ ဖြစ်ပါစေ၊ ၎င်းတို့အသက်တာ၏ ဦးတည်ချက်က မည်သည့်အရာဖြစ်ပါစေ ထိုအရာအားလုံးသည် ကောင်းမွန်သော ဂုဏ်သတင်းနှင့် မြင့်မားသောအဆင့်အတန်းရှိခြင်းကို ဗဟိုပြုထားသည်။ ပြီးလျှင် ဤရည်ရွယ်ချက်သည် မပြောင်းလဲပေ။ ၎င်းတို့သည် ထိုသို့သောအရာများကို မည်သည့်အခါမျှ ဘေးဖယ်မထားနိုင်ပေ။ ဤသည်မှာ အန္တိခရစ်များ၏ စစ်မှန်သော သဘောသဘာဝနှင့် အနှစ်သာရတို့ ဖြစ်သည်။ ၎င်းတို့ကို တောင်များ၏အတွင်းပိုင်း အလွန်ရှေးကျသော တောထဲ၌ သွားထားလျှင်ပင် ၎င်းတို့သည် ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့အား လိုက်စားခြင်းကို ဘေးဖယ်ထားမည်မဟုတ်သေးပေ။ ၎င်းတို့ကို မည်သည့်လူအုပ်စုတွင်မဆို ထည့်ထားလျှင် ၎င်းတို့တွေးနိုင်သမျှသည် ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့သာ ဖြစ်သည်။ အန္တိခရစ်များသည်လည်း ဘုရားသခင်ကို ယုံကြည်ကြသော်လည်း ၎င်းတို့သည် ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့အား လိုက်စားမှုကို ဘုရားသခင်အပေါ် ယုံကြည်မှုနှင့် ညီတူညီမျှဖြစ်သည်ဟု မြင်ပြီး တူညီစွာ အလေးထားသည်။ ဤသည်မှာ ဘုရားသခင်အား ယုံကြည်ခြင်း လမ်းကြောင်းကို ၎င်းတို့လျှောက်စဉ်တွင် ၎င်းတို့၏ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့ကိုလည်း လိုက်စားသည်ဟု ဆိုလိုသည်။ အန္တိခရစ်တို့၏စိတ်နှလုံးထဲတွင် ဘုရားသခင်ကို ယုံကြည်ခြင်း၌ သမ္မာတရားကို လိုက်စားခြင်းသည် ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့ကို လိုက်စားခြင်းဖြစ်ကြောင်း ၎င်းတို့က ယုံကြည်ကြသည်ဟု ဆိုနိုင်သည်။ ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့ကို လိုက်စားခြင်းက သမ္မာတရားကို လိုက်စားခြင်းလည်းဖြစ်ပြီး ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့ကို ရရှိခြင်းက သမ္မာတရားနှင့် အသက်ကို ရရှိခြင်းဖြစ်သည်ဟု ယုံကြည်ကြကြောင်း ဆိုနိုင်သည်။ ၎င်းတို့ အလွန်စိတ်ပျက်ကြသည်၊ ၎င်းတို့သည် ဂုဏ်သတင်း၊ အကျိုးအမြတ် သို့မဟုတ် အဆင့်အတန်းမရှိ၊ မည်သူကမျှ ၎င်းတို့ကို မလေးစား၊ သို့မဟုတ် အထင်မကြီး သို့မဟုတ် မနာခံဟု ၎င်းတို့က ခံစားရလျှင် ၎င်းတို့အလွန် စိတ်ပျက်ကြသည်။ ဘုရားသခင်၌ ယုံကြည်ခြင်းသည် အဓိပ္ပာယ်မရှိ၊ ယင်းတွင် တန်ဖိုးမရှိဟု ၎င်းတို့ ယုံကြည်ကြသည်၊ ‘ဘုရားသခင်၌ ထိုသို့သော ယုံကြည်ခြင်းသည် ကျရှုံးမှုတစ်ခု ဖြစ်သလော။ မျှော်လင့်ချက်မရှိဖြစ်သလော။’ ဟု မိမိတို့ကိုယ်ကိုယ် ဆိုကြသည်။ ၎င်းတို့သည် ဤအရာများကို ၎င်းတို့စိတ်နှလုံးထဲတွင် စဉ်းစားနှိုင်းချိန်ကြသည်။ ဘုရားအိမ်တော်တွင် ၎င်းတို့ကိုယ်တိုင်အတွက် နေရာတစ်နေရာကို မည်သို့ ရရှိအောင် ကြိုးစားနိုင်မည်၊ အသင်းတော်တွင် မြင့်မြတ်သည့် ဂုဏ်သတင်းကို မည်သို့ရရှိနိုင်သည်ကို စဉ်းစားနှိုင်းချိန်ပြီးလုပ်ဆောင်ကြသည်။ ဤသို့ဖြင့် ၎င်းတို့ စကားပြောသည့်အခါ လူတို့က နားထောင်ရန်၊ ၎င်းတို့လုပ်ဆောင်သည့်အခါ ပံ့ပိုးကြရန်၊ ၎င်းတို့သွားသည့်နေရာတိုင်းသို့ လိုက်ရန်ဖြစ်ပြီး ဤသို့ဖြင့် အသင်းတော်တွင် အဆုံးသတ် ဆုံးဖြတ်ပိုင်ခွင့်ရှိရန်၊ ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းရှိရန် ဖြစ်သည်။ ၎င်းတို့၏ စိတ်နှလုံးထဲတွင် ဤအရာများကို အလွန်ပင် အာရုံစိုက်ကြသည်။ ဤအရာများသည် ထိုသို့သောသူများ လိုက်စားသည့်အရာများဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉ (အပိုင်း ၃)) အန္တိခရစ်တွေက နာမည်ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို ပဓာန အရေးထားပုံကို ဘုရားနှုတ်ကပတ်တော်တွေက ဖော်ထုတ်တယ်။ ဘယ်အချိန်၊ ဘယ်နေရာမှာပဲ ဖြစ်ပါစေ၊ ကောင်းမွန်တဲ့ နာမည်ဂုဏ်သတင်းနဲ့ အဆင့်အတန်းရဖို့က သူတို့ရဲ့ နောက်ဆုံး ရည်မှန်းချက်ပဲ။ သူတို့က အသိအမှတ်ပြုခံရပြီး တခြားလူတွေရဲ့ လေးစားမှုရဖို့အတွက်ပဲ ဘုရားကို ယုံကြည်ပြီး သူတို့တာဝန်တွေကို လုပ်ကြတယ်။ အဆင့်အတန်းနဲ့ဆိုင်တဲ့ ရာထူးတွေကို ရဖို့၊ ဆုံးဖြတ်ပိုင်ခွင့်နဲ့ အဆုံးအဖြတ်ပေးတဲ့ အာဏာရဖို့အပြင်၊ တခြားလူတွေအပေါ် ဩဇာအာဏာရဖို့ အမြဲ ကြိုးပမ်းကြတယ်။ အဆင့်အတန်းနဲ့ နာမည်ဂုဏ်သတင်းကို သူတို့ မရနိုင်ရင်၊ ဘုရားကို ယုံကြည်တာ အဓိပ္ပာယ်မရှိဘူး၊ သူတို့တာဝန်ကို လုပ်ဖို့ အကြောင်းပြချက် မရှိဘူးလို့ သူတို့ စတွေးကြတယ်။ ဘုရားနှုတ်ကပတ်တော်တွေကို စဉ်းစားတဲ့အခါ၊ ကျွန်မ ထုတ်ဖော်ခဲ့တဲ့ စိတ်သဘောထားနဲ့ လိုက်စားမှုအပေါ် ကျွန်မရှိတဲ့ အမြင်တွေက အန္တိခရစ်နဲ့ မကွာခြားတာကို သဘောပေါက်လိုက်တယ်။ ကျွန်မက ကြီးကြပ်ရေးမှူး ဒါမှမဟုတ် ခေါင်းဆောင်တစ်ယောက်ဖြစ်လာလို့ အမြဲ ကြိုးပမ်းနေခဲ့တာ။ ဘာလို့လဲဆိုတော့ ခေါင်းဆောင်နဲ့ အမှုဆောင်တွေက ဆုံးဖြတ်ပိုင်ခွင့်ရှိတယ်၊ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေကို လုပ်နိုင်ပြီး၊ အရမ်း လေးစားခံရတယ်၊ အားပေးခံရပြီး အထင်ကြီးခံရတယ်လို့ ကျွန်မ တွေးခဲ့လို့ပဲ။ အဖွဲ့ခေါင်းဆောင်အနေနဲ့ ကျွန်မရဲ့ ဩဇာအာဏာ နယ်ပယ်က အကန့်အသတ်ရှိပြီး၊ ကျွန်မ အသိအမှတ်ပြုခံရတာ ရှားတယ်။ ဒါကြောင့် ကျွန်မအလုပ်မှာ ရလဒ်တွေ ရတဲ့အခါတိုင်း၊ ပိုပြီးတောင် များတဲ့ လူတွေက ကျွန်မကို လေးစားပြီး ကျွန်မအနားမှာစုဝေးအောင်လို့ ဩဇာအာဏာ ပိုရဖို့တောင် ရုတ်တရက် စိတ်ပြင်းပြတာတွေ ဖြစ်တယ်။ အသင်းတော်က ကြီးကြပ်ရေးမှူးအသစ် ရွေးတော့မယ်ဆိုတာကို ကျွန်မ ကြားတော့၊ ကျွန်မ အသိအမှတ်ပြုခံရမဲ့ အခွင့်အရေးက နောက်ဆုံးတော့ ရောက်လာပြီလို့ တွေးမိလို့ ရွေးကောက်ပွဲကို ကျွန်မ တကယ် မျှော်လင့်ခဲ့တယ်။ ဒါပေမဲ့ နောက်တော့၊ ခေါင်းဆောင်က တခြားအသင်းတော်ကနေ ကြီးကြပ်ရေးမှူးတစ်ယောက်ကိုပဲ ပြောင်းရွှေ့တာဝန်ချတဲ့အခါ၊ ကျွန်မ အရမ်း စိတ်ပျက်ပြီး ဒီရလဒ်ကို လက်ခံဖို့ ငြင်းဆန်ခဲ့တယ်။ ခေါင်းဆောင်က ကျွန်မကို လေ့ကျင့်ရမဲ့ အခွင့်အရေး မပေးဘူး၊ ကျွန်မကို ဆန့်ကျင်တာတစ်ခုခု ရှိတယ်လို့ ယုံကြည်နေမိတယ်။ ကျွန်မက လက်ရှိ ကြီးကြပ်ရေးမှူးထက် ပိုတော်တယ်ဆိုတာကို သက်သေပြဖို့၊ သူ့အတွက် ကိစ္စတွေ ခက်အောင် ကျွန်မ တမင်လုပ်ပြီး သူ့ကို ဖယ်ကြဉ်ခဲ့တယ်။ အဲဒါက သူ့ကို စိတ်ကျဉ်းကျပ်လာစေတယ်။ ကြီးကြပ်ရေးမှူးအနေနဲ့ ကျွန်မ အရွေးခံခဲ့ရတာကို သေချာအောင်လို့၊ ကိုယ့်ကိုယ်ကို ကြွားပြီး သက်သေပြဖို့ ညီအစ်ကို မောင်နှမတွေကို ကူညီတဲ့ အခွင့်အရေးတိုင်းကို ကျွန်မ သုံးခဲ့တယ်။ အဲဒါမှ ပိုများတဲ့ လူတွေက ကျွန်မကို အသိအမှတ်ပြုပြီး လာမဲ့ ရွေးကောက်ပွဲမှာ ကျွန်မကို မဲပေးကြမှာလေ။ ကျွန်မ ရှာခဲ့သမျှက အဆင့်အတန်းနဲ့ နာမည်ဂုဏ်သတင်းဖြစ်ပြီး၊ ကျွန်မ လုပ်ခဲ့သမျှက အဆင့်အတန်းရဖို့ ပဲ ဖြစ်ခဲ့တယ်။ ကျွန်မက အန္တိခရစ်တစ်ယောက်ရဲ့ လမ်းကြောင်းကို လျှောက်နေခဲ့တာပဲ။ ဒါကို သဘောပေါက်တော့၊ ကျွန်မ အရမ်းကို နောင်တရမိတယ်။ အဲဒါနဲ့ ကျွန်မ ဘုရားဆီ ဆုတောင်းတယ်။ “အို ဘုရားသခင်၊ ကျွန်မတာဝန်မှာ သမ္မာတရားကို ကျွန်မ မလိုက်စားခဲ့ပါဘူး။ အဆင့်အတန်းနဲ့ နာမည်ဂုဏ်သတင်းအတွက် ကျွန်မ ပြိုင်ဆိုင်ခဲ့တယ်၊ ကိုယ်တော့်ကို ပုန်ကန်ပြီး အာခံခဲ့ပါတယ်။ ဘုရားသခင်၊ ဒီလို ကျွန်မ ဆက်နေဖို့ မလိုလားတော့ပါဘူး။ ကျွန်မ နောင်တရဖို့ အသင့်ဖြစ်နေပါပြီ။ ကျေးဇူးပြုပြီး ကျွန်မကိုယ်ကျွန်မ သိလာနိုင်အောင် ဉာဏ်အလင်းပေးပါ”လို့ပေါ့။

တစ်ခါ၊ ဝတ်ပြုဆုတောင်းချိန်မှာ၊ ဒီဘုရားနှုတ်ကပတ်တော်အပိုဒ်ကို အမှတ်တမဲ့ တွေ့တယ်။ “စာတန်ဆန်သော စိတ်သဘောထားတစ်ခုသည် လူတို့တွင် အမြစ်တွယ်ပြီး ၎င်းတို့၏ သဘာဝဖြစ်လာသည့်အခါ၊ ဤသည်မှာ ၎င်းတို့၏ စိတ်နှလုံးများတွင် အမှောင်နှင့် ဆိုးယုတ်မှုတို့ကို ထည့်ရန်နှင့် ၎င်းတို့အား မှားယွင်းသည့် လမ်းကြောင်းကို လိုက်စားကာ ရွေးချယ်စေရန် လုံလောက်ပေသည်။ ဖောက်ပြန်၍ စာတန်ဆန်သော စိတ်သဘောထား၏ တွန်းအားအောက်တွင် လူတို့၏ စံနှုန်းများ၊ မျှော်လင့်ချက်များ၊ ရည်မှန်းချက်များနှင့် ဘဝ၏ပန်းတိုင်များနှင့် ဦးတည်ရာများသည် အဘယ်နည်း။ ၎င်းတို့သည် အပြုသဘောဆောင်သော အရာများနှင့် ဆန့်ကျင်ဘက် မဖြစ်ပေဘူးလော။ ဥပမာအနေဖြင့် လူတို့သည် အမြဲတစေ နာမည်ကြီးလိုကြသည် သို့မဟုတ် ကျော်ကြားသူများ ဖြစ်လိုကြသည်။ သူတို့သည် ကြီးမားသောကျော်ကြားမှုနှင့် ဂုဏ်သိက္ခာကို ရယူ၍ ဘိုးဘေးများကို ဂုဏ်ပြုလိုကြသည်။ ယင်းတို့သည် အပြုသဘောဆောင်သော အရာများ ဖြစ်သလော။ ယင်းတို့သည် အပြုသဘောဆောင်သော အရာများနှင့် လုံးဝ မကိုက်ညီရုံမျှမက လူသားမျိုးနွယ်၏ ကံတရားအပေါ် ဘုရားသခင်၏အချုပ်အခြာအာဏာဥပဒေသနှင့် ဆန့်ကျင်ဘက်ဖြစ်သည်။...သင်တို့သည် မိမိတို့၏ အတောင်များကို အမြဲ ဖြန့်ကာ ပျံသန်းလိုကြသလော၊ အစဉ်သဖြင့် တစ်ဦးတည်းပျံသန်းလိုသလော။ ငှက်ငယ်လေးထက် လင်းယုန်တစ်ကောင်ဖြစ်လိုသလော။ ဤသည်မှာ မည်သည့်စိတ်သဘောထားနည်း။ ဤသည်မှာ လူသား၏ ပြုမူနေထိုင်မှု စည်းမျဉ်းဖြစ်သလော။ သင်၏ လူသား၏ ပြုမူနေထိုင်မှုအား လိုက်စားခြင်းသည် ဘုရားနှုတ်ကပတ်တော်အပေါ်တွင် အခြေခံသင့်သည်။ ဘုရားနှုတ်ကပတ်တော်များကသာ သမ္မာတရားဖြစ်သည်။ သင်တို့သည် စာတန်က ဖျက်ဆီးခြင်းကို အလွန်ပြင်းပြင်းထန်ထန်ခံထားရသည်။ စာတန်၏ စကားများဖြစ်သော ရိုးရာယဉ်ကျေးမှုကို သမ္မာတရားအဖြစ်၊ သင်၏ လိုက်စားမှု၏ ရည်ရွယ်ချက်အဖြစ် အစဉ် ခံယူသည်။ ထို့ကြောင့် သင်သည် လမ်းမှားလိုက်ရန်၊ ဘုရားအား အတိုက်အခံပြုသည့်လမ်းကို လျှောက်ရန် လွယ်ကူသည်။ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ အတွေးအမြင်များ၊ ၎င်းတို့ကြိုးပမ်းသည့် အရာများသည် ဘုရားသခင်၏ လိုအင်ဆန္ဒများနှင့်လည်းကောင်း၊ သမ္မာတရားနှင့်လည်းကောင်း၊ အရာခတ်သိမ်းအပေါ် ဘုရားသခင်၏ အချုပ်အခြာအာဏာဥပဒေသများနှင့်လည်းကောင်း၊ အရာခပ်သိမ်းအပေါ် သူ၏ စီစဉ်ညွှန်ကြားမှုနှင့်လည်းကောင်း၊ ပြီးလျှင် လူသားမျိုးနွယ်၏ ကံကြမ္မာအပေါ် သူ၏ ထိန်းချုပ်မှုနှင့်လည်းကောင်း ဆန့်ကျင်နေသည်။ ထို့ကြောင့် ဤလိုက်စားမှုမျိုးသည် လူသား၏ အတွေးများ၊ အယူအဆများအရ မည်မျှ သင့်တော်ပြီး ကျိုးကြောင်းသင့်သည်ဖြစ်စေ ဘုရားသခင်၏ အမြင်တွင် ၎င်းတို့သည် အပြုသဘောဆောင်သောအရာများမဟုတ်ပေ။ ဘုရားသခင်၏ရည်ရွယ်ချက်များနှင့် မညီပေ။ သင်သည် လူသားမျိုးနွယ်၏ ကံကြမ္မာအပေါ် ဘုရားသခင်၏ အချုပ်အခြာအာဏာအမှန်တရားကို ဆန့်ကျင်သောကြောင့်၊ တစ်ဦးတည်းလျှောက်လှမ်းချင်ပြီး သင်၏ ကံကြမ္မာကို သင်ကိုယ်တိုင် စီမံခန့်ခွဲလိုသောကြောင့် သင်သည် အစဉ်သဖြင့် အတားအဆီးများနှင့် ဝင်ဝင်တိုးနေသည်မှာ အလွန်ပြင်းထန်သောကြောင့် သင်၏ခေါင်းမှ သွေးများစီးကျသည်အထိ ဖြစ်သည်။ မည်သည့်အရာကမျှ သင့်အတွက် အလုပ်မဖြစ်ပေ။ အဘယ်ကြောင့် မည်သည့်အရာကမျှ သင့်အတွက် အလုပ်မဖြစ်သနည်း။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင် တည်ဆောက်ထားသော ဥပဒေသများကို မည်သည့်ဖန်ဆင်းခံကမျှ ပြောင်းလဲ၍ မရနိုင်သောကြောင့်ဖြစ်သည်။ ဘုရားသခင်၏ ဩဇာအာဏာနှင့် တန်ခိုးသည် အရာအားလုံးအထက်တွင် ရှိသည်။ မည်သည့်ဖန်ဆင်းခံကမျှ ချိုးဖျက်၍ မရပေ။ လူတို့သည် ၎င်းတို့၏ အရည်အချင်းများကို အလွန်အထင်ကြီးကြသည်။ လူတို့ကို ဘုရားသခင်၏ အချုပ်အခြာအာဏာမှ အစဉ် လွတ်မြောက်လိုစိတ်ဖြစ်ရန်၊ ၎င်းတို့၏ ကိုယ်ပိုင်ကံကြမ္မာကို အစဉ်ထိန်းချုပ်ပြီး ၎င်းတို့၏ ကိုယ်ပိုင်အနာဂတ်ကို စီစဉ်လိုစိတ်ဖြစ်ရန်၊ ၎င်းတို့၏ မျှော်လင့်ချက်များ၊ ဦးတည်ချက်နှင့် ဘဝပန်းတိုင်များကို ထိန်းချုပ်လိုစိတ်ဖြစ်ရန် ဖြစ်စေသည့်အရာမှာ အဘယ်နည်း။ ဤစမှတ်သည် မည်သည့်နေရာမှ လာသနည်း။ (ဖောက်ပြန်ပျက်စီးသော ဆိုးယုတ်သည့် စိတ်သဘောထားမှ လာသည်။) သို့ဆိုလျှင် ဖောက်ပြန်ပျက်စီးသည့် ဆိုးယုတ်သော စိတ်သဘောထားက လူတို့အား မည်သည့်အရာကို ဆောင်ကြဉ်းပေးသနည်း။ (ဘုရားသခင်ကို ဆန့်ကျင်ခြင်းဖြစ်ပါသည်။) လူတို့ ဘုရားသခင်ကို ဆန့်ကျင်ရာမှ မည်သည့်အရာလာသနည်း။ (နာကျင်မှုလာပါသည်။) နာကျင်မှုလော။ ယင်းမှာ ပျက်စီးခြင်းပင်တည်း။ နာကျင်မှုမှာ ယင်း၏ထက်ဝက်ပင် မဟုတ်ချေ။ သင့်မျက်စိရှေ့တည့်တည့်တွင် တွေ့ရသည်မှာ နာကျင်မှု၊ အပျက်သဘောဆောင်ခြင်းနှင့် ပျော့ညံ့ခြင်းတို့ဖြစ်ပြီး ယင်းမှာ အာခံခြင်းနှင့် တိုင်တန်းခြင်းများ ဖြစ်သည်။ ဤအရာများက မည်သည့်အဆုံးသတ်ကို ဆောင်ကြဉ်းလိမ့်မည်နည်း။ ပျက်သုဉ်းခြင်းပင်တည်း။ ဤသည်မှာ သေးငယ်သောကိစ္စ မဟုတ်သည့်အပြင် ကစားစရာမဟုတ်ပေ။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ သမ္မာတရားကို လက်ခံခြင်းအားဖြင့်သာ ဖောက်ပြန်သော စိတ်သဘောထားကို ဖြေရှင်းနိုင်၏) ဘုရားနှုတ်ကပတ်တော်တွေရဲ့ ဖော်ထုတ်မှုကတစ်ဆင့်၊ ကျွန်မ သဘောပေါက်လိုက်တယ်။ လူဟာ စာတန်ရဲ့ ဖောက်ပြန်ပျက်စီးတာ ခံရပြီးတဲ့နောက်မှာ သူ့ဘဝက မာနထောင်လွှား၊ စိတ်ကြီးဝင်တာ၊ ကောက်ကျစ်ဆိုးယုတ်ပြီး လှည့်စားတာတွေနဲ့ ပုံဖော်ထားတဲ့ စာတန်ဆန်ပြီး ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားရဲ့ အုပ်စိုးတာကို ခံခဲ့ရတယ်ဆိုတာပေါ့။ သူက ဘုရားရဲ့ အချုပ်အခြာအာဏာနဲ့ အစီအစဉ်တွေကို မကျိုးနွံမနာခံနိုင်တော့သလို ရည်မှန်းချက်၊ စိတ်ဆန္ဒတွေနဲ့ အမြဲ ပြည့်သွားခဲ့တယ်။ ကြီးမြတ်၊ ကျော်ကြားတဲ့ လူတစ်ယောက်ဖြစ်လာဖို ကြိုးပမ်းပြီး၊ မြင့်မားတဲ့ အဆင့်အတန်းကို ရပြီး လူတွေထဲက အကြီးမြတ်ဆုံးဖြစ်လာဖို့ ကြိုးစားနေခဲ့တယ်။ “လူသားသည် အထက်သို့ ရုန်းကန်ဆန်တက်သည်၊ ရေသည်နိမ့်ရာသို့ စီးဆင်း၏” ဆိုတာနဲ့ “ဗိုလ်ချုပ်ကြီးတွေဖြစ်ဖို့ မကြိုးပမ်းတဲ့ စစ်သားတွေက မကောင်းတဲ့ စစ်သားတွေပဲ”ဆိုတဲ့ စာတန်ဆန်တဲ့ အတွေးအခေါ်တွေက ကျွန်မ စိတ်နှလုံးထဲမှာ အမြစ်တွယ်နေတာ ကြာပြီ။ ဒီလိုနဲ့ နာမည်ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို ရှာတာကို သဘာဝကျတဲ့ ရည်မှန်းချက်တစ်ခုအနေနဲ့ ကျွန်မ မြင်ခဲ့တယ်။ ကျောင်းမှာ၊ ထိပ်ဆုံး ကျောင်းသူဖြစ်ဖို့ ကျွန်မ ကြိုးစားခဲ့ပြီး၊ စာမေးပွဲတွေမှာ ကောင်းကောင်း မဖြေနိုင်ရင်၊ နောက်ပိုင်း ရက်အတော်ကြာ ကျွန်မ စိတ်ဖိစီးခဲ့ရတယ်။ ဘွဲရပြီးတော့ အလုပ်ဝင်လုပ်တဲ့အခါမှာ အကောင်းဆုံး ဝန်ထမ်းတစ်ယောက် ဖြစ်လာဖို့ ကျွန်မ လုံ့လဝီရိယရှိရှိနဲ့ အလုပ်လုပ်ခဲ့တယ်။ အကြီးအကဲရဲ့ မျက်နှာသာရဖို့နဲ့ ရာထူးတိုးမဲ့ အခွင့်အရေးရအောင် အချိန်ပို အလုပ်လုပ်ဖို့ စေတနာ့ဝန်ထမ်းလုပ်ခဲ့ပြီး အခက်ဆုံး အလုပ်တွေကို ရွေးခဲ့တယ်။ ကျွန်မ ယုံကြည်ခြင်းထဲ စဝင်ရောက်တာနဲ့၊ အသင်းတော်မှာ ကြီးကြပ်ရေးမှူး ဒါမှမဟုတ် ခေါင်းဆောင်ဖြစ်လာပြီးတော့ တခြားလူတွေရဲ့ လေးစားမှုနဲ့ အားပေးမှုကို ရနိုင်မယ်လို့ ယုံကြည်ခဲ့တယ်။ ဒါကြောင့် မြင့်မားတဲ့ အဆင့်အတန်းကို ရဖို့ ကျွန်မ ကြိုးပမ်းခဲ့တယ်။ အထူးသဖြင့် ကျွန်မ အဖွဲ့ခေါင်းဆောင်ဖြစ်လာပြီး ညီအစ်ကို မောင်နှမတွေရဲ့ အသိအမှတ်ပြုတာကို ရတဲ့အခါ၊ ကျွန်မရဲ့ ရည်မှန်းချက်နဲ့ စိတ်ဆန္ဒက ပိုကြီးလာခဲ့တယ်။ ကျွန်မ ပိုပြီးတော့ မာနထောင်လွှားလာခဲ့တယ်။ ကြီးကြပ်ရေးမှူး ဒါမှမဟုတ် ခေါင်းဆောင်တစ်ယောက်အနေနဲ့တောင် ရာထူးတိုးခံရဖို့ ကျွန်မမှာ အရင်းအနှီးနဲ့ အရည်အချင်းတွေ ရှိတယ်လို့ တွေးနေပြီးတော့ပေါ့။ ကျွန်မထက် အဒဲလ်ကို ခေါင်းဆောင်က ရာထူးတိုးပေးလိုက်တဲ့အခါ၊ ကျွန်မ အတိုက်အခံဖြစ်ပြီး မကျေမချမ်း ဖြစ်တယ်။ ကျွန်မတို့အလုပ်မှာ သူ့ကို ထောက်ပံ့ပြီး သူနဲ့ ပူးပေါင်းလုပ်ချင်စိတ်မရှိခဲ့ဘူး။ သူနဲ့ ယှဉ်ပြိုင်ဖို့လည်း ကျွန်မ အမြဲ ကြိုးစားနေခဲ့တယ်။ ပြဿနာတွေကို ကျွန်မ ဘယ်လိုဖြေရှင်းနိုင်တယ်ဆိုတာ ပြဖို့ အခွင့်အရေးတွေကို ကျွန်မ ခဏခဏ အမိအရအသုံးချတယ်။ တစ်ဖက်မှာတော့ အဒဲလ်ကို သူဟာ ကျွန်မနဲ့ အဆင့်မတူဘူးလို့ ထင်စေချင်ခဲ့တယ်။ တခြားတစ်ဖက်မှာတော့ ကျွန်မက သူ့ထက် ပိုပါရမီရှိတယ်ဆိုတာကို ညီအစ်ကို မောင်နှမတွေဆီ ကျွန်မ ပြဖို့ ကြိုးစားနေခဲ့တယ်။ ဒီလိုနဲ့ လူတိုင်းက ပြဿနာတွေရှိတဲ့အခါ ကျွန်မဆီ လာကြမယ်၊ ပြီးတော့ နောက်ထပ် ရွေးကောက်ပွဲ ကျင်းပရင် ကျွန်မကို အရင်စဉ်းစားကြမယ်လို့ မျှော်လင့်ခဲ့တယ်။ တခြားဘယ်အရာမဆိုထက် အဆင့်အတန်းက ပိုအရေးကြီးတယ်လို့ ကျွန်မ ယူဆခဲ့ပြီး အနှောင့်အယှက်တွေ ထပ်တလဲလဲ ကြုံရတာတောင် ကိုယ့်ကိုယ်ကိုယ် လုံးဝ မသုံးသပ်ခဲ့ဘူး။ ဒါ့အပြင် ကျွန်မက အလုပ်တချို့ကို ကောင်းကောင်း ထမ်းဆောင်နိုင်လို့ ကျွန်မမှာ အရင်းအနှီးရှိပြီး၊ တခြားလူတွေရဲ့ ခေါင်းဆောင်တစ်ယောက် ဖြစ်သင့်တယ်လို့ တွေးပြီးတော့ ကျွန်မ မကျေမချမ်းနဲ့ မခံမရပ်နိုင်ဖြစ်တယ်။ ကျွန်မ မယုံနိုင်အောင် မာနထောင်လွှားပြီး အရှက်မဲ့ခဲ့တယ်။ ဒါကို သုံးသပ်ကြည့်တဲ့အခါ၊ ကျွန်မက အဆင့်အတန်းကိုရှာဖို့အတွက်ပဲ ဘုရားကို ယုံကြည်ခဲ့တာဖြစ်မှန်း သဘောပေါက်လိုက်တယ်။ သမ္မာတရား လိုက်စားတာကို ကျွန်မ ဦးစားမပေးခဲ့တဲ့အပြင် ကျွန်မမှာ သမ္မာတရား စစ်မှန်မှု အရမ်းနည်းတယ်။ အဲဒီလိုနဲ့ ခေါင်းဆောင်နဲ့ အမှုဆောင်တွေ ထမ်းဆောင်ရမဲ့ ဘာမည်မည်ရရ အလုပ်ကိုမှ လုပ်နိုင်မှာကို မဟုတ်ဘူး။ ပြီးတော့ ကျွန်မမှာ မကောင်းတဲ့ လူ့သဘာဝလည်းရှိတယ်။ အဲဒါက ကျွန်မကို ပိုလို့တောင် ခေါင်းဆောင်ဖြစ်ဖို့ အရည်အချင်း လျော့စေတယ်။ ကျွန်မသာ ခေါင်းဆောင်အနေနဲ့ အရွေးခံခဲ့ရရင်၊ ညီအစ်ကို မောင်နှမတွေကိုရော၊ အသင်းတော်ကိုပါ ထိခိုက်မှာ။

အဲဒီနောက်မှာ၊ နာမည်ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို လိုက်စားခြင်းရဲ့ သဘာဝနဲ့ အကျိုးဆက်တွေကို ကျွန်မကို ပိုနားလည်သွားစေခဲ့တဲ့ ဘုရားနှုတ်ကပတ်တော် နောက်ထပ်နှစ်ပိုဒ်ကို ကျွန်မ ဖတ်ခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်တွေက ပြောတယ်။ “တစ်စုံတစ်ဦးက ၎င်းသည် သမ္မာတရားကို ချစ်ကြောင်းနှင့် ၎င်းသည် သမ္မာတရားကို လိုက်စားကြောင်း ပြောသော်လည်း၊ အနှစ်သာရအားဖြင့် ၎င်းတို့လိုက်စားသည့် ပန်းတိုင်သည် ဂုဏ်အဆင့်အတန်း ရဖို့၊ မိမိကိုယ်ကို ထင်ပေါ်ဂုဏ်တက်စေဖို့၊ ကြွားဝါဖို့၊ လူများက ၎င်းကို အထင်ကြီးစေဖို့၊ မိမိ၏တစ်ကိုယ်ရေ အကျိုးစီးပွားကို ရရှိဖို့ဖြစ်ပြီး ၎င်း၏တာဝန်ကို ထမ်းဆောင်ခြင်းသည် ဘုရားသခင်ကို ကျိုးနွံနာခံဖို့ဖြစ်စေ၊ စိတ်ကျေနပ်စေဖို့ဖြစ်စေ မဟုတ်ဘဲ၊ ထိုအစား ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် ဂုဏ်အဆင့်အတန်းကို ရရှိဖို့ ဖြစ်ပါက ၎င်း၏လိုက်စားမှုသည် လျော်ကန်ခြင်းမရှိပေ။ ထိုသို့ဖြစ်၍ အသင်းတော်၏အလုပ်နှင့်ပတ်သက်ပါက ၎င်းတို့ ၏ လုပ်ရပ်များသည် အဟန့်အတားတစ်ခုဖြစ်သလော၊ သို့မဟုတ် ၎င်းတို့သည် ရှေ့ဆက်တိုးတက်ဖို့ ကူညီပေးသလော။ ၎င်းတို့သည် အဟန့်အတားဖြစ်သည်မှာ သိသာထင်ရှားပေသည်။ ၎င်းတို့သည် ရှေ့ဆက်တိုးတက်အောင် မလုပ်ပေ။ အသင်းတော်၏ အလုပ်ကို လုပ်ဆောင်သည့် အောင်လံတံခွန် လွှင့်သော်လည်း မိမိတို့၏ကိုယ်ပိုင် ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် ဂုဏ်အဆင့်အတန်းကို လိုက်စားကာ၊ မိမိတို့၏ကိုယ်ပိုင် လုပ်ငန်းကို လုပ်ဆောင်ပြီး၊ မိမိတို့၏ကိုယ်ပိုင် အုပ်စုလေး၊ မိမိတို့၏ကိုယ်ပိုင် နိုင်ငံလေးကို ဖန်တီးသူအချို့ဖြစ်သည့် ဤလူအမျိုးအစားသည် မိမိ၏တာဝန်ကို ထမ်းဆောင်နေခြင်းလော။ ၎င်းတို့ လုပ်သမျှ အလုပ်အားလုံးသည် အသင်းတော်၏အလုပ်ကို အထူးသဖြင့် နှောင့်ယှက်ဖျက်ဆီးပြီး၊ ထိခိုက်စေသည်။ ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်တို့ကို ၎င်းတို့ လိုက်စားခြင်း၏ အကျိုးဆက်မှာ အဘယ်နည်း။ ပထမဦးစွာ ဤသည်မှာ ဘုရားသခင် ရွေးချယ်ထားသောသူများက ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ပုံမှန်စားသောက်ပုံနှင့် သမ္မာတရားကို နားလည်ပုံကို ထိခိုက်သည်။ ၎င်းတို့၏ အသက်ဝင်ရောက်မှုကို တားဆီးသည်။ ၎င်းတို့အား ဘုရားသခင်ကို ယုံကြည်ခြင်း၌ မှန်ကန်သော လမ်းကြောင်းသို့ ဝင်ရောက်ခြင်းမှ တားဆီးပြီး လမ်းမှားသို့ ဆိုက်ရောက်စေသည်။ ယင်းသည် ရွေးချယ်ခံရသူများကို ဘေးဖြစ်စေပြီး ၎င်းတို့အား ပျက်စီးစေသည်။ ပြီးလျှင် ယင်းက အဆုံးတွင် အသင်းတော်၏ အလုပ်ကို အဘယ်အရာ ဖြစ်စေသနည်း။ နှောင့်ယှက်ခြင်း၊ ထိခိုက်ခြင်းနှင့် ဖြိုဖျက်ခြင်း၊တို့ ဖြစ်စေသည်။ ဤသည်မှာ လူတို့၏ ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် ဂုဏ်အဆင့်အတန်းနောက်သို့ လိုက်ခြင်းမှ ဖြစ်ပေါ်လာသော အကျိုးဆက်ဖြစ်သည်။ ၎င်းတို့သည် တာဝန်ကို ဤနည်းလမ်းဖြင့် ထမ်းဆောင်သည့်အခါ ဤအရာကို အန္တိခရစ်တစ်ဦး၏ လမ်းကြောင်းကို လျှောက်ခြင်းအဖြစ် မသတ်မှတ်နိုင်သလော။ လူများ အား ကျော်ကြားမှု၊ အကျိုးအမြတ်နှင့်ဂုဏ်အဆင့်အတန်းတို့ကို ဘေးဖယ်ထားဖို့ ဘုရားသခင်က တောင်းဆိုသည့်အခါ သူသည် လူများ၏လွတ်လပ်စွာ ရွေးချယ်ခွင့်ကို ပိတ်ပင်နေခြင်း မဟုတ်ချေ။ ယင်းထက် ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် ဂုဏ်အဆင့်အတန်းတို့ကို လိုက်စားစဉ်တွင် လူများသည် အသင်းတော်၏ အလုပ်နှင့် ဘုရားသခင် ရွေးချယ်ထားသောသူများ၏ အသက်ဝင်ရောက်မှုကို နှောင့်ယှက်ပြီး ဖျက်လိုဖျက်ဆီးလုပ်ကာ ပို၍များသောလူများ၏ ဘုရားနှုတ်ကပတ်တော်များကို စားသောက်ခြင်းနှင့် သမ္မာတရား နားလည်ခြင်းတို့အပေါ်တွင် ဩဇာလွှမ်းမိုးမှုများ ရှိနိုင်ပြီး၊ ထိုသို့ဖြင့် ဘုရားသခင်၏ကယ်တင်ခြင်းကို ရရှိခြင်းအပေါ် ဩဇာလွှမ်းမိုးမှု ရှိသောကြောင့် ဖြစ်လေသည်။ ဤသည်မှာ မငြင်းခုံနိုင်သော အချက်ဖြစ်သည်။ လူများသည် မိမိတို့၏ ကိုယ်ပိုင် ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် ဂုဏ်အဆင့်အတန်းတို့ကို လိုက်စားသည့်အခါတွင်၊ ၎င်းတို့သည် သမ္မာတရားကို လိုက်စားမည် မဟုတ်ကြောင်း၊ ၎င်းတို့သည် မိမိတို့၏ တာဝန်ကို သစ္စာရှိစွာ ဖြည့်ဆည်းမည်မဟုတ်ကြောင်းမှာ သေချာပေသည်။ ၎င်းတို့သည် ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် ဂုဏ်အဆင့်အတန်းအတွက်သာ ပြောဆို လုပ်ဆောင်ကြလိမ့်မည်ဖြစ်ပြီး ၎င်းတို့ လုပ်ဆောင်သမျှသည် ထိုအရာများအတွက်သာ ဖြစ်သည်မှာ ခြွင်းချက်တစ်စက်မျှ မရှိပေ။ ထိုသို့သော ပြုမူလုပ်ဆောင်ခြင်းသည် အန္တိခရစ်တို့၏ လမ်းကြောင်းကို လျှောက်ခြင်း ဖြစ်သည်မှာ သံသယမရှိပေ။ ယင်းမှာ ဘုရားအမှုတော်အပေါ် အနှောင့်အယှက်နှင့် အဖျက်အဆီးဖြစ်ပြီး ယင်း၏ အကျိုးဆက်မျိုးစုံမှာ နိုင်ငံတော် ဧဝံဂေလိတရား ပျံ့နှံ့ခြင်းနှင့် အသင်းတော်အတွင်း ဘုရားအလိုတော်ကို ဆောင်ရွက်ခြင်းကို တားဆီးခြင်း ဖြစ်သည်။ ထို့ကြောင့် ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် ဂုဏ်အဆင့်အတန်းကို လိုက်စားသူတို့ လိုက်လျှောက်သည့် လမ်းကြောင်းသည် ဘုရားသခင်ကို ခုခံသည့်လမ်းကြောင်း ဖြစ်သည်ဟု အသေအချာ ပြောနိုင်ပေသည်။ ယင်းမှာ သူ့ကို တမင်တကာ ခုခံခြင်း၊ ငြင်းပယ်ခြင်းဖြစ်သည်။ ယင်းသည် ဘုရားသခင်ကို ခုခံခြင်းနှင့် သူ့ကို ဆန့်ကျင်ဖို့ ရပ်တည်ရာ၌ စာတန်နှင့် ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်ပေသည်။ ဤသည်မှာ ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် ဂုဏ်အဆင့်အတန်းတို့နောက် လိုက်သည့် လူများ၏ သဘာဝ ဖြစ်လေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉ (အပိုင်း ၁))လူတို့သည် ဂုဏ်အဆင့်အတန်းကို လိုက်စားသောအခါတွင် ဘုရားသခင်က အစက်ဆုပ်ဆုံးဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အဆင့်အတန်းကိုလိုက်စားခြင်းသည် ဆိုးယုတ်သော စိတ်သဘောထားတစ်ခုဖြစ်သည်။ ယင်းက လမ်းမှားတစ်ခုဖြစ်သည်။ စာတန်၏ ဖောက်ပြန်ပျက်စီးခြင်းမှ မွေးဖွားလာသည်။ ယင်းသည် ဘုရားသခင်ရှုတ်ချသည့်အရာဖြစ်သည်။ ဘုရားသခင် တရားစီရင်ပြီး သန့်စင်သည့် အရာပင်ဖြစ်သည်။ အဆင့်အတန်းကို လူတို့ လိုက်စားသောအခါတွင် ဘုရားသခင်က အစက်ဆုပ်ဆုံးဖြစ်သည်။ သို့တိုင်အောင် သင်သည် ခေါင်းမာစွာဖြင့် အဆင့်အတန်းအတွက် ယှဉ်ပြိုင်သည်။ ယင်းကို မပျက်မကွက် ချစ်မြတ်နိုးပြီး ကာကွယ်သည်။ သင်ကိုယ်တိုင်အတွက် ရယူဖို့ အစဉ် ကြိုးစားသည်။ သဘာဝအရ ဤအရာအားလုံးသည် ဘုရားသခင်ကို ဆန့်ကျင်ခြင်းမရှိသလော။ ဘုရားသခင်က ရာထူးအဆင့်အတန်းကို လူတို့အတွက် မစီမံခဲ့ချေ။ ဘုရားသခင်သည် လူတို့အား သမ္မာတရား၊ လမ်းခရီးနှင့် အသက်ကို ပေးအပ်ပြီး ၎င်းတို့အား ရာထူးအဆင့်အတန်းနှင့် သြဇာတိက္ကမရှိပြီး လူထောင်ပေါင်းတို့၏ ကြည်ညိုခံရသောသူတစ်ဦး မဟုတ်ဘဲ နောက်ဆုံးတွင် လက်ခံနိုင်ဖွယ် ဖန်ဆင်းခံတစ်ဦး၊ သေးနုပ်ပြီး အရေးမပါသော ဖန်ဆင်းခံတစ်ဦး ဖြစ်လာစေသည်။ ထို့အတွက်ကြောင့် ယင်းကို မည်သည့်ရှုထောင့်မှ ကြည့်သည်ဖြစ်စေ ရာထူးအဆင့်အတန်းကို လိုက်စားခြင်းက တစ်ဖက်ပိတ်လမ်းဖြစ်သည်။ ရာထူးအဆင့်အတန်းကို လိုက်စားခြင်းအတွက် သင်၏အကြောင်းပြချက်က အဘယ်မျှ ကျိုးကြောင်းဆီလျော်သည်ဖြစ်စေ ဤလမ်းကြောင်းက လမ်းကြောင်းမှားတစ်ခုပင် ဖြစ်နေဆဲဖြစ်ကာ ဘုရားသခင်၏ လက်ခံခြင်းကို မခံရပေ။ သင်သည် အဘယ်မျှ ခက်ခက်ခဲခဲကြိုးစားသည်ဖြစ်စေ၊ သို့မဟုတ် အဖိုးအခကို အဘယ်မျှ ကြီးကြီးမားမားပေးဆပ်သည်ဖြစ်စေ ရာထူးအဆင့်အတန်းကို အလိုရှိပါက ဘုရားသခင်သည် သင့်ကို ပေးမည်မဟုတ်ပေ။ အကယ်၍ ယင်းကို ဘုရားသခင်မပေးပါက ယင်းကိုရရှိရန် ကြိုးစားရာတွင် သင် ကျရှုံးလိမ့်မည်ဖြစ်ပြီး၊ အကယ်၍ သင် ဆက်လက်ကြိုးစားနေပါက ရလဒ်တစ်ခုတည်းသာရှိလိမ့်မည်။ သင်သည် ထုတ်ဖော်ခံရပြီး ဖယ်ရှားရှင်းလင်းခြင်းခံရမည်ဖြစ်ကာ လမ်းဆုံးတစ်ခုဖြင့် ကြုံရလိမ့်မည်။ ဤအရာကို သင်နားလည်သည်မဟုတ်လော။(နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉ (အပိုင်း ၃)) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီး၊ အဆင့်အတန်းနဲ့ နာမည်ဂုဏ်သတင်း ရှာသူတွေကို သူ့ရဲ့ စိစစ်ခြင်းနဲ့ သရုပ်ဖော်ခြင်းတွေကို မြင်တဲ့အခါ၊ ကျွန်မရဲ့ စိတ်နှလုံးကို တကယ် ထိတယ်။ အဆင့်အတန်းနဲ့ နာမည်ဂုဏ်တင်း ရှာတာရဲ့ သဘာဝနဲ့ အကျိုးဆက်တွေက ဘယ်လောက် ဆိုးရွားတယ်ဆိုတာကို ကျွန်မ တကယ် သဘောမပေါက်ခဲ့ဘူး။ လူတွေက ဒီအရာတွေကို ရှာတဲ့အခါ၊ သူတို့က အသင်းတော် အလုပ်ကို တိုက်ရိုက် ဖြိုဖျက်၊ ဖျက်ဆီးတာဖြစ်ပြီး၊ စာတန်ရဲ့ လက်ပါးစေအနေနဲ့ အစေခံတာပဲ။ အဲဒီလိုလုပ်ရပ်တွေကို ဘုရားက ရှုတ်ချတယ်။ အဆင့်အတန်းကို ရှာတာက ဘုရားရဲ့ တောင်းဆိုချက်တွေနဲ့ ဆန့်ကျင်ပြီး၊ သူ့ကို တိုက်ရိုက် ဆန့်ကျင်တဲ့အနေနဲ့ ပြုမူနေတာပဲ။ ဒီလိုပြုမူတာက ပျက်စီးဖို့ လမ်းတစ်ခုပဲ။ ကျွန်မတို့ရဲ့ အရင်က ကြီးကြပ်ရေးမှူးက တကယ့် အလုပ်မလုပ်တဲ့အတွက် အထုတ်ခံခဲ့ရတာလေ။ ဒီတော့ အဒဲလ် ဝင်လာတဲ့အချိန်မှာ အသင်းတော် အလုပ်အတွက် အရမ်းအကျိုးရှိခဲ့တယ်။ ဘာလို့လဲဆိုတော့ သူက သမ္မာတရားကို လိုက်စားတဲ့သူဖြစ်ပြီး၊ သူ့အပေါ်မှာ အမှုကိစ္စတွေ ဖြစ်တဲ့အခါ သမ္မာတရား စည်းမျဉ်းရှာတာကို တကယ် ဦးစားပေးပြီး တကယ့် အလုပ်တချို့ကို လုပ်နိုင်လို့ပဲ။ သူ့ကို ကျွန်မ ပံ့ပိုးပေးပြီး သူနဲ့ ပူးပေါင်းလုပ်ခဲ့သင့်တယ်။ ဒါပေမဲ့ ကျွန်မက နာမည်ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို စွဲလမ်းလွန်လာခဲ့လို့၊ ကြီးကြပ်ရေးမှူးအနေနဲ့ အဒဲလ် ခန့်အပ်ခံခဲ့ရတာကို လက်မခံနိုင်ခဲ့ဘူး။ ကျွန်မတို့ အလုပ်ကိစ္စ အတူဆွေးနွေးဖို့ သူ အဆိုပြုတဲ့အခါ ကျွန်မ သူနဲ့ ပူးပေါင်းလုပ်ဖို့ အကြိမ်ကြိမ် ငြင်းခဲ့တယ်။ ဒါကြောင့် အဒဲလ်က စိတ်ကျဉ်းကျပ်ပြီး အပျက်သဘောဆောင်သွားတယ်။ ပြီးတော့ အသင်းတော်အလုပ်က မကောင်းတဲ့ဘက်ကနေ သက်ရောက်မှုရှိသွားတယ်။ ကျွန်မကိုယ်ကျွန်မ သုံးသပ်ဖို့ ပျက်ကွက်ခဲ့ရုံမက၊ သူ့ကို ကျွန်မ လုပ်ခဲ့တဲ့အရာအတွက် တာဝန်မယူခဲ့ဘူး။ သူက ကြီးကြပ်ရေးမှူးနေရာအတွက် မကိုက်လို့ သူက အပျက်သဘောဆောင်လာခဲ့တာပဲလို့ တွေးနေခဲ့တယ်။ ကျွန်မက သူ့ရာထူးနေရာထဲကို မသိမသာဝင်လို့ရအောင် သူ့အနေနဲ့ ဒါဟာ သူ့အတွက် များလွန်းတယ်လို့ နောက်ဆုံးမှာ သဘောပေါက်ပြီး နုတ်ထွက်သွားမဲ့အချိန်ကိုတောင် မျှော်လင့်ခဲ့တယ်။ ကျွန်မက အသင်းတော်အလုပ်ကို ပိတ်ဆို့ပြီး နှောင့်ယှက်နေခဲ့တာ မဟုတ်လား။ အသိအမှတ်ပြုခံရအောင် အလုပ်ကိစ္စဆွေးနွေးပြီး ညီအစ်ကို မောင်နှမတွေကို ကူညီဖို့ အခွင့်အရေးတွေကိုတောင် ကျွန်မ အသုံးချခဲ့တယ်။ ဒီလိုနဲ့ သူတို့က အဒဲလ်ကို ပြယုဂ်တစ်ခုအနေနဲ့ပဲ ထားပြီးတော့ ပြဿနာတွေ ရှိတဲ့အခါ ကျွန်မဆီ လာကြအောင်ပေါ့။ ကျွန်မက စာတန်ရဲ့ လက်ပါးစေအနေနဲ့ ပြုမူနေပြီး အသင်းတော် အလုပ်ကို နှောင့်ယှက်၊ ဖြိုဖျက်နေခဲ့တာပဲ။ ကျွန်မက မကောင်းမှုလုပ်ပြီး ဘုရားကို အာခံနေခဲ့တာ။ ဘုရားနှုတ်ကပတ်တော်တွေက ပြောတယ်။ “သင်သည် အဘယ်မျှ ခက်ခက်ခဲခဲကြိုးစားသည်ဖြစ်စေ၊ သို့မဟုတ် အဖိုးအခကို အဘယ်မျှ ကြီးကြီးမားမားပေးဆပ်သည်ဖြစ်စေ ရာထူးအဆင့်အတန်းကို အလိုရှိပါက ဘုရားသခင်သည် သင့်ကို ပေးမည်မဟုတ်ပေ။ အကယ်၍ ယင်းကို ဘုရားသခင်မပေးပါက ယင်းကိုရရှိရန် ကြိုးစားရာတွင် သင် ကျရှုံးလိမ့်မည်ဖြစ်ပြီး၊ အကယ်၍ သင် ဆက်လက်ကြိုးစားနေပါက ရလဒ်တစ်ခုတည်းသာရှိလိမ့်မည်။ သင်သည် ထုတ်ဖော်ခံရပြီး ဖယ်ရှားရှင်းလင်းခြင်းခံရမည်ဖြစ်ကာ လမ်းဆုံးတစ်ခုဖြင့် ကြုံရလိမ့်မည်။” အဆင့်အတန်းကို ရှာတဲ့နေရာမှာ၊ ကျွန်မက ဘုရားကို အတိုက်အခံလုပ်တဲ့ လမ်းကြောင်းကို လျှောက်နေခဲ့ပြီး၊ တစ်ခုတည်းသော အဆုံးသတ်က သေခြင်းဖြစ်မယ်ဆိုတာကို ကျွန်မ သဘောပေါက်လိုက်တယ်။ ဒါက ကျွန်မကို အကြောက်တရားနဲ့ ပြည့်သွားစေတယ်။ အဆင့်အတန်းနဲ့ နာမည်ဂုဏ်သတင်းကို ကျွန်မ ရှာတာက ဆိုးရွားတဲ့ ပြဿနာတစ်ခု ဖြစ်လာပြီး၊ ကျွန်မ အဲဒီအတိုင်း ဆက်သွားရင်၊ ကျွန်မရဲ့ ရည်မှန်းချက်နဲ့ စိတ်ဆန္ဒက ဆက်ကြီးလာနေမှာပဲ။ အဆင့်အတန်း တကယ်ရရင် ဘယ်လို မကောင်းတဲ့အရာတွေ ကျွန်မ လုပ်မယ်ဆိုတာ ဘယ်သူသိမလဲ။ ကျွန်မ မြန်မြန် နောင်တမရဘဲ အဲဒီလို မှားယွင်းတဲ့ လိုက်စားမှု လမ်းကြောင်းပေါ် ဆက်ရှိနေရင်၊ နောက်ဆုံးမှာ ကြီးမားတဲ့ မကောင်းမှုတစ်ခုခု ကျူးလွန်ပြီး ဘုရားရဲ့ ဖယ်ရှားရှင်းလင်းပြီး အပြစ်ပေးတာ ခံရမှာပဲ။

နောက်ပိုင်း၊ စုဝေးပွဲတစ်ခုမှာ၊ ဒီဘုရားနှုတ်ကပတ်တော်အပိုဒ်ကို ကျွန်မ တွေ့ခဲ့တယ်။ “ဖန်ဆင်းခံ လူသားမျိုးနွယ်အဖွဲ့ဝင်တစ်ဦးအနေဖြင့် လူတစ်ယောက်သည် သူ၏ကိုယ်ပိုင်နေရာကို ထိန်းသိမ်းပြီး တာဝန်သိသိ ကျင့်ကြံပြုမူရမည်။ ဖန်ဆင်းရှင်က တာဝန်ပေးစေခိုင်းထားသည့်အရာကို တာဝန်သိတတ်စွာနှင့် စောင့်ရှောက်ရမည်။ စည်းကျော်၍ မလုပ်ရ၊ သို့မဟုတ် မိမိတတ်နိုင်သည့် နယ်ပယ်ထက် ကျော်၍မလုပ်ရ၊ သို့မဟုတ် ဘုရားသခင် စက်ဆုပ်သည့် အရာများကို မလုပ်ရ။ ကြီးမြတ်သောသူတစ်ဦး၊ မဟာလူသားတစ်ဦး သို့မဟုတ် ကြီးကျယ်ခမ်းနားသောပုဂ္ဂိုလ်တစ်ဦးဖြစ်အောင်မကြိုးစားနှင့်။ ပြီးလျှင် ဘုရားဖြစ်အောင်လည်း မကြိုးစားနှင့်။ ဤသည်မှာ လူတို့ဆန္ဒမပြုသင့်သည့် အရာဖြစ်သည်။ ကြီးမြတ်ရန်၊ သို့မဟုတ် အာဂလူသားဖြစ်ရန် ကြိုးစားလုပ်ဆောင်ခြင်းက အဓိပ္ပာယ်မရှိပေ။ ဘုရားဖြစ်ရန် ကြိုးစားလုပ်ဆောင်ခြင်းက ပို၍ပင် ဆိုးဝါးသည်။ ဤသည်မှာ ရွံ့ရှာစက်ဆုပ်ဖွယ်ဖြစ်ပြီး ယုတ်ညံ့၏။ ချီးကျူးထိုက်ပြီး အရာအားလုံးထက် ဖန်ဆင်းခံတို့ စွဲကိုင်ထားသင့်သည့် အရာမှာ စစ်မှန်သည့် ဖန်ဆင်းခံဖြစ်ရန်ဖြစ်၏။ ဤသည်မှာ လူအားလုံး လိုက်လျှောက်သင့်သည့် တစ်ခုတည်းသော ပန်းတိုင်ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၁)) လူတွေက ဖန်ဆင်းခံတွေ သက်သက်ပဲဆိုတာနဲ့ ကျွန်မတို့အနေနဲ့ ကျွန်မတို့ရဲ့ သတ်မှတ်ထားတဲ့ နေရာတွေကို ထိန်းသိမ်းပြီး လက်ရှိ တာဝန်တွေအပေါ် အာရုံစိုက်သင့်တယ်ဆိုတာတွေကို ဘုရားနှုတ်ကပတ်တော်တွေကတစ်ဆင့် ကျွန်မ သဘောပေါက်သွားတယ်။ လူက ကြီးမားတဲ့ အဆင့်အတန်းရှိတဲ့ ထူးခြားတဲ့လူတစ်ယောက် ဖြစ်လာဖို့ အမြဲ ဆန္ဒရှိတာက သူ့ရဲ့ ရည်ရွယ်ချက်၊ စိတ်ဆန္ဒနဲ့ စာတန်ဆန်တဲ့ စိတ်သဘောထားတွေကြောင့်ပဲ။ အသင်းတော်ခေါင်းဆောင်အနေနဲ့ ခန့်အပ်ခံရတာက အဆင့်အတန်း ပေးအပ်ခံရတာ မဟုတ်ဘဲ၊ သမ္မာတရား စည်းမျဉ်းတွေအတိုင်း ကိုယ့်တာဝန်ကို ကောင်းကောင်း ထမ်းဆောင်ဖို့ပဲ။ ကျွန်မမှာ အဆင့်အတန်းတစ်ခုခု ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ ကျွန်မ တာဝန်သိသိ ပြုမူပြီး ကျွန်မတာဝန်ကို ထိန်းသိမ်းရဦးမယ်။ ကျွန်မ အသံတိတ် ဆုံးဖြတ်ချက်ချလိုက်တယ်။ ဘယ်သူက ခေါင်းဆောင်အနေနဲ့ အရွေးခံရပါစေ၊ ကျွန်မရဲ့ လက်ရှိ နေရာမှာ ကျွန်မ ခိုင်ခိုင်မာမာ ရပ်တည်ပြီး၊ ကျွန်မရဲ့ တာဝန်ကို တာဝန်သိသိနဲ့ ဖြည့်ဆည်းမယ်။ ကျွန်မ အရွေးခံရသည်ဖြစ်စေ၊ ဒါမှမဟုတ် မြင့်မားတဲ့ အဆင့်အတန်း ကျွန်မ ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ၊ ခေါင်းဆောင်ရဲ့ အလုပ်ကို ကျွန်မ ပံ့ပိုးပြီး၊ တခြားလူအားလုံးနဲ့ စိတ်နဲ့နှလုံး တစ်လုံးတစ်ဝတည်းနဲ့ တာဝန်တွေကို မှန်မှန်ကန်ကန် ထမ်းဆောင်မယ်လို့ပေါ့။ နှစ်ရက်သုံးရက်ကြာပြီးတဲ့နောက်မှာ၊ ကျွန်မတို့အလုပ်နဲ့ပတ်သက်လို့ ကျွန်မကိုအစီရင်ခံခိုင်းဖို့ အသစ်အရွေးခံရတဲ့ ခေါင်းဆောင်လာတဲ့အချိန်မှာ၊ အရာရာကို ကျွန်မ တတ်နိုင်သမျှ တိတိကျကျ ရှင်းပြခဲ့တယ်။ အဲဒါမှ ခေါင်းဆောင်က အလုပ်ကို ကောင်းကောင်း သဘောပေါက်ပြီး ကျွမ်းကျွမ်းကျင်ကျင် ဆက်လုပ်နိုင်မှာလေ။ အလုပ်အကြောင်း ဆွေးနွေးချိန်မှာ၊ ကျွန်မတို့အလုပ်အတွက် ဘယ်လို ပြုမူဆောင်ရွက်တဲ့ နည်းလမ်းက အကျိုးအရှိဆုံးဖြစ်မယ်ဆိုတာကို ကျွန်မ စဉ်းစားပြီး၊ ကျွန်မမှာရှိတဲ့ အကြံဉာဏ်ကောင်းတစ်ခုခုကို ချက်ချင်း တင်ပြတယ်။ ခေါင်းဆောင်အနေနဲ့ ဘယ်သူက အစေခံသည်ဖြစ်စေ၊ အရေးကြီးတဲ့အရာက ကျွန်မတို့အလုပ်ကို လုပ်တဲ့နေရာမှာ ပူးပေါင်းလုပ်ပြီး ဖြစ်ပေါ်လာတဲ့ ဘယ်ပြဿနာကိုမဆို ဖြေရှင်းဖို့ပဲ။ လက်ထဲရှိတဲ့အလုပ်နဲ့ ကျွန်မတို့တာဝန်ကို အထိရောက်ဆုံးနည်းနဲ့ လုပ်ဖို့ လူတိုင်းနဲ့ ဘယ်လို တွဲလုပ်ရမယ်ဆိုတာကို ကျွန်မ စအာရုံစိုက်လိုက်တာနဲ့တစ်ပြိုင်နက် ကျွန်မ အများကြီးပိုပြီး စိတ်အေးသွားတယ်။

နှစ်လအကြာမှာ၊ ခေါင်းဆောင်ကို တခြားတာဝန်တစ်ခု ပြောင်းပေးလိုက်ပြီး ရွေးကောက်ပွဲ အသစ်မှာ ကျွန်မက နောက်ဆုံးတော့ ခေါင်းဆောင်အနေနဲ့ အရွေးခံခဲ့ရတယ်။ ညီအစ်မတစ်ယောက်က ကျွန်မကို ပြောတယ်။ “တကယ်တော့ အစ်မက ပါရမီရှိတဲ့ အမှုဆောင်တစ်ယောက် အမြဲဖြစ်ခဲ့တာဖြစ်ပြီး အစ်မတာဝန်မှာ အစ်မက တာဝန်ယူတတ်တယ်။ အရင်တုန်းက အစ်မက သမ္မာတရားကို မလိုက်စားခဲ့တော့ အစ်မအတွက် ကျွန်မတို့ မဲမပေးရဲခဲ့တာပါပဲ။ အခု ဘုရားနှုတ်ကပတ်တော်တွေရဲ့ တရားစီရင်၊ ဖော်ထုတ်မှုကို တွေ့ကြုံပြီးတဲ့နောက်မှာ အစ်မက အစ်မရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေကို သိလာခဲ့ပုံ၊ အပြောင်းအလဲတချို့ လုပ်ခဲ့ပုံ၊ အစ်မရဲ့ စကားနဲ့ လုပ်ရပ်တွေမှာ ပိုတည်ကြည်၊ တည်ငြိမ်လာခဲ့ပြီး စုဝေးပွဲတွေအတောအတွင်း အစ်မရဲ့ မိတ်သဟာယမှာ စိတ်ထဲရှိပြီး လက်တွေ့ကျတဲ့ အတွေးတွေကို အစ်မ ပိုဝေမျှခဲ့ပုံတွေကို ကျွန်မတို့ မြင်ရပြီ။ ဒီလို မသိမသာ ပြောင်းလဲမှုလေးတွေကိုပဲ အစ်မ လုပ်ပြီးတဲ့နောက်မှာတောင် လူတိုင်းက ကွာခြားမှုကို မြင်နိုင်ကြလို့ အစ်မအတွက် မဲပေးခဲ့ကြတာပဲ”လို့ပေါ့။ အဲဒီညီအစ်မရဲ့ ကြင်နာတဲ့ စကားတွေကို ကြားပြီးတဲ့နောက်မှာ၊ ဘုရားကို ကျွန်မ အရမ်းကျေးဇူးတင်မိတယ်။ ကျွန်မရဲ့ စစ်မှန်တဲ့ ဝိညာဉ်ရင့်ကျက်မှု၊ အဆင့်အတန်းနဲ့ ကိုယ်ပိုင်လက္ခဏာတွေကို သဘောပေါက်အောင် ကျွန်မကို ကူညီခဲ့တာက ဘုရားနှုတ်ကပတ်တော်တွေရဲ့ တရားစီရင်ခြင်းနဲ့ ဖော်ထုတ်ခြင်းတွေပါ။ ကျွန်မက စာတန်ရဲ့ အရမ်းဖျက်ဆီးတာ ခံခဲ့ရပြီး ဘာသမ္မာတရား စစ်မှန်မှုမှ မရှိတဲ့ ဖန်ဆင်းခံသတ္တဝါတစ်ယောက် သက်သက်ပါ။ ကျွန်မမှာ ပါရမီနဲ့ အစွမ်းအစတွေ တကယ်ရှိခဲ့ရင်တောင်၊ တခြား ညီအစ်ကို မောင်နှမတွေထက် ဘာမှ မကောင်းပါဘူး။ တဖြည်းဖြည်းနဲ့ အဆင့်အတန်းအတွက် ကျွန်မရဲ့ ရည်မှန်းချက်နဲ့ စိတ်ဆန္ဒတွေက အားနည်းသွားပြီး၊ ပိုနှိမ့်ချစွာနဲ့ ကျွန်မ စပြုမူတတ်လာခဲ့တယ်။ အရွေးခံရတဲ့ ခေါင်းဆောင်ဖြစ်ပြီးတဲ့နောက်မှာ ကိုယ့်ကိုယ်ကိုယ် ကျေနပ်စိတ် တဖွားဖွား မဖြစ်ခဲ့ဘူး။ အဲဒီအစား ကျွန်မတာဝန်ရဲ့ ဝန်ထုပ်ဝန်ပိုးနဲ့ တာဝန်သိစိတ်တစ်ခုကို ခံစားမိခဲ့တယ်။ ဒီလို သေးငယ်တဲ့ ပြောင်းလဲမှု ကျွန်မ လုပ်နိုင်ခဲ့တာက ဘုရားရဲ့ ကယ်တင်ခြင်းကတစ်ဆင့်ဖြင့်ပဲ ဖြစ်ပါတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်အတွက် ကျွန်မ၏ အနစ်နာခံခြင်းများထဲက ရောထွေးခြင်းများ

ကျန်းဖင် တရုတ်နိုင်ငံ ပြီးခဲ့တဲ့ ဧပြီလက တစ်ရက်မှာ၊ နောက်ကျောညာဘက်ခြမ်းမှာ တော်တော်နာတာကို ရုတ်တရက် ခံစားရတယ်။ တစ်နည်းနည်းနဲ့...

လူမုန်းမခံချင်သူများသည် ဘုရားသခင်၏ ချီးမြှောက်မှုကို ရယူနိုင်ပါသလား

လီယျူရီ တရုတ်နိုင်ငံကျွန်မ ယုံကြည်သူမဖြစ်မီက အခြားလူများကို မစော်ကားမိစေဖို့ အမြဲတမ်း ဂရုစိုက်ခဲ့ပြီး လူတိုင်းနှင့် အဆင်ပြေသည်။...

တရားစီရင်ခြင်းသည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ ဖြစ်သည်

ရှီးအင်း အမေရိကန်နိုင်ငံ ဘုရားသခင်၏ နှုတ်ကပတ်တော်၌ ပြောထားသည်- “လူသားသည် အဆုံး၌ ဘုရားသခင်အတွက် မည်သည့်သက်သေကိုခံသနည်း။ ဘုရားသခင်သည်...

သတိထား အန္တိခရစ်တွေက သင့်အနားမှာရှိနေတယ်

ထရီ အာဂျင်တီးနားနိုင်ငံ ၂၀၂၁၊ မတ်လမှာ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို ကျွန်မ လက်ခံခဲ့ပါတယ်။ အနန္တတန်ခိုးရှင်...

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။