တခြားလူတွေကို ထောက်ခံပေးဖို့ ဘာကြောင့် အရမ်းခက်ခဲရသလဲ

06.07.2024

အသင်းတော်မှာ ကျွန်တော်က ရုပ်ပုံဒီဇိုင်းကို ကြီးကြပ်ရပြီး၊ ကိုယ့်ကိုယ်ပိုင် ရုပ်ပုံဒီဇိုင်းကို လုပ်ရတဲ့အပြင်၊ နေ့တိုင်း အဖွဲ့ရဲ့အလုပ်ကိုလည်း နောက်ဆက်တွဲလုပ်ရသလို ညီအစ်ကို မောင်နှမတွေရဲ့ ပြဿနာတွေကိုလည်း ဖြေရှင်းရတယ်။ ကျွန်တော် နေ့တိုင်း အလုပ်များပေမဲ့ ညီအစ်ကို မောင်နှမတွေမှာ ပြဿနာတွေရှိပြီး ကျွန်တော့်ကို လာမေးကြတဲ့အခါတိုင်းမှာ၊ ကျွန်တော်ပေးတဲ့ အကြံအားလုံးကို သူတို့ လက်ခံကြတဲ့အခါ၊ လူတိုင်း လေးစားတာကို ခံရတဲ့ ဒီခံစားချက်ကို ကျွန်တော် သာယာပြီး ပျော်မိတယ်။

နောက်ပိုင်းမှာ၊ ညီအစ်ကို မောင်နှမ သုံးလေးယောက်က အဖွဲ့ထဲပါဝင်လာကြတယ်။ သူတို့က ရုပ်ပုံဒီဇိုင်းမှာ သိပ်မတော်ကြသလို၊ ကျွန်တော့် အကူအညီနဲ့ လမ်းပြတာကို လိုကြတယ်။ ကျွန်တော် တစ်ပြိုင်တည်း ဖိအားတွေ အများကြီး ခံစားရတယ်။ နေ့တိုင်း ရုပ်ပုံဒီဇိုင်းကို ကိုယ့်ဘာသာ လုပ်ရပြီး၊ ဒီညီအစ်ကို မောင်နှမတွေကိုလည်း လမ်းညွှန်ရသေးသလို တခြားလူတွေရဲ့ အလုပ်ကိုလည်း လိုက်လုပ်ပေးရသေးတယ်။ ကျွန်တော် ခံနိုင်တာထက် ပိုနေပြီ။ ဒါပေမဲ့ ကျွန်တော်နဲ့ တွဲလုပ်မဲ့ တစ်ယောက်ယောက်ရှိရင် အဆင်ပြေမှာပဲ။ ချန်ရန်းကို စဉ်းစားမိတယ်။ သူက နည်းပညာမှာ ကျွမ်းတယ်။ သူ့တာဝန်ကို ထမ်းဆောင်တဲ့နေရာမှာ တာဝန်သိပြီး၊ ကျွန်တော် သူ့ကို ပေးတဲ့အလုပ်အားလုံးကို အခြေခံအားဖြင့် သူက လေးလေးနက်နက် ပြီးအောင်လုပ်တယ်။ ချန်ရန်းအနေနဲ့ ကျွန်တော်နဲ့တွဲလုပ်နိုင်အောင် သူ့ကို ကြီးကြပ်ရေးမှူးဆီ ကျွန်တော် ထောက်ခံပေးပြီး အဖွဲ့ခေါင်းဆောင်အနေနဲ့ ရာထူးတိုးပေးချင်ခဲ့တယ်။ ကျွန်တော်တို့နှစ်ယောက်က အလုပ်ပမာဏကို မျှလုပ်ပြီးတော့၊ ကျွန်တော်တို့အလုပ်က ပိုခရီးရောက်လာမှာပဲ။ ပြီးတော့ ပြဿနာတွေရှိတဲ့အခါ အဲဒါတွေကို ကျွန်တော်တို့ အတူဆွေးနွေးလို့ရတယ်။ ဒါပေမဲ့ ကြီးကြပ်ရေးမှူးကို ပြောတော့မဲ့အချိန်မှာပဲ၊ ကျွန်တော် ရုတ်တရက် တွေးမိတယ်။ “ချန်ရန်းက တကယ် အဖွဲ့ခေါင်းဆောင်ဖြစ်လာခဲ့ရင်၊ ငါ့အောင်မြင်မှုကို သူယူသွားတဲ့အချိန်များ ရှိလာမှာလား။ အဲဒီလိုဖြစ်ရင်၊ ညီအစ်ကို မောင်နှမတွေမှာ အခက်အခဲတွေရှိတဲ့အခါ၊ သူတို့က ငါနဲ့ တိုင်ပင်မှာမဟုတ်သလို၊ သူတို့ စိတ်နှလုံးထဲက ငါ့ အဆင့်အတန်းက အရင်လို မြင့်မှာ မဟုတ်တော့ဘူး။ အဖွဲ့ခေါင်းဆောင်ဖြစ်တာက ငါ အဆက်မပြတ်အလုပ်လုပ်ပြီး ကြိုးပမ်းတာရဲ့ ရလဒ်ပဲ။ လူတိုင်းကို ရုပ်ပုံဒီဇိုင်းနဲ့ဆိုင်နဲ့ နည်းပညာ ငါ သင်ပေးပြီး၊ သူတို့ရဲ့ ပြဿနာတွေနဲ့ အခက်အခဲတွေကို ဖြေရှင်းပေးတယ်။ အခု ချန်ရန်းကို ငါ ထောက်ခံခဲ့ရင်၊ ငါ့ရဲ့ အဆင့်အတန်းနဲ့ အာဏာကို ထက်ဝက်ခွဲရမှာဖြစ်ပြီး သူနဲ့ မျှရမှာလေ။ ငါ အခွင့်အရေးဆုံးရှုံးသွားမှာ မဟုတ်လား” ပေါ့။ ဒါကို ကျွန်တော် တွေးကြည့်တော့၊ ချန်ရန်းအပေါ် ကျွန်တော့်ရဲ့ ထောက်ခံချက်ကို မျိုသိပ်လိုက်ရတယ်။ ကျွန်တော် တွေးမိတယ်။ “နည်းနည်းပဲ စောင့်။ နည်းနည်းပိုတွေးကြည့်၊ နည်းနည်းပိုပြီး ပေးဆပ်ကြည့်ရင် အလုပ်ကို ငါ တကယ် တာဝန်ယူကောင်းယူနိုင်မှာပါ။ နောက်ဆုံးမှာ ငါပဲ နာမည်ရမှာ” ဆိုပြီးတော့။ အချိန်နည်းနည်းကြာတော့၊ အသင်းတော်က နောက်ထပ် အလုပ်တာဝန်တစ်ခုကို တာဝန်ယူဖို့ ကျွန်တော့်အတွက် စီစဉ်ပေးတယ်။ ဒါကိုကြောင့် ညီအစ်ကို မောင်နှမတွေရဲ့ အလုပ်နဲ့ အတတ်ပညာပိုင်း ကျွမ်းကျင်မှုတွေ လေ့လာတာတွေကို လိုက်လုပ်ပေးဖို့ ကျွန်တော့်မှာ အချိန်မလောက်တော့ဘူး။ ကိစ္စတွေက ဒီလိုဆက်ဖြစ်ရင်၊ လူတွေကို ပျိုးထောင်ပေးတဲ့ အလုပ်က သေချာပေါက် နှောင့်နှေးလာမှာပဲလို့ ကျွန်တော် ပိုစိုးရိမ်လာတယ်။ ကျွန်မကိုယ်ပိုင် အချိန်နဲ့ အားအင်က အရမ်းနည်းလွန်းတယ်။ ဒါကြောင့် ထပ်ပြီး ချန်ရန်းကို ကြီးကြပ်ရေးမှူးဆီ ထောက်ခံပေးလိုစိတ် ရှိခဲ့ပေမဲ့၊ တကယ်ပြောတော့မဲ့ဆဲဆဲမှာပဲ ထပ်ပြီး ချီတုံချတုံ ဖြစ်ပြန်တယ်။ “ငါက အဖွဲ့ထဲက အလုပ်အားလုံးအတွက် နောက်ဆုံး ဆုံးဖြတ်ချက်ချတဲ့သူပဲ။ ပြီးတော့ အဖွဲ့ခေါင်းဆောင်နှစ်ယောက်ရှိရင် ဒီအာဏာကို ငါ ဆုံးရှုံးသွားမှာပဲ။ တခြားလူနဲ့ ကိစ္စတိုင်းကို အသိပေးပြီး ဆွေးနွေးနေရမှာဖြစ်သလို၊ ငါကိုယ်တိုင်ရဲ့ စကားတွေက သိပ်တန်ဖိုးရှိတော့မှာ မဟုတ်ဘူး။ လောလောဆယ်တော့ ကိုယ့်ဘာသာသည်းခံလိုက်တာ မကောင်းဘူးလား။ ငါကြီးကြပ်ဖို့ အချိန်မရတဲ့ အလုပ်တစ်ခုခုရှိရင်၊ နည်းနည်းချင်း လိုက်လုပ်မယ်။ နောက်ပြီးတော့ လူတွေကို ပျိုးထောင်တာက တစ်ရက်၊ နှစ်ရက်အတွင်း ဖြစ်တာ မဟုတ်သလို၊ ကိစ္စတွေကို ငါက တမင် နှောင့်ယှက်နေတာ၊ အဖျက်အမှောင့်လုပ်နေတာမျိုးမှ မဟုတ်တာ။ တခြားဘယ်သူ့ကိုမှ ငါ ထောက်ခံမပေးတာပါပဲ။ ဘုရားက ငါ့ကို တကယ် ရှုတ်ချမှာမဟုတ်ပါဘူး” ပေါ့။ နောက်ပိုင်းမှာ၊ ပျိုးထောင်တဲ့အလုပ်က တိုးတက်တာ နှေးပြီး အဲဒီအကြောင်းကို တွေးတိုင်း ကျွန်တော် အပြစ်ရှိသလို ခံစားရတယ်။ ဒါကြောင့်ဘုရားဆီ ကျွန်တော် ဆုတောင်းပြီး၊ “အို ဘုရားသခင်၊ အခု ဝန်ထမ်း အခြေအနေနဲ့ အလုပ်ပမာဏအရ၊ အဖွဲ့ခေေါင်းဆောင်နှစ်ယောက် တွဲလုပ်ရင် အလုပ်အတွက် အကျိုးရှိမှာပါ။ ချန်ရန်းကို ကျွန်တော် ထောက်ခံပေးချင်ပေမဲ့ ထုတ်မပြောနိုင်ပါဘူး။ တခြားလူတွေကို ထောက်ခံပေးဖို့ ကျွန်တော့်အတွက် ဘာကြောင့် အရမ်းခက်ခဲရသလဲ။ ကျွန်တော့်ကိုယ်ပိုင် ပြဿနာတွေကို သိဖို့ ဉာဏ်အလင်းပေးပြီး လမ်းပြပါ”လို့ ပြောလိုက်တယ်။

အဲဒီနောက်မှာ၊ ကျွန်တော့်အခြေအနေကို ခေါင်းဆောင်ဆီ ကျွန်တော် ဖွင့်ပြောပြီး၊ ခေါင်းဆောင်က ကျွန်တော့်ဆီ ဘုရားနှုတ်ကပတ်တော်တချို့ ပို့ပေးတယ်။ ဘုရားသခင်က ပြောသည်- “အသင်းတော်ခေါင်းဆောင်တစ်ဦးအနေဖြင့် ပြဿနာများကို ဖြေရှင်းဖို့ သမ္မာတရားကို အသုံးပြုရန် သင်ယူဖို့ လိုအပ်ရုံမျှသာမကဘဲ ပါရမီရှိသောသူများကို ရှာဖွေပြီး ပျိုးထောင်ပေးဖို့လည်း လိုအပ်လေသည်။ ၎င်းတို့ကို သင်သည် လုံးဝ မနာလိုခြင်း၊ သို့မဟုတ် ဖိနှိပ်ခြင်းမရှိရပေ။ ဤနည်းဖြင့် လက်တွေ့လုပ်ဆောင်ခြင်းသည် အသင်းတော်အလုပ်အတွက် အကျိုးရှိစေသည်။ သင်နှင့် ပူးပေါင်းဆောင်ရွက်ရန်၊ အလုပ်အားလုံးကို ကောင်းစွာလုပ်ဆောင်ရန်တို့အတွက် သမ္မာတရားကို လိုက်စားသူအချို့အား ပျိုးထောင်နိုင်ပြီး အဆုံး၌ သင်တို့အားလုံးသည် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ ရှိလျှင် သင်သည် အရည်အချင်းပြည့်မီသည့် ခေါင်းဆောင်တစ်ယောက်၊ သို့မဟုတ် အမှုဆောင်တစ်ယောက် ဖြစ်သည်။ သင်သည် အရာအားလုံးကို စည်းမျဉ်းများအတိုင်း ကိုင်တွယ်နိုင်ပါက သင်သည် သင်၏ သစ္စာစောင့်သိခြင်းအတွက် ဆက်ကပ်နေခြင်း ဖြစ်သည်။ လူအချို့သည် အခြားသူများက မိမိတို့ထက် ပို၍ သာလွန်သည်ကိုလည်းကောင်း၊ မိမိတို့ထက် ပို၍ မြင့်မားသည်ကိုလည်းကောင်း၊ မိမိတို့က ပစ်ပယ်ခြင်း ခံရသော်လည်း အခြားသူများက အသိအမှတ်ပြုခြင်း ခံရမည်ကိုလည်းကောင်း အစဉ် စိုးရွံ့ကြသဖြင့် ၎င်းတို့သည် အခြားလူများအား တိုက်ခိုက်ပြီး ဖယ်ကြဉ်ကြလေသည်။ ဤသည်မှာ ပါရမီရှိသူများအား မနာလိုဖြစ်ခြင်း မဟုတ်လော။ ယင်းမှာ တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ဖွယ် ဖြစ်သည် မဟုတ်လော။ ဤသည်မှာ မည်သည့် စိတ်သဘောထားမျိုး ဖြစ်ပါသနည်း။ ယင်းမှာ မလိုမုန်းထားစိတ် ဖြစ်၏။ အခြားသူများအတွက် မတွေးဘဲ၊ သို့မဟုတ် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ထည့်မတွက်ဘဲ ကိုယ်ကျိုးအတွက်ကိုသာ စဉ်းစားသည့်သူများ၊ မိမိ၏ကိုယ်ပိုင် တစ်ကိုယ်ကောင်းဆန်သော စိတ်ဆန္ဒများကိုသာ ဖြည့်ဆည်းသည့်သူများတွင် ဆိုးသော စိတ်သဘောထားတစ်ခု ပိုင်ဆိုင်ပြီး သူတို့အတွက် ဘုရားသခင်တွင် ချစ်ခြင်းမေတ္တာမရှိပါ။ ဘုရားသခင်၏ ရည်ရွယ်ချက်များကို အလေးထားခြင်းအား သင် အမှန်တကယ် ပြနိုင်စွမ်းရှိပါက အခြားလူတို့ကို မျှမျှတတ သင်ဆက်ဆံနိုင်လိမ့်မည်။ သင်သည် လူကောင်းတစ်ယောက်ကို အကြံပြုထောက်ခံပေးပြီး လေ့ကျင့်မှုယူစေကာ တာဝန်တစ်ခုကို ထမ်းဆောင်စေ၍ ဤနည်းအားဖြင့် ဘုရားအိမ်တော်တွင် ပါရမီရှိသူတစ်ယောက်ကို ဖြည့်သွင်းပါက သင်၏အလုပ်ကို ပို၍ မလွယ်ကူစေသလော။ သို့ဆိုလျှင် သင်သည် သင်၏တာဝန်၌ သစ္စာစောင့်သိခြင်းကို ပြနေခြင်း မဟုတ်လော။ ဤသည်မှာ ဘုရားသခင် ရှေ့မှောက်၌ ကောင်းမှုတစ်ခုဖြစ်သည်။ ယင်းသည် ခေါင်းဆောင်များအဖြစ် အစေခံသည့်သူများ အနည်းဆုံးအနေဖြင့် ပိုင်ဆိုင်သင့်သည့် အသိတရားနှင့် အသိစိတ် ဖြစ်ပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအား စွန့်ပစ်ခြင်းအားဖြင့်သာ လွတ်လပ်ခြင်းနှင့် လွတ်မြောက်ခြင်းကို ရရှိနိုင်သည်) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်တော့၊ နားလည်သွားတယ်။ ခေါင်းဆောင်နဲ့ အမှုဆောင်တွေက ပါရမီရှင်တွေကို ဘယ်လို ရှာဖွေတွေ့ရှိပြီး ပျိုးထောင်ပေးရမယ်၊ ဒါက အသင်းတော်အလုပ်အတွက် အကျိုးရှိပြီး၊ လူတွေ ပိုင်ဆိုင်သင့်တဲ့ အသိတရားနဲ့ အသိစိတ်ဖြစ်တယ်ဆိုတာတွေပေါ့။ လူတွေကို ထောက်ခံတာက ကိုယ့်ရဲ့ အဆင့်အတန်းကို ထိခိုက်မယ်လို့ တစ်ယောက်ယောက်က သံသယရှိပြီး ပါရမီရှင်တွေကို ဖိနှိပ်ရင်၊ ဒါက တတ်စွမ်းနိုင်သူကို မနာလိုဖြစ်ပြီး တစ်ကိုယ်ကောင်းဆန်၊ ယုတ်ညံ့တာပဲ။ ဒါကြောင့် ကျွန်တော်ကိုယ့်ကိုယ်ကိုယ် သုံးသပ်ဆင်ခြင်တယ်။ တချို့ ညီအစ်ကို မောင်နှမတွေက ရုပ်ပုံဒီဇိုင်းကို လက်တွေ့လုပ်ဖို့ လာကြတယ်။ သူတို့ကို ပျိုးထောင်ပေးဖို့လိုပြီးတော့ သူတို့ရဲ့ ပညာရပ်နဲ့ဆိုင်တဲ့နည်းပညာတွေလည်း တိုးတက်ဖို့ လိုတယ်။ ကျွန်တော့် အတွက်တော့ ဒါက လုပ်ဖို့ တကယ်များလွန်းပြီး၊ တွဲဖက်တစ်ယောက်နဲ့မှပဲ ဒီအလုပ်ကို ကျွန်တော် တာဝန်ယူနိုင်မှာဖြစ်သလို၊ ချန်ရန်းက သင့်တော်တဲ့ အဖွဲ့ခေါင်းဆောင်ဖြစ်မှာဖြစ်ပြီး၊ သူ့ကို ထောက်ခံပေးတာက အလုပ်အတွက် အကျိုးရှိမှာကို ကျွန်တော် ရှင်းရှင်း နားလည်ခဲ့တယ်။ ဒါပေမဲ့၊ သူက ကျွန်တော့်ထက် အလုပ်လုပ်တာ ပိုတော်လာခဲ့ရင်၊ ညီအစ်ကို မောင်နှမတွေက သူ့ကို လေးစားပြီး ကျွန်တော့်ကို လျစ်လျူရှုမှာကို၊ ကျွန်တော်ရဲ့ အဆင့်အတန်းဆုံးရှုံးသွားမှာကို စိုးရိမ်ခဲ့တယ်။ ကျွန်တော် ဆုံးရှုံးမှုတွေ ခံစားရမှာကို ယုံကြည်လို့ ချန်ရန်းကို ထောက်ခံမပေးခဲ့ဘူး။ ဒီတာဝန်ကို ထမ်းဖို့ ဆင်းရဲဒုက္ခအများကြီး ခါးစီးခံပြီး၊ ကြီးမားတဲ့ အဖိုးအခတစ်ခု ပေးနိုင်ခဲ့ရင်၊ နောက်ဆုံးမှာ ကျွန်တော်ပဲ နာမည်ရမှာ။ ဒါကြောင့် ကျွန်တော် အံကြိတ်ပြီး အလုပ်ကို ကိုယ့်ဘာသာ လုပ်လိုက်တယ်။ အကျိုးဆက်အနေနဲ့ တခြားလူတွေကို ပျိုးထောင်ပေးတဲ့အလုပ်က တိုးတက်တာ နှေးသွားခဲ့တယ်။ တကယ်တော့ ဘုရားသခင်က ကျွန်တော့်ကို အဖွဲ့ခေါင်းဆောင် တာဝန်ကို ထမ်းဆောင်ခွင့်ပေးခြင်းအားဖြင့် ချီးမြှောက်ပြီး သနားဂရုဏာပြည့်ဝစွာနဲ့ ကျွန်တော့်ကို ဆက်ဆံနေခဲ့တာပါ။ ဒါပေမဲ့ ကျွန်တော်က ဘုရားရဲ့ ရည်ရွယ်ချက်တွေကို မထောက်ထားခဲ့ဘူး။ ကျွန်တော်က ပါရမီရှင်တွေကို မပျိုးထောင်ရုံမက၊ ချန်ရန်းက သူ့တာဝန်ကို ကောင်းကောင်းလုပ်ပြီး ကျွန်တော့်ထက် သာမှာကိုတောင် စိုးရိမ်ခဲ့တယ်။ အလုပ်နှောင့်နှေးလာတာကို ကျွန်တော် ကြည့်နေခဲ့ပြီး သူ့ကို ထောက်ခံပေးချင်စိတ်လည်း ရှိမနေသေးဘူး။ ကျွန်တော့်တာဝန်ကို လုပ်ရာမှာ၊ ကိုယ့်ကိုယ်ပိုင် ကျော်ကြားမှု၊ အကျိုးအမြတ်နဲ့ အဆင့်အတန်းကိုပဲ စောင့်ရှာက်ခဲ့သလို၊ အလုပ်ရဲ့ တိုးတက်မှု ဒါမှမဟုတ် ရလဒ်ကို မစဉ်းစားခဲ့ဘူး။ ဒါက တကယ်ကို တစ်ကိုယ်ကောင်းဆန်တာဖြစ်ပြီး ကျွန်တော့်တာဝန်အပေါ် သစ္စာစောင့်သိမှု နည်းနည်းမှ မပြခဲ့ဘူး။

နောက်ပိုင်းမှာ နောက်ထပ် ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်တော် ဖတ်ခဲ့တယ်။ “သင်တို့ အဘယ်အရာကို ပြောမည်နည်း။ အခြားသူများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းသည် ခက်ခဲသလော။ လွယ်ကူသည်ဟုပင် သင်ပြောနိုင်သည်။ သို့ရာတွင် လူများသည် ဤအရာကို ခက်ခဲသည်ဟု အဘယ်ကြောင့် ခံစားနေရသေးသနည်း။ အကြောင်းမှာ ၎င်းတို့၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိသောကြောင့်ဖြစ်သည်။ လူ့သဘာဝ၊ အသိစိတ်နှင့် ဆင်ခြင်တုံတရားရှိသူများအတွက်မှာမူ၊ အခြားသူများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းသည် အတော်အတန် လွယ်ကူပြီး ဤသည်မှာ ပျော်ရွှင်ဖွယ်တစ်ခုဟု ၎င်းတို့ ခံစားရနိုင်သည်။ အကြောင်းမှာ အမှုကိစ္စများကို မိမိတို့ဘာသာ ဖြစ်မြောက်အောင်မြင်ရန်မှာ မည်သူ့အတွက်မျှ မလွယ်ကူသကဲ့သို့ ၎င်းတို့သည် မည်သည့်နယ်ပယ်တွင် ပါဝင်ပတ်သက်သည်ဖြစ်စေ၊ သို့မဟုတ် ၎င်းတို့လုပ်ဆောင်နေသည့်အရာတွင်၊ အမှုအရာများကို ထောက်ပြဖို့နှင့် အကူအညီပေးဖို့ တစ်စုံတစ်ယောက် ရှိသည်မှာ အစဉ်သဖြင့် ကောင်းသောကြောင့် ဖြစ်သည်။ မိမိတို့ဘာသာ လုပ်ဆောင်ခြင်းထက် များစွာသာ၍ လွယ်ကူပေသည်။ ထို့အပြင် လူတို့၏ အစွမ်းအစက စွမ်းဆောင်နိုင်သည့်အရာ၊ သို့မဟုတ် ၎င်းတို့ ကိုယ်၌က တွေ့ကြုံနိုင်သည့်အရာတွင် အကန့်အသတ် ရှိပေသည်။ မည်သူတစ်ဦးတစ်ယောက်မျှ လုပ်ငန်းအားလုံးကို မကျွမ်းကျင်နိုင်ပေ။ လူတစ်ဦးအတွက် အရာအားလုံးကို သိဖို့၊ အရာအားလုံးကိုလုပ်ဆောင်နိုင်စွမ်းရှိဖို့၊ အရာအားလုံးကို ဖြစ်မြောက်အောင်မြင်ဖို့ မဖြစ်နိုင်ချေ။ ယင်းမှာ မဖြစ်နိုင်သကဲ့သို့၊ လူတိုင်းသည် ထိုသို့သော အသိစိတ်ကို ပိုင်ဆိုင်သင့်သည်။ ထို့ကြောင့်၊ သင်သည် မည်သည့်အရာကိုလုပ်လုပ်၊ ထိုအရာက အရေးကြီးသည်ဖြစ်စေ၊ မကြီးသည်ဖြစ်စေ သင့်ကိုကူညီရန်၊ သင့်ကို နည်းပေးလမ်းညွှန်မှုများ ပေးရန်၊ အကြံဉာဏ်ပေးရန်နှင့် အမှုအရာများကို သင်နှင့် ပူပေါင်းလုပ်ကိုင်ရန် တစ်စုံတစ်ယောက်ကို သင် အမြဲတမ်း လိုအပ်နေလိမ့်မည်။ ဤသည်မှာ အမှုအရာများကို ပို၍ မှန်မှန်ကန်ကန် လုပ်ဆောင်ရန်၊ ပို၍ အမှားနည်းရန်၊ လမ်းလွဲဖို့ ဖြစ်နိုင်ခြေနည်းပါးရန် သေချာစေဖို့ တစ်ခုတည်းသောနည်းလမ်းဖြစ်သည်။ ဤသည်မှာ ကောင်းသောအရာဖြစ်သည်။ အထူးသဖြင့် ဘုရားသခင်ကို အစေခံခြင်းသည် အရေးကြီးပြီး၊ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို မဖြေရှင်းခြင်းသည် သင့်ကို အန္တရာယ်ဖြစ်စေနိုင်သည်။ လူတို့တွင် ဆိုးယုတ်သော စိတ်သဘောထားများရှိသည့်အခါ ၎င်းတို့သည် အချိန်မရွေး၊ နေရာမရွေး ဘုရားသခင်ကို ပုန်ကန်ပြီး ဆန့်ကျင်နိုင်သည်။ ဆိုးယုတ်သော စိတ်သဘောထားများဖြင့် အသက်ရှင်သောသူတို့သည် ဘုရားသခင်ကို အချိန်မရွေး ငြင်းဆန်နိုင်၊ ဆန့်ကျင်နိုင်ပြီး သစ္စာဖောက်နိုင်သည်။ အန္တိခရစ်များက အလွန်မိုက်မဲ၏၊ ၎င်းတို့သည် ဤအရာကို သဘောမပေါက်ကြဘဲ ‘ငါ၏အာဏာကို ကိုင်စွဲထားရင်း ဒုက္ခများလှပြီဖြစ်သည်။ အဘယ်ကြောင့် ထိုအာဏာကို အခြားတစ်ယောက်ယောက်နှင့် မျှဝေရမည်နည်း။ ထိုအာဏာကို အခြားလူတို့အား ပေးခြင်းက ငါကိုယ်တိုင်အတွက် လုံးဝ ရှိတော့မည်မဟုတ်ဟူသည့် သဘောမဟုတ်လော။ အာဏာမရှိဘဲနှင့် ငါ၏ ပါရမီများနှင့် အရည်အချင်းများကို မည်သို့ ထင်ရှားစေနိုင်မည်နည်း’ ဟူ၍ တွေးကြသည်။ လူတို့ကို ဘုရားသခင်က အပ်နှံခဲ့သည်မှာ အာဏာ၊ သို့မဟုတ် အဆင့်အတန်းမဟုတ်ဘဲ တာဝန်တစ်ခုဖြစ်သည်ကို ၎င်းတို့ မသိကြပေ။ အန္တိခရစ်တို့သည် အာဏာနှင့် အဆင့်အတန်းကိုသာ လက်ခံကြသည်။ တာဝန်များကို ဘေးဖယ်ထားကြပြီး၊ တကယ့်အလုပ်ကို မလုပ်ဆောင်ကြပေ။ ထိုအစား ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းနောက်ကိုသာလိုက်ကြပြီး ဩဇာအာဏာကိုသာ ဖမ်းဆုပ်လိုသည်။ ဘုရားသခင်ရွေးချယ်ထားသောသူများကို ထိန်းချုပ်လိုသည်။ ပြီးလျှင် ဂုဏ်အဆင့်အတန်း၏ အကျိုးအမြတ်များ၌ မွေ့လျော်ကြသည်။ အမှုအရာများကို ဤသို့ လုပ်ဆောင်ခြင်းသည် အလွန် အန္တရာယ်ရှိသည်။ ဤသည်မှာ ဘုရားသခင်ကို ဆန့်ကျင်ခြင်းဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၈- ၎င်းတို့သည် အခြားသူများအား သမ္မာတရား သို့မဟုတ် ဘုရားသခင်ကို မနာခံစေဘဲ၊ ၎င်းတို့ကိုသာ နာခံစေသည် (အပိုင်း ၁)) ဘယ်သူမှ အရာရာကိုကျွမ်းကျင်တဲ့သူ မဟုတ်ဘူးလို့ ဘုရားက ပြောတယ်။ ကျွန်တော်တို့အားလုံးက အချင်းချင်းကနေ သင်ယူပြီးတော့ ကျွန်တော်တို့ အားနည်းချက်တွေကို ဖာထေးပေးရင်းနဲ့ တွဲလုပ်ပေးပြီး ကျွန်တော်တို့ကို ကူညီမဲ့ တခြားလူတွေ လိုအပ်တယ်။ ဒီလိုနဲ့၊ ကျွန်တော်တို့အလုပ်မှာရှိတဲ့ အမှားတွေနဲ့ လမ်းလွဲတာတွေကို ကျွန်တော်တို့ လျော့နည်းသွားစေနိုင်ပြီး၊ ဘုရားကို စိတ်ကျေနပ်စေဖို့ တာဝန်တွေကို အတူတူ ဖြည့်ဆည်းလို့ရတယ်။ ဒါပေမဲ့ အန္တိခရစ်တွေက ဒီလိုအသိစိတ်မဲ့ပြီး၊ အာဏာကို လက်ဝါးကြီးအုပ်ပြီး အဆုံးအဖြတ်ပေးဖို့ အမြဲ ဆန္ဒရှိသလို၊ တခြားလူတွေနဲ့ လုံးဝ တွဲမလုပ်ချင်ဘူး၊ တခြားလူတွေကို သူတို့အလုပ်မှာ မပါဝင်စေချင်ကြဘူး။ သုံးသပ်ရာကတစ်ဆင့်၊ ကျွန်တော်လည်း အဲဒီအတိုင်းပဲဖြစ်မှန်း သဘောပေါက်ခဲ့တယ်။ အဖွဲ့ခေါင်းဆောင်တာဝန်ကို ကိုယ့်ဘာသာ ထမ်းဆာင်ဖို့ ကျွန်တော် အရမ်းအလုပ်များခဲ့သလို၊ ကျွန်တော် ချက်ချင်း စီစဉ်ပြီး အကောင်အထည်မဖော်နိုင်တဲ့ အလုပ်တွေ အများကြီးပဲ။ ဒါပေမဲ့ ချန်ရန်းကို ကျွန်တော် ထောက်ခံပေးချင်ခဲ့တဲ့အချိန်မှာ၊ ကိုယ့်ကိုယ်ပိုင် အာဏာက လျော့လာမှာကို ကျွန်တော် သံသယတွေရှိခဲ့တယ်။ ချန်ရန်းကို ကိုယ့်ရဲ့တွဲဖက်အနေနဲ့ ထောက်ခံတာက အဖွဲ့ခေါင်းဆောင်အနေနဲ့ ကိုယ့်ရဲ့အာဏာ ပေးလိုက်ရတာနဲ့ အတူတူပဲဖြစ်မယ်လို့ ကျွန်တော် ယုံကြည်ခဲ့တယ်။ ကျွန်တော်က နောက်ဆုံးဆုံးဖြတ်ချက် ပေးနိုင်မှာမဟုတ်ဘူး၊ ဆုံးဖြတ်ချက်အားလုံးကို ချနိုင်မှာ မဟုတ်ဘူး၊ ညီအစ်ကို မောင်နှမတွေရှေ့မှာ ကိုယ့်ကိုယ့်ကိုယ် ထုတ်ကြွားနိုင်တော့မှာ မဟုတ်ဘူး။ ဒါကြောင့် ချန်ရန်းကို ကျွန်တော် ထောက်ခံမပေးချင်ခဲ့ဘူး။ တခြားလူတွေကို မထောက်ခံနိုင်ရတဲ့ အကြောင်းရင်း ဒါမှမဟုတ် သူတို့နဲ့ တွဲမလုပ်နိုင်ရတဲ့ အကြောင်းရင်းကို ကျွန်တော် သိလိုက်တယ်။ အဲဒါက ဘာလို့လဲဆိုတော့ ကျွန်တော့်လက်ထဲက တန်ခိုးအာဏာနဲ့ အဆင့်အတန်းကို ကျွန်တော် လက်မလွတ်နိုင်ခဲ့လို့ပဲ။ ကျွန်တော်က အာဏာအပေါ် အလေးထားလွန်းခဲ့တယ်။

နောက်ပိုင်းမှာ အာဏာနဲ့ အဆင့်အတန်းကို အလေးထားလွန်းရတဲ့ အကြောင်းရင်းအတွက် အဖြေကို ကျွန်တော် ရှာခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်ထဲက စာတစ်ပိုဒ်ကို ဖတ်ပြီး ကိုယ့်ကိုယ်ကိုယ် နည်းနည်း သိသွားခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “အန္တိခရစ်များအတွက် ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့သည် ၎င်းတို့၏ အသက် ဖြစ်သည်။ ၎င်းတို့ မည်သို့အသက်ရှင်နေထိုင်ပါစေ၊ ၎င်းတို့သည် မည်သည့်ပတ်ဝန်းကျင်တွင် အသက်ရှင်နေထိုင်ပါစေ၊ မည်သည့်အလုပ်ကို ၎င်းတို့လုပ်ပါစေ၊ မည်သည့်အရာကို စွမ်းဆောင်ရရှိဖို့ ၎င်းတို့ကြိုးစားအားထုတ်ပါစေ၊ ၎င်းတို့၏ ပန်းတိုင်များက မည်သည့်အရာ ဖြစ်ပါစေ၊ ၎င်းတို့အသက်တာ၏ ဦးတည်ချက်က မည်သည့်အရာဖြစ်ပါစေ ထိုအရာအားလုံးသည် ကောင်းမွန်သော ဂုဏ်သတင်းနှင့် မြင့်မားသောအဆင့်အတန်းရှိခြင်းကို ဗဟိုပြုထားသည်။ ပြီးလျှင် ဤရည်ရွယ်ချက်သည် မပြောင်းလဲပေ။ ၎င်းတို့သည် ထိုသို့သောအရာများကို မည်သည့်အခါမျှ ဘေးဖယ်မထားနိုင်ပေ။ ဤသည်မှာ အန္တိခရစ်များ၏ စစ်မှန်သော သဘောသဘာဝနှင့် အနှစ်သာရတို့ ဖြစ်သည်။ ၎င်းတို့ကို တောင်များ၏အတွင်းပိုင်း အလွန်ရှေးကျသော တောထဲ၌ သွားထားလျှင်ပင် ၎င်းတို့သည် ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့အား လိုက်စားခြင်းကို ဘေးဖယ်ထားမည်မဟုတ်သေးပေ။ ၎င်းတို့ကို မည်သည့်လူအုပ်စုတွင်မဆို ထည့်ထားလျှင် ၎င်းတို့တွေးနိုင်သမျှသည် ဂုဏ်သတင်းနှင့် အဆင့်အတန်တို့သာ ဖြစ်သည်။ အန္တိခရစ်များသည်လည်း ဘုရားသခင်ကို ယုံကြည်ကြသော်လည်း ၎င်းတို့သည် ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့အား လိုက်စားမှုကို ဘုရားသခင်အပေါ် ယုံကြည်မှုနှင့် ညီတူညီမျှဖြစ်သည်ဟု မြင်ပြီး တူညီစွာ အလေးထားသည်။ ဤသည်မှာ ဘုရားသခင်အား ယုံကြည်ခြင်း လမ်းကြောင်းကို ၎င်းတို့လျှောက်စဉ်တွင် ၎င်းတို့၏ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့ကိုလည်း လိုက်စားသည်ဟု ဆိုလိုသည်။ အန္တိခရစ်တို့၏စိတ်နှလုံးထဲတွင် ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် သမ္မာတရားကို လိုက်စားခြင်းတို့သည် ဂုဏ်သတင်းနှင့် အဆင့်အတန်တို့ကို လိုက်စားခြင်းဖြစ်ကြောင်း ၎င်းတို့က ယုံကြည်ကြသည်ဟု ဆိုနိုင်သည်။ ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့ကို လိုက်စားခြင်းက သမ္မာတရားကို လိုက်စားခြင်းလည်းဖြစ်ပြီး ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့ကို ရရှိခြင်းက သမ္မာတရားနှင့် အသက်ကို ရရှိခြင်းဖြစ်သည်ဟု ယုံကြည်ကြကြောင်း ဆိုနိုင်သည်။ ၎င်းတို့ အလွန်စိတ်ပျက်ကြသည်၊ ၎င်းတို့သည် ဂုဏ်သတင်း၊ သို့မဟုတ် အဆင့်အတန်းမရှိ၊ မည်သူကမျှ ၎င်းတို့ကို မလေးစား၊ သို့မဟုတ် မကြည်ညို၊ သို့မဟုတ် မနာခံဟု ၎င်းတို့က ခံစားရလျှင် ၎င်းတို့အလွန် မချင့်မရဲဖြစ်ကြသည်။ ဘုရားသခင်၌ ယုံကြည်ခြင်းသည် အဓိပ္ပာယ်မရှိ၊ ယင်းတွင် တန်ဖိုးမရှိဟု ၎င်းတို့ ယုံကြည်ကြသည်၊ ‘ဘုရားသခင်၌ ထိုသို့သော ယုံကြည်ခြင်းသည် ကျရှုံးမှုတစ်ခု ဖြစ်သလော။ မျှော်လင့်ချက်မရှိဖြစ်သလော။’ ဟု မိမိတို့ကိုယ်ကိုယ် ဆိုကြသည်။ ၎င်းတို့သည် ဤအရာများကို ၎င်းတို့စိတ်နှလုံးထဲတွင် စဉ်းစားနှိုင်းချိန်ကြသည်။ ဘုရားအိမ်တော်တွင် ၎င်းတို့ကိုယ်တိုင်အတွက် နေရာတစ်နေရာကို မည်သို့ ရရှိအောင် ကြိုးစားနိုင်မည်၊ အသင်းတော်တွင် မြင့်မြတ်သည့် ဂုဏ်သတင်းကို မည်သို့ရရှိနိုင်သည်ကို စဉ်းစားနှိုင်းချိန်ပြီးလုပ်ဆောင်ကြသည်။ ဤသို့ဖြင့် ၎င်းတို့ စကားပြောသည့်အခါ လူတို့က နားထောင်ရန်၊ ၎င်းတို့လုပ်ဆောင်သည့်အခါ ပံ့ပိုးကြရန်၊ ၎င်းတို့သွားသည့်နေရာတိုင်းသို့ လိုက်ရန်ဖြစ်ပြီး ဤသို့ဖြင့် အသင်းတော်တွင် ပြောဆိုခွင့်ရှိရန်၊ သိက္ခာ၊ အကျိုးအမြတ်နှင့် အဆင့်အတန်းရှိရန် ဖြစ်သည်။ ၎င်းတို့၏ စိတ်နှလုံးထဲတွင် ဤအရာများကို အလွန်ပင် အာရုံစိုက်ကြသည်။ ဤအရာများသည် ထိုသို့သောသူများ လိုက်စားသည့်အရာများဖြစ်သည်။ ၎င်းတို့က ထိုကဲ့သို့သော အရာများအကြောင်း အဘယ့်ကြောင့် အစဉ်တွေးတောနေကြသနည်း။ ဘုရားသခင်၏နှုတ်ကပတ်တော်များကို ဖတ်ရှုပြီးသည့်နောက် တရားဒေသနာများကို ကြားပြီးသည့်နောက်တွင်၊ ဤအရာအားလုံးကို ၎င်းတို့ အမှန်တကယ် နားမလည်ကြသလော။ ဤအရာအားလုံးကို ၎င်းတို့ အမှန်တကယ် မသိမြင်နိုင်ကြသလော။ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရားတို့သည် ၎င်းတို့၏ အယူအဆများ၊ စိတ်ကူးများနှင့် ထင်မြင်ယူဆချက်တို့ကို အမှန်တကယ် မပြောင်းလဲနိုင်သလော။ ထိုသို့လုံးဝ မဟုတ်ပေ။ ပြဿနာသည် ၎င်းတို့နှင့် စတင်သည်။ သမ္မာတရားကို ၎င်းတို့ မချစ်သောကြောင့် လုံးလုံးလျားလျား ဖြစ်ပေသည်။ ၎င်းတို့စိတ်နှလုံးတွင် သမ္မာတရားကို အလွန်အမင်းမနှစ်မြို့သောကြောင့်ဖြစ်သည်။ ရလဒ်အနေဖြင့် ၎င်းတို့သည် သမ္မာတရားကို လုံးလုံး လက်ခံလိုခြင်းမရှိပေ။ ဤအရာကို ၎င်းတို့၏ သဘာဝအနှစ်သာရတို့ဖြင့် ဆုံးဖြတ်ခြင်းဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉ (အပိုင်း ၃)) အန္တိခရစ်တွေ ဘယ်နေရာမှာ နေထိုင်သည်ဖြစ်စေ၊ သူတို့ ဘာအလုပ်ကိုလုပ်သည်ဖြစ်စေ၊ သူတို့ရဲ့ အဆင့်အတန်း လိုက်စားမှုကို လုံးဝ လက်လွှတ်ကြမှာမဟုတ်ဘူးလို့ ဘုရားက ဖော်ထုတ်တယ်။ သူတို့အနေနဲ့ အဆင့်အတန်းနဲ့ တန်ခိုးအာဏာ ရနိုင်သရွေ့၊ လူတွေရဲ့ ချီးမွမ်းခြင်းနဲ့ လေးစားမှုကို ရနိုင်သလို၊ ဂုဏ်သိက္ခာ၊ စကားပြောပိုင်ခွင့်နဲ့ ဆုံးဖြတ်ပိုင်ခွင့်ကို ပိုင်ဆိုင်တယ်လို့ ယုံကြည်ကြတယ်။ ဒီဘဝမျိုးက တန်ဖိုးနဲ့ အဓိပ္ပာယ်ရှိပြီး၊ သူတို့မှာ အဆင့်အတန်းမရှိရင်၊ အဲဒါက သူတို့ကို ဘဝရဲ့ အခွင့်အလမ်း ဆုံးရှုံးစေမယ်လို့ ယုံကြည်ကြတယ်။ အဲဒါက ကျွန်တော်ဖြစ်တဲ့ပုံစံ အတိအကျပဲ။ ကျွန်တော်က “ထင်ရှားကျော်ကြားမှုရရှိခြင်း သည် သူ၏ဘိုးဘေးများအတွက် ဂုဏ်အသရေ ယူဆောင်လာသည်” ဆိုတာနဲ့ “ဂူတစ်ဂူထဲ ခြင်္သေ့နှစ်ကောင် မအောင်း”ဆိုတဲ့ စာတန်ဆန်တဲ့ အဆိပ်တွေက လွှမ်းမိုးတာကို တော်တော်လေး ခံခဲ့ရတယ်။ ဒါကြောင့် ငယ်တဲ့အရွယ်ကနေ၊ ကြီးလာတဲ့အခါ ကိုယ့်ကိုယ်အတွက် နာမည်ရအောင်၊ လူတိုင်း ကျွန်တော့်ကို အထင်ကြီးပြီး၊ ကျွန်တော်သွားတဲ့နေရာတိုင်း ကျွန်တော့်ကို ဗဟိုပြုစေဖို့ကို မျှော်လင့်နေခဲ့တယ်။ ကျွန်တော် ကောလိပ်စတက်တော့၊ အတန်းခေါင်းဆောင် တာဝန်တွေကို တခြားကျောင်းသားတစ်ယောက်နဲ့ မျှလုပ်ခဲ့ရတာကို သတိရတယ်။ အချိန်တစ်ခုကြာပြီးတဲ့နောက်မှာ၊ အတန်းခေါင်းဆောင်နှစ်ယောက်ရှိတာ့၊ ကျွန်တော် ထင်ပေါ်မှာမဟုတ်ဘူးလို့ ခံစားမိတယ်။ ဒါကြောင့် ကျွန်တော်တို့ နှစ်ယောက်ထဲကနေ အတန်းခေါင်းဆောင်တစ်ယောက် ရွေးဖို့ ကျွန်တော် အကြံပေးခဲ့တယ်။ အရွေးခံရဖို့ ကျွန်တော် မျှော်လင့်ခဲ့တယ်။ ဒါမှ အဲဒီအချိန်ကစပြီး လူတိုင်းက အာရုံစိုက်တာကို ကျွန်တော် ခံရမယ်၊ အတန်းထဲမှာ အမြင့်ဆုံးဖြစ်မယ် ပေါ့။ ဒါပေမဲ့ ကျွန်တော် ရှုံးသွားတယ်။ အတန်းခေါင်းဆောင်ဖြစ်မလာတဲ့အတွက် တခြား အတန်းခေါင်းဆောင် ရာထူးတွေကို တစ်ခါတည်း ငြင်းလိုက်ပြီး အဲဒါတွေကို မလုပ်ခဲ့ဘူး။ အသင်းတော်ကို ရောက်လာတော့၊ အဆင့်အတန်း ရတာကို ကိုယ့်လိုက်စားမှုရဲ့ ရည်မှန်းချက်အနေနဲ့ ကျွန်တော် သဘောထားနေတုန်းပဲ။ တစ်ဦးတည်းသော အဖွဲ့ခေါင်းဆောင်အနေနဲ့ ကျွန်တော်က ဆုံးဖြတ်ပိုင်ခွင့်ရှိပြီး လူတိုင်းက ကျွန်တော့်ကို အထင်ကြီးကြမယ်လို့ ယုံကြည်ခဲ့တယ်။ ချန်ရန်းကို ထောက်ခံပေးတာနဲ့ ပတ်သက်လာတဲ့အခါ ဒီလိုလုပ်ရင် သူက ကျွန်တော့်အဆင့်အတန်းနဲ့ အာဏာကို မျှယူမယ်၊ တစ်နေ့မှာ သူလုပ်တာက ကျွန်တော့်ထက်ပိုကောင်းရင် ကျွန်တော့်ရဲ့ ဆုံးဖြတ်ပိုင်ခွင့်ကို ဆုံးရှုံးမယ်၊ လူတိုင်းက ကျွန်တော့်ကို စင်ပေါ်တင်ပြီး ကျွန်တော်ပြောတာနားထောင်တာနဲ့ ပတ်သက်တဲ့ သူများထက်သာတဲ့ ခံစားချက်ကို နောက်ထပ်လုံးဝ ခံစားရမှာမဟုတ်ဘူးလို့ ကျွန်တော် ယုံကြည်ခဲ့တယ်။ ဒါကြောင့်၊ သူ့ကို ထောက်ခံပေးတာထက် အလုပ်နှောင့်နှေးဖို့ပဲ ပိုနှစ်သက်ခဲ့တယ်။ ကျွန်တော်က အဆင့်အတန်းရဲ့ ကျွန်ဖြစ်လာခဲ့တယ်။ အရင်တုန်းက အဆင့်အတန်းရဲ့ အကျိုးအမြတ်တွေအတွက် လောဘတက်ပြီး လက်တွေ့ အလုပ်မလုပ်ခဲ့လို့၊ ကျွန်တော် ပြစ်မှားမှုတစ်ခု ကျူးလွန်မိပြီး အထုတ်ခံခဲ့ရပုံကို ကျွန်တော် တွေးမိတယ်။ အဲဒီအခါမှပဲ စာတန်ရဲ့ အတွေးအခေါ်နဲ့ နည်းဥပဒေသတွေအတိုင်း အသက်ရှင်တာက မှားတဲ့လမ်းကြောင်းကိုပဲ လျှောက်စေပြီး မရည်ရွယ်ဘဲ ဘုရားကို အတိုက်အခံလုပ်စေနိုင်တယ်ဆိုတာကို ကျွန်တော် မြင်ခဲ့တယ်။

နောက်ပိုင်းမှာ၊ ဘုရားနှုတ်ကပတ်တော်ထဲက နောက်ထပ် စာတစ်ပိုဒ်ကို ဖတ်ရတယ်။ “မိမိတို့တာဝန်ကို မှန်မှန်ကန်ကန် လုပ်ဆောင်ခြင်းထက် ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းနောက်ကို လိုက်သော မည်သူမဆိုသည် မီးနှင့် ဆော့ကစားနေခြင်းဖြစ်ပြီး ၎င်းတို့၏ အသက်ကို ဆော့ကစားနေခြင်းဖြစ်သည်။ မီးနှင့် ၎င်းတို့၏အသက်နှင့် ဆော့ကစားသူတို့သည် အချိန်မရွေး မိမိတို့ကိုယ်ကိုယ် ပျက်စီးခြင်းသို့ ရောက်စေနိုင်သည်။ ယနေ့တွင် ခေါင်းဆောင်၊ သို့မဟုတ် အမှုဆောင်တစ်ယောက်အဖြစ် သင်သည် ဘုရားသခင်ကို အစေခံနေခြင်းဖြစ်ပြီး ယင်းမှာ သာမန်ကိစ္စမဟုတ်ပေ။ သင်သည် ကျသင့်ငွေပေးချေပြီး စားပွဲပေါ်သို့ အစားအစာရောက်ရှိစေရန် အလုပ်လုပ်နေခြင်းကို မဆိုထားနှင့်။ အမှုအရာများကို လူအချို့အတွက် လုပ်ဆောင်နေခြင်းပင်မဟုတ်ပေ။ ထိုအစား သင်သည် အသင်းတော်တွင် သင်၏ တာဝန်ကို ထမ်းဆောင်နေခြင်းဖြစ်သည်။ အထူးသဖြင့် ဤတာဝန်သည် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်မှလာခဲ့သည်ကို ထောက်ဆလျှင် ယင်းကို ထမ်းဆောင်ခြင်းမှာ မည်သည့်အရာကို သွယ်ဝိုက်ညွှန်းဆိုသနည်း။ သင်သည် ကောင်းစွာလုပ်ဆောင်သည်ဖြစ်စေ၊ မလုပ်ဆောင်သည်ဖြစ်စေ သင်၏ တာဝန်အတွက် ဘုရားသခင်ပေါ် တာဝန်ရှိသည်။ အဆုံးတွင် ဘုရားသခင်ကို ဖြေရှင်းချက်တစ်ခု ပေးရမည်။ ရလဒ်တစ်ခုရှိရမည်။ သင်လက်ခံခဲ့သည့်အရာမှာ ဘုရားသခင်၏ စေခိုင်းချက်၊ မြင့်မြတ်သော တာဝန်တစ်ခုဖြစ်သည်။ ထို့ကြောင့် ဤတာဝန်သည် မည်မျှအရေးကြီးပါစေ၊ အသေးအဖွဲဖြစ်ပါစေ လေးနက်သည့် အလုပ်တစ်ခုဖြစ်သည်။ မည်မျှ လေးနက်သနည်း။ သေးငယ်သောအတိုင်းအတာတွင် ယင်းသည် ဤဘဝသက်တမ်းတွင် သမ္မာတရားအား သင်ရနိုင်ခြင်းရှိမရှိပါဝင်ပြီး ဘုရားသခင်က သင့်အား ရှုမြင်သည့်ပုံစံ ပါဝင်သည်။ ပို၍ ကြီးမားသောအတိုင်းအတာတွင် ယင်းသည် သင်၏ ရှေ့ရေး၊ ကံကြမ္မာ၊ သင်၏ အဆုံးသတ်အပေါ် တိုက်ရိုက် ဆက်နွှယ်နေသည်။ သင်သည် မကောင်းမှုကျူးလွန်ပြီး ဘုရားသခင်ကို ဆန့်ကျင်လျှင် ရှုတ်ချခံရပြီး အပြစ်ဒဏ်ပေးခံရမည်။ သင်၏တာဝန်ကို ထမ်းဆောင်သောအခါ သင်လုပ်ဆောင်သမျှတိုင်းကို ဘုရားသခင်က မှတ်သားထားသည်။ ထိုအရာကို အမှတ်ပေးပြီး အကဲဖြတ်ပုံအတွက် ဘုရားသခင်တွင် သူ၏ ကိုယ်ပိုင်စည်းမျဉ်းများ၊ စံနှုန်းများရှိသည်။ သင်၏တာဝန်ကို သင်ထမ်းဆောင်သောအခါတွင် ထင်ရှားသော အရာအားလုံးကို အခြေခံပြီး သင်၏ အဆုံးသတ်ကို ဘုရားသခင်က ဆုံးဖြတ်သည်။ ဤသည်မှာ အရေးကြီးသော ကိစ္စတစ်ခု ဖြစ်သလော။ အမှန်ပင် ဖြစ်သည်။ ထို့ကြောင့် သင်သည် တာဝန်တစ်ခုပေးအပ်ခြင်း ခံရလျှင် ယင်းသည် သင်ကိုင်တွယ်ရမည့် သင်၏ကိုယ်ပိုင်အမှုကိစ္စ ဟုတ်သလော။ (မဟုတ်ပါ။) ထိုအလုပ်သည် သင့်ဘာသာ ပြီးမြောက်နိုင်သော အရာတစ်ခုမဟုတ်။ သို့သော် ယင်းအတွက် သင်တာဝန်ယူရန် အမှန်ပင် လိုအပ်သည်။ ဤတာဝန်မှာ သင့်တာဝန်ဖြစ်သည်။ ထိုတာဝန်ပေးစေခိုင်းချက်ကို သင်ပြီးမြောက်ရမည်။ ဤသည်မှာ မည်သည့်အရာနှင့် သက်ဆိုင်သနည်း။ ပူးပေါင်းဆောင်ရွက်ခြင်းနှင့်လည်းကောင်း၊ အစေခံရာ၌ မည်သို့ ပူးပေါင်းဆောင်ရွက်ရမည်ဆိုသည်နှင့်လည်းကောင်း၊ သင့်တာဝန်ကို ထမ်းဆောင်ရန် မည်သို့ ပူးပေါင်းဆောင်ရွက်ရမည်ဆိုသည်နှင့်လည်းကောင်း၊ သင်၏ တာဝန်ပေးစေခိုင်းချက်ကို ပြီးမြောက်ရန် မည်သို့ ပူးပေါင်းဆောင်ရွက်ရမည်ဆိုသည်နှင့်လည်းကောင်း၊ ဘုရားအလိုတော်ကို သင်လိုက်လျှောက်သည့်ပုံစံဖြစ်ရန် မည်သို့ ပူးပေါင်းဆောင်ရွက်ရမည်ဆိုသည်နှင့်လည်းကောင်း သက်ဆိုင်သည်။ ဤအရာများနှင့် သက်ဆိုင်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၈- ၎င်းတို့သည် အခြားသူများအား သမ္မာတရား သို့မဟုတ် ဘုရားသခင်ကို မနာခံစေဘဲ၊ ၎င်းတို့ကိုသာ နာခံစေသည် (အပိုင်း ၁)) ဘုရားနှုတ်ကပတ်တော်တွေဖတ်ပြီးတဲ့အချိန်မှာ ကျွန်တော် နည်းနည်း ကြောက်သွားတယ်။ အထူးသဖြင့် ဒီဘုရားနှုတ်ကပတ်တော်တွေကို ဖတ်မိတဲ့အခါမှာပေါ့။ “မိမိတို့တာဝန်ကို မှန်မှန်ကန်ကန် လုပ်ဆောင်ခြင်းထက် ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းနောက်ကို လိုက်သော မည်သူမဆိုသည် မီးနှင့် ဆော့ကစားနေခြင်းဖြစ်ပြီး ၎င်းတို့၏ အသက်ကို ဆော့ကစားနေခြင်းဖြစ်သည်။ မီးနှင့် ၎င်းတို့၏အသက်နှင့် ဆော့ကစားသူတို့သည် အချိန်မရွေး မိမိတို့ကိုယ်ကိုယ် ပျက်စီးခြင်းသို့ ရောက်စေနိုင်သည်။” ကျော်ကြားခြင်း၊ အကျိုးအမြတ်နဲ့ အဆင့်အတန်းကို လိုက်စားတာက ကိုယ့်အသက်ကို အရေးကြီးတယ်လို့ မသတ်မှတ်ဘဲ မီးနဲ့ကစားတာ၊ ကိုယ့်အသက်နဲ့ကစားတာနဲ့ တူတယ်ဆိုတာကို ကျွန်တော်မြင်ခဲ့တယ်။ ကိုယ့်တာဝန်က ဘုရားဆီက စေခိုင်းချက်တာဝန်တစ်ခု၊ အရမ်းအရေးကြီးတဲ့ ကိစ္စတစ်ခု ဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်တော်က ကိုယ့်တာဝန်ကို အာဏာနဲ့ အဆင့်အတန်းရဖို့ တန်ဆာပလာတစ်ခုအနေနဲ့ သဘောထားခဲ့တယ်။ ဒီအလုပ်ကို တစ်ယောက်ထဲ တာဝန်ယူလို့မရတာကို သိပေမဲ့၊ ကျွန်တော် အပြင်ထွက်ပြီး ချန်ရန်းကို ထောက်ခံမပေးခဲ့ဘူး။ အသင်းတော်အလုပ် ထိခိုက်မလားဆိုတာကို နည်းနည်း မစဉ်းစားခဲ့ဘူး။ ဒါက ဘုရားကို အတိုက်အခံလုပ်ပြီး ပြစ်မှားတဲ့ အရာတစ်ခုဖြစ်ခဲ့တယ်။ ကျွန်တော်က မီးနဲ့ ကစားနေခဲ့တာ မဟုတ်လား။ အဖွဲ့ခေါင်းဆောင်အနေနဲ့ ကျွန်တော့်ကိုယ်ပိုင် တာဝန်ကို ကျွန်တော် ဖြည့်ဆည်းဖို့ ပျက်ကွက်ခဲ့ရုံမက၊ ကျွန်တော် ဂရုစိုက်မှုရဲ့အောက်မှာ အလုပ်က နှောင့်နှေးခဲ့တယ်။ ဒါကို ဘုရားသခင်ကို အကြောင်းပြပြီးဖြေရှင်းလို့မရဘူး။ ကျွန်တော်က ကျော်ကြားမှု၊ အကျိုးအမြတ်၊ အဆင့်အတန်းနဲ့ ကျွန်တော့်ကို လူတွေ အထင်ကြီးအောင်လုပ်တာပဲ လိုက်စားခဲ့ပြီး ကျွန်တော်လျှောက်ခဲ့တဲ့လမ်းကြောင်းက အန္တိခရစ်ရဲ့ လမ်းကြောင်းပဲ။ ကျွန်တော် နောင်တမရခဲ့ရင်၊ ကောင်းတဲ့ရလဒ်နဲ့ ခရီးပန်းတိုင် ရှိမှာ မဟုတ်ဘူး။ ဒါကို သဘောပေါက်လိုက်တဲ့အခါ၊ အရင်က ကျွန်တော် ယုံကြည်ခဲ့တဲ့ ရှုထောင့်ဖြစ်တဲ့ “တခြားလူတွေကို ငါ မထောက်ခံပေမဲ့၊ ကွက်ကွက်ကွင်းကွင်း နှောင့်ယှက်ပြီး အဖျက်အမှောင့် မလုပ်သရွေ့၊ ဘုရားက ငါ့ကို ရှုတ်ချမှာ မဟုတ်ပါဘူး”ဆိုတာက သမ္မာတရားနဲ့ မကိုက်ညီမှန်းကို ကျွန်တော် တွေ့ခဲ့တယ်။ အပြင်ပန်းမှာ ကျွန်တော်က ဒုက္ခခံပြီး ပေးဆပ်ပြီးတော့သိသာတဲ့ မကောင်းမှုတစ်ခုမှ မလုပ်ဘဲ တာဝန်ထမ်းဆောင်ရင်း အလုပ်ရှုပ်နေတဲ့ပုံစံ ရှိပေမဲ့ ကျွန်တော့်ကိုယ်ပိုင် အာဏာနဲ့ အဆင့်အတန်းကို ကာကွယ်ဖို့ ချန်ရန်းကို ထောက်ခံပေးတာထက် အလုပ်ကို နှောင့်နှေးစေချင်ခဲ့တယ်။ ကျွန်တော် တွေးခဲ့သမျှက ကိုယ့်ကိုယ်ပိုင် ကျော်ကြားမှု၊ အကျိုးအမြတ်နဲ့ အဆင့်အတန်းကို ဘယ်လိုကာကွယ်ရမလဲဆိုတာပဲ။ ကျွန်တော် တွေးသမျှတိုင်းက ဆိုးယုတ်ပြီး ဘုရားရဲ့ရှုတ်ချတာကို ခံခဲ့ရတယ်။ ဘုရားက လူတွေရဲ့ နှလုံးသားနဲ့ စိတ်တွေကို စိစစ်တယ်။ မကောင်းတဲ့လမ်းကြောင်းကို ကျွန်တော် မစွန့်ဘဲ နာမည်ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို ကျွန်တော် လိုက်စားနေတုန်းပဲဆိုရင်၊ “အဆုံးမှာ ဘုရားကရှုတ်ချတာနဲ့ အပြစ်ပေးတာကိုပဲ ခံရနိုင်တယ်။”

နောကပိုင်းမှာ၊ ဘုရားနှုတ်ကပတ်တော် နောက်ထပ်နှစ်ပိုဒ်ဖတ်ပြီး လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်း ရှာတွေ့ခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “မိမိတို့၏ တာဝန်ကို ထမ်းဆောင်နေသည့်သူများ အားလုံးအတွက်မူ၊ သမ္မာတရားကို ၎င်းတို့၏နားလည်ခြင်းသည် မည်မျှ နက်နဲပါစေ၊ သို့မဟုတ် မည်မျှပေါ့တန်ပါစေ သမ္မာတရား စစ်မှန်မှုထဲသို့ ဝင်ရောက်ခြင်းအား အရိုးရှင်းဆုံး လက်တွေ့လုပ်ဆောင်ခြင်း နည်းလမ်းမှာ အရာအားလုံး၌ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို တွေးဖို့ရန်နှင့် မိမိ၏တစ်ကိုယ်ကောင်းဆန်သော စိတ်ဆန္ဒများ၊ ကိုယ်ပိုင် ရည်ရွယ်ချက်များ၊ ကြံရွယ်ချက်များ၊ မာနနှင့် ဂုဏ်အဆင့်အတန်းတို့ကို လက်လွှတ်ဖို့ ဖြစ်သည်။ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ဦးစားပေးလော့။ ဤသည်မှာ အနည်းဆုံး လုပ်ဆောင်သင့်သည့် အရာဖြစ်၏။ တာဝန်ကို ဆောင်ရွက်နေသည့် လူတစ်ဦးသည် ဤမျှလောက်ပင် မလုပ်ဆောင်နိုင်လျှင် မိမိ၏ တာဝန်ကို လုပ်ဆောင်နေပါသည်ဟု ၎င်းကို အဘယ်သို့ ပြောနိုင်မည်နည်း။ ယင်းမှာ မိမိ၏ တာဝန်ကို လုပ်ဆောင်နေခြင်း မဟုတ်ပေ။ ဘုရားအိမ်တော်၏ အကျိုးများကို သင် ပထမဦးဆုံး စဉ်းစားသင့်သည်၊ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် အသင်းတော် အလုပ်တို့ကို စဉ်းစားသင့်သည်။ ဤအရာများကို ဦးစားပေးသင့်၏။ ထို့နောက်တွင်မှ သင့်အဆင့်အတန်း၏ တည်ငြိမ်မှု၊ သို့မဟုတ် အခြားသူများက သင့်ကို မည်သို့ သဘောထားသည်တို့နှင့်ပတ်သက်၍ သင် စဉ်းစားနိုင်သည်။ ယင်းကို အဆင့်နှစ်ခုအဖြစ်သို့ ပိုင်းခြားလိုက်ပြီး ညှိနှိုင်းမှုအချို့ ပြုလုပ်သည့်အခါ အနည်းငယ် ပိုမို လွယ်ကူလာသည်ဟု သင်တို့ မခံစားရသလော။ ခဏတာ ဤအရာကို သင်လက်တွေ့လုပ်ဆောင်လျှင် ဘုရားသခင်ကို စိတ်ကျေနပ်စေခြင်းမှာ ထိုမျှ ခက်ခဲသည့်အရာမဟုတ်ဟု သင် ခံစားလာရလိမ့်မည်။ ထို့အပြင် သင်၏ တာဝန်များကို သင်ဖြည့်ဆည်းနိုင်သင့်သည်၊ သင်၏ တာဝန်နှင့် ဝတ္တရားများကို ထမ်းဆောင်နိုင်သင့်သည်၊ သင်၏ တစ်ကိုယ်ကောင်းဆန်သော စိတ်ဆန္ဒများနှင့် ရည်ရွယ်ချက်များနှင့် ကြံရွယ်ချက်များကို ဘေးဖယ်ထားသင့်သည်၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို အလေးထားမှု ပြသင့်ပြီး ဘုရားအိမ်တော်၏ အကျိုးများ၊ အသင်းတော်အလုပ်နှင့် သင်ထမ်းဆောင်သင့်သည့် တာဝန်တို့ကို ဦးစားပေးသင့်သည်။ ဤအရာကို တစ်ခဏကြာ ကြုံတွေ့ပြီးနောက်တွင် ဤသည်မှာ ပြုမူကျင့်ကြံရန် ကောင်းမွန်သော နည်းလမ်းတစ်ခု ဖြစ်သည်ဟု သင်ခံစားရလိမ့်မည်။ ယင်းမှာ ယုတ်ညံ့သောလူတစ်ဦး၊ သို့မဟုတ် ဆိုးညစ်သောလူတစ်ဦး မဖြစ်ဘဲ ရိုးရိုးစင်းစင်းနှင့် ရိုးသားစွာ အသက်ရှင်ခြင်း ဖြစ်သည်။ စက်ဆုပ်ဖွယ်‌ကောင်းခြင်း၊ ယုတ်ညံ့ခြင်းနှင့် အသုံးမကျခြင်းတို့ထက် မျှမျှတတ နှင့် သိက္ခာရှိရှိ အသက်ရှင်ခြင်း ဖြစ်သည်၊ ဤသည်မှာ လူတစ်ဦး ပြုမူသင့်သည့်ပုံဖြစ်ပြီး ထိုလူ အသက်ရှင်နေထိုင်သင့်သည် ပုံရိပ်တစ်ခုဖြစ်သည်ဟု သင်ခံစားရလိမ့်မည်။ တဖြည်းဖြည်းနှင့် သင်၏ ကိုယ်ပိုင်အကျိုးစီးပွားများကို အလိုဖြည့်ဖို့ သင်၏ လိုအင်ဆန္ဒသည် သာ၍ လျော့ပါးသွားပေလိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအား စွန့်ပစ်ခြင်းအားဖြင့်သာ လွတ်လပ်ခြင်းနှင့် လွတ်မြောက်ခြင်းကို ရရှိနိုင်သည်)ခေါင်းဆောင်တစ်ဦး၊ သို့မဟုတ် အမှုတော်ဆောင်တစ်ဦး အနေဖြင့် သင်သည် သင့်အဆင့်အတန်း၏ အကျိုးအမြတ်များ၌ အစဉ်မွေ့လျော်လျက်၊ သင်၏ကိုယ်ပိုင်အစီအစဉ်များကို အစဉ် ချမှတ်လျက်၊ သင်၏ ကိုယ်ပိုင်ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းကို အစဉ်ထည့်စဉ်းစားပြီး မွေ့လျော်လျက်၊ သင်၏ ကိုယ်ပိုင်လုပ်ငန်းကို အစဉ်စီမံလျက်၊ ပြီးလျှင် ပိုမိုမြင့်မားသော အဆင့်အတန်းရရှိရန်၊ ပိုမိုများသောလူတို့ကို စီမံထိန်းချုပ်ရန်နှင့် သင်၏ အာဏာနယ်ပယ်ကို ချဲ့ထွင်ရန် အစဉ်ကြိုးစားလျက်ဖြင့် သင့်ကိုယ်သင် အခြားသူများထက် သာသည်ဟု အစဉ်တွေးထင်ကာ အစိုးရရာထူးတစ်ခုကဲ့သို့ သင်၏ တာဝန်တွင် ပျော်မွေ့နေလျှင် ဤသည်မှာ ပြဿနာဖြစ်သည်။ အစိုးရအရာရှိတစ်ဦးဖြစ်သည့်အလား အရေးကြီးသောတာဝန်တစ်ခုကို သင်၏ ရာထူးအား မွေ့လျော်ခံစားရန် အခွင့်အလမ်းတစ်ခုအဖြစ် မှတ်ယူခြင်းသည် အလွန် အန္တရာယ်ရှိသည်။ သင်သည် အခြားသူများနှင့်အတူ ပူးပေါင်းဆောင်ရွက်ရန် ဆန္ဒမရှိဘဲ၊ သင်၏ အာဏာကို လျော့ပါးစေပြီး အခြားမည်သူနှင့်မျှ မျှဝေရန် အလိုမရှိဖြစ်လျက်၊ အခြားမည်သူ့ကိုမျှ သင့်ထံဝင်ပြီး မင်္ဂလာယူရန်၊ သင်၏ထင်ပေါ်မှုကို ခိုးယူရန် အလိုမရှိဘဲ ဤသို့ အစဉ်ပြုမူဆောင်ရွက်လျှင်၊ အာဏာကို သင်ကိုယ်တိုင်သာ ခံစားချင်လျှင် သင်သည် အန္တိခရစ်တစ်ဦးဖြစ်သည်။ သို့သော် သင်သည် သမ္မာတရားကို မကြာခဏ ရှာဖွေလျှင်၊ သင်၏ ဇာတိပကတိ၊ သင်၏ အရင်းခံအကြောင်းရင်းများနှင့် အယူအဆများအား ပုန်ကန်ခြင်းကို လက်တွေ့လုပ်ဆောင်လျှင်၊ အခြားသူများနှင့် ပူးပေါင်းဆောင်ရွက်ရန် ကိုယ်တိုင်စတင်လုပ်ဆောင်နိုင်လျှင်၊ အခြားသူများနှင့် တိုင်ပင်ပြီး ရှာဖွေရန် သင်၏ စိတ်နှလုံးကို ဖွင့်ဟလျှင်၊ အခြားသူများ၏ စိတ်ကူးများ၊ အကြံပြုချက်များကို အာရုံစိုက် နားထောင်လျှင်၊ မည်သူ့ဆီကလာသည်ဖြစ်စေ မှန်ကန်ပြီး သမ္မာတရားနှင့်ညီသော အကြံကို လက်ခံလျှင် သင်သည် ဉာဏ်ပညာရှိပြီး မှန်ကန်သောပုံစံဖြင့် လက်တွေ့လုပ်ဆောင်နေခြင်းဖြစ်ကာ မှားယွင်းသောလမ်းကြောင်းကို လျှောက်ခြင်းအား ရှောင်ကြဉ်နိုင်သည်။ ဤသည်မှာ သင့်အတွက် အကာအကွယ်ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၈- ၎င်းတို့သည် အခြားသူများအား သမ္မာတရား သို့မဟုတ် ဘုရားသခင်ကို မနာခံစေဘဲ၊ ၎င်းတို့ကိုသာ နာခံစေသည် (အပိုင်း ၁)) ဘုရားသခင်ကို ယုံကြည်သူတစ်ယောက်အနေနဲ့၊ ဘုရားနှုတ်ကပတ်တော် အများကြီးကို စားသောက်ပြီးတဲ့နောက်မှာ၊ ကျွန်တော့်တာဝန်ကို ထမ်းဆောင်တဲ့နေရာမှာ အသင်းတော်ရဲ့ အကျိုးစီးပွားတွေကို ကျွန်တော် မကာကွယ်နိုင်ခဲ့ဘူး။ ဒါပေမဲ့ ကိုယ့်ကိုယ်ပိုင် တစ်ကိုယ်ကောင်း ဆန္ဒတွေ၊ ဂုဏ်သတင်းနဲ့ အဆင့်အတန်းအတွက်ပဲ နေရာတကာ စကားပြောပြီး ပြုမူခဲ့တယ်။ ကျွန်တော်က တကယ်ကို အသိစိတ်နဲ့ ဆင်ခြင်တုံတရားမဲ့ခဲ့ပြီး၊ အသင်းတော်မှာ ကျွန်တော့် တာဝန်ကို ထမ်းဆောင်ဖို့ မထိုက်တန်ခဲ့ဘူး။ ဘုရားအိမ်တော်မှာ သမ္မာတရား အုပ်စိုးတယ်၊ ဖြောင့်မတ်ခြင်းတရား အုပ်စိုးတယ်။ အစွမ်းအစနဲ့ အရည်အချင်း ပိုင်ဆိုင်ပြီး၊ အသင်းတော်အလုပ်ကို ဝန်တာထားသူ ဘယ်သူမဆိုကို ထောက်ခံပေးသင့်တယ်။ သူတို့ကို အသင်းတော်မှာ သင့်တော်တဲ့ အလုပ်ကို တာဝန်ယူခိုင်းသင့်တယ်။ တခြားလူတွေကို ထောက်ခံလိုက်တော့၊ အသင်းတော်အလုပ်ကို လုပ်ဖို့ နောက်ထပ် လူတစ်ယောက် ရှိသွားပြီလေ။ အဲဒါက အလုပ်တိုးတက်ဖို့အတွက် အကျိုးရှိသလို ညီအစ်ကို မောင်နှမတွေရဲ့ အလုပ်အတွက်လည်း အကျိုးရှိတယ်။ တစ်ယောက်ယောက်က အဆင့်အတန်းရဲ့ အကျိူးကျေးဇူးတွေကို အမြဲ မက်မောပြီး၊ သူ့ဘာသာ အာဏာကို လက်ဝါးကြီးအုပ်ချင်ရင်၊ တခြားလူတွေနဲ့ တွဲမလုပ်ချင်ဘဲ ကျန်တဲ့သူတွေထက် သာချင်ပြီး အဆုံးအဖြတ်ပေးချင်ရင်၊ အဲဒီလူက အန္တိခရစ်ရဲ့ လမ်းကြောင်းကို လျှောက်သွားမှာပဲ။ ဒါပေမဲ့ သူ့မှာ တွဲဖက်တစ်ယောက်ရှိပြီး၊ အလုပ်မှာ သူတို့ ဆွေးနွေးနိုင်ရင်၊ အချင်းချင်းဆီကနေ သင်ယူပြီး တစ်ယောက်နဲ့တစ်ယောက် ကြည့်ရှုစစ်ဆေးနိုင်ရင်၊ လူတစ်ယောက်က အာဏာကို လက်ဝါးကြီးအုပ်တာမျိုးကို ရှောင်နိုင်ကြမှာဖြစ်သလို၊ အန္တိခရစ်လမ်းကြောင်းကို လျှောက်တာကို ရှောင်ရှားနိုင်တယ်။ ဒါက သူတို့ကိုယ်တိုင်အပေါ် မမြင်နိုင်တဲ့ အကာအကွယ်တစ်မျိုး ဖြစ်လာတယ်။ ဒါကို ကျွန်တော် သေချာတွေးကြည့်တော့ ပါရမီရှိသူတွေကို ထောက်ခံပေးတာက အသင်းတော်ရဲ့ အလုပ်ကို အကျိုးပြုရုံမက၊ ကျွန်တော့်ကိုလည်း အကူအညီဖြစ်မယ်ဆိုတာကို သဘောပေါက်လိုက်တယ်။ အဲဒီနောက်မှာ၊ ခေါင်းဆောင်ကို ကျွန်တော် စာပို့ပြီး ချန်ရန်းကို ထောက်ခံပေးလိုက်တယ်။ ချန်ရန်းနဲ့ ကျွန်တော် တွဲဖက်တွေ ဖြစ်လာဖို့အတွက် ခေါင်းဆောင်က သဘောတူခဲ့တယ်။ အဲဒီအခါ ကျွန်တော့် စိတ်နှလုံးက အရမ်းလွတ်မြောက်သွားပြီး အရမ်း ပေါ့ပါးသွားတယ်။ အဲဒီအချိန်ကစလို့၊ ကျွန်တော် ချန်ရန်းနဲ့ အလုပ်ကိစ္စဆွေးနွေးတယ်၊ ပြီးတော့ တာဝန်တွေကို မျှလုပ်ကြပြီး၊ တဖြည်းဖြည်းနဲ့ လူတွေကို ပျိုးထောင်တာအတွက် ရလဒ်တွေကလည်း တိုးတက်ခဲ့တယ်။ ဒီအတွေ့အကြုံကတစ်ဆင့်၊ ဘုရားနှုတ်ကပတ်တော်တွေမှာ ပြောထားတာကို ကျွန်တော် တဖြည်းဖြည်း စပြီးနားလည်လာတယ်။ “သင်သည် လူကောင်းတစ်ယောက်ကို အကြံပြုထောက်ခံပေးပြီး လေ့ကျင့်မှုယူစေကာ တာဝန်တစ်ခုကို ထမ်းဆောင်စေ၍ ဤနည်းအားဖြင့် ဘုရားအိမ်တော်တွင် ပါရမီရှိသူတစ်ယောက်ကို ဖြည့်သွင်းပါက သင်၏အလုပ်ကို ပို၍ မလွယ်ကူစေသလော။ သို့ဆိုလျှင် သင်သည် သင်၏တာဝန်၌ သစ္စာစောင့်သိခြင်းကို ပြနေခြင်း မဟုတ်လော။ ဤသည်မှာ ဘုရားသခင် ရှေ့မှောက်၌ ကောင်းမှုတစ်ခုဖြစ်သည်။ ယင်းသည် ခေါင်းဆောင်များအဖြစ် အစေခံသည့်သူများ အနည်းဆုံးအနေဖြင့် ပိုင်ဆိုင်သင့်သည့် အသိတရားနှင့် အသိစိတ် ဖြစ်ပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအား စွန့်ပစ်ခြင်းအားဖြင့်သာ လွတ်လပ်ခြင်းနှင့် လွတ်မြောက်ခြင်းကို ရရှိနိုင်သည်) ဘုရားနှုတ်ကပတ်တော်တွေကနေ ကျွန်တော် မြင်ခဲ့ရတယ်။ တခြားလူတွေကို ထောက်ခံပေးတာက ကျွန်တော့် အကျိုးစီးပွားကို ထိခိုက်စေမှာမဟုတ်သလို၊ အဲဒါက သမ္မာတရားကို လက်တွေ့လုပ်ပြီး ကောင်းမှုတွေကို ပြင်ဆင်တာဖြစ်တယ်ဆိုတာပေါ့။ ကျွန်တော့်အတွက်ရော၊ အသင်းတော် အလုပ်အတွက်ပါ အကျိုးရှိတယ်။ ဒီလို လက်တွေ့လုပ်တာက ကျွန်တော့်ကို စိတ်အေးချမ်းစေတယ်။ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ဆုတ်ဆိုင်းမှုမှ သင်ယူခဲ့ရသည့်အရာ

စွတ်ဖန့် ကိုးရီးယားနိုင်ငံ ၂၀၁၄ မှာ ကျွန်တော်က အသင်းတော်အတွက် ဗီဒီယိုထုတ်လုပ်သူအဖြစ် လေ့ကျင့်ခဲ့ပါတယ်။ အဲဒီအချိန်တုန်းက ဗီဒီယိုအသစ်တစ်ခုကို...

အန္တိခရစ်တစ်ယောက်ကြောင့် လမ်းလွှဲခြင်းခံရမှုအပေါ် ဆင်ခြင်ခြင်း

ဆူးဆန်း ဂျပန်နိုင်ငံ တစ်ခါတော့ လျူပိန်းလို့ခေါ်တဲ့ အထက်ပိုင်းခေါင်းဆောင်တစ်ယောက်က ကျွန်မတို့အသင်းတော်က ကိစ္စတွေကို စစ်ဆေးဖို့လာတယ်။...

မနာလိုခြင်းက သင့်ကို လွှမ်းမိုးမသွားစေနှင့်

လီဖန်း တရုတ်နိုင်ငံ ကျွန်မက ၂၀၁၇ နွေရာသီမှာ အသင်းတော်ခေါင်းဆောင်အဖြစ် ထမ်းဆောင်ခဲ့ပါတယ်။ အလုပ်လိုအပ်ချက်တွေကြောင့် အထက်ခေါင်းဆောင်က...

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။