သမ္မာတရားကို လိုက်စားခြင်းက ကျွန်မကို ပြောင်းလဲစေခဲ့သည်
အိုးလင်း မြန်မာနိုင်ငံ ၂၀၁၈၊ မေလမှာ ကျွန်မ စစ်တပ်ထဲဝင်ဖို့ အိမ်ကထွက်ခဲ့တယ်။ စစ်တပ်ထဲမှာ ခေါင်းဆောင်က အမိန့်တစ်ခုထုတ်ရင် အဆင့်နိမ့်တဲ့သူတွေက...
ဘုရား၏ ပေါ်ထွန်းခြင်းကို တောင့်တသည့် ရှာဖွေသူများအားလုံးကို ကျွန်ုပ်တို့ကြိုဆိုပါသည်။
ကျွန်မ ငယ်ငယ်ကတည်းက မိသားစုဝင်တွေနဲ့ ဆရာတွေက စာကြိုးစားဖို့ ပြောခဲ့ကြတယ်။ တက္ကသိုလ်ဝင်ခွင့်ရမှ ဘဝကောင်းတစ်ခု ရနိုင်မှာတဲ့၊ မဟုတ်ရင် တစ်သက်လုံး ဒုက္ခခံပြီး ဆင်းရဲမွဲတေနေရမှာတဲ့လေ။ ကျွန်မတို့မိသားစုက ဆင်းရဲတော့ ရွာထဲကလူတွေက ကျွန်မတို့ကို အထင်သေးကြတာကို မြင်ရတော့ ကျွန်မ တွေးမိတယ်၊ တကယ်လို့သာ တက္ကသိုလ်တက်ခွင့်ရရင် အလုပ်ကောင်းကောင်းတစ်ခု ရှာနိုင်မှာပဲ၊ အဲဒီအခါကျရင် ရွာထဲကလူတွေက ကျွန်မတို့မိသားစုကို မထီမဲ့မြင် မလုပ်ရဲတော့ဘူးပေါ့။ မူလတန်းကျောင်းသုံးစာအုပ်ထဲက စာတစ်ကြောင်းကို ကျွန်မ မှတ်မိနေသေးတယ်၊ “စာဖတ်ခြင်းအားဖြင့် ချစ်ခြင်းမေတ္တာရော စည်းစိမ်ဥစ္စာပါ ရနိုင်သည်” တဲ့။ ကျွန်မ စာကြိုးစားရင် စာအုပ်တွေထဲကနေ အသိပညာတွေ အများကြီး ရလိမ့်မယ်၊ ကျွန်မမှာ အသိပညာတွေ ပိုများပြီး ပညာအရည်အချင်း ပိုမြင့်လာလေလေ၊ ပိုချမ်းသာလာလေလေ ဖြစ်မယ်၊ ပြီးတော့ ပညာကပဲ ကံကြမ္မာကို ပြောင်းလဲပေးနိုင်တယ်လို့ ကျွန်မ ယုံကြည်ခဲ့တယ်။ မိသားစုက ဘုရားသခင်ကို ယုံကြည်ခြင်းအကြောင်း ပြောတဲ့အခါ ကျွန်မက နှုတ်နဲ့တော့ သဘောတူလိုက်ပေမဲ့ ကျွန်မစိတ်နှလုံးထဲမှာတော့ “အခုအချိန်မှာ စာကြိုးစားဖို့က အဓိကပဲ။ တက္ကသိုလ်ဝင်ခွင့်ရပြီး အလုပ်ကောင်းကောင်းရမှပဲ ကောင်းကောင်းမွန်မွန် ယုံကြည်တော့မယ်” လို့ တွေးနေခဲ့တယ်။ ဒါကြောင့် ကျွန်မ စုဝေးပွဲတွေကို ဘယ်တော့မှ မတက်ခဲ့ဘူး။ တစ်ခါတလေ မိသားစုက ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ပြပေမဲ့ ကျွန်မက ပုံပြင်စာအုပ်တစ်အုပ်လိုပဲ ဖတ်ခဲ့တယ်၊ ကျွန်မစိတ်နှလုံးကတော့ တက္ကသိုလ်တက်ခွင့်ရပြီး တောက်ပတဲ့အနာဂတ်ကို တည်ဆောက်ဖို့ပဲ အာရုံစိုက်နေခဲ့တာပေါ့။
အဲဒီတုန်းက ကျွန်မရဲ့အဆင့်တွေက တော်တော်ကောင်းပါတယ်၊ ရွာထဲကလူတွေက ကျွန်မ အဆင့်တွေကောင်းတာနဲ့ လိမ္မာရေးခြားရှိတာကို ချီးကျူးကြပြီး ကျွန်မကို အောင်မြင်မှာ သေချာတယ်လို့ ပြောကြတယ်။ ကျွန်မတို့မိသားစုမှာ တက္ကသိုလ်ဘွဲ့ရတစ်ယောက် သေချာပေါက် ရှိလာလိမ့်မယ်လို့ပြောပြီး ဆွေမျိုးတွေကလည်း စာကြိုးစားဖို့ ခဏခဏ အားပေးကြတယ်။ ဒါကိုကြားတော့ ကျွန်မ ဝမ်းသာပြီး အံ့ဩမိတယ်။ ဘာလို့လဲဆိုတော့ ကျွန်မတို့မိသားစုက ဆင်းရဲတော့ တခြားလူတွေက အထင်သေးကြလို့ တခြားသူတွေကြားထဲမှာ ကိုယ့်ကိုယ်ကိုယ် လူတွေထက် နိမ့်ကျနေသလိုမျိုး တကယ်ကို သိမ်ငယ်တယ်လို့ ခံစားခဲ့ရတာကိုး။ ကျွန်မ အဆင့်တွေကောင်းလို့ လူတွေက ကျွန်မကို အထင်ကြီးကြလိမ့်မယ်လို့ ဘယ်တုန်းကမှ မမျှော်လင့်ခဲ့ဖူးဘူး၊ ဒီတော့ စာတတ်ပေတတ်ဖြစ်ခြင်းက တခြားသူတွေရဲ့ လေးစားမှုကို တကယ်ပဲ ရနိုင်တာပဲလို့ ကျွန်မ ထင်လာတယ်။ ဒါပေမဲ့ အခုချိန်ထိ ကိုယ့်အဆင့်က အကောင်းဆုံးမဟုတ်သေးဘူးဆိုတာကို ပြန်တွေးမိတော့ ပိုကောင်းတဲ့ ရလဒ်တွေ ရရှိဖို့အတွက် စာကြိုးစားဖို့ ကိုယ့်ကိုယ်ကိုယ် တွန်းအားပေးခဲ့ရတယ်။ နောက်ပိုင်းမှာ ကျွန်မ ခရိုင်ရဲ့ အကောင်းဆုံးအထက်တန်းကျောင်းကို တက်ခွင့်ရခဲ့တယ်၊ တက္ကသိုလ်တက်ဖို့ အခွင့်အရေးကောင်းတစ်ခု ရနေပြီလို့ ယုံကြည်မှုရှိလာပြီး အဲဒီအချိန်ကျရင် ကျွန်မကိုသိတဲ့သူတွေက ကျွန်မကို အမြင်သစ်နဲ့ ကြည့်ကြမှာပဲလေ။ အထက်တန်းနောက်ဆုံးနှစ်ရောက်တော့ ဆရာတွေက ခဏခဏ ပြောကြတယ်၊ “တက္ကသိုလ်ဝင်ခွင့်စာမေးပွဲက မင်းတို့ဘဝရဲ့ အမြင့်ကို ဆုံးဖြတ်ပေးတယ်” “အခုခေတ် လူ့အဖွဲ့အစည်းမှာ ပြိုင်ဆိုင်မှုတွေက ပြင်းထန်တယ်၊ အရည်အချင်းသာတဲ့သူက ရှင်သန်ကျန်ရစ်မယ်၊ အခြေအနေနဲ့ အလိုက်သင့်နေတတ်တဲ့သူပဲ ရှင်သန်နိုင်တယ်” ပြီးတော့ “ငယ်တုန်းရွယ်တုန်းမှာ မကြိုးစားရင် အသက်ကြီးလာတဲ့အခါ နောင်တရလိမ့်မယ်” တဲ့။ ထိပ်တန်းတက္ကသိုလ်တစ်ခုက ဘွဲ့လက်မှတ်ရမှပဲ အနာဂတ်ကောင်းတစ်ခု ရနိုင်မယ်ဆိုတာကို ကျွန်မ သဘောပေါက်သွားပြီး ဒီပန်းတိုင်ကိုရောက်ဖို့ ပိုပြီးတော့တောင် စာကြိုးစားခဲ့တယ်။ မကြာမကြာဆိုသလို နေ့လယ်စာစားချိန်ကိုတောင် မနားဘဲ စာသင်ခန်းထဲမှာ ပုစ္ဆာတွေထိုင်တွက်တယ်၊ ထမင်းစားဆောင်သွားတာကတောင် အချိန်ဖြုန်းနေရသလို ခံစားရတယ်။ စာမေးပွဲတိုင်းမှာ ကိုယ့်ရဲ့အမှတ်နဲ့ အဆင့်ကို အရမ်းဂရုစိုက်တယ်။ အဆင့်တက်လာရင် စိတ်ထဲမှာ ကျေနပ်ပီတိဖြစ်ရပြီး ကျွန်မအဆင့် တက်မလာတဲ့အခါ ဒါမှမဟုတ် ကျသွားတဲ့အခါ အရမ်းစိတ်ဓာတ်ကျပြီး မနေနိုင်မထိုင်နိုင် ဖြစ်ခဲ့တယ်။ ကျွန်မ စာကြိုးစားခဲ့ပေမဲ့ အများအားဖြင့်တော့ ကျွန်မရဲ့ အတန်းအဆင့်က ဆယ့်နှစ်၊ ဒါမှမဟုတ် ဆယ့်သုံးလောက်မှာပဲ ရှိနေခဲ့တယ်၊ ကျွန်မ တော်တော်လေးနာကျင်ပြီး ဖိအားတွေလဲ အရမ်းများခဲ့တယ်။ ဒါပေမဲ့ တက္ကသိုလ်တက်ခွင့်ရမှ ဘဝကောင်းတစ်ခုရပြီး လူတွေရဲ့အထင်သေးတာကို ခံရမှာမဟုတ်ဘူးလို့ တွေးမိတော့ နည်းနည်းလေးတောင် အပေါ့လျော့မခံရဲဘဲ ခေါင်းမဖော်တမ်း စာဆက်ကြိုးစားခဲ့တော့တာပေါ့။
တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ မဖြေခင် သုံးလအလိုမှာ ကျွန်မကို ပြင်းပြင်းထန်ထန် သက်ရောက်မှုရှိခဲ့တဲ့ ကိစ္စတစ်ခု ဖြစ်ခဲ့တယ်။ ကျောင်းက အစမ်းစာမေးပွဲတစ်ခု ကျင်းပခဲ့တယ်၊ အဲဒီမှာ စာမေးပွဲပြန်ဖြေတဲ့ ကျောင်းသားတစ်ယောက်က အဓိကတက္ကသိုလ်တစ်ခုရဲ့ ဝင်ခွင့်အမှတ်ကို အမှတ်နည်းနည်းလေးနဲ့ ကပ်လွဲသွားတာကြောင့် နောက်ဆုံးမှာ တိုက်ပေါ်ကနေ ခုန်ချပြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့တယ်။ ဒီသတင်းကိုကြားတော့ ကျွန်မ စိတ်ထဲမှာ တော်တော်နဲ့ မတည်ငြိမ်နိုင်ခဲ့ဘူး။ သူ့အမှတ်က ကျွန်မအမှတ်ထက် အများကြီးသာပေမဲ့ အမှတ်နည်းနည်းလေးအတွက်နဲ့ သူ့ဘဝကို အဆုံးသတ်သွားခဲ့တယ်လေ။ စာသင်ခန်းထဲမှာ ထိုင်နေရင်းနဲ့ စာအုပ်တွေပုံနေတဲ့ စားပွဲတွေနဲ့ စာကြိုးစားနေတဲ့ အတန်းဖော်တွေကို ကျွန်မ လှည့်ပတ်ကြည့်လိုက်တော့ ရုတ်တရက် လုံးဝကို လမ်းပျောက်သွားသလို ခံစားလိုက်ရတယ်။ ကျွန်မ မတွေးဘဲ မနေနိုင်ခဲ့ဘူး၊ “လူငယ်လေးတစ်ယောက်ရဲ့ အသက်က အမှတ်နည်းနည်းလေးကြောင့်နဲ့ပဲ ဆုံးသွားရတာ၊ ဒါက တန်ရဲ့လား။ ငါတို့ကျောင်းသားတွေက အမှတ်တွေအတွက်ပဲ အသက်ရှင်နေကြတာလား။ အမှတ်တွေက အသက်ထက် ပိုအရေးကြီးလို့လား။ စာမေးပွဲအဆင့်က လူတစ်ယောက်ရဲ့ ကံကြမ္မာကို တကယ်ပဲ ဆုံးဖြတ်ပေးနိုင်လို့လား။ သူ ဘာလို့ ဒီလို အတွေးတိမ်ရတာလဲ” ပေါ့။ ကျွန်မကိုယ်တိုင်လည်း ဒီစာမေးပွဲပြန်ဖြေတဲ့ကျောင်းသားလိုပဲ တက္ကသိုလ်ကောင်းကောင်းတစ်ခုကို ဝင်ခွင့်ရဖို့ အမှတ်ကောင်းကောင်းရရေးအတွက် အသည်းအသန် ကြိုးစားနေတာကို ပြန်တွေးမိတဲ့အခါ ကိုယ့်ကိုယ်ကိုယ် မေးမိတယ်၊ “တက္ကသိုလ်ဆိုတာ ငါ့အတွက် တစ်ခုတည်းသော ထွက်ပေါက်လား။ ငါ တက္ကသိုလ်ဝင်ခွင့်မရရင် ဘာဖြစ်မှာမို့လို့လဲ။ ပညာက လူတစ်ယောက်ရဲ့ ကံကြမ္မာကို တကယ်ပဲ ပြောင်းလဲပေးနိုင်လို့လား” ပေါ့။ ကိုယ်မဖြေနိုင်တဲ့ မေးခွန်းတွေ အများကြီးက ကျွန်မစိတ်ထဲမှာ မျောလွင့်နေခဲ့တယ်။ ကျွန်မအဖိုးကို သတိရမိတယ်။ သူက ပညာတတ်တစ်ယောက်ဖြစ်ပြီး စာအုပ်တွေအများကြီး ဖတ်ဖူးပေမဲ့ တစ်သက်လုံး လယ်သမားဘဝနဲ့ပဲ ကုန်ဆုံးခဲ့ရတယ်။ ပညာက သူ့ကံကြမ္မာကို မပြောင်းလဲပေးနိုင်ခဲ့ဘူး။ ပြီးတော့ ကျွန်မရဲ့ဝမ်းကွဲအစ်မ။ သူက တက္ကသိုလ်ဘွဲ့ရပြီးတော့ မြို့ကြီးတစ်မြို့မှာ အလုပ်သွားလုပ်တယ်၊ ရွာထဲကလူတွေက သူ့ကို အားကျပြီး ချီးကျူးကြပေမဲ့ သူကတော့ အဲဒီအလုပ်က မကောင်းသေးဘူးလို့ ညည်းညူတုန်းပဲ။ ကြိုးစားပမ်းစားလုပ်ပြီးတဲ့နောက်မှာ ကျွန်မက အဖိုးလိုမျိုး ပညာက အသုံးမဝင်တဲ့သူ ဖြစ်သွားမလား၊ ဒါမှမဟုတ် တခြားသူတွေရဲ့အားကျတာကို ခံရပေမဲ့ ဘယ်တော့မှ မကျေနပ်နိုင်တဲ့ ဝမ်းကွဲအစ်မလို ဖြစ်သွားမလားဆိုတာ ကျွန်မ မသိခဲ့ဘူး။ တကယ်လို့ ကျွန်မ တက္ကသိုလ်ကောင်းကောင်းတစ်ခုကို ဝင်ခွင့်ရပြီး ဘွဲ့ရလို့ အလုပ်ကောင်းကောင်းရတယ်၊ တခြားသူတွေရဲ့ အထင်ကြီးလေးစားမှုကိုလည်း ရတယ်၊ ပြီးတော့ အိမ်ထောင်ကျပြီး မိသားစုတစ်ခု ထူထောင်လာနိုင်ရင်၊ ကျွန်မကရော ကိုယ့်သားသမီးတွေကို တက္ကသိုလ်ဝင်ခွင့်ရဖို့အတွက် ကျွန်မလိုပဲ စာကြိုးစားခိုင်းမှာလား။ မျိုးဆက်တိုင်းက ဒီဘဝပုံစံကိုပဲ ထပ်ခါတလဲလဲ လုပ်နေကြတာ၊ ဒါက တကယ်ပဲ အသက်ရှင်ဖို့ တစ်ခုတည်းသော နည်းလမ်းဖြစ်နိုင်လို့လား။ တခြားလမ်းကြောင်း မရှိတော့ဘူးလား။ ကျွန်မဘဝမှာ ရှေ့ဆက်ရမယ့် လမ်းကြောင်းအပေါ် မကြုံစဖူး ရှုပ်ထွေးမှုကို ခံစားခဲ့ရတယ်၊ ဘာအတွက် အသက်ရှင်နေမှန်း၊ အဓိပ္ပာယ်ရှိဖို့ ဘာကိုလိုက်စားသင့်မှန်း ကျွန်မ မသိတော့ဘူး။
နောက်ပိုင်းမှာတော့ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဖတ်ခဲ့ပြီး ကျွန်မရဲ့ သံသယတွေ ပြေလည်သွားခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “စကြဝဠာနှင့် အာကာသ၏ ကျယ်ပြောမှုထဲတွင်၊ မရေမတွက်နိုင်သော သတ္တဝါများ နေထိုင်ပြီး မျိုးပွားကြသည်၊ ဘဝနိယာမ၏ မဆုံးသော သံသရာကို လိုက်လျှောက်ကာ ပုံသေစည်းမျဉ်းတစ်ရပ်ကို လိုက်နာစောင့်ထိန်းကြသည်။ သေသူများသည် ရှင်သူများ၏ ဇာတ်လမ်းများကို ၎င်းတို့နှင့်အတူ ယူဆောင်သွားကြပြီး ရှင်နေသူများသည် သေဆုံးပြီးသောသူများ၏ အလားတူ ဝမ်းနည်းဖွယ်ရာ သမိုင်းကို တစ်ဖန်ပြန်လုပ်ကြသည်။ ထို့ကြောင့် လူသားမျိုးနွယ်က ငါတို့သည် အဘယ်ကြောင့် အသက်ရှင်ကြသနည်း။ အဘယ်ကြောင့် သေကြရသနည်း။ ဤကမ္ဘာလောကကို မည်သူ အုပ်စိုးသနည်း။ ဤလူသားမျိုးနွယ်ကို မည်သူ ဖန်ဆင်းခဲ့သနည်း။ လူသားမျိုးနွယ်ကို သဘာဝတရားက အမှန်တကယ် ဖန်ဆင်းခဲ့သလော။ လူသားမျိုးနွယ်သည် မိမိ၏ကံကြမ္မာကို အမှန်တကယ် ထိန်းချုပ်သလော...ဟု မိမိကိုယ်ကို မမေးဘဲ မနေနိုင်ပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆက်တွဲ (၃)- ဘုရားသခင်၏ စီမံခန့်ခွဲမှုအလယ်၌သာ လူသားသည် ကယ်တင်ခြင်း ခံရနိုင်သည်) ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက ကျွန်မရှိနေတဲ့ သံသယတွေကို အတိအကျပြောနေတာ မဟုတ်ဘူးလား။ ဒါပေမဲ့ ဒီလို အတွင်းစိတ်က အတွေးတွေကို ဘယ်သူ့ကိုမှ ကျွန်မ မပြောပြဖူးဘူး၊ ဒီတော့ ဘုရားသခင်က ဘယ်လိုလုပ် သိနိုင်မှာလဲ။ ဘုရားသခင်က ကျွန်မရဲ့ အတွေးတွေကို နားလည်ပြီး၊ ဒီ့ထက်ပိုတာက လူသားအားလုံးရဲ့ လက်ရှိဘဝအခြေအနေကိုပါ သိနေတယ်လို့ ထင်ရတယ်။ ကျွန်မစိတ်နှလုံးထဲမှာ ဘုရားသခင်ရဲ့ အနန္တတန်ခိုးကို ခံစားလိုက်ရပြီး တစ်ချိန်တည်းမှာပဲ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက ကျွန်မကို ဆက်ဖတ်ချင်စိတ် ပေါက်သွားစေတယ်။ ကျွန်မ ဘုရားနှုတ်ကပတ်တော်တွေကို ဆက်ဖတ်ခဲ့တယ်။ “လူမှုရေးသိပ္ပံပညာများနှင့်ဆိုင်သည့် လူသားမျိုးနွယ်၏ ဖန်တီးနိုင်မှု စွမ်းရည်နောက်တွင် လူသား၏ စိတ်ကို သိပ္ပံပညာနှင့် အသိပညာများက နေရာယူလာကြပြီးဖြစ်သည်။ သိပ္ပံနှင့် အသိပညာသည် လူသားမျိုးနွယ်ကို အုပ်စိုးခြင်းအတွက် တန်ဆာပလာများဖြစ်လာပြီး ဖြစ်ကာ လူသားအတွက် ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ရန် အခွင့်အလမ်း လုံလုံလောက်လောက် မရှိတော့သကဲ့သို့ ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ခြင်းအတွက် သင့်လျော်သော အခြေအနေများ မရှိတော့ပေ။ ဘုရားသခင်၏ နေရာသည် လူ၏ နှလုံးသားထဲတွင် ယခင်ထက် သာ၍နိမ့်ဆင်းပြီးဖြစ်သည်။ သူ၏ စိတ်နှလုံးတွင် ဘုရားသခင်အတွက် နေရာမရှိဘဲ သူ၏ အတွင်းကမ္ဘာသည် မှောင်မိုက်၏၊ မျှော်လင့်ချက်ကင်းမဲ့ကာ အနှစ်မဲ့သွားလေသည်။ နောက်ပိုင်းတွင် လူသားမျိုးနွယ်၏ စိတ်နှင့် နှလုံးသားကို ဖြည့်ဆည်းရန် လူသားကို ဘုရားသခင် ဖန်ဆင်းခဲ့သည်ဆိုသည့် သမ္မာတရားနှင့် ဆန့်ကျင်သည့် လူမှုသိပ္ပံ သဘောတရားများ၊ လူသားဆင့်ကဲဖြစ်စဉ် သဘောတရားနှင့် အခြားသော သဘောတရားများကို ဖော်ပြရန် လူမှုရေးသိပ္ပံပညာရှင်များ၊ သမိုင်းပညာရှင်များနှင့် နိုင်ငံရေးသမားများ များစွာ ရှေ့တန်းရောက်လာခဲ့ကြသည်။ ဤနည်းဖြင့် ဘုရားသခင်က အရာရာကို ဖန်ဆင်းခဲ့ကြောင်းကို ယုံကြည်သူများ နည်းသည်ထက် နည်းပါးလာခဲ့ပြီး ဆင့်ကဲဖြစ်စဉ် သဘောတရားကို ယုံကြည်သူများက အရေအတွက်အားဖြင့် ယခင်ထက် ပိုမိုများပြားလာခဲ့လေသည်။ ဓမ္မဟောင်း ခေတ်ကာလအတွင်း ဘုရားသခင်၏ အမှုနှင့် သူ၏နှုတ်ကပတ်တော်များနှင့်ဆိုင်သည့် မှတ်တမ်းများကို ဒဏ္ဍာရီများနှင့် ရိုးရာပုံပြင်များအဖြစ် သဘောထားသော လူများ ပို၍ ပို၍ များလာလေသည်။ ၎င်းတို့၏ စိတ်နှလုံးများထဲတွင်၊ လူတို့သည် ဘုရားသခင်၏ ဂုဏ်သိက္ခာနှင့် ကြီးမြတ်မှု၊ ဘုရားသခင်၏ တည်ရှိမှုနှင့် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲသည်ဆိုသည့် သက်ဝင်ယုံကြည်မှုများကို ဂရုမစိုက်ကြတော့ပေ။ လူသားမျိုးနွယ်၏ ရှင်သန်မှုနှင့် နိုင်ငံ၊ လူမျိုးများ၏ ကံကြမ္မာတို့သည် ၎င်းတို့အဖို့ အရေးမပါတော့သကဲ့သို့ လူသည် စားခြင်း၊ သောက်ခြင်းနှင့် အပျော်အပါး လိုက်စားခြင်းတို့ကိုသာ အလေးထားသည့် အနှစ်သာရ ကင်းမဲ့သည့် လောကကြီးတွင် အသက်ရှင်လေသည်။...သိပ္ပံပညာ၊ အသိပညာ၊ လွတ်လပ်မှု၊ ဒီမိုကရေစီ၊ ပျော်မွေ့ဖွယ်ရာ၊ ကိုယ်စိတ်ချမ်းသာမှုတို့သည် လူသားထံ ယာယီ နှစ်သိမ့်မှုတစ်ခုသာ ဆောင်ကြဉ်းပေးသည်။ ဤအရာများဖြင့်ပင်လျှင် လူသားသည် မလွဲမသွေ အပြစ်ကျူးလွန်ဆဲ ဖြစ်ပြီး လူမှုအဖွဲ့အစည်း၏ မတရားမှုများကို ညည်းညူကြဆဲဖြစ်သည်။ ဤအရာများကို ပိုင်ဆိုင်ခြင်းက လူသား၏ စူးစမ်းလေ့လာရန် တောင့်တမှုနှင့် လိုအင်ဆန္ဒတို့ကို မချုပ်ထိန်းနိုင်ပေ။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် လူသားကို ဘုရားသခင်က ဖန်ဆင်းခဲ့ခြင်း ဖြစ်ပြီး သူ၏ အဓိပ္ပာယ်မဲ့သော စွန့်လွှတ်အနစ်နာခံမှုများနှင့် စူးစမ်းလေ့လာမှုများသည် ပို၍သာ စိတ်သောက ရောက်စေနိုင်ကာ သူ့အား စဉ်ဆက်မပြတ် ကြောင့်ကြနေရသည့် အခြေအနေတစ်ခုတွင် ရောက်စေလိမ့်မည်ဖြစ်သောကြောင့်တည်း။ လူသားမျိုးနွယ်၏ အနာဂတ်ကို မည်သို့ရင်ဆိုင်ရမည်ကိုဖြစ်စေ၊ ရှေ့တွင်ရှိသော လမ်းကြောင်းကို မည်သို့ရင်ဆိုင်ရမည်ကိုဖြစ်စေ မသိသည်မှာ လူသားသည် သိပ္ပံနှင့် အသိပညာတို့ကိုပင် ကြောက်ရွံ့လာပြီး အနှစ်မဲ့ခြင်း ခံစားချက်ကို ပို၍ပင် ကြောက်ရွံ့လာသည်အထိပင် ဖြစ်လေတော့သည်။ ဤကမ္ဘာလောကတွင် သင်သည် လွတ်လပ်သော နိုင်ငံတစ်ခု သို့မဟုတ် လူ့အခွင့်အရေးများမရှိသည့် နိုင်ငံတစ်ခုတွင် နေထိုင်သည် ဖြစ်စေ၊ မနေထိုင်သည်ဖြစ်စေ သင်သည် လူသားမျိုးနွယ်၏ ကံကြမ္မာမှ ရုန်းထွက်လွတ်မြောက်နိုင်စွမ်း လုံးဝမရှိပေ။ သင်သည် အုပ်စိုးသူဖြစ်စေ၊ အုပ်စိုးခံသူဖြစ်စေ သင်သည် စိတ်ရှုပ်ထွေးစေသော အနှစ်မဲ့မှု ခံစားချက်မှ ရုန်းထွက်လွတ်မြောက်နိုင်စွမ်းရှိဖို့ မဆိုထားနှင့်၊ လူသားမျိုးနွယ်၏ ကံကြမ္မာ၊ လျှို့ဝှက်ဆန်းကြယ်မှုများနှင့် ခရီးပန်းတိုင်တို့ကို လေ့လာစူးစမ်းလိုသည့် လိုအင်ဆန္ဒမှ ရုန်းထွက်လွတ်မြောက်နိုင်စွမ်း လုံးဝမရှိပေ။ လူသားမျိုးနွယ် အားလုံးအဖို့ ဖြစ်တတ်သော အဆိုပါဖြစ်စဉ်ကို လူမှုသိပ္ပံပညာရှင်များက လူမှုဖြစ်စဉ်ဟု ခေါ်ကြသော်လည်း၊ ထိုသို့သော ပြဿနာများကို ဖြေရှင်းရန် မည်သည့် မဟာလူသားမျှ ထွက်မလာနိုင်ပေ။ အဆုံးတွင်တော့ လူသားသည် လူသားသာ ဖြစ်ပြီး ဘုရားသခင်၏ အဆင့်အတန်းနှင့် အသက်ကို မည်သည့်လူသားကမျှ အစားမထိုးနိုင်ပေ။ လူသားမျိုးနွယ် လိုအပ်သည့်အရာမှာ အယောက်တိုင်း ဝဝလင်လင် ကျွေးမွေးခံရပြီး သာတူညီမျှဖြစ်ကာ လွတ်လပ်သည့် တရားမျှတသော လူမှုအဖွဲ့အစည်းကိုသာ မဟုတ်ပေ။ လူသားမျိုးနွယ် လိုအပ်သည်မှာ ဘုရားသခင်၏ ကယ်တင်ခြင်းနှင့် ၎င်းတို့အဖို့ သူ၏ အသက်အထောက်အပံ့ ဖြစ်သည်။ လူသားအနေဖြင့် ဘုရားသခင်၏ အသက်ထောက်ပံ့မှုနှင့် ကိုယ်တော်၏ ကယ်တင်ခြင်းကို ရရှိသောအခါမှသာ သူ၏ လိုအပ်ချက်များ၊ စူးစမ်းလေ့လာရန် သူ၏လိုအင်ဆန္ဒနှင့် သူ၏စိတ်နှလုံး၏ အနှစ်မဲ့မှုတို့သည် ပြေလည်သွားနိုင်ပေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆက်တွဲ (၂)- လူသားမျိုးနွယ်တစ်ရပ်လုံး၏ ကံကြမ္မာအပေါ် ဘုရားသခင် အချုပ်အခြာအာဏာ ကိုင်စွဲသည်) ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက်မှာ လူသားတွေကို ဘုရားသခင်က ဖန်ဆင်းထားတာဖြစ်ပြီး၊ ကျွန်မတို့ ဟာတာတာဖြစ်ခြင်းနဲ့ အားကိုးရာမဲ့ဖြစ်ခြင်းရဲ့ အရင်းခံအကြောင်းက ဘုရားသခင်က ကျွန်မတို့စိတ်နှလုံးထဲမှာ နေရာမရှိတော့လို့ပဲဆိုတာကို နားလည်သွားတယ်။ ပြန်ကြည့်လိုက်တော့ ငယ်ငယ်တုန်းက ဘုရားသခင်ရှိတာကို ကျွန်မ ယုံကြည်ခဲ့ပေမဲ့ ကျောင်းတက်ပြီးတဲ့နောက်မှာတော့ ကျောင်းသုံးစာအုပ်တွေထဲမှာ ဘုရားသခင်အကြောင်း ဘယ်တုန်းကမှ မပါခဲ့ဘူး။ သူတို့က လူတွေဟာ မျောက်တွေကနေ ဆင့်ကဲပြောင်းလဲလာတာလို့ ပြောတယ်၊ ပြီးတော့ “အသိပညာသည် တန်ခိုးအာဏာဖြစ်၏၊ အသိပညာသည် သင်၏ကံကြမ္မာကို ပြောင်းလဲနိုင်၏။” “ပညာရှင်တစ်ဦးဖြစ်ရန်ဆိုသည်မှာ လူ့အဖွဲ့အစည်း၏ ထိပ်ဆုံးတွင် ရှိနေရန်ပင်ဖြစ်သည်” နဲ့ “သိပ္ပံပညာက အဓိက” တဲ့။ ဒီလိုအတွေးအခေါ်တွေ၊ ပြောဆိုချက်တွေက စာတန်ဆီက လာတာဖြစ်ပြီး၊ လူတွေကို ပညာနဲ့ သိပ္ပံပညာကို ကိုးကွယ်စေတယ်။ ဘယ်အချိန်ကတည်းကမှန်း မသိပေမဲ့ ကျွန်မကိုယ်တိုင်လည်း ဒီပြောဆိုချက်တွေကို လက်ခံလိုက်မိပြီး ပညာကို အရမ်းတန်ဖိုးထားပြီး အရမ်းအရေးကြီးတယ်လို့ မြင်ခဲ့တယ်၊ ပညာကို လိုက်စားရင်းနဲ့ ဘုရားယုံကြည်ခြင်းကို ဒုတိယနေရာမှာပဲ ထားခဲ့တယ်။ အခု ကျွန်မ ဘဝနဲ့ပတ်သက်ပြီး ရှုပ်ထွေးမှုတွေနဲ့ ပြည့်နေခဲ့ပြီး နားမလည်နိုင်တဲ့ ဟာတာတာဖြစ်မှုကို အကြိမ်ကြိမ် ခံစားခဲ့ရတယ်။ တကယ်တော့ ဒါက ဘုရားသခင်နဲ့ အရမ်းကို ဝေးကွာသွားလို့ပါ။ စာသင်ကြားခြင်းက ကျွန်မရဲ့ အသိပညာကို ကျယ်ပြန့်စေပြီး အမြင်ကို တိုးချဲ့ပေးခဲ့တယ်၊ တခြားသူတွေရဲ့ ချီးကျူးလေးစားမှုကိုလည်း ရခဲ့ပေမဲ့ ပညာက ဘဝနဲ့ပတ်သက်တဲ့ ကျွန်မရဲ့ ရှုပ်ထွေးမှုတွေကို မဖြေရှင်းပေးနိုင်ခဲ့သလို မှန်ကန်တဲ့ ဘဝလမ်းကြောင်းကိုလည်း မပြသနိုင်ခဲ့ဘူး။ ကျွန်မရဲ့စိတ်နှလုံးဟာ ရှုပ်ထွေး၊ အားကိုးရာမဲ့ပြီး နာကျင်နေဆဲပါပဲ။ ကျွန်မ ဘုရားသခင်မိန့်ဆိုတာကို ဖတ်ခဲ့ရတယ်။ “သူ၏ စိတ်နှလုံးတွင် ဘုရားသခင်အတွက် နေရာမရှိဘဲ သူ၏ အတွင်းကမ္ဘာသည် မှောင်မိုက်၏၊ မျှော်လင့်ချက်ကင်းမဲ့ကာ အနှစ်မဲ့သွားလေသည်။” “လူသားမျိုးနွယ် လိုအပ်သည့်အရာမှာ အယောက်တိုင်း ဝဝလင်လင် ကျွေးမွေးခံရပြီး သာတူညီမျှဖြစ်ကာ လွတ်လပ်သည့် တရားမျှတသော လူမှုအဖွဲ့အစည်းကိုသာ မဟုတ်ပေ။ လူသားမျိုးနွယ် လိုအပ်သည်မှာ ဘုရားသခင်၏ ကယ်တင်ခြင်းနှင့် ၎င်းတို့အဖို့ သူ၏ အသက်အထောက်အပံ့ ဖြစ်သည်။” ဘုရားသခင်ကို ယုံကြည်ပြီး ကိုယ်တော့်ရဲ့ ကယ်တင်ခြင်းကို လက်ခံမှသာ ဟာတာတာဖြစ်ခြင်းနဲ့ နာကျင်မှုအားလုံးကနေ လွတ်မြောက်နိုင်မယ်ဆိုတာကို ကျွန်မ နားလည်သွားတယ်။ အဲဒီအချိန်ကစပြီး ဘုရားသခင်ကို စိတ်နှလုံးအကြွင်းမဲ့ ယုံကြည်ပြီး ကိုယ်တော့်နှုတ်ကပတ်တော်တွေကို ဖတ်ရမယ်၊ ဘုရားယုံကြည်ခြင်းကို လျစ်လျူရှုလို့ မဖြစ်တော့ဘူးဆိုတာကို သိလိုက်တယ်။ ရှေ့ဆက်ပြီး ကျွန်မ တစ်ပတ်တစ်ခါ စုဝေးပွဲတွေကို စတက်ခဲ့တယ်၊ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဖတ်ရှုနိုင်တာက ကျွန်မကို စိတ်ထဲမှာ တကယ်ကို အေးချမ်းတည်ငြိမ်သွားစေတယ်။
တက္ကသိုလ်ဝင်ခွင့်စာမေးပွဲပြီးတော့ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဖတ်ဖို့ အချိန်ပိုရလာပြီး ညီအစ်ကိုမောင်နှမတွေနဲ့အတူနေပြီး အသင်းတော်အသက်တာကို မကြာမကြာ ဖြတ်သန်းခဲ့တယ်။ အသင်းတော်ထဲမှာ သမ္မာတရားက အုပ်စိုးတယ်၊ ပြီးတော့ ညီအစ်ကိုမောင်နှမတွေကြားမှာ စည်းစိမ်ဥစ္စာ၊ လူမှုအဆင့်အတန်း၊ ဝါနဲ့ အသက်အရွယ် ခွဲခြားမှုမရှိဘူးဆိုတာကို ကျွန်မ တွေ့ခဲ့ရတယ်။ ဖောက်ပြန်ပျက်စီးမှုတွေကို ထုတ်ဖော်တဲ့အခါ လူတိုင်းက ပွင့်ပွင့်လင်းလင်း မိတ်သဟာယပြုပြီး တစ်ယောက်ကိုတစ်ယောက် ကူညီနိုင်ကြတယ်၊ အချင်းချင်း အထင်သေးတာ၊ ပြိုင်ဆိုင်တာတွေ မရှိဘူး။ ဒီလိုဘဝမျိုးကို ကျွန်မ တကယ်ပဲ သဘောကျတယ်။ မကြာခင်မှာပဲ ကျွန်မ တက္ကသိုလ်ဝင်ခွင့် လက်ခံစာကို ရခဲ့ပြီး တက္ကသိုလ်တက်သင့်၊ မတက်သင့်ဆိုတာကို ချီတုံချတုံဖြစ်လာတယ်။ တကယ်တော့ ကျွန်မ တက္ကသိုလ် အရမ်းတက်ချင်ခဲ့တာပါ၊ ဘာလို့လဲဆိုတော့ ဒီနှစ်တွေအားလုံး စာကြိုးစားခဲ့တာက အမြဲတမ်း တက္ကသိုလ်တက်ဖို့ပဲ။ ပြီးတော့ လူတွေအထင်မသေးရအောင်၊ ဆင်းရဲဒဏ်မခံရအောင် လစာနဲ့ခံစားခွင့်ကောင်းကောင်းရှိတဲ့ သိက္ခာရှိတဲ့အလုပ်တစ်ခု ရှာဖို့ပဲလေ။ ဒါပေမဲ့ တက္ကသိုလ်တက်ပြီး စာတွေနဲ့အလုပ်များနေရင် စုဝေးပွဲတက်ဖို့နဲ့ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဖတ်ဖို့ အချိန်မရှိမှာကိုလည်း စိုးရိမ်မိတယ်။ မရေမရာဖြစ်နေတုန်း မိသားစုကို မေးကြည့်တော့ သူတို့က“ ဆုံးဖြတ်ချက်မချခင် ဘုရားသခင်ဆီ လေးလေးနက်နက် ဆုတောင်းသင့်တယ်” လို့ ပြောကြတယ်။ အဲဒီနောက်မှာ ကျွန်မရဲ့ အခက်အခဲကို ဘုရားသခင်ဆီ ပြောပြပြီး မှန်ကန်တဲ့ရွေးချယ်မှုလုပ်နိုင်ဖို့ လမ်းပြပေးပါလို့ တောင်းလျှောက်ခဲ့တယ်။
နောက်ပိုင်းမှာတော့ ကျွန်မ ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ခဲ့တယ်။ “အသိပညာသည် အပြုသဘောဆောင်သော အရာတစ်ခုအဖြစ် အယောက်တိုင်း စဉ်းစားသည့်အရာတစ်ခု ဖြစ်သလော။ အနည်းဆုံးအနေဖြင့် လူများသည် ‘အသိပညာ’ ဟူသော စကားလုံး၏ ဂယက်အနက်သည် အပျက်သဘောထက် အပြုသဘောဖြစ်သည်ဟု လူတို့ ထင်ကြသည်။ သို့ဆိုလျှင် စာတန်က လူကို ဖောက်ပြန်ပျက်စီးစေဖို့ အသိပညာကို အသုံးပြုသည်ဟု ဤနေရာတွင် ငါတို့ အဘယ်ကြောင့် ဖော်ပြနေကြသနည်း။ ဆင့်ကဲဖြစ်စဉ်သီအိုရီသည် အသိပညာ၏ ရှုထောင့်တစ်ခု မဟုတ်လော။ နယူတန်၏ သိပ္ပံပညာဆိုင်ရာ ဥပဒေသများသည် အသိပညာ၏ အစိတ်အပိုင်းဖြစ်သည် မဟုတ်လော။ ကမ္ဘာကြီး၏ ဆွဲငင်အားသည်လည်း အသိပညာ၏ အစိတ်အပိုင်းဖြစ်သည်၊ မဟုတ်လော။ (ဟုတ်ပါသည်။) သို့ဖြစ်လျှင် လူသားမျိုးနွယ်ကို ဖောက်ပြန်ပျက်စီးစေရန် စာတန်အသုံးပြုသော အရာများအကြားတွင် အသိပညာကို အဘယ်ကြောင့် စာရင်းပြုထားသနည်း။ ဤအရာအပေါ် သင်၏ အမြင်မှာ အဘယ်နည်း။ အသိပညာတွင် သမ္မာတရား အနည်းငယ်မျှပင် ရှိပါသလော။ (မရှိပါ။) သို့ဆိုလျှင် အသိပညာ၏ အနှစ်သာရက အဘယ်နည်း။ မည်သည့်အခြေခံအကြောင်းရင်း ပေါ်တွင် လူသား ဆည်းပူးသည့် အသိပညာအားလုံးကို လေ့လာသင်ယူရသနည်း။ ဆင့်ကဲဖြစ်စဉ် သီအိုရီပေါ်တွင် အခြေခံသလော။ စူးစမ်းရှာဖွေခြင်းနှင့် ပေါင်းရုံးဖော်ပြချက်တို့ မှတစ်ဆင့် လူက ရရှိထားသည့် အသိပညာမှာ ဘုရားမဲ့ဝါဒကို အခြေခံသည် မဟုတ်လော။ ဤအသိပညာ တစ်ခုတစ်လေသည် ဘုရားသခင်နှင့် ဆက်နွှယ်မှု ရှိသလော။ ယင်းသည် ဘုရားသခင်ကို ကိုးကွယ်ခြင်းနှင့် ဆက်နွှယ်သလော။ ယင်းသည် သမ္မာတရားနှင့် ဆက်နွှယ် သလော။ (မဆက်နွှယ်ပါ။) သို့ဆိုလျှင် စာတန်သည် လူကို ဖောက်ပြန်ပျက်စီးစေဖို့ အသိပညာကို မည်သို့ အသုံးပြုသနည်း။ ဤအသိပညာ၏ မည်သည့်အရာကမျှ ဘုရားသခင်ကို ကိုးကွယ်ခြင်း သို့မဟုတ် သမ္မာတရားနှင့် ဆက်နွှယ်ခြင်းမရှိဟု ယခုပင် ငါပြောခဲ့သည်။ လူအချို့က ထိုအရာကို ဤကဲ့သို့ စဉ်းစားကြသည်။ ‘အသိပညာသည် သမ္မာတရားနှင့် မည်သို့မျှ သက်ဆိုင်ခြင်းရှိကောင်းရှိလိမ့်မည် မဟုတ်သော်လည်း ယင်းသည် လူကိုမပျက်စီးစေသေးပါ။’ ဤအရာအပေါ် သင်တို့၏ အမြင်မှာ အဘယ်နည်း။ လူတစ်ဦး၏ ပျော်ရွှင်မှုကို မိမိတို့၏ ကိုယ်ပိုင် လက်နှစ်ဖက်ဖြင့် ဖန်တီးရမည်ဟူသော အသိပညာကို သင့်အား သင်ပေးခဲ့သလော။ လူ၏ ကံကြမ္မာသည် သူ၏ကိုယ်ပိုင် လက်ထဲတွင် ရှိသည်ဟု အသိပညာက သင့်ကို သင်ပေး ခဲ့ဖူးသလော။ (သင်ပေးခဲ့ပါသည်။) ဤသည်မှာ မည်သို့သော ပြောဆိုမှုမျိုးဖြစ်သနည်း။ (ယင်းသည် ဆိုးယုတ်သော ပြောဆိုမှု ဖြစ်ပါသည်။) လုံးဝမှန်သည်။ ယင်းသည် ဆိုးယုတ်သော ပြောဆိုမှု ဖြစ်ပေသည်။ အသိပညာသည် ဆွေးနွေးရန် ရှုပ်ထွေးသည့် အကြောင်းအရာ ဖြစ်သည်။ သင့်အနေဖြင့် အသိပညာ နယ်ပယ်တစ်ခုသည် အသိပညာထက် ဘာမျှမပိုဟု ရိုးရှင်းစွာ ဖော်ပြနိုင်သည်။ ယင်းမှာ ဘုရားသခင်ကို ကိုးကွယ်မှု မပြုခြင်းနှင့် ဘုရားသခင်က ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူသည်ကို နားမလည်ခြင်းပေါ် အခြေခံ၍ လေ့လာသင်ကြားရသည့် အသိပညာ၏ နယ်ပယ်တစ်ခုဖြစ်သည်။ လူတို့သည် ဤကဲ့သို့သော အသိပညာမျိုးကို လေ့လာသည့်အခါ ဘုရားသခင်သည် ခပ်သိမ်းသော အရာများအပေါ် အချုပ်အခြာ အာဏာရှိသည်ကို ၎င်းတို့မမြင်ကြချေ။ ခပ်သိမ်းသော အရာများကို ဘုရားသခင် ကွပ်ကဲအုပ်ချုပ်သည် သို့မဟုတ် စီမံခန့်ခွဲလျက်ရှိသည်ကို ၎င်းတို့မမြင်ကြချေ။ ယင်းအစား ၎င်းတို့ လုပ်ဆောင်သမျှမှာ အသိပညာ၏ ထိုနယ်ပယ်ကို မပြီးနိုင်မဆုံးနိုင် သုတေသနပြုကာ စူးစမ်းရှာဖွေပြီး အသိပညာပေါ်တွင် အခြေခံသော အဖြေများကို ရှာဖွေကြခြင်း ဖြစ်သည်။ သို့ရာတွင်၊ လူတို့သည် ဘုရားသခင်ကို မယုံကြည်ဘဲ ယင်းအစား သုတေသနကိုသာ လုပ်နေပါက ၎င်းတို့သည် မှန်ကန်သော အဖြေများကို မည်သည့်အခါမျှ ရှာတွေ့မည်မဟုတ်သည်မှာ မှန်ကန်သည် မဟုတ်လော။ အသိပညာက သင့်ကို ပေးနိုင်သမျှမှာ သင် ဆာလောင် မသွားဖို့ရန်အလို့ငှာ အသက်မွေးမှု၊ အလုပ်တစ်ခု၊ ဝင်ငွေတစ်ခုသာ ဖြစ်သည်။ သို့ရာတွင် ယင်းသည် သင့်ကို မည်သည့်အခါတွင်မျှ ဘုရားသခင်အား ကိုးကွယ်စေမည် မဟုတ်သကဲ့သို့ သင့်ကို မကောင်းမှုမှ ဝေးရာသို့ ဘယ်သောအခါမျှ ထိန်းသိမ်းပေးလိမ့်မည် မဟုတ်ပေ။ လူများက အသိပညာကို ပိုမိုသင်ယူလေ၊ ၎င်းတို့သည် ဘုရားသခင်ကို ဆန့်ကျင် ပုန်ကန်ရန်၊ ဘုရားသခင်ကို လေ့လာမှုများပြုရန်၊ ဘုရားသခင်ကို စမ်းသပ်ရန်နှင့် ဘုရားသခင်ကို ဆန့်ကျင်ရန် ဆန္ဒပိုရှိလေ ဖြစ်လိမ့်မည်။ သို့ဖြစ်ရာ ယခုတွင် အသိပညာက လူတို့ကို မည်သည့်အရာ သင်ပေး နေသည်ကို ငါတို့မြင်သနည်း။ စာတန်၏အတွေးခေါ်သာ ဖြစ်သည်။ ဖောက်ပြန်ပျက်စီးသော လူများကြားတွင် စာတန် ပျံ့နှံ့စေသည့် ရှင်သန်ခြင်းနှင့်ဆိုင်သော အတွေးအခေါ်များနှင့် စည်းမျဉ်းများသည် သမ္မာတရား နှင့် ဆက်နွှယ်မှု တစ်ခုတစ်လေ ရှိသလော။ ထိုအရာတို့သည် သမ္မာတရားနှင့် မည်သို့မျှ မသက်ဆိုင်သကဲ့သို့၊ အမှန်တွင် သမ္မာတရား၏ ဆန့်ကျင်ဘက် ဖြစ်ကြသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၅)) ဘုရားသခင်က စာတန်ဟာ လူတွေကို ဖောက်ပြန်ပျက်စီးစေဖို့ ပညာကို လှည့်ကွက်တစ်ခုအနေနဲ့ ဘယ်လိုအသုံးချတယ်ဆိုတာကို ဖော်ထုတ်ထားပါတယ်။ လက်တွေ့ကျတဲ့ ပညာက ကျွန်မတို့ကို အခြေခံသာမန်အသိတရားတွေကို နားလည်အောင် ကူညီနိုင်ပြီး အလုပ်နဲ့ဘဝမှာ အထောက်အကူပြုနိုင်တာကို ကျွန်မ မြင်ခဲ့ရပေမဲ့ ကျွန်မတို့ ပညာသင်ကြားနေစဉ်မှာ စာတန်က ဘုရားမဲ့ဝါဒ၊ ဆင့်ကဲပြောင်းလဲမှုသီအိုရီ၊ မာ့က်စ်ဝါဒနဲ့ တခြားအတွေးအခေါ်တွေကို ကျွန်မတို့ခေါင်းထဲကို သွတ်သွင်းပေးတယ်။ ဒါတွေက ကျွန်မတို့ကို ဘုရားသခင်ကို တစ်နေ့တခြား ပိုပိုပြီး ငြင်းပယ်စေတယ်၊ ပုန်ကန်စေတယ်၊ ပြီးတော့ ကိုယ်တော်နဲ့ တစ်နေ့တခြား ပိုပိုပြီး ဝေးကွာသွားစေတယ်။ အစ်မတစ်ယောက်ပြောတာကို ကျွန်မ သတိရမိတယ်၊ သူ့သမီးက ငယ်ငယ်တုန်းက ဘုရားသခင်ရှိတာကို ယုံကြည်ပြီး သူနဲ့အတူ ဘုရားကို ယုံကြည်ခဲ့ပေမဲ့ နောက်ပိုင်း တက္ကသိုလ်ရောက်သွားတဲ့အခါ အဲဒီအစ်မက သူ့သမီးကို ဘုရားယုံကြည်ခြင်းအကြောင်း ပြောပြတော့ သူ့သမီးက ဘုရားသခင်ရှိတာကို အသိအမှတ်မပြုတော့ဘူးတဲ့။ တကယ်တော့ ကျွန်မလည်း အတူတူပါပဲ။ ငယ်ငယ်တုန်းက ဘုရားသခင်ရှိတာကို ကျွန်မ ယုံကြည်ခဲ့ပေမဲ့ ကျောင်းသုံးစာအုပ်တွေနဲ့ ကျောင်းမှာသင်တဲ့ ပညာတွေထဲမှာ “ဘုရားသခင်” ဆိုတဲ့ စကားလုံးကို တစ်ခါမှ မဖော်ပြထားဘူး၊ အရာအားလုံးက ရုပ်ဝါဒနဲ့ ဆင့်ကဲပြောင်းလဲမှုသီအိုရီအကြောင်းတွေချည်းပဲ၊ ကမ္ဘာပေါ်က အရာအားလုံးဟာ သဘာဝအတိုင်း ဖြစ်ပေါ်လာတာ၊ လူတွေဟာ မျောက်တွေကနေ ဆင့်ကဲပြောင်းလဲလာတာလို့ ပြောတာတွေကြောင့် ဘုရားသခင်ရှိတာကို ကျွန်မ သံသယဝင်လာခဲ့တယ်။ စာတန်က လူတွေကို လမ်းလွဲစေပြီး ဖောက်ပြန်ပျက်စီးစေဖို့ ပညာကို တကယ်ပဲ အသုံးပြုတယ်ဆိုတာ ကျွန်မ သဘောပေါက်ခဲ့တယ်။ ဒါပေမဲ့ အဲဒီတုန်းက ကျွန်မမှာ ဒါကို တစ်စက်ကလေးမှ သတိမထားမိခဲ့ဘဲ ပညာကို တောင့်တနေတုန်းပဲ၊ ပညာပင်လယ်ထဲမှာ ဆက်ပြီးကူးခပ်ချင်ခဲ့တာပေါ့။ ဒါက စာတန်က လူတွေကို လမ်းလွဲစေပြီး ဖောက်ပြန်ပျက်စီးစေဖို့ အသုံးပြုတဲ့ လှည့်ကွက်တစ်ခုဆိုတာကို ကျွန်မ ဘယ်လိုသိနိုင်မှာလဲ။ တဖြည်းဖြည်း ပူလာတဲ့ရေထဲမှာ အရှင်လတ်လတ် ပြုတ်ခံနေရတဲ့ ဖားတစ်ကောင်လိုပဲ၊ လူတစ်ယောက်က သတိမထားဘဲ ရေထဲကနေ အမြန်မထွက်ရင်၊ စာတန်က သူတို့ကို ဝါးမျိုသွားတဲ့အချိန်ရောက်တဲ့အခါ သူတို့ သိတောင်သိမှာ မဟုတ်ဘူး။ တက္ကသိုလ်တွေမှာ သင်ကြားတဲ့ ပညာတွေက အားလုံး ဘုရားမဲ့ဝါဒပဲ၊ ကျွန်မ ပညာတွေ ပိုသင်လေလေ၊ နက်နက်ရှိုင်းရှိုင်း အဆိပ်ခတ်ခံရလေလေပဲ။ နောက်ဆုံးမှာ ပညာတွေအရမ်းတတ်သွားလို့ ဘုရားကိုငြင်းပယ်တဲ့သူ ဖြစ်သွားခဲ့ရင် အရမ်း နောက်ကျသွားပြီ။ ဒါက ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးနေတာ မဟုတ်ဘူးလား။ ဒီအကျိုးဆက်တွေက ကြောက်စရာကောင်းလိုက်တာ။
တစ်နေ့မှာ ကျွန်မ ဘုရားနှုတ်ကပတ်တော်တွေကို ထပ်ဖတ်ခဲ့တယ်။ “ဤကမ္ဘာကြီးထဲသို့ သင်ငိုယိုကာ ရောက်ရှိလာသည့်အချိန်မှစ၍ သင်သည် သင်၏တာဝန်ကို စတင်၍ ဖြည့်ဆည်းရပေတော့သည်။ ဘုရားသခင်၏ အစီအစဉ်နှင့် သူ၏ကြိုတင်ပြဋ္ဌာန်းမှုအတွက် သင်၏ကဏ္ဍကို သင်ဆောင်ရွက်ပြီး သင့်ဘဝ၏ ခရီးစဉ်ကို စတင်ရတော့သည်။ သင့်နောက်ကြောင်းရာဇဝင်က မည်သည့်အရာ ဖြစ်ကောင်းဖြစ်နိုင်ပါစေ၊ သင့်ရှေ့ဆက်ခရီးတို့ မည်သည့်အရာ ဖြစ်ကောင်း ဖြစ်နိုင်ပါစေ၊ မည်သို့ပင် ဖြစ်နေစေကာမူ မည်သူတစ်ဦးတစ်ယောက်ကမျှ ကောင်းကင်ဘုံ၏ စီစဉ်ညွှန်ကြားမှုများနှင့် ကြိုတင်စီစဉ်ခြင်းများကို မရှောင်နိုင်ပေ၊ ပြီးလျှင် မည်သူတစ်ဦးတစ်ယောက်ကမျှ ကိုယ့်ကံကြမ္မာကိုယ် မထိန်းချုပ်နိုင်ပေ။ အကြောင်းမှာ အရာခပ်သိမ်းကို အချုပ်အခြာအာဏာ ကိုင်စွဲထားသော သူတစ်ပါးတည်းသာလျှင် ထိုသို့သောအရာများကို လုပ်နိုင်သောကြောင့်ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်သည် လူ့အသက်၏ အရင်းအမြစ်ဖြစ်သည်) လူတစ်ယောက်ရဲ့ ကံကြမ္မာက ဘုရားသခင်ရဲ့ လက်ထဲမှာပဲ ရှိတယ်၊ လူတွေမှာ သူတို့ရဲ့ ကံကြမ္မာကို ပြောင်းလဲနိုင်တဲ့ စွမ်းအားမရှိဘူးဆိုတာကို ကျွန်မ နားလည်သွားတယ်။ ကျွန်မရဲ့ ကံကြမ္မာက ဘယ်လိုဖြစ်လာမလဲ၊ ဘယ်လိုအလုပ်မျိုး လုပ်ရမလဲ၊ ဘယ်လိုဘဝမျိုးနဲ့ နေထိုင်ရမလဲ၊ ဆင်းရဲမလား၊ ချမ်းသာမလား၊ ဒါတွေအားလုံးဟာ ဘုရားသခင်ရဲ့ ကြိုတင်သတ်မှတ်ခြင်းနဲ့ အချုပ်အခြာအာဏာအောက်မှာ ရှိတယ်၊ ပြီးတော့ ကျွန်မက ဒါတွေကို မပြောင်းလဲနိုင်ဘူး၊ ပညာ ဒါမှမဟုတ် ဘွဲ့လက်မှတ်တစ်ခုနဲ့ ပြောင်းလဲဖို့ဆိုရင် ပိုလို့တောင် မဖြစ်နိုင်ဘူး။ ကျွန်မအဖိုးလိုပေါ့၊ သူ စာအုပ်တွေအများကြီးဖတ်ပြီး ပညာတွေအများကြီး သင်ခဲ့ပေမဲ့ ဘုရားသခင်က သူ့ကို လယ်သမားတစ်ယောက်ဖြစ်ဖို့ ကြိုတင်သတ်မှတ်ထားတော့ သူ့ကံကြမ္မာကို မပြောင်းလဲနိုင်ခဲ့ဘူး။ လူတစ်ယောက်ရဲ့ ကံကြမ္မာက တကယ်ပဲ ကိုယ့်လက်ထဲမှာ မရှိဘူး၊ ပညာပိုတတ်တိုင်း အလုပ်ကောင်းကောင်းရတာ မဟုတ်ဘူးဆိုတာကို ကျွန်မ သဘောပေါက်ခဲ့တယ်။ စာသင်ကြားခြင်းအားဖြင့် ကိုယ့်ကံကြမ္မာကို ပြောင်းလဲချင်ခဲ့တယ်၊ ဒါပေမဲ့ အဲဒီအတွေးက တကယ်ကို မိုက်မဲခဲ့တယ်။ ဒါကို သဘောပေါက်သွားတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ဘုရားသခင်ဆီ အပ်နှံချင်စိတ်၊ ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာနဲ့ စီစဉ်မှုတွေကို ကျိုးနွံနာခံချင်စိတ်တွေ ဖြစ်လာတယ်။
အဲဒီအချိန်အတောအတွင်းမှာ ကျွန်မ ဘုရားနှုတ်ကပတ်တော်တွေကိုလည်း ပိုဖတ်ခဲ့ပြီး အထူးသဖြင့် နှုတ်ကပတ်တော်တစ်ပိုဒ်က ကျွန်မကို တော်တော်လေး စွဲမှတ်သွားစေခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “လူငယ်တို့သည် ရည်သန်မျှော်မှန်းချက် မရှိဘဲ မနေအပ်သကဲ့သို့ ဇွဲသတ္တိနှင့် လန်းဆန်းတက်ကြွ၍ ရှေ့သို့ တိုးတက်လိုသော စိတ်ဓာတ်လည်း မရှိဘဲ မနေအပ်။ လူငယ်တို့သည် မိမိတို့၏ ရှေ့ရေးအပေါ် စိတ်ပျက်အားငယ်ခြင်း မရှိအပ်သကဲ့သို့ အသက်တာအပေါ် မျှော်လင့်ချက် ကင်းမဲ့ခြင်းလည်း မရှိအပ်၊ အနာဂတ်အပေါ် ယုံကြည်ကိုးစားမှု ကင်းမဲ့ခြင်းလည်း မရှိအပ်။ ငါ့အတွက် ၎င်းတို့ဘဝတစ်ခုလုံးကို အသုံးခံရန် စိတ်ဆန္ဒကို အကောင်အထည်ဖော်ဖို့ဖြစ်သော ယခု ၎င်းတို့ ရွေးချယ်သည့် သမ္မာတရားလမ်းခရီးတစ်လျှောက် ရှေ့ဆက်ရန် ဇွဲလုံ့လရှိသင့်သည်။ လူငယ်များသည် သမ္မာတရား မကင်းမဲ့သင့်သကဲ့သို့ သူတော်ကောင်းယောင်ဆောင်ခြင်းနှင့် မတရားခြင်းတို့ကိုလည်း မသိုထားသင့်ပေ။ မိမိတို့၏ မှန်ကန်သော ရပ်တည်ချက်တွင် ၎င်းတို့ ခိုင်ခိုင်မာမာ ရပ်တည်သင့်၏။ လူငယ်များသည် မျောပါမသွားသင့်ဘဲ၊ တရားမျှတမှုနှင့် သမ္မာတရားအတွက် စွန့်လွှတ်မှုများ ပြုရဲသည့် စိတ်ဓာတ်နှင့် ရုန်းကန်ရဲသည့် စိတ်ဓာတ်တို့ ရှိသင့်သည်။ လူငယ်များအနေဖြင့် အမှောင် အင်အားစု၏ ဖိနှိပ်မှုကို အရှုံးမပေးရန်နှင့် ၎င်းတို့ဖြစ်တည်ခြင်း၏ အဓိပ္ပာယ်ကို ပြောင်းလဲပစ်ရန် သတ္တိရှိသင့်သည်။ လူငယ်တို့သည် ဆင်းရဲဒုက္ခအား မိမိတို့ဘာသာ ကျိတ်မှိတ်လက်မခံသင့်ဘဲ ထိုထက်ပို၍ပင် ၎င်းတို့၏ညီအစ်ကို မောင်နှမများအတွက် ပွင့်လင်းသော၊ ဘွင်းဘွင်းရှင်းရှင်းဖြစ်သော၊ ခွင့်လွှတ်သော စိတ်ဓာတ်ထားရှိသင့်သည်။ မှန်ပေသည်၊ ဤအရာများသည် လူတိုင်းအပေါ် ငါ၏သတ်မှတ်ချက်များနှင့် လူတိုင်းအတွက် ငါ၏အကြံပြုချက်ဖြစ်သည်။ သို့သော် ထို့ထက်ပင်ပို၍၊ ဤအရာများသည် လူငယ်အားလုံးအတွက် ငါ၏ နှစ်သိမ့်မှုပေးသော နှုတ်ကပတ်တော်များ ဖြစ်ကြသည်။ ငါ၏နှုတ်ကပတ်တော်များအတိုင်း သင်တို့ လက်တွေ့လုပ်ဆောင်သင့်ပေသည်။ အထူးသဖြင့် လူငယ်တို့သည် အမှုအရာများ၏ ပုံစံများကို ရှင်းလင်းစွာ ပိုင်းခြားသိမြင်ရန် တရားမျှတမှုနှင့် သမ္မာတရားကို ရှာဖွေရန် သန္နိဋ္ဌာန်မရှိဘဲ မဖြစ်သင့်ပေ။ သင်တို့သည် လှပ၍ ကောင်းမွန်သော အရာအားလုံးကို လိုက်စားသင့်ပြီး၊ အပြုသဘောဆောင်သော အရာများအားလုံး၏ လက်တွေ့အရှိတရားကို ရရှိသင့်ပေသည်။ ထို့အပြင် သင်တို့ အသက်တာအတွက် သင်တို့ တာဝန်ယူသင့်ပြီး ယင်းကို ပေါ့ပေါ့တန်တန် မမှတ်ယူရ။ လူတို့သည် ကမ္ဘာမြေသို့ ရောက်လာကြပြီး ငါ့ကို တစ်ကြိမ်တစ်ခါမျှပင် တွေ့ဆုံရန်မှာ ကြုံတောင့်ကြုံခဲ ဖြစ်သကဲ့သို့၊ သမ္မာတရားကို ရှာဖွေရန်နှင့် ရရှိရန်အလို့ငှာ အခွင့်အရေးလည်း ရခဲလှပေသည်။ သင်တို့သည် ဤနှစ်လိုဖွယ်အချိန်ကို ယခုဘဝတွင် လိုက်စားရမည့် မှန်ကန်သည့်လမ်းကြောင်းအဖြစ် အဘယ်ကြောင့် တန်ဖိုးမထားကြသနည်း။ ပြီးလျှင် အဘယ်ကြောင့် သင်တို့သည် အစဉ်သဖြင့် သမ္မာတရားနှင့် တရားမျှတခြင်းအပေါ် အလွန်အထင်အမြင်သေးကြသနည်း။...သင်တို့၏ အသက်တာများသည် တရားမျှတခြင်း၊ သမ္မာတရားနှင့် သန့်ရှင်းခြင်းတို့ဖြင့် ပြည့်ဝနေသင့်သည်၊ သင်တို့၏ အသက်တာများသည် မရဏာနိုင်ငံသို့ သင့်ကို ကျဆင်းစေလျက် ဤမျှ ငယ်ရွယ်သည့် အသက်အရွယ်တွင် အလွန်အကျင့် မပျက်သင့်ပေ။ ဤသည်မှာ အလွန်တရာကံဆိုးခြင်း ဖြစ်သည်ဟု သင်တို့ မခံစားရသလော။ ဤသည်မှာ သင်တို့အတွက် အလွန်အမင်း မတရားမှုဖြစ်သည်ဟု သင်တို့ မခံစားကြရသလော။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူငယ်နှင့် သက်ကြီးရွယ်အိုတို့အတွက် နှုတ်ကပတ်တော်များ) ဘုရားသခင်ရဲ့ ဒီနှုတ်ကပတ်တော်တွေက ကျွန်မကို ဘဝရဲ့မှန်ကန်တဲ့ ညွှန်ကြားမှုကို ရှာတွေ့အောင် ကူညီပေးခဲ့တယ်။ ဘုရားသခင်က အလှတရားနဲ့ ကောင်းမြတ်ခြင်းအားလုံးရဲ့ အရင်းအမြစ်ပဲ။ ကျွန်မ ဘုရားသခင်ကို ယုံကြည်ပြီး ကိုယ်တော့်နှုတ်ကပတ်တော်တွေကို ဖတ်တယ်၊ အဲဒီထဲကနေ အပြုသဘောဆောင်တဲ့အရာနဲ့ အပျက်သဘောဆောင်တဲ့အရာတွေကို ခွဲခြားတတ်လာတယ်၊ ဆိုးယုတ်တဲ့ရေစီးကြောင်းအမျိုးမျိုးကို ပိုင်းခြားသိမြင်လာတယ်၊ ပြီးတော့ ပုံမှန်လူ့သဘာဝအတိုင်း ဘယ်လိုအသက်ရှင်နေထိုင်ရမလဲ စတာတွေကိုလည်း သိလာတယ်၊ ဒါတွေအားလုံးက ကျွန်မရဲ့ဝိညာဉ်ရေးရာ အသက်တာအတွက် လိုအပ်တဲ့အရာတွေချည်းပဲ။ တကယ်လို့ ကျွန်မ သမ္မာတရားကို မလိုက်စားဘဲ ပညာကိုပဲ ဆက်လိုက်စားဖို့ ရွေးချယ်ခဲ့မယ်ဆိုရင် စာတန်ဆန်တဲ့ အတွေးအခေါ်တွေနဲ့ အဆိပ်အတောက်အမျိုးမျိုးရဲ့ လွှမ်းမိုးမှုကို ခံရပြီး တစ်နေ့တခြား ပိုပိုပြီး ဖောက်ပြန်ပျက်စီးလာမှာပဲ။ ကျွန်မကျောင်းတက်တုန်းကလိုပေါ့၊ ကိုယ့်အဆင့်က သာမန်အဆင့်ပဲဆိုတာကို ရှင်းရှင်းလင်းလင်း သိပေမဲ့ အဲဒါကို လက်မခံနိုင်ဘဲ တက္ကသိုလ်ကောင်းကောင်းတစ်ခု ဝင်ခွင့်ရဖို့ အရမ်းကို စာကြိုးစားခဲ့တယ်။ ရလဒ်အနေနဲ့ ကိုယ့်ကိုယ်ကိုယ် ညှဉ်းပန်းနှိပ်စက်ခဲ့ပြီး ဘုရားသခင်နဲ့ ပိုပိုပြီး ဝေးကွာသွားခဲ့တယ်။ ကျွန်မတို့ကို မူလက ဘုရားသခင်က ဖန်ဆင်းထားတာဖြစ်ပြီး ကိုယ်တော့်ကို ယုံကြည်ပြီး သမ္မာတရားကို လိုက်စားသင့်တယ်၊ ဒါပေမဲ့ စာတန်ရဲ့ သွေးဆောင်ဖြားယောင်းမှုနဲ့ လမ်းလွဲစေမှုကြောင့် ကျွန်မ ကျောင်းသွားဖို့နဲ့ စာကြိုးစားဖို့ပဲ သိခဲ့ပြီး ဘုရားသခင်ကို ယုံကြည်ပြီး ကိုးကွယ်သင့်မှန်း နားမလည်ခဲ့ဘူး၊ အသက်ရှင်ခြင်းဆိုတာ သမ္မာတရားနဲ့ ကယ်တင်ခြင်းကို လိုက်စားဖို့ဖြစ်မှန်းလည်း နားမလည်ခဲ့ဘူး။ ကျွန်မ စာထဲမှာပဲ လုံးလုံးအာရုံစိုက်နေခဲ့ပြီး အချိန်တွေအများကြီးကို ဖြုန်းတီးပစ်ခဲ့တယ်။ ဘုရားသခင်က သမ္မာတရားတွေအများကြီးကို ဖော်ပြခဲ့ပြီး ကျွန်မ နားမလည်သေးတာတွေ အများကြီးရှိနေသေးတာကို မြင်တော့ နောင်တတွေနဲ့ ပြည့်သွားတယ်။ တကယ်လို့ လွန်ခဲ့တဲ့သုံးလေးနှစ်ကသာ စုဝေးပွဲတွေကို ကောင်းကောင်းတက်ခဲ့မယ်ဆိုရင် ကျွန်မ သမ္မာတရားတွေကို ဒီ့ထက်ပိုပြီး နားလည်နေမှာ မဟုတ်ဘူးလား။ တကယ်လို့ တက္ကသိုလ်ကို နောက်ထပ်သုံးလေးနှစ် ဆက်တက်ခဲ့ရင် ဘုရားသခင်ရဲ့ အမှုတော်က ပြီးသွားလောက်ပြီ၊ အဲဒီလိုဆိုရင် ကျွန်မ ကယ်တင်ခြင်းရဖို့ အခွင့်အရေးကို သေချာပေါက်လွဲသွားမှာပဲ။ ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးနောက်မှာ ဘုရားသခင်ရဲ့ အရေးတကြီး ရည်ရွယ်ချက်ကို ကျွန်မ ခံစားခဲ့ရတယ်။ ဘုရားသခင်က လူသားတွေ ကိုယ်တော့်ရှေ့မှောက်ကို ပြန်လာပြီး ကိုယ်တော့်ရဲ့ ကယ်တင်ခြင်းကို လက်ခံဖို့ စောင့်မျှော်နေတယ်၊ ဒါမှ သူတို့ စာတန်ရဲ့ဒုက္ခပေးတာကို ဆက်မခံရတော့မှာလေ။ ကျွန်မ ဒီအခွင့်အရေးကို လက်လွတ်ခံလို့မဖြစ်ဘူး။
ကျွန်မ ဘုရားနှုတ်ကပတ်တော်တွေကို ထပ်ဖတ်ခဲ့တယ်။ “သင့်ထံတွင် မြင့်မားသော အဆင့်အတန်း၊ ကြီးမားသော ဂုဏ်သတင်း၊ ကြွယ်ဝသော အသိပညာ၊ မြောက်မြားလှသော ပိုင်ဆိုင်မှုပစ္စည်းများနှင့် လူများစွာတို့ထံမှ ထောက်ပံ့မှုများ ရှိသည့်တိုင် ဤအရာများကြောင့် စိုးရိမ်ကြောင့်ကြမှု မရှိမြဲဖြစ်လျက် ဘုရားသခင်၏ ခေါ်ဆောင်ခြင်းနှင့် သူ၏ တာဝန်ပေးစေခိုင်းချက်တို့ကို လက်ခံရန်နှင့် သင့်အား ဘုရားသခင် တောင်းဆိုသည့်အရာကို လုပ်ဆောင်ရန် ဘုရားသခင်၏ ရှေ့မှောက်သို့ လာနေဆဲဖြစ်လျှင် သင်လုပ်ဆောင်သမျှအားလုံးသည် ကမ္ဘာပေါ်က အဓိပ္ပာယ်အရှိဆုံး အကြောင်းတရားနှင့် လူသားမျိုးနွယ်ထဲမှ တရားအမျှတဆုံး လုပ်ငန်း ဖြစ်လိမ့်မည်။ သင်သည် အဆင့်အတန်းနှင့် သင်၏ကိုယ်ပိုင် ရည်မှန်းချက်များအတွက် ဘုရားသခင်၏ ခေါ်ခြင်းကို ငြင်းပယ်ပါက၊ သင်လုပ်ဆောင်သမျှအားလုံးသည် ကျိန်ဆဲခြင်းကို ခံရလိမ့်မည် ဖြစ်ပြီး ဘုရားသခင်၏ စက်ဆုပ်ရွံရှာခြင်းကိုပင် ခံရလိမ့်မည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆက်တွဲ (၂)- လူသားမျိုးနွယ်တစ်ရပ်လုံး၏ ကံကြမ္မာအပေါ် ဘုရားသခင် အချုပ်အခြာအာဏာ ကိုင်စွဲသည်) ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက်မှာ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ကို ပိုပြီးရှင်းရှင်းလင်းလင်း နားလည်သွားပြီး စိတ်နှလုံးထဲမှာ တကယ်ကို အားတက်သွားတယ်၊ ဘုရားသခင်က ဘယ်လိုလူမျိုးက ကိုယ်တော့်ရဲ့ အသိအမှတ်ပြုခြင်းနဲ့ ကောင်းချီးတွေကို ရရှိမယ်၊ ဘယ်လိုလူမျိုးက ကိုယ်တော်ရဲ့ ကျိန်ခြင်းနဲ့ စက်ဆုပ်ရွံရှာတာကို ခံရမယ်ဆိုတာကို ရှင်းရှင်းလင်းလင်း မိန့်ဆိုထားတယ်။ ဘယ်လိုအတားအဆီးမျိုးကိုမှ ဂရုမစိုက်ဘဲ ဘုရားသခင်ရှေ့မှောက်ကို လာပြီး ကိုယ်ခန္ဓာနဲ့စိတ်ကို ဘုရားသခင်ဆီ ဆက်ကပ်တဲ့သူတွေဟာ ဘုရားသခင်ရဲ့ အသိအမှတ်ပြုခြင်းနဲ့ ကောင်းချီးတွေကို ရရှိမယ့်သူတွေပဲ။ လူတစ်ယောက်က ကိုယ်ရေးကိုယ်တာ အကျိုးစီးပွားကို လိုက်စားခြင်းအတွက် ဘုရားသခင်ရဲ့ ခေါ်တော်မူခြင်းနဲ့ တာဝန်ပေးစေခိုင်းချက်ကို ငြင်းပယ်ရင်၊ ဒါဟာ ဘုရားသခင်ကို ပုန်ကန်ခြင်းဖြစ်ပြီး ဒီလိုလူမျိုးကို ဘုရားသခင်က ပစ်ပစ်ခါခါငြင်းတယ်။ ဖန်ဆင်းခံတစ်ဦးအနေနဲ့ သမ္မာတရားကို မလိုက်စားဘဲ ပညာကိုပဲ လိုက်စားနေမယ်ဆိုရင် ဒါဟာ ဘုရားသခင်ပေးထားတဲ့ ဒီအသက်ကို အလဟဿ ဖြုန်းတီးနေတာပဲလို့ ကျွန်မ တွေးမိတယ်။ ကျွန်မသာ ဒီနှစ်တွေကို တက္ကသိုလ်မှာ စာသင်ကြားခြင်းကို လိုက်စားမယ့်အစား ဖန်ဆင်းခံတစ်ဦးအနေနဲ့ ကျွန်မတာဝန်ကို ထမ်းဆောင်ဖို့ အသုံးပြုနိုင်ခဲ့ရင်၊ လူသားတွေကို ကယ်တင်တဲ့အမှုတော်ကို ပြုဖို့ ဘုရားသခင်ကြွလာတဲ့ သတင်းကောင်းကို လူအများကြီးကို ပြောပြနိုင်မယ်၊ ကျွန်မလိုမျိုး လမ်းပျောက်နေတဲ့သူတွေ အများကြီးကို ဘုရားသခင်ရှေ့မှောက်ကို ပြန်လာနိုင်အောင် ကူညီနိုင်မယ်ဆိုရင်၊ ဒါဟာ လုပ်ဆောင်ဖို့ အဓိပ္ပာယ်အရှိဆုံးအရာပဲ ဖြစ်လိမ့်မယ်။ ပေတရုအကြောင်း တွေးမိတယ်။ သူက ငယ်ငယ်ကတည်းက စာရောအကျင့်ပါ ထူးချွန်ပြီး သူ့မိဘတွေက သူ ပညာရေးမှာအောင်မြင်ပြီး လောကမှာ ထင်ပေါ်ကျော်ကြားဖို့ မျှော်လင့်ခဲ့ကြတယ်၊ ဒါပေမဲ့ ပေတရုက ကျော်ကြားမှု၊ အကျိုးအမြတ်နဲ့ အဆင့်အတန်းရဖို့အတွက် အသိပညာနဲ့ ပညာအရည်အချင်းမြင့်မားရေးကို ဆက်ပြီး မလိုက်စားခဲ့ဘူး။ အဲဒီအစား သူက ဘုရားသခင်ကို ယုံကြည်ပြီး တရားဟောဖို့ ရွေးချယ်ခဲ့တယ်။ မိဘတွေရဲ့ ဆန့်ကျင်မှုကြားကပဲ အထက်တန်းပြီးတဲ့နောက်မှာ စာဆက်မသင်တော့ဘူး။ သူက ငါးဖမ်းခြင်းနဲ့ အသက်မွေးပြီး သာမန်လူတစ်ယောက်ရဲ့ဘဝနဲ့ နေထိုင်ခဲ့ပေမဲ့ စိတ်ထဲမှာ ဘုရားသခင်ကို တောင့်တတဲ့စိတ်ကြောင့် ဘုရားသခင်ကို သိကျွမ်းဖို့နဲ့ ချစ်ဖို့ အဆက်မပြတ် ရှာဖွေခဲ့ပြီး နောက်ဆုံးမှာ ဘုရားသခင်ရဲ့ အသိအမှတ်ပြုခြင်းကို ရရှိခဲ့တယ်။ ပေတရုရဲ့ လိုက်စားမှုက ကျွန်မကို အရမ်းလေးစားသွားစေတယ်၊ တစ်ချိန်တည်းမှာပဲ ဒါက တက္ကသိုလ်ကို စွန့်လွှတ်ဖို့ စိတ်ပိုင်းဖြတ်နိုင်တဲ့အထိ ကျွန်မကို အားဖြစ်စေခဲ့တယ်။
ကျွန်မမသိလိုက်ခင်မှာပဲ တက္ကသိုလ်မှာ စာရင်းသွင်းရမယ့်နေ့ကို ရောက်လာခဲ့တယ်။ အတန်းဖော်တစ်ယောက်က အတူတူသွားစာရင်းပေးဖို့ ဖုန်းဆက်ခေါ်ပေမဲ့ ကျွန်မ တက္ကသိုလ်မတက်တော့ဘူးလို့ သူ့ကို ပြောလိုက်တယ်။ အဲဒီနောက်မှာ အတန်းဖော်တွေ၊ သူငယ်ချင်းတွေနဲ့ မယုံကြည်သူ မိသားစုဝင်တွေက ကျွန်မကို နားချဖို့ တစ်ယောက်ပြီးတစ်ယောက် ရောက်လာကြတယ်။ တချို့က “ဘွဲ့မရှိဘဲနဲ့ လောကမှာ အလုပ်ကောင်းကောင်း ရှာလို့ရမှာမဟုတ်ဘူး” လို့ ပြောကြတယ်။ တချို့ကကျတော့ “တချို့လူတွေက တက္ကသိုလ်တက်ချင်ပေမဲ့ တက်ခွင့်မရဘူး။ မင်းကိုကြည့်စမ်း၊ တက်ခွင့်ရရဲ့သားနဲ့ မသွားဖို့ ရွေးတယ်ဟုတ်လား။ မင်း ရူးသွားပြီလား” လို့ ပြောကြတယ်။ ကျွန်မအစ်ကိုကလည်း တကယ်လို့ တက္ကသိုလ်သွားတက်ရင် ယွမ်သုံးထောင်ပေးမယ်၊ ဖုန်းကောင်းကောင်းတစ်လုံး ဝယ်ပေးမယ်လို့တောင် ပြောခဲ့တယ်။ ကျွန်မ နည်းနည်းဝမ်းနည်းပြီး အားနည်းသွားတယ်၊ သူတို့မျက်စိထဲမှာ ကျွန်မက တစ်ချိန်တုန်းက နာခံတတ်ပြီး လိမ္မာရေးခြားရှိတဲ့ ကလေးတစ်ယောက်၊ အဆင့်ကောင်းကောင်းနဲ့ ထိပ်တန်းကျောင်းသူတစ်ယောက်၊ တောက်ပတဲ့အနာဂတ်ရှိတဲ့ အလားအလာကောင်းတဲ့ လူငယ်တစ်ယောက်ဖြစ်ခဲ့ပေမဲ့ အခုတော့ ဦးနှောက်မကောင်းတဲ့၊ နာခံမှုမရှိတဲ့သူတစ်ယောက်လို သတ်မှတ်ခံနေရတယ်လို့ ခံစားရတော့ စိတ်ထဲမှာ နည်းနည်းတော့ မကောင်းဘူးပေါ့။ ဒါပေမဲ့ ဘုရားသခင်ရဲ့ ကာကွယ်မှုကြောင့် ကျွန်မက ဘဝရဲ့ မှန်ကန်တဲ့ လမ်းကြောင်းပေါ်မှာ ရှိနေတယ်၊ အဖြောင့်မတ်ဆုံးသောအမှုကို ရွေးချယ်နေတာဆိုတဲ့အချက်ကို တွေးလိုက်တဲ့အခါမှာတော့ ကျွန်မ ယုံကြည်ခြင်းတွေနဲ့ ပြန်ပြည့်လာတယ်။ သူတို့ ဘယ်လိုပဲ လိုချင်သလို တွေးပြီး ဘယ်လိုပဲပြောပြော၊ ကျွန်မကတော့ ပုံမှန်အတိုင်းပဲ စုဝေးပြီး ကိုယ့်တာဝန်ကို ထမ်းဆောင်သွားမှာပဲ။ အဲဒီအချိန်က “သမ္မာတရားအတွက် အရာအားလုံးကို စွန့်လွှတ်သင့်” ဆိုတဲ့ ဘုရားနှုတ်ကပတ်တော် ဓမ္မတေးတစ်ပုဒ် ဆိုရတာ ကျွန်မ အရမ်းကြိုက်ခဲ့တယ်။
၁ လူသားတစ်ဦးအနေဖြင့်သာမက ဘုရားသခင် နောက်သို့ လိုက်လျှောက်သောသူတစ်ဦးအနေဖြင့် သင်သည် စဉ်းစားသုံးသပ်ပြီး သင်၏အသက်တာကို သတိထား၍ ချဉ်းကပ်နိုင်ရမည်ဖြစ်ကာ ဘုရားသခင်ထံ သင့်ကိုယ်သင် မည်သို့ဆက်ကပ်အပ်နှံသင့်သည်၊ ဘုရားသခင်၌ ပိုမိုလေးနက်သော ယုံကြည်မှုကို မည်သို့ထားရှိသင့်သည်တို့အပြင် ဘုရားသခင်ကို သင်ချစ်သည့်အလျောက် ဘုရားသခင်အား ပိုမိုဖြူစင်စွာ၊ ပို၍လှပစွာ၊ ပိုမိုကောင်းမွန်စွာ မည်သို့ချစ်သင့်သည်တို့ကို အသေအချာ စဉ်းစားသုံးသပ်ရမည်။ ယနေ့၊ သင်မည်သို့ သိမ်းပိုက်ခံရကြောင်း ကိုသာ ကျေနပ်အားရနေ၍မဖြစ်၊ သင့်အရှေ့တွင်ရှိသော လမ်းကြောင်းကို မည်သို့လျှောက်သင့်သည်ကိုလည်း စဉ်းစားရမည်။ သင့်တွင် စုံလင်အောင်ပြုခံရခြင်းငှာ သန္နိဋ္ဌာန်နှင့် ရဲရင့်ခြင်းရှိရမည်။ သမ္မာတရားအတွက် ဒုက္ခကို သင် မဖြစ်မနေခံစားရမည်၊ သင်သည် သမ္မာတရားအတွက် သင့်ကိုယ်သင် မဖြစ်မနေ စွန့်လွှတ်ရမည်။ သမ္မာတရားအတွက် အရှက်တကွဲ ဖြစ်ခြင်းကို သင် မဖြစ်မနေခံရမည်၊ ပြီးလျှင် သမ္မာတရားကို သင်ပိုမိုရရှိရန်အတွက် ပို၍ပင် မဖြစ်မနေ ဒုက္ခဆင်းရဲခံရပေမည်။ ဤသည်မှာ သင်လုပ်သင့်သည့်အရာဖြစ်သည်။
၂ မိသားစု သဟဇာတဖြစ်ခြင်းကို ပျော်မွေ့ခြင်းအတွက် သမ္မာတရားကို သင်လွှင့်မပစ်ရ၊ ခဏတာ ပျော်ရွှင်မှု အတွက် တစ်သက်တာ ဂုဏ်သိက္ခာနှင့် တည်ကြည်မှုကို သင် အဆုံးရှုံးမခံရ။ လှပပြီး ကောင်းမွန်သောအရာအားလုံးကို သင် လိုက်စားသင့်ပြီး၊ အသက်တာတွင် ပိုမိုအဓိပ္ပာယ် ရှိသော လမ်းကြောင်းကို သင် လိုက်စားသင့်သည်။ ထိုသို့သော အောက်တန်းကျပြီး လောကီဆန်သော အသက်တာကို သင်နေထိုင်ကာ လိုက်စားရန် မည်သည့်ပန်းတိုင်မျှ မရှိပါက သင်၏ အသက်တာကို ဖြုန်းတီးနေခြင်း မဟုတ်လော။ ထိုသို့သောဘဝမှ မည်သည့်အရာကို သင် ရရှိနိုင်သနည်း။ သမ္မာတရားတစ်ခုအတွက် ဇာတိပကတိ၏ ပျော်မွေ့မှုများ အားလုံးကို သင်စွန့်လွှတ်သင့်ပြီး၊ ပျော်ရွှင်မှု အနည်းငယ်အတွက် သမ္မာတရားအားလုံးကို မလွှင့်ပစ်သင့်ပေ။ ဤကဲ့သို့သော လူများသည် တည်ကြည်မှု သို့မဟုတ် ဂုဏ်သိက္ခာ မရှိပေ။ ၎င်းတို့၏ တည်ရှိခြင်းတွင် အဓိပ္ပာယ် မရှိပေ။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ပေတရု၏ အတွေ့အကြုံများ- ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့နှင့်သက်ဆိုင်သည့် သူ၏အသိပညာ
ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေထဲကနေ ကျွန်မတို့ဟာ သမ္မာတရားကို လိုက်စားခြင်းနဲ့ တရားမျှတတဲ့အရာအတွက် အသက်ရှင်စေဖို့ ဘုရားသခင်က မျှော်လင့်တယ်ဆိုတာကို ကျွန်မ တွေ့ခဲ့ရတယ်၊ တကယ်လို့ ယာယီပျော်ရွှင်မှုအတွက် သမ္မာတရားကို စွန့်လွှတ်လိုက်ရင် ကျွန်မတို့ ဂုဏ်သိက္ခာကို ဆုံးရှုံးရမယ်၊ ဒီ့ထက်ပိုအရေးကြီးတာက အသက်ရှင်ခြင်းရဲ့ တန်ဖိုးနဲ့ အဓိပ္ပာယ်ကိုပါ ဆုံးရှုံးသွားမှာပဲ။ အရင်တုန်းက အဓိပ္ပာယ်ရှိတဲ့ဘဝဆိုတာ ဘာလဲဆိုတာ ကျွန်မ မသိခဲ့ဘူး။ ကျောင်းမှာ ပညာသင်၊ တက္ကသိုလ်ကောင်းကောင်းတက်ပြီး အလားအလာကောင်းတဲ့ အနာဂတ်တစ်ခုရှိရင် တခြားသူတွေရဲ့ လေးစားမှုကို ရနိုင်မယ်၊ ဒါဆိုရင် ဘဝမှာ ဖြစ်ဖြစ်မြောက်မြောက်ရှိတာပဲလို့ ထင်ခဲ့တယ်။ ဒါပေမဲ့ မမျှော်လင့်ဘဲ နှစ်တွေအများကြီး စာသင်ပြီးတဲ့နောက်မှာ ဒါတွေထဲက ဘယ်အရာကမှ ကျွန်မကို ဘယ်လိုပြုမူကျင့်ကြံရမလဲဆိုတာကို မသင်ပေးခဲ့ရုံသာမက ကျွန်မ လမ်းပျောက်သွားခဲ့တယ်။ ကျွန်မ ဘုရားသခင်ဆီက လာမှန်း၊ ဒီအသက်ကို ဘုရားသခင်က ပေးထားမှန်းတောင် မေ့သွားခဲ့တယ်၊ ပြီးတော့ စာတန်ရဲ့ ဒုက္ခပေးလှည့်စားတာကိုလည်း ခံခဲ့ရတယ်။ အဆုံးမှာတော့ ကျွန်မက စာတန်လိုပဲ ဘုရားသခင်ကို အတိုက်အခံလုပ်ပြီး ငြင်းပယ်တဲ့သူတစ်ယောက် ဖြစ်လုနီးပါး ဖြစ်သွားခဲ့တယ်၊ ဘာတန်ဖိုး၊ ဘာဂုဏ်သိက္ခာမှမရှိဘဲ အသက်ရှင်နေခဲ့တယ်။ အခုတော့ ကျွန်မက ဘုရားသခင်ကို ယုံကြည်ပြီး သမ္မာတရားကို လိုက်စားခြင်းလမ်းကြောင်းကို လျှောက်လှမ်းဖို့ ရွေးချယ်ခဲ့တယ်။ ကျွန်မမိသားစုနဲ့ သူငယ်ချင်းတွေက နားမလည်ဘဲ ကျွန်မကို အသရေဖျက်ကြပေမဲ့၊ ပြီးတော့ အနာဂတ်မှာ ကျွန်မက ချမ်းသာတဲ့ဘဝ ဒါမှမဟုတ် လူတွေရဲ့ လေးစားမှုကို ရရှိချင်မှ ရရှိမှာဖြစ်ပေမဲ့၊ ဘုရားသခင်ကို ယုံကြည်ပြီး ကျွန်မတာဝန်ကို ထမ်းဆောင်ခြင်းအားဖြင့် သမ္မာတရားကို နားလည်ပြီး အသက်ကို ရရှိနိုင်တယ်။ ဒါဟာ အဓိပ္ပာယ်အရှိဆုံးအရာပဲ၊ ဒီဒုက္ခက အလဟဿခံရတာ မဟုတ်ဘူး။ ဒါကြောင့် သူတို့ ဘယ်လိုပဲ နားချပါစေ ကျွန်မ စိတ်မယိုင်ခဲ့ဘူး၊ ဒီခွန်အားကို ဘုရားသခင်က ကျွန်မကို ပေးထားတာမှန်း ကျွန်မ သိတယ်။
အဲဒီနောက်မှာ ကျွန်မ တက္ကသိုလ်မတက်တော့ဘဲ အသင်းတော်မှာ တာဝန်ထမ်းဆောင်ခဲ့တယ်။ ဘုရားသခင်ရဲ့ မိတ်သဟာယပြုခြင်းနဲ့ ဖော်ထုတ်ခြင်းအားဖြင့် ကျွန်မရဲ့ ပညာလိုက်စားမှုနဲ့ပတ်သက်ပြီး ပိုပြီးနက်နဲတဲ့ နားလည်မှုတွေ ရခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “လူသား၏ အသိပညာ သင်ယူခြင်း ဖြစ်စဉ်အတွင်း စာတန်သည် ဇာတ်လမ်းများကို ပြောပြခြင်းဖြစ်စေ၊ အသိပညာ တစ်စိတ်တစ်ပိုင်း ပေးလိုက်ခြင်း သက်သက် ဖြစ်စေ၊ သို့မဟုတ် ၎င်း၏ လိုအင်ဆန္ဒများ သို့မဟုတ် ရည်မှန်းချက်များကို ဖြည့်ဆည်းခွင့် ပေးသည်ဖြစ်စေ နည်းလမ်းမျိုးစုံကို အသုံးပြု လေသည်။ စာတန်သည် ၎င်းကို မည်သည့်လမ်းဖြင့် ခေါ်ဆောင်ချင်ပါသနည်း။ အသိပညာကို သင်ယူလေ့လာခြင်း နှင့် ပတ်သက်၍ မည်သည့်အရာမျှ မှားယွင်းခြင်း မရှိ၊ လုံးဝ သဘာဝကျသည်ဟု လူတို့က ထင်ကြ၏။ နှစ်သက်ဖွယ်ကောင်းသည့် နည်းလမ်းဖြင့် ပြောရမည် ဆိုလျှင်၊ မြင့်မားသော ရည်သန်မျှော်မှန်းချက်များ ရှိခြင်း သို့မဟုတ် ရည်မှန်းချက်များ ရှိခြင်းသည် ပြင်းပြသောဆန္ဒများ ရှိခြင်းဖြစ်ပြီး၊ ဤသည်မှာ အသက်တာတွင် မှန်ကန်သောလမ်း ဖြစ်သင့်သည်ဟု လူတို့က ထင်ကြသည်။ လူတို့သည် ၎င်းတို့၏ကိုယ်ပိုင် ရည်သန်မျှော်မှန်းချက်များအား ဖြစ်မြောက်စေနိုင်သည် သို့မဟုတ် ၎င်းတို့၏အသက်တာတွင် အသက်မွေးဝမ်းကျောင်းတစ်ခု အောင်မြင်စွာ ပြုနိုင်သည် ဆိုလျှင်၊ ထိုနည်းလမ်းသည် လူတို့အသက်ရှင်နေထိုင်ရန် အတွက် ပို၍ ဂုဏ်ဝင့်ဖွယ်ကောင်းသောနည်းလမ်း မဟုတ်လော။ ဤအရာများကို လုပ်ဆောင်ခြင်းအားဖြင့် လူတစ်ဦးသည် မိမိ၏ဘိုးဘေးများကို ဂုဏ်ပြုရုံသာမက၊ သမိုင်းတွင် မိမိ၏အမှတ်အသားတစ်ခု ကျန်ရစ်စေဖို့ အခွင့်အရေးတစ်ခုလည်း ရှိနိုင်ပေသည်။ ဤသည်မှာ ကောင်းသော အရာတစ်ခု မဟုတ်သလော။ ဤသည်မှာ လောကီလူတို့၏အမြင်တွင် ကောင်းသောအရာတစ်ခု ဖြစ်နေပြီး၊ ၎င်းတို့အတွက်ကား သင့်လျော်ကာ အပြုသဘောဆောင်နေသင့်၏။ သို့ရာတွင် အန္တရာယ် ပြုမည့် လက္ခဏာရှိသော စေ့ဆော်မှုများရှိသည့် စာတန်သည် လူတို့ကို ဤလမ်းမျိုးဆီ ခေါ်ဆောင်ပြီးနောက်တွင်၊ ဤမျှသာလော။ လုံးဝ မဟုတ်ပေ။ အမှန်တွင် လူသား၏ ရည်သန်မျှော်မှန်းချက်များသည် မည်မျှကြီးကျယ်ခမ်းနားပါစေ၊ လူသား၏ ဆန္ဒများသည် မည်မျှ လက်တွေ့ကျပါစေ သို့မဟုတ် ၎င်းတို့သည် မည်မျှသင့်လျော်ပါစေ၊ လူသားက ဖြစ်မြောက်စေလိုသည့် အရာအားလုံး၊ လူသားက ရှာဖွေသည့်အရာ အားလုံးသည် စကားလုံးနှစ်လုံးနှင့် ခွဲခြား၍မရအောင် ချိတ်ဆက် နေ၏။ ဤစကားလုံးနှစ်လုံးသည် လူတိုင်းအတွက် ၎င်းတို့၏ အသက်တာတွင် မရှိမဖြစ် အရေးပါလှပြီး ၎င်းတို့သည် စာတန်က လူသား၏အထဲသို့ သွတ်သွင်းရန် ရည်ရွယ်သော အရာများ ဖြစ်သည်။ ဤစကားလုံး နှစ်လုံးသည် မည်သည့်အရာများ ဖြစ်သနည်း။ ၎င်းတို့သည် ‘ကျော်ကြားမှု’ နှင့် ‘အကျိုးအမြတ်’ တို့ ဖြစ်၏။ စာတန်သည် လူတို့အနေဖြင့် ၎င်း၏ ရှင်သန်မှု နည်းလမ်းများနှင့် ဥပဒေသများကို အမှုမဲ့အမှတ်မဲ့ လက်ခံစေဖို့၊ ဘဝရည်မှန်းချက်များနှင့် ဘဝဦးတည်ချက်များ ဖြစ်စေဖို့နှင့် ဘဝရည်သန်မျှော်မှန်းချက်များ ပိုင်ဆိုင်လာစေဖို့ ထိုမျှမကြမ်းတမ်းသော၊ လူတို့၏ အယူအဆများနှင့် အလွန်ပင် ကိုက်ညီသော နည်းစနစ်တစ်ခုဖြစ်သည့် အလွန် သိမ်မွေ့သော နည်းစနစ်ကို အသုံးပြုလေသည်။ မိမိတို့၏ အသက်တာ ရည်သန်မျှော်မှန်းချက်များနှင့်ပတ်သက်၍ လူတို့၏ သရုပ်ဖော်ချက်များက မည်မျှကြီးကျယ်ခမ်းနားပါစေ ဤရည်သန်မျှော်မှန်းချက်များသည် ကျော်ကြားမှုနှင့် အကျိုးအမြတ်တို့ကိုသာ အစဉ်သဖြင့် ဗဟိုပြုထားသည်။ မည်သည့်ကြီးမြတ်သောသူဖြစ်စေ၊ ထင်ရှားသောလူတစ်ဦးဖြစ်စေ၊ မည်သည့်သူတစ်ဦးတလေဖြစ်စေ ၎င်းတို့၏ ဘဝတစ်လျှောက်တွင် လိုက်ရှာဖွေသည့်အရာမှန်သမျှမှာ ‘ကျော်ကြားမှု’ နှင့် ‘အကျိုးအမြတ်’ ဟူသည့် ဤစကားနှစ်လုံးနှင့်သာ ဆက်စပ်နေ၏။ လူတို့သည် ကျော်ကြားမှုနှင့် အကျိုးအမြတ်ကို ၎င်းတို့ ရကြသည်နှင့် တစ်ပြိုင်နက် မြင့်မားသော အဆင့်အတန်းနှင့် များစွာသော ဥစ္စာပစ္စည်းတို့ကို ပျော်မွေ့ခံစားရန်နှင့် ဘဝကို ပျော်မွေ့ခံစားရန် အရင်းအနှီး ၎င်းတို့၌ ရှိသည်ဟု ထင်မြင်ကြသည်။ ၎င်းတို့တွင် ကျော်ကြားမှုနှင့် အကျိုးအမြတ်ရှိသည်နှင့်တစ်ပြိုင်နက် ပျော်ရွှင်ကြည်နူးမှုကို လိုက်စားရန်နှင့် ဇာတိပကတိ၏ ပျော်ရွှင်မှုကို ထင်ရာမြင်ရာ ခံစားရန် အရင်းအနှီးရှိသည်ဟု တွေးထင်ကြသည်။ ၎င်းတို့ လိုအင်ဆန္ဒရှိသည့် ဤကျော်ကြားမှုနှင့် အကျိုးအမြတ်တို့အတွက် လူတို့သည် ပျော်ရွှင်စွာနှင့် အမှုမဲ့အမှတ်မဲ့ဖြင့် ၎င်းတို့၏ ခန္ဓာကိုယ်၊ စိတ်နှလုံးနှင့် ၎င်းတို့တွင် ရှိသမျှအရာအားလုံးအပြင် ၎င်းတို့၏ ရှေ့ရေးနှင့် ကံကြမ္မာတို့ကို စာတန်ထံသို့ လွှဲပြောင်းပေးအပ်ကြသည်။ ၎င်းတို့သည် လုံးဝအကြွင်းမဲ့ သံသယမရှိဘဲ၊ သင်္ကာမကင်းဖြစ်ခြင်း စိုးစဉ်းမျှပင် မရှိဘဲ၊ ပြီးလျှင် ၎င်းတို့၏ တစ်ချိန်က ပိုင်ဆိုင်ခဲ့ကြသည့် အရာအားလုံးကို ပြန်လည်ရယူရန် အစဉ်သဖြင့် သိမြင်ခြင်း မရှိဘဲ ထိုသို့ လုပ်ဆောင်ကြခြင်းဖြစ်သည်။ လူများသည် စာတန်ထံတွင် မိမိတို့ကိုယ်ကို ပေးအပ်ကြပြီးဖြစ်ကာ ၎င်းကို ဤနည်းဖြင့် သစ္စာစောင့်သိလာသည်နှင့်တစ်ပြိုင်နက် မိမိတို့ကိုယ်ကို ထိန်းချုပ်မှုတစ်ခုတလေ ပြန်လည်ရရှိနိုင်သလော။ သေချာပေါက် မဖြစ်နိုင်ပေ။ စာတန်က ၎င်းတို့ကို လုံးဝအကြွင်းမဲ့ ထိန်းချုပ်ထားသည်။ ၎င်းတို့သည် ဤနွံအိုင်ထဲသို့ လုံးဝအကြွင်းမဲ့ နစ်မြုပ်သွားကြပြီး ဖြစ်ကာ၊ မိမိကိုယ်ကို ပြန်ရုန်းထွက်ရန် မတတ်နိုင်ကြပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၆)) ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဖတ်ပြီးမှ ကျော်ကြားမှုနဲ့ အကျိုးအမြတ်ကို လိုက်စားတဲ့ မှားယွင်းတဲ့လမ်းကြောင်းပေါ်ကို စာတန်က ကျွန်မကို သွေးဆောင်ဖြားယောင်းခဲ့မှန်း နောက်ဆုံးမှာ သဘောပေါက်ခဲ့တယ်။ စာတန်က တကယ်ကို ကောက်ကျစ်ပြီး ဆိုးညစ်တယ်၊ အစပိုင်းမှာ သူက လူတွေကို ပညာဗဟုသုတတွေ သင်ယူလေ့လာစေဖို့ သဘာဝကျပုံပေါက်တဲ့အရာတစ်ခုကို အသုံးချတယ်၊ ပြီးတော့ ပညာသင်ကြားတဲ့ ဖြစ်စဉ်ထဲမှာ ကျွန်မတို့ သတိမထားမိဘဲနဲ့ လူတွေရဲ့စိတ်နှလုံးထဲကို စာတန်ဆန်တဲ့ အတွေးအခေါ်တွေနဲ့ ပြောဆိုချက်အမျိုးမျိုးကို သွတ်သွင်းပေးတယ်။ ဥပမာ “အသိပညာသည် တန်ခိုးအာဏာဖြစ်၏၊ အသိပညာသည် သင်၏ကံကြမ္မာကို ပြောင်းလဲနိုင်၏” “ပညာရှင်တစ်ဦးဖြစ်ရန်ဆိုသည်မှာ လူ့အဖွဲ့အစည်း၏ ထိပ်ဆုံးတွင် ရှိနေရန်ပင်ဖြစ်သည်” “ထင်ရှားကျော်ကြားမှုရရှိခြင်း သည် သင်၏ဘိုးဘေးများအတွက် ဂုဏ်အသရေ ယူဆောင်လာသည်” “အသိဉာဏ်ကို သုံးသူတို့သည် တစ်ပါးသူကို အုပ်စိုးရ၍ ကာယခွန်အားကို သုံးသူတို့သည် တစ်ပါးသူ၏ အုပ်စိုးခြင်းကို ခံရ၏”။ ဒီအတွေးအခေါ်တွေက ကျွန်မတို့ကို ပညာကို ကိုးကွယ်ပြီး ကျော်ကြားမှုနဲ့ အကျိုးအမြတ်ကို လိုက်စားစေတယ်၊ ပညာအရည်အချင်းမြင့်မားတာက အလုပ်ကောင်းကောင်းရစေမယ်၊ ဘိုးဘေးတွေကို ဂုဏ်ဆောင်နိုင်မယ်၊ ပြီးတော့ ပင်ပင်ပန်းပန်း လုပ်ကိုင်စားသောက်ရတဲ့ဘဝကနေ လွတ်မြောက်စေနိုင်မယ်လို့ ထင်မှတ်စေတယ်။ ဒါကြောင့် တက္ကသိုလ်တက်ခြင်းအားဖြင့် ကိုယ့်ကံကြမ္မာကို ပြောင်းလဲနိုင်ပြီး လူတွေပြောနေကြတဲ့ ဘဝကောင်းတစ်ခုကို ရနိုင်မယ်လို့ ကျွန်မ ထင်ခဲ့တာပေါ့။ ကျွန်မ အမှတ်နဲ့ စာမေးပွဲအဆင့်တွေကိုပဲ အာရုံစိုက်လာခဲ့တယ်၊ ကြိုးစားပေမဲ့ အဆင့်မကောင်းတဲ့အခါမျိုးမှာ ခဏခဏဆိုသလို စိတ်ပျက်အားငယ်ပြီး စိတ်ဓာတ်ကျခဲ့ရတယ်။ ကျောင်းသားဘဝက ဟာတာတာနိုင်ပြီး ငြီးငွေ့စရာကောင်းတယ်လို့ အကြိမ်ကြိမ် ခံစားခဲ့ရပေမဲ့၊ ဒါမှမဟုတ် အဆင့်အတွက် တခြားသူတွေနဲ့ ပြိုင်ဆိုင်ရလို့ နာကျင်မှုကို ခံစားခဲ့ရပေမဲ့၊ ကျွန်မကတော့ ရုန်းထွက်ဖို့၊ အတိုက်အခံလုပ်ဖို့ မသိဘဲ ဒီပန်းတိုင်အတွက် ဆက်ပြီး ဒုက္ခခံ၊ ပင်ပန်းခံဖို့ ဆန္ဒရှိနေတုန်းပဲ။ ကျွန်မရဲ့ စားပွဲဖော်ကို သတိရမိတယ်။ သူက တက္ကသိုလ်ကောင်းကောင်းတစ်ခုမှာ ဝင်ခွင့်ရဖို့ ကြိုးစားရင်း ညဉ့်နက်တဲ့အထိ မကြာမကြာ စာလုပ်ခဲ့တယ်၊ ဒါပေမဲ့ စိုးရိမ်သောကတွေ အရမ်းများလွန်းလို့ ရောဂါထူးထူးဆန်းဆန်းတစ်ခု ဖြစ်သွားခဲ့တယ်။ နောက်ဆုံးမှာတော့ သူ ကျန်းမာရေးပြန်ကောင်းလာဖို့ ကျောင်းကနေ ခွင့်ယူခဲ့ရတယ်။ ပြီးတော့ အမြင့်ကနေ ခုန်ချပြီး အဆုံးစီရင်သွားတဲ့ စာမေးပွဲပြန်ဖြေတဲ့ ကျောင်းသားလည်း ရှိသေးတယ်။ တခြားသူတွေအတွက်တော့ ဒါက အမှတ်နည်းနည်းလေး ကွာတာပဲလို့ ထင်ရပေမဲ့ သူကတော့ အဲဒီအမှတ်ကို သူ့အသက်ထက် ပိုတန်ဖိုးထားခဲ့တယ်။ နောက်ဆုံးမှာ သူ ခုန်ချဖို့ကိုပဲ ရွေးချယ်ခဲ့တယ်။ ဒါတွေအားလုံးကလည်း ကျော်ကြားမှုနဲ့ အကျိုးအမြတ်ကို လိုက်စားခြင်းကြောင့် ဖြစ်ခဲ့ရတာပဲ။ ဒီအဖြစ်မှန်တွေကနေတဆင့် လူတွေကို ကျော်ကြားမှုနဲ့ အကျိုးအမြတ် လိုက်စားအောင် သွေးဆောင်ဖြားယောင်းတဲ့ စာတန်ရဲ့ ဆိုးယုတ်လှတဲ့ ရည်ရွယ်ချက်တွေကို ကျွန်မ တွေ့မြင်ခဲ့ရတယ်။ စာတန်က ကျွန်မတို့ကို ဘုရားသခင်နဲ့ ဝေးကွာအောင် လုပ်ရုံတင်မကဘူး၊ ကျွန်မတို့ကို ညှဉ်းပန်းနှိပ်စက်ပြီး သူ့စိတ်တိုင်းကျ ကစားတယ်၊ နောက်ဆုံးမှာ ကျွန်မတို့ကို ဝါးမျိုသွားတဲ့အထိပဲ။ တကယ်လို့ ဘုရားသခင်ကသာ ဒါကို မဖော်ထုတ်ခဲ့ရင်၊ ကျွန်မက ကျော်ကြားမှုနဲ့ အကျိုးအမြတ်က လူတွေကို ဖောက်ပြန်ပျက်စီးစေဖို့ စာတန်အသုံးပြုတဲ့ လှည့်ကွက်တွေဆိုတာကို ဘယ်တော့မှ ရှင်းရှင်းလင်းလင်း မြင်ခဲ့မှာမဟုတ်ဘူး၊ ပြီးတော့ ကျော်ကြားမှုနဲ့ အကျိုးအမြတ်အတွက် မလိုအပ်တဲ့ ဒုက္ခအမျိုးမျိုးကို ဆက်ပြီးခံနေမိဦးမှာပဲ၊ ဒီ့ထက်ပိုတာက ဘုရားသခင်နဲ့ ဝေးကွာသွားပြီး ကိုယ်တော့်ရဲ့ ကယ်တင်ခြင်းတံခါးကို ပိတ်ပစ်လိုက်မိမှာပဲ။ ကျွန်မ တခြားသူတွေရဲ့ အထင်ကြီးလေးစားမှုကို ရဖို့ ဆယ်နှစ်ကျော်ကြာ စာကြိုးစားခဲ့တယ်၊ ဘုရားသခင်ကို ယုံကြည်ဖို့ကိုတောင် လျစ်လျူရှုပြီး မေ့ပစ်ခဲ့တယ်။ တကယ်လို့ ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာသာ မရှိခဲ့ရင်၊ ကျွန်မကို ကူညီဖို့နဲ့ အသင်းတော်အသက်တာထဲကို ခေါ်ဆောင်ဖို့ ညီအစ်ကိုမောင်နှမတွေကို ကိုယ်တော်သာ မစီစဉ်ပေးခဲ့ရင်၊ ကျွန်မ ဘယ်လောက်ကြာကြာ ရှုပ်ထွေးတွေဝေပြီး မျောလွင့်နေခဲ့မလဲဆိုတာ မသိနိုင်ဘူး။
လွန်ခဲ့တဲ့နှစ်တွေအတွင်းမှာ တာဝန်ထမ်းဆောင်ရင်း၊ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဖတ်ရှုရင်းအားဖြင့် ကျွန်မ ဘုရားသခင်ကို ယုံကြည်ခြင်းလမ်းက ဘဝရဲ့မှန်ကန်တဲ့လမ်းကြောင်းပဲဆိုတာကို ပိုပိုပြီး တွေ့မြင်လာခဲ့တယ်။ ဘုရားသခင်က သမ္မာတရားရဲ့ နက်နဲမှုအားလုံးကို ကျွန်မတို့အတွက် ထုတ်ဖော်ခဲ့တယ်၊ ဥပမာအနေနဲ့ လူသားမျိုးနွယ်က ဒီနေ့အခြေအနေကို ဘယ်လိုရောက်လာသလဲ၊ လူတွေ ဘယ်ကလာပြီး ဘယ်ကိုသွားနေကြသလဲ၊ လူသားမျိုးနွယ်ကို စာတန်က ဘယ်လိုဖောက်ပြန်ပျက်စီးစေခဲ့သလဲဆိုတဲ့ သမ္မာတရား၊ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေကို ဘယ်လိုဖြေရှင်းပြီး စစ်မှန်တဲ့ လူသားပုံသဏ္ဌာန်အတိုင်း အသက်ရှင်နေထိုင်နိုင်မလဲ၊ ဘုရားသခင်ကို ဘယ်လိုသိကျွမ်းပြီး ကိုးကွယ်မလဲ၊ စံမီတဲ့ ဖန်ဆင်းခံတစ်ဦး ဘယ်လိုဖြစ်အောင်လုပ်မလဲ၊ စသဖြင့်ပေါ့။ ဘုရားသခင်ဖော်ပြခဲ့တဲ့ သမ္မာတရားတွေထဲမှာ ဘဝရဲ့ လမ်းညွှန်မှုကို ကျွန်မ တွေ့ခဲ့ရပြီး၊ ကျွန်မဘဝရဲ့ တန်ဖိုးကို ရှာတွေ့ခဲ့တယ်။ ဘုရားသခင်ရဲ့ ကယ်တင်ခြင်းက ကျွန်မအပေါ် ကျရောက်ခဲ့ပြီး ကိုယ်တော့်ရှေ့မှောက်ကို ပြန်လာနိုင်ခွင့်ပေးတဲ့အတွက် တကယ်ပဲ ကျေးဇူးတင်မိပါတယ်။ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။
အိုးလင်း မြန်မာနိုင်ငံ ၂၀၁၈၊ မေလမှာ ကျွန်မ စစ်တပ်ထဲဝင်ဖို့ အိမ်ကထွက်ခဲ့တယ်။ စစ်တပ်ထဲမှာ ခေါင်းဆောင်က အမိန့်တစ်ခုထုတ်ရင် အဆင့်နိမ့်တဲ့သူတွေက...
ပိုင်ရန် တရုတ်နိုင်ငံကျွန်မ ၁၅ နှစ်တုန်းက ကျွန်မ အဖေက ရောဂါတစ်ခုကြောင့် သေသွားခဲ့ပြီး ကျွန်မတို့ မိသားစုရဲ့ အဓိကအထောက်အပံ့...
ကျွန်မ ငယ်ငယ်ကတည်းက အမြဲ အမှတ်ကောင်းကောင်း ရခဲ့ပြီး၊ စာပေနဲ့ အနုပညာပြိုင်ပွဲတွေမှာ ယှဉ်ပြိုင်ခဲ့တယ်။ ကျွန်မရဲ့ ပညာရေး...
ရှောင်ယွမ်း၊ တရုတ်ပြည်ငယ်ငယ်ကတည်းက ကျွန်မက အမြဲတမ်း ကျောင်းစာမှာ အမှတ်ကောင်းကောင်းရခဲ့ပြီး စာမေးပွဲတွေမှာဆို အတန်းထဲမှာ ခဏခဏ အမှတ်အများဆုံး...