ဘေးဒုက္ခခံစားရတာက မကောင်းတဲ့အရာဖြစ်ရမှာလား။
၂၀၂၃ ခုနှစ် ဂျူလိုင်လထဲက နေ့တစ်နေ့မှာ ကျွန်မတို့အသင်းတော်က ညီအစ်ကိုတစ်ယောက်ဖြစ်တဲ့ ဝမ်ဟောင်က မတော်တဆမှုဖြစ်ပြီး ပြင်းပြင်းထန်ထန်ဒဏ်ရာရသွားတယ်။ ကိုမာဝင်သွားပြီးတော့ ဆေးရုံတင်ထားရတယ်တဲ့။ အဲဒီသတင်းကိုကြားတော့ ကျွန်မနှလုံးရပ်မတပ်ဖြစ်သွားတယ်။ အဲဲဒီညီအစ်ကိုက အရာရာကိုစွန့်လွှတ်ပြီး ဘုရားသခင်နောက်လိုက်ခဲ့တာလည်းနှစ်တွေကြာလှပြီ။ တာဝန်ထမ်းဆောင်တဲ့အချိန် သူသွေးကင်ဆာအပြင်းအထန်ခံစားနေရတာတောင် ဘုရားသခင်ကိုအပြစ်မတင်ခဲ့ဘူး ဆေးကုသမှုခံရင်းနဲ့ပဲ တာဝန်ကို သူအတတ်နိုင်ဆုံးထမ်းဆောင်သွားခဲ့တယ်။ ဘယ်လိုဖြစ်ပြီး သူ့မှာ ဒီလိုမျိုး ဖြစ်ရတာလဲ။ သူ့ကိုဘာလို့ဘုရားသခင်က မကာကွယ်ပေးတာလဲ။ မတော်တဆမှုမှာ သူ့အသက်ဆုံးရှုံးသွားခဲ့ရင်လည်း သူ့အတွက် ကောင်းတဲ့ခရီးပန်းတိုင်ရှိမှာမဟုတ်ဘူးဆိုတဲ့ သဘောမဟုတ်ဘူးလား။ အဲဒီနောက်ပိုင်း ကျွန်မအဲဒီအကြောင်းကိုပဲတွေးနေမိတယ်။ ကျွန်မ တာဝန်ထမ်းဆောင်နေတဲ့အချိန်မှာတောင် စိတ်ထဲမှာ ခဏခဏပေါ်လာတယ်။ ဘုရားသခင်က အဲဒီညီအစ်ကိုကို ကာကွယ်ပြီးတော့ သေခြင်းတရားကို ရှောင်နိုင်အောင်လုပ်ပေးဖို့ ကျွန်မ မျှော်လင့်ခဲ့တယ်။ အဲဒါမှ ဘုရားသခင်က အရာရာစွန့်လွှတ်ပြီး သူ့နောက်လိုက်တဲ့သူတွေကို အထူးကျေးဇူးတော်နဲ့ ကောင်းချီးတွေ ပေးသနားတယ်ဆိုတာကို ကျွန်မမြင်ရမှာပေါ့။ ရက်နည်းနည်းကြာတော့ ဝမ်ဟောင်ရဲ့အခြေအနေကစိုးရိမ်ရသေးတယ်တဲ့။ ကိုမာဝင်နေပြီး ကယောင်ကတမ်းတွေတောင် ရေရွတ်နေတယ်တဲ့။ ဒီသတင်းကိုကြားတော့ ကျွန်မချက်ချင်းကို အရမ်းစိတ်လေးသွားတယ်။ အဲဒီညီအစ်ကိုသာသေသွားခဲ့မယ်ဆိုရင် သူ့အတွက်ကောင်းမွန်တဲ့ပန်းတိုင်ဆိုတာ မရှိတော့တဲ့ သဘောမဟုတ်ဘူးလား။ အဲဒီလိုသာဆိုရင် ဒီနှစ်တွေအားလုံးမှာ သူစွန့်လွှတ်ပြီး သူ့ကိုယ်သူ အသုံးခံတာတွေက အလကားပဲမဟုတ်ဘူးလား။ အရာရာကိုစွန့်လွှတ်ပြီး တာဝန်ထမ်းဆောင်တာက ကောင်းမွန်တဲ့ပန်းတိုင်ကိုရဖို့ အာမမခံနိုင်တဲ့ ပုံစံမျိုးပဲ။ အဲဒါကိုတွေးမိတော့ ကျွန်မရင်ထဲမှာ နားလည်ရခက်တဲ့သောကတစ်မျိုးပေါ်လာပါတယ်။ ကျွန်မရဲ့အနာဂတ်ပန်းတိုင်နဲ့ရလဒ်အတွက်လည်း မစိုးရိမ်ဘဲမနေနိုင်တော့ဘူး။ “ငါလည်းမိသားစုကို စွန့်ပစ်ပြီး အလုပ်ကိုစွန့်လွှတ်ခဲ့တယ်။ တာဝန်ကိုထမ်းဆောင်လာတာလည်း နှစ်တွေကြာပြီ။ အနာဂတ်မှာ ဘေးဒုက္ခခံစားရပြီးသာ သေသွားရမယ်ဆိုရင် ငါဘာကောင်းချီးမှရမှာ မဟုတ်ဘူးမို့လား” လို့တွေးမိတယ်။ အဲဒီအထိစဥ်းစားလိုက်တော့ ရင်ထဲမှာအစိုင်အခဲကြီးတစ်ခု ပိတ်ဆို့နေသလိုခံစားလာရပြီး စိတ်လည်းအရမ်းလေးသွားတယ်။ တောက်လျှောက်ကို ရက်တွေတော်တော်ကြာတဲ့ထိ တာဝန်ထမ်းဆောင်ရတာ လုံးဝအားမရှိခဲ့ဘူး။ အလုပ်က ကျွန်မရဲ့လိုအပ်ချက်တွေကို ကိုင်တွယ်ဖို့ ဆက်စပ်မှုရှိတဲ့စည်းမျဥ်းတွေကိုလေ့လာမယ်လို့ စီစဉ်ထားခဲ့ပေမယ့် မလုပ်ချင်တော့ဘူး။ ဧဝံဂေလိတရားဖြန့်ဝေတဲ့ အမှုထမ်းတွေကို လေ့ကျင့်ပေးရတဲ့အလုပ်ကိုလည်း ဘေးချိတ်ပြီးတော့ ဂရုကိုမစိုက်ချင်တော့ဘူး။ လမ်းလွဲနေတာတွေ တချို့ကနေ ချက်ချင်း နောက်ကြောင်းပြန်မလှည့်ခဲ့တာကြောင့် ဧဝံဂေလိအလုပ်က ထိခိုက်ခဲ့တယ်။
အဲဒီအချိန်တွေတုန်းက ကျွန်မအမြဲတမ်း သက်ပြင်းတွေချပြီး စိတ်ဓာတ်ကျနေခဲ့တယ်။ ကျွန်မမှာ ဘုရားသခင်နဲ့ပတ်သက်ပြီး အယူအဆတွေ ဖြစ်လာတယ်။ ကျွန်မကကြိုးစားအားထုတ်ပြီးကိုယ့်ကိုယ်ကိုယ်အသုံးခံရင်တောင်မှပဲ ကောင်းမွန်တဲ့ရလဒ်နဲ့ ပန်းတိုင်ကို သေချာပေါက်ရမှာမျိုး မဟုတ်ဘူးဆိုပြီး တွေးမိတယ်။ အပေါ်ယံမှာတော့ တာဝန်ထမ်းဆောင်နေပေမယ့်လည်း ရင်ထဲမှာတော့ ဘုရားသခင်နဲ့ကျွန်မနဲ့ကြားမှာ တံတိုင်းတစ်ခု ရှိလာခဲ့ပါတယ်။ ဆုတောင်းတဲ့အချိန်ကျရင် ကျွန်မစိတ်ထဲမှာ ဘုရားသခင်ကို ပြောစရာဘာမှရှိမနေခဲ့ဘူး။ မကြာခင်မှာပဲ ဝမ်ဟောင်ဟာ တော်တော်ကို အမြန်သက်သာလာပြီး တာဝန်တွေကိုပြန်ထမ်းဆောင်နိုင်တော့မယ်လို့ကြားလိုက်ရတယ်။ ဒီသတင်းကို ကြားတော့ ကျွန်မအရမ်းပျော်သွားမိတယ်။ ကျွန်မရင်ထဲကအလုံးကြီးအခုမှပဲကျသွားတော့တယ်။ ပြီးတော့ စိတ်ဓာတ်ကျနေတာတွေလည်း ယူပစ်သလိုပျောက်သွားတယ်။ ဘုရားသခင်က အဲဒီညီအစ်ကိုကို ကာကွယ်ပေးခဲ့တာကို မြင်ရတော့ သူ့အပေါ်ယုံကြည်မှုတွေပြန်ရှိလာပါတယ်။ “ဘုရားသခင်က သူ့အဘို့ အမှန်တကယ် ကိုယ့်ကိုယ်ကိုယ် အသုံးခံတဲ့သူတွေကို ကျေးဇူးတော်နဲ့ ကောင်းချီးတွေပေးသနားသေးတာပဲ။ ဒီအချက်ကို ဝမ်ဟောင်ဆီမှာ မြင်နိုင်တယ်” ဆိုပြီး ကိုယ့်ဘာသာ တွေးမိပါတယ်။ ကောင်းမွန်တဲ့ အနာဂတ်ပန်းတိုင်ရဖို့ မျှော်လင့်ချက်လည်း ပြန်ရှင်သန်လာခဲ့တယ်။ ပြီးတော့ တာဝန်ထမ်းဆောင်ရင်လည်း စိတ်ပေါ့ပါးပျော်ရွှင်လာပြီး အားရှိလာတယ်။
အဲဒီနောက်တော့ ကျွန်မကိုယ်ကျွန်မ ပြန်သုံးသပ်ပြီး စဉ်းစားကြည့်တယ်၊ “ဘာလို့ငါ့ရဲ့အခြေအနေက ဒီအချိန်အတွင်းမှာ အရမ်းအတက်အကျကြမ်းနေရတာလဲ။” လို့ပေါ့။ ကိုယ့်ကိုယ့်ကိုယ်ပြန်သုံးသပ်နေရင်း အရင်ကဖတ်ရှုခဲ့ဖူးတဲ့ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တချို့ကို သွားသတိရပြီးတော့ အဲဒါတွေကိုပြန်ရှာဖတ်ခဲ့ပါတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “အခက်အခဲများအား လူတစ်ယောက် ကြုံနေရသည်ကို လူအချို့က မြင်သောအခါ၌ ၎င်းတို့သည် ချက်ချင်းပင် ထိုသူ၏ နေရာတွင် ဝင်ကြည့်ပြီး မိမိတို့ကိုယ်ကို သတိချပ်ကြသည်။ လူတစ်ယောက်က မချိတင်ကဲဝေဒနာတစ်မျိုးမျိုး၊ ဖျားနာမှုတစ်မျိုးမျိုး၊ ဆင်းရဲဒုက္ခတစ်မျိုးမျိုး၊ သို့မဟုတ် ဘေးဒုက္ခတစ်မျိုးမျိုးအား ကြုံနေရသည်ကို လူအချို့က တွေ့မြင်သောအခါတိုင်းတွင် ၎င်းတို့သည် ချက်ချင်းပင် မိမိတို့အကြောင်းကို စဉ်းစားကြပြီး ‘ငါ့ထံ၌ ဤအရာ လာဖြစ်ပျက်လျှင် ငါမည်သို့ပြုရမည်နည်း။ ဖြစ်ချင်ရကား ယုံကြည်သူများသည်လည်း ဤအရာများကို ကြုံတွေ့နိုင်ပြီး ဤကြီးစွာသော ဒုက္ခများကို ခံရနိုင်ဆဲပင် ဖြစ်နေသည်။ ဤသို့ဆိုလျှင် ဘုရားသခင်သည် အတိအကျအားဖြင့် မည်သို့သော ဘုရားမျိုးဖြစ်သနည်း၊ ဘုရားသခင်က ထိုသူ၏ ခံစားချက်များကို အလွန်ပင် အလေးထားခြင်း မရှိလျှင် ငါ့ကိုလည်း ထိုသို့ဆက်ဆံမည်လော၊ ဤအရာက ဘုရားသခင်သည် စိတ်မချရကြောင်း ပြသည်၊ အချိန်မရွေး၊ နေရာမရွေးတွင် ဘုရားသခင်သည် လူတို့အတွက် မျှော်လင့်မထားသော ပတ်ဝန်းကျင်တစ်ခုကို ပြင်ဆင်ပြီး လူတို့အား အကျပ်ရိုက်ရသော အခြေအနေများထဲ စဉ်ဆက်မပြတ် ရောက်သွားအောင်၊ မည်သည့်အခြေအနေမျိုးထဲမဆို ရောက်သွားအောင် လုပ်ပစ်နိုင်သည်’ ဟူ၍ တွေးတောကြသည်။ ၎င်းတို့သည် မယုံကြည်လျှင် ကောင်းချီးများရမည် မဟုတ်သော်လည်း ဆက်လက်၍ ယုံကြည်ပါက ကပ်ဘေးနှင့် ကြုံရမည်ဟူ၍ ကြောက်ရွံ့ကြသည်။ ဤသို့ဖြင့် လူတို့သည် ဘုရားသခင်ရှေ့တွင် ဆုတောင်းသောအခါ ‘ဘုရားသခင်၊ ကျွန်ုပ်အား ကောင်းချီးပေးရန် ကိုယ်တော့်ကို တောင်းလျှောက်ပါ၏’ ဟူ၍သာ ဆိုပြီး ‘ဘုရားသခင်၊ ကျွန်ုပ်ကို စမ်းသပ်ရန်၊ ပဲ့ပြင်ဆုံးမရန်၊ ကိုယ်တော်အလိုရှိသည့်အတိုင်း ပြုရန် တောင်းဆိုပါသည်၊ ကျွန်ုပ်သည် လက်ခံလိုစိတ်ရှိပါသည်’ ဟူ၍ မဆိုရဲပေ။ ၎င်းတို့သည် ဤသို့ ဆုမတောင်းရဲပေ။ လူတို့သည် အနှောင့်အယှက်နှင့် ကျရှုံးမှုအနည်းငယ်ကို ကြုံတွေ့ပြီးနောက်တွင် ၎င်းတို့၏ စိတ်ဓာတ်ကြံ့ခိုင်မှုနှင့် သတ္တိက လျော့နည်းသွားပြီး ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားအပေါ်ကိုလည်းကောင်း၊ ဘုရားသခင်၏ ပြစ်တင်ဆုံးမမှုနှင့် တရားစီရင်မှု၊ ဘုရားသခင်၏ အချုပ်အခြာအာဏာအပေါ်ကိုလည်းကောင်း ယခင်နှင့်မတူညီသော ‘နားလည်မှု’ ရှိသွားကြသည်။ ဘုရားသခင်အပေါ် သတိထားသည့်စိတ်လည်း ဖြစ်လာကြသည်။ ဤသို့ဖြင့် လူတို့နှင့် ဘုရားသခင်ကြားတွင် တံတိုင်းတစ်ခု၊ ဝေးကွာမှုတစ်ခု ရှိလာသည်။ လူတို့တွင် ဤအခြေအနေများ ရှိနေခြင်းက အဆင်ပြေသလော။ (အဆင်မပြေပါ။) ဤသို့ဆိုလျှင် သင်တို့အတွင်းတွင် ဤအခြေအနေများ ဖြစ်ပေါ်တတ်သလော။ ဤအခြေအနေများထဲတွင် သင်တို့ နေထိုင်ဖူးသလော။ (နေထိုင်ဖူးပါသည်။) ဤသို့သော ပြဿနာများကို အဘယ်သို့ ဖြေရှင်းသင့်သနည်း။ သမ္မာတရားကို မရှာဖွေ၍ ရသလော။ သမ္မာတရားကို နားမလည်လျှင်၊ ယုံကြည်ခြင်းမရှိလျှင် ဘုရားသခင်နောက်သို့ အဆုံးထိ လိုက်လျှောက်ရန် ခက်ခဲလိမ့်မည်။ ပြီးလျှင် သဘာဝအလျောက်ဖြစ်စေ၊ လူကြောင့်ဖြစ်စေ ကပ်ဘေးများ၊ ဘေးဒုက္ခများကို ကြုံရသည့်အခါတိုင်းတွင် ပြိုလဲလိမ့်မည်။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁၊ သမ္မာတရား လိုက်စားခြင်းဆိုသည်မှာ (၁၁)) “ဘုရားသခင်ကို ယုံကြည်လာသောသူတိုင်းသည် ဘုရားသခင်၏ ကျေးဇူးတော်၊ ကောင်းချီး၊ ကတိတော်များကိုသာ လက်ခံရန် အဆင်သင့်ဖြစ်နေကြပြီး ဘုရားသခင်၏ ကြင်နာခြင်းနှင့် သနားကရုဏာကိုသာ လက်ခံလိုစိတ်ရှိသည်။ သို့တိုင်အောင် မည်သူကမျှ ဘုရားသခင်၏ ပြစ်တင်ဆုံးမမှုနှင့် တရားစီရင်မှု၊ စမ်းသပ်မှုနှင့် စစ်ဆေးမှု၊ သို့မဟုတ် ပိတ်ပင်မှုတို့ကို လက်ခံရန် စောင့်ဆိုင်းခြင်း၊ သို့မဟုတ် ပြင်ဆင်ခြင်းမရှိပေ။ ပြီးလျှင် ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း၊ သူ၏ ပိတ်ပင်ခြင်း၊ သို့မဟုတ် ကျိန်ဆဲခြင်းများကို လက်ခံရန် တစ်ဦးတစ်ယောက်မျှ ပြင်ဆင်မှုများ မပြုလုပ်ပေ။ လူတို့နှင့် ဘုရားသခင်ကြားရှိ ဤဆက်ဆံရေးမှာ သာမန်ဟုတ်သလော၊ မဟုတ်သလော။ (သာမန်မဟုတ်ပါ။) သာမန်မဟုတ်ဟု အဘယ်ကြောင့်ဆိုသနည်း။ မည်သည့်နေရာတွင် ချို့ယွင်းသနည်း။ လူတို့အနေဖြင့် သမ္မာတရားကို နားမလည်ခြင်းတွင် ချို့ယွင်းမှုရှိသည်။ ဤသည်မှာ လူတို့၌ အယူအဆများနှင့် စိတ်ကူး များစွာရှိသောကြောင့်လည်းကောင်း၊ ဘုရားသခင်အား စဉ်ဆက်မပြတ် နားလည်မှုလွဲသောကြောင့်လည်းကောင်း၊ သမ္မာတရားကို ရှာဖွေခြင်းအားဖြင့် ဤအရာများကို မပြုပြင်သောကြောင့်လည်းကောင်း ဖြစ်သည်။ ဤအတွက်ကြောင့် ပြဿနာများပေါ်ပေါက်ရန် အလားအလာများသည်။ အထူးသဖြင့် လူတို့သည် ကောင်းချီးခံရရန်အတွက်သာ ဘုရားသခင်ကို ယုံကြည်ကြသည်။ ၎င်းတို့သည် ဘုရားသခင်နှင့် အပေးအယူသာ လုပ်ဆောင်လိုကြပြီး ဘုရားသခင်ထံမှ အရာဝတ္ထုများ တောင်းဆိုလိုကြသည်။ သို့သော် သမ္မာတရားကို မလိုက်စားလိုကြပေ။ ဤသည်မှာ အလွန်အန္တရာယ်ရှိသည်။ ၎င်းတို့၏ အယူအဆနှင့် ကွဲလွဲသည့်အရာတစ်ခုကို ကြုံရသည်နှင့် တစ်ပြိုင်နက် ၎င်းတို့သည် ချက်ချင်းပင် ဘုရားသခင်နှင့်ပတ်သက်ပြီး အယူအဆများ၊ နာကြည်းမှုများ၊ နားလည်မှုလွဲခြင်းများ ဖြစ်ပေါ်ကြသည်။ ပြီးလျှင် ဘုရားသခင်အား သစ္စာဖောက်သည်အထိပင် လုပ်ဆောင်နိုင်ကြသည်။ ဤအရာတို့၏ အကျိုးဆက်မှာ ဆိုးရွားသလော။ လူအများစုသည် ဘုရားသခင်အပေါ် ၎င်းတို့၏ ယုံကြည်မှုတွင် မည်သည့်လမ်းကြောင်းကို လျှောက်ကြသနည်း။ သင်တို့သည် တရားဒေသနာများစွာကို နားထောင်ပြီး သမ္မာတရား အတော်များများကို နားလည်လာသည်ဟု ခံစားရနိုင်သော်လည်း အမှန်မှာ သင်တို့သည် ဗိုက်ဝစေရန်အတွက်သာ ဘုရားသခင်ကို ယုံကြည်သည့်လမ်းကြောင်းကို လျှောက်နေဆဲဖြစ်သည်။ သင်၏ စိတ်သည် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း၊ စမ်းသပ်ခြင်းနှင့် စစ်ဆေးခြင်းတို့ကို လက်ခံရန် ပြင်ဆင်ပြီးဖြစ်လျှင်လည်းကောင်း၊ ကပ်ဘေးကို ခံရန်အတွက်လည်း သင့်ကိုယ်သင် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ပြီးဖြစ်လျှင်လည်းကောင်း၊ သင်၏တာဝန်ကို ထမ်းဆောင်ရာတွင် ဘုရားသခင်အတွက် သင်မည်မျှ အသုံးခံသည်ဖြစ်စေ၊ မည်မျှ အနစ်နာခံပါစေ ယောဘအား စမ်းသပ်မှုများကို သင်အမှန်ပင် ရင်ဆိုင်ရလျှင်လည်းကောင်း၊ သင်၏ ဘဝအဆုံးသတ်တော့မည်အထိပင် သင်၏ ပိုင်ဆိုင်မှုအားလုံးကို ဘုရားသခင်က ပိတ်ပင်လျှင်လည်းကောင်း သင် မည်သို့လုပ်ဆောင်မည်နည်း။ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို သင် မည်သို့ ကိုင်တွယ်ဖြေရှင်းသင့်သနည်း။ သင်၏တာဝန်ကို မည်သို့ ကိုင်တွယ်ဖြေရှင်းသင့်သနည်း။ ဘုရားသခင်က သင့်ထံသို့ အပ်နှံထားသည့်အရာကို သင် မည်သို့ ကို်ငတွယ်ဖြေရှင်းသင့်သနည်း။ သင့်တွင် မှန်ကန်သော နားလည်မှုနှင့် မှန်ကန်သော သဘောထားရှိသလော။ ဤမေးခွန်းများသည် ဖြေရန် လွယ်ကူသလော၊ မလွယ်ကူသလော။ ဤသည်မှာ သင်တို့ရှေ့တွင်ရှိသော ကြီးမားသော အကျပ်အတည်းဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁၊ သမ္မာတရား လိုက်စားခြင်းဆိုသည်မှာ (၁၁)) ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေက ပြောသွားတာနဲ့ ကျွန်မအခြေအနေနဲ့ ကွက်တိပါပဲ။ ဝမ်ဟောင်ဆိုက အရာရာကိုစွန့်လွှတ်ပြီး နှစ်ပေါင်းများစွာ ဘုရားသခင်အတွက် အသုံးခံခဲ့တယ်၊ သူ့မှာ တာဝန်ကို အလေးအနက်ထားရမယ်ဆိုတဲ့စိတ်မျိုးလည်းရှိတယ်။ ဒါပေမယ့် သူအခုလိုဘေးဒုက္ခဆိုးကြီးနဲ့ကြုံပြီး သေလုမျောပါးဖြစ်နေတဲ့အချိန်မှာ ကျွန်မ ကိုယ့်အကြောင်းကိုယ် ရုတ်တရက် တွေးမိတယ်။ ကျွန်မလည်း နှစ်တွေအများကြီးစွန့်လွှတ်ပြီး ကိုယ့်ကိုယ်ကိုယ်အသုံးခံခဲ့တယ်၊ ဘုရားသခင်အပေါ် ကျွန်မရဲ့ယုံကြည်မှုအတွက် ဝမ်ဟောင့်လို ကံကြမ္မာမျိုးနဲ့ ကြုံတွေ့ရမယ်ဆိုရင်၊ ကောင်းချီးတွေမရဘဲ ဘေးအန္တရာယ်ပဲကြုံတွေ့ခံစားရမယ်ဆိုရင် ဘယ်လိုလုပ်မလဲပေါ့။ ရင်ထဲမှာ ဘုရားသခင်ကို စောဒကတက်ပြီးတော့ “စွန့်လွှတ်ပြီး ကိုယ့်ကိုယ်ကိုယ်အသုံးခံတဲ့သူတွေကို ဘုရားသခင်က ဘာလို့များ မချီးမြှောက်ဘဲနဲ့ ဘေးဒုက္ခတွေနဲ့ပဲ မစာမနာကြုံတွေ့စေရတာလဲ။” လို့တွေးမိပါတယ်။ အရင်က ဘုရားသခင်အတွက် အသုံးခံချင်ခဲ့တဲ့စိတ်ထက်သန်မှုမျိုးက ချက်ချင်းပျောက်သွားတယ်။ ကျွန်မရဲတာဝန်က အားနည်းချက်တွေနဲ့ လမ်းလွဲနေမှုတွေကိုဖြေရှင်းဖို့ သမ္မာတရားကိုမရှာဖွေချင်ခဲ့ဘဲ လူတွေကိုပြုစုပျိုးထောင်ပေးရမယ့် ကျွန်မရဲ့အလုပ်ကိုလည်း ဂရုမစိုက်ခဲ့ဘူး။ ကျွန်မရဲ့ စိတ်နှလုံးထဲမှာ ဘုရားသခင်ကိုဆန့်ကျင်ပြီး ရန်လိုနေခဲ့ပါတယ်။ ဝမ်ဟောင် ဘေးအန္တရာယ်ကြုံရချိန်မှာ ဘုရားသခင်ကို ကျွန်မစောဒကတက်ခဲ့တာ ဘာလို့လဲဆိုတော့ ကျွန်မက ဘုရားသခင်ကို စပြီးယုံကြည်သက်ဝင်ကတည်းက ကောင်းချီးနဲ့ကျေးဇူးတော်ကို ရဖို့ ယုံကြည်တာကြောင့်မို့ပါ။ အခု ဝမ်ဟောင်လည်း စွန့်လွှတ်ပြီး ကိုယ့်ကိုယ်ကိုယ်အသုံးခံခဲ့ပေမယ့် ကောင်းချီးနဲ့ ကျေးဇူးတော်ကိုမရဘဲ ဘေးအန္တရာယ်နဲ့ကြုံရတော့ တာဝန်ထမ်းဆောင်ချင်စိတ်တောင် ချက်ချင်းမရှိတော့ဘူးဖြစ်သွားတယ်။ ကျွန်မ ဘုရားသခင်ကို တားဆီးတယ်၊ ရှောင်ရှားတယ်၊ ဆန့်ကျင်ပြီးတော့ ရန်လုပ်နေခဲ့ပါတယ်။ ကျွန်မရဲ့ဘုရားသခင်အပေါ်ယုံကြည်မှုက ဘာသာရေးသမားတွေနဲ့ အတူတူပါပဲ။ အစာရေစာကိုရှာဖွေပြီးတော့ ဆာလောင်မှုကိုဖြေသိမ့်ဖို့ပါ။ သမ္မာတရားကိုလိုက်စားဖို့၊ ဖန်ဆင်းခံတစ်ယောက်ရဲ့တာဝန်ကိုထမ်းဆောင်ဖို့နဲ့ ဘုရားသခင်ကျေနပ်အောင်နေဖို့မဟုတ်ပါဘူး။ ကျွန်မမှာလည်း ဘုရားသခင်အပေါ် စစ်မှန်တဲ့ယုံကြည်မှုနဲ့ ကျိုးနွံနာခံမှုရှိမနေခဲ့ဘူး။ ကျွန်မမှာရှိတဲ့ အရာရာကို ဘုရားသခင်လက်ထဲအပ်ပြီး သူ့ကိုစီစဉ်ညွှန်ကြားခွင့်ပေးချင်စိတ်မရှိခဲ့ဘူး။ ဝမ်ဟောင် ဒီလိုအခြေအနေနဲ့ကြုံတွေ့ရတာက ကျွန်မရဲ့ကောင်းချီးရချင်စိတ်နဲ့ ကျွန်မရဲ့ လိုက်စားမှုမှာရှိတဲ့ မှားနေတဲ့ အမြင်တွေကိုဖော်ထုတ်လိုက်တာပါပဲ။ ဒီပြဿနာတွေကို ကျွန်မ မဖြေရှင်းခဲ့ရင်၊ တစ်နေ့မှာ ဘေးဒုက္ခကြုံတွေ့ပြီး သေခြင်းတရားနဲ့ရင်ဆိုင်ရမယ်ဆိုရင် ဘုရားသခင်ကိုအပြစ်တင်ပြီး သူ့ကိုအာခံတဲ့၊ ပုန်ကန်ပြစ်မှားတဲ့အလုပ်တွေပဲလုပ်မိမှာပဲ။ ခွင့်မလွှတ်နိုင်တဲ့ အတိုင်းအတာတစ်ခုထိ ကျွန်မလုပ်မိရင် အပြစ်ပေးခံရမှာပါပဲ။ အဲဒီလိုတွေးလိုက်တော့ ကျွန်မ နည်းနည်းကြောက်သွားတယ်။ သမ္မာတရားကိုရှာဖွေပြီးတော့ ကျွန်မရဲ့ပြဿနာကို အမြန်ဆုံးဖြေရှင်းချင်ခဲ့တယ်။
အဲဒီနောက် ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေထဲက စာပိုဒ်တစ်ပိုဒ်ကိုဖတ်ခဲ့ရပါတယ်။ “သင်သည် အခြားလူများနှင့် မတူညီဟုလည်းကောင်း၊ ဘုရားသခင်က သင့်အား အထူးမျက်နှာသာ ပေးသည်ဟုလည်းကောင်း၊ ဘုရားသခင်က တစ်စုံတစ်ယောက်ကို ဖယ်ရှားရှင်းလင်းလျှင်၊ သို့မဟုတ် စွန့်ပစ်လျှင် ထိုသူသည် သင်ဖြစ်လိမ့်မည် မဟုတ်ဟုလည်းကောင်း သင်ယုံကြည်သည်။ ဤအတွေးများမှာ မှန်ကန်သလော။ (မမှန်ကန်ပါ။) အဘယ်ကြောင့် မမှန်ကန်သနည်း။ (ဤသို့စဉ်းစားသည်မှာ ဓမ္မဓိဋ္ဌာန်မကျပါ။) ဤစကားများသည် ဘုရားသခင်အား အမှန်တကယ် သိမြင်ခြင်းနှင့် ညီမျှသလော။ သို့မဟုတ် အလွန်ပင် ခံစားချက်အရဖြစ်ပြီး မှန်းဆခြင်းဖြစ်သလော။ ဤအတွေးများရှိသောသူတို့သည် သမ္မာတရားကို လိုက်စားသောသူများဟုတ်သလော။ (မဟုတ်ပါ။) ဤသို့ဆိုလျှင် ၎င်းတို့သည် ဘုရားသခင်အား အမှန်တကယ် ကျိုးနွံနာခံနိုင်သလော။ (ကျိုးနွံနာခံနိုင်ခြင်း မရှိပါ။) ၎င်းတို့သည် ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်း၊ တရားစီရင်ခြင်း၊ စမ်းသပ်ခြင်းများနှင့် စစ်ဆေးခြင်းအပြင် သူ၏ကျိန်ဆဲခြင်းကိုပင် လက်ခံဖို့ အဆင်သင့်ဖြစ်သလော။ (မဖြစ်ပါ။) ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်း၊ တရားစီရင်ခြင်း၊ စမ်းသပ်ခြင်းများနှင့် စစ်ဆေးခြင်းတို့သည် ၎င်းတို့အပေါ်တွင် အမှန်တကယ် ဖြစ်ပျက်သောအခါ ၎င်းတို့သည် မည်သည့်အရာကို လုပ်ဆောင်မည်နည်း။ ဘုရားသခင်နှင့်ပတ်သက်ပြီး အယူအဆများ ဖြစ်ပေါ်မည်လော၊ သို့မဟုတ် စောဒကတက်မည်လော။ ၎င်းတို့သည် ဘုရားသခင်ထံမှ ဤအရာများကို လက်ခံပြီး အမှန်တကယ် ကျိုးနွံနာခံနိုင်သလော။ (ကျိုးနွံနာခံနိုင်ခြင်း မရှိပါ။) အနည်းဆုံးအနေဖြင့် ဆိုရလျှင် ယင်းကို စွမ်းဆောင်ရရှိရန် ခက်ခဲလိမ့်မည်။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် ကျေးဇူးတော်ကို ရှာရန်၊ သို့မဟုတ် ဗိုက်ပြည့်ရန်အတွက်သာ ဘုရားသခင်ကို ယုံကြည်သောကြောင့် ဖြစ်သည်။ ဘုရားသခင်သည် အမျက်ဒေါသနှင့် ဘုန်းအာနုဘော်တို့လည်း ရှိသည်ကိုလည်းကောင်း၊ ဘုရားသခင်၏ စိတ်သဘောထားက ပုန်ကန်ပြစ်မှား၍ မရနိုင်သည်ကိုလည်းကောင်း မသိကြပေ။ ဘုရားသခင်က လူတိုင်းအား မျှတစွာ ဆက်ဆံသည်။ ပြီးလျှင် မည်သည့်ဖန်ဆင်းခံမဆိုနှင့်ပတ်သက်လျှင် ဘုရားသခင်၏ စိတ်သဘောထားက သနားကရုဏာနှင့် ချစ်ခြင်းဖြစ်သည်။ သို့သော် ဘုန်းအာနုဘော်နှင့် အမျက်ဒေါသလည်း ဖြစ်သည်။ လူတစ်ဦးချင်းစီကို ဘုရားသခင် ကိုင်တွယ်ရာတွင် သူ၏ ဖြောင့်မတ်သော စိတ်သဘောထားတွင်ရှိသော သနားကရုဏာ၊ ချစ်ခြင်း၊ ဘုန်းအာနုဘော်နှင့် အမျက်ဒေါသသည် မပြောင်းလဲပေ။ ဘုရားသခင်သည် လူအချို့ကိုသာ သနားကရုဏာနှင့် ချစ်ခြင်းကို ပြပြီး အခြားလူများကိုမူ ဘုန်းအာနုဘော်နှင့် အမျက်ဒေါသကို ပြခြင်းအား မည်သည့်အခါမျှ လုပ်ဆောင်မည်မဟုတ်ပေ။ ဘုရားသခင်က ဤသို့ လုံးဝ လုပ်ဆောင်မည်မဟုတ်။ အကြောင်းမှာ သူသည် ဖြောင့်မတ်သော ဘုရားသခင် ဖြစ်သောကြောင့်တည်း။ ပြီးလျှင် သူသည် လူတိုင်းအပေါ်တွင် မျှတသည်။ မည်သူမဆိုအတွက် ဘုရားသခင်၏ သနားကရုဏာ၊ ချစ်ခြင်း၊ ဘုန်းအာနုဘော်နှင့် အမျက်ဒေါသရှိသည်။ သူသည် လူတို့အပေါ် ကျေးဇူးတော်နှင့် ကောင်းချီးများကို ချပေးနိုင်ပြီး ကွယ်ကာမှုပေးနိုင်သည်။ တစ်ချိန်တည်းတွင် ဘုရားသခင်သည် လူတို့အား တရားစီရင်ပြီး ပြစ်တင်ဆုံးမသည့်အပြင် ကျိန်ဆဲခြင်းကိုလည်း ပြုလုပ်နိုင်ပြီး ၎င်းတို့အား သူပေးထားသောအရာများအားလုံးကို ပြန်နုတ်သိမ်းနိုင်သည်။ ဘုရားသခင်သည် လူတို့အား ပေးနိုင်သော်လည်း အရာရာတိုင်းကိုလည်း ၎င်းတို့ထံမှ ပြန်နုတ်သိမ်းနိုင်သည်။ ဤသည်မှာ ဘုရားသခင်၏ စိတ်သဘောထား ဖြစ်သည်။ ပြီးလျှင် ဤသည်မှာ လူတိုင်းအပေါ် သူ လုပ်ဆောင်ရမည့်အရာ ဖြစ်သည်။ ထို့ကြောင့် သင်က ‘ငါသည် ဘုရားသခင်၏ အမြင်တွင် တန်ဖိုးရှိသည်၊ သူ၏ အချစ်တော်ကဲ့သို့ ဖြစ်သည်၊ သူသည် ငါ့အပေါ် ပြစ်တင်ဆုံးမပြီး တရားစီရင်ခြင်းအား လုံးဝ မပြုရက်ပေ၊ ထို့ပြင် ငါ စိတ်မချမ်းမသာဖြစ်ပြီး စိတ်ဖိစီးမည်ကို စိုးသဖြင့် ငါ့အား သူပေးထားသော အရာများအားလုံးကို ပြန်နုတ်သိမ်းလိုစိတ် လုံးဝရှိမည်မဟုတ်ပေ’ ဟူ၍ ထင်မြင်လျှင် ဤသို့ တွေးထင်ခြင်းသည် မှားယွင်းသည်မဟုတ်သလော။ ဤသည်မှာ ဘုရားသခင်နှင့်ပတ်သက်သည့် အယူအဆတစ်ခု မဟုတ်သလော။ (ဟုတ်ပါသည်။) ဤသို့ဆိုလျှင် သင်သည် ဤသမ္မာတရားများကို နားမလည်မီတွင် ဘုရားသခင်၏ ကျေးဇူးတော်၊ သနားကရုဏာနှင့် ချစ်ခြင်းအား ခံစားခြင်းကိုသာ စဉ်းစားခြင်းမရှိသလော။ ရလဒ်အနေဖြင့် ဘုရားသခင်တွင် ဘုန်းအာနုဘော်နှင့် အမျက်ဒေါသ ရှိသည်ကိုလည်း သင် မေ့လျော့လျက်ရှိသည်။ ဘုရားသခင်က ဖြောင့်မတ်သည်ဟု သင်၏ နှုတ်က ဆိုသော်လည်း၊ ဘုရားသခင်က သင့်အား သနားကရုဏာနှင့် ချစ်ခြင်းကို ပြသောအခါတွင် သင်က ဘုရားသခင်အား ကျေးဇူးတင်ကာ ချီးမွမ်းနိုင်သော်လည်း သင့်အား ပြစ်တင်ဆုံးမပြီး တရားစီရင်ရာတွင် ဘုရားသခင်က ဘုန်းအာနုဘော်နှင့် အမျက်ဒေါသကို ပြသည့်အခါတိုင်းတွင် သင်သည် အလွန်ပင် စိတ်မချမ်းမသာဖြစ်သည်။ ‘ဤသို့သော ဘုရားသာမရှိလျှင် ကောင်းမည်’ ဟူ၍ သင် စဉ်းစားသည်။ ‘ဤသို့ လုပ်ဆောင်သည်မှာ ဘုရားသခင်သာ မဟုတ်လျှင်၊ ဘုရားသခင်က ငါ့အား ပစ်မှတ်သာ မထားလျှင်၊ ဤသည်မှာ ဘုရားသခင်၏ ရည်ရွယ်ချက်သာ မဟုတ်လျှင်၊ ဤအရာများကို အခြားလူများအပေါ်သာ လုပ်ဆောင်လျှင် ကောင်းလိမ့်မည်၊ ငါသည် ကြင်နာမှုရှိသောသူ ဖြစ်သောကြောင့်လည်းကောင်း၊ မကောင်းသည့် မည်သည့်အရာကိုမျှ မလုပ်ဆောင်ခဲ့သောကြောင့်လည်းကောင်း၊ ဘုရားသခင်အား နှစ်များစွာ ယုံကြည်ခဲ့ခြင်းအတွက် ကြီးမားသော အဖိုးအခကို ပေးဆပ်ခဲ့သောကြောင့်လည်းကောင်း ဘုရားသခင်က ငါ့အား အလွန်ပင် သက်ညှာမှုမရှိခြင်း မဖြစ်သင့်ပေ။ ငါသည် ဘုရားသခင်၏ သနားကရုဏာနှင့် ချစ်ခြင်းအပြင် ဘုရားသခင်၏ ကြွယ်ဝသော ကျေးဇူးတော်နှင့် ကောင်းချီးများကို ခံစားရရန် အခွင့်ရှိပြီး သတ်မှတ်ချက်ပြည့်မီသင့်သည်၊ ဘုရားသခင်က ငါ့အား တရားစီရင်မည်၊ သို့မဟုတ် ပြစ်တင်ဆုံးမမည်မဟုတ်သကဲ့သို့ ထိုသို့လုပ်ဆောင်လိုစိတ်လည်းရှိမည်မဟုတ်’ ဟူ၍ သင်ထင်မြင်သည်။ ဤသည်မှာ လိုရာဆွဲ၍ တွေးခြင်းနှင့် မှားယွင်းသော ထင်မြင်ခြင်း ဟုတ်သလော။ (ဟုတ်ပါသည်။) မည်သည့်ပုံစံဖြင့် မှားယွင်းသနည်း။ ဤနေရာတွင် မှားသည့်အရာမှာ သင်သည် သင့်ကိုယ်သင် ဖန်ဆင်းခံတစ်ယောက်အဖြစ်၊ ဖန်ဆင်းခံ လူသားမျိုးနွယ်ဝင်တစ်ယောက်အဖြစ် မမှတ်ယူခြင်းဖြစ်သည်။ သင့်ကိုယ်သင် ဖန်ဆင်းခံလူသားမျိုးနွယ်မှ မှားယွင်းစွာ ခွဲထွက်ပြီး သင့်ကိုယ်သင် အထူးအုပ်စု၊ သို့မဟုတ် အထူးဖန်ဆင်းခံအမျိုးအစားတွင် ပါဝင်သည်ဟု မှတ်ယူကာ မိမိကိုယ်ကို အထူးအဆင့်အတန်း ပေးအပ်ထားခြင်းဖြစ်သည်။ ဤသည်မှာ မာနထောင်လွှားခြင်းနှင့် မိမိကိုယ်ကို မှန်သည်ဟု ယူမှတ်ခြင်းမဟုတ်လော။ ဤသည်မှာ ကျိုးကြောင်းမသင့်လျော်ခြင်း မဟုတ်သလော။ ဤသည်မှာ ဘုရားသခင်အား အမှန်တကယ် ကျိုးနွံနာခံသောသူ ဟုတ်သလော။ (မဟုတ်ပါ။) လုံးဝ မဟုတ်ပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁၊ သမ္မာတရား လိုက်စားခြင်းဆိုသည်မှာ (၁၁)) ကျွန်မ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ကြည့်တယ်။ ကျွန်မ အယူအဆက ဘုရားသခင်ကို တကယ်ယုံကြည်ပြီးတော့ စွန့်လွှတ်ပြီး ကိုယ့်ကိုယ်ကိုယ် အသုံးခံချင်စိတ်ရှိသူတွေကို ဘုရားက ကရုဏာသက်ချစ်ခင်သင့်တယ်၊ အဲဒီလိုလူတွေကို ကျေးဇူးတော်နဲ့ကောင်းချီးတွေ ပေးသင့်တယ်ပေါ့။ အန္တီခရစ်တွေနဲ့ ဆိုးယုတ်တဲ့သူတွေ၊ သူ့ကို ခုခံပြီး ပြစ်မှားစော်ကားသော မယုံကြည်သူများနှင့် နတ်ဆိုးများပတ်သက်ရင်တော့ ဘုရားသခင်က ပြင်းပြင်းထန်ထန် တရားစီရင်၊ ကြိမ်ဆဲပြီး ကြီးလေးတဲ့အပြစ်မျိုးပေးသင့်တယ်ပေါ့။ အဲဒါကြောင့် ဝမ်ဟောင်ဘေးအန္တရာယ်ကြုံပြီး အသက်ရှင်ဖို့မသေချာဘူးဆိုတာကို ကျွန်မ ကြားတော့ ကျွန်မစိတ်နှလုံးထဲမှာ အယူအဆတွေဖြစ်လာပြီးဘုရားသခင်ကမဖြောင့်မတ်ဘူးလို့ယုံခဲ့တယ်။ “ဝမ်ဟောင်ဟာ နှစ်ပေါင်းများစွာ စွန့်လွှတ်ပြီး ဘုရားသခင်အဘို့ အသုံးခံခဲ့တယ်။ အသင်းတော်ရဲ့အရေးကြီးတဲ့တာဝန်တွေကို အမြဲထမ်းဆောင်ခဲ့ပြီး တာဝန်သိစိတ်ရှိတဲ့သူမျိုးဖြစ်တယ်။ အဲဒီလိုလူကို ဘုရားသခင်က ဘေးဒုက္ခမခံစားစေသင့်ဘူး။” လို့တွေးမိတယ်။ ကျွန်မ အရမ်းမာနထောင်လွှားပြီး အသိစိတ်မရှိခဲ့ဘူး။ ဘုရားသခင်ရဲ့အမြင်မှာ ပြီးပြည့်စုံတဲ့ ယောဘအကြောင်းကိုတွေးမိတယ်။ စာတန်က ယောဘကို ဒုက္ခပေးတာကို ဘုရားသခင်က ခွင့်ပြုခဲ့တယ်။ အရာရာကိုဆုံးရှုံးသွားပြီး တစ်ကိုယ်လုံးလည်း အနာတွေနဲ့ ပြည့်နေတယ်။ ဒါပေမယ့် အဲဒီလိုဘေးဒုက္ခနဲ့ နာကျင်မှုတွေကြားကပဲ ယောဘဟာ သူ့ရဲ့ဘုရားသခင်အပေါ်ထားတဲ့ ယုံကြည်မှုနဲ့ ကျိုးနွံနာခံမှုကို မစွန့်လွှတ်ခဲ့ဘူး။ လူတွေပိုင်ဆိုင်တဲ့အရာခပ်သိမ်းဟာ ဘုရားသခင်ဆီကလာတယ်ဆိုတဲ့ သူ့ရဲ့ယုံကြည်မှုကို အခိုင်အမာဆုပ်ကိုင်ထားခဲ့တယ်။ ဘုရားသခင်က လူကို ဆုချီးမြှင့်နိုင်တယ်။ ပိတ်လည်းပိတ်ပင်နိုင်တယ်။ ဘုရားရဲ့ နာမတော်ကို ချီးမွမ်းရမယ်။ ယောဘအဖြစ်က လူတစ်ယောက်ရဲ့အမြင်မှာတော့ ဘေးဒုက္ခဆိုပေမယ့် ဘုရားသခင်က ယောဘရဲ့ ယုံကြည်ခြင်းနဲ့ ကျိုးနွံနာခံခြင်းကို စုံလင်ဖို့အတွက် ဒီဘေးဒုက္ခကို အသုံးပြုခဲ့ပြီး သူ့ရဲ့ဖြောင့်မတ်မှုနဲ့ ဉာဏ်ပညာကို ထုတ်ဖော်ပြသခဲ့တာပါပဲ။ ဝမ်ဟောင်ဘေးဒုက္ခခံစားရတာကလည်း သူနဲ့သူ့မိသားစုကိုစမ်းသပ်တာပါ။ သူအသက်အန္တရာယ်စိုးရိမ်ရတဲ့အခြေအနေမှာ သူ့မိဘတွေက ဒီဘေးဒုက္ခကလည်း ဘုရားသခင်ခွင့်ပြုလို့ဖြစ်တာပဲလို့ ယုံကြည်ခဲ့တယ်။ သူ့ရဲ့အချုပ်အခြာအာဏာနဲ့ စီမံမှုကို စောဒကမတက်ဘဲ နာခံနိုင်ခဲ့ကြတယ်။ နောက်ကျတော့ သူဒဏ်ရာပြီးတဲ့နောက် ရက် ၂၀ ကျော် သတိလစ်နေခဲ့ပြီးတော့မှ အံ့အားသင့်စရာကောင်းလှစွာပဲ ပြန်သတိရလာခဲ့တယ်။ ဘုရားသခင်ရဲ့ ဖြောင့်မတ်တဲ့စိတ်သဘောထားဆိုတာ ကျွန်မထင်ခဲ့သလိုမဟုတ်ဘူးဆိုတာကို သိခဲ့ရတယ်။ သူ့ကိုအမှန်တကယ်ယုံကြည်တဲ့သူတွေကို တောက်လျှောက်ကာကွယ်ပေးနေပြီးတော့ သူတို့ကို ဘယ်လိုဘေးဒုက္ခ၊ နာကျင်မှုမျိုးကိုမှ မခံစားစေပါဘူး။ ဘုရားသခင်က သူ့အပေါ်လူတွေရဲ့နာခံမှုနဲ့ ယုံကြည်မှုကို စုံလင်အောင်ပြုလုပ်ပေးဖို့အတွက် ဘေးအန္တရာယ်တွေနဲ့ စမ်းသပ်မှုတွေကို အသုံးပြုတယ်။ လူတွေကို သူ့ရဲ့ ဩဇာနဲ့ အချုပ်အခြာအာဏာကို တွေ့ကြုံပြီး နားလည်စေဖို့အတွက်လည်း ဒါတွေကို သူ အသုံးပြုပါတယ်။ ဒါက ဘုရားက လူတွေအပေါ် ချပေးတဲ့ အထူးကျေးဇူးတော်နဲ့ ကောင်းချီးပါပဲ။ ဒါပေမဲ့ ကျွန်မက မမြင်နိုင်ခဲ့ဘဲ ဘုရားရဲ့အမှုတော်ကို နားမလည်ခဲ့ဘူး။ ကျွန်မက ဝမ်ဟောင်ကို ဘေးဒုက္ခခံစားခွင့် မပေးဖို့တောင် ဘုရားကို တောင်းဆိုခဲ့တယ်။ ဒီလိုမှမဟုတ်ရင်တော့ ဘုရားက မဖြောင့်မတ်ဘူးလို့ စောဒကတက်မယ်ပေါ့။ ကျွန်မက တကယ်ကို မာနထောင်လွှားလွန်းပြီး မသိနားမလည်ခဲ့တာပါ။ ဒီလို သဘောပေါက်ပုံမျိုးကို အခြေခံကြည့်ရင် ကျွန်မက ဘေးဒုက္ခခံရရင် ဘုရားကို စောဒကတက်မှာပဲ။ ဘုရားကို ဝေဖန်အပြစ်တင်ပြီး အာခံမှာပဲ။ ဘုရားရဲ့ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားမိမှာပဲ။ ကျွန်မပြဿနာက တော်တော်စိုးရိမ်ရတယ်၊ ဖြေရှင်းဖို့အတွက် သမ္မာတရားကို ရှာဖို့ တော်တော်လေးကို လိုနေတယ်ဆိုတာ ကျွန်မ သဘောပေါက်လိုက်တယ်။
နောက်ပိုင်းမှာ ကျွန်မ ဝိညာဉ်ရေးရာ ဆက်ကပ်နေတုန်းမှာ ဒီဘုရားနှုတ်ကပတ်တော်တွေကို ဖတ်တယ်။ “အန္တိခရစ်များသည် ဘုရားသခင်၏နှုတ်ကပတ်တော်များကို လက်သင့်ခံသည့်၊ ကျိုးနွံနာခံသည့် သဘောထားတခုဖြင့် မဆက်ဆံကြပါ။ ထို့ကြောင့် သမ္မာတရားကို လက်ခံသည့် စိတ်သဘောထားတခုနှင့် ဖန်ဆင်းခံသတ္တဝါများအဖြစ် သူတို့၏တာဝန်ကို လူသားမျိုးနွယ်က လုပ်ရန်ဟူသည့် သူ၏နှုတ်ကပတ်တော်များရှိ လိုအပ်ချက်ကို သူတို့ မပြုမူနိုင်ကြသည်မှာ အမှန်ပင်ဖြစ်သည်။...သို့ဆိုလျှင် သူတို့၏တာဝန်ကို သူတို့ မည်ကဲ့သို့ လုပ်ကြသနည်း။ လူတိုင်း၏စိတ်နှလုံးထဲတွင် ဤအရာ၏စာရင်းတခုရှိသင့်သည်။ ထို့အပြင် ဤစာရင်းထဲတွင် တိကျသောဖြစ်ပုံဇာတ်လမ်းအချို့ရှိသင့်သည်။ သို့ဆိုလျှင် အန္တိခရစ်တယောက်၏စိတ်နှလုံးထဲရှိ ဤမှတ်တမ်းသည် မည်သည်နှင့်တူသနည်း။ သူတို့သည် အလွန်ကောင်းမွန်သော၊ အလွန်မှန်ကန်တိကျသော၊ အလွန်ရှင်းလင်းတိကျပြီး အနုစိတ်လွန်းသော၊ အလွန်လုံ့လဝီရိယရှိသောအတွက်အချက်များကို လုပ်ကြသောကြောင့် ၎င်းသည် မရေရာမပြတ်သားသည့်စာရင်းတခုမဟုတ်ချေ။ သူတို့၏တာဝန်ကို လုပ်ဖို့ သူတို့ ဆုံးဖြတ်လိုက်သောအခါ သူတို့သည် ရှေးဦးစွာ ဤသို့ တွက်ချက်ကြသည်။ ‘ငါသည် ငါ၏တာဝန်ကို ယခုလုပ်တော့မည်ဆိုလျှင် မိသားစုနှင့်အတူတကွရှိသည့် ပျော်ရွှင်မှုကို စွန့်လွှတ်ရမည်။ အလုပ်နှင့် ငါ၏လောကီမျှော်လင့်ချက်များကို စွန့်လွှတ်ရမည်။ ငါ၏တာဝန်ကို လုပ်ဆောင်ရန်အတွက် ဤအရာများကို ထားခဲ့ရလျှင် မည်သည့်အရာကို ငါရနိုင်သနည်း။ ဤနောက်ဆုံးခေတ်တွင် ဘုရားကို တွေ့နိုင်သူ၊ ဘုရားအိမ်တော်တွင် မိမိတာဝန်ကို လုပ်နိုင်သူ၊ အဆုံးအထိ ကျန်ရှိနေနိုင်သူတို့သည် ကြီးမားသောကောင်းချီးများကို ရနိုင်သူများဖြစ်သည်ဟူ၍ ဘုရားနှုတ်ကပတ်တော်က ပြောသည်။ ဘုရားနှုတ်ကပတ်တော်က ဤသို့ပြောသည်ကို မြင်ရသည့်အခါတွင် ဘုရားသခင်က ဤစကားများအတိုင်း ဤအရာကို လုပ်ဆောင်နိုင်ပြီး ပြီးမြောက်နိုင်သည်ဟု ငါထင်သည်။ ပြီးလျှင်လည်း မိမိတာဝန်ကို လုပ်ဆောင်နိုင်ပြီး ဘုရားအတွက် မိမိကိုယ်ကိုယ် အသုံးခံနိုင်သောဤလူများအပေါ် ဘုရားသခင်က ကတိတော်များစွာ ပေးသည်။’ ဟူ၍ ဖြစ်သည်။ ဘုရားသခင်၏နှုတ်ကပတ်တော်များကို လေ့လာခြင်းမှတဆင့် နောက်ဆုံးသောကာလတွင် မိမိတာဝန်ကို ထမ်းဆောင်သောလူများထံ ဘုရားသခင်က ပေးထားသည့် ကတိများစွာကို သူတို့သည် ရွေးထုတ်ကြသည်။ ဤအရာအပြင် ဤနှုတ်ကပတ်တော်များကို ၎င်းတို့ကိုယ်တိုင်စိစစ်လေ့လာခြင်းအားဖြင့် ဖန်တီးဖြစ်ပေါ်သော ၎င်းတို့၏ ကိုယ်ပိုင်စိတ်ကူးများ၊ အယူအဆများအားလုံးတို့သည် ၎င်းတို့တာဝန်အား လုပ်ဆောင်ခြင်းအပေါ် အလေးအနက်စိတ်ဝင်စားမှုနှင့် တွန်းအားကို ဖြစ်ပေါ်စေသည်။ ထို့နောက်တွင် သူတို့သည် ဘုရားသခင်၏ရှေ့တော်မှောက်သို့ ဆုတောင်းဖို့ သွားကြသည်။ တည်ကြည်လေးနက်သောကတိများနှင့် ကျမ်းကျိန်စာများကို ပြုလုပ်လျက်၊ ဘုရားသခင်အတွက် အရာခပ်သိမ်းကို စွန့်ပယ်ဖို့နှင့် ဘုရားသခင်အဘို့ အသုံးခံဖို့၊ သူ့အတွက် ဤအသက်တာကို နှစ်မြှုပ်ထားဖို့နှင့် လူ့ဇာတိအပျော်အပါးများနှင့် တက်လမ်းများအားလုံးကို စွန့်လွှတ်ဖို့ သူတို့ ဆန္ဒရှိကြကြောင်းကို စိတ်ပိုင်းဖြတ်ကြသည်။ ဤနည်းဖြင့် သူတို့ ဆုတောင်းကြသော်လည်း သူတို့၏စကားများအားလုံးသည် မှန်ကန်သယောင်ထင်ရသော်လည်း နက်ရှိုင်းသောအတွင်းစိတ်တနေရာတွင် သူတို့ ဘာကို တွေးနေသည်ဆိုသည်ကိုတော့ သူတို့ကိုယ်သူတို့နှင့် ဘုရားသခင်သာ သိပါလိမ့်မည်။ သူတို့၏ဆုတောင်းခြင်းများနှင့် သူတို့၏ဆုံးဖြတ်ချက်တို့မှာ ဖြူစင်သယောင်ထင်ရသည့်အပြင် ဘုရားသခင်၏ တာoန်ပေးစေခိုင်းချက်ကို ပြည့်စုံစေဖို့၊ သူတို့၏တာဝန်ကို ထမ်းဆောင်ဖို့နှင့် ဘုရားသခင်၏ရည်ရွယ်ချက်များကို ကျေနပ်စေဖို့အတွက်သာ ဤသည်ကို သူတို့ လုပ်ရသယောင်ထင်ရသည်။ သို့သော် ၎င်းတို့၏ စိတ်နှလုံးအတွင်းထဲတွင် ၎င်းတို့တာဝန်များကို ထမ်းဆောင်ခြင်းမှတစ်ဆင့် ၎င်းတို့အလိုရှိသည့် အရာများနှင့် ကောင်းချီးများအား ရရှိနိုင်သည့်နည်းလမ်းကို တွက်ချက်နေကြသည်။ ၎င်းတို့ပေးဆပ်ခဲ့သည့်အရာအားလုံးကို ဘုရားသခင်မြင်စေရန်၊ ၎င်းတို့ ပေးဆပ်ခဲ့သည့်၊ လုပ်ဆောင်ခဲ့သည့်အရာအားဖြင့် ဘုရားသခင် အလွန်အမင်း သဘောကျအောင် ပြုလုပ်ရန် မည်သည့်အရာကို ၎င်းတို့ လုပ်ဆောင်နိုင်သည်ကို တွက်ချက်နေကြသည်။ သို့မှသာ သူတို့လုပ်ပေးခဲ့သည့်အရာအတွက် ဘုရားသခင်က သူတို့ကို အမှတ်ရနေလိမ့်မည်ဖြစ်ကာ သူတို့လိုချင်သည့် တက်လမ်းများနှင့် ကောင်းချီးများအားလုံးကို သူတို့အပေါ် အဆုံးစွန် ပေးအပ်လိမ့်မည်ဆိုသည်တို့ကို သူတို့ တွက်ချက်ကြသည်။...မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရာတွင် အန္တိခရစ်တို့၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ အပေးအယူလုပ်ရန်၊ အလဲအထပ်လုပ်ရန် ဖြစ်၏။ ဤသည်တို့မှာ တာဝန်ထမ်းဆောင်ရန်အတွက် ၎င်းတို့ သတ်မှတ်ထားသော လိုအပ်ချက်များ ဖြစ်သည်ဟု ဆိုနိုင်သည်။ ‘ငါ၏ တာဝန်ကို လုပ်ဆောင်လျှင် ငါသည် ကောင်းချီးများ ရရှိပြီး ခရီးပန်းတိုင်ကောင်းကို ပိုင်ဆိုင်ရမှဖြစ်မည်။ လူသားမျိုးနွယ်အတွက် ပြင်ဆင်ပေးထားသည်ဟု ဘုရားသခင် ပြောသည့် ကောင်းချီးများနှင့် အကျိုးအမြတ်များ အားလုံးကို ငါရမှဖြစ်မည်။ ယင်းတို့ကို ငါမရနိုင်လျှင် ဤတာဝန်ကို ငါလုပ်ဆောင်မည် မဟုတ်’ ဟူ၍ ဖြစ်သည်။ ၎င်းတို့သည် ထိုသို့သော ရည်ရွယ်ချက်များ၊ ရည်မှန်းချက်များနှင့် အလိုဆန္ဒများဖြင့် မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရန် ဘုရားအိမ်တော်သို့ လာကြ၏။ ၎င်းတို့သည် ရိုးသားမှုအချို့ အမှန်တကယ် ရှိသည့်ပုံပေါ်သည်။ ယုံကြည်သူအသစ်များနှင့် တာဝန်ကို စတင်ထမ်းဆောင်ခါစသာ ရှိသေးသူများအတွက်မူ ယင်းကို စိတ်အားထက်သန်မှုဟုလည်း ခေါ်ဆိုနိုင်သည်မှာ အမှန်ပင်။ သို့ရာတွင် ဤအရာ၌ စစ်မှန်သော ယုံကြည်မှု၊ သို့မဟုတ် သစ္စာစောင့်သိမှု မရှိပေ။ ထိုစိတ်အားထက်သန်မှု အတိုင်းအတာသာ ရှိ၏။ ယင်းကို ရိုးသားမှုဟု ခေါ်၍မရနိုင်ပေ။ မိမိတို့၏ တာဝန်ကို ထမ်းဆောင်ခြင်းအပေါ် အန္တိခရစ်တို့၌ ရှိသော ဤသဘောထားကို သုံးသပ်ကြည့်ရလျှင် ယင်းမှာ အလုံးစုံ အပေးအယူဆန်ပြီး ကောင်းချီးများ လက်ခံရရှိခြင်း၊ ကောင်းကင်နိုင်ငံတော်ကို ဝင်ရောက်ခြင်း၊ သရဖူ ရရှိခြင်းနှင့် ဆုလာဘ်များ လက်ခံရရှိခြင်းတို့ကဲ့သို့ အကျိုးအမြတ်များကို ရလိုသည့် ၎င်းတို့၏ အလိုဆန္ဒများဖြင့် ပြည့်နေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉ (အပိုင်း ၇)) အန္တိခရစ်တွေက ဘာကိုပဲလုပ်သည်ဖြစ်စေ၊ ကောင်းချီးရဖို့အတွက်ရယ်၊ သူတို့ရဲ့ ရှေ့ရေးနဲ့ ကံကြမ္မာအတွက်ရယ် ဆက်စပ်ပြီး အမြဲတမ်းလုပ်တယ်ဆိုတာကို ဘုရားက ဖော်ထုတ်ပါတယ်။ ကျွန်မအခြေအနေကလည်း ဒီလိုပါပဲ။ ဘုရားကို ကျွန်မစယုံကြည်ပြီးတဲ့နောက်မှာ နောက်ဆုံးသောကာလမှာ ဘုရားသခင်က လူတွေကို ကယ်တင်ပြီး ကောင်းတဲ့ခရီးပန်းတိုင်တစ်ခုဆီကို ခေါ်ဆောင်သွားမယ်ဆိုတာကို ဘုရားနှုတ်ကပတ်တော်တွေကနေ ကျွန်မ မြင်ခဲ့ရလို့ ကျွန်မက နည်းနည်း စွန့်ပစ်ပြီး ကိုယ့်ကိုယ်ကိုယ် အသုံးခံနိုင်တာပါ။ ကျွန်မက ဒီလောက်ကောင်းတဲ့ အခွင့်အရေးနဲ့ လွဲလို့မဖြစ်ဘူးဆိုပြီး တွေးမိတယ်။ အဲဒါနဲ့ ကျွန်မတာဝန်ကို တက်တက်ကြွကြွနဲ့ ထမ်းဆောင်ပြီး နောင်ကျရင် ကောင်းချီးတွေရဖို့ ကောင်းမှုတွေကို ပြင်ဆင်တယ်။ နောက်ပိုင်းကျတော့ ကျွန်မအမျိုးသားက ကျွန်မကို ဖိနှိပ်ပြီး ကျွန်မ ဘုရားကို ယုံကြည်တာကို တားဆီးတယ်။ ဘုရားနဲ့ ကျွန်မအိမ်ထောင်နဲ့ မိသားစုကြားမှာ ရွေးချယ်တဲ့အခါ ကျွန်မ စဉ်းစားတယ်။ “ငါ မိသားစုကို ရွေးချယ်ရင် သက်သာတဲ့ဘဝကို ငါခံစားရနိုင်မှာ ဖြစ်ပေမဲ့ ဇာတိပကတိ သာယာမှုတွေက ယာယီပဲ။ ဒါပေမဲ့ ဘုရားအတွက် ကိုယ့်ကိုယ်ကိုယ် စိတ်ရော ကိုယ်ပါ အသုံးခံတဲ့လူတွေက ဘုရားဆီကနေ ပိုပြီးတော့တောင် ကြီးမားတဲ့ ကောင်းချီးတွေကို ရနိုင်တယ်။ ဒီကောင်းချီးတွေက ထာဝရတည်ရှိတယ်။ ငါက ဒီအခွင့်အရေးနဲ့ လွဲသွားရင် ဒါတွေကို ရမှာ မဟုတ်ဘူး” ပေါ့။ သေချာစဉ်းစားကြည့်ပြီးတော့ နောက်ဆုံးမှာ ဘုရားနောက် လိုက်လျှောက်ပြီး ကိုယ့်တာဝန်ကို ကောင်းကောင်း ထမ်းဆောင်ဖို့ကို ကျွန်မ စိတ်ပိုင်းဖြတ်လိုက်တယ်။ အထူးသဖြင့် အရင်သုံးလေးနှစ်တုန်းက ကိုရိုနာဗိုင်းရပ်စ် ပေါ်လာတဲ့အချိန်မှာ ကပ်ဘေးထဲမှာ လူတွေအများကြီးသေခဲ့တယ်။ ဘုရားကို မယုံကြည်ဘဲ အာခံတဲ့သူတွေက အချိန်မရွေး ကပ်ဘေးကြီးက ဖျက်ဆီးပစ်တာကို ခံရနိုင်တယ်။ ဒီအချိန်မှာ ကျွန်မက နေ့တိုင်း တာဝန်ထမ်းဆောင်ပြီး အလုပ်ရှုပ်နေခဲ့တယ်။ ကိုရိုနာဗိုင်းရပ်စ်က ဘယ်လောက်ပဲ ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့ပါစေ ကျွန်မက အကူးမခံခဲ့ရဘူး။ ဘုရားက ကျွန်မကို ကာကွယ်ပေးနေတာကို ကျွန်မ မြင်ရတော့ တာဝန်ထမ်းဆောင်တဲ့အခါမှာ ပိုပြီး လှုပ်ရှားတက်ကြွလာတယ်။ ကျွန်မရဲ့ အသွေးအသားက ဘယ်လောက်ပင်ပန်းနွမ်းနယ်ပါစေ ကျွန်မ ဇွဲရှိရှိနဲ့ ဆက်လုပ်တယ်။ ဒီလောက်အထိလုပ်တာဟာ ကျွန်မက ဘုရားအပေါ် သစ္စာရှိတယ်၊ နောင်ကျရင် ဘုရားကောင်းချီးကို ကျွန်မ သေချာပေါက် ရမဲ့ သဘောပဲလို့ ထင်ခဲ့တယ်။ ဒါပေမဲ့ ဝမ်ဟောင်ရဲ့ မတော်တဆ ထိခိုက်ဒဏ်ရာရမှုက ကျွန်မ အယူအဆတွေနဲ့ မကိုက်ညီခဲ့ဘဲ ကျွန်မရဲ့ ရည်ရွယ်ချက်တွေကို ဖော်ထုတ်ခဲ့တယ်။ ကျွန်မ ယုံကြည်ခဲ့တာက ဝမ်ဟောင်က ဘုရားအတွက် သူ့ကိုယ်သူ စွန့်ပစ်ပြီး အသုံးခံတာကြောင့် ဘုရားက သူ့ကို ဘေးဒုက္ခခံစားခွင့်မပြုသင့်ဘူးပေါ့။ သူ ဘေးဒုက္ခခံစားရရင်တောင် လုံးဝ ဘေးကင်းလုံခြုံနေအောင် ဘုရားက သေချာလုပ်သင့်တယ်။ ဘုရားအတွက် ကိုယ့်ကိုယ်ကိုယ် အမှန်တကယ် အသုံးခံတဲ့သူတွေကို ဘုရားက ကာကွယ်ပြီး ကောင်းချီးပေးမယ်ဆိုတာကို လူတိုင်းကို မြင်အောင်လို့ပေါ့။ ဒီနည်းနဲ့ဆိုရင် ကျွန်မက နှစ်တွေအကြာကြီး ကိုယ့်ကိုယ်ကိုယ် စွန့်ပစ်ပြီး အသုံးခံရင် ကောင်းချီးရဖို့ သေချာမှာပဲ ပေါ့။ ဒါပေမဲ့ ရက်တွေအများကြီး ကြာပြီးတဲ့နောက် ဝမ်ဟောင်က ကိုမာဝင်နေတုန်းပဲလို့ ကျွန်မ ကြားတော့ ဘုရားကို စပြီး စိတ်ပျက်လာတယ်။ ဘုရားကို အပြစ်တင်တဲ့အပြင် ဒါက ဝမ်ဟောင်အတွက် တရားမမျှတဘူးလို့လည်း ကျွန်မ စိတ်နှလုံးထဲမှာ စောဒကတက်ခဲ့တယ်။ ကျွန်မက ကိုယ့်ကိုယ်ကိုယ် စွန့်ပစ်တာ၊ အသုံးခံတာကိုတောင် နောင်တရပြီး ကိုယ့်တာဝန်ကို မထမ်းဆောင်ချင်တော့ဘူး။ ကျွန်မက ကိုယ့်ကိုယ်ကိုယ် စွန့်ပစ်ပြီး အသုံးခံတဲ့နေရာမှာ ဖန်ဆင်းခံတစ်ယောက်ရဲ့ တာဝန်၊ ဝတ္တရားကို မဖြည့်ဆည်းခဲ့ဘဲ ကျေးဇူးတော်နဲ့ ကောင်းချီးရဖို့အတွက် ဘုရားနဲ့ အလဲအလှယ်လုပ်နေခဲ့တယ်။ ပေါလုက သူ့ကိုယ်သူ စွန့်ပစ်ပြီး အသုံးခံတာဟာ ဆုလာဘ်တွေနဲ့ သရဖူရဖို့ပဲဆိုတာကို ကျွန်မ တွေးမိတယ်။ ဒါကြောင့် သူက နောက်ဆုံးမှာ ထုံးစံအတိုင်းပဲ ပြောလိုက်တယ်။ “ကောင်းစွာသော တိုက်လှန်ခြင်းကို ငါပြုပြီ။ ပြေးရသောလမ်းကို အဆုံးတိုင်အောင်ပြေးပြီ။ ယုံကြည်ခြင်းတရားကို စောင့်ရှောက်ပြီ။ ယခုမှစ၍ ဓမ္မသရဖူသည် ငါ့အဘို့သိုထားလျက်ရှိ၏။” (တိမောသေသြဝါဒစာဒုတိယစောင် ၄:၇-၈) ဘုရားကို ယုံကြည်တဲ့အခါမှာ ကျွန်မရဲ့ လိုက်စားမှုမှာရှိတဲ့ အမြင်က ပေါလုနဲ့ အတူတူပဲဆိုတာကို ကျွန်မ အခု မြင်သွားတယ်။ ကျွန်မက သမ္မာတရား လိုက်စားဖို့၊ တာဝန်ထမ်းဆောင်ဖို့၊ ဘုရားကို ကျေနပ်စေဖို့ ယုံကြည်နေတာမဟုတ်ဘူး။ အဲဒါတွေအစား ကျွန်မက ဘုရားဆီကနေ ကောင်းမွန်တဲ့ ကောင်းချီးတွေ တောင်းဆိုဖို့ ကိုယ့်ကိုယ်ကိုယ် စွန့်ပစ်ပြီးအသုံးခံနေခဲ့တာပါ။ ဒါက ကိုယ်ကျိုးတွေ၊ အပေးအယူတွေအများကြီးပါနေတယ်။ ဒီလို ကိုယ့်ကိုယ်ကိုယ် အသုံးခံတဲ့ ပုံစံမျိုးက မစစ်မှန်ဘူး၊ ဘုရားအပေါ် သစ္စာမရှိဘူး။ အဲဒါတွေအစား ဘုရားကို လိမ်ညာပြီး အသုံးပြုနေတဲ့ပုံစံတစ်ခုပဲ။ ကျွန်မက တကယ်ကို လှည့်စားလွန်းတယ်။ ကောက်ကျစ်ဆိုးယုတ်လွန်းပါတယ်။ အခု ကပ်ဘေးက ပိုပိုပြီး ကြီးလာနေတယ်။ ကျွန်မက သမ္မာတရားကို ကောင်းကောင်းမလိုက်စားခဲ့ရင်၊ ကျွန်မရဲ့ မှားနေတဲ့ လိုက်စားမှုတွေကို မပြောင်းလဲခဲ့ရင်၊ ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို မဖြေရှင်းခဲ့ရင် ကျွန်မက နောင်မှာ ကျွန်မအယူအဆတွေနဲ့ မညီတဲ့အရာတွေကို ကြုံရတဲ့အခါ ဘုရားကို အာခံပြီး သစ္စာဖောက်မိမှာပဲ။ နောက်ဆုံးမှာ ကပ်ဘေးကြီးထဲမှာ လမ်းပျောက်ပြီး အပြစ်ဒဏ်ပေးခံရမှာပဲ။
နောက်ပိုင်းမှာ ကျွန်မ ခဏခဏ တွေးမိတယ်။ “ဖန်ဆင်းခံတစ်ယောက်အနေနဲ့ ငါ့တာဝန်ကို ထမ်းဆောင်ဖို့အတွက် ငါဘယ်လို လက်တွေ့လုပ်သင့်သလဲ” ပေါ့။ တစ်နေ့မှာ ကျွန်မကို အားဖြစ်စေခဲ့တဲ့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို တွေ့ခဲ့တယ်။ ဘုရားသခင်က ပြောသည် “မည်သည့်တာဝန်ကို ထမ်းဆောင်သည်ဖြစ်စေ ထိုတာဝန်သည် မိမိတို့လုပ်ဆောင်နိုင်သည့် အသင့်လျော်ဆုံးသောအရာဖြစ်သည်။ လူသားမျိုးနွယ်ကြားတွင် အလှပဆုံး၊ တရားအမျှတဆုံးသောအရာ ဖြစ်သည်။ ဖန်ဆင်းခံများအနေဖြင့် လူတို့သည် မိမိတို့တာဝန်ကို ထမ်းဆောင်သင့်သည်။ ထိုအခါမှသာ ဖန်ဆင်းရှင်၏ လက်ခံအတည်ပြုခြင်းကို ၎င်းတို့ ရရှိနိုင်သည်။ ဖန်ဆင်းခံတို့သည် ဖန်ဆင်းရှင်၏ စိုးမိုးမှုအောက်တွင် အသက်ရှင်ပြီး ဘုရားသခင် ပံ့ပိုးသည့်အရာအားလုံးနှင့် ဘုရားသခင်ဆီကလာသည့် အရာရာတိုင်းကို ၎င်းတို့ လက်ခံသည်။ ထို့ကြောင့် ၎င်းတို့၏ တာဝန်ဝတ္တရားများကို ထမ်းဆောင်သင့်သည်။ ဤသည်မှာ လုံးဝ သဘာဝကျပြီး ခိုင်လုံသည်။ ဘုရားသခင်က စီမံခဲ့ခြင်း ဖြစ်သည်။ လူတို့အတွက် ဖန်ဆင်းခံတစ်ယောက်၏ တာဝန်ကို ထမ်းဆောင်ခြင်းသည် ကမ္ဘာမြေပေါ်တွင် နေထိုင်စဉ် လုပ်ဆောင်သည့် မည်သည့်အရာမဆိုထက်ပို၍တရားမျှတသည်၊ လှပသည်၊ မြင့်မြတ်သည်ကို ဤအရာမှ မြင်နိုင်သည်။ ဖန်ဆင်းခံတစ်ဦးနှင့်ဆိုင်သည့် တာဝန်ကို ထမ်းဆောင်ခြင်းထက် လူသားမျိုးနွယ်ကြားတွင် မည်သည့်အရာကမျှ ပို၍အဓိပ္ပာယ်မရှိ၊ သို့မဟုတ် ပို၍တန်ဖိုးမရှိသည့်အပြင် မည်သည့်အရာကမျှ ဖန်ဆင်းခံဖြစ်သူတစ်ဦး၏ အသက်တာအတွင်းသို့ သာ၍ကြီးမားသော အဓိပ္ပာယ်နှင့် အနှစ်သာရကို မဆောင်ကြဉ်းပေ။ ကမ္ဘာမြေပေါ်တွင် ဖန်ဆင်းခံတစ်ယောက်၏ တာဝန်ကို အမှန်တကယ်၊ ရိုးသားစွာ ထမ်းဆောင်သော လူအုပ်စုသာလျှင် ဖန်ဆင်းရှင်ကို ကျိုးနွံနာခံသောသူများဖြစ်သည်။ ဤအုပ်စုသည် လောကီ၌ ရေပန်းစားသောအရာများနောက်သို့ မလိုက်ပေ။ ၎င်းတို့သည် ဘုရားသခင်၏ ခေါင်းဆောင်မှုနှင့် လမ်းပြမှုကို ကျိုးနွံနာခံသည်။ ဖန်ဆင်းရှင်၏ နှုတ်ကပတ်တော်များကိုသာ နားထောင်သည်။ ဖန်ဆင်းရှင် ဖော်ပြသော သမ္မာတရားများကို လက်ခံသည်။ ဖန်ဆင်းရှင်၏ နှုတ်ကပတ်တော်များအတိုင်း အသက်ရှင်သည်။ ဤသည်မှာ အမှန်ကန်ဆုံး၊ အထူးကဲဆုံးသော သက်သေခံချက်ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်အပေါ် ယုံကြည်ခြင်း၏ အကောင်းဆုံး သက်သေခံချက် ဖြစ်သည်။ ဖန်ဆင်းခံတစ်ဦးအနေဖြင့် ဖန်ဆင်းခံတစ်ဦးနှင့်ဆိုင်သည့် တာဝန်ကို ထမ်းဆောင်နိုင်ခြင်း၊ ဖန်ဆင်းရှင်ကို ကျေနပ်မှုပေးနိုင်ခြင်းသည် လူသားမျိုးနွယ်ကြားတွင်အလှပဆုံးသောအရာဖြစ်ပြီး၊ ယင်းသည် လူအားလုံးက ချီးမွမ်းရန်အတွက် ပုံပြင်တစ်ခုအဖြစ် ဖြန့်သင့်သည့်အရာ ဖြစ်သည်။ ဖန်ဆင်းရှင်က ဖန်ဆင်းခံများထံ အပ်နှံထားသော မည်သည့်အရာကိုမဆို ၎င်းတို့က အကြွင်းမဲ့လက်ခံသင့်သည်၊ ယင်းသည် လူသားမျိုးနွယ်အတွက်ပျော်ရွှင်ခြင်းနှင့် အထူးအခွင့်အရေးနှစ်မျိုးလုံးနှင့်ဆိုင်သော ကိစ္စဖြစ်ပြီး ဖန်ဆင်းခံတစ်ဦး၏တာဝန်ကို ထမ်းဆောင်နိုင်စွမ်းရှိသောသူများအားလုံးအတွက် မည်သည့်အရာကမျှ ပို၍ လှပဖွယ်၊ သို့မဟုတ် အောက်မေ့ဂုဏ်ပြုထိုက်ဖွယ် မကောင်းပေ၊ ဤသည်မှာ အပြုသဘောဆောင်သောအရာပင် ဖြစ်သည်။...ဖန်ဆင်းခံတစ်ဦးအနေဖြင့် ဖန်ဆင်းရှင် ရှေ့မှောက်သို့ လာသည့်အခါ၊ မိမိတာဝန်ကို ထမ်းဆောင်သင့်သည်။ ဤသည်မှာ လုပ်ဆောင်ရန် အလွန်သင့်တော်သည့် အရာတစ်ခုဖြစ်ပြီး ဤတာဝန်ကို ဖြည့်ဆည်းသင့်သည်။ ဖန်ဆင်းခံများက မိမိတို့၏ တာဝန်ကို ထမ်းဆောင်ခြင်းအပေါ်တွင် အခြေခံပြီး ဖန်ဆင်းရှင်သည် လူသားမျိုးနွယ်အကြားတွင် သာ၍ပင် ကြီးမြတ်သော အမှုတော်ကို ဆောင်ရွက်ပြီးဖြစ်ကာ လူတို့အပေါ် အမှု၏နောက်ထပ်တစ်ဆင့်ကို သူ ဆောင်ရွက်ပြီးဖြစ်သည်။ ပြီးလျှင် ယင်းမှာ အဘယ်အမှုနည်း။ လူသားမျိုးနွယ်သည် ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်နေစဉ် သူ့ထံမှ သမ္မာတရားကို ရရှိပြီး ထိုသို့အားဖြင့် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖယ်ရှားဖို့နှင့် သန့်စင်ခြင်းခံရဖို့ ခွင့်ပြုလျက် သူက ၎င်းတို့အား သမ္မာတရားကို ပေးသည်။ ထိုသို့ဖြင့် ၎င်းတို့သည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို စိတ်ကျေနပ်စေလာပြီး၊ အသက်တာ၌ လမ်းကြောင်းမှန်ပေါ် စတင်လျှောက်လှမ်းကာ အဆုံး၌ ၎င်းတို့သည် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်နိုင်ကြသည်၊ စုံလင်သော ကယ်တင်ခြင်းကို ရရှိနိုင်ပြီး စာတန်၏ ဒုက္ခပေးမှုများကို မခံရတော့ပေ။ ဤသည်မှာ မိမိတို့၏တာဝန်ကို ထမ်းဆောင်ခြင်းအားဖြင့် အဆုံးသတ်၌ ဘုရားသခင်က လူသားမျိုးနွယ်တို့အား စွမ်းဆောင်ရရှိစေလိုမည့်အကျိုးတရားဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉ (အပိုင်း ၇)) ဘုရားနှုတ်ကပတ်တော်ကို ဆင်ခြင်ရင်းနဲ့ ဖန်ဆင်းခံတစ်ယောက်ရဲ့ တာဝန်၊ ဝတ္တရားနဲ့ပတ်သက်ပြီး ကျွန်မ နည်းနည်းနားလည်သွားတယ်။ လူသားမျိုးနွယ်အားလုံးက လောကီခေတ်ရေစီးကြောင်းနောက်ကိုလိုက်ပြီး ပျော်ရွှင်မှုကို ရှာတဲ့ခေတ်တစ်ခုမှာ ကျွန်မက ဘုရားအသံကို ကြားရဖို့၊ ဘုရားနှုတ်ကပတ်တော်က ရေလောင်းတာ၊ ပံ့ပိုးပေးတာကို လက်ခံရဖို့၊ အရင်က ကျွန်မ နားမလည်ခဲ့တဲ့ သမ္မာတရားတွေ အများကြီးကို နားလည်ဖို့ အခွင့်အရေးရတာဟာ ကျွန်မအတွက် ဘုရားကျေးဇူးတော်နဲ့ အထူးကူညီမှုပါပဲ။ ဖန်ဆင်းရှင်ရှေ့မှာ ကျွန်မတာဝန်ကိုထမ်းဆောင်တာက လုံးဝ သဘာဝကျပြီး ကျိုးကြောင်းခိုင်လုံမျှတပါတယ်။ မိဘတွေရှေ့မှာ ကိုယ့်တာဝန်ကို ဖြည့်ဆည်းတဲ့ ကလေးတစ်ယောက်လိုပဲပေါ့။ ဘုရားရဲ့ တောင်းဆိုချက်တွေအတိုင်း ကျွန်မတာဝန်ကို ဖြည့်ဆည်းနိုင်တာဟာ ဘုရားအသိအမှတ်ပြုတဲ့အရာတစ်ခုဖြစ်ပြီး အမှုကိစ္စတွေထဲမှာ အဓိပ္ပာယ်အရှိဆုံးပါပဲ။ နောဧတုန်းကလိုပဲ။ ဘုရားရဲ့ တောင်းဆိုချက်တွေအတိုင်း သူသင်္ဘောကြီးကို ဆောက်လုပ်တာဟာ ဘုရားရဲ့ ရည်ရွယ်ချက်တွေကို အလေးထားဖို့၊ ဘုရားတာဝန်ပေးစေခိုင်းချက်ကို ဖြည့်ဆည်းဖို့ ဘုရားအမှုတော်ကို သေချာပေါက် ချောချောမွေ့မွေ့ ဖြစ်မြောက်နိုင်စေဖို့ပဲ။ ဒါပေမဲ့ ကျွန်မက တစ်ကိုကောင်းဆန်ပြီး စက်ဆုပ်စရာကောင်းလွန်းပါတယ်။ ကောင်းချီးလိုချင်တဲ့ ကျွန်မဆန္ဒကို ခေါင်းထဲမှာထားထားပြီး ကျွန်မ နည်းနည်း စွန့်လွှတ်ပြီး ကိုယ့်ကိုယ်ကိုယ် အသုံးခံပြီးတာနဲ့ ဘုရားနဲ့ အပေးအယူတွေလုပ်ချင်တယ်။ ကိုယ်လုပ်ခဲ့တာတွေအတွက် အပေးအယူအနေနဲ့ ခရီးပန်းတိုင်ကောင်းကောင်းနဲ့ ကောင်းကင်ဘုံက ဆုလာဘ်တွေကို လိုချင်တယ်။ ဒီလို ကိုယ့်ကိုယ်ကိုယ် အသုံးခံတဲ့ ပုံစံမျိုးက ကိုယ်ကျိုးတွေ၊ အပေးအယူလုပ်တာတွေနဲ့ ပြည့်နေပြီးတော့ ဘုရားက ဒါကို စက်ဆုပ်တယ်။ ရှုတ်ချတယ်။ ကျွန်မက နောက်ဆုံးအထိ ဒီလို ယုံကြည်ခဲ့ရင် ဘုရားရဲ့ အသိအမှတ်ပြုခြင်းနဲ့ ကောင်းချီးတွေကို ရဖို့ မဖြစ်နိုင်ဘူး။ ဒါကို မြင်တော့ ကျွန်မ အရမ်းနောင်တရပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်တင်တယ်။ ဒီလို လိုက်စားမှုမျိုးရှိတဲ့အတွက်လည်း ကိုယ့်ကိုယ်ကိုယ် မုန်းတီး စက်ဆုပ်ခဲ့တယ်။ ကျွန်မက ဖန်ဆင်းခံတစ်ယောက် သက်သက်ပဲ။ ကိုယ့်ကိုယ်ကိုယ် အသုံးခံတာက ကျွန်မ လုပ်သင့်တဲ့အရာတစ်ခုပဲ။ ဒါက ကျွန်မတာဝန်ပါပဲ။ ကျွန်မက ဘယ်လိုနည်းနဲ့ ဘုရားဆီက ကောင်းချီးတွေ၊ ဆုလာဘ်တွေကို တောင်းဆိုဖို့ အရည်အချင်းပြည့်မီတာလဲ။ အဲဒီအချိန်ကစပြီး ကျွန်မက သမ္မာတရားကို ကောင်းကောင်း လိုက်စားချင်စိတ်ရှိခဲ့တယ်။ တာဝန်ထမ်းဆောင်တဲ့နေရာမှာ စိတ်သဘောထားပြောင်းလဲမှုကို လိုက်စားဖို့ အာရုံစိုက်ချင်စိတ်ရှိခဲ့ပါတယ်။ ကျွန်မက ကောင်းချီးတွေကိုရ သည်ဖြစ်စေ၊ ကံဆိုးသည်ဖြစ်စေ အရာရာတိုင်းကို ဘုရားလက်ထဲမှာပဲ အပ်မယ်။ ဘုရားရဲ့ စီစဉ်ညွှန်ကြားမှုနဲ့ အစီအစဉ်တွေကို ယုံကြည်မယ်။ ဘုရားတောင်းဆိုချက်တွေအတိုင်း ကျွန်မတာဝန်ကို ကောင်းကောင်း ဖြည့်ဆည်းမယ်။ ဒါက အသက်ရှင်နေထိုင်ခြင်းရဲ့ အခြေခံအုတ်မြစ်နဲ့ တန်ဖိုးပဲ။ ဒါကို နားလည်တဲ့နောက်မှာ ကျွန်မရဲ့ အနာဂတ်ရလဒ်နဲ့ ခရီးပန်းတိုင်နဲ့ပတ်သက်ပြီး စိတ်မပူတော့ဘူး။ မစိုးရိမ်တော့ဘူး။ ကျွန်မ စိတ်နှလုံးက တော်တော်ပိုပေါ့ပါးသွားပြီး တော်တော်ကိုပိုပြီး လွတ်မြောက်သွားတယ်။
အရင်က ကျွန်မက ကပ်ဘေးတွေ၊ စမ်းသပ်မှုတွေ၊ ဘေးဒုက္ခတွေကို ခံရမှာ အမြဲတမ်း ကြောက်နေခဲ့တာ။ ဒါက မကောင်းတဲ့အရာလို့ ထင်ခဲ့တာ။ အခု ကျွန်မ နားလည်သွားပြီ။ ဘေးဒုက္ခခံရတဲ့အချိန်မှာ ဘုရားအပေါ် စစ်မှန်တဲ့ ယုံကြည်ခြင်းနဲ့ ကျိုးနွံနာခံခြင်းရှိနိုင်ပြီး ဘုရားရှေ့မှာ ကိုယ့်ရဲ့ သစ္စာရှိမှုနဲ့ သက်သေခံချက်ကို ခိုင်ခိုင်မာမာ ကိုင်စွဲထားနိုင်ရင် ကိုယ့်ကို စုံလင်စေပြီး ကပ်ဘေးကနေ ကောင်းချီးတွေ ပေးလိမ့်မယ်။ ယောဘက စမ်းသပ်မှုတွေနဲ့ ဘေးဒုက္ခထဲမှာ ဘုရားအပေါ် သူ့ရဲ့ ယုံကြည်ခြင်းနဲ့ ကျိုးနွံနာခံခြင်းကို ကိုင်စွဲထားတာကြောင့် ဘုရားရဲ့ အသိအမှတ်ပြုတာနဲ့ ကောင်းချီးတွေကို ရသလိုမျိုးပဲပေါ့။ ရုပ်ဝတ္ထုပစ္စည်းတိုင်းက နှစ်ဆတိုးလာရုံမကဘဲ ဘုရားသခင်က သူ့ကိုယ်သူ ယောဘထံမှာ ကိုယ်ထင်ပြပြီး ဘုရားကို မြင်ရလောက်အောင် ယောဘကို ကံကောင်းစေခဲ့တယ်။ အပေါ်ယံမှာတော့ ယောဘက အဲဒီတုန်းက ဘေးဒုက္ခတစ်ခု၊ ရက်စက်တဲ့ ဆုံးရှုံးမှုတစ်ခုကို ခံစားခဲ့ရတဲ့ ပုံစံရှိတယ်။ ဒါပေမဲ့ တကယ်တော့ ဒါဟာ ဘုရားက သူ့ကို ကောင်းချီးပေးနေတာပါ။ ဒီအချိန်မှာ ယောဘရဲ့ ဇနီးက ဒီလိုမဟုတ်ဘူး။ ယောဘက ဘေးဒုက္ခနဲ့ စမ်းသပ်မှုတွေကို ခံနေရတုန်းမှာ သူက ဘုရားကို ငြင်းပယ်ပြီး ပစ်ထားဖို့ ယောဘကို ပြောခဲ့တယ်။ သူက အရှက်ရတာနဲ့ဆိုင်တဲ့ အမှတ်လက္ခဏာတစ်ခု ဖြစ်သွားတယ်။ ဒီအရာကနေ မြင်နိုင်တာက ဘေးဒုက္ခနဲ့ ရင်ဆိုင်ရတဲ့အခါမှာ ဘုရားကို အမှန်တကယ် ယုံကြည်ပြီး သမ္မာတရား လိုက်စားသူတွေက စုံလင်အောင် ပြုတာခံရပြီးတော့ သမ္မာတရား မလိုက်စားဘဲ ကောင်းချီးတွေပဲ ရချင်တဲ့သူတွေကတော့ ထုတ်ဖော်တာ၊ ရှုတ်ချတာ၊ ဖယ်ရှားရှင်းလင်းတာခံရတယ်ဆိုတာပဲ။ တချို့လူတွေက ကောင်းချီးရဖို့ ရည်ရွယ်ချက်တွေက ထိန်းချုပ်တာကို ခံရတယ်။ အပေါ်ယံမှာ သူတို့က နည်းနည်းလေး ကိုယ့်ကိုယ်ကိုယ် စွန့်ပစ်နိုင်ပြီး အသုံးခံနိုင်တယ်။ ဘုရားအိမ်တော်မှာ အရေးကြီးတာဝန်ကို ယူနိုင်တယ်။ ဒါပေမဲ့ ကွန်မြူနစ်ပါတီ ဖမ်းတာခံရပြီး ဖိနှိပ်ခံရတဲ့အခါ၊ သူတို့ရဲ့ အသက်နဲ့ အကျိုးစီးပွားတွေက ခြိမ်းခြောက်ခံရတဲ့အခါမှာ ဘုရားကို ငြင်းဆန်ပြီး သစ္စာဖောက်တယ်။ ယုဒတွေ ဖြစ်သွားတယ်။ ဒီလိုနဲ့ ကယ်တင်ခံရဖို့ သူတို့အခွင့်အရေးကို ဆုံးရှုံးသွားရတယ်။ ဒီအချိန်မှာ တခြားညီအစ်ကိုမောင်နှမတွေလည်း ကွန်မြူနစ်ပါတီက ဖမ်းဆီးပြီး နှိပ်စက်တာကို ခံရတယ်။ ပြီးတော့ ဘုရားအပေါ် သူတို့ရဲ့ ယုံကြည်ခြင်းနဲ့ ကျိုးနွံနာခံခြင်းကို ကိုင်စွဲထားတုန်းပဲ။ သူတို့က ယုဒအဖြစ် ပြောင်းသွားပြီး ဘုရားကို သစ္စာမဖောက်ခင်မှာ သူတို့အသက်ကို ပေးအပ်ဖို့ ကတိပြုကြတယ်။ ဒီလိုလူတွေက သက်သေခံချက်ရှိပြီး ဘေးဒုက္ခကြောင့် ကောင်းချီးတွေ ရကြတယ်။ ဒါကို နားလည်တဲ့နောက်မှာ ကျွန်မရဲ့ တာဝန်ထမ်းဆောင်မှုက ကျွန်မရဲ့ ရှေ့ရေးနဲ့ ခရီးပန်းတိုင်နဲ့ ဆက်စပ်တဲ့အခါတိုင်းမှာ ကောင်းချီးရဖို့ ကျွန်မ ရည်ရွယ်ချက်ကို သတိရှိရှိနဲ့ လက်လွှတ်နိုင်ပြီး ဖန်ဆင်းခံတစ်ယောက်အနေနဲ့ ကိုယ့်တာဝန်ကို ကောင်းကောင်း ဖြည့်ဆည်းချင်တာရယ်၊ ဘုရားရဲ့ စီစဉ်ညွှန်ကြားမှုနဲ့ အစီအစဉ်တွေကို နာခံချင်တာရယ်ပဲ ရှိတော့တယ်။ ဝမ်ဟောင် ဘေးဒုက္ခခံရတာက ကျွန်မကို ထုတ်ဖော်ခဲ့ပေမဲ့ ဒါဟာ ကျွန်မအတွက် ဘုရားရဲ့ ကယ်တင်ခြင်း၊ ကွယ်ကာခြင်းလည်း ဖြစ်ပါတယ်။ စမ်းသပ်မှုတွေနဲ့ ရင်ဆိုင်ရတဲ့အခါမှာ ကျရှုံးပြီး လဲကျနိုင်ခြေမရှိဖို့အတွက် ဒီသမ္မာတရားကဏ္ဍနဲ့ ကြိုပြီး ပြင်ဆင်ထားဖို့ အခွင့်အရေးပေးခဲ့တယ်။ လူအပေါ် ဘုရားရဲ့ ကယ်တင်ခြင်းက အရမ်းလက်တွေ့ကျတယ်ဆိုတာ ကျွန်မ မြင်ခဲ့ပါတယ်။ အခုတော့ ဒီနှစ်တွေတစ်လျှောက်မှာ တာဝန်ထမ်းဆောင်တဲ့နေရာမှာ ကျွန်မရဲ့ ရည်ရွယ်ချက်တွေနဲ့ မသန့်စင်မှုတွေကို နည်းနည်းနားလည်ပါတယ်။ သမ္မာတရားကို လိုက်စားပြီး ရရှိတာက ဘယ်လိုကျေးဇူးတော်ပမာဏမဆိုထက် ပိုပြီး တန်ဖိုးကြီးတယ်ဆိုတာကိုလည်း နားလည်သွားတယ်။ လက်ရှိမှာ အရေးကြီးဆုံးက ကျွန်မအနေနဲ့ သမ္မာတရားလိုက်စားဖို့ အာရုံစိုက်ပြီး တာဝန်ထမ်းဆောင်တဲ့နေရာမှာ ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို ပြောင်းလဲဖို့ပဲ။ နောက်ဆုံးမှာ ကောင်းချီးတွေကို ကျွန်မ ရနိုင်မရနိုင်ကတော့ ဘုရားသခင်ရဲ့ စီစဉ်ညွှန်ကြားမှုနဲ့ ဆိုင်ပါတယ်။
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။