အန္တိခရစ်တွေရဲ့ ဆိုးယုတ်တဲ့စွမ်းအားတွေကို ကျွန်မ ပြန်တိုက်ထုတ်ရဲတယ်

05.04.2024

ဘုရားသခင်ကို ကျွန်မ ယုံကြည်သက်ဝင်ပြီး တစ်နှစ်ကျော်ကြာတော့ အသင်းတော်မှာ အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ယီပင်းက ကျွန်မတို့အသင်းတော်ရဲ့ခေါင်းဆောင်ပါ။ သူက အစွမ်းအစကောင်းတယ်၊ သူ့တာဝန်ကို စိတ်ပါလက်ပါလုပ်ပြီး အလုပ်ကို စနစ်တကျနဲ့ ရှင်းရှင်းလင်းလင်း ဖြစ်အောင် စီစဉ်နိုင်တယ်ဆိုတာ ကျွန်မ မြင်ခဲ့ရတယ်။ တစ်ယောက်ယောက်မှာ ပြဿနာရှိလာတိုင်း အဲဒီလူကို မိတ်သဟာယပြုပြီး ကူညီပေးဖို့ ဆီလျော်တဲ့ ဘုရားနှုတ်ကပတ်တော်တွေကို အမြဲတမ်း အမြန်ရှာနိုင်တယ်။ လူတိုင်းကသူ့ကိုလေးစားချစ်ခင်ကြပြီးတော့ သမ္မာတရားကိုနားလည်တယ်လို့ထင်ကြတယ်။ စုဝေးပွဲတွေမှာဆိုရင် ယီပင်းက “အခုဆိုအသင်းတော်မှာ အလုပ်အရမ်းများနေပြီး ဧဝံဂေလိတရားဖြန့်ဝေဖို့ရော ရေလောင်းပေးဖို့ရော နှစ်ခုလုံးအတွက် ကျွန်မအာရုံစိုက်ထားရဦးမယ်။ အသင်းတော်က လူအများစုက သမ္မာတရားကို နားမလည်တဲ့ ယုံကြည်သူအသစ်တွေဆိုတော့ သူတို့ရဲ့အသက်ဝင်ရောက်မှုကို ကျွန်မ ဂရုစိုက်မှဖြစ်မယ်” လို့ ခဏခဏ ပြောတယ်။ ညီအစ်ကိုမောင်နှမတွေအကုန်လုံးက သူ့ကိုဝန်တာထမ်းထားရတာပဲလို့ထင်ပြီး သူတို့အခက်အခဲတွေကြုံတဲ့အခါ ယီပင်းနဲ့ မိတ်သယာယဖွဲ့ဖို့ စောင့်ကြတယ်။ ကျွန်မလည်းသူ့ကိုလေးစားချစ်ခင်ခဲ့ပြီး ကျွန်မတို့အသင်းတော်အတွက် ခေါင်းဆောင်ကောင်းတစ်ယောက်လို့ထင်ခဲ့တယ်။ အဲဒီအချိန်က အသင်းတော်ကလူတိုင်းက ယီပင်းကိုအထင်ကြီးလေးစားကြပြီး သူက ဘယ်လိုမိတ်သဟာယဖွဲ့ရမယ်ဆိုတာကို သိပြီး အစွမ်းအစရှိတဲ့ အမှုဆောင်တစ်ယောက်ပဲလို့ ခဏခဏ ပြောကြတယ်။ အဲဒါကို ယီပင်းကြားတော့ သူ့မျက်နှာက ကျေနပ်သွားတဲ့ပုံ ပေါ်လာပြီး “ကျွန်မက အသင်းတော်က အလုပ်ကိစ္စတွေ အားလုံးကို ကျေပွန်အောင် ထမ်းဆောင်ပြီးတော့ ညီအစ်ကိုမောင်နှမ တစ်ယောက်ချင်းစီရဲ့ အခြေအနေတွေကို မှတ်မိတယ်” ဆိုပြီး ဂုဏ်ယူပြီး ပြောတယ်။ ကျွန်မကတော့ အဲဒီလိုပြောတာကို မာနကြီးတယ်လို့ပဲထင်တယ်။ ဒါပေမယ့် အစွမ်းအစ ကောင်းတဲ့လူတွေနဲ့ ပါရမီရှိတဲ့ သူတွေ အကုန်လုံးက တော်တော်လေး မာနကြီးကြတာပဲဆိုတော့ သူ့အနေနဲ့ အသင်းတော်အလုပ်ကို ကောင်းကောင်းလုပ်နေရင်ပဲ လုံလောက်ပါတယ် ဆိုပြီး တွေးမိတယ်။ အဲဒါနဲ့ ဒီကိစ္စကို ကျွန်မ အလေးမထားခဲ့ဘူး။

နောက်တော့ ယီပင်းက ဧဝံဂေလိဖြန့်ဝေရေးအလုပ်ကို ကြီးကြပ်ရပေမဲ့ ဧဝံဂေလိတရားဖြန့်ဝေရေးရဲ့စည်းမျဥ်းတွေ ဒါမှမဟုတ် ဘုရားသခင်ရဲ့ရည်ရွယ်ချက်နဲ့ပတ်သက်ပြီး တစ်ခါမှမိတ်သဟာယဖွဲ့တာမရှိခဲ့ဘူးဆိုတာကို သွားတွေ့တယ်။ သူက တကယ့် ပြဿနာတွေကို မဖြေရှင်းဘဲနဲ့ လူတွေကို အမိန့်‌ပေးတာနဲ့ အပေါ်ယံအလုပ်လုပ်တာပဲ ရှိတယ်။ တစ်ခါက ဧဝံဂေလိ လက်ခံဖို့ အလားအလာရှိသူဆီ ဧဝံဂေလိဖြန့်ဝေပေးဖို့ ယီပင်းက ကျွန်မကို စီစဉ်ပေးတယ်။ ကျွန်မတို့ စကားပြောနေတုန်းမှာ အဲဒီဧဝံဂေလိ လက်ခံဖို့ အလားအလာရှိသူက ကျွန်မကို ခဏခဏ ကိုယ်ထိလက်ရောက်စော်ကားတယ်။ ဒီလူရဲ့ သဘာဝဟာ အတော်ကောက်ကျစ်ဆိုးယုတ်ပြီးတော့ သူဟာ မှန်တဲ့ လမ်းခရီးကို တကယ်စုံစမ်းလေ့လာနေတာ လုံးဝ မဟုတ်ဘူးဆိုတာကို တွေ့လိုက်ရတယ်။ အဲဒီအကြောင်းကို ယီပင်းကိုကျွန်မ ချက်ချင်းပဲပြန်သတင်းပို့ခဲ့တယ်။ “သွားတာမှ သုံးလေးခေါက်ပဲ ရှိသေးတယ်။ လက်လျှော့ပြီလား။ ဘာသင်ခန်းစာ ယူပြီးပြီလဲ” လို့ စိတ်တိုတိုနဲ့ ဩဝါဒခြွေလိုက်တော့ ကျွန်မ အံ့ဩသွားရတယ်။ သူက ပြောလို့ပြီးတော့ ထွက်သွားတယ်။ အဲဒီတုန်းက သူဘာလို့ ကျွန်မကို ရုတ်တရက်ကြီး အပြစ်တင်ကြိမ်းမောင်းတာလဲဆိုပြီး စိတ်ရှုပ်သွားတယ်။ ပြီးတော့ မတရားဘူးလို့လည်းခံစားရတယ်။ “ငါ့ကို သူများကစော်ကားသွားတာကို နင်က နှစ်သိမ့်တာလည်း မရှိ၊ ပြဿနာကိုလည်းမဖြေရှင်းပေးဘဲနဲ့ ငါ့ကိုပဲ ဆူတယ်။ ဘယ်မှာလဲ နင့်ရဲ့ စာနာစိတ်တွေ၊ တာဝန်ခံစိတ်တွေ”လို့ တွေးမိတယ်။ နောက်ပိုင်းမှာ ကျွန်မ ဆက်ကြိုးစားခဲ့ပြီး သူ့ရဲ့ သဘာဝက ကောက်ကျစ်ဆိုးယုတ်ပြီး သူဟာ သမ္မာတရားကို မချစ်ဘူး။ ဧဝံဂေလိ လက်ခံထိုက်သူတစ်ယောက် မဟုတ်ဘူးဆိုတာကို ပိုလို့တောင် ယုံကြည်လာခဲ့တယ်။ အဲဒါနဲ့ပဲကျွန်မသူ့ကိုလက်လျှော့လိုက်တယ်။ ဒါပေမဲ့ အဲဒီနောက်ပိုင်းမှာ ယီပင်းက ကျွန်မကိုဆို အကြောင်းမဲ့သက်သက် အမြဲ အပြစ်မရှိအပြစ်ရှာတယ်။ ဥပမာဆိုရင် ကျွန်မကို တမင်သက်သက် မေးခွန်းတချို့မေးပြီး ကျွန်မ မဖြေနိုင်တော့ ကျွန်မကို ယောင်ချာချာလို့ ခေါ်တယ်။ သမ္မာတရားကို တစ်စက်မှ မလိုက်စားနေတဲ့ လူတစ်ယောက်ကို သွားကူပေးဖို့လည်း ကျွန်မကို အတင်းခိုင်းတယ်။ ကျွန်မက အဲဒီလူကို မကူနိုင်တဲ့အခါကျတော့ အဲဒါကိုအခွင့်ကောင်းယူပြီး ကျွန်မကို ဩဝါဒခြွေတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူက ခေါင်းဆောင်လည်းဖြစ်၊ ညီအစ်ကိုမောင်နှမတွေ တော်တော်များများကလည်း သူ့ကို အထင်ကြီးကြတယ်လို့ ကျွန်မ တွေးမိပြီးတော့ အဲဒီကိစ္စကို အထက်ကခေါင်းဆောင်တွေဆီကိုလည်း ကျွန်မ သွားမတိုင်ရဲခဲ့ဘူး။ ကိုယ့်မှာက အဖွဲ့တစ်ခုရဲ့ ခေါင်းဆောင်ဆိုတာထက် ဘာမှမပိုဘူးလေ။ သူစိတ်ဆိုးအောင် မလုပ်မိဖို့ ကျွန်မ အတတ်နိုင်ဆုံး ကြိုးစားသင့်တယ်။ ဒါပေမဲ့ ယီပင်းဟာ ကျွန်မကို အဖွဲ့ခေါင်းဆောင်တာဝန်ကနေ အကြောင်းမဲ့ ထုတ်ပစ်လိုက်ပြီး သမ္မာတရားကို လုံးဝ မလိုက်စားနေတဲ့ လူနှစ်ယောက်နဲ့ တွေ့ဖို့ စီစဉ်ပေးလိမ့်မယ်လို့ ကျွန်မ မမျှော်လင့်ထားမိဘူး။ စုဝေးပွဲတွေလုပ်တဲ့အချိန်မှာ တစ်ယောက်ကအမြဲအိပ်ငိုက်နေပြီးတော့ နောက်တစ်ယောက်က တစ်ချိန်လုံးအတင်းပြောဖို့ပဲ ဂျီကျနေတယ်။ နှစ်လသာကုန်သွားတယ် အဲဒီစုဝေးပွဲတွေက ဘာအကျိုးမှမရှိခဲ့ဘဲ ကျွန်မလည်းစိတ်ရှုပ်နေခဲ့တယ်။ အရင်က ကျွန်မစုဝေးပွဲလုပ်ရင် လူတိုင်းကရင်ဖွင့်ကြတာ၊ သူတို့ရဲ့အတွေ့အကြုံတွေနဲ့ အသိပညာတွေကို မိတ်သဟာယဖွဲ့ကြတာ၊ ဒါတွေကို ကျွန်မ အရမ်းပျော်မွေ့ခဲ့တာတွေကို တွေးမိတယ်။ ဒါပေမယ့် အခုကျတော့ ကျွန်မအရမ်းစိတ်ဆင်းရဲနေရတယ်။ အရမ်းအပျက်သဘောဆောင်ပြီးတော့ အားလည်းနည်းနေခဲ့တယ်။ ဒီမှာစုဝေးပွဲတက်နေရလို့ ကျွန်မဘဝမှာ ဖြစ်လာတဲ့ ဆုံးရှုံးမှုတွေက များလွန်းတယ်လို့ တွေးမိတယ်။ ဒီလိုသာဆက်သွားရင် ကျွန်မသမ္မာတရားကိုရပြီး ကယ်တင်ခြင်းကိုရယူနိုင်ပါ့မလား။ ယီပင်းက ဖယ်ထုတ်ခံရတော့မဲ့ လူနှစ်ယောက်နဲ့ ကျွန်မကို စုဝေးခိုင်းပြီး ကျွန်မကို တကယ်ကို ပယ်ထားတာပဲဆိုတာကို နောက်မှ သိလိုက်ရတယ်။ အမှန်ကို သိလိုက်ရတော့ စိတ်မကောင်းဘူး။ ဒေါသလည်း အရမ်းထွက်ရတယ်။ သူ့ကိုအဲဒီလောက်ဒုက္ခပေးပြီး အငြိုးအတေးကြီးမယ်လို့မထင်ခဲ့မိဘူးလေ။ သူ့စကားကိုနားမထောင်လို့ ကျွန်မကိုဒီလိုနှိပ်စက်တာကျတော့ ဆိုးယုတ်တဲ့သူတွေ လုပ်တဲ့အလုပ်မျိုး မဟုတ်ဘူးလား။ အဲဒီအချိန်က ယီပင်းကိစ္စကို ခေါင်းဆောင်တွေနဲ့အမှုဆောင်တွေဆီကို တကယ်တိုင်ချင်ခဲ့တယ်။ ပြီးတော့ညီအစ်ကိုမောင်နှမတွေနဲ့ မိတ်သဟာယဖွဲ့ပြီးတော့ သူ့ကို သဲသဲကွဲကွဲမြင်အောင် ကြိုးစားချင်တယ်။ ဒါပေမဲ့ ယီပင်းက အသင်းတော်မှာ အမြဲ ခေါင်းဆောင်လုပ်လာတာ။ ညီအစ်ကိုမောင်နှမတွေကလည်း သူကို အထင်ကြီးလေးစားကြတော့ ညီအစ်ကိုမောင်နှမတွေနဲ့ မိတ်သဟာယပြုပြီး သူ့ကို သဲသဲကွဲကွဲမြင်အောင် ကြိုးစားရင် သူတို့အားလုံးက ကျွန်မကို ယုံကြပါ့မလား။ တကယ်လို့ ယီပင်းသာ အဲဒါကိုကြားရင် ကျွန်မကို သေချာပေါက် ဆက်လက်စားချေပြီးတော့ နှိပ်စက်ဦးမှာပဲ။ ကျွန်မကို လူရှေ့သူရှေ့မှာ စွပ်စွဲပြီးတော့ ဖယ်ထုတ်လိုက်ရင် ကျွန်မရဲ့ဘုရားသခင်ကို ယုံကြည်တဲ့လမ်းကြောင်းဟာ ဆုံးခန်းမတိုင်ပဲ ဖြစ်သွားမှာမဟုတ်လား။ အဲဒီလိုတွေးမိတော့ မကျေနပ်ချက်တွေကို မျိုသိပ်လိုက်ရတယ်။ နောက်တော့ သိပ်မကြာဘူး။ လုံခြုံရေးအကြောင်းပြချက်ကြောင့် ယီပင်းက အသင်းတော်အလုပ်ကို ဆက်မကြီးကြပ်နိုင်တော့ဘဲ ညီအစ်မတစ်ယောက်ကို ယာယီကြီးကြပ်ဖို့ တာဝန်ပေးလိုက်တယ်။ အဲဒီညီအစ်မက ကျွန်မတို့နဲ့ စုဝေးကြတော့ ဘုရားနှုတ်ကပတ်တော်တွေနဲ့ပတ်သက်တဲ့ ကျွန်မရဲ့ မိတ်သဟာယမှာ ဉာဏ်အလင်းပေးခြင်းနဲ့ အလင်းတချို့ရှိနေတာရယ်၊ ကျွန်မက ကိုယ့်တာဝန်ကို ထမ်းဆောင်ဖို့ လိုလားနေတာရယ်ကို သူတွေ့သွားတယ်။ ဒါနဲ့ ကျွန်မရဲ့အခြေအနေကို နားလည်ပြီးနောက်မှာ သူက ကျွန်မရဲ့တာဝန်ကို ဆက်ထမ်းဆောင်ခွင့်ပေးခဲ့တယ်။

အဲဒါပြီးတော့ နောက်ထပ်ညီအစ်မနှစ်ယောက်လည်း အကြောင်းမသိရဘဲ ဆက်တိုက်ကြီး သီးသန့်ခွဲထုတ်တာခံနေရတယ်လို့ ကြားလိုက်ရတယ်။ အသေးစိတ်ကို လေ့လာကြည့်တော့ အဲဒီညီအစ်မနှစ်ယောက်က ညီအစ်ကိုတစ်ယောက်ဘက်က ခုခံပြောဆိုပေးလို့ဆိုပြီး ယီပင်းက သီးသန့်ခွဲထုတ်ထားတာပါတဲ့။ အဲဒီညီအစ်ကိုက ဧဝံဂေလိအလုပ်ကို နှောင့်နှေးအောင်လုပ်ခဲ့လို့ ယီပင်းက သူ့ကို မရပ်မနား ပြုပြင်ခဲ့တယ်။ ညီအစ်မနှစ်ယောက်က “သူ့အမှားကိုသူသိပြီးပါပြီ။ အစ်မကသူ့ကိုပြုပြင်ရုံတင်မဟုတ်ဘဲ ပြဿနာ ဖြေရှင်းဖို့ သမ္မာတရားကို မိတ်သဟာယလည်း ဖွဲ့ပေးသင့်တာပေါ့” လို့သတိပေးတယ်။ ဒါကို ကြားပြီးတော့ ယီပင်းက အရမ်းစိတ်ဆိုးသွားပြီး သူတို့ကို ချက်ချင်းသီးသန့်ခွဲထုတ်လိုက်တာပဲ။ ညီအစ်ကိုမောင်နှမတွေက သူ့ကို မနာခံရင်၊ ဒါမှမဟုတ် ရန်စရင် သူက သူတို့ရဲ့ ပြစ်မှားမှုတွေနဲ့ အားနည်းချက်တွေကို ကိုင်ပြီးတော့ကို သူတို့ကို နှိပ်စက်တာ။ အဲဒါဒုစရိုက်အမှုပဲ။ စုဝေးပွဲတစ်ခုမှာ ကျွန်မမိတ်သဟာယဖွဲ့ပြီးတော့ သူ့ကို သဲသဲကွဲကွဲမြင်အောင် အားထုတ်တော့ ညီအစ်မတစ်ယောက်က စကားဖြတ်ပြောတယ်။ “အရင်က အစ်မကို တစ်ယောက်တည်းခွဲထုတ်ထားခဲ့တာကို ကလဲ့စားချေချင်လို့ ကျွန်မတို့ကို ယီပင်းနဲ့ပတ်သက်ပြီး သဲသဲကွဲကွဲမြင်အောင် ကြိုးစားခိုင်းနေတာလား။ အဲဒီလိုသာဆိုရင်တော့ အစ်မကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်ဖို့ တကယ်လိုအပ်နေပြီ။” တဲ့။ ဒါကို ကျွန်မကြားတော့ ညီအစ်ကိုမောင်နှမအများစုဟာ ယီပင်းက အထင်အမြင်မှားအောင် လုပ်တာကို ခံထားရပြီး သူ့ကို အထင်ကြီးလေးစားနေတယ်ဆိုတာ သတိပြုမိသွားတယ်။ ကျွန်မမှာက အဖွဲ့တစ်ခုရဲ့ ခေါင်းဆောင်ဆိုတာထက် ဘာမှမပိုဘူးလေ။ ဒီတော့ ဘယ်လိုလုပ်ပြီး သူတို့က ကျွန်မပြောတာကို ယုံကြည်ပြီး နှစ်နဲ့ချီ ခေါင်းဆောင်လုပ်တာခဲ့တဲ့သူကို သဲသဲကွဲကွဲမြင်အောင် ကြိုးစားနိုင်ကြမှာလဲ။ အဲဒီတုန်းက ကျွန်မရုတ်တရက်ကြီးစိတ်အားငယ်သွားတယ်။ ကျွန်မ ကိုယ့်ဘာသာ တွေးမိတယ်။ “သမ္မာတရားကို ငါနားလည်တာက ပေါ့တန်တယ်။ ယီပင်းရဲ့ ပြဿနာအားလုံးကို တစ်ခါတည်းနဲ့ နှံ့နှံ့စပ်စပ် စိစစ်နိုင်မှာ မဟုတ်ဘူး ငါ ဆက်ပြောရင် ငါဟာ ကိုယ်ကျိုးအတွက် လက်စားချေဖို့လုပ်နေတယ်လို့ အထင်လွဲပြီး တွေးသွားနိုင်တယ်။ ယီပင်းသာဒါကိုသိသွားရင် ခေါင်းဆောင်တစ်ယောက်ကို လက်စားချေဖို့ လုပ်လို့ အပြစ်ရှိတယ်လို့ ကြေညာပြီး ငါ့ကို နှင်ထုတ်လိုက်နိုင်တယ်။ ဒါဆိုရင် ဘုရားကို ယုံကြည်ဖို့ ငါ့အခွင့်အရေးကို ဆုံးရှုံးရမှာ မဟုတ်လား။ ထားလိုက်ပါတော့။ ပြဿနာမဖြစ်အောင် အလျှော့ပေးလိုက်ပြီး ကိုယ့်ဒုက္ခကိုယ်မရှာမိအောင် ရှောင်လိုက်တာပဲ ကောင်းပါတယ်” လို့ပေါ့။ နောက်ပိုင်းကျတော့ အသင်းတော်က ခေါင်းဆောင်အသစ်တွေနဲ့ အမှုဆောင်အသစ်တွေရွေးချယ်ခဲ့ပြီး ကျွန်မကတော့ ရေလောင်းသင်းထောက်အဖြစ် အရွေးခံရပါတယ်။ ဇင်ယာနဲ့ လီရူက အသင်းတော်ခေါင်းဆောင်တွေအဖြစ်အရွေးခံရပြီးတော့ ယီပင်းကတော့ စာနဲ့ပတ်သက်တဲ့အလုပ်မှာ ကြီးကြပ်ရတယ်။ ယီပင်းက ခေါင်းဆောင်အဖြစ် အရွေးမခံရလို့ မကျေမချမ်းနဲ့ တေးထားတယ်။ မကြာခင်မှာပဲ သူက သူ့ညီအစ်မနဲ့ ဝမ်ဂျင်းကို တိတ်တိတ်လေး စည်းရုံးသိမ်းသွင်းပြီးတော့ ညီအစ်ကိုမောင်နှမတွေ ရှေ့မှာ အမှန်နဲ့ အမှားကို လိုရာဆွဲပြောပြီး ကောလာဟလတွေကို ဖြန့်ခဲ့တယ်။ သူက ဒီတစ်ခေါက်အရွေးခံရတဲ့ခေါင်းဆောင်တွေက ကြိုရွေးထားခဲ့ပြီးသားတွေတဲ့။ အဲဒီနည်းနဲ့ ညီအစ်ကိုမောင်နှမတွေ အထင်အမြင်မှားအောင် လုပ်ပြီး ရွေးကောက်ပွဲရလဒ်တွေကို ပယ်ဖျက်ရာမှာ သူ့ကို ထောက်ခံအားပေးခိုင်းတယ်။ ကံကောင်းချင်တော့ ခေါင်းဆောင်တွေက လူတိုင်းကို ရွေးကောက်ပွဲစည်းမျဉ်းတွေအကြောင်း မိတ်သဟာယဖွဲ့ထားခဲ့တဲ့အတွက် ညီအစ်ကိုမောင်နှမတွေက ဒီကိစ္စကို ထဲထဲဝင်ဝင် သိနေကြပြီးတော့ လှည့်စားမခံခဲ့ကြရပါဘူး။ ဒီကိစ္စကို ကြားတော့ ကျွန်မ စိတ်လည်းတို၊ စိုးလည်း စိုးရိမ်တာနဲ့ ခေါင်းဆောင်တွေကို ပြောလိုက်တယ်။ “ယီပင်းအရင်က လူတွေကိုဒုက္ခပေးတာက တစ်ပိုင်း၊ အခုကျတော့ သူကညီအစ်ကိုမောင်နှမတွေကို အထင်အမြင်မှားအောင်လုပ်ပြီး စည်းရုံးတဲ့အပြင် အသင်းတော်ရဲ့အလုပ်တွေကိုပါ အနှောင့်အယှက်ပေးနေပြီ။ ဒီသဘာဝက တော်တော်ဆိုးတယ်။ အထက်ခေါင်းဆောင်တွေကို အခုချက်ချင်း တိုင်မှဖြစ်တော့မယ်” လို့ပေါ့။ ခေါင်းဆောင်တွေကလည်း ကျွန်မလိုပဲမြင်ကြပြီး ဒီကိစ္စကိုအထက်ကခေါင်းဆောင်တစ်ဦးဖြစ်တဲ့ လျှူရိုးဆီမှာ တိုင်ကြားခဲ့ပါတယ်။ လျှူရိုးက ယီပင်းရယ်၊ သူ့ညီအစ်မရယ်၊ ဝမ်ဂျင်းရယ် လုပ်ခဲ့တဲ့ ဒုစရိုက်အမှုတွေကို ဖော်ထုတ်လိုက်တယ်။ ဒါပေမယ့် လျှူရိုးလည်းသွားရော ယီပင်းကနည်းနည်းလေးတောင် ထိန်းချုပ်မထားဘဲ အသင်းတော်မှာ သူ့ရဲ့စကားတွေကို ဆက်ဖြန့်ပါတော့တယ်။ “ခေါင်းဆောင်တွေနဲ့ အမှုဆောင်တွေဟာ တကယ့်အလုပ်ကို မလုပ်နိုင်ဘူး၊ သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ အလုပ် မရှိကြဘူး။ သူတို့အားလုံးက အယောင်ဆောင်ခေါင်းဆောင်တွေပဲ။ အယောင်ဆောင်ခေါင်းဆောင်တွေဟာ အသင်းတော်ရဲ့အလုပ်ကို မလုပ်နိုင်ဘဲ ပြဿနာတွေကိုဖြေရှင်းဖို့ သမ္မာတရားကို ဘယ်လိုမိတ်သဟာယဖွဲ့ရမလဲမသိကြဘူး။ သူတို့လုပ်နိုင်တာဆိုလို့ သူများတွေကို ထိခိုက်အောင်လုပ်တာပဲရှိတယ်။” ဆိုတာမျိုးတွေပေါ့။ အရင်ကခွဲထုတ်ခံထားရဖူးတဲ့သူတွေကိုလည်း “နင်တို့က သစ္စာရှိရှိနဲ့ ကိုယ့်တာဝန်ကို ထမ်းဆောင်နေခဲ့ကြပေမဲ့ နင်တို့ကို ဖိနှိပ်ပြီး ခွဲထုတ်တာ အဲဒီအယောင်ဆောင် ခေါင်းဆောင်တွေပေါ့” လို့ ယီပင်းနဲ့ တခြားသူတွေက ပြောကြတယ်။ ဧည့်ခံရတဲ့တာဝန်ထမ်းဆောင်ခဲ့တဲ့ ညီအစ်မတစ်ယောက်ကိုလည်း “နင့်ရဲ့တာဝန်ကို သစ္စာရှိရှိထမ်းဆောင်နေလို့လည်း ဘာမှထူးမှာမဟုတ်ဘူး။ နင့်လိုပဲ တခြားသူတွေလည်း ဧည့်ခံတဲ့တာဝန်တွေကို ထမ်းဆောင်ခဲ့ကြပြီး အခုတော့ ပယ်ထုတ်ခံလိုက်ကြရပြီ။ နင်လည်းအဲဒီလိုဖြစ်မှာပဲ။” တဲ့။ ချင့်ချိန်နိုင်စွမ်း မရှိတဲ့လူတချို့က ယီပင်းနဲ့ သူ့အပေါင်းအပါတွေနဲ့ သွေးထိုးပြီး အထင်အမြင်မှားအောင်လုပ်တာကို ခံရပြီးတဲ့နောက်မှာတော့ ခေါင်းဆောင်တွေကို အမြင်စောင်းလာပြီးတော့ စုဝေးပွဲတွေမှာ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေကို မိတ်သဟာယမဖွဲ့တော့ဘူး။ ခေါင်းဆောင်တွေရဲ့ အပြစ်တွေကို အမြဲ ဝေဖန်အပြစ်တင်နေပြီး ခေါင်းဆောင်တွေကို တကယ့်အလုပ်မလုပ်နိုင်တဲ့သူတွေဆိုပြီး ဝေဖန်တိုက်ခိုက်ကြတယ်။ ယီပင်းက ဘယ်လိုမိတ်သဟာယဖွဲ့ရမှန်း သိကြောင်း၊ အသင်းတော်အလုပ်ကို ဘယ်လိုလုပ်ရမှန်း သိကြောင်းနဲ့ ခေါင်းဆောင်ဖြစ်ထိုက်တဲ့ အရည်အချင်းရှိကြောင်း ပြောပြီး သူ့ကို သူတို့က အထင်လည်း ကြီးနေကြတာ။ သူတို့က တချို့ညီအစ်ကိုမောင်နှမတွေကိုလည်း အထင်အမြင်မှားအောင်လုပ်ပြီး လက်ရှိခေါင်းဆောင်တွေအကြောင်း တိုင်ကြားခိုင်းပါတယ်။ ယီပင်းက အသင်းတော်အသက်တာကို လုံးလုံး ရှုပ်ယှက်ခတ်ပြီး ဗြောင်းဆန်အောင် လုပ်လိုက်တယ်။ ပြီးတော့ အလုပ်က မတိုးတက်နိုင်တော့ဘူး။ အသင်းတော်အဲဒီလိုဖြစ်သွားတာကို မြင်ရတော့ ကျွန်မစိတ်နှလုံးထဲမှာ ရှင်းပြလို့မရတဲ့ခံစားချက်တစ်ခု ရှိလာတယ်။ ခေါင်းဆောင်နေရာမှာ ယှဉ်ပြိုင်ဖို့ ဆိုးယုတ်တာတွေအများကြီးကို ယီပင်းလုပ်ခဲ့တယ်။ သူက နတ်ဆိုးစစ်စစ်ပဲ။ ပြီးတော့ ဘုရားသခင်ကို တမင် ဆန့်ကျင်နေတာ။

အဲဒီနောက်မှာ တရားဟောဆရာမဆီ ယီပင်းအကြောင်း ကျွန်မတိုင်ကြားခဲ့တယ်။ တရားဟောဆရာမက ယီပင်းနဲ့ ကျန်တဲ့သူတွေကို အမြန်သွားပြီး မိတ်သဟာယဖွဲ့ပေးခဲ့တယ်။ စကားနည်းနည်းပဲ မိတ်သဟာယဖွဲ့ရသေးတယ်။ အယောင်ဆောင်ခေါင်းဆောင်တွေဘက်က ပါနေပြီးတော့ အသင်းတော်အလုပ်ကို မကာကွယ်ဘူးဆိုပြီး ယီပင်းနဲ့ အပေါင်းပါတွေက သူ့ကို တိုက်ခိုက်ကြတော့တာပဲ။ သူတို့ရဲ့စော်ကားတဲ့စကားတွေကြောင့် တရားဟောဆရာမငိုသွားတယ်။ အဲဒီနောက်မှာ ပရမ်းပတာဖြစ်နေတာတွေကို အမြန်ဆုံးထိန်းသိမ်းဖို့ဆိုပြီး သူက အသင်းတော်ခေါင်းဆောင်နှစ်ယောက်နဲ့ ဧဝံဂေလိသင်းထောက်တစ်ယောက်ကို အကြောင်းမဲ့ထုတ်ပယ်ခဲ့တယ်လေ။ ဒီလိုစီစဉ်မှုတစ်ခုကို မြင်လိုက်ရတော့ ကျွန်မ စိတ်ထိခိုက်သွားပြီး တွေးမိတယ်။ “အခြေအနေတွေက ကပြောင်းကပြန်တွေဖြစ်နေတာမဟုတ်ဘူးလား။ မကောင်းမှုလုပ်တဲ့သူကို ကိုင်တွယ်ဖြေရှင်းရမဲ့အစား တကယ့်အလုပ်တချို့ကို လုပ်နိုင်စွမ်းရှိတဲ့သူတွေကို ထုတ်လိုက်တယ်။ သူက ယီပင်း မကောင်းမှုကျူးလွန်တဲ့အတိုင်း လိုက်လုပ်နေတာ မဟုတ်ဘူးလား” လို့ပေါ့။ ဒီလူတွေရဲ့ ဘယ်အပြုအမူတွေနဲ့ “ဘယ်စည်းမျဉ်းတွေအရ သူတို့ကို အစားထိုးဖို့ ဆုံးဖြတ်လိုက်တာလဲ” လို့ တရားဟောဆရာမကို ကျွန်မ မေးခဲ့တယ်။ သူက အဲဒီခေါင်းဆောင်တွေနဲ့ ဧဝံဂေလိသင်းထောက်က ညီအစ်ကိုမောင်နှမတွေရဲ့ပြဿနာတွေကို မဖြေရှင်းနိုင်ဘူး၊ စုဝေးပွဲတွေမှာ ကိုယ့်ကိုယ်ပိုင်ဖောက်ပြန်ပျက်စီးခြင်းအကြောင်းကို မပြောဘူး၊ သူတို့မှာ သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ အလုပ်မရှိကြဘူးတဲ့။ အဲဒီနောက်မှာ သူက ကျွန်မကို အသင်းတော်အလုပ်ကို ယာယီကြီးကြပ်ခိုင်းခဲ့တယ်။ တရားဟောဆရာမရဲ့ အကြောင်းပြချက်တွေနဲ့ ယီပင်းနဲ့ သူ့အပေါင်းအပါတွေ ခေါင်းဆောင်တွေကို တိုက်ခိုက်ခဲ့တာတွေနဲ့က အရမ်းတူနေတာကိုကြားရတော့ ကျွန်မအရမ်းဒေါသထွက်ခဲ့မိတယ်။ အိမ်အပြန်လမ်းတစ်လျှောက်လုံး အဲဒါကိုတွေးပြီး ဘယ်လိုမှလက်မခံနိုင်ဘူး။ အခု တရားဟောဆရာမကတောင် ယီပင်းဘက်ပါနေပြီပေါ့။ အသင်းတော်ခေါင်းဆောင်တွေ အကုန်လုံးလည်း ထုတ်ပယ်ခံလိုက်ရပြီ။ ပြီးတော့ ငါ့မှာက ရေလောင်းအသင်းထောက်အဆင့်ထက် မပိုဘူး။ ထိုးထွင်းသိမြင်နိုင်ဖို့ စည်းမျဉ်းတွေငါ့မှာမရှိဘူး၊ သမ္မာတရားနဲ့ပတ်သက်ပြီး ရှင်းရှင်းလင်းမိတ်သဟာယမဖွဲ့နိုင်ဘူး။ ငါ့အလုပ်ကို ကောင်းကောင်းမလုပ်ရင် ယီပင်းက ငါ့ကို ပြစ်တင်ရှုတ်ချပြီး တိုင်ဖို့ ဒါကို နိုင်ကွက်အဖြစ် အသုံးချမှာ မဟုတ်လား။ အဲဒီအပြင် ယီပင်းနဲ့ ကျန်တဲ့သူတွေအားလုံးက အပြောကောင်းပြီး ညီအစ်ကိုမောင်နှမတွေကလည်း သူတို့ အထင်အမြင်မှားအောင်လုပ်တာကို ခံထားရပြီးသားလေ။ ဒီတော့ ငါ့ဘက်ဘယ်သူကပါမှာလဲ။ အဲဒီအတွေးတွေနဲ့ပဲ ကျွန်မရဲ့သတ္တိတွေအကုန်ဆုံးရှုံးပြီး ရင်ထဲမှာအရမ်းအားနည်းနေခဲ့တယ်။ အသင်းတော်ရဲ့အလုပ်တွေကို တာဝန်ယူရမယ်ဆိုတာကို တွေးမိတော့ ကျွန်မတော်တော်ကလေးတွန့်ဆုတ်နေခဲ့မိတယ်။ ယီပင်းကခေါင်းဆောင်နေရာကို ချိန်နေတာ၊ ကျွန်မကသာ အသင်းတော်ရဲ့အလုပ်တွေကို ကြီးကြပ်ရမယ်ဆိုရင် သူကသူ့နေရာကို ယူတယ်လို့ သေချာပေါက်ထင်ပြီး ကျွန်မကိုပစ်မှတ်ထားမှာပဲ။ ဒီလို မလိုမုန်းထားတတ်တဲ့ လူ့သဘာဝနဲ့ သူက ကျွန်မကို အလွတ်ပေးပါ့မလား။ ကျွန်မကို နှိပ်စက်ဖို့ ပိုပြီး မလိုမုန်းထားတဲ့နည်းလမ်းတွေတောင် သုံးမလား။ အဲဒီလိုတွေးမိလေလေ ပိုစိုးရိမ်ပြီး စိတ်မသက်မသာဖြစ်မိလေပါပဲ။ ပြီးတော့ အသင်းတော်အလုပ်ကို ကျွန်မကိုယ်စား ညီအစ်မလီရူးကို ကိုင်တွယ်ခိုင်းဖို့ စီစဉ်ခဲ့တယ်။ အဲဒါဆိုရင် ယီပင်းနဲ့သူ့အပေါင်းပါတွေက ကျွန်မကိုတိုက်ရိုက်ပစ်မှတ်ထားပြီး တိုက်ခိုက်မှာမဟုတ်တော့ဘူး။ နောက်ပိုင်း ကျွန်မတို့အဖွဲ့ငယ်လေးတွေမှာ အလုပ်လုပ်ရင် ယီပင်းရှိတဲ့အဖွဲ့ကို လီရူးကိုပဲသွားခိုင်းတယ်။ ရလဒ်ကတော့ သူတို့တိုက်ခိုက်တာကို လီရူး ခံရတော့တာပါပဲ။ အလုပ်တွေမလုပ်ဘဲ လီရူးရဲ့အခြေအနေလည်း ထိခိုက်သွားတယ်။ ကျွန်မကိုယ့်ကိုယ်ကိုယ် အပြစ်တင်ခဲ့ပြီး တစ်ကိုယ်ကောင်းဆန်လွန်းတဲ့အတွက်လည်း ကိုယ့်ကိုယ်ကိုယ်မုန်းခဲ့မိတယ်။ ဒါပေမဲ့ ဒီကိစ္စကို ကျွန်မသာ တကယ် ကိုင်တွယ်ရမယ်ဆိုရင်လည်း အဲဒီလိုလုပ်ဖို့ ကျွန်မမှာ ယုံကြည်မှုရှိခဲ့မှာ မဟုတ်ဘူး။ ဘုရားသခင်ကို ကျွန်မဆုတောင်းခဲ့တယ်။ “ဘုရားသခင် အသင်းတော်အလုပ်ကို အနှောင့်အယှက်ပေးနေတဲ့ ဆိုးယုတ်တဲ့သူတွေရှိနေပါတယ်။ ပြီးတော့ ကျွန်မက မားမားမတ်မတ်ရပ်တည်ပြီး အသင်းတော်ရဲ့အလုပ်တွေကို စောင့်ရှောက်သင့်တာပါ။ ဒါပေမဲ့ ယီပင်းနဲ့ အပေါင်းပါတွေက ကျွန်မကို ဖိနှိပ်ပြီး ညှဉ်းဆဲဖို့ အဲဒါကို နိုင်ကွက်အနေနဲ့ အသုံးချလိုက်လို့ ကျွန်မရဲ့ တာဝန် ဆုံးရှုံးရမှာကို ကြောက်နေပါတယ်။ နောက်ကွယ်မှာပဲ လူကြောက်တစ်ယောက်လို ပုန်းနေရပြီးတော့ ကျွန်မရဲ့တာဝန်ဝတ္တရားတွေကို ကျေပွန်အောင် မထမ်းဆောင်ရသေးပါဘူး။ ဘုရားသခင်၊ ကျွန်မကို သတ္တိနဲ့ယုံကြည်မှုကို ပေးသနားဖို့တောင်းပန်ပါတယ်။” လို့ပေါ့။ ဆုတောင်းပြီးတဲ့နောက်မှာ ကျွန်မကို အရမ်းအရှက်ရစေခဲ့တဲ့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို တွေ့ခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်က ပြောတယ်။ “လူတို့သည် အစေခံမှုအတွင်းတွင် ၎င်းတို့ ဖော်ပြသင့်သည့်အရာကို မဖော်ပြနိုင်သကဲ့သို့ သို့မဟုတ် ၎င်းတို့အတွက် ပင်ကိုအားဖြင့် ဖြစ်နိုင်သည့်အရာကို စွမ်းဆောင် မရရှိနိုင်သကဲ့သို့၊ ယင်းအစား ဟန်ဆောင်လုပ်ပြပါက ၎င်းတို့သည် ဖန်ဆင်းခံ တစ်ဦး ရှိသင့်သည့် အလုပ်တာဝန်ကို ဆုံးရှုံးကြပြီး ဖြစ်ပေသည်။ ထိုသို့သော လူတို့သည် ‘သာမညောင်ညများ’ ဟု သိရသောအရာများ ဖြစ်သည်။ ၎င်းတို့သည် အသုံးမဝင်သော အမှိုက်သရိုက် ဖြစ်ကြသည်။ ထိုသို့သောလူတို့ကို ဖန်ဆင်းခံများဟု အဘယ်သို့ ကောင်းမွန်စွာ ခေါ်ဆို၍ ရနိုင်မည်နည်း။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ့ဇာတိခံ ဘုရားသခင်၏အမှုတော်နှင့် လူ၏တာဝန်ကြား ကွဲပြားခြားနားမှု) အရာရာမှာ ကိုယ့်အရည်အချင်းရှိသလောက် မလုပ်နိုင်တဲ့သူတွေက “သာမညောင်ညများ” နဲ့ “အသုံးမဝင်သော အမှိုက်သရိုက်”တွေပဲလို့ ဘုရားသခင်က ပြောသွားတယ်။ ကျွန်မကအဲဒီလိုလူတစ်ယောက်ဖြစ်နေခဲ့တာ။ ယီပင်းက သူ့ရဲ့ဂုဏ်နဲ့အဆင့်အတန်းကိုပဲ အဓိကစိတ်ဝင်စားတယ်။ ပြီးတော့ သူ့ကို မနာခံတဲ့သူတွေကို နှိပ်စက်ဖို့ ညစ်ပတ်တဲ့ လှည့်ကွက်တွေသုံးပြီး တိုက်ခိုက်တာ၊ လက်စားချေတာကို မြင်ခဲ့ရတယ်။ ခေါင်းဆောင်နေရာအတွက် ယှဉ်ပြိုင်ဖို့ လူတွေ အထင်အမြင်မှားအောင်လုပ်ပြီး ရွေးကောက်ပွဲ ရလဒ်တွေကို သူနဲ့အတူ ဝိုင်းပယ်ဖျက်ခိုင်းဖို့ ကျိတ်ကြံတယ်။ သူ့အပေါင်းပါတွေနဲ့အတူ ညီအစ်ကိုမောင်နှမတွေနဲ့ ခေါင်းဆောင်တွေကြား စိတ်ဝမ်းကွဲအောင်လုပ်ခဲ့တယ်။ သူ့ရဲ့ မလိုမုန်းထားတဲ့ အပြုအမူကို အရမ်းကို ရှင်းရှင်းလင်းလင်း သေချာပေါက် မြင်ခဲ့ရပေမဲ့ ကျွန်မက ယီပင်းအကြောင်း မိတ်သဟာယပြုပြီး သဲသဲကွဲကွဲမြင်အောင် ကြိုးစားတော့ ညီအစ်ကိုမောင်နှမတွေက ကျွန်မက သူ့ကို လက်စားချေနေတယ်ဆိုပြီး သင်္ကာမကင်းဖြစ်ကြတယ်။ သူ့ကို ဆက်ပြီး သဲသဲကွဲကွဲမြင်အောင် ကြိုးစားရင် နောက်ဆုံးမှာ နောက်ထပ်လူတွေက ကျွန်မကို ဆန့်ကျင်ဖို့ ထကြွလာမှာကို ကျွန်မ ကြောက်မိတယ်။ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့၊ ပြီးတော့ ယီပင်းနဲ့ သူ့အပေါင်းအပါတွေက ဒုက္ခပေးတာ၊ တိုက်ခိုက်တာကို မခံရဖို့အတွက် ကျွန်မမှာ နဂိုကရှိတဲ့ သူ့ကို သဲသဲကွဲကွဲမြင်အောင် ကြိုးစားဖို့ သတ္တိနည်းနည်းလေးကိုပါ ဆုံးရှုံးခဲ့ရပါတယ်။ ခေါင်းဆောင်နှစ်ယောက်နဲ့ သင်းထောက်ကို ထုတ်ပယ်ပြီးတဲ့နောက်မှာ ကျွန်မကို အသင်းတော်အလုပ်တွေ လုပ်ခိုင်းတုန်းက ပထမဆုံးမြင်ယောင်မိတာကတော့ ယီပင်းနဲ့အပေါင်းအပါတွေက ခေါင်းဆောင်တွေကို တိုက်ခိုက်တဲ့မြင်ကွင်းပါပဲ။ ပြီးတော့ ကျွန်မကသာ အသင်းတော်အလုပ်တွေကို ကြီးကြပ်ခဲ့ရရင် ယီပင်းက သူ့နေရာကို ယူတယ်လို့ ယုံကြည်ပြီး ကျွန်မကို လက်စားချေဖို့ အဲဒါကို နိုင်ကွက်အနေနဲ့ သုံးမှာကို ကြောက်ခဲ့တယ်။ အဲဒီတာဝန်ကို ကျွန်မ အမြဲတမ်း ရှောင်လွှဲနေချင်ခဲ့ပြီးတော့ အသင်းတော်အလုပ်ကို မကြီးကြပ်ရဲခဲ့ဘူး။ ယီပင်းနဲ့ သူ့အပေါင်းပါတွေက အင်မတန်ကို ရက်စက်ကြမ်းကြုတ်မှန်း ကျွန်မ ကောင်းကောင်းကြီးသိတယ်။ လီရူးကိုလည်း သူတို့အကြိမ်ကြိမ်တိုက်ခိုက်ခဲ့တယ်။ ကျွန်မကတော့ ကိုယ့်ကိုယ့်ကိုယ်ပဲ ကာကွယ်ချင်နေခဲ့ပါတယ်။ အဲဒီတော့ အလုပ်တာဝန်တွေ သတ်မှတ်ပေးတုန်းက လီရူးကိုပဲ တမင်ကို သူတို့နဲ့ ရင်ဆိုင်ခိုင်းခဲ့တာ။ လီရူးကို အကာအရံတစ်ခုလိုအသုံးချခဲ့တာ။ ကျွန်မဟာ ဘယ်လိုတွေများ အရမ်းကို တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်စရာကောင်းနိုင်ရတာလဲ။ အသင်းတော်ကို အနှောင့်အယှက်ပေးနေတဲ့ အန္တိခရစ်တွေရဲ့ ဆိုးယုတ်တဲ့စွမ်းအားတွေနဲ့ ရင်ဆိုင်ရာမှာ စည်းမျဉ်းတွေကို မစောင့်ထိန်းခဲ့ဘဲ တရားမျှတတဲ့ဘက်က မရပ်တည်နိုင်ခဲ့ဘူး။ ကျွန်မက ဖန်ဆင်းခံတစ်ယောက်လို့ ဘယ်လိုသဘောထားလို့ရနိုင်မှာလဲ။ ကျွန်မတကယ်ကိုအသုံးမကျခဲ့ဘဲ ဘုရားသခင်ကို အရမ်းစိတ်ပျက်စေခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်တွေကို ဆင်ခြင်ဖို့ကြိုးစားလေလေ ကိုယ့်ကိုယ့်ကိုယ်အပြစ်တင်မိပြီး နောင်တရလေလေပါပဲ။ ဘုရားရဲ့စိတ်နှလုံးကို ဒီထက်ဒဏ်ရာရအောင် မလုပ်နိုင်တော့ဘူး။ ပြီးတော့ ကျွန်မကိုယ့်အတွက်ပဲကိုယ်ကြည့်ပြီး အရမ်းအတ္တကြီး၊ ကြောက်ရွံ့နေလို့လည်းမရတော့ပါဘူး။ ဘုရားစီစဉ်တဲ့ အခြေအနေတွေကို ကျိုးနွံနာခံပြီး အသင်းတော်အလုပ်ကို ဦးစားပေးဖို့ အစွမ်းကုန် ကြိုးစားခဲ့တယ်။ အဲဒီနောက်မှာတော့ ယီပင်းနဲ့သူ့အပေါင်းအပါတွေကို ရင်ဆိုင်ဖို့သတ္တိတွေရှိလာခဲ့ပါတယ်။ အလုပ်လုပ်ဖို့သွားတဲ့အခါ ယီပင်းနဲ့ ကျန်တဲ့လူတွေ တိုက်ခိုက်တာ ခံရသေးပေမဲ့လည်း သူတို့ဘယ်လောက်ပဲ ယုတ္တိမတန်ပါစေ ကျွန်မမရှောင်တော့ပါဘူး။ စိတ်ကို သမ္မာတရားစည်းမျဉ်းတွေအပေါ် မိတ်သဟာယဖွဲ့ဖို့ပဲ အာရုံစိုက်ထားပြီးတော့ သူတို့လွှမ်းမိုးတာကိုမခံတော့ဘူး။

အဲဒီနောက်မှာတော့ “ငါဘာလို့သူတို့ကိုအရမ်းကြောက်ပြီး ရင်မဆိုင်ရဲရတာလဲ” လို့ ကိုယ့်ကိုယ့်ကိုယ် ပြန်သုံးသပ်ပြီး စဉ်းစားမိတယ်။ ဒီလိုရှာဖွေနေတုန်းမှာပဲ ဘုရားနှုတ်ကပတ်တော်နှစ်ပိုဒ်ကို ဖတ်လိုက်ပြီး အရမ်း တို့ထိခြင်းခံခဲ့ရပါတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “တရားမျှတမှုသည် ဆိုးသွမ်းမှုနှင့် ထိပ်တိုက်တွေ့သည့်အခါ၌ လူသားသည် တရားမျှတမှု၏ ဖြစ်တည်မှုကို ကာကွယ်ရန်သော်လည်းကောင်း၊ ထိန်းသိမ်းရန်သော်လည်းကောင်း ဒေါသူပုန်ထလိမ့်မည်မဟုတ်ပေ။ ဆန့်ကျင်ဘက်အနေနှင့် တရားမျှတခြင်း၏ စွမ်းအားတို့ ခြိမ်းခြောက်ခံရသည့်အခါ၊ ညှဉ်းဆဲခံရပြီး တိုက်ခိုက်ခံရသည့်အခါ လူသား၏သဘောထားသည် လျစ်လျူရှုခြင်း၊ ရှောင်ကြဉ်ခြင်း၊ သို့မဟုတ် တွန့်ဆုတ်ခြင်းတို့ ဖြစ်သည်။ သို့သော်လည်း ဆိုးယုတ်မှု၏ စွမ်းအားများနှင့် ရင်ဆိုင်ရသည့်အခါ လူသား၏သဘောထားသည် ဖြည့်ဆည်းပေးခြင်း၊ မျက်နှာချိုသွေးခြင်းတို့ ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၂))ဘုရားသခင် ပြောခဲ့သည်မှာ။ ‘ဘုရားသခင်၏ ခွင့်ပြုချက်မပါဘဲ ရေတစ်စက်၊ သို့မဟုတ် ကုန်းမြေပေါ်က သဲတစ်ပွင့်ကို ထိရန်ပင် စာတန်အတွက် ခက်ခဲသည်။ ဘုရားသခင်၏ ခွင့်ပြုချက်မပါဘဲ ဘုရားသခင်ဖန်ဆင်းခဲ့သည့် လူသားမျိုးနွယ်ကို မဆိုထားနှင့် စာတန်သည် ကုန်းမြေပေါ်က ပုရွက်ဆိတ်များကိုပင်လျှင် ရွှေ့ပိုင်ခွင့်မရှိပေ။’ ဤစကားများကို သင်သည် မည်သည့်အတိုင်းအတာအထိ ယုံကြည်နိုင်သနည်း။ အန္တိခရစ်များနှင့် ဆိုးယုတ်သောလူများကို တိုက်ခိုက်ခြင်းသည် သင့်ယုံကြည်ခြင်း၏အရွယ်အစားကို ထုတ်ဖော်ပြသည်။ အကယ်၍ သင့်တွင် ဘုရားသခင်ထံ အမှန်တကယ် ယုံကြည်ခြင်းရှိပါက သင့်တွင် စစ်မှန်သော ယုံကြည်ခြင်းရှိပြီဖြစ်သည်။ အကယ်၍ သင့်တွင် ဘုရားသခင်ထံ ယုံကြည်ခြင်း အနည်းငယ်မျှသာ ရှိပါက၊ ပြီးလျှင် ထိုယုံကြည်ခြင်းသည် မရေရာသကဲ့သို့ ပေါ့တန်ပါက သင့်တွင် စစ်မှန်သောယုံကြည်ခြင်း မရှိပေ။ အကယ်၍ သင်သည် ဤအရာများအားလုံးအပေါ် ဘုရားသခင်က အချုပ်အခြာအာဏာရှင် ဖြစ်နိုင်ကြောင်းနှင့် စာတန်သည် ဘုရားသခင်၏ အုပ်စိုးမှုအောက်တွင် ရှိကြောင်းကို မယုံကြည်ပါက၊ သင်သည် အန္တိခရစ်များနှင့် ဆိုးယုတ်သောလူများကို ကြောက်ရွံ့နေသေးပါက၊ အသင်းတော်တွင် ၎င်းတို့က မကောင်းမှုများ ကျူးလွန်ခြင်း၊ အသင်းတော်၏ အမှုတော်ကို ၎င်းတို့ နှောင့်ယှက်ခြင်းနှင့် ပျက်စီးစေခြင်းတို့ကို သည်းခံနိုင်သည့်အပြင် ၎င်းကို ရပ်တည်ပြီး တိုက်ခိုက်ရဲခြင်း မရှိဘဲ စာတန်နှင့် အပေးအယူလုပ်နိုင်ပြီး သို့မဟုတ် သင့်ကိုယ်သင် ကာကွယ်ဖို့ ၎င်း၏သနားညှာတာမှုကို တောင်းခံနိုင်ပြီး၊ သင်သည် စွန့်ခွာထွက်ပြေးသူတစ်ဦး၊ လူ့အကြိုက်လိုက်သူတစ်ဦးနှင့် ဘေးမှနေ၍ ရပ်ကြည့်နေသူတစ်ဦး ဖြစ်လာပါက သင့်တွင် ဘုရားသခင်အပေါ် အမှန်တကယ် ယုံကြည်ခြင်း ကင်းမဲ့လေသည်။ ဘုရားသခင်အပေါ် သင်၏ယုံကြည်ခြင်းသည် မေးခွန်းတစ်ခု ဖြစ်လာသည်မှာ သင်၏ယုံကြည်ခြင်းကို အလွန်အမင်း နုံချာစေလေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉ (အပိုင်း ၈)) ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေက ကျွန်မကို မျက်နှာချင်းဆိုင်ပြီး တရားစီရင်လိုက်သလိုပဲ။ ကျွန်မအရမ်းစိတ်သောကရောက်ပြီး ကြောက်သွားမိတယ်။ ဘုရားသခင်က လူ့နှလုံးသားရဲ့ အတွင်းထဲကို တကယ်ကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးလိုက်ပြီးတော့ ကျွန်မနှလုံးသားထဲမှာ ဘာရှိနေလဲဆိုတာ သူကအရှင်းကြီးမြင်နေမှန်း ကျွန်မသိခဲ့ရတယ်။ သေချာအချိန်ယူစဉ်းစားကြည့်တော့ စာတန်ရဲ့ဆိုးယုတ်တဲ့စွမ်းအားတွေက ဘယ်လောက်ပဲအင်အားကြီးနေပါစေ၊ ဘုရားသခင်က သူတို့အတွက် သတ်မှတ်ထားတဲ့ အကန့်အသတ်တွေကိုတော့ သူတို့မကျော်လွန်နိုင်ဘူးဆိုတာ၊ ဘုရား ခွင့်မပြုတဲ့အရာကို သူတို့ လုံးဝ မလုပ်နိုင်သလို လုပ်လည်းမလုပ်ရဲခဲ့ဘူးဆိုတာကို ကျွန်မ သဘောပေါက်သွားတယ်။ ယီပင်းနဲ့သူ့အပေါင်းအပါတွေကို ကြောက်ရခြင်းရဲ့အဓိကအကြောင်းကတော့ အရာခပ်သိမ်းအပေါ်မှာရှိတဲ့ ဘုရားသခင်ရဲ့အချုပ်အခြာအာဏာကို ကျွန်မမယုံကြည်ခဲ့လို့ပါ။ အသင်းတော်မှာ ဂုဏ်ငယ်ရပြီးတော့ ကျွန်မရဲ့စကားတွေမှာ ဝိညာဉ်ရင့်သန်မှုမရှိဘူးလို့ထင်ခဲ့တယ်။ အဲဒီအတောအတွင်းမှာ ယီပင်းကတော့ ညီအစ်ကိုမောင်နှမတချို့ကို အထင်အမြင်မှားစေခဲ့တဲ့ ခေါင်းဆောင်တစ်ယောက်၊ အပြောကောင်းသူတစ်ယောက် ဖြစ်နေခဲ့တယ်။ တရားဟောဆရာမကိုတောင် သူ့ဘက်ပါသွားအောင်လုပ်ခဲ့တယ်။ ကျွန်မကကျတော့ အားနည်းပျော့ညံ့နေခဲ့ပြီးတော့ ကျွန်မရဲ့စကားက အရာမရောက်ခဲ့ဘူး၊ သူ့ကိုမယှဉ်နိုင်ခဲ့ဘူး။ အဲဒီတော့ သူကကျွန်မကို ခွဲထုတ်ထားပြီး နှိပ်စက်တဲ့အချိန်၊ ညီအစ်ကိုမောင်နှမတွေကို သူဖိနှိပ်နေတဲ့အပြင် သူက မကောင်းမှုလည်းလုပ်ပြီး အသင်းတော်အလုပ်ကို နှောင့်ယှက်နေတာကို ကျွန်မ မြင်တဲ့အချိန်မှာတောင် သူ့ကိုတိုင်ဖို့ ကျွန်မသတ္တိမရှိခဲ့သေးပါဘူး။ ကျွန်မ ထုတ်ပယ်ပြီး ရှင်းလင်းခံရရင် အဲဒီလိုနဲ့ ကယ်တင်ခြင်းရရှိမဲ့ ကျွန်မရဲ့ အခွင့်အရေးဆုံးရှုံးရမှာပဲလို့ တွေးမိခဲ့တယ်။ သူက မကောင်းမှုတွေ ဆက်လုပ်နေတာကို တားဆီးပြီး သူ့ရဲ့ ဒုစရိုက်အမှုတွေကို ဖော်ထုတ်ရမဲ့အစား အဓိပ္ပာယ်မရှိတဲ့ ဖြစ်တည်မှုနဲ့ပဲ ကျွန်မ နေချင်ခဲ့တယ်။ သူ့ရဲ့မကောင်းမှုမှာ ကျွန်မက ကြံရာပါသက်သက် ဖြစ်ပြီးတော့ အသင်းတော်ရဲ့အလုပ်တွေကို စာတန်ကထိခိုက်အောင်လုပ်နေတာကို နှုတ်ဆိတ်နေပြီးတော့ လက်ခံခဲ့တယ်။ ဘုရားကို ယုံကြည်ချိန်မှာ ကျွန်မရဲ့ အတွေ့အကြုံအမျိုးမျိုးကို ပြန်တွေးလိုက်တော့ ဘုရားသခင်က လမ်းတစ်လျှောက် ကျွန်မရဲ့ခြေလှမ်းတိုင်းကို လမ်းညွှန်ပြီး အုပ်စိုးထားတာကိုတွေ့ရတယ်။ ယီပင်းရဲ့ဖိနှိပ်ညှဉ်းဆဲမှုတွေနဲ့ ကြုံရပြီး ကျွန်မတော့ အမြဲတမ်းခွဲထုတ်ခံထားရတော့မယ်လို့တွေးခဲ့ပေမယ့် နောက်ကျတော့ လုံခြုံရေးအကြောင်းပြချက်ကြောင့် ယီပင်းက အသင်းတော်ရဲ့အလုပ်တွေကို ဆက်မလုပ်နိုင်တော့ဘူး။ ပြီးတော့ အလုပ်ကို တာဝန်ယူရတဲ့ ညီအစ်မအသစ်က အခြေအနေကို နားလည်သွားတဲ့နောက်မှာ ကျွန်မရဲ့တာဝန်ကို ဆက်လက် ဆောင်ရွက်ပေးခဲ့တယ်။ ကျွန်မကိုယ်တိုင်ကိုယ်ကျ ကြုံတွေ့ခဲ့ရတာတွေ အကုန်လုံးက ဘုရားသခင်ရဲ့အုပ်ချုပ်စိုးမိုးမှုတွေပါပဲ။ ကျွန်မရဲ့ ရှေ့ရေးနဲ့ ကံကြမ္မာတို့ကိုလည်း သူက အဆုံးအဖြတ်ပေးပိုင်ခွင့် ရှိတယ်မဟုတ်လား။ ကျွန်မဟာ ဘုရားစီစဉ်ပေးတဲ့ ဒီပတ်ဝန်းကျင်အားလုံးကို တွေ့ကြုံခဲ့ရပါတယ်။ ပြီးတော့ အဲဒီထဲမှာ သမ္မာတရားအများကြီး ပံ့ပိုးပေးထားတယ်။ ဒါပေမဲ့ ကျွန်မက ဘာလို့အခုအချိန်အထိ ဘုရားအပေါ် ယုံကြည်မှု တစ်စက်မှ မရှိခဲ့တာလဲ။ ကိစ္စတွေ ဖြစ်ပျက်လာတဲ့အခါ ဘုရားကို ဆုမတောင်းခဲ့ဘူး၊ မခေါ်ခဲ့ဘူး၊ ဒါမှမဟုတ် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ခဲ့ဘူး။ အဲဒီအစား စာတန်ရဲ့အဆင့်အတန်းနဲ့ အာဏာကိုကြောက်ရွံ့နေခဲ့တယ်။ အဲဒီ စာတန်ရဲ့ဆိုးယုတ်တဲ့စွမ်းအားတွေကို ဘုရားသခင်ထက်တောင် ပိုမြင့်မြတ်တယ်လို့ ကျွန်မ မြင်ခဲ့မိတယ်။ စာတန်ဆီမှာ အရှုံးပေးနေခဲ့တာပဲမဟုတ်ဘူးလား။ ကျွန်မရဲ့ စိတ်နှလုံးထဲမှာ ဘုရားအတွက် ဘယ်နေရာ ချန်ထားခဲ့လဲ။ ဘုရားသခင်ဟာ အရာခပ်သိမ်းအပေါ်မှာ အချုပ်အခြာအာဏာရှိပြီးတော့ ဖြောင့်မတ်တယ်လို့ သဘောတရားအရ ကျွန်မယုံကြည်ခဲ့ပေမဲ့ ကျွန်မ တစ်ခုခုဖြစ်တဲ့အခါကျတော့ စာတန်နဲ့ အပေးအယူလုပ်ပြီး ထွက်ပြေးသူတစ်ယောက်ဖြစ်လာခဲ့တာကို ကျွန်မ တွေ့ရတယ်။ ဘုရားသခင်အပေါ် ကျွန်မရဲ့ယုံကြည်မှုက အရမ်းနည်းလွန်းခဲ့ပါတယ်။ အဲဒီတော့မှ ကျွန်မ နောက်ဆုံးနားလည်လိုက်တာက အန္တိခရစ်တွေရဲ့ ဆိုးယုတ်တဲ့စွမ်းအားတွေက တစ်ခဏတော့ သောင်းကျန်းနေနိုင်ပေမဲ့၊ ညီအစ်ကိုမောင်နှမတွေကို ဖိနှိပ်မယ်၊ ယောင်ချာချာဖြစ်ပြီး ချင့်ချိန်နိုင်စွမ်းမရှိတဲ့သူတွေကို အထင်အမြင်မှားအောင်လုပ်နိုင်ပေမဲ့၊ လူတွေ ချင့်ချိန်နိုင်စွမ်းရှိအောင် သင်ယူရာမှာ ကူညီပေးဖို့ ဘုရားသခင်က သူတို့ကို အသုံးချတာပါ။ အနှေးနဲ့အမြန်ဆိုသလို အန္တိခရစ်တွေဟာ သူတို့အရှိအတိုင်း ဖော်ပြခံရပြီး ဖယ်ရှားရှင်းလင်းခံရမှာပါ။ အဲဒါက ကျွန်မတို့ အသင်းတော်မှာ တာဝန်ထမ်းဆောင်နေရင်းနဲ့ မကောင်းမှုမျိုးစုံကို လုပ်ခဲ့တဲ့ အန္တိခရစ်တစ်ယောက် ရှိခဲ့တဲ့အချိန်ကလိုပဲ။ နောက်ဆုံးမှာတော့ သူ့ရဲ့ဒုစရိုက်အမှုတွေအားလုံး ဖော်ထုတ်ခံလိုက်ရတယ်။ ညီအစ်ကိုမောင်နှမတွေရဲ့ စွန့်လွှတ်တာကိုခံရပြီးတော့ အသင်းတော်ကနေလည်း နှင်ထုတ်ခံလိုက်ရတယ်။ အသင်းတော်ဟာ ဘုရားသခင်ရဲ့ဖြောင့်မတ်မှု ကြီးစိုးတဲ့နေရာပဲဆိုတာကို ကျွန်မတွေ့ခဲ့ရတယ်။ အဲဒါတွေကို ကိုယ်တိုင်ကိုယ်ကျ ကြုံတွေ့ဖို့ ဝီရိယရှိရှိ မကြိုးစားရင် ဘုရားသခင်ရဲ့လုပ်ဆောင်မှုတွေကို ဘယ်လိုလုပ်သိနိုင်ပါ့မလဲ။ ကျွန်မကအပေါ်ယံကိုပဲမြင်ခဲ့ပြီးတော့ တစ်ခုခုဖြစ်လာတဲ့အချိန်မှာ စာတန်ရဲ့စွမ်းအားတွေကို အလျှော့ပေးပြီးတော့ ကျွန်မရဲ့နှလုံးသားထဲမှာ ဘုရားသခင်အတွက် နေရာမရှိခဲ့ပါဘူး။ ကျွန်မက တကယ့်ကို မယုံကြည်တဲ့သူတစ်ယောက်ပါပဲ။ သမ္မာတရားကို နားမလည်ခဲ့ဘူး။ ကျွန်မက နုံချာတဲ့ သတ္တဝါပါ။ ဒါတွေတွေးရင်း ကျွန်မ ဘယ်လောက် သူရဲဘောကြောင်ပြီး တစ်ကိုယ်ကောင်းဆန်ခဲ့လဲဆိုတာကို ရှက်လာမိတယ်။ ဘုရားအိမ်တော်ရဲ့ စည်းမျဉ်းတွေနဲ့အညီ လက်တွေ့လုပ်‌ဆောင်ချင်ပြီး အန္တိခရစ်တွေကို ဖော်ထုတ်ပြီး စွန့်လွှတ်ဖို့ ဘုရားကို ကိုးစားချင်ပါတယ်။ ယီပင်းနဲ့ သူ့အပေါင်းအပါတွေကို ဘယ်လိုကိုင်တွယ်ဖြေရှင်းသင့်လဲဆိုတာကို ကျွန်မရဲ့လုပ်ဖော်ကိုင်ဖက်တွေနဲ့ တွေ့ပြီး ဆွေးနွေးဖို့ ကျွန်မ အမြန်သွားခဲ့တယ်။

ကျွန်မတို့တွေ့ပြီးတော့ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေထဲက စာပိုဒ်တစ်ပိုဒ်ကို ဖတ်ရှုခဲ့ပါတယ်။ ဘုရားသခင်က ပြောသည်- “အကယ်၍ အသင်းတော် တစ်ခုတွင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် ဆန္ဒရှိသူ တစ်ဦးမျှ မရှိပါက၊ ထို့အပြင် ဘုရားသခင်အတွက် သက်သေခံနိုင်သောသူ တစ်ဦးမျှ မရှိပါက၊ ထိုအသင်းတော်ကို လုံးဝ သီးခြားဖြစ်သွားစေရမည်ဖြစ်ပြီး အခြားအသင်းတော်များနှင့် ထိုအသင်းတော်၏ ချိတ်ဆက်မှုများ ဖြတ်တောက်ရမည်။ ဤသည်ကို ‘သေခြင်းကို မြေမြှုပ်ခြင်း’ ဟုခေါ်သည်၊ ယင်းသည် စာတန်ကို ပစ်ပယ်ခြင်းကို ဆိုလိုသည်။ အကယ်၍ အသင်းတော်တွင် ဒေသခံ ဗိုလ်ကျသူအချို့ ပါရှိပြီး ၎င်းတို့နောက်သို့ ချင့်ချိန်နိုင်စွမ်း လုံးဝကင်းမဲ့သည့် ‘ယင်ကောင်ငယ်များ’ လိုက်ပါက၊ ထို့အပြင် အသင်းသားများသည် သမ္မာတရားကို မြင်ပြီးနောက်တွင်ပင် ဤဗိုလ်ကျသူများ၏ အနှောင်အဖွဲ့များနှင့် ကြိုးကိုင်ခြယ်လှယ်မှုတို့ကို ငြင်းပယ်နိုင်စွမ်းမရှိသေးပါက၊ ထိုမိုက်မဲသူများ အားလုံးသည် အဆုံးတွင် ပယ်ထုတ်ခံရမည်ဖြစ်သည်။ ဤယင်ကောင်ငယ်များသည် မည်သည့် ဆိုးရွားသောအရာကိုမျှ မလုပ်ခဲ့ သော်ငြားလည်း၊ ၎င်းတို့သည် ပို၍ပင် လှည့်ဖြားတတ်ကာ၊ ပို၍ပင် ပါးနပ်ပြီး တိမ်းရှောင်တတ်၍၊ ဤကဲ့သို့သော လူတိုင်းသည် ပယ်ထုတ်ခံရမည်ဖြစ်သည်။ တစ်ဦးတစ်ယောက်မျှ ကြွင်းကျန်ရစ်မည် မဟုတ်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သောသူများကို သတိပေးချက်) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက်မှာ သူဟာ ကျွန်မအပေါ် သူ့ဒေါသတွေကို လွှတ်ထုတ်နေတာကို ခံစားရတယ်။ “သေခြင်းကို မြေမြှုပ်ခြင်း” နဲ့ “တစ်ဦးတစ်ယောက်မျှ ကြွင်းကျန်ရစ်မည် မဟုတ်” ဆိုတဲ့ အဲဒီနှုတ်ကပတ်တော်တွေက ကျွန်မရင်ထဲကို ဓားတစ်စင်းလိုပဲ နက်နက်ရှိုင်းရှိုင်းထိုးဖောက်သွားတယ်။ ဘုရားသခင်ရဲ့သဘောထားက ဖြောင့်မတ်ပြီးတော့ ပုန်ကန်ပြစ်မှားတာကို သည်းမခံဘူးဆိုတာကို ခံစားမိခဲ့ပြီး ကျွန်မအရမ်းကြောက်ရွံ့တုန်လှုပ်သွားတယ်။ ယီပင်း၊ တခြားအန္တိခရစ်တွေနဲ့ ဆိုးယုတ်တဲ့သူတွေက အာဏာနဲ့အဆင့်အတန်းအတွက် ပြိုင်ဆိုင်ဖို့အတွက် တစ်နှစ်လောက်နီးနီး အသင်းတော်ကို နှောင့်ယှက်ပြီး မကောင်းမှုတွေအများကြီးလုပ်ခဲ့ကြတယ်။ ကျွန်မက သူတို့ကို အတော်လေး ပိုင်းခြားသိမြင်ခဲ့ပြီး ဒီဆိုးယုတ်တဲ့လူတွေရဲ့ သဘာဝအနှစ်သာရကိုလည်း မြင်ခဲ့ပြီးတာ အသိသာကြီးပဲ။ ဒါပေမဲ့ သူတို့ကို မကောင်းမှုတွေ ပြုခွင့်ပေးရင်း သူတို့ကို ဖော်ထုတ်ပြီး တိုင်ကြားဖို့ကို နှောင့်နှေးနေခဲ့တယ်။ ဘုရားသခင်ရဲ့စိတ်သဘောထားကို ကျွန်မပုန်ကန်ပြစ်မှားခဲ့ပြီးပါပြီ။ ပါးနပ်ပြီး လှည့်စားတတ်တဲ့ လူတွေအားလုံးမှာ အဆုံးသတ်မှာ ဖယ်ရှားရှင်းလင်းခံရမယ်လို့ ဘုရားသခင်ပြောတာကို ကျွန်မ မြင်တဲ့အချိန်မှာ အရင်က ကိုယ့်ကိုယ်ကျိုးကို ကာကွယ်ဖို့ ယီပင်းရဲ့ ဒုစရိုက်အမှုတွေကို ကျွန်မ မြင်တွေ့ခဲ့တာတောင် သူ့ကို မဖော်ထုတ်ခဲ့လို့၊ ဒါမှမဟုတ် မတိုင်ခဲ့လို့ ညီအစ်ကိုမောင်နှမတွေရဲ့ အသက်ဝင်ရောက်မှု ဆုံးရှုံးခဲ့ရတာကို ကျွန်မ တွေးမိတယ်။ ကျွန်မကိုယ့်ကိုယ်ကိုယ် ပြင်းပြင်းထန်ထန် အပြစ်တင်မိပါတယ်။ ကျွန်မ သုံးသပ်နေရင်းတန်းလန်းနဲ့ “ထီးထီးကြီး ထင်ပေါ်နေသည့်ငှက်သည်သေနတ်ဖြင့် အပစ်ခံရသည့်ငှက်ဖြစ်သည်” လို့ သိထားကြတဲ့ စာတန်ဆန်တဲ့ အဆိပ်တွေရဲ့ ထိန်းချုပ်တာခံခဲ့ရတာကို သတိထားမိလာတယ်။ အလုပ်တွေကို တော်တော်လေး မရိုးမဖြောင့်၊ လှည့်ဖြားတတ်တဲ့ အပြုအမူနဲ့လုပ်ခဲ့တယ်။ ယီပင်းက ကျွန်မကိုဒုက္ခပေးပြီးတဲ့နောက်မှာ သူ့ရဲ့ဒုစရိုက်အမှုနဲ့ပတ်သက်တဲ့ အမှန်တရားတွေကို ခဏ ခဏ တိုင်ကြားချင်ခဲ့တယ်။ ဒါပေမဲ့ ယီပင်းက ကျွန်မရဲ့ ရှေ့ရေးနဲ့ ပန်းတိုင်ကို ထိခိုက်အောင်လုပ်ရင်း ကျွန်မကို ထပ်ဖိနှိပ်ပြီး နှိပ်စက်နိုင်တာကို ကျွန်မ တွေးမိတာနဲ့ ကြောက်စိတ်ကြောင့် နောက်တွန့်သွားခဲ့တယ်။ အသင်းတော်ရဲ့အလုပ်တွေကို လွှဲယူပြီးတော့ လီရူးကိုပဲ အကာအရံအနေနဲ့လွှတ်ခဲ့ပြီးတော့ ဘယ်သူ့ကိုမှ စိတ်အနှောင့်အယှက်မပေးဘဲ နောက်ကွယ်မှာ ပုန်းနေခဲ့ပါတယ်။ စာတန်ဆန်တဲ့အဆိပ်တွေအတိုင်း နေထိုင်ခဲ့ပြီးတော့ တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်စရာကောင်းလာခဲ့တာကို ကျွန်မတွေ့ရပါတယ်။ ဘေးကျပ်နံကျပ်နဲ့ကြုံလာတဲ့အခါ ခရုတစ်ကောင်လို အခွံထဲမှာပဲပုန်းနေခဲ့မိတယ်။ တရားမျှတမှုကိုမပြောနဲ့ အဲဒါကို လက်ခံဖို့တောင် သတ္တိနည်းနည်းလေးမှမရှိခဲ့ပါဘူး။ တကယ်တော့ ပြဿနာရှောင်ချင်လို့ ကျွန်မက အလျှော့ပေးလေလေ အန္တိခရစ်တွေနဲ့ မကောင်းမှုပြုသူတွေက အသင်းတော်ကို နှောင့်ယှက်နေတာကို ခွင့်ပြုပြီးတော့ ညီအစ်ကိုမောင်နှမတွေကို စာတန်နဲ့မကောင်းဆိုးဝါးတွေရဲ့ ရက်စက်မှုအောက်ကို ကျွန်မတွန်းပို့မိလေလေပါပဲ။ အခု အသင်းတော်ရဲ့အလုပ်ကို ကျွန်မကြီးကြပ်ရပြီးတော့ ကျွန်မအတွက် ဘုရားရည်ရွယ်ချက်က ကျွန်မ စည်းမျဉ်းတွေနဲ့အညီနေထိုင်ဖို့၊ ညီအစ်ကိုမောင်နှမတွေကို ကာကွယ်ပေးဖို့ပါ။ အသင်းတော်ရဲ့ အလုပ်တွေကို အန္တိခရစ်တွေ အန္တရာယ်ပြုတာ ခွင့်မပြုဖို့ပါ။ ကျွန်မရဲ့တာဝန်နဲ့ဝတ္တရားကို ကျေပွန်အောင်ထမ်းဆောင်ရမယ်။ အရင်တုန်းက ကျွန်မဟာ ကိုယ့်ကိုယ်ကိုယ် ဘက်ပေါင်းစုံက ကာကွယ်ပြီး သမ္မာတရားကိုလည်း လက်တွေ့မလုပ်ဆောင်နိုင်၊ ဘုရားသခင်ကိုလည်း စိတ်ကျေနပ်အောင် မလုပ်နိုင်ခဲ့ဘူး။ ဒါပေမယ့် ဘုရားသခင်ကတော့ ကျွန်မတာဝန်ထမ်းဆောင်တာကို တားရမဲ့အစား ကျွန်မကို တရားစီရင်ပြီး သတိပေးဖို့ သူ့ရဲ့နှုတ်ကပတ်တော်တွေကို အသုံးပြုခဲ့တယ်။ အဲဒါက ဘုရားသခင်ရဲ့ အကြီးမြတ်ဆုံးချစ်ခြင်းမေတ္တာပါပဲ။ ဒီတစ်ခေါက်တော့ ယီပင်းကိုတိုင်ပြီးတော့ အန္တိခရစ်တွေရဲ့ ဆိုးယုတ်တဲ့စွမ်းအားတွေကို အဆုံးထိတိုက်ထုတ်ရပါတော့မယ်။ ဒီတစ်ခါတော့ ကျွန်မစစ်မှန်တဲ့သူတစ်ယောက် ဖြစ်မှရပါတော့မယ်။ အဲဒီနောက်တော့ ယီပင်းနဲ့သူ့အပေါင်းအပါတွေရဲ့ ဒုစရိုက်အမှုတွေနဲ့ပတ်သက်တဲ့ အဖြစ်မှန်ကိုရော၊ သူတို့ မကောင်းမှုလုပ်တဲ့အတိုင်း လိုက်လုပ်တဲ့ တရားဟောဆရာမရဲ့ သရုပ်မှန်ကိုရော အထက်ကခေါင်းဆောင်တွေဆီ ကျွန်မတို့တိုင်ကြားခဲ့ပါတယ်။ ယီပင်းရဲ့သရုပ်သကန်ကို ခေါင်းဆောင်တွေ နားလည်သွားတဲ့နောက်မှာတော့ သူတို့က ကျွန်မတို့ကို ညီအစ်ကိုမောင်နှမတွေနဲ့ အရင် မိတ်သဟာယပြုပြီး သူ့ကို သဲသဲကွဲကွဲမြင်အောင် ကြိုးစားခိုင်းခဲ့တယ်။ ပြီးတော့ ယီပင်းနဲ့ သူ့အပေါင်းပါတွေရဲ့ ဒုစရိုက်မှုတွေအကြောင်း နောက်ထပ် အဖြစ်မှန်တွေကိုလည်း အမြန်ဆုံးပေးခဲ့တယ်။ အချိန်တစ်ခုအထိ မိတ်သဟာယဖွဲ့ပြီးတော့ ညီအစ်ကိုမောင်နှမတွေ ယီပင်းကို ပိုင်းခြားသိမြင်လာကြပြီးတော့ ယီပင်းနဲ့အပေါင်းအပါတွေရဲ့ ဒုစရိုက်အမှုတွေနဲ့ပတ်သက်တဲ့ အထောက်အထားတွေကိုလည်း ပေးဖို့ လိုလားခဲ့ကြပါတယ်။ နောက်ပိုင်း ကျွန်မတို့တင်ပြတဲ့ ယီပင်းတို့ရဲ့ သရုပ်သကန်တွေကို ခေါင်းဆောင်တွေကအတည်ပြုပြီးတဲ့နောက်မှာတော့ အထောက်အထားခိုင်လုံကြောင်း သူတို့ကလက်ခံခဲ့ပြီး ယီပင်းနဲ့တစ်သိုက်ကို အသင်းတော်ကနေ ရှင်းလင်းပစ်လိုက်ပါတော့တယ်။

နောက်ကျတော့ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေထဲက နောက်ထပ်ပိုဒ်ကို ကျွန်မတို့ထပ်ဖတ်ခဲ့ရပြီးတော့ နောက်ဆုံးသောကာလ ဘုရားသခင်က ဘာလို့ အန္တိခရစ်တွေနဲ့ ဆိုးယုတ်တဲ့လူတွေကို အသင်းတော်မှာ မကောင်းမှုပြုဖို့၊ အနှောင့်အယှက်ပေးဖို့ ခွင့်ပြုထားလဲ ဆိုတာနဲ့ ဒီမှာ ဘုရားသခင်ရဲ့ရည်ရွယ်ချက်ကဘာလဲ၊ ပြီးတော့ ဘယ်လိုသင်ခန်းစာယူသင့်သလဲဆိုတာကို မိတ်သဟာယဖွဲ့ခဲ့ကြပါတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “အန္တိခရစ်များနှင့် ဆိုးယုတ်သော လူတို့သည် အသင်းတော်အချို့ထဲတွင် ပေါ်ထွက်လာပြီး အနှောင့်အယှက်များကို ဖန်တီးကာ ထိုသို့ပြုခြင်းဖြင့် လူအချို့ကို အထင်အမြင်မှားစေကြသည်။ ဤသည်မှာ ကောင်းသောအရာလော သို့မဟုတ် ဆိုးသောအရာလော။ ဤသည်မှာ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာလော၊ သို့မဟုတ် ယင်းမှာ ဘုရားသခင်က လူတို့ကို ကစားပြီး ထိုသူတို့ကို ထုတ်ဖော်နေခြင်းလော။ ဤသည်ကို သင် နားမလည်နိုင်သည် မဟုတ်လော။ ဘုရားသခင်သည် သူကယ်တင်လိုသော သူတို့ကို စုံလင်အောင်ပြုရန်နှင့် ကယ်တင်ရန်အတွက် အရာခပ်သိမ်းကို သူ၏အမှုတော်လုပ်ငန်းသို့ ခေါ်ဆောင်ခြင်းဖြစ်ပြီး သမ္မာတရားကို အမှန်တကယ် ရှာဖွေပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်သောသူတို့ နောက်ဆုံး ရရှိသောအရာမှာ သမ္မာတရားဖြစ်၏။ သို့ရာတွင် သမ္မာတရားကို မရှာဖွေသောသူအချို့သည် ညည်းတွားကာ ‘ဘုရားသခင် ဤပုံစံဖြင့် အမှုပြုသည်မှာ မမှန်ကန်ပေ။ ယင်းက ကျွန်ုပ်အား များစွာ ဒုက္ခရောက်စေသည်။ ကျွန်ုပ်သည် အန္တိခရစ်များနှင့် ပေါင်းမိလုနီးပါး ဖြစ်သည်။ အကယ်၍ ဤအရာကို ဘုရားသခင်က အမှန်ပင် ကြိုတင်စီမံလျှင် သူသည် လူတို့ကို အန္တိခရစ်များနှင့် ပေါင်းမိရန် မည်သို့များ အခွင့်ပေးနိုင်သနည်း’ ဟု ဆိုကြသည်။ ဤတွင် မည်သည့်အရာ ဖြစ်ပျက်နေသနည်း။ သင် အန္တိခရစ်များနောက်သို့ မလိုက်ခြင်းက သင်၌ ဘုရားသခင်၏ ကွယ်ကာမှုရှိကြောင်း သက်သေပြသည်။ အကယ်၍ သင်သည် အန္တိခရစ်များနှင့် ပေါင်းမိပါက ယင်းသည် ဘုရားသခင်အား သစ္စာဖောက်ခြင်းဖြစ်ပြီး ဘုရားသခင်က သင့်ကို အလိုမရှိတော့ပေ။ သို့ဆိုလျှင် ဤအန္တိခရစ်များနှင့် ဆိုးယုတ်သော လူတို့က အသင်းတော်ထဲ၌ အနှောင့်အယှက်များ ဖြစ်ပွားစေသည်မှာ ကောင်းသောအရာလော သို့မဟုတ် ဆိုးသောအရာလော။ အပြင်ပန်းအားဖြင့် ယင်းကို ဆိုးသောအရာအဖြစ် ထင်ရသော်လည်း ဤအန္တိခရစ်များနှင့် ဆိုးယုတ်သော လူတို့ ထုတ်ဖော်ခံရသောအခါ သင်သည် ပိုင်းခြားသိမြင်မှု၌ တိုးတက်လာကာ ထိုသူတို့သည် ဖယ်ရှားခြင်းခံရပြီး သင်သည် ဝိညာဉ်ရင့်သန်မှု၌ တိုးတက်လာသည်။ အနာဂတ်တွင် ထိုကဲ့သို့သော လူတို့ကို ကြုံတွေ့ရသောအခါ ထိုသူတို့သည် ၎င်းတို့၏ သရုပ်မှန်ကို မပြသမီကပင် သင်သည် ၎င်းတို့နှင့်ပတ်သက်၍ ပိုင်းခြားသိမြင်မှု ရှိမည်ဖြစ်ပြီး ၎င်းတို့ကို ငြင်းပယ်လိမ့်မည်။ ဤအရာက သင့်အား သင်ခန်းစာများကို သင်ယူရန်နှင့် အကျိုးရရှိစေရန် အခွင့်ပေးလိမ့်မည်။ သင်သည် အန္တိခရစ်များအား မည်ကဲ့သို့ ပိုင်းခြားသိမြင်ရမည်ကို သိမည်ဖြစ်ပြီး စာတန်၏ အထင်အမြင်မှားစေခြင်းကို ခံရတော့မည် မဟုတ်ပေ။ သို့ဖြစ်၍ ငါ့ကိုပြောလော့၊ လူတို့အား နှောင့်ယှက်ပြီး အထင်အမြင်မှားစေသည့် အန္တိခရစ်များရှိခြင်းသည် ကောင်းသောအရာတစ်ခု မဟုတ်သလော။ လူတို့သည် ဤအဆင့်အထိ တွေ့ကြုံရပြီးသောအခါမှသာ ဘုရားသခင်သည် ၎င်းတို့၏ အယူအဆများနှင့် စိတ်ကူးများအတိုင်း မလုပ်ဆောင်ခဲ့ကြောင်း၊ ဘုရားသခင်သည် အနှောင့်အယှက်များကို သဲသဲမဲမဲ ဖန်တီးရန် အဆင်းနီသော နဂါးကြီးကို ခွင့်ပြုပြီး ဘုရားသခင် ရွေးကောက်ထားသော လူတို့ကို အထင်အမြင်မှားစေရန် အန္တိခရစ်များကို ခွင့်ပြုကာ၊ ဤသို့ဖြင့် သူသည် သူရွေးကောက်ထားသော လူတို့ကို စုံလင်စေဖို့အလို့ငှာ စာတန်အား သူ၏ အမှုတော်လုပ်ငန်း၌ အသုံးပြုနိုင်ကြောင်း လူတို့ တွေ့မြင်နိုင်သည်။ ထိုအခါမှသာ လူတို့အနေဖြင့် ဘုရားသခင်၏ အပင်ပန်းခံသော ရည်ရွယ်ချက်များကို နားလည်လေသည်။ လူအချို့က ‘ကျွန်ုပ်သည် အန္တိခရစ်များ၏ အထင်အမြင်မှားစေခြင်းကို နှစ်ကြိမ်ခံခဲ့ရပြီး ထိုသူတို့ကို ကျွန်ုပ် ပိုင်းခြားသိမြင်မှု မရှိနိုင်သေးချေ။ အကယ်၍ ပို၍ပင် စဉ်းလဲသော အန္တိခရစ်တစ်ဦး ပေါ်လာပါက ကျွန်ုပ်သည် ထပ်၍သာ အထင်အမြင်မှားစေခြင်းကိုခံရမည်’ ဟု ဆိုကြသည်။ သို့ဆိုလျှင် သင်သည် ယင်းကို တွေ့ကြုံပြီး သင်ခန်းစာ သင်ယူနိုင်ရန်အတွက် ယင်းကို ထပ်၍ ဖြစ်ပျက်စေလော့။ ဘုရားသခင်သည် သူ့အနေဖြင့် လူသားမျိုးနွယ်ကို စာတန်၏စွမ်းအားမှ ကယ်တင်နိုင်ရန်အလို့ငှာ အမှုအရာများကို ဤအတိုင်း ပြုရမည်ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ မိမိ၏ အယူအဆများကို ဖြေရှင်းခြင်းအားဖြင့်သာ ဘုရားသခင်ကို ယုံကြည်ခြင်း၏ မှန်သော လမ်းကြောင်းကို စတင်နိုင်သည် (၁)) ဘုရားသခင်က တကယ်ကို အနန္တတန်ခိုးရှင် ဖြစ်ပြီး သူ့အမှုမှာ ဉာဏ်ပညာရှိတယ်ဆိုတာကို ဘုရားနှုတ်ကပတ်တော်တွေကြောင့် ကျွန်မ ခံစားမိခဲ့တယ်။ မကောင်းမှုပြုသူတွေနဲ့ အန္တိခရစ်တွေ အသင်းတော်ကိုနှောင့်ယှက်တာက အပေါ်ယံကြည့်ရင်တော့ ကောင်းတဲ့အရာမဟုတ်ပါဘူး။ ပြီးတော့ လူသားတစ်ယောက်ရဲ့အယူအဆ၊ စိတ်ကူးတို့နဲ့လည်းမကိုက်ညီပါဘူး။ ဒါပေမယ့် အဲဒါဟာ ဘုရားသခင်ရဲ့ခွင့်ပြုချက်နဲ့ ဖြစ်ခဲ့တာဖြစ်ပြီးတော့ အဲဒီမှာ ဘုရားသခင်ရဲ့ ဉာဏ်ပညာပါနေပါတယ်။ ဘုရားသခင်က အသင်းတော်မှာ စာတန်နဲ့ နတ်ဆိုးတွေရဲ့ စွမ်းဆောင်မှုတွေကို အသုံးချပြီးတော့ သူတို့ကိုဖော်ထုတ်ပြီး ဖယ်ရှားရှင်းလင်းတာ။ ပြီးတော့ ကျွန်မတို့ကိုလည်း ပိုင်းခြားသိမြင်ရအောင် သင်ယူဖို့ ကူညီပေးတာပေါ့။ ကျွန်မတို့ရဲ့ဝိညာဉ်ရင့်ကျက်မှုက အရမ်းသေးနုပ်ပြီးတော့ အန္တိခရစ်တွေနဲ့ မကောင်းမှုပြုသူတွေရဲ့ အထင်အမြင်မှားစေတာကိုခံရဖို့ လွယ်တယ်ဆိုတာကို ဘုရားသခင်ကသိပါတယ်။ ဒါကြောင့် အသင်းတော်မှာ သူတို့ မကောင်းမှုပြုတာကတစ်ဆင့် ပိုင်းခြားသိမြင်မှု ပိုတိုးအောင် ကျွန်မတို့ကို လုပ်ပေးခဲ့တာ။ တစ်ချိန်တည်းမှာပဲ ယောင်ချာချာနဲ့ ချင့်ချိန်နိုင်စွမ်းမရှိဘဲ သူများနောက်ကို မစဉ်းမစားလိုက်တဲ့သူတွေကိုလည်း သူက ဖော်ထုတ်လိုက်တာပါ။ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေကို ကျွန်မတွေးမိတယ်။ “ခေါ်တော်မူသောသူအများရှိသော်လည်း ရွေးကောက်တော်မူသောသူနည်း၏။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ခေါ်တော်မူသောသူအများရှိသော်လည်း ရွေးကောက်တော်မူသောသူနည်း၏) ကျွန်မရင်ထဲမှာ ပိုပြီးရှင်းရှင်းလင်းလင်းမြင်လာတာတယ်။ ဘုရားကို ယုံကြည်ပြီး ဘုရားနောက်လိုက်တဲ့သူတွေ အများကြီးရှိပြီးတော့ အစပိုင်းမှာ စပါးနဲ့ တောပင်တွေဟာ ရောထွေးနေပြီး ဘယ်ဟာက ကောင်းတယ်၊ ဆိုးတယ်ဆိုတာကို မမြင်နိုင်ပါဘူး။ ဒါပေမယ့် နောက်ဆုံးသောကာလ ဘုရားသခင်ရဲ့တရားစီရင်ခြင်းအမှု တိုးတက်လာတာနဲ့အမျှ သမ္မာတရားကိုလက်ခံပြီး လိုက်စားနိုင်တဲ့သူတွေကတော့ ဘုရားသခင်ရဲ့တရားစီရင်မှုကို လက်ခံပြီးတော့ ဖောက်ပြန်ပျက်စီးမှုကို ဖယ်ရှားနိုင်ကြပါတယ်။ ဒါပေမယ့် မယုံကြည်သူတွေ၊ ဆိုးယုတ်တဲ့သူတွေနဲ့ အန္တိခရစ်တွေကတော့ သူတို့အရှိအတိုင်း ပြခံရပြီးတော့ လုံးလုံးလျားလျား ရှင်းလင်းခံကြရပါတယ်။ ပြီးတော့ အသင်းတော်လည်း ပိုပိုပြီး သန့်ရှင်းစင်ကြယ်လာပါတယ်။ ဒါကတော့ အောင်မြင်စွာ ပြီးမြောက်သွားတဲ့ ဘုရားရဲ့ တရားစီရင်ခြင်းအမှုရဲ့ ရှောင်လွှဲလို့မရတဲ့ အဆုံးသတ်ပဲ။

၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့မှာတော့ ယီပင်းနဲ့အပေါင်းအပါတွေကို ထုတ်ပယ်ကြောင်းအသိပေးစာ အသင်းတော်ကိုရောက်လာပါတယ်။ ညီအစ်ကိုမောင်နှမတွေ အားလုံးဝမ်းသာကြပြီးတော့ ဘုရားသခင်ရဲ့ဖြောင့်မတ်မှုကို လှိုက်လှိုက်လှဲလှဲ ချီးမွမ်းခဲ့ကြပါတယ်။ နောက်ဆုံးမှာတော့ အသင်းတော်မှာ ပရမ်းပတာဖြစ်နေတာတွေ တည်ငြိမ်သွားပြီးတော့ ညီအစ်ကိုမောင်နှမတွေလည်း သူတို့ရဲ့ ပုံမှန်အသင်းတော်အသက်တာကို ပြန်ပြီး နေထိုင်ခဲ့တယ်။ ဘုရားသခင်ရဲ့လမ်းညွှန်မှုအတွက် ကျွန်မနှလုံးသားရဲ့အနက်ရှိုင်းဆုံးနေရာကနေ သူ့ကိုကျေးဇူးတင်ခဲ့မိပါတယ်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် ကျွန်မကို နာမကျန်းဖြစ်ခြင်း စမ်းသပ်မှုတစ်လျှောက် လမ်းပြတော်မူခဲ့သည်

ရီမင်း၊ ဟူးဘေးပြည်နယ် သခင်နှင့် ပြန်လည်ဆုံစည်းရသည်ကို ကျွန်မ ဝမ်းမြောက်သည် ယခုနှစ်တွင် ကျွန်မ ၇၈ နှစ်ရှိပြီ ဖြစ်သည်၊ ပြီးလျှင် ကျွန်မသည်...

နောက်ဆုံးတွင် ကျွန်ုပ်၏ ဉာဏ်နီဉာဏ်နက်ကို မြင်ရခြင်း

ရှောင်ချန့် ဟောင်ကောင် ပြီးခဲ့တဲ့နှစ်က ကျွန်မက အသင်းတော်မှာ ယုံကြည်သူအသစ်တွေကို ရေလောင်းနေတာလေ။ အဲဒီအတောအတွင်း၊ ပျိုးထောင်ပေးလို့ရမဲ့...

စစ်ပွဲတွင် စာတန်ကို အနိုင်ယူခြင်း

ချမ်မိုရမ်၊ ဟီနန်စီရင်စု အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များက မိန့်ကြားသည်။ “သင်သည် ဇာတိပကတိကို တွန်းလှန်သည့်အခါ သင့်အတွင်းထဲ၌...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။