ကျွန်မ၏ ခြယ်လှယ်သော နည်းလမ်းများကို စွန့်လွှတ်ခြင်း

23.01.2022

ချန်နော့ ပြင်သစ်နိုင်ငံ

တကယ်တမ်းတော့ ကျွန်မနဲ့အတူ လူသစ်တွေရှိတဲ့အသင်းတော်ကို ပျိုးထောင်ပေးဖို့ အစ်မလင်ကို ခေါင်းဆောင်က အရင်ဦးဆုံး တာဝန်ချပေးတုန်းက ကျွန်မသိပ်မကျေနပ်ဘူး။ အသင်းတော်နှစ်ခုကို ငါတစ်ယောက်တည်း စီမံဖူးတာပဲ။ အသင်းတော်တစ်ခုထဲကို စီမံဖို့အတွက်လေးနဲ့ ငါဘာလို့အဖော်တစ်ယောက် လိုမှာလဲပေါ့။ ဘယ်လိုအောင်မြင်မှုမဆို လူနှစ်ယောက်ကြောင့်ရရှိတာလို့ သေချာပေါက် မြင်ခံရမှာပဲ။ ဒါဆိုရင် ကျွန်မက ထင်ပေါ်မှာမဟုတ်တော့ဘူး။ ဘယ်သူကမှ အထင်ကြီးမှာမဟုတ်ဘူး ပေါ့။ ကျွန်မဘာသာ ကိုင်တွယ်လိုက်ရင် ကျွန်မကို တစ်ယောက်တည်း အများကြီးလုပ်တာကြောင့် လုပ်ကိုင်နိုင်တယ်လို့ ညီအစ်ကိုမောင်နှမတွေက မြင်ကြမယ်။ ကျွန်မက အဲဒီတာဝန်ရဲ့ ကျောရိုးဖြစ်ပြီး မရှိမဖြစ် ဖြစ်လိမ့်မယ်ပေါ့။ တော်တော်ထင်ပေါ်မှာပဲ ပေါ့။ ပြီးတော့ အဖော်နဲ့ဆိုရင် ကျွန်မက အဆုံးအဖြတ်ပေးလို့မရဘူး။ ဒါဆိုရင် ကျွန်မက အာဏာတစ်ဝက်ပဲ ရမှာမဟုတ်ဘူးလား။ အရာရာတိုင်းမှာ ကျွန်မအဖော်ရဲ့ ထင်မြင်ချက်ကို ယူရမယ်။ ကျွန်မက အသုံးမကျသလိုဖြစ်မှာပဲ ပေါ့။ အဲဒီလိုစဉ်းစားတော့ ကျွန်မ အဲဒီအစီအစဉ်ကို တော်တော် ဆန့်ကျင်မိတယ်။ ခေါင်းဆောင်ကများ အမှားတစ်ခုလုပ်မိတာလား၊ ကျွန်မကို အထင်သေးတာလားဆိုပြီး တွေးမိတယ်။ တခြားအသင်းတော်တွေအားလုံးက ဦးဆောင်သူနှစ်ယောက်ရှိတာကို ကျွန်မသိတယ်။ ဒါပေမဲ့ ကျွန်မက သူများတွေလိုမဟုတ်ဘဲ အထူးသဖြင့် လုပ်ကိုင်နိုင်တယ်လို့ ခံစားရတယ်။ ကျွန်မက အစ်မလင်ကို လုံးဝဘေးဖယ်ထားခဲ့တယ်။ ကျွန်မလုပ်တာတွေ အများကြီးကို သူ့ကို ပြောတောင်ပြောမပြဘူး။ တစ်ခါတော့ အဖွဲ့ဝင်တချို့ ထွက်သွားလို့ အဖွဲ့နှစ်ဖွဲ့က ပေါင်းဖို့လိုလာရော။ ကျွန်မက အဲဒီလိုရိုးရှင်းတဲ့ကိစ္စကို ကျွန်မဘာသာလုပ်နိုင်တယ်လို့ တွက်လိုက်တယ်။ အဲဒီကိစ္စတွေအားလုံး အရင်က ကျွန်မ ကိုင်တွယ်ဖူးတယ်ဆိုတော့ ဆွေးနွေးဖို့ မလိုဘူးပေါ့။ ကျွန်မပဲ သူတို့ကို ပေါင်းလိုက်တယ်။ အစ်မလင်က မေးတော့ ကျွန်မကြည့်လုပ်လိုက်ပြီလို့ ယုံကြည်မှုရှိရှိနဲ့ ပြောလိုက်တယ်။ နောက်တစ်ခါမှာတော့ ခေါင်းဆောင်တစ်ယောက်က ဧဝံဂေလိမျှဝေဖို့အတွက် ဘယ်လူသစ်တွေကို ပျိုးထောင်ပေးလို့ရမလဲဆိုတာ ကျွန်မတို့ကို ကြည့်ခိုင်းတယ်။ အဲဒါနဲ့ ကျွန်မက အလားအလာကောင်းသူတွေကို အဖွဲ့တစ်ဖွဲ့ တိုက်ရိုက်ဖွဲ့လိုက်တယ်။ သူတို့တွေက အဲဒီအလုပ်အတွက် စည်းမျဉ်းတွေကို သင်ယူနေတုန်းမှာ တစ်ယောက်က သူ့အလုပ်နဲ့ ရှုပ်နေတာကို ကျွန်မ သတိပြုမိလိုက်တယ်။ ကျွန်မက အဲဒီအဖွဲ့ကနေ သူ့ကို တစ်ဖက်သတ် ပြောင်းရွှေ့လိုက်ပြီး သူ့ရဲ့တာဝန်ထမ်းဆောင်ခွင့်ကို ရုတ်သိမ်းလိုက်တယ်။ ဧဝံဂေလိအလုပ်ကို ဦးဆောင်သူ အစ်ကိုကျန်းက သိသွားတော့ ကျွန်မက ကျွန်မအဖော်မပါဘဲနဲ့ ဆုံးဖြတ်ချက်တွေချတဲ့အပြင် အာဏာရှင်ဆန်ပြီး ထင်ရာလုပ်နေတယ်လို့ ပြောပြီးတော့ ကျွန်မကို ကိုင်တွယ်ဖြေရှင်းခဲ့တယ်။ အဲဒီအချိန်တုန်းက သူမှန်ပါတယ်လို့ပဲ ကျွန်မပြောခဲ့တယ်။ ဒါပေမဲ့ ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးမှုက အဲလောက်ဆိုးတယ်လို့ စိတ်ထဲမှာတော့ မယုံခဲ့ဘူး။

အဲဒီလိုမျိုးတွေ အများကြီးဖြစ်ပြီးတဲ့နောက်မှာ တစ်ရက်ကျတော့ အစ်မလင်က ကျွန်မကိုရှာပြီး ပြောတယ်။ “အစ်မတို့က လုပ်ဖော်ကိုင်ဖက်တွေပါ။ ညီမက တစ်ယောက်တည်း လုပ်နိုင်ရင်တောင် အစ်မကို အသိပေးသင့်တယ်။ ဒါဆိုရင် အစ်မတို့အလုပ်က ဘယ်လိုတိုးတက်နေတယ်ဆိုတာ အစ်မလည်းသိတာပေါ့။ အစ်မကျန်းက သူ့အဖော်နဲ့ ကိစ္စတွေကို ဆွေးနွေးဖို့ အမြဲတမ်း အားစိုက်တယ်။ အရာရာတိုင်းကို သူတို့အတူတူ သေချာဆွေးနွေးကြတယ်” တဲ့။ ကျွန်မစဉ်းစားလိုက်တယ်။ “အစ်မကို ပြောရင်လည်း အစ်မက ကျွန်မအကြံကို ယူမှာပဲဆိုတော့ ဒါက လုပ်ရိုးလုပ်စဉ်ပဲ မဟုတ်လား။ လူတွေက တစ်ခုခုကို ဘယ်လိုလုပ်ရမှန်းမသိလို့ပဲ မေးကြတာ။ အဆင်ပြေအောင် ကျွန်မစီမံနိုင်နေရင် ဘာလို့ဒုက္ခခံ မေးရမှာလဲ။ အဖော်ရှိတာက ဗျာများတယ်။ အစ်မကို အကုန်လုံး ပြောပြနေရတာ။ ကျွန်မက အထက်လူကြီးကို တင်ပြနေရတဲ့ လက်အောက်ငယ်သားလိုဖြစ်နေပြီး အသုံးမကျသလိုဖြစ်နေမှာ” ဆိုပြီးတော့လေ။ သူကျွန်မကို သုံး လေးကြိမ်လောက် ထပ်ပြောသေးတယ်။ ဒါပေမဲ့ ကျွန်မက အရင်ပုံစံအတိုင်းပဲ ဆက်လုပ်နေခဲ့တယ်။ တစ်ခါတလေ သူကျွန်မကို တချို့ကိစ္စတွေ မေးတယ်။ ဒါပေမဲ့ ကျွန်မက အဖက်မလုပ်ဘူး။ ကျွန်မတို့ ဆွေးနွေးပြီးသားကိစ္စတွေကို သူမေးတယ်လို့ ကျွန်မတွေးမိတာကြောင့် သူ့ကို လျစ်လျူရှုလိုက်တယ်။ အလုပ်ကိစ္စ ဆွေးနွေးတဲ့အခါတွေမှာ တစ်ခါတလေ သူခဏခဏ သက်ပြင်းချနေတာကို ကျွန်မကြားရတယ်။ ကျွန်မကြောင့် သူစိတ်ကျဉ်းကျပ်နေတာများလားလို့ ကျွန်မတွေးမိရော။ ကျွန်မနည်းနည်းတော့ စိတ်မကောင်းဖြစ်မိတယ်။ ဒါပေမဲ့ ကျွန်မ သူ့အပေါ် ဘာမှမလုပ်ထားပါဘူးလို့ တွေးမိတယ်။ အဲဒါနဲ့ ကျွန်မ ဒါကို အလေးအနက်မထားခဲ့ဘူး။ တစ်နေ့မှာ သူကျွန်မကို မေးလာတယ်။ “ဒီအသင်းတော်ကို ညီမဘာသာ စီမံနိုင်တယ်မဟုတ်လား” တဲ့။ အဲဒီအချိန်တုန်းက ကျွန်မကို ဘာကြောင့် အဲဒီလိုမေးသလဲဆိုတာ နားမလည်ခဲ့ဘူး။ သူရွှေ့ပြောင်းတော့မှာလားလို့ ကျွန်မတွေးမိတယ်။ ဒါဆို တော်တော်ကောင်းမှာပဲ၊ သူ့ကို တင်ပြစရာမလိုတော့ဘဲ ဦးဆောင်လို့ရပြီလို့ ကျွန်မတွေးမိတယ်။ ကျွန်မက “စီမံနိုင်ပါတယ်” လို့ပဲ ပြောလိုက်တယ်။ သူက တစ်ခွန်းမှ မပြောတော့ဘူး။ နောက်ပိုင်းမှာ သူက ကျွန်မကြောင့် တကယ်ကို စိတ်ကျဉ်းကြပ်သလိုခံစားရတယ်၊ ဘာမှကို သူမလုပ်နိုင်သလိုဖြစ်ပြီး အလုပ်ထွက်ချင်တယ်ဆိုတာ ကျွန်မသိလိုက်ရတယ်။ ကျွန်မက သူ့အပေါ် သဘောထားကောင်း မပြခဲ့ဘူးလို့ပဲ အသိအမှတ်ပြုခဲ့တယ်။ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ် သိပ်ပြီး မဆင်ခြင်ခဲ့ဘူး။

ခေါင်းဆောင်က အစ်မလင်ကို တခြားပရောဂျက်တစ်ခုမှာ သူ့ရဲ့ အားထုတ်မှုတွေကို အာရုံစိုက်ခိုင်းတယ်။ အဲဒါနဲ့ ပိုများတဲ့ အသင်းတော်အလုပ်တွေကို ကျွန်မ တာဝန်ယူလာရတာပေါ့။ ကျွန်မက နောက်ဆုံးတော့ ကိုယ့်ကျွမ်းကျင်မှုတွေကို ကြွားလို့ရပြီ၊ အပြည့်အဝဆုံးဖြတ်ပိုင်ခွင့်ရှိပြီဆိုပြီး တိတ်တိတ်လေး ကျေနပ်နေခဲ့တယ်။ ဒါပေမဲ့ ကိစ္စတွေက လုံးဝ အဲဒီလို ဖြစ်မလာခဲ့ဘူး။ ကျွန်မတာဝန်က သိသိသာသာကို အများကြီး ပိုခက်လာတယ်။ ပြီးတော့ ညီအစ်ကို မောင်နှမတွေက သူတို့တာဝန်မှာ ပြဿနာရှိတဲ့အခါ ကျွန်မက အချက်အချာကို မမြင်နိုင်တော့ အရင်းအမြစ်ကနေ မဖြေရှင်းနိုင်ဘူး။ နည်းနည်းလောက်ကြာတော့ စုဝေးပွဲကို ပုံမှန်မလာကြတဲ့ လူသစ်တွေက ပိုပိုများလာတယ်။ ကျွန်မအလုပ်လုပ်တာက အဆိုးဆုံးဖြစ်နေတယ်လို့ ခေါင်းဆောင်က ကျွန်မကို ပြောတယ်။ အစ်မလင်ကလည်း ကျွန်မပြဿနာတွေကို ခဏခဏ ထောက်ပြတယ်။ ကျွန်မက တစ်ကိုယ်တည်းသမားဖြစ်ပြီး သူများတွေနဲ့ မတိုင်ပင်ဘူး၊ အမှုကိစ္စတွေမှာ သမ္မာတရားကို မရှာဖွေဘူးလို့ပြောတယ်။ ကျွန်မက အဲဒီတုန်းက တော်တော်တင်းခံနေပြီး လက်မခံခဲ့ဘူး။ ကိုယ့်ကိုယ်ကိုယ် မဆင်ခြင်ခဲ့ဘူး။ ကျွန်မအခြေအနေက အဲဒီနောက်မှာ ပိုပိုဆိုးလာပြီး လူကလည်း ယောင်ချာချာဖြစ်လာတယ်။ တစ်နေ့မှာ ခေါင်းဆောင်က ကျွန်မအခြေအနေနဲ့ပတ်သက်လို့ ကျွန်မနဲ့ စကားပြောချင်တယ်ဆိုပြီး တခြားအစ်မတစ်ယောက်နဲ့ အစည်းအဝေးတစ်ခု စီစဉ်တယ်။ အဲဒီအစ်မရဲ့ အလုပ်စွမ်းဆောင်မှုကလည်း ညံ့တယ်လို့ ကျွန်မကြားတယ်။ ဒီတော့ ခေါင်းဆောင်က ကျွန်မကို သူ့လိုပဲလို့ ထင်တဲ့သဘောပဲဆိုပြီး ကျွန်မတွေးမိတယ်။ ကျွန်မကြောက်သလိုလိုဖြစ်သွားရော။ ကျွန်မပြဿနာက တကယ်ကို အဲဒီလောက်ဆိုးလို့လား။ ကျွန်မတာဝန်ကို ဆုံးရှုံးရတော့မှာလားပေါ့။ အရင်က အသင်းတော်နှစ်ခုကို ကျွန်မစီမံတုန်းက အရာရာအဆင်ပြေတယ်။ အခု တစ်ခုထဲကျမှ၊ ကိုယ်အကျွမ်းတဝင်ရှိတဲ့ အလုပ်ကိုလုပ်မှ၊ အရင်က လုပ်ဖူးတဲ့ဟာကျမှ ဘာလို့ကောင်းကောင်းမလုပ်နိုင်ရတာလဲပေါ့။ ကျွန်မတစ်ခုခုလွဲနေလို့ဖြစ်ရမယ်ပေါ့။ ကျွန်မဘုရားရှေ့တိုးဝင်ပြီး ဆုတောင်းတယ်။ ကျွန်မပြဿနာကို ဆင်ခြင်ပြီး နားလည်အောင် လမ်းပြဖို့ တောင်းလျှောက်လိုက်တယ်။ နောက်တော့ တစ်နေ့မှာ ဒီဘုရားနှုတ်ကပတ်တော်အပိုဒ်ကို ကျွန်မဖတ်တယ်။ “လူနှစ်ယောက်သည် တစ်စုံတစ်ခုအတွက် တာဝန်ရှိသည့်အခါ၊ တစ်ယောက်က အန္တိခရစ်အနှစ်သာရရှိသည့်အခါတွင် ဤလူ၌ မည်သည့်အရာကို ထုတ်ဖော်ပြသနည်း။ မည်သည့်အရာဖြစ်စေ ၎င်းတို့သာလျှင် စတင်လုပ်ဆောင်သူ၊ မေးခွန်းများမေးသူ၊ ကိစ္စများကို ဖြေရှင်းသူ၊ ဖြေရှင်းချက်ကို စိတ်ကူးရသူများဖြစ်သည်။ အချိန်အများစုတွင် ၎င်းတို့သည် ၎င်းတို့၏ အဖော်ကို လုံးလုံး ထိန်ချန်ထားသည်။ ၎င်းတို့အမြင်တွင် ၎င်းတို့၏ အဖော်သည် အဘယ်နည်း။ ၎င်းတို့၏ လက်ထောက်အဖြစ်မဟုတ်ဘဲ အယောင်ပြသက်သက်သာဖြစ်သည်။ အန္တိခရစ်၏ အမြင်တွင် သူတို့သည် တကယ်ကို ၎င်းတို့၏ အဖော်မဟုတ်ပေ။ ပြဿနာတစ်ခုရှိသည့်အခါတိုင်းတွင် အန္တိခရစ်သည် ၎င်းတို့၏ စိတ်တွင် သေချာတွေးကြည့်လိုက်ပြီး စားမြုံပြန်သည်။ လုပ်ဆောင်မှုလမ်းကြောင်းတစ်ခုကို ၎င်းတို့ ဆုံးဖြတ်ပြီးသည်နှင့် ဤသည်မှာ ပြုလုပ်ရမည့်နည်းလမ်းဖြစ်သည်ဟု လူတိုင်းအား အသိပေးပြီး မည်သူ့ကိုမျှ မေးခွန်းထုတ်ခွင့်မပြုပေ။ ၎င်းတို့၏ သူတစ်ပါးတို့နှင့် ပူးပေါင်းလုပ်ဆောင်ခြင်းတွင် အနှစ်သာရသည် အဘယ်နည်း။ အမှန်တကယ်တွင် ၎င်းတို့က ဆုံးဖြတ်ချက်ချသူဖြစ်သည်။ ၎င်းတို့သည် သူတို့ဘာသာ စကားပြောဆိုလျက်၊ ပြဿနာဖြေရှင်းလျက်၊ အလုပ်လုပ်လျက်ဖြင့် တစ်ဦးတည်းသာ လုပ်ဆောင်သည်။ ၎င်းတို့၏ အဖော်များက အယောင်ပြသက်သက်ပင်ဖြစ်သည်။ ပြီးလျှင် မည်သူနှင့်မျှ အတူမလုပ်ကိုင်နိုင်လျက်ဖြင့် ၎င်းတို့သည် ၎င်းတို့၏အလုပ်ကို အခြားလူများနှင့် မိတ်သဟာယပြုသလော။ မပြုပေ။ ကိစ္စများစွာတွင် ၎င်းတို့က ပြီးဆုံးပြီးနှင့်သောအခါမှသာ၊ သို့မဟုတ် ဖြေရှင်းပြီးသောအခါမှသာ အခြားလူတို့က သိရသည်။ အခြားလူတို့က သူတို့ကို ‘ပြဿနာအားလုံးကို ကျွန်ုပ်တို့နှင့် ဆွေးနွေးရမည်။ မည်သည့်အချိန်တွင် ထိုသူနှင့် သင် ကိုင်တွယ်ဖြေရှင်းခဲ့သနည်း။ သူ့ကို မည်သို့ ကိုင်တွယ်ခဲ့သနည်း။ ထိုအကြောင်းကို ကျွန်ုပ်တို့ မည်သို့ဖြစ်၍ မသိရှိရသနည်း။’ ဟု ပြောဆိုကြသည်။ ၎င်းတို့က ရှင်းပြချက် မပေးသကဲ့သို့ မည်သည့် အလေးထားမှုမျှ မရှိပေ။ ၎င်းတို့အတွက် ၎င်းတို့အဖော်သည် အသုံးမဝင်ပေ။ တစ်ခုခုဖြစ်သောအခါတွင် ၎င်းတို့က သေချာစဉ်းစားပြီး ၎င်းတို့စိတ်ဖြင့် ဆုံးဖြတ်ကြသည်။ ၎င်းတို့က သင့်တော်သည်ဟု ထင်မြင်သည့်အတိုင်း ပြုမူကြသည်။ ၎င်းတို့အနီးတွင် လူမည်မျှရှိပါစေ ထိုလူများ မရှိနေသကဲ့သို့ဖြစ်သည်။ အန္တိခရစ်များအတွက် ထိုသူတို့သည် လေပင် ဖြစ်ကောင်းဖြစ်နေနိုင်သည်။ ဤပုံစံဖြင့် သူတစ်ပါးတို့နှင့် ၎င်းတို့ ပူးပေါင်းဆောင်ရွက်မှုတွင် စစ်မှန်သည့်အရာတစ်ခုခု ထွက်ပေါ်လာသလော။ မထွက်ပေါ်ပေ။ ၎င်းတို့သည် အယောင်ဆောင်ပုံဖမ်းကာ ဟန်ဆောင်လုပ်ပြနေခြင်း ဖြစ်သည်။ တခြားလူများက ၎င်းတို့အား ‘ပြဿနာတစ်ခုကြုံရသည့်အခါ အဘယ်ကြောင့် အခြားလူတိုင်းနှင့် မိတ်သဟာယမပြုသနည်း’ ဟု ပြောကြပြီး ၎င်းတို့က ‘သူတို့က ဘာကိုသိသနည်း။ ကျွန်ုပ်က အသင်းခေါင်းဆောင်ဖြစ်သည်။ ဆုံးဖြတ်ရန် ကျွန်ုပ်အပေါ် မူတည်သည်။’ ဟု ပြန်ပြောကြသည်။ အခြားလူတို့က ‘သင့်အဖော်နှင့် အဘယ်ကြောင့် မိတ်သဟာယမပြုသနည်း’ ဟုပြောသည်။ ၎င်းတို့က ‘သူ့ကို ကျွန်ုပ်ပြောခဲ့သည်။ သူ့တွင် ထင်မြင်ချက်မရှိ။’ ဟု ပြန်ပြောဆိုကြသည်။ ၎င်းတို့ ထင်ရာစိုင်းနေသည်ဟူသည့်အချက်ကို မရှင်းမလင်း ဖြစ်သွားစေရန်အတွက် ဆင်ခြေတစ်ခုအနေဖြင့် ၎င်းတို့အဖော်၏ ထင်မြင်ချက်မရှိခြင်း၊ သို့မဟုတ် သူတို့ဘာသာ မစဉ်းစားနိုင်ခြင်းတို့ကို အသုံးပြုသည်။ ပြီးလျှင် သမ္မာတရားကို လက်ခံဖို့ မဆိုထားနှင့်၊ ဤအရာပြီးနောက်တွင် မိမိကိုယ်ကို ပြန်လည်ဆန်းစစ်ခြင်း နည်းနည်းမျှ မရှိပေ။ ယင်းမှာ မဖြစ်နိုင်ပေ။ ဤသည်မှာ အန္တိခရစ်၏သဘာဝနှင့် ပတ်သက်သည့် ပြဿနာတစ်ခုဖြစ်သည်။(အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “၎င်းတို့သည် အခြားသူများအား သမ္မာတရား သို့မဟုတ် ဘုရာသခင်ကို မနာခံစေဘဲ၊ ၎င်းတို့ကိုသာ နာခံစေသည် (အပိုင်း ၁)”) ဒီအပိုဒ်က ကျွန်မကို တကယ်စိတ်ထိခိုက်စေတယ်။ စကားလုံးတိုင်းဟာ ဘုရားသခင်က ကျွန်မကို တိုက်ရိုက် ဖော်ထုတ်နေသလိုပဲ။ အရာရာတိုင်းမှာ အမြဲတမ်း ဆုံးဖြတ်ပိုင်ခွင့်ရှိချင်တာ၊ အစ်မလင်ကို သူရှိမနေသလိုမျိုးဆက်ဆံတာ၊ ကျွန်မလုပ်နိုင်တယ်ဆိုတဲ့ ဆင်ခြေနဲ့ သူ့ကို မတိုင်ပင်တာတွေဟာ အာဏာရှင်ဆန်ပြီး အန္တိခရစ်ရဲ့လမ်းကြောင်းကို လျှောက်နေတာပဲဆိုတာ ကျွန်မ နောက်ဆုံးမှာ မြင်ခဲ့တယ်။ ကျွန်မက တစ်လျှောက်လုံး ကျွန်မတာဝန်ကို အဲဒီလိုလုပ်နေခဲ့တာပဲ။ အဲဒီနှစ်ဖွဲ့ကို ပေါင်းလိုက်တုန်းက အစ်မလင်နဲ့ မဆွေးနွေးဘဲ ကျွန်မလုပ်ခဲ့တယ်။ ပြီးသွားတာကိုတောင် ကျွန်မ သူ့ကို မပြောခဲ့ဘူး။ လူသစ်တစ်ယောက်က သူ့အလုပ်နဲ့ ရှုပ်နေတာကို ကျွန်မမြင်တော့ အကောင်းဆုံး လုပ်ဆောင်မှုလမ်းကြောင်းကို မဆွေးနွေးခဲ့ဘူး။ သူ့ကို အဖွဲ့ကနေ တိုက်ရိုက်ထုတ်ပစ်ပြီး သူ့တာဝန်ကနေ ဖယ်ရှားလိုက်တယ်။ အစ်မလင်က ပရောဂျက်တွေနဲ့ ယုံကြည်သူအသစ်တွေအကြောင်းမေးတဲ့အခါ ကျွန်မက စိတ်ရှည်ရှည်နဲ့ မတုံ့ပြန်ခဲ့ဘဲ စိတ်တိုခဲ့တယ်။ ကျွန်မက သူ့အောက်ကလိုမျိုး အထက်လူကြီးကို တင်ပြရသလိုမျိုးလို့ ထင်ပြီး သူ့ကို အထင်အမြင်သေးခဲ့တယ်။ အမြဲတမ်း ဆုံးဖြတ်ပိုင်ခွင့်ရှိချင်ပြီး အာဏာရချင်ခဲ့တယ်။ ကျွန်မက တာဝန်မှာ အာဏာရှင်ဆန်ပြီး ထင်ရာလုပ်ခဲ့တာပါ။ ဘယ်သူနဲ့မှ တွဲမလုပ်ချင်ခဲ့ဘဲ ကျွန်မ သူ့ကို စိတ်တင်းကျပ်စေခဲ့တယ်။ ဒါက တာဝန်ထမ်းဆောင်နေတာ မဟုတ်ပါဘူး။ ဘုရားအိမ်တော်ရဲ့ အလုပ်ကို နှောင့်ယှက်ပြီး စာတန်ရဲ့ လက်ပါးစေအဖြစ် လုပ်ဆောင်နေတာပါ။

နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မဖတ်တယ်။ “အန္တိခရစ်အချို့က ‘ပြဿနာတစ်ခုကို ကျွန်ုပ် ကြုံရသည့်အခါတွင် ကျွန်ုပ်က ဆုံးဖြတ်ချင်သည်။ မည်သူနှင့်မျှ မဆွေးနွေးလိုပေ။ ယင်းသည် ကျွန်ုပ်ကို တုံးအပြီး အရည်အချင်းမရှိသည့်ပုံစံဖြစ်စေသည်။’ ဟု ပြောသည်။ ဤသည်မှာ အဘယ်သို့သော အမြင်မျိုးဖြစ်သနည်း။ ဤသည်မှာ မာနထောင်လွှားသော စိတ်သဘောထားတစ်ခုဖြစ်သလော။ အမှုကိစ္စများကို သူတစ်ပါးတို့နှင့် ပူးပေါင်းဆောင်ရွက်ပြီး ဆွေးနွေးခြင်းသည်၊ ၎င်းတို့ထံမှ အဖြေကို ရှာဖွေပြီး မေးခွန်းများမေးခြင်းသည် သိက္ခာမရှိဖြစ်ပြီး အောက်ကျသည်၊ ကိုယ့်ကိုယ်ကိုယ် လေးစားမှုအား ထိခိုက်စေခြင်းဖြစ်သည်ဟု ၎င်းတို့က ထင်ကြသည်။ ထို့ကြောင့် ၎င်းတို့၏ မိမိကိုယ်ကို လေးစားမှုအား ကာကွယ်ရန်အတွက် ထိုသူတို့နှင့် ဆွေးနွေးဖို့ မဆိုထားနှင့်၊ ၎င်းတို့လုပ်သမျှတွင် ပွင့်လင်းမြင်သာမှုကို ခွင်မပြုသကဲ့သို့ အခြားလူများကိုလည်း မပြောပြပေ။ အခြားလူများနှင့် ဆွေးနွေးခြင်းသည် သူတို့ကိုယ်သူတို့ အရည်အချင်းမရှိဟု ပြခြင်းဖြစ်သည်၊ အခြားလူများ၏ ထင်မြင်ချက်ကို အစဉ်တောင်းခံခြင်းသည် တုံးအခြင်းဖြစ်ပြီး မိမိအတွက် စဉ်းစားနိုင်စွမ်း မရှိခြင်းဖြစ်သည်၊ တာဝန်တစ်ခုကို ပြီးမြောက်အောင် လုပ်ဆောင်ရာတွင်၊ သို့မဟုတ် ပြဿနာအချို့ကို ဖြေရှင်းရာတွင် အခြားလူတို့နှင့် အလုပ်လုပ်ခြင်းသည် ၎င်းတို့အား အသုံးမဝင်သည့် ပုံစံပေါ်စေသည်ဟု ၎င်းတို့က ထင်မြင်ကြသည်။ ဤသည်မှာ ၎င်းတို့ စိတ်နှလုံးတွင်ရှိသော အဓိပ္ပာယ်မရှိသည့် အမြင်ရှုထောင့်မဟုတ်သလော။ ပြီးလျှင် ဤသည်မှာ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားဖြစ်သလော။ ၎င်းတို့စိတ်သည် ဤသို့သော စိတ်သဘောထားဖြင့် အုပ်စိုးခံရသည့်အခါ ၎င်းတို့သည် သူတစ်ပါးတို့နှင့် ကောင်းစွာ အလုပ်လုပ်ဖို့ မတတ်နိုင်ကြပေ။ ဤတွင် မာနထောင်လွှားမှုနှင့် မိမိကိုယ်ကို အမှန်ဟုထင်မြင်မှုပါဝင်သလော။ မေးစရာမလိုပေ။ ၎င်းတို့က မှန်ကန်သည်၊ ၎င်းတို့သည် ဦးဆောင်သူဖြစ်သင့်ပြီး ဆုံးဖြတ်ချက်ပေးသင့်သည်ဟု အစဉ် ထင်မြင်ကြသည်။ ဤသည်မှာ ၎င်းတို့၏ စိတ်အခြေအနေဖြစ်သလော။ တစ်ဖက်တွင် ယင်းသည် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်အခြေအနေနှင့် အရင်းခံအကြောင်းတို့ဖြစ်ပြီး အထူးသဖြင့် ယင်းသည် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားဖြစ်သည်။ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ တစ်စိတ်တစ်ဒေသ အနေဖြင့်၊ ၎င်းတို့က အခြားလူများနှင့် အလုပ်လုပ်ခြင်းသည် ၎င်းတို့၏ အာဏာကို လျော့ကျစေပြီး ပြိုကွဲစေသည်၊ အလုပ်ကို အခြားလူတို့နှင့် ဝိုင်းလုပ်သည့်အခါ ၎င်းတို့၏ ကိုယ်ပိုင်အာဏာသည် လျော့နည်းသွားသည်ဟု ယုံကြည်ကြသည်။ ဆုံးဖြတ်ပိုင်ခွင့် လျော့နည်းခြင်းသည် တကယ့်အာဏာကင်းမဲ့ခြင်းနှင့် ညီမျှပြီး ၎င်းတို့အတွက် ကြီးမားသော ဆုံးရှုံးမှုဖြစ်သည်။ ထို့ကြောင့် မည်သည့်ပြဿနာကို ၎င်းတို့ ကြုံရသည်ဖြစ်စေ၊ ၎င်းတို့က အခွင့်အရေးရလျှင်၊ ၎င်းတို့ကိုယ်တိုင် လုပ်ဆောင်နိုင်လျှင် မည်သူနှင့်မျှ ဆွေးနွေးမည် မဟုတ်ပေ။ အခြားလူတို့ကို ပေးသိရမည့်အစား အမှားပြုလုပ်မိဖို့သာ ပိုနှစ်သက်သည်။ အခြားတစ်ယောက်ယောက်နှင့် အာဏာကို မျှဝေမည့်အစား အမှားပြုလုပ်ဖို့ ပိုနှစ်သက်သည်။ အခြားလူများကို ၎င်းတို့အလုပ်အား ကိုင်တွယ်ခွင့်ပေးမည့်အစား ထုတ်ပယ်ခံရဖို့ကိုသာ ပိုနှစ်သက်သည်။ ဤသည်မှာ အန္တိခရစ်တစ်ဦး ဖြစ်သည်။ ၎င်းတို့သည် ၎င်းတို့၏ အာဏာကို အခြားတစ်ယောက်ယောက်နှင့် မျှဝေမည့်အစား ဘုရားအိမ်တော်၏ အကျိုးစီးပွားကိုသာ ထိခိုက်စေမည်။ ဘုရားအိမ်တော်၏ အကျိုးစီးပွားကိုသာ အလောင်းအစားလုပ်မည်။ ၎င်းတို့သည် အလုပ်အစိတ်အပိုင်းတစ်ခု၊ သို့မဟုတ် အချို့ကိစ္စများကို ကိုင်တွယ်သည့်အခါတွင် သမ္မာတရားကို ၎င်းတို့နားလည်ပြီး ၎င်းတို့ကိုယ်တိုင် လုပ်ကိုင်နိုင်စွမ်းရှိသရွေ့ အခြားမည်သူနှင့်မျှ ပူးပေါင်းဆောင်ရွက်ရန်မလိုသကဲ့သို့ စည်းမျဉ်းများရှာရန်လည်း မလိုအပ်ဟု ထင်မြင်ကြသည်။ တစ်ဦးတည်းဆောင်ရွက်ပြီး ပြီးမြောက်သင့်သည်၊ ဤသည်ကသာ ၎င်းတို့ကို အရည်အချင်း ရှိစေသည်ဟု ထင်ကြသည်။ ဤမူမမှန်သည့် အကြောင်းပြချက်အောက်တွင် ၎င်းတို့သည် ၎င်းတို့၏ ရည်ရွယ်ချက်ကို စွမ်းဆောင်ရရှိကြသည်။ မိမိတို့ကိုယ်ကို ကြော်ငြာဖို့အတွက်၊ မိမိတို့ကိုယ်ကို အသိအမှတ်ပြုခံရရန်အတွက်၊ အာဏာကိုင်စွဲရန်အတွက် ၎င်းတို့ တတ်နိုင်သမျှ လုပ်ဆောင်ကြသည်။ ထို့ကြောင့် အန္တိခရစ်တို့သည် ၎င်းတို့ကိုင်စွဲသည့် အာဏာအပေါ် စွဲလန်းကြပြီး ယင်းကို မည်သည့်အခါမျှ လုံးဝ စွန့်လွှတ်မည်မဟုတ်ပေ။(အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “၎င်းတို့သည် အခြားသူများအား သမ္မာတရား သို့မဟုတ် ဘုရာသခင်ကို မနာခံစေဘဲ၊ ၎င်းတို့ကိုသာ နာခံစေသည် (အပိုင်း ၁)”) ကျွန်မ ဒါကိုဖတ်တော့ ကျွန်မက အရမ်းခြယ်လှယ်တတ်ပြီး သူများတွေနဲ့ တွဲလုပ်ဖို့ မလိုလားတဲ့ အကြောင်းပြချက်က အသင်းတော်အလုပ်မှာ လူတွေ ပိုပြီးပါဝင်လာရင် ကျွန်မအာဏာက ခွဲခံရပြီး ကျွန်မက အဆုံးအဖြတ်ပေးတဲ့ တစ်ယောက်တည်းသော ဦးဆောင်သူမဖြစ်မှာ၊ သူများတွေရဲ့ လေးစားမှုကို မရမှာကို စိုးရိမ်နေခဲ့တာကြောင့်ပဲဆိုတာ ကျွန်မဆင်ခြင်မိခဲ့ပါတယ်။ အစ်မလင်နဲ့ လက်တွဲလုပ်နေတုန်းမှာ ကျွန်မအနေနဲ့ အရင်က လူသစ်တွေရဲ့ အသင်းတော်ကို တာဝန်ယူဖူးတာကြောင့် ကျွန်မက အတွေ့အကြုံရှိတယ်၊ ဒါကို လုပ်တတ်တယ်။ လုပ်နိုင်စွမ်းရှိတယ်လို့ ထင်ခဲ့တယ်။ ကျွန်မက ဒါကို အရင်းအနှီးပြုပြီး မာနထောင်လွှားလာတယ်။ ကျွန်မက ထူးခြားသူဖြစ်ပြီး ပိုမြင့်တဲ့အဆင့်မှာ ရှိသင့်တယ်လို့ တွေးရင်းပေါ့။ သူက ကျွန်မကို တစ်ခုခုမလုပ်ခင်မှာ သူ့ကို အသိပေးစေချင်ခဲ့တယ်။ ဒါပေမဲ့ သူနဲ့ ဆွေးနွေးတာက ကျွန်မကို အရည်အချင်းမရှိတဲ့ပုံပေါ်စေမှာပဲလို့ ခံစားရတာကြောင့် ကိစ္စတွေကို ကိုယ့်ဘာသာလုပ်တယ်။ ရံဖန်ရံခါမှာတော့ ကျွန်မ သူနဲ့တိုင်ပင်သင့်လား တွေးမိတယ်။ ဒါပေမဲ့ ကြွားဝါပြီး သူများတွေ လေးစားတာကို ရဖို့အတွက် သူ့မှာ ဝေမျှစရာ ထင်မြင်ချက်ရှိမှာမဟုတ်ဘူး၊ ဘာပဲဖြစ်ဖြစ် ကျွန်မနဲ့ သဘောတူမှာပဲဆိုတဲ့ ဆင်ခြေပေးခဲ့တယ်။ အသင်းတော်က ကျွန်မတို့နှစ်ယောက်ကို အသင်းတော်အလုပ် အတူတူလုပ်ဖို့ စီစဉ်ခဲ့တယ်။ သူက အလုပ်အမျိုးအစားတိုင်းမှာ ပါဝင်ခွင့်၊ အလုပ်ရဲ့ အသေးစိတ်အချက်အလက်နဲ့ တိုးတက်မှုကို သိခွင့် ရှိပါတယ်။ ဒါပေမဲ့ ကျွန်မက ကိစ္စတွေကို ကိုယ့်ဘာသာလုပ်ဖို့ သူ့ကို ဘေးဖယ်ထားခဲ့ပြီး သူ့ရဲ့သိပိုင်ခွင့်နဲ့ ပြောပိုင်ခွင့်ကို ယူပစ်ခဲ့တယ်။ သူ့ကို ဟန်ပြအဖြစ် ထားခဲ့တယ်။ သူ့ကို ဝင်ပါခွင့်မပေးဘဲနဲ့ အလုပ်အားလုံးကို ကျွန်မလက်ထဲမှာပဲ ထားခဲ့တယ်။ ကျွန်မက ကိုယ်ပိုင်အင်ပါယာကို ထူထောင်နေတဲ့ အန္တိခရစ်တစ်ယောက် ဖြစ်မလာဘူးလား။ အဆင်းနီတဲ့ နဂါးကြီးရဲ့ အာဏာရှင်စနစ်၊ အဆုံးစွန်ချုပ်ကိုင်မှု၊ လူတွေက မေးခွန်းမထုတ်ဘဲ နားထောင်ရမှုတွေကို ကျွန်မစဉ်းစားမိတယ်။ ပြီးတော့ ကျွန်မက ခြယ်လှယ်ပြီး သူများတွေနဲ့ ဆွေးနွေးဖို့ မလိုလားဘဲ ကိုယ်လုပ်သမျှမှာ ဦးဆောင်သူ ဖြစ်ချင်ခဲ့တယ်။ ကျွန်မက အသင်းတော်မှာ အာဏာရှင်ဆန်ပြီး အဆုံးအဖြတ်ပေးခွင့်ရှိခဲ့တယ်။ ကျွန်မက အဆင်းနီတဲ့ နဂါးကြီးနဲ့ ဘယ်လိုကွာခြားခဲ့လို့လဲ။ ဒါကို ကျွန်မ ပိုစဉ်းစားကြည့်လေလေ သူများတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ငြင်းဆန်တဲ့ ကျွန်မပြဿနာက ဆိုးတယ်လို့ မြင်လေလေဖြစ်ပြီး ကျွန်မကြောက်သလိုလိုဖြစ်ခဲ့တယ်။ အသင်းတော်မှာ ခရစ်တော်နဲ့ သမ္မာတရားက အာဏာကိုင်စွဲတာပါ။ ဘာပဲဖြစ်ဖြစ် ကျွန်မတို့က သမ္မာတရားကို ရှာဖွေပြီး အမှုကိစ္စတွေကို စည်းမျဉ်းအတိုင်း လုပ်ဆောင်သင့်တယ်။ ဒါပေမဲ့ ကျွန်မက ကိုယ်ဦးဆောင်တဲ့အသင်းတော်မှာ အမြဲတမ်း ဆုံးဖြတ်ပိုင်ခွင့်ရှိချင်ခဲ့တယ်။ ကျွန်မက အားလုံးရဲ့ ဘုရင်ဖြစ်ချင်နေတာမဟုတ်ဘူးလား။ ကျွန်မက သမ္မာတရားကို ဘယ်လိုလက်တွေ့လုပ်ဆောင်ပြီး ဘုရားအိမ်တော်ရဲ့ အကျိုးစီးပွားတွေကို ဘယ်လိုကာကွယ်ရမယ်ဆိုတာကို မစဉ်းစားဘဲ ကျွန်မရဲ့ တစ်ကိုယ်ရေဆန္ဒတွေ ပြည့်ခြင်းရှိမရှိကိုပဲ စဉ်းစားတယ်။ အဆုံးမှာတော့ ကျွန်မဦးဆောင်နေတဲ့ အသင်းတော်အလုပ်မှာ ဘာတိုးတက်မှုမှ မရှိခဲ့ဘူး။ ကျွန်မက လုံးဝ အတားအဆီးဖြစ်နေခဲ့တယ်။ ဘုရားသခင်က သမ္မာတရားကို ကျွန်မတကယ်လိုက်စားပြီး ယုံကြည်သူအသစ်တွေ လမ်းမှန်ပေါ်မှာ အမြန်ခြေကုပ်ရယူနိုင်ဖို့အတွက် ညီအစ်ကိုမောင်နှမတွေနဲ့ ကောင်းကောင်းလုပ်ပြီး သူတို့ကို ရေလောင်းပေးဖို့ မျှော်လင့်ရင်းနဲ့ ကျွန်မကို အဲဒီတာဝန်ကို လုပ်ဖို့ မြှင့်တင်ပေးခဲ့တယ်။ ဒါပေမဲ့ ကျွန်မက ဒါကို ကြွားဝါဖို့၊ ကျွန်မအာဏာကို အသုံးချဖို့၊ သူများတွေ ကျွန်မကို အထင်ကြီးအောင်လုပ်ဖို့ အခွင့်အရေးတစ်ခုအဖြစ် သဘောထားခဲ့တယ်။ ကျွန်မက ကိုယ့်ကျွမ်းကျင်မှုတွေကို ကြွားဝါရင်းနဲ့ အမြဲတမ်း သြဇာလွှမ်းမိုးချင်ခဲ့တယ်။ ဒါဟာ ဘုရားအိမ်တော်ရဲ့အလုပ်ကို တားဆီးရုံမကဘဲ ညီအစ်ကိုမောင်နှမတွေကို ထိခိုက်စေတဲ့အပြင် ကျွန်မကိုယ်တိုင်ရဲ့ဘဝကိုလည်း နစ်နာစေခဲ့တယ်။

ကျွန်မရဲ့ မှားယွင်းတဲ့အမြင်တွေကို ပြောင်းလဲပစ်လိုက်တဲ့ ဘုရားနှုတ်ကပတ်တော်ကို ဖတ်ပြထားတဲ့ ဗီဒီယိုတစ်ခုကို ကျွန်မကြည့်ခဲ့ရတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “သဟဇာတဖြစ်သော ပူးပေါင်းဆောင်ရွက်ခြင်းတွင် အခြားသူများကို ဆုံးဖြတ်ခွင့်ပေးခြင်းနှင့် အခြား အကြံပြုချက်ပေးခွင့်ပြုခြင်းတို့ လိုအပ်သည်၊ ပြီးလျှင် ယင်းမှာ အခြားသူများ၏ အကူအညီနှင့် အကြံဉာဏ်များကို လက်ခံဖို့ နည်းလမ်းကို သင်ယူခြင်းကို ဆိုလိုသည်။ တစ်ခါတစ်ရံတွင် လူတို့သည် မည်သည့်အရာမျှ မပြောကြပေ၊ သင့်အနေဖြင့် ၎င်းတို့၏ထင်မြင်ယူဆချက်ကို စေ့ဆော်သင့်သည်။ သင်သည် မည်သည့်ပြဿနာကို ကြုံရပါစေ၊ သမ္မာတရား၏ အခြေခံသဘောတရားများကို ရှာဖွေသင့်ပြီး အများသဘောတူညီချက်ရဖို့ ကြိုးစားသင့်သည်။ ဤနည်းလမ်းဖြင့် အမှုကိစ္စများကို လုပ်ဆောင်ခြင်းက သဟဇာတဖြစ်သော ပူးပေါင်းဆောင်ရွက်ခြင်းကို ရရှိလိမ့်မည်။ ခေါင်းဆောင်တစ်ဦး၊ သို့မဟုတ် အမှုတော်ဆောင်တစ်ဦး အနေဖြင့် သင့်ရာထူး၏ အကျိုးအမြတ်များကို အစဉ် ငမ်းငမ်းတက်ဖြစ်ရင်း၊ အမြဲ သင့်ကိုယ်ပိုင် အစီအစဉ်များ ပြုလုပ်လျက်၊ ကိုယ်ပိုင်လုပ်ငန်းကို စီမံကာ အောင်မြင်မှုနှင့် ရာထူးတိုးခြင်းတို့အတွက် အစဉ်ကြိုးစားရင်း၊ သင့်ကိုယ်သင် အခြားသူများ၏ အထက်တွင် ရှိသည်ဟု အစဉ်တွေးထင်ကာ အစိုးရအရာရှိကဲ့သို့ တာဝန်တွင် ပျော်ပါးမြူးထူးနေလျှင်၊ ဤသည်မှာ ပြဿနာဖြစ်ပေသည်။ ဤနည်းအားဖြင့် အစိုးရအရာရှိတစ်ဦးကဲ့သို့ ပြုမူခြင်းသည် အလွန်အမင်း အန္တရာယ်ရှိပေသည်။ ဤသည်မှာ သင်အစဉ် ပြုမူသည့်ပုံစံဖြစ်ပြီး အခြား မည်သူတစ်စုံတစ်ဦးနှင့်မျှ ပူးပေါင်းလိုခြင်းမရှိပါက၊ အခြားသူများကို သင်၏ ဩဇာအာဏာ ခွဲဝေပေးလိုခြင်းမရှိပါက၊ အခြားသူများကို သင့်ထက်ပို၍ အစွမ်းမပြစေလိုပါက၊ သင့်အား အခြားသူများက ကြည်ညိုလေးစားနေသည်ကို မစွန့်လွှတ်လိုပါက— အရာများကို သင်တစ်ဦးတည်းသာ ရလိုပါက သင်သည် အန္တိခရစ်တစ်ဦးဖြစ်သည်။ သို့ရာတွင် သင်သည် သမ္မာတရားကို မကြာခဏ ရှာဖွေလျှင်၊ ဇာတိပကတိ၊ သင်၏ကိုယ်ပိုင် ကြံရွယ်ချက်များနှင့် ဒီဇိုင်းများကို ကျောခိုင်းလျှင်၊ ပြီးလျှင် သင်သည် အခြားသူများနှင့် တိုင်ပင်ဖို့နှင့် ၎င်းတို့၏အကြံပြုချက်ကို ရယူဖို့ သင့်စိတ်နှလုံးကို မကြာခဏ ဖွင့်ပေးလျက် အခြားသူများနှင့် ပူးပေါင်းခြင်းကို အစပြုလုပ်ဆောင်နိုင်ပါက၊ ပြီးလျှင် သင်သည် အခြားသူများ၏ အကြံပေးချက်များကို သဘောတူလက်ခံနိုင်ပြီး ၎င်းတို့၏ အတွေးအခေါ်များနှင့် စကားများကို အသေအချာ နားထောင်နိုင်ပါက သင်သည် မှန်ကန်သော လမ်းကြောင်း၊ မှန်ကန်သော ဦးတည်ချက်၌ သွားနေသည်။ မာနတစ်ခွဲသား လုပ်မနေဘဲ သင်၏ရာထူးကို ဘေးဖယ်ထားလော့။ ဤအရာများကို ဂရုမစိုက်နှင့်၊ ယင်းတို့ကို အရေးမပါသည့် အရာအဖြစ် သဘောထားလော့၊ ပြီးလျှင် ယင်းတို့ကို ဂုဏ်အဆင့်အတန်း၏ အမှတ်အသားအဖြစ် အောင်ဆုအောင်ပန်းအဖြစ် မရှုမြင်လေနှင့်။ သင်နှင့် အခြားသူများသည် တန်းတူဖြစ်သည်ဟု သင်၏စိတ်နှလုံးထဲ၌ ယုံကြည်လော့။ သင့်ကိုယ်သင် အခြားသူများနှင့် တန်းတူရည်တူ အခြေအနေတစ်ခုတွင် ထားရန်နှင့် အခြားသူများထံမှ ၎င်းတို့၏ ထင်မြင်ချက်များကို တောင်းခံဖို့ နှိမ့်ချနိုင်ရန်ပင် သင်ယူလော့။ အခြားသူများ ပြောစရာရှိသည့်အရာကို လေးနက်စွာ၊ သတိကြီးစွာနှင့် အလေးဂရုစိုက်၍ နားထောင်နိုင်ခြင်း ရှိလော့။ ဤနည်းအားဖြင့် သင်သည် သင်နှင့် အခြားသူများအကြား ငြိမ်းချမ်းသော ပူးပေါင်းဆောင်ရွက်ခြင်းကို ပေါက်ဖွားစေလိမ့်မည်။ သို့ဆိုလျှင် ငြိမ်းချမ်းသော ပူးပေါင်းဆောင်ရွက်ခြင်းက မည်သည့်တာဝန်ကို ဖြည့်ဆည်းပေးသနည်း။ ယင်းက အမှန်တကယ်ပင် ကြီးစွာသော တာဝန်တစ်ခုကို ဖြည့်ဆည်းပေးသည်။ ယခင်က သင် တစ်ခါမျှ မရဖူးသည့် အရာများ၊ အသစ်သော အရာများ၊ သာ၍ မြင့်မားသော နယ်ပယ်မှ အရာများကို သင်ရလိမ့်မည်။ သင်သည် အခြားသူများ၏ ကောင်းကွက်များကို သိပြီး ၎င်းတို့၏အားသာချက်များမှ သင်ယူလိမ့်မည်။ ပြီးလျှင် အခြားအရာတစ်ခုလည်း ရှိသေး၏— အခြားသူများကို ပေါကြောင်ကြောင်နိုင်သည်၊ တုံးအသည်၊ မိုက်မဲသည်၊ သင့်ထက်နိမ့်ကျသည်ဟု သင်ထင်မှတ်သည့် သင်၏အယူအဆများ အလယ်မှ ရှုထောင့်များ— သင့်အနေဖြင့် အခြားသူများ၏ အကြံပြုချက်များကို နားထောင်သည့်အခါတွင်ဖြစ်စေ၊ အခြားသူများက သင့်ကို စကားပြောဖို့ ၎င်းတို့၏စိတ်နှလုံးကို ဖွင့်ချသည့်အခါတွင်ဖြစ်စေ မည်သူတစ်ဦးတစ်ယောက်ကမျှ ရိုးအမနေဘဲ မည်သူပင်ဖြစ်ပါစေ လူတိုင်း၌ မှတ်သားလောက်စရာ အတွေးအခေါ်အချို့ ရှိသည်ကို သင်အမှတ်တမဲ့ သဘောပေါက်လာသည်။ ပြီးလျှင် ဤနည်းအားဖြင့် သင်သည် လူတတ်ကြီးတစ်ဦး လုပ်ခြင်းကို ရပ်လိမ့်မည် ဖြစ်သည်၊ သင့်ကိုယ်သင် ထက်မြက်ပြီး အခြားလူတိုင်းထက် သာလွန်သည်ဟု တွေးထင်တော့မည် မဟုတ်ပေ။ ယင်းက အတ္တပေမ အခြေအနေ၊ မိမိကိုယ်ကို နှစ်ထောင်းအားရခြင်း အခြေအနေ၌ ရှင်သန်နေခြင်းမှ သင့်ကို တားဆီးပေးပေသည်။ ယင်းက သင့်ကို ကာကွယ်ပေးသည် မဟုတ်လော။ ယင်းမှာ အခြားသူများနှင့် အလုပ်လုပ်ခြင်း၏ ရလဒ်နှင့် အကျိုးကျေးဇူးတို့ဖြစ်ပေသည်။(အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “၎င်းတို့သည် အခြားသူများအား သမ္မာတရား သို့မဟုတ် ဘုရာသခင်ကို မနာခံစေဘဲ၊ ၎င်းတို့ကိုသာ နာခံစေသည် (အပိုင်း ၁)”) ကျွန်မ ဒါကိုမြင်တော့ ကျွန်မက အစ်မလင်နဲ့ ပူးပေါင်းဆောင်ရွက်လိုစိတ်မရှိဘဲ ကိုယ့်အာဏာကို ခွဲပေးရမှာကြောက်နေတဲ့ အကြောင်းရင်းဟာ ဘုရားက ကျွန်မကို ပေးတဲ့တာဝန်ကို သူ့ရဲ့ စေခိုင်းချက်နဲ့ ကျွန်မရဲ့ တာဝန်အဖြစ် မမြင်တာကြောင့်ဆိုတာ ကျွန်မနားလည်ခဲ့တယ်။ ဒါကို ကျွန်မရဲ့နေရာနဲ့ ကျွန်မသရဖူလိုမျိုး ကိုယ့်တရားဝင်ရာထူးအဖြစ် မှတ်ယူခဲ့တယ်။ သူများတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ငြင်းဆန်တယ်၊ အမြဲတမ်း အောက်ခြေလွတ်နေပြီး တစ်ယောက်တည်း ထင်ပေါ်ချင်ခဲ့တယ်။ ဒါက လွဲမှားတဲ့လမ်းပဲ။ အဲဒီအချိန်ကာလက ထုတ်ဖော်ပြခဲ့တာကတော့ ကျွန်မက သမ္မာတရားနဲ့ ပြဿနာတွေ ဖြေရှင်းနည်းကို မတောက်တခေါက်သာ နားလည်တယ်ဆိုတာပဲ။ ကျွန်မက ကျွန်မတို့အလုပ်ကို ခြုံငုံပြီး မစဉ်းစားသလို ဘယ်လက်တွေ့အလုပ်ကိုမှ သိပ်မလုပ်ခဲ့ဘူး။ အသက်ဝင်ရောက်မှုမှာ ညီအစ်ကိုမောင်နှမတွေရဲ့ ပြဿနာတွေကို ကူညီပေးရတာက သိပ်ခက်ခဲပြီး ကျွန်မဘာသာမလုပ်နိုင်တဲ့ အလုပ်တွေအများကြီးရှိပါတယ်။ ကျွန်မဟာ အလုပ်အတူလုပ်ဖို့၊ ကိစ္စတွေကို ဆွေးနွေးဖို့၊ တုံ့ပြန်ချက် ရယူဖို့၊ ကိုယ့်အားနည်းချက်တွေကို အားဖြည့်ပေးဖို့အတွက် သူတို့ရဲ့အားသာချက်တွေကနေ သင်ယူဖို့ တခြားလူတစ်ယောက်လိုအပ်ခဲ့တာ။ လူ့ဇာတိခံဘုရားသခင်ဟာ လူသားမျိုးနွယ်ရဲ့ ကယ်တင်ခြင်းအတွက် သမ္မာတရားများစွာကို ဖော်ပြပေမဲ့ သူ့ကိုယ်သူ ဘုရားနေရာမှာ လုံးဝ မထားတာကို ကျွန်မစဉ်းစားမိတယ်။ ကိစ္စတွေအများကြီးမှာ လူတွေရဲ့ အကြံပြုချက်တွေကို သူနားထောင်တယ်။ သူနည်းနည်းမှ မာနထောင်လွှားမှုမရှိသလို လုံးဝ မကြွားဝါဘူး။ လူသားမျိုးနွယ်ကို ရေလောင်းပြီး အားဖြည့်ပေးဖို့အတွက် သမ္မာတရားတွေကို အမြဲတမ်း တိတ်တဆိတ် သူဖော်ပြတာ။ ဘုရားသခင်ရဲ့ အနှစ်သာရက ဘယ်လောက်ကြင်နာပြီး ချစ်ဖွယ်ဖြစ်တယ်ဆိုတာ ကျွန်မမြင်ခဲ့တယ်။ ဒါပေမဲ့ ကျွန်မက စာတန်ရဲ့ ဖျက်ဆီးခြင်းကို ခံရတယ်။ ဆိုးယုတ်တဲ့ စိတ်သဘောထားတွေ ပြည့်နေပြီး သမ္မာတရားကို နားမလည်ခဲ့ဘူး။ ကျွန်မနားမလည်နိုင်တာတွေ အများကြီးရှိခဲ့တယ်။ ဒါပေမဲ့ ကျွန်မက ထူးခြားတယ်၊ အဖော်မပါဘဲနဲ့၊ ဘယ်သူ့ကိုမှ ထည့်မစဉ်းစားဘဲနဲ့ ကိုယ့်ဘာသာအလုပ်တွေကို လုပ်နိုင်တယ်လို့တွေးပြီး အောက်ခြေလွတ်နေဆဲပဲ။ ကျွန်မက သိပ်မောက်မာတာကို မြင်ခဲ့တယ်။ တကယ်တော့ အမှုအရာတွေကို ဆွေးနွေးပြီး ကိုယ့်တာဝန်မှာ ပိုပြီး မိတ်သဟာယဖွဲ့တာက ကျိုးကြောင်းသင့်ပြီး ဉာဏ်ရှိတာပါ။ အရည်အချင်းမရှိတာကို ပြတာမဟုတ်ဘူး။ ဒါက ကိုယ်မမြင်နိုင်တာ၊ နားမလည်နိုင်တာတွေကို သူများတွေဆီကနေ ရယူတာဖြစ်ပြီး ကိုယ့်ဘဝင်မြင့်မှုကြောင့် လွဲမှားတဲ့လမ်းကို မလိုက်မိအောင် ရှောင်ကြဉ်တာပါ။ ဒါက တာဝန်ကို ကောင်းကောင်းလုပ်ပြီး ဘုရားရဲ့ ကွယ်ကာမှုကို ရရှိဖို့ တစ်ခုတည်းသောနည်းလမ်းပါပဲ။ အခု ဘုရားအလိုတော်ကို ကျွန်မနားလည်သွားပြီ။ အမှုအရာတွေကို ဆွေးနွေးတာ၊ ပူးပေါင်းဆောင်ရွက်မှုရှိတာ အချင်းချင်းရဲ့ အားနည်းချက်တွေကို အားဖြည့်ပေးတာဟာ တာဝန်ကိုကောင်းကောင်းလုပ်ပြီး ဘုရားကို ကျေနပ်စေဖို့ တစ်ခုတည်းသော နည်းလမ်းပဲ။

ကျွန်မဖတ်တဲ့ နောက်ထပ်အပိုဒ်တစ်ခုရှိပါတယ်။ “သင်တို့သည် သင်တို့၏ တာဝန်များကို ဖြည့်ဆည်းရန် အခြားလူများနှင့် ညှိနှိုင်းဆောင်ရွက်ရာတွင် မတူညီသည့် ထင်မြင်ချက်များကို သင် လိုလိုလားလား လက်ခံနိုင်သလား။ အခြားလူများပြောသည့်အရာကို သင် လက်ခံနိုင်သလား။ မည်သူမဆို အမှားကင်းသည်ဟု သင်တို့ ထင်သလော။ လူတို့သည် မည်မျှ သန်စွမ်းသည်ဖြစ်စေ၊ သို့မဟုတ် မည်မျှ စွမ်းဆောင်နိုင်ပြီး ပါရမီရှိသည်ဖြစ်စေ၊ ၎င်းတို့သည် ခြောက်ပြစ်ကင်း မဟုတ်သေးပေ။ လူတို့သည် ဤအချက်ကို သတိပြုမိရမည်။ ဤသည်မှာ အမှန်တရားဖြစ်သည်။ ဤသည်မှာ ၎င်းတို့၏ အားသာချက်များနှင့် အရေးသာမှုများ၊ သို့မဟုတ် အပြစ်အနာအဆာများကို မှန်ကန်စွာ ကြည့်ရှုနေသည့် မည်သူမဆို၏ အသင့်လျော်ဆုံးသော သဘောထားလည်း ဖြစ်သည်။ ဤသည်မှာ လူတို့ ပိုင်ဆိုင်သင့်သည့် စဉ်းစားချင့်ချိန်နိုင်စွမ်း ဖြစ်သည်။ ဤသို့သော စဉ်းစားချင့်ချိန်နိုင်စွမ်းဖြင့် သင်သည် သင်ကိုယ်တိုင်၏ အားသာချက်များနှင့် အားနည်းချက်များအပြင် အခြားသူတို့၏ ယင်းအချက်များကိုပါ သင့်လျော်စွာ ကိုင်တွယ်နိုင်မည်ဖြစ်ပြီး၊ ဤအချက်သည် သင့်အား ၎င်းတို့နှင့်အတူ သဟဇာတဖြစ်စွာ အလုပ်လုပ်နိုင်စေလိမ့်မည်။ သင်၌ သမ္မာတရား၏ ဤရှုထောင့် ရှိထားပြီး သမ္မာတရား၏ လက်တွေ့အရှိတရား ဤသွင်ပြင်လက္ခဏာအတွင်း ဝင်ရောက်နိုင်လျှင်၊ သင့်တွင်ရှိသော မည်သည့်အားနည်းချက်ကိုမဆို ချိန်ညှိရန် အချင်းချင်းရှိ အားသာချက်များကို အသုံးပြုရင်း၊ သင်၏ညီအစ်ကိုမောင်နှမများနှင့် သဟဇာတဖြစ်လျက် အဆင်ပြေနိုင်သည်။ ဤနည်းအားဖြင့် မည်သည့်တာဝန်ကို ထမ်းဆောင်နေသည်ဖြစ်စေ သို့မဟုတ် မည်သည့်အရာကို လုပ်ဆောင်နေသည်ဖြစ်စေ သင်သည် ယင်းအမှုအရာတွင် အစဉ်သဖြင့် ပိုမိုကောင်းမွန်လာပြီး ဘုရားသခင်၏ကောင်းချီးကို ရရှိလိမ့်မည်။(နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းအားဖြင့်သာ ပုံမှန်လူသားသဘာဝကို ပိုင်ဆိုင်နိုင်သည်”) မှန်တယ်။ တော်ပြီး စွမ်းဆောင်နိုင်တာဟာ ပြည့်စုံပြီဆိုတဲ့သဘောမဟုတ်ဘူး။ လူတိုင်းမှာ အားသာချက်နဲ့ အားနည်းချက်တွေရှိပြီး အဲဒါတွေကို မှန်မှန်ကန်ကန် ချဉ်းကပ်သင့်တယ်။ သူများတွေနဲ့ ကောင်းကောင်းပူးပေါင်းဆောင်ရွက်ဖို့ အသိစိတ်ကောင်းရှိဖို့အတွက် သူများတွေရဲ့ အကြုံပြုချက်တွေကို နားထောင်ပြီး အချင်းချင်းအားဖြည့်ပေးဖို့ သင်ယူရမယ်။ အရင်ကတော့ ကျွန်မက ယုံကြည်သူအသစ်တွေကို ရေလောင်းပေးတာကိုပဲ အာရုံစိုက်တယ်၊ အစ်မလင်က ဧဝံဂေလိအလုပ်ကို ကိုင်တွယ်တယ်။ ကျွန်မက အဲဒီအလုပ်အားလုံးကို ဦးဆောင်ရရင် ကောင်းကောင်းစီမံနိုင်ဖို့၊ လုပ်နိုင်ဖို့ မဖြစ်နိုင်ဘူး။ ပြီးတော့ ကျွန်မတာဝန်ထဲက ကိစ္စအများကြီးမှာ ကျွန်မအမြင်က အကန့်အသတ်ရှိတယ်။ ကျွန်မက မဆင်မခြင်လုပ်ခဲ့တယ်။ ခေါင်းဆောင်တစ်ယောက်က ကျွန်မအလုပ်အကြောင်း မေးတဲ့အခါတိုင်း အမှားတွေနဲ့ သိပ်မှန်မှန်ကန်ကန်လုပ်မထားတဲ့ အရာတွေအများကြီးရှိခဲ့တယ်။ ကျွန်မက အဲဒီတာဝန်မှာ တကယ်ကို အဖော်တစ်ယောက်လိုတယ်ဆိုတာ သဘောပေါက်ခဲ့တယ်။ ကျွန်မ ဒါကို အရင်က လုံးဝ နားမလည်ခဲ့သလို ကိုယ့်ကိုယ်ကိုယ် မသိခဲ့ဘူး။ ကျွန်မက မာနထောင်လွှားတယ်။ ဦးဆောင်ချင်တယ်။ သူများတွေနဲ့အတူ အလုပ်မလုပ်နိုင်ဘူး။ ဒါက အသင်းတော်အလုပ်ကို နှောင့်နှေးစေတယ်။ ကျွန်မ သိပ်အပြစ်ရှိသလိုခံစားရတာကြောင့် ဖောက်ပြန်ပျက်စီးခြင်းထဲမှာ ဆက်ပြီး အသက်မရှင်လိုတော့ဘဲ ကျွန်မတာဝန်မှာ အစ်မလင်နဲ့အတူ အလုပ်လုပ်ဖို့ အသင့်ဖြစ်နေရင်းနဲ့ ဘုရားသခင်ကို တိတ်တဆိတ် ဆုတောင်းခဲ့တယ်။

အဲဒီနောက် ကျွန်မတို့ တွဲလုပ်ကြတဲ့ အလုပ်မှာ သူက အားသာချက်တွေအများကြီးရှိတာကို ကျွန်မတွေ့ခဲ့ရတယ်။ သူက ကျွန်မထက် ပိုထောက်ထားတတ်ပြီး အကြောင်းကိစ္စတွေ ပေါ်လာတဲ့အခါ သမ္မာတရား စည်းမျဉ်းတွေကို ရှာဖွေတယ်။ ပြဿနာတွေအပေါ် သူ့မိတ်သဟာယပြုချက်က အသေးစိတ်ကျတယ်။ ကျွန်မက ခေါင်းဆောင်ဖြစ်တာ မကြာသေးတော့ အသင်းတော်အလုပ်ကို စီမံပုံနဲ့ပတ်သက်ပြီး ဝိုးတိုးဝါးတားပဲ သိခဲ့တာ။ အလုပ်တို့၊ မိတ်သဟာယတို့ရဲ့ အသေးစိတ်အချက်တွေနဲ့ပတ်သက်ရင် ကျွန်မက ရှင်းလင်းမှုမရှိသလိုမျိုးပဲ။ အဲဒီနည်းတွေမှာ ကျွန်မက သူ့လောက်မတော်ဘူး။ ပြီးတော့ ယုံကြည်သူအသစ်တွေကို ရေလောင်းပေးတဲ့နေရာမှာ သူက ကျွန်မထက်ပိုပြီး ကြင်နာတတ်တယ်။ သူတို့ကို ကူညီတဲ့အခါမှာ သူက ထပ်ခါထပ်ခါ မိတ်သဟာယပြုပြီး နောက်ဆက်တွဲအလုပ်တွေ ဆက်လုပ်တယ်။ သူက သိပ်ကောင်းအောင်လုပ်ထားပြီးပြီလို့ ကျွန်မမြင်တဲ့အချိန်မှာ သူက နောက်ဆက်တွဲဆက်လုပ်ဖို့လိုတယ်လို့ ပြောတယ်။ ကျွန်မက သူနဲ့ ပူးပေါင်းမလုပ်ကိုင်ဘဲ သူ့ကို မလိုအပ်သလို ဆက်ဆံခဲ့တာကို စဉ်းစားမိတယ်။ သူက တစ်ခါတလေတော့ အပျက်သဘောဆောင်ပေမဲ့ သူ့စဉ်းစားပုံကို အမြန်ပြောင်းပြီး သူ့တာဝန်ကို ဆက်လုပ်တယ်။ ကျွန်မက သူ့ကို အထင်အမြင်သေးပေမဲ့ သူက မေးခွန်းတွေ ထပ်ခါထပ်ခါမေးတယ်။ သူက ချစ်ခင်ပြီး စိတ်ရှည်တယ်။ သူ့တာဝန်အတွက် တကယ်တာဝန်ယူတယ်။ အဲဒါတွေက ကျွန်မမှာမရှိတဲ့ အရည်အသွေးတွေပဲ။ ဒါကို သဘောပေါက်တော့ ကျွန်မ တော်တော်စိတ်မကောင်းဖြစ်မိတယ်။ ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားက အစ်မလင်နဲ့ ဘုရားအိမ်တော်ရဲ့ အလုပ်ကို ဘယ်လောက်ထိခိုက်စေခဲ့သလဲ ကျွန်မမြင်သွားတော့တယ်။ ကျွန်မသာ အစကတည်းက သူနဲ့ ပူးပေါင်းလုပ်ကိုင်ဖို့ စိတ်အားထက်သန်ပြီး သူနဲ့ အရာရာတိုင်းကို ဆွေးနွေးရင် ကိစ္စတွေက ဒီလိုဖြစ်လာမှာမဟုတ်ဘူး။ နောင်တတွေ အပြည့်နဲ့ ကျွန်မဘုရားရှေ့တိုးဝင်ပြီး ဆုတောင်းခဲ့တယ်။ “ဘုရားသခင် သမီးရဲ့ဖောက်ပြန်ပျက်စီးမှုနဲ့ အားနည်းချက်တွေကို သမီးမြင်နိုင်ပါတယ်။ အခု ကိုယ်တော့်အလိုတော်ကို သမီးနားလည်ပါပြီ။ အခုကစလို့ အစ်မလင်နဲ့ အတူပူးပေါင်းလုပ်ကိုင်ပြီး လူသားပုံသဏ္ဍန်တစ်ခုနဲ့ အသက်ရှင်နေထိုင်ပါတော့မယ်” ဆိုပြီးတော့လေ။

အဲဒီနောက်ပိုင်း အစ်မလင်နဲ့ ကျွန်မအလုပ်မှာ ကျွန်မသူ့ကို သေချာမေးတယ်။ “ဒါဆိုရင် အစ်မအတွက် အဆင်ပြေလား။ တခြား အကြံပြုချက်ရှိလား” ဆိုတာမျိုးပေါ့။ တစ်ခါတော့ ကျွန်မတို့အလုပ်ကို ဆွေးနွေးနေတုန်းမှာ သူက ကျွန်မကို လူသစ်တွေကို ရေလောင်းပေးတာ ဘယ်လိုအခြေအနေရှိလဲလို့ မေးတယ်။ ကျွန်မစဉ်းစားလိုက်တယ်။ “ဒီအကြောင်းကို အရင်နှစ်ရက်ကမှ ငါတို့ပြောထားတာ။ ဘာလို့ထပ်ပြောနေဦးမှာလဲ။ ပြဿနာတစ်ခုခုရှိတယ်ဆိုရင် ငါကိုင်တွယ်နိုင်ပါတယ်” ပေါ့။ ကျွန်မ သူ့ကို ထပ်ပြီး ဘေးဖယ်ထားချင်ခဲ့တယ်။ နောက်တော့ ကျွန်မရဲ့ ပြဿနာဟောင်းက ခေါင်းထောင်လာပြန်ပြီ၊ ကျွန်မက ဦးဆောင်ချင်လာပြီဆိုတာ သဘောပေါက်လိုက်တယ်။ ကျွန်မ အမြန်ဆုတောင်းလိုက်တယ်။ ဖောက်ပြန်ပျက်စီးမှုကြောင့် မလုပ်ဆောင်ဖို့ လမ်းပြပေးပါဆိုပြီး ဘုရားကို တောင်းလျှောက်တယ်။ ဆုတောင်းပြီးတဲ့နောက်မှာ ဒီတစ်လျှောက်လုံးက ကျွန်မရဲ့ ကျရှုံးမှုတွေ၊ ကိစ္စတွေကို ကျွန်မကိုယ်ပိုင်နည်းလမ်းအတိုင်း အမြဲတမ်းလုပ်ချင်၊ ကြွားဝါချင်ပြီးတော့ အာဏာရှင်ဆန်ပြီး ခြယ်လှယ်တတ်ပုံတွေကို စဉ်းစားမိတယ်။ ဒါဟာ လုံးဝ စာတန်ရဲ့ ဖော်ပြချက်တစ်ခုပဲ။ ကျွန်မ ကိုယ့်ကိုယ်ကိုယ် စွန့်လွှတ်ပြီး ဘုရားနှုတ်ကပတ်တော်တွေကို လက်တွေ့လုပ်ဆောင်ရမယ်။ သူနဲ့ ပူးပေါင်းလုပ်ကိုင်ရမယ်ပေါ့။ ဒါကြောင့် ကျွန်မအလုပ်နဲ့ပတ်သက်ပြီး ကျွန်မသိသမျှကို သူနဲ့ လေးလေးနက်နက် မျှဝေခဲ့တယ်။ ကျွန်မဝေမျှပြီးသွားတော့ သူက သူ့အမြင်တွေကို ပြောလာတယ်။ သူ့ရဲ့ မိတ်သဟာယကနေ တချို့အရာတွေကို ကျွန်မသင်ယူရပြီးတော့ ဒါက တာဝန်ထမ်းဆောင်ဖို့ သိပ်ကောင်းတဲ့နည်းလမ်းပဲလို့ ခံစားခဲ့ရတယ်။ အဲဒီနောက်မှာ ကျွန်မတို့ တာဝန်ကို ဆွေးနွေးဖို့အတွက် ကျွန်မ သူ့ကိုရှာတယ်။ ပြီးတော့ ကျွန်မတို့ သမ္မာတရားကို ရှာပြီး လူသစ်တွေရဲ့ ကိစ္စတွေကို အတူတူ မိတ်သဟာယပြုကြတယ်။ ဒီလိုမျိုးနဲ့ နည်းနည်းကြာပြီးတဲ့နောက် ကျွန်မအခြေအနေက တိုးတက်လာပြီး ကျွန်မတာဝန်မှာ ကျွန်မရဲ့ စွမ်းဆောင်မှုက တိုးတက်လာတယ်။ ဘုရားသခင်ကို သိပ်ကျေးဇူးတင်မိတယ်။ ပြီးတော့ ကျွန်မတာဝန်မှာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်တာ၊ သူများတွေနဲ့ ကောင်းကောင်းလုပ်ပြီး အချင်းချင်းပံ့ပိုးတာက ဘုရားရဲ့ ကောင်းချီးခံစားရပုံကို ကျွန်မမြင်ခဲ့တယ်။

<

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်ကို သက်သေခံခြင်းသည် တာဝန်ကို အမှန်တကယ် လုပ်ဆောင်ခြင်း ဖြစ်သည်

ရှင်းရွေ တောင်ကိုရီးယားနိုင်ငံ ခုတစ်လောမှာ လူသစ်တွေရဲ့ အတွေ့အကြုံ သက်သေခံချက် ဗီဒီယိုတချို့ကို ကျွန်မ မြင်ပြီး အရမ်းတို့ထိခံခဲ့ရတယ်။...

ဂုဏ်အဆင့်အတန်းမှ လွတ်မြောက်မှုကို ရှာဖွေခြင်း

ဒေါင်အန်း ပြင်သစ်၂၀၁၉ ခုနှစ်မှာ ကျွန်မ အသင်းတော်ခေါင်းဆောင် တစ်ယောက် ဖြစ်ခဲ့သည်။ ကျွန်မသည် အကြောင်းကိစ္စများကို ကိုယ်ပိုင် နည်းလမ်းနှင့်...

တာဝန်များတွင် အဆင့်ခွဲခြားသတ်မှတ်ခြင်းမရှိပါ

ခယ်ရမ် ဖိလစ်ပိုင်နိုင်ငံ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ကျွန်မ မယုံကြည်ခင်တုန်းက ဆရာ၊ ဆရာမတွေက ချီးမွမ်းတာကို ကျွန်မ ခံရလေ့ရှိတယ်။ ကျွန်မက...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။