အရူးထောင်မှ လွတ်မြောက်ခြင်း
၂၀၁၂ ခုနှစ် ဇန်နဝါရီလတုန်းကပါ။ အိမ်နီးချင်းတစ်ယောက်က ကျွန်မကိုအနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ ဧဝံဂေလိတရား မျှဝေခဲ့တယ်။ ကျွန်မက စီးပွားရေးလုပ်ပြီးတော့ အရမ်းပင်ပန်းနေခဲ့တာ။ ခါးပိုင်းကြွက်သားနာပြီးတော့ ပခုံးကလည်းတောင့်နေခဲ့တယ်။ နာလွန်းလို့ ကိုယ့်ဘာသာ ခေါင်းဖြီးတာတို့ အဝတ်လဲတာတို့တောင် မနည်းလုပ်ရတယ်။ ဆေးတွေသောက်တာလည်း ဘာမှမထူးခဲ့ဘူး။ ဘုရားသခင်ကိုယုံကြည်ပြီးမှပဲ ထူးထူးခြားခြား သက်သာလာခဲ့တယ်။ အဲဒီတော့ ကျွန်မရဲ့ခင်ပွန်းနဲ့ သားက အရမ်းပျော်ခဲ့ကြပြီး ကျွန်မရဲ့ ယုံကြည်မှုကို ထောက်ခံခဲ့ကြတယ်။ ဒါပေမဲ့ နှစ်လ သုံးလကြာတော့ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ အသင်းတော်အကြောင်း ကွန်မြူနစ်ပါတီဖြန့်ထားတဲ့ အလိမ်အညာတချို့ကို ကျွန်မအမျိုးသားက အွန်လိုင်းမှာတွေ့ပြီး ကျွန်မရဲ့ယုံကြည်မှုကို စပြီးတော့ ဆန့်ကျင်လာခဲ့တယ်။ သူကပြောတယ်။ “အစိုးရက မင်းရဲ့ ဘုရားသခင်ကို ဆန့်ကျင်တယ်။ အဲဒါကြောင့် မင်းသာအဖမ်းခံရရင် ငါတို့သားရဲ့အသက်မွေးဝမ်းကြောင်းကိုလည်း ထိခိုက်နိုင်တယ်။ အဲဒါကို မင်းစွန့်လွှတ်လိုက်သင့်တယ်” တဲ့။ တစ်ခါက ဧဝံဂေလိတရားမျှဝေပြီးပြန်လာတော့ သူက ကျွန်မကို မကျေနပ်တဲ့အကြည့်နဲ့ ကြည့်ပြီးတော့ “အမျိုးသားလုံခြုံရေးတပ်မဟာက ငါ့ကိုခေါ်ပြီးတော့ မင်းက ယုံကြည်သူလားလို့မေးတယ်။ ဟုတ်တယ်ဆိုရင် ဘုရားသခင်အကြောင်းရေးထားတဲ့ စာအုပ်တွေ အပ်ရမယ်တဲ့။ ငါ့ကို ဓာတ်ပုံတွေပြပြီးတော့လည်း လူတွေကို ရွေးထုတ်ပြခိုင်းတယ်။ မင်းဒီလိုသာဆက်လုပ်နေရင် အဖမ်းခံရတော့မှာ” လို့ပြောတယ်။ ကျွန်မက “ကျွန်မဘဝမှာ လမ်းမှန်ကို လျှောက်နေတာ။ ဥပဒေနဲ့ ငြိစွန်းတာ ဘာတစ်ခုမှမလုပ်ထားဘူး။ သူတို့မှာ ဖမ်းခွင့်မရှိဘူး” လို့ပြန်ပြောခဲ့တယ်။ သူက “မင်းတော်တော်တုံးပါလား။ တရုတ်ကွန်မြူနစ်ပါတီက အထူးသဖြင့် မင်းတို့လိုယုံကြည်သူတွေကို လိုက်ရှင်းနေတာ။ မင်းဆက်ယုံကြည်နေရင် သူတို့မင်းကိုဖမ်းပြီး နှိပ်စက်လိမ့်မယ်။ အဲဒီကျမှ သူတို့ဘယ်လောက်ရက်စက်မှန်း မင်းသိလိမ့်မယ်” လို့ပြောတယ်။ ကျွန်မအမျိုးသားက ဆန့်ကျင်လာတော့ ဒီလမ်းကိုဆက်သွားဖို့ သေချာပေါက်ပိုခက်ခဲလာတော့မယ်လို့ ကျွန်မတွေးမိခဲ့တယ်။ ကျွန်မရဲ့စိတ်နှလုံးထဲကနေ ဘုရားသခင်ကို ဆုတောင်းခဲ့ပြီးတော့ ရှေ့ဆက်ရမဲ့ လမ်းကြောင်းအတွက် လမ်းပြပေးဖို့ တောင်းဆိုခဲ့တယ်။ ကျွန်မခင်ပွန်းက ဘယ်လိုပဲပိတ်ဆို့ပါစေ၊ ယုံကြည်မှုကို ဘယ်တော့မှမစွန့်လွှတ်ဘူးလို့လည်း စိတ်ပိုင်းဖြတ်ခဲ့တယ်။
အချိန်က ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ၊ ကျွန်မယုံကြည်သူဖြစ်လာတာ တစ်နှစ်ပြည့်ခါနီးလေးမှာပေါ့။ ဧဝံဂေလိတရားကို ဟောပြောနေတယ်လို့ တစ်ယောက်ယောက်ကတိုင်လိုက်လို့ ကျွန်မ ငါးရက်ကြာ ဖမ်းဆီးထိန်သိမ်းခံခဲ့ရတယ်။ ကျွန်မကို ပြန်လွှတ်တဲ့နေ့မှာ ရဲအရာရှိက “ပြန်လွတ်ပြီးရင် ဒါကိုစွန့်လွှတ်တာကောင်းလိမ့်မယ်။ မဟုတ်ရင် ထောင်ကျမှာ ကျိန်းသေပဲ” လို့ သတိပေးတယ်။ နာရီဝက်လောက်ကြာတော့ ကျွန်မအမျိုးသားလာခေါ်တယ်။ ပုံစံက တော်တော်လေးစိတ်ပျက်ပြီး မကျေမနပ်ဖြစ်နေတဲ့မျက်နှာမျိုးနဲ့။ သူကားထဲကထွက်ပြီးတော့ ရဲစခန်းထဲဝင်သွားတယ်။ အထဲမှာ သူတို့ဘာတွေပြောခဲ့လဲတော့ ကျွန်မ မသိဘူး။ ပြီးတော့ ကျွန်မကို အိမ်ပြန်ခေါ်သွားတယ်။ အိမ်ရောက်တော့ ကျွန်မအစ်ကိုရယ် ညီမရယ် ခဲအိုရယ်အကုန်လုံးက အပြင်မှာ ကျွန်မကိုစောင့်နေကြတယ်။ သူတို့အကုန်လုံးရောက်နေကြတာ ကျွန်မယုံကြည်မှုကို ဆက်ပြီးလက်တွေ့မကျင့်ဖို့ လာတားတာပဲဖြစ်မယ်လို့ ရိပ်မိခဲ့တယ်။ ဒါ့အပြင် ကျွန်မအစ်ကိုက ခရိုင်အဆင့်ခေါင်းဆောင်တစ်ယောက်လေ။ အသင်းတော်ကို ရှုတ်ချပြီး ပုတ်ခတ်စော်ကားထားတဲ့ ကွန်မြူနစ်ပါတီရဲ့ မုသားမျိုးစုံကို အွန်လိုင်းပေါ်မှာ သူတွေ့ထားတော့ ကျွန်မယုံကြည်မှုကိုစွန့်လွှတ်ဖို့ အရင်ကလည်းပြောဖူးတယ်။ ကျွန်မရဲ့ယုံကြည်မှုကြောင့် ကျွန်မသားရဲ့ အသက်မွေးဝမ်းကြောင်းကိုလည်း ထိခိုက်နိုင်တယ်၊ သူ့ကိုလည်း ထိခိုက်နိုင်တယ်၊ အရာရှိရာထူးကနေ သူပြုတ်နိုင်တယ်လို့ ပြောဖူးတယ်။ အခုလည်း ကျွန်မရဲ့ယုံကြည်မှုကိုစွန့်လွှတ်အောင် ဖိအားပေးဖို့ရောက်နေတာပဲနေမှာဆိုတာကို သိခဲ့တယ်။ ဒီအနှောင့်အယှက်တွေကနေ ကာကွယ်ပေးပြီးတော့ လမ်းပြပေးဖို့ ဘုရားသခင်ကို တောင်းလျှောက်ပြီး အမြန်ဆုတောင်းခဲ့တယ်။ ကျွန်မကားထဲကထွက်တာနဲ့ အစ်ကိုကလာပြီးတော့ ဒီလိုမျိုး ပြုံးပြုံးလေးပြောတယ် “ဒီဘုရားကိစ္စကို မင်းစွန့်လွှတ်သင့်ပါပြီ။ အိမ်မှာပဲနေပြီးတော့ အိမ်က ကိစ္စတွေကိုပဲ လုပ်စမ်းပါ။ ခေါင်းမမာစမ်းပါနဲ့။ မင်းရဲ့သားကလည်း အလုပ်အကိုင်ကောင်းရထားတာ၊ မင်းဒီလိုဆက်လုပ်နေရင် သူ့အလုပ်ပါ ထိခိုက်လိမ့်မယ်။ သူမင်းကို ရာသက်ပန်မုန်းသွားလိမ့်မယ်” တဲ့လေ။ ပြီးတော့ ကျွန်မမတ်က အံကြိတ်ပြီးတော့ လက်သီးလက်မောင်းတန်းရင်း ဒီလိုမျိုး အော်ပြောတယ်လေ။ “ဘုရားသခင်ကိုယုံကြည်တယ် ဟုတ်လား။ ဘုရားသခင်က ဘယ်မှာလဲ။ ကျွန်တော်သူ့ကိုမယုံကြည်ပေမဲ့ ကျွန်တော့်ဘဝအားလုံးအဆင်ပြေတာပဲ” တဲ့။ ပြီးတော့ ကျွန်မအမျိုးသားက ဒေါသတကြီး ပြောပြန်တယ်။ “ငါတို့သားအတွက် ထူးထူးချွန်ချွန်ဖြစ်လာဖို့၊ အလုပ်ကောင်းကောင်းတစ်ခုရဖို့ လွယ်ခဲ့တာမဟုတ်ဘူး။ မင်းရဲ့ယုံကြည်မှုကြောင့် သူအလုပ်ပြုတ်သွားရင် ဘယ်လိုလုပ်မလဲ” တဲ့။ ကျွန်မညီမကလည်း ကျွန်မဆီ လာပြီးတော့ ဒီလိုပြောတယ်။ “အစ်မရယ်၊ အစ်မဒါကို စွန့်လွှတ်သင့်ပြီ။ အစ်မယောကျ်ားကလည်း အစ်မအပေါ် အရမ်းကောင်းတယ်၊ သားကလည်း အလုပ်အကိုင်ကောင်းတယ်။ တော်သင့်ပြီ။ မိသားစုကိုသာ ဂရုစိုက်ပါလား” လို့လာပြောတယ်။ အဲဒါတွေကြားတော့ ကျွန်မတွေးမိတယ်။ ကျွန်မနဲ့ ကျွန်မအမျိုးသားနဲ့ အလုပ်တွေ ပင်ပင်ပန်းပန်းလုပ်ပြီး သားရဲ့ကျောင်းစားရိတ်ရှာခဲ့ရတယ်။ အခုသားက ရခဲလှတဲ့ အလုပ်ကောင်းကို ရသွားပြီ။ ကျွန်မရဲ့ယုံကြည်မှုကြောင့်သာ သူ့အလုပ်ကို တကယ်ဆုံးရှုံးခဲ့ရရင် တစ်သက်လုံး ကျွန်မကို သူမုန်းသွားနိုင်တယ်လို့လေ။ ဒါပေမဲ့ နောက်ကျတော့ ပြန်တွေးမိတယ်။ ကျွန်မရဲ့ယုံကြည်မှုကိုစွန့်လွှတ်ရင် ဘုရားသခင်ကို သစ္စာဖောက်ရာရောက်သွားမယ်လို့လေ။ ပြီးတော့ ယုံကြည်သူတစ်ယောက်အနေနဲ့ လေ့လာခဲ့ရတဲ့ သမ္မာတရားတွေကိုလည်း စဥ်းစားမိတယ်။ ဘုရားသခင်ကို ယုံကြည်ကိုးကွယ်တာက ဖန်ဆင်းခံတစ်ယောက်အတွက် မှန်ကန်တဲ့အရာ၊ သွားရမဲ့ လမ်းကြောင်းမှန်ဆိုတာကို သိခဲ့တယ်။ ပြီးတော့ ဘုရားသခင်က ကျွန်မရဲ့ဝေဒနာတွေကိုလည်း ကုစားပေးခဲ့တယ်။ ကျွန်မအဲဒီလောက်အသိတရားကင်းမဲ့လို့မဖြစ်ဘူး။ ကျွန်မရဲ့စိတ်နှလုံးထဲကနေ ဘုရားသခင်ကို တိတ်တဆိတ် ဆုတောင်းလိုက်တယ်။ “ဘုရားသခင်၊ မိသားစုက သမီးရဲ့ယုံကြည်မှုကိုစွန့်လွှတ်အောင် ဖိအားပေးနေကြလို့ သမီးအရမ်းစိတ်ညစ်မိပါတယ်။ သမီးကို ယုံကြည်မှုနဲ့ ခွန်အားပေးသနားတော်မူပါ” လို့ပေါ့။ နောက်တော့ ဘုရားသခင်ရဲ့ ဒီနှုတ်ကပတ်တော်တွေကို အမှတ်ရသွားတယ်။ “လူများအတွင်း၌ ဘုရားသခင် လုပ်ဆောင်သည့် အဆင့်တိုင်းတွင် အပြင်ပန်းသဏ္ဌာန်မှာ လူများ၏ စီစဉ်မှုမှ ထွက်ပေါ်လာသကဲ့သို့ လူများကြားထဲ၌ ဆက်သွယ် လှုပ်ရှားမှုများအနေနှင့် သို့မဟုတ် လူများ၏ ကြားဝင်ပြုလုပ်မှုများအနေနှင့် ဖြစ်ပေါ်သည်။ သို့သော်လည်း နောက်ကွယ်မှာတော့ လုပ်ဆောင်မှု အဆင့်တိုင်း၊ ဖြစ်ပျက်မှုတိုင်းသည် ဘုရားသခင်ရှေ့မှာ စာတန်ပြုလုပ်သည့် အလောင်းအစားများဖြစ်ပြီး လူများ၌ ဘုရားသခင် အတွက် သူတို့၏ သက်သေခံမှုမှာ ခိုင်မြဲစွာ ရပ်တည်ဖို့ လိုအပ်သည်။ ယောဘ စမ်းသပ်ခံခဲ့ရသည့် အချိန်ကို ကြည့်ကြည့်ပါ။ ဥပမာ- နောက်ကွယ်မှာက စာတန်က ဘုရားသခင်နှင့် အလောင်းအစား လုပ်နေခြင်းဖြစ်သည်။ ယောဘအပေါ်မှာ ဖြစ်ပျက်ခဲ့သည့်အရာက လူသားတို့၏ လုပ်ဆောင်မှုဖြစ်ပြီး လူသားတို့၏ ကြားဝင်လုပ်ဆောင်မှု ဖြစ်သည်။ သင်တို့အတွင်းမှာ ဘုရားသခင် ပြုလုပ်သည့် အလုပ်အဆင့်တိုင်း၏ နောက်ကွယ်တွင် ဘုရားသခင်နှင့် ပြုလုပ်သည့် စာတန်၏ အလောင်းအစားရှိသည်။ ဤအရာ၏နောက်ကွယ်မှာ အားလုံးက တိုက်ပွဲပင်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကို ချစ်ခြင်းသည်သာလျှင် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ခြင်းဖြစ်သည်) ကျွန်မမြင်လိုက်တယ်လေ။ မိသားစုက အုပ်စုဖွဲ့ဖိအားပေးနေတာဟာ တကယ်တော့ စာတန်က တိုက်ခိုက်ပြီး စမ်းသပ်နေတာပဲဆိုတာကိုပေါ့။ ကျွန်မမိသားစုက ပါတီရဲ့အလိမ်အညာတွေကိုယုံပြီးတော့ ကျွန်မသားရဲ့အလုပ်ကိုအသုံးချပြီး ကျွန်မကိုခြောက်နေကြတာ။ ဘုရားသခင်ကို ကျွန်မသစ္စာဖောက်အောင်ပေါ့။ စာတန်ရဲ့လှည့်ကွက်ထဲမှာ ကျဆုံးလို့မဖြစ်ဘဲ ဘုရားသခင်အတွက် သက်သေရပ်တည်ရမယ်။ နောက်တော့ ကျွန်မတွေးမိသွားတယ်။ ကျွန်မသားက ဘာအလုပ်ပဲရထားပါစေ ဒါက ဘုရားသခင်ရဲ့ အုပ်စိုးမှုနဲ့ စီမံခန့်ခွဲမှုတွေချည်းပဲဆိုတာကိုပေါ့။ အဲဒါကို ဘယ်သူမှပြောင်းလဲလို့မရဘူး။ အဲဒါနဲ့ ကျွန်မလည်း “ယုံကြည်မှုရှိတာက မှန်ကန်တဲ့ဘဝလမ်းကြောင်းပဲ။ ပြီးတော့ ကျွန်မဘာဥပဒေကိုမှ မချိုးဖောက်ထားဘူး။ ကွန်မြူနစ်ပါတီက ကျွန်မကိုဖမ်းပြီးတော့ အားလုံးကိုပါ ဆွဲထည့်တာက ပါတီကလုပ်တဲ့မကောင်းမှုပဲ။ သူတို့နဲ့အတူတူ ကျွန်မကို ဖိနှိပ်တာတို့၊ ယုံကြည်မှုကို ပိတ်ပင်တာတို့ မလုပ်သင့်ဘူး။ အားလုံးလည်းသိတဲ့အတိုင်းပဲ။ ကျွန်မဘုရားသခင်ကို မယုံကြည်ခင်က ကျွန်မရဲ့ဒဏ်ရာတွေက ဆိုးလွန်းလို့ ကိုယ့်ဘာသာတောင် ဘာမှမလုပ်နိုင်ခဲ့ဘူး။ ယုံကြည်မှုရပြီးတော့မှပဲ အပြည့်အဝပြန်ကျန်းမာလာခဲ့တာ။ အဲဒါတွေအားလုံးက ဘုရားသခင်ရဲ့ကျေးဇူးတော်နဲ့ ကောင်းချီးတွေကြောင့်ပဲ။ အနန္တတန်ခိုးရှင်ဘုရားသခင်ဟာ စစ်မှန်တဲ့ ဘုရားသခင်၊ ကြွရောက်လာတဲ့ ကယ်တင်ရှင်ပါ။ ကပ်ဘေးတွေက ပိုပိုဆိုးလာနေတယ်။ အနန္တတန်ခိုးရှင်ဘုရားသခင်က သမ္မာတရားအများကြီးကို ဖော်ပြပြီးပြီ။ လူသားမျိုးနွယ်ကို အပြစ်တွေနဲ့ ကပ်ဘေးတွေကနေကယ်တင်ဖို့ သူအဲဒီလိုလုပ်ဆောင်တာ။ ကျွန်မတို့ သူ့ရဲ့ကာကွယ်မှုကို ရရှိအောင်၊ ကပ်ဘေးတွေကို ကျော်လွှားပြီး သူ့ရဲ့နိုင်ငံတော်ကို ဝင်ရောက်ခွင့်ရအောင်ပဲ။ ကွန်မြူနစ်ပါတီရဲ့ နှိပ်ကွပ်မှုကိုကြောက်ပြီးသာ ကျွန်မရဲ့ယုံကြည်မှုကို စွန့်လွှတ်လိုက်ရင် ကယ်တင်ခံရမဲ့အခွင့်အရေးကို ဆုံးရှုံးသွားလိမ့်မယ်။ ဘယ်လောက်ဆန့်ကျင်နေကြပါစေ၊ ကျွန်မကတော့ ယုံကြည်မှုလမ်းကြောင်းကနေ သွေဖည်သွားမှာမဟုတ်ဘူး” လို့ပြောခဲ့တယ်။ ကျွန်မအမျိုးသားက လုံးဝစိတ်ဆိုးမာန်ဆိုးနဲ့ ကျွန်မကို လှည့်ကြည့်ပြီး လက်ညှိုးကောက်ကောက်ထိုးရင်း “မင်းကတော့သွားပြီ” လို့ပြောတယ်။ ပြီးတော့ သူနဲ့ကျွန်မအစ်ကိုနဲ့ မျက်စပစ်ပြီးတော့ အိမ်ဘက်ကို အတူတူထွက်သွားကြတယ်။ ပြီးတော့ ဘာတွေပြောနေကြလည်းမသိဘူး။ ကျွန်မစိတ်ရှုပ်ထွေးသွားတယ်။ သူတို့ဘာတွေများ ဒီလောက်ခိုးကြောင်ခိုးဝှက်ပြောနေပါလိမ့်ပေါ့။ သိပ်မကြာခင်မှာ သူတို့ပြန်လာတယ်။ ကျွန်မအစ်ကိုက ညီမကို မျက်စပစ်ပြလိုက်ပြီးတော့ လျို့ဝှက်တဲ့အပြုံးမျိုးနဲ့ “တစ်ခုခုသွားစားရအောင်” လို့ပြောတယ်။ ကျွန်မညီမနဲ့ တူလေးက ကျွန်မဆီ ရောက်လာပြီး ဘေးကနေ တစ်ယောက်တစ်ဖက် လက်တွဲပြီးတော့ ကျွန်မကို ကားဆီဆွဲခေါ်သွားတယ်။ တစ်ခုခုတော့လွဲနေပြီလို့ ကျွန်မခံစားခဲ့မိတယ်။ ကျွန်မသူတို့လက်တွေကိုဆွဲဖယ်ပြီးတော့ မသွားချင်ဘူးလို့ပြောပေမဲ့ ကျွန်မကိုကားထဲတွန်းထည့်လိုက်တယ်။ ကားက နာရီဝက်လောက်မောင်းပြီးတော့ ရပ်သွားတယ်။ ပြီးတော့ စိတ်ရောဂါကုဆေးရုံကို ရောက်နေတာတွေ့ရတော့ ကျွန်မအံ့သြသွားခဲ့တယ်။ ကျွန်မအမျိုးသားရယ်၊ အစ်ကိုရယ်၊ မတ်ရယ် အကုန်လုံးကားထဲက ထွက်သွားကြတယ်။ ကျွန်မအံ့သြမှင်သက်သွားတယ်။ သူတို့တကယ်ပဲ ငါ့ကိုအရူးထောင်ပို့ကြတော့မှာလားလို့ပေါ့။ ကျွန်မကားပေါ်ကဆင်းပြီး ထွက်ပြေးမှဖြစ်မယ်လို့ တွေးသေးတယ်။ ဒါပေမဲ့ ကျွန်မကိုကားထဲမှာ လော့ခ်ချပြီးထားထားတယ်။ သူတို့အကုန်လုံး ဆေးရုံရုံးထဲကို လမ်းလျှောက်သွားကြတာတွေ့လိုက်ရတော့ အားလုံးက ရုတ်တရက်ရှင်းသွားတော့တယ်။ သူတို့တစ်ချိန်လုံး ဒါကိုစီစဥ်နေခဲ့ကြတာပါ။ အပြင်ထွက်စားကြမယ်လို့ လှည့်ဖျားပြီး ကျွန်မကို ခေါ်သွားကြတာပဲ။ ကျွန်မစိတ်တိုပြီး ရွံရှာမိခဲ့တယ်။ အဲဒီကို ပို့တာကို မယုံနိုင်ခဲ့ဘူး။ တော်တော်ရက်စက်ကြတာပဲ။ မိသားစုတွေတဲ့လေ။ ကျွန်မကို ရဲစခန်းမှာ ကျွန်မအမျိုးသားလာတွေ့တော့ သူအထဲမှာရဲတွေနဲ့ စကားနည်းနည်းပြောနေတာတို့၊ အပြင်မှာသွားစားရအောင်လို့ပြောတဲ့အချိန်မှာ ကျွန်မမိသားစုတွေ အချင်းချင်းမျက်စပစ်နေခဲ့တာတို့ကို ပြန်စဥ်းစားမိတယ်။ ဒါဟာလည်း ကွန်မြူနစ်ပါတီက မွေးထုတ်ပေးခဲ့တဲ့ အစီအစဥ်ပဲဖြစ်ရမယ်ဆိုတာ ကျွန်မသဘောပေါက်တယ်။ သူတို့က ကျွန်မ ဘုရားသခင်ကို သစ္စာဖောက်အောင် အစွမ်းကုန်ကြိုးစားနေကြတာ။ ကျွန်မပြောမပြတတ်အောင် စိတ်ပျက်ခဲ့မိပြီး မျက်ရည်တွေဝဲတက်လာတယ်။ ကျွန်မမခံမရပ်နိုင်ဖြစ်ပြီးတော့ “ကျွန်မက ဘုရားသခင်ကို ယုံကြည်တယ်ဆိုတာနဲ့ ဒီမှာနှိပ်စက်ခံဖို့ ခေါ်လာကြတယ်ပေါ့။ အစ်ကိုတို့ကမှ ရူးနေကြတာ။ အခုလုပ်နေတာကြတွေက လုံးဝမှားပြီး ယုတ္တိကို မရှိဘူး။ အားလုံး ကြမ္မာဆိုးကို ပြန်ခံကြရလိမ့်မယ်” လို့ပြောခဲ့တယ်။ အဲဒီအချိန်မှာပဲ ဆေးရုံစောင့်နှစ်ယောက် ဆေးရုံထဲကထွက်လာတယ်။ ကျွန်မကိုချုပ်မဲ့ အချုပ်အနှောင်ပစ္စည်းတွေနဲ့ပေါ့။ ကျွန်မအမျိုးသားရယ်၊ အစ်ကိုရယ်၊ မတ်ရယ်က စကားတစ်ခွန်းမှမပြောဘဲ အဲဒီအတိုင်း ရပ်ကြည့်နေကြတယ်။ ကျွန်မဝမ်းနည်းပက်လက်နဲ့ ပူဆွေးသောကတွေပြည့်နေတယ်။ ကျွန်မရဲ့မိသားစုက သူတို့ကိုယ်ကျိုးကို ကာကွယ်ဖို့၊ အမှုတွဲထဲ မပါဖို့အတွက်လေးနဲ့ ကွန်မြူနစ်ပါတီရဲ့ အလိမ်အညာတွေကို နားယောင်ပြီးတော့ ဒေါင်ဒေါင်မြည် ကျန်းမာနေတဲ့ ကျွန်မကို သေမလား ရှင်မလား လုံးဝဂရုမစိုက်ဘဲ ကျွန်မနှိပ်စက်ခံရမဲ့ စိတ်ကျန်းမာရေးဆေးရုံကို ပို့ကြလိမ့်မယ်လို့ ကျွန်မဘယ်တုန်းကမှ လုံးဝစိတ်တောင်မကူးမိခဲ့ဘူး။ သူတို့က ဘာမိသားစုမှမဟုတ်ဘူး။ သူတို့က မကောင်းဆိုးဝါးတွေပဲ။ အဲဒီလိုတွေးမိတော့ ကျွန်မမျက်ရည်တွေကို မထိန်းနိုင်တော့ဘူး။ ကျွန်မသူတို့ကို မြင်တောင်မမြင်ချင်တော့ဘူး။ ဆေးရုံစောင့်တွေကို ခံပြင်းပြင်းနဲ့ ပြောလိုက်တယ်။ “ကျွန်မဘာမှမဖြစ်ဘူး။ သူတို့လိမ်ခေါ်လာတာ။ ကျွန်မက ဘုရားသခင်ကို ယုံကြည်ရုံလေးနဲ့ သူတို့က ဒီကို အတင်းပို့ပြီး ကုခိုင်းတာ။ ရှင်တို့သေချာတောင် မစစ်ဆေးရသေးဘူး။ ဘာလို့ကျွန်မကို ချုပ်နေတာလဲ” လို့လေ။ ဒါပေမဲ့ သူတို့က ကျွန်မကို လုံးဝအရေးမလုပ်ခဲ့ဘူး။
ကျွန်မကို သွက်သွက်ခါရူးနေတဲ့ လူနာတစ်ယောက်အဖြစ် စာရင်းသွင်းပြီး အဆောင် ၁ မှာ ပိတ်ထားခဲ့ကြတယ်။ အဲဒီမှာ လျှောက်လမ်းတွေ၊ တံခါးတွေ၊ ပြတင်းပေါက်တွေအကုန်လုံးကို သံပန်းတွေနဲ့ကာထားတယ်။ ကျွန်မအခန်းက စတုရန်းပေ ၄၀၊ ၅၀ လောက်ကျယ်ပြီးတော့ ဘာပစ္စည်းမှမရှိဘူး။ ကုတင်တစ်လုံးနဲ့ အရင်က သေးကွက်တွေ စွန်းနေသေးတဲ့ ညစ်ညစ်ပတ်ပတ် အိပ်ရာခင်းတစ်ခုပဲရှိတယ်။ သေးစော်ဆိုတာ နံဟောင်နေတာပဲ။ အခန်းထဲမှာ အိမ်သာလည်းမရှိဘူး။ ကျားရော၊ မရော တွဲသုံးရတဲ့ အိမ်သာတစ်လုံးပဲ ခန်းမကြီးမှာ ရှိတယ်။ အဲဒါကိုလည်း အမြဲသော့ခတ်ထားတာ။ အိမ်သာသွားချင်တိုင်း ဆေးရုံစောင့်ကို လိုက်ရှာရတယ်။ သူတို့မအားသေးရင် တံခါးမဖွင့်ပေးဘူး။ အဲဒီအတိုင်းပဲ အောင့်ထားရတယ်။ စိတ်ဝေဒနာရှင်တွေရဲ့ အော်ငိုနေတဲ့အသံတွေနဲ့ ဆေးရုံတစ်ခုလုံးက အမြဲပြည့်နေတယ်။ သူတို့က တစ်ခါတလေ သီချင်းဆိုကြ၊ ငိုကြနဲ့။ အဲဒီလိုမဟုတ်လည်း အော်ကြပြန်ရော၊ “ငါ့ကိုလွှတ်ပေး။ ငါ့ကိုလွှတ်ပေး” နဲ့။ သံပန်းတွေကိုလည်း အဆက်မပြတ် ထုရိုက်တတ်ကြသေးတယ်။ ဆေးရုံတစ်ခုလုံးက အော်ငိုနေတဲ့ ဝိညာဥ်တွေနဲ့ ဝံပုလွေတွေရဲ့ အသံတွေနဲ့ ပြည့်နေသလိုပဲ။ ကျွန်မဖြင့် ကျောချမ်းသွားမိတယ်။ ဒီနေရာက လူတွေနေအပ်တဲ့အရပ်မဟုတ်ဘူးလို့ ခံစားခဲ့ရတယ်။ ကျွန်မရဲ့ယုံကြည်မှုအတွက်နဲ့ ကွန်မြူနစ်ပါတီရဲ့ ဖမ်းဆီးချုပ်နှောင်တာကို ခံခဲ့ရပြီးတော့ ပြန်လည်းလွတ်ရော ကျွန်မရဲ့ကိုယ်ပိုင်မိသားစုကပဲ အရူးထောင်ကိုပို့ပြီး နှိပ်စက်ပြန်တယ်။ ကျားဂူထဲက လွတ်လာပါပြီးမှ ကျားခံတွင်းထဲ ဝင်မိတဲ့အဖြစ်မျိုး။ ကျွန်မအဲဒီလိုမျိုး ဘယ်လိုနေရမလဲ။ တွေးမိလေ စိတ်ထဲခံစားမိလေဖြစ်ပြီးတော့ ဝမ်းပန်းတနည်း စငိုမိတယ်။ ကျွန်မငိုနေရင်းနဲ့ တွေ့ဆုံပွဲတွေမှာ ညီအစ်ကိုမောင်နှမတွေ ဓမ္မတေးတွေဆိုပြီးတော့ ဘုရားသခင်ကို ချီးမွမ်းကြတာကို သွားစဥ်းစားမိတယ်။ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေကို ဖတ်ပြီးတော့ သူတို့နဲ့အတူတူ ကျွန်မရဲ့တာဝန်ကို ထမ်းဆောင်ချင်တယ်။ ဒါပေမဲ့ ကျွန်မထွက်လို့မရဘူး၊ ဒီမှာဘယ်လောက်ကြာ အချုပ်ခံထားရမလဲလည်း မသိဘူး။ ကျွန်မနာကျင်ခံစားနေရတာတွေ ဘယ်တော့မှပြီးမလဲ။ ဘုရားသခင်ကို ကျွန်မဆုတောင်းလိုက်တယ်။ “အို၊ ဘုရားသခင်။ စိတ်ဝေဒနာသည်တွေနဲ့အတူ သမီးချုပ်နှောင်ခံနေရပါတယ်။ အရမ်းစိတ်ညစ်မိပါတယ်။ ဘုရားသခင်၊ ဒါကိုဘယ်လိုကျော်ဖြတ်ရမလဲ သမီးမသိပါဘူး။ ကျေးဇူးပြုပြီး လမ်းပြပေးတော်မူပါ” လို့လေ။ ဆုတောင်းပြီးတော့ ကျမ်းပိုဒ်တစ်ပိုဒ်ကို သတိရမိသွားတယ်။ “သင်တို့သည် ‘အကြောင်းမူကား ယခုခဏခံရ၍ ပေါ့ပါးသော ဆင်းရဲခြင်း ဒုက္ခသည် အတိုင်းအထက် အလွန်ကြီးမြတ် လေးလံသော နိစ္စထာဝရ ဘုန်းအသရေကို ငါတို့အဖို့ ဖြစ်စေတတ်၏။’ ဟူသော စကားများကို မှတ်မိကောင်း မှတ်မိကြပေလိမ့်မည်။ ဤစကားများကို သင်တို့အားလုံး ယခင်က ကြားခဲ့ကြပြီးဖြစ်သော်လည်း သင်တို့ထဲမှ မည်သူမျှ ယင်းတို့၏စစ်မှန်သော အဓိပ္ပါယ်ကို နားမလည်ခဲ့ကြပေ။ ယနေ့တွင် သင်တို့သည် ထိုစကားများ၏ စစ်မှန်သောအရေးပါမှုကို လေးလေးနက်နက် သတိပြုမိကြသည်။ ဤစကားများသည် နောက်ဆုံးသောကာလအတွင်း၌ ဘုရားသခင်အားဖြင့် ပြည့်စုံလိမ့်မည်ဖြစ်ပြီး၊ အဆင်းနီသောနဂါးကြီး ခွေလျောင်းရာပြည်တွင် ယင်းနဂါးကြီး၏ လူမဆန်စွာ ညှဉ်းပန်းနှိပ်စက်ခံခဲ့သူများ၌ ပြည့်စုံလိမ့်မည်ဖြစ်သည်။ အဆင်းနီသောနဂါးကြီးသည် ဘုရားသခင်ကို ညှဉ်းပန်းနှိပ်စက်ပြီး၊ သူသည် ဘုရားသခင်၏ရန်သူ ဖြစ်၏။ သို့ဖြစ်၍ ဤပြည်၌ ဘုရားသခင်ကို ယုံကြည်သူများသည် အရှက်ကွဲခြင်းနှင့် ဖိနှိပ်ခြင်းတို့ကို ဤသို့ ခံကြရပြီး၊ အကျိုးဆက်အနေဖြင့် ဤစကားများသည် ဤလူစုတည်းဟူသော သင်တို့၌ ပြည့်စုံလေသည်။ ယင်းသည် ဘုရားသခင်ကို ဆန့်ကျင်သော ပြည်တွင် စတင်သောကြောင့် ဘုရားသခင်၏အမှုအားလုံးသည် ကြီးမားသော အတားအဆီးများကို ရင်ဆိုင်ရပြီး၊ ဘုရားသခင်၏နှုတ်ကပတ်တော်များစွာ ပြီးမြောက်ခြင်းသည် အချိန်ကြာလေသည်။ ဤအကြောင်းကြောင့်၊ ဘုရားသခင်၏နှုတ်ကပတ်တော်၏ အကျိုးဆက်အဖြစ်၊ လူတို့သည် စစ်ဆေးခံကြရကာ ယင်းသည် ဒုက္ခဆင်းရဲ၏ အစိတ်အပိုင်းလည်း ဖြစ်ပေသည်။ အဆင်းနီသောနဂါးကြီး၏ ပြည်တွင် သူ၏အမှုကို ဆောင်ရွက်ရန် ဘုရားသခင်အတွက် အလွန်တရာ ခဲယဉ်းလေသည်- သို့သော် ဘုရားသခင်သည် သူ၏ဉာဏ်ပညာနှင့် သူ၏ အံ့ဘွယ်လုပ်ဆောင်ချက်များကို ထင်ရှားစေလျက်၊ ပြီးလျှင် ဤလူစုကို စုံလင်စေရန် ဤအခွင့်အရေးကို အသုံးပြုရင်း၊ သူ၏ အမှု အဆင့်တစ်ခုကို ဘုရားသခင် လုပ်ဆောင်သည်မှာ ဤအခက်အခဲမှတစ်ဆင့် ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏အမှုသည် လူသားထင်သကဲ့သို့ ရိုးရှင်းပါသလော) ကျွန်မနားလည်သွားတယ်။ ပါတီဟာ ဘုရားသခင်ရဲ့ ထာဝရရန်သူဖြစ်ပြီးတော့ လူတွေ ဘုရားသခင်နောက်ကိုလိုက်ပြီး ယုံကြည်တာကို လက်ခံမှာမဟုတ်ဘူးဆိုတာကိုပေါ့။ လူသားမျိုးနွယ်ကိုကယ်တင်ဖို့ အနန္တတန်ခိုးရှင်ဘုရားသခင်က သမ္မာတရားတွေကို ဖော်ပြနေတယ်။ အဲဒီတော့ ပါတီက ယုံကြည်သူတွေကို အသည်းအသန်ဖမ်းဆီးနှိပ်ကွပ်တယ်၊ သမ္မာတရားမသိတဲ့သူတွေကို လှည့်ဖြားဖို့ ကောလာဟလနဲ့ မုသားမျိုးစုံ ဖြန့်ပြီးတော့ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ အသင်းတော်ကို ရှုတ်ချကြတယ်။ ယုံကြည်သူတွေရဲ့ မိသားစုဝင်တွေကိုပါ မျိုးဆက်နဲ့ချီ အမှုထဲစွဲထည့်ပြီးတော့ သူတို့ရဲ့အသက်မွေးဝမ်းကြောင်းကို ဖျက်ဆီးပြီး သူတို့ဘဝထဲက ယုံကြည်သူနဲ့ ရန်တိုက်ပေးတာ။ ယုံကြည်သူတွေ ဘုရားသခင်ကိုသစ္စာဖောက်အောင် ဖိအားပေးဖို့ သူတို့ကို အသုံးချကြတာ။ ပါတီက တကယ်ကို ဆိုးယုတ်ပါတယ်။ ကျွန်မမိသားစုလည်း ပါတီလှည့်စားတာကို ယုံပြီး လိုက်လုပ်ခဲ့တယ်။ ယုံကြည်မှုကြောင့် ကျွန်မကို နှိပ်ကွပ်ခဲ့ကြတယ်။ စိတ်ကျန်းမာရေးဆေးရုံကိုတောင် ပို့ကြတယ်။ တကယ်ဆိုးရွားတဲ့ နေရာတစ်ခုပါပဲ။ ဒါပေမဲ့ ကွန်မြူနစ်ပါတီရဲ့ ဆိုးယုတ်တဲ့ အဖြစ်အနေအပြင် ဘုရားသခင်က ဒီနည်းနဲ့ ကျွန်မရဲ့ယုံကြည်မှုကို စုံလင်အောင်ပြုလုပ်ပေးနေခဲ့တာကို မြင်ခဲ့တယ်။ အဲဒီတော့ ကျွန်မဘုရားသခင်ကို အားကိုးပြီးတော့ သက်သေခံမှရမယ်။ အဲဒီလိုတွေးမိတော့ ဘုရားသခင်ကို ကျွန်မနဲ့အတူရှိပေးဖို့နဲ့ စာတန်မာရ်နတ်ရဲ့ရန်ကနေ ကာကွယ်ပေးဖို့ တောင်းလျှောက်ပြီး ဆုတောင်းခဲ့ပါတယ်။ စာတန်က ကျွန်မကိုဖိနှိပ်လေ ကျွန်မက ဘုရားသခင်ကို ပိုယုံကြည်လေပါပဲ။
ဆေးရုံရောက်တဲ့ ဒုတိယနေ့မှာ ဆေးရုံစောင့်က ကျွန်မသောက်ဖို့ ဆေးတစ်လုံးလာပေးတယ်။ ကျွန်မဒေါသတကြီး ဒီလိုပြောလိုက်တယ်။ “ကျွန်မဘာမှမဖြစ်ဘူးလို့ ပြောပြီးပြီလေ။ ကျွန်မလုံးဝအကောင်းပဲ။ မသောက်နိုင်ဘူး” လို့လေ။ သူကပြောတယ်။ “ဘာမှမဖြစ်ဘဲနဲ့တော့ ဒီကိုဘယ်သူမှရောက်မလာဘူး။ ကုသပေးတာ အေးဆေးခံယူရင် ခင်ဗျား မြန်မြန်သက်သာပြီးတော့ မြန်မြန်ဆေးရုံက ဆင်းရမယ်” တဲ့လေ။ ဒါပေမဲ့ သူဘယ်လိုပဲပြောပြော ကျွန်မဆေးကို မသောက်ရဲခဲ့ဘူး။ တတိယနေ့ကျတော့ ရောဂါအခြေအနေ တော်တော်ဆိုးတဲ့သူတစ်ယောက် ဆေးရုံကိုရောက်လာတယ်။ ပြီးတော့ ကျွန်မရဲ့အဆောင်မှာ ကုတင်အလွတ်မရှိတော့လို့ အဆောင် ၃ ကို ပြောင်းခဲ့ရတယ်။ အဲဒီအဆောင်က အရမ်းကြီးမတင်းကြပ်တော့ ကျွန်မအခန်းအပြင်ထွက်ပြီး ခြေဆန့်လက်ဆန့် လုပ်လို့ရတယ်။ အဲဒီမှာ တချို့လူနာတွေရဲ့ဘောင်းဘီက ဟောင်းနွမ်းလွန်းလို့ သူတို့ရဲ့တင်သားတွေပေါ်နေတာကို တွေ့ခဲ့ရတယ်။ မျက်နှာနဲ့ လည်ပင်းတွေက ညစ်ပတ်နေပြီး ဆံပင်တွေကလည်း ငှက်သိုက်လိုပဲ။ တချို့လူတွေရဲ့အဝတ်တွေက ညစ်ပတ်လွန်းလို့ အဆီပြန်နေသလိုဖြစ်နေတယ်။ တကယ်ကို အော်ဂလီဆန်စရာကြီး။ အဲဒီအဆောင်မှာ ကျွန်မအခန်းဖော်နှစ်ယောက်ရှိတယ်။ တစ်ယောက်က မျက်လုံးသေနဲ့ အသက်မပါသလိုပဲ။ တစ်ခါတလေကျရင် သူ့ဘာသူတစ်ယောက်တည်း လျှောက်ပြောနေတတ်တယ်။ နောက်တစ်ယောက်က အဲဒီမှာအပိတ်ခံထားရတာ ဘယ်လောက်ကြာပြီလဲမသိဘူး။ မနက်တိုင်း လျှောက်လမ်းမှာ မရပ်မနား လမ်းလျှောက်ပြီး ဆေးလိပ်သောက်တယ်။ သူတို့က တကယ်ကြောက်ဖို့ကောင်းတယ်။ သူတို့ရောဂါထတဲ့အခါ ကျွန်မသတိမထားမလိုက်မိခင် ဆံပင်ကို လှမ်းဆွဲလိုက်မလား၊ ရိုက်များရိုက်မလား၊ ဒါမှမဟုတ် အိပ်နေတုန်း လည်ပင်းများညှစ်သတ်သွားမလားဆိုပြီး ကြောက်ခဲ့ရတယ်။ အဲဒါကြောင့် ညဆို နှစ်နှစ်ခြိုက်ခြိုက် တစ်ခါမှအိပ်မပျော်ခဲ့ပါဘူး။ ညအိပ်ခါနီးတိုင်းမှာ ဘုရားသခင်ကို ထပ်ခါ ထပ်ခါ တိတ်တိတ်လေးဆုတောင်းခဲ့ပြီးတော့ ကျွန်မကို ကာကွယ်ပေးဖို့ တောင်းလျှောက်ခဲ့တယ်။ နည်းနည်းလေး အနားရအောင် တစ်မှေးအိပ်ပျော်ဖို့ တစ်ခုတည်းသောနည်းလမ်းက အဲဒါပဲရှိတယ်။ ဆေးရုံစောင့်က နေ့တိုင်းလာပြီးတော့ တစ်ယောက်ချင်းဆီကို ဆေးတွေပေးတယ်။ သူကျွန်မကို သေချာကြည့်နေမှပဲ သောက်တယ်၊ သူသေချာမကြည့်ရင်တော့ ကျွန်မဆေးကို မမြိုချဘူး။ အဲဒီအစား အိမ်သာသွားတဲ့အချိန်ကျရင် လွှင့်ပစ်လိုက်တယ်။ တစ်ခါက ကျွန်မဆေးတွေလွှင့်ပစ်နေတာကို တခြားလူနာတစ်ယောက်ကတွေ့ပြီးတော့ “အဲဒီလိုလုပ်လို့မရဘူးလေ။ တစ်ခါက ကျွန်မလည်းဆေးတွေလွှင့်ပစ်တာကို ဆေးရုံစောင့်က မိသွားဖူးတယ်။ သူကျွန်မကို သုံး လေးချက်ရိုက်တယ်။ ပြီးတော့ ပလပ်စတစ်ပြွန်ချောင်းကိုယူပြီး ကျွန်မနှာခေါင်းထဲကို ထိုးထည့်တယ်။ အဲဒီကနေတစ်ဆင့် ဆေးကိုအတင်းသွင်းတယ်။ တော်တော်ကို နာကျင်ရတယ်” လို့ ကျွန်မကိုပြောတယ်။ အဲဒီအမျိုးသမီးက ဆေးရုံစောင့်တွေကို ကျွန်မဆေးတွေလွှင့်ပစ်တဲ့အကြောင်း သွားပြောလားတော့ မသိဘူး။ အဲဒီနောက်ပိုင်းမှာ ဆေးရုံဝန်ထမ်းတွေကတော့ လူနာတွေ ဆေးသောက် မသောက်ကို အများကြီးပိုဂရုစိုက်စောင့်ကြည့်လာတယ်။ ဆေးရုံစောင့်တွေက လေးထောင့်စားပွဲမှာ မတ်တပ်ရပ်ပြီးတော့ ကျွန်မတို့ကို နေ့တိုင်းစောင့်ကြည့်တယ်။ သေချာအောင်လို့ ဓာတ်မီးနဲ့ထိုး၊ ပါးစပ်ဟခိုင်းပြီးတော့ ဆေးကိုမြိုချခိုင်းတယ်။ ကျွန်မလည်းမတတ်သာဘဲ ဆေးတွေသောက်ရတော့တယ်။
သုံး လေးရက်လောက်ကြာတော့ ဆေးရုံညွှန်ကြားရေးမှူးက အခန်းတွေကို လာကြည့်ပြီးတော့ ကျွန်မကို ရုတ်တရက်ကြီးမေးတယ် “မဟာကပ်ဘေးကြီးက ၂၁ ရက်နေ့မှာ ဖြစ်မှာလား” တဲ့။ ထူးဆန်းလိုက်တာလို့ တွေးပြီးတော့ “ဘုရားသခင်ကပဲ ကပ်ဘေးဘယ်တော့လာမလဲ ပြောနိုင်တယ်” လို့ပြောလိုက်တယ်။ သူက “အခြေအနေတော်တော်ဆိုးနေတာပဲ။ ဆေးတွေတိုးတိုက်မှရမယ်” လို့ပြန်ပြောတယ်။ အဲဒီနောက်ပိုင်း အရင်ကတစ်လုံးနေရာမှာ နှစ်လုံးသောက်ရတယ်။ ကျွန်မအရမ်းစိတ်တိုသွားတယ်။ ညွှန်ကြားရေးမှူးက ကျွန်မ တကယ်ဘာဖြစ်နေလဲဆိုတာကို မသိဘဲ ရမ်းပြီးတော့ ဆေးတွေတိုးပေးသွားတယ်။ လူ့အသက်ကို လုံးဝတန်ဖိုးမထားဘူး။ ဆေးရုံဆိုတာ အသက်ကယ်ပြီးတော့ ဒဏ်ရာတွေကို ကုသပေးတဲ့နေရာဖြစ်သင့်တာ။ ဒါပေမဲ့ အဲဒါက ကွန်မြူနစ်ပါတီရဲ့ ခရစ်ယာန်တွေကို နှိပ်ကွပ်တဲ့နေရာ ဖြစ်လာနေတယ်။ ကျွန်မရဲ့ယုံကြည်မှုကြောင့်ပဲ ကျွန်မကို တမင်ဒုက္ခပေးနေကြတာ။ ပါတီကို ကျွန်မတူးတူးခါးခါးမုန်းခဲ့တယ်။
ဆေးသောက်တာ ဆယ်ရက်ကြာတော့ ကျွန်မအရမ်းအားနည်းလာပြီး လမ်းတောင် ကောင်းကောင်းမလျှောက်နိုင်တော့ဘူး။ အဲဒါက သူတို့ပေးတဲ့ဆေးတွေကြောင့်လားလို့ ကျွန်မစဥ်းစားမိခဲ့တယ်။ အချိန်တိုလေးအတွင်းမှာပဲ ကျွန်မနေလို့လုံးဝမကောင်းတော့ဘူး။ အစကဘာမှမဖြစ်ခဲ့ရင်တောင် အဲဒီဆေးတွေသာဆက်သောက်နေရင် ကျွန်မနေမကောင်းဖြစ်နေဦးမှာပဲ။ အဲဒီလို စိတ်ဝေဒနာရှင်တွေနဲ့ နေ့တိုင်းကြုံတွေ့နေရတော့ ကျွန်မအရမ်းစိတ်ညစ်ပြီး စိတ်ဓာတ်ကျခဲ့တယ်။ အဲဒီစိတ်ဆင်းရဲမှုကြောင့် ကျွန်မပါ ရူးတော့မလိုခံစားခဲ့ရပါတယ်။ ကျွန်မဘုရားသခင်ကို အများကြီးဆုတောင်းခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်တွေရဲ့ လမ်းပြမှုကြောင့်သာ ဖြတ်သန်းနိုင်ခဲ့တာပါ။ မှတ်မိပါသေးရဲ့။ တစ်ခါက ဆုတောင်းပြီးနောက် သခင်ယေရှုက လာဇရုကို သူ့အုတ်ဂူထဲကနေ ထုတ်ပေးလိုက်တာ ကျွန်မတွေးမိသွားတယ်လေ။ သူသေနေတာ လေးရက်ရှိပြီးတော့ ခန္ဓာကိုယ်က ပုပ်နေပြီ။ ဒါပေမဲ့ ဘုရားသခင်က စကားတချို့နဲ့ပဲ သူ့ကို ပြန်ရှင်စေခဲ့တယ်။ ဘုရားသခင်က တန်ခိုးကြီးလှတယ်။ လူသားတွေရဲ့ ကံကြမ္မာကို သူအုပ်စိုးတာ။ အဲဒီတော့ ကျွန်မအသက်ကလည်း ဘုရားသခင်ရဲ့လက်ထဲမှာပဲဆိုတာကို သိခဲ့တယ်။ ဘုရားသခင် မြွက်ကြားခဲ့တာတစ်ခုကို သွားစဥ်းစားမိတယ်။ “စကြဝဠာတွင် ဖြစ်ပေါ်သော အရာရာတိုင်းတွင်၊ ငါ အဆုံးအဖြတ်မပေးသောအရာ တစ်ခုမျှ မရှိချေ။ ငါ့လက်ထဲတွင်မရှိသည့်အရာ တစ်စုံတစ်ရာ ရှိသလော။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၁)) အဲဒီဆေးတွေကြောင့် ကျွန်မရူးသွားမလား၊ ဒီကနေ ကျွန်မဘယ်အချိန်လွတ်မလဲ၊ အဲဒါတွေအားလုံးက ဘုရားသခင်ရဲ့လက်ထဲမှာပါပဲ။ ဘုရားသခင်ကို အားကိုးပြီး ကျွန်မရဲ့ယုံကြည်မှုနဲ့ ဒါကိုကျော်ဖြတ်ရမယ်။ အဲဒီအတွေးကြောင့် ကျွန်မရဲ့ယုံကြည်မှုတွေ ခိုင်မာလာပြီးတော့ အရင်လို သိပ်မကြောက်တော့ဘူး။
နှစ်ပတ်လောက်ကြာတော့ ညနေတစ်ခုမှာ ကျွန်မဆေးရုံက စောစောဆင်းလို့ရ မရသိဖို့ မိသားစုကို ဖုန်းဆက်လို့ရတာ တွေးမိသွားတယ်။ နောက်တစ်နေ့မနက်ကျတော့ ကျွန်မအမျိုးသားက ဆေးရုံကို ကားနဲ့ရောက်လာတယ်။ ကျွန်မကိုခေါ်သွားဖို့ သူ့ကိုပြောခဲ့တယ်။ ဒီနေရာက လူတွေနေအပ်တဲ့အရပ်မဟုတ်ဘူး၊ ပြီးတော့ အကြာကြီးနေရင် လူကောင်းတောင်ရူးသွားလိမ့်မယ်လို့ သူ့ကိုပြောလိုက်တယ်။ သူက ကျွန်မအစ်ကိုကို ဖုန်းခေါ်ပြီးတော့ ဆွေးနွေးတယ်။ ကျွန်မအစ်ကို ဖုန်းထဲကပြောတာကို သဲ့သဲ့ကြားရတယ်။ “အရင်ဆုံး သူ့ယုံကြည်မှုကို စွန့်လွှတ်ပါမယ်လို့ လက်မှတ်ထိုးပြီး အာမခံခိုင်း။ ပြီးမှပြန်ခိုင်း။ သူ့ယုံကြည်မှုကို ဆက်ထိန်းသိမ်းထားမယ်ဆိုရင်တော့ အဲဒီမှာပဲသေချင်ရင် သေပါစေ” တဲ့။ ကျွန်မရဲ့အစ်ကို၊ သွေးသားရင်းချာနဲ့ အစ်ကိုအရင်းက ဒါမျိုးပြောထွက်လိမ့်မယ်လို့ တစ်ခါမှစိတ်မကူးခဲ့ဖူးဘူး။ တကယ်ကြောက်ဖို့ကောင်းတယ်။ သူက မိသားစုမဟုတ်ဘူး။ လူ့အသွင်နဲ့ မကောင်းဆိုးဝါးပဲ။ ကျွန်မကိုထုတ်ပေးမဲ့ ရည်ရွယ်ချက် သူ့မှာမရှိတာကို တွေ့တော့ သူကသာ ငါ့ကို ဒီမှာထားသွားရင် ဘယ်တော့မှပြန်ရမှာ မဟုတ်တော့ဘူး။ ဒါဆို ငါ့ရဲ့ယုံကြည်မှုကို ဘယ်လိုလက်တွေ့ကျင့်ရပါ့မလဲလို့ တွေးမိတယ်။ လို့ပဲ ပါးပါးနပ်နပ်ပြန်ပြောခဲ့တယ်။ အဲဒါနဲ့ သူက ကျွန်မကို အိမ်ပြန်ခေါ်သွားဖို့ သဘောတူတယ်။ ကျွန်မအမျိုးသားက ကျွန်မနောက်ကို တောက်လျှောက်လိုက်ကြည့်နေခဲ့တယ်။ တွေ့ဆုံပွဲသွားတာတို့ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကိုဖတ်တာတို့ကို သူကခွင့်မပြုပါဘူး။ တစ်ခါတလေကျရင် ကျွန်မနေ့လည်ဘက် တစ်ရေးအိပ်နေတုန်း ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေကို ဖတ်နေလားဆိုပြီးတောင် လာလာကြည့်တယ်။ ဒါပေမဲ့ ကျွန်မရဲ့ အမ်ပီဖိုက်စက်ထဲကနေ ဘုရားသခင် နှုတ်ကပတ်တော်တွေကို ခိုးဖတ်လို့ရနေပါသေးတယ်။ အဲဒီလိုနဲ့ တစ်မနက်ကျတော့ ကျွန်မအဲဒီစက်ကို အားသွင်းနေတာ သူမိသွားတယ်။ သူကအဲဒါကိုသိမ်းသွားပြီးတော့ ကျွန်မကိုဒေါသတကြီးနဲ့ “မင်းယုံကြည်နေသေးတယ်ပေါ့၊ ဖမ်းမိလို့ကတော့ မင်းထောင်ကျမှာ။ မင်းကြောင့် ငါတို့သားလည်း အလုပ်ပြုတ်လိမ့်မယ်။ မင်းသူနဲ့ဘယ်လိုမျက်နှာချင်းဆိုင်မလဲ။ မင်းဘုရားသခင်ကို ဆက်ယုံကြည်ခွင့်မရှိတော့ဘူး” လို့ အော်ပြောတယ်။ အဲဒီလိုပြောပြီးတော့ ကျွန်မကိုဆောင့်တွန်းလိုက်လို့ ကျွန်မခေါင်းနဲ့ ကုတင်ဘောင်နဲ့ ဒုံးခနဲ ဆောင့်မိသွားတယ်။ သူအဲဒီလောက်အထိ ကြမ်းတမ်းရက်စက်တာကို ကျွန်မနားမလည်နိုင်ခဲ့ဘူး။ ကျွန်မဘုရားသခင်ကို ယုံကြည်တာပဲရှိတယ်။ မဟုတ်တာ ဘာမှမလုပ်ထားဘူး။ ဒါပေမဲ့ သူကကျွန်မကို ဆိုးဆိုးရွားရွား ဆက်ဆံနေတယ်။ ကျွန်မကို ဆေးရုံပို့လိုက်ရုံတင်မကဘဲ အခုဆို လက်ပါလာပြီ။ ပြီးတော့ ဘုရားသခင်နှုတ်ကပတ်တော်တွေကိုလည်း ပေးမဖတ်ဘူး။ စိတ်ကပိုညစ်လာပြီး “အို ဘုရားသခင်၊ သမီးအမျိုးသားက သမီးကို ဆိုးဆိုးရွားရွားဆက်ဆံနေပါတယ်။ ပြီးတော့ သမီးလည်း အားနည်းနေပါတယ်။ ဒီလမ်းကြောင်းမှာ ဘယ်လိုဆက်နေရမလဲ သမီးမသိဘူး။ လမ်းပြပေးတော်မူပါ” လို့ ဘုရားသခင်ကို ဆုတောင်းခဲ့တယ်။ ပြီးတော့ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေထဲက ဒီတစ်ခုကို စဥ်းစားမိခဲ့တယ်။ “ယနေ့တွင် လူအများစု၌ ထိုအသိပညာ မရှိကြပေ။ ဒုက္ခဝေဒနာခံစားရခြင်းမှာ တန်ဖိုးမရှိဟု ၎င်းတို့ယုံကြည်ကြသည်၊ ၎င်းတို့သည် လောကကြီး၏ စွန့်ပစ်ခြင်းကိုခံကြရသည်၊ ၎င်းတို့၏ နေအိမ်အသက်တာ၌ သောကရောက်ကြရသည်၊ ၎င်းတို့သည် ဘုရားသခင်၏ ချစ်မြတ်နိုးခြင်းကို မခံကြရဘဲ ၎င်းတို့၏ ရှေ့ရေးများမှာ စိတ်ဓာတ်ကျဖွယ်ရာဖြစ်၏။ အချို့သူများ၏ ဒုက္ခဝေဒနာခံစားရခြင်းမှာ လွန်ကဲပြင်းထန်လာပြီး ၎င်းတို့၏အတွေးများသည် သေခြင်းတရားဘက်သို့ လှည့်သွားကြသည်။ ဤသည်မှာ ဘုရားသခင်အတွက် စစ်မှန်သော ချစ်ခြင်းမဟုတ်ပေ။ ထိုသို့သော လူများသည် သူရဲဘောကြောင်သူများ ဖြစ်ကြပြီး ၎င်းတို့၌ ဇွဲလုံ့လဝီရိယ မရှိကြပေ၊ ၎င်းတို့သည် အားနည်းပြီး အစွမ်းမရှိသူများပင် ဖြစ်ကြတော့သည်။ ဘုရားသခင်သည် သူ့ကို လူသားတို့ ချစ်ကြရန် စိတ်ထက်သန်သော်လည်း၊ လူသားက သူ့ကိုချစ်လေ၊ လူသား၏ ဒုက္ခဝေဒနာက ပိုကြီးလေဖြစ်ပြီး၊ လူသားက သူ့ကိုချစ်လေ၊ လူသား၏ စမ်းသပ်မှုများက ပိုကြီးလေဖြစ်သည်။...ထို့ကြောင့် ဤနောက်ဆုံးသောကာလအတောအတွင်း သင်တို့သည် ဘုရားသခင်ကို သက်သေခံကြရမည်။ သင်တို့၏ ဒုက္ခဝေဒနာက မည်မျှပင်ကြီးမားပါစေ သင်တို့သည် ဆုံးခန်းတိုင်အောင် လျှောက်သွားသင့်သည်၊ ထို့အပြင် သင်တို့၏နောက်ဆုံး ထွက်သက်၌ပင်လျှင် သင်တို့သည် ဘုရားသခင်ကို သစ္စာရှိပြီး ဘုရားသခင်၏စီစဉ်ညွှန်ကြားမှုကို ကျိုးနွံနာခံနေရမည်။ ဤအရာသည်သာလျှင် ဘုရားသခင်ကို အမှန်တကယ် ချစ်ခြင်းဖြစ်ပြီး၊ ဤအရာသည်သာလျှင် ခိုင်မာ၍ ထူးကဲသည့် သက်သေခံချက်ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နာကျင်သည့်စမ်းသပ်မှုများကို တွေ့ကြုံခြင်းဖြင့်သာ ဘုရားသခင်၏နှစ်လိုဖွယ်ကောင်းခြင်းကို သိနိုင်မည်) ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို တစိမ့်စိမ့် တွေးဆကြည့်ပြီးတော့ ကျွန်မအခက်အခဲတွေနဲ့ ကြုံတွေ့ရရင်တောင် ဘုရားသခင်က ကျွန်မရဲ့ယုံကြည်မှုကို စုံလင်စေဖို့၊ စာတန်ရှေ့မှာ ဘုရားကို သက်သေခံမဲ့ အခွင့်အရေးပေးဖို့ အဲဒီအခြေအနေကို အသုံးပြုနေတာ ရှင်းလင်းလာတယ်။ အဲဒါဘုရားရဲ့ မေတ္တာပဲ။ ဒါပေမဲ့ ဘုရားသခင်ရဲ့ အလိုတော်ကို နားမလည်ခဲ့ဘဲနဲ့ ကျွန်မရဲ့ ခံစားရမှုကြောင့် အားနည်းပြီး အပျက်သဘောဆောင်ခဲ့တယ်။ ကျွန်မက ဘယ်လောက်တောင် သူရဲဘောကြောင်သလဲဆိုတာ တွေ့ခဲ့ရတယ်။ ပြီးတော့ ကျွန်မအမျိုးသားက ဘုရားသခင်ကို စွန့်လွှတ်အောင်လုပ်တာကို စဥ်းစားမိတယ်။ ကျွန်မရဲ့သေရေးရှင်ရေးကို ဂရုမစိုက်ဘဲ စိတ်ကျန်းမာရေးဆေးရုံကို ကိုယ်တိုင်ခေါ်သွားခဲ့တယ်။ အခုကျတော့ လက်ပါ ပါလာပြီ။ အဲဒီအချိန်မှာတော့ သူဟာဘုရားသခင်ကို မုန်းတီးပြီး ဘုရားသခင်ကို ဆန့်ကျင်တဲ့မကောင်းဆိုးဝါးပဲဆိုတာကို ကျွန်မတကယ်သိသွားခဲ့ပြီ။ ဘုရားသခင် မြွက်ကြားခဲ့တာကို သွားသတိရတယ်။ “ယုံကြည်သူများနှင့် မယုံကြည်သူများသည် သဟဇာတ မဖြစ်ကြပေ။ ယင်းထက် ၎င်းတို့သည် တစ်ဦးနှင့် တစ်ဦး ဆန့်ကျင်ကြသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်နှင့် လူသားသည် ငြိမ်သက်ခြင်းချမ်းသာထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည်) ကျွန်မအမျိုးသားနဲ့ ကျွန်မက မတူညီတဲ့ လမ်းကြောင်းနှစ်ခုပေါ်က မတူညီတဲ့ လူနှစ်ယောက်ပါ။ သူကျွန်မကို ဘယ်လိုပဲဖိနှပ်ပါစေ ဘုရားသခင်နောက်ကို ဆက်လိုက်မှာပဲ။ တွန့်ဆုတ်နေမှာမဟုတ်ဘူး။ အဲဒါနဲ့ သူ့ကို ပြောလိုက်တယ်။ “ကွာရှင်းရအောင်။ ရှင်က လောကီလမ်းကို သွားနေတာ၊ ငွေနောက်လိုက်နေတာ။ ကျွန်မကကျတော့ ယုံကြည်မှုလမ်းကို လျှောက်နေတာ။ ကျွန်မတို့သွားနေတဲ့လမ်း မတူဘူး။ ဘာမှတူတာ မရှိဘူး။ သားအတွက် ရှင်စိတ်ပူတယ်မဟုတ်လား။ အဲဒီတော့ ကွာရှင်းကြတာပေါ့။ ဒါဆို ကျွန်မယုံကြည်မှုကြောင့် ရှင်တို့နှစ်ယောက် မထိခိုက်တော့ဘူး။ ကျွန်မဘာပိုင်ဆိုင်မှုမှလည်းမလိုချင်ဘူး။ အခန်းတစ်ခန်း၊ နေစရာတစ်နေရာပဲလိုတယ်။ အဲဒါဆို ဘုရားသခင်ကို ကျွန်မကိုးကွယ်လို့ရပြီ” လို့ ကျွန်မသူ့ကို ပြောခဲ့တယ်။ သူက “မင်းက မိန်းမကောင်းတစ်ယောက်ဆိုတာ ငါသိတယ်။ ငါမကွာရှင်းချင်ဘူး” လို့ပြောတယ်။ ကျွန်မက “မကွာရှင်းချင်ရင် ကျွန်မကို လွတ်လပ်ခွင့်ပေး။ ကျွန်မက ယုံကြည်သူတစ်ယောက်ဖြစ်ပြီးတော့ ရှင်ကျွန်မလမ်းကို မပိတ်ရဘူး” လို့သူ့ကိုပြောခဲ့တယ်။ သူက “မင်းကို လွတ်လပ်ခွင့်ပေးလို့ရတယ်။ ဒါပေမဲ့ အရင်ဆုံး အနန္တတန်ခိုးရှင် ဘုရားသခင်ကို စွန့်လွှတ်ပါမယ်လို့ သဘောတူကြောင်း လက်မှတ်ထိုးရမယ်” လို့ပြောတယ်။ အဲဒါကိုကြားတော့ “ကျွန်မရဲ့ယုံကြည်မှုကို စွန့်လွှတ်လို့မရဘူး။ သဘောတူကြောင်း လက်မှတ်မထိုးပေးနိုင်ဘူး” လို့ပြောခဲ့တယ်။ သူဘာမှပြန်မပြောနိုင်ဘူးဖြစ်သွားတယ်။ နောက်တော့ ကျွန်မ မယုံကြည်အောင် မတားနိုင်တာ သူတွေ့သွားတော့ ကျွန်မရဲ့ယုံကြည်မှုကို လက်တွေ့ကျင့်တာမှာ သူအရမ်းကြီးလိုက်မပိတ်ပင်တော့ဘူး။ အသင်းတော်ဘဝကို နေထိုင်ပြီးတော့ ပုံမှန်အတိုင်း တာဝန်ကို ထမ်းဆောင်နိုင်ခဲ့ပါတယ်။
တစ်ညနေမှာ လူသစ်တွေကို ရေလောင်းပေးဖို့ ကိစ္စဆွေးနွေးဖို့ ကျွန်မတို့နားမှာပဲနေတဲ့ ညီအစ်မတစ်ယောက်ဆီ သွားတွေ့ခဲ့တယ်။ ကျွန်မတို့ထိုင်ပြီးပြီးချင်းမှာပဲ ကျွန်မသားရောက်လာပြီးတော့ ညီအစ်မကို ဒေါသတကြီးနဲ့ “ခင်ဗျားကြောင့် ကျွန်တော့်အမေဘာသာဝင်ဖြစ်သွားတာ” လို့ပြောတယ်။ ပြီးတော့ သူ့ကိုရိုက်ဖို့လုပ်တယ်။ ကျွန်မသူ့ကို အမြန်ပြေးဖက်ပြီး ဆွဲထားရတယ်။ သူက စိတ်ဆိုးမာန်ဆိုးနဲ့ ကျွန်မကို အိမ်ဆွဲခေါ်သွားပြီးတော့ “အမေ ဒါကိုစွန့်လွှတ်မှဖြစ်မယ်။ အမေ့အသင်းတော်အကြောင်းကို အွန်လိုင်းမှာ ဘာတွေပြောနေကြလဲသိလား” လို့ဒေါနဲ့မောနဲ့ပြောတယ်။ ပြီးတော့ ကွန်မြူနစ်ပါတီရဲ့ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်ကို ပုတ်ခတ်တိုက်ခိုက်ထားတဲ့ အလိမ်အညာတွေကို လာပြောတယ်။ ပြောပြီးတော့ သူက “အဖေ၊ စိတ်ကျန်းမာရေးဆေးရုံကို ဖုန်းခေါ်ပြီးတော့ အမေ့ကိုပြန်ပို့လိုက်တော့” လို့အော်ပြောတယ်။ သူအဲဒီလိုပြောတာကိုကြားတော့ ကျွန်မခေါင်းတစ်ခုလုံး ပေါက်ကွဲတော့မလို ခံစားခဲ့ရတယ်။ ကျွန်မရဲ့သားက အလုပ်အတွက် သူ့အဖေနဲ့ပေါင်းပြီးတော့ ကျွန်မရဲ့ယုံကြည်မှုကိုပိတ်ပင်မယ်လို့ တစ်ခါမှမတွေးခဲ့ဖူးဘူး။ တော်တော်ရက်စက်ကြပါတယ်။ ကျွန်မအမျိုးသားက ဆေးရုံကိုဖုန်းခေါ်နေတာကို ကြားရတယ်။ ဟိုဘက်က သူတို့ဆီမှာ လူပြည့်နေပြီလို့ ပြောတဲ့အသံကို ကြားရတယ်။ ကျွန်မအမျိုးသားက “ရဲခေါ်ပြီးတော့သာ သူ့ကိုဖမ်းခိုင်းလိုက်တော့” တဲ့။ ကျွန်မသားက “သူ့ကိုအဲဒီမှာဖမ်းထားလို့မဖြစ်ဘူး။ အရင်ကယုန်တွေသားစပ်တဲ့ အမှောင်ခန်းထဲမှာပဲ ထည့်ထားလိုက်ရင်မကောင်းဘူးလား” လို့ပြန်ပြောတယ်။ ပြီးတော့ သူတို့နှစ်ယောက်က ကျွန်မကိုအဲဒီအခန်းထဲ အတင်းချီခေါ်သွားပြီးတော့ သံတံခါးကိုပိတ်ပြီး ထွက်သွားကြတယ်။ ပါတီရဲ့အလိမ်အညာတွေကိုယုံပြီးတော့ ကျွန်မရဲ့အမျိုးသားနဲ့ သားက ကျွန်မအပေါ် အရမ်းရက်စက်တာကိုတွေ့ရတာ တကယ်တုန်လှုပ်ဖို့ကောင်းတယ်။ ပြီးတော့ ကွန်မြူနစ်ပါတီကို ကျွန်မစိတ်နှလုံးရဲ့ အတွင်းထဲကနေကို ပိုပြီးတော့တောင် မုန်းခဲ့တယ်။ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေကို ကျွန်မတွေးမိခဲ့တယ်။ “နှစ်ပေါင်းထောင်ချီကြာ ဤသည်မှာ ညစ်ညူးခြင်း၏ နယ်မြေ ဖြစ်လေပြီ။ ယင်းသည် မခံမရပ်နိုင်လောက်အောင် ညစ်ပတ်ပေရေသည်၊ စိတ်ဆင်းရဲမှုက ပိတ်ဆီးထားသည်၊ တစ္ဆေများသည် လှည့်စားရင်းနှင့် လှည့်ဖြားရင်း၊ အခြေအမြစ် မရှိသော စွပ်စွဲချက်များ ပြုရင်း၁ အကြင်နာမဲ့ကာ ရက်စက်ကြမ်းကြုတ်လျက်၊ ဤတစ္ဆေမြို့အား နင်းခြေရင်းနှင့် ယင်းကို အသေကောင်များဖြင့် ပြန့်ကျဲနေစေရစ်လျက်၊ နေရာတကာတွင် ထကြွသောင်းကျန်းကြလေသည်။ ယိုယွင်းပျက်စီးခြင်း၏ အပုပ်နံ့သည် နယ်မြေကို ဖုံးလွှမ်းပြီး လေထုတွင် စိမ့်ဝင်ပျံ့နှံ့ကာ၊ ယင်းသည် အလွန်အကျွံ စောင့်ကြပ်ခြင်းခံရ၏။၂ မိုးကောင်းကင်များ အလွန်ရှိ လောကကြီးအား မည်သူ မြင်နိုင်သနည်း။ နတ်ဆိုးသည် လူသား၏ ခန္ဓာကိုယ် တစ်ခုလုံးကို တင်းကျပ်စွာ တုပ်နှောင်ထားသည်၊ သူ၏ မျက်လုံးနှစ်ခုလုံးကို ဖုံးအုပ်ပြီး၊ သူ၏နှုတ်ခမ်းများကို ခိုင်မြဲစွာ စေ့စေ့ပိတ်ထားလေသည်။ နတ်ဆိုးများ၏ မင်းသည် ထိုးဖောက်၍ မရနိုင်သော မကောင်းဆိုးဝါးတို့၏ နန်းတော် တစ်ခုအလား တစ္ဆေမြို့အပေါ် အနီးကပ် စောင့်ကြည့်မြဲစောင့်ကြည့်နေချိန်တွင်၊ နှစ်ထောင်ပေါင်း အချို့ကြာ ယနေ့ထက်ထိ သောင်းကျန်းပြီး ဖြစ်သည်။...ရှေးကာလ၏ ဘိုးဘေး များလော။ ချစ်မြတ်နိုးရသော ခေါင်းဆောင်များလော။ ၎င်းတို့ အားလုံးသည် ဘုရားသခင်အား ဆန့်ကျင်ကြ၏။ ၎င်းတို့၏ ဝင်ရောက်စွက်ဖက်မှုသည် ကောင်းကင်အောက်ရှိ အရာခပ်သိမ်းကို မှောင်မိုက်ခြင်း နှင့် ပရမ်းပတာဖြစ်ခြင်း အခြေအနေတစ်ခုတွင် ချန်ထားပြီးဖြစ်၏။ ဘာသာရေး လွတ်လပ်မှုလော။ နိုင်ငံသားများ၏ တရားဝင် ရပိုင်ခွင့်များနှင့် အကျိုးစီးပွားများလော။ ယင်းတို့သည် အပြစ်ဖုံးကွယ်ခြင်းအတွက် လှည့်စားမှုများသာ ဖြစ်ကြသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အမှုတော်နှင့် ဝင်ရောက်ခြင်း (၈)) ပါတီက ခရစ်ယာန်တွေကို ဖမ်းဆီးနှိပ်ကွပ်တယ်၊ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ အသင်းတော်အကြောင်း ကောလာဟလနဲ့ လုပ်ကြံဇာတ်မျိုးစုံဖြန့်ပြီးတော့ အသင်းတော်ရဲ့ မိသားစုဝင်တွေကိုပါ ဖမ်းဆီးဖိနှိပ်တယ်။ အဲဒီတော့ ကျွန်မရဲ့မိသားစုက ပါတီလှည့်စားတာ ယုံပြီး အဲဒီလိုလိုက်လုပ်ကြတယ်၊ ကျွန်မ ဘုရားသခင်ကို မယုံတော့အောင် ကြိုးစားကြတယ်။ ကျွန်မညှဉ်းဆဲခံခဲ့ရတဲ့ စိတ်ကျန်းမာရေးဆေးရုံကိုတောင် သူတို့ကိုယ်တိုင်ခေါ်သွားခဲ့ကြတယ်။ အခုလည်း ကျွန်မကို ပိတ်လှောင်ထားကြပြန်ပြီ။ အစစအရာရာ ပျော်စရာကောင်းခဲ့တဲ့ မိသားစုက အခုတော့ အဲဒီလိုဖြစ်သွားရတယ်။ ပါတီက တရားခံအစစ်ပဲ။ အဲဒီမကောင်းဆိုးဝါးကို ကျွန်မစိတ်နှလုံးရဲ့ အတွင်းထဲကနေကို မုန်းခဲ့တယ်။
မကြာခင်မှာပဲ ကျွန်မသားက ခွေးခြေထိုင်ခုံယူလာပြီး သံတံခါးအပြင်မှာ ထိုင်ပြီးတော့ “အမေ၊ ဘုရားသခင်ကို မယုံကြည်ပါနဲ့တော့။ အမေအလုပ်တွေ ပင်ပင်ပန်းပန်းလုပ်ပြီးတော့ သားကျောင်းစားရိတ်တွေရှာပေးခဲ့တာ လွယ်တာမှမဟုတ်တာ။ အခုသားအလုပ်လုပ်ပြီး ပိုက်ဆံနည်းနည်းရှိလာပြီ။ အမေခရီးသွားဖို့ သားတာဝန်ယူပေးမယ်လေ” လို့ပြောတယ်။ သူအဲဒီလိုပြောတော့ ဒါစာတန်ရဲ့လှည့်ကွက်ပဲဆိုတာကို ကျွန်မသဘောပေါက်ခဲ့တယ်။ အဲဒါနဲ့ ကျွန်မသူ့ကို “အမေ ယုံကြည်သူ မဖြစ်ခင်က ပိုက်ဆံပဲလိုချင်ခဲ့တယ်။ အဲဒီလိုနေရတာ ခက်ခဲပြီး ပင်ပန်းလှတယ်။ အခု ဘုရားသခင်ကို ရှာတွေ့သွားပြီးတော့ သမ္မာတရားတချို့ကို နားလည်လာပြီ။ အမေ့ဘဝက အများကြီးပိုပြီးတော့ လွတ်လပ်ပြီး ပျော်ဖို့ကောင်းလာတယ်။ သားတို့နှစ်ယောက် အမေ့ကို လွတ်လပ်ခွင့်ပေးလို့မရဘူးလား။ သားက အမေအဖြစ်က စွန့်လွှတ်ပြီးတော့ သားအဖေက ကွာရှင်းမယ်ဆိုရင်တောင် အမေ့ရဲ့ယုံကြည်မှုကို မစွန့်လွှတ်နိုင်ဘူး။ အမေဒီလမ်းကြောင်းကိုသွားဖို့ စိတ်ပိုင်းဖြတ်ထားတယ်” လို့ပြောခဲ့တယ်။ သူဘာမှပြန်မပြောခဲ့ဘဲနဲ့ ဒီတိုင်းပဲ လမ်းလျှောက်ပြီး ထွက်သွားတယ်။ ကျွန်မရဲ့ယုံကြည်မှုကို ပိုခိုင်မာစေခဲ့တဲ့အတွက် ဘုရားသခင်ကို အရမ်းကျေးဇူးတင်မိပြီးတော့ တကယ်စိတ်အေးချမ်းသွားပါတယ်။ ကျွန်မဒီဓမ္မတေးကို စပြီးသီဆိုခဲ့တယ်။ “အနန္တတန်ခိုးရှင် စစ်မှန်သော ဘုရားသခင်၊ ကျွန်ုပ်၏ နှလုံးသားသည် ကိုယ်တော်နှင့် သက်ဆိုင်ပါ၏။ အကျဉ်းချခြင်းက ကျွန်ုပ် ခန္ဓာကိုသာ ထိန်းချုပ်နိုင်။ ထိုအရာက ကိုယ်တော့်နောက်လိုက်ရာတွင် ကျွန်ုပ်၏ ခြေလှမ်းများကို မရပ်တန့်နိုင်ပေ။ နာကျင်သော ဆင်းရဲဒုက္ခ၊ လမ်းကြမ်းတစ်ခု ကိုယ်တော့် နှုတ်ကပတ်တော်များ၏ လမ်းပြမှုဖြင့်၊ ကျွန်ုပ်၏ စိတ်နှလုံးသည် ကြောက်ရွံ့မှုမရှိပေ၊ ကိုယ်တော့် ချစ်ခြင်းမေတ္တာ၏ အဖော်ပြုခြင်းဖြင့်၊ ကျွန်ုပ်၏ စိတ်နှလုံး ဆန္ဒပြည့်သည်။” (သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ “နောင်တမရှိသည့် ရွေးချယ်မှုတစ်ခု”) ဘုရားသခင် ကျွန်မနားမှာရှိနေတာကို ခံစားမိခဲ့တယ်။ ဘေးပတ်ဝန်းကျင်ကို ဘာမှမမြင်ရတဲ့ အဲဒီအမှောင်ခန်းလေးထဲမှာ ထိုင်နေရတာတောင်မှပဲ ကျွန်မစိတ်မညစ်တော့ပါဘူး။ နောက်တစ်နေ့မနက်ကျတော့ ကျွန်မသားက မထင်မှတ်ဘဲ တံခါးကိုလာဖွင့်ပြီးတော့ ကျွန်မကိုလွှတ်ပေးတယ်။ ပြီးတော့ “အမေ၊ ကျွန်တော်တို့ အခုကစပြီး အမေ့ကို မနှောင့်ယှက်တော့ဘူး။ အမေကြိုက်တာသာလုပ်တော့” လို့ပြောတယ်။ သူအဲဒီလိုပြောတော့ စာတန်အရှက်တကွဲ အရေးနိမ့်သွားပြီဆိုတာကို ကျွန်မသိလိုက်ပြီးတော့ ဘုရားသခင်ကို ကျေးဇူးတင်ခဲ့တယ်။
ကွန်မြူနစ်ပါတီရဲ့ ဖမ်းဆီးတာနဲ့ မိသားစုရဲ့ဖိနှိပ်တာကို ကြုံတွေ့ဖြတ်သန်းရလို့ ပါတီရဲ့ ဘုရားသခင်ကို ဆန့်ကျင်တဲ့ ဆိုးယုတ်တဲ့အဖြစ်အနေကို ပိုပြီးထင်ထင်ရှားရှားမြင်လာတယ်။ သူတို့က ယုံကြည်သူတွေကို ဖမ်းဆီးနှိပ်ကွပ်ပြီးတော့ လူတွေကိုလှည့်ဖြားဖို့ မုသားမျိုးစုံဖြန့်တယ်။ ယုံကြည်သူတွေရဲ့ မိသားစုတွေကို ယုံကြည်မှုကို လိုက်ပိတ်ပင်ခိုင်းတယ်။ ပါတီဟာ ခရစ်ယာန်မိသားစုတွေကို ဖျက်ဆီးနေတဲ့ အဓိကကြိုးကိုင်သူပဲ။ ကျွန်မမိသားစုက ပါတီနောက်လိုက်ပြီးတော့ သူတို့ရဲ့ကိုယ်ကျိုးအတွက် ကျွန်မရဲ့ယုံကြည်မှုကို ဝင်စွက်ဖက်ခဲ့ကြတယ်။ ကျွန်မ သေမလား ရှင်မလားဆိုတာကို မစဥ်းစားဘဲနဲ့ ဆေးရုံကိုတောင် ပို့ခဲ့ကြတယ်။ သူတို့ရဲ့ဘုရားသခင်ကို ဆန့်ကျင်တဲ့ အဖြစ်အနေကို အပြည့်အဝမြင်ခဲ့ရပြီးတော့ သူတို့ကြောင့် နောက်ဘယ်တော့မှထပ်ပြီးတော့ အနှောင့်နှေးမခံတော့ဘူး။ ဘုရားသခင်ကသာ ကျွန်မတို့ကိုချစ်ပြီး ဘုရားသခင်ကသာ ကယ်တင်နိုင်တယ်ဆိုတာကို ဒီအတွေ့အကြုံက ကျွန်မကို ပြလိုက်တယ်။ ကျွန်မကူကယ်ရာအမဲ့ဆုံးနဲ့ စိတ်အညစ်ရဆုံးအချိန်မှာ ဘုရားသခင်က သူ့ရဲ့နှုတ်ကပတ်တော်တွေကို အသုံးပြုပြီးတော့ ကျွန်မကို အသိဉာဏ်ပွင့်လင်းစေခဲ့တယ်၊ စိတ်သက်သာရာရ၊ အားတက်ပြီးတော့ ခက်ခဲတဲ့ကာလမှာ လမ်းပြပေးခဲ့တယ်။ အခုဆိုရင် ဘုရားသခင်ရဲ့ချစ်ခြင်းမေတ္တာက တကယ့် အစစ်အမှန်ဆိုတာကို ကျွန်မကိုယ်တိုင်ကိုယ်ကျ ကြုံတွေ့ခဲ့ရပြီ။ ပြီးတော့ ဘုရားသခင်နောက်ကိုလိုက်ပြီးတော့ ကျွန်မရဲ့တာဝန်ကို ထမ်းဆောင်ချင်တယ်။ အဲဒီအတွက် ဘယ်တော့မှနောင်တရမှာမဟုတ်ဘူး။
အောက်ခြေမှတ်စု(များ)-
၁။ “အခြေအမြစ် မရှိသော စွပ်စွဲချက်များ ပြုရင်း” သည် နတ်ဆိုးက လူတို့အား ဘေးပြုရန် သုံးသော နည်းစနစ်များကို ရည်ညွှန်းသည်။
၂။ “အလွန်အကျွံ စောင့်ကြပ်ခြင်း ခံရ၏” ဆိုသည်မှာ မာရ်နတ်က လူတို့အား နှိပ်စက်ဖိစီးရာတွင် သုံးသော နည်းစနစ်များသည် အထူးသဖြင့် ရက်စက်ပြီး၊ လူတို့ကို အလွန်တရာ ထိန်းချုပ်သည်မှာ ၎င်းတို့သည် လှုပ်ရှားရန် နေရာမရှိသည်ကို ညွှန်ပြသည်။
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။