စုဝေးပွဲတစ်ခုအတွက် “ပြင်ဆင်ခြင်း”

20.08.2025

ရှောင်လီ၊ တရုတ်ပြည်

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလမှာ ကျွန်မဟာ အသင်းတော်ခေါင်းဆောင်အဖြစ် အရွေးခံခဲ့ရပြီး၊ ရေလောင်းခြင်းအလုပ်ကို အဓိကတာဝန်ယူခဲ့တယ်။ အစပိုင်းမှာတော့ ကျွန်မနဲ့တွဲဖက်လုပ်တဲ့ညီအစ်မ တာဝန်ယူတဲ့အလုပ်တချို့ကို ကျွန်မကူညီလုပ်ကိုင်ပေးနိုင်သေးတယ်။ နောက်ပိုင်းမှာ ရေလောင်းတဲ့အလုပ်ရဲ့ ရလဒ်တွေက ဆိုးဆိုးရွားရွား ကျဆင်းလာတော့ ကျွန်မနည်းနည်းစိုးရိမ်လာတာပေါ့။ ကျွန်မတွေးမိတယ်၊ “ရေလောင်းတဲ့အလုပ်ကို ငါတာဝန်ယူထားတာ။ ရလဒ်မကောင်းတာက ငါနဲ့ တိုက်ရိုက်ပတ်သက်နေတယ်။ အထက်ခေါင်းဆောင်တွေက ငါ့ကို အလုပ်လုပ်နိုင်စွမ်းမရှိဘူး၊ ဘာမှကောင်းကောင်းမလုပ်နိုင်ဘူး၊ အလုပ်ကို တာဝန်ယူမလုပ်နိုင်ဘူးလို့ ထင်သွားကြမလား။” ပေါ့။ ခေါင်းဆောင်တွေက ကျွန်မကို အထင်မသေးအောင်လို့၊ ကျွန်မရဲ့ အတွေးတွေ၊ စွမ်းအင်တွေအားလုံးကို ရေလောင်းတဲ့အလုပ်အပေါ်မှာပဲ နှစ်မြှုပ်ထားလိုက်ပြီး၊ ကျွန်မနဲ့တွဲဖက်လုပ်တဲ့ညီအစ်မ တာဝန်ယူတဲ့အလုပ်မှာ သိပ်ပြီး ဝင်မပါတော့ဘူး။ ဒီလိုလုပ်နေတာက သဟဇာတရှိရှိ ပူးပေါင်းဆောင်ရွက်တာမျိုးမရှိဘဲ ကိုယ့်ဘာသာတစ်ကိုယ်တည်းလုပ်နေတာပဲလို့ ကျွန်မ သဘောပေါက်မိတယ်။ ဒါပေမဲ့ ရေလောင်းတဲ့အလုပ်ကို ကျွန်မ အဓိကတာဝန်ယူထားရပြီး၊ ရလဒ်မကောင်းရင် ကိုယ့်ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို ထိခိုက်နိုင်ပုံကို တွေးမိတဲ့အခါကျတော့ တခြားဘာကိုမှ ကျွန်မဂရုမစိုက်နိုင်တော့ဘူး။

တစ်ရက်မှာတော့ စုဝေးပွဲကို နောက်နေ့လာတက်ဖို့ ပြောထားတဲ့ စာတစ်စောင်ကို အထက်ခေါင်းဆောင်တွေဆီကနေ ကျွန်မ ရုတ်တရက်လက်ခံရရှိခဲ့တယ်။ ကျွန်မ စိုးရိမ်သွားပြီး “ဒုက္ခတော့ရောက်ပြီ။ ခေါင်းဆောင်တွေက အသင်းတော်ရဲ့အလုပ်မျိုးစုံအကြောင်း ငါ့ကို သေချာပေါက် မေးတော့မှာ။ ဒီလမှာ ရေလောင်းတဲ့အလုပ်ကို လိုက်လုပ်တာကလွဲလို့ တခြားအလုပ်တွေကို ငါလုံးဝကို မစစ်ဆေးခဲ့ဘူး။ အလုပ်အမျိုးမျိုးမှာ ဘာပြဿနာတွေရှိလဲ၊ ဘယ်အခြေအနေရောက်နေပြီလဲဆိုတာ ငါဘာမှမသိဘူး။ ခေါင်းဆောင်တွေမေးတဲ့အခါ ငါဘာမှမဖြေနိုင်ရင်၊ သူတို့က ငါ့ကို ဘယ်လိုများထင်သွားကြမလဲ။ ငါ့တာဝန်မှာ ဝန်တာထားတဲ့စိတ်မရှိဘူးလို့ သူတို့ထင်သွားပြီး၊ ငါ့အပေါ် မကောင်းမြင်သွားကြမလား။ ငါက ကိုယ့်တာဝန်ဖြစ်တဲ့ ရေလောင်းတဲ့အလုပ်ကိုပဲ လိုက်လုပ်ပြီး တခြားအလုပ်တွေကို လျစ်လျူရှုထားမှန်း၊ သူတို့သိသွားရင်၊ ငါဟာ အရမ်းကိုတစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်စရာကောင်းတယ်၊ ကိုယ့်တစ်ကိုယ်ရေအကျိုးစီးပွားကိုပဲဂရုစိုက်ပြီး အသင်းတော်ရဲ့ အဘက်ဘက်ကအလုပ်ကို ထည့်မစဉ်းစားဘူး၊ ဂုဏ်သတင်းနဲ့ အဆင့်အတန်းအတွက်ပဲ လိုက်စားတယ်လို့ သေချာပေါက် ပြောကြမှာ။ အဆုံးမှာသာ သူတို့က ငါ့ကို ပြုပြင်တာဖြစ်ဖြစ်၊ ထုတ်ပယ်လိုက်တာဖြစ်ဖြစ် လုပ်ခဲ့ရင်၊ ဘယ်လောက်ရှက်စရာကောင်းလိုက်မလဲ။” ဆိုပြီး တွေးမိတယ်။ နောက်နေ့စုဝေးပွဲမှာ၊ ခေါင်းဆောင်တွေက ဧဝံဂေလိအလုပ်အကြောင်းကို သေချာပေါက် အရင်ဆုံးမေးမှာပဲလို့ ကျွန်မတွေးမိတယ်။ ဒါနဲ့ ကျွန်မနဲ့တွဲဖက်လုပ်တဲ့ညီအစ်မဆီကို ဧဝံဂေလိအလုပ်ရဲ့ တိုးတက်မှုအခြေအနေအကြောင်း အမြန်သွားမေးခဲ့တယ်၊ ဒါမှ နောက်နေ့ ခေါင်းဆောင်တွေမေးတဲ့အခါ ဘာမှမသိဘဲဖြစ်မနေမှာ ပေါ့။ ဒါပေမဲ့ ဧဝံဂေလိအလုပ်မှာ အသေးစိတ်အချက်အလက်တွေ အများကြီးရှိတော့ စကားလုံးနည်းနည်းလေးနဲ့ သေသေချာချာ ရှင်းပြလို့မရဘူး။ အချိန်ကလည်း အရမ်းကပ်နေတော့ ကျွန်မ သိပ်မသိလိုက်ရဘူး။ ကျွန်မ စိုးရိမ်လာပြီး၊ အိပ်မပျော်ဘဲ အိပ်ရာထဲမှာ အကြာကြီး လှဲနေခဲ့တယ်၊ စိတ်ထဲမှာ နောက်နေ့စုဝေးပွဲအကြောင်းတွေနဲ့ပဲ ပြည့်နေခဲ့တယ်။ စုဝေးပွဲနေ့မှာ ကျွန်မစောစောရောက်သွားတယ်၊ ခေါင်းဆောင်တွေက တခြားကိစ္စတွေရှိလို့ မရောက်သေးတာကို သိလိုက်ရတော့ ကျွန်မဝမ်းသာသွားတယ်။ ကျွန်မက ဒီအချိန်ကို အသုံးပြုပြီး အလုပ်တစ်ခုစီတိုင်းက ဘယ်လိုအခြေအနေရှိလဲဆိုတာကို နားလည်ပြီး ပြဿနာတွေက ဘယ်မှာရှိနိုင်တယ်ဆိုတာကို အဖြေရှာဖို့အတွက် အုပ်စုတစ်ခုစီကနေ အစီရင်ခံစာတွေကို စစ်ကြည့်နိုင်တယ်၊ ဒါဆိုရင် ခေါင်းဆောင်တွေ မေးနိုင်တဲ့ တချို့မေးခွန်းတွေကို ငါ ဖြေနိုင်မယ်လို့ တွေးမိတယ်။ ဒါနဲ့ အဖွဲ့တစ်ဖွဲ့ချင်းစီရဲ့ အလုပ်အစီရင်ခံစာတွေကို ကျွန်မ အမြန် အကြမ်းဖျင်း ဖတ်ကြည့်လိုက်တော့၊ အလုပ်ဘယ်လိုဖြစ်နေလဲဆိုတာကို အကြမ်းဖျင်း သိသွားပေမဲ့ ကျွန်မနားမလည်တဲ့ အသေးစိတ်အချက်အလက်တွေ အများကြီးရှိနေတုန်းပဲ။ စုဝေးပွဲမှာ၊ ခေါင်းဆောင်တွေက အလုပ်အကြောင်း မေးရုံတင်မကဘဲ ကျွန်မတို့ရဲ့ လတ်တလော အတွေ့အကြုံတွေ၊ အကျိုးအမြတ်တွေ၊ သိမြင်မှုတွေ၊ ကိုယ့်ကိုယ်ကိုယ်ရခဲ့တဲ့ သိနားလည်မှုတွေအကြောင်းကိုလည်း သေချာပေါက် စုံစမ်းမှာပဲလို့ ကျွန်မတွေးမိပြန်တယ်။ နဂိုတည်းက အလုပ်အသေးစိတ်ကို သိပ်မပြောနိုင်ပါဘူးဆိုမှ အသက်ဝင်ရောက်မှုအကြောင်းကိုပါ ကောင်းကောင်းမပြောနိုင်ရင်၊ ဘာမှမိတ်သဟာယမဖွဲ့နိုင်ရင်၊ ခေါင်းဆောင်တွေက ကျွန်မကို အလုပ်ရော၊ အသက်ဝင် ရောက်မှုမှာပါ ညံ့ဖျင်းတယ်လို့ သေချာပေါက်ထင်ပြီး၊ “နင်က ဘာမှကောင်းကောင်းမလုပ်နိုင်ဘူး။ နင့်လိုလူမျိုးက ဘယ်လိုလုပ် အသင်းတော်ခေါင်းဆောင်လုပ်မှာလဲ” လို့ပြောပြီး၊ ကျွန်မကို အထင်သေးတော့မှာ။ ဒါနဲ့ ကျွန်မ ဘုရားနှုတ်ကပတ်တော်တွေကို အမြန်ဖတ်ပြီး ကိုယ့်အခြေအနေကို ချင့်ချိန်သုံးသပ်တယ်၊ ကိုယ့်ရဲ့ဖောက်ပြန်ပျက်စီးတဲ့စိတ်သဘောထားကို ဖြေရှင်းဖို့ စာပိုဒ်တွေကို ရှာပြီး စားသောက်ခဲ့တယ်၊ အချိန်ကျလို့မှ ကောင်းကောင်း မိတ်သဟာယမပြုနိုင်ရင် ခေါင်းဆောင်တွေက ကျွန်မကို ထိုးထွင်းသိမြင်သွားမှာကို ကြောက်ခဲ့တယ်။ ဒါပေမဲ့ ကျွန်မစိတ်ကို ဘယ်လိုမှတည်ငြိမ်အောင်ထားလို့မရဘူး၊ ဘုရားနှုတ်ကပတ်တော်တွေအပေါ်မှာလည်း အာရုံစိုက်လို့မရဘူး။ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ပြီး သိဖို့ ကြိုးစားလေလေ၊ စိတ်ထဲမှာ ပိုပြီး နားဝေတိမ်တောင် ဖြစ်လေပဲ၊ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ ဉာဏ်အလင်းပေးခြင်း ဒါမှမဟုတ် လမ်းပြခြင်းကိုလည်း မခံစားရဘူး။ ကျွန်မရဲ့အခြေအနေက မှားနေပြီဆိုတာကို ကျွန်မသဘောပေါက်လိုက်တယ်။ ကျွန်မက လှည့်ဖြားနေတာ မဟုတ်ဘူးလား။ အဲဒီနောက်မှာ ကျွန်မ စိတ်ကိုတည်ငြိမ်အောင်ထားပြီး ဘုရားသခင်ဆီ ဆုတောင်းလိုက်တယ်၊ “ဘုရားသခင်၊ သမီးရဲ့အခြေအနေက ဆိုးရွားလွန်းပါတယ်။ စိုးရိမ်ပြီးတော့ စိတ်မအေးနိုင်ဘူး။ အတွေးတွေကလည်း တကယ်ကို မရှင်းလင်းပါဘူး။ သမီး မှားယွင်းတဲ့အခြေအနေထဲမှာ ရောက်နေမှန်းသိပါတယ်။ ကိုယ်တော့်ရှေ့မှောက်မှာ သမီးစိတ်နှလုံးကို တည်ငြိမ်စေပြီး ကိုယ်တော့်ရဲ့ရည်ရွယ်ချက်ကိုရှာဖွေတဲ့အပြင် ဒီမှားယွင်းတဲ့အခြေအနေထဲကနေ ထွက်လာချင်ပါတယ်။” လို့ပေါ့။

အဲဒီအချိန်မှာ ဘုရားနှုတ်ကပတ်တော်တချို့ကို ကျွန်မ သတိရလိုက်တယ်။ “သင်၏ ရည်မှန်းချက်များနှင့် ရည်ရွယ်ချက်များသည် ငါ့အတွက် ရည်ရွယ်၍ ဖန်တီးထားသလော။ သင်၏ စကားများနှင့် လုပ်ရပ်များအားလုံးသည် ငါ၏ မျက်မှောက်တွင် ပြောဆို၊ လုပ်ဆောင်ခြင်း ဖြစ်သလော။ သင်၏ အတွေးများနှင့် စိတ်ကူးများအားလုံးကို ငါ ဆန်းစစ်၏။ အပြစ်ရှိသည်ဟု သင်မခံစားရသလော။ အခြားသူများ မြင်စေရန် သင်သည် ဟန်ဆောင်ထားပြီး၊ သင်သည် ကိုယ့်ကိုယ်ကိုယ် မှန်ကန်သည်ဟု မှတ်ယူခြင်း ပုံပန်းတစ်ခုကို တည်ငြိမ်စွာ ပုံဖမ်းထားသည်။ သင်သည် မိမိကိုယ်ကိုယ် ကာကွယ်ရန် ဤအရာကို လုပ်ဆောင်သည်။ သင်၏ဆိုးယုတ်ခြင်းကို ဖုံးကွယ်ရန် ဤအရာကို လုပ်ဆောင်ပြီး၊ ထိုဆိုးယုတ်ခြင်းကို အခြားတစ်စုံတစ်ဦးအပေါ် တွန်းပို့ရန် နည်းလမ်းများကိုပင် အကြံထုတ်လေသည်။ သင်၏ နှလုံးသားတွင် လှည့်ဖြားတတ်ခြင်း ကိန်းဝပ်နေလေတကား။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၁၃)) နောက်ပိုင်းမှာ ဒီဘုရားနှုတ်ကပတ်တော်တွေကိုလည်း ကျွန်မ ဖတ်ခဲ့တယ်။ “အန္တိခရစ်များသည် အထူးသဖြင့် ဒုက္ခပေးတတ်ပြီး ဉာဏ်များကြသည်။ ၎င်းတို့ ပြောသမျှတိုင်းကို အသေအချာ စဉ်းစားထားခြင်းဖြစ်သည်။ မည်သူမျှသည် ဟန်ဆောင်ရာတွင် သာ၍ မကျွမ်းကျင်ပေ။ သို့သော် လျှို့ဝှက်ချက်များ ပေါက်ကြားသွားသည်နှင့်၊ ၎င်းတို့ကို အရှိအတိုင်း လူတို့ မြင်သည်နှင့်တစ်ပြိုင်နက် ၎င်းတို့ကိုယ်တိုင်အတွက် ငြင်းခုံရန် အစွမ်းကုန် လုပ်ဆောင်ကြပြီး အခြေအနေကို ကုစားရမည့် နည်းလမ်းများကို စဉ်းစားကြကာ ၎င်းတို့၏ ပုံရိပ်နှင့် ဂုဏ်သတင်းကို အဖတ်ဆယ်ဖို့ နည်းလမ်းတစ်ခုအဖြစ် အကျပ်အတည်းမှ လွတ်လမ်းထွင်ရန် လှည့်ဖြားကြလေသည်။ အန္တိခရစ်များသည် နေ့စဉ် ဂုဏ်သတင်းနှင့် အဆင့်အတန်းအတွက်သာ အသက်ရှင်သည်။ ဂုဏ်အဆင့်အတန်း၏ အကျိုးကျေးဇူးများတွင် ပျော်မွေ့ခံစားရန်အတွက်သာ အသက်ရှင်ကြသည်။ ဤအရာကိုသာ ၎င်းတို့စဉ်းစားသည်။ ၎င်းတို့က ရံဖန်ရံခါ အချို့သော အသေးစား ဆင်းရဲဒုက္ခများကို ခံသောအခါ၊ သို့မဟုတ် အချို့သော အသေးအဖွဲအဖိုးအခများကို ပေးဆပ်သောအခါတွင်ပင် ယင်းသည် ဂုဏ်အဆင့်အတန်းနှင့် ဂုဏ်သတင်းကို ရရှိရန်အတွက်ဖြစ်သည်။ ဂုဏ်အဆင့်အတန်းကို လိုက်စားခြင်း၊ အာဏာစွဲကိုင်ခြင်း၊ သာယာသောဘဝရှိခြင်းတို့သည် အန္တိခရစ်များက ဘုရားသခင်ကို ယုံကြည်သည်နှင့် ၎င်းတို့အစဉ် ကြံစည်သော အဓိကအရာများဖြစ်သည်။ ၎င်းတို့သည် ၎င်းတို့၏ ပန်းတိုင်များကို ရရှိသည်အထိ လက်မလျှော့ကြပေ။ ၎င်းတို့၏ မကောင်းမှုများ ဖော်ထုတ်ခံရလျှင် ၎င်းတို့က ထိတ်လန့်တုန်လှုပ်ကြသည်။ မိုးကောင်းကင်က ၎င်းတို့အပေါ် ပြိုကျတော့မည့်အလားဖြစ်သည်။ ၎င်းတို့သည် စား၍မဝင်နိုင်၊ အိပ်၍မပျော်နိုင်ပေ။ ၎င်းတို့သည် အိပ်မွေ့ချခံရသကဲ့သို့ ဖြစ်သည်။ စိတ်ဓာတ်ကျခြင်းကို ခံစားနေရသကဲ့သို့ဖြစ်သည်။ မည်သို့ဖြစ်သည်ကို လူတို့က မေးသောအခါတွင် ၎င်းတို့က မုသားများဖန်တီးပြီး ‘မနေ့က ကျွန်ုပ်သည် အလွန်အလုပ်ရှုပ်ပြီး တစ်ညလုံး မအိပ်ရပါ။ ထို့ကြောင့် ကျွန်ုပ် အလွန် ပင်ပန်းနေသည်’ ဟု ပြောသည်။ သို့သော် အမှန်တကယ်တွင် မည်သည့်အရာမျှ မမှန်ပေ။ အားလုံးက လှည့်စားခြင်း ဖြစ်သည်။ ၎င်းတို့သည် ‘ငါလုပ်ခဲ့သည့် မကောင်းသောအရာများက ဖော်ထုတ်ခံရပြီဖြစ်သည်။ သို့ဖြစ်၍ ငါ၏ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့ကို မည်သို့ပြန်ရအောင် လုပ်နိုင်မည်နည်း။ ငါ့ကိုယ်ငါ အဖတ်ဆယ်ဖို့အတွက် မည်သည့်နည်းကို ငါအသုံးပြုနိုင်မည်နည်း။ လူတိုင်းအပေါ် ဤအရာကို ရှင်းပြရန် မည်သည့်လေသံ သုံး၍ရမည်နည်း။ ငါ့ကို လူများ မရိပ်စားမိစေရန် မည်သည့်အရာကို ငါပြော၍ရနိုင်မည်နည်း’ ဟူ၍ အစဉ်သဖြင့် တွေးတောနေခြင်းကြောင့် ဤသို့ ခံစားရခြင်းဖြစ်သည်။ ၎င်းတို့သည် အချိန်ကြာသည်အထိ မည်သည့်အရာကိုလုပ်ရမည်ကို အဖြေမရှာနိုင်ပေ။ ထို့ကြောင့် စိတ်ဓာတ်ကျကြသည်။ တစ်ခါတစ်ရံတွင် ၎င်းတို့၏ မျက်လုံးသည် တစ်နေရာထဲတွင် ခံစားချက်မဲ့စွာ စိုက်ကြည့်နေသည်။ မည်သည့်အရာကို ကြည့်သည်ကို မည်သူကမျှ မသိပေ။ ပြဿနာများက ၎င်းတို့ကို ဦးနှောက်ခြောက်အောင် စဉ်းစားစေသည်။ အကြောင်းပြချက်ပေါင်းစုံကို ကုန်စင်အောင် စဉ်းစားသည်။ စားချင်သောက်ချင်စိတ် မရှိအောင် ဖြစ်စေသည်။ ဤသို့ဖြစ်သော်လည်း ၎င်းတို့သည် အသင်းတော်အလုပ်ကို ဂရုစိုက်သည့်အသွင် ဟန်ဆောင်နေဆဲဖြစ်ပြီး လူတို့ကို မေးသည်။ ‘ဧဝံဂေလိအလုပ်က မည်သို့သော အခြေအနေရှိသနည်း။ ဧဝံဂေလိတရားဟောသည်မှာ မည်မျှ ထိရောက်သနည်း။ ညီအစ်ကိုမောင်နှမများက ယခုရက်ပိုင်းတွင် အသက်ဝင်ရောက်မှု တစ်ခုခု ရပြီလော။ တစ်စုံတစ်ဦးက အနှောင့်အယှက်နှင့် အဖျက်အဆီးများ ပြုနေသလော’ ဟူ၍ ဖြစ်သည်။ အသင်းတော်အလုပ်နှင့်ပတ်သက်သည့် ၎င်းတို့၏ ဤမေးမြန်းခြင်းများသည် အခြားသူများအတွက် အပြသဘောအဖြစ် ရည်ရွယ်ခြင်း ဖြစ်သည်။ ၎င်းတို့သည် ပြဿနာများကို အမှန်တကယ် သိခဲ့ပါက ယင်းတို့ကို ဖြေရှင်းနိုင်ခဲ့မည် မဟုတ်သောကြောင့် ၎င်းတို့၏ မေးခွန်းများသည် ၎င်းတို့က အသင်းတော်၏ အလုပ်အပေါ် ဂရုစိုက်ပုံပေါက်စေရန် မေးခြင်းဖြစ်သည့် လုပ်ရိုးလုပ်စဉ်တစ်ခုမျှသာ ဖြစ်လေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉ (အပိုင်း ၂)) ဘုရားနှုတ်ကပတ်တော်ရဲ့ တရားစီရင်မှုက ကျွန်မကို စိတ်ဆင်းရဲပြီး စိတ်ထိခိုက်စေခဲ့တယ်။ ကျွန်မ ဘယ်လောက်တောင် လှည့်ဖြားတတ်သလဲဆိုတာကို ကျွန်မသိမြင်ခဲ့တယ်။ ကျွန်မဟာ ကိုယ့်တာဝန်မှာ တကယ်ကို တစ်ကိုယ်ကောင်းဆန်ခဲ့ပြီး၊ ဂုဏ်သတင်းနဲ့ အဆင့်အတန်းအတွက် ကိုယ့်အလုပ်ကိုပဲ အာရုံစိုက်နေခဲ့တဲ့အပြင် တခြားအလုပ်တွေကိုတော့ မေးမြန်းတာမျိုး မရှိသလောက်ပဲ။ ကျွန်မက ဘာလက်တွေ့အလုပ်မှ လုံးဝမလုပ်ခဲ့ဘူး။ ကျွန်မရဲ့လုပ်ရပ်တွေက ဘုရားသခင်ရဲ့ ရည်ရွယ်ချက်နဲ့ မကိုက်ညီဘူးဆိုတာ၊ ကျွန်မဟာ အဖွဲ့နဲ့အတူလုပ်တဲ့သူ မဟုတ်ဘူးဆိုတာကို သိခဲ့ပေမဲ့ ဒီပြဿနာတွေကိုဖြေရှင်းဖို့ သမ္မာတရားစည်းမျဉ်းတွေကို ကျွန်မ မရှာဖွေခဲ့ဘူး။ ဒါ့အပြင်၊ ကျွန်မဟာ ပုံမှန်အားဖြင့် ကိုယ့်ရဲ့အသက်ဝင်ရောက်မှုကို သိပ်အာရုံမစိုက်မှန်း၊ လက်တွေ့ကျတဲ့ အတွေ့အကြုံဆိုင်ရာ အသိကိုလည်း သိပ်မိတ်သဟာယမဖွဲ့နိုင်မှန်း ကျွန်မသိခဲ့တယ်။ ခေါင်းဆောင်တွေက ကျွန်မကို စုဝေးပွဲမခေါ်သေးတဲ့အခါ ကျွန်မ ဒါကို သိပ်အရေးမလုပ်ခဲ့ဘဲ၊ ကိုယ့်မှာပြဿနာတွေရှိနေရင်တောင် ခေါင်းဆောင်တွေသိမှာမဟုတ်ဘူးလို့ ခံစားမိပြီး၊ အဲဒါတွေကိုဖြေရှင်းဖို့ အလျင်မလိုခဲ့ဘူး။ ဒါပေမဲ့ ခေါင်းဆောင်တွေက စုဝေးပွဲခေါ်တော့မယ်လို့ ကြားလိုက်တာနဲ့၊ ကျွန်မ ချက်ချင်းစိတ်လှုပ်ရှားသွားပြီး၊ စုဝေးပွဲမှာ ကိုယ့်ပြဿနာတွေ ဖော်ထုတ်ခံရမှာကို၊ ခေါင်းဆောင်တွေဒါတွေကို သိသွားတာနဲ့ သူတို့က ကျွန်မဟာ တာဝန်မှာ ဝန်တာထားတဲ့စိတ်မရှိဘူး၊ လက်တွေ့အလုပ်မလုပ်ဘူး၊ ကျွန်မရဲ့အစွမ်းအစနဲ့ အသက်ဝင်ရောက်မှုက ညံ့ဖျင်းတယ်လို့ သေချာပေါက်ထင်သွားကြမှာကို ကြောက်ခဲ့တယ်။ ကျွန်မက ခေါင်းဆောင်တာဝန်ကို စထမ်းဆောင်ခါစပဲရှိသေးပြီး အထက်ခေါင်းဆောင်တွေကလည်း ကျွန်မကို သိပ်မရင်းနှီးသေးတော့၊ ပထမဆုံး တွေ့တဲ့အချိန်မှာ သူတို့က ကျွန်မအပေါ် မကောင်းမြင်သွားရင် နောင်မှာ ကျွန်မကို သူတို့ သေချာပေါက်တန်ဖိုးထားတော့မှာမဟုတ်ဘဲ ဖြုတ်တောင် ဖြုတ်ချလိုက်နိုင်တယ်။ ကိုယ့်ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို ကာကွယ်ဖို့အတွက် ကျွန်မရဲ့ပြဿနာတွေကိုဖုံးကွယ်ဖို့ ဖြစ်နိုင်တဲ့နည်းလမ်းပေါင်းစုံကို ကြိုးစားခဲ့တယ်။ စုဝေးပွဲမတိုင်ခင်မှာ အလုပ်အသေးစိတ်ကိုစုံစမ်းဖို့ ကျွန်မနဲ့တွဲဖက်လုပ်တဲ့ညီအစ်မကို အမြန်ရှာခဲ့ပြီး အလုပ်အကြောင်းသိထားအောင် အစီရင်ခံစာတွေကို အကြမ်းဖျင်း ကြိုဖတ်ပြီး ကိုယ့်ကိုယ်ကိုယ်ဖုံးကွယ်တဲ့အပြင် ခေါင်းဆောင်တွေကို လှည့်စားချင်ခဲ့တယ်။ ကျွန်မဟာ အလုပ်လုပ်နိုင်စွမ်းကောင်းပြီး ကိုယ့်ရဲ့အသက်ဝင်ရောက်မှုကို အထူးဂရုစိုက်တယ်ဆိုတဲ့ အယောင်ဆောင် အသွင်အပြင်တစ်ခုကို ဖန်တီးချင်ခဲ့တာ၊ ဒီလိုနဲ့ တခြားသူတွေက ကျွန်မကို အကဲဖြတ်ချက် ကောင်းကောင်း ပေးကြအောင်လို့ပေါ့။ ကျွန်မဟာ ကိုယ့်တာဝန်အတွက် ဝန်တာထားတဲ့စိတ်မရှိတဲ့အပြင် သမ္မာတရားကိုလည်းမလိုက်စားဘူး၊ ဒါတောင်မှ တခြားလူတွေက ကျွန်မအကြောင်း ထိုးထွင်းသိမြင်သွားမှာကိုလည်း အမြဲကြောက်နေခဲ့တော့၊ ပုံရိပ်အတုကိုဖန်တီးပြီး ကိုယ့်ကိုယ်ကိုယ်ဖုံးကွယ်ခဲ့တာပေါ့။ ဒါဟာ မျက်နှာပြောင်တိုက်ပြီး အရှက်မရှိ လိမ်ညာလှည့်ဖြားတာပဲ မဟုတ်ဘူးလား။ ကျွန်မ တကယ်ကို လှည့်ဖြားတတ်တယ်ဆိုတာကို ကျွန်မသိမြင်ခဲ့တယ်။ ကျွန်မဟာ အန္တိခရစ်တစ်ယောက်လိုပဲ ပြုမူနေတာ။ အန္တိခရစ်တွေဟာ အထူးသဖြင့် လှည့်ဖြားတတ်ပြီး၊ သူတို့ရဲ့ဂုဏ်သတင်းနဲ့ အဆင့်အတန်းတွေ ထိခိုက်တာကိုမြင်ရင် ကာကွယ်ဖို့အတွက် သူတို့မှာရှိတဲ့ နည်းလမ်းပေါင်းစုံကို လိုသလိုသုံးကြတယ်။ ကျွန်မ လုပ်နေခဲ့တာက အဲဒါမဟုတ်ဘူးလား။ ကိုယ့်ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို မထိခိုက်သေးတဲ့အချိန်မှာတော့၊ ကျွန်မဟာ တခြားအသင်းတော်အလုပ်တွေကို လျစ်လျူရှုပြီး ကိုယ့်ရဲ့အသက်ဝင်ရောက်မှုကိုလည်း တစ်စက်မှ အာရုံမစိုက်ခဲ့ဘူး။ ဒါပေမဲ့ ကိုယ့်အဆင့်အတန်းနဲ့ ဂုဏ်သတင်းကို တစ်ခုခုက ထိခိုက်လာတဲ့အခါမှာတော့ ကျွန်မဟာ ထိတ်ထိတ်ပျာပျာဖြစ်သွားပြီး ကိုယ့်လိုက်စားမှုမှာ ဝီရိယရှိပုံပေါ်အောင် ဘုရားနှုတ်ကပတ်တော်တွေကိုဖတ်၊ အလုပ်အကြောင်းနားလည်အောင်ကြိုးစားခဲ့တယ်။ ကျွန်မ တကယ်ကို ကောက်ကျစ်စဉ်းလဲပြီး လှည့်ဖြားတတ်တာပဲ။ ကျွန်မဖော်ထုတ်နေခဲ့တဲ့ စိတ်သဘောထားက အန္တိခရစ်ရဲ့ စိတ်သဘောထားပဲ မဟုတ်ဘူးလား။

နောက်ပိုင်းမှာ ဒီဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ဖတ်ခဲ့တယ်။ “သင်တို့အနေဖြင့် ဘုရားသခင်ကို ယုံကြည်သည်နှင့်အမျှ မှန်ကန်သည့် လမ်းကြောင်း လျှောက်ကာ ပြုမူနေထိုင်ရမည်ဖြစ်ပြီး ဉာဏ်များပြီး ဆိုးယုတ်သည့် နည်းလမ်းများတွင် ပါဝင်ပတ်သက်ခြင်း မပြုရ။ ဉာဏ်များပြီး ဆိုးယုတ်သည့် လမ်းကြောင်းများမှာ အဘယ်နည်း။ ဘုရားသခင်ကို ယုံကြည်သူများသည် မိမိတို့ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးခြင်း၊ ၎င်းတို့၏ အပြစ်အနာအဆာများနှင့် ပြစ်ချက်များ၊ ပြီးလျှင် မိမိတို့ကိုယ်ပိုင် ညံ့ဖျင်းသည့် အစွမ်းအစကဲ့သို့သော ပြဿနာများကို ဖုံးဖိရန် သေးငယ်သည့် အကြံအစည်များ၊ လှည့်ဖြားပြီး ကောက်ကျစ်သည့် အကွက်များနှင့် လှည့်ကွက်များ လုပ်ဆောင်ခြင်းအပေါ် အမြဲ မှီခိုချင်ကြသည်။ ၎င်းတို့သည် ကိစ္စရပ်များကို သိပ်ဆိုးခြင်းမရှိဟု ၎င်းတို့ တွေးထင်သည့် စာတန်ဆန်သော အတွေးအခေါ်များအတိုင်း အမြဲ ကိုင်တွယ်ဖြေရှင်းကြသည်။ အပေါ်ယံအဆင့် ကိစ္စများတွင် ၎င်းတို့သည် ဘုရားသခင်နှင့် မိမိတို့၏ ခေါင်းဆောင်များကို မျက်နှာလုပ်သော်လည်း သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း မရှိကြသကဲ့သို့ စည်းမျဉ်းများအတိုင်း မပြုမူကြချေ။ ၎င်းတို့သည် ‘လတ်တလောတွင် ငါ၏ စွမ်းဆောင်ရည် မည်သို့ ဖြစ်သနည်း။ လူတိုင်းက ငါ့ကို အားပေးကြပါသလား။ ငါ လုပ်ဆောင်ပြီးသမျှ ကောင်းသည့်အရာများကို ဘုရားသခင် သိပါသလား။ သူ သိရှိပါက ငါ့ကို ချီးမွမ်းလိမ့်မည်လား။ ဘုရားသခင်၏ စိတ်နှလုံးတွင် ငါ၏ နေရာသည် မည်သည့်အရာ ဖြစ်သနည်း။ ငါ အရေးကြီးပါသလား’ဟု အမြဲတွေးဆလျက် အခြားသူများ၏ စကားများနှင့် အမူအရာများကို သေချာစွာ ချိန်ဆကြသည်။ သွယ်ဝိုက်ဆိုလိုသည့်အရာမှာ ဘုရားသခင်ကို ယုံကြည်သည့် တစ်စုံတစ်ဦးအနေဖြင့် ၎င်းတို့သည် ကောင်းချီးမင်္ဂလာများ ရလိမ့်မည်လော၊ သို့မဟုတ် ဖယ်ရှားရှင်းလင်းခြင်း ခံရလိမ့်မည်လော။ ဤကိစ္စရပ်များကို အမြဲ တွေးဆခြင်းသည် ဉာဏ်များကာ ဆိုးယုတ်သည့် နည်းလမ်းတစ်ခု မဟုတ်လော။ ဤသည်မှာ ဧကန်အမှန် ဉာဏ်များပြီး ဆိုးယုတ်သော နည်းလမ်းတစ်ခု ဖြစ်သည်၊ မှန်ကန်သည့် နည်းလမ်း မဟုတ်ပေ။ သို့ဖြစ်၍ မှန်ကန်သည့် နည်းလမ်းမှာ အဘယ်နည်း။ (သမ္မာတရားနှင့် စိတ်သဘောထား ပြောင်းလဲခြင်းကို လိုက်စားရန် ဖြစ်ပါသည်။) မှန်ပေ၏။ ဘုရားသခင်ကို ယုံကြည်သူများအတွက် တစ်ခုတည်းသော မှန်ကန်သည့် နည်းလမ်းမှာ၊ သမ္မာတရား လိုက်စားရန်၊ သမ္မာတရားကို ရရှိပြီး စိတ်သဘောထား ပြောင်းလဲခြင်းတစ်ခုကို စွမ်းဆောင်ရရှိရန် ဖြစ်သည်။ ကယ်တင်ခြင်းရရှိရန် လူတို့ကို ဘုရားသခင် ဦးဆောင်သည့် လမ်းခရီးသည်သာ စစ်မှန်သည့် လမ်းခရီး၊ မှန်ကန်သည့် လမ်းခရီး ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ဘဝ ကြီးထွားတိုးတက်ခြင်း၏ အညွှန်းခြောက်ခု) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက်မှာ ကျွန်မ စေ့စေ့စပ်စပ်ကို တရားစီရင်ခံရသလို ခံစားခဲ့ရတယ်။ ကျွန်မဟာ ကိုယ့်တာဝန်မှာရှိတဲ့ပြဿနာတွေကိုဖုံးကွယ်ဖို့အတွက် လှည့်ကွက်တွေသုံးဖို့ အမြဲတမ်းကြိုးစားနေခဲ့တာကို ကျွန်မသိမြင်ခဲ့တယ်။ ဒါဟာ အမှုအရာတွေကို မရိုးဖြောင့်တဲ့၊ ဆိုးယုတ်တဲ့ လုပ်နည်းတွေဖြစ်ပြီး ကျွန်မ လမ်းမှန်ကို လျှောက်နေတာမဟုတ်ဘူး။ တကယ်တော့ ခေါင်းဆောင်တွေက ကျွန်မကို အလုပ်အကြောင်းစုံစမ်းဖို့ စုဝေးပွဲကို ခေါ်တာဟာ၊ လုံးဝပုံမှန်ကိစ္စတစ်ခုပဲ။ ကျွန်မ ပုံမှန်ဘယ်လိုလုပ်လဲဆိုတာကိုပဲ ပြောပြသင့်တာ။ ကျွန်မက တချို့နေရာတွေမှာ ဘယ်လို ချို့တဲ့တယ်၊ အားနည်းတယ်ဆိုတာကို သူတို့ ထောက်ပြရင် ကျွန်မရဲ့ နောက်ပိုင်းတာဝန်တွေမှာ ဒါတွေကို ပြုပြင်သင့်တယ်။ ကျွန်မက ပြုပြင်ခံရရင်တောင် ဒါက ကျွန်မတာဝန်ကို ပိုကောင်းကောင်းလုပ်နိုင်ဖို့အတွက် ဆင်ခြင်သုံးသပ်ပြီး ဝင်ရောက်အောင် ကူညီပေးမှာပဲ။ ဒါပေမဲ့ ကျွန်မက၊ လှည့်ဖြားမှုကိုသုံးပြီး၊ ကိုယ့်ပြဿနာတွေကိုဖုံးကွယ်ဖို့၊ ခေါင်းဆောင်တွေကို ဖြီးဖြန်းပြီး လှည့်စားဖို့ တတ်နိုင်သမျှ လုပ်ခဲ့တယ်။ ကျွန်မရဲ့ဖောက်ပြန်ပျက်စီးမှုနဲ့ ချို့တဲ့မှုတွေကို သူတို့ကို မမြင်စေချင်ခဲ့ဘူး။ ဒီလိုလုပ်ခြင်းအားဖြင့် ကျွန်မဟာ ကောက်ကျစ်ပြီး ဆိုးယုတ်တဲ့ လုပ်ရပ်တွေမှာ ပါဝင်နေတာပဲ မဟုတ်ဘူးလား။ တကယ်ကို သမ္မာတရားကိုလိုက်စားတဲ့သူတစ်ယောက်ဟာ၊ တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်စရာကောင်းတာ၊ ကိုယ့်တာဝန်မှာ ကိုယ့်အလုပ်ကိုပဲ စိတ်ပူနေတာကို သဘောပေါက်တဲ့အခါ သူ့ရဲ့အခြေအနေတွေကိုဖြေရှင်းဖို့ သမ္မာတရားကို ချက်ချင်းရှာဖွေနိုင်ကြတယ်။ ခေါင်းဆောင်တွေက သူတို့အလုပ်အကြောင်းစုံစမ်းတဲ့အခါ၊ သူတို့ဟာ ဒါကို တည်တည်ငြိမ်ငြိမ်ရင်ဆိုင်ပြီး သူတို့ရဲ့လမ်းလွဲမှုတွေကို ပြင်နိုင်ကြတယ်။ ဒါ့အပြင်၊ အသက်ဝင်ရောက်မှုကို အမှန်တကယ်အာရုံစိုက်တဲ့သူတွေဟာ နေ့စဉ်အသက်တာမှာ သူတို့ရဲ့အတွေးအခေါ်တွေ၊ အယူအဆတွေကို ဂရုစိုက်သင့်ပြီး၊ ခေါင်းဆောင်တွေနဲ့စုဝေးပွဲနီးကပ်လာမှ ဘုရားနှုတ်ကပတ်တော်တွေနဲ့ ကိုယ့်ကိုယ်ကိုယ်ပြင်ဆင်တာမျိုးမဟုတ်ဘဲ အချိန်မီဖြေရှင်းဖို့ သမ္မာတရားကို ရှာဖွေသင့်တယ်၊ ဒါပေမဲ့ ကျွန်မက၊ ခေါင်းဆောင်တွေကိုလှည့်စားဖို့ အသွင်အပြင်တစ်ခုကို ကြိုးစားဖန်တီးခဲ့တယ်။ ဒီလိုလုပ်တာဟာ ကျွန်မဟာ လှည့်ဖြားတာတွေနဲ့ လှည့်ကွက်တွေကို လုပ်နေတာပဲ။ ကျွန်မဟာ ဘုရားသခင်ကိုလှည့်စားပြီး ခေါင်းဆောင်တွေကို မျက်နှာလုပ်ဖားယားလုပ်နေတာပဲ မဟုတ်ဘူးလား။ ကျွန်မဟာ သမ္မာတရားကိုလက်တွေ့လုပ်ဆောင်တဲ့၊ လိုက်စားတဲ့သူတစ်ယောက် လုံးဝမဟုတ်ဘူးဆိုတာကို ကျွန်မသိမြင်ခဲ့တယ်။

နောက်ပိုင်းမှာ ကျွန်မ ဆင်ခြင်သုံးသပ်ခဲ့တယ်၊ ဘာကြောင့် မျက်နှာပြောင်တိုက်ပြီး လိမ်ညာလှည့်ဖြားနိုင်ရတာလဲ၊ ဘုရားသခင်ရဲ့ စိစစ်မှုကို ဘာကြောင့် လက်မခံနိုင်ရတာလဲပေါ့။ အကြိမ်တော်တော်များများမှာ ကျွန်မဟာ ရိုးသားတဲ့သူဖြစ်သင့်ပြီး ဘုရားရှေ့မှာအသက်ရှင်သင့်တဲ့အပြင် ဘုရားသခင်ရဲ့ စိစစ်မှုကို လက်ခံသင့်မှန်းလည်း သိခဲ့တာတောင်မှ အခြေအနေတွေနဲ့ ရင်ဆိုင်ရတဲ့အခါ လှည့်ဖြားမှုကို အမှုမဲ့အမှတ်မဲ့ ကျင့်သုံးနေတုန်းပဲ။ ဒါက ဘာကြောင့်လဲ။ နောက်ပိုင်းမှာ ဒီဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ဖတ်ခဲ့တယ်။ “ဘဝသည် လှည့်စားသောသူများအတွက် ပင်ပန်းနွမ်းနယ်ဖွယ်ဖြစ်သည် မဟုတ်သလော။ ၎င်းတို့သည် မုသားများပြောလျက်၊ ထိုမုသားများကို ဖုံးဖိရန် မုသားများကို ထပ်၍ပြောလျက်၊ လှည့်စားမှုများကို လုပ်ဆောင်လျက်ဖြင့် ၎င်းတို့၏ အချိန်အားလုံးကို ကုန်ဆုံးကြသည်။ ဤပင်ပန်းမှုကို ၎င်းတို့အပေါ်သို့ ၎င်းတို့ ကိုယ်တိုင် ယူဆောင်လာကြခြင်းဖြစ်သည်။ ဤသို့အသက်ရှင်ခြင်းသည် ပင်ပန်းဖွယ်ရာဖြစ်သည်ကို ၎င်းတို့သိသည်။ ဤသို့ဆိုလျှင် ၎င်းတို့သည် အဘယ်ကြောင့် လှည့်စားလိုဆဲဖြစ်ပြီး ရိုးသားရန် ဆန္ဒမရှိသနည်း။ ဤမေးခွန်းကို သင်တို့ စဉ်းစားကြည့်ဖူးသလော။ ဤသည်မှာ လူတို့သည် ၎င်းတို့၏ စာတန်ဆန်သော သဘာဝများ၏ လှည့်စားခြင်းကို ခံရခြင်း၏ အကျိုးဆက်ဖြစ်သည်။ ထိုအရာက ၎င်းတို့ကို ဤအသက်တာမျိုး၊ ဤစိတ်သဘောထားမျိုးကို ဖယ်ရှားခြင်းအား ပိတ်ပင်တားဆီးထားသည်။ လူတို့သည် ဤသို့ လှည့်စားခံရခြင်းကို လက်ခံရန်၊ ဤသို့ အသက်ရှင်ရန် လိုလားကြသည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး အလင်းလမ်းကြောင်းကို မလျှောက်လိုကြပေ။ ဤသို့ အသက်ရှင်ခြင်းသည် ပင်ပန်းဖွယ်ရာဖြစ်ပြီး ဤသို့ ပြုမူခြင်းသည် မလိုအပ်ဟု သင်ထင်သည်။ သို့သော် လှည့်စားသောသူများက လုံးဝ လိုအပ်သည်ဟု ထင်ကြသည်။ ထိုသို့မလုပ်ဆောင်ခြင်းက ၎င်းတို့ကို အရှက်ရစေမည်၊ ၎င်းတို့၏ ပုံရိပ်၊ ၎င်းတို့၏ ဂုဏ်၊ ၎င်းတို့၏ အကျိုးစီးပွားကိုလည်း ထိခိုက်စေမည်၊ များစွာ ဆုံးရှုံးရစေမည်ဟု ၎င်းတို့ ထင်ကြသည်။ ဤအရာများကို ၎င်းတို့ တန်ဖိုးထားကြသည်။ ၎င်းတို့၏ ကိုယ်ပိုင်ပုံရိပ်၊ ၎င်းတို့၏ ကိုယ်ပိုင်ဂုဏ်နှင့် အဆင့်အတန်းကို တန်ဖိုးထားကြသည်။ ဤသည်မှာ သမ္မာတရားကို မချစ်သောသူများ၏ သရုပ်မှန်ဖြစ်သည်။ အတိုချုပ်အားဖြင့် ဆိုရလျှင် လူတို့သည် ရိုးသားလိုစိတ်၊ သို့မဟုတ် သမ္မာတရားအား လက်တွေ့လုပ်ဆောင်လိုစိတ်မရှိသည့်အခါ၊ ဤသည်မှာ သမ္မာတရားကို ၎င်းတို့ မချစ်သောကြောင့်ဖြစ်သည်။ ၎င်းတို့၏ စိတ်နှလုံးတွင် ၎င်းတို့သည် ဂုဏ်နှင့် အဆင့်အတန်းကဲ့သို့သော အရာများကို မြတ်နိုးတန်ဖိုးထားသည်။ လောကီရေပန်းစားသောအရာများနောက်သို့ လိုက်လိုပြီး စာတန်၏ တန်ခိုးအာဏာအောက်တွင် အသက်ရှင်လိုကြသည်။ ဤသည်မှာ ၎င်းတို့ သဘာဝ၏ ပြဿနာဖြစ်သည်။ ယခုတွင် ဘုရားသခင်ကို နှစ်များစွာ ယုံကြည်ခဲ့သောလူများ၊ တရားဒေသနာများစွာကို ကြားနာခဲ့သောလူများ၊ ဘုရားသခင်အား ယုံကြည်ခြင်းသည် မည်သည့်အရာကိုဆိုလိုသည်ကို သိသောလူများရှိကြသည်။ သို့သော် ၎င်းတို့သည် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သေးသကဲ့သို့ အနည်းငယ်မျှပင် မပြောင်းလဲကြသေးပေ။ ဤသည်မှာ အဘယ်ကြောင့်နည်း။ သမ္မာတရားကို ၎င်းတို့ မချစ်သောကြောင့်ဖြစ်သည်။ သမ္မာတရားအနည်းငယ်ကို နားလည်လျှင်ပင် ၎င်းတို့သည် ထိုသမ္မာတရားကို လက်တွေ့မလုပ်ဆောင်နိုင်သေးပေ။ ထိုသို့သော လူများအတွက် ဘုရားသခင်အား နှစ်မည်မျှ ယုံကြည်သည်ဖြစ်စေ အချည်းနှီးဖြစ်လိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ရိုးသားသောလူတစ်ဦးဖြစ်ခြင်း၏ အခြေခံအကျဆုံး လက်တွေ့လုပ်ဆောင်ချက်) ဘုရားနှုတ်ကပတ်တော်ရဲ့ ဖော်ထုတ်မှုကနေတစ်ဆင့်၊ ကျွန်မ နားလည်လာခဲ့တယ် ကျွန်မ ရိုးသားတဲ့သူတစ်ယောက် မဖြစ်လိုတာဟာ သမ္မာတရားကိုမချစ်တဲ့၊ ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို အင်မတန် ချစ်မြတ်နိုးတဲ့ ကျွန်မရဲ့သဘာဝကနေ အရင်းခံတယ်။ လှည့်ဖြားမှုနဲ့ အသက်ရှင်ရတာက ပင်ပန်းမှန်းသိခဲ့ပေမဲ့ ရိုးသားတဲ့သူတစ်ယောက်ဖြစ်တာက ကိုယ့်ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို ထိခိုက်နိုင်တယ်လို့ တွေးမိတဲ့အခါ ကျွန်မ သမ္မာတရားကိုလက်တွေ့မလုပ်ဆောင်ချင်တော့ဘဲ၊ စာတန်က အရူးလုပ်ပြီး ထိခိုက်တာကို အမှုမဲ့အမှတ်မဲ့ ခံခဲ့ရတယ်။ ဒီအချိန်အတောအတွင်းမှာ၊ ကျွန်မ လက်တွေ့အလုပ်ကို ဘာမှမလုပ်ခဲ့သလို အသက်ဝင်ရောက်မှုကိုလည်း အာရုံမစိုက်ခဲ့ဘူး။ ခေါင်းဆောင်တွေက ကျွန်မကို စုဝေးပွဲကို ခေါ်တဲ့အခါ၊ ကျွန်မဟာ ရိုးသားခဲ့သင့်ပြီး ဒါကိုတည်တည်ငြိမ်ငြိမ်ရင်ဆိုင်သင့်ခဲ့တယ်၊ ကျွန်မက တကယ့်အလုပ်ကို မလုပ်ခဲ့ဘူးဆိုတဲ့ အဖြစ်မှန်ကို ဝန်ခံပြီး ခေါင်းဆောင်တွေရဲ့ လမ်းညွှန်မှုနဲ့အကူအညီကို လက်ခံသင့်ခဲ့တယ်။ ဒါပေမဲ့ ဒီလိုလုပ်လိုက်ရင် ခေါင်းဆောင်တွေက ကျွန်မကို တာဝန်မှာ ဝန်တာထားတဲ့စိတ်မရှိဘူးလို့ ထင်သွားမှာ၊ ကျွန်မအပေါ် မကောင်းမြင်ပြီး တန်ဖိုးမထားတော့မှာ၊ ဒါမှမဟုတ် ကျွန်မကို အစားထိုးလိုက်မှာကိုတောင် ကြောက်ခဲ့တယ်။ ဒီအကြောင်းတွေကိုတွေးပြီး ရိုးသားတဲ့သူဖြစ်ဖို့ သတ္တိမရှိတော့ဘူး၊ ရိုးသားတဲ့သူတစ်ယောက်ဖြစ်ရမှာက ကိုယ့်အတွက် ဆုံးရှုံးမှုတွေအများကြီးဖြစ်စေမယ်လို့ ခံစားမိလို့ပဲ။ ကျွန်မဟာ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ခဲ့ဘူး၊ ဒါမှမဟုတ် ရိုးသားတဲ့သူတစ်ယောက်အနေနဲ့ ကျင့်ကြံပြုမူတာမျိုး မရှိခဲ့ဘူး။ ကိုယ့်ရဲ့ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို အမြဲတမ်းကာကွယ်ဖို့ ကြိုးစားနေခဲ့တယ်။ “သစ်မှာ အခေါက်၊ လူမှာ ဂုဏ်သိက္ခာ” နဲ့ “ငန်းတစ်ကောင်သည် ၎င်းပျံသန်းသည့်နေရာတိုင်းတွင် အော်မြည်သကဲ့သို့ လူတစ်ဦးသည်လည်း ရောက်ရှိသည့်နေရာတိုင်းတွင် သူ့အမည်ကို ချန်ထားခဲ့၏” တို့လိုမျိုး စာတန်ဆန်တဲ့အဆိပ်တွေနဲ့ အသက်ရှင်နေထိုင်နေခဲ့တယ်။ ဒီအဆိပ်တွေက ကျွန်မစိတ်ထဲမှာ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်ပြီး ကျွန်မရဲ့ရှင်သန်မှုနိယာမတွေ ဖြစ်လာခဲ့တယ်။ ခေါင်းဆောင်တွေ မကောင်းမမြင်သွားအောင် ကျွန်မ ကိုယ့်ကိုယ်ကိုယ်ဖုံးကွယ်ဖို့ ဟန်ဆောင်တဲ့အသွင်အပြင်တစ်ခုကို ဖန်တီးခဲ့တယ်။ ကျွန်မဟာ ခေါင်းဆောင်တွေအပေါ် ဝတ်ကျေတမ်းကျေ လုပ်နေခဲ့ပြီး လှည့်ဖြားနေခဲ့မှန်း သိထားပြီး စိတ်ထဲမှာမလုံမလဲဖြစ်ခဲ့ပေမဲ့၊ သိက္ခာဆယ်ဖို့အတွက် လှည့်ဖြားမှုကို မသုံးဘဲ မနေနိုင်ခဲ့ဘူး။ ဒီစာတန်ဆန်တဲ့အဆိပ်တွေက သံခြေကျင်းတွေလိုပဲ ကျွန်မကို တင်းတင်းကျပ်ကျပ် ချည်နှောင်ထားပြီး ကျွန်မလွတ်မြောက်ဖို့ခက်စေခဲ့တယ်။ သမ္မာတရားကို ကောင်းကောင်းသိနေပေမဲ့လည်း၊ ကျွန်မ လက်တွေ့မလုပ်ဆောင်နိုင်ခဲ့ဘူး။ ကျွန်မဟာ ဂုဏ်သတင်းနဲ့ အဆင့်အတန်းအတွက် ကိုယ့်တာဝန်တွေမှာ လှည့်ဖြားတာကို မကြာခဏ လက်တွေ့လုပ်ဆောင်ခဲ့တယ်ဆိုတာကို မြင်ခဲ့တယ်။ တစ်ခါတလေ အထက်ခေါင်းဆောင်က အလုပ်အကြောင်းစုံစမ်းတဲ့အခါ၊ ကျွန်မ အလုပ်တချို့ကိုမလုပ်ရသေးရင်တောင်၊ သူတို့စိတ်ထဲမှာ ပုံရိပ်ကောင်းတစ်ခုကိုထိန်းသိမ်းဖို့ လုပ်ပြီးပြီလို့ လိမ်ပြောပြီး၊ နောက်မှ အလုအယက် ပြန်လုပ်ရတယ်။ တခြားအချိန်တွေမှာဆိုရင်၊ အလုပ်အသေးစိတ်ကို ကျွန်မနားမလည်တဲ့အခါ၊ ခေါင်းဆောင်တွေမေးလာရင် ကျွန်မ အမြန် စကားလမ်းကြောင်းလွှဲလိုက်တယ်၊ ကျွန်မ လက်တွေ့အလုပ်မလုပ်တာကိုဖုံးကွယ်ဖို့ လာမယ့်အစီအစဉ်တွေအကြောင်းပြောပြီးပေါ့။ ကျွန်မဟာ ဘုရားသခင်ကို နှစ်ပေါင်းများစွာယုံကြည်ပြီး ကိုယ်တော့်နှုတ်ကပတ်တော်တွေကို အများကြီးစားသောက်ခဲ့ပေမဲ့၊ ဂုဏ်သတင်းနဲ့ အဆင့်အတန်းကိုတော့ အရာအားလုံးထက် ပိုတန်ဖိုးထားနေတုန်းပဲဆိုတာကို မြင်ခဲ့ပါတယ်။ ဒီအရာတွေကိုလိုက်စားတာက ဘုရားသခင်ကို စက်ဆုပ်ရွံရှာစေမှန်းသိပေမဲ့လည်း၊ ကိုယ့်ကိုယ်ကိုယ်မထိန်းနိုင်ဘဲ လိုက်စားနေမိတုန်းပဲ။ ကျွန်မရဲ့သဘာဝမှာ သမ္မာတရားကို တကယ်မချစ်ဘူး၊ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့တဲ့သူပဲ။ သမ္မာတရားကိုလက်တွေ့လုပ်ဆောင်ပြီး ရိုးသားတဲ့သူတစ်ယောက်ဖြစ်ဖို့အတွက်၊ ကိုယ့်အကျိုးစီးပွားကိုစွန့်လွှတ်ပြီး ဂုဏ်သတင်းနဲ့ အဆင့်အတန်းလိုက်စားမှုကို စွန့်ပယ်ရမယ်ဆိုတာကိုလည်း ကျွန်မ သဘောပေါက်ခဲ့တယ်။ လှည့်ဖြားတတ်တဲ့ စိတ်သဘောထားကို အားကိုးပြီးအသက်ရှင်နေတာဟာ ပွင့်ပွင့်လင်းလင်းပဲဖြစ်ဖြစ်၊ တည်ကြည်မှုနဲ့ပဲဖြစ်ဖြစ် အသက်မရှင်နိုင်ဘူး၊ နောက်ဆုံးမှာ လူတစ်ယောက်ဟာ ကိုယ့်ရဲ့ဂုဏ်သိက္ခာနဲ့ တည်ကြည်မှုကိုဆုံးရှုံးပြီး၊ ဘုရားသခင်ရဲ့ စက်ဆုပ်ပြီး ရွံရှာတာကို ခံရရင်းနဲ့ အဆုံးသတ်မှာပဲ ဆိုတဲ့ သဘောပဲ။ ဒါကိုသဘောပေါက်သွားတော့၊ ကျွန်မတကယ်ကို ကိုယ့်ကိုယ်ကိုယ် စက်ဆုပ်သွားတယ်၊ ဂုဏ်သတင်းနဲ့ အဆင့်အတန်းအတွက် ကျွန်မ အသက်မရှင်ချင်တော့ဘူး။

နောက်ပိုင်းမှာ ဒီဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ဖတ်ခဲ့တယ်။ “မျက်မှောက်ကာလတွင် လူအများစုသည် သူတို့၏ အပြုအမူများကို ဘုရားသခင်ရှေ့သို့ယူလာရန် အထူး ကြောက်ရွံ့နေကြသည်၊ သင့်အနေဖြင့် သူ၏ ဇာတိပကတိကို လှည့်ဖြားနိုင်သော်လည်း၊ သူ၏ ဝိညာဉ်တော်ကို လှည့်ဖြား၍ မရပေ။ ဘုရားသခင်၏ စေ့စေ့စပ်စပ်စစ်ဆေးခြင်းကို မခံနိုင်သည့် မည်သည့်အရာ မဆိုသည် သမ္မာတရားနှင့် မကိုက်ညီသည့်အတွက် ဘေးဖယ်ထားသင့်သည်၊ သို့မဟုတ်ပါက ယင်းသည် ဘုရားသခင်ကို ဆန့်ကျင်သည့် အပြစ်ဖြစ်သည်။ ထိုကြောင့် သင် ဆုတောင်းသည့်အခါ၊ သင်၏ညီအစ်ကို၊ ညီအစ်မများနှင့် မိတ်သဟာယ ပြုသည့်အခါ၊ သို့မဟုတ် သင်၏တာဝန်ကို လုပ်ဆောင်ပြီး သင်၏ အရေးကိစ္စများ ကိုင်တွယ်ခြင်းကို ဆောင်ရွက်သည့်အခါ သင်၏စိတ်နှလုံးကို ဘုရားသခင် ရှေ့မှောက်တွင် တစ်ချိန်လုံး ဆက်ကပ်ရမည်။ သင်၏လုပ်ငန်းဆောင်တာများကို ဆောင်ရွက်သည့် အခါတွင် ဘုရားသခင်သည် သင်နှင့်အတူ ရှိမည်ဖြစ်ပြီး၊ သင်၏ရည်ရွယ်ချက်သည် မှန်ကန်ပြီး ဘုရားအိမ်တော်၏ အလုပ်အတွက် ဖြစ်နေသမျှ၊ သင်၏ လုပ်ဆောင်ချက် အားလုံးကို ဘုရားသခင်သည် လက်ခံပေမည်၊ သင်သည် သင်၏လုပ်ငန်းဆောင်တာကို ဖြည့်ဆည်းဖို့ရန် သင့်ကိုယ်သင် စိတ်ရင်းမှန်ဖြင့် လုံးလုံးလျားလျား ပေးအပ် မြှုပ်နှံထားသင့်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်သည် သူ၏ရည်ရွယ်ချက်များနှင့် အညီဖြစ်သောသူများကို စုံလင်စေသည်) ဘုရားနှုတ်ကပတ်တော်ကနေ ကျွန်မနားလည်ခဲ့တယ် ဘုရားသခင်ကိုယုံကြည်တဲ့သူတွေဟာ ဘုရားသခင်ရဲ့စိစစ်မှုကို လက်ခံပြီး ကိုယ်တော့်ရှေ့မှောက်မှာ အသက်ရှင်သင့်တယ်။ ဒါပေမဲ့ ကျွန်မရဲ့ယုံကြည်ခြင်းနဲ့ တာဝန်မှာတော့ ဘုရားသခင်ရဲ့စိစစ်မှုကို ကျွန်မလက်မခံနိုင်ခဲ့ဘူး။ ကျွန်မဟာ ခေါင်းဆောင်တွေကို လိမ်ညာလှည့်ဖြားဖို့ လူ့နည်းလမ်းတွေကို အမြဲအားကိုးချင်ခဲ့တယ်၊ လူတွေက ကျွန်မရဲ့ပြဿနာတွေကို မသိသရွေ့ အရာအားလုံးအဆင်ပြေမှာပဲလို့ တွေးခဲ့တယ်၊ လူတွေကိုလှည့်စားတာက ဘုရားသခင်သိမှာမဟုတ်ဘူး၊ ဒီလိုလုပ်တော့ ကိုယ့်ရဲ့အဆင့်အတန်းနဲ့ တာဝန်နှစ်ခုလုံးကို ကာကွယ်နိုင်မယ့် ပုံစံမျိုးနဲ့ပေါ့။ ကျွန်မဟာ ကိုယ့်ကိုယ်ကိုယ်ရော တခြားသူတွေကိုပါ လှည့်စားနေတာ မဟုတ်ဘူးလား။ ကျွန်မက ခေါင်းဆောင်တွေကိုပဲ လှည့်စားဖို့ကြိုးစားနေပုံရနိုင်ပေမဲ့ အနှစ်သာရမှာတော့ ဘုရားသခင်ကို လှည့်စားနေတာပဲ၊ ကျွန်မရဲ့စိတ်နှလုံးထဲမှာ ဘုရားသခင်အတွက် နေရာလုံးဝမရှိခဲ့ဘူး။ အမှန်တရားကတော့၊ ဘုရားသခင်ဟာ အရာအားလုံးကို စိစစ်တော်မူတယ်။ ကိုယ်တော်ဟာ ကျွန်မရဲ့အတွေးအခေါ်၊ စိတ်ကူးနဲ့ လုပ်ရပ်တိုင်းကို စိစစ်တော်မူတယ်၊ ကျွန်မက ဘုရားသခင်နဲ့လူတွေကို ပေါ်တင် လှည့်စားဖို့ကြိုးစားနေပြီး လျှို့ဝှက်တဲ့မသမာတဲ့လုပ်ရပ်တွေကို လုပ်ဆောင်နေတဲ့အချိန်မှာ၊ ဘုရားသခင်က အားလုံးကို ရှင်းရှင်းလင်းလင်း မြင်တော်မူခဲ့တယ်။ ဘုရားသခင်ဟာ ကျွန်မ ကိုယ့်တာဝန်တွေကို ဘယ်လိုထမ်းဆောင်လဲ၊ သမ္မာတရားကို လိုက်စားရဲ့လားဆိုတာကို သိတော်မူခဲ့တယ်။ ကျွန်မရဲ့စိတ်နှလုံးထဲမှာ ဘုရားသခင်အတွက် နေရာရှိခဲ့မယ်ဆိုရင်၊ ကျွန်မဟာ ဘုရားရှေ့မှာအသက်ရှင်ပြီး အရာအားလုံးမှာ ကိုယ်တော့်ရဲ့စိစစ်မှုကို လက်ခံဖို့ အာရုံစိုက်ခဲ့မှာပဲ။ ကျွန်မရဲ့အလုပ် စံမမီတဲ့နေရာတိုင်းမှာ ကျွန်မ ချက်ချင်းပြင်ဆင်ပြီး ကိုယ့်ရဲ့ချို့တဲ့မှုတွေကို ရိုးရိုးသားသား ရင်ဆိုင်ခဲ့သင့်တာ။ ဒါပေမဲ့ ကျွန်မတာဝန်တွေကို ဒီလိုပုံစံနဲ့ထမ်းဆောင်တဲ့နေရာမှာ အလုပ်ရဲ့ကဏ္ဍအသီးသီးကို လျစ်လျူရှုပြီး လှည့်ကွက်တွေနဲ့ အမြဲဖုံးကွယ်ဖို့ကြိုးစားနေတော့၊ လူတွေအကောင်းမြင်တာက ကျွန်မအတွက် ဘာအသုံးဝင်မှာလဲ။ ကျွန်မရဲ့တာဝန်မှာရှိတဲ့ပြဿနာတွေက မဖြေရှင်းရသေးဘဲ၊ ကျွန်မရဲ့လှည့်ဖြားတတ်တဲ့စိတ်သဘောထားကလည်း မပြောင်းလဲဘဲရှိနေခဲ့တယ်။ ဒါက ဘုရားသခင်ကို ရွံရှာစေပြီး မနှစ်မြို့အောင် ဖြစ်စေခဲ့တယ်။ ဒါဟာ ကြီးမားတဲ့ဆုံးရှုံးမှုနဲ့ လုံးဝမိုက်မဲမှုပဲ မဟုတ်ဘူးလား။ ကျွန်မဟာ ကိုယ့်တာဝန်တွေမှာ လက်တွေ့အလုပ်မလုပ်ဘူး၊ ကျွန်မရဲ့အသက်ဝင်ရောက်မှုက ညံ့ဖျင်းတယ်၊ ဖောက်ပြန်ပျက်စီးတဲ့စိတ်သဘောထားတွေ အများကြီးကိုလည်း ဖော်ထုတ်ခဲ့တယ်။ ကျွန်မဟာ ဘုရားသခင်ထံ နောင်တရဖို့နဲ့ ကိုယ့်တာဝန်တွေကို ဘယ်လိုကောင်းကောင်းထမ်းဆောင်မလဲဆိုတာကို အာရုံစိုက်သင့်ခဲ့တာ။ ဒါက ကျွန်မမှာရှိတဲ့ သဘောထား ဖြစ်ခဲ့သင့်တာပါ။

နောက်ပိုင်းမှာ၊ ဘုရားသခင်ရဲ့ရည်ရွယ်ချက်နဲ့အညီ ဘယ်လိုလုပ်ဆောင်မလဲဆိုတာကို ကျွန်မ စရှာဖွေခဲ့တယ်။ ဘုရားသခင်ရဲ့ ဒီနှုတ်ကပတ်တော်တွေကို ကျွန်မ ဖတ်ခဲ့တယ်။ “ယင်းမှာ မည်သည့်ပြဿနာပင်ဖြစ်ပါစေ ဖြစ်ပေါ်လာသည့် မည်သည့်ပြဿနာကိုမဆို ဖြေရှင်းဖို့ သင် သမ္မာတရားကို ရှာဖွေရမည်ဖြစ်ပြီး မည်သည့်နည်းလမ်းနှင့်မျှ သင်ဟန်မဆောင်ရ၊ သို့မဟုတ် အခြားသူများအတွက် အယောင်ဆောင်မလှည့်စားရ။ သင်၏အားနည်းချက်များ၊ သင်၏ချို့ယွင်းချက်များ၊ သင်၏အမှားများ၊ သင်၏ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ယင်းတို့အားလုံးနှင့်ပတ်သက်၍ လုံးဝ ပွင့်ပွင့်လင်းလင်းရှိပြီး မိတ်သဟာယပြုလော့။ ယင်းတို့ကို အတွင်း၌ မသိမ်းထားနှင့်။ သင့်ကိုယ်သင် မည်သို့ဖွင့်ဟဖို့ကို သင်ယူခြင်းသည် အသက်ဝင်ရောက်ခြင်း၏ ပထမခြေလှမ်းဖြစ်ပြီး၊ ယင်းမှာ အောင်နိုင်ဖို့ အခက်ဆုံးဖြစ်သည့် ပထမဆုံး အခက်အခဲတစ်ခု ဖြစ်သည်။ ယင်းကို သင်အောင်နိုင်ပြီးသည်နှင့် သမ္မာတရားကို ဝင်ရောက်ခြင်းသည် လွယ်ကူပေသည်။ ဤခြေလှမ်းကို လှမ်းခြင်းက အဘယ်သဘောကို ဆောင်သနည်း။ ယင်းက သင်၏စိတ်နှလုံးကို ဖွင့်ပြီး ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ၊ အပြုသဘောဆောင်သည်ဖြစ်စေ၊ အပျက်သဘောဆောင်သည်ဖြစ်စေ သင်၌ရှိသမျှ အားလုံးကို ပြခြင်းကို ဆိုလိုလေသည်။ ဘုရားသခင်ထံမှ မည်သည့်အရာမျှ မကွယ်ဝှက်ဘဲ၊ မည်သည့်အရာမျှ မဖုံးကွယ်ဘဲ၊ မမျိုသိပ်ဘဲ လှည့်စားမှုနှင့် လှည့်ကွက်ကင်းကာ အခြားသူများကို အလားတူ ပွင့်လင်းပြီး ရိုးသားရင်း၊ အခြားသူများနှင့် ဘုရားသခင် မြင်ဖို့ရာ သင့်ကိုယ်သင် ထုတ်ဖော်ပြခြင်း ဖြစ်သည်။ ဤနည်းအားဖြင့် သင်သည် အလင်းတွင် အသက်ရှင်ပြီး ဘုရားသခင်က သင့်ကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးမည်သာမက၊ အခြားလူများက သင်သည် စည်းမျဉ်းနှင့်အညီ ပွင့်လင်းမြင်သာသည့် အတိုင်းအတာတစ်ခုဖြင့် ပြုမူကြောင်း မြင်နိုင်လိမ့်မည်။ သင်၏ ဂုဏ်သတင်း၊ ပုံရိပ်နှင့် အဆင့်အတန်းတို့ကို ကာကွယ်ရန် မည်သည့်နည်းလမ်းများကိုမျှ အသုံးပြုရန် မလိုသကဲ့သို့ သင်၏ အမှားများကို ဖုံးကွယ်ရန်၊ သို့မဟုတ် ဟန်ဆောင်ရန်လည်း မလိုအပ်ပေ။ ဤအသုံးမဝင်သော အားစိုက်ထုတ်မှုများကို သင် ဆောင်ရွက်ရန် မလိုပေ။ ဤအရာများကို သင် လက်လွှတ်နိုင်ပါက သင်သည် အလွန်ပင် သက်သောင့်သက်သာ ဖြစ်လိမ့်မည်။ သင်သည် ဘောင်ခတ်မှုများ၊ သို့မဟုတ် နာကျင်မှု မရှိဘဲ အသက်ရှင်လိမ့်မည် ဖြစ်ပြီး သင်သည် အလင်းတွင်သာ လုံးဝ အသက်ရှင်လိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မကို လက်တွေ့လုပ်ဆောင်ဖို့ လမ်းကြောင်းတစ်ခုပေးခဲ့တယ်။ ဘယ်လိုပြဿနာတွေပဲ ပေါ်ပေါက်လာပါစေ၊ အဲဒါတွေကိုဖြေရှင်းဖို့အတွက် သမ္မာတရားကို ရှာဖွေဖို့လိုတယ်။ သမ္မာတရားထဲကိုဝင်ရောက်ဖို့၊ ပထမအဆင့်ကတော့ ဖွင့်ဟဖို့ပဲ၊ ဘယ်လိုဖောက်ပြန်ပျက်စီးတဲ့စိတ်သဘောထားပဲ ထုတ်ဖော်ခဲ့ပါစေ လူတစ်ယောက်ဟာ ကိုယ့်ကိုယ်ကိုယ် အရှိအတိုင်း ဖော်ပြရမယ် ဘုရားသခင်နဲ့ တခြားလူတွေရှေ့မှာ ရိုးသားတဲ့သူတစ်ယောက် ဖြစ်ရမယ်။ လူတစ်ယောက်ဟာ ကိုယ့်ရဲ့ဂုဏ်သတင်း ဒါမှမဟုတ် အဆင့်အတန်းကိုထိန်းသိမ်းဖို့ ဘာမှမဖုံးကွယ်သင့်ဘူး။ သူတို့ဟာ လှည့်ဖြားတာတွေ၊ လှည့်ကွက်တွေ မပါဘဲ အမှန်တရားကို ပြောရမယ်။ ဒီလိုလုပ်မှသာ လွတ်လွတ်လပ်လပ် အသက်ရှင်နိုင်ပြီး ဘုရားသခင်ရဲ့အသိအမှတ်ပြုတာကို ရနိုင်မှာပါ။ စာတန်ဆန်တဲ့ ဖောက်ပြန်ပျက်စီးတဲ့စိတ်သဘောထားထဲမှာအသက်ရှင်တာ၊ တခြားသူတွေရဲ့အမြင်ကို အမြဲဂရုစိုက်ပြီး၊ အမြဲတမ်းလိမ်ညာလှည့်ဖြားနေတာက၊ ဘဝကိုပင်ပန်းပြီး ဂုဏ်သိက္ခာမဲ့စေတယ်ဆိုတာကိုလည်း ကျွန်မ သဘောပေါက်ခဲ့တယ်။ ကျွန်မဟာ ကျော်ကြားမှု၊ အကျိုးအမြတ်နဲ့ အဆင့်အတန်းအတွက် အသက်မရှင်ချင်တော့ဘူး။ ကျွန်မဟာ ဘုရားသခင်ရဲ့စိစစ်မှုကို လက်ခံပြီး ကိုယ်တော့်ရှေ့မှောက်မှာ အသက်ရှင်လိုစိတ်ရှိလာတယ်။ တခြားသူတွေရဲ့အမြင်တွေ ဘယ်လိုပဲဖြစ်နေပါစေ၊ ကျွန်မ ဘုရားသခင်ကိုစိတ်ကျေနပ်စေဖို့ ကိုယ့်တာဝန်တွေကိုပဲ ထမ်းဆောင်ချင်ခဲ့တယ်။ ဒီလိုစိတ်နဲ့၊ ကျွန်မရဲ့စိတ်နှလုံးဟာ အင်မတန် တည်ငြိမ်အေးချမ်းမှုနဲ့ ပြည့်သွားပြီး အထက်ခေါင်းဆောင်က ကျွန်မအလုပ်ကိုစုံစမ်းမှာကို မစိုးရိမ်တော့ဘူး၊ ဘုရားသခင် ဒါမှမဟုတ် တခြားလူတွေကိုလည်း ထပ်ပြီးမလှည့်စားချင်တော့ဘူး။

စုဝေးပွဲနေ့မှာ ခေါင်းဆောင်တွေ နောက်ကျမှရောက်လာပြီး ဧဝံဂေလိအလုပ်ကို ကျွန်မ ဘယ်လိုလိုက်စစ်ဆေးခဲ့သလဲလို့ မေးတယ်။ ကျွန်မရဲ့ နှလုံးက တဒိတ်ဒိတ်ခုန်နေပြီး၊ ခေါင်းဆောင်တွေက အခြေအနေမှန်ကိုသိသွားရင် ကျွန်မကို မကောင်းမြင်သွားမှာကိုကြောက်ပြီး နည်းနည်းတော့ စိုးရိမ်စိတ်ဝင်နေတုန်းပဲ။ အဲဒီအချိန်မှာ ဒီဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ သတိရလိုက်တယ်။ “သင်၏ ဂုဏ်သတင်း၊ ပုံရိပ်နှင့် အဆင့်အတန်းတို့ကို ကာကွယ်ရန် မည်သည့်နည်းလမ်းများကိုမျှ အသုံးပြုရန် မလိုသကဲ့သို့ သင်၏ အမှားများကို ဖုံးကွယ်ရန်၊ သို့မဟုတ် ဟန်ဆောင်ရန်လည်း မလိုအပ်ပေ။ ဤအသုံးမဝင်သော အားစိုက်ထုတ်မှုများကို သင် ဆောင်ရွက်ရန် မလိုပေ။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး) ကျွန်မရဲ့စိတ်နှလုံးဟာ အင်မတန်မှ တည်ငြိမ်အေးချမ်းမှုနဲ့ ပြည့်သွားပြီး ကိစ္စတွေကို ဂုဏ်သတင်း ဒါမှမဟုတ် အဆင့်အတန်းအတွက် မလုပ်ချင်တော့ဘူး။ အဲဒါနဲ့ ကျွန်မ ခေါင်းဆောင်တွေကို ရိုးရိုးသားသား ပွင့်ပွင့်လင်းလင်း ပြောခဲ့တယ်။ ကျွန်မဟာ တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်စရာကောင်းခဲ့တာ၊ အလုပ်ရဲ့ ဘက်ပေါင်းစုံကို လိုက်စစ်ဖို့ ပျက်ကွက်ခဲ့တာ ပြီးတော့ အလုပ်ကို လိုက်မစစ်ခဲ့ပေမဲ့လည်း တခြားသူတွေကို လှည့်စားဖို့ကြိုးစားခဲ့တုန်းပဲဆိုတာကို ဝန်ခံခဲ့ပါတယ်။ ကျွန်မပြောတာကိုကြားပြီးတော့၊ ခေါင်းဆောင်တွေက ကျွန်မကိုမပြုပြင်ခဲ့ဘူး။ အဲဒီအစား၊ အသင်းတော်အလုပ်ကို ကောင်းကောင်းလုပ်ဆောင်ဖို့ ဘယ်လိုသဟဇာတရှိရှိ ပူးပေါင်းဆောင်ရွက်မလဲဆိုတာကို ကျွန်မနဲ့ မိတ်သဟာယဖွဲ့ခဲ့ကြတယ်။ သူတို့ရဲ့မိတ်သဟာယဖွဲ့တာကိုကြားရတော့၊ ကျွန်မစိတ်နှလုံးထဲမှာ လင်းသွားပြီး လက်တွေ့လုပ်ဆောင်ဖို့ လမ်းကြောင်းတစ်ခုရခဲ့တယ်။ နောက်ပိုင်းမှာ သူတို့က ကျွန်မရဲ့အခြေအနေအကြောင်းမေးတဲ့အခါ၊ ကျွန်မဟာ ဂုဏ်သတင်းနဲ့ အဆင့်အတန်းအတွက် အလုပ်လုပ်နေခဲ့ပြီး တစ်ကိုယ်ကောင်းဆန်တဲ့အပြင် စက်ဆုပ်စရာကောင်းတဲ့အခြေအနေမှာ အသက်ရှင်နေခဲ့တာ၊ ဒါပေမဲ့ ပြုပြင်ဖို့အတွက် သမ္မာတရားကို ရှာဖွေချင်စိတ်ရှိတယ်ဆိုတာကိုလည်း ကျွန်မ ပွင့်ပွင့်လင်းလင်း မိတ်သဟာယဖွဲ့ခဲ့တယ်။ အဲဒီလိုပြောပြီးတဲ့နောက်မှာ၊ ကျွန်မစိတ်နှလုံးထဲမှာ တည်ငြိမ်ပြီး စိတ်အေးလက်အေးဖြစ်သွားတယ်။ အခု ကျွန်မသဘောပေါက်သွားတာက၊ လူတွေက ကိုယ့်ကို ဘာထင်လဲဆိုတဲ့အပေါ်မှာ၊ သူတို့ စိတ်နှလုံးထဲက ကိုယ့်အဆင့်အတန်းပေါ်မှာ အာရုံစိုက်နေတဲ့အခါ ကျွန်မဟာ ကိုယ့်ကိုယ်ကိုယ်မထိန်းနိုင်ဘဲ စာတန်ရဲ့ အရူးလုပ်တာကိုခံရပြီး လှည့်ဖြားတာတွေ၊ လှည့်ကွက်တွေ သုံးတယ်၊ ကိုယ့်ဘဝကို စိတ်ဆင်းရဲပြီး ပင်ပန်းနွမ်းနယ်တဲ့ နည်းလမ်းနဲ့ အသက်ရှင်နေထိုင်ရတယ် ဆိုတာပါပဲ။ ဒါပေမဲ့ လူတွေရဲ့အမြင်ကို ထည့်မစဉ်းစားဘဲ ဘုရားနှုတ်ကပတ်တော်တွေအတိုင်းလုပ်ဆောင်ပြီး ရိုးသားတဲ့သူတစ်ယောက်ဖြစ်ဖို့ပဲ လိုလားတဲ့အခါမှာတော့၊ ကျွန်မရဲ့အခြေအနေက ဆက်တိုက်ကို တိုးတက်လာတယ်၊ ဘုရားသခင်ရဲ့ ရှေ့မှောက်မှာ အသက်ရှင်နေထိုင်နေတယ်လို့ ခံစားရပြီး ကျွန်မရဲ့ စိတ်နှလုံးက တကယ်ကို လွတ်မြောက်မှုကို ခံစားရပါတယ်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

နှုတ်ကပတ်တော်သည် မုသားအားလုံးကို အောင်နိုင်သည်

ယေ့ချိုး တရုတ်နိုင်ငံ အခုနှစ်၊ ဇွန်လမှာ ကျွန်မက ရေလောင်းသင်းထောက်အဖြစ် အရွေးခံရတယ်။ တစ်နေ့တော့ အစ်မချန်းလင်နဲ့ ကျွန်မတို့ လူသစ်တွေနဲ့...

တာဝန်ထမ်းဆောင်ခြင်းသည် ရိုးသားခြင်းမရှိဘဲ မဖြစ်နိုင်ပေ

မုရီ အမေရိကန်နိုင်ငံ ကျွန်မက အသင်းတော်မှာ လူသစ်တွေကို ရေလောင်းတာကို ဦးဆောင်ရတယ်။ တချို့ယုံကြည်သူအသစ်တွေက ပါဝင်တာ သိပ်မကြာသေးဘူး။ သူတို့ထဲက...

မုသားပြောခြင်း၏ ဒုက္ခ

ညီချန်း မြန်မာနိုင်ငံ ၂၀၁၉ အောက်တိုဘာမှာ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို ကျွန်တော် လက်ခံခဲ့ပါတယ်။ စုဝေးပွဲတွေမှာ...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။