လိမ်ညာခြင်းက နာကျင်မှုသာ ဆောင်ကြဉ်းသည်

03.02.2022

ကျွန်တော် သတိရသေးတယ်၊ ဒီနှစ် မေလမှာပေါ့၊ အစ်ကိုလျူ သီချင်းဆိုတာကို့ တေးဂီတ ဗီဒီယိုတစ်ခ ရိုက်နေခဲ့တယ်။ ကျွန်တော်က မီးထွန်းပေးတဲ့အလုပ်လုပ်နေခဲ့တာ။ အစ်ကိုလျူက စင်မြင့်မှာ လှည့်ပတ်လှုပ်ရှားနေပြီး၊ ခြေလှမ်းကျဲကျဲနဲ့ အရပ်တော်တော် ရှည်တယ်၊ ဒီတော့ သူ ဘယ်လောက်ဝေးဝေး လမ်းလျှောက်တယ်ဆိုတာကို ကျွန်တော် စောင့်ကြည့်နေရပြီး အဲဒီအတိုင်း မီးတွေကို ရွှေ့ပေးရတယ်။ ကျွန်တော် လိုက်မမီဘဲ သူ့ခေါင်းပေါ် နောက်ခံမီးကို သွားရှုပ်စေခဲ့မိရင်၊ နောက်ဆုံး တည်းဖြတ်ရာမှာ အလျင်မပြတ်တဲ့ ပြဿနာက ရှိနေမှာ။ ရုပ်ရှင်စမရိုက်ခင်မှာ၊ အာရုံစိုက်နေရမယ်လို့ ကိုယ့်ကိုယ်ကိုယ် ပြောခဲ့တာ။ ပထမ ရိုက်ချက်နည်းနည်းမှာ ပြဿနာ တစ်ခုမှ မရှိခဲ့ဘူး၊ ဒီတော့ တဖြည်းဖြည်းနဲ့ နည်းနည်း စိတ်လျှော့မိတယ်။ ဒါရိုက်တာက နောက်ထပ်ရိုက်ချင်သေးတယ်လို့ ပြောတဲ့အချိန်မှာ ရိုက်ကူးရေးတွေ ပြီးခါနီးပြီ၊ ဒီတော့ စလုပ်ကြတဲ့အခါ ကျွန်‌တော်က တခြားမော်နီတာကို စောင့်ကြည့်နေတုန်းပဲ၊ အစ်ကိုလျူက မီးထွန်းထားတဲ့နေရာကနေ ထွက်သွားတော့မှ သတိထားမိပြီး မီးကို ကျွန်တော် မြန်မြန် ရွှေ့လိုက်ပေမဲ့၊ ကျွန်တော် မမီလိုက်ဘူး။ အစ်ကိုလျူရဲ့ ခေါင်းက အလင်းထဲကနေ ရွေ့သွားပြီး ပြန်ဝင်လာတယ်။ ရိုက်ချက်က သုံးလို့မရဘူး။ ပုံမှန်အားဖြင့် စင်ပေါ်မှာ ပြဿနာတစ်ခု ရှိတဲ့အခါ၊ ဒါရိုက်တာကို ချက်ချင်းပြောပြီး တခြားရိုက်ချက် ယူရမှာ။ ဒါပေမဲ့ လမ်းလျှောက်စကားပြောစက်ကိုပဲ ကျွန်တော်ကိုင်ထားပြီး ပါးစပ်မဟရဲခဲ့ဘူး။ စကားလုံးကို အစရှာမရခဲ့တာ။ တကယ်ကို ဒွိဟဖြစ်နေခဲ့ပြီး၊ ကျွန်တော် တွေးနေမိခဲ့တယ်။ အဲဒီမှာ ဒါရိုက်တာတင်မကဘူး၊ တခြား ညီအကို မောင်နှမတွေ အများကြီးရှိတယ်လေ။ အခြေခံကျတဲ့ အမှားတစ်ခု လုပ်ခဲ့မိတယ်လို့ သူတို့ကို ပြောလိုက်ရင်၊ ကျွန်တော့်ကို ဘယ်လိုထင်ကြမလဲ။ ကျွန်တော် ပေါ့ဆတယ်လို့ သူတို့ ပြောကြမလား။ အရမ်း ရှက်စရာဖြစ်မှာပဲ။ ဒါပေမဲ့ တစ်ခုခု မပြောရင်၊ တာဝန်မဲ့ရာကျမှာ။ အဲဒီရိုက်ကွက်ကို သုံးခဲ့ရင် အဲဒါက ဗီဒီယိုရဲ့ အရည်အသွေးကို တိုက်ရိုက်ထိခိုက်မှာပဲ။ ဒါနဲ့ပတ်သက်ပြီး ရုန်းကန်နေရတုန်းမှာပဲ၊ ဒါရိုက်တာက၊ “ဒီတစ်ခု အဆင်ပြေတယ်၊ နောက်တစ်ခုကို လုပ်ရအောင်” လို့ပြောတာ ကြားလိုက်ရတယ်။ ရုပ်ရှင်ရိုက်နေတဲ့ အစ်ကိုက သူ့စက်ကို ခလုပ်ပိတ်နှင့်ပြီးသားဖြစ်တာကို တွေ့ရလို့၊ ကျွန်တော် ဆင်ခြေတွေ စရှာတယ်။ ကျွန်တော် တွေးနေမိတာက အားလုံး ရိုက်ကူးခဲ့ပြီးပြီဆိုတော့ ကျွန်တော် တစ်ခုခုပြောလိုက်ရင်၊ လူတိုင်းက သူတို့ စက်တွေကို ပြန်ဖွင့်ရမှာ၊ အဲဒါ တော်တော်ကို ကသီလင်တဖြစ်မှာပဲလို့ပေါ့။ ကျွန်တော် မပြောသင့်ဘူး ထင်တယ်၊ ဘာပဲဖြစ်ဖြစ် ရိုက်ချက်က တစ်ခုပဲလေ၊ သုံးတောင် သုံးမှာ မဟုတ်ပါဘူးပေါ့။ ဒါ့အပြင်၊ သေသေချာချာ မကြည့်ရင် ပြဿနာကို မြင်တောင်မြင်ရမှာ မဟုတ်ဘူးလို့ပေါ့။ ဆက်ပြီး နှုတ်ဆိတ်နေဖို့ ဆုံးဖြတ်လိုက်တယ်။ ရုပ်ရှင်ရိုက်ပြီးသွားတော့ အပြစ်ရှိသလို ပိုပို ခံစားလာရတယ်။ ကျွန်တော်က တမင်တကာ လှည့်ဖြားတတ်နေခဲ့တာ မဟုတ်လား။ လူတွေကိုတော့ လှည့်စားလို့ ရပေမဲ့၊ ဘုရားကို ရမလား။ ဒီတော့ ကိုယ့်အမှားကို ဒါရိုက်တာဆီ ပြောပြလိုက်တယ်။ သူက ပြောတယ်၊ “ငါတို့ ပြီးသွားပြီ၊ လူတိုင်းက သိမ်းဆည်းထုပ်ပိုးပြီးသွားပြီ။ ငါ့ကိုပြောပြဖို့ ဘာလို့ ခုချိန်ထိ စောင့်ရတာလဲ။ အရင်က ဘာလို့မပြောခဲ့တာလဲ။ ပြောခဲ့ရင်၊ အဲဒါကို ပြန်ရိုက်ဖို့ ကြာမှာ မဟုတ်ဘူး”တဲ့။ ဒါရိုက်တာရဲ့ ကူကယ်ရာမဲ့ အကြည့်ကို မြင်တော့၊ ပိုလို့တောင် ဆိုးဆိုးရွားရွား ခံစားရပြီး ကိုယ့်ကိုယ်ကိုယ် တကယ်ပါးရိုက်လိုက်ချင်တယ်။ ကိုယ့်အမှားကို ဘာလို့ ဝန်ခံဖို့ အရမ်းခက်ရတာလဲ။ အမှန်အတိုင်း ဖြစ်ဖို့ ဘာလို့ အဲဒီလောက် ရုန်းကန်ရတာလဲ။ နာကျင်မှုနဲ့၊ ဘုရားဆီ ဆုတောင်းခဲ့တယ်၊ “ဘုရားသခင်၊ ကျွန်တော် အမှားလုပ်ခဲ့မိပြီး၊ ဝန်ခံဖို့ သတ္တိမရှိခဲ့ဘူး၊ သူတို့ အထင်သေးမှာ စိုးခဲ့တယ်။ ဘုရားသခင်၊ အခု ကျွန်မ တကယ် နာကျင်ရပါတယ်။ ကျေးဇူးပြုပြီး ကိုယ့်ကိုယ်ကိုယ် သိအောင် လမ်းပြပါ”လို့ပေါ့။

နောက်တော့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ဖတ်ရတယ်။ “သင်သည် လူတို့၏ စိတ်နှလုံးတွင်ရှိသော သင်၏ ပုံရိပ်နှင့် ဂုဏ်အဆင့်အတန်း လုံးဝ ပျောက်ကွယ်သွားသည်အထိ သင်၏ အမှားများကို ဝန်ခံပြီး ရိုးသားသောသူတစ်ယောက်ဖြစ်ရမည်၊ အမှန်အတိုင်းပြောရမည်၊ လူတိုင်းအား သင်၏ သရုပ်မှန်ကို မြင်ခွင့်ပြုရမည်၊ ဤသို့မဟုတ်လျှင် ဘုရားသခင်အတွက် သင်၏ အသက်ကို စွန့်လွှတ်ရမည်ဆိုလျှင် မည်သည်ကို သင်ရွေးချယ်မည်နည်း။ ယင်းသည် ခက်ခဲသည့် ရွေးချယ်မှုဖြစ်မည်မဟုတ်လော။ သင်က ‘ဘုရားသခင်အတွက် ကျွန်ုပ်၏ အသက်ကို စွန့်လွှတ်ဖို့ ရွေးချယ်မည်။ ဘုရားသခင်အတွက် ကျွန်ုပ် သေဖို့ ဆန္ဒရှိသည်’ ဟု ဆိုကောင်းဆိုနိုင်သည်။ ယင်းကို သင် ဖြစ်မြောက်ကောင်းဖြစ်မြောက်နိုင်သည်။ သို့သော် သင်သည် ယခုအချိန်တွင် မသေဘဲ ရိုးသားသောသူတစ်ယောက်ဖြစ်ပြီး မှန်သောအရာတစ်ခုခု၊ အမှန်တရားများပါဝင်သောအရာတစ်ခုခု၊ သင်၏ အနာဂတ်နှင့် ကံကြမ္မာ၊ သင့်အတွက် အကျိုးဖြစ်ကောင်းမဖြစ်စေနိုင်သော အကျိုးဆက်များပါဝင်သော အရာတစ်ခုခုကို ပြောရမည်ဖြစ်ပြီး အခြားလူတို့က သင့်ကို အထင်မကြီးတော့လျှင်၊ သင်၏ ဂုဏ်သတင်း ပျက်ဆီးရမည်ဆိုလျှင် သင် လုပ်နိုင်မည်လော။ ဤသည်မှာ လုပ်ဆောင်ရန် အခက်ခဲဆုံးအရာဖြစ်သည်။ သင်၏ အသက်ကို စွန့်လွှတ်ခြင်းထက် များစွာ်ပို၍ ခက်ခဲသည်။ သင်က ‘ကျွန်ုပ်အား အမှန်တရားကို ပြောစေခြင်းက အလုပ်ဖြစ်မည်မဟုတ်ပေ။ အမှန်တရားကိုပြောပြီး ရိုးသားသောသူဖြစ်မည့်အစား ဘုရားအတွက် အသေသာခံလိုက်မည်။ လူတိုင်းက ကျွန်ုပ်အား အထင်သေးပြီး ကျွန်ုပ်သည် သာမန်လူတစ်ယောက်ဖြစ်သည်ဟု တွေးထင်စေံမည့်အစား သေသာသေလိုက်မည်’ ဟု ဆိုကောင်းဆိုနိုင်သည်။ ဤအရာက လူတို့ အမြတ်နိုးဆုံးအရာမှာ မည်သည့်အရာဖြစ်သည်ကို ပြသနည်း။ လူတို့ အမြတ်နိုးဆုံးအရာမှာ ၎င်းတို့၏ အသက်မဟုတ်ဘဲ ၎င်းတို့၏ အဆင့်အတန်းနှင့် ဂုဏ်သတင်းဖြစ်သည်။ ဆိုးယုတ်သော၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများက ထိန်းချုပ်ထားသည့် အရာများဖြစ်သည်။ လူတစ်ယောက်၏ အသက်ကို စကားတစ်လုံးတည်းဖြင့် စွန့်လွှတ်၍ရနိုင်သည်။ အားစိုက်မှုတစ်ခုတည်းဖြင့် စွန့်ပစ်နိုင်သည်။ ဘုရားသခင်သည် သင့်အား သင်၏ အသက်ကို စွန့်လွှတ်စေမည်မဟုတ်ဘဲ သင့်စိတ်နှလုံးတွင်ရှိသော မည်သည့်အရာကိုမဆို ပြောဆိုပြီး လူတိုင်းအား ပြသသော အမှန်တကယ် ရိုးသားသည့် လူတစ်ယောက်ဖြစ်စေလိမ့်မည်။ ယင်းမှာ သင့်အတွက် လုပ်ဆောင်ရန် လွယ်ကူသောအရာတစ်ခုလော။ (မဟုတ်ပါ။) ဘုရားသခင်က သင့်ကို မည်သည့်အရာကိုမျှ စွန့်လွှတ်ရန် မခိုင်းသကဲ့သို့၊ သင်၏အသက်ကို စွန့်လွှတ်ရန် မခိုင်းစေပေ။ သင်၏အသက်ကို ဘုရားသခင်က ပေးထားသည်မဟုတ်လော။ သင်၏အသက်သည် ဘုရားသခင်အတွက် မည်သည့်ကောင်းကျိုးရှိမည်နည်း။ ယင်းကို ဘုရားသခင်က အလိုမရှိပေ။ ဘုရားသခင်သည် သင့်အား ရိုးသားစွာ စကားပြောဆိုစေလိုသည်။ သင်သည် မည်သူဖြစ်ပြီး သင့်စိတ်နှလုံးတွင် မည်သည့်အရာ စဉ်းစားသည်ကို ပြောဆိုစေလိုသည်။ ဤအရာများကို သင်ပြောနိုင်သလော။ ဤတွင် လုပ်ဆောင်ရမည့်အရာသည် ခက်ခဲလာသည်။ သင်က ‘ကျွန်ုပ်အား ကြိုးစားလုပ်ကိုင်စေပါ။ ကျွန်ုပ်တွင် လုပ်ဆောင်ရန် အားအင်ရှိပါမည်။ ကျွန်ုပ်အား စွန့်လွှတ်စေပါ။ ကျွန်ုပ် ပိုင်ဆိုင်သည့် ပစ္စည်းဥစ္စာများအားလုံး၊ ကျွန်ုပ်၏ မိဘ၊ သားသမီး၊ ကျွန်ုပ်၏ လူငယ်ဘဝ၊ ကျွန်ုပ်၏ အိမ်ထောင်နှင့် အသက်မွေးအလုပ်တို့ကို စွန့်ပစ်ပါမည်။ ဤအရာအားလုံးသည် စွန့်လွှတ်ရန် လွယ်ကူသည်။ သို့သော် ကျွန်ုပ်၏ စိတ်နှလုံးတွင် ရှိသောအရာကို ပြောခြင်း၊ ရိုးသားစွာ ပြောဆိုခြင်းတို့မှာ ကျွန်ုပ်မလုပ်နိုင်သော အရာဖြစ်သည်’ ဟု ပြောဆိုနိုင်သည်။ ယင်းကို သင် မလုပ်ဆောင်နိုင်သည့် အကြောင်းရင်းမှာ အဘယ်နည်း။ သင်လုပ်ဆောင်သည်နှင့်တစ်ပြိုင်နက် သင်နှင့်သိသော၊ သို့မဟုတ် ရင်းနှီးသောမည်သူမဆိုသည် သင့်အပေါ် ထင်မြင်ပုံ ကွဲပြားသွားမည်ဖြစ်သောကြောင့်ဖြစ်သည်။ ၎င်းတို့သည် သင့်ကို အထင်ကြီးတော့မည်မဟုတ်ပေ။ သင်သည် ဂုဏ်သိက္ခာ ဆုံးရှုံးသွားမည်ဖြစ်ပြီး သင်၏ စရိုက်လက္ခဏာနှင့် သိက္ခာသည်လည်း ပျောက်ဆုံးသွားလိမ့်မည်။ အခြားလူတို့၏ အမြင်တွင်ရှိသော သင်၏ မြင့်မားသော ဂုဏ်အဆင့်အတန်းနှင့် သိက္ခာတို့သည် တည်ရှိတော့မည်မဟုတ်ပေ။ ဤသည်မှာ မည်သို့ပင်ဖြစ်စေ ဤအရာများကို သင်ပြောလိမ့်မည်မဟုတ်သည့် အကြောင်းရင်းဖြစ်သည်။ ဤအရာကို လူတို့ ကြုံရ့သောအခါ ၎င်းတို့၏ စိတ်နှလုံးတွင် တိုက်ပွဲတစ်ခုဖြစ်သည်။ ထိုတိုက်ပွဲပြီးဆုံးသောအခါတွင် အချို့က အဆုံး၌ ၎င်းတို့၏ အခက်အခဲများကို ကျော်လွှားသွားပြီး အခြားလူများကမူ ကျော်လွှားရန် မကိုင်တွယ်နိုင်သေးဘဲ ၎င်းတို့၏ ဆိုးယုတ်သော၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၊ ၎င်းတို့၏ ဂုဏ်အဆင့်အတန်း၊ ဂုဏ်သတင်းများနှင့် သိက္ခာဆိုသောအရာများ၏ ထိန်းချုပ်ခြင်းကို ခံနေရဆဲဖြစ်သည်။ ဤသည်မှာ အခက်အခဲတစ်ခုဖြစ်သည် မဟုတ်လော။ ရိုးသားစွာပြောဆိုပြီး အမှန်တရားကို ပြောခြင်းသက်သက်သည် ကြီးကျယ်သော လုပ်ရပ်တစ်ခုခု မဟုတ်ပေ။ သို့တိုင်အောင် ရဲရင့်သော သူရဲကောင်းများစွာ၊ ဘုရားသခင်အတွက် ၎င်းတို့၏ ဘဝကို ဆက်ကပ်အပ်နှံပြီး ဘုရားသခင်အတွက် ၎င်းတို့ အသက်ရှင်သရွေ့ အသုံးခံရန် ကျိန်ဆိုခဲ့သော လူများစွာ၊ ဘုရားသခင်အပေါ် ခမ်းနားကြီးကျယ်ဟန်ရှိသောအရာများကိုပြောဆိုခဲ့သောလူများစွာတို့က လုပ်ဆောင်ရန် မဖြစ်နိုင်ဟု မြင်ကြသည်။(နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ စာအုပ်ထဲရှိ “တာဝန်ကို ကောင်းမွန်စွာ ဆောင်ရွက်ခြင်းက အနည်းဆုံးအနေဖြင့် အသိစိတ်တစ်ခု လိုအပ်သည်”) ဒါ ကျွန်မရဲ့ အခြေအနေ အတိအကျပဲ။ ကျွန်မရဲ့ ဂုဏ်နဲ့ အဆင့်အတန်းက ကျွန်မအတွက် အရမ်းအရေးကြီးလွန်းခဲ့တာ။ ကိုယ့်အမှားကို ဝန်ခံတဲ့ စကားတစ်ခွန်းကို မပြောနိုင်ခဲ့ဘူး၊ မကောင်းမြင်ခံရမှာ စိုးခဲ့တယ်။ ကိုယ့်အမှားကို မြင်တော့၊ ဝန်ခံလိုက်ရင် အရမ်း ရိုးရှင်းတဲ့ အရာတစ်ခုကို ကျွန်တော် မကိုင်တွယ်နိုင်ဘူးလို့ တွေးပြီး တခြားလူတွေ အထင်သေးကြမှာပဲလို့ တွေးခဲ့တယ်။ ကိုယ့်ပုံရိပ်ကို ကာကွယ်ဖို့၊ ဘာတစ်ခုမှ မပြောခဲ့ဘူး။ ဘယ်သူမှသိမှာ မဟုတ်သလို၊ အဲဒီအတွက် ကျွန်တော့်ကို သူတို့ ဝေဖန်မှာ မဟုတ်ဘူးလို့ တွေးရင်းနဲ့ ဖုံးတောင် ဖုံးဖိခဲ့တယ်။ အဲဒီအခါ သူတို့အမြင်မှာ ကျွန်တော့်ရဲ့ ပုံရိပ်ကို ထိန်းသိမ်းနိုင်မှာလေ။ အဲဒါက အသင်းတော်ရဲ့ အလုပ်ကို ထိခိုက်စေနိုင်တာကို မြင်ခဲ့ပြီး၊ အဲဒါနဲ့ပတ်သက်လို့ စိတ်မကောင်းပေမဲ့၊ ပြုပြင်ခံရပြီး ကိုင်တွယ်ဖြေရှင်းခံရမှာနဲ့ မျက်နှာပျက်ရမှာကို အရမ်းကြောက်ခဲ့တယ်၊ ဒီတော့ ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်ဖို့ ဆင်ခြေရှာခဲ့တယ်။ ဒီရိုက်ချက်ကို သုံးမှာမဟုတ်တာ သေချာသလောက်ပဲ။ ကျွန်တော်က ကိုယ်ကိုယ်ကိုယ် ညာနေခဲ့တာမဟုတ်လား။ အရမ်းတစ်ကိုယ်ကောင်းဆန်ခဲ့တာပဲ။ ကိုယ့်ဂုဏ်နဲ့ အဆင့်အတန်းကို ကာကွယ်ဖို့အတွက်နဲ့ပဲ ဘုရားနဲ့ ညီအစ်ကို မောင်နှမတွေအပေါ် ကိုယ့်ရဲ့ မရိုးသားမှုအတွက် အရမ်းနောင်တရမိတယ်။ ဒီတော့ ဘုရားဆီ ကျွန်တော်ဆုတောင်းခဲ့တယ်၊ “အို ဘုရားသခင်၊ ကိုယ့်ရဲ့ ဂုဏ်နဲ့ အဆင့်အတန်းအတွက် ကိုယ့်အမှားကို ကျွန်တော် ဝန်မခံခဲ့ပါဘူး။ အဲဒါ ကိုယ်တော့်အလိုတော် မဟုတ်မှန်း သိပေမဲ့၊ ကျွန်တော် ထိန်းချုပ်ခံရသလိုဖြစ်ပြီး၊ ကိုယ့်ရဲ့ ဖောက်ပြန်ပျက်စီးခြင်းကို မလွတ်မြောက်နိုင်ပါဘူး။ ဘုရားသခင်၊ ကိုယ့်ရဲ့ ဖောက်ပြန်ပျက်စီးခြင်းက လွတ်မြောက်ဖို့ လမ်းပြတော်မူပါ”လို့ပေါ့။

အဲဒီနောက်မှာ ကျွန်တော့်ကို လမ်းကြောင်းတစ်ခု တကယ်ပေးခဲ့တဲ့ ဘုရားနှုတ်ကပတ်တော် နှစ်ပိုဒ်ကို ဖတ်ခဲ့ရတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ရိုးသားသော လူတို့သာ ကောင်းကင်နိုင်ငံတော်တွင် ပါဝင်ဖို့ ကဏ္ဍတစ်ခု ရှိလိမ့်မည်ဖြစ်သည်ဟု ဘုရားသခင်က ရှေးမဆွက ခွဲခန့်မှတ်သားထားပြီးဖြစ်သည်။ သင် မရိုးသားလျှင်၊ ထို့အပြင် သင့်အသက်တာတွင် သင်၏ လက်တွေ့လုပ်ဆောင်မှုက ရိုးသားခြင်းဆီသို့ ဦးတည်ခြင်း မပြုသကဲ့သို့ သင်၏ ကိုယ်ပိုင်စရိုက်မှန်ကို သင် မထုတ်ဖော်လျှင်၊ ဘုရားသခင်၏ အမှုတော်ကို ရရှိခြင်းနှင့် ဘုရားသခင်၏ ချီးမွမ်းခြင်းကို ရရှိခြင်း အခွင့်အရေးတစ်ခုကိုမျှ သင် ဘယ်သောအခါမျှ ရရှိလိမ့်မည် မဟုတ်။ မည်သည့်အရာကိုလုပ်ဆောင်ရန် သင်စိတ်ပါဝင်စားသည်ဖြစ်စေ သင့်တွင် ရိုးသားသော သဘောထားတစ်ခုရှိရမည်။ ဥပမာ တာဝန်တစ်ခုကို ထမ်းဆောင်ခြင်းသည် ရိုးသားသော စိတ်သဘောထားတစ်ခု လိုအပ်သလော။ သင်၏ တာဝန်ကို ထမ်းဆောင်စဉ်တွင် သင် မှန်မှန်ကန်ကန် မပြုလုပ်ခဲ့သည့်အရာအချို့ရှိလျှင် သင်သည် သင့်ကိုယ်သင် ဖွင့်ချပြီး လေ့လာစိစစ်ရမည်။ ထို့နောက်တွင် သမ္မာတရား စည်မျဉ်းများကို ရှာဖွေပြီး နောက်တစ်ကြိမ်တွင် ဝတ်ကျေတန်းကျေမပြုလုပ်ဘဲ မှန်မှန်ကန်ကန် လုပ်ဆောင်ဖို့ ကြိုးပမ်းရမည်။ သင်သည် ရိုးသားသော စိတ်နှလုံးတစ်ခုဖြင့် ကြိုးစားပြီး ဘုရားသခင်ကို ကျေနပ်စေခြင်းမရှိလျှင်၊ သင်ကိုယ်တိုင်၏ ဇာတိပကတိကို၊ သို့မဟုတ် မာန်မာနကို ကျေနပ်စေဖို့ အစဉ်သဖြင့် နည်းလမ်းရှာလျှင် ဤနည်းဖြင့် လုပ်ဆောင်စဉ်တွင် သင်သည် ကောင်းမွန်စွာ လုပ်ဆောင်နိုင်မည်လော။ သင့်တာဝန်ကို ကောင်းစွာ ထမ်းဆောင်နိုင်သလော။ သေချာပေါက် ထမ်းဆောင်နိုင်မည်မဟုတ်ပေ။(နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ စာအုပ်ထဲရှိ “ရိုးသားသောလူတစ်ဦးဖြစ်ခြင်း၏ အခြေခံအကျဆုံး လက်တွေ့လုပ်ဆောင်ချက်”)သင်သည် အမှားတစ်ခုကို ပြုလုပ်ပြီးနောက်တွင် ယင်းကို မှန်မှန်ကန်ကန် ကိုင်တွယ်နိုင်လျှင်၊ ယင်းကို အခြားလူတိုင်းအား လွတ်လပ်စွာပြောဆိုခွင့်ပြုပြီး အကဲဖြတ်ခွင့်ပြုလျှင်၊ ယင်းနှင့်ပတ်သက်၍ ပွင့်လင်းစွာပြောဆိုနိုင်ပြီး ပိုင်းခြားစိစစ်နိုင်လျှင်၊ သင့်အပေါ် လူတိုင်း၏ ထင်မြင်ချက်သည် မည်သို့ ဖြစ်လိမ့်မည်နည်း။ (ဤသည်မှာ ရိုးသားသောသူတစ်ယောက်ဖြစ်သည်ဟူ၍ ဖြစ်မည်။) သင့်အပေါ် ၎င်းတို့ ထင်မြင်ချက်သည် ချက်ချင်းပင် တိုးတက်လိမ့်မည်။သင်သည် ရိုးသားသူတစ်ယောက်ဖြစ်ပြီး၊ သင့်စိတ်နှလုံးသည် ပွင့်လင်းသည်ဟု ၎င်းတို့က ပြောကြလိမ့်မည်။ ပြီးလျှင် သင်၏ လုပ်ရပ်များနှင့် အပြုအမူများမှတစ်ဆင့် သင့်စိတ်နှလုံးကို ၎င်းတို့ မြင်နိုင်လိမ့်မည်။ သို့သော် သင်သည် သင့်ကိုယ်သင် အယောင်ဆောင်ဖို့၊ သို့မဟုတ် လူတိုင်းကို လှည့်စားဖို့ ကြိုးပမ်းလျှင် လူတို့သည် သင့်ကို အထင်အမြင်သေးလိမ့်မည်။ သင်သည် မိုက်မဲသောသူဖြစ်ပြီး ဉာဏ်မရှိသောသူတစ်ယောက်ဖြစ်သည်ဟု ပြောကြလိမ့်မည်။ သင်သည် ဟန်ဆောင်ဖို့ မကြိုးစားပါက၊ သို့မဟုတ် ဆင်ခြေမပေးပါက သင်သည် ရိုးသားပြီး ဉာဏ်ပညာရှိသည်ဟု လူတိုင်းက ပြောကြလိမ့်မည်။ ပြီးလျှင် သင့်ကို အဘယ်အရာက ဉာဏ်ပညာရှိစေသနည်း။ လူတိုင်း အမှားလုပ်ကြသည်။ လူတိုင်း၌ အမှားများနှင့် ချို့ယွင်းချက်များရှိကြသည်။ ပြီးလျှင် စင်စစ်အားဖြင့် လူတိုင်း၌ တူညီသော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားရှိကြသည်။ သင်သည် အခြားသူများထက် သာ၍မြင့်မြတ်သည်၊ စုံလင်ပြီး ကြင်နာသည်ဟု သင့်ကိုယ်သင် မတွေးထင်လေနှင့်။ ယင်းမှာ လုံးလုံး ယုတ္တိမတန်ခြင်းဖြစ်ပေသည်။ လူများ၏ဖောက်ပြန်ပျက်စီးသော စိတ်သ‌ဘောထားများအပြင် လူ့ဖောက်ပြန်ပျက်စီးခြင်း၏အဖြစ်အနေနှင့် စရိုက်မှန်တို့က သင့်အဖို့ ရှင်းလင်းသွားသည်နှင့်တစ်ပြိုင်နက်၊ သင်၏ကိုယ်ပိုင်အမှားများအားဖြင့် သင်အံ့အားသင့်တော့မည် မဟုတ်သကဲ့သို့ အခြားသူများက အမှားများ ပြုလုပ်သည့်အခါတွင် သူတို့အား သင်အကျပ်ရိုက်စေတော့မည် မဟုတ်ဘဲ၊ နှစ်ခုလုံးကို မှန်ကန်စွာ ရင်ဆိုင်လိမ့်မည်။ သို့မှသာ သင်သည် ထိုးထွင်းအမြင်ရှိပြီး မိုက်မဲသောအရာများကို လုပ်ဆောင်မည်မဟုတ်ပေ၊ ယင်းက သင့်ကို ဉာဏ်ပညာရှိသူတစ်ဦးဖြစ်စေလိမ့်မည်။ ဉာဏ်ပညာ မရှိဘဲ မိုက်မဲသူများသည် နောက်ကွယ်တွင် ခိုးကြောင်ခိုးဝှက်နေလျက် မိမိတို့၏ အသေးစားအမှားများကို တဝဲလည်လည် အစဉ်တွေးတောနေကြသည်။ မြင်ရသည်မှာ ရွံရှာစက်ဆုပ်ဖွယ် ဖြစ်သည်။ အမှန်တွင် သင်လုပ်ဆောင်နေသည့်အရာသည် အခြားလူများအဖို့ ချက်ချင်း သိသာထင်ရှားသော်လည်း သင်သည် ပေါ်တင် ဟန်ဆောင်နေဆဲဖြစ်သည်။ အခြားသူများအဖို့ ယင်းမှာ လူပြက်တစ်ဦး ဖျော်ဖြေတင်ဆက်ခြင်းကဲ့သို့ ဖြစ်သည်။ ဤသည်မှာ မမိုက်မဲသလော။ ယင်းမှာ အမှန်တကယ် မိုက်မဲပေသည်။ မိုက်မဲသောလူများ၌ မည်သည့် ဉာဏ်ပညာမျှ မရှိပေ။ ဒေဿနာမည်မျှကို ၎င်းတို့ကြားပါစေ ၎င်းတို့သည် သမ္မာတရားကို နားမလည်ဆဲဖြစ်သည်၊ သို့မဟုတ် မည်သည့်အရာကိုမျှ အရှိအတိုင်း မမြင်ဆဲဖြစ်သည်။ ၎င်းတို့သည် အခြားလူတိုင်းနှင့် ကွဲပြားခြားနားသည်၊ ၎င်းတို့က ပို၍ထိုက်တန်သည်ဟု တွေးထင်လျက် အစဉ် မာနထောင်လွှားသည့် သဘောထားရှိသည်— ယင်းက မိုက်မဲပေသည်။ မိုက်မဲသောလူတို့၌ ဝိညာဉ်ရေးရာနားလည်မှု မရှိကြသည် မဟုတ်လော။ သင်မိုက်မဲပြီး ဉာဏ်ပညာမရှိသည့် အရေးကိစ္စများသည် သင်၌ ဝိညာဉ်ရေးရာ နားလည်မှုမရှိသော အရေးကိစ္စ၊ သမ္မာတရားကို သင်နားမလည်သော အရေးကိစ္စများဖြစ်လေသည်။ ဤသည်မှာ ထိုသို့ပင် ဖြစ်၏။(နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ စာအုပ်ထဲရှိ “မိမိကိုယ်ကိုယ် ပြုမူနေထိုင်ခြင်းတွင် ရှိထားသင့်သည့် အခြေခံသဘောတရားများ”) ဒီအရာကနေ ကျွန်တော် သင်ယူခဲ့ရတာက ကိုယ့်တာဝန်မှာ လူတိုင်း အမှားလုပ်မိကြတယ်ဆိုတာပဲ။ အဲဒါ ပုံမှန်ပါပဲ။ အဲဒါကို ကျွန်တော်တို့ ဖုံးဖိလို့မရဘဲ၊ ကိုယ့်ရဲ့ ဖောက်ပြန်ပျက်စီးခြင်းနဲ့ အားနည်းချက်တွေကို ဖွင့်ဟရင်းနဲ့ အမှန်အတိုင်း ပြောရမှာ ဖြစ်တယ်။ ကိုယ့်ဂုဏ်နဲ့ အဆင့်အတန်းကို ကာကွယ်လို့ မဖြစ်ဘဲ၊ ဘုရားတောင်းဆိုတဲ့အတိုင်း ရိုးသားတဲ့လူတွေ ဖြစ်ရမယ်။ အဲဒါကပဲ သိက္ခာရှိပြီး ဘုရားရဲ့ လက်ခံမှုနဲ့ ကောင်းချီးတွေကို ရတာဖြစ်တယ်။ ဒါပေမဲ့ တခြားလူတွေရဲ့ အမြင်မှာ ကိုယ့်ရဲ့ အဆင့်အတန်းနဲ့ ပုံရိပ်ကို ထိန်းသိမ်းချင်နေရင်းနဲ့ တခြားလူတွေ တွေးထင်တဲ့အရာနဲ့ပတ်သက်လို့ ကျွန်တော် အရမ်းဂရုစိုက်လွန်းခဲ့တယ်။ ကိုယ်လုပ်မိခဲ့တဲ့ အမှားတစ်ခုခုကို တခြားလူတွေ သိသွားမှာစိုးလို့၊ ဖုံးပဲဖုံးဖိချင်ခဲ့ပြီး၊ အပြစ်ရှိတယ်လို့ ခံစားရတဲ့အချိန်မှာတောင် ထုတ်ပြောဖို့ သတ္တိမရှိခဲ့ဘူး။ အဲဒါက ဘုရားအိမ်တော်ရဲ့အလုပ်ကို လုပ်မိနိုင်တဲ့ အန္တရာယ်ကို တွေးတောင်မတွေးမိခဲ့ဘူး။ ဘုရားအိမ်တော်ရဲ့ အကျိုးစီးပွားတွေကို ရှာမနေခဲ့သလို၊ နည်းနည်းမှ မရိုးသားခဲ့ဘူး။ အဲဒီလိုနဲ့ ဘယ်လိုဖြစ်ပြီး ကိုယ့်တာဝန်ကို ကောင်းကောင်းလုပ်နိုင်မှာလဲ။ အဲဒါကို တွေးမိတော့ မအီမသာ ခံစားလိုက်ရတယ်။ အဲဒီနောက်မှာ ကိုယ့်တာဝန်မှာ ကိုယ့်ရဲ့ချဉ်းကပ်နည်းကို ပြောင်းလဲချင်ခဲ့တယ်။ ခင်ဗျားတွေးကြည့်ရင်၊ လူတိုင်း သူတို့တာဝန်မှာ အမှားတွေ လုပ်မိကြတာပဲလေ။ အဲဒါ ပုံမှန်ပါပဲ။ အဲဒါကို တည်တည်ငြိမ်ငြိမ် ရင်ဆိုင်ပြီး ချက်ချင်း ကိုင်တွယ်ဖြေရှင်းတာက ကျွန်တော်တို့ကို တိုးတက်စေနိုင်ပါတယ်။ အဲဒါက အလုပ်ကို ထိခိုက်မှာမဟုတ်သလို၊ အရမ်းလည်း နာကျင်စရာ မဟုတ်ပါဘူး။ အဲဒီနောက် ရုပ်ရှင်ရိုက်ရာမှာ အမှားတွေ ကျွန်တော်လုပ်မိပြီး၊ အဲဒါကို ဝန်ခံတာနဲ့ပတ်သက်လို့ ဒွိဟဖြစ်တဲ့အခါ၊ ကိုယ့်ဂုဏ်နဲ့အဆင့်အတန်းကို ထိန်းသိမ်းဖို့ ကြိုးစားနေတာပဲဖြစ်မှန်း သဘောပေါက်လိုက်တယ်။ ဘုရားဆီ ကျွန်တော် ဆုတောင်းပြီး၊ ကိုယ့်အမှားကို ဝန်ခံနိုင်အောင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး ရိုးသားအောင် လမ်းပြဖို့ သူ့ကို တောင်းလျှောက်ခဲ့တယ်။ အဲဒီလိုလုပ်လိုက်တဲ့အခါ၊ ညီအစ်ကို မောင်နှမတွေက ကျွန်တော့်ကို အပြစ်မတင်ကြဘဲ၊ ခံစားချက်မပါဘဲ ကိုင်တွယ်နိုင်ခဲ့ကြသလို၊ နောက်ထပ် ရိုက်ချက် ရိုက်ခဲ့ကြတယ်။ ကျွန်တော် အများကြီး စိတ်သက်သာရာရခဲ့သလို၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းကလာတဲ့ ငြိမ်သက်ခြင်းနဲ့ ဝမ်းမြောက်ခြင်းကို ခံစားခဲ့ရတယ်။

တစ်နေ့၊ နောက်ထပ် တေးဂီတ ဗီဒီယိုတစ်ခုကို ကျွန်တော်တို့ လုပ်နေခဲ့ကြတယ်။ ရိုက်ကူးရေး မစခင်မှာ၊ စကားပြောစက်ကနေ ဒါရိုက်တာက မေးတယ်၊ “မီးတွေ အဆင်သင့်ပဲလား။ ရိုက်ကွက်တွေကို သေသေချာချာ စစ်ဆေးလိုက်ဦး”တဲ့။ ရိုက်ကွက်အားလုံးကို ကျွန်တော် သေချာ ကြည့်ပြီးပြီလို့ ထင်တာ၊ ဒီတော့ စိတ်ချလက်ချနဲ့ ပြောလိုက်တယ်၊ “အဆင်သင့်ပဲ၊ အားလုံး ကောင်းတယ်”ပေါ့။ ဒါပေမဲ့ ရိုက်ချက်တစ်ချက်ပြီးတော့၊ မီးနှစ်ခုကို ဖွင့်ဖို့ မေ့သွားမှန်း သဘောပေါက်လိုက်တယ်။ ကျွန်တော် ထိတ်ထိတ်ပျာပျာ ဖြစ်သွားတယ်။ တစ်ခုခုပြောချင်ပေမဲ့၊ ချီတုံချတုံ ဖြစ်ခဲ့တယ်။ ကျွန်တော် တွေးနေတာက လူတိုင်းရှေ့မှာ အားလုံး အဆင်သင့်ပဲလို့ ကျွန်တော် စိတ်ချလက်ချ အခိုင်အမာပြောခဲ့တာလေ၊ ဒီတော့ ကိုယ်မှားသွားတာကို ဝန်ခံလိုက်မယ်ဆိုရင်၊ သူတို့ ကျွန်တော့်ကို ဘာများထင်သွားကြမလဲ။ ကျွန်တော့်ကို စိတ်ချယုံကြည်မှု ပျောက်ဆုံးသွားကြမလား။ မီးတွေဖွင့်ဖို့ မေ့တာက သိပ်ကလေးဆန်တဲ့ အမှားတစ်ခုပဲ။ အဲဒါကို ဝန်ခံလိုက်ရင် ကိုယ့်မျက်နှာကို ကျွန်တော် ဘယ်လိုထပ်ပြနိုင်မှာလဲ။ အဲဒီလောက် ရိုးရှင်းတဲ့ အလုပ်တစ်ခုကို ရှုပ်သွားစေတာ ကျွန်တော် အသုံးမကျတာပဲလို့ တခြားလူတွေ ထင်ကြမလား။ ခဏတာ အရမ်းဒွိဟ ဖြစ်နေမိခဲ့တယ်။ ကိုယ်အမှားလုပ်မိတာကို ပြောရမလား၊ မပြောရဘူးလားဆိုတာ မသိဘဲ၊ အကျပ်ရိုက်နေခဲ့တယ်။ ရိုက်ချက်အတော်များများ ရိုက်ပြီးပြီဖြစ်လို့၊ တစ်ခုခု ကျွန်တော်ပြောလိုက်ရင်၊ ချက်ချင်းထုတ်မပြောတဲ့အတွက် လူတိုင်းက ကျွန်တော့်ကို ဝေဖန်ကြမှာကို ကြောက်နေခဲ့မိတယ်။ ခေါင်းခြောက်အောင် စဉ်းစားပြီးတဲ့နောက်၊ ကိုယ့်အမှားကို လူသိရှင်ကြား ဝန်ခံစရာမလိုအောင် ဗီဒီယို တည်းဖြတ်နေတဲ့ ညီအစ်ကိုဆီ တစ်ယောက်တည်းသွားပြောပြီး မီးအလင်းရောင်ကို ချိန်ညှိခိုင်းလို့ရတယ်လို့ ကျွန်တော် တွက်မိလိုက်တယ်။ အဲဒါက ဗီဒီယိုနဲ့ပတ်သက်တဲ့ ပြဿနာကို ဖြေရှင်းပေးပြီး ကျွန်တော့်ကိုလည်း ကောင်းမွန်တဲ့အနေအထားမှာ ရှိစေမှာပဲလေ။ ဒီတော့ ရုပ်ရှင်ရိုက်တာ ပြီးသွားတဲ့နောက်မှာ၊ တည်းဖြတ်လုပ်နေတဲ့ ညီအစ်ကိုကို စကားပြောပြီး အဲဒါကို ဘေးချိတ်ဖို့ ကြိုးစားလိုက်တယ်- “ပထမအခေါက်က အလင်းရောင်နဲ့ပတ်သက်လို့ ကျွန်တော် ပြဿနာတစ်ခု ရှိတယ်။ ယှဉ်ကြည့်လိုက်တဲ့အခါ၊ သိပ်တော့ မဆိုးပါဘူး၊ တောက်ပမှုမှာ ကွာခြားမှုတွေ ရှိတာလေးပါပဲ။ အဲဒါနဲ့ပတ်သက်လို့ အစ်ကိုကူညီပေးရင် ကောင်းမှာပဲ”လို့ပေါ့။ သူက ကျွန်တော့်စကားကို အတည်ယူပြီး၊ အလင်းကို မှန်အောင်ကူလုပ်ပေးမယ်လို့ ပြောတယ်။ အဲဒါက တကယ်တော့ ပြဿနာကြီးတစ်ခုဖြစ်ပေမဲ့ အရေးမကြီးဘူးလို့ ကျွန်တော် ပြောခဲ့လို့ ကျွန်တော့်နှုတ်ကနေ စကားလုံးတွေ ထွက်သွားတာနဲ့ မအီမသာ ခံစားလိုက်ရတယ်။ သိသိကြီးနဲ့ ကျွန်တော် လိမ်ညာနေမိတာ မဟုတ်လား။ အဲဒီတစ်ခုအပေါ် အလင်းမှန်အောင် အဲဒီအစ်ကိုက သုံးနာရီကျော်ကြာ လုပ်လိုက်ရတာနဲ့ အဆုံးသတ်သွားတယ်။ နောက်နေ့ ဒါရိုက်တာ ပထမဆုံး မေးတာက၊ ဘာလို့ သူ့ကို အဲဒီလောက် ကြီးမားတဲ့ မီးအလင်းပြဿနာကို ချက်ချင်း မပြောပြခဲ့တာလဲဆိုတာပေါ့။ ဘာပြောရမှန်း မသိလို့၊ ကိုယ့်လုပ်ရပ်ကိုယ် ရှင်းပြဖို့ ဆင်ခြေတချို့ ရှာဖို့ ကြိုးစားခဲ့တယ်။ သူကပြောတယ်၊ “ဒါအရင်ကလည်း ဖြစ်ပြီးပြီ၊ မင်း ဘာမှ မပြောခဲ့ဘူး။ မင်းက ငါတို့အလုပ်ကို နှောင့်နှေးအောင်လုပ်နေတာပဲ”တဲ့။ “မင်း ကိုယ့်ကိုယ်ကိုယ် နည်းနည်း ဆင်ခြင်ဖို့ တကယ်လိုတယ်”တဲ့။ သူအဲဒီလိုပြောတော့ ကျွန်တော် အရမ်းအပြစ်ရှိသလို ခံစားရတယ်။ ဖောက်ပြန်ပျက်စီးခြင်းရဲ့ ထိန်းချုပ်တာခံရပြီး သမ္မာတရားကို ထပ်ပြီး လက်တွေ့မလုပ်နိုင်ခဲ့မိတာကို မုန်းမိတယ်။ ဘုရားရှေ့မှာ ဒူးထောက် ဆုတောင်းလိုက်တယ်၊ “ဘုရားသခင်၊ ကိုယ့်ရဲ့ နာမည်ဂုဏ်သတင်းကို ကျွန်တော် အရမ်းဂရုစိုက်လွန်းပါတယ်။ ဒီတစ်ခါ ကိုယ့်အမှားနဲ့ပတ်သက်လို့ ထုတ်ပြောဖို့ ကျွန်တော် ငြင်းဆန်ရုံမက၊ အဲဒါကို ဖုံးကွယ်ဖို့ လှည့်စားမိခဲ့တယ်။ ကျွန်တော် တကယ် ဉာဏ်များတာပါ။ ဘုရားသခင်၊ ကျွန်တော် နောင်တရချင်ပါတယ်။ ကျေးဇူးပြုပြီး ကျွန်တော့်ကို လမ်းပြ၊ ကယ်တင်တော်မူပါ”လို့ပေါ့။

နောက်တော့ ဒီဘုရားနှုတ်ကပတ်တော်ပိုဒ်ကို ဖတ်ရတယ်။ “အန္တိခရစ်၏ လူ့သဘာဝသည် မရိုးသားပေ။ ယင်းမှာ ၎င်းတို့သည် အနည်းငယ်မျှပင် ရိုးသားဖြောင့်မတ်ခြင်းမရှိဟု ဆိုလိုသည်။ ၎င်းတို့ပြောဆိုသမျှ၊ လုပ်ဆောင်သမျှတိုင်းသည် ၎င်းတို့၏ ကိုယ်ပိုင်ရည်ရွယ်ချက်များ၊ ပန်းတိုင်များနှင့် ရောယှက်နေပြီး ၎င်းတို့၏ ပြောဆိုခြင်းမရှိသော၊ ပြောဆို၍မကောင်းသော လှည့်ကွက်များ၊ နည်းလမ်းများ၊ ရည်ရွယ်ချက်များနှင့် လျှို့ဝှက်ပူးပေါင်း ကြံစည်မှုများအားလုံးကို ဖုန်းကွယ်ထားသည်။ ၎င်းတို့စကားပြောဆိုပုံသည် အလွန်ပင်ရောထွေးနေသည်မှာ မည်သည့်စကားက မှန်ပြီး မည်သည့်စကားကမှားသည်၊ မည်သည့်အရာက ဟုတ်သည်၊ မဟုတ်သည်ကိုသိရန် မဖြစ်နိုင်ပေ။ ၎င်းတို့သည် မရိုးသားသောကြောင့် ၎င်းတို့စိတ်သည် အလွန်အမင်း ရှုပ်ထွေးသည်။ အလည့်အပြောင်းများ၊ လှည့်ကွက်များဖြင့် ပြည့်နှက်နေသည်။ ၎င်းတို့ပြောသည့် မည်သည့်အရာကမျှ တည်ကြည်ခြင်း မရှိပေ။ ၎င်းတို့က တစ်သည် တစ်ဖြစ်သည်၊ နှစ်သည် နှစ်ဖြစ်သည်၊ ဟုတ်လျှင်ဟုတ်သည်။ မဟုတ်လျှင်မဟုတ်ဟု မပြောပေ။ ယင်းအစား အမှုကိစ္စအားလုံးတွင် အကြောင်းနှင့် အကျိုးဆက်တို့ကို စဉ်းစားလျက်၊ ရှုထောင့်တိုင်းမှနေ၍ ကောင်းသည့်အချက်များနှင့် ချွတ်ယွင်းချက်များကို ချိန်ဆလျက် ၎င်းတို့သည် ဝေ့ဝိုက်နေပြီး ၎င်းတို့စိတ်ထဲတွင် အမှုကိစ္စများကို အကြိမ်ရေအနည်းငယ် လုပ်ဆောင်သည်။ ထို့နောက်တွင် ၎င်းတို့သည် မိမိတို့ဘာသာစကားဖြင့် အမှုကိစ္စများကို ကြိုးကိုင်ခြယ်လှယ်သည်မှာ ၎င်းတို့ပြောသမျှအရာတိုင်းက အလွန်ပင် ကို့ရို့ကားရားနိုင်သည်။ ရိုးသားသောသူတို့သည် ၎င်းတို့ပြောသည့်အရာကို မည်သည့်အခါမျှ နားမလည်သကဲ့သို့၊ ၎င်းတို့ လိမ်လည်လှည့်စားသည်ကို အလွယ်တကူခံရသည်။ ပြီးလျှင် ဤသို့သောလူများနှင့်စကားပြောသော မည်သူမဆိုသည် အလွန်ပင် ပင်ပန်းမောပန်းသည့် အတွေ့အကြုံကိုရကြသည်။ ၎င်းတို့က တစ်သည် တစ်ဖြစ်သည်။ နှစ်သည် နှစ်ဖြစ်သည်ဟု မည်သည့်အခါမျှ မပြောဆိုကြပေ။ ၎င်းတို့စဉ်းစားနေသည့်အရာကို မည်သည့်အခါမျှမပြောပေ။ အမှုအရာများကို မည်သည့်အခါမျှ အရှိအတိုင်း မဖော်ပြပေ။ ၎င်းတို့ပြောသမျှတိုင်းသည် နားလည်၍မရနိုင်သကဲ့သို့၊ ၎င်းတို့လုပ်ရပ်များ၏ ပန်းတိုင်နှင့် ရည်ရွယ်ချက်များသည် အလွန်ပင် ရှုပ်ထွေးသည်။ ပြီးလျှင် ၎င်းတို့သည် ပြောဆိုပြီးနောက်တွင် မိမိတို့ကိုယ်ကိုယ် ဖော်ထုတ်မိလျှင်၊ သို့မဟုတ် အခြားလူများက သိရှိသွားလျှင် မိမိတို့ကိုယ်ကိုယ် ဖုန်းကွယ်ဖို့အတွက် အခြားအလိမ်အညာတစ်ခုကို အလျင်အမြန် ဖန်တီးကြသည်။ ဤလူတို့သည် ၎င်းတို့၏ ကိုယ်ပိုင်လျှို့ဝှက်ချက်များနှင့် အတွင်းရေးကို ကာကွယ်ရန်အတွက် မကြာခဏ လိမ်ညာသည်။ မိမိတို့၏ အလိမ်အညာများကို ဖုန်းကွယ်သည်။ အခြားလူတို့အား လှည့်စားသည်။ ပြီးလျှင် မကြာခဏ ဖြစ်နေကျအတိုင်း ၎င်းတို့၏ အလိမ်အညာများကို အသိခံရသည့်အခါ၊ ရိပ်စားမိသောအခါ၊ ဖော်ထုတ်ခြင်းခံရသောအခါ၊ ၎င်းတို့သည် မုသားအပေါ် မုသားထပ်ဆင့်၍ မိမိတို့ကိုယ်ကိုယ် ဖုန်းကွယ်ရန်အတွက် ထပ်၍ လိမ်ညာကြသည်။ ဤကဲ့သို့သောလူတို့အပေါ် လူအများစု၏ အမြင်သည် ၎င်းတို့၏ မည်သည့်စကားများက မှန်သည်ကို မသိခြင်း၊ မည်သည့်အချိန်တွင် အမှန်ကိုပြောနေခြင်းဖြစ်သည်ကို မသိခြင်း၊ မည်သည့်အချိန်တွင် မုသားပြောသည်ကို ပို၍ပင် မသိခြင်းဖြစ်သည်။ ဤကဲ့သို့သောလူတို့က လိမ်ညာသောအခါ ၎င်းတို့သည် မျက်နှာနီသွားခြင်း၊ သို့မဟုတ် တွန့်ဆုတ်ခြင်းမရှိပေ။ အမှန်ကိုပြောနေသကဲ့သို့ပင်ဖြစ်သည်။ ဤသည်မှာ လိမ်ညာခြင်းက ၎င်းတို့၏ သဘာဝဖြစ်သွားသည်ဟု အဓိပ္ပာယ်မရသလော။ ဥပမာ အရိုးရှင်းဆုံး ကိစ္စတစ်ခုတွင် ၎င်းတို့သည် အပြင်ပန်းတွင် သူတစ်ပါးတို့အပေါ် ကောင်းသည်၊ ထောက်ထားသည်၊ စကားပြောဆိုရာတွင် နွေးထွေးမှုရှိပြီး ကြားရသည်မှာ နှစ်လိုဖွယ်ပြီး တို့ထိဖွယ်ရာဖြစ်သည်ဟု ထင်ရသည်။ သို့သော် ဤရိုးရှင်းသော ကိစ္စတွင်ပင် ၎င်းတို့သည် ရိုးသားခြင်းရှိမရှိ၊ ၎င်းတို့၏ စကားများနောက်ကွယ်တွင် အကြံ၊ သို့မဟုတ် ရည်ရွယ်ချက်အချို့ရှိမရှိ၊ သို့မဟုတ် ၎င်းတို့ အတိအကျ မည်သည့်အရာနောက်လိုက်နေသည်ကို မည်သူကမျှ ခွဲခြားမသိနိုင်ပေ။ အလေးထား၍ ပြောသောစကားများကဲ့သို့သော ရိုးရှင်းသောအရာများသည်ပင် ၎င်းတို့ပါးစပ်တွင် ရောထွေးနေပြီး ရိုးသားမှုမရှိပေ။ လိမ်ညာခြင်းသည် ၎င်းတို့၏ သဘာဝ မဖြစ်လာသလော။ ဤသူတို့သည် အကျိုးဆက်များကို အလေးမထားဘဲ လိမ်ညာကြသည်။ ၎င်းတို့ပြောသည့်အရာသည် ၎င်းတို့အပေါ် ချက်ချင်း အကျိုးဖြစ်ပြီး သူတစ်ပါးတို့ကို လှည့်စားနိုင်သရွေ့၊ ၎င်းတို့ပန်းတိုင်ကို ရရှိနိုင်သရွေ့၊ အကျိုးဆက်များကို လျစ်လျူရှုကြသည်။ ၎င်းတို့သည် ဖော်ထုတ်ခံရသည်နှင့် တစ်ပြိုင်နက် ၎င်းတို့သည် ဆက်လက်၍ ဖုန်းကွယ်ကြလိမ့်မည်။ လိမ်ညာပြီး လှည့်စားလိမ့်မည်။ သူတစ်ပါးတို့နှင့် ဤလူများဆက်ဆံသည့် စည်းမျဉ်းနှင့် နည်းလမ်းမှာ လူတို့အား မုသားများဖြင့် လှည့်စားခြင်းဖြစ်သည်။ ၎င်းတို့သည် မျက်နှာများပြီး မိမိတို့၏ ပရိသတ်နှင့် သင့်တော်သည့်အတိုင်း ပြောဆိုသည်။ အခြေအနေက တောင်းဆိုလာသည့် မည်သည့်ကဏ္ဍကိုမဆို ဆောင်ရွက်ကြသည်။ ၎င်းတို့သည် ချောမွေ့ပြီး အထင်ကြီးလောက်စရာ ဖြစ်သည်။ ၎င်းတို့နှုတ်သည် လိမ်ညာမှုများနှင့် ပြည့်နေပြီး ယုံကြည်စိတ်ချ၍မရပေ။ ၎င်းတို့နှင့် အချိန်ခဏကြာ အဆက်အသွယ်ရှိသည့် မည်သူမဆိုသည် တိုး၍ လှည့်စားခံရ၊ သို့မဟုတ် နှောင့်ယှက်ခံရပြီး ပံ့ပိုးမှု၊ ကူညီမှု၊ သို့မဟုတ် စာရိတ္တမြှင့်တင်ပေးမှုကို လက်မခံနိုင်ပေ။ ဤကဲ့သို့သောလူများ၏ နှုတ်မှ စကားများသည် မနှစ်မြို့ဖွယ်ဖြစ်းသည်ဖြစ်စေ၊ ကောင်းမွန်သည်ဖြစ်စေ၊ သို့မဟုတ် အကျိုးအကြောင်းသင့်သည်ဖြစ်စေ၊ အဓိပ္ပာယ်မရှိသည်ဖြစ်စေ၊ သို့မဟုတ် လူ့သဘာဝနှင့် ညီသည်ဖြစ်စေ၊ မညီသည်ဖြစ်စေ၊ သို့မဟုတ် ကြမ်းတမ်းသည်ဖြစ်စေ၊ ယဉ်ကျေးသည်ဖြစ်စေ အခြေခံအားဖြင့် အားလုံးမှာ အလိမ်အညာများဖြစ်သည်။(အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “အသေးစိတ်ရှင်းလင်းချက် ၄- အန္တိခရစ်များ၏ ထူးခြားသော လက္ခဏာနှင့် ၎င်းတို့၏ စိတ်သဘောထားနှင့်သက်ဆိုင်သည့် အဖြစ်အနေတို့ကို အနှစ်ချုပ်ခြင်း (အပိုင်း ၁)”) ဘုရားနှုတ်ကပတ်တော်တွေက အန္တိခရစ်ရဲ့ ဉာဏ်များပြီး ကောက်ကျစ်တဲ့ သဘာဝကို ဖော်ထုတ်တယ်။ သူတို့က သူတို့ရဲ့ စကားနဲ့ လုပ်ရပ်တွေမှာ မရိုးသားကြဘူး။ သူတို့နှုတ်ကနေ အမှန်စကားတစ်ခွန်းမှ မထွက်ဘူး။ သူတို့ရဲ့အမှားတွေကို ဖုံးဖိဖို့၊ သူတို့ရဲ့ စက်ဆုပ်စရာ ရည်ရွယ်ချက်တွေကို အရှက်မရှိ ဆက်လိမ်ညာပြီး ဖုံးကွယ်ကြတယ်။ အန္တိခရစ်တွေလို လူတွေက အရမ်းကို ဆိုးယုတ်တယ်။ ကိုယ့်ကိုယ်ကိုယ် ကြည့်လိုက်တဲ့အခါ၊ ဘုရားနှုတ်ကပတ်တော်တွေက ကျွန်တော့်အကြောင်းလိုမျိုး ခံစားရတယ်။ ရုပ်ရှင်ရိုက်နေတုန်း ကျွန်တော် အာရုံမစူးစိုက်ခဲ့ဘူး၊ အဲဒါက အမှားဖြစ်စေခဲ့တယ်။ အဲဒါကို ကျွန်တော် ဝန်မခံခဲ့ဘူး၊ ကျွန်တော့်ကို တခြားလူတွေ အထင်သေးမှာစိုးခဲ့တယ်၊ ဒါကြောင့် ဖုံးဖိဖို့ နည်းလမ်းတစ်ခု ရှာဖို့ ခေါင်းခြောက်ခံစဉ်းစားခဲ့တယ်။ အဲဒါကို ပြင်ခိုင်းဖို့ တည်းဖြတ်အလုပ်လုပ်နေတဲ့ ညီအစ်ကိုကို တစ်ယောက်တည်း ပြောခဲ့သလို၊ အဲဒါက သိပ်အရေးမကြီးဘူးလို့ သူထင်အောင်လို့ ပြဿနာကြီးကြီးမားမား မဟုတ်ပါဘူးလို့ လိမ်ညာရင်းနဲ့ လှည့်စားမိခဲ့တယ်။ ကျွန်တော် အရမ်းကို ဉာဏ်များခဲ့တာ။ အန္တိခရစ်လောက်ကို ကျွန်တော် ဆိုးယုတ်ခဲ့တာပဲ မဟုတ်လား။ ဘုရားက ရိုးသားတဲ့လူတွေကို နှစ်သက်တယ်၊ ဒါပေမဲ့ ကျွန်တော့်ရဲ့ ကောက်ကျစ်မှု၊ ဆိုးယုတ်မှုနဲ့ အလိမ်အညာတွေက ကျွန်တော့် သဘာဝ ဖြစ်လာခဲ့ပြီ။ အဲဒါက အန္တိခရစ်တွေလိုပဲ ဘုရားအတွက် စက်ဆုပ်စရာ၊ ရွံရှာစရာ မဟုတ်လား။ သခင်ယေရှု ပြောတာကို သတိရမိတယ်၊ “သင်၏စကားမှာ ဟုတ်သည်ကိုအဟုတ်၊ မဟုတ်သည်ကို မဟုတ်ဖြစ်စေလော့။ ဤထက်လွန်သော စကားသည် မကောင်းသောအရာနှင့် စပ်ဆိုင်ပေ၏။(ရှင်မဿဲ ၅:၃၇)သင်တို့သည် သင်တို့၏အဘတည်းဟူသော မာရ်နတ်မှ ဆင်းသက်ကြ၏။ သင်တို့အဘ၏ အလိုသို့လည်း လိုက်တတ်ကြ၏။ မာရ်နတ်သည် ရှေးဦးစွာမှစ၍ လူအသက်ကို သတ်သောသူ ဖြစ်၏။ သူ၌ သစ္စာတရား မရှိသောကြောင့်၊ သစ္စာတရား၌ မတည်မနေ။ သူသည် မုသားစကားကို ပြောသောအခါ၊ မိမိပကတိအတိုင်း ပြော၏။ မုသားစကား၌ ကျင်လည်သောသူဖြစ်၏။ မုသား၏ အဘလည်း ဖြစ်၏။(ရှင်ယောဟန်ခရစ်ဝင် ၈:၄၄) အလိမ်အညာတွေက ဆိုးယုတ်တဲ့သူ၊ နတ်ဆိုးဆီက လာပြီး၊ အမြဲ လှည့်စားတတ်တဲ့သူတွေဟာ နတ်ဆိုးတွေဖြစ်တယ်လို့ ဘုရားပြောတယ်။ ကိုယ့်ရဲ့ အဆက်မပြတ် လိမ်ညာမှုနဲ့ အလိမ်အညာတွေပေါ် လှည့်စားမှုကို ဖြည့်လိုက်ရင်၊ ကျွန်တော်က စာတန်လိုပဲ မဟုတ်လား။ ကျွန်တော် ပြောတဲ့အရာမှာ ဘီလူးသရဲစီးတဲ့ အရိပ်လက္ခဏာရှိတယ်၊ လှည့်စားတတ်ပြီး၊ ဘုရားအိမ်တော်ရဲ့အလုပ်အတွက် အနှောင့်အယှက်ဖြစ်တယ်။ ရုပ်ရှင်ရိုက်ရာမှာ ကျွန်တော် လုပ်ခဲ့မိတဲ့ အဲဒီအမှားက ရိုးရှင်းတဲ့ ဝန်ခံမှုတစ်ခုနဲ့ ဖြေရှင်းလို့ရတယ်၊ အဲဒါက ရှောင်ရှားလို့ရတဲ့ ဆုံးရှုံးမှုအများကြီးကို တားဆီးပေးခဲ့မှာပဲ။ ဒါပေမဲ့၊ တခြားလူတွေရဲ့ အမြင်မှာရှိတဲ့ ကိုယ့်ပုံရိပ်နဲ့ အနေအထားကို ကာကွယ်ဖို့၊ ကိုယ့်စိတ်ထဲမှာ အဲဒါကို အခါခါ စဉ်းစားခဲ့ပေမဲ့ ရိုးသားတဲ့ စကားတစ်ခွန်း မပြောခဲ့ဘူး။ ညီအစ်ကို မောင်နှမတွေကို လှည့်စားရင်းနဲ့ ပိုလို့တောင် လိမ်ညာပြီး ဖုံးဖိမိတာနဲ့ပဲ အဆုံးသတ်ခဲ့တယ်။ အမှားကို ကူပြင်ပေးဖို့ တည်းဖြတ်တဲ့ ညီအစ်ကိုက သုံးနာရီကျော်ကြာ အချိန်ကုန်ခဲ့ရတယ်။ တခြားလူတွေရဲ့ အလုပ် ဒါမှမဟုတ် အဲဒီမှားသွားတဲ့ ရိုက်ချက်တွေက နောက်ဆုံး ဗီဒီယိုမှာ ဘယ်လိုအကျိုးဆက်မျိုးတွေ ရှိမယ်ဆိုတာကို ကျွန်တော် မစဉ်းစားခဲ့ဘူး။ အရမ်း တစ်ကိုယ်ကောင်းဆန်ခဲ့တာ။ ကိုယ့်ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကြောင့် ကျွန်တော် လုပ်ခဲ့သမျှက ကိုယ်ကိုယ်တိုင်နဲ့ တခြားလူတွေကို နာကျင်စေတာပဲ။ အဲဒါ ဘုရားအတွက် တကယ်ကို အော်ဂလီဆန်စရာဖြစ်ပြီး စက်ဆုပ်စရာပါ။ ကျွန်တော် နောင်တနဲ့ ကိုယ့်ကိုယ်ကိုယ် ပြစ်တင်မိတဲ့စိတ် ပြည့်သွားတယ်။ ကိုယ့်ရဲ့ ဂုဏ်နဲ့ အဆင့်အတန်းကို ကာကွယ်တာ ရပ်တန့်ပြီး ရိုးရှင်း၊ ပွင့်လင်း၊ ရိုးသားတဲ့ လူတစ်ဦးဖြစ်ချင်တဲ့စိတ်နဲ့ ဘုရားဆီ ကျွန်တော် ဆုတောင်းခဲ့တယ်။

အဲဒီနောက်မှာ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ် ဖတ်ခဲ့တယ်။ “ယင်းမှာ မည်သည့်ပြဿနာပင်ဖြစ်ပါစေ ဖြစ်ပေါ်လာသည့် မည်သည့်ပြဿနာကိုမဆို ဖြေရှင်းဖို့ သင် သမ္မာတရားကို ရှာဖွေရမည်ဖြစ်ပြီး မည်သည့်နည်းလမ်းနှင့်မျှ သင်ဟန်မဆောင်ရ၊ သို့မဟုတ် အခြားသူများအတွက် အယောင်ဆောင်မလှည့်စားရ။ သင်၏အားနည်းချက်များ၊ သင်၏ချို့ယွင်းချက်များ၊ သင်၏အမှားများ၊ သင်၏ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ— ယင်းတို့အားလုံးနှင့်ပတ်သက်၍ လုံးဝ ပွင့်ပွင့်လင်းလင်းရှိပြီး မိတ်သဟာယပြုလော့။ ယင်းတို့ကို အတွင်း၌ မသိမ်းထားနှင့်။ သင့်ကိုယ်သင် မည်သို့ဖွင့်ဟဖို့ကို သင်ယူခြင်းသည် သမ္မာတရားသို့ ဝင်ရောက်ခြင်း၏ ပထမခြေလှမ်းဖြစ်ပြီး၊ ယင်းမှာ အောင်နိုင်ဖို့ အခက်ဆုံးဖြစ်သည့် ပထမဆုံး အခက်အခဲတစ်ခုဖြစ်သည်။ ယင်းကို သင်အောင်နိုင်ပြီးသည်နှင့်၊ သမ္မာတရားကို ဝင်ရောက်ခြင်းသည် လွယ်ကူပေသည်။ ဤအဆင့်ကိုလှမ်းဖို့ဟူသည်မှာ သင်၏စိတ်နှလုံးကို ဖွင့်ပြီး ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ၊ အပြုသဘောဆောင်သည်ဖြစ်စေ၊ အပျက်သဘောဆောင်သည်ဖြစ်စေ သင့်၌ရှိသမျှ အားလုံးကို ပြခြင်းဖြစ်သည်။ ဘုရားသခင်ထံမှ မည်သည့်အရာမျှ မကွယ်ဝှက်ဘဲ၊ မည်သည့်အရာမျှ မဖုံးကွယ်ဘဲ၊ လှည့်စားမှုနှင့် လှည့်ကွက်ကင်းကာ၊ အခြားသူများကို အလားတူ ပွင့်လင်းပြီး ရိုးသားရင်း၊ အခြားသူများနှင့် ဘုရားသခင် မြင်ဖို့ရာ သင့်ကိုယ်သင် ထုတ်ဖော်ပြခြင်း ဖြစ်သည်။ ဤနည်းအားဖြင့် သင်သည် အလင်းတွင် အသက်ရှင်ပြီး ဘုရားသခင်က သင့်ကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးမည်သာမက၊ အခြားသူများကလည်း သင်သည် အခြေခံသဘောတရားနှင့်အညီ၊ ပွင့်လင်းမြင်သာသည့် အတိုင်းအတာတစ်ခုဖြင့် ပြုမူကြောင်း မြင်နိုင်လိမ့်မည်။ သင်သည် မည်သည့်အရာကိုမျှ ဖုံးကွယ်စရာ မလိုအပ်ပေ၊ မည်သည့်ပြုပြင်မွမ်းမံခြင်းမျှ ပြုစရာ မလိုအပ်ပေ၊ သို့မဟုတ် သင်၏ကိုယ်ပိုင်ဂုဏ်သတင်း၊ မိမိကိုယ်ကို လေးစားမှုနှင့် ဂုဏ်အဆင့်အတန်းတို့အတွက် မည်သည့်လှည့်ကွက်ကိုမျှ အသုံးပြုရန် မလိုအပ်ပေ၊ ပြီးလျှင် ဤအရာက သင်ပြုပြီးဖြစ်သည့် မည်သည့်အမှားနှင့်မဆိုလည်း သက်ဆိုင်ပေသည်။ ထိုသို့သော အဓိပ္ပာယ်မရှိသည့်အလုပ်သည် မလိုအပ်ပေ။ သင်သည် မလုပ်ဆောင်လျှင်၊ သင်သည် လွယ်ကူစွာနှင့် မမောမပန်းဘဲ အလင်း၌ လုံးလုံး အသက်ရှင်လိမ့်မည်။ ထိုသို့သောလူများသာလျှင် ဘုရားသခင်၏ချီးမွမ်းခြင်းကို ရရှိနိုင်ပေသည်။ ပြီးလျှင် သင်၏ အတွေးများနှင့် အယူအဆများအား မည်သို့ ခွဲခြမ်းစိစစ်ရမည်ကို သင်သည် သင်ယူရမည်။ သင် လုပ်ဆောင်နေသည့် မှားယွင်းသော မည်သည့်အရာကိုမဆို၊ ပြီးလျှင် ဘုရားသခင် နှစ်သက်လိမ့်မည်မဟုတ်သည့် သင်၏ မည်သည့်အပြုအမူများကိုမဆို သင် ချက်ချင်း ပြောင်းပြန်လှန်ပစ်ပြီး ပြုပြင်နိုင်သင့်ပေသည်။ ထိုအရာများကို ပြုပြင်ခြင်း၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ ယင်းမှာ သင့်အတွင်းရှိ စာတန်နှင့်သက်ဆိုင်သော အရာများကို ငြင်းပယ်ပြီး ၎င်းတို့ကို သမ္မာတရားနှင့် အစားထိုးနေစဉ်တွင်၊ သမ္မာတရားကို လက်ခံပြီး စတင် နားလည်သဘောပေါက်ဖို့ ဖြစ်သည်။ ကလိမ်ကကျစ်ကျခြင်းနှင့် လှည့်ဖြားခြင်းတို့ကဲ့သို့သော သင်၏ ဆိုးယုတ်သည့်သဘာဝများအပေါ် သင် မှီခိုခဲ့လေ့ရှိသော်လည်း၊ ယခု သင် မှီခိုခြင်း မရှိတော့ပေ။ ယခုတွင်၊ အမှုအရာများကို သင် လုပ်ဆောင်သည့်အခါ၊ သင်သည် ရိုးသားသည့်၊ သန့်စင်သည့်၊ နာခံသည့် စိတ်အနေအထားနှင့် လုပ်ဆောင်သည်။သင်သည် မည်သည့်အရာကိုမျှ ထိန်းထားခြင်းမရှိလျှင်၊ ဟန်လုပ်ခြင်း၊ အယောင်ဆောင်ခြင်း၊ ဟန်ဆောင်လှည့်စားခြင်းမရှိလျှင်၊ ညီအစ်ကိုမောင်နှမများထံသို့ မိမိကိုယ်ကို ဖွင့်ချလျှင် သင်၏ အတွင်းအကျဆုံး အတွေးများနှင့် ချင့်ချိန်မှုများကို မဖုံးကွယ်ဘဲ ယင်းအစား သင်၏ ရိုးသားသော သဘောထားကို အခြားလူတို့ မြင်ခွင့်ပေးလျှင်၊ ဤသို့ဆိုလျှင် သမ္မာတရားသည် သင့်အတွင်း၌ တဖြည်းဖြည်းချင်း အမြစ်တွယ်လိမ့်မည်။ နည်းနည်းချင်း အသီးအပွင့်ဖြစ်ထွန်းလိမ့်မည်။ အကျိုးရလဒ်များ ထွက်ရှိလိမ့်မည်။(နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ စာအုပ်ထဲရှိ “သမ္မာတရားကို လက်တွေ့လုပ်ဆောင်သောသူတို့သာ ဘုရားသခင်ကို ကြောက်ရွံ့ကြသော သူများ ဖြစ်သည်”) ဘုရားနှုတ်ကပတ်တော်ထဲမှာ လက်တွေ့လုပ်ဆောင်ဖို့ လမ်ကြောင်းတချို့ တွေ့ပြီး၊ ပြဿနာတွေ ကြုံရတဲ့အခါ ကိုယ့်ပုံရိပ်ကို ကာကွယ်ဖို့ မရိုးမသားဖြစ်မယ့်အစား၊ ဒါမှမဟုတ် ဉာဏ်များပြီး လှည့်စားတတ်မယ့်အစား၊ ဖွင့်ပြောပြီး ဘုရားဆီ ရင်ဖွင့်ဖို့ သင်ယူခဲ့ရတယ်။ ကိုယ့်ရဲ့ ဖုံးကွယ်ထားတဲ့ ရည်ရွယ်ချက်တွေ အပါအဝင်၊ ကိုယ့်ရဲ့ ဖောက်ပြန်ပျက်စီးခြင်း၊ ပြစ်ချက်တွေနဲ့ အမှားတွေအကြောင်း တခြားလူတွေကို ဖွင့်ပြောဖို့ လိုမှန်း သိခဲ့ရတယ်။ အဲဒါက သမ္မာတရားထဲ ဝင်ရောက်ခြင်းရဲ့ အရေးအပါဆုံး အပိုင်းပဲ။ အဲဒါကို စွမ်းဆောင်ရရှိတာဟာ ဖောက်ပြန်ပျက်စီးခြင်းကနေ တဖြည်းဖြည်း လွတ်မြောက်ပြီး စစ်မှန်တဲ့ လူသားသဏ္ဍာန် အသက်ရှင်နေထိုင်ဖို့ တစ်ခုတည်းသော နည်းလမ်းပဲဖြစ်ပါတယ်။ ကိုယ့်အဆင့်အတန်းအတွက် ဆက်ဆောင်ရွက်နေလို့မရဘဲ၊ ဘုရားရဲ့ စိစစ်ခြင်းနဲ့ ညီအစ်ကို မောင်နှမတွေရဲ့ ကြီးကြပ်မှုကို လက်ခံရမယ်မှန်း ကျွန်တော် သိခဲ့တယ်။

ဒါကြောင့် လုပ်ငန်းစဉ်မှာ ကျွန်တော် ထုတ်ဖော်ပြခဲ့တဲ့ ကိုယ့်အမှားတွေနဲ့ ဖောက်ပြန်ပျက်စီးခြင်းအကြောင်း အားလုံးကို တခြားလူတွေဆီ ဖွင့်ပြောလိုက်တယ်။ ကိုယ့်ကိုယ်ကိုယ် အပြစ်ပေးဖို့ မှတ်ဉာဏ်စွဲနေအောင်လို့ တချို့အရာတွေကိုလည်း လုပ်ခဲ့တယ်။ အမှန်တော့၊ အမှားတွေကို ဝန်ခံတာက မခက်ပါဘူး။ တကယ်ခက်တာက ဖောက်ပြန်ပျက်စီးခြင်းထဲမှာ အရမ်းပိတ်မိနေတာပဲ။ ဒီဖြစ်ရပ်က ကျွန်တော့်ရဲ့ ဉာဏ်များတဲ့ စိတ်သဘောထားအပေါ် သိနားလည်မှုတချို့ပေးခဲ့ပြီး၊ အဲဒါကို အပြောင်းအလဲတွေ လုပ်မယ်လို့ ကျွန်တော် ကျိန်ဆိုခဲ့တယ်။ အဲဒီနောက် တစ်ရက် ရုပ်ရှင်ရိုက်နေတဲ့ အတောအတွင်းမှာ၊ တခြားကင်မရာကနေ ဖန်သားပြင်ပေါ်က အသေးစိတ်အချက်တွေကို ကြည့်နေတုန်း၊ ကျွန်တော် အာရုံမစိုက်တဲ့ အခိုက်မှာ အဆိုတော်တစ်ယောက်က အလင်းပေးထားတဲ့ နေရာကနေ ထွက်သွားတယ်။ ဖြစ်နေတာကို ကျွန်တော် နားလည်လိုက်တဲ့အချိန်မှာ၊ သီချင်းစာကြောင်း တော်တော်များများ သူ ဆိုပြီးပြီ၊ ဒီတော့ အလင်းရောင်ကြောင့် ၁၀ စက္ကန့်ကျော်လောက် သုံးမရတဲ့ ဇာတ်ကွက် ရှိခဲ့တယ်။ အဲဒီအမှားကိုပဲ ဘယ်လိုဖြစ်ပြီး ထပ်လုပ်မိနိုင်ရတာလဲလို့ တွေးနေမိခဲ့တယ်။ ခုတလော ကျွန်တော် အရမ်းကို အမှားလုပ်နေမိခဲ့တာ။ အဲဒါကို ဝန်ခံလိုက်ရင် လူတိုင်းက ငါ့ကို ဘာများ ထင်ကြမလဲ။ ကိုယ့်တာဝန်ကို အလေးအနက် မထားဘူးလို့ သူတို့ ပြောကြမလား။ တစ်ခုခုပြောဖို့ ကျွန်တော် တုံ့ဆိုင်းနေတုန်းမှာပဲ၊ ကိုယ့်အဆင့်အတန်းကို ကာကွယ်ဖို့ ကြိုးစားနေမှန်း ရုတ်တရက် သဘောပေါက်လိုက်ပြီး၊ အရင်က ကိုယ့်ကိုယ်ကိုယ် ကာကွယ်နေခဲ့ပြီး သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ခဲ့တုန်းက ညီအစ်ကို မောင်နှမတွေနဲ့ အသင်းတော်အလုပ်အပေါ် ဘယ်လိုထိခိုက်ခဲ့တာကို ကျွန်တော် သတိရသွားတယ်။ ကိုယ့်အမှားတွေကို ဖုံးကွယ်ဖို့ ကျွန်တော့်ရဲ့ အားထုတ်မှုတွေက ဘယ်လောက် ရှက်စရာကောင်းတယ်ဆိုတာနဲ့ လိမ်ညာမှုကနေ လာတဲ့ နာကျင်မှုနဲ့ ဒုက္ခအားလုံးကိုလည်း တွေးမိတယ်။ အကွက်ဆင်ပြီး လှည့်စားလို့ မဖြစ်တော့ဘဲ၊ ဒီတစ်ခါ ကိုယ့်ကိုယ်ကိုယ် စွန့်လွှတ်ပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရမယ်မှန်း သိခဲ့တယ်။ ဒီတော့ ချီတုံချတုံဖြစ်နေတာကို ရပ်လိုက်တယ်၊ ကိုယ့်ရဲ့ စကားပြောစက်ကို ကိုင်ပြီး ဖြစ်ခဲ့တာကို ဒါရိုက်တာဆီ ပြောလိုက်တယ်။

အဲဒီနောက် ကိုယ့်တာဝန်မှာ ရိုးသားမှုကို သတိရှိရှိ ကျွန်တော် စလက်တွေ့လုပ်ဆောင်ခဲ့တယ်၊ ကိုယ့်အမှားတွေကို တက်တက်ကြွကြွ ဝန်ခံခဲ့တယ်။ အမြဲ ကိုယ့်အဆင့်အတန်းနဲ့ ဂုဏ်သတင်းအကြောင်း စဉ်းစားမနေဘဲ၊ ဘုရားအိမ်တော်ရဲ့ အကျိုးစီးပွားတွေကို စဉ်းစားခဲ့တယ်။ အဲဒီလိုလုပ်တာက အမှားတွေကို ပြင်ရတဲ့အလုပ် နည်းသွားရုံမက၊ ကျွန်တော့်အမှားတွေကြောင့် ဘုရားအိမ်တော်က ဆုံးရှုံးမှုတွေ မခံစားခဲ့ရတဲ့ အကျိုးသက်ရောက်ခဲ့တယ်။ တစ်ခါတလေ စကားပြောစက်ကနေ ညီအစ်ကို မောင်နှမတွေက ကျွန်တော့်ကို အပြစ်ဖော်ဆုံးမပြီး တိုက်တွန်းနေတာကို ကြားခဲ့ရပေမဲ့၊ အဲဒီလိုလုပ်တာက ကျွန်တော့်ကို ခံစားချက် တည်ငြိမ်၊ အေးချမ်းစေခဲ့တယ်။ ပြီးတော့ ကိုယ့်ရဲ့ ဂုဏ်သတင်းအတွက် လိမ်ညာပြီး လှည့်စားတာက ဘယ်လောက် နာကျင်စရာဖြစ်မှန်း တကယ်ကို တွေ့ကြုံခဲ့ရတယ်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်တာနဲ့ ရိုးသားတဲ့လူတစ်ယောက်ဖြစ်တာက ဂုဏ်သိက္ခာရှိဖို့နဲ့ အလင်းထဲမှာ အသက်ရှင်ဖို့ တစ်ခုတည်းသော နည်းလမ်းဖြစ်ပါတယ်။ ဘုရားကျေးဇူးတော်ပဲ။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ရိုးသားစွာပြောဆိုခြင်းမှ ကျွန်မ ရရှိခဲ့သည့်အရာ

ချူးဂို အမေရိကန်နိုင်ငံ သိပ်မကြာခင်တုန်းက ဘုရားရဲ့ မိတ်သဟာယတစ်ပိုဒ်ကို ညီမ ကြားခဲ့ရတယ်။ အဲဒီမှာပြောတာက “မျက်နှာလိုမျက်နှာရလုပ်ခြင်း၊...

ဂုဏ်အဆင့်အတန်းမှ လွတ်မြောက်မှုကို ရှာဖွေခြင်း

ဒေါင်အန်း ပြင်သစ်၂၀၁၉ ခုနှစ်မှာ ကျွန်မ အသင်းတော်ခေါင်းဆောင် တစ်ယောက် ဖြစ်ခဲ့သည်။ ကျွန်မသည် အကြောင်းကိစ္စများကို ကိုယ်ပိုင် နည်းလမ်းနှင့်...

ကျွန်မ၏ ခြယ်လှယ်သော နည်းလမ်းများကို စွန့်လွှတ်ခြင်း

ချန်နော့ ပြင်သစ်နိုင်ငံ တကယ်တမ်းတော့ ကျွန်မနဲ့အတူ လူသစ်တွေရှိတဲ့အသင်းတော်ကို ပျိုးထောင်ပေးဖို့ အစ်မလင်ကို ခေါင်းဆောင်က အရင်ဦးဆုံး...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။