ရိုးသားစွာ စကားပြောရန် ရုန်းကန်ရခြင်း

03.02.2022

ဝီနယ်လာ ဖိလစ်ပိုင်နိုင်ငံ

၂၀၁၇ ခုနှစ်မှာ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသော ကာလ အမှုတော်ကို ကျွန်မ လက်ခံခဲ့တယ်။ ညီအစ်ကို မောင်နှမတွေနဲ့ ကျွန်မ မိတ်သဟာယပြုချိန်မှာ ခါတိုင်း ကျွန်မ သိပ်ပျော်ကျပဲ။ ဘာလို့လဲဆိုတော့ အဲဒီကနေ အမြဲ သမ္မာတရားတွေ ပိုသင်ယူရပြီး တစ်ခုခု အမြဲရလို့လေ။ ပထမတော့ စာနဲ့ စကားစမြည် ပြောရာကတစ်ဆင့်ပေါ့၊ ဆိုလိုတာက ကျွန်မတို့ရဲ့ ဆက်သွယ်ပြောဆိုမှုအားလုံးကို စာရိုက်ကြတာ။ ဒီတော့ ဘာကိုမှ ကျွန်မ မထိမ်ချန်ထားဘူး၊ ဘုရားနှုတ်ကပတ်တော်အပေါ် ကျွန်မရဲ့ သိနားလည်မှုအကြောင်းကို တကယ်ပြောပြချင်ခဲ့တာလေ။ ကျွန်မမှာ ကောင်းမွန်တဲ့ နားလည်မှုရှိတယ်လို့ ခေါင်းဆောင်တွေက ပြောကြပြီး ညီအစ်ကို မောင်နှမတွေက ကျွန်မကို အထင်ကြီးကြတယ်။ ကျွန်မရဲ့ မိတ်သဟာယကို ကြားရတာနှစ်သက်ကြတယ်။ ကျွန်မက အင်္ဂလိပ်လို ကောင်းကောင်း ပြောတတ်တယ်ဆိုပဲ။ သူတို့ ချီးမွမ်းတာ ကြားရတော့ ကျွန်မ ပီတိဖြာပြီး ကျွန်မ အဆင်ပြေနေတယ်လို့ ခံစားရတယ်။ နောက်တော့ အစ်မတစ်ယောက်က စုဝေးပွဲတွေအတွက် ဗီဒီယိုနဲ့ စခေါ်ဖို့ အကြံပြုပြီး ကျွန်မရဲ့ ပြဿနာက ရှေ့ကို ရောက်လာတော့တယ်။

နေ့လယ် စုဝေးပွဲတစ်ခုမှာ၊ ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက်၊ စာပိုဒ်ပေါ် သူတို့ရဲ့ သိနားလည်မှုကို ညီအစ်မနှစ်ယောက်က ဝေမျှကြတယ်။ ဒါပေမဲ့ ကျွန်မ စိတ်လှုပ်ရှားပြီး သူတို့ရဲ့ မိတ်သဟာယကို တကယ်မကြားခဲ့ရဘူး။ အရင်က စာနဲ့ပဲဖြစ်ခဲ့တော့၊ အသံနဲ့ ကျွန်မ မိတ်သဟာယပြုလေ့ပြုထ မရှိခဲ့ဘူးလေ။ အသံနဲ့ မိတ်သဟာယပြုတာက ကျွန်မရဲ့ အားနည်းချက်ပဲ။ စာနဲ့ပဲဖြစ်ခဲ့တုန်းက ကိုယ့်စကားလုံးတွေကို ရွေးပြီး ချောမွေ့အောင်လုပ်လို့ရတယ်။ ဒါပေမဲ့ တိုက်ရိုက်စကားဝိုင်းကို သုံးတော့၊ ပြင်ဆင်ဖို့ အချိန်လုံလုံလောက်လောက် မရဘူး။ ကျွန်မမှာ ဘုရားနှုတ်ကပတ်တော်အပေါ် သိနားလည်မှုတချို့ ရှိခဲ့ပေမဲ့၊ ကျွန်မရဲ့ မိတ်သဟာယက ဖရိုဖရဲနဲ့ ပရမ်းပတာ ဖြစ်မှာလေ။ ဒီတော့ ညီအစ်ကို မောင်နှမတွေ ကျွန်မကို စိတ်ပျက်သွားမှာ စိုးခဲ့တယ်။ ဒါကို တစ်ချိန်လုံး အာရုံရောက်နေခဲ့တယ်။ ဝေမျှရမလား၊ မဝေမျှရဘူးလား ချီတုံချတုံ ဖြစ်နေခဲ့တာ။ မဝေမျှခဲ့ရင်၊ ကျွန်မက တက်တက်ကြွကြွ မပါဝင်ဘူးလို့ တခြားလူတွေထင်မှာဖြစ်ပြီး၊ ခေါင်းဆောင်တွေက ကျွန်မကို စိတ်ပျက်ကြမှာပဲ။ ဒါပေမဲ့ ဝေမျှပြန်ရင်လည်း၊ ကျဉ်းထဲကျပ်ထဲရောက်မှာ၊ အားရလောက်အောင် မဝေမျှခဲ့ရင်၊ ညီအစ်ကို မောင်နှမတွေက အထင်သေးကြမှာပဲ။ အဲဒါက ကျွန်မရဲ့ ပုံရိပ်ကောင်းကို ဖျက်ဆီးပစ်မှာလေ။ ဒီအတွေးကြောင့် အရမ်းစိတ်လှုပ်ရှားပြီး ဘာမှ ညှစ်ထုတ်လို့မရခဲ့ဘူး။ ကျွန်မ ရှက်မိတယ်၊ အထူးသဖြင့် ကျွန်မကို ပြောင်းလဲစေခဲ့တဲ့ ညီအစ်မတွေက စုဝေးပွဲမှာ ရှိလို့ပေါ့။ စာကတစ်ဆင့် ကျွန်မတို့ ဆက်သွယ်ပြောဆိုရာမှာ ကောင်းမွန်တဲ့ သိနားလည်မှုကို ကျွန်မ ပြခဲ့ပြီး၊ တကယ်ပါဝင်ခဲ့ပေမဲ့၊ အဲဒီတုန်းက စကားတစ်ခွန်းမှ ကျွန်မ မပြောခဲ့လို့ သူတို့ စိတ်ပျက်သွားမှာပဲလို့ တွေးမိတယ်။ နောက်တော့ ခေါင်းဆောင်ဖြစ်တဲ့ ဖလော်ရာ ရှီက ကျွန်မကို ပြောတယ်၊ “ညီမ ဝေနီရယ်လာ၊ ညီမ ဝေမျှချင်လား။ ကျန်တဲ့လူတွေအားလုံး ဝေမျှပြီးပြီ။ ညီမ မိတ်သဟာယ ဝေမျှဖို့ မေ့သွားတာလား”တဲ့။ သူ့လေသံက သူ စိတ်ပျက်သွားတယ်လို့ ကျွန်မကို ခံစားမိစေတယ်။ ကျွန်မ တကယ်ကို အနေခက်ပြီး ရှက်မိတယ်။ ကျွန်မရဲ့ ဒီအားနည်ချက်ကို ဖုံးကွယ်ပြီး သူတို့အမြင်မှာ ကျွန်မရဲ့ ပုံရိပ်ကို ထိန်းသိမ်းဖို့၊ အဲဒီအချိန်ကစလို့ စုဝေးပွဲမတိုင်ခင်မှာ ကျွန်မ မိတ်သဟာယပြုချင်တာကို ရေးထားလိုက်မယ်လို့ ဆုံးဖြတ်လိုက်တယ်၊ ပြီးတော့ ကိုယ့်အလှည့်ရောက်တဲ့အခါ အဲဒါကို ဖတ်ရုံဖတ်လိုက်လို့ရတယ်လေ။ အဲဒါဆို ကျွန်မ သိပ်စိတ်လှုပ်ရှားမှာ မဟုတ်တော့ဘူးပေါ့။ ကျွန်မ စကားပြောကောင်းတဲ့သူဖြစ်ပြီး ကျွန်မရဲ့ မိတ်သဟာယက သူတို့အတွက် အချက်ကျသလို အထောက်အကူဖြစ်ခဲ့တယ်လို့ သူတို့ ထင်မှာ။ အဲဒါ အကြံကောင်းပဲလို့ တွေးမိတယ်။

တစ်ညနေမှာ၊ တရုတ်နိုင်ငံက ညီအစ်မနှစ်ယောက်က ကျွန်မတို့ရဲ့ စုဝေးပွဲကို ဧည်ခံကြတယ်။ ကျွန်မတို့ အဆင်ချောချောနဲ့ ဆက်သွယ်ပြောဆိုဖို့ အင်္ဂလိပ်ကို သုံးကြတယ်။ ဒေသတွင်း ညီအစ်ကို မောင်နှမတွေက သူတို့အင်္ဂလိပ်စကား သိပ်မကောင်းတော့ တော်တော်ရှက်ကြတယ်။ ဒါပေမဲ့ ဘုရားနှုတ်ကပတ်တော်တွေအပေါ် သူတို့ရဲ့ သိနားလည်မှုကို မိတ်သဟာယပြုနိုင်ကြတုန်းပဲ။ ကျွန်မအလှည့်ရောက်လာတော့၊ ကျွန်မ တကယ် ပါဝင်ခဲ့ပြီး အားလုံးကို ကြိုတင်ရေးထားခဲ့လို့ ကျွန်မအသံက အရမ်းကို ယုံကြည်စိတ်ချမှုရှိပုံပေါ်ခဲ့တယ်။ ကျွန်မက နောက်ဆုံးတစ်ယောက်လေ။ ကျွန်မရဲ့ မိတ်သဟာယကို ရေးရင်းနဲ့ အချိန်အများကြီး ကုန်ခဲ့ပြီး၊ လုံးဝ သဘာဝကျကျ စကားပြောဖို့ အကောင်းဆုံး လုပ်နေခဲ့လို့၊ ကျွန်မ စာဖတ်နေမှန်း သူတို့ သတိမထားမိကြဘူးလေ။ နောက်ပိုင်းမှာ၊ သူတို့အားလုံးက ကျွန်မရဲ့ မိတ်သဟာယကို ချီးကျူးကြပြီး သူတို့ အထောက်အကူဖြစ်သလို၊ ကျွန်မရဲ့ အင်္ဂလိပ်စကားက ကောင်းတယ်လို့ ပြောကြတယ်။ သူတို့ချီးမွမ်းတာ ကြားတော့‌ ကျွန်မ တိတ်တိတ်လေး ကျေနပ်မိသလို၊ သူတို့ရဲ့ ရိုသေလေးစားမှုကို ရခဲ့ပြီလို့ ခံစားရတယ်။ အဲဒီအချိန်မှာ ညီအစ်ကို မောင်နှမတွေက ကျွန်မရဲ့ မိတ်သဟာယကို သူတို့ နှစ်သက်တယ်၊ ကျွန်မက ဆုကျေးဇူးရှိတယ်လို့ ပြောကြတဲ့အခါတိုင်းမှာ ကျွန်မခံစားရတဲ့ ဝမ်းမြောက်မှုကို မထိန်းနိုင်ခဲ့ဘူး။ နောက်တော့ အဖွဲ့ခေါင်းဆောင်အနေနဲ့ ကျွန်မ အရွေးခံခဲ့ရတယ်။ ကျွန်မအပေါ် တခြားလူတွေ ဘာတွေးလဲဆိုတဲ့အပေါ် ပိုလို့တောင် ကျွန်မ အာရုံစိုက်ခဲ့တယ်။ ဒါပေမဲ့ ခဏလောက်ကြတော့၊ တခြားလူတွေ ကျွန်မကို ချီးမွမ်းကြတဲ့အခါတိုင်း အပြစ်ရှိသလို၊ စိတ်မသက်မသာ ဖြစ်သလို စခံစားရတယ်။ ကိုယ်လုပ်နေတာ မှားမှန်း၊ သူတို့ကို ကျွန်မအရှိအတိုင်း မြင့်ခွင့်ပေးမနေခဲ့မှန်း ကျွန်မသိတယ်။ အဲဒါနဲ့ပတ်သက်လို့ မှန်တယ်လို့ မခံစားရဘူး၊ ဒါပေမဲ့ အဲဒါတွေကိုပဲ ဆက်လုပ်နေမိတုန်းပဲ။ စုဝေးပွဲတွေမှာ တခြားလူတွေရဲ့ မိတ်သဟာယကို ကျွန်မ တကယ် နားထောင်မနေခဲ့ဘူး။ သူတို့ကို ကျွန်မ နည်းနည်းမှ စိတ်ပါလက်ပါ နားထောင်မနေခဲ့ဘဲ၊ ကိုယ့်ရဲ့ သိနားလည်မှုကို ရေးရင်းနဲ့ အလုပ်များနေခဲ့တယ်။ အကျိုးဆက်အနေနဲ့ ကျွန်မအတွက် သူတို့ မိတ်သဟာယကနေ တကယ်သင်ယူဖို့ မဖြစ်နိုင်ခဲ့ဘူး။ စုဝေးပွဲက ကျွန်မအတွက် ဘာအဓိပ္ပာယ်မှ မရှိခဲ့ဘူး။ ကျွန်မရဲ့ ဝင့်ဝါမှုကို ဖြည့်ဆည်းဖို့နဲ့ ကိုယ့်ရဲ့ ဂုဏ်သတင်းကို ကာကွယ်ဖို့ ကောင်းပုံရတဲ့ အရာတစ်ခုခု ရေးဖို့ကို အမြဲ အာရုံစိုက်ခဲ့တယ်။ အဲဒါကြောင့် စုဝေးပွဲတွေကနေ ထပ်မရလာတော့ဘူး။ ပြောင်းလဲချင်တယ်၊ ပိုပြီး လွတ်လွတ်လပ်လပ် မိတ်သဟာယပြုချင်ခဲ့ပေမဲ့၊ အဲဒီလိုလုပ်ဖို့ ကြောက်နေခဲ့တယ်။ ကျွန်မ ကြိုရေးထားနေခဲ့မှန်း တခြားလူတွေ သိသွားရင် ကျွန်မကို အထင်သေးကြပြီး ကျွန်မ တကယ် မရိုးသားဘူး၊ လိမ်ညာနေပြီး လှည့်ဖြားနေတယ်လို့ သူတို့ ပြောကြမှာကို စိုးခဲ့တယ်။ ကျွန်မကို လုံးဝ အကျိုးပေးမနေခဲ့သလို၊ တကယ်ကို စိတ်မသက်မသာဖြစ်ရလို့ အဲဒီလိုလုပ်နေတာကို ခဏခဏ ရပ်လိုက်ချင်ခဲ့ပေမဲ့၊ ကျွန်မရဲ့ ပုံရိပ်နဲ့ တခြားလူတွေရဲ့ လေးစားအားကျမှုနဲ့ နှိုင်းရင် အဲဒီပူပန်မှုက ဘာမှအရေးမပါခဲ့ဘူးလေ။ ကျွန်မရဲ့ မျက်နှာနဲ့ ဂုဏ်သတင်းအကြောင်းပဲ ပိုဂရုစိုက်ခဲ့တယ်။ ဒါပေမဲ့ အဲဒီလို လုပ်တဲ့အချိန်တိုင်းမှာ၊ ကျွန်မ အရမ်းကိုပဲ အပြစ်ရှိသလို ခံစားရတယ်။ ကျွန်မရဲ့ သိနားလည်မှုကို ပိုပြီး ရှင်းရှင်းလင်းလင်းနဲ့ တိတိကျကျ ဝေမျှနိုင်အောင်နဲ့ ကျွန်မ ပြောနေတာကို တခြားလူတွေ ပိုပြီးကောင်းကောင်း နားလည်နိုင်အောင်လို့ အဲဒါမျိုး လုပ်နေခဲ့တာဆိုပြီး ကိုယ့်ကိုယ်ကိုယ် ဖျောင်းဖျဖို့တောင် ကြိုးစားခဲ့တယ်။ ဘာမှမဖြစ်ပါဘူးလို့ ကိုယ့်ကိုယ်ကိုယ် ပြောမြဲပြောနေခဲ့ပေမဲ့ ကျွန်မရဲ့ စိုးရိမ်ပူပန်မှုနဲ့ စိတ်မသန့်တာတွေက ကျွန်မကို ဆက်ညှဉ်းဆဲနေခဲ့တယ်။ ကျွန်မ တွက်ဆမိတာက၊ ကိုယ့်မာနကို လက်လွှတ်ပြီး လူတိုင်းကို အမှန်တရားပြောလိုက်ရင်၊ အဲဒီကနေ လွတ်နိုင်တယ်လို့ပေါ့။ ဒါပေမဲ့ ကျွန်မရဲ့ အင်္ဂလိပ်လို သိပ်မတတ်တာ သူတို့ သိသွားခဲ့ရင်၊ ကျွန်မကို လှောင်ကြမှာပဲလို့ တွေးမိခဲ့တယ်။ နောက်ဆို သူတို့ကို ကျွန်မ ဘယ်လိုရင်ဆိုင်နိုင်မှာလဲ။ ဒါနဲ့ပတ်သက်ပြီး အချိန်အကြာကြီး ကျွန်မ ရုန်းကန်ခဲ့ရပေမဲ့၊ ကျွန်မစိတ်နှလုံးကို မဖွင့်ဟနိုင်သေးဘူး။ တခြားလုပ်စရာမသိဘဲနဲ့၊ ကိုယ့်ဘာသာစကား ကျွမ်းကျင်မှုနဲ့ပတ်သက်လို့ပဲ ကြိုးစားလုပ်နေမိခဲ့တယ်။ ကိုယ့်ဘာသာ အိမ်မှာ မိတ်သဟာယပြုတာ လေ့ကျင့်တယ်၊ ကိုယ့်ကိုယ်ကိုယ် အသံသွင်းပြီး ဘယ်လိုအသံထွက်လဲ သိဖို့ နားထောင်တာတွေပဲ လုပ်နေခဲ့တယ်။ အဲဒီလိုနဲ့ ကျွန်မရဲ့ ဘာသာစကား စွမ်းရည်တွေကို တဖြည်းဖြည်း တိုးတက်စေနိုင်မှာဖြစ်ပြီး၊ ကျွန်မရဲ့ မိတ်သဟာယကို ဆက်ပြီး ကြိုရေးစရာလိုမှာမဟုတ်ဘဲ၊ တိုက်ရိုက်ကို ဝေမျှနိုင်မယ်လို့ ထင်ခဲ့တယ်။ အဲဒီအခါ လူတိုင်းကို အမှန်တရား ပြောစရာလိုမှာ မဟုတ်ဘူးပေါ့။ မိတ်သဟာယကောင်းကောင်းပြုနိုင်ပြီး ကျွန်မရဲ့ အင်္ဂလိပ်ပြော ကျွမ်းကျင်ပုံပေါက်သေးသရွေ့၊ ကျွန်မအတွက် သူတို့ရဲ့ ရိုသေးလေးစားမှုကို ထိန်းထားလို့ရမှာပဲပေါ့။ ဒါပေမဲ့ ကျွန်မ ဘယ်လောက်ပဲ လေ့ကျင့်ပါစေ၊ မိတ်သဟာယမှာ ကျွန်မတို့အားလုံး ရှိတဲ့အချိန်တိုင်း စိတ်လှုပ်ရှားမိတာပါပဲ၊ ဒါကြောင့် တစ်လျှောက်လုံး လုပ်ခဲ့သလိုပဲ ကျွန်မရဲ့ မိတ်သဟာယကို ဖတ်လိုက်တယ်။ ကျွန်မ ကိုယ့်ကိုယ်ကိုယ် စိတ်ပျက်မိပြီး အပျက်သဘောဆောင်တဲ့ အခြေအနေမှာ ပိတ်မိနေခဲ့တယ်။ အဲဒါက ကျွန်မရဲ့ တာဝန်ကိုပါ ထိခိုက်လာတယ်။ အဖွဲ့ခေါင်းဆောင်အဖြစ် ကျွန်မရဲ့ ရာထူးကနေ နောက်ဆုံးမှာ အထုတ်ခံလိုက်ရတယ်။

တစ်ခေါက် စုဝေးပွဲတစ်ခုမှာ ညီအစ်မတစ်ယောက်က ဒီဘုရားနှုတ်ကပတ်တော်အပိုဒ်ကို ဝေမျှခဲ့တယ်။ “အကယ်၍ သင့်အား အခြားသူများ ယုံကြည်စေလိုလျှင် သင်သည် ပထမဦးစွာ ရိုးသားရမည်။ ရိုးသားသည့် လူတစ်ဦးအနေဖြင့်၊ သင်၏ စိတ်နှလုံးကို အယောက်တိုင်း တွေ့မြင်နိုင်ဖို့အလို့ငှာ၊ သင် တွေးနေသည့် အရာအားလုံးကို မြင်နိုင်ပြီး၊ သင်၏ သရုပ်မှန်ကို ရိပ်ခနဲ မြင်နိုင်ဖို့အလို့ငှာ၊ ဦးစွာပထမ သင်၏ စိတ်နှလုံးကို ဖွင့်ပြရမည်။ သင်သည် မိမိကိုယ်ကိုယ် ရုပ်ဖျက်ဖို့ သို့မဟုတ် ကြည့်ကောင်းစေရန် ပြရုပ်တင်ဖို့ မကြိုးစားရ။ ထိုအခါမှသာ လူတို့သည် သင့်ကို ယုံကြည်ပြီး ရိုးသားသည်ဟု ယူဆကြလိမ့်မည်။ ဤသည်မှာ အခြေခံအကျဆုံး လက်တွေ့လုပ်ဆောင်ချက်ဖြစ်ပြီး ရိုးသားသော လူတစ်ဦးဖြစ်ခြင်း၏ မရှိမဖြစ်လိုအပ်ချက်ဖြစ်သည်။ သင်သည် အမြဲဟန်ဆောင်လျက်ရှိ၏၊ သန့်ရှင်းခြင်း၊ မွန်မြတ်ခြင်း၊ ကြီးမြတ်ခြင်း ရှိကြောင်း အမြဲအယောင်ဆောင်ပြီး၊ စာရိတ္တမြင့်မားသော အရည်အသွေးများ ရှိကြောင်း အယောင်ဆောင်၏။ သင်သည် လူတို့အား သင်၏ဖောက်ပြန်ပျက်စီးခြင်းနှင့် သင်၏ချွတ်ယွင်းချက်များကို အမြင်မခံပေ။ ၎င်းတို့က သင်သည် ဖြောင့်မတ်ခြင်း၊ ကြီးမြတ်ခြင်း၊ မိမိကိုယ်ကို စွန့်လွှတ်အနစ်နာခံခြင်း၊ ဘက်မလိုက်ခြင်းနှင့် အတ္တကင်းခြင်းရှိသည်ဟု ထင်ကြစေရန် သင်သည် လူတို့အား ဟန်ဆောင်ထားသော ရုပ်သွင်ကို ပြ၏။ ဤသည်မှာ လှည့်ဖြားခြင်း ဖြစ်၏။ အယောင်ဆောင်ခြင်း မပြုနှင့်၊ ပြီးလျှင် သင့်ကိုယ်သင် ပြရုပ်တင်ခြင်းမပြုနှင့်။ ထိုသို့ပြုမည့်အစား အခြားသူများ မြင်ဖို့အတွက် မိမိကိုယ်ကိုယ်နှင့် သင်၏စိတ်နှလုံးကို ဖွင့်ချပြလော့။ သင်သည် အခြားသူများမြင်စေရန် သင်၏စိတ်နှလုံးကို ဖွင့်ဟပြနိုင်ပြီး သင်၏အတွေးများနှင့် အစီအစဉ်များအားလုံး- အပြုသဘောဆောင်သော အရာနှင့် အပျက်သဘောဆောင်သော အရာနှစ်ခုလုံးကို ဖွင့်ဟပြနိုင်ပါက၊ သင်သည် ရိုးသားနေခြင်း မဟုတ်လော။ သင်သည် အခြားသူများ မြင်စေရန် သင့်ကိုယ်သင် ဖွင့်ဟပြနိုင်ပါက၊ ဘုရားသခင်သည်လည်း သင့်ကို မြင်ပြီး ‘သင်သည် အခြားသူများမြင်စေရန် သင့်ကိုယ်သင် ဖွင့်ဟပြသောကြောင့် ငါ့ရှေ့တွင်လည်း သင်သည် ဧကန်အမှန်ပင် ရိုးသား၏’ ဟု ဆိုလိမ့်မည်။ အကယ်၍ သင်သည် အခြားသူများ မမြင်သည့်အခါ၊ ဘုရားသခင်ထံ၌သာ သင့်ကိုယ်သင် ဖွင့်ဟပြပြီး၊ ကြီးမြတ်ကာ မွန်မြတ်သကဲ့သို့ သို့မဟုတ် ၎င်းတို့နှင့်အတူတူ ရှိသည့်အချိန်တွင် တရားမျှတပြီး ကိုယ်ကျိုးမငဲ့သကဲ့သို့ အစဉ်သဖြင့် ဟန်ဆောင်ပါက၊ ဘုရားသခင်သည် မည်သည့်အရာကို တွေးပြီး ပြောဆိုလိမ့်မည်နည်း။ သူက၊ ‘သင်သည် အမှန်ပင် လိမ်လည်လှည့်ဖြားတတ်၏၊ သင်သည် အကယ်စင်စစ် သူတော်ကောင်း ဟန်ဆောင်ပြီး သိမ်ဖျင်း၏၊ ထို့အပြင် သင်သည် ရိုးသားသောလူတစ်ဦး မဟုတ်’ ဟု ဆိုလိမ့်မည်။ အကယ်၍ သင်သည် ရိုးသားသော လူတစ်ဦးဖြစ်လိုပါက၊ ဘုရားသခင်ရှေ့ သို့မဟုတ် အခြားသူတို့ရှေ့တွင် မည်သည့်အရာကို သင်လုပ်ဆောင်ပါစေ၊ သင်၌ ပေါ်လွင်ထင်ရှားသည့် အရာအကြောင်းနှင့် သင့်စိတ်နှလုံးထဲရှိ စကားများအကြောင်းတို့ကို ရိုးသားပွင့်လင်းသည့် ဖြစ်ကြောင်းကုန်စင် ပြောနိုင်သင့်သည်။ ဤသည်မှာ စွမ်းဆောင်ရရှိရန် လွယ်ကူသလော။ ယင်းသည် အချိန် လိုအပ်၏။ အတွင်း ရုန်းကန်မှုလိုအပ်ပြီး ငါတို့ စဉ်ဆက်မပြတ် လက်တွေ့လုပ်ဆောင်ရမည် ဖြစ်သည်။ ငါတို့၏ စိတ်နှလုံးများသည် တဖြည်းဖြည်း ဖွင့်ဟလာလိမ်မည့်ဖြစ်ပြီး ငါတို့သည် မိမိတို့ကိုယ်ကိုယ် ဖော်ထုတ်ပြနိုင်ကြလိမ့်မည်။(နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ စာအုပ်ထဲရှိ “ရိုးသားသောလူတစ်ဦးဖြစ်ခြင်း၏ အခြေခံအကျဆုံး လက်တွေ့လုပ်ဆောင်ချက်”) ရိုးသားတဲ့လူတွေကို ဘုရားနှစ်သက်ပြီး ဉာဏ်နီဉာဏ်နက်များတာ၊ မရိုးသားတာကို သူ မကြိုက်ဘူး။ လှတာပဲဖြစ်ဖြစ်၊ အကျည်းတန်တာပဲဖြစ်ဖြစ်၊ မိတ်သဟာယမှာ စိတ်နှလုံးထဲကနေ ကျွန်မတို့ ဖွင့်ဟရမယ်၊ ကိုယ်မဟုတ်တာကို ဟန်မဆောင်ရဘူး၊ ကိုယ့်ကိုယ်ကိုယ် မဖုံးကွယ်ရဘူး၊ အဲဒါ ရိုးသားတာပဲ။ ကျွန်မက ရိုးသားတဲ့လူ မဟုတ်မှန်း သိခဲ့တော့ ဒါကို ဖတ်လိုက်မိတဲ့အချိန်မှာ အရမ်း အပြစ်ရှိသလို ခံစားခဲ့ရတယ်။ လူတိုင်းဆီ တကယ်ဖွင့်ပြောချင်ခဲ့တယ်၊ ကိုယ့်ရဲ့ ဝင့်ဝါမှုနဲ့ ဂုဏ်အတွက် အလိုဆန္ဒကို လက်လွှတ်ချင်ခဲ့ပြီး၊ အကြိမ်ပေါင်းများစွာ ကြိုးစားခဲ့ပေမဲ့၊ လုံးဝ မရနိုင်ခဲ့ဘူး။ ဂုဏ်ကို အရမ်းပဲ မက်မောလွန်းမိခဲ့တယ်။ ကိုယ့်ရဲ့ ဝင့်ဝါမှုရဲ့ ချုပ်ချယ်ကန့်သတ်တာ ခံခဲ့ရတာပဲ။ ကျွန်မ တကယ်ပဲ အရမ်းကို ဖောက်ပြန်ပျက်စီးခဲ့မှန်း တွေ့လိုက်ရတယ်။ တကယ် အပြစ်ရှိသလိုခံစားရပြီး တစ်ချိန်တည်းမှာ စိတ်ပူသွားတယ်။ လူတွေကို ကျွန်မအပေါ် ယုံမှားစေတဲ့ အပြုသဘောဆောင်တဲ့ ထင်မြင်ချက်ပေးရင်းနဲ့ ဘာလို့ အမြဲ ဟန်ဆောင်နေမိခဲ့တာလဲ။ သမ္မာတရားကို ဘာလို့ ကျွန်မ လက်တွေ့မလုပ်နိုင်ခဲ့တာလဲ။ ဘုရားအပေါ် ကျွန်မရဲ့ ယုံကြည်ခြင်းကို ဘာလို့ ဖြုန်းတီးနေမိခဲ့တာလဲ။ အဲဒီ စုဝေးပွဲတွေနဲ့ တာဝန်တွေအားလုံးက အချည်းနှီးဖြစ်သွားခဲ့တာလား။ ကိုယ့်ဝင့်ဝါမှုရဲ့ အချုပ်အနှောင်တွေကနေ ကျွန်မ လုံးဝ မလွတ်မြောက်သလိုမျိုး ခံစားရတယ်။ ကျွန်မတို့ အဖွဲ့ကို စွန့်ပြီး ကိုယ့်ကိုယ်ကိုယ် အခြေအနေမှန်မှာ ရှိအောင် အချိန်နည်းနည်း ယူချင်ခဲ့တယ်၊ အဲဒါဆိုရင် စုဝေးပွဲတွေကို ပြန်လာပြီး အဲဒါတွေကို လုပ်တာ ရပ်နိုင်မှာလေ။ ဒါကြောင့် တစ်ယောက်တည်းနေပြီး ကိုယ့်ကိုယ်ကိုယ် သုံးသပ်ချင်လို့ အဖွဲ့ကနေ နုတ်ထွက်ပြီး ကျွန်မမှာရှိတဲ့ အဲဒီအကောင့်ကို သုံးတာ ရပ်လိုက်တယ်။ ခဏတော့ အရမ်း ဝမ်းနည်းပြီး စိတ်ပျက်မိသလို၊ အထီးလည်း ကျန်ခဲ့တယ်။ ကျွန်မ ကိုယ့်ကိုယ်ကိုယ် စိတ်ပျက်မိတယ်။ ယုံကြည်သူဖြစ်တာ နှစ်နှစ်ရှိပေမဲ့၊ ရိုးသားဖို့နဲ့ ကိုယ့်ရဲ့ ဝင့်ဝါမှုကို လက်လွှတ်ဖို့ မလုပ်နိုင်သေးဘူးလေ။ ကျွန်မအပေါ် တခြားလူတွေရဲ့ အယူအဆကို အရမ်းဂရုစိုက်လွန်းခဲ့တယ်။ အမှန်တရား သိပြီးတဲ့နောက် တခြားလူတွေရဲ့ တုန့်ပြန်မှုတွေကို စိတ်ကူးကြည့်ရုံနဲ့တင် ကျွန်မ တကယ်ကို ရှက်နေမိတာ။

အဲဒီအချိန်အတောအတွင်း ကျွန်မ လုပ်သမျှက ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်တာပဲ။ တစ်နေ့တော့ ဒီကျမ်းပိုဒ်ကို တွေ့တယ်။ “သမ္မာတရားကို ရှာဖွေလိုက်စားခြင်းသည် အရေးကြီးဆုံးသောအရာဖြစ်ပြီး၊ ယင်းကို လက်တွေ့လုပ်ဆောင်ခြင်းသည် အမှန်တကယ် အလွန် ရိုးရှင်းပေ၏။ ရိုးသားသော လူတစ်ဦးဖြစ်ခြင်းနှင့် မှန်မှန်ကန်ကန် စကားပြောဆိုခြင်းနှင့်အတူ သင်၏ စိတ်နှလုံးကို ဖွင့်ဟခြင်းဖြင့် သင်အစပြုသင့်သည်။ သင်၏ ညီအစ်ကို မောင်နှမများနှင့် ပြောဆိုဖို့ အလွန် အခက်ကြုံရသည့် အရာတစ်ခုခု သင်၌ရှိလျှင်၊ ဒူးထောက်ကာ ထိုအရာကို ဘုရားသခင်အား ဆုတောင်းခြင်းမှတဆင့် သင် ပြောပြသင့်သည်။ ဘုရားသခင်ကို သင်ဘာပြောသင့်သနည်း။ သင့်စိတ်နှလုံးတွင် ရှိသောအရာကို ဘုရားသခင်အား ပြောလော့၊ အနှစ်မဲ့သော အာလာပသလ္လာပများကို မပြောနှင့်၊ သို့မဟုတ် သူ့ကို လှည့်ဖြားရန် မကြိုးပမ်းနှင့်။ ရိုးသားခြင်းနှင့် အစပြုလော့။ သင် အားနည်းခဲ့လျှင်၊ သင်အားနည်းခဲ့သည်ဟု ပြောလော့၊ သင် ဆိုးယုတ်ခဲ့လျှင် သင် ဆိုးယုတ်ခဲ့မိသည်ဟု ပြောလော့၊ သင် လှည့်ဖြားခဲ့လျှင် သင် လှည့်ဖြားခဲ့သည်ဟု ပြောလော့၊ ရက်စက်ပြီး ခိုးကြောင်ခိုးဝှက်အတွေးများ သင်၌ ရှိခဲ့ဖူးလျှင်၊ ၎င်းတို့အကြောင်းကို ဘုရားသခင်အား ပြောလော့။ ရာထူးအတွက် သင် အမြဲ ယှဉ်ပြိုင်နေလျှင် ဤအရာကိုလည်း သူ့အား ပြောလော့။ သင့်ကို ဘုရားသခင် ဆုံးမပဲ့ပြင်စေလော့၊ သင့်အတွက် ပတ်၀န်းကျင်တစ်ခုကို သူ့အား စီစဉ်စေလော့။ သင်၏ အခက်အခဲများအားလုံးကို သင် ဖြတ်သန်းပြီး သင်၏ ပြဿနာအားလုံးကို ဖြေရှင်းဖို့ ဘုရားသခင်ကို ကူညီခွင့်ပေးလော့။ သင်၏စိတ်နှလုံးကို သင်ဖွင့်ဟသင့်၏၊ ယင်းကို ပိတ်မထားပါနှင့်။ သူ့ကို သင်အဝင်မခံလျှင်ပင် သင့်အထဲကို သူမြင်နိုင်သေး၏၊ သို့သော်လည်း သူ့ကို သင်ဖွင့်ဟလျှင် သမ္မာတရားကို သင်ရရှိနိုင်သည်။ ဤသို့ဆိုလျှင် မည်သည့်လမ်းကြောင်းကို သင်ရွေးချယ်သင့်သနည်း။ ရိုသားခြင်းဖြင့် အစပြုလော့၊ မည်သည့်နည်းနှင့်မျှ ဟန်ဆောင်မှု မပြုနှင့်လော့။ နှစ်များစွာကြာသည်အထိ ကျွန်ုပ်တို့သည် ရိုးသားခြင်းအကြောင်း သမ္မာတရားများကို မိတ်သဟာယပြုနေခဲ့ကြသည်။ သို့တိုင်အောင် ယခုအခါတွင် အရေးမစိုက်သူများ၊ ၎င်းတို့၏ ကိုယ်ပိုင်ရည်ရွယ်ချက်၊ ဆန္ဒ၊ ဦးတည်ချက်များနှင့်အညီ၊ နောင်တရဖို့ လုံးဝ မတွေးကြသောသူများနှင့်အညီ ပြောဆိုပြုမူသူများ များစွာရှိသေးသည်။ ဤသည်မှာ ရိုးသားသောသူတို့၏ သဘောထားဖြစ်သလော။ (မဟုတ်ပါ။) ဘုရားသခင်သည် လူတို့ကို အဘယ်ကြောင့် ရိုးသားရန် တောင်းဆိုသနည်း။ ၎င်းတို့ကို ထိန်းချုပ်ဖို့ လွယ်ကူအောင်ပြုလုပ်ရန်ဖြစ်သလော။ (မဟုတ်ပါ။) ရိုးသားခြင်းသည် သာမန်ဖြစ်ခြင်း၊ ဘုရားသခင်၏ ချစ်မြတ်နိုးမှုကို ခံရခြင်း၊ သမ္မာတရားကို ရရှိခြင်း၏ အစဖြစ်သည်။ ယင်းသည် လူ့သဘာဝနှင့် စစ်မှန်သော လူတစ်ယောက်ပုံသဏ္ဍာန်ကို ပိုင်ဆိုင်ခြင်းအား အခြေခံအကျဆုံး ညွှန်ပြချက်တစ်ခုလည်းဖြစ်သည်။ ထို့ကြောင့် မည်သည့်အခါမျှ မရိုးသားခဲ့ဖူးသူ၊ သို့မဟုတ် ရိုးသားရန် မစဉ်းစားခဲ့ဖူးသူသည် သမ္မာတရားကို နားမလည်နိုင်သူ၊ သို့မဟုတ် သမ္မာတရားကို မရရှိနိုင်သူဖြစ်သည်။ ကျွန်ုပ်ပြောသည်ကို မယုံကြည်လျှင် သင့်ဘာသာ သွား၍ ကြည့်လော့၊ သို့မဟုတ် သင့်ဘာသာ ဤအရာကို သွား၍ ကြုံတွေ့လော့။ ရိုးသားခြင်းကို သင် လက်တွေ့လုပ်ဆောင်လျှင်သာ သင်၏ စိတ်နှလုံး ဖွင့်ဟနိုင်ပြီး၊ သင်၏ စိတ်နှလုံး ဖွင်ဟလိုက်သည်နှင့်တစ်ပြိုင်နက်မှသာ သမ္မာတရားက သင့်အထဲသို့ ဝင်ရောက်နိုင်ကာ၊ ၎င်းကြောင့် ယင်းကို သင် နားလည်နိုင်ပြီး ရရှိနိုင်သည်။ သင်၏ စိတ်နှလုံးက အမြဲပိတ်ထားပြီး၊ မည်သူ့ကိုမျှ မှန်မှန်ကန်ကန် ဘယ်သောအခါမျှ သင် မပြောဆိုဘဲ သင်သည် အစဉ် ကွေ့လည်ကြောင်ပတ် လုပ်နေပြီး ရှောင်တိမ်းနေလျှင် သင်၏ ထိုရှောင်တိမ်းမှုဟူသမျှမှ မည်သည့်အရာ လာမည်နည်း။ နောက်ဆုံးတွင် သင်သည် ကိုယ့်ကိုယ်ကိုယ် ပျက်စီးစေလိမ့်မည်ဖြစ်ပြီး၊ မည်သည့်သမ္မာတရားများကိုမျှ သင် နားလည်သဘောပေါက်ခြင်း သို့မဟုတ် ရရှိခြင်း တတ်စွမ်းနိုင်လိမ့်မည် မဟုတ်ပေ။(နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ စာအုပ်ထဲရှိ “ဘဝတွင် တိုးတက်ခြင်း၏ အညွှန်းခြောက်ခု”) အမှန်တရားကို နားလည်တာက ဘယ်အရာမဆိုထက်၊ ကျွန်မရဲ့ ဂုဏ်နဲ့ ဝင့်ဝါမှုထက် ပိုအရေးကြီးမှန်း ဒါက ကျွန်မကို ပြခဲ့တယ်။ သမ္မာတရားကို ရရှိဖို့၊ ရိုးသားခြင်းနဲ့ ကျွန်မ စရမှာပါ။ တစ်ကတစ်ဖြစ်ပြီး နှစ်ကနှစ်ဖြစ်တယ်— ဟန်ဆောင်တာ၊ လှည့်စားတာ မရှိရတော့ဘူး။ တော်တော်လေးကြာ၊ ကျွန်မ ဟန်ဆောင်နေမိခဲ့တယ်၊ တခြားလူတွေကို လှည့်ဖြားနေမိခဲ့တယ်။ ကျွန်မမှာ ကောင်းမွန်တဲ့ သိနားလည်မှုရှိပြီး အင်္ဂလိပ်လို ကောင်းကောင်း‌ပြောနိုင်တယ်လို့ သူတို့ထင်ပြီးတော့ ကျွန်မကို ဆက်ချီးမွမ်းအောင်လို့ ကိုယ်မိတ်သဟာယပြုချင်တာကို ချရေးခဲ့တယ်။ ကျွန်မက အပြစ်နဲ့ ပူပန်သောကနဲ့ ပွထနေခဲ့ပေမဲ့၊ ညီအစ်ကို မောင်နှမတွေဆီ ဖွင့်ပြောဖို့ သတ္တိမရှိခဲ့ဘူး။ ကျွန်မရဲ့ ချွတ်ယွင်းချက်တွေကို မမြင်စေချင်သလို ကျွန်မကို အထင်မသေးစေချင်ဘူး၊ ကျွန်မက လူလိမ်တစ်ယောက်ပဲလို့ မပြောစေချင်ဘူး။ သူတို့ကို အမှန်ပြောတာထက် အဖွဲ့ကို စွန့်ခွာလိုက်တာကိုတောင် ပိုနှစ်သက်ခဲ့တယ်။ ကျွန်မ တကယ်ကို ဉာဏ်များနေခဲ့တာပါ။ အရမ်းကို ဝမ်းနည်းညှိုးငယ်တာဟာ စာတန်က ကျွန်မကို အန္တရာယ်ပြုနေတာ၊ ကျွန်မရဲ့ အသက်ဝင်ရောက်မှုမှာ ကျွန်မကို ဆွဲထားတာ သေချာမှန်း ကျွန်မ သဘောပေါက်ခဲ့တယ်။ ကျွန်မကို ဖျက်တောင်ဖျက်ဆီးသွားနိုင်တယ်။ ကျွန်မအနေနဲ့ ရိုးသားမှုတချို့ တကယ် လက်တွေ့လုပ်ဆောင်နိုင်အောင် ကျွန်မစိတ်နှလုံးထဲမှာ တကယ်ရှိတဲ့အရာကို တခြားလူတွေဆီပြောဖို့ သတ္တိရှိသင့်တယ်။ အမှန်တရားကို ပြောဖို့ ဘယ်လောက်ပဲ ကသိကအောက်ဖြစ်ရပါစေ၊ ကိစ္စတွေကို မမှန်ကန်တဲ့ နည်းလမ်းနဲ့ လုပ်နေတာကနေ ခွာရမယ်ဆိုတာ သိခဲ့တယ်။ ဘုရားက ဖြောင့်မတ်သူတွေကို နှစ်သက်ပြီး ကောက်ကျစ်တဲ့လူတွေကို စက်ဆုပ်တယ်။ ကျွန်မ ဆက်ဟန်ဆောင်နေရင်၊ တခြားလူတွေကို မမှန်တဲ့ ထင်မြင်ချက်တွေ ပေးပြီး မပွင့်မလင်းဖြစ်နေရင်၊ အမှောင်ထဲမှာ ဆက်ရှင်သန်နေမိမှာဖြစ်ပြီး သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ အလုပ်ကို လုံးဝ ရမှာမဟုတ်ဘူး။ သမ္မာတရားကို ကျွန်မ လုံးဝ ရမှာမဟုတ်ဘူး။ ကျွန်မထဲက ဒီလှည့်စားမှုကို ဖြေရှင်းဖို့ ကျွန်မကို ကူညီနိုင်အောင် ဘုရားဆီ ကျွန်မ ကိုယ့်ကိုယ်ကိုယ် ဖွင့်ဟရမယ်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး ရိုးသားသူဖြစ်အောင် ကျွန်မကို လမ်းပြဖို့ ဘုရားဆီတောင်းလျှောက်ရင်းနဲ့ ဆုတောင်းခဲ့တယ်။

နောက်ပိုင်းမှာ၊ ကျွန်မတို့ခေါင်းဆောင် အစ်မ ကော်နီဆီ ကျွန်မ ဖွင့်ပြောလိုက်တယ်။ အဖွဲ့ကို ကျွန်မ စွန့်ခွာပြီး ကိုယ့်အကောင့်ကို ပိတ်လိုက်ရတဲ့ အကြောင်းရင်းကို ပြောပြခဲ့တယ်။ ကျွန်မ ပြောတာကြားပြီးတဲ့နောက်၊ အစ်မကော်နီက ပြောတယ်။ “အဲဒီအတွက် ညီမကို အစ်မ လုံးဝ အထင်မသေးသလို၊ ညီမရဲ့ ရိုးသားမှုကို တကယ် အသိအမှတ်ပြုပါတယ်”တဲ့။ သူအဲဒီလိုပြောတာ ကြားတော့ ကျွန်မ အရမ်းကို စိတ်သက်သာရာရသွားတယ်။ ရိုးသားတယ်ဆိုတာ ဘယ်လောက်ကောင်းမှန်း ကျွန်မ တကယ် တွေ့ကြုံခဲ့ရတယ်။ ဒီရိုးသားမှုက ကျွန်မရဲ့ ပူပန်သောက အားလုံးကနေ လွတ်မြောက်စေခဲ့ပြီး၊ ကျွန်မရဲ့ မမှန်တဲ့ အမြင်တွေကို ပြင်ခွင့်ပေးခဲ့တယ်။ အကြံတချို့ကိုလည်း သူပေးခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်တွေအပေါ် ကျွန်မရဲ့ သိနားလည်မှုကို ဝေမျှနေတဲ့အချိန်မှာ တကယ်ကို ပြေပြေပြစ်ပြစ် ပြောဖို့၊ ဒါမှမဟုတ် ဘယ်အဆင့်မြင့်တဲ့ သီအိုရီမျိုးကိုမှ ဝေမျှစရာမလိုဘူးဆိုတာကိုပေါ့။ စိတ်နှလုံးကနေ လာဖို့၊ ရိုးသားဖို့က လုံလောက်ပါတယ်ပေါ့။ အဲဒါက ဘုရားကို ဝမ်းမြောက်စေတယ်။ သူ့အကြံပြုချက်ကို ကျွန်မယူပြီး လက်တွေ့လုပ်ဆောင်ဖို့ အသင့်ဖြစ်ခဲ့တယ်။

နောက်ပိုင်းမှာ၊ နောက်ထပ် ညီအစ်မတစ်ယောက်က ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ် ပို့ပေးတယ်။ “သမ္မာတရားကို ရှာဖွေရမည့်အစား လူအများစုတွင် ၎င်းတို့၏ ကိုယ်ပိုင်သေးနုပ်သော လုပ်ငန်းစဉ်များရှိသည်။ ၎င်းတို့ကိုယ်တိုင်၏ အကျိုးစီးပွားများ၊ ဂုဏ်သိက္ခာ၊ အခြားသူများ၏ အမြင်တွင် ၎င်းတို့ရှိနေသည့်နေရာ၊ သို့မဟုတ် အဆင့်အတန်းတို့သည် ၎င်းတို့အတွက် အလွန်အရေးကြီးသည်။ ၎င်းတို့ မြတ်နိုးသည်မှာ ဤအရာများသာဖြစ်သည်။ အသက်နှင့်အမျှ ဖက်တွယ်ထားကြသည်။ ၎င်းတို့ကို ဘုရားသခင်က မည်သို့မြင်သည်၊ သို့မဟုတ် သဘောထားသည်မှာ သာမည အရေးကြီးသောအရာ ဖြစ်သည်။ အချိန်တစ်ခဏတွင် ၎င်းတို့သည် ယင်းကို လျစ်လျူရှုကြသည်။ အချိန်တစ်ခဏတွင် ၎င်းတို့သည် အဖွဲ့၏ အကြီးအကဲဖြစ်ခြင်းရှိမရှိ၊ အခြားလူတို့သည် ၎င်းတို့ကို အထင်ကြီးလေးစားပြီး ၎င်းတို့ပြောသည့်အရာကို နားထောင်ခြင်း ရှိမရှိကိုသာ စဉ်းစားသည်။ ဤအရာတို့သည် ၎င်းတို့အတွက် အဓိကအရေးကြီးသောအရာများဖြစ်သည်။ ၎င်းတို့သည် အဖွဲ့တစ်ခုတွင် ရှိသောအခါ လူအားလုံးနီးပါးက ဤအဆင့်အတန်းမျိုး၊ ဤအခွင့်အလမ်းမျိုးကို ရှာဖွေကြသည်။ ၎င်းတို့က အလွန်ပါရမီရှိပါက၊ အကြီးဆုံးသောသူဖြစ်ချင်ကြသည်မှာ အမှန်ဖြစ်၏။ ၎င်းတို့သည် အလယ်အလတ် အရည်အချင်းရှိလျှင် အဖွဲ့ထဲက အခြားအလယ်အလတ်လူများထက် ပိုမြင့်သော နေရာတွင် ရှိချင်ကြဆဲဖြစ်သည်။ ၎င်းတို့သည် အဖွဲ့တွင် နိမ့်သည့်နေရာ၌ရှိပြီး ပုံမှန်အစွမ်းအစနှင့် အရည်အချင်းရှိလျှင် ၎င်းတို့သည်သူတစ်ပါးက ၎င်းတို့အား အထင်ကြီး လေးစားသည်ကိုလည်း လိုချင်ကြလိမ့်မည်၊ မိမိတို့ကို အခြားသူများ အထင်သေးစေချင်ကြမည် မဟုတ်ပေ။ ဤလူတို့၏ ဂုဏ်သိက္ခာသည် ၎င်းတို့ သတ်မှတ်ထားသည့် စံနှုန်းဖြစ်သည်။ ဤအရာတို့ကို ၎င်းတို့က ကိုင်စွဲထားရသည်။ ၎င်းတို့တွင် သမာဓိမရှိနိုင်ကြပေ။ ဘုရားသခင်၏ လက်ခံမှု၊ သို့မဟုတ် သဘောတူညီမှုကို မပိုင်ဆိုင်နိုင်ကြပေ။ သို့သော် အဖွဲ့တစ်ခုတွင် ၎င်းတို့သည် ဂုဏ်၊ အဆင့်အတန်းနှင့် အခြားသူများ၏ လေးစားမှုကိုရဖို့အတွက် ယှဉ်ပြိုင်ပြီး ခုတုံးလုပ်ရန် အခွင့်အရေးကို မည်သည့်အခါမျှ မလွတ်ကြချေ။ ဤသည်မှာ စာတန်၏ စိတ်သဘောထားဖြစ်သည်။ လူအများစုသည် ဤအရာကို သတိမပြုမိကြပေ။ ၎င်းတို့သည် အဆုံးထိ ဤသိက္ခာ တစ်ပိုင်းတစ်စကို ဖက်တွယ်ထားရမည်ဆိုသည်မှာ ၎င်းတို့၏ ယုံကြည်မှုဖြစ်သည်။ ဤ အချည်းနှီးဖြစ်ပြီး အပေါ်ယံဖြစ်သော အရာများကို အပြည့်အဝ စွန့်လွှတ်ပြီး ဘေးဖယ်လိုက်သည့်အခါမှသာ ၎င်းတို့သည် စိတ်ဓာတ်ကြံ့ခိုင်မှု ရှိသောသူများဖြစ်လိမ့်မည်ကို ၎င်းတို့ သတိမပြုမိကြပေ။ ဂုဏ်အဆင့်အတန်းကို ၎င်းတို့၏ဘဝ ဖြစ်စေသောသူတို့သည် ၎င်းတို့၏ ဘဝကို ဆုံးရှုံးရသည်။ မည်သည့်အရာကို ဆုံးရှုံးရတော့မည်ကို ၎င်းတို့ မသိကြပေ။ ထို့ကြောင့် ၎င်းတို့ ပြုမူဆောင်ရွက်သောအခါတွင် တစ်စုံတစ်ခုကို အစဉ်သဖြင့် ပြန်စွဲကိုင်ထားသည်။ မိမိတို့၏ ကိုယ်ပိုင်ဂုဏ်နှင့် အဆင့်အတန်းကို ကာကွယ်ရန် အစဉ် ကြိုးစားကြသည်။ ၎င်းတို့ကိုယ်တိုင်၏ ရည်ရွယ်ချက်ပန်းတိုင်များအတွက်သာ ပြောဆိုလျက် ၎င်းတို့၏ ကိုယ်ပိုင်အတုအယောင်ကာကွယ်မှုအတွက် ဤအရာတို့ကို ဦးစားပေးကြသည်။ ၎င်းတို့လုပ်သမျှ အရာရာတိုင်းသည် ၎င်းတို့ကိုယ်တိုင်အတွက်ဖြစ်သည်။ ထင်ပေါ်သည့်အရာ မှန်သမျှဆီသို့ ၎င်းတို့က အပြေးအလွှားသွားကြပြီး ၎င်းတို့က ထိုအရာနှင့်သက်ဆိုင်သည်ကို လူတိုင်းအား သိစေကြသည်။ အမှန်တကယ်တွင် ယင်းမှာ ၎င်းတို့နှင့် မည်သို့မျှ မသက်ဆိုင်ပေ။ သို့သော် ၎င်းတို့သည် မည်သည့်အခါမျှ အနောက်တွင် မကျန်ရစ်ခဲ့လိုပေ။ ၎င်းတို့ကို အခြားလူများက အထင်သေးကြမည်ကို အစဉ် ကြောက်ရွံ့ကြသည်။ ၎င်းတို့သည် အချည်းနှီးဖြစ်သည်၊ မည်သည့်အရာကိုမျှ လုပ်နိုင်စွမ်းမရှိ၊ မည်သည့်ကျွမ်းကျင်မှုမျှမရှိဟု အခြားလူတို့က ပြောမည်ကို ၎င်းတို့က အစဉ်သဖြင့် ကြောက်ရွံ့ကြသည်။ ဤအရာအားလုံးကို ၎င်းတို့၏ ဆိုးယုတ်သော စိတ်သဘောထားများက ညွှန်ကြားထားသည် မဟုတ်သလော။ သင်သည် ဤအရာအားလုံးတို့ကို စွန့်လွှတ်နိုင်သည့်အခါ၊ စိတ်ထဲတွင် ပို၍ သက်သောင့်သက်သာရှိပြီး လွတ်လပ်လိမ့်မည်။ သင်သည် ရိုးသားခြင်းသို့ ဦးတည်သည့်လမ်းကြောင်းပေါ်တွင် ခြေချမိလိမ့်မည်။ သို့သော် လူများစွာအတွက် ဤသည်မှာ ရရှိရန် မလွယ်ကူပေ။ ကင်မရာပေါ်လာသောအခါတွင် ၎င်းတို့သည် အရှေ့သို့ အလုအယက်တိုးဝှေ့ကြသည်။ ကင်မရာရှေ့တွင် ၎င်းတို့၏မျက်နှာ ထားရသည်ကို နှစ်သက်ကြသည်။ ပို၍ပါဝင်လေလေ ကောင်းလေလေဖြစ်သည်။ လုံလောက်စွာ ပါဝင်ခြင်းမရှိမည်ကို ကြောက်ရွံ့ကြပြီး ပါဝင်ရရန် အခွင့်အရေးအတွက် မည်သည့်အဖိုးအခကိုမဆို ပေးကြလိမ့်မည်။ ဤအရာအားလုံးကို ၎င်းတို့၏ ဆိုးယုတ်သော စိတ်သဘောထားက ညွှန်ကြားသည်မဟုတ်သလော။ (ဟုတ်သည်။) ဤအရာတို့သည် ၎င်းတို့၏ ဆိုးယုတ်သော စိတ်သဘောထားများဖြစ်သည်။ ဤသို့ဆိုလျှင် သင်သည် ပါဝင်ရသည်။ ပြီးနောက်တွင် ဘာဖြစ်သနည်း။ လူတို့သည် သင့်ကို အထင်ကြီးကြသည်။ ထိုအခါ ဘာဖြစ်သနည်း။ ၎င်းတို့က သင့်ကို ကြည်ညိုကြသည်။ ထိုအခါ ဘာဖြစ်သနည်း။ ဤအရာတစ်ခုတလေက သင်သည် သမ္မာတရားရှိသည်ဟု သက်သေပြသလော။ ဤအရာထဲမှ မည်သည့်အရာကမျှ တန်ဖိုးတစ်ခုတစ်လေ မရှိပေ။ ဤအရာတို့ကို သင်ကျော်လွှားနိုင်သောအခါ၊ ယင်းတို့ကို သင်စိတ်မဝင်စားသောအခါ၊ အရေးကြီးသည်ဟု မခံစားရတော့သောအခါ၊ သိက္ခာ၊ မာန၊ အဆင့်အတန်းနှင့် သင့်အပေါ် အခြားလူတို့က ထင်မြင်သည့်အရာတို့သည် သင်၏တာဝန်ကို သင်ထမ်းဆောင်ပုံကိုမဆိုထားနှင့်၊ သင်၏ အတွေးများနှင့် အပြုအမူကိုပင် ထိန်းချုပ်မှုမရှိသောအခါတွင် သင်၏တာဝန်အပေါ် သင်၏ စွမ်းဆောင်မှုသည် အစဉ်ပို၍ ထိရောက်လိမ့်မည်ဖြစ်ပြီး အစဉ်ပို၍ ဖြူစင်လိမ့်မည်။(နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ စာအုပ်ထဲရှိ “သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းအားဖြင့်သာ ပုံမှန်လူသားသဘာဝကို ပိုင်ဆိုင်နိုင်သည်”) ဒီအပိုဒ်မှာ လူတွေက သူတို့ဂုဏ်နဲ့ အဆင့်အတန်းကို သူတို့ဘဝတွေထက် ပိုတန်ဖိုးထားပုံနဲ့ တစ်ခုခုနဲ့ ရင်ဆိုင်ရတဲ့အခါ သူတို့ ပထမဆုံးတွေးမိတာက ဘုရားရဲ့ အလိုတော် မဟုတ်ဘဲ၊ သူတို့ရဲ့ ဂုဏ်သတင်း၊ ဝင့်ဝါမှုနဲ့ ရာထူးဖြစ်မှန်း ဘုရားက ဖော်ထုတ်တယ်။ ဘုရားက ကျွန်မတို့ကို ဟန်မဆောင်စေချင်ဘူး၊ ပြီးတော့ ကျွန်မတို့ရဲ့ ဂုဏ်သတင်းကို ဦးစားပေးတာ၊ လူတွေကြားမှာ ကျွန်မတို့အဆင့်အတန်းကို လိုက်စားတာ မဖြစ်စေချင်ဘူး။ အဲဒါက ဘုရားရဲ့လက်ခံမှုကို ရရှိဖို့ ကျွန်မတို့ကို ကူညီတဲ့အရာမဟုတ်သလို၊ ကျွန်မတို့ရဲ့ စိတ်သဘောထားတွေ ပြောင်းလဲဖို့၊ ကယ်တင်ခံရဖို့ မကူညီနိုင်ဘူး။ နာမည်နဲ့ အဆင့်အတန်းတွေက ကျွန်မတို့ကို ချည်နှောင်ဖို့ စာတန်သုံးတဲ့ နှောင်ကြိုးတွေဖြစ်ပြီး၊ ဒါတွေကို လိုက်စားတာက ကျွန်မကို ပိုပိုပြီး ဂုဏ်မောက်၊ ဉာဏ်များစေတယ်။ အဲဒီလိုနဲ့ ဘုရားရဲ့ လမ်းပြမှုကို ကျွန်မတို့ ဆုံးရှုံးပြီး နောက်ဆုံးမှာ သူ့ရဲ့ ကယ်တင်ခြင်းကို ဆုံးရှုံးကြမှာပဲ။ ဘုရားက ကောက်ကျစ်တဲ့လူတွေကို မနှစ်သက်သလို၊ သူ့ရဲ့ လက်ခံမှု ဒါမှမဟုတ် တခြားလူတွေရဲ့ လေးစားမှုကိုရဖို့ လူတွေကို မလှည့်ဖြားစေချင်ဘူး။ သမ္မာတရားကို လိုက်စားပြီး၊ ရိုးသားသူတွေ ဖြစ်အောင် ကျွန်မတို့ရဲ့ ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို လက်လွှတ်စေချင်တယ်။ ဘုရားရှေ့မှာဖြစ်စေ၊ တခြားလူတွေရှေ့မှာ ဖြစ်စေ၊ ကျွန်မတို့ လှည့်ဖြားလို့၊ မရိုးမသားဖြစ်လို့ မရဘူး။ ကျွန်မရဲ့ ရုန်းကန်မှုတွေကို တခြားလူတွေဆီ ကျွန်မ ဖွင့်ပြောပြီး ဝေမျှဖို့ အကြိမ်ကြိမ် အရေးနိမ့်ခဲ့တယ်။ ဘာလို့လဲဆိုတော့ ကျွန်မရဲ့ ဂုဏ်နဲ့ ဝင့်ဝါမှုအတွက် ကျွန်မ အရမ်းပူပန်နေခဲ့မိလို့ပဲ။ ဆိုးယုတ်တဲ့ စိတ်သဘောထားရဲ့ လက်ခုပ်ထဲမှာ အခိုင်အမာရှိရင်းနဲ့ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်နိုင်ခဲ့ဘူး။ ဂုဏ်နဲ့ အဆင့်အတန်းအတွက် ကျွန်မရဲ့ အလိုဆန္ဒက အရမ်းအားကောင်းခဲ့တယ်။

နောက်ပိုင်းမှာ အစ်မက ကျွန်မကို နောက်ထပ် နှုတ်ကပတ်တော်တွေ ပို့ပေးခဲ့တယ်၊ အဲဒါက အထူးသဖြင့် ကျွန်မအတွက် အထောက်အကူပြုတဲ့ ကျမ်းပိုဒ်ပါပဲ။ “ယင်းကို ယခု သင်ကြည့်သည့်အခါ အကူအညီလေးများ အသုံးပြုခြင်း၊ သို့မဟုတ်၊ ဝါကြွားခြင်း၊ သို့မဟုတ် လူများကို အတွေးမှားများဖြင့် လှည့်စားခြင်း နည်းလမ်းများကို လက်တွေ့အကောင်အထည်ဖော်သည့် လူတစ်ဦးသည် အကျိုးအမြတ်မည်မျှနှင့် စိတ်ကျေနပ်မှုမည်မျှကို အပြင်ပန်းတွင် ရရှိထားပုံရသော်လည်း ယင်းသည် လျှောက်ဖို့ ကောင်းမွန်သည့် လမ်းကြောင်း တစ်ခုဖြစ်သည်ဟု သင်ဆိုမည်လော။ ယင်းသည် သမ္မာတရားကို လိုက်စားခြင်း လမ်းကြောင်းတစ်ခု ဖြစ်သလော။ ယင်းသည် လူတစ်ဦး၏ ကယ်တင်ခြင်းကို ဖြစ်စေနိုင်သည့် လမ်းကြောင်းတစ်ခု ဖြစ်သလော။ အလွန် သိသာရှင်းလင်းစွာပင် မဟုတ်ပေ။ ဤနည်းစနစ်များနှင့် လှည့်စားမှုများသည် ၎င်းတို့အား မည်သို့ ထူးထူးခြားခြား လှည့်စားသွားပါစေ၊ ဘုရားသခင်ကို မလှည့်စားနိုင်ဘဲ၊ ထိုသို့သော အပြုအမူများ၏နောက်တွင် ကွယ်ဝှက်ထားသည်မှာ သူ့ကို ဆန့်ကျင်လိုစိတ်၏ တစ်ကိုယ်ရေ ရည်မှန်းချက်အပြင် သဘောထားတစ်မျိုးနှင့် အနှစ်သာရတစ်မျိုးတို့ ဖြစ်သောကြောင့် အဆုံးသတ်တွင် ယင်းတို့အားလုံးကို ဘုရားသခင်က ပြစ်တင်ရှုတ်ချပြီး စက်ဆုပ်လေသည်။ စိတ်ထဲတွင် ဘုရားသခင်သည် ထိုသို့သော လူတစ်ဦးအား မိမိ၏တာဝန်ကို ဖြည့်ဆည်းသူတစ်ဦး အနေဖြင့် မည်သည့်အခါမျှ လုံးဝမြင်မည် မဟုတ်ဘဲ ထိုအစား ၎င်းတို့ကို မကောင်းမှုပြုသူအဖြစ် သတ်မှတ်လိမ့်မည်။ မကောင်းမှုပြုသူများကို ကိုင်တွယ်ဖြေရှင်းသည့်အခါ ဘုရားသခင်၏ သုံးသပ်ချက်သည် အဘယ်နည်း။ ‘အဓမ္မအမှုကို ပြုသောသူတို့၊ ငါ့ထံမှ ဖယ်ကြ။’ ဘုရားသခင်က ‘ငါ့ထံမှ ဖယ်ကြ’ ဟု ပြောသည့်အခါ သူသည် လူများကို စာတန်ထံသို့၊ စာတန်နေထိုင်သည့်နေရာသို့ စေလွှတ်နေခြင်းဖြစ်ပြီး ၎င်းတို့ကို သူအလိုမရှိတော့ခြင်း ဖြစ်သည်။ ၎င်းတို့ကို အလိုမရှိဆိုသည်မှာ သူသည် ၎င်းတို့ကို ကယ်တင်မည်မဟုတ်ဟု ဆိုလိုသည်။ သင်သည် ဘုရားသခင်၏ နောက်လိုက်များထဲမှ တစ်ဦးဖြစ်ဖို့ နေနေသာသာ၊ ဘုရားသခင်၏ သိုးစုထဲမှ တစ်ဦးပင် မဟုတ်ပါက သူကယ်တင်မည့်သူများထဲတွင် သင်မပါပေ။ ဤသည်မှာ ထိုသို့သော လူတစ်ဦးကို သတ်မှတ်သည့် ပုံစံဖြစ်သည်။(အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “လူတို့ကို စည်းရုံးရန် ၎င်းတို့ကြိုးစားကြသည်”) ဘုရားနှုတ်ကပတ်တော်တွေကနေ တချို့လူတွေက လူတွေရဲ့ စိတ်နှလုံးထဲက နေရာကို ခိုးဖို့ သူတော်ကောင်းယောင်ဆောင်ပြီး ဟန်ဆောင်ကြတာကို မြင်ရတယ်။ တခြားလူတွေရဲ့ ရိုသေမှုကို သူတို့ ရပုံပေါ်ပြီး သူတို့ရဲ့ ရည်မှန်းချက်နဲ့ ဆန္ဒတွေ ပြည့်သွားပုံပေါ်ကြတယ်။ ဒါပေမဲ့ နောက်ဆုံးမှာ သူတို့ ဘာရလဲ။ လူတွေကို ခဏ လှည့်စားနိုင်ပေမဲ့ ဘုရားကို သူတို့ လှည့်စားလို့မရဘူး။ ကျွန်မတို့ နှလုံးနဲ့ စိတ်တွေကို ဘုရားမြင်ပြီး၊ နောက်ဆုံးမှာ ဘုရားရဲ့ ကယ်တင်ခြင်းရဖို့ သူတို့ရဲ့ အခွင့်အရေး ဆုံးရှုံးသွားကြသလို၊ သမ္မာတရား ဒါမှမဟုတ် ဘုရားရဲ့လက်ခံမှုကို လုံးဝ မရနိုင်ကြဘူး။ ဘုရားနှုတ်ကပတ်တော်တွေက ရှင်းတယ်။ သမ္မာတရား မလိုက်စားသလို သူတို့ရဲ့ ကိုယ်ပိုင် အယူအဆတွေကို သိုထားသူတွေ၊ တခြားလူတွေရဲ့ နှလုံးသားထဲက နေရာတစ်ခု ခိုးချင်သူတွေကို ဘုရား မုန်းတယ်။ အဲဒီလူတွေကို မကောင်းမှုပြုသူတွေအဖြစ် မြင်ပြီး၊ သူတို့လုပ်တဲ့ တာဝန်တွေကို သူ အသိအမှတ်မပြုဘူး။ ဒီအရာကြောင့် ကျွန်မ လန့်သွားတယ်။ ဘုရားက ကျွန်မကို စွန့်ပစ်လိုက်မှာ၊ သူ ကျွန်မကို စာတန်ဆီ နှင်ထုတ်လိုက်ပြီး သူ့ရဲ့ ကယ်တင်ခြင်း ဆုံးရှုံးသွားမှာကို ကျွန်မ ကြောက်တယ်။ လမ်းမှားကို ကျွန်မ တကယ်လျှောက်ခဲ့မိပြီမှန်း သဘောပေါက်လိုက်တယ်။ ကျွန်မရဲ့ အတွေးနဲ့ လုပ်ရပ်တွေအားလုံးက တခြားလူတွေရဲ့ ချီးမွမ်းတာ၊ လေးစားတာ ခံရဖို့အတွက်ဖြစ်ခဲ့တယ်။ ဘုရားရဲ့ အလိုတော် ဒါမှမဟုတ် အဲဒီလိုပြုမူတာကနေ ကျွန်မ နောက်ဆုံးဘာကို ရမယ်ဆိုတာကို လုံးဝ ထည့်မတွက်ခဲ့ဘူး တချို့လူတွေရဲ့ စိတ်နှလုံးကို ကျွန်မ ရခဲ့ရင်တောင်၊ ဘုရားကို ဆန့်ကျင်တဲ့ လမ်းကြောင်းပေါ် ရှိနေခဲ့လို့ သမ္မာတရားကို လုံးဝ ရမှာ မဟုတ်ဘူး။ အဲဒီလမ်းပေါ် ဆက်ရှိနေခဲ့ရင်၊ နောက်ဆုံးမှာ ကျွန်မ ပျက်စီးသွားမှာပဲ။ ဒီအတွေးနဲ့ ကျွန်မ လုပ်နေခဲ့တဲ့အရာကို ဘုရားမုန်းသလို၊ အဲဒါက သူ ကျွန်မကို လိုက်စားစေချင်ခဲ့တဲ့အရာ မဟုတ်မှန်း ကျွန်မ သိခဲ့တယ်။ ကျွန်မရဲ့ ခံစားချက်တွေကို ငြိမ်အောင်မလုပ်နိုင်ခဲ့ဘူး။ ကျွန်မ တကယ် ပြောင်းလဲပြီး၊ အဲဒီအခြေအနေကနေ လွတ်ချင်တယ်၊ ကိုယ့်အရှိအတိုင်းနေပြီး၊ ထပ်ပြီး လုံးဝ မလှည့်ဖြားချင်တော့ဘူး။

နောက်ပိုင်းမှာ၊ အစ်မကော်နီက ကျွန်မအနေနဲ့ အေးချမ်းမှုနဲ့ ဝမ်းမြောက်မှု တချို့ ခံစားလို့ရအောင် မိတ်သဟာယ ဝေမျှဖို့နဲ့ တခြားလူတွေကို ဖွင့်ပြောဖို့၊ ရိုးသားဖို့ အားပေးခဲ့တယ်။ ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးခြင်းနဲ့ အမှားတွေအကြောင်း ညီအစ်ကို မောင်နှမတွေဆီ ဖွင့်ပြောဖို့ဆိုတဲ့ အတွေးမှာ ကျွန်မ တကယ်ကို ချီတုံချတုံ ဖြစ်သွားတယ်။ နောက်တော့ ဘုရားနှုတ်ကပတ်တော် နောက်တစ်ပိုဒ် တွေ့ရတယ်။ “ယင်းမှာ မည်သည့်ပြဿနာပင်ဖြစ်ပါစေ ဖြစ်ပေါ်လာသည့် မည်သည့်ပြဿနာကိုမဆို ဖြေရှင်းဖို့ သင် သမ္မာတရားကို ရှာဖွေရမည်ဖြစ်ပြီး မည်သည့်နည်းလမ်းနှင့်မျှ သင်ဟန်မဆောင်ရ၊ သို့မဟုတ် အခြားသူများအတွက် အယောင်ဆောင်မလှည့်စားရ။ သင်၏အားနည်းချက်များ၊ သင်၏ချို့ယွင်းချက်များ၊ သင်၏အမှားများ၊ သင်၏ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ— ယင်းတို့အားလုံးနှင့်ပတ်သက်၍ လုံးဝ ပွင့်ပွင့်လင်းလင်းရှိပြီး မိတ်သဟာယပြုလော့။ ယင်းတို့ကို အတွင်း၌ မသိမ်းထားနှင့်။ သင့်ကိုယ်သင် မည်သို့ဖွင့်ဟဖို့ကို သင်ယူခြင်းသည် သမ္မာတရားသို့ ဝင်ရောက်ခြင်း၏ ပထမခြေလှမ်းဖြစ်ပြီး၊ ယင်းမှာ အောင်နိုင်ဖို့ အခက်ဆုံးဖြစ်သည့် ပထမဆုံး အခက်အခဲတစ်ခုဖြစ်သည်။ ယင်းကို သင်အောင်နိုင်ပြီးသည်နှင့်၊ သမ္မာတရားကို ဝင်ရောက်ခြင်းသည် လွယ်ကူပေသည်။ ဤအဆင့်ကိုလှမ်းဖို့ဟူသည်မှာ သင်၏စိတ်နှလုံးကို ဖွင့်ပြီး ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ၊ အပြုသဘောဆောင်သည်ဖြစ်စေ၊ အပျက်သဘောဆောင်သည်ဖြစ်စေ သင့်၌ရှိသမျှ အားလုံးကို ပြခြင်းဖြစ်သည်။ ဘုရားသခင်ထံမှ မည်သည့်အရာမျှ မကွယ်ဝှက်ဘဲ၊ မည်သည့်အရာမျှ မဖုံးကွယ်ဘဲ၊ လှည့်စားမှုနှင့် လှည့်ကွက်ကင်းကာ၊ အခြားသူများကို အလားတူ ပွင့်လင်းပြီး ရိုးသားရင်း၊ အခြားသူများနှင့် ဘုရားသခင် မြင်ဖို့ရာ သင့်ကိုယ်သင် ထုတ်ဖော်ပြခြင်း ဖြစ်သည်။ ဤနည်းအားဖြင့် သင်သည် အလင်းတွင် အသက်ရှင်ပြီး ဘုရားသခင်က သင့်ကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးမည်သာမက၊ အခြားသူများကလည်း သင်သည် အခြေခံသဘောတရားနှင့်အညီ၊ ပွင့်လင်းမြင်သာသည့် အတိုင်းအတာတစ်ခုဖြင့် ပြုမူကြောင်း မြင်နိုင်လိမ့်မည်။ သင်သည် မည်သည့်အရာကိုမျှ ဖုံးကွယ်စရာ မလိုအပ်ပေ၊ မည်သည့်ပြုပြင်မွမ်းမံခြင်းမျှ ပြုစရာ မလိုအပ်ပေ၊ သို့မဟုတ် သင်၏ကိုယ်ပိုင်ဂုဏ်သတင်း၊ မိမိကိုယ်ကို လေးစားမှုနှင့် ဂုဏ်အဆင့်အတန်းတို့အတွက် မည်သည့်လှည့်ကွက်ကိုမျှ အသုံးပြုရန် မလိုအပ်ပေ၊ ပြီးလျှင် ဤအရာက သင်ပြုပြီးဖြစ်သည့် မည်သည့်အမှားနှင့်မဆိုလည်း သက်ဆိုင်ပေသည်။ ထိုသို့သော အဓိပ္ပာယ်မရှိသည့်အလုပ်သည် မလိုအပ်ပေ။ သင်သည် မလုပ်ဆောင်လျှင်၊ သင်သည် လွယ်ကူစွာနှင့် မမောမပန်းဘဲ အလင်း၌ လုံးလုံး အသက်ရှင်လိမ့်မည်။ ထိုသို့သောလူများသာလျှင် ဘုရားသခင်၏ချီးမွမ်းခြင်းကို ရရှိနိုင်ပေသည်။ ပြီးလျှင် သင်၏ အတွေးများနှင့် အယူအဆများအား မည်သို့ ခွဲခြမ်းစိစစ်ရမည်ကို သင်သည် သင်ယူရမည်။ သင် လုပ်ဆောင်နေသည့် မှားယွင်းသော မည်သည့်အရာကိုမဆို၊ ပြီးလျှင် ဘုရားသခင် နှစ်သက်လိမ့်မည်မဟုတ်သည့် သင်၏ မည်သည့်အပြုအမူများကိုမဆို သင် ချက်ချင်း ပြောင်းပြန်လှန်ပစ်ပြီး ပြုပြင်နိုင်သင့်ပေသည်။ ထိုအရာများကို ပြုပြင်ခြင်း၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ ယင်းမှာ သင့်အတွင်းရှိ စာတန်နှင့်သက်ဆိုင်သော အရာများကို ငြင်းပယ်ပြီး ၎င်းတို့ကို သမ္မာတရားနှင့် အစားထိုးနေစဉ်တွင်၊ သမ္မာတရားကို လက်ခံပြီး စတင် နားလည်သဘောပေါက်ဖို့ ဖြစ်သည်။ ကလိမ်ကကျစ်ကျခြင်းနှင့် လှည့်ဖြားခြင်းတို့ကဲ့သို့သော သင်၏ ဆိုးယုတ်သည့်သဘာဝများအပေါ် သင် မှီခိုခဲ့လေ့ရှိသော်လည်း၊ ယခု သင် မှီခိုခြင်း မရှိတော့ပေ။ ယခုတွင်၊ အမှုအရာများကို သင် လုပ်ဆောင်သည့်အခါ၊ သင်သည် ရိုးသားသည့်၊ သန့်စင်သည့်၊ နာခံသည့် စိတ်အနေအထားနှင့် လုပ်ဆောင်သည်။သင်သည် မည်သည့်အရာကိုမျှ ထိန်းထားခြင်းမရှိလျှင်၊ ဟန်လုပ်ခြင်း၊ အယောင်ဆောင်ခြင်း၊ ဟန်ဆောင်လှည့်စားခြင်းမရှိလျှင်၊ ညီအစ်ကိုမောင်နှမများထံသို့ မိမိကိုယ်ကို ဖွင့်ချလျှင် သင်၏ အတွင်းအကျဆုံး အတွေးများနှင့် ချင့်ချိန်မှုများကို မဖုံးကွယ်ဘဲ ယင်းအစား သင်၏ ရိုးသားသော သဘောထားကို အခြားလူတို့ မြင်ခွင့်ပေးလျှင်၊ ဤသို့ဆိုလျှင် သမ္မာတရားသည် သင့်အတွင်း၌ တဖြည်းဖြည်းချင်း အမြစ်တွယ်လိမ့်မည်။ နည်းနည်းချင်း အသီးအပွင့်ဖြစ်ထွန်းလိမ့်မည်။ အကျိုးရလဒ်များ ထွက်ရှိလိမ့်မည်။ သင်၏ စိတ်နှလုံးသည် တိုး၍ ရိုးသားလျှင်၊ ဘုရားဘက်သို့ တိုး၍ လှည့်လျှင်၊ သင်သည် သင့်တာဝန်ကို ထမ်းဆောင်သည့်အခါတွင် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ကာကွယ်ဖို့ သိပြီး ဤအကျိုးစီးပွားများကို သင် မကာကွယ်နိုင်သောအခါ သင် လိပ်ပြာမလုံလျှင် ဤသည်မှာ သမ္မာတရားက သင့်အပေါ်၌ သက်ရောက်မှုရှိပြီး သင်၏ဘဝ ဖြစ်လာခဲ့ပြီဆိုသည့် သက်သေဖြစ်သည်။(နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ စာအုပ်ထဲရှိ “သမ္မာတရားကို လက်တွေ့လုပ်ဆောင်သောသူတို့သာ ဘုရားသခင်ကို ကြောက်ရွံ့ကြသော သူများ ဖြစ်သည်”) ဘုရားနှုတ်ကပတ်တော်တွေ လူတွေကို တကယ်ပြောင်းလဲစေနိုင်မှန်း တွေ့ခဲ့ရတယ်။ လူတွေက သူတို့ရဲ့ စစ်မှန်တဲ့ ဖောက်ပြန်ပျက်စီးခြင်းအကြောင်း ဖွင့်ပြောဖို့နဲ့ သမ္မာတရား ရှာဖွေဖို့ နည်းလမ်းကို သင်ယူကြတဲ့အခါ၊ ကျွန်မတို့ရဲ့ မှားတဲ့ စိတ်ကူးတွေနဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေ တဖြည်းဖြည်း ပြောင်းလဲနိုင်ပါတယ်။ ဘုရားက ကျွန်မရဲ့ မမှန်တဲ့ အတွေးကို ဖော်ထုတ်ပြီး၊ ကျွန်မရဲ့ မှားတဲ့ နာမည်နဲ့ အဆင့်အတန်းနောက် လိုက်စားမှုကို ထုတ်ဖော်ပြတယ်၊ အဲဒီနောက် လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းမှန်ကို ရှာတွေ့ဖို့ သူ့နှုတ်ကပတ်တော်တွေကတစ်ဆင့် လမ်းပြခဲ့တယ်။ တခြားလူတွေဆီ ဖွင့်ပြောဖို့၊ ကျွန်မရဲ့ နာမည်နဲ့ ဂုဏ်အကြောင်း စဉ်းစားနေတာကို ရပ်ဖို့၊ ဉာဏ်များတာ၊ လှည့်ဖြားတတ်တာနဲ့ မရိုးသားတာတွေကို ရပ်ဖို့ ပထမခြေလှမ်း လှမ်းရမယ်။ ဘုရားနှုတ်ကပတ်တော်တွေကို လက်တွေ့လုပ်ဆောင်ပြီး ကျွန်မအထဲက လမ်းခရီးကို ဦးဆောင်ခွင့်ပေးရမယ်။

အဲဒီတနင်္ဂနွေမနက်မှာ၊ ပုံမှန်အတိုင်း စုဝေးပွဲမှာ ကျွန်မ ပါဝင်ခဲ့ပြီး၊ စစ်မှန်ရိုးသားဖို့၊ ကျွန်မရဲ့ သိနားလည်မှုကို လူတိုင်းနဲ့ လွတ်လွတ်လပ်လပ် ဝေမျှဖို့ ကျွန်မကိုယ်ကျွန်မ ပြောနေခဲ့တယ်။ ကျွန်မ ဆုတောင်းတယ်၊ “ဘုရားသခင်၊ ဒီတစ်ခါ သမ္မာတရားကို ကျွန်မ လက်တွေ့လုပ်ဆောင်ချင်ပါတယ်၊ စာတန်ရဲ့ အနှောင့်အဖွဲ့တွေကနေ လွတ်မြောက်ပြီး ကျွန်မရဲ့ သူတော်ကောင်းယောင်ဆောင်မှုနဲ့ လှည့်ဖြားမှုကို ထုတ်ဖော်ပြချင်ပါတယ်။ သူတို့ ကျွန်မကို အထင်သေးရင်တောင် ဂရုမစိုက်တော့ပါဘူး။ ကိုယ်တော့်ကို စိတ်ကျေနပ်စေဖို့ ရိုးသားသူတစ်ဦးပဲ ဖြစ်ချင်တယ်။ ဖွင့်ဟပြီး ရိုးသားနိုင်အောင် ကျေးဇူးပြုပြီး ကျွန်မကို ကူညီပါ”လို့ပေါ့။ ဒီလိုဆုတောင်းပြီးတဲ့နောက်မှာ ပိုပြီး စိတ်အေးလက်အေး ဖြစ်သွားတယ်။ ကျွန်မတို့ရဲ့ စုဝေးပွဲအတောအတွင်းမှာ၊ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ တကယ်တွေးခဲ့ပြီး၊ သူတို့အတွေ့အကြုံနဲ့ သိနားလည်မှုအပေါ် တခြားလူတွေရဲ့ မိတ်သဟာယကို အလေးအနက် နားထောင်ခဲ့တယ်။ အဲဒီအချိန်ကို ကျွန်မရဲ့ ကိုယ်ပိုင် မိတ်သဟာယကို ချရေးဖို့ မသုံးခဲ့သလို၊ တခြားလူအားလုံးက ဘယ်လို မိတ်သဟာယမျိုး ကြိုက်ကြမလဲဆိုတာကိုလည်း မတွေးခဲ့ဘူး။ ကျွန်မ အဲဒီလိုလုပ်တော့၊ တခြားလူတွေရဲ့ မိတ်သဟာယကနေ ဉာဏ်အလင်းပေးမှု အသစ် ရခဲ့တယ်။ ကျွန်မ အလှည့်ရောက်လာတဲ့အခါ၊ ကျွန်မရဲ့ မိတ်သဟာယ ဘယ်လောက် ကောင်းတယ်၊ ပြေပြစ်တယ်ဆိုတာကို စဉ်းစားမနေခဲ့ဘူး၊ ပြီးတော့ ကျွန်မ စိတ်လှုပ်ရှားခဲ့ပေမဲ့၊ မိတ်သဟာယဆက်လုပ်တာကို အဲဒါက မတားဆီးခဲ့ဘူး။ နောက်တော့ ကျွန်မကို တကယ်တို့ထိခဲ့တဲ့ ဘုရားနှုတ်ကပတ်တော် တစ်ပိုဒ်အကြောင်း ကျွန်မ ပြောခဲ့တယ်။ “ရိုးသားဖြောင့်မတ်ခြင်းဆိုသည်မှာ ဘုရားသခင်ထံ သင့်နှလုံးသားကို ပေးအပ်ခြင်း၊ အရာခပ်သိမ်းတွင် ဘုရားသခင်ကို သဘောရိုးအတိုင်း ဆက်ဆံခြင်း၊ အရာအားလုံးတွင် ဘုရားသခင်နှင့် ပွင့်လင်းမှုရှိခြင်း၊ အမှန်တရားကို မည်သည့်အခါမျှ ကွယ်ဝှက်မထားခြင်း၊ မိမိအထက်မှ လူများနှင့် အောက်မှလူများကို လှည့်စားခြင်းကို မည်သည့်အခါမျှ မပြုခြင်းနှင့်၊ ဘုရားသခင်အား မျက်နှာလိုမျက်နှာရ မပြုခြင်းတို့ပင် ဖြစ်သည်။ အတိုချုံး၍ဆိုရလျှင် ရိုးသားဖြောင့်မတ်မှုရှိခြင်း ဆိုသည်မှာ သင်၏ လုပ်ရပ်များနှင့် စကားများတွင် စင်ကြယ်ဖို့နှင့် ဘုရားသခင်ကို ဖြစ်စေ၊ လူသားကိုဖြစ်စေ မလှည့်စားခြင်းဖြစ်သည်။...အကယ်၍ သင်ထံတွင် လျှို့ဝှက်ကိစ္စများစွာ ရှိသဖြင့် သင်သည် ဝေမျှရန် ဝန်လေးနေပါက၊ သင်သည် အလင်း၏ လမ်းကို ရှာဖွေဖို့ အခြားသူများရှေ့တွင် သင်၏ လျှို့ဝှက်ချက်များကို- သင်၏ အခက်အခဲများကို- ချခင်းပြရန် အပြင်းအထန် ငြင်းဆန်နေပါက- သင်သည် ကယ်တင်ခြင်းကို အလွယ်တကူ မရရှိနိုင်သောသူ၊ အမှောင်ထုထဲမှ လွယ်ကူစွာ မထွက်နိုင်သူ ဖြစ်သည်ဟုငါဆို၏။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သတိပေးချက် သုံးချက်) ဒီဘုရားနှုတ်ကပတ်တော် အပိုဒ်ကို ကျွန်မရဲ့ အတွေ့အကြုံနဲ့ယှဉ်တွေးပြီး နားလည်ခဲ့တယ်။ ကျွန်မရဲ့ အကြွင်းမဲ့ စစ်မှန်တဲ့ သဘောသဘာဝကို သူတို့အားလုံးဆီ ထုတ်ဖော်ပြရင်းနဲ့ ကိုယ့်ရဲ့ စိတ်ရင်းကို အဆုံးမှာ ဖွင့်ချခဲ့တယ်။ ကျွန်မအကြောင်း သူတို့ ဘာပြောကြမလဲဆိုတာ ကျွန်မ နည်းနည်းမှ စိတ်မပူခဲ့ဘူး။ ကျွန်မ သူတို့ကို ပြောခဲ့တယ်၊ “ဒီတစ်ချိန်လုံး၊ ကျွန်မ ကောင်းကောင်း ဟန်ဆောင်နေခဲ့တယ်၊ အင်္ဂလိပ်စကား ရေရေလည်လည် ပြောတတ်သလို ဟန်ဆောင်နေခဲ့တယ်၊ အမှန်က ကျွန်မရဲ့ မိတ်သဟာယကို ကြိုတင် ကျွန်မ ရေးထားနေခဲ့တာဖြစ်ပြီး၊ အသံထွက် သဘာဝကျအောင်၊ ရှင်တို့ ကျွန်မကို ပိုပြီးအကောင်းတွေးအောင် လေ့ကျင့်ဖို့ အသံတောင်သွင်းနေခဲ့တယ်။ အဲဒါက ရှင်တို့ရဲ့ ချီးမွမ်းတာ ရဖို့ ကျွန်မကို ရှင်တို့ အထင်ကြီးအောင်လို့ပါပဲ။ ရှင်တို့ကို ကျွန်မ လှည့်စားနေမိခဲ့တယ်...”လို့ပေါ့။ ကျွန်မရဲ့ စိတ်နှလုံးကို ဖွင့်ချပြီးတဲ့နောက်မှာ သူတို့ ကျွန်မကို အထင်သေးကြမယ်ထင်တာ၊ ဒါပေမဲ့ ကျွန်မကို ပြောကြတယ်၊ မိတ်သဟာယ ကောင်းကောင်းမလုပ်မှာကို စိတ်ပူစရာမလိုဘူး၊ ကျွန်မတို့က သိပ်မကွဲပြားကြပါဘူးတဲ့။ ဘုရားက ကျွန်မတို့ကို ရိုးသားစေချင်တယ်၊ ကွန့်လွန်းပြီး လက်တွေ့မကျတာ မဖြစ်စေချင်ဘူး။ စိတ်နှလုံးကနေ ကျွန်မ မိတ်သဟာယမပြုသလို အဲဒါက တိုက်ရိုက် အယူဝါဒသာ ဖြစ်ခဲ့ရင်၊ ဘာများ ကောင်းမှာလဲ။ ဒီအရာကြောင့် ကျွန်မ အရမ်းတို့ထိခံခဲ့ရတယ်။ သူတို့ကို ကျွန်မကို လုံးဝ အထင်မသေးခဲ့ကြဘူး၊ ကျွန်မ ဒါတွေ ဘာလို့လုပ်ခဲ့တယ်ဆိုတာ နားလည်ပေးလို့ရပြီး ကျွန်မရဲ့ အတွေ့အကြုံက သူတို့ကို အထောက်အကူပြုခဲ့တယ်လို့ သူတို့ထဲက တချို့က ပြောခဲ့ကြတယ်။ ဒါ ကျွန်မအတွက် အားရကျေနပ်ရတဲ့ အံ့ဩစရာဖြစ်ခဲ့တယ်။ ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးမှုအကြောင်း လူတိုင်းကို ဖွင့်ဟပြီးတဲ့နောက်မှာ၊ ကျွန်မ နံဘေးကနေ ဆူးတစ်ချောင်း ထုတ်လိုက်သလိုပါပဲ။ နောက်ဆုံးမှာ လုံးဝ လွတ်လပ်သွားပြီး၊ ဆိုးယုတ်တဲ့ စိတ်သဘောထားရဲ့ အနှောင်အဖွဲ့တွေကနေ နောက်ဆုံး လွတ်မြောက်သွားတယ်။ စာတန်က ကျွန်မကို သမ္မာတရား လက်တွေ့လုပ်ဆောင်မှုကနေ တားဖို့ ဝင့်ဝါမှုနဲ့ ဂုဏ်သတင်းကို သုံးတယ်၊ ဒါပေမဲ့ ရိုးသားသူတစ်ယောက်ဖြစ်တာကို လက်တွေ့လုပ်ပြီး ရိုးရိုးသားသား ဖွင့်ပြောရင်း၊ ဘုရားနှုတ်ကပတ်တော်တွေကတစ်ဆင့် ကိုယ့်အကြောင်း သင်ယူခဲ့ရချိန်မှာ၊ ဘုရားဆီကို ခြေတစ်လှမ်း ပိုနီးသွားပြီး၊ ကျွန်မနဲ့ ညီအစ်ကို မောင်နှမတွေကြားက ဒီသံသယတွေနဲ့ အတားအဆီးတွေကို ဖယ်ရှားခဲ့ပြီလို့ ခံစားရတယ်။ အချိန်အကြာကြီး ကျွန်မရဲ့ ဝင့်ဝါမှုကို လက်မလွှတ်နိုင်ခဲ့သလို၊ သမ္မာတရားကို မပြောနိုင်ခဲ့ဘူး၊ ဘာလို့လဲဆိုတော့ ကျွန်မက ဘုရားအလိုတော်ကို မဟုတ်ဘဲ၊ ကိုယ့်ဂုဏ်နဲ့ပတ်သက်ပြီး အရမ်းပူပန်မိခဲ့လို့ပဲ။ အချိန်အကြာကြီး၊ ကျွန်မရဲ့ ဝင့်ဝါမှုကို ဖြည့်ဆည်းဖို့နဲ့ တခြားလူတွေ ချီးမွမ်းတာကို အရသာခံဖို့ ကိုယ့်ကိုယ်ကိုယ် ရုပ်ဖျက်ဖို့ ရွေးချယ်မိခဲ့တယ်၊ ဒါပေမဲ့ အဲဒါ ဘုရားလိုချင်တာ မဟုတ်ခဲ့ဘူး။ အမှန်တော့၊ ဘုရားကို ကျွန်မ အချိန်အကြာကြီး နာကျင်စေမိခဲ့တာပါ။ ဒါပေမဲ့ ဘုရားက ကျွန်မ ပြောင်းလဲဖို့ စောင့်ဆိုင်းရင်းနဲ့ အမြဲ ခွင့်လွှတ်၊ သည်းခံနေခဲ့တယ်။ ဘုရားရဲ့ ကြီးမားတဲ့ချစ်ခြင်းမေတ္တာအတွက် ကျွန်မ အရမ်းကို ကျေးဇူးတင်မိတယ်။

ဒီအတွေ့အကြုံက သမ္မာတရားလိုက်စားခြင်းရဲ့ အရေးကြီးမှုကို သွန်သင်ပေးခဲ့တယ်။ ဆိုးယုတ်တဲ့ စိတ်သဘောထားရဲ့ ချုပ်ချယ်မှုတွေကနေ လွတ်မြောက်ဖို့ တစ်ခုတည်းသောလမ်းက ရိုးသားသူဖြစ်ပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့ပဲ။ စစ်မှန်တဲ့ ပျော်ရွှင်ခြင်းနဲ့ ငြိမ်သက်ခြင်းကို ရဖို့ တစ်ခုတည်းသော နည်းလမ်းက သမ္မာတရားကို ရွေးချယ်ဖို့ပဲ။ အရမ်းလှည့်ဖြား၊ သူတော်ကောင်းယောင်ဆောင် တတ်လေ့ရှိခဲ့ပေမဲ့၊ အခု ကျွန်မ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး ရိုးသားဖို့ ဆုံးဖြတ်လိုက်ပြီ။ ဒါ ကျွန်မအတွက် အရေးကြီးဆုံးပဲ။ ကျွန်မ လိုချင်သမျှကတော့ သမ္မာတရားကို ပိုလက်တွေ့လုပ်ဆောင်နိုင်ဖို့ ဘုရားက ကျွန်မကို ဆက်လမ်းပြနေဖို့ပါပဲ။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။