မုသားပြောခြင်းကို ဖြေရှင်းရန် နည်းလမ်း ရှာဖွေတွေ့ရှိခြင်း

04.06.2025

အန်ရန်၊ အန်းဟွေးပြည်နယ်၊ တရုတ်နိုင်ငံ

ကျွန်မက အသင်းတော်တချို့ရဲ့ ရေလောင်းခြင်းအလုပ်ကို တာဝန်ရှိခဲ့တယ်။ ဒီတာဝန်ကို ထမ်းဆောင်နိုင်တာဟာ ဘုရားသခင်ရဲ့ ချီးမြှောက်ခြင်းနဲ့ ကျေးဇူးတော်ဖြစ်တယ်ဆိုတာ ကျွန်မ သိခဲ့ပါတယ်။ ပြီးတော့ ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာကို ပြန်ဆပ်ဖို့ ဒီတာဝန်ကို ကောင်းကောင်း ထမ်းဆောင်ချင်ခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်မမှာ ဝန်တာမထားခဲ့လို့ အလုပ်ကို နှောင့်နှေးစေခဲ့ပါတယ်။ အဲဒီနောက် ကျွန်မက ကိုယ့်ကိုယ်ကိုယ် ပြန်မသုံးသပ်ဘဲ ကိုယ့်ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို ကာကွယ်ဖို့ လိမ်ပြောခဲ့ပါတယ်။ အဖြစ်မှန်တွေရဲ့အရ ကျွန်မက လှည့်ဖြားတတ်တယ်ဆိုတာကို မြင်ခဲ့ပြီး၊ ယုံကြည်စိတ်ချရတဲ့ လူတစ်ယောက် မဟုတ်ခဲ့ပါဘူး။

ဟိုတစ်လောက ပတ်ဝန်းကျင်အခြေအနေက ဆိုးရွားပြီး ညီအစ်ကိုမောင်နှမ အတော်များများ အဖမ်းခံခဲ့ရပါတယ်။ အထက်ခေါင်းဆောင်က ကျွန်မဆီ စာရေးပြီး လူသစ်တွေကို ရူပါရုံဆိုင်ရာ သမ္မာတရားအကြောင်း ပိုပြီး မိတ်သဟာယပြုပေးဖို့ တိုက်တွန်းခဲ့ပါတယ်။ ဒီလိုနဲ့ သူတို့က ဘုရားသခင်ရဲ့ အမှုတော်ကို နားလည်နိုင်ပြီး ဒီဆိုးရွားတဲ့ ပတ်ဝန်းကျင်မှာ ခိုင်ခိုင်မာမာ ရပ်တည်နိုင်မှာပါ။ ဒီစာကို ရတော့ အကောင်အထည်ဖော်တာနဲ့ ပတ်သက်ပြီး ရေလောင်းသူတွေနဲ့ ကျွန်မ ချက်ချင်း မိတ်သဟာယပြုခဲ့တယ်၊ ဒါပေမဲ့ နောက်ပိုင်းမှာ ဒီအလုပ်ရဲ့ အသေးစိတ်အချက်တွေကို ကျွန်မ နောက်ဆက်တွဲ လိုက်မလုပ်ခဲ့ပါဘူး။ ရေလောင်းသူတွေနဲ့ ကျွန်မ မိတ်သဟာယဖွဲ့ပြီးသားဆိုတော့ သူတို့က လူသစ်တွေနဲ့ မိတ်သဟာယဖွဲ့ကြလိမ့်မယ်လို့ ထင်ခဲ့ပါတယ်။ ပြီးတော့ ကျွန်မတာဝန်ယူထားတဲ့ အသင်းတော်တွေက ဘယ်သူမှ အဖမ်းမခံရသေးလို့ ကြီးကြီးမားမား ပြဿနာတွေ မရှိလောက်ဘူးလို့လည်း ထင်ခဲ့ပါတယ်။ ဒါပေမဲ့ ဒါပြီးလို့ သိပ်မကြာခင်မှာ မမျှော်လင့်ဘဲ ကျွန်မတာဝန်ယူထားတဲ့ အသင်းတော်သုံးပါးစလုံး အကြီးအကျယ် အဖမ်းအဆီးတွေနဲ့ ကြုံခဲ့ရပါတယ်။ ခေါင်းဆောင်က ကျွန်မဆီကို ထပ်ပြီး စာရေးမေးခဲ့တယ်၊ အသင်းတော်တစ်ခုစီမှာ လူသစ် ဘယ်နှယောက်က စုဝေးပွဲတွေကို ပုံမှန်တက်နေသလဲ၊ ဘယ်နှယောက်က ဆိုးရွားတဲ့ ပတ်ဝန်းကျင်ကြောင့် ပုံမှန် မစုဝေးကြသလဲ၊ လူသစ် ဘယ်နှယောက် အဖမ်းခံခဲ့ရသလဲ၊ ပြီးတော့ ဘယ်နှယောက်က သူတို့ကို ရေလောင်းပေးမဲ့သူ မရှိဖြစ်နေသလဲ၊ ပြီးတော့ ဒီအသေးစိတ်တွေကို ကျွန်မ ချက်ချင်း ပြန်ဖြေဖို့ မှာခဲ့ပါတယ်။ ဒီစာကို ရတော့မှ ကျွန်မ သဘောပေါက်လိုက်တယ်။ “ဒီအလုပ်တာဝန်ကို ငါ အကောင်အထည်ဖော်ခဲ့ပေမဲ့ ငါ အသေးစိတ် နောက်ဆက်တွဲ လိုက်မလုပ်ခဲ့ဘူး။ ခေါင်းဆောင်မေးနေတဲ့ အသေးစိတ်အချက်တွေအကြောင်း ငါ ဘာမှမသိဘဲနဲ့ ငါက ဘယ်လိုပြန်ဖြေရမှာလဲ။ ငါသာ သူ့ကို အမှန်အတိုင်း ပြောလိုက်ရင် သူ ငါ့ကို ဘယ်လိုထင်မလဲ။ ငါ တကယ့်အလုပ်ကို မလုပ်ဘူးလို့ သူ ပြောမှာလား။ သူ ငါ့ကို ပြုပြင်လိုက်ရင် ငါ့ ဘယ်လို မျက်နှာပြရဲတော့မှာလဲ။ မဟုတ်ဘူး၊ ငါ အမှန်အတိုင်း မပြောနိုင်ဘူး” လို့ပေါ့။ ကျွန်မ ကွန်ပျူတာရှေ့မှာ ထိုင်ပြီး ဘယ်လိုပြန်ဖြေရမယ်ဆိုတာ မသိဘဲနဲ့ ရွေးချယ်စရာတွေကို စဉ်းစားနေခဲ့ပါတယ်။ နောက်ဆုံးမှာ ကျွန်မ အကြံတစ်ခု ရသွားပါတယ်။ ကျွန်မ ခေါင်းဆောင်ဆီကို စာရေးပြီး ပြောလိုက်ပါတယ်။ “လူသစ်တွေကို ရူပါရုံဆိုင်ရာ သမ္မာတရားနဲ့ပတ်သက်လို့ ရေလောင်းပေးတာကို အကောင်အထည်ဖော်ခဲ့ပြီးပါပြီ။ ပြီးတော့ နောက်ဆက်တွဲ လိုက်လုပ်နေပါတယ်” လို့ပေါ့။ ဒီနောက်မှာ အဲဒီအလုပ်ကို ကမန်းကတန်း နောက်ဆက်တွဲ လိုက်လုပ်ခဲ့ပါတယ်။ “ခေါင်းဆောင်က ထပ်မေးလာတဲ့အခါ ငါ အခုပဲ နောက်ဆက်တွဲလိုက်လုပ်ခဲ့တဲ့ အခြေအနေနဲ့ ပတ်သက်လို့ သူ့ကို အစီရင်ခံစာ တင်လိုက်မယ်။ ဒီလိုဆိုရင် ငါ တာဝန်မဲ့ခဲ့ပြီး အလုပ်ကို နောက်ဆက်တွဲ လိုက်မလုပ်ခဲ့ဘူးဆိုတာကို သူ သိမှာမဟုတ်တော့ဘူး” လို့ တွေးနေမိပါတယ်။ နောက်ပိုင်းမှာ အခြေအနေရဲ့ အသေးစိတ်အချက်တွေအကြောင်းကို သိဖို့ ရေလောင်းသူတွေဆီကို ကျွန်မ တကယ်သွားတဲ့အခါ၊ သူတို့က လူသစ်တွေနဲ့ မိတ်သဟာယဖွဲ့ခဲ့ပေမဲ့ ဘာမှ မဖြစ်မြောက်ခဲ့ဘူးဆိုတာကို ကျွန်မ သိလိုက်ရတယ်။ ပြီးတော့ လူသစ်တွေရဲ့ အခြေအနေတွေနဲ့ပတ်သက်လို့ သူတို့လည်းပဲ မရှင်းလင်းဘူးဆိုတာကိုပေါ့။ ဒီအကြောင်းတွေကို သိလိုက်ရတဲ့အခါ ကျွန်မ နောက်ဆုံးမှာ သဘောပေါက်ခဲ့ပါတယ်။ ဒါတွေအားလုံးဟာ ကျွန်မမှာ ဝန်တာစိတ် မထားခဲ့လို့၊ အလုပ်ကို တကယ်တမ်း နောက်ဆက်တွဲ လိုက်မလုပ်ခဲ့လို့ ဖြစ်ခဲ့ရတာပဲ။ ပြီးတော့ လူသစ်တွေရဲ့ အသက်ဝင်ရောက်မှုက နှောင့်နှေးသွားခဲ့တာပဲ ဆိုတာကိုပေါ့။ ဒါပေမဲ့ ကျွန်မက သမ္မာတရားကို မရှာခဲ့သေးဘူး၊ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်တာမျိုး မရှိခဲ့သေးဘူး။ အခြေအနေက အဲဒီအတိုင်းပဲ ရှိနေခဲ့ပါတယ်။

သိပ်မကြာခင်မှာပဲ အထက်ခေါင်းဆောင်က ရေလောင်းတဲ့အလုပ်ရဲ့ အသေးစိတ်အချက်တွေအကြောင်းကို သိဖို့ ကျွန်မတို့နဲ့ စုဝေးပွဲတစ်ခု စီစဉ်ခဲ့ပါတယ်။ ရေလောင်းသူ တစ်ယောက်ချင်းစီက လူသစ်ဘယ်နှယောက်ကို တာဝန်ယူရသလဲဆိုတာနဲ့ပတ်သက်လို့၊ လူသစ်တွေရဲ့ အခက်အခဲတွေနဲ့ အယူအဆတွေကို သူတို့ ဘယ်လိုဖြေရှင်းပေးကြသလဲ၊ လူသစ်တွေကို ပြုစုပျိုးထောင်တဲ့နေရာမှာ အာရုံစိုက်မှု ရှိမရှိ စတာတွေကိုပေါ့။ အဲဒီနောက်မှာ ကျွန်မ စိတ်ပူပန်ခဲ့ပြီး တွေးမိပါတယ်။ “ခေါင်းဆောင်က ငါ့ကို အရင်မေးမှာ မဟုတ်ဘူးလို့ မျှော်လင့်တာပဲ။ ငါ အပြည့်အဝ အကောင်အထည် မဖော်ရသေးတဲ့ အလုပ်တချို့က ရှိနေတယ်။ ပြီးတော့ ရှင်းပြလို့မရနိုင်တာဟာ တကယ်ကို အရှက်ကွဲစရာဖြစ်မဲ့ အသေးစိတ်အချက် နည်းနည်းလောက် ရှိတယ်” လို့ပေါ့။ ဒါပေမဲ့ ကျွန်မ ကြောက်ခဲ့တဲ့အတိုင်းပဲ ကိစ္စတွေက ဖြစ်လာခဲ့ပါတယ်။ ခေါင်းဆောင်က ကျွန်မကို အရင်ဆုံး မေးခွန်းထုတ်ခဲ့ပါတယ်။ တခြားရွေးချယ်စရာမရှိတော့ ကျွန်မမှာ တည်ငြိမ်မျက်နှာထားနဲ့ပဲ နေခဲ့ရတယ်။ ဒါပေမဲ့ အတွင်းစိတ်ထဲမှာ ကျွန်မ ထွက်ပြေးချင်နေခဲ့တယ်။ ကျွန်မ ကိုယ့်ဘာသာ တွေးမိတယ်။ “သူက ငါရှင်းပြလို့မရနိုင်တဲ့ အသေးစိတ်အချက်တွေ အများကြီး မေးခဲ့ရင် ဘယ်လိုလုပ်မလဲ။ ငါ တကယ့်အလုပ် တစ်ခုမှ မလုပ်ခဲ့သလိုမျိုး ထင်ရမှာ မဟုတ်လား။ အဲဒါဆို အရမ်း အရှက်ရစရာ ဖြစ်မှာပဲ။ ခေါင်းဆောင်နဲ့ တခြား အလုပ်ဖော်တွေက ငါ့ကို အထင်သေးကြမလား” လို့ပေါ့။ ခေါင်းဆောင်က မေးခွန်းနည်းနည်း မေးရင်းနဲ့ စလိုက်တယ်၊ ကျွန်မ တစ်ခုပြီးတစ်ခု အနိုင်နိုင် ကြိုးစားဖြေခဲ့ရပါတယ်၊ ဒါပေမဲ့ ခေါင်းဆောင်က ညီအစ်မယန်ဖန်း လူသစ်တွေကို ရေလောင်းပေးတဲ့အကြောင်း မေးတဲ့အခါ၊ ကျွန်မ ထိတ်လန့်သွားပြီး တွေးမိပါတယ်။ “ယန်ဖန်း လူသစ်တွေနဲ့ အလုပ်လုပ်တာနဲ့ပတ်သက်လို့ ငါ မသိဘူး။ ငါတော့ သွားပြီ၊ ငါ ဘာပြောသင့်လဲ။ ငါသာ ခေါင်းဆောင်အပေါ် ရိုးသားပြီး မသိဘူးလို့ ပြောလိုက်ရင် သူက ‘ရေလောင်းတဲ့အလုပ်ကို နင် တာဝန်ယူထားတာ ဒီလောက်ကြာနေပြီ။ ဒီလောက် အခြေခံကျတဲ့ အသေးစိတ်အချက်တွေကိုတောင် နင် မသိဘူး၊ နင့်အလုပ်ကို နင် ဘယ်လိုလုပ်နေတာလဲ’ လို့ ပြောမှာလား။ ဒါက ခေါင်းဆောင်ကို စိတ်ပျက်စေပြီး ငါ့ကို အထင်သေးအောင် လုပ်မှာ မဟုတ်ဘူးလား” လို့ပေါ့။ ဒီအကြောင်းတွေကို စဉ်းစားရင်းနဲ့၊ ယန်ဖန်းရဲ့ အစောပိုင်း ရေလောင်းခြင်းအလုပ်တချို့အကြောင်းကို ခေါင်းဆောင်ဆီ ကျွန်မ အစီရင်ခံလိုက်ပါတယ်။ ဒီလိုပြောပြီးသွားတော့ အပြစ်ရှိတဲ့စိတ်၊ စိုးရိမ်စိတ်တွေကြောင့် ကျွန်မရဲ့ နှလုံးခုန် မြန်လာပါတယ်။ ကျွန်မ မျက်နှာလည်း ထူပူသွားပါတယ်။ ကျွန်မက ဖြီးဖြန်းပြီး ကိုယ့်ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို ကာကွယ်နိုင်ခဲ့ပေမဲ့ ကျွန်မက လိပ်ပြာမလုံတဲ့စိတ်နဲ့ ဖော်ပြလို့မရတဲ့ နာကျင်မှုတစ်ခုနဲ့ ပြည့်နေခဲ့ပါတယ်။ “ငါက ဇွတ်မှိတ်ပြီး လိမ်နေတာ မဟုတ်ဘူးလား။ ငါက တကယ့် ကြောင်သူတော်ပဲ” လို့ပေါ့။ အဲဒီညမှာ၊ ကျွန်မ အိပ်ရာထဲမှာ လူးလူးလွန့်လွန့်နဲ့ အိပ်မပျော်နိုင်ဘဲ လှဲနေခဲ့ပါတယ်။ ကျွန်မ ပြောခဲ့တဲ့ မုသားတွေနဲ့ပတ်သက်လို့ နောင်တတွေ အပြည့်နဲ့ပေါ့။ ဒါပေမဲ့ စကားက ကျွံသွားပြီလေ၊ ပြီးတော့ သွန်လိုက်တဲ့ရေလိုပဲ၊ အဲဒါကို ပြန်ယူလို့ မရနိုင်တော့ပါဘူး။ ပြီးတော့ ဖွင့်ဟပြီး ကိုယ့်စိတ်ရင်းအတိုင်း ပြောပြဖို့က နောက်ကျသွားပြီ။ ခေါင်းဆောင်သာ သိသွားရင်၊ သူက ကျွန်မကို လှည့်ဖြားတတ်တဲ့သူလို့ ခေါ်မလား။ ဒီအတွေးတွေက ကျွန်မခေါင်းထဲမှာ တဝဲလည်လည်ဖြစ်နေခဲ့တယ်၊ ပြီးတော့ ကျွန်မ ဖွင့်ဟဖို့အတွက် သတ္တိမွေးလို့ မရခဲ့ပါဘူး။ ကျွန်မမှာ တည်ကြည်မှုနဲ့ ဂုဏ်သိက္ခာ မရှိခဲ့ဘူး၊ တကယ့် သူတော်ကောင်းယောင်ဆောင်သူတစ်ယောက်လို ဖြစ်နေတယ်လို့ ကျွန်မ ခံစားခဲ့ရပါတယ်။ ကျွန်မနှလုံးသားက စိုးရိမ်စိတ်နဲ့ တဒိန်းဒိန်းခုန်နေတာဟာ ရင်ထဲမှာ လိပ်ပြာတွေ ပျံနေသလိုပဲ။ ပြီးတော့ ကျွန်မ ကိုယ့်ကိုယ်ကိုယ် မေးခွန်းတွေပဲ ဆက်တိုက်ထုတ်နေမိပါတယ်။ “ဘာဖြစ်လို့ ငါ ခေါင်းဆောင်ကို အမှန်အတိုင်း မပြောနိုင်ခဲ့တာလဲ။ ဒီမရိုးသားမှုရဲ့ အဓိပ္ပာယ်က ဘာလဲ” လို့ပေါ့။ ကျွန်မ အဲဒီအကြောင်း တွေးလေလေ၊ ပိုပြီး အပြစ်ရှိသလို ခံစားရလေလေပဲ၊ ဒါကြောင့် ကျွန်မရဲ့ စိတ်နှလုံးထဲမှာ ဘုရားသခင်ဆီကို ဆုတောင်းခဲ့ပါတယ်။ “အို ဘုရားသခင်။ ဒီနေ့ ခေါင်းဆောင်က အလုပ်အသေးစိတ်အချက်တွေအကြောင်း မေးတဲ့အခါ၊ ကျွန်မ မသိခဲ့ဘူးဆိုတာ သိသာပါတယ်။ ဒါပေမဲ့ လူတွေက ကျွန်မကို အထင်သေးမှာ၊ သိက္ခာကျမှာ ကြောက်ခဲ့လို့ ခေါင်းဆောင်ကို လှည့်ဖြားဖို့ ကျွန်မ ဇွတ်မှိတ်ပြီး လိမ်ခဲ့မိပါတယ်။ အို ဘုရားသခင်။ ကျွန်မ အရမ်းလှည့်ဖြားတတ်ပါတယ်။ ကျွန်မ စင်ကြယ်ပြီး ပွင့်လင်းတဲ့ ရိုးသားတဲ့ လူတစ်ယောက်အနေနဲ့ အသက်ရှင်နိုင်ဖို့ ကျေးဇူးပြုပြီး ကျွန်မကို သတ္တိပေးသနားတော်မူပါ” လို့ပေါ့။

တစ်နေ့မှာ “မုသားပြောခြင်း၏ ဒုက္ခ” လို့ခေါ်တဲ့ အတွေ့အကြုံ သက်သေခံချက် ဗီဒီယိုတစ်ခုကို ကျွန်မ ကြည့်ခဲ့ပါတယ်။ ဒီဗီဒီယိုထဲက ဘုရားနှုတ်ကပတ်တော် တစ်ပိုဒ်က ကျွန်မကို တကယ်ပဲ တို့ထိခဲ့ပါတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “လူတို့သည် ၎င်းတို့၏ နေ့စဉ်အသက်တာထဲတွင် အဓိပ္ပာယ်မဲ့သော စကားကို မကြာခဏပြောပြီး မုသားဆိုသည့်အပြင် ပညာမဲ့သော၊ မိုက်မဲသော၊ ခုခံကာကွယ်သော အရာများကို ပြောတတ်ကြသည်။ ဤအရာအများစုကို မိမိတို့၏ ကိုယ်ပိုင်အတ္တကို ဖြည့်ဆည်းဖို့ရန် ဝင့်ဝါမှုနှင့် မာန်မာနအဖို့အလို့ငှာ ပြောခြင်းဖြစ်သည်။ ထိုကဲ့သို့သော ထွက်ဆိုချက်အမှားများက မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ထုတ်‌ဖော်သည်။...သင်၏မုသားများက အလွန်များပြားလာပြီဖြစ်၏။ သင်ပြောသည့် စကားလုံးတိုင်းသည် သန့်စင်ခြင်းနှင့် ရိုးသားမှန်ကန်မှု မရှိသည့်အပြင် တစ်လုံးတစ်ပါဒကိုမျှ မှန်ကန်သည် သို့မဟုတ် ရိုးသားသည်ဟု ယူဆ၍မရပေ။ သင်သည် မုသားဆိုသောအခါ သိက္ခာကျသည်ဟု မခံစားရလင့်ကစား စိတ်ထဲ၌ သင်သည် အရှက်ရသွားလေသည်။ သင်၏ အသိတရားက သင့်ကို အပြစ်တင်ပြီး သင်သည် မိမိကိုယ်မိမိ အထင်သေးလျက် ‘ငါ အဘယ့်ကြောင့် ထိုမျှနုံချာသော ဘဝတစ်ခုကို အသက်ရှင်နေရသနည်း။ အမှန်တရားပြောရန် အလွန်ခက်ခဲသလော။ ငါ၏မာန်မာနအတွက် မုသားပြောခြင်းကို အားကိုးရမည်လော။ ငါ၏ဘဝသည် အဘယ့်ကြောင့် အလွန်ပင်ပန်းရသနည်း’ ဟု စဉ်းစားလေသည်။ သင်သည် ပင်ပန်းရသော ဘဝတစ်ခုကို အသက်ရှင်စရာ မလိုပေ။ သင်သည် ရိုးသားသော လူတစ်ဦးဖြစ်ခြင်းကို လက်တွေ့လုပ်ဆောင်နိုင်လျှင် စိတ်သက်သာရာရသော၊ လွပ်လပ်သော၊ ထို့ပြင် လွတ်မြောက်သော ဘဝဖြင့် အသက်ရှင်နိုင်မည်ဖြစ်သည်။ သို့ရာတွင် သင်သည် သင်၏ မာန်မာနနှင့် ဝင့်ဝါမှုကို မုသားဆိုခြင်းဖြင့် ထိန်းသိမ်းရန် ရွေးချယ်မိပြီ ဖြစ်သည်။ အကျိုးဆက်အားဖြင့် သင်သည် မည်သူမပြု မိမိမှုဖြစ်သည့် စိတ်ပျက်ဖွယ်ရာနှင့် စိတ်မချမ်းမြေ့သော အသက်ရှင်ခြင်းဖြင့် နေထိုင်ရလေသည်။ မိမိသည် မုသားဆိုခြင်းဖြင့် မာန်မာနအသိကို ရကောင်းရနိုင်သော်လည်း ထိုမာန်မာနအသိမှာ အဘယ်အရာ ဖြစ်သနည်း။ ယင်းမှာ အနှစ်သာရကင်းမဲ့သော အရာတစ်ခုသာဖြစ်ပြီး လုံးလုံးလျားလျား အသုံးမကျချေ။ မုသားဆိုခြင်းဟူသည်မှာ လူတစ်ဦး၏ အကျင့်စာရိတ္တ၊ ဂုဏ်သိက္ခာတို့နှင့်သက်ဆိုင်သော ဇာတိရုပ်ပြခြင်းကို ဆိုလိုသည်။ ယင်းသည် မိမိ၏ ဂုဏ်သိက္ခာနှင့် မိမိ၏ အကျင့်စာရိတ္တကို ပြောင်တလင်းခါစေကာ ယင်းက ဘုရားသခင်ကို သဘောမကျ ဖြစ်စေပြီး သူက ယင်းကို ရွံမုန်း၏။ ဤသည်မှာ လုပ်ရကျိုးနပ်သလော။ လုပ်ကျိုးမနပ်ချေ။ ဤသည်မှာ မှန်ကန်သော လမ်းကြောင်း ဟုတ်သလော။ မဟုတ်ပေ။ မကြာခဏ လိမ်ညာသော လူတို့သည် ၎င်းတို့၏ စာတန်ဆန်သော စိတ်သဘောထားများအတိုင်း အသက်ရှင်ကြသည်။ ၎င်းတို့သည် စာတန်၏တန်ခိုးအောက်၌ အသက်ရှင်ကြသည်။ ၎င်းတို့သည် အလင်းထဲ၌ အသက်မရှင်သည်သာမက ဘုရားသခင်၏ မျက်မှောက်တော်၌လည်း အသက်မရှင်ကြပေ။ သင်သည် မည်သို့ လိမ်ညာရမည့်အကြောင်းကို အစဉ်အမြဲ စဉ်းစားပြီးနောက် လိမ်ညာပြီးနောက်တွင်မူ ထိုမုသားကို မည်သို့ ဖုံးကွယ်ရမည့်အကြောင်း စဉ်းစားရသည်။ ထို့ပြင် ထိုမုသားကို ကောင်းမွန်စွာ မဖုံးကွယ်ဘဲ ဖော်ထုတ်ခံရသောအခါ သင်သည် ကွဲလွဲဆန့်ကျင်မှုများကို ကြိုးစားပြီး ဖြေရှင်းရန် ဦးနှောက်ခြောက်အောင် စဉ်းစားကာ ယုတ္တိရှိအောင်လုပ်ဖို့ လိုတော့သည်။ ဤပုံစံအတိုင်း အသက်ရှင်ရသည်မှာ ပင်ပန်းသည်မဟုတ်လော။ အလွန် ပင်ပန်းဖွယ်ကောင်းသည်။ ယင်းသည် ထိုက်တန်သလော။ မထိုက်တန်ပေ။ မာန်မာန၊ ဝင့်ဝါမှုနှင့် အဆင့်အတန်း တစ်ခုတည်းအတွက်ကြောင့် မုသားဆိုရန်နှင့် ယင်းတို့ကို ဖုံးကွယ်ရန်အတွက် ဦးနှောက်ခြောက်အောင် စဉ်းစားရာ၌ မည်သည့်အဓိပ္ပာယ် ရှိသနည်း။ နောက်ဆုံးတွင် သင်သည် ပြန်၍ဆင်ခြင်ပြီး ‘အဘယ်အကျိုးရှိသနည်း။ မုသားဆိုပြီးနောက် ယင်းတို့ကို ဖုံးကွယ်ရသည်မှာ ပင်ပန်းလွန်းလှသည်။ ဤပုံစံအတိုင်း ပြုမူနေထိုင်ခြင်းက အလုပ်ဖြစ်မည်မဟုတ်။ ငါသည် ရိုးသားသော လူတစ်ဦးသာ ဖြစ်လာလျှင် ပို၍လွယ်ကူမည်’ ဟု တွေးမိသည်။ သင်သည် ရိုးသားသော လူတစ်ဦးဖြစ်လာရန် ဆန္ဒရှိသော်လည်း သင်၏ မာန်မာန၊ ဝင့်ဝါမှုနှင့် ကိုယ်ကျိုးကို လက်မလွှတ်နိုင်ပေ။ ထို့အတွက်ကြောင့် သင်သည် ဤအရာများကို ထိန်းသိမ်းဖို့အတွက် မုသားဆိုခြင်းကိုသာ အားကိုးနိုင်တော့သည်။ အကယ်၍ သင်သည် သမ္မာတရားကို ချစ်သောသူတစ်ဦး ဖြစ်ပါက သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့အတွက် အခက်အခဲအမျိုးမျိုးကို သည်းခံလိမ့်မည်။ သင်၏ ဂုဏ်သတင်းနှင့် အဆင့်အတန်းကို စွန့်လွှတ်အနစ်နာခံရသည့်အပြင် အခြားသူများထံမှ လှောင်ပြောင်သရော်မှုနှင့် အရှက်ကွဲမှုကို သည်းခံရသည့် သဘောသက်ရောက်လျှင်ပင် သင်အရေးစိုက်မည် မဟုတ်၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး ဘုရားသခင်ကို ကျေနပ်စေနိုင်သရွေ့ တော်ပြီဖြစ်သည်။ သမ္မာတရားကို ချစ်သောသူတို့သည် ယင်းကို လက်တွေ့လုပ်ဆောင်ရန်နှင့် ရိုးသားရန် ရွေးချယ်ကြသည်။ ဤသည်မှာ မှန်ကန်သော လမ်းကြောင်းဖြစ်ပြီး ယင်းကို ဘုရားသခင် ကောင်းချီးပေးသည်။ လူတစ်ဦးသည် သမ္မာတရားကို မချစ်လျှင် မည်သည့်အရာကို ရွေးချယ်သနည်း။ ၎င်းတို့သည် မိမိတို့၏ ဂုဏ်သတင်း၊ အဆင့်အတန်း၊ ဂုဏ်သိက္ခာနှင့် အကျင့်စာရိတ္တကို ထိန်းသိမ်းဖို့အတွက် မုသားကို အသုံးပြုရန် ရွေးချယ်ကြသည်။ ၎င်းတို့သည် လိမ်လည်လှည့်ဖြားပြီးလျှင် ဘုရားသခင်၏ ရွံမုန်းခြင်းနှင့် ပစ်ပယ်ခြင်းကိုသာခံရန် လိုလားသည်။ ထိုသို့သော လူတို့သည် သမ္မာတရားနှင့် ဘုရားသခင်ကို ပစ်ပယ်သည်။ ၎င်းတို့သည် မိမိတို့ကိုယ်ပိုင် ဂုဏ်သတင်းနှင့် အဆင့်အတန်းကို ရွေးချယ်၏။ လိမ်လည်လှည့်ဖြားလို၏။ ဘုရားသခင် ကျေနပ်သည်၊ မကျေနပ်သည် သို့မဟုတ် ၎င်းတို့ကို သူကယ်တင်မည်၊ မကယ်တင်မည်ကို ဂရုမစိုက်ကြပေ။ ထိုသို့သော လူတို့ကို ဘုရားသခင် ကယ်တင်နိုင်ဦးမည်လော။ ၎င်းတို့သည် မှားယွင်းသောလမ်းကြောင်းကို ရွေးချယ်ထားသောကြောင့် ကယ်တင်ခြင်း မခံရနိုင်မည်မှာ အသေအချာပင်။ ၎င်းတို့သည် လိမ်ညာခြင်းနှင့် လိမ်လည်လှည့်စားခြင်းဖြင့်သာ အသက်ရှင်နိုင်သည်။ ၎င်းတို့သည် မုသားဆိုခြင်း၊ ယင်းတို့ကို ဖုံးကွယ်ခြင်းနှင့် နေ့စဉ် မိမိတို့ကိုယ်ကို ခုခံကာကွယ်ရန်အတွက် ဦးနှောက်ခြောက်အောင် စဉ်းစားခြင်းဟူသည့် စိတ်မချမ်းမြေ့စရာ ဘဝများဖြင့်သာ အသက်ရှင်နိုင်ကြသည်။ မုသားများက သင်တောင့်တသော ဂုဏ်သတင်း၊ အဆင့်အတန်း၊ ဝင့်ဝါမှုနှင့် မာန်မာနကို ထိန်းသိမ်းနိုင်သည်ဟု သင်ယူဆလျှင် လုံးဝ မှားယွင်းပြီ။ အမှန်မှာမူ မုသားဆိုခြင်းဖြင့် သင်သည် သင်၏ ဝင့်ဝါမှုနှင့် မာန်မာနအပြင် သင်၏ ဂုဏ်သိက္ခာနှင့် အကျင့်စာရိတ္တတို့ကို မထိန်းသိမ်းနိုင်သည်သာမက ပို၍ဆိုးသည်မှာ သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့နှင့် ရိုးသားသော လူတစ်ဦးဖြစ်ဖို့ အခွင့်အရေးနှင့် လွဲချော်ရလေသည်။ သင်သည် ထိုအခိုက်တွင် မိမိ၏ ဂုဏ်သတင်း၊ အဆင့်အတန်း၊ ဝင့်ဝါမှုနှင့် မာန်မာနကို ကာကွယ်နိုင်လျှင်ပင် သင်သည် သမ္မာတရားကို စွန့်လွှတ်လိုက်ရပြီး ဘုရားသခင်ကို သစ္စာဖောက်မိပြီဖြစ်သည်။ ဤသည်မှာ သူ့အနေဖြင့် သင့်အား ကယ်တင်ဖို့နှင့် စုံလင်စေဖို့ အခွင့်အရေးကို သင် လုံးဝ ဆုံးရှုံးလိုက်ရပြီဟု ဆိုလိုကာ ယင်းက အကြီးမားဆုံးသော ဆုံးရှုံးမှုနှင့် တစ်သက်စာနောင်တပင် ဖြစ်၏။ လိမ်လည်လှည့်စားတတ်သော သူတို့သည် ဤအရာကို မည်သည့်အခါမျှ နားလည်မည်မဟုတ်ပေ။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ရိုးသားသောသူလူတစ်ဦးကသာ စစ်မှန်သော လူသားပုံသဏ္ဌာန်အတိုင်း အသက်ရှင်နေထိုင်နိုင်သည်) ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်က ကျွန်မရဲ့ အခြေအနေအတိအကျကို ဖော်ထုတ်ခဲ့ပါတယ်။ ကျွန်မရဲ့ ဝင့်ဝါမှုနဲ့ မာနကို ကာကွယ်ဖို့၊ လူတွေက ကျွန်မကို အထင်မသေးအောင် တားဆီးဖို့အတွက် ကျွန်မက အမှန်တရားကို ပြောမဲ့အစား လိမ်ပြီး လှည့်ဖြားဖို့၊ ကိုယ့်ရဲ့ တည်ကြည်မှုနဲ့ ဂုဏ်သိက္ခာကို စတေးဖို့ ရွေးချယ်ခဲ့ပါတယ်။ မကြာသေးခင်က ရုတ်တရက် အဖမ်းအဆီးတွေ အကြီးအကျယ် ဖြစ်ခဲ့တာနဲ့ ပတ်သက်ပြီး ခေါင်းဆောင်က ကျွန်မဆီ စာရေးခဲ့တယ်။ ကျွန်မ တာဝန်ယူတဲ့ နေရာမှာရှိတဲ့ လူသစ် ဘယ်နှယောက်က ပုံမှန်စုဝေးပြီး ဘယ်နှယောက်က ပုံမှန်မစုဝေးဘူးလဲဆိုတာရယ်၊ ပြီးတော့ လူသစ်တွေကို ရေလောင်းတာ၊ ထောက်ပံ့တာနဲ့ ပတ်သက်တဲ့ လတ်တလော ရလဒ်တွေအကြောင်းရယ်ကို မေးဖို့ပါ။ ဒီအလုပ်တာဝန်တွေကို ကျွန်မ နောက်ဆက်တွဲ လိုက်မလုပ်ခဲ့ဘူးဆိုတာ သိသာပါတယ်၊ ပြီးတော့ ခေါင်းဆောင်ဆီ အစီရင်ခံတဲ့အခါ ကျွန်မ ရိုးသားခဲ့သင့်ပါတယ်။ ဒါပေမဲ့ ကျွန်မရဲ့ ဝင့်ဝါမှုနဲ့ အဆင့်အတန်းကို ကာကွယ်ဖို့ ကျွန်မက ဒီကိစ္စကို နောက်ဆက်တွဲ လိုက်လုပ်နေပြီလို့ လိမ်ပြောခဲ့ပါတယ်။ စုဝေးပွဲအတွင်းမှာ ခေါင်းဆောင်က ယန်ဖန်းရဲ့ လူသစ်တွေ ရေလောင်းတာနဲ့ပတ်သက်ပြီး မေးတော့ ကျွန်မက အသေးစိတ်မသိထားလို့ ဇွတ်မှိတ်ပြီး လိမ်ခဲ့တယ်။ ဒီကိစ္စကနေ လွတ်အောင် ဖြီးဖြန်းဖို့ ကြိုးစားရာမှာ သတင်းအချက်အလက်အဟောင်းတွေကို လက်ရှိသတင်းအချက်အလက်လိုလိုနဲ့ အစီရင်ခံစာတင်ခဲ့တာပေါ့။ ကျွန်မ လိမ်နေတယ်ဆိုတာ သိပြီး လိပ်ပြာမလုံသလို ခံစားခဲ့ရပေမဲ့ ကျွန်မ ဖွင့်မပြောချင်တုန်းပဲ။ တခြားသူတွေ ကျွန်မကို အထင်သေးမှာကို တားဆီးဖို့ ကျွန်မ အကြိမ်ကြိမ် မုသားပြောခဲ့ပါတယ်။ ကျွန်မက အရမ်းကို စဉ်းလဲပြီး လှည့်ဖြားတတ်ခဲ့တာပဲ။ ကျွန်မ ကိုယ့်ကိုယ်ကိုယ် မေးခွန်းထုတ်တာကို မရပ်တန့်နိုင်ခဲ့ပါဘူး။ “နင်က ယုံကြည်သူတစ်ယောက် မဟုတ်ဘူးလား” လို့ပေါ့။ စစ်မှန်တဲ့ ယုံကြည်သူတစ်ယောက်က အမှန်တရားကို ပြောနိုင်တယ်၊ ရိုးသားနိုင်တယ်၊ တည်ကြည်မှုနဲ့ ဂုဏ်သိက္ခာ ထားနိုင်ပါတယ်။ ပြီးတော့ ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် သူတို့မှာ အမှန်တရားကို ရင်ဆိုင်ဖို့ သတ္တိရှိပါတယ်။ အရှိကို အရှိအတိုင်း ပြောဝံ့ပါတယ်။ ပြီးတော့ ဒီနည်းလမ်းအတိုင်း လက်တွေ့လုပ်ဆောင်တာက သူတို့ရဲ့ အားနည်းချက်တွေနဲ့ မပြည့်စုံမှုတွေကို တခြားသူတွေကို မြင်ခွင့်ပေးနိုင်ပေမဲ့၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး ပွင့်ပွင့်လင်းလင်း နေထိုင်တာက ဘုရားသခင်ကို ကျေနပ်အားရစေပြီး တခြားသူတွေက သူတို့ကို ယုံကြည်စိတ်ချဖို့ ခွင့်ပြုတယ်လေ။ ဒါပေမဲ့ ကျွန်မက ကိုယ့်ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို ကာကွယ်ဖို့ လိမ်ခဲ့ပါတယ်။ တည်ကြည်မှုရော ဂုဏ်သိက္ခာပါ လုံးဝမရှိခဲ့ဘဲ လူ့ကျင့်ကြံပြုမူခြင်းရဲ့ အနိမ့်ဆုံး သတ်မှတ်ချက်တွေကိုတောင် ပြည့်မီအောင် မနေထိုင်နိုင်ခဲ့ပါဘူး။ ဘုရားသခင်က ကျွန်မကို ကျေးဇူးပြုပေးပြီး ရေလောင်းခြင်းတာဝန်ကို ထမ်းဆောင်ဖို့ အခွင့်အရေး ပေးသနားခဲ့ပါတယ်။ ကိုယ်တော်နဲ့ ပူးပေါင်းဆောင်ရွက်တဲ့နေရာမှာ ကျွန်မ ရိုးသားစစ်မှန်နိုင်လိမ့်မယ်၊ ပြီးတော့ ဘုရားသခင်ကို စစ်မှန်စွာ ယုံကြည်တဲ့ လူသစ်တွေကို ကောင်းကောင်းမွန်မွန် ရေလောင်းပေးမယ်လို့ မျှော်လင့်ရင်းနဲ့ပေါ့။ ဒါက ကျွန်မ သမ္မာတရားကို ရဖို့အတွက် လက်တွေ့လုပ်ဆောင်ဖို့ ဘုရားသခင်က အခွင့်အရေးပေးတာလည်း ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်မက ဘုရားသခင်ရဲ့ အပင်ပန်းခံထားတဲ့ ရည်ရွယ်ချက်အတိုင်း အသက်ရှင်နေထိုင်ဖို့ ပျက်ကွက်ခဲ့တယ်။ ကျွန်မ တာဝန်မှာ ဝန်တာ တစ်ခုမှ မထမ်းရုံတင် မကဘူး၊ ပြဿနာတွေနဲ့ ကြုံရတဲ့အခါ သမ္မာတရားကို လက်တွေ့လုပ်ဆောင်မဲ့အစား ကျွန်မ လိမ်ဖို့ကိုလည်းပဲ ရွေးချယ်ခဲ့ပါတယ်။ ကျွန်မက ဘုရားသခင်ကို တကယ်ပဲ စိတ်ပျက်စေခဲ့ပါတယ်။ ဒီအကြောင်းကို ကျွန်မ တွေးလေလေ၊ ပိုပြီး စိတ်မချမ်းမသာ ဖြစ်လာလေလေပဲ၊ ပြီးတော့ အရမ်း လှည့်ဖြားတတ်လို့ ကိုယ့်ကိုယ်ကိုယ် မုန်းတီးခဲ့ပါတယ်။

နောက်ပိုင်းမှာ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ထဲမှာ ကျွန်မ ရှာဖွေခဲ့ပါတယ်။ ကျွန်မရဲ့ လိမ်တာနဲ့ လှည့်ဖြားတာတို့ရဲ့ အရင်းအမြစ်ကို ရှာဖို့ပေါ့။ ကျွန်မ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တစ်ပိုဒ်ကို ဖတ်ခဲ့ပါတယ် “အန္တိခရစ်များသည် ဖော်ထုတ်ခံရသောအခါတွင်၊ ပြုပြင်ခံရသောအခါတွင် ၎င်းတို့လုပ်ဆောင်သည့် ပထမဆုံးသောအရာမှာ ခုခံရန်အတွက် အမျိုးမျိုးသော အကြောင်းပြချက်များကို ရှာဖွေရန်၊ ကြိုးစားပြီး လွတ်အောင်ပြုလုပ်ရန်အတွက် ဆင်ခြေမျိုးစုံကို ရှာဖွေရန်၊ ဤသို့ဖြင့် တာဝန်ကို ရှောင်ဖယ်ရန်ဖြစ်သော ၎င်းတို့၏ပန်းတိုင် အထမြောက်ပြီး ခွင့်လွှတ်ခံရခြင်းဟူသည့် ၎င်းတို့၏ဦးတည်ချက်ကို ရရှိရန်အတွက်ဖြစ်သည်။ အန္တိခရစ်များ အကြောက်ဆုံးသော အရာမှာ ဘုရားသခင်ရွေးချယ်ထားသောလူတို့က ၎င်းတို့၏ စရိုက်၊ ၎င်းတို့၏ အားနည်းချက်များနှင့် ချို့ယွင်းချက်များ၊ ၎င်းတို့၏ ပျော့ကွက်၊ ၎င်းတို့၏ အစွမ်းအစအမှန်နှင့် လုပ်နိုင်စွမ်းအမှန်တို့အား ရိပ်စားမိမည်ကို ဖြစ်သောကြောင့် ၎င်းတို့သည် မိမိတို့၏ အားနည်းချက်များ၊ ပြဿနာများနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖုံးဖိရန်အလို့ငှာ မိမိတို့ကိုယ်ကို ပြရုပ်တင်ကြသည်။ ၎င်းတို့၏ မကောင်းမှုသည် ပေါ်လွင်လာပြီး ဖော်ထုတ်ခံရသည့်အခါတွင် ၎င်းတို့လုပ်ဆောင်သည့် ပထမဆုံးသောအရာမှာ ဤအချက်ကို ဝန်မခံခြင်း၊ သို့မဟုတ် လက်မခံခြင်း ဖြစ်သည်။ သို့မဟုတ် ၎င်းတို့၏ အမှားများကို ပြုပြင်ရန်၊ အစားထိုးဖြည့်ဆည်းရန် အစွမ်းကုန် လုပ်ဆောင်ရမည့်အစား ယင်းတို့ကို ဖုံးကွယ်ရာတွင် အသုံးပြုရန်၊ ၎င်းတို့၏ လုပ်ရပ်များအား အတွင်းသိသိသောသူများကို တစ်ပတ်ရိုက်ရန်နှင့် အထင်အမြင်မှားစေရန်၊ ကိစ္စ၏ အဖြစ်မှန်ကို ဘုရားသခင် ရွေးချယ်ထားသောလူများအား မြင်ခွင့်မပေးရန်၊ ၎င်းတို့၏ လုပ်ရပ်များသည် ဘုရားသခင်၏ အိမ်တော်အတွက် မည်မျှနစ်နာစေသည်ကိုလည်းကောင်း၊ အသင်းတော်အလုပ်ကို ၎င်းတို့ မည်မျှနှောင့်ယှက်ပြီး အဖျက်အမှောင့်လုပ်ခဲ့သည်ကိုလည်းကောင်း ထိုသူတို့အား အသိမပေးရန် နည်းလမ်းမျိုးစုံကို အကြံထုတ်ဖို့ ကြိုးစားခြင်းဖြစ်သည်။ အထက်က သိရှိသွားမည်ကို ၎င်းတို့အကြောက်ဆုံး ဖြစ်သည်မှာ အမှန်ပင်။ အဘယ်ကြောင့်ဆိုသော် အထက်က သိသွားသည်နှင့် တစ်ပြိုင်နက် ၎င်းတို့သည် စည်းမျဉ်းနှင့်အညီ ကိုင်တွယ်ဖြေရှင်းခံရမည်ဖြစ်ပြီး ၎င်းတို့အတွက် အားလုံး ပြီးဆုံးသွားလိမ့်မည်ဖြစ်ကာ ၎င်းတို့ဖြုတ်ချခြင်းခံရဖို့နှင့် ဖယ်ရှားရှင်းလင်းခြင်း ခံရဖို့မှာ သေချာ၏။ ထို့ကြောင့် အန္တိခရစ်များ၏ မကောင်းမှုလုပ်ခြင်း ဖော်ထုတ်ခံရသောအခါတွင် ၎င်းတို့လုပ်သော ပထမဆုံးသောအရာသည် ၎င်းတို့ မည်သည့်နေရာတွင် မှားသွားသည်၊ မည်သည့်နေရာတွင် စည်းမျဉ်းကို ချိုးဖောက်ခဲ့သည်၊ ၎င်းတို့ ပြုလုပ်ခဲ့သောအရာကို အဘယ်ကြောင့်ပြုလုပ်ခဲ့ရသည်၊ မည်သည့်စိတ်သဘောထား၏ အုပ်စိုးခြင်းကို ခံခဲ့ရသည်၊ ၎င်းတို့၏ ရည်ရွယ်ချက်များသည် မည်သည့်အရာဖြစ်သည်၊ ထိုအချိန်တွင် ၎င်းတို့၏ အခြေအနေက မည်သို့ဖြစ်သည်၊ ဤသည်မှာ ထိန်းကျောင်းရခက်ခြင်းကြောင့်၊ သို့မဟုတ် ရည်ရွယ်ချက်များ၏ မသန့်စင်မှုကြောင့် ဟုတ်မဟုတ်တို့ကို ပြန်လည်မဆင်ခြင်ကြည့်ခြင်း ဖြစ်သည်။ ယင်းတို့ကို ပြန်လည်ဆင်ခြင်ကြည့်ဖို့ မဆိုထားနှင့်၊ ဤအရာများကို စိတ်ဖြာလေ့လာခြင်း ပြုလုပ်ရမည့်အစား အချက်အလက်အမှန်များကို ဖုံးကွယ်ရန် နည်းလမ်းမရွေးကို ဦးနှောက်ခြောက်ခံ စဉ်းစားကြသည်။ တစ်ချိန်တည်းမှာပင် ၎င်းတို့သည် ဘုရားသခင် ရွေးချယ်ထားသော လူများကို တစ်ပတ်ရိုက်ရန်အလို့ငှာ ထိုသူတို့၏ ရှေ့တွင် မိမိတို့ကိုယ်ကို ရှင်းပြပြီး မှန်ကြောင်းပြရန် အစွမ်းကုန်ကြိုးစားကြကာ ၎င်းတို့အနေဖြင့် ဘုရားအိမ်တော်တွင် ဆက်လက်၍ မကောင်းမှုများကို မဆင်မခြင် ပြုလုပ်ပြီး ၎င်းတို့၏ အာဏာကို အလွဲသုံးစားလုပ်ကာ လူများကို ဆက်လက်၍ အထင်အမြင်မှားစေပြီး ထိန်းချုပ်နိုင်ရန်အလို့ငှာ၊ ပြီးလျှင် ၎င်းတို့၏ ရည်မှန်းချက်များကို လိုအင်ဆန္ဒများကို ဖြည့်ဆည်းရန် ထိုလူများအား ၎င်းတို့ကို အထင်ကြီးစေပြီး ၎င်းတို့ပြောသည့်အတိုင်း လုပ်ဆောင်စေရန်အလို့ငှာ အကြီးစားပြဿနာများကို အသေးစားပြဿနာများ ဖြစ်ပုံပေါက်စေပြီး အသေးစားပြဿနာများကို ပြဿနာမရှိပုံပေါက်စေသည့်အပြင် ဖြီးဖြန်းကြလေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၁၁) ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ရဲ့ ဖော်ထုတ်မှုကနေ ကျွန်မ မြင်ခဲ့တာကတော့ အန္တိခရစ်တွေရဲ့ အလုပ်မှာ လမ်းလွဲတာတွေ ဒါမှမဟုတ် ဟာကွက်တွေ ရှိတဲ့အခါ၊ သူတို့ရဲ့အလုပ်မှာရှိတဲ့ ပြဿနာတွေနဲ့ လမ်းလွဲတာတွေကို သင်ခန်းစာယူပြီး ချက်ချင်း ပြန်ပြုပြင်မဲ့အစား သူတို့က မုသားပြောဖို့၊ အမှန်တရားကို ဖုံးကွယ်ဖို့ သူတို့ တတ်နိုင်သမျှ နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားကြပါတယ်။ ပြီးတော့ သူတို့ရဲ့အလုပ်မှာရှိတဲ့ ပြဿနာတွေနဲ့ ဟာကွက်တွေကို ခေါင်းဆောင်တွေ မသိအောင် တားဆီးကြတယ်။ ပြီးတော့ သူတစ်ပါးရဲ့ ယုံကြည်မှုကို ရဖို့အတွက် လှည့်ကွက်တွေ၊ ပရိယာယ်တွေကို သုံးဖို့ ကြိုးစားကြတယ် ဆိုတာတွေကိုပေါ့။ ဒါက အန္တိခရစ်တွေရဲ့ ကောက်ကျစ်ဆိုးယုတ်တဲ့ စိတ်သဘောထားပဲ။ ကျွန်မ ထုတ်ဖော်ခဲ့တာက အန္တိခရစ်ရဲ့ စိတ်သဘောထား မဟုတ်ခဲ့ဘူးလား။ ခေါင်းဆောင်က ကျွန်မအလုပ်ကို ကြီးကြပ်ကွပ်ကဲပြီး နောက်ဆက်တွဲလိုက်လုပ်ဖို့ လာတဲ့အခါ၊ ကျွန်မ မလုပ်ရသေးတဲ့ အလုပ်တွေ အများကြီး ရှိခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်မက သူ့ကို တကယ့်အခြေအနေကို အစီရင်မခံရုံတင်မကဘူး၊ ကျွန်မ အမှန်တရားကိုလည်း ဖုံးကွယ်ပြီး သူ့ကို လှည့်ဖြားခဲ့ပါတယ်။ ကျွန်မ တကယ့်အလုပ် မလုပ်ခဲ့ဘူးဆိုတဲ့ အမှန်တရားကို ဖုံးကွယ်ဖို့ အစွမ်းကုန် ကြိုးစားရင်းနဲ့ပေါ့။ နောက်ပိုင်းမှာ ခေါင်းဆောင်က ရေလောင်းသူ တစ်ယောက်ချင်းစီ လူသစ်တွေကို ရေလောင်းပေးနေတာကို စုံစမ်းစစ်ဆေးနေတုန်း ကျွန်မက တကယ့်အလုပ် မလုပ်ခဲ့ဘဲ အသေးစိတ်အချက်တွေကို မသိခဲ့ပါတော့ ကျွန်မ ထပ်ပြီး လိမ်လိုက်မိတယ်။ ပြီးတော့ ခေါင်းဆောင်ကို နှပ်ချဖို့အတွက် အရင်က ရေလောင်းခဲ့တဲ့အလုပ်ကို လတ်တလော လုပ်ခဲ့တဲ့ အလုပ်အနေနဲ့ အစီရင်ခံခဲ့ပါတယ်။ ဒီလိုလုပ်တာက လှည့်ဖြားတတ်ပြီး မရိုးသားဘူးဆိုတာကို ကျွန်မ ကောင်းကောင်း သိခဲ့ပါတယ်။ ဒါပေမဲ့ ခေါင်းဆောင်ရဲ့ ကျွန်မအပေါ် အကောင်းမြင်တာကို ဆက်ထိန်းထားဖို့အတွက် ကျွန်မ သူ့ကို လှည့်ဖြားဖို့ ဇွတ်မှိတ်လိမ်ခဲ့တယ်။ ကျွန်မ ထုတ်ဖော်ခဲ့တဲ့ စိတ်သဘောထားက အန္တိခရစ်ရဲ့ ကောက်ကျစ်ဆိုးယုတ်ပြီး စက်ဆုပ်စရာကောင်းတဲ့ စိတ်သဘောထားနဲ့ အတူတူပဲဆိုတာ ကျွန်မ မြင်လိုက်ရတယ်။ ခေါင်းဆောင်က ကျွန်မရဲ့အလုပ်ကို စုံစမ်းမေးမြန်းတာက သူက တာဝန်သိတတ်ခဲ့တယ်ဆိုတာကို ပြပါတယ်။ ပြီးတော့ ဒါက ကျွန်မအလုပ်ထဲက လမ်းလွဲတာတွေနဲ့ ပြဿနာတွေကို မြန်မြန်ဆန်ဆန် ရှာဖွေတွေ့ရှိခွင့်ပေးမှာပါ။ ကျွန်မက အလုပ်ထဲမှာရှိတဲ့ ပြဿနာတွေအကြောင်း နှုတ်ဆိတ်နေခဲ့ပြီး ခေါင်းဆောင်အပေါ် ဟန်ဆောင်ခဲ့ပါတယ်။ သူ့မှာ ကျွန်မ တကယ့်အလုပ်ကို လုပ်နေတယ်ဆိုတဲ့ မှားယွင်းတဲ့ ထင်မြင်ချက် ဖြစ်သွားအောင်လို့ပေါ့။ ရလဒ်အနေနဲ့ ခေါင်းဆောင်က အမှန်တရားအကြောင်းကို မသိလိုက်ရဘဲ ကျွန်မအလုပ်ထဲက ပြဿနာတွေကလည်း မပြေလည်ဘဲ ကျန်နေခဲ့ပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် ကျွန်မက အသင်းတော်အလုပ်ကို တားဆီးနှောင့်ယှက်နေခဲ့တာပါ။ ခေါင်းဆောင်ကို ကြီးကြပ်ကွပ်ကဲတဲ့အလုပ်မှာ တားဆီးဖို့ အမှန်တရားကို ဖုံးဖိတာဟာ သဘာဝအားဖြင့် တကယ့်အလုပ် မလုပ်တာထက် အများကြီး ပိုဆိုးတယ်ဆိုတာကို ကျွန်မ မြင်ခဲ့ပါတယ်။ ဒီအချက်ကို သဘောပေါက်လိုက်တော့ ကျွန်မ အန္တရာယ်ရှိနေသလို ခံစားခဲ့ရပါတယ်။ ကျွန်မမှာ ဘုရားသခင်ကို ကြောက်ရွံ့တဲ့ စိတ်နှလုံး မရှိခဲ့ဘဲ အန္တိခရစ်ရဲ့ လမ်းကြောင်းကို လျှောက်လှမ်းနေခဲ့တာပါ။ စိတ်ထဲမှာ ကျွန်မ ဘုရားသခင်ဆီ ဆုတောင်းပြီး နောင်တရခဲ့ပါတယ်။ “အို ဘုရားသခင်၊ ကိုယ်တော်ရဲ့ နှုတ်ကပတ်တော်တွေရဲ့ ဖော်ထုတ်မှုကြောင့် ကျွန်မရဲ့ စိတ်သဘောထားက ကောက်ကျစ်ဆိုးယုတ်ပြီး စက်ဆုပ်စရာကောင်းတယ်ဆိုတာကို ကျွန်မ မြင်ပါတယ်။ ပြီးတော့ ကျွန်မရဲ့ စိတ်နှလုံးက ကြောက်စိတ်နဲ့ ပြည့်နေပါတယ်။ ဒီဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို ဖယ်ရှားဖို့နဲ့ သူများတွေရဲ့ ကြီးကြပ်မှုကို လက်ခံဖို့ ကျွန်မကို ကျေးဇူးပြုပြီး လမ်းပြတော်မူပါ” လို့ပေါ့။

နောက်ပိုင်းမှာ ကျွန်မ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တစ်ပိုဒ်ကို ဖတ်ခဲ့ပါတယ် “လူတို့အား ရိုးသားကြရန် ဘုရားသခင် တောင်းဆိုခြင်းမှာ သူသည် လှည့်ဖြားတတ်သောသူများကို တကယ်ကို စက်ဆုပ်ရွံရှာကြောင်းနှင့်၊ မနှစ်သက်ကြောင်း သက်သေပြခြင်းဖြစ်သည်။ လှည့်ဖြားတတ်သောလူတို့ကို ဘုရားသခင်၏ မနှစ်သက်ခြင်းသည် အမှုအရာများကို ၎င်းတို့ လုပ်ဆောင်သည့်နည်းလမ်း၊ ၎င်းတို့၏ စိတ်သဘောထား၊ ရည်ရွယ်ချက်များနှင့် ၎င်းတို့၏ လှည့်စားသည့်နည်းလမ်းတို့ကို မနှစ်သက်ခြင်း ဖြစ်သည်။ ဤအရာအားလုံးကို ဘုရားသခင်က မနှစ်သက်ပေ။ လှည့်စားတတ်သောသူတို့သည် သမ္မာတရားကို လက်ခံနိုင်လျှင်၊ ၎င်းတို့၏ လှည့်စားတတ်သော စိတ်သဘောထားများကို ဝန်ခံပြီး ဘုရားသခင်၏ ကယ်တင်ခြင်းကို လက်ခံဖို့ လိုလားလျှင် လူအားလုံးကို ဘုရားသခင်က ညီတူညီမျှ ဆက်ဆံပြီး သမ္မာတရားကလည်း ထိုသို့ဖြစ်သည့်အတွက် ၎င်းတို့သည်လည်း ကယ်တင်ခြင်းခံရဖို့ မျှော်လင့်ချက်ရှိသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် ဘုရားသခင်ကို ကျေနပ်စေသူများ ဖြစ်လိုလျှင် ကျွန်ုပ်တို့လုပ်ဆောင်ရမည့် ပထမဆုံးအရာမှာ ကျွန်ုပ်တို့၏ ပြုမူနေထိုင်မှုစည်းမျဉ်းများကို ပြောင်းလဲခြင်းဖြစ်သည်။ စာတန်ဆန်သော အတွေးအခေါ်များနှင့်အညီ အသက်ရှင်၍ မရတော့ပေ။ မုသားများ၊ လှည့်စားမှုများနှင့် နေ၍ မရတော့ပေ။ ကျွန်ုပ်တို့၏ မုသားအားလုံးကို စွန့်ပစ်ပြီး ရိုးသားသူများဖြစ်လာရမည်။ ထို့နောက်တွင် ကျွန်ုပ်တို့အပေါ် ဘုရားသခင်၏ အမြင်သည် ပြောင်းလဲလိမ့်မည်။ ယခင်က လူတို့သည် အခြားလူများကြား၌ နေထိုင်စဉ်တွင် မုသားများ၊ ဟန်ဆောင်မှု၊ လှည့်စားမှုတို့ကို အစဉ် အားကိုးပြီး စာတန်ဆန်သော အတွေးအခေါ်များကို ၎င်းတို့၏ ဖြစ်တည်မှု အခြေခံအဖြစ်၊ ၎င်းတို့၏ အသက်အဖြစ်၊ ၎င်းတို့၏ ကျင့်ကြံပြုမူခြင်းအတွက် အခြေခံအုတ်မြစ်အဖြစ် မှတ်ယူခဲ့ကြသည်။ ဤသည်မှာ ဘုရားသခင် စက်ဆုပ်သောအရာတစ်ခု ဖြစ်သည်။ ဘာသာမဲ့များကြားတွင် သင်က ပွင့်လင်းစွာပြောဆိုလျှင်၊ အမှန်တရားကို ပြောလျှင်၊ ရိုးသားသောသူတစ်ယောက်ဖြစ်လျှင်၊ သင်သည် အသရေဖျက်ခံရမည်။ ဝေဖန်အပြစ်တင်ခံရပြီး စွန့်ပစ်ခံရမည်။ ထို့ကြောင့် သင်က လောကီရေပန်းစားမှုများနောက်သို့ လိုက်သည်။ စာတန်ဆန်သော အတွေးအခေါ်များဖြင့် အသက်ရှင်သည်။ လိမ်ညာခြင်းတွင် ပိုပို၍ ကျွမ်းကျင်လာသည်။ ပိုပို၍ လှည့်စားလာသည်။ သင်၏ ပန်းတိုင်များကို ရရှိပြီး မိမိကိုယ်ကို ကာကွယ်ရန်အတွက် မသိမသာ ဒုက္ခပေးသောနည်းများကို အသုံးပြုဖို့လည်း သင်ယူသည်။ စာတန်၏ ကမ္ဘာတွင် သင်သည် ပိုပို၍ ကြီးပွားချမ်းသာလာသည်။ ရလဒ်အနေဖြင့် သင်သည် မိမိကိုယ်မိမိ ကယ်မထုတ်နိုင်တော့သည်အထိ အပြစ်ထဲသို့ ပိုပို၍ကျဆင်းသည်။ ဘုရားသခင်၏ အိမ်တော်တွင် အမှုအရာများသည် အတိအကျပင် ဆန့်ကျင်ဘက်ဖြစ်သည်။ သင် လိမ်ညာပြီး လှည့်စားတတ်သောအရာများ လုပ်ဆောင်လေလေ၊ ဘုရားသခင် ရွေးချယ်ထားသောသူများက သင့်ကို စိတ်ကုန်ပြီး စွန့်ပစ်လေဖြစ်သည်။ သင်က နောင်တရရန် ငြင်းဆန်ပြီး စာတန်ဆန်သော အတွေးအခေါ်များနှင့် ယုတ္တိများကို ဖက်တွယ်နေဆဲဖြစ်လျှင်၊ အယောင်ဆောင်ပြီး ဟန်လုပ်ရန်အတွက်ပရိယာယ်သုံးပြီး အကြံအစည်များကို အသေးစိတ်စီစဉ်လျှင် သင်သည် ထုတ်ဖော်ခံရပြီး ဖယ်ရှားရှင်းလင်းခံရဖို့ အလွန်ပင် ဖြစ်နိုင်ချေရှိသည်။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် ဘုရားသခင်က လှည့်ဖြားတတ်သောသူများကို စက်ဆုပ်သောကြောင့် ဖြစ်သည်။ ဘုရားသခင်၏ အိမ်တော်တွင် ရိုးသားသောသူတို့သာ ကြီးပွားနိုင်သည်။ လှည့်ဖြားသောသူတို့သည် နောက်ဆုံးတွင် ပစ်ပယ်ခံရပြီး ဖယ်ရှားရှင်းလင်းခံရလိမ့်မည်။ ဤအရာအားလုံးကို ဘုရားသခင်က ကြိုတင်ပြဋ္ဌာန်းထားပြီးဖြစ်သည်။ ရိုးသားသောသူတို့သည်သာ ကောင်းကင်နိုင်ငံတော်တွင် ဝေစုကို ရရှိနိုင်သည်။ သင်သည် ရိုးသားသောသူတစ်ယောက်ဖြစ်ဖို့ မကြိုးစားလျှင်၊ သမ္မာတရားကို လိုက်စားသည့် ဦးတည်ချက်ဖြင့် တွေ့ကြုံပြီး လက်တွေ့လုပ်ဆောင်ခြင်းမရှိလျှင်၊ သင်၏ ကိုယ်ပိုင် အကျည်းတန်မှုကို ဖော်ထုတ်ပြီး သင့်ကိုယ်သင် ချပြခြင်းမရှိလျှင် သင်သည် မည်သည့်အခါမျှ သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ကို လက်ခံရရှိပြီး ဘုရားသခင်၏ လက်ခံမှုကို ရရှိနိုင်လိမ့်မည်မဟုတ်ပေ။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ရိုးသားသောလူတစ်ဦးဖြစ်ခြင်း၏ အခြေခံအကျဆုံး လက်တွေ့လုပ်ဆောင်ချက်) ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကနေ ကျွန်မ မြင်ခဲ့ပါတယ်။ ဘုရားသခင်က ရိုးသားတဲ့သူတွေကို နှစ်သက်တော်မူတယ်၊ ရိုးသားတဲ့သူတွေက သူတို့ရဲ့ အားနည်းချက်တွေနဲ့ ချို့တဲ့မှုတွေကို ရင်ဆိုင်ဖို့ သတ္တိရှိတယ်၊ သူတို့က ရိုးသားဖြောင့်မတ်နိုင်တယ်၊ လူတွေကိုဖြစ်ဖြစ်၊ ဘုရားသခင်ကိုဖြစ်ဖြစ် မလှည့်ဖြားဘူး၊ ပြီးတော့ ပြဿနာတွေနဲ့ ကြုံရတဲ့အခါ သူတို့က သမ္မာတရားကို ရှာဖွေပြီး လက်တွေ့လုပ်ဆောင်နိုင်ကြပါတယ်။ ဒီလိုလူတွေကို ဘုရားသခင်က ထာဝရအသက်ရှင်ဖို့ နိုင်ငံတော်ထဲကို ခေါ်ဆောင်သွားမှာပါ။ ဘုရားသခင်က မုသားပြောသူတွေ၊ လှည့်ဖြားသူတွေနဲ့ ပရိယာယ်သုံးသူတွေကို ရွံရှာစက်ဆုပ်တော်မူပါတယ်။ ဒီလိုလူတွေက လှည့်ဖြားတတ်ပြီး နတ်ဆိုးဆန်ပါတယ်။ သမ္မာကျမ်းစာထဲမှာ ပြောထားသလိုပဲ “သင်တို့သည် သင်တို့၏အဘတည်းဟူသော မာရ်နတ်မှ ဆင်းသက်ကြ၏။ သင်တို့အဘ၏ အလိုသို့လည်း လိုက်တတ်ကြ၏။ မာရ်နတ်သည် ရှေ့ဦးစွာမှစ၍ လူအသက်ကို သတ်သောသူ ဖြစ်၏။ သူ၌ သစ္စာတရား မရှိသောကြောင့်၊ သစ္စာတရား၌ မတည်မနေ။ သူသည် မုသာစကားကို ပြောသောအခါ၊ မိမိပကတိအတိုင်း ပြော၏။ မုသာစကား၌ ကျင်လည်သောသူဖြစ်၏။ မုသာ၏ အဘလည်း ဖြစ်၏။(ရှင်ယောဟန်ခရစ်ဝင် ၈:၄၄) မုသားပြောသူတွေအားလုံးဟာ နတ်ဆိုးတွေပဲဆိုတာ ကျွန်မ မြင်ခဲ့ပါတယ်။ နတ်ဆိုးတွေက ဘုရားသခင်ရဲ့ ရန်သူတွေဖြစ်ပြီး ဘုရားသခင်က သူတို့ကို မုန်းတီးတော်မူပါတယ်။ ဘုရားသခင်က ဒီလိုလူစားမျိုးတွေကို လုံးဝ ကယ်တင်မှာ မဟုတ်ပါဘူး။ ဒါကို ဘုရားသခင်ရဲ့ ဖြောင့်မတ်ပြီး သစ္စာရှိတဲ့ အနှစ်သာရအားဖြင့် ဆုံးဖြတ်ထားတာပါ။ ကျွန်မရဲ့ တာဝန်မှာ၊ ကိုယ့်ဝင့်ဝါမှုနဲ့ အဆင့်အတန်းကို ကာကွယ်ဖို့ မုသားပြောခဲ့ပါတယ်။ ကျွန်မရဲ့အလုပ်မှာရှိတဲ့ ချို့ယွင်းချက်တွေကို ဖုံးကွယ်ဖို့ ကြိုးစားရင်းနဲ့ပေါ့။ ဒီလိုလုပ်ခြင်းက ကျွန်မ သမ္မာတရားကို သစ္စာဖောက်နေတယ်၊ စာတန်ရဲ့ဘက်မှာ ရပ်တည်နေတယ်၊ ဘုရားသခင်ကို အတိုက်အခံလုပ်တယ်ဆိုတဲ့ အဓိပ္ပာယ်ပါပဲ။ ဒါ့အပြင်၊ အသင်းတော်မှာ တာဝန်တွေကို ထမ်းဆောင်တုန်း ဖုံးကွယ်တာနဲ့ ဟန်ဆောင်တာကို အားကိုးတော့ ကျွန်မ အမှန်တရားကို ခဏပဲ ဖုံးကွယ်ထားနိုင်ပါတယ်။ ပြီးတော့ ရေရှည်မှာ၊ အလုပ်ထဲက လမ်းလွဲတာတွေ အများကြီး ဖော်ထုတ်ခံရမှာပါ။ ပြီးတော့ လူတိုင်းက အမှန်တရားကို သိသွားတဲ့အခါ၊ သူတို့က ကျွန်မကို ပိုင်းခြားသိမြင်ပြီး ငြင်းပယ်ကြမှာပါ။ ဒါက ကျွန်မမှာ ရှိကောင်းရှိနိုင်တဲ့ တည်ကြည်မှုနဲ့ ဂုဏ်သိက္ခာ အရိပ်အယောင်မှန်သမျှကို ကျွန်မ ရိုက်ချိုးလိုက်မှာကို ဆိုလိုပြီး ပြီးတော့ ကျွန်မရဲ့ နောင်တရဖို့ အခွင့်အရေးတွေလည်း ပျက်စီးသွားမှာပါ။ အဲဒီ အန္တိခရစ်တွေအကြောင်းကို ပြန်သုံးသပ်ရင်း သူတို့ မကောင်းမှု ဘယ်လောက်ပဲလုပ်လုပ်၊ ဘုရားသခင်ရဲ့ အိမ်တော်အလုပ်ကို ဘယ်လောက်ပဲ ထိခိုက်စေပါစေ၊ သူတို့က ဘယ်တော့မှ ပြန်သုံးသပ်တာ မရှိဘူး၊ နောင်တ မရကြဘူး။ ပြီးတော့ တစ်စုံတစ်ယောက်က သူတို့ရဲ့အလုပ်ကို ကြီးကြပ်ကွပ်ကဲရင် ဒါမှမဟုတ် စုံစမ်းကြည့်ရှုရင်၊ သူတို့က လှည့်ဖြားဖို့နဲ့ အမှန်တရားကို ဖုံးကွယ်ဖို့ လှည့်ကွက်အမျိုးမျိုးကို အသုံးပြုကြပြီး၊ သမ္မာတရားကို လုံးဝ လက်မခံတာကို ပြကြပါတယ်။ နောက်ဆုံးမှာတော့ သူတို့ ကျူးလွန်တဲ့ မကောင်းမှုအားလုံးကြောင့် သူတို့ အသင်းတော်ကနေ နှင်ထုတ်ခံကြရပါတယ်။ ပွင့်လင်းဖို့ သတ္တိရှိတဲ့သူတွေ၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်တဲ့သူတွေဟာ ဘုရားသခင်ရဲ့ အမြင်မှာ ရိုးသားတဲ့သူတွေဖြစ်ပြီး ကယ်တင်ခြင်းခံရလို့ ကျန်ရစ်မဲ့သူတွေပါပဲ။ ဆန့်ကျင်ဘက်အနေနဲ့ ကိုယ်ကျိုးအတွက် ဘုရားသခင်ကို လှည့်ဖြားဖို့ ကြိုးစားတဲ့သူတွေက အရမ်းကို မိုက်မဲပြီး လှည့်ဖြားတတ်ကြပါတယ်။ ပြီးတော့ နောက်ဆုံးမှာ သူတို့ ဘုရားသခင် ဖယ်ရှားရှင်းလင်းတာကို ခံကြရမှာပါ။

နောက်ပိုင်းမှာ ကျွန်မ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ထပ်ဖတ်ခဲ့ပါတယ် “လူများသည် ဘုရားသခင်ရှေ့မှောက်၌ သူတို့၏ တာဝန်ကို သို့မဟုတ် မည်သည့်အလုပ်မဆိုကို လုပ်သောအခါ သူတို့၏ စိတ်နှလုံးသည် သန့်စင်ရမည်။ ရေချိုရေသန့် ထည့်ထားသည့် ပန်းကန်လုံးတစ်လုံးကဲ့သို့ ကြည်စင်၍ အညစ်အကြေးကင်းရမည်။ သို့ဆိုလျှင် မည်သည့်သဘောထားမျိုးသည် မှန်ကန်သနည်း။ မည်သည့်အရာကို သင်လုပ်နေသည်ဖြစ်စေ သင့်စိတ်နှလုံးထဲတွင် ရှိလေသမျှကို၊ သင့်တွင် ရှိနေနိုင်သည့် စိတ်ကူးမှန်သမျှကို အခြားလူများနှင့် သင် မိတ်သဟာယဖွဲ့နိုင်သည်။ အကယ်၍ တစ်စုံတစ်ယောက်က ကိစ္စများကို သင်လုပ်သည့် နည်းလမ်းသည် အလုပ်ဖြစ်လိမ့်မည် မဟုတ်ဟု ပြောလာပြီး နောက်ထပ်စိတ်ကူးတစ်ခုကို အဆိုပြုပါက၊ ထိုစိတ်ကူးမှာ အတော်ကောင်းသော စိတ်ကူးတစ်ခုဖြစ်သည်ဟု သင်ခံစားရပါက သင့်ကိုယ်ပိုင်နည်းလမ်းကို လက်လျှော့ပြီး သူတို့တွေးသည့်အတိုင်း ကိစ္စများကို သင်လုပ်တော့သည်။ ထိုသို့လုပ်ခြင်းဖြင့် သင်သည် အခြားလူများ၏ အကြံပြုချက်များကို လက်ခံနိုင်သည်၊ မှန်ကန်သော လမ်းကြောင်းကို ရွေးချယ်နိုင်သည်၊ စည်းမျဉ်းများအတိုင်းအပြင် ပွင့်လင်းမြင်သာစွာနှင့် ရှင်းလင်းစွာ လုပ်ဆောင်နိုင်သည်ဟု လူတိုင်းက မြင်တွေ့မည်ဖြစ်သည်။ သင့်စိတ်နှလုံးတွင် မှောင်မိုက်မှု မရှိ၊ သင်က ရိုးသားခြင်းသဘောထားတစ်ခုကို အမှီပြုလျက် စိတ်ရင်းအတိုင်း ပြုမူပြောဆိုသည်ကို လူတိုင်းက တွေ့မြင်လိမ့်မည်။ သင်သည် စိတ်ထဲရှိသည်ကို မကွယ်မဝှက် ပြောသည်။ ဟုတ်လျှင် ဟုတ်သည်၊ မဟုတ်လျှင် မဟုတ်ဟု ပြောသည်။ မည်သည့် လှည့်စားမှုများ၊ လျှို့ဝှက်ချက်များမျှ မရှိဘဲ၊ အလွန် ရိုးစင်းသော လူတစ်ယောက်သာ ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး) ဘုရားသခင်က ကျွန်မတို့ တာဝန်တွေကို စိတ်ရင်းမှန်နဲ့ ကိုင်တွယ်ကြဖို့ မျှော်လင့်တော်မူတယ်။ ကျွန်မတို့ အချက်အလက်တွေအတိုင်း ပြောဆိုကြဖို့၊ အရာခပ်သိမ်းမှာ ကိုယ်တော့်ရဲ့ စိစစ်ခြင်းကို လက်ခံကြဖို့ပေါ့။ ခေါင်းဆောင်က ကျွန်မရဲ့အလုပ်အကြောင်းကို ထပ်ပြီး စုံစမ်းမေးမြန်းတဲ့အခါ၊ ကျွန်မ တကယ့်အလုပ် မလုပ်ခဲ့ရင် အမှန်အတိုင်း ပြောဖို့၊ ကိုယ့်ပြဿနာတွေကို ရင်ဆိုင်ဖို့ သတ္တိမွေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ကိုယ့်ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို ကာကွယ်ဖို့အတွက် မုသားပြောတာကို ရပ်တန့်ဖို့၊ ရိုးသားတဲ့သူတစ်ယောက် ဖြစ်ဖို့အတွက် လက်တွေ့လုပ်ဆောင်ဖို့ရောပေါ့။ နောက်ပိုင်းမှာ၊ ကျွန်မရဲ့ ဂုဏ်သတင်းနဲ့ အဆင့်အတန်းအတွက် မုသားပြောခဲ့တဲ့အကြောင်းကို ခေါင်းဆောင်ဆီမှာ ကျွန်မ ကိုယ်တိုင်စပြီး ဖွင့်ဟခဲ့ပါတယ်။ ကျွန်မ သူ့ကို ဖွင့်ဟပြီးနောက်မှာ၊ ခေါင်းဆောင်က ကျွန်မကို ကူညီဖို့ သူ့ရဲ့ ကိုယ်ပိုင်အတွေ့အကြုံနဲ့ မိတ်သဟာယဖွဲ့ပြီး ကူညီခဲ့ပါတယ်။ ဒီနည်းအတိုင်း လက်တွေ့လုပ်ဆောင်တော့ ကျွန်မ ပိုပြီး လွတ်မြောက်သလို ခံစားခဲ့ရပါတယ်။ ရှေ့ဆက်ပြီး၊ ကျွန်မရဲ့အလုပ်ထဲက သွေဖည်မှုတွေကို ချက်ချင်း ပြန်တည့်မတ်ဖို့ ခေါင်းဆောင်ရဲ့ အကြံပြုချက်ကို ကျွန်မ လိုက်နာခဲ့ပါတယ်။ ဥပမာအနေနဲ့ မသင့်တော်တဲ့ ရေလောင်းသူတွေကို မြန်မြန်ဆန်ဆန် ဖြုတ်ချ၊ ရေလောင်းသူတွေနဲ့ သူတို့ရဲ့ တာဝန်တွေအကြောင်း အသေးစိတ် မိတ်သဟာယဖွဲ့၊ ပြီးတော့ သူတို့ရဲ့ အလုပ်တိုးတက်မှုကို နောက်ဆက်တွဲ လိုက်လုပ်ပြီး ကြီးကြပ်ကွပ်ကဲပေးရင်းနဲ့ပေါ့။ ကျွန်မက ဒီနည်းအတိုင်း အလုပ်မှာ အသေးစိတ် ကိုယ်တိုင်ဝင်ပါတဲ့အခါမှာ အလုပ်က ရှင်းလင်းတဲ့ တိုးတက်မှုကို ပြလာတယ်။

တစ်ပတ်ကြာတော့၊ ခေါင်းဆောင်က ရေလောင်းသူတွေကို ကျွန်မ ပြုစုပျိုးထောင်တာနဲ့ ပတ်သက်လို့ စာတစ်စောင် ပို့မေးခဲ့ပါတယ်။ ဒီစာကို လက်ခံရရှိတဲ့အခါ၊ ကျွန်မ သဘောပေါက်ခဲ့ပါတယ်။ ကျွန်မ တခြားအလုပ်တွေကို နောက်ဆက်တွဲ လိုက်လုပ်နေရတာနဲ့ အရမ်း အလုပ်ရှုပ်နေခဲ့လို့၊ ဝန်ထမ်းတွေအပေါ် ပျိုးထောင်တဲ့အလုပ်ကို ကျွန်မ လျစ်လျူရှုမိသွားခဲ့တယ်၊ ပြီးတော့ လူဘယ်နှယောက်ကို ပျိုးထောင်နိုင်တယ်ဆိုတာကိုလည်း ကျွန်မ မသိခဲ့ပါဘူး။ ကျွန်မ ဘယ်လိုပြန်ဖြေရမှာလဲ။ ကျွန်မ ဒီလောက် အရေးကြီးတဲ့အလုပ်ကို လျစ်လျူရှုနေခဲ့တယ်ဆိုတာကို ခေါင်းဆောင်သာ သိသွားခဲ့ရင် သူက ကျွန်မကို ဘယ်လိုထင်မလဲ။ ကျွန်မ တကယ့်အလုပ်ကို မလုပ်နေဘူးလို့ သူ ပြောမှာလား။ ကျွန်မ တွေးမိပါတယ်။ “ဒီအလုပ်ကို ငါ နောက်ဆက်တွဲ လိုက်လုပ်နေတုန်းပဲလို့ သူ့ကို စာပြန်လိုက်ရင် ကောင်းမှာပဲ။ ဒီလိုဆိုရင် သူ အမှန်တရားကို သိတော့မှာ မဟုတ်ဘူး” လို့ပေါ့။ ဒီလိုတွေးနေတုန်း ကျွန်မ ရုတ်တရက် သဘောပေါက်လိုက်ပါတယ်။ “ငါက ကိုယ့်ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို ကာကွယ်ဖို့ နောက်တစ်ခါ လိမ်ချင်နေပြန်တာ မဟုတ်ဘူးလား” လို့ပေါ့။ ဒါကြောင့် ကျွန်မ ဘုရားသခင်ဆီ စိတ်ထဲမှာ ဆုတောင်းခဲ့ပါတယ်။ “အို ဘုရားသခင်။ ကျွန်မ နောက်ထပ် မုသားမပြောချင်တော့ပါဘူး၊ ဒါမှမဟုတ် မလှည့်ဖြားချင်တော့ပါဘူး။ ဒီအလုပ်တာဝန်ကို ကျွန်မ မလုပ်ခဲ့ပါဘူး၊ ကျွန်မ တာဝန်မဲ့ခဲ့လို့ပါ။ ကျွန်မ ခေါင်းဆောင်ဆီကို ဒါကို ရိုးရိုးသားသား အစီရင်ခံဖို့ ဆန္ဒရှိပါတယ်” လို့ပေါ့။ ဆုတောင်းပြီးနောက်မှာ ကျွန်မ နက်ရှိုင်းတဲ့ ငြိမ်သက်ခြင်းကို ခံစားခဲ့ရပါတယ်။ ဘုရားသခင်က အရှိကိုအရှိအတိုင်း ပြောနိုင်တဲ့ ရိုးသားသောသူတွေကို နှစ်သက်တော်မူတယ်ဆိုတာကို ကျွန်မ တွေးမိပါတယ်။ ကျွန်မ အခြေအနေတွေကို တည်တည်ငြိမ်ငြိမ် ရင်ဆိုင်ရမယ်၊ အမှန်တရားကို မဖုံးကွယ်ရဘူး၊ ပြီးတော့ ခေါင်းဆောင်က ကျွန်မကို ဘယ်လိုထင်ထင်၊ ကျွန်မ ရိုးသားသောသူတစ်ယောက်ဖြစ်ဖို့ လက်တွေ့လုပ်ဆောင်ရမယ်ဆိုတာကိုပေါ့။ ဒါကြောင့် ခေါင်းဆောင်ကို ကျွန်မ အမှန်အတိုင်း ပြောလိုက်ပါတယ်။ “အရည်အချင်းရှိသူတွေကို ပြုစုပျိုးထောင်ဖို့ ကျွန်မ လုံလောက်တဲ့ အာရုံစိုက်မှု မပေးခဲ့ပါဘူး၊ ဒါပေမဲ့ ရှေ့ဆက်ပြီး ဒါကို ပြောင်းလဲဖို့ ကျွန်မ ဆန္ဒရှိပါတယ်” လို့ပေါ့။ အဲဒီနောက်မှာ ဒီအလုပ်တာဝန်ကို ကျွန်မ တကယ်တမ်း စလုပ်ခဲ့ပါတယ်။ နောက်သုံးလေးရက်ကြာတော့ ပျိုးထောင်နိုင်တဲ့ လူနှစ်ယောက်ကို ကျွန်မ ရှာတွေ့ခဲ့တယ်။ ဒီနောက်မှာ ခေါင်းဆောင်က တခြားအလုပ်တွေကို စုံစမ်းကြည့်ရှုပြီး နောက်ဆက်တွဲ လိုက်လုပ်ဖို့ ကျွန်မဆီကို ထပ်ပြီး စာရေးတဲ့အခါ၊ အလုပ်တချို့က ကောင်းတဲ့ရလဒ်တွေ မရခဲ့တဲ့အခါမှာတောင်၊ ကျွန်မ ဒါကို တည်တည်ငြိမ်ငြိမ် ရင်ဆိုင်ပြီး ဒီအကြောင်းတွေကို ရိုးသားစွာ အစီရင်ခံဖို့ ဆန္ဒရှိခဲ့ပါတယ်။ ကျွန်မ အခုထိ ရိုးသားသောသူတစ်ယောက်ဖြစ်ခြင်းရဲ့ စံနှုန်းတွေကို မပြည့်မီနိုင်သေးပေမဲ့၊ ကျွန်မ သမ္မာတရားကို လိုက်စားဖို့၊ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်အတိုင်း လက်တွေ့လုပ်ဆောင်ဖို့၊ ပြီးတော့ ကျွန်မရဲ့ လှည့်ဖြားတတ်တဲ့ စိတ်သဘောထားကို တဖြည်းဖြည်း ဖယ်ရှားဖို့ ဆန္ဒရှိပါတယ်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

နောက်ဆုံးတွင် ကျွန်ုပ်၏ ဉာဏ်နီဉာဏ်နက်ကို မြင်ရခြင်း

ရှောင်ချန့် ဟောင်ကောင် ပြီးခဲ့တဲ့နှစ်က ကျွန်မက အသင်းတော်မှာ ယုံကြည်သူအသစ်တွေကို ရေလောင်းနေတာလေ။ အဲဒီအတောအတွင်း၊ ပျိုးထောင်ပေးလို့ရမဲ့...

လှည့်စားခြင်းနှင့် သံသယဝင်ခြင်းသည် ဒုက္ခကိုသာ သယ်ဆောင်လာသည်

ကျန်ဟန် ဂရိနိုင်ငံ ကျွန်မက အသင်းတော်က ဗီဒီယိုထုတ်လုပ်ရေးသင်တန်းမှာ ဆက်တိုက်ရှိနေခဲ့တာ။ နောက်တော့ ၂၀၂၀ခုနှစ်၊ ဇွန်လရဲ့ နေ့တစ်နေ့မှာ...

ရိုးသားသူတစ်ယောက်ဖြစ်ခြင်းအားဖြင့် ကျွန်တော်ရရှိခဲ့သည့်အရာ

ချန်ယံ တောင်ကိုရီးယားနိုင်ငံအလုပ်အစည်းအဝေးတစ်ခုမှာ ကျွန်တော်ဦးဆောင်ရတဲ့ အသင်းတော်တစ်ခုရဲ့ လူသစ်တွေကိုရေလောင်းတာ ဘယ်လိုအခြေအနေရှိလဲလို့...

တာဝန်ထမ်းဆောင်ခြင်းသည် ရိုးသားခြင်းမရှိဘဲ မဖြစ်နိုင်ပေ

မုရီ အမေရိကန်နိုင်ငံ ကျွန်မက အသင်းတော်မှာ လူသစ်တွေကို ရေလောင်းတာကို ဦးဆောင်ရတယ်။ တချို့ယုံကြည်သူအသစ်တွေက ပါဝင်တာ သိပ်မကြာသေးဘူး။ သူတို့ထဲက...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။