မိမိတာဝန်အပေါ် မှန်ကန်သော သဘောထားတစ်ခု

03.08.2022

မီလန် ဖိလစ်ပိုင်နိုင်ငံ

ကျွန်မက အဲဒီနောက်မှာ တော်တော်စိတ်မကောင်းဖြစ်တယ်။ လက်မခံနိုင်ခဲ့ဘူး။ အထူးသဖြင့် ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလအမှုတော်ကို လူတွေပိုလက်ခံလာကြပြီး ရေလောင်းဖို့ အရေးတကြီးလိုအပ်နေတာကို မြင်ရတဲ့အခါမှာပေါ့၊ အဲဒီအချိန်မှာပဲ ကျွန်မတာဝန်ကို အပြောင်းခံရတော့ ကျွန်မ ထုတ်ခံလိုက်ရပြီလားလို့ တွေးမိတယ်။ သူများတွေသိသွားရင် ကျွန်မကို ဘယ်လိုထင်ကြမလဲ၊ ကျွန်မက အစွမ်းအစမရှိဘူး၊ ငြီးငွေ့စရာအလုပ်တွေ၊ ကြုံရာကျပန်းအလုပ်တွေပဲလုပ်နိုင်ပြီး အနာဂတ်မရှိဘူးလို့ သူတို့တွေက ထင်မှာကို ကျွန်မ စိုးရိမ်မိတယ်။ အစကတော့ တခြားလူတိုင်းလိုပဲ ယုံကြည်သူအသစ်တွေကို ကျွန်မက ရေလောင်းတယ်။ ဒါပေမဲ့ အခု ကျွန်မက အထွေထွေကိစ္စတွေ၊ ဝေယျာဝစ္စအလုပ်လေးတွေပဲကိုင်တွယ်နေရတော့ ဒီလိုတာဝန်မျိုးမှာဘာအဓိပ္ပာယ်ရှိမလဲ။ ဘယ်လောက်ကောင်းအောင်လုပ်လုပ်၊ ကျွန်မက အစေခံသူဖြစ်ပြီး နောက်ဆုံးကျ ထုတ်ခံရမှာပဲပေါ့။ ဒါပေမဲ့ အဲဒီအချိန်တုန်းက ဘုရားအလိုတော်ကို မရှာဖွေခဲ့ဘဲ ဒါနဲ့ပတ်သက်ပြီး ပိုပိုပြီးစိတ်မကျေမနပ်ဖြစ်လာတယ်။ ကိုယ့်တာဝန်တွေကိုကောင်းကောင်းပြီးအောင်မလုပ်ဘဲ စိတ်နှစ်မထားဘဲနဲ့ အပေါ်ယံပဲလုပ်ပြီး ကျေနပ်ရောင့်ရဲနေခဲ့တယ်။ တစ်ခါတလေမှာ ညနေပိုင်းမှာလုပ်ဖို့ ကိစ္စတွေအများကြီးရှိတယ်။ ဒါပေမဲ့ ကျွန်မက အစောကြီး အိပ်ငိုက်တယ်။ အဲဒီမှာ ရေလောင်းတာကို ဦးဆောင်တဲ့အစ်မက ကျွန်မကို စာပို့ပြီး အရင်က အလုပ်စာရွက်စာတမ်းတချို့ကို ကူပြီး စုပေးဖို့ ပြောတယ်။ ဒါကိုဖတ်ရတော့ ကျွန်မ တော်တော် အတိုက်အခံဖြစ်တယ်။ ကျွန်မက လူသစ်တွေကို ရေမလောင်းတော့ဘူးဆိုတော့ ဒီကိစ္စတွေအတွက် တာဝန်မရှိဘူးပေါ့။ ဘာလို့ ကျွန်မကို ဒီလိုလုပ်ခိုင်းတာလဲပေါ့။ ဒါပေမဲ့ ကျွန်မ ငြင်းလို့မရဘူးဆိုတော့ စိတ်မပါဘဲနဲ့ သဘောတူလိုက်ရတယ်။ ဒါပေမဲ့ နောက်တစ်နေ့မှာ တခြားရေလောင်းတဲ့အစ်မတစ်ယောက်က ကျွန်မကို တစ်ခုကူလုပ်ခိုင်းတယ်။ ကျွန်မ စဉ်းစားတယ်။ အထွေထွေကိစ္စတွေက တကယ်ပဲ ကြုံရာကျပန်းအလုပ်တွေပဲ။ ဘယ်သူမဆို ငါ့ကို ဘာလုပ်ရမယ်ဆိုတာ ပြောနိုင်တယ်။ ဒါက တကယ်တမ်း ငါ့နယ်ပယ်မဟုတ်ဘူး။ ဒါဆို ဘာလို့ ငါ့ကို ကူခိုင်းတာလဲ ပေါ့။ ကျွန်မ သဘောမတူချင်ဘူး။ ဒါပေမဲ့ သဘောမတူဘူးဆိုရင် ကျွန်မက အသင်းတော်အလုပ်ကို မပံ့ပိုးဘူးလို့ သူထင်မှာကို ကြောက်မိတယ်။ ဘာမှမတတ်နိုင်တော့ဘဲ လုပ်မယ်လို့ ပြောလိုက်ရတယ်။

သုံးလေးရက်ကြာတဲ့အထိ ကျွန်မ ကိုယ့်ကိုယ်ကိုယ် လုံးဝ နားမလည်ဘူး။ ဘုရားသခင်ဆီက အဲဒီတာဝန်ပြောင်းလဲမှုကို ကျွန်မ လက်မခံနိုင်ဘဲ ခေါင်းဆောင်ကို အတိုက်အခံဖြစ်နေပြီးတော့ သူက ကျွန်မအတွက် အခက်အခဲဖြစ်အောင်လုပ်နေတယ်လို့ ခံစားမိတယ်။ အရင်က ကျွန်မနဲ့တွဲလုပ်တဲ့ အစ်မတစ်ယောက်ကို ပြောလိုက်တယ်။ ရည်ရွယ်ချက်ရှိရှိပုံစံမျိုးနဲ့ပေါ့။ “ကျွန်မရဲ့ ရေလောင်းတဲ့အလုပ်မှာ အလကားနေနေတဲ့အချိန် တစ်ခါမှမရှိခဲ့ဘဲ ကျွန်မလုပ်ရမယ့်အလုပ်တိုင်းကို လုပ်တယ်။ ပြဿနာတွေပေါ်လာတော့ ခေါင်းဆောင်က ကျွန်မကို လုံးဝ မကူဘူး။ ဒါပေမဲ့ ကျွန်မကို ချက်ချင်း ထုတ်ပစ်လိုက်တယ်။ ထားလိုက်တော့။ အထုတ်ခံရတယ်ဆိုတော့ ကျွန်မအတွက် သင်ခန်းစာတစ်ခုရှိရမယ်” ပေါ့။ အဲဒါကို ကြားပြီးတော့ ခေါင်းဆောင်က ကျွန်မအပေါ် မတရားဘူးလို့ သူလည်း ထင်သွားတယ်။ ဒါပေမဲ့ အဲဒီအချိန်တုန်းက အထွေထွေကိစ္စတွေကိုင်တွယ်ပြီး သူများတွေရဲ့ အထင်ကြီးမှုကို ဆုံးရှုံးရတာကို စဉ်းစားကြည့်တော့ မတရားခံရသလို ခံစားမိတယ်။ အထွေထွေကိစ္စတွေကို ကိုင်တွယ်ဖို့ ဘာလို့ ကျွန်မကို တာဝန်ချပေးတာလဲ။ ကျွန်မက ကြုံရာကျပန်းအလုပ်တွေကိုပဲ လုပ်နိုင်တာလား။ ပျိုးထောင်ပေးဖို့ မတန်ဘူးလားပေါ့။ အဲဒီအချိန်ကစပြီး ကျွန်မက အသုံးဝင်မှာမဟုတ်ဘူး၊ အဆုံးအထိ ကိုယ့်ယုံကြည်ခြင်းကို ထားထားရင်တောင် အထုတ်ခံရမှာပဲလို့ ခံစားမိတယ်။ ဒီအတွေးတွေကြောင့် ကျွန်မ ပိုပိုပြီး စိတ်ဆင်းရဲလာတယ်။ ကျွန်မအခြေအနေက မမှန်ကန်တာကို သဘောပေါက်ပြီး ဘုရားရှေ့လာပြီး ဆုတောင်းတယ်။ “ဘုရားသခင် သမီးမှာ ဘာတွေမှားယွင်းနေတာလဲ။ ဒါကလည်း တာဝန်တစ်ခုပဲ။ ဒါဆိုရင် အထွေထွေကိစ္စတွေကို ကိုင်တွယ်ရတာကို ဘာလို့ ဒီလောက် မကျေမနပ်ဖြစ်ရတာလဲ။ ဘုရားသခင် သမီး ကိုယ့်ကိုယ်ကိုယ်နားလည်ပြီး ဖောက်ပြန်ပျက်စီးခြင်းထဲမှာရှင်သန်တာကို ရပ်တန့်ဖို့ သမီးကို ဉာဏ်အလင်းဖွင့်ပြပြီး လမ်းပြတော်မူပါ” ဆိုပြီးတော့။

ဆုတောင်းပြီးတော့ တာဝန်မှာ ပြောင်းလဲမှုအပေါ် အန္တိခရစ်တွေရဲ့သဘောထားအကြောင်း ဘုရားနှုတ်ကပတ်တော်တွေကို တွေးမိတယ်။ ဘုရားသခင်၏ နှုတ်ကပတ်တော်၌ ပြောထားသည်- “သင့်အတွက် မည်သည့်တာဝန်က သင့်လျော်သည်ဆိုသည်ကို သင်၏ ကိုယ်ပိုင်အားသာချက်များအပေါ်တွင် အခြေခံသင့်သည်။ တစ်ခါတစ်ရံတွင် အသင်းတော်မှ သင့်အတွက် စီစဉ်သည့်တာဝန်သည် သင်ကျွမ်းကျင်သည့်အရာ၊ သို့မဟုတ် သင်လုပ်ဆောင်လိုသည့်အရာတစ်ခုမဟုတ်လျှင် သင်သည် ဤအရေးကိစ္စကို ထုတ်ဖော်ပြောဆိုနိုင်ပြီး ဆွေးနွေးပြောဆိုခြင်းမှတစ်ဆင့် ဖြေရှင်းနိုင်သည်။ သို့သော် သင်သည် တာဝန်ကို ထမ်းဆောင်နိုင်ပြီး ယင်းမှာ သင်ထမ်းဆောင်သင့်သည့်တာဝန်ဖြစ်သည့်တိုင်၊ သင်သည် ဒုက္ခခံရမည်ကို ကြောက်သည့်အတွက် သက်သက်ဖြင့် မလုပ်ဆောင်လိုလျှင် လူတစ်ယောက်အနေဖြင့် သင့်တွင် ပြဿနာတစ်ခုရှိသည်။ သင်သည် နာခံလိုစိတ်ရှိပြီး သင်၏ ဇာတိပကတိကို စွန့်လွှတ်နိုင်လျှင် သင်သည် ဆင်ခြင်တုံတရားရှိသည်ဟု ဆိုနိုင်သည်။ သို့ရာတွင် မည်သည့်တာဝန်များက ပို၍ သိက္ခာရှိသည်ဟု သင်က အစဉ်တွက်ချက်ဖို့ ကြိုးစားပြီး၊ တာဝန်အချို့က အခြားလူများ သင့်ကို အထင်သေးစေလိမ့်မည်ဟု ယူဆလျှင်၊ ဤသည်မှာ သင့်တွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုရှိသည်ကို သက်သေပြသည်။ သင်သည် တာဝန်များအပေါ် သင်၏ နားလည်မှုတွင် အဘယ်ကြောင့် အလွန် အမြင်စောင်းနေရသနည်း။ တာဝန်တစ်ခုသည် သင်၏ ကိုယ်ပိုင်စိတ်ကူးများကို အခြေခံပြီး ရွေးချယ်သောအရာဖြစ်လျှင် ထိုတာဝန်ကို သင်ကောင်းစွာထမ်းဆောင်နိုင်၍များ ဖြစ်နိုင်သလော။ ဤသည်မှာ သေချာပေါက် မမှန်ကန်ပေ။ ဤနေရာတွင် အရေးကြီးဆုံးမှာ သင်၏ ဖောက်ပြန်ပျက်စီးသောစိတ်သဘောထားကို ဖြေရှင်းခြင်းဖြစ်သည်။ မဖြေရှင်းလျှင် သင်နှစ်သက်သောတာဝန်ဖြစ်လျှင်ပင် ထိုတာဝန်ကို ကောင်းစွာထမ်းဆောင်နိုင်လိမ့်မည်မဟုတ်ပေ။ လူအချို့သည် စည်းမျဉ်းမရှိဘဲ ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်ကြသည်။ ၎င်းတို့၏ တာဝန်ထမ်းဆောင်ခြင်းသည် ၎င်းတို့၏ ကိုယ်ပိုင်နှစ်သက်မှုများအပေါ်တွင် အစဉ် အခြေခံသည်။ ထို့ကြောင့် ၎င်းတို့သည် အခက်အခဲများကို မည်သည့်အခါမျှ မဖြေရှင်းနိုင်ကြပေ။ ၎င်းတို့ထမ်းဆောင်သည့်တာဝန်တိုင်းတွင် အစဉ်သဖြင့် ဖြစ်သလိုလုပ်ဆောင်သည်။ နောက်ဆုံးတွင် ၎င်းတို့သည် ထုတ်ပယ်ခံရသည်။ ဤသို့သောလူများသည် ကယ်တင်ခံရနိုင်သလော။...မကောင်းမှုပြုသူများနှင့် အန္တိခရစ်များသည် ၎င်းတို့၏တာဝန်များအပေါ် မည်သည့်အခါမျှ မှန်ကန်သောသဘောထားမရှိပေ။ ၎င်းတို့သည် ပြောင်းရွှေ့ခံရသောအခါ မည်သည့်အရာကို စဉ်းစားကြသနည်း။ ‘ငါသည် အစေခံသူသာဖြစ်သည်၊ သင့်အမိန့်အတိုင်း အစေခံသည့်သူ၊ ငါ့ကို မလိုအပ်တော့သောအခါ အဝေးသို့စေလွှတ်၍ရ်သောသူဖြစ်သည်ဟု သင်ထင်သလော။ ငါ့ကို ဤသို့ဆက်ဆံသည်ကို ခွင့်ပြုမည်မဟုတ်။ ငါသည် ခေါင်းဆောင်၊ သို့မဟုတ် အမှုဆောင်ဖြစ်ချင်သည်။ အကြောင်းမှာ ယင်းကသာ ဤနေရာတွင် လေးစားထိုက်သော အလုပ်ဖြစ်သောကြောင့်ဖြစ်သည်။ သင်သည် ငါ့ကို ခေါင်းဆောင်၊ သို့မဟုတ် အမှုဆောင်ဖြစ်ခွင့်မပြုဘဲ ငါ့အား ဖြည့်ဆည်းမှုများ လုပ်ဆောင်စေလိုသေးလျှင် မေ့ပစ်လိုက်ပါ။’ ဟု ဖြစ်သည်။ ဤသည်မှာ မည်သို့သော သဘောထားမျိုးဖြစ်သနည်း။ နာခံခြင်းဖြစ်သလော။ ၎င်းတို့တာဝန်တွင် လွှဲပြောင်းခံရခြင်းနှင့်ပတ်သက်သည့် ဤသဘောထားကို မည်သည့်အရာက တွန်းအားပေးသနည်း။ စိတ်မြန်လက်မြန်လုပ်ခြင်း၊ ၎င်းတို့၏ ကိုယ်ပိုင်အယူအဆများနှင့် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသောစိတ်သဘောထားတို့ မဟုတ်လော။ ဤနည်းဖြင့် ချဉ်းကပ်ခြင်း၏ အကျိုးဆက်များမှာ အဘယ်နည်း။ ပထမဦးစွာ ၎င်းတို့သည် ၎င်းတို့၏ နောက်တာဝန်တွင် ဆက်ကပ်ပြီး ရိုးသားစစ်မှန်နိုင်မည်လော။ ၎င်းတို့ ဤသို့ ပြုလုပ်နိုင်မည်မဟုတ်ပေ။ ၎င်းတို့သည် အပြုသဘောဆောင်သော သဘောထားရှိလိမ့်မည်လော။ မည်သို့သော အခြေအနေမျိုးတွင် ၎င်းတို့ ရှိလိမ့်မည်နည်း။ (စိတ်ပျက်လက်ပျက်ဖြစ်သည့် အခြေအနေတွင်ရှိမည်။) စိတ်ပျက်လက်ပျက်ဖြစ်ခြင်း၏ အနှစ်သာရသည် အဘယ်နည်း။ အာခံခြင်းဖြစ်သည်။ အာခံသော၊ စိတ်ပျက်သော စိတ်ခံစားချက်၏ အဆုံးစွန်ရလဒ်မှာ အဘယ်နည်း။ ဤသို့ခံစားရသောသူတစ်ယောက်သည် မိမိတာဝန်ကို ကောင်းစွာ ထမ်းဆောင်နိုင်သလော။ (မထမ်းဆောင်နိုင်ပါ။) လူတစ်ယောက်သည် အစဉ်သဖြင့် အပျက်သဘောဆောင်ပြီး အာခံနေလျှင် ထိုသူသည် တာဝန်ထမ်းဆောင်ရန် သင့်တော်သလော။ မည်သည့်တာဝန်ကို ထမ်းဆောင်သည်ဖြစ်စေ ကောင်းမွန်စွာ မထမ်းဆောင်နိုင်ပေ။ ဤသည်မှာ ရုန်းမထွက်နိုင်သည့် သံသရာဖြစ်ပြီး ကောင်းမွန်စွာ အဆုံးသတ်လိမ့်မည်မဟုတ်ပေ။ ဤသည်မှာ အဘယ်ကြောင့်နည်း။ ဤသို့သောလူတို့သည် ကောင်းမွန်သော လမ်းကြောင်းပေါ်တွင် မရှိပေ။ ၎င်းတို့သည် သမ္မာတရားကို မရှာဖွေပေ။ မနာခံပေ။ ၎င်းတို့သည် ၎င်းတို့အပေါ် ဘုရားသခင်၏ မိသားစု၏ သဘောထားနှင့် ချဉ်းကပ်မှုကို မှန်မှန်ကန်ကန် နားမလည်နိုင်ပေ။ ဤသည်မှာ ပြဿနာဖြစ်သည်မဟုတ်လော။ ဤသည်မှာ တာဝန်တွင် လုံးဝ သင့်လျော်သောပြောင်းလဲမှုဖြစ်သည်။ သို့သော် အန္တိခရစ်များက ဤသည်မှာ ၎င်းတို့ကို ညှဉ်းပန်းရန် လုပ်ဆောင်ခြင်းဖြစ်ကြောင်း၊ ၎င်းတို့သည် လူသားကဲ့သို့ ဆက်ဆံခံရခြင်းမရှိကြောင်း၊ ဘုရားသခင်၏ မိသားစုသည် ချစ်ခြင်းကင်းမဲ့ကြောင်း၊ ၎င်းတို့သည် စက်ယန္တရားကဲ့သို့ ဆက်ဆံခံရကြောင်း၊ လိုအပ်သည့်အခါတွင် ခေါ်ပြီး မလိုအပ်သည့်အခါတွင် ဘေးသို့အကန်ခံရကြောင်း ဆိုကြသည်။ ဤသည်မှာ မလိမ့်တပတ်လုပ်ထားသော တွေးခေါ်ပုံမဟုတ်လော။ ဤသို့သောအရာမျိုးကိုပြောဆိုသူသည် အသိစိတ်၊ သို့မဟုတ် ဆင်ခြင်တုံတရားရှိသလော။ ၎င်းတို့တွင် လူ့သဘာဝမရှိပေ။ ၎င်းတို့သည် လုံးဝ ကျိုးကြောင်းသင့်သောကိစ္စကို လိုရာဆွဲ၍ မမှန်မကန်ပြောသည်။ ၎င်းတို့သည် လုံးဝ သင့်လျော်သော လက်တွေ့လုပ်ဆောင်မှုကို အပျက်သဘောဆောင်သောအရာတစ်ခုအဖြစ် လှည့်ပြောင်းပစ်သည်။ ဤသည်မှာ အန္တိခရစ်တစ်ယောက်၏ မကောင်းမှုမဟုတ်သလော။ ဤမျှဆိုးယုတ်သောသူ တစ်ယောက်သည် သမ္မာတရားကို နားလည်နိုင်သလော။ လုံးဝ နားမလည်နိုင်ပေ။ ဤသည်မှာ အန္တိခရစ်တစ်ယောက်၏ ပြဿနာဖြစ်သည်။ ၎င်းတို့အပေါ် ဖြစ်ပျက်သည့် မည်သည့်အရာမဆိုနှင့်ပတ်သက်သည့် တွေးခေါ်ပုံကို မလိမ့်တပတ်လုပ်လိမ့်မည်။ ၎င်းတို့သည် အဘယ်ကြောင့် လှည့်ပတ်သည့်နည်းလမ်းဖြင့် စဉ်းစားသနည်း။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် သဘာဝအားဖြင့် အလွန့်အလွန် ဆိုးယုတ်သောကြောင့်၊ အနှစ်သာရတွင် ဆိုးယုတ်သောကြောင့်ဖြစ်သည်။ အန္တိခရစ်တစ်ဦး၏ သဘာဝနှင့် အနှစ်သာရသည် အဓိကအားဖြင့် ဆိုးယုတ်မှုဖြစ်သည့်အပြင်၊ ၎င်းတို့၏ ရက်စက်ကြမ်းတမ်းမှုက နောက်ကလိုက်သည်။ ဤအရာတို့သည် ၎င်းတို့၏ အဓိက စရိုက်လက္ခဏာများဖြစ်သည်။ အန္တိခရစ်တို့၏ မကောင်းသောသဘာဝသည် ၎င်းတို့ကို မည်သည့်အရာကိုမဆို မှန်ကန်စွာ နားလည်သဘောပေါက်ခြင်းကို ပိတ်ပင်တားဆီးသည်။ ထိုအစား ၎င်းတို့သည် အရာရာကို လိုရာဆွဲပြောပြီး အဓိပ္ပာယ်ကောက်လွဲသည်။ ၎င်းတို့သည် အလွန်အကျွံပြုလုပ်သည်။ စကားကပ်ပြောသည်။ အမှုအရာများကို မှန်ကန်စွာ မကိုင်တွယ်နိုင်ပေ၊ သို့မဟုတ် သမ္မာတရားကို မရှာဖွေနိုင်ပေ။ ထို့အပြင် ၎င်းတို့သည် အမှုအရာများကို တက်ကြွစွာ အာခံပြီး လက်စားချေသည်၊ သို့မဟုတ် ၎င်းတို့၏ ကိုယ်ပိုင်အယူအဆများနှင့် အပျက်သဘောဆောင်မှုကိုပင် ဖြန့်ဝေကာ ဘုရားအိမ်တော်၏ အလုပ်ကို နှောင့်ယှက်ရန်အတွက် အခြားလူများကို လှုံ့ဆော်ပြီး သွေးဆောင်သည်။ ၎င်းတို့သည် နာကြည်းချက်အချို့ကို တိတ်တဆိတ်ဖြန့်ဝေသည်။ ဘုရားအိမ်တော်တွင် လူတို့ကို ဆက်ဆံပုံ၊ ဘုရားအိမ်တော်၏ စီမံခန့်ခွဲခြင်းအတွက် စည်းကမ်းများ၊ အချို့ခေါင်းဆောင်များက အမှုအရာများကို လုပ်ဆောင်ပုံတို့ကို ဝေဖန်အပြစ်တင်ပြီး ထိုခေါင်းဆောင်များကို ရှုတ်ချသည်။ ဤသည်မှာ မည်သည့်စိတ်သဘောထားမျိုးဖြစ်သနည်း။ ယင်းသည် ရက်စက်ကြမ်းတမ်းသည်။(အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “ရာထူးဂုဏ်သိန် မရှိသောအခါ၊ သို့မဟုတ် ကောင်းချီးရရန် မျှော်လင့်ချက်မရှိသောအခါ ၎င်းတို့က နောက်ဆုတ်ချင်ကြသည်”) ဘယ်အရာကိုမဆို ရင်ဆိုင်ရာမှာ အန္တိခရစ်တွေက ဘုရားအလိုတော်ကို မှန်မှန်ကန်ကန် နားမလည်နိုင်ဘဲ ကိစ္စတွေကို အမြဲတမ်း မှားယွင်းပြီးမှတ်ယူတယ်ဆိုတာ ဘုရားနှုတ်ကပတ်တော်ကနေ ကျွန်မ မြင်ခဲ့ပါတယ်။ သူတို့က ရာထူးချခံရတယ်၊ သူတို့အတွက် အခက်အခဲဖြစ်အောင်လုပ်တယ်လို့ ထင်ပြီးတော့ တာဝန်မှာ ရိုးရိုးလေး ပြောင်းလဲတာတစ်ခုကို ဆိုးယုတ်တဲ့ အမြင်နဲ့ ချဉ်းကပ်ကြတယ်။ ဘုရားအိမ်တော်က သူတို့ကို စက်ရုပ်တွေလိုမျိုး လှည့်ပတ်ခိုင်းနေတယ်လို့တောင် ခံစားကြတယ်။ သူတို့တွေဟာ အပျက်သဘောဆောင်ပြီး အတိုက်အခံဖြစ်တယ်။ ဘုရားအိမ်တော်ရဲ့အလုပ်ကို လျစ်လျူရှုပြီး သူတို့တာဝန်ကို အချိန်မရွေး စွန့်ပစ်နိုင်တယ်။ အန္တိခရစ်တွေက ဒီလိုဆိုးယုတ်ပြီး ကြမ်းတမ်းတဲ့ သဘာဝရှိကြတယ်။ ဒါပေမဲ့ ကျွန်မက ဒီလိုပုံစံအတိုင်းအတိအကျပဲ ပြုမူနေတယ်ဆိုတာ မြင်ခဲ့ပါတယ်။ ထုတ်ခံရပြီးတဲ့နောက်မှာ ကျွန်မက ဘယ်လို ကျရှုံးခဲ့သလဲဆိုတာကို ဆင်ခြင်ကြည့်ပြီး တာဝန်အသစ်မှာ ဒီအခွင့်အရေးကို တန်ဖိုးထားသင့်တယ်။ ဒါပေမဲ့ ကျွန်မက ဆင်ခြင်တောင် မကြည့်ခဲ့ဘူး။ ခေါင်းဆောင်က ကျွန်မအပေါ် ဖိနေတာ၊ အထွေထွေကိစ္စတွေကို ကိုင်တွယ်ရတာက အဆင့်အတန်းနိမ့်ပြီး ရှက်စရာကောင်းတယ်၊ ကျွန်မက ကြုံရာကျပန်းအလုပ်တွေလုပ်နေရတာ၊ အစေခံသူတစ်ယောက်ဖြစ်တယ်၊ ပျိုးထောင်ပေးဖို့ မထိုက်တန်ဘူး၊ ဒါကြောင့် ကျွန်မမှာ အနာဂတ်မရှိဘူးလို့ ခံစားမိခဲ့တယ်။ ကျွန်မက ဒါကို မနာခံနိုင်ခဲ့ဘဲ အရမ်းကို မတရားခံရတယ်လို့တောင် ခံစားမိပြီး ဒီတာဝန်အပေါ် အရမ်း အတိုက်အခံဖြစ်ခဲ့တယ်။ အမြဲတမ်း အားလျော့နေပြီး အပေါ်ယံပဲလုပ်တယ်။ အလေလိုက်နေခဲ့တယ်။ ကျွန်မက ဘုရားနဲ့ ဖက်ပြိုင်နေပြီး ဘုရားကို ဆန့်ကျင်ဖို့ ဒီအပျက်သဘောဆောင်မှုမျိုးကို အသုံးပြုနေတာပါ။ ရေလောင်းတဲ့အစ်မတွေက ကျွန်မဆီကို ကူဖို့အတွက်လာတော့ ပူးပေါင်းဆောင်ရွက်ချင်စိတ်မရှိဘဲ နာကြည်းချက်တွေနဲ့ ပြည့်နေခဲ့တယ်။ သူတို့က ကျွန်မကို အမိန့်တွေလျှောက်ပေးတယ်၊ ပင်ပင်ပန်းပန်းလုပ်ခိုင်းပြီး ကြုံရာကျပန်းအလုပ်တွေ လုပ်ခိုင်းတယ်လို့ ထင်ခဲ့တယ်။ ကျွန်မက တော်တော် အဓိပ္ပာယ်မရှိဖြစ်ပြီး ဆိုးယုတ်ပါတယ်။ ကျွန်မက မတရားခံရတဲ့ ခံစားချက်တွေကို ထွက်ပေါက်ရှာချင်ခဲ့တယ်။ အဲဒါနဲ့ အရင်က လုပ်ဖော်ကိုင်ဖက်ကို နာကြည်းချက်တွေ ထုတ်ပြောပြီး ခေါင်းဆောင်အကြောင်းကို တိုင်ပြောတယ်။ ဒါက သူ့အပေါ် သက်ရောက်သွားပြီး သူကလည်း ခေါင်းဆောင်အပေါ် အမြင်စောင်းသွားတယ်။ တာဝန်မှာ အဲဒီအပြောင်းအလဲက ကျွန်မကို အပြည့်အဝ ဖော်ထုတ်လိုက်တယ်။ ကျွန်မကို အမြင်ကောင်းစေတဲ့တာဝန်ကိုပဲ လိုချင်ပြီး ကျွန်မက ကိုယ့်တာဝန်ကို လုံးဝ ကိုယ့်နှစ်သက်မှုအပေါ် အခြေခံပြီး လုပ်ခဲ့တာပါ။ နိမ့်ကျတဲ့ အဆင့်အတန်းတစ်ခုနဲ့ သူများတွေက ကျွန်မကို အထင်ကြီးမှာမဟုတ်ဘူး၊ ကောင်းချီးရဖို့ မျှော်လင့်ချက်မရှိဘူးလို့ ခံစားမိခဲ့တယ်။ အဲဒါနဲ့ အပျက်သဘောဆောင်ပြီး အချိန်ဆွဲလုပ်တယ်။ ဘုရားကို ဆန့်ကျင်တယ်။ ကိုယ့်တာဝန်မှာတောင် ကိုယ့်ဒေါသကို ထွက်ပေါက်ရှာတယ်။ ကိုယ်ပိုင်တစ်ဖက်သတ်အမြင်နဲ့ အယူအဆတွေကို ဖြန့်ပြီး တခြားလူတစ်ယောက်ကို ကျွန်မအတွက် ယှဉ်ပြိုင်ပေးဖို့ ကိုယ့်ဘက်ကိုတောင် ပါအောင်လုပ်ခဲ့တယ်။ ဒါက ဘယ်လိုလုပ်ပြီး အန္တိခရစ်နဲ့ ကွာခြားဦးမှာလဲ။ ကျွန်မက တကယ်တမ်း ဘာလူ့သဘာဝနဲ့ အသိစိတ်မှမရှိဘူးဆိုတာ၊ အရမ်းကြမ်းတမ်းတဲ့ သဘာဝရှိတယ်ဆိုတာ ကျွန်မ ဆင်ခြင်ကြည့်ပြီး မြင်ခဲ့ပါတယ်။

နောက်တော့ ဘုရားနှုတ်ကပတ်တော်တချို့ဖတ်တယ်။ “လူအချို့သည် ၎င်းတို့၏ တာဝန်ကို မှန်ကန်စွာ မထမ်းဆောင်ပေ။ ၎င်းတို့သည် အစဉ်သဖြင့် ပေါ့ဆပြီး ဝတ်ကျေတန်းကျေလုပ်ကာ အနှောင့်အယှက်၊ အတားအဆီးများဖြစ်ပေါ်စေသည်။ နောက်ဆုံးတွင် ၎င်းတို့သည် အစားထိုးခံရသည်။ သို့သော် အသင်းတော်မှ မထုတ်ပယ်ခံရပေ။ ယင်းမှာ ၎င်းတို့ကို နောင်တရရန် အခွင့်အရေးပေးခြင်းဖြစ်သည်။ လူတိုင်းက ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားရှိကြသည်။ လူတိုင်းတွင် ဝေခွဲမရဖြစ်သော၊ သို့မဟုတ် စိတ်ရှုပ်ထွေးသောအချိန်များ၊ ဝိညာဉ်ရင့်ကျက်မှုနည်းပါးသောအချိန်များ ရှိကြသည်။ သင့်အား အခွင့်အရေးပေးရခြင်း၏ ရည်ရွယ်ချက်မှာ ဤအရာအားလုံးကို သင်ပြောင်းလဲနိုင်ရန်ဖြစ်သည်။ သင် မည်သို့ပြောင်းလဲနိုင်သနည်း။ သင်သည် သင်၏ ယခင်ကအမှားများကို ဆင်ခြင်သုံးသပ်ပြီး သိမြင်လာရမည်။ ဆင်ခြေများမပေးနှင့်။ အယူအဆများ မဖြန့်နှင့်။ သင်သည် ဘုရားသခင်ကို နားလည်မှုလွဲပြီး အခြားသူများသည်လည်း သင်နှင့်အတူ ဘုရားသခင်ကို အနက်အဓိပ္ပာယ်ကောက်လွဲရန်အလို့ငှာ၊ ဤအထင်လွဲမှုများကို အခြားလူများထံသို့ သာမန်ကာလျှံကာ လက်ဆင့်ကမ်းပေးလျှင်၊ သင်သည် အယူအဆများရှိပြီး လူတိုင်းက သင်နှင့်အတူ အယူအဆများရှိရန်နှင့် သင်နှင့်အတူ ဘုရားသခင်အား ကျိုးကြောင်းပြပြောဆိုဖို့ ကြိုးစားရန်အလို့ငှာ ယင်းတို့ကို လည့်လှည်ဖြန့်ဝေပါက၊ ဤသည်မှာ လူများကို အုံကြွလာစေရန်ပြုလုပ်ခြင်းမဟုတ်သလော။ ဤသည်မှာ ဘုရားသခင်ကို ဆန့်ကျင်ခြင်းမဟုတ်သလော။ ဘုရားသခင်ကို ဆန့်ကျင်ခြင်းမှ ကောင်းသည့်အရာတစ်စုံတစ်ခု ရှိလာနိုင်သလော။ သင်သည် ကယ်တင်ခြင်းခံရနိုင်သေးသလော။ ဘုရားသခင်သည် သင့်ကို ကယ်တင်လိမ့်မည်ဟု သင်မျှော်လင့်သည်။ သို့သော် သင်က ဘုရားသခင်ကို အာခံပြီး ဆန့်ကျင်သည်။ ဘုရားသခင်က သင့်ကို ကယ်တင်နိုင်ဦးမည်လော။ ဤမျှော်လင့်ချက်များကို မေ့ထားလိုက်ပါ။ သင်သည် အမှားတစ်ခုကို လုပ်ဆောင်သောအခါ ဤအမှားတစ်ခုကြောင့် ဘုရားသခင်က သင့်ကို တာဝန်မခံခိုင်းသကဲ့သို့ သင့်ကို မထုတ်ပယ်ပါ။ ဘုရားအိမ်တော်က သင့်ကို အခွင့်အရေးတစ်ခုပေးပြီး၊ သင့်ကို ဆက်လက်၍ တာဝန်ထမ်းဆောင်ရန်၊ နောင်တရရန် အခွင့်ပေးသည်။ ဤသည်မှာ ဘုရားသခင်က သင့်ကိုပေးသော အခွင့်အလမ်းဖြစ်သည်။ သင့်တွင် အသိစိတ်နှင့် ဆင်ခြင်တုံတရားရှိလျှင် ဤအရာကို တန်ဖိုးထားသင့်သည်။ လူအချို့သည် တာဝန်ထမ်းဆောင်သောအခါ အစဉ်သဖြင့် ပေါ့ဆပြီး ဝတ်ကျေတန်းကျေပြုသည်။ ၎င်းတို့ လူစားထိုးခံရသည်။ အချို့မှာ ပြောင်းရွှေ့ခံရသည်။ ဤသည်မှာ ၎င်းတို့က ထုတ်ပယ်ခံရသည်ဆိုသည့် အဓိပ္ပာယ်ဖြစ်သလော။ ဘုရားသခင်က ထိုသို့မပြောလျှင် သင့်တွင် အခွင့်အရေးရှိသေးသည်။ ဤသို့ဆိုလျှင် မည်သည့်အရာကို သင်လုပ်ဆောင်သင့်သနည်း။ သင်သည် သင့်ကိုယ်သင် ဆင်ခြင်သုံးသပ်သင့်ပြီး သိမြင်လာသင့်သည်။ စစ်မှန်သည့် နောင်တရသင့်သည်။ ဤသည်မှာ လမ်းကြောင်းဖြစ်သည်။ သို့သော် ယင်းမှာ လူအချို့လုပ်ဆောင်သည့်အရာမဟုတ်ပေ။ ၎င်းတို့က ပြန်လည်တိုက်ခိုက်သည်။ ‘ကျွန်ုပ်သည် မှား၍ပြောဆိုမိပြီး တစ်စုံတစ်ယောက်ကို စိတ်ဆိုးမိစေသောကြောင့် ဤတာဝန်ကို ထမ်းဆောင်ခွင့်မရပါ’ ဟူ၍ စတင်ပြောဆိုသည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ်၌ရှိသော ပြဿနာကို မရှာဖွေပေ။ ဆင်ခြင်သုံးသပ်ခြင်းမရှိပေ။ သမ္မာတရားကို မရှာဖွေပေ။ ဘုရားသခင်၏ အစီအစဉ်များနှင့် စီစဉ်ညွှန်ကြားမှုများကို မနာခံသကဲ့သို့၊ ၎င်းတို့သည် အယူအဆများဖြန့်ဝေခြင်းအားဖြင့် ဘုရားသခင်ကို ဆန့်ကျင်ကြသည်။ ၎င်းတို့သည် စာတန်ဖြစ်မလာသလော။ စာတန်လုပ်ဆောင်သည့်အရာများကို သင်လုပ်ဆောင်သောအခါ သင်သည် ဘုရားသခင်၏ နောက်လိုက်တစ်ယောက်မဟုတ်တော့ပေ။ သင်သည် ဘုရားသခင်၏ ရန်သူတစ်ယောက်ဖြစ်လာပြီဖြစ်သည်။ ဘုရားသခင်သည် သူ၏ ရန်သူကို ကယ်တင်နိုင်သလော။ မကယ်တင်နိုင်ပေ။ ဘုရားသခင်သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားရှိသည့်လူများကို ကယ်တင်သည်။ တကယ့်လူများကို ကယ်တင်သည်။ နတ်ဆိုးများ၊ သူ၏ ရန်သူများကို မကယ်တင်ပေ။ သင်သည် ဘုရားသခင်ကို ဆန့်ကျင်လုပ်ဆောင်ကာ ဘုရားသခင်အား မကျေမနပ်ပြောဆိုပြီး၊ ဘုရားသခင်အား အနက်အဓိပ္ပာယ်ကောက်လွဲသောအခါ၊ ဘုရားသခင်အပေါ် ဝေဖန်အပြစ်တင်သောအခါ၊ ဘုရားသခင်နှင့်ပတ်သက်ပြီး အယူအဆများ ဖြန့်ဝေသောအခါတွင် သင်သည် ဘုရားသခင်အား အလုံးစုံ ဆန့်ကျင်သည်။ သင်သည် ဘုရားသခင်အား ဆန့်ကျင်ကန့်ကွက်နေခြင်းဖြစ်သည်။(နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ စာအုပ်ထဲရှိ “သမ္မာတရား၏အခြေခံသဘောတရားများကို ရှာဖွေခြင်းဖြင့်သာ မိမိ၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်နိုင်သည်”) ဘုရားနှုတ်ကပတ်တော်ဖတ်ရတာ ကျွန်မအတွက် တို့ထိစရာဖြစ်တယ်။ ဒီတာဝန်ကို ကျွန်မ ဆုံးရှုံးခဲ့ပေမဲ့ ဘုရားသခင်က ကျွန်မ တာဝန်ထမ်းဆောင်ဖို့ အခွင့်အလမ်းကို ဖယ်ရှားပစ်နေတာမဟုတ်ဘူး။ ကျွန်မက သမ္မာတရားကို မလိုက်စားနိုင်ဘူး၊ အထုတ်ခံရမယ်လို့ ဘုရားက မပြောဘူး။ တခြားတာဝန်တစ်ခုကိုယူဖို့ စီစဉ်ပေးခဲ့ပြီး ကိုယ့်ကိုယ်ကိုယ် အမှန်တကယ် ဆင်ခြင်ပြီး နားလည်ဖို့ အခွင့်အရေးကို ပေးတယ်။ ဒါပေမဲ့ ဘုရားအလိုတော်ကို နားမလည်ဘဲ ကျွန်မက ဒီအပြောင်းအလဲဟာ အဆင့်အတန်းကို ဆုံးရှုံးရတာပဲ၊ သိက္ခာဆုံးရှုံးတာပဲ၊ ကျွန်မမှာ အနာဂတ်ရှိမှာမဟုတ်ဘူးလို့ ထင်ခဲ့တယ်။ အပျက်သဘောဆောင်ပြီး ဘုရားကိုဆန့်ကျင်တယ်။ ကျွန်မက အရမ်းကို ပုန်ကန်တတ်ပြီး ကျိုးကြောင်းမသင့်ခဲ့တာပါ။ ယုံကြည်သူအသစ်တွေကို ကျွန်မ ရေလောင်းတော့ ကျွန်မမှာ အစွမ်းအစကောင်းမရှိတာကြောင့် အတွေးအမြင် သမ္မာတရား အမျိုးမျိုးကို ရှင်းရှင်းလင်းလင်း မိတ်သဟာယမဖွဲ့နိုင်ဘဲ သူတို့မေးခွန်းတွေက မပြေလည်ခဲ့ဘူး။ ဒါပေမဲ့ ကျွန်မကို သူများတွေ အထင်သေးမှာကြောက်ပြီးတော့ ဟန်လုပ်ပြီး ဖွင့်မပြောခဲ့ဘူး။ ကျွန်မ ကြုံရတဲ့ အခက်အခဲနဲ့ပတ်သက်ပြီး အကူအညီ မရှာခဲ့ဘူး။ ခေါင်းဆောင်က အဲဒီတာဝန်အတွက် စည်းမျဉ်းတွေနဲ့ နည်းလမ်းတွေကို ကျွန်မနဲ့ မိတ်သဟာယဖွဲ့ပေးတယ်။ ဒါပေမဲ့ ကျွန်မက အဲဒါတွေအကြောင်း သိရုံနဲ့ ကျေနပ်နေခဲ့တယ်။ နောက်ကျတော့ ဒါတွေကို ဘယ်လိုလက်တွေ့လုပ်ရမယ်၊ အသုံးချရမယ်ဆိုတာ မစဉ်းစားခဲ့ဘူး။ ဒါကြောင့်မို့ အများကြီး မိတ်သဟာယဖွဲ့ပြီးတဲ့နောက်မှာ စည်းမျဉ်းတွေအများကြီး နားမလည်ခဲ့ဘူး။ ကျွန်မရဲ့ ရေလောင်းတဲ့အလုပ်က ဘယ်တော့မှ ရလဒ်ကောင်းတွေ မရခဲ့ဘူး။ ကျွန်မက မကောင်းတဲ့ အစွမ်းအစရှိရုံမကဘဲ အရမ်း မာနထောင်လွှားပြီး သမ္မာတရားကို ရှာဖို့ စိတ်ဆန္ဒမရှိခဲ့ဘူး။ ကျွန်မ ကျွမ်းကျင်မှုတွေကို တကယ် တိုးတက်အောင်လုပ်မနေခဲ့ဘဲ ကျွန်မတာဝန်ယူရတဲ့အလုပ်မှာ ဘာတိုးတက်မှုမှမရှိခဲ့ဘူး။ ဒါကြောင့် ကျွန်မကို ထုတ်ဖို့ လိုအပ်ခဲ့တယ်။ ဒါပေမဲ့ ကျွန်မက ကိုယ့်ရဲ့ ဖောက်ပြန်ပျက်စီးမှုနဲ့ အမှားတွေကို အသိအမှတ်မပြုဘူး။ ကျွန်မ အထုတ်ခံရတာကို မခံမရပ်နိုင်ဖြစ်ပြီး လက်ခံဖို့ ငြင်းဆန်ခဲ့တယ်။ ဘုရားသခင်က ကျွန်မကို ထုတ်ဖော်နေတာ၊ အမြင်ဆိုးအောင်လုပ်နေတာ၊ ထုတ်ပစ်နေတာလို့တောင် အထင်လွဲခဲ့တယ်။ ဒါဟာ အဓိပ္ပာယ်မရှိဖြစ်ပြီး လုံးဝကို ကျိုးကြောင်းမသင့်တာပါ။ ကျွန်မရဲ့ မကောင်းတဲ့ အစွမ်းအစနဲ့ လူသစ်တွေကို ရေလောင်းတာမှာ ဖြစ်မြောက်မှုကင်းမဲ့တာကြောင့် ကျွန်မက အမြဲတမ်း စိတ်ကျဉ်းကျပ်ပြီး မလုံလောက်သလို ခံစားရတယ်။ အရမ်းကို စိတ်ဖိစီးခဲ့တယ်။ ဒီတာဝန်ကို ကျွန်မ ဆက်လုပ်နေရင် ကျွန်မရဲ့ ကိုယ်ပိုင်ဘဝကို ထိခိုက်ရုံတင်မကဘဲ ဘုရားအိမ်တော်ရဲ့အလုပ်လည်း နှောင့်နှေးလိမ့်မယ်။ ကျွန်မရဲ့ အစွမ်းအစနဲ့ အားသာချက်တွေကို အခြေခံပြီး ခေါင်းဆောင်က ကျွန်မလုပ်နိုင်တဲ့၊ ပြီးအောင်လုပ်နိုင်တဲ့ တာဝန်တစ်ခုကို ပေးခဲ့တယ်။ ဒါက စည်းမျဉ်းကိုလိုက်နာတာဖြစ်ပြီး ကျွန်မဘဝအပေါ် တာဝန်သိတတ်တာပါ။ ဒါပေမဲ့ ဘယ်အရာက ကျွန်မအတွက် ကောင်းသလဲဆိုတာ ကျွန်မ မသိခဲ့ဘူး။ ကိုယ့်ကိုယ်ကိုယ်သိဖို့ ဆင်ခြင်မကြည့်ခဲ့ဘဲ တန်ပြန်တိုက်ခိုက်ပြီး ခေါင်းဆောင်ကို သူ့နောက်ကွယ်ကနေ ဝေဖန်ပြီးတော့ အပျက်သဘောတွေကို ဖြန့်ခဲ့တယ်။ ကျွန်မက သူနဲ့ပတ်သက်ပြီး အမှားတွေရှာနေတဲ့ပုံစံပဲရှိပေမဲ့ တကယ်တော့ ကျွန်မက ဘုရားကို ဆန့်ကျင်ပြီးလုပ်နေတာပါ။ ဒီနည်းနဲ့ ဖော်ထုတ်ခံရပြီးတော့ ကျွန်မက အစွမ်းအစမရှိရုံတင်မကဘဲ အရမ်းကို ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားလည်းရှိတယ်ဆိုတာ မြင်ခဲ့တယ်။ ကျွန်မက နာခံသင့်တဲ့အတိုင်း မနာခံဘဲ ကိုယ့်တာဝန်ကို အလေးအနက်မလုပ်ဘူးဆိုရင် ဖော်ထုတ်ခံရပြီး ထုတ်ပယ်ခံရမှာပါ။

ဆင်ခြင်ကြည့်ရင်းနဲ့ ကျွန်မကိုင်စွဲထားတဲ့ မှားနေတဲ့အမြင်ကိုလည်း ရှာတွေ့ခဲ့တယ်။ တာဝန်မှာမှာ မတူတဲ့ အဆင့်တွေရှိတယ်၊ နိမ့်တာ၊ မြင့်တာတွေရှိတယ် ခေါင်းဆောင်ဖြစ်တာ၊ ရေလောင်းသူဖြစ်တာကသာ တကယ့်တာဝန်ဖြစ်တယ်၊ အစေခံတာဝန်တွေနဲ့ အထွေထွေကိစ္စတွေက အကျုံးမဝင်ဘူးလို့ ထင်ခဲ့တယ်။ ဒါက အဆင့်အတန်းနိမ့်တဲ့အလုပ်ဖြစ်တယ်၊ အများဆုံးအနေနဲ့ အစေခံတာဖြစ်တယ် ဒါဆိုရင် နောက်ဆုံးကျ အထုတ်ခံရမယ်လို့ ထင်ခဲ့တယ်။ ဒါကြောင့် အထွေထွေကိစ္စတွေကို ကိုင်တွယ်ဖို့ တာဝန်ချပေးတာကို ကြားရတော့ ကျွန်မက နိမ့်ကျသလို၊ စက်တစ်ခုလို ဆက်ဆံခံရသလို ခံစားမိတယ်။ ဒါကို အရမ်းအတိုက်အခံဖြစ်ပြီး ကိုယ့်တာဝန်ကိုလုပ်ဖို့ စိတ်အားတောင် မရှိခဲ့ဘူး။ ဒါပေမဲ့ ဘုရားအိမ်တော်မှာ တာဝန်တွေအားလုံးက လူသားမျိုးနွယ်ကို ကယ်တင်ဖို့ ဘုရားရဲ့ စီမံခန့်ခွဲမှုအစီအစဉ်တွေအတွက်ပဲ။ ခေါင်းဆောင်ဖြစ်စေ၊ ရေလောင်းသူဖြစ်စေ၊ အထွေထွေကိစ္စတွေကို ကိုင်တွယ်တာဖြစ်စေ အားလုံးက ဘုရားရဲ့ စေခိုင်းချက်ဖြစ်ပြီး ပူးပေါင်းဆောင်ရွက်ဖို့ လိုတယ်။ စက်တစ်ခုလိုပေါ့။ အစိတ်အပိုင်းတစ်ခုတိုင်းက သူ့ရည်ရွယ်ချက်နဲ့သူရှိတယ်။ ဒါကြောင့် တာဝန်တွေမှာ ကြီးမြတ်တာ၊ သေးငယ်တာ၊ မြင့်တာ၊ နိမ့်တာ၊ မြင့်မြတ်တာ၊ နိမ့်ကျတာမရှိဘူး။ မတူတဲ့ တာဝန်တွေပဲရှိတယ်။ ဘယ်တာဝန်ကိုပဲ သူတို့လုပ်ဆောင်ပါစေ လူတိုင်းမှာသင်ယူဖို့ သင်ခန်းစာတွေ၊ ဝင်ရောက်သင့်တဲ့ သမ္မာတရားတွေရှိတယ်။ သမ္မာတရားကို ကျွန်မတို့ လိုက်စားသရွေ့ ဘုရားသခင်ရဲ့ ကယ်တင်ခြင်းကို ကျွန်မတို့ အားလုံးခံရနိုင်တယ်။ ဒါပေမဲ့ ကျွန်မက အမြဲတမ်း စဉ်းစားတာ မှားနေတယ်။ အထွေထွေကိစ္စတွေကို ကိုင်တွယ်တာက အလုပ်ကြမ်း၊ ကြုံရာကျပန်းအလုပ်၊ အစေခံတာပဲလို့ ခံစားမိတယ်။ ကျွန်မရဲ့တာဝန် ပြောင်းလဲတဲ့အပေါ်မှာ ဒီတိမ်းစောင်းနေတဲ့၊ ဆိုးယုတ်တဲ့ အမြင်ကို အသုံးချပြီး ဘုရားအလိုတော်ကို အထင်လွဲခဲ့တယ်။ ဒါဟာ ဘုရားသခင်အတွက် ရွံရှာမုန်းတီးဖွယ်ရာပါပဲ။

ဒီဟာကြောင့် ဘုရားနှုတ်ကပတ်တော်တချို့ကို ကျွန်မ သတိရမိတယ်။ “ဘုရားသခင်၏အလိုဆန္ဒမှာ လူတိုင်း စုံလင်စေခြင်းခံရဖို့၊ နောက်ဆုံးတွင် သူ၏ရယူခြင်းခံရဖို့၊ သူ၏ လုံးဝသန့်စင်စေခြင်းကို ခံရဖို့နှင့် သူချစ်သော လူများဖြစ်လာကြရန် ဖြစ်၏။ သင်တို့ ခေတ်နောက်ကျန်နေသည် သို့မဟုတ် အရည်အချင်း ညံ့ဖျင်းသည်ဟု ငါပြောသည် မပြောသည်မှာ အရေးမကြီးပေ— ဤအရာအားလုံးမှာ အမှန်တရားဖြစ်၏။ ငါ ဤသို့ပြောဆိုခြင်းမှာ ငါသည် သင်တို့ကို ကယ်တင်ရန် လိုလားခြင်းမရှိဖို့ မဆိုထားနှင့်၊ သင့်ကို စွန့်ပစ်ရန် ငါရည်ရွယ်သည်၊ ငါသည် သင်တို့၌ မျှော်လင့်ချက် ကုန်ဆုံးသည်ကို သက်သေမပြပေ။ ယနေ့တွင် ငါသည် သင်တို့၏ ကယ်တင်ခြင်းအမှုကို လုပ်ဆောင်ရန် ကြွလာပြီဖြစ်သည်၊ ဆိုလိုသည်မှာ ငါ လုပ်ဆောင်သည့်အမှုသည် ကယ်တင်ခြင်းအမှု၏ အဆက် ဖြစ်ပေသည်။ လူတိုင်း စုံလင်စေခြင်း ခံရမည့် အခွင့်အရေးရှိ၏- သင်သည် လိုလားခြင်းရှိမှသာ၊ သင်သည် လိုက်စားရှာဖွေခြင်းရှိမှသာ၊ အဆုံးတွင် သင်သည် ဤရလဒ်ကို ရရှိနိုင်လိမ့်မည် ဖြစ်ပြီး၊ သင်တို့ထဲမှ တစ်ဦးမျှ စွန့်ပစ်ခံရမည် မဟုတ်ပေ။ သင်သည် အရည်အချင်းညံ့ဖျင်းပါက၊ သင်နှင့်သက်ဆိုင်သည့် ငါ၏ သတ်မှတ်ချက်များသည် သင်၏ညံ့ဖျင်းသည့် အရည်အချင်းနှင့်အညီ ဖြစ်လိမ့်မည်။ သင်သည် အရည်အချင်းမြင့်မားပါက၊ သင်နှင့်သက်ဆိုင်သည့် ငါ၏သတ်မှတ်ချက်များသည် သင်၏မြင့်မားသည့် အရည်အချင်းနှင့်အညီ ဖြစ်လိမ့်မည်။ သင်သည် မသိနားမလည်ဖြစ်ကာ စာမတတ်ပါက၊ သင်နှင့်သက်ဆိုင်သည့် ငါ၏သတ်မှတ်ချက်များသည် သင်၏ စာမတတ်ခြင်းနှင့်အညီ ဖြစ်လိမ့်မည်။ သင်သည် စာတတ်ပါက၊ သင်နှင့်သက်ဆိုင်သည့် ငါ၏သတ်မှတ်ချက်များသည် သင် စာတတ်မြောက်သည့် အချက်နှင့်အညီ ဖြစ်လိမ့်မည်။ သင်သည် သက်ကြီးရွယ်အို တစ်ဦးဖြစ်ပါက၊ သင်နှင့်သက်ဆိုင်သည့် ငါ၏သတ်မှတ်ချက်များသည် သင်၏ အသက်နှင့်အညီ ဖြစ်လိမ့်မည်။ သင်သည် ဧည့်ဝတ်ပျူငှာနိုင်စွမ်း ရှိပါက၊ သင်နှင့်သက်ဆိုင်သည့် ငါ၏သတ်မှတ်ချက်များသည် ဤတတ်စွမ်းနိုင်မှုနှင့်အညီ ဖြစ်လိမ့်မည်။ သင်သည် ဧည့်ဝတ်ပျူငှာမှုမပေးနိုင်ဘဲ၊ ဧဝံဂေလိတရား ဖြန့်ဝေခြင်းဖြစ်စေ၊ အသင်းတော်ကို စောင့်ရှောက်ခြင်းဖြစ်စေ၊ အခြားသော အထွေထွေအရေးကိစ္စများကို အာရုံစိုက်လုပ်ဆောင်ခြင်း ဖြစ်စေ၊ တာဝန်တချို့ကိုသာ လုပ်ဆောင်နိုင်သည်ဟု သင်ဆိုပါက သင့်ကို ငါ၏စုံလင်စေခြင်းသည် သင်ဆောင်ရွက်သည့် တာဝန်နှင့်အညီ ဖြစ်လိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ၏သာမန်ဘဝကို နဂိုအတိုင်း ပြန်ဖြစ်လာစေခြင်းနှင့် သူ့ကို အံ့သြဖွယ်ကောင်းသော ခရီးပန်းတိုင်သို့ ခေါ်ဆောင်သွားခြင်း) ကျွန်မ တကယ်ကို တို့ထိခံရတယ်။ ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ ရှက်မိတယ်။ ဘုရားအလိုတော်ကို နားမလည်ဘဲ ဘုရားကို ကျွန်မ အထင်လွဲပြီး အပြစ်တင်ခဲ့တယ်။ တကယ်တော့ ဘုရားသခင်က အစွမ်းအစနည်းတဲ့လူတွေကို မကယ်တင်ဘူးလို့ လုံးဝမပြောခဲ့ဘူး။ သူတို့ရဲ့ အစွမ်းအစ၊ ဘယ်တာဝန်ကို သူတို့လုပ်တယ်ဆိုတာက ဘုရားက သူတို့ကို ဘယ်လိုဆက်ဆံတယ်ဆိုတာကို အဆုံးအဖြတ်မပေးဘူး။ သူတို့က သမ္မာတရားကို ချစ်ပြီးလိုက်စားသလားဆိုတာကို ကြည့်တယ်။ လူတွေကယ်တင်ခံရနိုင်မလားဆိုတာ ဒါက အဓိကသော့ချက်ပဲ။ အရင်တုန်းက ဘုရားအိမ်တော်က ထုတ်လိုက်တဲ့ မကောင်းမှုလုပ်သူတစ်ယောက်အကြောင်း တွေးမိတယ်။ သူက အစွမ်းအစရှိပုံရပြီး သူ့တာဝန်က လေးစားစရာကောင်းတယ်။ ဒါပေမဲ့ သူက အမြဲတန်း ဂုဏ်အဆင့်အတန်းနောက်လိုက်တယ်။ သူများတွေကို ဖိနှိပ်ပြီး မတူတဲ့အမြင်ရှိသူတွေကို ဖယ်ကြဉ်တယ်။ သူက ထပ်ခါထပ်ခါ ပြုပြင်ခံရပြီး ကိုင်တွယ်ဖြေရှင်းခံရတယ်။ ဒါပေမဲ့ နောင်တမရဘူး။ နောက်ဆုံးတော့ သူ အထုတ်ခံလိုက်ရတယ်။ အခုနှစ်တွေမှာ ဖော်ထုတ်ခံရပြီး ထုတ်ပယ်ခံရတဲ့ အယောင်ဆောင်ခေါင်းဆောင်တွေနဲ့ အန္တိခရစ်တွေက အများအားဖြင့် အစွမ်းအစတွေ၊ ဆုကျေးဇူးတွေ ရှိပုံရတယ်။ ဒါပေမဲ့ သမ္မာတရားကို မလိုက်စားကြဘူး။ သူတို့က အမြဲတမ်း နာမည်နဲ့ အဆင့်အတန်းနောက်လိုက်ကြပြီး ဘုရားကို ဆန့်ကျင်တဲ့လမ်းပေါ်မှာရှိကြတယ်။ လူတစ်ယောက်ရဲ့ အစွမ်းအစက ဘယ်လောက်ကြီးမားပုံပေါ်ပါစေ၊ အဆင့်အတန်းက ဘယ်လောက်မြင့်နိုင်ပါစေ သူက သမ္မာတရားကို မလိုက်စားရင် ဘုရားသခင်က ဖော်ထုတ်ပြီး ထုတ်ပယ်တာကို တစ်ချိန်ချိန်တော့ ခံရမှာပဲ။ တာဝန်တွေက ထူးခြားမှုမရှိတဲ့ သာမန်အစွမ်းအစပဲရှိတဲ့ ညီအစ်ကိုမောင်နှမတချို့ကိုလည်း ကျွန်မ တွေးမိတယ်။ ဒါပေမဲ့ သူတို့က ဖန်ဆင်းခံတစ်ယောက်ရဲ့နေရာကို ယူပြီး စိတ်နှစ်ပြီးလုပ်ကြတယ်။ ဖောက်ပြန်ပျက်စီးမှုကို ဖွင့်ပြတဲ့အခါမှာ သူတို့က ဆုတောင်းပြီးရှာဖွေဖို့၊ ဘုရားနှုတ်ကပတ်တော်ကတစ်ဆင့် ကိုယ့်ကိုယ်ကိုယ်ဆင်ခြင်ပြီး သိမြင်ဖို့ ဘုရားရှေ့ကို လာကြတယ်။ သူတို့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေက အချိန်ကြာလာရင် ပြောင်းလဲနိုင်တယ်။ ဒါကို စဉ်းစားမိတော့ ဘုရားရဲ့ စိတ်သဘောထားက ဘယ်လောက်ဖြောင့်မတ်တယ်ဆိုတာ ကျွန်မ ခံစားရနိုင်တယ်။ ဘုရားက ဘယ်သူ့ကိုမှ မမျှမတ မဆက်ဆံပါဘူး။ ကျွန်မတို့ အစွမ်းအစရဲ့ အရည်အသွေးနဲ့ မသက်ဆိုင်ဘဲ၊ ဘယ်တာဝန်ကိုပဲ ကျွန်မတို့လုပ်ပါစေ ဘုရားက လူတိုင်းကို ညီတူညီမျှ ပျိုးထောင်ပြီး ရေလောင်းပေးတယ်။ ဘုရားနှုတ်ကပတ်တော်ကို ကြုံတွေ့ပြီး သမ္မာတရားစစ်မှန်မှုထဲကို ဝင်ရောက်ဖို့ ကျွန်မတို့အတွက် အခြေအနေတွေ ပြင်ဆင်ပေးတယ်။ လူသားကို ကယ်တင်ဖို့ ဘုရားရဲ့လုပ်ဆောင်မှုက အရမ်းလက်တွေ့ကျတယ်။ ဘုရားအလိုတော်ကို နားလည်ပြီးတဲ့နောက်မှာ ကျွန်မက လက်ရှိတာဝန်ကို အရမ်း အတိုက်အခံမဖြစ်တော့ဘဲ နာခံပြီး ထမ်းဆောင်ချင်ခဲ့တယ်။

နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်တချို့ကို ကျွန်မ ဖတ်တယ်။ “ယနေ့တွင်၊ ဘုရားသခင်၏ အိမ်တော်၌ တာဝန်တစ်ခုကို သင် ထမ်းဆောင်သည့်အခါ၊ ကြီးသည်ဖြစ်စေ ငယ်သည်ဖြစ်စေ၊ ရုပ်ပိုင်းဆိုင်ရာ အားထုတ်မှုပါဝင်သည်ဖြစ်စေ၊ သင်၏ ဦးနှောက် အသုံးပြုခြင်း ပါဝင်သည်ဖြစ်စေ၊ ယင်းကို အသင်းတော် ပြင်ပတွင် လုပ်ဆောင်သည်ဖြစ်စေ အသင်းတော် အတွင်းတွင် လုပ်ဆောင်သည်ဖြစ်စေ၊ သင် ထမ်းဆောင်သည့် တာဝန်သည် မတော်တဆ မဟုတ်ပေ။ ဤသည်မှာ အဘယ်သို့ သင်၏ ရွေးချယ်မှု ဖြစ်သနည်း။ယင်းကို ဘုရားသခင်က ညွှန်ကြားထားခြင်း ဖြစ်သည်။ သင် တို့ထိခံရပြီး ဤသာသနာနှင့် တာဝန် အသိစိတ်ရှိကာ ဤတာဝန်ကို ထမ်းဆောင်နိုင်သည်မှာ ဘုရားသခင်၏ စေခိုင်းချက်တာဝန်ကြောင့်သာ ဖြစ်သည်။ မယုံကြည်သူများထဲတွင်၊ ဆွဲဆောင်မှုရှိသည့်၊ ဉာဏ်ရည်ဉာဏ်စွမ်းရှိသည့် သို့မဟုတ် တတ်စွမ်းနိုင်သည့်သူများစွာ ရှိသည်။ သို့သော် ဘုရားသခင်က ၎င်းတို့ကို အခွင့်အရေးပေးသလော။ မပေးပေ။ ဘုရားသခင်က ၎င်းတို့ကို မရွေးချယ်ခဲ့ပေ။ ဘုရားသခင်က ဤလူစုဖြစ်သည့် သင်တို့ကိုသာ အခွင့်အရေးပေး၏။ သူသည် သင့်အား အခန်းကဏ္ဍမျိုးစုံကို တာဝန်ယူစေသည်၊ သူ၏ စီမံခန့်ခွဲခြင်း အမှုထဲတွင် တာဝန်နှင့် ဝတ္တရားမျိုးစုံကို ဆောင်ရွက်စေပြီး၊ နောက်ဆုံးတွင် ဘုရားသခင်၏ စီမံခန့်ခွဲခြင်း အစီအစဉ် အဆုံးသတ်လာချိန်တွင်၊ ဤသည်မှာ ဘုန်းအသရေနှင့် ဂုဏ်ပြုခြင်း ဖြစ်လေမည်တည်း။ ထို့ကြောင့်၊ ယနေ့ ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်နေစဉ်တွင်၊ လူတို့သည် အခက်အခဲအနည်းငယ် ခံစားရချိန်တွင်၊ အမှုအရာများကို ၎င်းတို့ စွန့်လွှတ်ပြီး မိမိတို့ကိုယ်ကိုယ် အသုံးတော်ခံရသည့်အချိန်တွင်၊ အဆင့်အတန်း၊ ကျော်ကြားမှုနှင့် လောက၌ အခွင့်အလမ်းများကို ၎င်းတို့ ဆုံးရှုံးရချိန်တွင်၊ ၎င်းတို့တွင် ဤအရာများ မရှိတော့သည့်အခါတွင် ယင်းမှာ ဘုရားသခင်က ထိုအရာများကို ၎င်းတို့ထံမှ ယူဆောင်သွားပြီးဖြစ်သည့်အလား ဖြစ်သည်- သို့သော် ၎င်းတို့သည် သာ၍ အဖိုးတန်ကာ သာ၍ တန်ဖိုးကြီးသော တစ်စုံတစ်ရာကို ရရှိကြပြီး ဖြစ်သည်။ ဘုရားသခင်ထံမှ မည်သည့်အရာကို ၎င်းတို့ ရရှိကြပြီနည်း။ လူတို့သည် သမ္မာတရားနှင့် အသက်ကိုရရှိခြင်းမှာ တာဝန်ထမ်းဆောင်ခြင်းမှ တစ်ဆင့်ဖြစ်သည်။ သင်၏ တာဝန်ကို ကောင်းမွန်စွာ သင် ထမ်းဆောင်ပြီးသည့်အခါမှသာ၊ သင့်အတွက် ဘုရားသခင်၏ စေခိုင်းချက်တာဝန်ကို သင် ပြီးစီးပြီးသည့်အခါ၊ သင်၏ အသက်တာတစ်ခုလုံးကို သင်၏ သာသနာနှင့် ဘုရားပေးသော စေခိုင်းချက်တာဝန်အတွက် အသက်ရှင်ပြီး၊ လှပသော သက်သေခံချက်တစ်ခုရှိပြီးအကျိုးရှိသော အသက်တာတစ်ခုကို သင် အသက်ရှင်ချိန်တွင်- ထိုအခါမှသာ သင်သည် စစ်မှန်သော လူတစ်ဦး ဖြစ်ပေသည်။ သင်သည် စစ်မှန်သော လူတစ်ဦးဖြစ်သည်ဟု ငါ အဘယ်ကြောင့် ပြောရသနည်း။ ဘုရားသခင်က သင့်ကို ရွေးချယ်ပြီးဖြစ်သောကြောင့်၊ သူသည် သူ၏ စီမံခန့်ခွဲမှုထဲတွင် ဘုရားသခင်၏ အဖန်ဆင်းခံ သတ္တဝါတစ်ဦး၏ တာဝန်ကို သင့်အား ထမ်းဆောင်ခွင့်ပေးပြီးဖြစ်ကာ သင်၏ အသက်တာအဖို့ သာ၍ ကြီးမားသော တန်ဖိုး သို့မဟုတ် အဓိပ္ပာယ် မရှိနိုင်ပေ။(နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ)ဘုရားသခင်ရှေ့တွင် သင်ရှိသည့်အခါ သင်ပြောသည့်အရာ၊ သို့မဟုတ် ကတိပြုသည့်အရာကို ဘုရားသခင်က မကြည့်ပေ။ သင်လုပ်ဆောင်သည့်အရာကို ကြည့်သည်။ သို့သော် သင်၏ လုပ်ရပ်များသည် မည်မျှမြင့်သည်၊ နက်နဲသည်၊ သို့မဟုတ် အင်အားကြီးသည်ကို ဘုရားသခင်က ဂရုမစိုက်ပေ။ သင်သည် သေးငယ်သောအရာတစ်ခုကို လုပ်ဆောင်လျှင်ပင် ဘုရားသခင်က သင်၏ လုပ်ရပ်များတွင် ရိုးသားစစ်မှန်မှုကို မြင်လျှင် ဘုရားသခင်က ‘ဤလူသည် ငါ့အား ရိုးသားစစ်မှန်စွာ ယုံကြည်သည်။ သူသည် မည်သည့်အခါမျှ ချဲ့ကားပြောဆိုခြင်းမရှိ။ သူ၏ ရာထူးနှင့်အညီ ပြုမူနေထိုင်သည်။ သူသည် ဘုရားအိမ်တော်အဖို့ ကြီးမားစွာ ပံ့ပိုးခြင်းမလုပ်နိုင်သော်လည်း၊ အစွမ်းအစနည်းပါးနိုင်သော်လည်း သူလုပ်သမျှတွင် တည်ကြည်ခိုင်မာသည်။ သူသည် ရိုးသားစစ်မှန်မှုရှိသည်’ ဟု ပြောဆိုလိမ့်မည်။ ဤ ‘ရိုးသားစစ်မှန်မှု’ တွင် မည်သည့်အရာပါဝင်သနည်း။ ဘုရားသခင်ကို ကြောက်ရွံ့ခြင်း၊ နာခံခြင်းအပြင် စစ်မှန်သောယုံကြည်ခြင်းနှင့် ချစ်ခြင်းပါဝင်သည်။ ဘုရားသခင်မြင်လိုသော အရာရာတိုင်းပါဝင်သည်။ အခြားလူများအဖို့် ဤသို့သောသူများသည် ထူးခြားမှုမရှိနိုင်ပေ။ အစားအစာပြုလုပ်သောသူ၊ သို့မဟုတ် သန့်ရှင်းရေးလုပ်သောသူတစ်ယောက်၊ သာမန်တာဝန်တစ်ခုကို ထမ်းဆောင်သောသူတစ်ယောက်လည်း ဖြစ်နိုင်သည်။ ဤသို့သောလူများသည် အခြားလူများအဖို့ ထူးခြားမှုမရှိပေ။ ၎င်းတို့သည် ကြီးမြတ်သည့်မည်သည့်အရာကိုမျှ မအောင်မြင်ခဲ့ပေ။ ၎င်းတို့တွင် လေးစားထိုက်သော၊ အထင်ကြီးစရာဖြစ်သော၊ သို့မဟုတ် အားကျစရာဖြစ်သောအရာတစ်ခုမျှ မရှိပေ။ ၎င်းတို့သည် သာမန်လူများသာဖြစ်သည်။ သို့တိုင်အောင် ဘုရားသခင်အလိုရှိသောအရာအားလုံးကို ၎င်းတို့တွင် တွေ့ရှိရသည်။ အားလုံးက ၎င်းတို့တွင် အသက်ရှင်နေထိုင်ပြီး၊ ၎င်းတို့သည် ဘုရားသခင်ထံ အရာအားလုံး ပေးအပ်သည်။ ဘုရားသခင်သည် နောက်ထပ် မည်သည့်အရာကိုလိုချင်သည်ဟု သင်တို့ထင်သနည်း။ ဘုရားသခင်သည် ကျေနပ်လေသည်။(နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ) ဘယ်တာဝန်ကိုပဲ ကျွန်မ ရပါစေ အဲဒါက ဘုရားရဲ့ စည်းကမ်းနဲ့ အစီအစဉ်တွေဆီကဆိုတာ ဘုရားနှုတ်ကပတ်တော်က ကျွန်မကို ပြတယ်။ ဒါကို ကျွန်မစိတ်နှလုံးနဲ့ နာခံပြီး ချဉ်းကပ်သင့်ပါတယ်။ ကျွန်မအစွမ်းအစက ဘာပဲဖြစ်ပါစေ၊ ဘယ်လောက်ထိ ကျွန်မ လုပ်နိုင်ပါစေ ကျွန်မရှိသမျှတိုင်းကို အသုံးချပြီး အစွမ်းကုန်လုပ်သင့်တယ်။ ဒါက ဘုရားအလိုတော်ပဲ။ ဒါက ကျွန်မတာဝန်ကို တကယ်ထမ်းဆောင်တာပဲ။

အထွေထွေကိစ္စတွေကို ခဏလောက် ကိုင်တွယ်ပြီးတဲ့နောက်မှာ ကျွန်မစိတ်ကူးသလို ငြီးငွေ့စရာအလုပ် လုံးဝမဟုတ်ဘူးဆိုတာ တွေ့ရတယ်။ ဒီတာဝန်မှာ နားလည်ပြီး ဝင်ရောက်ဖို့အတွက် စည်းမျဉ်းတွေ အများကြီးရှိတယ်။ ထမ်းဆောင်တဲ့အချိန်တစ်လျှောက်မှာ စစ်မှန်ပြီး သမ္မာတရားရှာဖွေတဲ့ စိတ်နှလုံးရှိဖို့လိုတယ်။ အလေ့အကျင့်တချို့ရပြီးတဲ့နောက်မှာ အထွေထွေကိစ္စတွေ ကိုင်တွယ်တာကနေ ကျွန်မ အများကြီးရခဲ့တယ်။ ကျွမ်းကျင်မှုတချို့ ရလာခဲ့ပြီး စည်းမျဉ်းတချို့ကို နားလည်လာတယ်။ လူသားမျိုးနွယ်အပေါ် ဘုရားသခင်ရဲ့ ကယ်တင်ခြင်းက ဘယ်လောက်လက်တွေ့ကျတယ်ဆိုတာလည်း ကြုံတွေ့ခဲ့တယ်။ ဒီတာဝန်ပြောင်းတာက တာဝန်တွေအပေါ် ကျွန်မရှိခဲ့တဲ့ မမှန်ကန်တဲ့ အမြင်ကို ပြောင်းလဲသွားစေခဲ့တယ်။ ဘုရားရဲ့ အစီအစဉ်တွေကို နာခံပြီး ကိုယ့်တာဝန်မှာ အကောင်းဆုံးလုပ်ဖို့ လိုလားလာခဲ့ပါတယ်။ ကျေးဇူးတော်ပါပဲ။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ကျွန်မ၏အထင်လွဲခြင်းများနှင့် သတိထားခြင်းတို့အားဖြင့် ဘေးဖြစ်ခြင်း

ဆူရှင်း တရုတ်နိုင်ငံများမကြာမီအချိန်က ကျွန်မ၏ အသင်းတော်ခေါင်းဆောင်သည် သမ္မာတရားကို မလိုက်စားသကဲ့သို့၊ လက်တွေ့ကျသော အလုပ်ကို မလုပ်သောကြောင့်...

ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် ကျွန်မကို နာမကျန်းဖြစ်ခြင်း စမ်းသပ်မှုတစ်လျှောက် လမ်းပြတော်မူခဲ့သည်

ရီမင်း၊ ဟူးဘေးပြည်နယ် သခင်နှင့် ပြန်လည်ဆုံစည်းရသည်ကို ကျွန်မ ဝမ်းမြောက်သည် ယခုနှစ်တွင် ကျွန်မ ၇၈ နှစ်ရှိပြီ ဖြစ်သည်၊ ပြီးလျှင် ကျွန်မသည်...

နောက်ဆုံးတွင် ကျွန်မ တာဝန်ကို မည်သို့ဖြည့်ဆည်းရမည်ကို ကျွန်မ သိပြီ

ရှင်းချန် အီတလီနိုင်ငံအနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “လူသည် တဖြည်းဖြည်း ပြောင်းလဲသည်မှာ သူ၏တာဝန်ကို လုပ်ဆောင်ခြင်း...

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။