အိုမင်းချိန်၌ သမ္မာတရားအား ပို၍ပင် ကြိုးစားအားထုတ်ပါ

29.04.2024

ကျွန်မက ခရစ်ယာန်မိသားစုတစ်ခုမှာ မွေးခဲ့တာပါ၊ ကျွန်မအသက် ၆၀ မှာ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလအမှုတော်ကို လက်ခံခဲ့တယ်။ နောက်ဆုံးသောကာလမှာ သခင့်ကို ကြိုဆိုနိုင်တဲ့အပြင်၊ ဘုရားရဲ့ အဆုံးသတ်အမှုတော်ကို လက်ခံနိုင်တယ်ဆိုတာ ကျွန်မ သိပ်ကံကောင်းတယ်လို့ ခံစားမိခဲ့တယ်၊ ကယ်တင်ခံရပြီး နိုင်ငံတော်ကို ဝင်ရောက်ရမယ်ဆိုတဲ့ ကျွန်မရဲ့အိပ်မက်လည်း မကြာခင် အကောင်အထည်ပေါ်မယ်ပေါ့လေ။ ကိုယ့်တာဝန်မှာ ကြိုးစားလုပ်ကိုင်ပြီး စွန့်လွှတ်နေသရွေ့ ကျွန်မအနေနဲ့ ဘုရားရဲ့ကယ်တင်ခြင်းကို ရဖို့ အခွင့်အရေး ရှိတယ်ပေါ့။ အဲဒီနောက်မှာ ကျွန်မက အသင်းတော်က စီစဉ်ပေးတဲ့ ဘယ်တာဝန်ကိုမဆို အစွမ်းကုန် လုပ်တယ်၊ အသက် ၇၀ မှာတောင် စက်ဘီးလေး နင်းပြီး အသင်းတော်အတွက် တောက်တိုမည်ရအလုပ်တွေ လုပ်နိုင်နေတုန်းပဲ။ ကိုယ့်တာဝန်ကို လုပ်ရင်း လှေကားတွေဆို တက်လိုက်ဆင်းလိုက်နဲ့၊ လုံးဝ မမောပန်းခဲ့ဘူး။ ကိုယ်က တာဝန်တစ်ခု ထမ်းဆောင်နိုင်သေးတယ်ဆိုတော့ ပျော်ခဲ့မိတယ်။ အသက်အရွယ်က ပိုပြီး ရရလာတော့၊ ကိုယ့်ခန္ဓာကိုယ် လုပ်ဆောင်ချက်တွေက ဇရာကြောင့် ထိခိုက်လာတယ်လေ။ ကျန်းမာရေးက အရင်လို မဟုတ်တော့ဘူး။ အသင်းတော်က ကျွန်မရဲ့ကျန်းမာရေးကို ထည့်တွက်ပြီး အိမ်မှာပဲ ဧည့်ခံရတဲ့ တာဝန်တွေ လုပ်ခိုင်းတယ်။ ကျွန်မလည်း နည်းနည်း စိတ်ပျက်မိတာပေါ့။ အသက်ကလည်း ပိုပို ကြီးလာတော့ မျက်လုံးအမြင်ကလည်း လျော့လာရော၊ တာဝန်တစ်ခု လုပ်ဖို့ ကိုယ့်စက်ဘီးကိုတောင် မနင်းနိုင်တော့ဘူး။ ကျွန်မ လုပ်နိုင်တာဆိုလို့ ဧည့်ခံရတဲ့ တာဝန်ပဲ ရှိတော့တယ်။ အသက်က ပိုပိုကြီးလာလို့ ဘယ်တာဝန်ကိုမှ မလုပ်နိုင်တော့ဘူးဆိုရင်၊ ကျွန်မက ကယ်တင်ခြင်း ခံရနိုင်ပါဦးမလား။ အသက်လေးငါးနှစ်လောက် ပိုငယ်ခဲ့ရင် ဘယ်လောက် ကောင်းမလဲလို့ စဉ်းစားမိတယ်၊ ဘုရားအတွက် အလုပ်လုပ်ရင်း ခရီးတွေ သွားနိုင်ကြတဲ့ ငယ်ငယ်ရွယ်ရွယ် ညီအစ်ကိုမောင်နှမတွေကို တကယ် အားကျခဲ့မိတယ်။

၂၀၂၂ မတ်လရောက်တော့ အသင်းတော်ခေါင်းဆောင်က ကျွန်မကို ညီမယုရှင်ဆီ သွားကူညီဖို့ စီစဉ်ပေးရော။ သူက အသက် ၇၈။ သူ့ကျန်းမာရေးကြောင့် ဟိုသွား ဒီသွား လုပ်ဖို့ ခက်ခဲနေတော့၊ သူ့ခမျာ ဘာတာဝန်မှ မလုပ်နိုင်ရှာဘူး။ သူ ဖြစ်နေတဲ့ အခြေအနေကို မြင်ရတော့ ကျွန်မလည်း စိတ်မကောင်းဖြစ်သလို ပူလည်း ပူပန်မိတယ်။ ကျွန်မက ၈၀ ကျော်နေပြီ၊ ညီမယုရှင်ထက်တောင် အသက်ပိုကြီးတယ်၊ ကိုယ့်ကျန်းမာရေးက ဟိုအရင်တုန်းကလို မဟုတ်ဘူး၊ တစ်နေ့မှာ ကျွန်မလည်း မနာမကျန်းဖြစ်ပြီး တာဝန်တစ်ခုခု မလုပ်နိုင်တော့ဘူးဆိုရင်၊ အဲဒီအခါ ဘာများ အသုံးကျတော့မှာလဲဆိုတာ ကိုယ်လည်း မသိဘူးလေ။ ဘာတာဝန်မှ မလုပ်နိုင်ဘူးဆိုရင် ကျွန်မမှာ ကယ်တင်ခြင်းအတွက် မျှော်လင့်ချက် ရှိဦးမှာလား။ အဲဒါကို တွေးကြည့်လေလေ ကျွန်မ ပိုပြီး စိတ်မချမ်းမသာဖြစ်လေပဲ။ နောက်တော့ နေမကောင်းလည်း ဖြစ်တယ်။ တစ်ခါကျတော့ သန့်စင်ခန်း သုံးဖို့ ညလယ်ခေါင်ကြီး ထတဲ့အချိန်မှာ ကျွန်မ မူးနောက်နောက်ဖြစ်သွားတာ၊ မနက်ရောက်တော့လည်း အိပ်ရာက မထနိုင်ဘူး။ လူက မူးဝေလွန်းလို့ မျက်လုံးတွေတောင် မဖွင့်နိုင်ဘူး။ အော့အန်ပြီး ဝမ်းလျှောတယ်၊ ရေကိုတောင် မျိုမချနိုင်တော့ပါဘူး။ ကျွန်မယောက်ျားက ကျွန်မကို ပြုစုဖို့ သမီးကို လှမ်းခေါ်လိုက်ရတာပေါ့၊ နှစ်ရက်ကြာတော့မှ ကျွန်မ စပြီး သက်သာလာတယ်။ ကိုယ့်တာဝန်မှာတော့ မနှောင့်နှေးခဲ့ပါဘူး၊ ဒါပေမဲ့ တကယ်ကို အားနည်းပြီး တစ်ခုခုလုပ်ဖို့ကို အင်အားမရှိဘူး။ အစာကို မျိုမချနိုင်ဘူး။ မူးနောက်နောက်နဲ့ မအီမသာ ဖြစ်နေတော့တာ။ ကျွန်မလည်း သောကရောက်တာပေါ့၊ ကျန်းမာရေး တဖြည်းဖြည်း ညံ့နေတဲ့ အဘွားအိုတစ်ယောက်အနေနဲ့၊ အဲဒီလို ထပ်ပြီး မနာမကျန်းဖြစ်မယ်ဆိုရင်၊ ကျွန်မက အဲဒီလောက် မြန်မြန် နာလန်ထနိုင်ပါဦးမလား။ အချိန်တိုအတွင်း မသက်သာလို့၊ ကိုယ့်ကို ပြုစုဖို့ တစ်ယောက်ယောက် လိုတယ်ဆိုရင်၊ ဘယ်တာဝန်ကိုမှ ထမ်းဆောင်နိုင်တော့မှာ မဟုတ်ဘူး။ အဲဒါဆို ကျွန်မက အသုံးမဝင်တာ ဖြစ်မသွားဘူးလား။ တာဝန်တစ်ခု မရှိဘဲ နိုင်ငံတော်ကို ဝင်ရောက်နိုင်ပါ့မလား။ လေးငါးနှစ်လောက် ပိုပြီး ငယ်ရွယ်ခဲ့ရင် ဘယ်လောက် ကောင်းလိုက်မလဲ၊ ဒီအမှုတော်အဆင့်ကို လက်ခံပြီးခါစ လွန်ခဲ့တဲ့ နှစ် ၂၀ တုန်းကလိုပေါ့၊ ဘာမဆို လုပ်ဖို့ မကြောက်ရွံ့ခဲ့ဘူး။ အသင်းတော်က ကိုယ့်ကို ဘယ်လိုတာဝန် ပေးပေး၊ နီးနီးဝေးဝေး ပြီးအောင် လုပ်နိုင်ခဲ့တယ်။ တာဝန်တစ်ခုနဲ့ဆိုတော့ ကောင်းချီးပေးခံရမယ့် မျှော်လင့်ချက် ပိုရှိခဲ့တာပေါ့။ ဒါပေမဲ့ နာရီကို နောက်ပြန်မလှည့်နိုင်ဘူးလေ။ ကျွန်မက ဘာအတွက်မှ မသင့်တော်တော့ဘူး။ ဒီလိုနဲ့ အဲဒီကာလတစ်လျှောက်လုံး ယောင်ချာချာဖြစ်နေရော။ အပျက်သဘောဆောင်ပြီး အထင်လွဲတဲ့ အခြေအနေတစ်ခုနဲ့ အသက်ရှင်သန်နေမိတာတောင် မသိလိုက်ဘူး။ ကျွန်မရဲ့အခြေအနေက ဆက်ပြီး ဆိုးလာတယ်။ ဘုရားရဲ့နှုတ်ကပတ်တော်တွေကို ဖတ်ချင်စိတ် ပျောက်သွားတယ်၊ တစ်ခုခု လုပ်ဖို့ တက်ကြွမှု မရှိဘူး။ ကိုယ့်တာဝန်မှာ အရင်လို စိတ်မပါတော့ဘူး။ ကျွန်မလည်း ဘုရားသခင်ဆီ ဆုတောင်းမိတယ်၊ “ဘုရားသခင်၊ ကျွန်မက အခု အသက်ပိုကြီးလာပါပြီ။ တာဝန်တွေအများကြီး မလုပ်နိုင်တော့သလို ခံစားရပါတယ်။ နိုင်ငံတော်ကို ဝင်ရောက်ဖို့နဲ့ ကယ်တင်ခြင်းခံရဖို့ ကျွန်မအတွက် မျှော်လင့်ချက် မရှိပါဘူး။ ကျွန်မ အမှန်တကယ် စိတ်ဓာတ်ကျပါတယ်။ အို ဘုရားသခင်၊ ကျွန်မအနေနဲ့ အိုမင်းတဲ့အရွယ်ကြောင့် အတားအဆီး မဖြစ်စေဖို့၊ ကိုယ်တော့်အလိုတော်ကို နားလည်နိုင်ပြီး ဒီအခြေအနေကနေ ရုန်းထွက်နိုင်ဖို့အတွက်၊ ကျွန်မကို ယုံကြည်ခြင်းပေးပါ။ လမ်းပြတော်မူပါ။”

ဘုရားရဲ့နှုတ်ကပတ်တော်တချို့ကို ဖတ်မိတော့မှ ကျွန်မရဲ့အခြေအနေက စပြီး ပြောင်းလဲလာတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ညီအစ်ကို မောင်နှမများထဲတွင် အသက် ၆၀ မှ ၈၀ သို့မဟုတ် ၉၀ ခန့်ထိရှိပြီး၊ မိမိတို့၏ အိုမင်းသည့် အသက်အရွယ်ကြောင့် အချို့သော အခက်အခဲများလည်း တွေ့ကြုံကြရသည့် သက်ကြီးရွယ်အိုများလည်း ရှိသည်။ ၎င်းတို့၏ အသက်အရွယ် ထိုသို့ဖြစ်စေကာမူ၊ ၎င်းတို့၏ အတွေးအခေါ်သည် သေချာပေါက် မှန်ကန်ခြင်း သို့မဟုတ် ယုတ္တိတန်ခြင်း သိပ်မရှိသကဲ့သို့၊ ၎င်းတို့၏ စိတ်ကူးများနှင့် အမြင်များသည် သမ္မာတရားနှင့် သေချာပေါက် ကိုက်ညီခြင်း မရှိပေ။ ဤသက်ကြီးရွယ်အိုများသည် အလားတူ ပြဿနာများသာ ရှိကြပြီး၊ ၎င်းတို့က၊ ‘ငါ့ ကျန်းမာရေး သိပ်မကောင်းတော့သကဲ့သို့ မည်သည့်တာဝန်ကို ငါ ထမ်းဆောင်နိုင်သည်နှင့်ပတ်သက်၍ အကန့်အသတ်ရှိသည်။ ဤသေးငယ်သည့် တာဝန်ကိုသာ ငါ ထမ်းဆောင်လျှင်၊ ဘုရားသခင်က ငါ့ကို သတိရပါမည်လား။ တစ်ခါတရံတွင် ငါ နာဖျားတတ်ပြီး ငါ့ကို စောင့်ရှောက်ဖို့ တစ်စုံတစ်ဦး လိုအပ်သည်။ ငါ့ကို စောင့်ရှောက်ရန် မည်သူမျှ မရှိသည့်အခါ၊ ငါ့တာဝန်ကို ငါ ထမ်းဆောင်နိုင်ခြင်း ရှိပါ။ ထို့ကြောင့် မည်သည့်အရာကို ငါ လုပ်ဆောင်နိုင်သနည်း။ ငါသည် အိုမင်းပြီး၊ ဘုရားနှုတ်ကပတ်တော်များကို ဖတ်သည့်အခါ ထိုနှုတ်ကပတ်တော်များကို သတိမရသကဲ့သို့ သမ္မာတရားကို နားလည်ရန် ငါ့အတွက် ခက်ခဲသည်။ သမာတရားနှင့် ပတ်သက်၍ မိတ်သဟာယပြုနေချိန်တွင်၊ ကမောက်ကမဖြစ်ပြီး ယုတ္တိမရှိသော ပုံစံဖြင့် ငါ စကားပြောပြီး ဝေမျှထိုက်သည့် မည်သည့် အတွေ့အကြုံမျှ မရှိပါ။ ငါသည် အိုမင်းပြီဖြစ်ပြီး၊ လုံလောက်သည့် အားအင်မရှိပါ။ ငါ့အမြင်အာရုံသည် သိပ်မကောင်းသကဲ့သို့ ငါ မသန်မာတော့ပါ။ အရာရာသည် ငါ့အတွက် ခက်ခဲ၏။ ငါ့တာဝန်ကို ငါ မထမ်းဆောင်နိုင်ရုံမက၊ အမှုအရာများကို ငါ အလွယ်တကူ မေ့ပြီး၊ တလွဲဖြစ်စေသည်။ တစ်ခါတရံ ငါ စိတ်ရှုပ်ထွေးပြီး အသင်းတော်နှင့် ငါ၏ ညီအစ်ကို မောင်နှမများအတွက် ပြဿနာများဖြစ်စေသည်။ ငါသည် ကယ်တင်ခြင်း ရရှိလိုပြီး သမ္မာတရားကို လိုက်စားလိုသော်လည်း၊ အလွန်ခက်ခဲသည်။ မည်သည့်အရာကို ငါ လုပ်နိုင်သနည်း’ဟု အမြဲ စိုးရိမ်ပူပန်ကြလေသည်။...အထူးသဖြင့်၊ မိမိတို့ အချိန်ရှိသမျှကို ဘုရားသခင်အတွက် မိမိတို့ကိုယ်ကိုယ် အသုံးခံရင်းနှင့် မိမိတို့တာဝန်ကို ထမ်းဆောင်ရင်း ကုန်ဆုံးချင်ကြသည့် သက်ကြီးရွယ်အိုအချို့ ရှိကြသော်လည်း၊ ၎င်းတို့သည် ရုပ်ပိုင်းအရ မကျန်းမာကြပေ။ အချို့မှာသွေးတိုးရှိပြီး တချို့မှာ သွေးထဲ သကြားဓာတ် မြင့်မားကြသည်၊ တချို့မှာ အစာအိမ်ပြဿနာများ ရှိကြပြီး၊ ၎င်းတို့၏ ကာယခွန်အားက ၎င်းတို့တာဝန်၏ တောင်းဆိုချက်များကို အမီမလိုက်နိုင်သောကြောင့် ၎င်းတို့ စိုးရိမ်သောကရောက်ကြလေသည်။ ငယ်ရွယ်သောလူများက စားနိုင်၊ သောက်နိုင်သည်ကို၊ ပြေးနိုင်၊ ခုန်နိုင်သည်ကို ၎င်းတို့ မြင်ကြပြီး၊ အားကျကြလေသည်။ ငယ်ရွယ်သောလူများက ထိုသို့သော အရာများ လုပ်ဆောင်သည်ကို ၎င်းတို့ မြင်လေ၊ ‘ငါ့တာဝန်ကို ငါ ကောင်းစွာ ထမ်းဆောင်ပြီး သမ္မာတရားကို လိုက်စားကာ နားလည်ချင်သည်။ ပြီးလျှင် သမ္မာတရားကို လက်တွေ့လည်း လုပ်ဆောင်ချင်သည်။ ဤသို့ဆိုလျှင် အဘယ်ကြောင့် အလွန် ခက်ခဲရသနည်း။ ငါ အလွန် အိုမင်းပြီး အသုံးမကျပါ။ ဘုရားသခင်သည် အိုမင်းသော လူများကို အလိုမရှိပါသလား။ အိုမင်းသော လူများသည် အမှန်တကယ် အသုံးမဝင်ပါသလား။ ငါတို့သည် ကယ်တင်ခြင်းကို မရနိုင်ပါသလား’ဟု တွေးလျက်၊ သာ၍ စိတ်ဖိစီးမှု ခံစားကြလေသည်။ ၎င်းတို့သည် ထိုအကြောင်းကို မည်သို့ စဉ်းစားသည်ဖြစ်စေ၊ ဝမ်းနည်းပြီး ပျော်ရွှင်ချမ်းမြေ့ခြင်း မခံစားနိုင်ကြပေ။ ထိုသို့သော အံ့ဩဖွယ် အချိန်ကာလတစ်ခုနှင့် ထိုသို့သော ကြီးမြတ်သည့် အခွင့်အရေးတစ်ခုကို ၎င်းတို့ မလွဲချော်ချင်ကြသည့်တိုင်၊ ငယ်ရွယ်သည့်လူများ လုပ်ဆောင်သကဲ့သို့ မိမိတို့ကိုယ်ကိုယ် အသုံးမခံနိုင်ကြသကဲ့သို့ မိမိတို့တာဝန်ကို ၎င်းတို့၏ စိတ်နှလုံးနှင့် စိတ်ဝိညာဉ် အကြွင်းမဲ့ဖြင့် မထမ်းဆောင်နိုင်ကြချေ။ ဤသက်ကြီးရွယ်အိုများသည် ၎င်းတို့၏ အသက်အရွယ်ကြောင့်၊ နက်ရှိုင်းသည့် စိတ်ဖိစီးမှု၊ ပူပန်သောကနှင့် စိုးရိမ်မှုထဲသို့ ကျဆင်းကြသည်။ အခက်အခဲ၊ အနှောင့်အယှက်၊ ဆင်းရဲဒုက္ခ သို့မဟုတ် အတားအဆီးအချို့ကို ၎င်းတို့ ကြုံရသည့်အချိန်တိုင်းတွင်၊ မိမိတို့၏ အသက်အရွယ်ကို ၎င်းတို့ အပြစ်တင်ကြပြီး၊ မိမိတို့ကိုယ်ကိုယ် မုန်းတီးကာ မိမိတို့ကိုယ်ကိုယ် သဘောမကျကြပေ။ သို့ရာတွင် မည်သို့ပင်ဖြစ်စေ အကြောင်းမထူး၊ ဖြေရှင်းချက် မရှိသကဲ့သို့ ရှေ့ဆက်ရမည့်လမ်း မရှိကြချေ။ ၎င်းတို့တွင် အမှန်တကယ် ရှေ့ဆက်ရမည့်လမ်း မရှိခြင်းများ ဖြစ်နိုင်မည်လော။ ဖြေရှင်းချက် တစ်ခုတလေ ရှိပါသလော။ (သက်ကြီးရွယ်အိုများသည်လည်း မိမိတို့တာဝန်များကို မိမိတို့ တတ်နိုင်သလောက် ထမ်းဆောင်သင့်ပါသည်။) သက်ကြီးရွယ်အိုများက ၎င်းတို့ တတ်နိုင်သလောက် ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်ခြင်းမှာ လက်ခံနိုင်စရာဖြစ်သညမဟုတ်လော။ သက်ကြီးရွယ်အိုများသည် မိမိတို့၏ အသက်အရွယ်ကြောင့် သမ္မာတရားကို မလိုက်စားနိုင်တော့သည်လော။ သမ္မာတရားကို ၎င်းတို့ နားလည်နိုင်စွမ်း မရှိသလော။ (နားလည်နိုင်စွမ်း ရှိကြပါသည်။) သက်ကြီးရွယ်အိုများသည် သမ္မာတရားကို နားလည်နိုင်ကြသလော။ ၎င်းတို့သည် အချို့ကို နားလည်နိုင်ကြပြီး၊ ငယ်ရွယ်သည့် လူများပင်လည်း အားလုံးကို နားမလည်နိုင်ကြချေ။ သက်ကြီးရွယ်အိုများသည် ၎င်းတို့ စိတ်ရှုပ်ထွေးကြကြောင်း၊ ၎င်းတို့ မှတ်ဉာဏ်မကောင်းကြောင်းနှင့် ထို့ကြောင့် သမ္မာတရားကို ၎င်းတို့ နားမလည်နိုင်ကြောင်း ယုံကြည်လျက်၊ အမြဲ နားလည်မှုလွဲခြင်းတစ်ခုရှိကြသည်။ ၎င်းတို့ မှန်ကန်ပါသလော။ (မမှန်ပါ။) ငယ်ရွယ်သောလူများသည် သက်ကြီးရွယ်အိုများထက် သာ၍ များစွာ အားအင်ရှိကြပြီး၊ ရုပ်ပိုင်းအရ သာ၍ သန်မာကြသော်လည်း၊ အမှန်တွင် ၎င်းတို့၏ နားလည်၊ သဘောပေါက်ပြီး သိနိုင်စွမ်းသည် သက်ကြီးရွယ်အိုများနှင့် အတူတူပင် ဖြစ်သည်။ သက်ကြီးရွယ်အိုများသည်လည်း တစ်ချိန်က ငယ်ရွယ်ခဲ့ကြသည် မဟုတ်လော။ ၎င်းတို့သည် မွေးရာပါ အိုမင်းကြခြင်း မဟုတ်သကဲ့သို့၊ ငယ်ရွယ်သည့်လူများသည်လည်း တစ်နေ့တွင် အားလုံး အိုမင်းသွားကြမည်ဖြစ်သည်။ သက်ကြီးရွယ်အိုများက ၎င်းတို့ အိုမင်းကြသောကြောင့်၊ ရုပ်ပိုင်းအရ အားနည်းပြီး နေထိုင်မကောင်းသကဲ့သို့ မကောင်းသည့် မှတ်ဉာဏ်များ ရှိကြသောကြောင့် ငယ်ရွယ်သော လူများနှင့် ကွာခြားကြသည်ဟု အမြဲ တွေးမနေရပေ။ အမှန်တွင်၊ ကွာခြားမှုမရှိ။ ကွာခြားမှုမရှိဟု ဆိုသည့်အခါ မည်သည့်အရာကို ငါ ဆိုလိုသနည်း။ တစ်စုံတစ်ဦးသည် အိုမင်းသည်ဖြစ်စေ၊ ငယ်ရွယ်သည်ဖြစ်စေ၊ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများမှာ အတူတူပင်ဖြစ်သည်၊ အမှုအရာမျိုးစုံအပေါ် ၎င်းတို့၏ သဘောထားနှင့် အမြင်များ တူညီပြီး၊ အမှုအရာမျိုးစုံအပေါ် ၎င်းတို့၏ ရှုထောင့်အမြင်နှင့်ရပ်တည်ချက်တို့သည် အတူတူပင်ဖြစ်သည်။ ထို့ကြောင့်၊ သက်ကြီးရွယ်အိုများက ငယ်ရွယ်သည့် လူများထက် သာ၍ နည်းပါးသည့် လွန်ကဲသော စိတ်ဆန္ဒများဖြင့် ၎င်းတို့ အိုမင်းကြပြီး တည်ငြိမ်နိုင်ကြသောကြောင့်၊ ၎င်းတို့တွင် အထိန်းအကွပ်မဲ့သည့် ရည်မှန်းချက်များ၊ စိတ်ဆန္ဒများ မရှိကြောင်းနှင့် သာ၍ နည်းပါးသော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများ ရှိကြောင်း မတွေးရပေ။ ဤသည်မှာ နားလည်မှုလွဲခြင်းတစ်ခု ဖြစ်သည်။ ငယ်ရွယ်သည့် လူများသည် ရာထူးအတွက် သူတပါးကို ချနင်းနိုင်ကြသည်။ သို့ဆိုလျှင် သက်ကြီးရွယ်အိုများသည် ရာထူးအတွက် သူတပါးကို မချနင်းနိုင်ကြသလော။ ငယ်ရွယ်သည့်လူများသည် စည်းမျဉ်းများကို ဆန့်ကျင်သည့်အရာများ လုပ်ဆောင်နိုင်ပြီး ထင်ရာမြင်ရာ ပြုမူနိုင်သည်။ သို့ဆိုလျှင် သက်ကြီးရွယ်အိုများသည်လည်း အလားတူ မလုပ်ဆောင်နိုင်ကြသလော။ (လုပ်ဆောင်နိုင်ကြပါသည်။) ငယ်ရွယ်သည့်လူများသည် မာနထောင်လွှားနိုင်သည်၊ သို့ဆိုလျှင် သက်ကြီးရွယ်အိုများသည်လည်း မာနထောင်လွှားနိုင်ခြင်း မရှိကြသလော။ သို့ရာတွင်၊ သက်ကြီးရွယ်အိုများ မာနထောင်လွှားကြသည့်အခါ၊ ၎င်းတို့၏ အိုမင်းသည့် အသက်အရွယ်ကြောင့်၊ သိပ်ရန်မူတတ်ခြင်း မရှိကြသကဲ့သို့၊ ထိုမျှ သဘောထားမြင့်မြတ်သော မာနထောင်လွှားမှု မဟုတ်ချေ။ ငယ်ရွယ်သော လူများသည် ၎င်းတို့၏ ကွေးနိုင်ဆန့်နိုင်သော ခြေလက်များနှင့် စိတ်များကြောင့် သာ၍ သိသာသည့် မာနထောင်လွှားမှု သရုပ်သကန်များကို ပြကြစဉ်တွင်၊ သက်ကြီးရွယ်အိုများသည် ၎င်းတို့၏ မာတောင့်သည့် ခြေလက်များနှင့် တင်းမာသော စိတ်များကြောင့် သာ၍ မသိသာသည့် မာနထောင်လွှားမှု သရုပ်သကန်များ ပြကြလေသည်။ သို့ရာတွင် ၎င်းတို့၏ မာနထောင်လွှားမှု အနှစ်သာရနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် အတူတူပင်ဖြစ်သည်။ သက်ကြီးရွယ်အိုတစ်ဦးသည် ဘုရားသခင်ကို အချိန်မည်မျှ ယုံကြည်ပြီးသည်ဖြစ်စေ၊ သို့မဟုတ် မိမိတို့တာဝန်ကို နှစ်ပေါင်းမည်မျှ ထမ်းဆောင်ပြီးသည်ဖြစ်စေ၊ ၎င်းတို့သည် သမ္မာတရား လိုက်စားမှုတွင် မရှိပါက၊ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိနေလိမ့်မည်ဖြစ်သည်။...ထို့ကြောင့် သက်ကြီးရွယ်အိုများသည် သမ္မာတရားကို မလိုက်စားနိုင်ခြင်း မဆိုထားနှင့်၊ လုပ်ဆောင်ရန် မည်သည့်အရာမျှ မရှိကြခြင်း မဟုတ်သကဲ့သို့၊ မိမိတို့တာဝန်များကို မထမ်းဆောင်နိုင်ကြခြင်းလည်း မဟုတ်ပေ။ ၎င်းတို့အတွက် လုပ်ဆောင်စရာများစွာ ရှိ၏။ သင်၏ တစ်သက်တာအတွင်း သင် စုဆောင်းပြီးဖြစ်သည့် အမျိုးမျိုးသော အယူလွဲများနှင့် အတွေးမှားများအပြင်၊ အမျိုးမျိုးသော အစဉ်အလာ စိတ်ကူးများနှင့် အယူအဆများ၊ မသိနားမလည်သည့်၊ ခေါင်းမာသည့်အရာများ၊ ရေးရိုးစွဲ အရာများ၊ ယုတ္တိမရှိသည့် အရာများနှင့် သင် စုဆောင်းပြီးသည့် အဓိပ္ပာယ်မရှိသော အရာများအားလုံး သင့်စိတ်နှလုံးတွင် စုပုံနေပြီးဖြစ်ကာ ဤအရာများကို ဖော်ထုတ်၊ စိတ်ဖြာလေ့လာပြီး သတိပြုရန် သင်သည် သာ၍ပင် အချိန်ကုန်ဆုံးသင့်ပေသည်။ သင့်အနေဖြင့် လုပ်ဆောင်ရန် မည်သည့်အရာမျှ မရှိသည်မှာ မဟုတ်ပေ၊ သို့မဟုတ် သင် မျှော်လင့်ချက် ကုန်ဆုံးသည့်အခါ စိတ်ဖိစီး၊ ပူပန်သောကရောက်သင့်ေသည်ဆိုသည်မှာ မဟုတ်ပေ။ ဤသည်မှာ သင်၏ အလုပ်မဟုတ်သကဲ့သို့ တာဝန်လည်း မဟုတ်ချေ။ ဦးစွာပထမ၊ သက်ကြီးရွယ်အိုများသည် မှန်ကန်သည့် တွေးခေါ်မှုအလေ့အထ ရှိသင့်ကြသည်။ သင်သည် နှစ်ကာလများတွင်နောက်ကျနိုင်ပြီး ရုပ်ပိုင်းအရ အတော်အတန် အိုမင်းနေနိုင်သော်လည်း၊ ငယ်ရွယ်သည့် တွေးခေါ်မှု အလေ့အထ ရှိသင့်နေဆဲ ဖြစ်သည်။ သင်သည် အသက်အိုမင်းလာနေသော်လည်း၊ သင်၏ တွေးခေါ်ခြင်းသည် နှေးကွေးပြီး သင်၏ မှတ်ဉာဏ်အားနည်းသော်လည်း၊ သင့်ကိုယ်သင် သိရှိနိုင်ဆဲ၊ ငါပြောသည့် စကားများကို နားလည်နိုင်ဆဲဖြစ်ပြီး၊ သမ္မာတရားကို နားလည်နိုင်ဆဲဖြစ်ပါက၊ ယင်းမှာ သင်သည် အိုမင်းခြင်းမရှိကြောင်းနှင့် သင်၏ အစွမ်းအစသည် ချို့တဲ့ခြင်း မရှိကြောင်း သက်သေပြပေသည်။ တစ်စုံတစ်ဦးသည် အသက် ၇၀ အရွယ်ခန့်တွင်ရှိသော်လည်း၊ သမ္မာတရားကို နားမလည်နိုင်ပါက၊ ဤအရာက ၎င်းတို့၏ ဝိညာဉ်ရင့်ကျက်မှုသည် အလွန် သေးငယ်ပြီး၊ အလုပ်နှင့် မကိုက်ကြောင်းကို ပြပေသည်။ ထို့ကြောင့် အသက်အရွယ်သည် သမ္မာတရားနှင့် ပတ်သက်လာသည့်အခါ ဆက်စပ်မှုမရှိပေ။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၃)) အဲဒီကျမ်းပိုဒ်ကို အကြိမ်တော်တော်များများ ဖတ်မိတယ်။ ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မစိတ်နှလုံးထဲကို တကယ် တန်းခနဲ ဝင်ပြီး၊ ကိုယ့်အခြေအနေကို အတိအကျ ထုတ်ဖော်ပြတာပါ။ ကိုယ်က အခု အသက်ကြီးပြီ၊ အခြေအနေ မတူတော့ဘူးဆိုတာ ကျွန်မ မြင်ပါတယ်၊ ဒါကြောင့် တာဝန်တစ်ခု လုပ်ရင်း ဆက်ပြီး ပြေးလွှားနေလို့ မဖြစ်ဘူး၊ အိမ်မှာပဲ ဧည့်ခံသူအဖြစ် လုပ်နိုင်တော့မယ်။ နောက်တော့ အိမ်မှာတင် တာဝန်တစ်ခုမှ မလုပ်နိုင်တဲ့ ညီမယုရှင်ရဲ့ အခြေအနေကို မြင်ရတဲ့အချိန်မှာ၊ ကျွန်မက ကိုယ့်အသက်အရွယ်ကို တကယ် ပူပန်မိသွားတယ်၊ တစ်နေ့နေ့မှာ ကျွန်မလည်း တကယ်ကို မသွားလာနိုင်တော့ဘူး၊ တာဝန်တစ်ခု မလုပ်နိုင်ဘူးဆိုရင်၊ ကျွန်မတော့ ကယ်တင်ခြင်း မခံရနိုင်ဘူးပေါ့။ နိုင်ငံတော်ကို မဝင်ရောက်ရဘူးဆိုတဲ့ အတွေးက ကျွန်မအတွက် တကယ်ကို နာကျင်ရတယ်၊ ဝမ်းနည်းရတယ်။ ကိုယ့်ရဲ့ပန်းတိုင်နဲ့ပတ်သက်ပြီးတော့လည်း သောကဖြစ်သွားတယ်။ ကျွန်မက အပျက်သဘောဆောင်တဲ့၊ အဆိုးမြင်တတ်တဲ့ အခြေအနေတစ်ခုထဲ နေထိုင်မိတယ်။ တစ်ခုခုလုပ်ဖို့ တက်ကြွမှုဆိုတာလည်း ပျောက်သွားတယ်။ ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်မိတော့မှ စိတ်ပြောင်းလဲပြီး၊ ရင်ထဲမှာလည်း ကြည်လင်သွားတာ။ သက်ကြီးရွယ်အိုတွေမှာ ဘာရွေးချယ်စရာမှ မရှိဘူး၊ ကယ်တင်ခြင်း မခံရနိုင်ဘူး၊ ဘာမှ မလုပ်နိုင်ကြဘူး၊ တာဝန်တစ်ခု မယူနိုင်ကြဘူးဆိုတာမျိုး မဟုတ်ပါဘူး။ အသက်အရွယ်အိုမင်းတာက စိတ်နှလုံးလည်း အိုမင်းပြီဆိုတဲ့ အဓိပ္ပာယ်မဟုတ်ဘူး။ ကျွန်မတို့လုပ်နိုင်တာ ဘာမှမရှိဘူးဆိုတာလည်း မဟုတ်ဘူး။ အသက်အရွယ်ကြီးတဲ့လူတွေဟာ ဘုရားရဲ့နှုတ်ကပတ်တော်တွေ ဖတ်ရင်း၊ ဆုတောင်းသင့်တဲ့အချိန်မှာ ဆုတောင်းရင်း၊ ကိုယ်တတ်နိုင်တဲ့ ဘယ်တာဝန်ကိုမဆို ထုံးစံအတိုင်း လုပ်ရင်းနဲ့၊ အမှုကိစ္စလေးတွေကို ဟိုအရင်ကလိုပဲ လုပ်နိုင်ပါသေးတယ်။ သက်ကြီးရွယ်အိုတွေဟာ တာဝန်တွေအများကြီး မလုပ်နိုင်လို့ သူတို့ကို သဘောမကျဘူးလို့ ဘုရားက လုံးဝ မမိန့်ဆိုထားပါဘူး။ ပြီးတော့ အသက်ကြီးကြီးငယ်ငယ် ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေ ရှိကြတယ်။ အဲဒါတွေကို ဖြေရှင်းဖို့အတွက် သမ္မာတရားကို ရှာဖွေဖို့ လိုအပ်ကြတာချည်းပါပဲ။ အထူးသဖြင့် ကျွန်မလို အသက်အရွယ်ကြီးသူတွေအနေနဲ့၊ အိမ်မှာ၊ ကျောင်းမှာ၊ အပြင်က လူ့အဖွဲ့အစည်းမှာ ကြုံရတဲ့ အသက်တာတစ်လျှောက်လုံး၊ အတွေးတွေ၊ အယူအဆတွေ၊ ဘဝနဲ့ပတ်သက်တဲ့ အတွေးအခေါ်တွေမျိုးစုံက ကျွန်မတို့ဆီမှာ များသထက် များနေပါပြီ။ ဒါကြောင့် ဒီ မကောင်းတဲ့ အတွေးအခေါ်တွေ၊ ဒိဋ္ဌိအယူတွေ၊ အတွေးမှားတွေက ကျွန်မခေါင်းထဲမှာ စုပြုံနေခဲ့ပါပြီ။ ကျွန်မက ယုံကြည်သူတစ်ယောက် ဖြစ်လာတာ နှစ်ပေါင်းများစွာ ရှိပြီ၊ ဒါပေမဲ့ ဒီမကောင်းတဲ့ အဆိပ်တွေက ကျွန်မဆီမှာ အခိုင်အမာ အမြစ်တွယ်နေသေးတဲ့အပြင်၊ ကိုယ့်အတွက် ရှင်သန်ဖို့ စည်းမျဉ်းတွေ ဖြစ်လာနေကြပြီ။ တစ်ခါတလေ တခြားသူတွေနဲ့ စည်းဝေးပွဲတစ်ခုမှာ ရှိနေတဲ့အချိန်၊ တစ်ယောက်ယောက်က မှားယွင်းတဲ့ အခြေအနေတစ်ခုမှာ နေထိုင်နေတာမျိုး၊ အပျက်သဘောကို ဖြန့်ဝေနေတာမျိုးတွေ သတိထားမိတယ်။ တခြားသူတွေကို သူတို့ ပြောဆိုတာတွေက တည်ဆောက်ပေးတာ မဟုတ်မှန်း ကျွန်မ တော်တော် ရှင်းရှင်းလင်းလင်း မြင်တယ်၊ ဒါပေမဲ့ ပေါင်းသင်းဆက်ဆံရေးတွေ မထိခိုက်အောင် ကျွန်မက ပါးစပ်ပိတ်ထားခဲ့မိတယ်။ “မိတ်ဆွေကောင်းများ၏ အပြစ်များအပေါ် နှုတ်ဆိတ်နေပေးခြင်းသည် ကြာရှည်၍ ကောင်းမွန်သော ခင်မင်မှုဖြစ်စေ၏” ဆိုတဲ့ မကောင်းတဲ့ အတွေးအခေါ်နဲ့ ကျွန်မက နေထိုင်ခဲ့တာပါ။ ကျွန်မက သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့ ဆန္ဒမရှိခဲ့ဘူး၊ စိတ်ဆိုးစရာ ဖြစ်မှာကို ဝန်လေးခဲ့တယ်။ ပြီးတော့ စုဝေးပွဲတွေမှာ သမ္မာကျမ်းထဲက ပုဂ္ဂိုလ်တွေနဲ့ အဖြစ်အပျက်တွေအကြောင်း ဆွေးနွေးကြပြီဆိုရင်၊ တချို့ညီအစ်ကိုမောင်နှမတွေက နားမလည်ကြဘူး၊ အဲဒါဆို ကျွန်မက မာနထောင်လွှားတဲ့ စိတ်သဘောထား ပြမိရော။ အသက်အရွယ်ကြီးတဲ့ ခရစ်ယာန်တစ်ယောက်အနေနဲ့ ကျွန်မက သူတို့ထက် ပိုသိတယ်လို့ ထင်မိတယ်၊ ဒီတော့ အဲဒါကို ကြွားစရာ အရင်းအနှီးလို အသုံးချရင်းနဲ့၊ ကျွန်မက သူတို့တွေကို ထပ်တလဲလဲ ရှင်းပြနေမိရော။ မဖြေရှင်းရသေးတဲ့ ပျက်စီးတဲ့ စိတ်သဘောထားတွေ များလွန်းနေတဲ့အခါမျိုးမှာ၊ ကျွန်မအနေနဲ့ ပိုပြီး အရေးတကြီးရှိဖို့ သိခဲ့သင့်တာပေါ့၊ သမ္မာတရား အားထုတ်ဖို့ကိုလည်း ကြိုးစားခဲ့သင့်တာပေါ့။ ကိုယ့်ဖောက်ပြန်ပျက်စီးမှုကို ဖြေရှင်းဖို့အတွက် ကိုယ့်ရဲ့ကျန်နေသေးတဲ့ နှစ်တွေမှာ သမ္မာတရားကို ပိုပြီး ရှာဖွေသင့်တယ်။ ကျွန်မ လုပ်သင့်တဲ့အရာတွေ၊ ကျွန်မ ဝင်ရောက်သင့်တဲ့ သမ္မာတရားတွေ အများကြီး ရှိပါတယ်။ ဒါပေမဲ့ ကျွန်မက လူငယ်တွေကို ကျန်းမာရေးကောင်းတယ်၊ လုပ်နိုင်တဲ့တာဝန်တွေ အများကြီး ရှိတယ်ဆိုပြီး အမြဲ အားကျခဲ့တာ၊ သူတို့မှာ ကယ်တင်ခြင်းအတွက် ပိုပြီး မျှော်လင့်ချက်ရှိတယ်လို့ ထင်နေမိတာ။ အခု ကျွန်မက မသွားလာနိုင်ဘူး၊ ကိုယ့်တာဝန်တွေကလည်း နည်းနေပြီဆိုတော့၊ နိုင်ငံတော်မှာ နေရာတစ်ခု မရမှာကို ကျွန်မ ပူပန်မိခဲ့တယ်။ ကိုယ် ရုန်းမထွက်နိုင်တဲ့ အပျက်သဘော အခြေအနေတစ်ခုထဲ နစ်သွားမိတယ်။ အခု အဲဒါကို ပြန်စဉ်းစားကြည့်တော့ တော်တော် စဉ်းစားဉာဏ်မရှိခဲ့တာပါ။ ကျွန်မမှာ မှန်ကန်တဲ့ သဘောထားတစ်ခု ရှိဖို့ လိုခဲ့တာပါ။ အသက်က ကြီးပြီ၊ ခန္ဓာကိုယ်က အိုမင်းပြီဆိုပေမဲ့၊ ကျွန်မက ဘုရားရဲ့နှုတ်ကပတ်တော်တွေကို နားလည်နိုင်တုန်းပဲ။ ပုံမှန်အသိစိတ်၊ အသိတရား ရှိနေတုန်းပဲ။ ဒီတော့ သမ္မာတရား လိုက်စားမှာ အချိန်တွေ အချည်းနှီးဖြစ်လို့ မရဘူး၊ ပူပန်သောကတွေနဲ့ပဲ ဆက်ပြီး နေထိုင်နေလို့ မဖြစ်ဘူး။ ဒါက ဘုရားရဲ့ ဒီ နှုတ်ကပတ်တော်ကျမ်းပိုဒ်မှာ တကယ်ကို ပေါ်လွင်ပါတယ်၊ “သင်သည် အသက်အိုမင်းလာနေသော်လည်း၊ သင်၏ တွေးခေါ်ခြင်းသည် နှေးကွေးပြီး သင်၏ မှတ်ဉာဏ်အားနည်းသော်လည်း၊ သင့်ကိုယ်သင် သိရှိနိုင်ဆဲ၊ ငါပြောသည့် စကားများကို နားလည်နိုင်ဆဲဖြစ်ပြီး၊ သမ္မာတရားကို နားလည်နိုင်ဆဲဖြစ်ပါက၊ ယင်းမှာ သင်သည် အိုမင်းခြင်းမရှိကြောင်းနှင့် သင်၏ အစွမ်းအစသည် ချို့တဲ့ခြင်း မရှိကြောင်း သက်သေပြပေသည်။” ဘုရားနှုတ်ကပတ်တော်တွေကြောင့် ဉာဏ်အလင်းရသွားတယ်။ ငါ့မှာ ကြိုးပမ်းစရာတစ်ခုခု ရှိပြီလို့ ချက်ချင်း ခံစားမိတယ်။ ကျွန်မက မအိုမင်းဘူးလို့ ဘုရားက မိန့်တယ်လေ၊ ဒါကြောင့် ကျွန်မရဲ့ကျန်နေသေးတဲ့ နှစ်တွေမှာ သမ္မာတရားကို ပိုပြီးတော့ ကြိုးကြိုးစားစား အားထုတ်သင့်တယ်။

ဘုရားရဲ့နှုတ်ကပတ်တော်တွေထဲမှာ ဒါကိုလည်း ကျွန်မ ဖတ်မိသေးတယ်၊ “ငါသည် လူတစ်ဦးစီ၏ ပန်းတိုင်ကို အသက်၊ ဝါရင့်ခြင်း၊ ဒုက္ခခံရသည့်ပမာဏနှင့် အနည်းဆုံးအနေဖြင့် ၎င်းအပေါ် သနားစိတ်ပေါ်စေသည့် အတိုင်းအတာတို့ကို အခြေပြု၍ ဆုံးဖြတ်ခြင်း မဟုတ်ဘဲ၊ သမ္မာတရားကို ၎င်းတို့ ပိုင်ဆိုင်ခြင်း ရှိမရှိအပေါ်တွင် မူတည်၍ ဆုံးဖြတ်ခြင်းဖြစ်၏။ ဤအရာမှတစ်ပါး တခြားရွေးချယ်စရာ မရှိ။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်၏ ပန်းတိုင်အတွက် လုံလောက်သော ကောင်းမှုများကို ပြင်ဆင်လော့)ဘုရားသခင်၏အလိုဆန္ဒမှာ လူတိုင်း စုံလင်စေခြင်းခံရဖို့၊ နောက်ဆုံးတွင် သူ၏ရယူခြင်းခံရဖို့၊ သူ၏ လုံးဝသန့်စင်စေခြင်းကို ခံရဖို့နှင့် သူချစ်သော လူများဖြစ်လာကြရန် ဖြစ်၏။ သင်တို့ ခေတ်နောက်ကျန်နေသည် သို့မဟုတ် အရည်အချင်း ညံ့ဖျင်းသည်ဟု ငါပြောသည် မပြောသည်မှာ အရေးမကြီးပေ— ဤအရာအားလုံးမှာ အမှန်တရားဖြစ်၏။ ငါ ဤသို့ပြောဆိုခြင်းမှာ ငါသည် သင်တို့ကို ကယ်တင်ရန် လိုလားခြင်းမရှိဖို့ မဆိုထားနှင့်၊ သင့်ကို စွန့်ပစ်ရန် ငါရည်ရွယ်သည်၊ ငါသည် သင်တို့၌ မျှော်လင့်ချက် ကုန်ဆုံးသည်ကို သက်သေမပြပေ။ ယနေ့တွင် ငါသည် သင်တို့၏ ကယ်တင်ခြင်းအမှုကို လုပ်ဆောင်ရန် ကြွလာပြီဖြစ်သည်၊ ဆိုလိုသည်မှာ ငါ လုပ်ဆောင်သည့်အမှုသည် ကယ်တင်ခြင်းအမှု၏ အဆက် ဖြစ်ပေသည်။ လူတိုင်း စုံလင်စေခြင်း ခံရမည့် အခွင့်အရေးရှိ၏- သင်သည် လိုလားခြင်းရှိမှသာ၊ သင်သည် လိုက်စားရှာဖွေခြင်းရှိမှသာ၊ အဆုံးတွင် သင်သည် ဤရလဒ်ကို ရရှိနိုင်လိမ့်မည် ဖြစ်ပြီး၊ သင်တို့ထဲမှ တစ်ဦးမျှ စွန့်ပစ်ခံရမည် မဟုတ်ပေ။ သင်သည် အရည်အချင်းညံ့ဖျင်းပါက၊ သင်နှင့်သက်ဆိုင်သည့် ငါ၏ သတ်မှတ်ချက်များသည် သင်၏ညံ့ဖျင်းသည့် အရည်အချင်းနှင့်အညီ ဖြစ်လိမ့်မည်။ သင်သည် အရည်အချင်းမြင့်မားပါက၊ သင်နှင့်သက်ဆိုင်သည့် ငါ၏သတ်မှတ်ချက်များသည် သင်၏မြင့်မားသည့် အရည်အချင်းနှင့်အညီ ဖြစ်လိမ့်မည်။ သင်သည် မသိနားမလည်ဖြစ်ကာ စာမတတ်ပါက၊ သင်နှင့်သက်ဆိုင်သည့် ငါ၏သတ်မှတ်ချက်များသည် သင်၏ စာမတတ်ခြင်းနှင့်အညီ ဖြစ်လိမ့်မည်။ သင်သည် စာတတ်ပါက၊ သင်နှင့်သက်ဆိုင်သည့် ငါ၏သတ်မှတ်ချက်များသည် သင် စာတတ်မြောက်သည့် အချက်နှင့်အညီ ဖြစ်လိမ့်မည်။ သင်သည် သက်ကြီးရွယ်အို တစ်ဦးဖြစ်ပါက၊ သင်နှင့်သက်ဆိုင်သည့် ငါ၏သတ်မှတ်ချက်များသည် သင်၏ အသက်နှင့်အညီ ဖြစ်လိမ့်မည်။ သင်သည် ဧည့်ဝတ်ပျူငှာနိုင်စွမ်း ရှိပါက၊ သင်နှင့်သက်ဆိုင်သည့် ငါ၏သတ်မှတ်ချက်များသည် ဤတတ်စွမ်းနိုင်မှုနှင့်အညီ ဖြစ်လိမ့်မည်။ သင်သည် ဧည့်ဝတ်ပျူငှာမှုမပေးနိုင်ဘဲ၊ ဧဝံဂေလိတရား ဖြန့်ဝေခြင်းဖြစ်စေ၊ အသင်းတော်ကို စောင့်ရှောက်ခြင်းဖြစ်စေ၊ အခြားသော အထွေထွေအရေးကိစ္စများကို အာရုံစိုက်လုပ်ဆောင်ခြင်း ဖြစ်စေ၊ တာဝန်တချို့ကိုသာ လုပ်ဆောင်နိုင်သည်ဟု သင်ဆိုပါက သင့်ကို ငါ၏စုံလင်စေခြင်းသည် သင်ဆောင်ရွက်သည့် တာဝန်နှင့်အညီ ဖြစ်လိမ့်မည်။ သစ္စာစောင့်သိခြင်း၊ တကယ့်အဆုံးထိ နာခံခြင်းနှင့် ဘုရားသခင်ကို အဆုံးစွန် ချစ်ခြင်းရှိဖို့ ကြိုးစားခြင်း- ဤသည်မှာ သင် ဖြစ်မြောက်ရမည့်အရာ ဖြစ်ပြီး၊ ဤအရာသုံးခုထက် သာ၍ ကောင်းမွန်သော လက်တွေ့လုပ်ဆောင်မှုများ မရှိပေ။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ၏သာမန်ဘဝကို နဂိုအတိုင်း ပြန်ဖြစ်လာစေခြင်းနှင့် သူ့ကို အံ့သြဖွယ်ကောင်းသော ခရီးပန်းတိုင်သို့ ခေါ်ဆောင်သွားခြင်း) ဘုရားဆီက ဒီ နှုတ်ကပတ်တော်တွေကြောင့် ကျွန်မ တကယ် တို့ထိခံရတယ်။ ဘုရားက လူတစ်ယောက်ရဲ့အဆုံးသတ်ကို သူ့ရဲ့အစွမ်းအစ၊ အသက်အရွယ်၊ ဒါမှမဟုတ် တာဝန်တွေ ဘယ်လောက်များများ လုပ်ထားတယ်ဆိုတာအပေါ် အခြေခံပြီး လုံးဝ မဆုံးဖြတ်ထားပါဘူး။ ဘုရားက လူတွေဟာ ဆက်ကပ်အပ်နှံသလား၊ သူ့ကို နာခံသလားဆိုတာကိုပဲ ကြည့်တာပါ။ လူတစ်ယောက်ဟာ သမ္မာတရားကို အားထုတ်ဖို့ စိတ်ပိုင်းဖြတ်ထားသရွေ့၊ စစ်မှန်တဲ့ယုံကြည်ခြင်း ရှိပြီး သမ္မာတရားကို ချစ်ခင်နေသရွေ့၊ ဘုရားက သူတို့ကို ပစ်ပယ်မှာမဟုတ်ပါဘူး။ ဘုရားက ဖြောင့်မတ်တယ်၊ သူ့သတ်မှတ်ချက်တွေက အားလုံးအတွက် တစ်သမတ်တည်း မဟုတ်ဘူးဆိုတာ ကျွန်မ မြင်သွားတယ်။ ကိုယ်တော်က လူတွေကို သူတို့ရဲ့ဝိညာဉ်ရင့်သန်မှုနဲ့ သူတို့ ဖြစ်မြောက်နိုင်တဲ့အရာအပေါ် အခြေခံပြီး တောင်းဆိုချက်တွေ ပြုလုပ်တာပါ။ ဧည့်ခံနိုင်သူတွေက ဧည့်ခံသင့်တယ်၊ ဧဝံဂေလိ ဟောပြောနိုင်သူတွေက အဲဒါကိုပဲ ဟောပြောသင့်တယ်။ လူတွေက သူတို့တတ်နိုင်တဲ့ ဘယ်တာဝန်ကိုမဆို လုပ်သင့်တယ်။ ကျွန်မတို့က သမ္မာတရားကို အားထုတ်နိုင်တဲ့အပြင် ဘုရားနှုတ်ကပတ်တော်တွေကို အခြေခံပြီး ပြုမူနိုင်သရွေ့၊ ကယ်တင်ခြင်းအတွက် အခွင့်အရေး ရှိတယ်။ ဒါပေမဲ့ ကျွန်မကျတော့ အိုမင်းတဲ့ ကိုယ့်အရွယ်မှာ လုပ်နိုင်တဲ့တာဝန် ဘာမှမရှိသလိုမျိုး၊ ဘုရားကလည်း ကိုယ့်ကို သဘောမကျသလိုမျိုး ထင်ခဲ့မိတာ။ ကျွန်မက ဘုရားကို အပြင်လောကက အလုပ်ရှင်တစ်ယောက်လို ထင်နေခဲ့တာ၊ ကိုယ်က အလုပ်လုပ်နိုင်ပြီး အဖိုးတန်နေတဲ့အချိန်မှာ ကိုယ့်ကို ခေါ်ထားမယ်၊ အဲဒီလိုမဟုတ်တော့ရင် ကိုယ့်ကို ပစ်ပယ်လိမ့်မယ်ပေါ့။ ဒါက ဘုရားကို ကြောက်ရွံ့မှု ကင်းမဲ့ခဲ့တာပါ။ မှားယွင်းတဲ့ ကိုယ့်အယူအဆတွေနဲ့ စိတ်ကူးတွေကြောင့် ဘုရားရဲ့အလိုတော်ကို ကျွန်မကပဲ အထင်လွဲနေခဲ့တာပါ။ ပြီးတော့ အသက်အရွယ်ကြီးသူတွေဟာ ကယ်တင်ခြင်းဖြစ်ဖြစ် စုံလင်ခြင်းဖြစ်ဖြစ် မခံရနိုင်ဘူးလို့ ဘုရားက လုံးဝ မမိန့်ဆိုထားဘူး။ အသင်းတော်ကနေ ထုတ်ပယ်ခံရတဲ့ အန္တိခရစ်တွေနဲ့ မကောင်းမှုပြုသူတွေကို ပြန်စဉ်းစားကြည့်တယ်။ တချို့က ကျွန်မထက် ငယ်ကြတယ်။ သူတို့တာဝန်တွေအတွက် မိသားစုတွေနဲ့ အလုပ်တွေကို စွန့်လွှတ်ခဲ့ကြတာပါ။ သူတို့က လူ့စံနှုန်းတွေအရတော့ ကြိုးစား လုပ်ဆောင်ခဲ့ကြတာပဲ၊ ဒါပေမဲ့ သမ္မာတရားကို မလိုက်စားခဲ့ကြဘူး၊ ပျက်စီးတဲ့ စိတ်သဘောထားတွေလည်း နည်းနည်းမှ မပြောင်းလဲခဲ့ဘူး။ အမှုကိစ္စတွေကို သူတို့ရဲ့ဆိုးယုတ်တဲ့ သဘာဝတွေနဲ့ လုပ်ဆောင်ပြီး၊ ဘုရားအိမ်တော်ရဲ့အမှုကို နှောင့်ယှက်ကြတယ်၊ လုံးဝ နောင်တမရကြဘူး၊ နောက်ဆုံး ဘုရားရဲ့ဖယ်ရှားခြင်းကို ခံကြရတာပဲ။ အသက်အရွယ်ကြီးတဲ့ အသင်းဝင်တွေကျတော့၊ တချို့က ပွဲစီစဉ်တဲ့တာဝန်တွေ လုပ်ရင်း အိမ်မှာပဲ နေတယ်၊ တချို့က အသင်းတော်ရဲ့စာရင်းအင်းတွေ လုပ်ပေးတယ်၊ ဒါပေမဲ့ သူတို့အားလုံးက ပါဝင်သင့်တဲ့ နေရာကနေ ပါဝင်ကြတာပါ။ ဘုရားက သူတို့ကို အသက်အရွယ်ကြီးလို့ ဒါမှမဟုတ် တာဝန်တွေအများကြီး မလုပ်နိုင်ကြလို့ဆိုပြီး လျစ်လျူရှုတာမျိုး၊ ဖယ်ရှားတာမျိုး မလုပ်ပါဘူး။ ဘုရားက လူတွေကို အသက်အရွယ်ကြောင့် မဟုတ်ဘဲ၊ သူတို့ရဲ့ သဘာဝအနှစ်သာရကြောင့် ဖယ်ရှားတာပဲဆိုတာ ကျွန်မ မြင်သွားတယ်။ အခု ကျွန်မက အသက်ကြီးပါပြီ၊ ဟိုအရင် လုပ်နေကျအတိုင်း အသင်းတော်ကို မပံ့ပိုးနိုင်ဘူး။ ကိုယ့်အိမ်မှာပဲ တခြားလူတွေကို ဧည့်ခံပေးနေတယ်။ ဒါကြောင့် ကျွန်မက ပွဲစီစဉ်တဲ့တာဝန်ကို ကောင်းအောင် လုပ်ဖို့၊ ကိုယ့်အိမ်မှာ စည်းဝေးပွဲတွေအတွက် လုံခြုံတဲ့ဝန်းကျင်တစ်ခု ထိန်းသိမ်းထားဖို့ လိုတယ်၊ ဒါမှ ညီအစ်ကိုမောင်နှမတွေ အေးအေးချမ်းချမ်း လာနိုင် သွားနိုင်ကြမယ်။ အဲဒါက ကိုယ့်တာဝန်မှာ ကျွန်မကိုယ်ကျွန်မ ဆက်ကပ်အပ်နှံတာပဲ။ ကျွန်မရဲ့အိမ်နီးချင်း ညီမယုရှင်က နေထိုင်မကောင်းတော့ အကူအညီနည်းနည်း လိုတယ်၊ ဒါကြောင့် ကျွန်မက သူနဲ့ တွေ့ဆုံ မိတ်သဟာယပြုရင်း ကိုယ်တတ်နိုင်တာမှန်သမျှ လုပ်ပေးသင့်တယ်။ ပြီးတော့ စိန်ခေါ်မှုတွေ ဒါမှမဟုတ် ပြဿနာတွေ ကြုံရတဲ့အခါတိုင်း၊ ကျွန်မက ဆုတောင်းသင့်တယ်၊ အဲဒါတွေကို ဖြေရှင်းဖို့ ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်သင့်တယ်။ ကိုယ်က ငါးပေါင်အလေးချိန်ကို ထမ်းနိုင်ရင် ငါးပေါင်ပဲ ထမ်းမယ်၊ ကိုယ်က ပေါင် ၂၀ ထမ်းနိုင်ရင် ပေါင် ၂၀ ပဲ ထမ်းမယ်။ အကောင်းဆုံး လုပ်မယ်၊ ကိုယ်တတ်နိုင်သမျှ အားလုံး လုပ်မယ်။ အဲဒါက အရေးကြီးဆုံးပါပဲ။ ကျွန်မလည်း အဲဒါကို နားလည်သွားတဲ့အချိန်မှာ၊ တော်တော် ရှက်ခဲ့မိတယ်။ ကျွန်မက ဘုရားရဲ့အလိုတော်ကို နားမလည်ခဲ့တာပါ။ ကိုယ်တော့်နှုတ်ကပတ်တော်တွေကို အခြေခံပြီး အမှုကိစ္စတွေကို မကြည့်တတ်ခဲ့ဘူး၊ မပြုမူခဲ့ဘူး။ အဲဒီအစား ဘုရားကို အထင်လွဲရင်း မှားယွင်းတဲ့ ကိုယ့်ကိုယ်ပိုင် အမြင်တွေနဲ့ နေထိုင်နေခဲ့တယ်။ ကျွန်မက တကယ်ကို ပုန်ကန်မိခဲ့တာပါ။

ကျွန်မက အိုမင်းတာတွေ၊ တာဝန်တစ်ခုမှ မလုပ်နိုင်တာတွေ၊ ဖယ်ရှားခံရမှာတွေကို ဘာဖြစ်လို့ အမြဲ သောကရောက်ခဲ့တာလဲဆိုတာကို ဆင်ခြင်ကြည့်မိတယ်။ အဲဒါရဲ့နောက်ကွယ်မှာ ဘယ်လို ရည်ရွယ်ချက်က ရှိနေတာလဲ။ ကျွန်မလည်း ရှာဖွေရင်းနဲ့၊ ဘုရားနှုတ်ကပတ်တော်တွေထဲမှာ ကျမ်းပိုဒ်နှစ်ခုကို ဖတ်မိတယ်၊ “လူအချို့တို့သည် ဘုရားသခင်ကို ယုံကြည်ခြင်းက သူတို့အား ကောင်းချီးမင်္ဂလာများ ယူဆောင်လာမည်ကို မြင်လျှင်မြင်ချင်း အားမာန်ဖြင့် ပြည့်ဝလာကြသော်လည်း၊ စစ်ဆေးခြင်းများကို သူတို့ခံဖို့လိုအပ်ကြောင်း ၎င်းတို့ မြင်လျှင်မြင်ချင်း အားအင်အလုံးစုံ ပျောက်ဆုံးသွားကြသည်။ ထိုအရာမှာ ဘုရားသခင်ကို ယုံကြည်ခြင်းလော။ နောက်ဆုံးတွင် သင်သည် သင်၏ယုံကြည်ခြင်း၌ ဘုရားသခင်၏ ရှေ့မှောက်တွင် လုံးလုံးလျားလျားနှင့် အကြွင်းမဲ့ နာခံခြင်းကို ရရှိရမည်။ သင်သည် ဘုရားသခင်ကို ယုံကြည်သော်လည်း၊ သူ့အပေါ် တောင်းဆိုချက်များ ရှိနေသေးသည်၊ သင်မစွန့်ပယ်နိုင်သော ဘာသာရေးအယူအဆများစွာ၊ သင်လက်မလွှတ်နိုင်သော ပုဂ္ဂိုလ်ရေးရာ အကျိုးအမြတ်များ ရှိနေသေးပြီး၊ ဇာတိပကတိ ကောင်းချီးမင်္ဂလာများကို ရှာဖွေနေသေးကာ ဘုရားသခင်ကို သင်၏ဇာတိခန္ဓာအား ကယ်မစေရန်၊ သင်၏စိတ်ဝိညာဉ်အား ကယ်တင်စေရန် အလိုရှိနေသေးသည်၊ ဤအရာများအားလုံးမှာ မှားယွင်းသောအမြင်ရှိသည့် လူတို့၏ အပြုအမူများပင် ဖြစ်သည်။ ဘာသာရေးယုံကြည်ချက်များနှင့် လူတို့သည် ဘုရားသခင်၌ ယုံကြည်ခြင်း ရှိကြသော်လည်း၊ ၎င်းတို့သည် မိမိစိတ်သဘောထားများ ပြောင်းလဲရန်အတွက် မကြိုးပမ်းကြသည့်အပြင်၊ ဘုရားသခင်အား သိကျွမ်းခြင်းကို ရရှိအောင် အားမထုတ် ကြဘဲ ၎င်းတို့၏ဇာတိပကတိ အကျိုးအမြတ်များကိုသာ ရှာဖွေကြသည်။ သင်တို့အထဲမှ လူများစွာတို့၌ ဘာသာရေးခံယူချက် အမျိုးအစားနှင့် သက်ဆိုင်သည့် ယုံကြည်မှုများ ရှိကြသည်။ ဤသည်မှာ ဘုရားသခင်အား စစ်မှန်သော ယုံကြည်ခြင်း မဟုတ်ပေ။ ဘုရားသခင်ကို ယုံကြည်ရန်အတွက် လူတို့သည် သူ့အတွက် ဒုက္ခခံရန် အသင့်ရှိသော စိတ်နှလုံးနှင့် မိမိတို့ကိုယ်ကိုယ် ဆက်ကပ်အပ်နှံလိုစိတ်ကို ပိုင်ဆိုင်ရမည်။ လူတို့သည် ဤသတ်မှတ်ချက် နှစ်ချက်နှင့် မပြည့်မီပါက ဘုရားသခင်အပေါ် ၎င်းတို့၏ ယုံကြည်ခြင်းမှာ မခိုင်လုံပေ၊ ထို့ပြင် ၎င်းတို့သည် မိမိတို့၏စိတ်သဘောထား ပြောင်းလဲခြင်းကို ရရှိနိုင်မည်မဟုတ်ပေ။ သမ္မာတရားကို အမှန်တကယ် အားထုတ်သော၊ ဘုရားသခင်အား သိကျွမ်းဖို့ ကြိုးစားပြီး အသက်ကို ရရှိအောင် အားထုတ်သော လူတို့သာလျှင် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်သောသူများ ဖြစ်ကြသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စုံလင်ခြင်းသို့ ရောက်မည့်သူများသည် စစ်ဆေးခြင်းကို ခံကြရမည်)လူတို့သည် ကောင်းချီးခံစားရရန်၊ ဆုလာဘ်ချီးမြှင့်ခြင်းခံရရန်၊ ဆုသရဖူရရှိရန်အတွက် ဘုရားသခင်ကို ယုံကြည်ကြသည်။ လူတိုင်း၏ စိတ်နှလုံးတွင် ဤအရာ တည်ရှိသည်မဟုတ်လော။ ဤအရာတည်ရှိသည်မှာ အမှန်တရားဖြစ်သည်။ ထိုအကြောင်းကို လူတို့က မကြာခဏ မပြောကြသော်လည်း၊ ကောင်းချီးများရရန် ၎င်းတို့၏ ရည်ရွယ်ချက်နှင့် ဆန္ဒကိုပင် ဖုန်းကွယ်သော်လည်း၊ လူတို့၏ စိတ်နှလုံးအတွင်းတွင်ရှိသော ဤဆန္ဒနှင့် ရည်ရွယ်ချက်သည် အစဉ် ပြောင်းလဲ၍ မရနိုင်ပေ။ လူတို့သည် ဝိညာဉ်ရေးရာ သဘောတရားများကို မည်မျှ နားလည်သည်ဖြစ်စေ၊ အတွေ့အကြုံ၊ သို့မဟုတ် အသိပညာ မည်မျှရှိသည်ဖြစ်စေ၊ မည်သည့်တာဝန်ကို ထမ်းဆောင်နိုင်သည်ဖြစ်စေ၊ မည်မျှ ဒုက္ခခံနိုင်သည်ဖြစ်စေ၊ သို့မဟုတ် မည်မျှ အဖိုးအခပေးဆပ်နိုင်သည်ဖြစ်စေ၊ ၎င်းတို့စိတ်နှလုံးအတွင်းနက်နက်ထဲတွင် ကွယ်ဝှက်နေသော ကောင်းချီးရလိုသည့် စိတ်ဓာတ်လှုံ့ဆော်မှုကို မည်သည့်အခါမျှ လက်မလွှတ်နိုင်ဘဲ အစေခံရာတွင် အစဉ်သဖြင့် တိတ်ဆိတ်စွာ ကြိုးပမ်းလုပ်ဆောင်သည်။ ဤသည်မှာ လူတို့၏ စိတ်နှလုံးအတွင်းထဲရှိ အနက်ဆုံးနေရာတွင် မြုပ်နှံထားသောအရာ မဟုတ်လော။ ကောင်းချီးမင်္ဂလာများ ရရှိဖို့ ဤလှုံ့ဆော်မှုမရှိလျှင် သင်တို့သည် မည်သို့ခံစားရမည်နည်း။ မည်သည့်သဘောထားနှင့် တာဝန်ကို ထမ်းဆောင်ပြီး ဘုရားသခင်နောက် လိုက်မည်နည်း။ ၎င်းတို့၏ စိတ်နှလုံးထဲတွင် ဖုံးကွယ်နေသော ကောင်းချီးရရှိဖို့ဖြစ်သည့် ဤစိတ်ဓာတ်လှုံ့ဆော်မှုကို ဖယ်ရှားပစ်လိုက်လျှင် လူတို့သည် မည်သည့်အရာ ဖြစ်လာမည်နည်း။ လူများစွာက အပျက်သဘောဆောင်လာခြင်း ဖြစ်နိုင်သည်။ အချို့မှာ မိမိတို့၏တာဝန်များတွင် စိတ်အားလျော့လာမည်။ ၎င်းတို့၏ ဝိညာဉ်က ပျောက်ကွယ်သွားခဲ့ပြီးဖြစ်သည့်အလား ဘုရားသခင်အပေါ် ၎င်းတို့၏ ယုံကြည်မှုတွင် စိတ်ဝင်စားမှု ပျောက်သွားပေမည်။ ၎င်းတို့၏ စိတ်နှလုံးက ဆွဲယူခံခဲ့ရပြီးသည့် ပုံပေါ်နေမည်။ ဤအတွက်ကြောင့် ကောင်းချီးရရန် စိတ်ဓာတ်လှုံ့ဆော်မှုသည် လူတို့၏ စိတ်နှလုံးတွင် နက်နက်ရှိုင်းရှိုင်း ကွယ်ဝှက်နေသည့်အရာ ဖြစ်သည်ဟု ငါပြောရခြင်းဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ ဘဝ ကြီးထွားတိုးတက်ခြင်း၏ အညွှန်းခြောက်ခု) ဒီ နှုတ်ကပတ်တော်တွေထဲမှာ ဘုရားသခင် တရားစီရင်၊ ထုတ်ဖော်ပြတာတွေက ကျွန်မရဲ့အခြေအနေနဲ့ တစ်ထပ်တည်းပါပဲ။ ဘုရားက လူ့စိတ်နှလုံးတွေကို အမှန်တကယ် ကြည့်ရှုစစ်ဆေးတာပါ။ ဒါက ကောင်းချီးပေးတာ ခံရချင်တဲ့ မျှော်လင့်ချက်တွေနဲ့ ရည်ရွယ်ချက်တွေ ကျွန်မဆီမှာ အမြစ်တွယ်နေတယ်၊ ကျွန်မရဲ့ယုံကြည်ခြင်းက ကောင်းချီးတွေအတွက် သက်သက်ပဲဆိုတာတွေကို ဖော်ထုတ်ပြတာပါ။ အမှုတော်ရဲ့ ဒီအဆင့်ကို လက်ခံပြီးစအချိန်မှာ ကျွန်မက နိုင်ငံတော်ကို ဝင်ရောက်ရမယ့် အခွင့်အရေးကြောင့် တက်ကြွခဲ့တယ်။ အသင်းတော်က အလိုရှိသမျှကို လုပ်ဆောင်ဖို့ ဆန္ဒရှိခဲ့တယ်။ မိုးရွာရွာ နေပူပူ ကိုယ့်တာဝန်ကို လုပ်မှာပဲ။ ကျွန်မက အဖိုးအခတစ်ခု ပေးနေသရွေ့ ဘုရားက သဘောကျလိမ့်မယ်လို့ ထင်မိတယ်၊ ပြီးရင် ကျွန်မက ကယ်တင်ခြင်းခံရပြီး၊ ကောင်းကင်နိုင်ငံတော်ရဲ့ ကောင်းချီးတွေကို ရလိမ့်မယ်ပေါ့။ ဒါပေမဲ့ ကျွန်မက အသက်ကြီးလာနေပြီ၊ ကိုယ့်ခန္ဓာကိုယ် လုပ်ဆောင်ချက်တွေက အိုမင်းမှုကြောင့် ထိခိုက်လာပြီ၊ ဟိုအရင် လုပ်နိုင်ခဲ့တဲ့ တာဝန်တွေကို မလုပ်နိုင်တော့ဘူးဆိုတာကို မြင်သွားတယ်။ တစ်နေ့မှာ မကျန်းမမာဖြစ်ပြီး တာဝန်တစ်ခုမှ မလုပ်နိုင် ဖြစ်လာမှာကို ကျွန်မ ပူပန်မိခဲ့တယ်။ အဲဒါကြောင့် ကျွန်မ ဝမ်းနည်းပြီး သောကရောက်ခဲ့တယ်။ ပြီးတော့ နေမကောင်းဖြစ်ပြီး မလှုပ်ရှားနိုင်အောင် ဖြစ်ခဲ့တဲ့ အဲဒီနှစ်ရက်ကို တွေးမိတဲ့အချိန်မှာ၊ ငါသာ ထပ်ပြီး နေထိုင်မကောင်းဖြစ်လို့၊ မြန်မြန်ဆန်ဆန် မသက်သာဘူးဆိုရင်၊ ဘယ်တာဝန်ကိုမှ လုပ်နိုင်တော့မှာ မဟုတ်ဘူး၊ ကယ်တင်ခြင်းလည်း ခံရနိုင်တော့မှာ မဟုတ်ဘူးဆိုပြီး၊ ပိုပြီးတော့ ပူပန်မိပြန်ရော။ ရင်ထဲမှာ အနှစ်သာရမဲ့သလို ခံစားရတယ်။ မှောင်မိုက်ပြီး အားငယ်မိခဲ့တယ်။ တစ်ရက်စီကို အဆင်ပြေသလို ကြုံသလိုပဲ နေတော့မယ်လို့ စဉ်းစားရင်း၊ ဘုရားနှုတ်ကပတ်တော်တွေ ဖတ်ဖို့၊ ဆုတောင်းဖို့ ဆန္ဒလည်း မရှိတော့ဘူး။ ကောင်းချီးပေးခံရလိုတဲ့ ရည်ရွယ်ချက်တစ်ခုက ကိုယ့်စိတ်နှလုံး အတွင်းပိုင်းမှာ ပုန်းကွယ်နေတယ်၊ အခိုင်အမာ အမြစ်တွယ်နေတယ်၊ ကျွန်မက ဒီ ရည်မှန်းချက် အောင်မြင်ဖို့ အမြဲ ကြိုးပမ်းအားထုတ်နေတယ်ဆိုတာတွေကို တကယ် သဘောပေါက်သွားတယ်။ အပေါ်ယံမှာတော့ ကျွန်မက တာဝန်တစ်ခုကို လုပ်နေတာပဲ၊ ဘုရားကို အားရကျေနပ်စေချင်တယ်၊ ဒါပေမဲ့ တကယ်တော့ ကောင်းကင်နိုင်ငံတော်ရဲ့ ကောင်းချီးတွေအတွက် ကိုယ့်တာဝန်နဲ့ အပေးအယူ လုပ်ချင်ခဲ့တာပဲ။ ကျွန်မက ကိုယ့်ပန်းတိုင်အတွက် လုပ်နေခဲ့တာပဲ။ ကျွန်မက သဘာဝအရ တော်တော် ယုတ်ညံ့ပြီး၊ တကယ် ဉာဏ်များလွန်းတယ်။ ခရစ်ယာန်မိသားစုတစ်ခုမှာ မွေးတယ်၊ ကိုယ့်မိဘတွေလိုပဲ ငယ်ငယ်လေးကတည်းက သခင်ယေရှုကို ယုံကြည်လာခဲ့တယ်။ ကျွန်မအသက် ၆၀ မှာ ဘုရားရဲ့နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံခဲ့တယ်။ ကျွန်မက အများကြီး ရခဲ့ပြီးပါပြီ။ နောက်ဆုံးသောကာလမှာ ဘုရားက သမ္မာတရားရဲ့ သွင်ပြင်လက္ခဏာတိုင်းကို ရှင်းရှင်းလင်းလင်း မိတ်သဟာယပြု ပေးထားပါပြီ၊ ပြီးတော့ ကိုယ်တော့်နှုတ်ကပတ်တော်ရဲ့ တရားစီရင်မှုနဲ့ ပြစ်တင်ဆုံးမမှုကတစ်ဆင့်၊ ကိုယ့်ရဲ့ပျက်စီးတဲ့ သဘာဝနဲ့ မကောင်းတဲ့ အဆိပ်တွေအကြောင်း သိနားလည်ခြင်း နည်းနည်း ရသွားပါပြီ။ ကိုယ့်ကိုယ်ကိုယ် ရွံ့ရှာတတ်နေပါပြီ၊ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကလည်း နည်းနည်း ပြောင်းလဲခဲ့ပါပြီ။ ဒါတွေက ဘုရားနှုတ်ကပတ်တော်တွေရဲ့ တရားစီရင်မှုနဲ့ ပြစ်တင်ဆုံးမမှုကို တွေ့ကြုံရာကနေ ဖြစ်လာတဲ့ အသီးအပွင့်တွေပါပဲ။ ဒါဟာ ဘုရားဆီက လာတဲ့ မယုံနိုင်စရာကောင်းလွန်းတဲ့ ကျေးဇူးတော်ပါပဲ။ ကျွန်မက တကယ့် ကယ်တင်ခြင်းကြီးကို ရရှိလိုက်တာပါ။ အခုချိန်မှာ ဘုရားက ကျွန်မဆီက ဒီအသက်ကို ယူမယ်ဆိုရင်တောင်၊ ကျွန်မက နောင်တတွေ ရတော့မှာမဟုတ်ဘူး၊ ဘုရားသခင်ကို ကျေးဇူးကြွေး တင်မှာပါ။ ဒါပေမဲ့ ကျွန်မက အခု အသက်ရှင်နေတုန်းပဲ၊ ကျွန်မမှာ ဒီအသက် ရှိနေတုန်းပဲ။ ကျွန်မက သမ္မာတရားနဲ့ စိတ်သဘောထား ပြောင်းလဲခြင်းကို စိတ်ပါလက်ပါ လိုက်စားသင့်တယ်။ အနာဂတ်မှာ ကောင်းချီးပေးခံရတာဖြစ်ဖြစ်၊ ဘေးဒုက္ခ ကြုံရတာပဲဖြစ်ဖြစ်၊ ကျွန်မက ဘုရားရဲ့အုပ်စိုးမှုနဲ့ အစီအစဉ်တွေကို နာခံသင့်တယ်။ ဒါက ဖန်ဆင်းခံတစ်ယောက်အနေနဲ့ ကျွန်မမှာ ရှိသင့်တဲ့ အသိစိတ်ပဲ။ ဒါပေမဲ့ ဘုရားနှုတ်ကပတ်တော်တွေဆီက အာဟာရတွေ အများကြီး ရပြီးတဲ့နောက်မှာ၊ ကျွန်မက ကိုယ်တော့်မေတ္တာအတွက် ပြန်ပေးဆပ်ရမှန်း မသိခဲ့သေးဘူး။ နိုင်ငံတော်ရဲ့ကောင်းချီးတွေအတွက် ဘုရားနဲ့ အပေးအယူလုပ်ဖို့ ကိုယ့်တာဝန်ကို အသုံးချချင်ခဲ့တယ်။ အဲဒါကို မရနိုင်ဘူးလို့ တွေးမိတဲ့အခါ ကျွန်မက အပျက်သဘောဆောင်လာပြီး၊ ဘုရားကို အထင်လွဲခဲ့တယ်။ ကျွန်မမှာ အသိစိတ်၊ အသိတရားဆိုတာ မရှိခဲ့ဘူး။ ကျွန်မရဲ့လူ့သဘာဝက ဘယ်ရောက်သွားခဲ့တာလဲ။ ကျွန်မက တော်တော် တစ်ကိုယ်ကောင်းဆန်ခဲ့တယ်၊ စိတ်ပျက်စရာ ရွံစရာကောင်းခဲ့တယ်။ ယုံကြည်ခြင်းမှာ ကျွန်မရဲ့ကြံရွယ်ချက်တွေ၊ ရှုထောင့်တွေက မမှန်ကန်ခဲ့ဘူး။ ကျွန်မက ကောင်းကင်နိုင်ငံတော်ကိုပဲ ရောက်ချင်နေခဲ့တာ၊ လောကီအကျိုးအမြတ်တွေနဲ့ ကောင်းချီးတွေကိုပဲ လိုက်စားခဲ့တာ။ ကျွန်မက ပေါလုလို လမ်းကြောင်းပေါ်မှာ ရှိခဲ့တာပါ။ ပေါလု အများကြီး ဖြစ်မြောက်ခဲ့ပုံတွေကို ကျွန်မ တွေးကြည့်ခဲ့တယ်၊ ဒါပေမဲ့ သူက ဆုလာဘ်ပေးခံရဖို့နဲ့ သရဖူဆောင်းခံရဖို့အတွက်ပဲ ယုံကြည်ခြင်းရှိခဲ့တာပါ။ သူက သူ့အလုပ်ကို ဘုရားနဲ့ အပေးအယူလုပ်ဖို့၊ ကောင်းကင်ရဲ့ကောင်းချီးတွေအတွက် အလဲအလှယ်လုပ်ဖို့ အသုံးချနေခဲ့တာ။ ဘုရားသခင်ကို သိအောင် သူ မကြိုးစားခဲ့ဘူး။ သူက ဘုရားကို ခုခံခြင်းလမ်းကြောင်းတစ်ခုပေါ် ရှိနေခဲ့တယ်။ နောက်ဆုံးမှာ ဘုရားရဲ့အပြစ်ဒဏ်ပေးခြင်းကို ခံရတယ်။ ကျွန်မရဲ့လိုက်စားမှုကလည်း ပေါလုနဲ့ အတူတူပါပဲ။ ကျွန်မက ဘုရားသခင် ကျေနပ်အောင် စိတ်သဘောထား ပြောင်းလဲမှုကို မလိုက်စားခဲ့ဘူး၊ ကိုယ့်တာဝန်ကို ကောင်းချီးတွေအတွက်ပဲ လုပ်နေခဲ့တာပါ။ အပေါ်ယံမှာတော့ ကျွန်မက တာဝန်တစ်ခုကို ထမ်းဆောင်နေတယ်။ ဒါပေမဲ့ အနှစ်သာရအရ ဘုရားကို လိမ်လည်နေတာပါ။ ကျွန်မက စစ်မှန်တဲ့ ယုံကြည်သူတစ်ယောက် မဟုတ်ခဲ့ဘူး။ စစ်မှန်တဲ့ ယုံကြည်သူတစ်ယောက်ဆိုတာ သမ္မာတရားကို အားထုတ်ပြီး၊ ဘုရားကိုလည်း သိအောင် ချစ်တတ်အောင် ကြိုးစားတဲ့ လူစားမျိုးပါပဲ။ အဲဒီလိုလူတွေ သူတို့တာဝန်ကို လုပ်ဆောင်ပုံက သတ်မှတ်ချက်တွေ၊ အပေးအယူတွေ မရှိကြဘူး။ ကိုယ်ရေးကိုယ်တာ အကြောင်းရင်းတွေ၊ ရည်မှန်းချက်တွေ ဒါမှမဟုတ် လွန်ကဲတဲ့ ဆန္ဒတွေ မရှိကြဘူး။ ဘုရားသခင် ကျေနပ်စေဖို့ သူတို့မှာ ရှိသမျှအရာအားလုံးကို ထည့်ဝင်ကြတယ်။ ပေတရုလိုပဲပေါ့၊ သူက ပေါလုလောက် အလုပ်တွေအများကြီး မလုပ်ခဲ့ပေမဲ့၊ ဘုရားရဲ့တရားစီရင်မှုနဲ့ ပြစ်တင်ဆုံးမမှုကို လက်ခံနိုင်ခဲ့တယ်၊ သူ့ကိုယ်သူ သိနိုင်ခဲ့တယ်၊ ဘုရားကို သိအောင် ချစ်တတ်အောင်လည်း ကြိုးစားနိုင်ခဲ့တယ်။ နောက်ဆုံးမှာ ဘုရားကို ဘုန်းထင်ရှားစေဖို့ သက်သေခံရင်း၊ ဘုရားအတွက် ကားတိုင်မှာ ဇောက်ထိုး အတင်ခံရပြီး၊ သေတဲ့အထိ သူက နာခံသွားခဲ့တယ်။ မကောင်းတဲ့ ရည်ရွယ်ချက်တွေနဲ့ ဆန္ဒတွေကိုပဲ အမြဲ ဖက်တွယ်နေတဲ့ ကျွန်မလို ယုံကြည်ခြင်းမျိုးဆိုရင်တော့၊ ကိုယ်က ဘယ်လောက်ပဲ နှစ်တွေအများကြီး ယုံကြည်ခဲ့ပါစေ၊ ဘုရားရဲ့သဘောကျမှုကို ဘယ်တော့မှ ရမှာမဟုတ်ဘူး။ ကျွန်မအနေနဲ့ ဘုရားရဲ့ငြင်းပယ်ခြင်း၊ ရွံရှာခြင်းနဲ့ပဲ အဆုံးသတ်ရလိမ့်မယ်။ ကိုယ့်ရဲ့ယုံကြည်ခြင်းနဲ့ တာဝန်မှာ နောင်တမရဘူး၊ အရောင်းအဝယ်ဆန်ဆန် ဆက်ရှိနေမယ်ဆိုရင်၊ ကျွန်မက နောက်ဆုံးမှာ သမ္မာတရားကို ရမှာမဟုတ်သလို၊ စိတ်သဘောထား ပြောင်းလဲခြင်းလည်း ရှိလာမှာမဟုတ်ဘူး။ ဘုရားရဲ့ဖော်ထုတ် ဖယ်ရှားခြင်း ခံရပြီး ပေါလုလိုပဲ အဆုံးသတ်ရလိမ့်မယ်။

ဘုရားသခင် မိန့်ဆိုခဲ့တာတွေကို ကျွန်မ စဉ်းစားကြည့်တယ်၊ “လူ၏တာဝန်နှင့် သူ ကောင်းချီးခံစားရခြင်း သို့မဟုတ် ကျိန်ခြင်းခံရခြင်း ရှိမရှိဆိုသည်တို့ကြားတွင် အချင်းချင်း ဆက်နွှယ်နေမှု မရှိပေ။ တာဝန်သည် လူက ဖြည့်ဆည်းသင့်သည့်အရာ ဖြစ်သည်။ ယင်းသည် ကောင်းကင်ဘုံက လာသည့် သူ၏ဘဝပေးတာဝန်ဖြစ်ပြီး ဆုလာဘ်၊ အခြေအနေများ သို့မဟုတ် အကြောင်းရင်းများပေါ်တွင် မမူတည်သင့်ပေ။ ထိုအခါမှသာ သူ၏တာဝန်ကို သူ လုပ်ဆောင်နေခြင်း ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ့ဇာတိခံ ဘုရားသခင်၏အမှုတော်နှင့် လူ၏တာဝန်ကြား ကွဲပြားခြားနားမှု) တာဝန်ဆိုတာ ဖန်ဆင်းခံတစ်ယောက် လုပ်သင့်တဲ့အရာပဲ၊ ကောင်းချီးတွေ၊ ကံဆိုးခြင်းတွေ ရရှိခြင်းနဲ့ မသက်ဆိုင်ဘူးဆိုတာကို ဒီနေရာမှာ ကျွန်မ နားလည်သွားတယ်။ ဘုရားရဲ့အိမ်တော်ဝင်တစ်ယောက်အနေနဲ့ ကျွန်မဆီမှာ ကိုယ်တော့်အတွက် သတ်မှတ်ချက်တွေ မရှိသင့်ဘူး။ ကိုယ့်တာဝန်ဝတ္တရားတွေကို ဖြည့်ဆည်းသင့်တယ်။ မိသားစုတစ်ခုလိုပဲပေါ့။ ကလေးတွေက မိသားစုအတွက် သူတို့တတ်နိုင်တာကို လုပ်တဲ့အချိန်မှာ၊ သူတို့မိဘဆီကနေ ငွေကြေးဆုလာဘ်တွေ အမှန်တကယ် တောင်းဆိုနိုင်ကြလို့လား။ အဲဒါဆို မိသားစုဝင်တစ်ယောက် မဟုတ်တော့ဘူး၊ ဝန်ထမ်းတစ်ယောက် ဖြစ်သွားမယ်။ ဘုရားရဲ့မိသားစုဝင်တစ်ယောက်အဖြစ်၊ ဖန်ဆင်းခံတစ်ယောက်အဖြစ်၊ ဖန်ဆင်းရှင်အတွက် တာဝန်အနည်းငယ်လေး လုပ်ဆောင်တာဟာ ကျွန်မ လုပ်သင့်တဲ့အရာပဲ။ အဲဒါက မှန်တယ်၊ သဘာဝကျတယ်။ ကိုယ့်ရဲ့ဆက်ကပ်အပ်နှံမှုကို သတ်မှတ်ချက်တွေ၊ ဆုလာဘ်တွေဆိုတဲ့ အတွေးတွေ မပါဘဲ ပြသသင့်တယ်။ အဲဒါက ကျွန်မ လုပ်သင့်တဲ့အရာပဲ။ အခု ကျွန်မက အသက်ကြီးပြီ၊ ကျန်းမာရေးကလည်း အကောင်းကြီး မဟုတ်ဘူး၊ ဒါပေမဲ့ ဘုရားက ကျွန်မအပေါ် မျက်နှာလွှဲခြင်း မရှိသေးပါဘူး။ ကိုယ်တော်က ကျွန်မကို နှုတ်ကပတ်တော်တွေနဲ့ အားပေး၊ လမ်းပြနေတုန်းပဲ။ ကျွန်မအနေနဲ့ အသိတရား ကင်းမဲ့လို့မဖြစ်ဘူး၊ ကိုယ့်ကိုယ်ကိုယ် စိတ်ပျက်လက်ပျက် ပစ်ထားရင်း၊ အပျက်သဘော အခြေအနေတစ်ခုမှာ ဆက်ပြီး နေထိုင်နေလို့မဖြစ်ဘူး။ ကျွန်မမှာ မှန်ကန်တဲ့ သဘောထားတစ်ခု ရှိသင့်တယ်၊ ကိုယ့်မှတ်ဉာဏ်လည်း ကောင်းနေတုန်း၊ ကိုယ့်အသိစိတ်လည်း ရှိနေတုန်းမှာ၊ ကိုယ့်ကိုယ်ကိုယ် သိဖို့နဲ့ စိတ်သဘောထား ပြောင်းလဲခြင်းကို လိုက်စားဖို့ ဘုရားနှုတ်ကပတ်တော်တွေကို ပိုပြီး ဖတ်သင့်တယ်၊ အခုချိန်မှာ ကိုယ်လုပ်နိုင်တဲ့ ဘယ်တာဝန်ကိုမဆို လုပ်သင့်တယ်၊ ဘုရားရဲ့အုပ်စိုးမှုနဲ့ အစီအစဉ်တွေကို နာခံသင့်တယ်။ ဘုရားရဲ့နှုတ်ကပတ်တော်တွေထဲမှာ ကျွန်မ နောက်တစ်ခု ဖတ်မိသေးတယ်၊ “သင်၏ အစွမ်းအစ၊ အသက်အရွယ်၊ သို့မဟုတ် ဘုရားသခင်ကို သင်ယုံကြည်ခဲ့သည့် နှစ်ကာလအရေအတွက် မည်မျှဖြစ်စေ လူတိုင်းသည် သမ္မာတရားကို လိုက်စားခြင်းအတွက် အားထုတ်မှုများပြုသင့်ပေသည်။ သင်သည် ဓမ္မဓိဋ္ဌာန်ကျသော မည်သည့် အကြောင်းပြချက်ကိုမျှ အလေးမထားသင့်ပေ။ သင်သည် သမ္မာတရားကို အကြွင်းမဲ့ လိုက်စားသင့်၏။ သင်၏ နေ့ရက်ကာလများကို မဖြုန်းနှင့်။ သင့်ဘဝ၏ ကြီးမားသည့် ကိစ္စတစ်ခုအဖြစ် သမ္မာတရား လိုက်စားခြင်းအတွက် သင်သည် ရှာဖွေပြီး အားထုတ်မှုများပြုပါက သင်၏ လိုက်စားမှုတွင် သင် ရရှိပြီး လက်လှမ်းမီနိုင်သည့် သမ္မာတရားသည် သင် ဆန္ဒရှိသည့်အရာ မဟုတ်သည်မှာ ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့သော် ဘုရားသခင်က သင့်ကို သင်၏ လိုက်စားမှုနှင့် ရိုးသားစစ်မှန်မှုအပေါ် မူတည်လျက် ခရီးပန်းတိုင်တစ်ခု ပေးမည်ဟု ပြောပါက ယင်းမှာ ကောင်းလိုက်မည့် ဖြစ်ခြင်းပါတကား။ ယခု သင်၏ ခရီးပန်းတိုင်၊ သို့မဟုတ် ရလဒ် မည်သည့်အရာဖြစ်လိမ့်မည်ဆိုသည်ကို အာရုံမစိုက်နှင့်။ မည်သည့်အရာ ဖြစ်လိမ့်မည်ဆိုသည်နှင့် အနာဂတ်တွင် မည်သည့်အရာ ဖြစ်မည်၊ ကပ်ဘေးကို သင် ရှောင်ရှားနိုင်ကာ သေမည် ဟုတ်မဟုတ်ဟူသည့် ဤအရာများကို မတွေးနှင့်၊ သို့မဟုတ် လိုက်၍မမေးနှင့်။ ဘုရားနှုတ်ကပတ်တော်များနှင့် သူ၏ သတ်မှတ်ချက်များရှိ သမ္မာတရားကို လိုက်စားခြင်း၊ မိမိတာဝန်ကို ကောင်းစွာ ထမ်းဆောင်ခြင်း၊ ဘုရားသခင်၏ အလိုတော်ကို ဖြည့်ဆည်းခြင်း၊ ဘုရားသခင်၏ အနှစ်ခြောက်ထောင် စောင့်ဆိုင်းခြင်း၊ သူ၏ အနှစ်ခြောက်ထောင် မျှော်လင့်စောင့်စားခြင်းနှင့် မတန်ကြောင်း သက်သေမပြခြင်းအပေါ်သာ အာရုံစိုက်လော့။ ဘုရားသခင်ကို နှစ်သိမ့်မှုအချို့ ပေးလော့။ သင့်အတွက် မျှော်လင့်ချက်အချို့ကို မြင်စေပြီး သူ၏ ဆန္ဒများ သင့်အထဲ၌ အကောင်အထည် ဖော်ခွင့်ပေးလော့။ ငါ့ကို ပြောလော့၊ ထိုသို့ သင်လုပ်ဆောင်ပါက ဘုရားသခင်သည် သင့်ကို နှိပ်စက်လိမ့်မည်လော။ ဧကန်မဟုတ်ပေ။ အဆုံးသတ် ရလဒ်များသည် အကြင်သူက ဆန္ဒရှိခဲ့မည့် အရာမဟုတ်လျှင်ပင် အဖန်ဆင်းခံတစ်ဦးအနေဖြင့် ထိုအမှန်တရားကို ထိုသူသည် မည်သို့ သဘောထားသင့်သနည်း။ ထိုသူသည် မည်သည့် ကိုယ်ရေးကိုယ်တာ ရည်မှန်းချက်တစ်ခုမျှမရှိဘဲ အရာခပ်သိမ်းတွင် ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများနှင့် အစီအစဉ်များကို ကျိုးနွံနာခံသင့်ကြပေသည်။ ဤသည်မှာ အဖန်ဆင်းခံများ ယူသင့်သည့် ရှုထောင့်အမြင် မဟုတ်လော။ (ဟုတ်ပါသည်။) ယင်းမှာ မှန်ကန်သည့် တွေးခေါ်မှုအလေ့အထ ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁၊ လူတို့သည် အဘယ်ကြောင့် သမ္မာတရားကို လိုက်စားရမည်နည်း)သမ္မာတရားကို လိုက်စားခြင်းသည် လူ့ဘဝ၏ အရေးကြီးသည့် ကိစ္စတစ်ခု ဖြစ်သည်။ အခြားမည်သည့် အရေးကိစ္စမျှသည် သမ္မာတရား လိုက်စားခြင်းလောက် အရေးမကြီးသကဲ့သို့ အခြားမည်သည့် ကိစ္စမျှသည် တန်ဖိုးအားဖြင့် သမ္မာတရား ရရှိခြင်းကို မကျော်လွန်ပေ။ ယနေ့ထိတိုင် ဘုရားသခင်နောက်လိုက်ရန်မှာ လွယ်ကူခဲ့သလော။ အမြန်လုပ်ကာ သင်၏ သမ္မာတရားလိုက်စားခြင်းကို အရေးပါမှုတစ်ခု ဖြစ်စေလော့။ နောက်ဆုံးသော ကာလထဲက အမှု၏ ဤအဆင့်သည် ဘုရားသခင်က သူ၏ အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်တွင် လူတို့အပေါ် လုပ်ဆောင်သည့် အမှု၏ အရေးကြီးဆုံးသော အဆင့်ဖြစ်သည်။ သမ္မာတရားကို လိုက်စားခြင်းသည် သူ၏ ရွေးချယ်ထားသော လူတို့အပေါ် ဘုရားသခင် ထားရှိသည့် အမြင့်ဆုံးသော မျှော်လင့်ချက် ဖြစ်သည်။ လူတို့အနေဖြင့် သမ္မာတရား လိုက်စားခြင်းဖြစ်သည့်၊ မှန်ကန်သော လမ်းကြောင်းကို လျှောက်မည်ဟု သူ မျှော်လင့်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁၊ လူတို့သည် အဘယ်ကြောင့် သမ္မာတရားကို လိုက်စားရမည်နည်း) ဒါကို ဖတ်မိတဲ့အချိန်မှာ ကျွန်မ တကယ် နိုးကြားသွားတယ်၊ တကယ် အားတက်သွားတယ်။ ဘုရားက သူ့အလိုတော်နဲ့ပတ်သက်တာတွေ အားလုံးအပြင်၊ လူတွေဆီကနေ ဘာတွေ အလိုရှိတယ်၊ မျှော်လင့်တယ်ဆိုတာတွေကို မိန့်ဆိုထားတာပါ။ ကျွန်မတို့ရဲ့အစွမ်းအစက နိမ့်သလား မြင့်သလား၊ အသက် ဘယ်လောက်ကြီးပြီလဲ၊ ဒါမှမဟုတ် တာဝန်တွေ ဘယ်လောက်များများ ထမ်းဆောင်ထားလဲ ဆိုတာတွေကို ကိုယ်တော်က ဂရုမစိုက်ပါဘူး။ ကျွန်မတို့က သမ္မာတရားကို အားထုတ်သလား၊ ယုံကြည်ခြင်းမှာ ဆက်ကပ်အပ်နှံလား၊ နာခံကြသလားဆိုတာကိုပဲ အရေးစိုက်တာပါ။ ကျေးဇူးတော်ခေတ်ကလိုပေါ့၊ မုဆိုးမတစ်ယောက်က ငွေဒင်္ဂါးလေး နှစ်ပြားကိုပဲ ဆက်ကပ်ပေမဲ့၊ ဘုရားသခင်ရဲ့လက်ခံမှုကို ရသွားခဲ့တယ်၊ သူက သူ့မှာ ရှိသမျှအားလုံး ကိုယ်တော့်ကို ဆက်ကပ်တာကိုး။ ဘုရားက သူ့ရဲ့စစ်မှန်မှုကို မြင်ခဲ့တယ်။ ကျွန်မက အခု အသက်ကြီးပြီ၊ ဘယ်လို ရှုထောင့်ကဖြစ်ဖြစ် လူငယ်တွေနဲ့ နှိုင်းယှဉ်လို့ မရဘူးဆိုပေမဲ့၊ ကျွန်မ အပျက်သဘောမဖြစ်ပါဘူး။ နေ့ရက်တိုင်းကို အမိအရ အသုံးချပြီး ရှေ့ဆက်ချင်တယ်။ ကျွန်မအနေနဲ့ အသိစိတ်၊ အသိတရားတွေ ရှိနေတုန်းမှာ၊ ကိုယ်နားလည်တဲ့ အရာလေးတွေကို လက်တွေ့လုပ်ဆောင်ရင်း၊ ကိုယ့်တာဝန်မှာ အကောင်းဆုံး လုပ်ရင်းနဲ့၊ သမ္မာတရားကိုပဲ ပိုပြီး အမှန်တကယ် လိုက်စားနေသင့်တယ်၊ ဘုရားနှုတ်ကပတ်တော်တွေကို ပိုပြီး ဖတ်နေသင့်တယ်။ အဲဒါဆို ကျွန်မ သေတဲ့အခါ၊ စိတ်နှလုံးက ငြိမ်းချမ်းခြင်း ရှိလိမ့်မယ်၊ ဘဝတစ်လျှောက်လုံး ကိုယ့်ကို အားပေးခဲ့တာတွေအတွက် ဘုရားလည်း စိတ်ပျက်ရတော့မှာ မဟုတ်ဘူး။ ဘုရားက ကျွန်မကို နောက်ဆုံးသောကာလမှာ မွေးလာခွင့် ပေးခဲ့တာပါ။ ဘုရားရဲ့ပေါ်ထွန်းခြင်းကို သက်သေခံဖို့၊ သူ့အသံတော်ကို ကိုယ်တိုင် ကြားရဖို့၊ သူ့နှုတ်ကပတ်တော်တွေရဲ့ တရားစီရင်မှုနဲ့၊ ပြစ်တင်ဆုံးမမှုကို တွေ့ကြုံရဖို့အတွက်၊ ကျွန်မက အသက် ၆၀ မှာ ကိုယ်တော့်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံနိုင်ခဲ့တယ်။ ဒါက ကျွန်မအတွက် ဘုရားရဲ့ကြီးမားတဲ့ ကျေးဇူးတော်နဲ့ ကောင်းချီးပါပဲ။ တကယ်လို့ ကျွန်မက သမ္မာတရား လိုက်စားဖို့အတွက် ဒီအခွင့်အရေးကို အမိအရ ဆုပ်ကိုင်ဖို့ အရေးတကြီး မဖြစ်ဘဲ၊ အိုမင်းခြင်းဆိုတဲ့ ဝမ်းနည်းစရာကြီးထဲမှာ ပိတ်မိ နေထိုင်နေဦးမယ်ဆိုရင်၊ ဘုရားရဲ့အမှုတော်ကို တွေ့ကြုံဖို့နဲ့ ကယ်တင်ခြင်းခံရဖို့ အခွင့်အရေးကို လွဲချော်မှာပဲ။ ကျွန်မက သမ္မာတရားကို နောက်မှ လိုက်စားချင်တယ်ဆိုရင်လည်း၊ အခွင့်အရေးက ရှိတော့မှာမဟုတ်ဘူး။ နောင်တရဖို့ နောက်ကျလွန်းသွားလိမ့်မယ်။ ဒါနဲ့ ကျွန်မလည်း ဘုရားကို ဆုတောင်းခဲ့တယ်၊ “အို ဘုရားသခင်၊ ကျွန်မ နောင်တရဖို့ အသင့်ပါပဲ။ အပျက်သဘောဆောင်တဲ့၊ သောကရောက်တဲ့၊ အထင်လွဲမှားတဲ့ အခြေအနေတစ်ခုမှာ မနေထိုင်ချင်တော့ပါဘူး။ ကိုယ်တော့်နှုတ်ကပတ်တော်တွေကို လက်တွေ့လုပ်ဆောင်ချင်ပါတယ်၊ အသက်ရှင်နေတုန်းမှာ သမ္မာတရားကို အစွမ်းကုန် လိုက်စားချင်ပါတယ်၊ ဘဝမှာ လမ်းကြောင်းမှန်ကို လျှောက်ချင်ပါတယ်။ ကိုယ်တော့်နှုတ်ကပတ်တော်တွေကနေ ကျွန်မ နားလည်တာ အားလုံးကို လက်တွေ့လုပ်ဆောင်ချင်ပါတယ်၊ ကိုယ့်တာဝန်ကို လုပ်ဆောင်ချင်တယ်၊ ကိုယ်တော့်အလိုကို ဖြည့်ချင်ပါတယ်။ ကောင်းချီးပေးခံရတာဖြစ်ဖြစ်၊ ကံဆိုးခြင်း ကြုံရတာဖြစ်ဖြစ်၊ ကိုယ်တော့်အုပ်စိုးမှုနဲ့ အစီအစဉ်တွေကို နာခံဖို့ အသင့်ပါပဲ။”

အဲဒီအချိန်ကစပြီး ကျွန်မလည်း ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်တာ၊ ပိုပြီး ဆင်ခြင်ကြည့်တာတွေကို အာရုံစိုက်ခဲ့တယ်။ အသင်းတော်အတွက် ထမ်းဆောင်ဖို့ လိုအပ်တဲ့ ဘယ်တာဝန်ကိုမဆို ကျွန်မမှာ ရှိသမျှအစွမ်းကုန် လုပ်ပေးတယ်။ ယုံကြည်သူတစ်ယောက် ဖြစ်လာခဲ့တဲ့ နှစ်တွေတစ်လျှောက်လုံးမှာ အတွေ့အကြုံနဲ့ အသိပညာနည်းနည်း ရခဲ့ပါပြီ၊ ဘုရားကို သက်သေခံဖို့အတွက် ဆောင်းပါးတွေ ရေးတာကိုလည်း ကျွန်မ လေ့ကျင့်နေပါပြီ။ အထူးသဖြင့် အခုချိန်မှာ ဧဝံဂေလိ ဟောပြောနေသူတွေဟာ ဘာသာရေးသမားတွေရဲ့အယူအဆတွေကို ဖြေရှင်းပေးဖို့ ဆောင်းပါးကောင်းတွေ လိုအပ်တယ်၊ ကျွန်မကလည်း နှစ်ပေါင်းများစွာ ယုံကြည်ခြင်းရှိခဲ့သူ တစ်ယောက်အဖြစ် နိုင်ငံတော် ဧဝံဂေလိတရားကို ဖြန့်ဝေဖို့၊ ကိုယ်တတ်နိုင်တာ လုပ်ဖို့အတွက် ဆောင်းပါးနည်းနည်း ရေးချင်ပါတယ်။ ပြီးတော့ ကျွန်မက တော်တော် မာနထောင်လွှားတဲ့ စိတ်သဘောထား ရှိတဲ့အပြင်၊ ကိုယ့်မာနထောင်လွှားမှုကြောင့် မိသားစုကို ကန့်သတ်ချုပ်ချယ်လေ့ရှိတဲ့အတွက်၊ ကျွန်မရဲ့ ဒီ ဖောက်ပြန်ပျက်စီးခြင်း လက္ခဏာသွင်ပြင်ကို ဖြေရှင်းဖို့နဲ့ ကိုယ့်မိသားစုရှေ့မှာ သာမန်လူ့သဘာဝနဲ့၊ အသက်ရှင်နေထိုင်ဖို့အတွက်လည်း သမ္မာတရားကို ရှာဖွေနေပါပြီ။ ညီအစ်ကိုမောင်နှမတွေနဲ့ ပုံမှန် ပြောဆိုလုပ်ဆောင်တာတွေမှာလည်း၊ တစ်ယောက်ယောက်က စည်းမျဉ်းတွေနဲ့ ဆန့်ကျင်တာ တစ်ခုကို လုပ်နေမှန်း မြင်တဲ့အခါ၊ သူတို့ စိတ်ဆိုးသွားနိုင်တာမျိုး၊ ကိုယ့်ကို မကောင်း ထင်မြင်သွားနိုင်တာမျိုး တစ်ခုခုကို ပြောမိမှာ စိုးရိမ်တယ်ဆိုရင်၊ ကျွန်မက ဆိုးယုတ်တဲ့ အတွေးအခေါ်တွေနဲ့ မနေထိုင်တော့ပါဘူးလို့ ဘုရားဆီ ဆုတောင်းတယ်။ ပြီးတော့ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့၊ အသင်းတော်ရဲ့အကျိုးကို ထိန်းသိမ်းဖို့၊ လူတွေအကြိုက် လိုက်သူသက်သက် မဖြစ်ဖို့ အာရုံစိုက်တယ်။ အခုဆို အမှုကိစ္စလေးတွေတိုင်းမှာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့ ကိုယ့်ကိုယ်ကိုယ် ပြုပြင်နေပါတယ်၊ ကျွန်မအနေနဲ့ အရမ်း ငြိမ်းချမ်းသလို၊ ပျော်ရွှင်မှုအပြည့် ခံစားရပါတယ်။ ပူပန်သောက၊ စိုးရိမ်မှုတွေကနေ လွတ်မြောက်လာနိုင်တာဟာ ဘုရားရဲ့လမ်းပြမှုနဲ့ ကျေးဇူးတော် အလုံးစုံကြောင့်ပါပဲ။ ဘုရားကို အမှန်တကယ် ကျေးဇူးတင်ပါတယ်။ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ ဂုဏ်အသရေအပေါင်းကို ချီးမွမ်းပါတယ်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

လူ့အကြိုက်လိုက်သူများ၏ နောက်ကွယ်က လက်တွေ့အရှိတရား

စုကြယ် တရုတ်နိုင်ငံ ပြီးခဲ့တဲ့ အောက်တိုဘာလက ကျွန်မနဲ့ အရင်က အတူအလုပ်လုပ်ခဲ့ဖူးတဲ့ ဝမ်လီနဲ့တွဲပြီး ရုပ်ပုံဒီဇိုင်းရေးဆွဲတဲ့အဖွဲ့ကို...

ကျွန်ုပ်၏ ဝိညာဉ်အသက်တာကို ရှင်းလင်းစွာတွေ့ရှိခြင်း

ဒင်ရှန်း၊ ရှမ်ဒေါင်စီရင်စု အသင်းတော်အလုပ်အမှုဆောင်များ အစည်းအဝေးတစ်ခုတွင်၊ အသစ် ရွေးချယ်တင်မြှောက်ခြင်း ခံရသော ခေါင်းဆောင်တစ်ဦးက “ကျွန်မမှာ...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။