သမ္မာတရားအပေါ် ကျွန်တော် ငြီးငွေ့ခဲ့သည်ကို မြင်ရခြင်း

04.06.2022

လီရှန် အမေရိကန်နိုင်ငံ

ဒီနှစ်အစပိုင်း ရက်တစ်ရက်မှာ၊ အသင်းတော်မှာ ပါဝင်တာ မကြာသေးတဲ့ လူသစ်တစ်ယောက်က စုဝေးပွဲနှစ်ခု မတက်ခဲ့တာကို ကျွန်တော် သိရလို့၊ အဖွဲ့ခေါင်းဆောင်ကို အကြောင်းရင်း မေးခဲ့ပေမဲ့၊ အဖွဲ့ခေါင်းဆောင်က ပြန်မဖြေခဲ့ဘူး။ နောက်ပိုင်းမှာ အဲဒီလူသစ်က အစည်းအဝေးတွေ ပြန်တက်လာတော့၊ အကြောင်းရင်းကို ခေါင်းဆောင်ဆီ ကျွန်တော် မမေးတော့ဘူး။ ကျွန်တော်တွေးမိတယ်၊ “လူသစ်က အစည်းအဝေးတွေ ပုံမှန် တက်သရွေ့၊ အဆင်ပြေပါတယ်လေ။ အခုဆိုရင် ငါ့တာဝန်တွေက အရမ်းအလုပ်များပြီး၊ အသေးစိတ်လိုက်ကြည့်တာက အချိန်နဲ့ အားထုတ်မှု အရမ်းကုန်တယ်။ အချိန်ရတဲ့အခါ အဲဒီအကြောင်း ထပ်မေးလိုက်ပါမယ်လေ”ပေါ့။ ဒါပေမဲ့ နောက်ပိုင်းမှာ မေ့သွားတယ်။ နောက်ထပ် အစည်းအဝေးတစ်ခုမှာ၊ ဒီလူသစ်က တစ်ဝက်တစ်ပျက်နဲ့ ပြန်သွားတာ သတိထားမိတယ်။ အကြောင်းရင်းကို အဖွဲ့ခေါင်းဆောင်ဆီ မေးပေမဲ့၊ သူ အဖြေမပေးသေးသလို၊ ကျွန်တော် ပြဿနာအကြောင်းရင်းကို လုံးဝ မသိခဲ့ရဘူး။ လူသစ်ဆီကို အခြေအနေ၊ အခက်အခဲတစ်ခုခု ရှိလားလို့လည်း ကျွန်တော် သွားမမေးခဲ့ဘူး။ ခဏကြာပြီးတဲ့နောက်မှာ၊ ဒီလူသစ်က အစည်းအဝေးတွေကို ဆက်တိုက် မတက်တာ အကြိမ်တော်တော်များမှန်း ရုတ်တရက် သတိထားမိတယ်။ ဒီအချိန်မှာ ကျွန်တော် စစိုးရိမ်မိလာတာပဲ။ လူသစ်ကို ကျွန်တော် အမြန်ဆက်သွယ်လိုက်ပေမဲ့၊ သူက ပြန်မဖြေခဲ့ဘူး။ လူသစ်က အသင်းတော်ကို စွန့်သွားမှာ စိုးရိမ်မိလို့၊ လူသစ်နဲ့ သူ ဆက်သွယ်လို့ရနိုင်မလားသိရဖို့ အဖွဲ့ခေါင်းဆောင်ကို ကျွန်တော် ဆက်သွယ်ခဲ့ပေမဲ့ အဖွဲ့ခေါင်းဆောင်က ပြောတယ်၊ “ဒီလူသစ်က ကျွန်မရဲ့ friend request ကို လုံးဝ လက်မခံလို့၊ ကျွန်မ ဆက်သွယ်လို့မရဘူး”တဲ့။ ကျွန်တော် နည်းနည်း နောင်တရသွားတယ်။ ဒါကို စောစော စစ်ဆေးမိခဲ့ရင်၊ ပြုပြင်ဖို့ နည်းလမ်းတွေ တွေးနိုင်ခဲ့မှာလေ၊ ဒါပေမဲ့ အခုတော့ အရမ်းနောက်ကျသွားပြီ။ လိုက်မကြည့်တဲ့အတွက် ကျွန်တော့်ရဲ့ အပြစ်ပါပဲ။ အဲဒီနောက် မကြာခင်မှာ၊ လူသစ်နဲ့ စကားစမြည်ပြောတဲ့ မှတ်တမ်းတွေကို ကျွန်တော် သေချာ ဖတ်ခဲ့တယ်။ သူ့အခြေအနေအကြောင်း ပိုသိရဖို့ မျှော်လင့်ရင်းနဲ့ပေါ့။ လက်စသတ်တော့ ဒီလူသစ်ကို ကြိုဆိုလက်ခံတဲ့ စကား နည်းနည်းပြောပြီးတဲ့နောက်မှာ တခြားဘာအကြောင်းကိုမှ သူ့ကို ကျွန်တော် လုံးဝ မပြောခဲ့ပဲကိုး။ သူ့အကြောင်း ဘာဆိုဘာမှ ကျွန်တော် မသိခဲ့ဘူး။ ဒီလူသစ်ကို ပြန်ရဖို့ မျှော်လင့်ချက်က နည်းပါးမှန်း ကျွန်တော် သဘောပေါက်လိုက်တယ်။ ဒါဖြစ်ရတဲ့ အကြောင်းရင်းက ကျွန်တော် ဖြစ်သလိုလုပ်ခဲ့လို့ပဲ။ အဲဒီတုန်းကလည်း ဒီကိစ္စနဲ့ပတ်သက်လို့ ကိုယ့်ကိုယ်ကိုယ် လေးလေးနက်နက် မသုံးသပ်ခဲ့ဘူး။ အဲဒီအကြောင်းကို အကျဉ်းချုပ် တွေးရုံတွေးလိုက်တယ်၊ ကျွန်တော် နည်းနည်း ပေါ့ဆသွားတယ်၊ ဒါပါပဲလို့ ဝန်ခံရင်းနဲ့ပေါ့။

သိပ်မကြာဘူး၊ ကြီးကြပ်ရေးမှူးက ဒီလူသစ်အကြောင်းရယ်၊ အသင်းတော်က သူထွက်သွားတဲ့အကြောင်းကို ကျွန်တော့်ကို မေးတယ်။ ကျွန်တော် အရမ်းစိတ်လှုပ်ရှားသွားတယ်။ “ဟာ၊ ငါ အဖော်ခံရတော့မှာပဲ” လို့ တွေးမိတယ်။ ကျွန်တော်က တာဝန်ကို ဖြစ်သလိုလုပ်ပြီး အားကိုးလို့မရဘူးလို့ ကြီးကြပ်ရေးမှူးက သေချာပေါက် ပြောမှာပဲ။ ကျွန်တော် အထုတ်ခံရရင် ဘာလုပ်ရမလဲ။ ထင်တဲ့အတိုင်းပဲ၊ စကားစမြည်ပြောတဲ့ မှတ်တမ်းကို မြင်တဲ့နောက် ကြီးကြပ်ရေးမှူးက ကျွန်တော် ဟန်ဆောင်လုပ်ပြခဲ့ပြီး၊ လူသစ်ရဲ့အခြေအနေကို ဂရုမစိုက်၊ သိဖို့ မကြိုးစားခဲ့ဘူးဆိုပြီး ကျွန်တော့်ပြဿနာကို ထောက်ပြခဲ့တယ်။ ဒါကို ကြားတော့၊ ကိုယ့်ကိုယ်ကိုယ် အမြန် ရှင်းချက်ထုတ်ဖို့ ကြိုးစားခဲ့တယ်၊ “လူသစ်က ကျွန်တော့်ရဲ့ ကြိုဆိုမှုကို မတုံ့ပြန်ခဲ့လို့၊ ကျွန်တော် ဆက်စကားပြောလို့ မရခဲ့ဘူး”လို့ပေါ့။ ကြီးကြပ်ရေးမှူးက၊ “နင် ပြောလို့မရခဲ့တာ မဟုတ်ဘူး၊ လူသစ်ကို နင် လုံးဝ ဂရုမစိုက်ခဲ့တာ” လို့ပြောရင်း ကျွန်တော့်ကို ကိုင်တွယ်ဖြေရှင်းခဲ့တယ်။ ဖြစ်သလိုလုပ်တာကို ကျွန်တော် ဝန်ခံလိုက်ရင်၊ တာဝန်ယူရမှာကို စိုးရိမ်မိလို့၊ ကျွန်တော် အမြန်ရှင်းပြလိုက်တယ်၊ “အဖွဲ့ခေါင်းဆောင်က အဲဒီလူသစ်အတွက် အဓိက တာဝန်ရှိခဲ့တာ။ သူက လူသစ်နဲ့ အဆက်အသွယ်ရှိခဲ့မယ်လို့ ကျွန်တော်ထင်ခဲ့လို့၊ လူသစ်ရဲ့ အခြေအနေကို အချိန်မီ မမေးခဲ့မိဘူး။ အဖွဲ့ခေါင်းဆောင်ကို မေးခဲ့ပေမဲ့ သူက အချိန်မီ ပြန်မဖြေခဲ့ဘူး”လို့ပေါ့။ လူသစ်ကို ကျွန်တော် တကယ် ဂရုစိုက်မှန်း သက်သေပြဖို့ အဖွဲ့ခေါင်းဆောင်ဆီ ကျွန်တော် ပို့ခဲ့တဲ့ စာတွေကို ကြီးကြပ်ရေးမှူးဆီ ကျွန်တော် ပြလိုက်တယ်။ လူသစ်က အစည်းအဝေးတွေ မလာတာကို သိခဲ့တာ ကျွန်တော်ဖြစ်ကြောင်းနဲ့ သူ့ကို အချိန်မီ ဆက်သွယ်ဖို့ ကျွန်တော် ကြိုးစားခဲ့ပေမဲ့ သူက ကျွန်တော့်ကို မဖြေခဲ့တဲ့အကြောင်း သက်သေပြဖို့ နောက်ပိုင်းမှာ လူသစ်ဆီ ကျွန်တော် ပို့ခဲ့တဲ့ စာတွေကိုလည်း ကြီးကြပ်ရေးမှူးဆီ ကျွန်တော် ပြခဲ့တယ်။ လူသစ်ကို ဖုန်းနဲ့ ဆက်သွယ်လို့ မရခဲ့သလို၊ ဧဝံဂေလိ တရားဟောဆရာက လူသစ်ရဲ့ ဖုန်းနံပါတ် မပေးခဲ့ဘူးလို့ ပြောဖို့ အကြောင်းပြချက်ကိုတောင် ရှာတွေ့ခဲ့တယ်။ အဲဒီတုန်းက ကျွန်တော် တွေးခဲ့သမျှက တာဝန်မယူရအောင် ဘယ်လိုလုပ်မလဲဆိုတာပဲ။ တရားမျှတတဲ့ အကြောင်းပြချက်တွေ အများကြီး ပေးခဲ့တယ်၊ ပြဿနာအတွက် အကြောင်းရင်းရှိတယ်၊ ကျွန်တော့် အမှားမဟုတ်ဘူး၊ အနည်းဆုံးတော့ တခြားလူတွေက ပြစ်တင်တာကို မျှခံရမယ်၊ ကျွန်တော့်အပြစ်ချည်းပဲ မဟုတ်ဘူးလို့ ကြီးကြပ်ရေးမှူးက ထင်မှာကို မျှော်လင့်ရင်းနဲ့ပေါ့။ ကျွန်တော် ပြဿနာတွေကို ဝန်မခံဘဲ တာဝန်ကို ခေါင်းရှောင်တာ ကြီးကြပ်ရေးမှူးက မြင်ပြီး “ဒီလူသစ်က အစည်းအဝေး တော်တော်များများကို ရောက်ဖူးပြီးပြီ။ အဲဒါက သူ သမ္မာတရားကို တမ်းတမှန်း သိသိသာသာ ပြနေပေမဲ့၊ သူ့အခြေအနေနဲ့ အခက်အခဲတွေအကြောင်း နင် မမေးဘူး၊ အခု နင့်မှာ သူ့ဖုန်းနံပါတ် မရှိဘူးဆိုပြီး တာဝန်ကို ခေါင်းရှောင်နေတယ်။ ဒါ နည်းနည်း ယုတ္တိမတန်တာပဲ” လို့ ပြောရင်း ကျွန်တော့်ကို ကိုင်တွယ်ဖြေရှင်းခဲ့တယ်။ ကျွန်တော့်ပြဿနာတွေကို ကြီးကြပ်ရေးမှူးက ရှင်းရှင်းလင်းလင်းမြင်ပြီး၊ တာဝန်ကို ရှောင်လို့မရမှန်း သဘောပေါက်သွားတယ်။ ကျွန်တော် စိုးရိမ်ပြီး တွေးမိတယ်၊ “ကြီးကြပ်ရေးမှူးက ငါ့ကို ဘာထင်မလဲ။ လက်တွေ့အလုပ် မလုပ်ဘူးလို့ ပြောမလား။ ငါ အထုတ်များခံရမလား”ပေါ့။ ကျွန်တော် အရမ်းစိတ်ပူပန်ပြီး မတည်ငြိမ်နိုင်ခဲ့ဘူး။ အဲဒီနောက်မှာ၊ ဒါကိုဖြစ်စေတဲ့ အရာတိုင်းကို စိတ်ထဲမှာ ပြန်တွေးပြီး၊ ဒီကိစ္စမှာ ကျွန်တော်က ရိုးသားတဲ့ လူတစ်ယောက် မဟုတ်သလို၊ ပြုပြင်၊ ကိုင်တွယ်ဖြေရှင်းတာကို လက်မခံခဲ့မှန်း သဘောပေါက်သွားတယ်။ ကျွန်တော်က တာဝန်ကို ရှင်းရှင်းလင်းလင်း မလုပ်ခဲ့ဘူး၊ ဖြစ်သလိုလုပ်ခဲ့တယ်၊ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ် မှန်ကြောင်းရှင်းဖို့ လှည့်ကွက်တွေလုပ်ပြီး ဆင်ခြေတွေ ပေးနေတုန်းပဲ။ ဖုန်းနံပါတ် မပေးလို့ ဧဝံဂေလိ တရားဟောဆရာကိုတောင် အပြစ်တင်ဖို့ ကြိုးစားခဲ့တယ်။ တာဝန်ကို ဖြစ်သလိုလုပ်ပြီး ကိုယ့်ကိုယ်ကိုယ် မသုံးသပ်ခဲ့တဲ့ အချက်ကို ဝန်ခံဖို့ ငြင်းနေခဲ့တယ်။ ကိုယ့်အပြုအမူကို ကြည့်တော့ ကျွန်တော့်ကို အရမ်းပဲ မသက်မသာ ဖြစ်စေခဲ့တယ်။ နေ့တိုင်း ဘုရားနှုတ်ကပတ်တော်ကို ဖတ်ပေမဲ့၊ တကယ့် ပတ်ဝန်းကျင်က ကိုယ့်ပေါ် ရောက်လာတဲအခါ၊ ကျွန်တော် ကိုင်တွယ်ဖြေရှင်းခံရတဲ့အခါ၊ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားနဲ့ အသက်ရှင်ပြီး သမ္မာတရားကို လက်မခံဖြစ်နေတုန်းပဲ။ ကျွန်တော့်ရဲ့ ဖောက်ပြန်ပျက်စီးခြင်းက အရမ်းနက်ရှိုင်းမှန်း ခံစားရပြီး ကျွန်တော့်အတွက် ပြောင်းလဲဖို့ ခက်ခဲမယ်မှန်း ဆုံးဖြတ်မိလို့ နည်းနည်း အပျက်သဘောဆောင်သွားတယ်။

နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ် ဖတ်ခဲ့တယ်။ “သမ္မာတရားကို လိုက်စားခြင်းသည် မိမိစိတ်ဆန္ဒအလျောက်ဖြစ်သည်။ သင်သည် သမ္မာတရားကို ချစ်လျှင် သန့်ရှင်းသောဝိညာဉ်တော်က အလုပ်လုပ်သည်။ သမ္မာတရားအပေါ် ချစ်ခြင်းနှင့်အတူ အမှုအရာများက သင့်အပေါ် ဖြစ်ပျက်သည့်အခါ မိမိကိုယ်ကို စစ်ဆေးခြင်းနှင့် သိခြင်း၊ သမ္မာတရားစည်းမျဉ်းများကို ကြိုတင်ရှာဖွေခြင်း၊ အဆုံး၌ ထိုစည်းမျဉ်းများနှင့်အညီ လက်တွေ့လုပ်ဆောင်နိုင်လာခြင်းတို့သည် သင်၏အခြေခံအုတ်မြစ်ဖြစ်လာသည့်အခါ၊ ဤအပြုအမူများနှင့် ဝင်ရောက်မှုဖြစ်စဉ်များအားလုံးက မိမိစိတ်ဆန္ဒအလျောက်ဖြစ်သည်။ မည်သူကမျှ သင့်ကို ဤသို့လုပ်ဆောင်ရန် အတင်းအဓမ္မမပြုလုပ်ပေ။ မည်သည့် ဖြည့်စွက်အခြေအနေတစ်ခုမျှ တွဲဆက်နေခြင်းမရှိပေ။ ဤအရာများကို လုပ်ဆောင်ပြီးနောက် အဆုံးတွင် သင်ရရှိသည့်အရာသည် သမ္မာတရားဖြစ်သည်။ သင်ဝင်ရောက်သည့်အရာသည် သမ္မာတရားစစ်မှန်မှုဖြစ်သည်။...သင်၏ အကြောင်းပြချက်များက မည်သို့ဖြစ်စေ၊ သို့မဟုတ် ယင်းတို့က လုံလောက်သည်ဖြစ်စေ၊ သို့မဟုတ် ယင်းတို့သည် လူရှေ့သူရှေ့တွင် ချပြ၍ရနိုင်သည်ဖြစ်စေ အရေးမပါပေ။ သင်သည် သမ္မာတရားကို မလိုက်စားလျှင် နောက်ဆုံးရလဒ်သည် သမ္မာတရားကို သင်မလိုက်စားခြင်းအပေါ်တွင် အခြေခံပြီး ဘုရားသခင်က သင့်ကို ဆက်ဆံခြင်းဖြစ်လိမ့်မည်။ သင်၏ အကြောင်းပြချက်များက တရားမဝင်ပေ။ ဘုရားသခင်က ယင်းတို့ကို ပြတ်သားတိကျစွာ လျစ်လျူရှုသည်။ ဘုရားသခင်က ယင်းတို့ကို ‘လျစ်လျူရှုသည်’ ဆိုသည်မှာ မည်သည့်အဓိပ္ပာယ်ရသနည်း။ ဤသည်မှာ သင်၏ အကြောင်းပြချက်များကို ဘုရားသခင်က ဂရုမစိုက်ဟု အဓိပ္ပာယ်ရသည်။ သင့်သဘောကျ စိုးရိမ်ပူပန်လော့။ သင်နှစ်သက်သလို အကြောင်းပြချက်ပေးရန် ကြိုးစားလော့။ ဘုရားသခင်က ဂရုစိုက်သလော။ ဤသို့သောသူကို ဘုရားသခင်က စကားပြောမည်လော။ သူသည် သင်နှင့် ငြင်းခုံပြီး ဆွေးနွေးမည်လော။ သင်နှင့် တိုင်ပင်မည်လော။ အဖြေက အဘယ်နည်း။ မဟုတ်ပေ။ ဘုရားသခင်က လုံးဝ လုပ်ဆောင်မည်မဟုတ်ပေ။ သင်၏ အကြောင်းပြချက်က မည်မျှခိုင်မာသည်ဖြစ်စေ တရားမဝင်ပေ။ လူတို့သည် သမ္မာတရားကို မလိုက်စားခြင်းအတွက် အကြောင်းပြချက်နှင့် ဆင်ခြေမျိုးစုံတို့ကို ပေးနိုင်သည်ဟု တွေးထင်လျက် ဘုရားသခင်၏ အလိုတော်ကို နားလည်မှုမလွဲရပေ။ ဘုရားသခင်သည် သင့်ထံတွင် ဖြစ်ပျက်သော အခြေအနေများအားလုံးနှင့် ကိစ္စရပ်တိုင်းတွင် သင့်အား သမ္မာတရားကို ရှာစေမည်ဖြစ်ပြီး နောက်ဆုံးတွင် သမ္မာတရားစစ်မှန်မှုအတွင်းသို့ ဝင်ရောက်မှုကိုရရှိပြီး သမ္မာတရားကို ရရှိစေလိမ့်မည်။ သင့်အတွက် ဘုရားသခင်စီစဉ်ပြီးဖြစ်သော သီးသန့်အခြေအနေများ၊ သင်ကြုံတွေ့ရသော လူများနှင့် ဖြစ်ရပ်များ၊ သင်ရောက်ရှိသော အခြေအနေများတို့သည် သမ္မာတရားကို လိုက်စားရာတွင် သင် သင်ယူသင့်သည့် သင်ခန်းစာများ အတိအကျပင်ဖြစ်သည်။ သင်သည် ဖြေရှင်းချက်တစ်ခုရှာရန် ဘုရားသခင်ထံ ဆုတောင်းပြီး သမ္မာတရားကို ရှာဖွေသင့်သည်။ သင်သည် ဆင်ခြေများပေးရန်၊ ရှောင်ရန်၊ ငြင်းဆန်ရန်၊ ခုခံရန် အစဉ်သဖြင့် ကြည့်ရှုလျှင် ဘုရားသခင်က သင့်ကို လက်လျှော့လိမ့်မည်။ သင်သည် ထိန်းရခက်ခြင်း၊ သို့မဟုတ် ပြောရဆိုရခက်ခြင်း၊ သို့မဟုတ် သင်၏ အကြောင်းပြချက်ကိုပေးခြင်းဖြစ်လျှင် အသုံးဝင်မည်မဟုတ်ပေ။ ဘုရားသခင်က သင့်ကို အရေးစိုက်မည်မဟုတ်ပေ။(နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ) ဘုရားနှုတ်ကပတ်တော်မှာ တွေ့ရတာက ဖောက်ပြန်ပျက်စီးခြင်းကို ဖြေရှင်းပြီး သမ္မာတရား စစ်မှန်မှုတွေထဲ ဝင်ရောက်ဖို့က မခက်ဘူးဆိုတာပဲ။ အဓိကသော့ချက်က လူတွေ ရွေးချယ်ပုံနဲ့ သမ္မာတရားကို သူတို့ရှာပြီး လက်တွေ့လုပ်ခြင်း ရှိမရှိဆိုတာပဲ။ ဘယ်အခြေအနေတွေမှာပဲဖြစ်ဖြစ်၊ ပြုပြင်၊ ကိုင်တွယ်ဖြေရှင်းခြင်းဖြစ်စေ၊ ကျရှုံးမှုတွေနဲ့ ဆုတ်ဆိုင်းမှုတွေ ဖြစ်စေ၊ လူတွေဟာ ကိုယ့်ကိုယ်ကိုယ် သုံးသပ်နိုင်ပြီး သမ္မာတရားကို တက်တက်ကြွကြွ ရှာနိုင်ရမယ်။ နည်းနည်း နားလည်တာနဲ့ လက်တွေ့လုပ်ဆောင်ပြီး သမ္မာတရား စည်းမျဉ်းတွေအပေါ် လုပ်ကြည့်လိုက်။ ဒါကို လုပ်ကြည့်၊ ကြီးထွားမှုနဲ့ ပြောင်းလဲမှုကို မြင်ရလိမ့်မယ်။ ဒါပေမဲ့၊ ကိုယ်က ပြုပြင်၊ ကိုင်တွယ်ဖြေရှင်းခံရချိန်မှာ၊ အမြဲ ရှောင်ရှား၊ ငြင်းပယ်ပြီး ဆင်ခြေတွေပေးရင်၊ သမ္မာတရားကို ရမှာမဟုတ်ရုံမက၊ ဘုရားရဲ့ ငြင်းပယ်တာ ခံရမှာပဲ။ ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်တော့၊ ကျွန်တော် ပြုပြင်၊ ကိုင်တွယ်ဖြေရှင်း ခံခဲ့ရချိန်မှာ၊ အဲဒါကို လက်မခံ၊ မနာခံ၊ ရိုးရိုးသားသား ဝန်မခံခဲ့ဘူး၊ ကိုယ့်ပြဿနာအပေါ် မသုံးသပ်ခဲ့သလို၊ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို ဖြေရှင်းဖို့ သမ္မာတရားကို တက်တက်ကြွကြွ မရှာခဲ့ဘူး။ အဲဒီအစား၊ အပျက်သဘောဆောင်လာတယ်၊ အဲဒါကို ဆန့်ကျင်ပြီး ကျွန်တော့်အတွက် ပြောင်းလဲဖို့ အရမ်းခက်တယ်လို့ ဆုံးဖြတ်ခဲ့တယ်။ ကျွန်တော်က ယုတ္တိမတန်ခဲ့သလို၊ ဘုရားပြင်ဆင်ပေးတဲ့ အခြေအနေကို ငြင်းပယ်ခဲ့တယ်။ ဒါက သမ္မာတရားကို လက်ခံတဲ့ သဘောထား မဟုတ်ဘူး။ ဒါကို သတိပြုမိချိန်မှာ၊ အပျက်သဘောဆောင်တဲ့ အခြေအနေမှာ အသက်မရှင်ချင်သလို ကိုယ့်ကိုယ်ကိုယ် ဘောင်မခတ်ချင်တော့ဘူး။ ကိုယ့်ပြဿနာတွေကို ဖြေရှင်းဖို့ သမ္မာတရား ရှာချင်ခဲ့တယ်။

ကျွန်တော်က ချေချေငံငံ စကားပြောလေ့ရှိပေမဲ့၊ ကိုင်တွယ်ဖြေရှင်းခံရတော့၊ ဘာလို့ လက်မခံဘဲ၊ အပျက်သဘောဆောင်လာပြီး ဆန့်ကျင်ခဲ့တယ်ဆိုတာကို စသုံးသပ်စဉ်းစားမိတယ်။ ဒါက ဘာစိတ်သဘောထားကို ထုတ်ဖော်ပြခဲ့လဲ။ ရှာဖွေရာမှာ၊ ဘုရားနှုတ်ကပတ်တော် နှစ်ပိုဒ် ဖတ်ခဲ့ရတယ်။ “၎င်းတို့သည် နတ်ဆိုးများဖြစ်သည်၊ စာတန်ဖြစ်သည်၊ အဆင်းနီသောနဂါးကြီး၏ သားသမီးများဖြစ်သည်ဟု ဝန်ခံနိုင်သော၊ မိမိတို့ကိုယ်ကို သိမြင်မှုနှင်ပတ်သက်ပြီး အလွန်လှပစွာပြောဆိုသောလူများရှိကြသည်။ သို့သော် ၎င်းတို့သည် မိမိတို့၏ ဖောက်ပြန်ပျက်စီးသောစိတ်သဘောထားကို ဖော်ပြပြီး တစ်ယောက်ယောက်က ၎င်းတို့ကို ဖော်ထုတ်သောအခါ၊ ၎င်းတို့ကို ကိုင်တွယ်ဖြေရှင်းပြီး ပြုပြင်သောအခါ ၎င်းတို့သည် မိမိတို့ကိုယ်ကို မှန်ကန်ကြောင်းပြရန် အစွမ်းကုန် ကြိုးစားကြပြီး သမ္မာတရားကို အနည်းမျှပင် လက်မခံပေ။ ဤတွင် ပြဿနာက အဘယ်နည်း။ ဤတွင် လူတစ်ယောက်သည် လုံးလုံး ဖော်ထုတ်ခံရသည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကိုသိမြင်ခြင်းကြောင်းပြောသောအခါ အလွန်လှပစွာ ပြောဆိုကြသည်။ ဤသို့ဆိုလျှင် ပြုပြင်ခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်းကို ရင်ဆိုင်ရသောအခါ ၎င်းတို့သည် အဘယ်ကြောင့် သမ္မာတရားကို လက်မခံနိုင်သနည်း။ ဤတွင် ပြဿနာတစ်ခုရှိသည်။ ဤအရာမျိုးသည် အလွန်အဖြစ်များသည်မဟုတ်လော။ ဤသည်မှာ ခွဲခြားဖော်ထုတ်ရန် လွယ်ကူသလော။ အမှန်တကယ်တွင် လွယ်ကူသည်။ မိမိတို့ကိုယ်ကို သိမြင်ခြင်းအကြောင်းပြောဆိုသောအခါ ၎င်းတို့သည် နတ်ဆိုးများနှင့် စာတန်ဖြစ်သည်ဟု ဝန်ခံသော လူအတော်အတန်ရှိသည်။ သို့သော် ၎င်းတို့သည် နောက်ပိုင်းတွင် နောင်တရခြင်း၊ သို့မဟုတ် ပြောင်းလဲခြင်းမရှိပေ။ ဤသို့ဆိုလျှင် ဤကဲ့သို့သော မိမိကိုယ်ကို သိမြင်ခြင်းကို ပြောဆိုခြင်းသည် မှန်ကန်သလော၊ မှားယွင်းသလော။ မိမိကိုယ်ကို အမှန်တကယ် သိမြင်ခြင်းလော၊ သို့မဟုတ် သူတစ်ပါးတို့ကို လှည့်စားရန် ရည်ရွယ်သည့် လှည့်ကွက်တစ်ခုလော။ အဖြေမှာ သိသာထင်ရှားပါသည်။ ထို့ကြောင့် လူတစ်ယောက်သည် မိမိကိုယ်ကို စစ်မှန်စွာ သိခြင်းရှိမရှိ သိရန်အတွက် ထိုသိမြင်မှုအကြောင်းပြောဆိုခြင်းကိုသာ နားထောင်ခြင်းမပြုသင့်ပေ။ သင်သည် ၎င်းတို့၏ သဘောထားကို ကြည့်သင့်သည်၊ ပြီးလျှင် ၎င်းတို့သည် ပြုပြင်ခြင်း၊ ကိုင်တွယ်ဖြေရှင်းခြင်းကို ရင်ဆိုင်ရသောအခါ သမ္မာတရားကို လက်ခံနိုင်ခြင်းရှိမရှိကို ကြည့်သင့်သည်။ ဤသည်မှာ အရေးပါဆုံးဖြစ်သည်။ ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ပြုပြင်ခြင်းကို လက်မခံသူ မည်သူမဆိုသည် သမ္မာတရားကို လက်မခံသည့်၊ လက်ခံရန် ငြင်းဆန်သည့် အနှစ်သာရတစ်ခုရှိသည်။ ၎င်းတို့၏ စိတ်သဘောထားသည် သမ္မာတရားကို စိတ်ကုန်ခြင်းတစ်ခုဖြစ်သည်။ ဤသည်မှာ သံသယရှိစရာမလိုပေ။ လူအချို့သည် ဖောက်ပြန်ပျက်စီးခြင်းကို မည်မျှ ဖွင့်ပြသည်ဖြစ်စေ ၎င်းတို့ကို ကိုင်တွယ်ဖြေရှင်းရန် အခြားလူတို့ကို အခွင့်မပေးပေ။ မည်သူကမျှ ၎င်းတို့ကို ပြုပြင်ခြင်း၊ ကိုင်တွယ်ဖြေရှင်းခြင်း မရှိကောင်း မရှိနိုင်ပေ။ ၎င်းတို့သည် မိမိတို့ကိုယ်တိုင်၏ ကိုယ့်ကိုယ်ကိုယ်သိမြင်မှုအကြောင်းပြောဆိုရာတွင် ပြဿနာမရှိဘဲ မည်သည့်အရာကိုမဆို ပြောဆိုလိမ့်မည်။ သို့သော် အခြားတစ်ယောက်က ၎င်းတို့ကို ဖော်ထုတ်လျှင်၊ သို့မဟုတ် ဝေဖန်လျှင်၊ သို့မဟုတ် ကိုင်တွယ်ဖြေရှင်းလျှင် မည်မျှပင် အရှိအတိုင်းဖြစ်ပြီး၊ အဖြစ်မှန်ဖြစ်ပါစေ ၎င်းတို့က လက်မခံပေ။ ၎င်းတို့ ဖော်ပြသော စိတ်သဘောထား၏ မည်သည့်သွင်ပြင်လက္ခဏာက ဖော်ထုတ်ခံရသည်ဖြစ်စေ ၎င်းတို့သည် စစ်မှန်သောနာခံမှု အနည်းငယ်မျှပင် မရှိဘဲ အလွန်ပင် ကလန်ကဆန်လုပ်ပြီး မိမိတို့ကိုယ်ကိုအတွက် မှန်သယောင်ရှိသော်လည်း မှားယွင်းသော ကျိုးကြောင်းပြချက်များကို မလျှော့တမ်းပေးကြသည်။(နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ)သမ္မာတရားအား စိတ်ကုန်ခြင်းကို ပြသသော အဓိကနည်းလမ်းများမှာ သမ္မာတရားကို ကြားရသောအခါတွင် ယင်းကို မနှစ်သက်သည့် ခံစားချက်သက်သက်တင်မဟုတ်ဘဲ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် မလိုလားခြင်းလည်း ပါဝင်သည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် အချိန်ကျသောအခါ ဤသို့သောသူသည် နုတ်ထွက်သည်။ သမ္မာတရားသည် ၎င်းတို့နှင့် လုံးဝ မသက်ဆိုင်ပေ။ စုဝေးပွဲများပြုလုပ်စဉ်တွင် လူအချို့က မိတ်သဟာယပြုသောအခါ အလွန်တက်ကြွသည့်ပုံစံရှိသည်။ ၎င်းတို့သည် သူတစ်ပါးတို့ကို စည်းရုံးရန်အတွက် အယူဝါဒစကားများကို ထပ်ခါထပ်ခါပြောဆိုခြင်း၊ အဆင့်မြင့်သော ဖော်ပြချက်များကို ပြုလုပ်ခြင်းတို့ကို နှစ်သက်ကြသည်။ ယင်းသည် ၎င်းတို့ကို အမြင်ကောင်းစေသည်။ ကျေနပ်စေသည်။ ပြီးလျှင် ၎င်းတို့က အဆုံးမဲ့ မရပ်မနားပြောဆိုကြသည်။ ထို့နောက်တွင် ဘုရားနှုတ်ကပတ်တော်ဖတ်ခြင်း၊ ဆုတောင်းခြင်း၊ ဓမ္မသီချင်းများကို နားထောင်ခြင်း၊ မှတ်စုယူခြင်းတို့ဖြစ်သော ယုံကြည်ခြင်းဆိုင်ရာ အမှုအရာများဖြင့် တစ်နေကုန် အလုပ်ရှုပ်နေသောသူများရှိသည်။ အချိန်တစ်ခဏမျှပင် ဘုရားသခင်နှင့် မကင်းကွာနိုင်သကဲ့သို့ဖြစ်သည်။ အရုဏ်ဦးမှ ညဉ့်နက်သည်အထိ ၎င်းတို့သည် တာဝန်များထမ်းဆောင်လျက် အလုပ်ရှုပ်နေကြသည်။ ဤသို့ဆိုလျှင် ဤလူများသည် သမ္မာတရားကို အမှန်တကယ်ချစ်သလော။ သမ္မာတရားကို စိတ်ကုန်သော စိတ်သဘောထားမရှိသလော။ အကြင်သူသည် မိမိ၏ မှန်ကန်သော အခြေအနေကို မြင်နိုင်သည်မှာ မည်သည့်အချိန်နည်း။ (သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် အချိန်ရောက်သောအခါ ထိုသူတို့သည် သမ္မာတရားကို ရှောင်ကြဉ်ကြသည်။ ၎င်းတို့သည် ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ပြုပြင်ခံရခြင်းကို ကြုံတွေ့သောအခါ ယင်းကို လက်ခံရန် မလိုလားကြပေ။) ဤသည်မှာ ၎င်းတို့ကြားသောအရာကို နားမလည်သောကြောင့်ဖြစ်နိုင်သလော၊ သို့မဟုတ် သမ္မာတရားကို နားမလည်သောကြောင့် လက်ခံရန် မလိုလားခြင်းဖြစ်နိုင်သလော။ တစ်ခုမျှ မဟုတ်ပေ။ ၎င်းတို့သည် မိမိတို့သဘာဝ၏ စိုးမိုးခြင်းကို ခံရသည်။ ပြဿနာက စိတ်သဘောထားနှင့်သက်ဆိုင်သည်။ ၎င်းတို့၏ စိတ်နှလုံးတွင် ဘုရားနှုတ်ကပတ်တော်များသည် သမ္မာတရားဖြစ်ပြီး အပြုသဘောဆောင်သောအရာများဖြစ်ကြောင်း၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းသည် မိမိ၏စိတ်သဘောထားပြောင်းလဲမှုကို ဖြစ်စေနိုင်ပြီး လူတစ်ယောက်ကို ဘုရားအလိုတော်ကို ကျေနပ်စေအောင် ပြုလုပ်ပေးနိုင်သည်တို့ကို ၎င်းတို့ ကောင်းစွာ သိကြသည်။ သို့သော် ယင်းတို့ကို ရိုးရှင်းစွာပင် လက်မခံကြပေ၊ သို့မဟုတ် လက်တွေ့မလုပ်ဆောင်ကြပေ။ ဤသည်မှာ သမ္မာတရားကို စိတ်ကုန်ခြင်းဟူသည့်အရာဖြစ်သည်။(နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ စာအုပ်ထဲရှိ “စိတ်သဘောထား၌ အပြောင်းအလဲဖြစ်ရန်အလို့ငှာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ ရှုထောင့်ခြောက်ခုကို နားလည်ရမည်”)

လူတွေက သမ္မာတရားကို ငြီးငွေ့တဲ့ စိတ်သဘောထား ရှိကြမှန်း ဘုရားနှုတ်ကပတ်တော်ကနေ တွေ့ရတယ်။ အဲဒါက သမ္မာတရားရယ်၊ ပြုပြင်၊ ကိုင်တွယ်ဖြေရှင်းတာရယ်ကို လက်မခံတာ၊ သမ္မာတရားကို လက်တွေ့မလုပ်တာမှာ ပေါ်လွင်နေတယ်။ နေ့တိုင်း ဘုရားနှုတ်ကပတ်တော် ဖတ်ပြီး ကိုယ့်တာဝန်ကို ထမ်းဆောင်ခဲ့တယ်၊ အစည်းအဝေးတွေမှာ၊ ကိုယ့်မှာ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေ ရှိကြောင်း၊ ကျွန်တော်ဟာ စာတန်နဲ့ သက်ဆိုင်ကြောင်း၊ အဆင်းနီသော နဂါးကြီးရဲ့ ကလေးတစ်ယောက် ဖြစ်ကြောင်းတို့ကို ဘုရားနှုတ်ကပတ်တော်တွေနဲ့ အညီ ဝန်ခံနိုင်ခဲ့တယ်။ အပြင်ပန်းမှာ ကျွန်တော်က သမ္မာတရားကို လက်ခံပုံရပေမဲ့၊ တာဝန်ကို ဖြစ်သလိုလုပ်တဲ့အတွက် ပြုပြင်၊ ကိုင်တွယ်ဖြေရှင်းခံရချိန်မှာ၊ ကျွန်တော်က သမ္မာတရားကို လက်ခံ၊ လက်တွေ့လုပ်တဲ့သူမဟုတ်ကြောင်း၊ အရာရာမှာ သမ္မာတရားကို ငြီးငွေ့တဲ့ စိတ်သဘောထား ဖော်ထုတ်ခဲ့ကြောင်း သဘောပေါက်သွားတယ်။ ရေလောင်းတဲ့ အမှုဆောင်အနေနဲ့၊ အခြေခံ သတ်မှတ်ချက်က တာဝန်ယူဖို့နဲ့ သည်းခံဖို့ ဖြစ်မှန်း ကျွန်တော် သိခဲ့တယ်။ လူသစ်တွေက မွေးကင်းစ ကလေးတွေလိုပဲ။ စစ်မှန်တဲ့ လမ်းခရီးမှာ အမြစ်မတွယ်ကြသေးသလို၊ ဘဝမှာ အရမ်းအားနည်းကြတယ်လေ။ အစည်းအဝေးတွေကို သူတို့ မလာရင်၊ သူတို့ကို အမြန် ရေလောင်းပြီး ထောက်ပံ့ပေးဖို့ နည်းလမ်း ရှာရမယ်။ ဒီစည်းမျဉ်းတွေကို နားလည်ခဲ့ပေမဲ့၊ လက်တွေ့လုပ်ဖို့၊ ဆင်းရဲဒုက္ခခံပြီး အဖိုးအခပေးဖို့ ဖြစ်လာတဲ့အခါ၊ ကျွန်တော် မလုပ်ချင်ခဲ့ဘူး။ သမ္မာတရားကို ရှင်းရှင်းလင်းလင်း သိခဲ့ပေမဲ့ လက်တွေ့မလုပ်ခဲ့တာ။ ဒီလူသစ်ကို ကျွန်တော် ကြိုဆိုခဲ့တဲ့ အချိန်အနည်းငယ်ကလွဲလို့၊ ဘာရေလောင်းတာ ထောက်ပံ့တာမှ ကျွန်တော် မပေးခဲ့မှန်း သတိရမိသွားတယ်။ စုဝေးပွဲတွေကို သူ ပုံမှန် မတက်တာ ကျွန်တော် သိသွားချိန်မှာ၊ စိတ်ပူပန်မလာခဲ့ဘူး၊ သူ့ကို အမြန် ဘယ်လို ဆက်သွယ်နိုင်မလဲ မတွေးခဲ့ဘူး၊ ဒါမှမဟုတ် သူ့ပြဿနာတွေနဲ့ အခက်အခဲတွေကို သိအောင်မလုပ်ခဲ့ဘူး။ လူသစ်ကို ရေလောင်းပေးခြင်းနဲ့ဆိုင်တဲ့ ရေးကြီးတဲ့ ပထမအဆင့်မှာ ကျွန်တော်က ပေါ့ဆပြီး တာဝန်မဲ့ခဲ့တယ်။ အဲဒါက သူ့ကို နှုတ်ထွက်သွားစေခဲ့တာပဲ။ ဒါပေမဲ့ အဲဒီအချိန်မှာတောင်၊ ကိုယ့်ကိုယ်ကိုယ် မသုံးသပ်ခဲ့ဘူး။ ကြီးကြပ်ရေးမှူးက ကျွန်တော့်ပြဿနာကို ထောက်ပြတော့၊ ကိုယ့်ရဲ့ ဖြစ်သလိုလုပ်ခြင်းအတွက် ဆင်ခြေတွေဖန်တီးဖို့ နည်းလမ်းမှန်သမျှ ကြိုးစားခဲ့တယ်၊ တာဝန်ကို အဖွဲ့ခေါင်းဆောင်နဲ့ ဧဝံဂေလိ တရားဟောဆရာအပေါ် ပုံချဖို့ မျှော်လင့်ရင်းနဲ့ပေါ့။ ဒါက ဘယ်လိုလုပ် သမ္မာတရားကို လက်ခံပြီး နာခံတဲ့ သဘောထား ဖြစ်မှာလဲ။ ကျွန်တော် ဖော်ထုတ်သမျှက သမ္မာတရားကို ငြီးငွေ့တဲ့ စိတ်သဘောထားပဲ။

နောက်ပိုင်းမှာ၊ ဘုရားနှုတ်ကပတ်တော် နောက်တစ်ပိုဒ် ဖတ်ခဲ့တယ်။ “လူတစ်ယောက်ကို ကိုင်တွယ်ဖြေရှင်းပြီး ပြုပြင်ခံရခြင်းဖြစ်စေသည့် အခြေအနေများက မည်သို့ရှိသည်ဖြစ်စေ ယင်းအပေါ်တွင် အရေးအပါဆုံးသဘောထားက မည်သည့်အရာနည်း။ ရှေးဦးစွာ ယင်းကို လက်ခံရမည်။ သင့်ကို မည်သူက ကိုင်တွယ်ဖြေရှင်းနေသည်ဖြစ်စေ၊ မည်သည့်အကြောင်းပြချက်ဖြစ်စေ၊ ကြမ်းတမ်းသည့်ပုံစံရှိသည်ဖြစ်စေ၊ သို့မဟုတ် လေသံနှင့် စကားအသုံးအနှုန်းက မည်သို့ဖြစ်စေ ယင်းကို လက်ခံသင့်သည်။ ထို့နောက်တွင် မည်သည့်အရာကို သင် မှားယွင်းစွာ လုပ်ဆောင်ခဲ့ကြောင်း၊ မည်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို သင်ဖော်ထုတ်ခဲ့ကြောင်းနှင့် သမ္မာတရားစည်းမျဉ်းများနှင့်အညီ သင်ဆောင်ရွက်ခဲ့ခြင်းရှိမရှိတို့ကို သင် သတိပြုမိသင့်သည်။ သင်သည် ပြုပြင်ခံရပြီး ကိုင်တွယ်ဖြေရှင်းခြင်းခံရသောအခါ ရှေးဦးစွာ ဤသည်မှာ သင်ထားရှိသင့်သည့် သဘောထားဖြစ်သည်။ ဤသို့သော သဘောထားတစ်ခုကို အန္တိခရစ်များက ပိုင်ဆိုင်သလော။ မပိုင်ဆိုင်ပေ။ အစမှ အဆုံးအထိ ၎င်းတို့ ပွင့်လင်းစွာ ဖော်ပြသောသဘောထားသည် အာခံခြင်းနှင့် မနှစ်သက်ခြင်းထဲမှ တစ်ခုဖြစ်သည်။ ဤသို့သော သဘောထားတစ်ခုဖြင့် ၎င်းတို့သည် ဘုရားရှေ့မှောက်သို့လာရောက်ပြီး မိမိတို့ကိုယ်ကို ငြိမ်သက်စေနိုင်သလော။ အာရုံစူးစိုက်စွာ နားထောင်နိုင်သလော။ နှိမ့်ချစွာ လက်ခံရန်အသင့်ဖြစ်သလော။ ဤသို့ မဖြစ်နိုင်ပေ။ ဤသို့ဆိုလျှင် မည်သည့်အရာကို ၎င်းတို့ လုပ်ဆောင်မည်နည်း။ ရှေးဦးစွာ ၎င်းတို့သည် လူတို့၏ နားလည်ခြင်းနှင့် ခွင့်လွှတ်ခြင်းကို ရယူဖို့ မျှော်လင့်ချက်များဖြင့် ၎င်းတို့လုပ်ဆောင်ခဲ့သော အမှားများ၊ ၎င်းတို့ ထုတ်ဖော်ခဲ့သော ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတို့ကို ခုခံကာကွယ်ပြီး ငြင်းခုံလျက်ဖြင့် မှန်ကန်ကြောင်း ကျိုးကြောင်းပြပြောဆိုမှုများပြုလုပ်ပြီး အတင်းအဓမ္မငြင်းခုံလိမ့်မည်။ ဤနည်းအားဖြင့် ၎င်းတို့ကို ကိုင်တွယ်ဖြေရှင်းပြီး ပြုပြင်သော စကားများကို ၎င်းတို့ လက်ခံရန်၊ သို့မဟုတ် မည်သည့်တာဝန်ကိုမျှ ခံယူဖို့ မလိုအပ်စေရန်ဖြစ်သည်။ ကိုင်တွယ်ဖြေရှင်းပြီး ပြုပြင်ခံရခြင်းကို ရင်ဆိုင်ရသောအခါ ၎င်းတို့သည် မည်သည့်သဘောထားကို ထုတ်ဖော်ပြသနည်း။ ‘ငါသည် အပြစ်မပြုခဲ့ပါ။ မည်သည့်မှားယွင်းမှုကိုမျှ မလုပ်ဆောင်ခဲ့ပါ။ အမှားလုပ်မိလျှင် အကြောင်းပြချက်ရှိသည်။ ငါသည် တမင်ရည်ရွယ်၍ လုပ်ဆောင်ခဲ့ခြင်း မဟုတ်ပေ။ ငါသည် အမှားလုပ်မိလျှင် ယင်းအတွက် တာဝန်မခံရသင့်ပေ။ အနည်းငယ်သောအမှားများကို မည်သူကများ မပြုလုပ်သနည်း။’ ဤပြောဆိုချက်များနှင့် စကားစုများကို ၎င်းတို့က မလွတ်တမ်းအသုံးချကာ ယင်းတို့ကို တင်းကျပ်စွာ ဖက်တွယ်ထားပြီး လက်မလွှတ်ပေ။ သို့သော် ၎င်းတို့သည် သမ္မာတရားကို မရှာဖွေသကဲ့သို့ ၎င်းတို့၏ ပြစ်မှားမှုကို ကျူးလွန်စဉ်တွင် ထုတ်ဖော်ပြသော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားကို ၎င်းတို့ အသိအမှတ်မပြုပေ။ ပြီးလျှင် ၎င်းတို့သည် ဤသို့သော အနှစ်သာရရှိသည်ဟု သေချာပေါက် အသိအမှတ်မပြုကြပေ။...အမှန်တရားများက ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို မည်သို့ ထင်ရှားအောင်ပြုပါစေ ၎င်းတို့က ဝန်မခံဘဲ ဆက်လက်၍ အာခံပြီး ခုခံကြသည်။ သူတစ်ပါးတို့က မည်သို့ပြောပါစေ ၎င်းတို့က လက်မခံဘဲ၊ ဝန်မခံဘဲ ‘မည်သူက မည်သူ့ကို နိုင်အောင်ပြောနိုင်သည်ကို ကြည့်ကြစို့။ မည်သူက ပို၍ ငြင်းခုံနိုင်သည်ကို ကြည့်ကြစို့။’ ဟူ၍ စဉ်းစားကြသည်။ ဤသည်မှာ ကိုင်တွယ်ဖြေရှင်းပြီး ပြုပြင်ခြင်းခံရာတွင် အန္တိခရစ်များ အရေးစိုက်သော သဘောထားအမျိုးအစားတစ်ခုဖြစ်သည်။(အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “၎င်းတို့သည် မိမိတို့ကိုယ်တိုင် ထင်ရှားကျော်ကြားမှု ရစေဖို့နှင့် ၎င်းတို့ကိုယ်တိုင်၏ အကျိုးစီးပွားများနှင့် ရည်မှန်းချက်များကို ပြည့်ဝစေဖို့သာ ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင့်အိမ်တော်၏အကျိုးစီးပွားများကို မည်သည့်အခါမျှ အရေးမထားသကဲ့သို့၊ ပုဂ္ဂိုလ်ရေးရာ ထင်ပေါ်ကျော်ကြားမှုအတွက် အပြန်အလှန်အားဖြင့် ထိုအကျိုးစီးပွားများကိုပင် ပစ်ပယ်သည် (အပိုင်း ၈)”) ဘုရားနှုတ်ကပတ်တော် ထုတ်ဖော်ပြရာကနေ၊ မြင်ရတာက ပုံမှန်လူတွေဟာ ပြုပြင်၊ ကိုင်တွယ်ဖြေရှင်းခံရချိန်မှာ၊ အဲဒါကို ဘုရားဆီက ရရှိနိုင်တယ်၊ လက်ခံပြီး နာခံနိုင်တယ်၊ ကိုယ့်ကိုယ်ကိုယ် သုံးသပ်နိုင်ပြီး၊ စစ်မှန်တဲ့ နောင်တရနိုင်ကြတယ်။ လတ်တလောမှာ အဲဒါကို လက်မခံနိုင်ရင်တောင်၊ နောက်ပိုင်းမှာ၊ အဆက်မပြတ် ရှာဖွေပြီး သုံးသပ်ခြင်းကတစ်ဆင့်၊ ပြုပြင်ခြင်းနဲ့ ကိုင်တွယ်ဖြေရှင်းခြင်းကနေ သင်ခန်းစားတွေ သင်ယူနိုင်ကြတယ်။ ဒါပေမဲ့ အန္တိခရစ်တွေရဲ့ သဘာဝက သမ္မာတရားကို ငြီးငွေ့၊ စက်ဆုပ်တာပဲ။ သူတို့ ပြုပြင်၊ ကိုင်တွယ်ဖြေရှင်းခံရချိန်မှာ၊ ကိုယ့်ကိုယ်ကိုယ်အပေါ် လုံးဝ မသုံးသပ်ကြဘူး။ သူတို့က ခုခံခြင်း၊ ငြင်းပယ်ခြင်းနဲ့ မုန်းတီးခြင်း သဘောထားပဲ ပြတယ်။ နောက်တော့ ကိုယ့်အပြုအမူအကြောင်း တွေးမိတယ်။ ကျွန်တော်က ဖြစ်သလိုလုပ်ပြီး၊ လူသစ်ကို အချိန်မီ လိုက်မကြည့်ခဲ့မိဘဲ၊ နှုတ်ထွက်အောင် လုပ်ခဲ့တယ်။ ဒါကိုက ပြစ်မှားမှုတစ်ခု ဖြစ်နှင့်ပြီးသား။ အသိစိတ်နဲ့ ဆင်ခြင်တုံတရားတချို့ ရှိတဲ့ ဘယ်သူမဆို စိတ်မချမ်းမြေ့ဖြစ်ပြီး အပြစ်ရှိသလို ခံစားရမှာပဲ၊ သူတို့ရဲ့ ပြဿနာတွေကို သုံးသပ်တာနဲ့ ပြီးသွားမှာပဲ။ ဒါပေမဲ့ ကျွန်တော့်မှာတော့ အပြစ်ရှိသလို မခံစားခဲ့ရရုံမက၊ ကိုယ့်ပြဿနာတွေကိုလည်း ဝန်မခံခဲ့ဘူး။ အဲဒီလို သိသာတဲ့ အချက်ကို ရင်ဆိုင်ခဲ့ရပြီး၊ တာဝန်ကို သိသိကြီးနဲ့ ခေါင်းရှောင်ဖို့ ကြိုးစားနေတုန်းပဲ၊ ပထမတော့ လူသစ်က ကျွန်တော့်ကို မဖြေခဲ့လို့၊ နောက်တော့ အဖွဲ့ခေါင်းဆောင်က တာဝန်မဲ့လို့ဆိုရင်းနဲ့ နောက်ဆုံးမှာ ဧဝံဂေလိ တရားဟောဆရာကို ကျွန်တော် အပြစ်တင်ခဲ့တယ်၊ ဘယ်တာဝန်ကိုမဆို မယူဖို့ ကြီးကြပ်ရေးမှူးရဲ့ နားလည်မှုကို ရဖို့ မျှော်လင့်ရင်းနဲ့ပေါ့။ ဘုရားထုတ်ဖော်ပြတာနဲ့ ပြုပြင်၊ ကိုင်တွယ်ဖြေရှင်းတာကို ရင်ဆိုင်ရလျက်နဲ့၊ ကိုယ့်ကိုယ်ကိုယ် လုံးဝ မသုံးသပ်ခဲ့ဘူး။ အဲဒီအစား၊ တာဝန်မယူချင်ခဲ့လို့ ခုခံခဲ့တယ်၊ ဆန့်ကျင်ခဲ့တယ်၊ ပြီးတော့ ကိုယ့်ကိုယ်ကိုယ် ရှင်းချက်ထုတ်ပြီး ခုခံကာကွယ်ဖို့ ဆင်ခြေအမျိုးမျိုး ရှာတွေ့ခဲ့တယ်။ ကျွန်တော့်မှာ လူ့သဘာဝ၊ ဆင်ခြင်တုံတရား လုံးဝ မရှိခဲ့တာ။ ကျွန်တော် ဖော်ထုတ်ခဲ့တာက ခေါင်းမာပြီး သမ္မာတရားကို ငြီးငွေ့တဲ့ စိတ်သဘောထားတွေ ဖြစ်ခဲ့မှန်း တွေ့ရတယ်။ ဘုရားကို ကြောက်စိတ်မရှိခဲ့တာ။ ဘုရားကို နှစ်တွေအများကြီး ယုံကြည်ပြီးတဲ့နောက်မှာ၊ ကျွန်တော့် စိတ်သဘောထားက လုံးဝ မပြောင်းလဲခဲ့မှန်း တွေ့ရပြီး၊ စိတ်မချမ်းမသာဖြစ်ရတယ်။

နောက်ပိုင်းမှာ၊ ကိုင်တွယ်ဖြေရှင်းပြီး ပြုပြင်တာကို လက်မခံတဲ့ ကျွန်တော့် ပြဿနာကို ပိုသိစေတဲ့ ဘုရားနှုတ်ကပတ်တော် နောက်တစ်ပိုဒ် ဖတ်ခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ပြုပြင်ခြင်းတို့အပေါ် အန္တိခရစ်များ၏ သမားရိုးကျ သဘောထားမှာ လက်ခံဖို့ကိုဖြစ်စေ၊ ဝန်ခံဖို့ကိုဖြစ်စေ ပြင်းပြင်းထန်ထန် ငြင်းဆန်ကြခြင်းဖြစ်သည်။ ၎င်းတို့သည် မကောင်းမှုများကို မည်မျှ လုပ်ဆောင်သည်ဖြစ်စေ၊ ဘုရားအိမ်တော်၏အလုပ်နှင့် ဘုရားသခင်ရွေးချယ်ထားသောသူတို့၏ အသက်ဝင်ရောက်မှု ကို မည်မျှ ထိခိုက်နစ်နာမှုများ ပြုလုပ်ထားသည်ဖြစ်စေ ၎င်းတို့သည် နောင်တ စိုးစဉ်းမျှ မခံစားရသကဲ့သို့ တစ်စုံတစ်ခု အကြွေးတင်သည်ဟုလည်း မခံစားကြရပေ။ ဤအမြင်ရှုထောင့်မှကြည့်ပါက အန္တိခရစ်များ၌ လူ့သဘာဝ ရှိသလော။ လုံးဝ မရှိပေ။ ၎င်းတို့သည် ဘုရားသခင် ရွေးချယ်ထားသောသူတို့အပေါ် နစ်နာမှုမျိုးစုံ ဖြစ်ပေါ်စေခဲ့သည်။ ဤသို့သော ထိခိုက်မှုကို အသင်းတော်၏အလုပ်အပေါ် ဖြစ်ပေါ်စေသည်။ ဘုရားသခင်ရွေးချယ်ထားသောသူတို့သည် ဤသည်ကို ရှင်းလင်းစွာ မြင်နိုင်သည်။ ၎င်းတို့သည် အန္တိခရစ်များ၏ မကောင်းမှုများကို တစ်ခုပြီးတစ်ခု မြင်ပြီးဖြစ်သည်။ သို့တိုင်အောင် အန္တိခရစ်များသည် ဤအချက်ကို လက်မခံကြ၊ သို့မဟုတ် အသိအမှတ်မပြုကြပေ။ ၎င်းတို့သည် မှားယွင်းနေသည်၊ သို့မဟုတ် ၎င်းတို့၌ တာဝန်ရှိသည်ကို ဝန်ခံရန် ခေါင်းမာစွာ ငြင်းဆန်ကြသည်။ ဤသည်မှာ ၎င်းတို့သည် သမ္မာတရားကို စိတ်ကုန်နေသည် ညွှန်ပြနေခြင်းမဟုတ်သလော။ အန္တိခရစ်များသည် ဤအတိုင်းအတာအထိ သမ္မာတရားကို စိတ်ကုန်ကြပြီး ကောက်ကျစ်ဆိုးယုတ်မှုများကို မည်မျှ ကျူးလွန်ပါစေ ၎င်းတို့သည် ဝန်ခံရန် ငြင်းဆန်ကြသည်။ အဆုံးထိ အလျှော့မပေးဘဲ ရှိကြသည်။ ဤသည်မှာ အန္တိခရစ်များသည် ဘုရားအိမ်တော်၏ အလုပ်ကို မည်သည့်အခါမျှ အလေးအနက်မထားသည်ကို၊ သို့မဟုတ် သမ္မာတရားအား လက်မခံသည်ကိုသက်သေပြသည်။ ၎င်းတို့သည် ဘုရားသခင်ကို မယုံကြည်ရသေးပေ။ ၎င်းတို့သည် စာတန်၏ လက်ပါးစေများဖြစ်သည်။ ဘုရားအိမ်တော်၏ အလုပ်ကို နှောင့်ယှက်ဖျက်ဆီးရန်လာကြသည်။ အန္တိခရစ်များ၏ စိတ်နှလုံးတွင် နာမည်နှင့် ဂုဏ်အဆင့်အတန်းသာရှိကြသည်။ ၎င်းတို့က ၎င်းတို့၏ အမှားကို အသိအမှတ်ပြုရမည်ဆိုလျှင် ၎င်းတို့သည် တာဝန်ခံယူမှုကို လက်ခံရမည်၊ ထို့နောက်တွင် ၎င်းတို့၏ ဂုဏ်အဆင့်အတန်းနှင့် ဂုဏ်သိက္ခာသည် အလွန်အမင်း ထိခိုက်ခံရမည်ဟု ယုံကြည်ကြသည်။ ရလဒ်အနေဖြင့် ၎င်းတို့သည် ‘သေသည်အထိ ငြင်းပါ’ ဆိုသည့် သဘောထားတစ်ခုဖြင့် ခုခံပြီး လူတို့က မည်သည့် ထုတ်ဖော်ပြခြင်း၊ စိစစ်လေ့လာခြင်းကို ပြုလုပ်ပါစေ ၎င်းတို့က ငြင်းဆန်ရန် အစွမ်းကုန်လုပ်ဆောင်ကြသည်။ ၎င်းတို့၏ ငြင်းဆန်မှုသည် တမင်သက်သက် ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ အတိုချုပ်အနေဖြင့် တစ်ဖက်တွင် ဤသည်မှာ အန္တိခရစ်များ၏ သမ္မာတရားကို မုန်းတီးခြင်း၊ စိတ်ကုန်ခြင်းသဘာဝ၊ အနှစ်သာရကို ထုတ်ဖော်ပြသည်။ အခြားတစ်ဖက်တွင် ယင်းက အန္တိခရစ်များသည် မိမိတို့၏ ကိုယ်ပိုင် အဆင့်အတန်း၊ ဂုဏ်သိက္ခာနှင့် အကျိုးစီးပွားများအား မည်မျှ တန်ဖိုးထားသည်ကို ပြပေသည်။ ထိုအတောအတွင်းတွင် ဘုရားအိမ်တော်နှင့် အသင်းတော်၏ အကျိုးစီးပွားများအပေါ် ၎င်းတို့၏ သဘောထားမှာ အဘယ်နည်း။ ပမာမထားခြင်းနှင့် တာဝန်ယူဖို့ ငြင်းဆန်ခြင်း သဘောထားတစ်ခု ဖြစ်သည်။ ၎င်းတို့သည် ဆင်ခြင်တုံတရားနှင့် အသိစိတ်အားလုံး ကင်းမဲ့ကြသည်။ အန္တိခရစ်များ၏ တာဝန်ကို ခေါင်းရှောင်ခြင်းက ဤပြဿနာများကို သရုပ်ဖော်နေသလော။ တစ်ဖက်တွင် တာဝန်ကိုရှောင်ခြင်းသည် ၎င်းတို့၏ သမ္မာတရားကို စိတ်ကုန်ပြီး မုန်းတီးသည့် အနှစ်သာရနှင့် သဘာဝကို သက်သေပြသည်။ အခြားတစ်ဖက်တွင် ၎င်းတို့၏ အသိစိတ်၊ ဆင်ခြင်တုံတရားနှင့် လူ့သဘာဝကင်းမဲ့မှုကို ပြသည်။ ၎င်းတို့၏ ဝင်ရောက်စွက်ဖက်မှုနှင့် မကောင်းမှုလုပ်ဆောင်ခြင်းကြောင့် ညီအစ်ကိုမောင်နှမများ၏ အသက်ဝင်ရောက်မှုကို မည်မျှထိခိုက်ပါစေ ၎င်းတို့သည် မိမိတို့ကိုယ်ကို အပြစ်တင်စိတ် မခံစားရသကဲ့သို့ ဤအရာအားဖြင့် မည်သည့်အခါမျှလည်း စိတ်သောက မရောက်နိုင်ချေ။ ဤသည်မှာ မည်သည့်သတ္တဝါမျိုး ဖြစ်သနည်း။ ၎င်းတို့အမှား၏ တစ်စိတ်တစ်ပိုင်းကို ဝန်ခံခြင်းသည်ပင် ၎င်းတို့သည် အသိစိတ်နှင့် ဆင်ခြင်တုံတရားအနည်းငယ်ရှိသည်ဟု မှတ်ယူရလိမ့်မည်။ သို့သော်လည်း အန္တိခရစ်များတွင် လူ့သဘာဝ စိုးစဉ်းမျှပင် မရှိချေ။ သို့ဆိုလျှင် ယင်းတို့သည် အဘယ်အရာဖြစ်သည်ဟု သင်တို့ဆိုမည်နည်း။ အန္တိခရစ်များ၏ အနှစ်သာရသည် မာရနတ်ဖြစ်သည်။ ၎င်းတို့သည် ဘုရားအိမ်တော်၏ အကျိုးစီးပွားအပေါ် မည်မျှ ထိခိုက်ခဲ့သည် ဖြစ်စေယင်းကို မမြင်ကြချေ၊ ၎င်းတို့သည် အကြွေးတင်သည်ဟု ခံစားရဖို့ မဆိုထားနှင့်၊ ၎င်းတို့၏စိတ်နှလုံးများ၌ စိုးစဉ်းမျှ သောကမရောက်ကြသကဲ့သို့ မိမိတို့ကိုယ်ကိုလည်း အပြစ်တင်ခြင်း မရှိကြပေ။ ဤသည်မှာ သာမန်လူများ၌ မြင်ရသည့်အရာ လုံးဝ မဟုတ်ချေ။ ဤသည်မှာ မာရ်နတ်ဖြစ်သည်။ မာရ်နတ်သည် အသိစိတ်နှင့် ဆင်ခြင်တုံတရား လုံးဝ ကင်းမဲ့သည်။(အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “၎င်းတို့သည် မိမိတို့ကိုယ်တိုင် ထင်ရှားကျော်ကြားမှု ရစေဖို့နှင့် ၎င်းတို့ကိုယ်တိုင်၏ အကျိုးစီးပွားများနှင့် ရည်မှန်းချက်များကို ပြည့်ဝစေဖို့သာ ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင့်အိမ်တော်၏အကျိုးစီးပွားများကို မည်သည့်အခါမျှ အရေးမထားသကဲ့သို့၊ ပုဂ္ဂိုလ်ရေးရာ ထင်ပေါ်ကျော်ကြားမှုအတွက် အပြန်အလှန်အားဖြင့် ထိုအကျိုးစီးပွားများကိုပင် ပစ်ပယ်သည် (အပိုင်း ၃)”) ဘုရားနှုတ်ကပတ်တော်ကနေ တွေ့ရတာက အန္တိခရစ်ဟာ သူ့ရဲ့ သမ္မာတရားကို ငြီးငွေ့ပြီး စက်ဆုပ်တဲ့ သဘာဝအပြင်၊ ကိုယ်ပိုင်အကျိုးစီးပွားကို အထူးသဖြင့် ချစ်တာကြောင့် ကိုင်တွယ်ဖြေရှင်းပြီး ပြုပြင်တာကို လက်မခံဘူး ဆိုတာပါပဲ။ သူတို့ဂုဏ်သတင်းကို တစ်ခုခုက လာထိတာနဲ့၊ သူတို့ရဲ့ ဂုဏ်သတင်း ထိခိုက်တာနဲ့၊ ကိုယ့်ကိုယ်ကိုယ် ရှင်းချက်ထုတ်ပြီး တာဝန်ကို ခေါင်းရှောင်ဖို့ အကြောင်းပြချက်တွေရှာဖို့ တတ်နိုင်သမျှ လုပ်ကြတယ်။ သူတို့လုပ်ရပ်တွေက ဘုရားအိမ်တော်ရဲ့ အကျိုးစီးပွားတွေ၊ တခြားလူတွေရဲ့ ဘဝတွေကို ထိခိုက်တဲ့အချိန်မှာတောင်၊ အပြစ်တင်ခြင်း၊ နောင်တကို မခံစားရဘူး။ သူတို့ကို လူမိသွားရင်၊ တာဝန်ကို ဝန်ခံလိုက်တာက သူတို့ရဲ့ ဂုဏ်ကို ထိခိုက်မှာ ကြောက်တဲ့စိတ်နဲ့ ဝန်ခံဖို့ကို ခေါင်းမာမာနဲ့ ငြင်းကြတယ်။ အန္တိခရစ်တွေက တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်စရာဖြစ်တယ်၊ လူ့သဘာဝ မရှိသလို အထူးသဖြင့် နတ်ဆိုးတွေ ဖြစ်မှန်း တွေ့ရတယ်။ “နတ်ဆိုး” ဆိုတဲ့ စကားလုံးကို တွေ့တဲ့အခါ၊ ကျွန်တော် စိတ်ကြေကွဲသွားတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော် ဖော်ထုတ်တဲ့ အပြုအမူနဲ့ စိတ်သဘောထားတွေက အန္တိခရစ်နဲ့ တူနေခဲ့လို့ပါ။ အမှားတစ်ခုကို သိသိသာသာ လုပ်ခဲ့ပြီး အသင်းတော် အလုပ်ကို ထိခိုက်စေခဲ့ပေမဲ့ ကျွန်တော် ဝန်မခံခဲ့ဘူး။ ပြုပြင်ပြီး ကိုင်တွယ်ဖြေရှင်းခံရချိန်မှာ၊ ကိုယ့်ကိုယ်ကိုယ် မှန်ကြောင်းရှင်းပြပြီး တာဝန်ကို လွှဲချဖို့ ကြိုးစားခဲ့တယ်။ လူသစ်တွေအတွက် ဧဝံဂေလိကို လက်ခံဖို့ ဘယ်လောက်ခက်မှန်း ကျွန်တော် တွေးမိခဲ့တယ်။ သူတို့ရဲ့ လက်ခံခြင်းက သင့်တော်တဲ့ အခြေအနေ၊ ဉာဏ်အလင်းပေးမှုကို ဘုရားစီစဉ်ပေးပြီး သူတို့ကို လမ်းပြမှုရဲ့ ရလဒ်ဖြစ်တဲ့အပြင်၊ ညီအစ်ကို မောင်နှမတွေ သုံးစွဲခဲ့တဲ့ အချိန်နဲ့ အားထုတ်မှုကြောင့် ဖြစ်တယ်။ ဘုရားက အထူးသဖြင့် လူတိုင်းအတွက် တာဝန်ယူတယ်။ သိုးတစ်ရာထဲက တစကောင်ကိုပဲ သူ ပျောက်သွားဦးတော့၊ သူ့ရဲ့ ပျောက်တဲ့သိုးကို ရှာဖို့ တခြားကိုးဆယ့်ကိုးကောင်ကို ထားခဲ့မှာပဲ၊ လူတိုင်းရဲ့ အသက်ကို သူ အရမ်း မြတ်နိုးတန်ဖိုးထားတယ်။ ဒါပေမဲ့ လူသစ်တွေကို ရေလောင်းဖို့အတွက် ကျွန်တော် တာဝန်ရှိတဲ့အချိန်မှာ၊ အမှုမဲ့အမှတ်မဲ့ သဘောထားခဲ့တယ်။ လူသစ်က အစည်းအဝေးတွေ မတက်မှန်း တွေ့တော့၊ မစိုးရိမ်ခဲ့ဘူး၊ ဂရုမစိုက်ခဲ့ဘူး။ တစ်ခါတလေ ဟန်ဆောင်ပန်ဆောင် မေးခဲ့ပြီး၊ အဖွဲ့ခေါင်းဆောင်ရဲ့ အလုပ်ကို လိုက်ကြည့်ရာမှာ ဖြစ်သလိုလုပ်တယ်၊ တာဝန်မဲ့ခဲ့တယ်။ ကျွန်တော့်ကို အကြိမ်တော်တော်များများ သူ ပြန်မဖြေတာတွေ့တော့၊ ဘာကြောင့်လဲလို့ အရေးတကြီး မမေးခဲ့ဘူး၊ သူ့မှာ ပြဿနာနဲ့ အခက်အခဲ တစ်ခုခု ရှိမရှိဆိုတာကိုလည်း မစစ်ဆေးခဲ့ဘူး။ လူသစ်ကို သတိမမူ၊ တာဝန်မဲ့တဲ့ သဘောထားနဲ့ ကျွန်တော် ဆက်ဆံခဲ့ပြီး၊ သူ့ဘဝကို လုံးဝ လေးလေးနက်နက် သဘောမထားခဲ့ဘူး။ အဲဒီအချိန်မှာတောင်၊ နောင်တ ဒါမှမဟုတ် အပြစ်ရှိသလို မခံစားရသေးဘဲ၊ အဲဒါကို ကုစားဖို့ မကြိုးစားခဲ့ဘူး။ ကျွန်တော် ဖြစ်သလိုလုပ်ပြီး တာဝန်မဲ့တာကို ကြီးကြပ်ရေးမှူးက ထောက်ပြတော့၊ ငြင်းခုံပြီး ကိုယ်မှန်ကြောင်းရှင်းဖို့ အကောင်းဆုံး ကြိုးစားပြီး တာဝန်ကို ခေါင်းရှောင်ဖို့ အကြောင်းပြချက်တွေ ရှာခဲ့တယ်၊ ဘာလို့လဲဆိုတော့ ကိုယ့်ပြဿနာတွေကို ဝန်ခံလိုက်ရင် တာဝန်ယူရမှာ၊ ကြီးကြပ်ရေးမှူးကို မကောင်းတဲ့ ထင်မြင်ချက်ပေးမိပြီး ကျွန်တော်အထုတ်ခံလိုက်ရမှာကို ကြောက်လို့ပဲ။ အစက အဆုံးထိ၊ ဘုရားအိမ်တော်ရဲ့ အလုပ်ကို လုံးဝ မစဉ်းစားခဲ့သလို၊ လူသစ်ရဲ့ ဘဝကို ကျွန်တော် ထိခိုက်နစ်နာစေမိခြင်း ရှိမရှိကို လုံးဝ မစဉ်းစားခဲ့ဘူး။ ကိုယ့်ကိုယ်ပိုင် အကျိုးစီးပွားတွေ ထိခိုက်ခြင်း ရှိမရှိနဲ့ ကိုယ့်ပုံရိပ်နဲ့ အဆင့်အတန်းကို ကျွန်တော် ထိန်းသိမ်းနိုင်ခြင်း ရှိမရှိဆိုတာကိုပဲ စဉ်းစားခဲ့တယ်။ ကျွန်တော်က အထူးသဖြင့် တစ်ကိုယ်ကောင်းဆန်ပြီး ကာကွယ်ခဲ့သမျှက ကိုယ့်အကျိုးစီးပွားတွေမှန်း တွေ့ခဲ့ရတယ်။ တကယ်ကို လူ့သဘာဝ မရှိခဲ့သလို ဘုရားက ကျွန်တော့်ကို စက်ဆုပ်မုန်းတီးခဲ့တာပဲ။ ဒါကြောင့် ဘုရားရှေ့ကို လာပြီး ဆုတောင်းခဲ့တယ်၊ “ဘုရားသခင်၊ ကိုယ့်တာဝန်မှာ ကျွန်တော် ဖြစ်သလို လုပ်ခဲ့ပါတယ်၊ ကြောက်စရာ အကျိုးဆက်တွေ ဖြစ်ခဲ့ပြီး အဲဒါကို ဝန်မခံခဲ့ပါဘူး။ ကျွန်တော် စဉ်းစားခဲ့တာက လူသစ်ရဲ့ အသက်တာ မဟုတ်ခဲ့ဘဲ ကိုယ့်ကိုယ်ပိုင် ဂုဏ်သတင်းနဲ့ အဆင့်အတန်း ဖြစ်ခဲ့တယ်။ တကယ်ကို လူ့သဘာဝ မရှိတာပါ။ ဘုရားသခင်၊ ကျွန်တော် နောင်တရချင်ပါတယ်” လို့ပေါ့။

နောက်ပိုင်းမှာ၊ ဘုရားနှုတ်ကပတ်တော်တွေ ပိုဖတ်ပြီး လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းတွေ့ခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “သမ္မာတရားကို ရရှိခြင်းသည် မခက်ခဲသကဲ့သို့ သမ္မာတရားစစ်မှန်မှုသို့ ဝင်ရောက်ခြင်းသည်လည်း မခက်ခဲပေ။ သို့သော် လူတို့သည် သမ္မာတရားကို အစဉ်သဖြင့် စိတ်ကုန်နေလျှင် ၎င်းတို့သည် သမ္မာတရားကို ရရှိနိုင်မည်လော။ မရရှိနိုင်ပေ။ ထို့ကြောင့် သင်သည် ဘုရားသခင်ရှေ့မှောက်သို့ အစဉ်လာရမည်။ သမ္မာတရားကို စိတ်ကုန်သည့် သင်၏ အတွင်းအခြေအနေများကို စစ်ဆေးရမည်။ သမ္မာတရားအားစိတ်ကုန်ခြင်းကို သင်မည်သို့ပြသသည်ကို ကြည့်ရမည်။ အမှုအရာများကို လုပ်ဆောင်ရာတွင် မည်သည့်ပုံစံက သမ္မာတရားကို စိတ်ကုန်ခြင်းဖြစ်ကြောင်း၊ သင်သည် မည်သည့်အရာများ၌ သမ္မာတရားကို စိတ်ကုန်ခြင်းသဘောထားရှိကြောင်းတို့ကို ကြည့်ရမည်။ ဤအရာများကို မကြာခဏ ဆင်ခြင်စဉ်းစားရမည်။(နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ)သင်သည် ဘုရားသခင်နောက်သို့လိုက်ပြီး သင်၏ တာဝန်ကို ကောင်းစွာထမ်းဆောင်လိုလျှင် ရှေးဦးစွာ အမှုအရာများက သင့်သဘောအတိုင်းမဖြစ်သောအခါ စိတ်လိုက်မာန်ပါမလုပ်ဆောင်ရပေ။ ရှေးဦးစွာ စိတ်တည်ငြိမ်အောင်ပြုပြီး ဘုရားသခင်ရှေ့တွင် ငြိမ်သက်ခြင်းရှိလော့။ သင်၏ စိတ်နှလုံးတွင် ဘုရားထံ ဆုတောင်းပြီး ဘုရားထံမှ ရှာဖွေလော့။ ခေါင်းမာခြင်းမရှိနှင့်။ ရှေးဦးစွာ ကျိုးနွံနာခံလော့။ ဤသို့သော စိတ်နေစိတ်ထားဖြင့်သာ ပြဿနာများကို ပိုမိုကောင်းမွန်စွာ ဖြေရှင်းနိုင်သည်။ သင်သည် ဘုရားသခင်ရှေ့မှောက်၌ အသက်ရှင်ရာတွင် ဇွဲလုံ့လရှိလျှင်၊ သင့်အပေါ် မည်သည့်အမှုအရာကျရောက်ပါစေ ဘုရားသခင်ထံဆုတောင်းပြီး ဘုရားသခင်ထံမှ ရှာဖွေနိုင်လျှင်၊ ထိုအမှုအရာကို နာခံသည့်စိတ်ထားနှင့် ရင်ဆိုင်နိုင်လျှင် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ ဖော်ပြချက်များ မည်မျှရှိသည်မှာ အရေးမပါသကဲ့သို့၊ သင်၏ အတိတ်က ပြစ်မှားမှုများကလည်း အရေးမပါပေ။ သမ္မာတရားကိုရှာဖွေခြင်းအားဖြင့် သင် ဖြေရှင်းနိုင်လိမ့်မည်။ သင့်အပေါ်သို့ မည်သည့်စမ်းသပ်မှုများကျရောက်ပါစေ မြဲမြံစွာ ရပ်တည်နိုင်လိမ့်မည်။ သင့်တွင် မှန်ကန်သော စိတ်ထားရှိသရွေ့၊ သမ္မာတရားကို လက်ခံနိုင်ပြီး ဘုရားသခင်၏ သတ်မှတ်ချက်များနှင့်အညီ ဘုရားသခင်ကို နာခံနိုင်လျှင် သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ရန် လုံးဝ တတ်နိုင်သည်။ သင်သည် ရံဖန်ရံခါ အနည်းငယ်ပုန်ကန်ပြီး အာခံနိုင်သော်လည်း၊ တစ်ခါတစ်ရံတွင် ခုခံသောကြောင်းပြချက်များပေးပြီး မနာခံနိုင်သော်လည်း ဘုရားသခင်ထံ ဆုတောင်းပြီး သင်၏ ပုန်ကန်သောအခြေအနေကို ပြောင်းလဲပစ်နိုင်လျှင် သင်သည် သမ္မာတရားကို လက်ခံနိုင်သည်။ ဤသို့ပြုလုပ်ပြီးနောက်တွင် သင့်၌ ထိုပုန်ကန်မှုနှင့် အာခံမှုက အဘယ်ကြောင့်ဖြစ်ပေါ်လာသည်ကို ဆင်ခြင်စဉ်းစားလော့။ အကြောင်းရင်းကိုရှာပြီး ယင်းကိုဖြေရှင်းရန် သမ္မာတရားကို ရှာဖွေလော့။ ပြီးလျှင် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ ထိုလက္ခဏာသွင်ပြင်သည် သန့်စင်ခြင်းခံရနိုင်သည်။ ဤသို့ တိုက်မိ၍ လဲကျခြင်းမှ အနည်းငယ်သက်သာပြီးနောက်တွင် သမ္မာတရားကို သင် လက်တွေ့လုပ်ဆောင်နိုင်သည်အထိ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားက တဖြည်းဖြည်းချင်း ပယ်ရှင်းသွားလိမ့်မည်။ ထို့နောက် သမ္မာတရားသည် သင့်အတွင်း၌ အုပ်စိုးပြီး သင်၏ အသက်ဖြစ်လာလိမ့်မည်။ သင်၏ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းတွင် နောက်ထပ်အတားအဆီး ရှိမည်မဟုတ်ပေ။ သင်သည် ဘုရားသခင်ကို အမှန်တကယ်နာခံလာနိုင်မည်ဖြစ်ပြီး သမ္မာတရားစစ်မှန်မှုကို အသက်ရှင်နေထိုင်လိမ့်မည်။(နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ) ဘုရားနှုတ်ကပတ်တော်ကနေ၊ နားလည်ရတာက သမ္မာတရားကို ငြီးငွေ့တဲ့ စိတ်သဘောထားကို ဖြေရှင်းဖို့၊ ကိုယ့်ကိုယ်ကိုယ် အမြဲ သုံးသပ်ပြီး၊ ကိုယ့်ပြောဆိုချက်၊ လက်တွေ့လုပ်ဆောင်မှု၊ ရည်ရွယ်ချက်၊ သဘောထားနဲ့ အယူအဆတွေက သမ္မာတရားကို ငြီးငွေ့မှု ပြမပြကို ဆန်းစစ်ရမယ် ဆိုတာပဲ။ ကိစ္စတွေ ဖြစ်တဲ့အခါ၊ အဲဒါတွေက ကိုယ်လိုချင်တာနဲ့ ကိုက်ညီလားဆိုတာ အရေးမကြီးဘဲ၊ အရင်ဆုံး ကိုယ့်ကိုယ်ကိုယ် တည်ငြိမ်စေပြီး မခုခံရဘူး။ တခြားလူတွေ ပြောတာကို လက်မခံနိုင်ဘဲ ကိုယ်မှန်ကြောင်းရှင်းဖို့ အကြောင်းရင်းတွေ ရှာနေမိမှန်း တွေ့ရရင်၊ ဘုရားရှေ့ကို လာဖို့၊ ဆုတောင်းပြီး ပိုရှာဖွေဖို့ လိုတယ်၊ ဘုရားနှုတ်ကပတ်တော် ပြောတဲ့အရာကို ကြည့်ပြီး ဘုရားနှုတ်ကပတ်တော်ကို အသုံးပြုရင်းနဲ့ ကိုယ့်ကိုယ်ကိုယ် သုံးသပ်ဖို့လိုတယ်၊ သမ္မာတရား နားလည်တဲ့ ညီအစ်ကို မောင်နှမတွေနဲ့ မိတ်သဟာယကို ရှာဖွေဖို့ လိုတယ်။ ဒီလိုနဲ့၊ သမ္မာတရားကို တဖြည်းဖြည်း လက်ခံနိုင်ပြီး သမ္မာတရား စစ်မှန်မှုတွေထဲ ဝင်ရောက်နိုင်သလို နည်းနည်းချင်း ကိုယ့်ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို စွန့်နိုင်တယ်။ လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းကို နားလည်လိုက်တာနဲ့ ပြောင်းလဲဖို့ ဆုံးဖြတ်လိုက်တယ်။

ဒီလူသစ်ရဲ့ အခြေအနေကို အချိန်မီ မစစ်ဆေးတာက အပြစ်ဖြစ်ပြီးသားဆိုတာ သိတဲ့အခါ၊ ကျွန်တော် အမြန် ပြောင်းလဲလိုက်တယ်။ ကျွန်တော် ကြီးကြပ်တဲ့ ဘယ်လူသစ်ကိုမဆို မသိနိုင်ခဲ့တာ၊ လိုက်မကြည့် နိုင်ခဲ့တာ ရှိမရှိ သိဖို့ စစ်ဆေးတယ်။ လူသစ်တစ်ယောက်နဲ့ စကားစမြည်ပြောနေတုန်းမှာ၊ သခင့်ရဲ့ ပြန်ကြွလာခြင်း၊ ဘုရားအမှုတော် အဆင့်သုံးဆင့်တို့နဲ့ စပ်လျဉ်းတဲ့ သမ္မာတရားကို သူ သိပ်နားမလည်မှန်း တွေ့ရတယ်။ သူ့ကို ဧဝံဂေလိ တရားဟောဆရာက မိတ်သဟာယပြုပေးသင့်ခြင်း ရှိမရှိကို ခေါင်းဆောင်ဆီ ကျွန်တော် မေးခဲ့ပေမဲ့၊ ခေါင်းဆောင်က ကျွန်တော့်ကို မိတ်သဟာယပြုခိုင်းခဲ့တယ်။ လူသစ်ရဲ့ ပြဿနာတွေကို အမြန်ဖြေရှင်းတာက ကျွန်တော့်တာဝန်ဖြစ်မှန်း ကျွန်တော် သိခဲ့ပေမဲ့၊ ခုခံနေခဲ့တုန်းပဲ။ ငြင်းခုံချင်ပြီး မနာခံချင်ခဲ့ဘူး။ ဧဝံဂေလိ တရားဟောဆရာက ရှင်းရှင်းလင်းလင်း မိတ်သဟာယမပြုခဲ့လို့ ဒီလိုဖြစ်ရတာပေါ့။ ဒါကြောင့် လိုက်ကြည့်ဖို့ ကျွန်တော် ဘာလို့ တာဝန်ရှိမှာလဲပေါ့။ အခုဆိုရင်၊ လူသစ်တွေ အများကြီးနဲ့ ကျွန်တော် အချိန်မလောက်ဘူးလေ။ ဒါကြောင့် မိတ်သဟာယပြုတာက ဧဝံဂေလိ တရားဟောဆရာ ဖြစ်သင့်တာလေ။ နောက်တော့ ကျွန်တော့် အခြေအနေက မမှန်မှန်း သဘောပေါက်လိုက်တယ်။ ကျွန်တော့် ခေါင်းဆောင် ပြောတဲ့အရာက သင့်တော်တယ်။ အကြံပြုချက်က မှန်တယ်၊ ဒီတော့ ကျွန်တော် ဘာလို့ လက်မခံနိုင်ခဲ့ရတာလဲ။ ဘာလို့ အရမ်းကို ငြင်းခုံချင်နေတုန်းပဲ ဖြစ်ရတာလဲ။ ဘာလို့ မနာခံနိုင်ခဲ့ရတာလဲ။ ဒါကြောင့် ကိုယ့်ဇာတိ အကျိုးစီးပွားတွေကို မစဉ်းစားဘဲ၊ လူသစ်အတွက် တာဝန်ယူရင်းနဲ့ ကျိုးနွံနာခံရာမှာ ကျွန်တော့်ကို လမ်းပြဖို့ တောင်းလျှောက်ရင်း ဘုရားဆီ ဆုတောင်းခဲ့တယ်။ လူတိုင်းရဲ့ လက်ခံနိုင်စွမ်းက မတူမှန်း ကျွန်တော် သတိရမိတယ်။ လူတချို့က ဧဝံဂေလိ တရားဟောဆရာရဲ့ မိတ်သဟာယကို ကြားပြီး အဲဒီအချိန်မှာ နားလည်သွားပေမဲ့ နောက်ပိုင်းမှာ မရှင်းမလင်း ဖြစ်တယ်။ ဒါက နောက်ဆက်တွဲလုပ်ပြီး ဟာကွက်တွေကို ဖြည့်ဖို့ ရေလောင်းပေးတဲ့ အမှုဆောင်တွေ လိုတယ်။ ဒါဟာ လက်တွဲညီညီ ပူးပေါင်းဆောင်ရွက်ခြင်းပဲ။ ရေလောင်းတဲ့ အမှုဆောင်အနေနဲ့ ပြဿနာတွေကို တွေ့တဲ့အခါ ဖြေရှင်းပေးဖို့က ကျွန်တော့် အလုပ်ပဲ။ ကျွန်တော် ဇီဇာမကြောင်သင့်ဘူး၊ အလွယ်မလိုက်သင့်ဘူး၊ တခြားလူတွေကို ခက်တဲ့ ပြဿနာတွေ မပေးသင့်သလို၊ ပြဿနာကို ချန်ထားပြီး စိတ်အေးလက်အေး ဖြစ်ဖို့ပဲ မကြိုးပမ်းသင့်ဘူး။ အခြေအနေအပေါ် မလျှော့တမ်း မပြောသင့်ဘူး၊ ကိုယ့်တာဝန်မှာ ဆင်ခြေတွေ မပေးသင့်ဘူး။ လူသစ်တစ်ယောက်ကို တာဝန်ပေးခံရရင်၊ သူတို့ကို ကောင်းကောင်း‌ ရေလောင်းပေးဖို့၊ သမ္မာတရားကို သူတို့နားလည်ပြီး မှန်တဲ့ လမ်းခရီးမှာ အုတ်မြစ်ချတာ သေချာစေဖို့က ကျွန်တော့် တာဝန်ပဲ။ ဒါက ဘုရားရဲ့ စေခိုင်းချက်၊ ကျွန်တော့် တာဝန်ပဲ။ ဒါက သမ္မာတရားကို အစစ်အမှန် လက်တွေ့လုပ်ပြီး တကယ့်ပြောင်းလဲမှုပဲ။ အဲဒီအချိန်မှာ ကျွန်တော့် စိတ်နှလုံး အားတက်သွားတယ်။ အစည်းအဝေး ပြီးသွားတော့၊ ဒီလူသစ်ကို ရှာပြီး သူ့ပြဿနာနဲ့ပတ်သက်လို့ မိတ်သဟာယပြုဖို့သွားခဲ့တယ်။ ဒီလို လက်တွေ့လုပ်ရင်းနဲ့၊ ဘာခုခံမှုမှ ကျွန်တော် မခံစားခဲ့ရရုံမက၊ တော်တော်လေး ပျော်ခဲ့တယ်။ သမ္မာတရားကို လက်တွေ့လုပ်တာက အပြင်ပန်း လုပ်ရပ်တစ်ခု မဟုတ်မှန်း ကျွန်တော် နားလည်သွားတယ်။ အဲဒီအစား၊ အဲဒါက ဘုရားနှုတ်ကပတ်တော်တွေကို စိတ်နှလုံးကနေ လက်ခံခြင်း၊ သမ္မာတရား စည်းမျဉ်းတွေအပေါ် ဆောင်ရွက်ခြင်းနဲ့ လူတွေနဲ့ ကိစ္စတွေကို မြင်ပုံ၊ ဆောင်ရွက်၊ ပြုမူပုံအတွက် စံအနေနဲ့ ဘုရားနှုတ်ကပတ်တော်ကို အသုံးပြုခြင်း သဘောပါပဲ။ ဒီလိုနဲ့ ကျွန်တော်တို့ရဲ့ မမှန်တဲ့ ရည်ရွယ်ချက်နဲ့ အမြင်တွေ၊ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေဟာ မသိလိုက်ဘဲ ဘုရားနှုတ်ကပတ်တော်၊ သမ္မာတရားနဲ့ အစားထိုးခံရပါလိမ့်မယ်။

အဲဒီနောက်မှာ တွေးလေ၊ ဖော်ထုတ်ခံရတာ၊ ပြု ပြင်ပြီး ကိုင်တွယ်ဖြေရှင်းခံရတာက လုံးဝ လိုအပ်မှန်း ကျွန်တော် ခံစားရလေပဲ။ သမ္မာတရားကို ကျွန်တော်တို့ မလိုက်စားရတဲ့ အဓိကအကြောင်းရင်က ခေါင်းမာပြီး သမ္မာတရားကို ငြီးငွေ့တဲ့ စိတ်သဘောထားတွေ ရှိကြလို့ဖြစ်မှန်း ဘုရားက ပြောပြတယ်။ ဒါပေမဲ့ ကျွန်တော့်အထဲက ဒီစိတ်သဘောထားမျိုးနဲ့ဆိုင်တဲ့ အသိမရှိခင်တုန်းက၊ ကျွန်တော့်ကို ထုတ်ဖော်ပြဖို့ ဘုရားက အခြေအနေတစ်ခု မစီစဉ်ခဲ့ရင်၊ သူ့နှုတ်ကပတ်တော်နဲ့ တရားစီရင်ပြီး ထုတ်ဖော်မပြခဲ့ရင်၊ သမ္မာတရားကို ငြီးငွေ့တဲ့ ကျွန်တော့်ရဲ့ စိတ်သဘောထားကို ကျွန်တော် လုံးဝ သတိထားမိမှာ မဟုတ်သလို၊ လုံးဝ နောင်တရပြီး ပြောင်းလဲမှာ မဟုတ်ဘူး။ ဒီလိုဆက်လုပ်တာက ကျွန်တော့်ရဲ့ သမ္မာတရား လိုက်စားမှုနဲ့ အသက်တာ ကြီးထွားမှုကို ကြီးကြီးမားမား တားဆီးခဲ့မှာ။ ဘုရားနှုတ်ကပတ်တော်ရဲ့ ထုတ်ဖော်ပြချက်နဲ့ တရားစီရင်ခြင်းက သိပ်ကောင်းတယ်။ ဘုရားကျေးဇူးတော်ပဲ။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

တိတ်ဆိတ်ခြင်း၏နောက်ကွယ်

လိဂျီး ဂရိနိုင်ငံကျွန်မက စကားများများ ပြောလေ့ရှိသူ တစ်ဦး မဟုတ်သကဲ့သို့ ကျွန်မ စိတ်ထဲရှိသည့်အတိုင်း မကြာခဏ ရင်ဖွင့်လေ့လည်း မရှိပါ။ ကျွန်မက...

ငြူစူသော သဘောမူကား၊ အရိုး ဆွေးမြည့်ခြင်းအကြောင်းဖြစ်၏

ဆုဝမ် တရုတ်နိုင်ငံ ၂၀၂၀ ခုနှစ် နိုဝင်ဘာလမှာ၊ ရေလောင်းအဖွဲ့ ခေါင်းဆောင်အနေနဲ့ ကျွန်မ အရွေးခံရတယ်၊ ကျွန်မ အရမ်းပျော်မိခဲ့တယ်။...

အခြားသူများကို သက်ညှာခြင်း နောက်ကွယ်တွင် တည်ရှိသည့်အရာ

ဖိန်းကန်း ကိုးရီးယားနိုင်ငံ ပြီးခဲ့တဲ့ လအနည်းငယ်တုန်းက၊ ခေါင်းဆောင်က အစ်ကိုကော်နာနဲ့ ကျွန်တော့်ကို ရေလောင်းတဲ့အလုပ် ကြီးကြပ်ဖို့...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။