ရောဂါကျွမ်းနေသော လူနာတစ်ဦး၏ ဆင်ခြင်သုံးသပ်ချက်များ
၂၀၁၃ခုနှစ်၊ ဇွန်လမှာ၊ ကျွန်မရာသီလာက ဆယ်ရက်ကျော်ကြာခဲ့ပြီး၊ သွေးခဲကြီးတွေ တချို့ ပါဆင်းတယ်။ အဲဒီတုန်းက၊ ကျွန်မရဲ့ ညာဘက်ဝမ်းဗိုက်အောက်မှာ...
ဘုရား၏ ပေါ်ထွန်းခြင်းကို တောင့်တသည့် ရှာဖွေသူများအားလုံးကို ကျွန်ုပ်တို့ကြိုဆိုပါသည်။
၂၀၂၀ခုနှစ်၊ စက်တင်ဘာလမှာ ကျွန်မက ဓမ္မတေးအသံပိုင်းဆိုင်ရာ ထုတ်လုပ်ရေးနောက်ပိုင်း အလုပ်တွေကို ညှိနှိုင်းဆောင်ရွက်ဖို့ တာဝန်ယူရတယ်။ အဖွဲ့မှာရှိတဲ့ ကြီးကြီးငယ်ငယ်ကိစ္စတွေအကုန်လုံးကို ကျွန်မ တာဝန်ယူဆောင်ရွက်ခဲ့တယ်။ ပြီးတော့ အဖွဲ့ခေါင်းဆောင်က ကိစ္စအမျိုးမျိုးကို ကျွန်မနဲ့ တိုင်ပင်ဆွေးနွေးတယ်။ ညီအစ်ကိုမောင်နှမတွေကလည်း သူတို့အခြေအနေတွေနဲ့ အခက်အခဲတွေကို ကျွန်မနဲ့ ဆွေးနွေးချင်စိတ်ရှိကြတယ်။ အဖွဲ့ခေါင်းဆောင်ကပြောတယ်။ “ဒီနှစ်တွေတစ်လျှောက် ငါတို့အဖွဲ့မှာ စီစဉ်ဆောင်ရွက်ပေးတဲ့သူတွေ လာလိုက်ကြ၊ ပြန်လိုက်ကြပဲ။ ဒါပေမဲ့ ခင်ဗျားတို့က ဒီမှာ အစေခံခဲ့တာ အကြာဆုံးလူတွေပဲ။ ခင်ဗျားတို့က အလုပ်ရဲ့ ကဏ္ဍအကုန်လုံးကို ကောင်းကောင်းစီမံနိုင်ပြီး တော်တော်ကို ညှိုနှိုင်းပြီးလုပ်နိုင်စွမ်းရှိပါတယ်” တဲ့။ တစ်ခါတလေမှာ ညီအစ်ကိုမောင်နှမတွေနဲ့ ကျွန်မ မိတ်သဟာယဖွဲ့တော့ သူတို့ထဲကတစ်ချို့က “အစ်မနဲ့ မိတ်သဟာယဖွဲ့ရတာ ကျွန်မစိတ် တော်တော်ကိုပိုပြီးရှင်းသွားတာပဲ” လို့ ပြောကြတာကို ကျွန်မ ကြားရတယ်။ ဒီလိုစကားမျိုးကိုကျွန်မကြားတဲ့အခါတိုင်းမှာ တော်တော်ကျေနပ်တယ်။ ကျွန်မက ဒီတာဝန်အတွက် အသင့်တော်ဆုံးသူဖြစ်တယ်၊ ကျွန်မ ဖြစ်တည်မှုရဲ့ တန်ဖိုးကို အကောင်းဆုံး ပုံဖော်ပြတယ်လို့ ထင်ခဲ့တယ်။ ဒါကြောင့်မို့ ဒီတာဝန်ကို ကျွန်မ တော်တော်ခုံမင်နှစ်သက်တယ်။
မျှော်လင့်မထားဘဲ ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလမှာ အလုပ်လိုအပ်ချက်တွေကြောင့် ကျွန်မက သီချင်းအသံသွင်းအဖွဲ့ဆီကို တာဝန်ပြောင်းရွှေ့ခံရတယ်။ ကျွန်မ သီချင်းတစ်ပုဒ်မှ အသံမသွင်းဖြစ်ခဲ့တာ လေးနှစ်ကျော်သွားပြီ။ အဲဒါနဲ့ တချို့ ကျွမ်းကျင်မှုတွေနဲ့ နည်းပညာတွေကို အစကစပြီး သင်ရတယ်။ ကျွန်မက အဖွဲ့မှာ ကျွမ်းကျင်မှုအနည်းဆုံးသူ ဖြစ်လာတယ်။ အရင်တုန်းက ကျွန်မက စီစဉ်ဆောင်ရွက်သူတစ်ယောက်အနေနဲ့ တခြားအဖွဲ့သားတွေက ကိစ္စအမျိုးမျိုးနဲ့ပတ်သက်ပြီး ကျွန်မကို အကြံဉာဏ်တောင်းဖို့ လာကြတယ်။ အခုတော့ ကျွန်မက အကုန်လုံး သူများတွေကို မေးရတယ်။ အဖွဲ့ထဲက ဘယ်သူမဆိုက ကျွန်မအလုပ်မှာ ကျွန်မဆီလာပြီး လမ်းညွှန်ပေးနိုင်တယ်။ ကျွန်မ အားနည်းချက်တွေကို ထောက်ပြနိုင်တယ်။ ဒီဟာကြောင့် ကျွန်မ တော်တော်အနေရအထိုင်ရခက်တယ်။ ကျွန်မ တွေးမိတယ်။ “ငါဟာ သူများတွေအတွက် အလုပ်တွေ စီစဉ်ပေးခဲ့ရတဲ့သူပါ၊ ဒါပေမဲ့ အခုများတော့ လူတိုင်းက ငါ့ကို ညွှန်ကြားလို့ရပြီ။ ငါ့မျက်နှာကို ဘယ်နားမှာ ဝှက်ထားလို့ရမလဲ။ ညီအစ်ကိုမောင်နှမတွေက ငါ့ကို ဘယ်လိုထင်မလဲ။ ဖြစ်မှာမဟုတ်ပါဘူး။ သီချင်းဆိုတာကို ကြိုးကြိုးစားစားနဲ့ လေ့ကျင့်ဖို့လိုတဲ့အပြင် ငါ့ကျွမ်းကျင်မှုတွေကို ဖြစ်နိုင်သမျှအမြန်ဆုံး တိုးတက်အောင် ကြိုးစားရမယ်။ ဒါဆိုရင် သူများတွေက ငါ့ပြဿနာတွေကို အမြဲတမ်း ထောက်ပြနေမှာမဟုတ်ဘူး” ပေါ့။ ကျွန်မ အားထုတ်ပေမဲ့ ကျွန်မရဲ့ သီချင်းဆိုနည်းတွေက ပြဿနာတွေအများကြီး ရှိနေတုန်းပဲ။ သံစုံကျူးအဖွဲ့ ဗီဒီယိုတွေ ရိုက်တဲ့အချိန်မှာ ဒီလိုပဲ ဖြစ်တယ်။ ဗီဒီယိုရိုက်တာမှာ ကျွန်မ ဝင်မပါတာ တော်တော်ကြာနေပြီဆိုတော့ ကျွန်မ အမူအရာတွေက သဘာဝမကျတဲ့ပုံပေါက်နေတယ်။ ကျွန်မ ကြိုးစားလေ့ကျင့်ပေမဲ့ နောက်ခံလူတွေထဲက တစ်ယောက်အနေနဲ့ နောက်ဆုံးတန်းမှာပဲ ရပ်ရတယ်။ သီချင်းတစ်ပုဒ်လုံးမှာ ကျွန်မ ပါတဲ့ ရိုက်ကွက်မရှိသလောက်ပဲ။ ဒီဟာကြောင့် ကျွန်မ ပိုပြီးတော့ စိတ်မချမ်းမသာဖြစ်တယ်။ ကျွန်မ စဉ်းစားတယ်။ “ငါက သီချင်း ကောင်းကောင်းမဆိုနိုင်ဘူး။ ကောင်းကောင်း မတင်ဆက်နိုင်ဘူး။ ငါက ကဏ္ဍတိုင်းမှာ အဆိုးဆုံးပဲ။ ဘယ်လောက်ပဲ ကြိုးစားကြိုးစား၊ သူများတွေကို လိုက်မမီနိုင်ဘူး။ ငါက အမြဲတမ်း နောက်မှာပဲနေဖို့ ကံပါလာတာလား။ ဒါဆိုရင် ဒီတာဝန်ကို ထမ်းဆောင်ရတာရဲ့ တန်ဖိုးက ဘာလဲ။ ဘယ်သူ့ကိုမဆို ငါ ဘယ်လိုရင်ဆိုင်နိုင်မလဲ” ပေါ့။ ကျွန်မရဲ့ အရင်က “ဂုဏ်ကျက်သရေ” ကို တွေးပြီး ကျွန်မရဲ့ လက်ရှိ “ကျဆုံးမှု” နဲ့ နှိုင်းယှဉ်ကြည့်တော့ နာကြည်းပြီး ငိုမိတယ်။ ဒီအခြေအနေကြောင့် ကျွန်မ တော်တော်စိတ်ဆင်းရဲပြီး ဖိနှိပ်ချုပ်ချယ်ခံရသလို ခံစားမိတယ်။ စိတ်ထက်သန်မှုတွေအားလုံး ပျောက်သွားပြီး အဖွဲ့ကနေ ထွက်ဖို့တောင် တွေးမိတယ်။ စီစဉ်ဆောင်ရွက်သူအနေနဲ့ ကျွန်မရဲ့ နေ့ရက်တွေကို ကျွန်မ ပိုပြီးတော့ လွမ်းတယ်။ တစ်နေ့ကျရင် အဲဒီနေရာကို ပြန်ရဖို့ အမြဲတမ်း စိတ်ကူးယဉ်တယ်။ ဒါဆိုရင် ကျွန်မ ဒီလို နာကျင်နေမှာမဟုတ်ဘူး။ ဒါဆိုရင် ကျွန်မတာဝန်ကို စိတ်အေးလက်အေးလုပ်နိုင်တယ်။ သူများတွေရဲ့ အလုပ်တွေကို ပုံစံတကျ စီမံနိုင်တယ်။ ညီအစ်ကိုမောင်နှမတွေက အထင်ကြီးလေးစားတာကို ဆက်ပြီး ခံစားနိုင်တယ်။ ကျွန်မ အခြေအနေက မမှန်တာကို ကျွန်မ သိခဲ့ပါတယ်။ နာကျင်နေရင်းနဲ့ ဆုတောင်းဖို့အတွက် ဘုရားရှေ့ကို ကျွန်မလာပြီး ဒီအခြေအနေကနေ ကျွန်မကို ခေါ်ဆောင်ဖို့ ဆုတောင်းခဲ့တယ်။
ကျွန်မ ဝတ်ပြုချိန်မှာ တွေးနေမိတယ်။ တာဝန်အသစ်တစ်ခုမှာ အတတ်ပညာပိုင်းဆိုင်ရာတွေကို ရင်းရင်းနှီးနှီး ကျွမ်းကျွမ်းကျင်ကျင် မရှိတာက ပုံမှန်ပါပဲ။ ညီအစ်ကိုမောင်နှမတွေကလည်း ကျွန်မနဲ့ မိတ်သဟာယဖွဲ့တယ်။ စိတ်မပူဖို့ အားပေးတယ်။ လေ့ကျင့်တာ အချိန်ကြာလာရင် တိုးတက်လိမ့်မယ်လို့ ပြောတယ်။ သူများတွေအတွက် ပုံမှန်ဖြစ်ပုံရတဲ့ဟာတွေက ကျွန်မအတွက်ကျတော့ ဘာကြောင့် ခဏခဏ အပျက်သဘောဆောင်ပြီး ထွက်ပြေးချင်အောင်တောင် ဖြစ်ရတာလဲ။ ဒီ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ဖတ်တယ်။ “မည်သူတစ်ယောက်ကိုမျှ မိမိတို့ကိုယ်ကို စုံလင်သည် ခံ့ညားသည်၊ မြင့်မြတ်သည် သို့မဟုတ် အခြားသူများနှင့် ကွဲပြားခြားနားသည်ဟု မတွေးထင်စေနှင့်။ ဤအရာအားလုံးသည် လူသား၏ မာနထောင်လွှားသော စိတ်သဘောထားနှင့် မသိနားမလည်ခြင်းတို့အားဖြင့် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ မိမိကိုယ်ကို အထူးသီးသန့်ဖြစ်သည်ဟု အမြဲတမ်း တွေးထင်ခြင်းဟူသည်မှာ မာနထောင်လွှားသည့် စိတ်သဘောထားတစ်ခုက ဖြစ်စေသည်။ မိမိတို့၏ အားနည်းချက်များကို မည်သည့်အခါမျှ လက်ခံနိုင်ခြင်းမရှိဘဲ မိမိတို့၏ အမှားများနှင့် ရှုံးနိမ့်မှုများကို မည်သည့်အခါမျှ ထိပ်တိုက် ရင်ဆိုင်နိုင်ခြင်း မရှိခြင်းဖြစ်သည့် ဤအရာကို မာနထောင်လွှားသည့် စိတ်သဘောထားတစ်ခု အားဖြင့် ဖြစ်စေသည်။ အခြားသူများ၏ အားသာချက်များကို မိမိထက်ပို၍ မကျော်စေခြင်း သို့မဟုတ် မသာလွန်စေခြင်း ဖြစ်သည့် ဤအရာကို မာန ထောင်လွှားသည့် စိတ်သဘောထားတစ်ခု အားဖြင့် ဖြစ်စေသည်။ အခြားသူများကို မိမိတို့ထက်ပို၍ သာလွန်သွားဖို့ဖြစ်စေ၊ ပိုကောင်းသွားဖို့ဖြစ်စေ မည်သည့်အခါမျှ ခွင့်မပြုပေ။ ဤအရာကို မာနထောင်လွှားသည့် စိတ်သဘောထားတစ်ခုက ဖြစ်စေသည်။ အခြားသူများကို မိမိတို့ထက် ပို၍ကောင်းသော အတွေးအခေါ်များ၊ အကြံပြုချက်များနှင့် အမြင်ရှုထောင့်များ မည်သည့်အခါမျှ ရှိခွင့်မပြု၊ ပြီးလျှင် ၎င်းတို့က အခြားသူများသည် မိမိတို့ထက် ပိုကောင်းသည်ကို တွေ့ရှိလာသည့်အခါတွင်လည်း အပျက်သဘောဆောင်လာကာ စကားပြောဖို့ ဆန္ဒမရှိဘဲ၊ စိတ်သောကရောက်ပြီး စိတ်ပျက် အားလျော့ကာ စိတ်ညစ်လာကြသည်။ ဤအရာများ အားလုံးသည် မာနထောင်လွှားသည့် စိတ်သဘောထားကြောင့် ဖြစ်ပေါ်ခြင်း ဖြစ်သည်။ မာနထောင်လွှားသည့် စိတ်သဘောထားတစ်ခုသည် သင့်ကို အခြားသူများ၏ အမှားပြုပြင်မှုကို လက်ခံနိုင်စွမ်း မရှိစေဘဲ သင်၏ အားနည်းချက်များကို ထိပ်တိုက်ရင်ဆိုင်နိုင်စွမ်း မရှိဖြစ်စေကာ သင်ကိုယ်တိုင်၏ ရှုံးနိမ့်ခြင်းများနှင့် အမှားများကို လက်ခံနိုင်စွမ်း မရှိစေဘဲ သင်၏ ဂုဏ်သတင်းကို ကာကွယ်စေနိုင်သည်။ ထို့အပြင် တစ်စုံတစ်ယောက်က သင့်ထက် ပိုသာသည့်အခါ ယင်းက သင်၏ စိတ်နှလုံးတွင် အမုန်းတရားနှင့် မနာလိုစိတ်များ ပေါ်ပေါက်စေနိုင်ပြီး သင်သည် ဘောင်ခတ်ခံရနိုင်သည်မှာ သင်၏တာဝန်ကို ထမ်းဆောင်ဖို့ ဆန္ဒမရှိတော့ဘဲ ထိုတာဝန်ကို ထမ်းဆောင်ရာတွင် ဝတ်ကျေတမ်းကျေ ဖြစ်လာသည်အထိပင် ဖြစ်တော့သည်။ မာနထောင်လွှားသည့် စိတ်သဘောထားတစ်ခုသည် ဤအပြုအမူများနှင့် အလေ့အကျင့်များကို သင်၌ ပေါ်ပေါက်စေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ပြုမူနေထိုင်ခြင်းတွင် ရှိထားသင့်သည့် စည်းမျဉ်းများ) ဘုရားနှုတ်ကပတ်တော်တွေနဲ့ ကိုယ့်ကိုယ်ကိုယ် ယှဉ်ကြည့်ပြီး ပြန်သုံးသပ်ခဲ့တယ်။ ကျွန်မရဲ့ သဘာဝက မာနထောင်လွှားလွန်းတယ်ဆိုတာကို နားလည်လာတယ်။ အရင်နှစ်နှစ်မှာ ကျွန်မရဲ့ ညှိုနှုင်းရေးတာဝန်မှာ အတွေ့အကြုံတစ်ချို့ရခဲ့ပြီး ရလဒ်တချို့ ရခဲ့တယ်။ ဒီဟာကြောင့် ကျွန်မက ကျွန်မအလုပ်မှာ တော်ပြီး အစွမ်းအစရှိတယ်၊ ဘယ်အုပ်စုမှာမဆို အမြဲတမ်းခေါင်းဆောင်ဖြစ်တယ်လို့ ထင်ခဲ့တယ်။ သူများတွေအတွက် အလုပ်စီစဉ်ပေးတာက ကျွန်မဖြစ်သင့်ပြီး ဒါနဲ့ ပြောင်းပြန်မဖြစ်သင့်ဘူးလို့ ကျွန်မ ယုံကြည်ခဲ့တယ်။ ကျွမ်းကျင်မှုအသစ်တွေကို သင်ဖို့လိုတဲ့ တာဝန်တစ်ခုကို ရွှေ့ပြောင်းတာဝန်ပေးခံရပြီးတဲ့နောက်မှာတောင် ကျွန်မက တခြားလူတိုင်းထက်ပိုပြီး မြန်အောင် သင်ယူရမယ်လို့ ခံစားမိတယ်။ တခြားအဖွဲ့သားတွေက သူတို့သီချင်းဆိုတာနဲ့ပတ်သက်လို့ အခက်အခဲဖြစ်ပြီး သူတို့အသံကို လူတိုင်းနဲ့ တဖြည်းဖြည်းချင်း လိုက်ဖက်အောင် လနဲ့ချီပြီးတော့၊ ဒါမှမဟုတ် ဒီထက်ပိုပြီးတော့တောင် လေ့ကျင်ခဲ့ရတာ။ ဒါပေမဲ့ ကျွန်မက နှစ်ပတ်၊ သုံးပတ်အတွင်းမှာ သူတို့ကို လိုက်မီဖို့ ကိုယ့်ကိုယ်ကိုယ် မျှော်လင့်ခဲ့တယ်။ ဒီမျှော်မှန်းချက်အတိုင်းဖြစ်အောင် မလုပ်နိုင်တဲ့နောက်မှာ ကျွန်မ စိတ်မချမ်းမသာဖြစ်ပြီး အပျက်သဘောဆောင်တယ်။ ရုပ်ရှင်ရိုက်နေတုန်းမှာ ကျွန်မထက်ပိုသာတဲ့ အမူအရာတွေနဲ့ အခြေအနေတွေရှိတဲ့ ညီအစ်ကိုမောင်နှမတွေကို ကျွန်မ မြင်တဲ့အချိန်မှာလည်း အနေရအထိုင်ရခက်တယ်။ ကျွန်မက ရိုက်ကွက်တွေအများကြီးမှာ မပါတဲ့အခါ အပျက်သဘောဆောင်လာပြီး ကျွန်မရဲ့ သီချင်းဆိုတာဝန်ကို လက်လျှော့ဖို့တောင် တွေးမိတယ်။ သူများတွေအတွက် ပုံမှန်ပဲလို့ ထင်ရတဲ့ ပတ်ဝန်းကျင်တစ်ခုမှာ ကျွန်မဆက်ပြီး မသွားနိုင်ခဲ့ဘူး။ သေးငယ်တဲ့ အနှောင့်အယှက်၊ ဒါမှမဟုတ် အခက်အခဲတစ်ခုကြောင့်တောင် ကျွန်မက ကိုယ့်တာဝန်တွေကို ရှောင်ချင်ပြီး တာဝန်ကို စွန့်ပစ်ချင်တယ်။ ကျွန်မက တကယ်ကို မာနထောင်လွှားပြီး အသိစိတ်ကင်းမဲ့ခဲ့တာပါ။ ညီအစ်ကိုမောင်နှမတွေက လမ်းပြပြီး အကူအညီပေးတဲ့အခါ ကျွန်မက ကောင်းကောင်း သဘောမထားနိုင်ခဲ့ဘူး။ ဒါက ကျွန်မရဲ့ မာနကိုတောင် ထိခိုက်တယ်လို့ ခံစားမိခဲ့တယ်။ ကျွန်မရဲ့ စိတ်သောကနဲ့ အပျက်သဘောဆောင်မှုက ဘုရားသခင်ကို ကျေနပ်စေဖို့ ကျွန်မတာဝန်ကို လုံလုံလောက်လောက် မထမ်းဆောင်တာကြောင့်မဟုတ်ဘဲ ကျွန်မက အဖွဲ့မှာ အဆိုးဆုံးဖြစ်ပြီး ညီအစ်ကိုမောင်နှမတွေရဲ့ လေးစားမှု၊ ချီးမွမ်းမှုကို မရတာကြောင့်ပဲဆိုတာကို သဘောပေါက်ခဲ့တယ်။ နောက်တော့ နောက်ထပ် ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ ဖတ်တယ်။ “လူများအား ၎င်းတို့ကို အထင်ကြီးစေခြင်းနှင့်ပတ်သက်သည့် ၎င်းတို့၏ အကြောင်းရင်းမှာ အဘယ်နည်း။ (ထိုသို့သောလူများ၏ စိတ်များထဲတွင် ဂုဏ်အဆင့်အတန်း ပေးအပ်ခံရဖို့ဖြစ်သည်။) အခြားလူတစ်ဦး၏ စိတ်ထဲတွင် သင့်ကို ဂုဏ်အဆင့်အတန်း ပေးအပ်သည့်အခါ၊ ထို့နောက်တွင် ၎င်းတို့သည် သင်နှင့် အပေါင်းအဖော်ပြုသည့်အခါ၊ ၎င်းတို့သည် သင့်အပေါ် ရိုသေကြပြီး သင့်ကို ၎င်းတို့ စကားပြောသည့်အခါ အထူးသဖြင့် ယဉ်ကျေးကြသည်။ ၎င်းတို့သည် သင့်အပေါ် အစဉ် ကြည်ညိုလေးစားကြသည်၊ အရာအားလုံး၌ သင့်အား အစဉ် ဦးစားပေးကြသည်၊ ၎င်းတို့က သင့်အား အလျှော့ပေးကြပြီး သင့်အား မြှောက်ပင့်ကာ နာခံကြသည်။ အရာရာတွင် ၎င်းတို့က သင့်အား ရှာဖွေပြီး သင့်အား ဆုံးဖြတ်ချက်များ ချခွင့်ပြုကြသည်။ ပြီးလျှင် ဤအရာမှ သင်သည် သာယာကြည်နူးစိတ်ကို ရရှိသည်။ သင်သည် ပို၍ ဩဇာကြီးမားပြီး အခြားလူတိုင်းထက် ပိုသာသည်ဟု ခံစားရသည်။ လူတိုင်းက ဤခံစားချက်ကို နှစ်သက်ကြသည်။ ဤသည်မှာ လူတစ်ဦး၏စိတ်နှလုံးထဲတွင် အဆင့်အတန်းရှိခြင်း ခံစားချက်ဖြစ်သည်။ လူများက ဤအရာတွင် စိတ်အလိုလိုက်လိုကြသည်။ ဤသည်မှာ လူများက အဆင့်အတန်းအတွက် ယှဉ်ပြိုင်ကြသည့် အကြောင်းအရင်းဖြစ်ပြီး အားလုံးသည် အခြားလူများ၏ စိတ်နှလုံးထဲတွင် အဆင့်အတန်း ပေးအပ်ခံလိုကြသည်။ အခြားသူများ၏ အထင်ကြီးခြင်းနှင့် ကိုးကွယ်ခြင်းတို့ကို ခံလိုကြသည်။ ၎င်းတို့သည် ယင်းမှ ထိုမျှပျော်ရွှင်မှုကို မရရှိနိုင်လျှင် အဆင့်အတန်းကို လိုက်စားကြမည် မဟုတ်ချေ။ ဥပမာအားဖြင့် သင်သည် လူတစ်ဦး၏ စိတ်ထဲတွင် အဆင့်အတန်း မရှိလျှင် ၎င်းတို့သည် သင့်ကို အဆင့်အတန်းတစ်ပြေးညီ ထိတွေ့ရင်ဆိုင်ကာ သင့်ကို တန်းတူကဲ့သို့ ဆက်ဆံကြမည်။ သူတို့သည် လိုအပ်သည့်အခါတွင် သင့်ကို ဆန့်ကျင်ကြလိမ့်မည်။ ၎င်းတို့သည် သင့်အပေါ် ယဉ်ကျေးမှုရှိမည်မဟုတ်၊ သို့မဟုတ် လေးစားမည်မဟုတ်။ သင်သည် စကားပြော၍ မပြီးဆုံးသေးခင်၌ပင် ထွက်ခွာသွားကောင်း သွားနိုင်သည်။ သင် စိတ်ဆိုးမည်လော။ လူတို့က သင့်ကို ဤသို့ဆက်ဆံသောအခါ သင်မကြိုက်ပေ။ သူတို့ သင့်ကို မြှောက်ပင့်သောအခါ၊ သင့်ကို လေးစားပြီး သင့်ကို အချိန်တိုင်း ကိုးကွယ်သောအခါ သင်သဘောကျသည်။ သင်သည် အရာအားလုံး၏ အချက်အချာဖြစ်သောအခါ၊ အရာအားလုံးက သင့်ကို ဝန်းရံပြုသောအခါ၊ ထို့ပြင် လူတိုင်းက သင့်ကို နားထောင်သောအခါ၊ သင့်ကို လေးစားပြီး သင်၏ လမ်းညွှန်မှုကို ကျိုးနွံနာခံသောအခါ ယင်းကို သင်နှစ်သက်သည်။ ဤသည်မှာ ရှင်ဘုရင်အဖြစ် စိုးစံ၍ အာဏာရလိုသော ဆန္ဒမဟုတ်လော။ သင်၏ စကားလုံးများနှင့် လုပ်ဆောင်ချက်များသည် အဆင့်အတန်းကို လိုက်စားခြင်းနှင့် ရယူခြင်းက တွန်းအားပေးခြင်းခံရပြီး ယင်းအတွက် အခြားသူများနှင့် ယှဉ်ပြီး လုယူကာ ပြိုင်ဆိုင်လေသည်။ သင်၏ပန်းတိုင်က ရာထူးနေရာတစ်ခုကို အရယူပြီး ဘုရားသခင် ရွေးချယ်ထားသော လူတို့အား သင်၏စကားကို နားထောင်စေရန်၊ သင့်ကို ထောက်ခံစေရန်နှင့် ကြည်ညိုကိုးကွယ်စေရန် ဖြစ်သည်။ ထိုရာထူးကို သင်အရယူပြီးသည်နှင့် သင်သည် သြဇာအာဏာရရှိပြီး အဆင့်အတန်း၏ အကျိုးအမြတ်များ၊ အခြားသူများထံမှ အထင်ကြီးလေးစားမှုသာမက ထိုရာထူးနှင့် အတူပါလာသည့် အခြားသော အကျိုးကျေးဇူးများကို ခံစားနိုင်မည်ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ပြုမူနေထိုင်ခြင်းတွင် ရှိထားသင့်သည့် စည်းမျဉ်းများ) ဘုရားနှုတ်ကပတ်တော်ကို ဖတ်ပြီးတဲ့နောက်မှာ ကျွန်မ အရမ်းကို တို့ထိခြင်းခံရပြီး ချက်ချင်းနားလည်သွားတာက ကျွန်မရဲ့ အရင်က စီစဉ်ဆောင်ရွက်ရေးတာဝန်ကို လက်လွှတ်ဖို့ တွန့်ဆုတ်နေတာက အရမ်းကို အထင်ကြီးလေးစားခံချင်တဲ့ ဆန္ဒနဲ့ အဆင့်အတန်းရဲ့ အကျိုးအမြတ်တွေကို တပ်မက်တာကနေ အရင်းခံတယ်ဆိုတာပဲ။ အရင်အဖွဲ့မှာနေခဲ့တဲ့ ကျွန်မအချိန်ကို ပြန်ဆင်ခြင်သုံးသပ်ကြည့်တော့ အကုန်လုံးကို ကျွန်မ ကောင်းကောင်းစီစဉ်တဲ့အခါမှာ လူတိုင်းက ချီးမွမ်းတာကို ကျွန်မ ခံရတယ်။ နောက်ပြီးတော့ ညီအစ်ကိုမောင်နှမတွေက ကျွန်မ ထင်မြင်ချက်တွေကို လေးစားတယ်။ အဖွဲ့ခေါင်းဆောင်က ကျွန်မနဲ့ ကိစ္စတွေအကုန်လုံးကို ဆွေးနွေးတယ်။ လူတိုင်းက အရမ်းကို ယဉ်ယဉ်ကျေးကျေးနဲ့ စကားပြောတယ်။ ဒီလိုပတ်ဝန်းကျင်မျိုးမှာ ကျွန်မက အရေးကြီးတယ်လို့ တော်တော်လေးခံစားမိတယ်။ လူတိုင်းဆီက အာရုံစိုက်မှုနဲ့ လေးစားမှုကို ရတယ်။ အဲဒီခံစားချက်ကို ကျွန်မ တော်တော်နှစ်သက်တယ်။ သီချင်းဆိုတဲ့တာဝန်ကို စပြီးတဲ့နောက်မှာ ကိစ္စအမျိုးမျိုးမှာ တခြားအဖွဲ့ဝင်တွေကို ကျွန်မ အမီမလိုက်နိုင်ဘူး။ အလုပ်ကိစ္စတွေနဲ့ပတ်သက်ပြီး ဘယ်သူကမှ ကျွန်မ ထင်မြင်ချက်တွေကို မမေးတော့ဘူး၊ ဒါမှမဟုတ် တိုင်ပင်ဆွေးနွေးတာ မလုပ်တော့ဘူး။ ဒီအစား လူတိုင်းက ကျွန်မကို ခဏခဏ အကြံတွေပေးတယ်။ ဒါကြောင့် ဒီပတ်ဝန်းကျင်ကနေ ကျွန်မ လွတ်မြောက်ချင်ခဲ့တယ်။ ကျွန်မရဲ့ ကျွမ်းကျင်မှုအဆင့် တိုးတက်ဖို့အတွက် သီချင်းဆိုကျင့်ဖို့ ကျွန်မ စောစောထပြီး နောက်ကျမှ အိပ်တယ်။ သူများတွေထက် ပိုပြီး အားထုတ်တယ်။ တစ်နေ့ကျရင် သူများတွေက လေးစားတာ၊ ချီးမွမ်းတာကို ကျွန်မပြန်ရဖို့ မျှော်လင့်ပြီးတော့ပေါ့။ ကျွန်မက အထူးချွန်ဆုံး မဖြစ်နိုင်ရင်တောင် အနည်းဆုံးတော့ အခုလိုမျိုး ကဏ္ဍတိုင်းမှာ လျစ်လျူရှုခံရမှာမဟုတ်ဘူး။ ကျွန်မ သီချင်းဆိုတာကို တိုးတက်အောင်လုပ်တာက တဖြည်းဖြည်းချင်းဖြစ်တဲ့ ဖြစ်စဉ်ဆိုတာ ကောင်းကောင်းသိပါတယ်။ ဒါပေမဲ့ ရလဒ်တွေ အမြန်ရဖို့ စိတ်ထက်သန်နေတုန်းပဲ။ အချိန်တစ်ခုအထိ အားထုတ်ပြီးတဲ့နောက်မှာ သိသာတဲ့ တိုးတက်မှုကို ကျွန်မ မမြင်တဲ့အခါမှာ အပျက်သဘောဆောင်ပြီး စိတ်ထက်သန်တာတွေအကုန် ဆုံးရှုံးသွားတယ်။ ကျွန်မ လိုအင်ဆန္ဒက သီချင်းတွေကို ကောင်းကောင်းတင်ဆက်ဖို့ သက်သက်မဟုတ်ဘဲ ကျွန်မရဲ့ ကျွမ်းကျင်မှုအဆင့်ကို အမြန်တိုးတက်စေဖို့ဖြစ်ပြီး ဒီလိုနဲ့ ဂရုစိုက်တာမခံရတဲ့၊ လျစ်လျူရှုခံရတဲ့ လက်ရှိအခြေအနေကနေ လွတ်မြောက်နိုင်ဖို့၊ အဖွဲ့မှာ တန်ဖိုးထားခံရတဲ့သူတစ်ယောက်ဖြစ်လာဖို့ပဲ ဆိုတာကို အခု သဘောပေါက်သွားတယ်။ ဘုရားနှုတ်ကပတ်တော်တွေက ဖော်ထုတ်တာနဲ့ ကျွန်မရဲ့ သရုပ်သကန်အမျိုးမျိုးကို နှိုင်းယှဉ်ကြည့်ပြီး သူများတွေက ညွှန်ကြားတာကို ကျွန်မ ခံယူချင်စိတ်မရှိတာ၊ လျစ်လျူရှုတာကို ခံယူချင်စိတ်မရှိတာ၊ ပြီးတော့ အဖွဲ့တစ်ခုမှာ အမြဲတမ်း အဆုံးအဖြတ်ပေးပိုင်ခွင့်ရှိချင်ပြီး ထိန်းချုပ်ဖို့ အာဏာရှိချင်တာတွေကို သဘောပေါက်သွားတယ်။ ကျွန်မက ပံ့ပိုးခံရပြီး အထင်ကြီးလေးစားခံရဖို့ကို ကြိုးစားတယ်။ လူတိုင်းရဲ့ စိတ်နှလုံးမှာ နေရာတစ်နေရာကို အရယူချင်တယ်။ ဒါက အန္တိခရစ်တွေရဲ့ လမ်းကြောင်းကို လျှောက်နေတာမဟုတ်ဘူးလား။ ကျွန်မ အရမ်းကြောက်သွားပြီး ဆုတောင်းဖို့အတွက် ဘုရားရှေ့ကို အမြန်လာတယ်။ “အို ဘုရားသခင်၊ သမီးဟာ အခုရက်ပိုင်းမှာ စိတ်နှလုံးမာကျောပြီး ပုန်ကန်ပါတယ်။ ညီအစ်ကိုမောင်နှမတွေရဲ့ လေးစားမှုနဲ့ အာရုံစိုက်မှုကို မရတာကြောင့်သက်သက်နဲ့ သမီးတာဝန်တွေကို ခေါင်းရှောင်ချင်ပြီး သမီးတာဝန်ကို စွန့်လွှတ်ချင်ပါတယ်။ ကိုယ်တော်ရဲ့ အချုပ်အခြာအာဏာနဲ့ အစီအစဉ်တွေကို ကျိုးနွံနာခံနိုင်တာမျိုး မရှိခဲ့ပါဘူး။ သမီးရောက်နေတဲ့ လမ်းကြောင်းက မှားတယ်ဆိုတာ အခု သမီး သဘောပေါက်ပါတယ်။ သမီး နောင်တရဖို့ လိုလားနေပါတယ်။ ကိုယ့်ကိုယ်ကိုယ် ပိုပြီးနားလည်အောင် လမ်းပြတော်မူပါ။” ပေါ့။
နောက်ပိုင်းမှာ နောက်ထပ် ဘုရားနှုတ်ကပတ်တော်အပိုဒ်ကို ကျွန်မ ဖတ်တယ်။ “အန္တိခရစ်များအတွက် ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့က ၎င်းတို့၏ အသက်ဖြစ်သကဲ့သို့ ၎င်းတို့၏ တစ်သက်တာ ပန်းတိုင်လည်း ဖြစ်သည်။ ၎င်းတို့လုပ်သမျှ အရာအားလုံး၌ ၎င်းတို့၏ ပထမဆုံး ထည့်တွက် စဉ်းစားသည့်အချက်က ‘ငါ၏အဆင့်အတန်းက ဘာဖြစ်သွားမည်နည်း။ ငါ၏ဂုဏ်သတင်းကရော ဘာဖြစ်သွားမည်နည်း။ ဤအရာကို လုပ်ဆောင်ခြင်းက ငါ့ကို ကောင်းသော ဂုဏ်သတင်းရစေမည်လော။ ယင်းက လူများ၏စိတ်များထဲရှိ ငါ၏အဆင့်အတန်းကို မြှင့်တင်ပေးမည်လော’ ဖြစ်၏။ ယင်းမှာ ၎င်းတို့ ပထမဆုံးတွေးသည့် အရာဖြစ်သည်၊ ယင်းက ၎င်းတို့၌ အန္တိခရစ်များ၏ စိတ်သဘောထားနှင့် အနှစ်သာရတို့ ရှိခြင်း၏ လုံလောက်သော သက်သေဖြစ်သည်။ ဤအကြောင်းကြောင့် ၎င်းတို့သည် အမှုအရာများကို ဤနည်းဖြင့် စဉ်းစားကြခြင်း ဖြစ်သည်။ အန္တိခရစ်များအတွက် ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့က ၎င်းတို့အတွက် မရှိလည်း နေနိုင်သည့် အပြင်ပန်းအရာများဖြစ်ရန် မဆိုထားနှင့်၊ အပိုဆောင်း လိုအပ်ချက်တစ်ခု မဟုတ်ဟု ဆိုနိုင်ပေသည်။ ယင်းတို့သည် အန္တိခရစ်တို့ သဘာဝ၏ တစ်စိတ်တစ်ဒေသ ဖြစ်သည်၊ ယင်းတို့က ၎င်းတို့၏အရိုးများ၊ ၎င်းတို့၏ သွေးများထဲတွင် ရှိနေသည်၊ ယင်းတို့က ၎င်းတို့အတွက် မွေးရာပါ ဖြစ်သည်။ အန္တိခရစ်များက ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့ကို ၎င်းတို့ပိုင်ဆိုင်ခြင်းရှိမရှိနှင့်ပတ်သက်၍ ဂရုမစိုက်ခြင်း မဟုတ်ပေ။ ဤသည်မှာ ၎င်းတို့၏ သဘောထား မဟုတ်ပေ။ သို့ဆိုလျှင် ၎င်းတို့၏ သဘောထားမှာ အဘယ်နည်း။ ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့သည် ၎င်းတို့၏ နေ့စဉ် အသက်တာများ၊ ၎င်းတို့၏ နေ့စဉ် အခြေအနေ၊ ၎င်းတို့စွမ်းဆောင်ရရှိဖို့ နေ့စဉ် လိုက်စားသည့် အရာတို့နှင့် အတွင်းကျကျ ဆက်နွှယ်နေသည်။ ထို့ကြောင့် အန္တိခရစ်များအတွက် ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့သည် ၎င်းတို့၏ အသက် ဖြစ်သည်။ ၎င်းတို့ မည်သို့အသက်ရှင်နေထိုင်ပါစေ၊ ၎င်းတို့သည် မည်သည့်ပတ်ဝန်းကျင်တွင် အသက်ရှင်နေထိုင်ပါစေ၊ မည်သည့်အလုပ်ကို ၎င်းတို့လုပ်ပါစေ၊ မည်သည့်အရာကို ၎င်းတို့ လိုက်စားပါစေ၊ ၎င်းတို့၏ ပန်းတိုင်များက မည်သည့်အရာ ဖြစ်ပါစေ၊ ၎င်းတို့အသက်တာ၏ ဦးတည်ချက်က မည်သည့်အရာဖြစ်ပါစေ ထိုအရာအားလုံးသည် ကောင်းမွန်သော ဂုဏ်သတင်းနှင့် မြင့်မားသောအဆင့်အတန်းရှိခြင်းကို ဗဟိုပြုထားသည်။ ပြီးလျှင် ဤရည်ရွယ်ချက်သည် မပြောင်းလဲပေ။ ၎င်းတို့သည် ထိုသို့သောအရာများကို မည်သည့်အခါမျှ ဘေးဖယ်မထားနိုင်ပေ။ ဤသည်မှာ အန္တိခရစ်များ၏ စစ်မှန်သော သဘောသဘာဝနှင့် အနှစ်သာရတို့ ဖြစ်သည်။ ၎င်းတို့ကို တောင်များ၏အတွင်းပိုင်း အလွန်ရှေးကျသော တောထဲ၌ သွားထားလျှင်ပင် ၎င်းတို့သည် ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့အား လိုက်စားခြင်းကို ဘေးဖယ်ထားမည်မဟုတ်သေးပေ။ ၎င်းတို့ကို မည်သည့်လူအုပ်စုတွင်မဆို ထည့်ထားလျှင် ၎င်းတို့တွေးနိုင်သမျှသည် ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့သာ ဖြစ်သည်။ အန္တိခရစ်များသည်လည်း ဘုရားသခင်ကို ယုံကြည်ကြသော်လည်း ၎င်းတို့သည် ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့အား လိုက်စားမှုကို ဘုရားသခင်အပေါ် ယုံကြည်မှုနှင့် ညီတူညီမျှဖြစ်သည်ဟု မြင်ပြီး တူညီစွာ အလေးထားသည်။ ဤသည်မှာ ဘုရားသခင်အား ယုံကြည်ခြင်း လမ်းကြောင်းကို ၎င်းတို့လျှောက်စဉ်တွင် ၎င်းတို့၏ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့ကိုလည်း လိုက်စားသည်ဟု ဆိုလိုသည်။ အန္တိခရစ်တို့၏စိတ်နှလုံးထဲတွင် ဘုရားသခင်ကို ယုံကြည်ခြင်း၌ သမ္မာတရားကို လိုက်စားခြင်းသည် ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့ကို လိုက်စားခြင်းဖြစ်ကြောင်း ၎င်းတို့က ယုံကြည်ကြသည်ဟု ဆိုနိုင်သည်။ ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့ကို လိုက်စားခြင်းက သမ္မာတရားကို လိုက်စားခြင်းလည်းဖြစ်ပြီး ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့ကို ရရှိခြင်းက သမ္မာတရားနှင့် အသက်ကို ရရှိခြင်းဖြစ်သည်ဟု ယုံကြည်ကြကြောင်း ဆိုနိုင်သည်။ ၎င်းတို့ အလွန်စိတ်ပျက်ကြသည်၊ ၎င်းတို့သည် ဂုဏ်သတင်း၊ အကျိုးအမြတ် သို့မဟုတ် အဆင့်အတန်းမရှိ၊ မည်သူကမျှ ၎င်းတို့ကို မလေးစား၊ သို့မဟုတ် အထင်မကြီး သို့မဟုတ် မနာခံဟု ၎င်းတို့က ခံစားရလျှင် ၎င်းတို့အလွန် စိတ်ပျက်ကြသည်။ ဘုရားသခင်၌ ယုံကြည်ခြင်းသည် အဓိပ္ပာယ်မရှိ၊ ယင်းတွင် တန်ဖိုးမရှိဟု ၎င်းတို့ ယုံကြည်ကြသည်၊ ‘ဘုရားသခင်၌ ထိုသို့သော ယုံကြည်ခြင်းသည် ကျရှုံးမှုတစ်ခု ဖြစ်သလော။ မျှော်လင့်ချက်မရှိဖြစ်သလော။’ ဟု မိမိတို့ကိုယ်ကိုယ် ဆိုကြသည်။ ၎င်းတို့သည် ဤအရာများကို ၎င်းတို့စိတ်နှလုံးထဲတွင် စဉ်းစားနှိုင်းချိန်ကြသည်။ ဘုရားအိမ်တော်တွင် ၎င်းတို့ကိုယ်တိုင်အတွက် နေရာတစ်နေရာကို မည်သို့ ရရှိအောင် ကြိုးစားနိုင်မည်၊ အသင်းတော်တွင် မြင့်မြတ်သည့် ဂုဏ်သတင်းကို မည်သို့ရရှိနိုင်သည်ကို စဉ်းစားနှိုင်းချိန်ပြီးလုပ်ဆောင်ကြသည်။ ဤသို့ဖြင့် ၎င်းတို့ စကားပြောသည့်အခါ လူတို့က နားထောင်ရန်၊ ၎င်းတို့လုပ်ဆောင်သည့်အခါ ပံ့ပိုးကြရန်၊ ၎င်းတို့သွားသည့်နေရာတိုင်းသို့ လိုက်ရန်ဖြစ်ပြီး ဤသို့ဖြင့် အသင်းတော်တွင် အဆုံးသတ် ဆုံးဖြတ်ပိုင်ခွင့်ရှိရန်၊ ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းရှိရန် ဖြစ်သည်။ ၎င်းတို့၏ စိတ်နှလုံးထဲတွင် ဤအရာများကို အလွန်ပင် အာရုံစိုက်ကြသည်။ ဤအရာများသည် ထိုသို့သောသူများ လိုက်စားသည့်အရာများဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉ (အပိုင်း ၃)) အန္တိခရစ်တွေဟာ သူတို့လုပ်သမျှတိုင်းမှာ သူတို့ရဲ့ ကိုယ်ပိုင်ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို အမြဲတမ်းဦးစားပေးတယ်ဆိုတာကို ဘုရားနှုတ်ကပတ်တော်ကနေ ကျွန်မ နားလည်ခဲ့တယ်။ သူတို့တွေက ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို သူတို့ရဲ့ ရာသက်ပန်ပန်းတိုင်တွေအဖြစ် လိုက်စားတယ်။ ကျွန်မရဲ့ လိုက်စားမှုက အန္တိခရစ်တွေနဲ့ အတူတူမဟုတ်ဘူးလား။ ပြန်တွေ့ကြည့်တော့ ကျွန်မ ငယ်ငယ်ကတည်းက ဘဝကို ရည်မှန်းချက်နဲ့ အသက်ရှင်သင့်တယ်၊ ဘယ်အုပ်စုမှာမဆို ကျွန်မက အတော်ဆုံးဖြစ်ဖို့ ကြိုးစားသင့်ပြီး သူများတွေ လိုက်လျှောက်ဖို့ စံနမူနာဖြစ်လာသင့်တယ်၊ ဒီလိုမှပဲ ကျွန်မဘဝက တန်ဖိုးရှိနိုင်တယ်ဆိုပြီး မိဘတွေ၊ ဆရာတွေက သွန်သင်ပေးခဲ့တယ်။ ကလေးတစ်ယောက်အနေနဲ့ ပြိုင်ပွဲအမျိုးမျိုးကို ဝင်မပြိုင်ခင်မှာ နိုင်ဖို့ အလားအလာတွေကို အရင်ဆုံး အကဲဖြတ်တာကို ကျွန်မ သတိရမိတယ်။ ကျွန်မက အနိုင်ရဖို့ ယုံကြည်မှုရှိရင် ဝင်ပြိုင်တယ်။ အလားအလာ သိပ်မရှိရင် သိက္ခာအကျခံမဲ့အစား ဝင်မပြိုင်ဘဲသာနေချင်ခဲ့တယ်။ ကျွန်မ စိတ်ထဲမှာ “ယှဉ်ပြိုင်ခြင်းက အဓိက” ဆိုတဲ့ အယူအဆမရှိဘဲ “နိုင်ဖို့က အဓိက” ဆိုတာပဲရှိတယ်။ ဒီလုပ်နည်းကိုင်နည်းက ဘုရားအိမ်တော်မှာ ကိုယ့်တာဝန်တွေ ထမ်းဆောင်တဲ့အထိ ပါလာတယ်။ ကျွန်မ ကျွမ်းကျင်တဲ့ တာဝန်တွေကို အမြဲတမ်းလုပ်ချင်တယ်။ ဒါဆိုရင် ကျွန်မရဲ့ လုပ်နိုင်စွမ်းကိုပြပြီး သူများတွေ အသိအမှတ်ပြုတာကို ခံရလို့ပေါံ။ ကျွန်မ မကျွမ်းကျင်တဲ့ အလုပ်တွေကို ယူချင်စိတ်မရှိခဲ့ဘူး။ ကျွန်မရဲ့ မသိနားမလည်ဖြစ်ပြီး အသုံးမကျတဲ့အခြမ်းကို ညီအစ်ကိုမောင်နှမတွေကို မမြင်စေချင်ဘူး။ ကျွန်မရဲ့ ထုတ်ဖော်မှုနဲ့ လုပ်ရပ်တိုင်းက ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို ဗဟိုပြုတယ်ဆိုတာကို ကျွန်မ မြင်နိုင်တယ်။ ကျွန်မ ထုတ်ဖော်တာက အတိအကျကို အန္တိခရစ်ရဲ့ စိတ်သဘောထားဖြစ်ခဲ့ပါတယ်။ ကျွန်မမှာ ဂုဏ်သတင်းနဲ့ အဆင့်အတန်းရှိတဲ့အခါမှာ ကျွန်မအလုပ်မှာ အားရှိလာတယ်။ တာဝန်ကို တန်ဖိုးရှိပြီး အဓိပ္ပာယ်ရှိတယ်လို့ မြင်တယ်။ ကျွန်မမှာ ဒီဂုဏ်သတင်းနဲ့ အဆင့်အတန်း ဆုံးရှုံးသွားတာနဲ့ ကျွန်မတာဝန်ကို ထမ်းဆောင်ဖို့ ဆန္ဒလည်း ပျောက်သွားတယ်။ ကျွန်မရဲ့ ကိုယ်ပိုင်ဂုဏ်သတင်းနဲ့ အဆင့်အတန်းအတွက် စဉ်းစားတာ၊ စီစဉ်တာတွေလုပ်တာက ကျွန်မအတွက် နေ့တိုင်း အလိုလိုထမင်းစားရေသောက် ဖြစ်လာတယ်။ “ငန်းတစ်ကောင်သည် ၎င်းပျံသန်းသည့်နေရာတိုင်းတွင် အော်မည်သကဲ့သို့ လူတစ်ဦးသည်လည်း ရောက်ရှိသည့်နေရာတိုင်းတွင် သူ့အမည်ကို ချန်ထားခဲ့၏” ဆိုတာနဲ့ “လူသားသည် အထက်သို့ ရုန်းကန်ဆန်တက်သည်၊ ရေသည်နိမ့်ရာသို့ စီးဆင်း၏” ဆိုတာမျိုး စာတန်ဆန်တဲ့ အတွေးအခေါ်တွေက ကျွန်မ စိတ်နှလုံးမှာ နက်နက်နဲနဲ အမြစ်တွယ်နေပြီး ကျွန်မ ကျင့်ကြံပြုမူပုံအတွက် ပန်းတိုင်တွေ၊ စံနှုန်းတွေ ဖြစ်လာတယ်။ နောင်တရပြီး မပြောင်းလဲရင် အန္တိခရစ်တွေရဲ့ ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို လိုက်စားရာမှာ အန္တိခရစ်တွေရဲ့ လမ်းကြောင်းကို လိုက်လျှောက်တဲ့အတွက် ကျွန်မဟာ ဘုရားသခင်ရဲ့ ထုတ်ဖော်တာနဲ့ ဖယ်ရှားရှင်းတာကို ခံရမှာပါ။
စုဝေးပွဲတစ်ခုမှာ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ ကြားခဲ့ပြီး ရှင်းလင်းတဲ့ လက်တွေ့လုပ်ဆောင်မှုလမ်းကြောင်းနဲ့ လူသားမျိုးနွယ်အတွက် ဘုရားသခင်ရဲ့ တောင်းဆိုချက်တွေအပေါ် နားလည်မှုကိုရခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “သင်သည် ဘုရားအိမ်တော်သားတစ်ဦးအဖြစ် ငြိမ်းချမ်းစွာ ဆက်လက်ကျန်ရှိနေလိုသောကြောင့် ရှေးဦးစွာ သင်၏နေရာနှင့်အညီ ဖန်ဆင်းခံကောင်းတစ်ယောက်ဖြစ်ပြီး သင့်တာဝန်များကို ထမ်းဆောင်ရန် နည်းလမ်းကို သင်ယူသင့်သည်။ ဤသို့ဆိုလျှင် သင်သည် ဘုရားအိမ်တော်တွင် မိမိ၏နာမည်နှင့်လိုက်အောင် လုပ်ဆောင်နိုင်သော ဖန်ဆင်းခံတစ်ယောက်ဖြစ်လာလိမ့်မည်။ ဖန်ဆင်းခံဆိုသည်မှာ သင်၏ အပြင်ပန်း ကိုယ်ပိုင်လက္ခဏာနှင့် ဂုဏ်ပုဒ်ဖြစ်သည်။ အသေးစိတ် ဖော်ပြမှုများနှင့် အနှစ်သာရတို့ ရှိသင့်သည်။ ဤသည်မှာ ဂုဏ်ပုဒ်ရှိခြင်းသက်သက်သာ မဟုတ်ဘဲ သင်သည် ဖန်ဆင်းခံ ဖြစ်သောကြောင့် ဖန်ဆင်းခံတစ်ယောက်၏ တာဝန်များကို ထမ်းဆောင်သင့်သည်။ သင်သည် ဖန်ဆင်းခံဖြစ်သောကြောင့် ဖန်ဆင်းခံ၏ တာဝန်ရှိသောအရာများကို ဖြည့်ဆည်းသင့်သည်။ ဤသို့ဆိုလျှင် ဖန်ဆင်းခံတစ်ယောက်၏ တာဝန်၊ ဝတ္တရားများမှာ အဘယ်နည်း။ ဘုရားနှုတ်ကပတ်တော်သည် ဖန်ဆင်းခံများ၏ တာဝန်၊ ဝတ္တရားနှင့် တာဝန်ရှိသောအရာများကို ရှင်းလင်းစွာ ချပြသည်မဟုတ်လော။ ယနေ့မှစ၍ သင်သည် ဘုရားအိမ်တော်၏ စစ်မှန်သော အဖွဲ့ဝင်တစ်ယောက်ဖြစ်သည်။ ဆိုလိုသည်မှာ သင်သည် ဘုရားသခင်၏ ဖန်ဆင်းခံတစ်ဦးအဖြစ် သင့်ကိုယ်သင် အသိအမှတ်ပြုသည်။ အကျိုးဆက်အနေဖြင့် ယနေ့မှစ၍ သင်၏ ဘဝအစီအစဉ်များကို ပြန်လည်ဖန်တီးသင့်သည်။ သင့်ဘဝအတွက် ယခင်က သင်ချမှတ်ခဲ့သော ရည်သန်မျှော်မှန်းချက်များ၊ လိုအင်ဆန္ဒများ၊ ပန်းတိုင်များကို မလိုက်စားတော့ဘဲ လက်လွှတ်သင့်သည်။ ထိုအစား သင်သည် ဖန်ဆင်းခံတစ်ယောက် ရှိသင့်သည့် ဘဝပန်းတိုင်များနှင့် ဦးတည်ချက်ကို စီစဉ်ရန် သင်၏ ကိုယ်ပိုင်လက္ခဏာနှင့် အမြင်ရှုထောင့်ကို ပြောင်းလဲသင့်သည်။ ရှေးဦးစွာ သင်၏ ပန်းတိုင်နှင့် ဦးတည်ချက်သည် ခေါင်းဆောင်ဖြစ်ရန်၊ သို့မဟုတ် လုပ်ငန်းတစ်ခုခုတွင် ဦးဆောင်ရန်၊ ထူးချွန်ရန်၊ သို့မဟုတ် အလုပ်တစ်ခုခုကို လုပ်ဆောင်သော နာမည်ကြီးသည့် ပုဂ္ဂိုလ်ဖြစ်ရန်၊ သို့မဟုတ် ပညာရပ်တစ်ခုခုကို ကျွမ်းကျင်တတ်မြောက်ရန် မဖြစ်သင့်ပေ။ သင်၏ ပန်းတိုင်မှာ ဘုရားသခင်ထံမှ သင်၏တာဝန်ကို ခံယူရန် ဖြစ်သင့်သည်။ ဆိုလိုသည်မှာ ယခုအချိန်တွင် မည်သည့်အလုပ်ကို သင်လုပ်ဆောင်သင့်သည်ကို သိရှိရန်၊ မည်သည့်တာဝန်ကို သင် ထမ်းဆောင်ဖို့လိုသည်ကို သိရှိရန်ဖြစ်သည်။ ဘုရားအိမ်တော်တွင် ဘုရားသခင်က သင့်အပေါ် မည်သည့်အရာကို တောင်းဆိုသည်၊ သင့်အတွက် မည်သည့်တာဝန်ကို စီစဉ်ပြီးဖြစ်သည်ဆိုသည်ကို မေးမြန်းဖို့ လိုသည်။ ထိုတာဝန်နှင့်ပတ်သက်ပြီး နားလည်သင့်သည့်၊ သဘောပေါက်သင့်သည့်၊ လိုက်နာသင့်သည့် စည်းမျဉ်းများနှင့်ပတ်သက်ပြီး နားလည်ကာ ရှင်းလင်းမှုရှိသင့်သည်။ ယင်းတို့ကို သင် မမှတ်မိနိုင်လျှင် စာရွက်ပေါ်တွင် ချရေးနိုင်သည်၊ သို့မဟုတ် သင်၏ ကွန်ပြူတာပေါ်တွင် မှတ်သားနိုင်သည်။ ယင်းတို့ကို စစ်ဆေးပြီး တွေးတောရန် အချိန်ယူလော့။ ဖန်ဆင်းခံများ၏ အဖွဲ့ဝင်တစ်ယောက်အနေဖြင့် သင်၏ အဓိကဘဝ ပန်းတိုင်သည် ဖန်ဆင်းခံတစ်ယောက်ဖြစ်သည့် သင်၏ တာဝန်များကို ဖြည့်ဆည်းပြီး အရည်အချင်းပြည့်မီသော ဖန်ဆင်းခံတစ်ယောက်ဖြစ်ရန် ဖြစ်သင့်သည်။ ဤသည်မှာ သင့်တွင်ရှိသင့်သော အခြေခံအကျဆုံးသော ဘဝပန်းတိုင်ဖြစ်သည်။ ဒုတိယအနေဖြင့် ပို၍ အသေးစိတ်ကျသောအရာမှာ ဖန်ဆင်းခံတစ်ယောက်အဖြစ် သင့်တာဝန်များကို မည်သို့ ဖြည့်ဆည်းပြီး အရည်အချင်းပြည့်မီသော ဖန်ဆင်းခံတစ်ယောက် မည်သို့ ဖြစ်ရမည်ဆိုသည့်အရာ ဖြစ်သည်။ သင်၏ ဂုဏ်၊ အဆင့်အတန်း၊ မာန်မာန၊ အနာဂတ် စသဖြင့်တို့နှင့် သက်ဆိုင်သော မည်သည့်ပန်းတိုင်၊ သို့မဟုတ် ဦးတည်ချက်မဆို စွန့်လွှတ်သင့်သည်မှာ ပြောစရာမလိုပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၇)) ဘုရားသခင်က ဖန်ဆင်းခံတိုင်းကို သူတို့ရဲ့ နေရာတွေနဲ့အညီ သူတို့တာဝန်တွေကို ကောင်းကောင်း ဖြည့်ဆည်းဖို့၊ သူတို့ရဲ့ လက်ရှိအလုပ်နဲ့ တာဝန်တွေက ဘာတွေဖြစ်တယ်ဆိုတာကို သိဖို့ တောင်းဆိုပါတယ်။ သူတို့ရဲ့ ကိုယ်ပိုင်ဂုဏ်သတင်း၊ အဆင့်အတန်း၊ ဒါမှမဟုတ် အနာဂတ်နဲ့ သက်ဆိုင်တဲ့ ဘယ်ပန်းတိုင်မဆို စွန့်ပစ်သင့်တယ်။ ကျွန်မရဲ့ လက်ရှိတာဝန်က သီချင်းဆိုတာပဲ။ ကျွန်မလုပ်သင့်တာက သီချင်းဆိုကျွမ်းကျင်မှုတွေနဲ့ နည်းပညာတွေလေ့လာဖို့ကို ပိုပြီး အာရုံစိုက်သင့်တယ်။ ကျွန်မ သီချင်းဆိုတာကို ဖြစ်နိုင်သမျှ အမြန်ဆုံး တိုးတက်ဖို့ ကြိုးစားသင့်တယ်။ စီစဉ်ဆောင်ရွက်သူအနေနဲ့ ကျွန်မရဲ့ အရင်နေရာရဲ့ ဂုဏ်ကျက်သရေကို ဖက်တွယ်မထားသင့်ဘူး။ သီချင်းဆိုတာ လေ့ကျင့်နေတုန်းမှာ ကျွန်မရဲ့ ဂုဏ်သတင်းနဲ့ အဆင့်အတန်းအတွက် စိုးရိမ်မှုတွေအပေါ် အာရုံမရောက်နေသင့်ဘူး။ ဒါတွေက တာဝန်တွေထမ်းဆောင်ရာမှာ လက်တွေ့ကျတဲ့ သရုပ်သကန်တွေ မဟုတ်ဘူး။ ဒါကို နားလည်ပြီး ဘုရားနှုတ်ကပတ်တော်နဲ့အညီ လက်တွေ့လုပ်ဖို့ ကျွန်မတတ်နိုင်သမျှ ကြိုးစားခဲ့တယ်။ သီချင်းဆိုလေ့ကျင့်တဲ့ ဖြစ်စဉ်မှာ ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားနဲ့ မှားယွင်းပြီး အဓိပ္ပာယ်မဲ့တဲ့ အမြင်တွေကို ကိုင်တွယ်တဲ့အပေါ်မှာ အာရုံစိုက်သင့်တယ်။ ကျွန်မရဲ့ သိက္ခာနဲ့ အဆင့်အတန်းကို အရေးစိုက်ပြီး ပွင့်ပွင့်လင်းလင်း သီချင်းဆိုဖို့ တွန့်ဆုတ်တဲ့အခါတိုင်းမှာ ဘုရားကို ကျွန်မ တိတ်တဆိတ် ဆုတောင်းပြီး ကျွန်မကို လမ်းပြပေးပြီး ကျွန်မရဲ့ ဂုဏ်နဲ့ အဆင့်အတန်းကို လွှတ်ချဖို့အတွက် ကူညီပေးပါလို့ တောင်းလျှောက်ခဲ့တယ်။ တစ်ခါတလေမှာ ကျွန်မက သီချင်းဆိုမကောင်းတာနဲ့ပတ်သက်ပြီး မျှော်လင့်ချက်ကုန်ပြီး စိတ်မချမ်းမသာဖြစ်နေတုန်းဆိုပေမဲ့ ဘုရားနှုတ်ကပတ်တော်ကို စားသောက်ခြင်းကတစ်ဆင့် လိုက်စားမှုနဲ့ပတ်သက်ပြီး ကျွန်မအမြင်က မှားနေတယ်ဆိုတာကို ရှင်းရှင်းလင်းလင်း သတိထားမိနိုင်ခဲ့တယ်။ ဘုရားသခင်က လူသားတွေကို ဘယ်လုပ်ငန်းမှာမဆို ခေါင်းဆောင်တွေ၊ ဒါမှမဟုတ် ထူးချွန်တဲ့ ပုဂ္ဂိုလ်တွေဖြစ်ဖို့ မတောင်းဆိုဘဲ လူတွေကို သူတို့အလုပ်တွေ၊ တာဝန်တွေကို ထိန်းသိမ်းဖို့ပဲ ပြောပါတယ်။ ဒါကို သဘောပေါက်ပြီး ကျွန်မရဲ့ အပျက်သဘောဆောင်တဲ့ စိတ်ခံစားချက်တွေကို အမြန် ပြုပြင်လိုက်ပြီး သီချင်းဆိုတာမှာ သိပ်ပြီး ဘောင်ခတ်မခံရတော့ဘူး။ အချိန်နည်းနည်းကြာတော့ ကျွန်မက သီချင်းဆိုတာမှာ တိုးတက်မှုနည်းနည်းရှိတယ်လို့ ကြီးကြပ်ရေးမှူးက ပြောပြီး အသံသွင်းတဲ့နေရာမှာ ဝင်ပါခွင့်ပေးလိုက်တယ်။ ကျွန်မရဲ့ ကျွမ်းကျင်မှုတွေမှာ ဒီတိုးတက်မှုနည်းနည်းကို မြင်ပြီး ကျွန်မ တော်တော်ပျော်တယ်။ ကျွမ်းကျင်မှုတွေမှာ တိုးတက်တာက တစ်ကိုယ်ရေအသက်ဝင်ရောက်မှုနဲ့ နီးနီးကပ်ကပ် ချိတ်ဆက်နေတာကို ကျွန်မ သဘောပေါက်ခဲ့တယ်။ ကျွန်မရဲ့ ဂုဏ်သတင်းနဲ့ အဆင့်အတန်းအပေါ် အာရုံစိုက်တဲ့အခါမှာ အရာရာတိုင်းမှာ ချည်နှောင်ခံရပြီး ဘောင်ခတ်ခံရသလို ခံစားမိတယ်။ ကျွန်မတာဝန်မှာ ဘုရားသခင်ရဲ့ လမ်းပြမှုကို မခံစားမိခဲ့ဘူး။ ဒါပေမဲ့ ကျွန်မရဲ့ ဂုဏ်နဲ့ အဆင့်အတန်းကို ဘေးဖယ်ပြီး ကျွန်မရဲ့ ကျွမ်းကျင်မှုတွေကို အလေးအနက် လက်တွေ့လုပ်ချင်စိတ်ရှိတဲ့အချိန်မှာ လက်တွေ့လုပ်ဆောင်ဖို့ လမ်းကြောင်းတချို့ကို ကျွန်မ အမှတ်တမဲ့ ရှာတွေ့ခဲ့တယ်။
ဒီအတွေ့အကြုံကတစ်ဆင့် ကျွန်မ တကယ် သဘောပေါက်သွားတာက သမ္မာတရားထက် ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို လိုက်စားတာဟာ ကျွန်မတာဝန်ကို ကောင်းကောင်းလုပ်ဖို့ အထောက်အကူမဖြစ်ဘူး ဆိုတာပဲ။ ဒီအစား ဒါက အသင်းတော်အလုပ်အပေါ် သက်ရောက်မှုရှိခဲ့တယ်။ ကျွန်မတာဝန်မှာ ဒီတာဝန်ပြောင်းရွှေ့မှုက ကျွန်မအပေါ် ဘုရားသခင်ရဲ့ ကြီးမြတ်တဲ့ ကွယ်ကာမှုဖြစ်တယ်ဆိုတာကိုလည်း သဘောပေါက်ခဲ့တယ်။ ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးမှုနဲ့ အားနည်းချက်တွေကို မြင်ခွင့်ပေးခဲ့တယ်။ ကျွန်မရဲ့ သင့်တော်တဲ့နေရာကို ရှာတွေ့ခွင့်ပေးပြီး ကျိုးနွံနာခံခွင့်ပေးတယ်။ ကျွန်မတာဝန်ကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ထမ်းဆောင်ခွင့်ပေးပါတယ်။ ကျွန်မအပေါ် ဘုရားသခင်ရဲ့ ကယ်တင်ခြင်းအတွက် ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။
၂၀၁၃ခုနှစ်၊ ဇွန်လမှာ၊ ကျွန်မရာသီလာက ဆယ်ရက်ကျော်ကြာခဲ့ပြီး၊ သွေးခဲကြီးတွေ တချို့ ပါဆင်းတယ်။ အဲဒီတုန်းက၊ ကျွန်မရဲ့ ညာဘက်ဝမ်းဗိုက်အောက်မှာ...
ကျွန်မ အသက် ၆ နှစ်အရွယ်မှာ ကျွန်မအဖေ အိမ်ထောင်ရေးဖောက်ပြန်တာကို အမေက သိသွားပြီး၊ အဲဒီလိုသိလိုက်ရတော့ စိတ်ထိခိုက်သွားပြီး...
ကျင့်မော့ အမေရိကန်နိုင်ငံ ကျွန်မက အသင်းတော်မှာ လေးနှစ်ကျော်ကြာတဲ့အထိ ဗီဒီယိုတွေအတွက် သီချင်းတွေရေးတာကိုလုပ်တယ်။ အသင်းတော်အလုပ်ရဲ့...
သင်းလိ အမေရိကန်နိုင်ငံ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသော ကာလ ဧဝံဂေလိကို လက်ခံပြီးတဲ့နောက် မကြာခင်မှာ၊ ဘုရားနှုတ်ကပတ်တော်ကနေ...