တာဝန် ထမ်းဆောင်ခြင်းက သားသမီးဝတ်ကျေပွန်ခြင်းနှင့် ဆန့်ကျင်လာသောအခါ

29.04.2024

လွန်ခဲ့တဲ့ သုံးလေးနှစ်တုန်းက အိမ်နဲ့အဝေးမှာ တာဝန်တွေကို ကျွန်တော် ထမ်းဆောင်ရတယ်။ တစ်ခါတလေ ကျွန်တော့်အမေကို သတိရတယ်။ ဒါပေမဲ့ ကျွန်တော့်တာဝန်နဲ့ အလုပ်များနေခဲ့ရတယ်။ သူကလည်း ငယ်သေးတယ်။ ကျန်းမာရေးလည်း တော်တော်ကောင်းတယ်။ ဒါကြောင့် ကျွန်တော် တာဝန်ထမ်းဆောင်နေတုန်းမှာ အရမ်းစိတ်ချုပ်တည်းထားရတာ၊ စိတ်ပူပင်တာမရှိခဲ့ဘူး။ နောက်တော့ ၂၀၂၀ခုနှစ်၊ စက်တင်ဘာလမှာ ကွန်မြူနစ်ပါတီက တစ်အိမ်တက်ဆင်း ယုံကြည်သူတွေကိုရှာဖို့အတွက် သန်းခေါင်စာရင်းကောက်တာကို အကြောင်းပြချက်အနေနဲ့ သုံးတယ်။ အဲဒီ သန်းခေါင်စာရင်းကောက်တဲ့အချိန်အတွင်းမှာ ကျွန်တော်က ရဲတွေဖမ်းပြီး ချုပ်ထားတာ ခံလိုက်ရတယ်။ ကျွန်တော် အာမခံနဲ့ လွတ်လာပြီး အိမ်ပြန်တော့ ကွဲကွာနေတဲ့ ဒီနှစ်တွေတစ်လျှောက်မှာ ကျွန်တော့်အမေက ဆံပင်ဖြူတွေ အများကြီးပေါက်လာတာ၊ တော်တော်ကို မလှုပ်နိုင်မရှားနိုင်ဖြစ်လာတာ၊ သူ့အစာအိမ်ရောဂါက ပိုဆိုးလာတာတွေကို ကျွန်တော် သတိထားမိတယ်။ သူက အစားမှားရင် ရက်နဲ့ချီပြီး ဆက်တိုက် နာနေရတယ်။ သူ ဘေးအန္တရာယ်ကင်းဖို့အတွက် စုဝေးပွဲတွေကို သူမတက်နိုင်ဘဲ အခြေအနေ ဆိုးနေတယ်။ ပြီးတော့ ကျွန်တော် ရဲတွေဖမ်းတာ နှစ်ခါခံရလို့ သူက စိတ်ပူလွန်းလို့ စိတ်ဓာတ်တွေကျပြီး အိမ်ထဲက အိမ်ပြင်ကို မထွက်တော့ဘူး။ ကျွန်တော် တကယ်ကို စိတ်မကောင်းဖြစ်မိတယ်။ ကျွန်တော့်အဖေက အစောပိုင်းထဲက ကွယ်လွန်သွားတယ်။ ပြီးတော့ ကျွန်တော့်ညီမနဲ့ ကျွန်တော့်ကို ကျောင်းထားဖို့ အမေက အများကြီး ဒုက္ခခံခဲ့ရတာလေ။ ကျွန်တော်က အမေ့ကို အမြဲတမ်း သားသမီးဝတ်တစ်ခုခုကျေချင်ပေမဲ့ ဒီလိုလုပ်ဖို့ လုံးဝ အခွင့်အရေးမရှိခဲ့ဘူး။ အခု ကျွန်တော် အိမ်မှာရှိနေပြီဆိုတော့ နောက်ဆုံးတော့ အမေကို စောင့်ရှောက်နိုင်ပြီပေါ့။

ကျွန်တော် အိမ်ပြန်ရောက်တာနဲ့ ပြည်သူ့လုံခြုံရေးအဖွဲ့က ကျွန်တော်တို့ အိမ်ကို ရောက်လာပြီး လတိုင်း ကိုယ့်အလုပ်အခြေအနေနဲ့ ကိုယ်ရောက်နေတဲ့နေရာတို့ကို သူတို့ဆီ သတင်းပို့ပြီး တင်ပြရမယ်တဲ့။ ဒါကြောင့် ကျွန်တော် အသင်းတော်ကို မဆက်သွယ်နိုင်ခဲ့ဘူး၊ ကိုယ့်တာဝန်လည်း မလုပ်နိုင်ခဲ့ဘူး။ အဲဒါနဲ့ ဓါတ်ပုံအလုပ်ကို လုပ်ပြီး ကျွန်တော့်အမေကို စောင့်ရှောက်ရင်းနဲ့ ကျန်တဲ့အချိန်တွေကို ကုန်ဆုံးခဲ့တယ်။ အချိန်ရတဲ့အခါမှာ ပြီးခဲ့တဲ့ သုံးလေးနှစ်က အတွေ့အကြုံအကြောင်းကို အမေနဲ့ ပြောဖြစ်တယ်။ ပြီးတော့ ကျွန်တော့်ညီမနဲ့ ကျွန်တော်က သူ့ကို စားသောက်ဆိုင်တွေမှာ စားဖို့အတွက်လည်း အပြင်ခေါ်ကြတယ်။ တစ်ခါတလေမှာ ကျွန်တော်က သူ့ကို ဆေးစစ်ဖို့အတွက် ဆေးရုံခေါ်သွားပြီး သူ့အစာအိမ်ပြဿနာအတွက် ဖြည့်စွက်စာတွေ ဝယ်ပေးတယ်။ ရဲတွေက အမြဲတမ်း ကျွန်တော်တို့အိမ်ကိုလာပြီး နှောင့်ယှက်ကြတယ်၊ ကျွန်တော့်ကို သူတို့ဆီ သတင်းပို့ခိုင်းပြီး “ထွက်ဆိုချက် သုံးရပ်” ကို လက်မှတ်ထိုးခိုင်းတယ်။ ကျွန်တော့်ကို သူတို့ ထိန်းချုပ်နေတာတွေကို ကျွန်တော့်အမေက မြင်ပြီး ကျွန်တော် တစ်ခုခုဖြစ်မှာကို စိတ်ပူနေတယ်။ သူ တကယ်ကို ပိုစိတ်ဓာတ်ကျလာပြီး မိသားစုဝင်မဟုတ်တဲ့သူတွေကို မဆက်ဆံတော့ဘူး။ စားစရာသောက်စရာတွေ ဝယ်ဖို့တောင်မှ သူက အပြင်မထွက်တော့ဘူး။ ကျွန်တော့်အမေက ဒီလိုပြုမူနေတာကို မြင်ရတော့ ကျွန်တော် တော်တော်စိတ်ပူလာပြီး သူ စိတ်ရောဂါဖြစ်မှာကို စိုးရိမ်မိခဲ့တယ်။ ကျွန်တော် သူ့ကို လမ်းညွှန်မှုပေးဖို့ တတ်နိုင်သမျှလုပ်တယ်။ သူနဲ့ မိတ်သဟာယဖွဲ့တယ်။ သူ အပန်းပြေအောင်လို့ သူ့ကို အပြင်ခေါ်တယ်။ ဒါပေမဲ့ ဘယ်ဟာကမှ အလုပ်မဖြစ်ဘူး။ ကျွန်တော် စိတ်ပူပြီး စိတ်သောကရောက်လာတယ်။ ကိုယ့်ဘဝ ပိုပြီး အဆင်ပြေအောင်လို့ အလုပ် နည်းနည်း ပိုကြိုးစားလုပ်ဖို့ပဲ တတ်နိုင်ခဲ့တယ်။ ဒါဆိုရင် ကျွန်တော်နဲ့ ပတ်သက်ပြီး သူက အရမ်းစိတ်မပူတော့ဘူးပေါ့။ အဲဒီလိုနဲ့ တစ်နှစ်ကုန်သွားတယ်။ ရဲတွေက ကျွန်တော့်ကို တင်းတင်းကျပ်ကျပ်ထိန်းချုပ်ထားတာကို မလျှော့သေးဘူး။ ကျွန်တော့်အိမ်နားမှာ တာဝန်ကို ကျွန်တော် မထမ်းဆောင်နိုင်သေးဘူး။ နောက်ပိုင်းကျတော့ တာဝန်ထမ်းဆောင်ဖို့အတွက် ကျွန်တော် အိမ်ကနေ ထွက်နိုင်မလားဆိုပြီး ညီအစ်ကိုမောင်နှမတွေက မေးတယ်။ ကျွန်တော့်အမေက နေမကောင်းဖြစ်နေပြီး သူ့ကို ကျွန်တော် စောင့်ရှောက်ချင်တာကြောင့် တာဝန်ကို ကျွန်တော် ငြင်းခဲ့တယ်။ အဲဒီနောက်တော့ သူတို့က ကျွန်တော်နဲ့ သုံးလေးခါလောက် မိတ်သဟာယဖွဲ့တယ်။ ကျွန်တော့်ကို ကူညီပံ့ပိုးတယ်။ ဘုရားအလိုတော်ကို မိတ်သဟာယဖွဲ့ပြီး ကျွန်တော့်တာဝန်ကို ဆက်လုပ်ဖို့ မျှော်လင့်ကြတယ်။ ဒါဟာ ကျွန်တော့်အပေါ် ကျရောက်တဲ့ ဘုရားရဲ့ ချစ်ခြင်းနဲ့ ကယ်တင်ခြင်းဖြစ်တယ်ဆိုတာ ကျွန်တော် ခံစားရပေမဲ့ စိတ်ထဲမှာ ဒွိဟဖြစ်နေတုန်းပဲ။ တာဝန်ထမ်းဆောင်ဖို့ နောက်တစ်ခါ ကျွန်တော် ထွက်သွားရင် သူတို့ဆီ သတင်းမပို့တော့တာကို ရဲတွေက သေချာပေါက် သတိထားမိမှာပဲလို့ တွေးမိတယ်။ ပြီးတော့ အိမ်ကို ဘယ်အချိန်မှ ကျွန်တော် ပြန်လာနိုင်မယ်ဆိုတာ ဘယ်သူသိမှာလဲ ပေါ့။ ကျွန်တော့်အမေက ကျန်းမာရေးမကောင်းဘဲ အခြေအနေ တော်တော်ဆိုးနေတယ်။ ကျွန်တော်က သူ့နားမှာနေရင် အနည်းဆုံးတော့ သူ့ကို စောင့်ရှောက်နိုင်ပြီး သားသမီးဝတ်တစ်ခုခုကို ကျေပွန်နိုင်မှာလေ။ ကျွန်တော် ထွက်သွားရင် သူက ပိုပြီးတော့တောင် စိတ်ဓာတ်ကျလာမှာလား။ သူက ပိုတောင်ဆိုးလာပြီး စိတ်ရောဂါဖြစ်လာရင် ဘယ်လိုလုပ်မလဲ။ ဒါဆိုရင် ကျွန်တော့် သူငယ်ချင်းတွေ၊ ဆွေမျိုးတွေက ကျွန်တော့်ကို ဘယ်လိုထင်မလဲ။ ကျွန်တော်က သားသမီးဝတ်မကျေပွန်ဘူးလို့ ထင်ကြမှာလား ပေါ့။ ဒီပူပန်မှုတွေကြောင့် ကျွန်တော် တော်တော်ဒွိဟဖြစ်ပြီး ဘာလုပ်ရမှန်း မသိခဲ့ဘူး။

အဲဒီအချိန်မှာ သားသမီးဝတ် ကျေပွန်ခြင်းနဲ့ ပတ်သက်တဲ့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်တော် တွေ့မိတယ်။ ဘုရားနှုတ်ကပတ်တော်က ပြောတယ်။ “ဘုရားသခင်သည် လူတို့အား မိမိတို့၏ မိဘများကို ဦးစွာပထမ ရိုသေစွာပြုရန် ပြောဆိုခဲ့ပြီး ထို့နောက်တွင် သမ္မာတရားကို ၎င်းတို့ လက်တွေ့လုပ်ဆောင်ခြင်း၊ မိမိတို့တာဝန်များကို ထမ်းဆောင်ခြင်းနှင့် ဘုရားသခင်၏ လမ်းခရီးကို လိုက်လျှောက်ခြင်းတို့နှင့် စပ်လျဉ်း၍ သာ၍ မြင့်မားသော သတ်မှတ်ချက်များကို လူတို့အတွက် ဘုရားသခင် ချမှတ်လေသည်။ ဤအရာများထဲမှ မည်သည့်အရာကို သင် လိုက်နာစောင့်ထိန်းသင့်သနည်း။ (သာ၍ မြင့်မားသော သတ်မှတ်ချက်များ ဖြစ်သည်။) သာ၍ မြင့်မားသော သတ်မှတ်ချက်များအတိုင်း လက်တွေ့လုပ်ဆောင်ခြင်းသည် သင့်တင့်လျောက်ပတ်သလော။ သမ္မာတရားကို သာ၍ မြင့်မားပြီး သာ၍ နိမ့်ကျသော သမ္မာတရားများအဖြစ်၊ သို့မဟုတ် သာ၍ သစ်လွင်ပြီး သာ၍ အိုဟောင်းသော သမ္မာတရားများအဖြစ် ခွဲခြား၍ရနိုင်သလော။ (မရနိုင်ပါ။) ထို့ကြောင့် သမ္မာတရားကို သင် လက်တွေ့လုပ်ဆောင်သည့်အခါ မည်သည့်အရာအတိုင်း သင် လက်တွေ့လုပ်ဆောင်သင့်သနည်း။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ (စည်းမျဉ်းများအတိုင်း အမှုကိစ္စများကို ကိုင်တွယ်ခြင်းဖြစ်သည်။) စည်းမျဉ်းများအတိုင်း အမှုကိစ္စများကို ကိုင်တွယ်ခြင်းသည် အရေးအကြီးဆုံးသော အရာဖြစ်သည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းသည် မတူကွဲပြားသည့် အချိန်များ၊ နေရာများ၊ ပတ်ဝန်းကျင်များနှင့် ဆက်စပ်အကြောင်းအရာများ၌ ဘုရားနှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ခြင်းကို ဆိုလိုသည်။ အမှုအရာများအတွက် စည်းမျဉ်းများကို ခေါင်းမာမာဖြင့် ကျင့်သုံးခြင်းအကြောင်း မဟုတ်ပေ။ သမ္မာတရား စည်းမျဉ်းများကို ထိန်းသိမ်းခြင်းအကြောင်း ဖြစ်သည်။ ယင်းမှာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းဟု ဆိုလိုသည့်အရာ ဖြစ်သည်။ ထို့ကြောင့် ဘုရားနှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် ဘုရားသခင် ချမှတ်သည့် သတ်မှတ်ချက်များကို လိုက်နာစောင့်ထိန်းခြင်းတို့ကြား တကယ်ကို ကွဲလွဲဆန့်ကျင်မှု မရှိပေ။ သာ၍ ခိုင်မာစွာပြောရလျှင် သင်၏ မိဘများကို ရိုသေစွာပြုခြင်းနှင့် သင့်ကို ဘုရားသခင် ပေးထားသည့် စေခိုင်းချက်နှင့် တာဝန်ကို ပြီးပြည့်စုံစေခြင်းတို့ကြားတွင် ကွဲလွဲဆန့်ကျင်မှု လုံးဝ မရှိပေ။ ဤအရာများထဲမှ မည်သည့်အရာသည် ဘုရားသခင်၏ လတ်တလော နှုတ်ကပတ်တော်များနှင့် သတ်မှတ်ချက်များ ဖြစ်သနည်း။ ဤမေးခွန်းကို သင် ဦးစွာပထမ စဉ်းစားသင့်သည်။ ဘုရားသခင်သည် မတူကွဲပြားသော လူတို့ထံမှ မတူကွဲပြားသောအရာများကို တောင်းဆို၏။ ၎င်းတို့အတွက် ကွဲပြားသော သတ်မှတ်ချက်များ သူ့ထံတွင် ရှိသည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များအဖြစ် အစေခံသောသူတို့သည် ဘုရားသခင်၏ ခေါ်ခြင်းခံရပြီးဖြစ်သောကြောင့် ၎င်းတို့ စွန့်လွှတ်ရမည်ဖြစ်ပြီး မိမိတို့၏ မိဘများကို ရိုသေစွာပြုလျက် အတူ နေ၍မရပေ။ ၎င်းတို့အနေဖြင့် ဘုရားသခင်၏ စေခိုင်းချက်တာဝန်ကို လက်ခံပြီး သူ့နောက်လိုက်ရန် အရာရာကို စွန့်လွှတ်သင့်သည်။ ဤသည်မှာ အခြေအနေတစ်မျိုး ဖြစ်သည်။ ပုံမှန်နောက်လိုက်များသည် ဘုရားသခင်၏ ခေါ်ခြင်းမခံရသေးသောကြောင့် မိမိတို့၏ မိဘများနှင့်အတူ နေပြီး ၎င်းတို့ကို ရိုသေစွာပြုနိုင်သည်။ ဤအရာကို လုပ်ဆောင်ခြင်းအတွက် ဆုလာဘ်များမရှိသကဲ့သို့ ရလဒ်တစ်ခုအနေဖြင့် မည်သည့် ကောင်းချီးမျှ ရရှိကြလိမ့်မည် မဟုတ်။ သို့သော် ၎င်းတို့သည် သားသမီးဝတ်ကို မပြပါက လူ့သဘာဝ ကင်းမဲ့ကြပေသည်။ အမှန်တွင် မိမိ၏ မိဘများကို ရိုသေစွာပြုခြင်းသည် တာဝန်ဝတ္တရားတစ်မျိုးသာ ဖြစ်ပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ စံကို မမီပေ။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းသည် ဘုရားသခင်ကို ကျိုးနွံနာခံခြင်းဖြစ်သည်။ ဘုရားသခင်ကို ကျိုးနွံနာခံခြင်း၏ သရုပ်သကန်တစ်ခုမှာ ဘုရားသခင်၏ စေခိုင်းချက်တာဝန်ကို လက်ခံခြင်းဖြစ်ပြီး ဘုရားသခင်၏ နောက်လိုက်များ ဖြစ်သောသူတို့မှာ မိမိတို့တာဝန်များကို လုပ်ဆောင်ရန် အရာရာကို စွန့်လွှတ်သောသူများ ဖြစ်သည်။ အနှစ်ချုပ်လျှင် သင့်ရှေ့တွင် ရှိနေသည့် အရေးအကြီးဆုံးသော အလုပ်မှာ သင်၏ တာဝန်ကို ကောင်းစွာ ထမ်းဆောင်ရန် ဖြစ်သည်။ ယင်းမှာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းဖြစ်ပြီး ဘုရားသခင်ကို ကျိုးနွံနာခံခြင်း၏ သရုပ်သကန်တစ်ခု ဖြစ်သည်။ ထို့ကြောင့် ယခု လူတို့ အဓိကအားဖြင့် လက်တွေ့လုပ်ဆောင်သင့်သည့် သမ္မာတရားမှာ အဘယ်နည်း။ (မိမိတာဝန်ကို ထမ်းဆောင်ခြင်း ဖြစ်ပါသည်။) မှန်ပေ၏၊ မိမိတာဝန်ကို သစ္စာစောင့်သိစွာ ထမ်းဆောင်ခြင်းသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း ဖြစ်သည်။ လူတစ်ဦးသည် မိမိတာဝန်ကို ရိုးသားစစ်မှန်စွာ ထမ်းဆောင်ခြင်းမရှိပါက ၎င်းတို့သည် အစေခံမှုပေးနေခြင်းသာ ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁၊ သမ္မာတရား လိုက်စားခြင်းဆိုသည်မှာ (၄)) ဘုရားနှုတ်ကပတ်တော်ကတစ်ဆင့် ဘုရားအလိုတော်နဲ့ တောင်းဆိုချက်တွေကို ကျွန်တော် သိလာတယ်။ ကိုယ့်မိခင်နဲ့ဖခင်ကို ရိုသေခြင်းက ဘုရားသခင် အရင်တုန်းက ချမှတ်တဲ့ တောင်းဆိုချက်ဖြစ်ပြီး လက်တွေ့လုပ်ဆောင်သင့်တယ်။ ကိုယ့်တာဝန်အပေါ် မလွှမ်းမိုးသရွေ့ မိဘတွေကို စောင့်ရှောက်တာ၊ မိဘတွေနဲ့ အချိန်ကုန်တာ မိဘတွေကို စိတ်မပူရအောင်၊ စိတ်သောကမရောက်အောင် လုပ်ပေးတာတွေက သားသမီးအနေနဲ့ လူတိုင်းရဲ့ တာဝန်ပဲ။ ဒါပေမဲ့ ဒါက သမ္မာတရားကို လက်တွေ့လုပ်ဆောင်တာ၊ ဘုရားကို နာခံတာနဲ့ ဘာမှ မသက်ဆိုင်ဘူး။ ကျွန်တော့်အမေ နေမကောင်းဖြစ်တော့ သူ့ကို ဆေးရုံခေါ်သွားဖို့၊ သူ့အတွက် ဖြည့်စွက်စာတွေ ဝယ်ပေးဖို့က ကျွန်တော့်တာဝန်ပဲ။ ဒါပေမဲ့ ကျွန်တော်က သားသမီးတာဝန်ကို လုပ်နေတာ သက်သက်ပဲ။ သမ္မာတရားကို လက်တွေ့လုပ်နေတာ မဟုတ်ဘူး။ ဘုရားသခင်က လူတွေကို တာဝန်ထမ်းဆောင်ဖို့အတွက် ခေါ်ဆိုပြီး တောင်းဆိုတဲ့အခါမှာ ဒီတာဝန်ကို ထမ်းဆောင်တာက မိဘတွေအပေါ် သားသမီးဝတ်ကျေပွန်နိုင်စွမ်းနဲ့ ကွဲလွဲဆန့်ကျင်နေရင်တောင် ကျွန်တော်တို့က ဖန်ဆင်းခံတွေအနေနဲ့ တာဝန်တွေကို ဖြည့်ဆည်းဖို့အတွက် ဖန်ဆင်းခံတွေအနေနဲ့ ဘုရားသခင်ကို နာခံပြီး ဘုရားသခင်ရဲ့ လမ်းခရီးကို လိုက်လျှောက်ရမယ်။ ဒါဟာ ကျွန်တော်တို့အတွက် ကောင်းကင်ဘုံရဲ့ ခေါ်တော်မူခြင်း၊ ဘုရားသခင်ရဲ့ လက်ရှိအလိုတော်နဲ့ တောင်းဆိုချက်ပဲ။ ဒါကို ကျွန်တော် သဘောပေါက်သွားတော့ ရှေ့ဆက် ကျွန်တော် ဘယ်လိုဆုံးဖြတ်သင့်တယ်ဆိုတာ သိသွားတယ်။ အခုက နိုင်ငံတော်ဧဝံဂေလိတရားကို ကြီးမားစွာ ချဲ့ထွင်ဖို့အတွက် အရေးပါတဲ့ အချိန်ပဲ။ လုပ်စရာ အရေးတကြီးအလုပ်တွေ အများကြီးရှိတယ်။ ကျွန်တော်က ဘုရားသခင်ရဲ့ သမ္မာတရား အထောက်အပံ့များစွာကို ခံစားခဲ့ရပြီး ဘုရားအိမ်တော်က ကျွန်တော့်ကို နှစ်ချီပြီး ပျိုးထောင်ပေးခဲ့တယ်။ ဒီတော့ ဘုရားကျေနပ်အောင် တာဝန်ထမ်းဆောင်တာကို ကျွန်တော် ရွေးမှဖြစ်မယ်။ တကယ်တော့ ကျွန်တော့်အမေက ကျန်းမာရေးအရမ်းမကောင်းပေမဲ့ သူ့ကိုယ်သူ ကောင်းကောင်း စောင့်ရှောက်နိုင်ပါတယ်။ ပြီးတော့ ကျွန်တော့် ဦးလေးနဲ့ ညီမကလည်း သူ့ကို ကူပြီးစောင့်ရှောက်ပေးနိုင်တယ်။ ကျွန်တော့်တာဝန်ကို ထမ်းဆောင်ရမယ်။ ဒါက ကျွန်တော့်အပေါ် ဘုရားရဲ့ မျှော်လင့်ချက်၊ တောင်းဆိုချက်ဖြစ်ပြီး သမ္မာတရားကို ကျွန်တော်လိုက်စားတာ၊ ကယ်တင်ခြင်းရရှိတာတွေအတွက် လိုအပ်ချက်တစ်ခုပဲ။ ကျွန်တော် အိမ်မှာနေရင် ရဲတွေရဲ့ စောင့်ကြည့်တာ၊ ထိန်းချုပ်တာကို ဆက်ခံရမယ်။ ကျွန်တော့်တာဝန်ကို ထမ်းဆောင်တာ၊ ယုံကြည်ခြင်းလမ်းခရီးကို လျှောက်လှမ်းတာတွေကို လုံးဝ လုပ်နိုင်စွမ်းရှိမှာ မဟုတ်ဘူး။ ကျွန်တော်က သားသမီးဝတ်ကျေပြီး ကျွန်တော့်အမေနားမှာနေခဲ့ရင် နောက်ဆုံးမှာ မိသားစုအရေးကိစ္စတွေနဲ့ ဇာတိပကတိနဲ့ ချည်နှောင်သွားပြီး တာဝန်ကို လုပ်ဆောင်နိုင်မှာ မဟုတ်ဘူး။ ဖန်ဆင်းခံအနေနဲ့ ကျွန်တော်ရဲ့ တာဝန်ကို ဆုံးရှုံးပြီး ကယ်တင်ခြင်းခံရဖို့ ကျွန်တော့် အခွင့်အရေးကို ဆုံးရှုံးရမှာပဲ။ ကျွန်တော်က ဘုရားအတွက် ကျွန်တော့်တစ်ဘဝလုံးကို ပေးပြီး ကိုယ့်ကိုယ်ကိုယ် အသုံးခံမယ်ဆိုပြီးတော့ ဘုရားရှေ့မှာ ကျွန်တော် ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်ကို ကျွန်တော် တွေးမိတယ်။ အိမ်နဲ့အဝေးမှာ တာဝန်ထမ်းဆောင်နေတုန်းမှာ ကျွန်တော် သင်ယူခဲ့ရတာတွေအားလုံးနဲ့ ကျွန်တော့် အသက်တာက ဘယ်လောက် ကြီးထွားပြီးခဲ့သလဲဆိုတာကိုလည်း တွေးမိတယ်။ ဒါက ကျွန်တော့်ရဲ့ ဇာတိပကတိမှာ အသက်ရှင်ပြီး အိမ်မှာ မိသားစုနဲ့နေတာထက် အရမ်းကိုပိုပြီး အဓိပ္ပာယ်ရှိပြီး တန်ဖိုးရှိတယ်။ ဘုရားသခင်က ကျွန်တော့်အတွက် သူချမှတ်ခဲ့တဲ့ လမ်းကြောင်းတစ်ခုဖြစ်တဲ့ အဲဒီလမ်းကြောင်းပေါ်မှာ ကျွန်တော့်ကို လမ်းပြနေခဲ့တာပါ။ ကျွန်တော့်ကို ဆက်ပြီး လျှောက်လှမ်းလိုစိတ်ရှိနေခဲ့တယ်။

အဲဒီနောက်တော့ တာဝန်ထမ်းဆောင်ဖို့အတွက် အိမ်ကနေ ထွက်မဲ့ ကျွန်တော့်ရဲ့အစီအစဉ်ကို အမေ့ကို ပြောပြလိုက်တယ်။ ကျွန်တော့်အမေက ခွဲခွာဖို့ကို နည်းနည်းတွန့်ဆုတ်နေပေမဲ့ ကျွန်တော့်ဆုံးဖြတ်ချက်ကို သူ အလေးထားခဲ့တယ်။ နောက်နေ့တွေမှာ ကျွန်တော် အလုပ်မလုပ်တဲ့အချိန်ဆိုရင် ဘုရားနှုတ်ကပတ်တော်စားသောက်ခြင်း၊ မိတ်သဟာယဝေမျှခြင်းတွေမှာ ကျွန်တော့်အမေကို ကျွန်တော် ဦးဆောင်လမ်းပြတယ်။ သူ့ရဲ့ စိတ်ဓာတ်ကျခြင်းကနေ ဖြစ်နိုင်သမျှ အမြန်ဆုံးလွတ်မြောက်ဖို့ ကျွန်တော် မျှော်လင့်ခဲ့တယ်။ သုံးလေးရက်လောက်ကြာတော့ ကျွန်တော် အိမ်မှာ အားလုံးကို နေရာချထားခဲ့ပြီး ထွက်ခဲ့တယ်။ အဲဒီနောက် မကြာခင်မှာပဲ ကျွန်တော့်တာဝန်ကို ချက်ချင်းလုပ်ခဲ့တယ်။ တော်တော်အလုပ်ရှုပ်ပေမဲ့ ကျွန်တော့်အမေကို သတိမရဘဲ မနေနိုင်သေးဘူး။ ကျွန်တော်အိမ်ကနေ ထွက်သွားတာကို သူမြင်တဲ့အချိန် သူဝမ်းနည်းပြီး တွန့်ဆုတ်နေတဲ့ပုံကို ကျွန်တော် တွေးမိတဲ့အချိန်မှာ ကျွန်တော် ဝမ်းနည်းနာကျင်မိတယ်။ အိမ်မှာ ကျွန်တော်က သူနဲ့အချိန်ကုန်ပြီး စကားပြောတော့ သူက အရမ်းအထီးကျန်မှာ မဟုတ်ဘူး။ အခု ကျွန်တော်မရှိတော့ သူ့ဘာသာ ဘယ်လို နေမှာလဲ။ ကျွန်တော့်အမေက ကျန်းမာရေးမကောင်းဘူး။ သူ့ရဲ့ ပိုဆိုးလာတဲ့ ကျန်းမာရေးကြောင့် ပိုပြီး စိတ်ဓာတ်ကျလာမှာကို ကျွန်တော် စိတ်ပူမိတယ်။ အချိန်ကြာလာပြီး သူက စိတ်ဓာတ်ကျတာကို လွှတ်မချနိုင်ဘူးဆိုရင် ရူးမိုက်တာ တစ်ခုခုကို သူ လုပ်မှာလားပေါ့။ ကျွန်တော် တွေးလေလေ၊ စိတ်ပူလေလေပဲ။ ကျွန်တော့်အမေသာ တစ်ခုခုဖြစ်ရင် ကျွန်တော့်ဆွေမျိုးတွေက သေချာပေါက် ကျွန်တော့်ကို မကောင်းပြောကြမှာပဲ။ ဒါကို သဘောပေါက်မိပြီး ကျွန်တော် နည်းနည်း စိတ်အနှောင့်အယှက်ဖြစ်သွားပြီး တာဝန်ကို အာရုံမစိုက်နိုင်ဘူး။ ကျွန်တော်က အဲဒီမှာ ရှိနေတုန်းမှာ တာဝန်အတွက် အရာရာတိုင်းကို အားစိုက်သင့်တယ်၊ ဘုရားကို ကျေနပ်စေဖို့ တာဝန်ထမ်းဆောင်တာက အဓိကအချက်ပဲဆိုတာကို ကျွန်တော် သိခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော့်အမေအပေါ် ဒီ အပြစ်ရှိတဲ့ ခံစားချက်နဲ့ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မှုကို လွှတ်မချနိုင်ခဲ့ဘူး။

နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်က ဒီလိုပြောထားတာကို ကျွန်တော် တွေးမိတယ်။ “မည်သူသည် ငါ့အတွက် သူတို့ကိုယ်သူတို့ အမှန်တကယ် ပြည့်ဝစွာ အသုံးခံကာ သူတို့၏ အရာအားလုံးကို ငါ့အတွက် ဆက်ကပ်နိုင်သနည်း။ သင်တို့ အားလုံးသည် စိတ်မပါ့တပါဖြစ်နေကြပြီး သင်တို့၏ အတွေးများသည် တဝဲလည်လည် ဖြစ်ကာ အိမ်၊ အပြင်လောက၊ အစားအစာနှင့် အဝတ်အစားများအကြောင်း တွေးနေကြသည်။ သင်သည် ငါ့အရှေ့ ဤနေရာတွင် ရှိနေပြီး ငါ့အတွက် အမှုအရာများကို လုပ်ဆောင်နေသော်လည်း သင်၏ စိတ်နှလုံးအတွင်းထဲတွင်မူ သင်သည် အိမ်ရှိ သင်၏ ဇနီးသည်၊ သားသမီးများနှင့် မိဘများအကြောင်းကို တွေး၍နေသေးသည်။ ဤအရာအားလုံးသည် သင်၏ ဥစ္စာဖြစ်သလော။ ၎င်းတို့ကို ငါ၏ လက်ထဲသို့ သင်အဘယ်ကြောင့် မအပ်နှံသနည်း။ ငါ့ကို သင်အလုံအလောက် မယုံကြည်သလော။ ထိုသို့မဟုတ်လျှင် ငါသည် သင့်အတွက် မဆီလျော်သော စီစဉ်ပြင်ဆင်မှုများကို ပြုလိမ့်မည်ဟူ၍ သင်စိုးရိမ်သောကြောင့် ဖြစ်သလော။ သင်သည် သင်၏ဇာတိပကတိ မိသားစုကို အဘယ်ကြောင့် အမြဲတစေ စိုးရိမ်ပူပန်သနည်း။ သင်သည် သင်ချစ်ရသူများကို အမြဲအောက်မေ့နေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၅၉)) အမှန်ပဲ။ ကျွန်တော့်အမေရဲ့ ကျန်းမာရေးနဲ့ သူစိတ်ဓာတ်ကျတဲ့ ဆိုးရွားမှုတွေအားလုံးက ဘုရားလက်ထဲမှာ မဟုတ်ဘူးလား။ ကျွန်တော့်ဘက်က ဘယ်လောက်ပဲ စိတ်ပူပါစေ သူ့ပြဿနာက ပြေလည်သွားမှာ မဟုတ်ဘူး။ အရာရာတိုင်းကို ဘုရားလက်ထဲမှာ ကျွန်တော် ထားရမယ်။ နောက်ပိုင်းမှာ ကျွန်တော် ဘုရားသခင်ကို ဆုတောင်းခဲ့တယ်။ “အို ဘုရားသခင် ကျွန်တော့်အမေရဲ့ အခြေအနေက တိုးတက်မလား၊ သူ့ကျန်းမာရေးက ဆုတ်ယုတ်မလားဆိုတာ အားလုံးက ကိုယ်တော့်လက်ထဲမှာရှိတာကို ကျွန်တော် သိပါတယ်။ သူ စိတ်ဓာတ်မကျအောင်၊ ဆင်းရဲဒုက္ခမရောက်အောင် လမ်းပြတော်မူပါ။ ဒီကနေ သူ သင်ယူသင့်တဲ့အရာတစ်ခုခုရှိရင် သူ့ကိုယ်သူ ဆင်ခြင်သုံးသပ်ပြီး ကိုယ်တော်ရဲ့အမှုတော်ကို တွေ့ကြုံဖို့အတွက် သင်ယူဖို့ သူ့ကို လမ်းပြတော်မူပါ။ အရာရာတိုင်းကို ကိုယ်တော့်လက်ထဲမှာထားပြီး ကိုယ်တော်ရဲ့ အချုပ်အခြာအာဏာနဲ့ အစီအစဉ်တွေကို ကျွန်တော် နာခံလိုစိတ်ရှိပါတယ်” လို့ပေါ့။ ဆုတောင်းပြီးတော့ ကျွန်တော် နည်းနည်းပိုပြီး စိတ်အေးသွားတယ်။ နောက်ပိုင်းမှာ ကျွန်တော့်အမေဆီကို ကျွန်တော် စာရေးပြီး ကျွန်တော် သင်ယူရသမျှကို သူ့ကို ပြောပြတယ်။ ပြီးတော့ သူ့ကိုယ်သူ ဆင်ခြင်သုံးသပ်ပြီး သိမြင်လာဖို့ မျှော်လင့်ချက်နဲ့ သူ့အတွေ့အကြုံမှာရှိတဲ့ ပြဿနာတချို့ကို ကျွန်တော် ထောက်ပြတယ်။

အဲဒီနောက် မကြာခင်မှာပဲ ကျွန်တော့်အမေဆီက စာတစ်စောင်ရတယ်။ သူက ပြောတယ်။ ကျွန်တော် ထွက်သွားပြီး မကြာခင်မှာပဲ ညီအစ်ကိုမောင်နှမတွေက သူ့အတွက် အသင်းတော်အသက်တာကို စီစဉ်ပေးတယ်တဲ့။ ပြီးတော့ သူက ဘုရားနှုတ်ကပတ်တော်ကတစ်ဆင့် စိတ်ဓာတ်ကျတဲ့ အခြေအနေမှာ သူရှင်သန်နေခြင်းနဲ့ သက်ဆိုင်တဲ့ အပျက်သဘောဆောင်တဲ့ စိတ်ခံစားချက်တွေကို သူ နားလည်လာတယ်။ သူ့အခြေအနေလည်း တော်တော်တိုးတက်လာတယ်။ ဒီသတင်းကိုကြားတော့ ကျွန်တော် အရမ်းပျော်ပြီး ဘုရားသခင်ကို ကျေးဇူးတင်ခဲ့တယ်။ နောက်ပိုင်းမှာ မိဘတွေအပေါ် ဖြည့်ဆည်းတဲ့ တာဝန်တွေကို ဘယ်လို သင့်လျော်စွာ ရှုမြင်ရမယ်ဆိုတာနဲ့ ဆိုင်တဲ့ သမ္မာတရားအပေါ် ဘုရားသခင်ရဲ့ မိတ်သဟာယပြုချက်ကို ကျွန်တော် ဖတ်တဲ့အခါမှာ ကျွန်တော် ချက်ချင်းပဲ စိတ်သက်သာရာရပြီး မှန်ကန်တဲ့ အမြင်နဲ့ လက်တွေ့လုပ်ဆောင်မှု စည်းမျဉ်းကို ရခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “မိဘတို့နှင့် ဆက်ဆံရေးသည် တစ်စုံတစ်ဦးအတွက် စိတ်ခံစားမှုအရ ကိုင်တွယ်ရန် အခက်ခဲဆုံးဖြစ်သော်လည်း အမှန်တွင် လုံးဝ ကိုင်တွယ်၍ မရနိုင်သည့်အရာ မဟုတ်ပေ။ သမ္မာတရားကို သိနားလည်သည့် အခြေခံအကြောင်းရင်းဖြင့်သာ လူတို့သည် ဤကိစ္စရပ်ကို မှန်ကန်စွာနှင့် အကျိုးသင့်အကြောင်းသင့် သဘောထားနိုင်ပေသည်။ စိတ်ခံစားချက်များ၏ ရှုထောင့်အမြင်မှ အစမပြုနှင့်၊ ပြီးလျှင် လောကီလူတို့၏ ထိုးထွင်းအမြင်များ သို့မဟုတ် ရှုထောင့်အမြင်များမှ အစမပြုနှင့်။ ထိုအစား သင်၏ မိဘများကို ဘုရားနှုတ်ကပတ်တော်များအတိုင်း သင့်တင့်လျောက်ပတ်သည့် ပုံစံဖြင့် ဆက်ဆံလော့။ မိဘများက မည်သည့် အခန်းကဏ္ဍကို အမှန်တကယ် ဆောင်ရွက်ကြသနည်း၊ သားသမီးများသည် ၎င်းတို့၏ မိဘများအတွက် အမှန်တကယ် အဘယ်အရေးပါမှု ရှိသနည်း၊ သားသမီးများက မိမိတို့၏ မိဘများအပေါ် မည်သည့် သဘောထား ရှိသင့်ပြီး မိဘများနှင့် သားသမီးများကြား ဆက်ဆံရေးကို လူတို့အနေဖြင့် မည်သို့ ကိုင်တွယ်ပြီး ဖြေရှင်းသင့်သနည်း။ လူတို့သည် ဤအရာများကို စိတ်ခံစားချက်များပေါ် အခြေခံ၍ မရှုမြင်သင့်သကဲ့သို့ မှားယွင်းသည့် စိတ်ကူးတစ်ခုခု သို့မဟုတ် ရေပန်းစားသော ခံယူချက်တစ်ခုခုဖြင့် လွှမ်းမိုးမခံရသင့်ပေ။ ယင်းတို့ကို ဘုရားနှုတ်ကပတ်တော်များပေါ် အခြေခံ၍ မှန်ကန်စွာ ချဉ်းကပ်သင့်ပေသည်။ သင်သည် ဘုရားသခင် စီမံထားသည့် ပတ်ဝန်းကျင်တွင် သင်၏ မိဘများအတွက် သင်၏ တာဝန်များထဲမှ တစ်ခုခုကို ဖြည့်ဆည်းရန် ပျက်ကွက်လျှင်၊ သို့မဟုတ် ၎င်းတို့၏ ဘဝများတွင် ကဏ္ဍတစ်ခုတလေကို သင် မည်သို့မျှ ဆောင်ရွက်ခြင်းမရှိလျှင် ယင်းသည် သားသမီးဝတ်ကျေပွန်ခြင်းလော။ သင်သည် လိပ်ပြာသန့်ပါမည်လော။ သင်၏ အိမ်နီးချင်းများ၊ အတန်းဖော်များနှင့် ဆွေမျိုးများအားလုံးက သင့်နောက်ကွယ်တွင် သင့်ကို ဒေါသဖြင့် ပြောဆိုကာ ဝေဖန်ကြလိမ့်မည်။ ၎င်းတို့က ‘သင်၏ မိဘများက သင့်အတွက် များစွာ စွန့်လွှတ်အနစ်နာခံခဲ့သည်၊ သင့်အတွက် အပင်ပန်းခံသည့် အားထုတ်မှုများစွာ ရည်စူးမြှုပ်နှံခဲ့ပြီး သင် ငယ်စဉ်ကတည်းက သင့်အတွက် များစွာ လုပ်ဆောင်ပေးခဲ့ကာ ကျေးဇူးကန်းသည့် ကလေးဖြစ်သည့် သင်သည် ဘေးကင်းလုံခြုံကြောင်းပင် စာလည်းမလာ သတင်းလည်းမကြားဘဲ စုပ်စမြုပ်စပင် မကျန်အောင် ပျောက်သွားသည်။ နှစ်သစ်ကူးအတွက် သင် ပြန်မလာရုံမက သင်၏ မိဘများကို ဖုန်းတစ်ချက်ပင် မဆက်၊ နေကောင်းလားဟူ၍ တစ်ချက်မမေးပါ’ ပြောလျက် သားသမီးဝတ် မကျေပွန်သည့် သားသမီးတစ်ဦးဟု သင့်ကို ခေါ်ကြလိမ့်မည်။ ထိုသို့သော စကားများကို သင် ကြားသည့်အခါတိုင်းတွင် သင်၏ အသိစိတ်က သွေးထွက်ကာ ငိုကြွေးပြီး ရှုတ်ချခံရသည်ဟု သင် ခံစားရသည်။ ‘အို သူတို့ မှန်သည်’ဟူ၍ ဖြစ်သည်။ သင်၏ မျက်နှာသည် ရှက်စိတ်ဖြင့်ပူထူသွားပြီး သင်၏ နှလုံးသားက အပ်များဖြင့် ထိုးဆွခံရသည့်အလား တုန်ယင်သွားသည်။ ဤခံစားချက် အမျိုးအစားများ သင့်တွင် ရှိခဲ့သလော။ (ယခင်က ရှိခဲ့ပါသည်။) သင်သည် သားသမီးဝတ်ကျေပွန်ခြင်းမရှိဟု ပြောရာတွင် အိမ်နီးချင်းများနှင့် သင်၏ ဆွေမျိုးများက မှန်ကန်သလော။...ပထမအချက်အနေဖြင့် လူအများစုသည် မိမိတို့၏ တာဝန်များကို ထမ်းဆောင်ရန် နေအိမ်မှ စွန့်ခွာဖို့ ရွေးချယ်ကြသည်။ ယင်းမှာ ဆက်စပ်လွှမ်းခြုံမှုရှိသော အပြင်ပန်း အခြေအနေများကြောင့် တစ်စိတ်တစ်ဒေသဖြစ်ပြီး ထိုအခြေအနေများကြောင့် ၎င်းတို့၏ မိဘများကို စွန့်ခွာရန် လိုအပ်လာခြင်း ဖြစ်၏။ ထိုသူတို့သည် မိမိတို့၏ မိဘများကို စောင့်ရှောက်ပြီး အဖော်ပြုပေးရန် ၎င်းတို့ဘေးတွင် မနေနိုင်ကြပေ။ ထိုသူတို့အနေဖြင့် မိမိတို့ မိဘများကို စွန့်ခွာရန် လိုလိုလားလား ရွေးချယ်ကြခြင်း မဟုတ်ပေ။ ဤသည်မှာ ဓမ္မဓိဋ္ဌာန်ကျသော အကြောင်းပြချက်ဖြစ်သည်။ နောက်တစ်ချက်အနေဖြင့် ခံစားချက်အရ ပြောရလျှင် သင်သည် သင်၏ မိဘများကို စွန့်ခွာကာ သင်၏ ဝတ္တရားများကို ရှောင်ရှားလိုသောကြောင့် မဟုတ်ဘဲ ဘုရားသခင်၏ ခေါ်ဆောင်ခြင်းကြောင့် သင်၏ တာဝန်များကို ထမ်းဆောင်ရန် ထွက်သွားခြင်း ဖြစ်သည်။ ဘုရားသခင်၏ အမှုတော်နှင့် ပူးပေါင်းဆောင်ရွက်ရန်အလို့ငှာ သူ၏ ခေါ်ဆောင်ခြင်းကို လက်ခံရန် အဖန်ဆင်းခံတစ်ဦး၏ တာဝန်များကို ထမ်းဆောင်ရန်အလို့ငှာ သင်၏ မိဘများကို စွန့်ခွာရန်မှလွဲ၍ သင်၌ ရွေးချယ်စရာ မရှိခဲ့ပေ။ ၎င်းတို့ကို အဖော်ပြုပေးပြီး စောင့်ရှောက်ရန် ၎င်းတို့ နံဘေးတွင် သင် မနေနိုင်ပေ။ ဝတ္တရားများကို ရှောင်ရှားရန် ၎င်းတို့ကို သင် စွန့်ခွာခဲ့ခြင်း မဟုတ်၊ မှန်သလော။ သင်၏ ဝတ္တရားများကို ရှောင်ရှားရန် ၎င်းတို့ကို စွန့်ခွာခြင်းနှင့် ဘုရားသခင်၏ ခေါ်ဆောင်ခြင်းကို ပြန်ကြားကာ သင်၏ တာဝန်များကို ထမ်းဆောင်ရန် ၎င်းတို့ကို စွန့်ခွာရခြင်းဟူသည့် ဤအရာများသည် မတူကွဲပြားသည့် သဘာဝနှစ်ခုနှင့် သက်ဆိုင်သည် မဟုတ်လော။ (သက်ဆိုင်ပါသည်။) သင်၏ စိတ်နှလုံးတွင် သင့်မိဘများအတွက် စိတ်ခံစားမှုဆိုင်ရာ သံယောဇဉ်နှင့် အတွေးများ ရှိသည်မှာ အမှန်ဖြစ်သည်။ သင်၏ ခံစားချက်များက အနှစ်မဲ့ခြင်း မရှိပေ။ အပြင်ပန်း အခြေအနေများက အခွင့်ပေးပြီး သင်၏ တာဝန်များကို ထမ်းဆောင်ရင်း ၎င်းတို့ နံဘေးတွင် သင် နေနိုင်လျှင်၊ သင်သည် ၎င်းတို့ကို ပုံမှန် စောင့်ရှောက်ကာ သင်၏ ဝတ္တရားများကို ဖြည့်ဆည်းရင်း ၎င်းတို့ နံဘေးတွင်နေရန် လိုလားနေပေမည်။ သို့ရာတွင် အပြင်ပန်း အခြေအနေများကြောင့် ၎င်းတို့ကို သင် စွန့်ခွာရမည်ဖြစ်သည်။ ၎င်းတို့နံဘေးတွင် သင် ရှိမနေနိုင်ပေ။ ၎င်းတို့၏ သားသမီးအနေဖြင့် သင်၏ ဝတ္တရားများကို သင် မဖြည့်ဆည်းချင်သောကြောင့် မဟုတ်ဘဲ မဖြည့်ဆည်းနိုင်သောကြောင့် ဖြစ်သည်။ ဤအရာသည် သဘာဝအားဖြင့် ကွဲပြားသည် မဟုတ်လော။ (ကွဲပြားပါသည်။) သားသမီးဝတ် ကျေပွန်ခြင်းနှင့် သင်၏ ဝတ္တရားများကို ဖြည့်ဆည်းခြင်းအား ရှောင်ရှားရန် သင် အိမ်ကို စွန့်ခွာခဲ့လျှင် ယင်းမှာ သားသမီးဝတ် မကျေပွန်ခြင်းနှင့် လူ့သဘာဝ ကင်းမဲ့ခြင်း ဖြစ်သည်။ သင်၏ မိဘများက သင့်ကို ပြုစုပျိုးထောင်ခဲ့သော်လည်း သင်သည် ဘဝတွင် အခြေချရန်နှင့် သင့်ဘာသာ အလျင်အမြန် ထွက်သွားရန် မစောင့်နိုင်ပေ။ သင်၏ မိဘများကို သင် မမြင်လိုသကဲ့သို့ ၎င်းတို့ ကြုံရသည့် အခက်အခဲတစ်ခုခုနှင့်ပတ်သက်၍ ကြားသည့်အခါ သင်သည် အရေးစိုက်မှု တစ်စက်မျှ မရှိပေ။ ကူညီရန် နည်းလမ်း သင့်တွင် ရှိလျှင်ပင် သင် မကူညီ။ မကြားသလိုသာ ဟန်ဆာင်ပြီး အခြားသူများအား သင့်အကြောင်း ပြောလိုသည့် မည်သည့်အရာကိုမဆို ပြောခွင့်ပေးလိုက်သည်။ သင်၏ ဝတ္တရားများကို သင် တကယ်ကို မဖြည့်ဆည်းလိုပေ။ ဤသည်မှာ သားသမီးဝတ်မကျေပွန်ခြင်း ဖြစ်၏။ သို့ရာတွင် ယခု ဤသို့ ဖြစ်သလော။ (မဟုတ်ပါ။) များစွာသော လူတို့သည် ၎င်းတို့ တာဝန်များကို ထမ်းဆောင်ရန် ၎င်းတို့၏ ကောင်တီများ၊ မြို့များ၊ ပြည်နယ်များ၊ သို့မဟုတ် ၎င်းတို့၏ နိုင်ငံများကိုပင် စွန့်ခွာကြပြီးဖြစ်သည်။ ၎င်းတို့သည် မိမိတို့ ဇာတိမြို့များမှ အလှမ်းဝေးနှင့်ကြပေသည်။ ထို့အပြင် အကြောင်းအမျိုးမျိုးကြောင့် ၎င်းတို့၏ မိသားစုများနှင့် အဆက်အသွယ်ရှိနေရန် ၎င်းတို့အတွက် အဆင်မပြေပေ။ ၎င်းတို့သည် ဇာတိမြို့တစ်မြို့တည်းမှလာသည့် လူများထံမှ မိမိတို့ မိဘများ၏ လက်ရှိ အခြေအနေအကြောင်းကို ရံဖန်ရံခါ မေးမြန်းကြပြီး ၎င်းတို့၏ မိဘများက ကျန်းမာကာ အဆင်ပြေနေဆဲဖြစ်ကြောင်းကို ကြားသည့်အခါ စိတ်သက်သာရာရကြသည်။ အမှန်တွင် သင်သည် သားသမီးဝတ် မကျေပွန်ခြင်း မဟုတ်။ သင်သည် သင်၏ မိဘများကို ပြုစုစောင့်ရှောက်ရန် သို့မဟုတ် ၎င်းတို့အပေါ် သင်၏ တာဝန်များကို ဖြည့်ဆည်းရန်ပင် အလိုမရှိသည့် လူ့သဘာဝကင်းမဲ့သောအဆင့်သို့ မရောက်ရှိသေးပေ။ ဤရွေးချယ်မှုကို သင် ပြုလုပ်ရခြင်းမှာ အမျိုးမျိုးသော အပြင်ပန်း အကြောင်းရင်းများကြောင့် ဖြစ်သည့်အတွက် သင်သည် သားသမီးဝတ် မကျေပွန်ခြင်း မဟုတ်ပေ။ ဤသည်တို့မှာ အကြောင်းရင်းနှစ်ခု ဖြစ်သည်။ နောက်ထပ်အကြောင်းရင်းတစ်ခုလည်း ရှိသေး၏။ သင်၏ မိဘများသည် သင့်ကို အထူးသဖြင့် နှိပ်စက်သည့် သို့မဟုတ် ဘုရားသခင်၌ သင်၏ ယုံကြည်မှုကို ပိတ်ဆို့တားဆီးသည့် လူစားမျိုးများ မဟုတ်လျှင်၊ ဘုရားသခင်၌ သင်၏ ယုံကြည်မှုကို ၎င်းတို့ အားပေးလျှင်၊ သို့မဟုတ် ၎င်းတို့သည် သင်ကဲ့သို့ ဘုရားသခင်ကို ယုံကြည်သည့် ညီအစ်ကို မောင်နှမများဖြစ်လျှင်၊ ၎င်းတို့ကိုယ်တိုင်က ဘုရားအိမ်တော်သားများဖြစ်လျှင် သင်၏ မိဘများအကြောင်းကို စဉ်းစားနေချိန် သင်တို့ထဲမှ မည်သူသည် စိတ်ထဲ၌ ဘုရားသခင်ထံ တိတ်တဆိတ် ဆုမတောင်းဘဲနေသနည်း။ သင်တို့ထဲမှ မည်သူသည် သင့်မိဘများ၏ ကျန်းမာရေး၊ ဘေးကင်းလုံခြုံမှုနှင့် ၎င်းတို့၏ ဘဝလိုအပ်ချက်များအားလုံးနှင့်အတူ ၎င်းတို့ကို ဘုရားလက်ထဲသို့ အပ်နှံခြင်း မရှိသနည်း။ သင်၏ မိဘများကို ဘုရားလက်ထဲသို့ အပ်နှံခြင်းသည် ၎င်းတို့ကို သားသမီးဝတ်ဆိုင်ရာ လေးစားမှုပြသရန် အကောင်းဆုံး နည်းလမ်းဖြစ်၏။ ၎င်းတို့အနေဖြင့် ၎င်းတို့၏ ဘဝများတွင် အခက်အခဲမျိုးစုံကို ရင်ဆိုင်ရဖို့ သင် မမျှော်လင့်သကဲ့သို့ ၎င်းတို့အနေဖြင့် မကောင်းသည့် ဘဝတစ်ခုကို နေထိုင်ရန်၊ နွမ်းပါးစွာ စားရန် သို့မဟုတ် ညံ့ဖျင်းသည့် ကျန်းမာရေးကို ခံစားရန် သင် မမျှော်လင့်ပေ။ သင်၏ စိတ်နှလုံးထဲတွင် ဘုရားသခင်က ၎င်းတို့ကို ကွယ်ကာပြီး ဘေးကင်းလုံခြုံအောင် ထားလိမ့်မည်ဟု သင် မျှော်လင့်ပေသည်။ ၎င်းတို့က ဘုရားသခင်ကို ယုံကြည်သူများဖြစ်လျှင် ၎င်းတို့၏ ကိုယ်ပိုင် တာဝန်များကို ထမ်းဆောင်နိုင်မည်ဟု သင် မျှော်လင့်ပြီး ၎င်းတို့၏ သက်သေခံချက်တွင် ခိုင်ခိုင်မာမာ ရပ်တည်နိုင်မည်ဟုလည်း သင် မျှော်လင့်ပေသည်။ ဤသည်မှာ မိမိ၏ လူ့တာဝန်များကို ဖြည့်ဆည်းခြင်း ဖြစ်သည်။ လူတို့သည် မိမိတို့ကိုယ်ပိုင် လူ့သဘာဝဖြင့်သာ ဤမျှ စွမ်းဆောင်ရရှိနိုင်ပေသည်။ ထို့အပြင် အရေးအကြီးဆုံးသောအရာမှာ ဘုရားသခင်ကို နှစ်ချီယုံကြည်ပြီး အလွန်များသည့် သမ္မာတရားများကို နားထောင်ပြီးသည့်နောက်တွင် အနည်းဆုံးအနေဖြင့် လူတို့သည် ဤသို့သိနားလည်မှုနှင့် သဘောပေါက်မှု အနည်းငယ်မျှ ရှိကြလေသည်။ လူ၏ ကံကြမ္မာကို ကောင်းကင်ဘုံက သတ်မှတ်သည်၊ လူသည် ဘုရားသခင်၏ လက်တွင် အသက်ရှင်ပြီး ဘုရားသခင်၏ စောင့်ရှောက်ခြင်းနှင့် ကွယ်ကာခြင်းတို့ ရခြင်းသည် အကြင်သူ၏ သားသမီးများ၏ ပူပန်မှုများ၊ သားသမီးဝတ်ကျေပွန်ခြင်း သို့မဟုတ် အဖော်ပြုခြင်းတို့ထက် များစွာ သာ၍ အရေးကြီးပေသည်။ သင်၏ မိဘများက ဘုရားသခင်၏ စောင့်ရှောက်ခြင်းနှင့် ကွယ်ကာမှုအောက်တွင်ရှိသည်မှာ သင် စိတ်သက်သာရာမရသလော။ ၎င်းတို့နှင့် ပတ်သက်၍ သင် စိုးရိမ်ရန် မလိုအပ်ပေ။ သင် အမှန်တကယ် စိုးရိမ်မိလျှင် ဘုရားသခင်ကို သင် ယုံကြည်ကိုးစားခြင်းမရှိဟု ဆိုလိုပေသည်။ သူ့အပေါ် သင်၏ ယုံကြည်ခြင်းက အလွန်သေးငယ်သည်။ သင်သည် သင်၏ မိဘများနှင့်ပတ်သက်၍ ရိုးသားစစ်မှန်စွာ စိုးရိမ်ပြီး ပူပန်လျှင် မကြာခဏ ဘုရားသခင်ထံ ဆုတောင်းပြီး ၎င်းတို့ကို ဘုရားလက်အပ်ကာ ဘုရားသခင်အား အရာရာကို စီစဉ်ညွှန်ကြားစေပြီး ကြိုတင်စီစဉ်ခွင့်ပေးသင့်ပေသည်။ ဘုရားသခင်သည် လူသားမျိုးနွယ်၏ ကံကြမ္မာအပေါ် အုပ်စိုးပြီး ၎င်းတို့၏ နေ့ရက်စဉ်တိုင်းနှင့် ၎င်းတို့ထံ ဖြစ်ပျက်သည့်အရာရာတိုင်းကို အုပ်စိုးသောကြောင့် မည်သည့်အရာနှင့်ပတ်သက်၍ သင် စိုးရိမ်နေသေးသနည်း။ သင်၏ ကိုယ်ပိုင်ဘဝကိုပင် သင် မထိန်းချုပ်နိုင်၊ သင်ကိုယ်တိုင်၌ အခက်အခဲအမြောက်အမြား ရှိ၏။ သင်၏ မိဘများအား နေ့စဉ် ပျော်ရွှင်စွာ အသက်ရှင်ခွင့်ပေးရန် မည်သည့်အရာကို သင် လုပ်ဆောင်နိုင်မည်နည်း။ သင် လုပ်နိုင်သမျှမှာ အရာရာကို ဘုရားလက်ထဲ အပ်နှံရန် ဖြစ်သည်။ ၎င်းတို့က ယုံကြည်သူများဖြစ်လျှင် နောက်ဆုံးတွင် ကယ်တင်ခံရနိုင်ရန်အလို့ငှာ ၎င်းတို့ကို မှန်ကန်သည့် လမ်းကြောင်းပေါ် ဦးဆောင်ရန် ဘုရားသခင်ကို တောင်းလျှောက်လော့။ ယုံကြည်သူများမဟုတ်လျှင် ၎င်းတို့ လျှောက်လိုသည့် မည်သည့်လမ်းကြောင်းကိုမဆို လျှောက်ကြပါစေ။ သာ၍ ကြင်နာတတ်ပြီး လူ့သဘာဝအချို့ရှိသည့် မိဘများအတွက်မူ ၎င်းတို့၏ ကျန်ရှိသည့် နှစ်ကာလများကို ပျော်ရွှင်မှုဖြင့် ကုန်ဆုံးနိုင်ရန်အလို့ငှာ ၎င်းတို့ကို ကောင်းချီးပေးဖို့ ဘုရားသခင်ထံ သင် ဆုတောင်းနိုင်သည်။ ဘုရားသခင် အမှုပြုပုံနှင့် ပတ်သက်၍မူ သူ့တွင် သူ၏ အစီအစဉ်များရှိပြီး လူတို့က ယင်းတို့ကို ကျိုးနွံနာခံသင့်ကြပေသည်။ ထို့ကြောင့် ခြုံငုံကြည့်လျှင် လူတို့သည် မိမိတို့ မိဘများအပေါ် ၎င်းတို့ ဖြည့်ဆည်းသည့် တာဝန်များနှင့်ဆိုင်သည့် အသိစိတ်တွင် အသိတစ်ခု ရှိကြ၏။ ဤအသိက မိမိ၏ မိဘများအပေါ် မည်သည့် သဘောထား ဖြစ်စေသည်ဖြစ်စေ၊ ထိုအရာက ပူပန်မှုဖြစ်စေ၊ ၎င်းတို့နံဘေးတွင် ရှိနေပေးရန် ရွေးချယ်ခြင်း ဖြစ်စေ၊ မည်သို့ဆိုစေ အပြင်ပန်း အခြေအနေများ၏ ထိခိုက်မှုခံရခြင်းကြောင့် ၎င်းတို့၏ မိဘများအပေါ် ၎င်းတို့၏ တာဝန်များကို မဖြည့်ဆည်းနိုင်ခဲ့သည့်အတွက် လူတို့သည် အပြစ်ရှိသည့်စိတ် မခံစားသင့် သို့မဟုတ် ဝန်ပိသည့် အသိစိတ် မရှိသင့်ကြပေ။ ဤကိစ္စများနှင့် ဤကဲ့သို့သော အခြားအရာများသည် ဘုရားသခင်၌ လူတို့၏ ယုံကြည်ခြင်း အသက်တာတွင် ဒုက္ခပြဿနာများ ဖြစ်မလာသင့်ပေ။ ယင်းတို့ကို လက်လွှတ်သင့်ပေသည်။ မိမိ၏ မိဘများအပေါ် တာဝန်များ ဖြည့်ဆည်းခြင်းနှင့် ဆက်စပ်သည့် ဤအကြောင်းအရာများနှင့် ပတ်သက်လာသည့်အခါ လူတို့တွင် ဤတိကျမှန်ကန်သည့် သိနားလည်မှုများ ရှိသင့်ပြီး ဘောင်ခတ်မခံရသင့်တော့ပေ။ တစ်ချက်မှာ သင်သည် သားသမီးဝတ်မကျေပွန်ခြင်း မရှိကြောင်းနှင့် သင်သည် သင်၏ တာဝန်များကို ခေါင်းရှောင်ခြင်း၊ သို့မဟုတ် ရှောင်ရှားခြင်းမရှိကြောင်း သင်၏စိတ်နှလုံးနက်ရှိုင်းရာထဲမှ သင်သိသည်။ နောက်တစ်ချက်မှာ သင်၏ မိဘများသည် ဘုရားလက်ထဲတွင်ရှိသောကြောင့် စိုးရိမ်ရမည့်အရာ မည်သည့်အရာ ရှိသေးသနည်း။ အကြင်သူ ရှိကောင်းရှိမည့် မည်သည့် စိုးရိမ်မှုများမဆိုသည် မလိုလားအပ်ပေ။ လူအသီးသီးသည် မည်သည့်သွေဖည်မှုမျှမရှိဘဲ မိမိတို့၏ လမ်းကြောင်း အဆုံးထိ ရောက်ရှိရင်း ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များအတိုင်း အဆုံးထိတိုင် အဆင်ပြေချောမွေ့စွာ အသက်ရှင်လိမ့်မည် ဖြစ်သည်။ ထို့ကြောင့် လူတို့သည် ဤကိစ္စရပ်နှင့်ပတ်သက်၍ စိုးရိမ်စရာ မလိုအပ်တော့ပေ။ သင့်အနေဖြင့် သားသမီးဝတ် ကျေပွန်သည်ဖြစ်စေ၊ သင်၏ မိဘများအပေါ် သင်၏ တာဝန်များကို သင် ဖြည့်ဆည်းပြီးသည်ဖြစ်စေ၊ သို့မဟုတ် သင့်မိဘများ၏ ကြင်နာမှုကို သင် ပြန်ဆပ်သင့်သည်ဖြစ်စေ ဤအရာများသည် သင် စဉ်းစားသင့်သည့်အရာများ မဟုတ်။ သင် လက်လွှတ်သင့်သည့်အရာများ ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၆)) ကျွန်တော် တာဝန်ထမ်းဆောင်ဖို့အတွက် အိမ်ကနေ ထွက်ခဲ့ပြီး သားတစ်ယောက်အဖြစ် ကျွန်တော့်တာဝန်ကို မဖြည့်ဆည်းနိုင်တဲ့အချိန်မှာ ကျွန်တော်က သားသမီးဝတ်မကျေတဲ့ သားတစ်ယောက်အဖြစ် အထင်ခံရမှာပဲလို့ အပြစ်ရှိသလို ခံစားရပြီး စိတ်ပူခဲ့တာကို ဘုရားနှုတ်ကပတ်တော်ကတစ်ဆင့် ကျွန်တော် မြင်ခဲ့ရတယ်။ မိဘတွေအပေါ် သားသမီးတစ်ယောက်ရဲ့ တာဝန်ကို ဘယ်လိုသင့်တော်စွာ ရှုမြင်ရမယ်ဆိုတာနဲ့ ပတ်သက်ပြီး ကျွန်တော်က သမ္မာတရားရှုထောင့်နဲ့ ဘုရားနှုတ်ကပတ်တော်ကတစ်ဆင့် မစဉ်းစားဘဲနဲ့ ဒီလိုတာဝန်မျိုးကို လောကီလူတစ်ဦးအပေါ် မိသားစုတွယ်တာမှုအရ မြင်ခဲ့တယ်ဆိုတာကို ကျွန်တော် မြင်တွေ့ခဲ့တယ်။ လက်တွေ့မှာတော့ မိဘတွေကို စောင့်ရှောက်ဖို့ အရည်အချင်းနဲ့ အခွင့်အလမ်းရှိပေမဲ့ သားသမီးဝတ်ကျေပွန်ဖို့ ပျက်ကွက်တာနဲ့ တာဝန်ထမ်းဆောင်ဖို့အတွက် ဘုရားသခင်ဆီက ခေါ်ခြင်းကို လက်ခံရရှိတာကြောင့် မိဘတွေအနားမှာမနေတာက လုံးဝ မတူတဲ့ သဘောသဘာဝတွေရှိတဲ့ အခြေအနေနှစ်ခုဖြစ်ပါတယ်။ သားသမီးတစ်ယောက်က မိဘတွေနဲ့အတူနေပြီး မိဘတွေအပေါ် သားသမီးဝတ်ကျေဖို့ အချိန်ရှိပေမဲ့ ကိုယ့်အကျိုးစီးပွား၊ ဒါမှမဟုတ် ဆန္ဒတွေကြောင့် မိဘတွေအပေါ် ကိုယ့်တာဝန်ကို ဖြည့်ဆည်းလိုစိတ်မရှိဘဲ မိဘတွေ အသက်ကြီးပြီး နေမကောင်းဖြစ်တဲ့အခါ ဂရုမစိုက်ရင် သူက လူ့သဘာဝကင်းမဲ့ပြီး သာမန်လူသားတစ်ယောက်က ရှိသင့်တဲ့ အသိစိတ်နဲ့ ဆင်ခြင်တုံတရား ဆုံးရှုံးတာပဲ။ ဘုရားကို ယုံကြည်ပြီး လိုက်လျှောက်တဲ့ ကျွန်တော်တို့က မိဘတွေအပေါ် တာဝန်တွေကို ဖြည့်ဆည်းလိုစိတ်ရှိတယ်။ သူတို့အနားမှာရှိနေတုန်းမှာ တတ်စွမ်းနိုင်သမျှ သူတို့ကို စောင့်ရှောက်လိုစိတ်ရှိတယ်။ ဒါပေမဲ့ ကွန်မြူနစ်ပါတီရဲ့ ဖိနှိပ်မှုကြောင့် ကျွန်တော်တို့တော်တော်များများက အိမ်မှာရှိမနေနိုင်ဘဲ ကိုယ်နေတဲ့နေရာမှာ တာဝန်ကို မထမ်းဆောင်နိုင်ကြဘူး။ ကျွန်တော်တို့က မိဘတွေနဲ့အတူ နေပြီး သားသမီးဝတ်ကို လက်တွေ့လုပ်လို့ကို မရတာပါ။ ပြီးတော့လည်း တစ်ခါတလေမှာ အသင်းတော်အလုပ်ရဲ့ လိုအပ်ချက်တွေကြောင့် ဖန်ဆင်းခံတွေအနေနဲ့ တာဝန်တွေကို လုပ်ဆောင်ဖို့အတွက် အိမ်ကနေ ထွက်ရပြီး သားသမီးဝတ်ကျေပွန်စွာနဲ့ မိဘတွေနားမှာ မနေနိုင်ကြဘူး။ အခြေအနေပေးရင် မိဘတွေ ဘယ်လိုအခြေအနေရှိလဲ ကြည့်ပြီး သူတို့တွေ စိတ်မပူဖို့အတွက် ကျွန်တော့်တို့ အဆင်ပြေတယ်ဆိုတာကို သူတို့သိအောင် မိဘတွေကို ခဏခဏ ဖုန်းခေါ်နိုင်ဖို့ကိုလည်း ကျွန်တော်တို့ မျှော်လင့်ပါတယ်။ ကျွန်တော်တို့ စိတ်နှလုံးထဲမှာ မိဘတွေအတွက် စိုးရိမ်မှုအတိုင်းအတာတစ်ခုရှိပါတယ်။ တစ်ခါတလေမှာ ကျွန်တော်တို့က မိဘတွေအတွက်ဆုတောင်းပြီး ကျွန်တော်တို့ မိသားစုကိုလည်း ဘုရားလက်ထဲကို အပ်ကြမှာပဲ။ ကျွန်တော်တို့က ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကျွန်တော်တို့ရဲ့ သက်ဆိုင်တဲ့ အခြေအနေတွေနဲ့အညီ သားသမီးဝတ်ကျေဖို့ လက်တွေ့လုပ်ပြီး တာဝန်တွေကို ဖြည့်ဆည်းဖို့ အကောင်းဆုံး လုပ်ကြတယ်။ ဒါက “သားသမီးဝတ်မကျေပွန်တာ” လို့ လောကီလူတွေခေါ်တာနဲ့ မတူဘူး။ ကျွန်တော်တို့က သူတို့နဲ့ မတူတဲ့လမ်းကို လျှောက်နေတာ။ ဘုရားသခင်ကို ကျွန်တော်တို့ ယုံကြည်လိုက်လျှောက်ပြီး ဘဝရဲ့ လမ်းမှန်ကို လျှောက်တာဖြစ်တယ်။ တာဝန်တွေကို ထမ်းဆောင်ပြီး ဘုရားအလိုတော်ကို လိုက်လျှောက်ဖို့ အားထုတ်တယ်။ ကျွန်တော်တို့က အများကြီးပိုပြီး အရေးကြီးတဲ့ တာဝန်နဲ့ သာသနာကို ထမ်းရွက်တာဖြစ်တယ်။ တာဝန်ထမ်းဆောင်တာက ဘုရားအလိုတော်၊ တောင်းဆိုချက်နဲ့အညီ လက်တွေ့လုပ်ဆောင်တာ၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်တာ၊ ဘုရားကို နာခံတာတွေနဲ့ဆိုင်တဲ့ ကိစ္စတစ်ခုပါ။ ဒါက လူရဲ့ ကိုယ်ကျင့်တရားနဲ့ အသိစိတ်စံနှုန်းကို အများကြီးကျော်လွန်ပါတယ်။ ဒါတွေအားလုံးကို ကျွန်တော် သဘောပေါက်တော့ အများကြီးပိုရှင်းသွားသလို၊ မှန်ကန်တဲ့ အမြင်နဲ့ သဘောထားရှိခဲ့တယ်။ လောကီလူတွေက လှောင်ပြောတာ ခံရတာ၊ သားသမီးဝတ်မကျေဘူးလို့ စွပ်စွဲခံရတာတွေကို ကျွန်တော် မကြောက်တော့ဘူး။

ကျွန်တော်က ဘုရားအပေါ်မှာ စစ်မှန်တဲ့ ယုံကြည်ခြင်းမရှိတာကိုလည်း ဘုရားသခင်ရဲ့ မိတ်သဟာယကတစ်ဆင့် ရှင်းရှင်းလင်းလင်း မြင်ခဲ့တယ်။ လူ့ရဲ့ သေခြင်းနဲ့ ကံကြမ္မာက ဘုရားလက်ထဲမှာရှိမှန်းကို ကျွန်တော် မမြင်နိုင်ခဲ့ဘူး။ ကျွန်တော့်မိဘတွေရဲ့ ကျန်းမာရေးနဲ့ပတ်သက်ပြီး ဘယ်ရောဂါကို သူတို့ ရင်ဆိုင်ရနိုင်တယ်၊ အသက်ကြီးတဲ့အခါမှာ သူတို့ ဘယ်လိုနေထိုင်တယ်ဆိုတာတွေ အားလုံးကို လူတွေလောက်နဲ့ ဆုံးဖြတ်မပေးနိုင်ဘူး။ အားလုံးကို ဘုရားသခင်က ကြိုတင်သတ်မှတ်ထားတာပါ။ ဒီကိစ္စမှာ ဘုရားရဲ့ အချုပ်အခြာအာဏာကို ကျွန်တော် သိမြင်ပြီး ဘုရားရဲ့ စီစဉ်ညွှန်ကြားမှုနဲ့ အစီအစဉ်တွေကို နာခံရမယ်။ ကျွန်တော့်အမေ နေမကောင်းဖြစ်တော့ ဆရာဝန်တွေနဲ့ တွေ့ဖို့ သူ့ကို ကျွန်တော် နေရာတကာကို ခေါ်သွားပြီး အထူးကုတစ်ယောက်ယောက်နဲ့ တွေ့လို့ရတဲ့အခါတိုင်းမှာ သူ့အတွက် ရက်ချိန်းစီစဉ်ပေးတယ်။ ဒါပေမဲ့ ဒီဆေးတွေအကုန်လုံး သောက်ပေမဲ့ သူ့အခြေအနေက မသက်သာရုံတင်မကဘဲ တကယ်ကို ပိုဆိုးလာတယ်။ ကျွန်တော် သူ့ဘေးမှာရှိနေတုန်းမှာ ကျွန်တော့်အမေအတွက် ကျွန်တော်လုပ်နိုင်တာ ဘာမှမရှိဘူး။ သူ့ဒုက္ခကို နည်းနည်းလေးမှ လျှော့ချမပေးနိုင်ခဲ့ဘူး။ သူ စိတ်ဓာတ်ကျပြီး ဒုက္ခရောက်နေတဲ့ အခြေအနေမှာ ကျွန်တော်က သူနဲ့ တော်တော်လေး မိတ်သဟာယဖွဲ့ခဲ့တယ်။ တစ်ခါတလေမှာ သူ့ကို လမ်းပြပေးပြီး တခြားအချိန်တွေမှာ သူ့ပြဿနာတွေကို ဖော်ထုတ်ပြတယ်။ ဒါပေမဲ့ သူက မသင့်လျော်တဲ့ အခြေအနေမှာ ပိတ်မိနေပြီး မပြုပြင်ချင်ဘူး။ ကျွန်တော် စိုးရိမ်နေပေမဲ့ တကယ်ကို ကျွန်တော် တတ်နိုင်တာ ဘာမှမရှိခဲ့ဘူး။ ဒါပေမဲ့ တာဝန်ထမ်းဆောင်ဖို့ ကျွန်တော်ထွက်သွားတော့ အမေက တကယ်ကို ပုံမှန် စုဝေးနိုင်တယ်။ ညီအစ်ကိုမောင်နှမတွေနဲ့ ဆက်ဆံလိုစိတ်ရှိပြီး သူ့အခြေအနေက တိုးတက်လာတယ်။ သားသမီးဝတ်ကျေပွန်ဖို့ နည်းနည်းပါးပါးလုပ်တာတွေက တကယ်တမ်း အထောက်အကူမဖြစ်တာကို ကျွန်တော် တွေ့ခဲ့တယ်။ ကျွန်တော်က သူ့ကို စောင့်ရှောက်ဖို့ သူ့အနားမှာနေတာထက် ဘုရားရဲ့ ကွယ်ကာမှု၊ စောင့်ရှောက်မှုတွေက အရမ်းကို ပိုပြီး အရေးကြီးပါတယ်။ မိဘတွေရဲ့ ကျန်းမာသုခနဲ့ ပျော်ရွှင်မှုတွေဟာ သားသမီးတွေက မိဘအပေါ် သားသမီးဝတ်ကျေပွန်ခြင်းရှိမရှိအပေါ်မှာ မမူတည်ဘဲ ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာနဲ့ ကြိုတင်စီမံမှုအပေါ် မူတည်တယ်ဆိုတာ ကျွန်တော် တွေ့ခဲ့ရတယ်။ ကျွန်တော်တို့က သားသမီးတွေအနေနဲ့ လက်တွေ့လုပ်နိုင်တဲ့ အကောင်းဆုံးနည်းလမ်းက မိဘတွေအတွက် ဆုတောင်းပြီး သူတို့ကို ဘုရားလက်ထဲကို အလုံးစုံ အပ်နှံတာပဲ။ ဘုရားနှုတ်ကပတ်တော်က ပြောသလိုပဲ။ “သင်၏ မိဘများကို ဘုရားလက်ထဲသို့ အပ်နှံခြင်းသည် ၎င်းတို့ကို သားသမီးဝတ်ဆိုင်ရာ လေးစားမှုပြသရန် အကောင်းဆုံး နည်းလမ်းဖြစ်၏။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၆)) ဘုရားရဲ့ အစီအစဉ်တွေအားလုံးက သင့်တော်လိမ့်မယ်ဆိုတာကို ကျွန်တော်တို့ ယုံကြည်ခြင်းရှိပြီး ဘုရားရဲ့ အချုပ်အခြာအာဏာကို နာခံတဲ့အခါမှာ သက်သာအေးဆေးပြီး အပူအပင်ကင်းတဲ့ဘဝကို ကျွန်တော်တို့ နေထိုင်ရတယ်။

အရင်က ဒါတွေတစ်ခုမှ ကျွန်တော် သဘောမပေါက်ခဲ့ဘူး။ မိဘတွေအပေါ် သားသမီးဝတ်မကျေတာကို အမြဲတမ်း အပြစ်ရှိသလို ခံစားခဲ့ရတယ်။ သူများတွေက ကျွန်တော့်ကို သားသမီးဝတ်မကျေပွန်တဲ့သူလို့ ခေါ်ပြီး နောက်ကွယ်မှာ အတင်းပြောမှာကို ကျွန်တော် အမြဲတမ်း စိတ်ပူခဲ့တယ်။ အကျိုးဆက်အနေနဲ့ တာဝန်ထမ်းဆောင်နေတုန်းမှာ အမြဲ ပူပန်မှုတွေနဲ့ စိတ်ကျဉ်းကျပ်ခဲ့တယ်။ တာဝန်ထမ်းဆောင်ဖို့ အိမ်ကနေ ထွက်ပေမဲ့ ကျွန်တော့် စိတ်နှလုံးက ကျွန်တော့်အမေကို စိုးရိမ်တာတွေနဲ့ ခဏခဏ ပြည့်နေတယ်။ တာဝန်အပေါ်ကို စိတ်အပြည့်အဝ နှစ်မထားနိုင်ခဲ့ဘူး။ ရလဒ်အနေနဲ့ စည်းမျဉ်းတွေ၊ ကျွမ်းကျင်မှုတွေကို ကျွန်တော် သဘောမပေါက်နိုင်ခဲ့ဘူး။ ပြဿနာတွေ၊ လမ်းလွဲတာတွေက ကျွန်တော့်အလုပ်မှာ ခဏခဏ ပေါ်တယ်။ ဒါတောင်မှ ကျွန်တော်က ဒီပြဿနာတွေကြောင့် အပြစ်ရှိသလို ခံစားရတာ၊ နောင်တရတာ မရှိခဲ့ဘူး။ အဲဒီအစား ကျွန်တော့်အမေအပေါ် သားသမီးဝတ်မကျေတဲ့အတွက် ခဏခဏ အပြစ်ရှိသလို ခံစားရတယ်။ ဦးစားပေးရမယ့်ဟာတွေကို ကျွန်တော် လုံးဝ နားမလည်ခဲ့ဘူး မဟုတ်လား။ ကျွန်တော်က ဘုရားအပေါ် ပုန်ကန်နေခဲ့တာပဲ။ ကျွန်တော့်မှာ မိဘတွေနဲ့ အသက်ရှိတာက ဘုရားရဲ့ အချုပ်အခြာအာဏာနဲ့ ကြိုတင်စီမံမှုကြောင့်ပါ။ အရင်ဦးဆုံး ကျွန်တော်က ဖန်ဆင်းခံတစ်ယောက် ဖြစ်တယ်။ ဒုတိယအနေနဲ့ ကျွန်တော့်မိဘတွေရဲ့ သားဖြစ်တယ်။ ဒါတောင်မှ ကိုယ့်ရဲ့စိတ်ခံစားချက်နဲ့ ဆိုင်တဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့ ကျွန်တော် အမြဲကြိုးစားခဲ့တယ်။ လောကီလူတွေက အပြစ်ဖော်ဆုံးမတာ မခံရဖို့ ရှောင်ခဲ့တယ်။ ဒါပေမဲ့ ဘုရားသခင် ပေးအပ်ခဲ့တဲ့ တာဝန်ကို ဖြည့်ဆည်းဖို့ ကျွန်တော် ပျက်ကွက်ခဲ့တယ်။ ဒါက ဖောက်ပြန်တဲ့ အပြုအမူ မဟုတ်ဘူးလား။ ကျွန်တော်က စစ်မှန်တဲ့ အသိတရားရှိတယ်လို့ ဘယ်လို အခိုင်အမာပြောနိုင်မလဲ။ ဘုရားနှုတ်ကပတ်တော် တစ်ပိုဒ်ကို ကျွန်တော် တွေးမိတယ်။ “သင်သည် သားသမီးဝတ်ကျေပွန်သည့် သားသမီးတစ်ဦးအဖြစ် သင်၏ ဂုဏ်သတင်းကို ထိန်းသိမ်းပြီးဖြစ်သည်။ သင်၏ စိတ်ခံစားချက်ဆိုင်ရာ လိုအပ်ချက်များကို ဖြည့်ဆည်းပြီးဖြစ်ကာ သင်၏ အသိစိတ်က မည်သည့်အခါတွင်မျှ လိပ်ပြာမသန့်ခြင်း မရှိသကဲ့သို့ သင့်မိဘများ၏ ကြင်နာမှုကို သင် ပြန်ဆပ်ပြီးဖြစ်သော်လည်း သင် လျစ်လျူရှုကာ ဆုံးရှုံးခဲ့သည့်အရာတစ်ခု ရှိ၏။ ဤကိစ္စရပ်များအားလုံးကို ဘုရားနှုတ်ကပတ်တော်များအတိုင်း သင်သဘောထားကာ ကိုင်တွယ်ခဲ့ခြင်း မရှိသကဲ့သို့ အဖန်ဆင်းခံတစ်ဦးအဖြစ် သင်၏ တာဝန်ကို ထမ်းဆောင်ရမည့် အခွင့်အရေးကို သင် ဆုံးရှုံးပြီးဖြစ်သည်။ ဤသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ သင်၏ မိဘများကို သင် သားသမီးဝတ်ကျေပွန်ပြီးဖြစ်သော်လည်း ဘုရားသခင်ကို သစ္စာဖောက်မိပြီးဖြစ်သည်ဟု ဆိုလိုပေသည်။ သင်သည် သားသမီးဝတ် ကျေပွန်ခြင်းကို ပြသခဲ့ပြီး သင့်မိဘများ၏ ဇာတိပကတိနှင့်ဆိုင်သော စိတ်ခံစားမှုဆိုင်ရာ လိုအပ်ချက်များကို ဖြည့်ဆည်းခဲ့သော်လည်း ဘုရားသခင်ကို သင် ပုန်ကန်ခဲ့ပေသည်။ သင်သည် အဖန်ဆင်းခံတစ်ဦးအဖြစ် သင်၏ တာဝန်များကို ထမ်းဆောင်ရန်ထက် သားသမီးဝတ်ကျေသည့် ကလေးတစ်ဦးဖြစ်ရန် သင် ရွေးချယ်မည်ဖြစ်သည်။ ဤအရာက ဘုရားသခင်အပေါ် အကြီးမားဆုံး မလေးစားခြင်း ဖြစ်သည်။ သင့်အနေဖြင့် သားသမီးဝတ်ကျေပွန်သည့် သားသမီးတစ်ဦးဖြစ်သောကြောင့်၊ သင်၏ မိဘများကို စိတ်ပျက်အောင် မလုပ်ခဲ့သောကြောင့်၊ သင့်တွင် အသိစိတ်တစ်ခုရှိပြီး သားသမီးတစ်ဦးအနေနှင့် သင်၏ တာဝန်များကို ဖြည့်ဆည်းရုံသက်သက်ဖြင့် ဘုရားသခင်က သင်သည် သူ့ကို ကျိုးနွံနာခံသည့်လူတစ်ဦး သို့မဟုတ် လူ့သဘာဝ ပိုင်ဆိုင်သည့် လူတစ်ဦးဖြစ်သည်ဟု ပြောလိမ့်မည် မဟုတ်ပေ။ သင့်အသိစိတ်၏ လိုအပ်ချက်များနှင့် သင့်ဇာတိပကတိ၏ စိတ်ခံစားမှုဆိုင်ရာ လိုအပ်ချက်များကိုသာ သင် ဖြည့်ဆည်းသော်လည်း ဤကိစ္စရပ်အား သဘောထားခြင်းအတွက် သို့မဟုတ် ကိုင်တွယ်ခြင်းအတွက် ဘုရားနှုတ်ကပတ်တော်ကိုဖြစ်စေ၊ သမ္မာတရားကိုဖြစ်စေ အခြေပြုချက်နှင့် စည်းမျဉ်းများအဖြစ် လက်မခံလျှင် ဘုရားသခင်ကို အကြီးမားဆုံးသော ပုန်ကန်မှုကို သင် ပြသနေခြင်းဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၆)) ဘုရားနှုတ်ကပတ်တော်ရဲ့ တရားစီရင်မှုက တော်တော်ထိတယ်။ အမှန်ပဲ။ ကျွန်တော်က အမေနဲ့အတူနေပြီး သူ့ကို တတ်နိုင်သလောက် အကောင်းဆုံး ဂရုစိုက်ရင်တောင်၊ လောကီလူတွေက အကောင်းမြင်ပြီး ကျွန်တော်က အရမ်းသားသမီးဝတ်ကျေပွန်တဲ့သူ ဖြစ်လာရင်တောင်၊ ဘုရားရှေ့မှာ ဖန်ဆင်းခံအနေနဲ့ ကျွန်တော့်ရဲ့ အသုံးဝင်မှုနဲ့တာဝန်ကို ဆုံးရှုံးရဦးမှာပဲ။ အသက်နဲ့ အရာရာအားလုံးကို ကျွန်တော့်ကို ပေးခဲ့တဲ့ ဘုရားအပေါ် အသိတရားနည်းနည်းလေးမှ မရှိဖြစ်နေမှာပဲ။ ဒီလိုနဲ့ ဘုရားအပေါ်အပုန်ကန်ဆုံးနဲ့ အာအခံဆုံးလူတွေထဲမှာပါပြီး ဘုရားရဲံ ကယ်တင်ခြင်းနဲ့ ထိုက်တန်မှာမဟုတ်ဘူး။ ဒါကို သဘောပေါက်ပြီး ကျွန်တော် တော်တော် စိတ်ဆင်းရဲသွားတယ်။ ကျွန်တော်က စာတန်က ဖျက်ဆီးတာကို တော်တော်လေးခံထားရတယ်၊ ဘုရားအပေါ် တာဝန်မသိစွာနဲ့ ပြုမူခဲ့တယ်၊ ရိုးသားစစ်မှန်မှု နည်းနည်းလေးမှမရှိဘဲ လုံးဝ လူ့သဘာဝကင်းမဲ့တယ်ဆိုတာတွေကို ကျွန်တော် မြင်ခဲ့ပါတယ်။ ကျွန်တော့်ရဲ့ စေခိုင်းချက်နဲ့ တာဝန်ကို ကျွန်တော် သဘောပေါက်သွားပြီး ဒီ “သားသမီးဝတ်မကျေပွန်” ဆိုတဲ့ သတ်မှတ်ချက်ကြောင့် စိတ်ကျဉ်းကျပ်နေတာ မဖြစ်တော့ဘူး။ ဘုရားရဲ့ စီစဉ်ညွှန်ကြားမှုနဲ့ အစီအစဉ်တွေကို ကျွန်တော် နာခံလိုစိတ်ရှိပြီး၊ ကိုယ့်တာဝန်မှာ လုပ်နိုင်တာကို လုပ်ချင်စိတ်ရှိနေခဲ့တယ်။ ပြီးတော့ ကျွန်တော့်အမေကို ဘုရားလက်ထဲအပ်နှံလိုစိတ်ရှိခဲ့တယ်။ ကျွန်တော်တို့ အသက်တာမှာ ဘုရားရဲ့ အမှုတော်ကို တွေ့ကြုံပြီး တာဝန်တွေကို ဖြည့်ဆည်းဖို့အတွက် ဘုရား လမ်းပြတာကို လိုချင်ခဲ့တယ်။ ကျွန်တော့်ကို မှန်ကန်တဲ့ ရွေးချယ်မှုကို ပြုလုပ်ပြီး မှန်ကန်တဲ့ လိုက်စားမှုရှိခွင့်ပေးတဲ့အတွက် ဘုရားသခင်ရဲ့ ကျေးဇူးတော်ကို ချီးမွမ်းပါတယ်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ကျွန်မရဲ့ မြင့်မားတဲ့ မျှော်လင့်ချက်တွေက ကျွန်မရဲ့သားကို ထိခိုက်ခဲ့တယ်

ကျွန်မ ငယ်ငယ်တုန်းက အိမ်မှာ မွေးချင်းငါးယောက်ရှိပြီး ကျွန်မက အကြီးဆုံးပါ။ ကျွန်မအဖေက အိမ်ရဲ့အဝေးမှာ နှစ်အတော်များများ အလုပ်လုပ်ခဲ့ပြီး၊...

မိဘတွေကို ထောက်ပံ့ခြင်းက ဘုရားသခင် အပ်နှံတဲ့ တာဝန်ဖြစ်ပါသလား

၂၀၂၂ခုနှစ်၊ စက်တင်ဘာလကုန်မှာ မင်ဟွေရဲ့ အမျိုးသားက မင်ဟွေကို ထောင်ကနေ အိမ်ကို ခေါ်လာခဲ့တယ်။ မင်ဟွေက အနန္တတန်ခိုးရှင်ဘုရားသခင်ကို ယုံကြည်လို့...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။