အမေ အသည်းအသန် နေမကောင်းဖြစ်နေတဲ့ သတင်းကို ကျွန်မ ကြားလိုက်ရတဲ့အခါ

24.12.2025

မော်ဒေး၊ အမေရိကန်ပြည်ထောင်စု

ကျွန်မက သာမန်ကျေးလက်မိသားစုတစ်ခုမှာ မွေးဖွားခဲ့တာပါ။ အဖေက တစ်နှစ်ပတ်လုံး အပြင်မှာ အလုပ်လုပ်တော့ အိမ်ကို ပြန်လာခဲပါတယ်။ အမေက ကျွန်မနဲ့ ကျွန်မအစ်မကို တစ်ယောက်တည်း ပြုစုပျိုးထောင်ခဲ့တာပါ။ ကျွန်မတို့ မချမ်းသာကြပေမဲ့ အမေက ကျွန်မတို့ကို ကောင်းကောင်းမွန်မွန် နေထိုင်နိုင်အောင် အမြဲတမ်း အစွမ်းကုန် ကြိုးစားပေးခဲ့ပြီး ကျွန်မလိုချင်တာတွေကိုလဲ ရအောင် အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးခဲ့တယ်။ ကျွန်မက ငယ်ငယ်ကတည်းက ကိုယ်ခံအားနည်းပြီး နေမကောင်းဖြစ်လွယ်တယ်။ ခဏခဏ အအေးမိပြီး ဖျားတတ်တယ်။ ပြီးတော့ အရပ်ကလဲ မြန်မြန်ထွက်တော့ ဒူးတွေကလဲ ခဏခဏ နာတတ်တာပေါ့။ ကျွန်မတို့အိမ်က စီးပွားရေးအခြေအနေ မကောင်းတော့ ပုံမှန်ဆို အသားဝယ်ဖို့ လက်တွန့်တတ်ကြတယ်။ ဒါပေမဲ့ အမေက အာဟာရချို့တဲ့ပြီး ကျွန်မ ကြီးထွားမှုကို ထိခိုက်မှာစိုးလို့ ကျွန်မအတွက် ဝက်နံရိုးပေါင်းဟင်းကို ခဏခဏ ချက်ကျွေးခဲ့တယ်။ ကျွန်မ နေမကောင်းတဲ့အခါတိုင်း ကျွန်မအမေက ကျွန်မကို မနားမနေ ဂရုစိုက်ပေးတယ်။ တစ်ခါတလေ ကျွန်မ အဖျားကြီးပြီး အဖျားမကျတဲ့အခါ အမေက အရမ်းစိတ်ပူပြီး ညဘက်တွေမှာ အဖျားကျအောင် အရက်ပြန်နဲ့ ကိုယ်ကို အကြိမ်ကြိမ် ပွတ်သပ်ပေးခဲ့တယ်။ သူက ကျွန်မကို ဂရုတစိုက်စောင့်ရှောက်ပေးရုံတင်မကဘဲ အဘိုးအဘွားတွေကိုလဲ အစွမ်းကုန် ရိုသေလေးစားခဲ့တယ်။ ကျွန်မကို အဘွားအိမ်ခေါ်သွားတဲ့အခါတိုင်း ပုံမှန်ဆို သူကိုယ်တိုင်တောင် ဝယ်ဖို့ လက်တွန့်တဲ့ သစ်သီးတွေ၊ နွားနို့၊ ဒါမှမဟုတ် မုန့်ပဲသွားရည်စာတွေကို ဝယ်သွားတတ်ပြီး အဘိုးအဘွားတွေကို ကောင်းကောင်းမွန်မွန် ဆက်ဆံဖို့ ကျွန်မကို ခဏခဏ ပြောပြတတ်တယ်။ တစ်ခါတလေ ကလေးတစ်ယောက်ယောက်က မိဘကို မရိုမသေလုပ်တယ်လို့ ကြားရင် အဲဒီကလေးကို ကျေးဇူးကန်းတဲ့သူလို့ သူက ခေါ်ပြီး၊ မိဘတွေက သူ့ကို မွေးထားတာ အလကားပဲလို့ ပြောတတ်တယ်။ အမှုမဲ့အမှတ်မဲ့နဲ့ ကျွန်မအမေရဲ့ သွန်သင်မှုတွေ၊ လုပ်ရပ်တွေကနေတစ်ဆင့် ကျွန်မ ယုံကြည်လာခဲ့တယ်၊ မိဘကို ရိုသေလေးစားတာကမှ လူကောင်းတစ်ယောက်ဖြစ်တယ်၊ အဲဒီလိုလုပ်မှသာ လူကြားထဲမှာ ခေါင်းမော့ရင်ကော့နိုင်ပြီး ချီးမွမ်းခံရမှာ၊ ကိုယ်က သားသမီးဝတ်မကျေရင် လူတွေက ကိုယ် အသိစိတ်မဲ့တာကို ကွယ်ရာမှာ ဝေဖန်ကဲ့ရဲ့ကြမှာ၊ ပြီးတော့ ကိုယ်လည်း ခေါင်းမော့မော့နေနိုင်မှာ မဟုတ်ဘူးလို့ပေါ့။ ကျွန်မအသက် ၁၄ နှစ်အရွယ်မှာ အဖေက ကားမတော်တဆမှုတစ်ခုမှာ ဝမ်းနည်းစရာ ဆုံးပါးသွားခဲ့တယ်။ ကျွန်မက အမေနဲ့ အတူရှိတဲ့အချိန်ကို ပိုပြီး တန်ဖိုးထားလာမိသလို ကျွန်မ ကြီးလာတဲ့အခါ အမေ့ကို ကောင်းကောင်းမွန်မွန် နေထိုင်နိုင်အောင် အစွမ်းကုန် လုပ်ပေးမယ်၊ ကျွန်မငယ်ငယ်က သူကျွန်မကို ဂရုစိုက်ခဲ့သလိုမျိုး သေသေချာချာ ဂရုစိုက်ပြီး အသက်ကြီးတဲ့အခါ ပျော်ရွှင်စေရမယ်လို့ ကိုယ့်ဘာသာကိုယ် ဆုံးဖြတ်ချက်ချခဲ့တယ်။ ဒီလိုမှ မလုပ်နိုင်ရင် ကျွန်မဟာ အသိစိတ်မရှိတဲ့သူပဲ၊ လူလို့တောင် ခေါ်လို့မထိုက်ဘူးလို့ ခံစားခဲ့ရတယ်။

၂၀၁၁ ခုနှစ်မှာ ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို ကျွန်မ ကံကောင်းပြီး လက်ခံရရှိခဲ့တယ်။ ၂၀၁၂ ခုနှစ်မှာတော့ ဧဝံဂေလိတရား ဟောပြောနေတုန်း ရဲဖမ်းတာကို ခံခဲ့ရတယ်။ ပြန်လွတ်လာပြီးတဲ့နောက် အိမ်မှာ မလုံခြုံတော့တဲ့အတွက် တာဝန်ထမ်းဆောင်ဖို့ တခြားနေရာကို သွားခဲ့ရတယ်။ အဲဒီနောက်ပိုင်းနှစ်တွေမှာ အမေ့ဘေးမှာ ကျွန်မ မရှိနိုင်ခဲ့ဘူး။ တစ်နေ့နေ့မှာတော့ အမေနဲ့ ပြန်ဆုံပြီး သူ့ကို စောင့်ရှောက်၊ ရိုသေလေးစားခွင့်ရမယ်လို့ အမြဲ မျှော်လင့်ခဲ့မိတယ်။ ၂၀၂၃ ခုနှစ် မတ်လလောက်မှာ အစ်မဆီက စာတစ်စောင်ကို ကျွန်မ ရုတ်တရက် လက်ခံရရှိခဲ့တယ်။ စာထဲမှာပြောတာက လွန်ခဲ့တဲ့နှစ်နှစ်က အမေက ရုတ်တရက် ဦးနှောက်သွေးကြောပြတ်တာနဲ့ ဦးနှောက်သွေးကြောပိတ်တာဖြစ်ပြီး အဲဒီအချိန်ကတည်းက အိပ်ရာထဲမှာ လေဖြတ်ပြီး လဲနေခဲ့တယ်၊ ကိုယ့်ကိုယ်ကိုယ်လဲ မစောင့်ရှောက်နိုင်တော့ဘူးတဲ့။ ဆီးချိုရောဂါကလဲ ပြင်းထန်နေပြီး ဆီးချိုခြေထောက်ရောဂါတောင် ဖြစ်နေပြီ၊ ခြေချောင်းတွေက အသားတွေနဲ့အရေပြားတွေက ပြည်တည်နာတွေဖြစ်နေပြီတဲ့။ သူ့အခြေအနေက မကြာသေးခင်က ပိုဆိုးလာပြီး အချိန်သိပ်မကျန်နိုင်တော့ဘူး။ ဒါကြောင့် အမေ့ကို နောက်ဆုံးတစ်ခေါက် လာတွေ့ဖို့ အစ်မက ကျွန်မကို အမြန်ဆုံး အိမ်ပြန်လာနိုင်ဖို့ မျှော်လင့်တယ်တဲ့။ စာကိုဖတ်ပြီးတဲ့နောက်မှာ ကျွန်မအတွက်တော့ မိုးပြိုသလို ခံစားလိုက်ရတယ်။ ဒါကို ယုံကိုမယုံနိုင်ခဲ့ဘူး။ ကိုယ့်စိတ်ခံစားချက်ကို မထိန်းနိုင်ဘဲ ထိန်းမနိုင်သိမ်းမရ ငိုချလိုက်မိတယ်။ အမေ့မှာ ဘယ်လိုဖြစ်ပြီး ဒီလိုဖြစ်ရတာလဲ။ ဒါ တကယ်ရော ဟုတ်ရဲ့လား။ အိမ်နဲ့ဝေးနေခဲ့တဲ့ ဒီနှစ်တွေတစ်လျှောက်လုံးမှာ ကျွန်မ အမြဲ မျှော်လင့်ခဲ့တာက၊ တစ်နေ့နေ့မှာ အမေနဲ့ပြန်ဆုံပြီး သူ့ကို စောင့်ရှောက်ပြီး ရိုသေလေးစားဖို့၊ သူ့ဘဝရဲ့ နောက်ဆုံးအချိန်တွေကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းစေဖို့ပါပဲ။ ဒီရုတ်တရက်သတင်းက မိုးကြိုးပစ်လိုက်သလိုပါပဲ၊ ကျွန်မရဲ့ မျှော်လင့်ချက်တွေ၊ မျှော်မှန်းချက်တွေအားလုံးကို ကွဲကြေသွားခဲ့တယ်။ ခဏလောက်တော့ ကျွန်မ ဒါကို လက်မခံနိုင်ခဲ့ဘူး၊ ပြီးတော့ ကျွန်မရဲ့ စိတ်နှလုံးထဲမှာ ဘုရားသခင်ကို မကျေမနပ်မဖြစ်ဘဲ မနေနိုင်ခဲ့ဘူး၊ ကိုယ်တော် ဘာလို့ အမေ့ကို ကျန်းကျန်းမာမာနဲ့ နောက်ထပ်သုံးလေးနှစ်လောက် အသက်ဆက်မရှင်ခိုင်းရတာလဲပေါ့။ အမေက ရက်ပိုင်းလောက် အေးအေးချမ်းချမ်း ပျော်ရွှင်မှုကို ခံစားရဖို့အတွက် ကျွန်မရဲ့သက်တမ်းကိုတောင် လျှော့ပြီး အမေ့အသက်ကို ဆက်ပေးဖို့ ဘုရားဆီ တောင်းဆိုချင်ခဲ့မိတယ်။ အဲဒီအတွက်ဆိုရင် ကျွန်မ သက်တမ်း သုံးလေးနှစ်တိုသွားလဲ ကျေနပ်ပါတယ်။ အစ်မရဲ့စာထဲမှာ ပြောထားသေးတယ်၊ အမေ နေမကောင်းဖြစ်ပြီး ရက်ပိုင်းလောက်အကြာမှာပဲ ပထွေးက ကွာရှင်းဖို့ တောင်းဆိုခဲ့တယ်၊ အမေ့အပေါ်ထားတဲ့ သူ့ရဲ့သဘောထားကလဲ အရမ်းဆိုးပြီး အမေ့ကို ရိုက်နှက်ပြီး ဆူပူကြိမ်းမောင်းခဲ့တယ်တဲ့။ အမေက သူ့ရဲ့ရောဂါကြောင့် ဝေဒနာခံစားနေရတဲ့အထဲ နေ့တိုင်း ပထွေးရဲ့ ညှဉ်းပန်းနှိပ်စက်မှုကို ခံနေရတော့ နောက်ဆုံးမှာ ပြင်းထန်တဲ့ စိတ်ကျရောဂါ ဖြစ်သွားခဲ့တယ်။ တခြားနည်းလမ်းမရှိတော့တဲ့အဆုံးမှာ အစ်မက ပထွေးနဲ့အမေ ကွာရှင်းဖို့ကို သဘောတူလိုက်ရတယ်တဲ့။ အမေက အစစအရာရာအတွက် တစ်ယောက်ယောက်ရဲ့ ဂရုစိုက်မှုလိုနေပြီဆိုတာကို ကျွန်မ တွေးမိတယ်။ ဒါပေမဲ့ အစ်မက အလုပ်သွားရတော့ အမေက အိမ်မှာတစ်ယောက်တည်း ကျန်ခဲ့တာ။ သူ ရေဆာရင်၊ ဗိုက်ဆာရင် ဘယ်လိုလုပ်မလဲ။ ဘယ်သူက သူ့ကို ဂရုစိုက်မှာလဲ။ ဒီလောက်ပြင်းထန်တဲ့ ရောဂါတွေ ရုတ်တရက်ဖြစ်လာတော့ အမြဲတမ်း စိတ်ဓာတ်မာကျောတဲ့အမေက အရမ်းကို စိတ်ဓာတ်ကျပြီး မွန်းကြပ်နေမှာပဲ။ သူ စိတ်ဓာတ်ကျတဲ့အခါ ဘယ်သူက သူ့ကို နှစ်သိမ့်အားပေးမှာလဲ။ ကျွန်မ တွေးလေလေ ရင်ကွဲမတတ် နာကျင်ခံစားရလေပါပဲ။ အမေ့ဘေးကို ချက်ချင်း ပျံသွားပြီး သူနဲ့အတူ စကားပြောဖို့၊ သူ့ကို နှစ်သိမ့်အားပေးဖို့၊ ပြီးတော့ သူ့ရဲ့ နေ့စဉ်လိုအပ်ချက်တွေကို ဂရုစိုက်ပေးဖို့ ကျွန်မ ဆန္ဒရှိခဲ့တယ်။ ဒါပေမဲ့ ကျွန်မက အရင်က ရဲဖမ်းတာ ခံခဲ့ရဖူးတော့ အခုပြန်သွားရင် ထောင်ချောက်ထဲဝင်သွားမှာ သေချာတယ်။ အိမ်ပြန်ပြီး အမေ့ကို ပြုစုဖို့၊ သူ့ကို နောက်ဆုံးတစ်ခေါက်တွေ့ဖို့ဆိုတာတောင် ကျွန်မအတွက် မဖြစ်နိုင်တဲ့ ဆန္ဒတစ်ခု ဖြစ်လာခဲ့တယ်။ ကျွန်မ အရမ်းကို ပူဆွေးဝမ်းနည်းခဲ့ရတယ်၊ ဘာစိတ်ဓာတ်တက်ကြွမှုမှ မစုစည်းနိုင်တော့ဘူး၊ တာဝန်ထမ်းဆောင်ဖို့လဲ စိတ်မပါတော့ဘူး။ ညဘက်ဆိုရင် ကျွန်မ မအိပ်နိုင်ဘဲ ဆက်ပြီး တွေးနေခဲ့တယ်၊ “အမေ ဘယ်လိုနေလဲ မသိဘူး။ သူ အနားယူနေပြီလား။ ဒါမှမဟုတ် နာကျင်ကိုက်ခဲလို့ လူးလွန့်နေပြီး အိပ်မပျော်ဖြစ်နေမလားပေါ့။” ဒီလိုတွေးရင်းနဲ့ မျက်ရည်တွေ မထိန်းနိုင်ဘဲ ရှိုက်ကြီးတငင် ငိုကြွေးမိပြန်တယ်။ တစ်ညမှာတော့ အမေ့ကို အိပ်မက်မက်တယ်။ သူ့ကို သူ့ရဲ့ ငယ်ငယ်ကပုံစံအတိုင်း၊ ကျစ်ဆံမြီးရှည်နှစ်ချောင်းနဲ ပျော်ပျော်ရွှင်ရွှင်နဲ့ တစ်ခုခုကို အလုပ်ရှုပ်နေတာ တွေ့ခဲ့တယ်။ ကျွန်မက မလှမ်းမကမ်းမှာရပ်ပြီး သူ့ကို ကြည့်နေခဲ့တယ်။ ဒါပေမဲ့ ကျွန်မ သူ့ကို ဘယ်လောက်ပဲ ခေါ်ခေါ် သူ ပြန်မထူးခဲ့ဘူး။ သူက ကျွန်မကို မမြင်ရသလို၊ ကျွန်မအသံကိုလည်း မကြားရတဲ့ပုံပဲ။ ကျွန်မ နိုးလာတဲ့အခါ ဒါက အိပ်မက်တစ်ခုပဲဆိုတာကို သဘောပေါက်ခဲ့တယ်၊ ဒါပေမဲ့ အဲဒီအကြောင်းကို တွေးလေလေ ပိုဝမ်းနည်းလာလေပဲ၊ ရှိုက်ကြီးတငင်နဲ့ ထပ်ငိုမိပြန်ရော။

အဲဒီရက်တွေက ကျွန်မမှာ နာကျင်မှုတွေနဲ့ ပြည့်နေခဲ့လို့ ဘုရားသခင်ကို သူ့ရဲ့ ရည်ရွယ်ချက်ကို နားလည်အောင် လမ်းပြပေးဖို့ ကျွန်မ ဆုတောင်းခဲ့တယ်။ အဲဒီအချိန်မှာ ဘုရားနှုတ်ကပတ်တော်တချို့က စိတ်ထဲ ဝင်ဝင်လာတယ်၊ “မွေးဖွားခြင်း၊ အိုမင်းခြင်း၊ နာမကျန်းဖြစ်ခြင်း၊ သေဆုံးခြင်းတို့သည် လူတိုင်းက လက်ခံရမည့် အရာများဖြစ်သည်။ မည်သည့်အရာကို အခြေခံပြီး သင်က ဤအရာကို မခံယူနိုင်သနည်း။ ဤသည်မှာ လူ၏ မွေးဖွားခြင်းနှင့် သေဆုံးခြင်းအတွက် ဘုရားသခင်က ကြိုတင်စီမံခဲ့သော နိယာမဖြစ်သည်။ အဘယ်ကြောင့် သင်က ချိုးဖောက်ချင်သနည်း။ အဘယ်ကြောင့် လက်မခံသနည်း။” ကျွန်မ အဲဒီစကားစုတွေပါတဲ့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ရှာပြီး ဖတ်လိုက်တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “လူအချို့က ‘ကျွန်ုပ်၏ မိဘများက နာမကျန်းဖြစ်ခြင်း၊ သို့မဟုတ် ကြီးမားသော ကံဆိုးမှုတစ်ခုနှင့် ကြုံတွေ့ရခြင်း အမှုကိစ္စကို စိစစ်ခြင်း၊ သို့မဟုတ် စုံစမ်းစစ်ဆေးခြင်း မပြုသင့်သည်ကိုလည်းကောင်း၊ ဤသို့လုပ်ဆောင်ခြင်းသည် အဓိပ္ပာယ်မရှိသည်ကိုလည်းကောင်း၊ သမ္မာတရား စည်းမျဉ်းများကို အခြေခံပြီး ဤအရာအား ချဉ်းကပ်သင့်သည်ကိုလည်းကောင်း ကျွန်ုပ်သိသည်၊ သို့သော် ယင်းကို စိစစ်ခြင်း၊ စုံစမ်းစစ်ဆေးခြင်း မပြုလုပ်ရန် ကိုယ့်ကိုယ်ကိုယ် မချုပ်တည်းနိုင်ပါ’ ဟု ဆိုသည်။ ဤသို့ဆိုလျှင် သင့်ကိုယ်သင် ချုပ်တည်းဖို့ မလိုအပ်တော့ရန်အတွက် ချုပ်တည်းခြင်းပြဿနာကို ဖြေရှင်းကြစို့။ ဤအရာကို မည်သို့ ဖြစ်မြောက်အောင် လုပ်ဆောင်နိုင်သနည်း။ ဤဘဝတွင် ကျန်းမာသောကိုယ်ခန္ဓာ ရှိသည့်လူတို့သည် အသက် ၅၀၊ ၆၀ အရွယ်ရောက်ပြီးနောက်တွင် အသက်ကြီးရင့်သည့် လက္ခဏာများကို စတင်ကြုံတွေ့ရသည်။ ၎င်းတို့၏ ကြွက်သားများနှင့် အရိုးများက ပျက်စီးယိုယွင်းလာသည်။ ခွန်အား ဆုံးရှုံးလာသည်။ ကောင်းစွာ အိပ်မပျော်ပေ၊ သို့မဟုတ် များစွာ စားမဝင်ပေ။ ပြီးလျှင် အလုပ်လုပ်ရန်၊ စာဖတ်ရန်၊ သို့မဟုတ် မည်သည့်အလုပ်မျိုးကိုမဆို လုပ်ရန် လုံလောက်သော အားအင်မရှိပေ။ သွေးတိုး၊ ဆီးချို၊ နှလုံး၊ နှလုံးဆိုင်ရာရောဂါများ၊ ဦးနှောက်သွေးကြောဆိုင်ရာ ရောဂါများ စသည့်တို့ကဲ့သို့ ရောဂါအမျိုးမျိုးက ၎င်းတို့အတွင်းတွင် ရုတ်ခြည်း ပေါက်ဖွားလာသည်။...လူအားလုံးက ဤခန္ဓာရောဂါများကို ကြုံရမည်။ ယနေ့တွင် သူတို့ကြုံရမည်ဖြစ်သည်။ မနက်ဖြန်တွင် သင်တို့နှင့် ကျွန်ုပ်တို့ ကြုံရမည်ဖြစ်သည်။ အသက်အရွယ်နှင့် အစီအစဉ်လိုက်အရဆိုလျှင် လူတို့အားလုံးသည် မွေးဖွားမည်။ အသက်ကြီးမည်။ နာမကျန်းဖြစ်မည်ဖြစ်ပြီး သေပေမည်။ ငယ်ရွယ်စဉ်မှ အိုမင်းသည့်အရွယ်သို့ ဝင်ရောက်သည်။ အိုမင်းသည့် အရွယ်မှနေ၍ ဖျားနာသည်။ ပြီးလျှင် ဖျားနာခြင်းမှ သေဆုံးသည်။ ဤသည်မှာ နိယာမဖြစ်သည်။ သင့်မိဘများက နာမကျန်းဖြစ်လာသည်ဟူသည့် သတင်းကို သင်ကြားသောအခါ ၎င်းတို့သည် သင်နှင့် အရင်းနှီးဆုံးလူများ ဖြစ်သောကြောင့်၊ သင် စိတ်အပူဆုံးသောသူများ၊ သင့်အား ပျိုးထောင်ပေးခဲ့သော သူများဖြစ်သောကြောင့် သင့်ခံစားချက်များ၏ အကျပ်အတည်းကို ကျော်လွှားနိုင်မည် မဟုတ်ဘဲ သင်က ‘တခြားလူများ၏ မိဘများသေသည့်အချိန်က ငါ မည်သည့်အရာမျှ မခံစားရပါ။ သို့သော် ငါ့မိဘများကမူ နာမကျန်းဖြစ်၍ မဖြစ်ပါ။ အဘယ်ကြောင့်ဆိုသော် ထိုသို့ဖြစ်လျှင် ငါက ဝမ်းနည်းမည်ဖြစ်သောကြောင့်ပင်။ ငါ မခံနိုင်ပါ၊ ငါ့နှလုံးသား နာကျင်ရသည်။ ငါ့ခံစားချက်များကို မကျော်လွှားနိုင်ပါ’ ဟု တွေးလိမ့်မည်။ ၎င်းတို့သည် သင့်မိဘများဖြစ်ရုံသက်သက်ဖြင့် ၎င်းတို့သည် မအိုမင်းသင့်၊ နာမကျန်းမဖြစ်သင့်၊ ဧကန်မုချ မသေသင့်ဟု သင်ထင်သည်။ ဤသည်မှာ အဓိပ္ပာယ်ရှိသလော။ အဓိပ္ပာယ်မရှိသလို သမ္မာတရားလည်း မဟုတ်ပေ။ နားလည်သလော။ (နားလည်ပါသည်။) လူတိုင်းက ၎င်းတို့မိဘများ အသက်ကြီးလာခြင်းနှင့် နာမကျန်းဖြစ်ခြင်းတို့ကို ရင်ဆိုင်ရမည်။ ပြီးလျှင် ဆိုးဝါးသောအခြေအနေအချို့တွင် လူတို့၏ မိဘများသည် အိပ်ရာတွင် လေဖြတ်ခြင်းပင် ဖြစ်ကြသည်။ ထို့နောက်တွင် အချို့မှာ မြောနေသော အခြေအနေသို့ ရောက်ကြသည်။ လူအချို့၏ မိဘများသည် သွေးတိုး၊ ကိုယ်တစ်ပိုင်း အကြောသေခြင်း၊ လေသင်တုန်းဖြတ်ခြင်းတို့ ဖြစ်ကြသည်၊ သို့မဟုတ် ဆိုးဝါးသောရောဂါပင် ရပြီး သေဆုံးကြသည်။ လူတိုင်းသည် သူတို့ကိုယ်တိုင် ၎င်းတို့မိဘများ အသက်ကြီးခြင်း၊ နာမကျန်းဖြစ်ခြင်း၊ ထို့နောက် သေဆုံးခြင်းဖြစ်စဉ်ကို မျက်မြင်ကိုယ်တွေ့ မြင်ရမည်၊ သို့မဟုတ် ကြားရမည်။ လူအချို့မှာ ၎င်းတို့မိဘများက အသက် ၅၀ အရွယ်တွင် ဤအရာကို စောစီးစွာ ကြားရခြင်း၊ အချို့မှာ ၎င်းတို့မိဘများက အသက် ၆၀ အရွယ်တွင် ဤသတင်းကို ကြားရခြင်း၊ ပြီးလျှင် အခြားလူများမှာ ၎င်းတို့မိဘများက အသက် ၈၀၊ ၉၀၊ ၁၀၀ အရွယ်တွင်သာ ကြားရခြင်းတို့သာ ဖြစ်သည်။ သို့သော် ဤသတင်းကို မည်သည့်အချိန်တွင် သင်ကြားရသည်ဖြစ်စေ၊ သားတစ်ယောက်အနေဖြင့်ဖြစ်စေ၊ သမီးတစ်ယောက်အနေဖြင့်ဖြစ်စေ တစ်နေ့တွင် ဤအချက်ကို အနှေးနှင့် အမြန်ဆိုသလို လက်ခံရလိမ့်မည်။ သင်သည် အရွယ်ရောက်သူတစ်ဦးဖြစ်လျှင် ရင့်ကျက်သည့် အတွေးအခေါ် ပုံစံရှိသင့်သည်။ ပြီးလျှင် လူတို့မွေးဖွားခြင်း၊ အိုမင်းခြင်း၊ နာမကျန်းဖြစ်ခြင်း၊ သေဆုံးခြင်းတို့အပေါ် မှန်ကန်သော သဘောထားရှိသင့်ပြီး စိတ်လိုက်မာန်ပါ မပြုသင့်ပေ။ သင်သည် သင့်မိဘများက နာမကျန်းဖြစ်သည့်သတင်းကို ကြားရသောအခါ၊ သို့မဟုတ် ၎င်းတို့သည် ရောဂါ အသည်းအသည်ဖြစ်နေသည်ဟု ဆေးရုံက သတိပေးမှုကို လက်ခံရရှိသောအခါတွင် ယင်းကို မခံနိုင် မဖြစ်သင့်ပေ။ မွေးဖွားခြင်း၊ အိုမင်းခြင်း၊ နာမကျန်းဖြစ်ခြင်း၊ သေဆုံးခြင်းတို့သည် လူတိုင်းက လက်ခံရမည့် အရာများဖြစ်သည်။ မည်သည့်အရာကို အခြေခံပြီး သင်က ဤအရာကို မခံယူနိုင်သနည်း။ ဤသည်မှာ လူ၏ မွေးဖွားခြင်းနှင့် သေဆုံးခြင်းအတွက် ဘုရားသခင်က ကြိုတင်စီမံခဲ့သော နိယာမဖြစ်သည်။ အဘယ်ကြောင့် သင်က ချိုးဖောက်ချင်သနည်း။ အဘယ်ကြောင့် လက်မခံသနည်း။ သင်၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ သင်သည် သင့်မိဘများကို မသေစေလိုပေ။ သင်သည် ဘုရားသခင်က ချမှတ်ခဲ့သည့် မွေးဖွားခြင်း၊ အိုမင်းခြင်း၊ နာမကျန်းဖြစ်ခြင်း၊ သေဆုံးခြင်းနိယာမအတိုင်း ၎င်းတို့ကို မရှင်သန်စေလိုပေ။ သင်သည် ၎င်းတို့ နာမကျန်းဖြစ်သည်ကိုလည်းကောင်း၊ သေဆုံးသည်ကိုလည်းကောင်း တားဆီးလိုသည်။ ဤသို့ဆိုလျှင် ၎င်းတို့သည် မည်သည့်အရာ ဖြစ်မည်နည်း။ ပလပ်စတစ်လူများ ဖြစ်မသွားသလော။ ဤသို့ဆိုလျှင် ၎င်းတို့သည် လူဖြစ်ဦးမည်လော။ ထို့ကြောင့် သင်သည် ဤအချက်ကို လက်ခံရမည်။ သင်သည် သင့်မိဘများက အိုမင်းနေသည်၊ နာမကျန်းဖြစ်ပြီး သေဆုံးသည်ဆိုသည့် သတင်းကို မကြားရမီတွင် ဤအတွက် သင့်စိတ်နှလုံးတွင် သင့်ကိုယ်သင် ပြင်ဆင်ထားသင့်သည်။ တစ်နေ့တွင် အနှေးနှင့် အမြန်ဆိုသလို လူတိုင်းက အိုမင်းမည်။ အားလျော့မည်။ သေဆုံးမည်။ သင့်မိဘများက သာမန်လူများ ဖြစ်သည့်အတွက် ၎င်းတို့သည် ဤအကျပ်အတည်းကို အဘယ်ကြောင့် မတွေ့ကြုံနိုင်ရမည်နည်း။ ဤအကျပ်အတည်းကို ၎င်းတို့ တွေ့ကြုံသင့်သည်။ ပြီးလျှင် သင်က ယင်းကို မှန်ကန်စွာ ချဉ်းကပ်သင့်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၇)) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မကို တဖြည်းဖြည်း တည်ငြိမ်လာစေခဲ့တယ်။ မွေးခြင်း၊ အိုခြင်း၊ နာခြင်း၊ သေခြင်းဆိုတာ ဘုရားသခင်က လူသားတွေအတွက် သတ်မှတ်ပေးထားတဲ့ အသက်ရဲ့နိယာမပဲ။ အခု အမေက အသက် ၆၀ ကျော်နေပြီ၊ သူ့ရဲ့ ကိုယ်တွင်းအင်္ဂါတွေနဲ့ ခန္ဓာကိုယ်လုပ်ဆောင်ချက်တွေက တဖြည်းဖြည်း ယိုယွင်းလာနေပြီ၊ ခန္ဓာကိုယ်မှာ ရောဂါတွေ ဖြစ်လာတာက ပုံမှန်ပါပဲ။ ကျွန်မ ဘုရားသခင်နဲ့ ငြင်းခုံတာ၊ ဒါမှမဟုတ် ဆင်ခြင်တုံတရားမရှိဘဲ ပြုမူတာမျိုး မလုပ်သင့်ဘူး၊ ကိုယ့်အသက် နှစ်တွေနဲ့ အမေ့ရဲ့ ကျန်းမာရေး၊ အသက်ရှည်ခြင်းကို လဲလှယ်ဖို့ ကြိုးစားတာမျိုးပေါ့။ ဒါက ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာနဲ့ စီစဉ်မှုတွေကို ကျိုးနွံနာခံတာ မဟုတ်ဘူး။ ကျွန်မက ဘာမှမဟုတ်တဲ့ ဖန်ဆင်းခံတစ်ယောက်ဖြစ်ပြီး ဘုရားသခင်က ဖန်ဆင်းရှင်ပဲ။ ဘုရားသခင်က လူသားအတွက် သတ်မှတ်ပေးထားတဲ့ အသက်ရဲ့နိယာမကို ကျွန်မ လက်ခံသင့်တယ်၊ ပြီးတော့ ဖြစ်လာသမျှကို တွေ့ကြုံတဲ့အတိုင်း ခံစားသင့်တယ်။ ကျွန်မ နေ့တိုင်း တွေ့ကြုံရတဲ့အရာတွေကိုတောင် ကိုယ်တိုင် ဆုံးဖြတ်လို့၊ ပြောင်းလဲလို့ မရပါဘူး၊ ဒါတောင်မှ အမေ့ရဲ့ ကံကြမ္မာကို ပြောင်းလဲပစ်မယ်လို့ အချည်းနှီး မျှော်လင့်နေခဲ့မိတယ်။ ဒါဟာ တကယ်ကို ထင်ယောင်ထင်မှားဖြစ်ပြီးတော့ ဆင်ခြင်တုံတရားမရှိတာပဲ။ ဒါပေမဲ့ အမေ မကြာခင် ဆုံးပါးသွားတော့မယ်ဆိုတဲ့အကြောင်းကို တွေးမိတဲ့အခါ ကျွန်မ တကယ်ကို ဝမ်းနည်းမိတယ်။ ကျွန်မ ငိုကြွေးရင်း ဘုရားသခင်ဆီ ဆုတောင်းခဲ့တယ်၊ “အို ဘုရားသခင်၊ အမေက ဒီလောက်ပြင်းထန်တဲ့ ရောဂါရပြီး မကြာခင် ဆုံးပါးသွားနိုင်တယ်ဆိုတာကို ရုတ်တရက် သိလိုက်ရတော့ သမီးစိတ်နှလုံးထဲမှာ လက်မခံနိုင်ဘူး။ ကျေးဇူးပြုပြီး သမီးကို ကျိုးနွံနာခံနိုင်အောင်နဲ့ သင်ခန်းစာတွေ သင်ယူနိုင်အောင် လမ်းပြတော်မူပါ” လို့ပေါ့။

အဲဒီနောက်မှာ ကျွန်မရဲ့အခြေအနေနဲ့ပတ်သက်တဲ့ ဘုရားနှုတ်ကပတ်တော်တွေကို သတိရှိရှိ ရှာဖွေခဲ့တယ်။ တစ်နေ့ ဝတ်ပြုနေတုန်းမှာ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ ဖတ်ခဲ့တယ်။ “သင့်မိဘများက မည်သည့်ရောဂါကို ရသည်ဖြစ်စေ ယင်းမှာ ၎င်းတို့သည် သင့်အား ပျိုးထောင်ခြင်းကြောင့် အလွန်မောပန်းသောကြောင့်၊ သို့မဟုတ် ၎င်းတို့က သင့်အား သတိရသောကြောင့် ဖြစ်မည်မဟုတ်ပေ။ အထူးသဖြင့် ၎င်းတို့သည် သင့်ကြောင့် ထိုအကြီးစားဖြစ်သော၊ ဆိုးဝါးသော၊ သေစေနိုင်သော ရောဂါတစ်ခုခုကို ကူးစက်မည်မဟုတ်ပေ။ ယင်းသည် ၎င်းတို့၏ ကံကြမ္မာဖြစ်ပြီး သင်နှင့် လုံးဝ မသက်ဆိုင်ပေ။ သင်က မည်မျှ သားသမီးဝတ်ကျေပွန်ပါစေ သင်အစွမ်းဆောင်နိုင်ဆုံးမှာ ၎င်းတို့၏ ဇာတိပကတိ ဒုက္ခနှင့် ဝန်ထုပ်ဝန်ပိုးကို အနည်းငယ်လျှော့ချဖို့ဖြစ်သည်။ သို့သော် ၎င်းတို့သည် မည်သည့်အချိန်၌ ဖျားနာသည်၊ မည်သည့်ရောဂါ ကူးစက်သည်၊ မည်သည့်အချိန်တွင် သေသည်၊ မည်သည့်နေရာတွင် သေသည်တို့အတွက်မူ ဤအရာများသည် သင်နှင့် တစ်ခုခုသက်ဆိုင်ခြင်းရှိသလော။ မရှိပေ။ သင်က သားသမီးဝတ်ကျေပွန်လျှင်၊ သင်က စာနာစိတ်ကင်းမဲ့သော ကျေးဇူးကန်းသူတစ်ယောက် မဟုတ်လျှင်၊ ထို့အပြင် သင်က ၎င်းတို့နှင့်အတူ တစ်နေကုန် နေထိုင်ပြီး ၎င်းတို့အား ကြည့်ရှုစောင့်ရှောက်လျှင် ၎င်းတို့သည် ဖျားနာခြင်းမရှိမည်လော။ ၎င်းတို့သည် မသေဘဲ နေမည်လော။ ၎င်းတို့သည် ဖျားနာဖို့ရှိသည်ဆိုလျှင် မည်သို့ပင်ဖြစ်စေ ဖျားနာလိမ့်မည်သာဖြစ်သည် မဟုတ်လော။ ၎င်းတို့သည် သေတော့မည်ဆိုလျှင် မည်သို့ပင်ဖြစ်စေ သေမည်မဟုတ်လော။ ဤသို့ မဟုတ်သလော။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၇)) ဘုရားနှုတ်ကပတ်တော်တွေကနေတစ်ဆင့် ကျွန်မ နားလည်သွားတာက မိဘတွေ နေမကောင်းဖြစ်တာ၊ ရောဂါဘယ်လောက်ပြင်းထန်တာ၊ ဒါမှမဟုတ် သူတို့ သေဆုံးသွားမလား ဆိုတာတွေအားလုံးဟာ ဘုရားသခင်က ကြိုတင်သတ်မှတ်ပြီး စီစဉ်ထားပြီးသားဖြစ်တယ်၊ သူတို့ရဲ့ သားသမီးတွေနဲ့ ဘာမှမဆိုင်ဘူးဆိုတာပါပဲ။ သားသမီးတွေက သူတို့မိဘတွေရဲ့ ဘေးမှာရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ မိဘတွေ ဘဝမှာ ရင်ဆိုင်ရတဲ့ အခက်အခဲတွေ၊ ဆုတ်ယုတ်မှုတွေနဲ့ ဆင်းရဲဒုက္ခတွေက ရှောင်လွှဲလို့မရဘူး၊ သူတို့ရဲ့ သားသမီးတွေက ဘာကိုမှ ပြောင်းလဲပေးလို့မရဘူးလေ။ ကျွန်မအဘိုးအကြောင်းကို ကျွန်မ စဉ်းစားမိတယ်။ သူ့ရဲ့သားသမီးတွေအားလုံးက သူ့ဘေးမှာရှိပြီး လူက ကျန်းမာပုံပေါ်ပေမဲ့ အသက် ၆၀ လောက်မှာ ပြင်းထန်တဲ့ရောဂါတစ်ခုဖြစ်ပြီး အိပ်ရာထဲမှာ လေဖြတ်ပြီး လဲနေခဲ့တယ်၊ အကြောသေပြီး မလှုပ်မရှားနိုင်ဖြစ်သွားတယ်၊ သူနဲ့ပတ်သက်ပြီး အစစအရာရာ လူတွေရဲ့ပြုစုစောင့်ရှောက်မှုကို လိုအပ်ခဲ့တယ်။ ကျွန်မအမေ၊ ဦးလေးနဲ့ အဒေါ်တို့အားလုံးက တစ်လှည့်စီ နေ့ရောညပါ သူ့ကို ပြုစုစောင့်ရှောက်ပေးခဲ့ကြတယ်၊ နေ့တိုင်း နှိပ်နယ်ပေးတယ်၊ စကားပြောပေးတယ်၊ နှစ်ပေါင်းများစွာ ဂရုတစိုက်စောင့်ရှောက်ခဲ့ပေမဲ့ သူ ဘယ်တော့မှ သတိပြန်မရလာခဲ့ဘူး။ အခု ကျွန်မအမေလဲ ပြင်းထန်တဲ့ရောဂါဖြစ်ပြီး အိပ်ရာထဲမှာ လေဖြတ်ပြီး လဲနေပြီ။ ကျွန်မသာ သူ့ဘေးမှာရှိပြီး နေ့စဉ်လိုအပ်ချက်တွေကို ဂရုစိုက်ပေးနေရင်တောင် သူ့ခန္ဓာကိုယ်ကို နည်းနည်း သက်သာစေရုံပဲရှိမှာ၊ သူ့ရောဂါဝေဒနာကို ကျွန်မက ကိုယ်စားဝင်ခံစားပေးလို့ မရဘူး။ သူ ပြန်ကောင်းလာမလား၊ ဒါမှမဟုတ် သေဆုံးသွားမလားဆိုတာက ကျွန်မ ပြောင်းလဲလို့မရတဲ့ အရာတစ်ခုပဲ။ ဒီအချက်ကို သဘောပေါက်လိုက်တော့ အမေ့အတွက် စိုးရိမ်ပူပန်မှုတွေ နည်းနည်း လျော့သွားခဲ့တယ်။

ဒါပေမဲ့ အစ်မက စာထဲမှာ ကျွန်မကို ပြောခဲ့တဲ့စကားကို ပြန်တွေးမိတဲ့အခါ ကျွန်မ စိတ်ကြေကွဲပြီး ဝမ်းနည်းနေတုန်းပဲ။ အစ်မက ပြောတယ်၊ “‘ကျီးကန်းများက ၎င်းတို့၏မိခင်ကို အစာကျွေးခြင်းအားဖြင့် ကျေးဇူးဆပ်သည်။ သိုးငယ်များက ၎င်းတို့၏မိခင်ထံမှ နို့ကို ရရှိဖို့ ဒူးထောက်သည်။’ တိရစ္ဆာန်တွေတောင် မိဘကို ရိုသေလေးစားဖို့ သိကြတယ်။ လူတစ်ယောက်က ဒါလေးတောင် မသိရင် တိရစ္ဆာန်လောက်တောင် မကောင်းဘူး” တဲ့။ ကျွန်မ အိမ်နဲ့ ဝေးနေခဲ့တဲ့ နှစ်တွေကို ကျွန်မ စဉ်းစားမိတယ်။ အိမ်မှာ ဒီလောက်ကြီးတဲ့ကိစ္စဖြစ်နေခဲ့ပေမဲ့ ကျွန်မ ပေါ်မလာခဲ့ဘူး။ အိမ်နီးနားချင်းတွေ၊ ဆွေမျိုးမိတ်ဆွေတွေက ကျွန်မအကြောင်း ဘာတွေပြောနေကြမလဲ မသိဘူး၊ ဒါပေမဲ့ သူတို့က ကျွန်မကို သားသမီးဝတ်မကျေဘူး၊ အမေ အသည်းအသန်ဖြစ်ပြီး သေခါနီးနေတာတောင် အိမ်ပြန်မလာဘူးဆိုပြီး ကွယ်ရာမှာ အတင်းပြောနေကြမှာ သေချာတယ်။ အမေက ကျွန်မကို ငယ်ငယ်ကတည်းက ပြုစုပျိုးထောင်လာခဲ့တာ၊ ဒီကျေးဇူးကို ကျွန်မ ဘယ်တော့မှ ပြန်ဆပ်နိုင်မှာမဟုတ်ဘူး။ ဒါကြောင့် အမေ့ကို အကောင်းဆုံးဘဝတစ်ခုပေးနိုင်ဖို့ အစွမ်းကုန်လုပ်ဆောင်သင့်တယ်၊ သူ အစားအသောက်၊ အဝတ်အစားအတွက် စိတ်မပူရဘဲ ပျော်ရွှင်အေးချမ်းတဲ့ အသက်ကြီးပိုင်းဘဝကို ပိုင်ဆိုင်ရအောင်ပေါ့။ ဒါပေမဲ့ အခု သူနေမကောင်းဖြစ်နေတဲ့အချိန်မှာ သူ့ကိုတောင် ကျွန်မ မစောင့်ရှောက်နိုင်ခဲ့ဘူး။ ကျွန်မက တိရစ္ဆာန်လောက်တောင် မကောင်းဘူးလို့ တကယ်ကို ခံစားခဲ့ရတယ်။ ဒီလိုတွေးလိုက်ရင် ရင်ထဲမှာ ဓားနဲ့မွှန်းလိုက်သလို ခံစားရပြီး အမေ့ရဲ့ ပြုစုပျိုးထောင်ပေးခဲ့တဲ့ ကျေးဇူးကို ပြန်မဆပ်နိုင်တဲ့အတွက် အပြစ်ရှိသလိုခံစားရပြီး ခိုးခိုးပြီး ငိုမိတာ ခဏခဏပါပဲ။ နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ဖတ်ခဲ့ရတယ်။ “သင့်မိဘများက သင့်အားမွေးဖွားပေးသည့်အကြောင်းကို ကြည့်ကြစို့။ သင့်အား မွေးဖွားပေးရန် ၎င်းတို့အတွက် ရွေးချယ်ခဲ့သောသူမှာ မည်သူနည်း။ သင်ဖြစ်သလော၊ သို့မဟုတ် သင့်မိဘများဖြစ်သလော။ မည်သူက မည်သူ့ကို ရွေးချယ်ခဲ့သနည်း။ ဤအရာကို ဘုရားသခင်၏ အမြင်ရှုထောင့်မှကြည့်လျှင် အဖြေမှာ မည်သူကမျှ မရွေးချယ်ခဲ့ပေ။ သင့်အား မွေးဖွားပေးရန် သင့်မိဘများအား ရွေးချယ်ခဲ့သည်မှာ သင်လည်းမဟုတ်၊ သင့်မိဘများလည်း မဟုတ်ပေ။ ဤအမှုကိစ္စ၏ အရင်းအမြစ်ကိုကြည့်လျှင် ဤအရာကို ဘုရားသခင်က ကြိုတင်စီမံခဲ့ခြင်းဖြစ်သည်။ ဤကိစ္စသည် လူတို့အတွက်နားလည်ရန် လွယ်ကူသောကြောင့် ယခုလောလောဆယ်အနေဖြင့် ဤအကြောင်းအရာကို ငါတို့ ဘေးဖယ်ထားမည်။ သင်၏ အမြင်ရှုထောင့်၌ သင်သည် သင့်မိဘများက မွေးဖွားပေးခြင်းကို ငြိမ်သက်စွာဖြင့် ခံရပြီး ဤအမှုတွင် မည်သည့်ရွေးချယ်စရာမျှ မရှိပေ။ သင့်မိဘများ၏ ရှုထောင့်၌ ၎င်းတို့သည် ၎င်းတို့၏ ကိုယ်ပိုင် အမှီအခိုကင်းသောစိတ်ဖြင့် သင့်အား မွေးဖွားပေးသည်။ ဟုတ်သလော။ တစ်နည်းအားဖြင့် ဘုရားသခင်၏ စီမံခြင်းကို ဘေးဖယ်ထားပြီး သင့်အား မွေးဖွားခြင်းကိစ္စနှင့်ပတ်သက်လျှင် အခွင့်အာဏာအားလုံးရှိသူမှာ သင့်မိဘများ ဖြစ်သည်။ ၎င်းတို့က သင့်အားမွေးဖွားရန် ရွေးချယ်ခဲ့သည်။ ၎င်းတို့က အားလုံးကို ဆုံးဖြတ်သည်။ သင့်အား မွေးဖွားပေးရန် ၎င်းတို့ကို သင်မရွေးချယ်ခဲ့ပေ။ သင်သည် ငြိမ်သက်စွာဖြင့် ၎င်းတို့ထံ၌ မွေးဖွားသည်။ ပြီးလျှင် ဤအမှုတွင် သင့်၌ မည်သည့်ရွေးချယ်စရာမျှ မရှိခဲ့ပေ။ ထို့ကြောင့် သင့်မိဘများ၌ အခွင့်အာဏာ အားလုံးရှိပြီး ၎င်းတို့က သင့်အားမွေးဖွားပေးရန် ရွေးချယ်ခဲ့သောကြောင့် ၎င်းတို့၌ သင့်အား လူလားမြောက်အောင် ကျွေးမွေးသုတ်သင်ရန်၊ အရွယ်ရောက်သည်အထိ ပျိုးထောင်ရန်၊ သင့်အား ပညာရေး၊ အစားအသောက်၊ အဝတ်အထည်၊ ငွေကြေးတို့ ပံ့ပိုးပေးရန် တာဝန်နှင့် ဝတ္တရားရှိသည်။ ဤသည်မှာ ၎င်းတို့၏ တာဝန်နှင့် ဝတ္တရားတို့ဖြစ်ပြီး ဤသည်မှာ ၎င်းတို့ လုပ်ဆောင်သင့်သောအရာဖြစ်သည်။ သင်ကမူ ၎င်းတို့က သင့်အားပျိုးထောင်ပေးနေသည့် အချိန်အတွင်း၌ အစဉ်သဖြင့် ပြုသမျှနုနေရသည်။ သင့်၌ ရွေးချယ်ပိုင်ခွင့်မရှိခဲ့ပေ။ သင့်အား ၎င်းတို့က ပျိုးထောင်ပေးရသည်။ သင်သည် ငယ်ရွယ်သောကြောင့် သင့်ကိုယ်သင် ပျိုးထောင်နိုင်စွမ်း မရှိခဲ့ပေ။ သင့်၌ သင့်မိဘများက လူလားမြောက်အောင် ကျွေးမွေးသုတ်သင်ခြင်းကို ငြိမ်သက်စွာခံရုံမှလွဲ၍ ရွေးချယ်စရာမရှိပေ။ သင်သည် သင့်မိဘများက ရွေးချယ်သည့်ပုံစံဖြင့် ပျိုးထောင်ခြင်းခံရသည်။ ၎င်းတို့က သင့်အား အစားကောင်း၊ အသောက်ကောင်းပေးလျှင် သင်က အစားကောင်း၊ အသောက်ကောင်းများကို စားသောက်ရသည်။ သင့်မိဘများက ဖွဲကြမ်းများ၊ အရိုင်းပင်များကို အမှီပြုပြီး သင် အသက်ရှင်အောင် စားသောက်ရသည့် ရှင်သန်နေထိုင်ရာပတ်ဝန်းကျင်ကို သင့်အားပေးလျှင် သင်က ဖွဲကြမ်းနှင့် အရိုင်းပင်များကို အမှီပြုပြီး ရှင်သန်ရသည်။ မည်သို့ပင်ဖြစ်စေ သင်သည် ပျိုးထောင်ခြင်းခံရသောအချိန်တွင် ပြုသမျှနုနေရပြီး သင့်မိဘများက ၎င်းတို့၏ တာဝန်ကို ဖြည့်ဆည်းသည်။ သင့်မိဘများက ပန်းတစ်ပွင့်ကို ဂရုစိုက်ခြင်းနှင့် တူညီသည်။ ၎င်းတို့သည် ပန်းတစ်ပွင့်ကို ဂရုစိုက်လိုသောကြောင့် ၎င်းတို့က ထိုပန်းကို မြေဩဇာကျွေးသင့်သည်။ ရေလောင်းသင့်သည်။ နေရောင်ကို အသေအချာရရှိစေရန် လုပ်ဆောင်သင့်သည်။ ထို့ကြောင့် လူတို့နှင့်ပတ်သက်လျှင် သင့်မိဘများက သင့်အား စေ့စပ်စွာ ကြည့်ရှုစောင့်ရှောက်သည်ဖြစ်စေ၊ သင့်အား အလွန်ပင် ဂရုစိုက်သည်ဖြစ်စေ၊ မည်သို့ပင်ဖြစ်စေ ၎င်းတို့သည် ၎င်းတို့၏ တာဝန်နှင့် ဝတ္တရားကို ဖြည့်ဆည်းနေခြင်းသာ ဖြစ်သည်။ ၎င်းတို့က သင့်အား ပျိုးထောင်ပေးသည့် အကြောင်းရင်းက မည်သို့ဖြစ်စေ ၎င်းတို့၏ တာဝန်သာဖြစ်သည်။ ၎င်းတို့က သင့်အားမွေးဖွားခဲ့သောကြောင့် သင့်အတွက် တာဝန်ယူသင့်သည်။ ဤအရာကို အခြေခံကြည့်လျှင် သင့်မိဘများက သင့်အတွက် လုပ်ဆောင်ပေးသောအရာရာတိုင်းကို ကြင်နာခြင်းဟု သတ်မှတ်နိုင်သလော။ မသတ်မှတ်နိုင်သည် မဟုတ်လော။ (ဟုတ်ပါသည်။) သင့်မိဘများက သင့်အပေါ် ၎င်းတို့၏တာဝန်အား ဖြည့်ဆည်းခြင်းသည် ကြင်နာမှုအဖြစ် အကျုံးမဝင်ပေ။ ထို့ကြောင့် ၎င်းတို့က ပန်းပွင့်၊ သို့မဟုတ် အပင်တစ်ပင်အပေါ် ၎င်းတို့၏ တာဝန်ကို ဖြည့်ဆည်းပြီး ရေလောင်းကာ မြေဩဇာကျွေးလျှင် ကြင်နာခြင်းအဖြစ် အကျုံးဝင်သလော။ (အကျုံးမဝင်ပါ။) ယင်းသည် ကြင်နာခြင်းနှင့် ပို၍ပင် အလှမ်းဝေးသည်။ ပန်းပွင့်နှင့် အပင်များသည် ပြင်ပတွင် ပို၍ကောင်းစွာ ပေါက်သည်။ ၎င်းတို့သည် လေ၊ နေ၊ မိုးရေနှင့်အတူ မြေတွင် စိုက်ပျိုးခြင်းခံရလျှင် ရှင်သန်ကြီးထွားသည်။ ၎င်းတို့သည် အိမ်အတွင်း၌ အိုးထဲတွင် စိုက်ပျိုးခြင်းခံရသောအခါ ပြင်ပကဲ့သို့ ကောင်းစွာ မပေါက်ဖွားပေ။ သို့သော် ၎င်းတို့သည် မည်သည့်နေရာ၌ရှိသည်ဖြစ်စေ ရှင်သန်နေသည်မဟုတ်လော။ ၎င်းတို့သည် မည်သည့်နေရာ၌ရှိသည်ဖြစ်စေ ဘုရားသခင်က စီမံထားခြင်းဖြစ်သည်။ သင်သည် အသက်ရှင်သူတစ်ယောက်ဖြစ်သည်။ ပြီးလျှင် ဘုရားသခင်က အသက်တိုင်းအတွက် တာဝန်ယူပြီး ရှင်သန်စေရန်၊ ဖန်ဆင်းခံအားလုံး လိုက်နာသည့် ဥပဒေကို လိုက်လျှောက်ရန် ထောက်ကူပေးသည်။ သို့သော် သင်သည် လူတစ်ယောက်အနေဖြင့် သင့်မိဘများက ပျိုးထောင်ပေးသည့် ပတ်ဝန်းကျင်တွင် နေထိုင်ရသည်။ ထို့ကြောင့် သင်သည် ထိုပတ်ဝန်းကျင်တွင် ကြီးပြင်းပြီး အသက်ဆက်ဖြစ်တည်သင့်သည်။ ထိုပတ်ဝန်းကျင်၌ သင်နေထိုင်ခြင်းသည် အကျယ်ချဲ့၍ ကြည့်လျှင် ဘုရားသခင်၏ စီမံခြင်းကြောင့်ဖြစ်သည်။ ချုံ့၍ ကြည့်လျှင် သင့်မိဘများက သင့်အား ပျိုးထောင်ခြင်းကြောင့်ဖြစ်သည်။ မှန်သလော။ မည်သို့ပင်ဖြစ်စေ သင့်အား ပျိုးထောင်ပေးခြင်းအားဖြင့် သင့်မိဘများသည် တာဝန်နှင့် ဝတ္တရားတစ်ခုကို ထမ်းဆောင်နေခြင်းဖြစ်သည်။ သင့်အား အရွယ်ရောက်စေရန် ပျိုးထောင်ခြင်းသည် ၎င်းတို့၏ တာဝန်နှင့် ဝတ္တရားဖြစ်သည်။ ပြီးလျှင် ဤအရာကို ကြင်နာခြင်းဟု မခေါ်ဆိုနိုင်ပေ။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၇))ဘာသာတရားမရှိသူများ၏ လောကတွင် ‘ကျီးကန်းများက ၎င်းတို့၏မိခင်ကို အစာကျွေးခြင်းအားဖြင့် ကျေးဇူးဆပ်သည်။ သိုးငယ်များက ၎င်းတို့၏မိခင်ထံမှ နို့ကို ရရှိဖို့ ဒူးထောက်သည်’ ဟူသည့် ဆိုရိုးစကားတစ်ခုရှိသည်။ ‘သားသမီးဝတ် မကျေပွန်သောသူသည် သားရဲတိရစ္ဆာန်ထက် နိမ့်ကျသည်’ ဟူသည့် ဤဆိုရိုးစကားလည်း ရှိသည်။ ဤဆိုရိုးစကားများသည် အလွန်ပင် ဟိတ်ဟန်များလှပါတကား။ အမှန်တကယ်တွင် ကျီးကန်းများက ၎င်းတို့၏မိခင်ကို အစာကျွေးခြင်းအားဖြင့် ကျေးဇူးဆပ်သည်။ သိုးငယ်များက ၎င်းတို့၏မိခင်ထံမှ နို့ကို ရရှိဖို့ ဒူးထောက်သည်ဟူသည့် ပထမဆိုရိုးစကားက ပြောသော ဖြစ်ရပ်သည် အမှန်ပင် တည်ရှိသည်။ ဤသည်တို့မှာ အမှန်တရားများဖြစ်သည်။ သို့ရာတွင် ယင်းတို့သည် သတ္တဝါလောက၏ ဖြစ်ရပ်များသာဖြစ်သည်။ သက်ရှိသတ္တဝါအမျိုးမျိုးအတွက် ဘုရားသခင်က ချမှတ်ခဲ့သော နိယာမတစ်မျိုးသာဖြစ်သည်။ ပြီးလျှင် လူသားများအပါအဝင် သက်ရှိသတ္တဝါမျိုးစုံ လိုက်နာသော နိယာမဖြစ်သည်။ သက်ရှိသတ္တဝါမျိုးစုံက ဤနိယာမကို လိုက်နာသည်ဆိုသည့်အချက်က သက်ရှိသတ္တဝါအားလုံးကို ဘုရားသခင်က ဖန်ဆင်းခဲ့ကြောင်းကို ထင်ရှားစေသည်။ မည်သည့်သက်ရှိသတ္တဝါကမျှ ဤနိယာမကို မချိုးဖျက်နိုင်သလို မည်သည့်သက်ရှိသတ္တဝါကမျှ မကျော်လွန်နိုင်ပေ။ ခြင်္သေ့နှင့် ကျားတို့ကဲ့သို့သော အတော်အတန် ရက်စက်သော အသားစားသတ္တဝါများသည်ပင် ၎င်းတို့၏ ကလေးများကို ပြုစုပျိုးထောင်ပြီး အရွယ်မရောက်မီတွင် ကလေးများကို မကိုက်ပေ။ ဤသည်မှာ တိရစ္ဆာန် ဗီဇစိတ်ဖြစ်သည်။ ၎င်းတို့သည် မည်သည့်မျိုးစိတ်ဖြစ်ပါစေ၊ ရက်စက်သည်ဖြစ်စေ၊ ကြင်နာသည်ဖြစ်စေ၊ သိမ်မွေ့နူးညံ့သည်ဖြစ်စေ တိရစ္ဆာန်အားလုံးက ဤဗီဇစိတ်ကို ပိုင်ဆိုင်သည်။ လူသားများအပါအဝင် သတ္တဝါမျိုးစုံတို့သည် ဤဗီဇစိတ်နှင့် နိယာမကို လိုက်နာခြင်းအားဖြင့်သာ ဆက်လက်၍ မျိုးပွားပြီး ရှင်သန်နိုင်သည်။ ၎င်းတို့က ဤနိယာမကို မလိုက်နာလျှင်၊ သို့မဟုတ် ဤနိယာမနှင့် ဗီဇစိတ်မရှိလျှင် မျိုးပွားပြီး ရှင်သန်နိုင်မည်မဟုတ်ပေ။ ဇီဝကွင်းဆက်က တည်ရှိမည်မဟုတ် ဤကမ္ဘာလည်း တည်ရှိမည်မဟုတ်ပေ။ ဤသည်မှာ မမှန်သလော။ (မှန်ပါသည်။) ကျီးကန်းများက ၎င်းတို့၏မိခင်ကို အစာကျွေးခြင်းအားဖြင့် ကျေးဇူးဆပ်ခြင်း၊ သိုးငယ်များက ၎င်းတို့၏မိခင်ထံမှ နို့ကို ရရှိဖို့ ဒူးထောက်ခြင်းက သတ္တဝါလောကသည် ဤနိယာမမျိုးကို လိုက်နာကြောင်းကို အတိအကျ ထင်ရှားစေသည်။ သက်ရှိသတ္တဝါ အမျိုးအစားအားလုံးတို့တွင် ဤဗီဇစိတ်ရှိသည်။ ကလေးများမွေးပြီးသည်နှင့် ၎င်းတို့သည် အရွယ်မရောက်မီအထိ ထိုမျိုးစိတ်များ၏ အမများ၊ သို့မဟုတ် အထီးများ၏ ဂရုစိုက်ခြင်း၊ ပြုစုပျိုးထောင်ခြင်းကို ခံရသည်။ သက်ရှိသတ္တဝါမျိုးစုံသည် ၎င်းတို့၏ ကလေးများအပေါ် ၎င်းတို့၏တာဝန်များနှင့် ဝတ္တရားများကို ဖြည့်ဆည်းနိုင်ကြပြီး တာဝန်ကျေပွန်စွာနှင့် တာဝန်သိတတ်စွာဖြင့် နောက်မျိုးဆက်ကို ပျိုးထောင်နိုင်ကြသည်။ ဤသည်မှာ လူသားများအတွက် ပို၍ပင် မှန်ကန်သင့်သည်။ လူသားများကို လူသားမျိုးနွယ်က ပိုမိုအဆင့်မြင့်သော တိရစ္ဆာန်အဖြစ် ခေါ်ဆိုကြသည်။ ၎င်းတို့သည် ဤနိယာမကို မလိုက်နာနိုင်လျှင်၊ ဤဗီဇစိတ်ကင်းမဲ့လျှင် လူသားများသည် တိရစ္ဆာန်များထက် နိမ့်ကျသည် မဟုတ်လော။ ထို့ကြောင့် သင့်မိဘများက သင့်အား ပျိုးထောင်စဉ်တွင် သင့်အား မည်မျှပြုစုပျိုးထောင်ပေးပါစေ၊ သင့်အပေါ် ၎င်းတို့၏ တာဝန်ကို မည်မျှဖြည့်ဆည်းပါစေ ၎င်းတို့သည် ဖန်ဆင်းခံလူသား၏ စွမ်းရည်နယ်ပယ်အတွင်း၌ ၎င်းတို့လုပ်သင့်သည့်အရာကို လုပ်ဆောင်နေခြင်းသာဖြစ်သည်။ ဤသည်မှာ ၎င်းတို့၏ ဗီဇစိတ်ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၇))

ကျွန်မ ဘုရားနှုတ်ကပတ်တော်ကို ဖတ်ပြီးနောက်မှာ ကျွန်မရဲ့ စိတ်နှလုံးက နည်းနည်းလေး ပို လင်းလက်လာတယ်။ သားသမီးကို ပြုစုပျိုးထောင်ခြင်းဟာ ဘုရားသခင်က သက်ရှိသတ္တဝါတွေကို ပေးသနားထားတဲ့ သဘာဝဗီဇတစ်ခုပဲ၊ ဒါက ဘုရားသခင်က သက်ရှိသတ္တဝါအားလုံးအတွက် ချမှတ်ထားတဲ့ ဘဝရဲ့ နိယာမတစ်ခုပဲ။ ကြမ်းတမ်းတဲ့သားရဲတွေရော၊ နူးညံ့တဲ့တိရစ္ဆာန်တွေပါ ဒီနိယာမတွေကို လိုက်နာကြတယ်၊ ဒီနည်းနဲ့ လူသားအပါအဝင် သတ္တဝါအမျိုးမျိုးက ဆက်မျိုးပွားပြီး ရှင်သန်နိုင်ကြတာပေါ့။ မိဘတွေက သားသမီးတွေကို မွေးဖွားဖို့ ရွေးချယ်ခဲ့တဲ့အတွက် သူတို့ကို ပြုစုပျိုးထောင်ဖို့၊ ဂရုစိုက်ဖို့ တာဝန်နဲ့ ဝတ္တရားကို ယူသင့်တယ်။ ဒါက ဘုရားသခင် ချမှတ်ထားတဲ့ နိယာမတွေကို လိုက်နာပြီး သဘောတူလိုက်တာပဲ၊ ဒါက မိဘတွေရဲ့ ပင်ကိုယ်လုပ်ငန်းတာဝန်ဖြစ်ပြီး သားသမီးတွေအပေါ်မှာ ချမှတ်ထားတဲ့ ကြင်နာမှုတစ်ခုအနေနဲ့ သဘောမထားသင့်ဘူး။ “ကျီးကန်းများက ၎င်းတို့၏မိခင်ကို အစာကျွေးခြင်းအားဖြင့် ကျေးဇူးဆပ်သည်။ သိုးငယ်များက ၎င်းတို့၏မိခင်ထံမှ နို့ကို ရရှိဖို့ ဒူးထောက်သည်” ဆိုတာက ဘုရားသခင်က ဒီသတ္တဝါတွေအတွက် ချမှတ်ထားတဲ့ နိယာမတစ်ခု၊ သတ္တဝါတွေရဲ့ ဗီဇအပြုအမူတစ်ခုသက်သက်ပဲ။ ဒါက လူတွေ သွန်သင်သလိုမျိုး တိရစ္ဆာန်တွေက သူတို့မိဘတွေကို သားသမီးပီသပြီး သူတို့ရဲ့ ကြင်နာမှုကို ကျေးဇူးပြန်ဆပ်ခြင်းရဲ့ သရုပ်သကန်တစ်ခု မဟုတ်ဘူး။ ဒါ့အပြင် အပေါ်ယံကြည့်ရင် မိဘတွေက သားသမီးတွေကို ပြုစုပျိုးထောင်နေပုံရပေမဲ့ တကယ်တမ်းမှာတော့ နောက်ကွယ်မှာ ဘုရားသခင်က လူတစ်ဦးချင်းစီရဲ့ ကံကြမ္မာကို အချုပ်အခြာအာဏာနဲ့ စီစဉ်နေတာပဲ။ အမေ တစ်ခါက ကျွန်မကို ပြောပြခဲ့တာကို မတွေးဘဲ မနေနိုင်ခဲ့ဘူး။ ကျွန်မကို မမွေးခင်က သူ့မှာ သမီးတစ်ယောက်ရှိခဲ့ဖူးတယ်၊ အဲဒီသမီးက ၃ နှစ်အရွယ်မှာ ရုတ်တရက် ရောဂါဖြစ်ပြီး ဆုံးသွားခဲ့တယ်တဲ့။ ကျွန်မ တစ်ခါမှမမြင်ဖူးတဲ့ အဲဒီအစ်မကိုလည်း အမေက ကိုယ်ဖိရင်ဖိ ဂရုစိုက်ခဲ့တာပဲ။ ဒါပေမဲ့ သူက ငယ်ငယ်ရွယ်ရွယ်နဲ့ ဝမ်းနည်းစရာ ဆုံးပါးသွားခဲ့ပြီး၊ ကျွန်မကတော့ ဒီနေ့အထိ ကျန်းကျန်းမာမာ ကြီးပြင်းလာနိုင်ခဲ့တယ်။ ကျွန်မတို့က အမေတစ်ယောက်တည်းက မွေးပေမဲ့ ကံကြမ္မာကတော့ လုံးဝကို မတူညီခဲ့ဘူး။ ဒီအချက်က လူ့ကံကြမ္မာဟာ ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာနဲ့ စီစဉ်ညွှန်ကြားမှုအောက်မှာရှိတယ်၊ မိဘတွေက သားသမီးတွေကို ပြုစုပျိုးထောင်ပြီး စောင့်ရှောက်ဖို့ပဲ တာဝန်ယူနိုင်ရုံပဲရှိပြီး၊ သူတို့သားသမီးတွေရဲ့ ကံကြမ္မာကိုတော့ မထိန်းချုပ်နိုင်၊ မပြောင်းလဲနိုင်ဘူးဆိုတာ ကျွန်မကို ပိုပြီးမြင်စေခဲ့တယ်။ အိမ်ကထွက်လာပြီးတဲ့နောက်ပိုင်းနှစ်တွေမှာ အခက်အခဲတွေ၊ အတားအဆီးတွေအများကြီး ကြုံတွေ့ခဲ့ရပုံကို ကျွန်မ တွေးမိတယ်။ ရှေ့ဆက်မလျှောက်နိုင်တော့ဘူးလို့ ခံစားခဲ့ရတာ အကြိမ်ကြိမ်ပါပဲ၊ ကျွန်မကို လမ်းပြကူညီပေးခဲ့တာက အမြဲတမ်း ဘုရားသခင်ပါပဲ။ တစ်ခါက ကျွန်မရဲ့အခြေအနေ အရမ်းဆိုးရွားခဲ့တဲ့အချိန်ကို သတိရမိတယ်၊ ဘုရားသခင်က ညီအစ်ကိုမောင်နှမတွေကတစ်ဆင့် ကျွန်မကို စိတ်ရှည်ရှည်နဲ့ သမ္မာတရားကို မိတ်သဟာယဖွဲ့ပေးတယ်၊ ကူညီပေးတယ်၊ ထောက်ပံ့ပေးခဲ့တယ်။ အဲဒီနောက်မှာမှ ကျွန်မရဲ့ ထုံထိုင်းနေတဲ့ စိတ်နှလုံးက တဖြည်းဖြည်း ပြန်နိုးထလာခဲ့တယ်၊ ပြီးတော့ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ပြီး ဘုရားသခင်ဆီ ပြန်လှည့်လာခဲ့တယ်။ ဘုရားသခင်က ကျွန်မရဲ့ လိုအပ်ချက်တွေအတိုင်း လူတွေ၊ ဖြစ်ရပ်တွေနဲ့ အမှုအရာအမျိုးမျိုးကို ဂရုတစိုက် စီစဉ်ပေးခဲ့တယ်၊ ကျွန်မရဲ့ စားဝတ်နေရေးလိုအပ်ချက်တွေကို ထောက်ပံ့ပေးရုံသာမက ကျွန်မရဲ့အသက်တာအတွက်ပါ တာဝန်ယူပေးခဲ့တယ်။ ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာကို တွေးမိတဲ့အခါ ကျွန်မစိတ်နှလုံးက တကယ်ပဲ တို့ထိခံစားခဲ့ရတယ်။ ဒါပေမဲ့ ကျွန်မက စာတန်ရဲ့ မှားယွင်းပြီး အဓိပ္ပာယ်မဲ့တဲ့ အယူအဆတွေရဲ့ လွှမ်းမိုးခြင်း၊ လှည့်ဖြားခြင်းကို ခံခဲ့ရလို့ ငယ်ငယ်ကတည်းက ဘုရားသခင်ဆီကနေ ရရှိခံစားခဲ့ရတဲ့အရာအားလုံးကို အမေ့ရဲ့ကြိုးစားအားထုတ်မှုကြောင့်လို့ သတ်မှတ်ပြီး၊ အမေ့ရဲ့ဂရုစိုက်မှုမရှိရင် ဒီနေ့ ကျွန်မဆိုတာ ဖြစ်လာမှာမဟုတ်ဘူးလို့ တွေးခဲ့တယ်။ ဒါကြောင့် ကျွန်မ သူ့ကို ဂရုစိုက်ဖို့ အိမ်ပြန်သွားပြီး ကျွန်မရဲ့ တာဝန်တွေကို စွန့်လွှတ်ချင်ခဲ့တယ်။ ဒါက ကိုယ့်ရဲ့အခြေအနေကို ထိခိုက်စေရုံတင်မကဘဲ တာဝန်ထမ်းဆောင်ခြင်းရဲ့ ရလဒ်တွေကိုပါ ထိခိုက်စေခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်ရဲ့ ဖော်ထုတ်မှုသာမရှိရင် ကျွန်မက ဒီမှားယွင်းတဲ့အမြင်ကို ဆက်ပြီးယုံကြည်ရင်း နာကျင်မှုတွေ၊ ညှဉ်းပန်းနှိပ်စက်မှုတွေထဲမှာ ဒုက္ခခံနေရဦးမှာပဲ။ ဒီအချက်ကို သဘောပေါက်လိုက်တော့ ကျွန်မစိတ်နှလုံးက အရမ်းကို ပေါ့ပါးသွားတယ်။

နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော် နောက်တစ်ပိုဒ်ကို ဖတ်လိုက်ရတော့၊ မိဘတွေကို ဘယ်လိုဆက်ဆံရမလဲဆိုတာ ပိုပြီးရှင်းရှင်းလင်းလင်း သိလာခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “သင့်မိဘများက သင်၏ ကြွေးရှင်များမဟုတ်။ ဆိုလိုသည်မှာ ၎င်းတို့က အချိန်များစွာ အကုန်ခံပြီး သင့်အား ပျိုးထောင်ရုံသက်သက်ဖြင့် သင်သည် ၎င်းတို့အား မည်သို့ ပြန်လည်ပေးဆပ်ရမည်ကို အစဉ် တွေးတောမနေသင့်ပေ။ သင်က ၎င်းတို့ကို ပြန်လည်မပေးဆပ်နိုင်လျှင်၊ ၎င်းတို့အား ပြန်လည်ပေးဆပ်ရန် အခွင့်အလမ်း၊ သို့မဟုတ် သင့်တော်သော အခြေအနေမရှိလျှင် သင်သည် အစဉ်ဝမ်းနည်းပြီး အပြစ်ရှိသကဲ့သို့ ခံစားရမည်မှာ တစ်စုံတစ်ယောက်က သူ၏မိဘများကို သားသမီးဝတ်ကျေပွန်ရန်အတွက် ဂရုစိုက်ခြင်း၊ သို့မဟုတ် အချို့သောအရာများကို လုပ်ဆောင်ခြင်းတို့ကို သင်မြင်သည့်အခါတိုင်းတွင်ပင် ဝမ်းနည်းမည့် အဆင့်ထိဖြစ်သည်။ သင် အရွယ်ရောက်သူတစ်ဦးအဖြစ် ကြီးပြင်းလာစေရန် ထောက်ကူပေးရင်း သင့်ကို ပျိုးထောင်ရန် သင့်မိဘများအား ဘုရားသခင်က စီမံခဲ့သည်မှာ ၎င်းတို့အား ပြန်လည်ပေးဆပ်လျက် သင်၏ ဘဝကို ကုန်ဆုံးဖို့အတွက် မဟုတ်ပေ။ သင်သည် ဤဘဝတွင် သင်ဖြည့်ဆည်းရမည့် တာဝန်၊ ဝတ္တရားများရှိသည်။ သင် လျှောက်လှမ်းရမည့် လမ်းကြောင်းရှိသည်။ သင်၏ ကိုယ်ပိုင်ဘဝရှိသည်။ ဤဘဝတွင် သင့်မိဘများ၏ ကြင်နာမှုကို ပြန်လည်ပေးဆပ်လျက် သင်၏ အားအင်အားလုံးကို အသုံးမချသင့်ပေ။ ဤသည်မှာ သင့်ဘဝတွင်၊ သင့်ဘဝလမ်းကြောင်းတွင် သင့်အား အဖော်ပြုသော အရာတစ်ခုသာ ဖြစ်သည်။ လူ့သဘာဝနှင့် စိတ်ခံစားချက်ဆိုင်ရာ ဆက်ဆံရေးများနှင့်ပတ်သက်လျှင် ဤသည်မှာ ရှောင်လွှဲ၍မရနိုင်သည့် အရာတစ်ခုဖြစ်သည်။ သို့သော် သင်နှင့် သင့်မိဘများက မည်သည့်ဆက်ဆံရေးမျိုးရှိရန် ကံပါလာသည်၊ သင်၏ ကျန်သည့်ဘဝတစ်လျှောက်တွင် သင်တို့သည် အတူနေထိုင်နိုင်မည် ဟုတ်မဟုတ်၊ သင်တို့သည် ခွဲခွာရမည် ဟုတ်မဟုတ်နှင့် အတူနေရဖို့ ကံပါလာခြင်း ရှိမရှိတို့အတွက်မူ ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများနှင့် ကြိုတင်စီစဉ်မှုများအပေါ်တွင် မူတည်သည်။ သင်သည် ဤဘဝတစ်လျှောက်တွင် သင့်မိဘများနှင့် မတူညီသည့်နေရာတစ်ခုတွင် ရှိမည်ဟုလည်းကောင်း၊ သင်သည် ၎င်းတို့နှင့် အလွန်ဝေးမည်ဟုလည်းကောင်း၊ မကြာခဏ အတူတကွ နေနိုင်မည် မဟုတ်ဟုလည်းကောင် ဘုရားသခင်က စီစဉ်ညွှန်ကြားပြီး ကြိုတင်စီစဉ်ခဲ့လျှင် ၎င်းတို့အပေါ် သင်၏တာဝန်များအား ဖြည့်ဆည်းခြင်းသည် သင့်အတွက် ပြင်းပြသောဆန္ဒတစ်မျိုးသာ ဖြစ်သည်။ ဘုရားသခင်က သင့်အား ဤဘဝတွင် သင့်မိဘများနှင့် အလွန်နီးကပ်စွာ နေထိုင်ရန်၊ ၎င်းတို့အနီးတွင် နေနိုင်ရန် စီစဉ်ခဲ့လျှင် သင့်မိဘများအပေါ် သင်၏ တာဝန်အနည်းငယ်ကို ဖြည့်ဆည်းခြင်း၊ ၎င်းတို့အပေါ် သားသမီးဝတ်ကျေပွန်ခြင်းတို့သည် ဤဘဝတွင် သင်လုပ်ဆောင်သင့်သည့် အရာများဖြစ်သည်။ ဤအရာနှင့်ပတ်သက်ပြီး ဝေဖန်နိုင်သည့်အရာ မရှိပေ။ သို့သော် သင်သည် သင့်မိဘများနှင့် မတူညီသည့်နေရာ၌ ရှိနေလျှင်၊ သင်သည် ၎င်းတို့အပေါ် သားသမီးဝတ်ကျေပွန်ရန် အခွင့်အလမ်း၊ သို့မဟုတ် သင့်တော်သော အခြေအနေမရှိလျှင် ဤအရာကို ရှက်စရာကောင်းသောအရာအဖြစ် မှတ်ယူရန် မလိုအပ်ပေ။ သင်သည် သင်၏ မိဘများအပေါ် သားသမီးဝတ် မကျေပွန်နိုင်သောကြောင့် ၎င်းတို့ကို ရင်ဆိုင်ရန် မရှက်ရွံ့သင့်ပေ။ သင့်အခြေအနေများက ခွင့်မပြုခြင်းသာ ဖြစ်သည်။ သင်သည် သားသမီးတစ်ယောက်အနေဖြင့် သင့်မိဘများက သင်၏ ကြွေးရှင်များမဟုတ်သည်ကို နားလည်သင့်သည်။ ဤဘဝတွင် သင်လုပ်ဆောင်ရမည့်အရာ များစွာရှိသည်။ ယင်းတို့အားလုံးမှာ ဖန်ဆင်းခံတစ်ယောက် လုပ်ဆောင်သင့်သည့်၊ ဖန်ဆင်းခြင်းသခင်က သင့်အပေါ် အပ်နှံထားသည့် အရာများဖြစ်သည်။ ပြီးလျှင် ယင်းတို့သည် သင့်မိဘများ၏ ကြင်နာမှုကို ပြန်ပေးဆပ်ခြင်းနှင့် လုံးဝ သက်ဆိုင်မှုမရှိပေ။ သင့်မိဘများအပေါ် သားသမီးဝတ်ကျေပွန်ခြင်း၊ ၎င်းတို့အား ပြန်လည်ပေးဆပ်ခြင်း၊ ၎င်းတို့၏ ကြင်နာမှုကို တုံ့ပြန်ခြင်းဟူသည့်အရာတို့သည် ဘဝတွင် သင်၏တာဝန်နှင့် သက်ဆိုင်ခြင်းမရှိပေ။ သင့်မိဘများအပေါ် သားသမီးဝတ် ကျေပွန်ရန်၊ ၎င်းတို့အား ပြန်လည်ပေးဆပ်ရန်၊ သို့မဟုတ် ၎င်းတို့အပေါ် သင်၏တာဝန်တစ်ခုခုကို ဖြည့်ဆည်းရန် သင့်အနေဖြင့် မလိုအပ်ဟုလည်း ဆိုနိုင်သည်။ ရိုးရှင်းစွာ ဆိုရလျှင် အခြေအနေပေးသောအခါ၌ ဤအရာအနည်းငယ်ကို သင် လုပ်ဆောင်နိုင်ပြီး သင့်တာဝန်အနည်းငယ်ကို ဖြည့်ဆည်းနိုင်သည်။ အခြေအနေ မပေးသောအခါတွင် ဤသို့ မလျှော့တမ်းလုပ်ဆောင်ရန် မလိုပေ။ သင့်မိဘများအပေါ် သားသမီးဝတ်ကျေပွန်ရန် သင်၏တာဝန်ကို မဖြည့်ဆည်းနိုင်လျှင် ဤသည်မှာ အလွန်ဆိုးရွားသောအရာတစ်ခု မဟုတ်ပေ။ သင်၏ အသိစိတ်၊ လူသား ကိုယ်ကျင့်တရား၊ လူသားအယူအဆတို့နှင့် အနည်းငယ်ဆန့်ကျင်ခြင်းသာ ဖြစ်သည်။ သို့သော် အနည်းဆုံးအနေဖြင့် ယင်းသည် သမ္မာတရားနှင့် မဆန့်ကျင်ပေ။ ဤအတွက် ဘုရားသခင်က သင့်အား ရှုတ်ချမည်မဟုတ်ပေ။ သမ္မာတရားကို သင်နားလည်သောအခါ ဤအတွက်ကြောင့် သင်သည် လိပ်ပြာမလုံဟု ခံစားရမည်မဟုတ်ပေ။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၇)) ဘုရားနှုတ်ကပတ်တော်တွေကနေတစ်ဆင့် ကျွန်မ နားလည်သွားတာက လူတိုင်းက ဒီလောကကြီးထဲကို ကိုယ့်ရဲ့အထူးတာဝန်နဲ့အတူ ရောက်လာကြတာဖြစ်ပြီး၊ မိဘကို ရိုသေလေးစားတာ၊ ပြုစုပျိုးထောင်ပေးတဲ့ ကျေးဇူးကို ပြန်ဆပ်တာက လူတစ်ယောက်ရဲ့ အထူးတာဝန်နဲ့ ဘာမှမဆိုင်ဘူးဆိုတာပါပဲ။ ကျွန်မတို့က မိဘတွေနဲ့အတူတူနေတယ်ဆိုရင်၊ တတ်နိုင်သလောက် သူတို့ကို ပြုစုစောင့်ရှောက်တာ၊ ရိုသေလေးစားတာက ကျွန်မတို့ လုပ်သင့်တဲ့အရာပဲ။ ဒါပေမဲ့ အခြေအနေက ခွင့်မပြုလို့ မိဘတွေနဲ့အတူတူမနေနိုင်ရင်လည်း သူတို့ကို မစောင့်ရှောက်နိုင်တဲ့အတွက် အပြစ်ရှိသလို၊ အကြွေးတင်နေသလို မခံစားသင့်ဘူး၊ အဲဒီအစား ကိုယ့်တာဝန်ကိုပဲ ရှေ့တန်းတင်သင့်တယ်။ ကျွန်မက ဧဝံဂေလိတရားဟောလို့ ရဲဖမ်းခံခဲ့ရဖူးတယ်၊ အခုဆို ရဲမှတ်တမ်းရှိနေပြီ။ ကျွန်မ ကိုယ့်ဘာသာကိုယ် တွေးမိတယ်၊ “အခု အိမ်ပြန်သွားရင် ငါ ထောင်ချောက်ထဲကို ဝင်သွားသလိုပဲ ဖြစ်မှာ။ အမေ့ကို စောင့်ရှောက်ဖို့မပြောနဲ့၊ ကိုယ့်ရဲ့လုံခြုံရေးတောင် အန္တရာယ်ရှိနိုင်တယ်” လို့ပေါ့။ ဒီလိုအခြေအနေမျိုးမှာ ကျွန်မ အိမ်ပြန်လို့မဖြစ်ဘူး၊ စိတ်နှလုံးကို တည်ငြိမ်အောင်ထားပြီး ကိုယ့်တာဝန်ကို ကောင်းကောင်းမွန်မွန် ထမ်းဆောင်သင့်တယ်။ ဒါက အရေးကြီးဆုံးပဲ။ အမေက အသက်ကြီးလာတော့ နေမကောင်းဖြစ်တာ၊ သေဆုံးတာက ဘဝရဲ့ သဘာဝနိယာမပဲ။ ကျွန်မ သူ့ကို မစောင့်ရှောက်နိုင်၊ သားသမီးမပီသနိုင်တဲ့အတွက် ကျွန်မ နောင်တရသလို ခံစားခဲ့ရပေမဲ့ ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာနဲ့ စီစဉ်ညွှန်ကြားမှုတွေကို ကျိုးနွံနာခံလိုစိတ်ရှိခဲ့တယ်။ ဘုရားသခင်က လူတိုင်းရဲ့ ကံကြမ္မာကို အမိန့်နဲ့ ပြဌာန်းထားပြီးသားပါ၊ ပြီးတော့ မွေးဖွားခြင်း၊ အိုမင်းခြင်း၊ နာမကျန်းခြင်းနဲ့ သေခြင်းဟာ ဘုရားသခင်ရဲ့ လက်ထဲမှာပါပဲ။ ကျွန်မ သူ့အတွက် ဘယ်လောက်ပဲ စိုးရိမ်ပူပန်နေပါစေ၊ သူ့ဘေးမှာ အဖော်ပြုပြီး စောင့်ရှောက်နေရင်တောင် သူ့ကံကြမ္မာကို ကျွန်မ ပြောင်းလဲပေးနိုင်မှာမဟုတ်ဘူး။ ဒီအချက်တွေကို နားလည်သွားပြီးတဲ့နောက်မှာ ဘုရားသခင်ဆီကို ကျွန်မ ဆုတောင်းခဲ့တယ်၊ “အို ဘုရားသခင်၊ သမီးအမေ့ရဲ့ရောဂါက ကိုယ်တော့်လက်ထဲမှာပါ၊ သူ အသက်ရှင်မလား၊ သေဆုံးမလားဆိုတာကလည်း ကိုယ်တော့်လက်ထဲမှာပဲ ရှိပါတယ်။ သူ နေရမယ့်နှစ်တွေကိုလည်း ကိုယ်တော် ကြိုတင်သတ်မှတ်ထားပြီးသားပါ၊ သမီး အမေ့ကို ကိုယ်တော့်လက်ထဲကို အပ်နှံလိုပါတယ်။ ရလဒ်က ဘာပဲဖြစ်ဖြစ် ကိုယ်တော်ရဲ့ စီစဉ်ညွှန်ကြားမှုတွေနဲ့ စီစဉ်မှုတွေကို သမီး လက်ခံပြီး ကျိုးနွံနာခံလိုပါတယ်” လို့ပေါ့။ ဆုတောင်းပြီးတဲ့နောက်မှာ ကျွန်မစိတ်နှလုံးက အများကြီး ပိုပေါ့ပါးပြီး လွတ်မြောက်သွားတယ်၊ ပြီးတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်မ မစိုးရိမ်တော့ဘူး။ ကျွန်မရဲ့ စိတ်နှလုံးကို တည်ငြိမ်စေပြီး ကျွန်မရဲ့ တာဝန်တွေကို ထမ်းဆောင်နိုင်ခဲ့တယ်။ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ကျွန်မ၏ မိဘများက အသင်းတော်မှ အထုတ်ခံရသောအခါ

အိုက်ယီး တရုတ်နိုင်ငံ ၂၀၁၈၊ အောက်တိုဘာလရဲ့ နေ့တစ်နေ့မှာ ကြီးကြပ်ရေးမှူးတစ်ယောက်က ညီမကိုပြောတယ်။ “ညီမ မိဘတွေက အသင်းတော်ကနေ ဖယ်ရှားခံရတယ်။...

ကျေးဇူးတုံ့ပြန်ခြင်း ဝန်ထုပ်ဝန်ပိုးမှ လွတ်ငြိမ်းခြင်း

ကျွန်မ အသက်ကိုးနှစ်မှာ ကျွန်မအဖေ ဆုံးပါတယ်၊ ကျွန်မနဲ့ ကျန်တဲ့မောင်နှမလေးယောက်ကို အမေပဲ ကျပ်ကျပ်တည်းတည်းနဲ့ ကျွေးမွေးပြုစုခဲ့ရတယ်။...

မိဘတွေကို ထောက်ပံ့ခြင်းက ဘုရားသခင် အပ်နှံတဲ့ တာဝန်ဖြစ်ပါသလား

၂၀၂၂ခုနှစ်၊ စက်တင်ဘာလကုန်မှာ မင်ဟွေရဲ့ အမျိုးသားက မင်ဟွေကို ထောင်ကနေ အိမ်ကို ခေါ်လာခဲ့တယ်။ မင်ဟွေက အနန္တတန်ခိုးရှင်ဘုရားသခင်ကို ယုံကြည်လို့...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။