မိသားစု၏ အကျဉ်းသား ကျွန်ုပ်

13.12.2022

ကျင့်ရွှင် ထိုင်းနိုင်ငံ

၂၀၁၉မှာ ဘုရားရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို ကျွန်မ လက်ခံခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်တွေဖတ်ရင်း အနန္တတန်ခိုးရှင် ဘုရားသခင်က လူသားမျိုးနွယ်ကို ကယ်တင်ဖို့ ဘုရားရဲ့ အမှုအဆင့်သုံးဆင့်အကြောင်း အတွင်းပိုင်း သမ္မာတရားကို ထုတ်ဖော်ပုံ၊ ဘုရားရဲ့ လူ့ဇာတိခံယူခြင်း နက်နဲမှု၊ တရားစီရင်ခြင်းအမှုရဲ့ အဓိပ္ပာယ်၊ စာတန်က လူတွေကို ဖောက်ပြန်ပျက်စီးစေပုံ၊ ဘုရားက လူတွေကို ကယ်တင်ပုံနဲ့ လူတွေက သန့်စင်ခံရပြီး လှပတဲ့ပန်းတိုင် ရနိုင်ပုံတို့ကို တွေ့ရတယ်။ ဒီနှုတ်ကပတ်တော်တွေက ဩဇာအာဏာရှိပြီး ကျွန်မ အရင်က လုံးဝမကြားဖူးဘူး။ အဲဒါတွေက ဆန်းသစ်ပြီး လက်တွေ့ကျတယ်၊ ကျွန်မကို ထောက်ပံ့ပေးတယ်၊ ကျွန်မရဲ့ ဝိညာဉ်ရေးရာ ဆာငတ်မှုကို ပြေစေတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်က ပြန်ကြွလာတဲ့ သခင်ယေရှုမှန်း သေချာခဲ့တယ်။ ကျွန်မ အရမ်း စိတ်လှုပ်ရှားခဲ့တာ။ ကျွန်မတစ်သက်မှာ သခင်ယေရှု ပြန်ကြွလာခြင်းကို ကြိုဆိုနိုင်မယ်လို့ လုံးဝ စိတ်မကူးခဲ့ဘူး။ ကျွန်မ ကံကောင်းမှန်း သိပါတယ်။ အဲဒီနောက်၊ စုဝေးပွဲတွေ ခဏခဏ တက်ပြီး ဧဝံဂေလိ ဟောခဲ့တယ်။ နေ့တိုင်းဟာ စိတ်ချမ်းသာပြီး ပျော်စရာကောင်းတယ်။ ဒါပေမဲ့ နှစ်လကြာတော့၊ ကျွန်မမောင်နဲ့ ယောက်မတို့က ကျွန်မရဲ့ ဘုရားအပေါ် ယုံကြည်မှုအကြောင်း သိသွားတယ်။ ကျွန်မယောက်မက တရုတ်လူမျိုးလေ၊ သူက အစိုးရဌာနမှာ အလုပ်လုပ်တာ။ ဒီတော့ ကျွန်မမောင်က သူနဲ့အတူ တရုတ်ပြည်ကို လိုက်သွားခဲ့တယ်။ ကျွန်မမောင်က ဖုန်းခေါ်ပြီး ဆူတယ်၊ “တရုတ်အစိုးရက အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်သူတွေကို နှိပ်ကွပ်တယ်။ သခင်ယေရှုကို အစ်မယုံတာကို ကျွန်တော် မဆန့်ကျင်ပေမဲ့၊ အနန္တတန်ခိုးရှင် ဘုရားသခင်ကိုတော့ ယုံလို့မရဘူး။ အစ်မက လူကိုယုံနေတာ၊ ဘုရားကို ယုံတာမဟုတ်ဘူး။” တဲ့။ အဲဒါ ကြားကြားချင်း ကျွန်မမောင်က ကောလာဟလကို လိုက်ပြောနေတယ်ဆိုတာ သိလိုက်တယ်။ ကိုယ့်ရှာဖွေခြင်းနဲ့ စုံစမ်းလေ့လာခြင်းမှာ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်က ယုံကြည်သူတွေကို စီစီပီ ညှဉ်းပန်းနှိပ်စက်ခဲ့တဲ့ ဗီဒီယိုတွေ အများကြီး ကြည့်ခဲ့ပြီး ရှေးခေတ်ကတည်းက စစ်မှန်တဲ့လမ်းဟာ နှိပ်ကွပ်ခံခဲ့ရတာကို သိလို့ပေါ့။ ဘုရား အမှုပြုဖို့ လာတဲ့အခါ သူက စာတန့်အင်အားစုတွေရဲ့ နှိပ်ကွပ်ခံရမှာ သေချာတယ်။ သခင်ယေရှု အမှုပြုဖို့ လာခဲ့တုန်းကလိုပေါ့။ သူက ဘာသာရေးခေါင်းဆောင်တွေနဲ့ ရောမအစိုးရရဲ့ အရူးအမူး ခုခံပြီး ညှဉ်းပန်းနှိပ်စက်တာကို ခံခဲ့ရတာ။ သူ့ကို ပြောလိုက်တယ်။ “ငါက ဘုရားကို ယုံတာ၊ လူကို ယုံတာ မဟုတ်ဘူး။ ဘုရားက အမှုပြုဖို့နဲ့ လူသားမျိုးနွယ်ကို ကယ်ဖို့ ကမ္ဘာကို လာတဲ့အခါ၊ ငါတို့ သူ့နားမကပ်နိုင်ခင် လူသားအဖြစ် လူ့ဇာတိခံယူရမယ်။ ဘုရားက လူဖြစ်လာတော့ မိသားစုတစ်ခုထဲမှာ မွေးပြီး ပုံမှန်လူ့ဘဝကို ရှင်သန်ရမယ်လေ။ အနန္တတန်ခိုးရှင် ဘုရားသခင်က သာမန်လူတစ်ယောက် ဖြစ်ပုံပေါ်ပေမဲ့ သူ့ထဲမှာ ဘုရားဝိညာဉ်တော်ရှိတယ်။ သူ့အနှစ်သာရက ဘုရားအနှစ်သာရပဲ။ အနန္တတန်ခိုးရှင် ဘုရားသခင်က သမ္မာတရားတွေအများကြီး ဖော်ပြခဲ့ပြီး လူသားမျိုးနွယ်ကို သန့်စင်ကယ်တင်ဖို့ အမှုပြုတယ်။ ဒါက ဘယ်သူမှ မလုပ်နိုင်တဲ့အရာတစ်ခုပဲ။ သခင်ယေရှုက သာမန်လူတစ်ယောက်နဲ့ တူခဲ့ပေမဲ့၊ သူ့အနှစ်သာရက ဘုရားရဲ့ အနှစ်သာရလေ။ သူက သမ္မာတရား ဖော်ပြပြီး လူသားမျိုးနွယ်ကို ရွေးနုတ်နိုင်တယ်။ ဒါဟာ သာမန်လူတွေ မလုပ်နိုင်တဲ့အရာတစ်ခုပဲ။ သခင်ယေရှုကို ယုံတာဟာ လူကို ယုံတာပဲလို့ ပြောလို့ရလား။ ကိုယ်နားမလည်တဲ့အရာကို ခပ်တုံးတုံး မှန်းချက်တွေထုတ်မနေနဲ့။ သန့်ရှင်းသော ဝိညာဉ်တော်ကို ပြစ်မှားစော်ကားတာဟာ ဘယ်တော့မှ ခွင့်လွှတ်ခံရနိုင်မှာ မဟုတ်ဘူး။ နတ်ဆိုးတွေမောင်းဖို့ သခင်ယေရှုကို ဗေလဇေဗုလက ကူညီပေးပါတယ်လို့ ပြောရင်း ဖာရိရှဲတွေက ကိုယ်တော့်ကို ပြစ်မှားစော်ကားခဲ့ကြတယ်။ အဆုံးမှာ သူတို့ကို ဘုရားက အပြစ်ပေးပြီး ကျိန်ဆဲခဲ့တယ်။ နင်ယုံဖို့ ငါ အတင်းမပြောပါဘူး၊ ဒီတော့ ငါ ဘုရားကို ယုံတာလည်း လာမတားနဲ့။” လို့ပေါ့။ သူက လုံးဝကို နားမထောင်တာ။ ကျွန်မက သူ့ကို ချေပလေ၊ သူက ကျွန်မကို ပြင်းပြင်းထန်ထန် ဆူလေပဲ။ သူက စီစီပီရဲ့ ကောလာဟလတွေရဲ့ လှည့်စားတာခံရပြီး ဘုရားကို ပြစ်မှားစော်ကားနေတာ တွေ့တော့၊ ကျွန်မ သူ့ကို စိတ်ပျက်သွားတယ်။ နောက်တစ်နေ့မှာ ကျွန်မ ယောက်မကလည်း မယုံအောင် ဖျောင်းဖျဖို့ ကျွန်မကို ဖုန်းခေါ်တယ်။ ကျွန်မကို ခြောက်ဖို့တောင် ကြိုးစားခဲ့တယ်။ “အနန္တတန်ခိုးရှင် ဘုရားသခင်ကို အစ်မယုံတာက တရုတ်ပြည်မှာ တရားမဝင်ဘူး။ အစ်မ အပစ်တောင်ခံရနိုင်တယ်။ တရုတ်ပြည်မှာသာ ဘုရားကို အစ်မယုံကြည်ရင်၊ အဖမ်းခံခဲ့ရတာ ကြာပြီနေမှာ။ တရုတ်အစိုးရက အစ်မတို့အသင်းတော်မှာ သူတို့တွေ့သမျှ ယုံကြည်သူတိုင်းကို ဖမ်းတာ။ ဘယ်သူမှ မလွတ်ဘူး။” တဲ့။ ကျွန်မယောက်မရဲ့ စကားတွေက စီစီပီက ဘုရားကို ခုခံပြီး ခရစ်ယာန်တွေကို ညှဉ်းပန်းနှိပ်စက်ပုံနဲ့ပတ်သက်တဲ့ တကယ့်အမှန်တရားကို ပြခဲ့တယ်။ ဘုရားကို ယုံကြည်တဲ့ တရုတ်လူမျိုး ညီအစ်ကိုမောင်နှမတွေရဲ့ ခက်ခဲတဲ့ အခြေအနေကိုလည်း နားလည်ခဲ့ရတယ်။ တစ်ချိန်တည်းမှာပဲ ထူးဆန်းသလို ခံစားရတယ်။ ကျွန်မ သခင့်ကို ယုံတာ ရှစ်နှစ်ရှိပြီဆိုပေမဲ့ ကျွန်မမိသားစု လုံးဝ ဝင်မစွက်ခဲ့ဘူး။ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံတာနဲ့ သူတို့အားလုံး ဘာလို့ ကျွန်မကို နှိပ်ကွပ်နေကြပြီး ဂရုမစိုက်ကြတာလဲ။ အဲဒီအချိန်မှာ ကျွန်မ ညီအစ်ကိုမောင်နှမတွေ မိတ်သဟာယပြုခဲ့တာကို သတိရသွားတယ်။ ရှေးတည်းက စစ်မှန်တဲ့လမ်းဟာ နှိပ်ကွပ်ခံရပြီး ဘုရား အလုပ်လုပ်တဲ့နေရာတိုင်းမှာ စာတန်က ဝင်နှောင်ယှက်တယ်တဲ့။ ကျွန်မကို ကိုယ့်မိသားစုက နှိပ်ကွပ်နေတာဟာ စာတန်ရဲ့ နှောင့်ယှက်မှုပဲဆိုတာ နားလည်လိုက်တယ်။ ဒီတော့ ကျွန်မ နှိပ်ကွပ်ခံရလေ၊ အနန္တတန်ခိုးရှင် ဘုရားသခင်နောက်ကို ပိုလိုက်ချင်လေဖြစ်ပြီး စာတန်ရဲ့ လှည့်ကွက်တွေကို ရှောင်ချင်လေပဲ။

နောက်တော့၊ ကျွန်ရဲ့ ညီအစ်ကိုမောင်နှမတွေက ကျွန်မကို ဘုရားနှုတ်ကပတ်တော်တွေ ဝေမျှတယ်။ “လူတို့အတွင်း၌ ဘုရားသခင်လုပ်ဆောင်သည့် အလုပ်အဆင့်တိုင်းတွင် အပြင်ပန်းအားဖြင့် ထိုအမှုသည် လူအချင်းချင်းကြားရှိ အပြန်အလှန် ဆက်ဆံမှုများ ဖြစ်သည့်ပုံ ပေါ်၏။ လူ့စီစဉ်မှုများမှ၊ သို့မဟုတ် လူတို့၏ ကြားဝင်ပြုလုပ်မှုများမှ ဖြစ်ပေါ်လာသည့်အလား ထင်ရ၏။ သို့သော်လည်း နောက်ကွယ်မှာတော့ လုပ်ဆောင်မှု အဆင့်တိုင်း၊ ဖြစ်ပျက်မှုတိုင်းသည် ဘုရားသခင်ရှေ့မှာ စာတန်ပြုလုပ်သည့် အလောင်းအစားများဖြစ်ပြီး လူတို့အနေဖြင့် ဘုရားသခင်အတွက် သက်သေခံရပ်တည်ဖို့ လိုအပ်သည်။ ယောဘ စမ်းသပ်ခံခဲ့ရသည့် အချိန်ကို ကြည့်ကြည့်ပါ။ ဥပမာ- နောက်ကွယ်မှာက စာတန်က ဘုရားသခင်နှင့် အလောင်းအစား လုပ်နေခြင်းဖြစ်သည်။ ယောဘအပေါ်မှာ ဖြစ်ပျက်ခဲ့သည့်အရာက လူသားတို့၏ လုပ်ဆောင်မှုဖြစ်ပြီး လူသားတို့၏ ကြားဝင်လုပ်ဆောင်မှု ဖြစ်သည်။ သင်တို့အတွင်းမှာ ဘုရားသခင် ပြုလုပ်သည့် အလုပ်အဆင့်တိုင်း၏ နောက်ကွယ်တွင် ဘုရားသခင်နှင့် ပြုလုပ်သည့် စာတန်၏ အလောင်းအစားရှိသည်။ ဤအရာ၏နောက်ကွယ်မှာ အားလုံးက တိုက်ပွဲပင်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကို ချစ်ခြင်းသည်သာလျှင် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ခြင်းဖြစ်သည်) ဘုရားနှုတ်ကပတ်တော်ဖတ်ရင်း နားလည်သွားတယ်။ ဒါဟာ ဝိညာဉ်ရေးရာ တိုက်ပွဲဆိုတာကိုပေါ့။ ဘုရားက လူတစ်ယောက်ကို ကယ်တဲ့အခါ၊ စာတန်က သူ့ကို အစွမ်းကုန် နှောင့်ယှက်ပြီး ဟန့်တားဖို့၊ သူနဲ့အတူ ငရဲကိုဆွဲချသွားဖို့ ကြိုးစားတော့တာပဲ။ အဲဒီနေ့ကဖြစ်တာကလည်း အပြင်ပန်းမှာ မောင်နဲ့ယောက်မက ကျွန်မကို ဟန့်တားနေပေမဲ့၊ တကယ်က အဲဒါဟာ စာတန်ရဲ့ အနှောင့်အယှက်ပဲလေ။ ကျွန်မတို့တွေ ဆက်ဆံရေးကောင်းခဲ့ပြီး ကျွန်မရဲ့မောင်လေးက ကျွန်မကို နားထောင်နေကျပဲ။ ဒါပေမဲ့ စီစီပီရဲ့ ကောလာဟလတွေကို သူတို့နားထောင်ပြီးနောက်မှာ၊ သူတို့က တစ်မျိုးကြီးဖြစ်သွားတယ်။ ဘုရားကို စွန့်ခွာအောင် ကျွန်မကို အတင်းခိုင်းဖို့ သူတို့ လှည့်ကွက်မျိုးစုံ သုံးကြတယ်။ သူတို့ပြောတဲ့စကားတွေက ကျွန်မကို ကျောချမ်းစေတယ်။ ကျွန်မက ဘုရားကို ထိုင်းနိုင်ငံမှာ ယုံကြည်တာ။ ပြီးတော့ သူတို့က ကျွန်မကို ထိန်းချုပ်ချင်ကြတယ်။ ကျွန်မသာ တရုတ်ပြည်မှာဆိုရင်၊ သူတို့ ကျွန်မကို ထောင်ထဲပို့ပြီးလောက်မှာပဲ။ စာတန်က တကယ်ကို ဆိုးယုတ်မှန်း၊ ကျွန်မက သူတို့လို လမ်းကြောင်းကို မလျှောက်နေမှန်း ကျွန်မ တွေ့ခဲ့ရတယ်။ အပေါ်ယံမှာ သူတို့က ကိုယ့်ဆွေမျိုးတွေဖြစ်ပေမဲ့၊ စိတ်ဓာတ်တွေက ပြဒါးတစ်လမ်း သံတစ်လမ်းပဲ။ တစ်ယောက်စကား တစ်ယောက်နားမလည်ဘူး။ လူအမျိုးအစားလည်း မတူဘူး။ အရင်ချစ်ခင်မှုတွေလည်း တစ်စက်မှ မရှိတော့ဘူး။ အဲဒီညနေမှာ သက်သေခံချက် ဗီဒီယိုတစ်ခု ကျွန်မ ကြည့်ခဲ့တယ်။ စီစီပီနှိပ်စက်တာခံရတဲ့ ညီအစ်ကိုမောင်နှမတွေ အကြောင်းပေါ့။ သူတို့ဇာတိခန္ဓာတွေ ဘယ်လောက် ဒုက္ခခံရပါစေ၊ သူတို့က ဘုရားနောက်ကို ပြတ်ပြတ်သားသား လိုက်ကြတယ်။ ဘုရားဆီ ဆုတောင်းတာရယ်၊ ဘုရားနှုတ်ကပတ်တော်ရဲ့ လမ်းပြမှုရယ်ကတစ်ဆင့် ဇာတိခန္ဓာရဲ့ အားနည်းချက်ကို သူတို့ အောင်မြင်နိုင်ခဲ့တယ်။ တချို့တွေက သူတို့သက်သေခံချက်မှာ ခိုင်ခိုင်မာမာ ရပ်တည်ဖို့ သူတို့အသက်တွေတောင် စတေးခဲ့တယ်။ ဒီအတွေ့အကြုံက ကျွန်မကို နိုးကြွစေခဲ့တယ်။ ဒီလိုနာကျင်စရာ အခြေအနေတွေမှာ ဘုရားအပေါ် သူတို့ရဲ့ယုံကြည်မှုကို ထိန်းထားပြီး၊ စာတန်ကိုလည်း အလျှော့မပေးဘဲ နေနိုင်ခဲ့သေးတယ်။ ကျွန်မ ခံရတဲ့နှိပ်ကွပ်မှုက ယှဉ်လိုက်ရင် ဘာမှမဟုတ်ဘူး။ ဒါကြောင့် ဖြစ်လာမယ့် ဘယ်အရာကိုမဆို ရင်ဆိုင်ဖို့ ကျွန်မ ယုံကြည်မှု ပိုရခဲ့တယ်။

သူတို့ ဖျောင်းဖျလို့မရတော့၊ ကျွန်မကို တားဖို့ ကျွန်မအမျိုးသားကို သွေးထိုးကြတယ်လေ။ ကျွန်မက ဘုရားကို ယုံရင်၊ ကလေးတို့၊ မိသားစုတို့ လိုချင်မှာ မဟုတ်ဘူးတဲ့။ သင်းအုပ်ကလည်း ကျွန်မအမျိုးသားကို လှည့်စားဖို့ အသရေဖျက်တဲ့ အတွေးမှားတွေ ဖြန့်တယ်။ ကျွန်မက လူကို ယုံကြည်တာတဲ့။ ဒါတွေကို ကျွန်မအမျိုးသားကြားပြီးတော့၊ သူပါလိုက်ပြီး ကျွန်မကို ဆန့်ကျင်ရော။ ကျွန်မ အွန်လိုင်း စုဝေးပွဲတက်တာ၊ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် ဝက်ဆိုဘ်လျှောက်ကြည့်တာ သူတွေ့ရင်၊ အိမ်မှာ အင်တာနက်ကြိုးကို ခဏခဏ ဖြုတ်တယ်။ ပြီးရင် တံခါးပိတ်ပြီး ကျွန်မကို အခန်းထဲပေးမဝင်တော့ဘူး။ ကျွန်မ စုဝေးပွဲတက်တာ၊ ဘုရားနှုတ်ကပတ်တော်ဖတ်တာကို အစွမ်းကုန် နှောင့်ယှက်ပြီး တားတာ။ ဒါဟာ စာတန်နှောင့်ယှက်တာမှန်းသိတော့ ကျွန်မ အလျှော့ပေးလို့မရဘူး။ သူတားလို့မရမှန်း သိသွားတော့၊ ကျွန်မအမျိုးသားက ပြောတယ်၊ “အနန္တတန်ခိုးရှင် ဘုရားသခင်ကို နင်ဆက်ယုံနေရင်၊ ငါတို့ ကွာမယ်။ နင် ဒီအိမ်ပေါ်ကဆင်းရမယ်။ ဒီနေ့ဆုံးဖြတ်ချက်ချတော့။” တဲ့။ ကျွန်မ ပြောလိုက်တယ်။ “ငါသာ ဘုရားကို မယုံခဲ့ရင်၊ နင့်ကို ဟိုးတည်းက ကွာပြီးလောက်မှာ။ နင်အရင်က နောက်မိန်းမထားပေမဲ့၊ ငါ ဘုရားကို ယုံလို့ လွှတ်ပေးခဲ့တယ်။ ဘုရားကို ယုံလို့ ငါ ဘာမှအမှားလုပ်နေတာမဟုတ်ဘူး။ ဒီတော့ နင်က ငါ့ကို ဘာလို့တားဖို့ ကြိုးစားနေတာလဲ။ နင်ငါ့ကို ကွာချင်ရင်၊ မောင်းထုတ်လိုက်လေ၊ ငါ့မှာ ရွေးချယ်စရာ မရှိပါဘူး။ ငါ ဒီအိမ်ပေါ်ကဆင်းရရင်တောင်၊ ဘုရားကို ယုံမှာပဲ။” လို့ပေါ့။ ဒါနဲ့ ကျွန်မ အဝတ်တွေထုပ်ပိုးပြီး သူငယ်ချင်းတစ်ယောက်အိမ်ကို သွားခဲ့တယ်။ အဲဒီတုန်းက ဘာဆက်လုပ်ရမှန်း ကျွန်မ မသိခဲ့ပါဘူး။ ကိုယ့်သားလေးအကြောင်း တွေးမိတော့၊ ထွက်သွားဖို့ အရမ်းဝန်လေးတာပဲ။ ဒီတော့ ကျွန်မ အခြေအနေအကြောင်း ပြောပြဖို့ ကျွန်မရဲ့ ညီအစ်ကိုမောင်နှမတွေကို ဆက်သွယ်လိုက်တယ်။ ကျွန်မအစ်မက ဘုရားနှုတ်ကပတ်တော်ကျမ်းတစ်ပိုဒ် ပို့လိုက်တယ်။ “အစအဦးမှစ၍ သူ့အမှု၏ ဖြစ်စဉ်တစ်လျှောက် ဘုရားသခင်သည် လူအယောက်တိုင်းအတွက်- သို့မဟုတ် သူ၏နောက်သို့လိုက်သောသူ အယောက်တိုင်းအတွက်ဟု ဆိုနိုင်သည်- စမ်းသပ်မှုများကို စီစဉ်ထားခဲ့ပြီး ဤစမ်းသပ်မှုများမှာ အတိုင်းအတာအမျိုးမျိုးဖြင့် လာတတ်သည်။ မိမိတို့ မိသားစု၏ ငြင်းပယ်ခြင်းခံရသော စမ်းသပ်မှုကို တွေ့ကြုံဖူးသောသူများ၊ ဆိုးရွားသော ပတ်ဝန်းကျင်များအားဖြင့် စမ်းသပ်မှုကို တွေ့ကြုံဖူးသောသူများ၊ ဖမ်းဆီးခြင်းနှင့် နှိပ်စက်ခြင်း ခံရသော စမ်းသပ်မှုကို တွေ့ကြုံဖူးသောသူများ၊ ရွေးချယ်မှုများနှင့် ရင်ဆိုင်ရသော စမ်းသပ်မှုကို တွေ့ကြုံဖူးသောသူများနှင့် ငွေကြေးနှင့် ရာထူးဂုဏ်ဒြပ်အားဖြင့် စမ်းသပ်မှုများကို ရင်ဆိုင်ဖူးသောသူများ ရှိကြသည်။ ယေဘုယျအနေဖြင့် ဆိုပါက သင်တို့ အယောက်တိုင်းသည် စမ်းသပ်မှုအမျိုးမျိုးကို ရင်ဆိုင်ဖူးပြီ ဖြစ်သည်။ ဘုရားသခင်သည် အဘယ်ကြောင့် ထိုကဲ့သို့ အလုပ်လုပ်သနည်း။ ဘုရားသခင်သည် အယောက်တိုင်းကို ထိုကဲ့သို့ အဘယ်ကြောင့် ပြုမူသနည်း။ မည်သည့်ရလဒ်မျိုးကို သူရှာသနည်း။ သင်တို့အား ငါမိတ်သဟာယပြုလိုသော အချက်မှာ ဤသို့ဖြစ်သည်- ဤသူသည် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကိုရှောင်သော လူအမျိုးအစား ဟုတ်မဟုတ်ကို ဘုရားသခင် မြင်လိုသည်။ ဤအရာမှာ ဘုရားသခင်သည် သင့်အား စမ်းသပ်မှုတစ်ခုကို ပေးနေသောအခါနှင့် အခြေအနေတစ်ခု မဟုတ် တစ်ခုကို သင့်အား ရင်ဆိုင်စေသောအခါ၊ သူ၏ ရည်ရွယ်ချက်မှာ သင်သည် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်သောသူ ဟုတ်မဟုတ် စမ်းသပ်ရန်အတွက် ဖြစ်သည်ကို ဆိုလိုသည်။(နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ စိတ်နေသဘောထားနှင့် သူ့အမှုတော်မှရရှိမည့် ရလဒ်များကို သိနားလည်ပုံ) ဘုရားနှုတ်ကပတ်တော် ဖတ်ပြီးတော့ ကျွန်မ နားလည်သွားတယ်။ ကိုယ့်မိသားစုဆီက ရင်ဆိုင်ရတဲ့ နှိပ်ကွပ်မှုက ကျွန်မအတွက် စမ်းသပ်မှုဆိုလည်း ဟုတ်တယ်။ ကျွန်မက ဘုရားကို စိတ်ကျေနပ်စေလား၊ စာတန်ကို စိတ်ကျေနပ်စေလားဆိုတာ သိဖို့လေ။ ကျွန်မ ရွေးချယ်ရမယ်ဆိုတာ သဘောပေါက်သွားတယ်။ ဒါပေမဲ့ ကျွန်မနှလုံးသားထဲမှာ မျှော်လင့်ချက်လေးတစ်စ ရှိနေသေးတယ်။ ကျွန်မအမျိုးသားကို စိတ်ပြောင်းစေချင်သေးတယ်။ ဒါပေမဲ့ နောက်တော့ ကျွန်မအမျိုးသားနဲ့ ညီမလေးက ကျွန်မကို တွေ့သွားပြီး တစ်ယောက်တစ်ပေါက် ပြောကြတယ်။ “အနန္တတန်ခိုးရှင် ဘုရားသခင်ကို မယုံတော့ဖို့လိုတယ်။ နင်သဘောမပေါက်ဘူးလား။ နင်က ကိုယ့်ကလေးနဲ့ မိသားစုတောင် မလိုချင်တော့ဘူး။” တဲ့။ ကျွန်မအမျိုးသားကို ဒေါသတကြီးပြောလိုက်တယ်။ “ငါ့ကလေးနဲ့ မိသားစုကို မလိုချင်ဘူးလို့ လုံးဝ မပြောခဲ့ပါဘူး။ ငါ့ကို နှိပ်ကွပ်တာ၊ ဘုရားကို မယုံခိုင်းတာ၊ ကွာဖို့ခြိမ်းခြောက်တာက နင်လေ။ ဘာသာရေးလွတ်လပ်ခွင့်လေးတောင်းတာ များသွားလား။” လို့ပေါ့။ ကျွန်မ အဖေကလည်း ဖုန်းခေါ်ပြီး ပြောတယ်။ “ဒီဘုရားက ဘယ်မှာလဲ။ မယုံလိုက်နဲ့။ ကိုယ့်ယောက်ျားနဲ့ အိမ်ပြန်ပြီး ကောင်းကောင်းနေ။” တဲ့။ ဒါနဲ့ ကျွန်မ အရမ်းဒေါသထွက်သွားတော့ သူတို့နဲ့ ငြင်းခုံခဲ့တယ်။ “ဘုရားကို ယုံကြည်တာ မမှားပါဘူး။ ဘာလို့ သမီးကို ထိန်းချုပ်ဖို့ ကြိုးစားနေတာလဲ။” လို့ပေါ့။ အဖေက ကျွန်မ ပြတ်သားမှန်း မြင်သွားတော့၊ ဖုန်းထဲမှာ ကျွန်မ သေသွားရင် သူခေါင်းခံပေးမယ်ဆိုပြီး ကျွန်မကို ကြိုးတုတ်ပြီးရိုက်ဖို့ ကျွန်မအမျိုးသားကို ခိုင်းတယ်။ သူက ရိုက်တော့မရိုက်ခဲ့ဘူး၊ ဒါပေမဲ့ ကျွန်မ ဘဏ်ကတ်ကို သိမ်းသွားတယ်။ ပြီးတော့ ကျွန်မဖုန်းနဲ့ ကွန်ပြူတာကို ရိုက်ခွဲလိုက်တယ်။ အဲဒီနောက် ကျွန်မ အမျိုးသားနဲ့ ညီမလေးတို့က ကျွန်မကို ကားထဲတွန်းထည့်ပြီး အိမ်ခေါ်လာတယ်။ လမ်းတစ်လျှောက်၊ သူတို့ ကျွန်မဘေးမှာထိုင်လိုက်လာပြီး နှစ်ယောက်လုံးက ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံကြတယ်။ ဒါကြောင့် တရုတ်လူမျိုး ညီအစ်ကိုမောင်နှမတွေ ရဲတွေ ဖမ်းတာခံရတော့ ခံစားရတဲ့ပုံစံကို နားလည်ခဲ့ရတယ်။ သူတို့က ကိုယ့်မိသားစုလို့ကို လုံးဝ မခံစားရဘူး။ သူတို့အတွက်‌ မျှော်လင့်ချက်လည်း တစ်စက်မှ မထားတော့ဘူး။ ကျွန်မ မိသားစုက ကျွန်မကို နောက်ထပ် ဘယ်လိုနှိပ်စက်မယ်ဆိုတာ မသိခဲ့ဘူး။ ဒီတော့ မှန်ကန်တဲ့ ရွေးချယ်မှု လုပ်ရာမှာ ကျွန်မကို လမ်းပြပေးဖို့ ဘုရားဆီတောင်းလျှောက်ရင်း စိတ်နှလုံးထဲက တိတ်တိတ်လေး ဆုတောင်းခဲ့တယ်။ အဲဒီညမှာ ကျွန်မ အရမ်းဝမ်းနည်းခဲ့ရတယ်။ အဲဒီတုန်းက ရက်အများစုမှာ ကျွန်မ ဧဝံဂေလိဟောနေခဲ့ပေမဲ့၊ အခုတော့ ဘာမှ မလုပ်နိုင်ဘူး။ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်တာကို ကျွန်မမိသားစုက သိတော့ ကျွန်မကို နှိပ်ကွပ်ဖို့ သူတို့ ပေါင်းစည်းကြတယ်လေ။ ကျွန်မယောက်မက တရုတ်အစိုးရမှာ အလုပ်လုပ်ပြီး ပိုက်ဆံရှိလို့ ကျွန်မမိသားစုက သူ့စကားနားထောင်ကြတယ်။ ကျွန်မကို နှိပ်ကွပ်ဖို့ နည်းမျိုးစုံကို သုံးအောင် သူက သူတို့ကို သွေးထိုးပေးတာဟာ ဘုရားကို ယုံခွင့်မပေးဘဲ သူတို့က သေတဲ့အထိ ရိုက်သတ်မယ့်အထိတောင်ပေါ့။ အဲဒီအချိန်မှာ ဘုရားကို ခုခံတဲ့ သူတို့ရဲ့ စရိုက်မှန်ကို ကျွန်မ ရှင်းရှင်းလင်းလင်း တွေ့လိုက်ရတယ်။ သူတို့က နတ်ဆိုးတွေ၊ ဘုရားရဲ့ ရန်သူတွေပဲ။ ယောဘက အရမ်းနာကျင်စရာကောင်းတဲ့ စမ်းသပ်မှုကို ရင်ဆိုင်ရပေမဲ့ ဘုရားအကြောင်း မညည်းညူခဲ့ပုံကိုလည်း တွေးမိတယ်။ အဲဒီအစား သူက ဘုရားရှေ့မှာ တိတ်တိတ်လေး ဆုတောင်းပြီး ဘုရားအလိုတော်ကို ရှာခဲ့တယ်။ ဒီတော့ ကျွန်မလည်း ခိုင်ခိုင်မာမာ ရပ်တည်ဖို့ ဘုရားကို အားထားသင့်သလို၊ ဘာအခြေအနေပဲဖြစ်ဖြစ် စာတန်ကို လုံးဝ အလျှော့မပေးသင့်ဘူး။

နောက်နေ့မှာ ကျွန်မအမျိုးသားနဲ့ အဖေတို့က ကျွန်မကို မိဘတွေအိမ် ပြန်ခေါ်လာတယ်။ အမေနဲ့ အစ်ကို့မိန်းမက ကျွန်မ ထွက်ပြေးမှာကြောက်နေတယ်။ သူတို့ကျွန်မကို တွေ့တာနဲ့ ကျွန်မကို ရှာဖွေပြီး မှတ်ပုံတင်ပေးဖို့တောင်းတယ်။ ကျွန်မကို လုံးဝ တစ်ယောက်တည်း နေခွင့်မပေးဘူး။ ရေချိုးတဲ့အခါ၊ အိမ်သာတက်တဲ့အခါ အမေက အပြင်မှာစောင့်နေတယ်။ ကျွန်မကို စောင့်ကြည့်ဖို့ တူမလေးကိုတောင် ကျွန်မနဲ့အတူအိပ်ခိုင်းတယ်။ ညဘက် မီးထွန်းလိုက်ရင် ကျွန်မ ဘာလုပ်နေလဲဆိုတာ ကြည့်ဖို့ အမေက ချက်ချင်းတံခါးခေါက်တယ်။ မီးပိတ်ပြီး အိပ်ခိုင်းတော့တာပဲ။ ပိုလို့တောင် မခံနိုင်ဖြစ်ရတာက မနက် ၃နာရီ၊ ၄နာရီမှာ အမေက အသံပေး၊ အော်ဟစ်ပြီး တံခါးခေါက်တာကိုပဲ။ အဲဒါကို ကျွန်မ သိပ်ကသိကအောက်ဖြစ်ရတာ။ နေ့ပိုင်းဆို သူတို့က ကျွန်မကို အနီးကပ်ပိုစောင့်ကြည့်ကြတယ်။ သူများကို စကားပြောခွင့်မရှိဘူး။ အိမ်နားက အမျိုးသမီးကိုတောင် မပြောရဘူး။ အိမ်နီးချင်းတွေက ကျွန်မကို မသိတဲ့ပုံစံနဲ့ ကြည့်ကြတယ်။ နေ့တိုင်း ကိုယ့်မိသားစု စီစဉ်တာကို လုပ်ရုံကလွဲပြီး ရွေးချယ်စရာမရှိဘူး။ သူတို့က ကျွန်မကို အကျဉ်းသားလိုဆက်ဆံပြီး နေ့တိုင်း စောင့်ကြည့်တယ်။ ကျွန်မမှာ ထောင်ကျနေသလို ခံစားရတယ်။ ကျွန်မမိသားစုက စီစီပီရဲ့ ကောလာဟလနဲ့ ယောက်မရဲ့ စကားတွေကို နားထောင်လို့ ကျွန်မကို ဒီလိုဆက်ဆံကြတာ။ သူတို့က ကျွန်မကို ကျွန်မရဲ့ ညီအစ်ကိုမောင်နှမတွေနဲ့ အဆက်အသွယ်ဖြတ်ပြီး ဘုရားကို ယုံကြည်တာလည်း ဖြည်းဖြည်းချင်း ပျောက်သွားစေချင်တာ။ ကျွန်မ နေ့တိုင်း အရမ်းဝမ်းနည်းခဲ့ရတယ်။ ကျွန်မရဲ့ ညီအစ်ကိုမောင်နှမတွေနဲ့ စုဝေးပွဲတွေကိုလည်း လွမ်းတယ်။ ဘုရားအမှုတော်က အဆုံးသတ်တော့မယ်။ ဒါပေမဲ့ ကျွန်မက စုဝေးပွဲတွေ မသွားနိုင်၊ ဘုရားနှုတ်ကပတ်တော်တွေ မဖတ်နိုင်၊ ကိုယ့်တာဝန်ကို မဖြည့်ဆည်းနိုင်ဘူး။ ကျွန်မ ဖယ်ရှားခံရမှာလား။ အဲဒါကြောင့် ကျွန်မ အရမ်းစိုးရိမ်မိတယ်။ ကျွန်မက ဒီပတ်ဝန်းကျင်က လွတ်မြောက်ပြီး ဘုရားကို လွတ်လွတ်လပ်လပ် ယုံလို့ရတာကိုပဲ လိုချင်တာ။ ကျွန်မအတွက် ထွက်ပေါက်ဖွင့်ပေးဖို့ ဘုရားဆီတောင်းလျှောက်ရင်း၊ ရေချိုးခန်းထဲမှာ ပုန်းပြီး ဆုတောင်းတယ်။ နောက်ပိုင်းမှာ ကျွန်မမိဘတွေက ကျွန်မအစ်ကိုလင်မယားနဲ့ လိမ္မော်ခြံမှာ အလုပ်လုပ်ခိုင်းတယ်။ အဲဒီမှာ ကျွန်မကို သူတို့စောင့်ကြည့်လို့ရတယ်လေ။ အစ်ကို့မိန်းမက ကျွန်မ ဘုရားကို ယုံကြည်တာကို ကြမ်းကြမ်းတမ်းတမ်း မတားခဲ့ဘူး။ ဒီတော့ နေ့ခင်းပိုင်းအလုပ်လုပ်တဲ့အခါ၊ ဘုရားနှုတ်ကပတ်တော်ကို အွန်လိုင်းမှာ နားထောင်ဖို့ သူ့ဖုန်းကို ကျွန်မသုံးခဲ့တယ်။ ကျွန်မအတွက် ထွက်ပေါက်ဖွင့်ပေးလို့ ဘုရားကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်မိတယ်။

ကျွန်မဖတ်ခဲ့တဲ့ တော်တော် တို့ထိတဲ့ ဘုရားနှုတ်ကပတ်တော်ကျမ်းတစ်ပိုဒ်ကို သတိရမိတယ်။ “ဤစမ်းသပ်မှုနှစ်ခုကို ကြုံရလျက်ဖြင့်၊ ယောဘထဲ၌ သာ၍ကြွယ်ဝသော အတွေ့အကြုံတစ်ခု ပေါက်ဖွားလာခဲ့ပြီး ဤအတွေ့အကြုံသည် သူ့ကို သာ၍ ရင့်ကျက်စေကာ ဝါရင့်စေခဲ့သည်၊ ယင်းသည် သူ့ကို သာ၍ သန်မာစေခဲ့ပြီး သာ၍ ကြီးမားသော ခံယူချက် ရှိစေခဲ့ကာ၊ သူစွဲမြဲစွာ ထိန်းထားခဲ့သော တည်ကြည်ခြင်း၏ မှန်ကန်မှုနှင့် အဖိုးထိုက်တန်ခြင်းတို့နှင့် သက်ဆိုင်၍ သူ့အား သာ၍ စိတ်ချယုံကြည်မှု ရှိစေခဲ့သည်။ ယောဘနှင့်သက်ဆိုင်သည့် ယေဟောဝါ ဘုရားသခင်၏ စမ်းသပ်မှုများသည် သူ့အား လူသားအတွက် ဘုရားသခင်၏ ပူပန်မှုနှင့်သက်ဆိုင်သော နက်ရှိုင်းသည့် သိနားလည်ခြင်းနှင့် အသိစိတ်ကို ပေးခဲ့ပြီး ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ အဖိုးထိုက်ခြင်းကို သူ့အား သတိပြုမိခွင့်ပေးခဲ့ကာ၊ ယင်းအခြေအနေမှ ဘုရားသခင်အပေါ် အရေးထားခြင်းနှင့် ချစ်ခြင်းတို့ကို သူ၏ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းထဲသို့ ပေါင်းထည့်ခဲ့လေသည်။ ယေဟောဝါဘုရားသခင်၏ စမ်းသပ်မှုများသည် ယောဘအား ဘုရားထံမှ ကင်းကွာစေခဲ့သည် သာမက သူ၏ စိတ်နှလုံးကို ဘုရားသခင်နှင့် သာ၍ နီးကပ်စေခဲ့သည်။ ယောဘသည်းခံခဲ့သော ခန္ဓာနာကျင်မှုသည် ယင်း၏ အထွတ်အထိပ်သို့ ရောက်ခဲ့ချိန်တွင်၊ ယေဟောဝါဘုရားသခင်ထံမှ သူခံစားခဲ့ရသော စိုးရိမ်ပူပန်မှုသည် သူ့အား သူ၏ မွေးဖွားရာနေ့ရက်ကို ကျိန်ဆဲဖို့မှလွဲ၍ ရွေးချယ်စရာ မပေးခဲ့ပေ။ ထိုသို့သော အပြုအမူသည် အချိန်ကြာမြင့်စွာ စီစဉ်ထားသည့်အရာမဟုတ်ခဲ့ဘဲ၊ သူ၏ စိတ်နှလုံးအတွင်းမှ ဘုရားသခင်အတွက် အရေးထားခြင်းနှင့် ချစ်ခြင်း၏ အလိုအလျောက် ထုတ်ဖော်ပြခြင်းတစ်ခု ဖြစ်ခဲ့သည်။ ယင်းမှာ ဘုရားသခင်အတွက် သူ၏ အရေးထားခြင်းနှင့် ချစ်ခြင်းတို့မှ လာခဲ့သည့် အလိုအလျောက် ထုတ်ဖော်ပြခြင်းတစ်ခုဖြစ်သည်။ ဆိုလိုသည်မှာ သူသည် မိမိကိုယ်ကိုယ် စက်ဆုပ်ရွံရှာခဲ့ပြီး ဘုရားသခင်အား ညှဉ်းဆဲရန် လိုလားခြင်း မရှိသကဲ့သို့ ခံနိုင်ခြင်းလည်း မရှိသောကြောင့်၊ သူ၏ အရေးထားခြင်းနှင့် ချစ်ခြင်းသည် ကိုယ်ကျိုးမငဲ့သည့် အဆင့်အထိ ရောက်ရှိခဲ့ပေသည်။ ဤအချိန်တွင် ယောဘသည် ဘုရားသခင်အတွက် အချိန်ကြာမြင့်စွာ တည်ရှိနေခဲ့သော ကြည်ညိုခြင်းနှင့် တမ်းတခြင်း၊ ပြီးလျှင် ဘုရားသခင်အား ဆက်ကပ်ခြင်းတို့ကို အရေးထားခြင်းနှင့် မြတ်နိုးခြင်း အဆင့်အထိ မြှင့်တင်ခဲ့သည်။ တစ်ချိန်တည်းတွင် သူသည် ဘုရားသခင်ကို သူ၏ ယုံကြည်ခြင်းနှင့် နာခံခြင်း၊ ပြီးလျှင် ဘုရားသခင်အား ကြောက်ရွံ့ခြင်းတို့ကိုလည်း အရေးထားခြင်းနှင့် မြတ်နိုးခြင်း အဆင့်အထိ မြှင့်တင်ခဲ့သည်။ သူသည် ဘုရားသခင်ကို ထိခိုက်နစ်နာစေမည့် မည်သည့်အရာကိုမျှ လုပ်ဆောင်ရန် မိမိကိုယ်ကိုယ် အခွင့်မပေးခဲ့ပေ၊ ဘုရားသခင်ကို နာကျင်စေမည့် မည်သည့်အပြုအမူကိုမျှ မိမိကိုယ်ကိုယ် လုပ်ဆောင်ခွင့်မပေးခဲ့သကဲ့သို့၊ သူ၏ ကိုယ်ပိုင် အကြောင်းရင်းများအတွက် ဘုရားသခင်အပေါ် မည်သည့် ဝမ်းနည်းခြင်း၊ ပူဆွေးခြင်း သို့မဟုတ် မပျော်ရွှင်ခြင်းကိုမျှပင် ယူဆောင်လာဖို့ မိမိကိုယ်ကိုယ် အခွင့်မပေးခဲ့ချေ။ ဘုရားသခင်၏ အမြင်တွင် ယောဘသည် ယခင်က ယောဘပင် ဖြစ်နေဆဲ ဖြစ်သော်လည်း၊ ဘုရားသခင်နှင့်သက်ဆိုင်သည့် ယောဘ၏ ယုံကြည်ခြင်း၊ နာခံခြင်းနှင့် ကြောက်ရွံ့ခြင်းသည် ဘုရားသခင်အား ပြီးပြည့်စုံသော ကျေနပ်အားရမှုနှင့် သာယာကြည်နူးမှုကို ဆောင်ကြဉ်းခဲ့ပြီး ဖြစ်သည်။ ဤအချိန်တွင် ယောဘသည် သူရရှိဖို့ ဘုရားသခင် မျှော်လင့်ထားခဲ့သော စုံလင်ခြင်းကို ရရှိခဲ့ပြီးဖြစ်သည်။ သူသည် ဘုရားသခင်၏ အမြင်တွင် ‘စုံလင်ဖြောင့်မတ်သည်’ ဟုခေါ်ဝေါ်ခြင်းငှာ အမှန်တကယ် ခံထိုက်သောသူတစ်ဦး ဖြစ်လာခဲ့ပြီ ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၂)) ယောဘက စာတန်ရဲ့ စုံစမ်းသွေးဆောင်မှုတွေကို ရင်ဆိုင်ပြီး တိုက်ခိုက်တယ်။ သူ့သားသမီးတွေနဲ့ ပိုင်ဆိုင်မှုအားလုံး အယူခံရတယ်။ သူ့တစ်ကိုယ်လုံး အနာစိမ်းတွေနဲ့ဖုံးနေပြီး နာကျင်မှုက မခံနိုင်လုနီးနီးပဲ။ ဒါပေမဲ့ သူက ဘုရားကိုကြောက်လို့၊ သာမန်ကာလျှံကာ မပြောခဲ့၊ မပြုမူခဲ့ဘူး။ အဲဒီအစား သူက ဆုတောင်းဖို့နဲ့ ဘုရားအလိုတော်ကို ရှာဖို့ ဘုရားရှေ့မှောက်ကို အရင်လာခဲ့တယ်။ သူ့ဆင်းရဲဒုက္ခမှာ ဘုရားစိတ်နှလုံးက သူနဲ့အတူရှိနေတာကို သူသဘောပေါက်သလို၊ ဘုရားက လူတွေကို စောင့်ရှောက်တာကို သူခံစားရတယ်။ ယောဘက ဘုရားကို ခံစားခွင့်မပေးရက်ဘူး။ ဒါကြောင့် သူက ဘုရားကို အပြစ်တင်ဖို့ထက် သူမွေးတဲ့နေ့ အဆုံးမှာ သူက ခိုင်ခိုင်မာမာ ရပ်တည်ပြီး စာတန်ကို အရှက်ခွဲတဲ့ စကားတွေ ပြောခဲ့တယ်။ “ယေဟောဝါသည် ပေးတော်မူ၏၊ ပြီးလျှင် ယေဟောဝါသည် ပြန်နုတ်သိမ်းတော်မူ၏၊ ယေဟောဝါ၏ နာမတော်သည် မင်္ဂလာရှိပါစေ။” (ယောဘ ဝတ္ထု ၁:၂၁) ယောဘရဲ့ မိတ်ဆွေတွေနဲ့ အမျိုးသမီးတို့က သူ့ကို ဘယ်လိုလှောင်ပါစေ၊ ယောဘက ဘုရားအပေါ် သူ့ရဲ့စစ်မှန်တဲ့ ယုံကြည်ခြင်းကို ထိန်းထားခဲ့တယ်။ သူ့သက်သေခံချက်က စာတန်ကို အရှက်ခွဲလို့၊ စာတန် သူ့ကို မစွပ်စွဲနိုင်တော့ဘူး။ ဒီအတွေ့အကြုံမှာ ကျွန်မ သဘောပေါက်သွားတယ်။ စာတန်ရဲ့အကြံအစည်တွေကို ရိပ်စားမိဖို့ ဘုရားကို ကျွန်မ အားမထားခဲ့ဘူး၊ ဒီပတ်ဝန်းကျင်မှာ ဘုရားရဲ့ ရည်ရွယ်ချက်ကောင်းကို မရှာခဲ့ဘူး။ အဲဒီအစား ကျွန်မက ခုခံတယ်၊ ညည်းညူတယ်၊ စာတန့်ကို ကျွန်မကို လှောင်ခွင့်ပေးခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်တွေကို အာရုံပြုရင်း ဘုရားဆီ ဆုတောင်းခဲ့တယ်။ ကျွန်မထဲမှာ ယုံကြည်မှု ကြီးထွားလာတယ်။ ကျွန်မ ဘယ်လိုပတ်ဝန်းကျင်ပဲထပ်တွေ့ရပါစေ၊ ယောဘကို ကျွန်မ အတုခိုးမယ်။ ဘုရားအတွက် ကိုယ့်သက်သေခံချက်မှာ ခိုင်ခိုင်မာမာ ရပ်တည်ပြီး စာတန်ကို အရှက်ခွဲမယ်ပေါ့။

အစ်ကိုတို့လင်မယားနဲ့ လယ်ကွင်းတွေမှာ အလုပ်လုပ်ဖို့ ကျွန်မ နေ့တိုင်း သွားခဲ့တယ်။ အစ်ကိုနဲ့ ယောက်မကြားက ချစ်ခြင်းတွေ၊ သူတို့ အတူသွား အတူပြန်ပုံတွေ ကြည့်ရင်း ကျွန်မမှာ အားမကျပဲ မနေနိုင်ခဲ့ဘူး။ ကျွန်မမှာ သာမန်မိသားစုဘဝ ဘာလို့ မရနိုင်တာလဲ။ ဒါကိုတွေးရင်း ကျွန်မ အလျှော့ပေးချင်သလို ခံစားရတယ်။ အထူးသဖြင့် သူတို့ ညစာလုပ်ရင် ကျွန်မ တစ်ယောက်တည်းဖြစ်နေချိန်မှာ သူတို့မိသားစု အတူပျော်နေကြတာ မြင်တော့ ကျွန်မ စိတ်နှလုံးက အားနည်းလာပြီး ကျွန်မမှာ အငိုမတိတ်နိုင်ဘူး။ ကျွန်မက ဇာတိပကတိအတွက် စိုးရိမ်ကြောင့်ကြနေမှန်း သဘောပေါက်လိုက်တယ်။ ဘုရားက လူတွေကို သန့်စင်ကယ်တင်ဖို့ နောက်ဆုံးသောကာလမှာ လူ့ဇာတိခံပြီး သမ္မာတရား ဖော်ပြနေတာကို တွေးမိတယ်။ ဒါဟာ သမ္မာတရား လိုက်စားဖို့ အရေးကြီးတဲ့အချိန်ပဲ။ ဘုရားယုံကြည်တာကို ကျွန်မကို ကျွန်မအမျိုးသားက အတင်းရပ်ခိုင်းတယ်။ ကျွန်မတို့မှာ ဘာမှတူတာမရှိဘူး။ စိတ်မပါဘဲ အတူနေရတော့ ကျွန်မတို့ ပျော်တောင် မပျော်ကြပါဘူး။ ဒါကိုတွေးတော့၊ ကျွန်မ သိပ်ဝမ်းမနည်းတော့ဘူး။ ကျွန်မယောက်မဆီက ဖုန်းကို ငှားပြီး ဓမ္မသီချင်းတွေ တိတ်တိတ်လေး နားထောင်ခဲ့တယ်။ “သမ္မာတရားအတွက် အရာအားလုံးကို စွန့်လွှတ်သင့်” ကို စဖွင့်လိုက်တယ်။

၁ သမ္မာတရားအတွက် ခက်ခဲမှုကို သင်ခံစားရမည်၊ သမ္မာတရားထံ သင့်ကိုယ်သင် ပေးအပ်ရမည်၊ သမ္မာတရားအတွက် အရှက်တကွဲ ဖြစ်ခြင်းကို သင်ခံရမည်၊ ထို့နောက် သမ္မာတရားကို သင်ပိုမိုရရှိရန်အတွက် ပို၍ပင် ဒုက္ခဆင်းရဲခံရပေမည်။ ဤသည်မှာ သင်လုပ်သင့်သည့်အရာဖြစ်သည်။ ငြိမ်းချမ်းသော မိသားစုဘဝ တစ်ခုအတွက် သမ္မာတရားကို သင်လက်မလွှတ်ရ၊ တဒင်္ဂပျော်ရွှင်မှု အတွက် သင့်ဘဝ၏ ဂုဏ်သိက္ခာနှင့် သမာဓိကို အဆုံးရှုံးမခံရ။

၂ နှစ်သက်ဖွယ်ဖြစ်ကာ ကောင်းမွန်သောအရာအားလုံးကို သင် လေ့လာလိုက်စားသင့်ပြီး၊ အသက်တာတွင် ပိုမိုအဓိပ္ပာယ် ရှိသော လမ်းကြောင်းကို သင် လိုက်စားသင့်သည်။ ထိုသို့သော အောက်တန်းကျသည့်ဘဝကို သင်နေထိုင်ပြီး မည်သည့် ရည်မှန်းချက်ကိုမျှ သင် မလိုက်စားပါက၊ သင့်ဘဝကို သင် ဖြုန်းတီးသည် မဟုတ်လော။ ထိုသို့သောဘဝမှ မည်သည့်အရာကို သင် ရရှိနိုင်သနည်း။ သမ္မာတရားတစ်ခုအတွက် ဇာတိပကတိ၏ ပျော်မွေ့မှုများ အားလုံးကို သင်စွန့်လွှတ်သင့်ပြီး၊ ပျော်ရွှင်မှု အနည်းငယ်အတွက် သမ္မာတရားအားလုံးကို မလွှင့်ပစ်သင့်ပေ။ ဤကဲ့သို့သော လူများသည် သမာဓိ သို့မဟုတ် ဂုဏ်သိက္ခာ မရှိပေ။ ၎င်းတို့၏ တည်ရှိခြင်းတွင် အဓိပ္ပာယ် မရှိပေ။

သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ

ဘုရားကျေးဇူးတော်ပဲ။ ဒီအချိန်မှာ ဒီဓမ္မတေးကို ကြားရခွင့်ပေးလို့ပေါ့။ ဇာတိပကတိ ပျော်မွေ့မှုနည်းနည်းအတွက် သမ္မာတရားလိုက်စားတာကို စွန့်လွှတ်လို့မရမှန်း ကျွန်မ သိပါတယ်။ အခု ဘုရားက ဒီခေတ်ကို လုံးလုံး အဆုံးသတ်ဖို့ နောက်ဆုံးသောကာလမှာ တရားစီရင်ခြင်းအမှုကို ပြုနေတယ်။ ကျွန်မတို့ သမ္မာတရားမရရင်၊ ကယ်တင်ခံရဖို့ အခွင့်အရေး ဆုံးရှုံးလိမ့်မယ်။ အဆုံးမှာ ကျွန်မတို့အားလုံး ကပ်ဘေးထဲ ကျရောက်ပြီး ဖျက်ဆီးခံရမှာ။ ကျွန်မတို့မှာ ပျော်စရာမိသားစုဘဝရှိလဲ ဘာအရေးလဲ။ ဒါတွေအားလုံးက ခဏတာပဲ မဟုတ်လား။ သမ္မာတရားကို မရတာလောက် ပိုကြီးမားတဲ့ နာကျင်မှုနဲ့ ဆုံးရှုံးမှု မရှိဘူး။ ဒါကိုတွေးရင်း၊ စိတ်သက်သာရရတယ်။ ဘုရားနဲ့ မျက်နှာချင်းဆိုင် တွေ့ရသလိုပဲ။ ကိုယ့်စိတ်နှလုံးထဲမှာ လုံခြုံမှုနဲ့ ဝမ်းမြောက်မှုကို ခံစားရပြီး တစ်ယောက်တည်းလို့ မခံစားရတော့ဘူး။

ကိုယ့်မိဘတွေအိမ်မှာ သုံးပတ်နေပြီးတော့၊ တစ်နေ့မှာ ကျွန်မ မိသားစု အာရုံမစိုက်နေတုန်း ထွက်ပြေးပြီး ဟိုတယ်တစ်ခုမှာ နေဖြစ်ခဲ့တယ်။ ဒါပေမဲ့ ကျွန်မတူနဲ့ အစ်ကိုတို့က တွေ့သွားပြီး ပြန်‌ခေါ်လာတယ်။ အဲဒီနောက်တော့ ကျွန်မမိဘတွေက တစ်ရွာလုံးကို အိမ်မှာ ထမင်းခေါ်ကျွေးပြီး ကျွန်မကို ကူစောင့်ကြည့်ပြီး ကျွန်မထွက်ပြေးတာတွေ့ရင် ဖမ်းခိုင်းတယ်။ ကျွန်မအမျိုးသားက ကျွန်မတို့ ငါးနှစ်သားလေးနဲ့အတူ ရောက်လာပြီး ယုံကြည်တာရပ်ပြီး သူနဲ့အိမ်ပြန်လိုက်ခိုင်းခဲ့တယ်။ ကျွန်မသားက ကျွန်မနားကို မကပ်ရဲဘဲ၊ သူ့ကို အကြောင်းရင်းမေးတော့၊ သူက “အမေက ရူးသွားပြီ၊ သားကို သတ်နိုင်တယ်လို့ အဖေက ပြောတယ်။” တဲ့။ ဒါကိုကြားတော့ ကျွန်မ အရမ်းစိတ်ဆိုးသွားတယ်။ ကလေးငယ်လေးကို သူ ဒါမျိုးသင်ပေးမယ်လို့ ကျွန်မ မယုံနိုင်ခဲ့ဘူး။ အဲဒီနောက်မှာ ကျွန်မတို့သားအမိမှာ ပုံမှန် ဆက်ဆံရေး မရနိုင်ခဲ့ဘူး။ သူ့ကို သကြားလုံးဝယ်ပေးမှပဲ ကျွန်မကို ကျွန်မသားက စကားပြောရဲတော့တယ်။ ကျွန်မ အရမ်းဝမ်းနည်းပြီး ကျွန်မမိသားစုက ကျွန်မကို အတင်းအကျပ်လုပ်ဖို့ ကြိုးစားတာ ရပ်ရင်ကောင်းမယ်လို့ ဆန္ဒပြုမိတယ်။ ဒါပေမဲ့ ဒါဟာ မှားမှန်း ကျွန်မ သဘောပေါက်လိုက်တယ်။ သူတို့အားလုံးက ဘုရားကို မုန်းကြသလို ဘယ်တော့မှ ပြောင်းမှာ မဟုတ်ဘူး။ ကျွန်မအမျိုးသားက ကျွန်မကို ဖျောင်းဖျဖို့ ကြိုးစားတုန်းပဲ။ ကျွန်မမိဘတွေက မယုံကြည်ဖို့ ဆက်တောင်းဆိုကြတယ်။ ကျွန်မက “ဘုရားကို ယုံကြည်တာ မရပ်နိုင်ဘူး။” လို့ ပြောခဲ့တယ်။ ကျွန်မ စိတ်ပိုင်းဖြတ်ထားတုန်းပဲဆိုတာ မြင်တော့၊ ကျွန်မအမျိုးသားက သားလေးကို အိမ်ပြန်ခေါ်သွားခဲ့တယ်။

တစ်ပတ်ကြာပြီး တစ်မနက်မှာ ကျွန်မအစ်ကိုက လက်ထဲမှာ ကျွန်မဂါဝန်တစ်ထည်နဲ့ မြို့ပြင်က ပြန်လာတယ်။ သူက “နင့်ကို ချွတ်ပေးဖို့ ဒီမနက်စောစော ပယောဂဆရာဆီသွားခဲ့တယ်။” လို့ ပြောခဲ့တယ်။ အဲဒီနောက် အဖေကလည်း အခန်းထဲက ထွက်လာပြီး အဲဒီဂါဝန်ကို ချက်ချင်းဝတ်ဖို့ ကျွန်မကို အမိန့်ပေးတယ်။ “ဒါဝတ်လိုက်ရင် နင်ပျောက်သွားမယ်။” တဲ့။ ကျွန်မက “အဲဒါကို မဝတ်ပါဘူး။ ကျွန်မက နတ်ဆိုးစွဲနေတာ မဟုတ်ဘူး။ ဘာရောဂါမှလည်း မရှိဘူး။ တစ်ပါးတည်းသော စစ်မှန်တဲ့ ဘုရားကို ယုံတာ။” လို့ပေါ့။ သူတို့ “ကုသမှု”ကို ကျွန်မ လက်ခံမှာ မဟုတ်တာကို အဖေမြင်တော့၊ သူက ကျွန်မကို ခုံတစ်လုံးပေါ်မှာ ထိုင်ခိုင်းတယ်။ ကျွန်မ လက်ဖျံလောက်ထူတဲ့ တုတ်တစ်ချောင်းကိုင်ရင်း၊ ကျွန်မကို မျက်မှောင်ကြုတ်ပြီး ပြောတယ်။ “နင်က မနာခံလွန်းတော့၊ နင့်ကိုငါ ဒီနေ့သင်ခန်းစာပေးနိုင်မလား ကြည့်မယ်။ နင့်ကိုငါ အရင်က လုံးဝ မရိုက်ဖူးပေမဲ့၊ ဒီနေ့တော့ ငါရိုက်ရင် ဘာဖြစ်လဲဆိုတာ နင့်ကို ပြမယ်။ နင်သေတဲ့အထိဖြစ်ဖြစ်၊ ဘုရားကို မယုံတော့တဲ့အထိဖြစ်ဖြစ် နင့်ကို ရိုက်မယ်။” တဲ့။ ကျွန်မအဖေ အရမ်းစိတ်ဆိုးတာ ကျွန်မ လုံးဝ မမြင်ဖူးခဲ့ဘူး။ အရိုက်ခံရမှာ ကျွန်မကြောက်ခဲ့တယ်။ တုတ်က အရမ်းကြီးတော့ ကျွန်မ အရိုးတွေ ကျိုးရင်ကျိုးမှာ။ ကျွန်မ အဝတ်လဲဖို့ အဖေခိုင်းတုန်းက ဘုရားကို အမြန်ဆုတောင်းခဲ့တယ်။ ဘာပဲဖြစ်ဖြစ် စာတန်ကို အလျှော့ပေးလို့ မရဘူးလို့ ပြောခဲ့တယ်။ စာတန်က ယောဘကို ထပ်ခါထပ်ခါ စုံစမ်းသွေးဆောင်၊ တိုက်ခိုက်ပြီး ယောဘကတော့ သူ့တည်ကြည်မှုကို ထိန်းပြီး သူ့သက်သေခံချက်မှာ ခိုင်ခိုင်မာမာ ရပ်တည်တာကို တွေးမိတယ်။ အဆုံးမှာ စာတန်က အရှက်ကွဲ၊ ရှုံးနိမ့်ပြီး လုံးလုံး လက်လွှတ်လိုက်ရတယ်။ ကျွန်မက ယောဘထက် နိမ့်ကျပေမဲ့၊ စာတန်က ကျွန်မကိုလည်း တိုက်ခိုက်နေတာကို သိတယ်။ ဘုရားအပေါ် ကျွန်မ ယုံကြည်ခြင်းကို နည်းနည်းချင်း ဖျက်ဆီးပြီး ကျွန်မ အားလျော့ပြီး ဘုရားအပေါ် စိတ်ပျက်သွားအောင်၊ အဆုံးမှာ ဘုရားကို သစ္စာဖောက်အောင် လုပ်ဖို့ ကြိုးစားရင်းပေါ့။ စာတန်ရဲ့ လှည့်စားမှုကို ကျွန်မ ယုံစားလို့မရဘူး။ ဒါကြောင့် ကျမ်းသစ္စာဆိုဖို့ ဘုရားဆီ ဆုတောင်းခဲ့တယ်။ “ဘုရားသခင်၊ ကျွန်မ သေအောင်ရိုက်ခံရရင်တောင်၊ စာတန်ကို အလျှော့ပေးမှာ မဟုတ်ပါဘူး။ ကိုယ်တော့်ကို ကျွန်မရဲ့ ယုံကြည်ခြင်းကိုလည်း မစွန့်လွှတ်ပါဘူး။ ကိုယ်တော့်အတွက် ကျွန်မရဲ့ သက်သေခံချက်မှာ ခိုင်မာစွာ ရပ်တည်ပါ့မယ်။” လို့ပေါ့။ ဆုတောင်းပြီးနောက်မှာ ကျွန်မ မကြောက်တော့ဘဲ၊ အားလုံးကို စွန့်စားလိုက်တယ်။ ဓမ္မသီချင်းထဲမှ စာကြောင်းတစ်ခု ကျွန်မစိတ်ထဲ ရှင်းရှင်းလင်းလင်း ပေါ်လာခဲ့တယ်။ “ကျွန်ုပ်၏ စိတ်ဆန္ဒနှင့် သန္နိဋ္ဌာန်ကို ကျွန်ုပ် စွန့်လွှတ်ရမည်မဟုတ်။ လက်လျှော့ခြင်းသည် စာတန်နှင့် အပေးအယူလုပ်ခြင်း သဘောသက်ရောက်လိမ့်မည်၊ မိမိကိုယ်ကိုယ် ဖျက်ဆီးခြင်းသဘော သက်ရောက်လိမ့်မည်ဖြစ်ပြီး ဘုရားသခင်ကို သစ္စာဖောက်ခြင်း သဘောသက်ရောက်လိမ့်မည်။(သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ “သမ္မာတရားကို လိုက်စားဖို့ မရှိမဖြစ်လိုအပ်သည့် သန္နိဋ္ဌာန်”) ဘုရားနှုတ်ကပတ်တော် ဒီစာကြောင်းက ကျွန်မကို ယုံကြည်စိတ်ချမှုနဲ့ ခွန်အားပေးခဲ့တယ်။ ကျွန်မ စာတန်ကို ဘယ်တော့မှ အလျှော့ပေးမှာ မဟုတ်ဘူး။ အဖေက လက်ထဲမှာ တုတ်နဲ့ ကျွန်မနားကို ကပ်လာပြီး ရိုက်တော့မလို့ပဲ။ သူ့ကြည့်ရတာ နတ်ဆိုးတစ်ကောင်နဲ့တူတယ်။ ဒါပေမဲ့ ကျွန်မ လုံးဝ မကြောက်ခဲ့ဘူး။ ဒီအချိန်မှာ ကျွန်မအမျိုးသားနဲ့ အမေတို့က လယ်ကွင်းက ပြန်လာကြတယ်။ အမေက အဖေ့ကိုတားဖို့ ကျွန်မရှေ့ကို ခုန်ဝင်လိုက်ပြီး ကျွန်မကို ထပ်မယုံဖို့ ဖျောင်းဖျတယ်။ ကျွန်မပြောလိုက်တယ်။ “ဘုရားကို ယုံတာဟာ ခိုးတာ၊ လုတာမဟုတ်ဘူး။ သူများမိသားစုကိုလည်း သမီး မဖျက်ဆီးပါဘူး။ သမီး စုဝေးပွဲတွေပဲ သွားတာပါ။ သမီးဘာအမှားများလုပ်ခဲ့မိလို့ သေအောင် ရိုက်ချင်ရတာလဲ။ အမေတို့က သမီးမိသားစုရော ဟုတ်သေးရဲ့လား။” လို့ပေါ့။ ကျွန်မတူက အထင်သေးပုံနဲ့ပြောတယ်။ “အန်တီ၊ ကားတွေ၊ ငွေတွေ ရှိတဲ့လူတွေကိုကြည့်လိုက်။ အန်တီ ဘုရားကိုယုံပေမဲ့၊ ဘုရားက အန်တီကို ဘာပေးခဲ့လဲ။” တဲ့။ ကျွန်မပြောလိုက်တယ်။ “အဲဒါတွေက ဘာအသုံးဝင်လို့လဲ။ ကပ်ဘေးတွေလာရင်၊ ဒါတွေက လူတွေကို ကယ်မှာလား။ ဘုရားပဲ လူတွေကို ကယ်နိုင်တယ်။” လို့ပေါ့။ “ဒါတွေကို လိုက်စားချင်ရင်၊ နင့်ကိုငါ တားမှာ မဟုတ်ဘူး။ ဘုရားကို ငါယုံတယ်၊ ဒါဆိုရင် နင်က ဘာလို့ ငါ့ကို ဝင်နှောင့်ယှက်နေတာလဲ။” ပေါ့။ ကျွန်မတူက စိတ်ဆိုးဆိုးနဲ့ ပြောတယ်။ “ဘုရားကို ယုံတာမရပ်ရင်၊ ကျွန်တော်တို့ ရက်စက်တာကို အပြစ်တင်လို့မရဘူး။ အန်တီကို သုံးရက်သုံးည တန်းလန်းဆွဲထားပြီးတော့ အန်တီယုံနိုင်သေးလား ကြည့်တာပေါ့။” တဲ့။ အဲဒီနောက်မှာ မိသားစုတစ်စုလုံးက ကျွန်မကို တန်းလန်းဆွဲထားပြီး ဘုရားကို ယုံတာ မရပ်မချင်း မချပေးဖို့ သဘောတူလိုက်ကြတယ်။ ကျွန်မ ဒေါသတွေ အရမ်းထွက်ခဲ့တယ်။ ဒါဟာ ငါ့မိသားစု ဘယ်လိုလုပ်ဖြစ်မှာလဲ။ သူတို့က နတ်ဆိုးတွေ။ အဲဒီအချိန်မှာ ကျွန်မ နည်းနည်းကြောက်သွားတယ်။ ဒါနဲ့ ဘုရားဆီဆုတောင်းပြီး ကျွန်မကို ဦးဆောင်လမ်းပြပေးဖို့ တောင်းလျှောက်ခဲ့တယ်။ ကျွန်မအမျိုးသားက ကျွန်မကို ဖျောင်းဖျဖို့ ကြိုးစားတယ်။ “သခင်ယေရှုကို ငါ ယုံကြည်တာက ယုံကြည်မှုသက်သက်ပဲ။ နင်က ဘာလို့ ဒီလောက် အရမ်းလေးနက်နေရတာလဲ။ မယုံနဲ့တော့။” တဲ့။ ကျွန်မပြောလိုက်တယ်။ “သခင်ယေရှုက ရှင့်ကို ကယ်ဖို့ ပြန်ကြွလာတာ ရှင်မယုံရင်၊ ရှင့်ကို ကျွန်မ မတွန်းဘူး။ ဒီတော့ ကျွန်မကိုလည်း မတွန်းနဲ့။ အနန္တတန်ခိုးရှင် ဘုရားသခင်နောက်ကို ကျွန်မ လိုက်မှာပဲ။” လို့ပေါ့။ ကိုယ့်မိသားစုကို ပြတ်ပြတ်သားသား ပြောပြီးတော့ သူတို့ တိတ်ဆိတ်သွားတယ်။ စာတန်ရှုံးသွားတာ ကျွန်မ သိလိုက်တယ်။ ကျွန်မ လုံးဝ မခံစားဘူးတဲ့ ချိုမြိန်မှုကို ခံစားခဲ့ရတယ်။ ဘုရားကို ကျေးဇူးတင်တာကလွဲပြီး ဘာမှ မတွေးနိုင်ဘူး။

အဲဒီနောက်မှာ ကျွန်မ မိသားစုက ကျွန်မကို အိမ်မှာ ပိတ်လှောင်ထားကြတယ်။ ဒါပေမဲ့ ကျွန်မ စိတ်မထိခိုက်တော့သလို၊ ဒီပတ်ဝန်းကျင်မှာ နာခံပြီး သင်ခန်းစာ ယူချင်တယ်။ ပုံမှန်ဆိုရင်၊ သူတို့ အာရုံမစိုက်တဲ့အခါ ကျွန်မယောက်မရဲ့ ဖုန်းကို ယူပြီး အွန်လိုင်းမှာ နေ့စဉ်ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ခဲ့တယ်။ ဘုရားကို ခဏခဏ ဆုတောင်းပြီး ဘုရားရဲ့ စီစဉ်မှုတွေကို နာခံချင်တယ်။ ကျွန်မ သွားနိုင်မယ့်အချိန်က ဘုရားပေါ်မှာ မူတည်ပါတယ်၊ ကျွန်မ စောင့်ချင်ပါတယ်။ ဖြည်းဖြည်းချင်း ကျွန်မ မိသားစုက ကျွန်မကို အနီးကပ်စောင့်ကြည့်တာ လျော့သွားတယ်။ ရွာထဲက မိသားစုတစ်စု မင်္ဂလာဆောင်ရှိလို့ ကျွန်မရဲ့ မိသားစုဝင်တွေ အားလုံးသွားတာနဲ့ ကျွန်မ အခွင့်ကောင်းယူပြီး ထွက်ပြေးခဲ့တယ်။ အဲဒီနောက်မှာ ညီအစ်ကိုမောင်နှမတွေကို ကျွန်မ ဆက်သွယ်ပြီး ကိုယ့်ဇာတိမြို့က ထွက်လာခဲ့တယ်။ အခုဆို ကျွန်မက နောက်ဆုံးမှာ ဘုရားကို ယုံကြည်ပြီး ကိုယ့်တာဝန်ကို လုပ်ဖို့ လွတ်လပ်သွားပြီ။ ဒီအချိန်အတွင်းမှာ ကိုယ့်မိသားစုရဲ့ နှိပ်ကွပ်မှုကို တွေ့ကြုံခဲ့ရပြီး နည်းနည်း ဒုက္ခခံခဲ့ရပေမဲ့၊ အများကြီး ရခဲ့ပါတယ်။ စီစီပီရဲ့ ဆိုးယုတ်မှုနဲ့ ဘုရားကို ခုခံတဲ့ ကိုယ့်မိသားစုရဲ့ အနှစ်သာရကို ပိုရှင်းရှင်း မြင်နိုင်ပြီး ဘုရားက ကိုယ့်ဘက်မှာရှိပြီး ပံ့ပိုးနေတာကို လက်တွေ့ကျကျ တွေ့ကြုံရတယ်။ ကျွန်မ အပျက်သဘောဆောင်ပြီး အားနည်းတိုင်း ဘုရားက ကျွန်မကို ဉာဏ်အလင်းပေးဖို့၊ ဦးဆောင်ဖို့နဲ့ သတ္တိနဲ့ ဉာဏ်ပညာပေးဖို့ သူ့နှုတ်ကပတ်တော်တွေကို သုံးတယ်။ ကျွန်မ ခိုင်ခိုင်မာမာ ရပ်တည်ဖို့ ယုံကြည်စိတ်ချမှု ရှိအောင်ပေါ့။ အနန္တတန်ခိုးရှင် ဘုရားသခင် ကျေးဇူးတော်ပဲ။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်ကို မယုံကြည်အောင် မိသားစုက ကျွန်ုပ်ကို တားဆီးရန် ကြိုးစားသည့်အခါ

ကျင်ယွဲ့ မလေးရှားနိုင်ငံ ၂၀၁၈ခုနှစ် မတ်လမှာ၊ ကျွန်မအမျိုးတွေက အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသော ကာလ ဧဝံဂေလိကို ကျွန်မဆီ...

တိုက်ပွဲတစ်ခု

ဇန်ဟွေ တရုတ်ပြည်ကျွန်တော် နာမည် ဇန်ဟွေ ဖြစ်ပြီး၊ ကျွန်တော်တို့ မိသားစု တစ်စုလုံးသည် သခင်ယေရှု၌ ၁၉၉၃ ခုနှစ်တွင် စတင် ယုံကြည် လာခဲ့ကြပါသည်။...

သင်းအုပ်ဆရာ၏ ဆိုးယုတ်မှုကို ရိပ်စားမိခြင်း

ရှောင်ချီ မြန်မာနိုင်ငံ စက်တင်ဘာ ၂၀၂၀မှာ အွန်လိုင်းမှာ အစ်မတစ်ယောက်နဲ့ ကျွန်တော် တွေ့ခဲ့ပါတယ်။ သူကပြောတယ်။ သခင်ယေရှုက အနန္တတန်ခိုးရှင်...

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။