အသက် ၈၀ ကျော် အမျိုးသမီးတစ်ဦး၏ နားလေးပြီးနောက် အတွေ့အကြုံ

15.04.2026

လျန်ရှင်း၊ တရုတ်ပြည်

၂၀၀၅ ခုနှစ်မှာ ကျွန်မ အသက် ၆၈ နှစ် ပြည့်ခဲ့ပါတယ်၊ အဲဒီနှစ် အောက်တိုဘာလ အစောပိုင်းရက်တစ်ရက်မှာ မိတ်ဆွေတစ်ယောက်က အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသော ကာလ ဧဝံဂေလိတရားကို ကျွန်မဆီ လာဟောခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်တွေကို စားသောက်ပြီးတဲ့နောက်မှာ အနန္တတန်ခိုးရှင် ဘုရားသခင်ဟာ လူသားမျိုးနွယ်ကို ကယ်တင်တဲ့ စစ်မှန်တဲ့ တစ်ပါးတည်းသော ဘုရားသခင် ဖြစ်မှန်း ကျွန်မ သေချာသွားခဲ့ပြီး ဘုရားသခင်ရဲ့ နောက်ဆုံးသော ကာလ အမှုတော်ကို ကျွန်မ လက်ခံခဲ့တယ်။ ဘုရားသခင်ကို စယုံကြည်ပြီး တစ်နှစ်မပြည့်ခင်မှာပဲ ခေါင်းဆောင်က အသင်းတော်ရဲ့ ဘုရားနှုတ်ကပတ်တော် စာအုပ်တွေကို စီမံခန့်ခွဲဖို့ ကျွန်မကို စီစဉ်ပေးခဲ့တယ်။ ကျွန်မ ကိုယ့်ဘာသာကိုယ် တွေးမိတယ်၊ “ဒီတာဝန်ကို ငါ လက်ခံပြီးပြီဆိုတော့ လုံ့လဝီရိယရှိရမယ်၊ တာဝန်ကျေရမယ်။ ဘာအမှားမှလုပ်မိလို့ မဖြစ်ဘူး။ ကိုယ့်တာဝန်ကို ကောင်းကောင်းထမ်းဆောင်မှပဲ ဘုရားသခင်ရဲ့ ကယ်တင်ခြင်းကို ငါ ရနိုင်မှာ” လို့ပေါ့။ အဲဒီနောက်မှာတော့ ကျွန်မဟာ ကိုယ့်တာဝန်ကို တက်တက်ကြွကြွ ထမ်းဆောင်ခဲ့တယ်၊ စာအုပ်တွေအကုန်လုံးကို စီစီရီရီထားတယ်၊ နံပါတ်စဉ်တပ်တယ်၊ ပြီးတော့ အကုန်လုံးကို ရှင်းရှင်းလင်းလင်း မှတ်တမ်းတင်ခဲ့တယ်။ ကျွန်မ တွေးမိတာက “ကိုယ့်တာဝန်အတွက် ငါ အပြည့်အဝ ဆက်ကပ်သရွေ့ ခေါင်းဆောင်နဲ့ ညီအစ်ကိုမောင်နှမတွေ ကျေနပ်ရုံတင်မကဘူး၊ ဘုရားသခင်လည်း သေချာပေါက် ကျေနပ်ပြီး ငါ့ကို ကောင်းချီးပေးမှာပဲ” ပေါ့။ အနာဂတ်မှာ ကောင်းချီးပေးခံရမယ်၊ ကယ်တင်ခြင်းခံရမယ်ဆိုတဲ့ အတွေးနဲ့ ကျွန်မ အရမ်းပျော်ခဲ့တာပေါ့။ နှစ်နှစ်ကြာတော့ အနီးအနားက အသင်းတော်နှစ်ခုကို စာအုပ်တွေနဲ့ စာတွေ ပို့ပေးဖို့ ခေါင်းဆောင်က ကျွန်မကို စီစဉ်ပေးခဲ့တယ်။ ဒီတာဝန်က ကျွန်မအရွယ်နဲ့ လူတစ်ယောက်အတွက် နည်းနည်း ပင်ပန်းပေမဲ့၊ ဒီတာဝန်ထမ်းဆောင်တာက ဘုရားသခင်ကို ကျေနပ်စေပြီး ကိုယ်တော်ရဲ့ ကောင်းချီးတွေကို ရစေမယ်လို့ တွေးမိလိုက်တာနဲ့၊ အထူးသဖြင့် အနာဂတ် နိုင်ငံတော်ရဲ့ အလှတရားကို တွေးမိလိုက်တာနဲ့ ကျွန်မ အရမ်းကို ပျော်ရွှင်ခဲ့ရတယ်။ ဒါကြောင့် ပင်ပန်းရင်တောင် ကျွန်မ မညည်းညူခဲ့ဘူး။

နှစ်တွေကုန်လွန်သွားလိုက်တာ ၂၀၂၄ ခုနှစ်ကို ရောက်လာတော့ အခုဆိုရင် ကျွန်မက ၈၇ နှစ်ဆိုတဲ့ ကြီးရင့်တဲ့အရွယ်ကို ရောက်ခဲ့ပြီပေါ့။ ကျွန်မ ကျန်းမာရေးက တစ်နှစ်ထက်တစ်နှစ် ယိုယွင်းလာပြီး ရောဂါဝေဒနာသုံးလေးမျိုး ခံစားခဲ့ရတယ်။ နှလုံးခုန် မမှန်တာ၊ သွေးထဲအဆီများတာ၊ သွေးတိုးနဲ့ ဆီးချိုလို ရောဂါတွေပေါ့။ ပြီးတော့ လွန်ခဲ့တဲ့ သုံးနှစ်လောက်က ခါးရိုးဆွေးတဲ့ရောဂါ ဖြစ်လာလိုက်တာ ရောဂါထဖောက်ပြီဆိုရင် ခါးအောက်ပိုင်းက အရမ်းနာလွန်းလို့ မတ်တပ်တောင် မရပ်နိုင်ဘူး၊ လှုပ်လိုက်တာနဲ့ နာကျင်မှုက ဆိုးဆိုးရွားရွားကို ခံစားရတာ။ ဒါပေမဲ့ ရိုးရိုးသားသား ပြောရရင် ဒီရောဂါတွေက ကျွန်မရဲ့ စိတ်အခြေအနေကို သိပ်မထိခိုက်ပါဘူး၊ ဘာလို့လဲဆိုတော့ အဲဒါတွေက တာဝန်ထမ်းဆောင်တာကို အနှောင့်အယှက် မဖြစ်စေလို့လေ၊ ပြီးတော့ ဘုရားသခင်ကို ယုံကြည်မှုကနေတစ်ဆင့် ကယ်တင်ခြင်းရဖို့ ကျွန်မရဲ့ လိုက်စားမှုကို အဲဒါတွေက မထိခိုက်ဘူး။ ကျွန်မကို အနာကျင်ရဆုံးဖြစ်စေတာကတော့ နားနှစ်ဖက်စလုံး လေးသွားတာပါပဲ။ မိသားစုတွေ ပုံမှန်စကားပြောနေတာကို ကျွန်မ လုံးဝ မကြားရတော့ဘူး၊ နည်းနည်းလောက် ကြားရဖို့အတွက်တောင် သူတို့က ကျွန်မနားနားကပ်ပြီး အော်ပြောရတယ်။ မိသားစုက ကျွန်မအတွက် နားကြားကိရိယာ အမျိုးမျိုး ဝယ်ပေးပေမဲ့ ဘယ်အရာကမှ ကြာကြာ အဆင်မပြေခဲ့ဘူး။ ဆေးရုံသွားပြတော့ အသက်ကြီးလို့ နားလေးတာ၊ ကုလို့မရဘူးလို့ အဖြေထွက်တယ်။ အဲဒီနောက်မှာတော့ ကျွန်မဟာ တိတ်ဆိတ်နေတဲ့ ကမ္ဘာကြီးထဲမှာ နေထိုင်နေရသလို ခံစားခဲ့ရတယ်။ ဘုရားသခင်ရဲ့ တရားဟောကြားချက်တွေ၊ မိတ်သဟာယဖွဲ့တာတွေကို ကျွန်မ မကြားရတော့ဘူး၊ ဘုရားနှုတ်ကပတ်တော် ဓမ္မတေးတွေကိုလည်း ရှင်းရှင်းလင်းလင်း မကြားရတော့ဘူးလေ။ စုဝေးပွဲတွေမှာ သူတို့ရဲ့ အတွေ့အကြုံတွေ၊ ဒါမှမဟုတ် ဘုရားနှုတ်ကပတ်တော်ရဲ့ သမ္မာတရားနဲ့ ပတ်သက်ပြီး သူတို့ရဲ့ နားလည်သဘောပေါက်မှုတွေကို တခြားလူတွေ မိတ်သဟာယဖွဲ့တဲ့အခါ ကျွန်မ လိုက်နားမထောင်နိုင်တော့ဘူး။ သူတို့ရဲ့ ပါးစပ်လှုပ်တာကို ကြည့်ပြီး နားလည်အောင် ကြိုးစားရင်လည်း သူတို့ ဘာပြောနေမှန်း ကျွန်မ မသဲကွဲဘူး။ ကျွန်မရဲ့ ကိုယ်ခန္ဓာအခြေအနေကြောင့် အသင်းတော်က ကျွန်မကို တာဝန်တွေ မပေးတော့ပါဘူး။ ကျွန်မ တော်တော်လေး ဝမ်းနည်းကြေကွဲမိပြီး တစ်ယောက်တည်းရှိတဲ့အချိန်တွေမှာ မရေမတွက်နိုင်အောင် ငိုခဲ့မိတယ်။ ကျွန်မ တွေးမိတယ်၊ “တကယ်ပဲ အရာရာ ပြီးဆုံးသွားပြီ။ ဘာတာဝန်မှ မထမ်းဆောင်ဘဲနဲ့ ကောင်းချီးမင်္ဂလာ၊ ဒါမှမဟုတ် ကောင်းမွန်တဲ့ ပန်းတိုင်တစ်ခုကို မျှော်လင့်လို့ ရနိုင်ပါဦးမလား။ အကုန်လုံးက စိတ်ကူးယဉ်သက်သက်ပဲ ဖြစ်သွားပြီလား။ ဘုရားသခင်က ငါ့ကို ပစ်ပယ်လိုက်ပြီလား။ အခု ငါ နားလေးနေပြီဆိုတော့ ငါက အလှပြထားတဲ့အရာ၊ အသုံးမကျတဲ့လူ ဖြစ်သွားပြီ မဟုတ်လား။ ငါ ဘာတာဝန်များ ထမ်းဆောင်နိုင်ဦးမှာလဲ။ ဘာသာတရား မရှိသူတွေထဲက တချို့ သက်ကြီးရွယ်အိုတွေဆိုရင် အသက်တစ်ရာကျော်အထိ ရှင်ကြပေမဲ့ သူတို့က အကြားအာရုံနဲ့ အမြင်အာရုံတွေ ကောင်းနေကြသေးတာ။ ငါ ဘုရားနောက်လိုက်တာ ၁၈ နှစ် ရှိခဲ့ပြီ၊ ဒီနှစ်တွေတစ်လျှောက်လုံး ငါ အားကြိုးမာန်တက် အသုံးခံခဲ့သလို တက်တက်ကြွကြွနဲ့ ကိုယ့်တာဝန်တွေကို ထမ်းဆောင်ခဲ့တယ်။ အသင်းတော်က ငါ့ကို ဘာတာဝန်ပဲ ပေးပေး၊ အမြဲတမ်း ဇွဲရှိရှိ၊ တာဝန်ကျေကျေ ထမ်းဆောင်ခဲ့တယ်၊ ငါ့ရဲ့ အသက်အရွယ်ကြောင့် တာဝန်တွေကို အဟန့်အတားမဖြစ်စေခဲ့ဘူး။ ဒါကြောင့် ဘုရားသခင်က ငါ့ကို ကောင်းချီးပေးပြီး စောင့်ရှောက်သင့်တာပေါ့၊ နားမလေးအောင် ကာကွယ်ပေးသင့်တာပေါ့။ ငါ ဘယ်လိုလုပ်ပြီး နားလေးသွားနိုင်ခဲ့ရတာလဲ။ အခုဆို ငါ ဘုရားသခင်ရဲ့ အသံတော်ကို မကြားရတော့သလို ကိုယ့်တာဝန်တွေကိုလည်း မထမ်းဆောင်နိုင်တော့ဘူး။ ဒီလိုပုံစံနဲ့ သမ္မာတရားကို ငါ ဘယ်လိုလုပ် လိုက်စားနိုင်မှာလဲ။ ကယ်တင်ခြင်းရဖို့ ငါ့မှာ မျှော်လင့်ချက် မရှိတော့ဘူး၊ နိုင်ငံတော်ရဲ့ အလှတရားကို လက်လှမ်းမမီတော့ပါဘူး။ အရာရာ ပြီးဆုံးသွားပြီ။ ဘုရားသခင်က ငါ့ကို မလိုချင်တော့ဘူး ထင်ပါရဲ့။ ထားလိုက်ပါတော့၊ ငါ့အသက်က ကိုးဆယ်နီးပါး ရှိနေပြီ၊ နေရဖို့ ဘယ်နှစ်ရက် ကျန်သေးမှန်းလည်း မသိဘူး။ တစ်ရက်ပြီးတစ်ရက်ပဲ ကျော်ဖြတ်လိုက်တော့မယ်” ပေါ့။ ကျွန်မဟာ ဘုရားသခင်အပေါ် ညည်းညူမှုတွေ၊ အထင်လွဲမှားမှုတွေနဲ့ နေထိုင်ခဲ့တယ်၊ တကယ်ကို အပျက်သဘောဆောင်ပြီး ဂနာမငြိမ်ဖြစ်ခဲ့ရတယ်။ အချိန်ကုန်အောင်ဆိုပြီး ဖုန်းသုံးပြီး အချိန်ဖြုန်းလာတယ်၊ ဆုတောင်းတာ၊ ဘုရားနှုတ်ကပတ်တော် ဖတ်တာတွေ မလုပ်ချင်တော့ဘူး။ ကျွန်မရဲ့သမီးက ကျွန်မရဲ့ အခြေအနေဆိုးတာကို မြင်တော့ ကျွန်မနားနားကပ်ပြီး ခဏခဏ အော်ပြောတယ်၊ “အမေက ဘုရားသခင်ကို ယုံကြည်သူ ဖြစ်နေတုန်းပဲမဟုတ်ဘူးလား။ ဘုရားသခင်ဆီကနေ ရောက်လာတဲ့ အခြေအနေတွေကို သမီးတို့ လက်ခံသင့်တယ် မဟုတ်လား။ ဘုရားသခင်ရဲ့ ကယ်တင်ခြင်းကို သမီးတို့ ရနိုင်မရနိုင်ဆိုတာက သမ္မာတရားကို လိုက်စားခြင်း ရှိမရှိဆိုတဲ့အပေါ်မှာ မူတည်တာလေ။ ဘုရားသခင်က နှုတ်ကပတ်တော်တွေ အများကြီး ပြောထားပြီးပြီ၊ သမ္မာတရားတွေ အများကြီး ဖော်ပြထားပြီးပြီ၊ ပြဿနာတိုင်းအတွက် ဘုရားနှုတ်ကပတ်တော်ထဲမှာ ဖြေရှင်းဖို့လမ်းကြောင်း ရှိပါတယ်။ အမေ့မျက်လုံးတွေက ကောင်းနေသေးတာပဲ၊ ဘုရားနှုတ်ကပတ်တော်တွေကို ပိုဖတ်လို့ရတာပဲ။ သက်ကြီးရွယ်အိုတွေအပေါ် ဘုရားသခင်က ဘာတောင်းဆိုထားသလဲ၊ သမီးတို့ဆီ ရောဂါဝေဒနာ ရောက်လာတဲ့အခါ ကိုယ်တော်ရဲ့ ရည်ရွယ်ချက်က ဘာလဲဆိုတာတွေကို ဖတ်ကြည့်လေ။ သမ္မာတရားနဲ့ ကိုယ့်ကိုယ်ကိုယ် ပိုပြီး အဆင်သင့်ပြင်ဆင်မှသာ သမီးတို့ရဲ့ ပြဿနာတွေ ပြေလည်သွားမှာ။ အပျက်သဘောဆောင်ပြီး ဂနာမငြိမ်ဖြစ်နေရုံနဲ့ ဘာအကျိုးထူးမှာလဲ” လို့ပေါ့။ သမီးရဲ့စကားတွေကြောင့် ကျွန်မ နိုးထသွားတယ်။ ကျွန်မစိတ်နှလုံးက ဘုရားသခင်နဲ့ ဝေးကွာနေခဲ့တယ်၊ ဆုတောင်းတာ နည်းခဲ့တယ်၊ ဘုရားနှုတ်ကပတ်တော် ဖတ်တဲ့အခါ အာရုံမစိုက်ခဲ့ဘူး၊ အချိန်ကုန်အောင်ဆိုပြီး ဖုန်းပဲ သုံးပြီး အချိန်ဖြုန်းနေခဲ့မိတယ်။ ကျွန်မဟာ အပျက်သဘောဆောင်တဲ့အထဲမှာ ပိတ်မိနေပြီး ရုန်းမထွက်နိုင်ခဲ့ဘူး။ ကျွန်မရဲ့ ရောဂါဝေဒနာက ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာအောက်မှာ ရှိမှန်း ကျွန်မ သိပေမဲ့၊ လုံးဝ ကျိုးနွံနာခံလို့ မရနိုင်ခဲ့ဘူး။ အဲဒီနောက် ဘုရားနှုတ်ကပတ်တော်တစ်ကြောင်းကို ကျွန်မ သတိရလိုက်တယ်။ “သမ္မာတရားကို လိုက်စားခြင်း၏ အရိုးရှင်းဆုံးသော လက်တွေ့လုပ်ဆောင်ခြင်းမှာ သင်သည် ဘုရားသခင်ထံမှ အရာခပ်သိမ်းကို ခံယူရမည်ဖြစ်ပြီး အရာရာ၌ ကျိုးနွံနာခံရမည်ဟူ၍ ဖြစ်သည်။ ယင်းမှာ ကဏ္ဍတစ်ခု ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ လူတို့သည် အဘယ်ကြောင့် သမ္မာတရားကို လိုက်စားရမည်နည်း) ဘုရားသခင်ရဲ့ ရည်ရွယ်ချက်က ကိုယ်တော့်ဆီကနေ ဖြစ်ပျက်သမျှ အရာအားလုံးကို ကျွန်မတို့ လက်ခံဖို့နဲ့၊ လုံးဝ ကျိုးနွံနာခံမှုရှိရမယ်ဆိုတာကို ကျွန်မ နားလည်ခဲ့တယ်။ ကျွန်မဟာ ဘုရားသခင်ကို ကျိုးနွံနာခံမှု မရှိဘူးဆိုတာရယ်၊ သမ္မာတရားကို လိုက်စားတဲ့သူတစ်ယောက် မဟုတ်ဘူးဆိုတာရယ်ကို အဖြစ်မှန်တွေက ထုတ်ဖော်လိုက်တာပါပဲ။ ကျွန်မ ဘုရားသခင်ရှေ့မှာ ဝပ်တွားပြီး ဆုတောင်းလိုက်တယ်၊ “အို ဘုရားသခင်၊ သမီး အကြားအာရုံ ဆုံးရှုံးသွားကတည်းက သမီးရဲ့အခြေအနေက တော်တော်ဆိုးခဲ့ပါတယ်။ နားလေးသွားလို့ ကယ်တင်ခြင်း၊ ဒါမှမဟုတ် ကောင်းချီးမင်္ဂလာတွေကို မရနိုင်တော့ဘူးလို့ ခံစားရပြီး နာကျင်မှုတွေနဲ့ နေထိုင်ခဲ့မိပါတယ်။ သမီးက ကိုယ်တော့်ကို ဆင်ခြင်တုံတရားမရှိတဲ့ တောင်းဆိုမှုတွေလုပ်ပြီး ညည်းညူခဲ့မိပါတယ်။ သမီးမှာ တကယ်ကို အသိစိတ်နဲ့ ဆင်ခြင်တုံတရား ကင်းမဲ့ခဲ့တယ်။ အို ဘုရားသခင်၊ ဒီမှားယွင်းတဲ့ အခြေအနေထဲကနေ ထွက်နိုင်ဖို့ သမီးကို ဉာဏ်အလင်းပေးပြီး လမ်းပြပေးတော်မူပါ” လို့ပေါ့။

နောက်ပိုင်းမှာ ကျွန်မ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ကြည့်တယ်၊ “နားလေးတာက ငါ့ကို ဘာလို့ ဒီလောက် နာကျင်စေရတာလဲ။ ဘုရားသခင်ကို ကျိုးနွံနာခံတဲ့ စိတ်နှလုံး ငါ့မှာ ဘာလို့ မရှိနိုင်ရတာလဲ” ဆိုပြီးတော့ပေါ့။ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ ဖတ်လိုက်ရတယ်။ “ဘုရားသခင်၌ သူတို့၏ ယုံကြည်ခြင်းတွင် လူတို့ ရှာဖွေကြသည့်အရာမှာ အနာဂတ်အတွက် ကောင်းချီးမင်္ဂလာများကို ရရှိရန်ဖြစ်သည်၊ ဤသည်မှာ သူတို့၏ ယုံကြည်ခြင်းထဲက သူတို့၏ ရည်ရွယ်ချက်ဖြစ်သည်။ လူအပေါင်း၌ ဤရည်ရွယ်ချက်နှင့် မျှော်လင့်ချက် ရှိကြသည်။ သို့သော်လည်း သူတို့၏သဘာဝဗီဇအတွင်းမှ ဖောက်ပြန်ပျက်စီးခြင်းကို စမ်းသပ်မှုများနှင့် စစ်ဆေးခြင်းတို့အားဖြင့် ဖြေရှင်းရမည်ဖြစ်သည်။ သင်တို့အနေဖြင့် သန့်စင်စေခြင်း မခံရသေးသော၊ ဖောက်ပြန်ပျက်စီးခြင်းကို ဖွင့်ပြသော မည်သည့်ကဏ္ဍများတွင်မဆို ယင်းကဏ္ဍများ၌ စစ်ဆေးခြင်းကို သင်ခံရမည်၊ ဤသည်မှာ ဘုရားသခင်၏ အစီအစဉ်ဖြစ်သည်။ ဘုရားသခင်သည် သင့်အတွက် ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးပေးသည်၊ သင်၏ဖောက်ပြန်ပျက်စီးခြင်းကို သင်သိနိုင်ရန် ထိုနေရာတွင် သင့်ကို မဖြစ်မနေ အစစ်ဆေးခံစေသည်။ အဆုံးတွင် သင်သည် သင်၏ ရည်ရွယ်ချက်များနှင့် အလိုဆန္ဒများကို စွန့်လွှတ်ရန်၊ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်ကို ကျိုးနွံနာခံရန် သေသာသေလိုသည့် အနေအထားသို့ ရောက်သည်။ ထို့ကြောင့် အကယ်၍ လူတို့သည် နှစ်အနည်းငယ် စစ်ဆေးခံရခြင်း မရှိပါက၊ အကယ်၍ ၎င်းတို့သည် အတိုင်းအတာတစ်ခုအထိ ဒုက္ခဆင်းရဲခြင်းကို မခံရပါက ၎င်းတို့သည် ၎င်းတို့၏အတွေးများနှင့် စိတ်နှလုံးများထဲမှ ဇာတိပကတိဖောက်ပြန်ပျက်စီးခြင်း၏ ဘောင်ခတ်မှုများကို ဖယ်ရှားနိုင်မည် မဟုတ်ပေ။ လူတို့သည် မိမိတို့၏ စာတန်ဆန်သော သဘာဝ၏ ဘောင်ခတ်မှုများကို ခံနေရသေးသော မည်သည့်ကဏ္ဍများတွင်မဆို၊ ၎င်းတို့၏ ကိုယ်ပိုင် လိုအင်ဆန္ဒများ၊ ၎င်းတို့၏ တောင်းဆိုမှုများ ရှိနေသေးသော မည်သည့်ကဏ္ဍများတွင်မဆို ၎င်းတို့ ဒုက္ခဆင်းရဲခံသင့်သည့် ကဏ္ဍများမှာ ဤသည်တို့ဖြစ်သည်။ ဒုက္ခဆင်းရဲမှတစ်ဆင့်သာ လူတို့သည် သင်ခန်းစာများကို သင်ယူနိုင်ပြီး ယင်းမှာ ၎င်းတို့သည် သမ္မာတရားကို ရနိုင်ကာ ဘုရားသခင်၏ ရည်ရွယ်ချက်များအား နားလည်နိုင်သည်ဟု ဆိုလိုသည်။ အမှန်အားဖြင့် သမ္မာတရားများစွာကို ဆင်းရဲဒုက္ခနှင့် စမ်းသပ်မှုများအား တွေ့ကြုံခြင်းဖြင့် နားလည်ကြခြင်း ဖြစ်သည်။ သက်သောင့်သက်သာရှိပြီး လွယ်ကူသော ပတ်ဝန်းကျင်တစ်ခု၌ ရှိသောအခါ၊ သို့မဟုတ် အခြေအနေများ ကောင်းမွန်နေသောအခါ၌ မည်သူမျှ ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားလည်နိုင်ခြင်း၊ ဘုရားသခင်၏ အနန္တတန်ခိုးနှင့် ဉာဏ်ပညာကို အသိအမှတ်ပြုနိုင်ခြင်း၊ သို့မဟုတ် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားကို နားလည်သဘောပေါက်ခြင်း ရှိနိုင်မည် မဟုတ်ပေ။ ထိုအရာမှာ ဖြစ်နိုင်လိမ့်မည် မဟုတ်ပေ။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး) ဘုရားနှုတ်ကပတ်တော်ရဲ့ ဉာဏ်အလင်းပေးခြင်းနဲ့ လမ်းပြမှုကနေတစ်ဆင့် ကျွန်မ သဘောပေါက်ခဲ့တာက ကျွန်မဟာ ကောင်းချီးမင်္ဂလာရဖို့အတွက်ပဲ ဘုရားသခင်ကို အမြဲ ယုံကြည်ခဲ့တာပါ။ ကိုယ့်တာဝန်ကို သေချာထမ်းဆောင်သရွေ့ ကယ်တင်ခြင်းရဖို့ မျှော်လင့်ချက်ရှိမယ်လို့ ယုံကြည်ခဲ့တယ်။ ကောင်းမွန်တဲ့ ပန်းတိုင်တစ်ခုနဲ့ ကောင်းချီးမင်္ဂလာတွေ ရရှိဖို့အတွက် အသင်းတော်က ကျွန်မကို ဘာတာဝန်ပဲ စီစဉ်ပေးပါစေ ကျွန်မ လက်ခံနာခံပြီး လုံ့လဝီရိယရှိရှိလည်း လုပ်ဆောင်ခဲ့တယ်။ ကျွန်မ အသက်ကြီးပြီး စာအုပ်တွေကို စီမံခန့်ခွဲရတာ ခက်ခဲပေမဲ့၊ ပင်ပန်းခက်ခဲတာကို ဘယ်တုန်းကမှ မညည်းညူခဲ့သလို၊ အသက်အရွယ်ကြောင့် ကိုယ့်တာဝန်ကို ထိခိုက်အောင် မလုပ်ခဲ့ဘူး။ ဒါပေမဲ့ နားလေးသွားပြီးတဲ့နောက်မှာ ဘုရားသခင်ရဲ့ တရားဟောကြားချက်တွေ၊ မိတ်သဟာယဖွဲ့တာတွေကို ကျွန်မ မကြားရတော့ဘူး၊ ဘုရားနှုတ်ကပတ်တော် ဓမ္မတေးတွေကိုလည်း မသင်ယူနိုင်တော့ဘူး။ ပြီးတော့ ညီအစ်ကိုမောင်နှမတွေနဲ့ စုဝေးတဲ့အခါ ဘုရားနှုတ်ကပတ်တော်နဲ့ပတ်သက်တဲ့ သူတို့ရဲ့ နားလည်သဘောပေါက်မှုတွေကို သူတို့ မိတ်သဟာယဖွဲ့တာ ကျွန်မ မကြားနိုင်တော့ဘူး။ ဒါကြောင့် ဒီအဆင့်အမှုတော်ကို လက်ခံတုန်းကလည်း ကျွန်မ အသက်ကြီးနေပြီ၊ အခုလို ဘာမှ မကြားနိုင်တော့တဲ့အခါကျတော့ သမ္မာတရား ရရှိဖို့ ပိုတောင် နည်းသွားပြီလို့ ခံစားခဲ့ရတယ်။ အထူးသဖြင့် အသင်းတော်က ကျွန်မကို တာဝန်တွေ စီစဉ်မပေးတော့တဲ့အခါ ကောင်းချီးမင်္ဂလာတွေ မရတော့မှာကို စိုးရိမ်လာပြီး တကယ်ကို နာကျင်ခံစားခဲ့ရတယ်။ ဆုတောင်းတာ၊ သမ္မာတရား ရှာဖွေတာတွေကို ရပ်လိုက်ပြီး ဖုန်းပဲသုံးပြီး အချိန်ဖြုန်းနေခဲ့တယ်။ အပျက်သဘောဆောင်ပြီး အတိုက်အခံလုပ်တဲ့ သဘောထားကို လက်ကိုင်ထားလိုက်တယ်၊ တစ်ရက်ပြီးတစ်ရက်ပဲ စခန်းသွားလိုက်တော့တယ်။ ဒီကိစ္စကသာ ကျွန်မကို ထုတ်ဖော်မပေးခဲ့ရင် ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ပြီး သိနားလည်မိမှာ မဟုတ်ဘူး၊ ပြီးတော့ ကိုယ့်တာဝန်တွေကို ကောင်းကောင်းထမ်းဆောင်နေတယ်လို့ပဲ ထင်နေဦးမှာ။ ကျွန်မ လုပ်သမျှ အရာအားလုံးက ကိုယ့်ရဲ့ ကောင်းချီးမင်္ဂလာနဲ့ ကောင်းမွန်တဲ့ ပန်းတိုင်အတွက်ဖြစ်ပြီး ဘုရားသခင်ကို ကျေနပ်စေဖို့ လုံးဝ မဟုတ်မှန်း အခု ကျွန်မ မြင်သွားပြီ။ ဒီလို ဆင်ခြင်သုံးသပ်မှုကနေတစ်ဆင့် ကျွန်မရဲ့ သဘာဝက ဘယ်လောက်တောင် အရုပ်ဆိုးပြီး စက်ဆုပ်စရာကောင်းမှန်း နားလည်ခဲ့တယ်။ ကျွန်မက လူသားတစ်ယောက်ပါလို့ ဘယ်လိုလုပ် ပြောနိုင်မှာလဲ။ “ငါ ဘုရားသခင်ကို ယုံကြည်လာတာ ၁၈ နှစ် ရှိပြီ၊ ဒါကြောင့် ကိုယ်တော်က ငါ့ကို ကောင်းချီးပေးပြီး စောင့်ရှောက်သင့်တယ်” လို့ ဘယ်လိုလုပ်ပြီး ပြောနိုင်ခဲ့ရတာလဲ။ ကျွန်မ တော်တော်ကို ရှက်မိပါတယ်။ ကျွန်မ တကယ်ကို အရှက်မရှိခဲ့တာပါ။ ကျွန်မရဲ့ စိတ်သဘောထားက လုံးဝ မပြောင်းလဲခဲ့ပါဘူး။ ၁၈ နှစ်တာ ယုံကြည်မှုကို ထားဦး၊ ၂၈ နှစ်၊ ၃၈ နှစ် ယုံခဲ့တယ်ဆိုရင်တောင် အသုံးမဝင်ဘဲ ဖြစ်နေဦးမှာပါပဲ။

ဝတ်ပြုနေတုန်းမှာ ဒီဘုရားနှုတ်ကပတ်တော်အပိုဒ်ကို ကျွန်မ ဖတ်ခဲ့တယ်။ “မည်သည့်အကြောင်းရင်းအရ သင်သည် ဖန်ဆင်းခံတစ်ဦး ဘုရားသခင်ကို တောင်းဆိုမှုများပြုသနည်း။ လူများသည် ဘုရားသခင်ကို တောင်းဆိုမှုများ ပြုဖို့ အရည်အချင်းမပြည့်မီပေ။ ဘုရားသခင်ကို တောင်းဆိုမှုများပြုခြင်းထက် သာ၍မလျော်ကန်သည့်အရာ မည်သည့်အရာမျှမရှိပေ။ ဘုရားသခင်၏အလိုတော်သည် သူပြုသင့်သည့်အမှုကို ပြုမည်ဖြစ်ပြီး ကိုယ်တော်၏စိတ်သဘောထားသည် ဖြောင့်မတ်ပေသည်။ ဖြောင့်မတ်ခြင်းတရားသည် တရားမျှတခြင်း သို့မဟုတ် ကျိုးကြောင်းဆီလျော်ခြင်း မည်သို့မျှ မဟုတ်ပေ၊ ယင်းသည် သာတူညီမျှရေးဝါဒ မဟုတ်၊ သို့မဟုတ် သင်လုပ်ဆောင် ပြီးစီးသည့် အလုပ်နှင့်အညီ သင်ရသင့်ရထိုက်သောအရာကို ခွဲဝေသတ်မှတ်ပေးခြင်း မဟုတ်ပေ၊ သို့မဟုတ် သင် လုပ်ဆောင်ပြီးစီးသည့် မည်သည့်အလုပ်မဆိုအတွက် ပေးချေခြင်း သို့မဟုတ် သင်၏ အားစိုက်ထုတ်ခြင်းအရ ပေးထိုက်သောအရာကို ပေးခြင်း မဟုတ်ပေ။ ဤအရာသည် ဖြောင့်မတ်ခြင်း မဟုတ်ပေ။ သမာသမတ်ကျပြီး သင့်မြတ်လျော်ကန်ခြင်းမျှသာ ဖြစ်သည်။ လူနည်းစုကသာလျှင် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားကို သိကျွမ်းနိုင်စွမ်း ရှိသည်။ ယောဘက ဘုရားသခင် အကြောင်းသက်သေခံပြီးနောက်တွင် ကိုယ်တော်က သူ့ကို သုတ်သင်ရှင်းလင်းလိုက်သည် ဆိုပါစို့။ ဤသည်မှာ ဖြောင့်မတ်ပါမည်လော။ စင်စစ်အားဖြင့် ဖြောင့်မတ်ပေလိမ့်မည်။ ဤအရာကို ဖြောင့်မတ်ခြင်းဟု အဘယ်ကြောင့် ခေါ်သနည်း။ ဖြောင့်မတ်ခြင်းကို လူတို့က မည်သို့ရှုမြင်ကြသနည်း။ တစ်စုံတစ်ခုသည် လူတို့၏ အယူအဆများနှင့်ကိုက်ညီလျှင် ဘုရားသခင်သည် ဖြောင့်မတ်သည်ဟု ၎င်းတို့ပြောရန် အလွန်လွယ်ကူသည်။ သို့ရာတွင် ထိုအရာသည် ၎င်းတို့၏အယူအဆများနှင့် ကိုက်ညီသည်ဟု မမြင်ပါက၊ ယင်းသည် ၎င်းတို့ နားလည်နိုင်သည့် တစ်စုံတစ်ရာ မဟုတ်ပါက ၎င်းတို့အနေဖြင့် ဘုရားသခင်သည် ဖြောင့်မတ်သည်ဟု ပြောရန် ခက်ခဲပေလိမ့်မည်။ ဘုရားသခင်သည် ယောဘကို ထိုအချိန်က ဖျက်ဆီးခဲ့ပါက၊ လူများက သူသည် ဖြောင့်မတ်သည်ဟု ပြောပြီးဖြစ်လိမ့်မည် မဟုတ်ပေ။ အမှန်တွင် လူများသည် ဖောက်ပြန်ပျက်စီးပြီးဖြစ်စေ မပျက်စီးပြီးဖြစ်စေ၊ ၎င်းတို့သည် အလွန့်အလွန် ဖောက်ပြန်ပျက်စီးပြီးဖြစ်စေ၊ မပျက်စီးပြီးဖြစ်စေ ဘုရားသခင် ၎င်းတို့ကို ဖျက်ဆီးသည့် အချိန်တွင် သူ၏လုပ်ရပ်အတွက် အကျိုးသင့်အကြောင်းသင့် ရှင်းပြဖို့ လိုသလော။ သူသည် မည်သည့်အကြောင်းရင်းအရ ထိုသို့လုပ်ဆောင်သည်ကို လူများကို ရှင်းပြဖို့ လိုအပ်သင့်သလော။ ဘုရားသခင်က သူပြဋ္ဌာန်းထားသည့် စည်းကမ်းများကို လူတို့အား ပြောပြရမည်လော။ မလိုအပ်ပေ။ ဘုရားသခင်၏အမြင်တွင် တစ်စုံတစ်ဦးသည် ဖောက်ပြန်ပျက်စီးပြီး ဘုရားကို ဆန့်ကျင်နိုင်ခြေ ရှိသည့်အပြင် အဘယ်တန်ဖိုးမျှ မရှိလျှင် ထိုသူကို ဘုရားက မည်သို့ကိုင်တွယ်သည်ဖြစ်စေ သင့်တော်နေပေလိမ့်မည်၊ ပြီးလျှင် အားလုံးသည် ဘုရားသခင်၏ အစီအစဉ်များဖြစ်သည်။ သင်သည် ဘုရားသခင်၏အမြင်တွင် သဘောမကျဖြစ်စေပါက၊ ပြီးလျှင် သင်၏သက်သေခံချက်ပြီးသည့်နောက် သူ့အတွက် သင်သည် အသုံးမတည့်တော့သောကြောင့် သင့်ကို ဖျက်ဆီးခဲ့သည် ဟု သူပြောခဲ့ပါက၊ ဤသည်မှာရော သူ၏ဖြောင့်မတ်ခြင်း ဖြစ်မည်လော။ ဖြောင့်မတ်ခြင်း ဖြစ်ပေမည်။ ယခုအခါတွင် အချက်အလက်များမှ သင်သည် သတိပြုနိုင်စွမ်း မရှိနိုင်သော်လည်း၊ အယူအဆအရ သင်နားလည်ရမည်။...ဘုရားသခင် ပြုသောအမှုအားလုံးသည် ဖြောင့်မတ်သည်။ ယင်းသည် လူတို့သည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းတရားကို သိမှတ်နားလည်ခြင်း မရှိနိုင်သော်လည်း ၎င်းတို့သည် မိမိတို့သဘောရှိ ဝေဖန်တိက မပြုသင့်ပေ။ ဘုရားပြုသော အမှုတစ်စုံတစ်ရာသည် လူတို့အတွက် ကျိုးကြောင်းမဆီလျော်သကဲ့သို့ ထင်ရလျှင်၊ သို့မဟုတ် ၎င်းတို့၌ ထိုအရာနှင့်ပတ်သက်၍ အယူအဆများရှိပြီး ယင်းကြောင့် ဘုရားသခင်သည် မဖြောင့်မတ်ဟု ၎င်းတို့ပြောလျှင် သင်သည် အကျိုးသင့် အကြောင်းသင့် မရှိဆုံးဖြစ်သည်။ ပေတရုသည် အချို့သော အမှုအရာများကို နားမလည်နိုင်ကြောင်း တွေ့ရှိသော်လည်း ထိုအမှုအရာများထဲတွင် ဘုရားသခင်၏ဉာဏ်ပညာ ပါရှိပြီး ကိုယ်တော်၏စိတ်စေတနာ ပါဝင်ကြောင်း သူသေချာသည်ကို သင်တွေ့ရမည်။ လူတို့သည် အရာခပ်သိမ်းကို နားလည်သဘောပေါက်နိုင်စွမ်း မရှိပေ။ ၎င်းတို့ နားလည်သဘောမပေါက်နိုင်သော အရာများစွာ ရှိသည်။ ထို့ကြောင့် ဘုရားသခင်၏စိတ်သဘောထားကို သိရန်မှာ လွယ်ကူသောအရာ မဟုတ်ပေ။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး) ဘုရားနှုတ်ကပတ်တော်တွေကို ဆင်ခြင်တွေးတောရင်း ကျွန်မဟာ ဘုရားသခင်ရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားကို နားမလည်မှန်း သဘောပေါက်ခဲ့တယ်။ ဘုရားသခင်ရဲ့ လုပ်ဆောင်မှုတွေက ကျွန်မရဲ့ အယူအဆတွေနဲ့ ကိုက်ညီတဲ့အခါ ကျွန်မ လက်ခံနိုင်ပြီး ဘုရားသခင်က ဖြောင့်မတ်တယ်လို့ ပြောနိုင်ပေမဲ့၊ မကိုက်ညီတဲ့အခါကျတော့ ဘုရားသခင်က ဖြောင့်မတ်တယ်ဆိုတာကို ကျွန်မ လက်မခံနိုင်ခဲ့ဘူး။ ဘုရားသခင်ကို စတွေ့ပြီးနောက်မှာ အသင်းတော်က ဘာတာဝန်ပဲ စီစဉ်ပေးပါစေ ကျွန်မ ကျိုးနွံနာခံနိုင်တယ်၊ ကိုယ့်တာဝန်တွေကို လုံ့လဝီရိယရှိရှိ ထမ်းဆောင်ခဲ့ပြီး အသက်ကြီးတာကြောင့် ဘယ်တော့မှ မနှောင့်နှေးစေခဲ့ဘူးလို့ အမြဲယုံကြည်ခဲ့တယ်။ ဒါကြောင့် ဘုရားသခင်က ကျွန်မကို ကောင်းချီးပေးသင့်တယ်၊ ကျွန်မ နားလေးတာကို ခွင့်မပြုခဲ့သင့်ဘူး။ ဒီလိုလုပ်ပေးမှပဲ ကိုယ်တော်က ဖြောင့်မတ်မယ်လို့ ကျွန်မ ထင်ခဲ့တယ်။ အခု နားလေးလို့ တာဝန်တွေ မထမ်းဆောင်နိုင်တော့တဲ့အခါ၊ ကောင်းချီးမင်္ဂလာရဖို့ ကျွန်မရဲ့ ပန်းတိုင် မပြည့်မြောက်တော့တဲ့အခါ ဘုရားသခင်က မဖြောင့်မတ်ဘူးလို့ ကျွန်မ ခံစားခဲ့ရတယ်။ ဒါပေမဲ့ ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက်မှာ ကျွန်မ ယုံကြည်ခဲ့တာတွေက ကျွန်မရဲ့ အယူအဆတွေနဲ့ စိတ်ကူးယဉ်မှုတွေသာ ဖြစ်ပြီး သမ္မာတရားနဲ့ မကိုက်ညီမှန်း သဘောပေါက်ခဲ့တယ်။ “အလုပ်များများလုပ်လေ များများရလေ၊ အလုပ်နည်းနည်းလုပ်လေ နည်းနည်းရလေ၊ အလုပ်မလုပ်ရင် အခကြေးငွေမရဘူး” ဆိုတဲ့ လောကီအမြင်ကိုသုံးပြီး ဘုရားသခင်ရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားကို ကျွန်မ တိုင်းတာနေခဲ့တာကိုး။ ကျွန်မရဲ့အမြင်က မှားနေခဲ့ပါတယ်။ ဘုရားသခင်ရဲ့ လုပ်ဆောင်မှုတွေက လူ့အယူအဆတွေနဲ့ ကိုက်ညီသည်ဖြစ်စေ၊ မကိုက်ညီသည်ဖြစ်စေ ကိုယ်တော်ရဲ့ ကောင်းမွန်တဲ့ ရည်ရွယ်ချက်တွေက အဲဒီအထဲမှာ အမြဲရှိပါတယ်။ ဖန်ဆင်းခံတစ်ဦးအပေါ် ဘုရားသခင် ဘာပဲလုပ်လုပ် ဖြောင့်မတ်ပါတယ်။ ဘာလို့လဲဆိုတော့ ဘုရားသခင်ရဲ့ အနှစ်သာရက ဖြောင့်မတ်ခြင်း ဖြစ်လို့ပါပဲ။ ကျွန်မရဲ့ အယူအဆတွေနဲ့ အဲဒါကို မတိုင်းတာသင့်ပါဘူး။ ဘုရားသခင်က ပြောသည် “ဘုရားသခင်၏အမြင်တွင် တစ်စုံတစ်ဦးသည် ဖောက်ပြန်ပျက်စီးပြီး ဘုရားကို ဆန့်ကျင်နိုင်ခြေ ရှိသည့်အပြင် အဘယ်တန်ဖိုးမျှ မရှိလျှင် ထိုသူကို ဘုရားက မည်သို့ကိုင်တွယ်သည်ဖြစ်စေ သင့်တော်နေပေလိမ့်မည်၊ ပြီးလျှင် အားလုံးသည် ဘုရားသခင်၏ အစီအစဉ်များဖြစ်သည်။” ကျွန်မက သာမန် ဖန်ဆင်းခံလေးတစ်ယောက်ပါပဲ၊ ဘုရားသခင်ကို တောင်းဆိုမှုတွေလုပ်ဖို့ ကျွန်မမှာ ဘာအခွင့်အရေး ရှိလို့လဲ။ ဘုရားသခင်အပေါ် ကျွန်မရဲ့ ဆင်ခြင်တုံတရားမဲ့တဲ့ တောင်းဆိုမှုတွေကို တွေးမိတဲ့အခါ ကျွန်မ အကြီးအကျယ် ဝမ်းနည်းနောင်တရပြီး မျက်ရည်တွေ စီးကျလာပါတယ်။ ကျွန်မအသက် ၈၇ နှစ် ရှိနေပြီ၊ ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်နိုင်သေးတယ်၊ ဒါကိုက ဘုရားသခင်ရဲ့ စောင့်ရှောက်မှုနဲ့ ကျေးဇူးတော်ပဲလေ။ အဲဒီအချိန်ကစပြီး ဘုရားသခင်ကို ကျွန်မ ဘာမှ တောင်းဆိုလို့မဖြစ်တော့ဘူး၊ ကိုယ်တော်ရဲ့ စီစဉ်ညွှန်ကြားမှုတွေနဲ့ အစီအစဉ်တွေကို ကျွန်မ ကျိုးနွံနာခံရပါမယ်။

ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ထပ်ဖတ်ခဲ့တယ်။ “ငါသည် လူတစ်ဦးစီ၏ ပန်းတိုင်ကို ၎င်းတို့ မည်မျှ သနားစရာကောင်းသည်ကိုမဆိုထားနှင့်၊ အသက်၊ ဝါ၊ သို့မဟုတ် ဒုက္ခခံစားရမှု ပမာဏကို အခြေခံ၍ ဆုံးဖြတ်ခြင်း မဟုတ်ဘဲ ၎င်းတို့၌ သမ္မာတရား ပိုင်ဆိုင်ခြင်း ရှိမရှိဟူသည်နှင့်အညီသာ ဆုံးဖြတ်ပေသည်။ ဤအရာမှတစ်ပါး တခြားရွေးချယ်စရာ မရှိ။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်၏ ပန်းတိုင်အတွက် လုံလောက်သော ကောင်းမှုများကို ပြင်ဆင်လော့) ဘုရားနှုတ်ကပတ်တော်ကနေတစ်ဆင့် ကျွန်မ နားလည်ခဲ့တာက လူတစ်ယောက်ရဲ့ ပန်းတိုင်ကို ဘုရားသခင် ဆုံးဖြတ်တဲ့အခါ သူတို့ အပေါ်ယံမှာ ဆင်းရဲဒုက္ခ ဘယ်လောက်ခံစားခဲ့ရတယ်၊ ဒါမှမဟုတ် အလုပ်ဘယ်လောက်လုပ်ခဲ့တယ် ဆိုတဲ့အပေါ်မှာ အခြေမခံပါဘူး၊ သူတို့ရဲ့ စိတ်သဘောထား ပြောင်းလဲခြင်း ရှိမရှိဆိုတဲ့အပေါ်မှာပဲ အခြေခံပါတယ်။ ဒီနှစ်တွေတစ်လျှောက်လုံး ကျွန်မ ကိုယ့်တာဝန်ကို အမြဲထမ်းဆောင်ခဲ့ပြီး ဆင်းရဲဒုက္ခတချို့ ခံခဲ့ရပေမဲ့၊ ကိုယ့်ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားအကြောင်း သိပ်မသိခဲ့ပါဘူး။ ပြီးတော့ ဘုရားသခင်ရဲ့ အမှုတော်က ကျွန်မရဲ့ အယူအဆတွေနဲ့ မကိုက်ညီတဲ့အခါ ကိုယ်တော့်ကို ညည်းညူပြီး အတိုက်အခံလုပ်နိုင်တုန်းပါပဲ။ ဒီနှစ်တွေအများကြီး ဘုရားသခင်ကို ယုံကြည်ပြီးတာတောင် ကျွန်မရဲ့ စိတ်သဘောထားက မပြောင်းလဲသေးဘဲနဲ့ ကယ်တင်ခြင်းနဲ့ ကောင်းမွန်တဲ့ ပန်းတိုင်တစ်ခုကို မျှော်လင့်နေတာဟာ စိတ်ကူးယဉ်သက်သက်ပဲ ဖြစ်မှန်း ကျွန်မ မြင်သွားတယ်။ နားလေးသွားပေမဲ့ ကျွန်မမျက်လုံးတွေက ကောင်းနေတုန်းပဲ၊ ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်နိုင်တုန်းပဲ၊ ဒါကြောင့် နောင်ကျရင် ဘုရားနှုတ်ကပတ်တော်တွေအပေါ် ကျွန်မ ပိုအာရုံစိုက်ရမယ်၊ ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို နားလည်ပြီး ဖြေရှင်းဖို့ သမ္မာတရားကို ပိုရှာဖွေရမယ်၊ ပြီးတော့ စိတ်သဘောထား ပြောင်းလဲမှုကို ရရှိအောင် လုပ်ရမယ်။

နောက်ပိုင်းမှာ ညီအစ်မတစ်ယောက်က ကျွန်မရဲ့ အတွေ့အကြုံကို နားထောင်ပြီးတော့ တာဝန်ထမ်းဆောင်တာနဲ့ ကောင်းချီးမင်္ဂလာရတာ၊ ဘေးဒုက္ခရောက်တာတို့ရဲ့ ဆက်စပ်မှုကို ကျွန်မ နားမလည်သေးဘူးလို့ ထောက်ပြတယ်။ ပြီးတော့ ကျွန်မဖတ်ဖို့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ဝေမျှပေးတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “လူ၏တာဝန်နှင့် လူသည် ကောင်းချီးမင်္ဂလာများ လက်ခံရရှိခြင်း သို့မဟုတ် ကံမကောင်းအကြောင်းမလှခြင်းကို ခံစားရခြင်း ဟူသည်တို့ကြားတွင် အချင်းချင်း ဆက်နွှယ်နေမှု မရှိပေ။ တာဝန်သည် လူက ဖြည့်ဆည်းသင့်သည့်အရာ ဖြစ်သည်။ ယင်းသည် ကောင်းကင်ဘုံက လာသည့် သူ၏ဘဝပေးတာဝန်ဖြစ်ပြီး ဆုလာဘ်၊ အခြေအနေများ သို့မဟုတ် အကြောင်းရင်းများပေါ်တွင် မမူတည်သင့်ပေ။ ထိုအခါမှသာ သူ၏တာဝန်ကို သူ လုပ်ဆောင်နေခြင်း ဖြစ်သည်။ ကောင်းချီးမင်္ဂလာ လက်ခံရရှိခြင်းဟူသည်မှာ တစ်စုံတစ်ဦးသည် တရားစီရင်ခြင်းကို ကြုံရပြီးနောက် စုံလင်စေခြင်းခံရကာ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများကို မွေ့လျော်ရခြင်း ဖြစ်သည်။ ကံမကောင်းအကြောင်းမလှခြင်းကို ခံစားရခြင်းဟူသည်မှာ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ကို ကြုံရပြီးနောက် လူတစ်ဦး၏ စိတ်သဘောထား မပြောင်းလဲခြင်း ဖြစ်သည်၊ ၎င်းတို့သည် စုံလင်စေခြင်းကို မတွေ့ကြုံရဘဲ အပြစ်ပေးခံရသည်။ ၎င်းတို့ ကောင်းချီးမင်္ဂလာများ လက်ခံရရှိသည်ဖြစ်စေ၊ ကံမကောင်းအကြောင်းမလှခြင်းကို ခံစားရသည်ဖြစ်စေ ဖန်ဆင်းခံသတ္တဝါများသည် ၎င်းတို့ လုပ်ဆောင်သင့်သည့်အရာကို လုပ်ဆောင်ရင်းနှင့် လုပ်ဆောင်နိုင်သည့်အရာကို လုပ်ဆောင်ရင်း၊ ၎င်းတို့၏တာဝန်ကို ဖြည့်ဆည်းသင့်ကြပေသည်။ ဤသည်မှာ လူတစ်ဦးအနေဖြင့်၊ ဘုရားသခင် နောက်ကိုလိုက်သည့် လူတစ်ဦးက အနည်းဆုံး လုပ်ဆောင်သင့်သည့်အရာ ဖြစ်သည်။ သင်သည် ကောင်းချီးမင်္ဂလာ လက်ခံရရှိရန်သာ သင်၏တာဝန်ကို မလုပ်ဆောင်သင့်သကဲ့သို့၊ ကံမကောင်းအကြောင်းမလှခြင်းကို ခံစားရမည်ကို ကြောက်ရွံ့ခြင်းအတွက် ဆောင်ရွက်ရန် မငြင်းဆန်သင့်ပေ။ ဤအရာတစ်ခုကို သင်တို့အား ငါပြောပါရစေ။ သူ၏တာဝန်နှင့်သက်ဆိုင်သည့် လူ၏ စွမ်းဆောင်မှုသည် သူလုပ်ဆောင်သင့်သည့်အရာ ဖြစ်ပြီး သူသည် သူ၏တာဝန်ကို ဆောင်ရွက်နိုင်စွမ်း မရှိပါက ဤသည်မှာ သူ၏ ပုန်ကန်မှုဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ့ဇာတိခံ ဘုရားသခင်၏အမှုတော်နှင့် လူ၏တာဝန်ကြား ကွဲပြားခြားနားမှု) ဖတ်ရှုပြီး ဆင်ခြင်တွေးတောလိုက်တော့ လူတစ်ယောက်ရဲ့ တာဝန်ဆိုတာ ဘုရားသခင် ပေးအပ်ထားတဲ့ တာဝန်ပေးစေခိုင်းချက် ဖြစ်မှန်း၊ ဒါဟာ ကောင်းချီးမင်္ဂလာရတာ၊ ဘေးဒုက္ခရောက်တာတွေနဲ့ မသက်ဆိုင်ဘဲ လူသားရဲ့ မရှောင်လွှဲအပ်တဲ့ တာဝန်ဝတ္တရား ဖြစ်မှန်း ကျွန်မ သဘောပေါက်လိုက်တယ်။ ယုံကြည်သူတစ်ယောက်အနေနဲ့ ကိုယ့်တာဝန်ကို ထမ်းဆောင်နိုင်တာဟာ ကောင်းချီးမင်္ဂလာနဲ့ ဂုဏ်ကျက်သရေတစ်ခုပါပဲ။ တာဝန်ထမ်းဆောင်ရင်းနဲ့ သမ္မာတရားကို လိုက်စားပြီး စိတ်သဘောထား ပြောင်းလဲမှုကို ရရှိမှသာ ဘုရားသခင်ရဲ့ အသိအမှတ်ပြုခြင်းကို ကျွန်မ ရနိုင်မှာပါ။ ကျွန်မရဲ့ စိတ်သဘောထားသာ မပြောင်းလဲရင် တာဝန်တွေ ဘယ်လောက်ပဲ ထမ်းဆောင်ခဲ့ပါစေ၊ ခရီးတွေ ဘယ်လောက်ပဲ သွားခဲ့ပါစေ၊ သမ္မာတရားကို မလိုက်စားရင် အားလုံးက အချည်းနှီးဖြစ်ပြီး ကျွန်မ ကယ်တင်ခြင်း ရနိုင်မှာ မဟုတ်ပါဘူး။ ပေါလုဆိုရင် ဘယ်သူ့ထက်မဆို အလုပ်ပိုလုပ်ခဲ့ပေမဲ့ သူ့ရဲ့ စိတ်သဘောထားက မပြောင်းလဲခဲ့ဘူး။ သူ့အလုပ်မှာ ပေးဆပ်မှုတွေနဲ့ ကြိုးစားအားထုတ်မှုတွေက ဘုရားသခင်ကို ကျေနပ်စေဖို့ မဟုတ်ဘဲ သရဖူတွေနဲ့ ဆုလာဘ်တွေ ရဖို့အတွက် ဖြစ်နေတယ်။ ဒါက ဘုရားသခင်ရဲ့ သတ်မှတ်ချက်တွေနဲ့ ဆန့်ကျင်နေပြီး သူက ဘုရားသခင်ကို အတိုက်အခံလုပ်တဲ့ လမ်းကြောင်းကို လျှောက်ခဲ့တယ်။ ရလဒ်အနေနဲ့ သူ အပြစ်ဒဏ်ပေးခံရပြီး ငရဲရောက်သွားခဲ့တယ်။ ကောင်းချီးမင်္ဂလာ လိုက်စားချင်တဲ့ ကျွန်မရဲ့ ရည်ရွယ်ချက်ကို စွန့်လွှတ်ရမယ်၊ ပြီးတော့ ကောင်းမွန်တဲ့ ပန်းတိုင်တစ်ခု ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ သမ္မာတရားကို ကျွန်မ လိုက်စားရမယ်။ ကျွန်မ နားလေးသွားပြီး ယာယီ တာဝန်မထမ်းဆောင်နိုင်တော့ပေမဲ့ ဘုရားသခင်အတွက် သက်သေခံဖို့ အတွေ့အကြုံဆိုင်ရာ သက်သေခံချက်တွေ ရေးတာကို လက်တွေ့လုပ်ဆောင်နိုင်ပါသေးတယ်။ ဒီဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ဖတ်ခဲ့တယ်။ “ကောင်းချီးခံစားရခြင်းသည် လူတို့လိုက်စားရန်အတွက် သင့်တင့်လျောက်ပတ်သည့် ရည်မှန်းချက်တစ်ခု မဟုတ်သောကြောင့် အဘယ်အရာက သင့်တင့်လျောက်ပတ်သည့် ရည်မှန်းချက်တစ်ခု ဖြစ်သနည်း။ သမ္မာတရားကို လိုက်စားခြင်း၊ စိတ်သဘောထားပြောင်းလဲမှုများကို လိုက်စားခြင်း၊ ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများဖြင့် အစီအစဉ်များအားလုံးကို ကျိုးနွံနာခံနိုင်ခြင်း၊ ဤအရာတို့သည် လူတို့ လိုက်စားသင့်သည့် ရည်မှန်းချက်များဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းသည် အသက်ဝင်ရောက်မှု ရရှိရန် တစ်ခုတည်းသော နည်းလမ်းဖြစ်၏) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက်မှာ ဆုတောင်းဖို့ ဘုရားသခင်ရှေ့မှောက်ကို ကျွန်မ ရောက်လာခဲ့တယ်၊ “အို ဘုရားသခင်၊ သမီးက ကောင်းချီးမင်္ဂလာတွေ ရဖို့အတွက်ပဲ နှစ်တွေအများကြီး တာဝန်ထမ်းဆောင်ခဲ့ပြီး ကိုယ်တော့်ကို အတိုက်အခံလုပ်တဲ့ လမ်းကြောင်းကို လျှောက်ခဲ့မိပါတယ်။ ကိုယ်တော့်ဆီမှာ သမီး နောင်တရဖို့ လိုလားပါတယ်၊ ကောင်းချီးမင်္ဂလာလိုချင်တဲ့ လိုအင်ဆန္ဒကို စွန့်လွှတ်ပြီး သမ္မာတရား လိုက်စားဖို့ အာရုံစိုက်ပါတော့မယ်။ စိတ်သဘောထား ပြောင်းလဲမှုကို လိုက်စားပြီး ကိုယ်တော်ရဲ့ စီစဉ်ညွှန်ကြားမှုတွေနဲ့ အစီအစဉ်တွေကို ကျိုးနွံနာခံပါမယ်” လို့ပေါ့။ အဲဒီနောက်ပိုင်းမှာ နေ့တိုင်း ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ စားသောက်ခဲ့တယ်၊ ပြီးတော့ ကိုယ့်ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားနဲ့ပတ်သက်ပြီး နားလည်လာတာတွေကို ချရေးခဲ့တယ်။ ညီအစ်ကိုမောင်နှမတွေက ဘုရားသခင်ရဲ့ အမှုတော်ကို ဘယ်လိုကြုံတွေ့သလဲဆိုတာ ကြည့်ဖို့ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ဗီဒီယိုတွေကိုလည်း ကြည့်ခဲ့တယ်။ တစ်ခါတလေ သမီးနဲ့ မိတ်သဟာယဖွဲ့တယ်၊ နေ့ရက်တိုင်းက ပြည့်စုံပြီး အဓိပ္ပာယ်ရှိတယ်လို့ ကျွန်မ ခံစားရတယ်။ အခုဆိုရင် ကျွန်မရဲ့ အခြေအနေနဲ့ အနေအထားက အရမ်းကောင်းမွန်နေပါပြီ၊ နားလေးတာကြောင့် နာကျင်မှုတွေနဲ့ မနေထိုင်တော့ပါဘူး။ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

သေခြင်းတရားအားဖြင့် စမ်းသပ်မှုကာလ

ရှင်တောက် တောင်ကိုရီးယားနိုင်ငံအနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ဘုရားသည် ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်ကို ကယ်တင်ဖို့အလို့ငှာ...

တာဝန်ကို ငြင်းဆန်ပြီးနောက် ဆင်ခြင်သုံးသပ်ခြင်းများ

ဝူယွီ၊ တရုတ်ပြည်လွန်ခဲ့တဲ့ သုံးလေးနှစ်အတွင်း အသင်းတော်မှာ သန့်စင်ဖယ်ရှားခြင်းအလုပ်ကို ကျွန်မ လုပ်ဆောင်နေခဲ့ပါတယ်။ ကြီးကြပ်ရေးမှူးတချို့...

ကျေးဇူးတော်အတွက်သက်သက် ဘုရားသခင်ကို ယုံကြည်ခြင်းသည် သင့်တော်မှန်ကန်သလော

တရုတ်နိုင်ငံမှ လျူလူ၂၀၁၆ ခုနှစ်အကုန်မှာ၊ ကျွန်မရဲ့ကလေးက ဝမ်းဆက်တိုက်သွားနေပြီး ဘယ်ဆေးမှ အရာမရောက်ခဲ့ဘူး။ မမျှော်လင့်ဘဲ၊ ကျွန်မ ဘုရားသခင်ကို...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။