အိမ်တွင်းတိုက်ပွဲတစ်ခု၏ ဖြစ်ရပ်များနောက်ကွယ်
၂၀၁၀ နှစ်ဦးပိုင်းတုန်းကပါ။ ကျွန်တော့်မိန်းမက တီဗီမှာ ကွန်မြူနစ်ပါတီက ဖြန့်တဲ့ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်အကြောင်း ကောလာဟလတွေ၊ မကောင်းတဲ့ ဝါဒဖြန့်တာတွေကို ကြည့်မိတယ်ပေါ့။ သူက ကျွန်တော် အဖမ်းခံရမှာ ကြောက်ပြီး၊ ကျွန်တော့်ကို ဖိအားပေးလာတာပေါ့။ တစ်ရက်ကျတော့ သူက တကယ်ကို ဒေါသတကြီးနဲ့ ပြောတာ၊ “တီဗီမှာ သူတို့ ပြောနေတာတွေကို ကြည့်စမ်းပါဦး။ အရှေ့အရပ်မှလျှပ်ပြက်ခြင်းဆိုတာ နှိမ်နင်းပစ်မယ့်၊ ဖျက်သိမ်းပစ်မယ့် နိုင်ငံတော်အဆင့် ပစ်မှတ်ကြီးပဲ။ တစ်နိုင်ငံလုံးအနှံ့မှာ ယုံကြည်သူတွေ အဖမ်းခံနေရတယ်၊ ထောင်ကျကြတယ်။ ရဲတွေကလည်း ယုံကြည်သူတွေကို စောင့်ကြည့်သတင်းပေးမယ့် လူတွေကို ပုံမှန်ခန့်ထားတာ။ ရှင် ယုံကြည်တာကို စွန့်လွှတ်တော့။ ရှင် အဖမ်းခံရရင်၊ ကျန်တဲ့မိသားစုပါ အတူတူ ပါကုန်ကြမှာ” တဲ့။ ကျွန်တော်လည်း သူ့ကို ပြောတာပေါ့၊ “ကွန်မြူနစ်ပါတီက တရုတ်ပြည်ကို အုပ်ချုပ်တယ်။ သူတို့ အမုန်းဆုံးက ဘုရားသခင်ပဲ။ ဒါကြောင့် သူတို့က အထူးသဖြင့် ယုံကြည်သူတွေကို ဖိနှိပ်တာ။ ယုံကြည်ခြင်းလမ်းဆိုတာ ဖိနှိပ်ခံရတဲ့လမ်းမျိုးပဲ။ ကယ်တင်ရှင် အနန္တတန်ခိုးရှင် ဘုရားသခင်က လူတွေကို ကယ်တင်ဖို့ ကြွလာပြီ။ အခု ငါက သခင် ပြန်လာတာကို ကြိုဆိုလိုက်နိုင်ပြီ။ ဖိနှိပ်ခံရမှာ ကြောက်ပြီး ကိုယ့်ယုံကြည်ခြင်းကို မစွန့်လွှတ်နိုင်ဘူး” ပေါ့။ သူ အကြံပေးတာကို လက်ခံမှာမဟုတ်မှန်း မြင်တော့၊ ကျွန်တော့်ကို ဟန့်တားဖို့ အစွမ်းကုန် ကြိုးစားတော့တာပဲ။ စည်းဝေးပွဲတွေဆီ သွားခွင့်မပေးတာတွေ၊ ကျွန်တော့်တာဝန်ကို လုပ်ခွင့်မပေးတာတွေပေါ့။
ကျွန်တော် အပြင်ထွက်တော့မယ်ဆိုတာနဲ့၊ ကျွန်တော့်ရှေ့ရောက်အောင် အတင်းပြေးလာပြီး၊ ကျွန်တော် သွားလို့မရအောင် ဖမ်းဆွဲထားတာ။ ကျွန်တော်က လွတ်အောင်ရုန်းပြီး အပြင်စကြံဘက် ရောက်ရုံရှိသေးတယ်၊ “ရှင်တို့ စည်းဝေးတာကို ပိတ်ပင်ထားတယ်နော်” ဆိုပြီး၊ သူက အော်တော့တာပဲ။ အိမ်နီးချင်းတွေ မြင်ပြီး ကျွန်တော့်ကို တိုင်မှာ စိုးရိမ်တာနဲ့၊ ကျွန်တော်လည်း အထဲကို အမြန်ပြန်ဝင်ပြီး တံခါးပိတ်ပစ်ရတယ်။ သူက ခြိမ်းခြောက်သလို ပြောသေးတာ၊ “ရှင်က စည်းဝေးပွဲ သွားရဲတယ်ဆိုရင်၊ ကျွန်မကလည်း ပြည်သူ့လုံခြုံရေးဌာနကို တိုင်လိုက်မှာ။ ရှင့်အဖွဲ့ထဲက ကျန်တဲ့လူတွေအားလုံး ဘယ်သူဆိုတာ ကျွန်မ သိတယ်။ ရှင်တို့အားလုံးကို တိုင်ပြီး ရဲကို ဖမ်းခိုင်းလိုက်မယ်။ အဲဒီကျမှ ရှင် ဆက်ပြီး ယုံကြည်သေးလားဆိုတာ ကြည့်ကြတာပေါ့” တဲ့ဗျာ။ သူ အဲဒီလိုပြောတာ ကြားတော့ ကျွန်တော် တော်တော် ဒေါသထွက်သွားတာ။ နင် ဘုရားကို ပုန်ကန်ပြစ်မှားမိလိမ့်မယ်၊ နင့်ကို အပြစ်ဒဏ်ပေးလိမ့်မယ်ဆိုပြီး သတိပေးလိုက်မိတယ်။ သူက နည်းနည်းမှ နားမထောင်ချင်ဘူးဗျ။ ကျွန်တော့်ယုံကြည်ခြင်းကို စွန့်လွှတ်အောင်ဆိုပြီး ကျွန်တော့်ကို တစ်နေဝင်တစ်နေထွက် တိုက်ခိုက်နေတော့တာပဲ။ ကျွန်တော် တကယ်ကို ရူးချင်ခဲ့တာ။ ကျွန်တော့်ကို အိမ်မှာ ဘုရားနှုတ်ကပတ်တော်တွေ ဖတ်ခွင့်မပေးဘူး။ ကျွန်တော် လုပ်သမျှ စောင့်ကြည့်တယ်။
ကျွန်တော်လည်း စည်းဝေးပွဲတွေဆီ အချိန်ကာလတစ်ခုလောက် မသွားနိုင်ခဲ့ဘူး။ စိတ်ညစ်ခဲ့ရတယ်၊ စိတ်ဒုက္ခရောက်ရတယ်။ ကျွန်တော့်မိန်းမ မချုပ်ချယ်တော့တဲ့ နေ့ကို တောင့်တမိတာပေါ့။ ဒါမှ ကျွန်တော် စည်းဝေးနိုင်မယ်၊ တာဝန်တစ်ခုကို ပုံမှန်အတိုင်း လုပ်နိုင်မှာ။ ကျွန်တော်လည်း ဘုရားကို ဆုတောင်းပြီး၊ အဲဒီအခြေအနေကနေ လွတ်မယ့်လမ်းတစ်ခုကို ဖွင့်ပေးဖို့ တောင်းလျှောက်တယ်။ နောက်တော့ ဘုရားနှုတ်ကပတ်တော် ဓမ္မတေးတစ်ပုဒ်ကို သတိရသွားတယ်ဗျ။
၁။ လူ့ဇာတိခံဘုရားသခင်သည် လှောင်ပြောင်ခြင်း၊ ပုတ်ခတ်ခြင်း၊ ဝေဖန်အပြစ်တင်ခြင်း၊ ရှုတ်ချခြင်းမျိုးစုံကို ကြုံရသည်။ သူသည် နတ်ဆိုးက နောက်ကလိုက်ခြင်းကိုလည်း ခံရပြီး ဘာသာရေးအသိုင်းအဝိုင်းများ၏ ငြင်းပယ်ခြင်းနှင့်၊ ဆန့်ကျင်ခြင်းကိုခံရသည်။ သူ၏ စိတ်နှလုံးထဲမှ ဤနာကျင်မှုကို မည်သူကမျှ ဖာထေးမပေးနိုင်ပေ။ သူသည် အလွန်အမင်း စိတ်ရှည်ခြင်းမှတစ်ဆင့် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်ကို ကယ်တင်သည်။ သူသည် ဒဏ်ရာရှိသော စိတ်နှလုံးရှိသည့်လူတို့ကို ချစ်သည်။ ဤသည်မှာ အနာကျင်ရဆုံး အမှုဖြစ်သည်။ လူသားမျိုးနွယ်၏ ရက်စက်သော အာခံမှု၊ ရှုတ်ချမှုနှင့် အသရေဖျက်မှု၊ မှားယွင်းစွာ စွပ်စွဲမှုများ၊ ညှဉ်းပန်းနှိပ်စက်မှုများ၊ ၎င်းတို့၏ လိုက်လံဖမ်းဆီးမှုနှင့် သတ်ဖြတ်မှုတို့သည် ဘုရားသခင်အား ဤအမှုကိုလုပ်ဆောင်ရာတွင် သူ၏ ဇာတိပကတိကို အဆုံးစွန်သော အန္တရာယ်များကို ရင်ဆိုင်ရစေသည်။ ဤဝေဒနာများကို သူခံစားရသည်။ သို့တိုင်အောင် သူ့ကို မည်သူနားလည်နိုင်သနည်း။ မည်သူက သူ့အား နှစ်သိမ့်နိုင်သနည်း။
၂။ သခင်ယေရှုသည် ကမ္ဘာမြေပေါ်တွင် အမှုပြုခဲ့ပြီး သုံးဆယ့်သုံးနှစ်ခွဲ နေထိုင်ခဲ့သည်။ ကားစင်တင်ခံရ၍၊ သေဆုံးကာ၊ ပြန်လည်ရှင်ပြန်ထမြောက်ပြီး လူသားမျိုးနွယ်ထံ ရက်လေးဆယ်ကြာပေါ်ထွန်းပြီးသည့်နောက်တွင်မှ သူသည် စိတ်သက်သာရာရသည်။ ဤနည်းအားဖြင့် လူသားမျိုးနွယ်နှင့် အသက်ရှင်ရသည့် နာကျင်ရသော နှစ်များ အဆုံးသတ်သည်။ သို့ရာတွင် လူသားမျိုးနွယ်၏ ခရီးပန်းတိုင်ကို စိတ်ပူခြင်းကြောင့် ဘုရားသခင်၏ စိတ်နှလုံးသည် ဤသို့သောဝေဒနာမျိုးကို အစဉ်သဖြင့် ခံစားရပြီးဖြစ်သည်။ ဤဝေဒနာကို မည်သူကမျှ နားမလည်နိုင်သကဲ့သို့ မည်သူကမျှ ခံယူနိုင်မည်မဟုတ်ပေ။ အစအဦးကတည်းက လူ့ဇာတိခံ ဇာတိပကတိ၏ အမှုက ထုတ်ဖော်ပြသမျှမှာ ချစ်ခြင်းဖြစ်သည်။ သူ၏ အမှု၏ အနှစ်သာရသည် ချစ်ခြင်းဖြစ်သည်။ သူသည် လူသားမျိုးနွယ်အား သူ၏ အရာအားလုံးကိုလည်းကောင်း၊ သူ၏ ရှိသမျှတိုင်းကိုလည်းကောင်း ပေးအပ်ခဲ့ပြီးဖြစ်သည်။
သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ “ဒဏ်ချက်များနဲ့ လူသားကို ဘုရားသခင် ချစ်တော်မူ” မှ
ဒီဓမ္မတေးကို ဆင်ခြင်ကြည့်တဲ့အချိန်မှာ ကျွန်တော် တကယ် လှိုက်လှိုက်လှဲလှဲ ဖြစ်သွားတာ။ လူသားအတွက် ဘုရားရဲ့မေတ္တာကို ခံစားမိတယ်။ ဘုရားက ကျွန်တော်တို့ကို ကယ်တင်ဖို့အတွက် လူ့ဇာတိခံယူခြင်း နှစ်ကြိမ်စလုံးမှာ ဆင်းရဲဒုက္ခတွေ၊ အရှက်တကွဲဖြစ်ရတာတွေကို ကြီးကြီးမားမား ခံစားခဲ့ရတာ။ ဟေရုဒ်မင်းကြီးက သခင်ယေရှုကို မွေးလာတဲ့အချိန်ကတည်းက သတ်ပစ်ချင်ခဲ့တာလေ။ အမှုတော် စပြုပြီးတော့လည်း ကိုယ်တော့်ကို ဖာရိရှဲတွေက သရော်ကြတယ်၊ လုပ်ကြံပြောပြီး ရှုတ်ချခဲ့ကြတာ။ နောက်ဆုံးသောကာလမှာလည်း အနန္တတန်ခိုးရှင် ဘုရားသခင်က လူတွေကို ကယ်တင်ဖို့၊ အမှုတော်ပြုဖို့အတွက် အဆင်းနီတဲ့နဂါးကြီးရဲ့ သားရဲတွင်းထဲမှာ လူ့ဇာတိခံရင်း၊ ကျေးဇူးတော်ခေတ်ကထက် အဆပေါင်းထောင်နဲ့ချီပြီး အရဲစွန့်နေရှာတယ်။ ကွန်မြူနစ်ပါတီရဲ့ လိုက်လံဖမ်းဆီးတာတွေ၊ ရှုတ်ချတာတွေ၊ ဘာသာရေးလောကရဲ့ ပစ်ပယ်တာ၊ အသရေဖျက်တာတွေကို ရင်ဆိုင်ရတယ်။ ဘုရားက ကျွန်တော်တို့ကို ကယ်တင်ဖို့အတွက် ဆင်းရဲဒုက္ခမျိုးစုံကို တိတ်တိတ်လေးပဲ ခံယူတယ်။ ကျွန်တော်က အခု ကယ်တင်ခြင်းကို လက်ကိုင်ပြုရင်း ဘုရားနောက် လိုက်နေတာဆိုတော့၊ အဲဒီဒုက္ခလေးနည်းနည်းကို သည်းခံရတာ ဘာများ အရေးကြီးလို့လဲ။ ဘုရားကို ချစ်ချင်ပါတယ်၊ ဆင်းရဲဒုက္ခတွေ ဖိနှိပ်တာတွေကို ရင်ဆိုင်ရင်း အဆုံးသတ်အထိ ကိုယ်တော့်နောက် လိုက်ပါ့မယ်ဆိုပြီး ကျွန်တော် အမြဲ ပြောခဲ့တာ။ ဒါပေမဲ့ တကယ့် အခြေအနေထဲ ရောက်တဲ့အခါ ကျွန်တော့်မှာ ယုံကြည်ခြင်း မဲ့နေတယ်။ ကျွန်တော့်သက်သေခံချက်က ဘယ်ရောက်သွားလဲ။ ငါက အရင်တုန်းက တရားတော်ကို အပေါ်ယံ နားလည်ခဲ့ရုံသက်သက်ပဲဆိုတာ မြင်သွားတော့၊ ကျွန်တော် တကယ် ရှက်ခဲ့မိတာ။ ဘယ်လိုဖိနှိပ်မှုမျိုး၊ အနှောင့်အယှက်မျိုးကိုပဲ ကြုံကြုံ၊ ငါတော့ ဘုရားနောက်ကို အဆုံးသတ်အထိ လိုက်မယ်ဆိုပြီး တိတ်တိတ်လေး သန္နိဋ္ဌာန်ချလိုက်တယ်။ နောက်နေ့တွေမှာ ကျွန်တော့်မိန်းမက သူ့ရည်မှန်းချက် မအောင်မြင်မချင်း၊ လုံးဝ အလျှော့မပေးဘူးဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ ကျွန်တော့်ကို ဆက်ပြီး ဟန့်တားတာပဲ။ ဒါပေမဲ့ ဘုရားနှုတ်ကပတ်တော်တွေရဲ့ လမ်းညွှန်တဲ့ ကျေးဇူးကြောင့်၊ ကျွန်တော် ချုပ်ချယ်ခံရတယ်လို့ မခံစားမိတော့ဘူး။
နောက် တော်တော်လေးကြာတော့၊ တစ်ရက်မှာ အလုပ်ကနေ အိမ်ပြန်ရောက်တော့၊ ကျွန်တော့်မိန်းမက ကျွန်တော် ဝှက်ထားတဲ့ ဘုရားနှုတ်ကပတ်တော် ကျမ်းစာအုပ်တစ်အုပ်နဲ့၊ ဓမ္မတေးစီဒီနည်းနည်းကို တွေ့သွားပြီး ဖျက်ဆီးထားရောဗျာ။ ကျွန်တော်လည်း ဒေါသထွက်ထွက်နဲ့ မေးတာပေါ့၊ “ငါ့ကျမ်းစာအုပ်နဲ့ စီဒီတွေကို နင် ဘာလို့ ဖျက်ဆီးပစ်တာလဲ။ နင်က ဘုရားကို မုန်းလွန်းတယ်၊ ဆန့်ကျင်လွန်းတယ်။ ညီအစ်ကိုမောင်နှမတွေကိုတောင် အဖမ်းခံရစေချင်တာ။ နင် အပြစ်ဒဏ်ပေးခံရလိမ့်မယ်” ပေါ့။ သူကလည်း ခပ်ကြမ်းကြမ်း ပြောတာဗျ၊ “ကျွန်မ အပြစ်ဒဏ်ပေးခံရတယ်ဆိုရင်တောင် ရှင့်ကို ယုံကြည်ခွင့် ပေးမှာမဟုတ်ဘူး” တဲ့။ သူက ဆူဆူညံညံတွေ ဆက်လုပ်တာ။ ဒါပေမဲ့ ကျွန်တော် နာခံမှာမဟုတ်မှန်း မြင်တော့ မကျေမချမ်းဖြစ်ပြီး၊ “ရှင် ဆက်ပြီး ယုံကြည်မယ်ဆိုရင် ကျွန်မ ကွာရှင်းချင်တယ်” တဲ့။
ကွာရှင်းချင်တယ်လို့ ပြောတာကို ကြားရတာ ဝမ်းနည်းစရာပေါ့ဗျာ။ ကျွန်တော်တို့ အိမ်ထောင်သက်တစ်လျှောက်လုံး၊ သူက အမြဲတမ်း ကျွန်တော့်ကို တအား ဂရုစိုက်ခဲ့တာ၊ အဲဒီနှစ်တွေတစ်လျှောက်လုံးမှာ ကျွန်တော်တို့နှစ်ယောက် ရန်ဖြစ်ဖူးတယ်ဆိုတာ ရှားတယ်။ လူတိုင်းက ကျွန်တော်တို့ကို တကယ် အားကျကြတာ။ အဲဒီလို အမှန်တကယ် ကွာရှင်းမယ့်အခြေအနေမျိုးကျတော့၊ ကျွန်တော်လည်း နည်းနည်း မလိုလားဘူးလေ။ နောက်တော့ ဘုရားသခင် မိန့်ဆိုတာတစ်ခုကို သတိရသွားတယ်၊ “ယုံကြည်သူများနှင့် မယုံကြည်သူများသည် သဟဇာတ မဖြစ်ကြပေ။ ယင်းထက် ၎င်းတို့သည် တစ်ဦးနှင့် တစ်ဦး ဆန့်ကျင်ကြသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်နှင့် လူသားသည် ငြိမ်သက်ခြင်းချမ်းသာထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည်) “ဘုရားသခင်ကို အသိအမှတ် မပြုသူ မည်သူမဆိုသည် ရန်သူ ဖြစ်၏။ ဆိုလိုသည်မှာ လူ့ဇာတိခံ ဘုရားသခင်ကို အသိအမှတ်မပြုသောသူ မည်သူမဆိုသည်- ဤရေစီးကြောင်းအတွင်း သို့မဟုတ် ပြင်ပတွင် ၎င်းတို့ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ- အန္တိခရစ်တစ်ဦး ဖြစ်ပေသည်။ ဘုရားသခင်၌ မယုံကြည်သည့် ခုခံသူများ မဟုတ်ပါက၊ မည်သူသည် စာတန်ဖြစ်သနည်း၊ မည်သူတို့မှာ မကောင်းဆိုးဝါးများ ဖြစ်ပြီး၊ မည်သူတို့မှာ ဘုရားသခင်၏ ရန်သူများ ဖြစ်သနည်း။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်နှင့် လူသားသည် ငြိမ်သက်ခြင်းချမ်းသာထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည်) မှန်တယ်ဗျ။ ယုံကြည်သူတွေ၊ မယုံကြည်သူတွေဆိုတာ မတူညီတဲ့လမ်းနှစ်ခုပေါ်က မတူညီကြတဲ့လူနှစ်မျိုးပဲ။ ကျွန်တော့်ယုံကြည်ခြင်းက သမ္မာတရားကို အားထုတ်ပြီး ဘုရားကို နာခံဖို့၊ ဖန်ဆင်းခံတစ်ယောက်ရဲ့ တာဝန်ကို လုပ်ဖို့ပဲ။ ကွန်မြူနစ်ပါတီက ယုံကြည်သူတွေကို ဖမ်းဆီးနှိပ်စက်နေတယ်ဆိုတာတွေ ကြည့်ပြီး၊ ကျွန်တော့်မိန်းမက အဲဒါကို ထောက်ခံတယ်၊ ကျွန်တော့်ကိုလည်း ဖိနှိပ်လာတယ်။ သူက ဘုရားနှုတ်ကပတ်တော် ကျမ်းစာအုပ်ကိုတောင် ဖျက်ဆီးပစ်တယ်။ ယုံကြည်သူတွေ အဖမ်းခံရမယ်လို့လည်း ခြိမ်းခြောက်သေးတယ်။ သူ့အနှစ်သာရက ဘုရားကို မုန်းတီးတာပဲ။ ကျွန်တော်တို့က လင်နဲ့မယားဆိုပေမဲ့၊ မတူညီတဲ့လမ်းတွေပေါ်က မတူညီကြတဲ့ လူနှစ်မျိုးပဲ။ သူက ကွန်မြူနစ်ပါတီနောက် လိုက်ပြီး ဘုရားကို ဆန့်ကျင်ဖို့ ဆုံးဖြတ်ထားတာ။ သူက စာတန်လိုလူမျိုးပဲ။ သူက ကွာရှင်းချင်တယ်ဆိုတော့ သူ့ရွေးချယ်မှုကို ကျွန်တော် လေးစားသင့်တယ်လေ။ အဲဒါဆို ရှေ့ဆက်ပြီး ကျွန်တော် စည်းဝေးပွဲတက်တာ၊ ကိုယ့်တာဝန် လုပ်ဆောင်တာတွေကို တားမယ့်သူ ရှိတော့မှာမဟုတ်ဘူး။ ဒါနဲ့ ကျွန်တော် ပြတ်ပြတ်သားသား ပြောလိုက်တယ်၊ “နင်နဲ့ ငါက လမ်းကြောင်းမတူကြဘူး။ ကိုယ့်လမ်း ကိုယ်လျှောက်ကြမယ်။ ငါတို့ ကွာရှင်းသင့်တယ်” ပေါ့။ ကျွန်တော် အဲဒီလိုပြောပြီးသွားတော့၊ သူက ကွာရှင်းချင်စိတ် မရှိတော့ပြန်ဘူး။
ပြဿနာတော့ အဆုံးသတ်သွားပြီလို့ပဲ ကျွန်တော်က ထင်တာ။ ဒါပေမဲ့ သူက ကျွန်တော့်သားနဲ့ ချွေးမကိုပါ သူ့ဘက်ပါအောင် လုပ်လိုက်တယ်။ ကျွန်တော့်ချွေးမက ပြောလာရော၊ “အဖေ၊ အဖေ့မြေးလေးကို အရမ်း ချစ်တယ်မဟုတ်လား။ ဘိုးအေဘွားအေတွေက သူတို့သားသမီးတွေထက် မြေးတွေကို ပိုပြီး ခင်တွယ်တယ်လို့ ပြောကြတယ်လေ။ အဖေလည်း အဲဒီလိုပဲပေါ့” တဲ့။ အဲဒါတော့ မှန်တယ်ဆိုပြီး သူ ပြောတာ လက်ခံမိတယ်။ ကျွန်တော် ဘယ်လောက် ပျော်သွားတယ်ဆိုတာ မြင်တော့မှ သူက ပြောတော့တာ၊ “အဖေ၊ အဖေ့မြေးကို သိပ်ချစ်တယ်ဆိုတော့၊ ဒီအကြောင်းလေး ပြောရအောင်။ ကျွန်မဦးလေးက ပြည်သူ့လုံခြုံရေး ညွှန်ကြားရေးမှူးတစ်ယောက်ပဲ။ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်သူတွေက နိုင်ငံရေးပြစ်မှုကျူးလွန်သူတွေပဲ၊ ဖမ်းမိရင် ထောင်ချခံရတယ်လို့ သူက ပြောတယ်။ သူတို့သားသမီးတွေနဲ့ နောက်မျိုးဆက်တွေပါ ထိခိုက်တယ်။ အစိုးရအလုပ် လုပ်မရဘူး၊ ကောလိပ် တက်ခွင့်မရဘူးတဲ့။ အဖေ့ယုံကြည်ခြင်းကို စွန့်လွှတ်သင့်တယ်။ အဖေ အဖမ်းခံရရင် ကျွန်မတို့အလုပ်အကိုင်တွေပါ ထိခိုက်ကုန်မှာ။ အဖေ ကျွန်မတို့အတွက် စဉ်းစားပေးရမယ်လေ။ ကျွန်မတို့အတွက် မဟုတ်တောင် အဖေ့မြေးလေးအတွက် စဉ်းစားပေးရမယ်။ အဖေ့ယုံကြည်ခြင်းကြောင့် သူ ကောလိပ် တက်လို့မရဘူး၊ ကောင်းတဲ့အလုပ်တစ်ခု ရှာမရဘူးဆိုရင်၊ အဲဒါ အဖေ့အပြစ်တွေချည်းပဲ ဖြစ်လာမှာ” တဲ့။ သူ ပြောတာတွေ ကြားရတော့ ကျွန်တော် တကယ် စိတ်မချမ်းမသာ ဖြစ်တယ်။ နောက်တော့ ကျွန်တော့်သားကလည်း အလေးအနက် ပုံစံမျိုးနဲ့ ပြောပြန်ရော၊ “အဖေ့ခြေထောက်တွေ မကောင်းဘူးလေ။ လမ်းမလျှောက်နိုင်တော့ရင် ဘယ်လိုလုပ်မလဲ။ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်တာ ရပ်မယ်ဆိုရင်၊ အဖေ့ကို ကျွန်တော်တို့ စောင့်ရှောက်မယ်။ ဒါပေမဲ့ ဆက်ပြီး ယုံကြည်မယ်ဆိုရင်တော့၊ အဖေ အိုမင်းလာလို့ ခြေထောက်တွေက လမ်းလျှောက်မရအောင် နာကျင်လွန်းပြီဆိုရင်၊ ကျွန်တော်တို့က စောင့်ရှောက်မှာမဟုတ်ဘူး” တဲ့ဗျာ။ သူ့ဆီက အဲဒီလို ကြားရတော့ ကျွန်တော် တော်တော်လေး စိတ်ပျက်သွားတာ။ သူက ကျွန်တော့်ယုံကြည်ခြင်းကြောင့် အဲဒီလို အကြင်နာမဲ့လွန်းတာမျိုး ပြောလိမ့်မယ်လို့ လုံးဝ မထင်ခဲ့ဘူး။ ကျွန်တော်က သူ့ကို ကြိုးစားပမ်းစား ကျွေးမွေးပြုစုခဲ့တာ။ ဒါပေမဲ့ ကျွန်တော် အိုမင်းတဲ့အခါ စောင့်ရှောက်ဖို့ကျတော့ ခြိမ်းခြောက်သလို လုပ်တယ်။ ကျွန်တော် ကြိုးစားပေးခဲ့သမျှ အလကားပဲပေါ့။ ကျွန်တော့်မှာ လေးဘက်နာရောဂါ ရှိတော့၊ ခြေထောက်အဆစ်အမြစ်တွေ ရောင်ကိုင်းတတ်တယ်။ ရောဂါ ထနေပြီဆို၊ ခြေထောက်တွေက နှစ်ပတ်လောက် တန်းတန်းကြီး ဖြစ်နေရော။ ကွေးလို့ မရဘူး။ ဘာအလုပ်ပဲ လုပ်လုပ် နာကျင်လွန်းတယ်။ ပြီးတော့ ကျွန်တော် မငယ်တော့မှန်းလည်း သိတယ်။ ဒီတော့ ကျွန်တော် တကယ် အိုမင်းလာချိန်မှာ ဝေဒနာက ပိုဆိုးလိမ့်မယ်။ ကျွန်တော့်မှာ အမှီအခိုပြုစရာ ပင်စင်တို့၊ တခြားအလုပ်တို့ဆိုတာလည်း မရှိဘူး။ ကျွန်တော့်သားက မစောင့်ရှောက်ရင်၊ ကျွန်တော် ဘယ်လို နေထိုင်ရမှာလဲ။ ကျွန်တော်လည်း တဖြည်းဖြည်းနဲ့ ပိုဝမ်းနည်းလာတယ်။ အဲဒီအချိန်မှာတင် ဒါက စာတန်ရဲ့လှည့်ကွက်တစ်ခုပဲဆိုပြီး ရုတ်တရက် နားလည်သွားတယ်။ သူက ကျွန်တော့်ကို စမ်းသပ်ဖို့၊ ဘုရားကို သစ္စာဖောက်အောင် စုံစမ်းသွေးဆောင်ဖို့အတွက်၊ ကျွန်တော့်သားသမီးတွေရဲ့အနာဂတ်နဲ့ ကျွန်တော့်တွယ်တာမှုတွေကိုရော၊ နောင်တစ်ချိန် ကျွန်တော် ဘယ်လိုနေထိုင်မလဲဆိုတဲ့ မေးခွန်းကိုပါ အသုံးချနေတာပဲ။ ကျွန်တော်လည်း ဘုရားကို ချက်ချင်း တိုင်တည်လိုက်တယ်၊ “ဘုရားသခင်၊ စာတန်ရဲ့စမ်းသပ်မှုကို အောင်နိုင်ဖို့ ကျွန်တော့်စိတ်နှလုံးကို စောင့်ကြပ်ပေးပါ၊ လမ်းပြတော်မူပါ” ပေါ့။ ဘုရားရဲ့ ဒီနှုတ်ကပတ်တော်တွေကိုလည်း ကျွန်တော် စဉ်းစားမိတယ်၊ “လူ၏ကံကြမ္မာကို ဘုရားသခင်၏လက်များက ထိန်းချုပ်ထား၏။ သင်သည် မိမိကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်း မရှိပေ- လူသည် သူ၏အကျိုးအတွက် အမြဲပြေးလွှားကာ အလုပ်ရှုပ်နေသော်လည်း၊ မိမိကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်း မရှိမြဲဖြစ်လေသည်။ သင်သည် သင်ကိုယ်တိုင်၏အလားအလာများကို သိနိုင်မည်ဆိုပါက၊ သင်၏ကံကြမ္မာကို ထိန်းချုပ်နိုင်မည်ဆိုပါက၊ သင်သည် အဖန်ဆင်းခံ သတ္တဝါတစ်ဦး ဖြစ်ဦးမည်လော။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ၏သာမန်ဘဝကို နဂိုအတိုင်း ပြန်ဖြစ်လာစေခြင်းနှင့် သူ့ကို အံ့သြဖွယ်ကောင်းသော ခရီးပန်းတိုင်သို့ ခေါ်ဆောင်သွားခြင်း) ဟုတ်တယ်ဗျ။ ဘုရားက အရာခပ်သိမ်းကို အုပ်စိုးတယ်။ ကျွန်တော်တို့ကံကြမ္မာတွေက သူ့လက်ထဲမှာပဲ အလုံးစုံရှိတယ်။ ကျွန်တော့်မြေးက အနာဂတ်မှာ ဘယ်လိုဖြစ်မလဲ၊ ဘယ်လိုအလုပ်မျိုး လုပ်မလဲ၊ ကျွန်တော့်သားရဲ့အလုပ်က ဘယ်လိုဖြစ်မလဲ၊ ကျွန်တော့်ယုံကြည်ခြင်းကြောင့် သူ့ကို ထိခိုက်မှာလားဆိုတာတွေ အားလုံးကို ဘုရားက အဆုံးအဖြတ်ပေးတာပါ။ ပြီးတော့၊ ဘုရားရဲ့နောက်ဆုံးသောကာလ အမှုတော်က ပြီးဆုံးတော့မယ်။ ကပ်ဘေးကြီးတွေ သွန်ကျလာတော့မယ်။ သူတို့တွေ ကောလိပ်တက်ပြီး အလုပ်ကောင်းတွေ ရတယ်ဆိုရင်တောင်၊ ဘုရားနောက် မလိုက်ကြဘူး၊ မကိုးကွယ်ကြဘူးဆိုရင်၊ ဘုရားရဲ့အမှုတော် အဆုံးသတ်တဲ့အချိန်မှာ၊ ကပ်ဘေးတွေထဲ ပြုတ်ကျပြီး ဖျက်ဆီးခံကြရဦးမှာပဲ။ အဲဒါဆို သူတို့မှာ ကောင်းတဲ့အလားအလာတွေ ရှိလာမှာတဲ့လား။ အပေါ်ယံအားဖြင့်တော့ ကျွန်တော့်သားနဲ့ သူ့မိန်းမက ကျွန်တော့်ကို နှောင့်ယှက်ဖို့၊ ချုပ်ချယ်ဖို့၊ ဒါတွေကို ပြောနေကြတယ်ပေါ့။ ဒါပေမဲ့ တကယ်တော့ ဒါက စာတန်ဆီက စမ်းသပ်မှုတစ်ခုပဲ။ ကျွန်တော့်မြေးကို ကျွန်တော် ဘယ်လောက်ချစ်တယ်၊ ပြီးတော့ ကျွန်တော့်ခြေထောက်တွေ ပိုဆိုးလာပြီး၊ ကျွန်တော့်ကို စောင့်ရှောက်မယ့်လူ မရှိမှာကို အခုအချိန်ထိ အပူပန်ဆုံးပဲဆိုတာ စာတန်က သိတယ်။ ဘုရားကို သစ္စာဖောက်လာအောင် ကျွန်တော့်ကို ခြိမ်းခြောက်ဖို့ ဒါတွေကို အသုံးချနေတာ။ စာတန်က တော်တော် ယုတ်မာတာပဲဗျ။ နောင်တစ်ချိန် ကျွန်တော် လမ်းလျှောက်နိုင်ဦးမှာလားဆိုတာ ဘုရားရဲ့လက်ထဲမှာပဲ ရှိတာ။ ကျွန်တော်က ဘုရားရဲ့အုပ်စိုးမှုနဲ့ အစီအစဉ်တွေကိုပဲ နာခံသင့်တယ်။ ကျွန်တော်လည်း ဒီလိုတွေးမိတာနဲ့ ပြတ်ပြတ်သားသား ပြောလိုက်တယ်၊ “မင်းတို့လည်း မင်းတို့ဘဝတွေနဲ့ နေကြတာ။ ငါ လမ်းလျှောက်နိုင်ပါ့မလား၊ သေသွားမလား အသက်ရှင်မှာလားဆိုတာတွေကို စိုးရိမ်မနေကြနဲ့တော့။ ငါ အဖမ်းခံရလို့ မင်းတို့ကို ထိခိုက်လာမှာ ကြောက်ရင်၊ အခုတည်းက ငါတို့တွေ အဆက်အသွယ် ဖြတ်လို့ရတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ငါ့ယုံကြည်ခြင်းက ခိုင်မာတယ်” ပေါ့။ ကျွန်တော် ဘယ်လောက် ပြတ်သားတယ်ဆိုတာ မြင်ကြတော့၊ သူတို့အချင်းချင်း ကြည့်ပြီး ဘာမှမတတ်နိုင်ဘဲ ခေါင်းခါကုန်ရော။ ဘာမှလည်း မပြောကြတော့ဘူး။ ကျွန်တော်လည်း ဘုရားကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်မိတယ်။ စာတန် စမ်းသပ်တာ၊ တိုက်ခိုက်တာကို ကျော်လွှားဖို့ လမ်းပြပေးတဲ့အတွက်ပေါ့။
ကျွန်တော့်သားနဲ့ ချွေးမက အဲဒီကိစ္စနောက်ပိုင်း လတော်တော်ကြာအောင် ကျွန်တော့်ကို လာမတွေ့တော့ဘူး။ ဖုန်းလည်း မဆက်တော့ဘူး။ ကျွန်တော့်မိန်းမကတော့ ကျွန်တော်နဲ့ အမြဲတမ်း စကားများနေတာ။ ဘုရားကို ယုံကြည်တာ ရပ်ဖို့ပဲ ပြောနေတယ်။ နောက်ပိုင်းကျတော့ ကျွန်တော်လည်း စပြီး ပူပန်လာရော။ ကျွန်တော့်သားက ကျွန်တော့်ကို တကယ်ပဲ မပတ်သက်တော့တာလား။ တစ်နေ့နေ့မှာ ကျွန်တော့်မိန်းမနဲ့ ကျွန်တော် ကွာရှင်းဖြစ်ပြီး၊ ကျွန်တော်လည်း လမ်းမလျှောက်နိုင်၊ ကိုယ့်ကိုယ်ကိုယ် မစောင့်ရှောက်နိုင်တဲ့အပြင်၊ သားကလည်း မစောင့်ရှောက်ဘူးဆိုရင်၊ ကျွန်တော် ဘယ်လိုလုပ်မှာလဲ။ နောင်တစ်ချိန်မှာ ဝေဒနာတွေ၊ ဒုက္ခတွေ အများကြီး ကြုံရမယ်ဆိုတဲ့ အတွေးနဲ့ ကျွန်တော့်မှာ ခိုကိုးရာမဲ့သလို ခံစားရတယ်။ အဲဒီလို မစဉ်းစားသင့်ဘူး၊ စာတန်ရဲ့လှည့်ကွက်ထဲ ထပ်ဝင်နေပြီဆိုတာ ကျွန်တော် သိတယ်။ ဒါနဲ့ ဘုရားကို မြန်မြန် တိုင်တည်တယ်။ ခိုင်ခိုင်မာမာ သက်သေရပ်တည်ဖို့ ခွန်အားကို တောင်းလျှောက်တယ်။ အဲဒီနောက်မှာ ဘုရားနှုတ်ကပတ်တော် ဓမ္မတေးတစ်ပုဒ်က ခေါင်းထဲ ရောက်လာရော။
သင်သည် ဖန်ဆင်းခံ သတ္တဝါတစ်ဦး ဖြစ်သည်- သင်သည် ဘုရားသခင်ကို ကိုးကွယ်သင့်ပြီး အဓိပ္ပါယ်ရှိသော အသက်တာကို လိုက်စားရှာဖွေသင့်သည်မှာ အမှန်ပင် ဖြစ်ပေသည်။ သင်သည် လူသားတစ်ဦး ဖြစ်သည့်အတွက်၊ သင့်ကိုယ်သင် ဘုရားသခင်အတွက် အသုံးခံသင့်ပြီး ဆင်းရဲဒုက္ခအားလုံးကို ခံရပ်သင့်ပေသည်။ သင်သည် ယနေ့ခံစားရသော ဆင်းရဲဒုက္ခအနည်းငယ်ကို ဝမ်းမြောက်စွာနှင့် အသေအချာ လက်ခံသင့်ပြီး ယောဘနှင့် ပေတရုကဲ့သို့ အဓိပ္ပါယ်ရှိသော အသက်တာတစ်ခုကို အသက်ရှင်သင့်သည်။ သင်တို့သည် လမ်းကြောင်းမှန်ကို လိုက်စားရှာဖွေသောသူများ၊ တိုးတက်မှုကို ရှာဖွေသောသူများ ဖြစ်ကြသည်။ သင်တို့သည် အဆင်းနီသောနဂါးကြီး၏ တိုင်းနိုင်ငံထဲတွင် ထမြောက်ကြသူများ၊ ဘုရားသခင်က ဖြောင့်မတ်သည်ဟု ခေါ်ဆိုသောသူများ ဖြစ်ကြသည်။ ယင်းမှာ အဓိပ္ပါယ်အရှိဆုံး အသက်တာ ဖြစ်သည် မဟုတ်လော။
သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ “အဓိပ္ပာယ်ပြည့်ဝဆုံး အသက်တာ” မှ
ဘုရားနှုတ်ကပတ်တော်တွေကို ဆင်ခြင်ကြည့်တော့မှ ကျွန်တော် ခွန်အား ရသွားတယ်။ ဘုရားကို ယုံကြည်ပြီး ဖန်ဆင်းခံတစ်ယောက်ရဲ့တာဝန်ကို လုပ်ဆောင်တာထက် ပိုပြီး မှန်ကန်တာ မရှိတော့ဘူး။ အဲဒါက အသက်တာမှာ မှန်ကန်တဲ့လမ်းပဲ။ သမ္မာတရားကို ရဖို့နဲ့ ဘုရား ကျေနပ်စေဖို့အတွက် ဆင်းရဲဒုက္ခ ခံတာမှန်သမျှက တန်ဖိုးရှိတယ်၊ ဘုရားရဲ့ထောက်ခံမှုကို ရတယ်။ ပြန်စဉ်းစားကြည့်တော့ ကျွန်တော်က ဖိနှိပ်မှုနည်းနည်း ကြုံခဲ့ရပေမဲ့၊ အဲဒီကနေ တချို့အရာလေးတွေကို အမှန်တကယ် ရသွားတယ်။ ဟိုအရင်ကဆို ကိုယ့်မှာ ဘုရားကို ယုံကြည်ခြင်းရှိတယ်လို့ပဲ ထင်ခဲ့တာ။ ကွန်မြူနစ်ပါတီရဲ့ ဖိနှိပ်မှုကို ရင်ဆိုင်ရလည်း နောက်တွန့်မှာမဟုတ်ဘူး။ ကျွန်တော့်မိန်းမနဲ့ ကလေးက တားဆီးလည်း၊ ဘုရားနောက် လိုက်ချင်တဲ့ဆန္ဒကို မကိုင်လှုပ်နိုင်ဘူးပေါ့။ ကိုယ်က ဘုရားအတွက် အစဉ်ပေးအပ်ထားတယ်လို့ပဲ ထင်ခဲ့တာ။ ဒါပေမဲ့ တစ်ခုခု အမှန်တကယ် ဖြစ်လာတဲ့အခါ၊ သားက ကျွန်တော့်ကို လပေါင်းများစွာ ပစ်ပယ်လာတဲ့အခါမှာ၊ ကိုယ် မကျန်းမမာဖြစ်လာလို့ ဂရုစိုက်ပေးမယ့်သူ မရှိဘဲ၊ ကိုယ့်ကိုယ်ကိုယ် မစောင့်ရှောက်နိုင်မှာကို ကြောက်သွားတယ်။ ကျွန်တော်က ကိုယ့်အနာဂတ်ကိုပဲ စဉ်းစားနေမိတာ။ ဘုရားကို ယုံကြည်ခြင်း မရှိတော့တဲ့သဘောပဲ။ ခုန အဖြစ်တွေကို ကြုံရတော့မှ ကိုယ့်ဝိညာဉ်ရင့်ကျက်မှု အစစ်အမှန်ကို တကယ် မြင်သွားတာ။ ပြီးတော့ ကိုယ့်ကိုယ်ကိုယ် သိနားလည်မှု နည်းနည်း ရသွားတယ်။ စာတန်ရဲ့လှည့်ကွက်တွေကိုလည်း နည်းနည်း ခွဲခြားသိမြင်တတ်သွားတယ်။ ဘုရားကို ဆန့်ကျင်တဲ့၊ မယုံကြည်ကြတဲ့ ကိုယ့်မိသားစုရဲ့ အနှစ်သာရကိုလည်း မြင်လာမိတယ်။ အဲဒါက ဘုရားရဲ့ကယ်တင်ခြင်းပဲလေ။ စာတန်က ဘယ်လိုပဲ တိုက်ခိုက်တိုက်ခိုက်၊ ကိုယ့်မိသားစုက ဘယ်လိုပဲ ဖိနှိပ်ဖိနှိပ်၊ ဘုရားနောက် လိုက်ဖို့အတွက်ဆိုရင် ကျွန်တော်က ယောဘလို ဖြစ်နေရမယ်။ ကျွန်တော် ဒီလို ဆုံးဖြတ်ပြီးတဲ့နောက်မှာ၊ ကျွန်တော့်အပေါ် သားနဲ့ ချွေးမရဲ့သဘောထားက နည်းနည်း ပြောင်းသွားတယ်။ တစ်ခါတလေ ကွန်မြူနစ်ပါတီက ယုံကြည်သူတွေကို ဖမ်းဖို့၊ စစ်ဆင်ရေးတချို့ လုပ်ဖို့ အစီအစဉ်တွေ ထပ်ဆွဲနေတယ်လို့ ချွေးမရဲ့ဦးလေးက ပြောတယ်ဆိုရင်၊ ချွေးမက ကျွန်တော့်ကို အဲဒီအကြောင်း အသိပေးတယ်၊ ကျွန်တော့်အလုပ်မှာ သတိထားဖို့ ပြောတယ်။ သူကတော့ ကျွန်တော့်ကို အလျှော့မပေးဘူးဗျ။
ဒါပေမဲ့ ကျွန်တော် တကယ် အံ့ဩခဲ့ရတာက၊ တစ်ရက်မှာ ကျွန်တော့်မိန်းမက ပြတင်းပေါက်တစ်ခုကို ရုတ်တရက် ဖွင့်လိုက်တယ်။ ဘေးနှစ်ဖက်က ဘောင်တွေကို ကိုင်ပြီး၊ ခြေထောက်တစ်ဖက်ကို အောက်ကဘောင်ပေါ် တင်တယ်။ ပြီးတော့၊ “ကျွန်မက ရှင့်ယုံကြည်တာကို စွန့်လွှတ်ဖို့ ပြောတယ်။ ဒါပေမဲ့ ရှင်က နားထောင်မှာမဟုတ်ဘူး။ ရှင် အဖမ်းခံရရင်၊ ကျွန်မတို့တစ်မိသားစုလုံး ဒုက္ခရောက်ကြမှာ။ ရှင့်ကို နောက်ဆုံးအကြိမ် မေးမယ်။ ရှင် ဆက်ပြီး ယုံကြည်မလား၊ ရပ်မလား။ ဆက်ယုံကြည်မယ်ဆိုရင်တော့ ကျွန်မ ခုန်ချပစ်မယ်” ဆိုပြီး အော်ပြောတာ။ နောက်တော့ ပြတင်းပေါက်အောက်ဘောင်ပေါ် မတ်တတ်ရပ်ပြီး ခုန်ချမယ်လုပ်ရော။ ကျွန်တော်လည်း လန့်သွားတာပေါ့။ ကျွန်တော်တို့အခန်းက ခုနစ်ထပ်မှာ ရှိတာ။ သူ ခုန်ချလိုက်ရင်၊ သေချာပေါက် သေမှာပဲ။ ကျွန်တော်လည်း သူ့ကို ဆွဲချဖို့ ပြေးသွားတော့၊ သူက ကျွန်တော့်ကို လက်ညှိုးထိုးပြီး၊ “ရှင် နောက်ဆုတ်နော်၊ ကျွန်မနား ကပ်လာတာနဲ့ ချက်ချင်း ခုန်ချပစ်မှာ” ဆိုပြီး အော်တာဗျ။ သူ့ခြေထောက်နှစ်ဖက်လုံးက ဘောင်ပေါ်မှာဆိုတော့၊ ကျွန်တော်လည်း ထပ်ပြီး မတိုးရဲတော့ဘူး။ ရင်ထဲမှာ ဘုရားကိုပဲ မပြတ်တမ်း ဆုတောင်းပြီး၊ ကျွန်တော့်ကို လမ်းပြပေးဖို့ တောင်းပန်နေမိတယ်။ နောက်တော့ ကျွန်တော့်မိန်းမက ကျွန်တော် ဘုရားကို သစ္စာဖောက်အောင်၊ ခုန်ချမယ်ဆိုပြီး ခြိမ်းခြောက်နေတယ်ဆိုတာ သဘောပေါက်သွားတယ်။ စာတန်ရဲ့လှည့်ကွက်ထဲ ဝင်လို့မဖြစ်ဘူးလေ။ ကျွန်တော်လည်း စိတ်လှုပ်ရှားတာတွေ မဖြစ်တော့ဘူး။ တည်တည်ငြိမ်ငြိမ်နဲ့ပဲ၊ “နင် သေချင်တယ်ဆိုရင်၊ ဘယ်သူမှ နင့်ကို တားလို့မရဘူး။ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ် သတ်သေတာနဲ့တော့ မခြိမ်းခြောက်နဲ့။ ရမှာမဟုတ်ဘူး။ နင် ပြတင်းပေါက်က ခုန်ချလို့ သေရင်၊ အဲဒါ နင့်ဘာသာ ရွေးချယ်တာပဲ။ ငါကတော့ ငါ့ယုံကြည်ခြင်းမှာ ခိုင်မာတယ်။ ဘယ်သူမှ ငါ့ကို တားလို့မရဘူး” ဆိုပြီး ပြောလိုက်တယ်။ သူ ခြိမ်းခြောက်တာ မအောင်မြင်မှန်း သိသွားတော့ ခြေထောက်ကို ပြန်ချပြီး ပြောတယ်ဗျ၊ “ကျွန်မ အဲဒီလောက် မတုံးပါဘူး။ ကျွန်မ သေသွားရင် ရှင့်အတွက် သိပ်ပြီး အဆင်ပြေသွားမှာ။ အဲဒီကျရင် ရှင်နဲ့ ဘုရားသခင်ကြားမှာ နှောင့်ယှက်မယ့်သူ ရှိပါဦးမလား” တဲ့။ ဘုရားကို သူ ဘယ်လောက် အပြင်းအထန် မုန်းတီးတယ်ဆိုတာ ကျွန်တော် မြင်သွားတယ်။ ဘုရားကို သစ္စာဖောက်အောင် သူ့အသက်နဲ့ရင်းပြီး အကျပ်ကိုင်တာလေ။ သူက နတ်ဆိုးတစ်ကောင်ရဲ့ သရုပ်သကန်ပဲဗျ။ တစ်ချိန်တည်းမှာပဲ ကျွန်တော်က ကွန်မြူနစ်ပါတီကို ပိုပြီးတော့ မုန်းသွားတယ်။ သူတို့က လူတွေကို လှည့်စားဖို့ ကောလာဟလတွေ၊ မုသားတွေမျိုးစုံကို ဖြန့်ဝေဖို့အတွက် တီဗီမီဒီယာတွေကို အသုံးချနေတာ။ ခရစ်ယာန်တွေကို ကမူးရှူးထိုး လိုက်ဖမ်းပြီး၊ ယုံကြည်သူတစ်ယောက်ကို ဖမ်းမိရင် မိသားစုတစ်ခုလုံးကိုပါ ဆွဲထည့်တယ်ဆိုတော့၊ ယုံကြည်သူမဟုတ်တဲ့ မိသားစုဝင်တွေက ဘုရားကို ဆန့်ကျင်ပြီး၊ ယုံကြည်သူတွေကို ဖိနှိပ်ကြတော့တာပေါ့။ ကွန်မြူနစ်ပါတီက လုံးဝကို ယုတ်မာတာ။ သူတို့က ဘုရားကိုဆန့်ကျင်တဲ့ နတ်ဆိုးမိစ္ဆာပဲ။ ကျွန်တော် သူတို့ကို အူထဲအသည်းထဲကကို ကျိန်ဆဲမိတယ်၊ ဆန့်ကျင်တယ်။ ဘုရားနောက် လိုက်ဖို့ကိုတော့ ပိုပြီး ခိုင်မာသွားတယ်ဗျာ။
သူ ကျွန်တော့်ကို နှောင့်ယှက်ဖို့ ကြိုးစားတော့မှာ မဟုတ်ဘူးလို့ပဲ ထင်ခဲ့တာ။ ဒါပေမဲ့ သိပ်မကြာဘူးဗျ၊ တစ်ရက်တော့ မနက်စာ စားအပြီးမှာ၊ ကျွန်တော်လည်း ကိုယ့်အာရုံနဲ့ကိုယ် နေနေတုန်း၊ သူက ရုတ်တရက် ခုန်ထပြီးတော့၊ ဒီလောက်ရှည်တဲ့ သစ်သီးလှီးဓားကို ဆတ်ခနဲယူပြီး၊ ကျွန်တော့်လည်ပင်းပေါ် တင်ထားတယ်။ ပြီးတော့၊ “ရှင် ဆက်ပြီး ယုံကြည်မယ်ဆိုရင်၊ ရှင့်လည်ပင်းကို ဖြတ်ပစ်မယ်” ဆိုပြီး ကြမ်းကြမ်းတမ်းတမ်း ပြောတာ။ သူ့မျက်နှာက တကယ်သတ်တော့မယ့် ပုံစံမျိုး၊ မျက်လုံးတွေက ဝင်းဝင်းတောက်နေတာ။ သူ့ကို နတ်ဆိုးတစ်ကောင် ဝင်ပူးနေသလိုမျိုးပဲ။ ကျွန်တော်လည်း ကြောက်လည်း ကြောက်၊ ဒေါသလည်း ထွက်တာပေါ့။ ကျွန်တော့်မိန်းမက ကျွန်တော် ဘုရားကို သစ္စာဖောက်အောင်၊ ယုတ်ညံ့တဲ့လှည့်ကွက်မှန်သမျှ သုံးတော့မှာ။ သူ့ကိုလည်း၊ “နင် ဒီနေ့ ငါ့လည်ပင်းကို ဖြတ်လည်း၊ ငါက အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်နေဦးမှာပဲ။ ဘုရားကိုတော့ ပစ်ပယ်မှာမဟုတ်ဘူး” လို့ ပြတ်ပြတ်သားသား ပြောလိုက်တယ်။ ကျွန်တော် ဘယ်လောက် ပြတ်သားမှန်း မြင်တော့၊ သူ လန့်သွားရော။ အဲဒီမှာတင် လုံးဝ မလှုပ်မယှက်နဲ့ ကြက်သေသေသွားသလိုမျိုး၊ ဓားကို ကိုင်ပြီး မတ်တတ်ရပ်နေတာ။ ခဏနေတော့ ဓားကို စားပွဲပေါ် ချလိုက်ပြီး ပြောတယ်၊ “ကျွန်မ ရှင့်ကို ဂရုစိုက်နေတော့မှာ မဟုတ်ဘူး။ ရှင် ဆန္ဒရှိသလိုသာ ယုံကြည်ပေတော့” တဲ့။ ကျွန်တော်လည်း ဘုရားကို ကျေးဇူးတွေတင်ပြီး ချီးမွမ်းမိတယ်။ စာတန် ရှုံးပြီး အရှက်ရသွားပြီဆိုတာ မြင်ရပြီလေ။ အဲဒီနောက်ပိုင်း ကျွန်တော်တို့လင်မယား ခွဲနေကြတယ်။ ကိုယ့်လမ်း ကိုယ်လျှောက်ကြတယ်။ သူလည်း ကျွန်တော့်ယုံကြည်ခြင်းကို မနှောင့်ယှက်တော့ဘူး။
ဒီကိစ္စတွေတစ်လျှောက်လုံးမှာ ကျွန်တော် အမှန်တကယ် မြင်မိတာက၊ ကျွန်တော့်မိန်းမက ကျွန်တော့်ကို ချုပ်ချယ်ပြီး ကျွန်တော့်ယုံကြည်ခြင်းကို တားဖို့ ကြိုးစားတာတွေ၊ သူ့ကိုယ်သူ သတ်သေဖို့၊ ကျွန်တော့်ကို သတ်ဖို့တောင် ခြိမ်းခြောက်တာတွေ၊ ပြီးတော့ သားနဲ့ ချွေးမက ကျွန်တော့်ကို စွန့်ပစ်ချင်တာတွေ အားလုံးဟာ ကွန်မြူနစ်ပါတီရဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေကြောင့် ဖြစ်ခဲ့တာပါ။ သူတို့ရဲ့ကောလာဟလတွေနဲ့ မုသားတွေသာ မရှိခဲ့ရင်၊ ယုံကြည်သူတစ်ယောက်ကို ဖမ်းမိလို့ တစ်မိသားစုလုံးကို ဆွဲထည့်ပြီး၊ အရူးအမူး ဖမ်းဆီး၊ နှိပ်စက်တာတွေသာ မရှိခဲ့ရင်၊ ကျွန်တော့်မိသားစုက ကျွန်တော့်ယုံကြည်ခြင်းကို ဘယ်တော့မှ အဲဒီလို ချုပ်ချယ်ခဲ့မှာ မဟုတ်ဘူး။ ကျွန်တော့်မိသားစုလည်း လုံးဝ ပြိုကွဲခဲ့မှာ မဟုတ်ဘူး။ ကွန်မြူနစ်ပါတီဆိုတာ လူတွေကို ဖျက်ဆီးတဲ့၊ ဘုရားကို ဆန့်ကျင်တဲ့ မိစ္ဆာနတ်ဆိုးတစ်ကောင် ဖြစ်မှန်း မြင်ရတော့၊ ကျွန်တော် သူတို့ကို လုံးလုံး ရွံသွားတယ်ဗျာ။ အဲဒါတွေအပြင်၊ ကျွန်တော့်မိန်းမမှာ လူ့သဘာဝ လုံးဝ ကင်းမဲ့တယ်၊ သူလည်း ဘုရားကို ဆန့်ကျင်တဲ့ နတ်ဆိုးပဲဆိုတာ မြင်သွားတယ်။ ကျွန်တော် သူ့ကြောင့် အကျဉ်းအကျပ်ဖြစ်တာမျိုး မခံစားမိတော့ဘူး။ နောင်တစ်ချိန်မှာ ဘယ်လိုဖိနှိပ်မှုမျိုး၊ အခက်အခဲမျိုးကိုပဲ ကြုံကြုံ၊ ဘုရားနောက်ကို အဆုံးထိ လိုက်ဖို့ပဲ ကျွန်တော် ဆုံးဖြတ်ထားပါတယ်။
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။