ကိုယ့်ရှင်သန်မှုအတွက် ကြိုးပမ်းခြင်း၏ အကျိုးဆက်များ

08.02.2023

ရှောင်ဝေ တရုတ်နိုင်ငံ

၂၀၁၉မှာ အစ်မကွမ်စင်းကို ကျွန်မတို့ အသင်းတော်အလုပ်ကို နောက်ဆက်တွဲလိုက်လုပ်ဖို့ ပြောင်းရွှေ့လိုက်တယ်။ ကျွန်မက သူနဲ့ အရင်နှစ်နှစ်တုန်းက တွေ့ခဲ့တယ်။ ဒီတစ်ခါ သူနဲ့ ဆက်ဆံရတော့ လုံးဝ အရင်အတိုင်းပဲဆိုတာ တွေ့ရတယ်။ စုဝေးပွဲတွေမှာ သူက အယူဝါဒတွေကို အမြဲတမ်းမျှဝေတယ်။ အတွေ့အကြုံတို့၊ ဘုရားနှုတ်ကပတ်တော်အပေါ် နားလည်မှုတို့ကို တစ်ခုမှ မမျှဝေဘူး။ သူများတွေကအလုပ်မှာ အခက်အခဲဖြစ်နေတာကို သူမြင်တဲ့အခါမှာ ဖြေရှင်းပေးဖို့အတွက် သမ္မာတရားကို မိတ်သဟာယမပြုဘူး။ သူတို့ကို အပြစ်ဖော်ဆုံးမပြီး ဆူတာပဲလုပ်တယ်။ ဒါက ညီအစ်ကိုမောင်နှမတွေကို လက်တွေ့လုပ်ဖို့ လမ်းကြောင်းမပေးရုံတင်မကဘဲ စိတ်ကျဉ်းကျပ်သွားကြတယ်။ တချို့လူတွေက သူတို့ရဲ့ အပျက်သဘောဆောင်တဲ့ အခြေအနေတွေကို ရုတ်တရက် မပြောင်းလဲနိုင်တဲ့အခါမှာ ကွမ်စင်းက သူတို့ကို ဘောင်ခတ်ပြီး ဆူတယ်။ ညီအစ်ကိုမောင်နှမတွေက စိတ်ကျဉ်းကြပ်ပြီး တချို့က တာဝန်ထမ်းဆောင်ဖို့ ယုံကြည်မှုမရှိကြတော့ဘူး။ သူက သူ့အလုပ်နဲ့ မိသားစုကို စွန့်လွှတ်ခဲ့တာ၊ ဒုက္ခခံပြီး အဖိုးအခပေးဆပ်တာတွေကို ခဏခဏ ကြွားပြောတယ်။ အသိအမြင်မရှိတဲ့ အသင်းသားသစ်တွေအများကြီးက သူ့ကို တော်တော် အထင်ကြီးလေးစားကြတယ်။ အဲဒီအချိန်အတွင်းမှာ အသင်းတော်အလုပ်က အဆင်မပြေဘူး။ ညီအစ်ကိုမောင်နှမတွေက ကောင်းတဲ့အခြေအနေမှာမရှိဘူး။ နောက်ပိုင်းမှာ ဧဝံဂေလိသင်းထောက် လီရှောင်က သူ့တာဝန်မှာ တာဝန်ခံယူမှုမရှိတာ၊ ဘာလက်တွေ့အလုပ်မှ မလုပ်ဘူးဆိုတာ ကျွန်မ တွေ့ရတယ်။ သူ့ကို မိတ်သဟာယတွေအများကြီးဖွဲ့ပြီး ဝေဖန်ပြီးတဲ့နောက်မှာ သူက မပြောင်းလဲဘူး။ အပျက်သဘောဆောင်ပြီး အတိုက်အခံတောင်ဖြစ်လာတယ်။ ဒါက ကျွန်မတို့ရဲ့ ဧဝံဂေလိအလုပ်ကို နှောင့်နှေးအောင်လုပ်နေပြီး သူ့ကို လူစားလဲဖို့ လိုလာတယ်။ ကျွန်မက ဒီပြဿနာတွေကို ကွမ်စင်းကို ပြောပြတယ်။ ဒါပေမဲ့ သူက ဒီနေရာအတွက် ကောင်းကောင်းသင့်တော်တဲ့သူရှာဖို့ခက်တယ်လို့မြင်ပြီး သူ့ကို လူစားမလဲဖို့ မရမကပြောတယ။ သူက ကျွန်မကို အသံကျယ်ကျယ်နဲ့တောင် မေးတယ်။ “လီရှောင်ရဲ့ပြဿနာတွေကို ကူညီပေးဖို့ ဘယ်လောက် ကြိုးစားပြီးပြီလဲ။ အစ်မရဲ့ တာဝန်တွေကို ဖြည့်ဆည်းပြီးပြီလား။ အရမ်းမာနမကြီးပါနဲ့။ လူတွေမှာရှိတဲ့ အလားအလာကို ကြည့်ပါ” တဲ့။ ချစ်ချစ်ခင်ခင်နဲ့ ကူညီတာက သမ္မာတရားကို လက်ခံနိုင်တဲ့လူတွေအတွက်ပဲ။ ဘာမိတ်သဟာယကိုမှ လက်မခံဘဲ မပြောင်းလဲတဲ့သူက ချက်ချင်း လူစားထိုးသင့်တယ်။ အစတော့ ကျွန်မက ကိုယ့်အမြင်ကို ကိုင်ထားသေးတယ်။ ဒါပေမဲ့ ကွမ်စင်းက သဘောတူဖို့ ငြင်းနေတော့ ကျွန်မက စိတ်ဆိုးပြီး ကျွန်မတို့နှစ်ယောက် ငြင်းခုံလာကြတယ်။ တခြားညီအစ်ကိုမောင်နှမတချို့က ကျွန်မကို နိုင်အောင် မကြိုးစားဖို့ အကြံပေးတယ်။ ကျွန်မက အဲဒါကြောင့် စိတ်ကျဉ်းကျပ်သလိုဖြစ်သွားတယ်။ သူပြောတာကို ဘယ်သူကမှ ပိုင်းခြားသိမြင်မှုမရှိကြဘူး။ ဒါကြောင့် လီရှောင်ကို ထုတ်ဖို့ ဆက်ပြောနေရင်၊ ကျွန်မက မာနကြီးပြီး ခေါင်းမာတယ်၊ အသင်းတော်အလုပ်ကို နှောင့်ယှက်နေတယ်လို့ သူတို့ ပြောနိုင်တယ်ပေါ့။ ဒီလိုစဉ်းစားမိပြီး ကျွန်မ နောက်ထပ်ဘာမှမပြောတော့ဘူး။

အဲဒီနောက်တော့ ကျွန်မတို့က အထက်ခေါင်းဆောင်တစ်ယောက် ရွေးဖို့ လိုလာတယ်။ ကျွန်မတို့ကို သင့်တော်တဲ့ ကိုယ်စားလှယ်လောင်းတွေကို ရွေးဖို့ ပြောတယ်။ ညီအစ်ကိုမောင်နှမတချို့က ကွမ်စင်းကို ထောက်ခံကြတယ်။ ကျွန်မက စဉ်းစားတယ်။ သူက စည်းမျဉ်းတွေကို မရှာဘဲနဲ့ သူ့ကိုယ်ပိုင်နည်းအတိုင်း လုပ်တတ်တယ်။ ပြီးတော့ အယူဝါဒတွေကိုပဲပြောပြီး သူများတွေရဲ့ လက်တွေ့ပြဿနာတွေကို မဖြေရှင်းနိုင်ဘူး။ သူက ကောင်းကောင်းသင့်တော်တဲ့သူမဟုတ်ဘူးပေါ့။ သူများတွေ သိမြင်အောင်လို့ ငါ မိတ်သဟာယမျှဝေသင့်တယ်ပေါ့။ ဒါပေမဲ့ ကွမ်စင်းနဲ့ ကျွန်မက ဧဝံဂေလိသင်းထောက်ကို ပြောင်းတာနဲ့ပတ်သက်ပြီး သဘောထား ကွဲလွဲကြတယ်။ ကျွန်မက အနိုင်ရချင်တယ်လို့ သူများတွေက ထင်ကြတယ်။ အခုချိန်မှာ ကွမ်စင်းက သင့်တော်တဲ့သူမဟုတ်ဘူးလို့ ကျွန်မ ပြောရင်၊ ကျွန်မက သူ့ကို လက်စားချေပြီး ပိတ်ပင်ဖို့အတွက် ဒီအခွင့်အရေးကို သုံးနေတာဆိုပြီး ပြောကြမလားပေါ့။ ကျွန်မ စဉ်းစားလိုက်တယ်။ “ပြီးတာပဲ။ ပြဿနာနည်းလေ၊ ကောင်းလေပဲ။ သူတို့ရွေးချင်သပါ့ဆို ကွမ်စင်းကို ရွေးပါစေ။ ငါ သူ့ကို မဲမပေးရင် ရပြီ”ပေါ့။ ဒါပေမဲ့ အကဲဖြတ်ချက်တွေ ရေးရမယ့်အချိန်ရောက်တော့ ကျွန်မ စိတ်ပူမိတယ်။ လူတိုင်းက ကွမ်စင်း ကောင်းကြောင်းကို ရေးကြမှာ၊ ဒီတော့ ကျွန်မရဲ့ ရိုးရိုးသားသားထင်မြင်ချက်ကို ရေးချလိုက်ရင် သူက ကောင်းကောင်းသင့်တော်တဲ့သူမဟုတ်ဘူးဆိုတာကို ကျွန်မက လုံးဝ သတိထားမိတယ် ဒါပေမဲ့ ကျွန်မက သူများတွေနဲ့အတူ သမ္မာတရားကို မိတ်သဟာယမဖွဲ့ဘူး။ စည်းမျဉ်းနဲ့ညီတဲ့ ကိုယ်စားလှယ်လောင်းတွေကို အကြံမပြုဘူး ဆိုတာ ခေါင်းဆောင်က သိမှာပဲ။ ကျွန်မက အသင်းတော်အလုပ်ကို မထိန်းသိမ်းဘူးလို့ ခေါင်းဆောင်က ပြောမှာလား။ ကျွန်မကို လေ့ကျင့်ပေးတာကို ရပ်လိုက်မှာလား။ ကျွန်မက အကျပ်အတည်းထဲရောက်နေသလို ခံစားရတယ်။ ရေလိုက်ငါးလိုက်ပဲနေဖို့ ဆုံးဖြတ်လိုက်တယ်။ အဲဒါနဲ့ ကွမ်စင်းရဲ့ကောင်းတဲ့အချက်တွေကိုပဲ အကဲဖြတ်ချက်မှာ ရေးလိုက်တယ်။ ပြီးတော့ သူက သမ္မာတရားကို လိုက်စားတယ်၊ လူ့သဘာဝကောင်းရှိတယ်၊ သူများတွေအပေါ် ချစ်ခင်တယ် ကျွန်မတို့မှာ ဖောက်ပြန်ပျက်စီးမှုကို သူမြင်တဲ့အခါ ကျွန်မတို့ကို ကူညီဖို့ သက်ဆိုင်တဲ့ ဘုရားနှုတ်ကပတ်တော်တွေကို ရှာပေးတယ်လို့ မရိုးမသားနဲ့ ပြောလိုက်တယ်။ အဲဒီအကဲဖြတ်ချက်ကိုရေးပြီးတဲ့နောက်မှာ ကျွန်မဝိညာဉ်က နှစ်မြုပ်သွားတာကို တကယ်ခံစားလိုက်ရတယ်။ ပြီးတော့ ကျွန်မအသိစိတ်က အပြစ်ရှိသလို ခံစားမိတယ်။ အဲဒီနောက်မှာ ဘုရားနှုတ်ကပတ်တော်ကို ကျွန်မဖတ်တော့ ဘာဉာဏ်အလင်းဖွင့်ပြမှုမှ မရဘူး။ ကျွန်မတာဝန်ကလည်း အားလျော့သလို ခံစားရတယ်။ ဒါပေမဲ့ ကျွန်မက ကိုယ့်ကိုယ်ကိုယ် သုံးသပ်မကြည့်ဘူး။ ကံနဲ့ပတ်သက်တဲ့ ကျွန်မစိတ်ကူးကိုလည်း ဖက်တွယ်ထားတယ်။ ကိုယ်စားလှယ်လောင်းတွေအများကြီးဆိုတော့ သူ အရွေးမခံရဖို့ များတယ်ပေါ့။ သူက အရွေးမခံရရင် ကျွန်မရဲ့ အကဲဖြတ်ချက်အမှားက လူသိလာမှာမဟုတ်ဘူးပေါ့။ ကွမ်စင်းက အထက်ခေါင်းဆောင်အဖြစ် အရွေးခံခဲ့ရတယ်ဆိုတာ နောက်ပိုင်းမှာ သိရတယ်။ ကျွန်မ အံ့အားသင့်ပြီး တော်တော်စိတ်မအေးနိုင်ဖြစ်သွားတယ်။ သူ့အပေါ် အပြုသဘောဆောင်တဲ့ ဆန်းစစ်မှုတွေအားလုံးကြောင့် လူတွေက အမြင်မှားသွားတာလားပေါ့။ ဒါပေမဲ့ ကျွန်မက ခေါင်းဆောင်ကို အမှန်အတိုင်းပြောဖို့ သတ္တိမရှိသေးဘူး။ အဲဒါနဲ့ ကိုယ့်ကိုယ်ကိုယ်ပဲ နှစ်သိမ့်လိုက်တယ်။ ကွမ်စင်းက ခေါင်းဆောင်မဖြစ်ထိုက်ဘူးဆိုရင် ဘုရားက သူ့ကို ဖော်ထုတ်ခဲ့မှာပဲပေါ့။ ဒီလိုတွေးခဲ့ပေမဲ့ ဆက်ပြီးတော့ စိတ်မအေးနိုင်ဖြစ်နေတယ်။

တစ်လလောက်ကြာတော့ ခေါင်းဆောင်တစ်ယောက်က ကျွန်မတို့ကို ကွမ်စင်းအကြောင်း အကဲဖြတ်ချက်တွေ ထပ်ရေးခိုင်းတယ်။ အထက်ခေါင်းဆောင်အနေနဲ့ သူ့တာဝန်မှာ ပြဿနာတွေပေါ်လာတာဖြစ်ဖို့ တော်တော်များတယ်ဆိုတာ ကျွန်မ သဘောပေါက်လိုက်တယ်။ ကျွန်မ ကြောက်နေမိတယ်။ ခေါင်းဆောင်က သူ့စာထဲမှာ ဘုရားနှုတ်ကပတ်တော်တချို့ကို ကိုးကားထားတာကိုလည်း တွေ့ရတယ်။ ဘုရားသခင်က ပြောသည်- “ဘုရားသခင်၏ လမ်းခရီးနောက်သို့ လိုက်ပါ။ ‘ဘုရားသခင်၏ လမ်းခရီး’ ဆိုသည်မှာ မည်သည်ကို ရည်ညွှန်းသနည်း။ ဘုရားသခင်ကို ကြောက်ရွံ့ရိုသေပြီး မကောင်းသောအကျင့်ကို ရှောင်ခြင်းဖြစ်သည်။ ဘုရားသခင်ကို ကြောက်ရွံ့ရိုသေပြီး မကောင်းသောအကျင့်ကို ရှောင်ခြင်းဆိုသည်မှာ အဘယ်နည်း။ ဥပမာအားဖြင့် သင်သည် တစ်စုံတစ်ယောက်ကို အကဲဖြတ်သောအခါ ယင်းသည် ဘုရားသခင်ကို ကြောက်ရွံ့ရိုသေပြီး မကောင်းသောအကျင့်ကို ရှောင်ခြင်းနှင့် ဆက်နွှယ်သည်။ သင်သည် ၎င်းတို့ကို မည်သို့အကဲဖြတ်သနည်း။ (ကျွန်ုပ်တို့သည် ရိုးသားရမည်။ တရားမျှတရမည်။ ကျွန်ုပ်တို့၏ စကားများသည် စိတ်ခံစားချက်အပေါ် အခြေမခံရပေ။) သင်ထင်မြင်သည့်အရာနှင့် သင်မြင်တွေ့ထားသည့်အရာအတိုင်း အတိအကျ သင်ပြောဆိုသည့်အခါ သင်ရိုးသားနေခြင်းဖြစ်သည်။ အခြားသောအရာအားလုံးထက် ရိုးသားရန် လက်တွေ့လုပ်ဆောင်ခြင်းက ဘုရားသခင်၏ လမ်းခရီးနောက်သို့ လိုက်ခြင်းကို ဆိုလိုသည်။ ဤသည်မှာ ဘုရားသခင်က လူတို့ကို သွန်သင်သောအရာဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ လမ်းခရီးဖြစ်သည်။ ဘုရားသခင်၏ လမ်းခရီးဆိုသည်မှာ အဘယ်နည်း။ ဘုရားသခင်ကို ကြောက်ရွံ့ရိုသေပြီး မကောင်းသောအကျင့်ကို ရှောင်ခြင်းဖြစ်သည်။ ရိုးသားခြင်းသည် ဘုရားသခင်ကို ကြောက်ရွံ့ရိုသေပြီး မကောင်းသောအကျင့်ကို ရှောင်ခြင်း၏ တစ်စိတ်တစ်ပိုင်းဖြစ်သလော။ ယင်းသည် ဘုရားသခင်၏ လမ်းခရီးနောက်သို့ လိုက်ခြင်းဖြစ်သလော။ (ဖြစ်ပါသည်။) သင်သည် မရိုးသားလျှင် သင်မြင်တွေ့ထားသည့်အရာနှင့် သင်ထင်မြင်သည့်အရာသည် သင့်နှုတ်က ထွက်လာသည့်အရာနှင့် မတူညီပေ။ တစ်စုံတစ်ယောက်က သင့်ကို ‘ထိုလူအပေါ် သင်၏ ထင်မြင်မှုမှာ မည်သို့ရှိသနည်း။ ထိုလူသည် အသင်းတော်၏ အလုပ်အတွက် တာဝန်ယူမှုရှိသလော’ ဟု မေးလာသည်။ သင်က ‘ထိုသူသည် အလွန်တော်၏။ ကျွန်ုပ်ထက်ပို၍ တာဝန်ယူမှုရှိသည်။ သူ၏အစွမ်းအစသည် ကျွန်ုပ်ထက်ပို၍ ကောင်းပြီး သူ၏လူ့သဘာဝသည်လည်း ကောင်းမွန်၏၊ သူသည် ရင့်ကျက်ပြီး တည်ငြိမ်၏’ ဟု သင်ပြန်ပြောသည်။ သို့သော် ဤသည်မှာ သင့်စိတ်နှလုံးတွင် စဉ်းစားနေသည့်အရာဖြစ်သလော။ သင်အမှန်တကယ် စဉ်းစားနေသည့်အရာမှာ ဤလူသည် အမှန်ပင် အစွမ်းအစရှိသော်ငြားလည်း စိတ်မချရ၊ အတော်အတန် ပါးနပ်ပြီး အလွန်ပင် တွက်ချက်တတ်ကြောင်း ဖြစ်သည်။ ဤသည်မှာ သင်၏စိတ်တွင် သင်အမှန်တကယ် စဉ်းစားနေသည့်အရာဖြစ်သည်။ သို့သော် စကားပြောဆိုရမည့်အချိန် ရောက်လာသောအခါ ‘ငါအမှန်အတိုင်းပြော၍မရ။ မည်သူ့ကိုမျှ စိတ်ဆိုးအောင် လုပ်၍မဖြစ်’ ဟု သင့်စိတ်၌ ပေါ်လာသည်။ ထို့ကြောင့် သင်က အခြားအရာတစ်ခုခုကို အလျင်အမြန်ပြောလိုက်သည်။ ၎င်းတို့နှင့်ပတ်သက်၍ ပြောဆိုရန် ကောင်းမွန်သည့်အရာများကို သင်ရွေးချယ်လိုက်ပြီး သင်ပြောဆိုသည့် မည်သည့်အရာကမျှ သင်အမှန်တကယ်ထင်မြင်သည့်အရာ မဟုတ်ပေ။ အားလုံးက အလိမ်အညာများနှင့် သူတော်ကောင်းဟန်ဆောင်ခြင်းသာ ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ လမ်းခရီးနောက်သို့ သင်လိုက်သည်ဟု ညွှန်ပြသလော။ မညွှန်ပြပါ။ သင်သည် နတ်ဆိုးတို့၏ လမ်းခရီးဖြစ်သော စာတန်၏ လမ်းကြောင်းကို လျှောက်နေခြင်းဖြစ်သည်။ ဘုရားသခင်၏ လမ်းခရီးမှာ အဘယ်နည်း။ ယင်းမှာ သမ္မာတရားဖြစ်သည်။ ယင်းသည် လူတို့၏ အပြုအမူ၏ အကြောင်းရင်း ဖြစ်သည်။ ယင်းသည် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ခြင်း လမ်းခရီးဖြစ်သည်။ သင်က အခြားလူတစ်ယောက်အား စကားပြောသော်လည်း ဘုရားသခင်ကလည်း နားထောင်နေသည်၊ သင်၏ စိတ်နှလုံးကို ကြည့်ရှုနေသည်၊ သင်၏ စိတ်နှလုံးကို စိစစ်နေသည်။ လူတို့က သင်ပြောသည့်အရာကို နားထောင်သော်လည်း ဘုရားသခင်က သင်၏ စိတ်နှလုံးကို စိစစ်သည်။ လူတို့သည် လူ၏စိတ်နှလုံးကို စိစစ်နိုင်စွမ်း ရှိသလော။ အလွန်ဆုံးအနေဖြင့် သင်သည် အမှန်အတိုင်းမပြောသည်ကို လူတို့မြင်နိုင်သည်။ အပြင်ပန်းတွင်ရှိသောအရာကို ၎င်းတို့ မြင်နိုင်သည်။ ဘုရားသခင်သာလျှင် သင့်စိတ်နှလုံးအတွင်းထဲသို့ မြင်နိုင်၏။ ဘုရားသခင်သာလျှင် သင်စဉ်းစားနေသည့်အရာ၊ သင်စီစဉ်နေသည့်အရာ၊ သင့်စိတ်နှလုံးတွင် မည်သည့်အကြံအစည်များ၊ မည်သည့်ဖောက်ပြန်သော နည်းလမ်းများ၊ မည်သည့်မရိုးသားသော အတွေးများရှိသည်တို့ကို မြင်နိုင်သည်။ အမှန်အတိုင်း သင်မပြောသည်ကို မြင်တွေ့သည့်အခါ သင့်အပေါ် ဘုရားသခင်၏ ထင်မြင်ချက်မှာ အဘယ်နည်း၊ သင့်အပေါ် သူ၏တန်ဖိုးဖြတ်မှုမှာ အဘယ်နည်း။ ဤအရာတွင် သင်သည် အမှန်အတိုင်းမပြောခဲ့သောကြောင့် ဘုရားသခင်၏ လမ်းခရီးနောက်သို့ မလိုက်ခဲ့ကြောင်းဟူ၍ပင် ဖြစ်သည်။ သင်သည် ဘုရားသခင်၏ သတ်မှတ်ချက်များနှင့်အညီ လက်တွေ့လုပ်ဆောင်နေလျှင် အမှန်အတိုင်း ပြောခဲ့သင့်သည်။ ‘သူသည် အစွမ်းအစရှိသူဖြစ်သော်လည်း စိတ်မချရပေ။’ ဤအကဲဖြတ်ချက်သည် အရှိအတိုင်းဖြစ်ခြင်း၊ သို့မဟုတ် တိကျခြင်းရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ နှလုံးသားထဲကလာခြင်းဖြစ်ပြီး မှန်ကန်ခဲ့လိမ့်မည်။ ဤသည်မှာ သင်ဖော်ပြခဲ့သင့်သည့် အမြင်နှင့် ရပ်တည်ချက်ဖြစ်သည်။ သို့သော် ဤသို့ သင်မလုပ်ခဲ့ပေ။ သို့ဖြစ်၍ သင်သည် ဘုရားသခင်၏လမ်းနောက်လိုက်ခြင်းဖြစ်သလော။ (မဟုတ်ပါ။) သင်သည် အမှန်အတိုင်း မပြောခဲ့လျှင် သင်သည် ဘုရားသခင်၏လမ်းနောက်လိုက်ပြီး ဘုရားသခင်ကို ကျေနပ်စေလျက်ရှိသည်ဟု အလေးပေးပြောခြင်းက သင့်အတွက် အသုံးဝင်မည်လော။ သင်၏ အော်ဟစ်ခြင်းကို ဘုရားသခင်က အရေးစိုက်မည်လော။ သင်မည်သို့ အော်ဟစ်သည်၊ မည်မျှပြင်းထန်စွာ အော်ဟစ်သည်၊ သို့မဟုတ် သင်၏စိတ်စွမ်းအားက မည်မျှကြီးမားသည်ဆိုသည်ကို ဘုရားသခင်က အရေးစိုက်မည်လော။ သင်အကြိမ်မည်မျှအော်ဟစ်သည်ကို ဘုရားသခင်က အရေးစိုက်မည်လော။ အရေးစိုက်မည်မဟုတ်ပေ။ ဘုရားသခင်က သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်မှုရှိမရှိနှင့် သင့်တွင် အဖြစ်အပျက်များ ဖြစ်ပျက်သည့်အခါ မည်သည့်အရာကို ရွေးချယ်သည်၊ သမ္မာတရားကို မည်သို့ လက်တွေ့လုပ်ဆောင်သည်တို့ကို ကြည့်ရှုသည်။ သင်၏ ရွေးချယ်မှုသည် ဆက်ဆံရေးများကို ထိန်းသိမ်းရန်၊ သင်၏ ကိုယ်ကျိုးစီးပွားနှင့် ပုံရိပ်ကို ထိန်းသိမ်းရန်၊ မိမိရှင်သန်မှုအဖို့ငှာ ကြိုးပမ်းခြင်းအတွက်သက်သက်သာဖြစ်လျှင် ဤသည်မှာ သင့်တွင် အဖြစ်အပျက်များ ဖြစ်ပျက်သည့်အခါတွင်ဖြစ်သော သင်၏ အမြင်နှင့် သဘောထားဖြစ်သည်ဟု ဘုရားသခင်က မြင်လိမ့်မည်ဖြစ်ပြီး သူသည် သင့်ကို အကဲဖြတ်လိမ့်မည်။ သင်သည် သူ၏လမ်းခရီးကို လိုက်လျှောက်သောသူမဟုတ်ဟု သူက ဆိုလိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ ဘုရားသခင်ကို ယုံကြည်ခြင်းတွင် အရေးကြီးဆုံးဖြစ်သည့်အရာမှာသမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းဖြစ်သည်) ဘုရားနှုတ်ကပတ်တော်ကို ဖတ်တော့ ကျွန်မ ခံစားချက်တချို့ဖြစ်လာတယ်။ အကဲဖြတ်ချက်ရေးတာကို အရမ်းအရေးကြီးတဲ့အရာတစ်ခုအဖြစ် ကျွန်မ လုံးဝ သဘောမထားခဲ့ဘူး။ ဒီကိစ္စမှာ ဘယ်သမ္မာတရားကို လက်တွေ့လုပ်သင့်တယ်ဆိုတာကို ဘာရှာဖွေမှုမှမလုပ်ခဲ့ဘူး။ ဒီအကဲဖြတ်ချက်ကို ကျွန်မရေးတဲ့အချိန်မှာ ကျွန်မမှာ မမှန်ကန်တဲ့ ရည်ရွယ်ချက်၊ ဖောက်ပြန်ပျက်စီးမှုတစ်ခုခုရှိသလား ဘုရားအပေါ် ကြောက်ရွံ့တဲ့ စိတ်နှလုံးရှိပြီး သူ့ကို အရှိအတိုင်းအကဲဖြတ်သလားဆိုတာ တကယ်တမ်း မသုံးသပ်ခဲ့ဘူး။ ဒီအချိန်မှာ အကဲဖြတ်ချက်ရေးတာက လူတစ်ယောက်က ဘုရားကို ကြောက်သလား၊ အသင်းတော်အလုပ်ကို ထိန်းသိမ်းသလားဆိုတာနဲ့ဆိုင်တယ်ဆိုတာ ကျွန်မ သဘောပေါက်သွားတယ်။ ကျွန်မတို့က အထက်ခေါင်းဆောင်ကို ရွေးချယ်နေတာပါ။ ဒါက အသင်းတော်တွေရဲ့အလုပ်နဲ့ ညီအစ်ကိုမောင်နှမတွေရဲ့ အသက်ဝင်ရောက်မှုတွေပါဝင်နေတယ်။ မမှန်ကန်တဲ့ စကားတွေနဲ့ မမျှတတဲ့ အကဲဖြတ်ချက်ကိုရေးတာက လူတွေကို အမြင်မှားစေနိုင်တယ်။ မသင့်တော်တဲ့သူတစ်ယောက်ကိုရွေးတာက အသင်းတော်အလုပ်အတွက် အနှောင့်အယှက်ဖြစ်နိုင်ပြီး ညီအစ်ကိုမောင်နှမတွေရဲ့ အသက်ဝင်ရောက်မှုကို ထိခိုက်စေနိုင်တယ်။ ကွမ်စင်းက အထက်ခေါင်းဆောင်ပိုင်းအတွက် မသင့်တော်ဘူးဆိုတာ ကျွန်မသိတယ်။ ဒါပေမဲ့ ကိုယ့်သိက္ခာနဲ့ အဆင့်အတန်းကို ထိန်းသိမ်းဖို့အတွက် ကျွန်မက သူ့ကို လက်စားချေနေတယ်၊ ဖိနှိပ်နေတယ်လို့ သူများတွေပြောမှာကိုကြောက်ပြီး ဘာမှမပြောခဲ့ဘူး။ ရိုးရိုးသားသား အကဲဖြတ်ချက်ကိုရေးပြီး ကွမ်စင်းရဲ့ တကယ့်အခြေအနေကို တင်ပြလိုက်လို့ရတယ်။ ဒါပေမဲ့ ကျွန်မက အသိအမြင်ရှိပေမဲ့ သူများတွေနဲ့ မမျှဝေဘူး၊ အသင်းတော်အလုပ်ကို မထိန်းသိမ်းဘူးလို့ ခေါင်းဆောင်ကပြောပြီးတော့ ကျွန်မအပေါ် သူ့ရဲ့အမြင်ကို ထိခိုက်မှာကို ကြောက်ခဲ့တယ်။ အဲဒါနဲ့ ကျွန်မက ကောက်ကျစ်တဲ့နည်းလမ်းတွေကို ကျင့်သုံးခဲ့တယ်။ အမှန်တရားနဲ့ ဆန့်ကျင်တာတွေကို အကဲဖြတ်ချက်ထဲမှာ ရေးလိုက်တယ်။ ကွမ်စင်းကို သမ္မာတရား လိုက်စားပြီး တကယ့် အလုပ်လုပ်တယ်လို့ ဖော်ပြလိုက်တယ်။ ကျွန်မရေးလိုက်တာက လုံးဝ မစစ်မှန်ဘူး။ ကျွန်မက တော်တော်ကို မယုံကြည်ရဘဲ ဉာဏ်များပါတယ်။ ဘုရားက ကျွန်မတို့ကို ရိုးသားကြဖို့၊ အမှန်အတိုင်း၊ သင့်တော်စွာပြောဆိုဖို့ အလိုရှိပါတယ်။ ဒါပေမဲ့ ကျွန်မက ခေါင်းဆောင် ရွေးချယ်တာလိုမျိုး အရေးကြီးတဲ့ကိစ္စတစ်ခုကို လိမ်ညာခဲ့တယ်။ ကျွန်မက ဘုရားကို ကြောက်ရွံ့မှုတစ်ခုမှ မရှိခဲ့ပါဘူး။ ဆိုးယုတ်တဲ့၊ မကောင်းဆိုးဝါးဆန်တဲ့ သဘာဝနဲ့ အသက်ရှင်နေထိုင်ခဲ့တယ်။ နတ်ဆိုးက လိမ်ညာခြင်းဖြစ်တဲ့ ဒီနည်းလမ်းနဲ့ စတင်ခဲ့တယ်။ ကျွန်မက အမှန်တွေကို ဆန့်ကျင်တယ်၊ လိမ်ညာတယ်။ ဒါက တကယ်ကို မကောင်းဆိုးဝါးဆန်တဲ့ သဘာဝတစ်ခုပဲ။ အသင်းတော်အလုပ်ကို ကျွန်မ ထည့်မစဉ်းစားခဲ့ဘဲ အမှန်တွေကို ချိုးဖောက်တဲ့ အကဲဖြတ်ချက်ကို ရေးပြီး ညီအစ်ကိုမောင်နှမတွေကို အမြင်မှားစေခဲ့တယ်။ ဒါကြောင့် သူတို့က လူမှားပြီး တင်မြှောက်ခဲ့ကြတယ်။ ဒါက ဘုရားကို လိမ်ညာပြီး ဘုရားရဲ့ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားတာပါ။ ဒါကို သဘောပေါက်တော့ ကျွန်မ ကြောက်သွားတယ်။

နောက်ပိုင်းမှာ ဒီဘုရားနှုတ်ကပတ်တော်အပိုဒ်ကို ကျွန်မ ဖတ်ပါတယ်။ “သမ္မာတရားသည် သင့်တွင် အသက်ဖြစ်လာပြီးသည်နှင့် သင်သည် ဘုရားသခင်အပေါ် ပြစ်မှားစော်ကားသော၊ ဘုရားသခင်အား မကြောက်ရွံ့သော၊ မိမိ၏တာဝန်ထမ်းဆောင်ရာတွင် ပေါ့ဆပြီး ဝတ်ကျေတမ်းကျေပြုသော၊ သို့မဟုတ် အသင်းတော်အလုပ်ကို ကြားဝင်စွက်ဖက်သောသူကို သတိပြုမိသောအခါ သင်သည် သမ္မာတရားစည်းမျဉ်းနှင့်အညီ တုံ့ပြန်လိမ့်မည်။ ထိုသူအား လိုအပ်သလို ခွဲခြားပြီး ဖော်ထုတ်နိုင်လိမ့်မည်။ သမ္မာတရားသည် သင်၏ အသက် ဖြစ်မလာသေးသကဲ့သို့ သင်သည် သင်၏ စာတန်ဆန်သော စိတ်သဘောထားအတွင်းတွင် အသက်ရှင်ဆဲဖြစ်ပါက၊ အသင်းတော်အလုပ်ကို တုံ့ဆိုင်းမှုနှင့် အနှောင့်အယှက်များ ဖြစ်စေသည့် ဆိုးယုတ်သော လူများနှင့် နတ်ဆိုးများကို သင် ရှာဖွေတွေ့ရှိသည့်အခါ၊ သင်သည်မသိကျိုးကျွန်ပြုလိမ့်မည်ဖြစ်ပြီး ဂရုစိုက်လိမ့်မည်မဟုတ်။ လိပ်ပြာလုံစွာဖြင့် ယင်းတို့ကို သင် ဘေးဖယ်ထားလိုက်လိမ့်မည်ဖြစ်သည်။ အသင်းတော်အလုပ်ကို အနှောင့်အယှက်ဖြစ်စေနေသည့် သူတစ်ဦးမျှ သင်နှင့် မည်သည့်ပတ်သက်မှုမျှ မရှိဟုပင် သင် တွေးလိမ့်မည်။ အသင်းတော်၏အလုပ်နှင့် ဘုရားအိမ်တော်၏အကျိုးစီးပွားတို့ မည်မျှ ထိခိုက်ပါစေ၊ သင် ဂရုမစိုက်၊ ကြားဝင်စွက်ဖက်ခြင်း မရှိပေ၊ သို့မဟုတ် အပြစ်ရှိသည်ဟု မခံစားရပေ— ယင်းက သင့်အား အသိစိတ်၊ သို့မဟုတ် ဆင်ခြင်တုံတရား မရှိသူတစ်ဦး၊ မယုံကြည်သူတစ်ဦး၊ အစေခံသူတစ်ဦး ဖြစ်စေသည်။ သင်သည် ဘုရားသခင်နှင့် သက်ဆိုင်သည့်အရာကို စားကာ၊ ဘုရားသခင်နှင့်သက်ဆိုင်သည့် အရာကို သောက်ပြီး ဘုရားသခင်ထံမှ လာသည့်အရာများအားလုံးကို မွေ့လျော်သော်လည်း ဘုရားအိမ်တော်၏ အကျိုးစီးပွားအပေါ် မည်သည့်ထိခိုက်ခြင်းကမျှ သင်နှင့်ဆက်နွှယ်ခြင်း မရှိဟု ခံစားရသည်— ယင်းက သင့်အား ကျွေးသောလက်ကို ကိုက်သည့် သစ္စာဖောက်တစ်ဦး ဖြစ်စေသည်။ သင်သည် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို မကာကွယ်ပါက၊ သင်သည် လူပင် ဟုတ်ပါ၏လော။ ယင်းက အသင်းတော်ထဲသို့ အယုံသွင်း၍ ချဉ်းကပ်လာသည့် နတ်ဆိုးတစ်ကောင်ဖြစ်သည်။ သင်သည် ဘုရားသခင်၌ ယုံကြည်မှုရှိဟန်ဆောင်သည်၊ ရွေးချယ်ခံထားရသူ တစ်ဦးအဖြစ် ဟန်ဆောင်ပြီး ဘုရားသခင်၏ အိမ်တော်၌ ကပ်ပါးရပ်ပါး လုပ်လိုသည်။ သင်သည် လူသားတစ်ဦး၏ ဘဝကို ရှင်သန်မနေဘဲ၊ ရှင်းလင်းစွာပင် မယုံကြည်သူများထဲမှ တစ်ဦးဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ ဘုရားသခင်ကို အမှန်တကယ် နာခံသည့်သူများသာလျှင် ဘုရားသခင်ကို ကြောက်ရွံ့သောစိတ်နှလုံးရှိပေသည်) ဘုရားနှုတ်ကပတ်တော်ရဲ့ ဖွင့်ပြချက်က ကျွန်မအတွက် တော်တော်စိတ်ထိခိုက်မိတယ်။ ကျွန်မက ဘုရားသခင်ပြောတဲ့ ကိုယ့်ကိုကျွေးတဲ့လက်ကိုကိုက်တဲ့ သစ္စာဖောက်ပဲ။ ကျွန်မက ဘုရားနှုတ်ကပတ်တော်ကို စားသောက်ပြီး ဘုရားရဲ့ အာဟာရတွေအားလုံးကို ခံစားတယ်။ ဒါပေမဲ့ အသင်းတော်အလုပ်ကိုတော့ မထိန်းသိမ်းဘူး။ အဲဒီအစား ကျွန်မက လုံးဝ ကိုယ်ကျိုးအတွက်ပဲ ပြုမူနေတယ်။ ကျွန်မ ကောင်းကောင်းသိတဲ့ သမ္မာတရားကို လက်တွေ့မလုပ်ဘူး။ ဒါကြောင့် နောက်ဆုံးမှာ သူများတွေကို အယောင်ဆောင်ခေါင်းဆောင်တစ်ယောက်ကို ရွေးမိအောင် အမြင်မှားစေခဲ့တယ်။ ဒါက အသင်းတော်အလုပ်နဲ့ တခြားညီအစ်ကိုမောင်နှမတွေကို ထိခိုက်နေတာမဟုတ်ဘူးလား။ ကျွန်မ ပိုစဉ်းစားကြည့်လေလေ၊ အရမ်းဉာဏ်များပြီး ယုတ်မာလို့ ကိုယ့်ကိုယ်ကိုယ် မုန်းလေလေပဲ။ ကိုယ့်ကိုယ်ကိုယ်ပဲ ကာကွယ်ချင်ပြီး အသင်းတော်အလုပ်ကို မကာကွယ်ဘူး။ ကျွန်မက ဘယ်လို စစ်မှန်တဲ့ယုံကြည်သူမှမဟုတ်ပါဘူး။ ကျွန်မဝိညာဉ်မှာ မှောင်မိုက်ပြီး စိတ်ဓာတ်ကျလာတယ်။ ကျွန်မက ဘုရားနှုတ်ကပတ်တော်ရဲ့ ဉာဏ်အလင်းဖွင့်ပြခြင်းကို မခံရဘူး။ ကိုယ့်တာဝန်မှာ ဘာကိုမှ မဖြစ်မြောက်နေဘူး။ ဘုရားသခင်က ကျွန်မဆီကနေ သူ့မျက်နှာကို ပုံးကွယ်နေတယ်။ ကျွန်မက ဆက်ပြီးတော့ နောင်တမရတဲ့ သစ္စာဖောက်ဖြစ်နေရင် ဘုရားက စွန့်ပစ်တာကို သေချာပေါက် ခံရမှာပဲ။ လူသားရဲ့ပုန်ကန်ပြစ်မှားမှုကို လုံးဝ သည်းမခံတဲ့ ဘုရားရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားကို ကျွန်မ တကယ်ခံစားခဲ့ရပြီး သမ္မာတရားကို လက်တွေ့မလုပ်တဲ့အတွက် ကိုယ့်ကိုယ်ကိုယ် မုန်းတီးခဲ့တယ်။ ကျွန်မ ဘုရားကို ဆုတောင်းတယ်။ နောင်တရပြီး သမ္မာတရားကို လက်တွေ့လုပ်ဖို့၊ ကျွန်မရဲ့ ပြစ်မှားမှုအတွက် ဖာထေးပေးဖို့ အသင့်ဖြစ်နေခဲ့တယ်။

ဒီဘုရားနှုတ်ကပတ်တော်အပိုဒ်ကို ကျွန်မ ဖတ်တယ်။ “မိမိတို့၏ တာဝန်ကို ဖြည့်ဆည်းနေသည့်သူများ အားလုံးအတွက်မူ၊ သမ္မာတရားကို ၎င်းတို့၏နားလည်ခြင်းသည် မည်မျှ နက်နဲပါစေ၊ သို့မဟုတ် မည်မျှပေါ့တန်ပါစေ သမ္မာတရား စစ်မှန်မှုထဲသို့ ဝင်ရောက်ဖို့ အရိုးရှင်းဆုံး လက်တွေ့လုပ်ဆောင်ခြင်း နည်းလမ်းမှာ အရာအားလုံး၌ ဘုရားသခင့် အိမ်တော်၏ အကျိုးစီးပွားများကို တွေးဖို့ရန်နှင့် တစ်ကိုယ်ကောင်းဆန်သော စိတ်ဆန္ဒများ၊ တစ်ဦးချင်းစီ၏ ရည်ရွယ်ချက်များ၊ ကြံရွယ်ချက်များ၊ မာနနှင့် ဂုဏ်အဆင့်အတန်းတို့ကို လက်လွှတ်ဖို့ ဖြစ်သည်။ ဘုရားသခင့် အိမ်တော်၏ အကျိုးစီးပွားများကို ဦးစားပေးလော့— ဤသည်မှာ အနည်းဆုံး လုပ်ဆောင်သင့်သည့် အရာဖြစ်၏။ မိမိ၏ တာဝန်ကို ဆောင်ရွက်နေသည့် လူတစ်ဦးသည် ဤမျှလောက်ပင် မလုပ်ဆောင်နိုင်လျှင်၊ မိမိ၏ တာဝန်ကို လုပ်ဆောင်နေပါသည်ဟု ၎င်းကို အဘယ်သို့ ပြောနိုင်မည်နည်း။ ဤသည်မှာ လူတစ်ဦး၏ တာဝန်ကို လုပ်ဆောင်နေခြင်း မဟုတ်ပေ။ ဘုရားအိမ်တော်၏ အကျိုးများကို သင် ပထမဦးဆုံး စဉ်းစားသင့်သည်၊ ဘုရားသခင်၏ အလိုတော်နှင့် အသင်းတော အလုပ်တို့ကို စဉ်းစားသင့်ပြီး၊ ဤအရာများကို ဦးစားပေးသင့်၏။ ထို့နောက်တွင်မှ၊ သင့်အဆင့်အတန်း၏ တည်ငြိမ်မှု သို့မဟုတ် အခြားသူများက သင့်ကို မည်သို့ မြင်သည်တို့နှင့်ပတ်သက်၍ သင် စဉ်းစားနိုင်သည်။ ယင်းကို ဤအဆင့်များအဖြစ်သို့ ပိုင်းခြားလိုက်ပြီး အပေးအယူအချို့ ပြုလုပ်သည့်အခါ၊ အနည်းငယ် ပိုမို လွယ်ကူသွားသည်ဟု သင် မခံစားရသလော။ ခဏတာ ဤအရာကို သင် လက်တွေ့လုပ်ဆောင်လျှင်၊ ဘုရားသခင်ကို စိတ်ကျေနပ်စေခြင်းမှာ ခက်ခဲခြင်းမရှိဟု သင် ခံစားလာရလိမ့်မည်။ ထို့အပြင်၊ သင်၏ တာဝန်များကို သင်ဖြည့်ဆည်းနိုင်သင့်သည်၊ သင်၏ တာဝန်များနှင့် ဝတ္တရားများကို ဆောင်ရွက်နိုင်သင့်သည်၊ သင်၏ တစ်ကိုယ်ကောင်းဆန်သော စိတ်ဆန္ဒများကို ဘေးဖယ်ထားနိုင်သင့်သည်၊ သင်၏ ကိုယ်ပိုင် ရည်ရွယ်ချက်များနှင့် ကြံရွယ်ချက်များကို ဘေးဖယ်ထားနိုင်သင့်သည်၊ ဘုရားသခင်၏ အလိုတော်ကို အရေးထားနိုင်ပြီး ဘုရားအိမ်တော်၏ အကျိုးများ၊ အသင်းတော်အလုပ်နှင့် သင်ထမ်းဆောင်သင့်သည့် တာဝန်တို့ကို ဦးစားပေးနိုင်သင့်သည်။ ဤအရာကို တစ်ခဏကြာ ကြုံတွေ့ပြီးနောက်တွင်၊ ဤသည်မှာ ပြုမူကျင့်ကြံရန် ကောင်းမွန်သော နည်းလမ်းတစ်ခု ဖြစ်သည်ဟု သင်ခံစားရလိမ့်မည်။ ယင်းမှာ ယုတ်ညံ့သောလူတစ်ဦး သို့မဟုတ် အသုံးမကျသောလူတစ်ဦး မဖြစ်ဘဲ ရိုးရိုးစင်းစင်းနှင့် ရိုးသားစွာ အသက်ရှင်ခြင်း ဖြစ်ပြီး၊ စက်ဆုပ်ဖွယ်‌ကောင်းခြင်းနှင့် ယုတ်မာခြင်းထက် မျှမျှတတ နှင့် သိက္ခာရှိရှိ အသက်ရှင်ခြင်း ဖြစ်သည်၊ ဤသည်မှာ လူတစ်ဦး အသက်ရှင်၊ ပြုမူသင့်သည့်ပုံဖြစ်သည်ဟု သင်ခံစားရလိမ့်မည်။ တဖြည်းဖြည်းနှင့်၊ သင်၏ ကိုယ်ပိုင်အကျိုးစီးပွားများကို အလိုဖြည့်ဖို့ သင်၏ စိတ်နှလုံးအတွင်းရှိ လိုအင်ဆန္ဒသည် သာ၍ လျော့ပါးသွားပေလိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအား စွန့်ပစ်ခြင်းအားဖြင့်သာလွတ်လပ်ခြင်းနှင့် လွတ်မြောက်ခြင်းကို ရရှိနိုင်သည်) ဘုရားနှုတ်ကပတ်တော်ကနေ လက်တွေ့လုပ်ဖို့ လမ်းကြောင်းတစ်ခုကို ကျွန်မ တွေ့ခဲ့တယ်။ အသင်းတော်အလုပ်ကိုကျွန်မတို့ အမြဲတမ်း ဦးစားပေးရမယ်။ တစ်ကိုယ်ရေအကျိုးစီးပွားတွေက အသင်းတော်အလုပ်နဲ့ ကွဲလွဲနေတဲ့အခါမှာ ကိုယ့်ကိုယ်ကိုယ် စွန့်လွှတ်ရမယ်။ ကိုယ့်အကျိုးစီးပွားတွေကို လက်လွတ်ရမယ်။ ကိုယ့်တာဝန်ဝတ္တရားတွေကို ဦးစားပေးရမယ်။ ဒီတစ်ခါမှာ ကျွန်မကို အကဲဖြတ်ချက် ပြန်ရေးဖို့ ပြောတယ်။ ဘုရားကို ကျွန်မ နောင်တရမယ်ပေါ့။ သူများတွေက ကျွန်မကို ဘယ်လိုထင်မလဲဆိုတာ စဉ်းစားနေပြီး ကိုယ့်ကိုယ်ကိုယ် ကာကွယ်နေလို့ မဖြစ်တော့ဘူး။ အမှန်အတိုင်းရေးပြီး ကျွန်မ ရိုးသားရမယ်ပေါ့။

အဲဒီနောက်တော့ ညီအစ်ကိုမောင်နှမတွေကို ကျွန်မ ဖွင့်ပြောလိုက်တယ်။ ကျွန်မပြသတဲ့ ဖောက်ပြန်ပျက်စီးမှု၊ ကိုယ့်ကိုယ်ကိုယ်သုံးသပ်မှုနဲ့ ကျွန်မသိလာတဲ့အရာတွေကို ပြောပြတယ်။ ခေါင်းဆောင်တွေကို ရွေးချယ်ခြင်း စည်းမျဉ်းတွေကိုလည်း ကျွန်မ မိတ်သဟာယဖွဲ့တယ်။ သမ္မာတရားကို လိုက်စားသူတွေ၊ လူ့သဘာဝကောင်းရှိသူ၊ လက်တွေ့အလုပ်လုပ်နိုင်သူတွေကို ကျွန်မတို့ ရွေးချယ်ရမယ်ပေါ့။ ဒီဟာနဲ့ ကွမ်စင်းကို နှိုင်းယှဉ်ကြည့်ပြီးတော့ လူတိုင်းက ပိုင်းခြားသိမြင်မှုရလာပြီး အကဲဖြတ်ချက်အသစ်တွေရေးဖို့ အဆင့်သင့်ဖြစ်လာကြတယ်။ ကွမ်စင်းရဲ့အပြုအမူကို အခြေခံပြီး တိကျတဲ့ အကဲဖြတ်ချက်ရေးလိုက်တယ်။ ဒါကို လက်တွေ့လုပ်တော့ ကျွန်မ ငြိမ်သက်ခြင်းရှိလာတယ်။

အဲဒီနေ့မှာ ခေါင်းဆောင်ဆီကနေ စာတစ်စောင်ရတယ်၊ ကွမ်စင်းကို ထုတ်လိုက်ပြီတဲ့။ သူက ပြောသေးတယ်၊ ကွမ်စင်း အဲဒီရာထူးမှာ ရှိနေတုန်းမှာ၊ သူက မာနကြီးတယ်၊ အာဏာရှင်ဆန်တယ်၊ ပူးပေါင်းလုပ်ကိုင်ခြင်းမရှိဘူး။ ဒါကြောင့် အသင်းတော်ရဲ့ ပရောဂျက်တွေအများကြီး နှောင့်နှေးရတယ် တဲ့။ သူက သူများတွေကို ဖိနှိပ်ဖို့လည်း သူ့ရာထူးကို အသုံးပြုတယ်။ ဒါကြောင့် သူများတွေက အပျက်သဘောဆောင်လာကြတယ်။ စာထဲကပြောတဲ့ဒီအရာတွေက ကျွန်မအတွက် မျက်နှာကို တစ်ချက်ပြီးတစ်ချက်ရိုက်လိုက်သလိုပဲ။ ကျွန်မမျက်နှာက ထူပူနေပြီး စိတ်က လုံးဝ ဗလာဖြစ်သွားတယ်။ ကျွန်မက ဘုရားကို တကယ်ကို ပုန်ကန်ပြစ်မှားခဲ့ပြီ၊ အယောင်ဆောင်ခေါင်းဆောင်ရဲ့ မကောင်းမှုမှာ ကျွန်မက ဝင်ပါခဲ့တယ်ဆိုတာကို သိလိုက်တယ်။ သူက အရင်က ဒီလိုပြုမူခဲ့ပြီး ကျွန်မက ဒါကို ရိပ်စားမိတယ်။ ဒါပေမဲ့ ကျွန်မက သူ့ကို တိုင်ကြားဖို့ ပျက်ကွက်ရုံတင်မကဘဲ သူ့ကို အထက်ခေါင်းဆောင်အဖြစ် တခြားညီအစ်ကိုမောင်နှမတွေကို ထောက်ခံခွင့်ပေးလိုက်တယ်။ ကျွန်မက အသင်းတော်အလုပ်အတွက် ဘာတာဝန်သိတတ်စိတ်မှမရှိဘူးဆိုတာ သဘောပေါက်ခဲ့တယ်။ ကျွန်မက အယောင်ဆောင်ခေါင်းဆောင်တစ်ယောက်ကို မကောင်းမှုလုပ်ပြီး အခြေအနေတွေကို ပိုဆိုးလာအောင်လုပ်ဖို့ တိတ်တဆိတ်ကူညီနေခဲ့တာပါ။ ကိုယ့်အတွက်ကိုယ်၊ သမ္မာတရားကို လက်တွေ့မလုပ်တဲ့အတွက်ကိုတောင် ဆင်ခြေတွေရှာခဲ့တယ်။ ကျွန်မက ကိုယ်သိတာကို မတင်ပြခဲ့ရင်တောင် ဘုရားက ဖွင့်ပြမှာပဲလို့ ခံစားမိခဲ့တယ်။ ဘုရားက အရာရာကို ပေါ်လွင်စေတာဟုတ်ပါတယ်။ ဒါပေမဲ့ ကိုယ့်တာဝန်တွေကို ကျွန်မတို့ ဖြည့်ဆည်းသင့်တယ်။ အယောင်ဆောင်ခေါင်းဆောင်တွေကို ဖော်ထုတ်ပြီး အသင်းတော်အလုပ်ကို ထိန်းသိမ်းသင့်တယ်။ ဒါပေမဲ့ ကျွန်မက မလှုပ်မယှက်နဲ့ စောင့်ကြည့်နေခဲ့တယ်။ ဘုရားကို လုပ်စေချင်ပြီး သူ့ကို ဖော်ထုတ်စေချင်တယ်။ ကျွန်မက ကိုယ့်တာဝန်၊ ကိုယ့်ဝတ္တရားကို မဖြည့်ဆည်းခဲ့ဘူး။ ဒါကြောင့် အသင်းတော်အလုပ်နဲ့ ညီအစ်ကိုမောင်နှမတွေရဲ့ အသက်ဝင်ရောက်မှုကို တော်တော်ထိခိုက်သွားတယ်။ ကျွန်မဒါကို တွေးကြည့်လေလေ၊ ခံစားရတာ ပိုပို ဆိုးလေလေပဲ။ ကျွန်မရဲ့ ပြစ်မှားမှုက ပြန်ပြုပြင်လို့မရလောက်အောင်ဖြစ်နေပြီဆိုတာ ကျွန်မ သိခဲ့တယ်။ နာကျင်နေရင်းနဲ့ ဘုရားရှေ့ကို ဆုတောင်းပြီး နောင်တရရင်းနဲ့ ထပ်ပြီးလာခဲ့ပါတယ်။ ကျွန်မက ပြဿနာတစ်ခုကို ကြုံရတာနဲ့ တစ်ပြိုင်နက် ဘာလို့ ကိုယ့်အကျိုးစီးပွားတွေကိုပဲ ကာကွယ်ခဲ့သလဲဆိုတာကိုလည်း သိချင်မိတယ်။ ဒီပြဿနာရဲ့ အရင်းအမြစ်က ဘာလဲပေါ့။

ကျွန်မ ဘုရားဝတ်ပြုရင်းနဲ့ ဒီအပိုဒ်ကို ဖတ်တယ်။ “လူတို့သည် ဘုရားသခင်၏ အမှုကို တွေ့ကြုံရပြီး သမ္မာတရားကို နားလည်ပြီးသည်အထိ အတွင်း၌ သူတို့ကို ထိန်းချုပ်၍ အုပ်စိုးသည်မှာ စာတန်၏ သဘာဝဗီဇဖြစ်၏။ အတိအကျဆိုရလျှင် ထိုသဘာဝဗီဇကို မည်သည့်အရာက ဖြစ်ပေါ်စေသနည်း။ ဥပမာ၊ သင်သည် အဘယ်ကြောင့် တစ်ကိုယ်ကောင်းဆန်ရသနည်း။ သင်၏ကိုယ်ပိုင် ရာထူးဂုဏ်ဒြပ်ကို အဘယ်ကြောင့် ကာကွယ် သနည်း။ သင်သည် အဘယ်ကြောင့် ထိုသို့သော အားကောင်းသည့် စိတ်ခံစားချက်များ ရှိသနည်း။ ထိုမဖြောင့်မတ်သော အရာများကို သင်သည် အဘယ်ကြောင့် မွေ့လျော်ခံစားသနည်း။ သင်သည် အဘယ်ကြောင့် ထိုမကောင်းမှုများကို နှစ်သက်သနည်း။ ထိုသို့သော အရာများကို သင်၏ ကြိုက်နှစ်သက်ခြင်း၏ အခြေခံအကြောင်းရင်းက အဘယ်နည်း။ ဤအရာတို့သည် အဘယ်အရပ်က လာကြသနည်း။ ၎င်းတို့အား လက်ခံသည်ကို သင် အဘယ်ကြောင့် အလွန်ပျော်ရွှင်နေသနည်း။ ဤအရာများအားလုံး၏ နောက်ကွယ်ရှိ အဓိက အကြောင်းရင်းမှာ လူသားအတွင်းတွင် စာတန်၏အဆိပ်ရှိခြင်းကြောင့် ဖြစ်ကြောင်း ယခုတွင် သင်တို့အားလုံး နားလည်လာကြပြီ။ ဤသို့ဆိုလျှင် စာတန်၏ အဆိပ်ဆိုသည်မှာ အဘယ်နည်း။ ယင်းကို မည်သို့ ဖော်ပြနိုင်သနည်း။ ဥပမာအားဖြင့်၊ သင်က ‘လူများ အဘယ်သို့ အသက်ရှင်နေထိုင်သင့်သနည်း။ လူများသည် အဘယ်အရာအတွက် အသက်ရှင်သင့်သနည်း’ ဟု မေးပါက၊ သူတို့က ‘လူတိုင်း ကိုယ့်အတွက်သာ ကိုယ်ကြည့်ပြီး၊ ဘယ်သူသေသေ ငတေမာပြီးရော ဖြစ်သည်’ ဟု ဖြေကြလိမ့်မည်။ ဤတစ်ခုတည်းသော စကားစုက ပြဿနာ၏ တကယ့်အရင်းအမြစ်ကို ဖော်ပြလေသည်။ စာတန်၏ အတွေးအခေါ်နှင့် တွေးခေါ်မှုစနစ်သည် လူသားတို့၏ အသက်တာများ ဖြစ်လာပြီဖြစ်သည်။ လူများသည် အဘယ်အရာနောက်သို့ လိုက်သည်ဖြစ်စေ၊ မိမိတို့ကိုယ်တိုင်အတွက်သာ လုပ်ဆောင်ခြင်းဖြစ်သည်— ထို့ကြောင့် ၎င်းတို့သည် မိမိတို့ကိုယ်ကိုအတွက်သာ အသက်ရှင်ကြသည်။ ‘ကိုယ့်အတွက်ပဲ ကိုယ်ကြည့်၊ ဘယ်သူသေသေ ငတေမာပြီးရော’ ဟူသော ဤအရာမှာ လူသား၏အသက် ဒဿနအမြင်ဖြစ်ပြီး ယင်းက လူသား၏ သဘာဝကိုလည်း ကိုယ်စားပြုလေသည်။ ဤစကားများသည် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ သဘာဝ၊ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ ဆိုးယုတ်သော သဘာဝ၏ အမှန်တကယ် ပြယုဂ်ဖြစ်လာနှင့်ပြီးဖြစ်သည်။ ဤဆိုးယုတ်သော သဘာဝသည် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ ဖြစ်တည်မှုအတွက် အခြေခံအချက်ဖြစ်လာနှင့်ပြီးဖြစ်သည်။ နှစ်ထောင်ချီကြာသည်အထိ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်သည် လက်ရှိအချိန်ကာလအထိ စာတန်၏ အဆိပ်ဖြင့် အသက်ရှင်ခဲ့ပြီးဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ ပေတရု၏လမ်းကြောင်းအတိုင်း လျှောက်လှမ်းနည်း) ကျွန်မက ယုံကြည်သူတစ်ယောက်ဖြစ်ပေမဲ့ ဘုရားနှုတ်ကပတ်တော်ရဲ့ သမ္မာတရားကို အသက်ရှင်ခြင်းအတွက် ကျွန်မရဲ့ စံနှုန်းတွေအဖြစ် သဘောမထားဘူးဆိုတာ ဘုရားနှုတ်ကပတ်တော်က ကျွန်မကို ပြခဲ့တယ်။ ကျွန်မက စာတန်ရဲ့ အယူအဆတွေအတိုင်း အသက်ရှင်နေတုန်းပဲ။ “မိမိကိုယ်သာ ကိုးကွယ်ရာဖြစ်၏၊” “အကျိုးအမြတ်ကို ဦးစားပေးပါ”၊ “မိမိကိုယ်ကို ကာကွယ်ရန် ဆိတ်ဆိတ်ငြိမ်နေ၍ အပြစ်တင်ခံရမှုမှ လွတ်မြောက်ရန်သာ ကြိုးစားပါ” ဆိုတာမျိုးတွေပေါ့။ ဒီဆိုးယုတ်တဲ့ အဆိပ်တွေကို အခြေခံပြီး ကျွန်မ အသက်ရှင်နေခဲ့တယ်။ လူတွေက ဘဝမှာ ကိုယ့်အတွက်ကိုယ် စဉ်းစားရမယ်၊ မထိခိုက်အောင်လို့ ကိုယ့်အကျိုးစီးပွားကို ကာကွယ်ဖို့ သင်ယူရမယ်လို့ ခံစားမိခဲ့တယ်။ ဒါက ပါးနပ်ဖို့၊ ဒုက္ခမခံရဖို့ တစ်ခုတည်းသောနည်းလမ်းပဲ ပေါ့။ ဒါပေမဲ့ ဒီဆိုးယုတ်တဲ့ အဆိပ်တွေနဲ့ အသက်ရှင်ခြင်းအားဖြင့် ကိုယ့်အကျိုးစီးပွားတွေကို ခဏတာ ကာကွယ်ပေးနိုင်ပေမဲ့ လူသားအနေနဲ့ ကျွန်မရဲ့ အခြေခံစည်းမျဉ်းကို လက်လွတ်စေခဲ့တယ်ဆိုတာ ဒီသင်ခန်းစာကတစ်ဆင့် တွေ့ခဲ့ပါတယ်။ ကျွန်မက တစ်ကိုယ်ကောင်းဆန်လာတယ်။ ဉာဏ်များပြီး ယုတ်မာလာတယ်။ ကျွန်မအသိစိတ်ကိုတောင်ဆန့်ကျင်ပြီး မရိုးမသားလုပ်ခဲ့တယ်။ ယုံကြည်ဖို့ မထိုက်တန်တဲ့ ဂုဏ်သိက္ခာမရှိတဲ့သူတစ်ယောက်ဖြစ်လာတယ်။ နောက်ဆုံးမှာ ညီအစ်ကိုမောင်နှမတွေရဲ့ ဘဝတွေကို ထိခိုက်ပြီး အသင်းတော်အလုပ်ကို တော်တော် နှောင့်ယှက်မိခဲ့တယ်။ လုံးဝ ဖာထေးလို့မရနိုင်တဲ့ ပြစ်မှားမှုတစ်ခုကို ကျူးလွန်ခဲ့တယ်။ စာတန်က ကျွန်မကို အရမ်းကို ဖျက်ဆီးခဲ့တာ၊ ကျွန်မမှာ အသိတရားမရှိတာတွေကို မုန်းခဲ့တယ်။ ကျွန်မက ဘုရားရှေ့မှာ အသက်ရှင်ဖို့ မထိုက်တန်ပါဘူး။ ကျွန်မက ဘုရားကို လုံးဝ နားမလည်ခဲ့ဘူး၊ သူက အရာရာကို စိစစ်တယ်ဆိုတာကို ကျွန်မ မယုံကြည်ဘူးဆိုတာ ဒီအတွေ့အကြုံက ပြခဲ့ပါတယ်။ ကွမ်စင်းအပေါ် ကျွန်မ ရိပ်စားမိတာကို သူများတွေနဲ့ မိတ်သဟာယဖွဲ့ရင်၊ ကျွန်မက လက်စားချေဖို့ ကြိုးစားနေတယ်၊ သူ့ကို တမင်ဖိနှိပ်နေတယ်လို့ ထင်ကြမှာကို စိတ်ပူခဲ့တယ်။ ဒါပေမဲ့ ဘုရားအိမ်တော်မှာ သမ္မာတရားက ကြီးစိုးပြီး ဘုရားက အားလုံးကို မြင်ပါတယ်။ ကျွန်မစိတ်နှလုံးက နေရာမှန်မှာရှိနေပြီး စည်းမျဉ်းနဲ့အညီ လုပ်ဆောင်သရွေ့ သူများတွေက သမ္မာတရားကို နားလည်တဲ့အခါမှာ ကျွန်မကို ပံ့ပိုးကြမှာပဲ။ အစမှာ တချို့လူတွေက ကျွန်မကို အထင်လွဲရင်တောင် ကျွန်မက ဘုရားရှေ့မှာ ကိုယ့်တာဝန်ကို ထမ်းဆောင်နေတာဖြစ်ပြီး ကျွန်မအသိစိတ်က ရှင်းနေမှာပဲ။ ဒါကို နားလည်တော့ ကျွန်မ တော်တော် ငြိမ်းချမ်းသွားတယ်။ နောင်ကျရင် စည်းမျဉ်းတွေကို သေချာထိန်းသိမ်းမယ်လို့ ကျွန်မ စိတ်ပိုင်းဖြတ်လိုက်တယ်။

အဲဒါတွေအားလုံးပြီးတဲ့နောက်မှာ သမ္မာတရားကို လုံးဝ လက်မခံဘဲ တာဝန်ခံယူမူမရှိတဲ့ ဧဝံဂေလိသင်းထောက်ဖြစ်တဲ့ လီရှောင်ကို စဉ်းစားမိတယ်။ သူက စည်းမျဉ်းတွေကို အခြေခံပြီး အထုတ်ခံရသင့်တယ်။ တခြားသင်းထောက်တချို့နဲ့ ကျွန်မ အတွေးတွေကို မျှဝေလိုက်တယ်။ သင်းထောက်တွေကပြောတယ်။ “သူ့ကို အခုထုတ်လိုက်ရင် အသင်းတော်မှာ အစားထိုးဖို့ သင့်တော်သူရှိမှာမဟုတ်ဘူး။ လောလောဆယ်တော့ သူ့ကို ကူညီပံ့ပိုးကြတာပေါ့” တဲ့။ ကျွန်မ စဉ်းစားကြည့်တယ်။ ကျွန်မက သူ့ကို သုံးလေးကြိမ် ကူညီပံ့ပိုးပြီးပြီ။ ဒါပေမဲ့ သူက လက်မခံဘူး။ သူက ဧဝံဂေလိသင်းထောက်အဖြစ် ဆက်ပြီး အစေခံနေရင် အလုပ်ကိုပိုပြီးတော့တောင် နှောင့်နှေးအောင်လုပ်မှာပဲ။ ဒါပေမဲ့ ဧဝံဂေလိသင်းထောက်အတွက် အသင်းတော်မှာ တခြားကောင်းကောင်းသင့်တော်တဲ့သူတစ်ယောက်မှမရှိတာ မှန်တယ်။ ပြီးတော့ လူတိုင်းက သဘောမတူကြဘဲ ကျွန်မက ဆက်လုပ်နေရင် ကျွန်မက အရမ်းမာနကြီးပြီး ခေါင်းမာတယ်လို့ ပြောကြမှာမဟုတ်ဘူးလား။ ခဏလောက်တော့ ကျွန်မ ဘာလုပ်သင့်တယ်ဆိုတာ မသိနေဘူး။ အဲဒါနဲ့ ဘုရားရှေ့ကိုလာပြီးဆုတောင်းရှာဖွေတယ်။ ဆုတောင်းပြီးတော့ ကျွန်မက ကိုယ့်အကျိုးစီးပွားတွေကို စပြီး ကာကွယ်နေပြန်ပြီဆိုတာ သဘောပေါက်လိုက်တယ်။ ကျွန်မက ကိုယ့်တာဝန်မှာ သမ္မာတရား စည်းမျဉ်းတွေကို ထိန်းသိမ်းရမယ်။ အမှန်နဲ့အမှားကို မရှင်းမလင်းမဖြစ်ရဘူး ပေါ့။ စည်းမျဉ်းတွေအရ စဉ်းစားရင် လီရှောင်က အယောင်ဆောင် အမှုဆောင်တစ်ယောက်ပဲ။ သူ့ကို အဲဒီရာထူးမှာ ထားရင် ဧဝံဂေလိအလုပ်က ထိခိုက်မှာပဲ။ ကျွန်မက မာနကြီးတယ်လို့ သူများတွေပြောမှာကိုကြောက်လို့ဆိုပြီး ဒါကို ကိုင်တွယ်ဖို့ ငြင်းဆန်လို့မရဘူး။ စည်းမျဉ်းတွေကို ထိန်းသိမ်းရမယ်ပေါ့။ အဲဒါနဲ့ ကျွန်မ တွဲဖက်တွေနဲ့ သက်ဆိုင်တဲ့ သမ္မာတရားတွေကို မိတ်သဟာယဖွဲ့တယ်။ သူတို့က ဧဝံဂေလိသင်းထောက်ကို ထုတ်ဖို့ သဘောတူကြတယ်။ အဲဒီနောက်တော့ ကျွန်မတို့ဧဝံဂေလိအလုပ်ကို လွှဲပြောင်းယူဖို့ တခြားအသင်းတော်က အစ်မတစ်ယောက်ကို အထက်ခေါင်းဆောင်က စီစဉ်ပေးတယ်။ သူက တာဝန်ခံယူမှုရှိပြီး စည်းမျဉ်းတွေကို နားလည်တယ်။ ကျွန်မတို့ ဧဝံဂေလိအလုပ်က တဖြည်းဖြည်းချင်း တိုးတက်လာတယ်။ ကျွန်မ တော်တော်စိတ်အေးပြီး ငြိမ်သက်ခြင်းကိုလည်း ခံစားရတယ်။ အသက်ရှင်ဖို့ သိပ်ကောင်းတဲ့နည်းတစ်ခုလိုမျိုးပေါ့။ နောက်ဆုံးတော့ သမ္မာတရားတချို့ကို ကျွန်မ လက်တွေ့လုပ်နိုင်ခဲ့တယ်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ကျေးကျွန်ဘဝ၏ အချုပ်အနှောင်များမှ ထွက်ပြေးလွတ်မြောက်ခြင်း

ကျောက်ရွမ် တရုတ်နိုင်ငံအနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ယခုအချိန်သည် လူတစ်ဦးစီအတွက် အဆုံးသတ်ခြင်းကို ငါဆုံးဖြတ်သည့်အချိန်ဖြစ်ပြီး...

သင်းအုပ်ဆရာတွေနဲ့ ကျွန်တော်ရဲ့ ငြင်းခုံဆွေးနွေးမှု

ကျဲမုန် အိန္ဒိယ ၂၀၁၉ခုနှစ်၊ ဇန်နဝါရီလမှာ သူငယ်ချင်းတစ်ယောက်က ကျွန်တော့်ကို အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလအမှုတော်ကို...

ဘဝ၌ ဝေခွဲမရသော ဆုံးဖြတ်ချက်တစ်ခု

လီယန် တရုတ်နိုင်ငံ ကျွန်တော်က ကျေးလက်ဒေသမှာ မွေးခဲ့ပြီး ဆင်းရဲတဲ့မိသားစုကနေ ကြီးပြင်းခဲ့ပါတယ်။ ကျွန်တော့်မိဘတွေက ခဏခဏအနိုင်ကျင့်ခံရတဲ့...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။