ကျွန်ုပ်သည် ဟန်ဆောင်မှုများနှင့် လှည့်စားမှုဖြင့် မိမိကိုယ်ကို ထိခိုက်နစ်နာစေခဲ့သည်

13.01.2025

၂၀၂၁ ခုနှစ်စက်တင်ဘာလမှာ၊ ဗီဒီယိုသစ်တစ်ခု ထုတ်လုပ်ရေး ပရောဂျက်မှာ ပါဝင်ဖို့ အသင်းတော်က ကျွန်မအတွက် စီစဉ်ပေးခဲ့တယ်။ အဲဒါက အတော်လေး ခက်ခဲမဲ့ပုံပေါ်တဲ့ ပရောဂျက်တစ်ခု ဖြစ်ပါတယ်။ စည်းမျဉ်းတွေ၊ အတတ်ပညာ စွမ်းရည်တွေအရ ကျွန်မ ချို့တဲ့နေတာကို သိတယ်။ ဒါကြောင့် ကျွန်မ ကြိုးစားလေ့လာခဲ့တယ်။ စုဝေးပွဲတွေတက်ပြီး ပြဿနာတွေကို ဆွေးနွေးတဲ့အခါ၊ ကျွန်မရဲ့အစွမ်းအစ အတော်ကောင်းတယ်လို့ တခြားလူတွေ မြင်ပြီး ကျွန်မက ပျိုးထောင်ထိုက်တယ်လို့ ထင်မှာပဲဆိုတဲ့ မျှော်လင့်ချက်နဲ့ ကျွန်မ အမြဲတမ်း တက်တက်ကြွကြွ စကားပြောတယ်။ ဒါပေမဲ့ မကြာခင်မှာ၊ ပြဿနာတစ်သီတစ်တန်းက တစ်ခုပြီးတစ်ခု ဖြစ်လာတယ်။

တစ်ခါ၊ ဗီဒီယိုတစ်ခု ထုတ်လုပ်ရေးကို ကျွန်မတို့ ဆွေးနွေးနေတဲ့အချိန်မှာ၊ ပြဿနာအနေနဲ့ ကျွန်မမြင်တဲ့ဟာတစ်ခုကို ကျွန်မ ထောက်ပြခဲ့တယ်။ ဒါပေမဲ့ တခြားလူတွေအားလုံးက စည်းမျဉ်းနဲ့ညီတဲ့ ဆန်းစစ်ချက်ကို အခြေခံပြီးတော့ အဲဒါ တကယ်တမ်းက ပြဿနာမဟုတ်ဘူးလို့ ဆုံးဖြတ်ခဲ့ကြတယ်။ ဒါကြောင့် ကျွန်မ မတော်သလိုမျိုး ခံစားရပြီး စိတ်ဓာတ်ကျသွားတယ်။ နောက်တစ်ခါ၊ ဗီဒီယိုတစ်ခုအတွက် ကျွန်မမှာ အကြံတစ်ခုရှိတဲ့အချိန်မှာ၊ ကျွန်မအယူအဆကို မပြောခင် အချိန်အတော်ကြာ စဉ်းစားခဲ့တယ်။ ဒါပေမဲ့ အဲဒါကို မှန်မှန်ကန်ကန် ကျွန်မ နားမလည်သေးဘူး။ နောက်တော့ “လူတွေ ဒီလိုတုံ့ပြန်မယ်မှန်း သိခဲ့ရင် ငါ ဘာတစ်ခုမှ ပြောခဲ့မှာမဟုတ်ဘူး”လို့တွေးပြီး ပြောမိတာကို နောင်တရခဲ့တယ်။ အရင်က ရိုးရှင်းတဲ့ ပရောဂျက်တွေကို ဖန်တီးနေခဲ့တုန်းက အကြံတစ်ခုပေးတဲ့အခါ ဒါမှမဟုတ် အယူအဆတစ်ခု ဖွင့်ပြောတဲ့အခါတိုင်းမှာ ညီအစ်ကို မောင်နှမတွေရဲ့ အသိအမှတ်ပြုတာကို အနည်းနဲ့အများ ကျွန်မ ရနိုင်ခဲ့တယ်။ ဒါပေမဲ့ ခုတော့ ပြဿနာကိုတောင် ကျွန်မ ရှင်းရှင်းလင်းလင်း မမြင်နိုင်တဲ့အပြင် အမှားတွေ အမြဲလုပ်မိတယ်။ ကျွန်မရဲ့ အစွမ်းအစ သိပ်မကောင်းဘူးလို့ ညီအစ်ကို မောင်နှမတွေက ထင်ကြမလား။ ကိစ္စတွေ ဒီလိုဆက်ဖြစ်ရင်၊ ကျွန်မ ဒီအလုပ်ကို လုပ်ဖို့ သင့်တော်လား၊ မသင့်တော်ဘူးလားလို့ သူတို့ စမေးခွန်းထုတ်ကြမလားပေါ့။ အနာဂတ်မှာ အကြံတစ်ခုပေးတဲ့အခါ ဒါမှမဟုတ် အယူအဆတစ်ခု ဖွင့်ပြောတဲ့အခါ ပိုသတိထားရမဲ့ပုံမျိုးပဲ။ တစ်ခုခုကို မသေချာရင်၊ ဘာမှမပြောဘဲ ဖြစ်နိုင်သမျှ အမှားလုပ်မိတာကို ရှောင်တာ ပိုကောင်းတယ်။ ကျွန်မ ဘယ်လိုအသုံးမကျဘူးလဲဆိုတဲ့အမှန်တရားကို တခြားလူတွေ မမြင်အောင်ပေါ့။ ဒါပေမဲ့ အဲဒီအချိန်မှာ ကျွန်မ အကြောက်ဆုံးကိစ္စ ဖြစ်လာတယ်။ တစ်နေ့ စုဝေးပွဲတစ်ခုမှာ ကျွန်မ မိတ်သဟာယပြုနေတုန်း အဖွဲ့ခေါင်းဆောင်က ကျွန်မကို ရုတ်တရက် ဖြတ်ပြောလိုက်တယ်။ ကျွန်မ ပြောတာက လက်ရှိအကြောင်းအရာနဲ့ လွဲနေပြီး ကျွန်မ မိတ်သဟာယက ဘုရားနှုတ်ကပတ်တော်တွေကို ဗဟိုပြုရမှာလို့ သူကပြောတယ်။ ကျွန်မ အရမ်းစိတ်ကသိကအောက်ဖြစ်သွားတယ်။ ကျွန်မမျက်နှာရဲသွားပြီး မြေကြီးအခေါင်းပေါက်တစ်ခုထဲကို ဝင်ပြီးပဲ ပျောက်သွားလိုက်ချင်မိတော့တယ်။ ကျန်တဲ့စုဝေးပွဲအချိန်တွေမှာ ညိုးနေတဲ့ ပန်းလို ကျွန်မခေါင်းကိုပဲ ငုံ့နေမိတယ်။ ကျွန်မ ရှက်မိတယ်၊ အရှက်ခွဲခံရသလို ခံစားရပြီး နုံးချည့်သွားတယ်။ အစကတည်းက ကျွန်မရဲ့ အတတ်ပညာစွမ်းရည်တွေဟာ တခြားလူအားလုံးထက် မကောင်းတဲ့အပြင် ပြဿနာတွေအပေါ် ကျွန်မရဲ့အမြင်က အပေါ်ယံဆန်ခဲ့တာလေ။ ဒါပေမဲ့ ခုတော့ ကျွန်မ စကားပြောနေချိန်မှာ အဓိကအချက်တွေကိုတောင် ရှင်းအောင်မပြောနိုင်ခဲ့ဘူး။ ခုတော့ အရမ်းတိုတောင်းတဲ့ အချိန်လေးမှာပဲ အားနည်းချက်တွေ အများကြီး ကျွန်မ ဖော်ထုတ်ခဲ့တော့ လူတိုင်းက ကျွန်မကို ဘာများထင်မလဲ။ ကျွန်မရဲ့ အစွမ်းအစ ညံ့တယ်လို့ ထင်ကြမလား။ အဲဒီအချိန်ကစပြီး၊ အလုပ်အကြောင်း ကျွန်မတို့ အတူဆွေးနွေးတဲ့အခါတိုင်း ကျွန်မ စိတ်အနှောင့်အယှက်ဖြစ်တယ်။ ပြီးတော့ အရမ်းစိတ်လှုပ်ရှားတယ်။ အကြံပေးတာတွေ ကျွန်မ လုပ်ချင်ပေမဲ့ တစ်ခုစဉ်းစားမိတိုင်း ကျွန်မ ပြန်စဉ်းစားပြီး မပြောရဲခဲ့ဘူး။ အမှားလုပ်မိရင် ကျွန်မ အဆင့်မမီတာ လူတိုင်းမြင်သွားမှာကို ကြောက်ပြီးတော့ပေါ့။ အမှားတစ်ခုခု ပြောမိတာထက် ဘာမှမပြောတာက ပိုကောင်းတယ်လို့ ကျွန်မ ဆုံးဖြတ်လိုက်တယ်။ ဒါကြောင့် ပြဿနာတွေကို ကျွန်မတို့ ဆွေးနွေးနေချိန်မှာ၊ ကျွန်မ လုံးဝ စကားမပြောတော့ဘူး။ တစ်ခါတလေ သူတို့စိတ်ထဲရှိတဲ့ ဘယ်စိတ်ကူးမဆို အမြဲဖွင့်ပြောကြတဲ့ တခြားလူတွေကို ကျွန်မကိုယ်တိုင် လေးစားနေမိတာကို တွေ့မိတယ်။ ဒါပေမဲ့ ကျွန်မ အဲဒီအတိုင်း ကိုယ်တိုင် မလုပ်နိုင်ဘဲ ရှိနေတုန်းပဲ။ ကျွန်မ အဲဒီလိုသတ္တိမျိုး မရှိခဲ့ဘူး။ တကယ်တော့၊ ဒါမှားမှန်း ကျွန်မ သိခဲ့တယ်။ စိတ်မသက်မသာဖြစ်ပြီး စိတ်သောကရောက်ပေမဲ့ ဘာလုပ်ရမှန်း မသိခဲ့ဘူး။ နည်းနည်းကြာပြီးတဲ့နောက်မှာ ကျွန်မတို့ အသင်းတော် ခေါင်းဆောင်က အထုတ်ခံလိုက်ရတယ်။ သူ့ရဲ့ စွမ်းဆောင်ရည်ကို အထက်ခေါင်းဆောင်က ဖော်ထုတ်တဲ့အခါ သူက သူ့ရဲ့ အပြစ်အနာအဆာတွေကို ဖုံးဖိဖို့ အမြဲကြိုးစားပြီး သူ့တာဝန်ကို လုပ်နေချိန်မှာ ဘယ်တော့မှ မဖွင့်ဟဘူးလို့ သူတို့ပြောကြတယ်။ သူတို့ရဲ့ စကားတွေက ကျွန်မရဲ့အရှိုက်ကို ထိတယ်။ ကျွန်မကိုယ်တိုင်ရဲ့ လုပ်ရပ်တွေကို မစဉ်းစားဘဲ မနေနိုင်ခဲ့ဘူး။ ခုတလောမှာ လူတွေ ကျွန်မကို ရိပ်မိမှာစိုးလို့ ကျွန်မရဲ့ ကိုယ်ပိုင် စိတ်ကူးတွေနဲ့ ရှုထောင့်တွေကို ကွယ်ဝှက်ရင်းနဲ့ ကျွန်မဘာသာ နေနေခဲ့တာလေ။ အဲဒီအချိန်မှာ ကျွန်မအခြေအနေ ဘယ်လောက် အန္တရာယ်များလဲဆိုတာကို သဘောပေါက်ခဲ့ပြီး၊ ကျွန်မအနေနဲ့ သမ္မာတရားရှာပြီး ချက်ချင်း ဖြေရှင်းရမယ်မှန်း သိခဲ့တယ်။

ကျွန်မ ရှာဖွေနေတုန်းမှာ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ဖတ်မိတယ်။ “အမှားပြုလုပ်ခြင်း၊ သို့မဟုတ် မိမိကိုယ်ကို အယောင်ဆောင်ခြင်းတွင် မည်သည့်အရာက စိတ်သဘောထားနှင့် သက်ဆိုင်သနည်း။ အယောင်ဆောင်ခြင်းသည် စိတ်သဘောထားနှင့်ဆိုင်သည်။ ယင်းသည် မာနထောင်လွှားသော စိတ်သဘောထား၊ ကောက်ကျစ်ဆိုးယုတ်မှု၊ လှည့်စားမှုတို့ ပါဝင်သည်။ ဘုရားသခင်က အလွန်အမင်း စက်ဆုပ်ရွံရှာသည်။...သင်သည် အမှားတစ်ခုကို ပြုလုပ်ပြီးနောက်တွင် ယင်းကို မှန်မှန်ကန်ကန် ကိုင်တွယ်နိုင်လျှင်၊ ယင်းကို အခြားလူတိုင်းအား ပြောဆိုဆွေးနွေးခွင့်ပြုပြီး ယင်းနှင့်ပတ်သက်၍ ၎င်းတို့ မှတ်ချက်ပေးခြင်း၊ ပိုင်းခြားသိမြင်ခြင်းကို ခွင့်ပြုလျှင်၊ ယင်းနှင့်ပတ်သက်၍ ပွင့်လင်းစွာပြောဆိုနိုင်ပြီး စိစစ်နိုင်လျှင် သင့်အပေါ် လူတိုင်း၏ ထင်မြင်ချက်သည် မည်သို့ ဖြစ်လိမ့်မည်နည်း။ သင်၏ စိတ်နှလုံးသည် ဘုရားသခင်ထံ ဖွင့်ဟထားသောကြောင့် သင်သည် ရိုးသားသူတစ်ယောက်ဖြစ်သည်ဟု ၎င်းတို့က ပြောလိမ့်မည်။ သင်၏ လုပ်ရပ်များ၊ အပြုအမူများမှ တစ်ဆင့်သင့်စိတ်နှလုံးကို ၎င်းတို့ မြင်နိုင်လိမ့်မည်။ သို့သော် သင်သည် သင့်ကိုယ်သင် အယောင်ဆောင်ပြီး လူတိုင်းကို လှည့်စားဖို့ ကြိုးပမ်းလျှင် လူတို့သည် သင့်ကို အထင်အမြင်သေးလိမ့်မည်။ သင်သည် မိုက်မဲသောသူဖြစ်ပြီး ဉာဏ်မရှိသောသူတစ်ယောက်ဖြစ်သည်ဟု ပြောကြလိမ့်မည်။ သင်သည် ဟန်ဆောင်ဖို့၊ သို့မဟုတ် မိမိကိုယ်ကို ရှင်းချက်ထုတ်ဖို့ မကြိုးစားပါက၊ သင်၏ အမှားများကို ဝန်ခံနိုင်ပါက သင်သည် ရိုးသားပြီး ဉာဏ်ပညာရှိသည်ဟု လူတိုင်းက ပြောကြလိမ့်မည်။ ပြီးလျှင် သင့်ကို အဘယ်အရာက ဉာဏ်ပညာရှိစေသနည်း။ လူတိုင်း အမှားလုပ်ကြသည်။ လူတိုင်း၌ အမှားများနှင့် ချို့ယွင်းချက်များရှိကြသည်။ ပြီးလျှင် စင်စစ်အားဖြင့် လူတိုင်း၌ တူညီသော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားရှိကြသည်။ သင်သည် အခြားသူများထက် သာ၍မြင့်မြတ်သည်၊ စုံလင်ပြီး ကြင်နာသည်ဟု သင့်ကိုယ်သင် မတွေးထင်လေနှင့်။ ယင်းမှာ လုံးလုံး ယုတ္တိမတန်ခြင်းဖြစ်ပေသည်။ လူ၏ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအပြင် လူ့ဖောက်ပြန်ပျက်စီးခြင်း၏အဖြစ်အနေနှင့် အမှန်တရားတို့က သင့်အဖို့ ရှင်းလင်းသွားသည်နှင့်တစ်ပြိုင်နက် သင်၏ကိုယ်ပိုင်အမှားများကို ဖုံးကွယ်ရန် ကြိုးစားမည် မဟုတ်သကဲ့သို့ အခြားလူများ၏ အမှားကို ဆုပ်ကိုင်အသုံးချခြင်းကိုလည်း လုပ်ဆောင်မည်မဟုတ်ပေ။ သင်သည် နှစ်ခုလုံးကို မှန်ကန်စွာ ရင်ဆိုင်နိုင်လိမ့်မည်။ သို့မှသာ သင်သည် ထိုးထွင်းအမြင်ရှိလာပြီး ရူးနှမ်းသောအရာများကို လုပ်ဆောင်မည်မဟုတ်ပေ၊ ယင်းက သင့်ကို ဉာဏ်ပညာရှိစေလိမ့်မည်။ ဉာဏ်ပညာမရှိသူများသည် မိုက်မဲသူများဖြစ်ပြီး နောက်ကွယ်တွင် ခိုးကြောင်ခိုးဝှက် လုပ်နေလျက် မိမိတို့၏ အသေးစားအမှားများကို တဝဲလည်လည် အစဉ်တွေးတောနေကြသည်။ တွေ့ကြုံရသည်မှာ ရွံရှာစက်ဆုပ်ဖွယ် ဖြစ်သည်။ အမှန်တွင် သင်လုပ်ဆောင်နေသည့် အရာသည် အခြားလူများအဖို့ ချက်ချင်း သိသာထင်ရှားသော်လည်း သင်သည် ပေါ်တင် သရုပ်ဆောင်နေဆဲဖြစ်သည်။ အခြားသူများအဖို့ ယင်းမှာ ကပြက်ကချော် ဖျော်ဖြေတင်ဆက်ခြင်း၏ အသွင်မျိုး ဖြစ်သည်။ ဤသည်မှာ မရူးနှမ်းသလော။ ယင်းမှာ အမှန်တကယ် ရူးနှမ်းပေသည်။ ရူးနှမ်းသောလူများ၌ မည်သည့် ဉာဏ်ပညာမျှ မရှိပေ။ ဒေသနာမည်မျှကို ၎င်းတို့ကြားပါစေ ၎င်းတို့သည် သမ္မာတရားကို နားမလည်ဆဲဖြစ်သည်၊ သို့မဟုတ် မည်သည့်အရာကိုမျှ အရှိအတိုင်း မမြင်ဆဲဖြစ်သည်။ ၎င်းတို့သည် အခြားလူတိုင်းနှင့် ကွဲပြားခြားနားပြီး ဂုဏ်သိက္ခာရှိသည်ဟု ထင်မြင်ကြကာ၊ ၎င်းတို့သည် အမြဲပင် ဘဝင်မြင့်ကြသည်။ ဤသည်မှာ မာနကြီးခြင်းနှင့် မိမိကိုယ်ကို မှန်သည်ဟု ထင်မြင်ခြင်းဖြစ်သည်။ ဤသည်မှာ မိုက်မဲခြင်းဖြစ်သည်။ အရူးများသည် ဝိညာဉ်ရေးရာနားလည်မှု မရှိသည်မဟုတ်လော။ သင်ရူးနှမ်းပြီး ဉာဏ်ပညာမရှိသည့် အရေးကိစ္စများသည် သင်၌ ဝိညာဉ်ရေးရာ နားလည်မှုမရှိသော အရေးကိစ္စ၊ သမ္မာတရားကို သင် အလွယ်တကူနားမလည်နိုင်သော အရေးကိစ္စများ ဖြစ်လေသည်။ ဤသည်မှာ ထိုကိစ္စ၏ လက်တွေ့အရှိတရားပင် ဖြစ်၏။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ မိမိကိုယ်ကိုယ် ပြုမူနေထိုင်ခြင်းတွင် ရှိထားသင့်သည့် စည်းမျဉ်းများ) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက်မှာ ခုတလော ကျွန်မရှိခဲ့တဲ့ အခြေအနေကို သုံးသပ်မိတယ်။ အစမှာ၊ ဗီဒီယိုပရောဂျက်သစ်မှာ ပါဝင်ဖို့ အရွေးခံရတာက ကျွန်မရဲ့ အစွမ်းအစနဲ့ စွမ်းရည်တွေ သိပ်မဆိုးလို့ဖြစ်ပြီး ကျွန်မက ပျိုးထောင်ထိုက်တဲ့ သဘောပဲလို့ ကျွန်မ ထင်ခဲ့တယ်။ ဒါကြောင့် မိတ်သဟာယနဲ့ ဆွေးနွေးပွဲတွေမှာ လူတိုင်းရဲ့ အသိအမှတ်ပြုတာကို ရမယ်လို့ မျှော်လင့်ပြီးတော့ ကျွန်မရဲ့ အယူအဆတွေကို တက်တက်ကြွကြွ ဖော်ပြပြီး ပါဝင်ခဲ့တယ်။ ဒါပေမဲ့ ကျွန်မက ကျွန်မရဲ့ ပြဿနာတွေကို စဉ်ဆက်မပြတ် ဖော်ထုတ်နေမိတာကို မြင်တဲ့အခါ ကျွန်မ ကသိကအောက်ဖြစ်တယ်။ လူတွေက ကျွန်မကို ရိပ်မိသွားကြပြီး အဲဒါကို လက်မခံနိုင်ခဲ့ဘူး။ ကျွန်မရဲ့ အမှားတွေက ကျွန်မ ဘာမှမတော်ဘူး၊ ဒီအလုပ်အတွက် မသင့်တော်ဘူးဆိုတာကို သက်သေပြတာပဲလို့ တွေးခဲ့တယ်။ ဒါကြောင့် ကျွန်မ ဘယ်လောက် အရည်အချင်းမပြည့်မီလဲဆိုတာကို တခြားလူတွေ မြင်မှာမဟုတ်ဘူးလို့ မျှော်လင့်ရင်းနဲ့ ကိုယ့်ဘာသာနေပြီး ဟန်ဆောင်ခဲ့တယ်။ ကျွန်မရဲ့ စိတ်သဘောထားက အရမ်းမာနထောင်လွှားပြီး လှည့်ဖြားတတ်ခဲ့တယ်။ တကယ်တော့ အစကတည်းကကျွန်မကို ဒီတာဝန်ပေးတယ်ဆိုတဲ့အချက်က ကျွန်မတစ်ခုခုတော်တယ်ဆိုတာကို သက်သေမပြပါဘူး။ အသင်းတော်က ဒီအတိုင်း လက်တွေ့လုပ်ဖို့ ကျွန်မကို အခွင့်အရေး ပေးနေခဲ့တာပါ။ တကယ်တော့၊ ကျွန်မမှာ ချို့တဲ့တာတွေ၊ အားနည်းချက်တွေ အများကြီး ရှိနေတုန်းပဲဖြစ်ပြီး၊ ကျွန်မတာဝန်ကို လုပ်ဆောင်တဲ့လမ်းကြောင်းမှာ သင်ယူလေ့လာပြီး တိုးတက်ဖို့ လိုတယ်။ ဒါပေမဲ့ ဒီကိစ္စတွေကို ကျွန်မ မှန်မှန်ကန်ကန် သဘောမထားခဲ့ဘူး။ ကျွန်မအမှားတွေရဲ့ အကြောင်းတရားတွေကို ကျွန်မ သုံးသပ်မနေခဲ့တဲ့အပြင်၊ ကျွန်မ အားနည်းချက်တွေကို ဖာထေးဖို့အတွက် သမ္မာတရား စည်းမျဉ်းတွေကို ရှာမနေခဲ့ဘူး။ အဲဒီအစား၊ တခြားလူတွေက ကျွန်မကို မရိပ်မိအောင်လို့ ကျွန်မရဲ့ ပြဿနာတွေကို ကွယ်ဝှက်ဖို့ နည်းလမ်းတွေကို ဦးနှောက်ခြောက်ခံပြီး ကြိုးစားရှာနေခဲ့တယ်။ ကျွန်မဘယ်လိုလုပ် အရမ်းလှည့်ဖြားတတ်ပြီး မသိနားမလည်ဖြစ်ခဲ့ရတာလဲ။ နောက်ပိုင်းမှာ၊ နောက်ထပ် ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ဖတ်ခဲ့တယ်။ “လူများသည် ဘုရားသခင်ရှေ့မှောက်၌ သူတို့၏ တာဝန်ကို သို့မဟုတ် မည်သည့်အလုပ်မဆိုကို လုပ်သောအခါ သူတို့၏ စိတ်နှလုံးသည် သန့်စင်ရမည်။ ရေချိုရေသန့် ထည့်ထားသည့် ပန်းကန်လုံးတစ်လုံးကဲ့သို့ ကြည်စင်၍ အညစ်အကြေးကင်းရမည်။ သို့ဆိုလျှင် မည်သည့်သဘောထားမျိုးသည် မှန်ကန်သနည်း။ မည်သည့်အရာကို သင်လုပ်နေသည်ဖြစ်စေ သင့်စိတ်နှလုံးထဲတွင် ရှိလေသမျှကို၊ သင့်တွင် ရှိနေနိုင်သည့် စိတ်ကူးမှန်သမျှကို အခြားလူများနှင့် သင် မိတ်သဟာယဖွဲ့နိုင်သည်။ အကယ်၍ တစ်စုံတစ်ယောက်က ကိစ္စများကို သင်လုပ်သည့် နည်းလမ်းသည် အလုပ်ဖြစ်လိမ့်မည် မဟုတ်ဟု ပြောလာပြီး နောက်ထပ်စိတ်ကူးတစ်ခုကို အဆိုပြုပါက၊ ထိုစိတ်ကူးမှာ အတော်ကောင်းသော စိတ်ကူးတစ်ခုဖြစ်သည်ဟု သင်ခံစားရပါက သင့်ကိုယ်ပိုင်နည်းလမ်းကို လက်လျှော့ပြီး သူတို့တွေးသည့်အတိုင်း ကိစ္စများကို သင်လုပ်တော့သည်။ ထိုသို့လုပ်ခြင်းဖြင့် သင်သည် အခြားလူများ၏ အကြံပြုချက်များကို လက်ခံနိုင်သည်၊ မှန်ကန်သော လမ်းကြောင်းကို ရွေးချယ်နိုင်သည်၊ စည်းမျဉ်းများအတိုင်းအပြင် ပွင့်လင်းမြင်သာစွာနှင့် ရှင်းလင်းစွာ လုပ်ဆောင်နိုင်သည်ဟု လူတိုင်းက မြင်တွေ့မည်ဖြစ်သည်။ သင့်စိတ်နှလုံးတွင် မှောင်မိုက်မှု မရှိ၊ သင်က ရိုးသားခြင်းသဘောထားတစ်ခုကို အမှီပြုလျက် စိတ်ရင်းအတိုင်း ပြုမူပြောဆိုသည်ကို လူတိုင်းက တွေ့မြင်လိမ့်မည်။ သင်သည် စိတ်ထဲရှိသည်ကို မကွယ်မဝှက် ပြောသည်။ ဟုတ်လျှင် ဟုတ်သည်၊ မဟုတ်လျှင် မဟုတ်ဟု ပြောသည်။ မည်သည့် လှည့်စားမှုများ၊ လျှို့ဝှက်ချက်များမျှ မရှိဘဲ၊ အလွန် ရိုးစင်းသော လူတစ်ယောက်သာ ဖြစ်သည်။ ဤသည်မှာ စိတ်သဘောထားအမျိုးအစားတစ်ခု မဟုတ်သလော။ ဤအရာမှာ လူများ၊ အဖြစ်အပျက်များ၊ အမှုကိစ္စများအပေါ် ထားရှိသည့် သဘောထားဖြစ်ပြီး လူတစ်ဦး၏ စိတ်သဘောထားကို ထင်ဟပ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ အပိုင်း သုံး) ဘုရားက ရိုးသားတဲ့လူတွေကို နှစ်သက်တယ်။ ရိုးသားတဲ့ သဘောထားနဲ့ ကျွန်မတာဝန်ကို ကျွန်မ လုပ်သင့်တယ်။ ကျွန်မ ဘာကိုပဲ လုပ်ဆောင်၊ ပြောဆိုပါစေ၊ ကိုယ်ထင်တာကို ပြောရင်းနဲ့ တဲ့တိုးဆန်ပြီး ပွင့်လင်းသင့်တယ်။ ပြဿနာတွေ ပေါ်လာရင် ဝန်ခံပြီး အဲဒါတွေကို သင့်တင့်လျောက်ပတ်စွာနဲ့ ကိုင်တွယ်ဖြေရှင်းနိုင်သင့်တယ်။ ဒါကြောင့် အရင် ကျွန်မအမှားတွေကို တစ်ခုပြီးတစ်ခု ကျွန်မ ဆန်းစစ်တယ်။ ဘာလို့ ကိစ္စတွေ မှားယွင်းခဲ့တာလဲလို့ အကြောင်းရင်းတွေ ရှာခဲ့ပြီး၊ ဆက်စပ်တဲ့ စည်းမျဉ်းတွေကို နားလည်ဖို့ ကြိုးစားခဲ့တယ်။ အဲဒီအခါမှ ကျွန်မ သဘောပေါက်သွားတယ်။ အမှားတွေ လုပ်မိတာက ကျွန်မတို့ကိုယ်တိုင်ရဲ့ အားနည်းချက်တွေကို သိနိုင်စေပြီး အဲဒါတွေအတွက် အချိန်မီ အစားထိုးလုပ်နိုင်စေတယ်။ အဲဒါက ကောင်းတဲ့အရာတစ်ခုပဲလေ။ ဒါပေမဲ့ ကျွန်မက ကိုယ့်ဘာသာနေပြီး၊ ဟန်ဆောင်နေပြရင်းနဲ့ စိတ်ထဲရှိတဲ့အတိုင်း မပြောတဲ့အပြင် ကျွန်မရဲ့ အပြစ်အနာအဆာတွေ ပေါ်သွားမှာ စိုးပြီးတော့ ကျွန်မကိုယ်ပိုင် ပုံရိပ်နဲ့ အဆင့်အတန်းကို ကျွန်မ အမြဲ ပူပန်ခဲ့တယ်။ ဒီလိုလုပ်တော့ ကျွန်မ အားနည်းတဲ့ဟာတွေအတွက် ဘယ်တော့မှ ဖာထေးနိုင်မှာမဟုတ်သလို ကျွန်မ တိုးတက်မှုကလည်း နှေးသွားမှာပဲ။ ကျွန်မက ကိုယ့်ကိုယ်ကိုယ် အခက်တွေ့အောင်လုပ်ခဲ့တာပဲ မဟုတ်လား။ ဒါကို သဘောပေါက်သွားတဲ့နောက်မှာ၊ ကျွန်မရဲ့ စိတ်နေစိတ်ထားကို သတိရှိရှိနဲ့ ပြုပြင်ခဲ့တယ်။ တခြားညီအစ်ကို မောင်နှမတွေနဲ့ အလုပ်ကိစ္စ ဆွေးနွေးတဲ့အခါ၊ ဒါမှမဟုတ် ဗီဒီယိုတွေအတွက် အကြံပြုတာတွေ ပေးတဲ့အခါ၊ ဘယ်လိုလက်ခံကြမလဲဆိုတာကို ခန့်မှန်းဖို့ မကြိုးစားဘဲ ကိုယ့်စိတ်ထဲရှိတဲ့ ဘယ်ရှုထောင့်ကိုမဆို ကျွန်မ ဖွင့်ပြောခဲ့တယ်။ ကျွန်မရဲ့ စိတ်ကူးနဲ့ အယူအဆတွေက တလွဲတချော် ဖြစ်နေတုန်းပဲဖြစ်ပေမဲ့ ကျွန်မရဲ့ ညီအစ်ကို မောင်နှမတွေရဲ့ ပြုပြင်၊ လမ်းပြမှုတွေကြောင့် ပါဝင်တဲ့ စည်းမျဉ်းတချို့ကို ကျွန်မ စနားလည်လာခဲ့တယ်။ တဖြည်းဖြည်းနဲ့ ကျွန်မ စိတ်ကျဉ်းကျပ်တာ ပိုနည်းလာပြီး စိတ်အေးလက်အေးပိုခံစားရတဲ့အပြင် ကျွန်မ စိတ်နှလုံးက ပိုပေါ့သွားတယ်။

ခဏကြာပြီးတဲ့နောက်မှာ ဗီဒီယို အရည်အသွေးကို တိုးတက်အောင်လုပ်ဖို့ နည်းပညာအသစ်တချို့ကို ကျွန်မတို့ လက်ခံဖို့လိုခဲ့တယ်။ ကျွန်မက နည်းပညာနဲ့ စိမ်းတယ်။ ဒါပေမဲ့ တခြားလူတွေနဲ့ လိုအပ်တဲ့ ကျွမ်းကျင်မှုတွေကို အတူဆွေးနွေးပြီး သင်ယူလိုက်ခြင်းအားဖြင့်၊ တဖြည်းဖြည်းချင်းနဲ့ စပြီး နည်းနည်းနားလည်လာတယ်။ ကျွန်မနဲ့တွဲလုပ်တဲ့ ညီအစ်မက သူ့စိတ်ကူးတွေကို အသိပေးပြီး အကြံပြုချက်တွေ ပေးတဲ့ပုံစံ၊ သူ့ရဲ့ စိစစ်ချက်က အမြဲ ယုတ္တိရှိပြီး အခြေအမြစ်ရှိပုံနဲ့ ကိစ္စအမျိုးမျိုးနဲ့ ပတ်သက်လို့ ကြီးကြပ်ရေးမှူးက သူ့အယူအဆတွေကို မကြာခဏ မေးခဲ့ပုံတွေကို ကျွန်မ မြင်တော့ ကျွန်မ အရမ်းအားကျတယ်။ တစ်ဖက်မှာလည်း ကျွန်မက ဘာမှမဟုတ်သေးဘူးလေ။ ကျွန်မဘယ်သူဆိုတာကို နောက်ဆုံး ဘယ်အချိန်မှာ လူတိုင်းသိသွားမလဲလို့ တွေးမိတယ်။ တစ်ခါတလေ အလုပ်ကိစ္စ ဆွေးနွေးနေတုန်းမှာ ကျွန်မကို တခြားလူတွေ အမြင်ကောင်းအောင် ကျွန်မရဲ့ စကားလုံးတွေကို ဘယ်လိုအသုံးပြုရမလဲလို့ တွေးမိတယ်။ ဒါမှ အခုဖြစ်နေတဲ့ကိစ္စနဲ့ပတ်သက်လို့ ကျွန်မက လုံးဝ နလပိန်းတုံးမဟုတ်တာကို သူတို့ သိကြမှာလေ။ တစ်နေ့တော့ ဗီဒီယို ထုတ်လုပ်ရေး အစီအစဉ်တစ်ခုကို ကျွန်မတို့အားလုံး ဆွေးနွေးနေတုန်းမှာ ပြဿနာတစ်ခုကို ကျွန်မ သတိထားမိတယ်။ လိုရင်းတိုရှင်းနဲ့ အချက်ကျကျ စကားပြောဖို့အပြင် ဒီနည်းပညာသစ်နဲ့ပတ်သက်လို့ ကျွန်မ နည်းနည်း သိတယ်ဆိုတာကို ပြဖို့အတွက် စကားမပြောခင် ကိုယ့်ရဲ့စကားလုံးတွေကို သေချာရွေးချင်ခဲ့တယ်။ ဒါပေမဲ့ အဲဒါနဲ့ပတ်သက်လို့ ကျွန်မ စိုးရိမ်ပူပန်လေ၊ ဘာပြောရမှန်း မသိလေပဲ။ နောက်ဆုံးမှာ၊ ကျွန်မကိုယ်စား ကျွန်မနဲ့တွဲလုပ်တဲ့ ညီအစ်မက ပြဿနာကို တင်ပြခဲ့တယ်။ နောက်ပိုင်းမှာ၊ ဖြေရှင်းချက်တစ်ခုကို ကျွန်မ တွေးမိတယ်။ ကျွန်မနဲ့တွဲလုပ်တဲ့ ညီအစ်မနဲ့ ကျွန်မက ပြောရမဲ့ဟာကို ကြိုဆွေးနွေးလို့ရတယ်။ အဲဒီနောက် အစည်းအဝေးမှာ ကျွန်မက အရင်ဆုံး ကျွန်မရဲ့ ရှုထောင့်ကို တခြားလူတွေဆီ မိတ်သဟာယပြုမယ်ပေါ့။ ဒီလိုနဲ့ ကျွန်မကိုယ်ကျွန်မ ပိုပြီးကောင်းကောင်း ဖော်ပြနိုင်မှာဖြစ်ပြီး ကျွန်မတို့အဖွဲ့မှာ ကျွန်မ ရှိနေတယ်ဆိုတာကို သိနိုင်တယ်လို့ ခံစားရမယ်လေ။ ပြဿနာကတော့ ဆွေးနွေးပွဲတွေမှာ တစ်ယောက်ထဲ ကျွန်မ ပါဝင်တဲ့အခါ၊ ကျွန်မရဲ့ အမြင်တွေကို ထုတ်မပြောရဲသေးတာပဲ။ အဲဒီအစား၊ ကျွန်မက လူတိုင်း သူတို့ရဲ့ အယူအဆတွေကို ဖော်ပြနေကြတာကိုပဲ ပြီးအောင်စောင့်ခဲ့တယ်။ ပြီးတော့ ပြောခဲ့ပြီးတဲ့အရာကို နားလည်သလိုမျိုး ဟန်ဆောင်ရင်းနဲ့ “ကောင်းပြီ”လို့ တစ်ခွန်းထဲ ပြောတယ်။ ဒါက ပြဿနာတွေကို ဆွေးနွေးနေချိန်မှာ ကျွန်မ ဘာဝန်ထုပ်မှ မယူတဲ့အထိကို ဆက်ဖြစ်ခဲ့တယ်။ သူတို့ ပြောနေတာကို နားထောင်ရင်းနဲ့ ကျွန်မ တစ်ခါတလေ စိတ်လွတ်သွားတယ် ဒါမှမဟုတ် ငိုက်တောင်ငိုက်တယ်။

တစ်နေ့၊ ကျွန်မနဲ့ တွဲလုပ်တဲ့ ညီအစ်မက ကျွန်မဆီလာပြီး အရင်လောက် ကျွန်မတာဝန်ကို ကျွန်မ တက်တက်ကြွကြွ မလုပ်ဘူးလို့ မှတ်ချက်ပေးတယ်။ ကျွန်မ ထွေထွေထူးထူး အခြေအနေတစ်ခုမှာရှိလားလို့ ကျွန်မကို မေးတယ်။ ကျွန်မရဲ့ လတ်တလော ထုတ်ဖော်ပြချက်တွေအကြောင်းကို သူ့ကို ကျွန်မ ဖွင့်ပြောခဲ့တယ်။ သူက ကျွန်မကိုကူညီဖို့ သူ့အတွေ့အကြုံတွေကို သုံးပြီး ဒီလိုပြောတဲ့ ဘုရားနှုတ်ကပတ်တော်တွေကို ပို့ပေးခဲ့တယ်။ “အန္တိခရစ်များက ၎င်းတို့သည် ၎င်းတို့၏အမြင်များကို စဉ်ဆက်မပြတ်ဖော်ပြပြီး အခြားလူများနှင့် မိတ်သဟာယဖွဲ့လျက် များစွာပြောဆိုလျှင် လူတိုင်းက ၎င်းတို့ကို ရိပ်စားမိမည်၊ အန္တိခရစ်သည် လေးနက်မှုမရှိ၊ သာမန်လူတစ်ယောက်သာ ဖြစ်သည်ဟု ထင်မည်ဖြစ်ပြီး ၎င်းတို့ကို လေးစားမည်မဟုတ်ဟု ယုံကြည်ကြသည်။ အန္တိခရစ်အတွက် လေးစားမှုပျောက်ဆုံးခြင်းသည် အဘယ်သို့ အဓိပ္ပာယ်ရသနည်း။ ဤသည်မှာ အခြားလူများ၏ စိတ်နှလုံးရှိ ၎င်းတို့၏ အထင်ကြီးခြင်းခံရသော အဆင့်အတန်းဆုံးရှုံးပြီး သာမန်၊ မသိနားမလည်သည့်၊ ပုံမှန်သာဖြစ်သည့်ပုံစံပေါ်သည်ဟု အဓိပ္ပာယ်ရသည်။ ဤသည်မှာ အန္တိခရစ်များက မြင်တွေ့ရန် မမျှော်လင့်သည့်အရာဖြစ်သည်။ ထို့ကြောင့် အသင်းတော်ရှိ အခြားလူများက မိမိတို့၏ အပျက်သဘောဆောင်ခြင်း၊ ဘုရားသခင်အပေါ် ပုန်ကန်ခြင်း၊ ယမန်နေ့က ၎င်းတို့ပြုလုပ်ခဲ့သောအမှားများ၊ သို့မဟုတ် ယနေ့ မရိုးသားခြင်းကြောင့် ၎င်းတို့ခံစားရသော မခံနိုင်သော စိတ်ဆင်းရဲမှုတို့ကို အစဉ်ဖွင့်ပြောပြီး ဝန်ခံသည်ကို အန္တိခရစ်က မြင်သောအခါ ဤလူများကို မိုက်မဲပြီး နုံအသည်ဟု ၎င်းက သဘောထားသည်။ ၎င်းက ဤသို့သောအရာများကို မိမိဘာသာ မည်သည့်အခါမျှ ဝန်မခံဘဲ မိမိ၏အတွေးများကို ဖုံးထားသောကြောင့် ဖြစ်သည်။ လူအချို့မှာ ညံ့ဖျင်းသောအစွမ်းအစကြောင့်၊ သို့မဟုတ် နုံသောကြောင့်၊ ရှုပ်ထွေးသောအတွေးများ မရှိသောကြောင့် စကားသိပ်မပြောခြင်းဖြစ်သော်လည်း အန္တိခရစ်များက စကားသိပ်မပြောသောအခါတွင် အကြောင်းပြချက် တစ်မျိုးတည်းကြောင့် မဟုတ်ပေ။ ယင်းသည် စိတ်သဘောထားနှင့်သက်ဆိုင်သော ပြဿနာ ဖြစ်သည်။ ၎င်းတို့သည် အခြားလူများနှင့် တွေ့ဆုံသောအခါတွင် စကားပြောခဲပြီး အမှုကိစ္စများအပေါ် ၎င်းတို့၏ အမြင်များကို အလွယ်တကူ မဖော်ပြပေ။ ၎င်းတို့အမြင်များကို အဘယ်ကြောင့် မဖော်ပြသနည်း။ ရှေးဦးစွာ ၎င်းတို့သည် သမ္မာတရားကင်းမဲ့ပြီး အမှုအရာများကို ရှင်းရှင်းလင်းလင်း မသိမြင်နိုင်ပေ။ ၎င်းတို့စကားပြောလျှင် အမှားများပြုလုပ်နိုင်ပြီး ၎င်းတို့ကို ရိပ်စားမိခြင်း ခံရနိုင်သည်။ အထင်သေးခံရခြင်းကို ၎င်းတို့ကြောက်ရွံ့သည်။ ထို့ကြောင့် ၎င်းတို့သည် တိတ်ဆိတ်ဟန်ဆောင်ပြီး နက်နဲဟန်ဆောင်ကာကာ အခြားလူတို့အနေဖြင့် ၎င်းတို့ကို ခန့်မှန်းရန် ခက်ခဲအောင်လုပ်ဆောင်သည်။ အမြော်အမြင်ရှိပြီး ဂုဏ်ရှိသည့်ပုံစံပေါ်စေသည်။ ဤအယောင်ဆောင်မှုဖြင့် လူတို့သည် အန္တိခရစ်အား လျှော့မတွက်ရဲပေ။ ပြီးလျှင် ၎င်းတို့၏ တည်ငြိမ်သည့်ပုံစံနှင့် ဣ‌န္ဒြေရသော အပြင်ပန်းကို မြင်တွေ့ပြီး လူတို့သည် ၎င်းတို့အား ပို၍ပင် အထင်ကြီးပြီး မစော်ကားရဲပေ။ ဤသည်မှာ အန္တိခရစ်များ၏ စဉ်းလဲသော၊ ကောက်ကျစ်ဆိုးယုတ်သော သွင်ပြင်လက္ခဏာဖြစ်သည်။ ၎င်းတို့၏ အမြင်အများစုသည် သမ္မာတရားနှင့် မကိုက်ညီဘဲ လူသားအယူအဆများနှင့် စိတ်ကူးများသာဖြစ်ကာ လူအများရှေ့ထုတ်ပြရန် မထိုက်တန်သောကြောင့် ၎င်းတို့၏ အမြင်များကို အလွယ်တကူ မဖော်ပြပေ။ ထို့ကြောင့် ၎င်းတို့သည် တိတ်ဆိတ်စွာနေသည်။...၎င်းတို့သည် ၎င်းတို့၏ ကိုယ်ပိုင်ကန့်သတ်ချက်များကို သိမြင်လျက် ရိပ်စားမိခြင်းအား မခံလိုပေ။ သို့သော် ဤအရာ၏ နောက်ကွယ်တွင် စက်ဆုပ်ဖွယ် ရည်ရွယ်ချက်တစ်ခုလည်း ရှိသည်။ လေးစားခြင်းခံရရန် ဖြစ်သည်။ ဤသည်မှာ ရွံရှာဖွယ်အဖြစ်ဆုံးသောအရာ မဟုတ်လော။(နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၆) အရင်တုန်းက အန္တိခရစ်တွေရဲ့ စိတ်သဘောထားတွေကို ဖော်ထုတ်တဲ့ ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်တဲ့အခါ၊ ဘုရားနှုတ်ကပတ်တော်ကတစ်ဆင့် ကိုယ့်ကိုယ်ကိုယ် လုံးဝ မကြည့်ခဲ့သလောက်ပဲ။ ကျွန်မမှာ ကြီးကျယ်တဲ့ရည်မှန်းချက်နဲ့ ဆန္ဒတစ်ခုခု ရှိဖို့မပြောနဲ့ အဆင့်အတန်းတစ်ခုမှတောင် မရှိဘူးလို့ တွေးခဲ့တယ်။ ဒါပေမဲ့ အခုတော့ ကျွန်မကိုယ်ကျွန်မ ဘုရားနှုတ်ကပတ်တော်တွေနဲ့ ယှဉ်ကြည့်တဲ့အခါ အန္တိခရစ်တွေက သူတို့ကိုယ်ပိုင် အားနည်းချက်တွေကို ဖုံးဖိဖို့ သူတို့အမြင်တွေကို ဖော်ပြဖို့ ဝန်လေးတတ်ကြတယ်၊ ပြီးတော့ သူတို့က နက်နဲသိပ်မွေ့ဟန်ဆောင်ဖို့အတွက် နှုတ်ဆိတ်နေတတ်ကြတယ်ဆိုတာကို ကျွန်မ မြင်ရတယ်။ ဒါက သူတို့နားမှာရှိတဲ့ လူတိုင်းက သူတို့ သမ္မာတရား နားလည်တယ်လို့ တလွဲထင်မိကြပြီး သူတို့ကို အထင်ကြီးကြအောင်ပေါ့။ ဒါ ကျွန်မ လုပ်နေခဲ့တဲ့ဟာ မဟုတ်ဘူးလား။ တကယ်တော့၊ ဒီနည်းပညာသစ်ကို ကျွန်မ လုံးဝ သဘောပေါက်ခဲ့တာ မဟုတ်ဘူး။ ဒါပေမဲ့ သိက္ခာဆယ်ဖို့နဲ့ အဖွဲ့ထဲမှာ ခိုင်မာတဲ့ အဆင့်အတန်းတစ်ခုရှိဖို့အတွက် ကျွန်မရဲ့ အားနည်းချက်တွေ၊ ချို့တဲ့မှုတွေကို လုံးဝ ပွင့်ပွင့်လင်းလင်း မပြောခဲ့ဘူး။ ကိစ္စတွေကို နားလည်သယောင် ဟန်ဆောင်ရင်းနဲ့ လှည့်ဖြားနေမိခဲ့တယ်။ ကျွန်မ တလွဲပြောမိပြီး ကျွန်မက လူပြိန်းတစ်ယောက်ဖြစ်မှန်း သူတို့မြင်မှာ ကြောက်လို့ လူတိုင်းရှေ့မှာ ကျွန်မရဲ့ အယူအဆကို မဝေမျှရဲခဲ့ဘူး။ ကျွန်မရဲ့ အားနည်းချက်တွေကို ဖုံးဖိဖို့အတွက် အရင်က ကျွန်မနဲ့တွဲလုပ်တဲ့ ညီအစ်မနဲ့ ကျွန်မ ဆွေးနွေးခဲ့တာတွေကို အလောတကြီး အကြံပေးတဲ့အထိတောင် ကျွန်မ လုပ်ခဲ့တယ်။ အဲဒါက ကျွန်မအနေနဲ့ ကိစ္စတွေနဲ့ဆိုင်သလိုမျိုး ပိုခံစားခွင့်ပေးရုံသာမက၊ တခြားလူတွေကို ကျွန်မရဲ့ အဆင့်အတန်းက တကယ် ဘယ်လောက်နိမ့်ကျလဲဆိုတာကိုလည်း နားမလည်အောင် တားဆီးပေးတယ်။ ကျွန်မ အရမ်းလှည့်ဖြားတတ်ခဲ့တာပါ။ ပြန်တွေးကြည့်တော့ ကျွန်မ သဘောပေါက်သွားတယ်။ ကျွန်မက သိပ်စကားမများဘူးလို့ လူအများကြီးက ပြောခဲ့တာကိုပေါ့။ ဒါက ကျွန်မရဲ့ ပင်ကိုစရိုက်ကြောင့်ပဲလို့ တွေးလေ့ရှိခဲ့တယ်။ တခြားလူတွေ ကျွန်မကို မရိပ်မိအောင် တားဆီးဖို့ ကျွန်မက နှုတ်ဆိတ်နေခဲ့မှန်း ဘုရားနှုတ်ကပတ်တော်တွေရဲ့ ဖော်ထုတ်မှုကတစ်ဆင့်ပဲ ကျွန်မ မြင်ခဲ့တယ်။ အရင်က ကျွန်မတာဝန်ကို လုပ်ခဲ့တုန်းကလည်း ဒီအတိုင်း ပြုမူခဲ့တယ်။ တစ်ခါတလေ တချို့ပြဿနာတွေကို ကျွန်မ တွေ့ပေမဲ့ အဲဒါတွေက ကျွန်မအတွက် မရှင်းသေးရင် ဘာမှမပြောဖို့ ထိန်းထားခဲ့တယ်။ အဲဒီအစား၊ ပြဿနာကို ရှင်းရှင်းလင်းလင်း မြင်တဲ့အထိ ကျွန်မ စောင့်တယ်၊ အဲဒါပြီးတော့ ကျွန်မရဲ့ ရှုထောင့်ကို စနစ်ကျကျနဲ့ ယုတ္တိရှိရှိ ရှင်းပြတယ်။ ဒီလိုလုပ်တဲ့အခါ၊ အချိန်ကြာလာတာနဲ့အမျှ လူတိုင်းက ကျွန်မမှာ ပြဿနာတွေကို ရှာတွေ့တတ်တဲ့ အမြင်ရှိတယ်လို့ တွေးခဲ့ကြပြီး၊ လိမ္မာပါးနပ်တဲ့အပြင် အစွမ်းအစလည်းမြင့်တဲ့အတွက် ကျွန်မကို သူတို့ ရံဖန်ရံခါ ချီးမွမ်းကြတာကို ကြားခဲ့ရတယ်။ အဲဒါကြောင့် ကျွန်မကိုယ်ကျွန်မ အရမ်းအားရကျေနပ်ခဲ့တယ်။ ကျွန်မရဲ့ တခြားညီအစ်မတချို့က သူတို့တွေးတာကို ပြောပြီး တစ်ခုခုကို နားမလည်တဲ့အခါ ဝန်ခံရင်းနဲ့ တဲ့တိုးပြောတတ်ကြပုံကို ကျွန်မ မြင်တော့ သူတို့ကို အထင်သေးမိခဲ့တယ်။ သူတို့က သေချာမစဉ်းစားဘဲ စကားပြောတယ်၊ တခြားလူတွေက သူတို့ အသုံးမကျပုံကို ချက်ချင်း မြင်ကြလိမ့်မယ်လို့ ကျွန်မ တွေးခဲ့တယ်။ ဒီလိုကျွန်မ ပြုမူလို့မရမှန်း သိခဲ့တယ်။ အခု ဒါတွေအားလုံးကို ကျွန်မ သဘောပေါက်သွားတော့၊ ကျွန်မရဲ့ အန္တိခရစ် စိတ်သဘောထားက ပြင်းထန်မှန်း သိခဲ့တယ်။ ကျွန်မက အဆင့်အတန်းရဖို့နဲ့ ကျွန်မအပေါ် တခြားလူတွေ အထင်ကြီးအောင်လုပ်ဖို့ ဟန်ဆောင်ဖုံးကွယ်နေခဲ့မိတယ်။ အဆင့်အတန်းနဲ့ပတ်သက်လို့ ကျွန်မ ပူပန်လွန်းခဲ့ပြီး ကိုယ့်ကိုယ်ကို အထင်ကြီးလွန်းခဲ့တယ်။ အားနည်းချက်မရှိတဲ့ လူတစ်ယောက် အမြဲဖြစ်ချင်ခဲ့ပြီး သာမန်လူဖြစ်ဖို့ မလိုလားခဲ့ဘူး။ အဲဒါ ကျွန်မ တကယ်ကို မာနထောင်လွှားပြီး ဆင်ခြင်တုံတရားမရှိတာပဲ။ ဒီရှုပ်ထွေးတဲ့ ဗီဒီယိုပရောဂျက်တွေမှာ ကျွန်မ ပါဝင်တာနဲ့ပတ်သက်လို့ တွေးမိတယ်။ ကျွန်မရဲ့ အတတ်ပညာ စွမ်းရည်တွေ ပိုကောင်းအောင် လုပ်ဖို့အခွင့်အရေး ကျွန်မမှာ ရှိခဲ့ရုံမက လုပ်နေရင်းနဲ့ စည်းမျဉ်းတွေကိုလည်း ပိုနားလည်နိုင်ခဲ့တယ်။ အဲဒါက သိပ်ကောင်းတဲ့အရာတစ်ခုပဲ။ ဒါပေမဲ့ ကျွန်မရဲ့ ညီအစ်ကို မောင်နှမတွေနဲ့ ကျွမ်းကျင်မှုသစ်တွေ၊ စည်းမျဉ်းတွေကို သင်ယူဖို့ ကြိုးစားလုပ်မဲ့အစား၊ ကျွန်မတာဝန်ကို လျစ်လျူရှုရင်းနဲ့ ကျွန်မရဲ့ နေ့ရက်တွေကို ကုန်ဆုံးခဲ့တယ်။ မရိုးဖြောင့်တဲ့နည်းလမ်းတွေနဲ့ ကျွန်မ စဉ်းစားနေခဲ့တယ်။ တခြားလူတွေရဲ့ ချီးမွမ်းတာတွေ ရတာ၊ ဆုံးရှုံးတာတွေကို စိုးရိမ်နေခဲ့ပြီး ကျွန်မကိုယ်ပိုင် ပုံရိပ်ကို ကာကွယ်ဖို့ အကောင်းဆုံး ကြိုးစားနေခဲ့တယ်။ အရမ်းကို မိုက်မဲခဲ့တာပါ။ ဘုရားသခင်ကို နှစ်တွေအများကြီး ယုံကြည်ပြီးတဲ့နောက်မှာ၊ ကျွန်မရဲ့ လိုက်စားမှုတွေကို ဘယ်မှာ အာရုံစိုက်သင့်မှန်း မသိသေးဘူး။ တန်ဖိုးရှိတဲ့အချိန်တွေအများကြီးကို ကျွန်မ အမှုမဲ့အမှတ်မဲ့ ဖြုန်းတီးမိခဲ့တယ်။ နောက်ဆုံးမှာ၊ အဲဒီကနေ ဘာမှ ကျွန်မမရခဲ့ဘူး။ ကျွန်မတာဝန်ကို ကောင်းကောင်း မလုပ်ခဲ့ရုံမက၊ ဘုရားရဲ့ အထင်သေး၊ စက်ဆုပ်တာကိုလည်း ခံခဲ့ရတယ်။ အဲဒီအကြောင်းကိုတွေးလေ၊ ခံစားချက်ဆိုးလေပဲ။ ကိုယ့်ကိုယ်ကို ရှက်မိတယ်။ ဒါကြောင့် နောင်တရဖို့ လိုလားပြီး ဘုရားဆီ ဆုတောင်းခဲ့တယ်။

အဲဒီနောက် ဘုရားနှုတ်ကပတ်တော်တွေကနေ လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းတစ်ခု ရှာတွေ့ခဲ့တယ်။ ဘုရားသခင်က ပြောသည် “ပုံမှန်လူတို့၏ စကားများနှင့် လုပ်ဆောင်ချက်များ မည်သို့ ပေါ်လွင်သနည်း။ ပုံမှန်လူတစ်ဦးသည် မိမိ၏ စိတ်နှလုံးထဲမှ လာသည့်အတိုင်း စကားပြောနိုင်သည်။ မုသား သို့မဟုတ် လှည့်ဖြားမှု တစ်စက်မျှ မပါဘဲ မိမိတို့၏ စိတ်နှလုံးတွင် ရှိသည့် မည်သည့်အရာကိုမဆို ၎င်းတို့ ပြောဆိုကြလိမ့်မည်။ မိမိတို့ ကြုံရသည့် ကိစ္စရပ်တစ်ခုကို ၎င်းတို့ နားလည်နိုင်ပါက မိမိတို့၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားအတိုင်း ပြုမူဆောင်ရွက်ကြလိမ့်မည်။ ထိုအရာကို ရှင်းလင်းစွာ ၎င်းတို့ မရိပ်စားမိနိုင်ပါက ၎င်းတို့ အမှားများ ပြုမိပြီး ကျရှုံးကြလိမ့်မည်။ နားလည်မှုလွဲခြင်းများ၊ အယူအဆများနှင့် မိမိတို့ကိုယ်တိုင်၏ စိတ်ကူးများကို လက်သင့်ခံမိကြလိမ့်မည်ဖြစ်ပြီး မိမိတို့၏ မျက်စိရှေ့ရှိ အယုံမှားခြင်းများဖြင့် ကြောင်းကျိုးမမြင် ဖြစ်ကြလိမ့်မည်။ ဤသည်တို့မှာ သာမန် လူ့သဘာဝ၏ အပြင်ပန်း လက္ခဏာများ ဖြစ်သည်။ သာမန် လူ့သဘာဝ၏ ဤအပြင်ပန်း လက္ခဏာများသည် ဘုရားသခင်၏ သတ်မှတ်ချက်များကို ဖြည့်ဆည်းသလော။ မဖြည့်ဆည်းပေးပေ။ လူတို့သည် သမ္မာတရား မရှိပါက ဘုရားသခင်၏ သတ်မှတ်ချက်များကို မဖြည့်ဆည်းနိုင်ပေ။ သာမန်လူ့သဘာဝ၏ ဤအပြင်ပန်းလက္ခဏာများသည် သာမန်ဖြစ်သည့်၊ ဖောက်ပြန်ပျက်စီးသော လူတစ်ဦး၏ ပိုင်ဆိုင်မှုများ ဖြစ်သည်။ ဤသည်တို့မှာ လူက မွေးရာပါဖြစ်သည့် အရာများ၊ သူ့အတွက် ပင်ကို ဖြစ်သည့်အရာများ ဖြစ်သည်။ သင်သည် မိမိကိုယ်ကို ဤအပြင်ပန်း လက္ခဏာများနှင့် ထုတ်ဖော်ပြချက်များကို ပြသခွင့်ပေးရမည်။ ဤအပြင်ပန်းလက္ခဏာများနှင့် ထုတ်ဖော်ပြချက်များကို မိမိကိုယ်ကို ပြသခွင့်ပေးစဉ်တွင် ထိုသို့သော အရာများမှာ လူ၏ ပင်ကို ဗီဇများ၊ အစွမ်းအစနှင့် မွေးရာပါ သဘာဝဖြစ်သည်ကို သင် နားလည်ရမည်။ ဤအရာကို သင် နားလည်သည်နှင့်တစ်ပြိုင်နက် မည်သည့်အရာကို သင် လုပ်ဆောင်သင့်သနည်း။ ထိုအရာကို မှန်ကန်စွာ သင် အလေးထားသင့်၏။ သို့ရာတွင် ဤမှန်ကန်သည့် အလေးထားမှုကို သင် မည်သို့ လက်တွေ့လုပ်ဆောင်သနည်း။ ဤအရာကို ဘုရားနှုတ်ကပတ်တော်များ သာ၍ ဖတ်ရှုခြင်းဖြင့်လည်းကောင်း၊ သမ္မာတရားနှင့် မိမိကိုယ်ကို တိုး၍ ပြင်ဆင်ခြင်းဖြင့်လည်းကောင်း၊ သင် နားမလည်သည့် အရာများ၊ သင် အယူအဆများ လက်သင့်ခံမိသည့် အရာများနှင့် သင် မှားယွင်းသည့် အကဲဖြတ်ချက်များ ပြုမိနိုင်သည့် အရာများကို သင်၏ ပြဿနာများအားလုံး ဖြေရှင်းရန်အလို့ငှာ ထိုအရာများကို သုံးသပ်ပြီး သမ္မာတရား ရှာဖွေဖို့ ဘုရားထံ သာ၍ မကြာခဏ ယူဆောင်ခြင်းအားဖြင့်လည်းကောင်း လုပ်ဆောင်ရပေသည်။...သင်သည် မဟာလူသားတစ်ဦးမဟုတ်သကဲ့သို့ ကြီးမြတ်သည့် ပုဂ္ဂိုလ်တစ်ဦး မဟုတ်သည်နှင့်အမျှ အရာခပ်သိမ်းကို သင် ထိုးထွင်းမမြင်နိုင်သကဲ့သို့ နားမလည်နိုင်ပေ။ အကြည့်တစ်ချက်ဖြင့် ကမ္ဘာလောကကို ရိပ်စားမိရန်၊ အကြည့်တစ်ချက်ဖြင့် လူသားမျိုးနွယ်ကို ရိပ်စားမိရန်နှင့် အကြည့်တစ်ချက်ဖြင့် သင့်အနီးအနား ဖြစ်ပျက်နေသည့် အရာရာတိုင်းကို ရိပ်စားမိရန် သင့်အတွက် မဖြစ်နိုင်ပေ။ သင်သည် သာမန်လူတစ်ယောက်ဖြစ်သည်။ သင်သည် ကျရှုံးမှုများစွာ၊ စိတ်ရှုပ်ထွေးသော အချိန်ကာလများစွာ၊ မှားယွင်းသော အကဲဖြတ်မှုများစွာနှင့် သွေဖည်မှုများစွာကို ကြုံရမည်။ ဤသည်မှာ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၊ သင်၏ အားနည်းချက်နှင့် ချို့ယွင်းချက်များ၊ သင်၏ မသိနားမလည်မှုနှင့် မိုက်မဲမှုတို့ကို အပြည့်အဝ ထုတ်ဖော်နိုင်သည်။ သင်သည် မိမိကိုယ်ကို ပြန်လည်ဆန်းစစ်ပြီး သိနိုင်ကာ ဘုရားသခင်၏ အနန္တတန်ခိုး၊ ပြည့်ဝသော ဉာဏ်ပညာနှင့် ဘုရားသခင်၏ စိတ်သဘောထားတို့ကို သိရှိရန် ဤအရာက ထောက်ကူပေးနိုင်သည်။ သင်သည် ဘုရားသခင်ထံမှ အပြုသဘောဆောင်သော အရာများကို ရလိမ့်မည်။ သမ္မာတရားကို နားလည်ပြီး လက်တွေ့အရှိတရားသို့ ဝင်ရောက်လိမ့်မည်။ သင်၏ အတွေ့အကြုံတွင် သင်ဖြစ်စေချင်ရှိသလို မဖြစ်သော အရာများစွာ၊ သင်မည်သို့မျှ မတတ်နိုင်ဟု ခံစားရသော အရာများစွာ ရှိလိမ့်မည်။ ဤအရာများဖြင့် သင်သည် ရှာဖွေပြီး စောင့်ဆိုင်းရမည်။ အကြောင်းအရာတစ်ခုစီအတွက် အဖြေကို ဘုရားသခင်ထံမှ ရယူရမည်။ အကြောင်းအရာတစ်ခုစီတိုင်း၏ အခြေခံအနှစ်သာရနှင့် လူအမျိုးအစားတစ်ခုစီတိုင်း၏ အနှစ်သာရကို ဘုရားသခင်၏ နှုတ်ကပတ်တော်များမှတစ်ဆင့် နားလည်ရမည်။ ဤသည်မှာ သာမန်ဖြစ်သော၊ ပုံမှန်ဖြစ်သော လူတစ်ယောက် ပြုမူပုံဖြစ်သည်။ သင့်အနေဖြင့် ‘ကျွန်ုပ် မတတ်နိုင်ပါ’၊ ‘ထိုအရာကို ကျွန်ုပ် ဉာဏ်မမီနိုင်ပါ’၊ ‘ထိုအရာကို ကျွန်ုပ် ထိုးထွင်းမမြင်နိုင်ပါ’၊ ‘ထိုအရာကို ကျွန်ုပ် မတွေ့ကြုံရသေးပါ’၊ ‘မည်သည့်အရာကိုမျှ ကျွန်ုပ် လုံးဝ မသိပါ’၊ ‘ကျွန်ုပ် အဘယ်ကြောင့် အလွန် အားနည်းရသနည်း။ အဘယ်ကြောင့် ကျွန်ုပ် အလွန်ပင် အသုံးမကျဖြစ်ရသနည်း’၊ ‘ကျွန်ုပ် ထိုမျှ အစွမ်းအစ ညံ့ဖျင်းပါသည်’၊ ‘ကျွန်ုပ် အလွန် ထုံထိုင်းပြီး နုံအပါသည်’၊ ‘ကျွန်ုပ် အလွန် မသိနားမလည်သည်မှာ ဤအရာကို ကျွန်ုပ် နားလည်ပြီး တာဝန်မယူနိုင်မီ ရက်အတန်ကြာ အချိန်ယူရလိမ့်မည် ဖြစ်သည်’ ဆိုသည်နှင့် ‘ဤအရာကို တစ်စုံတစ်ဦးနှင့် ငါ ဆွေးနွေးရန် လိုအပ်သည်’ဟု ပြောဖို့ သင်ယူရမည်။ ဤသို့ လက်တွေ့လုပ်ဆောင်ရန် သင် သင်ယူရမည်။ ဤသည်မှာ သင်သည် ပုံမှန်လူတစ်ဦးဖြစ်ကြောင်း သင်၏ ဝန်ခံခြင်းနှင့် ပုံမှန်လူတစ်ဦးဖြစ်ရန် သင်၏ ဆန္ဒ၏ အပြင်ပန်း လက္ခဏာရပ်ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ ဘုရားနှုတ်ကပတ်တော်ကို တန်ဖိုးထားခြင်းသည် ဘုရားသခင်အပေါ် ယုံကြည်ခြင်းတွင် အခြေခံအုတ်မြစ်ဖြစ်သည်) ဘုရားနှုတ်ကပတ်တော်တွေကို ဆင်ခြင်ပြီးတဲ့နောက်မှာ ကျွန်မ နားလည်သွားတယ်။ ကျွန်မက သာမန် အစွမ်းအစရှိတဲ့၊ အတွေ့အကြုံနည်းနည်းပဲရှိပြီး သမ္မာတရား စည်းမျဉ်းတွေကို နည်းနည်းပဲ နားလည်တဲ့ သာမန်လူတစ်ယောက်ဖြစ်တယ်ဆိုတာပေါ့။ နည်းပညာသစ်တစ်ခုနဲ့ ပြဿနာတွေနဲ့ ရင်ဆိုင်ရတဲ့အခါ၊ တစ်ခါတလေ ကိစ္စတွေကို ကျွန်မ နားမလည်နိုင်ပေမဲ့၊ အမှားတွေ လုပ်မိခဲ့ပေမဲ့ ဒါက ပုံမှန်ပါပဲ။ ကျွန်မကိုယ်ပိုင် အားနည်းချက်တွေနဲ့ ချို့တဲ့မှုတွေကို ကျွန်မ ဝန်ခံ၊ လက်ခံပြီး၊ အဲဒီကိစ္စကို ဖြေရှင်းဖို့ သမ္မာတရား စည်းမျဉ်းတွေကို ရှာရမယ်။ ဒီလိုလုပ်မှပဲ ကျွန်မက ဆက်တိုက်တိုးတက်နိုင်မှာပါ။ ဒါတွေအားလုံးကို သဘောပေါက်ပြီးတဲ့နောက်မှာ၊ ကျွန်မရဲ့ စိတ်က ရှင်းသွားတယ်။ ဘုရားရဲ့ တောင်းဆိုချက်တွေနဲ့အညီ ကျွန်မ လက်တွေ့လုပ်ဖို့၊ ဟန်ဆောင်တာနဲ့ လှည့်ဖြားတာကို ရပ်ဖို့၊ လက်တွေ့ကျတဲ့ ပုံစံနဲ့ ပြုမူကျင့်ကြံပြီး ကျွန်မတာဝန်ကို လုပ်ဖို့ လိုလားနေခဲ့တယ်။

ကျွန်မတို့တစ်ဖွဲ့က ဗီဒီယိုတစ်ခုကို ဘယ်လိုပြင်ရမလဲဆိုတာကို ကျွန်မတို့ရဲ့ ကြီးကြပ်ရေးမှူးနဲ့ ဆွေးနွေးတဲ့တစ်ချိန်ရှိခဲ့တယ်။ လူတိုင်းက သူတို့ရဲ့ အကြံပြုချက်တွေ ပေးပြီးတဲ့နောက်မှာ၊ နောက်ထပ် ပြဿနာတစ်ခုကို ကျွန်မ ရှာတွေ့တယ်။ ဒါပေမဲ့ ကျွန်မ မှန်လား၊ မှားလား မသေချာခဲ့ဘူး။ ပြီးတော့ ကျွန်မ ပူပန်တာတချို့ရှိခဲ့တယ်။ “ဒါကို ငါ ပြောသင့်လား။ မပြောသင့်ဘူးလား။ တကယ် ပြဿနာမဟုတ်တဲ့ ကိစ္စတစ်ခုကို ငါ တင်ပြမိခဲ့ရင်၊ ငါက မသိနားမလည်တဲ့အပြင် ထုံအသလိုမျိုး ပေါ်သွားမှာပဲ”လို့ ကျွန်မ တွေးခဲ့တယ်။ အဲဒီအချိန်မှာပဲ၊ ကျွန်မက သိက္ခာဆယ်ဖို့ ကျွန်မကိုယ်ကျွန်မ ဟန်လုပ်ပြီး ထပ်ဟန်ဆောင်ချင်ခဲ့မှန်း သဘောပေါက်လိုက်တယ်။ ဒါကြောင့် ကျွန်မရဲ့ မမှန်တဲ့ ရည်ရွယ်ချက်ကို ဆန့်ကျင်တွန်းလှန်ပြီးတော့ ကျွန်မရဲ့ အမြင်တွေနဲ့ပတ်သက်လို့ တခြားလူတွေဆီ ဖွင့်ပြောအောင် ခွန်အားပေးဖို့ တောင်းလျှောက်ရင်းနဲ့ ဘုရားဆီ ဆုတောင်းခဲ့တယ်။ ကြီးကြပ်ရေးမှူးနဲ့ တခြားညီအစ်မတွေကလည်း သူတို့ရဲ့ အယူအဆတွေကို ပြောကြတယ်။ ကျွန်မ တင်ပြခဲ့တဲ့ ကိစ္စက ပူပန်စရာတစ်ခု ဖြစ်မသွားခဲ့ပေမဲ့ ကျွန်မတို့ရဲ့ ဆွေးနွေးမှုကတစ်ဆင့်၊ စည်းမျဉ်းတွေအပေါ် ရှင်းလင်းတဲ့ သိနားလည်မှုတစ်ခု ကျွန်မ ရှိလာခဲ့တယ်။ အချိန်ကြာလာတဲ့အခါ၊ အလုပ်ကို အတူပြောပြပြီး ဆွေးနွေးတဲ့အခါ၊ ကျွန်မ စိုရိမ်းသောကရောက်ပြီး ပူပန်တာတွေ နည်းသွားတယ်။ တစ်ခါတလေ တချို့ပြဿနာတွေကို ကျွန်မ သတိထားမိပေမဲ့ ဘယ်လို ဖြေရှင်းရမယ်မှန်း မသေချာခဲ့ဘူး။ ဒါကြောင့် ပြဿနာတွေကို တခြားလူတွေဆီ ကျွန်မ ရိုးရိုးသားသား ပြောပြပြီး အဲဒါတွေကို ဘယ်လိုဖြေရှင်းရမယ်ဆိုတာ လူတိုင်းကို အဖြေရှာစေခဲ့တယ်။ တစ်ခါတလေ ဖြေရှင်းချက်တစ်ခုကို ကျွန်မ အဆိုပြုခဲ့ပေမဲ့ ဆွေနွေးရာကနေ မသင့်တော်မှန်း သိလိုက်ရတယ်။ ဒီလိုအချိန်တွေမှာ ကျွန်မ မှားတယ်လို့ ဝန်ခံလိုက်ပြီး ပိုကောင်းတဲ့ ရလဒ်တွေရဖို့ အဲဒါကို ဘယ်လိုပြင်ရမယ်ဆိုတာကို လူတိုင်းနဲ့ ဆွေးနွေးခဲ့တယ်။... ဒီလို လက်တွေ့လုပ်တဲ့အခါ၊ ကျွန်မရဲ့ စိတ်နှလုံးက အများကြီးပို တည်ငြိမ်သွားတဲ့အပြင် ပိုသက်သောင့်သက်သာဖြစ်သွားတယ်။ ပြီးတော့ ကျွန်မတာဝန်မှာ ကျွန်မရဲ့ သေးငယ်တဲ့ အခန်းကဏ္ဍကို လုပ်နိုင်ခဲ့တယ်။ ဒီလို ပြုမူနေထိုင်ပြီး ကျွန်မတာဝန်ကို လုပ်တာက ကျွန်မကို အေးချမ်းစေတယ်၊ စိတ်အေးလက်အေးဖြစ်စေပြီး လွတ်မြောက်စေတယ်ဆိုတာကို ကိုယ်တိုင်ရဲ့ အတွေ့အကြုံကနေ ကျွန်မ သိခဲ့ရတယ်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

အရူးထောင်မှ လွတ်မြောက်ခြင်း

ရှောင်ချောင် တရုတ်နိုင်ငံ ၂၀၁၂ ခုနှစ် ဇန်နဝါရီလတုန်းကပါ။ အိမ်နီးချင်းတစ်ယောက်က ကျွန်မကိုအနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ...

ရိုးသားမှုကသာလျှင် လူသားဆန်မှုကို ယူဆောင်ပေးပါတယ်

ကျားကျား တရုတ်နိုင်ငံကျွန်မအမျိုးသားနဲ့ ကျွန်မက ရုံးသုံးပရိဘောဂလုပ်ငန်း လုပ်ကြတာပါ။ စီးပွားရေးကိုလည်း တကယ့်ကိုရိုးရိုးသားသားနဲ့...

၂၂။ ပြဿနာများကို တိုင်ကြားရန် အဘယ်ကြောင့် ကျွန်ုပ် စိုးရွံ့ပါသနည်း

၂၀၁၁ ခုနှစ်မှာ၊ ဧဝံဂေလိ သင်းထောက်အနေနဲ့ အစေခံနေတုန်း၊ ကျွန်မရဲ့ ခေါင်းဆောင် ကျန်းမင်းက မကြာခဏ အယူဝါဒတွေ ပြောပြီး ကြွားတာကို သတိထားမိခဲ့တယ်။...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။