ကျွန်မရဲ့ တာဝန်မှာ တာဝန်ထမ်းရွက်ဖို့ ဘာကြောင့် ကြောက်ရွံ့သလဲ
ယီရွှိန်၊ ဂျပန်နိုင်ငံအရင်က ကျွန်မ အသင်းတော်မှာ ရေလောင်းခြင်းအလုပ်ကို တာဝန်ယူခဲ့ဖူးတယ်။ တစ်နေ့မှာ ကျွန်မတို့ ခေါင်းဆောင်က ကျွန်မဆီလာပြီး...
ဘုရား၏ ပေါ်ထွန်းခြင်းကို တောင့်တသည့် ရှာဖွေသူများအားလုံးကို ကျွန်ုပ်တို့ကြိုဆိုပါသည်။
ယုံကြည်သူတစ်ယောက်အနေနဲ့ ဒီနှစ်တွေအတွင်းမှာ၊ ကျွန်မတို့ရဲ့ ကံကြမ္မာနဲ့ ကျွန်မတို့ရဲ့ မွေးဖွားခြင်း၊ သေဆုံးခြင်းတွေအားလုံးဟာ ဘုရားသခင်ရဲ့ လက်တော်ထဲမှာရှိတယ်ဆိုတာကို သဘောတရားအရ ကျွန်မ သိခဲ့ပါတယ်။ ဒါပေမဲ့ လက်တွေ့မှာတော့ ဘုရားသခင်ကို ကျွန်မ စစ်မှန်တဲ့ နားလည်သဘောပေါက်မှု မရှိခဲ့ပါဘူး။ ဘုရားသခင်က ကျွန်မရဲ့ အယူအဆတွေနဲ့ မကိုက်ညီတဲ့ အခြေအနေတစ်ခုကို စီစဉ်ညွှန်ကြားတဲ့အခါ၊ ကျွန်မရဲ့သား မော်တော်ဆိုင်ကယ် မတော်တဆမှုတစ်ခုမှာ ရုတ်တရက် သေဆုံးသွားတဲ့အခါ၊ ညည်းညူမှုတွေ၊ နားလည်မှုလွဲမှားတာတွေနဲ့ အငြင်းအခုံလုပ်တာတွေကို ပြခဲ့ပြီး ကျွန်မ လုံးလုံး ထုတ်ဖော်ခံခဲ့ရပါတယ်။ အဲဒီအခါမှပဲ ကျွန်မရဲ့ တကယ့် ဝိညာဉ်ရင့်ကျက်မှု အခြေအနေကို ကျွန်မ သတိပြုမိလာခဲ့တယ်။ ဒါ့အပြင်၊ ယုံကြည်ခြင်းကတစ်ဆင့် ကောင်းချီးမင်္ဂလာတွေ ရရှိတာနဲ့ပတ်သက်တဲ့ ကျွန်မရဲ့ မှားယွင်းတဲ့ အမြင်တွေအပေါ်မှာလည်း နားလည်မှုတချို့ကို ကျွန်မ ရခဲ့တယ်။
၂၀၁၇ ခုနှစ်၊ ဇူလိုင်လတုန်းကပေါ့၊ ကျွန်မနဲ့ ကျွန်မခင်ပွန်းဟာ ဒေသတွင်းမှာ လူသိများလွန်းတာဆိုတာ ရဲတွေ ကျွန်မတို့အိမ်ကို အကြိမ်ကြိမ်အခါခါ လာစုံစမ်းခဲ့တဲ့အထိပါပဲ။ ကျွန်မတို့ဟာ ကိုယ့်သားလေးကို မဖြစ်မနေ ထားခဲ့ရပြီး အိမ်နဲ့ဝေးရာမှာ ကျွန်မတို့တာဝန်တွေ ထမ်းဆောင်ခဲ့ရပါတယ်။ နောက်ပိုင်းမှာ ရဲတွေက ကျွန်မတို့အကြောင်းကို ဆက်ပြီး စုံစမ်းနေခဲ့လို့ ကျွန်မနဲ့ ကျွန်မခင်ပွန်းဟာ လွန်ခဲ့တဲ့ ခုနစ်နှစ်မှာ အိမ်ကို တစ်ခါမှ မပြန်နိုင်ခဲ့ပါဘူး။ တစ်ခါတလေ တခြားကလေးတွေ “မေမေ” လို့ ခေါ်တာကြားရင် ကျွန်မ ရင်ထဲမှာ ရုတ်တရက် ဝမ်းနည်းပြီး စူးစူးရှရှထိခိုက်ခံစားရတယ်။ တစ်နေ့နေ့မှာ အိမ်ပြန်ပြီး သားကို တွေ့နိုင်ဖို့ပဲ ကျွန်မ မျှော်လင့်ခဲ့မိတယ်၊ ဒါပေမဲ့ ကျွန်မတို့ရဲ့ အခြေအနေကြောင့် အိမ်မပြန်ရဲခဲ့ဘဲ ကျွန်မတို့ရွာက ညီအစ်ကိုမောင်နှမတွေဆီကနေပဲ သားရဲ့ နောက်ဆုံးအခြေအနေတွေကို ရနိုင်ခဲ့ပါတယ်။ ကျွန်မရဲ့သား ကျန်းမာလုံခြုံတယ်လို့ ကြားရတိုင်း ဘုရားသခင်ရဲ့ ဂရုစိုက်မှုနဲ့ ကာကွယ်မှုအတွက် ကိုယ်တော့်ကို ကျေးဇူးတင်ခဲ့ပြီး ကျွန်မရဲ့တာဝန်ကို စိတ်အေးအေးနဲ့ ဆက်ပြီးထမ်းဆောင်နိုင်ခဲ့ပါတယ်။
၂၀၂၃ ခုနှစ်၊ ဩဂုတ်လမှာ တစ်ရက်လောက် နေ့ခင်းပိုင်းကြီး ဝမ်ကိုင်ရဲ့သား မော်တော်ဆိုင်ကယ်တိုက်မှုမှာ သေဆုံးသွားတာကို အကြောင်းကြားတဲ့ သတင်းစကားတစ်ခုကို ကျွန်မရဲ့ ကြီးကြပ်ရေးမှူးဆီကနေ လက်ခံရရှိခဲ့ပါတယ်။ ဝမ်ကိုင်ဆိုတာ ကျွန်မရဲ့ ခင်ပွန်းပါ။ သူတို့က ကျွန်မရဲ့သား သေဆုံးသွားပြီလို့ ပြောနေတာပါ။ ဒါဟာ ဖြစ်နိုင်ပုံမရဘူး၊ ကြီးကြပ်ရေးမှူး မှားသွားတာ ဖြစ်နိုင်တယ်လို့ ကျွန်မ တွေးမိတယ်။ ကျွန်မရဲ့သား သေဆုံးသွားပြီဆိုတာကို ကျွန်မ ယုံကိုမယုံနိုင်ခဲ့ဘူး။ ကျွန်မ မျက်လုံးတွေကို ပွတ်သပ်ပြီး သတင်းစကားကို သေချာ ပြန်ဖတ်ကြည့်တယ်၊ ဒါပေမဲ့ ရေးထားတာက လုံးဝအရှင်းကြီးပါ။ ကျွန်မ ကြမ်းပြင်ပေါ်ကို ခွေခေါက်ကျသွားပြီး ဆွဲဆွဲငင်ငင်ငိုမိတယ်။ ဒီလိုမျိုးအရာက ဘယ်လိုကြောင့် ကျွန်မတို့မိသားစုမှာ ဖြစ်ရတာလဲ။ အိမ်ကိုပျံသန်းသွားပြီး သားကို နောက်ဆုံးတစ်ခေါက် တွေ့ရအောင် ကျွန်မမှာ တောင်ပံတစ်စုံပေါက်နိုင်ရင် အကောင်းသားလို့ ကျွန်မ ဆန္ဒရှိခဲ့တယ်၊ ဒါပေမဲ့ ကျွန်မနဲ့ ကျွန်မခင်ပွန်း နှစ်ယောက်လုံးက ရဲတွေရဲ့ ပစ်မှတ်ထားတာကို ခံနေရပြီး အိမ်ပြန်ဖို့ မလုံခြုံခဲ့ဘူး။ သေဆုံးသွားတဲ့ ကျွန်မတို့သားကို တွေ့ဖို့ အိမ်ပြန်လို့မရပုံကို စဉ်းစားမိတဲ့အခါ ရင်ဘတ်ကို ဓားနဲ့ထိုးသလို နာကျင်ခဲ့ရတယ်။ ကျွန်မ ဘုရားသခင်ကို နားလည်မှုလွဲပြီး အပြစ်တင်မိလာတယ်၊ “အို ဘုရားသခင်။ ကိုယ်တော် ဘာကြောင့် သမီးရဲ့သားကို မကာကွယ်ပေးခဲ့တာလဲ။ ယုံကြည်တဲ့အချိန်ကစပြီး သမီးနဲ့ သမီးခင်ပွန်းဟာ တာဝန်တွေ အမြဲတမ်း ထမ်းဆောင်ခဲ့ကြပါတယ်။ အဆင်းနီတဲ့ နဂါးကြီးရဲ့ နှိပ်စက်တာတွေ၊ ပစ်မှတ်ထားတာတွေကို ရင်ဆိုင်ခဲ့ရပြီး သမီးတို့ဟာ အိမ်ကိုစွန့်ခွာ၊ ကိုယ့်သားအရင်းကို စွန့်လွှတ်ပြီး ဒီနေ့အထိ တာဝန်ထမ်းဆောင်ခဲ့ကြတယ်။ အသင်းတော်က သမီးတို့ကို ဘယ်လိုတာဝန်ပဲ ပေးအပ်ပါစေ သမီးတို့ ဘယ်တော့မှ မငြင်းခဲ့ပါဘူး။ သမီးရဲ့သားက အသက် ၃၀ ပဲ ရှိသေးတာပါ၊ သူက လူငယ်တစ်ယောက်ပါပဲ။ ကိုယ်ကိုယ်တိုင်ရဲ့သားကို မြေမြုပ်ရတော့မယ်။ သမီးရဲ့သားက မိခင်တစ်ယောက်အနေနဲ့ သမီးရဲ့ တစ်ခုတည်းသော မျှော်လင့်ချက်ပါ၊ အခုတော့ သမီးမှာ ဘာမှမရှိတော့ဘူး၊ သူ မဆုံးပါးခင်မှာတောင် သူ့ကို တွေ့ခွင့်မရခဲ့ဘူး။ သမီးတို့ အတူတူ သေဆုံးသွားပြီး နောင်ဘဝမှာ သူနဲ့အတူတူ ရှိနေနိုင်ရင် ပိုကောင်းမယ်” လို့ပေါ့။ ကျွန်မရဲ့ အတွေးတွေ လမ်းလွဲနေပြီ၊ ကျွန်မဟာ ဘုရားသခင်ကို အပြစ်တင်ပြီး နားလည်မှုလွဲနေပြီဆိုတာကို ကျွန်မ သဘောပေါက်သွားတယ်။ ဒါနဲ့ ကျွန်မ ချက်ချင်းပဲ ဘုရားသခင်ဆီ တိတ်တဆိတ် ဆုတောင်းလိုက်တယ်၊ “အို ဘုရားသခင်။ သမီးရဲ့သား မော်တော်ဆိုင်ကယ် တိုက်မှုမှာ သေဆုံးသွားတယ်လို့ ကြားရတဲ့အခါ သမီး ချက်ချင်း လက်မခံနိုင်ခဲ့ပါဘူး၊ ဒါပေမဲ့ ကိုယ်တော့်ကို အပြစ်တင်ပြီး နားလည်မှုလွဲတာမျိုး သမီး မလုပ်ခဲ့သင့်ပါဘူး။ အို ဘုရားသခင်။ ကျေးဇူးပြုပြီး သမီးရဲ့စိတ်နှလုံးကို ကာကွယ်ပေးတော်မူပါ၊ ကိုယ်တော့်ရှေ့မှာ သမီး စိတ်ငြိမ်သက်နိုင်ဖို့ ခွင့်ပြုတော်မူပါ” လို့ပေါ့။ ကျွန်မ အကူအညီအတွက် ဘုရားသခင်ဆီ အကြိမ်ကြိမ် ဆုတောင်းခဲ့ပြီး တဖြည်းဖြည်းနဲ့ စိတ်တည်ငြိမ်လာခဲ့တယ်။ ဒါပေမဲ့၊ ကျွန်မရဲ့သား သေဆုံးသွားတာ၊ သူ့ကို ဘယ်တော့မှ ပြန်တွေ့ရတော့မှာ မဟုတ်ဘူးဆိုတာကို စဉ်းစားမိတဲ့အခါ ကျွန်မ အရမ်းကို မချိမဆံ့ခံစားရပြီး အားနည်းနေခဲ့တုန်းပါပဲ။ ကျွန်မ မစားနိုင်မသောက်နိုင်နဲ့ ကုတင်ပေါ်မှာ လှဲရင်း တစ်ညလုံး အိပ်မပျော်ခဲ့ဘူး။ မျက်ရည်တွေကြောင့် ကျွန်မ အမြင်အာရုံ ဝေဝါးနေတဲ့ကြားက ကျွန်မ စိတ်ထဲမှာ သားရဲ့မျက်နှာကို ပုံဖော်ကြည့်မိတယ်၊ စိတ်နှလုံးထဲကနေ သူ့နာမည်ကို ခေါ်နေမိတယ်။
နောက်သုံးလေးရက်အတွင်းမှာ၊ ကျွန်မဟာ သားကို နာနာကျင်ကျင် အမှတ်ရနေရင်း ဘာမှလုပ်ချင်စိတ် မရှိခဲ့ဘူး။ ဧဝံဂေလိအလုပ်ကို ဆက်လုပ်ဖို့ ကျွန်မမှာ စိတ်အားထက်သန်မှု မရှိခဲ့ဘဲ အလုပ် နှောင့်နှေးခဲ့ရတယ်။ ကျွန်မ ဧဝံဂေလိအလုပ်ကို တာဝန်ယူထားတာကြောင့် အဲဒီအခြေအနေမှာ နစ်မွန်းနေလို့မဖြစ်ဘူးဆိုတာကို ကျွန်မ သိခဲ့တယ်။ ကျွန်မရဲ့သား သေဆုံးသွားပြီ၊ ဒါပေမဲ့ ကျွန်မကတော့ ဆက်ပြီး အသက်ရှင်ရမယ်၊ ကျွန်မရဲ့တာဝန်ကို ကောင်းကောင်း ထမ်းဆောင်ရမယ်။ ကျွန်မ မျက်ရည်တွေကို သုတ်ပြီး ဘုရားသခင်ရှေ့မှာ ဒူးထောက် ဆုတောင်းလိုက်တယ်၊ “အို ဘုရားသခင်။ သမီး ဒီလို စိတ်မချမ်းမသာဖြစ်နေတဲ့ အခြေအနေမှာ ဆက်ပြီး မနေချင်တော့ပါဘူး။ ကျေးဇူးပြုပြီး ဒီအခြေအနေကနေ သင်ခန်းစာယူနိုင်ဖို့နဲ့ ဒီဝမ်းနည်းမှုကနေ လွတ်မြောက်နိုင်ဖို့ သမီးကို လမ်းပြတော်မူပါ” လို့ပေါ့။ ဆုတောင်းပြီးနောက်မှာ ကျွန်မရဲ့ ခေါင်းဆောင်က ကျွန်မဆီ ပို့ပေးထားတဲ့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ ဖတ်ရှုခဲ့တယ်။ “အချို့သော မသိနားမလည်သော မိဘများသည် ဘဝ၊ သို့မဟုတ် ကံကြမ္မာကို နားမလည်နိုင်ပေ။ ဘုရားသခင်၏ အချုပ်အခြာအာဏာကို မသိမြင်နိုင်ပေ။ ပြီးလျှင် သားသမီးများနှင့်ပတ်သက်လျှင် မသိနားမလည်သောအရာများကို လုပ်ဆောင်တတ်သည်။ ဥပမာ သားသမီးများက အမှီအခို ကင်းပြီးနောက်တွင် ၎င်းတို့သည် အထူးအခြေအနေများ၊ အခက်အခဲများ၊ သို့မဟုတ် အကြီးစားဖြစ်ရပ်များကို ကြုံရနိုင်သည်။ အချို့မှာ ဖျားနာမှုများကို ရင်ဆိုင်ရသည်။ အချို့မှာ အမှုအခင်းများတွင် ပါဝင်ပတ်သက်ရသည်။ အချို့မှာ ကွာရှင်းကြသည်။ အချို့မှာ လှည့်စားခံရပြီး အလိမ်ခံရသည်။ အချို့မှာ ပြန်ပေးဆွဲခံရသည်။ ဒုက္ခပေးခံရသည်။ ပြင်းထန်စွာ အရိုက်နှက်ခံရသည်၊ သို့မဟုတ် သေခြင်းတရားကို ရင်ဆိုင်ရသည်။ မူးယစ်ဆေးဝါးအလွန်အကျွံ သုံးစွဲသည့်အဖြစ်သို့ ရောက်သွားသူအချို့ပင် ရှိသည် စသည်တို့ဖြစ်သည်။ မိဘများသည် ဤသို့သော ထူးခြားသည့်၊ အရေးပါသည့်အခြေအနေများတွင် မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ မိဘအများစု၏ ပြုလုပ်နေကျ တုံ့ပြန်မှုမှာ အဘယ်နည်း။ ၎င်းတို့သည် မိဘ၏ ပင်ကိုလက္ခဏာဖြင့် ဖန်ဆင်းခံများအဖြစ် ၎င်းတို့ လုပ်ဆောင်သင့်သည့်အရာကို လုပ်ဆောင်သလော။ လူစိမ်းတစ်ယောက်၌ ဤသို့ ဖြစ်ပျက်လျှင် မိဘများက ဤသို့သောသတင်းကို ကြားပြီး ဤသို့ တုံ့ပြန်သည်မှာ အလွန်ရှားသည်။ မိဘအများစုသည် ဆံပင်ဖြူသည်အထိ တစ်ညလုံးမအိပ်ဘဲနေသည်။ တစ်ညပြီးတစ်ည အိပ်ရေးပျက်သည်။ နေ့အချိန်တွင် အစာစားလိုစိတ်မရှိပေ။ ဦးနှောက်ခြောက်ခံ စဉ်းစားသည်။ ပြီးလျှင် အချို့မှာ မျက်လုံးများ နီရဲပြီး မျက်ရည်များခမ်းခြောက်သည်အထိ ခါးသီးစွာပင် ငိုကြွေးသည်။ ၎င်းတို့သည် ဘုရားသခင်အား ၎င်းတို့၏ ကိုယ်ပိုင်ယုံကြည်မှုကို ထည့်တွက်ပြီး ၎င်းတို့သားသမီးများကို ကာကွယ်ရန်၊ သားသမီးများအား ကူညီပေးပြီး ကောင်းချီးပေးရန်၊ သနားညှာတာရန်နှင့် သားသမီးများ၏ဘဝကို လွတ်ငြိမ်းချမ်းသာပေးရန် ဘုရားသခင်ထံ ပြင်းပြစွာ ဆုတောင်းသည်။ မိဘများက ဤသို့သောအခြေအနေသို့ ရောက်သောအခါ ၎င်းတို့၏ လူသားအားနည်းချက်များ၊ ပျော့ကွက်ရှိမှုများ၊ သားသမီးများအပေါ် ခံစားချက်များအားလုံးသည် ပေါ်လွင်သွားသည်။ အခြားမည်သည့်အရာ ပွင့်ထွက်လာသနည်း။ ဘုရားသခင်အပေါ် ၎င်းတို့၏ ပုန်ကန်မှုဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်ကို အနူးအညွတ်တောင်းပန်ပြီး ဆုတောင်းသည်။ သားသမီးများအား ဘေးဒုက္ခမရောက်စေရန်အတွက် တိုးလျှိုးတောင်းပန်သည်။ ကပ်ဘေးဖြစ်ပေါ်လျှင်ပင် သားသမီးများ မသေစေရန်လည်းကောင်း၊ အန္တရာယ်မှ လွတ်မြောက်နိုင်ရန်လည်းကောင်း၊ ဆိုးယုတ်သော လူများ၏ ဒုက္ခပေးခြင်းကို မခံရရန်လည်းကောင်း၊ ၎င်းတို့၏ ရောဂါသည် ပို၍ ဆိုးရွားမလာဘဲ သက်သာလာရန်လည်းကောင်း စသည်တို့ကို ဆုတောင်းသည်။ ၎င်းတို့သည် အမှန်တကယ်တွင် မည်သည့်အတွက် ဆုတောင်းနေသနည်း။ (ဘုရားသခင် ၎င်းတို့သည် စောဒကတက်သည့် အငွေ့အသက်ရှိသော ဤဆုတောင်းချက်များဖြင့် ဘုရားသခင်အား တောင်းဆိုနေခြင်းဖြစ်သည်။) တစ်ဖက်တွင် ၎င်းတို့သည် သားသမီးများ၏ အတိဒုက္ခနှင့်ပတ်သက်ပြီး အလွန်အမင်း မကျေမနပ်ဖြစ်ကာ ဘုရားသခင်သည် ၎င်းတို့သားသမီးများအပေါ် ဤသို့သောအရာများကို ဖြစ်ခွင့်မပြုသင့်ဟု စောဒကတက်နေခြင်းဖြစ်သည်။ ၎င်းတို့၏ မကျေနပ်မှုသည် စောဒကတက်ခြင်းနှင့် ရောထွေးနေသည်။ ပြီးလျှင် ၎င်းတို့သည် ဘုရားသခင်အား သူ၏ စိတ်ကိုပြောင်းရန်၊ ဤသို့ မပြုမူမဆောင်ရွက်ရန်၊ ၎င်းတို့သားသမီးများအား အန္တရာယ်မှ ကယ်ထုတ်ရန်၊ ဘေးကင်းအောင် ကာကွယ်ပေးရန်၊ သားသမီးများ၏ ရောဂါကိုကုသရန်၊ တရားစွဲဆိုမှုမှ လွတ်မြောက်ရန်၊ ဘေးဒုက္ခ ဖြစ်ပေါ်သောအခါ ရှောင်ရန် စသည်တို့ကို တောင်းဆိုသည်။ အတိုချုပ်အားဖြင့်ဆိုလျှင် အရာရာတိုင်းကို အဆင်ပြေချောမွေ့စေရန် တောင်းဆိုခြင်းဖြစ်သည်။ ဤသို့ ဆုတောင်းခြင်းအားဖြင့် တစ်ဖက်တွင် ၎င်းတို့သည် ဘုရားသခင်ကို စောဒကတက်နေခြင်း ဖြစ်သည်။ အခြားတစ်ဖက်တွင် ၎င်းတို့သည် ဘုရားသခင်အား တောင်းဆိုနေခြင်း ဖြစ်သည်။ ဤသည်မှာ ပုန်ကန်ခြင်း၏ သရုပ်သကန်မဟုတ်လော။ (ဟုတ်ပါသည်။) ဘုရားသခင် လုပ်ဆောင်သည့်အရာသည် မမှန်ပေ၊ သို့မဟုတ် မကောင်းပေဟုလည်းကောင်း၊ သူသည် ဤသို့မလုပ်ဆောင်သင့်ဟုလည်းကောင်း လုံးဝဥဿုံပြောဆိုနေခြင်း ဖြစ်သည်။ ဤသူတို့မှာ ၎င်းတို့၏ သားသမီးများဖြစ်သောကြောင့်၊ ၎င်းတို့သည် ယုံကြည်သူများဖြစ်သောကြောင့် ဘုရားသခင်က ၎င်းတို့သားသမီးများအပေါ် ဤသို့သောအရာများကို ဖြစ်ပျက်ခွင့် မပြုသင့်ဟု ၎င်းတို့က ထင်သည်။ ၎င်းတို့သားသမီးများသည် အခြားလူများနှင့်မတူ။ ၎င်းတို့သည် ဘုရားသခင်ထံမှ ဦးစားပေးကောင်းချီးကို ရရှိသင့်သည်။ ဘုရားသခင်အပေါ် ၎င်းတို့ ယုံကြည်ခြင်းကြောင့် ဘုရားသခင်သည် ၎င်းတို့သားသမီးများကို ကောင်းချီးပေးသင့်သည်။ ပြီးလျှင် ဘုရားသခင်က ကောင်းချီး မပေးလျှင် ၎င်းတို့သည် စိတ်သောကရောက်သည်။ ငိုသည်။ သောင်းကျန်းသည်။ ပြီးလျှင် ဘုရားသခင်နောက်သို့ လိုက်မလျှောက်လိုတော့ပေ။ ၎င်းတို့၏ကလေးက သေလျှင် ၎င်းတို့သည်လည်း ဆက်လက်၍ အသက်မရှင်နိုင်ဟု ခံစားရသည်။ ဤသည်မှာ ၎င်းတို့စိတ်တွင်ရှိသော ခံယူချက်ဟုတ်သလော။ (ဟုတ်ပါသည်။) ဤသည်မှာ ဘုရားသခင်အား ဆန့်ကျင်ဆန္ဒပြသည့် ပုံစံမဟုတ်လော။ (ဟုတ်ပါသည်။) ဤသည်မှာ ဘုရားသခင်အား ဆန့်ကျင်ဆန္ဒပြနေခြင်း ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၉)) ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက ကျွန်မရဲ့ လက်ရှိအခြေအနေကို လုံးလုံး ဖော်ထုတ်ခဲ့တယ်။ ကျွန်မရဲ့သား မော်တော်ဆိုင်ကယ် တိုက်မှုမှာ သေဆုံးသွားတယ်ဆိုတာကို ကြားရတဲ့အခါ ကျွန်မ အစားမစား၊ ရေမသောက်ခဲ့ဘဲ ဘုရားသခင်နဲ့တောင် မတော်တရော် ငြင်းခုံ၊ အတိုက်အခံလုပ်၊ အပြစ်တင်ပြီး နားလည်မှုလွဲခဲ့တယ်။ ကျွန်မ ဒီလိုလုပ်ခဲ့တာက ကျွန်မရဲ့ ယုံကြည်ခြင်းမှာ မှားယွင်းတဲ့ အမြင်တစ်ခု ရှိနေခဲ့လို့ပါ။ ကျွန်မနဲ့ ကျွန်မခင်ပွန်းဟာ အခက်အခဲတွေအပေါ် နည်းနည်းလေးမှ ညည်းညူတာမရှိဘဲ မိသားစုနဲ့ အလုပ်ကို စွန့်လွှတ်ပြီး ကျွန်မတို့တာဝန်တွေ ထမ်းဆောင်ခဲ့ကြတယ်၊ ဆွေမျိုးတွေနဲ့ အိမ်နီးနားချင်းတွေရဲ့ လှောင်ပြောင်တာ၊ ရဲတွေရဲ့ လိုက်လံဖမ်းဆီးတာနဲ့ နှိပ်စက်တာတွေကို ခံရရင်းနဲ့တောင် ကျွန်မတို့ရဲ့ တာဝန်တွေကို ဆက်ပြီးထမ်းဆောင်ခဲ့ကြတယ်။ ကျွန်မက အမှုအရာတွေကို စွန့်လွှတ်၊ ကိုယ့်ကိုယ်ကိုယ်အသုံးခံ၊ ကိုယ့်တာဝန်မှာ ပိုဒုက္ခခံပြီး ပိုပြီးတော့အဖိုးအခပေးဆပ်နေသမျှ ဘုရားသခင်က ကျွန်မရဲ့သားကို နာမကျန်းဖြစ်တာတွေ၊ ယာဉ်တိုက်မှုတွေကနေ ကာကွယ်ပေးပြီး ကျန်းမာရေး ကောင်းကောင်းနဲ့ အသက်ရှင်နေထိုင်ခွင့်ပေးမှာ သေချာတယ်လို့ ကျွန်မ ထင်ခဲ့တယ်။ ကျွန်မရဲ့သား မော်တော်ဆိုင်ကယ် မတော်တဆမှုမှာ သေဆုံးသွားတယ်လို့ ကြားရတဲ့အခါ ကျွန်မ ဘုရားသခင်နဲ့ ငြင်းခုံပြီး အတိုက်အခံလုပ်ခဲ့တယ်၊ ကျွန်မ စွန့်လွှတ်ခဲ့တာတွေနဲ့ အသုံးခံခဲ့တာတွေကို အရင်းအနှီးအဖြစ်သုံးပြီး ကိုယ်တော်နဲ့ ငြင်းခုံခဲ့တယ်၊ ကျွန်မရဲ့သားကို မကာကွယ်ပေးခဲ့တဲ့အတွက် ဘုရားသခင်ကို အပြစ်တင်ခဲ့တယ်။ ကျွန်မရဲ့သား သေဆုံးသွားပြီဆိုတော့ ကျွန်မ ဆက်ပြီး အသက်ရှင်နေရတာ အဓိပ္ပာယ်မရှိတော့ဘူး၊ ကျွန်မရဲ့သားနဲ့အတူ နောင်ဘဝမှာ ရှိနေတာကမှ ပိုကောင်းဦးမယ်လို့တောင် ကျွန်မ တွေးခဲ့တယ်။ ကျွန်မရဲ့ အပြုအမူကို ဆင်ခြင်သုံးသပ်ကြည့်တော့ ဘုရားသခင် စီစဉ်ညွှန်ကြားခဲ့တဲ့ အခြေအနေအပေါ်မှာ ကျွန်မဟာ အတိုက်အခံလုပ်ပြီး မကျေမနပ်ဖြစ်နေခဲ့တာကို တွေ့ရတယ်။ ဒီအပြုအမူရဲ့ သဘောသဘာဝက ဘုရားသခင်အပေါ် ပုန်ကန်ပြီး ကန့်ကွက်တာပဲ၊ ဒါဟာ ကိုယ်တော့်ကို ဆန့်ကျင်တာပဲ။ ကျွန်မရဲ့သား သေဆုံးခြင်းက ကျွန်မရဲ့ တကယ့် ဝိညာဉ်ရင့်ကျက်မှု အခြေအနေကို ဖော်ထုတ်ခဲ့တယ်။ ယုံကြည်ခြင်းကို ကျွန်မ အချိန်အကြာကြီး လက်တွေ့လုပ်ဆောင်တာ၊ မိသားစုနဲ့ အသက်မွေးဝမ်းကျောင်းကို စွန့်လွှတ်တာ၊ ဒုက္ခခံတာနဲ့ အဖိုးအခပေးဆပ်တာတွေအားလုံးဟာ ကျေးဇူးတော်နဲ့ ကောင်းချီးမင်္ဂလာတွေအတွက် ကျွန်မ ဘုရားသခင်နဲ့အလဲအလှယ်လုပ်ချင်ခဲ့တဲ့ အရောင်းအဝယ်တစ်ခုပဲဆိုတာကို ကျွန်မ ရှင်းရှင်းလင်းလင်း မြင်ခဲ့ရတယ်။ ယောဘ ကြုံတွေ့ခဲ့ရတဲ့ မယုံနိုင်လောက်စရာ စမ်းသပ်မှုကို ကျွန်မ စဉ်းစားမိတယ်၊ သူ့ရဲ့ ပိုင်ဆိုင်မှုအားလုံးနဲ့ သားသမီးတွေကို ဆုံးရှုံးခဲ့ရပြီး အနာစိမ်းတွေ ပေါက်ခဲ့ပေမဲ့ ဘုရားသခင်ကို အကြွင်းမဲ့ ကျိုးနွံနာခံခဲ့ပြီး ကိုယ်တော့်နာမတော်ကိုတောင် သူချီးမွမ်းခဲ့တယ်၊ ပြီးတော့ ဘုရားသခင်အတွက် သက်သေခံချက်မှာ ခိုင်ခိုင်မာမာ ရပ်တည်ခဲ့တယ်။ ကျွန်မရဲ့ ကိုယ်ပိုင်အပြုအမူကို ယောဘရဲ့ အပြုအမူနဲ့ နှိုင်းယှဉ်ကြည့်ပြီးနောက်မှာ ကျွန်မ ရှက်ရွံ့မိတယ်။ ကျွန်မ ဘုရားသခင်ကို အပြစ်တင်တာကို ရပ်တန့်ရမယ်။ သက်သေခံချက်မှာ ခိုင်ခိုင်မာမာ ရပ်တည်ပြီး စာတန်ကို အရှက်ရစေဖို့ ကျွန်မ ကိုယ်တော့်ကို အားကိုးရမယ်။
အဲဒီနောက်မှာ ကျွန်မ ဘုရားနှုတ်ကပတ်တော်တွေကို ဆက်ဖတ်ခဲ့ပြီး ယုံကြည်ခြင်းနဲ့ပတ်သက်တဲ့ ကျွန်မရဲ့ မှားယွင်းတဲ့ အမြင်အပေါ် နားလည်မှု စပြီးရရှိလာခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “‘သခင့်အပေါ် လူတစ်ယောက်၏ ယုံကြည်မှုသည် တစ်မိသားစုလုံးကို ကောင်းချီးရစေသည်’ ဆိုသည့် ခေတ်သည် ရှေးယခင်ကတည်းက ပြီးဆုံးသွားပြီမဟုတ်လော။ (ဟုတ်ပါသည်။) ဤသို့ဆိုလျှင် လူတို့သည် အဘယ်ကြောင့် ဤသို့အစာရှောင်ပြီး ဆုတောင်းကာ ၎င်းတို့သားသမီးများအား ကာကွယ်ပြီး ကောင်းချီးပေးရန် ဘုရားသခင်အား အရှက်မဲ့စွာ အသနားခံနေသနည်း။ ၎င်းတို့သည် အဘယ်ကြောင့် ဘုရားသခင်ကို ဆန္ဒပြကာ ဖက်ပြိုင်ပြီး ‘ကိုယ်တော်သည် ဤသို့ မလုပ်ဆောင်လျှင် ကျွန်ုပ်သည် ဆက်လက်၍ ဆုတောင်းမည်။ အစာရှောင်မည်’ ဟု ပြောရဲသနည်း။ အစာရှောင်ခြင်းမှာ မည်သည့်အရာကို ဆိုလိုသနည်း။ ဤသည်မှာ အဆာငတ်ခံ ဆန္ဒပြခြင်းကို ဆိုလိုသည်။ တစ်နည်းအားဖြင့် အရှက်မဲ့စွာ ပြုမူလုပ်ဆောင်ပြီး အလွန်စိတ်ဆိုးခြင်း ဖြစ်သည်။ လူတို့သည် အခြားလူများအပေါ် အရှက်မဲ့စွာ ပြုမူသောအခါ၌ ၎င်းတို့သည် ခြေထောက်ကို ဆောင့်ပြီး ‘အို ငါ၏ကလေးသည် မရှိတော့ပါ။ ငါ အသက်မရှင်ချင်တော့ပါ။ ငါဆက်လက်၍ မနေနိုင်တော့’ ဟု ဆိုကောင်းဆိုနိုင်သည်။ ၎င်းတို့သည် ဘုရားသခင်ရှေ့တွင် ဤသို့ မလုပ်ဆောင်ပေ။ ၎င်းတို့သည် အလွန်ပင်ကျနစွာ စကားပြောပြီး ‘ဘုရားသခင် ကျွန်ုပ်၏ ကလေးကိုကာကွယ်ပြီး သူ၏ရောဂါကို ကုသပေးဖို့ ကျွန်ုပ် အနူးအညွတ်တောင်းပန်ပါသည်။ ဘုရားသခင် ကိုယ်တော်သည် လူတို့ကိုကယ်တင်သည့် ကြီးမြတ်သော သမားတော်ဖြစ်သည်။ ကိုယ်တော်သည် အရာအားလုံးကို လုပ်ဆောင်နိုင်သည်။ ၎င်းတို့အား စောင့်ရှောက်ပြီး ကွယ်ကာပေးပါရန် ကျွန်ုပ် ကိုယ်တော်အား တိုးလျှိုးတောင်းပန်ပါသည်။ ကိုယ်တော်၏ဝိညာဉ်တော်သည် နေရာတိုင်းတွင် ရှိပါသည်။ ကိုယ်တော်သည် ဖြောင့်မတ်ပါသည်။ ကိုယ်တော်သည် လူတို့အပေါ် သနားကရုဏာပြသော ဘုရားသခင်ဖြစ်သည်။ ကိုယ်တော်သည် လူတို့အား ဂရုစိုက်ပြီး ချစ်မြတ်နိုးသည်’ ဟု ပြောသည်။ ဤသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ၎င်းတို့ပြောသည့် မည်သည့်အရာမျှ မမှားပေ။ ဤသို့သောအရာများကို ပြောရန် သင့်တော်သောအချိန် မဟုတ်ခြင်းသာ ဖြစ်သည်။ သွယ်ဝိုက်ရည်ညွှန်းသည်မှာ ဘုရားသခင်သည် သင်၏ကလေးကို ကယ်တင်ပြီး ကာကွယ်ခြင်း မပြုလျှင်၊ သူသည် သင်၏ဆန္ဒများကို မဖြည့်ဆည်းလျှင် သူသည် ချစ်တတ်သော ဘုရားမဟုတ်၊ သူသည် ချစ်ခြင်းကင်းမဲ့သည်၊ သူသည် သနားကရုဏာရှိသော ဘုရားမဟုတ်၊ ပြီးလျှင် သူသည် ဘုရားမဟုတ်ဟူ၍ဖြစ်သည်။ ဤသို့မဟုတ်လော။ ဤသည်မှာ အရှက်မဲ့စွာ လုပ်ဆောင်နေခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) အရှက်မဲ့စွာ လုပ်ဆောင်သောလူတို့သည် ဘုရားသခင်အား ကြီးမြတ်သူအဖြစ် ဂုဏ်ပြုသလော။ ၎င်းတို့တွင် ဘုရားသခင်အား ကြောက်ရွံ့သော စိတ်နှလုံးရှိသလော။ (မရှိပါ။) အရှက်မဲ့စွာ လုပ်ဆောင်သောသူတို့သည် လူယုတ်မာများကဲ့သို့ ဖြစ်သည်။ ၎င်းတို့တွင် ဘုရားသခင်အား ကြောက်ရွံ့သော စိတ်နှလုံးကင်းမဲ့သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၉)) “လူသား၏ ဘုရားသခင်နှင့် ဆက်ဆံရေးမှာ ပကတိ မိမိ၏ကိုယ်ကျိုးစီးပွားတစ်ခုမျှသာ ဖြစ်ပေသည်။ ယင်းသည် ကောင်းချီးမင်္ဂလာများ လက်ခံရရှိသူနှင့် ပေးသူတို့အကြား ဆက်ဆံရေးတစ်ခု ဖြစ်သည်။ ရှင်းရှင်းပြောပါက၊ အလုပ်သမားတစ်ဦးနှင့် အလုပ်ရှင်တစ်ဦးတို့အကြား ဆက်ဆံရေးဖြစ်၏။ အလုပ်သမားသည် အလုပ်ရှင် ချပေးသော ဆုလာဘ်များကို လက်ခံရရှိရန်သာ အလုပ်ကြိုးစားလုပ်သည်။ ထိုသို့သော ဆက်ဆံရေးတစ်ရပ်တွင် ချစ်ခင်ခြင်းမရှိပေ၊ အကျိုးစီးပွားကို အရင်းခံသော ဆက်ဆံရေးတစ်ခု၊ အပေးအယူသာ ရှိသည်။ ချစ်ခြင်း သို့မဟုတ် အချစ်ခံရခြင်းမရှိ၊ ပေးကမ်းစွန့်ကြဲခြင်းနှင့် သနားကရုဏာသာ ရှိသည်။ နားလည်မှုမရှိ၊ ခိုကိုးရာမဲ့သော၊ မျိုသိပ်ထားသော နာကြည်းမှုနှင့် လှည့်ဖြားခြင်းသာ ရှိသည်။ ရင်းနှီးမှုမရှိ၊ ဖြတ်သန်းမရနိုင်သည့် ကွာဟချက်သာ ရှိသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆက်တွဲ (၃)- ဘုရားသခင်၏ စီမံခန့်ခွဲမှုအလယ်၌သာ လူသားသည် ကယ်တင်ခြင်း ခံရနိုင်သည်) ဘုရားနှုတ်ကပတ်တော်တွေကို စဉ်းစားဆင်ခြင်ရင်း “သခင့်အပေါ် လူတစ်ယောက်၏ ယုံကြည်မှုသည် တစ်မိသားစုလုံးကို ကောင်းချီးရစေသည်” ဆိုတဲ့ ခေတ်ကာလ ကုန်လွန်သွားတာ ကြာခဲ့ပြီလို့ ဘုရားသခင် ပြောကြားခဲ့တာကို ကျွန်မ နားလည်ခဲ့တယ်။ ဒါပေမဲ့ ကျွန်မကတော့ ကျွန်မရဲ့ ယုံကြည်ခြင်းမှာ ဒီအမြင်ကို ဆက်ပြီး ထိန်းသိမ်းထားခဲ့တယ်။ ကျွန်မရဲ့ နှစ်တွေအများကြီး ယုံကြည်ခြင်းကို ဆင်ခြင်သုံးသပ်ကြည့်တော့ အပြင်ပန်းမှာတော့ ကျွန်မက တာဝန်ထမ်းဆောင်ဖို့အတွက် မိသားစုနဲ့ အလုပ်ကို စွန့်လွှတ်နေပုံပေါက်နိုင်ခဲ့ပေမဲ့ တကယ်တော့ ကျွန်မဟာ ဘုရားသခင်ဆီက ကျေးဇူးတော်ကို လက်ခံရရှိချင်ခဲ့တာပါ။ ကျွန်မရဲ့သား အဆင်ပြေပြီး ကျန်းမာလုံခြုံတယ်လို့ ကြားရတဲ့အခါ ကျွန်မကို ဘယ်လိုတာဝန်ပဲ ပေးအပ်ပါစေ ကျွန်မ ကျေကျေပွန်ပွန် ထမ်းဆောင်ခဲ့တယ်။ ကျွန်မရဲ့သား သေဆုံးသွားတဲ့ ဆိုးဆိုးရွားရွားသတင်းကို ကြားရတဲ့အခါ ကျွန်မ ဘုရားသခင်နဲ့ စငြင်းခုံပြီး အတိုက်အခံလုပ်ခဲ့တယ်၊ ကျွန်မရဲ့တာဝန်ကို ထမ်းဆောင်ဖို့ စိတ်အားထက်သန်မှု မရှိတော့ဘူး။ ကျွန်မရဲ့သားနဲ့အတူရှိဖို့ ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့တောင် ချင့်ချိန်စဉ်းစားခဲ့ပြီး ဘုရားသခင်အပေါ် နားလည်မှုလွဲမှားခြင်းတွေ၊ ညည်းညူမှုတွေနဲ့ ပြည့်နှက်နေခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်တွေနဲ့ ကိုယ့်ကိုယ်ကိုယ် နှိုင်းယှဉ်ကြည့်တော့ ကျွန်မဟာ ရန်တွေ့ဒေါသထွက်နေတဲ့ အရှက်မရှိတဲ့လူတစ်ယောက်ဖြစ်မှန်း တွေ့ရတယ်။ ကျွန်မ ဘုရားသခင်ကို နှစ်တွေအများကြီး ယုံကြည်ခဲ့ပြီး ကိုယ်တော်ရဲ့ နှုတ်ကပတ်တော်အများကြီးကို စားသောက်ခဲ့ပေမဲ့ ကျွန်မရဲ့ စိတ်နှလုံးထဲမှာ ကိုယ်တော့်အပေါ် ကျိုးနွံနာခံမှု ဒါမှမဟုတ် ကြောက်ရွံ့မှု နည်းနည်းလေးမှမရှိခဲ့ဘူး။ ကျွန်မဟာ အဲဒီနှစ်တွေကို ကောင်းချီးမင်္ဂလာတွေ ရရှိဖို့အတွက် ဒုက္ခခံပြီး ကိုယ့်ကိုယ်ကိုယ် အသုံးခံရင်းနဲ့ပဲ ကုန်ဆုံးခဲ့တယ်၊ ကျွန်မဟာ ဘုရားသခင်နဲ့ အရောင်းအဝယ်လုပ်နေခဲ့တာပဲ၊ ဘုရားသခင်ကို ကျေနပ်စေဖို့ ကျွန်မရဲ့တာဝန်ကို ကောင်းကောင်းဖြည့်ဆည်းနေခဲ့တာ လုံးဝ မဟုတ်ဘူး။ ဘုရားသခင်ရဲ့ ကျေးဇူးတော်နဲ့ ကောင်းချီးမင်္ဂလာတွေကို လက်မခံရတော့တာနဲ့ ကျွန်မဟာ ကိုယ်တော့်အပေါ် ကန့်ကွက်ပြီး ငြင်းခုံခဲ့တယ်။ ကျွန်မမှာ လူ့သဘာဝ ဒါမှမဟုတ် ဆင်ခြင်တုံတရား နည်းနည်းလေးမှ မရှိခဲ့ဘူး။
ကျွန်မ နောက်ပိုင်းမှာ၊ “သခင့်အပေါ် လူတစ်ယောက်၏ ယုံကြည်မှုသည် တစ်မိသားစုလုံးကို ကောင်းချီးရစေသည်” ဆိုတာ ဘာကြောင့် မှားယွင်းတဲ့ အမြင်ဖြစ်တယ်ဆိုတာကို ပိုနားလည်အောင် ကူညီပေးခဲ့တဲ့ နောက်ထပ်ကျမ်းပိုဒ်တစ်ခုကို ကျွန်မ ဖတ်ခဲ့တယ်။ ဘုရားသခင်က ပြောသည် “အယောက်တိုင်းသည် သင့်လျော်သော ခရီးပန်းတိုင်တစ်ခု ရှိကာ ယင်းကို တစ်ဦးချင်းစီ၏ အနှစ်သာရနှင့်အညီ ဆုံးဖြတ်ထားခြင်း ဖြစ်ပြီး အခြားလူများနှင့် လုံးဝ မသက်ဆိုင်ပေ။ ကလေးတစ်ယောက်၏ ဒုစရိုက်အမှုကို သူ၏မိဘများထံ လွှဲပြောင်းပေး၍ မရသကဲ့သို့၊ ကလေး တစ်ယောက်၏ ဖြောင့်မတ်ခြင်းကိုလည်း သူ၏မိဘများနှင့် ဝေမျှ၍မရနိုင်ပေ။ မိဘတစ်ဦး၏ ဒုစရိုက်အမှုကို ၎င်းတို့၏သားသမီးများထံ လွှဲပြောင်း၍ မရသကဲ့သို့၊ မိဘ၏ ဖြောင့်မတ်ခြင်းကိုလည်း ၎င်းတို့၏ သားသမီးများနှင့် ဝေမျှ၍မရနိုင်ပေ။ အယောက်တိုင်းသည် မိမိတို့၏ သက်ဆိုင်ရာအပြစ်များကို သယ်ပိုးကြပြီး အယောက်တိုင်းသည် မိမိတို့၏ သက်ဆိုင်ရာ ကောင်းကြီးမင်္ဂလာများကို မွေ့လျော်ခံစားကြရသည်။ မည်သူမျှ အခြား လူအတွက် အစားထိုးတစ်ခု မဖြစ်နိုင်ပေ။ ဤသည်မှာ ဖြောင့်မတ်ခြင်း ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်နှင့် လူသားသည် ငြိမ်သက်ခြင်းချမ်းသာထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည်) ဘုရားနှုတ်ကပတ်တော်တွေကနေတစ်ဆင့် ကျွန်မ နားလည်လာတာက ဘုရားသခင်ဟာ လူတွေရဲ့ အဆုံးသတ်တွေကို သူတို့ရဲ့ အနှစ်သာရနဲ့ အလုံးစုံသောအပြုအမူတွေအရ ဆုံးဖြတ်တယ် ဆိုတာပါပဲ။ ယုံကြည်သူတစ်ယောက်အနေနဲ့ ကျွန်မရဲ့တာဝန်ကို ထမ်းဆောင်တာဟာ ကျွန်မရဲ့ တာဝန်ဝတ္တရားဖြစ်ပြီး ဒါဟာ ကျွန်မသားရဲ့ ကံကြမ္မာတို့၊ ပန်းတိုင်တို့နဲ့ ဘာမှမဆိုင်ပါဘူး။ ကျွန်မ ဘုရားသခင်ကို ယုံကြည်ရုံနဲ့တော့ ကျွန်မရဲ့သားရဲ့ ကံကြမ္မာက ပြောင်းလဲသွားမှာ မဟုတ်ပါဘူး။ ဘုရားသခင်ဟာ ယုံကြည်သူတွေရော၊ မယုံကြည်သူတွေရော အားလုံးရဲ့ ကံကြမ္မာတွေကို အုပ်စိုးတော်မူတယ်။ ဘုရားသခင်ရဲ့ အစီအစဉ်တွေက အမြဲတမ်း ဖြောင့်မတ်ပါတယ်၊ ဒါကြောင့် ကျွန်မဟာ အဲဒါတွေကို ကျိုးနွံနာခံသင့်တယ်၊ ဒါက လုပ်ဖို့ အကျိုးအကြောင်းသင့်တဲ့အရာပဲလေ။ ဒါပေမဲ့ ကျွန်မက “သခင့်အပေါ် လူတစ်ယောက်၏ ယုံကြည်မှုသည် တစ်မိသားစုလုံးကို ကောင်းချီးရစေသည်” ဆိုတဲ့ မှားယွင်းတဲ့ အမြင်အတိုင်း လိုက်နာခဲ့တယ်၊ ကျွန်မက အမှုအရာတွေကို စွန့်လွှတ်တယ်၊ ကိုယ့်ကိုယ်ကိုယ် အသုံးခံပြီး ကိုယ့်တာဝန်ကို ထမ်းဆောင်တဲ့အတွက် ဘုရားသခင်က ကျွန်မရဲ့သားကို ကာကွယ်ပေးသင့်တယ်လို့ တွေးခဲ့တယ်။ ဒီအမြင်ဟာ ကျွန်မရဲ့ ကိုယ်ပိုင်အယူအဆတွေနဲ့ စိတ်ကူးစိတ်သန်းတွေကနေ ဆင်းသက်လာတာဖြစ်ပြီး သမ္မာတရားနဲ့ လုံးဝ မကိုက်ညီပါဘူး။
ဘုရားနှုတ်ကပတ်တော်တွေကို စားသောက်ခြင်းကနေတစ်ဆင့် ယုံကြည်ခြင်းကနေ ကောင်းချီးမင်္ဂလာတွေ ရရှိတာနဲ့ပတ်သက်ပြီး ကျွန်မရဲ့ မှားယွင်းတဲ့အမြင်ကို ကျွန်မ နားလည်လာခဲ့တယ်။ ကျွန်မရဲ့သား သေဆုံးတာကို နောက်ဆုံးမှာ ကျော်ဖြတ်နိုင်ခဲ့ပြီလို့ ကျွန်မ ထင်ခဲ့တယ်၊ ဒါပေမဲ့ ဘုရားသခင်က ကျွန်မအတွက် နောက်ထပ်အခြေအနေတစ်ခုကို စီစဉ်ညွှန်ကြားတဲ့အခါ ကျွန်မရဲ့သား သေဆုံးရတဲ့ အကြောင်းရင်းကို သိလိုက်ရတော့ ကျွန်မ နောက်တစ်ခါ စပြီးညည်းညူမိပြန်တယ်။ ဩဂုတ်လ ၁၄ ရက်နေ့မှာ ကျွန်မဟာ ယုံကြည်သူတစ်ယောက်လည်းဖြစ်တဲ့ ကျွန်မရဲ့ယောက်မနဲ့ တွေ့ဆုံခဲ့ပြီး သူက ကျွန်မကို မတော်တဆမှုဖြစ်တဲ့အချိန်မှာ ကျွန်မရဲ့သားက သိပ်ဆိုးဆိုးရွားရွား ဒဏ်ရာရခဲ့ပုံမပေါ်ဘူးလို့ ပြောပြတယ်။ သူ့ကို ဓာတ်မှန်ရိုက်ဖို့ ဆေးရုံကို ခေါ်သွားပြီး နောက်ပိုင်းကျတော့ အိမ်မှာအနားယူဖို့ ဆေးရုံက ဆင်းခွင့်ပေးခဲ့တယ်။ သူ အိမ်ပြန်ရောက်ပြီးနောက်မှာ အသက်ရှူကျပ်လာလို့ သူ့ဘာသာသူ ဆေးရုံကို ပြန်တက်ခဲ့တယ်၊ ဒါပေမဲ့ သူကတော့ မသက်သာရုံမက ပိုတောင်ဆိုးလာခဲ့တယ်၊ ဒါကြောင့် သူက တခြားဆေးရုံကို ပြောင်းခွင့်တောင်းခဲ့ပေမဲ့ ကုသပေးနေတဲ့ ဆရာဝန်က ငြင်းခဲ့တယ်။ နောက်ပိုင်းမှာ၊ ကျွန်မရဲ့သားက တော်တော်လေးအသက်ရှူရခက်ပြီး သိသိသာသာကို သေလုမျောပါးဖြစ်သွားတဲ့အချိန်မှပဲ ဆရာဝန်က သူ့ကို ပြောင်းရွှေ့ဖို့ နောက်ဆုံးမှာ သဘောတူခဲ့တယ်၊ ဒါပေမဲ့ ဆေးရုံကို သွားတဲ့လမ်းမှာ သူ လုံးဝ အသက်ရှူရပ်သွားခဲ့တယ်။ ခွဲစိတ်စစ်ဆေးမှုအရ နံရိုးကျိုးတစ်ခုက သူ့ရဲ့အဆုတ်ကို ထိခိုက်စေပြီး ရောဂါပိုးဝင်စေခဲ့တယ်လို့ ဖော်ပြခဲ့တယ်။ သူ့ကို အချိန်မီ ခွဲစိတ်ကုသခဲ့ရင် သူ သေဆုံးမှာ မဟုတ်လောက်ဘူး။ သူ့ကို သေဆုံးစေခဲ့တာက ဆေးရုံရဲ့ မှားယွင်းတဲ့ ရောဂါရှာဖွေမှုကြောင့်ပါတဲ့။ ဒီအသေးစိတ်အချက်အလက်တွေကို ကြားရတဲ့အခါ ကျွန်မ လုံးဝ တုန်လှုပ်ခြောက်ခြားသွားပြီး မေ့လဲမတတ် ဖြစ်သွားတယ်။ စိတ်ပိုင်းဆိုင်ရာ နာကျင်မှုက ရင်ဘတ်ကို ဓားနဲ့ထိုးသလို ခံစားခဲ့ရတယ်။ ကျွန်မ ယောက်မကို ဖက်ပြီး ရှိုက်ကြီးတငင် ငိုကြွေးမိတော့တယ်။ ကျွန်မ ကိုယ့်ဘာသာကိုယ် တွေးမိတယ်၊ “ကျွန်မနဲ့ ကျွန်မခင်ပွန်းသာ အဲဒီမှာရှိပြီး သူ့ကို အချိန်မီ ပြောင်းရွှေ့ဖို့ ပြောဆိုပေးခဲ့ရင် သူ လုံးဝ သေခဲ့ရမှာ မဟုတ်ဘူး” လို့ပေါ့။ ကျွန်မရဲ့ ယောက်မက ကျွန်မကို နှစ်သိမ့်ဖို့ ကြိုးစားပြီး ပြောရှာတယ်၊ “ဒီအတွေ့အကြုံမှာ ဘုရားသခင်ရဲ့ ရည်ရွယ်ချက် ရှိပါတယ်၊ ဘုရားသခင်ဆီကနေ ဒါကို ခံယူဖို့ ကြိုးစားပါ” တဲ့။ ကျွန်မယောက်မရဲ့ မှတ်ချက်တွေက ကျွန်မ ထပ်ပြီး ညည်းညူနေပြန်ပြီဆိုတာကို ရုတ်တရက် သဘောပေါက်စေခဲ့တယ်။ ကျွန်မ စိတ်နှလုံးထဲမှာ ဘုရားသခင်ဆီ ဆုတောင်းပြီး ကျွန်မရဲ့ စိတ်နှလုံးကို ကာကွယ်ပေးဖို့နဲ့ ကိုယ်တော့်ရဲ့ အချုပ်အခြာအာဏာနဲ့ အစီအစဉ်တွေကို ကျိုးနွံနာခံနိုင်အောင် ကူညီပေးဖို့ တောင်းလျှောက်ခဲ့တယ်။ အဲဒီနောက် လွန်ခဲ့တဲ့ နှစ်ရက်သုံးရက်က ကျွန်မ ဖတ်ခဲ့တဲ့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ အမှတ်ရလိုက်တယ်။ “ဘုရားသခင်၏ အချုပ်အခြာအာဏာကို ဘုရားသခင်က စီမံပြီး စီစဉ်ဆောင်ရွက်သည်။ သင်က ယင်းကို ပြောင်းလဲလို၍ ရသလော။ (မရပါ။) မရပေ။ ထို့ကြောင့် လူတို့သည် မိုက်မဲသော၊ သို့မဟုတ် ကျိုးကြောင်းမသင့်သော အရာများကို မလုပ်ဆောင်ရပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၉)) ဘုရားနှုတ်ကပတ်တော်တွေကို စဉ်းစားကြည့်ရင်း လူတစ်ယောက်ရဲ့ အသက်ရှင်ခြင်းနဲ့ သေဆုံးခြင်းကို ဘုရားသခင်က အမိန့်နဲ့ပြဋ္ဌာန်းထားတယ်ဆိုတာကို ကျွန်မ သဘောပေါက်သွားတယ်။ ကျွန်မတို့ အိမ်မှာရှိခဲ့ပြီး ဆရာဝန်ကို ပိုမြန်မြန် ခွဲစိတ်ဖို့ တိုက်တွန်းခဲ့ရင်တောင်မှ သူ့အချိန်ရောက်လာရင် သူ သေသွားခဲ့ဦးမှာပဲ၊ ကျွန်မတို့ လုပ်ပေးနိုင်တာ ဘာမှရှိမှာမဟုတ်ဘူး။ ကျွန်မ ဘုရားသခင်ကို စောဒကတက်တာက တော်တော်ကို ကျိုးကြောင်းမဆီလျော်ခဲ့တာပဲ။ ဒါကို သဘောပေါက်သွားတော့ ကျွန်မ ပိုပြီး စိတ်သက်သာရာရသွားတယ်။ ကျွန်မ ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာကို ကျိုးနွံနာခံပြီး ကျွန်မရဲ့တာဝန်ကို ငြိမ်ငြိမ်သက်သက်နဲ့ ကောင်းကောင်း ဖြည့်ဆည်းဖို့ ဆန္ဒရှိခဲ့တယ်။
နောက်ပိုင်းမှာ၊ ဗီဒီယိုတစ်ခုထဲက ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ တွေ့ခဲ့ရပြီး ဒါက ကျွန်မကို ကိုယ့်ရဲ့ယုံကြည်ခြင်းမှာ ကောင်းချီးမင်္ဂလာတွေ လိုက်စားခြင်းဆိုတဲ့ မှားယွင်းတဲ့ အမြင်အပေါ် ထိုးထွင်းသိမြင်မှုတချို့ ပေးခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “လူ၏တာဝန်နှင့် လူသည် ကောင်းချီးမင်္ဂလာများ လက်ခံရရှိခြင်း သို့မဟုတ် ကံမကောင်းအကြောင်းမလှခြင်းကို ခံစားရခြင်း ဟူသည်တို့ကြားတွင် အချင်းချင်း ဆက်နွှယ်နေမှု မရှိပေ။ တာဝန်သည် လူက ဖြည့်ဆည်းသင့်သည့်အရာ ဖြစ်သည်။ ယင်းသည် ကောင်းကင်ဘုံက လာသည့် သူ၏ဘဝပေးတာဝန်ဖြစ်ပြီး ဆုလာဘ်၊ အခြေအနေများ သို့မဟုတ် အကြောင်းရင်းများပေါ်တွင် မမူတည်သင့်ပေ။ ထိုအခါမှသာ သူ၏တာဝန်ကို သူ လုပ်ဆောင်နေခြင်း ဖြစ်သည်။ ကောင်းချီးမင်္ဂလာ လက်ခံရရှိခြင်းဟူသည်မှာ တစ်စုံတစ်ဦးသည် တရားစီရင်ခြင်းကို ကြုံရပြီးနောက် စုံလင်စေခြင်းခံရကာ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများကို မွေ့လျော်ရခြင်း ဖြစ်သည်။ ကံမကောင်းအကြောင်းမလှခြင်းကို ခံစားရခြင်းဟူသည်မှာ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ကို ကြုံရပြီးနောက် လူတစ်ဦး၏ စိတ်သဘောထား မပြောင်းလဲခြင်း ဖြစ်သည်၊ ၎င်းတို့သည် စုံလင်စေခြင်းကို မတွေ့ကြုံရဘဲ အပြစ်ပေးခံရသည်။ ၎င်းတို့ ကောင်းချီးမင်္ဂလာများ လက်ခံရရှိသည်ဖြစ်စေ၊ ကံမကောင်းအကြောင်းမလှခြင်းကို ခံစားရသည်ဖြစ်စေ ဖန်ဆင်းခံသတ္တဝါများသည် ၎င်းတို့ လုပ်ဆောင်သင့်သည့်အရာကို လုပ်ဆောင်ရင်းနှင့် လုပ်ဆောင်နိုင်သည့်အရာကို လုပ်ဆောင်ရင်း၊ ၎င်းတို့၏တာဝန်ကို ဖြည့်ဆည်းသင့်ကြပေသည်။ ဤသည်မှာ လူတစ်ဦးအနေဖြင့်၊ ဘုရားသခင် နောက်ကိုလိုက်သည့် လူတစ်ဦးက အနည်းဆုံး လုပ်ဆောင်သင့်သည့်အရာ ဖြစ်သည်။ သင်သည် ကောင်းချီးမင်္ဂလာ လက်ခံရရှိရန်သာ သင်၏တာဝန်ကို မလုပ်ဆောင်သင့်သကဲ့သို့၊ ကံမကောင်းအကြောင်းမလှခြင်းကို ခံစားရမည်ကို ကြောက်ရွံ့ခြင်းအတွက် ဆောင်ရွက်ရန် မငြင်းဆန်သင့်ပေ။ ဤအရာတစ်ခုကို သင်တို့အား ငါပြောပါရစေ။ သူ၏တာဝန်နှင့်သက်ဆိုင်သည့် လူ၏ စွမ်းဆောင်မှုသည် သူလုပ်ဆောင်သင့်သည့်အရာ ဖြစ်ပြီး သူသည် သူ၏တာဝန်ကို ဆောင်ရွက်နိုင်စွမ်း မရှိပါက ဤသည်မှာ သူ၏ ပုန်ကန်မှုဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ့ဇာတိခံ ဘုရားသခင်၏အမှုတော်နှင့် လူ၏တာဝန်ကြား ကွဲပြားခြားနားမှု) ဘုရားသခင်၏ နှုတ်ကပတ်တော်တွေကို စဉ်းစားဆင်ခြင်ရင်း၊ ကိုယ့်တာဝန်ကို ထမ်းဆောင်တာနဲ့ ကောင်းချီးခံစားရတာ ဒါမှမဟုတ် ကံဆိုးမိုးမှောင်ကျတာတို့ဟာ လုံးဝမသက်ဆိုင်ဘူးဆိုတာ ကျွန်မ သဘောပေါက်ခဲ့တယ်။ တာဝန်တွေဟာ လူသားတွေကို ဘုရားသခင်ရဲ့ တာဝန်ပေးစေခိုင်းချက်ဖြစ်ပြီး ကျွန်မတို့အားလုံး သဘာဝကျကျ၊ အကျိုးအကြောင်းခိုင်ခိုင်လုံလုံနဲ့ ကောင်းကောင်းမွန်မွန် ဖြည့်ဆည်းသင့်တဲ့ ရှောင်လွှဲလို့မရတဲ့ တာဝန်ဝတ္တရားတွေပါပဲ။ ကျွန်မက ဖန်ဆင်းခံတစ်ဦးဖြစ်ပြီး ဘုရားသခင်က ကျွန်မကို အသက်ပေးခဲ့တာပါ။ ဒါကြောင့် ကျွန်မဟာ ကိုယ့်တာဝန်ကို ကောင်းကောင်းဖြည့်ဆည်းသင့်ပြီး အမှုအရာတွေကို ကျွန်မ စွန့်လွှတ်တာတွေနဲ့ ကိုယ့်ရဲ့အသုံးခံတာတွေကို ဘုရားသခင်ဆီက ကျေးဇူးတော်နဲ့ ကောင်းချီးမင်္ဂလာတွေအတွက် လဲလှယ်ဖို့ အရင်းအနှီးအနေနဲ့ မသုံးသင့်ပါဘူး။ ယုံကြည်သူတွေပဲဖြစ်ဖြစ်၊ ဘာသာတရား မရှိသူတွေပဲဖြစ်ဖြစ် လူတိုင်းရဲ့ ကံကြမ္မာကို ဘုရားသခင်က စီစဉ်အုပ်စိုးပါတယ်။ မွေးဖွားတာ၊ အိုမင်းတာ၊ နာမကျန်းဖြစ်တာနဲ့ သေဆုံးတာ အားလုံးက သဘာဝဖြစ်စဉ်တွေဖြစ်ပြီး ဘုရားသခင်ရဲ့အချုပ်အခြာအာဏာနဲ့ အစီအစဉ်တွေကို ကျွန်မ ကျိုးနွံနာခံသင့်ပါတယ်။
အဲဒီနောက် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် နောက်တစ်ပိုဒ်ကို ကျွန်မ ဖတ်ခဲ့ပါတယ်။ “သင်သည် သင့်သားသမီးများအား ချစ်ပြီး ကာကွယ်သည်။ သင့်တွင် သင့်သားသမီးများအပေါ် ချစ်ခင်တွယ်တာမှုရှိသည်။ ၎င်းတို့ကို သင်လက်မလွှတ်နိုင်ပေ။ ထို့ကြောင့် သင်သည် ဘုရားသခင်အား မည်သည့်အရာကိုမျှ လုပ်ဆောင်ခွင့်မပြု။ ဤသည်မှာ အဓိပ္ပာယ်ရှိသလော။ သမ္မာတရားနှင့်ဖြစ်စေ၊ ကိုယ်ကျင့်တရားနှင့်ဖြစ်စေ၊ လူ့သဘာဝနှင့်ဖြစ်စေ ကိုက်ညီသလော။ ယင်းသည် မည်သည့်အရာနှင့်မျှ မကိုက်ညီပေ။ ကိုယ့်ကျင့်တရားနှင့်ပင် မကိုက်ညီပေ။ ဤသို့ မဟုတ်သလော။ သင်သည် သင့်သားသမီးများကို ချစ်မြတ်နိုးနေခြင်း မဟုတ်။ ၎င်းတို့ကို ကာကွယ်ပေးနေခြင်းဖြစ်သည်။ သင်သည် သင်၏ချစ်ခင်တွယ်တာမှု၏ လွှမ်းမိုးမှုအောက်တွင်ရှိနေသည်။ သင်၏ကလေးသေလျှင် သင်သည် ဆက်လက်၍ အသက်ရှင်မည်မဟုတ်ဟုပင် သင်ပြောသည်။ သင်သည် သင်၏အသက်အပေါ် အလွန်ပင် တာဝန်မသိတတ်ဘဲ ဘုရားသခင်က သင့်အားပေးသည့် ဘဝကို မမြတ်နိုးသည့်အတွက်၊ သင်သည် သင့်သားသမီးများအတွက် အသက်ရှင်လိုလျှင် သွား၍ ၎င်းတို့နှင့်အတူ သေလော့။ ၎င်းတို့သည် မည်သည့်ရောဂါကို ရရှိသည်ဖြစ်စေ သင်သည် ထိုရောဂါမျိုး အလျင်အမြန် ကူးစက်ခံလိုက်ပြီး အတူတကွ သေသင့်သည်၊ သို့မဟုတ် သင့်ကိုယ်သင် ကြိုးဆွဲချရန်သာ ကြိုးတစ်ချောင်းရှာလော့။ ဤသည်မှာ လွယ်ကူမည်မဟုတ်လော။ သင်သေပြီးနောက်တွင် သင်နှင့် သင့်သားသမီးများသည် တစ်မျိုးတစ်စားတည်း ဖြစ်မည်လော။ သင်တို့တွင် တူညီသောရုပ်ပိုင်းဆိုင်ရာ ဆက်ဆံရေး ရှိဦးမည်လော။ တစ်ယောက်အပေါ် တစ်ယောက် ချစ်ခင်တွယ်တာမှုရှိဦးမည်လော။ အခြားကမ္ဘာသို့ သင်ပြန်လာသောအခါ သင်သည် ပြောင်းလဲလိမ့်မည်။ ဤသို့ ဖြစ်မည်မဟုတ်လော။ (ဟုတ်ပါသည်။)...၎င်းတို့သေဆုံးပြီးနောက်တွင် မည်သည့်နေရာသို့ သွားမည်နည်း။ ၎င်းတို့ သေသည်နှင့် ၎င်းတို့၏ ကိုယ်ခန္ဓာသည် နောက်ဆုံးတစ်ခေါက် အသက်ရှူပြီး ၎င်းတို့၏ ဝိညာဉ်က ထွက်ခွာသည်။ ပြီးလျှင် ၎င်းတို့သည် သင့်အား လုံးဝ နှုတ်ဆက်ခဲ့သည်။ ၎င်းတို့သည် သင့်အား မှတ်မိမည်မဟုတ်တော့။ ၎င်းတို့သည် တစ်စက္ကန့်မျှပင် နေမည်မဟုတ်။ အခြားကမ္ဘာသို့သာ ပြန်သွားလိမ့်မည်။ အခြားကမ္ဘာသို့ ၎င်းတို့ ပြန်သွားသောအခါ သင်သည် ငိုသည်။ ၎င်းတို့ကို သင်သတိရသည်။ ပြီးလျှင် စိတ်ဆင်းရဲပြီး စိတ်ဒုက္ခရောက်ကာ ‘အို ငါ၏ကလေးသည် မရှိတော့ပေ။ ငါသည် သူ့ကို မည်သည့်အခါမျှ နောက်တစ်ဖန် မြင်နိုင်မည်မဟုတ်’ ဟု ဆိုသည်။ သေသူသည် အသိတစ်ခုခုရှိသလော။ သူသည် သင့်အပေါ် သိမြင်မှုမရှိ။ သင့်အား အနည်းငယ်မျှပင် သတိရခြင်းမရှိ။ သူသည် သူ၏ ကိုယ်ခန္ဓာမှ ထွက်ခွာသည်နှင့် ရုတ်ခြည်းပင် တတိယလူဖြစ်သွားသည်။ သူသည် သင်နှင့် ဆက်ဆံရေးမရှိတော့ပေ။ သူသည် သင့်အား မည်သို့ရှုမြင်သနည်း။ သူသည် ‘ထိုအဘွားအို၊ ထိုအဘိုးအိုသည် မည်သူ့အတွက် ငိုနေသနည်း။ အို၊ ၎င်းတို့သည် ကိုယ်ခန္ဓာတစ်ခုအတွက် ငိုနေသည်။ ငါသည် ထိုခန္ဓာမှ ယခုပင် ခွဲထွက်ခဲ့သကဲ့သို့ ခံစားရသည်။ ငါသည် ယခုတွင် အလွန်လေးလံခြင်းမရှိ။ ဖျားနာခြင်းဝေဒနာမရှိတော့ပေ။ ငါသည် လွတ်လပ်သည်’ ဟု ဆိုသည်။ ဤသည်မှာ သူ ခံစားရသည့်အရာ ဖြစ်သည်။ သူ သေဆုံးပြီး သူ၏ ကိုယ်ခန္ဓာမှ ထွက်ခွာပြီးနောက်တွင် သူသည် အခြားသောကမ္ဘာတွင် ဆက်လက်၍ ဖြစ်တည်ကာ မတူညီသောပုံစံတစ်ခုဖြင့် ဖြစ်ပေါ်သည်။ ပြီးလျှင် သူသည် သင်နှင့် မည်သည့်ဆက်ဆံရေးမျှ မရှိတော့ပေ။ သင်သည် ဤနေရာတွင် သူ့အတွက် ငိုပြီး တောင့်တသည်။ သူ့အတွက် ဒုက္ခခံသည်။ သို့သော် သူက မည်သည့်အရာကိုမျှ မခံစားရ။ မည်သည့်အရာကိုမျှ မသိ။ နှစ်များစွာကြာပြီးနောက်တွင် ကံ၊ သို့မဟုတ် တိုက်ဆိုင်မှုကြောင့် သူသည် သင်၏ လုပ်ဖော်ကိုင်ဖက်၊ သို့မဟုတ် သင်၏ တစ်ရွာတည်းသား ရောင်းရင်း ဖြစ်နိုင်သည်။ သို့မဟုတ် သူသည် သင်နှင့် အလွန်ဝေးကွာစွာ နေထိုင်နိုင်သည်။ သင်တို့သည် တစ်ကမ္ဘာတည်းတွင် အသက်ရှင်သော်လည်း သင်တို့၏ကြားတွင် မည်သည့်ဆက်စပ်မှုမျှမရှိသည့် မတူညီသောလူနှစ်ဦး ဖြစ်လိမ့်မည်။ အထူးအခြေအနေများကြောင့်၊ သို့မဟုတ် ထူးခြားသည့်အရာတစ်ခုခုကို ပြောသောကြောင့် သူသည် ယခင်ဘဝက မည်သူမည်ဝါဖြစ်သည်ဆိုသည်ကို လူအချို့က သိမြင်နိုင်လျှင်ပင် သူသည် သင့်ကိုမြင်သောအခါ၌ မည်သည့်အရာကိုမျှ မခံစားရပေ။ ပြီးလျှင် သင်က ထိုသူကို မြင်သောအခါတွင်လည်း မည်သည့်အရာမျှ မခံစားရပေ။ သူသည် ယခင်ဘဝက သင်၏ကလေးဖြစ်ခဲ့လျှင်ပင် ယခုတွင် သင်သည် သူ့အတွက် မည်သည့်အရာကိုမျှ မခံစားရပေ။ သင်၏ ကွယ်လွန်သွားသော ကလေးအကြောင်းကိုသာ သင်စဉ်းစားသည်။ သူသည်လည်း သင့်အတွက် မည်သည့်အရာကိုမျှ မခံစားရပေ။ သူ့တွင် သူ၏ မိဘအရင်းများရှိသည်။ ကိုယ့်မိသားစုနှင့်ကိုယ် ရှိသည်။ ပြီးလျှင် မတူညီသော မျိုးရိုးနာမည်ရှိသည်။ သူသည် သင်နှင့် တော်စပ်မှုမရှိ။ သို့သော် သင်သည် ထိုနေရာတွင် ထိုသူကို သတိရနေဆဲဖြစ်သည်။ မည်သည့်အရာကို သင်သတိရနေသနည်း။ သင်သည် တစ်ချိန်က သင်နှင့်သွေးသားတော်စပ်ခဲ့သည့် ရုပ်ခန္ဓာနှင့် အမည်ကိုသာ သတိရနေခြင်းဖြစ်သည်။ ယင်းသည် ပုံရိပ်တစ်ခု၊ သင်၏အတွေး၊ စိတ်တွင် စွဲကျန်နေသော အရိပ်တစ်ခုသာ ဖြစ်သည်။ ယင်းတွင် စစ်မှန်သော တန်ဖိုးမရှိပေ။ သူသည် တစ်ဖန်လူပြန်လည်ဝင်စားပြီး ဖြစ်သည်။ လူသား၊ သို့မဟုတ် အခြားသော သက်ရှိသတ္တဝါတစ်ခုခုအဖြစ် ပြောင်းလဲသွားပြီး ဖြစ်သည်။ သူသည် သင်နှင့် တော်စပ်ခြင်းမရှိ။ ထို့ကြောင့် အချို့မိဘများက ‘ငါ၏ ကလေးသေလျှင် ငါသည်လည်း ဆက်လက်၍ အသက်ရှင်မည်မဟုတ်’ ဟု ဆိုသောအခါ၌ ယင်းသည် မသိနားမလည်မှုသက်သက်သာ ဖြစ်သည်။ သူ၏ ဘဝသက်တမ်းသည် အဆုံးသို့ ရောက်ရှိခဲ့သည်။ သို့သော် သင်က အဘယ်ကြောင့် အသက်ရှင်ခြင်းကို ရပ်တန့်သင့်သနည်း။ သင်သည် အဘယ်ကြောင့် အလွန်ပင် လက်လွတ်စပယ် ပြောဆိုသနည်း။ သူ၏ ဘဝသက်တမ်းသည် အဆုံးသို့ ရောက်ရှိခဲ့ပြီးဖြစ်သည်။ ဘုရားသခင်က သူ၏ ကြိုးကို ဖြတ်ခဲ့ပြီးဖြစ်ကာ သူ့တွင် အခြားတာဝန်တစ်ခုရှိသည်။ ယင်းသည် သင်နှင့်မည်သို့သက်ဆိုင်သနည်း။ သင့်တွင် အခြားတာဝန်တစ်ခုရှိလျှင် ဘုရားသခင်သည် သင်၏ ကြိုးကိုလည်း ဖြတ်လိမ့်မည်။ သို့သော် သင့်တွင်မရှိသေးသောကြောင့် သင်သည် ဆက်လက်၍ အသက်ရှင်ရမည်။ ဘုရားသခင်က သင့်အား အသက်ရှင်စေလိုလျှင် သင်မသေနိုင်ပေ။ လူတို့သည် မိမိတို့၏ မိဘများ၊ သားသမီးများ ပါဝင်ပတ်သက်သည်ဖြစ်စေ၊ အခြားသော ဆွေမျိုးတစ်ယောက်ယောက်၊ သို့မဟုတ် မိမိတို့၏ဘဝရှိ သွေးသားတော်စပ်သည့် လူများ ပါဝင်ပတ်သက်သည်ဖြစ်စေ၊ ချစ်ခင်တွယ်တာမှုနှင့် ပတ်သက်လာပါက အောက်ပါအမြင်နှင့် နားလည်မှုရှိသင့်သည်။ လူတို့ကြားတွင် တည်ရှိသော ချစ်ခင်တွယ်တာမှုနှင့်စပ်လျဉ်း၍ သွေးသားတော်စပ်မှုရှိလျှင် မိမိတာဝန်အား ကောင်းမွန်စွာ ဖြည့်ဆည်းခြင်းက လုံလောက်သည်။ မိမိတာဝန်ကို ကောင်းမွန်စွာ ဖြည့်ဆည်းခြင်းမှ လွဲပြီး လူတို့၌ မည်သည့်အရာကိုမျှ ပြောင်းလဲရန် ဝတ္တရားမရှိသကဲ့သို့ စွမ်းရည်လည်း မရှိပေ။ ထို့ကြောင့် မိဘများအနေဖြင့် ‘ငါတို့၏ သားသမီးများ မရှိတော့လျှင် မိဘများအဖြစ် ငါတို့သည် ငါတို့ကိုယ်တိုင်၏ သားသမီးများကို မြေမြုပ်ရမည်ဆိုလျှင် ငါတို့သည် ဆက်လက်၍ အသက်ရှင်မည်မဟုတ်’ ဟု ဆိုခြင်းသည် မသိတတ်ခြင်း ဖြစ်သည်။ သားသမီးများကို အမှန်ပင် မိဘများက မြေမြှုပ်ရလျှင် ဤကမ္ဘာတွင်ရှိသော ၎င်းတို့၏အချိန်သည် အကန့်အသတ် ရှိခဲ့ပြီး ၎င်းတို့သည် သွားရတော့မည်ဖြစ်သည်ဟုသာ ဆိုနိုင်သည်။ သို့သော် ၎င်းတို့မိဘများသည် ဤနေရာတွင်ရှိနေဆဲ ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် ဆက်လက်၍ ကောင်းစွာ အသက်ရှင်သင့်သည်။ ၎င်းတို့၏ လူ့သဘာဝအရ လူတို့အနေဖြင့် သားသမီးများအကြောင်း တွေးသည်မှာ သာမန်ဖြစ်သည်မှာ မှန်သည်။ သို့သော် ၎င်းတို့သည် ၎င်းတို့၌ ကျန်ရှိသောအချိန်ကို ၎င်းတို့၏ ကွယ်လွန်သွားသော သားသမီးများအား သတိရလျက် မဖြုန်းတီးသင့်ပေ။ ဤသည်မှာ မိုက်မဲသည်။ ထို့ကြောင့် ဤအမှုကိစ္စကို ကိုင်တွယ်သောအခါတွင် တစ်ဖက်၌ လူတို့သည် မိမိကိုယ်ပိုင်ဘဝအတွက် တာဝန်ယူသင့်သည်။ အခြားတစ်ဖက်၌ ၎င်းတို့သည် မိသားစုဆက်နွှယ်မှုများကို အပြည့်အဝ သဘောပေါက်နားလည်သင့်သည်။ လူတို့ကြားတွင် အမှန်တကယ် တည်ရှိသော ဆက်နွှယ်မှုသည် အသွေးအသား သံယောဇဉ်များအပေါ် အခြေခံခြင်းမဟုတ်ဘဲ ဘုရားသခင် ဖန်ဆင်းသည့် သက်ရှိတစ်ဦးနှင့် အခြားသက်ရှိတစ်ဦးကြား ဆက်နွှယ်မှု ဖြစ်သည်။ ဤဆက်နွှယ်မှုမျိုးသည် အသွေးအသားသံယောဇဉ် မရှိပေ။ အမှီအခိုကင်းသော သက်ရှိနှစ်ဦးကြားတွင်သာ ရှိသည်။ သင်သည် ဤရှုထောင့်မှ စဉ်းစားလျှင် မိဘများအနေဖြင့် သင့်သားသမီးများက ကံမကောင်းဘဲ ဖျားနာသောအခါ၊ သို့မဟုတ် ၎င်းတို့၏ဘဝ၌ အန္တရာယ်ကျရောက်သောအခါ သင်သည် ဤအမှုကိစ္စများကို မှန်ကန်စွာ ရင်ဆိုင်သင့်သည်။ သင်သည် သင့်သားသမီးများ၏ ကံဆိုးမှုကြောင့်၊ သို့မဟုတ် ကွယ်လွန်ခြင်းကြောင့် သင့်တွင် ကျန်ရှိသောအချိန်ကိုလည်းကောင်း၊ သင်လျှောက်သင့်သည့် လမ်းကြောင်းကိုလည်းကောင်း၊ သင်ဖြည့်ဆည်းသင့်သည့် တာဝန်၊ ဝတ္တရားများကိုလည်းကောင်း မစွန့်လွှတ်သင့်ပေ။ သင်သည် ဤအမှုကိစ္စကို မှန်ကန်စွာ ရင်ဆိုင်သင့်သည်။ သင့်တွင် မှန်ကန်သော အတွေးအမြင်များရှိပြီး ဤအရာများကို ပိုင်းခြားသိမြင်နိုင်လျှင် သင်သည် စိတ်ပျက်ခြင်း၊ ဝမ်းနည်းပူဆွေးခြင်း၊ တောင့်တခြင်းတို့အား လျင်မြန်စွာ ကျော်လွှားနိုင်လိမ့်မည်။ သို့သော် သင်သည် ယင်းတို့ကို ပိုင်းခြားသိမြင်နိုင်ခြင်း မရှိလျှင် အဘယ်သို့ ဖြစ်မည်နည်း။ ဤသို့ဆိုလျှင် သင်သေသည့်နေ့ရက်အထိ သင်၏ ကျန်သည့်ဘဝ တစ်လျှောက်လုံးတွင် သင့်အား ခြောက်လှန့်နေနိုင်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၉)) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက် ကျွန်မ ပိုပြီးရှင်းလင်းသွားတယ်။ ကျွန်မရဲ့သား အသက်ရှင်နေတုန်းက၊ ကျွန်မတို့က သားအမိဖြစ်ပြီး သွေးသားတော်စပ်မှုရှိခဲ့တယ်။ သူ့ကို မွေးဖွားပြီး အရွယ်ရောက်တဲ့အထိ ပြုစုပျိုးထောင်ခဲ့တာ၊ ကျွန်မရဲ့တာဝန် ပြီးဆုံးသွားခဲ့ပြီးပြီ။ သူရဲ့ကံကြမ္မာနဲ့ ပတ်သက်ပြီး၊ သူ ဘယ်အချိန်သေမလဲ၊ ဘယ်လိုသေမလဲ၊ သူ့ရဲ့အဆုံးသတ်နှင့် ပန်းတိုင်က ဘာဖြစ်မလဲ၊ ဒါတွေအားလုံးကို ဘုရားသခင်က အုပ်စိုးစီစဉ်ပါတယ်။ သူ့အချိန်စေ့သွားပြီဖြစ်လို့ ဘုရားသခင်က သူ့ရဲ့ အသက်ရှုခြင်းကို နုတ်ယူသွားခဲ့တာပါ။ သူသေဆုံးသွားပြီဆိုတာနဲ့ သူ့စိတ်ဝိညာဉ်က သူ့ဇာတိပကတိကနေ ထွက်ခွာသွားခဲ့ပါပြီ။ အဲဒီနောက် ကျွန်မနဲ့သူ နည်းနည်းလေးမှ ဆက်စပ်မှုမရှိတော့ဘဲ၊ တစ်ယောက်နဲ့တစ်ယောက် မသိကြတော့ပါဘူး။ ဘုရားသခင်ကို နှစ်တွေအများကြီး ကျွန်မယုံကြည်ခဲ့ပြီး ကိုယ်တော်ရဲ့ နှုတ်ကပတ်တော်အများကြီး ဖတ်ရှုခဲ့ပြီး တာဝန်အများကြီး ထမ်းဆောင်ခဲ့ပါတယ်။ ကျွန်မကို ဘဝရဲ့မှန်ကန်တဲ့လမ်းကြောင်းပေါ် လမ်းပြခဲ့ပြီး သမ္မာတရားကို ရရှိဖို့နဲ့ ကယ်တင်ခြင်းခံရဖို့ အခွင့်အရေးကို ပေးခဲ့တာ ဘုရားသခင်ပါပဲ။ ဒါပေမဲ့လည်း ကျွန်မသား သေဆုံးတာနဲ့ ရင်ဆိုင်ရတဲ့အခါ၊ ကျွန်မ သူနဲ့အတူပဲ သေဆုံးလိုက်ချင်ခဲ့ပြီး ကိုယ့်တာဝန်နဲ့ ကယ်တင်ခြင်းအခွင့်အရေးကို စွန့်လွှတ်ချင်ခဲ့တယ်။ ကျွန်မမှာ အသိတရားနဲ့ ဆင်ခြင်တုံတရား နည်းနည်းလေးမှ မရှိတာကို ကျွန်မ တွေ့ခဲ့တယ်။ ကျွန်မသား သေဆုံးခြင်းရဲ့ ဝမ်းနည်းပူဆွေးကနေ လွတ်မြောက်ပြီး ကိုယ့်စိတ်ကိုယ်ထိန်းရမယ်၊ ကျွန်မရဲ့ ကျန်ရှိတဲ့နေ့ရက်တွေကို ကျွန်မရဲ့တာဝန်ကို ကောင်းကောင်းမွန်မွန် ထမ်းဆောင်ဖို့၊ ဘုရားသခင်ရဲ့နိုင်ငံတော်ဧဝံဂေလိတရားကို ဖြန့်ချိဖို့နဲ့ နောက်ထပ် စစ်မှန်တဲ့ ယုံကြည်သူတွေကို ဘုရားသခင်ရှေ့မှောက် ပို့ဆောင်ဖို့ အသုံးပြုရမယ်ဆိုတာကို ကျွန်မ သိခဲ့တယ်။
နောက်ပိုင်းမှာ တစ်ခါတစ်လေ ကျွန်မသားကို သတိရနေသေးတဲ့အခါ၊ ဘုရားသခင်ဆီ ကျွန်မဆုတောင်းပြီး “စုံလင်အောင် ဘယ်လိုအပြုခံရမလဲ” ဆိုတဲ့ ဘုရားနှုတ်ကပတ်တော် ဓမ္မသီချင်းကို သီဆိုလိုက်တယ်။ “ဒုက္ခကို သင်ရင်ဆိုင်ရသည့်အခါ၊ သင်သည် သွေးသားဇာတိအတွက် ပူပန်မှုကို ဘေးဖယ်သည့်အပြင် ဘုရားသခင်အပေါ် ညည်းတွားချက်များ မပြုဘဲ နေနိုင်ရမည်။ ဘုရားသခင်သည် သင့်ထံမှ သူ့ကိုယ်သူ ပုန်းကွယ်နေသည့်အခါ၊ သူ့နောက်သို့လိုက်ရန်၊ သင်၏ရှိရင်းစွဲမေတ္တာကို တုံ့ဆိုင်းခွင့်မပြုဘဲ သို့မဟုတ် ပျောက်ကွယ်ခွင့်မပြုဘဲ ထိန်းသိမ်းထားရန်အတွက် သင်၌ ယုံကြည်ခြင်း ရှိနိုင်ရမည်။ ဘုရားသခင် မည်သည့်အရာကို ပြုသည်ဖြစ်စေ သင်သည် ဘုရားသခင်အား သူဆန္ဒရှိသလို စီစဉ်ညွှန်ကြားခွင့်ပြုရမည်ဖြစ်ပြီး သူ့အပေါ် စောဒကတက်မည့်အစား ကိုယ့်ဇာတိပကတိကိုယ် ကျိန်စာတိုက်ရမည်။ စမ်းသပ်မှုများကို သင်ရင်ဆိုင်ရသည့်အခါ သင်သည် ဘုရားသခင်ကို ကျေနပ်စေရန် သင်ချစ်သည့်အရာကို စွန့်လွှတ်ရခြင်း၏ ဝေဒနာကို သည်းခံလိုစိတ်ရှိရမည်ဖြစ်ပြီး ခါးသီးစွာ ငိုကြွေးလိုစိတ်ရှိရမည်။ ဤသည်သာလျှင် စစ်မှန်သောချစ်ခြင်းနှင့် စစ်မှန်သော ယုံကြည်ခြင်းဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စုံလင်ခြင်းသို့ ရောက်မည့်သူများသည် စစ်ဆေးခြင်းကို ခံကြရမည်) အဲဒီဘုရားနှုတ်ကပတ်တော် ဓမ္မသီချင်းကို သီဆိုတာက ကျွန်မကို နက်နက်ရှိုင်းရှိုင်း တို့ထိခဲ့ပါတယ်။ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်က စမ်းသပ်မှုတွေကတစ်ဆင့် ကျွန်မရဲ့ စိတ်ပိုင်းဖြတ်မှုကို ခိုင်မာစေဖို့၊ ကိုယ်တော်ရဲ့အချုပ်အခြာအာဏာနဲ့ အစီအစဉ်တွေကို ကျွန်မ ကျိုးနွံနာခံပြီး ကျွန်မတာဝန်ကို ဆက်ပြီးထိန်းသိမ်းဖို့ပါပဲ။ ဘုရားသခင်ရဲ့ရည်ရွယ်ချက်ကို သဘောပေါက်ပြီးတဲ့နောက် ကျွန်မဟာ အပြစ်ရှိပြီး အကြွေးတင်တဲ့ မျက်ရည်တွေ ကျခဲ့ရပြီး ကျွန်မသား သေဆုံးခြင်းအတွက် ဝမ်းနည်းပူဆွေးမှုမှာ မနစ်မွန်းချင်တော့ဘူး။ ကျွန်မဟာ ကျွန်မသားကို ဆုံးရှုံးရင်ဆုံးရှုံးခဲ့မယ်၊ ဒါပေမဲ့ ကျွန်မရဲ့ အကြီးမားဆုံး အထောက်အပံ့ဖြစ်တဲ့ ဘုရားသခင်က ကျွန်မအတွက် ရှိနေပါသေးတယ်။
ဒီမမေ့နိုင်တဲ့ အတွေ့အကြုံအတွင်းမှာ ကျွန်မဟာ အတိုင်းအတာတစ်ခုအထိ ဒုက္ခခံစားခဲ့ရပေမဲ့၊ ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာကို ပိုနားလည်လာခဲ့ပြီး ယုံကြည်ခြင်းနဲ့ပတ်သက်လို့ မှားယွင်းတဲ့အမြင်ကို သတိပြုမိလာခဲ့ပါတယ်။ ဒီအတွေ့အကြုံကနေတစ်ဆင့် ကျွန်မ ထုတ်ဖော်တာမခံခဲ့ရရင် ကျွန်မရဲ့ တကယ့် ဝိညာဉ်ရင့်ကျက်မှု၊ ဖောက်ပြန်ပျက်စီးမှုနဲ့ မစင်ကြယ်မှုတွေကို ကျွန်မ ဘယ်တော့မှ သတိပြုမိခဲ့မှာ မဟုတ်ပါဘူး။ ဒါတွေအားလုံးကို ဘုရားနှုတ်ကပတ်တော်တွေရဲ့ လမ်းပြမှုကနေ ကျွန်မ ရရှိခဲ့တာပါ။ ကျွန်မ ဘုရားသခင်ကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်။
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။
ယီရွှိန်၊ ဂျပန်နိုင်ငံအရင်က ကျွန်မ အသင်းတော်မှာ ရေလောင်းခြင်းအလုပ်ကို တာဝန်ယူခဲ့ဖူးတယ်။ တစ်နေ့မှာ ကျွန်မတို့ ခေါင်းဆောင်က ကျွန်မဆီလာပြီး...
ရီးရွှင် တရုတ်နိုင်ငံအိမ်နဲ့ဝေးရာမှာ အသင်းတော်တချို့ကို တာဝန်ယူရတဲ့ ခေါင်းဆောင်အနေနဲ့ ကျွန်မအစေခံလာတာ နှစ်ချီကြာသွားပြီ။ ကျွန်မမှာ မွေးရာပါ...
လီးယန် တရုတ်နိုင်ငံ၂၀၀၈ ခုနှစ် အစောပိုင်း၌ ကျွန်မသားလေး၏ နားရွက်နောက်တွင် အဖုလေးတစ်ခု ရှိနေသည်ကို ကျွန်မ သတိပြုမိခဲ့သည်။ သူ့ကို ဆေးစစ်ဖို့...
လျန်ရှင်း တရုတ်နိုင်ငံလွန်ခဲ့တဲ့နှစ်နှစ်မှာ ကျွန်မသားရဲ့ခါးက ရုတ်တရက်ကြီး ဆိုးဆိုးရွားရွား နာလာတယ်။ ကျွန်မတို့ ဆေးစစ်ဖို့သွားလိုက်တော့၊...