မနှစ်မြို့စရာ အမှန်တရားများကို မှတ်ယူသင့်ပုံ

29.04.2024

၂၀၁၇ ခုနှစ်မှာ အသင်းတော် ခေါင်းဆောင်အနေနဲ့ ကျွန်မ အရွေးခံခဲ့ရတယ်။ စုဝေးပွဲတက်တာ၊ ညီအစ်ကို မောင်နှမတွေနဲ့ ဆွေးနွေးတာတွေ စလုပ်တော့၊ ကျွန်မ အမြင်တွေကို ဝေမျှနိုင်ခဲ့သလို၊ ကျွန်မရဲ့ မိတ်သဟာယတွေက အသိအမြင်တချို့ ရှိခဲ့တယ်။ ညီအစ်ကို မောင်နှမတွေက ကျွန်မကို အတော် အထင်ကြီးကြသလို လေးလေးစားစား စကားပြောကြတယ်။ ဒါကြောင့် ကျွန်မ တန်ဖိုးထားခံရတယ်လို့ ခံစားပြီး၊ ကိုယ့်ကိုယ်ကိုယ် အတော်ကျေနပ်ခဲ့တာပေါ့။ အချိန်တစ်ခုကြာပြီးတဲ့နောက်မှာ၊ ကျွန်မရဲ့ တွဲဖက် အစ်မဝင်ဒီက ကျွန်မကို စကားပြောတာ အတော်ပွင့်လင်းသလို၊ တစ်ခါတလေ ကျွန်မပြဿနာကို သူ သတိထားမိတဲ့အခါ တိုက်ရိုက် ပြောတာကို သတိထားမိတယ်။ ဥပမာအနေနဲ့၊ အသင်းတော်ရဲ့ အထွေထွေ ကိစ္စတွေကို ကျွန်မ မစဉ်းစားခဲ့ချိန်မှာ၊ သူက ထုတ်ပြောလာပြီး အာရုံစိုက်ဖို့ ပြောတယ်။ ဒါပေမဲ့ ကျွန်မ နည်းနည်း သိက္ခာကျသလို ခံစားရလို့၊ ရှေ့ဆက်ပြီး အာရုံစိုက်ပါ့မယ်လို့ ပြောလိုက်တယ်၊ ကျွန်မကို လူတွေ မကောင်းမြင်မှာ စိုးလို့ပေါ့။ ဒါပေမဲ့ ဒီကဏ္ဍမှာ ကျွန်မက အတော်လေး ချို့တဲ့တယ်။ တချို့ ကိစ္စတွေကို ကျွန်မ မစဉ်းစားပေးနိုင်ခဲ့တာဖြစ်စေ၊ စဉ်းစားပေးခဲ့ရင်ဖြစ်စေ၊ အဲဒါတွေကို ဘယ်လိုလုပ်ရမယ် မသိခဲ့ဘူး။ နောက်ပိုင်းမှာ၊ ဝင်ဒီက သုံးလေးခေါက် ထပ်ပြီး ထုတ်ပြောလာတဲ့အခါမှာ၊ ရှေ့ဆက်ပြီး အာရုံစိုက်ပါ့မယ်လို့ ပြောခဲ့ပေမဲ့၊ ကျွန်မ တကယ် တွေးနေခဲ့တာက၊ “လူတိုင်းက ငါ့တာဝန်မှာ ဝန်ထမ်းတယ်လို့ အမြဲပြောကြတယ်။ ဒါပေမဲ့ ဝင်ဒီက ငါ့အပေါ် ဒီလိုဝေဖန်တယ်။ အခု တခြားလူတွေ ငါ့ကို ဘယ်လိုထင်ကြမလဲ သိချင်လိုက်တာ”လို့ပေါ့။ ဝင်ဒီက ကျွန်မ ပြဿနာတွေကို သေချာစောင့်ကြည့်နေသလိုမျိုး၊ ကျွန်မကို အထင်သေးသလိုမျိုး ခံစားရလို့ သူ့ကို ရှောင်ချင်ခဲ့တယ်။ တစ်ခါတလေ အလုပ်ကိစ္စ ဆွေးနွေးနေပြီး၊ ကျွန်မ စိတ်ကူးတစ်ခု တင်ပြတော့၊ ဝင်ဒီက သင့်တော်တယ်လို့ မမြင်ဘူးဆိုပြီး ကျွန်မကို တိုက်ရိုက်ပြောတယ်။ တစ်ခါတလေ သူ့လေသံက မသင့်လျော်သလို ကျွန်မကို သူ အခက်တွေ့အောင် လုပ်တယ်။ သူ အရမ်းရန်မူတတ်လွန်းပြီး ကျွန်မရဲ့ သိက္ခာကို မငဲ့ဘူးလို့ ခံစားရတယ်။ သူ့မှာ မကောင်းတဲ့ လူ့သဘာဝရှိပြီး အဆင်ပြေအောင် ပေါင်းဖို့ခက်တယ်လို့လည်း ခံစားရတယ်။ သုံးလေးခေါက်ကို ကျွန်မက ဝင်ဒီကို စကားပြောဖို့၊ ဖုန်းပြောနေတုန်း ထမင်းလာစားဖို့ သူ့ကို ခေါ်ခဲ့ပေမဲ့ သူက ချက်ချင်း မဖြေဘူး။ အဲဒါနဲ့ သူ့မှာ မကောင်းတဲ့လူ့သဘာဝရှိပြီး အေးစက်တယ်လို့ ကျွန်မ ပိုတောင် ယုံကြည်လက်ခံလာမိတယ်။ ဒါကြောင့် ကျွန်မ သူနဲ့ ဆက်ဆံချင်စိတ် ပိုလို့တောင်မရှိခဲ့ဘူး။ တခြားညီအစ်မနှစ်ယောက်နဲ့ တွဲဖက်ရတာ အများကြီး ပိုလွယ်တယ်။ အလုပ်အကြောင်း၊ လက်ရှိ အခြေအနေတွေအကြောင်း ပြောကြတဲ့အခါ သူတို့ ကျွန်မကို အထင်ကြီးမှန်း ခံစားလို့ရတယ်။ ပြီးတော့ ကျွန်မကို လေးလေးစားစား စကားပြောကြတယ်။ သူတို့မှာ ပြဿနာတွေ ရှိတဲ့အခါ၊ အကြံတောင်းဖို့ ကျွန်မဆီ မကြာခဏ လာကြပြီး ကျွန်မပြဿနာတွေကို မထောက်ပြကြသလောက်ပဲ။ သူတို့နဲ့ စကားပြောတိုင်း အလုပ်ကိစ္စ ဆွေးနွေးတိုင်း အရမ်း စိတ်အေးရတယ်။ သူတို့နဲ့ ဆက်ဆံရလေ၊ ဝင်ဒီက အဆင်ပြေအောင် ပေါင်းဖို့ခက်တယ်လို့ ခံစားရလေပဲ။ ပြီးတော့ သူနဲ့ ကျွန်မ ဖြစ်နိုင်သလောက် ဝေးဝေးပဲနေတယ်။ တကယ်တော့ ဝင်ဒီက ကျွန်မနဲ့ အတူ အလုပ်လုပ်ချင်မှန်း ကျွန်မ သဘောပေါက်ခဲ့ပါတယ်။ ကိစ္စတွေ ဆွေးနွေးဖို့ သူက ကျွန်မကို ရှာခဲ့တယ်၊ ဒါပေမဲ့ ကျွန်မက ဝတ်ကျေတမ်းကျေပဲ ပြန်တုံ့ပြန်ခဲ့သလို၊ သူ့မှာ မကောင်းတဲ့ လူ့သဘာဝရှိတယ်လို့ ခံစားရလို့ သူနဲ့ ရင်းနှီးဖို့ တကယ် မလိုလားခဲ့ဘူး။ တစ်ခါတလေ၊ ကျွန်မမှာ ရက်စက်တဲ့ အတွေးတချို့ ပေါ်တယ်။ “ဝင်ဒီက ငါတို့အဖွဲ့မှာ မရှိတာ ပိုကောင်းမယ်၊ အဲဒါဆို ဘယ်သူမှ ငါ့အပြစ်တွေကို ချစ်တီးခေါင်းသန်းရှာ လုပ်မှာမဟုတ်ဘူး”လို့ပေါ့။ တစ်ခါ သတိရသေးတယ်၊ အသင်းတော် နှစ်ပတ်လည် ခေါင်းဆောင်ရွေးကောက်ပွဲမှာ၊ ဝင်ဒီရဲ့ ရွေးကောက်ပွဲရလဒ်တွေကို ကျွန်မ သေချာစောင့်ကြည့်ခဲ့တယ်။ ကိုယ့်ဘာသာ တွေးမိတာက၊ “သူ့ရဲ့ မကောင်းတဲ့ လူ့သဘာဝနဲ့တော့ အရွေးခံရဖို့ မဖြစ်နိုင်ဘူး”လို့ပေါ့။ ဒါပေမဲ့ အံ့ဩစရာက၊ သူဟာ တာဝန်မှာ ဝန်ထမ်းပြီး အရမ်းတာဝန်ယူတတ်တယ်လို့ လူတိုင်း ပြောကြတယ်။ သူ့ရဲ့ လူ့သဘာဝနဲ့ပတ်သက်လို့ သိသာထင်ရှားတဲ့ ဘာပြဿနာကိုမှ ဘယ်သူမှ မပြောကြဘူး။ အထက်ခေါင်းဆောင်ကလည်း ဝင်ဒီဟာ သင့်တော်တဲ့လူပဲတဲ့။ ကျွန်မ အရမ်းကို မရှင်းမလင်းဖြစ်သွားတယ်။ “ဒီတော့ ဝင်ဒီအပေါ် ဘယ်သူမှ ချင့်ချိန်နိုင်စွမ်း မရခဲ့ကြဘူးပေါ့။ သူက အရမ်းမာနထောင်လွှားပြီး တခြားလူတွေရဲ့ အားနည်းချက်တွေကို ဖော်ထုတ်ချင်တယ်၊ သိသာတဲ့ မကောင်းတဲ့ လူ့သဘာဝ လက္ခဏာပဲလေ” လို့ပေါ့။ သူနဲ့ ထပ်ပြီး ကျွန်မ တကယ်ကို တွဲမလုပ်ချင်တော့ဘူး။ ဒါပေမဲ့ ရလဒ်ထွက်လာတော့ ကျွန်မတို့ နှစ်ယောက်လုံး ခေါင်းဆောင်အနေနဲ့ အရွေးခံခဲ့ရတယ်။ ရှေ့ဆက်ပြီး ဝင်ဒီနဲ့ တွဲဖက်လုပ်ရမဲ့ပုံကို တွေးမိတော့ ကျွန်မ အရမ်း ဝန်ထုပ်ဝန်ပိုး ဖြစ်ခဲ့ရတယ်။ အဲဒီနောက်၊ အလုပ်ကိစ္စဆွေးနွေးဖို့ ကျွန်မ ဝင်ဒီကို မရှာဖြစ်သလောက်ဖြစ်ခဲ့တယ်။ ဝင်ဒီကသာ ကျွန်မဆီကို များသောအားဖြင့် လာရပြီး ကျွန်မကတော့ တတ်နိုင်သမျှ အစည်းအဝေးကို ရွှေ့ဆိုင်းပစ်တယ်။ မရွှေ့ဆိုင်းနိုင်တော့မှပဲ သူနဲ့ ဆွေးနွေးခဲ့ပြီး၊ သူ့ကို မပွင့်လင်းချင်ခဲ့သလို ကျွန်မစိတ်နှလုံးထဲရှိတာကို မပြောချင်ခဲ့ဘူး။

တစ်ခါ၊ ညီအစ်ကို နှစ်ယောက်က ဝင်ဒီနဲ့ပတ်သက်တဲ့ ပြဿနာတစ်ခုကို တိုင်တယ်။ သူက အသက်ဝင်ရောက်မှုနဲ့ ပတ်သက်လို့ မိတ်သဟာယမပြုသလောက်ဖြစ်ပြီး အလုပ်ကို ပိုအာရုံစိုက်ပုံရတယ်တဲ့။ ဝင်ဒီနဲ့ ကျွန်မတွဲလုပ်ကတည်းက အသက်ဝင်ရောက်မှုအကြောင်း သူ မပြောသလောက်ဖြစ်ခဲ့သလို၊ စုဝေးပွဲတွေမှာလည်း တက်တက်ကြွကြွ မိတ်သဟာယမပြုခဲ့ဘူး။ သူရဲ့ တကယ့် အခြေအနေကို နားလည်အောင် ဒုက္ခမခံဘဲ၊ သူနဲ့ မိတ်သဟာယမပြုဘဲ ဒီကိစ္စကို သင်းထောက်နှစ်ယောက်ဆီ ကျွန်မ ချက်ချင်း တင်ပြခဲ့တယ်။ အပေါ်ယံမှာ၊ သူ့ပြဿနာကို ကျွန်မ ဆွေးနွေးရုံဆွေးနွေးနေပေမဲ့ တကယ်တော့ ကျွန်မ ပြောနေတာက၊ “ဝင်ဒီက အသင်းတော်ခေါင်းဆောင်တစ်ယောက်ဖြစ်ပြီး၊ သူက အလုပ်ကိုပဲ အာရုံစိုက်သလို ပြဿနာတွေကို ဖြေရှင်းဖို့ သမ္မာတရား မိတ်သဟာယပြုတာကို အလေးမထားရင်၊ အဲဒီအခန်းကဏ္ဍအတွက် သူ မသင့်တော်ဘူး”ဆိုတာပဲ။ အဲဒီအချိန်မှာ၊ ကိုယ့်ရဲ့ ကိုယ်ပိုင် ရည်ရွယ်ချက်နဲ့ ကျွန်မ စကားပြောနေခဲ့တာပါ။ ဝင်ဒီက အသက်ဝင်ရောက်မှုကို တန်ဖိုးမထားသလို အသင်းတော်ခေါင်းဆောင်ဖြစ်ဖို့ မသင့်တော်မှန်း သင်းထောက်တွေက ကျွန်မကို သဘောတူခဲ့ကြတယ်။ ကျွန်မလည်း သူတို့ကို ပြောတယ်၊ “ဝင်ဒီက အတော် ဗိုလ်ကျလွန်းသလို၊ စကားပြောတဲ့အခါ တခြားလူတွေရဲ့ ခံစားချက်တွေကို မစဉ်းစားဘူး၊ အဲဒါ စိတ်ကျဉ်းကျပ်စေနိုင်တယ်”လို့ပေါ့။ အဲဒီလို ကျွန်မ ပြောလိုက်တာနဲ့ ဝင်ဒီက လတ်တလောမှာ သူ့ရဲ့ ချို့ယွင်းချက်တွေကို တင်ပြခဲ့သလို၊ အတော် စိတ်မသက်မသာ ခံစားခဲ့ရတယ်လို့ နောက်ထပ် ညီအစ်မတစ်ယောက်က ပြောတယ်။ ဒါက ဝင်ဒီဟာ သူ့ရဲ့ လူ့သဘာဝနဲ့ပတ်သက်လို့ ပြဿနာတစ်ခုရှိမှန်း ကျွန်မကို နောက်ထပ် သက်သေပြခဲ့တယ်။ နောက်တော့ ကျွန်မ ပြောလိုက်တယ်။ “ဝင်ဒီမှာ မကောင်းတဲ့ လူ့သဘာဝရှိပြီး အတော် ဖော်ရွေမှုမရှိဘူး”လို့ပေါ့။ သူတို့အတွက် ဥပမာ နှစ်ခု၊ သုံးခုလောက် ကျွန်မ ပြောပြခဲ့တယ်။ အဲဒါကို ပြောနေတုန်း နည်းနည်း လိပ်ပြာမလုံ ခံစားခဲ့ရပေမဲ့ ဝင်ဒီက ကျွန်မကို စိတ်ကျဉ်းကျပ်စေခဲ့ပုံကို စဉ်းစားတဲ့အခါ၊ သူနဲ့ ပတ်သက်လို့ ပြဿနာရှိတယ်လို့ သေချာခံစားမိတယ်။ ကျွန်မ ပြောစရာရှိတာကို နားထောင်ပြီးတော့၊ ဝင်ဒီမှာ မကောင်းတဲ့လူ့သဘာဝရှိတယ်လို့ သင်းထောက်နှစ်ယောက်ကလည်း သဘောတူခဲ့တယ်။ ကျွန်မလိုပဲ သူတို့လည်း ဝင်ဒီကို သိုသိုသိပ်သိပ် ဝေဖန်ခဲ့ကြသလို၊ ကျွန်မတို့ အွန်လိုင်းစုဝေးပွဲတွေ တက်တော့ ဝင်ဒီ မိတ်သဟာယပြုနေတုန်း ကျွန်မတို့ အချင်းချင်း စာပို့ကြတယ်၊ သူ့ရဲ့ အသက်ဝင်ရောက်မှုနဲ့ မိတ်သဟာယ ဘယ်လောက်ညံ့ဖျင်းလဲဆိုတာကို ပြောကြတယ်။ တစ်ခါ၊ သင်းထောက်တစ်ယောက်နဲ့ တခြားညီအစ်မတစ်ယောက်က ကျွန်မရဲ့ လက်ရှိအခြေအနေနဲ့ပတ်သက်လို့ လာစကားပြောကြတယ်။ ဝင်ဒီနဲ့ ကျွန်မ တွဲဖက်အလုပ်လုပ်တာ အခြေအနေဘယ်လိုလဲလို့ သူတို့ မေးကြတဲ့အခါ၊ ကျွန်မ ပြောလိုက်တယ်။ “သူက အတော့်ကို ဗိုလ်ကျလွန်းတယ်၊ သူ့လေသံ မသင့်လျော်ဘူး။ တစ်ခါတလေ သူ့ကို စကားပြောတဲ့အခါ ကျွန်မကို သူ လျစ်လျူရှုတယ်။ သူ့ကြည့်ရတာ အတော် ဖော်ရွေမှုမရှိသလို၊ သူ့ကြောင့် ကျွန်မ စိတ်ကျဉ်းကျပ်တယ်”လို့ပေါ့။ အဲဒီတုန်းက၊ ဒီညီအစ်မနှစ်ယောက်က ကျွန်မအပေါ် ချင့်ချိန်နိုင်စွမ်းမရှိခဲ့သလို၊ အထက်ခေါင်းဆောင်နဲ့အတူ တိုင်ပင်မယ်လို့ ပြောခဲ့ကြတယ်။ တကယ်တော့၊ ဝင်ဒီက အသင်းတော် ခေါင်းဆောင်ဖြစ်တာကို ထောက်ရင်၊ သူ့မှာရှိတဲ့ ဘယ်ပြဿနာမဆိုက အသင်းတော်အလုပ်ကို သက်ရောက်မှာပဲ။ အဲဒါကို ကြားပြီး​တော့ ကျွန်မ တွေးမိတယ်။ “အထက်ခေါင်းဆောင်ရဲ့ လူစားထိုးတာကို သူ ခံရရင်၊ သူနဲ့ နောက်ထပ် ငါ တွဲလုပ်စရာလိုမှာ မဟုတ်တော့ဘူး”လို့ပေါ့။ နောက်နေ့မှာ အထက်ခေါင်းဆောင်နဲ့ ကျွန်မတို့ အစည်းအဝေးလုပ်ပြီး၊ ဝင်ဒီရဲ့ ပြဿနာ အတော်များများကို ကျွန်မ တင်ပြခဲ့တယ်။ သူ့ရဲ့ မကောင်းတဲ့ အသက်ဝင်ရောက်မှုနဲ့ လူ့သဘာဝအပြင်၊ သူ့ကြောင့် ကျွန်မ စိတ်ကျဉ်းကျပ်ခဲ့ပုံကို ပြောပြခဲ့တယ်။ တခြားညီအစ်မနှစ်ယောက်ကပါ သူတို့ကိုယ်ပိုင်မှတ်ချက်တွေ ဝင်ပြောကြတယ်။ အဲဒါတွေအားလုံးကြားတော့ အထက်ခေါင်းဆောင်က နည်းနည်း အံ့ဩသွားတယ်။ ဝင်ဒီနဲ့ သူ ရင်းနှီးပြီး၊ ဝင်ဒီအဲဒီလိုဖြစ်ခဲ့တာ သူမသိခဲ့ဘူးလို့ ပြောတယ်။ အဲဒီကိစ္စကို နောက်ထပ် စစ်ဆေးဖို့ ကတိပေးခဲ့တယ်။

ရက်နည်းနည်း အကြာမှာပဲ အထက်ခေါင်းဆောင်က အသိပေးတယ်။ ဝင်ဒီကို ကျွန်မ ကိုင်တွယ်ဖြေရှင်းပုံ၊ သူ့အပေါ် သူ့အပေါ် ကျွန်မက အုပ်စုလိုက်ဝိုင်းပြောပုံ၊ သူအားနည်းအောင် တိတ်တဆိတ် လုပ်ပုံ၊ သူ့ကို ဝေဖန်ပြီး အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍ မလုပ်ဆောင်ခဲ့ပုံကို အခြေခံပြီး၊ ကျွန်မမှာ မကောင်းတဲ့ လူ့သဘာဝရှိမှန်း၊ ပျိုးထောင်ဖို့ မထိုက်တန်မှန်းသိသာတယ်တဲ့။ ပြီးတော့ စည်းမျဉ်းအရ ကျွန်မ လူစားထိုးခံရသင့်တယ်ဆိုပဲ။ ကျွန်မ လန့်သွားတယ်။ ကိစ္စတွေက အဲဒီလိုဖြစ်သွားမယ်မှန်း လုံးဝ စိတ်မကူးမိခဲ့ဘူး။ “အုပ်စုလိုက်ဝိုင်းပြောတာ”၊ “အားနည်းအောင် တိတ်တဆိတ် လုပ်တာ”၊ “ဝေဖန်တာ” “မကောင်းတဲ့လူ့သဘာဝ” “ပျိုးထောင်ဖို့ မတန်တာ”၊ ဒီသရုပ်ဖော်ချက်တွေက ကျွန်မကို အထိနာစေခဲ့တယ်။ လက်ခံဖို့မပြောနဲ့ ယုံတောင်မယုံနိုင်ခဲ့ဘူး။ နားကို မလည်နိုင်ခဲ့တာ။ ကျွန်မ ငယ်ငယ်ကတည်းက၊ တခြားလူတွေက ကျွန်မကို အမြဲအကောင်းမြင်ခဲ့တာ။ အခု ကျွန်မမှာ မကောင်းတဲ့ လူ့သဘာဝရှိတယ်လို့ သူပြောတာ ဘယ်လိုဖြစ်နိုင်လဲ။ ကျွန်မ နားကြားများလွဲတာလားပေါ့။ အဲဒီလို ဖော်ထုတ်ပြီး စိတ်ဖြာလေ့လာခံရတဲ့ ဖြစ်စဉ်က အိပ်မက်ဆိုးတစ်ခုလိုပဲ။ အရမ်းကို မချိမဆံ့ခံစားခဲ့ရတယ်။

အစားထိုးခံရတဲ့နောက်မှာ၊ ဖြစ်ခဲ့တာကို ကျွန်မ ရင်မဆိုင်ချင်ခဲ့ဘူး။ ကျွန်မရဲ့ လူ့သဘာဝနဲ့ဆိုင်တဲ့ ဝေဖန်မှုကို လက်မခံနိုင်ခဲ့ဘူး။ ကျွန်မ အဲဒီလိုလူမျိုးလို့ မထင်မိခဲ့သလို၊ ကိုယ့်ကိုယ်ကိုယ် သုံးသပ်ဖို့ လုံးဝ ဒုက္ခမခံခဲ့ဘူး။ ကျွန်မအစားထိုးခံရတာကို ဆွေးနွေးတော့၊ အခြေအနေရဲ့ စိုးရိမ်စရာ သဘောသဘာဝကို ကျွန်မဖော့ပြောခဲ့တယ်။ ကျွန်မမှာ ကောင်းတဲ့ လူ့သဘာဝရှိပြီး ကြင်နာတတ်သလို နားလည်မှုရှိတယ်လို့ လူတွေ အမြဲ ပြောခဲ့ကြတယ်ဆိုပြီးပေါ့။ ဒါက မတော်တဆပဲဖြစ်ပြီး ကျွန်မရဲ့ သဘာဝအမှန်ကို မထင်ဟပ်ဘူးလို့ ကျွန်မဆိုလိုတာ။ အဲဒီနောက် ကျွန်မရဲ့ ခေါင်းဆောင်က ကျွန်မကို အရေးကြီးတာဝန်တစ်ခု ပေးဖို့ သုံးလေးခေါက်ကို စဉ်းစားခဲ့ပေမဲ့၊ နောက်ဆုံးမှာ ကျွန်မရဲ့ မကောင်းတဲ့ လူ့သဘာဝကြောင့် အဲဒါကို မလုပ်တော့ဖို့ ဆုံးဖြတ်လိုက်တယ်။ ဒါက ကျွန်မကို အရမ်းပဲ ဝမ်းနည်းစေခဲ့သလို၊ ကျွန်မ ငိုယိုပြီး ဘုရားဆီ အသနားခံခဲ့တယ်။ “အိုဘုရားသခင်၊ ကျွန်မကို တကယ်ပဲ ကယ်ဖို့ မရှိတော့ဘူးလား။ ကျွန်မရဲ့ လူ့သဘာဝက တကယ်ပဲ အဲဒီလောက် ဆိုးတာလား။ ကျေးဇူးပြုပြီး ကိုယ့်ကိုယ်ကိုယ် သိဖို့ လမ်းပြပါ။ ကျွန်မ သုံးသပ်ဖို့ လိုလားနေပါတယ်”လို့ပေါ့။ ဆုတောင်းပြီးတော့၊ ဘုရားနှုတ်ကပတ်တော် ဒီအပိုဒ်ကို အမှတ်မထင်တွေ့တယ်။ “သင်တို့၏ နေ့စဉ်အသက်တာများတွင် မည်သည့် ကိစ္စရပ်များ၌ သင်သည် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး ရှိသနည်း။ မည်သည့် ကိစ္စရပ်များတွင် မရှိသနည်း။ တစ်စုံတစ်ဦးသည် သင့်ကို စိတ်အနှောင့်အယှက်ပေးသည့်အခါ၊ သို့မဟုတ် သင်၏ အကျိုးစီးပွားများကို ထိခိုက်သည့်အခါ သင်သည် ၎င်းကို မုန်းတီးနိုင်သလော။ တစ်စုံတစ်ဦးကို သင် မုန်းသည့်အခါ ၎င်းတို့ကို သင် အပြစ်ပေးပြီး လက်စားချေနိုင်စွမ်း ရှိသလော။ (ရှိပါသည်။) သို့ဆိုလျှင် သင်သည် အတော်လန့်စရာဖြစ်၏။ သင်သည် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးမရှိသကဲ့သို့ မကောင်းသည့်အရာများကို လုပ်ဆောင်နိုင်ပါက သင်၏ ဤရက်စက်သော စိတ်သဘောထားသည် အလွန် ပြင်းထန်လွန်းလှပေသည်။ ချစ်ခြင်းမေတ္တာနှင့် မုန်းတီးမှုတို့မှာ ပုံမှန် လူ့သဘာဝက ပိုင်ဆိုင်သင့်သည့် အရာများဖြစ်သော်လည်း သင် ချစ်သည့်အရာနှင့် မုန်းသည့်အရာများကြား ရှင်းရှင်းလင်းလင်း သင် ခွဲခြားရပေမည်။ သင်၏ စိတ်နှလုံးတွင် ဘုရားသခင်ကို သင် ချစ်သင့်သည်၊ သမ္မာတရားကို ချစ်သင့်သည်၊ အပြုသဘောဆောင်သည့် အရာများကို ချစ်သင့်ပြီး သင်၏ ညီအစ်ကို မောင်နှမများကို ချစ်သင့်သည်၊ နတ်ဆိုးစာတန်ကိုမူ သင် မုန်းသင့်သည်၊ အပျက်သဘောဆောင်သော အရာများကို သင် မုန်းသင့်သည်၊ အန္တိခရစ်များကို မုန်းသင့်ပြီး ဆိုးယုတ်သော လူတို့ကို မုန်းသင့်သည်။ သင်၏ ညီအစ်ကို မောင်နှမများအပေါ် အမုန်းတရားဖြင့် ဖိနှိပ်ကာ လက်စားချေနိုင်စွမ်းရှိပါက ဤသည်မှာ အလွန်ပင် ကြောက်မက်ဖွယ်ရာ ဖြစ်လိမ့်မည်။ ယင်းသည် ဆိုးယုတ်သောသူတစ်ယောက်၏ စိတ်သဘောထားဖြစ်သည်။ လူအချို့မှာ ရိုးရှင်းစွာပင် မုန်းတီးသော အတွေးများ၊ စိတ်ကူးများ၊ ဆိုးယုတ်သော စိတ်ကူးများရှိကြသည်။ သို့သော် မည်သည့်ဆိုးယုတ်သောအရာကိုမျှ လုံးဝ လုပ်ဆောင်ကြလိမ့်မည် မဟုတ်ပေ။ တစ်စုံတစ်ရာ ဖြစ်ပျက်သည့်အခါ ၎င်းတို့သည် သမ္မာတရားကို ရှာဖွေနိုင်ကြပြီး မိမိတို့ ပြုမူနေထိုင်ပုံနှင့် အမှုအရာများကို ကိုင်တွယ်ဖြေရှင်းပုံတွင် စည်းမျဉ်းများကို အာရုံစိုက်ကြသောကြောင့် ဤလူများသည် ဆိုးယုတ်သော လူများ မဟုတ်ကြပေ။ အခြားသူများနှင့် ဆက်ဆံကြသည့်အခါ ၎င်းတို့သည် မိမိတို့ တောင်းဆိုသင့်သည်ထက် ထိုသူများအပေါ် သာ၍ မတောင်းဆိုကြချေ။ ၎င်းတို့သည် လူတစ်ဦးနှင့် အဆင်ပြေလျှင် ထိုသူနှင့် ဆက်လက်ဆက်ဆံကြလိမ့်မည်ဖြစ်ပြီး အဆင်မပြေပါက ၎င်းတို့ ဆက်ဆံကြမည်မဟုတ်ပေ။ ယင်းသည် ၎င်းတို့၏ တာဝန်ထမ်းဆောင်မှု သို့မဟုတ် မိမိတို့၏ အသက်ဝင်ရောက်မှုအပေါ် သက်ရောက်မှု မရှိသလောက်ဖြစ်၏။ ၎င်းတို့စိတ်နှလုံးတွင် ဘုရားသခင်ရှိပြီး ၎င်းတို့တွင် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးရှိကြလေသည်။ ၎င်းတို့သည် ဘုရားသခင်ကို ပုန်ကန်ပြစ်မှားရန် လိုလားနေခြင်းမရှိကြသကဲ့သို့ ထိုသို့ လုပ်ဆောင်မိမည်ကို စိုးရွံ့ကြလေသည်။ ဤလူတို့သည် မမှန်ကန်သော အတွေးနှင့် အယူအဆအချို့ထားရှိနိုင်သော်လည်း ယင်းတို့ကို ငြင်းပယ်နိုင်၊ စွန့်ပစ်နိုင်သည်။ ၎င်းတို့၏ လုပ်ရပ်များတွင် အကန့်အသတ်ရှိကြသကဲ့သို့ လွန်ကျူးသော သို့မဟုတ် ဘုရားသခင်ကို ပုန်ကန်ပြစ်မှားသည့် စကားတစ်လုံးမျှ မမြွက်ဆိုကြချေ။ ဤသို့ ပြောဆိုပြုမူသောသူသည် စည်းမျဉ်းရှိပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်သောသူဖြစ်သည်။ သင်၏ ပင်ကိုစရိုက်သည် အခြားလူတစ်ဦး၏ ပင်ကိုစရိုက်နှင့် သဟဇာတဖြစ်ကောင်း ဖြစ်လိမ့်မည် မဟုတ်သကဲ့သို့ ၎င်းတို့ကို သင် မနှစ်သက်ကောင်း မနှစ်သက်နိုင်သော်လည်း ၎င်းတို့နှင့်အတူ သင် အလုပ်လုပ်သည့်အခါ သင်သည် သမာသမတ်ကျမြဲကျကာ သင်၏တာဝန်ကို လုပ်ဆောင်ရာတွင် သင်၏ စိတ်ပျက်မှုများအတွက် ဒေါသထွက်မည်မဟုတ်၊ သို့မဟုတ် သင်၏စိတ်ပျက်မှုများကြောင့် ဘုရားသခင်၏မိသားစု အကျိုးစီးပွားများအပေါ် ဆိုးရွားစွာ ပြုမူလိမ့်မည်မဟုတ်ပေ။ သင်သည် အရေးကိစ္စများကို စည်းမျဉ်းများအတိုင်း ကိုင်တွယ်နိုင်သည်။ ဤသည်မှာ မည်သည့်အရာကို ပြသခြင်းဖြစ်သနည်း။ ယင်းမှာ ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး အခြေခံရှိခြင်း၏ သရုပ်သကန် ဖြစ်သည်။ သင်သည် ထိုထက်အနည်းငယ်ပို၍ ရှိလျှင် အခြားတစ်စုံတစ်ဦးသည် ချို့ယွင်းချက်များ သို့မဟုတ် အားနည်းချက်အချို့ရှိသည်ကို သင်မြင်သောအခါ ထိုသူသည် သင့်ကို မကျေမနပ်ဖြစ်စေလျှင်ပင်၊ သို့မဟုတ် သင့်အပေါ် အမြင်စောင်းလျှင်ပင် ထိုသူကို မှန်မှန်ကန်ကန် ဆက်ဆံပြီး ချစ်ခင်စွာ ကူညီရန် သင်တတ်နိုင်ဆဲဖြစ်သည်။ ဤသည်မှာ သင့်၌ ချစ်ခြင်းရှိသည်၊ သင်သည် လူ့သဘာဝကိုပိုင်ဆိုင်သော သူတစ်ယောက်ဖြစ်သည်၊ သင်သည် ကြင်နာပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်သောသူဖြစ်သည်၊ သမ္မာတရား စစ်မှန်မှုများကို ပိုင်ဆိုင်သော ရိုးသားသူတစ်ယောက်ဖြစ်သည်၊ ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး ရှိသူဖြစ်သည်ဆိုသည့် အဓိပ္ပာယ်ဖြစ်သည်။ သင်သည် ဝိညာဉ်ရင့်ကျက်မှု နည်းပါးသေးသော်လည်း အလိုဆန္ဒရှိပြီး သမ္မာတရားအတွက် ကြိုးပမ်းဖို့နှင့် အမှုအရာများကို စည်းမျဉ်းနှင့်အညီ လုပ်ဆောင်ရန် ကြိုးပမ်းဖို့ လိုလားကာ သင်သည် စည်းမျဉ်းနှင့်အညီ အမှုအရာများကို ကိုင်တွယ်ဖြေရှင်းပြီး သူတစ်ပါးတို့အပေါ် ပြုမူနိုင်လျှင် ဤသည်မှာလည်း ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး အတော်အတန် ရှိခြင်းအဖြစ်အဖြစ် အကျုံးဝင်သည်။ ဤသည်မှာ အခြေခံအကျဆုံးဖြစ်သည်။ သင်သည် ဤအရာကို မစွမ်းဆောင်မရရှိနိုင်ဘဲ သင့်ကိုယ်သင် မထိန်းချုပ်နိုင်ပါက သင်သည် ကြီးစွာသော အန္တရာယ်ရှိနေပြီး အတော်ကြောက်ဖို့ကောင်းနေသည်။ သင့်ကို ရာထူးတစ်ခုပေးအပ်ပါက သင်သည် လူများကို အပြစ်ပေးပြီး ၎င်းတို့အကျပ်ရိုက်အောင် လုပ်နိုင်သည်။ ထို့နောက်တွင် သင်သည် အချိန်မရွေး အန္တိခရစ်တစ်ဦးဖြစ်သွားနိုင်ဖွယ် ရှိလိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ ဘုရားသခင်ကို ယုံကြည်ခြင်းနှင့်သက်ဆိုင်သည့် မှန်ကန်သော လမ်းကြောင်းပေါ် စတင်ရန် ပြည့်စုံရမည့် သတ်မှတ်ချက် ငါးချက်) ဘုရားနှုတ်ကပတ်တော်တွေကနေ သင်ယူမိတာက ဘုရားကို ကြောက်ရွံ့တဲ့ စိတ်နှလုံး ရှိတဲ့လူတွေဟာ ပေါ့ပြက်ပြက် စကားပြောပြီး မပြုမူဘူးဆိုတာပဲ။ တခြားလူတွေက သူတို့ရဲ့ အကျိုးစီးပွားကို ခြိမ်းခြောက်ရင်တောင် ဘုရားကို ပုန်ကန်ပြစ်မှားမိမှာ ကြောက်လို့ လူတွေကို တိုက်ခိုက်မှာ၊ ကြဉ်မှာ မဟုတ်ဘူး။ ဘုရားကို မကြောက်တဲ့ လူတွေရဲ့ စိတ်နှလုံးထဲမှာ သူ့အတွက် နေရာမရှိဘူး။ ဒါကြောင့် သူတို့က သူတို့ကြိုက်သလို စကားပြောပြီး ပြုမူကြတယ်။ သူတို့ အကျိုးစီးပွားကို ခြိမ်းခြောက်တဲ့ ဘယ်သူကိုမဆို အပြစ်ပေးပြီး လက်တုံ့ပြန်ကြတယ်။ ဒါက ဆိုးယုတ်တဲ့ လူရဲ့ စိတ်သဘောထားလို့ ဘုရားကပြောတယ်။ “ဆိုးယုတ်သောသူတစ်ယောက်၏ စိတ်သဘောထားဖြစ်သည်။”ဆိုတဲ့ ဒီစကားရပ်က တကယ် ခံစားချက်ထိပြီး၊ ဝင်ဒီနဲ့ ကျွန်မ ဆက်ဆံခဲ့တဲ့ အဖြစ်တွေ တစ်ခုပြီးတစ်ခု စိတ်ထဲပေါ်လာတယ်။ သူက အတော် စကားပြော ပွင့်လင်းခဲ့သလို၊ မကြာခဏ ကျွန်မကို အကြံပေးပြီး ကျွန်မတာဝန်မှာရှိတဲ့ ဟာကွက်တွေကို ထောက်ပြခဲ့တယ်။ အဲဒါက ကျွန်မကို သိက္ခာကျသလို ခံစားစေခဲ့တယ်။ အဲဒီလိုနဲ့ ဝင်ဒီမှာ မကောင်းတဲ့ လူ့သဘာဝရှိပြီး ပေါင်းဖို့ခက်တယ်လို့ ကျွန်မ ခံစားခဲ့တယ်။ တစ်ခါတလေ ဝင်ဒီကို ကျွန်မ စကားပြောတဲ့အခါ သူက ချက်ချင်း မတုံ့ပြန်တော့ သူ့မှာ မကောင်းတဲ့ လူသဘာဝရှိတယ်လို့ ပိုလို့တောင် လက်ခံယုံကြည်ခဲ့ပြီး သူ့ကို ပိုလို့တောင် မနှစ်သက်ခဲ့ဘူး။ အသက်ဝင်ရောက်မှုကို သူ အာရုံမစိုက်ဘူးလို့ တစ်ယောက်ယောက် ပြောတာကြားတော့ အခြေအနေကို ကျွန်မ မစစ်ဆေးခဲ့သလို၊ သူ့ရဲ့ တစ်သမတ်တည်းဖြစ်တဲ့ အပြုအမူကို မစဉ်းစားခဲ့ဘဲ၊ ဒါကို တွဲဖက်တွေကို ပြောပြဖို့ပဲ အခွင့်အရေးယူခဲ့တယ်။ ဝင်ဒီက အလုပ်ကို အာရုံစိုက်ပြီး အသက်ဝင်ရောက်မှုကို အာရုံမစိုက်လို့ ခေါင်းဆောင်အနေနဲ့ အစေခံဖို့ မသင့်တော်ဘူးလို့ သူတို့ ပြောခဲ့တယ်။ ဝင်ဒီကို ခွဲထုတ်ဖို့ သူတို့ကို ကျွန်မဘက် ဆွဲချင်ခဲ့တယ်။ အခု ပြန်စဉ်းစားတော့၊ ဝင်ဒီက အသင်းတော် ဧဝံဂေလိအလုပ်ရဲ့ ကြီးကြပ်ရေးမှူးအနေနဲ့ ဖိအားအများကြီးအောက်မှာ ရှိခဲ့တာပဲ။ မျက်ခြည်မပြတ်အောင်လုပ်ရမဲ့ အလုပ်တွေ သူမှာ အများကြီးပဲ။ ပြီးတော့ တစ်ခါတလေ အလုပ်မှာ ပြဿနာတွေရှိပြီး ရလဒ်တွေ မရတော့ သူ စိတ်အနှောင့်အယှက်ဖြစ်ရတယ်။ အလုပ်အကြောင်းပဲ ပြောပြီး သမ္မာတရား စည်းမျဉ်းတွေ မိတ်သဟာယပြုတာကို အာရုံမစိုက်တာက သူ့အလုပ်မှာရှိတဲ့ သွေဖည်မှုတစ်ခုပဲ။ တာဝန်အတွက် သူ မသင့်တော်ဘူးလို့ ဆိုလိုတာ မဟုတ်ပါဘူး။ ဒါပေမဲ့ သူနဲ့ တွဲမလုပ်ရတော့အောင်လို့ သူ အစားထိုးခံရအောင် ရည်ရွယ်ချက်နဲ့ ဝင်ဒီကို ကျွန်မ ဝေဖန်ခဲ့တယ်။ သူ့ကို အပြစ်ပေးဖို့ ကျွန်မ ကြိုးစားနေခဲ့တာ မဟုတ်လား။ ဒါ့အပြင်၊ လူတိုင်းက တစ်ခါတလေ စိတ်ဆိုးတတ်ကြတာပဲလေ။ ဘယ်သူက တစ်ချိန်လုံး ဖြစ်သမျှအကြောင်း အကောင်းချည်းပဲလို့ သဘောထားတတ်မှာလဲ။ တကယ်တော့ ဝင်ဒီက အလုပ်ရှုပ်နေတော့ ကျွန်မကို အာရုံစိုက်ချိန်မရှိတာ သူ့အတွက် ပုံမှန်ပဲ၊ နားလည်ပေးလို့ရတယ်။ ဒါပေမဲ့ သူ ကျွန်မကို လျစ်လျူရှုတဲ့ အချက်ကို ရေးကြီးခွင့်ကျယ်လုပ်ပြီး၊ သူ့မှာ မကောင်းတဲ့ လူ့သဘာဝရှိသလို အရမ်း အေးစက်တယ်လို့ မှတ်ချက်ပေးခဲ့တယ်။ ဒါက လက်တွေ့အရှိတရားနဲ့ မကိုက်ဘူး။ ကျွန်မက သူ့ကို မစဉ်းမစားနဲ့ အကြောင်းမဲ့ သမုတ်ပြီး ရှုတ်ချနေခဲ့တယ်။ တခြားညီအစ်မတွေဆီလည်း ဒီစိတ်ကူးတွေကို ဖြန့်ခဲ့တယ်။ အဲဒါက သူတို့ကို ဝင်ဒီအပေါ် ပိုလို့တောင် အမြင်စောင်းစေခဲ့တယ်။ ပြီးတော့ သူတို့က သူ့နောက်ကွယ်မှာ ကျွန်မနဲ့ လိုက်ဝေဖန်ခဲ့ကြပြီး၊ သူတို့တာဝန်တွေ အာရုံစိုက်တာကို ရပ်လိုက်ကြတယ်။ အဲဒီလိုအရာတွေကို လုပ်ဖို့က ကျွန်မရဲ့ စိတ်သဘောထား အတော် ရက်စက်ခဲ့တာ ဖြစ်ရမယ်။ ဝင်ဒီရဲ့ လုပ်ရပ်တွေနဲ့ စကားက ကျွန်မရဲ့ အကျိုးစီးပွားနဲ့ ဂုဏ်သတင်းကို ခြိမ်းခြောက်တဲ့အခါ၊ သူ့ကို ရှုတ်ချတယ်၊ တိုက်ခိုက်ပြီး လက်တုံ့ပြန်ခဲ့တယ်။ ကျွန်မစိတ်နှလုံးမှာ ဘုရားကို ကြောက်တဲ့စိတ် နည်းနည်းမှ မရှိခဲ့တာ တွေ့ရတယ်။ အသင်းတော် ခေါင်းဆောင်အနေနဲ့၊ ညီအစ်ကို မောင်နှမတွေနဲ့ ကျွန်မ တွဲလုပ်ပြီး၊ စည်းမျဉ်းအတိုင်း ကျွန်မတာဝန်ကို လုပ်ဖို့ ပျက်ကွက်ခဲ့ရုံမက၊ မကောင်းမှုလုပ်ပြီး အသင်းတော် အလုပ်ကို နှောင့်ယှက်ရာမှာတောင် ဦးဆောင်ခဲ့တယ်။ ကျွန်မက အဲဒီလို အရေးပါတဲ့ တာဝန်နဲ့ တကယ် မတန်ခဲ့တာပါ။ ကျွန်မမှာ သိပ်ကောင်းတဲ့ လူ့သဘာဝ ရှိတယ်၊ ကြင်နာတတ်ပြီး နားလည်မှုရှိတယ်လို့ ကျွန်မ တွေးလေ့ရှိခဲ့ပေမဲ့ အဲဒါက တခြားလူတွေ ကျွန်မရဲ့ အကျိုးစီးပွားကို မခြိမ်းခြောက်ခဲ့လို့ပါပဲ။ အဲဒီလို ခြိမ်းခြောက်တာနဲ့၊ ကျွန်မရဲ့ ရက်စက်တဲ့ သဘာဝ ပေါ်လွင်သွားပြီး လူတွေအပေါ် ဝေဖန်၊ တိုက်ခိုက်ပြီး လက်တုံ့ပြန်နိုင်ခဲ့တယ်။ ဒါကို သဘောပေါက်မှပဲ ကျွန်မမှာ မကောင်းတဲ့ လူ့သဘာဝရှိမှန်း သိခဲ့တာ။ ဘုရားရဲ့ ဖြောင့်မတ်ခြင်းနဲ့ ကျွန်မ လူစားထိုးခံခဲ့ရတာပါ။ အဲဒီကံကြမ္မာနဲ့ ကျွန်မ တန်ပါတယ်။ အဲဒီနောက်မှာ၊ ညီအစ်ကို မောင်နှမတွေကို ကျွန်မ ဖွင့်ပြောတယ်၊ ကျွန်မလုပ်ရပ် နောက်ကွယ်က ရည်ရွယ်ချက်တွေကို စိတ်ဖြာလေ့လာဆွေးနွေးခဲ့သလို၊ ကိုယ်ကိုယ်ကိုယ် သုံးသပ်တာတွေ၊ သိတဲ့အသိတွေကို မျှဝေခဲ့တယ်။ ညီအစ်ကို မောင်နှမအားလုံးက ကျွန်မကို အားပေးခဲ့ကြတယ်။ သူတို့က၊ “အစားထိုးခံရတာကနေ အစ်မက ကိုယ့်ကိုယ်ကိုယ် သိတဲ့အသိ ရနိုင်တယ်၊ ဒါ ကောင်းတဲ့အရာပဲ”တဲ့။ အဲဒီအတွေ့အကြုံကတစ်ဆင့် ကိုယ့်ကိုယ်ကိုယ် သိတဲ့အသိတချို့ ကျွန်မရခဲ့ပြီး၊ စိတ်ဓာတ်ကျတာ နည်းသွားတယ်။ အတိုင်းအတာတစ်ခုထိ ဖော်ထုတ်ခံရတာကိုလည်း လက်ခံနိုင်ခဲ့တယ်။ ဘုရားဆီ ကျွန်မ ဆုတောင်းခဲ့တယ်။ “ဘုရားသခင်၊ မကောင်းမှုကို တကယ် ကျွန်မ လုပ်မိခဲ့ပါပြီ။ ရှေ့ဆက်ပြီး နောင်တရချင်ပါတယ်”လို့ပေါ့။ အဲဒီနောက်မှာ၊ တခြားလူတွေနဲ့ ဆက်ဆံတဲ့အချိန် ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို ထုတ်ဖော်ပြတဲ့အခါ ဘုရားဆီ ဆုတောင်းတယ်၊ ကိုယ့်ကိုယ်ကိုယ် သုံးသပ်ပြီး၊ တခြားလူတွေနဲ့ ညီညီညွတ်ညွတ် တွဲလုပ်တာကို အာရုံစိုက်ခဲ့တယ်။ ကျွန်မတာဝန်မှာလည်း ပိုပြီး လေးလေးနက်နက် စရှာဖွေခဲ့သလို၊ ကျွန်မရဲ့နေ့ရက်တွေက ပြည့်ဝပြီး ထူးကဲဆန်းစုံခဲ့တယ်။ ရက်နည်းနည်း အကြာမှာပဲ အထက်ခေါင်းဆောင်က ကျွန်မဆီလာပြီး အရင်က ကျွန်မ အရမ်းမာနထောင်လွှားခဲ့တယ်၊ တခြားလူတွေရဲ့ အကြံကို လက်မခံခဲ့သလို၊ လူတွေကို စည်းမျဉ်းအတိုင်း မဆက်ဆံခဲ့ဘူး၊ ဒါပေမဲ့ အစားထိုးခံရပြီးတော့၊ ကိုယ့်ကိုယ်ကိုယ် သုံးသပ်ပြီး သိဖို့ သင်ယူခဲ့တာကြောင့် ခေါင်းဆောင်အနေနဲ့ ကျွန်မရဲ့ကဏ္ဍကို ပြန်ယူဖို့ လူတိုင်း သဘောတူကြတယ်လို့ ပြောတယ်။ ဒါကို ကြားတော့ ကျွန်မ အရမ်းအံ့ဩသွားတယ်။ ခေါင်းဆောင်အနေနဲ့ နောက်ထပ် အစေခံခွင့်ရမယ်လို့ လုံးဝ စိတ်မကူးမိခဲ့ဘူးလေ။ ကျွန်မ ဘယ်လောက် တို့ထိခံရပြီး ဘုရားကို ကျေးဇူးတင်တဲ့စိတ်နဲ့ ပြည့်ခဲ့တယ်ဆိုတာ မဖော်ပြနိုင်ခဲ့ဘူး။ တစ်ချိန်တည်းမှာပဲ၊ အရင်က လုပ်ခဲ့သမျှအတွက် ကျွန်မ အရမ်းနောင်တရမိတယ်။ စိတ်နှလုံးထဲမှာ ဘုရားဆီ ဆုတောင်းပြီး နောင်တရဖို့၊ အရင်က အမှားတွေ ထပ်မလုပ်ဖို့၊ တခြားလူတွေနဲ့ ကောင်းကာင်း တွဲလုပ်ပြီး ကိုယ့်တာဝန်မှာ စိတ်နှစ်ထားဖို့ ဆုံးဖြတ်ခဲ့တယ်။ နောက်ပိုင်းမှာ၊ ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်မိတယ်။ “အရင်က ဝင်ဒီအပေါ် အမြင်စောင်းတာကို ငါ လက်မလွှတ်နိုင်ခဲ့ဘဲ သူ့နောက်ကွယ်မှာတောင် ဝေဖန်ပြီး ဘာလို့ သူ့ကို သိက္ခာချခဲ့တာလဲ”လို့ပေါ့။ တစ်ခါ ဝတ်ပြုတဲ့အတောအတွင်းမှာ၊ ဒီလိုပြောတဲ့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို အမှတ်မထင် တွေ့ခဲ့တယ်။ “ရှေးဦးစွာ အန္တိခရစ်များသည် ပြုပြင်ခံရခြင်းကိစ္စနှင့် ပတ်သက်လျှင် လက်မခံနိုင်ကြပေ။ ၎င်းတို့ လက်မခံနိုင်ရသည့် အကြောင်းပြချက်များရှိသည်။ အဓိကတစ်ခုမှာ ၎င်းတို့သည် ပြုပြင်ခံရသောအခါတွင် မျက်နှာငယ်ရသည်၊ ၎င်းတို့၏ ဂုဏ်သတင်း၊ အဆင့်အတန်းနှင့် ဂုဏ်သိက္ခာကို ဆုံးရှုံးရသည်၊ အုပ်စုထဲတွင် ၎င်းတို့သည် ခေါင်းမဖော်နိုင်အောင်ဖြစ်သွားသည်ဟု ခံစားရခြင်းဖြစ်သည်။ ဤအရာများသည် ၎င်းတို့၏ စိတ်နှလုံးထဲတွင် သက်ရောက်မှုတစ်ခုရှိသည်။ ၎င်းတို့သည် ပြုပြင်ခံရခြင်းကို လက်ခံရန် စက်ဆုပ်ကြသည်။ ၎င်းတို့ကို ပြုပြင်သူ မည်သူမဆိုသည် ၎င်းတို့အား အာဃာတဖြင့် ရန်လုပ်နေခြင်းဖြစ်ပြီး ၎င်းတို့၏ ရန်သူဖြစ်သည်ဟု ၎င်းတို့က ခံစားကြသည်။ ဤသည်မှာ ပြုပြင်ခြင်းခံရသောအခါတွင် အန္တိခရစ်တို့၏ သဘောထားဖြစ်သည်။ ဤအရာသည် အသေအချာပင်ဖြစ်သည်ဟု မှတ်ယူနိုင်သည်။ အမှန်တကယ်တွင် လူတစ်ယောက် သမ္မာတရားကို လက်ခံနိုင်ခြင်း ရှိမရှိ၊ အမှန်တကယ် ကျိုးနွံနာခံခြင်းရှိမရှိမှာ ပြုပြင်ခြင်းကို ခံရချိန်တွင် အပေါ်လွင်ဆုံး ဖြစ်သည်။ အန္တိခရစ်များက ပြုပြင်ခြင်းကို အလွန်အတိုက်အခံဖြစ်ခြင်းသည် ၎င်းတို့သည် သမ္မာတရားကို ငြင်းပယ်ပြီး အနည်းငယ်မျှပင် လက်မခံသည်ကို ပြရန် လုံလောက်သည်။ ဤသို့ဆိုလျှင် ဤသည်မှာ ပြဿနာ၏ အခရာပင်ဖြစ်သည်။ ၎င်းတို့၏ မာနသည် ဤအကြောင်းကိစ္စ၏ အခရာမဟုတ်ပေ။ သမ္မာတရားကို လက်မခံခြင်းသည် ပြဿနာ၏ အနှစ်သာရဖြစ်သည်။ အန္တိခရစ်များသည် ပြုပြင်ခြင်း ခံရသောအခါ သိမ်မွေ့သောလေသံနှင့် သဘောထားဖြင့် ပြုလုပ်ရန် တောင်းဆိုကြသည်။ ပြုလုပ်သူ၏ လေသံသည် ပြင်းထန်ပြီး သဘောထားသည် ကြမ်းတမ်းလျှင် အန္တိခရစ်တစ်ယောက်သည် အတိုက်အခံပြုလုပ်မည်။ အာခံပြီး ဒေါသထွက်လိမ့်မည်ဖြစ်သည်။ ၎င်းတို့တွင် ပေါ်လွင်လာသောအရာသည် မှန်ကန်ခြင်း ရှိမရှိ၊ အမှန်တရား ဟုတ်မဟုတ်ဆိုသည်ကို အရေးမစိုက်ပေ။ ပြီးလျှင် မည်သည့်နေရာတွင် ၎င်းတို့ မှားခဲ့သည်၊ သို့မဟုတ် သမ္မာတရားကို လက်ခံသင့်ခြင်း ရှိမရှိတို့ကို ဆင်ခြင်သုံးသပ်ခြင်း မရှိကြပေ။ ၎င်းတို့သည် ၎င်းတို့၏ ဘဝင်နှင့် မာနတို့ ထိခိုက်ခြင်း ရှိမရှိကိုသာ စဉ်းစားသည်။ အန္တိခရစ်များသည် ပြုပြင်ခြင်းက လူတို့အတွက် အထောက်အကူဖြစ်ကြောင်း၊ လူတို့အတွက် ချစ်ခြင်းဖြစ်ကြောင်း၊ လူတို့ကို ကယ်တင်ပေးကြောင်း၊ လူတို့အတွက် အကျိုးရှိကြောင်းတို့ကို လုံးဝ မသိမြင်နိုင်ကြပေ။ ဤအရာကိုပင် ၎င်းတို့ မမြင်နိုင်ပေ။ ဤသည်မှာ ၎င်းတို့က အနည်းငယ် ချင့်ချိန်နိုင်စွမ်းမရှိခြင်းနှင့် ကျိုးကြောင်းမသင့်ခြင်းမဟုတ်သလော။ ထို့ကြောင့် ပြုပြင်ခြင်းကို ရင်ဆိုင်ရသောအခါ အန္တိခရစ်တစ်ယောက်တွင် ပေါ်ထွက်လာသည်မှာ မည်သည့် စိတ်သဘောထားဖြစ်သနည်း။ ထိုစိတ်သဘောထားသည် သမ္မာတရားကို ငြင်းပယ်သည့် စိတ်သဘောထားဖြစ်သည့်အပြင် မာနထောင်လွှားပြီး ခေါင်းမာသော စိတ်သဘောထားလည်းဖြစ်သည်မှာ သံသယရှိစရာမလိုပေ။ ဤသည်မှာ အန္တိခရစ်များ၏ သဘာဝအနှစ်သာရသည် သမ္မာတရားကို ငြင်းပယ်ပြီး မုန်းတီးခြင်းဖြစ်သည် ဆိုသည်ကို ထုတ်ဖော်ပြသည်။(နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉ (အပိုင်း ၈)) အန္တိခရစ်တွေက သူတို့ အဆင့်အတန်းနဲ့ ဂုဏ်ကို ကာကွယ်ဖို့ အရမ်းအလေးထားပုံကို ဘုရားက ထုတ်ဖော်ပြခဲ့တယ်။ ပြုပြင်ခြင်းနဲ့ ကိုင်တွယ်ဖြေရှင်းခြင်း ရင်ဆိုင်ရတဲ့အခါ၊ သူတို့က ကိုယ့်ကိုယ်ကိုယ် လုံးဝ သုံးသပ်ပြီး မသိကြဘူး၊ အဲဒီအစား အတိုက်အခံလုပ်တယ်၊ ငြင်းတယ်၊ ပြီးတော့ တခြားလူတွေက သူတို့ကို ရန်လိုကြတာလို့ ထင်ကြတယ်။ သူတို့က လူတွေကိုတောင် တိုက်ခိုက်ပြီး လက်တုံ့ပြန်ကြတယ်။ ဒီအပြုအမူအားလုံးက သမ္မာတရားကို ငြီးငွေ့ပြီး မုန်းတဲ့ သူတို့စိတ်သဘောထားကို ပြတာပဲ။ ကျွန်မရဲ့ အခြေအနေအတွက် ဘုရားနှုတ်ကပတ်တော် ဖွင့်ပြချက်ကို အသုံးပြုတဲ့အခါ၊ ဝင်ဒီအပေါ် ကျွန်မရဲ့ ဝေဖန်တာ၊ သိက္ခာချတာ၊ တိုက်ခိုက်ပြီး လက်တုံ့ပြန်တာတွေဟာ ကျွန်မရဲ့ အန္တိခရစ် စိတ်သဘောထားကို ပြတာဖြစ်မှန်း တွေ့ရတယ်။ ဝင်ဒီနဲ့ ကျွန်မတွဲလုပ်ခဲ့ချိန်မှာ၊ သူက မကြာခဏ အကြံပေးပြီး ကျွန်မရဲ့ ဟာကွက်တွေကို ထောက်ပြခဲ့ပေမဲ့ ကျွန်မကို မကိုင်တွယ်မဖြေရှင်းခဲ့ဘူး။ ဝင်ဒီပြောတာ မှန်လား၊ မမှန်လား၊ ကျွန်မ အမှားလုပ်မိလား ဒါမှမဟုတ် သူပြောတဲ့အရာကနေ ဘာကို သင်ယူရမလဲဆိုတာကို ကျွန်မ မသုံးသပ်ခဲ့ဘူး။ အဲဒီအစား၊ သူ့ကို ကျွန်မ အမြဲ စိုက်ကြည့်ရုံကြည့်ခဲ့ပြီး၊ ကျွန်မကို သူအငြင်းအခုံလုပ်ဖို့ ကြိုးစားပြီး ရန်လိုနေတာလို့ တွေးနေခဲ့တယ်။ သူ့မှာ မကောင်းတဲ့ လူ့သဘာဝရှိတယ်လို့ ကျွန်မ ကောက်ချက်ချခဲ့တယ်။ ကိုယ့်ပြဿနာတွေကို လုံးဝ သတိမထားမိခဲ့ဘူး။ အဲဒီတုန်းက၊ အသင်းတော်ခေါင်းဆောင်အနေနဲ့ ကျွန်မ အစေခံနေခဲ့ပြီး၊ အထွေထွေ ကိစ္စတွေကိုလည်း အချိန်ခွဲပြီး ကြီးကြပ်ခဲ့တယ်။ ဒါပေမဲ့ ကျွန်မက အထွေထွေ ကိစ္စတွေမှာ မနှံ့စပ်ဘူး၊ အလုပ်နဲ့ပတ်သက်လို့ ဒုက္ခခံပြီး မစီမံ၊ မမေးမြန်းခဲ့သလို၊ အကူအညီအတွက် အဲဒီကဏ္ဍမှာ ကျွမ်းတဲ့ တခြားလူတွေကို မရှာခဲ့ဘူး။ လက်တွေ့အလုပ်ကို လုပ်ဖို့ ကျွန်မ ပျက်ကွက်နေခဲ့တာပါ။ ဒါကို တင်ပြတာ ဝင်ဒီမှန်ပါတယ်။ ကျွန်မအလုပ်မှာရှိတဲ့ သွေဖည်မှုတွေကို ဝင်ဒီက တင်ပြပြီး၊ ကျွန်မကို အကြံတချို့ပေးတဲ့အခါ၊ ကျွန်မကို တိုးတက်အောင် သူကူညီနေခဲ့တာပါ။ ဒါပေမဲ့ ကိုယ့်ဂုဏ်သတင်းနဲ့ အဆင့်အတန်းကိုပဲ ကျွန်မ စဉ်းစားခဲ့ပြီး၊ သူက ကျွန်မရဲ့ အစွမ်းအစတွေကို အမြဲ သံသယရှိနေတယ်လို့ ခံစားခဲ့တယ်။ သူ့သတိပေးချက်နဲ့ အကူအညီတွေကို ပုဂ္ဂိုလ်စွဲထားခဲ့ပြီး တခြားလူတွေကို ကျွန်မဘက် လှုံ့ဆော်ပြီး ကျွန်မနဲ့အတူ ဝင်ဒီကို ဝေဖန်၊ ဝိုင်းပယ်စေပြီးတော့ သူ့ကို လက်တုံ့ပြန်ဖို့ ကြိုးစားခဲ့တယ်။ အဲဒါတွေအားလုံးက ဝင်ဒီကို ထိခိုက်နစ်နာစေခဲ့တယ်။ ဒါက သူတို့တာဝန်အပေါ် အာရုံမစိုက်နိုင်အောင် လူတိုင်းကို တားဆီးတဲ့ လက်ခံနိုင်စရာမရှိတဲ့ အခြေအနေကိုလည်း ဖန်တီးခဲ့သလို၊ အသင်းတော် အလုပ်ကိုလည်း နှောင့်ယှက်ခဲ့တယ်။ ကျွန်မက စာတန်ရဲ့ အခန်းကဏ္ဍကို လုပ်နေခဲ့တာပဲ မဟုတ်လား။ ကျွန်မ တကယ်ကို ကျိန်ခြင်းခံရပြီး အပြစ်ပေးခံခဲ့သင့်တယ်။ အသင်းတော်ကနေ ရှင်းလင်းခံခဲ့ရတဲ့ မကောင်းမှုပြုသူနဲ့ အန္တိခရစ်တွေရဲ့ စံနမူနာ စရိုက်လက္ခဏာတချို့ကတော့ သမ္မာတရားကို သူတို့ရဲ့ ငြီးငွေ့၊ မုန်းတီးမှု၊ ဘုရားဆီက အခြေအနေတွေကို လက်ခံဖို့ ပျက်ကွက်တာ၊ သူတို့အကျိုးစီးပွားကို ခြိမ်းခြောက်တဲ့ လူတွေကို မှတ်ထားပြီး၊ အဲဒီလူတွေက သူတို့ကို ရန်လိုတယ်လို့ စဉ်းစားတာ၊ သူတို့ရဲ့ လုပ်ရပ်တိုင်းကို အပြစ်မရှိအပြစ်ရှာပြီး ဝေဖန်တာနဲ့ တခြားလူတွေက သူတို့ကို မကြာခဏ သတိပေးတဲ့အခါ၊ ကူညီ ဒါမှမဟုတ် ကိုင်တွယ်ဖြေရှင်းပြီး ပြုပြင်တဲ့အခါ သုံးသပ်ပြီး ကိုယ့်ကိုယ်ကိုယ် သိတဲ့အသိရဖို့ လုံးဝ ပျက်ကွက်တာတွေဖြစ်ပုံကို ကျွန်မ တွေးမိတယ်။ ဒါ့အပြင်၊ သူတို့ကို ပြုပြင်ပေးဖို့ ကြိုးစားသူ ဘယ်သူ့ကိုမဆို မုန်းပြီး၊ တိုက်ခိုက်သလို ဖယ်ကြဉ်ကြတယ်၊ အနီးအနားရှိသူတွေကို စိတ်အနှောင့်အယှက်ပေးတယ်၊ အသင်းတော် အလုပ်ကို နှောင့်ယှက်ပြီး၊ နောက်ဆုံးမှာ မကောင်းမှုလုပ်တာ များလွန်းလို့ ရှင်းလင်းခံခဲ့ရတယ်။ ဒါတွေအားလုံးက သမ္မာတရားကို လက်မခံခြင်းနဲ့ ငြီးငွေ့ခြင်းရဲ့ အကျိုးဆက်တွေပါပဲ။ အားလုံးက သူတို့နဲ့တန်တာကို ရခဲ့ကြတာပါ။ ဒီစရိုက်လက္ခဏာတွေကို ထောက်ရင်၊ ကျွန်မက မကောင်းမှုပြုသူနဲ့ အန္တိခရစ်တစ်ယောက်လိုပဲ ပြုမူနေခဲ့တာ မဟုတ်လား။ ကျွန်မ တကယ်ကို ဖောက်ပြန်ပျက်စီးပြီး မကောင်းတဲ့ လူ့သဘာဝရှိမှန်း သဘောပေါက်ခဲ့တယ်။ ကျွန်မ အရမ်းကြောက်မိတယ်။ အရမ်းမရေရာတဲ့ အခြေအနေမှာ ကျွန်မ ရှိခဲ့သလို၊ နောင်တမရရင်၊ ဘုရားက ကျွန်မကို စက်ဆုပ်ပြီး ဖယ်ရှားမှာပဲ။ နောင်တရပြီး၊ သမ္မာတရားလိုက်စားဖို့ အကောင်းဆုံး လုပ်ဖို့အတွက် အခွင့်အရေးကို အမိအရ သုံးရမယ်။ ဘုရားကို ကြောက်တဲ့စိတ်နှလုံးနဲ့ အခြေအနေတွေကို ချဉ်းကပ်ရမယ်၊ သမ္မာတရားကို ရှာရမယ်၊ ကိုယ့်ကိုယ်ကိုယ် သုံးသပ်ပြီး သိရမယ်၊ စကားပြောပုံမှာ ဆင်ခြင်မြော်တွေးပြီး ကျွန်မရဲ့ ဆက်ဆံရေးတွေမှာ စေတနာထားရမယ်။ ဆုတောင်းခြင်းနဲ့ ဘုရားရှေ့ကို ကျွန်မလာပြီး၊ အရင်ကပြုမူခဲ့ပုံကို ရပ်တော့မယ်၊ ပြီးတော့ ဘုရားရဲ့ စိစစ်မှုကို လက်ခံဖို့နဲ့ တကယ် နောင်တရဖို့ လိုလားနေပါတယ်လို့ ပြောလိုက်တယ်။

နောက်ပိုင်းမှာ၊ လူတစ်ဦးရဲ့ လူ့သဘာဝကို အဘယ်လိုအကဲဖြတ်ရမယ်ဆိုတာနဲ့ ပွင့်ပွင့်လင်းလင်း စကားပြောပြီး ကျွန်မကို အကြံပေးတဲ့လူတွေကို ဘယ်လိုဆက်ဆံရမယ်ဆိုတာ နားလည်စေတဲ့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ် တွေ့တယ်။ ဘုရားသခင်က ပြောသည်- “သင့်အား မှန်မှန်ကန်ကန် ပြောဆိုနိုင်သောသူတို့နှင့် သင်နီးစပ်အောင်လုပ်ဆောင်ရမည်။ သင့်ဘေးတွင် ဤသို့သောသူများ ရှိခြင်းသည် သင့်အတွက် ကြီးစွာသော အကျိုးကျေးဇူးရှိသည်။ အထူးသဖြင့် သင့်၌ ပြဿနာတစ်ခုရှိသည်ကို တွေ့ရှိသောအခါတွင် သင့်အား အပြစ်တင်ရန်၊ သင့်အား ဖော်ထုတ်ရန် သတ္တိရှိသော ထိုကဲ့သို့သောလူကောင်းများကို သင့်အနီးတွင် ထားရှိခြင်းသည် သင့်အား လမ်းမလွဲစေရန် တားဆီးနိုင်သည်။ သင်၏ အဆင့်အတန်းက မည်သို့ရှိသည်ကို ၎င်းတို့ ဂရုမစိုက်ပေ။ ပြီးလျှင် သမ္မာတရားစည်းမျဉ်းများနှင့် ဆန့်ကျင်သည့်အရာတစ်ခုအား သင်လုပ်ဆောင်ပြီးသည်ကို ၎င်းတို့တွေ့ရှိသည်နှင့် လိုအပ်လျှင် ၎င်းတို့သည် သင့်အား အပြစ်တင်ပြီး ဖော်ထုတ်လိမ့်မည်။ ဤသို့သောသူများသည်သာ ဖြောင့်မှန်သောလူများ၊ တရားမျှတစိတ် ရှိသောလူများဖြစ်သည်။ ထို့အပြင် ၎င်းတို့က သင့်အား မည်သို့ ဖော်ထုတ်ပြီး အပြစ်တင်ပါစေ အားလုံးက သင့်အတွက် အထောက်အကူဖြစ်ပြီး အားလုံးက သင့်အား ကြီးကြပ်ခြင်းနှင့် ရှေ့သို့ တွန်းတင်ခြင်းတို့သာ ဖြစ်သည်။ သင်သည် ဤသို့သောလူများနှင့် နီးစပ်အောင် လုပ်ဆောင်ရမည်။ သင့်အနီး၌ ဤသို့သောသူများရှိပြီး သင့်အား ကူညီခြင်းအားဖြင့် သင်သည် အတော်အတန်ပင် ပို၍ ဘေးကင်းလာသည်။ ဤသည်မှာ ဘုရားသခင်၏ ကွယ်ကာမှုရှိခြင်းဆိုသည့်အရာ ဖြစ်သည်။ နေ့စဉ် သင်၏နံဘေး၌ သမ္မာတရားကို နားလည်ပြီး စည်းမျဉ်းများကို ထိန်းသိမ်းသောသူများ ရှိနေပြီး သင့်အား ကြီးကြပ်ပေးနေခြင်းသည် သင့်တာဝန်နှင့် အလုပ်ကို ကောင်းစွာလုပ်ဆောင်ခြင်းအတွက် အလွန်အကျိုးဖြစ်စေသည်။...စည်းမျဉ်းများနှင့်ဆန့်ကျင်သောအရာတစ်ခုကို သင်လုပ်ဆောင်သောအခါ ၎င်းတို့က သင့်ကို ဖော်ထုတ်လိမ့်မည်။ သင်၏ ပြဿနာများအပေါ် ထင်မြင်ချက်များ ပေးလိမ့်မည်။ သင့်ပြဿနာများနှင့် အမှားများကို ပွင့်လင်းစွာနှင့် ရိုးသားစွာ ထောက်ပြလိမ့်မည်။ ၎င်းတို့သည် သင့်အား သိက္ခာဆည်ဖို့ ကူညီရန် ကြိုးစားမည်မဟုတ်။ ပြီးလျှင် လူအများရှေ့၌ အရှက်မရစေရန်အတွက်ပင် ၎င်းတို့က သင့်အား အခွင့်အရေး ပေးမည်မဟုတ်။ ဤသို့သောလူများကို သင်မည်သို့ ဆက်ဆံသင့်သနည်း။ သင်သည် ၎င်းတို့ကို ဒဏ်ခတ်သင့်သလော၊ သို့မဟုတ် ၎င်းတို့နှင့် နီးစပ်အောင် လုပ်ဆောင်သင့်သလော။ (၎င်းတို့နှင့် နီးစပ်အောင် လုပ်ဆောင်သင့်ပါသည်။) မှန်သည်။ သင်သည် သင့်စိတ်နှလုံးကို ဖွင့်ဟပြီး ၎င်းတို့နှင့် မိတ်သဟာယဖွဲ့ကာ ‘ကျွန်ုပ်၌ ရှိသည့်ပြဿနာကို ကျွန်ုပ်ကို သင်ထောက်ပြခဲ့သည်မှာ မှန်ကန်သင့်တော်ပါသည်။ ထိုအချိန်က ကျွန်ုပ်သည် ဘဝင်မြင့်မှု၊ အဆင့်အတန်းတို့နှင့်သက်ဆိုင်သော အတွေးများဖြင့် ပြည့်နေခဲ့သည်။ ကျွန်ုပ်သည် နှစ်များစွာကြာ ခေါင်းဆောင်ဖြစ်ခဲ့သည့်တိုင်အောင် သင်သည် ကျွန်ုပ် သိက္ခာဆည်ဖို့ ကူညီရန် မကြိုးစားခဲ့ရုံမက လူများစွာရှေ့တွင်လည်း ကျွန်ုပ်၏ ပြဿနာများကို သင်ထောက်ပြခဲ့သည်ဟု ခံစားရသောကြောင့် ကျွန်ုပ် လက်မခံနိုင်ခဲ့ပါ။ သို့ရာတွင် ယခု၌ ကျွန်ုပ်လုပ်ဆောင်ခဲ့သောအရာသည် စည်းမျဉ်းများ၊ သမ္မာတရားတို့နှင့် အမှန်ပင် ကွဲလွဲနေကြောင်းကိုလည်းကောင်း၊ ကျွန်ုပ်သည် ဤသို့ မလုပ်ဆောင်ခဲ့သင့်ကြောင်းကိုလည်းကောင်း မြင်ပါသည်။ ခေါင်းဆောင်ရာထူးရှိခြင်းသည် အဘယ်အရေးကြီးသနည်း။ ဤသည်မှာ ကျွန်ုပ်၏ တာဝန်ပင် မဟုတ်လော။ ကျွန်ုပ်တို့အားလုံးသည် ကျွန်ုပ်တို့၏ တာဝန်ကို ထမ်းဆောင်နေကြပြီး ကျွန်ုပ်တို့အားလုံးသည် အဆင့်အတန်းတွင် တန်းတူညီမျှသည်။ တစ်ခုတည်းသော ကွာခြားမှုမှာ ကျွန်ုပ်သည် တာဝန်အနည်းငယ်ပို၍ ထမ်းရွက်ခြင်းဖြစ်မျှသာ ဖြစ်သည်။ နောင်တွင် ပြဿနာတစ်ခုခုကို သင်ရှာဖွေတွေ့ရှိလျှင် သင်ပြောသင့်သည့်အရာကို ပြောလော့။ ပြီးလျှင် ကျွန်ုပ်တို့ကြားတွင် ပုဂ္ဂိုလ်ရေးအာဃာတ ရှိမည်မဟုတ်ပါ။ သမ္မာတရားအပေါ် ကျွန်ုပ်တို့၏ နားလည်မှု၌ ကွဲပြားလျှင် ကျွန်ုပ်တို့ အတူတကွ မိတ်သဟာယ ဖွဲ့နိုင်သည်။ ဘုရားအိမ်တော်တွင်၊ ဘုရားသခင်နှင့် သမ္မာတရားရှေ့တွင် ကျွန်ုပ်တို့သည် စည်းလုံးကြမည်။ စိမ်းကားဖယ်ကြဉ်ကြမည် မဟုတ်ပေ’ ဟု ဆိုသင့်သည်။ ဤသည်မှာ သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းနှင့် ချစ်ခြင်းသဘောထားဖြစ်သည်။ သင်သည် အန္တိခရစ်လမ်းကြောင်းကို ကောင်းစွာရှောင်ကြဉ်လိုလျှင် မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ သင်သည် သမ္မာတရားအား ချစ်သောသူများ၊ ဖြောင့်မှန်သောသူများနှင့် နီးစပ်ရန်၊ သင်၏ ပြဿနာများအား ထောက်ပြနိုင်သောသူများ၊ သင့်ပြဿနာများအား တွေ့ရှိသောအခါ၌ သင့်အား မှန်မှန်ကန်ကန်ပြောဆိုပြီး အပြစ်တင်နိုင်သောသူများ၊ အထူးသဖြင့် သင့်ပြဿနာများအား တွေ့ရှိသောအခါ သင့်အား ပြုပြင်နိုင်သောသူများဖြင့် နီးစပ်ရန် စတင်လုပ်ဆောင်သင့်သည်။ ဤသူတို့မှာ သင့်အတွက် အကျိုးအရှိဆုံးသူများဖြစ်ပြီး ၎င်းတို့ကို သင်ချစ်မြတ်နိုးသင့်သည်။ ဤသို့သောလူကောင်းများကို သင်ပယ်ပြီး ဖယ်ရှားလျှင် ဘုရားသခင်၏ ကွယ်ကာမှုကို သင်ဆုံးရှုံးရမည်။ ပြီးလျှင် ကပ်ဘေးများက တဖြည်းဖြည်းချင်းဖြင့် သင့်ထံသို့ လာလိမ့်မည်။ လူကောင်းများနှင့် သမ္မာတရားကို နားလည်သောသူများဖြင့် နီးစပ်အောင် လုပ်ဆောင်ခြင်းအားဖြင့် သင့်တွင် ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်း ရှိလိမ့်မည်။ ပြီးလျှင် သင်သည် ကပ်ဘေးကို ရှောင်နိုင်လိမ့်မည်။ ယုတ်မာသောလူများ၊ အရှက်မဲ့သောလူများ၊ သင့်အား မြှောက်ပင့်သောလူများဖြင့် နီးစပ်အောင် လုပ်ဆောင်ခြင်းအားဖြင့် သင်သည် အန္တရာယ်ကျရောက်လိမ့်မည်။ သင်သည် အလွယ်တကူ လိမ်လည်ခြင်းနှင့် လှည့်စားခြင်းတို့ကို ခံရမည်သာမကဘဲ ကပ်ဘေးက သင့်အပေါ်သို့ အချိန်မရွေး ရောက်လာနိုင်သည်။ မည်သို့သောသူမျိုးက သင့်အား အကျိုးအဖြစ်စေနိုင်ဆုံးဖြစ်သည်ကို သင်သိရမည်။ သင့်အား အကျိုးအဖြစ်စေနိုင်ဆုံးမှာ မှားသောအရာတစ်ခုခုကို သင်လုပ်ဆောင်သောအခါ၊ သို့မဟုတ် သင့်ကိုယ်သင် ချီးမြှောက်ကာ၊ သက်သေခံပြီး သူတစ်ပါးတို့ကို လှည့်စားသောအခါတွင် သင့်အား သတိပေးနိုင်သောသူများ ဖြစ်လေသည်။ ဤသို့သောလူများနှင့် နီးစပ်အောင် လုပ်ဆောင်ခြင်းသည် လျှောက်လှမ်းရန်အတွက် မှန်ကန်သော လမ်းကြောင်းဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၄) ဘုရားနှုတ်ကပတ်တော်တွေကနေ သဘောပေါက်မိတယ်၊ သမ္မာတရား စည်းမျဉ်းကို ထိန်းသိမ်းတဲ့ ဖြောင့်မတ်တဲ့ အသိစိတ်ရှိသူတွေဟာ သူတို့ ညီအစ်ကို မောင်နှမတွေမှာ ပြဿနာ၊ ဟာကွက်တွေ ရှိတဲ့အခါ ထောက်ပြနိုင်ကြသလို၊ လူတွေက သူတို့ လုပ်ရပ်တွေမှာ စည်းမျဉ်းတွေ ဆန့်ကျင်တဲ့အခါ ကိုင်တွယ်ဖြေရှင်း၊ ပြုပြင်၊ ဖော်ထုတ်ပြီး စိတ်ဖြာဆွေးနွေးနိုင်ကြတယ်။ အဲဒီလိုလူတွေမှာ လူ့သဘာဝကောင်းရှိပြီး သူတို့နဲ့ ရင်းနှီးအောင် ကျွန်မ နေသင့်တယ်။ တစ်စုံတစ်ယောက်က အပြင်ပန်းမှာ ချစ်ခင်တတ်ရင်၊ လူတွေနဲ့ အဆင်ပြေရင်၊ ဘယ်သူ့ကိုမှ စိတ်အနှောင့်အယှက်မပေးဘဲ အရမ်းခင်ကြတာကို ခံရပေမဲ့ စည်းမျဉ်းနဲ့ မကိုက်တဲ့အရာ၊ အသင်းတော်ရဲ့ အကျိုးစီးပွားကို ထိခိုက်တဲ့အရာတစ်ခု ဖြစ်တာကို သူတို့သတိပြုမိပြီး၊ သူတို့ရဲ့ ဆက်ဆံရေးတွေကို ကာကွယ်ဖို့ ရွေးချယ်သလို၊ ပြဿနာကို ရင်ဆိုင်၊ ဖော်ထုတ်၊ တားဆီးတာ မလုပ်တဲ့အခါ၊ သူတို့က တစ်ကိုယ်ကောင်းဆန်ပြီး လှည့်ဖြားတတ်သလို၊ ဘုရားအိမ်တော်ရဲ့ အကျိုးစီးပွားကို မကာကွယ်ကြတာပဲ။ ကျွန်မက လူတွေရဲ့ လူ့သဘာဝကို သူတို့ နှစ်လိုစရာကောင်း၊ မကောင်းဆိုတာနဲ့ လူတွေရဲ့ သိက္ခာကို ထိန်းသိမ်းပေးတဲ့ နည်းလမ်းနဲ့ စကားပြောခြင်းရှိမရှိဆိုတဲ့အပေါ် အခြေခံပြီး အမြဲ အကဲဖြတ်ခဲ့ပုံကို တွေးမိတယ်။ ဒါပေမဲ့ ဒီအကဲဖြတ်မှုက သမ္မာတရားနဲ့ မကိုက်ဘူး။ ကျွန်မရဲ့ ပြဿနာနဲ့ ဟာကွက်တွေကို မကြာခဏ ထောက်ပြတာ ဝင်ဒီက ဖြောင့်မတ်လို့ဖြစ်မှန်း ကျွန်မ သဘောပေါက်ခဲ့တယ်။ ဝင်ဒီက အရမ်းတဲ့တိုးပုံစံ စကားပြောတဲ့ အချက်ကလွဲလို့၊ သူက သမ္မာတရားကို ပြောပြီး ကျွန်မရဲ့ ပြဿနာတွေကို ထောက်ပြနိုင်ခဲ့တယ်။ ဒါက ကျွန်မရဲ့တာဝန်ကို ထမ်းဆောင်ဖို့ ကူညီခဲ့သလို၊ အသက်ဝင်ရောက်မှုကို တိုးတက်စေခဲ့တယ်။ ကျွန်မက သူ့ကို အချိန်ယူ‌ပေါင်းသင်းပြီး သူ့အကြံပြုချက်တွေကို နားထောင်ခဲ့သင့်တယ်။ အဲဒီနောက်တော့ ဝင်ဒီကို ကျွန်မ တောင်းပန်ခဲ့တယ်။ သူ့ကို ကျွန်မ ထိခိုက်နစ်နာစေခဲ့တာက ပြောင်းလဲလို့မရမှန်း ကျွန်မ သိပေမဲ့ သူနဲ့ တွဲလုပ်ဖို့ နောက်ထပ် အခွင့်ရခဲ့ရင်၊ အဲဒီအခွင့်အရေးကို တန်ဖိုးထားမိမှာပါ။

နောက်ပိုင်းမှာ၊ ညီအစ်ကို လီယိုနာဒ်နဲ့ ကျွန်မ တွဲလုပ်ရတယ်။ လီယိုနာဒ်က အစွမ်းအစကောင်းရှိပြီး၊ သူ့တာဝန်မှာ တော်တော် တာဝန်သိတတ်တယ်။ ကျွန်မတာဝန်မှာ သွေဖည်နေတာကို သူ မြင်ရင်၊ တခြားလူတွေရှေ့မှာ ကျွန်မကို ထောက်ပြတယ်။ ပထမတော့၊ နည်းနည်း စိတ်အနှောင့်အယှက်ဖြစ်မိပေမဲ့၊ ဒီဝေဖန်မှုကို ဘုရားဆီကလာတဲ့ သင်ခန်းစာအနေနဲ့ ကျွန်မ သဘောထားနိုင်ခဲ့တယ်။ ဒါပေမဲ့ အချိန်တွေသာကြာလာတယ်၊ ဒီပုံစံအတိုင်းပဲ ထပ်ဖြစ်နေတော့ ကျွန်မ နည်းနည်းစိတ်ကုန်လာတယ်။ တစ်ခါတလေ လီယိုနာဒ်က ဝေဖန်လိုက်ရင် နည်းနည်းကဲ့ရဲ့သလိုလိုနဲ့ ကျွန်မအလုပ်မှာ အမှားရှာတတ်တယ်။ သူ ကျွန်မကို ထိုးထွင်းမြင်နေသလိုမျိုး အရမ်း စိတ်အနှောင့်အယှက် ဖြစ်ရသလို၊ ကျွန်မ သူနဲ့ တွဲမလုပ်ချင်တော့ဘူး။ သူ အရမ်း မာနထောင်လွှားပြီး သူ့လေသံက လက်မခံနိုင်စရာလို့ တွေးခဲ့တယ်။ နှစ်ခေါက်သုံးခေါက်ဆိုသလို သူများတွေနဲ့ ကိုယ်တွဲအလုပ်လုပ်ရတဲ့အကြောင်း ဆွေးနွေးနေတုန်း လီယိုနာဒ်ကို ကျွန်မ ချိုးဖဲ့ပြောချင်ခဲ့ပေမဲ့ တစ်ခုခု ပြောမယ်လုပ်လိုက်ချိန်မှာပဲ ကျွန်မ မှားမှန်း သဘောပေါက်လိုက်တယ်။ လီယိုနာဒ်ရဲ့ ဝေဖန်မှုထဲမှာ ကျွန်မ သဘောတူလက်ခံနိုင်တဲ့အရာများတာ သေချာတယ်။ ဒါကြောင့် ဘုရားဆီ ဆုတောင်းတယ်။ စေတနာထားပြီး ဘုရားအလိုတော်နဲ့ညီတဲ့ နည်းလမ်းနဲ့ လီယိုနာဒ်ကို ဘယ်လို တွဲဖက်ရမလဲ ရှာကြည့်ခဲ့တယ်။ မကောင်းတဲ့ ရည်ရွယ်ချက်တွေနဲ့ လီယိုနာဒ်ကို ကျွန်မ ဝေဖန်လိုမရဘူး။ နောက်ပိုင်းမှာ၊ ကျွန်မအတွက် အတော် အထောက်အကူဖြစ်တဲ့ ဘုရားနှုတ်ကပတ်တော်တွေကို တွေ့ခဲ့တယ်။ “သင်သည် မှားသည့်အရာတစ်ခုခု ပြုလုပ်နေသည်၊ သို့မဟုတ် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခု ထုတ်ပြခြင်း ရှိသည်ကို သင်သိရသည့်အခါ၊ လူများနှင့် သင် ဖွင့်ပြောနိုင်ပြီး ဆွေးနွေးပြောဆိုနိုင်ပါက၊ ဤအရာက သင့်အနီးအနားရှိလူများကို သင့်အား စောင့်ကြည့်ဖို့ ကူညီပေးလိမ့်မည် ဖြစ်သည်။ ကြီးကြပ်မှုကို လက်ခံဖို့ သေချာပေါက် လိုအပ်‌သော်လည်း အဓိကအချက်မှာ မိမိကိုယ်ကိုယ် အစဉ်မပြတ် ဆင်ခြင်သုံးသပ်လျက်၊ ဘုရားသခင်ထံ ဆုတောင်းဖို့နှင့် သူ့အပေါ် မှီခိုကိုးစားဖို့ဖြစ်သည်။ အထူးသဖြင့် မှားယွင်းသောလမ်းကို သင်လျှောက်ပြီးဖြစ်သည့်အခါ၊ သို့မဟုတ် တစ်စုံတစ်ခုကို မမှန်မကန်ပြုပြီးသည့်အခါ၊ သို့မဟုတ် သင်သည် မိမိသဘောအတိုင်း လုပ်ဆောင်တော့မည် သို့မဟုတ် တစ်စုံတစ်ခုကို ဆုံးဖြတ်တော့မည်ဖြစ်ပြီး အနီးရှိ တစ်စုံတစ်ဦးက ယင်းကို ဖော်ပြပြောဆိုပြီး သင့်ကို သတိပေးသည့်အခါ၊ ယင်းကို သင် လက်ခံဖို့ လိုအပ်ပြီး သင့်ကိုယ်သင် အမြန်ဆင်ခြင်သုံးသပ်ကာ သင်၏အမှားကို ဝန်ခံဖို့နှင့် ယင်းကို ပြုပြင်ဖို့ လိုအပ်သည်။ ဤအရာက သင့်အား အန္တိခရစ်တို့၏ လမ်းကြောင်းပေါ် ခြေချခြင်းမှ တားဆီးနိုင်သည်။ သင့်ကို ဤနည်းအားဖြင့် ကူညီပြီး သတိပေးသူ တစ်စုံတစ်ဦးရှိပါက သင့်ကို ယင်းက မသိလိုက်ဘဲ ထိန်းသိမ်းနေခြင်းမဟုတ်လော။ ဟုတ်သည်။ ယင်းမှာ သင် ထိန်းသိမ်းခံရခြင်းဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ လျော်ကန်သော တာဝန်ဖြည့်ဆည်းခြင်းသည် လိုက်ဖက်ညီသော ပူးပေါင်းလုပ်ဆောင်ခြင်း လိုအပ်သည်) ဘုရားနှုတ်ကပတ်တော်က အသိပေးခဲ့တယ်။ ကျွန်မရဲ့ ဟာကွက်တွေကို တိုက်ရိုက်နဲ့ ပွင့်ပွင်းလင်းလင်း ပြောဖို့ စိတ်ချယုံကြည်မှုရှိတဲ့ ဖြောင့်မတ်တဲ့ အသိစိတ်နဲ့လူတစ်ယောက် ကျွန်မဘေးမှာ ရှိတာက ကျွန်မကို လမ်းမလွဲအောင် တားဆီးမဲ့ ကွယ်ကာမှုပုံစံတစ်ခုဖြစ်ပြီး ဘုရားရဲ့ မေတ္တာဖြစ်တယ်ဆိုတာပေါ့။ လုပ်ဖို့ မှန်ကန်တဲ့အရာက အခြေအနေကို လက်ခံဖို့ပဲ။ အဲဒီအတောအတွင်းမှာ မရေရာတာတွေ လုပ်ရတာနဲ့ပဲ ရောင့်ရဲနေခဲ့ပေမဲ့ လူသစ်တွေကို​ ရေလောင်းပေးတဲ့ ရေရာတဲ့အလုပ်တစ်ခုခု လုပ်ရာမှာ အဖိုးအခပေးဖို့ ပျက်ကွက်ခဲ့တယ်။ လီယိုနာဒ်ရဲ့ မကြာခဏ သတိပေးချက်တွေက တာဝန်မှာ ကျွန်မကို ပိုလက်တွေ့ကျစေခဲ့တယ်။ လီယိုနာဒ်ပြောတဲ့ လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းကနေလည်း အများကြီး အကျိုးရခဲ့တယ်။ ဒီအကူအညီနဲ့ အကြံက တကယ် တန်ဖိုးရှိမှန်း ကျွန်မ သဘောပေါက်မိတယ်။ ကျွန်မ သမ္မာတရား မပိုင်ဆိုင်တာ၊ အရမ်းကို ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားရှိနေဆဲဖြစ်ပြီး အချိန်မရွေး အမှားလုပ်နိုင်တာကို ထောက်ရင်၊ ကျွန်မကို လီလိုနာဒ် စောင့်ကြည့်ပေးနေတာက တကယ့် အားပေးမှုဖြစ်ပြီး မကောင်းမှု အများကြီး မလုပ်အောင် တားဆီးခဲ့တယ်။ ဒါကို သဘောပေါက်တော့၊ ကျွန်မတာဝန်မှာရှိတဲ့ သွေဖည်မှုတွေကို ဖြေရှင်းဖို့ အသင့်ဖြစ်ခဲ့ပြီး၊ လီယိုနာဒ်ရဲ့ အကြံအပေါ် ပိုကောင်းတဲ့ သဘောထား ရခဲ့တယ်။ ဒီလိုပြောတဲ့ စာတိုတစ်ခု သူ့ကို ကျွန်မ ပို့ခဲ့တယ်။ “ရှေ့ဆက်ပြီး၊ ကျွန်မနဲ့ပတ်သက်လို့ ဒုက္ခပေးတတ်တဲ့ အရာတစ်ခုခု ရှင်သတိထားမိရင် ကျေးဇူးပြုပြီး သိပါရစေ။ ကျွန်မ နည်းနည်း စိတ်အနှောင့်အယှက် ဖြစ်မှာဖြစ်ပေမဲ့ ကျွန်မအတွက် အထောက်အကူဖြစ်မှာပါ”လို့ပေါ့။ အခု ပြန်ကြည့်တဲ့အခါ၊ ဒီပြီးခဲ့တဲ့ နှစ်တွေမှာ ဘုရားက အဲဒီလိုလူအတော်များများကို ကျွန်မဘေးမှာ ထားခဲ့ပေမဲ့ သူတို့က ပေါင်းရခက်တယ်လို့ ကျွန်မ တွေးခဲ့လို့ သူတို့ကို ကျွန်မ အမြဲရှောင်ချင်ခဲ့တယ်။ အမှန်တော့၊ ကျွန်မက လူတွေအပေါ် အကဲဖြတ်တာ ညံ့ခဲ့လို့ပါ။ လူတွေကို ဘယ်လို ဆန်းစစ်ရမယ်၊ ဆက်ဆံရမယ်ဆိုတာ မသိခဲ့ဘူး။ ဒါကြောင့် ကျွန်မတွဲဖက်တွေဆီကနေ သင်ယူရမဲ့ အခွင့်အရေးတွေကို အမှတ်တမဲ့ ဆုံးရှုံးခဲ့ရတယ်။ ဘုရားကို ဒီအခြေအနေကို ထပ်ပြီးစီစဉ်ညွှန်ကြားတဲ့အခါ၊ နောက်ဆုံးမှာ သူ့အလိုတော်ကို ကျွန်မ နားလည်လာခဲ့တယ်၊ တခြားလူတွေကို စည်းမျဉ်းနဲ့ ဆက်ဆံနိုင်ခဲ့ပြီး၊ အများကြီး ပိုလွတ်မြောက်သွားတယ်လို့ ခံစားခဲ့ရတယ်။ ကျွန်မစိတ်နှလုံးမှာ ဘုရားကို ကျေးဇူးတင်မိပါတယ်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ဧဝံဂေလိဟောခြင်း လမ်းကြောင်း

ဧဝံဂေလိ ဝေမျှဖို့ ပထမဆုံး သင်ယူတဲ့အချိန်ကို ကျွန်တော် အမှတ်ရမိတယ်။ ဟူဘေးမှာ ကြီးမားသော ချီးမွမ်းခြင်း အသင်းတော်ရဲ့ အသင်းသား အစ်ကိုဆူးနဲ့...

၂၂။ ပြဿနာများကို တိုင်ကြားရန် အဘယ်ကြောင့် ကျွန်ုပ် စိုးရွံ့ပါသနည်း

၂၀၁၁ ခုနှစ်မှာ၊ ဧဝံဂေလိ သင်းထောက်အနေနဲ့ အစေခံနေတုန်း၊ ကျွန်မရဲ့ ခေါင်းဆောင် ကျန်းမင်းက မကြာခဏ အယူဝါဒတွေ ပြောပြီး ကြွားတာကို သတိထားမိခဲ့တယ်။...

ကြွားဝါခြင်းက ဖြစ်စေသည့် ထိခိုက်နစ်နာမှု

လောဝ့်ရီ စပိန်နိုင်ငံလွန်ခဲ့သည့် နှစ်အနည်းငယ်က၊ ကျွန်မနှင့် သက်တူရွယ်တူ ညီအစ်ကို မောင်နှမအချို့နှင့်အတူ ရေလောင်းခြင်း တာဝန်ကို ကျွန်မ...

ကျွန်မ၏သား ဆုံးပါးသွားပြီးနောက်

ဝမ်လီ တရုတ်နိုင်ငံ ၂၀၁၄ ခုနှစ် ဇွန်လ ရက်တစ်ရက်မှာ၊ ကျွန်မသမီးက မမျှော်လင့်ဘဲ ဖုန်းဆက်ပြီး ကျွန်မသားက ငါးဖမ်းနေတုန်းမှာ ဓာတ်လိုက်ခံရတယ်လို့...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။