ယခုတွင် အဆင်မပြေမှုများနှင့် ကျရှုံးမှုများကို ကျွန်ုပ် မှန်ကန်စွာ သဘောထားနိုင်ပြီ

26.02.2026

ချောင်ရှင်း၊ တရုတ်နိုင်ငံ

၂၀၂၄ ခုနှစ်၊ မေလတုန်းက အသင်းတော်မှာ ဒေသနာတွေရေးတာကို လေ့ကျင့်ခဲ့တယ်။ အစမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်ရတယ်၊ သမ္မာတရားကို ကျွန်မ နားလည်တာ ပေါ့တန်လို့ ကောင်းကောင်း ရေးနိုင်မှာမဟုတ်ဘူးလို့ ခံစားခဲ့ရတယ်။ ကျွန်မနဲ့ ပူးပေါင်းဆောင်ရွက်တဲ့ အစ်မက ကျွန်မကို မိတ်သဟာယပြုပြီး အားပေးခဲ့တယ်၊ ပြီးတော့ ကောင်းမွန်တဲ့ နည်းလမ်းတချို့ကိုလည်း မျှဝေပေးခဲ့တယ်။ နောက်ပိုင်း ဒေသနာတစ်ခုရေးတဲ့အခါမှာ ဆီလျော်တဲ့ သမ္မာတရားတွေကို ကျွန်မရှာဖွေခဲ့တယ်၊ သမ္မာတရားတွေကို လုံးဝ နားလည်သွားတော့မှ ဒေသနာကို ဘယ်လိုရေးရမလဲဆိုတာ စဉ်းစားပြီးတော့ မြန်မြန် ပြီးအောင်ရေးခဲ့တယ်။ ကျွန်မ အရမ်းပျော်သွားပြီး ဘုရားသခင်ရဲ့ လမ်းပြမှုအတွက်လည်း ကျေးဇူးတင်မိတယ်။ နှစ်ရက်ကြာတော့ ကြီးကြပ်ရေးမှူးက ကျွန်မဆီ စာရေးပို့တယ်၊ ကျွန်မရဲ့ဒေသနာကို ရွေးချယ်လိုက်တဲ့အကြောင်း၊ ပြီးတော့ ကျွန်မက အစွမ်းအစကောင်းနဲ့ အတွေးအခေါ်တချို့ ရှိတယ်လို့လည်း ပြောခဲ့တယ်။ ကျွန်မ အံ့ဩသွားသလို ပျော်လဲပျော်သွားတယ်။ ကျွန်မက လေ့ကျင့်ခါစပဲရှိသေးပြီး ကျွန်မ ရေးခဲ့တဲ့ ဒေသနာက ရွေးချယ်ခံလိုက်ရပြီ။ ကျွန်မအနီးဝန်းကျင်က ညီအစ်မတချို့ကဆို ဒေသနာတွေ အများကြီးရေးပြီးတာတောင် သူတို့ထဲက တစ်ယောက်မှ အရွေးမခံရသေးဘူး၊ ဒီတော့ ကျွန်မက တကယ်ကိုပဲ ထူးခြားတဲ့သူ ဖြစ်ရမယ်လို့ ခံစားလိုက်ရတယ်။ ရက်နည်းနည်းကြာတော့၊ ခေါင်းဆောင်တွေဆီ ကြီးကြပ်ရေးမှူးက ရေးထားတဲ့စာတစ်စောင်ကို ကျွန်မ မတော်တဆ ဖတ်လိုက်မိတယ်။ စာထဲမှာ “ချောင်ရှင်းက ဒေသနာတွေရေးတဲ့နေရာမှာ တော်တော်တက်ကြွတယ်၊ အတွေးအခေါ်နဲ့ အစွမ်းအစရှိတဲ့သူတစ်ယောက်ပဲ၊ သူ့ကို ပျိုးထောင်ဖို့ ကျွန်မတို့ ပြင်ဆင်နေပါတယ်” လို့ ရေးထားတယ်။ စာကတော့ အများကြီးမဟုတ်ပေမဲ့၊ ကျွန်မက လူတိုင်းက အလေးထားပြီး အာရုံစိုက်နေတဲ့သူ ဖြစ်လာသလိုလို၊ တခြား ညီအစ်ကိုမောင်နှမတွေနဲ့ မတူတော့သလိုလို ခံစားလိုက်ရတယ်။ ပြီးခဲ့တဲ့နှစ်က တစ်ပတ်အတွင်းမှာ ဆောင်းပါးတချို့ ရေးခဲ့တာနဲ့ မကြာခင်မှာ ကြီးကြပ်ရေးမှူးရဲ့ သတိပြုမိတာကို ခံခဲ့ရပုံကို စဉ်းစားမိတယ်။ ကြီးကြပ်ရေးမှူးက ကျွန်မမှာ စာရေးတဲ့နေရာမှာ ပါရမီရှိတယ်လို့ပြောပြီး စာနဲ့ပတ်သက်တဲ့ တာဝန်ကို ထမ်းဆောင်ဖို့ ခန့်အပ်ခဲ့တယ်။ အခုလဲ ဒေသနာတွေရေးဖို့ လေ့ကျင့်နေခါစမှာပဲ နောက်ထပ် ကြီးကြပ်ရေးမှူးတစ်ယောက်ရဲ့ သတိပြုမိတာကို ခံရပြန်ပြီ။ ကျွန်မ ကိုယ့်ဘာသာကိုယ် တွေးမိတယ်၊ “ငါ ဘယ်သွားသွား အာရုံစိုက်ခံရတာပဲ။ ငါ့မှာ တကယ်ကို စာရေးဖို့အတွက် အစွမ်းအစနဲ့ ပါရမီ ရှိပုံပဲ” လို့ပေါ့။ အဲဒီနောက်မှာ ကျွန်မက တခြားသူတွေနဲ့ မတူဘူးလို့ ခံစားခဲ့ရတယ်။ ကျွန်မ တွေးတယ်၊ “ငါ ကြိုးကြိုးစားစား လေ့ကျင့်ရမယ်၊ ဒေသနာတစ်ခုချင်းစီကို အရင်တစ်ခုထက် ပိုကောင်းအောင်လုပ်ရမယ်၊ အဲဒါမှ အချိန်အနည်းဆုံးနဲ့ စံနှုန်းပြည့်တဲ့ ဒေသနာတွေကို ရေးနိုင်မှာ။ အဲဒီလိုနဲ့ လူတိုင်းက ငါ့ကို ပိုအထင်ကြီးပြီး ပိုတောင် ချီးမွမ်းကြမှာ သေချာတယ်” လို့ပေါ့။ နောက်ပိုင်းမှာ ဒေသနာတွေရေးတဲ့အခါ ကျွန်မ အရမ်းတက်ကြွခဲ့တယ်၊ ဒေသနာနှစ်ပုဒ်ကို ဆက်တိုက်ရေးပြီး ကြီးကြပ်ရေးမှူးဆီ အပ်ခဲ့တယ်။ ကြီးကြပ်ရေးမှူးကလည်း ကျွန်မကိုအားပေးဖို့ မကြာခဏ စာရေးပို့တတ်တယ်၊ စာထဲက စကားလုံးတွေကြားမှာ ကြီးကြပ်ရေးမှူးက ကျွန်မကို ဂရုစိုက်ပြီး တန်ဖိုးထားတာကို သိနိုင်ခဲ့တယ်။ ကျွန်မ စိတ်ထဲမှာ အရမ်းပျော်ပြီးတော့ ကိုယ့်ကိုယ်ကိုယ် ကျေနပ်တဲ့စိတ်နဲ့ အသက်ရှင်ခဲ့တယ်။

သိပ်မကြာလိုက်ဘူး၊ ကျွန်မရေးတဲ့ ဒေသနာနဲ့ပတ်သက်လို့ ရေးထားတဲ့ တုံ့ပြန်ချက်ကို လက်ခံရရှိခဲ့တယ်။ ဖိုင်ကိုဖွင့်ကြည့်လိုက်တော့ ခေါင်းဆောင်တွေ အမှတ်အသားလုပ်ထားတဲ့ ပြဿနာတွေအများကြီး တွေ့ရတယ်။ မိတ်သဟာယပြုတဲ့ နေရာတချို့က မရှင်းလင်းဘူး၊ တချို့နေရာတွေက အကြောင်းအရာနဲ့ လွဲနေတယ်။... ကျွန်မ အရမ်းကို စိတ်ဓာတ်ကျပြီးတော့ စိတ်မချမ်းမသာဖြစ်သွားတယ်။ ကျွန်မ တွေးမိတယ်၊ “ယုတ္တိရှိရှိပြောရရင် ငါ့မှာ စာရေးဖို့အတွက် ပါရမီရှိတာပဲ၊ ငါ့ရဲ့ဒေသနာတွေက တစ်ခါထက်တစ်ခါ ပိုကောင်းလာသင့်တယ်၊ သိသိသာသာ တိုးတက်မှုရှိသင့်တာပေါ့၊ ဒီတော့ ဘာလို့ အခု တိုးတက်မလာဘဲ ဆုတ်ယုတ်သွားရတာလဲ။ ခေါင်းဆောင်တွေက ငါ့ကို ဘယ်လိုထင်သွားမလဲ။ သူတို့ အကဲခတ်မှားပြီး ငါ့မှာ ဒီလိုအစွမ်းအစမျိုး တကယ်မရှိပါလားလို့ ထင်သွားကြမလား” ပေါ့။ ကျွန်မ ဒီလိုတွေးလေလေ၊ ပိုပြီး အပျက်သဘောဆောင်လာလေပဲ၊ ခေါင်းဆောင်တွေ တင်ပြတဲ့ ပြဿနာတွေကို ဆက်ပြီးစဉ်းစားဖို့ စိတ်မပါတော့ဘူး။ ကိုယ့်အခြေအနေ မှားနေပြီဆိုတာကို ကျွန်မ သဘောပေါက်သွားလို့ ဖတ်ဖို့ ဘုရားနှုတ်ကပတ်တော်တွေကို ရှာဖွေခဲ့တယ်၊ အဲဒီမှာ ဒီအပိုဒ်ကို ကျွန်မတွေ့ခဲ့တယ်။ “လူတို့သည် မိမိတို့ကိုယ်ကို အလွန်စုံလင်သည် အလွန်ဂုဏ်ရှိသည်၊ အလွန်မြင့်မြတ်သည် သို့မဟုတ် အခြားသူများနှင့် အလွန်ကွဲပြားခြားနားသည်ဟု မတွေးထင်သင့်ပေ။ ဤအရာအားလုံးသည် လူသား၏ မာနထောင်လွှားသော စိတ်သဘောထားနှင့် မသိနားမလည်ခြင်းတို့အားဖြင့် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ မိမိကိုယ်ကို အများနှင့်မတူဟု အစဉ်တွေးထင်ခြင်းဟူသည်မှာ မာနထောင်လွှားသည့် စိတ်သဘောထားတစ်ခုက ဖြစ်စေသည်။ မိမိတို့၏ အားနည်းချက်များကို ဘယ်သောအခါမျှ လက်မခံနိုင်ခြင်းနှင့် မိမိတို့၏ အမှားများနှင့် ကျရှုံးမှုများကို ဘယ်သောအခါမျှ ရင်မဆိုင်နိုင်ခြင်းသည် မာနထောင်လွှားသော စိတ်သဘောထားမှ အရင်းခံ၏။ အခြားသူများကို မိမိတို့ထက်ပို၍ သာလွန်သွားဖို့ဖြစ်စေ၊ ပိုကောင်းသွားဖို့ဖြစ်စေ မည်သည့်အခါမျှ ခွင့်မပြုပေ။ ဤအရာသည် မာနထောင်လွှားသည့် စိတ်သဘောထားတစ်ခုကြောင့် ဖြစ်သည်။ အခြားသူများ၏ အားသာချက်များကို မိမိတို့ထက်ပို၍ မကျော်စေခြင်း သို့မဟုတ် မသာလွန်စေခြင်း ဖြစ်သည့် ဤအရာသည် မာန ထောင်လွှားသည့် စိတ်သဘောထားတစ်ခုကြောင့် ဖြစ်သည်။ အခြားသူများကို မိမိတို့ထက် ပို၍ကောင်းသော အတွေးအခေါ်များ၊ အကြံပြုချက်များနှင့် အမြင်ရှုထောင့်များ မည်သည့်အခါမျှ ရှိခွင့်မပြု၊ ပြီးလျှင် ၎င်းတို့က အခြားသူများသည် မိမိတို့ထက် ပိုကောင်းသည်ကို တွေ့ရှိလာသည့်အခါတွင်လည်း အပျက်သဘောဆောင်လာကာ စကားပြောဖို့ ဆန္ဒမရှိဘဲ၊ စိတ်သောကရောက်ပြီး စိတ်ပျက် အားလျော့ကာ စိတ်မချမ်းမသာ ဖြစ်လာကြသည်။ ဤအရာများ အားလုံးသည် မာနထောင်လွှားသည့် စိတ်သဘောထားကြောင့် ဖြစ်ပေါ်ခြင်း ဖြစ်သည်။ မာနထောင်လွှားသည့် စိတ်သဘောထားတစ်ခုသည် သင်၏ ဂုဏ်သိက္ခာကို ကာကွယ်တတ်ခြင်းကြောင့် အခြားသူများ၏ အမှားပြုပြင်မှုကို လက်ခံနိုင်စွမ်း မရှိအောင်လုပ်ဆောင်နိုင်သည်။ သင်၏ အားနည်းချက်များကို ထိပ်တိုက်ရင်ဆိုင်နိုင်စွမ်း မရှိအောင် လုပ်ဆောင်နိုင်သည်။ သင်ကိုယ်တိုင်၏ ရှုံးနိမ့်ခြင်းများနှင့် အမှားများကို လက်ခံနိုင်စွမ်း မရှိအောင်လုပ်ဆောင်နိုင်သည်။ ထို့အပြင် တစ်စုံတစ်ယောက်က သင့်ထက် ပိုသာသည့်အခါ ယင်းက သင်၏ စိတ်နှလုံးတွင် အမုန်းတရားနှင့် မနာလိုစိတ်များ ပေါ်ပေါက်စေနိုင်ပြီး သင်သည် ဘောင်ခတ်ခံရနိုင်ပြီး သင်၏တာဝန်ကို ထမ်းဆောင်ဖို့ပင် ဆန္ဒမရှိတော့ဘဲ ထိုတာဝန်ကို ထမ်းဆောင်ရာတွင် ဝတ်ကျေတမ်းကျေ ဖြစ်လာသည်အထိပင် ဖြစ်သည်။ မာနထောင်လွှားသည့် စိတ်သဘောထားတစ်ခုသည် ဤအပြုအမူများနှင့် အလေ့အကျင့်များကို သင်၌ ပေါ်ပေါက်စေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ကျင့်ကြံပြုမူခြင်းတွင် လမ်းပြသင့်သည့် စည်းမျဉ်းများ) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးနောက်မှာ၊ ကျွန်မရဲ့ စုံလင်မှုကို လိုက်စားတာ၊ သူများထက် ထင်ပေါ်ကျော်ကြားချင်တာ၊ ပြီးတော့ ကိုယ့်ပြဿနာတွေအပေါ် ခေါင်းဆောင်တွေရဲ့ လမ်းညွှန်မှုကို လက်မခံနိုင်တာတွေဟာ မာနထောင်လွှားတဲ့ စိတ်သဘောထားရဲ့ ချုပ်ကိုင်တာကို ခံရလို့ဖြစ်မှန်း သဘောပေါက်သွားတယ်။ ကျွန်မရေးတဲ့ ဒေသနာတွေ အရွေးခံရပြီး ကြီးကြပ်ရေးမှူးက ကျွန်မမှာ အစွမ်းအစရှိတယ်လို့ ပြောတာကို ကြားတဲ့အခါ ကျွန်မ စိတ်ကြီးဝင်လာပြီး ပြီးတော့ ကိုယ့်ကိုယ်ကိုယ် သာမန်လူတစ်ယောက်မဟုတ်ဘဲ အစွမ်းအစနဲ့ စာရေးဖို့အတွက် ပါရမီရှိတဲ့သူလို့ ထင်မှတ်သွားခဲ့တယ်။ ကိုယ်ရေးတဲ့ ဒေသနာတွေက သူများတွေထက် ပိုကောင်းရမယ်လို့ ကိုယ့်ကိုယ်ကိုယ် တောင်းဆိုစပြုလာတယ်၊ ပြီးတော့ ပြဿနာတွေ အများကြီး မရှိသင့်ဘူး၊ အဲဒီလိုဖြစ်မှသာ စာရေးတဲ့ပါရမီရှင်ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ထိုက်တန်မယ်လို့ ခံစားခဲ့ရတယ်။ ဒါကြောင့် ဆုတ်ယုတ်မှုတွေ ကြုံရတိုင်း ကျွန်မ အပျက်သဘောဆောင်လာပြီး ကိုယ့်ကိုယ်ကိုယ် မှန်မှန်ကန်ကန် မရှုမြင်နိုင်တော့ဘူး။ တကယ်တော့ ရေးထားတဲ့ ဒေသနာတွေမှာ ပြဿနာရှိတာက အရမ်းပုံမှန်ပါပဲ၊ ဒီတာဝန်ကို စထမ်းဆောင်တဲ့အချိန်မှာ အရာအားလုံးကို သိပြီး အကုန်လုပ်နိုင်ဖို့၊ အမှားတစ်စက်မှ မလုပ်မိဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ။ ကိုယ့်ကိုယ်ကိုယ် အဲဒီလိုတောင်းဆိုတာက လက်တွေ့မကျဘူး။ ဒါ့အပြင် ခေါင်းဆောင်တွေက ကျွန်မရဲ့ပြဿနာတွေကို ထောက်ပြတာက ကိုယ့်ရဲ့ အားနည်းချက်တွေကို ရှာဖွေတွေ့ရှိပြီး အဲဒါတွေကို ပြုပြင်ဖို့ သင်ယူရင်းနဲ့ တိုးတက်လာအောင် ကူညီပေးဖို့ပါပဲ။ ဒါပေမဲ့ ဆုတ်ယုတ်မှုကြုံရတဲ့အခါ ကျွန်မ အပျက်သဘောဆောင်လာပြီး ကိုယ့်ရဲ့အားနည်းချက်တွေကို မှန်မှန်ကန်ကန် မရင်ဆိုင်နိုင်ခဲ့ဘူး။ ကျွန်မ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းခဲ့တယ်၊ တကယ်ကို မာနထောင်လွှားခဲ့တာပဲ။ ဒီအကြောင်းကို စဉ်းစားပြီးတဲ့နောက်မှာတော့ ခေါင်းဆောင်တွေရဲ့ လမ်းညွှန်မှုနဲ့ အကူအညီကို ကျွန်မ လက်ခံလိုစိတ်ရှိလာတယ်၊ ပြီးတော့ ဒီလို သွေဖည်မှုတွေနဲ့ အမှားတွေ ထပ်မဖြစ်အောင် ဒေသနာတွေရေးတဲ့အခါ သက်ဆိုင်ရာ သမ္မာတရား စည်းမျဉ်းတွေကို ရှာဖွေစဉ်းစားဖို့ အာရုံစိုက်ခဲ့တယ်။

အဲဒီနောက်မှာတော့ ကျွန်မ စိတ်ကိုတည်ငြိမ်အောင်ထားပြီး ဆီလျော်တဲ့ စည်းမျဉ်းတွေကို လေ့လာခဲ့တယ်၊ လေ့လာနေတုန်းမှာလည်း အချက်တချို့ကို နားလည်နိုင်ခဲ့တယ်။ ဒါပေမဲ့ တကယ်တမ်းရေးတဲ့အခါမှာတော့ အခက်အခဲတချို့ ရှိနေတုန်းပဲ၊ စံနှုန်းပြည့်တဲ့ ဒေသနာတစ်ပုဒ်ရေးဖို့ဆိုတာ မလွယ်ဘူးလို့ ခံစားခဲ့ရတယ်။ အချိန်တွေ တစ်စက္ကန့်ချင်း ကုန်ဆုံးသွားတာကို ကြည့်ရင်းနဲ့ ကျွန်မမှာ ဘာအတွေးမှ ထွက်မလာသေးတာကို တွေ့တော့ စိတ်ဓာတ်ကျစပြုလာပြီး ကိုယ့်ဘာသာကိုယ် တွေးမိတယ်၊ “ငါသာ ဒေသနာကောင်းတစ်ပုဒ် မရေးနိုင်ရင် ဘယ်လိုလုပ်မလဲ။ ခေါင်းဆောင်တွေက ငါ့ကို ဘယ်လိုမြင်သွားမလဲ။ ‘ချောင်ရှင်းရဲ့ အစွမ်းအစက တကယ်ကို ညံ့တာပဲ၊ သမ္မာတရားကိုလည်း သူနားမလည်ဘူးပဲ’ လို့ ပြောကြမလား” ပေါ့။ ဒီလိုတွေးမိတော့ ကျွန်မ စိုးရိမ်လာတယ်၊ နောက်တစ်ခါ လေ့လာတဲ့အခါမှာလည်း စိတ်တွေက လွင့်နေခဲ့တယ်၊ ပြီးတော့ အိပ်ငိုက်နေတုန်းပဲ။ ညအိပ်တဲ့အခါမှာလည်း သက်ပြင်းမချဘဲ မနေနိုင်ဘူး၊ လူးလှိမ့်နေပြီး မအိပ်နိုင်ခဲ့ဘူး။ ကိုယ့်ပုံရိပ်ကို ပြန်ဆယ်နိုင်ဖို့ လူတိုင်းကိုပြနိုင်အောင် ဒေသနာ ကောင်းကောင်းတစ်ပုဒ်ကို မြန်မြန်ရေးချင်ခဲ့တယ်။ ဒါပေမဲ့ ကောင်းကောင်းရေးဖို့ စဉ်းစားလေလေ၊ စိတ်ဖိစီးမှုက ပိုများလေပဲ။ နောက်နေ့မနက် နိုးလာတော့ လူက အားမရှိသလို ခံစားနေရပြီး ခေါင်းကိုက်စပြုလာတယ်။ တစ်နေကုန် စဉ်းစားခဲ့ပေမဲ့ ဘာစိတ်ကူးမှ ထွက်မလာခဲ့ဘူး၊ အသက်ရှူရခက်လောက်အောင် လေးလံတဲ့ ကျောက်တုံးကြီးတစ်တုံးက ဖိနေသလိုပဲ ခံစားရတယ်။ ကျွန်မနဲ့ ပူးပေါင်းဆောင်ရွက်တဲ့ အစ်မက ကျွန်မနဲ့အတူ စည်းမျဉ်းတွေကို လေ့လာချင်ခဲ့ပေမဲ့ ကျွန်မမှာ စိတ်မပါခဲ့ဘူး။

နောက်ပိုင်းမှာတော့ ပြီးခဲ့တဲ့ နှစ်ရက်လောက်က ကျွန်မဖြစ်နေတဲ့ အခြေအနေအကြောင်းကို သူ့ဆီ ကျွန်မ ဖွင့်ဟလိုက်တယ်၊ သူက ကျွန်မကို ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ် ဖတ်ပြခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “စာတန်သည် လူတို့၏ အတွေးများကို ထိန်းချုပ်ရန်အတွက် ကျော်ကြားမှုနှင့် အကျိုးအမြတ်ကို အသုံးပြုပြီး လူတို့အား ဤအရာနှစ်ခုမှလွဲ၍ အခြားမည်သည့်အရာကိုမျှ မတွေးစေရန် လုပ်ဆောင်သည်။ ကျော်ကြားမှုနှင့် အကျိုးအမြတ်အတွက် ရုန်းကန်စေသည်။ ကျော်ကြားမှုနှင့် အကျိုးအမြတ်အတွက် ဒုက္ခခံစေသည်။ ကျော်ကြားမှုနှင့် အကျိုးအမြတ်အတွက် အရှက်ရခြင်းကို သည်းခံပြီး လေးလံသောဝန်ထုပ်ဝန်ပိုးများကို ခံယူစေသည်။ ကျော်ကြားမှုနှင့် အကျိုးအမြတ်အတွက် အရာရာတိုင်းကို စတေးစေသည်။ အကဲဖြတ်ချက်၊ သို့မဟုတ် ဆုံးဖြတ်ချက်တိုင်းကို ကျော်ကြားမှုနှင့် အကျိုးအမြတ်အတွက် ပြုလုပ်စေသည်။ ဤသို့ဖြင့် စာတန်သည် လူတို့အပေါ် မမြင်ရသော အချုပ်အနှောင်များထားရှိသည်။ လူတို့အပေါ်တွင် ဤအချုပ်အနှောင်များရှိသဖြင့် ၎င်းတို့သည် ချိုးဖျက်လွတ်မြောက်ရန် အရည်အချင်း၊ သို့မဟုတ် အစွမ်းသတ္တိလည်းမရှိပေ။ ၎င်းတို့သည် သတိမထားမိဘဲ ကြီးမားသော အခက်အခဲဖြင့် တစ်ဆင့်ချင်း လေးလံစွာ လျှောက်လှမ်းလျက် ဤအချုပ်အနှောင်များကို ထမ်းပိုးထားရသည်။ ဤကျော်ကြားမှုနှင့် အကျိုးအမြတ်အတွက် အလို့ငှာ၊ လူသားမျိုးနွယ်သည် ဘုရားသခင်ထံမှ သွေဖည်၍၊ ကိုယ်တော်အား သစ္စာဖောက်ပြီး၊ တိုး၍ ဆိုးယုတ် လာကြသည်။ ဤနည်းဖြင့် မျိုးဆက်တစ်ခုပြီး တစ်ခုသည် စာတန်၏ ကျော်ကြားမှုနှင့် အကျိုးအမြတ် အကြားတွင် ဖျက်ဆီးခံကြရ၏။ စာတန်၏ လုပ်ဆောင်မှုတို့ကို ယခု ကြည့်သည့်အခါ၊ ၎င်း၏ မသိမသာဖြင့် အန္တရာယ်ရှိသော ရည်ရွယ်ချက်တို့သည် လုံးဝ မုန်းတီးဖွယ်ကောင်းသည် မဟုတ်လော။ သင်တို့သည် ကျော်ကြားမှုနှင့် အမြတ်အစွန်း မပါလျှင် အသက်မရှင်နိုင်ဟု ထင်သည့်အတွက်ကြောင့်၊ စာတန်၏ အန္တရာယ်ရှိသော ရည်ရွယ်ချက်တို့ကို ယနေ့တွင် မြင်ကောင်း မြင်နိုင်ကြမည် မဟုတ်ပေ။ လူတို့သည် ကျော်ကြားမှုနှင့် အမြတ်အစွန်းကို ချန်ထားခဲ့မည်ဆိုလျှင်၊ ၎င်းတို့အနေဖြင့် ရှေ့ခရီးလမ်းကို မြင်နိုင်တော့မည် မဟုတ်၊ ၎င်းတို့၏ ပန်းတိုင်များကို မြင်နိုင်တော့မည်မဟုတ်၊ ၎င်းတို့၏ အနာဂတ်သည်လည်း မှေးမှိန် မှောင်မိုက်လာမည်ဟု ထင်ကြ၏။ သို့ရာတွင် ကျော်ကြားမှုနှင့် အမြတ်အစွန်း ဟူသည် စာတန်က လူသားကို ချည်နှောင်ရန် အသုံးပြုသည့် ကြောက်မက်ဖွယ် ကောင်းသော အချုပ်အနှောင်များ ဖြစ်သည် ဆိုသည်ကို သင်တို့ အားလုံးသည် တစ်နေ့တွင် တဖြည်းဖြည်းဖြင့် သိမြင်လာကြလိမ့်မည်။ ထိုနေ့ရောက်သောအခါ၊ သင်သည် စာတန်၏ ထိန်းချုပ်မှုကို လုံးလုံးလျားလျား ခုခံမည်ဖြစ် သကဲ့သို့၊ စာတန်က သင့်အား ချည်နှောင်ရန် အသုံးပြုသည့် အချုပ်အနှောင်များကိုလည်း လုံးလုံးလျားလျား ခုခံလိမ့်မည်။ စာတန်က သင်၌ သွတ်သွင်းထားသော အရာအားလုံးကို သင်လွှင့်ပစ်ချင်သည့် အချိန်ကျသည့်အခါ၊ သင်သည် စာတန်နှင့် ပြတ်ပြတ်သားသား လမ်းခွဲလိမ့်မည်ဖြစ်ကာ၊ စာတန်က သင့်ထံသို့ ယူဆောင်လာသော အရာအားလုံးကိုလည်း အမှန်ပင် ရွံရှာမုန်းတီး လိမ့်မည် ဖြစ်သည်။ ထိုအချိန်တွင်မှ လူသားမျိုးနွယ်သည် ဘုရားသခင် အတွက် စစ်မှန်သည့် ချစ်ခြင်းနှင့် တမ်းတခြင်း ရှိလိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၆)) ဘုရားနှုတ်ကပတ်တော်ကို နားထောင်ပြီးတဲ့နောက်မှာ ကျွန်မရဲ့ နှလုံးသားက ရုတ်တရက် ပိုလင်းလက်သွားသလို ခံစားလိုက်ရတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ကျွန်မရင်ထဲမှာ ခံစားနေရတဲ့ ဖိနှိပ်ခံစားချက်ဟာ ကျော်ကြားမှု၊ အကျိုးအမြတ်နဲ့ အဆင့်အတန်းတွေရဲ့ ဘောင်ခတ်ချုပ်နှောင်တာကို ခံနေရလို့ပဲဆိုတာ သဘောပေါက်သွားတယ်။ အစပိုင်းမှာ ကြီးကြပ်ရေးမှူးက ကျွန်မမှာ အစွမ်းကောင်းတယ်၊ ရေးတဲ့ဟောပြောချက်တွေက တော်တော်ကောင်းတယ်လို့ ပြောခဲ့တယ်။ ကျွန်မ ကိုယ့်ကိုယ်ကိုယ် ကျေနပ်လာပြီး စာရေးတဲ့နေရာမှာ ထူးခြားတဲ့ပါရမီရှိတယ်လို့ ခံစားခဲ့ရတယ်၊ ဒါကြောင့် တခြားသူတွေရဲ့ ချီးမွမ်းတာနဲ့ အထင်ကြီးတာတွေကိုရဖို့ မျှော်လင့်ပြီးတော့ ဒေသနာတွေရေးတဲ့နေရာမှာ ပိုအားစိုက်ထုတ်ခဲ့တယ်။ ဒါပေမဲ့ ကျွန်မရေးခဲ့တဲ့ ဒေသနာနှစ်ပုဒ်မှာ ပြဿနာတွေအများကြီး ထောက်ပြခံရတဲ့အခါ တခြားသူတွေက ကျွန်မကို အထင်သေးမှာ၊ အစွမ်းအစနဲ့ ပါရမီရှိတဲ့သူတစ်ယောက်အဖြစ် မမြင်တော့မှာကို စိုးရိမ်ခဲ့တယ်၊ ဒါကြောင့် ခေါင်းဆောင်တွေ ထောက်ပြတဲ့ ပြဿနာတွေကို စိတ်တည်ငြိမ်အောင်ထားပြီး မစဉ်းစားနိုင်ခဲ့ဘူး၊ ကိုယ့်ရဲ့လိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့ စည်းမျဉ်းတွေကိုလည်း မလေ့လာခဲ့ဘူး၊ သမ္မာတရားကိုလည်း မရှာဖွေခဲ့ဘူး။ ကိုယ့်ပုံရိပ်ကို ပြန်ဆယ်ဖို့ ဒေသနာ ကောင်းကောင်းတစ်ပုဒ်ကို အမြန်ပဲရေးချင်ခဲ့တယ်။ ဒါပေမဲ့ ကျွန်မ စိတ်လောလေလေ၊ စိတ်ကူးတွေ နည်းလာလေလေပဲ၊ ကျွန်မရဲ့ အတွေးတွေက ပိုပိုပြီးတော့ မှုန်ဝါးလာတယ်၊ တစ်နေကုန် အလုပ်လုပ်ပြီးတာတောင် ဘာမှတိုးတက်မှု မရှိခဲ့ဘူး။ ကျွန်မ မှတ်မိသေးတယ်၊ အစပိုင်း တရားဒေသနာတွေ စရေးတုန်းက အခက်အခဲတွေ အများကြီးရှိခဲ့ပေမဲ့ ကျွန်မမှာ ဘုရားသခင်ကို အားကိုးတဲ့ ဖြူစင်တဲ့ စိတ်နှလုံးတစ်ခုရှိခဲ့တယ်။ သက်ဆိုင်ရာ ဘုရားနှုတ်ကပတ်တော်တွေကို စဉ်းစားဖို့ စစ်မှန်စွာ လေ့လာပြီး ရှာဖွေခဲ့တယ်၊ ဘုရားသခင်ကလည်း ကျွန်မကို ဉာဏ်အလင်းပေးပြီး လမ်းပြခဲ့တယ်၊ ဒါကြောင့် ရေးတဲ့အခါမှာ စိတ်ကူးတချို့ ရခဲ့တယ်။ ဒါပေမဲ့ အခုတော့ ကျွန်မတွေးသမျှက ကိုယ့်ရဲ့မာနနဲ့ အဆင့်အတန်းအကြောင်းချည်းပဲ၊ သူများမျက်စိထဲမှာ ပုံရိပ်ကောင်းတစ်ခုကို ထိန်းသိမ်းဖို့ ကြိုးစားနေတဲ့ အတွေးတွေကြောင့် ကျွန်မ စားလို့မဝင် အိပ်လို့မပျော်ဖြစ်ခဲ့ရတယ်၊ ခေါင်းမူးခေါင်းကိုက်ဖြစ်စေတယ်၊ ပြီးတော့ တရားဒေသနာရေးတဲ့အပေါ်မှာ အာရုံစိုက်လို့မရအောင် ဖြစ်စေခဲ့တယ်။ ကျွန်မရဲ့ စိတ်နှလုံးက ကျော်ကြားမှုနဲ့ အကျိုးအမြတ်တွေရဲ့ ထိန်းချုပ်တာကို လုံးဝ ခံခဲ့ရတယ်။ ဒီအခြေအနေကိုသာ ကျွန်မ မပြောင်းလဲရင်၊ အမှောင်ထုနဲ့ သည်းမခံနိုင်တဲ့ နာကျင်မှုတွေကြားမှာပဲ ဆက်အသက်ရှင်နေရမှာဖြစ်ပြီး အချိန်ကြာလာတာနဲ့အမျှ သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ အလုပ်ကို ဆုံးရှုံးသွားမယ်၊ ဒီတာဝန်ကိုတောင် ဆုံးရှုံးသွားနိုင်တယ်။ အဲဒီနောက်မှာ ဘုရားသခင်ဆီ ကျွန်မ ဆုတောင်းခဲ့တယ်၊ “အို ဘုရားသခင်၊ သမီး ဂုဏ်နဲ့ အဆင့်အတန်းကို လိုက်စားနေတဲ့ အခြေအနေမျိုးမှာ အသက်မရှင်ချင်တော့ပါဘူး၊ ဒါပေမဲ့ ဒါကို ဘယ်လိုဖြေရှင်းရမလဲဆိုတာ သမီးမသိဘူး။ ဒီမှားယွင်းတဲ့ အခြေအနေကနေ သမီးထွက်မြောက်ပြီး ကိုယ့်တာဝန်ကို ကောင်းကောင်းထမ်းဆောင်နိုင်ဖို့အတွက် ကျေးဇူးပြုပြီး ဉာဏ်အလင်းပေး လမ်းပြတော်မူပါ” လို့ပေါ့။

နောက်နေ့မနက်မှာ အစ်မက ကျွန်မကို ဘုရားနှုတ်ကပတ်တော် အပိုဒ်တချို့ ဖတ်ပြခဲ့တယ်၊ အဲဒီထဲက အပိုဒ်တစ်ပိုဒ်က ကျွန်မကို အများကြီး အထောက်အကူပြုခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “လူတစ်ဦးသည် သူ၏ တာဝန်၌ အချို့သောရလဒ်များ ရရှိနိုင်ခြင်းကြောင့် မိမိကိုယ်ကို အထင်ကြီးခြင်းသည် မကောင်းကြောင်း လူတိုင်းသိသည်။ သို့ဆိုလျှင် လူတို့က အဘယ့်ကြောင့် မိမိကိုယ်ကို အထင်ကြီးတတ်ကြသေးသနည်း။ တစ်ခုမှာ လူတို့၏ မာနထောင်လွှားမှုနှင့် ပေါ့ပျက်ပျက်နေခြင်းတို့ကြောင့်ဖြစ်သည်။ အခြားအကြောင်းပြချက်များ ရှိသေးသလော။ (ယင်းမှာ ဤရလဒ်များရရှိရန် သူတို့ကို ပို့ဆောင်ပေးသူမှာ ဘုရားသခင်ဖြစ်ကြောင်း လူတို့ သဘောမပေါက်ကြသောကြောင့် ဖြစ်သည်။ သူတို့သည် ချီးကျူးမှုအလုံးစုံနှင့် ထိုက်တန်ပြီး အရင်းအနှီးကို ပိုင်ဆိုင်ထားသည်ဟု ထင်သောကြောင့် သူတို့ကိုယ်သူတို့ အထင်ကြီးကြခြင်းဖြစ်သည်။ အမှန်တွင် ဘုရားသခင်၏ အလုပ်မပါဘဲ လူတို့သည် ဘာမျှ မလုပ်နိုင်သော်လည်း ယင်းကို မမြင်နိုင်ကြချေ။) ဤပြောဆိုချက်သည် မှန်ကန်ပြီး ပြဿနာ၏ အချက်အချာလည်း ဖြစ်သည်။ အကယ်၍ လူတို့သည် ဘုရားသခင်ကိုမသိ၊ သူတို့ကို အလင်းပေးမည့် သန့်ရှင်းသော ဝိညာဉ်တော်ကို မရရှိလျှင် သူတို့သည် မည်သည့်အရာကိုမဆို တတ်စွမ်းနိုင်သည်ဟု အမြဲတမ်း ထင်နေကြလိမ့်မည်။ ထို့ကြောင့် သူတို့၌ အရင်းအနှီးကို ပိုင်ဆိုင်ထားပါက မာနထောင်လွှားလာပြီး ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလာနိုင်သည်။ သင်တို့၏တာဝန်ကို ထမ်းဆောင်နေစဉ်တွင် သင်တို့သည် ဘုရားသခင်၏ လမ်းညွှန်မှုနှင့် သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်းကို ခံစားမိနိုင်ကြသလော။ (သတိပြုမိနိုင်ပါသည်။) အကယ်၍ သင်သည် သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ကို ခံစားမိနိုင်သည့်တိုင် သင့်ကိုယ်သင် အထင်ကြီးနေသေးကာ စစ်မှန်မှုကို ပိုင်ဆိုင်သည်ဟု ယူဆပါက ဤနေရာတွင် ဘာဖြစ်နေသနည်း။ (ကျွန်ုပ်တို့ တာဝန်ကို ကျွန်ုပ်တို့ ထမ်းဆောင်ခြင်းသည် အသီးအပွင့်အချို့ ဖြစ်ထွန်းသည့်အခါ ဂုဏ်ပြုခြင်းတစ်ဝက်သည် ဘုရားသခင်နှင့် သက်ဆိုင်ပြီး တစ်ဝက်က ကျွန်ုပ်တို့နှင့် သက်ဆိုင်သည်ဟု ထင်မြင်ကြမည်။ ထို့နောက်တွင် ကျွန်ုပ်တို့၏ ပူးပေါင်းဆောင်ရွက်ခြင်းထက် သာ၍ အရေးကြီးသည့်အရာ မရှိဟုလည်းကောင်း၊ ထိုအရာမပါဘဲ ဘုရားသခင်၏ ဉာဏ်အလင်းပေးခြင်းသည်လည်း မဖြစ်နိုင်ဟုလည်းကောင်း တွေးထင်လျက် ကျွန်ုပ်တို့၏ ပူးပေါင်းဆောင်ရွက်ခြင်းကို အကန့်အသတ်မရှိသော အတိုင်းအတာတစ်ခုအထိ ပုံကြီးချဲ့ကြသည်။) သို့ဆိုလျှင် ဘုရားသခင်သည် သင့်ကို အဘယ့်ကြောင့် ဉာဏ်အလင်းပေးသနည်း။ ဘုရားသခင်သည် အခြားသူများကိုရော ဉာဏ်အလင်းပေး၍ ရနိုင်သလော။ (ရနိုင်ပါသည်။) ဘုရားသခင်သည် တစ်စုံတစ်ဦးကို ဉာဏ်အလင်းပေးသည့်အခါ ယင်းက ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် ဖြစ်သည်။ ပြီးလျှင် သင်၏အပိုင်းတွင် အနည်းငယ်သော ထိုပူးပေါင်းဆောင်ရွက်ခြင်းက အဘယ်နည်း။ ယင်းမှာ သင် နာမည်ကောင်းရဖို့ ထိုက်တန်သည့် အရာတစ်ခုဖြစ်သလော။ သို့မဟုတ် ယင်းမှာ သင်၏တာဝန်နှင့် ဝတ္တရားဖြစ်သလော။ (ယင်းသည် ကျွန်ုပ်တို့၏ တာဝန်နှင့် ဝတ္တရားတို့ ဖြစ်ပါသည်။) ယင်းသည် သင်တို့၏ တာဝန်နှင့် ဝတ္တရားဖြစ်သည်ဟု သင် သတိပြုမိသည့်အခါ သင်သည် မှန်ကန်သော စိတ်နေစိတ်ထားရှိပြီး ယင်းအတွက် နာမည်ကောင်းယူဖို့ ကြိုးစားလိမ့်မည် မဟုတ်ချေ။ အကယ်၍ သင်သည် ‘ဤသည်မှာ ကျွန်ုပ်၏ ကူညီထောက်ပံ့မှုဖြစ်သည်။ ဘုရားသခင်၏ ဉာဏ်အလင်းပေးခြင်းသည် ကျွန်ုပ်၏ ပူးပေါင်းဆောင်ရွက်ခြင်း မရှိဘဲ ဖြစ်နိုင်ခဲ့မည်လော။ ဤလုပ်ငန်းသည် လူ၏ ပူးပေါင်းဆောင်ရွက်ခြင်းကို လိုအပ်သည်။ အောင်မြင်မှုအများစုသည် ကျွန်ုပ်တို့၏ ပူးပေါင်းဆောင်ရွက်ခြင်းကြောင့်သာ ဖြစ်သည်’ ဟု အစဉ်အမြဲ ထင်မှတ်ပါက၊ သင်မှားယွင်းပေသည်။ သန့်ရှင်းသော ဝိညာဉ်တော်က သင့်အား ဉာဏ်အလင်းမပေးခဲ့ပါက၊ မည်သူကမျှ သမ္မာတရား စည်းမျဉ်းများကို သင့်ထံ မိတ်သဟာယမပြုခဲ့ပါက သင် မည်သို့ ပူးပေါင်းဆောင်ရွက်နိုင်မည်နည်း။ ဘုရားသခင် တောင်းဆိုသည့်အရာကို သင် သိမည်မဟုတ်သကဲ့သို့ လက်တွေ့လုပ်ဆောင်မှုလမ်းကြောင်းကိုလည်း သင် သိမည် မဟုတ်ပေ။ သင်သည် ဘုရားသခင်ကို ကျိုးနွံနာခံပြီး ပူးပေါင်းဆောင်ရွက်လိုလျှင်ပင် မည်သို့ပြုရမည်ကို သင် သိမည်မဟုတ်ပေ။ သင်၏ ဤ ‘ပူးပေါင်းဆောင်ရွက်ခြင်း’ သည် အနှစ်မဲ့သော စကားများသာ မဟုတ်လော။ စစ်မှန်သော ပူးပေါင်းဆောင်ရွက်ခြင်းမရှိဘဲ သင်သည် သင်၏ကိုယ်ပိုင် အကြံဉာဏ်များအတိုင်း ပြုမူဆောင်ရွက်နေခြင်းသာ ဖြစ်ပေသည်။ ထိုအခြေအနေတွင် သင်ထမ်းဆောင်သည့် တာဝန်သည် စံနှုန်းမီသလော။ လုံးဝမမီပေ၊ ယင်းက လက်ရှိအရေးကိစ္စကို ရည်ညွှန်းပေသည်။ အရေးကိစ္စမှာ အဘယ်နည်း။ လူတစ်ယောက်က မည်သည့်တာဝန်ကို ထမ်းဆောင်ပါစေ သူသည် ရလဒ်များရရှိခြင်း၊ တာဝန်ကို စံနှုန်းနှင့် ကိုက်ညီစွာ ထမ်းဆောင်ခြင်း၊ ဘုရားသခင်၏ လက်ခံမှုကို ရရှိခြင်းရှိမရှိသည် ဘုရားသခင်၏ လုပ်ရပ်များအပေါ်တွင် မူတည်သည်။ သင်သည် သင့်တာဝန်ဝတ္တရားများကို ထမ်းဆောင်လျှင်ပင် ဘုရားသခင်က အလုပ်မလုပ်လျှင်၊ ဘုရားသခင်က သင့်အား ဉာဏ်အလင်းဖွင့်ပြပြီး လမ်းမပြလျှင် သင်၏ လမ်းကြောင်း၊ သင်၏ ဦးတည်ချက်၊ သို့မဟုတ် သင်၏ ပန်းတိုင်များကို သိမည်မဟုတ်ပေ။ အဆုံးတွင် မည်သည့်ရလဒ်ကို ရရှိသနည်း။ ထိုအချိန်တစ်လျှောက်လုံး ပင်ပန်းစွာလုပ်ဆောင်ပြီးနောက် သင်သည် သင်၏တာဝန်ကို လက်သင့်ခံနိုင်သော နည်းလမ်းဖြင့် ထမ်းဆောင်ပြီးဖြစ်မည် မဟုတ်သကဲ့သို့ သမ္မာတရားနှင့် အသက်ကိုလည်း ရရှိပြီးဖြစ်မည်မဟုတ်ပေ။ အားလုံးက အချည်းနှီးသာ ဖြစ်လိမ့်မည်။ ထို့ကြောင့် သင်၏တာဝန်က စံနှုန်းနှင့်ညီစွာ ထမ်းဆောင်ခြင်း၊ သင်၏ ညီအစ်ကိုမောင်နှမများကို ပြုပြင်တည်ဆောက်ပေးခြင်း၊ ဘုရားသခင်၏ လက်ခံမှုကို ရရှိခြင်းအားလုံးသည် ဘုရားသခင်အပေါ်တွင် မူတည်သည်။ လူများသည် ၎င်းတို့ ကိုယ်တိုင်ကိုယ်ကျ တတ်နိုင်စွမ်းသည့် အရာများ၊ ၎င်းတို့ လုပ်ဆောင်သင့်သည့် အရာများ၊ ၎င်းတို့၏ ပင်ကိုစွမ်းရည်များအတွင်း ရှိသည့် အရာများကိုသာ လုပ်ဆောင်နိုင်သည်။ ထို့ထက်ပို၍ မည်သည့်အရာမျှ မလုပ်ဆောင်နိုင်ပါ။ ထို့နောက် အဆုံးတွင် သင့်တာဝန်များကို ထိရောက်သောပုံစံဖြင့် ထမ်းဆောင်ခြင်းသည် ဘုရားနှုတ်ကပတ်တော်များ၏ လမ်းပြမှုနှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းဖွင့်ပြမှုနှင့် ခေါင်းဆောင်မှုအပေါ်တွင် မူတည်သည်။ သို့မှသာ သင်သည် သမ္မာတရားကို နားလည်နိုင်ပြီး သင့်အား ဘုရားသခင် ပေးသောလမ်းကြောင်းနှင့် သူ သတ်မှတ်ထားသော စည်းမျဉ်းများနှင့်အညီ ဘုရားသခင်၏ စေခိုင်းချက်ကို ပြီးမြောက်စေနိုင်သည်။ ဤသည်မှာ ဘုရားသခင်၏ ကျေးဇူးတော်နှင့် ကောင်းချီးမင်္ဂလာဖြစ်ပြီး ယင်းကို လူတို့ မမြင်နိုင်ပါက သူတို့သည် မျက်ကန်းနေကြသည်။ ဘုရားသခင်၏အိမ်တော်သည် မည်သည့်အလုပ်မျိုးကို လုပ်သည်ဖြစ်စေ ရလဒ်က ဘာဖြစ်သင့်သနည်း။ ယင်းတို့ထဲမှ တစ်ခုမှာ ဘုရားသခင်အား သက်သေခံပြီး ဘုရားသခင်၏ ဧဝံဂေလိတရားကို ဖြန့်ဝေရန်ဖြစ်သင့်ကာ အခြားတစ်ပိုင်းက ညီအစ်ကို မောင်နှမများအတွက် တည်ဆောက်ပေးရန်နှင့် အကျိုးပြုရန် ဖြစ်သင့်သည်။ ဘုရားအိမ်တော်၏အလုပ်သည် နယ်ပယ်နှစ်ခုစလုံးတွင် ရလဒ်များရရှိရန် ကြိုးပမ်းသင့်သည်။ ဘုရားအိမ်တော်၌ သင်သည် မည်သည့်တာဝန်ကို ထမ်းဆောင်ရသည်ဖြစ်စေ ဘုရားသခင်၏ လမ်းညွှန်မှုမပါဘဲ ရလဒ်များ ရရှိနိုင်သလော။ လုံးဝ မရရှိနိုင်ပေ။ ဘုရားသခင်၏ လမ်းညွှန်မှုမရှိလျှင် သင်လုပ်သောအရာသည် အခြေခံအားဖြင့် အသုံးမဝင်ဟု ဆိုနိုင်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ကျင့်ကြံပြုမူခြင်းတွင် လမ်းပြသင့်သည့် စည်းမျဉ်းများ) ဘုရားနှုတ်ကပတ်တော်ကို ဖတ်ပြီးတဲ့နောက်မှာ၊ “စာရေးတဲ့နေရာမှာ ထူးခြားတဲ့ပါရမီရှိတယ်” ဆိုတဲ့ တံဆိပ်ကို ကျွန်မ မဖယ်ရှားနိုင်ခဲ့တာက ဒေသနာတွေရေးတဲ့နေရာမှာ ထိရောက်တာတွေအားလုံးက ကိုယ့်ကြောင့်ပဲလို့ သတ်မှတ်ခဲ့လို့ပဲဆိုတာကို သဘောပေါက်သွားတယ်။ ကိုယ့်ရဲ့ ကောင်းတဲ့ အစွမ်းအစ၊ စာရေးတဲ့ပါရမီ၊ ပြီးတော့ စဉ်းစားသုံးသပ်ရင်း အဖိုးအခပေး ကြိုးစားအားထုတ်တာတွေကြောင့်သာ ဒီရလဒ်တွေ ထွက်ပေါ်လာတာလို့ ကျွန်မ ထင်ခဲ့တယ်။ တကယ်တော့ ရေးနေတဲ့အချိန်မှာ ကျွန်မ မကြာခဏ အခက်အခဲတွေ့ခဲ့ရပြီး ဘုရားသခင်ဆီ ဆုတောင်းတာ၊ သက်ဆိုင်ရာ သမ္မာတရားတွေကို စဉ်းစားသုံးသပ်တာ၊ ပြီးတော့ ဘုရားသခင်ရဲ့ ဉာဏ်အလင်းပေးမှုနဲ့ လမ်းပြမှုကို လက်ခံရရှိခဲ့လို့သာ ကျွန်မမှာ စိတ်ကူးလေး နည်းနည်းရခဲ့တာပါ။ ဒါပေမဲ့ အဲဒီနောက်မှာ တခြားသူတွေက ချီးမွမ်းအားပေးတဲ့ စကားလေးနည်းနည်း ပြောလိုက်တာနဲ့၊ ကျွန်မ စိတ်ကြီးဝင်သွားခဲ့တယ်၊ ဒါတွေအားလုံးက ကိုယ့်ရဲ့အောင်မြင်မှုပဲလို့ ထင်ပြီး ကိုယ့်ကိုယ်ကိုယ် “အစွမ်းအစကောင်းပြီး စာရေးတဲ့ပါရမီရှိတယ်” ဆိုပြီး ကိုယ့်ကိုယ်ကိုယ် တံဆိပ်တောင် ကပ်ခဲ့တယ်၊ ပြီးတော့ ကိုယ့်ရဲ့ အဖြစ်မှန်ကို ကိုယ်မမြင်နိုင်ခဲ့ဘူး။ အမှန်တော့ တာဝန်တစ်ခုကို ကောင်းကောင်းထမ်းဆောင်နိုင်ခြင်း ရှိမရှိဆိုတာက တစ်ပိုင်းတစ်စအားဖြင့် တာဝန်ရဲ့စည်းမျဉ်းတွေနဲ့ သက်ဆိုင်ရာ သမ္မာတရားတွေကို နားလည်ခြင်းအပေါ်မှာ မူတည်တယ်၊ အရေးကြီးဆုံးကတော့ ဘုရားသခင်ရဲ့ ဉာဏ်အလင်းပေးမှုနဲ့ လမ်းပြမှုကို လက်ခံရရှိခြင်းပါပဲ။ ကျွန်မတို့မှာ စိတ်ကူးမရှိတော့တဲ့ အချိန်တွေရှိတယ်၊ ဘုရားသခင်ဆီ ဆုတောင်းပြီး သူ့ရဲ့လမ်းပြမှုကို ရှာဖွေတာ၊ သူ့နှုတ်ကပတ်တော်တွေကို စဉ်းစားသုံးသပ်တာတွေအားဖြင့် မသိလိုက်ဘဲနဲ့ သမ္မာတရားတချို့ကို နားလည်လာပြီး သိနားလည်မှုနဲ့ စိတ်ကူးတချို့ ရလာတယ်၊ အဲဒီအခါမှသာ ကျွန်မတို့ရေးတဲ့ ဒေသနာတွေက ကောင်းမွန်တဲ့ရလဒ်တွေ ရရှိနိုင်တာပါ။ ဒါက ကျွန်မတို့ရဲ့ ကိုယ်ပိုင်စွမ်းရည်တွေကြောင့် မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ ရက်အနည်းငယ်အတွင်း ကျွန်မက ကျော်ကြားမှုနဲ့ အဆင့်အတန်းထဲမှာ အသက်ရှင်နေခဲ့ပြီး ဘုရားသခင်ရဲ့ ဉာဏ်အလင်းပေးမှုနဲ့ လမ်းပြမှုကို မရရှိနိုင်ခဲ့တဲ့အကြောင်း ကျွန်မ စဉ်းစားမိတယ်။ ရေးဖို့ ကြိုးစားအားထုတ်ခဲ့ပေမဲ့လည်း ကျွန်မရဲ့စိတ်က ရွှံ့တွေလိုပဲ ဘာစိတ်ကူးမှမရှိဘဲ ဖြစ်နေခဲ့တယ်၊ ကျွန်မက လုံးဝ အရူးတစ်ယောက်ဖြစ်နေခဲ့တာ။ ကိုယ့်တာဝန်တွေမှာ ရတဲ့ရလဒ်ကောင်းတွေက ဘုရားသခင်ရဲ့ ဉာဏ်အလင်းပေးမှုနဲ့ လမ်းပြမှုတွေကနေ လာတာဖြစ်ပြီး ကျွန်မမှာ ဝါကြွားစရာ ဘာမှမရှိဘူးဆိုတာကို ကျွန်မ တကယ်ကို သဘောပေါက်ခဲ့တယ်။ ဒါပေမဲ့ ကျွန်မကတော့ အရှက်မဲ့စွာနဲ့ အားလုံးကို ကိုယ့်ဘာသာ ဂုဏ်ယူခဲ့တယ်။ ဒါဟာ တကယ်ကို ရှက်စရာကောင်းလိုက်တာ။ ကျွန်မ တရားဒေသနာတချို့ ရေးခဲ့ပေမဲ့၊ ကျွန်မက အဲဒါတွေကို ဘယ်လိုရေးရမလဲဆိုတဲ့ လုပ်ငန်းစဉ်ရဲ့ အစိတ်အပိုင်းလေးတစ်ခုကိုပဲ နားလည်ခဲ့တာပါ။ တကယ်တော့ ကျွန်မက စည်းမျဉ်းအများကြီးကို သဘောမပေါက်ခဲ့သလို၊ ကဏ္ဍတော်တော်များများမှာရှိတဲ့ သမ္မာတရားတွေကိုလည်း မရှင်းလင်းခဲ့ဘူး။ တစ်ခါတလေ တရားဒေသနာတွေရေးတဲ့အခါ အဓိကအချက်တွေကိုတောင် နားလည်ဖို့ ရုန်းကန်ခဲ့ရတယ်။ ဆီလျော်တဲ့ စည်းမျဉ်းတွေကို လေ့လာခဲ့ပေမဲ့ လက်တွေ့ကျင့်သုံးတဲ့အခါမှာတော့ ကျွန်မမှာ လိုအပ်ချက်တွေ အများကြီးရှိနေခဲ့ပြီး တခြားသူတွေရဲ့ အမှားပြင်ပေးတာနဲ့ အကူအညီကို လိုအပ်နေတုန်းပဲ။ ဒါပေမဲ့ ကျွန်မက လေထဲလွှင့်နေသလိုမျိုး ကိုယ့်ကိုယ်ကို ထူးခြားတဲ့သူတစ်ယောက်လို့ ထင်ခဲ့တယ်။ ပြီးတော့ ကျွန်မရဲ့ ကန့်သတ်ချက်တွေကို ကိုယ်တိုင် မသိနားမလည်ဖြစ်ခဲ့တယ်။ ဒီအကြောင်းကို စဉ်းစားလေလေ၊ မျက်နှာကို ဖွက်ထားချင်လောက်အောင် ရှက်မိလေပဲ၊ မြေကြီးထဲကိုပဲ တိုးဝင်သွားချင်တော့တယ်။

အဲဒီနောက်မှာတော့ အဲဒီဒေသနာနှစ်ပုဒ်ကို ကောင်းကောင်းမရေးနိုင်ခဲ့တဲ့ အဓိကအကြောင်းရင်းက ကျွန်မက လေ့ကျင့်ခါစပဲရှိသေးပြီး စည်းမျဉ်းတချို့ကို နားမလည်သေးလို့ပဲဆိုတာ ကျွန်မ စဉ်းစားမိတယ်။ ဒါနဲ့ ကျွန်မ အစ်မတွေနဲ့အတူ စည်းမျဉ်းတွေကို လေ့လာခဲ့တယ်၊ ပြီးတော့ အဲဒီဒေသနာနှစ်ပုဒ်ကို လူတိုင်း သုံးသပ်ဆွေးနွေးဖို့ ဥပမာအနေနဲ့ အသုံးပြုခဲ့တယ်။ လူတိုင်းက အကြံပြုချက်တွေ ပေးခဲ့ကြတယ်၊ အဲဒီနောက်မှာ တရားဒေသနာတွေကို ကျွန်မ ပြန်ပြင်တဲ့အခါ ဦးတည်ချက်တစ်ခု ရသွားခဲ့တယ်။ နားမလည်တာတစ်ခုခုရှိတိုင်း ဘုရားသခင်ဆီ ဆုတောင်းတယ်၊ သမ္မာတရားကို ရှာဖွေပြီး စဉ်းစားသုံးသပ်တယ်၊ ပြီးတော့ ဒေသနာတစ်ပုဒ်ကို ပြင်ဆင်ပြီးသွားတဲ့အခါ လက်ဆင့်ကမ်းပေးလိုက်တယ်။ ဒါပေမဲ့ နောက်တစ်ပုဒ်ကို ပြင်တဲ့အခါမှာတော့ ကျွန်မ အခက်အခဲရှိနေတုန်းပဲ။ သမ္မာတရားကို မရှင်းလင်းဘဲ စိတ်ထဲမှာ နည်းနည်း ဒုက္ခရောက်နေခဲ့တယ်။ ကျွန်မရေးတာတွေက ရိုးအီပြီး ငြီးငွေ့စရာကောင်းတဲ့အပြင် ခြောက်ကပ်ကပ်ဖြစ်နေမှာကို ကြောက်တယ်၊ ပြီးတော့ အဲဒါကို အပ်လိုက်တဲ့အခါ ခေါင်းဆောင်တွေက ကျွန်မကို ဘယ်လိုထင်မလဲလို့ တွေးပူမိတယ်။ သူတို့က ကျွန်မရဲ့အစွမ်းအစက မလုံလောက်ဘူးလို့ ပြောကြမလား။ ညီအစ်ကိုမောင်နှမတွေဆီက အကူအညီတောင်းဖို့ ကျွန်မ မရဲခဲ့ဘူး၊ ဒါပေမဲ့ ရှေ့ဆက်ဖို့လည်း လမ်းမရှိဘူး၊ ရင်ထဲမှာ ဖိအားတွေ အများကြီး ခံစားနေရတယ်။ အဲဒီအချိန်မှာ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ သတိရလိုက်ပြီး အဲဒါကို ရှာဖတ်လိုက်တယ်။ ဘုရားသခင်က ပြောသည် “လူတို့သည် ၎င်းတို့၏တာဝန်ကို ကောင်းမွန်စွာ ဖြည့်ဆည်းရန် ဘုရားသခင် တောင်းဆိုသောအခါ လုပ်ငန်းတချို့တလေကို ပြီးမြောက်ရန် သို့မဟုတ် ကြီးကျယ်သော ကြိုးပမ်းမှုများကို ဆောင်ရွက်အောင်မြင်ရန်၊ သို့တည်းမဟုတ် ကြီးကြီးမားမား ဆောင်ရွက်ချက်တစ်ခုခုကို ပြုလုပ်ရန် တောင်းဆိုခြင်းမရှိပေ။ ဘုရားသခင် အလိုရှိသောအရာမှာ လူတို့အနေဖြင့် လက်တွေ့ကျသော နည်းလမ်းဖြင့် သူတို့တတ်နိုင်သမျှကို လုပ်ဆောင်နိုင်ပြီး သူ၏ နှုတ်ကပတ်တော်များနှင့်အညီ အသက်ရှင်နိုင်ရန် ဖြစ်သည်။ ဘုရားသခင်သည် သင့်အား ကြီးမြတ်ရန် သို့မဟုတ် မွန်မြတ်ရန်၊ သို့မဟုတ် ထူးဆန်းသောတန်ခိုးများ ပြုစေရန် မလိုအပ်သကဲ့သို့ သင့်တွင် ကျေနပ်စရာကောင်းသော အံ့သြဖွယ်ရာများကို မြင်လိုခြင်းမရှိပေ။ သူသည် ထိုသို့သောအရာများကို မလိုအပ်ချေ။ ဘုရားသခင်လိုအပ်သမျှမှာ သင့်အနေဖြင့် သူ၏နှုတ်ကပတ်တော်များအတိုင်း စွဲစွဲမြဲမြဲ လက်တွေ့လုပ်ဆောင်ရန် ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားထောင်သောအခါ သင်နားလည်ထားသည့်အရာကို ပြုလုပ်လော့၊ သင်သဘောပေါက်နားလည်ထားသည့်အရာကို ဆောင်ရွက်လော့၊ သင်ကြားခဲ့သည့်အရာကို ကောင်းစွာ မှတ်သားလော့၊ ပြီးနောက် လက်တွေ့လုပ်ဆောင်ချိန် ရောက်သည့်အခါ ဘုရားသခင်၏ နှုတ်ကပတ်တော်များအတိုင်း လုပ်ဆောင်လော့။ ယင်းတို့ကို သင်၏ဘဝ၊ သင်၏ လက်တွေ့ကျမှုများနှင့် သင်အသက်ရှင်နေထိုင်နေသော အရာများ ဖြစ်စေလော့။ သို့ဖြစ်၍ ဘုရားသခင် ကျေနပ်လိမ့်မည်။ သင်သည် ကြီးမြတ်ခြင်း၊ မြင့်မြတ်ခြင်းနှင့် အဆင့်အတန်းကို အမြဲ လိုက်စားသည်၊ သင်သည် အခြားသူများထက် သာလွန်ခြင်းကို အစဉ်သဖြင့် လိုက်စား၏။ ဤသည်ကိုမြင်သောအခါ ဘုရားသခင်သည် မည်သို့ခံစားရသနည်း။ သူသည် ယင်းကို ရွံရှာ၍ သင်နှင့် ခပ်ခွာခွာနေလိမ့်မည်။ သင်သည် ကြီးမြတ်ခြင်းနှင့် မြင့်မြတ်ခြင်းကို လိုက်စားလေလေ၊ လူအများထက် သာလွန်ရန်၊ လူအုပ်ထဲမှ ထိုးထွက်ရန်၊ ထူးခြားကောင်းမွန်ရန်နှင့် ထူးချွန်ထက်မြက်ရန် ကြိုးပမ်းလေလေ၊ ဘုရားသခင်သည် သင့်အပေါ် အလွန်အမင်း မနှစ်မြို့ခြင်း ဖြစ်လေလေ ဖြစ်သည်။ သင်သည် မိမိကိုယ်ကို ဆင်ခြင်သုံးသပ်ခြင်းမပြုဘဲ နောင်တမရပါက ဘုရားသခင်သည် သင့်ကို စက်ဆုပ်ရွံရှာပြီး ငြင်းပယ်လိမ့်မည်။ သင်သည် ဘုရားသခင် အလွန်အမင်း မနှစ်မြို့သောသူ လုံးဝ မဖြစ်ရပေ။ သင်သည် ဘုရားသခင် ချစ်သောသူတစ်ဦး ဖြစ်ရမည်။ သို့ဆိုလျှင် သင်သည် ဘုရားသခင် ချစ်သောသူတစ်ဦး မည်သို့ ဖြစ်လာနိုင်မည်နည်း။ သမ္မာတရားကို နာခံမှုရှိစွာ လက်ခံလော့၊ ဖန်ဆင်းခံတစ်ဦးအနေဖြင့် သင်၏ သင့်လျော်သောနေရာကို ယူလော့၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များအတိုင်း အသိတရားရှိရှိ လက်တွေ့ကျသော စိတ်နေစိတ်ထားဖြင့် ပြုမူကျင့်ကြံလော့၊ သင်၏ တာဝန်ကို ကောင်းမွန်စွာ ထမ်းဆောင်လော့၊ ရိုးသားသောသူတစ်ဦး ဖြစ်လော့၊ လူသားပုံသဏ္ဌာန်အတိုင်း အသက်ရှင်နေထိုင်လော့။ ဤသည်မှာ လုံလောက်ပြီး ဤအရာက ဘုရားသခင်ကို စိတ်ကျေနပ်စေလိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ လျော်ကန်သော တာဝန်ဖြည့်ဆည်းခြင်းသည် လိုက်ဖက်ညီသော ပူးပေါင်းလုပ်ဆောင်ခြင်း လိုအပ်သည်) ဘုရားနှုတ်ကပတ်တော်ကို ဖတ်ပြီးတဲ့နောက်မှာ၊ လူတွေအတွက် ဘုရားသခင်ရဲ့ သတ်မှတ်ချက်တွေ မမြင့်မားသလို ကြီးမားတဲ့ ရလဒ်တွေရအောင် လုပ်ဖို့လည်း သူ မတောင်းဆိုဘူးဆိုတာ ကျွန်မ နားလည်သွားတယ်။ လူတွေက နာခံပြီး ကျိုးနွံနိုင်သရွေ့၊ ဘုရားသခင်ရဲ့ သတ်မှတ်ချက်တွေအတိုင်း လက်တွေ့ကျကျ သူတို့ရဲ့တာဝန်ကို ကောင်းကောင်းထမ်းဆောင်နိုင်ရင် ဘုရားသခင် ကျေနပ်တယ်။ ဒါပေမဲ့ ကျွန်မကတော့ အမြဲတမ်း ထင်ပေါ်ချင်တယ်၊ တခြားသူတွေရဲ့ ချီးမွမ်းတာနဲ့ အသိအမှတ်ပြုတာတွေကိုရဖို့ တရားဒေသနာကောင်းတွေ ရေးချင်ခဲ့တယ်။ ဒါက ကျွန်မရဲ့ ရည်မှန်းချက်နဲ့ လိုအင်ဆန္ဒရဲ့ ချုပ်ကိုင်တာကို ခံခဲ့ရတာပါ။ ဒါဟာ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတစ်ခုပဲ။ ဘုရားသခင် ရွေးချယ်ထားတဲ့လူတွေ လိုက်နာရမယ့် ပထမဆုံး စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်တစ်ခုကို ကျွန်မ သတိရလိုက်တယ်၊ အဲဒီမှာ ဒီလိုဆိုထားတယ်။ “လူသားသည် မိမိကိုယ်ကို မကြီးမြတ်စေသင့်သကဲ့သို့ မိမိကိုယ်ကို မချီးမြှောက်သင့်ပေ။ ဘုရားသခင်ကို ကိုးကွယ်ကာ ချီးမြှောက်သင့်ပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နိုင်ငံတော်ခေတ်၌ ဘုရားသခင် ရွေးချယ်ထားသောသူများ လိုက်နာရမည့် စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်တော် ဆယ်ရပ်) ကျွန်မက အမြဲတမ်း ကျော်ကြားမှု၊ အကျိုးအမြတ်နဲ့ အဆင့်အတန်းကို လိုက်စားခဲ့တယ်၊ တခြားသူတွေရဲ့ ချီးမွမ်းမှုနဲ့ တန်ဖိုးထားမှုကို ခံချင်တယ်၊ သူတို့ရဲ့စိတ်နှလုံးထဲမှာ နေရာတစ်ခုရချင်ခဲ့တယ်။ ဒါဟာ ဘုရားသခင် စက်ဆုပ်ရွံရှာတဲ့ အရာတစ်ခုပါ။ ဒီလိုအခြေအနေမှာ အသက်ရှင်နေရင် ကိုယ့်တာဝန်ကို ကောင်းကောင်းမထမ်းဆောင်နိုင်တဲ့အပြင် အလုပ်ကိုတောင် နှောင့်နှေးစေနိုင်တယ်။ ကျွန်မရဲ့ လိုက်စားမှုနောက်ကွယ်က မှားယွင်းတဲ့ အမြင်ရှုထောင့်ကို အမြန်ဆုံး ပြောင်းလဲပစ်ရမယ်။ တရားဒေသနာတွေရေးတဲ့နေရာမှာ ကျွန်မ လိုအပ်ချက်တွေ အများကြီးရှိနေတုန်းပဲဆိုပေမဲ့၊ ဘုရားသခင်ရှေ့မှာ စိတ်ကိုတည်ငြိမ်အောင်ထားပြီး သမ္မာတရားကို ရှာဖွေဖို့၊ အစွမ်းကုန် ပူးပေါင်းဆောင်ရွက်ဖို့ ကျွန်မ ဆန္ဒရှိခဲ့တယ်။ ကျွန်မ နားလည်သလောက် ရေးမယ်၊ ဒေသနာရေးရင်း ပေါ်လာတဲ့ ပြဿနာတစ်ခုချင်းစီကို ကိုယ့်ရဲ့ အားနည်းချက်တွေ ဖြည့်ဆည်းဖို့ အခွင့်အရေးတစ်ခုအနေနဲ့ မှတ်ယူမယ်။ ဒီလိုနည်းနဲ့ တဖြည်းဖြည်း လေ့ကျင့်ရာကတတစ်ဆင့် ကျွန်မ သေချာပေါက် တိုးတက်လာမယ်လို့ ယုံကြည်ခဲ့တယ်။ ဒီလိုတွေးလိုက်တဲ့အခါ ကျွန်မစိတ်ထဲမှာ အများကြီး ပိုပြီး စိတ်သက်သာရာရသွားတယ်။

နောက်တစ်ခါ တရားဒေသနာတွေရေးတဲ့အခါ ကျွန်မနားလည်သလောက်ကို အရင်ရေးတယ်၊ နားမလည်တဲ့အရာတွေအတွက်ဆိုရင်တော့ ရှာဖွေတွေးဆတယ်၊ ဒါမှမဟုတ် ညီအစ်ကိုမောင်နှမတွေနဲ့ ဆွေးနွေးတယ်၊ သမ္မာတရားကို ရှင်းရှင်းလင်းလင်းသိသွားမှ ဆက်ရေးတယ်။ ဒီလိုနည်းနဲ့ ကျွန်မရေးတဲ့ တရားဒေသနာတွေရဲ့ ထိရောက်မှုက အများကြီး ပိုကောင်းလာတယ်။ သိပ်မကြာခင်မှာပဲ ခေါင်းဆောင်တွေက ကျွန်မတို့ လေ့လာပြီး အတုယူဖို့အတွက် တရားဒေသနာကောင်းတချို့ကို ပို့ပေးခဲ့တယ်။ အဲဒီတရားဒေသနာတွေက ဆန်းသစ်ပြီး ထက်မြက်တဲ့အပြင်၊ သမ္မာတရားနဲ့ပတ်သက်တဲ့ မိတ်သဟာယကလည်း တကယ်ကို လက်တွေ့ကျပြီး ရှင်းလင်းတယ်။ နှိုင်းယှဉ်ကြည့်လိုက်တော့ ကျွန်မရဲ့ ဒေသနာတွေက စကားလုံးတွေ၊ အယူဝါဒတွေနဲ့ပဲ ပြည့်နေပြီး သမ္မာတရားကို ရှင်းရှင်းလင်းလင်း မိတ်သဟာယမပြုနိုင်ခဲ့ဘူးဆိုတာ သဘောပေါက်သွားတယ်။ အဲဒီအချိန်မှာ ကျွန်မမှာ ဘယ်လောက်တောင် လိုအပ်ချက်တွေများနေလဲဆိုတာ တွေ့လိုက်ရတယ်။ ညီအစ်ကိုမောင်နှမတွေနဲ့ ယှဉ်လိုက်ရင် ကျွန်မက အများကြီး နောက်ကျကျန်နေခဲ့တာပဲ။ သူတို့က ကိုယ့်ရဲ့ အတွေးတွေနဲ့ အကျိုးတရားတွေကို ရေးတဲ့အခါမှာ ဝါကြွားခြင်းမရှိဘဲ အဲဒီအစား သူတို့မှာ ချို့တဲ့တာတွေ အများကြီးရှိတယ်၊ စံနှုန်းပြည့်မီတဲ့ တရားဒေသနာတစ်ပုဒ်ရေးနိုင်တာဟာ ကိုယ့်ရဲ့အစွမ်းအစကြောင့်လည်းမဟုတ်၊ သမ္မာတရားကို နားလည်လို့လည်းမဟုတ်ဘဲ၊ ဆုတောင်းခြင်း၊ ရှာဖွေခြင်းနဲ့ သက်ဆိုင်ရာ သမ္မာတရားတွေကို စဉ်းစားသုံးသပ်ခြင်းအားဖြင့် သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ ဉာဏ်အလင်းပေးမှုကို လက်ခံရရှိခဲ့လို့သာ ဖြစ်တယ်လို့ ပြောကြတယ်။ ဒါကိုမြင်တော့ ကျွန်မ အရမ်းကို ရှက်သွားတယ်။ ကျွန်မက တရားဒေသနာတွေ စရေးခါစပဲရှိသေးပြီး အပေါ်ယံနားလည်မှုလေးနဲ့ပဲ ကိုယ့်ကိုယ်ကိုယ် သာမန်ထက် ပိုသာတယ်လို့ ထင်ခဲ့တာကို ပြန်စဉ်းစားမိတယ်။ စာရေးတဲ့နေရာမှာ ထူးခြားတဲ့ပါရမီရှိတယ်ဆိုတဲ့ ကိုယ် မဖယ်ရှားနိုင်တဲ့ တံဆိပ်ကိုတောင် ကိုယ့်ကိုယ်ကို ကပ်ခဲ့တယ်။ ကျွန်မက တကယ်ကို ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းနေခဲ့ပြီး ကိုယ့်ကိုယ်ကိုယ် သတိပြုမိစိတ် တစ်စက်မှ မရှိခဲ့ဘူး။

အခုဆိုရင် ခေါင်းဆောင်တွေဆီက အကြံပြုချက်တွေကို မြင်တဲ့အခါ အဲဒါတွေကို မှန်မှန်ကန်ကန် သဘောထားပြုမူနိုင်ပြီး နားမလည်တာ၊ မလုပ်နိုင်တာတစ်ခုခုရှိရင်လည်း ဦးဆောင်ပြီး ရှာဖွေနိုင်တယ်၊ ကျွန်မရဲ့ တရားဒေသနာတွေရဲ့ အရည်အသွေးကလည်း အရင်ကထက် တိုးတက်လာတယ်။ ကျွန်မရခဲ့တဲ့ ဒီတိုးတက်မှုလေးက ဘုရားသခင်ရဲ့ ဉာဏ်အလင်းပေးမှုနဲ့ လမ်းပြမှုကြောင့်ဆိုတာကို ရင်ထဲမှာ သိနေတယ်။ ဒီအတွေ့အကြုံကနေတစ်ဆင့် ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားအကြောင်းကို နားလည်မှုတချို့ ရရှိခဲ့ပြီး၊ အသက် ဝင်ရောက်မှုမှာလည်း ရရှိမှုတချို့ ရှိခဲ့တယ်။ သမ္မာတရားအပေါ် ကျွန်မရဲ့ သိနားလည်မှုက တကယ်ကို ပေါ့တန်နေပြီး၊ သမ္မာတရား စည်းမျဉ်းတွေအပေါ်မှာ အာရုံစိုက်ပြီး ကိုယ့်တာဝန်ကို ခိုင်ခိုင်မာမာနဲ့ ထမ်းဆောင်ရမယ်ဆိုတာကိုလည်း တွေ့မြင်ခဲ့ရတယ်။ ဒီလိုဖော်ထုတ်မှုသာ မရှိခဲ့ရင်၊ ကျွန်မက ကိုယ့်ကိုယ်ကိုယ် ကျေနပ်နေတဲ့ အခြေအနေမှာပဲ ဆက်အသက်ရှင်နေမှာဖြစ်ပြီး၊ ကိုယ့်တာဝန်မှာ ဘာတိုးတက်မှုမှ ရှိမှာမဟုတ်ဘူး။ ဒီကျရှုံးမှုနဲ့ ဆုတ်ယုတ်မှုက ကျွန်မအတွက် ကြီးမားတဲ့ ရရှိမှုတွေကို ဆောင်ကြဉ်းပေးခဲ့တယ်၊ ကျွန်မ ဘုရားသခင်ကို စိတ်နှလုံးအကြွင်းမဲ့ ကျေးဇူးတင်ပါတယ်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

တာဝန်များအကြား အနိမ့်အမြင့် ခွဲခြားမှုရှိပါသလား

-နိုအီထံသို့ စာတစ်စောင်ယွီရွှန်၊ တရုတ်နိုင်ငံချစ်ခင်ရတဲ့ နိုအီရေ၊အခုတလော နေကောင်းရဲ့လား။ နင့်ရဲ့နောက်ဆုံးစာထဲမှာ ရေလောင်းခြင်းတာဝန်ကို...

ကျော်ကြားမှုနှင့် အကျိုးအမြတ်၏ ချည်နှောင်မှုများ

ကျယ်လိ စပိန်နိုင်ငံ၂၀၁၅ ခုနှစ်တွင်၊ နှစ်ပတ်လည် ရွေးကောက်ပွဲတွင် အသင်းတော်ခေါင်းဆောင်တစ်ဦးအဖြစ် ကျွန်တော် အရွေးခံခဲ့ရသည်။ ညီအစ်ကို...

နှစ်သက်မှုအပေါ် အခြေခံပြီး ကျွန်မတာဝန်တွေကို မရွေးချယ်တော့ပါ

ချန်မြောင်း၊ တရုတ်ပြည်၂၀၀၆ ခုနှစ်မှာ ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို ကျွန်မ လက်ခံခဲ့ပါတယ်။ အဲဒီအချိန်ကစလို့ အသင်းတော်မှာ...

ငြူစူသော သဘောမူကား၊ အရိုး ဆွေးမြည့်ခြင်းအကြောင်းဖြစ်၏

ဆုဝမ် တရုတ်နိုင်ငံ ၂၀၂၀ ခုနှစ် နိုဝင်ဘာလမှာ၊ ရေလောင်းအဖွဲ့ ခေါင်းဆောင်အနေနဲ့ ကျွန်မ အရွေးခံရတယ်၊ ကျွန်မ အရမ်းပျော်မိခဲ့တယ်။...

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။