အသည်းကင်ဆာရရှိခြင်းမှ သင်ယူရရှိခဲ့သည့် သင်ခန်းစာများ

28.02.2021

လီယွန် တရုတ်နိုင်ငံ

ကျွန်တော် ခရစ်ယာန်ဖြစ်ပြီးသည့်နောက်မှာ တရုတ်ကွန်မြူနစ်ပါတီက ဖမ်းသည်ကို သုံးလေးကြိမ်လောက် ခံရသော်လည်း၊ သခင့်ကို ကျွန်တော် လုံးဝ သစ္စာမဖောက်ခဲ့ပါ။ လွန်ခဲ့သည့် သုံးလေးနှစ်က အနန္တတန်ခိုးရှင်ဘုရားသခင်၏ နောက်ဆုံးသောကာလ အမှုတော်ကို ကျွန်တော် လက်ခံခဲ့ပြီး မိုးရွာသည်ဖြစ်စေ၊ နေပူသည်ဖြစ်စေ ကျွန်တော် ဧဝံဂေလိတရားကို အမြဲတမ်း စိတ်ထက်သန်စွာ ဟောကြားခဲ့ပြီး မိမိတာဝန်ကို ထမ်းဆောင်ခဲ့သည်။ ကျွန်တော်က မည်သည့်အရာကို သည်းခံရသည်ဖြစ်စေ ဘုရားသခင်ကို ကျွန်တော် အမြဲတမ်း သစ္စာရှိနေလိမ့်မည်ဟု ထင်ခဲ့သည်။ ကျွန်တော့်ကို ကျွန်တော်၏ သေခြင်းတရားနှင့် ထိပ်တိုက်တွေ့စေခဲ့သည့် ရောဂါကို ခံစားရသည့်အချိန်ကျမှသာ ကောင်းချီးမင်္ဂလာများ ရရှိဖို့ ကျွန်တော်၏ကြံရွယ်ချက်နှင့် ပတ်သက်သည့် နားလည်သဘောပေါက်မှု အချို့ကို ကျွန်တော် ရရှိခဲ့ခြင်း ဖြစ်သည်။

၂၀၁၄ ခုနှစ် အောက်တိုဘာလ၏ နေ့တစ်နေ့မှာ မိတ်သဟာယ တစ်ခုကနေ ကျွန်တော် ပြန်လာသည့်အချိန်မှာ ကျွန်တော့်၏ ခြေတွေ၊ လက်တွေ အားနည်းလာသကဲ့သို့ ခံစားရပြီး ခြေလှမ်းများက ဒယိမ်းဒယိုင်ဖြစ်သွားသည်။ ယင်းမှာ ခန္ဓာကိုယ်အစိုဓာတ်ကြောင့်ဖြစ်ပြီး ဆေးအချို့သောက်ဖို့သာ လိုသည်ဟု ထင်ခဲ့သည်။ ကျွန်တော် အရမ်း စိတ်မပူမိပါ။ သို့သော် အချိန်အနည်းငယ် ကြာပြီးသည့်နောက်မှာ ကျွန်တော့် နားရွက်များ၊ လက်ချောင်းများ၊ ခြေချောင်းများက တဖြည်းဖြည်း ညိုမည်းလာပြီး ကျွန်တော် ပို၍ ပို၍ ပိန်လာသည်။ ကျွန်တော့်မှာ အခြေအနေ ဆိုးသည့်အရာ တစ်ခုခုရှိနေနိုင်သည်ဟု စပြီး တွေးမိလာသော်လည်း၊ ဤနှစ်များတစ်လျှောက်မှာ ကျွန်တော့်တာဝန်နှင့်ပတ်သက်ပြီး လုပ်ဆောင်ခဲ့သည့် အားထုတ်မှုများကြောင့် ဘုရားသခင်က ကျွန်တော့်ကို ကာကွယ်မည်ဟု ထင်ခဲ့သည်။ အရမ်းဆိုးသည့်အရာမျိုး တစ်ခုတစ်လေ မဖြစ်နိုင်ပါဟု တွေးမိသည်။ သူ့အလိုလို ပျောက်သွားလိမ့်မည်ဟု ကျွန်တော် သေချာထားခဲ့သည်။ သို့သော် အံ့အားသင့်ရသည်မှာ ဆေးအနည်းငယ် သောက်ပြီးသည့်နောက်မှာ ကျွန်တော် တစ်စက်မျှ မသက်သာလာပေ။ ကျွန်တော့် မိန်းမနှင့် သမီးများက ကျွန်တော့်ကို ဆေးစစ်ဖို့ ဆေးရုံကို ခေါ်သွားပြီး ဆေးအဖြေထွက်လာသည့်အခါ၊ ကျွန်တော့်မှာ အခြေအနေဆိုးသည့် သွေးအားနည်းရောဂါနှင့် အသည်းရောင် အသားဝါ ဘီပိုးရှိသည်ဟု သူတို့က ပြောသည်။ သိပ်ဆိုးလာပါက ကုသ၍မရနိုင်ပါဟု ပြောသည်။ ကျွန်တော် ဤသည်ကို ကြားရသည့်အခါမှာ တစ်ကိုယ်လုံး ပျော့ခွေသွားသကဲ့သို့ ခံစားရသည်။ ကျွန်တော့်ကို ပြောပြခဲ့သည့်အရာကို ကျွန်တော် လက်မခံနိုင်ခဲ့ပါ။ “နှစ်တွေကြာတဲ့အထိ ငါ ပေးဆပ်မှုတွေ အများကြီး လုပ်ခဲ့တယ်။ ငါ့တာဝန်ကို ထမ်းဆောင်ဖို့ အများကြီး ဒုက္ခခံခဲ့တယ်။ တရုတ်ကွန်မြူနစ်ပါတီက ဖမ်းဆီးတာ၊ ခြိမ်းခြောက်တာတွေကို ခံခဲ့ရပေမဲ့၊ ငါ ဘုရားသခင်ကို ဘယ်တော့မှ သစ္စာမဖောက်ခဲ့ဘူး။ ပြန်လွတ်လာတဲ့အခါ၊ ငါ့တာဝန်ကို ပြန်ထမ်းဆောင်တယ်။ ဘာလို့များ ငါ အရမ်း မကျန်းမမာ ဖြစ်သွားရတာလဲ။ ဘာလို့ ဘုရားသခင်က ငါ့ကို မကာကွယ်တာလဲ။ ငါ သက်သာမလာနိုင်ဘူးဆိုရင် ငါ ပေးဆပ်ခဲ့တာတွေက ဘာအဓိပ္ပာယ် ရှိမှာလဲ။ ဘုရားသခင်ရဲ့ ကောင်းချီးတွေကို မရဘဲ၊ ဒီနှစ်တွေတစ်လျှောက်မှာ ငါ ဘုရားသခင်ကို ယုံကြည်ခဲ့ပြီး အခု ငါ့ကိုယ်ခန္ဓာက ရောဂါဖြစ်နေပြီ။ ငါ့တာဝန်ကို ထမ်းဆောင်ဖို့ အရမ်းကြီး မကြိုးစားသင့်တော့ဘူး ထင်တယ်။ ငါ ဘယ်လောက်ပဲ ဒုက္ခခံရပါစေ အလကားဖြစ်သွားမှာပဲ။” ဟု ကျွန်တော် စဉ်းစားမိသည်။ ထိုအချိန်ကာလအတွင်းမှာ ကျွန်တော့်တာဝန်ကို ထမ်းဆောင်ပါသေးသည်။ သို့သော် စိတ်အားထက်သန်မှု မရှိဘဲ ထမ်းဆောင်ခဲ့သည်။ အစည်းအဝေးအချိန်မှာ ညီအစ်ကို မောင်နှမများကို သူတို့ပြဿနာများကို ကျွန်တော် မမေးခဲ့ပါ။ ဘုရားသခင်၏နှုတ်ကပတ်တော်များကို ကျွန်တော် ဖတ်ရသော်လည်း၊ မိတ်သဟာယ မဖွဲ့ချင်ခဲ့ပါ။ အချိန်ကြာတော့ ကျွန်တော့် အခြေအနေက ပို၍ ပို၍ ဆိုးလာသည်။ ကျွန်တော့် ကိုယ်ခန္ဓာက သူ့ဘာသာ မထိန်းနိုင်တော့ဘဲ၊ ကျွန်တော် တစ်နေကုန် မူးဝေနေသည်။ ကျွန်တော့် ခေါင်းဆောင်က ကျွန်တော့်ကို အိမ်မှာ အနားယူပြီး အားပြန်ပြည့်လာဖို့အတွက် ခွင့်ရက်နည်းနည်း ပေးလိုက်သည်။ ညီအစ်ကို မောင်နှမများက သူတို့တာဝန်များကို ပျော်ပျော်ရွှင်ရွှင်နှင့် အားမာန်အပြည့်နှင့် ထမ်းဆောင်နေကြသည်ကို မြင်ရသည်။ သို့သော် ကျွန်တော်မှာမူ ယခု အရမ်း နာမကျန်းဖြစ်နေပြီး ကျွန်တော့်တာဝန်ကို လုံးဝ မလုပ်နိုင်ခဲ့ပါ။ ဘုရားသခင်က ကျွန်တော့်ကို မကယ်တင်ဖို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်မည်ဟု တွေးမိသည်။ ဤအကြောင်းကို ကျွန်တော် စဉ်းစားလေလေ၊ သောကများ၊ နာကျင်မှုများကို ခံစားရလေလေသာ။ ကျွန်တော် ဘုရားသခင် ရှေ့သွားပြီး “ဘုရားသခင် ကျွန်တော် ဒီရောဂါတွေရဲ့ ထိုးနှက်ခြင်းကို ခံရပါတယ်။ အရမ်း အားနည်းပြီး ပင်ပန်းဆင်းရဲပါတယ်။ ကိုယ်တော့်ကို အပြစ်မတင်သင့်ဘူးဆိုတာ ကျွန်တော် သိပေမဲ့၊ ကိုယ်တော့်အလိုတော်ကို ကျွန်တော် နားမလည်ပါဘူး။ နားလည်ဖို့အတွက် ကျေးဇူးပြုပြီး ကျွန်တော့်ကို လမ်းပြတော်မူပါ” ဟု စတင် ဆုတောင်းခဲ့ပါသည်။

ဆုတောင်းပြီးသည့်နောက်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များ ကျမ်းပိုဒ်တစ်ပိုဒ်ကို ကျွန်တော် ဖတ်ရပါသည်။ “လူသား၌ ဘုရားသခင် လုပ်ဆောင်သည့် အမှုအားလုံးသည် ကိုယ်ပိုင်ရည်ရွယ်ချက်များနှင့် အရေးပါမှုတို့ရှိသည်။ ဘုရားသခင်သည် အဓိပ္ပာယ်မရှိသောအမှုကို မလုပ်ဆောင်သကဲ့သို့၊ လူသားအဖို့ အကျိုးမရှိသည့် အမှုကိုလည်း မလုပ်ဆောင်ပေ။ စစ်ဆေးခြင်းဟူသည်မှာ ဘုရားသခင် ရှေ့မှောက်မှ လူတို့အား ဖယ်ရှားခြင်းကို မဆိုလိုသကဲ့သို့၊ ၎င်းတို့ကို ငရဲတွင် ဖျက်ဆီးခြင်းကိုလည်း မဆိုလိုပေ။ ယင်းထက်၊ စစ်ဆေးခြင်း အတောအတွင်းတွင် လူသား၏ စိတ်သဘောထားကို ပြောင်းလဲခြင်း၊ သူ၏ ရည်ရွယ်ချက်များ၊ သူ၏ အမြင်ဟောင်းများကို ပြောင်းလဲခြင်း၊ ဘုရားသခင် အတွက် သူ၏ချစ်ခြင်းကို ပြောင်းလဲပေးခြင်းနှင့် သူ၏ဘဝတစ်ခုလုံး ပြောင်းလဲပေးခြင်းတို့ကို ဆိုလိုသည်။ စစ်ဆေးခြင်းသည် လူသားအား စစ်မှန်သော စစ်ဆေးမှုတစ်ခု ဖြစ်ပြီး၊ စစ်မှန်သော လေ့ကျင့်မှုပုံစံတစ်ခု ဖြစ်ကာ၊ စစ်ဆေးခြင်း အတောအတွင်းတွင်သာ သူ၏ချစ်ခြင်းမေတ္တာသည် ၎င်း၏ ပင်ကိုလုပ်ငန်းတာဝန်ကို ထမ်းဆောင်နိုင်ပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စစ်ဆေးခြင်းကိုကြုံတွေ့ခြင်းအားဖြင့်သာ လူသားသည် စစ်မှန်သော ချစ်ခြင်းမေတ္တာကို ပိုင်ဆိုင်နိုင်သည်) ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ကျွန်တော် သေချာ စဉ်းစားဆင်ခြင်ပြီး ကျွန်တော် မကျန်းမာခြင်း၌ ဘုရားသခင်၏ အလိုတော်က ကျွန်တော့်ကို သုတ်သင်ဖယ်ရှင်းဖို့ မဟုတ်ဘဲ၊ ကျွန်တော် ဘုရားသခင်ကို အမှန်တကယ် ချစ်ပြီး နာခံနိုင်ဖို့အလို့ငှာ၊ ကျွန်တော့် ယုံကြည်ခြင်းနောက်ကွယ်က မသန့်စင်သည့် ရည်ရွယ်ချက်ကို နားလည်အောင်လုပ်ဖို့၊ အားထုတ် လိုက်စားခြင်း အပေါ် ကျွန်တော့်၏ မှားယွင်းသည့် အမြင်ကို ပြောင်းလဲစေဖို့ ဖြစ်ပါသည်။ ဘုရားသခင်က ကျွန်တော့်ကို သန့်စင်ပြီး ကယ်တင်ဖို့ ကြိုးစားနေခြင်း ဖြစ်ပါသည်။ ဤသည်ကို နားလည်သဘောပေါက်ခြင်းက ကျွန်တော့်အား မိမိကိုယ်ကိုယ် အမှန်တကယ် အရှက်ရသွားစေပါသည်။ ရောဂါတစ်ခုကို ရင်ဆိုင်ရခြင်းသည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာဖြစ်သည်။ ကျွန်တော်က ဘုရားသခင်၏ အလိုတော်ကို နားလည်ဖို့ မကြိုးစားရသေးသော်လည်း၊ ထိုအစား ဘုရားကို အထင်လွဲပြီး အပြစ်တင်ခဲ့ပါသည်။ ကျွန်တော်က အလွန် ကျိုးကြောင်းမသင့်လျော်ခဲ့ခြင်း ဖြစ်ပါသည်။ အပျက်သဘောဆောင်မှုများ၊ နာကျင်မှုများနှင့် ကျွန်တော် အသက်မရှင်နိုင်ခဲ့ပါ။ နာခံဖို့၊ သမ္မာတရားကို ရှာဖို့၊ မိမိကိုယ်ကိုယ် ပြန်လည်ဆန်းစစ်ပြီး မိမိကိုယ်ကိုယ် သိဖို့ လုပ်ခဲ့ရသည်။

နောက်ပိုင်းမှာ နောက်ထပ် ဘုရားသခင်၏ နှုတ်ကပတ်တော်များ တစ်ပိုဒ်ကို ဖတ်ပါသည်။ “လူတို့သည် ကျေးဇူးတော်ကို ရရှိခြင်းနှင့် ငြိမ်သက်ခြင်းနှင့်ဆိုင်သော မွေ့လျော်ခံစားခြင်းကို ယုံကြည်ခြင်း၏ သင်္ကေတများအဖြစ်မျှသာ မှတ်ယူကြပြီး၊ ကောင်းချီးမင်္ဂလာများ ရှာဖွေခြင်းအား ဘုရားသခင်၌ ၎င်းတို့၏ ယုံကြည်မှုအတွက် အခြေခံအကြောင်းရင်းအဖြစ် မြင်ကြသည်။ အလွန်နည်းပါးသော လူတို့သည် ဘုရားသခင်ကို သိရှိရန် ကြိုးစားကြသည် သို့မဟုတ် ၎င်းတို့၏စိတ်သဘောထားထဲက ပြောင်းလဲမှုကို ရှာဖွေကြလေသည်။ ၎င်းတို့၏ ယုံကြည်ခြင်းတွင်၊ လူတို့သည် ဘုရားသခင်ကို ၎င်းတို့အား သင့်တော်သည့် ခရီးပန်းတိုင်နှင့် ၎င်းတို့ လိုအပ်သည့် ကျေးဇူးတော်အားလုံးကို ပေးစေရန်၊ သူ့အား ၎င်းတို့၏ အစေခံအဖြစ် ပြုရန်၊ မည်သည့်အချိန်တွင်မဆို ၎င်းတို့အကြားတွင် မည်သည့် ပဋိပက္ခမျှ လုံးဝ မရှိရန်အလို့ငှာ ၎င်းတို့နှင့် ငြိမ်းချမ်းသည့် ရင်းနှီးသော ဆက်ဆံရေးကို ဘုရားသခင်အား ထိန်းသိမ်းစေရန် ကြိုးစားကြလေသည်။ ဆိုလိုသည်မှာ၊ ဘုရားသခင်၌ ၎င်းတို့၏ ယုံကြည်မှုသည် ‘သင်တို့ဆုတောင်းချက်အားလုံးကို ငါနားညောင်းမည်။’ ဟူ၍ သမ္မာကျမ်းစာ၌ ၎င်းတို့ ဖတ်ရှုပြီးဖြစ်သည့် နှုတ်ကပတ်တော်များ နှင့်အညီ၊ ၎င်းတို့၏ လိုအပ်ချက်များ အားလုံးကို ဖြည့်ဆည်းပေးရန်နှင့် ၎င်းတို့ ဆုတောင်းသည့် မည်သည့်အရာကိုမဆို ၎င်းတို့အပေါ် အပ်နှင်းပေးရန် ဘုရားသခင်က ကတိပေးဖို့ကို တောင်းဆိုလေသည်။ ဘုရားသခင်သည် အချိန်တိုင်းနှင့် နေရာတိုင်း၌ လူတို့နှင့် ကောင်းမွန်သော ဆက်ဆံရေးတစ်ခုကို ထိန်းသိမ်းသည့် အမြဲတမ်း သနားကရုဏာနှင့်ပြည့်စုံသော ကယ်တင်ရှင်ယေရှု ဖြစ်သည့်အတွက်၊ ဘုရားသခင်အနေဖြင့် မည်သူကိုမျှ တရားမစီရင်ဖို့ရန် သို့မဟုတ် ကိုင်တွယ်ဖြေရှင်းခြင်း မပြုရန် ၎င်းတို့ မျှော်လင့်ကြလေသည်။ လူတို့ ဘုရားသခင်ကို ယုံကြည်ပုံမှာ ဤသို့ဖြစ်၏- ၎င်းတို့ ပုန်ကန်သည်ဖြစ်စေ၊ နာခံသည်ဖြစ်စေ၊ သူသည် ကျိုးကြောင်းမမြင်ဘဲ အရာရာကို ၎င်းတို့အား ပေးသနားမည်ဟု ယုံကြည်လျက် ၎င်းတို့သည် ဘုရားသခင်ထံ အရှက်မရှိ တောင်းဆိုမှုများသာ ပြုကြလေသည်။ ၎င်းတို့က ဘုရားသခင်သည် မည်သည့်အတိုက်အခံမျှ မရှိဘဲ၊ ၎င်းတို့ကို ‘ပြန်ဆပ်’ ရမည်ဖြစ်သည့်အပြင် နှစ်ဆပေးရမည်ဟု ယုံကြည်လျက်၊ ဘုရားသခင်ထံ အဆက်မပြတ် ‘အကြွေးကောက်’ ကြလေသည်။ ဘုရားသခင်က ၎င်းတို့ထံမှ တစ်ခုတစ်လေ ရရှိသည်ဖြစ်စေ၊ မရရှိသည်ဖြစ်စေ သူသည် ၎င်းတို့၏ ကြိုးကိုင်ခြယ်လှယ်ခြင်းကိုသာ ခံရနိုင်ပြီး၊ သူသည် နှစ်ပေါင်းများစွာ ကွယ်ဝှက်ထားပြီးဖြစ်သည့် သူ၏ဉာဏ်ပညာနှင့် ဖြောင့်မတ်သော စိတ်သဘောထားတို့ကို သူ လိုချင်သည့်အခါတိုင်းနှင့် ၎င်းတို့၏ ခွင့်ပြုချက် မရှိဘဲ၊ လူတို့ထံ ထုတ်ဖော်ပြဖို့ မဆိုထားနှင့်၊ သူသည် လူတို့ကို စိတ်ကူးပေါက် ပေါက်သလို ကြိုးကိုင်ခြယ်လှယ်၍ မရနိုင်ဟု ၎င်းတို့ တွေးထင်ကြလေသည်။ ဘုရားသခင်က ယင်းတို့ကို ဖြေလွှတ်ပေးရုံမျှ ဖြေလွှတ်ပေးမည်၊ ထိုသို့ လုပ်ဆောင်ခြင်းကို သူ စိတ်ကုန်သွားမည် မဟုတ်သကဲ့သို့ ဤအရာ အစဉ်အမြဲ ဆက်ဖြစ်လိမ့်မည်ဟု ယုံကြည်လျက်၊ ဘုရားသခင်ထံ ၎င်းတို့၏ အပြစ်များကို ဝန်ခံရုံသက်သက် ဝန်ခံကြလေသည်။ သမ္မာကျမ်းစာထဲ၌ ဘုရားသခင်သည် သူတစ်ပါးကို စေစားခြင်းငှာ လာခြင်းမဟုတ်ဘဲ သူတစ်ပါး၏အစေခံခြင်းငှာ ကြွလာခဲ့သည်ဟု ရေးမှတ် ထားသောကြောင့်၊ သူသည် ၎င်းတို့ကို နာခံရုံသာ နာခံမည်ဖြစ်ပြီး၊ ၎င်းတို့၏ အစေခံဖြစ်ဖို့ ဤနေရာတွင် သူ ရှိခြင်းဖြစ်သည်ဟု ယုံကြည်လျက်၊ ဘုရားသခင်ကို ဩဇာပေးကြလေသည်။ သင်တို့သည် ဤနည်းဖြင့် အမြဲ ယုံကြည်ကြပြီး ဖြစ်သည်မဟုတ်လော။ သင်တို့သည် ဘုရားသခင်ထံမှ တစ်စုံတစ်ရာကို မရနိုင်သည့်အခါတိုင်းတွင်၊ ထွက်ပြေးလိုကြသည်။ တစ်စုံတစ်ရာကို သင်တို့ နားမလည်သည့်အခါ၊ တိုး၍ အလွန် မကျေမချမ်း ဖြစ်ကြပြီး သူ့ကို ဆဲရေးခြင်းမျိုးစုံ သံကုန်ဟစ်သည်အထိပင် လုပ်ကြသည်။ သင်တို့သည် ဘုရားသခင် ကိုယ်တော်တိုင်အား သူ၏ ဉာဏ်ပညာနှင့် အံသြဖွယ်ရာကို အပြည့်အဝ ထုတ်ဖော်ပြရန် တကယ်ကို အခွင့်ပေးကြလိမ့်မည် မဟုတ်ပေ။ ထိုအစား သင်တို့သည် ယာယီသာယာမှုနှင့် သက်သောင့်သက်သာရှိခြင်းကိုသာ မွေ့လျော် ခံစားလိုကြသည်။ ယခုထိတိုင် ဘုရားသခင်၌ သင်တို့၏ယုံကြည်မှုထဲက သဘောထားသည် တူညီသည့် အိုဟောင်းသော အမြင်များသာ ပါရှိသည်။ အကယ်၍ ဘုရားသခင်သည် ဘုန်းအာနုဘော် စိုးစဉ်းမျှကိုသာ သင်တို့ကို ပြသပါက၊ သင်တို့ မပျော်မရွှင် ဖြစ်လာကြသည်။ ယခု သင်တို့၏ ဝိညာဉ်ရင့်ကျက်မှု မည်မျှ ကြီးမားသည်ကို အတိအကျ သိမြင်ကြပြီလော။ အမှန်တွင် သင်တို့၏အမြင်ဟောင်းများ မပြောင်းလဲသေးသည့်အချိန်၌၊ သင်တို့အားလုံးသည် ဘုရားသခင်ကို သစ္စာစောင့်သိကြသည်ဟု မယူဆကြနှင့်။ သင့်အပေါ် မည်သည့်အရာမျှ မကျရောက်ချိန်တွင်၊ အရာရာသည် ချောချောမောမော ဖြစ်နေသည်ဟု သင်တို့ ယုံကြည်ကြပြီး ဘုရားသခင်ကို သင်တို့၏ ချစ်ခြင်းက မြင့်မားသော အဆင့်တစ်ခုကို ရောက်ရှိသည်။ သေးငယ်သော တစ်စုံတစ်ရာ သင့်အပေါ် ကျရောက်သည့်အခါတွင်၊ သင်သည် မရဏာနိုင်ငံထဲသို့ ကျဆင်း လေတော့သည်။ ဤသည်မှာ ဘုရားသခင်ကို သစ္စာစောင့်သိခြင်း ဖြစ်သလော။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်တို့သည် အဆင့်အတန်းနှင့်ဆိုင်သော ကောင်းချီးမင်္ဂလာများကို ဘေးဖယ်ပြီး လူသားထံ ကယ်တင်ခြင်းကို ဆောင်ကြဉ်းဖို့ ဘုရားသခင်၏ အလိုကို နားလည်သင့်၏) ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်တော့်၏ တကယ့် အခြေအနေကို ထုတ်ဖော်ပြခဲ့ပါသည်။ ကျွန်တော်က သမ္မာတရားကို ရဖို့ ပေးဆပ်မှုများ လုပ်နေခဲ့ခြင်း မဟုတ်ပါ။ ထိုအစား ကျွန်တော်က ဘုရားသခင်၏ ကျေးဇူးတော်နှင့် ကောင်းချီးများကို ရဖို့အတွက် ပေးဆပ်မှုများကို လုပ်နေခဲ့ခြင်း ဖြစ်ပါသည်။ ကျွန်တော်က ဘုရားသခင်ကို လိမ်ညာပြီး အလဲအထပ်လုပ်ဖို့ ကြိုးစားနေသည်။ အရာရာတိုင်းက အဆင်ပြေနေပြီး ဘုရားသခင်၏ ကျေးဇူးတော်ကို ကျွန်တော် ရရှိနေသည့်အချိန်မှာ ကျွန်တော်က မိမိတာဝန်ကို စိတ်ဓာတ်ပြင်းပြစွာ ထမ်းဆောင်သည်။ ညီအစ်ကို မောင်နှမများက မည်မျှဝေးပါစေ၊ မည်မျှ အလုပ် ကြိုးစားရပါစေ၊ ရာသီဥတုက မည်သို့ရှိပါစေ ညီအစ်ကို မောင်နှမများကို ကူညီပြီး မိတ်သဟာယဖွဲ့ဖို့ ကျွန်တော် အမြဲတမ်း ပျော်ရွှင်နေခဲ့သည်။ သို့သော် ယခု ကျွန်တော်က မကျန်းမမာဖြစ်ပြီး ကျေးဇူးတော် မခံစားရသည့်အခါ၊ မကျေမနပ်ဖြစ်ပြီး ဘုရားသခင်ကို ညည်းညူကာ အပြစ်တင်သည်။ ဘုရားသခင်ကို အာခံပြီး ငြင်းခုံသည်။ အထူးသဖြင့် အခုအချိန်မှာ ကျွန်တော့် အခြေအနေက နေ့တိုင်း ဆိုးလာနေသည့်အခါ ဘုရားသခင်အပေါ် ကျွန်တော့် ယုံကြည်မှုက ပျောက်ဆုံးသွားပြီး ကျွန်တော့် တာဝန်မှာ ပေါ့ဆလာခဲ့ပါသည်။ သမ္မာတရားကို သို့မဟုတ် အသက်ကို အားထုတ်လိုက်စားဖို့ ဘုရားသခင်ကို ကျွန်တော် ယုံကြည်ခဲ့ခြင်း မဟုတ်ပါ။ ကောင်းချီးလိုချင်သည့် ကျွန်တော် ကိုယ်တိုင်၏ ဆန္ဒကို ဖြည့်ဆည်းဖို့ ဘုရားသခင်ကို အစဉ် အသုံးပြုနေခြင်း ဖြစ်ပါသည်။ ကျွန်တော်၏ ကိုယ်ပိုင် အကျိုးစီးပွားအတွက် လုပ်ခဲ့ခြင်း ဖြစ်ပါသည်။ ဘုရားသခင်အပေါ် ကျွန်တော့်၏ ယုံကြည်ခြင်းက မစစ်မှန်ခဲ့ပါ။ ကျွန်တော်က အလွန် တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ဖွယ်ကောင်းခဲ့ပါသည်။ ဘုရားသခင်ကို ထိုကဲ့သို့ ယုံကြည်နေခြင်းက ရုပ်ဝတ္ထုပစ္စည်း ကောင်းချီးများကို ကျွန်တော် ခံစားရလျှင်ပင် ကျွန်တော့် အသက်စိတ်သဘောထား မပြောင်းလဲပါက၊ ဘုရားသခင်၏ ဖယ်ရှားခြင်းကို ခံရမည် ဖြစ်ပါသည်။

နောက်တော့ ဘုရားသခင်၏ နှုတ်ကပတ်တော်များ နောက်တစ်ပိုဒ်ကို ကျွန်တော် ဖတ်ရပါသည်။ “စစ်ဆေးခြင်းသည် လူတို့ကို ဘုရားသခင် စုံလင်စေသည့် အကောင်းဆုံး နည်းလမ်းဖြစ်၏။ စစ်ဆေးခြင်းနှင့် ခါးသီးသော စမ်းသပ်ခြင်းများသည်သာ လူတို့၏ စိတ်နှလုံးများတွင် ဘုရားသခင်အတွက် စစ်မှန်သော ချစ်ခြင်းမေတ္တာကို ဖော်ထုတ်ပေးနိုင်သည်။ အခက်အခဲမရှိဘဲ၊ လူတို့သည် ဘုရားသခင်အတွက် စစ်မှန်သောချစ်ခြင်း ကင်းမဲ့သည်။ အတွင်း၌ ၎င်းတို့ စမ်းသပ်မခံရပါက၊ စစ်ဆေးခြင်းကို အမှန်တကယ် ခံရခြင်းမရှိပါက၊ ၎င်းတို့၏စိတ်နှလုံးများသည် ပြင်ပဝန်းကျင်တွင် ရောက်ရာပေါက်ရာသွားလိမ့်မည်။ အတိုင်းအတာ တစ်ခုအထိ စစ်ဆေးခြင်းခံရပြီးနောက်၊ သင်သည် သင်ကိုယ်တိုင်၏ အားနည်းချက်များနှင့် အခက်အခဲများကို မြင်ရလိမ့်မည်၊ သင်မည်မျှ ချို့တဲ့နေပြီး၊ သင်ကြုံရသည့် ပြဿနာများစွာကို သင်မနိုင်သည်ကို မြင်ရလိမ့်မည်ဖြစ်ကာ၊ သင်၏မနာခံမှု မည်မျှ ကြီးမားသည်ကို သင်မြင်ရလိမ့်မည်။ လူတို့သည် စမ်းသပ်မှုများအတွင်း၌သာ မိမိတို့၏ စစ်မှန်သော အခြေအနေများကို အမှန်တကယ် သိနိုင်ကြသည်။ စမ်းသပ်မှုများက လူတို့ကို ပိုမိုကောင်းမွန်စွာ စုံလင်ခြင်းခံရနိုင်စေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စစ်ဆေးခြင်းကိုကြုံတွေ့ခြင်းအားဖြင့်သာ လူသားသည် စစ်မှန်သော ချစ်ခြင်းမေတ္တာကို ပိုင်ဆိုင်နိုင်သည်) ကျွန်တော့်ကို နာမကျန်းဖြစ်စေခြင်းက ကျွန်တော်၏ ဖောက်ပြန်ပျက်စီးခြင်းကို သန့်စင်သော ဘုရားသခင်၏ နည်းလမ်း ဖြစ်သည့် သူ၏အလိုတော်ကို နားလည်စေဖို့ ဘုရားသခင်၏နှုတ်ကပတ်တော်များက ကျွန်တော့်ကို ကူညီပေးခဲ့သည်။ ကျွန်တော် ထောင်ကျတုန်းက ဘုရားသခင်ကို သစ္စာမဖောက်ခဲ့ပါ။ ကျွန်တော် ရင်ဆိုင်ခဲ့ရသည့် မည်သည့် ဆင်းရဲဒုက္ခအတွက်မဆို ဘုရားသခင်ကို လုံးဝ အပြစ်မတင်ခဲ့ပါ။ ကျွန်တော်က ဘုရားသခင်ကို သစ္စာရှိပြီး သူ့ကို ခိုင်မာသည့် ယုံကြည်ခြင်းရှိသည်ဟု ထင်ခဲ့သည်။ ဤရောဂါသာ မဖြစ်ခဲ့ပါက၊ ကျွန်တော့်၏ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားနှင့် ကောင်းချီးမင်္ဂလာများ နောက်လိုက်သည့် ကျွန်တော့်၏ မသန့်စင်သည့် ရည်ရွယ်ချက်ကို ကျွန်တော် မည်သည့်အခါမျှ သိမည်မဟုတ်ပါ၊ သမ္မာတရားကို လိုက်စားနိုင်ဖို့နှင့် ပြောင်းလဲနိုင်ဖို့တို့က သာ၍နည်းပါးပါသည်။ ဤရောဂါ ဖြစ်ပေါ်လာသည့်အခါမှာ ကျွန်တော့်ကို ကယ်တင်သည့် ဘုရားသခင်၏ နည်းလမ်းသာဖြစ်သည်။ ယင်းမှာ ကျွန်တော့်အတွက် ဘုရားသခင်၏ ချစ်ခြင်းပင် ဖြစ်ပါသည်။ ဤသည်ကို နားလည်သဘောပေါက်သည့်အခါ၊ ဘုရားသခင်ကို ကျွန်တော် အပြစ်တင်ပြီး အထင်လွဲခြင်း မဖြစ်တော့ပါ။ ကျွန်တော့်၏ အခြေအနေက မည်သို့ဖြစ်ပါစေ ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုကို ကျွန်တော် နာခံမည်၊ ပြီးလျှင် ကောင်းချီးရဖို့ ကျွန်တော့်၏ ရည်ရွယ်ချက်ကို စွန့်လွှတ်မည်။ ထို့နောက် ဘုရားသခင်၏ လမ်းပြမှုကိုလည်း ရှာဖွေရင်း၊ ကျွန်တော် ဆေးသောက်ပြီး ဘုရားသခင်ထံ မိမိကိုယ်ကိုယ် အပ်နှံခဲ့ပါသည်။ နေ့တိုင်း ကျွန်တော့်တာဝန်ကို ထမ်းဆောင်ဖို့အတွက် အစွမ်းကုန် ကြိုးစားခဲ့သည်။ ကျွန်တော် မျှော်လင့်မထားသည့်အရာမှာမူ ကျွန်တော့်ရောဂါက ကျွန်တော် ကိုယ်တိုင် မသိလိုက်ဘဲနှင့် ရှင်းရှင်းလင်းလင်း ပျောက်သွားခြင်း ဖြစ်သည်။ ကျွန်တော့် နှလုံးသားက ဘုရားသခင်ကို ကျေးဇူးတင်ခြင်းများနှင့် ပြည့်နေခဲ့ပါသည်။

၂၀၁၅ခုနှစ် မေလမှာ ကျွန်တော် ရေလောင်းသည့် တာဝန်ကို ယူခဲ့သည်။ ဤတာဝန်ကို ကျွန်တော် တကယ်ကို မြတ်နိုးပါသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ချင့်ချိန်စဉ်းစားရင်းနှင့် ကျွန်တော့်၏ အချိန်ကို ကုန်ဆုံးစေခဲ့ပြီး၊ ကျွန်တော့်၏ ညီအစ်ကို မောင်နှမများက ပြဿနာများရှိနေသည့်အချိန်မှာ ထိုပြဿနာများကို ကျွန်တော် စဉ်းစားသုံးသပ်သည်၊ ပြီးလျှင် သူတို့ကို ကူညီနိုင်မည့် ဘုရားသခင်၏ နှုတ်ကပတ်တော်အပိုဒ်များကို ရှာဖွေသည်။ အချိန်နည်းနည်းကြာပြီးသည့်နောက် အသင်းတော် အသက်တာက တိုးတက်လာခဲ့ပါသည်။ ညီအစ်ကို မောင်နှမများက သူတို့တာဝန်များကို ဆောင်ရွက်ဖို့ ပို၍ စိတ်အားထက်သန်ကြပြီး ဆင်းရဲဒုက္ခများနှင့် ဖိနှိပ်ခြင်းတို့ကို ရင်ဆိုင်ရသည့်အခါ၊ သက်သေရပ်တည်ဖို့ ယုံကြည်မှုရှိကြသည်။ ကျွန်တော် ပီတိဖြစ်မိသည်။ ဘုရားသခင်က ကျွန်တော့်တာဝန်မှာ ပိုပြီး ထိရောက်မှုရှိအောင် လုပ်ပေးပြီး ကျွန်တော့်ကို ကောင်းချီးပေးခဲ့သည်ဟု ကျွန်တော် ထင်ခဲ့ပါသည်၊ ယင်းမှာ ကျွန်တော့်၏ အလုပ်ကြိုးစားမှုကို ဘုရားသခင်က ချီးကျူးနေသည်ကို သက်သေပြခြင်း ဖြစ်သည်။

သို့သော် ထိုနှစ် ဇွန်လ ငါးရက်မြောက်နေ့မှာ အစည်းအဝေး တစ်ခုကို သွားဖို့ ပြင်ဆင်နေစဉ် ရုတ်တရက် ကျွန်တော် အလွန် မူးနောက်လာသည်။ မြေကြီးက ချာချာလည်နေသကဲ့သို့ ခံစားရသည်။ ခဏနေတော့ ကျွန်တော့် မျက်နှာနှင့် အဝတ်အစားများမှာ ချွေးများ စိုရွှဲလာပြီး ခေါင်း အရမ်းကိုက်လာသည်။ ကျွန်တော် ပထမဆုံး နေမကောင်းစဉ်က ဖြစ်သည့် လက္ခဏာများကဲ့သို့ပင် ဖြစ်သည်၊ ပို၍ပင် ဆိုးလာသည်။ ကျွန်တော် သေတော့မလို ခံစားခဲ့ရသည်။ “ဒီ ရောဂါက ဘယ်လိုလုပ် ပြန်ရောက်လာတာလဲ။ နေ့တိုင်း ငါ့တာဝန်ကို ထမ်းဆောင်ဖို့ ငါ အလုပ်ကြိုးစားခဲ့တယ်။ ဘုရားသခင်က ငါ့ကို ဘာလို့ မကာကွယ်တာလဲ။ ငါက ဘုရားသခင်အပေါ် သစ္စာရှိမှုက မလုံလောက်သေးဘူးလား။” ဟု မိမိဘာသာ စဉ်းစားမိသည်။ ကျွန်တော် ဖြစ်နေသည့် အခြေအနေကို ကျွန်တော့်မိန်းမက သတိပြုမိပြီး သူနှင့် ကျွန်တော့်သမီးများက ကျွန်တော့်ကို ဆေးရုံကို အမြန်ပို့ခဲ့ကြသည်။ ဆေးစစ်ချက်အဖြေ ထွက်လာသည့်အခါ ဆရာဝန်က ကျွန်တော့်ကို ရှောင်ပြီး ကျွန်တော့်သမီးများကိုသာ သွားပြောသည်။ ထိုအချိန်တွင် ယင်းက ကင်ဆာမဟုတ်ပါက၊ အခြေအနေဆိုးသည့်အရာ တစ်ခုခုဖြစ်မည်ကို ကျွန်တော် သိလိုက်သည်။ ကျွန်တော် စပြီး ဝမ်းနည်းလာသည်။ သို့သော် “ဒါ ပထမတစ်ခါတုန်းက ခံစားရတဲ့ လက္ခဏာတွေပဲ။ နောက်ဆုံးကျ ပျောက်သွားတာပဲ။ ဒီနေ့ ဒါကလည်း ဘုရားသခင်ရဲ့ လက်ထဲမှာပဲရှိတယ်။ ငါက ငါ့တာဝန်ကို ထမ်းဆောင်နေသေးတာပဲဆိုတော့ အရမ်းဆိုးတဲ့ဟာ မဖြစ်လောက်ဘူး မဟုတ်လား။” ဟု ကျွန်တော် တွေးမိသည်။ ထိုကဲ့သို့ စဉ်းစားမိပြီး စပြီး စိတ်ငြိမ်သွားခဲ့သည်။ ခဏလောက် ကြာတော့ ကျွန်တော့် သမီးနှစ်ယောက်က ရှိုက်ငိုရင်းနှင့် ဝင်လာပြီး “အဖေက အသည်းကင်ဆာရှိတယ်လို့ ဆရာဝန်က ပြောတယ်...” ဟု ကျွန်တော့်မိန်းမကို ပြောလိုက်သည်။ ယင်းကို ကြားရတော့ သူမ ထိတ်လန့်သွားသည်။ သူတို့ သုံးယောက် အချင်းချင်းဖက်ပြီး အရမ်းငိုကြသည်။

ကျွန်တော့်စိတ်က လုံးဝကို ဗျောင်းဆန်သွားပြီး ဖိခြေခံရသည့် နာကျင်မှုမျိုးကို ခံစားခဲ့ရသည်။ ကျွန်တော် မည်သို့များ အသည်းကင်ဆာ ဖြစ်သွားရသနည်း။ ဤသည်မှာ ကုသဖို့ မဖြစ်နိုင်သလောက်ပင် ဖြစ်ပြီး ကျွန်တော် အချိန်မရွေး သေသွားနိုင်သည်။ ကျွန်တော် သေသွားပါက ကျွန်တော့်မိန်းမနှင့် သမီးများက မည်သို့လုပ်ကြမည်နည်း။ ကျွန်တော် အလုပ်ကြိုးစားပြီး ပေးဆပ်ခြင်းများ အားလုံးက ဤကဲ့သို့ ဖြစ်လာဖို့လား။ ကောင်းကင်နိုင်ငံတော်၏ ကောင်းချီးများက ကျွန်တော့်ကို ငြင်းပယ်လိုက်ခြင်းလား။ ထိုအချိန်တုန်းက ကျွန်တော် တော်တော်ကို ဝမ်းနည်းစိတ်ပျက်မိသည်။ ကျွန်တော့် မိန်းမက ငိုရင်းနှင့် ကျွန်တော့်ကို “ရှင့်မှာ ဒီရောဂါရှိတယ်ဆိုရင် ဒါ ဘုရားသခင်က ခွင့်ပြုလို့ပဲ။ ဘုရားသခင်က ဖြောင့်မတ်တယ်။ ကျွန်မတို့ သူ့ကို အပြစ်မတင်ရဘူး။ အထင်မလွဲရဘူး။ ဘုရားရဲ့အလိုတော်ကို ကျွန်မတို့ နားလည်ဖို့ ကြိုးစားရမယ်။” ဟု ပြောသည်။ ဘုရားသခင်က ဖြောင့်မတ်သည်ကို ကျွန်တော့်မိန်းမ၏ စကားလုံးများက ကျွန်တော့်ကို သတိပေးခဲ့ပါသည်၊ ဟုတ်ပါသည်။ မညည်းညူဘဲနှင့် ဘုရားသခင်၏အလိုတော်ကို ကျွန်တော် ရှာရမည်။ ကျွန်တော့် မိန်းမ နာကျင်နေရသည်ကို မြင်သည့်အခါ၊ ကျွန်တော်လည်း မထိန်းနိုင်ဘဲ ငိုမိသည်။ ကျွန်တော့် မျက်လုံးမှာ မျက်ရည်တွေနှင့် ဘုရားသခင်ကို “ဘုရားသခင် ကိုယ်တော်ဟာ ဘာကိုမှ အဓိပ္ပာယ်မရှိဘဲ မလုပ်ပါဘူး။ ကျေးဇူးပြုပြီး ကိုယ်တော့်အလိုတော်ကို နားလည်ဖို့ လမ်းပြတော်မူပါ” ဟု ကျွန်တော် တိတ်တဆိတ် ဆုတောင်းခဲ့ပါသည်။ ဆုတောင်းပြီးသည့်အခါ ကျွန်တော် အရမ်း ပိုပြီး စိတ်ငြိမ်သက်သွားသည်။ ကျွန်တော် ဖြစ်နေသည့်ရောဂါက ကုသဆေးမရှိိသည်ကို သိခဲ့ပြီး ကျွန်တော့် မိသားစုကို ငွေရေးကြေးရေးနှင့် ပတ်သက်သည့် ဖိအားများ ထပ်မပေးချင်တော့သောကြောင့်၊ အိမ်မှာ ပြန်ပြီး အနားယူဖို့အတွက် တောင်းဆိုခဲ့သည်။

နှစ်ရက်ကြာပြီးနောက် ညီအစ်ကို မောင်နှမများက ကျွန်တော့်ကို လာတွေ့ပြီး မည်သို့နေသည်ကို လာမေးကြသည်။ သူတို့ကို တွေ့ပြီး ကျွန်တော့် အခြေအနေက မည်မျှဆိုးနေသည်ကို တွေးမိသည့်အခါ၊ “မင်းတို့တွေ အားလုံး ငါနဲ့အတူရှိနေပြီး ငါ့ကို ဂရုစိုက်နေကြတာက ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာပါပဲ။ ဒါပေမဲ့ ဒီလို ရောဂါမျိုးနဲ့ဆိုရင် ငါ သိပ် အကြာကြီးနေရမှာမဟုတ်တော့ဘူး။ ခါတိုင်းလိုမျိုး ငါ့တာဝန်ကို ထမ်းဆောင်နိုင်မှာမဟုတ်တော့ဘူး၊ ပြီးတော့ ဘုရားသခင်ရဲ့ နိုင်ငံတော်က အကောင်အထည်ပေါ်လာမှာကို မြင်ရဖို့လည်း အသက်ရှင်မှာ မဟုတ်ပါဘူး။” ဟု ငိုပြီး ပြောလိုက်သည်။ အစ်မတစ်ယောက်က ကျွန်တော့်ကို နှစ်သိမ့်ပြီး စိတ်ရှည်ရှည်နှင့် ကျွန်တော့်ကို “အစ်ကို ဒီရောဂါက ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာတွေထဲက တစ်ခုပါ။ အစ်ကို ပိုပြီးတော့ ဆုတောင်းရမယ်၊ သမ္မာတရားကို ရှာဖွေရမယ်၊ ဘုရားသခင်ရဲ့ အလိုတော်ကို နားလည်သဘောပေါက်ရမယ်၊ ပြီးတော့ မကျန်းမမာ ဖြစ်နေတုန်းမှာတောင် သက်သေရပ်တည်ရမယ်။” ဟု ပြောသည်။ နောက်ပိုင်းမှာ ဘုရားသခင်၏နှုတ်ကပတ်တော်များ ကျမ်းပိုဒ်အနည်းငယ်ကို သူမက ကျွန်တော့်ကို ပေးခဲ့သည်။ ထိုအထဲက တစ်ခုက ကျွန်တော့်ကို လေးလေးနက်နက် ခံစားမိစေသည်။ “ဘုရားသခင်၌ သူတို့၏ ယုံကြည်ခြင်းတွင် လူတို့ ရှာဖွေကြသည့်အရာမှာ အနာဂတ်အတွက် ကောင်းချီးမင်္ဂလာများကို ရရှိရန်ဖြစ်သည်၊ ဤသည်မှာ သူတို့၏ ယုံကြည်ခြင်းထဲက သူတို့၏ ရည်ရွယ်ချက်ဖြစ်သည်။ လူအပေါင်း၌ ဤရည်ရွယ်ချက်နှင့် မျှော်လင့်ချက် ရှိကြသည်။ သို့သော်လည်း သူတို့၏သဘာဝဗီဇအတွင်းမှ ဖောက်ပြန်ပျက်စီးခြင်းကို စမ်းသပ်မှုများအားဖြင့် ဖြေရှင်းရမည်ဖြစ်သည်။ သင်တို့အနေဖြင့် သန့်စင်စေခြင်း မခံရသေးသော မည်သည့်ကဏ္ဍများတွင်မဆို ယင်းကဏ္ဍများ၌ စစ်ဆေးခြင်းကို သင်ခံရမည်၊ ဤသည်မှာ ဘုရားသခင်၏ အစီအစဉ်ဖြစ်သည်။ ဘုရားသခင်သည် သင့်အတွက် ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးပေးသည်၊ သင်၏ဖောက်ပြန်ပျက်စီးခြင်းကို သင်သိနိုင်ရန် ထိုနေရာတွင် သင့်ကို မဖြစ်မနေ အစစ်ဆေးခံစေသည်။ အဆုံးတွင် သင်သည် သေလိုပြီး သင်၏အကြံအစည်များနှင့် အလိုဆန္ဒများကို စွန့်လွှတ်လိုသည့် အနေအထားအထိရောက်ကာ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်ကို ကျိုးနွံနာခံမည်ဖြစ်သည်။ ထို့ကြောင့် အကယ်၍ လူတို့သည် နှစ်အနည်းငယ် စစ်ဆေးခံရခြင်း မရှိပါက၊ အကယ်၍ ၎င်းတို့သည် အတိုင်းအတာတစ်ခုအထိ ဒုက္ခဆင်းရဲခြင်းကို မခံရပါက ၎င်းတို့သည် ၎င်းတို့၏အတွေးများနှင့် စိတ်နှလုံးများထဲမှ ဇာတိပကတိဖောက်ပြန်ပျက်စီးခြင်း၏ ချုပ်နှောင်မှုကို ဖယ်ရှားနိုင်မည် မဟုတ်ပေ။ သင်သည် စာတန်၏ ချုပ်နှောင်ခြင်းကို ခံနေရသေးသော မည်သည့်ကဏ္ဍများတွင်မဆို၊ သင်၏ ကိုယ်ပိုင် အလိုဆန္ဒများ၊ သင်၏လိုအင်များ ရှိနေသေးသော မည်သည့်ကဏ္ဍများတွင်မဆို သင်သည် ယင်းကဏ္ဍများတွင် ဒုက္ခဆင်းရဲခံသင့်သည်။ ဒုက္ခဆင်းရဲထဲ၌သာ သင်ခန်းစာများကို သင်ယူနိုင်ပြီး၊ ယင်းမှာ သမ္မာတရားကို ရနိုင်စွမ်းနှင့် ဘုရားသခင်၏ အလိုတော်ကို နားလည်နိုင်စွမ်းရှိခြင်းကို ဆိုလိုသည်။ အမှန်အားဖြင့် သမ္မာတရားများစွာကို နာကျင်သော စမ်းသပ်မှုများအား တွေ့ကြုံခြင်းဖြင့် နားလည်ကြခြင်း ဖြစ်သည်။ သက်သောင့်သက်သာရှိပြီး လွယ်ကူသော ပတ်ဝန်းကျင်တစ်ခု၌ ရှိသောအခါ၊ သို့မဟုတ် အခြေအနေများ ကောင်းမွန်နေသောအခါ၌ မည်သူမျှ ဘုရားသခင်၏ အလိုတော်ကို နားလည်နိုင်ခြင်း၊ ဘုရားသခင်၏ အနန္တတန်ခိုးနှင့် ဉာဏ်ပညာကို အသိအမှတ်ပြုနိုင်ခြင်း၊ သို့မဟုတ် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားကို နားလည်သဘောပေါက်ခြင်း ရှိနိုင်မည် မဟုတ်ပေ။ ထိုအရာမှာ ဖြစ်နိုင်လိမ့်မည် မဟုတ်ပေ။(နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “စမ်းသပ်မှုများအလယ်၌ ဘုရားသခင်ကို ကျေနပ်စေသင့်သည့် နည်းလမ်း”) ဤသည်ကို ဖတ်ပြီးသည့်နောက်၊ ကျွန်တော် မိမိကိုယ်ကိုယ် ပြန်လည်ဆန်းစစ်ခဲ့သည်။ ယခင်က ကျွန်တော် နာမကျန်းဖြစ်သည့်အခါ၊ သမ္မာတရားကို ရှာဖွေခြင်းမှတစ်ဆင့် ကျွန်တော် ကျိုးနွံနာခံနိုင်ခဲ့သည်။ သို့သော် ယခု ကျွန်တော့် ရောဂါက ပြန်ထလာပြီး ယခင်ကထက်ပင် ပိုဆိုးလာသည့်အခါ ကျွန်တော် ထပ်ပြီး ဖော်ထုတ်ခံရပြန်သည်။ ကောင်းချီးများရဖို့ ကျွန်တော့် ရည်ရွယ်ချက်က နက်နက်နဲနဲ အမြစ်တွယ်နေပြီး ဘုရားသခင်၏ စမ်းသပ်မှုကို ကျွန်တော် အောင်မြင်အောင် မလုပ်နိုင်ခဲ့သည်ကို ကျွန်တော် မြင်ခဲ့ရသည်။ ကျွန်တော်၏ကျန်းမာရေးသာ နောက်တစ်ကြိမ် မပျက်စီးခဲ့ပါက၊ ကောင်းချီးများရဖို့ နက်နက်နဲနဲ အမြစ်တွယ်နေသည့် ရည်ရွယ်ချက်နှင့် ကျွန်တော့်၏ ကြမ်းတမ်းသည့် လိုအင်ဆန္ဒများက မြင်တွေ့ဖို့ ခက်ခဲမည် ဖြစ်သည်၊ ပြောင်းလဲပြီး သန့်စင်ဖို့ဆိုသည်မှာ သာ၍ နည်းပါးပေသည်။ တစ်ချိန်တည်းမှာပင် ဘုရားသခင်၏ သန့်ရှင်းပြီး ဖြောင့်မတ်သည့် စိတ်သဘောထားကို မြင်ခဲ့ရပါသည်။ လူ၏ နှလုံးသားကို သူက သေချာ ကြည့်ရှုစစ်ဆေးသောကြောင့်၊ ကျွန်တော့်အတွင်းရှိ ဖောက်ပြန်ပျက်စီးခြင်းနှင့် အရောအနှောများကို သူသိပါသည်။ မိမိကိုယ်ကိုယ် ပြန်လည်သုံးသပ်ဖို့၊ သမ္မာတရားကို ရှာဖွေဖို့၊ ကျွန်တော့်၏ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားကို ဖြေရှင်းဖို့ တွန်းအား ပေးရန် ကျွန်တော့်၏ရောဂါကို ဘုရားသခင်က အသုံးပြုသည်။ ဤသည်မှာ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ ဖြစ်ပါသည်။ နောက်ပိုင်းမှာ ကျွန်တော့်၏ ရောဂါကို ရင်ဆိုင်ရသည့်အခါ ကျွန်တော်၏ တုံ့ပြန်မှုက အဘယ့်ကြောင့် ဘုရားသခင်ကို အထင်လွဲခြင်းနှင့် အပြစ်တင်ခြင်းသာ ဖြစ်ရသည်ကို စဉ်းစားလျက်၊ ကျွန်တော့်၏ အပြုအမူကို ဆင်ခြင်သုံးသပ်ခဲ့သည်။ ကျွန်တော်က ဘုရားသခင်နှင့် အပေးအယူလုပ်ဖို့ ကြိုးစားနေခြင်း မဟုတ်ပါလား။ ဘုရားသခင်၏ ကောင်းချီးများကို ကျွန်တော် အမြဲတမ်း လိုချင်ပြီး ကျွန်တော့်အတွက် သူစီစဉ်ပေးသည့်အရာကို လက်ခံဖို့ ဆန္ဒမရှိခြင်း မဟုတ်ပါလား။ ကျွန်တော်က ဘုရားသခင်နှင့် အပေးအယူလုပ်ဖို့ အမြဲတမ်း ကြိုးစားခဲ့သော်လည်း ယင်းက မည်သည့်အရာကို ဖြစ်စေသနည်း။

အချိန်ကြာပြီးသည့်နောက်မှာ ဘုရားသခင်၏နှုတ်ကပတ်တော် အချို့ကို ကျွန်တော် ဖတ်ရပါသည်။ “လူတို့အားလုံး ၎င်းတို့ကိုယ်တိုင်အတွက် အသက်ရှင်နေထိုင်ကြ၏။ မိမိကိုယ်သာ ကိုးကွယ်ရာ၊ ဤသည်မှာ လူ့သဘာဝ၏ အနှစ်ချုပ်ဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်ခြင်းသည် မိမိအတွက် လုပ်ဆောင်ခြင်းဖြစ်ပြီး၊ ကောင်းချီးမင်္ဂလာများ ရယူခြင်းသည် ထိုသို့ပင် သာ၍ဖြစ်၏။ အမှုအရာများကို စွန့်လွှတ်ခြင်း၊ မိမိကိုယ်ကို ဘုရားသခင်အတွက် အသုံးခံခြင်းနှင့် ဘုရားသခင်အပေါ် သစ္စာရှိခြင်း၊ ဤအရာအားလုံးကို မိမိအတွက် လုပ်ဆောင်ခြင်းသာဖြစ်၏။ အတိုချုပ်အားဖြင့် ယင်းမှာ မိမိအတွက် ကောင်းချီးမင်္ဂလာများ ရရှိရန် ရည်ရွယ်ချက်အတွက်ချည်းသာ ဖြစ်၏။ လောကတွင် အရာခပ်သိမ်းသည် ကိုယ်ကျိုးအတွက်သာ ဖြစ်၏။ ဘုရားသခင်ကို ယုံကြည်ခြင်းသည် ကောင်းချီးမင်္ဂလာများ ရရှိရန်ဖြစ်ပြီး၊ ကောင်းချီးမင်္ဂလာများ ရယူရန်အတွက် လူတစ်ဦးအနေဖြင့် အရာခပ်သိမ်းကို စွန့်ပယ်ခြင်းဖြစ်ကာ၊ ကောင်းချီးမင်္ဂလာများရယူရန်အတွက် လူတစ်ဦးသည် များစွာသော ဒုက္ခကို ကြံ့ကြံ့ခံနိုင်ခြင်းဖြစ်သည်။ ဤအရာအားလုံးမှာ လူသား၏ ဖောက်ပြန်ပျက်စီးသော သဘောသဘာဝအပေါ် လက်တွေ့ကိုအခြေခံသော အထောက်အထားဖြစ်၏။(နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “အပြင်ပန်းပြောင်းလဲမှုများနှင့် စိတ်နေသဘောထားပြောင်းလဲမှုများကြားက ခြားနားချက်”)ဘုရားသခင်အပေါ် လူတို့၏ တောင်းဆိုချက်များကို ပြောဆိုဖို့ထက် ပိုခက်ခဲသောအရာ မရှိပေ။ ဘုရားသခင် လုပ်ဆောင်သည့် မည်သည့်အရာကမျှ သင်၏ အတွေးနှင့် မကိုက်ညီလျှင်၊ သင်၏ အတွေးနှင့်အညီ သူ မဆောင်ရွက်လျှင်၊ သင်သည် အာခံဖို့ အလားအလာရှိ၏- ယင်းက သဘာဝအားဖြင့် လူသားသည် ဘုရားသခင်ကို ဆန့်ကျင်ကြောင်း ပြလေသည်။ ဤပြဿနာကို သိရှိပြီး ဖြေရှင်းဖို့ရန် သမ္မာတရားကို လိုက်စားခြင်းအား သင် အသုံးပြုရမည်။ သမ္မာတရား မရှိသူတို့သည် ဘုရားသခင်အပေါ် တောင်းဆိုချက်များစွာ ပြုကြသည်၊ သို့ရာတွင် သမ္မာတရားကို အမှန်တကယ် နားလည်သူတို့မှာမူ တောင်းဆိုချက်တစ်ခုမျှ မပြုကြချေ၊ ဘုရားသခင်ကို ၎င်းတို့ အတော်အတန် စိတ်ကျေနပ်မှုမပေးရသေးကြောင်း၊ ၎င်းတို့ လုံလုံလောက်လောက် နာခံမှုမရှိကြကြောင်းတို့ကိုသာ ၎င်းတို့ ခံစားကြရသည်။ လူများသည် ဘုရားသခင်ကို တောင်းဆိုချက်များ အမြဲပြုကြသည်က ထိုလူများ၏ ဖောက်ပြန်ပျက်စီးသော သဘာဝကို ထင်ဟပ်သည်။ ဤအရာကို ဆိုးရွားသည့် ပြဿနာတစ်ခုအဖြစ် သင် သဘောမထားလျှင်၊ အရေးကြီးသော အရာတစ်ခုအဖြစ် ယင်းကို သင် သဘောမထားလျှင်၊ သင်၏ ယုံကြည်ခြင်း လမ်းကြောင်းပေါ်၌ ဘေးသင့်မှုနှင့် ကွယ်ဝှက်ထားသော အန္တရာယ်များ ရှိလိမ့်မည်။ သာမန်အမှုအရာကို သင် အောင်မြင်ကျော်လွှားနိုင်သော်လည်း၊ သင်၏ ကံကြမ္မာ၊ မျှော်လင့်ချက်များ နှင့် ခရီးပန်းတိုင်တို့ ပါဝင်သည့်အခါတွင်၊ သင် မအောင်မြင်ကောင်း မအောင်မြင်နိုင်ချေ။ ထိုအချိန်တွင်၊ သင်သည် သမ္မာတရားမရှိလျှင်၊ သင်၏ လမ်းဟောင်းများပေါ်သို့ သင် အလွယ်တကူ ပြန်လဲကျကောင်း လဲကျနိုင်ပြီး၊ ထိုသို့ဖြင့် ဖျက်ဆီးခံရသည့် သူများထဲမှ တစ်ဦး ဖြစ်လာလိမ့်မည်။(နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “လူတို့သည် ဘုရားသခင်ကို အလွန်မြောက်မြားစွာ တောင်းဆိုကြသည်”)

ဘုရားသခင်နှင့် အလဲအလှယ်လုပ်ဖို့ ဤကြိုးစားမှုများက စာတန်၏ အဆိပ်များ ဖြစ်သည့် “မိမိကိုယ်သာ ကိုးကွယ်ရာဖြစ်၏၊” “အခကြေးငွေမယူဘဲ အလုပ်မလုပ်နှင့်” တို့အပေါ် အခြေခံထားခဲ့သည်ကို ဘုရားသခင်၏နှုတ်ကပတ်တော်များ၏ ထုတ်ဖော်ပြချက်များက ကျွန်တော့်ကို နားလည်အောင် ကူညီပေးခဲ့ပါသည်။ မည်သည့်အရာကိုလုပ်လုပ် ကျွန်တော်က မိမိအတွက် အကျိုးအမြတ်ရနိုင်ပြီး ကောင်းချီးများရဖို့ မည်သို့ လုပ်နိုင်မည်ကို ဦးစွာ အမြဲတမ်း စဉ်းစားသည်။ ကျွန်တော့် တာဝန်၌ပင်၊ ကျွန်တော့်၏ ကိုယ်ပိုင် ရည်ရွယ်ချက်များ၊ အစွန်းအထင်းများ အမြဲတမ်း ရှိနေခဲ့သည်။ ကျွန်တော် လျှောက်လှမ်းခဲ့သည့် လမ်းကြောင်းကို စဉ်းစားကြည့်ပါက၊ ကျွန်တော်က ဘုရားသခင်၏ အမှုအတွက် အပေါ်ယံ ပေးဆပ်မှုများကို အမြဲတမ်း လုပ်သည်၊ တကယ်တမ်းကျတော့ ကျွန်တော်က ကြီးမားသည့် ကောင်းချီးများရဖို့အတွက် ဤသေးငယ်သည့် အနစ်နာခံမှုလေးများနှင့် လဲလှယ်ဖို့ ကြိုးစားနေခြင်း ဖြစ်ပါသည်။ ဘုရားသခင်၏ ကောင်းချီးများကို ရဖို့ မည်သည့် ဒုက္ခခံစားမှုမဆို ထိုက်တန်သည့် သဘောရှိပါသည်။ သို့သော် ကျွန်တော့် ဆန္ဒများ မပြည့်သည့်အခါ၊ ခဏခဏ မကျန်းမမာဖြစ်သည့်အခါ၊ ကျွန်တော် သေတော့မည့် ပုံစံအထိ ဖြစ်သည့်အခါ၊ ဘုရားသခင်အပေါ် ကျွန်တော့်၏ အထင်လွဲမှု၊ အပြစ်တင်မှု၊ အာခံမှု၊ သစ္စာဖောက်မှုများက ပေါ်လာခဲ့သည်။ ကျွန်တော့်၏ ပန်းတိုင်ကို ရောက်ဖို့အတွက် တာဝန်ကို ထမ်းဆောင်ခဲ့ခြင်း ဖြစ်ပါသည်။ ဘုရားသခင်ကို အသုံးပြုနေခြင်း၊ သူ့ကို လိမ်ညာနေခြင်း ဖြစ်ပါသည်။ ကျွန်တော် ဆင်ခြင်တုံတရားနှင့် အသိစိတ် ပျောက်ဆုံး ခဲ့ပါသည်။ ဆိုးယုတ်ပြီး စက်ဆုပ်ရွံရှာဖွယ် ကောင်းခဲ့သည်။ ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများကသာ ကျွန်တော့်ကို ထပ်ခါထပ်ခါ မထုတ်ဖော်ခဲ့ပါက၊ ကျွန်တော်က မည်မျှ တစ်ကိုယ်ကောင်းဆန်ပြီး လှည့်စားတတ်သည်ကို လုံးဝ သိမည် မဟုတ်ပါ။ ကောင်းချီးများ နောက်လိုက်သည်ကို သင့်လျော်သည်ဟု ကျွန်တော် မှတ်ယူခဲ့ပြီး ဘုရားသခင်၏ တောင်းဆိုချက်များကို နောက်အဝေးကြီးမှာ ချန်ထားခဲ့သည်။ ကျွန်တော်က မည်သည့်အရာကို လုပ်ခဲ့လုပ်ခဲ့၊ မည်သည့် ပေးဆပ်မှုများသာ လုပ်ခဲ့ပါစေ၊ အရေးမပါပေ- ဘုရားသခင်က ဤသည်ကို လုံးဝ ချီးမွမ်းမှာမဟုတ်ပါ။ ကျွန်တော်က သမ္မာတရားကို မလိုက်စားပါက၊ ကျွန်တော့်ရည်ရွယ်ချက်က မိမိအတွက် ကောင်းချီးရဖို့သာ ဖြစ်နေသေးပါက၊ ဘုရားသခင်က ကျွန်တော့်ကို မုန်းတီးပြီး အပြစ်ဒဏ်ပေးမည် ဖြစ်သည်။ ကျွန်တော့်ကို ဉာဏ်အလင်းရစေသည့်အတွက်၊ ဤနာမကျန်းဖြစ်ခြင်းကနေ မိမိကိုယ်ကိုယ် သိမြင်ခွင့်ပေးပြီး ကျွန်တော့်၏ ကြမ်းတမ်းသည့် တောင်းဆိုချက်များကို စွန့်လွှတ်ခွင့်ပေးသည့်အတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကျွန်တော် ကျေးဇူးတင်ပါသည်။ ဤသည်က ကျွန်တော့်အတွက် ဘုရားသခင်၏ ကယ်တင်ခြင်း ဖြစ်ပါသည်။ ကျွန်တော် စဉ်းစားကြည့်လေလေ၊ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာက မည်မျှ ကြီးမားသည်ကို ခံစားရလေလေ ဖြစ်သည်။ ဘုရားသခင်ကို “ဘုရားသခင် ကျွန်တော် ကင်ဆာဖြစ်ခြင်း နောက်ကွယ်မှာ ကိုယ်တော်ရဲ့ ကောင်းမွန်တဲ့ အလိုတော်ရှိပါတယ်။ ကျွန်တော့်ရဲ့ ရှင်ခြင်း၊ သေခြင်းက ကိုယ်တော့်လက်တော် ထဲမှာရှိပါတယ်။ ကိုယ်တော့်ကို ကျွန်တော် နာခံပါမယ်၊ ကိုယ်တော့်ကို ကျေနပ်စေဖို့အတွက် သက်သေရပ်တည်ပါမယ်။” ဟု ကျွန်တော် ဆုတောင်းခဲ့သည်။

ဆုတောင်းပြီးသည့်နောက်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များ ကျမ်းပိုဒ်တစ်ပိုဒ်ကို ကျွန်တော် ဖတ်ရပါသည်။ “သင်သည် ယောဘ၏ စမ်းသပ်မှုများကို ခံရပြီး တစ်ချိန်တည်းမှာပင် ပေတရု၏ စမ်းသပ်မှုများကိုလည်း ခံရခြင်းဖြစ်သည်။ ယောဘ အစမ်းသပ်ခံခဲ့ရသောအခါ သူသည် သက်သေရပ်တည်ခဲ့ပြီး အဆုံးတွင် ယေဟောဝါမှာ သူ့အား ကိုယ်ထင်ပြခဲ့သည်။ သူသက်သေရပ်တည်ခဲ့သည့် နောက်မှသာ သူသည် ဘုရားသခင်၏ မျက်နှာကိုမြင်ဖို့ ထိုက်တန်ခဲ့သည်။ ‘ငါသည် ညစ်ညမ်းသောပြည်မှ ပုန်းရှောင်သော်လည်း၊ သန့်ရှင်းသောနိုင်ငံတော်အား ငါ့ကိုယ်ငါ ကိုယ်ထင်ပြမည်။’ ဟု အဘယ်ကြောင့် ပြောထားသနည်း။ ယင်းမှာ သင်သည် သန့်ရှင်းပြီး သက်သေရပ်တည်သည့်အခါမှသာ ဘုရားသခင်၏မျက်နှာကို မြင်ရဖို့အတွက် ဂုဏ်အသရေကို သင်ရနိုင်သည်ဟု ဆိုလိုခြင်းဖြစ်သည်။ အကယ်၍ သင်သည် ဘုရားသခင်အတွက် သက်သေမရပ်တည်နိုင်ပါက သူ၏မျက်နှာကိုမြင်ရဖို့ သင်၌ ဂုဏ်အသရေမရှိပေ။ အကယ်၍ သင်သည် စစ်ဆေးခြင်းများကို ကြုံနေရစဉ် နောက်ကြောင်းပြန်လှည့်သောကြောင့်ဖြစ်စေ၊ သို့မဟုတ် ဘုရားသခင်အပေါ် ညည်းတွားချက်များ ပြုလုပ်သောကြောင့်ဖြစ်စေ သူ့အတွက် သက်သေရပ်တည်ရန် ပျက်ကွက်ပြီး စာတန်၏ လှောင်ပြောင်စရာ ဖြစ်လာပါက၊ သင်သည် ဘုရားသခင်၏ပေါ်ထွန်းခြင်းကို ရရှိလိမ့်မည်မဟုတ်ပေ။ အကယ်၍ သင်သည် စမ်းသပ်မှုများကြား၌ မိမိ၏ကိုယ်ပိုင် ဇာတိခန္ဓာကို ကျိန်ဆဲခဲ့ပြီး ဘုရားသခင်အား မညည်းတွားခဲ့သည့်အပြင်၊ စကားလုံးများ အားဖြင့် ညည်းညူခြင်း သို့မဟုတ် အပြစ်ကျူးလွန်ခြင်းမရှိဘဲ မိမိ၏ ဇာတိပကတိကို စက်ဆုပ်နိုင်ခဲ့သည့် ယောဘကဲ့သို့သောသူ ဖြစ်ပါက၊ သင်သည် သက်သေရပ်တည်နေလိမ့်မည်။ သင်သည် စစ်ဆေးခြင်းများကို တစ်စုံတစ်ခုသော အတိုင်းအတာအထိ ခံရပြီး ယောဘကဲ့သို့ ဖြစ်နိုင်သေးကာ၊ ဘုရားသခင်၏ရှေ့တွင် လုံးလုံးလျားလျား နာခံမှုရှိပြီး သူ၏ အခြားတောင်းဆိုချက်များ သို့မဟုတ် သင်၏ကိုယ်ပိုင်အယူအဆများ မရှိပါက၊ ဘုရားသခင်သည် သင့်ထံ ပေါ်ထွန်းလိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စုံလင်ခြင်းသို့ ရောက်မည့်သူများသည် စစ်ဆေးခြင်းကို ခံကြရမည်) ဘုရားသခင်၏နှုတ်ကပတ်တော်များက ကျွန်တော့်ကို သူ့၏ သန့်ရှင်းခြင်းနှင့် ဖြောင့်မတ်ခြင်းတို့ကို ပြသခဲ့ပါသည်။ စစ်ကြောခံရပြီး စစ်ဆေးခံရစဉ် သက်သေရပ်တည်သည့် သူများဆီကိုသာ ဘုရားသခင်က ပေါ်ထွန်းပါသည်။ ဘုရားသခင်က ယောဘကို စစ်ကြောသည့်အခါမှာ ယောဘ၏ စည်းစိမ်ချမ်းသာ၊ သူ့ သားသမီးများ၊ သူ့ကျန်းမာရေးနှင့် သူ၏ ပျော်ရွှင်မှုများအားလုံးကို စာတန်က ယူဆောင်သွားပြီး၊ သူ့ ကိုယ်ခန္ဓာမှာ အနာစိမ်းများ ပေါက်သည်။ သို့သော် သူက မညည်းညူခဲ့သကဲ့သို့၊ ဘုရားသခင်ကို အပြစ်မတင်ခဲ့ပါ။ သူ့ကိုယ်သူသာ မုန်းတီးပြီး ကျိန်ဆဲခဲ့သည်။ ဤကြီးမားသည့် စမ်းသပ်မှုကို ရင်ဆိုင်လျက်၊ သူသည် ဘုရားသခင်၏ အချုပ်အခြာအာဏာကို နာခံပြီး ဖန်ဆင်းခံ တစ်ယောက်အနေနှင့် သူ့၏နေရာကနေ ဘုရားသခင်၏ အမည်နာမကို ချီးမွမ်းထောမနာပြုနိုင်နေဆဲ ဖြစ်သည်။ “ယေဟောဝါသည် ပေးတော်မူ၏၊ ပြီးလျှင် ယေဟောဝါသည် ပြန်နူတ်သိမ်းတော်မူ၏။” (ယောဘဝတ္တု ၁:၂၁) ဤစကားလုံးများက စာတန်၏ရှေ့မှာ ဘုရားသခင်အတွက် လှပသည့်၊ ပြည့်စုံသည့် သက်သေတစ်ခုအဖြစ် ရပ်တည်ခဲ့ပြီး၊ အဆုံးမှာ ယောဘထံ ဘုရားသခင်က ပေါ်ထွန်းခဲ့သည်။ ဤသည်မှာ ယောဘ၏ အသက်တာမှာ ရရှိခဲ့သည့် တန်ဖိုးသာ ဖြစ်သည်။ ကျွန်တော် ရင်ဆိုင်ခဲ့ရသည့် ရောဂါသည် ဘုရားသခင်က ကျွန်တော့်ကို အထူးကြင်နာမှု ပြသနေခြင်း ဖြစ်ပါသည်။ ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုကို ကျွန်တော် ယောဘကဲ့သို့ လိုက်နာရမည်။ ကျွန်တော့်ကင်ဆာ၏ ချုပ်ထိန်းမှုကို မခံသင့်ပါ။ ထိုအစား ဘုရားသခင်ထံ ကျွန်တော့် အသက်ကို လွှဲပြောင်းပေးသင့်ပြီး စာတန်ရှေ့မှာ ဘုရားသခင်အပေါ် ခိုင်မာသည့်၊ ပြည့်စုံသည့် သက်သေကို ခံပြီး ဘုရားသခင်၏ နှလုံးသားကို နှစ်သိမ့်ရမည်။ ကျွန်တော့်၏ အရေးကိစ္စများကို ဘေးမှာထားလိုက်ပြီး ဘုရားသခင်၏ အချုပ်အခြာအာဏာအပေါ် မိမိကိုယ်ကိုယ် အပ်နှံလိုက်ကာ မကြာမီတွင် ကျွန်တော့်အခြေအနေက တိုးတက်လာသည်။ အစားအစာများက စား၍ကောင်းလာသည်၊ ပုံမှန် လှုပ်ရှားနိုင်လာပြီး၊ ကျွန်တော့်တာဝန်ကိုပင် အစွမ်းကုန် ဆောင်ရွက်နိုင်လာသည်။ နောက်ပိုင်းမှာ ဆေးစစ်ဖို့အတွက် ကျွန်တော့်သမီးများက ကျွန်တော့်ကို ဆေးရုံ ခေါ်သွားသည်။ ဖြစ်လာသည့်အရာကို ဆရာဝန်က မယုံနိုင်ပါ။ သူက ကျွန်တော့်ကဲ့သို့ လူနာများက ရှားသည်၊ ဆေးရုံမှာ မကုသဘဲနှင့် အသက်ရှင်သည်မှာ ထူးဆန်းအံ့သြဖွယ်ဖြစ်ရပ်တစ်ခုသာ ဟု ပြောသည်။ ထိုအချိန်အတွင် ဤသည်မှာ ဘုရားသခင်က ကျွန်တော့်ကို ကာကွယ်နေခြင်း ဖြစ်သည်ဟု ကျွန်တော် သိခဲ့ပါသည်။ ကျွန်တော့်အသက်က ဘုရားသခင်၏ လက်ထဲမှာရှိနေသည်ကို ကျွန်တော် ခံစားရပြီး၊ အရာအားလုံးအပေါ်မှာရှိသည့် ဘုရားသခင်၏ အချုပ်အခြာ အာဏာကို တွေ့ကြုံခဲ့ရသည်။

ထို့နောက် အချိန်ကြာပြီးနောက် ကျွန်တော့်ရောဂါက ရုတ်တရက် တစ်ဖန် ပေါ်လာပြန်သည်။ ကျွန်တော့် မိန်းမနှင့် သမီးများက ကျွန်တော့်ကို ဆေးရုံ ခေါ်သွားကြသည်။ ဦးစီးဆရာဝန်ကြီးက ကျွန်တော့်ရောဂါ မည်မျှပြင်းထန်နေသည်ကို မြင်သည့်အခါ၊ ကျွန်တော့်ကို စမ်းသပ်စစ်ဆေးဖို့ အထူးကု တစ်ယောက်ကို ခေါ်လိုက်သည်။ ဓာတ်ခွဲခန်းအဖြေ ရလာသည့်အချိန်မှာ အထူးကုက သူတို့မှာ ကျွန်တော့်ရောဂါကို ကုသဖို့ စက်ပစ္စည်းမရှိကြောင်း ပြောပြီး၊ ကုသကောင်း ကုသနိုင်မည့် စီရင်စု ဆေးရုံကို လွှဲပြောင်းပေးဖို့ ယွမ် ၂၀၀ ၀၀၀ ပေးရန် အကြံပြုသည်။ ကျွန်တော့် သမီးက ငိုရင်းနှင့် “သူ ပြောတဲ့ပုံစံကို အမေ ကြားလိုက်လား။ အဖေ့ကို ဘယ်သူကမှ ကုပေးမှာမဟုတ်တော့ဘူး။ ဒီ လွန်ခဲ့တဲ့ သုံးလေးနှစ်မှာ သမီးတို့ရွာမှာ လူ သုံးဆယ်ကျော် ကင်ဆာဖြစ်ခဲ့ပြီး သူတို့ အားလုံး သေသွားကြတယ်။” ဟု ကျွန်တော့် မိန်းမကို ပြောသည်။ ကျွန်တော့် မိန်းမ မျက်နှာမှာ မျက်ရည်များနှင့် စိုရွှဲနေသည်။ ကျွန်တော် စီရင်ချက်ချခံရသည့်သူကဲ့သို့ ခံစားရသည်။ နောက်တစ်ခါ သေခြင်းက ကျွန်တော်နှင့် နီးကပ်လာသကဲ့သို့ ခံစားရပြီး ကျွန်တော် မတွေးဘဲ မနေနိုင်ခဲ့ပါ။ ဤရောဂါက မည်သို့များ ပြန်ထလာပြီး တော်တော် ပြင်းထန်နေရသေးသနည်း။ သို့သော် ဤတစ်ခါတော့ ကျွန်တော် မိမိကိုယ်ကိုယ် အပြစ်တင်ခဲ့သည်။ ဘုရားသခင်အပေါ် မနာခံသည့်အတွက် ကျွန်တော် နောင်တ ရမိသည်။ သေမင်းနှင့် ကျွန်တော် သီသီလေး လွတ်သွားသည့်အချိန်များ၊ အချိန်တိုင်းမှာ ဘုရားသခင်က ကျွန်တော့်ကို ကာကွယ်ပြီး အသက်ဆက်ရှင်စေခဲ့ခြင်းများ အားလုံးကို တွေးမိသည်။ ဘုရားသခင်၏ အချုပ်အခြာ အာဏာကို ကျွန်တော် ရှင်းရှင်းလင်းလင်း မြင်ခဲ့ရပြီးဖြစ်သောကြောင့်၊ ကျွန်တော်က မည်သို့များ ဘုရားသခင်ကို အမှန်တကယ် နားမလည်သနည်း။ ဘုရားသခင် တစ်ပါးတည်းကသာ ရှင်ခြင်းနှင့် သေခြင်းအပေါ် သြဇာအာဏာရှိသည်။ ဤဆရာဝန်များ မဟုတ်ပါ။ ထို့ကြောင့် ဘုရားရှေ့မှောက်သွားပြီး “ချစ်လှစွာသော ဘုရားသခင်၊ နောက်တစ်ကြိမ် ကျွန်တော် ကိုယ်တိုင်ရဲ့ သေခြင်းနဲ့ ရင်ဆိုင်ရပါတယ်။ ဒီနောက်ကွယ်မှာ ကိုယ်တော်ရဲ့ ကောင်းမွန်တဲ့ အလိုတော်ရှိတယ်ဆိုတာ ကျွန်တော် သိပါတယ်။ ကျွန်တော့်ရဲ့ ရှင်ခြင်းနဲ့ သေခြင်းက ကိုယ်တော်လက်တော်ထဲမှာရှိပါတယ်။ ကိုယ်တော် ကျေနပ်စေဖို့အတွက် ကိုယ်တော့်ကို နာခံပြီး သက်သေရပ်တည်ပါမယ်။” ဟု ပြောခဲ့ပါသည်။

ဆုတောင်းပြီးသည့်နောက်မှာ ဘုရားသခင်၏နှုတ်ကပတ်တော် အချို့ကို ကျွန်တော် ဖတ်ရပါသည်။ “လူသားမျိုးနွယ်တစ်ရပ်လုံးထဲမှ အနန္တတန်ခိုးရှင်၏ မျက်လုံးထဲ၌ ဂရုစိုက်မခံရသူဟူ၍ မည်သူရှိသနည်း။ အနန္တတန်ခိုးရှင်၏ ကြိုတင်ပြဋ္ဌာန်းထားခြင်း အလယ်၌ မနေထိုင်သူ မည်သူရှိသနည်း။ လူသား၏ အသက်ရှင်ခြင်းနှင့် သေခြင်းသည် သူကိုယ်တိုင်၏ ရွေးချယ်ချက်ဖြင့် ဖြစ်ပျက်သလော။ လူသားသည် သူကိုယ်တိုင်၏ ကံကြမ္မာကို ထိန်းချုပ်ထား သလော။ များစွာသောလူတို့သည် သေခြင်းတရားကို အော်ခေါ်ကြ သော်လည်း၊ ၎င်းသည် သူတို့ထံမှ ဝေးကွာနေ၏။ များစွာသောလူတို့သည် ဘဝတွင် ကြံ့ခိုင်၍ သေခြင်းတရားကို ကြောက်ရွံ့သောသူများ ဖြစ်လိုကြသော်လည်း၊ ၎င်းတို့အား သေခြင်းတရား၏ အသူတစ်ရာ နက်သောချောက်ထဲသို့ ထိုးဆင်းနေရင်း ၎င်းတို့၏သေဆုံးခြင်း နေ့ရက်သည် ၎င်းတို့သတိမထားမိခင် ချဉ်းကပ်လာနေ၏။ များစွာသောလူတို့သည် ကောင်းကင်သို့ ကြည့်၍ လေးလေးပင်ပင် သက်ပြင်းချကြ၏။ များစွာသောလူတို့သည် သည်းထန်စွာငိုကြွေး၍ အော်မြည်ရှိုက်ငိုကြ၏။ များစွာသောလူတို့သည် စမ်းသပ်မှုများအကြား လဲပြိုကြပြီး များစွာသောလူတို့သည် စုံစမ်းသွေးဆောင်ခြင်း၏ အကျဉ်းသားများ ဖြစ်သွားကြ၏။ ငါ့အား ရှင်းလင်းစွာ မြင်ခွင့်ပြုရန် ငါသည် ကိုယ်တိုင်ပေါ်ထွန်းလာခြင်း မရှိသော်လည်း၊ များစွာသောလူတို့သည် ၎င်းတို့ကို ငါဒဏ်ခတ်မည် ဟုလည်းကောင်း၊ ၎င်းတို့ကို ငါအဆုံးစီရင်မည် ဟုလည်းကောင်း လွန်စွာကြောက်ရွံ့လျက် ငါ့၏မျက်နှာကိုမြင်ရန် ကြောက်ကြ၏။ လူသားသည် ငါ့ကို အမှန်တကယ် သိသလော၊ သို့မဟုတ် မသိသလော။ မည်သူမျှ သေချာပေါက် မပြောနိုင်ပေ။ ဤသည်မှာ မမှန်ကန်ပေဘူးလား။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၁၁)) ဘုရားသခင်၏ နှုတ်ကပတ်တော်များက တန်ခိုးနှင့် သြဇာအာဏာရှိပြီး ကျွန်တော့်ကို မိမိကိုယ်ကိုယ် ယုံကြည်မှု ပေးခဲ့ပါသည်။ ဘုရားသခင်က ဖန်ဆင်းရှင်ဖြစ်ပြီး အရာအားလုံးကို ထိန်းချုပ်ပါသည်။ ဖန်ဆင်းခံ တစ်ယောက်အနေနှင့် ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို ကျွန်တော် လိုက်နာရမည်ကို သိခဲ့ပါသည်။ ကျွန်တော်က မိမိအသက်ကို တန်ဖိုးထားပြီး ဘုရားသခင်ကို အပြစ်တင်ခဲ့ပါက၊ သူ့ကို ကျွန်တော် အာခံပြီး သစ္စာဖောက်မိနေမည် ဖြစ်ပြီး သူ့ကို ရင်ဆိုင်ဖို့ ရှက်ရွံ့နေရမည် ဖြစ်သည်၊ ပြီးလျှင် ကျွန်တော့် ဘဝက အဓိပ္ပာယ်ရှိမည် မဟုတ်တော့ပါ။ ဤအရာများ အားလုံးကို နားလည်သည့်အခါမှာ သေခြင်း သို့မဟုတ် ရောဂါ၏ ထိန်းချုပ်မှုကို ကျွန်တော် မခံစားရတော့ပါ။ ကျွန်တော့် မိန်းမနှင့် သမီးကို “ဝမ်းမနည်းပါနဲ့။ ဆရာဝန်တွေက ငါ့ကို သေမိန့်ချလိုက်ပေမဲ့ ငါ့ရဲ့ ရှင်ခြင်းနဲ့ သေခြင်းက ဘုရားသခင်ရဲ့ လက်ထဲမှာရှိတယ်လို့ ငါ ယုံကြည်တယ်။ ဘုရားသခင် လုပ်သမျှ အရာအားလုံးက ဖြောင့်မတ်ပါတယ်။ ငါ အသက်ရှူနိုင်သရွေ့ ဘုရားသခင်ကို ကျေနပ်စေဖို့ ငါ ရပ်တည်ပြီး သက်သေခံမယ်။” ဟု ပြောလိုက်သည်။ နောက်တော့ အားပြန်ယူဖို့အတွက် ကျွန်တော် အိမ်ပြန်ခဲ့သည်။ နေ့တိုင်း ကျွန်တော် ဘုရားသခင်၏ ရှေ့မှောက်သွားပြီး ဆုတောင်းသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်သည်။ စိတ်ငြိမ်ပြီး ငြိမ်းချမ်းသည်ဟု ခံစားခဲ့ရသည်။ ဆရာဝန်က ကျွန်တော် ဆေးထိုးဖို့ ၁၀ ယွမ်လောက်သာကျသည့် ဆေးရည်ကြည်ဖာ နှစ်ဖာပေးသည်။ ကျွန်တော် ယင်းကို တစ်လ ထိုးခဲ့သည်၊ ပြီးလျှင် ကျွန်တော့် လက်ချောင်းများမှာ အရောင်ပြန်ထွက်လာပြီး အစာစားချင်စိတ် ပြန်ဖြစ်လာသည်။ ကျွန်တော် အားအင်နှင့် ကြံ့ခိုင်မှု တဖြည်းဖြည်း ပြန်ရလာသည်မှာ ကျွန်တော် နေမကောင်းမဖြစ်မီက အခြေအနေအတိုင်းကို ပြန်ရောက်သည်အထိပင် ဖြစ်ပါသည်။ ကျွန်တော် ဆေးစစ်ဖို့ ဆေးရုံကို ပြန်သွားသည့်အခါ ဆရာဝန်က ကျွန်တော် အမြန်သက်သာသွားသည်ကို အံ့သြစရာတစ်ခုပင် ဖြစ်သည်ဟု ပြောသည်။ ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းပါသည်။ ဤအရာများအားလုံးသည် ဘုရားသခင်ကြောင့် ဖြစ်သည်၊ သူကလွဲပြီး ကျွန်တော့်ကို မည်သူကမျှ ကယ်တင်နိုင်မည် မဟုတ်သည်ကို ကျွန်တော် သိခဲ့ပါသည်။ ဘုရားသခင် ပြောသကဲ့သို့ပင် ဖြစ်သည်။ “သိသိသာသာပင်၊ သေခြင်းနှင့်ရှင်ခြင်း၏ တန်ခိုးကို စွဲကိုင်ထားသည်မှာ လူသားမျိုးနွယ် မဟုတ်၊ သဘာဝလောကထဲက သတ္တဝါတစ်ခုမဟုတ်ဘဲ၊ သြဇာအာဏာ အတုမရှိသည့် ဖန်ဆင်းရှင် ဖြစ်ပေသည်။ လူသားမျိုးနွယ်၏ ရှင်ခြင်းနှင့် သေခြင်းသည် သဘာဝလောက၏ နိယာမတစ်ခု၏ ရလဒ်မဟုတ်ဘဲ၊ ဖန်ဆင်းရှင်၏ သြဇာအာဏာနှင့်ဆိုင်သော အချုပ်အခြာအာဏာ၏ အကျိုးဆက်တစ်ရပ် ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၃)) ဘုရားသခင်၏ အချုပ်အခြာအာဏာ၊ သြဇာအာဏာနှင့် သူ့၏ အံ့ဖွယ်လုပ်ဆောင်မှုများကို ကျွန်တော် ကြုံတွေ့ခဲ့သည်။ သူ့၏ ချစ်ခြင်းနှင့် ကယ်တင်ခြင်းကို မြင်တွေ့ခဲ့ပါသည်။ ကျွန်တော့်၏ စိတ်နှလုံးအတွင်းထဲကနေ ဘုရားသခင်ကို ကျေးဇူးတော် ချီးမွမ်းခဲ့ပါသည်။ ရွာထဲရှိ လူများက ကျွန်တော့်ကို မြင်သည့်အခါမှာ သူတို့ အားလုံး အံ့အားသင့်သွားကြသည်။ ကျွန်တော် ပြန်ကောင်း လာမည်ဟု သူတို့ မထင်ထားကြကြောင်း၊ အရမ်းကို ကျန်းကျန်းမာမာနှင့် ကျွန်တော့်ကို ပြန်မြင်ရဖို့ လုံးဝ မျှော်လင့်မထားကြောင်းနှင့်၊ ဤကဲ့သို့ သီသီလေး လွတ်လာခြင်းသည် ကျွန်တော် တကယ်ကို ကံကောင်းကြောင်း သူတို့က ပြောကြသည်။ သို့သော် ကျွန်တော့် စိတ်နှလုံးထဲမှာ သိနေသည်။ ဤသည်မှာ ကံနှင့် လုံးဝ မဆိုင်ပါ။ ဤသည်မှာ ဘုရားသခင်၏ ဘုန်းတန်ခိုးနှင့် သြဇာအာဏာဖြစ်ပါသည်။ ဘုရားသခင်က ကျွန်တော့်ကို ကယ်တင်ခဲ့ခြင်း ဖြစ်သည်။ သိပ်မကြာမီမှာ ကျွန်တော် အသင်းတော်မှာ တာဝန်ကို ပြန်ထမ်းဆောင်ခဲ့သည်။ ငါးနှစ်ကြာသွားခဲ့ပြီး ကျွန်တော့် ရောဂါက လုံးဝ ပြန်မဖြစ်တော့ပါ။ ဤသည်မှာ ကျွန်တော် မျှော်လင့်ရဲသည်ထက်ကို ပိုပါသည်။ ဖြစ်ပျက်ခဲ့သည့်အရာအတွက် ဘုရားသခင်ကို ကျွန်တော် တကယ် ကျေးဇူးတင်ပါသည်။

ဤနာမကျန်းဖြစ်ခြင်းမှတစ်ဆင့်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ ထုတ်ဖော်ပြခြင်းအားဖြင့်လည်းကောင်း၊ အမှန်တရားကို ရင်ဆိုင်ရပြီးသည့်နောက်မှာလည်းကောင်း ယုံကြည်ခြင်း၌ ကျွန်တော့်၏ လွဲမှားသည့်အမြင်များနှင့် ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားအပေါ် ထိုးထွင်းသိမြင်မှုအချို့ ရခဲ့ပါသည်။ ပြီးလျှင် ဘုရားသခင်၏ အချုပ်အခြာအာဏာ၊ သူ့၏ ဖြောင့်မတ်သည့် စိတ်သဘောထားနှင့် သူ့၏ လှပသည့် အနှစ်သာရကို သိလာခဲ့ပါသည်။ ကောင်းချီးရဖို့ ကျွန်တော့်၏ ရည်ရွယ်ချက်ကို ကျွန်တော် စွန့်လွှတ်ခဲ့သည်။ ကျွန်တော့်၏ အဓိပ္ပာယ် အပြည့်ဝဆုံးနှင့် တန်ဖိုးအရှိဆုံး အသက်ကို မည်သို့ရှင်သန်ရမည်ကို သင်ယူခဲ့ရပါသည်။ ဘုရားသခင်၏ ကြင်နာမှုအတွက် ကျွန်တော် အရမ်း ကျေးဇူးတင်မိပါသည်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

မှားယွင်းသော ခေါင်းဆောင်ကို ရွေးချယ်ပြီးနောက် ဆင်ခြင်စဉ်းစားခြင်း

ရှန့်ရွှင် တရုတ်နိုင်ငံ အရင်အောက်တိုဘာလတုန်းက ကျွန်မနဲ့ ကျွန်မရဲ့ တွဲဖက်အမှုဆောင်တွေက အသင်းတော်တချို့ရဲ့ အလုပ်ကို...

ကပ်ရောဂါအတွင်း နာမကျန်းဖြစ်သွားပြီးနောက် သုံးသပ်ဆင်ခြင်မှုများ

သင်းလိ အမေရိကန်နိုင်ငံ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသော ကာလ ဧဝံဂေလိကို လက်ခံပြီးတဲ့နောက် မကြာခင်မှာ၊ ဘုရားနှုတ်ကပတ်တော်ကနေ...

မုသားများ နောက်တွင်

ချန်ရှီ တရုတ်နိုင်ငံ အနန္တတန်ခိုးရှင်ဘုရားသခင်က ပြောသည်မှာ၊ “ဘုရားသခင်က ရိုးသားသူကို နှစ်သက်မှန်း သင်တို့သိထားသင့်သည်။ ဘုရားသခင်၌...

မိမိတာဝန်ကို ထမ်းဆောင်ခြင်းက မည်သည့်အရာကို ဆိုလိုသည်ကို နောက်ဆုံးတော့ ကျွန်မ သိပြီ

ရွှန်းကျိယူ တောင်ကိုးရီးယားနိုင်ငံအနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “၎င်းတို့၏တာဝန်နှင့်သက်ဆိုင်သည့် လူ၏ ဆောင်ရွက်မှုသည် အမှန်အားဖြင့်...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။