ပုတ်ခတ်ပြောဆိုခြင်းမှ ရရှိသည့် သင်ခန်းစာများ

22.05.2022

ရှောင်ဝေ စပိန်နိုင်ငံ

မနှစ်တုန်းက အစ်မလျူနဲ့ ကျွန်မက အသင်းတော်ရဲ့ ဗီဒီယိုအလုပ်မှာ ဦးဆောင်ရတယ်။ သူက ကျွန်မထက်ပိုပြီး အတတ်ပညာပိုင်းကျွမ်းကျင်မှုနဲ့ အတွေ့အကြုံပိုရှိတယ်။ အဲဒါနဲ့ ကျွန်မ ပြဿနာတစ်ခုကြုံရတိုင်း သူ့ဆီသွားပြီး အကူအညီတောင်းရတယ်။ ကျွန်မတို့က ဆက်ဆံရေး တော်တော်အဆင်ပြေပါတယ်။ တစ်ခါတော့ ဗီဒီယိုတစ်ခုလုပ်တဲ့အချိန်မှာ ကျွန်မက တော်တော်ကို အခြေခံကျတဲ့ အမှားတစ်ခုလုပ်မိတယ်။ သူက တတ်နိုင်သမျှ အမြန်ဆုံးရောက်လာပြီး ကျွန်မကို ကူညီတယ်။ အဲဒါကို ကိုင်တွယ်နေတုန်းမှာ သူက ကျွန်မကို မေးတယ်။ “အစ်မက ဒါလုပ်တာ နည်းနည်းကြာနေပြီဆိုတော့ ဒီလိုရိုးရှင်းတဲ့အမှားမျိုးကို ဘယ်လိုလုပ်မိလိုက်တာလဲ” တဲ့။ ကျွန်မ စိတ်ထဲမှာ နည်းနည်း အတိုက်အခံဖြစ်မိတယ်။ သူက ငါ့ကို ချက်ချင်း ဒီပုံစံနဲ့ပြောတယ်။ ငါက တကယ်ကို မကျွမ်းကျင်နေသလိုမျိုးနဲ့။ ငါ့ကို သူ အထင်သေးနေတာဖြစ်ရမယ်ပေါ့။ နောက်ပိုင်းမှာ ကျွန်မ ပြဿနာကို ဖြေရှင်းခဲ့ပါတယ်။ ဒါပေမဲ့ အာခံချင်တဲ့ သဘောထားနဲ့ပေါ့။ သုံးလေးရက်လောက်ကြာတော့ ညီအစ်ကိုမောင်နှမတချို့က ပုံစံတူပြဿနာမျိုးတွေရှိလာတယ်။ စုဝေးပွဲမှာ သူတို့ကို အနှစ်ချုပ်ပြောပြတဲ့အခါမှာ အစ်မလျူက ကျွန်မအမှားကို နမူနာအဖြစ် အသုံးပြုတယ်။ ကျွန်မက ပိုပြီးတော့တောင် အတိုက်အခံဖြစ်လာတာပေါ့။ ကျွန်မ စဉ်းစားတယ်။ ငါက ကြီးကြပ်သူတစ်ယောက်ပဲ။ ဒီတော့ သူက ငါ့အမှားကို လူတိုင်းရဲ့ရှေ့မှာပြောနေတော့ လူတိုင်းက ငါ့ကို ဘယ်လိုထင်မလဲ။ ငါ့ကို လေးစားပါဦးမလားပေါ့။ သူက ကျွန်မကို နာမည်ပျက်အောင် လုပ်ချင်နေတယ်လို့ ကျွန်မ ထင်ခဲ့တယ်။ အဲဒီနောက်တော့ ကျွန်မ သူ့ကို စပြီး လျစ်လျူရှုလာတယ်။ ကျွန်မ ဖြေရှင်းဖို့ ခက်ခဲနေတဲ့ ပြဿနာတွေကို သူ့ကို မမေးချင်ဘူး။ အလုပ် ဆွေးနွေးပွဲတွေမှာ ပြီးသွားတာနဲ့ ကျွန်မက ထွက်သွားတော့တယ်။ သူနဲ့ နောက်ထပ် ဆက်မပြောချင်တော့ဘူး။ သူက သူ့အခြေအနေအကြောင်းကို ကျွန်မကို ပြောပြတဲ့အခါမှာ နည်းနည်းပါးပါးပြောဖို့ ကိုယ့်ကိုယ်ကိုယ် ဖိအားပေးလိုက်ပြီး အဆုံးသတ်ဖို့ကို မစောင့်နိုင်ဖြစ်နေခဲ့တယ်။

နောက်ပိုင်းမှာ ကျွန်မက တကယ့်အလုပ်ကို လုပ်ရမယ့်အစား ဂုဏ်အဆင့်အတန်းနောက်ကိုလိုက်နေတာကြောင့် ကျွန်မ ရာထူးကနေ အထုတ်ခံလိုက်ရပြီး အဖွဲ့ထဲမှာ တခြားတာဝန်တစ်ခုယူလိုက်ရတယ်။ အချိန်နည်းနည်းကြာတော့ အစ်မလျူက ကျွန်မ ဘယ်လိုအခြေအနေရှိလဲဆိုတာကို မေးတယ်။ ကျွန်မက အထုတ်ခံရပြီးကတည်းက ကျွန်မရဲ့ တစ်ကိုယ်ရေ ဆင်ခြင်သုံးသပ်မှုကို ဖွင့်ပြောခဲ့တယ်။ သူက ကျွန်မကို နှစ်သိမ့်ပြီး အားပေးမယ်လို့ ကျွန်မ ထင်တာ။ ဒါပေမဲ့ အံ့သြဖို့ကောင်းတာက သူက “အစ်မက အခုနောက်ပိုင်း အစ်မတာဝန်မှာ ပိုပြီး ကြိုတင်စီမံလာပါတယ်။ ဒါပေမဲ့ အစ်မနားလည်မှုက အပေါ်ယံဖြစ်နေတယ်။ အစ်မကျရှုံးမှုရဲ့ အရင်းအမြစ်ကို အစ်မ တကယ်တမ်း ဆင်ခြင်မကြည့်ရသေးဘူး။ ဒါနဲ့ပတ်သက်ပြီး ကျွန်မ အစ်မဝမ်နဲ့ပြောပြီးပြီ။ သူက သဘောတူတယ်...” တဲ့။ ကျွန်မပြဿနာတွေကို သူက အရမ်းကို တိုက်ရိုက်ကြီး ထုတ်ပြောတာကို ကြားရတော့ ရှက်စရာကောင်းတယ်။ ကျွန်မ ခံစားချက်တွေကို သူ ထည့်မတွက်ဘူးလို့ ကျွန်မ ခံစားမိတယ်။ ပြီးတော့ တခြားညီအစ်ကိုမောင်နှမတွေရဲ့ ရှေ့မှာ ဒီလိုပြောတာက ကျွန်မ နာမည်ကို တမင်သက်သက်ကို ထိခိုက်နေတာပဲပေါ့။ အဲဒီနောက်မှာ သူ ပြောတာတွေအကုန်လုံးကို ကျွန်မ လုံးဝ နားမဝင်တော့ဘူး။ သူ့ကို အကျဉ်းချုံးပဲ ပြန်ပြောလိုက်တယ်။ ဒါပေမဲ့ ကျွန်မက ဒေါသတွေအများကြီး ထိန်းချုပ်ထားရတာ။ ကျွန်မ စဉ်းစားတယ်။ ကျွန်မရဲ့ တကယ့်ခံစားချက်တွေကို သူ့ကို ပြောမပြတော့ဘူး။ နောက်တစ်ခါ ကျွန်မ အခွင့်အရေးရရင် သူလုပ်ခဲ့တဲ့အတိုင်း ပြန်လုပ်မယ်ပေါ့။ အဲဒီကစပြီးတော့ အလုပ်နဲ့ပတ်သက်ပြီး ကျွန်မ ဆွေးနွေးရမယ့်ဟာတွေက လွဲပြီးတော့ သူနဲ့ စကားမပြောဖို့ ကျွန်မ အကောင်းဆုံး ကြိုးစားတယ်။ သူ့အသံကိုတောင် ကျွန်မ နားမထောင်ချင်တော့ဘူး။

တစ်နေ့လည်မှာတော့ ကျွန်မတို့ အဖွဲ့က အစ်မတစ်ယောက်က ကျွန်မကို အရေးတကြီးစကားပြောဖို့လိုတယ်ဆိုပြီး စာပို့တယ်။ ကျွန်မက ဗီဒီယိုတစ်ခုကို လုပ်နေတော့ စာကို အချိန်မီ မမြင်ခဲ့ဘူး။ အဲဒါနဲ့ ကျွန်မတို့အလုပ်က နှောင့်နှေးသွားတယ်။ အစ်မလျူက အဲဒါကိုမြင်ပြီး ကျွန်မက ဘာလို့ ချက်ချင်းစာမပြန်ခဲ့တာလဲဆိုပြီး ခေါ်မေးတယ်။ ပြီးတော့ ပြောတယ်။ “အစ်မက အရင်ကပြဿနာပဲ ရှိနေတာကို ကျွန်မ မြင်တယ်။ အစ်မက စာတွေကို အမြန်မပြန်ဘူး။ တစ်ခါတလေမှာ အစ်မကို ရှာလို့မရဘူး။ အစ်မစီမံနေတဲ့ ဒီပရောဂျက်က တော်တော်အရေးကြီးတယ်။ နှောင့်နှေးလို့မဖြစ်ဘူး” တဲ့။ ဒါပေမဲ့ ကျွန်မက အတိုက်အခံဖြစ်ပြီးတော့ သူပြောတာကို လုံးဝ လက်မခံချင်ခဲ့ဘူး။ ကျွန်မက အရင်တုန်းက တာဝန်မသိတတ်ခဲ့ဘူး၊ ကိုယ်ပိုင်အလုပ်အပေါ်ပဲ အာရုံစိုက်နေတယ်၊ အထုတ်ခံရြ့ပီးတဲ့နောက်မှာ ကိုယ့်ကိုယ်ကိုယ် ပြောင်းလဲလာတယ်လို့ ခံစားမိတယ်။ ကျွန်မကို အဲဒီလိုပြောတာက ကျွန်မရဲ့ လက်ရှိအလုပ်ကြိုးစားတာတွေအားလုံးကို အလကားဖြစ်အောင်လုပ်တာမဟုတ်ဘူးလားပေါ့။ သူက ကျွန်မကို အထင်သေးပြီး ကျွန်မက သမ္မာတရားကို မရှာဘူးလို့ ထင်တာလားပေါ့။ အဲဒီနောက်မှာ အစ်မလျူအပေါ် ကျွန်မရဲ့ တစ်ဖက်သတ်အမြင်က ပိုပိုပြီးကြီးလာတယ်။ တစ်ခါတလေမှာ အလုပ်နဲ့ပတ်သက်ပြီး သူ ကျွန်မကို စာပို့တာကို မြင်တဲ့အခါမှာ ကျွန်မ စာတောင်မပြန်ချင်ခဲ့ဘူး။ သိပ်မကြာခင်မှာပဲ အစ်မလျူအပေါ် အကဲဖြတ်ချက်တစ်ခုရေးဖို့ ခေါင်းဆောင်ကကျွန်မကို ခိုင်းတယ်။ ကျွန်မအခွင့်အရေးတော့ ရောက်လာပြီလို့ ခံစားမိခဲ့တယ်။ သူက ကျွန်မကို အမြဲတမ်းဖော်ထုတ်နေတာ။ ဒါပေမဲ့ ဒီတစ်ခါတော့ သူ ခံစားတတ်သွားအောင် သူ့ကို ဖော်ထုတ်နိုင်တယ်ပေါ့။ အဲဒါနဲ့ သူ့ပြဿနာတွေကို ကျွန်မ အသေးစိတ် စာရင်းလုပ်တယ်။ သူ့စကားတွေ၊ လုပ်ရပ်တွေမှာ ကျွန်မခံစားချက်တွေကို ထည့်မတွက်ပုံတွေ၊ ပြီးတော့ လက်တွေ့အလုပ်ကို သူမလုပ်တဲ့နည်းလမ်းတွေအပေါ် အာရုံစိုက်လိုက်တယ်။ နောက်ကျတော့ ခေါင်းဆောင်က အဲဒါကို ဖတ်ပြီး အစ်မလျူရဲ့ ပြဿနာတွေကို သူ့ကို ထောက်ပြခဲ့ပြီးတော့ သူက ပြောင်းလဲဖို့အတွက် သတိနဲ့အားစိုက်ထုတ်ခဲ့တယ်လို့ ကျွန်မ ကြားရတယ်။ ဒါပေမဲ့ သူ့အပေါ် ကျွန်မရဲ့ တစ်ဖက်သတ်အမြင်ကို ကျွန်မ လက်မလွှတ်နိုင်သေးဘူး။ အဲဒါနဲ့ ကျွန်မ သူ့အပေါ် ကိုင်စွဲထားတာတွေ အားလုံးကို ဖွင့်ချဖို့အတွက် စုဝေးပွဲတစ်ခုမှာ ဘုရားနှုတ်ကပတ်တော်ကို မိတ်သဟာယပြုဖို့ အခွင့်အရေးကို အသုံးချလိုက်တယ်။

ကျွန်မ တွေးမိတယ်။ သူက ကျွန်မခံစားချက်တွေကို မထောက်ထားဘူး။ ဒီတော့ သူ့မှာလည်း ပြဿနာတွေအများကြီးရှိတယ်၊ ကျွန်မထက် ဘာမှပိုမသာပါဘူးဆိုတာကို လူတိုင်းမြင်အောင်လို့ ကျွန်မ သူ့အကြောင်းကို ဖော်ပြောသင့်တယ်ပေါ့။ ကျွန်မ သူ့အကြောင်းကို သိမ်သိမ်မွေ့မွေ့နဲ့ ဖော်ပြောလိုက်တယ်။ တစ်ယောက်ယောက်က “ကြီးကြပ်သူတစ်ယောက်ဖြစ်ပြီး နည်းပညာပိုင်း ကျွမ်းကျင်မှုတွေရှိနိုင်ပါတယ်။ ဒါပေမဲ့ သူက သူများပြဿနာတွေအကြောင်းပြောပြီး ထောက်ပြတဲ့ပုံစံမှာ လေးစားမှုမရှိဘူး။ တစ်ခါတလေမှာ တော်တော်အာဏာပြတဲ့လေသံနဲ့တောင်ပြောတယ်။ တခြားလူကို ဒီဟာ၊ ဟိုဟာက မှားတယ်လို့ပြောတယ်။ ဒါကြောင့်မို့ တာဝန်မှာ သူတို့တွေက စိတ်ကျဉ်းကျပ်နိုင်တယ်။ ဒါက လူတွေကို နောက်ကိုဆွဲထားနေတာပဲ။ အသင်းတော်အသက်တာကို သွယ်ဝိုက်ပြီး နှောင့်ယှက်နေတာပဲ။ ဒီလိုလူမျိုးနဲ့ပတ်သက်ပြီး ကျွန်မတို့ ရိပ်စားမှုရှိဖို့လိုတယ်” ဆိုပြီး ပြောလိုက်တယ်။ ကျွန်မ ဖွင့်ချလိုက်ရပြီလို့ ခံစားမိတယ်။ ဒါပေမဲ့ အချိန်အတော်ကြာ တိတ်သွားကြတယ်။ ဘယ်သူကမှ ထပ်ပြီး မိတ်သဟာယ မဝေမျှတော့ဘူး။ အဲဒီအချိန်တုန်းက ကျွန်မ စိတ်မသက်မသာသလိုမျိုးဖြစ်မိတယ်။ ကျွန်မ မိတ်သဟာယက သင့်လျော်မှုရှိလားဆိုတာ မသေချာဘူး။ ဒါပေမဲ့ နောက်တော့ ကျွန်မ တွေးမိတယ်။ ငါပြောသမျှက မှန်တယ်။ ဒါကြောင့် မသင့်လျော်တာ ဘာမှ မရှိသင့်ပါဘူးပေါ့။ ဒါကို ကျွန်မ စိတ်ထဲက ထုတ်လိုက်တယ်။ အံ့သြစရာကောင်းတာက သုံးလေးရက်လောက်ကြာတော့ ခေါင်းဆောင်က ကျွန်မကိုပြောတယ်။ အဲဒီစုဝေးပွဲမှာ ကျွန်မက အစ်မလျူအပေါ် သွယ်ဝိုက်တဲ့နည်းနဲ့ အပြစ်ရှာဝေဖန်နေတယ်။ ဒါဟာ သူ့ကို တိုက်ခိုက်ပြီး ရှုတ်ချနေတာပဲ။ ဒါ သူ့အတွက် ထိခိုက်စေနိုင်တယ်။ ညီအစ်ကိုမောင်နှမတချို့ကို ကျွန်မဘက်ကိုပါလာစေနိုင်ပြီး အစ်မလျူအပေါ် တစ်ဖက်သတ်အမြင်ဖြစ်လာပြီး သူ့အလုပ်ကို ပံ့ပိုးကြမှာမဟုတ်ဘူး။ ဒါဟာ အားနည်းစေပြီး အနှောင့်အယှက်ဖြစ်စေတယ် တဲ့။ ခေါင်းဆောင်ရဲ့ စိစစ်ချက်ကို ကြားတဲ့အခါမှာ ကျွန်မ တော်တော်စိတ်လှုပ်ရှားပြီးကြောက်နေတာ။ စုဝေးပွဲမှာ လူတစ်ယောက်ကို သာမန်ကာလျှံကာရှုတ်ချတာက အသင်းတော်အသက်တာအတွက် အနှောင့်အယှက်ဖြစ်စေတယ်၊ ဒါဟာ မကောင်းမှုလုပ်တာပဲလို့ ဘုရားနှုတ်ကပတ်တော်ကပြောတာကို ကျွန်မ သိတယ်လေ။ ဒီလိုပုံစံနဲ့ ပြုမူတဲ့သဘာဝက သိပ်အရေးကြီးတယ်ဆိုတာ ကျွန်မသိတယ်။ ကျွန်မတို့ စကားပြောတာ ပြီးသွားတော့ သက်ဆိုင်မှုရှိတဲ့ ဘုရားနှုတ်ကပတ်တော် တချို့ကို ကျွန်မ ချက်ချင်းရှာလိုက်တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “နေရာတိုင်းတွင်ရှိသော အသင်းတော်များတွင် လူတို့ကို ထင်ရာမြင်ရာ ရှုတ်ချခြင်း၊ တံဆိပ်ကပ်ခြင်း၊ အပြစ်ဒဏ်ပေးခြင်း ဖြစ်ရပ်များသည် မကြာခဏ ဖြစ်ပေါ်နေ၏။ လူအချို့သည် သူတစ်ပါးတို့အပေါ် တစ်ဖက်သတ် ထင်မြင်ယူဆချက်များ ထားရှိသည်။ ထို့ကြောင့် ၎င်းတို့သည် သမ္မာတရားကို မိတ်သဟာယဖွဲ့သည်ဟု အကြောင်းပြ၍ သူတစ်ပါးတို့ကို ဖော်ထုတ်ပြီး စိစစ်ကြသည်။ ဤသို့ပြုလုပ်ရာတွင် ၎င်းတို့၏ ရည်ရွယ်ချက်များနှင့် ပန်းတိုင်များက မှားယွင်းသည်။ သမ္မာတရားကို မိတ်သဟာယဖွဲ့ခြင်း၏ ရည်ရွယ်ချက်သည် အမှန်တကယ်တွင် ဘုရားသခင်ကို သက်သေခံဖို့ဖြစ်ပြီး သူတစ်ပါးတို့အားလည်း အကျိုးဖြစ်စေဖို့ဖြစ်လျှင် သင်ကိုယ်တိုင်၏ အတွေ့အကြုံများကို မိတ်သဟာယဖွဲ့သင့်သည်၊ မိမိကိုယ်ကို ပြန်လည်ဆင်ခြင်ကြည့်ပြီး သိမြင်သင့်သည်။ မိမိကိုယ်ကို စိစစ်ခြင်းအားဖြင့် သူတစ်ပါးတို့အား အကျိုးဖြစ်စေသင့်သည်။ ဤသည်မှာ ပို၍ ထိရောက်မည်ဖြစ်ပြီး ဘုရားသခင်ရွေးချယ်ထားသောသူတို့က အတည်ပြုလက်ခံလိမ့်မည်။ ယင်းသည် သင့်ကိုယ်သင် မြှင့်တင်ရန်အတွက် သူတစ်ပါးတို့ကို ဖော်ထုတ်ရန်၊ တိုက်ခိုက်ရန်၊ သေးသိမ်စေရန် ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်ခြင်းဖြစ်လျှင် ဘုရားသခင်က လက်ခံမည်မဟုတ်ဘဲ သင်၏ ညီအစ်ကိုမောင်နှမများကလည်း မည်သို့မျှ အကျိုးဖြစ်မည်မဟုတ်ပေ။ လူတစ်ယောက်၏ ရည်ရွယ်ချက်သည် သူတစ်ပါးတို့ကို ရှုတ်ချပြီး အပြစ်ဒဏ်ပေးဖို့ဖြစ်လျှင် ဤသူသည် ကောက်ကျစ်ဆိုးယုတ်သော အမှုများကို စတင်လုပ်ဆောင်နေသည့် မကောင်းမှုပြုသူတစ်ယောက်ဖြစ်သည်။ ဘုရားသခင်ရွေးချယ်ထားသောသူများသည် ကောက်ကျစ်ဆိုးယုတ်သောသူကို ပိုင်းခြားသိမြင်နိုင်ရမည်။ လူတစ်ယောက်သည် သူတစ်ပါးတို့ကို ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကြောင့် တမင်တကာ ဖော်ထုတ်ပြီး သေးသိမ်စေလျှင် ၎င်းတို့ကို ချစ်ခင်စွာဖြင့် ကူညီပေးသင့်၏။ ဤသို့မဟုတ်ဘဲ ၎င်းတို့ကို ထပ်ခါထပ်ခါ သင်ကြားပေးရန် ကြိုးစားသော်လည်း ၎င်းတို့သည် သမ္မာတရားကို လက်မခံနိုင်ဘဲ ဤလုပ်ရပ်များကို ဆက်လက်ပြုလုပ်နေလျှင် ဤသည်မှာ နောက်ကိစ္စတစ်ခုဖြစ်သည်။ သို့သော် လူတို့ကို မကြာခဏ ထင်ရာမြင်ရာ ရှုတ်ချသော၊ တံဆိပ်ကပ်သော၊ အပြစ်ဒဏ်ပေးသော ဤဆိုးယုတ်သည့် လူတို့ကိုမူ လူတိုင်းက ရိပ်စားမိနိုင်ရန်အတွက် နှံ့နှံ့စပ်စပ် ဖော်ထုတ်သင့်သည်။ ထို့နောက်တွင် ၎င်းတို့ကို ကန့်သတ်သင့်သည်။ ဤသည်မှာ လိုအပ်၏။ အဘယ်ကြောင့်ဆိုသော် ဤသို့သောလူတို့သည် အသင်းတော်အသက်တာကို နှောင့်ယှက်ပြီး အသင်းတော်အလုပ်ကို နှောင့်ယှက်သည်။ ၎င်းတို့သည် လူတို့ကို လှည့်စားပြီး အသင်းတော်အတွင်း၌ ပရမ်းပတာဖြစ်စေနိုင်ခြေရှိသည်။(အယောင်ဆောင်ခေါင်းဆောင်များကို ခွဲခြားဖော်ထုတ်ခြင်း (၁၅))တိုက်ခိုက်ခြင်းနှင့် လက်စားချေခြင်းသည် မလိုမုန်းထားသော ဆိုးယုတ်သည့် သဘာဝမှလာသည့် လုပ်ရပ်နှင့် ထုတ်ဖော်ပြခြင်း အမျိုးအစားတစ်ခုဖြစ်သည်။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား အမျိုးအစားတစ်ခုလည်း ဖြစ်သည်။ လူတို့က ဤသို့စဉ်းစားကြ၏။ ‘ကျွန်ုပ်အပေါ် သင်မကြင်နာလျှင် သင့်အပေါ် ကျွန်ုပ်တရားမျှတမည် မဟုတ်။ ကျွန်ုပ်ကို သိက္ခာနှင့် သင်မဆက်ဆံလျှင် ကျွန်ုပ်သည်လည်း သင့်ကို အဘယ်ကြောင့် သိက္ခာနှင့် ဆက်ဆံရမည်နည်း’ ဟူ၍ ဖြစ်သည်။ ဤသည်မှာ အဘယ်သို့သော စဉ်းစားပုံမျိုးနည်း။ ယင်းသည် အငြိုးကြီးသော စဉ်းစားနည်းမဟုတ်သလော။ သာမန်လူတစ်ယောက်၏ အမြင်များတွင် ဤရှုထောင့်အမြင်မျိုးသည် အလုပ်ဖြစ်နိုင်ချေ မရှိသလော။ ယုတ္တိမရှိသလော။ (ရှိပါသည်။) ‘ငါ့ကို လာမတိုက်ခိုက်လျှင် ငါလည်း တိုက်ခိုက်မည် မဟုတ်။ လာတိုက်ခိုက်ပါမူ သေချာပေါက် ပြန်လည်တိုက်ခိုက်မည်’၊ ပြီးလျှင် ‘သင်လုပ်သည့်အတိုင်း ပြန်ခံရခြင်းဖြစ်သည်’ ဤကဲ့သို့သော အရာတို့ကို မယုံကြည်သူများက မကြာခဏ ပြောဆိုကြသည်။ ၎င်းတို့အကြားတွင် ဤအရာအားလုံးတို့သည် ခိုင်လုံပြီး လူ့အယူအဆများနှင့် လုံးလုံးကိုက်ညီသော အကြောင်းပြချက်များ ဖြစ်၏။ သို့တိုင်အောင် ဘုရားသခင်ကို ယုံကြည်ပြီး သမ္မာတရားကို လိုက်စားသူတို့သည် ဤစကားများကို အဘယ်သို့ ရှုမြင်သင့်သနည်း။ ဤအယူအဆများမှာ မှန်ကန်သလော။ (မမှန်ကန်ပါ။) အဘယ်ကြောင့် မမှန်ကန်သနည်း။ ယင်းတို့ကို မည်သို့အမျိုးအစား ခွဲခြားသင့်သနည်း။ ဤအရာတို့သည် မည်သည့်နေရာမှ လာသနည်း။ (စာတန်ထံမှ လာပါသည်။) ၎င်းတို့သည် စာတန်ထံမှ လာ၏၊ ဤအရာကို သံသယဖြစ်စရာ မရှိပေ။ စာတန်၏ မည်သည့်အစိတ်အပိုင်းမှ ယင်းတို့လာသနည်း။ စာတန်၏ မလိုမုန်းထားသော သဘာဝမှ လာသည်။ ယင်းတို့တွင် အဆိပ်ပါဝင်သည်။ ယင်းတို့တွင် စာတန်၏ မလိုမုန်းထားမှုနှင့် အကျည်းတန်မှုအားလုံးပါသည့် သရုပ်မှန်ပါဝင်သည်။ ထိုသဘာဝ၏ တကယ့်အဖြစ်အနေ ပါဝင်သည်။ ထိုသဘာဝ၏ အဖြစ်အနေ ပါဝင်သော အမြင်ရှုထောင့်များ၊ အတွေးများ၊ ဖော်ပြချက်များ၊ စကားများနှင့် လုပ်ရပ်များပင်ဖြစ်သော အရာတို့၏ သဘာဝမှာ အဘယ်နည်း။ ယင်းတို့သည် စာတန်နှင့် သက်ဆိုင်သည် မဟုတ်လော။ သက်ဆိုင်၏။ စာတန်၏ ဤအချက်များသည် လူ့သဘာဝနှင့် ကိုက်ညီသလော။ သမ္မာတရားနှင့် ကိုက်ညီသလော။ ယင်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၌ အခြေပြုထားချက်ရှိသလော။ (မရှိပါ။) ယင်းတို့သည် ဘုရားသခင်၏ နောက်တော်သို့ လိုက်သူများ လုပ်ဆောင်သင့်သည့်အရာ ဟုတ်သလော။ ၎င်းတို့ပိုင်ဆိုင်သင့်သည့် အတွေးအမြင်များ ဟုတ်သလော။ (မဟုတ်ပါ။) ဤသို့ဆိုလျှင် သင်သည် ဤနည်းဖြင့် အမှုအရာများကို လုပ်ဆောင်သည့်အခါ၊ သို့မဟုတ် စဉ်းစားသည့်အခါ၊ သို့တည်းမဟုတ် ထိုအရာများကို ဖော်ပြသည့်အခါ ဘုရားအလိုတော်နှင့် ကိုက်ညီသလော။ ဤအရာများသည် စာတန်ထံမှ လာသောကြောင့် ၎င်းတို့သည် လူ့သဘာဝနှင့် ကိုက်ညီသလော။ ဆင်ခြင်တုံတရားနှင့် အသိစိတ်နှင့် ကိုက်ညီသလော။ (မကိုက်ညီပါ။)” (နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ စာအုပ်ထဲရှိ “သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖြေရှင်းမှသာလျှင် သင်သည် အပျက်သဘောဆောင်သည့် အခြေအနေမှ လွတ်မြောက်နိုင်သည်”) ကျွန်မပြုမူတဲ့ပုံစံကို ဘုရားနှုတ်ကပတ်တော်နဲ့ ယှဉ်ကြည့်တဲ့အခါမှာ ကျွန်မ တော်တော်ကြောက်သွားတယ်။ အစ်မလျူနဲ့ ကျွန်မ ဆက်ဆံတဲ့နေရာမှာ သူများတွေကြားမှာကျွန်မ ဂုဏ်အဆင့်အတန်းနဲ့ ပုံရိပ်ကို မထိခိုက်ဘဲနဲ့ ကျွန်မပြဿနာတွေကို သူက လူမသိအောင်ပြောပြတဲ့အခါမှာ ကျွန်မက လက်ခံနိုင်တယ်။ ဒါပေမဲ့နောက်ပိုင်းမှာ လူတိုင်းရဲ့ရှေ့မှာ ကျွန်မအမှားတွေကို သူက စိစစ်ပြတဲ့အခါမှာ ကျွန်မက အရှက်ခွဲခံရသလို ခံစားမိတယ်။ သူများတွေက ကျွန်မကို အထင်သေးမှာပဲလို့တွေးပြီး သူ့ကိုမုန်းပြီးတော့ စကားမပြောချင်ခဲ့ဘူး။ အလုပ်နဲ့ပတ်သက်လို့ ကျွန်မတို့ ဆွေးနွေးတာတွေမှာ သူပြောတာတွေကို နားကိုမထောင်ခဲ့ဘူး။ ကျွန်မ ပြဿနာတွေကို သူမြင်ပြီး အရမ်းကို တဲ့တိုးကြီးပြောပြီးတော့ အဲဒီပုံစံနဲ့ တခြားကြီးကြပ်သူကို ကျွန်မအကြောင်းပြောပြတော့ ကျွန်မ အရမ်းစိတ်ဆိုးခဲ့တယ်။ ကျွန်မ အရမ်းကြိုးစားပြီး တည်ထောင်ထားခဲ့တဲ့ ပုံရိပ်ကောင်းတစ်ခုကို သူက ချက်ချင်းပဲ ဖျက်ဆီးလိုက်တယ်လို့ ခံစားမိခဲ့တယ်။ ကျွန်မက တော်တော်အတိုက်အခံဖြစ်ပြီး သူ့အသံကိုတောင် မကြားချင်ခဲ့ဘူး။ ကျွန်မက စာတွေကို အချိန်မီမပြန်ဘူးလို့ သူက ပြောပြီး အလုပ်ကို အရင်ကလို မနှောင့်နှေးစေနဲ့လို့ သတိပေးတော့ သူက ကျွန်မကို ဘောင်ခတ်နေတာ၊ ကျွန်မ ပြောင်းလဲသွားပြီဆိုတာကို ငြင်းဆန်နေတာ၊ ကျွန်မအတွက် ခက်ခဲအောင်လုပ်နေတာလို့ ခံစားမိခဲ့တယ်။ ကျွန်မက တမင်သက်သက် သူ့ကို မတုံ့ပြန်ဘဲနဲ့ တာဝန်ကတစ်ဆင့် ကျွန်မရဲ့ ခံပြင်းမှုကို ဖွင့်ချနေတာ။ အစ်မလျူအပေါ် ကျွန်မရဲ့ တစ်ဖက်သတ်အမြင်က ပိုပိုဆိုးလာပြီး သူ့အပေါ် မကျေနပ်ချက်တွေ ပြည့်နေခဲ့တာပေါ့။ ခေါင်းဆောင်အတွက် ကျွန်မရဲ့ အကဲဖြတ်ချက်မှာ သူ့အမှားတွေကို ထောက်ပြပြီးရင်းနဲ့ ကိုယ်ပိုင်နာကြည်းချက်အတွက် ဒါကို အသုံးပြုခဲ့တယ်။ ဒီလိုနည်းနဲ့ ခေါင်းဆောင်က သူ့ကို ကိုင်တွယ်ဖြေရှင်းပြီး ထုတ်တောင် ထုတ်ပစ်စေဖို့၊ ကျွန်မ စိတ်ပြေသွားစေဖို့အတွက်ပေါ့။ သူ့ကို လက်စားချေချင်ပြီးတော့ စုဝေးပွဲတစ်ခုက မိတ်သဟာယမှာ သူ့ကို မကောင်းတဲ့ လူ့သဘာဝရှိတယ်လို့ ဝေဖန်အပြစ်တင်ခဲ့ပြီး သူ့ကို သူများတွေက ရိပ်စားမိပြီး ဖယ်ကြဉ်ကြအောင် ကြိုးစားခဲ့တယ်။ ဒီလိုနဲ့ ကျွန်မ ဒေါသကို ဖွင့်ချနိုင်ဖို့ပေါ့။ ကျွန်မက လူ့သဘာဝနဲ့ အသိစိတ်နည်းနည်းလေးမှမရှိတဲ့ ကြမ်းတမ်းတဲ့ လူ့သဘာဝကို ဖော်ပြနေခဲ့တာပါ။ အစ်မလျူက ဒါတွေကို ဖော်ပြောပြီး ကျွန်မကို ဝေဖန်တာဟာ ဘုရားအိမ်တော်ရဲ့အလုပ်အတွက် သူကတာဝန်သိတတ်တာဖြစ်ပြီး ကျွန်မ ကိုယ့်ကိုယ်ကိုယ် သိအောင် ကူညီပေးတာပဲ။ ဒါပေမဲ့ ကျွန်မက ဒါကို နည်းနည်းလေးမှ လက်မခံဘူး။ ကျွန်မက ကလေးဆိုးတစ်ယောက်လိုဖြစ်နေပြီး ကျွန်မရဲ့ ခံပြင်းမှုကို ဖွင့်ချဖို့ တာဝန်ကို အသုံးပြုနေခဲ့တာ။ သူ့ကို တိုက်ခိုက်ပြီး ပုတ်ခတ်ပြောဆိုဖို့အတွက် ဘုရားနှုတ်ကပတ်တော်ကိုတောင် အသုံးပြုခဲ့တယ်။ ကျွန်မက အုပ်စုတစ်ခုဖွဲ့ဖို့ ကြိုးစားနေပြီး အသင်းတော်အသက်တာကို နှောင့်ယှက်ပြီး ဘုရားအိမ်တော်ရဲ့အလုပ်ကို တမင်ဖျက်ဆီးနေတာပါ။ အစ်မလျူဆီက စကားနည်းနည်းက ကျွန်မရဲ့ ဂုဏ်အဆင့်အတန်း ခံစားချက်ကို ထိခိုက်သွားတော့ လက်စားချေချင်ပြီး ပုတ်ခတ်ပြောဆိုခဲ့တယ်။ ကျွန်မက ကြောက်ဖို့ကောင်းတာပဲ။ ကျိုးကြောင်းသင့်လျော်မှုရှိတဲ့ မယုံကြည်သူတစ်ယောက်ကတောင် ဒီလိုမလုပ်ပါဘူး။ ဘုရားနှုတ်ကပတ်တော်ကပြောတယ်။ “အကယ်၍ ယုံကြည်သူများသည် မိမိတို့၏ အပြောအဆိုနှင့် အပြုအမူတို့၌ မယုံကြည်သူများကဲ့သို့ပင် လေးနက်မှုမရှိဘဲ၊ ထိန်းမနိုင်သိမ်းမနိုင်ဖြစ်ပါက၊ ၎င်းတို့သည် မယုံကြည်သူထက်ပင် ပို၍ ဆိုးယုတ်ကြ၏။ ၎င်းတို့သည် သမားရိုးကျ နတ်ဆိုးများ ဖြစ်ကြလေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သောသူများကို သတိပေးချက်) ကျွန်မက ယုံကြည်ခြင်းရှိသူတစ်ယောက်ပါ။ ဘုရားနှုတ်ကပတ်တော်တွေ အများကြီးစားသောက်ခဲ့တယ်။ ဒါပေမဲ့ အကြံပြုချက်နည်းနည်းလေးကိုတောင် လက်မခံနိုင်ခဲ့ဘူး။ ကျွန်မက လူသားတောင် ဟုတ်ရဲ့လား။ ကျွန်မက ဒီဆိုးယုတ်တဲ့ အတွေးအခေါ်တွေနောက်လိုက်နေခဲ့တာ။ “သင်ကောင်းလျှင် ကျွန်ုပ်မဆိုးပါ။” “တိုက်ခိုက်မခံရလျှင် ကျွန်ုပ်တို့ တိုက်ခိုက်မည်မဟုတ်ပါ။ ကျွန်ုပ်တို့တိုက်ခိုက်ခံရလျှင် တန်ပြန်တိုက်ခိုက်မည်မှာ သေချာ၏” ဆိုတာတွေပေါ့။ ကျွန်မက ဘုရားကို လုံးဝမကြောက်ဘဲနဲ့ ကျွန်မရဲ့ မကျေနပ်မှုကို ဖွင့်ချနေတာ သက်သက်ပဲ။ ကျွန်မက လူသားပုံသဏ္ဍန်နဲ့ လုံးဝ အသက်ရှင်နေထိုင်ခြင်းမရှိခဲ့ဘူး။ ကျွန်မ တော်တော်အပြစ်ရှိသလိုခံစားရပြီး စိတ်မကောင်းဖြစ်မိတယ်။ အဲဒါနဲ့ အစ်မလျူအပေါ် ကျွန်မရဲ့ တစ်ဖက်သတ်အမြင်ကို စွန့်လွှတ်ချင်ပြီး နောင်တနဲ့ ဘုရားကို ဆုတောင်းခဲ့တယ်။ ကျွန်မ တာဝန်မရှိတဲ့အချိန် သုံးလေးရက်လောက်မှာ ကျွန်မတို့စလုပ်ခဲ့တုန်းက ဘယ်လောက်ထိ ဆက်ဆံရေးအဆင်ပြေခဲ့တယ်ဆိုတာကို တွေးမိတယ်။ ဒါဆိုရင် ကျွန်မက သူနဲ့ ဘာလို့ အရမ်းကသိကအောက်ဖြစ်ခဲ့ရတာလဲပေါ့။ သူ့ဝေဖန်ချက်က ခိုင်လုံတယ်ဆိုတာ ကျွန်မသိတယ်။ ပြီးတော့ သူက ကြမ်းပြီး နည်းနည်း တဲ့တိုးဆန်ကောင်းဆန်နိုင်တယ်။ ဒါပေမဲ့ ဒါက အရေးမကြီးပါဘူး။ ကျွန်မက ဘာလို့ လက်မခံနိုင်ဘဲ ပြန်ပြီး နောက်ကွယ်မှာ ပုတ်ခတ်ပြောဆိုခဲ့တာလဲပေါ့။

ကျွန်မ ရှာဖွေရင်းနဲ့ ဘုရားသခင်ရဲ့ ကျမ်းပိုဒ်တစ်ခုကို တွေ့တယ်။ “အန္တိခရစ်များသည် ပြုပြင်ခံရခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခံရခြင်းကို ကြုံတွေ့သောအခါ အလွန်အမင်း အာခံမှုကို မကြာခဏ ပြသကြသည်။ ထို့နောက်တွင် ၎င်းတို့သည် မိမိကိုယ်ကိုအတွက် ငြင်းခုံရန် စတင်ပြီး အကောင်းဆုံး ကြိုးစားကြကာ လူတို့ကို လှည့်စားရန်အတွက် လှည့်ပတ်ပြောဆိုခြင်းနှင့် စကားပြောကောင်းခြင်းကို အသုံးပြုကြ၏။ ဤသည်မှာ အလွန်ပင် အတွေ့ရများသည်။ သမ္မာတရားကို လက်ခံရန် အန္တိခရစ်တို့ ငြင်းဆန်မှု၏ သရုပ်သကန်မှာ သမ္မာတရားကို မုန်းတီးရွံရှာသည့် ဆိုးယုတ်သော ၎င်းတို့၏သဘာဝကို အပြည့်အဝ ဖော်ထုတ်သည်။ ၎င်းတို့သည် စာတန်၏ အမျိုးအစားနှင့်သာ လုံးဝသက်ဆိုင်၏။ အန္တိခရစ်များသည် မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ ၎င်းတို့၏ စိတ်သဘောထားနှင့် အနှစ်သာရက ဖော်ထုတ်ခံရသည်။ အထူးသဖြင့် ဘုရားသခင်၏ အိမ်တော်တွင် ၎င်းတို့လုပ်သမျှတိုင်းသည် ရှုတ်ချခံရ၏၊ မကောင်းမှုများဟု ခေါ်ဆိုခံရ၏၊ ၎င်းတို့လုပ်ဆောင်သည့် ဤအရာအားလုံးတို့သည် အန္တိခရစ်များက စာတန်နှင့် နတ်ဆိုးများ ဖြစ်သည်ကို အပြည့်အဝ အတည်ပြုပေးသည်။ ထို့ကြောင့် ၎င်းတို့သည် ပြုပြင်ခံရပြီး ကိုင်တွယ်ဖြေရှင်းခံရခြင်းကို လက်ခံခြင်းနှင့် ပတ်သက်လာလျှင် အသေအချာပင် မပျော်မရွှင်ဖြစ်ပြီး အတိအကျပင် ဆန္ဒမရှိပေ။ သို့သော် အာခံခြင်းနှင့် ဆန့်ကျင်ခြင်းအပြင် ၎င်းတို့သည် ပြုပြင်ခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်းကိုလည်း မုန်းတီးသည်။ ၎င်းတို့ကို ပြုပြင်ပြီး ကိုင်တွယ်ဖြေရှင်းသောသူများကို မုန်းတီးသည်။ ၎င်းတို့အနှစ်သာရ၏ သဘာဝကို ဖော်ထုတ်သော၊ ၎င်းတို့၏ မကောင်းမှုများကို ဖော်ထုတ်သောသူတို့ကို မုန်းတီးသည်။ အန္တိခရစ်များက ၎င်းတို့ကို ဖော်ထုတ်သည့် မည်သူမဆိုသည် ၎င်းတို့ကို အခက်အခဲဖြစ်အောင် ပြုလုပ်နေခြင်းသက်သက်သာ ဖြစ်သည်ဟု ထင်သည်။ ထို့ကြောင့် ၎င်းတို့သည် ၎င်းတို့ကို ဖော်ထုတ်သောသူ မည်သူကိုမဆို အခက်အခဲဖြစ်အောင်လုပ်သည်။ ၎င်းတို့၏ အန္တိခရစ်သဘာဝကြောင့် ၎င်းတို့ကို ပြုပြင်သော၊ သို့မဟုတ် ကိုင်တွယ်ဖြေရှင်းသော မည်သူမဆိုအပေါ် လုံးဝ ကြင်နာမည် မဟုတ်သကဲ့သို့ ထိုသို့ပြုလုပ်သော မည်သူမဆိုကို သည်းခံမည်မဟုတ်၊ သို့မဟုတ် လက်ခံလိုက်လျောမည်မဟုတ်။ ထိုသို့ပြုလုပ်သောသူ မည်သူမဆိုအပေါ် ကျေးဇူးတင်ဖို့၊ သို့မဟုတ် ချီးမွမ်းဖို့မှာ ပို၍ပင် မဖြစ်နိုင်ပေ။ ဆန့်ကျင်ဘက်အနေဖြင့် တစ်စုံတစ်ယောက်က ၎င်းတို့ကို ပြုပြင်လျှင်၊ သို့မဟုတ် ကိုင်တွယ်ဖြေရှင်းပြီး ဂုဏ်သိက္ခာဆုံးရှုံးအောင်၊ မျက်နှာပျက်အောင် ပြုလုပ်လျှင် ၎င်းတို့၏ စိတ်နှလုံး၌ ဤလူအတွက် မုန်းတီးမှုများ သိုထားလိမ့်မည်။ ထိုသူကို လက်စားချေရန် အခွင့်အရေးတစ်ခုကို ရှာဖွေလိုလိမ့်မည်။ ၎င်းတို့သည် သူတစ်ပါးတို့အပေါ် မုန်းတီးမှုမည်မျှထားရှိသနည်း။ ဤသည်မှာ သူတစ်ပါးတို့ရှေ့တွင် ၎င်းတို့ထင်မြင်ပြီး ပွင့်ပွင့်လင်းလင်း ပြောဆိုသောအရာဖြစ်သည်။ ‘ယနေ့တွင် သင်ကျွန်ုပ်ကို ပြုပြင်ပြီး ကိုင်တွယ်ဖြေရှင်းခဲ့သည်။ ယခု ကျွန်ုပ်တို့၏ ရန်စကို ကျောက်တွင် ရေးထွင်းပြီးလေပြီ။ သင့်လမ်း သင်သွားတော့၊ ကျွန်ုပ်လည်း ကိုယ့်လမ်း ကိုယ်သွားမည်။ သို့သော် ကျွန်ုပ်လက်စားအရချေမည်ဟု ကျိန်ဆို၏။ သင်၏အမှားကို ကျွန်ုပ်ထံ ဝန်ခံလျှင်၊ ကျွန်ုပ်ကို ဦးညွှတ်လျှင်၊ ဒူးထောက်ပြီး တောင်းပန်လျှင် သင့်ကို ခွင့်လွှတ်ပေးမည်။ ဤသို့မဟုတ်လျှင်ကား ကျွန်ုပ်သည် ဤကိစ္စကို မည်သည့်အခါမျှ လက်လွှတ်မည်မဟုတ်။’ အန္တိခရစ်များသည် မည်သည့်အရာကို ပြောသည်ဖြစ်စေ၊ လုပ်ဆောင်သည်ဖြစ်စေ ၎င်းတို့အပေါ် မည်သူမဆို၏ ကြင်နာသော ပြုပြင်ခြင်း၊ သို့မဟုတ် ကိုင်တွယ်ဖြေရှင်းခြင်းကို၊ သို့မဟုတ် မည်သူမဆို၏ ရိုးသားသော အကူအညီကို ဘုရားသခင်၏ ချစ်ခြင်းနှင့် ကယ်တင်ခြင်းတို့ ရောက်ရှိလာမှုအဖြစ် မည်သည့်အခါမျှ မမြင်ပေ။ ထိုအစား အရှက်ခွဲခံရသည့် လက္ခဏာအဖြစ်၊ ကြီးစွာသော အရှက်ရသည့် အခိုက်အတန့်အဖြစ် မြင်ကြသည်။ ဤသည်မှာ အန္တိခရစ်များသည် သမ္မာတရားကို လုံးဝ လက်မခံကြသည်ကို ပြသ၏။ ဤသည်မှာ အန္တိခရစ်များ၏ စိတ်သဘောထားဖြစ်လေသည်။(အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “၎င်းတို့သည် မိမိတို့ကိုယ်တိုင် ထင်ရှားကျော်ကြားမှု ရစေဖို့နှင့် ၎င်းတို့ကိုယ်တိုင်၏ အကျိုးစီးပွားများနှင့် ရည်မှန်းချက်များကို ပြည့်ဝစေဖို့သာ ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင့်အိမ်တော်၏အကျိုးစီးပွားများကို မည်သည့်အခါမျှ အရေးမထားသကဲ့သို့၊ ပုဂ္ဂိုလ်ရေးရာ ထင်ပေါ်ကျော်ကြားမှုအတွက် အပြန်အလှန်အားဖြင့် ထိုအကျိုးစီးပွားများကိုပင် ပစ်ပယ်သည် (အပိုင်း ၈)”) ဝေဖန်မှုအပေါ် အန္တိခရစ်တွေရဲ့ သဘောထားက ငြင်းဆန်ဖို့၊ ဆင်ခြေတွေပေးဖို့၊ တိုက်ခိုက်ဖို့၊ တခြားလူကို ရန်သူအဖြစ်မြင်ပြီးတော့တောင် ပုတ်ခတ်ပြောဖိုပြီး လက်စားချေဖို့အတွက် နည်းလမ်းတွေရှာဖို့ဖြစ်တယ်ဆိုတာ ဘုရားနှုတ်ကပတ်တော်တွေကနေ ကျွန်မ မြင်ခဲ့ပါတယ်။ သူတို့က သဘောသဘာဝအရကို သမ္မာတရားကို မုန်းတီးပြီး ဘယ်တော့မှ လက်ခံမှာမဟုတ်ဘူး။ ကျွန်မ ပြဿနာတွေနဲ့ပတ်သက်ပြီး အစ်မလျူပြောတာအားလုံးက မှန်တယ်ဆိုတာ ကျွန်မသိပါတယ်။ ဒါကြောင့် ဘယ်လိုလေသံနဲ့ပဲ သူပြောပါစေ အဲဒါက ကျွန်မ ကိုယ့်ကိုယ်ကိုယ် သိအောင် ကူညီပေးဖို့ဖြစ်ပြီး တမင်သက်သက် ကျွန်မကို ပစ်မှတ်ထားတာမဟုတ်ပါဘူး။ ရှင်းပါတယ်။ ကျွန်မက တာဝန်မှာ အလေးအနက်မထားဘူး။ တာဝန်ခံယူမှုမရှိဘူး။ ဒါကြောင့် ကျွန်မတို့ ဗီဒီယိုတွေမှာ ပြဿနာတချို့ဖြစ်သွားတယ်။ အစ်မလျူက ဒီပြဿနာတွေကို စိစစ်ပြီး ပိုင်းခြားလေ့လာနေတာ။ အဲဒါက ကျွန်မတို့တွေ နောက်ထပ်ဒီလိုအမှားမျိုးကို လုပ်ပြီး အလုပ်တိုးတက်မှုကို နှောင့်နှေးတာ မဖြစ်စေဖို့အတွက်ပဲ။ ကျွန်မ အထုတ်ခံရပြီးတဲ့နောက် ကိုယ့်ကိုယ်ကိုယ် နားလည်မှုက တော်တော် အပေါ်ယံဆန်တာကိုလည်း သူ သတိထားမိတယ်။ ဒါကြောင့် သူက ကောင်းကောင်းမွန်မွန်နဲ့ ဒါကို ထောက်ပြတာ။ ဒါဟာ ကျွန်မ ကိုယ့်ကိုယ်ကိုယ်သိပြီး အမှန်တကယ် နောင်တရအောင် ကူညီပေးဖို့ပါ။ ဒါပေမဲ့ သူက ကျွန်မကို ခဏခဏ ကူညီပေးတာကို ကျွန်မက ကျေးဇူးမတင်ရုံမကဘဲ ကျွန်မကို အရှက်ရအောင်လုပ်ပြီး ကျွန်မသိက္ခာကိုထိခိုက်အောင်လုပ်ဖို့ ကြိုးစားနေတာလို့ ထင်ခဲ့တယ်။ သူ့ကို တကယ်ကို မကျေမနပ်ဖြစ်ခဲ့ပြီး ရန်သူတစ်ယောက်လို ဆက်ဆံလာခဲ့တယ်။ သူ့ကို ပြန်လုပ်ဖို့ အခွင့်အလမ်းတွေ ရှာလာတယ်။ သူများတွေကို သူ့ကို ဖယ်ကြဉ်ထားပြီး ငြင်းပယ်တာတွေတောင် လုပ်စေချင်ခဲ့တယ်။ ကျွန်မက အန္တိခရစ်တစ်ယောက်လိုမျိုး အန္တရာယ်ရှိပြီး အဆိပ်ရှိပါတယ်။ အန္တိခရစ်တွေက မြှောက်ပင့်တာမှန်သမျှကို ကြိုက်တယ်။ ပြီးတော့ သူတို့ကို ချီးမွမ်းကြတဲ့ ဘယ်သူကိုမဆို သူတို့က လုံးဝချစ်တယ်။ ဒါပေမဲ့ လူတစ်ယောက်က ရိုးသားလေလေ၊ သူတို့က အဲဒီလူကို ပုတ်ခတ်ပြောဆိုလေပဲ။ သူတို့ကို စိတ်ဆိုးအောင်လုပ်တဲ့၊ သူတို့အကျိုးစီးပွားကို ထိခိုက်အောင်လုပ်တဲ့ ဘယ်သူမဆို သူတို့ရဲ့ အဆိုးဆုံးကို ခံရမှာပဲ။ ပြီးတော့ အဲဒီလူက ခြေကုန်လက်ပမ်းမကျခင်အထိ သူတို့က ရပ်မှာမဟုတ်ဘူး။ ဒါဟာ အသင်းတော်အလုပ်နဲ့ တခြားလူတွေရဲ့ အသက်ဝင်ရောက်မှုအပေါ် အရမ်းကို ထိခိုက်နစ်နာစေတယ်။ သူတို့ဟာ အဲဒီမကောင်းမှုတွေအားလုံးကို လုပ်တာကြောင့်၊ ဘုရားရဲ့ စိတ်သဘောထားကို ပုန်ကန်ပစ်မှားတာကြောင့် အဆုံးမှာ ထာဝရ ဖယ်ရှားခြင်းခံရတယ်။ အစ်မလျူဆီက စကားနည်းနည်းက ကျွန်မရဲ့ ဂုဏ်သတင်းနဲ့ အဆင့်အတန်းခံစားချက်ကို ထိခိုက်တယ်။ ဒါကြောင့် ကျွန်မက လက်စားချေချင်ခဲ့တာ။ သူ့အမှားတွေကို အသိအမှတ်ပြုပြီး ကျွန်မကို “ရန်စနေတာ”ကို ရပ်မှ ကျွန်မက ကျေနပ်မှာပဲ။ ကျွန်မက တော်တော်ကို ဆိုးဝါးခဲ့ပြီး အငြိုးထားခဲ့ပါတယ်။ ကျွန်မက မကောင်းမှုပြုသူနဲ့ အန္တိခရစ်တွေလိုမျိုးပဲ သမ္မာတရားကို မုန်းတီးခဲ့တယ်။ အန္တိခရစ်ရဲ့လမ်းကြောင်းပေါ် ရောက်နေခဲ့ပါတယ်။ ကျွန်မရဲ့ အန္တိခရစ်စိတ်သဘောထားကို မပြောင်းလဲရင် ရာထူးတစ်ခုကို ကျွန်မ ရတဲ့အခါမှာ ကျွန်မက ပုတ်ခတ်ပြောဆိုပြီး မကောင်းမှုကို ပိုပြီးတော့တောင်လုပ်မယ်၊ အဆုံးမှာ ဘုရားက စီရင်ပြီး အပြစ်ဒဏ်ပေးတာကို ခံရမယ်ဆိုတာ ကျွန်မ သိခဲ့တယ်။ အကျိုးဆက်တွေက တကယ်ကို ကြောက်စရာပဲဆိုတာ ကျွန်မ မြင်နိုင်ခဲ့ပါတယ်။ လက်တွေ့လုပ်ဆောင်ပြီး ဝင်ရောက်ဖို့လမ်းကြောင်းတစ်ခုရှာဖွေရင်းနဲ့ ဘုရားကို ကျွန်မ ဆုတောင်းတယ်။

နောက်တော့ ဘုရားနှုတ်ကပတ်တော်ထဲမှာ ဒါကို ဖတ်ရတယ်။ “သင်၏ ခေါင်းဆောင်၊ ဦးဆောင်သူ၊ သို့မဟုတ် သင့်အနားတစ်ဝိုက်မှာ ရှိသည့် ညီအစ်ကိုမောင်နှမများသည် သင့်ကို မကြာခဏ ကြီးကြပ်လျှင်၊ စောင့်ကြည့်လေ့လာလျှင်၊ သင့်အကြောင်းကို ပို၍သိလိုပြီး တစ်ချိန်တည်းတွင် သင့်ကို ကူညီပံ့ပိုးလိုလျှင် ဤကိစ္စအပေါ်၌ မည်သည့်သဘောထားကို သင်ကိုင်ဆောင်သင့်သနည်း။ ယင်းကို သင်ဆန့်ကျင်သင့်သလော၊ သတိထားသင့်သလော၊ ခုခံသင့်သလော၊ သို့မဟုတ် နှိမ့်ချစွာဖြင့် လက်ခံသင့်သလော။ (နှိမ့်ချစွာဖြင့် လက်ခံသင့်ပါသည်။) နှိမ့်ချစွာ လက်ခံခြင်းဆိုသည်မှာ မည်သည့်အဓိပ္ပာယ်နည်း။ ဘုရားသခင်ထံမှ ဤအရာအားလုံးကို သင်လက်ခံသင့်သည်၊ လုံးဝ စိတ်မြန်လက်မြန် မကိုင်တွယ်သင့်ဟု အဓိပ္ပာယ်ရသည်။ တစ်ယောက်ယောက်သည် သင်၏ ပြဿနာကို အမှန်တကယ် ရှာဖွေတွေ့ရှိပြီး သင့်ကို ထောက်ပြနိုင်လျှင်၊ သင်သိမြင်အောင် ကူညီပြီး သင့်ကို ကူညီဖြေရှင်းပေးလျှင် သူသည် သင့်အတွက် တာဝန်ခံယူပေးနေခြင်းဖြစ်ပြီး သင့်လက်ထဲမှ အလုပ်ကို ယူလုပ်ပေးခြင်းဖြစ်သည်။ ဤသည်မှာ စာတန်ထံမှ လာခြင်း၊ မလိုမုန်းထားစိတ်မှ လာခြင်းမဟုတ်ဘဲ ဘုရားအိမ်တော်၏ အလုပ်အပေါ် တာဝန်သိတတ်သော သဘောထားထံမှ လာခြင်းဖြစ်သည်။ ယင်းသည် ချစ်ခြင်းမှ စတင်ပေါ်ထွက်ပြီး ဘုရားသခင်ဆီမှ လာသည်။ ယင်းကို ဘုရားသခင်ထံမှ သင်လက်ခံသင့်၏၊ မည်သည့်အခါမျှ စိတ်မြန်လက်မြန် မကိုင်တွယ်သင့်၊ သို့မဟုတ် စိတ်ပေါက်ရာ မလုပ်ဆောင်သင့်ပေ။ ထို့အပြင် သင်သည် မည်သည့်အတိုက်အခံမျှ မရှိသင့်၊ သတိမထားသင့်၊ သို့မဟုတ် သင်၏ စိတ်နှလုံးတွင် ယူဆချက်များ လက်ဝယ်မထားသင့်ပေ။ ဤအရာအားလုံးက မှားယွင်း၏။ ယင်းတို့သည် စည်းမျဉ်းများနှင့် မကိုက်ညီပေ။ ယင်းသည် သမ္မာတရားကို လက်ခံခြင်း သဘောထားတစ်ခု မဟုတ်ချေ။ အမှန်ကန်ဆုံး သဘောထားမှာ မည်သည့်လက်တွေ့လုပ်ဆောင်မှု၊ ဖော်ပြချက်၊ ကြီးကြပ်မှု၊ စောင့်ကြည့်လေ့လာမှု၊ ပြုပြင်ပေးမှုကိုမဆို၊ သို့မဟုတ် သင့်အတွက် အထောက်အကူဖြစ်သော ပြုပြင်ခြင်း၊ ကိုင်တွယ်ဖြေရှင်းခြင်းတို့ကိုပင် ဘုရားသခင်ထံမှ သင်လက်ခံသင့်ပြီး စိတ်မြန်လက်မြန် လုပ်ဆောင်ခြင်းကို အားမကိုးသင့်သည့်အချက် ဖြစ်သည်။ စိတ်မြန်လက်မြန် လုပ်ဆောင်ခြင်းသည် ဆိုးယုတ်သောသူထံမှ၊ စာတန်ထံမှ လာသည့်အရာတစ်ခုဖြစ်ပြီး ဘုရားသခင်ထံမှ မလာပေ။ ယင်းသည် သမ္မာတရားအပေါ်၌ လူတစ်ယောက် ထားသင့်သည့် သဘောထားတစ်ခု မဟုတ်ချေ။(အယောင်ဆောင်ခေါင်းဆောင်များကို ခွဲခြားဖော်ထုတ်ခြင်း (၇)) ညီအစ်ကိုမောင်နှမတွေက ကျွန်မ ပြဿနာတွေကို ထောက်ပြတဲ့နေရာမှာ ရန်လိုမှုမရှိဘူးဆိုတာ ဘုရားနှုတ်ကပတ်တော်ကနေ ကျွန်မ သင်ယူခဲ့ရတယ်။ သူတို့က ကျွန်မကို လှောင်နေတာမဟုတ်ဘူး။ ဘုရားအိမ်တော်ရဲ့အလုပ်နဲ့ ကျွန်မရဲ့ အသက်ဝင်ရောက်မှုအတွက် တာဝန်ခံယူမှုရှိနေတာပါ။ သူတို့ပြောပြတဲ့ ပြဿနာတွေကို ဘယ်လောက်ထိ ကျွန်မ နားလည်နိုင်ပါစေ ဘုရားသခင်ဆီကနေ ကျွန်မ လက်ခံပြီး နာခံဖို့ အမှန်နဲ့အမှားကြားမှာ ရစ်ဝဲနေဖို့၊ စိတ်ဆတ်ပြီး အငြိုးကြီးဖို့ မကြိုးစားသင့်ဘူး။ အကြောင်းအရာတွေကို ကျွန်မ အားလုံး နားမလည်နိုင်တဲ့အခါမှာ ဆုပဲတောင်းပြီး ဆက်ပြီးတော့ ဆင်ခြင်ကြည့်သင့်တယ်။ ရှာဖွေပြီး မိတ်သဟာယပြုဖို့အတွက် အတွေ့အကြုံရှိတဲ့ ညီအစ်ကိုမောင်နှမတွေကို ရှာဖွေသင့်တယ်။ ဒါက သမ္မာတရားကို လက်ခံခြင်းအတွက် သဘောထားပဲ။ စုဝေးပွဲတစ်ခုမှာ အစ်မလျူကို ကျွန်မ တိတ်တိတ်လေး ဝေဖန်ခဲ့တာကို သတိရမိတယ်။ လက်တွေ့အရှိတရားကိုမသိတဲ့ ညီအစ်ကိုမောင်နှမတချို့က ယုံသွားနိုင်တယ်။ ဒါဆိုရင် တာဝန်တွေမှာ သူတို့ရဲ့ ပူးပေါင်းလုပ်ဆောင်မှုကို ထိခိုက်နိုင်တယ်။ ဒါကြောင့် တခြားလူတွေက ကျွန်မလုပ်ခဲ့တာအပေါ် ပိုင်းခြားသိမြင်နိုင်ဖို့အတွက် ဖွင့်ပြောပြဖို့ စုဝေးပွဲတစ်ခုမှာ ဘုရားနှုတ်ကပတ်တော်ကို မိတ်သဟာယပြုဖို့ အခွင့်အရေးကို ကျွန်မ အသုံးပြုခဲ့တယ်။ နောက်ပိုင်းမှာ အလုပ်အကြောင်းပြောဖို့ အစ်မလျူက ကျွန်မကို ရှာတယ်။ ကျွန်မ သူ့ကို ရိုးရိုးသားသားပြောပြလိုက်တယ်။ သူ ကျွန်မကို အကြံပြုချက်တွေပေးတုန်းက သမ္မာတရားကို မုန်းတီးတဲ့စိတ်သဘောထားနဲ့ မကောင်းတဲ့ ရည်ရွယ်ချက်တွေကို ကျွန်မ ဖွင့်ပြခဲ့တဲ့အကြောင်းပေါ့။ သူက ကျွန်မကို လုံးဝ အပြစ်တင်တဲ့၊ မုန်းတဲ့ပုံစံမရှိတာကို ကျွန်မ တွေ့ရတယ်။ ကျွန်မ တော်တော်ရှက်မိတယ်။ အဲဒီနောက်မှာတော့ အစ်မလျူနဲ့ ကျွန်မတို့ ဆက်ဆံရေးပိုပြီးတော့ အဆင်ပြေသွားတယ်။ ကျွန်မ ပြဿနာတွေကို သူ ထုတ်ပြောလာတဲ့အခါမှာ သူ့လေသံကို အရမ်းဂရုစိုက်နေတာကို ကျွန်မ မလုပ်တော့ဘူး။ ဒါ ကျွန်မတာဝန်အတွက်ကောင်းတယ်၊ လက်ခံဖို့လိုတယ်ဆိုတာ ကျွန်မ သိခဲ့တယ်။ တစ်ခါတလေမှာ ခဏလောက် ကျွန်မ သတိလွတ်မိတယ်။ ဒါပေမဲ့ ဘုရားကို ဆုတောင်းပြီး ကိုယ့်ကိုယ်ကိုယ် စွန့်လွှတ်လိုက်တယ်။ ကျွန်မရဲ့ ဂုဏ်သိက္ခာကို ဂရုမစိုက်တော့ဘူး။ ကျွန်မရဲ့ ကိုယ်ပိုင်ကိစ္စကို မငြင်းခုံတော့ဘူး။ ပြီးရင် နောက်ကျမှ ဒါကို စဉ်းစားကြည့်တယ်။ ဒီလိုပုံစံနဲ့ သူနဲ့အလုပ်လုပ်တဲ့အခါမှာ အချိန်ကြာလာတာနဲ့အမျှ ပိုပြီး သက်သောင့်သက်သာဖြစ်လာတယ်။

နောက်ပိုင်းမှာ ကျွန်မ ဗီဒီယိုတစ်ခုကို အမြန်လုပ်ပြီး စည်းမျဉ်းတွေကို မရှာခဲ့ဘူး။ ဒါကြောင့် ပြန်လုပ်ဖို့လိုတဲ့ ပြဿနာတွေရှိလာတယ်။ နောက်ထပ် ကြီးကြပ်သူတစ်ယောက်ဖြစ်တဲ့ အစ်မချန်းက ဒါကို ကျွန်မကို ပြင်ခိုင်းတဲ့ စာတစ်စောင်ပို့လိုက်တယ်။ နောက်တော့ ဖြေရှင်းလိုက်ပြီလို့ ကျွန်မ ထင်ခဲ့တယ်။ ဒါပေမဲ့ အလုပ်အစည်းအဝေးတစ်ခုမှာ ကျွန်မအမှားတွေကို စိစစ်ဖို့အတွက် နောက်တစ်ခါ ထုတ်ပြောတာကို တွေ့တော့ ကျွန်မ အံသြသွားတယ်။ ကျွန်မ တွေးမိတယ်။ လူတိုင်းရှေ့မှာ ဒီလိုပုံစံနဲ့ ကျွန်မအကြောင်းကိုပြောတာက ရှက်စရာကောင်းတယ်ပေါ့။ ကျွန်မ အစ်မချန်းအပေါ် တစ်ဖက်သတ်အမြင်တွေဖြစ်လာတယ်။ သူက ဘာမှမဟုတ်ဘဲနဲ့ အရေးတယူလုပ်နေပြီး ကျွန်မရဲ့ ဂုဏ်သိက္ခာကို ထည့်မစဉ်းစားသလိုမျိုးပေါ့။ ကိုယ့်ကိုယ်ကိုယ်ကာကွယ်ဖို့၊ လူတိုင်းရှေ့မှာ အဖတ်ဆည်ဖို့အတွက် အကြောင်းပြချက်ရှာချင်တယ်။ ဒါပေမဲ့ နောက်တော့ ကျွန်မက အမြန်လုပ်လွန်းတာကြောင့် အလုပ်ကိုပြန်လုပ်ရတာဆိုတာ ကျွန်မ သဘောပေါက်သွားတယ်။ အစ်မချန်းက ကျွန်မကို သတိပေးဖို့အတွက် ဒါကို မိတ်သဟာယဖွဲ့နေတာ။ ဒါမှ ကျွန်မက တာဝန်အပေါ် ကျွန်မရဲ့ ကိုယ်ပိုင်သဘောထားကို ဆင်ခြင်ကြည့်နိုင်ပြီး ညီအစ်ကိုမောင်နှမတွေကလည်း ဒီလိုအမှားကိုမလုပ်မိဖို့အတွက် ဒါကို သတိပေးချက်အနေနဲ့ အသုံးပြုနိုင်ဖို့အတွက်ပေါ့။ သူက အသင်းတော်အလုပ်ကို ကာကွယ်နေတာပါ။ ကျွန်မက သိက္ခာဆည်ဖို့အတွက် ဆင်ခြေတွေပေးပြီး အစ်မချန်းအပေါ် တစ်ဖက်သတ်အမြင်ဖြစ်ရင် ဒါက သမ္မာတရားကို လက်ခံဖို့ မုန်းတီးပြီး ငြင်းဆန်တာဖြစ်မှာမဟုတ်ဘူးလား။ ဖောက်ပြန်ပျက်စီးခြင်းနဲ့ ဆက်ပြီးပြုမူနေလို့မရမှန်း ကျွန်မ သိခဲ့တယ်။ ဒါကြောင့် ကျွန်မ လုပ်ခဲ့တဲ့အမှားတွေကို လူတိုင်းကို အသေးစိတ်ဖွင့်ပြောခဲ့တယ်။ ကျွန်မ ပြီးသွားတဲ့အခါမှာ ဒီလိုပြဿနာမျိုးတွေကို ချဉ်းကပ်ဖို့အတွက် အထောက်အကူဖြစ်တဲ့ နည်းလမ်းတချို့ကို သူတို့က မျှဝေကြတယ်။ ကျွန်မရဲ့ နောက်ပိုင်း ဗီဒီယိုထုတ်လုပ်ရေးမှာ သူတို့အကြံပြုချက်တွေကို လိုက်နာပြီး အရင်လိုအမှားတွေလုပ်တာကို ရှောင်ကြဉ်ခဲ့တယ်။ ညီအစ်ကိုမောင်နှမတွေရဲ့ အကြံပြုချက်တွေကို လက်ခံတာဟာ အဆင်မပြေဖြစ်တာတွေကို ရှောင်နိုင်ပြီး ထိရောက်မှုကို တိုးတက်စေနိုင်တယ်ဆိုတာ ကျွန်မ တကယ်ကို တွေ့ကြုံခဲ့ရတယ်။ နောက်ပြီးတော့လည်း ကိုယ့်ကိုယ်ကိုယ် သိအောင်ကူညီပေးပြီး ကျွန်မရဲ့ ကိုယ်ပိုင်အသက်ဝင်ရောက်မှုအတွက် ကောင်းနိုင်ပါတယ်။

ဒီကနေတစ်ဆင့် ဝေဖန်မှုအပေါ်မှာ နာခံခြင်းသဘောထားရှိဖို့က အရေးကြီးတယ်ဆိုတာကို ကျွန်မ တကယ်ကြုံတွေ့ခဲ့ရတယ်။ သူများတွေကပြောတာက မှန်ကန်ပြီး သမ္မာတရားနဲ့ ကိုက်ညီရင် ကျွန်မရဲ့ မာနကို ဘေးဖယ်ပြီး ခြွင်းချက်မရှိလက်ခံသင့်တယ်။ ကျွန်မက တစ်ဖက်သတ်ငြင်းဆန်ပြီး ပြုပြင်ခံရပြီး ကိုင်တွယ်ဖြေရှင်းခံရတာကို ဆန့်ကျင်ရင် ဘက်လိုက်ပြီးတော့ သူများတွေကို ပုတ်ခတ်ပြောဆိုတာတောင်လုပ်ရင် ဒါက အန္တိခရစ်တစ်ယောက်ရဲ့ ဖော်ပြချက်ပဲ။ နောင်တမရရင် ကျွန်မက အစီရင်ခံရပြီး ဖယ်ရှားခံရမှာပဲ။ အရင်တုန်းက ဘယ်သူကမှ ကျွန်မကို လုံးဝ တဲ့တိုးကြီး ကိုင်တွယ်ဖြေရှင်းတာသိပ်မရှိဘူး။ ကိုယ့်ကိုယ်ကိုယ် မသိခဲ့ဘူး။ ကျွန်မက လူ့သဘာဝကောင်းရှိပြီး သမ္မာတရားကို လက်ခံနိုင်တယ်လို့ ထင်ခဲ့တာ။ အခု ကျွန်မက သမ္မာတရားကို စက်ဆုပ်ရွံရှာပြီး လူ့သဘာဝကောင်းမရှိဘူးဆိုတာ တွေ့ရတယ်။ ဒီနေ့ ကျွန်မရရှိခဲ့ပြီး သင်ယူခဲ့ရတဲ့အရာက ဘုရားနှုတ်ကပတ်တော်တွေရဲ့ တရားစီရင်မှုနဲ့ ပြစ်တင်ဆုံးမမှုကြောင့်သက်သက်ပါ။ ဒါတွေကို ထပ်ကြုံတွေ့ပြီး ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကိုပြောင်းလဲဖို့အတွက်လည်း အဆင်သင့်ဖြစ်နေပါတယ်။ ကျေးဇူးတော်ပဲ။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ကြွားဝါပြီးနောက် သင်ယူခဲ့ရသော ကြမ်းတမ်းသည့် သင်ခန်းစာတစ်ခု

မင်ယွေ့ တရုတ်နိုင်ငံ ၂၀ဝ၉ မှာ ခေါင်းဆောင်နေရာတစ်ခုကို အစ်မဝင်ယူခဲ့တယ်။ အစ်မရဲ့ အထက်ခေါင်းဆောင်က စုဝေးပွဲကို ဦးစီးလုပ်ဖို့ လာတိုင်းမှာ...

အယောင်ဆောင် ခေါင်းဆောင်တစ်ဦးကို တိုင်ကြားခြင်း- ပုဂ္ဂိုလ်ရေး ရုန်းကန်ခြင်း

ကန်းရှောင် တရုတ်နိုင်ငံ ပြီးခဲ့တဲ့နှစ် ဩဂုတ်လမှာ၊ ကျွန်မတာဝန်ကနေ ထုတ်ပယ်ခံရတဲ့နောက် တခြားအသင်းတော်တစ်ခုဆီ ကျွန်မ လွှဲပြောင်းခံခဲ့ရတယ်။...

နာမည်နှင့် အကျိုးအမြတ်အတွက် ကြိုးပမ်းသည့် နေ့ရက်များ

ပြီးခဲ့တဲ့ ဇွန်လတုန်းက အသင်းတော် ရေလောင်းတဲ့အလုပ်ကို ကျွန်မ တာဝန်ယူခဲ့ပြီး၊ ရေလောင်းပေးတဲ့သူ မရှိလို့ ကျွန်မတို့ရဲ့ အလုပ် ထိခိုက်ခဲ့ရတယ်။...

ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် ကျွန်မကို နာမကျန်းဖြစ်ခြင်း စမ်းသပ်မှုတစ်လျှောက် လမ်းပြတော်မူခဲ့သည်

ရီမင်း၊ ဟူးဘေးပြည်နယ် သခင်နှင့် ပြန်လည်ဆုံစည်းရသည်ကို ကျွန်မ ဝမ်းမြောက်သည် ယခုနှစ်တွင် ကျွန်မ ၇၈ နှစ်ရှိပြီ ဖြစ်သည်၊ ပြီးလျှင် ကျွန်မသည်...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။