သမ္မာတရားအပေါ် သစ္စာရှိပါ။ စိတ်ခံစားချက်အပေါ် သစ္စာမရှိပါနှင့်
ဇူလိုင်၊ ၂၀၁၇ခုနှစ်မှာ ခေါင်းဆောင်တစ်ယောက်ဆီကနေ ကျွန်မ စာစောင်ရတယ်။ အသင်းတော်က မယုံကြည်သူတွေကို ရှင်းထုတ်နေတယ်လို့ပြောပြီး ကျွန်မမောင်ရဲ့ အပြုအမူအကြောင်းကို ကျွန်မကို ရေးခိုင်းတယ်။ ကျွန်မ တော်တော်အံ့သြသွားပြီး စိတ်လှုပ်ရှားသလိုဖြစ်သွားတယ်။ သူတို့ ကျွန်မမောင်ကို နှင်ထုတ်ချင်တာလားပေါ့။ ဒီလိုမဟုတ်ရင် ကျွန်မကို ဘာလို့ သူ့အကြောင်းရေးခိုင်းမှာလဲပေါ့။ သူက အားလပ်ချိန်မှာ ဘုရားနှုတ်ကပတ်တော်တွေမဖတ်ဘူး၊ စုဝေးပွဲတွေမတက်ဘူး။ ဒါပေမဲ့ သူ့သူငယ်ချင်းတွေနဲ့ အမြဲတမ်း အပြင်ထွက်ပျော်ပါးနေပြီး မကောင်းတဲ့ ရေပန်းစားမှုတွေနောက်လိုက်နေတယ်၊ ယုံကြည်ခြင်းကိစ္စတွေမှာ ဘာစိတ်ဝင်စားမှုမှ မရှိဘူးဆိုတာ ကျွန်မသိတယ်။ ကျွန်မကိုလည်း ဘာသာရေးအပေါ်မှာ အရမ်းအာရုံမစိုက်ဖို့၊ သူ့လိုပဲ လောကထဲကို ထွက်ဖို့ သူက ပြောတယ်။ ကျွန်မက သူနဲ့ မိတ်သဟာယဖွဲ့တယ်။ ဒါပေမဲ့ နားမထောင်ဘူး။ စိတ်ဆိုးပြီးတော့တောင် ပြောတယ်။ “တော်ပါတော့။ နင်က အမြဲတမ်းဒီအကြောင်းတွေပဲ ပြောနေတယ်။ ငါဂရုမစိုက်ဘူး” တဲ့။ ပြီးတော့ သူက အိပ်ရာထဲပဲ ဝင်သွားတယ်။ ညီအစ်ကိုမောင်နှမတွေက သူ့ကို ခဏခဏ မိတ်သဟာယဖွဲ့ပေးကြပြီး ဘုရားနှုတ်ကပတ်တော်ကိုဖတ်ပြီး စုဝေးပွဲတွေသွားဖို့ အကြံဉာဏ်ပေးကြတယ်။ ဒါပေမဲ့ သူက လက်မခံဘူး။ သူက ဘုရားနောက်လိုက်ရတာ စိတ်ကျဉ်းကြပ်တယ်၊ စုဝေးဖို့အတွက် သူက အမြဲတမ်းအချိန်ယူနေရတယ်ဆိုပြီး ပြောတယ်။ သူက အစကတည်းက ကျွန်မတို့အမေကို အလိုက်အထိုက်နေပေးဖို့အတွက် အသင်းတော်ကို စိတ်မပါဘဲ ဝင်ခဲ့တာ။ သူက အမြဲတမ်း ဒီလိုပဲ။ သူက တကယ်ပဲ မယုံကြည်သူဖြစ်တဲ့ပုံစံပါပဲ။ သူ့ကို အသင်းတော်ကနေ ထုတ်လိုက်ရင် ဒါက စည်းမျဉ်းတွေနဲ့ ညီမှာပဲ။ ဒါပေမဲ့ ကျွန်မတို့က အမြဲတမ်း ရင်းနှီးခဲ့ကြတယ်။ ကျွန်မတို့ငယ်ငယ်ကတည်းက သူက ကျွန်မအတွက် ကောင်းတဲ့အစားအစာတချို့ကို အမြဲတမ်းချန်ထားပေးတာ။ ပြီးတော့ တစ်ယောက်ယောက်က သူ့ကို ပေးတဲ့ပိုက်ဆံဘယ်လောက်ဖြစ်ဖြစ် တစ်ဝက်ကို ကျွန်မကို ပေးတယ်။ တစ်ခါတော့ ဆရာတစ်ယောက်က ကျောင်းမှာ ကျွန်မကို ကျောင်းဆင်းခွင့်မပေးတဲ့ ပြစ်ဒဏ်ပေးတယ်။ သူက အရမ်းစိတ်မကောင်းဖြစ်ပြီး ငိုတာ။ ကျွန်မတို့ရွာမှာ တခြားဘယ်မွေးချင်းကမှ ကျွန်မတို့လောက် မရင်းနှီးကြဘူး။ ဒီလိုစဉ်းစားမိပြီး ကျွန်မ သူ့ပြဿနာတွေကို မရေးနိုင်နေဘူး။ ဒီနှောင်ကြိုးကို ကျွန်မ မဖျက်ချင်ခဲ့ဘူး။ သူ့အပြုအမူနဲ့ပတ်သက်ပြီး ကျွန်မ ရိုးသားလိုက်ပြီး အသင်းတော်က အဆုံးမှာ သူ့ကို နှင်ထုတ်လိုက်ရင် ကယ်တင်ခြင်းအတွက် ဘာအခွင့်အရေးမှ သူ ရှိမှာမဟုတ်ဘူး။ ဒါဆိုရင် ကျွန်မက ရက်စက်ပြီး အကြင်နာမဲ့သလိုဖြစ်မှာမဟုတ်ဘူးလား။ သူ့အကြောင်းကို ကျွန်မရေးထားတာကို သူသိသွားပြီး ကျွန်မကို ဘယ်တော့မှ စကားမပြောတော့ဘူးဆိုရင် ဘယ်လိုလုပ်မလဲ။ နည်းနည်းပိုကောင်းတာတစ်ခုခုရေးဖို့ ကျွန်မ ဆုံးဖြတ်လိုက်တယ်။ သူက တစ်ခါတလေမှာ ဘုရားနှုတ်ကပတ်တော်ကို ဖတ်တယ်ပေါ့။ စုဝေးပွဲတွေ မသွားပေမဲ့ သူ့စိတ်နှလုံးထဲမှာ ယုံကြည်တယ်ပေါ့။ ဒါဆိုရင် သူ အချိန်နည်းနည်းရသွားမှာပဲ။ ပြီးရင် ခေါင်းဆောင်က ဒါကို မြင်ရင် သူနဲ့ထပ်ပြီး မိတ်သဟာယဖွဲ့ဖို့ များတယ်။ အသင်းတော်မှာနေဖို့ သူ အခွင့်အရေး ရချင်ရနိုင်တယ်ပေါ့။ ဒါပေမဲ့ ကျွန်မက သူ့အပြုအမူနဲ့ပတ်သက်ပြီး မရိုးမသားလုပ်ရင် ဒါက လိမ်ညာပြီး အမှန်ကို ဖုန်းကွယ်တာဖြစ်မှာပဲ။ ဒါက ညီအစ်ကိုမောင်နှမတွေကို အမြင်မှားစေပြီး အသင်းတော်အလုပ်ရဲ့ ပုံမှန်တိုးတက်မှုကို အနှောင့်အယှက်ပေးမှာပဲ။ တစ်ဖက်မှာက အသင်းတော်အလုပ်ရှိနေပြီး တခြားတစ်ဖက်မှာက ကျွန်မမောင်ရှိနေတယ်။ ဘာလုပ်ရမလဲပေါ့။ ကျွန်မ တော်တော်စိတ်မကောင်းဖြစ်နေပြီး တာဝန်ထမ်းဆောင်ဖို့အတွက် စိတ်မလျှော့နိုင်နေဘူး။ သူ့အကြောင်းရေးဖို့ စဉ်းစားမိရင် ကျွန်မစိတ်က ဗလာဖြစ်သွားပြီး ဘယ်လိုစရေးရမှန်းတောင်မသိဘူး။ ကျွန်မ စဉ်းစားလေလေ ကသောင်းကနင်းဖြစ်လေလေပဲ။ အဲဒါနဲ့ ကျွန်မ တိတ်တဆိတ်ဆုတောင်းလိုက်တယ်။ “ဘုရားသခင် သမီးမောင်အပေါ် အကဲဖြတ်ချက်မှာ သမီး မျှတမှုရှိချင်ပါတယ်။ ဒါပေမဲ့ အခု စိတ်ခံစားချက်ရဲ့ ချည်နှောင်ခြင်းကို ခံရပြီး သမီး မလုပ်နိုင်ပါဘူး။ သမီးရဲ့ ချဉ်းကပ်ပုံမှာ စိတ်ခံစားချက်ရဲ့ အုပ်စိုးခြင်းကို မခံရဘဲ ကိုယ်တော့်နှုတ်ကပတ်တော်နောက်လိုက်ဖို့ လမ်းပြတော်မူပါ” ဆိုပြီးတော့။
ဆုတောင်းပြီးတဲ့နောက်မှာ ဒီ ဘုရားနှုတ်ကပတ်တော်အပိုဒ်ကို ကျွန်မ ဖတ်တယ်။ “လုံးဝ မယုံကြည်သော မိမိတို့၏ ကလေးများနှင့် ဆွေမျိုးများကို ဘုရားကျောင်းထဲသို့ ဆွဲခေါ်လာသူများ အားလုံးသည် အလွန်တရာ အတ္တကြီးပြီး ၎င်းတို့သည် ကြင်နာမှုကို ထုတ်ဖော်ပြနေကြခြင်းသာ ဖြစ်သည်။ ဤလူများသည် ၎င်းတို့ ယုံကြည်သည် မယုံကြည်သည်ကို ပဓာနမထားဘဲ၊ ပြီးလျှင် ယင်းမှာ ဘုရားသခင်၏ အလိုတော် ဟုတ်သည် မဟုတ်သည်ကို ပဓာနမထားဘဲ၊ ချစ်ခင်ခြင်းအပေါ်သာ အာရုံစိုက်ကြသည်။ အချို့သည် မိမိတို့၏ ဇနီးများကို ဘုရားသခင်ရှေ့မှောက်သို့ ခေါ်ဆောင်လာကြသည်၊ သို့မဟုတ် မိမိတို့၏ မိဘများကို ဘုရားသခင် ရှေ့မှောက်သို့ ဆွဲခေါ်လာပြီး၊ ဤအရာနှင့်ပတ်သက်၍ သန့်ရှင်းသော ဝိညာဉ်တော်က သဘောတူသည်ဖြစ်စေ မတူသည်ဖြစ်စေ၊ သို့မဟုတ် ၎င်းတို့အထဲတွင် အမှုပြုနေသည်ဖြစ်စေ မပြုသည်ဖြစ်စေ၊ ၎င်းတို့သည် ဘုရားသခင်အတွက် ကျိုးကြောင်းမမြင်စွာ ‘ပင်ကိုစွမ်းရည် ရှိသည့် လူများအဖြစ် ခံယူသည်။’ ဤမယုံကြည်သူများ အပေါ် ကြင်နာမှုကို လက်ကမ်းပေးခြင်းမှ မည်သည့်အကျိုးကျေးဇူး ရနိုင်ခြေရှိသနည်း။ သန့်ရှင်းသော ဝိညာဉ်တော်၏မျက်မှောက် မပါရှိသော ၎င်းတို့သည် ဘုရားသခင် နောက်လိုက်ရန် ရုန်းကန်ကြလျှင်ပင်၊ ၎င်းတို့သည် တစ်ဦးတစ်ယောက်က ယုံကြည်မည်ကဲ့သို့ ကယ်တင်ခြင်းမခံရနိုင်ဆဲ ဖြစ်သည်။ ကယ်တင်ခြင်းကို ရရှိနိုင်သူတို့သည် ရရှိဖို့ အမှန်တကယ် လွယ်ကူသည် မဟုတ်ပေ။ သန့်ရှင်းသော ဝိညာဉ်တော်၏အမှုနှင့် စမ်းသပ်မှုများကို မကြုံရသေးသကဲ့သို့၊ လူ့ဇာတိခံ ဘုရားသခင်၏ စုံလင်စေခြင်းကို မခံရသေးသော သူတို့သည် စုံလင်စေခြင်း ခံရနိုင်စွမ်း လုံးဝ မရှိကြပေ။ သို့ဖြစ်ရာ ဘုရားသခင်ကို အမည်ခံအားဖြင့် စတင် လိုက်လျှောက်သည့် အခိုက်အတန့်မှ၊ ဤလူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏မျက်မှောက် ကင်းမဲ့လေသည်။ ၎င်းတို့၏ အနေအထားများနှင့် တကယ့် အခြေအနေများအရ၊ ၎င်းတို့သည် တကယ်ကို စုံလင်စေခြင်း မခံရနိုင်ပေ။ ထိုသို့ဖြင့် သန့်ရှင်းသော ဝိညာဉ်တော်သည် ၎င်းတို့အပေါ် အားအင်များစွာ မစိုက်ထုတ်ရန် ဆုံးဖြတ်သကဲ့သို့၊ ၎င်းတို့ကို မည်သည့် အသိဉာဏ်ပွင့်လင်းစေခြင်းမျှ မပေးပေ၊ သို့မဟုတ် မည်သည့်နည်းနှင့်မျှ ၎င်းတို့ကို လမ်းမပြပေ။ သူသည် ၎င်းတို့ကို အတူတကွ လိုက်လျှောက်ရုံမျှသာ ခွင့်ပြုပြီး ၎င်းတို့၏ရလဒ်ကို နောက်ဆုံးတွင် ထုတ်ဖော်ပြလိမ့်မည်- ဤသည်မှာ လုံလောက်ပေ၏။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်နှင့် လူသားသည် ငြိမ်သက်ခြင်းချမ်းသာထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည်) ကျွန်မမောင်ကို အသင်းတော်မှာထားပြီး ကယ်တင်ခြင်းရဖို့ အခွင့်အရေးကို သူ့ကိုပေးဖို့အတွက် သူ့အကြောင်းကို ကောင်းတာတွေပြောချင်တာဟာ လိုရာဆွဲတွေးတာဖြစ်တယ်ဆိုတာ ဘုရားနှုတ်ကပတ်တော်ကနေ ကျွန်မ သိခဲ့ရတယ်။ ဘုရားနောက်ကို အမှန်တကယ် မလိုက်သူတွေ အမည်ခံသက်သက် ယုံကြည်သူတွေက ကယ်တင်ခြင်းမခံရနိုင်ဘူးဆိုတာ ဘုရားနှုတ်ကပတ်တော်က ကျွန်မတို့ကို ရှင်းရှင်းလင်းလင်း ပြောပြပါတယ်။ သမ္မာတရားကိုချစ်ပြီး လက်ခံနိုင်သူတွေကို ဘုရားက ကယ်တင်တယ်။ အဲဒီလိုလူမျိုးကသာ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ တည်ရှိမှုနဲ့ အလုပ်ကို ရရှိနိုင်တယ်။ သမ္မာတရားကို နားလည်ပြီး ရရှိနိုင်တယ်။ အသက်စိတ်သဘောထားပြောင်းလဲနိုင်တယ်။ အဆုံးမှာ ဘုရားရဲ့ ကယ်တင်ခြင်းကို ခံရနိုင်ပြီး ကျန်ရှိနေနိုင်တယ်။ အနှစ်သာရအရ မယုံကြည်သူတွေက သမ္မာတရားကို လက်မခံနိုင်ဘူး။ မုန်းတီးကြတယ်။ သူတို့က သမ္မာတရားကို လုံးဝ လက်မခံဘူး။ သူတို့ယုံကြည်တာ ဘယ်လောက်ကြာပါစေ ဘဝအပေါ် သူတို့ရဲ့ ရှုထောင့်၊ အမြင်တွေနဲ့ တန်ဖိုးတွေက ဘယ်တော့မှ မပြောင်းလဲဘူး။ သူတို့က မယုံကြည်သူတွေလိုပါပဲ။ ဘုရားသခင်က သူတို့ကို အသိအမှတ်မပြုဘူး။ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ ဉာဏ်အလင်းဖွင့်ပြမှု၊ လမ်းပြမှုကို ဘယ်တော့မှ မရဘူး။ သူတို့က အဆုံးထိ လိုက်လျှောက်နိုင်တယ်။ ဒါပေမဲ့ သူတို့စိတ်သဘောထားကို ဘယ်တော့မှ ပြောင်းလဲမှာမဟုတ်ဘူး။ ကယ်တင်ခြင်းမခံရနိုင်ဘူး။ ကျွန်မမောင်အကြောင်းကို စဉ်းစားကြည့်တော့ သူက သမ္မာတရားကို မချစ်ဘူး။ မုန်းတီးတယ်။ သူက မယုံကြည်သူတွေနဲ့ အမြဲတမ်း ပါတီလုပ်နေပြီး ဘုရားနှုတ်ကပတ်တော်ကို မဖတ်ဘူး။ စုဝေးပွဲတွေ မသွားဘူး။ ဘာမှ ရစရာမရှိဘူးလို့ ထင်ပြီး တာဝန်ကိုလည်း သူက မထမ်းဆောင်ချင်ဘူး။ ယုံကြည်ခြင်းအသက်တာက ပျင်းစရာကောင်းတယ်၊ ယုံသည်ဖြစ်စေ၊ မယုံသည်ဖြစ်စေ အတူတူပဲလို့ သူက အမြဲတမ်းစောဒကတက်တယ်။ ဘယ်သူ့ရဲ့ မိတ်သဟာယကိုမှ သူက နားမထောင်ဘူး။ မိတ်သဟာယတွေအများကြီးပြောရင် သူက စိတ်ရှုပ်တယ်။ သူ့အပြုအမူကို အခြေခံကြည့်ရင် သူက အမည်ခံယုံကြည်သူ၊ မယုံကြည်သူတစ်ယောက်ပဲ။ ဘုရားက သူ့ကို လုံးဝ အသိအမှတ်ပြုမှာမဟုတ်ဘူး။ သန့်ရှင်းသောဝိညာဉ်တော်ရဲ့အလုပ်ကို သူဘယ်တော့မှ ရမှာမဟုတ်ဘူး။ သမ္မာတရားအပေါ် နားလည်မှုကို ရမှာမဟုတ်ဘူး။ အသင်းတော်မှာ သူ့ကိုထားဖို့အတွက် ကျွန်မက သူ့ကို ဘယ်လောက်ကောင်းအောင်ပဲ ဖော်ပြနေပါစေ သူက ဘယ်တော့မှ ကယ်တင်ခြင်းခံရမှာမဟုတ်ဘူး။ သူက မယုံကြည်သူဖြစ်ပြီး ဘုရား သူ့ကို ကယ်တင်မှာမဟုတ်ဘူးဆိုတာ ကျွန်မ စိတ်ဆုံးဖြတ်ပြီးဆိုတော့ ကျွန်မ စိတ်ခံစားချက်ထဲမှာ ပိတ်မိနေပြီး အသင်းတော်မှာ သူနေရဖို့ သူ့ကို ကာကွယ်ရင် ဒါက ဘုရားကို ဆန့်ကျင်သလိုဖြစ်မှာမဟုတ်ဘူးလား။ ကျွန်မက အချက်အလက်တွေအပေါ် အခြေခံပြီး ကျွန်မ အကဲဖြတ်ချက်ကို မျှမျှတတ၊ တိတိကျကျ မရေးဘဲ သူများတွေကို အမြင်မှားစေတာကြောင့် အထုတ်ခံသင့်ရတဲ့သူက အချိန်မီ အထုတ်မခံရရင် ဒါက အသင်းတော်အလုပ်ကို နှောင့်နှေးစေမှာမဟုတ်ဘူးလား။ ကျွန်မ ခံစားချက်တွေကို လက်လွတ်ရမယ်၊ စည်းမျဉ်းတွေနောက်လိုက်ရမယ်၊ ကျွန်မမောင်အကြောင်းကို တိတိကျကျရေးရမယ်၊ ဒါကသာ ဘုရားအလိုတော်နဲ့ ကိုက်ညီမယ်ဆိုတာ ကျွန်မ သိခဲ့တယ်။ သူ့အပြုအမူအကြောင်းရေးပြီးတဲ့နောက်မှာ ကျွန်မစိတ်ထဲမှာ ပေါ့သွားပြီး အသင်းတော်က နောက်ဆုံးမှာ သူ့ကို ထုတ်လိုက်ပါတယ်။ အဲဒီရလဒ်ကို ကျွန်မ စိတ်ငြိမ်ငြိမ်နဲ့ လက်ခံနိုင်ခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်ရဲ့ ဉာဏ်အလင်းဖွင့်ပြမှုနဲ့ လမ်းပြမှုကြောင့် ကျွန်မ စိတ်ခံစားချက်ကြောင့် ကျွန်မမောင်ကို မကာကွယ်ခဲ့ဘဲ သူ့ကို မျှမျှတတနဲ့ အရှိအတိုင်း အကဲဖြတ်နိုင်ခဲ့တယ်။ ဘုရားသခင်ကို ကျွန်မ တကယ် ကျေးဇူးတင်မိတယ်။
နောက်တော့ ၂၀၂၁ခုနှစ်၊ ဇူလိုင်လမှာ အသင်းတော်ခေါင်းဆောင်တစ်ယောက်က ကျွန်မကို ကျွန်မအမေအပေါ် အကဲဖြတ်ချက်တစ်ခုရေးခိုင်းတယ်။ ကျွန်မ စဉ်းစားတယ်။ သူက လတ်တလောမှာ စည်းမျဉ်းအပေါ် အခြေခံပြီး ဧဝံဂေလိကို မမျှဝေဘဲ အသင်းတော်ကို အန္တရာယ်ဖြစ်စေလုနီးပါး ဖြစ်ခဲ့တယ်။ သူများတွေက ပြဿနာကို ထောက်ပြတဲ့အခါမှာ သူက လက်မခံဘူး။ သူက အမှန်နဲ့အမှားကို မပြီးနိုင်အောင် စကားများနေပြီး သူတို့အတွက် စိတ်ကျဉ်းကျပ်စေတယ်။ သူက ဒီလိုမျိုး ပြဿနာတွေဖြစ်အောင်ဆွတာက ပထမအကြိမ်၊ ဒုတိယအကြိမ်လည်းမဟုတ်တော့ဘူး။ စုဝေးပွဲတစ်ခုမှာ ခေါင်းဆောင်က တခြားအစ်မတစ်ယောက်ကို ဘုရားနှုတ်ကပတ်တော်ဖတ်ခိုင်းတယ်။ သူ့ကိုမဖတ်ခိုင်းဘူး။ ခေါင်းဆောင်က သူ့ကို ဖိနှိပ်နေတယ်၊ အယောင်ဆောင်ခေါင်းဆောင်ဖြစ်တယ်လို့ သူက ပြောလာတယ်။ သူက စုဝေးပွဲတစ်ခုမှာ သက်သက်ပြဿနာရှာနေတာကို အစ်မတစ်ယောက်က သတိထားမိပြီး အသံကိုလျှော့ပြီး ပတ်ဝန်းကျင်ကို သတိထားဖို့ပြောတယ်။ အဲဒီအစ်မက အမှန်နဲ့အမှားအပေါ် မလိုအပ်ဘဲငြင်းခုံနေတယ်လို့ ကျွန်မ အမေကပြောပြီး အဲဒီအစ်မ အဲဒီလိုထပ်လုပ်ရင် သူက ပြန်မလာတော့ဘူး။ သူက ဘယ်အသေးအဖွဲကိစ္စကိုမဆို ငြင်းခုံနေပြီးတော့ စုဝေးပွဲတွေမှာ ပြဿနာရှာတဲ့သူတစ်ယောက်ပဲ။ သူက အသင်းတော်အသက်တာအပေါ် အနှောင့်အယှက်ဖြစ်နေပြီ။ သူများတွေက သူ့ကို ခဏခဏ မိတ်သဟာယဖွဲ့ပြီး ပြုပြင်ခဲ့ကြတယ်။ သူ့ကိုယ်သူအကြောင်းသိပြီး နောင်တရဖို့ မျှော်လင့်ပြီးတော့ပေါ့။ ဒါပေမဲ့ သူက ဘာကိုမှ နားမဝင်ဘူး။ သူက အမှန်ကိုတောင် လှည့်ပတ်ပြောခဲ့တယ်။ လူတွေက သူပြောခဲ့တဲ့ အမှားလေးတစ်ခုကို ဖမ်းပြောကြတယ်လို့ ပြောတယ်။ သူက သမ္မာတရားကို လက်မခံဘူး။ ဒါနဲ့ပတ်သက်ပြီး စည်းမျဉ်းတွေမှာ စုဝေးပွဲတွေအတွက် သူ့ကို အုပ်စုဘီမှာ ထားသင့်တယ်လို့ ပြောတယ်။ ညီအစ်ကိုမောင်နှမတွေရဲ့ အသင်းတော်အသက်တာကို ပိုအနှောင့်အယှက်ပေးပြီး ထိခိုက်တာတွေ သူ မလုပ်အောင်ပေါ့။ အသင်းတော်အတွက် သူ့အပေါ် ကျွန်မရဲ့ အကဲဖြတ်ချက်ကို တတ်နိုင်သမျှ အမြန်ဆုံးရေးရမယ်ဆိုတာ ကျွန်မ သိခဲ့တယ်။ ဒါပေမဲ့ သူများတွေက သူ့ကိုဘယ်လိုမြင်ကြလဲဆိုတဲ့အပေါ်မှာ သူက ဘယ်လောက်ဂရုစိုက်တယ်၊ သမ္မာတရားကို လက်ခံဖို့ သူ့ရဲ့ စိတ်မပါပုံနဲ့ သူ့ရဲ့ ပေါက်ကွဲတတ်တဲ့ ဒေါသအကြောင်းတွေကို စဉ်းစားမိတယ်။ သူက ပဋိပက္ခတွေမှာ ဝင်ပါလေ့ရှိပြီး သူ့ကိုဝေဖန်တဲ့ ဘယ်သူကိုမဆို မခေါ်တော့ဘူး။ သူ့အကြောင်းကို ကျွန်မရေးခဲ့တာကိုသိရင် သူက ခံနိုင်ပါ့မလား။ သူ့အကြောင်းကို ဒီလိုပြောတာက သူကိုယ်တိုင်ရဲ့ မိသားစုဖြစ်တယ်ဆိုတာ သူသိရင် သူ့အတွက် ရှက်စရာဖြစ်နေမလားပေါ့။ သူက စိတ်ဓာတ်ကျပြီး သူ့ယုံကြည်မှုကို စွန့်လွှတ်နိုင်တယ်ပေါ့။ ကျွန်မ တော်တော်စိတ်မကောင်းဖြစ်ပြီး သူ ကျွန်မအပေါ် ချစ်ခြင်းနဲ့ ဂရုစိုက်မှုပြခဲ့တဲ့နည်းလမ်းတွေအားလုံးကို စဉ်းစားနေမိတယ်။ ကျွန်မ ငယ်ငယ်တုန်းက ညသန်းခေါင်ကြီးမှာ ကိုယ်တွေအရမ်းပူနေတုန်းက သူ့ကျောပေါ်ကို ကျွန်မကိုတင်ပြီး နောက်တစ်ရွာမှာရှိတဲ့ ဆရာဝန်ဆီကိုသယ်သွားတယ်။ ကျွန်မ အရမ်းကိုယ်ပူနေတော့ ဆရာဝန်က ကျွန်မကို လက်မခံချင်ဘူး။ အဲဒါနဲ့ အဲဒီညမှာပဲ မြို့ဆေးရုံကိုကျွန်မကို သယ်သွားတယ်။ သူက ကျွန်မဘဝမှာ အရာရာကို အစီအစဉ်ကျအောင် ကူညီပေးခဲ့တယ်။ အသေးစိတ်အချက်တိုင်းကို ဂရုစိုက်ပေးတယ်။ သူက ကျွန်မကို မွေးခဲ့ပြီး ပြုစုပျိုးထောင်ပေးခဲ့တာ။ သူက ကျွန်မနဲ့ ဧဝံဂေလိဝေမျှပြီး ဘုရားရှေ့ကို ကျွန်မကို ခေါ်ဆောင်ပေးခဲ့တာ။ ကျွန်မ တာဝန်မှာ သူက ကူညီပံ့ပိုးပေးတတ်တယ်။ ကျွန်မအပေါ် အရမ်းကောင်းခဲ့တာလေ။ ကျွန်မက သူ့မကောင်းမှုကို၊ မယုံကြည်သူ အပြုအမူတွေကို ထုတ်ဖော်လိုက်ရင် ဒါဟာ ကျွန်မက အသိစိတ်မရှိတာမဟုတ်ဘူးလား။ သူ့အတွက် နစ်နာမှာမဟုတ်ဘူးလားပေါ့။ ကျွန်မက ကျွန်မအမေအတွက် အကဲဖြတ်ချက်ကို ကိုယ်တိုင်ရေးပြီး အသင်းတော်အသက်တာကို သူနှောင့်ယှက်နေတာကို ဖော်ထုတ်တာကို သူများတွေသိရင် ကျွန်မကိုယ်တိုင်ရဲ့အမေအပေါ် ရက်စက်တဲ့အတွက်ဆိုပြီး အဝေဖန်ခံရနိုင်တယ်။ သွေးအေးပြီး ကျေးဇူးမသိတတ်တဲ့ သမီးမိုက်လို့ ခေါ်နိုင်တယ်။ ကျွန်မအမေက သမ္မာတရားကို လက်ခံသူတစ်ယောက်မဟုတ်ဘူးဆိုတာ ကျွန်မ သိပါတယ်။ ဒါပေမဲ့ သူက ကျွန်မကို အရမ်းပဲ ဂရုစိုက်တာ။ ပြီးတော့ တကယ်တမ်းတော့လည်း သူက ကျွန်မအမေဖြစ်နေတယ်လေ။ အဲဒါနဲ့ ကျွန်မအမေအပေါ် အကဲဖြတ်ချက်ရေးဖို့ကို ရှောင်နေချင်ခဲ့တယ်။ ခေါင်းဆောင်က ကျွန်မကို ဆက်ပြီးဖိအားပေးတယ်။ ဒါပေမဲ့ ကျွန်မက လုပ်လိုက်မယ်လို့ သာမန်ပဲ ပြောထားတယ်။ ပြီးတော့ ဆက်ပြီး ရွှေ့ဆိုင်းထားတယ်။ အရင်တုန်းက ကျွန်မတို့က ယုံကြည်သူမိသားစုတွေဖြစ်ခဲ့ကြတယ်။ ပျော်စရာကောင်းပါတယ်။ ဓမ္မသီချင်းတွေဆိုပြီး အတူတူဆုတောင်းတယ်။ ဘုရားနှုတ်ကပတ်တော်ကိုဖတ်ပြီး ကျွန်မတို့ ခံစားချက်တွေအကြောင်းပြောကြတယ်။ တစ်ခါတလေမှာ ဒီအမှတ်တရတွေက ကျွန်မ စိတ်ထဲမှာ ပေါ်လာတယ်။ ဒါပေမဲ့ ကျွန်မမောင်က အထုတ်ခံလိုက်ရပြီ။ ပြီးတော့ ကျွန်မအမေက အုပ်စုဘီကို အပြောင်းခံရဖို့ ရင်ဆိုင်နေရပြီ။ ကျွန်မ တော်တော်စိတ်ဆင်းရဲပြီး ဒီအခြေအနေကို ဘယ်လိုရင်ဆိုင်ရမယ်ဆိုတာ မသိခဲ့ဘူး။ ဘယ်လိုက်စားမှုကိုမဆိုလုပ်ဖို့ ကျွန်မမှာ ယုံကြည်ခြင်းမရှိခဲ့ဘူး။ ကျွန်မတာဝန်အပေါ် ဘာစိတ်ခွန်အားမှ မရှိခဲ့ဘူး။ သူများတွေရဲ့ ပြဿနာတွေကို ကူညီဖို့အတွက် အားထုတ်မှုတစ်ခုခုကိုလုပ်ဖို့ တာဝန်ခံယူမှုမရှိခဲ့ဘူး။ ကျွန်မက စုဝေးပွဲတွေမှာ အလိုက်အထိုက်ပဲနေခဲ့တယ်။ စိတ်လွတ်နေပြီးတော့ ဘာကိုမှ မိတ်သဟာယမဖွဲ့နိုင်ဘူး။ ကျွန်မက အဲဒီလိုနဲ့ နေ့တိုင်းပဲ ဝတ်ကျေတန်းကျေလုပ်ပြီး တော်တော်ကို ဒုက္ခခံခဲ့ရတာ။ ကျွန်မက ကောင်းတဲ့ အခြေအနေမှာရှိမနေတာကို ကျွန်မသိခဲ့ပါတယ်။ အဲဒါနဲ့ ဘုရားရှေ့ကိုလာပြီး ဆုတောင်းခဲ့တယ်။ စိတ်ခံစားချက်ရဲ့ ဆွဲထားခြင်းကို မခံရဖို့အတွက် အဲဒီ အပျက်သဘောတရားတွေကနေ ထွက်ဖို့ လမ်းပြဖို့ ဘုရားကို ဆုတောင်းလိုက်တယ်။
နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်နှစ်ပိုဒ်ကို ကျွန်မ ဖတ်တယ်။ “အဘယ်ပြဿနာများက စိတ်ခံစားချက်များနှင့် ဆက်နွှယ်သနည်း။ နံပါတ်တစ်မှာ သင်၏ကိုယ်ပိုင် မိသားစုကို သင်အကဲဖြတ်ပုံ၊ ၎င်းတို့ လုပ်သည့်အရာများကို သင်တုံ့ပြန်ပုံ ဖြစ်သည်။ ‘၎င်းတို့လုပ်ဆောင်သည့်အရာများ’ တွင် ၎င်းတို့သည် အသင်းတော်အလုပ်ကို ကြားဖြတ်ဝင်ရောက် နှောင့်ယှက်သောအခါ၎င်းတို့က လူများ၏ နောက်ကွယ်၌ ဝေဖန်ပုတ်ခတ်သည့်အခါ၊ မယုံကြည်သူများ၏ အမှုအရာများကို ၎င်းတို့ လုပ်ဆောင်သည့်အခါ စသည်တို့ ပါဝင်သည်။ သင်သည် သင့်မိသားစု လုပ်ဆောင်သည့်အရာများအပေါ် သမာသမတ်ကျနိုင်သလော။ သင့်ကို သင့်မိသားစုအား စာအရေးအသားဖြင့် အကဲဖြတ်ခိုင်းမည်ဆိုလျှင်၊ သင်၏စိတ်ခံစားချက်များကို ဘေးဖယ်ထားလျက်၊ ဓမ္မဓိဋ္ဌာန်ကျကျနှင့် မျှတစွာ သင် အကဲဖြတ်မည်လော။ ဤသည်မှာ မိသားစုဝင်များကို သင်မည်သို့ရင်ဆိုင်သင့်သည်ဆိုသည်နှင့် ဆက်နွှယ်သည်။ သင်နှင့် ရင်းနှီးခဲ့သည့်သူများ၊ သို့မဟုတ် သင့်ကို ယခင်က ကူညီခဲ့သည့်သူပေါ် သင် သံယောဇဉ်တွယ်တာသလော။ သင်သည် ၎င်းတို့၏ လုပ်ရပ်များနှင့် အပြုအမူတို့နှင့်ပတ်သက်၍ ဓမ္မဓိဋ္ဌာန်ကျကာ၊ သမာသမတ်ရှိပြီး တိကျမှန်ကန်မည်လော။ ၎င်းတို့က အသင်းတော်အလုပ်ကို နှောင့်ယှက်ပြီး ကြားဖြတ်ဝင်ရောက်သည်ကို သင်တွေ့ရသည့်အခါ၊ ၎င်းတို့အား သင် ချက်ချင်း တိုင်ကြားမည်လော၊ သို့မဟုတ် ဖော်ထုတ်မည်လော။” (အယောင်ဆောင်ခေါင်းဆောင်များကို ခွဲခြားဖော်ထုတ်ခြင်း (၂)) “ဥပမာ၊ ဆိုကြပါစို့။ သင်၏ ဆွေမျိုးများ၊ သို့မဟုတ် မိဘများသည် ဘုရားသခင်ကို ယုံကြည်သူများဖြစ်ကြပြီး မကောင်းမှုပြုသောကြောင့်၊ ဝင်ရောက်စွက်ဖက်သောကြောင့်၊ သို့မဟုတ် သမ္မာတရားကို လုံးဝ လက်မခံသောကြောင့် ၎င်းတို့သည် ရှင်းလင်းခံရသည်။ အဘယ်ကြောင့်ဖြစ်သည်ကို နားမလည်ဘဲ သင်အလွန်အမင်း စိတ်မကောင်းဖြစ်ရလေသည်။ ဤသို့ဆိုလျှင် သင်သည် ဘုရားသခင်ကို ဆုတောင်းပြီး သမ္မာတရားကို ရှာဖွေသင့်သည်။ ဤဆွေမျိုးများသည် မည်သို့သောလူအမျိုးအစားဖြစ်သည်ကို ဘုရားနှုတ်ကပတ်တော်အပေါ် အခြေခံပြီး အကဲဖြတ်လော့။ သင်သည် သမ္မာတရားကို အမှန်တကယ်နားလည်လျှင် ၎င်းတို့ကို တိကျစွာ အဓိပ္ပာယ် သတ်မှတ်နိုင်လိမ့်မည်။ ထို့ကြောင့် ဘုရားသခင်သည် မည်သည့်အခါမျှ မမှားသည်ကို၊ ဖြောင့်မတ်သောဘုရားဖြစ်သည်ကို သင် မြင်လိမ့်မည်။ ဤသို့ဆိုလျှင် သင်သည် တိုင်တန်းညည်းညူခြင်း ရှိမည်မဟုတ်ပေ။ ဘုရားသခင်၏ အစီအစဉ်များကို နာခံနိုင်မည်ဖြစ်ပြီး သင်၏ ဆွေမျိုးများ၊ သို့မဟုတ် မိဘများကို ကာကွယ်ရန် ကြိုးစားလိမ့်မည်မဟုတ်ပေ။...ထို့ကြောင့် လူတို့သည် ဘုရားသခင်နှင့် သဟဇာတဖြစ်ခြင်းကို ရရှိဖို့ဆိုလျှင် ရှေးဦးစွာ အကြောင်းကိစ္စများအပေါ် ၎င်းတို့၏ အမြင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များဖြင့် ကိုက်ညီရမည်။ လူများနှင့် အမှုအရာများကို ဘုရားနှုတ်ကပတ်တော်အပေါ် အခြေခံပြီး ရှုမြင်နိုင်ရမည်။ ဘုရားနှုတ်ကပတ်တော်များက သမ္မာတရားဖြစ်သည်ကို လက်ခံနိုင်ရမည်။ လူသား၏ ရိုးရာအယူအဆများကို ဘေးဖယ်ထားနိုင်ရမည်။ ဤသို့ဖြစ်သည့်အခါ သင်သည် မည်သည့်လူများ၊ သို့မဟုတ် အမှုကိစ္စများကို ရင်ဆိုင်ရပါစေ ဘုရားသခင်နှင့် တူညီသောအမြင်နှင့် ရှုထောင့်ကို ထိန်းသိမ်းနိုင်လိမ့်မည်။ ပြီးလျှင် သင်၏ အမြင်နှင့် ရှုထောင့်သည် သမ္မာတရားနှင့် ညီညွတ်လိမ့်မည်။ ဤသို့ဖြစ်လျှင် သင်၏ အမြင်များနှင့် လူတို့ကို သင်ချဉ်းကပ်သည့်နည်းသည် ဘုရားသခင်အတွက် ရန်လိုခြင်း ရှိမည်မဟုတ်ပေ။ ပြီးလျှင် သင်သည် ဘုရားသခင်အပေါ် နာခံခြင်းနှင့် ဘုရားသခင်နှင့် သဟဇာတဖြစ်ခြင်းကို စွမ်းဆောင်နိုင်လိမ့်မည်။ ဤသို့သောလူတို့သည် ဘုရားသခင်ကို မည်သည့်အခါမျှ အာခံနိုင်မည်မဟုတ်ပေ။ ၎င်းတို့သည် ဘုရားသခင်ရယူလိုသည့် လူများပင် ဖြစ်ကြသည်။” (နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ စာအုပ်ထဲရှိ “ပေါလု၏ သဘောသဘာဝနှင့် အနှစ်သာရကို ထိုးထွင်းသိမြင်နည်း”) ကျွန်မတို့က အကြောင်းကိစ္စတွေ၊ လူတွေကို ဇာတိပကတိဆိုင်ရာ၊ စိတ်ခံစားချက်ဆိုင်ရာ ရှုထောင့်ကနေ ကြည့်လို့မရဘူးဆိုတာ ဘုရားနှုတ်ကပတ်တော်က ကျွန်မကို ပြသခဲ့ပါတယ်။ ကျွန်မတို့ဟာ ဘုရားနှုတ်ကပတ်တော်နဲ့ သမ္မာတရားနဲ့အညီ သူတို့ရဲ့ သဘာဝနဲ့ အနှစ်သာရကို ရှင်းရှင်းလင်းလင်း ရိပ်စားမိရမယ်။ လူတွေကို ကျွန်မတို့က အဲဒီနည်းနဲ့ ကြည့်ရင် ချစ်ခင်မှုရဲ့ ထိန်းချုပ်ခြင်းကို မခံရဖို့များတယ်။ ကျွန်မက စိတ်ခံစားချက်ဆိုင်ရာ ရှုထောင့်ကနေပဲ အကြောင်းကိစ္စတွေကို အကဲဖြတ်နေပြီး သူက ကျွန်မအမေဖြစ်နေတာ၊ ကျွန်မကို ဘယ်လိုချစ်ပြီး ဂရုစိုက်တာဆိုတာတွေကို စဉ်းစားနေတော့ ဒီအကဲဖြတ်ချက်ကို ရေးဖို့ ဘောပင်ကို မကိုင်နိုင်ခဲ့ဘူး။ ဒါပေမဲ့ လူတွေရဲ့ သဘာဝနဲ့ အနှစ်သာရကို အခြေခံပြီး လူတွေအပေါ် ရိပ်စားမိဖို့လိုတယ်၊ ပြီးတော့ ဒါတွေကို ရှင်းရှင်းလင်းလင်းမြင်တာဟာ စည်းမျဉ်းတွေကို အသုံးချပြီး စိတ်ခံစားချက်တွေက စိုးမိုးတာကိုမခံရဖို့ တစ်ခုတည်းသောနည်းလမ်းဖြစ်တယ်လို့ ဘုရားက ပြောပါတယ်။ ဒါဆို ကျွန်မအမေက တကယ်တမ်း ဘယ်လိုလူမျိုးလဲ။ သူက ပုံမှန်ဆိုရင် တော်တော်စိတ်အားထက်သန်ပြီး နေ့စဉ်ဘဝမှာ ဂရုစိုက်မှုရှိပါတယ်။ ဒါပေမဲ့ ဒါက သူဟာ နွေးထွေးတဲ့ စိတ်နှလုံးရှိတယ်ဆိုတဲ့ သဘောသက်သက်ပဲ။ သူက ကျွန်မကို ဂရုစိုက်တယ်။ ဒါက အမေတစ်ယောက်ရဲ့ တာဝန်ကို ဖြည့်ဆည်းတဲ့သဘောသက်သက်ပဲ။ ဒါပေမဲ့ သဘာဝအရ သူက မာနကြီးတယ်။ သူ့ဂုဏ်သတင်းကို အရမ်းကို ကာကွယ်တတ်ပြီး သမ္မာတရားကို လုံးဝ လက်မခံဘူး။ သူ့ပြဿနာတွေကို ထောက်ပြပြီး သူ့ကို ဝေဖန်တဲ့ဘယ်သူမဆိုအပေါ် တစ်ဖက်သတ်အမြင်ဖြစ်ပြီး အတိုက်အခံဖြစ်တယ်။ ဒါကို စိတ်ကောက်တယ်။ အခြေအနေဆိုးတဲ့အခါမှာ သူက ချက်ချင်းပဲ သူတို့နဲ့ ပဋိပက္ခဖြစ်ပြီး သူ့ကို ဖော်ထုတ်တဲ့ဘယ်သူကိုမဆိုဆန့်ကျင်တယ်။ ဒါကြောင့် သူများတွေက စိတ်ကျဉ်းကျပ်ရတယ်။ သူ့အပြုအမူကို အခြေခံကြည့်ရင် သူက ညီအစ်ကိုမောင်နှမတွေနဲ့ဆက်ပြီး စုဝေးနေရင် သူက အသင်းတော်အသက်တာကို သေချာပေါက်နှောင့်ယှက်ပြီး သူများတွေရဲ့ အသက်ဝင်ရောက်မှုကို နှောင့်နှေးစေမှာပဲ။ စည်းမျဉ်းတွေနဲ့အညီ သူ့ကို အုပ်စုဘီကို ရွှေ့လိုက်ရင် လူတိုင်းက စုဝေးပွဲ ကောင်းကောင်းလုပ်နိုင်မယ်။ ပြီးတော့ အဲဒီအစီအစဉ်က သူ့အတွက် သတိပေးချက်တစ်ခုဖြစ်မယ်။ သူက တကယ်ပဲ ဆင်ခြင်ပြီး သူ့ကိုယ်သူသိရင် သူ့ဘဝအတွက် ကောင်းနိုင်တယ်။ ဒါပေမဲ့ သူက အတိုက်အခံလုပ်ရင်၊ ဒါကို လက်မခံရင်၊ ယုံကြည်ခြင်းကိုတောင် စွန့်ခွာရင် ဖော်ထုတ်ခံရပြီး ဖယ်ရှားခံရမှာပဲ။ ဒါဆိုရင် သူ့သဘာဝနဲ့ အနှစ်သာရကို၊ သူက ဂျုံပင်လား၊ တောပင်လားဆိုတာကို၊ သူနေတောင်နေသင့်ရဲ့လားဆိုတာကို ကျွန်မ ပိုပြီး ရှင်းရှင်းလင်းလင်းသိမှာပဲ။ အဲဒီအချိန်မှာ ဘုရားအလိုတော်ကို ကျွန်မ နားလည်ခဲ့တယ်။ ကျွန်မက ပိုင်းခြားသိမြင်မှုကိုရပြီး ဘုရားနှုတ်ကပတ်တော်တွေကို အခြေခံပြီး လူတွေရဲ့ သဘာဝနဲ့ အနှစ်သာရကို သိဖို့ သင်ယူဖို့အတွက် ကူညီပေးဖို့ ဘုရားက ဒီအခြေအနေကို ပြင်ဆင်ခဲ့တာပါ။ ကျွန်မလုပ်ရပ်တွေမှာ စိတ်ခံစားချက်ကို ဘေးချထားပြီး လူတွေကို စည်းမျဉ်းနဲ့အညီ ဆက်ဆံနိုင်ဖို့အတွက်ပေါ့။
နောက်ထပ် ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မဖတ်တယ်။ “ဘုရားသခင်၌ မယုံကြည်သည့် ခုခံသူများ မဟုတ်ပါက၊ မည်သူသည် စာတန်ဖြစ်သနည်း၊ မည်သူတို့မှာ မကောင်းဆိုးဝါးများ ဖြစ်ပြီး၊ မည်သူတို့မှာ ဘုရားသခင်၏ ရန်သူများ ဖြစ်သနည်း။ ၎င်းတို့သည် ဘုရားသခင်ကို မနာခံသောသူများ ဖြစ်ကြသည် မဟုတ်လော။ ၎င်းတို့သည် ယုံကြည်ခြင်း ရှိသည်ဟု အခိုင်အမာ ပြောဆိုသော်လည်း သမ္မာတရား ကင်းမဲ့သောသူများ မဟုတ်လော။ ၎င်းတို့သည် ကောင်းချီးမင်္ဂလာများ ရရန်မျှ ကြိုးစားကြသော်လည်း၊ ဘုရားသခင်အတွက် သက်သေမခံနိုင်သူများ ဖြစ်ကြသည် မဟုတ်လော။ သင်သည် ယနေ့ ထိုမကောင်းဆိုးဝါးများနှင့် ရောနှောဆဲဖြစ်ပြီး ၎င်းတို့အပေါ် အသိတရားနှင့် ချစ်ခြင်းမေတ္တာ ထားရှိနေနိုင်ဆဲ ဖြစ်သည်၊ သို့သော် ဤကိစ္စတွင် သင်သည် စာတန်အပေါ် ကောင်းသော ရည်ရွယ်ချက်များကို လက်ကမ်း ပေးနေခြင်း မဟုတ်လော။ သင်သည် မကောင်းဆိုးဝါးများနှင့် တစ်တန်းတစ်စားတည်း မဟုတ်လော။ အကယ်၍ ဤနေ့ရက်များတွင် လူတို့သည် အကောင်းနှင့်အဆိုးကို ခွဲခြားနိုင်ခြင်း မရှိသေးသကဲ့သို့၊ ဘုရားသခင်၏အလိုကို ရှာဖွေရန် မည်သည့်ရည်ရွယ်ချက်မျှ မရှိဘဲ သို့မဟုတ် ဘုရားသခင်၏ ရည်ရွယ်ချက်များကို မိမိတို့ကိုယ်ပိုင်အဖြစ် မည်သည့်နည်းနှင့်မျှ လက်သင့်ခံနိုင်ခြင်း မရှိဘဲ၊ ဆက်လက်၍ ကျိုးကြောင်းမမြင်ဘဲ ချစ်တတ်ပြီး သနားကရုဏာစိတ်ရှိနေပါက၊ ၎င်းတို့၏ အဆုံးသတ်များသည် ပို၍ပင် စုတ်ချာလိမ့်မည်။ လူ့ဇာတိ၌ ရှိသော ဘုရားသခင်ကို မယုံကြည်သောသူ မည်သူမဆိုသည် ဘုရားသခင်၏ ရန်သူ ဖြစ်သည်။ သင်သည် ရန်သူအပေါ် အသိစိတ်နှင့် ချစ်ခြင်းမေတ္တာ ထားရှိနိုင်ပါက၊ သင်၌ ဖြောင့်မတ်ခြင်းသဘော ကင်းမဲ့သည် မဟုတ်လော။ ငါ စက်ဆုပ်ရွံရှာပြီး ငါ သဘောမတွေ့သော သူတို့နှင့် သင်သည် သဟဇာတ ဖြစ်ပြီး၊ ၎င်းတို့အပေါ် ချစ်ခြင်းမေတ္တာ သို့မဟုတ် ပုဂ္ဂိုလ်ရေး ခံစားချက်များ ထားရှိနေသေးပါက၊ သင်သည် မနာခံသောသူဖြစ်သည် မဟုတ်လော။ သင်သည် တမင်တကာ ဘုရားသခင်ကို ဆန့်ကျင်နေခြင်း မဟုတ်လော။ ထိုသို့သော လူတစ်ဦးသည် သမ္မာတရားကို ပိုင်ဆိုင်သလော။ လူတို့သည် ရန်သူများအပေါ် အသိစိတ်၊ မကောင်းဆိုးဝါးများအတွက် ချစ်ခြင်းမေတ္တာနှင့် စာတန်အတွက် သနားကရုဏာ ထားရှိပါက၊ ၎င်းတို့သည် ဘုရားသခင်၏အမှုကို တမင်တကာ နှောင့်ယှက်နေကြသည် မဟုတ်လော။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်နှင့် လူသားသည် ငြိမ်သက်ခြင်းချမ်းသာထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည်) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မအခြေအနေကို အတိအကျ ဖော်ပြတယ်။ ကျွန်မအမေက ဘုရားကို ယုံကြည်တာ နှစ်ချီနေပေမဲ့ သမ္မာတရားကို လက်မခံဘူး၊ သူများတွေက သူ့ကိုကူညီဖို့၊ ပြုပြင်ပြီး ကိုင်တွယ်ဖြေရှင်းဖို့ ကြိုးစားတဲ့အခါမှာ သူက ဘုရားဆီကနေ လက်မခံနိုင်ဘူးဆိုတာ ကျွန်မ သိခဲ့တယ်။ သူက အမြဲတမ်းပဲ အကြောင်းအရာတွေအပေါ် မလိုအပ်ဘဲ ငြင်းခုံနေပြီး အသင်းတော်အသက်တာကို နှောင့်ယှက်နေတယ်။ စာတန်ရဲ့ လက်ပါးစေလို ပြုမူနေတာပါ။ ဒါပေမဲ့ ကျွန်မက ထပြီးတော့ သူ့ကို မဖော်ထုတ်ဘဲ ကာကွယ်ပေးနေခဲ့တာ။ ကျွန်မက သူ့ကို မဖော်ထုတ်ရင်၊ ဒီအကဲဖြတ်ချက်ကို မရေးရင် ဒါက အသိတရားရှိတာပဲလို့ ထင်ခဲ့တယ်။ ဒါက တကယ်တမ်းတော့ စာတန်အတွက် ချစ်ခြင်းနဲ့ အသိစိတ်ရှိခြင်းပါ။ ဘုရားအိမ်တော်ရဲ့ အလုပ်၊ ညီအစ်ကိုမောင်နှမတွေရဲ့ အကျိုးစီးပွားတွေကို နည်းနည်းမှ မစဉ်းစားပါဘူး။ ကျွန်မက စာတန်ဘက်ကနေ ရပ်နေပြီး စာတန်အတွက် စကားပြောနေတာပါ။ ဒါက “တမင်တကာ ဘုရားသခင်ကို ဆန့်ကျင်နေခြင်း” လို့ ဘုရားက ခေါ်ဆိုတဲ့အရာမဟုတ်လား။ ကျွန်မ ချစ်ခြင်းမှာ စည်းမျဉ်းမရှိခဲ့ဘူး။ အမှန်နဲ့ အမှားကိုမသိခဲ့ဘူး။ ဒါက ရှုပ်ထွေးနေတဲ့ ချစ်ခြင်းပါပဲ။ ကျွန်မက ကျွန်မအမေကို လုံးဝ ကာကွယ်နေပြီး သူ့ကို အသင်းတော်အသက်တာကို ဆက်နှောင့်ယှက်ခွင့်ပေးနေခဲ့တာ။ သူ့ရဲ့ မကောင်းမှုထဲမှာ ကျွန်မလည်း တစ်စိတ်တစ်ပိုင်းပါတယ်။ ကျွန်မက သူများတွေနဲ့ကိုယ့်ကိုယ်ကိုယ် ထိခိုက်နေတာပါ။ ကျွန်မက ကျွန်မရဲ့ ချစ်ခင်မှုကြောင့် မမြင်နိုင်ဖြစ်ခဲ့ပြီး ကျွန်မခြေကို ချုပ်ထားခဲ့တာ။ ဒီအကဲဖြတ်ချက်ကိုရေးဖို့ ခေါင်းဆောင်က ကျွန်မကို ခဏခဏ တိုက်တွန်းတယ်။ ဒါပေမဲ့ ကျွန်မက ရွှေ့ဆိုင်းနေပြီး အသင်းတော်အလုပ်ကို နှောင့်နှေးစေတယ်။ ဒါကို ကျွန်မ သတိထားမိတော့ တော်တော်အပြစ်ရှိသလိုခံစားမိခဲ့တယ်။ ကျွန်မက ဒီလိုအခြေအနေမျိုးမှာ ဘာကြောင့် မထိန်းနိုင်ဘဲ စိတ်ခံစားချက်က ဆွဲထားတာကိုခံရသလဲဆိုတာကိုလည်း ကျွန်မ တွေးမိတယ်။ ဒီနေရာမှာ တကယ့်ပြဿနာက ဘာလဲပေါ့။ ဆုတောင်းပြီး ရှာဖွေဖို့အတွက် ဘုရားရှေ့ကို ကျွန်မ လာခဲ့တယ်။ စိတ်ခံစားချက်ရဲ့နှောင်ကြိုးတွေကို စွန့်ပစ်ဖို့လမ်းကြောင်းကို ရှာတွေ့ဖို့အတွက် ကျွန်မကို လမ်းပြဖို့ဆုတောင်းတယ်။
ကျွန်မ ဆုတောင်းပြီးတော့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ဖတ်တယ်။ ဘုရားသခင်၏ နှုတ်ကပတ်တော်၌ ပြောထားသည်- “လူတို့သည် အခြားသူများကို အဘယ်အခြေခံသဘောတရားဖြင့် ဆက်ဆံဖို့ ဘုရားနှုတ်ကပတ်တော်များက တောင်းဆိုထားသနည်း။ ဘုရားသခင် ချစ်သည့်အရာကို ချစ်ပြီး ဘုရားသခင် မုန်းသည့်အရာကို မုန်းလော့။ ဤသည်မှာ လိုက်နာစောင့်ထိန်းသင့်သည့် အခြေခံသဘောတရားဖြစ်သည်။ သမ္မာတရား လိုက်စားပြီး သူ၏အလိုတော်ကို နာခံနိုင်သည့်သူများကို ဘုရားသခင်ချစ်သည်။ ငါတို့ချစ်သင့်သည့် လူများလည်း ရှိသည်။ ဘုရားသခင်၏အလိုတော်ကို မနာခံနိုင်သည့်၊ ဘုရားသခင်ကို မုန်းတီးပြီး ဆန့်ကျင်ပုန်ကန်သည့်သူများ— ဤလူများကို ဘုရားသခင်က စက်ဆုပ်ရွံရှာသကဲ့သို့၊ ငါတို့သည်လည်း ၎င်းတို့ကို စက်ဆုပ်ရွံရှာသင့်သည်။ ဤသည်မှာ ဘုရားသခင်က လူသားကို တောင်းဆိုသည့်အရာဖြစ်သည်။...လူပုဂ္ဂိုလ်တစ်ဦးသည် ဘုရားသခင်၏ကျိန်ဆဲခြင်း ခံရသော်လည်း၊ ၎င်းတို့သည် သင်တို့၏မိဘ၊ သို့မဟုတ် ဆွေမျိုးဖြစ်ပြီး သင်သိသမျှ အတော်အတန် သဘောကောင်းပါက၊ ထိုလူကို သင် မမုန်းနိုင်သည်ကို တွေ့ရလိမ့်မည်၊ ပြီးလျှင် သင်တို့ကြားတွင် များစွာသော ရင်းနှီးမှုနှင့် နီးစပ်သော ပေါင်းသင်းဆက်ဆံရေးပင် ရှိနိုင်သည်။ ၎င်းတို့ကို ဘုရားသခင်က စက်ဆုပ်ရွံရှာသည်ကို ကြားရခြင်းက သင့်ကို သောကရောက်စေသည်၊ ၎င်းတို့က သင့်အပေါ် အတော်အတန် ကောင်းသည်ဟု တွေးလျက်၊ သင်သည် ၎င်းတို့ကို မမုန်းနိုင်ပေ။ သင်သည် ၎င်းတို့နှင့် ကိုယ်ရေးကိုယ်တာ ပေါင်းသင်းဆက်ဆံရေးကို ထိန်းသိမ်းထားပြီး ၎င်းတို့ကို လက်မလွှတ်လိုပေ။ ယင်းမှာ အဘယ်ကြောင့်နည်း။ သင်သည် စိတ်ခံစားချက်၏ ထိန်းချုပ်ခြင်းခံရသောကြောင့် ဖြစ်သည်။ ထိုလူသည် သင့်အပေါ် ကောင်းပြီး သင့်ကို မည်သည့်အခါမျှ နာကျင်အောင် မလုပ်ဖူးသောကြောင့် သင်သည် ၎င်းတို့ကို မမုန်းနိုင်ပေ။ ၎င်းတို့က သင့်အား နာကျင်စေသည့်အခါမှသာလျှင် ၎င်းတို့ကို သင်မုန်းတီးနိုင်သည်။ ထိုအမုန်းတရားသည် သမ္မာတရား စည်းမျဉ်းများနှင့် ကိုက်ညီမည်လော။ ၎င်းတို့သည် မိဘ၊ သို့မဟုတ် ဆွေးမျိုးဖြစ်သောကြောင့်၊ ၎င်းတို့ကို သင်မုန်းလျှင်၊ သင်သည် သားသမီးဝတ်မကျေပွန်သောသူ၊ အသိတရား မရှိသလို၊ လူပင် မဟုတ်သူအဖြစ် လူ့အဖွဲ့အစည်း၏ အထင်အမြင်သေးခြင်းနှင့် ပုတ်ခတ်ဝေဖန်ခြင်းတို့ကို ခံရမည်ဟု တွေးလျက်၊ သင်သည် အစဉ်အလာအယူအဆများဖြင့်လည်း ထိန်းချုပ်ခံရသည်။ သင်သည် ဘုရားသဘောသဘာဝ၏ ပြစ်တင်ရှုတ်ချခြင်းနှင့် အပြစ်ဒဏ်ပေးခြင်းတို့ကို ခံစားရမည်ဟု တွေးထင်သည်။ သင်သည် ၎င်းတို့ကို မုန်းလိုလျှင်ပင်၊ သင်၏အသိစိတ်က သင့်ကို အခွင့်ပေးမည် မဟုတ်ပေ။ သင်၏ အသိစိတ်သည် ဤနည်းလမ်းဖြင့် အဘယ်ကြောင့် လုပ်ဆောင်သနည်း။ ယင်းမှာ သင့်အနေဖြင့် သင်၏ မိဘများအားဖြင့် သွန်သင်ခြင်း ခံရသည့်၊ လူမှုထုံးတမ်းဓလေ့က သင့်ထဲသို့ ထည့်သွင်းပေးလိုက်ပြီး သင့်ကို ပေးခဲ့သည့် တွေးခေါ်နည်းတစ်ခု ဖြစ်သည်။ ယင်းသည် အပြုသဘောဆောင်သည့် အရာဖြစ်ကြောင်း၊ သင်၏ ဘိုးဘေးများထံမှ အမွေရပြီးဖြစ်သည့် အရာတစ်ခုဖြစ်ပြီး အစဉ် ကောင်းမြတ်သော အရာတစ်ခုဖြစ်ကြောင်း သင့်ကို တလွဲ ယုံကြည်စေလျက်၊ သင်၏စိတ်နှလုံးထဲတွင် ထိုအရာက အလွန် နက်ရှိုင်းစွာ အမြစ်တွယ်နေသည်။ သင်သည် ယင်းကို ဦးစွာ သင်ယူခဲ့ပြီး ယင်းက သင့်အား ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့မလုပ်ဆောင်နိုင်အောင်၊ ဘုရားသခင် ချစ်သည့်အရာကို မချစ်နိုင်အောင်၊ ဘုရားသခင် မုန်းသည့်အရာကို မမုန်းနိုင်အောင်ဖြစ်သွားစေလျက်၊ သင်၏ ယုံကြည်ခြင်းနှင့် သမ္မာတရားကို လက်ခံခြင်းတို့၌ ကြီးမားသော ခလုတ်တံသင်းနှင့် အနှောင့်အယှက်တို့ကို ဖန်တီးရင်း ကြီးစိုးမြဲ ကြီးစိုးနေသည်။ သင်၏အသက်သည် ဘုရားသခင်ထံမှ လာပြီး၊ သင့်မိဘများထံမှ လာခြင်း မဟုတ်ကြောင်း သင်၏ စိတ်နှလုံးထဲတွင် သိပြီး သင်၏မိဘများက ဘုရားသခင်ကို မယုံကြည်ရုံသာမက ဘုရားသခင်ကို ခုခံကြောင်း သင်မြင်ပြီး ဖြစ်သည်။ ဘုရားသခင်က ၎င်းတို့ကို မုန်းပြီး၊ သင်သည် ဘုရားသခင်ကို ကျိုးနွံနာခံသင့်သည်၊ သူ့ဘက်တွင် ရပ်တည်သင့်သည်၊ သို့သော်လည်း သင်သည် မုန်းချင်လျှင်ပင် ၎င်းတို့ကို သင်ကိုယ်တိုင်မုန်းကို မမုန်းနိုင်ပေ။ သင်သည် ထိုတောင်ကို မကျော်နိုင်ပေ၊ သင်၏စိတ်နှလုံးကို မတင်းနိုင်ပေ၊ ပြီးလျှင် သင်သည် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်နိုင်ပေ။ ဤအရာ၏ ဇာစ်မြစ်မှာ အဘယ်နည်း။ စာတန်က သင့်အား ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်မခံနိုင်အောင် ဖြစ်သွားစေလျက်၊ သင်၏ အတွေးအခေါ်များ၊ သင်၏ စိတ်နှင့် သင်၏နှလုံးသားတို့ကို ချည်နှောင်ရန် ဤရိုးရာ ထုံးတမ်းဓလေ့မျိုးနှင့် လူ့ကျင့်ဝတ်ဆိုင်ရာ အယူအဆမျိုးတို့ကို အသုံးပြုသည်။ သင်သည် ဤအရာများကို စိတ်စွဲနေပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်ခံနိုင်စွမ်းမရှိ ဖြစ်စေသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင် လက်တွေ့လုပ်ဆောင်လိုလျှင်ပင်၊ ဤအရာများက သင့်အတွင်း၌ အကြီးအကျယ် နှောင့်ယှက်ဒုက္ခပေးပြီး သင့်ကို ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ဘုရားသခင် တောင်းဆိုသည့် အရာတို့ကို ဆန့်ကျင်စေပြီး သင်သည် ဤဖိနှိပ်ချုပ်ချယ်ခြင်းကို ကိုယ်တိုင် ဖယ်ရှားဖို့ငှာ မစွမ်းသာပေ။ အချိန်အတန်ကြာ ရုန်းကန် ပြီးသည့်နောက်တွင် သင်သည် မတတ်သာသည့်အဆုံး အပေးအယူ လုပ်ရလေသည်။ လူ့ကျင့်ဝတ်ဆိုင်ရာ အစဉ်အလာ အယူအဆများသည် မှန်ကန်ပြီး သမ္မာတရားနှင့် ကိုက်ညီသည်ဟု ယုံကြည်ဖို့ သင်ပိုနှစ်သက်သည်၊ ထို့ကြောင့် သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပစ်ပယ်သည်၊ သို့မဟုတ် စွန့်လွှတ်သည်။ သင်သည် ဤကမ္ဘာလောကတွင် အသက်ရှင် နေထိုင်နေဆဲ ဖြစ်ပြီး အသက်ရှင်ဖို့အတွက် ဤလူများအပေါ် မှီခိုရဦးမည်ဟု ခံစားလျက်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သမ္မာတရားအဖြစ် လက်မခံနိုင်သလို၊ ကယ်တင်ခံရခြင်းနှင့် ပတ်သက်၍ မည်သည့်အရာမျှ သင်မတွေးပေ။ လူ့အဖွဲ့အစည်း၏ တန်ပြန်စွပ်စွဲချက်ကို သည်းခံနိုင်ခြင်းမရှိဘဲ၊ ကိုယ်ကျင့်တရားဆိုင်ရာ ရိုးရာ အယူအဆများနှင့် စာတန်၏ စွမ်းအားတို့၌ လွင့်မျောလိုက်ပါလျက်၊ ဘုရားသခင်ကို ပုန်ကန်ပြစ်မှားပြီး သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ဖို့ ပို၍ နှစ်သက်ရင်း၊ သမ္မာတရားနှင့် ဘုရားသခင်၏နှုတ်ကပတ်တော်များကို စွန့်လွှတ်ဖို့သာ သင် ရွေးချယ်လိုက်မည်။ လူသည် သနားစဖွယ် မကောင်းသလော။ သူသည် ဘုရားသခင်၏ကယ်တင်ခြင်းကို မလိုအပ်သလော။” (နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ စာအုပ်ထဲရှိ “သင်၏လွဲမှားသောအယူအဆကြောင့် ပေါ်ပေါက်သည့်အမြင်များကို သတိပြုခြင်းဖြင့်သာ သင့်ကိုယ်သင် သိနိုင်မည်”) ဘုရားသခင်က ကျွန်မတို့ကို သူချစ်တာကိုချစ်ဖို့၊ သူမုန်းတာကိုမုန်းဖို့အလိုရှိတယ်ဆိုတာ ဘုရားနှုတ်ကပတ်တော်ကနေ ကျွန်မ မြင်ခဲ့ရပါတယ်။ သခင်ယေရှုကလည်း တစ်ခါက ပြောခဲ့တယ်။ “ငါ့အမိ၊ ငါ့ညီကား အဘယ်သူနည်းဟု မေးတော်မူ၏။...ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့အဘ၏အလိုတော်ကိုဆောင်သောသူသည် ငါ့ညီ၊ ငါ့နှမ၊ ငါ့အမိ ဖြစ်သတည်းဟု မိန့်တော်မူ၏။” (ရှင်မဿဲခရစ်ဝင် ၁၂:၄၈၊၅၀) သမ္မာတရားကို လိုက်စားပြီး လက်ခံနိုင်တဲ့သူတွေကို ဘုရားက ချစ်တယ်။ သူတို့တွေကသာ ညီအစ်ကိုမောင်နှမတွေဖြစ်ပြီး ကျွန်မ ချစ်သင့်တဲ့သူတွေ၊ ချစ်ခြင်းနဲ့ ကူညီသင့်သူတွေဖြစ်တယ်။ သမ္မာတရားကို မုန်းတီးပြီး ဘယ်တော့မှ လက်တွေ့မလုပ်ဆောင်တဲ့သူတွေအားလုံးက မယုံကြည်သူတွေဖြစ်တယ်။ ညီအစ်ကိုမောင်နှမတွေမဟုတ်ဘူး။ သူတို့တွေက မိသားစုဖြစ်ရင်တောင် သမ္မာတရားစည်းမျဉ်းတွေကို အခြေခံပြီး သူတို့ကို ကြည့်ပြီး ဖော်ထုတ်သင့်တယ်။ ဒါက ကိုယ့်မိဘတွေအပေါ် သားသမီးဝတ်မကျေတာ၊ သူတို့ကို ဂရုမစိုက်တာမဟုတ်ပါဘူး။ သူတို့ရဲ့ သဘာဝနဲ့ အနှစ်သာရနဲ့အညီ သူတို့ကို ကျိုးကြောင်းသင့်စွာ၊ မျှတစွာ ဆက်ဆံသင့်တယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ။ ဒါပေမဲ့ “အရေးကြီးတော့ သွေးနီးသည်”၊ “လူသားသည် သက်မဲ့မဟုတ်ပါ။ သူသည် စိတ်ခံစားမှုများနှင့် မည်သို့ကင်းနိုင်မည်နည်း” ဆိုတာတွေက ကျွန်မ နှစ်မြုပ်သွားခဲ့တဲ့ ဆိုးယုတ်တဲ့ အဆိပ်တွေပါ။ ကျွန်မက စည်းမျဉ်းနဲ့ မကိုက်ညီခဲ့ဘူး။ ဇာတိပကတိ ချစ်ခင်မှုတွေကို အခြေခံပြီး ကျွန်မ မိသားစုကို ကာကွယ်ပြီး သူတို့ဘက်မှာ နေခဲ့တယ်။ ကျွန်မမောင်အကြောင်းရေးတဲ့အချိန်မှာ သူက မယုံကြည်သူဖြစ်တယ်ဆိုတာ သူကိုယ်တိုင်ပြသခဲ့ပြီး အသင်းတော်ကနေ ထုတ်ပယ်သင့်တယ်ဆိုတာ ကျွန်မ သိခဲ့တယ်။ ဒါပေမဲ့ ကျွန်မက ချစ်ခင်မှုတွေထဲမှာ ပိတ်မိနေပြီး အမှန်ကို မရေးချင်ခဲ့ဘူး။ အချက်အလက်တွေကို ဖုံးကွယ်ပြီး သူများတွေကို လှည့်စားချင်ခဲ့တယ်။ ခေါင်းဆောင်က ကျွန်မအမေအကြောင်းရေးခိုင်းတဲ့အခါမှာ သူက အသင်းတော်အသက်တာအတွက် အနှောင့်အယှက်ဖြစ်စေတယ်ဆိုတာ၊ ခေါင်းဆောင်က သူ့ကို ဖော်ထုတ်ပြီး ကန့်သတ်အောင် ကူညီပေးဖို့အတွက် တိကျပြီး အရှိတိုင်းဖြစ်တဲ့ အကဲဖြတ်ချက်ကို ရေးသင့်တယ်ဆိုတာ ကျွန်မ သိခဲ့ပါတယ်။ ဒါပေမဲ့ သူ့ကို ကျွန်မအမေအနေနဲ့ စဉ်းစားပြီး၊ ကျွန်မအပေါ် ဘယ်လောက်ကောင်းတယ်ဆိုတာ စဉ်းစားပြီး ရေးလိုက်ရင် ကျွန်မက အမြဲတမ်း အပြစ်ရှိသလိုခံစားရပြီး ဒီလိုမျိုးနဲ့ အသက်ရှင်နိုင်မှာမဟုတ်တာကို ကြောက်ခဲ့တယ်။ ကျွန်မက ရက်စက်ပြီး သွေးအေးတယ်လို့ သူများတွေက ထင်မှာကိုလည်း ကျွန်မ ကြောက်ခဲ့တယ်။ စိုးရိမ်ကြောင့်ကြမှုတွေအပြည့်နဲ့ ကျွန်မက ဆက်ပြီး ရွှေ့ဆိုင်းနေခဲ့တယ်။ ဒီဆိုးယုတ်တဲ့ အဆိပ်တွေက ကျွန်မ စိတ်နှလုံးထဲမှာ နက်နက်နဲနဲ အမြစ်တွယ်နေတာကြောင့် ချစ်ခင်မှုထဲမှာ ပိတ်မိနေခဲ့တယ်။ ကျွန်မက သူများတွေအပေါ် စည်းမျဉ်းနဲ့အညီမလုပ်ခဲ့ဘူး။ အသင်းတော်အလုပ်ကို မထိန်းသိမ်းခဲ့ဘူး။ ကျွန်မက စာတန်ဘက်မှာရပ်နေပြီး ဘုရားကိုပုန်ကန်ပြီး အာခံနေခဲ့တာပါ။ ကျွန်မအမေနဲ့ မောင်က မယုံကြည်သူတွေပဲ။ သူတို့အပြုအမူကို ဖော်ထုတ်တာက မှန်ကန်တဲ့လုပ်ဆောင်မှုတစ်ခုပဲ။ ဒါဟာ အသင်းတော်အလုပ်ကို ကာကွယ်ပြီး ဘုရားသခင်ရဲ့ သတ်မှတ်ချက်တွေကို နာခံတာပါ။ ဒါဟာ ဘုရားချစ်တာကိုချစ်ပြီး ဘုရားမုန်းတာကို မုန်းတာပါပဲ။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း သက်သေတစ်ခုလည်းဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်မက သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး စာတန်ကို ဖော်ထုတ်တာကို အပျက်သဘောဆောင်တဲ့အရာအဖြစ် မြင်ခဲ့ပြီး ဒါဟာ နှလုံးသားမရှိတာပဲ၊ အသိတရားမရှိတာပဲ၊ သစ္စာဖောက်တာပဲလို့ ထင်ခဲ့တယ်။ ကျွန်မက တော်တော်ရှုပ်ထွေးနေခဲ့တာ။ အမှန်နဲ့အမှား၊ အကောင်းနဲ့အဆိုးကို ရှုပ်ထွေးနေခဲ့တာပါ။ ကျွန်မက စိတ်ခံစားချက်ကြောင့် စိတ်ကျဉ်းကျပ်သလိုတောင်ဖြစ်ပြီး စိတ်ဓာတ်ကျနေတာ။ တာဝန်ကို မလုပ်ချင်နေဘူး။ ဘုရားသခင်ရဲ့ အချိန်မီ ဉာဏ်အလင်းဖွင့်ပြမှုနဲ့လမ်းပြမှုမပါရင် ကျွန်မရဲ့ ချစ်ခင်မှုကြောင့် ကျွန်မ ခြေကုန်လက်ပမ်းကျသွားမှာပဲ။ စိတ်ခံစားချက်ထဲမှာ အသက်ရှင်တာက ကျွန်မရဲ့ အဆုံးသတ်ဖြစ်လုနီးပါးဖြစ်ခဲ့တယ်။ တော်တော် အန္တရာယ်ကြီးတယ်။
ကျွန်မအမေအကြောင်းရေးဖို့ ကျွန်မ တွန့်ဆုတ်ခဲ့တဲ့နေရာမှာ နောက်ထပ် အယူလွဲတာတစ်ခုရှိတယ်ဆိုတာကို နောက်ပိုင်းမှာ ကျွန်မ ဆင်ခြင်သိခဲ့တယ်။ သူက ကျွန်မကို အမြဲတမ်း ပြုစုပျိုးထောင်ပေးခဲ့တယ်လို့ ကျွန်မ ခံစားမိတယ်။ ဒါကြောင့် သူ့ကို ဖော်ထုတ်တဲ့ ဘယ်လိုစကားမဆို ကျွန်မ အသိစိတ်ကို တကယ်ကို ဒုက္ခပေးတယ်။ ဒါနဲ့ပတ်သက်ပြီး ကျွန်မအမြင်ကိုပြောင်းလဲပေးခဲ့တဲ့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ ဖတ်ခဲ့ပါတယ်။ ဘုရားသခင်၏ နှုတ်ကပတ်တော်၌ ပြောထားသည်- “ဘုရားသခင်သည် ဤကမ္ဘာကြီးကို ဖန်ဆင်းခဲ့ပြီး၊ အသက်ကို သူအပ်နှင်းပေးခဲ့သည့် သက်ရှိသတ္တဝါဖြစ်သော လူသားကို ထိုအထဲသို့ ခေါ်ဆောင်ခဲ့သည်။ ထို့နောက် လူသားသည် မိဘဆွေမျိုးများရှိလာပြီး တစ်ဦးတည်း မဟုတ်တော့ပေ။ လူသားသည် ဤရုပ်ဝတ္ထုကမ္ဘာကြီးကို စတင်တွေ့မြင်သည့်အချိန်မှစကာ သူသည် ဘုရားသခင်၏ စီမံမှု အတွင်းတွင်သာ တည်နေရန် စီရင်ခြင်းခံခဲ့ရသည်။ ဘုရားသခင်ထံမှ ဇီဝအသက်သည် သက်ရှိတစ်ဦးချင်းစီတိုင်းကို အရွယ်ရောက်သူအဖြစ် ကြီးထွားလာရန် တောက်လျှောက်ပံ့ပိုးပေးသည်။ ဤဖြစ်စဉ်အတွင်းတွင် လူသားသည် ဘုရားသခင်၏ စောင့်ရှောက်မှုအောက်၌ ကြီးထွားနေသည်ဟု မည်သူမျှ မခံစားရကြပေ၊ ယင်းအစား လူသားသည် သူ့မိဘ၏ ချစ်ခင်ကြင်နာသည့် စောင့်ရှောက်မှုအောက်တွင် ကြီးထွားလာပြီး၊ သူ၏ကြီးထွားမှုကို သူ့အသက်၏ပင်ကိုအသိစိတ်က လမ်းပြပေးသည်ဟု ၎င်းတို့ယုံကြည်ကြသည်။ အကြောင်းရင်းမှာ လူသားသည် သူ့အား အသက်ကို အပ်နှင်းပေးခဲ့သောသူကို မသိသောကြောင့်၊ သို့မဟုတ် ထိုအသက်သည် မည်သည့်အရပ်မှ လာသည်ကို မသိသောကြောင့် ဖြစ်သည်၊ အသက်၏ပင်ကိုအသိစိတ်က အံ့ဖွယ်တို့အား မည်ကဲ့သို့ ဖန်တီးပေးသည်ကို သာ၍ပင် မသိကြသောကြောင့်လည်းဖြစ်သည်။ လူသားသည် အစားအစာမှာ အသက်ဆက်ရန် အခြေခံဖြစ်ကြောင်း၊ ဇွဲရှိခြင်းသည် သူတည်ရှိနေခြင်း၏ အရင်းအမြစ်ဖြစ်ကြောင်းနှင့် သူ့စိတ်ထဲရှိ ယုံကြည်မှုများသည် သူဆက်လက်ရှင်သန်နိုင်ရန် မှီခိုနေရသည့် အရင်းအနှီးဖြစ်သည်ဟုသာ သိရှိကြသည်။ ဘုရားသခင်၏ ကျေးဇူးတော်နှင့် ထောက်မမှုတို့ကို လူသားသည် လုံး၀ သတိမမူမိပေ၊ ထို့ကြောင့် သူ့အပေါ် ဘုရားသခင်အပ်နှင်းပေးထားသော အသက်ကို သူဖြုန်းတီးပစ်သည်...ဘုရားသခင်က နေ့ရောညပါ စောင့်ရှောက်သည့် ဤလူသားတို့အထဲမှ တစ်ဦးတစ်ယောက်မျှပင် မိမိအသိနှင့်မိမိ ဘုရားသခင်ကို မဝတ်ပြုမကိုးကွယ်ကြပေ။ ဘုရားသခင်သည် သူမျှော်လင့်ချက်မထားထားသော လူသားအပေါ် သူစီစဉ်ထား သည့်အတိုင်း ဆက်လက် လုပ်ဆောင်လျက်ရှိသည်။ သူထိုသို့ ပြုလုပ်ရခြင်းမှာ တစ်နေ့တွင် လူသားသည် သူ၏အိပ်မက်မှ နိုးထကာ ဘဝ၏တန်ဖိုးနှင့် အဓိပ္ပာယ်၊ ဘုရားသခင်က သူ့ကိုပေးထားသည့် အရာအားလုံးအတွက် ပေးဆပ်ခဲ့ရသည့် အဖိုးအခနှင့် လူသားအနေဖြင့် သူ့ထံပြန်လှည့်လာစေရန် ဘုရားသခင်သည် စိတ်ထက်သန်သော ဂရုစိုက်မှုဖြင့် စောင့်ဆိုင်းနေသည်ကို ရုတ်တရက် နားလည်စေရန် ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်သည် လူ့အသက်၏ အရင်းအမြစ်ဖြစ်သည်) အပြင်ပန်းကကြည့်ရင် ကျွန်မအမေက ကျွန်မကို မွေးဖွားခဲ့ပြီး ပျိုးထောင်ခဲ့တယ်၊ ဘဝမှာ ကျွန်မကို ဂရုစိုက်တာ သူပဲဖြစ်ခဲ့တဲ့ ပုံစရှိပါတယ်။ ဒါပေမဲ့ တကယ်တမ်းကတော့ လူသားဘဝရဲ့ အရင်းအမြစ်က ဘုရားသခင်ဖြစ်ပြီး ကျွန်မ ခံစားရသမျှအားလုံးကို ဘုရားက ပေးထားခဲ့တာပါ။ ဘုရားက ကျွန်မကိုပေးခဲ့တဲ့ ဒီအသက်ကြောင့်သာ ကျွန်မက အသက်ရှင်နေတာ။ ဘုရားက ကျွန်မကို အသက်ပေးခဲ့ပြီး ဒီလောကထဲကို ခေါ်ဆောင်ခဲ့တာ။ ပြီးတော့ ကျွန်မမိသားစုနဲ့ အိမ်အတွက် သူ စီစဉ်ခဲ့တယ်။ ဘုရားအသံကိုကြားပြီး ဘုရားရှေ့ကိုလာဖို့အတွက် ကျွန်မကို အခွင့်ပေးခဲ့တာက ဘုရားရဲ့ အစီအစဉ်တွေပါပဲ။ ကျွန်မက ကျိုးကြောင်းသင့်မှုရှိတယ်ဆိုရင် ဘုရားကို ကျေးဇူးတင်သင့်ပါတယ်။ ပြီးတော့ အကြောင်းအရာတွေဖြစ်ပျက်တဲ့အခါမှာ ဘုရားကို ကျေနပ်စေဖို့၊ ဘုရားရဲ့ချစ်ခြင်းကို ပြန်ပေးဆပ်ဖို့ သမ္မာတရားကို တကယ် လက်တွေ့လုပ်ဆောင်သင့်ပါတယ်။ လောကီမိသားစုဘက်ကနေရပ်တည်ပြီး စာတန်အတွက် လုပ်ဆောင်ပြီးတော့ အသင်းတော်အလုပ်ကို နှောင့်နှေးအောင်မလုပ်သင့်ဘူး။ ဒါကို သဘောပေါက်တာဟာ ကျွန်မကို လုံးဝ လှုပ်နှိုးလိုက်တာပါပဲ။ နောင်တရဖို့အတွက် ဘုရားရှေ့ကို လာရမယ်။ ကျွန်မ ခံစားချက်တွေနောက်ကို ဆက်လိုက်နေလို့ မဖြစ်ဘူးလေ။ ကျွန်မအမေအကြောင်းရေးဖို့ အသင်းတော်က ကျွန်မကို တောင်းဆိုတယ်။ ဒါကြောင့် အချက်အလက်တွေနဲ့အညီ သူ့အပြုအမူကို တိတိကျကျ ရေးသင့်တယ်။ ပြီးရင် အသင်းတော်က ဒါကို ကိုင်တွယ်ဖို့ ဘယ်လိုပဲ ဆုံးဖြတ်ပါစေ လက်ခံသင့်တယ်။ ဒါကြောင့် အသင်းတော်အသက်တာအတွက် အနှောင့်အယှက်ဖြစ်စေတဲ့ ကျွန်မအမေရဲ့ အပြုအမူကို တိတိကျကျ ချပြလိုက်တယ်။
တစ်လကြာပြီးတဲ့နောက်မှာ ကျွန်မက အသင်းတော်ခေါင်းဆောင်အဖြစ် အရွေးခံရတယ်။ တချို့အသင်းဝင်တွေက ကျွန်မအမေကို ရှင်းရှင်းလင်းလင်းမမြင်သေးဘူးဆိုတာ ကျွန်မ သိရတယ်။ ကျွန်မ စဉ်းစားတယ်။ ကျွန်မအမေက အသင်းတော်အသက်တာအပေါ် အနှောင့်အယှက်ဖြစ်နေတာကို သူတို့ကို ပြောပြသင့်တယ်။ ဒါမှ သူတို့က ရိပ်စားမိပြီး စည်းမျဉ်းတွေနဲ့အညီ သူ့ကို ဆက်ဆံနိုင်မယ်ပေါ့။ ဒါပေမဲ့ ကျွန်မ ပြောတော့မလို့လုပ်နေတုန်းမှာပဲ စိတ်ထဲမှာ နည်းနည်း ဒွိဟဖြစ်နေခဲ့တယ်။ ကျွန်မက သူ့ကို ဖော်ထုတ်စစ်ဆေးခဲ့ပြီး သူတို့က သူ့ကို ရိပ်စားမိသွားရင် သူ့ကို တမျိုးမြင်ကြမှာလား။ ဒါဆိုရင် သူက စိတ်မကောင်းဖြစ်မှာလားပေါ့။ ကျွန်မ ဘာမှ မပြောချင်ခဲ့ဘူး။ ကျွန်မက စိတ်ခံစားချက်နဲ့ အသက်ရှင်နေပြန်ပြီဆိုတာ သတိထားမိလိုက်တယ်။ ဘုရားချစ်တာကို ချစ်ပြီး ဘုရားမုန်းတာကို မုန်းသင့်တယ်ဆိုတဲ့ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ သတိရမိတယ်။ ကျွန်မအမေက အသင်းတော်အသက်တာမှာ ပြဿနာတွေကို ဖြစ်ပေါ်စေပြီး ဒါက ဘုရားမုန်းတဲ့အရာတစ်ခုပဲ။ ကျွန်မက ချစ်ခင်မှုကြောင့် သူ့ကို ဆက်ကာကွယ်ပေးနေလို့မဖြစ်ဘူး။ သူများတွေ ရိပ်စားမိအောင်လို့ သမ္မာတရား စည်းမျဉ်းတွေအပေါ် အခြေခံပြီး ဒါကိုဖော်ထုတ်စိစစ်ဖို့က ကျွန်မတာဝန်ပဲ။ အဲဒါနဲ့ သူက အသင်းတော်အသက်တာကို ဘယ်လိုအနှောင့်အယှက်ပေးခဲ့တယ်ဆိုတာကို အသေးစိတပြောပြခဲ့ပြီး သူများတွေက နည်းနည်းရိပ်စားမိလာကြပြီး သင်ခန်းစာတချို့ သင်ယူခဲ့ကြရတယ်။ နောက်ဆုံးမှာ လူအများစုက သူ့ကို အုပ်စုဘီထဲကိုရွှေ့ဖို့ မဲပေးကြတယ်။ ကျွန်မ ဒီလို လက်တွေ့လုပ်ဆောင်ပြီးတဲ့နောက်မှာ တကယ်ကို သက်သောင့်သက်သာဖြစ်ပြီး စိတ်အေးချမ်းသွားတယ်။
ကျွန်မကို သမ္မာတရားကို နားလည်အောင် စည်းမျဉ်းတွေကို ရှာတွေ့ပြီး ကျွန်မ မိသားစုဝင်တွေကို ဘယ်လိုဆက်ဆံရမယ်ဆိုတာကို သိအောင် ကူညီပေးခဲ့တဲ့ ဘုရားနှုတ်ကပတ်တော်ရဲ့ လမ်းပြမှုနဲ့ ဉာဏ်အလင်းဖွင့်ပြမှုအတွက် ဘုရားကို ကျွန်မ စိတ်နှလုံးထဲကနေ ကျေးဇူးတင်ခဲ့ပါတယ်။ ဒါမပါရင် ကျွန်မက စိတ်ခံစားချက်ထဲမှာ ပိတ်မိနေပြီး ဘုရားကို ဆန့်ကျင်ပြီးလုပ်နေဦးမှာပဲ။ ဘုရားအိမ်တော်မှာရှိတဲ့ လူတွေနဲ့ အကြောင်းကိစ္စတွေအတွက် အရာအားလုံးကို သမ္မာတရားစည်းမျဉ်းတွေအပေါ် အခြေခံပြီး လုပ်ဆောင်ရမယ်ဆိုတာ ဒီအတွေ့အကြုံက ကျွန်မကို တကယ်ကို ပြသခဲ့ပါတယ်။ ဒါက ဘုရားအလိုတော်နဲ့ ညီတယ်။ စိတ်ထဲမှာ ငြိမ်းအေးခြင်းရဖို့နည်းလမ်းတစ်ခုလည်းဖြစ်ပါတယ်။ ကျေးဇူးတော်ပါပဲ။
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။