မာန်မာနနှင့် ဂုဏ်သတင်းက ကျွန်မကို ထိခိုက်စေခဲ့သည်
၂၀၁၇ ခုနှစ်မှာ ခေါင်းဆောင်နေရာအတွက် ကျွန်မရွေးချယ်ခံရပြီးတော့ အသင်းတော်သုံးခု လေးခုရဲ့အမှုတော်အတွက် တာဝန်ပေးအပ်ခံရပါတယ်။ အဲဒီအသင်းတော်တွေအားလုံးက ခေါင်းဆောင်တွေက ယုံကြည်သူဖြစ်ခဲ့တာ ကျွန်မထက်ပိုကြာနေပြီဆိုတာကို သတိထားမိခဲ့တယ်။ အစ်မဂေါင်နဲ့ အစ်မဆန်းက ခေါင်းဆောင်အဖြစ်တာဝန်ယူခဲ့တာ နှစ်တွေအတော်ကြာပြီ။ ပြီးတော့ အရင်ကလည်း တွေ့ဆုံပွဲတွေမှာ ကျွန်မတို့ လုပ်ဖော်ကိုင်ဖက်အဖြစ် လုပ်ကိုင်ခဲ့ဖူးပါတယ်။ အဲဒီတော့ ကျွန်မအရည်အချင်းဘယ်လောက်ရှိလဲဆိုတာကို သူတို့က အားလုံးနီးပါးသိပြီးသားပဲ။ တခြားအသင်းတော်က ခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ အစ်မယွမ်က ကျွန်မဘုရားသခင်ရဲ့လုပ်ဆောင်မှုကို လက်ခံပြီးပြီးချင်းမှာပဲ ကျွန်မကိုရေလောင်းပေးခဲ့ပါတယ်။ အဲဒီအချိန်က ကျွန်မတကယ်ကို ဘာမှမသိခဲ့ပါဘူး။ ဒါပေမဲ့ ကျွန်မမှာ ပြဿနာတွေရှိတိုင်း သူကအမြဲတမ်း သမ္မာတရားကို မိတ်သဟာယဖွဲ့ပြီး ကူညီပေးခဲ့ပါတယ်။ အဲဒီတော့ အလုပ်အတွေ့အကြုံပဲဖြစ်ဖြစ်၊ ယုံကြည်သူဖြစ်တဲ့အချိန်ပဲဖြစ်ဖြစ်၊ သူတို့က ကျွန်မထက် အဘက်ဘက်မှာသာပါတယ်။ ကျွန်မကသူတို့အလုပ်ကို ဦးဆောင်ပြီးတော့ သူတို့ရဲ့ပြဿနာတွေကို ကူညီဖြေရှင်းပေးရမယ်ဆိုရင် ကျွန်မပဲအရှက်ကွဲမယ့်ပုံစံမျိုးဖြစ်နေခဲ့တယ်။ ဒါပေမဲ့ ဒီတာဝန်ပေးစေခိုင်းချက်ဟာ ဘုရားသခင်ရဲ့မြှောက်စားမှုဆိုတာကိုလည်း ကျွန်မသိခဲ့ပါတယ်။ ကျွန်မအရှက်မကွဲဖို့နဲ့ အဆင့်အတန်းကိုထိန်းသိမ်းဖို့အတွက်နဲ့တော့ ဒီတာဝန်ကိုငြင်းပယ်လို့မဖြစ်ပါဘူး။ ကျွန်မလက်ခံပြီးတော့ နာခံခဲ့ရတယ်။
အဲဒါနဲ့ အသင်းတော်နဲ့ ကျွန်မအမြန်ဆုံးအသားကျအောင် အသင်းတော်ခေါင်းဆောင်တွေကို တွေ့ဆုံပွဲလုပ်ဖို့ စာရေးပြီးတောင်းဆိုခဲ့ပါတယ်။ ပုံမှန်ဆိုရင် ကျွန်မစာရေးတာတော်တော်လေးမြန်ပါတယ်။ ဒါပေမဲ့ အစ်မဂိုဆီရေးတုန်းကတော့ မမြန်ခဲ့ပါဘူး။ စာကြောင်းတစ်ချို့ကို ပြန်ဖတ်လိုက်၊ ပြန်ရေးလိုက်နဲ့ ရေးနေမိပါတယ်။ ကျွန်မပြောချင်တာကို သဘောမပေါက်ဘဲ သူက ကျွန်မကိုအထင်သေးသွားမှာကိုလည်း စိုးရိမ်နေခဲ့မိပါတယ်။ တွေ့ဆုံပွဲအချိန်လည်းကျရော ကျွန်မပိုပြီးတော့ စိုးရိမ်လာတယ်။ ကျွန်မစိတ်က အတွေးတွေနဲ့ ယောက်ယက်ခတ်နေတယ်။ ငါတို့က အတူတူ လုပ်ဖော်ကိုင်ဘက်အဖြစ် တွေ့ဆုံပွဲတွေစီစဥ်ခဲ့ဖူးတယ်။ ငါ မိတ်သဟာယဖွဲ့တာသာမကောင်းရင် ဒါမှမဟုတ် သူတို့ရဲ့ပြဿနာတွေကို မဖြေရှင်းပေးနိုင်ဘူးဆိုရင် သူတို့က ငါ့ကိုဘယ်လိုထင်ကြမလဲ။ သူတို့က “မင်းကများ တွေ့ဆုံပွဲကို ဦးစီးပြီးတော့ မင်းလိုဝိညာဥ်ရင့်ကျက်မှုမျိုးနဲ့ ငါတို့ပြဿနာတွေကို ဖြေရှင်းမယ်ပေါ့ ဟုတ်လား” လို့ပြောကြမလား။ မဖြစ်ဘူး။ ဒီအလုပ်ကို ငါလုပ်နိုင်တယ်ဆိုတာကို သူတို့ကိုပြဖို့ တကယ်ကောင်းတဲ့ မိတ်သဟာယကို ပေးမှဖြစ်မယ်။ ကျွန်မတည်ငြိမ်အေးဆေးတယ်ဆိုတာကိုပြဖို့ သူတို့အလုပ်တွေကို စပြီးတော့လိုက်လုပ်ခဲ့တယ်။ ပေါ်လာသမျှ ဘယ်ပြဿနာကိုမဆို လိုက်မှတ်ထားပြီးတော့ အဲဒါတွေကိုဖြေရှင်းဖို့ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေကို ရှာဖွေကြည့်ရှုခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်မအရမ်းစိုးရိမ်နေလို့ ခဏလေး မိတ်သဟာယဖွဲ့ပြီးတာနဲ့ ဘာပြောရမှန်းမသိတော့ဘူး။ အဲဒီအချိန်မှာပဲ အစ်မဂိုက သေချာကြည့်နေတာကို သတိထားမိခဲ့တယ်။ “ငါ့ရဲ့မိတ်သဟာယက သူတို့ရဲ့ပြဿနာတွေကို မဖြေရှင်းနိုင်လို့များလား” လို့ကိုယ့်ဘာသာတွေးမိခဲ့တယ်။ သိက္ခာဆယ်ဖို့အတွက် ကျွန်မ ဒီတိုင်းပဲ ဆက်ပြီးတော့ မိတ်သဟာယဖွဲ့ခဲ့ပါတယ်။ ပြောနေရင်းနဲ့ သူတို့အားမလို အားမရဖြစ်လာလားဆိုပြီးတော့ သူတို့ရဲ့အမူအရာကို တောက်လျှောက်စောင့်ကြည့်နေခဲ့တယ်။ သူတို့ရဲ့အမူအရာနည်းနည်းလေးပြောင်းသွားရင်ကို ကျွန်မလန့်နေခဲ့ပါတယ်။ တွေ့ဆုံပွဲပြီးခါနီးကျတော့ အားလုံးကငြိမ်သွားပြီးတော့ စကားပြောနေတာဆိုလို့ ကျွန်မတစ်ယောက်ပဲရှိတော့တယ်။ အချိန်ကရပ်နေသလိုပဲ။ တွေ့ဆုံပွဲက ပြီးကိုမပြီးနိုင်တော့ဘူးလို့ ခံစားခဲ့ရတယ်။ နောက်ဆုံးတော့ တွေ့ဆုံပွဲပြီးသွားပြီးတော့ ကျွန်မလည်း အိမ်ပြန်လာခဲ့တယ်။ အားလည်းလုံးဝမရှိတော့ဘူး။ တစ်နေ့လုံး အရမ်းပင်ပန်းတဲ့ အလုပ်ကြမ်းတစ်ခုကို လုပ်ခဲ့ရသလိုပါပဲ။ နားချင်တာပဲသိခဲ့ပါတယ်။ ဒါပေမဲ့ ပြီးတော့မှ နောက်တစ်နေ့ကျရင် အစ်မယွမ်ရယ်၊ တခြားညီအစ်မတွေရယ်နဲ့ တွေ့ဆုံပွဲလုပ်ဖို့စီစဥ်ထားတာကိုသွားသတိရတယ်။ သူတို့မှာရှိတဲ့ ပြဿနာတွေက ကျွန်မမဖြေရှင်းနိုင်တာမျိုးတွေသာဖြစ်နေခဲ့ရင် သူတို့ကဘယ်လိုထင်ကြမလဲ။ မဖြစ်ဘူး။ ကြိုပြီးပြင်ဆင်မှဖြစ်မယ်ပေါ့။ သူတို့အသင်းတော်ရဲ့ လုပ်ဆောင်မှုတင်ပြချက်ကိုယူပြီး ဖတ်ကြည့်ခဲ့တယ်။ ဒါပေမဲ့ ဘယ်လိုအိပ်ပျော်သွားမှန်းမသိလိုက်ဘူး။ ညကိုးနာရီလောက်ကျမှ ကျွန်မလန့်နိုးလာတယ်။ “ထူးဆန်းတယ်။ ပုံမှန်ဆို ငါဒီလောက်စောစောအိပ်ချင်လေ့ မရှိပါဘူး” လို့တွေးမိခဲ့တယ်။ အဲဒါကြောင့်ဘုရားသခင်ရဲ့ရှေ့မှောက်ကို ခစားခဲ့ပြီးတော့ “အို ဘုရားသခင်၊ ယခုတာဝန်ကိုထမ်းဆောင်ရတာ ကျွန်မအတွက် ဖိအားများလှပါတယ်။ ကျွန်မရဲ့မိတ်သဟာယက မကောင်းလို့ အသင်းတော်ခေါင်းဆောင်တွေက ကျွန်မကိုအထင်သေးမှာကို စိုးရိမ်မိပါတယ်။ ကျွန်မစိတ်တွေအရမ်းကျဥ်းကြပ်နေပြီးတော့ ဒီအခြေအနေကနေ ဘယ်လိုရုန်းထွက်ရမလဲမသိပါဘူး။ ကျွန်မကိုယ့်ကိုယ့်ကိုယ် သိအောင် လမ်းပြပေးပြီးတော့ အသိဉာဏ်ပွင့်လင်းစေဖို့ ဆုတောင်းပါတယ်” ဆိုပြီးဆုတောင်းခဲ့တယ်။
ပြီးတော့ ဘုရားသခင်နှုတ်ကပတ်တော်တွေထဲက ဒီစာပိုဒ်ကိုဖတ်ခဲ့ပါတယ်။ “ဖောက်ပြန်ပျက်စီးသော လူသားအားလုံးသည် တူညီသော ပြဿနာတစ်ခုကို ခံစားနေကြသည်။ ၎င်းတို့သည် ဂုဏ်အဆင့်အတန်းမရှိသောအခါ၊ ၎င်းတို့သည် သာမန် ညီအစ်ကိုမောင်နှမများ ဖြစ်ကြသည့်အခါတွင်၊ ၎င်းတို့သည် မည်သူနှင့်မဆို ဆက်ဆံသည့်အခါ သို့မဟုတ် စကားပြောသည့်အခါ၊ မာနကြီးခြင်း မရှိသလို စကားပြောသည့်အခါတွင် ပုံစံ သို့မဟုတ် လေသံတစ်မျိုးဖြင့် ပြောဆိုခြင်း မပြုပေ။ ၎င်းတို့သည် သာမန်၊ ပုံမှန်သာ ဖြစ်ပြီး သူတို့ကိုယ်သူတို့ ပြရုပ်တင်ရန် မလိုပေ။ ၎င်းတို့သည် မည်သည့် စိတ်ပိုင်းဆိုင်ရာ ဖိအားကိုမျှ မခံစားရဘဲ ပွင့်လင်းစွာနှင့် လှိုက်လှိုက်လှဲလှဲ မိတ်သဟာယပြုနိုင်သည်။ ၎င်းတို့သည် ဖော်ရွေပြီး ဆက်ဆံရလွယ်ကူသည်။ ၎င်းတို့သည် အလွန်ကောင်းသော လူများဖြစ်သည်ဟု အခြားလူတို့ ခံစားရသည်။ သို့ရာတွင် ၎င်းတို့သည် ဂုဏ်အဆင့်အတန်းရှိလာသည်နှင့်၊ ၎င်းတို့ကို မည်သူမျှ မမီနိုင်သည့်အလား၊ မာနကြီးလာကြလေသည်။ ၎င်းတို့ကို လေးစားထိုက်သည်ဟု ၎င်းတို့က ထင်မြင်ကြပြီး၊ ၎င်းတို့နှင့် သာမန်လူတို့သည် အမျိုးအစားမတူဟု ထင်မြင်ကြသည်- ၎င်းတို့က သာမန်လူတို့ကို အထင်သေးပြီး အခြားလူတို့နှင့် ပွင့်လင်းစွာ မိတ်သဟာယဖွဲ့ခြင်း မရှိတော့ပေ။ ၎င်းတို့သည် အဘယ်ကြောင့် ပွင့်လင်းစွာ မိတ်သဟာယမဖွဲ့တော့သနည်း။ ၎င်းတို့သည် ယခုအခါတွင် ဂုဏ်အဆင့်အတန်းရှိပြီး ခေါင်းဆောင်များဖြစ်သည်ဟု ထင်မြင်ကြသည်။ ခေါင်းဆောင်တို့သည် ရုပ်သွင်တစ်မျိုးရှိရမည်၊ သာမန်လူတို့ထက် အနည်းငယ် ပိုမြင့်ရမည်၊ ပြီးလျှင် ဝိညာဉ်ရင့်ကျက်မှု ပိုရှိပြီး ပို၍ တာဝန်ယူနိုင်ရမည်ဟု ၎င်းတို့ ထင်မြင်ကြသည်။ သာမန်လူတို့နှင့် ယှဉ်လျှင် ခေါင်းဆောင်တို့သည် ပို၍ စိတ်ရှည်ရမည်၊ ပို၍ဒုက္ခခံပြီး အသုံးတော်ခံနိုင်ရမည်၊ မည်သည့်သွေးဆောင်မှုကိုမဆို တောင့်ခံနိုင်ရမည်ဟု ၎င်းတို့က ယုံကြည်ကြသည်။ ခေါင်းဆောင်တို့သည် ၎င်းတို့၏ မိသားစုဝင်များ မည်မျှ သေဆုံးသည်ဖြစ်စေ ၎င်းတို့ ငိုရမည်ဆိုလျှင်ပင်၊ ၎င်းတို့တွင်ရှိသော ချို့ယွင်းချက်များ၊ အပြစ်အနာအဆာများ သို့မဟုတ် အားနည်းချက်များကို မည်သူမျှ မမြင်နိုင်ရန် တိတ်တဆိတ် ငိုကြရမည် ဖြစ်သည်။ ခေါင်းဆောင်တို့သည် အပျက်သဘောဆောင်လာလျှင် မည်သူ့ကိုမျှ သိခွင့်မပေးရ၊ ယင်းအစား ထိုသို့သောအရာများအားလုံးကို ဖုန်းကွယ်ထားရမည် ဟူ၍ပင် ထင်မြင်ကြသည်။ ဤသည်မှာ ဂုဏ်အဆင့်အတန်းရှိသူတစ်ယောက် လုပ်ဆောင်သင့်သည့်ပုံစံဟု ၎င်းတို့ ယုံကြည်ကြသည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို ဤအတိုင်းအတာအထိ ချုပ်တည်းသည့်အခါ၊ ဂုဏ်အဆင့်အတန်းသည် ၎င်းတို့၏ဘုရားသခင်၊ ၎င်းတို့၏ သခင် ဖြစ်လာပြီ မဟုတ်သလော။ ဤသို့ဖြစ်သောကြောင့် ၎င်းတို့သည် သာမန်လူ့သဘာဝ ပိုင်ဆိုင်သေးသလော။ ၎င်းတို့၌ ဤစိတ်ကူးများရှိသည့်အခါ— ၎င်းတို့သည် ဤကဲ့သို့ မိမိတို့ကိုယ်ကိုယ် ကန့်သတ်ချုပ်ချယ်ပြီး ဤအပြုအမူမျိုးဖြင့် ပြုမူသည့်အခါ— ၎င်းတို့သည် ဂုဏ်အဆင့်အတန်းကို မစွဲမက်လာလေသလော။” (နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖြေရှင်းရန် တိကျသည့် လက်တွေ့လုပ်ဆောင်မှုလမ်းကြောင်းတစ်ခု ရှိရမည်”) ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေက အဲဒီအချိန်တုန်းက ကျွန်မရဲ့အခြေအနေကို ပြတ်ပြတ်သားသားကို ဖော်ထုတ်လိုက်တယ်။ အဲဒီတွေ့ဆုံပွဲတွေလုပ်ရတဲ့အတွက် အရမ်းပင်ပန်းပြီးတော့ စိတ်သောကရောက်ခဲ့ရတာက ဂုဏ်သိက္ခာနဲ့ အဆင့်အတန်းကိုပဲ အရမ်းစိတ်ပူနေခဲ့လို့ပါ။ ကျွန်မခေါင်းဆောင်အဖြစ် ရွေးချယ်မခံရသေးခင်အချိန်ကို ပြန်ကြည့်လိုက်မယ်ဆိုရင် တွေ့ဆုံပွဲတွေမှာ ကျွန်မနဲ့ အစ်မဂိုရယ်၊ တခြားညီအစ်မတွေရယ်နဲ့ လွတ်လွတ်လပ်လပ်ပဲ ကျွန်မ နေခဲ့တယ်။ ကျွန်မနားလည်တဲ့အတိုင်း အတိအကျ မိတ်သဟာယဖွဲ့ခဲ့ပြီးတော့ ကျွန်မကယုံကြည်သူဖြစ်တာသိပ်မကြာသေးတဲ့အတွက် အပေါ်ယံမိတ်သဟာယဖွဲ့တာလောက်ကိုတော့ ဘယ်သူကမှအထင်သေးမှာမဟုတ်ပါဘူးလို့ ယုံကြည်ခဲ့တယ်။ ဒါပေမဲ့ ခေါင်းဆောင်အနေနဲ့ တာဝန်တွေကိုထမ်းဆောင်ရတဲ့နောက်ပိုင်းမှာ သူတို့ထက်ပိုမြင့်တဲ့နေရာကိုရောက်နေတာကြောင့် သူတို့ပြဿနာတွေကို မဖြေရှင်းပေးနိုင်ဘဲ ပြောဆိုဆွေးနွေးတာလည်းမကောင်းဘူးဆိုရင် သူတို့ကအထင်သေးကြမယ်လို့ ကျွန်မ ခံစားမိခဲ့တယ်။ သူများတွေက ကျွန်မကိုအထင်ကြီးပြီးတော့ ဒီနေရာနဲ့ ထိုက်တန်ဆိုတာကိုပြဖို့အတွက် တွေ့ဆုံပွဲတွေမှာ အစွမ်းပြဖို့နဲ့ သိကြောင်းတတ်ကြောင်းပြဖို့ အပြင်းအထန်ကြိုးစားခဲ့တယ်။ ကျွန်မမှာက လက်တွေ့လုပ်ဆောင်ရတဲ့ အတွေ့အကြုံအများကြီးမရှိပါဘူး။ ဒါပေမဲ့ လိုအပ်ချက်တွေကိုလည်း ဖွင့်မပြောချင်ခဲ့ဘူး။ ဘာပဲဖြစ်ဖြစ် ကျွန်မဆက်လုပ်ခဲ့ပါတယ်။ ကျွန်မကဘက်စုံတော်တယ်ဆိုပြီးမြင်ခဲ့တယ်။ ခေါင်းဆောင်တွေမှာ ဝိညာဥ်ရင့်ကျက်မှု အတိုင်းအတာတစ်ခု အထိရှိသင့်ပြီးတော့ သူများတွေထက် အရာရာမှာသာလွန်ရမယ်လို့ထင်ခဲ့တယ်။ ကျွန်မရဲ့လိုအပ်ချက်တွေနဲ့ အားနည်းချက်တွေအားလုံးကို ဖုံးကွယ်ခဲ့တယ်။ နားမလည်တာကို ပွင့်ပွင့်လင်းလင်းပြောပြီး အဖြေမရှာဘဲနဲ့ နားလည်ချင်ယောင်ဆောင်ခဲ့တယ်။ အားလုံးက သူများအထင်သေးမှာစိုးလို့ပါပဲ။ အဲဒီဒုက္ခတွေအားလုံးက ကျွန်မ အဆင့်အတန်းကို အရမ်းစွဲလမ်းလွန်းလို့ ဖြစ်ရတာတွေပါပဲ။ ဘုရားသခင်က ဒီခေါင်းဆောင်နေရာကို ချီးမြှင့်ခဲ့ပြီးတော့ ကျွန်မကိုယ်ကျွန်မလေ့ကျင့်ဖို့ အခွင့်အရေးပေးခဲ့တယ်။ သမ္မာတရားကို ဘယ်လိုပြောဆိုဆွေးနွေးပြီးတော့ ပြဿနာတွေကို ဘယ်လိုဖြေရှင်းမလဲဆိုတာကို လေ့လာခွင့်ပေးခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်မရဲ့တာဝန်တွေကျေပွန်အောင် ဘယ်လိုထမ်းဆောင်ရမလဲဆိုတာနဲ့ သူများတွေရဲ့ ပြဿနာတွေနဲ့ အခက်အခဲတွေကို ဘယ်လိုကူညီဖြေရှင်းပေးရမလဲဆိုတာကို ကျွန်မနည်းနည်းလေးမှမစဥ်းစားခဲ့ပါဘူး။ အဲဒီအစား ကျွန်မရဲ့အမှုတော်ကို ကိုယ့်ကိုယ့်ကိုယ်မြှင့်တင်ဖို့ အခွင့်အအလမ်းတစ်ခု၊ သူများတွေအထင်ကြီးအောင်လုပ်ဖို့ အခွင့်အရေးတစ်ခုလို့မြင်ခဲ့ပါတယ်။ ကျွန်မဟန်ဆောင်ပြီးတော့တောင် ညီအစ်ကိုမောင်နှမတွေကို လှည့်ဖျားခဲ့ပါသေးတယ်။ ကျွန်မမှာ အသိစိတ်လုံးဝမရှိခဲ့ဘဲ အရှက်လည်း လုံးဝမရှိခဲ့ပါဘူး။ ဘုရားသခင်ရဲ့ရှေ့မှောက်မှာ ခစားပြီးတော့ နောင်တရပြီး တောင်းပန်ဝတ်ပြုခဲ့ပါတယ်။ ဂုဏ်နဲ့ အဆင့်အတန်းရဲ့နှောင်ကြိုးတွေကနေ လွတ်မြောက်အောင် လမ်းပြပေးဖို့လည်း တောင်းဆိုခဲ့ပါတယ်။
ဆုတောင်းပြီးတော့ ဘုရားသခင်နှုတ်ကပတ်တော်တွေထဲက ဒီစာပိုဒ်ကိုဖတ်ခဲ့ပါတယ်။ “သင်၌ ဂုဏ်အဆင့်အတန်းရှိသည့်အခါ အရာရှိများကဲ့သို့ ၎င်းတို့ ပို၍ ပြုမူသင့်ကြောင်း၊ ၎င်းတို့ ပုံစံတစ်ခုခုဖြင့် ပြောဆိုသည့်အခါမှသာ အခြားသူများက ၎င်းတို့အား အလေးအနက်ထားပြီး လေးစားမည် ဖြစ်ကြောင်း လူအချို့က တွေးထင်ကြသည်။ ဤသည်မှာ မှားယွင်းသော တွေးခေါ်ပုံ တွေးခေါ်နည်း ဖြစ်သည်ကို သင်သဘောပေါက် နိုင်လျှင်၊ သင်သည် ဘုရားသခင်ထံ ဆုတောင်းပြီး ဇာတိပကတိဆိုင်ရာ အမှုကိစ္စများကို စွန့်ပယ်သင့်သည်။ ထိုလမ်းကြောင်းကို မလျှောက်နှင့်။ သင်၌ ဤကဲ့သို့သော အတွေးအခေါ်များ ရှိသည့်အခါ၊ ထိုအခြေအနေမှ သင်ထွက်ရမည်ဖြစ်ပြီး၊ ယင်း၌ ပိတ်မိဖို့ သင့်ကိုယ်သင် ခွင့်မပြုနှင့်။ သင်သည် ယင်း၌ ပိတ်မိသည်နှင့် တစ်ပြိုင်နက်၊ ပြီးလျှင် ဤအတွေးအခေါ်များနှင့် အမြင်ရှုထောင့်များက သင့်အတွင်း၌ ပုံပေါ်လာသည်နှင့် တစ်ပြိုင်နက်၊ သင့်ကိုယ်သင် ဖုံးကွယ် ထားလိမ့်မည်၊ သင့်ကိုယ်သင် ပြရုပ်တင်လိမ့်မည်၊ ယင်းကို သာ၍ သာ၍ တင်းကျပ်စွာ လုပ်ဆောင်သည်မှာ မည်သူကမျှ သင့်ရင်ထဲကို မြင်နိုင်မည် မဟုတ်သကဲ့သို့ သင့်စိတ်နှလုံး၊ စိတ်တို့နှင့်ပတ်သက်သည့် ခံစားမှုတစ်ခုကိုလည်း နားလည်နိုင်မည် မဟုတ်ပေ။ သင်သည် မျက်နှာဖုံး နောက်ကွယ်မှ စကားပြောသည့်အလား အခြားသူများဖြင့် စကားပြောနေလိမ့်မည် ဖြစ်သည်။ ၎င်းတို့က သင်၏စိတ်နှလုံးကို မြင်နိုင်လိမ့်မည် မဟုတ်ပေ။ အခြားလူများကို သင်၏စိတ်နှလုံး၌ရှိသည့်အရာအား မြင်တွေ့ခွင့်ပေးဖို့၊ ၎င်းတို့ကို ဖွင့်ပြောဖို့နှင့် ၎င်းတို့ထံ ချဉ်းကပ်ဖို့ သင် သင်ယူရမည်။ ကာယဂုဏ်မက်မောခြင်းများမှ သင် ရှောင်သင့်သည်— ပြီးလျှင် ဤအရာနှင့်ပတ်သက်၍ လုံးဝ အမှားမရှိပေ။ ယင်းသည်လည်း မိမိဘာသာ ရှင်သန်နိုင်သော လမ်းကြောင်းတစ်ခု မဟုတ်လော။ သင့်ကို မည်သည့်အရာဖြစ်ပါစေ၊ သင်၏ကိုယ်ပိုင် အတွေးအခေါ်များ၌ရှိသော ပြဿနာများအပေါ် သင် ဦးစွာ ပြန်လည်ဆင်ခြင်ရမည်။ ဟန်ဆောင်ဖို့၊ သို့မဟုတ် အယောင်ဆောင်ဖို့ကို သင် အလိုဆန္ဒရှိသေးလျှင် ဘုရားသခင်ထံ အမြန်ဆုံး သင်ဆုတောင်းသင့်သည်။ ‘အို ဘုရားသခင်။ ကျွန်ုပ်ကိုယ်ကျွန်ုပ် တစ်ဖန် ဖုံးကွယ် မျိုသိပ်လိုပြန်ပါပြီ၊ ပြီးလျှင် ကျွန်ုပ်သည် အကြံအစည်များနှင့် လှည့်စားခြင်းများကို နောက်တစ်ကြိမ် လုပ်ဆောင်တော့မည် ဖြစ်သည်။ ကျွန်ုပ်သည် နတ်ဆိုးတစ်ကောင်သာ ဖြစ်တော့သည်။ ကျွန်ုပ်သည် ကိုယ်တော်ကို ကျွန်ုပ်အား အလွန်ရွံရှာစေမိသည်။ ကျွန်ုပ်သည် လတ်တလောတွင် မိမိကိုယ်ကို အလွန်ရွံရှာမိသည်။ ကျေးဇူးပြု၍ ကျွန်ုပ်ကို ဆုံးမပဲ့ပြင်ပါ၊ အပြစ်ဖော်ဆုံးမပြီး အပြစ်ဒဏ်ပေးပါ။’ ဟူ၍ ဖြစ်သည်။ သင်သည် ဆုတောင်းရမည် ဖြစ်ပြီး သင်၏ သဘောထားကို ဖော်ထုတ်ရမည်။ ဤသည်တွင် သင် လက်တွေ့လုပ်ဆောင်သည့် နည်းလမ်းပါရှိသည်။ ဤလက်တွေ့လုပ်ဆောင်မှုက လူ့သဘာဝ၏ မည်သည့်အမြင်ရှုထောင့်ကို ရည်ရွယ်ဦးတည်သနည်း။ ယင်းက ပြဿနာတစ်ခုနှင့်စပ်လျဉ်း၍ လူများ ထုတ်ဖော်ပြသည့် အတွေးအခေါ်များ၊ အကြံဉာဏ်များနှင့် ရည်မှန်းချက်များ၊ ၎င်းတို့ လျှောက်သည့် လမ်းကြောင်းနှင့် ၎င်းတို့ယူသည့် ဦးတည်ရာတို့ကို ရည်ရွယ်သည်။ ဆိုလိုသည်မှာ သင်၌ အကြံဉာဏ်တစ်ခု ပေါ်လာပြီး သင်က ယင်းတို့ကို ဆောင်ရွက် လိုသည်နှင့်တစ်ပြိုင်နက်၊ သင်သည် ယင်းတို့ကို ကန့်သတ်သင့်ပြီး စိစစ်သင့်သည်။ သင်သည် သင်၏ အတွေးအခေါ်များကို ကန့်သတ်ပြီး စိစစ်သည်နှင့်တစ်ပြိုင်နက်၊ သင်သည် ထိုအတွေးအခေါ်အတိုင်း ဖော်ပြခြင်းနှင့် လုပ်ဆောင်ခြင်း အလွန်ပင် သာ၍ မနည်းပါးသလော။ ထို့အပြင် သင်၏အတွင်းကျကျ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများသည် ဆုတ်ဆိုင်းမှုတစ်ခုကို မကြုံရသလော။” (နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖြေရှင်းရန် တိကျသည့် လက်တွေ့လုပ်ဆောင်မှုလမ်းကြောင်းတစ်ခု ရှိရမည်”) ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဖတ်လိုက်တာကြောင့် လက်တွေ့လုပ်ဆောင်ရမယ့် လမ်းကြောင်းကိုကျွန်မတွေ့လိုက်ရပါတယ်။ ကျွန်မခေါင်းဆောင်တစ်ယောက်အဖြစ် ရွေးချယ်ခံရင်ခံရမယ်။ ဒါပေမဲ့ ကျွန်မရဲ့ ဝိညာဥ်ရင့်ကျက်မှုကတော့ မပြောင်းလဲခဲ့ပါဘူး။ ဒီအမှုတော်ကိုကျေပွန်အောင်ထမ်းဆောင်လိုက်တာနဲ့ ကျွန်မကချက်ချင်းကြီး သမ္မာတရားတွေအားလုံးကို နားလည်သွားမယ်၊ အရာရာကိုနားလည်သွားပြီးတော့ ပြဿနာတွေအကုန်လုံးကို ဖြေရှင်းနိုင်သွားတာမျိုးမဟုတ်ဘူးလေ။ ကျွန်မရဲ့လိုအပ်ချက်တွေကို ရင်ဆိုင်ရမယ်။ ပြဿနာတစ်ခုကိုမဖြေရှင်းနိုင်ရင် နားမလည်ဘူးဆိုတာကို ရိုးရိုးသားသားဝန်ခံလိုက်သင့်တယ်။ အဲဒါမှ ပြဿနာကိုဖြေရှင်းဖို့ သူများတွေနဲ့အတူတူ သမ္မာတရားကိုလိုက်စားနိုင်မှာ။ နောက်တွေ့ဆုံပွဲတစ်ခုမှာ အသင်းတော်ခေါင်းဆောင်တွေက သူတို့မဖြေရှင်းနိုင်ဘဲဖြစ်နေတဲ့ပြဿနာတွေကို မိတ်သဟာယမှာ ပြောဆိုဆွေးနွေးကြတယ်။ အဲဒီအချိန်က ကျွန်မနည်းနည်းစိတ်ပူခဲ့မိတယ်။ သူတို့ရဲ့ပြဿနာတွေကိုသာ ကျွန်မမဖြေရှင်းနိုင်ရင် သူတို့က အထင်သေးကြမလားလို့ပေါ့။ အဲဒါနဲ့ ကျွန်မရဲ့လိုအပ်ချက်တွေကို တည်တည်ငြိမ်ငြိမ်နဲ့ ရင်ဆိုင်နိုင်ပြီးတော့ ကျွန်မရဲ့သဘာထားကို ပြင်ဆင်ပေးဖို့ ဘုရားသခင်ကို တောင်းဆိုပြီးတော့ တိတ်တိတ်လေးဆုတောင်းခဲ့ပါတယ်။ သူတို့ကကျွန်မရဲ့အရည်အချင်းကိုတွေ့ပြီးတော့ တကယ်အထင်သေးတယ်ဆိုလည်း သမ္မာတရားကို ကျွန်မ လက်တွေ့လုပ်ဆောင်ရမှာပါပဲ။ ကျွန်မတို့ရဲ့ပြဿနာတွေအားလုံးကို ဖြေရှင်းပြီးတော့ အလုပ်တွေချောချောမွေ့မွေ့ပြီးတယ်ဆိုရင် ပြီးတာပါပဲ။ အဲဒီနောက်မှာတော့ ကျွန်မနားလည်သလောက် မိတ်သဟာယဖွဲ့ခဲ့ပြီးတော့ မဖြေရှင်းနိုင်တာမျိုးရှိရင် ညီအစ်ကိုမောင်နှမတွေကို ပွင့်ပွင့်လင်းလင်းပြောပြပြီးတော့ ဖြေရှင်းနည်းကို အတူတူရှာကြပါတယ်။ အဲဒီလိုလက်တွေ့လုပ်ဆောင်လိုက်တော့ ကျွန်မ အများကြီးစိတ်သက်သာရာရသွားတယ်။ တဖြည်းဖြည်းနဲ့ သိက္ခာနဲ့ အဆင့်အတန်းကို စွဲလမ်းတာမရှိတော့ဘဲနဲ့ တွေ့ဆုံပွဲတွေမှာ ကျွန်မအများကြီး စိတ်လက်ပေါ့ပါးလာခဲ့ပါတယ်။ ဘုရားသခင်ရဲ့လမ်းညွှန်မှုနဲ့ အသိဉာဏ်ပွင့်လင်းစေမှုကို မကြာခဏ ခံစားခဲ့ရသလို အလုပ်က တချို့ပြဿနာတွေကို ရှာတွေ့ပြီးတော့ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေကနေတစ်ဆင့် အဲဒါတွေကိုဖြေရှင်းနိုင်ခဲ့တယ်။ ကျွန်မရဲ့အမှုတော်ကို အဲဒီလိုထမ်းဆောင်တဲ့အတွက် စဥ်းစားချင့်ချိန်တတ်လာပြီးတော့ အေးချမ်းခဲ့ပါတယ်။
နောက်ကျတော့ ကျွန်မကိုယ်ကျွန်မ ပိုပြီးတော့ နက်နက်ရှိုင်းရှိုင်း ပြန်ဆင်ခြင်သုံးသပ်မိစေတဲ့ တခြားအရာတွေလည်း ဖြစ်ခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်မှာ အသင်းတော်မှာ တည်းဖြတ်ရတဲ့တာဝန်ကို ကျွန်မထမ်းဆောင်ခဲ့တယ်။ အသင်းတော် သုံးခု၊ လေးခုက ညီအစ်ကိုမောင်နှမတွေလုပ်ထားတဲ့ ဆက်စပ်မှုရှိတဲ့ အယူအဆတွေကို လေ့လာဖို့ စာဖတ်အဖွဲ့တစ်ဖွဲ့ စီစဥ်ဖို့လိုလာတယ်။ အဲဒီလောက်ကြီးတဲ့ စာဖတ်အဖွဲ့ တစ်ခါမှမဖွဲ့ဖူးခဲ့ဘူး။ ပြီးတော့ စိတ်လည်းအရမ်းဖိစိးခဲ့တယ်။ ကျွန်မရင်ဘတ်ပေါ်မှာ ကျောက်တုံးကြီး တကယ်တင်ထားရသလိုပါပဲ။ ကျွန်မသာ ရှင်းရှင်းလင်းလင်း မိတ်သဟာယမဖွဲ့နိုင်ခဲ့ရင် သိက္ခာကျမှာကိုစိုးရိမ်ခဲ့တယ်။ တစ်ခါက နောက်ထပ်ရောက်လာမယ့် စာဖတ်အဖွဲ့အတွက် ကျွန်မကို တက်တက်ကြွကြွပါဝင်ပြီး မိတ်သဟာယဖွဲ့ပေးဖို့ အဖွဲ့ခေါင်းဆောင်က တောင်းဆိုလာပါတယ်။ ကျွန်မအရမ်းလန့်သွားတယ်။ အဲဒါကလူနည်းနည်းလေးနဲ့ တွေ့ဆုံပွဲအသေးစားမျိုးမဟုတ်ဘူး။ ညီအစ်ကိုမောင်နှမတွေ အများကြီးရှေ့မှာ ကျွန်မက ရှင်းရှင်းလင်းလင်း မိတ်သဟာယမဖွဲ့နိုင်ဘူးဆိုရင် ဘယ်လိုလုပ်မလဲ။ သူတို့ဘယ်လိုထင်ကြမလဲ။ ကျွန်မလိုအရည်အချင်းနဲ့သူက ဘယ်လိုလုပ်ပြီး တည်းဖြတ်တာဝန်တွေကို ယူထားတာလဲဆိုပြီးများ တွေးကြမလား။ အဲဒီလိုတွေတွေးမိလေလေ၊ ကျွန်မပိုပြီးစိုးရိမ်လာလေလေပဲ။ တွေ့ဆုံပွဲမတိုင်ခင် အခြေခံသဘောတရားတွေကို ထပ်ခါ ထပ်ခါ ဖတ်ခဲ့ပါတယ်။ ကျွန်မဦးနှောက်ခြောက်ခံပြီးတော့ သူတို့နဲ့ပြောဆိုဆွေးနွေးဖို့ အကျစ်လစ်ဆုံးနဲ့ အရှင်းလင်းဆုံးနည်းလမ်းကို စဥ်းစားခဲ့ပါတယ်။ အေးချမ်းမှုနဲ့ စိတ်တည်ငြိမ်မှုကို ပေးသနားဖို့ ဘုရားသခင်ကို တောက်လျှောက်ဆုတောင်းပြီးတော့ တောင်းဆိုခဲ့ပါတယ်။ ဒါပေမဲ့ တွေ့ဆုံပွဲစတဲ့အချိန်ထိ ကျွန်မစိတ်ပူနေတုန်းပဲ။ ကျွန်မပြောဆိုဆွေးနွေးရမယ့်အလှည့်မရောက်အထိ မိနစ်တွေကိုပဲ ရေတွက်နေခဲ့မိတယ်။ အခြေခံသဘောတရားကို ချင့်ချိန်တွေးတာမျိုး လုံးဝမရှိခဲ့ပါဘူး။ အဲဒီတွေ့ဆုံပွဲကို ဘယ်လိုဖြတ်သန်းခဲ့လဲ ကျွန်မလည်းတကယ်မသိဘူး။ အရမ်းဖိအားများတယ်လို့ခံစားခဲ့ရတယ်။ အဲဒီလို စာဖတ်အဖွဲ့မျိုးကို ကျွန်မမစီစဥ်ချင်ခဲ့ပါဘူး။ “စာဖတ်အဖွဲ့ကိုဖျက်သိမ်းပြီးတော့ အားလုံးကို သူတို့ဘာသာပဲ လေ့လာခိုင်းတာပိုကောင်းမယ်ထင်တယ်။ အဲဒါဆို အားလုံးရှေ့မှာ မိတ်သဟာယဖွဲ့တာမကောင်းလို့ ငါအရှက်ကွဲမှာကို စိုးရိမ်နေစရာမလိုတော့ဘူး။” လို့ကိုယ့်ဘာသာတွေးခဲ့ပါတယ်။ ကျွန်မခေါင်းဆောင်ဆီကိုသွားပြီးတော့ စာဖတ်အဖွဲ့ရဲ့ လက်ရှိပုံစံက မထိရောက်ဘူးလို့ သူ့ကိုပြောခဲ့တယ်။ နောက်ဆုံးတော့ အဲဒါကိုဖျက်သိမ်းလိုက်ပါတယ်။ ကျွန်မရဲ့ဆိုးယုတ်တဲ့ရည်ရွယ်ချက်ကို ဘယ်သူကမှမသိခဲ့ပေမယ့် ဘုရားသခင်ကတော့ စောင့်ကြည့်နေခဲ့တယ်။ နောက်ကျတော့ ဘုရားသခင်က ကျွန်မအတွက် အခြေအနေတစ်ခုကို ဖန်တီးခဲ့ပါတယ်။ ညီအစ်မတစ်ယောက်က “ဘာလို့ အခြေခံသဘောတရားတွေကို ဆွေးနွေးဖို့ ညီအစ်ကိုမောင်နှမတွေနဲ့ စာဖတ်အဖွဲ့ မစီစဥ်တော့တာလဲ” လို့ လေးခေါက်၊ ငါးခေါက်လောက်မေးတယ်။ အဲဒီလိုစာဖတ်အဖွဲ့မှာ တကယ်ပါဝင်ချင်တယ်ဆိုပြီးတော့လည်း သူကပြောတယ်။ သူအဲဒီလိုပြောတာကိုကြားတော့ ကျွန်မနည်းနည်းတော့ အပြစ်ရှိသလိုခံစားလိုက်ရတယ်။ အသင်းတော်ရဲ့ တည်းဖြတ်တဲ့တာဝန်ကို ကျွန်မယူထားတာ။ ကျွန်မရဲ့ညီအစ်ကိုမောင်နှမတွေ အခြေခံသဘောတရားတွေကို လေ့လာဖို့ ဦးဆောင်ရမှာက ကျွန်မရဲ့တာဝန်ပဲ။ ဒါပေမဲ့ ကျွန်မအရှက်မကွဲဖို့နဲ့ အဆင့်အတန်းကို ထိန်းသိမ်းဖို့ စာဖတ်အဖွဲ့ကို ဖျက်သိမ်းခဲ့တယ်။ သူများတွေရဲ့လိုအပ်ချက်တွေ ဒါမှမဟုတ် အသင်းတော်ရဲ့လုပ်ဆောင်မှုတွေအတွက် ဘာကအကောင်းဆုံးဖြစ်မလဲဆိုတာတွေကို နည်းနည်းလေးမှမစဥ်းစားခဲ့ပါဘူး။ ကျွန်မက ညီအစ်ကိုမောင်နှမတွေ ထိခိုက်အောင်လုပ်နေခဲ့တာပဲ မဟုတ်ဘူးလား။ အရမ်းကိုအတ္တကြီးပြီးတော့ အောက်တန်းကျလှပါတယ်။
နောက်ကျတော့ အန္တီခရစ်တွေကို ဖော်ထုတ်ထားတဲ့ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေထဲက အရမ်းထိရောက်တဲ့ စာပိုဒ်တစ်ပိုဒ်ကို ကျွန်မတွေ့ခဲ့ရပါတယ်။ ဂုဏ်နဲ့အဆင့်အတန်းကို အရေးထားလွန်းခြင်းက တကယ်တော့ ကျွန်မရဲ့ အန္တီခရစ်စိတ်သဘောထားကို ထုတ်ဖော်နေတာပါပဲ။ ဘုရားသခင်နှုတ်ကပတ်တော်တွေက ဘာပြောလဲဆိုတော့ “မိမိတို့၏အဆင့်အတန်းနှင့် ဂုဏ်ဒြပ်တို့ကို အန္တိခရစ်များ၏ ချစ်မြတ်နိုးခြင်းက သာမန်လူများထက် လွန်ကဲပြီး ယင်းမှာ ၎င်းတို့၏ စိတ်သဘောထားနှင့် အနှစ်သာရအတွင်း ရှိသည့်အရာတစ်ခု ဖြစ်သည်။ ယင်းက ခဏတာ စိတ်ဝင်စားမှုတစ်ခု မဟုတ်သကဲ့သို့ ၎င်းတို့ပတ်ဝန်းကျင်၏ ယာယီ အကျိုးသက်ရောက်မှုလည်း မဟုတ်ပေ— ယင်းက ၎င်းတို့၏အသက်၊ ၎င်းတို့၏အရိုးအတွင်းရှိ အရာတစ်ခုဖြစ်သောကြောင့် ၎င်းတို့၏ အနှစ်သာရဖြစ်သည်။ ဤအရာမှာ အန္တိခရစ်တစ်ဦးလုပ်သမျှ အရာအားလုံး၌ ၎င်းတို့၏ ပထမဆုံး ထည့်တွက်စဉ်းစားသည့် အချက်သည် ၎င်းတို့၏ ကိုယ်ပိုင်အဆင့်အတန်းနှင့် ဂုဏ်ဒြပ်တို့သာ ဖြစ်သည်ဟု ဆိုလိုပေသည်။ အန္တိခရစ်တစ်ဦးအတွက် အဆင့်အတန်းနှင့် ဂုဏ်ဒြပ်တို့က ၎င်းတို့၏ အသက်ဖြစ်သကဲ့သို့ ၎င်းတို့၏ တစ်သက်တာ ပန်းတိုင်လည်း ဖြစ်သည်။ ၎င်းတို့လုပ်သမျှ အရာအားလုံး၌ ၎င်းတို့၏ ပထမဆုံး ထည့်တွက် စဉ်းစားသည့်အချက်က ‘ငါ၏အဆင့်အတန်းက ဘာဖြစ်သွားမည်နည်း။ ငါ၏ဂုဏ်ဒြပ်ကရော ဘာဖြစ်သွားမည်နည်း။ ဤအရာကို လုပ်ဆောင်ခြင်းက ငါ့ကို ဂုဏ်ဒြပ်ရစေမည်လော။ ယင်းက လူများ၏စိတ်များထဲရှိ ငါ၏အဆင့်အတန်းကို မြှင့်တင်ပေးမည်လော’ ဖြစ်၏။ ယင်းမှာ ၎င်းတို့ ပထမဆုံးတွေးသည့် အရာဖြစ်သည်၊ ယင်းက ၎င်းတို့၌ အန္တိခရစ်များ၏ စိတ်သဘောထားနှင့် အနှစ်သာရတို့ ရှိခြင်း၏ လုံလောက်သော သက်သေဖြစ်သည်။ သို့မဟုတ်ပါက ၎င်းတို့သည် ထိုနည်းအားဖြင့် ကြိုးစားမည် မဟုတ်ချေ။” (အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “၎င်းတို့သည် မိမိတို့ကိုယ်တိုင် ထင်ရှားကျော်ကြားမှု ရစေဖို့နှင့် ၎င်းတို့ကိုယ်တိုင်၏ အကျိုးစီးပွားများနှင့် ရည်မှန်းချက်များကို ပြည့်ဝစေဖို့သာ ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင့်အိမ်တော်၏အကျိုးစီးပွားများကို မည်သည့်အခါမျှ အရေးမထားသကဲ့သို့၊ ပုဂ္ဂိုလ်ရေးရာ ထင်ပေါ်ကျော်ကြားမှုအတွက် အပြန်အလှန်အားဖြင့် ထိုအကျိုးစီးပွားများကိုပင် ပစ်ပယ်သည် (အပိုင်း ၂)”) ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေကို သေချာတွေးကြည့်လိုက်တော့မှ ကျွန်မရဲ့ လတ်တလောဖြစ်နေတဲ့ ဂုဏ်နဲ့ အဆင့်အတန်းကို စွဲလမ်းမှုဟာ ကျွန်မရဲ့အန္တီခရစ် စိတ်သဘောထားရဲ့ ကိုယ်ထင်ပြခြင်းပဲဆိုတာကို တွေ့လိုက်ရတယ်။ စာဖတ်အဖွဲ့စီစဥ်တုန်းက ကျွန်မက အခြေခံသဘောတရားတွေကို ကောင်းကောင်းနားမလည်ဘဲနဲ့ မိတ်သဟာယကမကောင်းလို့ သူများတွေက ကျွန်မကို အထင်သေးမှာကို စိတ်ပူခဲ့တယ်။ တွေ့ဆုံပွဲမတိုင်ခင်မှာ အခြေခံသဘောတရားတွေကို ထပ်ခါထပ်ခါ ဖတ်ခဲ့ပြီးတော့ ကျွန်မကိုယ်ကျွန်မ အကောင်းဆုံးဖော်ပြနိုင်မယ့် ဖြစ်နိုင်တဲ့နည်းလမ်းအတွက် စိတ်သောကရောက်ခဲ့တယ်။ ဒါပေမဲ့ အဲဒါတွေအားလုံးက သမ္မာတရားနဲ့ အခြေခံသဘောတရားတွေကို နားလည်ဖို့မဟုတ်သလို ညီအစ်ကိုမောင်နှမတွေ လက်တွေ့ကျပြီး အသုံးတည့်မယ့်ဟာကို လေ့လာတာကို ကူညီပေးဖို့လည်းမဟုတ်ပါဘူး။ ကျွန်မကိုယ်ကျွန်မ “ကျွမ်းကျင်သူတစ်ယောက်” အဖြစ်ပုံဖော်ပြီးတော့ သူများတွေရဲ့ လေးစားချစ်ခင်မှုကိုရဖို့အတွက်ပဲ။ ဂုဏ်နဲ့အဆင့်အတန်းကို အရေးထားလွန်းခဲ့ပြီး တွေ့ဆုံပွဲတွေကို ကျွန်မဂုဏ်တက်အောင် အသုံးချရမယ့် အခွင့်အလမ်းတစ်ခုအဖြစ်ပဲ မှတ်ယူခဲ့တယ်။ အဲဒါက ထိရောက်တဲ့လေ့လာနည်းတစ်ခုဆိုတာကို ကျွန်မကောင်းကောင်းသိပါတယ်။ ဒါပေမဲ့ ကောင်းကောင်း မပြောဆို မဆွေးနွေးနိုင်လို့ ကျွန်မသိက္ခာကျမှာကို ကြောက်ခဲ့တယ်။ အဲဒါကြောင့်ပဲ တာဝန်တွေကိုခေါင်းရှောင်ခဲ့ပြီးတော့ စာဖတ်အဖွဲ့ဖျက်သိမ်းရခြင်းအတွက် ဆင်ခြေတွေတောင်ပေးခဲ့ပါသေးတယ်။ သိက္ခာမကျဖို့နဲ့ သူများတွေရဲ့လေးစားချစ်ခင်မှုကို ဘယ်လိုရမလဲဆိုတာကို နေ့စဥ်နေ့တိုင်း စဥ်းစားနေခဲ့တယ်။ ကျွန်မရဲ့ပုဂ္ဂိုလ်ရေးအကျိုးကျေးဇူးကို အရာရာထက် ပိုဦးစားပေးခဲ့တယ်။ ကျွန်မရဲ့စိတ်နှလုံးထဲမှာ ဘုရားသခင်ရဲ့တာဝန်ပေးစေခိုင်းချက်က လုံးဝရှိမနေခဲ့ဘဲနဲ့ ဘယ်ဟာက ဘုရားသခင်အိမ်တော်ရဲ့ လုပ်ဆောင်မှုတွေအတွက် အကောင်းဆုံးဖြစ်မလဲ၊ ဘယ်လိုလုပ်ဆောင်မှုမျိုးကျတော့ ကျွန်မရဲ့ညီအစ်ကိုမောင်နှမတွေအတွက် အကောင်းဆုံးဖြစ်မလဲဆိုတာတွေကို မစဥ်းစားခဲ့ဘူး။ ကျွန်မဘယ်လောက်တောင် အတ္တကြီးပြီး အောက်တန်းကျလိုက်သလဲ။ အပြင်ပန်းမှာတော့ အန္တီခရစ်တစ်ယောက်အနေနဲ့ သိသာထင်ရှားတဲ့ မကောင်းမှုမျိုး ဘာမှမလုပ်ပေမယ့် အနှစ်သာရအရတော့ ကျွန်မရဲ့စိတ်သဘောထားက ဘာမှမကွာခြားပါဘူး။ အန္တီခရစ်တစ်ယောက်ရဲ့လမ်းကြောင်းကို ကျွန်မလျှောက်လှမ်းနေခဲ့တာ။ ကျွန်မမှာ တကယ့်အဆင့်အတန်းတစ်ခုရှိခဲ့ရင်လည်း အန္တီခရစ်တစ်ယောက်လိုပဲပြုမူမှာပဲ။ ကျွန်မရဲ့ပုဂ္ဂိုလ်ရေးအကျိုးစီးပွားကိုရဖို့ ဘုရားသခင်အိမ်တော်ရဲ့အလုပ်တွေကို နှောင့်ယှက်ပြီး နှောင့်နှေးအောင်လုပ်မှာပါပဲ။ မကောင်းမှုမျိုးစုံကိုလုပ်မိပြီးတော့ ဘုရားသခင်ရဲ့ သုတ်သင်ဖယ်ရှင်းခြင်းကိုခံရမှာပါ။ အဲဒါတွေအားလုံးကို ကျွန်မသဘောပေါက်သွားတာနဲ့ အရမ်းကြောက်ပြီးတော့ နောင်တရလာခဲ့တယ်။ အဲဒါကြောင့် ဘုရားသခင်ကို “ချစ်လှစွာသော ဘုရားသခင်၊ စာတန်ကို ကျွန်မကိုနက်နက်ရှိုင်းရှိုင်း ဖောက်ပြန်ပျက်စီးအောင်လုပ်ထားပါတယ်။ ကျွန်မဟာ အမြဲတမ်း ဂုဏ်နဲ့အဆင့်အတန်းကိုထိန်းသိမ်းဖို့ ကြိုးစားနေပြီးတော့ ကျွန်မရဲ့တာဝန်အတွက် ဆက်ကပ်အပ်နှံထားတာမျိုး ဒါမှမဟုတ် တာဝန်သိတတ်တာမျိုးမရှိဘဲ ဖြစ်နေခဲ့ပါတယ်။ အို ဘုရားသခင်၊ ကိုယ်တော်ကို ဆက်ပြီး ပုန်ကန်တော်လှန်တာမျိုး မလုပ်ချင်တော့ပါဘူး။ ဝန်ချတောင်းပန်ချင်ပါတယ်။ ကျွန်မကိုအသိဉာဏ်ပွင့်လင်းစေပြီးတော့ လမ်းပြပေးတော်မူပါ” လို့ဆုတောင်းခဲ့ပါတယ်။
လေ့လာလိုက်စားရင်းနဲ့ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေကို ဖတ်ပြထားတဲ့ ဗီဒီယိုတစ်ခုကိုတွေ့ခဲ့ပါတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ယင်းမှာ မည်သည့်ပြဿနာပင်ဖြစ်ပါစေ ဖြစ်ပေါ်လာသည့် မည်သည့်ပြဿနာကိုမဆို ဖြေရှင်းဖို့ သင် သမ္မာတရားကို ရှာဖွေရမည်ဖြစ်ပြီး မည်သည့်နည်းလမ်းနှင့်မျှ သင်ဟန်မဆောင်ရ၊ သို့မဟုတ် အခြားသူများအတွက် အယောင်ဆောင်မလှည့်စားရ။ သင်၏အားနည်းချက်များ၊ သင်၏ချို့ယွင်းချက်များ၊ သင်၏အမှားများ၊ သင်၏ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ— ယင်းတို့အားလုံးနှင့်ပတ်သက်၍ လုံးဝ ပွင့်ပွင့်လင်းလင်းရှိပြီး မိတ်သဟာယပြုလော့။ ယင်းတို့ကို အတွင်း၌ မသိမ်းထားနှင့်။ သင့်ကိုယ်သင် မည်သို့ဖွင့်ဟဖို့ကို သင်ယူခြင်းသည် သမ္မာတရားသို့ ဝင်ရောက်ခြင်း၏ ပထမခြေလှမ်းဖြစ်ပြီး၊ ယင်းမှာ အောင်နိုင်ဖို့ အခက်ဆုံးဖြစ်သည့် ပထမဆုံး အခက်အခဲတစ်ခုဖြစ်သည်။ ယင်းကို သင်အောင်နိုင်ပြီးသည်နှင့်၊ သမ္မာတရားကို ဝင်ရောက်ခြင်းသည် လွယ်ကူပေသည်။ ဤအဆင့်ကိုလှမ်းဖို့ဟူသည်မှာ သင်၏စိတ်နှလုံးကို ဖွင့်ပြီး ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ၊ အပြုသဘောဆောင်သည်ဖြစ်စေ၊ အဖျက်သဘောဆောင်သည်ဖြစ်စေ သင့်၌ရှိသမျှ အားလုံးကို ပြခြင်းဖြစ်သည်။ ဘုရားသခင်ထံမှ မည်သည့်အရာမျှ မကွယ်ဝှက်ဘဲ၊ မည်သည့်အရာမျှ မဖုံးကွယ်ဘဲ၊ လှည့်စားမှုနှင့် လှည့်ကွက်ကင်းကာ၊ အခြားသူများကို အလားတူ ပွင့်လင်းပြီး ရိုးသားရင်း၊ အခြားသူများနှင့် ဘုရားသခင် မြင်ဖို့ရာ သင့်ကိုယ်သင် ထုတ်ဖော်ပြခြင်း ဖြစ်သည်။ ဤနည်းအားဖြင့် သင်သည် အလင်းတွင် အသက်ရှင်ပြီး ဘုရားသခင်က သင့်ကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးမည်သာမက၊ အခြားသူများကလည်း သင်သည် အခြေခံသဘောတရားနှင့်အညီ၊ ပွင့်လင်းမြင်သာသည့် အတိုင်းအတာတစ်ခုဖြင့် ပြုမူကြောင်း မြင်နိုင်လိမ့်မည်။ သင်သည် မည်သည့်အရာကိုမျှ ဖုံးကွယ်စရာ မလိုအပ်ပေ၊ မည်သည့်ပြုပြင်မွမ်းမံခြင်းမျှ ပြုစရာ မလိုအပ်ပေ၊ သို့မဟုတ် သင်၏ကိုယ်ပိုင်ဂုဏ်သတင်း၊ မိမိကိုယ်ကို လေးစားမှုနှင့် ဂုဏ်အဆင့်အတန်းတို့အတွက် မည်သည့်လှည့်ကွက်ကိုမျှ အသုံးပြုရန် မလိုအပ်ပေ၊ ပြီးလျှင် ဤအရာက သင်ပြုပြီးဖြစ်သည့် မည်သည့်အမှားနှင့်မဆိုလည်း သက်ဆိုင်ပေသည်။ ထိုသို့သော အဓိပ္ပာယ်မရှိသည့်အလုပ်သည် မလိုအပ်ပေ။ သင်သည် မလုပ်ဆောင်လျှင်၊ သင်သည် လွယ်ကူစွာနှင့် မမောမပန်းဘဲ အလင်း၌ လုံးလုံး အသက်ရှင်လိမ့်မည်။ ထိုသို့သောလူများသာလျှင် ဘုရားသခင်၏ချီးမွမ်းခြင်းကို ရရှိနိုင်ပေသည်။” (နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားကို လက်တွေ့လုပ်ဆောင်သောသူတို့သာ ဘုရားသခင်ကို ကြောက်ရွံ့ကြသော သူများ ဖြစ်သည်”) ကျွန်မတို့အားလုံး သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီးတော့ ရိုးသားတဲ့သူတွေဖြစ်ဖို့ ဘုရားသခင်ကမျှော်လင့်တယ်ဆိုတာကို တွေ့ခဲ့ရတယ်။ ကျွန်မတို့ရဲ့ချို့ယွင်းချက်တွေပဲဖြစ်စေ၊ လိုအပ်ချက်တွေပဲဖြစ်စေ၊ ဖောက်ပြန်ပျက်စီးမှုကို ဖော်ပြနေတာတွေပဲဖြစ်စေ၊ အားလုံးကို ကျွန်မတို့ပွင့်ပွင့်လင်းလင်းပြောသင့်ပါတယ်။ သူများတွေအတွက်ပဲဖြစ်ဖြစ်၊ ဘုရားသခင်အတွက်ပဲဖြစ်ဖြစ်၊ ဘာကိုမှကျွန်မတို့စိတ်ထဲမှာသိမ်းမထားသင့်သလို ဟန်ဆောင်ဖုံးကွယ်တာလည်း မလုပ်သင့်ပါဘူး။ ကျွန်မတို့ရဲ့စကားတွေနဲ့ လုပ်ရပ်တွေအားလုံးကို ဘုရားသခင်ရဲ့ စိစစ်ရွေးချယ်မှုကို နာခံဖို့ စိတ်အားထက်သန်ရမယ်။ အဲဒါမှသာ ဘုရားသခင်ရဲ့ချီးမွမ်းမှုကိုရရှိမှာပါ။ တကယ်တမ်းကတော့ ကျွန်မဘယ်လောက်ပဲ ဟန်ဆောင်ဖုံးကွယ်ပါစေ၊ ကျွန်မရဲ့ဝိညာဥ်ရင့်ကျက်မှုကို ပြောင်းလဲလို့မရဘူး။ ကျွန်မရဲ့ညီအစ်ကိုမောင်နှမတွေကို ကျွန်မကိုအထင်ကြီးအောင် အရူးလုပ်လို့ရရင်တောင်မှ ဘုရားသခင်ကိုတော့ အရူးလုပ်လို့မရပါဘူး။ ဘုရားသခင်ရဲ့စိစစ်ရွေးချယ်မှုကို ပွင့်ပွင့်လင်းလင်း၊ စစ်စစ်မှန်မှန်နဲ့ နာခံပြီးတော့ ရိုးသားတဲ့သူတစ်ယောက်ဖြစ်သင့်တယ်။
နောက်ကျတော့ အသင်းတော်တချို့က ညီအစ်ကိုမောင်နှမတွေနဲ့ လေ့လာဖို့ တွေ့ဆုံပွဲတွေကို ပိုပြီးစီစဥ်ခဲ့တယ်။ အဲဒီတွေ့ဆုံပွဲတွေကို ထိရောက်ပြီးတော့ စစ်မှန်စေချင်တယ်။ ညီအစ်ကိုမောင်နှမတွေအတွက် လက်တွေ့ကျတဲ့အကူအညီ ဖြစ်စေချင်တယ်။ အဲဒါကြောင့် စာဖတ်လေ့လာဖို့ပစ္စည်းတွေကို စီစဥ်တိုင်းမှာ ဘုရားသခင်ကို တကယ်လေးလေးနက်နက် ဆုတောင်းပြီး သူ့ရဲ့လမ်းညွှန်မှုကို တောင်းခံခဲ့တယ်။ ကျွန်မမသေချာတဲ့ ဘယ်မေးခွန်းကိုမဆို အဖွဲ့ကိုပြောပြပြီး အတူတူပြောဆိုဆွေးနွေးကြတယ်။ အရင်တွေ့ဆုံပွဲတွေမှာဆိုရင် သူများတွေကျွန်မကိုသေချာပေါက် အထင်ကြီးစေမယ့်နည်းလမ်းတွေကို ဦးနှောက်အစားခံပြီး စဥ်းစားတယ်။ စိုးရိမ်ပူပန်စိတ်တွေများပြီး အရမ်းပင်ပန်းတာပဲ အဖက်တင်တယ်။ အခုတော့ ကျွန်မအရှက်မကွဲဖို့နဲ့ အဆင့်အတန်းတစ်ခုရဖို့ လိုက်မလုပ်တော့ဘူး။ ပြီးတော့ အများကြီးပိုပြီး လွတ်လပ်ပေါ့ပါးလာတယ်။ တွေ့ဆုံပွဲတစ်ခုထိရောက်ဖို့ဆိုတာ အားလုံးရဲ့ပူးပေါင်းပါဝင်မှုလိုတယ်ဆိုတာကိုလည်း ကျွန်မသဘောပေါက်သွားတယ်။ ပြီးတော့ သန့်ရှင်းသောဝိဉာဥ်တော်ရဲ့ အသိဉာဏ်ပွင့်လင်းစေမှုနဲ့ အလင်းပေးမှုက တကယ့်သော့ချက်ပါပဲ။ တွေ့ဆုံပွဲတွေကို မှန်ကန်တဲ့သဘောထားနဲ့ ချဥ်းကပ်တဲ့အခါ ဘုရားသခင်ရဲ့ အသိဉာဏ်ပွင့်လင်းစေမှုနဲ့ လမ်းညွှန်မှုကို ခံစားခဲ့ရတယ်။ တစ်ခါတလေ မိတ်သဟာယမှာ အားလုံးက သူတို့ရဲ့အယူအဆတွေကို ပြောဆိုကြတဲ့အခါ တွေ့ဆုံပွဲကနေ အများကြီးရလိုက်တယ်လို့ ခံစားရပါတယ်။ ဒီအတွေ့အကြုံကနေတစ်ဆင့် အဆင့်အတန်းနဲ့ ဂုဏ်သိက္ခာနောက်ကိုလိုက်တာက ဘယ်လောက်ရူးသွပ်လဲဆိုတာကို တကယ်ခံစားလိုက်ရတယ်။ ကျွန်မက ကိုယ့်ကိုယ်ကိုယ် နှိပ်စက်နေခဲ့တာ။ ပြီးတော့ ကျွန်မတာဝန်တွေ ကျေပွန်အောင် မထမ်းဆောင်နိုင်လို့ ဘုရားသခင်ကလည်း ရွံရှာစက်ဆုပ်နေပြီ။ ဘုရားသခင်နှုတ်ကပတ်တော်တွေအတိုင်း လက်တွေ့လုပ်ဆောင်၊ ဘုရားသခင်ရဲ့ ဖန်ဆင်းခံတစ်ယောက်ဖြစ်ဖို့ ရှေုးရှုပြီး ရိုးရိုးသားသား၊ လေးလေးနက်နက်နဲ့ ကျွန်မအမှုတော်ကို ကျေပွန်အောင်ထမ်းဆောင်မှသာ ကျွန်မအပူအပင်ကင်းကင်းနဲ့ ပျော်ပျော်ရွှင်ရွှင်နေနိုင်ပါတယ်။
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။