ကျွန်မတာဝန်မှာ အဖိုးအခ မပေးဆပ်ချင်ခဲ့တဲ့ အကြောင်းရင်း
ကျွန်မက ဂရတ်ဖစ်ဒီဇိုင်းမှာ လုပ်နေတာပါ။ အဖွဲ့ခေါင်းဆောင်က ကျွန်မကို ပုံအသစ်တစ်ခုဖန်တီးဖို့ တာဝန်ပေးတယ်။ အဲဒီအချိန်တုန်းက ကျွန်မက သိပ်အတွေ့အကြုံမရှိသေးဘူးဆိုတော့ အလုပ်ရဲ့ စည်းမျဉ်းတွေ၊ အခြေခံအချက်တွေကို မသိဘူး။ ကျွန်မ တော်တော်အားစိုက်လုပ်တယ်။ ဒါပေမဲ့ ကျွန်မရလာတာက သိပ်မကောင်းဘူး။ သုံးလေးကြိမ်လောက် တည်းဖြတ်ပြီး တိုးတက်မှုက သိပ်မရှိဘူး။ ဒီပုံစံအသစ်ကို ဒီဇိုင်းဆွဲရတာ တော်တော်ခက်သလို ခံစားရတယ်။ အဖွဲ့ခေါင်းဆောင်က ကျွန်မကို နောက်ထပ် ဒီလိုမျိုးပုံတစ်ခုလုပ်ဖို့ပြောတော့ ကျွန်မက တော်တော် အတိုက်အခံဖြစ်တယ်။ တခြားတစ်ယောက်ယောက်ကို လွှဲပေးလိုက်ဖို့နည်းတွေပဲ စဉ်းစားနေခဲ့တယ်။ အဖွဲ့ခေါင်းဆောင်ရှေ့မှာ ကျွန်မက ဒီလိုဒီဇိုင်းတွေကို မကျွမ်းကျင်ဘူးလို့တောင် တမင်သက်သက်ပြောခဲ့တယ်။ ကျွန်မ စဉ်းစားနေတာကို သူကမြင်ရပြီးတော့ ဒီအလုပ်တွေကို ကျွန်မကို ချမပေးတော့ဘူး။ နောက်ပိုင်းကျတော့ အသင်းတော်ခေါင်းဆောင်က ကျွန်မကို အနီးကပ်ကျတော့မှ ပုံတစ်ခုကို တည်းဖြတ်ခိုင်းတယ်။ ပြီးတော့ အသေးစိတ်ညွှန်ကြားချက်တချို့ကို အဖွဲ့ခေါင်းဆောင်ကို ကျွန်မကို ပြောခိုင်းတယ်။ အဲဒါက အရေးတကြီးလိုမျိုး ဖြစ်နေတာပေါ့။ နဂိုဖွဲ့စည်းပုံကို အခြေခံပြီး သူ့ပုံစံကို အမြန်ဆုံးတည်းဖြတ်ပြီးတော့ ပိုပြီးအသေးစိတ်ကျတဲ့အပိုင်းတွေကို အချောသပ်ရမှာ။ ကျွန်မအတွက် ရိုးရှင်းတဲ့ပုံစံရှိတယ်။ အခြေခံပုံသဏ္ဍန်ကရှိပြီးသားဆိုတော့ နည်းနည်းလောက်ညှိလိုက်ရင် ရလောက်ပြီ ပေါ့။ ဒါပေမဲ့ အဖွဲ့ခေါင်းဆောင်က ကျွန်မ တည်းဖြတ်တာတွေကို မကျေနပ်ဘဲ ဘယ်လိုပြင်ရမယ်ဆိုတာကို ကျွန်မကို အကြံနည်းနည်းပေးတယ်။ အဲဒါက လက်ဝင်တဲ့ပုံစံရှိနေတော့ ကျွန်မက မလုပ်ချင်ဘူး။ ပုံက အခြေခံအရတော့ အဆင်ပြေတယ်လို့ ခံစားမိတယ်။ သုံးလို့ရတယ်ဆို လုံလောက်ပြီပေါ့။ ဒါကို ပြင်ဖို့အတွက် ဒီလောက်အသေးစိတ်လုပ်ဖို့ တကယ်လိုလို့လားပေါ့။ အချိန်နဲ့ အားအင် တော်တော်ကုန်မှာပဲ ပေါ့။ အဲဒါနဲ့ ကျွန်မ တွေးမိတာတွေကို ပြောပြဖို့ ဆုံးဖြတ်လိုက်တယ်။ ဒါပေမဲ့ ကျွန်မ အံ့ဩသွားတာက အဖွဲ့ခေါင်းဆောင်က ကျွန်မကို ဒီစာပို့တယ်။ “အစ်မက ကိုယ့်တာဝန်မှာ စိတ်နှစ်ပြီးမလုပ်ဘူး၊ ဘာကိုမှ အောင်မြင်ဖို့ မကြိုးစားဘူး။ ကိုယ့်ကိုယ်ကိုယ် ဒုက္ခမရောက်အောင် အမြဲတမ်းလုပ်ဖို့ ကြိုးစားနေပြီး ဝတ်ကျေတမ်းကျေလုပ်တဘ်။ ဒီလိုသဘောထားမျိုးနဲ့ တာဝန်ကို ဘယ်လိုကောင်းကောင်းလုပ်နိုင်မှာလဲ” တဲ့။ ဒီဝေဖန်မှုတွေကို တန်းစီပြီး တွေ့လိုက်ရတော့ ကျွန်မအရမ်းစိတ်ရှုပ်သွားပြီး မတရားခံရသလို ခံစားမိတယ်။ ငါက အဲဒီလောက်ဆိုးတာလား ပေါ့။ သုံးလေးရက်ကြာတော့ အသင်းတော်ခေါင်းဆောင်က ကျွန်မကို ဇာတိပကတိကို တပ်မက်ပြီး ခက်ခဲတဲ့အရာမှန်သမျှကို ရှောင်တဲ့အတွက် ကိုင်တွယ်ဖြေရှင်းတယ်။ ကျွန်မက ခက်တဲ့ဒီဇိုင်းတွေကို ခက်ခက်ခဲခဲလုပ်ရတာကို ရှောင်ချင်တယ်၊ ကြိုးစားပြီးမလုပ်ချင်ဘူး၊ ကျွန်မတာဝန်မှာ အမြဲတမ်း ဖြစ်သလိုလုပ်တယ်၊ အားကိုးလို့မရဘူးဆိုပြီးတော့ ပြောတယ်။ သူဒီလိုပြောတာကို ကြားရတော့ ကျွန်မကို တော်တော်ထိတယ်။ ကျွန်မကို ကောင်းကောင်းသိတဲ့ အစ်မတစ်ယောက်ကတောင် တဲ့တိုးပြောတယ်။ “အစ်မက ဒီဇိုင်းကောင်းတွေထုတ်လုပ်ဖို့ မစဉ်းစားတဲ့ ဒီဇိုင်နာတစ်ယောက်ဆိုရင် ဘယ်လိုလုပ်ပြီး တာဝန်ထမ်းဆောင်တာဖြစ်မှာလဲ” တဲ့။ ဒါကို ကြားရတာ ကျွန်မအပေါ်ကို ရေအေးနဲ့ လောင်းချလိုက်သလိုပဲ။ အရိုးထဲထိ စိမ့်အေးသွားတယ်။ တာဝန်ထမ်းဆောင်တဲ့ကျွန်မအချိန်က ပြည့်သွားပြီ၊ ကျွန်မက ဘယ်လိုလူမျိုးဆိုတာ လူတိုင်းက သိသွားပြီ၊ ဒါကြောင့် အခုကစပြီး ဘယ်သူမှ ကျွန်မကို ယုံမှာမဟုတ်တော့ဘူးလို့ ခံစားမိတယ်။
အဲဒီနေ့ညနေမှာ လတ်တလောဖြစ်ခဲ့တာတွေအကုန်လုံးနဲ့ ကျွန်မအပေါ် သူများတွေရဲ့ အကဲဖြတ်ချက်ကို ပြန်စဉ်းစားတယ်။ ကျွန်မ တော်တော် စိတ်မချမ်းမသာဖြစ်ပြီး လူတိုင်းကို စိတ်ပျက်စေတဲ့အတွက် ကိုယ့်ကိုယ်ကိုယ် မုန်းမိတယ်။ ကျွန်မတာဝန်ကို ဘာကြောင့် ဒီလိုမျိုး လုပ်ခဲ့တာလဲ ပေါ့။ ကျွန်မ ဆက်ဆက်ပြီး ငိုနေခဲ့တယ်။ ဆင်းရဲဒုက္ခရောက်နေရင်းနဲ့ ဘုရားနှုတ်ကပတ်တော်ထဲက ဒါကို ကျွန်မ ဖတ်ရတယ်။ “တာဝန်တစ်ခုထမ်းဆောင်သောအခါတွင် လူတို့သည် ပေါ့ပါးသောအလုပ်၊ သူတို့ကို မပင်ပန်းစေသောအလုပ်၊ ဆိုးရွားသောရာသီဥတုတွင် အပြင်ထွက်ရခြင်း မပါဝင်သောအလုပ်ကို အစဉ် ရွေးချယ်ကြသည်။ ဤသည်မှာ လွယ်ကူသောအလုပ်များကို ရွေးခြင်းနှင့် ခက်ခဲသော အလုပ်များကို ခေါင်းရှောင်ခြင်းဖြစ်ပြီး ဇာတိပကတိ သက်သာမှုများကို တပ်မက်ခြင်း၏ သရုပ်သကန်ဖြစ်သည်။ အခြားမည်သည့်အရာရှိသေးသနည်း။ (သူတို့၏ တာဝန်က အနည်းငယ်ခက်ခဲသောအခါ၊ အနည်းငယ် ပင်ပန်းသောအခါ၊ အဖိုးအခတစ်ခုပေးဆပ်ခြင်း ပါဝင်သောအခါ အစဉ် ညည်းညူခြင်း။) (အစားအစာနှင့် အဝတ်အစား၊ ဇာတိပကတိကို လိုက်လျောခြင်းတို့ကိုသာ စိတ်ရောက်နေခြင်း။) ဤအရာအားလုံးသည် ဇာတိပကတိ သက်သာမှုကို တပ်မက်ခြင်း၏ သရုပ်သကန်များဖြစ်သည်။ ထိုသို့သော လူတစ်ဦးသည် အလုပ်တာဝန်တစ်ခုက ပင်ပန်းခက်ခဲလွန်းသည်၊ သို့မဟုတ် အန္တရာယ်များသည်ဟု မြင်သည့်အခါ အခြားလူတစ်ဦးအပေါ် လွှဲပေးလိုက်သည်။ ၎င်းတို့ကိုယ်တိုင်ကမူ အေးအေးဆေးဆေး အလုပ်ကိုသာ လုပ်ပြီး ၎င်းတို့သည် အစွမ်းအစ ညံ့ဖျင်းကာ လိုအပ်သော ကျွမ်းကျင်မှုများ မရှိကြောင်း၊ ယင်းက ၎င်းတို့အတွက် မတတ်နိုင်လောက်အောင် ဖြစ်ကြောင်းတို့ကို ပြောဆိုလျက် ဤအလုပ်ကို မလုပ်နိုင်သည့် အကြောင်းအရင်းအတွက် ဆင်ခြင်များပေးကြသည်။ အမှန်မှာမူ ၎င်းတို့သည် ဇာတိပကတိ၏ သက်သာမှုများကို မက်မောသောကြောင့်ဖြစ်သည်။...တာဝန်ထမ်းဆောင်စဉ်တွင် လူတို့သည် အစဉ် ညည်းညူသောအချိန်၊ ၎င်းတို့သည် မည်သည့်ကြိုးစားအားထုတ်မှုမျှ မပြုလိုသည့်အချိန်၊ ၎င်းတို့၌ အလုပ်အားလပ်သည့်အချိန် အနည်းငယ် ရှိသည်နှင့်တစ်ပြိုင်နက် အနားယူကာ အလဟဿ ရောက်တတ်ရာရာပြောသည်၊ သို့မဟုတ် အေးဆေးစွာ အနားယူခြင်း၊ ဖြေဖျော်မှုများ ခံစားခြင်း တို့ကို လုပ်ဆောင်သည်။ ပြီးလျှင် အလုပ်များလာပြီး ၎င်းတို့ဘဝများ၏ ပုံမှန်လှုပ်ရှားမှုနှင့် လုပ်ရိုးလုပ်စဉ်တို့ ပျက်သည့်အခါ ၎င်းတို့က ယင်းကိုမပျော်မရွှင်ဖြစ်ပြီး ကျေနပ်မှုမရှိကြပေ။ ၎င်းတို့က ညည်းညူပြီး စောဒကတက်ကြကာ မိမိတို့၏တာဝန် ထမ်းဆောင်ခြင်းတွင် ပေါ့ဆကာ ဝတ်ကျေတမ်းကျေ ဖြစ်လာသည်။ ဤသည်မှာ ဇာတိပကတိ၏ သက်သောင့်သက်သာဖြစ်ခြင်းကို အငမ်းမရဖြစ်ခြင်းမဟုတ်သလော။...ဇာတိပကတိ သက်သာမှုကို တပ်မက်သောလူများသည် တာဝန်တစ်ခု ထမ်းဆောင်ဖို့အတွက် သင့်တော်သည့် လူများ ဖြစ်သလော။ ၎င်းတို့၏တာဝန် ထမ်းဆောင်ခြင်း အကြောင်းအရာကို ဆွေးနွေးကြလော့၊ အဖိုးအခပေးခြင်းနှင့် ဒုက္ခခံခြင်းအကြောင်း ပြောလော့၊ ပြီးလျှင် ၎င်းတို့သည် မိမိတို့၏ခေါင်းများကို မပြတ်ခါကြပေသည်။ ၎င်းတို့၌ ပြဿနာများစွာ ရှိမည်၊ ၎င်းတို့သည် စောဒကအပြည့်ရှိကြသည်၊ အရာရာနှင့်ပတ်သက်၍ အပျက်သဘောဆောင်ကြသည်။ ထိုသို့သော လူများသည် အသုံးမကျပေ၊ ၎င်းတို့သည် မိမိတို့၏တာဝန်ကို ထမ်းဆောင်ဖို့ အခွင့်မရှိဘဲ၊ မောင်းထုတ်ခံရသင့်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ) တာဝန်တစ်ခုမှာ ရိုးရှင်းပြီး လွယ်ကူတဲ့ အလုပ်တွေကို ရွေးချယ်တာက၊ ပိုရှုပ်ထွေးပြီး ခက်တာတွကို သူများတွေကို အမြဲတမ်းလုပ်ခိုင်းတာက ဉာဏ်ရှိတာ၊ အစွမ်းအစရှိတာနဲ့မဆိုင်ဘူးဆိုတာ ဘုရားနှုတ်ကပတ်တော်တွေကနေ ကျွန်မ မြင်သွားတယ်။ ဒါက သက်သာတာကို လောဘကြီးတာဖြစ်ပြီး အဖိုးအခပေးဆပ်ချင်စိတ် မရှိတာပဲ။ ပြန်ကြည့်ကြည့်ရင် အဖွဲ့ခေါင်းဆောင်က ကျွန်မကို ဒီဇိုင်းအမျိုးအစားအသစ်တစ်ခု လုပ်ခိုင်းတုန်းက ကျွန်မက အခုမှစသင်နေတာကြောင့် ခက်ခဲတယ်လို့ ခံစားမိတယ်။ ကောင်းကောင်းလုပ်ဖို့အတွက် ကျွန်မက ဒုက္ခခံရမယ်၊ အဖိုးအခပေးဆပ်ရမယ်၊ သေချာစဉ်းစားပြီး ထပ်ခါထပ်ခါ စစ်ဆေးရမယ်ပေါ့။ ဒုက္ခမရှာချင်တော့ ကျွန်မက နောက်ဆုတ်ပြီး လွှဲပေးလိုက်ဖို့ ဆင်ခြေရှာခဲ့တယ်။ ရိုးပြီး လွယ်တဲ့အလုပ်ကိုပဲ လုပ်ချင်ခဲ့တယ်။ အသင်းတော်ခေါင်းဆောင်က ကျွန်မကို ပုံတစ်ခုတည်းဖြတ်ခိုင်းတော့ ကျွန်မ ပိုကောင်းအောင်လုပ်နိုင်ဖို့ မျှော်လင့်ပြီး အဖွဲ့ခေါင်းဆောင်က ကျွန်မကို အသေးစိတ်ညွှန်ကြားချက်တွေ ပေးတယ်။ ကျွန်မက သဘောတူပေမဲ့ လက်ဝင်တယ်လို့ထင်ပြီး သေချာစဉ်းစားတာ၊ အားထုတ်တာ မလုပ်ခဲ့ဘူး။ ကိုယ့်အတွက် လွယ်အောင်ပဲလုပ်ဖို့ ကြိုးစားတယ်။ ဒါကြောင့် ပုံက မကောင်းတော့ဘဲ သုံးလေးခါ ပြန်လုပ်ရတယ်။ ဘာအလုပ်ပဲဖြစ်စေ အများကြီးစဉ်းစားရတာ၊ အားထုတ်ရတာတွေလိုတဲ့ဟာမှန်သမျှကို လုပ်ဖို့ စိတ်မပါဘူး။ ကျွန်မက အရိုးဆုံး၊ အလွယ်ဆုံးနည်းနဲ့ပဲ လုပ်ချင်တယ်။ ဇာတိပကတိအတွက်ပဲ စိတ်ထဲမှာရှိနေတာပေါ့။ ဘုရားနှုတ်ကပတ်တော်ကို ကျွန်မ ဖတ်တယ်။ “ထိုသို့သော လူများသည် အသုံးမကျပေ၊ ၎င်းတို့သည် မိမိတို့၏တာဝန်ကို ထမ်းဆောင်ဖို့ အခွင့်မရှိဘဲ၊ မောင်းထုတ်ခံရသင့်သည်။” ဒီဟာကြောင့် ကျွန်မ နည်းနည်းကြောက်သွားတယ်။ ကျွန်မက တာဝန်ထမ်းဆောင်တဲ့အချိန်မှာ ဇာတိပကတိကို အမြဲတမ်း အလေးထားနေပြီး သက်သာတာကို တပ်မက်နေခဲ့တယ်။ ဒုက္ခခံပြီး အဖိုးအခပေးဆပ်ချင်စိတ်လုံးဝ မရှိခဲ့ဘူး။ ကိုယ်ခန္ဓာအားမစိုက်ရအောင်၊ စိတ်နှလုံး မပင်ပန်းရအောင်ဘဲ တွေးခဲ့တယ်။ ကျွန်မတာဝန်ထမ်းဆောင်တဲ့ပုံစံမှာ ဘုရားအပေါ် ရိုးသားစစ်မှန်ခြင်း၊ ဆက်ကပ်အပ်နှံခြင်းမရှိဘူး။ ကျွန်မအလုပ်တွေကို ဖြစ်သလိုလုပ်ပြီး ပြီးအောင်လုပ်နိုင်ရင် လုံလောက်ပြီလို့ ထင်ခဲ့တယ်။ အပြုသဘောဆောင်တဲ့နေရာကနေ မလုပ်ခဲ့ဘူး။ နောက်ပြီးတော့ အလုပ်တိုးတက်မှုကို ထိခိုက်ခဲ့တယ်။ ကျွန်မက မပြောင်းလဲဘဲ ဒီနည်းအတိုင်းဆက်သွားရင် ဘုရားက ကျွန်မကို အနှေးနဲ့အမြန် စွန့်ပစ်မှာပဲ။
နောက်ပိုင်းမှာ ကျွန်မ နောက်ထပ် ဘုရားနှုတ်ကပတ်တော်တွေ ဖတ်တယ်။ “အပေါ်ယံတွင် လူအချို့၌ ၎င်းတို့တာဝန်ကို ထမ်းဆောင်သည့် အချိန်တစ်လျှောက်တွင် မည်သည့်အရေးကြီးသည့် ပြဿနာမျှ ရှိသည့်ပုံမပေါ်ပေ။ ၎င်းတို့သည် လူသိရှင်ကြားဆိုးယုတ်သောအရာကို မလုပ်ပေ။ ၎င်းတို့သည် အနှောင့်အယှက်၊ အဖျက်အဆီးများမဖြစ်ပေါ်စေကြပေ၊ သို့မဟုတ် အန္တိခရစ်တို့၏ လမ်းကြောင်းကို မလျှောက်ပေ။ ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ရာတွင် အခြေခံစည်းမျဉ်းများနှင့်သက်ဆိုင်သော ကြီးမားသော အမှားတစ်စုံတစ်ရာ၊ သို့မဟုတ် ပြဿနာတစ်စုံတစ်ရာပေါ်ပေါက်လာခြင်းမရှိပေ။ သို့တိုင်အောင် သတိမမူမိလိုက်ဘဲ တိုတောင်းသည့်နှစ်အနည်းငယ်မျှအတွင်းတွင် ၎င်းတို့သည် သမ္မာတရားကို လုံးဝလက်မခံခြင်းအဖြစ်၊ မယုံကြည်သူတစ်ယောက်ဖြစ်ခြင်းအဖြစ် ဖော်ထုတ်ခံရသည်။ အဘယ်ကြောင့် ဤသို့ဖြစ်သနည်း။ အခြားလူတို့သည် အကြောင်းကိစ္စတစ်ခုကို မမြင်နိုင်သော်လည်း ဘုရားသခင်က ဤလူတို့၏ အတွင်းအကျဆုံးသော စိတ်နှလုံးကို ဆန်းစစ်ပြီး ပြဿနာကို မြင်သည်။ ၎င်းတို့သည် အစဉ်သဖြင့် ဝတ်ကျေတမ်းကျေသာလုပ်ကြပြီး မိမိတို့၏ တာဝန် ထမ်းဆောင်ရာတွင် နောင်တရခြင်း မရှိပေ။ အချိန်ကြာလာသည်နှင့်အမျှ ၎င်းတို့သည် သဘာဝအလျောက် ဖော်ထုတ်ခံရသည်။ နောင်တမရဘဲရှိနေသည်ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းမှာ ၎င်းတို့သည် ဤအချိန်တစ်လျှောက်တွင် ၎င်းတို့တာဝန်ကို ထမ်းဆောင်ခဲ့သော်လည်း တာဝန်အပေါ် လွဲမှားသော သဘောထား၊ ဂရုမစိုက်ခြင်းနှင့် ပေါ့ဆခြင်း သဘောထား၊ သာမန်ကာလျှံကာ သဘောထားတစ်ခုဖြင့် အစဉ်ရှိကြပြီး စိတ်နှစ်မြှုပ်လုပ်ကိုင်ဖို့ မဆိုထားနှင့်၊ မည်သည့်အခါမျှ တာဝန်သိတတ်ခြင်းမရှိဆိုသည်ကို ဆိုလိုခြင်းဖြစ်သည်။ ၎င်းတို့သည် အနည်းငယ် လုံ့လစိုက်ထုတ်ကောင်း စိုက်ထုတ်နိုင်သည်၊ သို့သော် ၎င်းတို့သည် ဟန်ပြလုပ်ဆောင်နေခြင်းသာဖြစ်သည်။ ၎င်းတို့သည် အစွမ်းကုန် အားထုတ်ဆောင်ရွက်ခြင်းမရှိသည့်အပြင် ၎င်းတို့၏ပြစ်မှားမှုတို့သည် အဆုံးမရှိပေ။ ဘုရားသခင်၏ ရှုထောင့်တွင် ၎င်းတို့သည် မည်သည့်အခါမျှ နောင်တမရခဲ့ပေ။ ၎င်းတို့သည် အစဉ်သဖြင့် ဝတ်ကျေတမ်းကျေပြုလုပ်ကြသည်။ ၎င်းတို့တွင် မည်သည့်အပြောင်းအလဲမျှ လုံးဝ မရှိခဲ့ဖူးပေ— တစ်နည်းဆိုရလျှင် ၎င်းတို့သည် ၎င်းတို့လက်ထဲရှိ မကောင်းမှုကို စွန့်လွှတ်ပြီး ဘုရားသခင်ထံ နောင်တရခြင်းမရှိပေ။ ဘုရားသခင်သည် ၎င်းတို့အတွင်း၌ နောင်တရခြင်းသဘောထားကို မမြင်ရ၊ ၎င်းတို့၏ သဘောထားတွင် ပြောင်းပြန်လှန်ပစ်မှုကို မမြင်ရပေ။ ၎င်းတို့သည် ၎င်းတို့၏တာဝန်နှင့် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်တို့အပေါ် ဤသို့သော သဘောထား၊ ဤသို့သော နည်းလမ်းမျိုး ထားရှိခြင်းကို ဆက်လက်ပြုလုပ်ကြသည်။ အချိန်တစ်လျှောက်လုံးတွင် ဤခေါင်းမာသော၊ မလျှော့သော စိတ်သဘောထားတွင် ပြောင်းလဲမှုမရှိပေ။ ထို့အပြင် ၎င်းတို့သည် ဘုရားသခင်အပေါ် အကြွေးတင်သည်ဟု လုံးဝ မခံစားရ၊ ၎င်းတို့၏ ဂရုမစိုက်ခြင်းနှင့် ပေါ့ဆခြင်းသည် ပြစ်မှားမှုဖြစ်သည်၊ မကောင်းသည့် လုပ်ရပ်ဖြစ်သည်ဟု လုံးဝ မခံစားရပေ။ ၎င်းတို့၏ စိတ်နှလုံးထဲတွင် မိမိကိုယ်ကို စွပ်စွဲဖို့မဆိုထားနှင့်၊ အကြွေးတင်ခြင်း၊ အပြစ်ရှိသည်ဟုခံစားရခြင်း၊ မိမိကိုယ်ကို အပြစ်တင်ခြင်းတို့ မရှိပေ။ အချိန်များစွာ ကုန်ဆုံးလာသည်နှင့်အမျှ ဤလူသည် ကုစား၍မရနိုင်တော့ဆိုသည်ကို ဘုရားသခင်က မြင်သည်။ ဘုရားသခင်က မည်သည့်အရာကို ပြောသည်ဖြစ်စေ၊ တရားဒေသနာမည်မျှကို ၎င်းတို့ကြားသည်ဖြစ်စေ၊ သို့မဟုတ် သမ္မာတရားကို မည်မျှနားလည်သည်ဖြစ်စေ ၎င်းတို့စိတ်နှလုံးသည် တို့ထိခံရခြင်း မရှိဘဲ ၎င်းတို့သဘောထားသည်လည်း ပြောင်းလဲခြင်း၊ သို့မဟုတ် နောက်ပြန်လှည့်ခြင်းမရှိပေ။ ဘုရားသခင်က ဤအရာကိုမြင်ပြီး ‘ဤလူအတွက် မျှော်လင့်ချက်မရှိတော့။ ငါပြောသည့် မည်သည့်အရာကမျှ ၎င်းတို့စိတ်နှလုံးကို မတို့ထိ။ ငါပြောသည့် မည်သည့်အရာကမျှ ၎င်းတို့ကို နောက်ပြန်မလှည့်စေပေ။ ၎င်းတို့ကို ပြောင်းလဲရန် နည်းလမ်းမရှိ။ ဤသူသည် တာဝန်ကို ထမ်းဆောင်ရန် မသင့်တော်။ ငါ၏အိမ်တွင် အစေခံရန် မသင့်တော်’ ဟု ဆိုသည်။ အဘယ်ကြောင့် ဘုရားသခင်က ဤသို့ဆိုသနည်း။ ယင်းမှာ ၎င်းတို့သည် ၎င်းတို့တာဝန်ကို ထမ်းဆောင်ပြီး အလုပ်လုပ်သောအခါ တစ်သမတ်တည်း ပေါ့ဆပြီး ဝတ်ကျေတမ်းကျေပြုသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် ပြုပြင်ခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်းကို မည်မျှခံရပြီး သည်းခံခြင်းနှင့် စိတ်ရှည်ခြင်းတို့ကို မည်မျှလက်ကမ်းခံရပါစေ သက်ရောက်မှုမရှိဘဲ ၎င်းတို့ကို အမှန်တကယ် နောင်တရအောင်၊ သို့မဟုတ် ပြောင်းလဲအောင် မပြုလုပ်နိုင်သောကြောင့်ဖြစ်သည်။ ယင်းက ၎င်းတို့ကို ၎င်းတို့တာဝန်ကိုကောင်းမွန်စွာ ဆောင်ရွက်အောင် မပြုလုပ်နိုင်ပေ၊ သမ္မာတရားကို လိုက်စားခြင်း လမ်းကြောင်းပေါ်သို့ စတင်လျှောက်လှမ်းရန် အခွင့်ကို မပေးနိုင်ပေ။ ထို့ကြောင့် ဤသူသည် ကုစား၍မရနိုင်တော့ပေ။ လူတစ်ယောက်သည် ကုစား၍ မရနိုင်တော့ဟု ဘုရားသခင်က သတ်မှတ်သောအခါ သူသည် ဤသူအပေါ်တွင် တင်းကျပ်စွာ ထိန်းချုပ်ထားဦးမည်လော။ ဤသို့ ပြုလုပ်မည်မဟုတ်ပေ။ ဘုရားသခင်က ၎င်းတို့ကို စွန့်လွှတ်လိမ့်မည်ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ အပိုင်း သုံး) “လူတစ်ဦး၏အကျင့်များကို ကောင်းသည် ဆိုးသည်ဟူ၍ အကဲဖြတ်သော စံနှုန်းမှာအဘယ်နည်း။ ယင်းမှာ ၎င်းတို့သည် ၎င်းတို့၏အတွေးများ၊ ဖော်ပြချက်များနှင့် အပြုအမူများ၌ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် သမ္မာတရား စစ်မှန်မှုအတိုင်း အသက်ရှင်နေထိုင်ခြင်းအကြောင်း သက်သေခံချက် ရှိမရှိအပေါ် မူတည်၏။ အကယ်၍ သင်၌ ဤစစ်မှန်မှု မရှိပါက၊ သို့မဟုတ် ဤအရာအတိုင်း အသက်ရှင်နေထိုင်ခြင်းမရှိပါက၊ သင်သည် မကောင်းမှုပြုသူဖြစ်သည်မှာ သံသယဖြစ်ဖွယ်မရှိ။ ဘုရားသခင်က ဒုစရိုက်ပြုသူများကို အဘယ်သို့ မြင်သနည်း။ သင့်အတွေးများနှင့် အပြင်ပန်းအပြုအမူများက ဘုရားသခင်အတွက် သက်သေမခံသကဲ့သို့ ယင်းတို့က စာတန်အား အရှက်ကွဲစေခြင်း သို့မဟုတ် စာတန်အား အနိုင်ယူခြင်းလည်း မပြုချေ၊ ထို့အစား ဘုရားသခင်ကို သူတို့ အရှက်ရစေပြီး၊ ဘုရားသခင်ကို အရှက်ရစေသည့် လက္ခဏာများနှင့် ပွထနေသည်။ သင်သည် ဘုရားသခင်အတွက် သက်သေခံနေခြင်း မရှိ၊ ဘုရားသခင်အဖို့ မိမိကိုယ်ကို အသုံးခံနေခြင်း မရှိသကဲ့သို့ ဘုရားသခင်အတွက် သင်၏ တာဝန်နှင့် ဝတ္တရားတို့ကို ဖြည့်ဆည်းနေခြင်းလည်း မရှိပါပေ၊ ထိုအစား သင့်ကိုယ်ပိုင်အကျိုးအတွက် သင်ပြုမူနေသည်။ ‘သင့်ကိုယ်ပိုင်အကျိုးအတွက်’ ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ အတိအကျဆိုလျှင် စာတန်အတွက်ကို ဆိုလိုသည်။ ထို့ကြောင့် နောက်ဆုံးတွင် ဘုရားသခင်က ‘အဓမ္မအမှုကို ပြုသောသူတို့၊ ငါ့ထံမှ ဖယ်ကြ’ ဟု ဆိုလိမ့်မည်။ ဘုရားသခင်၏ အမြင်တွင် ကောင်းမှုများကို သင် မပြုလုပ်သေးဘဲ၊ တကယ်တမ်းတွင် သင့်အမူအကျင့်မှာ ဆိုးယုတ်မှုသို့ ပြောင်းသွားပြီဖြစ်သည်။ ဘုရားသခင်၏ လက်ခံမှုကို မရရှိနိုင်မည့်အပြင် သင်သည် စီရင်ခြင်းခံရလိမ့်မည်။ ဘုရားသခင်၌ ထိုသို့သော ယုံကြည်မှု ရှိသည့်သူတစ်ဦးသည် အဘယ်အရာကို ရရှိဖို့ ကြိုးစားသနည်း။ ထိုသို့သော ယုံကြည်မှုသည် အဆုံး၌ အချည်းနှီးဖြစ်မည် မဟုတ်လော။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအား စွန့်ပစ်ခြင်းအားဖြင့်သာလွတ်လပ်ခြင်းနှင့် လွတ်မြောက်ခြင်းကို ရရှိနိုင်သည်) ကျွန်မက ပိုခက်တဲ့၊ ပိုရှုပ်ထွေးတဲ့ ပရောဂျက်တွေကို လွှဲပေးခဲ့ပေမဲ့ ဘယ်တော့မှ အလကားမနေဘူး၊ တစ်ခါတလေမှာ ဒီဇိုင်းတစ်ခုအတွက် ညနက်တဲ့အထိလုပ်တယ်လို့ ထင်ခဲ့ဖူးတယ်။ တာဝန်ကို ဒီလိုလုပ်တာ လုံလောက်ပြီလို့ ခံစားမိခဲ့တယ်။ ဒါပေမဲ့ ဘုရားသခင်က ကျွန်မတို့ ဘယ်လောက်အလုပ်ပြီးတယ်၊ ဘယ်လောက်အားစိုက်ထုတ်တယ်ဆိုတာကို မကြည့်ဘဲ ကျွန်မတို့တာဝန်အပေါ် ချဉ်းကပ်ပုံကိုကြည့်တယ်၊ ဘုရားအလိုတော်ကို ထည့်စဉ်းစားသလား၊ သမ္မာတရားကို လက်တွေ့လုပ်တဲ့သက်သေခံချက်ကို ပိုင်ဆိုင်သလားဆိုတာကို ကြည့်တယ်ဆိုတာ ဘုရားနှုတ်ကပတ်တော်ကနေ ကျွန်မ မြင်ခဲ့တယ်။ ဒါက လူတစ်ယောက်ရဲ့ တာဝန်က သူ့လက်ခံမှုကို ရမလားဆိုတာကို သူ ဆုံးဖြတ်တဲ့နည်းပဲ။ ကျွန်မက တစ်ချိန်လုံး တာဝန်ထမ်းဆောင်နေတဲ့ပုံစံရှိပေမဲ့ တာဝန်အပေါ် ပေါ့ဆပြီး ဂရုမစိုက်တဲ့ သဘောထားရှိခဲ့တယ်။ ဇာတိပကတိကိုပဲ အရေးစိုက်ပြီး ကိုယ့်ကိုယ်ကိုယ် အလိုလိုက်နေခဲ့တယ်။ ကျွန်မအတွက် လွယ်တာမှန်သမျှကို လုပ်ပြီး ခက်တာမှန်သမျှကို အရေးမစိုက်ခဲ့ဘူး။ ဆက်ကပ်ခြင်း၊ နာခံခြင်းနည်းနည်းလေးမှ မရှိခဲ့ဘူး။ ဒီလိုအစေခံတာက မလုံလောက်ဘူး။ ဘုရားကို လှည့်စားဖို့ ကြိုးစားနေတာပဲ။ ကျွန်မက အခုမှစလုပ်တဲ့အချိန်မှာ အဖွဲ့ခေါင်းဆောင်က အရေးကြီးတဲ့အလုပ်တွေကို ကျွန်မကို ချပေးခဲ့ပေမဲ့ ကျွန်မက အမြဲတမ်း ဖြစ်သလိုလုပ်နေပြီး လွယ်တာတွေဆီကိုပဲ ဦးတည်နေတာကြောင့် အသင်းတော်အလုပ်ကို ထည့်မစဉ်းစားဘဲ ကိုယ့်အတွက်ပဲ စဉ်းစားနေတာကြောင့် သူက ကျွန်မကို အရေးကြီးတဲ့ပရောဂျက်တွေမပေးတော့တာကို တွေးမိတယ်။ ကျွန်မက ဘုရားသခင်ရော၊ တခြားလူတွေကပါ အားကိုးလို့မရတဲ့သူဖြစ်လာခဲ့တယ်။ ရိုးရှင်းတဲ့အလုပ်တွေနဲ့ပဲ အစေခံနေခဲ့တယ်။ ကိုယ့်တာဝန်ကို ဒီလိုဆက်ဆံတော့ ကျွန်မက ကောင်းမှုတွေမလုပ်ရုံမကဘဲ ပြစ်မှားမှုတွေကိုလည်း စုဆောင်းနေခဲ့တယ်။ ဒီမကောင်းမှုကို စွန့်လွှတ်ပြီးတော့ ဘုရားသခင်ဆီမှာ နောင်တမရဘူးဆိုရင် ကျွန်မပြစ်မှားမှုတွေများလာတဲ့အခါ သူက ကျွန်မကို မုန်းတီးပြီး ငြင်းပယ်မှာပဲ။ ဒါဆိုရင် ကျွန်မက အပြည့်အဝ ဖော်ထုတ်ခံရပြီး ဘုရားက စွန့်ပစ်တာခံရမယ်။ ဒီနေရာမှာ ကျွန်မတာဝန်အပေါ် ကျွန်မသဘောထားက ဘယ်လောက်အန္တရာယ်ရှိတယ်ဆိုတာ ကျွန်မ သဘောပေါက်လာပြီး နည်းနည်းကြောက်လာတယ်။ ဒီတစ်ကြိမ်မှာ ပြုပြင်ခြင်း၊ ကိုင်တွယ်ဖြေရှင်းခံရတာက ကျွန်မအတွက် ဘုရားသခင်ရဲ့ နှိုးဆော်မှုနဲ့ သတိပေးချက်ဖြစ်တယ်ဆိုတာကိုလည်း ကျွန်မ သဘောပေါက်သွားတယ်။ ကျွန်မက အကင်းမပါးဘဲ အရမ်းထုံထိုင်းနေခဲ့တာပါ။ သူများတွေက ကျွန်မကို အရမ်းသတိမပေးခဲ့ဘူးဆိုရင် ကျွန်မတာဝန်အပေါ် သဘောထားက ဘုရားကို ရွံရှာစေတယ်ဆိုတာ မြင်မှာမဟုတ်ဘူး။ ဒီမမှန်ကန်တဲ့ ကျွန်မရဲ့ အခြေအနေကို ချက်ချင်းပြောင်းပြီး ဘုရားဆီမှာ နောင်တရရမယ်၊ ခေါင်းမာပြီး ပုန်ကန်နေတာကို ရပ်ရမယ်ဆိုတာ သိခဲ့တယ်။
ဇာတိပကတိအလိုကို ဖြည့်ပြီး သက်သာတာကိုရှာတဲ့ ကျွန်မအခြေအနေနဲ့ပတ်သက်တဲ့ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ထပ်ပြီးဖတ်တယ်။ ဒီအပိုဒ်လည်းပါတယ်။ “လူအချို့သည် မည်သည့်အလုပ်ကိုလုပ်ဆောင်ပါစေ၊ သို့မဟုတ် မည်သည့်တာဝန်ကို ထမ်းဆောင်ပါစေ ၎င်းတို့သည် အောင်မြင်ရန် မစွမ်းဆောင်နိုင်ကြပေ။ ၎င်းတို့အတွက် ခဲယဉ်းလွန်း၏။ ၎င်းတို့သည် လူတို့ထမ်းဆောင်သင့်သည့် မည်သည့်တာဝန်ဝတ္တရားများကိုမဆို ဖြည့်ဆည်းနိုင်စွမ်း မရှိကြပေ။ ၎င်းတို့သည် အမှိုက်မဟုတ်သလော။ ၎င်းတို့သည် လူများဟု ခေါ်ရန် ထိုက်တန်သေးသလော။ ခြွင်းချက်အနေဖြင့် ငနုံ၊ ငအများ၊ စိတ်ပိုင်းဆိုင်ရာ ချို့တဲ့သူများနှင့်၊ ရုပ်ပိုင်းဆိုင်ရာ အားနည်းမှုကို ခံစားရသောသူများမှလွဲ၍ မိမိတို့တာဝန်ကို မထမ်းဆောင်သင့်သော၊ မိမိတို့ ဝတ္တရားများကို မဖြည့်ဆည်းသင့်သော အသက်ရှင်သည့်သူ တစ်ယောက်ယောက်ရှိသလော။ သို့သော် ဤလူစားမျိုးသည် သစ္စာမဲ့ခြင်းကို အစဉ်ဖုံးကွယ်ပြီး မရိုးမသား အစဉ်ပြုမူကာ မိမိတို့၏ တာဝန်များကို မဖြည့်ဆည်းလိုပေ။ ဆိုလိုသည်မှာ ၎င်းတို့သည် မိမိတို့ကိုယ်ကို သင့်လျော်သောလူများကဲ့သို့ ပြုမူဆောင်ရွက်လိုခြင်းမရှိပေ။ ဘုရားသခင်သည် ၎င်းတို့ကို အစွမ်းအစနှင့် ဆုကျေးဇူးများပေးခဲ့သည်။ ၎င်းတို့အား လူသားဖြစ်ဖို့ အခွင့်အရေး သူပေးခဲ့သော်လည်း၊ ၎င်းတို့က ဤအရာကို မိမိတို့၏တာဝန် ထမ်းဆောင်ရာ၌ အသုံးမပြုနိုင်ကြချေ။ ၎င်းတို့သည် ဘာမျှမလုပ်ကြ၊ သို့သော်လည်း အရာအားလုံးကို မွေ့လျော်ခံစားလိုကြ၏။ ဤသို့သောသူသည် လူသားအဖြစ် ခေါ်ဆိုရန် သင့်တော်သလော။ ၎င်းတို့ကို မည်သည့်အလုပ်ပဲ ပေးပေး၊ အလုပ်က အရေးကြီးသည်ဖြစ်စေ၊ သာမန်ဖြစ်စေ၊ ခက်ခဲသည်ဖြစ်စေ၊ ရိုးရှင်းသည်ဖြစ်စေ ၎င်းတို့သည် အစဉ်သဖြင့် ပေါ့ဆပြီး ဝတ်ကျေတမ်းကျေ ပြုလုပ်သည်။ အစဉ် ပျင်းရိပြီး မယုံရပေ။ ပြဿနာများ ဖြစ်ပေါ်သောအခါ ၎င်းတို့အတွက် တာဝန်ကို အခြားလူများအပေါ်သို့ တွန်းပို့ရန် ကြိုးစားသည်။ ၎င်းတို့သည် မိမိတို့၏ ကပ်ပါးကောင် ဘဝများကို ဆက်အသက်ရှင်ဖို့ လိုလားရင်း၊ မည်သည့်တာဝန်ကိုမျှ မယူကြပေ။ ၎င်းတို့သည် အသုံးမဝင်သော အမှိုက်များဖြစ်သည် မဟုတ်လော။” (နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ) “မည်သို့သောသူများသည် အသုံးမဝင်သောသူများဖြစ်သနည်း။ အသုံးမဝင်သောသူများသည် နားဝေတိမ်တောင်ဖြစ်သော၊ ဘဝတစ်လျှောက်လေလွင့်နေသောသူများဖြစ်သည်။ ဤသို့သောလူမျိုးများသည် ၎င်းတို့လုပ်ဆောင်သမျှတွင် တာဝန်မခံယူကြသကဲ့သို့ တာဝန်ကျေပွန်ခြင်းလည်းမရှိပေ။ အရာရာတွင် အမှားများလုပ်ဆောင်ကြသည်။ သင်က ၎င်းတို့နှင့် သမ္မာတရားကို မည်သို့မိတ်သဟာယပြုသည်ဖြစ်စေ သင်၏ စကားများကို အရေးမစိုက်ပေ။ ၎င်းတို့က ‘ငါ ဆန္ဒရှိရင် ဘဝကို လေလွင့်ပြီးနေမယ်။ ဘာအရေးလဲ။ ငါ့တာဝန်ကို ထမ်းဆောင်တယ်။ စားစရာရှိတယ်။ ဒါဆို လုံလောက်နေပြီ။ အနည်းဆုံးတော့ ငါ တောင်းစားစရာမလိုဘူး။ တစ်နေ့ကျ ဘာမှစားစရာမရှိဘူးဆိုရင် အဲဒီအခါကျမှ စဉ်းစားမယ်။ ကောင်းကင်ဘုံက အမြဲတမ်း တံခါးဖွင့်ထားမှာပဲ။ ဒီတော့ ငါက အသိတရား၊ ဆင်ခြင်တုံတရားမရှိဘူး၊ ငါက ယောင်ချာချာဖြစ်နေတယ်လို့ ပြောလည်း ဘာဖြစ်လဲ။ ငါ ဥပဒေ မချိုးဖောက်ထားဘူး။ ဘယ်သူ့ကိုမှ မသတ်ဘူး။ ဘာကိုမှ မီးမရှို့ဘူး။ အများဆုံးအနေနဲ့ ငါက အကောင်းဆုံး ပင်ကိုစရိုက်မရှိတာပဲ ရှိတယ်။ ဒါပေမဲ့ ဒါက ငါ့အတွက် ကြီးမားတဲ့ဆုံးရှုံးမှုမဟုတ်ဘူး။ ငါ့မှာ စားစရာရှိသရွေ့ ကိစ္စမရှိဘူး’ ဟူ၍ တွေးကြသည်။ ဤအမြင်ရှုထောင့်ကို သင်မည်သို့ထင်သနည်း။ ငါ သင့်ကိုပြောသည်။ ဤသို့သော ဘဝတစ်လျှောက်လေလွင့်နေသည့် နားဝေတိမ်တောင်ဖြစ်သောလူတို့အားလုံးသည် သေချာပေါက် ထုတ်ပယ်ခြင်းခံရပေမည်။ ကယ်တင်ခြင်းကို ၎င်းတို့ ရရှိရန် မဖြစ်နိုင်ပေ။ ဘုရားသခင်ကို နှစ်အနည်းငယ်ယုံကြည်ပြီးသော်လည်း သမ္မာတရားကို လက်ခံခါစသာဖြစ်သောသူများသည် ထုတ်ပယ်ခံရမည်။ မည်သူမျှ ကျန်ရှိမည်မဟုတ်ပေ။ အမှိုက်များ၊ အသုံးအကျသောလူများအားလုံးသည် ခိုကပ်စားသူများဖြစ်ပြီး သေချာပေါက် ထုတ်ပယ်ခြင်းခံရမည်ဖြစ်သည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အစာကျွေးခြင်းခံရရန်အတွက်သာ မျှော်လင့်နေလျှင် ၎င်းတို့သည် ပို၍ပင် ပစ်ပယ်ခံရပြီး ထုတ်ပယ်ခံရမည်။ ဤသို့သော နားဝေတိမ်တောင်ဖြစ်သောသူများသည် ခေါင်းဆောင်များ၊ အမှုဆောင်များဖြစ်ချင်ကြသေးသည်။ သို့သော် ၎င်းတို့နှင့် မထိုက်တန်ပေ။ ၎င်းတို့သည် မည်သည့် လက်တွေ့အလုပ်မျှမလုပ်ပေ။ သို့တိုင်အောင် ဦးဆောင်ချင်ကြသည်။ ၎င်းတို့သည် အမှန်ပင် အရှက်မရှိကြပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ) တာဝန်တစ်ခုမှာ အမြဲတမ်း ပေါ့ဆတာ၊ ဘယ်တော့မှ တာဝန်မယူတာက ကိုယ်က အမှိုက်နဲ့အတူတူဖြစ်တယ်ဆိုတဲ့သဘောပဲဆိုတာ ဘုရားသခင်ရဲ့ ဖွင့်ပြမှုကြောင့် ကျွန်မ သဘောပေါက်သွားခဲ့တယ်။ ဘယ်အရာကိုမှ စိတ်နှစ်ပြီးမလုပ်ရင် အမြဲတမ်း ချောင်ခိုနေပြီး သင့်တော်တဲ့တာဝန်တွေကို မထမ်းဆောင်ရင်၊ ကျွမ်းကျင်မှုအသစ်တွေ မသင်ရင် ကိုယ်က အမှိုက်သရိုက်ပဲ။ ဒါဟာ ကျွန်မတာဝန်မှာ လုပ်တဲ့ပုံစံပဲဆိုတာ ကျွန်မ ဆင်ခြင်ကြည့်ပြီး မြင်ခဲ့ပါတယ်။ ဘယ်တာဝန်ကိုပဲ ကျွန်မကို ပေးပါစေ ကျွန်မက လုံးဝ သေချာမစဉ်းစားချင်ဘူး။ ဒုက္ခမခံချင်ဘူး။ အောင်မြင်မှုအတွက် မကြိုးစားချင်ဘူး။ အလုပ်ရှုပ်ပြီး အလကားနေမနေတဲ့ ပုံစံရှိတာနဲ့တင် ကျေနပ်နေခဲ့တယ်။ ကျွန်မက တာဝန်ကို ဒီလိုထမ်းဆောင်တော့ လျှောက်လုပ်နေတာ သက်သက်ပဲမဟုတ်ဘူးလား။ ဘာစိတ်ပူစရာမှမရှိဘဲ ခရီးတွေလျှောက်သွားနိုင်ပြီး သက်သာလွယ်ကူတဲ့ဘဝရှိတဲ့ ချမ်းသာတဲ့ မိသားစုတွေထဲက လူတွေကို ကျွန်မ ငယ်ငယ်ကတည်းက အမြဲတမ်းအားကျခဲ့တယ်ဆိုတာကိုလည်း တွေးမိတယ်။ ဒီလိုဘဝမျိုးကို ကျွန်မအရမ်းကို ရချင်နေခဲ့တာပေါ့။ ကျွန်မတို့လူသားတွေက ဆယ်စုနှစ်နည်းနည်းလောက်ပဲ အသက်ရှင်ရတာဆိုတော့ ကိုယ့်ကိုယ်ကိုယ်ပျော်အောင်မနေရင် အလကားအသက်ရှင်ရတဲ့ဘဝမဟုတ်ဘူးလားဆိုပြီး ခံစားမိတယ်။ အရွယ်ရောက်လာတော့ လူတိုင်းက ပိုက်ဆံရဖို့အတွက် အလုပ်ကြိုးစားလုပ်ကြတာကို မြင်တော့ စီးပွားရေးတစ်ခုစလုပ်တယ်။ ဒါပေမဲ့ ကျွန်မက အရမ်းအားမစိုက်ချင်နေသေးဘူး။ တီဗီရှိုးတွေ၊ ဝတ္ထုတွေကိုပဲ အမြဲတမ်းအာရုံစွဲနေခဲ့တယ်။ ကျွန်မစီးပွားရေးအလုပ်အကြောင်းသိပ်မစဉ်းစားဘူး။ ပိုက်ဆံရလား၊ မရလားဆိုတာကို ဂရုမစိုက်ခဲ့ဘူး။ နှစ်ကုန်တဲ့အခါမှာ ကျွန်မက ဘာကိုမှမရခဲ့တဲ့အပြင် ပိုက်ဆံပါ ကုန်သွားတယ်။ ဒါပေမဲ့ ဒီဟာကြောင့် ကျွန်မက သိပ်ပြီးတော့ စိတ်မကောင်းမဖြစ်သေးဘူး။ ကိုယ့်ကိုယ်ကိုယ်ပဲ နှစ်သိမ့်ပေးခဲ့တယ်။ စားပွဲပေါ်မှာ စားစရာရှိနေသရွေ့ နည်းနည်းဆုံးရှုံးတာက အရေးမကြီးဘူးလို့ ထင်ခဲ့တယ်။ ဘဝအပေါ် ကျွန်မ အမြင်က “ယနေ့ လုပ်စရာရှိတာလုပ်၊ မနက်ဖြန်ကို မနက်ဖြန်ရောက်မှ တွေးပူပါ”၊ “လူ့ဘဝသည် တိုတောင်းသဖြင့် တစ်နေ့တာအချိန်ကို ပျော်ရွှင်အောင်အသုံးချပါ” ဆိုတာတွေပဲ။ ဒီဆိုးယုတ်တဲ့ အယူအဆတွေက လွှမ်းမိုးတာကို ခံထားရတော့ ကျွန်မရဲ့ သင့်တော်တဲ့တာဝန်တွေကို ဘယ်တော့မှ အာရုံမစိုက်ခဲ့ဘူး။ တိုးတက်ဖို့ မကြိုးစားဘူး။ ဘဝမှာ ပန်းတိုင်မရှိဘူး။ ကျွန်မက ယုံကြည်သူဖြစ်ပြီးသွားတော့ ဒီအယူအဆတွေနဲ့ အသက်ရှင်နေတုန်းပဲ။ ကျွန်မတာဝန်မှာ အမြဲတမ်းပဲ အေးအေးဆေးဆေးလုပ်တာ၊ ကိုယ့်ကိုယ်ကိုယ် ပင်ပန်းအောင်မလုပ်တာ၊ အရမ်းမစဉ်းစားတာ၊ စိတ်မဖိစီးတာက အသက်ရှင်ဖို့ သိပ်ကောင်းတဲ့နည်းလမ်းပဲလို့ ခံစားမိတယ်။ ဒါပေမဲ့ တကယ်တော့ ဘယ်အလုပ်မျိုးကိုမဆို ကျွန်မ တာဝန်မယူနိုင်ပါဘူး။ ကျွန်မက ဘယ်ဟာအတွက်မှ အသုံးမဝင်ဘူး။ အမှိုက်လိုပါပဲ။ ကျွန်မအပြုအမူကို ဆင်ခြင်သုံးသပ်လေလေ၊ အံ့ဩလေလေပဲ။ ကျွန်မက အတိအကျကို ဘုရားသခင်ဖော်ထုတ်နေတဲ့ ကပ်ပါးကောင်မျိုးပဲ မဟုတ်ဘူးလား။ ဘုရားသခင်က လူသားမျိုးနွယ်ကို ကယ်တင်ဖို့အတွက် သူ့နှုတ်ကပတ်တော်တွေကို ဖော်ပြပြီး ကျွန်မတို့ကို သမ္မာတရားနဲ့ အသက်ပေးရုံတင်မကဘူး။ ကျွန်မတို့အသက်ရှင်ဖို့ လိုအပ်တာအားလုံးကိုလည်း ပေးအပ်ခဲ့ပြီး ဒါတွေကို ကြွယ်ဝပေါများစွာ ခံစားခွင့်ပေးတယ်။ ကျွန်မတို့ကို စောင့်ကြည့်ပြီး ကာကွယ်တယ်။ စာတန်ရဲ့ ထောင်ချောက်တွေထဲကို မကျအောင် တားဆီးပေးတယ်။ ဒါပေမဲ့ ကျွန်မက အကြင်နာတရားမရှိဘူး။ ကျွန်မတာဝန်မှာ ဘုရားသခင်ရဲ့ ချစ်ခြင်းကို ပြန်ပေးဆပ်သင့်တယ်ဆိုတာကို မသိဘူး။ အဲဒီအစား ပျင်းရိတဲ့ ကပ်ပါးကောင်တစ်ကောင်ဖြစ်လာတယ်။ ဒီဆိုးယုတ်တဲ့ စဉ်းစားပုံက ကျွန်မကို အဆိပ်သင့်စေပြီး ကျွန်မအထဲကို စိမ့်ဝင်နေတယ်။ သာယာမှုနဲ့ ဇာတိပကတိကို လိုက်လျောမှုတွေကိုပဲ သိတယ်။ ကျွန်မတာဝန်ကို၊ ဒါမှမဟုတ် ဘုရားကို ကျေနပ်စေဖို့ တာဝန်ကို ဘယ်လိုကောင်းကောင်းလုပ်ရမယ်ဆိုတာကို လုံးဝ အလေးအနက် မစဉ်းစားခဲ့ဘူး။ ကျွန်မ ဆင်ခြင်ကြည့်ရင်းနဲ့ ဒီနေရာရောက်တော့ မအီမသာဖြစ်လာပြီး ကိုယ့်ကိုယ်ကိုယ် ရွံမိတယ်။ အထင်လည်းသေးမိတယ်။ ကျွန်မက တကယ်ကို စာတန်ဖျက်ဆီးတာကို တော်တော်လေးခံထားရတယ်ဆိုတာ ခံစားမိတယ်။ အသိစိတ်နဲ့ ဆင်ခြင်တုံတရားအားလုံးပျောက်ပြီး အရမ်းထုံထိုင်းလာတယ်။ စာတန်က လူတွေကို တုံ့ဆိုင်းသွားအောင်လုပ်ပြီး ပိုပြီး ယုတ်မာအောင်လုပ်ဖို့ ဒီအတွေးတွေကို အသုံးပြုတာကိုလည်း ကျွန်မ မြင်ခဲ့တယ်။ နောက်ဆုံးတော့ ကျွန်မတို့က အမှိုက်ဖြစ်သွားတယ်။ ဝိညာဉ်မပါတဲ့ လမ်းလျှောက်နေတဲ့ အလောင်းကောင်တွေလိုပေါ့။ ကျွန်မတာဝန်ကို ကောင်းကောင်းမထမ်းဆောင်ခဲ့တာ ဘုရားကို နှစ်သိမ့်ဖို့အတွက် တစ်ခုမှမလုပ်ခဲ့တာကို တော်တော်နောင်တရတယ်။ ဘုရားကို အရမ်းကို အကြွေးတင်သလိုခံစားရပြီး ဆုတောင်းလိုက်တယ်။ “ဘုရားသခင် သမီးက စာတန်ကဖျက်ဆီးတာကို လေးလေးနက်နက်ခံထားရပါတယ်။ ကိုယ်တော်ရဲ့ ဖွင့်ပြခြင်းမရှိဘဲနဲ့ သမီးပြဿနာက ဘယ်လောက်ဆိုးတယ်ဆိုတာ မြင်မှာမဟုတ်ပါဘူး။ သမီးဟာ တာဝန်မသိတတ်ခဲ့ဘဲ ကိုယ့်တာဝန်မှာ လူ့သဘာဝကင်းမဲ့ခဲ့ပါတယ်။ ကိုယ်တော့်ကျေးဇူးတော်တွေအများကြီးကို ခံစားရပေမဲ့ ကိုယ်တော့်ချစ်ခြင်းကို ပြန်ပေးဆပ်ဖို့ လုံးဝ မသိခဲ့ပါဘူး။ သမီးဟာ ကပ်ပါးကောင်တစ်ကောင်ဖြစ်နေခဲ့ပါတယ်။ ဇာတိပကတိဟာ သမ္မာတရားကို လက်တွေ့လုပ်ဖို့အတွက် သမီးရဲ့ အကြီးမားဆုံးအတားအဆီးဖြစ်တယ်ဆိုတာ မြင်ပါတယ်။ ဒါကို သမီး စွန့်ပစ်ချင်ပြီး ကိုယ်တော့်ထံမှာ နောင်တရချင်ပါတယ်။ သမ္မာတရားကို အသိစိတ်ရှိရှိနဲ့ ရှာဖွေနိုင်ချင်ပါတယ်။ ကိုယ်တော်ရဲ့ သတ်မှတ်ချက်တွေအတိုင်း သမီးတာဝန်ကို ထမ်းဆောင်ချင်ပါတယ်” ဆိုပြီးတော့။
နောက်ပိုင်းမှာ နောက်ထပ် ဘုရားနှုတ်ကပတ်တော်တချို့ကို ဖတ်ခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “သင်သည် လူပုဂ္ဂိုလ်တစ်ယောက်ဖြစ်သောကြောင့် လူတစ်ယောက်၏ တာဝန်များသည် မည်သည့်အရာဖြစ်သည်ကို ချင့်ချိန်စဉ်းစားသင့်သည်။ သားသမီးဝတ်ကျေခြင်း၊ မိဘများကို ထောက်ပံ့ခြင်း၊ သင့်မိသားစု ဂုဏ်သတင်းကောင်းအောင် ပြုလုပ်ခြင်းတို့ကဲ့သို့သော မယုံကြည်သူများက အထင်ကြီးသော တာဝန်များကို ပြောဖို့မလိုအပ်ပေ။ ဤအရာများအားလုံးသည် အနှစ်မရှိဘဲ တကယ့်အဓိပ္ပာယ် လုံးဝကင်းမဲ့သည်။ လူတစ်ယောက်က ဖြည့်ဆည်းသင့်သည့် အနည်းဆုံးသော တာဝန်မှာ အဘယ်နည်း။ လက်တွေ့အကျဆုံးမှာ ယနေ့တွင် သင်၏တာဝန်ကို ကောင်းစွာထမ်းဆောင်ပုံ ဖြစ်သည်။ ဝတ်ကျေတမ်းကျေလုပ်ခြင်းဖြင့်သာ အစဉ်ကျေနပ်နေခြင်းသည် သင်၏တာဝန်များကို ဖြည့်ဆည်းခြင်းမဟုတ်ပေ။ ပြီးလျှင် အယူဝါဒစကားများကိုသာ သံယောင်လိုက်နိုင်ခြင်းသည် သင်၏တာဝန်များကို ဖြည့်ဆည်းခြင်းမဟုတ်ပေ။ သမ္မာတရားကို လက်တွေ့လုပ်ပြီး စည်းမျဉ်းများနှင့်အညီ အမှုအရာများကို လုပ်ဆောင်ခြင်းသည်သာ သင်၏တာဝန်များကို ထမ်းဆောင်ခြင်းဖြစ်ပြီး သမ္မာတရားကို သင်လက်တွေ့လုပ်ဆောင်ခြင်းက ထိရောက်မှုရှိကာ လူတို့အတွက် အကျိုးဖြစ်သည့်အချိန်မှသာ သင်၏တာဝန်ကို အမှန်တကယ် ဖြည့်ဆည်းပြီး ဖြစ်လိမ့်မည်။ မည်သည့်တာဝန်ကို သင်ထမ်းဆောင်သည်ဖြစ်စေ သမ္မာတရား စည်းမျဉ်းများနှင့်အညီ မလျှော့တမ်း လုပ်ဆောင်သည့်အခါတွင်သာ သင်၏ တာဝန်ကို စစ်မှန်စွာ ဖြည့်ဆည်းလိမ့်မည်။ အမှုအရာများကို လူသား၏ လုပ်ဆောင်ပုံနှင့်အညီ ဟန်ပြလုပ်ဆောင်ခြင်းသည် ဝတ်ကျေတမ်းကျေဆန်ပြီး ဖြစ်ကတတ်ဆန်းလုပ်ခြင်းဖြစ်သည်။ သမ္မာတရား စည်းမျဉ်းများကို လိုက်နာခြင်းသည်သာ တာဝန်ကို မှန်မှန်ကန်ကန် ထမ်းဆောင်ခြင်းဖြစ်ပြီး သင်၏တာဝန်ကို ဖြည့်ဆည်းခြင်းဖြစ်သည်။ သင်၏ တာဝန်ကို ထမ်းဆောင်သောအခါ သစ္စာရှိခြင်းကို ပြသခြင်းမဟုတ်သလော။ ဤသည်မှာ မိမိတာဝန်အပေါ် သစ္စာရှိခြင်း၏ သရုပ်သကန်တစ်ခုဖြစ်၏။ သင့်တွင် ဤတာဝန်အသိစိတ် ရှိသည့်အခါမှသာ၊ ဤစိတ်နှင့်ဆန္ဒ ရှိသည့်အခါမှသာ၊ မိမိတာဝန်အပေါ် သစ္စာရှိမှု၏ သရုပ်သကန်ကို သင့်တွင် တွေ့ရသည့်အခါ ဘုရားသခင်သည် သင့်ကို ထောက်ခံလိမ့်မည်။ သင့်ကို အတည်ပြုလက်ခံခြင်းဖြင့် ကြည့်ရှုလိမ့်မည်။ သင့်တွင် ဤတာဝန်အသိစိတ်ပင် မရှိလျှင် ဘုရားသခင်က သင့်ကို လူပျင်းတစ်ယောက်အဖြစ်၊ အရူးတစ်ယောက်အဖြစ် ဆက်ဆံလိမ့်မည်ဖြစ်ပြီး သင့်ကို စက်ဆုပ်ရွံရှာလိမ့်မည်။...အသင်းတော်တွင် တာဝန်တစ်ခုကို ဘုရားသခင်က ခွဲဝေသတ်မှတ်ပေးထားသော လူတစ်ယောက်အပေါ် ဘုရားသခင်၏ မျှော်လင့်ချက်များက အဘယ်နည်း။ ရှေးဦးစွာ ထိုသူကို တာဝန်သိတတ်ပြီး လုံ့လရှိဖို့၊ အလုပ်ကို အလွန်အရေးပါသည်ဟု မှတ်ယူပြီး ကောင်းစွာလုပ်ဆောင်ဖို့ ဘုရားသခင်က မျှော်လင့်သည်။ ဒုတိယအနေဖြင့် ထိုသူသည် ယုံကြည်ဖို့ရန် ထိုက်တန်သောသူတစ်ယောက်ဖြစ်ဖို့ မည်မျှကြာပါစေ၊ သူ၏ ပတ်ဝန်းကျင်က မည်သို့ ပြောင်းလဲပါစေ သူ၏ တာဝန်သိစိတ်က မယိမ်းယိုင်ဖို့၊ သူ၏ ပင်ကိုစရိုက်က စမ်းသပ်မှုကို ရင်ဆိုင်ဖြေရှင်းဖို့ ဘုရားသခင်က မျှော်လင့်သည်။ သူသည် ယုံကြည်ထိုက်သောသူဖြစ်လျှင် ဘုရားသခင်က စိတ်ချလက်ချရှိသည်။ ဘုရားသခင်သည် ဤကိစ္စကို စောင့်ကြည့်ခြင်း၊ သို့မဟုတ် စစ်ဆေးခြင်း ရှိမည်မဟုတ်တော့ပေ။ အဘယ်ကြောင့်ဆိုသော် စိတ်အတွင်းတွင် ဘုရားသခင်က ထိုသူကို ယုံကြည်သောကြောင့်ဖြစ်သည်။ ဘုရားသခင်က ဤအလုပ်ကို ထိုသူအား ပေးသောအခါ သူသည် အမှားတစ်ခုမျှမရှိဘဲ ပြီးမြောက်ဖို့ သေချာလိမ့်မည်ဖြစ်သည်။ ဘုရားသခင်က အလုပ်တစ်ခုကို လူတို့အပေါ် အပ်နှံသောအခါတွင် ဤသည်မှာ သူ၏ ဆန္ဒမဟုတ်သလော။ (ဟုတ်သည်။) ဤသို့ဆိုလျှင် ဘုရားအလိုတော်ကို သင်နားလည်သည်နှင့် သင့်ကို ဘုရားသခင်က ယုံကြည်ပြီး သင့်ကို နှစ်သက်စေရန် မည်သည့်အရာကို သင်လုပ်ဆောင်သင့်သနည်း။ လူတို့၏ စွမ်းဆောင်မှုနှင့် အပြုအမူ၊ ၎င်းတို့၏တာဝန်အပေါ် ၎င်းတို့ချဉ်းကပ်သည့် သဘောထားတို့သည် ၎င်းတို့ကို မိမိတို့ကိုယ်ကို အထင်အမြင်သေးခြင်းပင် ဖြစ်စေသည့်အခါ များစွာရှိသည်။ ထို့ကြောင့် သင့်ကို ဘုရားသခင်က နှစ်သက်စေရန်၊ သင့်ကို ကျေးဇူးပြုရန်၊ သို့မဟုတ် သင့်အပေါ် အထူးပြုမူဆက်ဆံစေရန် သင်မည်သို့ တောင်းဆိုနိုင်မည်နည်း။ ဤသည်မှာ ကျိုးကြောင်းမသင့်ခြင်း မဟုတ်သလော။ (ဟုတ်ပါသည်။) သင်သည်ပင် သင့်ကိုယ်သင် နှိမ်သည်။ သင်သည်ပင် သင့်ကိုယ်သင် ရွံရှာသည်။ ထို့ကြောင့် သင့်ကို ဘုရားသခင်နှစ်သက်စေရန် သင်တောင်းဆိုခြင်းသည် သင့်အတွက် အဓိပ္ပာယ်မရှိပေ။ ဤသို့အားဖြင့် သင်သည် ဘုရားသခင်အား သင့်ကို နှစ်သက်စေလိုလျှင် အနည်းဆုံးအနေဖြင့် အခြားလူများက သင့်ကို ယုံကြည်နိုင်သင့်သည်။ သူတစ်ပါးတို့ကို သင့်အား ယုံကြည်စေလိုလျှင်၊ မျက်နှာသာပေးစေလိုလျှင်၊ သင့်ကို အကောင်းမြင်စေလိုလျှင် အနည်းဆုံးအနေဖြင့် သင်သည် သိက္ခာရှိရမည်။ တာဝန်သိရမည်။ အပြောနှင့်အလုပ်ညီရမည်။ ယုံကြည်ထိုက်သူဖြစ်ရမည်။ ဤသို့ဆိုလျှင် ဘုရားရှေ့တွင် မည်သို့ဖြစ်သနည်း။ သင်သည် သင်၏တာဝန်ကို ထမ်းဆောင်ရာတွင်လည်း တာဝန်သိတတ်လျှင်၊ လုံ့လရှိလျှင်၊ ဆက်ကပ်အပ်နှံခြင်းရှိလျှင် သင့်အပေါ် ဘုရားသခင်၏ တောင်းဆိုချက်အများစုကို သင် ဖြည့်ဆည်းပြီးဖြစ်သည်။ ဤသို့ဆိုလျှင် ဘုရားသခင်၏ လက်ခံမှုကို သင်ရရှိဖို့ မျှော်လင့်ချက်ရှိသည်မဟုတ်လော။” (နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ) လူတိုင်းမှာ ကိုယ်ပိုင်တာဝန်၊ ဝတ္တရားတွေရှိတယ်၊ ဂုဏ်သိက္ခာနဲ့ တန်ဖိုးနဲ့ အသက်ရှင်ဖို့အတွက် အဓိကက ကျွန်မတို့တာဝန်ကို ဖြည့်ဆည်းပြီး တာဝန်ကို အလေးအနက်၊ အာရုံစိုက်ပြီး ဆက်ဆံနိုင်ခြင်းရှိမရှိပဲဆိုတာကို ဘုရားနှုတ်ကပတ်တော်ကနေ ကျွန်မ သိခဲ့ရတယ်။ ကျွန်မတို့ကို အမြဲတမ်းတွန်းအားပေးနေဖို့ သူများတွေကို မလိုအပ်သင့်ဘူး။ တာဝန်သိတဲ့စိတ်ရှိသင့်တယ်။ အခြေအနေက ဘယ်လိုဖြစ်လာပါစေ အရေးကြီးတာက လူတစ်ယောက်က သူလုပ်တဲ့အရာအပေါ်မှာ စိတ်နှစ်သလားဆိုတာပဲ။ အဲဒီလိုသဘောထားမျိုးရှိတဲ့သူတွေကသာ ဂုဏ်သိက္ခာရှိပြီး အားကိုးလို့ရတယ်။ သူတို့လုပ်ရပ်တွေကို ဘုရားသခင်က အမှတ်ရလိမ့်မယ်။ ဘုရားအလိုတော်ကို နားလည်သွားတော့ ကျွန်မအတွက် ဉာဏ်အလင်းပွင့်သွားပြီး လက်တွေ့လုပ်ဖို့ လမ်းကြောင်းတစ်ခုပေးတယ်။ အဲဒီနောက်တော့ ကျွန်မတာဝန်မှာ ပိုပြီးအာရုံစိုက်ဖို့၊ သမ္မာတရားစည်းမျဉ်းတွေကိုရှာဖို့၊ တတ်နိုင်သမျှ အကောင်းဆုံးကြိုးစားလုပ်ဖို့ ကိုယ့်ကိုယ်ကိုယ် အမြဲတမ်းသတိပေးတယ်။
တစ်ခါတော့ အစ်မတစ်ယောက်နဲ့ ကျွန်မက ပုံတစ်ခုရဲ့ ဒီဇိုင်းအကြောင်းပြောနေတဲ့အချိန်မှာ ကိုးကားချက်အနေနဲ့ အနောက်တိုင်းပုံစံကို အသုံးပြုပြီး အထင်ကြီးလောက်စရာဖြစ်အောင် လုပ်ရမယ်လို့ သူက ပြောတယ်။ “အထင်ကြီးလောက်စရာ” လို့ သူကပြောတော့ ဒါ ခက်မှာပဲလို့ ကျွန်မ ခံစားမိတယ်။ အနောက်တိုင်းပုံစံတွေက ကြည့်ကောင်းတာကို ကျွန်မ သိပေမဲ့ အလှဆင်တဲ့ ဖန်တီးမှုမျိုးစုံကိုလုပ်ဖို့က ရှုပ်ထွေးလိမ့်မယ်။ အရင်က ဒီလိုဒီဇိုင်းမျိုးတွေကို တခြားအစ်မတွေက အမြဲတမ်းလုပ်ခဲ့ဖူးတယ်။ ကျွန်မက ဒါကို သိပ်မကျွမ်းဘူး။ ကောင်းကောင်းဖြစ်လာဖို့က ကျွန်မအတွက် တော်တော်ခ က်ပြီး အချိန်တွေ၊ အားအင်တွေ အများကြီးကုန်မှာပဲ။ ကျွန်မ တွန့်ဆုတ်လာပြီး ငြင်းလိုက်ချင်တယ်။ တခြားအစ်မတစ်ယောက်ကို လုပ်ခိုင်းချင်တယ်။ ဒါပေမဲ့ နောက်တော့ အရင်က ဖတ်ခဲ့ဖူးတဲ့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို တွေးမိတယ်။ “အသင်းတော်က သင့်အား လုပ်ဆောင်ရန် အလုပ်တစ်ခုပေးသည် ဆိုပါစို့။ သင်က ‘...အသင်းတော်က ငါ့ကို ဘာအလုပ်မျိုးပဲ ချပေးပါစေ ငါ့ရဲ့ စိတ်နှလုံး၊ အားအင်ရှိသမျှနဲ့ ခံယူမယ်။ ငါနားမလည်တာ တစ်ခုခုရှိရင်၊ ပြဿနာတစ်ခုဖြစ်လာရင် ဘုရားသခင်ဆီကို ဆုတောင်းမယ်၊ သမ္မာတရားကို ရှာမယ်။ သမ္မာတရား စည်းမျဉ်းတွေကို နားလည်အောင် ကြိုးစားမယ်။ ကောင်းကောင်းလုပ်မယ်။ ငါ့တာဝန်က ဘာပဲဖြစ်ပါစေ ကောင်းကောင်းထမ်းဆောင်ပြီး ဘုရားကို ကျေနပ်စေဖို့ အရာရာကို အသုံးပြုမယ်။ ငါစွမ်းဆောင်နိုင်တဲ့ ဘယ်အရာမဆိုအတွက် ငါခံယူရမယ့်တာဝန်တွေအားလုံးကို တာဝန်ယူဖို့ အကောင်းဆုံးလုပ်မယ်။ အနည်းဆုံးအနေနဲ့ ငါ့ရဲ့ အသိစိတ်၊ ဆင်ခြင်တုံတရားကို ဆန့်ကျင်မှာမဟုတ်ဘူး။ သတိမမူဖြစ်ပြီး ဝတ်ကျေတမ်းကျေမလုပ်ဘူး။ ဉာဏ်များပြီး တာဝန်ကို မပျက်ကွက်ဘူး။ သူများတွေ အလုပ်ကြိုးစားပြီး ရထားတဲ့ အသီးအပွင့်တွေကို ခံစားမှာမဟုတ်ဘူး။ ငါလုပ်တဲ့ ဘယ်အရာကမှ အသိစိတ်ရဲ့ စံနှုန်းတွေထက် နိမ့်ကျမှာမဟုတ်ဘူး’ ဟူ၍ ပြောသည်ဆိုပါစို့။ ဤသည်မှာ လူသားအပြုအမူ၏ အနည်းဆုံးစံနှုန်းဖြစ်သည်။ ဤသို့သောပုံစံဖြင့် တာဝန်ထမ်းဆောင်သောသူသည် တာဝန်သိသော၊ ကျိုးကြောင်းသင့်သောသူအဖြစ် အရည်အချင်းပြည့်မီနိုင်သည်။ သင်သည် အနည်းဆုံးအနေဖြင့် တာဝန်ထမ်းဆောင်ရာတွင် အသိစိတ်ရှင်းလင်းရမည်။ အနည်းဆုံးအနေဖြင့် သင်၏ တစ်ရက် ထမင်းသုံးနပ်ကို ထိုက်တန်စွာရရှိပြီး ညာစားနေခြင်းမဟုတ်ဟု ခံစားရမည်။ ဤသည်မှာ တာဝန်သိစိတ်ဟု ခေါ်သည်။ သင်၏ အစွမ်းအစက မြင့်သည်ဖြစ်စေ၊ နိမ့်သည်ဖြစ်စေ၊ သမ္မာတရားကို သင်နားလည်ခြင်းရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ သင်သည် ဤသဘောထားရှိရမည်။ ‘ဒီအလုပ်ကို ငါ့ကို ပေးထားတဲ့အတွက် ငါ အလေးအနက် သဘောထားရမယ်။ စိတ်နှလုံး၊ အားအင်ရှိသမျှနဲ့ ငါ့ရဲ့ အရေးကိစ္စအဖြစ် မှတ်ယူပြီး ကောင်းကောင်းလုပ်ရမယ်။ လုံးဝ ကောင်းကောင်း လုပ်နိုင်မလားဆိုတာကတော့ အာမခံနိုင်တယ်လို့ ယူဆလို့ မဖြစ်ဘူး။ ဒါပေမဲ့ ငါ့သဘောထားကတော့ ကောင်းကောင်းပြီးဖို့အတွက် အကောင်းဆုံးလုပ်မယ်။ အဲဒါနဲ့ ပတ်သက်လို့ သတိမမူဖြစ်ပြီး ဝတ်ကျေတမ်းကျေဆန်တာမျိုး သေချာပေါက် ဖြစ်မှာမဟုတ်ဘူး။ ပြဿနာတစ်ခုဖြစ်လာရင် တာဝန်ယူသင့်တယ်။ အဲဒီကနေ သင်ခန်းစာယူပြီး ငါ့တာဝန်ကို ကောင်းကောင်းထမ်းဆောင်ဖို့ သေချာလုပ်သင့်တယ်’ဟူ၍ ဖြစ်သည်။ ဤသည်မှာ မှန်ကန်သော သဘောထားဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ) ကျွန်မတာဝန်မှာ အရင်က တာဝန်မသိတတ်ခဲ့ပုံကို ပြန်တွေးမိတယ်။ ကျွန်မက အမြဲတမ်း ဖြစ်သလိုလုပ်နေပြီး ဘုရားကို ရွံရှာစေတဲ့အရာတွေအများကြီးလုပ်ခဲ့တယ်။ ဒီတစ်ခါတော့ ဇာတိပကတိအလိုကို ဖြည့်ပြီး သက်သာခြင်းကို တပ်မက်လို့ မဖြစ်ဘူး။ ဘုရားအလိုတော်ကို ထည့်စဉ်းစားပြီး ကျွန်မတာဝန်အတွက် တာဝန်ယူရမယ်ပေါ့။ ကျွန်မ တိတ်တဆိတ်နဲ့ စိတ်ပိုင်းဖြတ်လိုက်တယ်။ ကျွန်မ ဘယ်လောက်ပဲ အောင်မြင်နိုင်ပါစေ၊ အရင်ဆုံး နာခံပြီး ကြိုးစားလုပ်ရမယ်။ တတ်နိုင်သမျှ အကောင်းဆုံးလုပ်ဖို့က အရေးကြီးဆုံးပဲ။ ဒီအတွေးတွေနဲ့ ကျွန်မ ဦးတည်ချက်တစ်ခုရှိသလို ခံစားမိတယ်။ ကျွန်မတို့အလုပ်ရဲ့ စည်းမျဉ်းတွေကို စဉ်းစားပြီး ကိုးကားဖို့အချက်အလက်တချို့ကို အတူစုလိုက်တယ်။ ပုံစံသုံးလေးခုလုပ်ပြီး အဲဒါတွေကို အကြံပေးဖို့အတွက် တခြားအစ်မတွေဆီကို ပို့လိုက်တယ်။ နည်းနည်းစစ်ဆေးပြီးတဲ့နောက်မှာ နောက်ဆုံးတော့ ပြီးသွားတယ်။ ဒီလိုလုပ်တဲ့အခါမှာ ကျွန်မ စိတ်နှလုံးထဲမှာ ငြိမ်သက်ခြင်းရှိပြီး အရင်ကထက်ပိုပြီး လက်တွေ့ကျသလို ခံစားမိတယ်။
အဲဒီနောက်တော့ ကျွန်မတာဝန်မှာ ကိုယ့်ကိုယ်ကိုယ် သုံးသပ်ခြင်း၊ ဇာတိပကတိကို စွန့်လွှတ်ခြင်းအပေါ် အာရုံစိုက်တယ်။ ကျွန်မရဲ့ နေ့စဉ်အသက်တာမှာ အသေးအဖွဲကိစ္စတွေနဲ့ အသင်းတော်က ချပေးတဲ့အလုပ်တွေကို ပိုပြီးတွေးမိဖို့၊ ကျွန်မတာဝန်ကို ပိုကောင်းအောင်ဘယ်လိုလုပ်ရမယ်ဆိုတာကို စဉ်းစားဖို့ သေချာလုပ်တယ်။ အမှန်တကယ်တော့ ဒါတွေကြောင့် ကျွန်မက တကယ်တမ်း မမောဘူး။ အဲဒီအစား စိတ်ကျေနပ်မှုရှိတယ်။ ဒီလိုလူမျိုးဖြစ်ရတာက တကယ်ကို ကောင်းတယ်။ တစ်ခါတလေတော့ ကျွန်မက ဇာတိပကတိကို အရေးစိုက်ပြီး ကိုယ့်ကိုယ်ကိုယ် အလိုလိုက်ချင်နေသေးပေမဲ့ ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးမှုကို အရင်ကထက်ပိုပြီး သတိထားမိခဲ့တယ်။ ဇာတိပကတိကို စွန့်လွှတ်ဖို့အတွက် ကျွန်မ ချက်ချင်းဆုတောင်းပြီး ကျွန်မကို ကူညီဖို့ ဘုရားကို တောင်းခံဖို့လိုတယ်၊ ကျွန်မက နောက်တစ်ခါ ဝတ်ကျေတမ်းကျေလုပ်ရင်၊ လှည့်စားပြီး တာဝန်မသိတတ်ရင် ကျွန်မကို ပဲ့ပြင်ဆုံးမဖို့ ဘုရားကို တောင်းဆိုဖို့လိုတယ်ဆိုတာ ကျွန်မ သိတယ်။ ကြာလာတော့ ကျွန်မတာဝန်မှာ တာဝန်ခံနိုင်လာတယ်။ ကျွန်မတာဝန်တွေကို ထမ်းရွက်ပြီး တာဝန်ထမ်းဆောင်ချင်စိတ်ရှိလာတယ်။ ဒါက သမာဓိ၊ သိက္ခာနဲ့ ငြိမ်သက်ခြင်းနဲ့ အသက်ရှင်ဖို့ တစ်ခုတည်းသောနည်းလမ်းပဲ။
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။