ဘုရားသခင်၏နှုတ်ကပတ်တော်အားဖြင့် မိမိကိုယ်ကိုယ် သိရှိခြင်း

22.12.2020

ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်က ပြောပါတယ်- “နောက်ဆုံးသောကာလတွင် ခရစ်တော်သည် လူသားကို သွန်သင်ရန်၊ လူသား၏အနှစ်သာရကို ဖော်ထုတ်ရန်နှင့် လူသား၏ အပြုအမူများနှင့် စကားလုံးများကို စိတ်ဖြာလေ့လာရန် အမျိုးမျိုးသော သမ္မာတရားများကို အသုံးပြု၏။ ဤနှုတ်ကပတ်တော်များသည် လူသား၏တာဝန်၊ လူသားသည် ဘုရားသခင်ကို မည်သို့နာခံသင့်ပုံ၊ လူသားသည် ဘုရားသခင်ကို မည်သို့သစ္စာရှိသင့်ပုံ၊ လူသားသည် သာမန်လူ့သဘာဝကို မည်သို့ အသက်ရှင်နေထိုင်သင့်ပုံအပြင်၊ ဘုရားသခင်၏ ဉာဏ်ပညာနှင့် စိတ်သဘောထား စသည်တို့ကဲ့သို့သော အမျိုးမျိုးသော သမ္မာတရားများ ပါဝင်သည်။ ဤနှုတ်ကပတ်တော်များ အားလုံးသည် လူသား၏အနှစ်သာရနှင့် သူ၏ဖောက်ပြန်ပျက်စီးနေသော စိတ်သဘောထားတို့ကို ဦးတည်ထား ပေသည်။ အထူးသဖြင့်၊ ဘုရားသခင်ကို လူသားက မည်သို့ ပစ်ပယ်သည်ကို ဖော်ထုတ်ပြသည့် နှုတ်ကပတ်တော်များမှာ လူသားသည် စာတန်၏ပြယုဂ်နှင့် ဘုရားသခင်ကိုဆန့်ကျင်သည့်ရန်သူအင်အား တစ်ခု မည်သို့ဖြစ်သည်နှင့် စပ်လျဉ်း၍ ပြောဆိုထားပေသည်။...တရားစီရင်ခြင်းက ဖြစ်ပေါ်စေသည့်အရာမှာ ဘုရားသခင်၏မျက်နှာအစစ်အမှန်နှင့် သူကိုယ်တိုင်၏ ပုန်ကန်မှုနှင့်ပတ်သက်သည့် အမှန်တရားကို လူသားက သိနားလည်ခြင်း ဖြစ်သည်။ တရားစီရင်ခြင်းအမှုသည် ဘုရားသခင်၏ အလို၊ ဘုရားသခင်အမှု၏ ရည်ရွယ်ချက်နှင့် လူသား နားမလည်နိုင်သော နက်နဲမှုများတို့နှင့် ပတ်သက်သည့် များပြားလှသော သိနားလည်မှုကို လူသားအား ရရှိခွင့်ပေးသည်။ ယင်းသည် လူသားကို သူ၏ ဖောက်ပြန်ပျက်စီးသော အနှစ်သာရနှင့် သူ၏ ဖောက်ပြန်ပျက်စီးမှု အရင်းအမြစ်များကို သတိပြုကာ သိရှိခွင့်ပေးသည့်အပြင် လူသား၏ အကျည်းတန်မှုကို သိရခွင့် ပေးလေသည်။ ဤအကျိုးသက်ရောက်မှုအားလုံးတို့ကို တရားစီရင်ခြင်း အမှုက ဖြစ်ပေါ်စေခြင်းဖြစ်သည်၊ အကြောင်းမှာ ဤအမှု၏ အနှစ်သာရသည် ဘုရားသခင်၌ ယုံကြည်ခြင်းရှိသူများ အားလုံးထံသို့ ဘုရားသခင်၏သမ္မာတရား၊ လမ်းခရီးနှင့် အသက်တို့ကို အမှန်တကယ် ဖွင့်ပြပေးသည့် အမှု ဖြစ်သောကြောင့် ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ရင်းနဲ့၊ ဘုရားရဲ့ နောက်ဆုံးသောကာလ တရားစီရင်ခြင်းအမှုဆိုတာ၊ ကျွန်မတို့ရဲ့ ဆိုးယုတ်တဲ့ သဘာဝတွေကို ဘုရားနှုတ်ကပတ်တော်တွေကတစ်ဆင့် သိနိုင်အောင်၊ ပြီးတော့ စာတန်ကြောင့် ကျွန်မတို့ ဘယ်လောက် ဆိုးဆိုးဝါးဝါး ပျက်စီးနေပြီဆိုတဲ့ အဖြစ်မှန်ကို မြင်နိုင်အောင်၊ ကျွန်မတို့ကို တရားစီရင်ဖို့ သန့်စင်ပေးဖို့အတွက် သမ္မာတရားကို ဖော်ပြခြင်းအားဖြင့် လုပ်ဆောင်တာဖြစ်တယ်လို့ မြင်ပါတယ်။ အဲဒီတော့မှပဲ ကျွန်မတို့က နောင်တကို ခံစားတတ်မယ်၊ ကိုယ့်ကိုယ်ကိုယ် မုန်းတီးတတ်မယ်။ ပြီးတော့ အမှန်တကယ် နောင်တရနိုင်မယ်။ ကျွန်မက ကိုယ့်ကိုယ်ကိုယ် လူ့သဘာဝကောင်း ရှိတဲ့သူဆိုပြီး အမြဲတမ်း ထင်ခဲ့ဖူးတယ်။ တခြားသူတွေအပေါ် သည်းခံတယ်၊ စိတ်ရှည်တယ်။ တစ်ယောက်ယောက် ဒုက္ခရောက်နေတာ မြင်ရင်၊ ကျွန်မ တတ်နိုင်တာမှန်သမျှ ကူညီတယ်။ ကျွန်မက လူကောင်းတစ်ယောက်ပဲလို့ ထင်ခဲ့မိတယ်။ ဒါပေမဲ့ ဘုရားရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံပြီး၊ ကိုယ်တော့်နှုတ်ကပတ်တော်တွေရဲ့ တရားစီရင်မှု၊ ထုတ်ဖော်ပြမှုကို တွေ့ကြုံမိတဲ့နောက်မှာ ကျွန်မ မြင်ခဲ့တာက၊ ကျွန်မက အပြင်ပန်းမှာ ကောင်းကောင်းမွန်မွန် ပြုမူနေထိုင်ပြီး၊ သိသာထင်ရှားတဲ့ အပြစ်တွေ မကျူးလွန်ဘူးဆိုပေမဲ့၊ စိတ်ထဲမှာတော့ ဆိုးယုတ်တဲ့ စိတ်သဘောထားတွေ အများကြီး ရှိနေတယ်။ မာနထောင်လွှားတာ၊ လှည့်ဖြားတာ၊ မလိုတမာစိတ်ရှိတာမျိုးတွေပေါ့။ ဘုရားသခင်နဲ့ သမ္မာတရားကို မဆန့်ကျင်မိအောင် နေလို့မရခဲ့ဘူး။ ကျွန်မက စာတန်ကြောင့် တော်တော် ဆိုးဆိုးဝါးဝါး ပျက်စီးနေပြီဆိုတာရယ်၊ ကျွန်မအနေနဲ့ ဘုရားနှုတ်ကပတ်တော်တွေရဲ့ တရားစီရင်ခြင်းနဲ့ သန့်စင်ခြင်းကို အမှန်တကယ် လိုအပ်တယ် ဆိုတာရယ်ကို မြင်ခဲ့တယ်။

၂၀၁၈ မတ်လတုန်းက ဖြစ်ခဲ့တာလေးကို ကျွန်မ မှတ်မိနေတယ်။ အသင်းတော်မှာ ကျွန်မက ဗီဒီယိုတွေ လုပ်ပေးရတဲ့တာဝန်တစ်ခု ကျတယ်။ အဲဒီအဖွဲ့မှာ ကျွန်မက လူသစ်ပါ။ ညီအစ်မတစ်ယောက် ပြောတယ်။ အဖွဲ့ခေါင်းဆောင် အစ်ကိုကျောက်က တော်တော် ကြမ်းတယ်။ အလုပ်အတွက် စံနှုန်းတွေလည်း တင်းကျပ်တယ်တဲ့။ ကျွန်မလည်း တွေးကြည့်တယ်၊ “တင်းကျပ်တယ်ဆိုတာ တာဝန်သိတာပဲ။ ငါတို့အလုပ်ကို ပိုကောင်းအောင် တွန်းအားပေးနိုင်တယ်။ ဒါက ကောင်းတဲ့အချက်ပဲ” ပေါ့။ “ပြီးတော့လည်း ငါက ပေါ့ပေါ့ပါးပါးနေတဲ့သူ။ ဘယ်သူနဲ့မဆို အဆင်ပြေတယ်။ အစ်ကိုကျောက်နဲ့အတူ အလုပ်လုပ်ရင် ငါ့အတွက် ဘာပြဿနာမှ ရှိလောက်မှာ မဟုတ်ဘူး” ပေါ့။

အစ်ကိုကျောက်က ကျွန်မတို့ လေ့လာလို့ရအောင်၊ ဗီဒီယိုနည်းနည်းလောက် ဒေါင်းလုတ်လုပ်ပေးတယ်။ ကျွန်မတို့တွေ အလုပ်မှာ ပိုပြီးမြန်မြန်ဆန်ဆန် ကျွမ်းဝင်အောင်ပေါ့။ ရသပညာ၊ ရိုက်ကွက်အထားအသို၊ အလင်းပေးပုံ၊ အရောင်ထိန်းချုပ်ပုံ စသဖြင့် အကြောင်းအရာအစုံပဲ။ ဒါတွေအားလုံးကို လေ့လာရတာ ကျွန်မအတွက်တော့ ငြီးငွေ့စရာကောင်းတယ်။ ကျွန်မအာရုံကလည်း ဟိုရောက်ဒီရောက်နဲ့ပဲ။ ကျွန်မ စဉ်းစားကြည့်တယ်၊ “သိစရာတွေကတော့ အများကြီးပဲ။ ငါ အဲဒါတွေကို ချက်ချင်း မေ့ကုန်မှာ။ လက်တွေ့လုပ်ရင်းနဲ့ပဲ ငါတော့ ဖြည်းဖြည်းချင်း သင်ယူသွားမယ်။ အခုလောလောဆယ် ငါတို့တွေ လုပ်တတ်အောင်၊ စိတ်ဝင်စားမှု တိုးအောင်၊ ဆော့ဖ်ဝဲလ်အသစ်နဲ့ ဗီဒီယိုလုပ်နည်းကို လေ့လာတာ ပိုကောင်းလိမ့်မယ်” ပေါ့။ ကျွန်မစိတ်ကူးကို အစ်ကိုကျောက် စဉ်းစားကြည့်လိမ့်မယ် ထင်တာနဲ့၊ ပြောပြလိုက်တယ်။ ဒါပေမဲ့ သူက ဆုံးအောင်နားထောင်ပြီး၊ တော်တော်ကို မာမာထန်ထန်နဲ့၊ “ဒီအတတ်ပညာပိုင်းတွေကို လေ့လာဖို့ အရေးကြီးတယ်။ ဗီဒီယိုကောင်းကောင်းတွေ ရဖို့ အဲဒါတွေကို နားလည်ရမယ်။ စိတ်မပါလည်း ပါအောင်လုပ်ပြီး၊ တစ်ဆင့်ချင်း သွားရမှာပဲ။ လောဘတော့ မကြီးကြနဲ့။ ဒါတွေအားလုံးကို လေ့လာတယ်ဆိုတာ ငါတို့တာဝန်ကို ကောင်းအောင် လုပ်တာပဲ။ ကိုယ့် စိတ်ထားတွေကို ပြင်လိုက်ရင်၊ လေ့လာရတာ ပိုပြီးတော့ တက်ကြွလာလိမ့်မယ်။ ငြီးငွေ့စရာကောင်းတော့မှာ မဟုတ်ဘူး” ဆိုပြီး ပြောလာတော့၊ ကျွန်မလည်း အံ့ဩသွားတယ်။ သူ အဲဒီလို ပြောပြီးပြီးချင်း၊ တခြားညီအစ်ကိုမောင်နှမတွေက ကျွန်မကို ဝိုင်းကြည့်ကြတယ်။ ကျွန်မလည်း မျက်နှာကြီး နီမြန်းသွားတာပေါ့။ တော်တော်ကို ရှက်မိတယ်။ စိတ်ထဲမှာလည်း တွေးတယ်၊ “ရှင်က ကျွန်မကို အဲဒီလိုပြောလိုက်တော့၊ သူတို့တွေက ကျွန်မကို ဘယ်လိုထင်ကုန်မလဲ။ ကျွန်မကို အလုပ်မှာ အပျော်သက်သက် လာလုပ်တာလို့ မထင်ကုန်ဘူးလား။ ကျွန်မက ဘယ်လိုလုပ် မျက်နှာ ဆက်ပြလို့ရတော့မှာလဲ” ပေါ့။ ဒါပေမဲ့ နောက်တော့ တွေးမိပြန်တယ်၊ “ငါ ဒီလောက် သဘောထား သေးသိမ်လို့မဖြစ်ဘူး။ အစ်ကိုကျောက်က ဒါကို ငါ့အကျိုးအတွက် ပြောနေတာ။ ငါက အရာရာတိုင်းကို ဒီလောက် ဇီဇာကြောင်နေရင်၊ ဒီအလုပ်မှာ သူများတွေနဲ့ ဘယ်လိုလုပ် တွဲလုပ်မလဲ” ပေါ့။ အဲဒီအချိန်ကစပြီး၊ ကျွန်မလည်း ဒီအတတ်ပညာတွေကို လေးလေးနက်နက်နဲ့ စပြီး သင်ယူတယ်။ တချို့အပိုင်းတွေရဲ့ အခြေခံသဘောလောက်ကို မြန်မြန်ဆန်ဆန် နားလည်လာတယ်။ အချိန်လေးနည်းနည်း ကြာလာတော့၊ ကိုယ့်ကိုယ်ကိုယ် ဟုတ်လှပြီလို့ ထင်မိတယ်။ ကျွန်မမှာ အရည်အချင်းရှိတယ်၊ မြန်မြန်တတ်လွယ်တယ်ပေါ့။

တစ်ရက်တော့ အစ်ကိုကျောက်က ကျွန်မတို့ကို ဆော့ဖ်ဝဲလ်အသစ်တစ်ခု သုံးနည်း သင်ပေးတယ်။ ကျွန်မက ချက်ချင်းပဲ ခေါင်းထဲစွဲသွားတယ်။ ဒါပေမဲ့ တခြားညီအစ်ကိုမောင်နှမတွေက နောက်တစ်ခါထပ်ပြီး မေးကြရတယ်။ အစ်ကိုကျောက်ကလည်း စိတ်ရှည်ရှည်နဲ့ နှစ်ခေါက်တိတိ သင်ပေးတယ်။ ဒါပေမဲ့ ကျွန်မက စိတ်မရှည်တော့ဘူး။ စိတ်ထဲမှာလည်း “ဘာများခက်လို့လဲ။ ငါကတော့ နားလည်နေပြီ။ ထပ်သင်နေစရာ မလိုပါဘူး” ပေါ့။ တခြားဟာတွေကို လျှောက်ကြည့်နေလိုက်တယ်။ ကျွန်မက လက်ရှိအလုပ်ကို တကယ် အာရုံမစိုက်ဘူးဆိုတာ မြင်တော့၊ အစ်ကိုကျောက်က၊ “ညီမ ဒါကို နားလည်သွားပြီလား။ အဲဒါဆို လာပြီး စမ်းလုပ်ကြည့်ပါဦး” လို့ ပြောတယ်။ ကျွန်မစိတ်ထဲကတော့ “လုပ်ကြည့်ဖို့ လိုသေးလို့လား”၊ “ကျွန်မကို မယုံကြည်တာ မဟုတ်လား” ပေါ့။ ကျွန်မက အဲဒီဆော့ဖ်ဝဲလ်ကို လုံးဝ ယုံကြည်မှုအပြည့်နဲ့ သုံးပြတယ်။ ဒါပေမဲ့ တစ်ဝက်လောက် ရောက်တော့ ရပ်သွားရော။ ဘာဆက်လုပ်ရမှန်း မသိတော့ဘူး။ တခြားညီအစ်ကိုမောင်နှမတွေကလည်း ဘေးမှာတင် ဝိုင်းကြည့်နေကြတာ။ ကျွန်မမျက်နှာ ပူထူလာရော။ တစ်နေရာရာမှာ တကယ်ပဲ ပြေးပုန်းလိုက်ချင်တာ။ အစ်ကိုကျောက်က မျက်နှာထားတင်းတင်းနဲ့ ပြောလာတယ်၊ “ညီမ က တော်တော် မာနကြီးတယ်။ ကိုယ့်ကိုယ်ကိုယ် အဟုတ်ထင်တယ်။ ဘာကိုပဲ လေ့လာလေ့လာ များသောအားဖြင့် သေချာ အာရုံမစိုက်ဘူး။ မင်းရဲ့တာဝန်ကို အဲဒီလိုပုံစံနဲ့ ဘယ်လိုလုပ် ကောင်းအောင် လုပ်နိုင်မှာလဲ” တဲ့။ သူ အဲဒီလိုပြောတာကို ကျွန်မ လုံးဝ လက်မခံခဲ့ဘူး။ စိတ်ထဲမှာလည်း “ရှင်က ကျွန်မကို သဘောမကျတာ မဟုတ်လား။ တခြားသူတွေကျတော့ မမေးဘူး၊ ကျွန်မကိုပဲ မေးတယ်။ ကျွန်မကိုပဲ အရူးလုပ်ချင်တာ မဟုတ်လား။ ရှင်က ကျွန်မကို အားလုံးရှေ့မှာလည်း အပြစ်တင်သေးတယ်။ အားလုံးက ကျွန်မကို မာနကြီးတယ်လို့ ထင်အောင် လုပ်တာမဟုတ်လား။ အခုလိုဖြစ်သွားတော့ ကျွန်မက အားလုံးနဲ့ ဘယ်လို အဆင်ပြေနိုင်တော့မလဲ” ဆိုတာမျိုးတွေ တွေးတယ်။ ဒါတွေကို စဉ်းစားလေလေ၊ အစ်ကိုကျောက်က ကျွန်မကို တမင် ပြဿနာရှာနေတာပဲလို့ ပိုပြီး ထင်မိလေလေပဲ။ သူက ကျွန်မကို နေရာတိုင်းမှာ ညံ့တယ်ဆိုတာမျိုး ဖြစ်စေချင်တာပါ ပေါ့။ ကျွန်မက မရည်ရွယ်ဘဲနဲ့၊ သူ့ကို စပြီး မလိုမုန်းထားဖြစ်လာတယ်။ အဲဒီအချိန်ကစပြီး၊ သူ့ကို ကျွန်မ မသိလိုက်မသိဘာသာ ရှောင်လာမိတယ်။ သူက ကျွန်မတာဝန်နဲ့ပတ်သက်ပြီး တစ်ခုခုမေးတယ်ဆိုရင်၊ ဟိုလိုလို ဒီလိုလို ပြန်ပြောပြီး သူ့ကို သိပ်အဖက်မလုပ်ဘူး။ ကျွန်မအလုပ်မှာ နောက်ထပ်ပြဿနာတွေကို ထပ်တွေ့သွားရင်၊ သူ အပြစ်တင်လာမှာကို စိုးရိမ်ခဲ့တယ်။ ဒါပေမဲ့ ကျွန်မက သူ့ကို ရှောင်ဖို့ ကြိုးစားလေလေ၊ ပြဿနာတွေ အမှားတွေကို ပိုပြီး ကြုံလာလေလေပဲ။ သူ့ဆီက သတိပေးတာတွေ၊ ထောက်ပြတာတွေကို အမြဲလိုလို ခံနေရတယ်။ ဒါတွေကြောင့် ကျွန်မ တကယ်ကို ကသိကအောက်ဖြစ်ရတယ်။ အစ်ကိုကျောက်နဲ့ပတ်သက်ရင် ပိုပိုပြီးတော့ မပျော်မရွှင်ဖြစ်မိတယ်။ “ရှင်ကတော့ ကျွန်မကို အမြဲတမ်း အရှက်ရအောင်လုပ်နေတာပဲ။ နောက်တစ်ခါ ရှင့်အမှားတစ်ခုကို တွေ့ပြီဆိုရင်၊ ကျွန်မကလည်း အားလုံးရှေ့မှာ ထုတ်ပြောပစ်လိုက်မယ်။ ဒါမှ စော်ကားခံရတဲ့ အရသာကို ရှင် သိမယ်” ဆိုပြီး စိတ်ထဲမှာလည်း တွေးထားတယ်။

အချိန်ခဏလောက် ကြာပြီးတဲ့နောက်မှာ နောက်ထပ် ညီအစ်မတစ်ယောက်က ကျွန်မတို့အဖွဲ့ထဲ ရောက်လာတယ်။ ကျွန်မက အခြေခံလိုအပ်တာတွေကို ပြောဆိုရှင်းပြရတယ်။ အစ်ကိုကျောက်အကြောင်း ပြောပြရတဲ့အချိန်ရောက်တော့၊ သူ့အပေါ် ကျွန်မရဲ့ထင်မြင်ချက်တွေ၊ မလိုမုန်းထားတာတွေ အားလုံးကို ရင်ဖွင့်လိုက်မိတယ်။ အဲဒီလို ရင်ဖွင့်ပြီးတော့၊ နည်းနည်း စိတ်မသက်မသာဖြစ်မိတယ်။ ကျွန်မက သူ့နောက်ကွယ်မှာ သူ့ကို ဝေဖန်မိသလို ဖြစ်သွားသလားပေါ့။ ဒါပေမဲ့ နောက်တော့ အဲဒါကို တခြားနည်းနဲ့ ပြန်မြင်ကြည့်တယ်။ ကျွန်မက ကျွန်မရဲ့ ရိုးရိုးသားသား ထင်မြင်ချက်ကို ပြောပြခဲ့တာပဲ။ ဒါမှ အဲဒီညီအစ်မအနေနဲ့ အစ်ကိုကျောက်အကြောင်းကို နည်းနည်းပါးပါး သိနိုင်မယ်။ သူ့အားသာချက်၊ အားနည်းချက်တွေနဲ့ပတ်သက်ပြီး သင့်သလို ဆက်ဆံနိုင်မယ်။ ကျွန်မလည်း အဲဒါထက်ပိုပြီး ဘာမှ ထပ်မစဉ်းစားတော့ဘူး။

သိပ်မကြာခင်မှာပဲ၊ အလုပ်မှာ အစ်ကိုကျောက်ရဲ့ တချို့ပြဿနာတွေနဲ့ပတ်သက်ပြီး၊ ညီအစ်မတစ်ယောက်က အသင်းတော်ခေါင်းဆောင်တစ်ယောက်ကို ပြောပြလိုက်တယ်လို့ ကြားရတယ်။ ကျွန်မလည်း တွေးလိုက်မိတယ်၊ “ဒါက ငါလည်း ငါ့ထင်မြင်ချက်တွေကို ဝင်ပြောဖို့ အခွင့်အရေးကောင်းပဲ။ ခေါင်းဆောင်က ငါတို့ပြောတာတွေကို အခြေခံပြီး၊ အစ်ကိုကျောက်ကို ကိုင်တွယ်ဖြေရှင်းချင် ဖြေရှင်းလိမ့်မယ်။ ဒီတစ်ခါတော့ ငါတို့ခံစားရတာတွေကို သူ သိလာတော့မယ်။ ကိုင်တွယ်ဖြေရှင်းခံရပြီးရင်လည်း၊ သူ့တာဝန်ကနေ အထုတ်ခံရတာမျိုးတောင် ဖြစ်ချင်ဖြစ်မှာ။ ဒါဆို ငါလည်း သူ့ကို တစ်နေ့တစ်နေ့ မျက်နှာချင်း ဆိုင်ရတော့မှာ မဟုတ်ဘူး” ပေါ့။ စိတ်ထဲမှာ ဒီလိုတွေးရင်းနဲ့၊ ကျွန်မလည်း သူ့ရဲ့ယိုယွင်းမှုတွေ၊ အမှားတွေကို ခေါင်းဆောင်ဆီ ပြောပြလိုက်တယ်။ သူ လူစားလဲခံရလိမ့်မယ်လို့ပဲ ထင်ခဲ့တယ်။ ဒါပေမဲ့ နောက်တစ်ရက်နှစ်ရက်အကြာမှာ ခေါင်းဆောင်က အယောက်တိုင်းအပေါ် အကဲဖြတ်ချက်တွေကို အကျဉ်းချုံးဖော်ပြတော့၊ အံ့ဩသွားရတယ်။ အစ်ကိုကျောက်မှာ ယိုယွင်းမှုတချို့ ပေါ်ခဲ့ပေမဲ့၊ သူက ကိုယ့်ကိုယ်ကိုယ် သိနားလည်ခြင်းတချို့လည်း ရှိတယ်တဲ့။ ပြီးတော့ သူက သူ့အလုပ်ကို တာဝန်ယူတယ်၊ လက်တွေ့ကျကျ လုပ်နိုင်တယ် လို့ပြောတယ်။ သူ့ကို အဖွဲ့ခေါင်းဆောင်အဖြစ် ဆက်ပြီးနေခွင့်ပေးလိုက် တယ်။ အဲဒါကို ကြားရတော့၊ ကျွန်မ တော်တော် စိတ်ပျက်သွားတယ်။ နောက်တော့၊ ခေါင်းဆောင်က ကျွန်မကို မိတ်သဟာယပြုဖို့ ကြိုးစားပါတယ်။ “ညီမ၊ ညီအစ်ကိုကျောက်ရဲ့ပြဿနာတွေကို ငါတို့ ဆွေးနွေးခဲ့တုန်းက၊ မင်းက သူ့ယိုယွင်းမှုတွေ၊ အမှားတွေကိုပဲ ပြောခဲ့တယ်။ မင်း သူ့ကို မလိုမုန်းထားဖြစ်နေလား။ သူက တော်တော် ပွင့်လင်းတဲ့လူမျိုးပါ။ တစ်ယောက်ယောက်က အမှားတစ်ခုခုလုပ်တာဖြစ်ဖြစ်၊ သမ္မာတရားရဲ့ အခြေခံသဘောတွေနဲ့ ဆန့်ကျင်တာတစ်ခုခုကိုဖြစ်ဖြစ် သူမြင်ပြီဆိုရင် သူက ဝေ့လည်ကြောင်ပတ် မပြောတတ်ဘူး။ တစ်ခါတလေတော့ သူက နည်းနည်း မာမာထန်ထန် ပြောတတ်တယ်။ ဒါပေမဲ့ သူက ညီအစ်ကိုမောင်နှမတွေကို ကူညီပြီး၊ အသင်းတော်ရဲ့အလုပ်ကို ထိန်းသိမ်းချင်တာပါ။ ဒီနေရာမှာ ငါတို့က ကိုင်တွယ်ဖြေရှင်းပုံ မှားလို့မဖြစ်ဘူးလေ။ သူ့ကို နောက်တာဝန်တစ်ခု ပြောင်းလိုက်မယ်ဆိုရင်၊ အသင်းတော်ရဲ့အလုပ်ကို အနှောင့်အယှက်ဖြစ်လိမ့်မယ်။ ညီအစ်ကိုကျောက်နဲ့ပတ်သက်တဲ့ ကိစ္စတွေကို ပြောတဲ့အခါမှာ ငါတို့ ပြောနေတာ လုပ်နေတာတွေက သမ္မာတရားနဲ့ကိုက်ညီရဲ့လား၊ ငါတို့ရည်ရွယ်ချက်တွေက မှန်ကန်ရဲ့လား၊ ဘယ်လို ဖောက်ပြန်ပျက်စီးမှု ရောထွေးပါနေလဲ ဆိုတာတွေကို ဆန်းစစ်ရမယ်...” တဲ့။ ခေါင်းဆောင်က အဲဒီလို သတိပေးလိုက်တော့၊ ကျွန်မမှာ ဆိုးဝါးတဲ့ပြဿနာတစ်ခု ရှိနေနိုင်တယ်လို့ ကျွန်မလည်း စဉ်းစားမိတယ်။ အစ်ကိုကျောက်နဲ့အတူ အလုပ်လုပ်ခဲ့တဲ့တစ်လျှောက်လုံး ကျွန်မ ဘယ်လိုပြုမူခဲ့လဲဆိုတာတွေကို ပြန်စဉ်းစားကြည့်တယ်။ နည်းနည်းလည်း စိတ်မသက်မသာဖြစ်မိတယ်။ ဘုရားသခင်ရှေ့ ဆုတောင်းရင်းနဲ့၊ ကျွန်မရဲ့အခြေအနေကို ပြောပြတယ်။

နောက်တော့ ဘုရားရဲ့ ဒီနှုတ်ကပတ်တော်တွေကို ဖတ်မိပါတယ်။ “ညီအစ်ကိုမောင်နှမများအကြား မိမိတို့၏ အပျက်သဘောကို အစဉ်အမြဲ ဖွင့်ပြောသောသူများသည် စာတန်၏ အစေအပါးများဖြစ်ကြပြီး သူတို့သည် အသင်းတော်ကို အနှောင့်အယှက်ပေးကြ၏။ ထိုသို့သောလူများကို တစ်နေ့တွင် နှင်ထုတ်ပြီး ဖယ်ရှားရမည်။ အကယ်၍ လူများသည် ဘုရားသခင်ကို ယုံကြည်ခြင်းတွင် ဘုရားသခင်ကို ချစ်ကြောက်ရိုသေသော နှလုံးသား မရှိပါက၊ ဘုရားသခင်ကို နာခံသည့် နှလုံးသား မရှိပါက၊ ၎င်းတို့သည် ဘုရားသခင်အတွက် မည်သည့် အလုပ်ကိုမျှ လုပ်ဆောင်နိုင်လိမ့်မည် မဟုတ်ရုံသာမက၊ ဆန့်ကျင်ဘက်အနေနှင့် ဘုရားသခင်၏ အလုပ်ကို နှောင့်ယှက်သောသူများနှင့် ဘုရားသခင်ကို ဖီဆန်သောသူ ဖြစ်သွားမည် ဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်သော်လည်း သူ့ကို နာခံခြင်း သို့မဟုတ် ချစ်ကြောက်ရိုသေခြင်းရှိရမည့်အစား သူ့ကို ခုခံခြင်းသည် ယုံကြည်သူ တစ်ယောက်အတွက် အကြီးအကျယ်ဆုံး အရှက်ရဖွယ် ဖြစ်သည်။...ဘုရားသခင်ကို စစ်မှန်စွာ ယုံကြည်သော သူများ၏ စိတ်နှလုံးထဲတွင် ကိုယ်တော်အမြဲရှိနေပြီး ထိုသူတို့သည် ဘုရားသခင်ကို ချစ်ကြောက်ရိုသေသော စိတ်နှလုံးများနှင့် ဘုရားသခင်ကိုချစ်သော စိတ်နှလုံးများကို ၎င်းတို့အတွင်း၌ အစဉ်အမြဲ သယ်ဆောင်ထားကြသည်။ ဘုရားသခင်ကို ယုံကြည်သော သူများသည် အမှုအရာများကို သတိနှင့် နှိုင်းနှိုင်းချိန်ချိန် လုပ်သင့်ပြီး၊ သူတို့လုပ်သမျှ အရာအားလုံးသည် ဘုရားသခင်၏ သတ်မှတ်ချက်များနှင့်အညီ ဖြစ်သင့်ကာ ဘုရားသခင်၏ နှလုံးသားကို ကျေနပ်စေနိုင်ရမည်။ ထိုသူတို့သည် မိမိတို့ သဘောရှိ လုပ်ဆောင်လျက် ခေါင်းမမာသင့်ပေ။ ထိုသို့ပြုခြင်းမှာ သန့်ရှင်းသူများ၏ ကျင့်ဝတ်နှင့် မအပ်စပ်ပေ။ လူများသည် အရပ်တကာတွင် ဘုရားသခင်၏ အောင်လံကိုလွှင့်ထူလျက် ကြွားလုံးထုတ်ပြီး၊ အကျိုးအမြတ် ထုတ်နေရင်း၊ နေရာတကာ ဒေါသတကြီး လျှောက်ရမ်းနေ၍မရပေ၊ ထိုသို့ပြုခြင်းသည် ပုန်ကန်မှုအပြုဆုံးသော အမူအကျင့်ဖြစ်သည်။ မိသားစုများ၌ ၎င်းတို့၏ စည်းကမ်းများရှိသလို နိုင်ငံများ၌လည်း ဥပဒေများရှိသည်- ဘုရားသခင်၏ အိမ်တော်တွင် သာ၍ပင် ရှိသည် မဟုတ်လော။ စံနှုန်းများက ပိုမို တင်းကျပ်သည် မဟုတ်လော။ ပိုများသော စီမံခန့်ခွဲမှုအမိန့်များ သာ၍ပင် ရှိသည် မဟုတ်လော။ လူများသည် မိမိတို့အလိုရှိသော အရာကို လွတ်လပ်စွာ လုပ်နိုင်သည်၊ သို့သော် ဘုရားသခင်၏ စီမံခန့်ခွဲမှုအမိန့်များကို သဘောရှိ ပြောင်းလဲ၍ မရနိုင်ပေ။ ဘုရားသခင်သည် လူများ၏ စော်ကားမှုကို သည်းမခံသော ဘုရားဖြစ်သည်...(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သောသူများကို သတိပေးချက်) ဘုရားရဲ့နှုတ်ကပတ်တော်တွေက တကယ်ကို နာကျင်လောက်အောင် ပြောတာပါ။ ဘုရားရဲ့စိတ်သဘောထားက ဘယ်လို ပုန်ကန်ပြစ်မှားမှုကိုမှ သည်းမခံဘူး၊ ဘုရားရဲ့အိမ်တော်မှာ စီမံအုပ်ချုပ်ရေးဆိုင်ရာအမိန့်တွေ ရှိတယ်၊ ပြီးတော့ ကိုယ်တော့်မှာ သတ်မှတ်ချက်တွေရှိတယ် ဆိုတာတွေကို ကျွန်မ နားလည်သွားတယ်။ လူတစ်ယောက်က ဘုရားကို ကြောက်ရွံ့ခြင်းမရှိဘဲ၊ ပြောဆိုနေထိုင်ပြီးတော့၊ မယုံကြည်သူတစ်ယောက်လို အထိန်းအကွပ်မရှိ ရမ်းကားနေမယ်၊ တခြားလူတွေကို တိတ်တိတ်လေး ဝေဖန်မယ်၊ မညီမညွတ်ဖြစ်အောင် သွေးထိုးမယ်၊ အုပ်စုတွေ ဖွဲ့မယ်၊ အသင်းတော်ရဲ့အလုပ်ကို နှောင့်ယှက်နေမယ်ဆိုရင်၊ အဲဒီလူဟာ စာတန်ရဲ့နောက်လိုက်တစ်ယောက်ပါပဲ။ အဲဒီလိုလူတစ်ယောက်ကို ဘုရားက အသင်းတော်မှာ ဘယ်တော့မှ ဆက်ရှိခွင့်ပြုမှာ မဟုတ်ပါဘူး။ အစ်ကိုကျောက်နဲ့ အလုပ်လုပ်ရင်း ကျွန်မဆီမှာ ပေါ်လာခဲ့တာတွေ၊ ကျွန်မရဲ့အပြုအမူတွေကို စဉ်းစားကြည့်တယ်။ သူက ကျွန်မရဲ့အပြစ်တစ်ခုကို တခြားသူတွေရှေ့မှာ ထောက်ပြပြီး၊ ကျွန်မရဲ့မာနကို ထိခိုက်စေလို့၊ ကျွန်မက သူ့အပေါ်မှာ မလိုမုန်းထားဖြစ်လာခဲ့တာပဲ။ ကျွန်မကလည်း သူ့အပေါ် မလိုစိတ်တွေကို ညီအစ်မအသစ်တစ်ယောက်ဆီ ရင်ဖွင့်ပြီး၊ သူ့နောက်ကွယ်မှာ ဝေဖန်တယ်။ ကျွန်မဘက်ကို အဲဒီညီအစ်မ ပါလာအောင်၊ သူ တစ်ယောက်တည်းဖြစ်အောင် ကြိုးစားခဲ့တာပဲ။ နောက်တစ်ယောက်က အစ်ကိုကျောက်ရဲ့ အလုပ်က ပြဿနာတွေကို တိုင်တယ်လို့ ကြားမိတော့လည်း၊ အသင်းတော်ခေါင်းဆောင်က သူ့နေရာကို အစားထိုးအောင်၊ သူ့ကို ထုတ်ပယ်အောင် လုပ်ချင်စိတ်နဲ့၊ ကျွန်မက အခွင့်အရေး အမိအရယူပြီး၊ အပြစ်တင်ခဲ့တယ်။ အငြိုးထားတတ်တဲ့၊ ဆိုးယုတ်တဲ့ စိတ်သဘောထားတစ်ခုကို ကျွန်မက ထုတ်ပြခဲ့တာ မဟုတ်ဘူးလား။ အဲဒါက ယုံကြည်ခြင်းရှိသူတစ်ယောက်နဲ့ တူသေးရဲ့လား။ အလုပ်မှာ ကျွန်မရဲ့အမှားတွေ၊ အားနည်းချက်တွေကို ထောက်ပြတယ်ဆိုတာ၊ အစ်ကိုကျောက်က ဘုရားအိမ်တော်ရဲ့အလုပ်အတွက် တာဝန်သိခဲ့တာပဲ၊ ကျွန်မကို ကူညီဖို့လုပ်ခဲ့တာပဲဆိုတာကို ကျွန်မ နားလည်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒါက ကျွန်မရဲ့မာနစိတ်ကို ထိခိုက်စေတဲ့အတွက်၊ ကျွန်မက သူ့ကို မလိုမုန်းထားဖြစ်လာခဲ့တာပါ။ သူ့အပေါ် တစ်ခုခုပြန်လုပ်ဖို့ဆိုပြီး၊ သူ့ကို ဝေဖန်တာတွေ၊ သဘောထားကွဲလွဲအောင် ဖန်တီးတာတွေကို ဆက်လုပ်ရင်း၊ သူ့ကို ပထုတ်ဖို့ မျှော်လင့်နေခဲ့မိတယ်။ ကျွန်မက ဘယ်လိုအခြေအနေမျိုး ရောက်သွားခဲ့တာလဲ။ ကျွန်မက ဘုရားအိမ်တော်ရဲ့အလုပ်ကို နှောင့်ယှက်ဖျက်ဆီးနေခဲ့တာ မဟုတ်ဘူးလား။ စာတန်ရဲ့နောက်လိုက် ဖြစ်ခဲ့တာ မဟုတ်ဘူးလား။ ဒီလိုအတွေးနဲ့ ကျွန်မ ကြောက်လန့်သွားတယ်။ အသင်းတော်ခေါင်းဆောင်က ဒီကိစ္စကို သမ္မာတရားရဲ့စည်းမျဉ်းတွေအပေါ် အခြေခံပြီး မဆန်းစစ်ဘဲ၊ သူ့ကို တာဝန်မှာ ဆက်မထားခဲ့ဘူးဆိုရင်၊ အဖွဲ့ရဲ့အလုပ်က ပျက်စီးသွားမှာပဲ။ ကျွန်မ နောင်တရသလို၊ ကိုယ့်ကိုယ်ကိုယ်လည်း အပြစ်တင်မိတယ်။ အစ်ကိုကျောက်အပေါ် နည်းနည်း အပြစ်ရှိသလို ခံစားခဲ့ရတယ်။ ကျွန်မမှာ လူ့သဘာဝ လုံးဝမရှိခဲ့ဘူးဆိုတာကို မြင်သွားတယ်။ ဘုရားနှုတ်ကပတ်တော်တွေရဲ့ ပြင်းပြင်းထန်ထန် တရားစီရင်မှုနဲ့ ထုတ်ဖော်ပြမှုသာ မရှိခဲ့ရင်၊ ကျွန်မလို အသိတရားမရှိတဲ့လူမျိုးက ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်မိခဲ့မှာမဟုတ်ဘူး၊ ကိုယ့်ကိုယ်ကိုယ် နည်းနည်းမှ သိလာမှာမဟုတ်ဘူး။ မကောင်းမှုကို ဆက်လုပ်ရင်း၊ အသင်းတော်ရဲ့အလုပ်ကို နှောင့်ယှက်မိနေမှာပဲ။ ဘုရားကလည်း မုန်းတီးပြီး၊ ကျွန်မကို ဖယ်ရှားပစ်လာမှာပဲ။ အငြိုးထားတတ်တဲ့၊ ဆိုးယုတ်တဲ့ ကျွန်မရဲ့ စိတ်သဘောထားကို မဖြေရှင်းခဲ့ဘူးဆိုရင်၊ ဘယ်လောက် အန္တရာယ်ကြီးလိမ့်မလဲဆိုတာကို၊ နောက်ဆုံးတော့ နားလည်ခဲ့တယ်။ ကျွန်မဆီမှာ ပေါ်လာခဲ့တဲ့ ဆိုးယုတ်တဲ့စိတ်သဘောထားရဲ့ တကယ့်အရင်းခံက ဘယ်ဟာလဲဆိုတာကို သိချင်တာနဲ့၊ ကျွန်မလည်း အမှုအရာတွေကို စပြီး ဆင်ခြင်ကြည့်တယ်။

နောက်တော့ ဘုရားရဲ့ ဒီနှုတ်ကပတ်တော်တွေကို ဖတ်မိပါတယ်- “ဤမျှညစ်ညမ်းသောမြေတွင် မွေးဖွားလာလျက်၊ လူသားသည် လူ့အဖွဲ့အစည်း၏ ပြင်းထန်စွာ ထိခိုက်ဖျက်ဆီးခြင်းကို ခံခဲ့ရပြီးဖြစ်သည်၊ သူသည် ရှေးဆန်သော လူ့ကျင့်ဝတ်များ၏ လွှမ်းမိုးခြင်းခံရပြီးဖြစ်ကာ ‘အဆင့်မြင့် ပညာသင်ကျောင်းများ’ တွင် သင်ယူခဲ့ပြီးဖြစ်သည်။ ခေတ်နောက်ကျသော စဉ်းစားတွေးတောခြင်း၊ ဖောက်ပြန်ပျက်စီးသော အကျင့်စာရိတ္တ၊ ဘဝနှင့်ပတ်သက်သည့် နုံချာသော အမြင်ရှုထောင့်၊ စက်ဆုပ်ဖွယ် အတွေးအခေါ်၊ လုံးဝဥဿုံ တန်ဖိုးမရှိသော တည်ရှိမှု၊ စာရိတ္တပျက်ပြားသော အသက်ရှင်နေထိုင်ပုံနှင့် ဓလေ့စရိုက်များ- ဤအရာများအားလုံးသည် လူ့စိတ်နှလုံး အတွင်းသို့ ပြင်းပြင်းထန်ထန် ကျူးကျော်ဝင်ရောက်ကာ လူသား၏ အသိစိတ်ကို ပြင်းထန်စွာ အားလျော့စေခဲ့၍ တိုက်ခိုက်ခဲ့သည်။ အကျိုးဆက်အနေဖြင့် လူသားသည် ဘုရားသခင်နှင့် ဝေးသည်ထက် ဝေးသွားသည့်အပြင် သူ့ကို ယခင်ကထက် ပိုမို ဆန့်ကျင်လာသည်။ လူ့စိတ်သဘောထားသည် တစ်နေ့ပြီးတစ်နေ့ ပိုမိုဆိုးယုတ်လာကာ ဘုရားသခင်အတွက် မည်သည့်အရာကိုမဆို လိုလိုလားလား စွန့်လွှတ်လိုသည့်သူနှင့် ဘုရားသခင်ကို လိုလိုလားလား နာခံလိုစိတ်ရှိသူ တစ်ဦးတစ်လေမျှ မရှိသည့်အပြင် ဘုရားသခင်၏ ပေါ်ထွန်းမှုကို လိုလိုလားလား ရှာဖွေလိုသော ဆန္ဒရှိသူလည်း တစ်ဦးတစ်လေမျှ မရှိပေ။ ထိုအစား လူသားသည် ရွှံ့မြေထဲ၌ ဇာတိပကတိ၏ ဖောက်ပြန်ပျက်စီးခြင်းထံ မိမိကိုယ်ကိုယ် လုံးလုံးပေးအပ်ထားလျက်၊ စာတန်၏ အုပ်စိုးမှုအောက်တွင် မည်သည့်အရာကိုမှ လုပ်ဆောင်ခြင်းမရှိဘဲ အပျော်အပါးကို လိုက်စားပေသည်။ အမှောင်ထုတွင် နေထိုင်ကြသော လူသားတို့သည် သမ္မာတရားကို ကြားသောအခါ၌ပင်၊ လက်တွေ့လုပ်ဆောင်ရန် မတွေးတောကြသကဲ့သို့၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို ဖူးမြင်ခဲ့ရလျှင်ပင် ဘုရားသခင်ကို ရှာဖွေလိုခြင်း မရှိကြပေ။ ထိုမျှလောက် စာရိတ္တပျက်ပြားသော လူသားမျိုးနွယ်တစ်ရပ်သည် ကယ်တင်ခြင်းရရှိရန် အခွင့်အရေး မည်သို့ ရှိနိုင်မည်နည်း။ ထိုမျှ ယိုယွင်းသော လူသားမျိုးနွယ်တစ်ရပ်သည် အလင်းထဲတွင် မည်သို့နေနိုင်မည်နည်း။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ မပြောင်းလဲသော စိတ်သဘောထား ရှိခြင်းသည် ဘုရားသခင်ကို ရန်ဘက်ပြုခြင်းဖြစ်သည်)လူတို့က ‘သင်က ကြင်နာသနားမှု မရှိလျှင်၊ ငါသည်လည်း တရားမျှတမှုရှိမည် မဟုတ်ပေ။ သင်က ငါ့အပေါ် ရိုင်းလျှင်၊ ငါကလည်း သင့်အပေါ်ရိုင်းမည်။ သင်က ငါ့ကို လေးစားစွာမဆက်ဆံလျှင် ငါကလည်း သင့်ကို အဘယ်ကြောင့် လေးစားစွာဆက်ဆံရမည်နည်း’ ဟုတွေးကြ၏။ ယင်းသည် မည်သို့သော တွေးတောမှုမျိုးပါလိမ့်။ ထိုအတွေးမှာ လက်တုန့်ပြန်သော တွေးတောနည်း မဟုတ်ပေဘူးလော။ သာမန်လူတစ်ဦး၏ အမြင်များတွင် ဤသဘောထားအမြင်မျိုး ဖြစ်နိုင်ချေရှိသည် မဟုတ်လော။ ‘မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံး၊ သွားတစ်ချောင်းအတွက် သွားတစ်ချောင်း’၊ ‘ပါးကိုက်၊ နားကိုက်’ စသည်တို့ အားလုံးသည် မယုံကြည်သူများကြားတွင် မခိုင်မာသော အကြောင်းပြချက်များသာဖြစ်ပြီး လူသားအယူအဆများနှင့် လုံးလုံးကိုက်ညီသည်။ သို့ရာတွင်၊ ဘုရားသခင်ကို ယုံကြည်သူတစ်ဦးအနေဖြင့်၊ ဆိုလိုသည်မှာ သမ္မာတရားကို နားလည်ရန်နှင့် စိတ်သဘောထားအတွင်း ပြောင်းလဲမှုဖြစ်ရန် ကြိုးစားသူတစ်ဦးအနေဖြင့် ယင်းကဲ့သို့သော စကားလုံးများကို မှန်သည်ဟု ပြောမည်လော၊ မှားသည်ဟု ပြောမည်လော။ ၎င်းတို့ကို ပိုင်းခြားသိမြင်ရန် သင်ဘာလုပ်သင့်သနည်း။ ယင်းကဲ့သို့သောအရာများ ဘယ်ကလာသနည်း။ စာတန်၏ အငြိုးထားသော ပင်ကိုသဘာဝမှ လာသည်။ ယင်းတို့ထဲတွင် အဆိပ်ပါ၀င်သည်၊ ထို့ပြင် အငြိုးထားခြင်းနှင့် အကျည်းတန်ခြင်းတို့ဖြင့်ပြီးသော စာတန်၏ ဇာတိရုပ်အမှန် ပါ၀င်သည်။ ၎င်းတို့တွင် ထိုသဘောသဘာ၀၏ တကယ့်အနှစ်သာရ ပါ၀င်သည်။ယင်းသဘောသဘာဝ၏ အနှစ်သာရထဲ ပါဝင်သော ရှုထောင့်များ၊ အတွေးများ၊ ဖော်ပြချက်များနှင့် ပြောစကားသာမက လုပ်ရပ်များ၏ လက္ခဏာမှာ အဘယ်နည်း။၎င်းတို့သည် ‌စာတန်၏လက္ခဏာများ မဟုတ်သလော။ စာတန်၏၎င်းသွင်ပြင်လက္ခဏာများ သည် လူသားနှင့် မကိုက်ညီပေဘူးလော။ ၎င်းတို့သည် သမ္မာတရားနှင့် ကိုက်ညီသလော၊ သို့မဟုတ် သမ္မာတရား၏ လက်တွေ့တရားနင့် ကိုက်ညီသလော။ ၎င်းတို့သည် ဘုရားသခင်၏နောက်လိုက်များ လုပ်သင့်သည့် လုပ်ရပ်များလော။ သူတို့ပိုင်ဆိုင်သင့်သော အတွေးအမြင်ရှုထောင့်များ ဖြစ်သလော။(ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ) အငြိုးထားတတ်တဲ့ ဆိုးယုတ်တဲ့ ဒီလိုစိတ်သဘောထား ပေါ်လာတာ၊ ဒီလို လူမဆန်တဲ့ လုပ်ရပ်မျိုးကို လုပ်တာတွေက တဒင်္ဂ ဖောက်ပြန်ပျက်စီးမှုသက်သက် မဟုတ်ဘူး။ စာတန်ရဲ့သဘာဝနဲ့ အဆိပ်အတောက်တွေက ကျွန်မကို ထိန်းချုပ်ခဲ့တာကြောင့် ဖြစ်တယ်ဆိုတာကို၊ ဘုရားနှုတ်ကပတ်တော်တွေကနေ ကျွန်မ နားလည်ခဲ့ပါတယ်။ အမျိုးသားပညာရေးတို့၊ လူမှုပျိုးထောင်ပေးမှုတို့ ဆိုတာတွေကနေ၊ စာတန်က သူ့အဆိပ်အတောက်တွေ အများကြီးကို လူတွေထဲ စိမ့်ဝင်စေတာပါ။ ဥပမာ၊ “တိုက်ခိုက်မခံရလျှင် ကျွန်ုပ်တို့ တိုက်ခိုက်မည်မဟုတ်ပါ။ ကျွန်ုပ်တို့ တိုက်ခိုက်ခံရလျှင် တန်ပြန်တိုက်ခိုက်မည်မှာ သေချာ၏” တို့၊ “မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံး၊ သွားတစ်ချောင်းအတွက် သွားတစ်ချောင်း”၊ “ပါးကိုက် နားကိုက်” ဆိုတာမျိုးတွေပေါ့။ ဒီလို ဆိုးယုတ်တဲ့ အတွေးအခေါ်တွေနဲ့ ဖျက်ဆီးခံရပြီး အကျင့်ပျက်ကုန်ကြတော့၊ လူတွေက ပိုပိုပြီးတော့ မာနထောင်လွှားလာတယ်၊ တစ်ကိုယ်ကောင်းဆန်၊ လှည့်ဖြားတတ်လာပြီး၊ ကောက်ကျစ်လာကြတယ်။ ပြီးတော့ ကိုယ့်ရဲ့ ကိုယ်ပိုင်အကျိုးအမြတ်နဲ့ ပုံရိပ်ကို ကာကွယ်ဖို့ဆိုရင်၊ ဘာမဆို လုပ်ရလုပ်ရ လုပ်ချင်လာကြတယ်။ လူတွေက တစ်ယောက်နဲ့တစ်ယောက် ကောင်းကောင်းမွန်မွန် မပြုမူနိုင်တော့ဘူး။ သည်းခံဖို့ဆိုတာ ဝေးလို့၊ နားလည်ပေးမှုဆိုတာတောင် မရှိကြပါဘူး။ တခြားလူတစ်ယောက်ရဲ့ စကားတွေ၊ လုပ်ရပ်တွေက ကိုယ့်အကျိုးကို ထိခိုက်ပြီဆိုတာနဲ့၊ အဲဒီလူအပေါ် မလိုမုန်းထား ဖြစ်လာပြီးတော့၊ အထင်အမြင်သေးကြတယ်၊ ကြဉ်ကြတယ်။ လက်စားချေတာမျိုးတောင် လုပ်ကြပါတယ်။ တရုတ်ကွန်မြူနစ်ပါတီလိုပေါ့။ သူတို့ရဲ့အာဏာရှင်စနစ် တည်တံ့ဖို့၊ “ကြီးမြတ်သော၊ ဂုဏ်တင့်သော၊ မှန်ကန်သော” ဆိုတဲ့ သူတို့ရဲ့ပုံရိပ်ကို ကာကွယ်ဖို့၊ သူတို့ရဲ့မကောင်းတဲ့လုပ်ရပ်တွေ ဘယ်လောက်ပဲ များနေများနေ၊ တစ်ယောက်ယောက်က ထုတ်ဖော်မှာကို လုံးဝ ခွင့်မပြုဘူး။ လူတွေက သူတို့ကို ချီးမွမ်းတာတွေပဲ လုပ်လို့ရတယ်။ တစ်ယောက်ယောက်က အမှန်ကို ပြောပြီး၊ ကွန်မြူနစ်ပါတီအကြောင်း ထုတ်ဖော်လိုက်လို့၊ သူတို့ရဲ့ “ဂုဏ်တင့်တဲ့” ပုံရိပ်ကို ထိခိုက်စေတယ်ဆိုရင်၊ သေချာပေါက် ပြစ်ဒဏ်ပေးခံရမှာပဲ။ သူတို့က လူတွေကို လုပ်ကြံစွဲချက်တွေအမျိုးမျိုးနဲ့ ထောင်ချတယ်၊ နှုတ်ပိတ်ဖို့ သတ်ပစ်တာတွေတောင် ရှိပါတယ်။ ကျွန်မက ငယ်ငယ်လေးကတည်းက အဆင်းနီတဲ့နဂါးကြီးရဲ့ အဆိပ်အတောက်တွေနဲ့ ဖျက်ဆီးခံထားရတာပါ။ ကျွန်မမှာ ဆိုးယုတ်တဲ့ စိတ်သဘောထားတွေ အပြည့်ပါပဲ။ ကျွန်မက မာနထောင်လွှားလွန်းတယ်၊ သမ္မာတရားကို လက်မခံဘူး။ ကျွန်မရဲ့ အကျင့်ပျက်မှုကို တခြားသူတွေက ဖော်ထုတ်ပြတာမျိုး ခွင့်မပြုဘူး။ ကျွန်မရဲ့ကိုယ်ပိုင်အကျိုးကို ထိခိုက်စေတဲ့ ဘယ်သူနဲ့မဆို အဆင်ပြေအောင် မနေတတ်ဘူး။ အဲဒီလိုလူတွေကို ရန်သူအဖြစ် ခါးခါးသီးသီးနဲ့ကို ဆက်ဆံတယ်။ အစ်ကိုကျောက်က ကျွန်မရဲ့ တကယ့် အားနည်းချက်တွေကို ပွင့်ပွင့်လင်းလင်းနဲ့ ထောက်ပြရဲတဲ့အချိန်မှာ၊ ကျွန်မက အဲဒါကို ကောင်းကောင်းမွန်မွန် ဆက်ဆံတာ၊ သူ့အကူအညီကို နှိမ့်နှိမ့်ချချနဲ့ လက်ခံတာမျိုး မလုပ်တဲ့အပြင်၊ ကျွန်မရဲ့နာမည်နဲ့ အဆင့်အတန်းကို ထိခိုက်စေတယ်ဆိုပြီး၊ သူ့အပေါ် အာဃာတ ထားမိခဲ့တယ်။ သူ့အကြောင်း အတင်းအဖျင်းပြောပြီး၊ နိမ့်ကျအောင်လုပ်ခဲ့တယ်။ သူ ရာထူးကနေ အထုတ်ခံရတာကို အရမ်းမြင်ချင်ခဲ့တယ်။ ကျွန်မက ကိုယ့်အဖြစ်ကိုယ်မသိဘဲ၊ စာတန်ရဲ့လက်ပါးစေအဖြစ် နေခဲ့တာပါ။ အသင်းတော်ရဲ့အလုပ်ကို နှောင့်ယှက်မိခဲ့တာပါ။ စာတန်ကြောင့် ကျွန်မ ဘယ်လောက် ဆိုးဆိုးဝါးဝါး ပျက်စီးနေခဲ့ပြီဆိုတာကို အဲဒီတော့မှပဲ မြင်ခဲ့တယ်။ ကျွန်မက သဘာဝအရ မာနထောင်လွှားတယ်၊ လှည့်ဖြားတတ်တယ်၊ တစ်ကိုယ်ကောင်းဆန်ပြီး၊ အငြိုးထားတတ်တယ်။ ကျွန်မမှာ မှန်ကန်တဲ့ လူသားပုံဏ္ဌာန် လုံးဝမရှိပါဘူး။ ဆိုးယုတ်တဲ့ စိတ်သဘောထားကိုပဲ ပြခဲ့တာပါ။ ကျွန်မရဲ့ဆိုးယုတ်တဲ့ စိတ်သဘောထားကို မဖြေရှင်းဘူးဆိုရင်၊ ဘုရားရဲ့ဖျက်ဆီးခြင်းကို ခံရဖို့ သေချာနေပြီဆိုတာ ကျွန်မ မြင်ခဲ့ပါတယ်။ ဟိုအရင်က ကျွန်မကိုယ်ကျွန်မ တခြားလူတွေအပေါ် စိတ်ရှည်သည်းခံတတ်တယ်၊ ကောင်းတဲ့လူ့သဘာဝ ရှိတယ်လို့ ထင်ခဲ့တာဟာ ကျွန်မရဲ့ကိုယ်ပိုင်အကျိုးတွေ ထိပါးမခံရသေးတာကြောင့်ပဲဆိုတာ အခု ကျွန်မ သိသွားတယ်။ ဒါပေမဲ့ တစ်ခုခုက ထိပါးပြီဆိုတာနဲ့၊ ကျွန်မရဲ့ ဆိုးယုတ်တဲ့သဘာဝက သူ့အလိုလို ပေါ်လာခဲ့တာလေ။ ကိုယ့်ကိုယ်ကိုယ် ပိုပိုပြီးတော့ မုန်းလာမိတယ်။ ကျွန်မရဲ့ဆိုးယုတ်တဲ့ စိတ်သဘောထားထဲမှာ မနေချင်တော့သလို၊ ဘုရားကိုလည်း မဆန့်ကျင်ချင်တော့ဘူး။ နောက်တော့ သမ္မာတရားကို အားထုတ်ဖို့၊ ဘုရားနှုတ်ကပတ်တော်တွေရဲ့ တရားစီရင်မှုနဲ့ သန့်စင်မှုကို လက်ခံဖို့၊ ကျွန်မရဲ့ဆိုးယုတ်တဲ့ စိတ်သဘောထားကို တတ်နိုင်သမျှအမြန်ဆုံး စွန့်ပစ်ဖို့ဆိုတဲ့ ဆန္ဒတွေနဲ့၊ ဘုရားသခင်ဆီကို နောင်တရပြီးဆုတောင်းခဲ့ပါတယ်။

နည်းနည်းလောက်ကြာတော့၊ ဘုရားရဲ့နှုတ်ကပတ်တော်တွေထဲမှာ ဒီဟာကို ကျွန်မ ဖတ်မိတယ်။ “ဘုရားသခင်အား သူတို့ ယုံကြည်ရာတွင် အကယ်၍ လူတို့သည် သူ၏ရှေ့မှောက်၌ မကြာခဏ အသက်မရှင်ကြလျှင်၊ သူတို့သည် သူ့အတွက် မည်သည့်ကြောက်ရွံ့မှုမျှ ရှိနိုင်မည် မဟုတ်ကြသည့်အပြင် မကောင်းမှုကို ရှောင်ကြဉ်ခြင်းငှာလည်း တတ်နိုင်မည် မဟုတ်ကြချေ။ ဤအမှုအရာများသည် ဆက်နွှယ်လျက် ရှိကြ၏။ သင်၏ စိတ်နှလုံးက ဘုရားသခင်ရှေ့တွင် မကြာခဏ အသက်ရှင်လျှင်၊ သင် ထိန်းချုပ်ခံရလိမ့်မည်ဖြစ်ပြီး၊ အမှုအရာများစွာတို့တွင် ဘုရားသခင်ကို သင် ကြောက်ရွံ့လိမ့်မည်။ သင် အလွန်ဝေးဝေး သွားလိမ့်မည်မဟုတ်၊ သို့မဟုတ် အသောက်အစား အပျော်အပါး၌ မွေ့လျော်သော မည်သည့်အရာကိုမျှ သင် လုပ်ဆောင်လိမ့်မည် မဟုတ်။ ဘုရားသခင် စက်ဆုပ်သော အရာကို သင် လုပ်ဆောင်လိမ့်မည် မဟုတ်သကဲ့သို့၊ အဓိပ္ပါယ်မရှိသော စကားများကို သင် ပြောဆိုလိမ့်မည် မဟုတ်။ ဘုရားသခင်၏ အကဲခတ်ခြင်းကို သင် လက်ခံပြီး ဘုရားသခင်၏ ဆုံးမပဲ့ပြင်ခြင်းကို သင် လက်ခံလျှင်၊ ဆိုးညစ်သော အရာများစွာကို လုပ်ဆောင်ခြင်းအား သင် ရှောင်ရှားလိမ့်မည်ဖြစ်သည်။ သို့ဖြစ်၍ မကောင်းသောအကျင့်ကို သင် ရှောင်ကြဉ်ပြီးလိမ့်မည် မဟုတ်လော။(ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ဘုရားသခင်၏ရှေ့တွင် အချိန်ပြည့် အသက်ရှင်မှသာ ကယ်တင်ခြင်းလမ်းကို သင်လျှောက်နိုင်မည်”) လူတစ်ယောက်ရဲ့ယုံကြည်ခြင်းမှာ ဘုရားကို ကြောက်ရွံ့မှုရှိခြင်းဆိုတာ လုံးဝ အရေးကြီးမှန်း၊ ဘုရားရဲ့နှုတ်ကပတ်တော်တွေကနေ ကျွန်မ မြင်ခဲ့ပါတယ်။ ကျွန်မတို့က ဘုရားရှေ့မှောက်မှာ အမြဲနေထိုင်ရမယ်။ ကျွန်မတို့ရဲ့ စကားတွေ၊ လုပ်ရပ်တွေထဲမှာ ဘုရားရဲ့စိစစ်မှုကို လက်ခံရမယ်။ တစ်စုံတစ်ခုက ကျွန်မတို့အကျိုးကို ထိခိုက်တဲ့အခါ၊ လက်ခံဖို့ ခက်တာမျိုး၊ ခုခံချင်မိတာမျိုး ဖြစ်တယ်ဆိုရင်တောင်၊ ကျွန်မတို့က ဘုရားကို ကြောက်ရွံ့တဲ့ စိတ်နှလုံးနဲ့အတူ၊ ဆုတောင်းခြင်းကတစ်ဆင့်၊ ကိုယ့်ကိုယ်ကိုယ် ဖယ်ခွာနိုင်ပါတယ်၊ သမ္မာတရားကို ရှာဖွေနိုင်ပါတယ်။ ဘုရားအိမ်တော်ရဲ့အလုပ်နဲ့ ကျွန်မတို့ရဲ့တာဝန်ကိုပဲ အာရုံစိုက်ထားနိုင်ပါတယ်။ ဘုရားကို ဆန့်ကျင်ပုန်ကန်တာမှန်သမျှ မလုပ်မိအောင် ထိန်းထားနိုင်ပါတယ်။ ကျွန်မဆိုရင် ဘုရားနှုတ်ကပတ်တော်တွေနဲ့အညီ လက်တွေ့လုပ်ဆောင်လိုက်တဲ့အခါမှာ၊ အစ်ကိုကျောက်အပေါ် ကျွန်မရဲ့မလိုမုန်းတီးမှုတွေကို တဖြည်းဖြည်း ပစ်ပယ်လာတယ်။ ကျွန်မရဲ့ပြဿနာတွေကို သူ ထောက်ပြတယ်ဆိုတာ ကျွန်မကို တိုးတက်စေနိုင်တယ်၊ ကျွန်မတို့အလုပ်မှာ ပိုကောင်းတဲ့ရလဒ်တွေ ဖြစ်အောင် သူ အဲဒီလိုလုပ်တာပဲဆိုတာမျိုး ခံစားမိလာတယ်။ အခုတော့ ပြဿနာတစ်ခု ကြုံပြီဆိုရင်၊ ကျွန်မက သူနဲ့အတူ စိတ်ထားမှန်မှန်ကန်ကန်နဲ့ ဆွေးနွေးနိုင်ပါပြီ။ သူ အကြံပြုတာတွေ၊ ကူညီတာတွေကတစ်ဆင့်၊ ကျွန်မရဲ့အားနည်းချက်တွေကို ပြင်ဆင်လိုက်ပါပြီ။ ကျွန်မရဲ့အလုပ်မှာ ပိုကောင်းအောင် လုပ်နိုင်လာပါပြီ။ ပြီးတော့ ငြိမ်းအေးမှုနဲ့ ငြိမ်သက်မှုကို ခံစားမိပါတယ်။ ဘုရားနှုတ်ကပတ်တော်တွေရဲ့ တရားစီရင်မှုနဲ့ ပြစ်တင်ဆုံးမမှုကြောင့်သာ ကျွန်မအနေနဲ့ ဒီအပြောင်းအလဲကို တွေ့ကြုံနိုင်ခဲ့တာပါ။ လူသားတွေကို ကယ်တင်တဲ့ ဘုရားရဲ့အမှုတော်က ဘယ်လောက် လက်တွေ့ကျတယ်ဆိုတာ ကျွန်မ မြင်ခဲ့ပါတယ်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ကျွန်ုပ် အလွန်မာနထောင်လွှားလာပြီး ကိုယ်မှန်သည်ဟု ယူဆရသည့်အကြောင်းရင်း

မုတုံ ဂျပန်နိုင်ငံ ၂၀၁၇ ခုနှစ်မှာ အသင်းတော်က ကျွန်မအတွက် နိုင်ငံခြားလူသစ်တွေကို ရေလောင်းပေးဖို့ စီစဉ်တယ်။ နိုင်ငံခြားဘာသာစကားတွေမှာ ကျွန်မက...

သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းအပေါ် နားလည်သဘောပေါက်ခြင်း

ဟန်းရှင်း၊ ဟူးနန်စီရင်စု လွန်ခဲ့သည့် သိပ်မကြာမီအချိန်က၊ ဒေသနာအချို့ကို နားထောင်အပြီးတွင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်သူများသာလျှင်...

အယောင်ဆောင်ခေါင်းဆောင်တစ်ယောက်၏ နိုးထမှု

၂၀၁၉ မှာ ခေါင်းဆောင်တစ်ယောက်အဖြစ် ကျွန်မရဲ့တာဝန်ကို စတင်ခဲ့ပါတယ်။ ဒါက ဘုရားသခင်ရဲ့ ချီးမြှောက်ခြင်းဆိုတာ ကျွန်မ သိတယ်။ ကျွန်မတာဝန်ကို...

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။