တာဝန်တစ်ခုသည် ကောင်းချီးရရန်အတွက် အပေးအယူလုပ်သည့်အရာမဟုတ်ပေ
ရှောင်ချန် တရုတ်နိုင်ငံ ကျွန်တော်က အမြဲတမ်း နေမကောင်းဖြစ်လွယ်တယ်။ အသက် ၁၁နှစ်မှာ ကျွန်တော် သွေးအားနည်းရောဂါရှိနေတယ်လို့ တွေ့ရတယ်။ ဒါကြောင့်...
ဘုရား၏ ပေါ်ထွန်းခြင်းကို တောင့်တသည့် ရှာဖွေသူများအားလုံးကို ကျွန်ုပ်တို့ကြိုဆိုပါသည်။
၂၀၁၇ ခုနှစ်၊ ဧပြီလတုန်းက ကျွန်တော် ဆေးရုံမှာ ကျန်းမာရေးစစ်ဆေးမှု သွားလုပ်ကြည့်တော့ ကိုယ့်မှာ အသည်းရောင်အသားဝါ ဘီပိုးရှိနေတာကို သိလိုက်ရတယ်။ Transaminase ဓာတ်က 220 U/L အထိ မြင့်တက်နေပြီး အသည်းရောင်အသားဝါ ဘီပိုးက အသက်ဝင်နေတဲ့ အခြေအနေပေါ့။ အသင်းတော်က ကျွန်တော့်ရဲ့ အခြေအနေကို ထည့်စဉ်းစားပြီး အိမ်ပြန်ကုသဖို့ စီစဉ်ပေးခဲ့တယ်။ ခရီးဆောင်အိတ်ကို ကျွန်တော်ထုပ်ပိုးနေတုန်း ကျွန်တော်နဲ့ တွဲဖက်လုပ်ဆောင်နေတဲ့ ညီအစ်ကိုနှစ်ယောက် အလုပ်အကြောင်းဆွေးနွေးရင်း စကားပြောရယ်မောနေတာကို ကြည့်ပြီး ကျွန်တော့်စိတ်ထဲမှာ အားငယ်ဝမ်းနည်းစိတ် ဝင်သွားတယ်၊ တွေးမိတာက “အခု ဘုရားသခင်ရဲ့အမှုတော်က အဆုံးသတ်တော့မှာ၊ ဒါက ငါတို့တာဝန်ထမ်းဆောင်ပြီး ကောင်းမှုတွေ ပြင်ဆင်ဖို့ အရေးကြီးဆုံးအချိန်ပဲ။ ဒါပေမဲ့ အဲဒီလိုလုပ်ရမယ့်အစား၊ ငါကတော့ အိမ်ပြန်ပြီး အနားယူရတော့မယ်။ အိမ်မှာ တစ်နှစ်၊ နှစ်နှစ်လောက်နေပြီး ဘာတာဝန်မှ မထမ်းဆောင်နိုင်ရင် ကောင်းမှုတွေကို ဘယ်လိုလုပ် ပြင်ဆင်နိုင်တော့မှာလဲ။ ကပ်ဘေးတွေ ကျရောက်လာတဲ့အခါ ငါက သေချာပေါက် အဲဒီထဲ ပါသွားမှာပဲ။ တကယ်လို့ ငါသေသွားရင် ဘုရားသခင်ကို ယုံကြည်ခဲ့တာတွေက အလကားဖြစ်သွားမှာ မဟုတ်ဘူးလား။ ဘုရားသခင်ကို စယုံကြည်ပြီး တစ်နှစ်မပြည့်ခင်မှာပဲ ငါက အိမ်ကနေထွက်ပြီး တာဝန်ထမ်းဆောင်ခဲ့တာ။ အသင်းတော်က ဘယ်တာဝန်ပဲပေးပေး ငါက တစ်ခါမှ ရွေးချယ်တာမျိုးမရှိဘဲ ပိုကောင်းအောင် အမြဲကြိုးစားလုပ်ဆောင်ခဲ့တယ်။ အထူးသဖြင့် လွန်ခဲ့တဲ့ခြောက်လအတွင်း တည်းဖြတ်ခြင်းတာဝန်ကို ထမ်းဆောင်တုန်းကဆို စောစောထပြီး မိုးချုပ်တဲ့အထိနေရတာ ခဏခဏပဲ။ အခက်အခဲတွေကြုံရင်လည်း နောက်မဆုတ်ဘဲ ပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုတွေကို ကြိုးစားသင်ယူခဲ့တယ်။ တာဝန်မှာလည်း ရလဒ်တချို့ထွက်ခဲ့တာပဲ။ ငါက တာဝန်ထမ်းဆောင်ရာမှာ ဒီလောက်တက်ကြွပြီး စိတ်အားထက်သန်ခဲ့တာကို ဘာလို့ ဘုရားသခင်က ငါ့ကို မစောင့်ရှောက်ခဲ့တာလဲ။ ဘာလို့ ဒီရောဂါကို ငါ့ကို ဖြစ်ခွင့်ပေးရတာလဲ” ပေါ့။ ကျွန်တော် တကယ်ကို နားမလည်နိုင်ခဲ့ဘူး။ ကျွန်တော် ခေါင်းမော့ပြီး ညီအစ်ကိုနှစ်ယောက်ကို ကြည့်လိုက်တော့ သူတို့တွေ ကျန်းမာရေးကောင်းပြီး ဒီမှာ တာဝန်ဆက်ထမ်းဆောင်နိုင်တာကို အားကျမိတယ်။ ကျွန်တော်ကတော့ တာဝန်ထမ်းဆောင်ရာနေရာကနေ အိမ်ပြန်ရတော့မယ့်ဆဲဆဲ အခြေအနေမှာပေါ့။ ကိုယ့်အနာဂတ်က အရမ်းကို မှောင်မိုက်နေသလိုပဲလို့ ခံစားရပြီး စိတ်ဓာတ်တွေ တော်တော်ကျမိတယ်၊ တစ်ကိုယ်လုံး ပျော့ခွေပြီး အားမရှိတော့သလို ခံစားရတယ်။ ဒါက ဘုရားသခင်ရဲ့ နောက်ဆုံးအဆင့်အမှုတော်ဖြစ်ပြီး လူသားတွေရဲ့ တစ်ခုတည်းသော ကယ်တင်ခြင်းအခွင့်အရေးဖြစ်တယ်ဆိုတာကို တွေးမိတဲ့အခါ၊ ပြီးတော့ ဒီအချိန်မှာ နေထိုင်ခွင့်ရခဲ့တာက ကျွန်တော့်အတွက် ကံကောင်းတယ်ဆိုတာကို တွေးမိတဲ့အခါ ကျွန်တော် ဒီလိုပဲ လက်လျှော့လိုက်ဖို့ တကယ်ကို မလိုလားခဲ့ဘူး။ အိမ်ပြန်ရောက်ရင် မြန်မြန်ကုသမှုခံယူရမယ်၊ ရောဂါပျောက်တာနဲ့ တာဝန်ပြန်ထမ်းဆောင်ရမယ်။ ဒီလိုဆိုရင် ကောင်းမှုတွေ ပိုပြင်ဆင်နိုင်ပြီး ကယ်တင်ခြင်းရဖို့ မျှော်လင့်ချက်လည်း ပိုကြီးလာမှာပဲ။
အိမ်ပြန်ရောက်ပြီးနောက်မှာ တရုတ်တိုင်းရင်းဆေးက အသည်းရောင်အသားဝါ ဘီပိုးအတွက် တော်တော်ထိရောက်တယ်လို့ ကြားတော့ အဖေ့ကို ချက်ချင်း ဆေးသွားယူခိုင်းလိုက်တယ်။ ကျွန်တော်ထမ်းဆောင်ခဲ့တဲ့ တာဝန်နဲ့သက်ဆိုင်တဲ့ နည်းပညာတွေကိုလည်း ဇွဲရှိရှိနဲ့ ဆက်လေ့လာခဲ့တယ်၊ ရောဂါပျောက်ရင် အပြင်ပြန်ထွက်ပြီး တာဝန်ထမ်းဆောင်နိုင်သေးတာပဲလို့ တွေးရင်းနဲ့ပေါ့။ ကျွန်တော် အမြန်ဆုံး သက်သာလာဖို့ မျှော်လင့်ရင်း ဆရာဝန်ညွှန်ကြားတဲ့အတိုင်း ဆေးကို အချိန်မှန် သောက်ခဲ့တယ်။ တစ်လကြာတော့ မျှော်လင့်ချက်အကြီးကြီးနဲ့ ဆေးရုံကို ဆေးစစ်ဖို့ သွားခဲ့တယ်။ ဆေးစစ်ချက်အဖြေရတော့ Transaminase ဓာတ်က နည်းနည်းလေးမှ ကျမသွားတာကို တွေ့လိုက်ရတယ်။ ကျွန်တော် လုံးဝမယုံနိုင်ခဲ့ဘူး၊ “ဒီတစ်လလုံး ငါ ဆေးကို အချိန်မှန်မှန် သောက်ခဲ့တာပဲ။ ဘာလို့ ရောဂါအခြေအနေက နည်းနည်းလေးမှ မကောင်းလာတာလဲ။ ဘုရားသခင်က ဘာလို့ ငါ့ကို ကောင်းချီးမပေးတာလဲ” လို့ တွေးမိတယ်။ အချိန်နည်းနည်းကြာပြီး၊ ဩဂုတ်လလောက်မှာ ညီအစ်မတစ်ယောက်က ကျွန်တော့်ကို တချို့လူတွေ အသည်းရောင်အသားဝါဘီ ကုသဖို့ သုံးတဲ့ တောရိုင်း တရုတ်နံနံ လို့ခေါ်တဲ့ အပင်တစ်မျိုးအကြောင်း ပြောပြခဲ့တယ်။ ဒါကိုကြားတော့ ကျွန်တော် အရမ်းစိတ်လှုပ်ရှားသွားတယ်။ အဲဒီအပင်က အဆိပ်ပြင်းပြီး သေချာမစီမံရင် အသက်အန္တရာယ်ရှိနိုင်တယ်လို့ ညီအစ်မက အထပ်ထပ် သတိပေးပေမဲ့ ကျွန်တော် စမ်းကြည့်ချင်တုန်းပဲ။ ရောဂါကို ကုလို့ပျောက်နိုင်မယ်ဆိုရင်တော့ စွန့်စားရတာ တန်ပါတယ်လို့ ကျွန်တော်ထင်ခဲ့တယ်။ မမျှော်လင့်ဘဲ အဲဒါကို သုံးပြီးတဲ့နောက်မှာ ဘာအာနိသင်မှ မရှိခဲ့ဘဲ ကျွန်တော် အရမ်းကို စိတ်ဆင်းရဲခဲ့ရတယ်။ ဘာလို့ ဒီလိုဖြစ်ရတာလဲဆိုတာ ကျွန်တော် နားမလည်နိုင်ခဲ့ဘူး။ အဲဒီနောက်မှာ ကျွန်တော် လုံးလုံး အပျက်သဘောဆောင်ခဲ့တယ်။ ကျွန်တော့်ဆုတောင်းတွေမှာ ဘာမှပြောစရာမရှိဘဲ အရမ်းခြောက်ကပ်နေတယ်၊ ဘုရားနှုတ်ကပတ်တော် စားသောက်တာလည်း နည်းသွားတယ်၊ အရင်က ဇွဲရှိရှိ လေ့လာခဲ့တဲ့ နည်းပညာတွေကို သင်ယူချင်စိတ် မရှိတော့ဘူး၊ ပြီးတော့ အမြဲတမ်း စိတ်အားထက်သန်မှု ကင်းမဲ့နေခဲ့တယ်။
နိုဝင်ဘာလလောက်မှာ ညီအစ်ကိုတစ်ယောက်က ဆေးညွှန်းတစ်ခု ယူလာပေးပြီး ဒါက အသည်းရောင်အသားဝါ ဘီပိုးအတွက် သီးသန့်ဆေးလို့ ပြောတယ်။ ကျွန်တော် စမ်းကြည့်ချင်စိတ် ပြင်းပြနေခဲ့ပေမဲ့ တောရိုင်းတရုတ်နံနံပင်နဲ့ ကုတုန်းက မအောင်မြင်ခဲ့တာကို ပြန်သတိရပြီး ကိုယ့်ဘာသာကိုယ် တွေးမိတယ်၊ “ငါက ဆေးကုသတာကိုပဲ အာရုံစိုက်ပြီး ဆုတောင်းတာ နည်းပါးလို့များလား။ ကုသမှုခံယူနေတုန်းမှာ ဘုရားသခင်ကို ပိုပြီး ဆုတောင်းဖို့လိုမယ့်ပုံပဲ။ ဘုရားသခင်က ငါ့ရဲ့ရိုးသားတဲ့စိတ်နှလုံးကို မြင်ရင် ငါ့ကို ကောင်းချီးပေးပြီး ရောဂါကို ပျောက်ကင်းစေမှာ” လို့ပေါ့။ ကျွန်တော် ဆေးညွှန်းကို အမြန်ယူပြီး ဆေးသွားယူခဲ့တယ်။ ဆေးက ဘယ်လောက်ပဲခါးခါး ကျွန်တော် ကြိတ်မှိတ်ပြီး သောက်ခဲ့တယ်။ ဒီကာလအတွင်းမှာ ကျွန်တော် ဘုရားသခင်ကို အကြိမ်ကြိမ် ဆုတောင်းခဲ့တယ်၊ အပြင်ပြန်ထွက်ပြီး တာဝန်ထမ်းဆောင်ချင်တဲ့အကြောင်း၊ သမ္မာတရားကို အလေးအနက် လိုက်စားချင်တဲ့အကြောင်းတွေ ကိုယ်တော့်ကို ပြောပြခဲ့တယ်။ ဒီလို “ရိုးသားတဲ့” သဘောထားနဲ့ ဘုရားသခင်ရဲ့ စိတ်နှလုံးတော်ကို တို့ထိနိုင်ဖို့ မျှော်လင့်ခဲ့တယ်၊ ဒါမှ သူက ကျွန်တော့်ရောဂါကို ပျောက်ကင်းအောင် ကောင်းချီးပေးမှာလေ။ တစ်လကြာတော့ ဆေးစစ်ချက်အဖြေ သွားယူတဲ့အခါ ဆရာဝန်က “ခင်ဗျားကို ကျွန်တော်တို့ နှစ်ခါတောင် စစ်ပြီးပြီ။ ဗိုင်းရပ်စ်ပိုး ပမာဏက အရမ်းများနေတယ်။ Transaminase ဓာတ်က ၁၂၀၀ ကျော်တောင် ရှိနေတယ်” လို့ ပြောတယ်။ ကျွန်တော့်စိတ်ထဲမှာ “အရင်က ၂၀၀ ကျော်တာနဲ့တောင် တော်တော်ဆိုးနေပြီ၊ အခု တစ်ထောင်ကျော်ဆိုတာက ဘယ်လိုအခြေအနေမျိုးလဲ” လို့ တွေးမိတယ်။ ကျွန်တော် အဲဒီမှာ ရပ်ပြီး တောင့်တောင့်ကြီး ဖြစ်သွားတယ်၊ လူတစ်ယောက်က အသည်းရောင်အသားဝါဘီကို ကောင်းကောင်းမထိန်းချုပ်ရင် အသည်းခြောက်တာ ဒါမှမဟုတ် အသည်းကင်ဆာတောင် ဖြစ်နိုင်တယ်လို့ ပြောခဲ့တာကို အမှတ်ရမိတယ်။ ငါလည်း အသည်းကင်ဆာ ဖြစ်လာမှာလား။ ဒီလိုတွေးမိတဲ့အခါ ကျွန်တော် အရမ်းကို ကြောက်ပြီး အားကိုးရာမဲ့ ဖြစ်သွားတယ်။ လွန်ခဲ့တဲ့တစ်လလုံး ရောဂါပျောက်ကင်းဖို့ ဘုရားသခင်ကို ခဏခဏ ဆုတောင်းခဲ့တာကို တွေးမိတယ်၊ ဒါပေမဲ့ အခုတော့ ကျွန်တော့်အခြေအနေက တိုးတက်မလာတဲ့အပြင် ပိုပြီးတောင် ဆိုးရွားလာခဲ့တယ်။ ကျွန်တော် ထပ်ခါတလဲလဲ အတားအဆီးတွေနဲ့ ကြုံခဲ့ရတာက တိုက်ဆိုင်မှုတစ်ခုတော့ မဟုတ်ဘူးဆိုတာ သေချာတယ်။ ဒီအချိန်တစ်လျှောက်လုံး ကျွန်တော်က ရောဂါပျောက်ဖို့ပဲ လိုချင်ခဲ့တယ်၊ ပြီးတော့ တာဝန်ထမ်းဆောင်ဖို့အတွက် ရောဂါပျောက်ချင်တာက ကျိုးကြောင်းဆီလျော်တယ်လို့ ထင်ခဲ့တယ်။ ဒါပေမဲ့ ဒါက ဘုရားသခင်ရဲ့ ရည်ရွယ်ချက်နဲ့ ကိုက်ညီရဲ့လားဆိုတာကိုတော့ တစ်ခါမှ မစဉ်းစားခဲ့မိဘူး။ ကျွန်တော် စပြီး တွေးလာတယ်၊ “ငါ့ရောဂါ ရုတ်တရက် ဆိုးလာတာမှာ ဘုရားသခင်ရဲ့ ရည်ရွယ်ချက် ရှိနိုင်တယ်။ ငါ ဒီလို ခေါင်းမာပြီး နောင်တမရဘဲ ဆက်နေလို့မဖြစ်ဘူး။ ငါ ဆုတောင်းရမယ်၊ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ကို ရှာဖွေပြီး သင်ခန်းစာယူရမယ်” လို့ပေါ့။ ဒါနဲ့ ကျွန်တော် စိတ်နှလုံးထဲကနေ ဘုရားသခင်ကို အလေးအနက် အော်ဟစ်ခဲ့တယ်၊ “အို ဘုရားသခင်၊ သားရဲ့အခြေအနေ ပိုဆိုးလာတာဟာ ကိုယ်တော်ရဲ့ ခွင့်ပြုချက်နဲ့ပါ။ ဘာလို့ ဒီလိုဖြစ်ရလဲဆိုတာ သားနားမလည်သေးပေမဲ့ သား လိုက်စားနေတာက ကိုယ်တော်ရဲ့ ရည်ရွယ်ချက်နဲ့ လုံးဝ မကိုက်ညီဘူးဆိုတာကို စိတ်နှလုံးထဲမှာ သိပါတယ်။ ကိုယ်တော်ရဲ့ ရည်ရွယ်ချက်ကို နားလည်ပြီး ကိုယ်တော်ကို မပုန်ကန်မိအောင် သားကို လမ်းပြတော်မူပါ” လို့ပေါ့။ ကျွန်တော် ဆေးရုံက လှေကားထစ်တစ်ခုပေါ်မှာ ငေးငေးငိုင်ငိုင် ထိုင်နေရင်း နှလုံးသားထဲမှာ ဘုရားသခင်ကို အဆက်မပြတ် အော်ခေါ်နေခဲ့တယ်။ ရုတ်တရက် အရင်က ဖတ်ခဲ့ဖူးတဲ့ ဘုရားနှုတ်ကပတ်တော်တချို့ကို သတိရသွားတယ်။ “လူသားအထဲ၌ ဘုရားသခင် ပြုသမျှသည် သူ၏စီမံခန့်ခွဲမှုနှင့် လူသားမျိုးနွယ်ကို ကယ်တင်ခြင်းနှင့် သက်ဆိုင်သည့်အတွက်၊ ဘုရားသခင် ပြုသော အရာရာတိုင်းသည် လိုအပ်ပြီး ထူးခြားသော အရေးပါမှု ပိုင်ဆိုင်ပေသည်။ ပင်ကိုအားဖြင့် ဘုရားသခင်၏အမြင်တွင် ယောဘသည် စုံလင်ကာ ဖြောင့်မတ်သော်လည်း၊ ယောဘ၌ ဘုရားသခင်ပြုခဲ့သော အမှုသည် ကွဲပြားခြင်း မရှိပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်နေသဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၂)) ယောဘက သူ့ရဲ့ဥစ္စာပစ္စည်းတွေ၊ သားသမီးတွေ အားလုံးကို ဆုံးရှုံးခဲ့တယ်၊ သူ့ကိုယ်ပေါ်မှာလည်း ရောဂါဖြစ်လာပြီး သူ့ရဲ့ဇာတိပကတိက ပြင်းထန်တဲ့ နာကျင်မှုကို ခံစားခဲ့ရတယ်။ လောကီလူတွေရဲ့ အမြင်အရဆိုရင် ယောဘကြုံတွေ့ခဲ့ရတာက ကောင်းတဲ့အရာမဟုတ်ဘဲ ဆိုးတဲ့အရာပဲ။ ဒါပေမဲ့ ယောဘက ဘုရားသခင်ကို ကြောက်ရွံ့တယ်။ သူက ဘုရားသခင်ကို မညည်းညူခဲ့ဘူး၊ ကျိုးနွံနာခံနိုင်ခဲ့ပြီး ဘုရားသခင်ရဲ့ နာမတော်ကို ချီးမွမ်းခဲ့တယ်။ စမ်းသပ်မှုတွေကို တွေ့ကြုံပြီးတဲ့နောက် ယောဘက ဘုရားသခင်အပေါ် နားလည်မှုတချို့ ရရှိခဲ့တယ်၊ သူ့ရဲ့ယုံကြည်ခြင်းနဲ့ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းက တိုးတက်လာခဲ့ပြီး ဘုရားသခင်က သူ့ဆီမှာ ပေါ်ထွန်းခဲ့တယ်။ ဒါဟာ သိပ်ကြီးမားတဲ့ ကောင်းချီးမင်္ဂလာပဲ။ ဒီအကြောင်းကို ချင့်ချိန်စဉ်းစားရင်း ကျွန်တော် သဘောပေါက်လာတယ်၊ ကိုယ့်အပေါ်ကျရောက်လာတဲ့ ဖျားနာခြင်း ဒါမှမဟုတ် ကံဆိုးမိုးမှောင်ကျခြင်းက ဘယ်လောက်ပဲကြီးမားပါစေ၊ ဘယ်လောက်ပဲ ဒုက္ခဆင်းရဲခံရပါစေ၊ သမ္မာတရားကို လိုက်စားပြီး ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ကို ရှာဖွေနိုင်မယ်ဆိုရင် အဆုံးမှာ အဲဒီကနေ သမ္မာတရားကို ရရှိပြီး အကျိုးကျေးဇူးတချို့ကို ရမှာပဲ။ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်တွေက ကောင်းမြတ်တယ်၊ သူက လူတွေကို ဒုက္ခပေးလိုတဲ့စိတ် မရှိဘူး။ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ကို နားလည်သွားတော့ ကျွန်တော့်ရဲ့ နှလုံးသားထဲကနေ နွေးထွေးတဲ့ခံစားမှုတစ်ခု ပေါ်ထွက်လာတယ်၊ ကျွန်တော့်ရဲ့ အားကိုးရာမဲ့ပြီး ကြောက်ရွံ့နေတဲ့စိတ်နှလုံးက နွေးထွေးလာပြီး တဖြည်းဖြည်းနဲ့ ငြိမ်သက်သွားတယ်။ ကျွန်တော် ယောဘကို အတုယူရမယ်၊ ကျိုးနွံနာခံတဲ့ သဘောထားရှိရမယ်၊ ပြီးတော့ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ကို ရှာဖွေဖို့ ဆုတောင်းရမယ်။ ဘုရားသခင်က ကျွန်တော့်ကို လမ်းပြလိမ့်မယ်လို့ ယုံကြည်ခဲ့တယ်။
ဆေးရုံပတ်ဝန်းကျင်က အရမ်းဆူညံတော့ ကျွန်တော်ထပြီး အနီးအနားက တောအုပ်လေးဆီကို သွားလိုက်တယ်။ တောအုပ်ထဲမှာ လမ်းလျှောက်နေရင်း ကိုယ့်ရဲ့ရောဂါအခြေအနေအတွက် မနေနိုင်ဘဲ ပြန်ပြီး စိုးရိမ်လာမိတယ်။ ကျွန်တော်တွေးတယ်၊ “ဒီတစ်လအတွင်းမှာ ငါ့ရဲ့ Transaminase ဓာတ်က ၁၀၀၀ ကျော်အထိ တက်လာတာ။ ဒီနှုန်းအတိုင်းသာ ဆက်သွားပြီး တကယ်ပဲ အသည်းကင်ဆာဖြစ်သွားရင် ငါ့ဘဝတော့ ဆုံးပြီမဟုတ်ဘူးလား။ ဘုရားသခင်က ဒီတစ်ခါ ငါ့အသက်ကို တကယ်ပဲ နှုတ်ယူတော့မှာလား” ပေါ့။ သေဆုံးခြင်းအကြောင်းကို တွေးမိတဲ့အခါ ကျွန်တော့်နှလုံးသားထဲမှာ မသိစိတ်က အတိုက်အခံလုပ်ပြီး တွေးမိတယ်၊ “ဘုရားသခင်က ဘာလို့ ငါ့ကို သေစေချင်ရတာလဲ။ ငါက ငယ်ငယ်လေးပဲ ရှိသေးတယ်။ ငါ့ဘဝက အခုမှစတာကို တကယ်ပဲ အဆုံးသတ်ရတော့မှာလား။ ငါသာ ဘုရားသခင်ကို မယုံကြည်ခဲ့ရင် ဒီလိုစမ်းသပ်မှုမျိုးကနေ ချမ်းသာရာရမှာလား။ ဒီရောဂါကနေ ချမ်းသာရာရမှာလား။ ကယ်တင်ခြင်းမခံရရင်တောင် အနည်းဆုံးတော့ နောက်ထပ် သုံးလေးနှစ်လောက် အသက်ရှင်နိုင်သေးတာပဲ” လို့ပေါ့။ အဲဒီအချိန်မှာ ကျွန်တော့်နှလုံးသားထဲမှာ ဒုတ်ခနဲ ဖြစ်သွားပြီး တွေးမိတယ်၊ “ဒါ ငါ ဘုရားသခင်ကို ညည်းညူနေတာ မဟုတ်ဘူးလား။” ကျွန်တော် ဘုရားသခင်ဆီကို အမြန်ဆုတောင်းလိုက်တယ်၊ “ချစ်လှစွာသော ဘုရားသခင်၊ သား ကိုယ်တော့်ကို မညည်းညူချင်ပါဘူး၊ ဒါပေမဲ့ သားရဲ့ နှလုံးသားက သေခြင်းတရားရဲ့ အဆက်မပြတ် ချုပ်နှောင်ခြင်းကို ခံနေရပါတယ်။ ဒီကိစ္စကို မှန်မှန်ကန်ကန် ဆက်ဆံနိုင်အောင် သားကို လမ်းပြတော်မူပါ” လို့ပေါ့။ ဆုတောင်းပြီးတဲ့နောက်မှာ အရင်က ခဏခဏ ဆိုခဲ့တဲ့ “ဖန်ဆင်းခံလူသားများ ဘုရားထံ အသနားခံရမည်” ဆိုတဲ့ ဓမ္မတေးတစ်ပုဒ်ကို သတိရသွားတယ်။
၁ ဘုရားသခင်က သင့်အပေါ် မည်သည့်အရာ တောင်းဆိုသည်ဖြစ်စေ၊ ယင်းအပေါ် အစွမ်းကုန် သင် အလုပ်လုပ်ရန်သာ လိုအပ်ပြီး၊ သင်သည် အဆုံး၌ ဘုရားသခင်၏ ရှေ့မှောက်သို့ လာနိုင်လိမ့်မည်ဖြစ်ပြီး သူ့အား သင်၏ အဆုံးစွန် ဆည်းကပ်မှုကို ပေးနိုင်လိမ့်မည်ဟု ငါမျှော်လင့်သည်။ ဘုရားသခင်သည် သူ၏ ပလ္လင်ထက်တွင် ထိုင်နေရင်း သူ၏ကျေနပ်နှစ်သက်သော အပြုံးကို သင် မြင်နိုင်သရွေ့၊ ဤအခိုက်အတန့်သည် သတ်မှတ်ထားသည့် သင်၏ သေဆုံးခြင်းအချိန်ဖြစ်လျှင်ပင်၊ သင်၏မျက်လုံးများပိတ်စဉ် သင်သည် ရယ်ကာ ပြုံးနိုင်သင့်ပေသည်။ ကမ္ဘာမြေကြီးပေါ်ရှိ သင်၏ အချိန်ကာလ အတောအတွင်းတွင်၊ သင်သည် ဘုရားသခင်အတွက် သင်၏နောက်ဆုံး တာဝန်ကို လုပ်ဆောင်ရမည်။
၂ အတိတ်တွင် ပေတရုသည် ဘုရားသခင်အတွက် ဇောက်ထိုး ကားစင်တင်ခံခဲ့ရသည်။ သို့သော် သင်သည် အဆုံး၌ ဘုရားသခင်ကို စိတ်ကျေနပ်စေသင့်ပြီး ဘုရားသခင်အတွက် သင်၏အင်အားအလုံးစုံကို သုံးသင့်သည်။ ဘုရားသခင်၏ ကိုယ်စား ဖန်ဆင်းခံတစ်ဦးသည် မည်သည့်အရာ လုပ်ဆောင်နိုင်သနည်း။ ထို့ကြောင့် သူ ဆန္ဒရှိသည်အတိုင်း သင့်ကို စီစဉ်ညွှန်ကြားရန်အတွက် သင်သည် ဘုရားသခင်ထံ သင့်ကိုယ်သင် ကြိုတင်၍ ပေးအပ်သင့်သည်။ ယင်းက ဘုရားသခင်အား ပျော်ရွှင်စေပြီး ကျေနပ်စေသရွေ့၊ သင်နှင့်ပတ်သက်၍ သူ ဆန္ဒရှိသည်အတိုင်း လုပ်ဆောင်ပါလေ့စေ။ လူသားများသည် စောဒကတက်သည့် စကားများ ပြောဆိုရန် မည်သည့်အခွင့်ရှိသနည်း။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ “စကြဝဠာတစ်ခုလုံးထံ ဘုရားသခင်၏ နှုတ်ကပတ်တော်များ” နှင့်သက်ဆိုင်သော နက်နဲမှုများကို ထုတ်ဖော်ချက်များ၊ အခန်း (၄၁)
ကျွန်တော် အဲဒီဓမ္မတေးကို တိုးတိုးလေး ညည်းဆိုနေရင်း မထိန်းနိုင်ဘဲ မျက်ရည်တွေ ကျလာတယ်။ ဘုရားသခင်က ကျွန်တော့်ကို ကျေးဇူးပြုပြီး သူ့ရဲ့အိမ်တော်ထဲကို ခေါ်ဆောင်ခဲ့တယ်။ ကျွန်တော် သူ့ရဲ့နှုတ်ကပတ်တော်တွေ အများကြီးကို ဖတ်ခဲ့ရပြီး လူသားတွေကို ဘုရားသခင်က ဖန်ဆင်းခဲ့တာ၊ စာတန်က လူသားမျိုးနွယ်ကို ဘယ်လို ဖောက်ပြန်ပျက်ဆီးစေခဲ့တာ၊ ဘုရားသခင်က လူသားတွေကို ဘယ်လို အဆင့်ဆင့် ကယ်တင်ခဲ့တာ၊ နောက်ဆုံးသောကာလမှာ ဘုရားသခင်က လူတွေကို ဘယ်လို သန့်စင်ပြောင်းလဲပေးနေတယ်ဆိုတာတွေကို သိခဲ့ရတယ်။ တာဝန်ထမ်းဆောင်ရင်းနဲ့ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ ဉာဏ်အလင်းပေး ဦးဆောင်မှုကို ခံစားခဲ့ရပြီး သမ္မာတရားတချို့ကိုလည်း နားလည်ခဲ့တယ်။ ကျွန်တော် ဘုရားသခင်ဆီကနေ အများကြီးရရှိခဲ့ပေမဲ့ သူ့ကို လုံးဝ ကျေးဇူးမတင်ခဲ့ဘူး။ အခု ရောဂါအခြေအနေ ဆိုးလာတော့ ဘုရားသခင်ကို ညည်းညူတယ်၊ ဘုရားသခင်ကို ယုံကြည်မိတာကို နောင်တရတဲ့ အတွေးတွေတောင် ဝင်လာတယ်။ ဒါက တကယ်ကို ဘုရားသခင်ရဲ့ စိတ်နှလုံးကို နာကျင်စေတာ မဟုတ်ဘူးလား။ ဒါက သစ္စာဖောက်တာ မဟုတ်ဘူးလား။ ဒီလောကမှာ အသက်ရှင်နေတဲ့လူတိုင်း ရောဂါဖြစ်ကြတာပဲ၊ ပြီးတော့ ဘုရားသခင်ကို မယုံကြည်တဲ့ လူတွေအများကြီးက ပြင်းထန်တဲ့ နာမကျန်းမှုတွေနဲ့ ကင်ဆာရောဂါတွေကို ခံစားနေရတယ်။ ဒါပေမဲ့ ကျွန်တော်ကတော့ ဘုရားသခင်ကို မယုံကြည်ခဲ့ရင် ဒီရောဂါဖြစ်ချင်မှဖြစ်မှာလို့ တွေးပြီး ညည်းညူနေတုန်းပဲ။ ကျွန်တော် တကယ်ကို အသိတရားမရှိပါလား။ ဒီရောဂါ ဖြစ်ခဲ့ပေမဲ့ ကျွန်တော် ဘုရားသခင်ကို ဆုတောင်းတဲ့အခါ သူက သူ့ရဲ့နှုတ်ကပတ်တော်တွေနဲ့ ကျွန်တော့်ကို ဉာဏ်အလင်းပေး လမ်းပြတယ်၊ နှစ်သိမ့်မှုနဲ့ ထောက်မမှုတွေ ပေးတယ်။ ဘုရားသခင်ကို အားကိုးရာအဖြစ် ရထားတော့ ဘာသာတရားမရှိသူတွေထက် ကျွန်တော် အများကြီး ပိုပျော်ရွှင်ပါတယ်။ ဒါ့အပြင် ကျွန်တော်က ဖန်ဆင်းခံတစ်ယောက်ပဲ။ ဘုရားသခင်က ကျွန်တော့်ကို ဖန်ဆင်းခဲ့တာ၊ သူက ကျွန်တော့်အသက်ကို ပြန်ရုပ်သိမ်းရင်တောင် ကျွန်တော် သူ့ကို ညည်းညူစောဒကတက်လို့ မဖြစ်ဘူး၊ ဘုရားသခင်ကို ယုံကြည်မိတာကို နောင်တရလို့ ပိုလို့တောင် မဖြစ်သေးတယ်။ ကျွန်တော် ကျိုးနွံနာခံသင့်တယ်။ ကျွန်တော် ဘုရားသခင်ကို ကျိုးနွံနာခံတဲ့ ဆုတောင်းတစ်ခု ပြုခဲ့တယ်၊ စိတ်ထဲမှာ အရမ်းကို တည်ငြိမ်သွားတယ်။ သေမှာကို မကြောက်တော့ဘူး။
စုဝေးပွဲတစ်ခုမှာ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ဖတ်ခဲ့ရပြီး အဲဒါက ကျွန်တော့်ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားအပေါ် နားလည်မှုတချို့ ပေးခဲ့တယ်။ ဘုရားသခင်က ပြောသည် “ယနေ့ လူများသည် ယောဘကဲ့သို့ အလားတူ လူ့သဘာဝကို မပိုင်ဆိုင်ကြသည့်အတွက်၊ ၎င်းတို့၏ သဘာဝ အနှစ်သာရ အဖြစ်အနေနှင့် ဘုရားသခင်အပေါ် ၎င်းတို့၏ သဘောထားမှာ အဘယ်နည်း။ ၎င်းတို့သည် ဘုရားသခင်ကို ကြောက်ရွံ့ကြသလော။ မကောင်းမှုကို ရှောင်ကြဉ်ကြသလော။ ဘုရားသခင်ကို မကြောက်ရွံ့သောသူများ သို့မဟုတ် မကောင်းမှု မရှောင်ကြဉ်သူများကို စကားလုံးအနည်းငယ်ဖြင့်သာ ပေါင်းရုံးဖော်ပြ၍ ရသည်- ‘ဘုရားသခင်၏ ရန်သူများ’ ဟူ၍ ဖြစ်သည်။ သင်တို့သည် ဤစကားများကို မကြာခဏ ပြောကြသော်လည်း၊ ယင်းတို့၏ အဓိပ္ပာယ်အမှန်ကို လုံးဝ မသိကြပေ။ ‘ဘုရားသခင်၏ ရန်သူများ’ ဟူသော စကားလုံးများတွင် အနှစ်သာရရှိသည်- ယင်းတို့က ဘုရားသခင်သည် လူသားကို ရန်သူအဖြစ် မြင်သည်ဟု ပြောနေခြင်း မဟုတ်ဘဲ၊ လူက ဘုရားသခင်ကို ရန်သူအဖြစ် မြင်နေခြင်း ဖြစ်သည်။ ပထမဦးစွာ လူတို့သည် ဘုရားသခင်ကို စတင်ယုံကြည်သည့်အခါတွင်၊ ၎င်းတို့ထဲမှ မည်သူသည် မိမိတို့၏ ကိုယ်ပိုင် ရည်မှန်းချက်များ၊ ကြံရွယ်ချက်များနှင့် မျှော်မှန်းချက်များ မရှိသနည်း။ ၎င်းတို့၏ တစ်စိတ်တစ်ဒေသသည် ဘုရားသခင်၏ တည်ရှိခြင်းကို ယုံကြည်ပြီး ဘုရားသခင်၏ တည်ရှိခြင်းကို မြင်ဖူးသော်လည်း၊ ဘုရားသခင်၌ ၎င်းတို့၏ ယုံကြည်မှုတွင် ကြံရွယ်ချက်များ ပါရှိနေဆဲဖြစ်ပြီး ဘုရားသခင်ကို ယုံကြည်ရာတွင် ၎င်းတို့၏ အဆုံးစွန်သော ရည်မှန်းချက်မှာ သူ၏ကောင်းချီးမင်္ဂလာများနှင့် ၎င်းတို့ အလိုရှိသော အရာများကို ရရှိရန် ဖြစ်သည်။ လူတို့၏ ဘဝအတွေ့အကြုံများတွင်၊ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် မကြာခဏ တွေးတတ်ကြသည်၊ ကျွန်ုပ်သည် ဘုရားသခင်အတွက် ကျွန်ုပ်၏ မိသားစုနှင့် အသက်မွေးအလုပ်ကို လက်လွှတ်ပြီးလေပြီ၊ ကိုယ်တော်သည် အကျွန်ုပ်ကို မည်သည့်အရာ ပေးပြီးပြီနည်း။ ကျွန်ုပ်သည် ထပ်ဖြည့်ကာ အတည်ပြုရမည်။ လတ်တလောတွင် ကောင်းချီးမင်္ဂလာ တစ်ခုတစ်လေကို ကျွန်ုပ် ရရှိပြီးပြီလော။ အကျွန်ုပ်သည် ဤအချိန်အတောအတွင်းတွင် များစွာ ပေးပြီးဖြစ်သည်၊ အကျွန်ုပ် ပြေးလျက်နေခဲ့ပြီး များစွာ ဆင်းရဲဒုက္ခခံစားရပြီးဖြစ်သည်။ ဘုရားသခင်သည် အပြန်အလှန်အနေဖြင့် အကျွန်ုပ်အား ကတိတစ်ခုတစ်လေကို ပေးပြီးပြီလော။ ကိုယ်တော်သည် အကျွန်ုပ်၏ ကောင်းသော လုပ်ဆောင်ချက်များကို အမှတ်ရပြီးပြီလော။ ကျွန်ုပ်၏ အဆုံးသတ်မှာ အဘယ်အရာ ဖြစ်လိမ့်မည်နည်း။ ကျွန်ုပ်သည် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများကို ရရှိနိုင်သလော...။ အယောက်တိုင်းသည် ထိုသို့သော တွက်ချက်မှုများကို ၎င်းတို့၏ စိတ်နှလုံးအတွင်းတွင် စဉ်ဆက်မပြတ် ပြုတတ်ကြပြီး ဘုရားသခင်ထံ ၎င်းတို့၏ ကြံရွယ်ချက်များ၊ ရည်မှန်းချက်များနှင့် အပေးအယူဆိုင်ရာ စိတ်နေစိတ်ထားပါရှိသည့် တောင်းဆိုချက်များကို ပြုလုပ်ကြသည်။ ဆိုလိုသည်မှာ လူသားသည် သူ၏ စိတ်နှလုံးထဲတွင် ဘုရားသခင်ကို စဉ်ဆက်မပြတ် စစ်ဆေးနေသည်၊ ဘုရားသခင်နှင့်ပတ်သက်၍ အစီအစဉ်များကို စဉ်ဆက်မပြတ် ဖန်တီးနေပြီး၊ သူ၏ကိုယ်ပိုင် တစ်ကိုယ်ရေ အဆုံးသတ်အတွက် အရေးကိစ္စကို ဘုရားသခင်နှင့် အဆက်မပြတ် ငြင်းခုံနေသကဲ့သို့၊ ဘုရားသခင်ထံမှ ထွက်ဆိုချက်တစ်ခုကို နှိုက်ယူရန် ကြိုးစားနေသည်၊ ဘုရားသခင်က သူအလိုရှိသော အရာကို ပေးမည်၊ မပေးမည်ကို ကြည့်နေလေသည်။ တစ်ချိန်တည်းတွင် ဘုရားသခင်ကို လိုက်စားနေသည်နှင့်အမျှ၊ လူသားသည် ဘုရားသခင်ကို ဘုရားသခင်အဖြစ် သဘောမထားပေ။ လူသည် ဘုရားသခင်အပေါ် မရပ်မနား တောင်းဆိုချက်များ ပြုလုပ်ရင်းနှင့် ခြေလှမ်းတိုင်းတွင် သူ့ကို ဖိအားပေးလျက်၊ ရလေလိုလေ အိုတစ္ဆေ ဖြစ်လျက်၊ ဘုရားသခင်နှင့် အပေးအယူများ လုပ်ရန် အမြဲကြိုးစားပြီးဖြစ်သည်။ ဘုရားသခင်နှင့် အပေးအယူများ လုပ်ရန် ကြိုးစားနေသည်နှင့်အမျှ တစ်ချိန်တည်းတွင် လူသားသည် ဘုရားသခင်နှင့်ငြင်းခုံပြီး စမ်းသပ်မှုများ ၎င်းတို့အပေါ် ကျရောက်ချိန်တွင် သို့မဟုတ် အချို့သော အခြေအနေများ၌ ၎င်းတို့ မိမိတို့ကိုယ်ကိုယ် ရောက်ရှိနေသည်ကို သိချိန်တွင် မကြာခဏ အားနည်းလာကာ၊ အပျက်သဘောဆောင်လာပြီး ၎င်းတို့၏ အလုပ်၌ ပေါ့ဆလာပြီး ဘုရားသခင်နှင့်ပတ်သက်၍ ညည်းညူမှုများ အပြည့်ရှိသည့် လူများပင် ရှိလေသည်။ လူက ဘုရားသခင်ကို ပထမဦးဆုံး စတင်ယုံကြည်ခဲ့ချိန်မှစ၍၊ သူသည် ဘုရားသခင်ကို ပေါင်းလန်အောင် များပြားခြင်းတစ်ခု၊ ဆွစ်တပ်မတော် စွယ်စုံသုံးဓားတစ်ခုအဖြစ် သဘောထားခဲ့ပြီး ဘုရားသခင်ထံမှ ကောင်းချီးမင်္ဂလာများနှင့် ကတိများကိုရရန် ကြိုးစားခြင်းမှာ သူ၏ ရှိရင်းစွဲ အခွင့်အရေးနှင့် တာဝန်ဝတ္တရားဖြစ်စဉ်တွင် ဘုရားသခင်၏ တာဝန်မှာ လူသားကို ကာကွယ်ကာ စောင့်ရှောက်ရန်နှင့် ထောက်ပံ့ရန် ဖြစ်သည့်အလား၊ သူ့ကိုယ်သူ ဘုရားသခင်၏ အကြီးဆုံးသော ကြွေးရှင်အဖြစ် သဘောထားခဲ့လေသည်။ ယင်းမှာ ဘုရားသခင်ကို ယုံကြည်သော သူအားလုံး၏ ‘ဘုရားသခင်အပေါ် ယုံကြည်မှု’ ၏ အခြေခံသိနားလည်မှုဖြစ်ပြီး၊ ယင်းမှာ ဘုရားသခင်၌ ယုံကြည်မှု အယူအဆနှင့်ဆိုင်သော ၎င်းတို့၏ အနက်ရှိုင်းဆုံးသော သိနားလည်မှု ဖြစ်သည်။ လူ၏ သဘာဝ အနှစ်သာရမှသည် သူ၏ ဓမ္မဓိဋ္ဌာန်မကျသော လိုက်စားမှုအထိ၊ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် သက်ဆိုင်သောအရာ တစ်ခုမျှ မရှိပေ။ ဘုရားသခင်ကို ယုံကြည်ရာ၌ လူသား၏ ရည်မှန်းချက်မှာ ဘုရားသခင်ကို ကိုးကွယ်ခြင်းနှင့် မည်သည့်အရာမျှ ပတ်သက်နိုင်ခြေ မရှိပေ။ ဆိုလိုသည်မှာ ဘုရားသခင်၌ ယုံကြည်ခြင်းသည် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် ဘုရားသခင်ကို ကိုးကွယ်ခြင်း လိုအပ်သည်ကို လူသားက မည်သည့်အခါမျှ မယူဆဖူးသကဲ့သို့ နားလည်ဖူးခြင်းလည်း မရှိပေ။ ထိုသို့သော အခြေအနေများအရ လူသား၏ အနှစ်သာရသည် သိသာထင်ရှားပေသည်။ ဤအနှစ်သာရမှာ အဘယ်အရာ ဖြစ်သနည်း။ လူသား၏ စိတ်နှလုံးသည် မလိုမုန်းထားတတ်သည်၊ သစ္စာမဲ့ခြင်းနှင့် လှည့်ဖြားမှုကို သိုထားသည်၊ မျှတမှုနှင့် ဖြောင့်မတ်ခြင်း သို့မဟုတ် အပြုသဘောဆောင်သော အရာကို မနှစ်သက်သကဲ့သို့၊ ယင်းသည် စက်ဆုပ်ဖွယ်ဖြစ်ကာ အလိုကြီးလေသည်။ လူသား၏ စိတ်နှလုံးသည် ဘုရားသခင်နှင့် သာ၍ နီးကပ်နိုင်ခြင်း မရှိပေ။ သူသည် စိတ်နှလုံးကို ဘုရားသခင်အား လုံးဝ ပေးအပ်ခြင်း မရှိလေပြီ။ ဘုရားသခင်သည် လူသား၏ စစ်မှန်သော စိတ်နှလုံးကို တစ်ကြိမ်တစ်ခါမျှ မမြင်ဖူးသကဲ့သို့ သူသည် လူသား၏ ကိုးကွယ်ခြင်းကိုလည်း ခံရဖူးခြင်း မရှိပေ။ ဘုရားသခင် ပေးသည့် အဖိုးအခ မည်မျှ ကြီးမားသည်ဖြစ်စေ သို့မဟုတ် အမှုမည်မျှကို သူ ပြုပါစေ၊ သို့မဟုတ် လူသားကို မည်မျှ ထောက်ပံ့ပါစေ၊ လူသားသည် ကျိုးကြောင်းမမြင်မြဲရှိသကဲ့သို့ ယင်းကို လုံးဝ စိတ်ဝင်စားမှု မရှိပေ။ လူသားသည် သူ၏ စိတ်နှလုံးကို ဘုရားသခင်အား မည်သည့်အခါမျှ ပေးဖူးခြင်း မရှိပေ၊ သူ၏စိတ်နှလုံးကို သူကိုယ်တိုင်သာ ဂရုစိုက်ရန်၊ သူ၏ ကိုယ်ပိုင် ဆုံးဖြတ်ချက်များကို ချရန် အလိုရှိလေသည်။ ယင်း၏ သွယ်ဝိုက်သော အဓိပ္ပာယ်မှာ လူသားသည် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ကြဉ်ခြင်း လမ်းခရီးကို မလိုက်လျှောက်ချင် သို့မဟုတ် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို မကျိုးနွံမနာခံချင်သကဲ့သို့ ဘုရားသခင်ကို ဘုရားသခင်အဖြစ် မကိုးကွယ်ချင်ပေဟု ဖြစ်သည်။ ယင်းမှာ ယနေ့ လူသား၏ အခြေအနေ ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်နေသဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၂)) ဘုရားသခင်က သူ့ကိုယုံကြည်ပြီး အပေးအယူလုပ်ဖို့ကြိုးစားတဲ့လူတွေရဲ့ ရည်ရွယ်ချက်တွေနဲ့ နည်းလမ်းတွေကို ဖော်ထုတ်ခဲ့တယ်။ ဘုရားသခင်က ဒီလိုလူတွေမှာ စက်ဆုပ်ဖွယ်ကောင်းပြီး လောဘကြီးတဲ့၊ သစ္စာဖောက်တတ်ပြီး လှည့်ဖြားတတ်တဲ့ အနှစ်သာရရှိတယ်လို့ မိန့်ဆိုတယ်။ ဘုရားနှုတ်ကပတ်တော်တွေရဲ့ လေသံနဲ့ စကားလုံးတွေက ဒီလိုလူမျိုးတွေအပေါ် မုန်းတီးမှုနဲ့ စက်ဆုပ်ရွံရှာမှုတွေနဲ့ ပြည့်နှက်နေတယ်၊ အဲဒီကနေ ကျွန်တော် ဘုရားသခင်ရဲ့ ဖြောင့်မတ်ခြင်းနဲ့ သန့်ရှင်းခြင်းကို ခံစားမိခဲ့တယ်။ သူတို့တွေ ဘုရားသခင်ကို ဆက်ဆံတဲ့ပုံစံနဲ့ ကိုယ့်ကိုယ်ကိုယ် နှိုင်းယှဉ်ကြည့်တဲ့အခါ ကျွန်တော်လည်း သူ့ကို အဲဒီလိုပဲ ဆက်ဆံခဲ့တယ်ဆိုတာကို တွေ့ခဲ့ရတယ်။ နောက်ဆုံးသောကာလမှာ ဘုရားသခင်က ဒီခေတ်ကို အဆုံးသတ်ဖို့ အမှုတော်ကို လာရောက်လုပ်ဆောင်တယ်ဆိုတာနဲ့ ဘုရားသခင်ရဲ့ ကယ်တင်ခြင်းခံရတဲ့သူတွေက အသက်ရှင်ကျန်ရစ်ပြီး နိုင်ငံတော်ထဲဝင်ရောက်လို့ ထာဝရကောင်းချီးမင်္ဂလာကို ခံစားရမယ်ဆိုတာကို ကျွန်တော်သိခဲ့ရတဲ့အခါ ဘုရားသခင်က လူကိုပေးမယ့် ကောင်းချီးမင်္ဂလာတွေကို အရမ်းကို လိုချင်ခဲ့တယ်၊ ဒါကြောင့် ဘုရားသခင်ကို ယုံကြည်ဖို့ ရွေးချယ်ခဲ့တာပေါ့။ ဘုရားသခင်ကို စပြီးယုံကြည်ပြီးတဲ့နောက်မှာ ကျွန်တော် စိတ်အားထက်ထက်သန်သန်နဲ့ လိုက်စားခဲ့ပြီး တစ်နှစ်မပြည့်ခင်မှာပဲ အချိန်ပြည့် စပြီးတာဝန်ထမ်းဆောင်ခဲ့တယ်။ တည်းဖြတ်ခြင်းတာဝန်ကို ထမ်းဆောင်ရာမှာ အခက်အခဲတွေ အများကြီးရှိပေမဲ့ ကျွန်တော် နောက်မဆုတ်ခဲ့ဘူး၊ ပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုတွေကို ကိုယ်တိုင်ကိုယ်ကျ လေ့လာခဲ့ပြီး အားထုတ်မှုတွေ အများကြီးစိုက်ထုတ်ခဲ့တယ်။ ကျွန်တော်က တာဝန်ထမ်းဆောင်ရာမှာ ဒီလောက်တက်ကြွနေတော့ ဘုရားသခင်က ကျွန်တော့်ကို သဘောကျပြီး အသိအမှတ်ပြုမှာပဲ၊ အနာဂတ်မှာ ကောင်းချီးခံစားရဖို့ မျှော်လင့်ချက်ကြီးကြီးမားမား ရှိမှာပဲလို့ ထင်ခဲ့တယ်။ ကျွန်တော့်မှာ အသက်ဝင်နေပြီဖြစ်တဲ့ အသည်းရောင်အသားဝါဘီ ရောဂါရှိမှန်း သိလိုက်ရတဲ့အခါ ကျွန်တော့်စိတ်နှလုံးထဲမှာ ဘုရားသခင်ကို ညည်းညူခဲ့တယ်၊ ကျွန်တော် တာဝန်မှာ ဒီလောက်တက်ကြွနေတာကို ဘုရားသခင်က ရောဂါဖြစ်ခွင့်မပေးသင့်ဘူးလို့ ထင်ခဲ့တယ်။ အိမ်ပြန်ပြီး အနားယူရရင် တာဝန်မထမ်းဆောင်နိုင်တော့ဘူး၊ အနာဂတ်မှာလည်း ကောင်းချီးတွေ ရတော့မှာမဟုတ်ဘူးလို့ တွေးပြီး အရမ်းကို စိတ်ဆင်းရဲခဲ့ရတယ်။ အိမ်ပြန်ရောက်ပြီးနောက်မှာ ရောဂါကို နည်းလမ်းပေါင်းစုံနဲ့ ကုဖို့ကြိုးစားခဲ့ပြီး ဘုရားသခင်က ကျွန်တော့်ကို မြန်မြန်ကုသပေးဖို့ မျှော်လင့်ခဲ့တယ်။ ရောဂါအခြေအနေက မကောင်းလာတဲ့အပြင် ပိုဆိုးလာတဲ့အခါမှာတော့ ကျွန်တော် အတော်လေး စိတ်ဓာတ်ကျပြီး မျှော်လင့်ချက်မဲ့သွားတယ်။ ဆုမတောင်းချင်တော့ဘူး၊ ဘုရားနှုတ်ကပတ်တော်ကို မစားမသောက်ချင်တော့ဘူး၊ တည်းဖြတ်ခြင်းနည်းပညာတွေကိုလည်း မသင်ယူချင်တော့ဘဲ အပျက်သဘောဆောင်မှုထဲမှာ ရှင်သန်ခဲ့တယ်။ နောက်ပိုင်းမှာ ကျွန်တော်က ကျွန်တော့်တာဝန်ကို မထမ်းဆောင်လို့ ကျွန်တော့်ရဲ့ အသက်တာ တိုးတက်မှု နှေးကွေးနေတယ်ဆိုပြီး ဘုရားသခင်ကို ရိုးသားမှုမရှိတဲ့ ဆုတောင်းတွေ ပြုခဲ့တယ်။ ကျွန်တော် ဆိုလိုရင်းကတော့ တာဝန်ဆက်ထမ်းဆောင်နိုင်အောင် ဘုရားသခင်က ကျွန်တော့်ရောဂါကို ဖယ်ရှားပေးဖို့ တောင်းဆိုနေတာပဲ။ တကယ်တော့ ကျွန်တော် အပြင်ထွက်ပြီး တာဝန်ထမ်းဆောင်ချင်တာက ဘုရားသခင်ကို ကျေနပ်စေဖို့မဟုတ်ဘဲ ကိုယ့်ရဲ့အနာဂတ်ပန်းတိုင်အတွက်ပဲ။ တာဝန်မထမ်းဆောင်နိုင်ရင် ကောင်းမွန်တဲ့ပန်းတိုင် ရှိမှာမဟုတ်ဘူးလို့ ကျွန်တော် ကြောက်ခဲ့တယ်၊ ဒါပေမဲ့ ဘုရားသခင်ဆီ ဆုတောင်းတဲ့အခါကျတော့ သမ္မာတရားကို လိုက်စားပြီး သူ့ကိုကျေနပ်စေဖို့ တာဝန်ထမ်းဆောင်ချင်တယ်လို့ ပြောခဲ့တယ်။ ဒါက ဘုရားသခင်ကို ပေါ်ပေါ်တင်တင် လှည့်စားဖို့ ကြိုးစားနေတာ မဟုတ်ဘူးလား။ ကျွန်တော် ဘုရားသခင်ကို ယုံကြည်ပြီး တာဝန်ထမ်းဆောင်တဲ့ ရည်ရွယ်ချက်က သူ့ဆီကနေ ကောင်းချီးတွေ၊ အကျိုးအမြတ်တွေ ရဖို့သက်သက်ပဲဆိုတာကို ကျွန်တော် မြင်ခဲ့ရတယ်။ ကျွန်တော် လုပ်သမျှက ဘုရားသခင်နဲ့ အပေးအယူလုပ်ပြီး တောင်းဆိုနေတာချည်းပဲ၊ ရိုးသားတဲ့စိတ် တစ်စက်မှမရှိခဲ့ဘူး။ ကျွန်တော့်ကို ဘုရားသခင်က ဖန်ဆင်းခဲ့တာ၊ ကျွန်တော့်မှာရှိသမျှအရာအားလုံးက ဘုရားသခင်ဆီက လာတာ။ ကျွန်တော် ကံကောင်းလို့ ဘုရားသခင်ရဲ့ ကယ်တင်ခြင်းကို လက်ခံရရှိခဲ့တယ်။ ဒါတွေအားလုံးက ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာပဲ။ ဒါပေမဲ့ ကျွန်တော့်မှာ ကိုယ်တော်အပေါ် ကျေးဇူးတင်စိတ် လုံးဝမရှိခဲ့ဘူး။ ဘုရားသခင်နဲ့ အပေးအယူလုပ်ဖို့၊ လှည့်စားဖို့၊ ပြီးတော့ ကိုယ်တော်ကို အသုံးချဖို့တောင် ကြိုးစားခဲ့တယ်။ ကျွန်တော့်မှာ အသိတရား ဒါမှမဟုတ် ဆင်ခြင်တုံတရား လုံးဝမရှိဘူး။ ကျွန်တော်က အရမ်းကို စက်ဆုပ်စရာကောင်းလိုက်တာ။ ကျွန်တော့်မှာ လူ့သဘာဝ လုံးဝမရှိခဲ့ဘူး။ ကျွန်တော်ရဲ့ ဘုရားသခင်ကို ယုံကြည်ခြင်းက ကိုယ်တော်နဲ့ အပေးအယူလုပ်ဖို့ ကြိုးစားမှုတွေနဲ့ အမြဲတမ်း ရောနှောနေရင် ကျွန်တော် ဘယ်လောက်ပဲ တာဝန်တွေ ထမ်းဆောင်ပါစေ ကိုယ်တော်က ကျွန်တော့်ကို ဘယ်တော့မှ အသိအမှတ်ပြုမှာ မဟုတ်ဘူး။ ကျွန်တော့်ရဲ့ ကိုယ်ကျိုးရှာ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားက လုံးဝ မပြောင်းလဲခဲ့ဘူး၊ ကျွန်တော်က တစ်ကိုယ်ကောင်းဆန်၊ ယုတ်မာ၊ ဆိုးညစ်ပြီး လှည့်ဖြားတတ်တဲ့သူတစ်ယောက် ဖြစ်နေတုန်းပဲ။ ကျွန်တော် ဒီလိုဖြစ်နေရင် ဘယ်လို ကယ်တင်ခြင်းခံရနိုင်မှာလဲ။ ပေါလု အလုပ်တွေအများကြီးလုပ်ပြီး ဒုက္ခတွေအများကြီးခံခဲ့တာကို ကျွန်တော် တွေးမိတယ်။ ဒါပေမဲ့ သူက သမ္မာတရားကို လုံးဝမလိုက်စားခဲ့ဘူး၊ သူ့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကလည်း နည်းနည်းလေးမှ မပြောင်းလဲခဲ့ဘူး။ သူက သူ့ရဲ့အလုပ်နဲ့ အသုံးခံမှုတွေကို အရင်းအနှီးလုပ်ပြီး ဘုရားသခင်ဆီကနေ သရဖူကိုတောင် တောင်းဆိုခဲ့တယ်၊ သူက “ယခုမှစ၍ ဓမ္မသရဖူသည် ငါ့အဘို့သိုထားလျက်ရှိ၏။” (တိမောသေဩဝါဒစာဒုတိယစောင် ၄:၈) လို့ ပြောခဲ့တယ်။ သူ့ရဲ့ဆိုလိုရင်းက ဘုရားသခင်က သူ့ကို သရဖူမပေးရင် ဘုရားသခင်က မဖြောင့်မတ်ဘူးလို့ ဆိုလိုတာပဲ။ သူက ဘုရားသခင်ကို ပေါ်ပေါ်တင်တင် အာခံခဲ့တယ်၊ အဲဒါက ဘုရားသခင်ရဲ့ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားခဲ့ပြီး ဘုရားသခင်ရဲ့ ကျိန်ခြင်းနဲ့ အပြစ်ဒဏ်ပေးခြင်းကို ခံခဲ့ရတယ်။ ဒီအကြောင်းကို ချင့်ချိန်စဉ်းစားရင်း ကျွန်တော့်စိတ်ထဲမှာ ကြောက်စိတ်ဝင်လာတယ်၊ ကောင်းချီးမင်္ဂလာတွေရဖို့အတွက်ပဲ ဘုရားသခင်ကို ယုံကြည်တာက ဆိုးရွားတဲ့ အကျိုးဆက်တွေ ရှိတယ်ဆိုတာကို သဘောပေါက်ခဲ့တယ်။ အဲဒီအချိန်ကျမှပဲ ဒီရောဂါဖြစ်ရခြင်းထဲမှာ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ကောင်း ရှိနေတယ်ဆိုတာကို ကျွန်တော် နားလည်ခဲ့တယ်။ ကျွန်တော် ဘုရားသခင်ကို ယုံကြည်တာ နှစ်တော်တော်ကြာပြီဖြစ်ပေမဲ့ သမ္မာတရားကို ဘယ်တုန်းကမှ မလိုက်စားခဲ့ဘူး၊ ကောင်းချီးမင်္ဂလာတွေကိုပဲ လိုက်စားပြီး ဘုရားသခင်နဲ့ အပေးအယူလုပ်ဖို့ ကြိုးစားခဲ့တယ်။ ဘုရားသခင်က ကျွန်တော့်ကို လမ်းကြောင်းမှားအပေါ် ဆက်မလျှောက်စေချင်ဘူး၊ ဒါကြောင့် သူက ကျွန်တော့်ရဲ့ ခြေလှမ်းတွေကို ရပ်တန့်စေဖို့ ဖျားနာခြင်းကို အသုံးပြုခဲ့တယ်၊ ကောင်းချီးမင်္ဂလာတွေ လိုက်စားတဲ့ ကျွန်တော့်ရဲ့ မစင်ကြယ်တဲ့ ရည်ရွယ်ချက်တွေကို ထုတ်ဖော်ခဲ့တယ်၊ ကျွန်တော့်လိုက်စားမှုနောက်ကွယ်က မှားယွင်းတဲ့ အမြင်ရှုထောင့်ကို အချိန်မီ ပြောင်းလဲနိုင်အောင် ငြိမ်ငြိမ်သက်သက်နဲ့ ကိုယ့်ကိုယ်ကိုယ် သေချာ ဆင်ခြင်သုံးသပ်စေခဲ့တယ်။ ဒီရောဂါသာ မဖြစ်ခဲ့ရင် ကျွန်တော် ကိုယ့်ကိုယ်ကိုယ် လုံးဝ နားလည်နိုင်မှာ မဟုတ်ဘူး။ အဲဒီအခါမှပဲ ဘုရားသခင်ရဲ့ အပင်ပန်းခံရတဲ့ ရည်ရွယ်ချက်ကို ကျွန်တော် နားလည်ခဲ့ပြီး ဘုရားသခင်အပေါ်ထားတဲ့ အရင်က အထင်လွဲမှားမှုတွေနဲ့ ညည်းညူမှုတွေအားလုံးက ရုတ်တရက် ပျောက်ကွယ်သွားတယ်။ အဲဒီအစား ကျွန်တော့်စိတ်နှလုံးက သူ့အပေါ် ကျေးဇူးတင်ခြင်းနဲ့ ပြည့်သွားတယ်။ နောင်မှာ ကျွန်တော့်ရောဂါ ပျောက်သည်ဖြစ်စေ၊ မပျောက်သည်ဖြစ်စေ ဘုရားသခင်ကို ဘာမှတောင်းဆိုလို့ မဖြစ်တော့ဘူးဆိုတာကို ကျွန်တော် သဘောပေါက်ခဲ့တယ်။ အဲဒီအစား ဘုရားသခင်ကို ကောင်းကောင်းမွန်မွန် ယုံကြည်ပြီး ကျိုးနွံနာခံရမယ်။ သုံးလေးရက်နေတော့ အဖေက ကျွန်တော့်ကို ဆေးရုံကို ကုသမှုခံယူဖို့ ခေါ်သွားတယ်။ ကျွန်တော် ဘုရားသခင်ဆီ ဆုတောင်းခဲ့တယ်၊ “အို ဘုရားသခင်၊ ဒီနေ့ ဆေးရုံသွားရင် ဘာနဲ့ကြုံရမလဲဆိုတာ သား မသိပါဘူး။ ဒါပေမဲ့ အရာအားလုံးမှာ ကိုယ်တော်ရဲ့ ရည်ရွယ်ချက်ကောင်းတွေ ရှိတယ်လို့ သားယုံကြည်ပါတယ်။ သားရဲ့ ရောဂါအခြေအနေ ဘယ်လိုပဲဖြစ်နေပါစေ ကိုယ်တော့်ကို ကျိုးနွံနာခံဖို့ သား ဆန္ဒရှိပါတယ်” လို့ပေါ့။ ဆရာဝန်က ကျွန်တော့်ရဲ့ ဆေးစစ်ချက်အဖြေကို မြင်တဲ့အခါ အံ့ဩသွားပြီး ကျွန်တော့်အခြေအနေက တော်တော်လေးဆိုးတယ်လို့ ပြောတယ်။ ကျွန်တော့်အသည်းက ပျက်စီးနေပြီး အသည်းရောင်အသားဝါ ဘီပိုး ပမာဏကလည်း အရမ်းများနေတော့ အရေးပေါ်ကုသမှု ခံယူဖို့လိုတယ်တဲ့။ ဒီစကားကိုကြားတော့ ကျွန်တော် နည်းနည်းစိုးရိမ်သွားတယ်၊ ဒါပေမဲ့ မကြာခင်မှာပဲ ကျွန်တော့်ရောဂါ ပျောက်မပျောက်ဆိုတာက ဘုရားသခင်ရဲ့ လက်ထဲမှာပဲ ရှိတယ်ဆိုတာကို သဘောပေါက်လိုက်တယ်။ ကျွန်တော် လုပ်ရမှာက သဘာဝအတိုင်း ဖြစ်လာမယ့်အရာတွေကို ရင်ဆိုင်ပြီး ကုသမှုခံယူဖို့ပဲ။ အနာဂတ်မှာ ဘာဖြစ်လာမလဲဆိုတာကိုတော့ ဘုရားသခင်လက်ထဲကို ဆန္ဒရှိရှိနဲ့ အပ်နှံလိုက်တယ်။ ဒီလိုတွေးလိုက်တဲ့အခါ ကျွန်တော့်စိတ်ထဲမှာ တည်ငြိမ်သွားတယ်။
နောက်ပိုင်းမှာ “ငါက နေ့တိုင်း အိမ်မှာပဲနေပြီး တာဝန်မထမ်းဆောင်နိုင်ဘူး။ အမှိုက်တစ်စပဲ ဖြစ်သွားမှာမဟုတ်ဘူးလား။ ငါ တာဝန်မထမ်းဆောင်နိုင်ရင် ဘုရားသခင်က ငါ့ကို အသိအမှတ်ပြုမှာ မဟုတ်ဘူး” လို့ တွေးပြီး စိတ်ထဲမှာ ခဏခဏ စိတ်မသက်မသာဖြစ်ခဲ့ရတယ်။ ကျွန်တော် ဘုရားသခင်ကို ဆုတောင်းပြီး ရှာဖွေခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်တော် ဖတ်ခဲ့ပြီး လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းတစ်ခု တွေ့သွားတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “လူ၏တာဝန်နှင့် လူသည် ကောင်းချီးမင်္ဂလာများ လက်ခံရရှိခြင်း သို့မဟုတ် ကံမကောင်းအကြောင်းမလှခြင်းကို ခံစားရခြင်း ဟူသည်တို့ကြားတွင် အချင်းချင်း ဆက်နွှယ်နေမှု မရှိပေ။ တာဝန်သည် လူက ဖြည့်ဆည်းသင့်သည့်အရာ ဖြစ်သည်။ ယင်းသည် ကောင်းကင်ဘုံက လာသည့် သူ၏ဘဝပေးတာဝန်ဖြစ်ပြီး ဆုလာဘ်၊ အခြေအနေများ သို့မဟုတ် အကြောင်းရင်းများပေါ်တွင် မမူတည်သင့်ပေ။ ထိုအခါမှသာ သူ၏တာဝန်ကို သူ လုပ်ဆောင်နေခြင်း ဖြစ်သည်။ ကောင်းချီးမင်္ဂလာ လက်ခံရရှိခြင်းဟူသည်မှာ တစ်စုံတစ်ဦးသည် တရားစီရင်ခြင်းကို ကြုံရပြီးနောက် စုံလင်စေခြင်းခံရကာ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများကို မွေ့လျော်ရခြင်း ဖြစ်သည်။ ကံမကောင်းအကြောင်းမလှခြင်းကို ခံစားရခြင်းဟူသည်မှာ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ကို ကြုံရပြီးနောက် လူတစ်ဦး၏ စိတ်သဘောထား မပြောင်းလဲခြင်း ဖြစ်သည်၊ ၎င်းတို့သည် စုံလင်စေခြင်းကို မတွေ့ကြုံရဘဲ အပြစ်ပေးခံရသည်။ ၎င်းတို့ ကောင်းချီးမင်္ဂလာများ လက်ခံရရှိသည်ဖြစ်စေ၊ ကံမကောင်းအကြောင်းမလှခြင်းကို ခံစားရသည်ဖြစ်စေ ဖန်ဆင်းခံသတ္တဝါများသည် ၎င်းတို့ လုပ်ဆောင်သင့်သည့်အရာကို လုပ်ဆောင်ရင်းနှင့် လုပ်ဆောင်နိုင်သည့်အရာကို လုပ်ဆောင်ရင်း၊ ၎င်းတို့၏တာဝန်ကို ဖြည့်ဆည်းသင့်ကြပေသည်။ ဤသည်မှာ လူတစ်ဦးအနေဖြင့်၊ ဘုရားသခင် နောက်ကိုလိုက်သည့် လူတစ်ဦးက အနည်းဆုံး လုပ်ဆောင်သင့်သည့်အရာ ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ့ဇာတိခံ ဘုရားသခင်၏အမှုတော်နှင့် လူ၏တာဝန်ကြား ကွဲပြားခြားနားမှု) “ဘုရားသခင်၌ သင်၏ယုံကြည်ခြင်းနှင့် သမ္မာတရားကို လိုက်စားခြင်း၌ သင်က ‘ဘုရားသခင်က ကျွန်ုပ်အပေါ် မည်သည့်ရောဂါ သို့မဟုတ် သဘောမတူဖွယ် ဖြစ်ရပ်များကို ကျရောက်ခွင့်ပြုပါစေ၊ ဘုရားသခင် မည်သည့်အရာကို လုပ်ဆောင်ပါစေ ကျွန်ုပ်သည် ကျိုးနွံနာခံပြီး ဖန်ဆင်းခံတစ်ယောက်အဖြစ် ကျွန်ုပ်၏ နေရာတွင် နေရမည်။ အခြားအရာအားလုံးထက်ပိုပြီး သမ္မာတရား၏ ဤရှုထောင့်ဖြစ်သည့် ကျိုးနွံနာခံခြင်းကို ကျွန်ုပ် လက်တွေ့လုပ်ဆောင်ရမည်၊ ယင်းကို ကျွန်ုပ် အကောင်အထည်ဖော်ရမည်။ ပြီးလျှင် ဘုရားသခင်ကို ကျိုးနွံနာခံခြင်း လက်တွေ့ကျမှုတွင် အသက်ရှင်နေထိုင်သည်။ ထို့အပြင် ဘုရားသခင်က ကျွန်ုပ်ကို တာဝန်ပေးစေခိုင်းသည့် အရာနှင့် ကျွန်ုပ်ထမ်းဆောင်သင့်သည့် တာဝန်ကို ကျွန်ုပ် ဘေးဖယ်၍မဖြစ်ပေ။ ကျွန်ုပ်၏ နောက်ဆုံးထွက်သက်တွင်ပင် ကျွန်ုပ်သည် မိမိ၏တာဝန်ကို စွဲစွဲမြဲမြဲ ထိန်းသိမ်းရမည်’ ဟု ဆိုနိုင်လျှင် ဤသည်မှာ သက်သေခံချက်ပေးခြင်း မဟုတ်လော။ သင်၌ ဤသန္နိဋ္ဌာန်မျိုးနှင့် ဤအခြေအနေမျိုး ရှိသည့်အခါ သင်သည် ဘုရားသခင်နှင့်ပတ်သက်၍ ညည်းညူနိုင်သေးသလော။ မဟုတ်ပေ၊ သင် မညည်းညူနိုင်ပေ။ ထိုသို့သော အချိန်တစ်ခုတွင် သင်သည် သင့်ကိုယ်သင် ‘ဘုရားသခင်က ကျွန်ုပ်ကို ဤဇီဝအသက်ကို ပေးသည်၊ သူသည် ဤနှစ်များ တစ်လျှောက် ကျွန်ုပ်အတွက် ထောက်ပံ့ပေးကာ ကွယ်ကာပေးပြီးဖြစ်သည်၊ သူသည် ကျွန်ုပ်ထံမှ နာကျင်မှုများစွာ ယူပြီးဖြစ်သည်၊ ကျွန်ုပ်ကို ကျေးဇူးတော်များစွာနှင့် သမ္မာတရားများစွာတို့ကို ပေးပြီးဖြစ်သည်။ ကျွန်ုပ်သည် မျိုးဆက်များကြာအောင် လူများ နားမလည်သေးသည့် သမ္မာတရားများနှင့် နက်နဲမှုများကို နားလည်ပြီးဖြစ်သည်။ ကျွန်ုပ်သည် ဘုရားသခင်ထံမှ များစွာ ရရှိပြီးဖြစ်သောကြောင့် ဘုရားသခင်ကို ကျွန်ုပ် ပြန်လည်ပေးဆပ်ရမည်။ ယခင်က ကျွန်ုပ်၏ ဝိညာဉ်ရင့်ကျက်မှုသည် အလွန် နုနယ်သည်၊ ကျွန်ုပ်သည် မည်သည့်အရာကိုမျှ နားမလည်ဘဲ ကျွန်ုပ် ပြုသမျှအရာအားလုံးသည် ဘုရားသခင်ကို နာကျင်စေသည်။ ကျွန်ုပ်သည် အနာဂတ်တွင် ဘုရားသခင်ကို ပြန်လည်ပေးဆပ်ဖို့ နောက်ထပ် အခွင့်အရေး ရှိနိုင်မည် မဟုတ်ပေ။ ဤနှစ်များတစ်လျှောက် ကျွန်ုပ်အတွက် ထောက်ပံ့ပေးခြင်းသည် အချည်းနှီးမဖြစ်ဘဲ အကျိုးဖြစ်ထွန်းပြီးဖြစ်သည်ကို ဘုရားသခင် တွေ့မြင်နိုင်ဖို့အလို့ငှာ ကျွန်ုပ် အသက်ရှင်ဖို့ အချိန်မည်မျှ ကျန်ပါစေ ကျွန်ုပ်၌ရှိသည့် အနည်းငယ်သော ခွန်အားကို ပူဇော်ဆက်ကပ်ပြီး ဘုရားသခင်အတွက် ကျွန်ုပ် လုပ်ဆောင်နိုင်သည့်အရာကို လုပ်ဆောင်ရမည်။ ဘုရားသခင်ကို နှစ်သိမ့်မှု ဆောင်ကြဉ်းပေးပါရစေ၊ ပြီးလျှင် သူ့ကို မနာကျင်စေတော့သကဲ့သို့ စိတ်မပျက်စေတော့ပေ’ ဟု တွေးလိမ့်မည်။ ဤနည်းလမ်းဖြင့် တွေးတောခြင်းကရော အဘယ်သို့ ရှိသနည်း။ ‘ဤရောဂါက မည်သည့်အချိန်တွင် ပျောက်မည်နည်း။ ပျောက်သည့်အချိန်တွင် ကျွန်ုပ်၏ တာဝန်ကို အစွမ်းကုန် ထမ်းဆောင်ပြီး သစ္စာစောင့်သိမည်။ ကျွန်ုပ်သည် မကျန်းမာသည့်အခါတွင် မည်သို့ သစ္စာစောင့်သိနိုင်သနည်း။ ဖန်ဆင်းခံတစ်ဦး၏ တာဝန်ကို ကျွန်ုပ် မည်သို့ ထမ်းဆောင်နိုင်သနည်း။’ ဟု တွေးလျက် သင့်ကိုယ်သင် မည်သို့ကယ်တင်ဖို့၊ သို့မဟုတ် လွတ်မြောက်ဖို့ မတွေးလေနှင့်။ သင်၌ ထွက်သက် တစ်ခုရှိသမျှ ကာလပတ်လုံး သင်သည် သင်၏တာဝန်ကို ထမ်းဆောင်နိုင်စွမ်း မရှိသလော။ သင်သည် ထွက်သက်တစ်ခု ရှိသမျှကာလပတ်လုံး ဘုရားသခင်ကို အရှက်မရစေအောင် လုပ်နိုင်စွမ်းရှိသလော။ သင်၌ ထွက်သက်တစ်ခု ရှိသမျှကာလပတ်လုံး သင်၏စိတ်သည် ကြည်လင်သမျှကာလပတ်လုံး သင်သည် ဘုရားသခင်နှင့်ပတ်သက်၍ မညည်းညူနိုင်စွမ်း ရှိသလော။ (ရှိပါသည်။)” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ဘုရားသခင်၏နှုတ်ကပတ်တော်ကို မကြာခဏ ဖတ်ရှုပြီး သမ္မာတရားကို အာရုံပြုဆင်ခြင်ခြင်းအားဖြင့်သာလျှင် ရှေ့ဆက်ရာ လမ်းကြောင်းရှိနိုင်သည်) ဘုရားနှုတ်ကပတ်တော်ကို ဖတ်ပြီးတဲ့နောက်မှာ ကျွန်တော့်စိတ်နှလုံးက လင်းထိန်သွားပြီး ကျွန်တော်တို့ရဲ့တာဝန်က ကောင်းချီးခံစားရခြင်း၊ ကံဆိုးမိုးမှောင်ကျခြင်းတို့နဲ့ ဘာမှမဆိုင်ဘူးဆိုတာကို နားလည်ခဲ့တယ်။ ကျွန်တော်တို့ရဲ့ တာဝန်ကို ထမ်းဆောင်တာက ဖန်ဆင်းခံတွေအနေနဲ့ ကျွန်တော်တို့ရဲ့ တာဝန်နဲ့ ဝတ္တရားပဲ၊ အဲဒါက ကျွန်တော်တို့ လုပ်သင့်တဲ့အရာပဲ။ ကျွန်တော့်အယူအဆတွေအရတော့ တာဝန်တွေ ပိုများများ ထမ်းဆောင်သရွေ့ အဆုံးမှာ ဘုရားသခင်ဆီကနေ ကောင်းချီးတွေ ရရှိလိမ့်မယ်လို့ ယုံကြည်ခဲ့တယ်။ အဲဒါက ဘာသာတရားမရှိသူတွေ သူတို့သူဌေးအတွက် အလုပ်လုပ်သလိုပဲလို့ တွေးခဲ့တယ်။ သူတို့ အလုပ်များများ လုပ်လေလေ၊ လစာများများ ရလေလေပေါ့။ တကယ်တော့ ဘုရားသခင်က လူတွေ တာဝန်ထမ်းဆောင်ပြီး တာဝန်များများထမ်းဆောင်သရွေ့ သူက အသိအမှတ်ပြုပြီး ကောင်းချီးပေးမယ်လို့ ဘယ်တုန်းကမှ မပြောခဲ့ဘူး။ ဒါတွေအားလုံးက ကျွန်တော့်ရဲ့ အယူအဆတွေနဲ့ စိတ်ကူးတွေအပေါ်မှာပဲ အခြေခံတာဖြစ်ပြီး သမ္မာတရားနဲ့ လုံးဝမကိုက်ညီဘူး။ တာဝန်ထမ်းဆောင်ခြင်းဆိုတာက ဘုရားသခင်ကို ယုံကြည်ခြင်းမှာ သမ္မာတရားကို လိုက်စားပြီး ကယ်တင်ခြင်းခံရဖို့ နည်းလမ်းတစ်ခုပဲ။ တာဝန်ထမ်းဆောင်ပေမဲ့ သမ္မာတရားကို မလိုက်စားရင်၊ မှားယွင်းတဲ့လမ်းကြောင်းကို လျှောက်ရင်၊ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေမှာ ပြောင်းလဲမှုမရှိရင် ဘယ်လောက်ပဲ တာဝန်တွေထမ်းဆောင်ပါစေ ဘုရားသခင်က ဘယ်တော့မှ အသိအမှတ်ပြုမှာ မဟုတ်ဘူး။ ဥပမာအနေနဲ့ ကျွန်တော် ဘုရားသခင်ကို ယုံကြည်တာ နှစ်တော်တော်ကြာပြီ၊ ဒီအချိန်တစ်လျှောက်လုံး အသင်းတော်မှာ တာဝန်တွေ ထမ်းဆောင်ခဲ့တယ်။ ဒါပေမဲ့ ကျွန်တော့်ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို ဖြေရှင်းဖို့ ဘုရားနှုတ်ကပတ်တော်ကို စားသောက်ခြင်းအပေါ် လုံးဝအာရုံမစိုက်ခဲ့ဘူး။ ကျွန်တော် တာဝန်ထမ်းဆောင်တဲ့ ရည်ရွယ်ချက်က အမြဲတမ်း ဘုရားသခင်ဆီက ကောင်းချီးမင်္ဂလာတွေ ရဖို့ပဲ၊ ပြီးတော့ ကျွန်တော့်ရဲ့ တစ်ကိုယ်ကောင်းဆန်ပြီး လောဘကြီးတဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားက နည်းနည်းလေးမှ မပြောင်းလဲခဲ့ဘူး။ ဖျားနာခြင်းက ကျွန်တော့်အပေါ် ကျရောက်လာပြီး အသက်ကို ခြိမ်းခြောက်လာတဲ့အခါ မနေနိုင်ဘဲ ဘုရားသခင်ကို ညည်းညူပြီး စောဒကတက်ခဲ့တယ်။ ဒါက ဘုရားသခင်ကို ပုန်ကန်ပြီး အတိုက်အခံလုပ်နေတာ မဟုတ်ဘူးလား။ ကျွန်တော်သာ သမ္မာတရားကို ဆက်ပြီးမလိုက်စားရင် အဆုံးမှာ ကျွန်တော့်ရဲ့ စိတ်သဘောထားက ပြောင်းလဲမှာမဟုတ်ဘူး၊ ဘုရားသခင်အပေါ် စစ်မှန်တဲ့ ကျိုးနွံနာခံခြင်း ဒါမှမဟုတ် ကြောက်ရွံ့ခြင်း တစ်ခုမှ ပြမှာမဟုတ်ဘူး၊ ပြီးတော့ သက်သေခံချက် တစ်ခုမှ ရှိမှာမဟုတ်ဘူး။ အဲဒီလိုသာဆိုရင် ကျွန်တော် ဘယ်လောက်ပဲ အားထုတ်မှုတွေ စိုက်ထုတ်ပါစေ၊ ဘယ်လောက်ပဲ တာဝန်တွေ ထမ်းဆောင်ပါစေ၊ အားလုံးက အချည်းနှီးဖြစ်သွားပြီး ကယ်တင်ခြင်းခံရနိုင်မှာ မဟုတ်ဘူး။ ကျွန်တော် ယောဘအကြောင်းကို တွေးမိတယ်။ သူ့ခေတ်မှာ ဘုရားသခင်က အမှုတော်တွေ အများကြီး မလုပ်ခဲ့ဘူး၊ လူကိုလည်း အများကြီး မအပ်နှံခဲ့ဘူး။ ယောဘရဲ့ဘဝက အဓိကအားဖြင့် သိုးကျောင်းရင်း ကုန်ဆုံးခဲ့ရပေမဲ့ သူ့စိတ်နှလုံးထဲမှာ ဘုရားသခင်အတွက် နေရာရှိခဲ့တယ်၊ သူ့မှာ ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး ရှိခဲ့တယ်။ သူ့ဘဝမှာ သူက ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ကို ခဏတိုင်း ရှာဖွေခဲ့ပြီး ဘုရားသခင်ကို ပုန်ကန်ပြစ်မှားစေတဲ့အရာကို ဘယ်တော့မှ မလုပ်ခဲ့ဘူး။ စမ်းသပ်မှုတွေ သူ့အပေါ် ကျရောက်လာပြီး ဥစ္စာပစ္စည်းတွေ၊ သားသမီးတွေ ဆုံးရှုံးခဲ့တဲ့အခါ၊ သူ့တစ်ကိုယ်လုံးမှာ မခံမရပ်နိုင်အောင် နာကျင်တဲ့ အနာစိမ်းတွေ ပေါက်ခဲ့တဲ့အခါမှာတောင် သူက ဘုရားသခင်ကို ဘယ်တော့မှ မညည်းညူခဲ့ဘူး။ သူက ဘုရားသခင်ကို ကျိုးနွံနာခံပြီး ကိုယ်တော့်နာမကို ချီးမွမ်းနိုင်ခဲ့တုန်းပဲ။ ယောဘရဲ့ တကယ့်အသက်ရှင်နေထိုင်မှုက စာတန်အပေါ် ဘုရားသခင် အောင်နိုင်ခြင်းရဲ့ သက်သေခံချက်တစ်ခု ဖြစ်လာခဲ့ပြီး သူက ဘုရားသခင်ရဲ့ အသိအမှတ်ပြုခြင်းကို ရရှိခဲ့တယ်။ ကျွန်တော်ကတော့ နောက်ထပ်တာဝန်တွေ မထမ်းဆောင်နိုင်တော့ဘဲ ဖယ်ရှားရှင်းလင်းခံရမှာကို အမြဲတမ်း ကြောက်ခဲ့တယ်။ ဒါက ကျွန်တော့်ရဲ့ အယူအဆပဲ။ ကျွန်တော့်ရဲ့ဖျားနာမှုကြောင့် ကျွန်တော် ထမ်းဆောင်နိုင်တဲ့ တာဝန်တွေက အကန့်အသတ်ရှိသွားတယ်။ ဒီအခြေအနေကို ဘုရားသခင်က အပြည့်အဝ သိတယ်။ ဥပမာ၊ ညီအစ်ကိုမောင်နှမတချို့က ထောင်ကျနေလို့ သူတို့တာဝန်တွေကို မထမ်းဆောင်နိုင်ကြဘူး၊ ဒါပေမဲ့ ဘုရားသခင်က သူတို့ကို အသိအမှတ်မပြုဘူးလို့ ဘယ်တော့မှ မပြောခဲ့ဘူး။ ဘုရားသခင်က လူတွေကို သူတို့ထမ်းဆောင်တဲ့ တာဝန်အရေအတွက်အရ တိုင်းတာတာမဟုတ်ဘူး၊ အဲဒီအစား သူတို့လျှောက်လှမ်းတဲ့ လမ်းကြောင်းနဲ့ သူတို့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေ ပြောင်းလဲရဲ့လားဆိုတာကို ကြည့်တာ။ အခုတော့ ကျွန်တော် လုပ်သင့်တာက လက်ခံပြီး ကျိုးနွံနာခံဖို့၊ ဘုရားနှုတ်ကပတ်တော်တွေကို စားသောက်တာနဲ့ သမ္မာတရားကို လိုက်စားတဲ့အပေါ် အာရုံစိုက်ဖို့ပါပဲ။ ကျွန်တော် ဒီဘုရားနှုတ်ကပတ်တော် အပိုဒ်တစ်ပိုဒ်ကို ဖတ်ခဲ့ရတယ်။ “‘ဤရောဂါက မည်သည့်အချိန်တွင် ပျောက်မည်နည်း။ ပျောက်သည့်အချိန်တွင် ကျွန်ုပ်၏ တာဝန်ကို အစွမ်းကုန် ထမ်းဆောင်ပြီး သစ္စာစောင့်သိမည်။ ကျွန်ုပ်သည် မကျန်းမာသည့်အခါတွင် မည်သို့ သစ္စာစောင့်သိနိုင်သနည်း။ ဖန်ဆင်းခံတစ်ဦး၏ တာဝန်ကို ကျွန်ုပ် မည်သို့ ထမ်းဆောင်နိုင်သနည်း။’ ဟု တွေးလျက် သင့်ကိုယ်သင် မည်သို့ကယ်တင်ဖို့၊ သို့မဟုတ် လွတ်မြောက်ဖို့ မတွေးလေနှင့်။ သင်၌ ထွက်သက် တစ်ခုရှိသမျှ ကာလပတ်လုံး သင်သည် သင်၏တာဝန်ကို ထမ်းဆောင်နိုင်စွမ်း မရှိသလော။ သင်သည် ထွက်သက်တစ်ခု ရှိသမျှကာလပတ်လုံး ဘုရားသခင်ကို အရှက်မရစေအောင် လုပ်နိုင်စွမ်းရှိသလော။ သင်၌ ထွက်သက်တစ်ခု ရှိသမျှကာလပတ်လုံး သင်၏စိတ်သည် ကြည်လင်သမျှကာလပတ်လုံး သင်သည် ဘုရားသခင်နှင့်ပတ်သက်၍ မညည်းညူနိုင်စွမ်း ရှိသလော။” ဘုရားနှုတ်ကပတ်တော်ထဲကနေ ကျွန်တော် နားလည်ခဲ့တာက ဘုရားသခင်က ကျွန်တော်တို့ကို တာဝန်ထမ်းဆောင်ဖို့ တောင်းဆိုတဲ့အခါ အဲဒါက သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး ကိုယ်တော့်အတွက် သက်သေခံခြင်းကို ဆိုလိုတာပဲ။ သူက လူတွေကို သူ့အတွက် ကာယအားစိုက်ထုတ်ခိုင်းချင်တာ မဟုတ်ဘူး။ ကျွန်တော့်ရောဂါ ဘယ်တော့မှ မပျောက်ရင်တောင်မှ၊ ကျွန်တော် အပြင်ထွက်ပြီး နောက်ဘယ်တော့မှ တာဝန်မထမ်းဆောင်နိုင်ရင်တောင်မှ၊ ကျွန်တော်သာ ကောင်းချီးမင်္ဂလာတွေ ရယူလိုတဲ့ ရည်ရွယ်ချက်ကို စွန့်လွှတ်နိုင်မယ်၊ ဘုရားသခင်နဲ့ အပေးအယူလုပ်ဖို့ ကြိုးစားတာကို ရပ်တန့်နိုင်မယ်၊ ပြီးတော့ ကောင်းချီးမင်္ဂလာတွေပဲရရ၊ ကံဆိုးမိုးမှောင်ကျခြင်းတွေပဲကြုံရကြုံရ သူ့ကို ဆန္ဒရှိရှိနဲ့ ကျိုးနွံနာခံနိုင်မယ်ဆိုရင် ဒါကလည်း ဘုရားသခင်ရှေ့မှာ ကျွန်တော် ထမ်းဆောင်သင့်တဲ့ တာဝန်တစ်ခုပဲ။ နောင်မှာ ကျွန်တော့်ရောဂါ ဘယ်လိုပဲဖြစ်လာပါစေ၊ ကျွန်တော် အပြင်ထွက်ပြီး တာဝန်ပြန်ထမ်းဆောင်နိုင်သည်ဖြစ်စေ၊ မထမ်းဆောင်နိုင်သည်ဖြစ်စေ၊ ဘုရားသခင်က ကျွန်တော့်အတွက် ဘယ်လိုပတ်ဝန်းကျင်မျိုးပဲ စီစဉ်ပေးပါစေ၊ ကျွန်တော် ဘုရားသခင်ကို အလေးအနက် ဆက်ပြီးယုံကြည်ရမယ်၊ သမ္မာတရားကို လိုက်စားရမယ်။ ဒီအချက်ကို နားလည်သွားတဲ့အခါ ကျွန်တော့်စိတ်နှလုံးက တကယ်ကို လင်းထိန်သွားပြီး ကျွန်တော့်ရောဂါ ပျောက်ကင်းမလားဆိုတာကို မစိုးရိမ်တော့ဘူး။ အဲဒီခံစားချက်က လေးလံတဲ့ သံကြိုးတွေကို ချွတ်ပစ်လိုက်သလို သက်သာပေါ့ပါးသွားတာနဲ့ တူတယ်။
အဲဒီနောက်မှာ ကျွန်တော် နေ့တိုင်း ကိုယ့်အတွက် အစီအစဉ်တစ်ခု ရေးဆွဲခဲ့တယ်။ ဝတ်ပြုခြင်းတွေလုပ်တယ်၊ ဘုရားနှုတ်ကပတ်တော်ကို စားသောက်တယ်၊ ဓမ္မတေးတွေဆိုတယ်၊ တည်းဖြတ်ခြင်းနည်းပညာတွေကို သင်ယူတယ်၊ အရမ်းကို ပြည့်စုံတဲ့ဘဝနဲ့ ရှင်သန်နေခဲ့တယ်။ နောက်ပိုင်းမှာ ဧဝံဂေလိတရားဟောပြောဖို့ တရားဒေသနာတွေ ရေးသားလေ့ကျင့်ခဲ့တယ်။ ကျွန်တော်မသိလိုက်ခင်မှာပဲ ကိုယ့်ရောဂါအကြောင်းကို မေ့သွားတယ်၊ တစ်ခါတလေဆို မနက်အိပ်ရာထရင် ဆေးသောက်ဖို့တောင် မေ့နေတတ်တယ်။ မကြာခင်မှာပဲ တစ်လပြည့်သွားပြီး နောက်တစ်ခါ ဆေးစစ်ရမယ့်အချိန် ရောက်လာတယ်။ ကျွန်တော် စိတ်မလှုပ်ရှားတော့ဘူး၊ ကျွန်တော့်ရောဂါ ပျောက်ကင်းဖို့လည်း မမျှော်လင့်တော့ဘူး၊ ရောဂါပျောက်သည်ဖြစ်စေ၊ မပျောက်သည်ဖြစ်စေ ကျွန်တော် သင်ယူရမယ့် သင်ခန်းစာတွေ ရှိတယ်ဆိုတာကို သိနေခဲ့တယ်။ ကျွန်တော် ဘုရားသခင်ကို တိတ်တဆိတ် ဆုတောင်းပြီး စစ်ဆေးမှုကို တည်တည်ငြိမ်ငြိမ်နဲ့ ခံယူခဲ့တယ်။ ဆေးစစ်ချက်အဖြေ သွားယူတဲ့အခါ ကျွန်တော့်ရဲ့ Transaminase ဓာတ်က 34 U/L အထိ ကျသွားတာကို တွေ့လိုက်ရတယ်။ ကျွန်တော် မှားဖတ်မိမှာကို ကြောက်လို့ သေချာ ထပ်ဖတ်ခဲ့တယ်။ တကယ်ပဲ 34 U/L ဖြစ်နေတယ်။ ကျွန်တော့်ရဲ့ အသည်းလုပ်ဆောင်ချက်က ပုံမှန်ပြန်ဖြစ်သွားပြီ၊ အသည်းရောင်အသားဝါ ဘီပိုး ပမာဏကလည်း ပုံမှန်အတိုင်းအတာအတွင်းကို ကျဆင်းသွားပြီ။ ဆေးရုံထဲကနေ မထွက်လာခင်အထိ ကျွန်တော် မယုံနိုင်ခဲ့ဘူး၊ အိပ်မက်မက်နေသလိုပဲ။ ဒီလက ကျွန်တော် ဆေးကို အနည်းဆုံး ပုံမှန်သောက်ခဲ့တဲ့လပဲ။ တစ်ခါတလေ ကျွန်တော် နှစ်ရက်ဆက်တိုက် ဆေးသောက်ဖို့တောင် မေ့သွားခဲ့တယ်၊ ဒါပေမဲ့ ကျွန်တော့်ရောဂါက ကျွန်တော်တောင် သတိမထားလိုက်မိဘဲ ပျောက်ကင်းသွားခဲ့တယ်။ ဒါဟာ ဘုရားသခင်ရဲ့ အမှုတော်ပဲဆိုတာကို ကျွန်တော့်စိတ်နှလုံးထဲမှာ အတည်ပြုလိုက်တယ်။ ကျွန်တော် ဘုရားနှုတ်ကပတ်တော်ကို သတိရသွားတယ်။ “လူသား၏ စိတ်နှလုံးနှင့် ဝိညာဉ်ကို ဘုရားသခင်သည် လက်၌ ကိုင်ဆောင်ထားပြီး သူ၏ ဘဝတစ်ခုလုံးကို ဘုရားသခင်သည် သူ၏မျက်လုံးများဖြင့် ကြည့်ရှုလျက်ရှိသည်။ သင်သည် ဤအရာအားလုံးကို ယုံသည်ဖြစ်စေ၊ မယုံသည်ဖြစ်စေ၊ သက်ရှိဖြစ်ဖြစ်၊ သက်မဲ့ဖြစ်ဖြစ် အရာအားလုံးသည် ဘုရားသခင်၏ အကြံအစည်များနှင့်အညီ ရွေ့လျား၊ ပြောင်းလဲကာ အသစ်ပြန်ဖြစ်ပြီး ကွယ်ပျောက်သွားမည်ဖြစ်သည်။ ဤသည်မှာ အရာအားလုံးအပေါ် ဘုရားသခင် အချုပ်အခြာအာဏာ ကိုင်စွဲသည့်ပုံစံဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်သည် လူ့အသက်၏ အရင်းအမြစ်ဖြစ်သည်) ဘုရားနှုတ်ကပတ်တော်ထဲကနေ ကျွန်တော် သဘောပေါက်ခဲ့တာက သက်ရှိဖြစ်စေ၊ သက်မဲ့ဖြစ်စေ အရာအားလုံးက ဘုရားသခင်ရဲ့ လက်ထဲမှာပဲ ရှိတယ်၊ အရာအားလုံးက ဘုရားသခင်ရဲ့ အတွေးအမြင်အတိုင်း ပြောင်းလဲနေကြတယ်။ တခြား ဘယ်အချက်တွေရဲ့ သက်ရောက်မှုမှ မခံရဘူး။ ဒါဟာ ဘုရားသခင်ရဲ့ သြဇာအာဏာပဲ။ ဥပမာအနေနဲ့ ကျွန်တော့်ရောဂါ ပျောက်မပျောက်ဆိုတာက ဘုရားသခင်ရဲ့ လက်ထဲမှာပဲ ရှိတယ်။ ကျွန်တော် မှားယွင်းတဲ့ အခြေအနေထဲမှာ ရှင်သန်နေတုန်းက ကျွန်တော့်ရောဂါကို ဘယ်လိုပဲကုကု ပိုဆိုးလာတာပဲရှိတယ်၊ ဘယ်တော့မှ မကောင်းလာခဲ့ဘူး။ ဒါပေမဲ့ ကျွန်တော် ကိုယ့်ကိုယ်ကိုယ် နားလည်မှုတချို့ရပြီး ကျွန်တော့်အခြေအနေ နည်းနည်းပြောင်းလဲသွားတဲ့အခါမှာတော့ ကျွန်တော် ဆေးကို ပုံမှန်မသောက်ခဲ့တာတောင် မြန်မြန်ဆန်ဆန်ပဲ ပြန်ကောင်းလာခဲ့တယ်။ ဘုရားသခင်က အရမ်းကို အနန္တတန်ခိုးရှင်ဖြစ်ပြီး ကိုယ်တော်ရဲ့ အမှုတော်တွေက အရမ်းကို အံ့ဩစရာ ကောင်းလိုက်တာ။ ကျွန်တော် ဘုရားသခင်ကို လှိုက်လှိုက်လှဲလှဲ ချီးမွမ်းခဲ့တယ်။ ဒီရောဂါက တစ်နှစ်နီးပါးလောက် ဆက်တိုက်ဖြစ်ခဲ့ပြီး အဲဒီအချိန်အတွင်းမှာ ကျွန်တော် ဒုက္ခတွေအများကြီး ခံစားခဲ့ရတယ်။ ဒါပေမဲ့ ဒီအတွေ့အကြုံကနေတစ်ဆင့် ဘုရားသခင်ရဲ့ သြဇာအာဏာအပေါ် နားလည်မှုတချို့ ရရှိခဲ့ပြီး ဘုရားသခင်အပေါ်ထားတဲ့ ကျွန်တော့်ရဲ့ယုံကြည်ခြင်းကလည်း တိုးများလာခဲ့တယ်၊ ဒါကြောင့် ဒီရောဂါဖြစ်ရတာ တန်ပါတယ်လို့ ကျွန်တော် ခံစားရတယ်။
ဒီဖျားနာခြင်းကနေတစ်ဆင့် ဘုရားသခင်ကို ယုံကြည်ခြင်းမှာ ကောင်းချီးမင်္ဂလာတွေ လိုက်စားတဲ့ ကိုယ့်ရဲ့ မစင်ကြယ်တဲ့ ရည်ရွယ်ချက်တွေကို နားလည်ခဲ့တယ်၊ ပြီးတော့ ကျွန်တော့်ရဲ့ တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်မာတဲ့ ရုပ်ဆိုးအကျည်းတန်တဲ့ ပုံစံကိုလည်း ရှင်းရှင်းလင်းလင်း မြင်ခဲ့ရတယ်။ ဘုရားသခင် လုပ်ဆောင်သမျှအရာအားလုံးက ကျွန်တော့်ကို သန့်စင်ပေးဖို့၊ ဘုရားသခင်ကို ယုံကြည်ခြင်းရဲ့ မှန်ကန်တဲ့လမ်းကြောင်းပေါ်ကို ဦးဆောင်ပေးဖို့၊ ပြီးတော့ ကျွန်တော့်ကို လူ့သဘာဝနဲ့ ဆင်ခြင်တုံတရားရှိရှိ ရှင်သန်စေဖို့ ဖြစ်တယ်ဆိုတာကို ကျွန်တော် မြင်ခဲ့ရတယ်။ ဒီဖျားနာခြင်းက ဘုရားသခင်ကို ယုံကြည်တဲ့ ကျွန်တော့်ရဲ့ လမ်းကြောင်းမှာ အလှည့်အပြောင်းတစ်ခုကို ဆောင်ကြဉ်းပေးခဲ့တယ်။ ဒီဖျားနာခြင်း ကျွန်တော့်အပေါ် ကျရောက်လာတာဟာ ဘုရားသခင်ရဲ့ ကောင်းချီးမင်္ဂလာဖြစ်တယ်ဆိုတာကို ကျွန်တော် တကယ်ကို တွေ့ကြုံခံစားခဲ့ရပြီး ကျွန်တော့်စိတ်နှလုံးထဲကနေ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။
ရှောင်ချန် တရုတ်နိုင်ငံ ကျွန်တော်က အမြဲတမ်း နေမကောင်းဖြစ်လွယ်တယ်။ အသက် ၁၁နှစ်မှာ ကျွန်တော် သွေးအားနည်းရောဂါရှိနေတယ်လို့ တွေ့ရတယ်။ ဒါကြောင့်...
ကျွမ်းရီ တရုတ်နိုင်ငံအနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ယနေ့ လုပ်ဆောင်သည့် အမှုအားလုံးသည် လူသားက သန့်ရှင်းစေခြင်းခံရနိုင်ကာ...
လျို့အိန်း တရုတ်နိုင်ငံ အသက် ၆၂နှစ်မှာ သခင့်ကို ကျွန်တော် ယုံကြည်ခဲ့ပါတယ်။ သခင်က သူ့ရဲ့နောက်လိုက်တွေကို သူ့ရဲ့နိုင်ငံတော်နဲ့ ထာဝရအသက်ကို...
လူရန်၊ တရုတ်ပြည်ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံပြီးတဲ့နောက်မှာ ကျွန်မဟာ အသင်းတော်မှာ တာဝန်ထမ်းဆောင်နေခဲ့ပါတယ်။...