မကောင်းသောလူများကို တိုင်ကြားခြင်း

18.02.2025

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ အဖွဲ့ခေါင်းဆောင်အနေနဲ့ ကျွန်တော် အရွေးခံခဲ့ရပြီး အဲဒီနောက် သိပ်မကြာခင်မှာပဲ ညီမစင်းယီက သူ့အဖွဲ့ခေါင်းဆောင် လျူဟွာရဲ့ အပြုအမူနဲ့ပတ်သက်လို့ ကျွန်တော့်ကို ပြောတယ်။ လျူဟွာက တကယ့်အလုပ်တစ်ခုမှ မလုပ်တဲ့အပြင် သူ့နဲ့ အမြင်ချင်းမတိုက်ဆိုင်တဲ့သူတွေကို ဖိနှိပ်ပြီး ကြဉ်တတ်တာကို စင်းယီက သတိထားမိခဲ့တယ်။ လျူဟွာရဲ့ ပြဿနာတွေကို ညီအစ်ကိုတစ်ယောက်က ဖော်ထုတ်တဲ့အခါ၊ သူက အဲဒီညီအစ်ကိုရဲ့ တာဝန်မှာရှိတဲ့ အပြစ်အနာအဆာအသေးဆုံးလေးကအစ မလွှတ်တမ်းအသုံးချပြီး တစ်ဆိတ်ကိုတစ်အိတ်လုပ်တယ်၊ အခွင့်ရတိုင်း သူ့ကိုပဲ မဲနေပြီး ကြဉ်ထားတယ်။ ဒါကြောင့် အဲဒီညီအစ်ကိုက အပျက်သဘောဆောင်လာတာပေါ့။ လျူဟွာနဲ့ သဘောထားမတိုက်ဆိုင်ဖြစ်ပြီး အလုပ်ကိစ္စ ဆွေးနွေးတဲ့အချိန်မှာ သူ့စကားကို နားထောင်ဖို့ ငြင်းဆန်ခဲ့တဲ့ ညီအစ်မတစ်ယောက်ရှိတယ်။ လျူဟွာက အဲဒီညီအစ်မအပေါ် အာဃာတထားပြီး ခဏခဏ တိုက်ခိုက်ခဲ့တယ်။ အဲဒီညီအစ်မက လျူဟွာနဲ့ သဘောထားမတိုက်ဆိုင်ဘဲ သူ့စိတ်ကူးတွေအတိုင်း လိုက်လုပ်ဖို့ ငြင်းတဲ့အခါတိုင်းမှာ လျူဟွာက သူ့ကို ကြိမ်းမောင်းပြီး ဒေါသနဲ့ ဝေဖန်ပြောဆိုခဲ့တယ်။ တစ်ခါဆို သူ့ကို လက်ညှိုးထိုးပြီးတော့တောင် ရက်ရက်စက်စက် ပြောပစ်လိုက်တာ၊ “နင့်မှာ အစွမ်းအစက ညံ့ဖျင်းနေတာတောင် နင်က အရမ်း ဝင်စွက်ဖက်သေးတယ်နော်”တဲ့။ အဲဒီညီအစ်မက ဘောင်ခတ်ခံရသလို ခံစားရပြီး လျူဟွာနဲ့အတူ သူ့တာဝန်ကို ထမ်းဆောင်ဖို့ ကြောက်တဲ့အထိ သူ့ကို လျူဟွာက မရပ်မနား ဒေါသနဲ့ ဝေဖန်ပြောဆိုခဲ့တယ်။ လျူဟွာက သူ့ကို အကြံတွေပေးဖို့ ကြိုးစားခဲ့တဲ့၊ သူ့အမိန့်တွေကို လိုက်နာဖို့ ငြင်းခဲ့တဲ့ တခြားညီအစ်ကို မောင်နှမတွေကိုလည်း တိုက်ခိုက်ပြီး လက်စားချေဖို့ ကြိုးစားခဲ့တယ်။ သူတို့ထဲက တချို့ကို အန္တိခရစ်ရဲ့ လမ်းကြောင်း လျှောက်နေတယ်လို့ သူက စွပ်စွဲခဲ့ပြီး တခြားလူတွေကိုလည်း တမင် သက်သက်ကို တာဝန်တွေချမပေးဘဲနေပြီးတော့ အပြစ်ပေးခဲ့တယ်။ အကျိုးဆက်အနေနဲ့ ဒီညီအစ်ကို မောင်နှမတွေက တကယ် ဆင်းရဲဒုက္ခခံစားခဲ့ရပြီး ဖိနှိပ်တာခံခဲ့ရတာပေါ့။ အဲဒီညီအစ်ကို မောင်နှမတွေအပေါ် သူ့ရဲ့ မဆင်မခြင် ဖိနှိပ်မှုနဲ့ အပြစ်ပေးမှုတွေက အသင်းတော်အလုပ်ရဲ့ ထိရောက်မှုကို ပြင်းပြင်းထန်ထန် သက်ရောက်ခဲ့တယ်။ လျူဟွာရဲ့ အပြုအမူနဲ့ပတ်သက်လို့ ကျွန်တော် ကြားတဲ့အခါ အရမ်းဒေါသထွက်မိတယ်။ အဲဒီနောက်မှာတော့ ပါဝင်ခဲ့တဲ့သူတွေ ဒါမှမဟုတ် အဲဒီအခြေအနေကို သိခဲ့တဲ့သူတွေနဲ့ စကားပြောခဲ့ပြီး ဒီကိစ္စအားလုံးက တကယ် မှန်တယ်ဆိုတာကို အတည်ပြုခဲ့ကြတယ်။ လျူဟွာမှာ အန္တရာယ်ပေးတတ်တဲ့၊ ရက်စက်တဲ့ သဘာဝနဲ့ အဆင့်အတန်းအတွက် လွန်ကဲတဲ့ လိုအင်ဆန္ဒရှိတယ်။ သူ့ဆန္ဒကို မလိုက်လျောတာမျိုး၊ သူနဲ့ သဘောထားချင်းမတိုက်ဆိုင်တာမျိုးတွေလုပ်ပြီး သူ့ရဲ့ အဆင့်အတန်းနဲ့ ဂုဏ်သတင်းကို ခြိမ်းခြောက်လာတဲ့သူတိုင်းကို အာဃာတထားတယ်၊ လက်စားချေဖို့ ကြိုးစားတတ်တယ်၊ ပြီးတော့ တိုက်ခိုက်၊ ဖယ်ကြဉ်ပြီး အပြစ်ပေးတတ်တယ်။ ဒီလိုပြောတဲ့ ဘုရားနှုတ်ကပတ်တော်တချို့ကို ကျွန်တော် ဖတ်ရတယ်။ “ဆိုးယုတ်သော လူများနှင့် အန္တိခရစ်တို့သာလျှင် ထိုသို့သော ကြမ်းကြုတ်ရက်စက်သည့် စိတ်သဘောထားကို ပိုင်ဆိုင်သည့်သူများ ဖြစ်သည်။ ကြမ်းကြုတ်ရက်စက်သော လူတစ်ဦးသည် စေတနာထားသည့် တိုက်တွန်းအားပေးခြင်းမျိုး၊ စွပ်စွဲခြင်းမျိုး၊ သွန်သင်ခြင်းမျိုး၊ သို့မဟုတ် အကူအညီမျိုး တစ်ခုတလေကို ကြုံရသည့်အခါ ၎င်းတို့၏ သဘောထားသည် ကျေးဇူးတင်ရှိခြင်း၊ သို့မဟုတ် နှိမ်ချစွာ လက်ခံခြင်း ဖြစ်ရမည့်အစား အရှက်ကြောင့် အမျက်ဒေါသထွက်ပြီး အလွန်အမင်း ရန်လိုခြင်း၊ မုန်းတီးခြင်းနှင့် လက်တုံ့ပြန်ခြင်းတို့ပင် ဖြစ်လေသည်။...၎င်းတို့အနေဖြင့် အခြားတစ်ဦးကို မုန်းတီးမှုကြောင့် လက်တုံ့ပြန်သည့်အခါ ထိုသူအပေါ် မုန်းတီးမှု သို့မဟုတ် ယခင်ကရှိခဲ့သည့် အာဃာတကြောင့် မဟုတ်ဘဲ ထိုသူက ၎င်းတို့၏ အမှားများကို ဖော်ထုတ်ခဲ့သောကြောင့်သာ ဖြစ်သည်မှာ အမှန်ဖြစ်၏။ ဤအရာက မည်သူလုပ်ဆောင်သည်ဖြစ်စေ၊ အန္တိခရစ်နှင့် ထိုသူ၏ ဆက်ဆံရေးက မည်သို့ဖြစ်စေ အန္တိခရစ်တစ်ဦးကို ဖော်ထုတ်သည့် လုပ်ရပ်သက်သက်က ထိုအန္တိခရစ်၏ မုန်းတီးမှုကို အစပျိုးစေနိုင်ပြီး ၎င်း၏ လက်စားချေမှုအား ဖြစ်ပေါ်စေနိုင်သည်ကို ပြသနေသည်။ မည်သူဖြစ်စေ၊ ၎င်းသည် သမ္မာတရားကို နားလည်သည်ဖြစ်စေ၊ နားမလည်သည်ဖြစ်စေ၊ ခေါင်းဆောင်တစ်ဦး ဖြစ်သည်ဖြစ်စေ၊ အမှုဆောင်တစ်ဦးဖြစ်သည်ဖြစ်စေ၊ ဘုရားသခင် ရွေးချယ်ထားသော လူတို့ထဲမှ သာမန်အဖွဲ့ဝင်တစ်ဦး ဖြစ်သည်ဖြစ်စေ မည်သူတစ်ဦးတစ်ယောက်က အန္တိခရစ်ကို ဖော်ထုတ်ပြီး ပြုပြင်သရွေ့ ထိုသူကို ရန်သူတစ်ဦးအဖြစ် ၎င်းက သဘောထားလိမ့်မည် ဖြစ်သည်။ ၎င်းက ‘ကျွန်ုပ်ကို ပြုပြင်သူ မည်သူကိုမဆို ကျွန်ုပ် ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံမည်ဖြစ်သည်။ ကျွန်ုပ်ကို ပြုပြင်သူ၊ ကျွန်ုပ်၏ လျှို့ဝှက်ချက်များကို ဖော်ထုတ်သူ၊ ကျွန်ုပ်အား ဘုရားအိမ်တော်၏ နှင်ထုတ်ခြင်းခံရအောင် လုပ်ဆောင်သူ၊ သို့မဟုတ် ကျွန်ုပ်၏ ကောင်းချီးဝေစုကို လုယက်သူ မည်သူကိုမဆို ကျွန်ုပ် လုံးဝ လွှတ်ထားမည် မဟုတ်ပါ။’(နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉ (အပိုင်း ၈))ကြမ်းတမ်းသော စိတ်သဘောထားရှိသော ထိုလူများသည် မည်သည့်အမှားများကို ပြုလုပ်ပြီးဖြစ်စေ၊ မည်သည့်မကောင်းသောအရာများကို လုပ်ဆောင်ပြီးဖြစ်စေ ၎င်းတို့သည် မည်သူ့ကိုမျှ ၎င်းတို့အား ဖော်ထုတ်ခွင့် သို့မဟုတ် ပြုပြင်ခွင့် ပြုမည်မဟုတ်ပေ။ တစ်စုံတစ်ယောက်က ၎င်းတို့အား ဖော်ထုတ်ပြီး စိတ်ဆိုးစေလျှင် ၎င်းတို့သည် ဒေါသထွက်လိမ့်မည်။ လက်တုံ့ပြန်လိမ့်မည်။ ပြီးလျှင် ဤပြဿနာကို မည်သည့်အခါမျှ လက်လွှတ်မည်မဟုတ်ပေ။ ၎င်းတို့သည် အခြားလူများအပေါ် စိတ်ရှည်ခြင်း၊ သည်းခံခြင်းမရှိပေ။ ပြီးလျှင် ထိုလူများအပေါ် သည်းခံမှုကို ကျင့်သုံးခြင်း မရှိပေ။ ၎င်းတို့၏ ကျင့်ကြံပြုမူခြင်းသည် မည်သည့်စည်းမျဉ်းကို အခြေခံသနည်း။ ‘သစ္စာဖောက်ခံရမည့်အစား ကျွန်ုပ်ကိုယ်တိုင်က သစ္စာဖောက်မည်’ ဟူ၍ဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုလျှင် မည်သူ၏ စိတ်ဆိုးအောင်လုပ်ခြင်းကိုမျှ ၎င်းတို့က သည်းမခံပေ။ ဤသည်မှာ ဆိုးယုတ်သောလူတို့၏ တွေးခေါ်ပုံမဟုတ်လော။ ဤသည်မှာ အတိအကျပင် ဆိုးယုတ်သောလူများ၏ တွေးခေါ်ပုံဖြစ်သည်။ မည်သူ့ကိုမျှ ၎င်းတို့ကို စော်ကားခွင့် မပေးပေ။ ၎င်းတို့အတွက် တစ်ဦးတလေက ၎င်းတို့ကို အနည်းငယ်မျှပင် ရန်စခြင်းသည် လက်မခံနိုင်ဖွယ်ဖြစ်သည်။ ပြီးလျှင် ဤသို့ပြုလုပ်သောသူ မည်သူကိုမဆို ၎င်းတို့က မုန်းတီးသည်။ ၎င်းတို့သည် လက်တုံ့ပြန်ရန် ထိုသူနောက်သို့ လိုက်နေမည်ဖြစ်ပြီး ဤကိစ္စကို လုံးဝ လက်လွှတ်မည်မဟုတ်ပေ။ ဤသည်မှာ ဆိုးယုတ်သောလူများ၏ ပုံစံဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၁၄)) ဆိုးယုတ်တဲ့ လူတွေက အထူးသဖြင့် မလိုမုန်းထားတဲ့ သဘာဝတွေရှိကြပြီး သမ္မာတရားကိုရော၊ သမ္မာတရားကို လိုက်စားတဲ့ လူတွေကိုရော မုန်းတယ်ဆိုတာကို ဘုရားနှုတ်ကပတ်တော်တွေကနေ ကျွန်တော်မြင်ရတယ်။ သူတို့ကို စိတ်အနှောင့်အယှက်ပေးတဲ့သူတိုင်းကို သူတို့က အာဃာတထားပြီး အဲဒီလူတွေက အပျက်သဘောဆောင်ပြီး စိတ်ပျက်ပြားလာတဲ့အထိ သူတို့ကို ဖယ်ကြဉ်၊ အပြစ်ပေးပြီးတော့ တိုက်ခိုက်ဖို့နဲ့ လက်စားချေဖို့ အခွင့်အရေးတွေ ရှာကြတယ်။ လျူဟွာရဲ့ မပြောင်းလဲတဲ့ အပြုအမူအရ သူဟာ သူနဲ့ သဘောထား မတိုက်ဆိုင်တဲ့သူ ဒါမှမဟုတ် သူ့အကျိုးစီးပွားကို ခြိမ်းခြောက်တဲ့သူတိုင်းကို တိုက်ခိုက်ပြီး ဖယ်ကြဉ်တတ်တယ်ဆိုတာ သိသာသွားခဲ့တယ်။ အဲဒီလူတွေက အပျက်သဘောဆောင်လာတဲ့အထိ မရပ်မနား ဝေဖန်ပြီး ရှုတ်ချဖို့အတွက် အဖြစ်မှန်တွေကိုလည်း သူက တလွဲတချော် ဖြစ်အောင်ပြောတတ်တယ်။ လျူဟွာက ရက်စက်တဲ့ လူ့သဘာဝရှိတယ်၊ ပြီးတော့ အနှစ်သာရအနေနဲ့ သူက သမ္မာတရားကို မုန်းတီးပြီး လက်မခံတဲ့ ဆိုးယုတ်တဲ့သူဖြစ်မှန်း ကျွန်တော် မြင်ခဲ့တယ်။ သူ့ကို အသင်းတော်ကနေ နှင်ထုတ်ဖို့လိုတယ်။ လျူဟွာလို ဆိုးယုတ်တဲ့သူတစ်ယောက်က အသင်းတော်မှာ ဗြောင်းဆန်အောင် ဖျက်ဆီးနေတုန်းမှာ ကျွန်တော် ထိုင်ကြည့်နေလို့ မရဘူး၊ ဒါကို အမြန် တိုင်ကြားရမယ်ဆိုတာ သိခဲ့တယ်။ ဒါကြောင့် နောက်ပိုင်းမှာ လျူဟွာရဲ့ပြဿနာတွေကို ကြီးကြပ်ရေးမှူးဆီ ကျွန်တော်တို့ တိုင်ကြားခဲ့ကြတယ်။

ဒါပေမဲ့ ကျွန်တော် အရမ်းအံ့ဩသွားမိတာက နှစ်ရက်သုံးရက်အကြာမှာပဲ၊ ကျွန်တော်တို့ရဲ့ ကြီးကြပ်ရေးမှူး မင်ရန်ဆီကနေ စာတစ်စောင်ရတယ်၊ အဲဒီစာမှာ “လျူဟွာက အရည်အချင်းပြည့်မီပြီး တကယ့် ပြဿနာတချို့ကို ဖြေရှင်းနိုင်တယ်။ တစ်ခါတလေ သူက လူတွေ ဘောင်ခတ်ခံရသလို ခံစားသွားရအောင် သူ့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားနဲ့ ပြုမူတတ်ပေမဲ့ ပြောင်းလဲဖို့ သူ လိုလားသရွေ့၊ နောင်တရဖို့ အခွင့်အရေး ပေးသင့်တယ်”လို့ ပြောထားတာပဲ။ ဒါကို ကျွန်တော် တကယ် နားမလည်နိုင်ခဲ့ဘူး။ လျူဟွာက သိသိသာသာကြီးကို မကောင်းမှု လုပ်နေခဲ့တာလေ။ ဒါက တစ်ကြိမ်တစ်ခါဖြစ်တဲ့ ပြစ်မှားမှုမဟုတ်ဘူး၊ သူက အဲဒီအတိုင်း တစိုက်မတ်မတ် ပြုမူနေခဲ့တာ။ ညီအစ်ကို မောင်နှမတွေက သူ့ကို ဘယ်လိုပဲ မိတ်သဟာယပြုပြီး အကြံပြုပါစေ၊ လုံးဝ နောင်တမရခဲ့တဲ့အပြင်၊ သူတို့ကို သူက ဖိနှိပ်ပြီး အပြစ်တောင်ပေးခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်အတိုင်းဆိုရင်၊ လျူဟွာက အနှစ်သာရအနေနဲ့ ဆိုးယုတ်တဲ့သူပဲ။ ဒီတော့ မင်ရန်က ဘာလို့များ သူနဲ့ပတ်သက်ပြီး ဘာတစ်ခုမှကို မလုပ်ဘဲ နေခဲ့တာလဲ။ မင်ရန်က ဆိုးယုတ်တဲ့သူတစ်ယောက်ကို ပြောင်ပြောင်တင်းတင်း ကာကွယ်ပေးနေခဲ့တဲ့ပုံပဲ။ အဲဒီအချိန်မှာ၊ ညီအစ်ကို မောင်နှမတချို့က မင်ရန်ရဲ့ မကောင်းတဲ့ ဒုစရိုက်အမှုတချို့ကို တိုင်ကြားကြတယ်။ လွန်ခဲ့တဲ့ နှစ်နှစ်၊ သုံးနှစ်တုန်းက မင်ရန်က အသင်းတော်မှာ အကြီးအကျယ် သဘောထားကွဲလွဲအောင် ရန်တိုက်ပေးခဲ့တယ်၊ အုပ်စုဖွဲ့တယ်၊ သူ့အတွက်သူ ခေါင်းဆောင်ရာထူး ယူရအောင် ခေါင်းဆောင်တွေနဲ့ အမှုဆောင်တွေကို တိုက်ခိုက်ရာမှာ သုံးဖို့ ကိစ္စတွေကို ရှာပြီး သူတို့ကို ဝေဖန်ထိုးနှက်ခဲ့တယ်။ သူ့လုပ်ရပ်တွေက အသင်းတော်အသက်တာကို နှောင့်ယှက်ခဲ့တော့ သူ့ကို သီးခြားနေပြီး သင့်တော်သလို ပြန်သုံးသပ်ခိုင်းလိုက်တယ်။ ဒီကိစ္စဖြစ်ခဲ့တုန်းက၊ စင်းယီဟာ မင်ရန်ရဲ့ အပြုအမူအကြောင်း သိသွားပြီး အဲဒီနောက်မှာ ညီအစ်ကို မောင်နှမတွေနဲ့ မိတ်သဟာယပြု၊ ပိုင်းခြားသိမြင်ခဲ့တယ်။ ဒါကြောင့် မင်ရန်က သူ့အပေါ် အာဃာတထားခဲ့တယ်။ နောက်ပိုင်းမှာ၊ မင်ရန်က ညီအစ်ကို မောင်နှမတွေရဲ့ ယုံကြည်မှုကို ပြန်ရဖို့နဲ့ ကြီးကြပ်ရေးမှူး ဖြစ်လာဖို့အတွက် နောင်တရဟန်ဆောင်ခဲ့တယ်။ အဲဒီနောက်မှာ သူက စင်းယီကို လက်စားချေဖို့ စတော့တာပဲ။ တစ်ခါ စင်းယီက လျူဟွာရဲ့ အလုပ်မှာရှိတဲ့ လမ်းလွဲမှုတွေနဲ့ ပြဿနာတချို့ကို ထောက်ပြတဲ့အချိန်မှာ လျူဟွာက အလျှော့မပေးဘဲ သူနဲ့ အငြင်းပွားခဲ့တယ်။ လျူဟွာရဲ့ တာဝန်မှာ ပြဿနာတွေ ရှိတာကို မင်ရန်က သိခဲ့ပေမဲ့ သူ့ဘက်မှာနေဖို့ ရွေးချယ်ခဲ့ပြီးတော့ စင်းယီကို သီးခြားထားပြီး ဖိနှိပ်ခဲ့တယ်။ အဲဒါကြောင့် စင်းယီက အရမ်းဖိနှိပ်ချုပ်ချယ်သလို ခံစားရပြီး စိတ်ဆင်းရဲရတဲ့အပြင် တော်တော် မကျန်းမမာ ဖြစ်သွားတယ်။ နောက်ပိုင်းမှာ မင်ရန်က သူ့ကိုယ်သူ ပြန်မသုံးသပ်ရုံမကဘူး၊ စင်းယီကို လှောင်ပြောင်ဖို့တောင် အခွင့်အရေးယူခဲ့ပြီး ဘုရားနှုတ်ကပတ်တော်တွေကို တလွဲအသုံးပြုပြီးတော့ စင်းယီကို အန္တိခရစ်အနေနဲ့ မတရား သမုတ်ခဲ့တယ်။ အန္တိခရစ်လမ်းကြောင်းကို လျှောက်တယ်ဆိုပြီး စင်းယီကို ပြင်းပြင်းထန်ထန် အပြစ်ဖော်ဆုံးမခဲ့တဲ့အပြင် တခြားညီအစ်ကိုမောင်နှမတွေကပါ စင်းယီကို ဝေဖန်အပြစ်ရှာလာအောင် သူတို့ကို အထင်အမြင်မှားစေခဲ့တယ်။ ဒီလုပ်ရပ်တွေအရ၊ မင်ရန်မှာ ရက်စက်တဲ့ စိတ်သဘောထားရှိတာ သိသာတယ်။

ရက်တချို့ကြာပြီးတဲ့နောက်မှာ၊ မင်ရန်က စုဝေးပွဲတစ်ခုမှာ ပါဝင်ခဲ့ပြီး၊ “ဒါက လျူဟွာရဲ့ ပြဿနာပဲလို့ ရှင်တို့ ပြောလို့မရဘူး။ တခြားလူတွေလည်း အပြစ်ရှိတာပဲ။ ကျွန်မတို့အနေနဲ့သူ့ကို နောင်တရဖို့ အခွင့်အရေးပေးသင့်တယ်။ အခုရက်ပိုင်းမှာ သူက အတော့်ကို ကောင်းကောင်း ပြုမူနေပြီး သူ့တာဝန်မှာ အရမ်းတက်ကြွနေပုံရတယ်”လို့ပြောပြီးတော့ လျူဟွာကို ခုခံကာကွယ်ပေးခဲ့တယ်။ ဆိုးယုတ်တဲ့လူတွေကို ပိုင်းခြားသိမြင်ဖို့အတွက် စည်းမျဉ်းတွေနဲ့ပတ်သက်လို့ မင်ရန်နဲ့ ကျွန်တော် မိတ်သဟာယပြုဖို့ ကြိုးစားခဲ့ချိန်မှာ၊ ကျွန်တော်ပြောသွားတာကို သူ လုံးဝ နားဝင်တဲ့ပုံမပေါ်ဘူး။ ဒါကြောင့် မင်ရန်က လျူဟွာကို သတိရှိရှိနဲ့ ကာကွယ်ပေးနေတယ်လို့ ကျွန်တော်တို့ ပိုလို့တောင် အခိုင်အမာယုံကြည်သွားတယ်။ မင်ရန်က ကြီးကြပ်ရေးမှူးတစ်ယောက်ဖြစ်ပြီး လျူဟွာက ဆိုးယုတ်တဲ့သူတစ်ယောက်ဖြစ်မှန်း သူ ရှင်းရှင်းလင်းလင်း မြင်နိုင်ခဲ့တာတောင် အဲဒါနဲ့ပတ်သက်လို့ ဘာမှမလုပ်ခဲ့ဘူး။ အဲဒီအစား လျူဟွာရဲ့ အကာအကွယ်အနေနဲ့ ပြုမူနေခဲ့တယ်။ ဒါ့အပြင်၊ မင်ရန်ကိုယ်တိုင်က တော်တော့်ကိုရက်စက်တဲ့ သဘာဝရှိတယ်။ သမ္မာတရားကို သူ လက်မခံဘူး။ အသင်းတော်ရဲ့အလုပ်ကို သူ ဆက်နှောင့်ယှက်ပြီး အဖျက်အမှောင့်လုပ်နေခဲ့တဲ့အပြင် ညီအစ်ကို မောင်နှမတွေကို ဖိနှိပ်ပြီး အပြစ်ဒဏ်ပေးခဲ့တယ်။ စည်းမျဉ်းတွေအရ၊ သူလည်း ဆိုးယုတ်တဲ့သူတစ်ယောက် ဖြစ်နိုင်ချေရှိတယ်။ လက်ရှိအခြေအနေအရ ဒါကို ခေါင်းဆောင်ဆီ ကျွန်တော် တိုင်ကြားသင့်မှန်း၊ အသင်းတော်ရဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့ မင်ရန်နဲ့ လျူဟွာတို့ရဲ့ လုပ်ရပ်တွေကို ဖော်ထုတ်သင့်မှန်း ကျွန်တော် သိခဲ့တယ်။ ဒါပေမဲ့လည်း မင်ရန်က ကြီးကြပ်ရေးမှူးတစ်ယောက်ဖြစ်တာကို ကျွန်တော်တွေးမိသွားတယ်။ သူ့ပြဿနာတွေကို တိုင်ကြားပြီးတော့ သူ့ကို ကျွန်တော် စိတ်အနှောင့်အယှက်ပေးရင် သူက တခြားလူတွေကို လုပ်ခဲ့သလိုမျိုး ကျွန်တော့်ကို ဖိနှိပ်နိုင်တယ်။ ဒီပြဿနာတွေ ပြေလည်မသွားခင်မှာတောင် ကျွန်တော် အထုတ်ခံရရင်ခံရမှာ။ ကျွန်တော့်တာဝန်ထမ်းဆောင်တာကို ဟန့်တားဖို့ မင်ရန်က ဆင်ခြေတစ်ခု ရှာတွေ့သွားရင် သမ္မာတရားကို ကျွန်တော် ဘယ်လို ဆက်လိုက်စားပြီး ကယ်တင်ခြင်း ရမှာလဲ။ ဒါကို သဘောပေါက်သွားတဲ့အခါ ကျွန်တော် သက်ပြင်းချပြီး တွေးမိတယ်။ “အင်းလေ၊ ‘ထီးထီးကြီးပေါ်နေသည့်ငှက်သည် သေနတ်ဖြင့် အပစ်ခံရသည့်ငှက်ဖြစ်သည်’ ဆိုတဲ့ ဆိုရိုးအတိုင်းပဲ ဒါကို ငါ လက်လွှတ်လိုက်သင့်ပါတယ်လေ။ ပြဿနာလည်းလေ၊ ပိုကောင်းလေပဲ။ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့က အရေးကြီးတယ်”လို့ပေါ့။ ကျွန်တော် လက်လျှော့ပြီး အပေးအယူလုပ်ချင်လာတယ်။ သမ္မာတရားကို လက်တွေ့လုပ်ဖို့ သတ္တိမရှိခဲ့ဘူး။ ဒါပေမဲ့ ညီအစ်ကို မောင်နှမတွေက လျူဟွာနဲ့ မင်ရန်ရဲ့ ဖိနှိပ်တာခံရပြီး အတောမသတ်တဲ့ ဆင်းရဲဒုက္ခနဲ့ အသက်ရှင်နေကြပုံကို တွေးမိတဲ့အချိန်မှာ၊ ကျွန်တော် လိပ်ပြာမလုံဖြစ်လာတယ်။ ကျွန်တော် ချီတုံချတုံဖြစ်နေခဲ့တယ်။ မဆုံးဖြတ်နိုင်ခဲ့ဘူး။ ဒီကိစ္စကို မတိုင်ခဲ့ရင်၊ အသင်းတော်ရဲ့ အကျိုးစီးပွားကို ကျွန်တော်က ကာကွယ်နေတာဖြစ်မှာမဟုတ်ဘူး။ ဒါပေမဲ့ တိုင်ကြားရင်လည်း ကျွန်တော့်တာဝန် ဖယ်ရှားခံရရင်ခံရမှာ။ အဲဒါဆိုရင် ကျွန်တော့်မှာ ကောင်းမွန်တဲ့ရှေ့ရေး ဒါမှမဟုတ် ကောင်းမွန်တဲ့ ခရီးပန်းတိုင် ရှိမှာ မဟုတ်ဘူးလေ။ အဲဒီအချိန်မှာ၊ ကျွန်တော့်အခြေအနေနဲ့ပတ်သက်လို့ တစ်ခုခုမှားနေတာကို သဘောပေါက်လိုက်တယ်။ ကျွန်တော်က သူရဲဘောကြောင်တဲ့သူလို ပြုမူနေခဲ့တာ မဟုတ်လား။ ကျွန်တော့်မှာ တရားမျှတစိတ်မရှိတဲ့အပြင် ဘုရားရဲ့ ရည်ရွယ်ချက်ကို အလေးထားမှု ပြမနေခဲ့ဘူး။ ကျွန်တော်က သတ္တိနည်းပြီး အသိစိတ်မဲ့နေလို့ မရဘူး။ အသင်းတော်ရဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့ ခိုင်ခိုင်မာမာရပ်တည်ရမယ်။ ဒါပေမဲ့ လျူဟွာနဲ့ မင်ရန်တို့ကို တိုင်ရမဲ့အချိန် တကယ်ရောက်လာတော့ ကျွန်တော် သတ္တိနည်းပြီး ကြောက်ခဲ့တယ်။ ဒါကြောင့် ဘုရားရှေ့ကို ကျွန်တော် လာပြီး ဆုတောင်းတယ်။ ကျွန်တော့်ကို လမ်းပြဖို့၊ ပြီးတော့ ယုံကြည်ခြင်းနဲ့ သတ္တိပေးဖို့ တောင်းလျှောက်ခဲ့တယ်။ အဲဒီနောက်မှာ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်တော် သတိရလိုက်တယ်။ “သင်တို့အားလုံးက ဘုရားသခင်၏ ဝန်ထုပ်ဝန်ပိုးကို အရေးထားကာ၊ အသင်းတော်၏ သက်သေခံချက်ကို ကာကွယ်ပြောဆိုမည်ဟု ပြောကြသော်လည်း၊ သင်တို့ထဲမှ မည်သူသည် ဘုရားသခင်၏ ဝန်ထုပ်ဝန်ပိုးကို အမှန်တကယ် အရေးထားခဲ့ကြပြီနည်း။ သင့်ကိုယ်သင် မေးလော့။ သင်သည် ဘုရားသခင်၏ ဝန်ထုပ် ဝန်ပိုးကို ထည့်သွင်းစဉ်းစားမှု ပြသပြီးသော သူတစ်စုံတစ်ဦးလော။ ဘုရားသခင်အတွက် ဖြောင့်မတ်ခြင်းတရားကို သင်လက်တွေ့ လုပ်ဆောင်နိုင်သလော။ ငါ့အတွက် သင်ထရပ်ကာ ပြောဆိုနိုင်သလော။ သင်သည် သမ္မာတရားကို တည်ကြည်ခိုင်မာစွာ လက်တွေ့လုပ်ဆောင် နိုင်သလော။ စာတန်၏ လုပ်ရပ်အားလုံးကို ဆန့်ကျင်တိုက်ခိုက်ရလောက်အောင် သင်သည် ရဲရင့်သလော။ သင်သည် သင်၏ ခံစားချက်များကို ဘေးဖယ်ကာ ငါ၏ သမ္မာတရားအတွက် စာတန်ကို ဖော်ထုတ်ပေးနိုင်မည်လော။ သင့်အထဲတွင် ငါ၏ အလိုတော် အထမြောက်အောင် လုပ်ဆောင်ခွင့် သင် ပေးနိုင်သလော။ အရေးအပါဆုံးသော အခိုက်အတန့်များတွင် သင်၏နှလုံးသားကို သင် ဆက်ကပ်ပြီးပြီလော။ သင်သည် ငါ၏ရည်ရွယ်ချက်များကို လိုက်လျှောက်သောသူတစ်ဦးလော။ ဤမေးခွန်းများကို သင့်ကိုယ်သင် မေးပြီး ၎င်းတို့နှင့်ပတ်သက်၍ မကြာခဏ စဉ်းစားလော့။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၁၃)) ဘုရားရဲ့ မေးခွန်းတွေကို စဉ်းစားမိတဲ့အခါ၊ ကျွန်တော် အတော်လေး အပြစ်တင်တဲ့စိတ်ခံစားရတယ်။ ဘုရားရဲ့ ဝန်ထုပ်ကို အလေးထားပြီး တရားမျှတစိတ်ရှိရမယ်၊ အသင်းတော်ရဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့အတွက် သမ္မာတရားကို လက်တွေ့လုပ်ရမယ်၊ အန္တိခရစ်တွေနဲ့ ဆိုးယုတ်တဲ့လူတွေကို ဖော်ထုတ်ပြီး တိုင်ကြားရမယ်လို့ တခြားလူတွေကို ကျွန်တော် ခဏခဏ ပြောခဲ့တယ်။ ဒါပေမဲ့ ကျွန်တော့်ကိုယ်ပိုင် အကျိုးစီးပွားကို ခြိမ်းခြောက်တဲ့အရာတစ်ခု ဖြစ်တဲ့အခါ၊ ကျွန်တော် ကြောက်လန့်ပြီး နောက်တွန့်သွားတယ်။ လျူဟွာက ဆိုးယုတ်တဲ့သူတစ်ယောက်မှန်း ကျွန်တော် သိမြင်ခဲ့ပေမဲ့ မင်ရန်က သူ့ကို ကာကွယ်ပေးနေတာကို ကျွန်တော် မြင်တော့ မင်ရန်ရဲ့ အဆင့်အတန်းနဲ့ ဩဇာအာဏာကို ကြောက်လန့်ပြီး စည်းမျဉ်းတွေကို မထိန်းသိမ်းရဲခဲ့ဘူး။ ကျွန်တော် ဖိနှိပ်ခံရမှာ၊ ကျွန်တော့်တာဝန် ဖယ်ရှားခံရပြီး ကယ်တင်ခြင်းရမဲ့ ကျွန်တော့်ရဲ့ အခွင့်အရေး ဆုံးရှုံးမှာကို စိုးရိမ်ခဲ့တယ်။ ဒါကြောင့် သူ့ရဲ့ အဆင့်အတန်းနဲ့ ဩဇာအာဏာကို ကျွန်တော် အရှုံးပေးခဲ့တယ်။ ကျွန်တော်က စာတန်နဲ့ အပေးအယူလုပ်ပြီး သူ့ကို ဦးညွှတ်နေခဲ့တာ မဟုတ်လား။ ကျွန်တော့်တာဝန်မှာ ကျွန်တော်က အသင်းတော်ရဲ့ အကျိုးစီးပွားကို ကာကွယ်မနေခဲ့ဘူး။ ကိုယ့်ကိုယ်ပိုင် ရှေ့ရေးနဲ့ ကံကြမ္မာကိုပဲ အလေးထားနေမိခဲ့တယ်။ ဒီလိုအဓိကအချိန်မှာ၊ အသင်းတော်ရဲ့ အကျိုးစီးပွားကို ကျွန်တော် ဦးစားမပေးခဲ့တဲ့အပြင်၊ ဆိုးယုတ်တဲ့လူတွေက အသင်းတော်အလုပ်ကို နှောင့်ယှက်ပြီး ညီအစ်ကို မောင်နှမတွေကို ဖိနှိပ်နေတုန်းမှာ ကျွန်တော်က ဘာမှမလုပ်ဘဲ ရပ်နေခဲ့တယ်။ ကျွန်တော်က အစာကျွေးတဲ့လက်ကို ကိုက်နေခဲ့တာ မဟုတ်လား။ ကျွန်တော် အရမ်းတစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်စရာဖြစ်ခဲ့တယ်။ ကျွန်တော့်ရဲ့ အသိစိတ်နဲ့ ဆင်ခြင်တုံတရားက ဘယ်မှာလဲ။ ဒီကိစ္စအားလုံးကို စဉ်းစားနေတုန်းမှာ၊ ကျွန်တော် အရမ်းနောင်တရလာတယ်။ အသင်းတော်ရဲ့ အကျိုးစီးပွားတွေအတွက် ခိုင်ခိုင်မာမာရပ်တည်ပြီး ကာကွယ်ပေးရမယ်ဆိုတာကို ကျွန်တော် သိခဲ့တယ်။ လျူဟွာနဲ့ မင်ရန်တို့ရဲ့ မကောင်းမှုလုပ်တာကို ကျွန်တော် တိုင်ကြားရမယ်။ အသင်းတော်ထဲမှာ သူတို့ကို ဆက်ပြီး မကောင်းမှု ကျူးလွန်ခွင့်ပေးလို့မရဘူး။ အဲဒီနောက်မှာ၊ လျူဟွာနဲ့ မင်ရန်တို့ကို ခေါင်းဆောင်ဆီ ကျွန်တော်တို့ တိုင်ကြားခဲ့ကြတယ်။

ကျွန်တော်တို့ရဲ့စာကို ခေါင်းဆောင်က ရတဲ့အခါ၊ ပြဿနာကို အမြန်ဆုံး လာတာဝန်ယူပေးမယ်လို့ သူက ပြောခဲ့ပေမဲ့ တခြားကိစ္စတချို့ကြောင့် သူ ကြန့်ကြာသွားခဲ့ရတယ်။ ရက်တွေ ကုန်လွန်လာပြီး ကျွန်တော် စိတ်မရှည်ဖြစ်လာတယ်။ ကျွန်တော် စိတ်မသက်မသာဖြစ်လာပြီး ကိုယ့်ဘာသာတွေးမိတယ်။ “ခေါင်းဆောင်က ဒီကိစ္စတွေကို လာဖြေရှင်းပေးဖို့ ဘာလို့ အရမ်းကြာနေရတာလဲ။ ခေါင်းဆောင်က အခြေအနေကို တခြားလူတွေဆီ အရင်ဆုံး စုံစမ်းမေးမြန်းလိုက်လို့ ကျွန်တော်တို့ သူ့ကို တိုင်ခဲ့တယ်ဆိုတာ မင်ရန်သိသွားရင်၊ ကျွန်တော်တို့ကို သူ အပြစ်များပေးမလား”လို့ပေါ့။ ကျွန်တော် တော့်တော့်ကိုစိတ်ဆင်းရဲနေတုန်းမှာပဲ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ရုတ်တရက် သတိရသွားတယ်။ “လက်တွေ့ဘဝ ပြဿနာများကို ရင်ဆိုင် ရသည့်အခါ ဘုရားသခင်၏ သြဇာအာဏာနှင့် သူ၏အချုပ်အခြာ အာဏာတို့ကို သင် မည်သို့သိပြီး နားလည်သင့်သနည်း။ ဤပြဿနာများနှင့် သင် ရင်ဆိုင်ရပြီး ၎င်းတို့ကို မည်သို့နားလည် ရမည်၊ ကိုင်တွယ်ရမည်၊ တွေ့ကြုံရမည်ကို သင်မသိသည့်အခါ၊ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို ကျိုးနွံနာခံလိုသည့် သင်၏ ရည်ရွယ်ချက်၊ ဆန္ဒနှင့် ထိုအရာများကို သင်၏ ကျိုးနွံနာခံခြင်းနှင့်ဆိုင်သော စစ်မှန်မှုကို ပြသဖို့ မည်သည့်သဘောထားမျိုး သင်ခံယူသင့်သနည်း။ ပထမဆုံးအနေဖြင့် စောင့်ဆိုင်းဖို့ သင် သင်ယူရပါမည်။ ထို့နောက် ရှာဖွေဖို့ သင်ယူရမည်။ ထို့နောက် ကျိုးနွံနာခံဖို့ သင်ယူရမည်။(နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၃)) ဘုရားနှုတ်ကပတ်တော်တွေကို တွေးဆနေတုန်းမှာ၊ ကျွန်တော် ရှက်မိတယ်။ ပြဿနာကို ကျွန်တော်တိုင်လိုက်တော့ အဲဒါကို မြန်မြန်လေး ကိုင်တွယ်ဖြေရှင်းပေးမှာပဲလို့ ထင်ခဲ့မိတာ၊ ဒါကြောင့် ခေါင်းဆောင်ရောက်လာဖို့ ကြန့်ကြာပြီးရင်း ကြန့်ကြာနေတော့ ကျွန်တော် စိုးရိမ်စပြုလာတာပေါ့။ ကျွန်တော်က ဘုရားကို စစ်မှန်တဲ့ ယုံကြည်ချက် နည်းနည်းမှမရှိဘဲ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ပဲ စဉ်းစားရင်းနဲ့ စိတ်သောကရောက်တဲ့ အခြေအနေမှာ အသက်ရှင်နေခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတော့ ကျွန်တော် နားလည်သွားတယ်။ အရာအားလုံးက ဘုရားရဲ့ အချုပ်အခြာအာဏာနဲ့ အစီအစဉ်တွေကြောင့် ဖြစ်လာတယ်ဆိုတာပေါ့။ ကိစ္စတွေကို ကျွန်တော် တွေ့ကြုံတဲ့အခါ၊ ဘုရားရဲ့ အချုပ်အခြာအာဏာကို ယုံကြည်ခြင်းရှိပြီး စောင့်ဆိုင်းဖို့နဲ့ ကျိုးနွံနာခံဖို့ သင်ယူရမယ်။ ဒါကို သဘောပေါက်သွားတဲ့နောက်မှာ၊ ဒီကိစ္စကို ဘုရားဆီ အပ်နှံပြီး သူ့ကို အားကိုးရင်းနဲ့ ကျွန်တော် ဆုတောင်းခဲ့တယ်။ အံ့ဩစရာကောင်းတာက၊ သိပ်မကြာဘူး၊ လျူဟွာက သူ့ရဲ့ တကယ့် အလုပ်ကို လုပ်နိုင်စွမ်းမရှိတာအပါအဝင် အကြောင်းရင်း အများကြီးကြောင့် မဖြစ်မနေ နုတ်ထွက်လိုက်ရတယ်။ အဲဒီနောက်မှာ၊ ညီအစ်ကို မောင်နှမတွေက သူ့ရဲ့ ဖိနှိပ်မှုကနေ လွတ်မြောက်ပြီး သူတို့တာဝန်တွေကို ပုံမှန်လုပ်နိုင်ခဲ့ကြတယ်။ အရာရာ ဘုရားလက်ထဲမှာရှိတယ်၊ အဲဒါက သူ့ရဲ့ အချုပ်အခြာအာဏာနဲ့ အစီအစဉ်တွေရဲ့ ရလဒ်ချည်းပဲဖြစ်တယ်ဆိုတာကို ကျွန်တော် တွေ့ခဲ့ရပြီး ကျွန်တော့်ရဲ့ ယုံကြည်ခြင်းက ပိုအားကောင်းသွားတယ်။ ဒါပေမဲ့ လျူဟွာကသာ နုတ်ထွက်သွားတာ သူ့ရဲ့ မကောင်းမှုလုပ်တာကို အမျိုးအစားသတ်မှတ်တာ၊ ကိုင်တွယ်တာတွေ မလုပ်ရသေးဘူး။ ပြီးတော့ မင်ရန်ရဲ့ ပြဿနာတွေက ပြေလည်မသွားသေးဘူး။ ဒီပြဿနာတွေ အပြီးအပိုင် မပြေလည်မချင်း ကျွန်တော်တို့ ဆက်တိုင်သင့်တယ်ဆိုတာကို ကျွန်တော် သိခဲ့တယ်။

သုံးလေးရက်ကြာတော့ ကျွန်တော်တို့ရဲ့ ခေါင်းဆောင် ရှားယုက အခြေအနေကို လာစစ်ဆေးပြီး၊ လျူဟွာနဲ့ မင်ရန်တို့ရဲ့ မကောင်းမှုလုပ်တဲ့ အသေးစိတ်အချက်တွေကို သူ့ကို ကျွန်တော်တို့ အသိပေးကြတယ်။ ဒါတောင်မှ မင်ရန်ရဲ့ အပြုအမူကို ကျွန်တော်တို့ ဆွေးနွေးတဲ့အခါ သူ့ကို ထုတ်ပယ်တာနဲ့ပတ်သက်လို့ ရှားယုက သဘောမတူတာကို တွေ့ရတော့ ကျွန်တော်တို့ အံ့ဩသွားတယ်။ မင်ရန်က တော်တော်ကို အရည်အချင်းရှိတယ်လို့ သူက အခိုင်အမာပြောပြီး “ကြီးကြပ်ရေးမှူးတစ်ယောက်ကို ပျိုးထောင်ရတာ လွယ်တယ်များ ထင်နေလား။ မင်ရန်ကို နှစ်နှစ်နီးပါး ကျွန်မတို့ ပျိုးထောင်ခဲ့ရတာ။ ရှင်တို့တောင်းဆိုရုံနဲ့ သူ့ကို ကျွန်မတို့ ထုတ်လိုက်ရင် သူ့ကို အစားထိုးဖို့လူကို ဘယ်နားသွားရှာရမှာလဲ။ ကျွန်မတို့အလုပ်ကို လုပ်ရတာ လွယ်တယ်များ ရှင်တို့ထင်နေကြလား” လို့တောင် ပြောသေးတယ်။ ဒါကို ကြားတော့ ကျွန်တော် တွေးမိတယ်။ “မင်ရန်ရဲ့ အပေါ်ယံအဆင့် အရည်အချင်းရှိတာကိုပဲ နင်က စဉ်းစားနေပြီး သူ့ရဲ့ လူ့သဘာဝနဲ့ သဘာဝ အနှစ်သာရတွေကို ထည့်တွက်ဖို့ ပျက်ကွက်နေတာပဲ။ လူတွေကို သူတို့ရဲ့ အနှစ်သာရအပေါ် အခြေခံပြီး ပိုင်းခြားသိမြင်တာ၊ ကိုင်တွယ်တာမလုပ်ရင်၊ အဲဒီလိုလုပ်တာဟာ ဘယ်မှာလဲ စည်းမျဉ်းတွေက” လို့ပေါ့။ အဲဒီနောက် ရှားယုက အဲဒီကိစ္စကို နောက်ထပ် စစ်ဆေးဖို့ လိုတယ်လို့ ပြောပြီး စုဝေးပွဲကို ချက်ချင်း လက်စသတ်လိုက်တယ်။ နောက်ပိုင်းမှာ၊ မင်ရန်နဲ့ ကျွန်တော်တို့ နောက်ထပ် နှစ်ကြိမ်မိတ်သဟာယပြုခဲ့ပေမဲ့ သူက လက်မခံရုံမက၊ ကျွန်တော်တို့ကိုတောင် ပြုပြင်ခဲ့တယ်။ မင်ရန်ဟာ ပြုပြင်တာကို လက်ခံဖို့ တစိုက်မတ်မတ်ငြင်းတာ၊ သမ္မာတရားကို အရမ်းကို မနှစ်မြို့တဲ့အပြင် မုန်းတီးတာကို ကျွန်တော် မြင်လိုက်ရတယ်။ သူဟာ ဆိုးယုတ်တဲ့လူတစ်ယောက်ဖြစ်မှန်း သူ့ဘာသာပြနေတာပဲ။ ဒါပေမဲ့ အခြေအနေကို ကျွန်တော်တို့ ခေါင်းဆောင်ဆီ ကျွန်တော်တို့ တိုင်ကြားတဲ့အခါ၊ ခေါင်းဆောင်ရဲ့ တုံ့ပြန်မှုကြောင့် ကျွန်တော်တို့ လုံးဝ အံ့ဩသွားရပြန်တယ်။ ရှားယုက လျူဟွာအနေနဲ့ ဒုစရိုက်အမှုတချို့ တကယ် လုပ်ခဲ့ပေမဲ့ သူက နောင်တရဖို့ လိုလားကြောင်း ပြနေခဲ့တယ်လို့ ပြောတဲ့စာကို ကျွန်တော်တို့ဆီ ရေးခဲ့တယ်။ လျူဟွာက အနှစ်သာရအနေနဲ့ ဆိုးယုတ်တဲ့လူတစ်ယောက်လို့ သူကတော့ မထင်တဲ့အကြောင်း၊ အရမ်းဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထား ရှိရုံသက်သက်ပဲဖြစ်တဲ့အကြောင်းကို ရှားယုက ပြောတယ်။ လျူဟွာကို နောင်တရဖို့ နောက်ထပ် အခွင့်အရေး ပေးသင့်တယ်လို့ ကျွန်တော်တို့ကို သူပြောတယ်။ မင်ရန်က ဆိုးယုတ်တဲ့လူတစ်ယောက်ရဲ့ အပြုအမူတချို့ ပြခဲ့ပေမဲ့ ဒါတွေက သူ့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထား ထုတ်ဖော်ချက်တွေဖြစ်တဲ့အကြောင်းကိုလည်း စာထဲမှာ ရေးထားတယ်။ စာရဲ့ အဆုံးမှာ ကျွန်တော်တို့အနေနဲ့ ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်ပြီး သိဖို့၊ လူတွေကို မျှမျှတတ ဆက်ဆံဖို့နဲ့ တခြားလူတွေကို ပိုကူညီဖို့ ရှားယုက တိုက်တွန်းထားတယ်။ စာကို ဖတ်ပြီးတော့ ကျွန်တော် ကြက်သေသေသွားတယ်။ ကျွန်တော် အရမ်းဖိနှိပ်ချုပ်ချယ်သလို ခံစားရပြီး စိတ်ဓာတ်ကျမိတယ်။ လျူဟွာ၊ မင်ရန်နဲ့ပတ်သက်ပြီး တစ်ခုခုလုပ်ဖို့ ရှားယုက သဘောမတူရင် သူတို့က အသင်းတော်ကို ဖိစီးနှိပ်စက်တာတွေ၊ ညီအစ်ကိုမောင်နှမတွေကို အပြစ်ဒဏ်ပေး၊ ဖိနှိပ်တာတွေ၊ အသင်းတော်ရဲ့ အလုပ်ကို နှောင့်ယှက်တာတွေ ဆက်လုပ်ဖို့ လွတ်လပ်သွားမှာပေါ့။ ဆိုးယုတ်တဲ့ လူတွေရဲ့ မကောင်းမှုပြုတာကို ရှားယုက ခွင့်လွှတ်နေတာ မဟုတ်လား။ ရှားယုက ခေါင်းဆောင်တစ်ယောက်ဖြစ်တော့ ဒီဆိုးယုတ်တဲ့လူတွေကို တာဝန်ယူကိုင်တွယ်ပေးပြီး ညီအစ်ကို မောင်နှမတွေကို ကာကွယ်ပေးမယ်လို့ ကျွန်တော် ထင်ခဲ့တာလေ။ ပြဿနာကို သူ ဒီလို ကိုင်တွယ်မယ်လို့ ကျွန်တော် လုံးဝ စိတ်မကူးမိခဲ့ဘူး။ လျူဟွာ၊ မင်ရန်တို့နဲ့ပတ်သက်လို့ ဘာမှလုပ်မထားတာကို မြင်ရတာဟာ အရမ်းကို စိတ်ပျက်စရာကောင်းတဲ့အပြင် ရှေ့ဆက်လို့ ဘာလုပ်ရမှန်း ကျွန်တော် မသိတော့ဘူး။ ကျွန်တော့်မှာ အခက်ကြုံနေခဲ့ရတယ်။ ဒီကိစ္စမှာလည်း ဝင်မပါချင်တော့ဘူး။ ဒါပေမဲ့ ကျွန်တော် ဘဝင်မကျဘဲ အထက်အဆင့်တွေဆီ အဲဒါကို မရမက တိုင်ကြားသင့်တယ်လို့ ခံစားရတယ်။ ဒါပေမဲ့ ကိစ္စတွေက ခက်ခဲရှုပ်ထွေးသည်ထက် ရှုပ်ထွေးလာနေခဲ့တယ်။ ကျွန်တော့်မှာ ခေါင်းဆောင်ကို မပြောနဲ့၊ ကြီးကြပ်ရေးမှူးကိုတောင် စိတ်အနှောင့်အယှက်ဖြစ်အောင် မလုပ်ရဲပါဘူး။ ဒီပြဿနာတွေကို ကျွန်တော် ဆက်တိုင်ကြားနေရင်၊ အဆုံးမှာ အကျိုးဆက်တွေကို ကျွန်တော် ရင်ဆိုင်ရမှာလား။ သူတို့ ကျွန်တော့်ကို ပြဿနာရှာတာလောက်ကတော့ ကျွန်တော့်အတွက် စာဖွဲ့လောက်မှာ မဟုတ်ဘူး။ ကျွန်တော့်တာဝန်ကို ဖယ်ရှားတာ၊ ကျွန်တော့်ကို ဖိနှိပ်ပြီး နှင်ထုတ်တာတွေတောင် လုပ်ရင်လုပ်မှာ။ အဲဒါဆိုရင် ကျွန်တော် ဘယ်လိုလုပ်ပြီး ကယ်တင်ခြင်းရမှာလဲ။ အဲဒီအကြောင်းကိုတွေးလေ၊ စိုးရိမ်လေ၊ ကြောက်လန့်လေ၊ စိတ်ကျဉ်းကျပ်ပြီး စိတ်သောကဖြစ်လေပဲ။ ကျွန်တော့် အခြေအနေက မှားနေတာကို ကျွန်တော် သဘောပေါက်လိုက်ပြီး ဘုရားဆီ ကမန်းကတန်း ဆုတောင်းလိုက်တယ်။ သမ္မာတရားကို လက်တွေ့လုပ်ဖို့အတွက် လမ်းပြပေးပါလို့ တောင်းလျှောက်ရင်းနဲ့ပေါ့။

တစ်နေ့မှာ၊ ဒီလိုပြောတဲ့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို အမှတ်တမဲ့တွေ့တယ်။ “ခေါင်းဆောင် သို့မဟုတ် အလုပ်သမားတစ်ဦးကို ဆက်ဆံပုံနှင့်ပတ်သက်၍ လူတို့၌ ရှိသင့်သည့် သဘောထားမှာ အဘယ်နည်း။ ခေါင်းဆောင်တစ်ဦး၊ သို့မဟုတ် အမှုတော်ဆောင်တစ်ဦး လုပ်ဆောင်သည့်အရာ မှန်ကန်ပြီး သမ္မာတရားနှင့်ညီပါက၊ ၎င်းတို့ကို သင် နာခံနိုင်သည်။ ၎င်းတို့ လုပ်ဆောင်သည့်အရာ မှားယွင်းပြီး သမ္မာတရားနှင့်မညီပါက၊ ၎င်းတို့ကို သင်မနာခံသင့်ဘဲ ၎င်းတို့ကို သင်ဖော်ထုတ်နိုင်ပြီး၊ ဆန့်ကျင်ကာ ကွဲပြားသော အယူအဆကို တင်ပြနိုင်သည်။ ၎င်းတို့သည် အမှန်တကယ်ဖြစ်သော အလုပ်ကို မလုပ်ဆောင်နိုင်လျှင်၊ သို့မဟုတ် အသင်းတော်အလုပ်ကို အနှောင့်အယှက်ဖြစ်သော မကောင်းမှုများကို လုပ်ဆောင်သည့်အပြင် အယောင်ဆောင် ခေါင်းဆောင်တစ်ဦး၊ အယောင်ဆောင် အမှုတော်ဆောင်တစ်ဦး၊ သို့မဟုတ် အန္တိခရစ်တစ်ဦးအဖြစ် ထုတ်ဖော်ပြခံရပါက သင်သည် သူ့ကို ပိုင်းခြားသိမြင်ကာ ဖော်ထုတ်ပြီး တိုင်ကြားနိုင်သည်။ သို့သော် ဘုရားသခင် ရွေးချယ်ထားသော လူအချို့သည် သမ္မာတရားကို နားမလည်ကြသကဲ့သို့ အထူးသဖြင့် သူရဲဘောကြောင်ကြ၏၊ ၎င်းတို့သည် အယောင်ဆောင်ခေါင်းဆောင်များနှင့် အန္တိခရစ်များ၏ ဖိနှိပ်ခြင်းနှင့်ညှဉ်းပန်းခြင်းတို့ကို ခံရမည်စိုးသောကြောင့် စည်းမျဉ်းများကို မထိန်းသိမ်းရဲကြပေ။ ၎င်းတို့က ‘ခေါင်းဆောင်က ကျွန်ုပ်ကို ထုတ်လိုက်ပါက ကျွန်ုပ် အဆုံးသတ်ပြီ။ သူက အယောက်တိုင်းအား ကျွန်ုပ်ကို ဖော်ထုတ်စေပါက သို့မဟုတ် ကျွန်ုပ်ကို ပစ်ပယ်စေပါက ဘုရားသခင်ကို ကျွန်ုပ် ယုံကြည်နိုင်တော့မည် မဟုတ်။ အသင်းတော်မှ ကျွန်ုပ် ထုတ်ပယ်ပါက ဘုရားသခင်က ကျွန်ုပ်ကို လိုချင်မည်မဟုတ်သလို ကျွန်ုပ်ကို ကယ်တင်မည်မဟုတ်ပါ။ ပြီးလျှင် ကျွန်ုပ်၏ ယုံကြည်ခြင်းသည် အလဟဿ ဖြစ်ပြီးဖြစ်လိမ့်မည် မဟုတ်လော’ ဟု ပြောကြသည်။ ထိုသို့သောအတွေးအခေါ်သည် ရယ်ဖွယ်မကောင်းပေသလော။ ထိုသို့သော လူများသည် ဘုရားသခင်ကို စစ်မှန်သော ယုံကြည်ခြင်း ရှိသလော။ အယောင်ဆောင်ခေါင်းဆောင်၊ သို့မဟုတ် အန္တိခရစ်သည် သင့်ကို နှင်ထုတ်သောအခါ ဘုရားသခင်ကို ကိုယ်စားပြုမည်လော။ အယောင်ဆောင်ခေါင်းဆောင်၊ သို့မဟုတ် အန္တိခရစ်က သင့်အား ညှဉ်းပန်းပြီး နှင်ထုတ်သောအခါ ဤသည်မှာ စာတန်က လုပ်ဆောင်ခြင်းဖြစ်သည်။ ဘုရားသခင်နှင့် လုံးဝ မသက်ဆိုင်ပေ။ လူတို့သည် အသင်းတော်မှ ရှင်းလင်းပစ်ခြင်း၊ သို့မဟုတ် နှင်ထုတ်ခြင်းခံရသောအခါ ဤသည်မှာ အသင်းတော်နှင့် ဘုရားသခင် ရွေးချယ်ထားသော သူများအားလုံးကြား ပူးတွဲဆုံးဖြတ်ချက်တစ်ခု ရှိသောအခါ ရှင်းလင်းပစ်မှုနှင့် နှင်ထုတ်မှုသည် ဘုရားအိမ်တော်၏ အလုပ်အစီအစဉ်များ၊ ဘုရားနှုတ်ကပတ်တော်၏ သမ္မာတရားစည်းမျဉ်းများနှင့် အလုံးစုံကိုက်ညီသည့်အခါမှသာ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် ညီသည်။ အယောင်ဆောင် ခေါင်းဆောင်၊ သို့မဟုတ် အန္တိခရစ်တစ်ဦးက နှင်ထုတ်ခြင်းကို ခံရခြင်းသည် သင်က ကယ်တင်မခံရနိုင်ခြင်း ဖြစ်သည်ဟု အဘယ်သို့ အဓိပ္ပာယ် ရနိုင်မည်နည်း။ ဤသည်မှာ စာတန်နှင့် အန္တိခရစ်၏ နှိပ်ကွပ်မှုဖြစ်သည်။ ဘုရားသခင်၏ ကယ်တင်ခြင်းကို သင်ခံရမည်မဟုတ်ဟု မဆိုလိုပေ။ သင်ကယ်တင်ခံရနိုင်ခြင်း ရှိမရှိသည် ဘုရားသခင်အပေါ်တွင် မူတည်သည်။ သင်သည် ဘုရားသခင်၏ ကယ်တင်ခြင်း ခံရနိုင်ခြင်းရှိမရှိကို မည်သည့်လူသားကမျှ ဆုံးဖြတ်ရန် အရည်အချင်းမပြည့်မီပေ။ ဤအရာကို သင် ရှင်းလင်းစွာသိထားရမည်။ အယောင်ဆောင်ခေါင်းဆောင်နှင့် အန္တိခရစ်က သင့်အား နှင်ထုတ်ခြင်းကို ဘုရားသခင်က နှင်ထုတ်ခြင်းအဖြစ် မှတ်ယူခြင်းသည် ဘုရားသခင်ကို အနက်အဓိပ္ပာယ် ကောက်လွဲခြင်း မဟုတ်လော။ ဟုတ်ပေသည်။ ဤသည်မှာ ဘုရားသခင်ကို အနက်အဓိပ္ပာယ်ကောက်လွဲရုံသာ မဟုတ်ဘဲ ဘုရားသခင်အား ပုန်ကန်ခြင်းလည်း ဖြစ်သည်။ ဘုရားသခင်အား ပြစ်မှားစော်ကားခြင်းမျိုးလည်း ဖြစ်သည်။ ဘုရားသခင်အား ဤသို့ အနက်အဓိပ္ပာယ်ကောက်လွဲခြင်းသည် မသိနားမလည်ခြင်း၊ မိုက်မဲခြင်း မဟုတ်သလော။ အယောင်ဆောင် ခေါင်းဆောင်တစ်ဦးက သို့မဟုတ် အန္တိခရစ်တစ်ဦးက သင့်အား ထုတ်ပယ်သည့်အခါ သင်သည် အဘယ်ကြောင့် သမ္မာတရားကို မရှာဖွေသနည်း။ သင်သည် ပိုင်းခြားသိမြင်မှုတစ်ခုခု ရရှိရန်အတွက် သမ္မာတရားအား နားလည်သူတစ်ယောက်ယောက်ကို အဘယ်ကြောင့် မရှာဖွေသနည်း။ သင်သည် ဤအရာကို အထက်သို့ အဘယ်ကြောင့် မတိုင်ကြားသနည်း။ ဤအရာက သင်သည် ဘုရားသခင်၏အိမ်တော်၌ သမ္မာတရားက အထွတ်အထိပ်အုပ်စိုးသည်ကို မယုံကြည်ကြောင်း သက်သေပြနေသည်၊ ယင်းက သင်သည် ဘုရားသခင်ကို စစ်မှန်သော ယုံကြည်ခြင်း မရှိကြောင်း၊ ဘုရားသခင်ကို အမှန်တကယ် ယုံကြည်သူတစ်ဦး မဟုတ်ကြောင်း သက်သေပြနေသည်။ သင်သည် ဘုရားသခင်၏ အနန္တတန်ခိုးရှိခြင်းကို ယုံကြည်ပါက အယောင်ဆောင် ခေါင်းဆောင်တစ်ဦး၏၊ သို့မဟုတ် အန္တိခရစ်တစ်ဦး၏လက်တုံ့ပြန်ခြင်းကို အဘယ်ကြောင့် ကြောက်ရွံ့သနည်း။ ၎င်းတို့သည် သင်၏ကံကြမ္မာကို သတ်မှတ်နိုင်သလော။ သင်သည် ချင့်ချိန်နိုင်စွမ်းရှိပြီး ၎င်းတို့၏လုပ်ရပ်များက် သမ္မာတရားကို မကိုက်ညီသည်ကို သတိပြုမိနိုင်စွမ်းရှိပါက သမ္မာတရားကို နားလည်သည့် ဘုရားသခင် ရွေးချယ်ထားသောသူများနှင့် အဘယ်ကြောင့် မိတ်သဟာယမပြုသနည်း။ သင့်၌ နှုတ်ရှိသည်၊ သို့ဆိုလျှင် အဘယ့်ကြောင့် ထုတ်မပြောရဲရသနည်း။ အယောင်ဆောင်ခေါင်းဆောင်ကို၊ သို့မဟုတ် အန္တိခရစ်ကို အဘယ်ကြောင့် သင်အလွန် ကြောက်ရွံ့ရသနည်း။ ဤအရာက သင်သည် သူရဲဘောနည်းကာ အသုံးမကျသူတစ်ဦး၊ စာတန်၏ လက်ပါးစေတစ်ဦးဖြစ်ကြောင်း သက်သေပြပေသည်။...အကယ်၍ သင်သည် ဘုရားသခင်ကို ယုံကြည်သော်လည်း ဘုရားသခင်ကို ကျိုးနွံနာခံမည့်အစား ဘုရားသခင်၏ ရန်သူများဖြစ်သည့် အန္တိခရစ်များထံ အညံ့ခံပြီး ခိုလှုံသည့်အပြင် ရလဒ်မှာ ဤအန္တိခရစ်များ၏ ကြိုးကိုင်ခြင်းနှင့် မတရားဖိနှိပ်ခြင်းကို သင်ခံရပါက သင်သည် ကိုယ့်ဒုက္ခကိုယ်ရှာခဲ့ခြင်း ဖြစ်သည်။ သင်သည် ယင်းနှင့် ထိုက်တန်သည်မဟုတ်လော။ အကယ်၍ သင်သည် ထိုအန္တိခရစ်ကို သင်၏ သခင်အဖြစ်၊ သင်၏ ခေါင်းဆောင်အဖြစ်၊ မှီခိုစရာ ပုခုံးအဖြစ် သဘောထားပါက သင်သည် စာတန်ထံ၌ ခိုလှုံနေခြင်း၊ စာတန်နောက် လိုက်နေခြင်းဖြစ်ကာ ယင်းမှာ သင်သည် လမ်းလွဲသွားပြီ၊ လမ်းမှားလိုက်မိပြီဖြစ်ပြီး ပြန်လှည့်စရာမရှိသော လမ်းပေါ်ခြေချမိပြီဟု ဆိုလိုသည်။ အန္တိခရစ်များအပေါ် မည်သည့်သဘောထား သင်၌ ရှိသင့်သနည်း။ သင်သည် ၎င်းတို့ကို ဖော်ထုတ်သင့်ပြီး ၎င်းတို့နှင့် စစ်ခင်းသင့်သည်။ အကယ်၍ သင်တို့ တစ်ဦးနှစ်ဦးသာ ရှိပြီး အန္တိခရစ်များကို သင်တစ်ဦးတည်း ရင်ဆိုင်ဖို့အတွက် အားနည်းလွန်းပါက သင်သည် ဤအန္တိခရစ်များအား တိုင်ကြားရန်နှင့် ဖော်ထုတ်ရန်အတွက် သမ္မာတရားနားလည်သည့် လူအချို့နှင့် အင်အားပေါင်းစည်းသင့်ကာ ၎င်းတို့ ရှင်းလင်းခံရသည်အထိ ဆက်လက်လုပ်ဆောင်သင့်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၃- သမ္မာတရားကို လိုက်စားသောသူတို့အား ၎င်းတို့ပထုတ်ပြီး တိုက်ခိုက်ကြသည်) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်တော့်ရဲ့ မမှန်တဲ့ ရှုထောင့်တွေကို ဖော်ထုတ်ခဲ့တယ်။ ဆိုးယုတ်တဲ့လူတွေကို တိုင်ကြားတာနဲ့ ပတ်သက်လာတဲ့အခါ စည်းမျဉ်းတွေကို စောင့်ထိန်းဖို့၊ သမ္မာတရားကို လက်တွေ့လုပ်ဖို့နဲ့ အသင်းတော်ရဲ့ အကျိုးစီးပွားတွေကို ကာကွယ်ဖို့ အကြိမ်ကြိမ် ကျွန်တော် ပျက်ကွက်ခဲ့တယ်။ ဘာလို့လဲဆိုတော့ ခေါင်းဆောင်နဲ့ အမှုဆောင်တွေက ကျွန်တော့်ကို ဖိနှိပ်မှာ၊ အခက်တွေ့အောင်လုပ်မှာ ဒါမှမဟုတ် ကျွန်တော့်ကို ရှုတ်ချပြီး နှင်တောင်နှင်ထုတ်မှာ၊ ဒီလိုနဲ့ ကယ်တင်ခြင်းရမဲ့ အခွင့်အရေးကို ခံစားခွင့်မရအောင် ပိတ်ပင်ထားမှာမျိုးတွေကို ကျွန်တော် ကြောက်ခဲ့လို့ပဲ။ ရလဒ်အနေနဲ့၊ သူတို့လုပ်ရပ်တွေကို ကျွန်တော် ဒီအတိုင်း မျက်ကွယ်ပြုခဲ့ပြီး၊ စည်းမျဉ်းတွေကို မစောင့်ထိန်းရဲခဲ့တဲ့အပြင် သူတို့ကို ဆက်တိုင်ကြားတာ၊ ဖော်ထုတ်တာ မလုပ်ရဲခဲ့ဘူး။ ဘုရားအိမ်တော်မှာ သမ္မာတရားနဲ့ ခရစ်တော် အုပ်စိုးပုံကို ကျွန်တော် ခဏခဏ ပြောခဲ့ပေမဲ့ တကယ့် အခြေအနေနဲ့ ရင်ဆိုင်ရတဲ့အခါ စစ်မှန်တဲ့ အသိနဲ့ ဘုရားကို ယုံကြည်ခြင်း ကင်းမဲ့ခဲ့တယ်။ ပြီးတော့ ဘုရားက အရာခပ်သိမ်းကို အုပ်စိုးပြီး ကျွန်တော်တို့ရဲ့ ကံကြမ္မာကို စိုးမိုးတာ ကျွန်တော် မယုံကြည်ခဲ့ဘူး။ ဆိုးယုတ်တဲ့လူတွေရဲ့ အဆင့်အတန်းနဲ့ အာဏာက အရမ်း အရေးပါတယ်လို့ ကျွန်တော် မြင်ခဲ့ပြီး၊ သူတို့ကို ကြောက်ခဲ့တယ်။ တကယ်တော့၊ အယောင်ဆောင် ခေါင်းဆောင်တွေ၊ အန္တိခရစ်တွေနဲ့ ဆိုးယုတ်တဲ့လူတွေက အဆင့်အတန်းနဲ့ ဩဇာအာဏာ ဘယ်လောက်ပဲရပါစေ ကျွန်တော်တို့ရဲ့ ကံကြမ္မာတွေကို သူတို့ မထိန်းချုပ်နိုင်သေးဘူး၊ ကျွန်တော်တို့ ကယ်တင်ခြင်းရမလားဆိုတာကို မဆုံးဖြတ်ပေးနိုင်ဘူး။ သူတို့ ဘယ်လိုပဲ ရက်စက်ကြမ်းကြုတ်လာပါစေ၊ ဘုရားရဲ့ ဩဇာအာဏာကို မကျော်လွန်နိုင်ပါဘူး။ ကျွန်တော်က ဆိုးယုတ်တဲ့လူတွေရဲ့ ဖိနှိပ်တာ ခံရပြီး ကျွန်တော့်တာဝန်ကို ယာယီ မလုပ်နိုင်ခဲ့ရင်တောင်၊ ကယ်တင်ခံရမဲ့ ကျွန်တော့်ရဲ့ အခွင့်အရေးကို ကျွန်တော် ဆုံးရှုံးတယ်လို့ မဆိုလိုဘူး။ ဘုရားက အရာအားလုံးကို စေ့စေ့စပ်စပ်ကြည့်ရှုစစ်ဆေးတယ်။ ဒါကြောင့် သမ္မာတရားကို ကျွန်တော် လိုက်စားပြီး လက်တွေ့လုပ်သရွေ့ နောက်ဆုံးမှာ ဘုရားရဲ့ ကယ်တင်ခြင်းကို ကျွန်တော် ရနိုင်သေးတယ်။ ဒါ့အပြင်၊ ဒီဆိုးယုတ်တဲ့လူတွေက အသင်းတော်မှာ ခိုင်မာတဲ့ ခြေကုပ်တစ်ခု မရနိုင်ဘူး။ နောက်ဆုံးမှာ သူတို့အားလုံး ဖော်ထုတ်ခံရပြီး ဖယ်ရှားရှင်းလင်းခံရမှာပဲ။ ဒါပေမဲ့ ခေါင်းဆောင်တစ်ယောက်က ကျွန်တော့်ရှေ့ရေးနဲ့ ကံကြမ္မာတို့ကို ထိန်းချုပ်ထားပြီး သူ့ကို ကျွန်တော် စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်မိတာနဲ့ ကျွန်တော့်တာဝန်ရယ်၊ ကယ်တင်ခြင်းရဖို့ အခွင့်အရေးတစ်ခုခုရယ်ကို ဆုံးရှုံးရမယ်လို့ ကျွန်တော် တလွဲယုံကြည်ခဲ့တယ်။ ကျွန်တော် မိုက်မဲပြီး နားဝေတိမ်တောင်ဖြစ်လိုက်တာ။ ကျွန်တော် ဘယ်နည်းနဲ့ ဘုရားကို စစ်မှန်တဲ့ ယုံကြည်ခြင်းရှိခဲ့လို့လဲ။ အဲဒီအချိန် ဒီကိစ္စရပ်မှာ သမ္မာတရားကို ကျွန်တော် ဘာကြောင့် လက်တွေ့မလုပ်နိုင်ခဲ့လဲဆိုတာနဲ့ ကျွန်တော့်ပြဿနာရဲ့ ရင်းမြစ်ကဘာလဲဆိုတာကို ကျွန်တော် ပြန်သုံးသပ်ခဲ့တယ်။

နောက်ပိုင်းမှာ၊ ဒီဘုရားနှုတ်ကပတ်တော်အပိုဒ်ကို ကျွန်တော် အမှတ်တမဲ့တွေ့တယ်။ “စာတန်သည် နိုင်ငံတော်အစိုးရများ၊ ကျော်ကြားသူများနှင့် ကြီးမြတ်သူများ၏ ပညာရေးနှင့် လွှမ်းမိုးမှုမှတစ်ဆင့် လူတို့ကို ဖျက်ဆီးသည်။ သူတို့၏ ဆိုးယုတ်သော စကားများသည် လူသား၏ ဘဝနှင့် သဘာဝဗီဇ ဖြစ်လာပြီးဖြစ်သည်။ ‘ကိုယ့်အတွက်ပဲ ကိုယ်ကြည့်။ ဘယ်သူသေသေ ငတေမာပြီးရော’ ဆိုသည်မှာ လူတိုင်းအထဲသို့ သွတ်သွင်းပေးထားသည့် လူသိများသော ဆိုးယုတ်သော ဆိုရိုးတစ်ခုဖြစ်သည်။ ဤဆိုရိုးက လူ့အသက် ဖြစ်လာသည်။ ဤကဲ့သို့သော လောကီဆိုင်ရာ ဆက်ဆံရေးများအတွက် အခြားသော ဒဿနများနှင့်ဆိုင်သည့် စကားများလည်း ရှိသည်။ စာတန်သည် လူတို့ကို ပညာပေးဖို့၊ အထင်အမြင်မှားစေဖို့နှင့် ဖောက်ပြန်ပျက်စီးစေဖို့ နိုင်ငံတစ်နိုင်ငံစီ၏ ရိုးရာယဉ်ကျေးမှုကို အသုံးပြုလျက် လူသားမျိုးနွယ်ကို အတိုင်းမသိ ပျက်စီးခြင်း၏ ချောက်နက်ထဲသို့ ကျဆင်းကာ ဝါးမျိုခံရစေပြီး အဆုံးတွင် လူတို့သည် စာတန်ကိုအစေခံ၍ ဘုရားသခင်ကို ခုခံသောကြောင့် ဘုရားသခင်၏ ဖျက်ဆီးခြင်းကို ခံကြရသည်။...လူတို့၏ အသက်တာ၌၊ သူတို့၏ အမူအကျင့်နှင့် အပြုအမူထဲတွင် စာတန်၏ အဆိပ်များစွာ ရှိနေသေးသည်။ ဥပမာအားဖြင့် လောကီဆိုင်ရာ ဆက်ဆံရေးများအတွက် သူတို့၏ ဒဿနများ၊ သူတို့၏ အမှုအရာများကို ဆောင်ရွက်သည့် နည်းလမ်းများနှင့် သူတို့၏နီတိများ၊ အားလုံးတို့သည် အဆင်းနီသော နဂါးကြီး၏ အဆိပ်များနှင့် ပြည့်နှက်နေပြီး၊ ဤအရာအားလုံးသည် စာတန်ထံမှ လာကြသည်။ ထို့ကြောင့် လူတို့၏ အရိုးများနှင့် အသွေးတို့၌ စီးဆင်းကြသော အရာအားလုံးသည် စာတန်နှင့် သက်ဆိုင်ပေသည်။ ထိုအရာရှိများ၊ သြဇာအာဏာရှိသူများနှင့် ပြောင်မြောက်သော သူများ အားလုံးတို့တွင် မိမိ၏ကိုယ်ပိုင် လမ်းကြောင်းများနှင့် အောင်မြင်မှုအတွက် လျှို့ဝှက်ချက်များ ရှိပေသည်။ ထိုကဲ့သို့သော လျှို့ဝှက်ချက်များသည် သူတို့သဘာဝဗီဇကို ပြည့်စုံစွာ ကိုယ်စားပြုသည် မဟုတ်လော။ သူတို့သည် လောကထဲ၌ ထိုသို့သော ကြီးမားသည့်အရာများကို လုပ်ဆောင်ထားကြပြီး၊ ၎င်းတို့၏ နောက်ကွယ်တွင်ရှိသည့် အကြံအစည်များနှင့် ခြေပုန်းခုတ်ခြင်းများကို မည်သူကမျှ မရိပ်စားမိနိုင်ကြပေ။ ဤအရာက ထိုသူတို့၏သဘာဝဗီဇမှာ အဘယ်မျှပင် စဉ်းလဲဉာဏ်များပြီး အငြိုးထားတတ်ကြောင်းကို ပြသသည်။ လူသားသည် စာတန်၏ နက်ရှိုင်းစွာ ဖျက်ဆီးခြင်း ခံခဲ့ရသည်။ စာတန်၏ အဆိပ်သည် ခပ်သိမ်းသော လူပုဂ္ဂိုလ်တိုင်း၏ အသွေးထဲ၌ စီးဆင်းနေပြီး လူ၏ သဘာဝက ဖောက်ပြန်ပျက်စီးသည်၊ ကောက်ကျစ်ဆိုးယုတ်သည်၊ ရန်လိုတတ်ပြီး၊ ဘုရားသခင်ကို ဆန့်ကျင်ရာတွင်ရှိကာ စာတန်၏ အတွေးအခေါ်များနှင့် အဆိပ်များဖြင့် ပြည့်ကာ နှစ်မြှုပ်သည်ဟု ဆိုနိုင်ပေသည်။ ယင်းသည် လုံးလုံးလျားလျား စာတန်၏ သဘာဝ အနှစ်သာရ ဖြစ်လာပြီး ဖြစ်သည်။ ထို့ကြောင့်ပင် လူတို့သည် ဘုရားသခင်ကို ခုခံကြပြီး ဆန့်ကျင်ကြခြင်း ဖြစ်သည်။ ဤနည်းဖြင့် ၎င်း၏သဘာဝကို ခွဲခြမ်းစိတ်ဖြာကြည့်၍ရပါက၊ လူသားသည် သူ့ကိုယ်သူ အလွယ်တကူ သိလာနိုင်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ လူ့သဘာဝကို သိရှိရန် နည်းလမ်း) ဘုရားနှုတ်ကပတ်တော်တွေရဲ့ ဖော်ထုတ်မှုကတစ်ဆင့်၊ သမ္မာတရားကို ကျွန်တော် လက်တွေ့လုပ်နိုင်စွမ်း မရှိရတဲ့ ဖြစ်ကြောင်းရင်းမြစ်ကို ရှာတွေ့ခဲ့တယ်။ ကျွန်တော်က စာတန်ရဲ့ ဖောက်ပြန်ပျက်စီးစေတာကို တော်တော်ကြီး ခံခဲ့ရတာပဲ။ ကလေးဘဝတည်းက ကျွန်တော်က ကျောင်းမှာ ပညာသင်ခဲ့တဲ့အပြင် လူ့အဖွဲ့အစည်းရဲ့ ပုံစံသွင်းပေးတာခံခဲ့ရတယ်။ အဲဒါက ကျွန်တော့်ကို “ကိုယ့်အတွက်ပဲ ကိုယ်ကြည့်။ ဘယ်သူသေသေ ငတေမာပြီးရော”၊ “ပြဿနာနည်းလေ ပိုကောင်းလေ” “ပုဂ္ဂိုလ်ရေးအရ မထိခိုက်ပါက အကြောင်းကိစ္စများကို လက်လွှတ်လိုက်ပါ”ဆိုတာနဲ့ “အသိတရားရှိသော လူများသည် မိမိကိုယ်ကို ကာကွယ်ရာတွင် တော်၍ အပြစ်တင်ခံရမှုမှ လွတ်မြောက်ရန်သာ ကြိုးစားသည်”ဆိုသလိုမျိုး စာတန်ရဲ့ အဆိပ်တွေအများကြီး ထည့်ပေးခဲ့တယ်။ ဒီစာတန်ဆန်တဲ့ အဆိပ်တွေအတိုင်း ကျွန်တော် အသက်ရှင်နေခဲ့လို့ ကျွန်တော့်အပေါ် ကိစ္စတွေ ဖြစ်တဲ့အခါ အသင်းတော်ရဲ့ အကျိုးစီးပွားကို စဉ်းစားမဲ့အစား ကျွန်တော့်ကိုယ်ပိုင် အကျိုးစီးပွားကို အမြဲ ကာကွယ်ပြီး၊ ကျွန်တော့် ရှေ့ရေးနဲ့ ကံကြမ္မာကို အရင်ဆုံး စဉ်းစားခဲ့တယ်။ လျူဟွာနဲ့ မင်ရန်တို့က မကောင်းတဲ့လူတွေဆိုတာ၊ အသင်းတော်အလုပ်ကို သူတို့ တားဆီးပြီး ထိခိုက်ပျက်စီးစေတယ်ဆိုတာနဲ့ ညီအစ်ကို မောင်နှမတွေက သူတို့ရဲ့ ဖိနှိပ်မှုကြောင့် ပြောရက်စရာမရှိအောင် ဆင်းရဲဒုက္ခခံခဲ့ကြရတယ်ဆိုတာတွေကို ကျွန်တော် သတိပြုမိခဲ့ပေမဲ့ ကျွန်တော့်ကိုယ်ပိုင် အကျိုးစီးပွားကို ကာကွယ်ဖို့အတွက် အခြေအနေကို ရှောင်ရှားပြီး လျစ်လျူရှုဖို့ ဆုံးဖြတ်ခဲ့တယ်။ အသင်းတော် အလုပ်ကို ကျွန်တော် ကာကွယ်ပေးမနေခဲ့ဘူး။ ညီအစ်ကိုမောင်နှမတွေက ပုံမှန်အသင်းတော်အသက်တာမှာ အသက်ရှင်နေထိုင်နိုင်ဖို့၊ သမ္မာတရားလိုက်စားပြီး ကိုယ့်တာဝန်တွေကို ထမ်းဆောင်နိုင်ဖို့ အန္တိခရစ်တွေ၊ ဆိုးယုတ်တဲ့လူတွေနဲ့ မယုံကြည်သူတွေအားလုံးကို အသင်းတော်က ရှင်းလင်းပစ်ဖို့ဆိုတာ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ပါ။ ဒါပေမဲ့ ကျွန်တော်က ကြောက်တတ်ပြီး သတိထားလွန်းခဲ့တဲ့အပြင် အဲဒီဆိုးယုတ်တဲ့လူတွေက တခြားလူတွေကို ဖိနှိပ်နေပြီး အသင်းတော်အလုပ်ကို နှောင့်ယှက်နေတာ မြင်ပြီးတဲ့နောက်မှာတောင် ကျွန်တော့်ရဲ့ ကိုယ်ပိုင် အကျိုးစီးပွားကို ကာကွယ်လို့ရဖို့အတွက်လေးနဲ့ သူတို့ကို ရဲရဲတင်းတင်း ရင်ဆိုင်ပြီး ဖော်ထုတ်ဖို့ သတ္တိမရှိခဲ့ဘူး။ ဒီဆိုးယုတ်တဲ့လူတွေက အသင်းတော်ကို ဖိနှိပ်ညှဉ်းပန်းနေတုန်းမှာ ကျွန်တော်က စာတန်ဘက်မှာနေပြီး သူတို့ကို ခွင့်လွှတ်ပေးနေခဲ့တာ မဟုတ်လား။ သူတို့ရဲ့ ကြံရာပါအနေနဲ့ ကျွန်တော် ပြုမူနေခဲ့တာ မဟုတ်လား။ ကျွန်တော်က ဘုရားကို အမည်ခံပဲ ယုံကြည်ပြီး သူ့နောက်လိုက်ခဲ့ပေမဲ့ တကယ်တော့ စာတန်ကို ကျွန်တော် ကာကွယ်နေပြီး ဆိုးယုတ်တဲ့ လူတွေဘက်မှာ ရပ်နေခဲ့တာပဲ။ အရေးကြီးတဲ့အချိန်မှာ ကျွန်တော်က အသင်းတော်ကို ကျောခိုင်းပြီး၊ အသင်းတော်ရဲ့ အကျိုးစီးပွားတွေကို အလေးထားမဲ့အစား ကိုယ့်ကိုယ်ကိုယ်ပဲ ကာကွယ်ခဲ့တယ်။ ကျွန်တော် အရမ်းလှည့်ဖြားတတ်ပြီး တစ်ကိုယ်ကောင်းဆန်ခဲ့တာကို သဘောပေါက်လိုက်တယ်။ ဘုရားရဲ့နိုင်ငံတော်က ရိုးသားပြီး တရားမျှတစိတ်ရှိတဲ့သူတွေကို လိုချင်တယ်။ သူတို့ကိုယ်ပိုင် အကျိုးစီးပွားကိုပဲ ကာကွယ်တဲ့ လှည့်ဖြားတတ်တဲ့၊ တစ်ကိုယ်ကောင်းဆန်တဲ့လူတွေက စာတန်နဲ့ဆိုင်ပြီး၊ ဘုရားက သူတို့ကို ကယ်တင်မှာ မဟုတ်ဘူး။

အဲဒီနောက်မှာ၊ ဒီဘုရားနှုတ်ကပတ်တော်အပိုဒ်ကို ကျွန်တော် အမှတ်တမဲ့ ဖတ်ရတယ်။ “အန္တိခရစ်များတွင် အလွန့်အလွန် ရက်စက်သော စိတ်သဘောထားများ ရှိကြသည်။ သင်သည် ၎င်းတို့ကို ပြုပြင်ရန် သို့မဟုတ် ဖော်ထုတ်ရန် ကြိုးစားလျှင် ၎င်းတို့က သင့်ကို မုန်းကြလိမ့်မည်ဖြစ်ပြီး အဆိပ်ပြင်းသော မြွေများဖြစ်သည့်အလား သင့်ကို မညှာမတာ တိုက်ခိုက်လိမ့်မည်။ သင်သည် မည်မျှ ကြိုးစားသည်ဖြစ်စေ ၎င်းတို့ကို လှုပ်ခါနိုင်မည်မဟုတ်၊ သို့မဟုတ် ခါချနိုင်မည် မဟုတ်ပေ။ ထိုသို့သော အန္တိခရစ်များကို သင်တို့ ကြုံရသည့်အခါ ကြောက်ရွံ့မိကြသလော။ လူအချို့သည် အမှန်တကယ် ကြောက်လန့်ကာ ‘သူတို့ကို ကျွန်ုပ် မပြုပြင်ဝံ့ပါ။ သူတို့သည် အဆိပ်ပြင်းသော မြွေများကဲ့သို့ အလွန် ကြမ်းကြုတ်ပြီး ကျွန်ုပ်၏ တစ်ကိုယ်လုံးအနှံ့ သူတို့ ရစ်ပတ်လိုက်လျှင် ကျွန်ုပ် ဇာတ်သိမ်းပြီဖြစ်သည်’ဟု ပြောကြသည်။ ဤသည်တို့မှာ မည်သည့် လူစားမျိုးများ ဖြစ်သနည်း။ ၎င်းတို့သည် ဝိညာဉ်ရင့်ကျက်မှု အလွန် သေးငယ်ကြသည်၊ မည်သည့်အရာအတွက်မျှ မကောင်းကြ၊ ခရစ်တော်၏ စစ်သားကောင်းများ မဟုတ်ကြသကဲ့သို့ ဘုရားသခင်ကိုလည်း သက်သေမခံနိုင်ကြပေ။ ထို့ကြောင့် ထိုသို့သော အန္တိခရစ်များကို သင်တို့ ကြုံသည့်အခါ မည်သည့်အရာကို သင် လုပ်ဆောင်သင့်သနည်း။ ၎င်းတို့က သင့်ကို ခြိမ်းခြောက်လျှင်၊ သို့မဟုတ် သင့်အသက်ကို နုတ်ယူဖို့ ကြိုးစားလျှင် သင် ကြောက်ရွံ့မည်လော။ ထိုသို့သော အခြေအနေများတွင် သင်၏ ညီအစ်ကို မောင်နှမများနှင့် သင် အမြန် ပူးပေါင်းကာ ရပ်တည်ရမည်၊ စုံစမ်းစစ်ဆေးရမည်၊ အထောက်အထား စုဆောင်းရမည်ဖြစ်ပြီး အသင်းတော်မှ အန္တိခရစ်များ ရှင်းလင်းသွားသည်ထိ ၎င်းကို ဖော်ထုတ်ရမည်ဖြစ်သည်။ ဤသည်မှာ ပြဿနာကို အကုန်အစင် ဖြေရှင်းခြင်း ဖြစ်သည်။...ဘုရားသခင် ရွေးချယ်ထားသော လူတို့သည် စိတ်ထဲတွင် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို အမြဲ ထားရှိသင့်သည်။ ဆိုးယုတ်သော လူတို့နှင့် အန္တိခရစ်များကို ဖယ်ရှားခြင်းသည် စာတန်နှင့် စစ်ပွဲတွင် အရေးအကြီးဆုံးသော တိုက်ပွဲဖြစ်သည်။ ဤတိုက်ပွဲကို အောင်မြင်လျှင် အောင်မြင်သောသူ၏ သက်သေခံချက်တစ်ခု ဖြစ်လာလိမ့်မည်။ စာတန်များနှင့် နတ်ဆိုးများကို အသေအလဲရင်ဆိုင်ခြင်းသည် ဘုရားသခင် ရွေးချယ်ထားသော လူတို့၌ ရှိသင့်သည့် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်တစ်ခု ဖြစ်သည်။ ထိုအရာသည် အောင်မြင်သောသူများ ပိုင်ဆိုင်သင့်သည့် သမ္မာတရား စစ်မှန်မှုတစ်ခု ဖြစ်သည်။ ဘုရားသခင်သည် လူတို့အပေါ် အလွန်များသော သမ္မာတရားကို ပေးသနားပြီးဖြစ်သည်၊ သင့်အနေဖြင့် သက်သေခံကာ အသင်းတော်၏ အလုပ်ကို ကာကွယ်ပေးခြင်းတည်းဟူသော ရည်ရွယ်ချက်အတွက် ထိုမျှအချိန်ကြာမြင့်စွာ သင့်ကို ဦးဆောင်လမ်းပြပြီးဖြစ်ကာ သင့်အတွက် အလွန်များစွာ ထောက်ပံ့ပေးပြီးဖြစ်သည်။ ဖြစ်ချင်တော့ ဆိုးယုတ်သော လူများနှင့် အန္တိခရစ်တို့က ဒုစရိုက်အမှုများကို လုပ်ဆောင်ကာ အသင်းတော်အလုပ်ကို အဖျက်အမှောင့်လုပ်သည့်အခါတွင် သင်သည် ကြောက်တတ်လာကာ ဆုတ်ခွာလျက် သင်၏ ခေါင်းပေါ် လက်မြှောက်၍ ထွက်ပြေးသွားလေသည်။ သင်သည် အသုံးမကျသောသူတစ်ဦး ဖြစ်သည်။ သင်သည် စာတန်ကို အောင်မြင်နိုင်ခြင်းမရှိ၊ သင်သည် သက်သေခံခြင်း မရှိသေးသကဲ့သို့ ဘုရားသခင်က သင့်ကို အလွန်မုန်းတီးသည်။ ဤအလွန်အရေးပါသော အခိုက်အတန့်တွင် သင်သည် ထရပ်ကာ စာတန်နှင့် စစ်ဆင်နွှဲရမည်၊ အန္တိခရစ်များ၏ ဒုစရိုက်အမှုများကို ဖော်ထုတ်ရမည်၊ ၎င်းတို့ကို ပုန်းကွယ်ရမည့်နေရာ မပေးဘဲ အသင်းတော်မှ ဖယ်ရှားလျက် ပြစ်တင်ရှုတ်ချကာ ကျိန်ဆဲရမည်ဖြစ်သည်။ ဤအရာကိုသာ စာတန်အပေါ် အောင်နိုင်မှု ရရှိခြင်းနှင့် ၎င်းတို့၏ ကံကြမ္မာကို အဆုံးသတ်ခြင်းအဖြစ် သတ်မှတ်၍ရနိုင်သည်။ သင်သည် ဘုရားသခင်ရွေးချယ်ထားသော လူများထဲမှ တစ်ဦး၊ ဘုရားသခင်၏ နောက်လိုက်တစ်ဦး ဖြစ်သည်။ စိန်ခေါ်မှုများကို သင်ကြောက်ရွံ့၍မရပေ။ သမ္မာတရား စည်းမျဉ်းများအတိုင်း သင် ပြုမူဆောင်ရွက်ရမည်ဖြစ်သည်။ ဤသည်မှာ အောင်မြင်သောသူတစ်ဦးဖြစ်ခြင်း ဟူသည့်အရာ ဖြစ်သည်။ သင်သည် စိန်ခေါ်မှုများကို ကြောက်ရွံ့ပြီး ဆိုးယုတ်သော လူများ သို့မဟုတ် အန္တိခရစ်များထံမှ လက်တုံ့ပြန်ခြင်းကို ကြောက်ရွံ့သောကြောင့် အပေးအယူလုပ်လျှင် သင်သည် ဘုရားသခင်၏ နောက်လိုက်တစ်ဦး မဟုတ်သကဲ့သို့ ဘုရားသခင် ရွေးချယ်ထားသော လူများထဲမှ တစ်ဦးလည်း မဟုတ်ချေ။ သင်သည် အသုံးမကျသူ၊ အစေခံသူများထက်ပင် နိမ့်ကျသူတစ်ဦး ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉ (အပိုင်း ၈)) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်တော့်ကို ယုံကြည်ခြင်းနဲ့ ခွန်အားထည့်ပေးတယ်။ စာတန်ရဲ့ အမှောင် အင်အားစုတွေကို ကြောက်နေတာ ကျွန်တော် ရပ်ရမယ်။ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နေတာ၊ အသုံးမကျဖြစ်နေတာကို ရပ်ရမယ်။ အသင်းတော်မှာရှိတဲ့ ဆိုးယုတ်တဲ့လူတွေကို ဖော်ထုတ်ပြီး အသင်းတော်ရဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့အတွက် ကျွန်တော် ခိုင်ခိုင်မာမာရပ်တည်ဖို့လိုတယ်။ အဲဒါက ကျွန်တော့်တာဝန်နဲ့ ဝတ္တရားပဲ။ ဘုရားနှုတ်ကပတ်တော်တွေက လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းတစ်ခုကိုလည်း ပြခဲ့တယ်။ လူတစ်ယောက်ရဲ့ အာဏာတစ်ခုတည်းက အကန့်အသတ်ရှိတယ်။ ဒါပေမဲ့ အဲဒီဆိုးယုတ်တဲ့လူတွေကို တိုင်ကြား၊ ဖော်ထုတ်ဖို့ တရားမျှတစိတ်ရှိတဲ့ တခြားညီအစ်ကို မောင်နှမတွေနဲ့ ကျွန်တော် အတူပူပေါင်းလို့ရပြီး အဲဒီလိုနဲ့ ကျွန်တော်တို့ရဲ့ အသင်းတော် အသက်တာကို ကာကွယ်နိုင်မှာပဲ။ ညီအစ်ကိုမောင်နှမတွေကို နှောင့်ယှက်နေတဲ့ စာတန်ရဲ့အင်အားစုတွေကို တားဆီးပြီး ဆိုးယုတ်တဲ့လူတွေကို မှန်ကန်တဲ့ပုံစံနဲ့ ကိုင်တွယ်ဖြေရှင်းတာကို သေချာအောင်လုပ်နိုင်မှာပဲ။ ကျွန်တော် ဖိနှိပ်ခံရပြီး အပြစ်ပေးခံရရင်တောင်၊ စာတန်ရဲ့ အင်အားစုတွေကို ကျွန်တော် အလျှော့ပေးမှာ မဟုတ်ဘူး။ အဲဒီနောက်မှာ၊ စာတန်ရဲ့ အမှောင် စွမ်းအား ဘောင်ခတ်တာကို ကျွန်တော် မခံတော့ဘူး။ ပြီးတော့ ကျွန်တော့်ရဲ့ ရှေ့ရေးနဲ့ ကံကြမ္မာကို ကျွန်တော် အလေးမထားတော့ဘူး။ တခြားညီအစ်ကို မောင်နှမတွေနဲ့ ကျွန်တော် အတူပေါင်းပြီး တခြားခေါင်းဆောင်ဆီ မင်ရန်ရဲ့ ပြဿနာတွေကို တိုင်ကြားခဲ့တယ်။ အခြေအနေကို စစ်ဆေးပြီးတဲ့နောက်မှာ၊ အဲဒီခေါင်းဆောင်က မင်ရန်ကို ထုတ်လိုက်တယ်။ နောက်ဆုံးမှာ မင်ရန်က အထုတ်ခံရတာကို မြင်တော့ ကျွန်တော် အရမ်းဝမ်းသာပြီး ဘုရားအပေါ် ကျေးဇူးတင်စိတ်နဲ့ ပြည့်သွားခဲ့တယ်။ အဲဒီနောက်မှာ၊ လျူဟွာနဲ့ မင်ရန်တို့ရဲ့ မကောင်းမှုလုပ်တာအားလုံး ခေါင်းဆောင်က ဆင်ခြင်သုံးသပ်တာကို ကျွန်တော်တို့ ကူညီပေးခဲ့တယ်။ နောက်ပိုင်းမှာ သူတို့နှစ်ယောက်လုံးက ဆိုးယုတ်တဲ့လူတွေအနေနဲ့ သတ်မှတ်ခံရပြီး နှင်ထုတ်ခံခဲ့ရတယ်။ တစ်ချိန်တည်းမှာပဲ ရှားယုက တကယ့် အလုပ်ကို လုပ်ဖို့ ပျက်ကွက်ခဲ့ပြီး အသင်းတော်မှာ ဆိုးယုတ်တဲ့လူတွေက မကောင်းတာတွေ လုပ်ရင်းနဲ့ သောင်းကျန်းတာကို သည်းခံခဲ့လို့ အယောင်ဆောင်ခေါင်းဆောင်ဖြစ်တဲ့အတွက် ထုတ်ပယ်ခံခဲ့ရတယ်။ အဲဒီဆိုးယုတ်တဲ့လူတွေရဲ့ နှောင့်ယှက်တာနဲ့ လွတ်သွားပြီးတော့၊ ကျွန်တော်တို့ရဲ့ အသင်းတော် အသက်တာမှာ အေးချမ်း ဆိတ်ငြိမ်မှု ပြန်ရလာပြီး ညီအစ်ကို မောင်နှမတွေက သူတို့တာဝန်တွေကို ပုံမှန်အတိုင်း ထမ်းဆောင်နိုင်ကြခဲ့တယ်။ အဲဒါပြီးတော့သိပ်မကြာခင်မှာပဲ၊ အသင်းတော်မှာရှိတဲ့ ပရောဂျက်တိုင်းက ရလဒ်တွေ စရလာတယ်။

ဒီအတွေ့အကြုံကနေ၊ အရာအားလုံးက ဘုရားရဲ့ အချုပ်အခြာအာဏာနဲ့ အစီအစဉ်တွေကို နာခံရတယ်ဆိုတာ ကျွန်တော် မြင်လာခဲ့ပြီး ဘုရားရဲ့ဖြောင့်မတ်ခြင်းကိုလည်း မျက်မြင်ကြုံတွေ့ခဲ့ရတယ်။ စာတန်ရဲ့ ဆိုးယုတ်တဲ့ အင်အားစုတွေက ဘုရားအိမ်တော်မှာ ခိုင်မာတဲ့ ခြေကုပ်မရနိုင်ဘူး။ ဖော်ထုတ်ခံရသင့်တဲ့သူတွေက နောက်ဆုံးမှာ အားလုံး ဖော်ထုတ်ခံရပြီး ဖယ်ရှားရှင်းလင်းခံရတယ်။ လျူဟွာကို ကျွန်တော်တို့ တိုင်ကြား၊ ဖော်ထုတ်ခဲ့တုန်းက မင်ရန်က ကျွန်တော်တို့ကို ပိတ်ပင်တားဆီးခဲ့ပုံနဲ့ မင်ရန်ကို မတိုင်ကြားအောင် ရှားယုက ကျွန်တော်တို့ကို ပိတ်ပင်ဖို့ ကြိုးစားခဲ့ပုံတွေကို ပြန်တွေးကြည့်တဲ့အခါ၊ အဲဒီတုန်းက ဘာလို့ အဲဒါကို ဘုရားက ဖြစ်ခွင့်ပေးခဲ့လဲလို့ ကျွန်တော် နားမလည်ခဲ့ပေမဲ့ အခုတော့ လျူဟွာကတစ်ဆင့် ဘုရားက ပိုနက်နက်ရှိုင်းရှိုင်း ဖုံးကွယ်ထားတဲ့ ဆိုးယုတ်တဲ့လူနဲ့ အယောင်ဆောင် ခေါင်းဆောင်ကို တစ်ယောက်ပြီးတစ်ယောက် ဖော်ထုတ်နေခဲ့မှန်း ကျွန်တော် မြင်ရတယ်။ ဒါကနေတစ်ဆင့် ချင့်ချိန်နိုင်စွမ်းကို ကျွန်တော် ရခဲ့ပြီး အဖိုးတန် သင်ခန်းစာတွေ ရခဲ့တယ်။ ဘုရားက တကယ်ကို ဉာဏ်ပညာရှိပါတယ်။ သူတို့ကို ဖော်ထုတ်တဲ့ လုပ်ငန်းစဉ်က အလှည့်အပြောင်းတွေနဲ့ ပြည့်နေပေမဲ့ ဘုရားနှုတ်ကပတ်တော်တွေက ခြေတစ်လှမ်းတိုင်းမှာ ကျွန်တော့်ကို အမြဲလမ်းပြခဲ့ပြီး ဘုရားရဲ့ ဉာဏ်ပညာ၊ အနန္တတန်ခိုးနဲ့ဆိုင်တဲ့ အသိပညာကို ကျွန်တော့်ကို သွတ်သွင်းပေးခဲ့တယ်။ သမ္မာတရားနဲ့ ဖြောင့်မတ်ခြင်းက ဘုရားအိမ်တော်မှာ တကယ် အုပ်စိုးမှန်း ကျွန်တော် မြင်ခဲ့တယ်။ ဒါက ဘုရားအပေါ် ပိုနက်ရှိုင်းတဲ့ ယုံကြည်ချက် ကျွန်တော့်ကို ပေးခဲ့ပြီး ကျွန်တော့်ရဲ့ တစ်ကိုယ်ကောင်းဆန်၊ လှည့်ဖြားတတ်တဲ့ သဘာဝအပေါ် သိနားလည်မှုတစ်ခု ရဖို့ကူညီပေးခဲ့တယ်။ သက်သောင့်သက်သာဖြစ်တဲ့ ပတ်ဝန်းကျင်တစ်ခုမှာ ဒီအရာတစ်ခုမှ ကျွန်တော် လုံးဝ သင်ယူနိုင်ခဲ့မှာ မဟုတ်ဘူး။ ဘုရားရဲ့ ကျေးဇူးတော်ကိုချီးမွမ်းပါတယ်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

မြေငလျင်လှုပ်ပြီးနောက်

ဂျိန်း ဖိလစ်ပိုင်နိုင်ငံ ၂၀၁၉ ဇူလိုင်လမှာ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသော ကာလ အမှုတော်ကို ကျွန်မ လက်ခံခဲ့တယ်။ နောက်ပိုင်းမှာ...

ခရစ်ယာန် ဝိညာဉ်ရေးရာ နိုးကြားမှုတစ်ခု

လင်းဝူ၊ ဂျပန်နိုင်ငံ ကျွန်တော်က ၈၀ ခုနှစ်ဖွား ကလေးတစ်ယောက် ဖြစ်ပြီး၊ သာမာန် လယ်သမား အိမ်ထောင်စုတစ်စုတွင် မွေးဖွားခဲ့သည်။ ကျွန်တော် အစ်ကိုက...

“လူတို့၏ အားနည်းချက်များကို ထုတ်မပြောခြင်း”၏ နောက်တွင် ကွယ်ဝှက်နေသော အရင်းခံအကြောင်းရင်း

အစ်မလီလယ်က တရားဟောဆရာမတစ်ယောက်ဖြစ်ပြီး ကျွန်မတို့ အသင်းတော်အလုပ်ကိုလည်း စစ်ဆေးတယ်။ ကျွန်မတို့က ပုံမှန်အနေနဲ့ တော်တော် ဆက်ဆံရေးအဆင်ပြေပါတယ်။...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။