ကြွားဝါခြင်း၏ အဓိပ္ပာယ်မဲ့မှု
၂၀၂၀ ခုနှစ်ရဲ့ ဇွန်လမှာ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ အမှုတော်ကို ကျွန်တော် လက်ခံခဲ့တယ်။ သမ္မာတရားကို ပိုတောင့်တတဲ့စိတ်နဲ့ ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီး ဧဝံဂေလိ ရုပ်ရှင်တွေကို ကြည့်ရတဲ့ ပျော်ရွှင်မှုမှာ စိတ်နှစ်မြုပ်ထားခဲ့တယ်။ တဖြည်းဖြည်းနဲ့ သမ္မာတရားရဲ့ နက်နဲမှုတွေအများကြီးကို ကျွန်တော် နားလည်လာတယ်။ ကျမ်းစာရဲ့ အတွင်းဇာတ်ကြောင်း၊ လူသားမျိုးနွယ်အပေါ် စာတန်ရဲ့ ဖောက်ပြန်ပျက်စီးစေခြင်းနဲ့ဆိုင်တဲ့ လက်တွေ့အရှိတရား၊ ဘုရားရဲ့ လူ့ဇာတိခံခြင်းနဲ့ အမည်နာမ နက်နဲမှုတွေ၊ နောက်ဆုံးသော ကာလမှာ ဘုရားရဲ့ တရားစီရင်ခြင်း အမှုတော် စတာတွေပေါ့။ ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ ကယ်တင်ခြင်း အမှုတော်က မကြာခင် အဆုံးသတ်တော့မယ်၊ ကပ်ဘေးတွေက စနှင့်နေခဲ့ပြီဖြစ်ပြီး၊ ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ တရားစီရင်ခြင်းကို လက်ခံခြင်းက ကယ်တင်ခံရပြီး ကောင်းကင်နိုင်ငံတော်ထဲကို ဝင်ရောက်ဖို့ တစ်ခုတည်းသော လမ်းကြောင်းဖြစ်တယ်ဆိုတာတွေကိုလည်း သိခဲ့ရတယ်။ ဒီလိုနဲ့ ဘုရားရဲ့ မေတ္တာကို ပြန်ဆပ်ဖို့ ဧဝံဂေလိကို ကျွန်တော် တက်တက်ကြွကြွ ဖြန့်ပြီး ဘုရားကို သက်သေခံခဲ့တယ်။ နောက်ပိုင်းမှာ၊ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို ကျွန်တော် လက်ခံခဲ့ပုံနဲ့ပတ်သက်တဲ့ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ဆောင်းပါးတစ်ပုဒ်ကို ကျွန်တော် ရေးခဲ့တယ်။ ညီအစ်မတစ်ယောက်က ဖတ်ပြီး ဝမ်းသာအားရ ပြောတယ်။ “အစ်ကိုရေ၊ အစ်ကို့မှာ သိပ်ကောင်းတဲ့ သဘောပေါက်နားလည်နိုင်စွမ်းရှိပြီး အရမ်းထိုးထွင်းအမြင်ရှိတာပဲ”တဲ့။ ဒါကို ကြားပြီးတဲ့နောက်မှာ၊ ကျွန်တော့်ရဲ့ အစွမ်းအစက အတော်ကောင်းတာပဲလို့ တွေးပြီး ကျွန်တော့်ကိုယ်ကျွန်တော် နည်းနည်း ကျေနပ်မိတယ်။
နှစ်လသုံးလကြာပြီးတဲ့နောက်မှာ၊ ကျွန်တော်က အဖွဲ့ခေါင်းဆောင်တစ်ယောက်ဖြစ်လာပြီး၊ ညီအစ်ကို မောင်နှမတွေရဲ့ ရေလောင်းအဖွဲ့အတွက် တာဝန်ယူခဲ့တယ်။ စုဝေးပွဲတစ်ခုစီမှာ၊ ကျွန်တော် မိတ်သဟာယပြီးသွားတဲ့အခါ၊ ကျွန်တော်ရဲ့ နားလည်သဘောပေါက်နိုင်စွမ်းက ကောင်းတယ်၊ ကျွန်တော့် မိတ်သဟာယက အရမ်းဉာဏ်အလင်းဖြစ်တယ်၊ ပြီးတော့ ကျွန်တော့် မိတ်သဟာယကို ကြားပြီးတဲ့နောက်မှာ အရင်က သူတို့ မရှင်းခဲ့တဲ့ ကိစ္စတချို့ကို သူတို့ နားလည်သွားတယ်လို့ ညီအစ်ကို မောင်နှမတွေအားလုံးက ပြောကြတယ်။ ကျွန်တော်တွေးမိတယ်။ “ငါက တလောကပဲ ဘုရားသခင်ရဲ့ အမှုတော်ကို လက်ခံခဲ့ပြီး တခြားလူသစ်တွေကို ရေလောင်းပေးနိုင်နေပြီ၊ ပြီးတော့ ညီအစ်ကို မောင်နှမတွေဆီကလည်း ချီးမွမ်းတာ ခံရတယ်။ တခြားလူတွေထက် ငါ ပိုတော်တဲ့ပုံပဲ”လို့ပေါ့။ နောက်ပိုင်းမှာ၊ ပိုများတဲ့ ညီအစ်ကို မောင်နှမတွေက အထင်ကြီးလေးစားပြီး အသိအမှတ်ပြုအောင်လို့၊ အရင်ထက် ကျွန်တော် ပိုပြီးတောင် အလုပ်ကြိုးစားခဲ့တယ်။ စုဝေးပွဲတစ်ခုစီ မတိုင်ခင် ကြိုပြီး ကျွန်တော် ပြင်ဆင်တယ်။ စုဝေးပွဲ အကြောင်းအရာနဲ့ ဆက်စပ်တဲ့ ဘုရားနှုတ်ကပတ်တော်တွေ၊ ရုပ်ရှင်တွေကို ရှာတယ်။ ရုပ်ရှင်တစ်ခုမှာပါတဲ့ မိတ်သဟာယတစ်ခုကနေ သိနားလည်မှု ရတဲ့အခါတိုင်းမှာ၊ ကျွန်တော် ချရေးပြီး အဲဒီအကြောင်းကို စုဝေးပွဲတွေမှာ မိတ်သဟာယပြုတယ်။ ကျွန်တော့် ဘာသာတွေးမိတယ်။ “ညီအစ်ကို မောင်နှမတွေက ငါ့ မိတ်သဟာယတွေကနေ အကျိုးပိုရရင်၊ ငါကို သူတို့ ပိုပြီး သေချာပေါက် လေးစား၊ အထင်ကြီးကြမှာပဲ”လို့ပေါ့။ မကြာခင်မှာ၊ ညီအစ်ကို မောင်နှမတွေက ကျွန်တော့်ကို အသင်းတော် ခေါင်းဆောင်အနေနဲ့ ရွေးကြတယ်။ ကျွန်တော့်ကိုယ်ကျွန်တော် စဉ်းစားမိတာက၊ “ငါ တကယ်ပဲ တခြားလူတွေထက် ပိုတော်ပါလား။ တခြားဘာကြောင့်များ အားလုံးက ငါ့ကို ရွေးမှာလဲ”လို့ပေါ့။ ကျွန်တော့်ကိုယ်ကျွန်တော်လည်း တကယ် လေးစားမိတယ်။ နောက်ပိုင်းမှာ တချို့ညီအစ်ကို မောင်နှမတွေက ကျွန်တော့်ကို မနာလိုဖြစ်ကြလို့ အပျက်သဘောဆောင်လာကြတယ်လို့ သူတို့ဆီကနေ ကြားရတယ်။ ဒါကို ကြားတော့ ကျွန်တော် စိတ်မကောင်းမဖြစ်ရုံမက၊ အရမ်းပျော်ခဲ့တယ်။ ဘာလို့လဲဆိုတော့ အဲဒါက ကျွန်တော့်ရဲ့ သဘောပေါက်နားလည်နိုင်စွမ်းက တကယ်ကို အရမ်းကောင်းတယ်ဆိုတာ ပြလို့ပေါ့။ တစ်ခါတုန်းက ကျွန်တော် ရေလောင်းခဲ့တဲ့ လူသစ်တွေက ကျွန်တော် ဘာတာဝန်လုပ်နေတယ်ဆိုတာကို မေးကြတဲ့အခါ၊ “ကျွန်တော် အခု အသင်းတော် ခေါင်းဆောင်တစ်ယောက် ဖြစ်နေပြီ”လို့ ဂုဏ်ယူဝင့်ကြွားစွာနဲ့ ပြောခဲ့တယ်။ ကျွန်တော်က သာမန် အဖွဲ့ခေါင်းဆောင် သက်သက် မဟုတ်တော့ဘူး၊ ပြီးတော့ သူတို့အနေနဲ့ ကျွန်တော့်ကို သာမန် ညီအစ်ကိုတစ်ယောက်လို မဆက်ဆံသင့်ဘူးလို့ သိစေချင်ခဲ့တယ်။ အသင်းတော် ခေါင်းဆောင်တစ်ယောက် ဖြစ်တဲ့အချိန်မှာ၊ အရင်ထက် ကျွန်တော် ပိုပြီး အလုပ်များခဲ့တယ်။ နေ့တိုင်း၊ ကျွန်တော့်ကိုယ်ကျွန်တော် ပြင်ဆင်ဖို့ ဘုရားနှုတ်ကပတ်တော် အများကြီး ဖတ်ပြီး ဧဝံဂေလိ ရုပ်ရှင်တွေ ကြည့်တယ်။ စုဝေးပွဲတွေနဲ့ လူသစ်တွေဆီက မေးခွန်းတွေကို ဖြေရတာတွေကြောင့်၊ ကျွန်တော် ခဏခဏပဲ အချိန်မီမစားနိုင်ဘူး၊ အနားမယူနိုင်ဘူး။ ကျွန်တော့် စိတ်နှလုံးထဲမှာ နည်းနည်း ညည်းမိပေမဲ့၊ ကျွန်တော့် တာဝန်ဖြစ်တာကို သိနေတော့၊ ကျွန်တော် ဆက်ပြီးသာ လုပ်နေတုန်းပါပဲ။ စုဝေးပွဲတွေမှာ၊ ကျွန်တော် ဆင်းရဲဒုက္ခခံစားပြီး သမ္မာတရားနဲ့ ကိုယ့်ကိုယ်ကို ပြင်ဆင်ခဲ့ပုံ၊ ပြီးတော့ ဘုရားအတွက် ကိုယ့်ကိုယ်ကို အသုံးခံခဲ့ပုံတွေနဲ့ပတ်သက်လို့ ညီအစ်ကို မောင်နှမတွေနဲ့ ကျွန်တော် မကြာခဏ မိတ်သဟာယပြုခဲ့တယ်။ နေ့တိုင်း ကျွန်တော့်တာဝန်ကို လုပ်ရင်းနဲ့ အလုပ်များရတာ၊ မကြာမကြာ အချိန်မီ မစားနိုင်ခဲ့ပုံ၊ စတာတွေကို ကျွန်တော် ပြောတယ်။ ဒါပေမဲ့ ကျွန်တော် ညည်းညူခဲ့တာတွေကို လုံးဝ မပြောခဲ့ဘူး။ ဒါတွေအားလုံးကို ကြားပြီးတဲ့နောက်မှာ၊ ညီအစ်ကို မောင်နှမတွေက ကျွန်တော့်ကို တကယ် လေးစားကြတယ်။ ကျွန်တော့်တာဝန်မှာ ဝန်ထုပ်ဝန်ပိုးထမ်းရွက်တဲ့အတွက်နဲ့ သူတို့ မလုပ်ခဲ့တဲ့ အရာတွေကို စွမ်းဆောင်ခဲ့တဲ့အတွက် သူတို့ ကျွန်တော့်ကို ချီးမွမ်းကြပြီး ကျွန်တော့်ဆီကနေ သင်ယူချင်တဲ့ ဆန္ဒကို ပြကြတယ်။ ဒါကို ကြားတေော့ ကျွန်တော် အရမ်းဝမ်းသာတယ်။ နောက်ပိုင်း၊ စုဝေးပွဲတွေမှာ ကျွန်တာ် အဲဒီအတိုင်း အမြဲ မိတ်သဟာယပြုခဲ့တယ်။ ဆင်းရဲဒုက္ခကို ကျွန်တော် မကိုင်တွယ်နိုင်ဘူးလို့ ညီအစ်ကို မောင်နှမတွေကို မထင်စေချင်ခဲ့ဘူး။ သူတို့ အဲဒီလိုသာ ခံစားရင်၊ ဘယ်သူကမှ ကျွန်တော့်ကို အထင်ကြီးတော့မှာ မဟုတ်ဘူးလေ။ တဖြည်းဖြည်းနဲ့ ညီအစ်ကို မောင်နှမတွေက ကျွန်တော်အပေါ် မှီခိုလာကြပြီး၊ သူတို့တာဝန်တွေမှာ ဘာအခက်အခဲ၊ ပြဿနာတွေပဲ သူတို့ ကြုံရပါစေ ဘုရားအပေါ် အားကိုးပြီး သမ္မာတရားကို ရှာတာ မရှိသလောက်ပဲ။ ဒီအစား ကျွန်တော့်အကူအညီကိုပဲ ပိုယူချင်ကြတယ်။
တစ်ခါ၊ ကျွန်တော်က ကျွန်တော့်ကွန်ပြူတာနဲ့ ဖုန်းကို အချိန်အတော်ကြာ ကြည့်နေခဲ့လို့ ကျွန်တော့် မျက်လုံးတွေ နီလာတယ်၊ ယားပြီး နာတယ်၊ ကျွန်တော့် အမြင်အာရုံက အမြန်ကို ဆိုးလာပြီး ရှင်းရှင်းလင်းလင်း မမြင်နိုင်ဘူး။ ဒီလက္ခဏာတွေက တော်တော် ဆိုးတာဖြစ်ပြီး ချက်ချင်း ကုသမှုမခံယူရင်၊ မျက်လုံးကန်းသွားနိုင်စရာရှိတယ်လို့ တစ်ယောက်က ကျွန်တော့်ကို ပြောတယ်။ အဲဒီတုန်းက ကျွန်တော အရမ်းလန့်သွားတာ။ အတော့်ကို အပျက်သဘောဆောင်ပြီး ညည်းမိခဲ့တယ်။ “ငါ့တာဝန်မှာ ငါ အရမ်းအလုပ်ကြိုးစားတာလေ။ ဘာလို့ ဒီရောဂါကို ရနေသေးတာလဲ”လို့ တွေးပြီးပေါ့။ ကျွန်တော့်မျက်စိရောဂါကြောင့် ကျွန်တော့်တာဝန်လည်း ထိခိုက်ခဲ့တယ်။ နောက်ပိုင်းမှာ တစ်ယောက်က အိမ်မှာလုပ်တဲ့ဆေးတစ်ခုကို ပြောပြပြီး ကျွန်တော့် အမြင်အာရုံက နောက်ဆုံးမှာ တိုးတက်ကောင်းမွန်လာခဲ့တယ်။ ဒါပေမဲ့ စုဝေးပွဲတွေမှာ ကျွန်တော့်ရဲ့ ကောင်းတဲ့ဘက်ခြမ်းကိုပဲ ကျွန်တော် ပြောတယ်။ ကျွန်တော့်တာဝန် ဘယ်လိုပဲ အလုပ်များပါစေ၊ ကျွန်တော့် မျက်စိရောဂါက ဘယ်လောက်ဆင်းရဲဒုက္ခဖြစ်ပါစေ၊ ကျွန်တော့်တာဝန်ကို ကျွန်တော် မစွန့်ခဲ့ဘူးဆိုတာကို အလေးထားပြောခဲ့တယ်။ ဒါက ဘုရားဆီကနေ စမ်းသပ်မှုတစ်ခုဖြစ်ပြီး ကျွန်တော့် သက်သေခံချက်မှာ ကျွန်တော် ခိုင်ခိုင်မာမာ ရပ်တည်ရမယ်လို့တောင် ပြောခဲ့တယ်။ ဒါပေမဲ့ ကျွန်တော့် အားနည်းချက်တွေ၊ စိုးရိမ်မှုတွေ၊ အကြောက်တရားတွေ၊ ဘုရားအပေါ် ကျွန်တော့်ရဲ့ အထင်လွဲမှုတွေ၊ မကျေနပ်မှုတွေနဲ့ ပတ်သက်လာတဲ့အခါ ကျွန်တော့်မှာလည်း အားနည်းချက်တွေ ရှိတယ်ဆိုတာကို ညီအစ်ကို မောင်နှမတွေကို မသိစေချင်လို့ စကားတစ်ခွန်းမှ မပြောခဲ့ဘူး။ ကျွန်တော့် မိတ်သဟာယကို ကြားပြီးတဲ့နောက်မှာ၊ ညီအစ်ကို မောင်နှမတွေအားလုံးက ကျွန်တော့်အတွေ့အကြုံ အရမ်းကောင်းတယ်လို့ ပြောပြီး ကျွန်တော့်ကို လေးစားအထင်ကြီးကြတယ်။ တချို့ ညီအစ်ကို မောင်နှမတွေကလည်း ပြောကြတယ်။ “ဒီညီအစ်ကိုက တကယ်ကို ဝိညာဉ်ရင့်ကျက်မှု ရှိတယ်။ အဲဒီလို အကြီးစား ရောဂါနဲ့ ရင်ဆိုင်ရပေမဲ့ သူက အပျက်သဘောမဆောင်သလို သူ့တာဝန်ကို ဆက်လုပ်နိုင်သေးတယ်။ ငါသာဆိုရင်၊ အဲဒီအတိုင်း လုပ်နိုင်မှာ မဟုတ်ဘူး”တဲ့။ ဒီစကားတွေကို ကြားပြီးတဲ့နောက်မှာ ကျွန်တော် အရမ်းကို ပျော်သွားပြီး၊ “ငါက ငယ်ပြီး လူသစ်ဖြစ်နေသေးပေမဲ့၊ ငါ့ရဲ့ အစွမ်းအစက တခြား ညီအစ်ကို မောင်နှမတွေထက် ပိုကောင်းပြီး သူတို့ထက် သမ္မာတရားကို ငါ ပိုပြီး ဝီရိယရှိရှိ လိုက်စားတယ်”လို့ မတွေးဘဲနေနိုင်ခဲ့ဘူး။ ဒါပေမဲ့ အဲဒီစုဝေးပွဲပြီးတဲ့နောက်မှာ၊ ကျွန်တော့်မှာ ထူးဆန်းပြီး နားလည်ရခက်တဲ့ ကြောက်လန့်တဲ့ ခံစားချက်တစ်ခု ရှိခဲ့တယ်။ အဲဒါက ကလေးတစ်ယောက်အနေနဲ့ အမှားတစ်ခုခုကို လုပ်မိပြီး ကျွန်တော့် မိဘတွေရဲ့ ဆုံးမတာကို ခံရမှာကို သိခဲ့သလိုမျိုးပဲ။ ဘာကိုမှ ကျွန်တော် မစားနိုင်သလို အရမ်း မသက်မသာခံစားရတယ်။ “စုဝေးပွဲမှာ ငါ ပေးခဲ့တဲ့ မိတ်သဟာယက မသင့်တော်တာများလား”လို့ တွေးရင်းနဲ့ ကျွန်တော် ကိုယ့်ကိုယ်ကို မသုံးသပ်မဆင်ခြင်ဘဲမနေနိုင်ခဲ့ဘူး။ စုဝေးပွဲမှာ ကျွန်တော့်ရဲ့ သရုပ်အမှန်ကို မိတ်သဟာယမပြုခဲ့ပုံနဲ့ ကျွန်တော့် အားနည်းချက်တွေကို ကျွန်တော် ဖုံးကွယ်ခဲ့ပုံတွေကို စဉ်းစားမိတဲ့အခါ၊ ကျွန်တော့် ရည်ရွယ်ချက်က မမှန်ခဲ့တာကို သဘောပေါက်ပြီး ကိုယ့်ကိုယ်ကို အပြစ်တင်တဲ့စိတ် အရမ်းခံစားရတယ်။
နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်တော် ဖတ်ခဲ့တယ်။ “ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံခြင်း၊ မိမိတို့ကိုယ်ကို ဝါကြွားခြင်း၊ လူအများ အထင်ကြီးပြီး ကိုးကွယ်အောင် ကြိုးစားခြင်းဟူသည့် ဤအရာတို့ကို ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်က လုပ်ဆောင်နိုင်စွမ်းရှိကြသည်။ ဤသည်မှာ လူများသည် ၎င်းတို့၏ စာတန်ဆန်သော သဘာဝများ၏အုပ်စိုးခြင်းကို ခံရသောအခါ အလိုအလျောက် တုံ့ပြန်ကြသည့် ပုံစံဖြစ်ပြီး ယင်းက ဖောက်ပြန်ပျက်စီးသည့် လူသားမျိုးနွယ် တစ်ရပ်လုံးအဖို့ ဖြစ်လေ့ရှိသည်။ လူများသည် ပုံမှန်အားဖြင့် မည်သို့ ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံကြသနည်း။ ၎င်းတို့သည် လူအများအား ၎င်းတို့ကို အထင်ကြီးပြီး ကိုးကွယ်စေရန် လုပ်ဆောင်ဖို့ဖြစ်သည့် ထိုရည်မှန်းချက်ကို မည်သို့စွမ်းဆောင်ရရှိသနည်း။ ၎င်းတို့သည် အလုပ်မည်မျှ လုပ်ဆောင်ပြီးဖြစ်ကြောင်း၊ ၎င်းတို့ မည်မျှဒုက္ခခံစားပြီး ဖြစ်ကြောင်း၊ ၎င်းတို့သည် မိမိတို့ကိုယ်ကို မည်မျှ အသုံးခံပြီး ဖြစ်ကြောင်းနှင့်၊ မည်သည့်အဖိုးအခကို ပေးဆပ်ပြီး ဖြစ်ကြောင်းတို့ကို သက်သေခံကြသည်။ ၎င်းတို့သည် သူတို့၏ အရည်အသွေးကောင်းအကြောင်း ပြောခြင်းဖြင့် ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးကြကာ ယင်းက လူတို့၏ စိတ်ထဲတွင် ၎င်းတို့ကို ပို၍မြင့်မားသော၊ ပို၍ခိုင်မာသော၊ ပို၍လုံခြုံသော နေရာကို ပေးလေသည်။ ဤသို့ဖြင့် ပိုများသော လူတို့က ၎င်းတို့ကို အသိအမှတ်ပြုရန်၊ အထင်ကြီးရန်၊ လေးစားရန်အပြင် ကိုးပင်ကိုးကွယ်ရန်၊ မျှော်ကိုးရန်နှင့် နောက်လိုက်ရန် ဖြစ်လေသည်။ လူတို့သည် ဤဦးတည်ချက်ကို ရရှိရန် လူတို့သည် အပေါ်ယံတွင် ဘုရားသခင်ကို သက်သေခံသည့်အရာများစွာကို လုပ်ဆောင်ကြသော်လည်း အခြေခံအားဖြင့် ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံကြသည်။ ထိုနည်းအားဖြင့် ပြုမူဆောင်ရွက်ခြင်းသည် ကျိုးကြောင်းဆီလျော်သလော။ ၎င်းတို့သည် ဆင်ခြင်တုံတရားနယ်ပယ်ကို ကျော်လွန်သွားကြပြီး အရှက်မရှိကြ၊ ဆိုလိုသည်မှာ ၎င်းတို့သည် ဘုရားသခင်အတွက် ၎င်းတို့ လုပ်ဆောင်သည့်အရာနှင့် သူ့အတွက် ၎င်းတို့မည်မျှ ဒုက္ခခံစားပြီး ဖြစ်သည်တို့ကို မရှက်မကြောက် သက်သေခံကြသည်။ ၎င်းတို့သည် ၎င်းတို့၏ဆုကျေးဇူးများ၊ ပင်ကိုစွမ်းရည်၊ အတွေ့အကြုံ အထူးကျွမ်းကျင်မှုများ၊ လောကီဆိုင်ရာ ဆက်ဆံမှုများအတွက် ၎င်းတို့၏ပါးနပ်သော နည်းစနစ်များ၊ လူများကို လှည့်စားဖို့ ၎င်းတို့အသုံးပြုသည့် နည်းလမ်းများ စသည်တို့ကိုပင် ကြွားလုံးထုတ်သည်။ ၎င်းတို့၏ ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံခြင်း နည်းစနစ်သည် မိမိတို့ကိုယ်ကို မာန်မာနထုတ်လျက် ဝင့်ဝါပြပြီး အခြားသူများကို သေးသိမ်စေဖို့ ဖြစ်သည်။ ၎င်းတို့သည် မိမိတို့၏ ဉာဏ်ထက်မြက်ခြင်းများကိုသာ အစဉ် မြင်တွေ့ဖို့အလို့ငှာ ၎င်းတို့၏ ပျော့ကွက်များ၊ အားနည်းချက်များ၊ ချို့ယွင်းချက်များကို လူများမသိစေဖို့ ဖုံးကွယ်လျက်၊ မိမိတို့ကိုယ်ကို ပုံဖျက်ဖုံးကွယ်ပြီး ပြရုပ်တင်ကြသည်။ ၎င်းတို့က အပျက်သဘောဆောင်ခြင်းကို ခံစားရသည့်အခါ အခြားလူများကိုပင် မပြောဝံ့ပေ။ ၎င်းတို့က သူတို့ကို ရင်ဖွင့်ပြီး မိတ်သဟာယပြုဖို့ သတ္တိမရှိကြပေ။ ပြီးလျှင် ၎င်းတို့ တစ်စုံတစ်ခု အမှားပြုလုပ်သည့်အခါ၊ ယင်းကို ဖုံးထားဖို့နှင့် ထိမ်ချန်ကွယ်ဝှက်ထားဖို့ အစွမ်းကုန် ကြိုးစားကြသည်။ ၎င်းတို့၏တာဝန်ကို ထမ်းဆောင်သည့် ကာလတွင် ၎င်းတို့ကြောင့် အသင်းတော်၏ အလုပ်အပေါ် ဖြစ်ပေါ်စေခဲ့သည့် ထိခိုက်နစ်နာမှုကို ၎င်းတို့ မည်သည့်အခါမျှ မပြောပြပေ။ ၎င်းတို့က အသေးစား ဖြည့်ဆည်းမှုအချို့ကို ပြုလုပ်ပြီးသည့်အခါ သို့မဟုတ် အောင်မြင်မှုလေးအချို့ စွမ်းဆောင်ရရှိပြီးသည့်အခါ ယင်းကို အလျင်အမြန် ကြွားဝါကြသည်။ ၎င်းတို့သည် မည်မျှစွမ်းဆောင်နိုင်သည်၊ ၎င်းတို့၏အစွမ်းအစ မည်မျှမြင့်မားသည်၊ ၎င်းတို့သည် မည်မျှထူးခြားသည်၊ ပြီးလျှင် ၎င်းတို့သည် သာမန်လူများထက် မည်မျှတော်သည်တို့ကို တစ်ကမ္ဘာလုံးကို အသိပေးဖို့ မစောင့်နိုင်ကြပေ။ ဤသည်မှာ ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံခြင်း နည်းလမ်းတစ်ခု မဟုတ်သလော။” (နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၄- ၎င်းတို့သည် ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံကြသည်) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက်မှာ၊ ဘုရားရဲ့ သန့်ရှင်းခြင်းနဲ့ ဖြောင့်မတ်ခြင်းကို ခံစားခဲ့ရတယ်။ ဘုရားက အရာရာကို စေ့စေ့ကြည့်ရှုစစ်ဆေးပြီး ကျွန်တော့်ထဲမှာ ကွယ်ဝှက်ထားသမျှကို ဖော်ထုတ်တယ်။ လူတွေမှာ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေရှိတာကို ဘုရားက ဖော်ထုတ်တယ်။ သူတို့တာဝန်တွေကို လုပ်တဲ့အချိန်မှာ၊ ဒါမှမဟုတ် ဘယ်အရာကိုမဆိုလုပ်တဲ့အချိန်မှာ သူတို့က သူတို့ကိုယ်သူတို့ အလိုလို ချီးမြှောက်ပြီး ကြွားဝါကြတယ်။ တခြားလူတွေရဲ့ စိတ်နှလုံးတွေမှာ သူတို့ရဲ့ အဆင့်အတန်းနဲ့ ပုံရိပ်တွေကို ခိုင်မာစေဖို့နဲ့ တခြားလူတွေရဲ့ အထင်ကြီးတာ၊ ကိုးကွယ်တာကို ရဖို့အတွက်ဆိုတဲ့ ရည်မှန်းချက်နဲ့ပေါ့။ ဒါတွေအားလုံးကို သူတို့ရဲ့ ဖောက်ပြန်ပျက်စီးပြီး စာတန်ဆန်တဲ့ သဘာဝရဲ့ ထိန်းချုပ်မှုအောက်မှာ လုပ်ကြတယ်။ ကျွန်တော် သဘောပေါက်လိုက်တယ်။ ကျွန်တော့်တာဝန်မှာ ဆင်းရဲဒုက္ခကို ကျွန်တော် ဘယ်လောက် သည်းညည်းခံခဲ့ရတယ်ဆိုတာကို ညီအစ်ကို မောင်နှမတွေရှေ့မှာ ကျွန်တော် အမြဲပြောတယ်။ ကျွန်တော်က ဆင်းရဲဒုက္ခခံနိုင်ပြီး အဖိုးအခပေးနိုင်တယ်၊ ဘုရားကို သစ္စာစောင့်သိတယ်ဆိုတာကို လူတိုင်းကို ပြဖို့ ရည်မှန်းပြီးတော့ပေါ့။ လူတိုင်းရဲ့ ချီးမွမ်း၊ လေးစားတာကို ရဖို့အတွက် ဒါကို အသုံးပြုနေခဲ့တာ။ နေမကောင်းဖြစ်နေတုန်းမှာ ဘုရားကို မှီခိုအားကိုးပြီး ကျွန်တော့်သက်သေခံချက်မှာ ကျွန်တော် ခိုင်ခိုင်မာမာ ရပ်တည်ပုံကို မျှဝေပြီး ကျွန်တော့် ဝိညာဉ်ရင့်ကျက်မှုက တခြားလူတွေထက် ပိုကြီးတယ်ဆိုတာကို အားလုံးရှေ့မှာ ကြွားလုံးထုတ်ချင်ပြီးတော့ ကျွန်တော့်ရဲ့ ကောင်းတဲ့ဘက်ခြမ်းကိုပဲ စုဝေးပွဲတွေမှာ ပြောခဲ့တယ်။ ဒါပေမဲ့ ကျွန်တော် ရောဂါဖြစ်တဲ့အချိန်မှာ ထုတ်ဖော်ပြခဲ့တဲ့ ဖောက်ပြန်ပျက်စီးခြင်းနဲ့ အားနည်းချက်တွေနဲ့ ပတ်သက်လာတဲ့အခါ၊ ညီအစ်ကို မောင်နှမတွေက ကျွန်တော့်ရဲ့ ဝိညာဉ်ရင့်ကျက်မှုအမှန်ကို သိသွားရင်၊ ကျွန်တော့်ကို အထင်မကြီးတော့မှာ၊ မကိုးကွယ်ကြတော့မှာကို ကြောက်ပြီးတော့ ကျွန်တော် ဆက်ပြီးနှုတ်ပိတ်နေခဲ့တယ်။ ကျွန်တော့်ကိုယ်ကျွန်တော် အမြဲ ချီးမြှောက်ပြီး ကြွားခဲ့လို့၊ ညီအစ်ကို မောင်နှမတွေက ဆုတောင်းပြီး ဘုရားကို မှီခိုအားကိုဖို့ စဉ်းစားမဲ့အစား၊ သူတို့ပြဿနာတွေ၊ အခက်အခဲတွေနဲ့ ကျွန်တော့်ဆီ ခဏခဏလာကြတယ်။ ကျွန်တော် တကယ်ပဲ ဘုရားကို ယုံကြည်ပြီး ကိုယ့်တာဝန်ကို လုပ်နေခဲ့တာလား။ လူတွေကို ကျွန်တော် အထင်မှားစေပြီး ထောင်ဖမ်းနေခဲ့တာ မဟုတ်လား။ ညီအစ်ကို မောင်နှမတွေက ကျွန်တော့်ကို ခေါင်းဆောင်အနေနဲ့ ရွေးခဲ့ကြပေမဲ့၊ ဘုရားကို ကျွန်တော် မချီးမြောက်ခဲ့သလို သက်သေလည်းမခံခဲ့တဲ့အပြင် သူတို့ကို ဘုရားရှေ့ မခေါ်လာခဲ့ဘူး။ အဲဒီအစား ကျွန်တော့်ကို ကိုးကွယ်ပြီး မှီခိုအားကိုးစေခဲ့တယ်။ ကျွန်တော် တကယ်ကို စက်ဆုပ်စရာနဲ့ ရှက်စရာဖြစ်ခဲ့တယ်။ ဘုရားက ကျွန်တော့်ကို တကယ် စက်ဆုပ်ခဲ့မှာပဲ။
အဲဒီအချိန်မှာ အရင်က ဖတ်ခဲ့တဲ့ ဒီဘုရားနှုတ်ကပတ်တော်တွေကို ကျွန်တော် တွေးမိတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “လူအချို့သည် ပေါလုကို အထူးသဖြင့် ပုဂ္ဂိုလ်ရေးကိုးကွယ်ကြသည်။ ၎င်းတို့သည် အပြင်ထွက်၍ ဟောပြောခြင်းနှင့် အမှုပြုခြင်းကို နှစ်သက်ကြသည်။ ၎င်းတို့သည် စုဝေးပွဲများ တက်ရောက်ပြီး တရားဟောရခြင်းကို နှစ်သက်ကြသည်။ ထို့အပြင် သူတို့သည် သူတို့စကား လူတို့နားထောင်အောင်၊ သူတို့ကို လူတို့ကိုးကွယ်ပြီး ဗဟိုပြုနေအောင် လုပ်ရခြင်းတို့ကို နှစ်သက်ကြသည်။ သူတို့သည် အခြားသူများ၏ စိတ်နှလုံးထဲ၌ နေရာတစ်ခု ရလိုကြပြီး အခြားသူများက သူတို့ ပြသသည့် ပုံရိပ်ကို တန်ဖိုးထားရှိသည့်အခါ သဘောကျကြသည်။ ဤအပြုအမူများမှတစ်ဆင့် သူတို့၏ သဘာဝဗီဇများကို စိစစ်ကြပါစို့။ ၎င်းတို့၏ သဘာဝမှာ အဘယ်နည်း။ အကယ်၍ ထိုသူတို့သည် ဤကဲ့သို့ အမှန်တကယ် ပြုမူပါက သူတို့သည် မောက်မာ၍ ထောင်လွှားသော သူများဖြစ်ကြောင်း ပြသရန် လုံလောက်၏။ သူတို့သည် ဘုရားသခင်ကို လုံးဝ မကိုးကွယ်ပေ။ ပိုမြင့်မားသော ရာထူးဂုဏ်ဒြပ်ကို သူရှာဖွေပြီး၊ အခြားသူများအပေါ် သြဇာအာဏာ ရှိလိုကာ ထိုသူများကို ပိုင်ဆိုင်လိုပြီး ၎င်းတို့၏ စိတ်နှလုံးထဲ၌ နေရာတစ်ခု ရလိုသည်။ ဤသည်မှာ စာတန်၏ စံနမူနာ ပုံရိပ်ပင် ဖြစ်သည်။ ပိုမိုပေါ်လွင်နေသည့် ၎င်းတို့ သဘာဝဗီဇ၏ လက္ခဏာသွင်ပြင်များမှာ မောက်မာမှုနှင့် စိတ်ကြီးဝင်ခြင်းဖြစ်ပြီး၊ ဘုရားသခင်ကို ကိုးကွယ်ရန် မလိုလားမှုနှင့် အခြားသူများ၏ ကိုးကွယ်ခြင်းကို ခံလိုမှုတို့ ဖြစ်သည်။ ထိုသို့သော အပြုအမူများသည် ၎င်းတို့၏ သဘာဝဗီဇထဲသို့ အလွန်ရှင်းလင်းသော အမြင်ကို သင့်အား ပေးနိုင်ပေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ လူ့သဘာဝကို သိရှိရန် နည်းလမ်း) “သင်၏စိတ်နှလုံးထဲတွင် သင်သည် သမ္မာတရားကို အမှန်တကယ် နားလည်ပါက၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ကာ ဘုရားသခင်ကို ကျိုးနွံနာခံဖို့ နည်းလမ်းအား သင်သိလိမ့်မည် ဖြစ်ပြီး သမ္မာတရား လိုက်စားခြင်း လမ်းကြောင်းပေါ်ကို သင် အလိုအလျောက် စတင်လိမ့်မည် ဖြစ်သည်။ သင်လျှောက်သည့် လမ်းကြောင်းသည် မှန်ကန်သည့် လမ်းကြောင်းဖြစ်ပြီး ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် ကိုက်ညီပါက၊ သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်သည် သင့်ကို စွန့်ခွာလိမ့်မည် မဟုတ်ချေ။ ထိုအခြေအနေတွင် ဘုရားသခင်အား သင် သစ္စာဖောက်ဖို့အလားအလာ နည်းသည်ထက် နည်းလာပေလိမ့်မည်။ သမ္မာတရားမရှိပါက မကောင်းမှုပြုရန် လွယ်ကူပြီး မရည်ရွယ်ဘဲ ယင်းကို သင်လုပ်မိလိမ့်မည် ဖြစ်သည်။ ဥပမာ၊ သင့်တွင် မာနထောင်လွှားပြီး စိတ်ကြီးဝင်သော စိတ်သဘောထားတစ်ခုရှိလျှင် ဘုရားသခင်ကို မဆန့်ကျင်ရန် ပြောဆိုခံရခြင်းသည် ထူးခြားမှုမရှိပေ။ သင်သည် ကိုယ့်ကိုယ်ကိုယ် မထိန်းနိုင်ပေ။ သင်ထိန်းချုပ်နိုင်သည်ထက် ကျော်လွန်သည်။ သင်သည် ရည်ရွယ်ချက်ရှိရှိဖြင့် လုပ်ဆောင်မည်မဟုတ်ပေ။ သင်၏ မောက်မာပြီး ထောင်လွှားသော သဘာဝဗီဇ၏ အုပ်စိုးမှုအောက်၌ သင် ထိုသို့ပြုလိမ့်မည်။ သင်၏ မာနထောင်လွှားခြင်းနှင့် စိတ်ကြီးဝင်ခြင်းတို့သည် သင့်ကို ဘုရားသခင်အား အထင်အမြင်သေးစေမည်ဖြစ်ပြီး သူ့အား အရေးမပါသောသူအဖြစ် မြင်စေမည်ဖြစ်သည်။ ထိုအရာတို့သည် သင့်ကိုယ်သင် ချီးမြှောက်အောင် လုပ်လိမ့်မည်ဖြစ်ပြီး သင့်ကိုယ်သင် အစဉ်တစိုက် ပြစားဝင့်ဝါအောင် လုပ်လိမ့်မည် ဖြစ်သည်။ ယင်းတို့က သင့်အား အခြားသူများကို အထင်အမြင်သေးစေမည်၊ သင့်စိတ်နှလုံးထဲတွင် သင်ကိုယ်တိုင်မှလွဲ၍ အခြားမည်သူကိုမျှ ထားမည် မဟုတ်ချေ။ ယင်းတို့က သင်၏ စိတ်နှလုံးထဲမှ ဘုရားသခင်၏နေရာကို လုယူလိမ့်မည်။ ပြီးလျှင် နောက်ဆုံးတွင် သင့်အား ဘုရားသခင်၏နေရာတွင် ထိုင်ဖို့ဖြစ်စေပြီး သင့်ကိုယ်ပိုင်အတွေးများ၊ အကြံဉာဏ်များနှင့် အယူအဆများကို သမ္မာတရားအဖြစ် ကြည်ညိုလေးစားစေလျက်၊ သင့်ကို ကျိုးနွံနာခံဖို့ တောင်းဆိုစေမည် ဖြစ်သည်။ မိမိတို့၏ မောက်မာ၍ ထောင်လွှားသော သဘာဝ၏ အုပ်စိုးမှုအောက်၌ လူတို့သည် များပြားလှသော ဒုစရိုက်မှုကို ပြုကြသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ သမ္မာတရားအား လိုက်စားခြင်းအားဖြင့်သာ စိတ်သဘောထား ပြောင်းလဲမှုတစ်ခုကို ရရှိနိုင်သည်) ဘုရားနှုတ်ကပတ်တော်တွေကနေ ကျွန်တော် သဘောပေါက်လိုက်တာက၊ အဓိကအနေနဲ့ ကျွန်တော့်ရဲ့ သဘာဝက အရမ်းမာနထောင်လွှားလွန်းလို့ ကျွန်တော့်ကိုယ်ကျွန်တော် အမြဲချီးမြှောက်ပြီး ပြစားနေမိခဲ့တယ်ဆိုတာပဲ။ ကျွန်တော့်ရဲ့ မာနထောင်လွှားပြီး စိတ်ကြီးဝင်တဲ့ သဘာဝကြောင့်၊ ကျွန်တော့်စိတ်နှလုံးမှာ ဘုရားအတွက် နေရာမရှိတဲ့အပြင် တခြားလူတွေကို ကျွန်တော် အထင်သေးခဲ့တယ်။ ကျွန်တော့်ကိုယ်ကျွန်တော် ကြွားပြီး လူတွေရှေ့မှာ သူတို့ရဲ့ လေးစားတာ၊ ချီးမွမ်းတာကို ရှာဖွေပြီးတော့ ကြွားလုံးထုတ်ရတာကို ကြိုက်ခဲ့တယ်။ ကျွန်တော့်ရဲ့ မာနထောင်လွှားတဲ့ သဘာဝရဲ့ လှုံ့ဆော်တာခံရလို့၊ မထင်မပေါ်နဲ့ အလုပ်လုပ်ဖို့၊ ပြီးတော့ လက်တွေ့ကျတဲ့ပုံစံနဲ့ ကိစ္စတွေကို လုပ်ဖို့ မလိုလားခဲ့ဘူး။ လူအုပ်ကနေ အမြဲ ထင်ပေါ်ချင်ခဲ့တယ်။ ကျွန်တော်က ပေါလုလိုပဲ ဘုရားကို အတိုက်အခံလုပ်တဲ့ လမ်းကြောင်းကို အတိအကျ လျှောက်နေခဲ့တာ မဟုတ်လား။ သူက သခင့်အတွက် တရားဟောပြီး အလုပ်လုပ်တဲ့အချိန်မှာ၊ ပေါလုက အဲဒီအချိန်က အသင်းတော်တွေဆီကို စာတွေအများကြီး ရေးခဲ့တယ်။ သူ့ကိုယ်သူ ခဏခဏ ချီးမြှောက်ပြီး သခင့်အတွက် သူ့ရဲ့ ဆင်းရဲဒုက္ခခံစားရတာနဲ့ အသုံးခံတာတွေအကြောင်းကို သက်သေခံနေခဲ့တယ်။ အဲဒါက လူအတော်များများကို သူ့ကို အထင်ကြီး၊ ကိုးကွယ်စေခဲ့တယ်။ ပေါလုက တရားဟောပြီး အလုပ်လုပ်နေတုန်း ဆင်းရဲဒုက္ခအများကြီး ခံစားခဲ့ရပေမဲ့၊ သခင့်ရဲ့ နှုတ်ကပတ်တော်တွေကို သူ လုံးဝ သက်သေမခံခဲ့တဲ့အပြင်၊ ယုံကြည်သူတွေကို သခင့်ရှေ့ မခေါ်ဆောင်ခဲ့ဘူး။ အဲဒီအစား၊ သူတို့ကို သူကိုယ်တိုင်ရဲ့ရှေ့ကိုပဲ ခေါ်ဆောင်ခဲ့တယ်။ သူ့ရဲ့ ကိုယ်ပိုင် ရည်မှန်းချက်နဲ့ ရည်ရွယ်ချက်တွေကို သူ လုံးဝ မသုံးသပ်မဆင်ခြင်ခဲ့ဘူး။ ဘုရားအတွက် သူ အများကြီး စွန့်လွှတ်၊ အသုံးခံခဲ့ပြီးပြီလို့တောင် တွေးပြီး၊ ဓမ္မသရဖူက သူ့အတွက် သိုထားမယ်လို့ ယုံကြည်နေခဲ့တယ်။ နောက်ဆုံးမှာ၊ တခြားလူတွေကို သူ့ရဲ့ပုံသက်သေနောက် လိုက်အောင်လုပ်ပြီးတော့ သူ့အတွက် အသက်ရှင်ခြင်းက ခရစ်တော်ဖြစ်တယ်လို့တောင် သက်သေခံခဲ့တယ်။ ပေါလုရဲ့ သဘာဝက အရမ်းကို မာနထောင်လွှားခဲ့ပြီး၊ နောက်ဆုံးမှာ ဘုရားရဲ့ စိတ်သဘောထားကို ဆိုးဆိုးရွားရွား ပုန်ကန်ပြစ်မှားတဲ့အတွက် ဘုရားရဲ့ အပြစ်ပေးတာကို သူ ခံခဲ့ရတယ်။ ဒါကို ကျွန်တော့်ကိုယ်ပိုင် အပြုအမူနဲ့ ယှဉ်ကြည့်တဲ့အခါ ကျွန်တော်လည်း ကိုယ့်ကိုယ်ကို အမြဲ ချီးမြှောက်ပြီး ကျွန်တော့်တာဝန်မှာ ကြွားဝါခဲ့တာကို တွေ့ရတယ်။ ညီအစ်ကို မောင်နှမတွေရဲ့ လေးစား၊ ကိုးကွယ်တာကို ရအောင်လို့ ကျွန်တော်က ကဏ္ဍတိုင်းမှာ သူတို့ထက် ပိုတော်တယ်ဆိုတာကို ပြနေခဲ့တယ်။ ညီအစ်ကို မောင်နှမတွေအားလုံးက ကျွန်တော့်ရဲ့ အစွမ်းအစကောင်းနဲ့ ကျွန်တော့်တာဝန်မှာ ဆင်းရဲဒုက္ခခံပြီး အဖိုးအခပေးနိုင်စွမ်းတွေအတွက် ကျွန်တော့်ကို အထင်ကြီးပြီး ချီးမွမ်းကြတဲ့အခါ၊ ကျွန်တော် ကြောက်တာ၊ ကိုယ့်ကိုယ်ကို သုံးသပ်ဆင်ခြင်တာတွေ မရှိခဲ့ရုံမက၊ အဲဒါကို နှစ်သက်အားရခဲ့ပြီး၊ ကိုယ့်ကိုယ်ကို ကျေနပ်ခဲ့တယ်။ ကျွန်တော်က ဘုရားကို ကြောက်ရွံ့တဲ့ စိတ်နှလုံး အရိပ်အယောင်နည်းနည်းမှမရှိဘဲ တကယ်ကို ပင်ကိုအနေနဲ့ အရမ်းမာနထောင်လွှားပြီး စိတ်ကြီးဝင်ခဲ့တာပါ။ ကျွန်တော် လုပ်သမျှတိုင်းမှာ၊ ညီအစ်ကို မောင်နှမတွေရဲ့ မေးခွန်းတွေကို ဖြေဖို့ ကျွန်တော့်ကိုယ်ကျွန်တော် ဘုရားနှုတ်ကပတ်တော်တွေနဲ့ ပြင်ဆင်တာပဲဖြစ်ဖြစ်၊ စုဝေးပွဲတွေမှာ ကျွန်တော့် အတွေ့အကြုံတွေကို မိတ်သဟာယပြုတာပဲဖြစ်ဖြစ်၊ ကျွန်တော့် ရည်ရွယ်ချက်နဲ့ အကြောင်းရင်းခံက သမ္မာတရားကို သိနားလည်အောင် ရှာဖွေဖို့၊ ကျွန်တော့်တာဝန်ကို ကောင်းကောင်းလုပ်ဖို့ ဒါမှမဟုတ် တခြားလူတွေကို စိတ်ရင်းအမှန်နဲ့ ကူညီဖို့ မဟုတ်ခဲ့ဘူး။ အဲဒီအစား လူတွေရဲ့ စိတ်နှလုံးထဲမှာ အဆင့်မြင့်တဲ့ ပုံရိပ်တစ်ခုကို ထူထောင်ဖို့နဲ့ သူတို့ရဲ့ လေးစားမှုကို ရဖို့သက်သက်ပဲဖြစ်ခဲ့တယ်။ ဒါက ဘုရားကို ပုန်ကန်ပြီး အတိုက်အခံလုပ်တာပဲ။ အသင်းတော် ခေါင်းဆောင်တစ်ယောက်အနေနဲ့၊ ဘုရားကို ကျွန်တော် ချီးမြှောက်ပြီး သက်သေခံသင့်တဲ့အပြင်၊ သမ္မာတရားနဲ့ ဘုရားရဲ့ ရည်ရွယ်ချက်တွေကို နားလည်အောင် ညီအစ်ကို မောင်နှမတွေကို ကူညီသင့်တယ်။ အဲဒါမှ သူတို့က ဘုရားရှေ့ကို ရောက်လာနိုင်မှာ၊ သူ့ကို မှီခိုပြီး အထင်ကြီးလေးစားနိုင်ကြမှာလေ။ ဒါပေမဲ့ ကျွန်တော်က ကိုယ့်ကိုယ်ကို အမြဲ ကြွားပြီး ကြွားလုံးထုတ်ခဲ့တယ်။ အဲဒါကြောင့် ညီအစ်ကို မောင်နှမတွေက သူတို့ စိတ်နှလုံးတွေမှာ ဘုရားအတွက် နေရာမရှိဘဲ ကျွန်တော့်အတွက်ပဲ နေရာရှိခဲ့ကြတယ်။ သူတို့က သူတို့ လုပ်သမျှမှာ ကျွန်တော့်ကို မှီခိုပြီး ကိုးကွယ်ကြတယ်။ ကျွန်တော် အသိစိတ်အားလုံး ပျောက်ဆုံးသွားရအောင်ကို တကယ် အရမ်းမာနထောင်လွှားခဲ့တာပါ။ အပေါ်ယံမှာ ကျွန်တော့်တာဝန်ကို ကျွန်တော် လုပ်ပေမဲ့၊ တကယ်တော့ ကျွန်တော်လုပ်သမျှက ညီအစ်ကို မောင်နှမတွေကို ထိခိုက်နစ်နာစေတာပဲ။ သူတို့ကို ဘုရားဆီကနေ အဝေးကို ပို့ပြီး၊ လူတစ်ယောက်ကို ကိုးကွယ်အောင်လုပ်ခဲ့တယ်။ ကျွန်တော့်လုပ်ရပ်တွေရဲ့ သဘာဝက ဘုရားရဲ့ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားတဲ့ သဘာဝပဲ။ ဘုရားကို အတိုက်အခံလုပ်တဲ့ လမ်းကြောင်းကို ကျွန်တော် လျှောက်နေခဲ့တာ။ နောင်တမရရင်၊ ပေါလုလိုပဲ ဘုရားရဲ့ အပြစ်ပေး၊ ကျိန်ဆဲတာကို သေချာပေါက် ခံရမှာပဲ။ ဒါကို စဉ်းစားမိတဲ့အခါ၊ ကျွန်တော် လန့်သွားတယ်။ ကျွန်တော် နောင်တမရသေးဘူးဆိုရင်၊ သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ အလုပ် ဆုံးရှုံးမယ်၊ အမှောင်ထဲကျပြီး ဘုရားရဲ့ ပစ်ပယ်တာ၊ ဖယ်ရှားရှင်းလင်းတာ ခံရမယ်ဆိုတာကို ကျွန်တော် သဘောပေါက်ခဲ့တယ်။ ဘုရားဆီ ကျွန်တော် ဆုတောင်းခဲ့တယ်။ “ ဘုရားသခင်၊ ကျွန်တော့်ရဲ့ သဘာဝက အရမ်း မာနထောင်လွှားပြီး ကိုယ်တော့်ကို ကြောက်ရွံ့တဲ့ စိတ်နှလုံး မရှိပါဘူး။ တခြားလူတွေရဲ့ရှေ့မှာ ကျွန်တော် အမြဲ ကြွားပါတယ်။ အဲဒါက ကိုယ်တော့်ကို ကျွန်တော့်အပေါ် အရမ်းစက်ဆုပ်စေတယ်။ ဒီလို ကျွန်တော် ဆက်မနေချင်တော့ပါဘူး။ ကျေးဇူးပြုပြီး ကျွန်တော့်ကို ကူညီမစပါ။ ကိုယ်တော်ရဲ့ သတ်မှတ်ချက်တွေအတိုင်း ကျွန်တော် လက်တွေ့လုပ်လိုစိတ်ရှိပါတယ်”လို့ပေါ့။
အဲဒီနောက်မှာ ဒီလိုပြောတဲ့ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်တော် ဖတ်တယ်။ “သင်သည် အရာအားလုံးကို နားလည်နေသည်ဟု သင့်ကိုယ်သင် ထင်မှတ်မထားနှင့်။ သင်မြင်တွေ့ခဲ့ရသည့် အရာအားလုံးနှင့် သင်တွေ့ကြုံခဲ့ရသည့် အရာများအားလုံးတို့သည် သင့်အနေဖြင့် ငါ့စီမံခန့်ခွဲမှု အစီအစဉ်၏ တစ်ထောင်ပုံ တစ်ပုံကိုမျှ နားလည်နိုင်ရန်အလို့ငှာ လုံလောက်မှုမရှိဟု ငါပြောသည်။ ထို့ကြောင့် သင်သည် အဘယ်ကြောင့် မာန်တက်စွာ လုပ်ဆောင်နေသနည်း။ သင်၏ အနည်းငယ်မျှသော အရည်အချင်းနှင့် သေးနုပ်သော အသိပညာတို့သည် ယေရှုက သူ၏အမှုတွင် အသုံးပြုရန်အတွက်မူ တစ်စက္ကန့်စာခန့်မျှပင် လုံလောက်မှုရှိမည် မဟုတ်ပေ။ သင်၌ အမှန်တကယ်တွင် အတွေ့အကြုံ မည်မျှရှိသနည်း။ သင့်ဘဝတစ်လျှောက်လုံးတွင် သင်မြင်တွေ့ခဲ့ရသည့် အရာများ၊ သင်ကြားခဲ့ရသည့် အရာများအားလုံးနှင့် သင်စဉ်းစားတွေးခေါ်ခဲ့သည့် အရာများသည် တစ်ခဏအတွင်း ငါလုပ်ဆောင်သည့် အရာများထက် နည်းနေသေးသည်။ သင့်အနေဖြင့် ဝေဖန်ခြင်းနှင့် အပြစ်ရှာခြင်းမပြုလျှင် အကောင်းဆုံးဖြစ်မည်။ သင့်အနေဖြင့် သင့်စိတ်ကြိုက် မာနထောင်လွှားနိုင်သည်၊ သို့သော် သင်သည် ပုရွက်ဆိတ်တစ်ကောင်ဖြင့်ပင် တန်းတူညီတူမရှိသည့် ဖန်ဆင်းခံတစ်ဦးသာ ဖြစ်သည်။ သင်၏ဝမ်းဗိုက်ထဲတွင် ရှိသမျှသော အရာများအားလုံးသည် ပုရွက်ဆိတ်တစ်ကောင်၏ ဗိုက်ထဲတွင်ရှိသည့် အရာထက်ပင် နည်းနေသေးသည်။ သင်၌ အတွေ့အကြုံနှင့် ဝါရင့်ခြင်းတို့ ရှိသည်ဆိုရုံနှင့် သင်သည် လွန်လွန်ကဲကဲ လက်ဟန်ခြေဟန်ပြပြီး၊ ကြီးကျယ်သည့် စကားများကို ပြောဆိုခွင့်ရှိသည်ဟု ထင်မှတ်မနေနှင့်။ သင်၏ အတွေ့အကြုံနှင့် ဝါရင့်ခြင်းတို့သည် ငါမြွက်ဆိုထားသည့် နှုတ်ကပတ်တော်များ၏ ထုတ်ကုန်ပင်ဖြစ်သည် မဟုတ်လော။ သင်၏လုပ်ဆောင်မှုနှင့် ကြိုးစားအားထုတ်မှုတို့ကြောင့် ထိုအရာတို့ကို သင်ရရှိသည်ဟု ထင်မှတ်နေသလော။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ့ဇာတိခံယူခြင်းနှစ်ကြိမ်သည် လူ့ဇာတိခံယူခြင်း၏ ရည်ရွယ်ချက်ကို ပြည့်စုံစေသည်) ဘုရားနှုတ်ကပတ်တော်တွေကို စဉ်းစားတဲ့အခါ၊ ကျွန်တော် ရှက်မိတယ်။ ဘုရားရဲ့ နောက်ဆုံးသော ကာလ အမှုတော်ကို ကျွန်တော် လက်ခံခဲ့ကတည်းက မကြာသေးဘူး၊ ပြီးတော့ ကျွန်တော့်တာဝန်မှာ ကျွန်တော် နည်းနည်း စိတ်ထက်သန်ခဲ့တယ်၊ စကားနဲ့ အယူဝါဒတချို့ကို နားလည်ခဲ့ပြီး ကျွန်တော့်အလုပ်မှာ ရလဒ်တချို့ ရခဲ့တယ်။ ဒါကြောင့် ဒါတွေကို ကျွန်တော့်ကိုယ်ပိုင် ဝိညာဉ်ရင့်ကျက်မှုအနေနဲ့ ကျွန်တော် သဘောထားခဲ့တယ်။ ကျွန်တော်က တခြားလူတွေထက် ပိုတော်ပြီး သမ္မာတရားကို သူတို့ထက် ပိုနားလည်တယ်လို့ တွေးပြီးတော့ပေါ့။ ဒါကို ကြွားရမဲ့ အရင်းအနှီးအနေနဲ့တောင် ကျွန်တော် မကြာခဏ သုံးခဲ့ပြီး တခြားလူတွေကို ကျွန်တော်အပေါ် အထင်ကြီးစေခဲ့တယ်။ ကျွန်တော် တကယ်ကို မာနထောင်လွှားပြီး ကိုယ့်ကိုယ်ကို သိတဲ့စိတ်မရှိခဲ့တာပဲ။ စုဝေးပွဲတွေမှာ သိနားလည်မှုတချို့ကို ကျွန်တော် မိတ်သဟာယပြုနိုင်ခဲ့တာ၊ ညီအစ်ကို မောင်နှမတွေဆီက မေးခွန်းတချို့ကို ဖြေပေးပြီး ကျွန်တော့်အလုပ်မှာ ရလဒ်တချို့ကို ရနိုင်ခဲ့တာတွေက ဘုရားဖော်ပြတဲ့ နှုတ်ကပတ်တော်တွေက ကျွန်တော့်ကို သမ္မာတရားတချို့ နားလည်စေခဲ့တာကြောင့် သက်သက်ပါပဲ။ ဘုရားရဲ့ နောက်ဆုံးသော ကာလ အမှုတော်၊ ဘုရားဖော်ပြခဲ့တဲ့ သမ္မာတရားတွေအပြင်၊ သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ ဉာဏ်အလင်းပေးတာ၊ အလင်းပြတာတွေကြောင့် မဟုတ်ခဲ့ရင်၊ သမ္မာတရားကို ကျွန်တော် လုံးဝ နားလည်နိုင်ခဲ့မှာ မဟုတ်ဘူး။ ဘုရားရဲ့ အမှုတော်နဲ့ ပတ်သက်လို့ပဲဖြစ်ဖြစ်၊ ကျွန်တော့်ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားနဲ့ ပတ်သက်လို့ပဲဖြစ်ဖြစ် ဘာတစ်ခုကိုမှ ကျွန်တော် ရိပ်စားမိနိုင်ခဲ့မှာ မဟုတ်ဘူး။ ကျွန်တော်နဲ့ပတ်သက်လို့ ကြွားလုံးထုတ်ထိုက်တာ ဘာမှမရှိဘူး။ ဒါပေမဲ့ ဘုရားရဲ့ ရေလောင်းပေးတာ၊ ထောက်ပံ့တာတွေအတွက် ကျွန်တော် ကျေးဇူးမတင်တတ်ခဲ့ဘူး၊ အဲဒီအစား အားလုံးကို ကိုယ်ပဲနာမည်ယူလိုက်တယ်။ အဲဒါကို ကြွားဖို့နဲ့ တခြားလူတွေ ကိုယ့်အပေါ် အထင်ကြီးအောင်လုပ်ဖို့အတွက် အရင်းအနှီးအနေနဲ့ သုံးခဲ့တယ်။ ကျွန်တော် တကယ်ကို မာနထောင်လွှားခဲ့တယ်၊ မသိနားမလည်ခဲ့တဲ့အပြင်၊ အရှက်မဲ့ပြီး အသိစိတ်မဲ့ခဲ့တယ်။ ကျွန်တော့်ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးခြင်းကို သတိပြုမိအောင် ကျွန်တော့်ကို ကူညီတဲ့အတွက် ဘုရားကို ကျွန်တော် အရမ်းကျေးဇူးတင်ပြီး ကျွန်တော် ပြောင်းလဲချင်ခဲ့တယ်။ ဒါကြောင့် “ငါ့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို ငါ ဘယ်လို ဖြေရှင်းပြီး ကိုယ့်ကိုယ်ကိုချီးမြှောက်တာ၊ ကြွားဝါတာကို ရပ်တန့်သင့်လဲ။ ဘုရားကို ချီးမြှောက်၊ သက်သေခံဖို့ ငါဘယ်လို လက်တွေ့လုပ်ဆောင်သင့်လဲ”လို့ တွေးရင်းနဲ့ သမ္မာတရားကို ဆက်ရှာခဲ့တယ်။
နောက်ပိုင်းမှာ၊ ဘုရားနှုတ်ကပတ်တော်တချို့ကို ကျွန်တော် ဖတ်ခဲ့တယ်။ “ဘုရားသခင်အတွက် သက်သေခံသောအခါတွင် ဘုရားသခင် လူတို့ကို တရားစီရင်ပြီး ပြစ်တင်ဆုံးမပုံ၊ လူတို့ကို စစ်ဆေးရန်နှင့် သူတို့၏ စိတ်သဘောထားများကို ပြောင်းလဲရန် မည်သည့်စမ်းသပ်မှုများအား သူအသုံးပြုသည့် အကြောင်းတို့ကို အဓိက ပြောသင့်သည်။ သင်တို့၏ အတွေ့အကြုံထဲတွင် ဖောက်ပြန်ပျက်စီးခြင်း မည်မျှ ထုတ်ဖော်ထားကြောင်း၊ သင်တို့ အဘယ်မျှ ဒုက္ခခံခဲ့ပြီးဖြစ်ကြောင်း၊ ဘုရားသခင်ကို ခုခံဖို့ သင်တို့ အမှုကိစ္စမည်မျှ ပြုလုပ်ပြီးကြောင်းကိုလည်းကောင်း ပြောသင့်သည်၊ သင်တို့၌ ဘုရားသခင်၏အမှုအပေါ် စစ်မှန်သောသိခြင်း အဘယ်မျှ ရှိကြောင်းနှင့် ဘုရားသခင်အတွက် အဘယ်သို့ သက်သေခံပြီး သူ၏ချစ်ခြင်းမေတ္တာကို အဘယ်သို့ ပြန်ပေးဆပ်သင့်ကြောင်းတို့ကိုလည်း ပြောသင့်သည်။ သင်တို့သည် ရိုးရှင်းသောပုံစံဖြင့် ပြောလျက် ပို၍ အနှစ်သာရရှိရှိ ပြောသင့်သည်။ အနှစ်သာရမဲ့သော သီအိုရီများအကြောင်းကို မပြောလေနှင့်။ ပိုမို၍ လက်တွေ့ကျအောင် ပြောလော့။ နှလုံးသားထဲမှ စကားပြောလော့။ ဤသည်မှာ အမှုကိစ္စများကို သင်တွေ့ကြုံသင့်ပုံ ဖြစ်သည်။ ဝါကြွားရန် အားထုတ်သည့်အနေဖြင့် လေးနက်ဟန်ရှိသော၊ အနှစ်သာရမဲ့သော သီအိုရီများနှင့် မိမိကိုယ်ကို မပြင်ဆင်လေနှင့်။ ဤသို့ပြုခြင်းက သင်တို့ကို အတော်ပင် စိတ်ကြီးဝင်ပြီး အသိတရားမဲ့ဟန် ပေါ်စေမည်။ သင်သည် သင်၏ တကယ့် အတွေ့အကြုံမှ စစ်မှန်သောအရာများအကြောင်းကို ပို၍ပြောသင့်ပြီး စိတ်နှလုံးထဲမှ ပို၍ စကားပြောသင့်သည်။ ဤသည်မှာ အခြားသူများအတွက် အကျိုးပြုဆုံးဖြစ်ပြီး သူတို့တွေ့မြင်ရန် အသင့်လျော်ဆုံးဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ သမ္မာတရားအား လိုက်စားခြင်းအားဖြင့်သာ စိတ်သဘောထား ပြောင်းလဲမှုတစ်ခုကို ရရှိနိုင်သည်) “ပထမအနေဖြင့် အခြေခံအဆင့်တွင် ပြဿနာများကို အသိအမှတ်ပြုပြီး ပိုင်းခြားစိစစ်ကာ မိမိကိုယ်ကို ချပြရန်အတွက် ရိုးသားသော စိတ်နှလုံးနှင့် စစ်မှန်သော သဘောထားရှိရမည်။ မိမိ၏ စိတ်သဘောထားတွင်ရှိသော ပြဿနာများနှင့်ပတ်သက်ပြီး မိမိနားလည်နိုင်သည့်အရာကို ပြောဆိုရမည်။ ဒုတိယအနေဖြင့် မိမိ၏ စိတ်သဘောထားသည် ကမ်းကုန်အောင်ဆိုးသည်ဟု မိမိက ခံစားမိလျှင် ထိုသူသည် ‘ဤသို့သော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားကို ငါတစ်ဖန်ဖွင့်ပြလျှင် ငါ့အား လွတ်လပ်စွာ သတိပေးနိုင်သည်။ ပြုပြင်နိုင်သည်။ ငါက လက်မခံနိုင်လျှင် ငါ့အပေါ် လက်မလျှော့နှင့်။ ငါ၏ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထား၏ ဤဘက်ခြမ်းသည် အလွန်ဆိုးဝါးသည်။ ငါ့ကို ဖော်ထုတ်ရန်အတွက် ငါ့ကို သမ္မာတရားဖြင့် ကြိမ်ဖန်များစွာ မိတ်သဟာယဖွဲ့ဖို့ လိုအပ်သည်။ လူတိုင်းက ငါ့အား ပြုပြငသည်ကို ငါဝမ်းမြောက်စွာ လက်ခံသည်။ လူတိုင်းက ငါ့ကို စောင့်ကြည့်ဖို့၊ ကူညီဖို့၊ လမ်းလွဲခြင်းမှ တားဆီးကြဖို့ ငါမျှော်လင့်သည်’ ဟူ၍ လူတိုင်းကို ပြောဆိုရမည်။ ဤသို့သော သဘောထားသည် အဘယ်နည်း။ ဤသည်မှာ သမ္မာတရားကို လက်ခံသည့် သဘောထားဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ သဟဇာတဖြစ်သော ပူးပေါင်းဆောင်ရွက်ခြင်းနှင့်ပတ်သက်၍) ဘုရားနှုတ်ကပတ်တော်တွေ ဖတ်ပြီးတဲ့နောက်မှာ ကျွန်တော် နားလည်သွားတယ်။ ဘုရားကို သက်သေခံတာက အဓိကအနေနဲ့ လူတွေကို ဘုရားက တရားစီရင်ပြီး စမ်းသပ်ပုံ၊ ကိုယ့်အတွေ့အကြုံတွေမှာ ဘယ်ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေကို ကိုယ်က ထုတ်ဖော်တယ်၊ ကိုယ်ကိုယ်တိုင်ရဲ့အထဲမှာ ဘာအားနည်းချက်၊ ချို့တဲ့မှုတွေကို ကိုယ်က သတိပြုမိတယ်၊ ဘုရားရဲ့ အမှုတော်နဲ့ သူ့ရဲ့ နှုတ်ကပတ်တော်တွေအပေါ် ကိုယ်က ဘယ်လို စစ်မှန်တဲ့ သိနားလည်မှုရှိတယ်ဆိုတာနဲ့ ဘုရားရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားနဲ့ သက်ဆိုင်ပြီး ဘယ်လို သိနားလည်မှုနဲ့ ကိုယ်တွေ့ အတွေ့အကြုံရှိတယ်ဆိုတာတွေနဲ့ပတ်သက်လို့ သက်သေခံတာ ပါဝင်တယ်ဆိုတာပေါ့။ ဒီအရာအားလုံးကို မိတ်သဟာယပြုတာက ဘုရားကို တကယ် သက်သေခံနေတဲ့သဘောပဲ။ ကျွန်တော်ကတော့၊ စုဝေးပွဲတွေမှာ မိတ်သဟာယပြုတဲ့နေရာမှာ ကျွန်တော့် ရည်ရွယ်ချက်က တခြားလူတွေ ကျွန်တော့်ကို အထင်ကြီး၊ ကိုးကွယ်အောင်လုပ်ဖို့ပဲ။ ကျွန်တော့်ရဲ့ ကောင်းမွန်ပြီး တက်ကြွတဲ့ ဘက်ခြမ်းကိုပဲ ကျွန်တော် ပြောခဲ့တယ်။ ကျွန်တော် ထုတ်ဖော်ခဲ့တဲ့ အားနည်းချက်နဲ့ ဖောက်ပြန်ပျက်စီးတာတွေကို ပြောတာ ရှားတယ်။ ဒါက ဘုရားသခင် စက်ဆုပ်ပြီး မုန်းတီးတဲ့ ကိုယ့်ကိုယ်ကို ချီးမြှောက်ပြီး ကြွားဝါတာပဲ။ ကျွန်တော် ရိုးသားတဲ့ လူတစ်ယောက် ဖြစ်သင့်တယ်၊ ကျွန်တော့်ရဲ့ ဖောက်ပြန်ပျက်စီးမှုတွေကို ဖွင့်ဟပြီး ကျွန်တော့်ရဲ့ စစ်မှန်တဲ့ အတွေးတွေကို ပြောသင့်တယ်။ ကျွန်တော်အစစ်အမှန်ကို တခြားလူတွေကို မြင်ခွင့်ပေးပြီးတော့ပေါ့။ တစ်ချိန်တည်းမှာပဲ ညီအစ်ကို မောင်နှမတွေရဲ့ ကြီးကြပ်တာ၊ ကူညီတာကိုလည်း လက်ခံသင့်တယ်။ အဲဒါက ကျွန်တော် လက်တွေ့လုပ်ဆောင်သင့်တဲ့ပုံစံပဲ။ အဲဒီနောက်၊ စုဝေးပွဲတွေမှာ၊ ကျွန်တော် ကြွားဝါပြီး ကိုယ့်ကိုယ်ကို သက်သေခံခဲ့ပုံ၊ ကျွန်တော့် စိတ်နှလုံးမှာ ရှိခဲ့တဲ့ စက်ဆုပ်စရာ ရည်ရွယ်ချက်နဲ့ ကျွန်တော် ထုတ်ဖော်ခဲ့တဲ့ ဖောက်ပြန်ပျက်စီးမှုတွေကို ညီအစ်ကို မောင်နှမတွေဆီ ဖွင့်ပြောခဲ့တယ်။ ကျွန်တော့်မှာလည်း အားနည်းချက်တွေ၊ အပျက်သဘောဆောင်တာတွေရှိတယ်၊ ကျွန်တော့်ကို သူတို့ အထင်မကြီးသင့်ဘူး၊ မကိုးကွယ်သင့်တော့ဘူးလို့လည်း သူတို့ကို ပြောခဲ့တယ်။ ဒီလို မိတ်သဟာယပြုပြီးတဲ့နောက်မှာ၊ ကျွန်တော် အရမ်းစိတ်သက်သာရာရပြီး စိတ်အေးသွားတယ်။ ကျွန်တော့် အတွေ့အကြုံတွေအကြောင်းကိုကြားပြီးတဲ့နောက်မှာ၊ ညီအစ်ကို မောင်နှမတချို့က သူတို့လည်း သူတို့ရဲ့ ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးမှုတွေအပေါ် သိနားလည်မှုတချို့ ရခဲ့တယ်လို့ ပြောကြတယ်။ နောက်ပိုင်းမှာ၊ ညီအစ်ကို မောင်နှမတွေက ကျွန်တော့်ကို အရင်လောက် မကိုးကွယ်ကြတော့ဘူး၊ အားမကိုးကြတော့ဘူး။ ပြီးတော့ လူတချို့က ရံဖန်ရံခါ ကျွန်တော့် မိတ်သဟာယတွေကို ချီးမွမ်းကြပေမဲ့၊ သူတို့စကားတွေက ကျွန်တော့်အပေါ် သက်ရောက်မှုမရှိတော့ဘူး။
အဲဒီအချိန်ကစပြီး၊ စုဝေးပွဲတိုင်းနီးပါး မတိုင်ခင်မှာ ကျွန်တော် ဘုရားဆီ ဆုတောင်းခဲ့တယ်။ “အနန္တတန်ခိုးရှင် ဘုရားသခင်၊ ကိုယ်တော်ဟာ ချီးမွမ်းသင့်တဲ့သူပါ။ ကျွန်တော်က ဖောက်ပြန်ပျက်စီးတဲ့ လူတစ်ယောက် သက်သက်ပါ။ ကျွန်တော့်ကိုယ်ကျွန်တော် ဖွင့်ဟပြီး ကျွန်တော့်ရဲ့ စစ်မှန်တဲ့ အတွေးတွေကို ပြောရမယ်။ ကျေးဇူးပြုပြီး ကျွန်တော့်ရဲ့ စကားတွေ၊ လုပ်ရပ်တွေက ကျွန်တော့်ကိုယ်ကျွန်တော် ကြွားဖို့မဟုတ်ဘဲ၊ ကိုယ်တော့်ကို သက်သေခံဖို့ဖြစ်အောင် ကျွန်တော့် စိတ်နှလုံးကို ကြည့်ရှုစစ်ဆေးပေးပါ”လို့ပေါ့။ ဒီလိုနဲ့၊ စုဝေးပွဲတစ်ခုစီမှာ၊ ဘုရားနှုတ်ကပတ်တော်တွေကို ဆင်ခြင်စဉ်းစားတာ၊ အဲဒီနှုတ်ကပတ်တော်တွေအပေါ် ကျွန်တော့်ရဲ့ သိနားလည်မှုနဲ့ သဘောပေါက်နိုင်စွမ်းကို မိတ်သဟာယပြုတာတွေကို အာရုံစိုက်ခဲ့တယ်။ ကိုယ့်ကိုယ်ကိုလည်း မကြာခဏ ဖွင့်ဟပြီး ကျွန်တော့်ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေကို ဖော်ထုတ်ခဲ့တယ်။ ဒါ့အပြင်၊ ကျွန်တော့်ကို ကြီးကြပ်ဖို့နဲ့ ကျွန်တော့်ကိုယ်ကျွန်တော် ဟန်ဆောင်တာ တွေ့ရင်၊ ကျွန်တော့်ရဲ့ ဖောက်ပြန်ပျက်စီးမှုတွေကို ကျွန်တော် နားလည်ပြီး ဒီဖောက်ပြန်ပျက်စီးမှုတွေရဲ့ ထိန်းချုပ်မှုကနေ ထိုးဖောက်လွတ်မြောက်အောင် ကူညီရင်းနဲ့ ကျွန်တော့်ကို သူတို့ ဖော်ထုတ်ပြီး ပြုပြင်ပေးသင့်တယ်လို့ ညီအစ်ကို မောင်နှမတွေကို ပြောခဲ့တယ်။ တခြားလူတွေက ကောင်းကောင်း မိတ်သဟာယ မပြုကြဘူးလို့ ကျွန်တော် တွေးလေ့ရှိခဲ့ပြီး၊ သူတို့ရဲ့ မိတ်သဟာယတွေကို တစ်ခါမှ သေချာနားမထောင်ခဲ့ဘူး။ ဒါပေမဲ့ အခု ညီအစ်ကို မောင်နှမတွေက သူတို့ရဲ့ အတွေ့အကြုံတွေနဲ့ သိနားလည်မှုတွေကို ဆွေးနွေးတဲ့အခါ သူတို့ကို ကျွန်တော် သေချာအာရုံစိုက်တယ်။ သန့်ရှင်းသော ဝိညာဉ်တော်ကနေ ဉာဏ်အလင်းပေးတာရှိရင်၊ ကျွန်တော် မှတ်စုချရေးပြီး၊ ညီအစ်ကို မောင်နှမတွေရဲ့ အတွေ့အကြုံတွေကနေ ကျွန်တော်အများကြီး သင်ယူနိုင်တယ်။ အခု ဒီအရာတွေကို ကျွန်တော် လက်တွေ့လုပ်နိုင်တာက ဘုရားနှုတ်ကပတ်တော်တွေရဲ့ တရားစီရင်ခြင်း၊ ဖော်ထုတ်ခြင်း၊ ဉာဏ်အလင်းပေးခြင်းနဲ့ အလင်းပြခြင်းတွေကြောင့်ဖြစ်ပါတယ်။ ဘုရားရဲ့ လမ်းပြမှုအတွက် ကျေးဇူးတင်ပါတယ်။
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။